တဖန်ပြန်၍ မနိုးသောဝေဒနာ - နတ်နွယ်
ဝတ္ထုနှင့် ဝတ္ထုရေးသူ
ဤဝတ္ထုက ဆေးဝတ္ထု ဖြစ်သည်။ ဆေးပညာကို အခြေခံသည်။ ဆေးလောကကို အခြေခံသည်။ ဇာတ်လမ်း ဖြစ်ပွားရာ ဒေသသည် ဆေးရုံနှင့် ဆေးရုံဝန်းကျင်။ ဇာတ်လမ်းတွင် ပါဝင်သူများသည် ဆရာဝန်များနှင့် ဆေးကျောင်းသူ ကျောင်းသားများ။ ဝတ္ထု၏ အမည်ကပင် “ကိုမာ” ဝေဒနာတခု၏ အမည်။
ကိုမာ၏ အဓိပ္ပါယ်က မြောမေ့ခြင်း၊ ကာလ ရှည်ကြာစွာ သတိ မေ့နေခြင်း။ ကိုမာ ဖြစ်ပွားသူ တဦးသည် အထူး ကျွမ်းကျင်သော သမားတော်ကြီးများ၏ အထူး ကြိုးပမ်း ကုသမှုဖြင့်သာ သတိပြန်လည် ရရှိနိုင်ပါသည်။
ကိုမာ ဖြစ်ပွားရခြင်း၏ အကြောင်းရင်း အမြောက်အများ ရှိပါ သည်။ ဦးခေါင်း တွင် ပြင်းထန်သော ဒဏ်ရာရရှိ၍ သော်လည်းကောင်း၊ လေသင်ဓုန်း ဖြတ်၍ သော်လည်းကောင်း၊ အဆိပ်ဖြစ်၍ သော်လည်းကောင်း၊ အရက် အလွန်အကျွံ သောက်၍ သော်လည်းကောင်း၊ မူးယစ် ဆေးဝါးများ သုံးစွဲ၍ သော်လည်းကောင်း၊ ဦးနှောက် ဖုရောင်နာ ဖြစ်၍ သော်လည်းကောင်း။
သည်ဝတ္ထုတွင်....
အမေရိကန်ပြည် ဘော့စတန်မြို့ရှိ၊ အထိမ်းအမှတ် ဆေးရုံကြီးသို့ ဆေးပညာ သင်တန်းများ၊ လက်တွေ့ သင်ကြားရန် ရောက်ရှိလာသော တတိယနှစ် ဆေးကျောင်းသူ ကလေး ဆူဆန်ဝှီးလားသည် ရုတ်တရက် ကိုမာဖြစ်ပွားသူ နှစ်ဦးနှင့် ပတ်သတ်ပြီး စိတ်ထဲတွင် ဘဝင်မကျမှုများ ဖြစ်ပေါ်လာသဖြင့် စူးစမ်းခြင်း၊ လေ့လာခြင်း၊ မေးမြန်းခြင်း နှင့် ထောက်လှမ်းခြင်း ပြုလုပ်သောအခါ။
ဆေးပညာ၏ ခက်ခဲ နက်နဲမှုများကို သိရှိရသည်။ ကိုမာ ရောဂါ၏ အရင်း အမြစ် များကို နားလည် ရသည်။ ထိုမျှမက “ကိုမာ” ကို ရှာဖွေယင်း ထူးဆန်းသော၊ ချောက်ချားဖွယ် ကောင်းသော၊ အံ့ဩဖွယ်သော ဆေးပညာ လောက၏ မယုံကြည် နိုင်ဖွယ်ရာ၊ ကြောက်မက် ဖွယ်ရာ လျှို့ဝှက်မှုကြီး တစ်ခုကို အသည်း တထိတ်ထိတ် ရင်တလှပ်လှပ် တွေ့ကြုံရသည်။
ဆူဆန် ဝှီးလားသည် “ကိုမာ” ကို ဖွေရှာယင်း ဆေးရုံ အာဏာပိုင် များ၏ ခြိမ်းခြောက်မှု၊ သမားတော်ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများ ၏ ဟန့်တား ဆန့်ကျင်မှုနှင့် အမည်မသိသော လူသတ်သမား၏ လုပ်ကြံ တိုက်ခိုက်မှု၊ နိုင်ငံတကာ လျှို့ဝှက် ဂိုဏ်းကြီးတခု၏ ရှင်းလင်း သုတ်သင်မှုတို့ကို တွေ့ကြုံရသည်။ ခုခံတွန်းလှန် ရသည်။ မိမိအသက် ဘေးမှလွတ် မြောက်အောင် ရဲရဲဝံ့ဝံ့ စွန့်စွန့် စားစား ဆောင်ရွက် ရသည်။ ဆေးပညာ နှင့် ဆေးလောက၏ အရှုပ်အထွေးများ၊ လျှို့ဝှက် ဆန်းကြယ်မှုများ၊ အံ့မခန်း ဖွယ်ရာများ။
“ကိုမာ” သည် အရောင်းရ တွင်ကျယ်သော စာအုပ်များ စာရင်းဝင် ဖြစ်သည်။ စောင်ရေ များစွာ ရိုက်နှိပ်ရသည်။ အကြိမ်များစွာ ရိုက်နှိပ်ရသည်။ နိုင်ငံတကာ စာနယ်ဇင်းကြီးများက ချီးကျူး ဝေဖန်ခဲ့ကြသည်။ အစမှ အဆုံးတိုင် ဆွဲဆောင် နိုင်စွမ်းရှိသော ဆေးဝတ္ထုတပုဒ် ဖြစ်သလို အများကြိုက်သော ဆေးသိပ္ပံ လျှို့ဝှက် သည်းဖို ဝတ္ထုတပုဒ်လည်း ဖြစ်ချေသည်။
ဤဝတ္ထုကို အင်မ်ဂျီအင်မ်မှ ရုပ်ရှင်ရိုက်ကူးသည်။ နာမည်ကျော် သရုပ်ဆောင်များ ပါဝင်သည်။ အထူးပင် အောင်မြင် ကျော်ကြားသည်။ ဝတ္ထု ရေးသူ ရော်ဘင်ကွတ်သည် ဆရာဝန်တဦး ဖြစ်သည်။ ဆေးပညာ ပါရဂူတဦး ဖြစ်သည်။ ဟားဗတ် ဆေးတက္ကသိုလ်တွင် သင်တန်း ဆရာတဦးဖြစ်သည်။
သူသည် သိပ္ပံဆောင်းပါး မြောက်မြားစွာကို ရေးသား ပြုစုခဲ့သည်။ သူ၏ အခြား ထင်ရှားသော ဝတ္ထု များမှာ “အလုပ်သင်ဆရာဝန် ဘဝ” “စဖင့်” (မောင်ကိုဝင်း ဘာသာပြန်သော လရိပ်ကိုဖမ်း နေကို လှမ်း၍) “ဦးနှောက်” နှင့် “အဖျား” တို့ဖြစ်သည်။
အဖျားသည် သူ၏ နောက်ဆုံးထုတ် စာအုပ်ဖြစ်ပြီး တိုင်းမဂ္ဂဇင်း အရောင်းရ အတွင်ကျယ်ဆုံး စာအုပ်စာရင်းတွင် ထိပ်ဆုံးမှ ပြေးလျက် ရှိသည်။
‘ကိုမာ’ သည် ဆေးဝတ္ထု တပုဒ် ဖြစ်သည့် အလျောက် နက်နဲခက် ခဲသော ဆေးပညာရပ်များနှင့် ဆေးဝေါဟာရများ အမြောက်အမြား ပါဝင် သည်။ သို့သော် မြန်မာ စာဖတ် ပရိသတ်များနားလည် ခံစားနိုင်စေရန် လွယ်ကူအောင် အားထုတ် ကြိုးပမ်း ထားပါသည်။ တစုံတရာ အဖုအထစ် အတိမ်း အစောင်း ရှိပါက ဘာသာ ပြန်သူ၏ တာဝန်သာ ဖြစ်ပါသည်။
“တဖန်ပြန်၍ မနိုးသော ဝေဒနာ” ဟူသော ခေါင်းစဉ်သည် ကိုမာ ဟူသော စကားလုံး၏ ဝေါဟာရအနက်ကို ပြန်ဆိုခြင်း မဟုတ်ပဲ ကိုမာဟူသော ဝတ္ထု၏ အဓိပ္ပါယ်ကို ခြုံငုံ၍ ပြန်ဆိုထားခြင်းသာ ဖြစ်ပါသည်။
ထပ်ဖြည့်ပြီး ပြောရလျှင် ကိုမာသည် ကုသ၍ မရနိုင်သော ဝေဒနာ မဟုတ်ပါ။ မပျောက်ကင်းနိုင်သော ဝေဒနာ မဟုတ်ပါ။ ကုသ၍လည်း ရနိုင် ပါသည်။ ပျောက်ကင်း နိုင်ပါသည်။ ကျွန်ုပ်တို့၏ ဆေးပညာသည် အစဉ်တစိုက် တိုးတက် အောင်မြင်လျက် ရှိပါသည်။
“တဖန်ပြန်၍ မနိုးသော ဝေဒနာ” ကို စန္ဒါ မဂ္ဂဇင်းတွင် ၁၉၈၁ ခုနှစ် ဇွန်လမှ အစပြု၍ ၁၉၈၂ ခု မေလအထိ အခန်းဆက် မြန်မာပြန် ဝတ္ထု ရှည်အဖြစ် တနှစ် တိတ် ဖော်ပြခဲ့ပါသည်။
သည်ဝတ္ထုကို ဘာသာပြန်ရန် တိုက်တွန်း အားပေးခဲ့သော ဝင်းဦး၊ အခန်းဆက် ဝတ္ထူရှည်အဖြစ် ဖော်ပြခဲ့သော စန္ဒါမဂ္ဂဇင်း၊ စန္ဒါအဖွဲ့သားများ၊ လုံးချင်း စာအုပ် ပြန်လည် ထုတ်ဝေသော ဘဝတက္ကသိုလ် စာပေနှင့် စိတ်ဝင် စားစွာ ဖတ်ရှုအားပေး ကြသော မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါသည်။
စာဖတ်သူများကို အစဉ်လေးစားလျက်
နတ်နွယ်
၄၃၈၊ နွယ်နီ၃လမ်း၊ ဃရပ်ကွက်၊
မြောက်ဥက္ကလာပ၊ ရန်ကုန်မြို့။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။