မိုးညဖြူဖြူ - နတ်နွယ်



“မိုးညဖြူဖြူမှ အဖတ်တင် ရရှိလိုက်ခြင်းကတော့ ခွင့်လွှတ်ရခြင်းတခုသာပင်၊”

 

ဆရာနတ်နွယ်ရဲ့ဒီတစ်အုပ်ဟာ မထွက်တာ အတော်လေးကိုကြာပါပြီ။ မိုးညဖြူဖြူ စာအုပ်ဟာ ရှရှား ဂန္တဝင် စာရေးဆရာကြီး Fyodor Dostoevsky(ဖျိုဒါ ဒေါ့စတိုယက်စကီး)ရဲ့ white nightsကို မြန်မာမှုပြုထားတာပါ။

ဒီတစ်အုပ်မတိုင်ခင်ကလည်း တက္ကသိုလ်နှင့်ပြင်ပကမ္ဘာဆိုပြီး Dostoevsky ရဲ့ နာမည်ကြီးလက်ရာ ပြစ်မှုပြစ်ဒဏ်(crime and punishment)ကို မြန်မာမှုပြုထားပါသေးတယ်။ အနောက်တိုင်းရဲ့ ပွင့်လင်းမှုတွေကို သမီးရည်းစားဘဝ ပုဝါလက်တစ်ကမ်းထားတဲ့ ဓလေ့ရှိတဲ့ မြန်မာဝတ္ထုအဖြစ် မြန်မာမှုပြုထားလေတော့ မူရင်းအရသာနဲ့နည်းနည်းကွဲပြီး စပါကတီကို မြန်မာပြည်က အီတလီဆိုင်မှာစားရသလို ကိုယ့်ပြည်ကိုယ့်မြေနဲ့ညီအောင် ညှိထားသလိုခံစားရတယ်။

အစပျိုးထားတာလေးက ~

“ငယ်ရွယ်သူများသာ ထိတွေ့ နိုင်သော အင်မတန် လှပ ဘိသည့် ညတည၊”

စိတ်ကူးယဉ်စရာကောင်းသည့်ည၊ ရင်ခုန်စရာည၊ ပူဆွေးသောကဗျာပွေရသည့်ည၊ အတွေးများရသည့်ည။ ဒီလိုသာမန်ညတစ်ညကို အသက်သွင်းနေတာတွေက လူငယ်တွေမှာကြုံလေ့ရှိတဲ့ အချစ်ဇာတ်လမ်းလေးတွေ ကပဲမဟုတ်ပါလား။

ဒီဇာတ်လမ်းလေးတွေကပဲ ည canvasကြီးအပေါ် အရောင်တွေခြယ်နေတာကလား။ တချို့ညတွေက မရိုးမရွ နေမထိထိုင်မသာ အိပ်ရေးပျက် အရုဏ်ဦးနေခြည်ကို အာသာပြင်းပြင်းစောင့်စားရတဲ့ ညတွေရှိတယ်။ တချို့ညတွေကျ နေထွက်လာမှာ အချိန်ကုန်သွားမှာကို စိုးထိတ်ရတဲ့ညတွေ ရှိတတ်ပြန်ရော။ လှည့်စားတတ်တဲ့ ပဉ္စလက်ညတွေပေါ့။

ဇာတ်ကောင်ဟာ သူ့ကိုယ်သူ တစ်အုပ်လုံးမှာ နာမည်မဖော်ပြထားဘဲနေတယ်။ သူ့ရဲ့ ကမ္ဘာငယ်လေးထဲ ဆန်းကြယ်စွာ ဝင်လာတာက ‘ညို’ ဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်။ တစ်သက်လုံး သူ့သီးသန့် ကမ္ဘာငယ်လေးထဲ နေလိုတဲ့လူငယ်လေးဟာ တစ်ညနေခင်းမှာ မှောင်ရီပျိုးထဲ တစ်ကိုယ်တည်း လမ်းတွေလျှောက်ပြီး အတွေးကမ္ဘာထဲ စင်္ကြံလျှောက်နေတယ်။ ကြည်နူးတဲ့အဟုန်နဲ့ သူ့ ကမ္ဘာဝင်ပေါက်လေးကို ဖွင့်ဟမိတဲ့တစ်ခဏ သူနဲ့ မိန်းမပျိုလေး ဆုံစည်းမှုအကြောင်းတွေ နွယ်လာပါတော့တယ်။

လမ်းနံဘေးမှာ တရှိုက်ငင်ငင် ဝမ်းနည်းကြေကွဲစွာငိုနေတဲ့ မိန်းမပျိုလေးရဲ့ အဖြစ်ကို မကြည့်ရက်သော၊ သိလိုသော၊ကူညီလိုသော၊ ခင်မင်လိုသော စိတ်တွေနဲ့ သူဟာ ချဉ်းကပ်မိတယ်။ သူ့ကနဦးခြေလှမ်းက အချစ်ဇာတ်လမ်းလေးတစ်ခုကို အစပျိုးမိလျက်သားဖြစ်သွားတယ်။ ဒီဇာတ်လမ်းလေးက ညနဲ့ သက်ဆိုင်နေမယ်ဆိုတာ မပြောလည်း စာအုပ်နာမည်အရ သိလောက်ပြီပေါ့။

ဇာတ်လမ်းကိုချုပ်ပြောရရင် သူဟာ မိန်းမပျိုလေးဆီက ရင်းနှီးခွင့်ကို ကံတရားရဲ့မျက်နှာသာပေးမှုနဲ့ အခန့်သင့်ရလိုက်တယ်။သူ့အတွက်တော့ ဒီညဟာ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တဲ့ ခြောက်သွေ့နေတဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးဟာ တစ်ဖန် စိုပြေရှင်သန်လာချိန်ပါပဲ။

ဒုတိယညမှာ သူတို့ထပ်ဆုံကြပြီး သူ့အကြောင်းကိုယ့်အကြောင်း ဖလှယ်ကြတယ်။ ဒုတိယညမှာ ကျွန်တော်တို့ကို စာရေးဆရာက သူ့ဇာတ်ကောင်တွေနဲ့ မိတ်ဆက်ပေးတယ်။ သူတို့အတိတ်က ဇာတ်လမ်းတွေဆို ပိုမှန်မယ်။ ကောင်မလေးနာမည်က ‘ညို’ပါတဲ့။

ညိုက မျက်မမြင်အဘွားအိုနဲ့အတူနေရသူဖြစ်ပြီး မြေအဘွားနှစ်ကိုယ်တည်း နေထိုင်သူဖြစ်တယ်။ အဘွားက ပင်စင်ရယ် အခန်းငှါးစားတာနဲ့ သူတို့မြေးအဘွား အသက်ဆက်နေရတယ်။ တစ်နေ့မှာ သူတို့အိမ်ခန်းဆီ လူလတ်ပိုင်း ကောင်လေးတစ်ယောက် လာငှါးတဲ့နောက် ထိုလူငယ်လေးဟာ ညို့အပေါ် စိတ်ဝင်စား ကရုဏာသက်မိပြီး မြေးအဘွားနှစ်ယောက်သာ ရှိတဲ့ သီးခြားကမ္ဘာလေးထဲမှာ ပါဝင်ပတ်သက်လာတော့တယ်။

တိုတိုပြောရရင် ထိုလူငယ်လေးဟာ ညို့ရဲ့အချစ်ဦးဖြစ်ခဲ့တယ်။ အချစ်ဦးဟာ ကတိတစ်လုံးပေးခဲ့ပြီး အဝေးကိုထွက်သွားတယ်။ ညိုဟာလည်း သစ္စာရှိစွာနဲ့ ချစ်ရသူပြန်လာခေါ်မယ့်နေ့ကိုစောင့်မျှော်နေခဲ့တယ်။ ကတိပေးထားတဲ့ရက်ဟာ လွန်ခဲ့ပါပေါ့လား။

ကျွန်တော်တို့ဇာတ်ကောင်က ညိုအတွက်၊ ညို့အချစ်ရေးအတွက် တတ်စွမ်းသမျှ ကူညီပေးခဲ့ပါတယ်။ သူကိုယ်တိုင် အကြံပေးတယ်။ တကယ်တော့ညိုက ရည်ရွယ်ထားပြီးသား ဝေခွဲမရနေလို့သာ သူ့ဆီက အကြံဉာဏ်တောင်းတာ ဖြစ်နေတယ်။ သူဟာ ညိုအဆင်ပြေအောင် ကိုယ့်ခံစားချက်ကို ဖုံးကွယ်သိုဝှက်ပြီး ချစ်ရသူ ပျော်ဖို့အရေးကို ဦးစားပေးခဲ့တယ်။ အချိတ်အဆက်ရအောင် သူပဲ ညိုရေးထားတဲ့စာကိုပို့ခဲ့ပေးပြီး အစစရာရာကူညီခဲ့တယ်။ တစ်ဖက်ကတော့ ဘာဆိုဘာမှမသိဘဲ ရိုးသားစွာ ခင်မင်စွာဆက်ဆံခဲ့တယ်။

အဆုံးအဖြတ်ပေးမယ့် ညရောက်တော့ ညိုဟာ သူ့ထက်စောရောက်နေပြီး ပြုံးပျော်နေတယ်။

“သူတို့ ကြည်လင်ရွှင်ပြနေသောအခါတွင် လူတွေက အဘယ်မျှလှပလိုက်ပါသနည်း။”

“သူတို့ နှလုံးသားများသည် မေတ္တာဓာတ်များ ပြည့်လျှံလျှက် ရှိပါသည်၊ အများဝေယျာ စိတ်ချမ်းသာစေရန် သူတို့သည် မေတ္တာရေစက်ချ၍ အမျှအတမ်း ကမ်းလှမ်းလိုလျှက်ရှိ ပါသည်။”

ဒီညမှာရော သူ့ရဲ့ လမင်းကြီး လွတ်လွတ်လပ်လပ် သာလေမလား၊ သို့တည်းမဟုတ် တိမ်မည်းများ ဖုံးသွားလေမလား။ အစိုးမရတဲ့ညတွေမှာ သူတို့အချစ်ဇာတ်လမ်းလေးဟာလည်း ဆွတ်ပျံ့ဖွယ် ဒဏ္ဍာရီ တစ်ပုဒ်ဆန်ဆန်သာ။ နည်းနည်းလေး ဘဝင်မကျမိတာက ဘာကြောင့်များ ညှီဖို့လိုအပ်တာလဲဆိုတာပါပဲ။ ခေတ်အခြေအနေကြောင့်လား။ ဘာကြောင့်များလဲ။ မညှီလည်း ဒီဝတ္ထုဟာ မြန်မာဆန်ဆန် လှပနေမယ့် ကဗျာတစ်ပုဒ်ပဲလို့ထင်မိပါတယ်။

“ကိုဟာ သူဘဲ ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲ၊” တဲ့။ စာဖတ်သူတွေကို မူရင်းစာရေးသူ ဒေါ်စတိုယက်စကီးရော ဆရာနတ်နွယ်ရောဟာ ဝေဒနာတွေပေးသွားခဲ့တယ်။ ပြီးတော့လည်း အမှန်တရား၊ သစ္စာတရားကို မြင်အောင်ပြသွားခဲ့တယ်။ ဆရာနတ်နွယ်ဟာ ဒီဝတ္ထုကို မြန်မာ့ရေမြေနဲ့ကိုက်ညီအောင် ဖန်တီးခဲ့ပြီး လူငယ်တွေရဲ့ အတွင်းစိတ်ခံစားမှုတွေကိုပါ လှပစွာ ပုံဖော်ပေးနိုင်ခဲ့တယ်လို့ဆိုရပါမယ်။

ဆရာနတ်နွယ် မြန်မာမှုပြုထားတဲ့ ရှားပါးဂန္တဝင်လက်ရာလေးကို ခံစားဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

📚Book review by @Youths_book_reflections


Download Epub Kfx 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review