တောင်ပံမဲ့သင်းကွဲတေးဆိုငှက် - တင်မောင်မြင့်

 


တောင်ပံမဲ့သင်းကွဲတေးဆိုငှက်

တင်မောင်မြင့်

မြန်မာပြန်သည်

တတိယအကြိမ်


ပုံနှိပ်မှတ်တမ်း

 

ထုတ်ဝေသူ - ဦးကျော်ဇင်၊ ကံ့ကော်ဝတ်ရည်စာပေ (ဝဝ၄၅၄) ၅၁၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

 

ပထမအကြိမ် - ၂ဝဝ၄ ခုနှစ်၊ ရာပြည့်စာအုပ်တိုက်။

 

ဒုတိအကြိမ် - အောက်တိုဘာလ၊ ၂၀၁၆ ခုနှစ်။ ကံ့ကော်ဝတ်ရည်စာပေ။

 

တတိယအကြိမ် - နိုဝင်ဘာလ၊ ၂ဝ၂၂ ခုနှစ်။ ကံ့ကော်ဝတ်ရည်စာပေ။

 

အုပ်ရေ - ၁၀၀၀

 

မျက်နှာဖုံးပုံနှိပ်နှင့် အတွင်းပုံနှိပ် - ဦးအောင်ဇော်ထွန်း၊ ပုံရိပ်ရှင်ပုံနှိပ်တိုက်(ဝဝ၈၃၆) အမှတ်-၈၊ အိမ်ကြီးလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

 

မျက်နှာဖုံးသရုပ်ဖော် - ဇော်မောင်

 

တန်ဖိုး - ၁၈ဝဝဝ ကျပ်


တောင်ပံမဲ့သင်းကွဲတေးဆိုငှက်

(ဒုတိယအကြိမ်အတွက် အမှာစာ)

 

Harper Lee ရဲ့ To Kill a Mockingbird ကို ကျွန်တော် ၂၀၀၁ ခုနှစ်မှာ ဘာသာပြန်ပြီးခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှာ ရာပြည့်စာအုပ်တိုက်က အမှာစာ မပါဘဲ “တောင်ပံမဲ့သင်းကွဲတေးဆိုငှက်” အမည်နဲ့ ထွက်ခဲ့ပါတယ်။ ဆိုတော့ ဆယ့်ငါး နှစ်ကြီးများတောင် ကြာခဲ့ပြီပေါ့။ ခု ဒုတိယအကြိမ် ကံ့ကော်ဝတ်ရည် က ထွက်မယ်ဆိုတော့ အမှာရေးဖို့ ဝန်လေးတဲ့ ကျွန်တော့်ကို ဝိုင်းဖိအားပေးကြပါတယ်။ အစောပိုင်းက ကျွန်တော့်စာအုပ်တွေမှာ အမှာစာ မရေးတတ်လို့နဲ့ ဆရာ့ ဆရာ များရဲ့ အမှာစာကောင်းများရဲ့ လွှမ်းမိုးမှုကြောင့် မရေးဖြစ်ခဲ့တဲ့အကြောင်း ကျွန်တော် ရေးဖူးပါတယ်။ (ဘယ်မှာ ရေးခဲ့တယ် ဆိုတာတော့ မမှတ်မိတော့ပါဘူး) ခုတော့ ဆယ့်ငါးနှစ်ကြာမှ ပြန်ထွက်တဲ့ ဒုတိယအကြိမ်အတွက် အမှာရေးဖို့ အကြောင်း ကလေးတွေ ဖန်လာတာကြောင့် ကျွန်တော် ရေးချင်စိတ် ပေါက်လာပါတယ်။

𓅰 𓅬 𓅭 𓅮 𓅯

 

အမှာစာရေးဖို့ တိုက်တွန်းကြသူတွေထဲမှာ သူငယ်ချင်း ရေးဖော် မောင်ပေါ်ထွန်းလည်း ပါတယ်။ သူက ဒီစာအုပ် ဟာ ၂ဝဝ၄ ခုနှစ် အမျိုးသား စာပေဆု ဘာသာပြန် (ရသ) ရခဲ့တဲ့စာအုပ်မို့ ရေးစေချင်တာပါ။ နောက်အုပ်စု ကတော့ ထုတ်ဝေသူ မရွှေဝိုင်းနဲ့ သူ့ဝမ်းမနာသားတွေထဲက တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က Fat Cat လို့ နာမည်ပေးထားတဲ့ စာအုပ်သရဲလေး ဉာဏ်သာဇော်ပါ။ သူက စာအုပ်ကောင်းတွေ ရှာပေးတတ်ပြီး သူကြိုက်တဲ့စာအုပ်ကို အတင်း ဘာသာပြန် ခိုင်းတတ်ပါတယ်။ မပြန်ရင် စိတ်ကောက်တတ်တယ်။ နောက် ရှာမပေးတော့ဘူးလို့ နှုတ်ခမ်းစူပြီး ပြောတတ်တယ်။

ခုလည်း လာပြန်ချေပြီ။ ၂၀၁၅ ခု၊ ဇူလိုင်လဆန်းကပါ။ သူတို့သားအမိကျွန်တော့်ကို သတင်းထူး လှမ်းပေးတယ်။ ဟားပါးလီရဲ့ Go Set a Watchman စာအုပ် ထွက်တော့မယ်တဲ့။ To Kill a Mockingbird ရဲ့အဆက်မို့ ဘာသာပြန်ပါ။ စာအုပ်ရှာပေးမယ်တဲ့။

စာအုပ်က မထွက်သေးဘူး။ အပိုင်းအပိုင်းတွေနဲ့ ဇာတ်လမ်းအကျဉ်းကို အင်တာနက်က Download ပြီး သူ တပင်တပန်းစုတယ်။ တကူးတက ပို့ပေးတယ်။ ဇူလိုင်လ ၁၄ ရက်နေ့မှာ Harper Collins စာအုပ်တိုက်က ဖြန့်တော့ ကျွန်တော့်ဆီမှာ သူကူးပေးထားတာတွေ တစ်ထပ်ကြီး ဖြစ်နေပြီ။ ဖတ်ကြည့်တော့ စာအုပ်က တော်တော်လှုပ်တယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လှုပ်တာမျိုး။ ဒီတော့ သုံးသပ်ချက်ပေါင်းများစွာ ဝေဖန်ချက်ပေါင်းများစွာကို ကျွန်တော် ရှာဖတ်ရပါတော့တယ်။ ဇာတ်လမ်းအကျဉ်းလည်း သူပို့ထားတဲ့ DL ထဲက ကျွန်တော် ဖတ်ပြီးပြီ။

“တစ်ယောက်ယောက်ကို ပေးလိုက်ပါကွာ၊ ငါတော့ မပြန်ချင်ဘူး” လို့ ပြောတော့ ကိုရွှေ Fat Cat ဒေါသ ဖြစ်နေတဲ့ ကြောင်တစ်ကောင်လို ရှူးရှူး ရှဲရှဲ ဖြစ်တော့တာပါပဲ။

ဒီလိုပါ။ To Kill a Mockingbird ထွက်တဲ့နှစ်က ၁၉၆ဝ ဆိုတော့ နယ်လီ ဟားပါးလီ ငါးဆယ်ကျော်ပေါ့။ Go Set a Watchman က ၂၀၁၅ မှာ ထွက်တယ်ဆိုတော့ စာရေးဆရာမကြီး ကိုးဆယ်နား ကပ်နေပြီ။ အဲဒီမှာ စဉ်းစားစရာ တွေ အများကြီး ဖြစ်လာတော့တာပါပဲ။

ပထမစာအုပ်ရဲ့ အရှိန်အဝါ ကြီးမားပုံကို ပြန်ကြည့်ကြရအောင်ပါ။ To Kill a Mockingbird (တောင်ပံမဲ့) က ၁၉၆ဝ ပြည့်နှစ်မှာ ထွက်တယ်။ ဇာတ်လမ်း က ရိုးရိုးစင်းစင်း ပျင်းစရာ။ အမေရိကန်တောင်ပိုင်းက အင်မတန်ရှေးဆန်တဲ့ ခြောက်ကပ်ကပ် မြို့ကလေးတစ်မြို့မှာ “ပြည်တည်” တယ်။ အဓိက ဇာတ်ကောင်တွေက ရှေ့နေကြီး အာတီကတ်စ်ဖင့်ချ် (ဂရေဂရီပက်) နဲ့ သားလေး ဂျင်မ်၊ သမီးလေး စကောက်။ ဇာတ်ကြောင်းပြန်ပြောသူက စကောက်။ ကလေးတွေး တွေးပြီး ကလေးတစ်ယောက်က ပြန်ပြောပြတဲ့ ဇာတ်လမ်း။ အချစ်ဇာတ်လမ်း မပါတဲ့ ဒီ စာအုပ် ပေါက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ဘူး။ စာရေးဆရာမကိုယ်တိုင်လည်း မထင်ဘူး။ ဇာတ်ကြောင်းက အဲဒီပျင်းစရာ မြို့ကလေးမှာ လူဖြူမတစ်ယောက် ကို လူမည်း တစ်ယောက်က ဗလက်ကာယ ပြုပါတယ်ဆိုတဲ့ အမှုတစ်ခု။ ရှေ့နေကြီး အာတီကတ်စ်က လူမည်းဘက်က အကျိုးဆောင်။ အမှုက လီဆယ်ပြီး တိုင်တဲ့ အမှု၊ အာတီကတ်စ် တရားရှုံးတယ်။ လူမည်းတရားခံ တွမ်ရော်ဘင်ဆင်ကို လူဖြူတွေ ပစ်သတ်လိုက်ကြတယ်။

ဒါပေမဲ့ အရေးအသားနဲ့ တင်ပြပုံကောင်းလွန်းတဲ့အတွက် The News Yorker က ဝေဖန်သလို ‘သဘာဝ ထက်လွန်နေသလား ထင်ရလောက်အောင် သဘာဝကျတယ်။ ပြီးတော့ ဟာသမြောက်တယ်’။ San Francisco Examiner ကတော့ “အရေးအသားကောင်းလိုက်ပုံက မီးတောင်ကြီးပေါက်ကွဲပြီး ခံစားမှု ရောင်စုံချော်ရည်တွေ ပျော်ကျ စီးဆင်း နေသလိုပဲ” လို့ ဝေဖန်တယ်။

ကိုးဆယ့်ငါးပတ်လုံး နံပါတ် (၁) ရောင်းအကောင်းဆုံးစာရင်း ထိပ်ဆုံး က မဆင်းဘူး။ ၁၉၆၁ ခုနှစ်မှာ ဟားပါးလီ ပူလစ်ဇာဆုရတယ်။ ရာစုနှစ်ရဲ့ အကောင်းဆုံးစာအုပ် ၁ဝဝ မှာ စာရင်းဝင်သွားတယ်။ ရုပ်ရှင်ရိုက်တော့ မင်းသားကြီး ဂရေဂရီပက် အော်စကာဆုရသွားတယ်။ ၂ဝဝ၇ ခုနှစ်မှာ စာရေးဆရာမ Presidential Medal of Freedom ဆုကို ဆွတ်ခူးခဲ့တယ်။ ကမ္ဘာ့တက္ကသိုလ် ပေါင်းများစွာက ဂုဏ်ထူးဆောင်ဘွဲ့တွေ တသီကြီးရခဲ့တယ်။ သမ္မတ လန်ဒန် ဘီ ဂျွန်ဆင်က ၁၉၆၆ ခုနှစ်မှာ, National Council of Art ဆု ချီးမြှင့်တယ်။

ဟုတ်ကဲ့၊ Go set a Watchman အကြောင်း ပြန်ဆက်ပါ့မယ်။ တောင်ပံမဲ့မှာ တစ်မြို့လုံး လူဖြူအားလုံးနဲ့ ဆန့်ကျင်ပြီး လူမည်းတရားခံဘက်က ရပ်တည်ခဲ့လို့ အဲဒီဝတ္ထုဟာ ကမ္ဘာကျော်ခဲ့တယ်။ အဲဒီအတွက် အာတီကတ်စ် ရင်းခဲ့ ရတဲ့ အရင်းအနှီးက မနည်းပါဘူး။ သူ့အသက်ကိုရော သားနဲ့ သမီးကလေးရဲ့ အသက်ကိုပါ ရန်ရှာခံခဲ့ရတယ် လေ။ အဲဒီလောက် အထိ အသားအရောင် ခွဲခြားရေးမှာ စွန့်စားခဲ့တာ၊ ဒါကြောင့် တောင်ပံမဲ့ဟာ America Icon လို့ တင်စားခံ ခဲ့ရတယ်။ အမေရိကန်မှာ ဥပဒေကျောင်းသားတိုင်းရဲ့လက်စွဲ ဖြစ်ခဲ့တယ်။ Go set ကျတော့ ပြောင်းပြန်။ အာတီကတ်စ်ရဲ့ ဇာတ်ရုပ် ပျက်သွားတယ်။

သူက လူမည်းမုန်းတီးရေးသမား ဖြစ်သွားတယ်တဲ့ဗျာ။ စာအုပ် ထွက်ထွက်ချင်း ပွက်လောရိုက်သွားတယ်။

𓅰 𓅬 𓅭 𓅮 𓅯

 

ဒီစာအုပ်ထွက်တော့ ဟားပါးလီ ၈၉ နှစ်ရှိပြီ။ သတင်းတွေ အမျိုးမျိုး ထွက်လာတယ်။ လူအိုရုံမှာလို့ပြောသူ ရှိတယ်။ ဆွံ့အနားမကြား ဖြစ်နေတယ်လို့လည်း ပြောကြတယ်။ သူရေးတာ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေလည်း ကျွက်စီ ကျွက်စီ ဖြစ်လာတယ်။ ဒါကြောင့် ဝေဖန်ရေးဆရာတွေထဲမှာ Controversially Published လို့ ပြောတဲ့လူတွေက ပြောကြတယ်။ ၂ဝ၁၄ မှာ ဒီစာမူကို အဘွားကြီး ရဲ့ ပစ္စည်းတွေ အပ်ထားတဲ့ဘဏ်က Safe Box ထဲက တွေ့တာတဲ့။ အဲဒီမှာ Agent တွေ ရှေ့နေတွေနဲ့ ရှုပ်ယှက်ခတ်ပြီး ဟားပါးလီရေးတာ ဟုတ်၊ မဟုတ် ဇာတ်လမ်းတွေ ရှုပ်ကြပြန်ရော။ အဲဒီအထဲ ဆိုးတာက ဒီဝတ္ထုဟာ တောင်ပံမဲ့ မရေးခင် ရေးတာတဲ့။ ဒါပေမဲ့ ဇာတ်လမ်းအဖွင့်မှာ ဟိုတုန်းက ဇာတ်ကြောင်း ပြန်ပြောတဲ့ ဆယ်နှစ်အရွယ် စကောက်ကလေးက အသက် ၂၆ နှစ် ရှိနေပြီ။ ဘွဲ့ရပြီးနေပြီ။ ဖြစ်နိုင်၊ မဖြစ်နိုင်၊ ဟားပါး လီ ရေးတာ ဟုတ်၊ မဟုတ် ဇာတ်လမ်းတွေ ရှုပ်နေချိန် စာအုပ်က မထွက်ခင် လှုပ်နေပြီ။ ဟယ်ရီပေါ်တာပြီးရင် အမှာစာ အများဆုံး တဲ့။ အဲဒီမှာ ဝေဖန်ရေးဆရာ တစ်ယောက်က ကလိတယ်။ Pre Order လို့ ခေါ်တဲ့ ကြိုတင်မှာတဲ့စာရင်းမှာ စံချိန် တင်တယ်တဲ့။ ဒါပေမဲ့ အဲဒီစာအုပ် ဒုတိယအကြိမ် ပြန်မရိုက်ရပါဘူး။ ကျုပ်လောင်းရဲတယ်တဲ့။

𓅰 𓅬 𓅭 𓅮 𓅯

 

စောစောက ပြောခဲ့သလို တောင်ပံမဲ့ဟာ သိပ်ပျင်းစရာကောင်းတဲ့ မြို့လေး တစ်မြို့အကြောင်း ပျင်းတိပျင်းတွဲ ဖတ်ခဲ့ရာက အဖြူအမည်းကိစ္စ၊ မုဒိမ်းမှုကိစ္စ၊ တရားခွင်ကိစ္စတွေ ပေါ်လာမှ ဇာတ်လမ်းက လက်ကမချနိုင်အောင် ဖြစ်လာ တာ။ စာအုပ်မှာရော ရုပ်ရှင်မှာပါ ထိပ်ဆုံးရောက်သွားတာ။ ကမ္ဘာကျော်သွားတာ။

ဂရေဂရီပက်ကို အာတီကတ်စ်ဖင့်ချ်လို့ ကမ္ဘာ့ရုပ်ရှင်ပရိသတ်က အသည်းစွဲသွားတာ။ မင်းသားကြီး ကိုယ်တိုင် ကလည်း သူ့အကြိုက်ဆုံး ကားပါလို့ ပွဲတိုင်းမှာ ပြောခဲ့တယ်။

အဲဒီကားဟာ အကယ်ဒမီ သုံးဆုရတယ်။ ဂရေဂရီပက်အပြင် ဇာတ်ညွှန်းရေးဆရာ Horton Foote နဲ့ Art Director နှစ််ယောက် ဖြစ်တဲ့ Bumstead နဲ့ Emert တို့ပါပဲ။ အကောင်းဆုံးရုပ်ရှင်ကား အဖြစ်လည်း အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်တယ်။

ဒီလို ဒီလို ကျွန်တော် စွဲလမ်းခဲ့တဲ့ Atticus Finch ဟာ To Set a Watchman မှာ ဆိုခဲ့သလို လူမည်း မုန်းတီးရေးသမား ဖြစ်သွားတယ်။ ဇာတ်လမ်း အဖွင့်မှာ ကတည်းက တောင်ပံမဲ့မှာ အားလုံးရဲ့ အချစ်တော်ကလေး စကောက်ရဲ့ အစ်ကို ဂျင်မ်ကို စာရေးဆရာမကြီးက နှလုံးရောဂါနဲ့ သေစေခဲ့တယ်။ ဒါကိုလည်း ပရိသတ်က မကျေနပ် ကြဘူး။ ဟားပါးလီ ရေးတာဟုတ် ၊မဟုတ် ဂယက်တွေကလည်း ထလို့ မပြီးဘူး။ အသက်ကြီးမှ အတူလာနေပေးတဲ့ ညီမ လုပ်သူ အဲလစ် မသေခင် ပြောသွားတာလည်း စဉ်းစားစရာ။

“မျက်စိလည်း ကွယ်နေပြီ။ နားလည်း မကြားတော့ဘူး။ ဒီတော့ လာပေးသမျှ စာရွက်စာတမ်းတွေကို လက်မှတ် ထိုးပေးနေတော့တာပဲ”တဲ့။

သူရေးတာတော့ ဟုတ်တယ်။ ဒါပေမဲ့ … ဆိုပြီး သတင်းတစ်ပုဒ် ပါလာပြန်တယ်။ ဟားပါးလီက ပြောတယ်တဲ့။

“ဝတ္ထုနဲ့ မတူဘဲ အဖြစ်အပျက်တွေကို စီချ ရေးထားသလို ဖြစ်နေတယ်။ ဒါကြောင့် ၁၉၅၇ ခုနှစ်မှာ ရေးပြီး မထုတ်ဘဲ ခေါက်ထားတာ ဖြစ်နိုင်တယ်”တဲ့။

ဝါရှင်တန်ပို့စ် သတင်းတစ်ခု မှာတော့-

“Watchman ဟာ စာမျက်နှာ ၁ဝဝ လောက်ထိ ရယ်စရာကောင်းလောက်အောင် ညံ့တယ်။ အောင့်အည်းပြီး ကျန်တဲ့ အပိုင်းကို ဆုံးအောင်ဖတ်ပါတယ်။ ပြီးတော့ စာအုပ်ကို လွှင့်ပစ်လိုက်မိတယ်” လို့ ဝေဖန်ရေးဆရာ တစ်ယောက် က ပစ်ပစ်ခါခါ ရေးတယ်။

ဒါတွေ ဒါတွေကြောင့် မပြန်ချင်တာပါကွာ။ ငါ့ဘာသာငါ “တောင်ပံမဲ့” နဲ့ပဲ ကျေနပ်နေပါရစေလို့ ပြောတော့ Fat Cat ကျေနပ်သွားပုံ ရပါတယ်။

𓅰 𓅬 𓅭 𓅮 𓅯

 

နောက်ဆုံး စက်ရပ်သတင်းကိုလည်း Godmother မရွှေဝိုင်းရဲ့ နောက်သားတစ်ယောက်ဖြစ်တဲ့ ဘုန်းမြတ်နဲ့ Fat Cat တို့ဆီကပဲ ရပါတယ်။ ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ ဟားပါးလီ ဆုံးပြီတဲ့။

ကျွန်တော့်ဆီလည်း အဲဒီ မက်ဆေ့ချ် ဝင်ပြီးသားမို့ အဲဒီအချိန်မှာ တောင်ပံမဲ့ ဒုတိယအကြိမ်အတွက် အမှာရေးဖို့ ပြင်နေပါပြီ။

ကဲ … မောင်မင်းကြီးသားလေးတွေနဲ့ သူတို့ရဲ့ ခေါင်းကိုင်အမေ ကျေနပ်ပါလေတော့။

ပရိသတ်အား ခင်မင်လေးစားစွာ

တင်မောင်မြင့်

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review