မုန့်ဟင်းခါးဖိုး - ကိုးစိုးထိုက်(ဖဒို)

မုန့်ဟင်းခါးဖိုး - ကိုးစိုးထိုက်(ဖဒို)

 

ဦးဝတုတ်နဲ့ သူတို့ စတွေ့ခဲ့ကြတဲ့ အဲဒီနေ့ကို သေသေချာချာကြီး မှတ်မိတာပေါ့။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ၂ နှစ်နီးပါးလောက်က ညသန်းခေါင်အချိန်လောက်မှာ သူတို့ပန်းရောင်းတဲ့ မီးပွိုင့်နားကို မီးရောင်တဝင်းဝင်းနဲ့ တွန်းလှည်းလေး တစ်စီး တဖြည်းဖြည်း ရောက်လာတယ်။ "ထိပ်တန်း မုန့်ဟင်းခါး''.. ဆိုတဲ့ ဆိုင်းဘုဒ်ခပ်သေးသေးအောက်က အငွေ့တထောင်းထောင်း ထနေတဲ့ မုန့်ဟင်းရည်အိုးဟာ ညစာမစားထားတဲ့ သူတို့ အစာအိမ်ကို ကောင်းကောင်း ဒုက္ခပေးပါတယ်။ မိုးလေးလည်း မစို့မပို့ရွာနေလို့ ရာသီဥတုက ခပ်အေးအေး... ဒီအချိန်မှာ မုန့်ဟင်းခါး ပူပူလေး စားလိုက်ရရင်တော့ဖြင့်ဆိုတဲ့ အတွေးနဲ့အတူ သူတို့ကလေးတစ်သိုက်လုံးရဲ့ မျက်လုံးဟာ မုန့်ဟင်းခါး အိုးနားကခွာ မရတာ့ဘူး။

ဒီဇာတ်လမ်းကို စ ခဲ့သူက ဝိုင်းကြည်မလို့ဆိုရမယ်။ အဲဒီအချိန်တုန်းက မုန့်ဟင်းခါးလှည်းနဲ့ အနီးဆုံးမှာရှိနေတဲ့ ဝိုင်းကြည်မက တစ်ကိုယ်တည်း ညည်းတယ်။ "အမလေး….. သေတော့မှာပဲဟယ်.. မောရတဲ့ကြားထဲ မုန့်ဟင်းရည် နံ့ရပြီး ဆာလိုက်တာ ဦးလေးရေ မီးပွိုင့်စိမ်းရင် ဒီနေရာကနေ မြန်မြန်သာ ကြွပါတော့ဗျိုး..'' ချွေးစို့လို့ရော၊ မိုးစက်မှုန်တွေကြောင့်ရော ပျက်လုလုဖြစ်နေတဲ့ သနပ်ခါးပါးကွက်ကြားနဲ့ အတူ နှုတ်ခမ်းနီခပ်ရဲရဲဆိုးထားတဲ့ လှကြီးပို ဝိုင်းကြည်မကိုကြည့်ပြီး အဲဒီဦးလေးကြီးက ပြုံးတယ်။

"ဆာရင် ဝယ်စားပေါ့ဟဲ့..ကလေးမရဲ့..'' ဦးလေးကြီးက ခပ်ပြုံးပြုံးပြန်ပြောတဲ့အခါ ဝိုင်းကြည်မက မဲ့ကာ ရွဲ့ကာ ပြန်ဖြေတယ်။ "အောင်မယ်လေး.. မစားနိုင်ပါဘူး ဦးလေးရေ.. မိုးတွင်းမို့ ပန်းရောင်းမကောင်းရတဲ့ ကြားထဲ လျှာ အလိုမလိုက်နိုင်ပေါင်..'' ပြောပြောဆိုဆိုနဲ့ ဒီဘက် မီးပွိုင့်က စိမ်းသွားလို့ ဝိုင်းကြည်မက ဟိုဘက်ခြမ်းကို ပြေးသွားတယ်။ ဦးလေးကြီးကလည်း တွန်းလှည်းကို တွန်းပြီး တရွေ့ရွေ့နဲ့ ထွက်သွားတာပေါ့.. ဇာတ်လမ်းက အမှန်ဆိုဒီမှာပဲ ပြီးရမှာ..ဒါပေမဲ့ ခပ်လှမ်းလှမ်းရောက်တဲ့အခါ အဲဒီဦးလေးကြီးက ပြန်လှည့်လာတယ်။ လမ်းဘေး တစ်နေရာမှာ လှည်းကိုရပ်လိုက်ပြီး သူတို့ကလေးတစ်သိုက်ကို လှမ်းခေါ်တယ်။

"ပိုက်ဆံ မပေးနဲ့ကွာ..အလကားစား..ငါ့တူတို့ ၊ တူမတို့..'' ဆိုပြီးပန်းကန်တွေထဲကို မုန့်ဖတ်တွေရော အကြော်တွေရော အများကြီးထည့် ၊ ဟင်းရည် ရွှဲခနဲ ဆမ်းလိုက်ပြီး ဆယ်ယောက်ကျော်ရှိတဲ့ သူတို့ကလေးတစ်သိုက်ကို အကုန် ကျွေးတယ်။ ခေါင်းမဖော်တမ်းစားနေတဲ့ သူတို့အုပ်စုကို ပြုံးပြုံးကြီး ကြည့်နေရင်းက အဲဒီဦးလေးကြီးက ဝိုင်းကြည်မကို စတယ်..။ "နှုတ်ခမ်းနီ ပျက်မယ်နော် ကလေးမသတိထား စား..'' ဝိုင်းကြည်မက နှုတ်ခမ်းဆူပြီး မျက်စောင်းထိုးတယ်။ မုန့်ကျွေးထားတဲ့ ကျေးဇူးရှိလို့ပေါ့.. မဟုတ်ရင် ဝိုင်းကြည်မ ဆဲပြီ.. ဒီကောင်မက သူတို့အဖွဲ့ထဲမှာ နည်းနည်း နှုတ်ကြမ်းတယ်။

အဲဒီနေ့ကစလို့ သူတို့ပန်းရောင်းတဲ့ မီးပွိုင့်ကို ညတိုင်း ညတိုင်း တစ်ရက်မပျက်ဘဲ အဲဒီဦးလေးကြီး ရောက်လာပြီး သူတို့တစ်ဖွဲ့လုံးကို မုန့်ဟင်းခါး ကျွေးတယ်။ သူ့ကို ဦးဝတုတ်လို့ ခေါ်ကြောင်း..  ဧရာဝတီတိုင်းက လာသူဖြစ်ကြောင်း.. ရွှေပေါက်ကံ (..)ရပ်ကွက် ဘုန်းကြီးကျောင်းမှာ နေကြောင်း.. ဇနီးနဲ့ သားလေးက ရွာမှာကျန်ခဲ့ကြောင်း.. စသည်ဖြင့် သူ့အကြောင်းတွေကို ပြောပြတယ်။ ဦးဝတုတ်က စကားပြော သိပ်ကောင်းတာ.. နာဂစ်အကြောင်း ပြောတုန်းကဆို သူတို့တစ်ဖွဲ့လုံး အသက်တောင်မရှူရဲ.. ရန်ကုန်မှာ အသိမိတ်ဆွေ မရှိရှာဘူးထင်ပါရဲ့.. သူတို့အဖွဲ့ကိုပဲ တရေးတယူလုပ်ပြီး စကားတွေ ပြောရှာတယ်။

တစ်ခါတစ်လေတော့လည်း ဝိုင််းကြည်မကို ဦးဝတုတ်က စတယ်.။ နှုတ်ကြမ်းတဲ့ ဝိုင်းကြည်မက ဦးဝတုတ် စတိုင်း ပွစိပွစိနဲ့ မကြားတကြား ဆဲတယ်။ ဝိုင်းကြည်မ မခံချင်တဲ့ ပုံစံကိုကြည့်ပြီး ဦးဝတုတ် သိပ်သဘောကျတာ.. တဟားဟားနဲ့ အော်ရယ်ရော.. ညသန်းခေါင်ချိန်ဆို မီးရောင်တလက်လက်နဲ့ ဦးဝတုတ် ရဲ့ ထိပ်တန်း မုန့်ဟင်းခါးလှည်းကို သူတို့မျှော်ပြီ.. သူတို့ပန်းရောင်တဲ့ မီးပွိုင့်နားရောက်ရင် လှည်းကို လမ်းဘေးထိုးရပ်ပြီး သူတို့ကို မုန့်ဟင်းခါး ကျွေးရင်း ဓာတ်မီးတိုင်အောက်မှာ ဝိုင်းဖွဲ့လို့ စားကြ သောက်ကြ ကေားပြောကြပြီ။

ဦးဝတုတ် မကြာခဏ ပြောတဲ့စကားတစ်ခွန်းရှိတယ်။ "ငါ့သားလေးကို ရှင်ပြုပေးချင်လိုက်တာကွာ.. ထီပေါက်ရင်ကောင်းမယ်..ရွာပြန်ပြီး ငါ့သားလေးကို ရှင်ပြုရင်းငါ့တူတို့ တူမတို့ကိုပါ တစ်ခါတည်း ရှင်ပြု နားသ လုပ်ပေးချင်လိုက်တာ.. တို့ရွာက ရှင်ပြုပွဲတွေက သိပ်စည်တာ..'' ဆေးလိပ်တိုကို နာနာဖွာရင်း ခပ်မှိုင်းမှိုင်းမျက်လုံးတွေနဲ့ အဝေးကိုငေးပြီးအဲဒီစကားကို ဦးဝတုတ်ပြောတိုင်း သူတို့ အားလုံး ငြိမ်သွားလေ့ရှိတယ်။ သူတို့မိဘတွေဆီကလည်း ဒီစကားမျိုးအမြဲကြားရတတ်တာကိုး... ကြာပြီ.. နွေ မိုး ဆောင်း ရာသီတွေ ဘယ်လိုပြောင်းပြောင်း ညသန်းခေါင်ဆို ဦးဝတုတ်ရဲ့ လှည်းကလေး ရောက်ရောက်လာစမြဲ..။ သူတို့ကို မုန့်အလကားကျွေးပြီး ၊ ဝိုင်းကြည်မကို မကြာခဏ စနောက်ပြီး စကားတွေပြောစမြဲပေါ့..။

ဒါပေမဲ့...အဲဒီနေ့.အဲဒီနေ့ကို သူတို့မှတ်မိသေးတယ်။ ဒီရက်ထဲ ဦးဝတုတ် နေသိပ်မကောင်းဘူးဆိုလို့ ဝိုင်းကြည်မတောင် ငှက်ပျောသီး တစ်ဖီး ယူလာသေးတယ်။ ထုံးစံအတိုင်း ညသန်းခေါင်ကျော်တော့ မီးရောင်တလက်လက်နဲ့ ဦးဝတုတ်လှည်းလေးကို ခပ်လှမ်းလှမ်းမှာ မြင်နေရပြီ။ အချိန်က ခဏလေးပါပဲ..သူတို့မျက်စိရှေ့တင် မီနီဖြတ်မောင်းသွားတဲ့ ကားတစ်စီးက ဦးဝတုတ်ကိုရော လှည်းကိုရော ဝုန်းခနဲ ဝင်တိုက်ပြီး မောင်းပြေးသွားတော့တယ်။ "အမလေး...''ဆိုတဲ့ အော်သံစူးစူးနဲ့အတူ ဝိုင်းကြည်မက သွေးအိုင်ထဲ လဲနေတဲ့ဦးဝတုတ်ဆီ အရင်ပြေးသွားပြီး ပွေ့ထူတယ်။

သူတို့တစ်ဖွဲ့လုံး ဦးဝတုတ်အနားရောက်ချိန်မှာ ဦးဝတုတ် မလှုပ်တော့ဘူး.. ကားတစ်စီးပေါ်က လူတစ်ယောက်ကလူနာတင်ကားခေါ်ပေးပြီး ဆေးရုံရောက်တဲ့အချိန် ဦးဝတုတ် အသက်မရှိတော့ဘူး.. ဦးဝတုတ်ကို ရေဝေးမှာပဲ အကျဉ်းချုံး သဂြိုလ်လိုက်ပါတယ်.. ရွာမှာ ကျန်တဲ့ သူ့မိန်းမနဲ့အတူ ၇ နှစ်အရွယ် သူ့သားလေးရယ်၊ သူတို့အဖွဲ့ရယ်၊ ဆရာတော် တစ်ပါးရယ် စုစုပေါင်း ဆယ့်သုံးယောက်လောက် ဦးဝတုတ်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးကြတယ်။ ထူးဆန်းတာက သူတို့တစ်ဖွဲ့လုံး ငိုကြပေမယ့် ဝိုင်းကြည်မ မငိုဘူး.. ဦးဝတုတ် သူ့ကို အမြဲ စနောက်နေကျဆိုပေမယ့် သူတို့ထဲမှာ ဝိုင်းကြည်မကို အချစ်ဆုံးဆိုတာ အားလုံးအသိ.. ဝိုင်းကြည်မကလည်း ဦးဝတုတ် စတိုင်း တစ်ခွန်းမခံ ပြန်ဆဲပေမယ့် ဦးဝတုတ်အပေါ် သံယောဇဉ်ကြီးရှာတယ်..

ဒါပေမဲ့ အသုဘချတော့ ဝိုင်းကြည်မ မငိုဘူး.. မီးသဂြိုလ်ခန်းထဲ ဦးဝတုတ်အလောင်းကို သွင်းကြတဲ့အခါတော့ ဝိုင်းကြည်မ အံကြိတ်တယ်။ "ရှင့်သားလေးကို ရှင်ပြုပေးမယ်ဆို... အခုတော့ ရှင်ကတိမတည်ဘူးလား ကိုဝတုတ်ရဲ့..''ဆိုပြီး ဦးဝတုတ်မိန်းမက အော်ငိုတဲ့အခါ ဝိုင်းကြည်မ လက်သီးကို ကျစ်နေအောင် ဆုတ်လိုက်တယ်။ နောက်နေ့ပန်းရောင်းတဲ့နေရာ ရောက်တော့ သူတို့အားလုံးကို ဝိုင်းကြည်မက ခေါ်တယ်။ ဦးဝတုတ်သူတို့ဆီ လာနေကျလမ်းကိုငေးပြီး စကားတစ်ခွန်းကို ဖြည်းဖြည်းချင်း သူ ပြောတယ်။ "ငါတို့ ဦးဝတုတ်ဆီက မုန့်ဟင်းခါးကို ညတိုင်း နှစ်နှစ်နီးပါး အလကား စားလာကြတာ.. အဲဒီအကြွေးကို ငါဆပ်မယ်..ငါတို့ တစ်ရက် ငါးရာ စုမယ်..မုန့်ဟင်းခါးဖိုးပေါ့ဟာ.. တစ်နှစ်လောက်စုလိုက်ရင် ငါတို့အားလုံးပေါင်းတဲ့အခါ အများကြီး ရမှာ.. ဦးဝတုတ်သားကို ရှင်ပြုပေးကြမယ်.. ငါဦးဝတုတ်မိန်းမဆီက လိပ်စာ တောင်းထားတယ်''

တဝေါဝေါနဲ့ ဖြတ်သွားတဲ့ ကားသံကလွဲရင် တစ်လောကလုံး တိတ်ဆိတ်သွားလေရဲ့.. အဲဒီနေ့ကစပြီး သူတို့အားလုံးတစ်ရက် ငါးရာ စုတယ်။ စုငွေတွေအားလုံးကို သူတို့ရဲ့ပန်းဒိုင် အန်တီဖြူ့ဆီမှာ အပ်ထားကြတယ်။ ပုံမှန်ထက်တော့ နည်းနည်းပိုကြိုးစားရတာပေါ့.. ဦးဝတုတ်မရှိတော့တဲ့နောက်ပိုင်း ညသန်းခေါင် စကားဝိုင်းလေးလည်း တိတ်ဆိတ်သွားခဲ့တယ်။ ဦးဝတုတ်ရဲ့ လှည်းကလေး လာတဲ့လမ်းကို မကြာခဏ သက်ပြင်းချပြီး ငေးနေတတ်တဲ့ ဝိုင်ကြည်မကို တွေ့ရတိုင်း သူတို့အားလုံး စိတ်မကောင်း..။

ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက် ဖြတ်သန်းရင်း တစ်နှစ်ဆိုတဲ့အချိန်ဟာ သိပ်မကြာလိုက်သလိုနဲ့ ကုန်ဆုံးသွားတယ်..။ သူတို့ရဲ့ပန်းဒိုင် အန်တီဖြူကနေတစ်ဆင့် ဧရာဝတီတိုင်းထဲက ဦးဝတုတ်ရဲ့ မိန်းမဆီ ဆက်သွယ်တယ်..။ စုငွေ သိန်း နှစ်ဆယ်နီးပါးလောက် ရတယ်လို့ ဝိုင်းကြည်မက ပြောတယ်.. သူပဲ အများဆုံး စုခဲ့တာကိုး.. ရန်ကုန် လမ်းဘေးမှာ ပန်းရောင်းကြတဲ့ပန်းသည် ကလေးတွေက ရွာမှာကိုဝတုတ်ရဲ့သားကို ရှင်ပြုပွဲ လာလုပ်ပေးမလို့တဲ့ ဆိုတဲ့ သတင်းဟာ အဲဒီရွာနီးချုပ်စပ်ဆီ ပျံ့သွားပြိီး အလှူပွဲဟာ တော်တော်လေး စည်ကားခဲ့ပါတယ်။ အလှူပွဲမှာ မောင်ရင်လောင်း နောက်ကနေ ပရိက္ခရာ ရှစ်ပါးကို သူတို့အဖွဲ့ တစ်ယောက် တစ်မျိုးစီ သယ်ခွင့်ရခဲ့တယ်။ ရှင်လောင်းလှည့်တဲ့အခါ သင်္ကန်းဗန်းကို ခေါင်းမှာရွက်ပြီး ဝိုင်းကြည်မ ရှေ့ဆုံးကနေ ဟန်ပါပါနဲ့ ထွက်တယ်။

အံ့သြစရာကောင်းတာက ဦးဝတုတ် အသုဘတုန်းက မငိုခဲ့တဲ့ ဝိုင်းကြည်မတစ်ယောက် အလှူပွဲမှာ မျက်ရည်တသွင်သွင် ကျနေလေရဲ့.. ပါးနှစ်ဖက်က သနပ်ခါး ပါးကွက်ကြားပေါ် ကျလာတဲ့ မျက်ရည်စီးကြောင်း နှစ်ကြောင်းကို ခပ်ဖွဖွသုတ်ရင်း ဝိုင်းကြည်မ အသံမထွက်ဘဲ ငိုရှာတယ်။ ဟိုး..လွန်ခဲ့တဲ့ သုံးနှစ်လောက်က မိုးတဖွဲဖွဲကျနေတဲ့ ညတစ်ညမှာ သူတို့စားခဲ့တာ မုန့်ဟင်းခါးမဟုတ်ဘဲ မေတ္တာတရားတွေသာ ဖြစ်ကြောင်း ဦးဝတုတ်ကို တိုင်တည်ပြီး ဝိုင်းကြည်မ ခပ်တိုးတိုးပြောနေသံကို သူတို့အားလုံးကြားလိုက်ရပါတော့တယ်..။

ကိုစိုးထိုက်(ဖဒို)


Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review