မြေအောက်မှတ်တမ်း - တင်ဦးခက်

 


မြေအောက်မှတ်တမ်း

တင်ဦးခက်

 

Notes From Underground

Fyodor Dostoevsky


ပုံနှိပ်မှတ်တမ်း

 

ပါရီစာပေ

PARIS PUBLISHING HOUSE

စာအုပ် (၁၃)



အမှတ် - ၇၉၁ B၊ စတုတ္ထထပ်၊ ကျော်သူ ၂၁ လမ်း၊ ၉ ရပ်ကွက်၊

တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

ဖုန်း - ဝ၉၈၈၂၆၈၂၆ဝ၄

ဖြန့်ချိရေး - Genius Book House

အမှတ် ၂၉၄ (ပ) ထပ်၊ လမ်း (၄ဝ) အထက်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ဝ၉၇၉၉၄၅၅၉၆၃

ပုံနှိပ်ခြင်း - တတိယအကြိမ်၊ အုပ်ရေ ၁ဝဝဝ

ထုတ်ဝေခြင်း - ဇူလိုင်လ၊ ၂ဝ၂၅

မျက်နှာဖုံး - ပန်းချီ - အောင်ကြည်စိုး၊ ဒီဇိုင်း - အံ့ဘွယ်ဇင်။

ထုတ်ဝေသူ - ဦးဘိုဘိုမျိုးကြည် (ဝ၃၂ဝ၄)၊ ပါရီစာပေ (Paris Publishing House) အမှတ် - ၇၉၁ B၊ စတုတ္ထထပ်၊ ကျော်သူ ၂၁ လမ်း၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

ပုံနှိပ်သူ - ဦးဝင်းကျော်ထွန်း၊ မုံရွေးပုံနှိပ်တိုက် (မြဲ-ဝဝ၁၃၅)၊ အမှတ်-၁၄ဝ၊ ၄၅ လမ်း၊ ဗိုလ်တထောင်မြို့နယ်။

ဖြန့်ချိရေး - ပါရီစာပေ၊ Paris Publishing House၊ ဖုန်း - ဝ၉၈၈၂၆၈၂၆ဝ၄

အဖုံးနှင့် အတွင်းဖလင် - Eagle

ကွန်ပျူတာစာစီ - Dream City-09 891259944

Ebook Creator - 🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢

https://t.me/TheBookR

တန်ဖိုး - ၁၁၀၀၀ ကျပ်

တင်ဦးခက်

မြေအောက် မှတ်တမ်း/ တင်ဦးခက်။ - ရန်ကုန် ပါရီစာပေ၊ တတိယအကြိမ်၊ ၂ဝ၂၅။

၁၈၅ စာ၊ ၂၁ × ၁၃.၅ စင်တီ။ (၁) မြေအောက် မှတ်တမ်း


မြေအောက်၊ ကြွက်တွင်း၊ ဖျားနာနေသူတစ်ယောက်နှင့် သူ၏ မှတ်စုများ

(၁)

 

ဝတ္ထုအဖွင့်မှာ “ကျွန်တော်ဟာ ဖျားနာနေသူတစ်ယောက်၊ မစ္ဆေရစိတ် များတဲ့လူတစ်ယောက်၊ ဘာမှ စိတ်ဝင်စားစရာမရှိတဲ့ လူတစ်ယောက်” လို့ သူ့ကိုယ်သူ ပြောနေတဲ့ လူကတော့ Notes from Underground ဝတ္ထုရဲ့ ဇာတ်ကောင်ပါပဲ။ ဒီဝတ္ထုမှာ ဇာတ်လမ်းဇာတ်ကွက် မရှိသလို ဇာတ်ကောင် အမည်ကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။

ဝတ္ထုအစမှ အဆုံး “ကျွန်တော်”လို့သာ ပထမလူနေရာက နာမ်စား ထားပြီး သူ့အကြောင်းတွေကို ပြောပြနေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သာမန် အစိုးရအမှုထမ်းတစ်ဦးဖြစ်ပြီး မြို့စွန်ရပ်ကွက်က အခန်းကလေး တစ်ခန်းမှာ နေထိုင်တဲ့လူ ဆိုတာလောက်ကိုပဲ သူ့စကားတွေအရ သိရပါ တယ်။ ဒါကလွဲပြီး ထူးခြားတဲ့အကြောင်းအရာ၊ ဇာတ်လမ်းအလှည့်အပြောင်း မရှိပါဘူး။

သူ နေထိုင်တဲ့ အခန်းကလေးဆိုတာကလည်း ကြောက်မက်ထိတ် လန့်စရာကောင်းလောက်အောင် ညစ်ပတ်ကျဉ်းကျပ်နေတဲ့ အခန်းကလေး ပါပဲ။ အဲ့ဒီ အခန်းကျဉ်းကလေးကိုပဲ ဝတ္ထုထဲမှာ မြေအောက် (တစ်ခါတစ်ရံ ကြွက်တွင်းလို့လည်း သုံးပါတယ်) လို့ မကြာခဏ ပြောဆို သုံးနှုန်းတတ်ပါ တယ်။

အမှန်တော့ မြေအောက် (သို့) ကြွက်တွင်းဆိုတဲ့ စကားနဲ့ ဖျားနာနေသူ ဆိုတဲ့ စကားအသုံးအနှုန်း တွေဟာ စာရေးသူ သင်္ကေတပြုထားတဲ့ ဝေါဟာရတွေပါပဲ။

မြေအောက် ကြွက်တွင်းလေးထဲမှာ ဖျားနာနေသူ လူတစ်ယောက်က ကြွက်တစ်ကောင်လို ပုန်းခိုပြီး ပြင်ပလောက ဒါမှမဟုတ် သူ နေထိုင် ရှင်သန် နေရတဲ့ လူ့အသိုင်းအဝိုင်းနဲ့ သူ့ ပုဂ္ဂလိက ခံစားချက်တွေကို ပြန်ပြောပြနေတာ ပါပဲ။ ဒါပေမဲ့ ဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကတော့ ကြောက်ခမန်းလိလိ ပြိုကွဲပျက်စီးနေပုံ ရပါတယ်။ နာမကျန်းဖြစ်နေတယ်လို့ ဆိုတာကလည်း ရုပ်နာမကျန်းတာထက် စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေတာကို ရည်ညွှန်း လိုတဲ့ သဘောလည်း ရပါတယ်။

ပညာရှင်တချို့က စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ ဒီလောက် ချွတ်ခြုံကျနေတဲ့ လူမျိုးဆိုတာ ပြင်ပလောကမှာ မရှိနိုင်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ စာရေးသူ ဒေါ်စတိုယက်စကီး ကိုယ်တိုင်က သူ့ဝတ္ထုအဖွင့်မှာ “ကျွန်တော်တို့ လူ့အဖွဲ့အစည်း တည်ရှိနေတဲ့ ၁၉ရာစု ခေတ်လယ်ကို တွေးဆကြည့်မယ် ဆိုရင် ဒီလိုလူမျိုးတစ်ယောက် ရှိနိုင်တယ်ဆိုတာထက် ရှိကို ရှိမှာပါပဲ”လို့ ဝန်ခံ ရေးသားထားပါတယ်။ အချို့ကတော့ သူ့ဇာတ်ကောင်ရဲ့ အပြုအမူနဲ့ အတွေးတွေဟာ (Extremity) အစွန်းရောက်တယ်လို့ ဝေဖန်ခဲ့ ပါတယ်။

အချို့ ပညာရှင်တွေကလည်း ဒီဇာတ်ကောင်ဟာ သူ့ခေတ်နဲ့ အဲဒီခေတ်က ပညာတတ်လူတန်းစား တွေရဲ့ ဘဝကို ကိုယ်စားပြု ဖော်ညွှန်းထား တယ်လို့ အကဲဖြတ်ကြပါတယ်။

ဘယ်လိုပဲ အကဲဖြတ် ပြောဆိုသည်ဖြစ်စေ သူ့ဇာတ်ကောင်ကတော့ သူ့ခေတ်နဲ့ လူတန်းစားလို့ ပြောတဲ့ အကန့်အသတ်တွေကို ကျော်လွှား ဖြတ် သန်းခဲ့ပြီဆိုတာ သိသာ ထင်ရှားခဲ့ပါပြီ။

ဝတ္ထုထဲက “ကျွန်တော်” ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ လူမှုပတ်ဝန်း ကျင်နဲ့ အစစ်အမှန်ဘဝက ထွက်ပြေး တိမ်းရှောင်နေသလို သူကိုယ်တိုင် ပညာတတ်တစ်ယောက် ဖြစ်ပေမယ့် ဆင်ခြင်သိကို ရွံမုန်းနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူက “ဘယ်လို အသိစိတ်ပဲဖြစ်ဖြစ် သိနေတဲ့စိတ်ကို က ရောဂါတစ်ခုပဲ” ဆိုပြီး ဆင်ခြင်သိကို ကျိန်ဆဲခဲ့တယ်။ သူ့ကိုယ်ပိုင် သဘာဝကလည်း ပုံပျက်နေတဲ့ အရည်အသွေးတစ်ခုဆိုတာ သူကိုယ်တိုင် ကောင်းကောင်း သိထားသလို ရောဂါရနေတဲ့ သူ့အသိတရား (ဆင်ခြင်သိ) ကိုလည်း သူကပဲ လှောင်ပြောင် သရော်နေပြန်ပါတယ်။ သူ့ ပုဂ္ဂလိက ဖြစ် တည်မှု၊ မိမိကိုယ်ကို သိနေတဲ့ အသိစိတ်နဲ့ အခြားလူတွေရဲ့ဘဝကို ရွံမုန်း စက်ဆုပ်နေပေမယ့် ဒီလို စက်ဆုပ်စရာ၊ ရွံမုန်းစရာတွေကိုပဲ သူက သာယာနေ ပြန်ပါတယ်။

တစ်ချိန်တည်းမှာ သူကိုယ်တိုင် ငြင်းပယ်လို့မရတဲ့ ဝေဒနာတွေကို နာကျင်ခံခက်စွာ ခံစားနေရပေမယ့် အဲဒီ ဝေဒနာတွေကိုလည်း သူကိုယ်တိုင် မယုံကြည်ပါဘူး။

ဒီလူဟာ ရုန့်ရင်း ကြမ်းတမ်းတယ်၊ ဝန်တို မစ္ဆေရစိတ် များတယ်၊ သေချင်စရာကောင်းလောက်တဲ့ ငြီးငွေ့ဖွယ်ရာ မြို့ပြဘဝမှာ နေထိုင်အသက် ရှင်နေရပြီး ဘဝဟာ မခံမရပ်နိုင်အောင် မျှော်လင့်ချက်မဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတယ်။

ပြီးတော့ သွေးပျက်လုမတတ် အထီးကျန်မှုထဲမှာ အမျက်ဒေါသတွေ ထောင်းထောင်းထွက်ရင်း ဘဝကို ပြောင်းလဲပစ်လိုက်ဖို့၊ လှုပ်ယမ်း ဖြိုခွဲ ပစ်လိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မရေရာ မသေချာမှုတွေ၊ ဆင်ခြေ တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ အခါခါ ပြိုလဲခဲ့ရသလို ကိုယ့်ရဲ့ ပုဂ္ဂလိကဖြစ်တည်မှု၊ လူသားဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုတွေကို နေ့စဉ်ရက်ဆက် ရန်စစော်ကား ခံနေရတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီလူဟာ ဒေါ်စတိုယက်စကီး တွေ့မြင်ခဲ့ရတဲ့ ခေတ်သစ်လူသား ရုပ်ပုံလွှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်စတို ယက်စကီးဟာ လူသား ဆင်ခြင်သိကို ဘာကြောင့် ကျိန်ဆဲခဲ့ပါသလဲ၊ ဘာကြောင့် သူ့ဇာတ်ကောင်မှာ စိတ်နာမကျန်းမှုတွေ စွဲကပ်နေပါသလဲ၊ ဘာကြောင့် သူ့ဇာတ်ကောင်ရဲ့ အပြုအမူနဲ့ အတွေးတွေဟာ တစ်ဖက်စွန်းရောက် နေတယ်လို့ အကဲဖြတ်ခဲ့ကြပါသလဲ။ Renaissance ဆိုတဲ့စာအုပ်မှာ Walter Peter က “ခေတ်သစ်အတွေးခေါ်ဟာ ရှေ့နောက် မညီညွတ်တဲ့ အရာတွေနဲ့ မဆီလျော်တဲ့ စည်းကမ်းဥပဒေသတွေကို အသိအမှတ်ပြုရတဲ့ အခြေအနေဆီ ယိမ်းယိုင်နေတယ်” လို့ ဆိုခဲ့ပါတယ်။

Sogg (Notes from Underground) ထွက်ပေါ်ခဲ့တဲ့ အချိန်က ၁၈၆၄ ခု ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဒေါ်စတိုယက်စကီးဟာ အသက် ၄၃ ပြည့်ပြီးပေမယ့် အရာရာဟာ သူ့အတွက် လမ်းခုလတ်မှာပဲ ရှိပါသေးတယ်။ သူ့ဘဝ၊ သူ့စာပေ၊ သူ့အတွေးအခေါ်၊ သူ့မျှော်လင့်ချက်အားလုံး ခရီးတစ်ဝက် မှာပါ။ ဆိုက်ဗေးရီးယားမှာ အပြစ်ဒဏ်ကျခံပြီးလို့ ပြန်လွတ်ခါစအချိန် သူ့ကို မှီခိုနေတဲ့သူတွေ၊ အလုပ်အကိုင် အကျပ်အတည်း အခက်အခဲတွေ၊ ဝိုင်းဝိုင်း လည်နေတဲ့ ကြွေးရှင်တွေ အကျဉ်းအကျပ် အမျိုးမျိုးကြားမှာ ရုန်းကန်နေရ ချိန်တွေလည်း ဖြစ်ပါတယ်။

စာပေနယ်မှာ ဖြစ်ဖြစ်မြောက်မြောက် ဘာမှ မရေးသားရသေးသလို အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်လည်း မဟုတ်သေးပါဘူး။ အဲ့ဒီ ကာလတစ်ဝိုက်ဟာ အနောက်ဥရောပ တစ်ခုလုံးမှာ အသိပညာ ပြန်လည် ထွန်းကားလာချိန်ဖြစ်ပြီး အခြေအနေတွေက အလျင်အမြန် ပြောင်းလဲနေသလို အနောက်ဥရောပရဲ့ အတွေးအခေါ်သစ်၊ အယူအဆသစ်တွေ ကလည်း ရုရှား ဆီ ကူးစက်ပျံ့နှံ့လာနေတဲ့ကာလ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့အညီ ရုရှမှာလည်း ဒေါ်စတိုယက်စကီးလို ပညာတတ် လူလတ်တန်းစား အလွှာက တဖြည်းဖြည်း ကြီးမားလာပြီး ပဒေသရာဇ် ရုရှလူ့အဖွဲ့အစည်းဟောင်းကို ပြောင်းလဲပစ်ဖို့ အားယူနေချိန်လည်း ဖြစ် ပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ အတွေးအခေါ်သစ် လှုပ်ရှားမှုတွေနဲ့အတူ အနုပညာနယ်ပယ်မှာလည်း စိတ်ကူးယဉ်ဝါဒ (Romanticism) တဖြည်း ဖြည်း မှေးမှိန်လာပြီး အတွေးသစ်၊ အမြင်သစ်တွေနဲ့ ပြောင်းလဲ ဖန်တီးလာတဲ့ အနုပညာသစ်တွေ (Modernism) ပေါ်ထွန်းစပြုနေပါပြီ။ ဥရောပမှာ ဒီလို အနုပညာသစ်တွေကို ဖန်တီးနေတဲ့ လူတွေကို ဘိုဟီးမီးယမ်း (Bohemian) တွေလို့ ခေါ်ပါတယ်။ ဘိုဟီးမီးယမ်းတွေဟာ နိုင်ငံအတည်တကျ၊ နေရာ အတည်တကျ မရှိသလို အစဉ်အလာ ထုံးတမ်းကျင့်ဝတ်တွေနဲ့ ဘာသာရေး ယုံကြည်မှုတွေကိုလည်း လက်မခံကြပါဘူး။

သူတို့ဟာ တစ်နေရာက တစ်နေရာ လှည့်လည်သွားလာ နေထိုင် ကြရင်း သူတို့ အနုပညာတွေကို ဖန်တီးနေသူတွေပါပဲ။ သူတို့ဟာ ဆင်းရဲ ငတ်မွတ်မှုကို ခံနိုင်ကြပေမယ့် သူတို့လွတ်လပ်မှုတွေနဲ့ ဘဝကို သြဇာအာဏာ တစ်ခုအောက်၊ စီမံအုပ်ချုပ်မှုတစ်ခုအောက် ရောက်မှာကိုတော့ ဘယ်လိုမှ သည်းမခံနိုင်တဲ့ လူတွေ ဖြစ်ပါတယ်။ သူတို့ ကံကြမ္မာ၊ သူတို့ ဘဝကို သူတို့ ကိုယ်တိုင် ဖန်တီးတဲ့လူတွေပါပဲ။ သူတို့နဲ့ ပတ်သက်ပြီး ပြင်သစ်စာရေးဆရာကြီး ဘောလ်ဇက်က –

“သူတို့တွေမှာ ဘာပိုင်ဆိုင်မှုမှ မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီ မပိုင်ဆိုင်မှု ပေါ်မှာပဲဖြစ်အောင် နေထိုင်နေကြပါတယ်။ သူတို့ ဘာသာတရားဆိုတာ သူတို့ရဲ့ မျှော်လင့်ခြင်းပါပဲ။ သူတို့ကျင့်ဝတ်က ယုံကြည်မှုဖြစ်ပြီး ဝင်ငွေကတော့ အခုထိ မှန်းဆကြည့်ရသလောက်ဆိုရင် ပေးကမ်းစွန့်ကြဲသမျှပါပဲ” လို့ မှတ်ချက်ချခဲ့ဖူးပါတယ်။

ရုရှမှာလည်း ဘိုဟီးမီးယမ်းတွေလို လူငယ်တွေ တဖြည်းဖြည်း များ ပြားလာပါတယ်။ ဒါပေမဲ့ ရုရှ အခြေအနေက အနောက်ဥရောပနိုင်ငံတွေနဲ့ လုံးဝ ကွာခြားနေပါတယ်။ ရုရှဟာ ဇာဘုရင်နဲ့ သူ့မှူးမတ်ဆွေမျိုးတစ်စု လောက်ကသာ အုပ်ချုပ်ထားတဲ့ မြေရှင်ပဒေသရာဇ်စနစ် အဆင့်မှာပဲ ရှိနေ ပါသေးတယ်။ ဒါ့အပြင် ရုရှလူငယ် လူလတ်တန်းစားတွေရဲ့ အတွေးသစ်၊ အယူအဆသစ်နဲ့ အနုပညာဖန်တီးမှု တွေကိုလည်း ဇာဘုရင်က ယိုပေါက်မရှိအောင် ဖိနှိပ်ချုပ်ချယ်ထားပါတယ်။

သူတို့လို လူငယ်အနုပညာသမားတွေဟာ အများအားဖြင့် စိန့်ပီတာ စဘတ်နဲ့ မော်စကိုလို မြို့ကြီးတွေမှာ စုရုံးနေထိုင်လေ့ ရှိကြပါတယ်။ သူတို့ဟာ ပိုက်ဆံတစ်ပြားမှမရှိတဲ့ အခြေအနေနဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ အခန်း ကျဉ်းကလေးတွေထဲမှာ စုရုံးနေထိုင်ကြပြီး ဖြစ်သလို နေထိုင်စားသောက်ရင်း သူတို့ စိတ်ကူးစိတ်သန်းတွေ၊ သူတို့မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေကို အနုပညာပုံစံ အမျိုးမျိုးနဲ့ ဖန်တီးခဲ့ကြပါတယ်။

ဒါပေမဲ့ ဇာဘုရင်ရဲ့ အုပ်ချုပ်မှုအောက်မှာ သူတို့ စိတ်ကူးစိတ်သန်းနဲ့ အနုပညာသစ်တွေကို ဖန်တီးခွင့် မရခဲ့ကြပါဘူး။ ဒီအခါ သူတို့အတွေးစိတ်ကူးနဲ့ မျှော်လင့်ချက်တွေကို ခါးခါးသီးသီး မျိုချပစ်ကြရသလို သူတို့ စိတ်ခံစားမှုနဲ့ အပြုအမူတွေဟာလည်း အစွန်းရောက် အခြေအနေတွေဆီ ကူးပြောင်းသွား ခဲ့ကြရပါတယ်။

အထူးသဖြင့် ယခု ဝတ္ထု Notes from Undergroundမှ ဇာတ်ကောင် နဲ့ Crime and Punishment မှဇာတ်ကောင် ရာချ်ကိုနင်ကော့ (Raskolnikov) တို့ရဲ့ အစွန်းရောက် အတွေးတွေနဲ့ အပြုအမူတွေဟာ ဒေါ်စတိုယက်စကီး ဖြတ်သန်းခဲ့ရတဲ့ ရုရှနိုင်ငံရဲ့ သီးခြားအခြေအနေနဲ့ သက်ဆိုင်တယ်လို့ ဆို ကြပေမယ့် အဓိက ကတော့ Romanticismမှ Modernism အကူးအပြောင်း ကာလ အတွေးအခေါ်နဲ့ ယုံကြည်မှု အပြောင်းအလဲတွေနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။

နက္ခတ္တဗေဒမှာ အလယ်ခေတ်တစ်လျှောက်လုံး လက်ခံထားခဲ့ကြတဲ့ တိုလ်မီရဲ့ ကမ္ဘာဗဟိုပြု စကြဝဠာ အယူအဆ (Geo-Centric Theory) ကနေကက်ပလာရဲ့ နေဗဟိုပြု စကြဝဠာအယူအဆ (Neo-Centric Theory) ဆီ ကူးပြောင်းသွားတဲ့ အကူးအပြောင်းပုံစံမျိုးပါပဲ။

Renaissanceကာလမတိုင်မီ တစ်လျှောက်လုံး လူသားရဲ့ ယုံကြည်မှု နဲ့အမှန်တရားကို ခရစ်ယာန်ကျောင်းတော်ကြီးကသာ ချုပ်ကိုင်ထားခဲ့ပါတယ်။ Geo-Centric Theory အရ လူသားတွေအတွက် နေစကြဝဠာဆိုတာ တစ်ခု တည်းသာရှိပြီး ကမ္ဘာဂြိုဟ်က စကြဝဠာရဲ့ အလယ်တည့်တည့်မှာရှိကာ နေ၊ လ နဲ့ ကျန်ဂြိုဟ်တွေက ကမ္ဘာကို လှည့်ပတ်နေတယ်လို့ ဆိုပါတယ်။

တစ်နည်းပြောရရင် လူသားနဲ့ ကမ္ဘာဂြိုဟ်ကို စကြဝဠာရဲ့ အလယ် တည့်တည့်မှာ ခမ်းနားထည်ဝါစွာ ဘုရားသခင်က ဖန်ဆင်းပေးထားပြီး လူသားဂုဏ်သိက္ခာနဲ့ တန်ဖိုး နှုန်းစံတွေကလည်း သေချာရေရာမှု ရှိတယ် ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ ဉာဏ်အလင်း၊ ဉာဏ်အတွေးအခေါ် အယူအဆ သစ်တွေ ရှာကြံ ဖော်ထုတ်လာတဲ့ အချိန်မှာ ကက်ပလာရဲ့ နေဗဟိုပြု စကြဝဠာ အယူအဆက ကမ္ဘာဗဟိုပြု အယူအဆဟောင်းကို ချေဖျက်ပစ်လိုက် ပါတယ်။

Neo-Centric Theory အရ စကြဝဠာမှာ နေဟာ ဗဟိုချက်ဖြစ်ပြီး ကမ္ဘာက နေကို လှည့်ပတ်နေတယ်ဆိုတာ မှန်ကန်စွာ စူးစမ်း ဖော်ထုတ် ပြနိုင်ခဲ့ပါတယ်။ ဒီအတွက် ထာဝရဘုရားသခင်က ခမ်းနားကြီးကျယ်စွာ ဖန်ဆင်းပေးခဲ့တဲ့ လူသားနေရာဟာ ဗဟိုချက်က ရွေ့လျောသွားရသလို တစ်ချိန်ကရှိခဲ့တဲ့ လူသားဂုဏ်သိက္ခာ၊ တန်ဖိုးနဲ့ နှုန်းစံတွေဟာလည်း မရေ ရာတဲ့ အခြေအနေဆီ လွင့်စင်သွားခဲ့ရပါတယ်။ ဒီလို အတွေးအခေါ်၊ ယုံကြည် မှု အသစ်တွေရဲ့ ရိုက်ခတ်မှုက တစ်ဆင့် အစွန်းရောက်ခြင်း extremity နဲ့ မရေရာ မသေချာမှု uncertainity တို့ဟာ အဓိက အချက်နှစ်ခုအနေနဲ့ ရှိနေခဲ့ပါတယ်။

တစ်နည်းအားဖြင့် လူသားရဲ့ ပကတိတန်ဖိုးနဲ့ အဖြစ်မှန်ကို စိတ်ကူး ယဉ်ဝါဒ Romanticism က ဖုံးအုပ်ခဲ့တယ်ဆိုရင် Modernism က အဲဒီ အဖုံးအကွယ်နဲ့ အတုအယောင်တွေကို ချွတ်ခွာပစ်လိုက်တာပါပဲ။ ဒါကြောင့် Notes from Underground & Crime and Punishment ဝတ္ထုတွေမှာ တွေ့ရတဲ့ မဲ့ဇာတ်ကောင်တွေရဲ့အပြုအမူနဲ့ အတွေးအခေါ်တွေဟာ အဲ့ဒီအခြေ အနေကို တုံ့ပြန်ဖန်တီးမှုတစ်ခုပါပဲ။


(၂)

 

ဒေါ်စတိုယက်စကီးရဲ့ အနုပညာဖန်တီးမှုနဲ့ အတွေးအခေါ်အတွက် အခြား အဓိကကျတဲ့ အချက် တစ်ခုကတော့ ဆိုက်ဗေးရီးယားမှာ ကြုံခဲ့ရတဲ့ အကျဉ်းစံဘဝ အတွေ့အကြုံ ဖြစ်ပါတယ်။ အပြစ်ဒဏ်မကျခံရမီ အချိန်က ဆိုရှယ် လစ် သဘောတရားနဲ့ အတွေးအခေါ်ကို ယုံကြည်ခဲ့ပေမယ့် ဆိုက်ဗေးရီး ယားက ပြန်ရောက်လာပြီး နောက်ပိုင်းမှာတော့ သူ့ယုံကြည်မှုတွေ ပြောင်း လဲခဲ့ပြီ ဖြစ်ပါတယ်။

ဆင်ခြင်နည်းကျစွာ ရှေ့နောက် ညီညွတ်နေတဲ့ အတွေးအခေါ်နဲ့ သဘောတရားတွေအစား ဒီဝတ္ထုထဲက ဇာတ်ကောင်လို လူသားရဲ့အစွန်းထွက် စိတ်ပိုင်းဆိုင်ရာ အပြုအမူနဲ့ ဆုံးဖြတ်ချက်တွေ၊ လူ့ဘောင်အဖွဲ့ အစည်းထဲက ပဋိပက္ခတွေ၊ လူသားရဲ့ နတ္ထိအဖြစ်တွေ၊ ငြင်းပယ်ခြင်း၊ ဝန်ခံခြင်းနဲ့ မရှောင် မလွှဲသာတဲ့ ဒုက္ခဝေဒနာဆိုးတွေကို ယုံကြည် လက်ခံခဲ့ပါတယ်။

ဒီဝတ္ထုထဲက ဇာတ်ကောင်ရဲ့ အသိစိတ်မှာ အမြဲ အစွန်းနှစ်ဖက်ရှိနေ ပါတယ်။ သူဟာ သူတော်ကောင်း မဟုတ်သလို သူယုတ်မာတစ်ယောက်လည်း မဟုတ်ပါဘူး။ သူရဲကောင်းတစ်ယောက် မဟုတ်သလို သူရဲဘောကြောင် သူ တစ်ယောက်လည်း မဟုတ်ပါဘူး။ တစ်ခုခုဟုတ်အောင် လုပ်လို့လည်း သူ့ကိုယ်သူ မရခဲ့ပါဘူး။ သူဟာ ယုတ်ညံ့သိမ်ဖျင်းမှုနဲ့ တော်ဝင်မြင့်မြတ်ခြင်း အစွန်းနှစ်ဖက်ကြားမှာ ယောက်ယက်ခတ် နေသူပါပဲ။

သူ့အတွက်တော့ အစဉ်အလာ တန်ဖိုးသတ်မှတ်ချက်တွေအရ တခမ်းတနားလုပ်ပြီး ချီးကျူးဖော်ပြ ထားခဲ့ကြတဲ့ လူ့အသိစိတ်ဆိုတာ လှောင်ပြောင် သရော်စရာ ဖြစ်ခဲ့သလို နာကျင်ခါးသီးစရာလည်း ဖြစ်ခဲ့ပါတယ်။

ဒီဝတ္ထုမှာ ဖော်ပြထားသလိုပါပဲ။ ဒေါ်စတိုယက်စကီးရဲ့ ဇာတ်ကောင် ဟာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးမရှိသလို စိတ်ဝင်စားစရာကောင်းတဲ့ လူလည်း မဟုတ်ပါဘူး။ သူက “၁၉ ရာစုအတွင်းမှာ အသက်ရှင်သန်နေထိုင်တဲ့ လူဆိုတာ ကိုယ်ကျင့်သိက္ခာအရ အရည်အသွေး မရှိသလို စိတ်ဝင်စားစရာ ကောင်းတဲ့ သတ္တဝါလည်း မဟုတ်ပါဘူး။ အရည်အသွေးရှိတဲ့လူ ဒါမှမဟုတ် လက်တွေ့သမားဆိုတဲ့ လူတွေကတော့ တစ်မူထူးခြားပြီး အကန့်သတ်ခံ နေရတဲ့ လူတွေပါပဲ” လို့ ဆိုခဲ့ပါတယ်။

ဒီအတွက် သူဟာ သူ့ကိုယ်သူ ကျိန်ဆဲနေသလို သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း ကျိန်ဆဲနေသူပါ။ လူသားရဲ့ အတွေးအခေါ်နဲ့ အပြုအမူကြား က အဓိပ္ပာယ်မဲ့နေတဲ့ ကွာဟမှုကို သူက အသိတရား ရောဂါတစ်ခုလို့ တွေး မြင်ခဲ့ပါတယ်။ သူကိုယ်တိုင်က ဆင်ခြင်သိကို မယုံကြည်တဲ့အတွက် သူ့ဇာတ် လမ်းကိုလည်း အဆုံးသတ်လို့ မရနိုင်ခဲ့ပါဘူး။ ဝတ္ထုနိဂုံးပိုင်းမှာ သူက-

“ကျွန်တော်တို့တွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ အစစ်အမှန်ဘဝနဲ့ ကျွန်တော်တို့ကို နှစ်သိမ့်မှုပေးနေတဲ့ စာပေကြားမှာ ခြားနားခြင်းဆိုတာ အမြဲ ရှိနေမှာပါပဲ။ အမှန်တကယ်တော့ ဘဝဆိုတာ ဘာလဲ၊ ဘယ်မှာလဲ။ ဒါကို ဘယ်သူမှ မသိကြသလို သိရမှာလည်း ကျွန်တော်တို့တွေဟာ ကြောက် ရွံ့နေကြပါတယ်။ လူအဖြစ်ဆိုတာ သိပ်ပြီး ခက်ခဲတယ်လို့ ကျွန်တော်တို့က ထင်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက လူသားအဖြစ်ကို ကြောက်ရွံ့ နေကြသလို တစ်ခါမှ မတွေ့မကြုံဖူးတဲ့ ပုံစံခွက်ထဲက လူသားတွေဖြစ်ဖို့ပဲ လိုလားနေကြပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ ဝန်ခံချက်၊ သူ့ရဲ့ ဖြောင့်ချက်တွေကို ဝတ္ထုတစ်ပုဒ်အနေ နဲ့ မဟုတ်ဘဲ လှောင်ပြောင် ရယ်မောစရာအဖြစ် ရေးသားခဲ့ပြီး ဒါကလည်း သူ့ကိုယ်သူ ဆုံးမလိုက်တဲ့ အပြစ်ဒဏ်တစ်ခုပါလို့ အဆုံးသတ်ထားပါတယ်။

ခေတ်သစ် လူသားဟာ ပုဂ္ဂလိက တူညီမှု၊ လွတ်လပ်မှုနဲ့ တည်မြဲမယ့် တန်ဖိုးသတ်မှတ်ချက်တွေကို ပူဆာတတ်ကြပါတယ်။ တစ်ဦးချင်း ဘဝဖြစ် တည်မှုက လွတ်လပ်ခွင့်နဲ့ ဆင်ခြင်သိကို ပေးသလို နာကျင်ခံခက်တဲ့ အထီး ကျန်မှုကိုလည်း ပေးပါတယ်။ လူသားဟာ မိမိပုဂ္ဂလိက အထီးကျန်မှု အကျဉ်း တိုက်က လွတ်မြောက်ဖို့အတွက် အသင်းအဖွဲ့ ဖွဲ့ပြီး ရှင်သန်နေထိုင် ခဲ့ရပြန် ပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင် မကြာခဏ ပူဆာတတ်တဲ့ ပုဂ္ဂလိက တူညီခြင်းနဲ့ လွတ်လပ်မှုကို သူကိုယ်၌က အမှန်တကယ် လိုချင်ပါရဲ့လား။

မရေမရာ တန်ဖိုးသတ်မှတ်ချက်တွေနဲ့ လူတစ်ဦးချင်းစီရဲ့ အစစ်အမှန် ဘဝကို ခေတ်သစ်လူသားက ရင်ဆိုင်ရမှာ ကြောက်ရွံ့နေသလို မိမိကံကြမ္မာနဲ့ လုံခြုံမှုကို အကြွင်းမဲ့ လွတ်လပ်မှုအတွင်းမှာ ဖန်တီးဖို့အတွက်လည်း လူသား မှာ အင်အားသတ္တိအစွမ်းတွေ ချည့်နဲ့နေပါတယ်။

ဒီအတွက် ကိုယ့်ကံကြမ္မာနဲ့ လုံခြုံမှုအတွက် မိမိ ပုဂ္ဂလိက လူသား အဖြစ်နဲ့ လွတ်လပ်မှုကို အခွင့်သြဇာအာဏာ တစ်ခုခုအောက်၊ ဒါမှမဟုတ် စီမံခန့်ခွဲပေးမယ့် လူတစ်ယောက်ယောက်လက်ထဲ ထိုးအပ်တတ်ကြပါတယ်။

အဲဒီလို ခေတ်သစ် လူသားရဲ့ ပျော့ညံ့ချက်နဲ့ သူ့ရဲ့ စိတ္တဗေဒမြေပုံကို ၂ဝ ရာစုအတွင်းက စိတ်ပညာရှင်တွေနဲ့ စိတ်ခွဲပညာရှင်တွေက သပ်သပ်ရပ်ရပ် ပြည့်ပြည့်စုံစုံ ရေးဆွဲပြနိုင်ခဲ့ကြတယ်ဆိုရင် ဒီမြေပုံရဲ့ ပထမဦးဆုံး ကွန်တို မျဉ်းတစ်ကြောင်းက ဒီဝတ္ထုထဲက ဇာတ်ကောင်ရဲ့ ရုပ်ပုံလွှာပါပဲ။

ဒါကြောင့် သူက စာဖတ်သူတွေကို –

“ပတ်ဝန်းကျင်နဲ့ ကင်းပြတ်ပြီး ကျင့်ဝတ်သိက္ခာအရ ညစ်ပတ်နံစော်နေတဲ့ အခန်းကျဉ်းကလေး ထဲမှာ ကျွန်တော့်ဘဝကို ဘယ်လို ဖျက်ဆီးပစ် လိုက်တယ်ဆိုတာတွေ၊ မြေအောက်ကြွက်တွင်းလေးထဲမှာ မနာလို မစ္ဆေရ စိတ်တွေနဲ့ ယောက်ယက်ခတ်ပြီး အမှန်တကယ်ဘဝနဲ့ ခွာပြဲခဲ့ရတာတွေကို ပြောပြနေရတာ ဘယ်လိုမှ စိတ်ဝင်စားစရာ မကောင်းတာတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝတ္ထုတစ်ပုဒ်မှာ ဇာတ်ကောင်ဆိုတာ ရှိပါတယ်။ ဒီဝတ္ထုမှာတော့ ဇာတ်ကောင်နဲ့ ဆန့်ကျင်တဲ့ စရိုက်လက္ခဏာတွေပဲ ဖော်ပြထားပါတယ်။ ပိုဆိုးတာက အားလုံးဟာ စိတ်ပျက်စရာတွေချည်းပါပဲ။

ကျွန်တော်တို့အားလုံးဟာ တကယ့်ဘဝနဲ့ ခွာပြဲခဲ့သလို မသန်မစွမ်းလူတွေ လည်း ဖြစ်ခဲ့ကြရပါပြီ။ ဒီလို ခွာပြဲခဲ့လို့လည်း တကယ့်ဘဝဆိုတာ အော့အန် ချင်စရာ ကောင်းတဲ့ အရာတစ်ခုလို့ ကျွန်တော်တို့တွေ ခံစားနေကြရပါပြီ။

“ဘာကြောင့်လဲဆိုတော့ စာအုပ်ထဲက ဘဝတွေက အပြင်ကထက် ပိုပြီး လှပနေတယ် မဟုတ်လား။ ဒါပေမဲ့ ဘာကြောင့် ကျွန်တော်တို့ဟာ အခြားအရာတစ်ခုကို ခေါင်းမာမာနဲ့ ရှာကြံနေကြရတာလဲ”လို့ ဆိုခဲ့ပါတယ်။

ဒါကြောင့် ဒီဝတ္ထုရဲ့ ဇာတ်ကောင်ဟာ ဇာတ်ကောင်မဟုတ်တဲ့ ဇာတ်ကောင် (Anti-hero) တစ်ယောက်ပါပဲ။

ဒါဆိုရင် ဒီလို အခြေအနေမျိုးအောက်မှာ ရောက်နေတဲ့ ခေတ်သစ် လူသားတစ်ယောက်အတွက် ရူးရူးမိုက်မိုက် မဟုတ်ပါဘဲ လှောင်ပိတ်ခံထား ရတဲ့ သူရဲ့ အထီးကျန် အတွေးစိတ်ကူးတွေက လွတ်မြောက်ဖို့ လှုပ်ရှား ရုန်း ကန်နေတယ်ဆိုရင် ဒီအခြေအနေတွေကို သူဟာ ဘယ်လိုများ တုံ့ပြန်ရင်ဆိုင် နိုင်ပါသလဲ။

ဒီမေးခွန်းရဲ့ အဖြေကို ဒေါ်စတိုယက်စကီးက အဓိက ဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ Crime and Punishment ရဲ့ ဇာတ်ကောင် ရာချ်ကိုနင်ကော့က တစ် ဆင့် ပြည့်ပြည့်စုံစုံ ဖြေဆိုခဲ့ပါတယ်။


(၃)

 

အမှန်တော့ ဒီဝတ္ထုရဲ့ ဇာတ်ကောင်ကလည်း ရာချ်ကိုနင်ကော့ရဲ့ ကိုယ်ပွား လို့ ပြောနိုင်ပါတယ်။

သူတို့နှစ်ဦးစလုံးကို သူတို့ခေတ်ရဲ့ ပြယုဂ်တွေလို့ အကဲဖြတ်ခဲ့ကြပေ မယ့် သူတို့ဟာ ခေတ်ကို ကျော်လွန်လာတဲ့ ဇာတ်ကောင်တွေလည်း ဖြစ်ပါ တယ်။

ဘာကြောင့်လဲဆိုရင် Modernismနဲ့ Post-modernism ကြားကာလ တစ်ခုလုံးနီးပါး သူတို့လို ဇာတ်ကောင်တွေက လွှမ်းမိုးခဲ့လို့ပါပဲ။

ဒါကြောင့် အချို့ စာပေပညာရှင်တွေက ဒီဝတ္ထုဟာ မော်ဒန်စာပေ နဲ့ မော်ဒန်အတွေးအခေါ်တွေရဲ့ ဝိညာဉ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ တစ်နည်း အားဖြင့် ညစ်ညူးမည်းမှောင်နေတဲ့ သူ့ရဲ့ အခန်းကျဉ်းကလေး ထဲကတစ်ဆင့် မော်ဒန်စာပေအပေါ်မှာ ကြီးမားတဲ့ အရိပ်တစ်ခုလို လွှမ်းမိုးခဲ့ခြင်း ဖြစ်ပါ တယ်။

သူ့ရဲ့ စိတ်ဝင်စားစရာမရှိတဲ့ ဇာတ်ကောင်ဟာ ခေတ်သစ် လူသား ပုံရိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ မိမိကိုယ်ကို နာနာကျင်ကျင် လှောင်ပြောင် ဝန်ခံခဲ့ပေမယ့် လှောင်ပြောင်နေတဲ့ သူ့လေသံ၊ ဆင်ခြင်သိနဲ့ သူ့ဖြစ်တည်မှု အမှန်ကို သံသယရှိနေတာတွေ စတဲ့ ဇာတ်ကောင်ရဲ့ စိတ်ဝိညာဉ်နဲ့ အပြုအမူ အားလုံးဟာ မော်ဒန်စာပေအပေါ်မှာ ဆက်တိုက် ရိုက်ခတ်ဖြစ်ထွန်းလာခဲ့ပြီး ခေတ်သစ်လူသားရဲ့ အတ္ထုပ္ပတ္တိ ဖြစ်လာခဲ့ရပါတယ်။

ဒေါ်စတိုယက်စကီးဟာ သူ့ခေတ်ရဲ့ ပဋိပက္ခတွေ၊ နှစ်စွန်းထွက်အမှန် တရားတွေ၊ ဆင်ခြင်သိကို ရှေ့တန်းတင်ထားတဲ့ အတွေးအခေါ် အယူအဆတွေကို ဖန်တီးရေးသားခဲ့တယ်လို့ တချို့ က ဝေဖန်ကြပေမယ့် Underground ထဲက ဇာတ်ကောင်နဲ့ ရာချ်ကိုနင်ကော့ တို့ကတော့ မော်ဒန်စာပေရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိလာခဲ့ပါတယ်။

ဒါ့အပြင် ဒီဇာတ်ကောင်မျိုးဟာ ခေတ်သစ် ကမ္ဘာကျော် စာရေးဆရာ ကြီးတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ခေတ်သစ် အခြေအနေ modernity လို့ ဆိုရင် ခေတ်သစ်ရဲ့ ဖြစ်တည်မှုကိုယ်တိုင်က တသီးတခြားဖြစ်နေတဲ့၊ ကြောင့်ကြ ပူပင်နေရတဲ့၊ အရာရာကို သံသယဖြစ်နေရတဲ့၊ လူရဲ့ ဂုဏ်သိက္ခာကို နေ့စဉ် နဲ့အမျှ အစော်ကားခံနေရတဲ့၊ ကြေကွဲဝမ်းနည်းစရာ မျှော်လင့်ချက်ကင်းနေ ရတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

ခေတ်သစ် လူသားတစ်ဦးရဲ့ ဘဝဟာလည်း ခေတ်သစ် ဖြစ်တည်မှုလို သိစိတ်ရဲ့ အနက်ရှိုင်းဆုံးနဲ့ အမှောင်မိုက်ဆုံး ကြမ်းပြင်အထိ ဦးစိုက်ထိုးဆင်း တွန်းလှုပ်ခံခဲ့ရပါတယ်။ ဒေါ်စတိုယက်စကီးရဲ့ ဝတ္ထုတွေကို အနုပညာပုံစံနဲ့ အတွေးအခေါ်သစ်တို့ရဲ့ ဦးဆုံးခြေလှမ်းတစ်လှမ်း ဖြစ်သလို လူသားရဲ့ စိတ္တဗေဒ အမှောင်ဘက်ခြမ်းကို နက်နက်ရှိုင်းရှိုင်း တိုးဝင် ဆုပ်ကိုင်ပြခဲ့တဲ့ စိတ် ပညာဆိုင်ရာ စာပေတွေအဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။

Notes from Underground နောက်ပိုင်း သူ့ရဲ့ လက်ရာတွေဖြစ်တဲ့ Crime and Punishment (1866) The Idiot (1869) The Possessed (1872) The Brothers Karamazov (1880) စတဲ့စာအုပ်တွေဟာ အလွန်ကျော်ကြား ထင်ရှားခဲ့ပါတယ်။

ဒါကြောင့် ၂ဝ ရာစုနဲ့ ၂ဝ ရာစုရဲ့ အတွေ့ အကြုံသစ် သမိုင်းဆိုတာ ဒေါ်စတိုယက်စကီးကို နားလည်ဖို့ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုရင်လည်း မမှား နိုင်ပါဘူး။

ဒေါ်စတိုယက်စကီးဟာလည်း ဖရန့် ကာဖကာ (Franz Kafka) လိုပဲ မရေရာ မသေချာတဲ့ ခေတ်အခြေအနေအောက်မှာ အသက်ရှင်သန်ခဲ့ ရသလို၊ အနာဂတ် နိမိတ်ပုံကို ကောင်းကောင်း ဖတ်ပြနိုင်တဲ့ စာရေးဆရာ ဖြစ်ပါတယ်။

The Possessed ဝတ္ထုဟာ အံ့သြစရာ ကောင်းလောက်အောင် အနာဂတ်ရဲ့ နိမိတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ ဒေါ်စတိုယက်စကီးဟာ သူ့ခေတ်ရဲ့ဖြစ်တည်မှုကို စိတ္တဗေဒ၊ အတွေး အခေါ်၊ အနုပညာနဲ့ နိုင်ငံရေးအခြေအနေတွေကတစ်ဆင့် ဆုပ်ကိုင်မိလိုက်ပုံလည်း ရပါတယ်။ ၂၀ ရာစု အစောပိုင်းကာလကို လွှမ်းမိုးခဲ့တဲ့ ဂျာမန်ဒဿနပညာရှင် Friedrich Nietzsche Beyond good and evil မှာ လူသားရဲ့ စံနှုန်းဟောင်း တန်ဖိုးဟောင်းတွေကို ဖျက်ဆီး စွန့်ပစ်ပြီး တန်ဖိုးသစ်တွေကို ရှာ ဖွေဖို့ ၂ဝ ရာစုကို တပ်လှန့်ခဲ့ပါတယ်။

ဒါပေမဲ့ လူသားရဲ့ နှုန်းစံနဲ့ တန်ဖိုးသစ်တွေအတွက် အန္တရာယ်များ သလောက် ထိတ်လန့်စရာ ကောင်းတဲ့ ခြေလှမ်းကို စတင် လှမ်းခဲ့သူကတော့ ရာချ်ကိုနင်ကော့ ပါပဲ။

လူသား စိတ်ပိုင်းဘဝကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်တင်ပြခဲ့တဲ့ သူ့စာပေတွေကို နောက်ပိုင်းမှာ စိတ်ခွဲပညာရှင် ဒေါက်တာ ဆစ်ဂမန်ဖရိုဒ် (Sigmund Freud) က တလေးတစား လေ့လာခဲ့ပြီး စိတ်ခွဲပညာမှာ ထည့် သွင်း ဖော်ပြခဲ့ပါတယ်။

ဖရိုဒ်က လူသားတစ်ယောက် နေ့စဉ်အတွေ့အကြုံမှာ ဆုံးဖြတ်ပြုလုပ်တဲ့ အပြုအမူတွေရဲ့ ၉ဝ ရာခိုင်နှုန်းဟာ စိတ်ဆန္ဒနဲ့ ရွေးချယ်ခဲ့ကြတာဖြစ်ပြီး ၁ဝ ရာခိုင်နှုန်းသာလျှင် ဆင်ခြင်သိနဲ့ ရွေးချယ်ပြုမူခဲ့တာပါ လို့ ဖော်ထုတ်တင်ပြနေတဲ့အချိန်မှာ ဒီဝတ္ထုထဲက ဇာတ်ကောင်ကတော့ လက်တွေ့ပြုမူ ရွေးချယ်ပြခဲ့ပြီးပါပြီ။

ဒေါ်စတိုယက်စကီးရဲ့ လွှမ်းမိုးမှု အများဆုံးရှိခဲ့သူကတော့ ကာဖကာ ပါပဲ။

တစ်ခါက ကာဖကာရဲ့ မိတ်ဆွေ မက်ဘရော့က ဒေါ်စတိုယက်စကီး ဝတ္ထုတွေထဲက ဇာတ်ကောင်တွေ မှာ တော်တော်ရူးနှမ်းတဲ့ စိတ္တဇတွေ ရှိတယ်လို့ ပြောတော့ ကာဖကာက “ခင်ဗျား မှားတာပေါ့၊ သူတို့က မရူးကြ ပါဘူး၊ ရူးသွပ်မှုဆိုတာ သူတို့စရိုက်ကို ဖော်ပြတဲ့ နည်းလမ်းတစ်ခု ဖြစ်သလို သိပ်ကို သိမ်မွေ့တဲ့ အခြေအနေလည်း ဖြစ်တယ်” လို့ ပြန်ပြောခဲ့ပါတယ်။

ဒါကြောင့် ကာဖကာရဲ့ ဇာတ်ကောင်တွေဟာ ဒေါ်စတိုယက်စကီး ဇာတ်ကောင်တွေရဲ့ ရင်သွေးတွေလို့တောင် ပြောနိုင်မယ် ထင်ပါတယ်။

Notes from Undergroundရဲ့ ဇာတ်ကောင်က သူ့ကိုယ်သူ ပိုးဟပ် တစ်ကောင်၊ ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲပစ်လိုက်ချင်ပေမယ့် မပြောင်း နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကာဖကာကတော့ metamorphosis ဝတ္ထုထဲက ဇာတ် ကောင်ကို ပိုးတုံးလုံးတစ်ကောင်အဖြစ် ပြောင်းလဲပြီး အမှိုက်ပုံထဲ ပစ်ချခဲ့ ပါတယ်။ ပြောမယ်ဆိုရင် ၂၀ ရာစုအတွင်း ပေါ်ထွန်းခဲ့တဲ့ မည်သည့် ကမ္ဘာ ကျော် စာရေးဆရာမှ ဒေါ်စတိုယက်စကီးရဲ့ အတွေးအခေါ်နဲ့ အနုပညာ ပုံသဏ္ဌာန်ကို မျက်နှာလွှဲလို့ မရခဲ့ပါဘူး။ ဒါပေမဲ့ သူ့စာပေတွေဟာ ခေတ်သစ် အတွေးအမြင်နဲ့ အနုပညာပုံစံသစ်ကို အထောက်အကူပေးခဲ့သလို များမြောင် တဲ့ ဒုက္ခသုက္ခတွေ ပေးခဲ့တာကိုလည်း ဝန်ခံရမှာပါပဲ။

ပထမကမ္ဘာစစ် ဝန်းကျင်လောက်မှာတော့ ဥရောပတစ်တိုက်လုံးဆီကို သူ့စာပေတွေ ပျံ့နှံ့သွားခဲ့ပါတယ်။ အထူးသဖြင့် ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလိပ် စာရေးဆရာတွေက သူ့အနုပညာနဲ့အစွမ်းအစကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ဂျိုးဇက် ကွန်ရတ် (Joseph Conrad) က သူ့အတွက် ဒေါ်စတိုယက်စကီးဟာ သိပ်ကို ရုရှားဆန်လွန်းတယ်လို့ ဝေဖန်ခဲ့ပေမယ့် သူ့ရဲ့ The Secret Agent နဲ့ Under Western Eyes တို့မှာ ဒေါ်စတိုယက်စကီးရဲ့ လွှမ်းမိုးမှုကို သိသိသာသာ တွေ့နိုင်ပါတယ်။

ပြင်သစ်က မာဆယ်ပရု (Marcel Proust) ကလည်း ရာချ်ကိုနင်ကော့ရဲ့ လူသတ်မှုကို စွဲလမ်းနေတဲ့ အစွဲအလမ်းက သိပ်ကို အလွန်အကျူး ဖြစ်နေ တယ်လို့ ဆိုခဲ့ပေမယ့် ဒေါ်စတိုယက်စကီးရဲ့ အနုပညာဖန်တီးမှုကိုတော့ မေ့ပစ်လို့ မရဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဗာဂျင်းနီးယားဝုဖ် (Virginia Woolf) ကတော့ ဒေါ်စတိုယက်စကီးရဲ့ စာပေတွေကို လေးစားသူဖြစ်ပြီး ဒေါ်စတို ယက်စကီးရဲ့ စာပေတွေမှာ အင်္ဂလိပ်တွေနဲ့ မတူတဲ့ စိတ်ခံစားမှုရှိတယ်ဆိုတာ အသိအမှတ်ပြုခဲ့ပါတယ်။


(၄)

 

ဒေါ်စတိုယက်စကီး ဖြတ်သန်းခဲ့ရတဲ့ ယဉ်ကျေးမှုနဲ့ သူ့ကိုယ်ပိုင် စိတ်အခံ ကြောင့်လည်း သူ့စာပေတွေမှာ တွေ့ရတဲ့ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားမှုနဲ့ အပြုအမူတွေကို ရေးဖွဲ့ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

သူ့ကို ၁၈၂၁ ခုနှစ်မှာ မော်စကိုမြို့မှာ မွေးပါတယ်။ ဖခင်က ဆရာဝန် ဆိုပေမယ့် စိတ်ကြမ်းလူကြမ်း ခက်ထန်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ သောက်စားမူးယစ်ရင်း မောက်မာကြမ်းတမ်းခဲ့တဲ့ အတွက်ကြောင့်ပဲ သူ့ရဲ့ လက်အောက်ငယ်သား အမှုထမ်းတစ်ဦးရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။ မိခင်ကတော့ ဒေါ်စတိုယက်စကီး အသက် ၁၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ ပါတယ်။

ဒီအခြေအနေတွေဟာ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့တဲ့ စိတ် ဒဏ်ရာဒဏ်ချက်တွေဖြစ်သလို သူ့ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့ အချက်တစ်ခုလည်း ဖြစ်တယ်လို့ ဖရိုဒ်က သူ့ရဲ့ဝေဖန်ချက်မှာ သုံးသပ် ပြခဲ့ပါတယ်။ ဖခင် အသတ်ခံလိုက်ရတဲ့ အချိန်မှာ သူဟာ စိန့်ပီတာစဘတ် စစ်အင်ဂျင်နီယာကျောင်းမှာ ပညာသင်ကြားနေပါတယ်။

ဖခင်ဆန္ဒအရ စစ်ကျောင်းမှာ ပညာသင်ကြားနေရပေမယ့် သူ့စိတ်ဝင်စားမှုက စာပေအနုပညာ ဘက်မှာ ရှိတယ်ဆိုတာလည်း သူ့ကိုယ်သူ ကောင်းကောင်း သိပါတယ်။

ဒါပေမဲ့ သူ့မှာလည်း ဖခင်လို ဟောဟောဒိုင်းဒိုင်း စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ဉာဉ် ရှိပါတယ်။ သူ့မိတ်ဆွေတွေက သူ့ကို အထီးကျန် နေထိုင် တတ်သူ၊ အသုံးအဖြုန်းကြီးသူ၊ အာရုံခံစားမှု ပါးလွှာသလောက် အနိဋ္ဌာရုံတွေကို အစွဲအလမ်းကြီးသူ၊ ရည်ရွယ်ချက် မြင့်မားသူ စသည်ဖြင့် သတ်မှတ် ခဲ့ပါတယ်။

စစ်အင်ဂျင်နီယာအလုပ်ကို ဘယ်လိုမှ သည်းခံလို့မရတဲ့အဆုံး ၁၈၄၄ မှာ နုတ်ထွက်ခဲ့ပြီး စာရေးခြင်းနဲ့ပဲ အသက်မွေးဖို့ စတင် အားထုတ်ခဲ့ပါတယ်။ အနုပညာ စာပေနဲ့ အသက်မွေးဝမ်းကျောင်းသူတွေ ကြုံတွေ့ ရတဲ့ ထုံးစံအတိုင်း အငတ်နတ်ဘုရားတွေနဲ့ သူနိုင်ကိုယ်နိုင် စီးချင်းထိုးရင်းက ပထမဆုံးဝတ္ထု Poor Folk ထွက်လာပါတယ်။

သိပ်အောင်မြင်မှု မရခဲ့ပေမယ့် သူ့ကို အလားအလာရှိတဲ့ စာပေ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒုတိယဝတ္ထု The Double ကတော့ ပရိသတ်လက်ခံမှု သိပ်မရခဲ့ပါဘူး။ အမှန်တော့ The Double မှာ လူတွေရဲ့ စိတ္တဗေဒအပေါ် သူ့ရဲ့ စိတ်ဝင်စားမှုကို ဦးဆုံးတွေ့မြင် နိုင်ပါတယ်။

အခြားလူတွေအပေါ် မယုံကြည်တဲ့ သံသယစိတ် Paranoid Psy-chology ကို The Double ဝတ္ထုမှာ ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စိန့်ပီတာစဘတ် စာပေအသိုင်းအဝိုင်းမှာတော့ သူဟာ ထင်ရှား လာခဲ့ပါတယ်။ ဒါပေမဲ့ ၁၈၄၉ ခုနှစ်မှာ သူ့ရဲ့ အနာဂတ် အတွေးအခေါ်နဲ့ စာပေပုံစံတွေကို ပုံဖော်ပေးမယ့် ကြောက်မက်ဖွယ် အဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီနှစ်ကာလတစ်ဝိုက်မှာ အထူးသဖြင့် ဂျာမနီနဲ့ ပြင်သစ်က နိုင်ငံ ရေး အတွေးအခေါ်တွေကို ရုရှားလူငယ်ပညာတတ်တွေ စိတ်ဝင်စား လေ့ လာကြပြီး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ၁၈၄၈ ခုနှစ်မှာ အနောက် ဥရောပနိုင်ငံရေးနဲ့ တော်လှန်ရေးသဘောတရားတွေ ရုရှားဆီ အရှိန်အဟုန် ပြင်းစွာနဲ့ ရိုက်ခတ်ခဲ့ပါတယ်။

ဒေါ်စတိုယက်စကီးဟာလည်း ပြင်သစ်ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်သူ မစ်ခေးပီထရာရှက်စကီ နဲ့ ရင်းနှီးရာက သူ့ရဲ့ နိုင်ငံရေးအတွေး အခေါ်တွေကို လေ့လာခဲ့ပါတယ်။ ဒါ့အပြင် အဖွဲ့ငယ်လေးတစ်ဖွဲ့ ကို သူနဲ့ လူငယ်တချို့ လျှို့ဝှက်ဖွဲ့စည်းပြီး ဇာဘုရင်စနစ်ကို တော်လှန်ဖို့ ဆွေးနွေး တိုင်ပင်ခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့အဖွဲ့ အတွင်း လျှို့ဝှက်ပုလိပ်အဖွဲ့ တွေ ထိုးဖောက် ဝင် ရောက်ခဲ့ပြီး ၁၈၄၈ ခုနှစ်မှာ အဖွဲ့ဝင်အားလုံး အဖမ်းခံလိုက်ရပါတယ်။ ဒီနောက် သူတို့အားလုံးကို ပီတာပေါ ခံတပ်မှာ တစ်နှစ် ထိန်းသိမ်း စစ်ဆေးခဲ့ ပါတယ်။

(အဲ့ဒီအချိန်မှာ ပီတာပေါခံတပ်ကို အုပ်ချုပ်သူက ဗိုလ်ချုပ်ကြီး နာဘို ကော့ဖြစ်ပြီး နောင်တစ်ချိန် ကမ္ဘာကျော် မော်ဒန်စာရေးဆရာ ဖြစ်လာမယ့် နာဘိုကော့ရဲ့ အဘိုးလည်း ဖြစ်ပါတယ်)

ဇာဘုရင်ဟာ သူတို့ကို သတ်ဖို့ မရည်ရွယ်ခဲ့ပေမယ့် အားလုံးကို သတ်မိန့်ချလိုက်ပါတယ်။ ဒါပေမဲ့ သတ်မယ့်အချိန် မိနစ်ပိုင်းလေး အလိုမှာပဲ သတ်မိန့်ကို ရုပ်သိမ်းပြီး အားလုံးကို ဆိုက်ဗေးရီးယားမှာ ၄ နှစ် အကျဉ်းချ လိုက်ပါတယ်။

ဒါပေမဲ့ လူသတ်ကုန်းတစ်နေရာမှာ ခေါင်းစွပ်နဲ့ ဝတ်ရုံအဖြူကို ဝတ် ဆင်ပြီး ရှေ့တည့်တည့်က သေနတ်နဲ့ ပစ်သတ်မယ့် မောင်းခလုတ် လက်ညှိုး တစ်ကွေး အချိန်ကလေးအတွင်း ခံစားလိုက်ရတဲ့ လူတစ်ယောက်ရဲ့ သွေး ပျက်လုမတတ် တုန်လှုပ်ချောက်ချားမှု၊ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားတဲ့ စိတ်အဆောက်အအုံ၊ မူးဝေပြိုလဲလုမတတ် တုန်လှုပ်ထိတ်လန့်ခဲ့ရတဲ့ ကြောက် စိတ်တွေကတော့ သူ့အတွေးနဲ့ စာပေတွေမှာ လွှမ်းမိုးခဲ့ပါတော့တယ်။

The house of the death မှာ ဆိုက်ဗေးရီးယားက အကျဉ်းခံဘဝကို ရေးသားဖော်ပြခဲ့ပြီး The Idiot မှာတော့ လှောင်ပြောင် ရယ်မောခံလိုက်ရတဲ့ လူတစ်ယောက်ရဲ့ သေခြင်းတရားကို ရေးဖွဲ့ခဲ့ပါတယ်။

Crime and Punishment ဝတ္ထု အဆုံးပိုင်းက ရာချ်ကိုနင်ကော့ရဲ့ အကျဉ်းခံဘဝနဲ့ သူ့ရဲ့ ဆိုက်ဗေးရီးယား အတွေ့အကြုံတွေဟာ ဆင်ဆင် တူတယ်လို့ ပြောနိုင်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ အကျဉ်းသားဘဝဟာလည်း နာကျင်ခံခက်တဲ့ အခြေ အနေတွေနဲ့ ပြည့်နေပါတယ်။ နိုင်ငံရေးပြစ်မှုကို ကျူးလွန်ခဲ့ပေမယ့် သူ့ရဲ့ လူမှုရေးအဆင့်အတန်းနောက်ခံအရ သူ့ကို အခြားနိုင်ငံရေး အကျဉ်းသား တွေနဲ့ အတူတူမထားဘဲ ရာဇဝတ်အကျဉ်းသားတွေနဲ့အတူ ထားခဲ့ပါတယ်။ ဒီအခြေအနေဟာ သူ့အတွက် နာကျင်ခံပြင်းစရာကောင်းပေမယ့် ရာဇဝတ်သားတွေရဲ့ ဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ဘဝဒုက္ခ ဝေဒနာဆိုးတွေအတွက် ဘာသာတရားအပေါ်ထားတဲ့ သူတို့ရဲ့ ရိုးသားတဲ့ ယုံကြည်မှုတွေကို တွေ့ခဲ့ရသလို ရာဇဝတ်ပြစ်မှု ကျူးလွန်ခြင်း ဟာ ဗီဇထက် စိတ်ဆန္ဒကြောင့်ဆိုတာ ကောင်းစွာ သဘောပေါက်မိခဲ့ပုံ လည်းရပါတယ်။ ဒါကြောင့် အကျဉ်းသားအဖြစ်က လွတ်မြောက်ခဲ့ပြီး နောက်ပိုင်း သူ့ကိုယ်သူ ရုရှား ပညာတတ်တစ်ယောက်ဘဝထက် ရုရှား တောင်သူလယ် သမားတစ်ယောက် ဘဝမျိုးကို နှစ်သက် လက်ခံခဲ့ပုံရပါတယ်။

အပြစ်ဒဏ် ၄ နှစ်ပြည့်ခဲ့ပေမယ့် သူ့ကို အပြည့်အဝ ကင်းလွတ်ခွင့် မပေးသေးဘဲ သာမန်စစ်သားအဖြစ်နဲ့ မွန်ဂိုးလီးယား နယ်ခြားခံတပ်မြို့မှာ ၅ နှစ် ထပ်မံ တာဝန်ထမ်းဆောင်ဖို့ အပြစ်ပေးခဲ့ပြန်ပါတယ်။ ဒါ့အပြင် စာပေရေးသား ထုတ်ဝေခွင့်ကိုလည်း ပိတ်ပင်ထားခဲ့ပြန်ပါတယ်။

အပြစ်ဒဏ်အားလုံးက လွတ်မြောက်လာချိန် ၁၈၅၉ ခုနှစ်မှာတော့ ရုရှားမှာ ဇာဘုရင်အသစ်တစ်ဦး အုပ်ချုပ်နေပြီး ယခင်ကထက်လည်း ပိုမို လွတ်လပ်ခွင့် ရှိလာခဲ့ပါတယ်။ သူနဲ့သူ့အစ်ကို မစ်ခေးတို့ ပေါင်းပြီး အခက်အခဲ အကျပ်အတည်း အမျိုးမျိုးကြားက စာပေမဂ္ဂဇင်းတစ်စောင် ထုတ်ဝေခဲ့ပါ တယ်။ သူဟာ မွန်ဂိုးလီးယားနယ်ခြားမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ကလေးတစ်ယောက်မိခင် မုဆိုးမတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ မဂ္ဂဇင်းကို သူကိုယ်တိုင် တည်းဖြတ်ထုတ်ဝေနေစဉ်မှာပဲ သူ့မိန်းမနဲ့ သူ့အစ်ကို မစ်ခေးတို့ နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြပါတယ်။

ဒီနောက် အကြွေးပတ်လည် ဝိုင်းနေတဲ့ သူ့မဂ္ဂဇင်းဟာလည်း ၁၈၆၃ ခုနှစ်မှာ အပိတ်ခံလိုက်ရပါတော့တယ်။ နေရာတကာ အကြွေးတောင်းသံ တွေ၊ သူ့ကို မှီခိုအားထားနေသူတွေရဲ့ တောင်းဆိုသံတွေ၊ အလုပ်အကိုင် အခက်အခဲ အကျပ်အတည်းတွေနဲ့ ဒုက္ခသမုဒ္ဒရာထဲ မြုပ်လုလုအချိန်မှာ သူ ကိုယ်တိုင် လောင်းကစားဝါသနာကြောင့် အခြေအနေအရပ်ရပ်ဟာ ပိုပြီး ဆိုးသည်ထက် ဆိုးခဲ့ရပါတယ်။

လောင်းကစားကို ဘိန်းစွဲသလို စွဲခဲ့ရတဲ့ သူ့အဖြစ်ကိုလည်း The Gambler မှာ ဖော်ပြခဲ့ပါတယ်။

ဒေါ်စတိုယက်စကီးအတွက် စာရေးခြင်းတစ်ခုသာ ထွက်ပေါက် ရှိပါတော့တယ်။

ကြမ်းတမ်းတဲ့ ဒီလိုအခြေအနေတွေနဲ့ တွန်းထိုးသတ်ပုတ်ရင်းကပဲ သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ ဝတ္ထုရှည်ကြီးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

၁၈၆၇ မှာ အင်နာဆနစ်ကီနာဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးနဲ့ ဒုတိယ အိမ်ထောင်ပြုခဲ့ပါတယ်။ ဒေါ်စတိုယက်စကီး ဟာ ၁၈၈၁ ခုနှစ် အသက် ၆ဝ အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။


(၅)

 

ဒေါ်စတိုယက်စကီးကို စာပေအနုပညာရှင် အများစုက ဗီဇအရ စာရေးဆရာ ဖြစ်လာတဲ့လူလို့ အသိအမှတ်ပြုခဲ့ကြပါတယ်။ ဝတ္ထုထဲက ဘဝတွေကို အကောင်အထည်မဲ့ အတွေးအခေါ်တွေနဲ့ ဖော်ပြတာထက် နက်ရှိုင်းတဲ့ စိတ် ခံစားမှုတွေကတစ်ဆင့် ဖန်တီးရမယ်လို့ ဒေါ်စတိုယက်စကီးက ယူဆပါတယ်။

ဒါ့အပြင် သူဟာ ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ စိတ်ဝိညာဉ်ရဲ့ နာကျင် ခံခက်တဲ့ ဝေဒနာတွေကို ဝတ္ထုအဖြစ် ရေးဖွဲ့ ခဲ့ပြီး ဒီလိုဝေဒနာတွေကပဲ ဘဝ ရဲ့ အစစ်အမှန်တရားနဲ့ မျက်မြင်ဒိဋ္ဌ ဖြစ်ပျက်နေတဲ့ အရှိတရားတွေလို့ ယုံ ကြည်ခဲ့သူလည်း ဖြစ်ပါတယ်။

၂ဝ ရာစု တစ်လျှောက်လုံးလိုလို ဒေါ်စတိုယက်စကီးဟာ စာဖတ် ပရိသတ်တွေကို စိတ်ကူးစိတ်သန်းသစ်တွေ ပေးခဲ့သလို စိတ်အနှောင့်အယှက် ဖြစ်စရာတွေလည်း ပေးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြေအောက်က လူတစ် ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်တဲ့ စကားသံတွေ၊ ရာချ်ကို နင်ကော့ရဲ့ ပညာတတ် မာန်မာနတွေကတော့ ပရိသတ်ရင်ထဲမှာ စွဲမြဲခဲ့ပါတယ်။

ထို့အတူ သူ့စိတ္တဗေဒနဲ့ ဘဝဖြစ်တည်မှု အတွေးအခေါ် အနုပညာ ပုံစံတွေရဲ့ တောင်းဆိုသံတွေ ဟာလည်း ခေတ်သစ် စာပေအနုပညာအပေါ် မှာ ကျယ်လောင်စွာ တုံ့ပြန်ရိုက်ခတ်ခဲ့ပြီ ဖြစ်ပါတယ်။

လူသားရဲ့ သိစိတ် မသိစိတ်နဲ့ စိတ်အလျင်ဝတ္ထု၊ စိတ်ပိုင်းဆိုင်ရာ ဝတ္ထုအဖွဲ့တွေမှာ ထင်ရှား ကျော်ကြားကြတဲ့ Proust, Virginia Woolf, Joseph Conrad, Thomas Manno oo Franz Kafkas James Joyce o o Italosevevo, Andre Gide, Graham Greene တို့နဲ့ ဖြစ်တည်မှုဝါဒီ၊ Jean Paul Sartre, Albert Camus တို့ရဲ့ စာပေတွေမှာ မြေကြီးအောက်က လူတစ်ယောက်ရဲ့ ကြီးမားတဲ့အရိပ် အုပ်မိုးမထားဘူး ဆိုရင်တောင် သူ့ရဲ့ ခြေရာ တစ်စ နှစ်စကိုတော့ မြင်တွေ့ နိုင်ကြောင်း ပြောရ ပါလိမ့်မယ်။

ဒေါ်စတိုယက်စကီးကို ဖြစ်တည်မှုပဓာနဝါဒီတစ်ဦးလို့ မခေါ်ဆိုနိုင် ပေမယ့် Notes from Underground ကိုတော့ ဖြစ်တည်မှုပဓာနဝါဒ (Existentialism ) ရဲ့ အဖွင့်လို့ ဆိုကြပါတယ်။

ဂရိခေတ် အတွေးအခေါ်သမိုင်းမှာ လူသားနဲ့ အတွေးအခေါ်တို့ရဲ့ ပေါင်းစည်းမှုကို ပိုက်သာဂိုရပ်၊ ဟာရာကလိုင်းတပ်စ်နဲ့ အမ်ပီဒိုးကလီတို့ရဲ့ အတွေးအခေါ်တွေမှာ ဦးဆုံး တွေ့မြင်ခဲ့ရပြီး အတွေးအခေါ်ဆိုတာ ကောင်း ကင်ဘုံရဲ့ မူပိုင်ပစ္စည်းတစ်ခုလို ဖြစ်ခဲ့ရပါတယ်။ လူသားရဲ့ အတွေးအခေါ်ကို ကောင်းကင်ဘုံက တစ်ဆင့် ကမ္ဘာမြေကြီးပေါ် ပြန်လည် ဆွဲချခဲ့တဲ့ ဆိုကရေးတီး နောက်ပိုင်းမှာလည်း စပင်နိုဇာ တစ်ယောက်ကလွဲရင် လူ့ဘဝ အတွေးအမြင်တွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး ပြောဆိုမယ့်လူ မရှိသလောက်ပါပဲ။

ဒါပေမဲ့ လူသားရဲ့ ကံကြမ္မာကို ဘာသာရေးကျောင်းတော်ကြီး ဝါဒတွေ၊ နိုင်ငံရေးနဲ့ ရုပ်လွန်ဓမ္မတရားတွေ၊ စက်ယန္တရားနဲ့ စကြဝဠာဗေဒတွေက နှစ်ပေါင်း တစ်ထောင်နီးပါး အနိုင်ကျင့်ခံခဲ့ရပြီး နောက်မှာတော့ တစ်ချိန်က မစူးမစမ်းနဲ့ မျက်စိစုံမှိတ် လက်ခံခဲ့ကြတဲ့ လူသားရဲ့ တန်ဖိုးနဲ့ ဘဝရဲ့ဖြစ်တည် မှုကို ပြန်လည်ဆန်းစစ်ကြဖို့ စူးစူးဝါးဝါးနဲ့ အမြင့်မားဆုံး အော်ဟစ် သတိပေးလိုက်သူကတော့ ဒေါ်စတိုယက်စကီးရဲ့ မြေအောက်က“ကျွန်တော်”ဆိုတဲ့ လူတစ်ယောက်ပါပဲ။

စာညွှန်း

(၁) Walter Kufmann: Existentialism from Dostoyevsky to Sartre.

(၂) Erich Fromm: Escape from Freedom.

(၃) Malcolm Bradbury: The modern world, ten great writers.

တင်ဦးခက်


ဤမှတ်တမ်းနှင့် မှတ်တမ်းကို ရေးသားသူ နှစ်ဦးစလုံးသည် အတွေးစိတ်ကူးသက်သက် ဖြစ်ကြသည်ကို ပြောစရာလိုမည် မထင်ပါ။ သို့သော် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းတစ်ခု အောက်ရှိ အခြေအနေများကို ကျွန်ုပ်တို့ စဉ်းစားကြည့်မည် ဆိုလျှင် ဤမှတ်တမ်းကို ရေးသားသူကဲ့သို့သော လူများ ရှိနိုင်ရုံမက ရှိကို ရှိကြပါလိမ့်မည်။ ကျွန်ုပ်၏ဆန္ဒမှာ မနှောင်း သေးသော အတိတ်ကာလတစ်ခုမှ လူ၏ စရိုက်လက္ခဏာ များစွာအနက် တစ်ခုကို ကွဲကွဲပြားပြားတင်ပြလိုခြင်း ဖြစ်ပါသည်။ ထိုသူသည် ရှင်သန်နေသော မျိုးဆက်တစ်ဆက်ကို ကိုယ်စားပြုသူများအနက် တစ်ဦးလည်းဖြစ်သည်။ ကြွက်ကွင်း ဟု အမည်ပေးထားသော အပိုင်း (၁) တွင် သူနှင့် သူ၏ အတွေးအမြင်များကို မိတ်ဆက်ပေးထားပြီး လူ့အဖွဲ့အစည်း တစ်ခုအတွင်း၌ သူလို လူသားတစ်ဦးရှိခဲ့ရသော အကြောင်းတရားများကို ရှင်းလင်း ထားပါသည်။ အပိုင်း (၂) တွင် သူ၏ ဘဝအဖြစ်အပျက်များနှင့် သက်ဆိုင်သော အဖြစ်မှန် မှတ် တမ်းများကို ဖြည့်စွက် တင်ပြထားပါသည်။


အပိုင်း ၁

ကြွက်တွင်း

 

ကျွန်တော်က နာမကျန်းဖြစ်နေတဲ့ လူတစ်ယောက်။ မစ္ဆေရစိတ်ကလည်း ခပ်များများရယ်။ ကျွန်တော့်အကြောင်းကလည်း စိတ်ဝင်စားစရာ ဘာတစ်ခု မှ မရှိပါဘူး။ ပြီးတော့ ကျွန်တော့်အသည်းကလည်း တစ်ခုခု ဖြစ်နေတယ် ထင်တယ်။ ဘာဖြစ်မှန်းတော့ မသိဘူး။ ဆရာဝန်နဲ့လည်း မပြဘူး။ ဆေး ပညာကိုတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အစွဲအလမ်းကြီး တယ်လေ။ ကျွန်တော့်လို ပညာတတ်တစ်ယောက် အနေနဲ့ ဒီလောက် အစွဲ အလမ်းကြီးဖို့တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ဪ... ဆရာဝန်နဲ့ မပြဘူးဆိုတာ ဆရာဝန်တွေကို မုန်းလို့မဟုတ်ဘူးနော်။ လူကြီး မင်း နားလည်ချင်မှ နားလည်လိမ့်မယ်။ ဒီလိုနည်းနဲ့ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေတာ ဘယ်သူ့ကိုမှ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော့် ကိုယ်ကျွန်တော် ဒုက္ခပေးနေမှန်း ကောင်းကောင်း သိပါတယ်။ ဆရာဝန်ဆီ သွားမပြဘူးဆိုတာကတော့ သူတို့ကို မုန်းလို့ မဟုတ်ဘူးဆိုတာ သေချာပါ တယ်။ ကျွန်တော့်အသည်းက တော်တော့်ကို နာနေတာပဲ။ ကောင်းတယ်။ နာပလေ့စေ။

ဒီလိုနေခဲ့တာလည်း ကြာပါပြီ။ အနှစ် နှစ်ဆယ်ရှိပြီ။ အခု ကျွန်တော့် အသက်က လေးဆယ် ပြည့်ပြီလေ။ အရင်ကတော့ အစိုးရရုံးတစ်ရုံးမှာ အလုပ် လုပ်ခဲ့ဖူးတယ်။ အခုတော့ မလုပ်တော့ပါဘူး။ အဲဒီတုန်းက ကျွန်တော်က အင်မတန် ညစ်ပတ်တဲ့ ဝန်ထမ်းဗျ။ ရိုင်းလည်း ရိုင်းတယ်ပေါ့။ ဒီလိုရိုင်းပျ လိုက်ရတာကိုပဲ ကျွန်တော့်စိတ်ထဲ ပျော်သလိုလို။ ဒါပေမဲ့ ကျွန်တော်က လာဘ်စားတဲ့ ဝန်ထမ်းမဟုတ်တော့ ခပ်မာမာပဲလေ။

ရယ်ရမလားလို့ ဟာသ လုပ်ကြည့်တာပါ။ ကျွန်တော့်ဟာသက မရယ်ရမှန်း ကျွန်တော် သိပါတယ်။ ထားလိုက်ပါတော့ ဒီအတိုင်းပဲ။

ရုံးကို လာကြတဲ့လူတွေက သိချင်တာလေးတွေ စုံစမ်းဖို့ လာကြတဲ့ လူတွေဆိုတော့လည်း ရိုရိုကျိုးကျိုးပေါ့ဗျာ။ ကျွန်တော့်စားပွဲရှေ့ ရောက် လာရင် သူတို့ကို ကျွန်တော်က သဟောက်သဟမ်းနဲ့ ငေါက်ငမ်းပစ်လိုက်တယ်။ ကျွန်တော် လုပ်လိုက်လို့ တစ်ယောက်ယောက်များ စိတ်ဆင်းရဲသွားတာ မြင်လိုက်ရရင် ကျွန်တော့်စိတ်ထဲ ပျော်လိုက်တာ။

ပြီးတော့ ကျွန်တော်တို့ရုံးက အရာရှိတစ်ယောက် ရှိသေးတယ်။ ဒီလူက အခြားလူတွေနဲ့ မတူဘူး။ လူက လူစွာ။ ကျွန်တော်ကလည်း လုံးဝ သည်းမခံဘူး။ ဒီလူနဲ့ ကျွန်တော် တစ်ယောက်နဲ့တစ်ယောက် ကတောက် ကဆတ်နဲ့ ချိတ်စောင်းပြီး နေလိုက်ကြတာ ဆယ့်ရှစ်လ ကြာသွားတယ်။ နောက်ဆုံးတော့ သူ့ဘက်ကပဲ တပ်လန်ပြေးရတာပါပဲ။

ကြာပါပြီ။ ဒီအကြောင်းတွေ ဖြစ်ခဲ့တာ။ ကျွန်တော် ငယ်ငယ်က ဆိုပါတော့။ ဪ. . . ဘာကြောင့် ကျွန်တော့်မှာ အာဃာတ၊ မစ္ဆေရစိတ် တွေ ဒီလောက်များနေရသလဲဆိုတာ လူကြီးမင်း သိချင်လို့လား။ အခြားတော့ လည်း မဟုတ်ပါဘူး။ အစာစားနေတဲ့ ခိုကလေးတွေကို လန့်သွားအောင် ခြောက်လှန့်လိုက်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ပျော်အောင်လုပ်လိုက်တဲ့ သဘောပါ။

ဒီလိုလုပ်လိုက်ရတဲ့အတွက် နောက်ပိုင်း လပေါင်းများစွာ အိပ်မရနိုင်ဘဲ ရှက်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အံကြိတ်ပြီးခံရမှာ သေသေချာချာ သိပေ မယ့် ကျွန်တော့်အတွက်တော့ ပျော်စရာတောင် ဖြစ်နေဦးမှာပါ။ ဒါပေမဲ့ ရင်ခေါင်းထဲက နင့်နေအောင် နာကျင်နေတဲ့ အချိန်မှာတောင် ကျွန်တော်ဟာ သူတစ်ပါး စိတ်ဆင်းရဲအောင် လုပ်တတ်တဲ့လူ မဟုတ်ပါဘူး။

ဒါမှမဟုတ်လို့ လူကြီးမင်းက ကျွန်တော့်အတွက် လက်ဖက်ရည် ချို ချိုတစ်ခွက် တိုက်မယ်ဆိုရင်တော့ ကျွန်တော် ကျေနပ်ပြီး အခြေအနေတစ်မျိုး ပြောင်းချင်ပြောင်းသွားမှာပေါ့လေ။ နို့မဟုတ်ရင်တော့ ကျွန်တော့်ပါးစပ်က အမြုပ်ထွက်အောင် ပြောနေဦးမှာပဲ။

ကျွန်တော့်ကိုယ် ကျွန်တော် ညစ်ပတ်တဲ့ ဝန်ထမ်းတစ်ယောက်လို့ ပြောခဲ့တာ ကျွန်တော် လိမ်ပြောတာပါ။ မြင်ပြင်းကတ်လို့ ပြောလိုက်တာပါ။ ဟိုအရာရှိနဲ့ ကျွန်တော့်ဆီလာတဲ့ လူတွေကို အပြောင်အပြက်လုပ် ပြောလိုက် တာပါ။ တကယ်က ကျွန်တော် အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ ကောက်ကျစ် ယုတ်မာမှုနဲ့ ဆန့်ကျင်တဲ့ အမြုတေတွေဟာ ကျွန်တော့်ရင်ထဲမှာ အမြဲ ရှိနေတယ်ဆိုတာ ကျွန်တော် အမြဲသတိထားမိနေပါတယ်။ အဲဒီအရာတွေဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံး ရင်ခေါင်းထဲက ကုတ်ဖဲ့ပြီး အပြင်ထွက်ဖို့ ကြိုးစားနေပေမယ့် ကျွန်တော်က ခွင့်မပြုခဲ့ပါဘူး။ ဒီအရာတွေဟာ ကျွန်တော့်ကို အမြဲ နှိပ်စက်နေကြပါတယ်။ ကျွန်တော့်တစ်ကိုယ်လုံး အကြောဆွဲသလို တုန်ခါသွားအောင်လည်း ကိုင်ယမ်းပစ်လိုက်ကြတယ်။ တော်တော့်ကို သည်းညည်းခံနေရတာပါပဲ။ ဘာလဲ. . . လူကြီးမင်းဆီက သည်းခံခွင့်လွှတ်မှု တစ်ခုခု ရဖို့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် ရေးကြီးခွင်ကျယ် လုပ်ပြနေ တယ်များ ထင်လို့လား။

လူကြီးမင်း ဒီလို စဉ်းစားနေမှန်း ကျွန်တော် သိတာပေါ့။ ဘယ်လို ထင်ထင်ပါ၊ ကျွန်တော့်အလုပ် မဟုတ်ပါဘူး။ ဒီကိစ္စမှာ ကျွန်တော်က ညစ် ပတ်တဲ့ လူတစ်ယောက် မဖြစ်နိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလား၊ သူယုတ်မာလား၊ သူတော်စင်လား၊ ပိုးဟပ်တစ်ကောင်လား၊ ဘာကောင်ဖြစ်လို့ ဖြစ်မှန်းတောင် မသိပါဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော့်ရဲ့ အခန်းကျဉ်းလေးထဲမှာပဲ ဘာမှ ဖြစ်လာမှာ မဟုတ်တဲ့ ပညာတတ်တွေရဲ့ နှစ်သိမ့်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း အရူးတစ်ယောက်လို ကိုယ် ဖြစ်ချင်တဲ့ ဆင်ခြေတွေပေးရင်း နေထိုင်နေပါတယ်။

ဟုတ်တယ်။ လက်တွေ့သမားတွေ အတွက်ကတော့ ကိစ္စအတော် များများမှာ ကန့်သတ်အသိတွေ ရှိပေမယ့် ဆယ့်ကိုးရာစုရဲ့ ပညာတတ် တစ်ယောက်ဘဝကတော့ ကျောရိုးမဲ့ သတ္တဝါတစ်ကောင် ဖြစ်ကိုဖြစ်ရ တော့မှာပဲ။

ဒါ အသက်လေးဆယ်ပြည့်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဖြောင့်ချက်ပဲ။ အခု ကျွန်တော့်အသက်က လေးဆယ်။ နှစ်ပေါင်းလေးဆယ်ဆိုတာ ဘဝတစ်သက်တာပဲ။ လေးဆယ်ဆိုတာ တကယ်ရင့်ကျက်တဲ့အချိန်ပဲ။ လေးဆယ် ထက်ကျော်ပြီး အသက်ရှင်နေတယ်ဆိုတာ အောက်တန်းကျတာပဲ။ သိက္ခာ မရှိတဲ့ ကိစ္စပဲ။

လူကြီးမင်း ကျွန်တော့်ကို ရိုးရိုးသားသား ပြောပြစမ်းပါ။ လေးဆယ် ထက် ကျော်ပြီး ဘယ်သူ အသက်ရှင်နေသလဲ။ ကျွန်တော် ပြောမယ်။ အဲဒီလူ တွေဟာ အရူးတွေပဲ၊ ဘာမှ အသုံးမဝင်တဲ့ လူတွေပဲ။ သက်ကျားအိုကြီးတွေရဲ့ မျက်နှာတွေကို ကြည့်ပြီး တစ်ကမ္ဘာလုံးကြားအောင် ကျွန်တော် ပြောလိုက်မယ်။ ဒီလိုပြောဖို့လည်း ကျွန်တော့်မှာ အခွင့်အရေးရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က အသက် ခြောက်ဆယ်အထိ နေမှာ၊ အသက်ခုနစ်ဆယ် အထိ နေမှာ၊ ရှစ်ဆယ်အထိ နေမှာ။ ခဏလေးဗျာ... ကျွန်တော် အသက် ဝအောင် ရှူလိုက်ဦးမယ်။

လူကြီးမင်းကို ကျွန်တော် ရယ်အောင်လုပ်နေတယ် ထင်လို့လား။ ဒါဆိုရင်တော့ လူကြီးမင်း မှားသွားပြီ။ ဒါမှမဟုတ်ရင်လည်း ကျွန်တော့်ရဲ့ ပေါက်ကရစကားတွေကြောင့် စိတ်ဆိုးနေပြီလား။ ကျွန်တော် သိပါတယ်။ စိတ်ဆိုးနေပါပြီ။ ပြီးတော့ “မင်းက ဘာကောင်လဲကွ” လို့ မေးချင်နေတယ် မဟုတ်လား။

ဒီတော့လည်း ဖြေရမှာပေါ့။ ကျွန်တော်က ရုံးဝန်ထမ်းအရာရှိငယ် တစ်ယောက်။ ထမင်းလေးစားရဖို့ သက်သက်နဲ့ အလုပ် လုပ်နေရတယ် ဆိုပါတော့။ ဒါပေမဲ့ သိပ်အရင်းအချာ မဟုတ်လှတဲ့ ကျွန်တော့်ဆွေမျိုး တစ်ယောက် သေသွားတော့ ရူဗယ်ငွေ ခြောက်ထောင်လောက် အမွေရလိုက် တယ်။ ဒါနဲ့ အလုပ်ကထွက်၊ အခန်းကျဉ်းကျဉ်းလေးတစ်ခန်းမှာနေ၊ ဒါပါပဲ။ အရင်နေတဲ့ နေရာကလည်း ဒီနေရာပါပဲ။ ဒါပေမဲ့ အခုတော့ အခြေတကျ နေလိုက်တယ် ဆိုပါတော့။ ကျွန်တော့်နေရာက မြို့စွန်မှာ။ အခန်းကလည်း ကျဉ်းကျဉ်းကျုတ်ကျုတ်။ စိတ်ပျက်စရာကြီးပါ။

ကျွန်တော့်အတွက် ဝေယျာဝစ္စ လုပ်ပေးနေတဲ့ မိန်းမကြီးတစ်ယောက်လည်း ရှိသေးတယ်။ တောသူ ကြီးပါ။ စာမတတ် ပေမတတ်၊ ခွတိခွကျရယ်။ ကျွန်တော့်ကျန်းမာရေးအခြေအနေနဲ့ ဒီလိုနေရာမျိုးမှာ မနေသင့်ဘူးလို့ ပြောကြတယ်။ သူတို့ထက် ကျွန်တော်က ပိုသိတာပေါ့။ ဒါပေမဲ့ ဒီနေရာမှာပဲ နေမယ်။ ဘယ်နေရာမှ မပြောင်းဘူး။ ဘာလို့ ပြောင်းရမှာလဲ။ ဘယ်နေရာနေနေ ကျွန်တော့်အတွက် ဘာထူးမှာမို့လဲ။

ကဲ ... ဒီတော့ လက်တွေ့သမားတစ်ယောက်ဟာ ဘယ်လောက် ကောင်းတဲ့ ပီတိတွေအကြောင်း ပြောနိုင်ပါသလဲ။ သူ့အကြောင်း သူပြောမှာ လား။ ဒါဆိုရင်တော့ ကျွန်တော့်အကြောင်းပဲ ကျွန်တော် ပြောတော့မယ်။

လူကြီးမင်း နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေပေါ့။ အခု ကျွန်တော် ပြောချင်တာက ဘာကြောင့် ကျွန်တော်ဟာ ပိုးဟပ်တစ်ကောင်ဖြစ်အောင် မလုပ်နိုင်သလဲဆိုတာ ပြောချင်ပါတယ်။ တကယ်ပါ။ ကျွန်တော် ကျိန်ပြော တာပါ။ ပိုးဟပ်တစ်ကောင်ဖြစ်ဖို့ အကြိမ်ကြိမ် ကျွန်တော် ကြိုးစားခဲ့ဖူးပါ တယ်။ ဒါပေမဲ့ ပိုးဟပ်တစ်ကောင်နဲ့ ယောင်ယောင်လေးတောင် မကူခဲ့ပါ ဘူး။ အသိဉာဏ်ရှိနေကြတာဟာ ရောဂါတစ်ခုပဲ။ တင်းပြည့်ကျပ်ပြည့်ရောဂါ မှ ရောဂါအစစ်ပဲ။ နေ့စဉ်ဘဝလိုအပ်ချက်အတွက် သာမန်လူတစ် ယောက်ရဲ့ အသိဟာ ပိုတောင်ပိုနေဦးမယ်။ ဒါပေမဲ့ စိတ်ပျက်စရာကောင်းတဲ့ ဆယ့်ကိုး ရာစု ပညာတတ်တစ်ယောက်မှာတော့ အဲဒီတစ်ဝက်၊ ဒါမှမဟုတ် သုံးပုံတစ်ပုံပဲ ရှိမယ်။ အထူးသဖြင့် စိန့်ပီတာစဘတ်လို မြို့ကြီးမျိုးမှာ ကံဆိုးစွာ အသက်ရှင်နေရတဲ့ လူမျိုးပေါ့။

လက်တွေ့သမားတွေအတွက် အသက်ရှင်နေထိုင်ဖို့ ရှိတဲ့ အသိဟာ လုံလောက်နေပြီပဲ။ ကျွန်တော် ဟန်ဆောင်ပြီး ပြောနေတာ မဟုတ်ပါဘူး။ သူတို့ကို ဟာသလုပ်ပြီး ကျွန်တော် ပြောနေတယ်လို့ လူကြီးမင်း ထင်တယ် မဟုတ်လား။ ဒါမှမဟုတ် ကျွန်တော် ပြောပြတဲ့ အရာရှိလို စွာကျယ်စွာကျယ် လုပ်နေတယ် လို့လည်း ထင်ချင်ထင်မှာပေါ့။

ဒါပေမဲ့ လူကြီးမင်းခင်ဗျာ၊ ကိုယ့်ရောဂါ ကိုယ်ကြွားပြီး ဘယ်သူ မာန်တက်ဖူးလို့လဲ၊ မြောက်ကြွမြောက်ကြွနဲ့ ဘယ်သူ ဟန်ရေးပြဖူးလို့လဲ။ လုပ်ရင်လည်း လုပ်ကြမှာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့ထက် ပိုမလားပဲ။ ထားလိုက်ပါတော့။ ကျွန်တော် ပြောတာတွေကို ငြင်းမနေပါနဲ့ တော့။ ကျွန်တော့်ဆင်ခြေတွေက မည်မည်ရရရှိတာ မဟုတ်ပါဘူး။

ဒါပေမဲ့ အပ်ကျမပ်ကျ ကျွန်တော် သိထားတာက ဘယ်လိုအသိမျိုး ဖြစ်ဖြစ် စူးရှတဲ့ အာရုံခံစားမှုရှိတဲ့ အသိဟာ တကယ့်ရောဂါတစ်ခုပဲ။ ဒါ ကြောင့်လည်း ကျွန်တော် နာမကျန်းဖြစ်နေတာပဲ။ ဒါကို ခဏ ဘေးချိတ်ထား ပြီး ကျွန်တော့်ကို တစ်ခု ပြောပြစမ်းပါဦး။

မြင့်မြတ်တယ်၊ လှပတယ်ဆိုတဲ့ အရာတွေရဲ့ ထည်ဝါသန့်စင်မှုကို ကျွန်တော် ခံစားနေတဲ့အချိန်မှာ ကြိုတင်စီရင်ထားသလို အရုပ်ဆိုး အကျည်း တန်တဲ့ အရာတွေကိုလည်း ခံစားမိရုံသာမက ကျူးလွန်လိုက်တဲ့ အဖြစ်ကိုပါ ရောက်သွားတတ်တယ်။ လူတိုင်းလူတိုင်း ဒီလိုဖြစ်ကောင်း ဖြစ်ကြမှာပါပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ဒီလို မဖြစ်သင့်ဘူးလို့ သေသေချာချာ သတိထားနေတဲ့ကြားကပဲ ကျူးလွန်မိတတ်တာမို့ မြင့်မြတ်ခြင်း၊ လှပခြင်း ဆိုတာကို သိလေ ရွှံ့ထဲ၊ ဗွက်ထဲ မြုပ်မြုပ်သွားသလို ဗွက်ထဲမှာပဲ လူးနေချင်စိတ် ပေါက်လာလေ ဖြစ်လာတတ်တယ်။ ကျွန်တော် သတိထားမိတာက ကျွန်တော့်မှာရှိနေတဲ့ စိတ်ခံစားမှုဟာ မတော်တဆဖြစ်နေတဲ့ အခြေအနေမျိုး မဟုတ်တော့ဘူး။ ရောဂါတစ်ခု၊ အကျင့်သိက္ခာဖောက်ပြန်မှုတစ်ခု ဆိုတာ ထက် ပုံမှန်ဖြစ်နေတဲ့ အခြေအနေတစ်ခု ဖြစ်နေပြီ။ ဒါကြောင့်ပဲ ကျွန်တော့်ရဲ့ ကိုယ်ကျင့်သိက္ခာဖောက်ပြန်မှု ရောဂါကို တိုက်ဖျက်ဖို့ စိတ်ကုန်သွားပြီး ဒီ အခြေအနေဟာ ကျွန်တော့်ရဲ့ ပုံမှန်အခြေအနေလို့ပဲ လက်ခံထားလိုက်တော့ တယ်။

အခြားလူတွေလည်း ကျွန်တော့်လိုပဲလို့တော့ မထင်ပါဘူး။ ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ ဒီအချက်ကို လျှို့ဝှက်ချက်တစ်ခုလို ဖုံးကွယ်ထား ခဲ့ရတယ်။ စိန့်ပီတာစဘတ်ရဲ့ အော်ဂလီဆန်စရာကောင်းတဲ့ တချို့ ညတွေ ကုန်လွန်သွားပြီးတဲ့နောက် ကျွန်တော့်တွင်းလေးထဲ ကျွန်တော် ပြန်ဝင်လာ တဲ့ အခါမှာ စက်ဆုပ်ရွံရှာစရာ ကောင်းသလို တိတ်တိတ်လေး ကျိတ်ပြီး ခံစားနေရတဲ့ ပီတိတစ်မျိုးကို ကျွန်တော် ခံစားခဲ့ဖူးတယ်။ ရှက်လည်း ရှက် စရာပါပဲ။ (အခုထိတောင် ရှက်နေဆဲပါပဲ) ပြီးတော့ ညစ်ပတ်စုတ်ပဲ့တဲ့ ဒီလို အရာတွေကို ငါ လုပ်မိပြန်ပြီ၊ ငါလုပ်ခဲ့တာတွေကို ဘယ်လိုမှ အဖတ်ဆယ်လို့ရနိုင်မှာ မဟုတ်တော့ဘူး လို့လည်း ကျွန်တော့်ကိုယ်ကျွန်တော် အတင်း စဉ်း စားမိပြန်တယ်။ ဒါပေမဲ့ ခါးသီးနာကျင်မှုတွေဟာ ကျိန်ဆဲခံ ဝေဒနာချိုချို တွေ အဖြစ် ပြောင်းလဲသွားတဲ့အထိ၊ နောက်ဆုံးမှာ ဘယ်လိုမှ ပြောပြလို့မရ နိုင်တဲ့ ပီတိထူးကြီးတစ်ခုကို ရလိုက်တဲ့အထိ ကျွန်တော့်တစ်ကိုယ်တည်း တမြေ့မြေ့ ပူဆွေးရင်း ကိုယ့်ကိုယ်ကိုယ် ဆုတ်ဖြဲ ဝါးမျိုပစ်လိုက်တယ်။

ဟုတ်တယ်၊ ဒါဟာ သေချာတဲ့ ပီတိတစ်ခုပဲ မဟုတ်လား။ အခြား လူတွေလည်း ဒီလို ပီတိသုခမျိုးကို ခံစားဖူးသလားဆိုတာ သိချင်လို့ ဒီ အကြောင်းကို စလိုက်တာပါ၊ လူကြီးမင်းကို ဒီအကြောင်း ရှင်းပြချင်ပါတယ်။ ဒီပီတိထူးဟာ ကျွန်တော့်ရဲ့ဂုဏ်သရေမရှိတဲ့အဖြစ်ကို ကျွန်တော့်ရဲ့ စူးရှတဲ့ အာရုံခံစားမှုနဲ့ သဘောပေါက် နားလည်လိုက်ပြီး ရခဲ့တာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ရှေ့မှာ ဘယ်လိုမှ ကျော်လွှားလို့မရတဲ့ နံရံကြီးတစ်ခု ကာနေတယ်လို့ ကျွန်တော် ခံစားနေမိတယ်။ အဲဒီ နံရံကြီးဟာ ထိတ်လန့် စရာကောင်းပေမယ့် ကျွန်တော်လည်း ဘာမှ မတတ်နိုင်ပါဘူး။ လွတ်မြောက် စရာလမ်းလည်း မရှိ။ ကိုယ့်ကိုယ်ကိုယ် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်ဖို့လည်း မဖြစ်နိုင်တော့ဘူးပေါ့။ ပြောင်းလဲဖို့အတွက် အချိန်နဲ့ ယုံကြည်မှုတွေ အလုံအလောက် ရှိနေသေးတယ်ဆိုရင်လည်း ကျွန်တော့်ကိုယ် ကျွန်တော် မပြောင်းလဲချင်တော့ဘူး။ ပြောင်းလဲချင်စိတ် ရှိတယ်ဆိုရင်လည်း ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တကယ့်အခြေအနေ မှန်မှာ ကျွန်တော့်အတွက် ပြောင်းလဲစရာ ဘာမှမရှိလို့ပါပဲ။

အဆိုးဆုံးကတော့ စူးရှတဲ့ အသိအာရုံက လိုက်နာနေရတဲ့ အခြေခံ ဥပဒေသတစ်ခု ရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဘာမှ ပြောင်းလဲလို့ မရသလို ဘာမှလည်း လုပ်စရာမရှိပါဘူး။ ဒီတော့ စူးရှတဲ့အသိအာရုံရဲ့ ရလဒ်တစ်ခု အနေနဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ လူယုတ်မာတစ်ယောက် ဖြစ်တယ် ဆိုတာကို အမှန်အတိုင်း သဘောပေါက်လိုက်ခြင်းဟာ သူ့ကိုယ်သူ ဖြေသိမ့် စရာတစ်ခု ရသွားသလိုပါပဲ။ လူယုတ်မာတစ်ယောက် ဖြစ်နေတဲ့အတွက်လည်း အခြားတစ်ယောက်က သူ့ကို အပြစ်တင်လို့ မရနိုင်ပါဘူး။

ကျွန်တော် ပြောတာ လူကြီးမင်း သဘောမှပေါက်ရဲ့ လား မသိဘူး။ ဟူး… ဒီလို ပီတိချမ်းသာမျိုးကို သဘောပေါက်အောင် ဘယ်လို ရှင်းရပါ့မလဲ။ ဒါပေမဲ့ ကျွန်တော် ကြိုးစားပြီး ရှင်းပြပါ့မယ်။ ရှင်းပြချင်လို့လည်း ဒီမှတ်တမ်း ကို ရေးနေတာပါပဲ။

ပြောမယ်ဆိုရင်တော့ ကျွန်တော်ဟာ အလွန်အကျွံ ခံစားလွယ်သလို သံသယတွေလည်း ရှိနေတတ်တယ်။ ဒါကြောင့် ခါးကုန်းကြီးတစ်ယောက် လို၊ လူစဉ်မမီတဲ့ လူပုလေးတစ်ယောက်လို ကျွန်တော့်ကို လွယ်လွယ်ကူကူ စော်ကားလို့လည်း ရနိုင်တာပေါ့။ ကျွန်တော် ထင်တယ်လေ၊ တစ်ခါတစ်ခါ ပါးအရိုက်ခံလိုက်ချင်တာမျိုးတောင် ကျွန်တော့်မှာ ရှိနိုင်တယ်။ ကျွန်တော် လေးလေးနက်နက် ပြောနေတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုအခြေအနေ မျိုးကတစ်ဆင့် အတွေ့ အာရုံထူးတွေ ရနိုင်ပါလိမ့်မယ်။ သဘာဝကျကျ ပြော ရရင်တော့ မျှော်လင့်ချက်တွေ ဖြိုခွဲဖျက်ဆီးခံလိုက်ရတဲ့ ဝေဒနာပီတိတစ်မျိုး ပေါ့ဗျာ။ အထူးသဖြင့် ကိုယ့်မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့ အခြေအနေကို သိလိုက်ရတဲ့အခါမှာ စူးရှတဲ့ဝေဒနာပီတိကို အဲဒီခံစားမှုတွေထဲမှာ တွေ့ရတတ်တယ်။ ဒါကြောင့်မို့ ပါးရိုက်ခံလိုက်ရတဲ့အခါမှာ နင်းချေထိုးသိပ် ခံလိုက်ရတဲ့ အသိစိတ်ကြောင့် သူ့ရဲ့ ဆောက်တည်ရာဟာ တစ်စစီ ကြေမွ ပျက်စီးသွားတော့တယ်။

ဒါကြောင့် ကျွန်တော် ပြောချင်တာက လူကြီးမင်း ဘယ်လိုပုံစံနဲ့ပဲ ကြည့်ကြည့် သဘာဝ ဥပဒေအရကိုက ကျွန်တော့်မှာ အပြစ်မရှိဘဲနဲ့ ကျွန်တော် ဟာ အပြစ်ရှိတဲ့လူ ဖြစ်နေတတ်တယ်။ ပြီးတော့ ကျွန်တော့်ဘေးပတ်ဝန်း ကျင်မှာရှိတဲ့ လူတွေထက် ကျွန်တော့်ရဲ့ အသိအာရုံက ပိုပြီး စူးရှပါးလွှာတဲ့ အတွက် ကျွန်တော်ဟာ ဦးဆုံး အပြစ်တင်စရာလူ ဖြစ်နေပါတယ်။ ကျွန်တော် ဒီလိုပဲ အမြဲခံစားနေရတာကြောင့် ကျွန်တော့်အသိစိတ်ဟာ လေးလံနေတယ်။ လူတွေနဲ့ မျက်လုံးချင်းဆုံတဲ့အခါတိုင်း ကျွန်တော့်ဘက်က မျက်နှာလွှဲပစ်ဖို့ လိုတယ်လို့ကျွန်တော် အမြဲခံစားနေရတယ်။ ကျွန်တော့်မှာ သည်းခံခွင့်လွှတ်မှု တစ်ခုခု ရှိမယ်ဆိုရင်တောင် ကျွန်တော့်မှာ အပြစ်ရှိနေဦးမှာပဲ။ ဘာကြောင့် လဲဆိုတော့ သည်းခံခွင့်လွှတ်ခြင်းဟာ ဘာမှအသုံးမကျဘူးဆိုတာ ကျွန်တော် သိနေလို့ပဲ။ ဒါကြောင့် သည်းခံခွင့်လွှတ်မှုက ကျွန်တော့်ကို တိုးတိုးပြီးတော့ နှိပ်စက်နေဦးမှာပါပဲ။ သေချာပါတယ်၊ သည်းခံခွင့်လွှတ်မှုနဲ့ ကျွန်တော့်ဘက် က ဘာတစ်ခုမှ မလုပ်နိုင်ပါဘူး။ စော်ကားတဲ့သူကလည်း သဘာဝဥပဒေသ တွေကို ရိုးရိုးသားသား လိုက်နာပြီး ကျွန်တော့်ကို ပါးရိုက်မှာပဲ။ သဘာဝဥပဒေ တွေကို ကျွန်တော်က ခွင့်လွှတ်ဖို့ဆိုတာကလည်း လုံးဝ အဓိပ္ပာယ်ရှိတဲ့ကိစ္စ မဟုတ်ဘူး။

နောက်ဆုံးတော့ စော်ကားလိုက်တာဟာ စော်ကားလိုက်တာပဲ မဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်ဘက်က မကျေမချမ်းနဲ့ စော်ကားလိုက်တဲ့ လူကို လက်စားချေချင်ဦးတောင်မှ ကျွန်တော် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ တစ်ခုခု ကျွန်တော် လုပ်နိုင်တာလေးရှိရင်လည်း လုပ်ရဲမှာ မဟုတ်ပါဘူး။ ကျွန်တော် ဘာကြောင့် မလုပ်ရဲသလဲဆိုတဲ့အကြောင်းကို လူကြီးမင်းကို နည်းနည်း ပြောပြချင်ပါတယ်။

အများအားဖြင့်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်တဲ့လူတွေ၊ ဘယ်လို ကလဲ့စားချေရမလဲ ဆိုတာသိတဲ့ လက်တွေ့ သမားတွေ ဘယ်လို လုပ်တတ် သလဲဆိုတာ လူကြီးမင်း မြင်ကြည့်စမ်းပါ။

သူတို့မှာ ကလဲ့စားချေချင်တဲ့စိတ်တွေ ပူးကပ်လာပြီဆိုရင် ကျန်တဲ့ ခံစားချက်တွေကို ဘာမှ ဂရုမစိုက်တော့ဘူး။ ဒေါသထွက်နေတဲ့ နွားသိုးကြီး တစ်ကောင်လို ဦးချိုကို အောက်စိုက်ပြီး သူတို့ ဝှေ့ရမယ့်အရာကို ပြေးဝှေ့ တော့တာပဲ။ သူတို့ ဘယ်လိုမှ မကျော်လွှားနိုင်တဲ့ နံရံကြီးတစ်ခုရှေ့ရောက်မှ ပဲ ရပ်သွားတတ်တယ်။ (နံရံဆိုလို့ ပြောရဦးမယ်၊ လက်တွေ့သမားတွေဟာ ကျွန်တော်တို့လို မဟုတ်ဘူး။ ကျော်လွှားလို့မရတဲ့ နံရံကြီးတွေကို တရိုတသေ လေးစားကြတယ်။ နံရံတွေဟာ သူတို့ကို စိန်ခေါ်နေတဲ့အရာတွေ မဟုတ်ဘူးလို့ သူတို့က ယုံကြည်ကြတယ်။ ပြောမယ်ဆိုရင် နံရံတွေဟာ သူတို့ကို ကိုယ်စိတ်နှလုံး ငြိမ်းအေးသွားစေတဲ့အရာ၊ ကျင့်ဝတ်သိက္ခာအရ နှစ်သိမ့် ပေးလိုက်တဲ့အရာ၊ အဆုံးသတ် ဆုံးဖြတ်ပေးလိုက်တဲ့ အရာတွေလိုပါပဲ။ တစ်ခါတစ်ခါ သိပ်သည်းလျှို့ဝှက်တဲ့ အရာလို့တောင် ပြောလို့ရနိုင်ပါတယ်။ ကျွန်တော်တို့လို လူတွေအတွက်ကတော့ နောက်ပြန်လှည့်စရာ အကြောင်း မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့် အကြောင်းပြချက်ကိုတော့ အမြဲ သဘောကျနေတတ်ပါတယ်။ နံရံတွေ အကြောင်း နောက်မှပဲ ပြောတော့မယ်ဗျာ။)

ကျွန်တော့်အမြင်အရဆိုရင် အဲဒီလို လက်တွေ့သမားတစ်ယောက် ဟာ တကယ့်ကို ပုံမှန်အခြေအနေ ရှိတဲ့ လူတစ်ယောက်ပါပဲ။ ကမ္ဘာမြေပေါ် မှာ သူ့ကို လှလှပပ ဖန်ဆင်းပေးလိုက်တဲ့ သဘာဝမိခင်အတွက်လည်း ဖန် ဆင်းရကျိုး နပ်ပါပေတယ်။ အဲဒီလိုလူမျိုးကို ကျွန်တော်လည်း မျက်နှာကြီး တစ်ခုလုံး ပြာနှမ်းသွားအောင် မနာလိုဖြစ်မိပါတယ်။ ဒါပေမဲ့ အဲဒီလိုလူဟာ မိုက်မဲတဲ့လူပဲဗျ။ ကျွန်တော် ပြဿနာရှာနေတာ မဟုတ်ဘူးနော်။ ပုံမှန်အခြေ အနေရှိတဲ့ လူတစ်ယောက်ကို မိုက်မဲတဲ့ လူတစ်ယောက်လို့ ယူဆလို့ ရချင် လည်း ရမှာပေါ့။ ကျွန်တော် ပြောတာမဟုတ်ဘူးလို့ လူကြီးမင်းက ဘာကြောင့် ပြောနိုင်မှာလဲ။ ဒါမှမဟုတ်လည်း သူ့ရဲ့မိုက်မဲမှုဟာ သိပ်လှတဲ့အရာ တစ်ခုလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ ဒီကိစ္စကို ကျွန်တော် သံသယရှိနေတာ ကြာပြီ။

ဥပမာ အာရုံခံစားမှု စူးရှတဲ့လူတစ်ယောက် ဆိုပါတော့။ သူ့ကို ပုံမှန် အနေအထားရှိတဲ့ လူတွေနဲ့ ကွဲပြားနေတယ်လို့လည်း ပြောနိုင်ပါတယ်။ သူ့ကို သဘာဝအတိုင်း ဖြစ်လာတဲ့ ကလေးတစ်ယောက်လို့ ဆိုတာထက် ဖန်ပြွန်ထဲက ဖြစ်လာတဲ့ ကလေးတစ်ယောက်လို့ပဲ ပြောရတော့မယ်။ (ဒါ ဟာ တော်တော့ကို ဆန်းကြယ်တဲ့ကိစ္စပါပဲ။ ကျွန်တော်တော့ ဒီလိုပဲ ခံစားမိတယ်) သူဟာ ကွဲပြားခြားနားချက်တွေကို အောင့်အည်းမျိုသိပ် ထားရလွန်း တော့ သူ့ကိုယ်သူ လူတစ်ယောက်ဆိုတာထက် ကြွက်တစ်ကောင်လို့ပဲ သဘောထားလိုက်တော့တယ်။ သူ့မှာ စူးရှတဲ့ အာရုံခံစားမှု ရှိနေပေမယ့် လည်း ကြွက်တစ်ကောင်လိုပဲ နေလိုက်တော့တယ်။ ခက်တာက သူ့ကို ဒီလို လုပ်ဖို့ဘယ်သူကမှ ပြောကြတာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ကြွက်တစ်ကောင် လို့ အသိအမှတ် ပြုလိုက်တာပါ။ ကျွန်တော် ပြောချင်တဲ့ အဓိကအချက်က ဒါပါပဲ။

အဲဒီကြွက်တစ်ကောင်ရဲ့ အခြေအနေကို လူကြီးမင်း မြင်ကြည့်စမ်းပါဦး။ သူ့ကို တစ်ယောက်ယောက် က စော်ကားလိုက်တယ် ဆိုပါစို့။ (အမှန်တော့ အမြဲတမ်း အစော်ကားခံနေရတာပါပဲ) အဲဒီအခါမှာ ပုံမှန်အနေအထား ရှိတဲ့ လူတစ်ယောက်ထက် သူ့ရင်ထဲမှာရှိတဲ့ နာကြည်း မုန်းတီးမှုတွေဟာ အပုံကြီး များမှာပေါ့။ စော်ကားလိုက်တဲ့သူကို လက်စားချေဖို့ ပျို့အန်ချင်စရာကောင်းတဲ့ ဆန္ဒတွေနဲ့ သူ့တစ်ကိုယ်လုံးဟာ တုန်ခါနေမှာပေါ့။

ဘာကြောင့်လဲဆိုတော့ ပုံမှန်လူတွေအတွက် လက်စားချေတယ်ဆိုတာ တရားတယ်လို့ သူတို့ ရူးသွပ်မှုနဲ့ သူတို့ လက်ခံထားကြပေမယ့် သူ့အဖို့တော့ စူးရှတဲ့ အသိအရ တရားမျှတမှုအတွက် လက်စားချေတယ်ဆိုတာ ယုံကြည်လို့ မရပါဘူး။

ဒါပေမဲ့ သူ့ဘက်က လက်စားချေတဲ့အလုပ်ကို စလိုက်တယ်ဆိုရင် လည်း ပထမတစ်ခါ အစော်ကားခံရတဲ့အပြင် အဖြေမပေးနိုင်တဲ့ သူ့ရဲ့သံသယ နဲ့ မေးခွန်းတွေဟာ တဖြည်းဖြည်း များများလာပြီး သေလောက်တဲ့ အညစ် အကြေးအိုင်ကြီးတစ်ခုလို ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ လက်တွေ့ သမားတွေက သူ့အပေါ် ထွေးလိုက်တဲ့ တံတွေးတွေ၊ သလိပ်ခဲတွေ၊ သံသယတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေနဲ့ ပျစ်ချွဲစေးကပ်နေပြီး စက်ဆုပ်စရာတွေပြည့်နေတဲ့ အိုင်ကြီး ထဲကို သူဟာ နစ်မြုပ်သွားတော့တယ်။ အိုင်ထိပ်မှာ လက်တွေ့ သမားတွေဟာ အာဏာရှင်လို၊ တရားသူကြီးလို မတ်တတ်ရပ်ပြီး လည်ချောင်းကွဲမတတ် သူ့ကို လှောင်ပြောင်နေကြတာပေါ့။ နောက်ဆုံး သူ လုပ်နိုင်တာတစ်ခုကတော့ မချိမဆံ့နဲ့ သူ့ပခုံးသေးသေးလေးကို တွန့်ပြပြီး ရှက်ရှက်နဲ့ သူ့ကြွက်တွင်းလေး ထဲကို ပြေးဝင်သွားဖို့ပါပဲ။ အော့အန်ချင်စရာ ကောင်းလောက်အောင် နံစော် နေတဲ့ သူ့တွင်းလေးထဲ ရောက်တဲ့အခါမှာတော့ အဆိပ်သင့်ပြီး ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ မုန်းတီးစက်ဆုပ်မှုတွေထဲမှာ နစ်မြုပ်သွားပြန်ပါတယ်။

ဒီနောက် သူဟာ အနှစ်လေးဆယ်လုံးလုံး ရှက်စရာကောင်းတဲ့ အဖြစ် တွေနဲ့ အစော်ကားခံလိုက်ရတဲ့ အကြောင်းတွေကို သတိရနေမှာပေါ့။ သတိရတဲ့ အချိန်တိုင်းမှာလည်း ပိုပြီး သိက္ခာမဲ့စရာတွေကို တွေးရင်း သူ့ကိုယ်သူ နှိပ်စက်နေဦးမှာပေါ့။ သူ့အတွေးတွေကို သူ ရှက်နေပေမယ့် အားလုံးကို ထပ်ခါတလဲလဲ သတိရပြီးတဲ့အခါမှာတော့ နောက်ထပ် အရှက်တကွဲ အကျိုး နည်းမယ့် ကိစ္စကို ကြံစည်ပြန်ပါတယ်။ ဒီတော့ သူဟာ ခိုးကြောင်ခိုးဝှက်နဲ့ မီးဖိုနောက်က ထွက်လာ၊ သူ့ရဲ့လက်စားချေခြင်းဟာ မှန်လား၊ မှားလား၊ အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာကိုလည်း ဝေခွဲမရ။ အဆုံး သတ်မှာတော့ သူ လက်စားချေမယ့်လူက ယားလို့ကုတ်တဲ့ ဒဏ်ရာလေး တောင် မရဘဲ သူသာ အကြိမ်တစ်ရာမက အနာတရ ဖြစ်ရဦးမှာပါပဲ။ ဒါပေမဲ့ ဒါဟာ သူ့အတွက် နောက်တစ်ခါ လက်စားချေဖို့ ကြိုးစားအားထုတ်မှုတစ်ခု လို့လည်း ပြောနိုင်ပါတယ်။

ဒီနောက် သေအံ့ဆဲဆဲအချိန် ခုတင်ပေါ် လဲလျောင်းနေရတဲ့အခါမှာ တော့ နှစ်ပေါင်းများစွာ စုပုံလာတဲ့ စိတ်ဝင်စားစရာတွေနဲ့အတူ မျှော်လင့်ခြင်းတစ်ဝက် ပြိုကွဲပျက်သုဉ်းခြင်းတစ်ဝက်နဲ့ နာကျင်ကိုက်ခဲ နေခဲ့တာတွေ၊ အနှစ် လေးဆယ်လုံးလုံး သောကအပူတွေနဲ့ ကြွက်တွင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အရှင်လတ်လတ် မြှုပ်ထားလိုက်ရတဲ့ အသိတရားတွေ၊ သံသယတစ်ဝက်နဲ့ မျှော်လင့်ခြင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ အခြေအနေကို အသိအမှတ် ပြုလိုက်ရတာတွေ၊ ရင်ထဲမှာ ထိုးစိုက်နေတဲ့ အလိုမပြည့်တဲ့ ဆန္ဒငရဲတွေ၊ တစ်မိနစ် တစ်ခါ နောင်တရနေတဲ့ ဆုံးဖြတ်ချက်တွေ ... အားလုံးကို ပြန် သတိရနေဦးမှာပါ။

ဒါတွေဟာ ကျွန်တော်ပြောခဲ့တဲ့ အတွေ့ ပီတိထူးတွေပဲလေ။ အဲဒီပီတိတွေဟာ သိပ်ကို သိမ်မွေ့လွန်းပါတယ်။ အငွေ့ သက်သက်မျှပါပဲ။ ဒါကြောင့် လက်တွေ့ သမားတွေ၊ အာရုံထူတဲ့လူတွေ နည်းနည်းလေးမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ လူကြီးမင်းက ကိုယ့်ကိုယ်ကိုယ် သိပ်ကျေနပ်တဲ့ အပြုံးနဲ့ သွားဖြဲပြပြီး “ပါးရိုက်မခံဖူးတဲ့ လူတွေကတော့ မင်းပြောတဲ့ ပီတိထူးတွေ ကို ဘယ်နားလည်နိုင်ပါ့မလဲကွ” လို့ ပြောနိုင်ပါတယ်။

သဘောကတော့ ကျွန်တော်ကတော့ ပါးရိုက်ခံရဖူးလို့ သိနိုင်တာပေါ့ လို့ ယဉ်ယဉ်ကျေးကျေးနဲ့ စောင်းမြောင်း ပြောလိုက်တာပါပဲ။ လူကြီးမင်း ဘယ်လိုထင်ထင်ပါ၊ ကျွန်တော် ဂရုမစိုက်ပါဘူး။

ဒီအကြောင်းတော့ တော်လောက်ပါပြီ။ ကျွန်တော်ပြောတဲ့ စကား တွေကိုလည်း လူကြီးမင်း စိတ်ဝင်စားမယ် ထင်ပါတယ်။ ဒါပေမဲ့ ပီတိထူးရဲ့ နူးညံ့သိမ်မွေ့ တဲ့ အသွင်အပြင်တွေကို နားမလည်နိုင်တဲ့ အာရုံထူတဲ့ လူတွေ အကြောင်း အေးအေးဆေးဆေး ကျွန်တော် ဆက်ပြောချင်ပါတယ်။ အဲဒီလိုလူတွေဟာ ဒေါသထွက်နေတဲ့ အချိန်မှာတော့ နွားသိုးတစ်ကောင်လို ချိုတ မြမြနဲ့ပဲ။ ဒီလိုလုပ်နေတာကိုက သူတို့သိက္ခာကို အကြီးကျယ် မြှင့်တင်ပေး နေသလိုပါပဲ။ ဒါပေမဲ့ ဘယ်လိုမှ ကျော်လွှားလို့မရတဲ့ နံရံကြီးတွေရှေ့လည်း ရောက်ရော တစ်ခါတည်း အရှုံးပေးလိုက်တော့တာပါပဲ။ ကျွန်တော် ပြောတဲ့ နံရံကြီးတွေဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေတွေကို ဆိုလိုတာပါ။ ဘယ်လို အတားအဆီး နံရံတွေလဲဆိုတော့ သဘာဝဥပဒေသတွေပေါ့။ သိပ္ပံတို့၊ သင်္ချာ ပညာတို့က ပေးထားတဲ့ အဖြေတွေပေါ့။ လူကြီးမင်းဟာ မျောက်က ဆင်း သက်လာတာပါလို့ သူတို့က သက်သေပြနေတယ်ဆိုရင် လက်ခံလိုက်ပါ။ နှာခေါင်းရှုံ့ စရာအကြောင်း မရှိပါဘူး။

ဒါပေမဲ့ လူကြီးမင်းရဲ့ သွေးတစ်စက်ဟာ ကျန်တဲ့ လူသန်းပေါင်းများစွာ ထက် ကိုယ်နဲ့ပိုပြီး အနီးကပ်ဆုံး၊ အရင်းနှီးဆုံးလို့ သက်သေပြနေရင်လည်း သူတို့ကို ယုံလိုက်ပါ။ ဒီနိဂုံးဟာ မြင့်မြတ်ခြင်းတို့၊ တာဝန်တို့၊ အာဃာတတို့၊ အစွဲအလမ်းတို့ရဲ့ အဆုံးသတ် အဖြေပါပဲ။ သင်္ချာက ပြောတဲ့ နှစ် နှစ်လီလေး လိုပေါ့။ ကျွန်တော်တို့ ဘာမှ လုပ်လို့မရဘူး။ လက်ခံလိုက်ရုံပဲ ရှိတယ်။

ဘာလဲ … လူကြီးမင်းက ကြိုးစားပြီး ငြင်းကြည့်ချင်သေးလို့လား။ ဒါဆိုရင် သူတို့က “ခင်ဗျား ငြင်းနေလို့ အပိုပဲ၊ နှစ် နှစ်လီ လေးက လေးပဲ၊ သဘာဝတရားက ခင်ဗျား ခွင့်ပြုချက်ကို တောင်းဆိုနေတာ မဟုတ်ဘူး၊ ခင်ဗျား ကြိုက်ကြိုက် မကြိုက်ကြိုက် သဘာဝရဲ့ အဆုံးအဖြတ်ကို လက်ခံရ မှာပဲ၊ မြင်တယ် မဟုတ်လား နံရံ။ နံရံဟာ နံရံပဲ” လို့ အော်ပြောမှာပေါ့။

ဒါပေမဲ့ ကျွန်တော့်အကြောင်းနဲ့ ကျွန်တော် နှစ် နှစ်လီ လေး ဆိုတဲ့ အဲဒီလို ဥပဒေသတွေကို မကြိုက်ဘူး ဆိုရင်ကော။ ကျွန်တော့်မှာ အင်အား အလုံအလောက်မရှိရင် ဒီနံရံတွေကို ဖြိုလို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ အင်အားမရှိတာကြောင့်နဲ့တော့ နံရံတွေကို ကျွန်တော် လက် မခံနိုင်ပါဘူး။ အမှန်တော့ နှစ် နှစ်လီ လေး ဆိုတာနဲ့ အတူတူလိုပါပဲ။ နံရံ ကြီးတွေကလည်း ကျွန်တော့်ကို မဖြစ်မနေ လက်ခံခိုင်းပြီး နှစ်သိမ့်မှုပေး နေတာမျိုး မဟုတ်လား။

ကျော်လွှားလို့မရတဲ့ နံရံကြီးတွေ ရှိနေပေမယ့် ကျိတ်မှိတ်ပြီး လက်ခံလိုက်ရမှာ စက်ဆုပ်စရာ ကောင်းလှတာမို့ ကျွန်တော်ကတော့ လက်မခံနိုင် ပါဘူး။ ဘယ်လိုမှ ငြင်းလို့မရတဲ့ ယုတ္တိနည်းတွေကို အားကိုးအားထားပြုပြီး စိတ်ပျက်စရာကောင်းအောင် အပ်ကြောင်းထပ်နေတဲ့ နိဂုံးကို ရောက်လာတဲ့ အတွက် လူကြီးမင်းမှာလည်း တာဝန်ရှိတယ်။ ဒါပေမဲ့ အပြစ်တင်လို့ မရ နိုင်ဘူးဆိုတာလည်း ရှင်းနေတယ်။ ဒီတော့ ဘယ်သူ့ကို အပြစ်တင်ရမှန်းလည်း မသိ၊ ကိုယ့်ဒေါသကို ဘယ်သူ့အပေါ် ပုံချလို့ ချရမှန်းလည်း မသိ၊ ဒီတော့ ချည့်နဲ့နေတဲ့ ဒေါသတွေနဲ့တစ်ယောက်တည်း အံကြိတ်ရင်း “ငါတော့ အလိမ် ခံလိုက်ရပြီ၊ ပြန်ရမယ့် ပိုက်ဆံကို လျှော့အမ်းခံလိုက်ရပြီ၊ လုပ်လွှတ်လိုက် ကြပြီ” လို့ စဉ်းစားရင်း ဖင့်တွဲလေးကန်ပြီး ပျင်းရိစရာကောင်းတဲ့ ဘဝစီး ကြောင်းထဲကို နှစ်မြှုပ်ပစ်လိုက်ရတော့မှာပေါ့။ အဲဒီလို ရှင်းရှင်းလင်းလင်း နားလည်လိုက်ကြတာ ပိုမကောင်းဘူးလား။ အရာရာဟာ ရှုပ်ထွေးပြီး ဘာ ဆိုတာ ပြောဖို့ ခက်လှပါတယ်။ မသေချာ မရေရာမှုတွေ၊ လှည့်စားမှုတွေ ဆိုတာ သိပေမယ့်လည်း လူကြီးမင်းကိုတော့ နာကျင်စေတာပဲ မဟုတ်လား။ မသိလေ ပိုပြီး နာကျင်လေပေါ့။

ဒီလိုဆိုရင်လည်း သွားကိုက်တဲ့အခါမှာ မင်းရဲ့ ပီတိကို တွေ့ လိမ့်မယ်လို့ လူကြီးမင်းက ငေါ့ပြီး ပြောချင်လို့လား။ ကျွန်တော် ပြောပြဦးမယ်။ သွား ကိုက်တဲ့အခါမှာလည်း ခံစားလို့ကောင်းတဲ့ပီတိ ရှိတယ်ဗျ။ တစ်ခါက ကျွန်တော် တစ်လလုံးလုံး သွားကိုက်ဖူးတယ်။ အဲဒီအခါမှာ သွားကိုက်တဲ့လူဟာ တိတ်တိတ်လေး ကြိတ်ပြီး ဒေါသဖြစ်နေပါလား။ ဒါပေမဲ့ မဖြစ်တတ်ကြဘူး။ ညည်းတွားကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ညည်းသံဟာ ရိုးရိုးညည်းသံတော့ မဟုတ်ဘူး။ သူတစ်ပါးကို မလိုမုန်းတီးနေတဲ့ ညည်းတွားသံတွေပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဝေဒနာကို သူ မကြိုက်ရင် ညည်းမှာ မဟုတ်ဘူး။ ဒါ ဟာ ကျွန်တော် ပေးချင်တဲ့ အကောင်းဆုံး ဥပမာပဲ။

ကျွန်တော် ရှင်းပြဦးမယ်။ ပထမတော့ သူတို့ ညည်းသံတွေဟာ ရေရေရာရာ မရှိပါဘူး။ လူကြီးမင်းရဲ့ အသိတရားကို အရှက်ခွဲနေတဲ့ အသံ တွေပါပဲ။ ဒါပေမဲ့ သွားကိုက်ဝေဒနာကတော့ လူကြီးမင်းဂရုမစိုက်တဲ့ သဘာဝဥပဒေသ တစ်ခုခုကို လိုက်နာနေရတယ်။ လူကြီးမင်းက ဝေဒနာကို ခံကိုခံရမယ့် လူတစ်ယောက်၊ ဒါပေမဲ့ သဘာဝဥပဒေကတော့ ဘာမှ မခံစား နိုင်ဘူး။ လူကြီးမင်းမှာ ရန်သူမရှိပေမယ့် ဝေဒနာက ရှိနေပြီ။ ဒီတော့ လူကြီး မင်းနဲ့အတူ လူကြီးမင်းရဲ့ သွားစိုက်ဆရာ နှစ်ဦးလုံးဟာ သွားကပြုသမျှ နုရ တော့မယ်။ လူကြီးမင်းရဲ့ သွားက တစ်ယောက်ယောက်ကို ချမ်းသာခွင့်ပေး ရင်တော့ သွားကိုက်ဝေဒနာ ပျောက်သွားမှာပဲ။ နို့မဟုတ်ရင်တော့ နောက် ထပ် သုံးလေးလ ဆက်ခံပေဦးတော့။ ဒါကို လက်မခံလို့ ကိုယ့်ကိုယ်ကိုယ် ဖီလာဆန့်ကျင်နေဦးမယ်ဆိုရင် လူကြီးမင်း လုပ်နိုင်တာ တစ်ခုပဲရှိပါတယ်။ နံရံကို ပြေးပြီး လက်သီးနဲ့ ထိုးလိုက်ဖို့ပါပဲ။ ဒီအပြင် လူကြီးမင်း လုပ်နိုင်တာ ဘာမှ မရှိတာ ကျိန်းသေပါတယ်။

ဒါကြောင့် ကျင့်ဝတ်သိက္ခာနဲ့ ပတ်သက်ပြီး အရှက်ခွဲခံလိုက်ရတဲ့ကိစ္စ တွေက ပီတိထူးတွေ ပေးနိုင်ပါတယ်။ သွားကိုက်ဝေဒနာ ခံနေရတဲ့ ဆယ့်ကိုး ရာစု ပညာတတ်တစ်ယောက်ရဲ့ ညည်းသံတွေကို လူကြီးမင်း နားထောင် ကြည့်ပါဦး။

ဒုတိယနေ့၊ တတိယနေ့ ရောက်လာတဲ့အခါမှာ သူ့ရဲ့ ညည်းသံတွေ ဟာ ပထမဦးဆုံးနေ့က ညည်းသံတွေနဲ့မတူတော့ပါဘူး။ သွားကိုက်လို့ ညည်းတာမျိုးနဲ့ မတူတော့ဘူး။ ငှက်ဆိုးထိုးသံလို ဖြစ်လာပါတယ်။ ဒီလို ညည်းနေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သူလည်း ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်နဲ့ အခြားသူတွေကို အရည်မရ အဖတ်မရ နှိပ်စက်နေတာ၊ ဒေါသထွက်အောင် တမင်လုပ်နေတာကိုတော့ သူကလွဲပြီး ဘယ်သူမှ မသိပါဘူး။ သူ့ညည်းသံဟာ ရိုးရိုးသားသား မဟုတ်မှန်း၊ သူ့ပတ်ဝန်းကျင်က လူတွေကို နားမချမ်းသာအောင် တမင် ဖန်တီးနေမှန်း၊ ဟန်လုပ် ညည်းသံတွေ မပါဘဲနဲ့ ရိုးရိုးသားသား ညည်းလို့ရမှန်း သူ သိပါတယ်။ သူ့ညည်းသံကို စိတ်မချမ်းမသာနဲ့ နားထောင်နေရတဲ့ ဘေးပတ်ဝန်းကျင်ကလူတွေ သဘော ပေါက်နေတယ်ဆိုတာလည်း သူ ကောင်းကောင်း သိပါတယ်။

ဒါကြောင့် ဒီလို သိက္ခာကျ အရှက်ရစေတဲ့ ကိစ္စတွေထဲမှာ ပီတိထူး တွေ ရှိနေတယ်လို့ ပြောခဲ့တာပေါ့။ ဘာကြောင့်လဲဆိုတော့ သွားကိုက်တဲ့ သူဟာ ပါးစပ်က ထုတ်မပြောပေမယ့် “ခင်ဗျားတို့ စိတ်ဆင်းရဲနေပြီ မဟုတ်လား။ ခင်ဗျားတို့အသည်းတွေကို ပေါက်ပြဲသွားအောင် ကျုပ် လုပ်နေတာလေ။ ခင်ဗျားတို့ အိပ်လို့မရတော့ဘူး မဟုတ်လား။ ကောင်းတယ်။ တစ်ညလုံး ငုတ်တုတ်ထိုင်နေကြ။ မိနစ်တိုင်း မိနစ်တိုင်း ကျုပ်ရဲ့ ဝေဒနာကို ခံစားကြပေ တော့။ ဦးဆုံးနေ့ကတော့ ခင်ဗျားတို့ကို သူရဲကောင်းတစ်ယောက်လို ကျုပ် လုပ်ပြနေတာပဲ။ ဒါပေမဲ့ အခုမဟုတ်တော့ဘူး မဟုတ်လား။ ကျုပ် အကြောင်း ကို ခင်ဗျားတို့ သိသွားပြီ မဟုတ်လား။ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ သူရဲဘောကြောင်ပြီး ညည်းတဲ့ ညည်းသံတွေ နားထောင်ရတာ ခင်ဗျား စိတ်ဆင်းရဲနေပြီ မဟုတ်လား။ ကောင်းတယ်။ အခုတစ်ခါဟန်လုပ်ပြီး ကျုပ် ညည်းပြဦးမယ်။ ခင်ဗျား ဘယ်လို ခံစားရသလဲဆိုတာ ပြောစမ်းပါဦး” လို့ ပြောနေသလိုပါပဲ။

ကျွန်တော် ဆိုလိုတာကို လူကြီးမင်း ခုထိ နားမလည်သေးဘူးထင် တယ်။ ဒါဆိုရင်တော့ သိမ်မွေ့ နက်နဲတဲ့ ပီတိထူးတွေကို နားလည်ဖို့ကျွန်တော် တို့ရဲ့ အသိဉာဏ်ကို ပိုပြီးမြှင့်မှ ဖြစ်တော့မှာပါပဲ။ ဘာလဲ… လူကြီးမင်းအတွက် ရယ်စရာဖြစ်သွားလို့လား။ ဒါဆိုရင်တော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော့် ဟာသတွေက ရယ်စရာမကောင်းပါဘူးဗျာ။ ကျွန်တော့်ဟာသတွေကို ကြည့်ရင် ကျွန်တော့်မှာ လုံခြုံမှုမရှိဘူး ဆိုတာ ဖော်ပြနေပါတယ်။ ဒါလည်း ကျွန်တော့် ကိုယ် ကျွန်တော် မလေးစားလို့ ဖြစ်မှာပါ။ ဒါပေမဲ့ အာရုံခံစားမှု သိပ်ပါးလွှာ လွန်းတဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဘယ်လို လေးစားနိုင်မှာလဲလေ။

ကျင့်ဝတ်သိက္ခာမရှိတဲ့ ခံစားမှုတွေထဲမှာ ပျော်ရွှင်စရာပီတိကို ရှာဖွေနေတဲ့ လူတစ်ယောက်အဖို့ သူ့ကိုယ်သူ ဘယ်လိုလေးစားနိုင်မှာလဲ။ နောင်တရတဲ့ သဘောနဲ့ ဟန်ဆောင်ပြီး ပြောနေတာ မဟုတ်ပါဘူး။ “ကျွန်တော့်ကို ခွင့်လွှတ် ပါ အဖေ၊ ကျွန်တော် နောက်တစ်ခါ မလုပ်တော့ပါဘူး” လို့ ဘယ်တော့မှ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ အမှန်တော့ ကျွန်တော် မပြောနိုင်တာ မဟုတ်ပါဘူး။ ပြောလွယ်လွန်းလို့ မပြောတော့တာပါ။ ဒီလိုနည်းနဲ့ပဲ ကိစ္စ တော်တော်များများမှာ ဒုက္ခရောက်ပေါင်းလည်း များလှပါပြီ။

အိပ်မက်နဲ့ အတွေးထဲမှာတောင် မလုပ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခုအတွက် ကျွန်တော့်ကိုယ် ကျွန်တော် သေသေချာချာ အပြစ်တင်ဖူးပါတယ်။ ဒါဟာ တော်တော် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပါတယ်။ ဒီလိုအခြေအနေ မျိုး လူကြီးမင်း ဘယ်မှာ ကြုံဖူးလို့လဲ။ ဒါတောင်မှ ကျွန်တော်ဟာ နင့်နင့်နဲနဲ ခံစားလိုက်ရပြီး မျက်ရည်လည်ရွဲနဲ့ ကျွန်တော် ကျူးလွန်ခဲ့တာကို နောင်တ ရနေမိတယ်။ အမှန်တော့ တမင်ရည်ရွယ်ပြီး ဘာမှမလုပ်ခဲ့ပေမယ့် ကျွန်တော့် ကိုယ်ကျွန်တော် လှည့်စားနေမှန်း သိပါတယ်။ အဲဒီအချိန် ကျွန်တော့်ရင်ထဲ မှာလည်း အော်ဂလီဆန်တဲ့ မသတီစရာ ဝေဒနာတစ်မျိုးကို ခံစားနေရပါတယ်။ ဒီကိစ္စမှာ သဘာဝဥပဒေတွေ ကိုတောင် ကျွန်တော် အပြစ်မတင်နိုင်ပါဘူး။ အဲဒီ ဥပဒေတွေကတော့ ကျွန်တော့်ဘဝတစ်လျှောက်လုံး နှိပ်စက်နေတာပါပဲ။ အဲဒီအချိန်မှာ စက်ဆုပ်စရာ ဖြစ်ခဲ့သလို ပြန်သတိရ ရမှာလည်း စက်ဆုပ်ဖွယ် ပါပဲလေ။ ကျွန်တော် ကျူးလွန်ခဲ့တဲ့ အရာအားလုံးဟာ ကျွန်တော့်ရဲ့ လိမ်ညာ မှုတွေ၊ ခံစားချက်ပေါက်ကွဲမှုတွေ၊ ဟန်ဆောင်မှုတွေပါ။ ဒီလို အမှန်အတိုင်း သဘောပေါက်ဖို့လည်း ကျွန်တော့်အတွက် တစ်မိနစ် နှစ်မိနစ်လေးပဲကြာပါ တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ကိုယ်ကျွန်တော် ဒေါသထွက်မိပြန်တယ်။ ဒီတော့ လူကြီးမင်းက “မင်းကိုယ်မင်း ဒီလို ဒုက္ခခံ ညှဉ်းပန်းနှိပ်စက်နေတာ ဘာကြောင့်လဲ” လို့ မေးချင် မေးနိုင်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော် ဖြေပါ့မယ်။ ကျွန်တော် ပျင်းလို့ပါ။ လက် ပိုက်ပြီး ထိုင်နေရတာ ပျင်းစရာကောင်းလွန်းလို့ ပရိယာယ် လှည့်ကွက် လေးတွေ လုပ်ကြည့်တာပါ။ တကယ်ပြောတာပါ။ မယုံရင် လူကြီးမင်း ကိုယ် လူကြီးမင်း စောင့်ကြည့်ပါလား။ ဘယ်လိုဖြစ်လာမလဲဆိုတာ သိလိမ့် မယ်။ ဒါကြောင့် ကျွန်တော့်ဇာတ်ထုပ်တွေကို ကျွန်တော် ဖန်တီးပြီး စွန့်စား ခန်း အမျိုးမျိုးထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ဒုက္ခခံနေတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အနိမ့်ဆုံးတော့ အသက်ရှင်ဖို့ လိုအပ်ချက်အတွက် စိတ်ကျေနပ်မှု လေးတော့ ရတာပေါ့။ သူများ စော်ကားခံလိုက်ရတဲ့ ကိစ္စမျိုး ကျွန်တော့်မှာ ဘာမှမရှိဘူးဆိုတာ သိပေမယ့် ကိုယ့်ကို သူများ ဘယ်နှကြိမ် အစော်ကား ခံလိုက်ရပြီလို့ ဟန်ဆောင်ပြီး အခိုင်အမာ ယုံကြည်လိုက်တယ်။ ကျွန်တော့် စိတ်ကလည်း အဲဒီလို မဟုတ်တာလုပ်ဖို့ဆိုရင် သိပ်ကို ညွှတ်လွယ်တယ်။ ဒါကြောင့် ထိတ်လန့်စရာ ကောင်းလောက်အောင် အစော်ကားခံလိုက်ရတဲ့ ဝေဒနာကို တကယ်ပဲခံစားလိုက်ရပြီး နောက်ဆုံးမှာ အခြေအနေကို ကျွန်တော် ကိုယ်တိုင် မထိန်းနိုင်အောင် ဖြစ်သွားတတ်ပါတယ်။ တစ်ခါ နှစ်ခါလောက်တော့ ကျွန်တော့်ကိုယ် ကျွန်တော် ချစ်ကြည့်ဖူးပါတယ်။ ကျွန်တော့်အသည်းနှလုံးရဲ့ အနက်ရှိုင်းဆုံး နေရာတစ်ခုကတော့ ကျွန်တော့်ခံစားချက်ကို ယုံကြည်မှုမရှိတဲ့အပြင် ရယ်ချင်စိတ်တောင် ပေါက်မိတယ်။ ဘာပဲပြောပြော ဒါလည်း ဝေဒနာတစ်ခုပါပဲ။ ဒါပေမဲ့ မနာလိုဝန်တိုမှု တွေ၊ ရုန့်ရင်းကြမ်းတမ်းမှုတွေနဲ့ တန်ဆာဆင်ထားတဲ့ အရင်းခံဝေဒနာတစ်ခု ပေါ့။

လူ့အသိစိတ်ရဲ့ သေချာတဲ့ ရလဒ်ကတော့ ငြီးငွေကုန်ခန်းခြင်း၊ ဖင့်တွဲ လေးကန်ခြင်းဆိုတာ လူကြီးမင်း သိမှာပါ။ တိတိကျကျပြောရရင် လက်ပိုက် ပြီး ထိုင်နေရတာမျိုးပါ။ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော် လေးလေးနက်နက် ထပ်ပြောပါဦးမယ်။ လက်တွေ့ သမားတွေ၊ အာရုံထူတဲ့ လူတွေဟာ သူတို့မှာ အကန့်သတ်တွေ ရှိတာကြောင့် တိတိကျကျ လုပ်ကိုင် တတ်ကြပါတယ်။ သူတို့လုပ်ရမယ့် ကိစ္စအတွက် ဘာမှအငြင်းပွားဖို့ မလိုတဲ့ အကြောင်းပြချက်တွေက ရှိပြီးသားပါ။ ဒါကြောင့်လည်း သူတို့ဟာ ယုံကြည်မှု အပြည့် ရှိကြပါတယ်။

သူတို့မှာ ပဓာန အကြောင်းတရားဆိုတာ မရှိဘူး။ လတ်တလော အကြောင်းပြချက်တွေပဲ ရှိတယ်။ သူတို့ရဲ့ အပြုအမူတွေအတွက် စိတ်စနိုး စနောင့် လုံးဝမဖြစ်ဘူး။ လူကြီးမင်းလည်း သိမှာပါ။ တစ်ခုခုလုပ်တော့မယ် ဆိုရင် သို့လောသို့လော ဒွိဟမဖြစ်ဘဲ အပြည့်အဝကျေနပ်မှု ရှိရလိမ့်မယ်လေ။

ဒါပေမဲ့ ကျွန်တော့်အဖို့ကတော့ ဘယ်လိုမှ မသေချာနိုင်ပါဘူး။ ကျွန်တော့်ကိစ္စမှာ ဆင်ဆင်ခြင်ခြင်နဲ့ အဓိကအကြောင်းတရားကို ရှာကြည့်တဲ့ အခါ အဓိကအကြောင်းတရားကို တွေ့ ရပေမယ့် အဲဒီလိုပဲ မှန်နေတဲ့ အဓိက လို့ ထင်ရတဲ့ အကြောင်းတရားတစ်ခုက ပေါ်လာပြန်ရော။ ဒီလို တစ်ခုပေါ် တစ်ခု ထပ်ဆင့်ရင်းနဲ့ပဲ သံသရာလည်နေတော့တာပါပဲ။ ဒီလိုဖြစ်နေတာကိုက အသိတရားနဲ့ အတွေးရဲ့ အနှစ်သာရဖြစ်သလို နောက်ထပ် သဘာဝဥပဒေသ တစ်ခုလည်း ဖြစ်မှာပါပဲ။

ကျွန်တော် ပြောခဲ့တဲ့ လက်စားချေတဲ့ အကြောင်းကို လူကြီးမင်း သတိရသေးလား။ (ရမှာ မဟုတ်တော့ပါဘူး) လူတစ်ယောက်ဟာ လက်စား ချေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်တာ တရားတယ်လို့ သူ ထင်လို့ ပါပဲ။ ဒါကြောင့် သူ့ရဲ့ အခြေခံအကြောင်းတရားကို ရှာတွေ့ခဲ့တယ်။ အဲဒါ ကတော့ သူ့ရဲ့ တရားမျှတခြင်းပဲ။ ဒါကြောင့်လည်း သူက လှလှပပကြီး လက်စားချေလိုက်တာပဲ။

ကျွန်တော့်အတွက်တော့ လက်စားချေတဲ့ကိစ္စမှာ တရားမျှတခြင်းတို့၊ မြင့်မြတ်ခြင်းတို့ ဆိုတာတွေကို ရှာမတွေ့ဘူး ဖြစ်နေ တယ်။ လက်စားချေချင်လို့ ကျွန်တော်က ချေလိုက်တယ် ဆိုရင်တောင် မုန်းတီးမှုနဲ့ အာဃာတကြောင့်ပဲ ဖြစ်မှာပဲ။ ဒေါသဆိုတာ တွန့်ဆုတ်နေတဲ့ ကိစ္စတွေ အားလုံးကို ကျော်လွှားသွားတာပါပဲ။ ပြီးတော့ အဓိက အကြောင်း တရား နေရာမှာလည်း တိတိကျကျ နေရာဝင်ယူလို့ရသေးတယ်။ ဘာကြောင့် လဲဆိုတော့ ဒေါသကိုယ်၌က အကြောင်းတရားမှ မရှိလို့ပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ ဒေါသတောင် မရှိပါဘူးဆိုရင် ဘာများတတ်နိုင်တော့မှာလဲ (ဒီအချက်ဟာ ကျွန်တော် စပြောခဲ့တဲ့အချက်ပဲ။ လူကြီးမင်း မှတ်မိသေးလား) ကျွန်တော့် အတွက်တော့ ဒေါသဆိုတာ အခြားဓာတုပစ္စည်းတွေလိုပဲ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ သဘာဝဥပဒေတွေကြောင့် တစ်စစီ ပြိုကွဲသွားတာပါပဲ။ ကျွန်တော် စဉ်းစားမိသလောက် ဆိုရင်တော့ ဒေါသပျောက်ကွယ် သွားတဲ့အခါ ဒေါသရဲ့အကြောင်းတရားကလည်း အငွေ့ပျံသွားတယ် ထင်ပါ ရဲ့။ အဓိကလက်သည်ကို ရှာမတွေ့တော့ဘူး။ ဒီတော့ စော်ကားတာဟာ လည်း စော်ကားလိုက်တာကလွဲလို့ ဘာမှ ဖြစ်မလာတော့ဘူး။ သွားကိုက် သလိုပေါ့၊ ကံကြမ္မာရဲ့ ရိုက်ချက်တစ်ခုပါပဲ။ ဘယ်သူ့မှာမှလည်း တာဝန်မရှိဘူး။

ဒီတော့ မကောင်းဆိုးဝါးရဲ့ အခြေခံအကြောင်းတရားကို ရှာလို့မရ နိုင်တော့တဲ့အတွက် ကျွန်တော် လုပ်နိုင်တာကတော့ နံရံကြီးဆီ ပြေးပြီး နောက်ထပ်တစ်ချက် လက်သီးနဲ့ ထိုးလိုက်ပြီး ဘာကိုမှဂရုမစိုက်ဘဲ နေလိုက်ရုံ ရှိတော့တာပဲ။ ပြီးတော့ အသိစိတ်ကို ဘေးဖယ်ပြီး ခဏလေးဖြစ်ဖြစ် အခြေခံအကြောင်းတရားတွေ ကို လုံးဝ မစဉ်းစားဘဲ အာရုံတွေရဲ့ ခေါ်ရာ နောက်ကို လူကြီးမင်း မျက်ကန်းလို လိုက်သွားကြည့်လိုက်စမ်းပါ။

ဒါမှမဟုတ် လက်ပိုက်ထိုင်နေရမှာ ရှောင်လွှဲဖို့အတွက် ကိုယ့်ကိုယ် ကိုယ် ချစ်ဖို့ ကြိုးစားချင် ကြိုးစားကြည့်ပါ။ ဒါမှမဟုတ် မုန်းဖို့ ကြိုးစားချင် ကြိုးစားကြည့်လိုက်စမ်းပါ။ ကျွန်တော် ထင်တယ်၊ နှစ်ဆယ့်လေးနာရီ မပြည့်ခင်မှာပဲ လူကြီးမင်းဟာ ကိုယ့်ကိုယ်ကိုယ် ရည်ရွယ်ချက်နဲ့ လှည့်စားနေတာ ပါလားဆိုပြီး စက်ဆုပ်သွားလိမ့်မယ်။ ဒီနောက်မှာ အရာအားလုံးဟာ ဆပ်ပြာပူဖောင်းတစ်ခုလို ပေါက်ကွဲသွားပြီး လေးကန်ဖင့်တွဲနေတဲ့ ဘဝစီး ကြောင်းထဲမှာ မျောရင်း အဆုံးသတ်သွားလိမ့်မယ်။ ဒါကြောင့် လူကြီးမင်း ခင်ဗျာ... ကျွန်တော်ဟာ အသိဉာဏ်ရှိတဲ့ လူတစ်ယောက်လို့ စဉ်းစားမိတဲ့ တစ်ခုတည်းသော အကြောင်းကတော့ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ဘယ်တုန်းကမှ တစ်ခုခုကို မစနိုင်သလို အဆုံးလည်း မသတ်နိုင်ခဲ့ခြင်းပါပဲ။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ လေအိုးတစ်ယောက်ပါ၊ ဟောင်ဖွာဟောင်ဖွာ လုပ်နေတဲ့ လူတစ်ယောက်ပါ။ ပုလင်းလွတ်တစ်လုံးကနေ အခြားပုလင်းလွတ် တစ်လုံးထဲ ဖြည့်ပေးလိုက်သလိုပါပဲ။ ဒါဟာ အသိဉာဏ်ရှိတဲ့ လူတိုင်းရဲ့ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာလို့ဆိုရင်တော့ ကျွန်တော် ဘာတတ်နိုင်တော့မှာ လဲ။

ပျင်းလို့ ဘာမှမလုပ်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လို လေးစားနိုင်မှာ လဲ ဟုတ်လား။ လေးစားတာပေါ့ဗျ။ ဘာကြောင့်လဲဆိုတော့ အနိမ့်ဆုံး ကျွန်တော်ဟာ ပျင်းဖို့တော့ တတ်နိုင်တယ်လေ။ ဒါဟာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ လက္ခဏာတစ်ခု ကျွန်တော့်မှာ ရှိနေတာပဲ။ ကျွန်တော့်ကို ဘယ်သူလဲ မေးရင် လူတွေက ပြောကြလိမ့်မယ်။ လူပျင်းလို့။ ကြားရတာ ဘယ်လောက် ဝမ်းသာစရာကောင်းသလဲ။ ဒါဟာ ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း သရုပ်ခွဲ နိုင်တဲ့ သဘောပဲ။ ကျွန်တော်နဲ့ ပတ်သက်ပြီး ပြောစရာ အကြောင်းတစ်ခု ရှိနေပြီဆိုတဲ့ သဘောပဲ။ လူပျင်းဆိုတာ ကျွန်တော့်ရဲ့ ဘဝပေးတာဝန်၊ ကျွန်တော့်ရဲ့ ပရိယေသန ဝမ်းကျောင်းတဲ့ လုပ်ငန်းလေ။ ဒီအခွင့်အရေးအရ ကျွန်တော်ဟာ အကောင်းဆုံး ကလပ်အသင်းတစ်ခုမှာ အသင်းဝင်ဖြစ်သင့်ပြီး ကျွန်တော့်အလုပ်က အချိန်ပြည့် ကျွန်တော့်ကိုယ်ကျွန်တော် လေးစားနေဖို့ပါပဲ။ အမှန်ပြောတာပါ။ လူကြီးမင်း မရယ်ပါနဲ့။ တစ်ခါက လူကြီးလူကောင်း တစ်ယောက်နဲ့ ကျွန်တော် ဆုံခဲ့ဖူးတယ်။ ဒီလူက သူ့ဘဝတစ်လျှောက်လုံး အနုပညာကို ခံစားနားလည်နိုင်တဲ့ လူတစ်ယောက်ဆိုပြီး သူ့ကိုယ်သူ ဂုဏ် ယူတယ်။ နည်းနည်းလေးမှ သံသယမဖြစ်ဘူး။ နောက် သူဟာ အားရကျေနပ် စွာနဲ့ သေသွားတယ်။ ဒီလူ လုံးဝ မှန်တယ်။

ကျွန်တော်လည်း ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းကို ရွေးမယ် ဆိုရင် လူပျင်းလုပ်စားဖို့ ရွေးမှာပဲ။ ဒါပေမဲ့ ရိုးရိုး လူပျင်းတော့ မဟုတ်ဘူး ပေါ့ဗျာ။ အလှအပတွေ၊ မြင့်မြတ်မှုတွေကို ထောက်ခံတဲ့ လူပျင်းလေ။ ဘယ် လိုလဲ။ လူကြီးမင်းကော ကြိုက်ရဲ့လား။ ကျွန်တော်တော့ မျှော်လင့်နေတာ ကြာပြီ။ အခု အသက်လေးဆယ်မှာတော့ အလှအပတရားတွေ၊ မြင့်မြတ်မှုတွေက လည်ချောင်းထဲ ဆို့နင့်နေသေး တာပေါ့လေ။ နောင်ဆိုရင်တော့ တစ်မျိုးပြောင်းသွားမှာပါ။ အဲဒီအခါကျတော့လည်း ကျွန်တော်နဲ့ လိုက်ဖက် မယ့် အလုပ်တစ်ခုခု တွေ့မှာပေါ့။ ဥပမာ မြင့်မြတ်မှုတွေ၊ လှပမှုတွေအတွက် ရည်စူးပြီးတော့ အရက်သောက်တာမျိုးပေါ့။

သောက်တိုင်း သောက်တိုင်းလည်း မျက်ရည်တွေဟာ ကျွန်တော့်ပါး နှစ်ဖက်ပေါ်က တလိမ့်လိမ့်နဲ့ စီးပြီး အရက်ခွက်ထဲကို ပြုတ်ကျလို့ပေါ့။ပြီး တော့မှ ကျွန်တော်က ဖန်ခွက်ကို မြှောက်လိုက်ပြီး “မြင့်မြတ်မှုနဲ့ အလှအပ တွေအတွက်ပါ ခင်ဗျာ”လို့ အော်ပြီး မော့ချလိုက်၊ စုတ်ပြတ်ညစ်ပတ်နေတဲ့ အမျိုက်တွေထဲကနေ မြင့်မြတ်မှုနဲ့ အလှအပတွေ ရှာဖွေပြီး နေရောင်အောက် မှာ ကြဲပစ်လိုက်နဲ့ပေါ့။ ပန်းချီဆရာတစ်ယောက်က ပန်းချီကားတစ်ချပ် ဆွဲ တယ်ဆိုပါစို့။ တစ်ချိန်တည်းမှာပဲ သူ့ကျန်းမာရေးအတွက် ကျွန်တော်က အရက်သောက်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း မြင့်မြတ်မှုနဲ့ အလှအပကို ချစ်တဲ့သူပဲလေ။ တစ်ခါ စာရေးဆရာတစ်ယောက်က လူကြိုက် များတဲ့ စာအုပ်တစ်အုပ်ကို ရေးတယ်ဆိုရင်လည်း သူ့အတွက် သောက်ရဦး မှာပဲ။ ကျွန်တော်လည်း အလှအပနဲ့ မြင့်မြတ်မှုတွေဘက်က ရပ်တည်နေ တဲ့လူ မဟုတ်လား။ ဒါကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် လေးစားမှုကို တောင်းဆိုရမယ်။ ကဖျက်ယဖျက် လုပ်တဲ့လူကို တရားစွဲရမယ်။ ပြီးတော့ မျက်စိထဲ မြင်ကြည့်စမ်းပါဦး။ ဗိုက်ကြီးက စူထွက်လာ၊ မေးဖျားကြီးက နှစ်ထပ်ဖြစ်၊ နှာခေါင်းကြီးက စူပွပြီး နီရဲလာနဲ့ လူတွေက ကျွန်တော့်ကို ကြည့် ပြီးတော့ -

“ဟေး... ဟိုမှာကြည့်စမ်း... လူ့အဖိုးတန်လေးဟဲ့၊ အဲ့ဒါမှ တကယ့်လူ အစစ်၊ လူမှလူ” လို့ ပြောကြမှာပေါ့။ ဘယ်လောက် ကြည်နူးစရာကောင်း သလဲ။ ဒီလိုနဲ့ အပူအပင်မရှိ နေထိုင်သွားပြီး ဂုဏ်ကျက်သရေအပြည့်နဲ့ သေသွားပေါ့။ ကဲ… ဘယ်လိုလဲ၊ လူကြီးမင်း သဘောကျတယ် မဟုတ်လား။ မျှော်လင့်ချက် အကမ်းအလှမ်း တွင်းဆုံးကျနေတဲ့ ခေတ်ကာလကြီးထဲမှာ ကိုယ်နဲ့ပတ်သက်ပြီး ဒီလို မှတ်ချက်တွေ ကြားရတာ ဘယ်လောက်ဝမ်းသာဖို့ ကောင်းလိုက်သလဲ။

လူဆိုတာ သူ့ရဲ့အကျိုးအမြတ် ဘယ်မှာရှိတယ်ဆိုတာ မသိသေးလို့ ညစ်ပတ် တဲ့ အကျင့်အကြံတွေကို လုပ်တတ်ကြတာ။ အမှန်ကို သဘောပေါက်သွားရင် ဝက်လိုစုတ်ပဲ့တဲ့ အမူအကျင့်တွေ ချက်ချင်းရပ်လိုက်ပြီး မြင့်မြတ်စာနာတတ် လာမှာပါလို့ ဘယ်သူများ စပြောလဲတော့ မသိဘူး။ ပြီးတော့ ဆက်ပြောကြ သေးတယ်။ လူဆိုတာ ကိုယ့်ရဲ့ အကျိုးအမြတ်နဲ့ ဆန့်ကျင်ပြီး မစဉ်းစားတဲ့ အတွက် မြင့်မြတ်တဲ့ ကိစ္စတွေကိုပဲ လုပ်လာကြမှာပါတဲ့။

အိုး.. ဟိုး... ဘာအပြစ်မှမရှိတဲ့ ကလေးလေးတစ်ယောက်လိုပါပဲ လား။ ဒါတွေဟာ ရွှေရောင်အိပ်မက်တွေပါ။ အတိတ်နှစ်ပေါင်းများစွာထဲမှာ ဘယ်အချိန်လောက်ကစပြီး လူဟာ အကျိုးအမြတ်အတွက်သက်သက် ပြုမူ ခဲ့ဖူးသလဲ။ အကျိုးအမြတ်ကို သေသေချာချာ သိပါလျက်၊ မြင်ပါလျက်နဲ့ ဆန့်ကျင်ဘက်လမ်းဆီ ပြေးထွက်သွားကြတဲ့ အဖြစ်အပျက် သန်းပေါင်းများစွာ ရှိနေတာကိုရော လူကြီးမင်း ဘယ်လိုလုပ်မလဲ။

သူတို့ ဒီလို ရွေးချယ်ခဲ့ကြတာ သူတို့ကို ဘယ်သူမှ တိုက်တွန်းလို့ မဟုတ်ဘူး။ လုံခြုံပေမယ့် ရိုးအီနေတဲ့ လမ်းအိုလမ်းဟောင်းကြီးကို မလျှောက်ချင်တာနဲ့ပဲ မတူတဲ့ အခြားလမ်းတစ်လမ်းကို ရွေးချယ်လိုက်ကြတာပါ။ အဲဒီလမ်းဟာ ကျိုးကြောင်းမဆီလျော်တဲ့ လမ်းပါပဲ။ ဒါပေမဲ့ သူတို့တွေဟာ ခေါင်းမာမာနဲ့ အမှောင်ထဲမှာ တိုးဝင်လျှောက်နေကြသူတွေပဲ။ ဒီတော့ သူတို့ရဲ့ ဇွတ်တရွတ်နိုင်မှု၊ ခေါင်းမာမှုဟာ သူတို့ရဲ့ အကျိုးအမြတ်ထက် ပိုပြီး ကြီးမားနေတယ်ဆိုတဲ့ သဘောပဲပေါ့။

အကျိုးအမြတ်ဆိုတာ ဘာလဲ။ ဘာအကျိုးအမြတ်လဲ။ လူသားတစ် ယောက်ရဲ့ အကျိုးအမြတ်ထဲမှာ ဘာတွေ ပါဝင်နေသလဲလို့ လူကြီးမင်း သေသေချာချာ ပြောနိုင်လို့လား။ တစ်ခါတစ်ခါ လူသားရဲ့ အကျိုးအမြတ် ထဲမှာ အကျိုးဖြစ်ထွန်းနိုင်တာထက် အန္တရာယ်ပေးနိုင်တဲ့ ကိစ္စတွေကိုလည်း အာသာငမ်းငမ်းနဲ့ တောင်းဆိုတတ်ကြတယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲ။ အဲဒီလိုဆိုရင်တော့ လူကြီးမင်း လက်ခံထားတဲ့ အခြေခံသဘောတရားတွေ အမှိုက်ဖြစ်ကုန်ပြီပေါ့။ အဲဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ။ လူကြီးမင်း စဉ်းစား ကြည့်ပါဦး။ ဒါမှမဟုတ် ရယ်ချင်လည်း ရယ်ပေါ့။

ကျွန်တော် မေးတာလေးတွေကိုတော့ ဖြေပါဦး။ လူရဲ့ အကျိုးအမြတ် ဟာ တိကျတဲ့ စံချိန်စံညွှန်း ရှိသလား။ ဘယ်စံနဲ့မှ မကိုက်တဲ့ အကျိုးအမြတ် ဆိုတာကော မရှိတော့ဘူးလား။ ကျွန်တော် သိသလောက်ဆိုရင်တော့ လူကြီး မင်းရဲ့ အကျိုးအမြတ်ဆိုတာ ဥစ္စာပစ္စည်းကြွယ်ဝမှု၊ လွတ်လပ်မှု၊ လုံခြုံမှု ဆိုတာတွေပဲ မဟုတ်လား။ ဒါတွေဟာ စီးပွားရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ ဖော်မြူ လာတွေထဲက ထုတ်ယူထားတဲ့ အကျိုးအမြတ်တွေပဲ မဟုတ်လား။ ဒီအကျိုး အမြတ်တွေကို ဥပက္ခာပြုတဲ့လူဟာ အရူးပေါ့။ အံ့သြဖို့ကောင်းတာက လူမှုရေး၊ စီးပွားရေး ပညာရှင်ကြီးတွေဟာ လူသားရဲ့ အကျိုးအမြတ်တွေကို စာရင်းဇယားလုပ်တဲ့အခါ ကျွန်တော်ပြောတဲ့ အကျိုးအမြတ်ကို ထည့်တွက်ဖို့ ခါးခါးသီးသီး ငြင်းခဲ့ကြတာပဲ။ ဒါလေးများ ထည့်တွက်လိုက် ပြီးရောပေါ့လို့ ပြောလို့တော့ ရတယ်။ ခက်နေတာက ကျွန်တော်ပြောတဲ့ ထူးခြားတဲ့ အကျိုး အမြတ်ဟာ သူတို့ရဲ့ စံချိန်စံညွှန်းနဲ့ ဘယ်နေရာမှမကိုက် ဖြစ်နေတာပဲ။

ကျွန်တော့်မှာ မိတ်ဆွေတစ်ယောက်ရှိတယ်။ ပြောမယ်ဆိုရင် သူဟာ လူကြီးမင်းရဲ့ မိတ်ဆွေလို့ ပြောနိုင်သလို ဘယ်သူရဲ့ မိတ်ဆွေမှ မဟုတ်ဘူး လို့လည်း ပြောလို့ရတယ်။ သူဟာ တစ်ခုခုကို တာဝန်ယူလုပ်တော့မယ်ဆိုရင် ဘာကြောင့် သူ ဒီလိုလုပ်ရတယ်ဆိုတာကို အကျိုးအကြောင်းတွေနဲ့ တခမ်း တနား ရှင်းပြတတ်တယ်။ ဒီထက်မက တက်တက်ကြွကြွ အားပါးတရနဲ့ မှန်ကန်တဲ့အကျိုးအမြတ်ကို သဘောမပေါက်ဘဲ မျက်တောင်တစ်ဆုံးလောက် ကြည့်တတ်တဲ့ အရူးတွေကို ကြိမ်းမောင်းလိုက်သေးတယ်။ ဒါပေမဲ့ ဆယ့်ငါး မိနစ်လောက်လည်းကြာရော အပ ပယောဂ ဘာတစ်ခုမှမရှိပါဘဲ သူ့ရင်ထဲ က အင်အားကြီးတဲ့ အရာတစ်ခုကြောင့် စောစောက သူ ပြောနေတဲ့ အကျိုး အကြောင်းတွေ၊ အကျိုးအမြတ်တွေနဲ့ တက်တက်စင်လွဲနေတဲ့ ကိစ္စတစ်ခုကို လုပ်လိုက်တော့တာပါပဲ။

လူကြီးမင်းကို ကျွန်တော် သတိပေးချင်တာက ကျွန်တော့်မိတ်ဆွေ ဟာ မတူတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေတဲ့သူမို့ ပုဂ္ဂလိက လူသားတစ် ယောက် အနေနဲ့ သူ့ကို အပြစ်တင်ဖို့လည်း ခပ်ခက်ခက်ပါပဲ။

ဒီတော့ လူတိုင်းနီးပါးလောက်မှာ သူတို့ တန်ဖိုးထားနေတဲ့ အကျိုး အမြတ်တွေထက် ပိုတဲ့ အကျိုးအမြတ်တစ်ခု ရှိနေသလိုပါပဲ။ အဲ့ဒီ အကျိုး အမြတ်ဟာ ကျိုးကြောင်းဆီလျော်မှု လုံးဝမရှိပေမယ့် အခြား အကျိုးအမြတ်တွေထက် အရေးပါတဲ့ အကျိုးအမြတ်တစ်ခု၊ ပညာရှိတွေ ထည့်မတွက်တဲ့ အကျိုးအမြတ် တစ်ခုပါပဲ။ အဲ့ဒီအရာကို ရဖို့ဆိုရင် ကျိုးကြောင်းဆီလျော်မှု တွေ၊ ဥပဒေတွေ၊ ဂုဏ်သိက္ခာတွေကို ဖောက်ဖျက်လိုက်ဖို့လည်း ဝန်မလေး ကြပါဘူး။

“ဒါလည်း အကျိုးအမြတ်ပဲလေ၊ အတူတူပဲပေါ့” လို့ လူကြီးမင်းက ငြင်းမယ်ဆိုလည်း ငြင်းပါ။ ရှင်းရှင်းလင်းလင်းဖြစ်အောင် ကျွန်တော် ပြောပါဦးမယ်။ ကျွန်တော်ပြောတဲ့ အကျိုးအမြတ်ဆိုတာ ပညာရှိတွေရဲ့ စံချိန်စံညွှန်း နဲ့ဘယ်လိုမှ အံမဝင် ခွင်မကျတဲ့အပြင် သူတို့ရဲ့ သီအိုရီတွေ၊ စနစ်တွေကိုတောင် ကသောင်းကနင်း ဖြစ်သွားစေတဲ့ အကျိုးအမြတ်ပါပဲ။ အမှန်တော့ အရာရာတိုင်း ကမောက်ကမ ဖြစ်သွားတာပါ။

ဒီအကျိုးအမြတ်ကို ဘာလဲလို့ မသတ်မှတ်ခင် ရဲရဲဝံ့ဝံ့ ကျွန်တော် ပြောနိုင်တာက လူ့အကျိုးအမြတ် ဆိုတာ ဘာတွေ ဖြစ်တယ်၊ ဘာကြောင့် ရသင့်တယ်လို့ ရှင်းပြထားတဲ့ သီအိုရီတွေဆိုတာ အရည်မရ၊ အဖတ်မရတဲ့ ယုတ္တိဗေဒ လေ့ကျင့်ခန်းတွေပါပဲ။ ကိုယ့်အကျိုးအမြတ်ရဖို့ ဒီသီအိုရီတွေကို သားစဉ် မြေးဆက် ထိန်းသိမ်းလာခဲ့ကြတယ် ဆိုတာလည်း ဘတ်ကယ် ပြောသလို “ယဉ်ကျေးမှုတွေ မြင့်မားလာတဲ့ အတွက်ကြောင့် လူတွေဟာ ပိုပြီး နူးညံ့သိမ်မွေ့လာပြီး သွေးဆာတဲ့အဖြစ်တွေ၊ တိုက်ခိုက်သတ်ဖြတ်တဲ့ အဖြစ်တွေ နည်းသွားလိမ့်မယ်”ဆိုတဲ့ စကားနဲ့ အတူတူပါပဲ။ သူဟာ ဒီနိဂုံးကိုရောက်ဖို့ ယုတ္တိနည်းကျကျ စဉ်းစားခဲ့တယ်တူပါရဲ့။ လူတွေဟာ အကောင်အထည်မဲ့ တဲ့ ဆင်ခြင်မှုတွေနဲ့ သေသပ်လှပတဲ့ စနစ်တွေကို နှစ်သက်တတ်ကြတယ်။ ကိုယ့်ရဲ့ ယုတ္တိနိဂုံး မှန်ဖို့အတွက် မျက်စိပိတ်၊ နားပိတ်ပြီး အာရုံခံစားမှုတွေကို ခြေကန်ငြင်းဖို့လည်း အဆင်သင့်ပဲ။

လူကြီးမင်းနေထိုင်နေတဲ့ ကမ္ဘာကြီးကို ကြည့်လိုက်စမ်းပါဦး။ သွေး တွေ ချောင်းစီးနေတယ်။ ကျွန်တော်တို့ကို ဘယ်ယဉ်ကျေးမှုကများ သိမ်မွေ့ လာအောင် လုပ်လို့လဲ။ ယဉ်ကျေးမှုကတစ်ဆင့် လောကကြီးအတွက် ရ လိုက်တဲ့ ရလဒ်ကတော့ ကျွန်တော်တို့အတွက် အာရုံတွေ များလာတာတစ်ခု ပါပဲ။ ကျန်တာ ဘာမှမရှိပါဘူး။ ဒါကြောင့် အာရုံအမျိုးမျိုးရှိနေတဲ့ လူဟာ သူ့ပျော်ရွှင်မှုကို သွေးထဲမှာ တွေ့လိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

အမှန်တော့ ဒီလိုအဖြစ်အပျက်တွေကို လူကြီးမင်း ကြုံတွေ့ခဲ့ဖူးပါပြီ။ အနူးညံ့ဆုံး လူသတ်တဲ့ လူတွေဟာ အယဉ်ကျေးဆုံး လူကြီးလူကောင်းတွေ ဖြစ်နေကြတာ လူကြီးမင်း သတိပြုမိရဲ့လား။ အဲဒီလို လူတွေကို ကျွန်တော်တို့က တွေ့ပါမြင်ပါ များနေတော့လည်း သတိမထားမိတော့ဘူး ထင်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် လူ့ယဉ်ကျေးမှုဆိုတာ သွေးဆာတဲ့ ကိစ္စတွေကို ဆိုးဆိုး ဝါးဝါးကြီး မလုပ်ရင်တောင်မှ အနိမ့်ဆုံးတော့ စက်ဆုပ်စရာကောင်းတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်နေသေးတာပဲ။

ရှေးခေတ်က တရားမျှတမှုဆိုတာကို သံနဲ့ သွေးနဲ့ပဲ ဆုံးဖြတ်ကြတယ်။ သတ်သင့်တယ်ဆိုတဲ့လူကို အေးအေးဆေးဆေး လိပ်ပြာသန့်သန့်နဲ့ သတ်ကြ တယ်။ ဒါပေမဲ့ ခုအခါမှာတော့ သွေးဆာလောင်မှုဆိုတာ မသတီစရာလို့ စဉ်းစားထားကြပေမယ့် မသတီစရာတွေကိုပဲ အရင်ကထက် ပိုကျူးလွန်နေကြ ပါသေးတယ်။ လူကြီးမင်း စဉ်းစားကြည့်စမ်းပါ။ ဘယ်လောက် ဆိုးသလဲဆိုရင် ကလီယိုပက်ထရာဟာ သူမရဲ့ အပျိုတော်လေးတွေရဲ့ ရင်သားတွေထဲကို ရွှေအပ်လေးတွေနဲ့ ထိုး ထိုးပြီး အပျိုတော်လေးတွေ ထွန့်ထွန့်လူး စူးစူးဝါးဝါး အော်ဟစ်လိုက်တာကို သဘောတော် တွေ့ သတဲ့လေ။

“ဒါဟာ မယဉ်ကျေးတဲ့ ခေတ်က ဖြစ်ခဲ့တာကိုးကွ”လို့ လူကြီးမင်းက ပြောဦးမလို့လား။ ဒါဆိုရင် အခုအချိန်ကိုလည်း မယဉ်ကျေးတဲ့ခေတ်လို့ နှိုင်းယှဉ်ပြီး ပြောနိုင်တာပေါ့။ ဘာကြောင့်လဲဆိုရင် လူတိုင်းရဲ့ ကိုယ်ထဲကို ပင်အပ်တွေ ထိုးစိုက်ခံနေရလို့ပဲ။ ရှေးခေတ်ကထက် ပိုပြီး ယဉ်ကျေးသိမ်မွေ့ လာအောင် လေ့လာခဲ့ပေမယ့် အခုအချိန်ထိတောင် လူဟာ သိပ္ပံနဲ့ကျိုးကြောင်း ဆင်ခြင်မှုတွေက ပြောပြတဲ့အတိုင်း မလုပ်နိုင်သေးပါဘူး။

ဒါပေမဲ့ တစ်နေ့ သိပ္ပံနဲ့ ဘဝပေးအသိက လူ့သဘာဝကို သေသေချာချာ သင်ကြားပေးပြီး ပုံမှန်အခြေအနေကို ရောက်သွားတဲ့အခါမှာ လူရဲ့ဉာဉ်ဆိုး တွေလည်း ပျောက်ကွယ်သွားလိမ့်မယ်။ ဒီအခါ ရည်ရွယ်ချက်နဲ့မှားတဲ့ အမှား တွေကို မကျူးလွန်တော့ဘူး၊ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတဲ့ ဆန္ဒတွေလည်း မဖြစ်တော့ဘူး။ ဆန္ဒတွေ၊ စိတ်ရူးပေါက်မှုတွေ လုံးဝ မရှိတော့ဘဲ လူဆိုတာ စန္ဒရားခလုတ်လေးတစ်ခုလို သိပ္ပံပညာက ရှာဖွေတွေ့ရှိလိမ့်မယ်။ လူ့စိတ်ရဲ့ အပြင်ဘက်မှာ ဘာတွေပဲဖြစ်ဖြစ် သဘာဝဥပဒေတွေနဲ့အညီ ဖြစ်ပျက်နေတာ မို့ သဘာဝ ဥပဒေသတွေကို ဖော်ထုတ်ပြီးတဲ့အခါ လူဟာ သူ့အပြုအမူတွေ အတွက်လည်း တာဝန်ယူစရာ မလိုတော့ဘူး၊ လူတစ်ယောက်အတွက် ဘဝ ဆိုတာ အေးအေးဆေးဆေး ဖြစ်သွားမယ်၊ အဲဒီအခါကျတော့ လူ့အပြုအမူ တွေကို သဘာဝ ဥပဒေသတွေနဲ့အညီ လော်ဂရစ်သမ်လို ကိန်း ၁ဝ၈,ဝဝဝ အထိ ဇယားချ၊ အချိန်ဇယားတစ်ခုလို ရည်ညွှန်း၊ ဒီထက် ပိုကောင်းတာက အဘိဓာန်တို့၊ စွယ်စုံကျမ်းတို့ အသုံးပြုသလို လူ့အပြုအမူတွေကို သေသေချာချာ ဇယားချထားတဲ့ စာရိတ္တပြုပြင်ရေး စွယ်စုံကျမ်းကြီး တစ်အုပ် ထုတ်ဝေ၊ ဒီတော့ အမှုမဲ့အမှတ်မဲ့ ဖြစ်နိုင်စရာအကြောင်း ဘာတစ်ခုမှ မရှိတော့ ဘူးပေါ့လို့ လူကြီးမင်းက အပြည့်အဝ ယုံကြည်နေမှာပါ။ ပြီးတော့ စီးပွားရေး ပုံစံအသစ်တစ်မျိုးလည်း ပေါ်ထွန်းလာ၊ အားလုံးဟာ အရန်သင့် လုပ်ပြီးသား တွေနဲ့၊ မေးမြန်းစရာလည်း ဘာမှမလိုအပ်တော့ ရွှေပြည်တော်ကြီးလည်း တည်ဆောက်ပြီးစီးသွားပြီပေါ့လို့ အခိုင်အမာ ပြောမှာပေါ့။

ဒါပေမဲ့ အားလုံးဟာ အလွန်အကျွံ ကျိုးကြောင်းဆီလျော်နေတာမို့ ထိတ်လန့်စရာ ကောင်းလောက်အောင် မပျင်းပါဘူးလို့တော့ လူကြီးမင်း အာမခံနိုင်မှာ မဟုတ်ဘူးနော်။ (ဒါ ကျွန်တော့်ရဲ့ ထင်မြင်ချက်ပါ) ပျင်းရိငြီး ငွေ့မှုက လူတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ ဖျားယောင်းစေတာ အမှန်ပါပဲ။

ပျင်းရိငြီးငွေ့မှုကြောင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို တစ်ယောက်က အပ်နဲ့ ထိုးစိုက်လိုက်တာပဲလေ။ ဒါက ကိစ္စမရှိပါဘူး။ ဆိုးတာက အဲဒီအချိန် မှာ လူတွေဟာ ရွှေအပ်တွေကို ကျေးဇူးတောင် တင်ကြဦးမှာပါ။ (ဒါလည်း ကျွန်တော့်ထင်မြင်ချက်ပါ) ဘာကြောင့်လဲဆိုတော့ လူဟာ အံ့ဖွယ်ကောင်း လောက်အောင် မိုက်မဲပါတယ်။ ဒါမှမဟုတ်ရင်လည်း ဘယ်သူနဲ့မှ မတူအောင် ကျေးဇူးကန်းတတ်သူပါပဲ။ ကျွန်တော့်အနေနဲ့တော့ ကျိုးကြောင်းဆင်ခြင်တုံ တရား ကြီးစိုးတဲ့ အနာဂတ်ခေတ်ကြီးထဲမှာ လူတစ်ယောက်ဟာ ရှုံ့မဲ့နေတဲ့ အပြုံးနဲ့ ခါးထောက်ရပ်ပြီး (ခေတ်နောက်ကျနေတဲ့ အပြုံးလို့ လူကြီးမင်း ပြောချင်လည်း ပြောပေါ့) -

“ဟေ့ လူတွေ၊ ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲ။ ခင်ဗျားတို့ ဆင်ခြင်နည်းတွေကို မြောင်းထဲ လွှင့်ပစ်လိုက်။ ဇယားတွေ၊ စနစ်တွေကို ခြေထောက်နဲ့ နင်းပစ်ပြီး ကျုပ်တို့ရဲ့ ရူးသွပ်မိုက်မဲတဲ့ လမ်းဟောင်းကိုပဲ ပြန်သွားကြမယ်”လို့ပြောမယ်ဆိုရင်လည်း ကျွန်တော့်အနေနဲ့တော့ မအံ့သြ ပါဘူး။ စိတ်အနှောင့်အယှက်လည်း ဖြစ်မယ်မထင်ပါဘူး။ ဒါပေမဲ့ မကြာခင် မှာပဲ အဲဒီလူနောက်က လူတွေ အများကြီး လိုက်သွားကြလိမ့်ဦးမယ်။ ဒါဟာ လူ့သဘာဝပဲလေ။

ပြောဖို့ တော်တော်ခက်တဲ့ မိုက်မဲရူးသွပ်မှုတွေကြောင့် ဘယ်လိုလူပဲ ဖြစ်ဖြစ် အချိန်တိုင်း၊ နေရာတိုင်းမှာ သူ့စိတ်ဆန္ဒက ရွေးချယ်တာကိုပဲ လုပ် ချင်တဲ့သူတွေပါပဲ။ အကျိုးအကြောင်းတရားက လမ်းညွှန်တဲ့အရာကို မလုပ် ချင်ကြပါဘူး။ အချို့ကိစ္စတွေမှာ သူ့အကျိုးအမြတ်နဲ့ ဆန့်ကျင်နေမှန်း သိသိနဲ့ လုပ်နိုင်ပါတယ်။ (ဒါလည်း ကျွန်တော့်ထင်မြင်ချက်ပါပဲ)

ဒါကြောင့် ဘယ်လောက်ပဲ အရိုင်းဆန်ဆန် လူတစ်ယောက်ရဲ့ စိတ် ရူးပေါက်မှု၊ အချုပ်အနှောင်မဲ့ပြီး လွတ်လပ်တဲ့ ရွေးချယ်မှု တစ်ခါတစ်ရံ ထိန်းမရသိမ်းမရတဲ့ အခြေအနေထိအောင် ရောက်သွားတဲ့ စိတ်ကူးစိတ်သန်း တွေဟာ ဘယ်ဇယားကွက်ထဲမှာမှ ထည့်သွင်းဖော်ပြလို့ မရတဲ့ ထူးခြား ဆန်းကြယ်တဲ့ အကျိုးအမြတ်တွေဖြစ်သလို သီအိုရီနဲ့ စနစ်တွေကိုလည်း ဝက်သိုက်လို ဖရိုဖရဲဖြစ်သွားစေတဲ့ အရာတွေပါပဲ။

လူဆိုတာ မြင့်မြတ်တဲ့ ရွေးချယ်မှု၊ အကျိုးဖြစ်ထွန်းတဲ့ ရွေးချယ်မှုကိုပဲ ကျိုးကြောင်းဆီလျော်စွာနဲ့ ရွေးချယ်ချင်ကြတယ်လို့ ပညာရှိတွေက ဘယ် လိုများ စဉ်းစားမိကြသလဲတော့ မသိဘူး။ လူတွေအားလုံး တိတိကျကျ လိုချင်နေတဲ့အရာကတော့ လွတ်လပ်တဲ့ စိတ်ဆန္ဒပဲမဟုတ်လား။ ဒီအတွက် ဘာတွေပဲ အလျော်အစားလုပ်ရလုပ်ရ၊ နောက်ဆက်တွဲ ရလဒ်က ဘာတွေ ဖြစ်ဖြစ် လိုချင်ကြတာပါပဲ။ ဒါပေမဲ့ ဘယ်လို ရွေးချယ်မှုလဲဆိုတာကတော့ မကောင်းဆိုးဝါးသာလျှင် သိမှာပါပဲ။

“ဟား .. ဟား ... ဟား .. မင်းပြောနေတဲ့ လွတ်လပ်တဲ့ ရွေးချယ်မှုတို့ စိတ်ဆန္ဒတို့ ဆိုတာတွေဟာ တကယ့်အခြေအနေမှာ မရှိဘူးဆိုတာ မင်း မသိဘူးလား၊ သိပ္ပံပညာက လူသားကို အောင်မြင်စွာ ခွဲခြမ်းစိတ်ဖြာပစ် လိုက်ပြီးပြီလေ၊ ဒါကြောင့် လွတ်လပ်တဲ့ ရွေးချယ်မှုတို့၊ စိတ်ဆန္ဒတို့ဆိုတာ တွေဟာ ဘာမှ မရှိတော့ဘူးကွ”လို့ ဟားတိုက်ရယ်ပြီး လူကြီးမင်းက ပြော မှာပါ။

ခဏလေး နေပါဦး ... ခဏလေး။ ကျွန်တော် ဆိုလိုတာက ဒီလိုပါ။ ဘယ်အပေါ်မှာ မူတည်တဲ့ ရွေးချယ်မှုလဲဆိုတာ မကောင်းဆိုးဝါးသာလျှင် သိလိမ့်မယ်။ ဒါမှမဟုတ် ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်ချင်လည်း ဖြစ်သွားလိမ့် မယ်လို့ ပြောတော့မလို့ပါ၊ သိပ္ပံပညာတွေအကြောင်း စဉ်းစားလိုက်မိလို့ ကျွန်တော့်စကား ပြတ်သွားတာပါ။ ဒီမှာတင် လူကြီးမင်းက ဖြတ်ပြောလိုက် တာပါ၊ ဒီကိစ္စကိုပြောဖို့ နည်းနည်းတော့ စိုးရိမ်မိတာ အမှန်ပါပဲ။

ဒါပေမဲ့ တစ်နေ့ကျရင် လူတွေရဲ့လွတ်လပ်တဲ့ စိတ်ဆန္ဒတွေ၊ စိတ်ရူး ပေါက်မှုတွေကို သိပ္ပံပညာက ရှာဖွေဖော်ထုတ်လိုက်တယ်ပဲ ထားပါတော့။ ကျွန်တော်တို့ရဲ့ စိတ်ရူးတွေ၊ စိတ်ဆန္ဒတွေဟာ ဘယ်အပေါ်မှာ မူတည်တယ်၊ ဘယ်လိုဥပဒေသတွေက လွှမ်းမိုးထားတယ်၊ ဘယ်အကြောင်းအရာမှာ ဘယ်လိုအကျိုးတွေ ရှိတတ်တယ် စသည်ဖြင့် သင်္ချာဖော်မြူလာတွေလို ရှိလာပြီ ဆိုပါစို့။ အဲဒီအခါမှာ ဖြစ်နိုင်ခြေရှိတာကတော့ လူဟာ စန္ဒရား ခလုတ်လေးတစ်ခုလို ဖြစ်သွားပြီး ဘာခံစားမှုမှရှိမှာ မဟုတ်တော့ဘူး ဆို တာပဲ။ ဖော်မြူလာတွေနဲ့အညီ လှုပ်ရှားနေရတဲ့ အခြေအနေကတစ်ဆင့် ဘာပျော်ရွှင်မှုတွေ ရဦးမှာမို့လို့လဲ။ လွတ်လပ်တဲ့ ရွေးချယ်မှု၊ စိတ်ဆန္ဒတွေ မရှိတော့တဲ့ လူတစ်ယောက်ဟာ စန္ဒရားခလုတ်တစ်ခုမဟုတ်ရင် ဘာများ ဖြစ်ဦးမှာလဲ။ လူကြီးမင်းကော ဘယ်လို စဉ်းစားမိပါသလဲ၊ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေကို စဉ်းစားကြည့်ပါလား။

လူကြီးမင်းဘက်ကတော့ သေသေချာချာ ဆုံးဖြတ်ထားမှာပေါ့။ လူဟာ သူရဲ့ အကျိုးအမြတ်ကို မှန်မှန်ကန်ကန် သဘောမပေါက်လို့ ရွေးချယ် မှုတွေလည်း မှားနေရတာဖြစ်တယ်။ ဒါဟာ မိုက်မဲရူးသွပ်မှုအရ သူ့အထင် အကျိုးအမြတ်ကိုရဖို့ အလွယ်ကူဆုံးလမ်း ဖြစ်တာကြောင့်လို့ လူကြီးမင်းက လက်ခံထားတယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ရူးပေါက်မှုတွေ၊ ဆန္ဒတွေကို သိပ္ပံပညာက ဖော်ထုတ်တွက်ချက် ပေးလိုက်ပြီဆိုတဲ့အခါ ဆန္ဒ လို့ခေါ်တဲ့ အရာတွေ လုံးဝရှိမှာမဟုတ်တာတော့ သေချာပါတယ်။ (ဒါလည်း ဖြစ်နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ လူတွေ နားမလည်နိုင်တဲ့ ဥပဒေသ တချို့ ရှိနေသေးတယ်ဆိုတာ မဖွယ်မရာ ကိစ္စတစ်ခုပဲ မဟုတ်လား) အဲဒီ အခါ ဆန္ဒနဲ့ ဆင်ခြင်မှု ထိပ်တိုက်တွေ့လာပြီဆိုရင် ဆင်ခြင်မှုကိုပဲ ကျွန်တော် တို့က ရွေးချယ်ကြရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ဆင်ခြင်မှုနဲ့ အဓိပ္ပာယ် မရှိတဲ့ ဆန္ဒဟာ တွဲဖက်နေစရာအကြောင်း မရှိတော့လို့ပဲ။ ဒီအခါ စိတ်ဆန္ဒ တွေအားလုံး ကျိုးကြောင်းဆင်ခြင်မှုတွေအားလုံး တွက်ချက်ထားတဲ့ လမ်း ညွှန် အဘိဓာန်တစ်အုပ်ပေါ်လာမှာပဲ။ ဒီတော့ ကျွန်တော်တို့က အဲဒီလမ်းညွှန် ချက်နဲ့အညီ ရွေးချယ်ကြရမှာပေါ့။ ဥပမာ လူကြီးမင်းက တစ်ယောက်ယောက် ကို လျှာထုတ်ပြချင်တယ်ဆိုရင် ထုတ်ပြနိုင်တယ်။ ဒါပေမဲ့ လမ်းညွှန်ချက်နဲ့ အညီတော့ ထုတ်ပြရမှာ ဖြစ်ပါတယ်။

ဒီတော့ လူကြီးမင်းအတွက် လွတ်လပ်မှုဆိုတာ ဘယ်မှာလဲ။ ဆင်ခြင် မှုနဲ့ စိတ်ဆန္ဒကို သိသိကြီးနဲ့ ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် ကျွန်တော်တို့ ပြုမူနေရတော့မှာပေါ့။

အထူးသဖြင့် သိပ္ပံဘွဲ့ လေးရထားပြီး ကိုယ့်အနာဂတ်ကိုယ် နှစ်ပေါင်း သုံးဆယ်လောက် ကြိုတွက်ထားနိုင်တဲ့သူဆိုရင် ပိုတောင် ဆိုးဦးမယ်။ ဒီတော့ ကျွန်တော်တို့အတွက် လုပ်စရာ ဘာကျန်တော့လို့လဲ။ တစ်နည်းနည်းနဲ့ လက်ခံလိုက်ရမှာပဲပေါ့။ အမှန်တော့ နေရာတိုင်း၊ အချိန်တိုင်းမှာ သဘာဝဥပဒေသတွေက ကျွန်တော်တို့ အလိုကို လိုက်လျောကြတာ မဟုတ်ပါဘူး။ သူ့အလုပ် သူလုပ်နေတာမို့ ကျွန်တော်တို့ စိတ်ကူးတွေနဲ့ အံဝင်ခွင်ကျ ရှိတာ လည်း မဟုတ်ဘူး။ ဒါကြောင့် လက်ခံလိုက်ရမှာပဲလို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေးရမှာပါပဲ။ ဒါမှမဟုတ်လို့ ကျွန်တော်တို့ ကိုယ်တိုင်က ဇယားတွေ၊ ဖော်မြူလာတွေကို တောင့်တလို့၊ နောက်ဆုံး စမ်းသပ်ဖန်ပြွန်တစ်ခုလို ဖြစ် ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့တွေက လက်ခံလိုက်ရတော့မှာပေါ့၊ နို့ မဟုတ်ရင် ကျွန်တော်တို့ ဆန္ဒတွေ မပါဘဲလည်း ...။

ကောင်းပါပြီ ... ကောင်းပါပြီ။ ကျွန်တော် မပြောတော့ပါဘူး၊ ရှုပ်ထွေးနေတဲ့ ကျွန်တော့် အတွေးတွေကြောင့် လူကြီးမင်း စိတ်ကသိကအောက် ဖြစ်သွားမှာပေါ့။ ဒါလည်း ကြွက်တွင်းထဲမှာ နှစ်လေးဆယ်လောက် ကျွန်တော် နေခဲ့ရတဲ့ အကျိုးကျေးဇူးပါပဲ။ ဒါပေမဲ့ ကျွန်တော့်ကိုတော့ ခွင့်လွှတ်ပါ။ ကျွန်တော့်အတွေးတွေကို ပြောပါရစေဦး။

ဆင်ခြင်ခြင်းဆိုတာ ကောင်းတဲ့အရာတစ်ခုပါ။ ဒါကို ငြင်းစရာမလို ပါဘူး။ ဒါပေမဲ့ ဆင်ခြင်ခြင်းဆိုတာ လူ့သဘာဝရဲ့ ကျိုးကြောင်းဆီလျော်မှုနဲ့ သက်ဆိုင်တဲ့ အခြမ်းကိုပဲ ကျေနပ်နှစ်သိမ့်မှု ပေးပါတယ်။ စိတ်ဆန္ဒဆိုတာ ကတော့ ဆင်ခြင်မှုနဲ့ စေ့ဆော်မှုတွေ အပါအဝင် ဘဝတစ်ခုလုံးကို ရည်ညွှန်း ထားတဲ့ အရာပါပဲ။

ကျွန်တော်တို့ရဲ့ ဆန္ဒရိုင်းတွေက ဆွဲခေါ်သွားလို့ ဘဝဟာ ခဏခဏ ပြိုလဲ မှားယွင်းနေရပေမယ်လို့ ဒါဟာ ဘဝပဲ မဟုတ်လား။ ထုတ်ယူထားတဲ့ နှစ်ထပ်ကိန်းတစ်ခု မဟုတ်ပါဘူး။ သဘာဝကျကျ ပြောမယ်ဆိုရင် ကျွန်တော် အသက်ရှင်လိုတာက ဘဝရဲ့အသွင်အပြင်အားလုံးကို ကျေနပ်သွားဖို့အတွက် အသက်ရှင်ချင်တာပါ။ ဆင်ခြင်ပြီး အသက်တစ်ရာ့နှစ်ဆယ် နေရဖို့ မဟုတ် ပါဘူး။ ဆင်ခြင်ခြင်းဆိုတာ အောင်မြင်စွာ လေ့လာပြီးစီးထားတဲ့ ကိစ္စတွေကို ပဲ သိနိုင်ပါတယ်။ (ဒါတောင် အချို့အရာတွေကို ဘယ်လိုမှ လေ့လာနိုင်မှာ မဟုတ်ပါဘူး) လူ့သဘာဝဆိုတာ သီးခြားဖြစ်တည်နေတဲ့ အရာပဲလေ။ သိစိတ်နဲ့ဖြစ်ဖြစ်၊ မသိစိတ်နဲ့ပဲဖြစ်ဖြစ် အစုအပေါင်းတစ်ခုအနေနဲ့ ပြုမူနေ တာပါ။ မှားယွင်းသွားရင်လည်း ရှင်သန်နေဆဲပါပဲ။

အနာဂတ်တစ်ချိန်မှာ ရှိလာမယ့် လူသားတစ်ဦးဟာ ရည်ရွယ်ချက် ရှိရှိနဲ့ သူ့ကိုယ်သူ ဒုက္ခရောက်အောင်လုပ်မှာ မဟုတ်တော့ဘူး ဆိုတာကို ကျွန်တော်က နားမလည်လို့ လူကြီးမင်းက ကျွန်တော့်ကို သနားနေမှာပေါ့။ လူကြီးမင်းရဲ့ အယူအဆအားလုံးဟာ သင်္ချာညီမျှခြင်းတွေလိုပါပဲ။ ဒါပေမဲ့ လူကြီးမင်းကို ကျွန်တော် အကြိမ်တစ်ရာမက ထပ်ပြောပါရစေ။ အဲဒီကာလ မှာ လူတစ်ယောက်ဟာ သိသိနဲ့ပဲ မိုက်မဲပါတယ်ဆိုတဲ့၊ အန္တရာယ်များပါတယ် ဆိုတဲ့၊ ကြောင်တောင်တောင်နိုင်ပါတယ်ဆိုတဲ့ ကိစ္စတစ်ခုကို လုပ်ချင်ဦးမှာပါ။ ဒီလိုလုပ်လိုက်တာဟာလည်း မလုပ်ရဘူးဆိုလို့ လုပ်တာမဟုတ်ပါဘူး။ သူ့ ဘာသူ ဒီလိုကိစ္စမျိုးတွေကို လုပ်ချင်လို့လုပ်တဲ့ အခွင့်အရေးကြောင့်ပါပဲ။

ဒါကြောင့် လုံးဝ အကောင်အထည်မဲ့တဲ့ စိတ်ကူးစိတ်ရူးတစ်ခုဟာ ကမ္ဘာပေါ်မှာ မရှိသေးတဲ့ အကျိုးအမြတ်တစ်ခု ဖြစ်ချင်ဖြစ်လာမှာပေါ့။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ဆင်ခြင်မှုတွေ၊ အကျိုးအမြတ်တွေနဲ့ ဆန့်ကျင်ပြီး ကျွန်တော်တို့ကို သိသိသာသာ ဒုက္ခပေးတော့မယ်လို့ သိနေတဲ့အခါမှာ ပိုပြီး တော့ အကျိုးဖြစ်ထွန်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခြားအရာတွေ ဘယ်လိုပဲ ရှိရှိ အဲဒီအပြုအမူတစ်ခုဟာ ကျွန်တော်တို့ကို အရေးအပါဆုံးနဲ့ အဖိုးအတန် ဆုံး အရာတစ်ခုကို ပေးလိုက်တာပါပဲ။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက ဖြစ်တည်မှုတစ်ခုပါပဲ။

တချို့လူတွေကတော့ စိတ်ဆန္ဒဆိုတာ လူ့အတွက် အဖိုးအတန်ဆုံး အရာတစ်ခုဖြစ်ပြီး သူ့ကို ဆင်ဆင်ခြင်ခြင်နဲ့ သုံးတတ်မယ်ဆိုရင် သိပ်ပြီး ထိရောက်တဲ့ အရာတစ်ခုပဲလို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ တကယ့်အခြေ အနေမှာက စိတ်ဆန္ဒဟာ ဆင်ခြင်မှုကို ခေါင်းမာမာနဲ့ ငြင်းနေတာပါပဲ။ ဒီလို ငြင်းပယ်ခြင်းဟာလည်း တန်ဖိုးတစ်ခုပါပဲလို့ ကျွန်တော်ကတော့ ပြောလိုက် ချင်တယ်။ ဒါမှမဟုတ် လူဆိုတာ မိုက်မဲသူမဟုတ်ဘူးလို့ စဉ်းစားကြည့်ရ အောင်။ (အမှန်တော့ လူဟာ မိုက်မဲသူလို့ ပြောရင် ဘယ်သူ့ကို ပညာရှိလို့ ပြောနိုင်တော့မှာလဲ)။ အဲဒီလို စဉ်းစားတယ်ဆိုရင်လည်း လူဟာ ကြောက်စရာ ကောင်းလောက်အောင် ကျေးဇူးကန်းတတ်ပါတယ်။ ဒါကြောင့် လူဆိုတာ ကျေးဇူးကန်းတဲ့ ခြေနှစ်ချောင်း သတ္တဝါလို့တောင် သတ်မှတ်လိုက်ချင် တယ်။ ဒါပေမဲ့ ဒီကိစ္စဟာ သာမန် အပြစ်အနာအဆာလေးတစ်ခုပါ။ အဓိကချို့ယွင်းချက်က ခေါင်းမာမာနဲ့ ဇွတ်တရွတ်နိုင်တဲ့ ကိစ္စပါပဲ။ ဒီရောဂါဟာ သူ ဖြတ်သန်းလာတဲ့ သမိုင်းကတစ်ဆင့် ကူးစက်ခံလိုက်ရတဲ့ ရောဂါပါပဲ။ ဇွတ်တရွတ်နိုင်တာ ဘဝပေးအသိ မရှိတာကြောင့်လို့ ပြောကြတယ်။ ဒါပေမဲ့ လူကြီးမင်းရဲ့ သမိုင်းစဉ်ကို တစ်ချက်ကြည့်လိုက်ပါဦး။ လူ့သမိုင်းမှာ ထည်ဝါ ခမ်းနားမှုတွေ၊ စစ်ယူနီဖောင်းမျိုးစုံ၊ အရပ်ဝတ်မျိုးစုံနဲ့ အရောင်စုံအသွေးစုံတဲ့ မြင်ကွင်းတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ငြီးငွေ့စရာကောင်းတာတွေ ကော မတွေ့ဘူးလား။ လူတွေ စစ်တိုက်နေကြတယ်၊ နောင်လည်း တိုက်ကြ ဦးမှာပဲ။ ဒီတော့ လူကြီးမင်းက လူ့သမိုင်းနဲ့ ပတ်သက်ပြီး ငြီးငွေ့စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောနိုင်ပေမယ့် ခြွင်းချက်အနေနဲ့ ပြောမထွက်တာတစ်ခု ရှိပါတယ်။ ဒါကတော့ လူ့သမိုင်းဟာ ရှေ့နောက်မညီဘဲ ပရမ်းပတာဖြစ်နေခြင်း ပါပဲ။

ပြီးတော့ လူဟာ ထူးဆန်းတဲ့သတ္တဝါတစ်ကောင်လို့ စဉ်းစားထားပြီး တဲ့နောက် သူ့ဆီက ဘာများ လူကြီးမင်း မျှော်လင့်လို့ရဦးမှာလဲ။ အဆုံးအစ မရှိတဲ့ ပျော်ရွှင်မှုပင်လယ်ပြင်ကြီးထဲ လူတစ်ယောက်ကို နှစ်မြှုပ်ပစ်လိုက် ပြီး မျိုးဆက်ရှင်သန်ရေးကလွဲလို့ ဘာမှလုပ်စရာမလိုအောင် လုံခြုံမှု၊ ပြည့်စုံ မှုတွေ ပေးထားလိုက်စမ်းပါ။ ဒါတောင် သူဟာ လူကြီးမင်းကို ကျေးဇူးကန်းပြီး တစ်ခုခု လုပ်ဦးမှာပါပဲ။ ဒါမှမဟုတ် အန္တရာယ်များလှတဲ့ သူ့ရဲ့ စိတ်ကူး စိတ် သန်းလေးတစ်ခုကို အရသာခံရုံသက်သက်အတွက် သူ့ထမင်းလုတ်ကို သူ စွန့်ပြီး မိုက်မဲတဲ့ကိစ္စတွေ၊ မရေရာတဲ့ကိစ္စတွေကို ကျူးလွန်ဦးမှာပါ။ သူဆန္ဒ ရှိတဲ့အရာတွေဟာ သေးနုတ်သိမ်ဖျင်းတဲ့ အရာတွေ၊ မိုက်မဲတဲ့ကိစ္စတွေ ဖြစ် ချင်ဖြစ်ပေမယ့် သူ့အတွက်တော့ တကယ် လိုအပ်တဲ့အရာတွေပါပဲ။ တစ်နည်း အားဖြင့် သူဟာ လူတစ်ယောက်ဖြစ်ပြီး စန္ဒရားခလုတ်တစ်ခု မဟုတ်ကြောင်း သက်သေပြနေတာပါပဲ။

လူဆိုတာ ဥပဒေအရ တုံ့ပြန်နေရတဲ့ စန္ဒရားခလုတ်လေးတစ်ခုပါပဲ လို့ သူ့ကို သက်သေပြနိုင်ရင်လည်း သူဟာ ကျိုးကြောင်းဆီလျော်တဲ့ လူတစ် ယောက်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူ ဖြစ်ချင်တာ တစ်ခုခုအတွက် ကျေးဇူးကန်းဦးမှာပါ။ သူ့အတွက် လုပ်စရာနည်းလမ်း ဘာတစ်ခုမှ မရှိတော့ ဘူးဆိုရင်လည်း ဖျက်ဆီးပစ်ဖို့၊ ကမောက်ကမ ဖြစ်အောင်လုပ်ဖို့ ဝေဒနာအမျိုးမျိုးကို ခံစားဖို့ ကြံဖန်ပြီး လီဆယ်ဦးမှာပါပဲ။ နောက်ဆုံး ဘာမှမရှိတော့ ဘူးဆိုရင် တစ်ကမ္ဘာလုံးကြားအောင် ကျိန်ဆဲပါလိမ့်မယ်။ (ကျိန်ဆဲခြင်းဟာ လူနဲ့ အခြားသတ္တဝါတွေအကြား ခြားနားချက်ပါပဲ)။ ကျိန်ဆဲလိုက်ရင် သူလိုချင်တာ ဖြစ်လာမယ်လို့လည်း ထင်ပါတယ်။ ဒါဟာ သူ့ကိုယ်သူ လူတစ် ယောက်ဖြစ်ကြောင်း သက်သေပြနေတာပါပဲ။ ဒီတော့ လူကြီးမင်းက အဲဒီလို ဖျက်ဆီးမှုတွေ၊ ဖရိုဖရဲကိစ္စတွေ၊ ကျိန်ဆဲတာတွေကိုလည်း ကြိုတင်တွက်ချက်ပြီး ကာကွယ် ထားနိုင်တဲ့အတွက် မြင့်မြတ်တဲ့ ဆင်ခြင်တုံတရားတွေသာ လွှမ်းမိုးနေတော့မှာပေါ့လို့ ဆိုရင်တော့ လူဟာ ဆင်ခြင်မှုကို ရှောင်ရှားဖို့ သက်သက်နဲ့ ရူးသွပ်သွားပါလိမ့်မယ်ခင်ဗျား။

ကျွန်တော်တော့ အဲဒီလိုပဲ ယုံကြည်တယ်။ အာမခံဖို့လည်း အသင့်ပဲ။ ဘာကြောင့်လဲဆိုတော့ လူ့ဘဝရဲ့ အဓိပ္ပာယ်ထဲမှာ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း သူ့ကိုယ်သူ စန္ဒရားခလုတ်တစ်ခု မဟုတ်ဘဲ လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေတယ်လို့ပဲ ထင်တယ်။ ဘယ်လိုတန်ဖိုးပဲ ပေးရ ပေးရ၊ လိုအပ် ရင် ဇာတ်တူသားပဲ စားရစားရ ဒီအချက်ကို သူဟာ သက်သေပြနေဦးမှာပဲ။

အဲဒါကြောင့် ကျွန်တော်တို့ဆန္ဒတွေဟာ ကျွန်တော်တို့ နားမလည်တဲ့ အရာတစ်ခုအပေါ် မူတည်ပြီး ဖြစ်ပျက်နေတာ တကယ်ပဲ ဝမ်းသာစရာပါပဲ။ ဒီတော့ လူကြီးမင်းက... “ဟေ့၊ ဘယ်သူမှ မင်းရဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒကို ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတာ မဟုတ်ဘူးကွ၊ အားလုံးကို စနစ်တကျ ဖြစ်အောင် ကြိုးစားနေတာ၊ ဒါကြောင့် မင်းရဲ့ ဆန္ဒဟာ မင်းရဲ့ အကျိုးအမြတ် တွေ၊ သဘာဝရဲ့ ဥပဒေတွေ၊ သင်္ချာညီမျှခြင်းတွေနဲ့ တစ်ထပ်တည်း ကျသွား မှာပေါ့”လို့ အော်ငေါက်ပြောမယ်ဆိုရင်တော့ … လူကြီးမင်းခင်ဗျား၊ ဥပဒေ တွေ၊ ညီမျှခြင်းတွေနဲ့ ပတ်သက်လာတယ် ဆိုရင်တော့ လွတ်လပ်တဲ့ ဆန္ဒတွေ အကြောင်း မပြောပါနဲ့တော့၊ ကျွန်တော် ပြောတဲ့ စိတ်ဆန္ဒဆိုတာကလည်း အဲဒီလို မဟုတ်ပါဘူး၊ လွတ်လပ်တဲ့ စိတ်ဆန္ဒဆိုတာ နှစ် နှစ်လီ လေးလိုမဟုတ် ပါဘူး။

လူကြီးမင်းခင်ဗျာ၊ အမှန်တော့ ကျွန်တော် ပြက်လုံးထုတ်နေတာပါ။ ဒါပေမဲ့ ကျွန်တော့်ပြက်လုံးတွေ က မရယ်ရမှန်း ကျွန်တော် သိပါတယ်။အံကြိတ်ပြီး ပြက်လုံးထုတ်နေတာကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပါ။ အခုထိ အရာရာကို ဟာသတစ်ပုဒ်လို ရယ်မပစ်နိုင်သေးပါဘူး။ လူကြီးမင်းလည်း သိမှာပါ။ ကျွန်တော့်ကို မေးခွန်းတွေက အမဲဖျက်သလို ဝိုင်းဖျက်နေကြပါတယ်။ ဒီ မေးခွန်းတွေကိုမေးဖို့ လူကြီးမင်းက ခွင့်ပြုမယ်လည်းထင်ပါတယ်။

လူကြီးမင်းက လူတစ်ယောက်ရဲ့ စွဲမြဲနေတဲ့ အကျင့်ဆိုး၊ အကျင့် ဟောင်းတွေကို ပြုပြင်၊ သိပ္ပံနဲ့ ဘဝပေးအသိနဲ့အညီ သူ့ရဲ့ စိတ်ဆန္ဒကို ပြန်ပြီး ပုံဖော်ပေးချင်တယ် ဆိုပါစို့။ အဲဒီလိုနည်းနဲ့ လူတစ်ယောက်ကို ပြုပြင်သင့် တယ်၊ ပြုပြင်နိုင်တယ်လို့ လူကြီးမင်း ဘာကြောင့် စဉ်းစားမိတာလဲ။ ပြီးတော့ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒတွေကို မဖြစ်မနေ အဲဒီလို ပြောင်းလဲလိုက်ရတာ သူ့အတွက် သေချာပေါက် အကျိုးဖြစ်စေနိုင်တယ်၊

စကားကုန်ပြောရရင် သင်္ချာနဲ့ သိပ္ပံပညာတွေက နိဂုံးချုပ်ပေးထားတဲ့ အကျိုးအမြတ်တွေကို မဆန့်ကျင်ခြင်းဟာ လူတစ်ယောက်အတွက်သာမက လူ့ဘောင်ကြီးတစ်ခုလုံး အတွက်ပါအကျိုးဖြစ်ထွန်း စေတယ် လို့ ဘာကြောင့်များ အသေအချာ ယုံကြည်ထားရတာပါလဲ။

အခုထိတော့ ဒါတွေဟာ ယုတ္တိဗေဒနဲ့ ကိုက်ညီနေတဲ့ လူကြီးမင်းရဲ့ တွေးဆချက်တွေပါပဲ။ ဒါပေမဲ့ အဲဒီတွေးဆချက်တွေဟာ လူ့သဘာဝနဲ့ကော ကိုက်ညီရဲ့လား။ လူကြီးမင်းက ကျွန်တော့်ကို အရူးလို့ ထင်နေရင်တော့ ကျွန်တော် နည်းနည်း ရှင်းပြပါရစေဦး။ လူဆိုတာ ဖန်တီးတတ်တဲ့ သတ္တဝါ ပါ။ အသိစိတ်နဲ့ အချိန်ပြည့် သူ့ရဲ့ ရည်မှန်းချက်တစ်ခုဆီကို လျှောက်နေရတဲ့ သူပါ။ သူ တည်ဆောက်နေတဲ့လမ်းဟာ ဘယ်နေရာဖြစ်ဖြစ် တစ်နေရာကို တော့ ဦးတည်နေပါတယ်။ သူ လျှောက်နေတဲ့လမ်းပေါ်က သွေဖည်လမ်းလွဲ သွားတယ်လို့ သိနေရင်လည်း သူဟာ ဒီလမ်းကိုလျှောက်ဖို့ ကြမ္မာငင်လာ တာကြောင့်ပါပဲ။ ဘယ်လောက်ပဲ မိုက်မဲသည်ဖြစ်စေ လက်တွေ့သမား တစ် ယောက်အနေနဲ့တောင် သူဖောက်လုပ်တဲ့လမ်းဟာ တစ်နေရာရာကို ဦးတည် နေတယ်ဆိုတာ အချိန်ပြည့် သိနေပါတယ်။

ဒါပေမဲ့ဘယ်နေရာကို ဦးတည်နေသလဲဆိုတာ သူ့အတွက် အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။ လမ်းဖောက်နေတဲ့ အချိန်တစ်လျှောက်လုံး သူ့မျိုး ဆက် ပြန့်ပွားဖို့က အဓိကကိစ္စပါပဲ။ ဒါမှလည်း သူဟာ မကောင်းမှုတွေရဲ့ မိခင်လို့ခေါ်တဲ့ ပျင်းရိငြီးငွေ့မှုကနေ လွတ်မြောက်နိုင်တော့မှာပေါ့။

လူဟာ ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်လုပ်နေရတယ်ဆိုတာ အငြင်း ပွားစရာမလိုတဲ့ အချက်ပါ။ ဒါပေမဲ့ အရွယ်အိုသွားတဲ့ အချိန်မှာတောင် လူ ဟာ ဖျက်ဆီးခြင်းနဲ့ ပရမ်းပတာအမှုတွေကို ဘာကြောင့် နှစ်ခြိုက်နေရတာ လဲ။ လူကြီးမင်း ရှင်းပြနိုင်ရင် ရှင်းပြပါခင်ဗျား။ ဒါပေမဲ့ ခဏကလေး စောင့် ပါဦး။ ဒီလို ထူးခြားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော် စကားနည်းနည်း လောက် ပြောချင်လို့ပါ။

လူတစ်ယောက်ဟာ သူဖောက်လုပ်နေတဲ့ ခရီးလမ်း အဆုံးသတ်ပြီးစီး သွားမှာ ကြောက်တဲ့အတွက် ဖျက်စီးခြင်းနဲ့ ဝရုန်းသုန်းကား အမှုတွေကို နှစ်သက်နေတာရော မဖြစ်နိုင်ဘူးလား။ တစ်ခါတစ်ရံ လူဟာ အဲဒီလို အမှု ကိစ္စတွေကို ချစ်တတ်တယ် ဆိုတာကိုတော့ သံသယရှိစရာ မလိုပါဘူး။

ပြီးတော့ လူဟာ သူ့ရဲ့ရည်မှန်းချက်ကို အဝေးကပဲ ကြည့်ရုံသက်သက်၊ ဒါမှမဟုတ် စိတ်ကူးယဉ်ရုံယဉ်ပြီး တကယ် အပြီးသတ်တဲ့အခါလည်းကျရော သူ့ရဲ့ စိတ်ကူးအိမ်ကြီးကို သူ မလိုချင်တော့ဘဲ ပုရွက်ဆိတ်တွေ၊ ခြတွေ၊ ပိုးဟပ်တွေနေဖို့ စွန့်ပစ်လိုက်တာလည်း ဖြစ်နိုင်တာပေါ့။ ဒီနေရာမှာတော့ ပုရွက်ဆိတ်နဲ့ လူနဲ့ တော်တော် ကွာခြားသွားပါတယ်။ ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ အလုပ်နဲ့လက်နဲ့ မပြတ်ကြသလို သူတို့ရဲ့ ပုရွက်ဆိတ်တောင် ပို့ကြီး တည်ဆောက်ရေးလုပ်ငန်းကို တစ်သက်လုံး ဇောက်ချ လုပ်ကိုင်သွား ကြပါတယ်။ ပုရွက်ဆိတ် အဖိုးတန်ကလေးတွေဟာ အလုပ်နဲ့ စပြီး အလုပ်နဲ့ပဲ အဆုံးသတ်သွားကြတာပါပဲ။ ဒါဟာ မြဲမြံတဲ့ စိတ်နဲ့ ဇွဲလုံ့လမှာ ပုရွက်ဆိတ်တွေ ရဲ့ သာလွန်ထူးခြားတဲ့ အချက်ပါပဲ။ ဒါပေမဲ့ လူကတော့ ကပြက်ကချော် နိုင်လွန်းပါတယ်။ စစ်တုရင်သမားတစ်ယောက်လို ပွဲအပြီးသတ်ဖို့ထက် ကစားနေရတဲ့ အရသာကို ပိုကြိုက်တာမျိုးလည်း ဖြစ်နိုင်တာပေါ့။

လူတစ်ယောက်ရဲ့ ဘဝရည်ရွယ်ချက်ဆိုတာ ပန်းတိုင်မဟုတ်ဘဲ ခရီးလမ်းဆိုရင်ကော ဘယ်လိုလုပ်မလဲ။ တစ်နည်းပြောရရင် ဘဝကိုယ်တိုင်က ရည်ရွယ်ချက်ပန်းတိုင်ဖြစ်ပြီး ကျန်တဲ့အရာတွေ မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ ပန်းတိုင်ဆိုတာ နှစ် နှစ်လီ လေး ဆိုတာမျိုးပါပဲ။ ကျန်တာ ဘာမှ မဟုတ်ပါဘူး။ နှစ် နှစ်လီ လေးလို တိကျသေချာမှုဆိုတာ ဘဝမဟုတ် ပါဘူး။ သေခြင်းတရားရဲ့ အစပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ တိကျ သေချာမှုကို ကြောက်ရွံ့ တတ်ကြပါတယ်။ ကျွန်တော် အခု ကြောက်နေတာ လည်း ဒါပါပဲ။

တိကျသေချာမှုကို လိုချင်တာကြောင့် သူ့အသက်ကို စတေး၊ ပင်လယ် အဆင့်ဆင့်ကိုဖြတ်ပြီး ရအောင် ရှာခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ တိကျ သေချာမှုနဲ့ တကယ် ရင်ဆိုင်ရမှာကိုလည်း ကြောက်နေပြန်ပါတယ်။ သူရှာ ဖွေနေတာ တွေ့သွားရင် နောက်ထပ်ရှာစရာ သူ့မှာ ဘာမှမရှိတော့ဘူး ဆို တာကိုလည်း သိနေပါတယ်။

အလုပ်သမားတစ်ယောက် အနေနဲ့တောင် သူ့အလုပ်ပြီးစီးသွားရင် လုပ်ခရမယ်၊ အရက်ဆိုင်သွားမယ်၊ သောက်မယ်စားမယ်၊ ရန်ဖြစ်လို့ ရဲစခန်း ရောက်မယ်ဆိုရင်လည်း အနည်းဆုံးတော့ တစ်ပတ်လောက် သူ့အတွက် အလုပ်ရှုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်သွားတဲ့ လူတစ်ယောက်အတွက် ဘာများ လုပ်စရာ ရှိဦးတော့မှာလဲ။

ဘယ်အချိန်မှာပဲဖြစ်ဖြစ် လူဟာ တော်တော် ခွတိခွကျနိုင်နေတာကို တော့ သိသာမြင်သာပါတယ်။ သူပဲ အခု လိုချင်တယ်၊ သေသေချာချာရပြီ ဆိုတော့လည်း မလိုချင်ပြန်ဘူး။ ဘယ်လောက် ရယ်စရာကောင်းသလဲ။ လူဟာ ရုပ်ပြောင်ကာတွန်းထဲက ဇာတ်ရုပ်တစ်ရုပ်လိုပဲ သူ့မှာ ရယ်စရာတစ်ခုခု အမြဲ ရှိနေတတ်တယ်။

ဒါပေမဲ့ ဘာပဲပြောပြော တိကျသေချာမှုဆိုတာ လူ့အတွက် သည်းမခံ နိုင်တဲ့ အရာတစ်ခုပါပဲ။ ကျွန်တော့်အမြင်ပြောရရင် နှစ် နှစ်လီ လေး ဆိုတာ ကျွန်တော်သွားမယ့်လမ်းမှာ ခါးထောက်ရပ်နေတဲ့ မိန်းမကြမ်းကြီးလိုပဲ လူ ကို သက်သက်မဲ့ စော်ကားဖို့ စောင့်နေတာပဲလေ။ နှစ် နှစ်လီ လေးဟာ တစ်နည်းနည်းနဲ့ လှပတဲ့အရာတစ်ခု ဆိုတာတော့ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့ အရာရာတိုင်းကို ကျွန်တော်တို့ ဒီလိုပဲ ချီးကျူးကြမယ်ဆိုရင် တစ်ခါ တစ်ရံမှာ နှစ် နှစ်လီ ငါး ဆိုတာကလည်း ရင်ခုန်စရာတစ်ခုပါပဲ ခင်ဗျာ။

တိကျသေချာမှုနဲ့ ပုံမှန်အခြေအနေတွေ၊ တိတိကျကျ ပြောမယ်ဆိုရင် လူရဲ့ ကောင်းကျိုးချမ်းသာကို အထောက်အကူပြုတာတွေကို လူရဲ့ အကျိုး အမြတ်လို့ ဘာကြောင့် စွဲစွဲမြဲမြဲ လူကြီးမင်း ယုံကြည်ထားရတာလဲ။ အကျိုး အမြတ်နဲ့ ပတ်သက်လာရင် ဆင်ခြင်သိကလည်း မမှားယွင်းနိုင်တော့ဘူးတဲ့ လား။ ပြီးတော့ ကောင်းကျိုးချမ်းသာတွေကို နှစ်သက်သလို ဝေဒနာကို လည်း လူဟာ မက်မောနိုင်တယ်လို့ မဆိုနိုင်ဘူးလား။

အမှန်တော့ လူဟာ ဝေဒနာကို မက်မက်မောမောကို နှစ်ခြိုက်တတ် သူပါပဲ။ ဒါဟာ အဖြစ်မှန်ပါ။ ဒီအတွက် လူကြီးမင်း ကမ္ဘာ့သမိုင်းမှာ ရှာဖွေ ကြည့်စရာ မလိုအပ်ပါဘူး။ ဘဝအတွေ့အကြုံတစ်ခုခု ရှိပြီဆိုရင် ကိုယ့် ကိုယ်ကိုယ် ပြန်မေးလိုက်ရုံပါပဲ။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ သုခ ချမ်းသာအတွက် အသက်ရှင်နေရုံဆိုရင်တော့ ရှက်တောင် ရှက်မိသလိုပါပဲ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေပေါ့။ တစ်ခါတစ်ရံ တစ်ခုခုကို ချိုးဖောက် ထွက်လိုက်ရတာ စိတ်ထဲကြည်နူးစရာပဲလေ။ ဒုက္ခဝေဒနာ ခံရတာ သုခ ချမ်းသာထက် ပိုကောင်းပါတယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုတာက ကျွန်တော့်ရဲ့ စိတ်ရူးပေါက်မှုတွေနဲ့ အခါအခွင့်သင့် တိုင်း ကျွန်တော် လုပ်ချင်တာတွေကို ပြောနေတာပါ။

ဝေဒနာဆိုတာ လူရှေ့သူရှေ့ ထုတ်ပြလို့မကောင်းတဲ့ အရာဆိုတာ ကျွန်တော် သိပါတယ်။ ဆင်ခြင်သိတွေနဲ့ တည်ဆောက်ထားတဲ့ ရွှေပြည်တော် ကြီးမှာဆိုရင် ပိုတောင် ဆိုးလိမ့်ဦးမပေါ့။ ဝေဒနာကို သံသယဖြစ်နေတဲ့လူတွေ နေတဲ့ လူ့အဖွဲ့အစည်းကြီးဟာ ဘယ်လို လူ့အဖွဲ့ အစည်းလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့။ လူဟာ သူ့ရဲ့ ဝေဒနာအစစ်ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်တာတော့ အသေအချာ ကျွန်တော် ပြောရဲပါတယ်။ အတိအကျပြော ရရင် ချိုးဖျက်ခြင်းနဲ့ ဝရုန်းသုန်းကားအဖြစ်တွေပါပဲ။ ဘာကြောင့်လဲဆိုတော့ ဝေဒနာဆိုတာ သိစိတ်ရဲ့ အရင်းခံကိစ္စတစ်ခုပဲလေ။ သိစိတ်ဟာ လူရဲ့ အကြီး မားဆုံး ရောဂါတစ်ခုလို့ အစပိုင်းမှာ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ လူဟာ ဒီရောဂါကိုပဲ ကြိုက်နှစ်သက်နေပြီး အခြား အကျိုးမြတ်တစ်ခုအတွက် နဲ့လည်း ဒီရောဂါကို ဘယ်တော့မှ အလဲအလှယ်လုပ်မှာ မဟုတ်တော့ဘူး ဆိုတာ ကျွန်တော် သိနေပါတယ်။

အသိစိတ်ဆိုတာ နှစ် နှစ်လီ လေးထက်တော့ မြင့်မားပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ဘဝကို နှစ် နှစ်လီ လေးလို့ သိလိုက်ပြီးတဲ့နောက်မှာ ဆက်လက်စဉ်းစားစရာ လူကြီးမင်းမှာ ဘာမှ မကျန်တော့ပါဘူး။ အာရုံငါးပါး ကို ပုလင်းထဲထည့်ပြီး ဆင်ခြင်ခြင်းမြစ်ထဲ မျှောပစ်လိုက်ရုံသာ ရှိပါတော့တယ်။ ဒါပေမဲ့ သိစိတ်ရှိနေတာကတော့ များများစားစား ဘာမှ လုပ်စရာမရှိရင် တောင် အနိမ့်ဆုံး ကိုယ့်ကိုယ်ကိုယ် ပွန်းပဲ့သွားရုံလောက်တော့ လုပ်နိုင်သေး တာပေါ့ဗျာ။

ဒီတော့လည်း ဘဝမှာ လန်းဆန်းတက်ကြွစရာလေးတွေ နည်းနည်း ပါးပါးတော့ ရှိလာတာပေါ့။ လူကြီးမင်းပြောတဲ့ အကျိုးအမြတ်တို့၊ တိုးတက်မှု တို့နဲ့တော့ ဆန့်ကျင်ကောင်း ဆန့်ကျင်နိုင်မှာပေါ့လေ။ ဒါပေမဲ့ ဒီထက်ကောင်း တာကလည်း ဘာမှ မရှိတော့ဘူးလေ။

လူကြီးမင်းခင်ဗျာ ... ဒီလိုအကြောင်းကြောင်းတွေကြောင့် နောက်ဆုံးမှာ တော့ ဘာမှမလုပ်ဘဲ သိစိတ်အလျင်နဲ့ မျှောနေလိုက်တာ အကောင်းဆုံးပဲ မဟုတ်လား။ ပြီးတော့ ကြမ်းအောက်က ကျွန်တော့်ကြွက်တွင်းလေးထဲ လည်း အလည်တစ်ခေါက်လောက် လာကြည့်ပေါ့။ လက်တွေ့သမားတွေကို ကျွန်တော် မနာလိုဖြစ်မိတယ်လို့ ပြောခဲ့ပေမယ့် လောလောဆယ် အခြေ အနေမှာတော့ သူတို့နဲ့ နေရာချင်း မလဲနိုင်ပါဘူး။ ကျွန်တော့်ဘက်က မနာ လိုဖြစ်နေတာကတော့ ဖြစ်နေတာပဲလေ။ လူကြီးမင်း ဘာပြောပြော ကျွန်တော့် ကြွက်တွင်းလေးက အကောင်းဆုံးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာမှာ လူတစ်ယောက်ဟာ လိမ်ညာပြောလို့.. အို ... မဟုတ်ပါဘူး၊ အခုတောင် ကျွန်တော် လိမ်နေတာပဲ။ ကျွန်တော် လိမ်ပြောနေတာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ ကြွက်တွင်းမဟုတ်မှန်း ကျွန်တော် သိတာပေါ့။ ကျွန်တော် တောင့်တနေပေမယ့်အခုထိ မတွေ့ သေးတဲ့အရာတစ်ခုမဟုတ်မှန်း ကျွန်တော် သိပါတယ်။ နောက် ကျွန်တော် ပြောချင်တာတစ်ခုက ကျွန်တော် ရေးခဲ့တာ တွေထဲက တစ်ခုခုလောက်ကို ကျွန်တော်ကိုယ်တိုင် ယုံကြည်မယ်ဆိုရင် တော်တော်ကောင်းမယ်လို့ ပြောမလို့ပါ။

တကယ်ပါ၊ လူကြီးမင်းကို ကျွန်တော် ကျိန်ပြောတာပါ။ ကျွန်တော် ပြောခဲ့တဲ့ စကားတွေထဲက တစ်လုံး... တစ်လုံးမှ ကျွန်တော်ယုံလို့ မရသေး ပါဘူး။ တစ်နည်းတစ်ဖုံနဲ့တော့ ယုံနေတာပဲ မဟုတ်လားလို့ ပြောချင်လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော့်စကားတွေဟာ ပေါက်တတ်ကရ စကားတွေပဲလို့ ထင်နေတယ်။ ဒီတော့ “မင်းက ဘာလို့ ဒါတွေ ရေးပြနေရသေးသတုံး” လို့ လူကြီးမင်းက မေးချင်လည်း မေးနိုင်ပါ တယ်။ ကောင်းပါပြီ။ ဒါဆိုရင် လူကြီးမင်းကို ဘာမှ လုပ်စရာကိုင်စရာမရှိဘဲ အနှစ်လေးဆယ်လောက် ကြွက်တွင်းထဲမှာ ပစ်ထားလိုက်ချင်ပါတယ်။ အချိန်တန်တော့မှ ပြန်ခေါ်ပြီး လူကြီးမင်း ဘယ်လိုအဆင့်မျိုး ရောက်နေ သလဲလို့ မေးလိုက်ချင်ပါတယ်။

ဘာအလုပ်မှ မည်မည်ရရ လုပ်စရာမရှိဘဲနဲ့ နှစ်လေးဆယ်လုံးလုံး လူတစ်ယောက်တည်း ပစ်ထားတာ မဖြစ်နိုင်တဲ့ကိစ္စလို့ လူကြီးမင်း ထင်လို့ လား။ ဒီတော့ လူကြီးမင်းက စက်ဆုပ်ရွံရှာစွာနဲ့ ခေါင်းကလေးယမ်းပြီး-

“ဟေ့… ဒါ စော်ကားတာပဲကွ၊ မင်းဘာသာမင်း ဘဝကို ပြင်းပြင်းပြပြ ဆာလောင်မွတ်သိပ်နေပြီး လူ့ပြဿနာတွေကို ယုတ္တိဗေဒအရှုပ်တွေနဲ့ ဖြေ ရှင်း၊ ပြီးတော့ ကိုယ့်ဘာကိုယ် ရှေ့ကဖုံးနောက်ကပေါ်၊ တို့ကိုလည်း လူဝါးဝ စကားပြောသေး၊ ကြောက်ကြောက်ရွံ့ရွံ့နဲ့ မဟုတ်မဟတ်တွေပြော၊ အဲဒါတွေ နဲ့ မင်းကိုယ်မင်း ကျေနပ်၊ အခု စော်ကားလိုက်၊ တော်ကြာ တောင်းပန်လိုက်နဲ့ အမျိုးမျိုးလုပ်၊ ပြီးတော့ မင်းက ဘာကိုမှ မကြောက်လေဟန်နဲ့ တို့ယုံလာ အောင် ဇွတ်အတင်း ကြိုးစား၊ ဒါပေမဲ့ မင်းကြောက်လို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတာတွေကို တို့သိတယ်ကွ၊ ပြီးတော့ မင်းကပဲ ပြောလိုက်သေးတယ်။ ကျွန်တော် ဒေါသထွက်လို့ အံကြိတ်ပြီး ပြောနေရတယ်တဲ့ အပေါစား ပြက် လုံးတွေနဲ့ တို့ကို ရယ်အောင် လုပ်နေလိုက်သေးတယ်။ မင်း ကြည့်ရတာ ပြက်လုံးတွေကို စာကြီးပေကြီးလုပ်ပြီး ပြောရတာ တော်တော် အရသာတွေ့ နေတယ်နဲ့ တူတယ်။ ပြီးတော့ ဝေဒနာတွေကို မင်း ခံစားနေရတယ်ဆိုတာ လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင်က ဝေဒနာတွေကို လေးစားမှု မရှိပြန်ဘူး။ မင်း ပြောတဲ့အထဲမှာ တချို့ ဟုတ်တာတွေ ရှိပါတယ်။ ဒါပေမဲ့ မင်းပြောသလိုတော့ ကျက်သရေယုတ်တာမျိုး၊ ဂုဏ်သရေမဲ့တာမျိုး၊ အောက်တန်းကျတာမျိုးတော့ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ မင်းကတော့ အမှန် တရားကို ရောင်းစားဖို့၊ လူကြားထဲ ချပြဖို့ တရွတ်တိုက် ဆွဲခေါ်နေရတာ မဟုတ်လား။

ပြီးတော့ မင်းတကယ်ပြောချင်တာတစ်ခုရှိနေပေမယ့် အဖျားရောက် တော့ ရှူးသွားတာပဲ။ ဒါလည်း မင်းကြောက်လို့ပဲ မဟုတ်လား။ သတ္တိလုံးဝ မရှိတဲ့၊ သူရဲဘောနည်းတဲ့ လူတစ်ယောက်ရဲ့ အဆင်ခြင်မဲ့တာမျိုးပဲ မဟုတ် လား။ ဒါတင် မကသေးဘူး၊ မင်းက မင်းရဲ့ သိစိတ်အကြောင်းကို ကြွားပြလိုက် သေးတယ်။ ဒါပေမဲ့ ပြတ်ပြတ်သားသား ဘာမှ ဆုပ်ကိုင်ပြလို့မရဘူး မဟုတ် လား။ ဘယ်ရပါ့မလဲ၊ မင်းနှလုံးသားက ရမ္မက်တွေနဲ့ နောက်ကျိနေတာကိုး ကွ။ စစ်မှန်တဲ့ သိစိတ်ဆိုတာ သန့်စင်တဲ့ နှလုံးသားမရှိဘဲနဲ့ မဖြစ်နိုင်ဘူး။ မင်းမှာ ဆင်ခြင်ဉာဏ်လည်းမရှိ ပြီးတော့ ဟော့ဟော့ရမ်းရမ်း အလေဏတော ကြွားလုံးတွေနဲ့၊ ဘာမှလည်း မဟုတ်ဘူး၊ အလိမ်အကောက်တွေ၊ မုသားတွေ ပဲ...'

အဲဒီလို ... အဲဒီလို ... အဲဒီလိုပေါ့၊ လူကြီးမင်းက ပြောမယ်ဆိုလည်း ပြောပေါ့။ အမှန်တော့ လူကြီးမင်း ပြောမယ့်စကားတွေက အနှစ်လေးဆယ် လုံးလုံး ကျွန်တော့်ကြွက်တွင်းလေးထဲမှာ ကျွန်တော် ထိုင်နေတုန်းကတည်း က မြေပတ်ကြားပေါက်ကလေးကတစ်ဆင့် ကျွန်တော် ကြားဖူးပြီးသား စကား တွေပါဗျာ။ ဒါကြောင့်လည်း ကျွန်တော် အလွတ်ရွတ်ပြနိုင်တာပေါ့။

ပြီးတော့ ကျွန်တော် ပြောတာတွေကို လူကြီးမင်း ဖတ်ဖို့ ထုတ်ဝေ ခိုင်းမယ် ထင်လို့လား။ နောက်တစ်ခု ရှိသေးတယ်။ လူကြီးမင်းကို ကျွန်တော် က ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်တစ်ဦးလို ရည်ညွှန်းပြီး “လူကြီးမင်း … လူကြီးမင်း” နဲ့ ဘာကြောင့် ခေါ်နေရသလဲကော သိရဲ့လား။ ကျွန်တော် ရှင်းပြဦးမယ်။

ကျွန်တော် ရည်ရွယ်ထားတဲ့ ဝန်ခံချက်မျိုးဟာ ဘယ်တော့မှပုံနှိပ်မှာ မဟုတ်ဘူး။ ဒီလိုလုပ်ဖို့ လိုအပ်တယ်လည်း မထင်ဘူး။ ဆုံးဖြတ်ချက်လည်း ကျွန်တော့်မှာ မရှိဘူး။ ဒါပေမဲ့ လူကြီးမင်း သိပါတယ်။ ကျွန်တော့်မှာရှိတဲ့ စိတ်ကူးတွေကို သဘောပေါက်စေချင်တာပါပဲ။

လူတိုင်းမှာ အတိတ်အဖြစ်အပျက်တွေ ရှိကြတယ်။ တချို့ အဖြစ် အပျက်တွေက ကိုယ့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေကလွဲပြီး ကျန်တဲ့လူတွေကို မပြောရဲကြဘူး။ တချို့ အဖြစ်အပျက်တွေကျတော့ ကိုယ်ကိုယ်တိုင်က လွဲပြီး ဘယ်သူ့ကိုမှ ဝန်မခံရဲကြဘူး။ လုံးဝ လျှို့ဝှက်တဲ့ ကိုယ်ရေးကိုယ်တာတစ်ခု အနေနဲ့ပဲ ရှိကြတယ်။ နောက်ထပ် အဖြစ်အပျက်တွေ ရှိသေးတယ်။ အဲဒါတွေ ကတော့ ကိုယ့်ကိုယ်ကိုယ်တောင် ဝန်မခံရဲတဲ့ အဖြစ်အပျက်တွေပါပဲ။ လက် တွေ့သမားတွေ၊ သင့်တင့်လျောက်ပတ်စွာ နေထိုင်ကြတဲ့လူတွေမှာ အဲဒီလို ကိစ္စတွေ စုပုံနေကြပါတယ်။

အမှန်တော့ ဆင်ဆင်ခြင်ခြင်ရှိလေ၊ ဝန်ခံရမယ့် အပုံကြီးက ကြီးလေ လေပါပဲ။ အခုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ဘဝရဲ့ စောစောပိုင်းကာလ အဖြစ်အပျက်တွေကို ရဲရဲဝံ့ဝံ့ ပြန်တွေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးပါပြီ။ တကယ်တော့ အဲဒီ စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်တွေကို အခုထိ ရေး မချရသေးသလို အမြဲပဲ ကျွန်တော်က ရှောင်ကွင်းနေတတ်ပါတယ်။

အခုတော့ ပြန်ပြီး စဉ်းစားရဲဖို့သာမက ရေးချလိုက်ဖို့ပါ ဆုံးဖြတ်ပြီးပြီ ဆိုတော့ အမှန်တရားတစ်ခုလုံးကို ကြောက်လန့်သွားမလား၊ ပွင့်ပွင့်လင်းလင်းပဲ လက်ခံမလား မြည်းစမ်းကြည့်တာပေါ့။ ဒီနေရာမှာ ကဗျာဆရာဟိန်း” ရဲ့ စကားကို သတိရလိုက်တယ်၊ “ရိုးသားတဲ့ အတ္ထုပ္ပတ္တိဆိုတာ မဖြစ်နိုင်ဘူး” “ကိုယ့်အကြောင်းကို ကိုယ်လိမ်တာပဲ”တဲ့။ ဒီအတိုင်းဆိုရင် ဟင်နရီဒေးဗစ် သော်ရိုးဟာ သူ့ရဲဝန်ခံချက်ဆိုတဲ့ စာအုပ်ထဲမှာ အလကားသက်သက် လိမ် နေတာပဲ ဖြစ်ရမယ်။ ဒီကိစ္စမှာ ဟိန်း မှန်တယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ တစ်ခါတစ်ရံမှာ လူတွေဟာ ဒုစရိုက်ကိစ္စတစ်ခုခုကို အချည်းနှီး လုပ်ချင်နေတယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်။ အမှန်တော့ ဒီလို အရည်မရအဖတ်မရ အလုပ်မျိုးကို ကျွန်တော်က ပိုတောင် သဘော ပေါက်နိုင်ပါသေးတယ်။

ဒါပေမဲ့ ဟိန်း ကတော့ လူသိရှင်ကြား ထုတ်ဖော်ဝန်ခံသွားတဲ့ လူတွေ ကိုသာ မှတ်ချက်ချလိုက်တာပါ။ ကျွန်တော့်မှတ်တမ်းကတော့ ဘယ်သူ့အတွက် မှ မဟုတ်ပါဘူး။ ဒီမှာ တစ်ခါတည်း ပြောလိုက်ချင်ပါတယ်။ “လူကြီးမင်းလို့” စာဖတ်ပရိသတ် တစ်ယောက်ယောက်ကို ရည်ညွှန်းပြီး ရေးနေပေမယ့်ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ ကျွန်တော့်မှာ ဘယ်တော့မှလည်း ပရိသတ် မရှိပါဘူး။ စာရေးရလွယ်ကူတဲ့ ပုံစံတစ်ခုအနေနဲ့ ရေးနေတာပါ။ ပြီးတော့ စာပေပုံစံတွေ၊ အရေးအသားတွေကိုလည်း ကျွန်တော် ဘာမှ မစဉ်းစားဘူး။ စိတ်ထဲ ပေါ်လာတာတွေ ချရေးလိုက်တာပါပဲ။ ဒီတော့ လူကြီးမင်းက ကျွန်တော့်စကားကို အထအနကောက်ပြီး “စာဖတ်ပရိသတ်တစ်ယောက်ကို မှ မျှော်လင့်မထားဘူးဆိုရင်လည်း ဘာဖြစ်လို့ စိတ်ထဲပေါ်လာတာတွေကို အပင်ပန်းခံပြီး မှတ်တမ်းတင်နေရသေးလဲကွယ်၊ ပြီးတော့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြပြီး ဘာလို့ တောင်းပန်နေရသေးလဲဟ” လို့လည်း မေးနိုင် ပါတယ်။

ဟုတ်ကဲ့၊ ကျွန်တော် ဖြေပါ့မယ်။ ကျွန်တော် ရေးချလိုက်တာတွေဟာ ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေပါ။ ဒါကြောင့် ကျွန်တော့်ရှေ့မှာ တစ်ယောက် ယောက်ထားပြီး ရေးရတာ ပိုပြီး အဆင်ပြေမယ်ထင်လို့ပါ။ ကျွန်တော် သူရဲ ဘောကြောင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဆင်ခြေတွေကတော့ ပေးမယ် ဆို နောက်ထပ် အများကြီးရှိပါသေးတယ်။ နောက်တစ်ခုက “ဘယ်သူ့အတွက် မှ ရည်ရွယ်ထားတာ မဟုတ်ဘူးဆိုလည်း ကိုယ့်ခေါင်းထဲမှာပဲ ကိုယ့်ဘာကိုယ် စားမြုံ့ပြန်နေလည်း ရသားပဲလို့” မေးနိုင်ပါသေးတယ်။

ဒီမေးခွန်းဟာ အင်မတန် မေးသင့်တဲ့ မေးခွန်းပါ။ ဒါပေမဲ့ နှုတ်တစ်ရာ စာတစ်လုံးတဲ့ ခင်ဗျ။ စာနဲ့ ရေးထားတော့ လူအထင်ကြီးစရာလည်း ဖြစ်တာ ပေါ့။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်း ဝေဖန်နိုင်တယ်လေ။ နောက်တစ်ခုရှိတာက ကျွန်တော့်အဖို့လည်း စိတ်သက်သာမှုလေး ရသွား တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဝေးလံတဲ့ အတိတ်တစ်နေရာက အမှတ် သညာတစ်ခုဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ခေါင်းထဲ ရောက် လာပြီး စိတ်ကို အနှောင့်အယှက်ပေးနေလို့ပါပဲ။ ဘယ်လိုမှ ထုတ်ပစ်လို့မရ ဘူး။ ဒါပေမဲ့ ရအောင်တော့ထုတ်ရမှာပေါ့။ ဒါတွေကို ရေးချလိုက်ရင် ဝေဒနာ သက်သာစေမယ် မဟုတ်လား။ အဲဒီလို အမှတ်သညာမျိုးတွေ ကျွန်တော့်မှာ အများကြီးပါပဲ။ အချိန်တိုင်း အချိန်တိုင်းမှာ အဲဒီထဲက တစ်ခုခုဟာ ပြုတ်ကျ လာပြီး ကျွန်တော့်ကို နှိပ်စက်နေတာပါပဲ။ စာရေးချလိုက်ရင်တော့ သက်သာ သွားမယ်လို့ ထင်တယ်လေ။ ဒီတော့ စမ်းကြည့်ရမှာပေါ့။

နောက်ဆုံးပြောရရင် ကျွန်တော့်မှာ လုပ်စရာကိုင်စရာရှိတာ မဟုတ် တော့ ပျင်းနေတယ်။ စာရေးတာလည်း အလုပ်တစ်ခု မဟုတ်လား။ ပြီးတော့ “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” လို့လည်း လူတွေက ပြောကြတယ်ခင်ဗျ။ ဒီတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ အလုပ်တစ်ခုရတာပေါ့။

ဒီနေ့ နှင်းတွေ ကျနေတယ်။ စွတ်စိုတဲ့ ဝါကျင့်ကျင့် ဆီးနှင်းလေးတစ်ပွင့် လျှောကျလာနေတယ်။ မနေ့ကလည်း နှင်းတွေဝေလို့။ တစ်နေ့ကလည်း ဒီလိုပါပဲ။ အဲဒီ စွတ်စိုတဲ့ နှင်းပွင့်လေးကြောင့် ကျွန်တော့်ခေါင်းထဲက ထုတ် မရတဲ့ အဖြစ်အပျက်တစ်ခုကို စဉ်းစားလိုက်မိတာပဲ ထင်ပါရဲ့။ ဒါကလည်း ဆီးနှင်းပွင့်လေးတစ်ပွင့်နဲ့ ပတ်သက်နေတဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။

https://t.me/TheBookR


အပိုင်း ၂

ဆီးနှင်းခဲတွေအကြောင်း

 

အဲဒီ အချိန်တုန်းက ကျွန်တော့်အသက်က နှစ်ဆယ့်လေးနှစ် ဆိုပေမယ့် ဘဝက မှုန်မှိုင်းခြောက်သွေ့ နေတဲ့ တစ်ကိုယ်တော် အထီးကျန်ဘဝ လူတွေနဲ့ ခပ်ဝေးဝေးမှာနေပြီး စကားမပြောဖြစ်အောင်လည်း ရှောင်တယ်။ ကိုယ့်ရဲ့ အခန်းကျဉ်းလေးထဲမှာပဲ အနေများတယ်။ ရုံးမှာဆိုလည်း ဘယ်သူ့ကိုမှ မကြည့်သလောက်ပဲ။ လူတွေကတော့ ကျွန်တော့်ကို ခပ်ကြောင်ကြောင် လူတစ်ယောက်လို သဘောထားမှန်း ကျွန်တော် သိပါတယ်။ ပြီးတော့ သူ တို့တွေက ကျွန်တော့်ကို မနှစ်မြို့တဲ့အကြည့်နဲ့ ကြည့်ကြတယ်လို့လည်း အမြဲ တွေးမိတယ်။

တစ်ခါတစ်ခါ ကျွန်တော် အံ့သြမိတာက ကိုယ့်ကိုယ်ကိုယ် သူများ စက်ဆုပ်စရာကောင်းတဲ့ လူတစ်ယောက်လို့ တွေးမိတာ ကျွန်တော် တစ်ယောက်တည်းပဲ ရှိမှာပါပဲ။ ရုံးက လူတွေထဲမှာ မျက်နှာကျောက်ပေါက်မာ တွေနဲ့ မသတီစရာကောင်းတဲ့ လူတစ်ယောက်ရှိတယ်။ ပြောမယ်ဆို သူ့ရုပ်က မိုက်တိမိုက်ကန်းရုပ်၊ သူလို မျက်နှာပေါက်မျိုးကို ကျွန်တော်တော့ မကြည့်ရဲပါဘူး။ နောက်စာရေးတစ်ယောက် ရှိသေးတယ်။ သူက အင်မတန် ညစ်ပတ်တယ်။ သူ့အဝတ်တွေက နံစော်ပြီး ဘေးနားကလူ မခံသာဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးဟာ တစ်ယောက်ရဲ့ မျက်နှာကြောင့်ဖြစ်ဖြစ်၊ တစ်ယောက်ရဲ့ အနံ့အသက်ကြောင့် ဖြစ်ဖြစ် ဘာအနှောင့်အယှက်မှ မရှိကြဘူး။

လိပ်ပြာသန့်သန့်နဲ့ပဲ ဆက်ဆံကြတယ်။ ကျွန်တော့်အဖို့တော့ ကိုယ့်ဘာကိုယ် လုပ်ထားတဲ့ စည်းကမ်းတွေနဲ့ အခြောက်တိုက် ဘဝင်မြင့်ပြီး အလိုမကျဖြစ် နေတတ်တာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်မကျေနပ်ချက်တွေကို သူများကြောင့်လို့ သတ်မှတ်ခဲ့ တယ်။

ပြောမယ်ဆို ကိုယ့်မျက်နှာ ကိုယ်ကြည့်ပြီး မုန်းမိတယ်။ ကြည့်ရတာ ကကို မသတီစရာ။ မျက်နှာပေးဟာ မရိုးသားမှုတစ်ခုခု ရှိနေတယ်လို့တောင် ထင်မိပါရဲ့။ ဒါကြောင့် ကျွန်တော့်ထိတ်လန့်မှုကို သံသယမရှိအောင် ရုံးရောက် ရင် မျက်နှာထားတင်းတင်းနဲ့နေဖို့ အမြဲ ကြိုးစားနေရတယ်။

ကျွန်တော့်မျက်နှာဟာ ဂုဏ်သရေရှိတဲ့မျက်နှာ၊ ဉာဏ်ကြီးပြီး ဖြူစင်တဲ့ မျက်နှာလို့ပဲ ထားလိုက်ပါတော့။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မျက်နှာဟာ ဒီ အရည်အသွေးတွေကို သေသေချာချာ မဖော်ပြနိုင်တာ ကိုတော့ ရှက်စရာ ကောင်းလောက်အောင် သတိထားမိနေတယ်။ ပိုဆိုးတာက ကျွန်တော် ဉာဏ်မီသလောက် သည်းညည်းခံနေပေမယ့် ကိုယ့်ရုပ်ကိုယ် ကြောင်တောင် တောင်၊ ရူးသွပ်သွပ်လို့ မြင်နေတာက ခက်တယ်။ အများက ကျွန်တော့်ရုပ်ကို ဉာဏ်ပညာနဲ့ ပြည့်စုံပြီး ခံ့ညားတယ်လို့ ပြောကြဦးတောင် ကိုယ့်မျက်နှာပေး က အပြစ်ကင်းစင်တဲ့ မျက်နှာပေးမဟုတ်မှန်း သိနေတယ်။

အမှန်ပြောရရင် ရုံးကလူ အားလုံးကို ကြောက်ပေမယ့် သူတို့ကို မုန်းလည်းမုန်း ရွံလည်းရွံမိတယ်။ တစ်ခါ တစ်ခါ သူတို့ဟာ ကျွန်တော့်ထက် အဆင့်မြင့်တဲ့ လူတွေလို့ စဉ်းစားမိပြန်ရင်လည်း သူတို့ကို ကျေးဇူးတင်လိုက်၊ နောက်တစ်နေ့ကျတော့ ကျိန်ဆဲလိုက်နဲ့ မည်မည်ရရ အကြောင်းပြချက် မရှိဘဲနဲ့ကို ကျွန်တော့်စိတ်က တစ်နေ့တစ်မျိုး ပြောင်းနေတော့တာပဲ။ ကိုယ် မလိုက်နာနိုင်တဲ့ စံနှုန်းတွေနဲ့ လူယဉ်ကျေးတစ်ယောက်ဟာ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကိုယ် မကျိန်ဆဲဘဲ၊ မမုန်းတီးဘဲ မနေနိုင်ဘူး မဟုတ်လား။

ကျွန်တော် လေးစားသူပဲဖြစ်ဖြစ်၊ ကျွန်တော် မုန်းတီးသူပဲဖြစ်ဖြစ် ကျွန်တော်နဲ့ မျက်လုံးချင်း ဆုံလိုက်တဲ့ လူတွေကို ကျွန်တော်ကပဲ ဦးအောင် အမြဲလိုလို မျက်နှာလွှဲပစ်လိုက်တာပါပဲ။ ဟိုလူရဲ့ အကြည့်၊ ဒီလူရဲ့ အကြည့် ကို ကျွန်တော် ခံနိုင်သလား၊ မခံနိုင်ဘူးလားလို့ ကျွန်တော့်ကိုယ်ကျွန်တော် စမ်းသပ်ဖူးတယ်။ ဒါပေမဲ့ ဘယ်သူဖြစ်ဖြစ်ပါ၊ ကျွန်တော့်ဘက်ကပဲ ဦးဆုံး မျက်လွှာချပစ်လိုက်တာပါပဲ။ ဒီလိုဖြစ်ရတာကိုပဲ ကျွန်တော့်ကိုယ်ကျွန်တော် ဒေါသထွက်ပြီး ရူးမတတ် ခံစားရပြန်တယ်။ ကြောင်တောင်တောင်ဖြစ်နေတဲ့ ကိုယ့်ပုံကိုယ်လည်း သေမလောက် ကြောက်နေတယ်။

ဒါကြောင့် အပြင်ပန်းက ထုံးတမ်းစဉ်လာတွေကို မျက်စိစုံမှိတ်လက်ခံ လိုက်ပြီးတော့ အခြားလူတွေလို နေ့စဉ် ကရွတ်ကင်းလျှောက်နေတဲ့ ပြေးလမ်း ပေါ် ခုန်ချလိုက်ချင်တယ်။ ဒါပေမဲ့ သူများနဲ့မတူတဲ့ ကြောင်စီစီအရာကြီးတစ်ခု က ကျွန်တော့်ရင်ထဲမှာ ရှိနေပြန်တယ်။

ဒီအသက် ဒီအရွယ်မှာ ဖြစ်တတ်သလို ကိုယ့်ဘက်က အခွင့်အရေး ရတာတော့ ရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်က ခံစားလွယ်တယ်၊ သူတို့ အားလုံးကတော့ သိုးတွေလို တစ်ကောင်နဲ့တစ်ကောင် တစ်ထေရာ တည်းပဲလေ။

ရုံးမှာ ကျွန်တော် တစ်ယောက်တည်း ကျွန်သပေါက်လို့၊ သူရဲဘော ကြောင်တဲ့ကောင်လို့ ထင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ သူတို့ထက် ကျွန်တော်က ပိုပြီး အဆင့်မြင့်မြင့် ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်လို့ ခံစားရတယ်လေ။ ဒါ သမားရိုးကျ ခံစားချက် မဟုတ်ဘူးနော်၊ ဒီကနေ့ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်တဲ့ လူတစ်ယောက်ဟာ သူရဲဘော ကြောင်တဲ့လူ ဖြစ်ရမှာပေါ့။ ဒါဟာ သူ့ရဲ့ပုံမှန်အနေအထား။ သူ့ကို ဘယ် လို တည်ဆောက်ထားသလဲဆိုတာ အပြီးသတ် ပြောလိုက်တာလို့လည်း ကျွန်တော် လေးလေးနက်နက်ယုံတယ်။ တကယ်ပြောမယ်ဆိုရင် ဒီပုံစံဟာ ကျွန်တော်တို့ခေတ်တစ်လျှောက် မှန်နေတဲ့ အမှန်တရားတစ်ခု မဟုတ်ဘူး။ ဒီလိုလူမျိုးတွေကို ထိန်းချုပ်ထားတဲ့ သဘာဝဥပဒေတစ်ခုပဲ ဖြစ်တယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့လူဆိုတာ ကျွန်သပေါက်တစ်ယောက်၊ ကျေးကျွန် တစ်ယောက် ဖြစ်ကို ဖြစ်ရတော့မှာပေါ့။

တစ်ခါတစ်ရံ အဲဒီလို လူဟာ ဒေါသထွက်ပြီး ခပ်ကြမ်းကြမ်းလေး လုပ်ပြခဲ့ရင်တောင် သူ့ကို အထင်ကြီးစရာ မလိုဘူးလေ။ ဘာကြောင့်လဲ ဆို တော့ နောက်တစ်ခါ ဒါမျိုးနဲ့ ကြုံရပြီဆိုရင် သူ့ကိုယ်သူ အလံဖြူပြဖို့ အသင့် ဖြစ်နေလို့ပါပဲ။ ဒါဟာ ဟို ပဝေသဏီကတည်းကရှိနေတဲ့ ဖြေရှင်းနည်းပဲလေ။ “မြည်း” တွေ၊ “လား” တွေသာ နံရံကြီးကို ခေါင်းနဲ့ ပြေးဝှေ့တဲ့အထိသတ္တိကောင်းကြတာ မဟုတ်လား။ ဒီကောင်တွေက အလကားကောင်တွေ ပါ။ ဂရုစိုက်စရာ မလိုပါဘူး။

ကျွန်တော် စိုးရိမ်ပူပန်နေတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ အဲဒါကတော့ ကျွန်တော်ဟာ အခြားလူတွေနဲ့မတူသလို အခြားလူတွေဟာလည်း ကျွန်တော် နဲ့ မတူတာပဲ။ သူတို့က လူများစု၊ ကျွန်တော်က တစ်ယောက်တည်းလို့ ထင် တယ်။ ဒါဟာ ဘာကိုပြနေသလဲဆိုတော့ ကျွန်တော်ဟာ အခုထိ လူငယ်တစ် ယောက် ဖြစ်နေသေးတယ်ဆိုတာ ပြနေတာပဲ။

ကျွန်တော့်အမူအကျင့်တွေက အစွန်းရောက်နေတတ်တယ်။ တစ် ခါ တစ်ရံ ရုံးကိုမသွားချင်ဘူး။ အိမ်ပြန်ရောက်လာရင် ကျိုးကြေပြီး ပျို့အန် ချင်စိတ် ပေါက်လာတယ်။ အဲဒီအခါမျိုးမှာ အဆိုးမြင်စိတ်နဲ့ တစ်ခါတည်း ဥပေက္ခာပြုလိုက်တဲ့အဆင့်ကို ရောက်သွားတော့တာပဲ။ (ကျွန်တော့်အတွက် တော့ အရာရာတိုင်းဟာ အဆင့်တွေဖြစ်နေတာပါပဲ)။ ဇီဇာကြောင်ပြီး သည်း ညည်း မခံတတ်တာကို လှောင်ရယ်၊ စိတ်ကူးယဉ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်ဖို့၊ ပြီးရင် တစ်ခါက ကျွန်တော် စကားပြောချင်စိတ်မရှိတဲ့ တစ်ယောက် ယောက်ကို မည်မည်ရရ အကြောင်းမရှိဘဲ မုန်းတီးမှုတွေ ပျောက်သွားပြီး စကားပြောရုံတင်မက သူနဲ့မိတ်ဆွေဖြစ်ဖို့အထိ ကြိုးစားနဲ့။ အဲဒီခံစားမှုတွေ ဟာ ကျွန်တော့်မှာ သွေးရိုးသားရိုးဖြစ်နေတာ ဘယ်သူသိမှာလဲ။

တစ်ခါကတော့ လုပ်ဖော်ကိုင်ဖက်တချို့ နဲ့ မိတ်ဆွေဖြစ်သွားကြတယ်။ သူတို့အိမ်တွေ ကျွန်တော် လိုက်လည်တယ်၊ ဖဲရိုက်ကြတယ်၊ အရက်သောက် ကြတယ်၊ အလုပ်အကိုင်ကိစ္စတွေ ဆွေးနွေးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေအဖြစ်က သိပ်ပြီး သမနိ မရှည်လိုက်ဘူး။ သူတို့ကို ကျွန်တော် စိတ်ပျက်သွားပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်မရဖြစ်သွားကြတယ်။ ငယ်ရွယ်ပြီး အတွေ့ အကြုံ မရှိတာကြောင့် ချက်ချင်းပဲ သူတို့ကို အဆက် အသွယ် ဖြတ်ပစ်လိုက်တယ်။ လမ်းတွေ့ လို့ နှုတ်ဆက်တာမျိုးတောင် မလုပ် တော့ဘူး။ အမှန်ပြောရရင် ဒီလိုအဖြစ်အပျက်မျိုးက တစ်ကြိမ်တည်း ဖြစ်ခဲ့ တာပါ။ များသောအားဖြင့်တော့ ကျွန်တော် တစ်ယောက်တည်း နေတာက များပါတယ်။ အိမ်မှာဆိုရင်တော့ ကျွန်တော့်ရင်ခေါင်းထဲက ဆူညံပြီး ပွက်လောရိုက်နေတဲ့ အော်သံတွေကို ဖုံးလွှမ်းပစ်ဖို့ စာဖတ်နေတာ များပါတယ်။ စာဖတ်တာ လက်လှမ်းမီသလောက် လုပ်နိုင်တဲ့နည်းပဲလေ။ စာဖတ်တာ ကျွန်တော့်အတွက် အထောက်အကူ ဖြစ်ပါတယ်။ စာဖတ်နေတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ လှုပ်ရှားနေတယ်၊ ကြည်နူးနေတယ်၊ နာကျင်နှိပ်စက် ခံလိုက်ရတယ်။ တစ်ခါတစ်ခါမှာတော့ ကြောက်ခမန်းလိလိ ပျင်းစရာ ကောင်းသွားတယ်။ အဲဒီအခါ တစ်ခုခုကို တောင့်တမိပြီး တကယ့်ရမ္မက်တွေ မဟုတ်ပေမယ့် ညစ်ပတ်နောက်ကျိနေတဲ့၊ သေးနုပ်သိမ်ဖျင်းတဲ့ အပျော်အပါး တွေထဲကို ဦးစိုက်ဆင်းသွားတော့တယ်။ ကျွန်တော့်ရဲ့ သေးနုပ်သိမ်ဖျင်းတဲ့ ရမ္မက်တွေဟာ ပေါက်ထွက်သွားမတတ်၊ လောင်ကျွမ်းသွားမတတ် ရူးသွပ်စွာ ပေါက်ကွဲသွားတဲ့ မျက်ရည်တွေနဲ့ တွန်းထိုး လွင့်စဉ်သွားပါတော့တယ်။

စာဖတ်တာအပြင် ကျွန်တော့်မှာ ဘာမှ လုပ်စရာလည်း မရှိဘူး။ ကျွန်တော့်ဘေးနားက အရာတွေကလည်း လေးစားစရာ ဘာဆွဲဆောင်မှုမှ မရှိဘူးလေ။ အရာရာတိုင်းကို ဆန့်ကျင်ဖို့၊ ရုန်းထွက်ဖို့ပဲ မျှော်လင့်မိတယ်၊ ဒါကြောင့် သေးနုပ်သိမ်ဖျင်းတဲ့ အပျော်အပါးနေရာတွေ သွားပြီးတော့ပဲ ကိုယ့်ကိုယ်ကိုယ် မျှောပစ်လိုက်တယ်။

ကျွန်တော့်ကိုယ်ကျွန်တော် မှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ မဟုတ်ဘူး… မဟုတ်ဘူး... ဒါ ကျွန်တော် လိမ်လိုက်တာပါ။ ကျွန်တော့်ကိုယ် ကျွန်တော် ရှင်းလင်းဖို့၊ မှန်တယ်လို့ သက်သေပြဖို့ ကြိုးစားနေတာပါ။ လူကြီးမင်း ခင်ဗျာ၊ ဒီနေရာမှာတော့ ကျွန်တော် လိမ်မှာ မဟုတ်တော့ပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် ကတိပေးပါတယ်။

ညမှာဆို အောက်တန်းကျတဲ့ နေရာတွေမှာ ညစ်ညမ်းတဲ့ အပျော် အပါးတွေနဲ့ ပျော်ပါးဖို့ ခိုးကြောင်ခိုးဝှက်နဲ့ သွားခဲ့တယ်။ စက်ဆုပ်စရာကောင်း တဲ့ အချိန်လေးတွေမှာတောင် ရှက်စိတ်က ရှိနေပြီး ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲ မိပါတယ်။ ကျွန်တော့်နှလုံးသားရဲ့ မြေအောက်ကမ္ဘာ၊ မြေအောက်ကြွက်တွင်း ထဲမှာ ရောက်နေပေမယ့် သူများ မှတ်မိသွားမှာ၊ သူများ မြင်သွားမှာ စိုးရိမ် ထိတ်လန့်နေမိတာပါပဲ။

တစ်ခါက စားသောက်ဆိုင်တစ်ဆိုင်နားက ဖြတ်အသွား ဆိုင်ထဲမှာ လူတချို့ ဘိလိယက်ထိုးတဲ့ ကျုတံတွေနဲ့ ရန်ဖြစ်နေတာ တွေ့ လိုက်တယ်။

ပြီးတော့ လူတစ်ယောက်ကို တခြားလူတွေက ဆိုင်အပြင်ဘက်ကို ကန်ထုတ် လိုက်ကြတယ်။ အခြားအချိန်မှာဆိုရင်တော့ ဒီလိုမြင်ကွင်းကို မြင်ရရင် ကျွန်တော် ပျို့အန်မိမှာပဲ။

ဒါပေမဲ့ အဲဒီအချိန်မှာတော့ ကန်ထုတ်ခံလိုက်ရတဲ့ လူကို ကျွန်တော် တော်တော် အားကျမိသွားတယ်။ ဒါကြောင့် စားသောက်ဆိုင်ထဲ လှမ်းဝင် လိုက်တယ်။ စိတ်ထဲကလည်း ရန်ပွဲတစ်ပွဲလောက်ဖြစ်ပြီး ငါ့ကို ပြတင်းပေါက် က ကန်ထုတ်လိုက်ပါစေလို့ တွေးနေမိတယ်။

အမှန်ပြောရရင် အဲဒီအချိန်မှာ ကျွန်တော် အရက်မမူးပါဘူး။ ဒါဖြင့် ဘာလုပ်လိုက်တာလဲ။ အမှန်တော့ အလှမ်းအကမ်းမဲ့ လွင့်မျောနေတဲ့စိတ်က လူတစ်ယောက်ကို ကယောင်ခြောက်ခြားနဲ့ ဟိုးအဝေးကြီးအထိ မောင်းထုတ် လိုက်တာပါပဲ။ ဒါပေမဲ့ ဘာမှ ဖြစ်မလာခဲ့ပါဘူး။ ပြတင်းပေါက်က ကန်ထုတ် ခံရလောက်အောင်တောင် ကျွန်တော့်ကိုယ် ကျွန်တော် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဆိုင်ထဲကို ကျွန်တော် ဝင်သွားတော့ ရုံးက ဟိုအရာရှိက ကျွန်တော့်ကို တွေ့သွားတယ်။ သူက ဆိုင်ထဲမှာ ရှိနှင့်နေပြီး ကျွန်တော်ကလည်း သူ သွား မယ့်လမ်းမှာ အမှတ်တမဲ့ ပိတ်ပြီး ရပ်နေမိတယ်။ ဒီမှာတင် အဲဒီအရာရှိက ကျွန်တော့်ပခုံးကို ခပ်ကြမ်းကြမ်းတိုက်ပြီး စကားတစ်လုံးမှ မပြောဘဲ ထွက် သွားတယ်။ ကျွန်တော့်ကို ရှိတယ်လို့တောင် မထင်ဘူး။ ကိုယ့်ကို လက်သီးနဲ့ ထိုးသွားတာမျိုးအထိ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ အခုဟာကတော့ သိပ်ကို လွန်လွန်းတယ်။ သတိလေးတစ်ချက် မပေးဘဲနဲ့ လူကို တွန်းဖယ်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ ဖြစ်ရိုးဖြစ်စဉ် ဒီလိုပြဿနာမျိုး လေးတွေကို ဘာကြောင့် ခွင့်မလွှတ်နိုင်ရသလဲဆိုတာတော့ မသိဘူး။

လူကြီးမင်း ကျွန်တော် ဆိုလိုတာ သဘောပေါက်မှာပါ။ ကျွန်တော့်ကို ယင်ကောင်တစ်ကောင်လို ဆက်ဆံသွားတယ်။ အဲဒီအရာရှိက အရပ်ခြောက် ပေလောက်ရှိတဲ့ လူထွားကြီး။ ကျွန်တော်က သေးသေးပိန်ပိန်ရယ်။

ဒါပေမဲ့ ဘာပဲပြောပြောလေ ရန်ဖြစ်လိုက်ရမယ်ဆိုရင်တော့ ရန်ပွဲက ကိုယ့်လက်ထဲမှာ ရှိမယ်။ အနိမ့်ဆုံး ကိုယ့်ကိုယ်ကိုယ်တော့ ကာကွယ်နိုင် မယ်။ ပြီးတော့ ပြတင်းပေါက်က ကန်ထုတ်ခံရမယ်။ အခုတော့ အရာရှိက တွန်းတိုက်သွားတာကို အောင့်အည်းမျိုသိပ်ပြီး အရေးမစိုက်ဘဲ ထားလိုက်ရ တော့တယ်။

ဒါနဲ့ပဲ ရှက်ရှက်နဲ့ စားသောက်ဆိုင်က ထွက်လာပြီး အိမ်ပြန်လာခဲ့ပါ တယ်။ နောက်ညတွေမှာလည်း ယုတ်ညံ့သိမ်ဖျင်းပြီး သိက္ခာမရှိတဲ့ ကျွန်တော့် ရဲ့ စိတ်ဆန္ဒတွေ ကျေနပ်သွားဖို့အတွက် ထွက်လာခဲ့ပါတယ်။ အရင်နေ့တွေက ထက် ပုန်းလျှိုးဝှက်လျှိုး တိုးဝှက်ရင်း၊ သိမ်ငယ်စွာ ဝမ်းနည်းကြေကွဲရင်း၊ ကျွန်တော့်ပါးပေါ် မျက်ရည်တွေ ယိုစီးကျရင်းပေါ့၊ ဟိုအရာရှိကို ကျွန်တော် အလျှော့ပေးလိုက်တာ သူရဲဘောကြောင်တယ် လို့တော့ လူကြီးမင်း မထင်စေ ချင်ဘူး။

အရေးကြုံလာရင်သာ ကျွန်တော်က သူရဲဘောကြောင်သလို သရုပ်ဆောင်တတ်ပေမယ့် ကျွန်တော့်မှာ နှလုံးရည်တော့ ရှိပါတယ်။ မရယ်ပါနဲ့ဦး။ ခဏနေပါဦး။ ကျွန်တော် ရှင်းပြနိုင်ပါတယ်။ လူကြီးမင်း ကျေနပ်မှာပါ။ ကျွန်တော့်မှာလည်း အရာရာတိုင်းအတွက် ရှင်းလင်းချက်တွေ ရှိနှင့်ပြီးသား ပဲလေ။

ဟင်း... ဟင်း... အဲဒီ ငနဲကြီးက တစ်ယောက်ချင်း ချရဲတဲ့သူဖြစ်ရင် ပိုကြည့်လို့ကောင်းတာပေါ့။ ဒါပေမဲ့ သူက ဒီလိုလူမဟုတ်ဘူး။ ကျုတံတကား ကားနဲ့ အော်ဟစ်ပြီး ရန်ဖြစ်မယ့်၊ ရဲသွားတိုင်မယ့် လူမျိုး။ သူတို့လို လူမျိုး တွေက ကျွန်တော်တို့လို ကောင်တွေကို တစ်ယောက်ချင်း ဘယ်တော့မှ မချရဲကြဘူး။ တစ်ယောက်ချင်းချတဲ့ ကိစ္စက မကောင်းဘူးပေါ့။ ကျွန်တော် တို့လို အကောင်သေးသေးလေးတွေနဲ့ ချဖို့ မဖြစ်နိုင်ဘူးပေါ့။

သူတို့ဘက်က ဒီလို စဉ်းစားကြပေမယ့် လူတွေကိုအနိုင်ကျင့်ဖို့အတွက် တော့ ဖြစ်ကြတယ်လေ။ အထူးသဖြင့် အရပ်ခြောက်ပေလောက်နဲ့ ကိုယ်လုံး ကိုယ်ပေါက်ကြီးတဲ့ ငနဲကြီးတွေပေါ့။ ဒါကြောင့် ကျွန်တော် ခံလိုက်ရတာ သူရဲဘောနည်းလို့ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အကန့်အသတ်မရှိတဲ့ မာန်မာန ကြောင့်ပဲ။ ဒီလူရဲ့ အလုံးအထည်ကြောင့်၊ ကျွန်တော့်ခန္ဓာကိုယ် နာကျင် ထိခိုက်သွားမှာကြောင့်၊ ဒါမှမဟုတ် ပြတင်းပေါက်က ကန်ထုတ်ခံရမှာ စိုး တဲ့ အတွက်ကြောင့် ကျွန်တော် နောက်ဆုတ်လိုက်တာ လုံးဝ မဟုတ်ဘူး။

ကျွန်တော့်မှာ ခန္ဓာကိုယ်ရုပ်ပိုင်းနဲ့ပတ်သက်တဲ့သတ္တိကတော့ အလုံအလောက် ရှိပြီးသား။ မရှိတာက ကိုယ်ကျင့်သိက္ခာနဲ့ ပတ်သက်တဲ့ သတ္တိပဲ။

ကျွန်တော် ကြောက်တာ တစ်ခုပဲရှိတယ်။ ရန်ပွဲမှာ ကျွန်တော့်ကိုယ် ကျွန်တော် စာပေအသုံးအနှုန်း စကားလုံးတွေနဲ့ ကာကွယ်ပြောဆိုလိုက်တဲ့ အခါမှာ စားသောက်ဆိုင်ထဲက လူအားလုံး ကျွန်တော့်ကို နားမလည်ဘဲ ဝိုင်းဟားခံလိုက်ရမှာကိုပဲ စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ဂုဏ်သိက္ခာ နဲ့ ပတ်သက်လာရင် စာပေအသုံးအနှုန်းတွေက လွဲပြီး အရပ်သုံးစကားနဲ့ ဘယ်သူမှ မပြောနိုင်ကြပါဘူး။ (ကျွန်တော်ဟာ စိတ်ကူးယဉ်တတ်ပေမယ့် ဒါကတော့ လက်တွေ့သိတဲ့ အသိပါပဲ) ကျွန်တော် သေသေချာချာ ပြောရဲတာ က ကျွန်တော်နဲ့ ဒီငနဲကြီးနဲ့ ရန်သတ်ကြပြီဆိုရင် ကျွန်တော့်ကို သူက ရိုးရိုး သားသား ထိုးမှာမဟုတ်ဘူး။ ကျွန်တော် ဆိုလိုတာက သူက ကျွန်တော့်ကို ဘိလိယက်ခုံမှာ ပတ်ပတ်ပြီး မတူသလို မတန်သလို ထိုးမယ်။ ကျန်တဲ့လူတွေ က ကျွန်တော့်ကို ဝိုင်းဟားကြမယ်။ ပြီးတော့မှ သက်ညှာ သနားသလိုလိုနဲ့ ပြတင်းပေါက်က ကျွန်တော့်ကို ကန်ထုတ်လိုက်ကြမယ်လေ။

တကယ်တော့ ကျွန်တော်နဲ့ ပတ်သက်တဲ့ အသေးအဖွဲကိစ္စလေးတစ် ခုဟာ ဒီလို အဆုံးသတ်သွားလို့ ဘယ်ရမလဲလေ။ နောက်ပိုင်းရက်တွေမှာ အဲဒီအရာရှိနဲ့ လမ်းမှာ မကြာခဏ တွေ့တယ်။ သူ့ဘက်က ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာသာ ကျွန်တော် မပြောနိုင်တာ ပါ၊ ကျွန်တော့်ဘက်ကတော့ သူ့ကို သေသေချာချာ သတိထားနေမိတယ်။ လူပုံပန်းကို ကြည့်ပြောရရင်တော့ သူ့ဘက်က သတိထားမိပုံမရပါဘူး။ ဒါ ပေမဲ့ ကျွန်တော်ကတော့ စက်ဆုပ်မုန်းတီးမှုတွေ၊ ဒေါသတွေနဲ့ သူ့ကို ကြည့်နေမြဲပဲ။ နှစ်တော်တော် ကြာတဲ့အထိ ကျွန်တော့်ဘက်က ဒီလိုပဲ လုပ်နေခဲ့တယ်။ နှစ်ကြာလာလေလေ ကျွန်တော့်ဒေါသတွေက ကြီးလာလေလေပဲ။ ဒီတော့ သူ့အကြောင်းကို ရသလောက် စပြီး စုံစမ်းတယ်။ ဒီအလုပ်က ကျွန်တော့်အတွက် တော်တော်ခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် မှာ အသိမိတ်ဆွေ ရှိတာ မဟုတ်ဘူးလေ။

ဒါပေမဲ့ တစ်ခါက သူ့မိတ်ဆွေတစ်ယောက်က သူ့နာမည်ကို ခပ်လှမ်း လှမ်းက လှမ်းခေါ်လိုက်တာ ကြားလိုက်ရပြီး သူ့နာမည်ကို ကျွန်တော် သိလိုက်ရတယ်။ သူတို့တိုက်နား ရောက်တော့ ကုန်ထမ်းသမား တစ်ယောက်ကို ပိုက်ဆံနည်းနည်းပေးပြီး ဒီလူ ဘယ်အခန်းမှာ နေတယ်၊ တစ်ယောက် တည်း နေသလား၊ အခြား ဘယ်သူတွေ ရှိသေးသလဲဆိုတာ စုံစမ်းလို့ရလိုက် တယ်။

ဒီလိုနဲ့ တစ်မနက် ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခု ရောက်လာတယ်။ အရင်ကတော့ ကျွန်တော် စာတွေဘာတွေ ရေးတာမရှိပါဘူး။ ဒါပေမဲ့ အခု ဒီလူ့ကို ဗီလိန်လုပ်ပြီး ဝတ္ထုတိုတစ်ပုဒ်လောက် ရေးမလားလို့စဉ်းစားမိလိုက် တယ်။ ဒါနဲ့ သူ့ကို ဝတ္ထုထဲမှာ ထည့်ရေးပစ်လိုက်တယ်။ သူ့အရှက်ကို ခွဲပစ် လိုက်တယ်။ ဒီလိုရေးလိုက်ရတာ ကျွန်တော့်စိတ်ထဲ တော်တော် ဘဝင်ခိုက် သွားတယ်။ နာမည်ကိုတော့ သူ့နာမည်နဲ့ နီးစပ်ပြီး အလွယ်တကူ ခန့်မှန်းနိုင်တဲ့ နာမည်တစ်ခု ပေးလိုက်တယ်။ ပြီးတော့ ကျွန်တော့်ဝတ္ထုကို မဂ္ဂဇင်း တိုက် ပို့လိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက လူတစ်ယောက်ကို ပုတ်ခတ် ရေးပြီး ဆော်ပလော်တီးတဲ့ အရေးအသားမျိုးတွေ ခေတ်မစားသေးတာနဲ့ပဲ ကျွန်တော့်ဝတ္ထုကို အယ်ဒီတာက ပယ်လိုက်တယ်။ ကျွန်တော်လည်း စိတ် တော်တော်ပျက်သွားတယ်။ ဒေါသထွက်တာလည်း အသက်ရှူကျပ်မတတ်ပါပဲ။

ဒါကြောင့် နောက်ဆုံးမှာ ဒီလူကို တစ်ယောက်ချင်းသတ်ဖို့ စိန်ခေါ် လိုက်တော့မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တော့တယ်။ ဒီတော့ အရင်ဆုံး ကျွန်တော့်ကို သူ တောင်းပန်ရမယ်လို့ စာထဲမှာ ထည့်ရေးလိုက်တယ်။ အကယ်၍ မလိုက်နာနိုင်ဘူးဆိုရင်တော့ တစ်ယောက်ချင်းချဖို့ အရိပ်အမြွက် ရေးလိုက်တယ်။ ပြီးတော့ ကျွန်တော့်စာကို စကားလုံး အလှအပတွေ၊ အဖွဲ့ အနွဲ့တွေနဲ့ ခမ်းခမ်းနားနား ရေးလိုက်တယ်လေ။ ဒါကြောင့် ဒီလူဟာ ကျွန် တော့် စာကိုဖတ်ပြီး ခိုက်သွားမယ်ဆိုရင် ကျွန်တော့်ဆီ ပြေးလာပြီး ကျွန်တော့် ပခုံးကို ဖက်၊ ကျွန်တော်နဲ့ မိတ်ဆွေဖွဲ့မှာ သေချာတယ်။ နောင်တော့ ဒီလူနဲ့ ကျွန်တော် ဘယ်လို မိတ်ဆွေတွေ ဖြစ်သွားကြမလဲဆိုတာ ခန့်မှန်းကြည့်ပါ လား။ ဒီလူက သူ့ရဲ့ ရာထူးကြီးနဲ့ ကျွန်တော့်ကို အကာအကွယ်တွေပေး။ ကျွန်တော်က ကျွန်တော့်ရဲ့ ပညာဗဟုသုတတွေနဲ့ လမ်းညွှန်၊ ကဲ… ကျွန်တော့် အိုင်ဒီယာ ဘယ်လောက် ကောင်းသလဲ။

ဒါပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် စာကို မပေးဖြစ်ခဲ့ပါဘူး။ မပေးဖြစ်ခဲ့တဲ့အတွက် ဒီနေ့အထိ ဘုရားသခင်ကိုပဲ ကျွန်တော် ကျေးဇူးတင် မိတော့တယ်။ စာပေးဖြစ်ခဲ့ရင် ဘာဖြစ်သွားနိုင်မလဲလို့ စဉ်းစားမိတဲ့အခါ ကျွန်တော့်ကျောထဲ အေးစိမ့်သွားတယ်။ ဒါပေမဲ့ ကျွန်တော့်ကို စော်ကားခဲ့ တာလည်း နှစ်နှစ် ရှိနေပြီဆိုတော့ ကျွန်တော် စိန်ခေါ်ခဲ့တာကလည်း တော် တော်လေး အချိန်လွန်နေပြီလေ။

အဲဒီအချိန်မှာပဲ ရုတ်တရက်၊ တကယ့် ရုတ်တရက်ပါပဲ။ ရိုးရိုးလေးနဲ့ လက်စားချေပစ်လိုက်ပါတယ်။ ဒါပေမဲ့ အချက်ပိုင်ပိုင် အသားပါပါနဲ့ပေါ့ဗျာ။ တစ်ခါတစ်ခါ အားလပ်ရက်တွေမှာ နီ(ဗ်) စကီး ရိပ်သာလမ်းဘက် သုံးနာရီနဲ့ လေးနာရီကြားလောက်မှာ ကျွန်တော် လမ်းလျှောက်ထွက်တတ်တယ်လေ။ အမှန်ပြောရရင်တော့ အေးအေးဆေးဆေး လမ်းလျှောက်ထွက်တယ်ဆိုတာ ထက် အနှိပ်စက်ခံနေရတာပါ။ အရှက်ကွဲခံနေရတာပါ။ တစ်နည်းအားဖြင့် တော့ ဒါဟာလည်း ကျွန်တော့်အတွက် လိုအပ်နေသလိုပဲလေ။

လမ်းပေါ်မှာ သွားလာနေတဲ့ အရေးကြီး ပုဂ္ဂိုလ်တွေ၊ လူကြီးလူ ကောင်းတွေ၊ အရာရှိတွေ၊ အရာရှိကတော်ကြီးတွေကို ကွေ့ရှောင်ပြီး လမ်းဘေးကနေ သုတ်သုတ်ပျာပျာနဲ့ ကျွန်တော် လျှောက်လာခဲ့တယ်။ အဲဒီအချိန် တွေမှာ ကျွန်တော့်နှလုံးသားဟာ ကတုန်ကယင်နဲ့ ဘယ်လိုမှ ထိန်းချုပ်လို့ မရဘူး။ ရင်ထဲလည်း တစစ်စစ်နဲ့ နာကျင်နေတယ်။

သုတ်သီးသုတ်ပျာ ထိတ်ထိတ်လန့်လန့်ဖြစ်နေတဲ့ ကျွန်တော့်ပုံပန်း၊ နုံချာစုတ်ပြတ်နေတဲ့ ကျွန်တော့်အဝတ်အစားတွေကို တွေးကြည့်ပြီး ကျွန် တော့် ကျောပြင်ကြီးတစ်ခုလုံး ပူလောင်လာတတ်တယ်။ တစ်လောက လုံးရဲ့ မျက်စိရှေ့မှာ ကျွန်တော်က ယင်ကောင်တစ်ကောင်ပဲလေ။ ညစ်ပတ်ပြီး ဂုဏ်သိက္ခာ လုံးဝမရှိတဲ့ ယင်ကောင်တစ်ကောင်ပါပဲ။ ဒါပေမဲ့ သူတို့တွေထက် ခံစားမှုမြင့်မားတဲ့ ယင်ကောင်တစ်ကောင် ပေါ့။ အဲဒီ ယင်ကောင်က လူတိုင်းရဲ့ အစော်ကားခံ၊ အနှိပ်စက်ခံဘဝနဲ့ လူတိုင်းကို လမ်းဖယ်ပေးနေရတယ်လို့ တွေးပြီး ကျွန်တော့်ကိုယ်ကျွန်တော် မခံမရပ်နိုင်အောင် ဒေါသဖြစ်နေမိတယ်။ အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် အနှိပ်စက်ခံနေမိတယ်။

ဒီလို အနှိပ်စက်ခံနေရတာတွေကို ရောဂါတစ်ခုလို ဘာကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် အကူးစက်ခံနေရတာလဲ။ နီ(ဗ်)စကီးရိပ်သာလမ်းဘက် ဘာကြောင့် လမ်းလျှောက်ချင်နေရတာလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အဲဒီဘက်က တစ်ခုခုက ကျွန်တော့်ကို ညှို့ယူဆွဲခေါ်နေသလိုပါပဲ။ အဲဒီအချိန်မှာ စောစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ပီတိအာရုံထူးတွေကို လည်း ခံစားတတ်စပြုနေပြီပေါ့။ အရာရှိနဲ့ဖြစ်ပြီး နောက်ပိုင်းမှာ နီ(ဗ်)စကီး ရိပ်သာလမ်းဘက် အရင်ထက်ပိုပြီး အရောက်များလာတယ်။ အဲဒီနေရာမှာ အရာရှိနဲ့ မကြာခဏ တွေ့ရတတ်ပြီး ကျွန်တော်က သူ့ကိုကြည့်ရင်း ကျိတ်ပြီး အားကျတတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီလူက ကျွန်တော်တို့လို လူတွေကိုမပြောနဲ့ ကောင်းကောင်းမွန်မွန် ဝတ်စားထားတဲ့ လူတွေကိုတောင် ဘာမှ အရေးစိုက် တာ မဟုတ်ဘူး။ သူ့ဘက်က လမ်းဖယ်ပေးတာမျိုးလည်း မရှိဘူး။ သူ့ရှေ့မှာ ဘာမှမရှိသလို ကျားကျားလျားလျား ဖြောင့်ဖြောင့်တန်းတန်းနဲ့ လျှောက်သွား တတ်တယ်။ ဒါကြောင့် သူ့ကို ကျွန်တော်ကြည့်ကြည့်ပြီး မစ္ဆရိယတွေပွားရင်း စိတ်ထဲမှာ အားကျနေမိတယ်။ ပြီးတော့လည်း ကျွန်တော်ပဲ ဒေါသထွက်ပြီး တော့ သူ့ကို လမ်းဖယ်ပေးလိုက်ရတာပါပဲ။

လမ်းမပေါ်မှာတောင် ဒီလူနဲ့ ကျွန်တော် အဆင့်အတန်းမတူတာက တော့ တော်တော်လေး အသည်းနာဖို့ ကောင်းပါတယ်။

မင်းဘက်က အရင်ဆုံး အမြဲတမ်း ဘာကြောင့် လမ်းဖယ်ပေးနေရ တာလဲလို့ ကျွန်တော့်ကိုယ်ကျွန်တော် ဒေါကန်ကန်နဲ့ ပြန်မေးကြည့်မိပါတယ်။ ဘာကြောင့် ကျွန်တော်က ဒီလိုဖြစ်ပြီး သူက ဘာကြောင့် မဖြစ်ရတာလဲပေါ့။ ယဉ်ကျေးတဲ့လူတွေ လမ်းလယ်မှာ ဆုံကြတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် လေးလေးစားစားနဲ့ ဘယ်လို လမ်းဖယ်ပေးရမလဲဆိုတာ ဥပဒေမှ မရှိတာပဲ။ မျှမျှတတနဲ့ ဒီလိုဖြစ်ကောင်းစေဆိုတဲ့ စည်းကမ်းတွေ ဘာတွေ မရှိဘူးလေ။ ဒါက အကြောင်းမဟုတ်ပါဘူး။ သူ့ဘက်က သတိမထားမိပေမယ့် ကျွန်တော် ကတော့ လမ်းဖယ်ပေးမြဲပါပဲ။ ဒါပေမဲ့ တစ်နေ့ အံ့သြစရာကောင်းတဲ့ စိတ် ကူးတစ်ခု ကျွန်တော် ရလိုက်တယ်။ ကျွန်တော့်ဘက်က လမ်းဖယ်မပေးရင် ဘာဖြစ်မလဲ။ ပြောမယ်ဆိုရင် ကျွန်တော့်ဘက်က ဦးအောင် သူ့ကို တွန်းဖယ် လိုက်သလို မရွေ့ဘဲရပ်နေရင် ဘာဖြစ်မလဲ။ ရဲရင့်တဲ့ ဒီစိတ်ကူးကို သေသေချာချာ ကျွန်တော် ဆုပ်ကိုင်ထားလိုက်တယ်။ ကျွန်တော့်စိတ်ထဲလည်း မငြိမ်း နိုင်အောင်ပါပဲ။ ဒီအတွေးကိုပဲ တွေးနေမိတော့တယ်။ သူနဲ့ တွေ့ပြီဆိုရင် ကျွန်တော့်ဘက်က စဉ်းစားထားသလို လုပ်လိုက်မယ့် မြင်ကွင်းကို မျက်လုံး ထဲမှာ သေသေချာချာ ကွင်းကွင်းကွက်ကွက် မြင်ယောင်ကြည့်ဖို့ ရိပ်သာလမ်း ဘက်ကိုပဲ ခဏခဏ သွားနေမိတယ်။ အဲဒီအချိန်တွေမှာ ကျွန်တော့်စိတ်ထဲ ဝမ်းသာအူမြူးနေလိုက်တာ မပြောပါနဲ့တော့။ ကျွန်တော့်စိတ်ကူးတွေ ကလည်း ပိုပိုပြီး လက်တွေ့ဆန် လာတယ်လေ။

သူ့ကို ကျွန်တော့်ဘက်က မတွန်းဖယ်နိုင်ဘူးဆိုရင် သူ့လမ်းကို ကျွန်တော် လျှောက်လို့ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဒီငနဲကြီးကို တွန်းကို တွန်းဖယ်ပစ်ရမယ်။ အဲဒီလို ပြတ်သားတည်ငြိမ်စွာ စဉ်းစားပြီး ကျွန်တော် ပျော်နေပါတယ်။

အို... ဟို... ဒီငနဲကြီးကို တွန်းပစ်ရမယ်။ သိပ်ကြမ်းကြမ်းကြီးတော့ မဟုတ်ပါဘူး။ ညင်ညင်သာသာ ယဉ်ယဉ်ကျေးကျေးပါပဲ။ ကျွန်တော့်ပခုံး လေးနဲ့ တွန်းတယ်ဆိုရုံလောက်ပေါ့။ ဒီကောင်ကြီး ကျွန်တော့်ကို တွန်းတိုက် သွားသလိုပေါ့ဗျာ။ ကျွန်တော့်စိတ်ကို အခု ပြောင်းပစ်လိုက်ပြီးပါပြီ။ ပြင်ရ ဆင်ရတာတော့ အချိန်တော်တော် ပေးရတယ်။ ဦးဆုံး ဒီကောင်ကြီးကို ဘယ်နေရာမှာ တွန်းတိုက်လိုက်ရင် သင့်တော်မလဲ ကြည့်ရတယ်။ ပြီးတော့ အဲဒီနေ့ကျရင် ကျွန်တော် ဘယ်လိုအဝတ်အစားမျိုး ဝတ်မလဲ။

လူရှေ့သူရှေ့ ကျော်မကောင်း ကြားမကောင်းဖြစ်မယ့် ကိစ္စမျိုး ဆို ရင်တော့ အဝတ်အစားကို ကျကျနန ဝတ်တာ ကောင်းမယ်။ ပြီးတော့ အဲဒီ နေရာမှာ လမ်းလျှောက်နေကြတဲ့သူတွေက လူချမ်းသာတွေ၊ ပညာတတ်တွေ၊ အရာရှိကြီးတွေ။ ပြောမယ်ဆို စာနဲ့ပေနဲ့ ဆက်ဆံနေတဲ့ လောကကြီးပေါ့။ အဝတ်အစား ကောင်းကောင်း ဝတ်ထားတော့ လူရိုသေ ရှင်ရိုသေ ရှိတာပေါ့။ ကျွန်တော့်ကိုလည်း သူတို့နဲ့ တန်းတူလို့ မြင်သွားမယ်လေ။

ဒီစိတ်ကူးနဲ့ ကျွန်တော့်လခကို ကြိုတင်ထုတ်ပြီး အနက်ရောင် လက် အိတ်တစ်စုံရယ်၊ ဦးထုပ်ကောင်းကောင်းတစ်လုံးရယ် ဝယ်လိုက်တယ်။ ပထမ အဝါဖျော့ဖျော့လက်အိတ်ကို ဝယ်မလားလို့ စဉ်းစားမိသေးတယ်။ ဒါပေမဲ့ အနက်ရောင်က ပိုပြီး ခံ့ညားတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ရှပ်အင်္ကျီ ကောင်းကောင်းတစ်ထည်ကတော့ ကျွန်တော့်မှာ ရှိပြီးသားပါ။ ကုတ်အင်္ကျီ ကတော့ ပခုံးပေါ်တင်ထားမှာပဲ။ ဒါပေမဲ့ ကျွန်တော့်ကုတ်အင်္ကျီကော်လာ က ခေတ်မမီတော့ဘူး။ ဟိုငနဲကြီးရဲ့ ကုတ်အင်္ကျီလို ဖျံမွေးကော်လာနဲ့ဆို ကောင်းမယ်။ ဘယ်လောက်ပဲကုန်ကုန် ကော်လာကို လဲပစ်ဖို့ ဆုံးဖြတ်လိုက် တယ်။ ဒါနဲ့ စတိုးဆိုင်တွေမှာ ဖျံမွေးကော်လာ လိုက်ရှာတယ်။ ချီတုံချတုံနဲ့ အတော်ကြာကြာ စဉ်းစားပြီးတော့မှ ဈေးပေါတဲ့ ဂျာမန်ဖျံမွေးတစ်ထည် ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဂျာမန်အထည်တွေက အဟောင်းထည်တွေ ဆိုပေမယ့် အသစ်ပုံတော့ ပေါက်ပါသေးတယ်။ ဖျံမွေးတွေက တချို့နေရာ တွေမှာ စုတ်နေတာမျိုးတော့ ရှိတာပေါ့။ ဒါပေမဲ့ ကိစ္စမရှိဘူးလေ။ ကျွန်တော် လိုအပ်တာကလည်း တစ်ခါသုံးပဲမဟုတ်လား။ ဒီကောင်ကြီးနဲ့ ပွဲတစ်ပွဲ ပြီး သွားရင် ပြီးပြီပဲ။ ဈေးစုံစမ်းလိုက်တော့ ဈေးက နည်းနည်းကြီးသလားပဲ။ ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံနဲ့ သေသေချာချာ ချိန်ကြည့်တော့ မလောက်ဘူး။ ဒါနဲ့ အက်တန်ညှက်ဆီက ငွေချေးကြည့်ဖို့ စဉ်းစားရတယ်။ အက်တန်ညှက် ဆိုတာ ကျွန်တော်တို့ရုံးက ရုံးအုပ်ကြီး။ သည်းညည်းခံစိတ်ရှိပေမယ့် တာဝန် ကိုတော့ တော်တော်လေးစားပြီး စည်းစနစ်ကြီးတဲ့လူ။ ပြီးတော့ ဘယ်သူ့ ကိုမှလည်း ပိုက်ဆံချေးတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် အလုပ်စဝင်တုန်း က ကျွန်တော့်ကို ထောက်ခံပေးလိုက်တဲ့လူက တော်တော်အရေးပါတဲ့ လူ တစ်ယောက်ဖြစ်ပြီး အက်တန်ညှက်က တော်တော်လေးစားရတယ်။ ဒါပေမဲ့ သူ့ဆီက ငွေချေးရမှာ သိက္ခာကျစရာများ ဖြစ်မလားလို့လည်း စဉ်းစားမိသေးတယ်။ ဒါကြောင့် ကျွန်တော့်စိတ်တွေဟာ ပူပြင်းကိုက်ခဲပြီး အိပ်မရတာတောင် သုံးလေးည ရှိခဲ့ပြီ။

အမှန်ပြောရရင်တော့ အဲဒီကာလတွေတုန်းက ကျွန်တော်ဟာ အဖျား တက်ပြီး ကယောင်ချောက်ချား ဖြစ်နေသလို မအိပ်သလောက် နီးနီးပါပဲ။ ကျွန်တော့်နှလုံးခုန်သံဆို မူးရူးပြီး ယိမ်းထိုးနေတယ်။

အက်တန်ညှက်ကို ပြောပြလိုက်တော့ ပထမ သူက မျက်မှောင်ကုတ် ခဏစဉ်းစားပြီးမှ ငွေချေးဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်ပတ်အတွင်းမှာ ချေးငွေကို ပြန်ပေးဖို့လည်း ကတိစာချုပ်မှာ လက်မှတ်ရေးထိုး ပေးခဲ့ရသေးတယ်။

အခုတော့ အားလုံး အဆင်သင့် ဖြစ်သွားပါပြီ။ ဖျံမွေးကော်လာကိစ္စလည်း ပြီးသွားပြီ။ နောက်ဆုံး အစီအစဉ်ကို ကျွန်တော် ရေးဆွဲပြီ။ လောလော လောလောနဲ့ လုပ်တာမျိုးတော့ အဖြစ်မခံနိုင်ဘူး။ အရာရာတိုင်းကို တဖြည်း ဖြည်း စေ့စေ့စပ်စပ်နဲ့ လုပ်သွားရမယ်။ စေ့စပ်သေချာခြင်းဆိုတာ သိပ်အရေး ပါတဲ့ ကိစ္စလို့ ကျွန်တော် လက်ခံထားတယ်။

ဒါပေမဲ့ ကျွန်တော့်အကြံအစည်ကို လေးကြိမ် ငါးကြိမ်လောက်အထိအကောင်အထည်ဖော်လို့ မရတဲ့အခါမှာတော့ ကျွန်တော် စိတ်ပျက်စပြုလာ ပါတယ်။ ဒီငနဲကြီးနဲ့ ကျွန်တော်နဲ့က တစ်ယောက်ကို တစ်ယောက် မတိုက်မိအောင်များ ကံကြမ္မာက ဖန်လာလေသလားပဲ။

လူကြီးမင်းကတော့ စဉ်းစားမိမှာပေါ့။ မင်းဘက်က အားလုံး အဆင်သင့်ဖြစ်ပြီ၊ ခိုင်ခိုင်မာမာ သံဓိဋ္ဌာန်လည်း ချပြီးပြီ၊ မင်းတို့ချင်း ဝင်တိုက်ဖို့ပဲ ရှိတော့တာပေါ့လို့ စဉ်းစားမိမှာပါ။

ဒါပေမဲ့ သူနဲ့ တဲ့တိုး တိုးတဲ့အခါမှာတော့ ကျွန်တော် စဉ်းစားထား တာတွေ ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ ကျွန်တော်ကပဲ သူ့ကို လမ်းဖယ်ပေးလိုက်ရပြန်တယ်။ သူကတော့ ကျွန်တော့်ကို တစ်ချက်လေး တောင် မကြည့်ဘဲ ဖြတ်သွားပါတယ်။ တစ်ကြိမ်မှာတော့ ကျွန်တော့်ဘက်က လုံးဝ (လုံးဝ) ဆုံးဖြတ်ပြီး သူ့ရှေ့က လျှောက်လာလိုက်တယ်။

သူ့ရှေ့က အဲဒီလိုလျှောက်လာဖို့ ဆုံးဖြတ်ချက်ပေးလိုက်တဲ့ ဘုရား သခင်ကိုတောင် ကျွန်တော် ကျေးဇူးတင်မိတယ်။ ဒါပေမဲ့ ငနဲကြီးအနားလည်း ရောက်ရော သူ့ခြေထောက်ပေါ် ကျွန်တော် ပုံပြီး ခွေကျမသွားတာ ကံကောင်း တယ်ဗျို့။ ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်တော် ခြောက်လက်မလောက်အကွာ လည်း ရောက်ရော ကျွန်တော့်သတ္တိတွေ ဘယ်ရောက်ကုန်သလဲ မသိတော့ ပါဘူး။ ကျွန်တော်ဟာ သူ့ဘေးနားကနေ ဘောလုံးတစ်လုံးလို ပြန်ကန်ပြီး ထွက်လာပေမယ့် သူကတော့ စိုးစဉ်းမျှ အနှောင့်အယှက်မရှိဘဲ ကျွန်တော့် ရှေ့က ဖြတ်လျှောက်သွားပါတော့တယ်။ အဲဒီညမှာပဲ သွေးရူးသွေးတန်းနဲ့ ကျွန်တော် အဖျားတွေ တက်ခဲ့ရပြန်ပါတယ်။

ဒါပေမဲ့ အရာရာဟာ မမျှော်လင့်တဲ့ အချိန်မှာပဲ မမျှော်လင့်သလို ပြီးဆုံးသွားပါတယ်။ မျှော်လင့်မယ်ဆိုရင်လည်း မျှော်လင့်နိုင်တယ်လို့တော့ ပြောလို့ ရပါတယ်။ တစ်ညမှာ ကျွန်တော့်ရဲ့ အကြံအစည်တွေနဲ့ မအောင်မြင်တဲ့ အားထုတ်မှုတွေကို စွန့်ပစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်မိပါတယ်။ ဒါကြောင့် နောက်ဆုံးအကြိမ်အဖြစ်နဲ့ ရိပ်သာလမ်းဘက်ကို လမ်းလျှောက် ထွက်လာခဲ့တယ်။ ကျွန်တော့်ရဲ့ ကျဆုံးခန်းကို ကျွန်တော်ကိုယ်တိုင် မြင် ယောင်ကြည့်ချင်လို့ပေါ့ဗျာ။ အဲဒီအချိန်မှာပဲ ကျွန်တော့်ရှေ့က လာနေတဲ့ ဟို ငနဲကြီးကို တွေ့ လိုက်ရတယ်။ သုံးလှမ်းလောက်ပဲ..… သုံးလှမ်းလောက်ပဲ ဝေးတော့မယ်။ ချက်ချင်း ကျွန်တော့်မျက်လုံးတွေကို စုံမှိတ်ချလိုက်တယ်။

ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန် တိုက်မိကြတော့တာပေါ့။ တစ်လက်မမှ ကျွန်တော် နောက်ဆုတ်မပေးခဲ့ဘူး။ ဒီကောင်ကြီးနဲ့ ယှဉ်ပြီး ဖြတ်လျှောက်လာခဲ့တယ်။ ဒါပေမဲ့ ငနဲကြီးက ဘာ တစ်ခုမှမဖြစ်လေဟန်နဲ့ လှုပ်တောင်လှုပ်မသွားဘူး။ ဒီကောင်ကြီး ဟန်ဆောင် နေတာ ကျွန်တော် သေသေချာချာ သိတယ်။ ဒီနေ့အထိ ကျွန်တော် ပြောရဲ တယ်။ ဒီငနဲကြီး ဟန်ဆောင်လိုက်တာ ကျွန်တော့်ဘက်က တော်တော်ခံ လိုက်ရတယ်။ သူ့ကိုယ်လုံးကြီးက နည်းတဲ့ ကောင်ကြီးမှ မဟုတ်တာဘဲ။ ထားပါ၊ ဒါက ကိစ္စမရှိပါဘူး။ ကျွန်တော့်ဘက်က ကျွန်တော့်ဆုံးဖြတ်ချက်ကို တစ်လက်မကလေးတောင် နောက်မဆုတ်ဘဲ အကောင်အထည် ဖော်နိုင် လိုက်ပြီး လူတွေရှေ့မှာ ကျွန်တော်နဲ့ ဒီငနဲကြီးနဲ့ အဆင့်အတန်းချင်း အတူတူ ပဲဆိုတာ ပြောပြနိုင်လိုက်တာ အဓိကပဲ။

အရာရာတိုင်းကို ပြန်ထေမိလိုက်ပြီဆိုတဲ့ အသိနဲ့ ပျော်ရွှင်လန်းဆန်းစွာ ကျွန်တော် အိမ်ပြန်လာခဲ့ပါတယ်။ ကျွန်တော့်အောင်မြင်မှုအတွက် အီတလီ ပြဇာတ်ထဲက သီချင်းလေးတစ်ပုဒ်ကိုတောင် အသံထွက် ဆိုလိုက်မိသေးတယ်။ အခု အဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့ သုံးရက်လောက်က ဖြစ်ခဲ့တာတွေ ဆိုရင်တော့ ကျွန်တော့်သဘာဝအရ လူကြီးမင်းကို ကျွန်တော် ပြောမိမှာ မဟုတ်ပါဘူး။ ပထမပိုင်းကို လူကြီးမင်း ဖတ်ရှုခဲ့ပြီးရင် ကိုယ့်ဘာသာ မှန်းဆ လို့ ရမှာပါ။

ဒီနောက်မှာတော့ အဲဒီအရာရှိလည်း ဘယ်နေရာမှန်းမသိ ပြောင်းရွှေ့ သွားရတယ်။ အခုဆို သူနဲ့ ကျွန်တော် မတွေ့တာ ဆယ့်လေးနှစ် ရှိသွားပါပြီ။

အဲ..… ကျွန်တော့်မိတ်ဆွေကြီး အခုဆို ဘယ်များရောက်နေပါ့။ ဘယ်သူတွေ ကိုလည်း တွန်းတိုက်ပြီး သွားနေပါ့ ... သိချင်ပါရဲ့။

အပြစ်ရှိနေတယ်ဆိုတဲ့ စိတ်က ရင်ထဲမှာ တိုးဝင်စူးရှပြီး နာကျင်နေတယ်။ သေးနုပ်သိမ်ဖျင်းတဲ့ အပေါစား ပျော်ရွှင်မှုတွေ ကုန်ဆုံးသွားတဲ့အခါ ကိုယ့် ကိုယ်ကိုယ် ရွံရှာမုန်းတီးမှုက ရင်ထဲမှာ ဆူလှိုက်တက်လာတယ်။ ဒါတွေကို ဟန့်တားနိုင်အောင် ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေနဲ့ ကျွန်တော် ယဉ်ပါးခဲ့ရပြီပဲ။ ယဉ်ပါးနေပြီဆိုတာထက် ရှောင်လွှဲမရတော့လို့ ကြိတ်မှိတ် လက်ခံရတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အရာရာကို အောင့်အည်းသည်းခံနိုင်တဲ့ ထွက်ပေါက်တစ်ခု ကလည်း ရှိနှင့်နေပြီ ဖြစ်လို့ပါပဲ။

အဲဒီထွက်ပေါက်ကတော့ အိပ်မက်မှာ ခိုလှုံခြင်းပါပဲ။ ဟုတ်ပါတယ် လူကြီးမင်း။ ကျွန်တော်ဟာ အိပ်မက်တွေနဲ့ပဲ နေထိုင်ခဲ့တဲ့လူပါ။ ထိတ်လန့် စရာကောင်းလောက်အောင် အိပ်မက် မက်သူတစ်ဦးပါ။ တစ်ခါတစ်ခါ ကျွန်တော့်အခန်းကျဉ်းလေးထဲမှာ ကုပ်ပြီး သုံးလအထိ ဆက်တိုက် အိပ်မက် မက်တတ်ပါတယ်။ သိမ်ဖျင်းတဲ့ ပျော်ပါးမှုတွေ ကုန်ဆုံးသွားပြီးတဲ့နောက်မှာ ကျွန်တော့်အိပ်မက်တွေဟာ နောင်တတွေ၊ မျက်ရည်တွေ၊ ကျိန်ဆဲမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ချိုမြိန်ပြီး တောက်ပလာတတ်ပါတယ်။ အဲဒီလို ပျော်ရွှင်မှု တွေနဲ့ တကယ့်ကို ယစ်မူးနေတဲ့ အချိန်တွေထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် နည်းနည်းလေးမှ ရယ်စရာကောင်းတဲ့အရာ ရှာမတွေ့ ခဲ့ပါဘူး။ ကျွန်တော် ကျိန်တွယ်ဝံ့ပါတယ်။ ကျွန်တော့်မှာ ယုံကြည်မှုတွေ၊ မျှော်လင့်ချက်တွေ၊ ချစ်ခြင်းတွေနဲ့ပေါ့။ အဲဒီလို အချိန်တွေမှာ ဒီကမ္ဘာကြီးဟာ လျှို့ဝှက်ဆန်း ကြယ်စွာနဲ့ ရုတ်တရက် ကျွန်တော့်ရှေ့မှာ ခမ်းနားပြီးပြည့်စုံသွားတယ်လို့ မျက်စိမှိတ်ပြီး ကျွန်တော် ယုံလိုက်မိတယ်။

ကျွန်တော့်အိပ်မက်တွေထဲမှာဆိုရင် ကြက်အသည်းနဲ့ ကြောက် ကြောက်လန့်လန့်ဖြစ်နေတဲ့ လူမျိုးတွေကို အပေါင်းအသင်း မလုပ်ဘူး။ ပြီးတော့ အရပ်ခြောက်ပေလောက်ရှိတဲ့ ဟိုအရာရှိလို လူတွေကိုလည်း အိမ်ထဲတောင် ဝင်ခွင့်မပြုဘူး။ ကျွန်တော့်အိပ်မက်တွေထဲမှာတော့ ကျွန်တော်က သူရဲကောင်းတစ်ယောက်ပါပဲ။

နေ့ရဲ့ အလင်းရောင်အောက်မှာ သပြေခက်သရဖူကိုဆောင်း၊ မြင်းဖြူ ကြီးကို စီးပြီး ထွက်လာ။ အဲဒီအချိန်မှာ ဒုတိယအကောင်းဆုံး နေရာကိုတောင် ကျွန်တော် စဉ်းစားလို့ မရဘူး။ ဒါကြောင့်မို့လည်း တကယ့်ဘဝမှာ နောက်ဆုံး နေ့ကို အောင့်အည်းသည်းခံပြီး လက်ခံလိုက်ရတာပါပဲ။ ခက်တာက တကယ့် ဘဝမှာက သူရဲကောင်းကြီး လုပ်ရင်လုပ်၊ မလုပ်ရင် ရွှံ့ဗွက်ထဲ လေးဖက် ထောက်ပြီး လူးရမယ်ဆိုတာ ကျွန်တော့်အတွက် တော်တော်ခွကျတဲ့ ကိစ္စပဲ လေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွက် ရွှံ့လူးနေတဲ့အခါမှာတောင် အခြားအချိန်မှာတော့ ငါက သူရဲကောင်းတစ်ယောက်ပဲလို့ တွေးပြီး ကျေနပ် နေတာပဲလေ။ သူရဲကောင်းဆိုတာ ရွှံ့မပေအောင် ကာကွယ်ထားတဲ့ ဝတ်ရုံ ပဲ မဟုတ်လား။ သာမန်လူတွေ အတွက်ကတော့ သူတို့ကိုယ်သူတို့ ပေကျံ ညစ်ပတ်သွားမှာ ရှက်စရာလို့ ထင်မှာပေါ့။ ဒါပေမဲ့ သူရဲကောင်းတစ်ယောက် အတွက်ကတော့ လုံးဝကို မြင့်မြတ်သန့်စင်နေသူဆိုတော့ ဘယ်အစွန်းအထင်း မှ သူ့ကို ပေကျံလို့မရဘူးလေ။ ဒါကြောင့် သူ့ကိုယ်သူ ပေကျံညစ်ပတ်အောင် လုပ်ရမှာပဲပေါ့။

ဂုဏ်သိက္ခာမရှိတဲ့၊ ယုတ်ညံ့စုတ်ပဲ့တဲ့ အာရုံခံစားမှုတွေထဲမှာ တွင်းဆုံး ကျတဲ့အထိ နစ်မြုပ်နေတဲ့ အချိန်မှာတောင် မြင့်မြတ်ပြီး လှပတဲ့ အတွေးတွေ က သူတို့လည်း ရှိနေပါတယ်ဆိုတာ ကျွန်တော့်ကို သတိပေးသလိုမျိုးနဲ့ ဖျတ် ခနဲ ဖျတ်ခနဲ ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ကျွန်တော့်ရဲ့ ယုတ်ညံ့တဲ့ အာရုံတွေကို နှောင့်ယှက်လိုက်တာမျိုး မရှိဘူး။ နေရာဝင်လု လိုက်တာလည်း မဟုတ်ဘူး။ သူတို့တွေဟာ တစ်မျိုးနဲ့တစ်မျိုး၊ တစ်ခုနဲ့တစ်ခု သိသိသာသာ ခြားနားနေတာကပဲ စိတ်ဝင်စားစရာ ကောင်းသလို ဖြစ်နေတယ်။ ပြောရရင် အချဉ်ရည်လိုပေါ့ဗျာ။ သူနဲ့တွဲစားမှ အရသာ ပိုရှိလာတယ် မဟုတ်လား။

အခု ကျွန်တော့်အချဉ်ရည်က ပဋိပက္ခနဲ့ ဝေဒနာခံစားရခြင်းတွေ ရောမွှေထားပြီး ကိုယ့်ကိုယ်ကိုယ် နာနာကျင်ကျင် ခွဲစိတ်လိုက်တာတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ပါဝင်တဲ့ အချဉ်ရည်ပါပဲ။ အဲဒီ နာကျင်ခံခက်တဲ့ ဝေဒနာတွေက မြိုးမြိုးမြက်မြက်အရသာကို ပေးသလို ကျွန်တော့်ရဲ့ အောက် တန်းကျတဲ့ အာရုံတွေကိုတောင် အဓိပ္ပာယ်ရှိသွားစေပါတယ်။ ဒီထက်ပိုတာ က စားမြိန်စရာ ဒီလို အချဉ်ရည်မရှိဘဲနဲ့ ကျွန်တော့်လို လူတစ်ယောက်ဟာ အကြမ်းစားရမ္မက်တွေ၊ ယုတ်ညံ့သိမ်ဖျင်းတဲ့ အပျော်အပါး ခံစားမှုတွေကို အောင့်အည်းပြီး ဘယ်လိုမှ မျိုချလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်ညရဲ့လမ်းမ တွေပေါ်မှာ ကျွန်တော့်ကို ပျောက်ဆုံးသွားအောင် ဖုံးလွှမ်းနှစ်မြှုပ်ပစ်လိုက် တာလည်း ဒီအချဉ်ရည်ကြောင့်ပါပဲ။ ဘယ်လိုပဲပြောပြော ကျွန်တော့်မှာတော့ မြိန်စရာ အချဉ်ရည်လေးက ရှိနေပြီလေ။

မဖြစ်မနေ လူတွေထဲ တိုးဝင်ရတာမျိုး မဟုတ်ခဲ့ရင် သုံးလလောက် အိပ်မက် မမက်ဘဲနဲ့ ကျွန်တော် ဘယ်လိုမှ မနေနိုင်ပါဘူး။ အခုလည်း အက် တန်ညှက်ရဲ့ အိမ်ကို သွားလည်ဖို့အတွက် လူတွေကြားထဲ တိုးဝင်ခဲ့ရပြန်တယ်။ သူကတော့ ကျွန်တော့်ဘဝမှာ တစ်ဦးတည်းသော ထာဝရမိတ်ဆွေပါပဲ။ ဒါကိုလည်း ကျွန်တော် အံ့သြနေမိတယ်။ ဒါပေမဲ့ ကျွန်တော့်အိပ်မက်တွေ ထဲကနေ ဒီလို ပျော်ရွှင်ကြည်နူးမှုတွေ ရလာတဲ့အခါ လောကကြီးထဲက တကယ်ရှိနေတဲ့ လူတစ်ယောက်ကို ပွေ့ဖက်ပြီး ကျွန်တော် ပြောပြလိုက်ချင် တယ်လေ။ ဒါကြောင့်ပဲ အက်တန်ညှက်ကို တွေ့ ချင်နေတာပါ။ အက်တန်ညှက် က အင်္ဂါနေ့တစ်ရက်ပဲ အိမ်မှာရှိတတ်တယ်။ သူက (၅) လမ်းထောင့်မှာ နေတယ်။ အခန်းက လေးထပ်မှာ။ သူ့အိမ်မှာ အခန်းလေးခန်း ရှိတယ်။ အခန်းတွေက ရိုးရိုးပါပဲ။ ဘာမှ ပြင်ဆင်ထားတာ မရှိဘူး။ မျက်နှာကြက်တွေ ကတော့ နိမ့်တယ်။ သူ့အိမ်မှာ သူရယ်၊ သူ့သမီးနှစ်ယောက်ရယ်၊ သူတို့အဒေါ် ရယ် နေကြတယ်။

ကောင်မလေး နှစ်ယောက်စလုံးရဲ့ နှာခေါင်းတွေက တိုပြီး ထိပ်လန် နေတယ်။ ပြီးတော့ တတွတ်တွတ် ပြောလိုက်၊ တခစ်ခစ် ရယ်လိုက်နဲ့ ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ အက်တန်ညှက်ကို တော့ သူ့စာကြည့်ခန်းမှာ ဧည့်သည် လေးငါးယောက်နဲ့ အမြဲ တွေ့ရတတ် တယ်။

ဧည့်သည်တွေက ခေါင်းဖြူနေကြပါပြီ။ ကျွန်တော်တို့ ရုံးကလည်းပါတယ်၊ အခြားရုံးကလည်း ပါတယ်။ သူတို့ပြောတဲ့ အကြောင်းအရာတွေက ဆီးနိတ်က နိုင်ငံရေး ကျားကစားကွက်တွေအကြောင်း၊ လစာကိစ္စ၊ ရာထူး တိုးဖို့ ကိစ္စ၊ အထက်အရာရှိတွေကို မြှောက်ရ ချော့ရတဲ့ကိစ္စ … အဲ့ဒါတွေပါပဲ။ သူတို့ပြောတဲ့ စကားတွေကို စိတ်ရှည်လက်ရှည် နားထောင်ပြီး လေးနာရီလုံးလုံး အရူးတစ်ယောက်လို ကျွန်တော် ထိုင်နေခဲ့တယ်။ သူတို့ စကားဝိုင်းထဲကိုတော့ ဝင်လည်း မပြောနိုင်ဘူး၊ ပြောလည်း မပြောရဲပါဘူး။ ကြာလာတော့ ကျွန်တော့်စိတ်တွေ ထုံထိုင်းပြီး ကြောင်တက်တက်ဖြစ်လာ တယ်။ ချွေးတွေထွက်တာလည်း တစ်ကိုယ်လုံး ရွဲနေတာပဲ။ ဒါပေမဲ့ ရပါတယ်။ ဒီလိုဖြစ်တာလည်း ကျွန်တော့်အတွက်တော့ ကောင်းပါတယ်။ ဒါနဲ့ပဲ ကမ္ဘာ ကြီးကို ပွေ့ဖက်ဖို့ တက်ကြွနေတဲ့ ကျွန်တော့်ဆန္ဒတွေကို ခဏဘေးဖယ်ထား လိုက်ရပြန်တယ်။

ဟာ... ဟုတ်ပြီ၊ နောက်ထပ် သူငယ်ချင်းတစ်ယောက် ရှိသေးတယ်။ ကျောင်းနေတုန်းက သူငယ်ချင်း။ ဆိုင်မွန်နော့ တဲ့။ အမှန်ပြောရရင် ကျောင်း နေဖက် သူငယ်ချင်းတွေ ကျွန်တော့်မှာ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဆက် အဆံ မရှိကြတော့ လမ်းမှာတွေ့ရင်တောင် နှုတ်မဆက်တော့သလောက်ပါပဲ။ ပြီးတော့ နှစ်မြို့စရာမကောင်းတဲ့ ကျွန်တော့်ကလေးဘဝနဲ့ ဆက်နွှယ်နေတဲ့ အရာတွေအားလုံးကိုလည်း ဖြတ်တောက် ပစ်လိုက်ချင်တယ်လေ။ အလကား အသုံးမကျတဲ့ကျောင်းနဲ့ အသုံးမကျတဲ့ နှစ်ကာလတွေ။ ဒါကြောင့် ကျွန်တော့် ဘက်က သူတို့အားလုံးနဲ့ အဆက်ဖြတ်ပစ်လို့ ရပြီဆိုတာနဲ့ ဖြတ်ပစ်လိုက် တော့တယ်။ ကျွန်တော် အသိအမှတ်ပြုထားတဲ့ သူငယ်ချင်းနှစ်ယောက်က လွဲလို့ပေါ့။ တစ်ယောက်က ဆိုင်မွန်နော့။ သူက ကျောင်းသားဘဝမှာ ဘာမှ မှတ်မှတ်ရရ ပြောစရာရှိတဲ့လူ မဟုတ်ပေမယ့် လူက လူအေး၊ သူ့မှာ လွတ် လပ်တဲ့ စရိုက်တချို့ရှိပြီး ရိုးသားမှုရှိတယ်လို့တောင် ပြောနိုင်တယ်။

ပြီးတော့ ဒီကောင်က ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းအောင့်အည်းနေ တတ်တဲ့ လူမျိုးလည်း မဟုတ်ဘူး။ သူနဲ့ ကျွန်တော် ကျောင်းမှာ တွဲခဲ့ကြတုန်း က ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန် လေးတွေဟာ ဘယ်တော့မှ တာရှည်မခံခဲ့ဘူး။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်လာတတ်တယ်။ သူ့အတွေးထဲမှာတော့ အဲဒီအချိန်တွေ ကို သာသာယာယာ အောက်မေ့မယ် မထင်ပါဘူး။ ကျွန်တော့်ကိုလည်း အရင်လို သဘောထားမျိုး ရှိနေမလားလို့ သူ့ဘက်က သံသယရှိချင်ရှိနေမှာ ပဲ။ ဒါကြောင့် သေချာအောင် သူနဲ့ တွေ့ ချင်နေတယ်။

အက်တန်ညှက်ကလည်း မအားဘူးဆိုတော့ကာ တစ်နေ့တော့တစ် ယောက်တည်းနေရတဲ့ ခြောက်သွေ့မှုကို မခံနိုင်တာနဲ့ ဆိုင်မွန်နော့ကို တွေ့ ဖို့ ထွက်လာခဲ့တယ်။

“ဒီအချိန်မှာ ဆိုင်မွန်နော့က ငါ့ကို စိတ်ကုန်ချင်ကုန်နေမှာပေါ့၊ သူ့ဆီ ငါ သွားလည်တာ မကောင်းပါဘူး”လို့ သူနေတဲ့ လေးထပ်တိုက် လှေကား အတိုင်း တက်နေစဉ်မှာပဲ တွေးမိလိုက်သေးတယ်။ ဒါပေမဲ့ ထုံးစံအတိုင်းပါပဲ။ ကျွန်တော့်အတွေးတွေက ကျွန်တော့်ဆန္ဒနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ရေရာလှတာ မဟုတ်ဘူးလေ။ ဒါနဲ့ပဲ လှေကားအတိုင်း ဆက်ပြီး တက်လာ ခဲ့တယ်။ ပြီးတော့ မတွေ့ရတာလည်း တစ်နှစ်နီးပါးလောက် ရှိသွားပြီမဟုတ်လား။

ဆိုင်မွန်နော့ကို ကျွန်တော်တို့ ကျောင်းနေဖက် သူငယ်ချင်းဟောင်း နှစ် ယောက်နဲ့အတူ တွေ့ လိုက်ရတယ်။ သူတို့အားလုံး ကျွန်တော့်ကို သတိမထား မိကြပါဘူး။ အရေးကြီးတဲ့ကိစ္စတစ်ခုခုကို ဆွေးနွေးနေကြတယ်နဲ့ တူပါရဲ့။

သူတို့နဲ့ ကျွန်တော် မတွေ့ရတာ နှစ်တွေကြာခဲ့ပြီဆိုတော့ သိပ်ကို အံ့သြဝမ်းသာစရာပဲပေါ့၊ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို သိသိသာသာပဲ ယင်ကောင်တစ်ကောင်လို ဆက်ဆံလိုက်ကြတယ်လေ။ ကျောင်းမှာတောင် ကျွန်တော့်ကို ဒီလိုမဆက်ဆံခဲ့ကြပါဘူး။ ကျွန်တော်ကလည်း သဘောပေါက်လိုက်ပါတယ်။ ကျွန်တော်က မထင်ရှားတဲ့ ရုံးဝန်ထမ်းတစ်ယောက်၊ အနေအထိုင်က ပစ်စလက်ခတ်နေတယ်၊ အဝတ် အစားတွေက စုတ်ချာတယ်။ ဒီတော့လည်း ကျွန်တော့်ကို သူတို့ အထင်သေး စက်ဆုပ်ကြမှာပေါ့။ သူတို့တွေ မျက်လုံးထဲမှာ ဒါတွေ အားလုံးဟာ ကျွန်တော့် အရည်အချင်းကို ကန့်သတ်ဖော်ပြနေတဲ့ တံဆိပ်တွေလို့ မြင်နေကြတယ်။ ဘာပဲပြောပြောပါ၊ သူတို့ဘက်က လွန်လွန်ကျွံကျွံကြီးတော့ မဟုတ်ပါဘူးလို့ ကျွန်တော့်ကိုယ် ကျွန်တော် ဖြေလိုက်ပါတယ်

ဆိုင်မွန်နော့ကတော့ ကျွန်တော့်ကို မြင်မြင်ချင်း အံ့သြသွားတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ တွေ့ လိုက်တိုင်း သူ ထိတ်လန့် အံ့သြသွားတတ်တာ ကျွန်တော် စဉ်းစားထားပြီးသားပါ။ စိတ်ပျက်လက်ပျက်နဲ့ပဲ သူတို့ဘေးနားမှာ ကျွန်တော် ဝင်ထိုင်လိုက်တယ်။ သူတို့အားလုံးက နောက်တစ်နေ့မှာ နှုတ်ဆက်ညစာစားပွဲ တစ်ခု လုပ်ဖို့ အပြင်းအထန် ဆွေးနွေးနေကြပါတယ်။

နှုတ်ဆက်မယ့်လူက ဇာကော့လို့ခေါ်တယ်။ ဘုရင့်မြင်းတပ်က အရာ ရှိတစ်ယောက်ဖြစ်ပြီး ကျွန်တော်နဲ့လည်း တစ်တန်းတည်း ကျောင်းတက် ခဲ့တဲ့ သူငယ်ချင်းပါပဲ။ အခု သူက နယ်ကို ပြောင်းရွှေ့ရမှာမို့ နှုတ်ဆက်ပွဲလုပ်ဖို့ တိုင်ပင်နေကြတာ။ ဇာကော့က မူလတန်းမှာတုန်းကတော့ မျောက်ရှုံးအောင် ဆော့တယ်။ ဒါကြောင့် ဒီကောင့်ကို ကြည့်မရ ဖြစ်ခဲ့တယ်။ အတန်းကြီးရောက် လာတော့ ဒီကောင့်ကို ကျွန်တော် ပိုမုန်းလာတယ်။ ဒီကောင်လည်း အမြဲ ချို့တဲ့တဲ့ ကျောင်းသားတစ်ယောက်ပါပဲ။

ဒါပေမဲ့ အထက်တန်းရောက်တဲ့ အချိန်မှာ အိမ်တစ်လုံးနဲ့ လယ်ဧက တော်တော်များများ အမွေရလိုက်တယ်။ ကျွန်တော်တို့ကျောင်းက ကျောင်းသား အားလုံးနီးပါးကလည်း ဆင်းရဲသား သားသမီးတွေ ဆိုတော့ ဒီကောင့် ဘက်က ကြွားနိုင်တော့တာပေါ့။ ဒီကောင်က ရိုင်းရိုင်းပျပျကို မောက်မာ လာတယ်။ ဒါပေမဲ့ သူ့မှာ အငြိုးအတေး အာဃာတတော့ မရှိဘူး။ ဒီကောင်က မြောက်ကြွမြောက်ကြွ လုပ်လေ ကျန်တဲ့ကောင်တွေက ပါးစပ်လေးနဲ့ မြှောက်လေပေါ့။ အမှန်တော့ လူတိုင်းက ဒီကောင့်ကို မြှောက်ပင့်နေတယ် ဆိုတာလည်း သူ့မှာ ပင်ကိုအစွမ်းအစ ရှိလို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံး က သူ့ကို ကျွန်တော်တို့အထဲမှာ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူတစ်ယောက်လို့ ယူဆထားကြတယ်။ အဲဒီအချက်က ကျွန်တော့်ကို ရူးသွပ်သွားစေတာပါပဲ။

ဒီကောင်ရဲ့ ပြတ်သားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အသံ၊ သူ့ဟာသကို သူ့ဘာသာ နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်တဲ့ ရယ်သံတွေကို ကျွန်တော် အလွန် မုန်းတီးခဲ့တယ်။ သူ့ရဲ့အသံတွေ၊ အမူအရာတွေဟာ ရဲတင်းပေမယ့် ကျွန်တော့်စိတ်ထဲမှာ တော်တော့ကို မာဆတ်ဆတ်နိုင်နေတယ်လို့ ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရည်ရွယ်ချက်ကြီးတဲ့လူဆိုတော့ ဘွဲ့ရသွားပါတယ်။

နောက်တစ်ခုက သူ့ရဲ့မျက်နှာ။ မျက်နှာက ခံ့ညားတယ်ဆိုပေမယ့် မိုက်ကန်းတဲ့မျက်နှာ၊ အဲဒီ မျက်နှာကိုလည်း ကျွန်တော် မုန်းနေတယ်။ (ဒါ ပေမဲ့ အဲဒီလို မျက်နှာနဲ့ ကျွန်တော့်လို အသိဉာဏ်ရှိတဲ့ မျက်နှာကို လဲလို့ ရရင် လဲလိုက်ချင်ပါရဲ့) ပြီးတော့ အဲဒီခေတ်က အရာရှိကြီးတွေဆီက ခိုးချ ထားတဲ့ လွတ်လပ်ပြီး အေးအေးဆေးဆေးနေတတ်တဲ့ အမူအရာတွေ၊ အမျိုး သမီးကိစ္စနဲ့ပတ်သက်တဲ့ သူ့ရဲ့ ကြွားလုံးတွေ၊ နောက် တစ်ယောက်ချင်း ရန် သတ်တဲ့ အကြောင်းတွေ။ အဲ့ဒါတွေကို ကျွန်တော် အမုန်းဆုံးပဲ။

ကျွန်တော် သတိရနေတာတစ်ခု ရှိတယ်။ ကျောင်းအားလပ်ချိန် လွှတ်တဲ့အခါမှာပေါ့။ ဒီကောင်က သူငယ်ချင်းတစ်စုနဲ့ ဝိုင်းဖွဲ့ပြီး စကား ပြောနေတယ်။ အမှန်တော့ သူ ပြောနေတာကိုပဲ အားလုံးက နားထောင်နေ ကြတာပါ။ ပြောနေတာက မိန်းကလေးတွေအကြောင်း။ နောက်ဆုံးသူက ဘာပြောလိုက်သလဲ ဆိုတော့ ရွာက အပျိုလေးတွေဆိုရင် သူနဲ့ မဖြစ်ဖူးတဲ့ သူ မရှိဘူးဆိုတဲ့အကြောင်း၊ သူ့ကိစ္စကို မကျေနပ်တဲ့လူ၊ ကလန်ကဆန် လုပ်တဲ့လူဆိုရင်လည်း သူ့အမိန့်နဲ့ ကြိမ်ဒဏ်၊ ဒါမှမဟုတ် ငွေဒဏ်တစ်ခုခု ပေးလိုက်တယ် ဆိုတဲ့အကြောင်း ပြောလိုက်တော့ ဘေးနားက ဝိုင်းနားထောင်နေတဲ့ ငတုံး ငအတွေက လက်ခုပ် တဖြောင်းဖြောင်း တီးပြီး အားပေးကြတယ်လေ။ ကျွန်တော်က တော်တော် စကားနည်းတဲ့လူပါ။ ဒါပေမဲ့ မနေနိုင် တော့ဘူး။ သူ ပြောတဲ့ ရွာက အပျိုမလေးတွေဘက်က ကရုဏာသက်မိလို့ လည်း မဟုတ်ပါဘူး။ ဒီအရူးပြောတာကို ဝိုင်းထောက်ခံပြီး လက်ခုပ်လက်ဝါး တီးကြတာကို မကျေနပ်လို့ပါ။ အဲဒီအချိန်မှာ ကျွန်တော်က ဝိုင်းထဲဝင်ပြီး ဒီကောင့်ကို နိုင်အောင် ပြောနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီကောင်က မိုက်ကန်းသလို ပါးနပ်တယ်လေ။ ကျွန်တော် ချေပတဲ့ စကားတွေကနေ အသာလေး ရှောင်ထွက်ပြီး ကျွန်တော့်စကားတွေ ကို ပြက်လုံးလုပ်ပစ်လိုက်တယ်။ ဒီတော့ ကျွန်တော်က အသာစီးရနေပါလျက်နဲ့ နောက်ဆုံး ဘေးကလူတွေက သူ့ကိုပဲ သဘောကျပြီး လက်ခုပ်တီး ချီးကျူး လိုက်ကြတော့တယ်။

နောက်ပိုင်းလည်း ဒီနည်းနဲ့ပဲ ကျွန်တော့်ကို သူ အနိုင်ယူသွားတာပါ ပဲ။ ဒါပေမဲ့ ဒီကောင့်မှာ အငြိုးအတေး မရှိဘူး။ ရယ်ရယ်မောမောပဲ။ ကျောင်းပြီးသွားတော့ နောက်ဆုံးတစ်ရက်မှာ သူနဲ့ကျွန်တော် တွေ့ကြတော့ ဒီကောင်က ကျွန်တော့်ဆီ လျှောက်လာပြီး ဖော်ဖော်ရွေရွေနဲ့ စကားပြော ပါတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော် တုံ့ပြန်တဲ့ လေသံကတော့ အထင်သေးတဲ့ အသံတွေ၊ ကဲ့ရဲတဲ့အသံတွေ အပြည့်နဲ့ပါပဲ။ ရန်တော့ မလုပ်ပါဘူး။ သူ ပြော တဲ့ စကားတွေကိုလည်း ကျွန်တော် ကျေနပ်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို မြှောက်ပင့်ပြောနေတာကိုး။

နောက်ပိုင်းတော့ ကျွန်တော်တို့ချင်း အဆက်အသွယ် ပြတ်သွားပါတယ်။ ပြီးတော့ သူ တပ်ထဲဝင်သွားပြီး စစ်ဗိုလ်ဖြစ်သွားတယ်။

ဒီနောက် တပ်ထဲမှာ သူ့ရဲ့ ရွပ်ရွပ်ချွံချွံလုပ်ခဲ့တဲ့ ကိစ္စတွေ၊ သူ ရခဲ့တဲ့ အောင်မြင်မှုတွေကိုလည်း ကျွန်တော် ပြန်ကြားရပါတယ်။ သူ့ရဲ့ စွန့်စားခန်း တွေကိုတောင် ရဲဘော်သစ်လေးတွေက ဒဏ္ဍာရီလိုလုပ်ပြီး ပြောနေကြရ တယ်တဲ့လေ။ သူနဲ့ ကျွန်တော် လမ်းမှာတွေ့မယ်ဆိုရင်တောင် မှတ်မိပါ့မလား မသိဘူး။ ကျွန်တော့်လို ဘာမဟုတ်တဲ့ ကောင်တစ်ကောင်ကို လမ်းမှာ နှုတ်ဆက်ဖို့ မသင့်တော်ဘူးလို့များ သူ ထင်မလားပဲ။ တစ်ခါကတော့ ပြဇာတ်ရုံ တစ်ရုံမှာ တွေ့ လိုက်ပါသေးတယ်။ စစ်ဝတ်စစ်စားအပြည့်နဲ့။ အထက်အရာ ရှိကြီးတွေရဲ့ သမီးတစ်သိုက်နဲ့ အကြည်ဆိုက်နေချိန်ပေါ့။

သူနဲ့ မတွေ့တာဆို သုံးနှစ် … သုံးနှစ်ကျော်ကျော်ပေါ့။ ဒီအတော အတွင်းမှာ ဒီကောင် နည်းနည်းတော့ ပုံပျက်သွားတယ်။ ရုပ်ကတော့ ခံ့ခံ့ ညားညား ကြည့်လို့ကောင်းတုန်းပါပဲ။ ဒါပေမဲ့ အသက်သုံးဆယ်ပြည့်သွားပြီ ဆိုတော့ ဗိုက်နည်းနည်းထွက်လာပြီး ဝလာတာပေါ့။

အခု သူက တစ်နေရာရာကို ပြောင်းရွှေ့ရမှာဆိုတော့ ကျောင်းနေ ဖက် သူငယ်ချင်းတွေက သူ့ကို နှုတ်ဆက်ဖို့ စီစဉ်နေကြတာပါ။ ဒါဆိုရင် ဒီ သုံးနှစ်အတွင်းမှာ သူတို့တွေ အဆက်အဆံ မပြတ်ဘူးဆိုတာ ထင်ရှားနေပါ တယ်။

ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ နက်နက်ရှိုင်းရှိုင်း သိနေတာတစ်ခုက ကျန်တဲ့ သူငယ်ချင်းတွေ အားလုံးဟာ သူတို့ကိုယ်သူတို့ ဇာကော့နဲ့ အဆင့်အတန်းချင်း မတူကြဘူးလို့ ထင်နေကြတာ သေသေချာချာ သိနေတယ်။ ဆိုင်မွန်နော့ရဲ့ ဧည့်သည်နှစ်ယောက်ထဲမှာ တစ်ယောက်က ဂျာမန်ရုရှား ကပြား။ နာမည်က ဖစ်ရှကင်း။ လူက သေးသေး၊ မျက်နှာက မျောက်မျက်နှာ နဲ့။ တကယ့်တကယ် သူရဲဘောကြောင်သလောက် ရုပ်က အတည်ပေါက်နဲ့။ အလကား ငကြွား၊ သူများကို အထင်သေးတဲ့အကြည့်နဲ့ အမြဲ ကြည့်တတ်တဲ့ အရူး၊ ကျွန်တော် ရွံ့မုန်းတဲ့အထဲမှာ အောက်ဆုံးအဆင့်က ပါတဲ့ကောင်။ ဇာကော့ကို ကြည်ညိုသူတွေထဲမှာ ဒီကောင်က ထိပ်ဆုံးကပေါ့။ ဇာကော့ကို သူ ပေါင်းသင်းတာ အကျိုးအမြတ်လိုချင်လို့ မဟုတ်ဘူးလို့သာ ဟန်ဆောင် နေပေမဲ့ ဇာကော့ဆီက တစ်လျှောက်လုံး ပိုက်ဆံချေးနေတဲ့ကောင်။

နောက်တစ်ယောက်က ထရူနိုဘော့။ မှတ်မှတ်ရရရှိတဲ့ သူငယ်ချင်း ထဲကတော့ မဟုတ်ပါဘူး။ သူကလည်း တပ်ထဲကပဲ။ အရပ်ရှည်ရှည်၊ အေးတိအေးစက်နဲ့ပဲ။ ဒီကောင်က ရိုးပါတယ်။ ဇာကော့နဲ့လည်း ဆွေမျိုးနီးစပ် တော်တယ်။ ဇာကော့နဲ့ ဆွေမျိုးတော်တာနဲ့ပဲ ဒီကောင်လည်း ကျွန်တော်တို့ အပေါင်းအသင်းကြားမှာ ဂုဏ်တစ်ခုရသွားတယ်။ ဒီကိစ္စက တော်တော်တော့ ပေါကြောင်ကြောင်နိုင်တယ်လို့ ပြောရမှာပဲ။ ဒီကောင်ကလည်း ကျွန်တော့်ကို အရေးပါတဲ့ကောင်လို့ မထင်ပါဘူး။ သူ့အမူအရာက ခင်ခင်မင်မင် မဟုတ်ပေ မယ့် နည်းနည်းတော့ ကျွန်တော့်အတွက် သည်းခံလို့ ရပါသေးတယ်။ အဲဒီ အချိန်မှာပဲ ထရူနိုဘော့က –

“ကောင်းပြီလေ၊ ဒီတော့ တို့တွေက တစ်ယောက်ကို ခုနစ်ရူဗယ်စီ ထည့်မယ်ဆိုတော့ နှစ်ဆယ့်တစ်ရူဗယ်။ ဒီငွေလောက်ဆို ဇာကော့ကို ကောင်း ကောင်းပြုစုလို့ရပါပြီ။ ဇာကော့ကတော့ ငွေထုတ်မှာ မဟုတ်ဘူးနော်” လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဆိုင်မွန်နော့က “မဟုတ်တာဘဲ၊ ကြံကြံဖန်ဖန်၊ တို့က ဇာကော့ကို ပြုစုရမှာမဟုတ်လား” လို့ ဝင်ပြောလိုက်ပါတယ်။

ဒီတော့ ဖစ်ရှကင်းက ဇာကော့ရဲ့ နောက်လိုက်ကျွန်ပီပီ တက်တက် ကြွကြွနဲ့ “ဘာလဲ၊ မင်းတို့က ကုန်ကျစရိတ် အားလုံးကို တို့တွေကိုပဲ ပေးဖို့ ဇာကော့က ခွင့်ပြုလိမ့်မယ် ထင်လို့လား၊ မင်းတို့ကို ဟိုက ရှန်ပိန်တစ်ဒါဇင် လောက်တောင် ပြန်တိုက်သွားလိမ့်ဦးမယ်” လို့ ဖြတ်ပြောလိုက်တယ်။

ဘုမသိဘမသိ နားထောင်နေတဲ့ ထရူနိုဘော့က “ရှန်ပိန်တွေ ဒီ လောက်အများကြီး ကုန်မှာမို့လား” လို့ ပြောလိုက်တယ်။

“ဟုတ်ပြီလေ၊ ဇာကော့နဲ့ဆိုရင် တို့အားလုံး လေးယောက်၊ ငွေက နှစ်ဆယ့်တစ် ရူဗယ်၊ မနက်ဖြန်ညနေ ငါးနာရီ၊ ဟိုတယ်ပါရီမှာ ဆုံကြမယ်၊ ဟုတ်လား” လို့ စကားဝိုင်းကို အဆုံးသတ်လိုက်တယ်။

ဒီမှာတင် ကျွန်တော့်စိတ်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ နည်းနည်းလည်း အစော်ကားခံလိုက်ရတယ် လို့ ထင်လိုက်မိတယ်။

“ဘာလို့ နှစ်ဆယ့်တစ် ရူဗယ် ဖြစ်ရမှာလဲကွ၊ ငါနဲ့ပါဆိုရင် နှစ်ဆယ့်ရှစ် ရူဗယ် ဖြစ်ရမှာပေါ့” လို့ ရုတ်တရက် ဝင်ပြောလိုက်မိတယ်။ ဒီတော့ ဆိုင်မွန် နော့က “မင်းပါ ပါမလို့လား”လို့ ကျွန်တော့်ကို မကြည့်ဘဲ လေးလေးတွဲ့တွဲ့ နဲ့ ပြောလိုက်ပါတယ်။ ကျွန်တော် စိတ်ဆိုးသွားပြီဆိုတာ သူ ကောင်းကောင်း သိပါတယ်။

“ပါရမှာပေါ့၊ ဇာကော့ကလည်း ငါ့သူငယ်ချင်းပဲ၊ မင်းတို့ ငါ့ကို ချန်ထားတာတော့ ဘယ်ကောင်းမလဲ ကွ” လို့ ဒရောသောပါးနဲ့ ကျွန်တော် ပြော ချလိုက်ပါတယ်။

ဖစ်ရှကင်းက အသံမာမာနဲ့ ဝင်ပြီး “ငါတို့က မင်းကို ဘယ်သွားရှာ ရမှာလဲကွ၊ ပြီးတော့ ဇာကော့နဲ့ မင်းနဲ့က အခေါ်အပြော ရှိလို့လား” လို့ ပြောလိုက်တော့ –

ထရူနိုဘော့ကပါ... “အခုမှတော့ လုပ်မနေပါနဲ့ကွာ”လို့ မျက်မှောင် ကြုတ်ပြီး ပြောလိုက်ပြန်ပါတယ်။

ဒါကြောင့် ကျွန်တော်က “ငါ့ကိစ္စကို မင်းတို့ ဆုံးဖြတ်ခွင့်မရှိဘူးလို့ ထင်တယ်”လို့ပြောလိုက်တယ်။ ကျွန်တော့်အသံတွေက တုန်ယင်နေပါတယ်။ ဆိုးဆိုးဝါးဝါးတစ်ခုခု ဖြစ်တော့မယ့်အတိုင်းပါပဲ။ တစ်ခါ ဆက်ပြီး-

“ဇာကော့နဲ့ ငါ အဆက်အသွယ် မရှိဘူးပဲထား။ အခု ငါပါ ပါချင်တယ် ကွာ၊ အဲ့ဒါ ငါ့ကိစ္စပဲ” လို့ ပြောချပစ်လိုက်တယ်။

ဒီတော့ ထရူနိုဘော့က ရိသဲ့သဲ့လေသံနဲ့ “မင်းရဲ့ မဟာအတွေးအခေါ် တွေကို ဘယ်လို နားလည်ရမှန်း မသိတော့ပါဘူး” လို့ မှတ်ချက်ချတယ်။ နောက်ဆုံး ဆိုင်မွန်နော့က “ကောင်းပြီလေ၊ မင်းပါ ထည့်တွက်လိုက်ပြီ၊ ဒါဆို မနက်ဖြန်ညနေ ငါးနာရီ ဟော်တယ်ပါရီမှာပေါ့၊ ဟုတ်လား”လို့ အဆုံး သတ်လိုက်ပါတယ်။ ဖစ်ရှကင်းက ကျွန်တော့်ဘက် မေးငေါ့ပြပြီး လေသံ တိုးတိုးနဲ့ “ဒါဆိုရင် ပိုက်ဆံကကော” လို့ ဆိုင်မွန်နော့ကို မေးလိုက်တယ်။ ဒါပေမဲ့ ဆိုင်မွန်နော့က ငူငူကြီး ထိုင်နေပြီး ဘာမှမပြောတော့ပါဘူး။ တစ်ခုခု ကျွန်တော် ပြောလိုက်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်လည်ချောင်းထဲက ထွက်မလာပါဘူး။ ဆိုင်မွန်နော့လည်း စိတ်ညစ်သွားတယ်နဲ့ တူပါတယ်။

“သူ ဒီလောက်တောင် လာချင်လည်း လာပစေပေါ့” လို့ ထရူနိုဘော့ က ထိုင်ရာက ထရင်း ပြောလိုက်ပါသေးတယ်။ ဖစ်ရှကင်းကတော့ မကျေ မချမ်းတဲ့ လေသံနဲ့ -

“ဒီပွဲက တို့တွေ ရင်းနှီးတဲ့လူတွေ တွေ့မယ့်ပွဲကွ၊ အစိုးရဌာနက လုပ်တဲ့ ပါတီပွဲ မဟုတ်ဘူး”လို့ ပွစိပွစိနဲ့ လုပ်နေပါတယ်။ တစ်ခါ ကျွန်တော့် ဘက်လှည့်ပြီး “မင်းက တကယ် ပါချင်တာလည်း ဟုတ်ချင်မှ ဟုတ်မှာပါ” တဲ့။ သူတို့တွေ ထွက်သွားကြတဲ့အခါ ထရူနိုဘော့က ကျွန်တော့်ကို မကြည့်ဘဲ ခေါင်းတညိတ်ညိတ် လုပ်ပြီး ထွက်သွားပါတယ်။ ဖစ်ရှကင်းကတော့ ခေါင်း တောင် ညိတ်မသွားပါဘူး။ ခပ်တည်တည်နဲ့ ထွက်သွားပါတယ်။

အခန်းထဲမှာ ကျွန်တော်နဲ့ ဆိုင်မွန်နော့ နှစ်ယောက်တည်းသာ မျက် နှာချင်းဆိုင်ပြီး ကျန်ခဲ့ကြပါတယ်။ ဆိုင်မွန်နော့က ခေါင်းရှုပ်ပြီး စိတ်ပျက် လက်ပျက်ဖြစ်နေတဲ့ အမူအရာနဲ့ ကျွန်တော့်ကို ပြူးကြောင်ကြောင် ကြည့်နေပြီးမှ-

“အေးပေါ့ကွာ၊ မနက်ဖြန် ညနေ ငါးနာရီပေါ့၊ ဒါနဲ့ ... ပိုက်ဆံက မင်း အခု ပေးချင်လို့လား၊ ဒါ ... ငါ သိချင်လို့ မေးတာနော်၊ ဘယ်လိုမှမထင်နဲ့” လို့ ညည်းသံသဲ့သဲ့နဲ့ မေးလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ တစ်ခါက ဆိုင်မွန်နော့ဆီက ကျွန်တော် ဆယ့်ငါးရူဗယ် ချေးထားခဲ့ဖူးတယ်ဆိုတာ သတိရလိုက်မိတယ်။ အမှန်ပြောရရင် ပြန်မပေး နိုင်သေးပေမယ့် ကျွန်တော် မမေ့ပါဘူး။

“မင်း သိပါတယ်ကွာ ... ငါလည်း ဒီကိုလာတာ ဘာမှန်းသိသေးတာ မဟုတ်ဘူး၊ ငါ ယူလာဖို့ မေ့သွားတယ်ကွာ”

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ မနက်ဖြန် မင်းလာတော့ ယူခဲ့ပေါ့၊ ငါ က သေချာအောင် ပြောတာပါ၊ ဘယ်လိုမှ မထင်ပါနဲ့” လို့ ပြောပြီး သူ့စကား ကို အဆုံးသတ်လိုက်ပါတယ်။ ပြီးတော့ အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေပါတယ်။ သူ့ကြည့်ရတာ ဒေါသထွက်နေတဲ့ပုံပါပဲ။ ဘာကြောင့် လဲဆိုတော့ သူ့ခြေသံက တဖြည်းဖြည်း ပြင်းလာတယ်လေ။ နှစ်မိနစ်လောက် ငြိမ်သွားပြီးတဲ့နောက်မှာ ကျွန်တော်က -

“ဆိုင်မွန်နော့၊ မင်းမှာ လုပ်စရာ ရှိသေးလား” လို့ မေးလိုက်တော့ သူက ပျာပျာသလဲနဲ့ -

“ဟို … အဲ့ဒီလို မဟုတ်ပါဘူး၊ ဒါပေမဲ့ ... ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ လူတစ်ယောက်နဲ့တွေ့ဖို့ ချိန်းထားတယ်၊ ဒီနားလေးပါ၊ သိပ်မဝေးပါဘူး” လို့တောင်းတောင်းပန်ပန်နဲ့ ဗလုံးဗထွေး ပြောပါတယ်။ ဒါပေမဲ့ စိတ်ရှုပ်ထွေး နေတာက ပိုကဲနေမှာပါ။ ကျွန်တော်က အေးအေးဆေးဆေးဟန်နဲ့ ဦးထုပ်ကို ကောက်ယူလိုက်ရင်း (ခပ်တည်တည်နဲ့ ဒီလို လုပ်တတ်တာကို ဘယ်နေရာက ကျွန်တော် ရမှန်း မသိပါဘူး) –

“စောစောက ပြောရောပေါ့ကွာလို့” ပြောလိုက်ပါတယ်။

ကျွန်တော့်ကို တံခါးပေါက်ဝလိုက်ပို့ရင်း သူက ဆက်ပြီး “မဝေးပါဘူး၊ ဒီနားလေးမှာပါ” လို့ ထပ်တလဲလဲ ပြောနေပါတယ်။ ကျွန်တော် လှေကားက ဆင်းသွားတဲ့ အခါမှာတော့ ကျွန်တော့်နောက်ကနေ “မနက်ဖြန် ညနေ ငါးနာရီနော်၊ ဟုတ်ပြီလား”လို့ အော်ဟစ် ပြောလိုက်ပြန်ပါတယ်။ ကျွန်တော့် ကို ပထုတ်လိုက်ရလို့ ဆိုင်မွန်နော့ တကယ်ပဲ ပျော်သွားတယ်ဆိုတာ ကျွန် တော် သိပါတယ်။

ဒါပေမဲ့ ကျွန်တော့်ရင်ထဲတော့ အောင့်သွားတာပါပဲ။ ဒီကောင့်ဆီ ဘာလို့များ ငါ သွားခဲ့ရတာလဲလို့ လမ်းတစ်လျှောက် အံကြိတ်ပြီး ကျွန်တော် ရေရွတ်နေမိတယ်။ နှုတ်ဆက် ညစာစားပွဲတဲ့။ ဇာကော့လို ဝက်စုတ်အတွက် တဲ့။ ငါ မသွားလို့လည်း ရသားပဲ။ သူတို့အပေါ် ငါက ကျေးဇူးခံ ကျေးဇူးစား ရှိတာမှတ်လို့။ ငါက ဘယ်သူ့ ဂရုစိုက်ရမှာလဲ။ မနက်ဖြန် ငါ မလာနိုင်တော့ဘူး လို့ ဆိုင်မွန်နော့ဆီ စာရေးပေးလိုက်မယ်။

ဒါပေမဲ့ ကျွန်တော် ဒေါသထွက်နေတာ ဘာလဲဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော် ဒီပွဲကို သွားမယ်။ ဒီကောင်တွေကို မြင်ပြင်းကတ်လို့ သွားကိုသွားမယ်။ ဒါပေမဲ့ သွားတာကိုက ကျွန်တော့်အမှား။ ကျွန်တော် မပါးနပ်၊ မလိမ္မာမှန်း ကျွန်တော့်ကိုယ်ကျွန်တော် သိနေတယ်။ မသွားဖို့အတွက်လည်း ကျွန်တော့်မှာ ခိုင်လုံတဲ့အကြောင်းက ရှိပြီးသား။ ကျွန်တော့်မှာက ကိုးရူဗယ်ပဲ ရှိတယ်။ အဲဒီအထဲက ခုနစ်ရူဗယ်က အပိုလိုကို သူ့လုပ်ခအတွက် ပေးရမယ်။ ဒီကောင်ကလည်း ကျွန်တော့်ဆီက ရတဲ့ လခကို ထမင်းဖိုး လုပ်နေရတဲ့ကောင်။ ကျွန်တော် သိတယ်။ အချိန်ရရင် ဒီကောင့်အကြောင်း ကျွန်တော် ပြောပြချင်သေးတယ်။ ဒီအကြောင်း စဉ်းစား မိရင် သူ့ကိုမပေးဘဲ နေလို့မရဘူး။ ဒီငနွားကလည်း ကျွန်တော့်ကို တော် တော် ဒုက္ခပေးတယ်။

ဒါပေမဲ့ သူ့လခကို မပေးသေးဘဲ ပါတီပွဲကို သွားမယ်။ အဲဒီညက ထိတ်လန့်စရာကောင်းတဲ့ အိပ်မက်ဆိုးတွေ မက်ခဲ့တယ်။ ကျောင်းသားဘဝက ရွံရှာမုန်းတီးစရာကောင်းတဲ့ အဖြစ်အပျက်တွေကို ပြန်သတိရလိုက်တော့ အိပ်မက်ဆိုးတွေ မက်တာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။

ငယ်ငယ်ကတည်းက ကျွန်တော်က တစ်ကောင်ကြွက်။ မိဘမရှိတော့ တဲ့ ကျွန်တော့်ကို ဆွေနီးမျိုးစပ်တော်တဲ့သူက ကျွေးမွေးထားတယ်။ ဒါပေမဲ့ အမြဲပဲ ကျွန်တော့်ကို ငြူစူကြိမ်းမောင်းနေတာပါပဲ။

ကျောင်းကိုတော့ သူတို့ စရိတ်ထောက်ပြီး ပို့လိုက်ကြတာပဲ။ ကျောင်း ရောက်သွားကတည်းက သူတို့နဲ့လည်း ကျွန်တော် မတွေ့ရတော့ဘူး။ ကျွန်တော်က တစ်ယောက်တည်းနေပြီး အမြဲ တွေးနေတတ်တယ်။ စကားမပြော ဘူး၊ ပတ်ဝန်းကျင်က လူတွေကိုလည်း ကျွန်တော် မယုံဘူး၊ ကျွန်တော့် ကျောင်းနေဖက်တွေကလည်း သူတို့တွေနဲ့ မတူတဲ့လူကို မနှစ်သက်ကြဘူး၊ ရိုင်းစိုင်းတယ်။ တစ်ယောက်နဲ့တစ်ယောက် စကြတဲ့အခါ ကျွန်တော် သည်း မခံနိုင်ဘူး၊ သူတို့ကို စတွေ့ကတည်းက ကျွန်တော် မုန်းတယ်၊ ဒါကြောင့် ရှက်ကြောက်တဲ့စိတ်နဲ့ ခပ်ကုပ်ကုပ်ပဲ နေခဲ့တယ်။ ဒဏ်ရာရနေတဲ့ ကျွန်တော့် မာနနဲ့ပဲ ကျွန်တော် နေတယ်။ သူတို့ရဲ့ မျက်နှာတွေက မိုက်ကန်းကန်း၊ မဲ့ ခွက်ခွက် ဖြစ်နေပေမယ့် ကျွန်တော့်ရဲ့ ခပ်ညှက်ညှက် ခန္ဓာကိုယ်ကိုကြည့်ပြီး လှောင်ကြတယ်။ ဒီကောင်တွေရဲ့ ရိုင်းစိုင်းမှုကြောင့် ကျွန်တော် သူပုန်ဖြစ် ခဲ့ရတယ်။

အဲဒီကျောင်းက ကျောင်းသားတွေရဲ့ မျက်နှာတွေဟာ တစ်နည်းနည်းနဲ့ မိုက်ကန်းကန်းရုပ် ပေါက်နေသလိုပဲ။ ကျောင်းရောက်စက ချစ်စရာကောင်းတဲ့ သူတို့မျက်နှာတွေဟာ တစ်နှစ် နှစ်နှစ်လည်း ကြာလာရော ရွံစရာရုပ် ပေါက် လာတယ်။

ကျွန်တော့်အသက် ဆယ့်ခြောက်နှစ်သားကတည်းက ဒီကောင်တွေရဲ့ တိုလီမိုလီ အတွေးအခေါ်တွေ၊ ရူးပေါပေါစကားတွေကို ကြည့်ပြီး အံ့သြမိတယ်။

အဓိက ကိစ္စကို ဒီကောင်တွေ ဘာမှ စိတ်မဝင်စားကြဘူး။ တွေးရ ခေါ်ရတဲ့ ကိစ္စမျိုးတွေကိုလည်း စိတ်မဝင်စားကြဘူး။ ဒါကြောင့်မို့လည်း ဒီကောင်တွေထက် ကျွန်တော်က အသိဉာဏ်ပိုမြင့်တယ်လို့ ပြောခဲ့တာပေါ့။

ဒီလိုပြောတော့ မာနကို အစော်ကားခံရတာကြောင့်လို့ မထင်နဲ့ဦး။ ကျွန်တော်က ကိုယ့်အတွေးနဲ့ကိုယ် နေတဲ့အချိန်မှာ သူတို့တွေက တကယ့် ဘဝရဲ့ အဓိပ္ပာယ်တွေကို ဆုပ်မိနေကြပြီလေ။ ကျွန်တော့်လို အသုံးမကျတဲ့ ကိစ္စတွေကိုတော့ စိတ်မဝင်စားကြဘူး။ ဒီကောင်တွေနဲ့ ပတ်သက်ရင် ဒီကိစ္စ ဟာ ကျွန်တော့်အတွက် ဒေါသအဖြစ်ဆုံးပဲ။ ကျွန်တော်နဲ့ မတူတဲ့ နောက်တစ်ခု က စိတ်ကူးအိပ်မက်ဆိုတာ ဒီကောင်တွေအတွက် ထည့်တွက်စရာမဟုတ် ဘူးလို့ ယူဆကြတယ်။ အဲဒီအချိန်မှာကိုက ဒီကောင်တွေက အောင်မြင်မှုကို ကိုးကွယ်နေကြပြီ။ တရားမျှတမှုကို ဘေးဖယ်ထားပြီး အကူအညီမဲ့နေတဲ့၊ အနှိပ်စက်ခံနေရတဲ့ အရာတွေကို ကြမ်းကြမ်းတမ်းတမ်း သရော်ပစ်ကြတယ်။ သူတို့ဘဝမှာ နေရာယူထားတာ ဦးနှောက်ပဲ။ ဘဝအတွက် လုံခြုံစိတ်ချရမယ့် အလုပ်အကိုင် အကြောင်းတွေ၊ ဘဝသာယာဖြောင့်ဖြူးဖို့ ဆိုတာတွေကို ဆွေးနွေးနေကြပြီ။ သူတို့ ငယ်ငယ်ကတည်းက သူတို့ရှေ့မှာ တွေ့ခဲ့ရတဲ့ နမူနာတွေကြောင့် ဒီကောင်တွေမှာ ဒီလိုအမြင်မျိုး ရှိလာတယ်ဆိုတာ ကျွန်တော် ပြောရဲတယ်။ ဒီကောင်တွေဟာ အလွန်အမင်းကို အကျင့်စာရိတ္တ ပျက်စီးနေတာပဲ။

သူတို့ရဲ့ ပျက်စီးခြင်းဆိုတာ အပေါ်ယံသက်သက်ပါ။ အဆိုးမြင် ယောင်ဆောင်ထားတဲ့ ပျက်စီးခြင်းပါ။ အဲဒီ အတုအယောင် ပျက်စီးမှုတွေ ထဲကို ငယ်ရွယ်တဲ့အချိန်မှာ တစ်ခါတစ်ရံ ဖြတ်သန်းသွားတဲ့ သဘောပါပဲ။ ဒါပေမဲ့ ငယ်ရွယ်တဲ့အချိန်မှာတောင် အတုအယောင် အဆိုးမြင်မှုကို မကျေနပ် သံတွေ ထွက်နေပါသေးတယ်။ သူတို့ထက် ကျွန်တော်က ပိုဆိုးကောင်း ဆိုးနေပေမယ့် သူတို့ကိုတော့ လုံးဝ ကြည့်မရတာ အမှန်ပဲ။ သူတို့ကလည်း ကျွန်တော်ကို ဒီလိုပဲ တုံ့ပြန်ပါတယ်။ ကျွန်တော့်အတွက် ဟန်ဆောင်ပြီး ဖုံး ကွယ်ထားတာတောင် မရှိဘူး။ ကျွန်တော်ကလည်း ကိုယ့်ကို နှစ်သက်မှာ မလိုလားပါဘူး။

ဒီကောင်တွေရဲ့ ကဲ့ရဲ့မှုက လွတ်အောင်ဆိုပြီး ကျောင်းစာကို အပြင်း အထန် ကျွန်တော် ကြိုးစားပစ်တယ်။ အတော်ဆုံး ကျောင်းသားတွေထဲမှာ ကျွန်တော် အပါအဝင် ဖြစ်လာတယ်။ ဒီတော့ သူတို့ကျွန်တော့်ကို အထင်ကြီး လာကြတယ်။ ပြီးတော့ သူတို့တစ်ခါမှမကြားဖူးတဲ့ စာအုပ်တွေကို ကျွန်တော် ဖတ်နိုင်တယ်ဆိုတာ ဒီကောင်တွေ သဘောပေါက်လာတယ်။ (ကျောင်း ပြဋ္ဌာန်းစာအုပ်တွေ မပါပါဘူး) ဒီကောင်တွေက ကျွန်တော့်ကို မသတီစရာ အကြည့်နဲ့ ကြည့်ပြီး ခိုးကြောင်ခိုးဝှက် သရော်ပေမယ့် ကျွန်တော့်ရဲ့ မြင့်မား တဲ့ နှလုံးရည်ကိုတော့ အသိအမှတ် ပြုကြရတယ်။ အထူးသဖြင့် ဆရာက ကျွန်တော့်ကို ပွဲထုတ်ပြီး ပြောတဲ့အခါမျိုးမှာ ဒီကောင်တွေ ကျွန်တော့်ကို မသရော်ရဲကြတော့ဘူး။ ဒါပေမဲ့ မနှစ်မြို့တာကတော့ မနှစ်မြို့ တာပါပဲ။

ဒီမှာပဲ သူတို့နဲ့ ကျွန်တော့်ကြားမှာ အေးစက်မာကျောတဲ့ ဆက်ဆံရေး က စခဲ့ကြတော့တာပါပဲ။ ဒါပေမဲ့နှစ်တွေကြာလာတော့ ကျွန်တော်တစ်ယောက် တည်း မနေနိုင်တော့ဘူး။ အပေါင်းအဖော် တစ်ယောက်ယောက်တော့ လို တယ်လို့ ခံစားမိတယ်။ အတန်းဖော်အချို့ကို ကြိုးစား ချဉ်းကပ်ကြည့်ပါ သေးတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အချိုးမပြေတဲ့ အားထုတ်မှုတွေကြောင့် ဘာမှ အရာမထင်ခဲ့ဘူး။ တစ်ကြိမ်မှာတော့ ကျောင်းသားတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ကြတယ်။ သူနဲ့ မတွေ့မီကတည်းက ကျွန်တော့်နှလုံးသား က ကြမ်းတမ်းခက်ထန်ခဲ့ပြီမို့ သူ့စိတ်ကို အာဏာရှင်တစ်ယောက်လို လွှမ်းမိုး ချုပ်ကိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ လူအားလုံးကို မုန်းတီးပစ်ဖို့လည်း သူ့ကို ကျွန်တော် လေ့ကျင့်ပေးခဲ့တယ်။

ပြောရရင်တော့ ကျွန်တော်ကလွဲပြီး လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ပစ်ဖို့ သူ့ကို ကျွန်တော် တောင်းဆိုလိုက်တာပဲ။ သူက ရိုးသားဖော်ရွေပြီး ကူညီရိုင်းပင်းတတ်တဲ့ လူဟစ်ယောက်ပါ။ ကျွန်တော့်ဘက်က သူ့အပေါ် လွန်လွန်ကဲကဲ နှောင်ဖွဲ့မှုတွေကို သူ တော်တော် လန့်ဖျပ်သွားတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော် သေသေချာချာ ရလိုက်ပြီလို့ သိလိုက်တော့ သူ့ကို ကျွန်တော် မုန်းမိသွားပြန်ပါတယ်။

ဒါနဲ့ပဲ မျှော်လင့်ခြင်းတွေ ကျိုးပြတ်နေတဲ့ မျက်ရည်ပင်လယ်ထဲကို တွန်းချလိုက်ပြီး သူ့ကို ပစ်ထားလိုက်ပြန်ပါတယ်။ ဒါဟာ ကျွန်တော့်ကို သူ လိုက်လျောရမယ်၊ ကျွန်တော် တစ်ယောက်တည်းကိုပဲ သူ ခင်ရမယ်ဆိုတဲ့ သဘောဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ဘယ်သူ့ အပေါ်မှာမှ ကျွန်တော် အနိုင်မရခဲ့ပါဘူး။ သူကတော့ အများနဲ့မတူတဲ့ တစ် ယောက်ပေါ့လေ။

ကျောင်းပြီးတဲ့အချိန်မှာ ပထမဦးဆုံး ကျွန်တော် လုပ်လိုက်ရတဲ့ အလုပ်က ကျွန်တော့်အတွက် ကျိန်းသေပေါက်ရှိထားတဲ့ ရာထူးကို မယူဘဲ စွန့်ပစ်လိုက်ရတာပါပဲ။ ဒီလိုလုပ်မှလည်း ရွံမုန်းစရာကောင်းတဲ့ ကျွန်တော့် အတိတ်နဲ့ အဆက်အသွယ်ပြတ်သွားမယ် မဟုတ်လား။ ဒါပေမဲ့... ဒီကောင် … ဆိုင်မွန်နော့ဆီ ကျွန်တော် ဘာကြောင့်များ ရောက်သွားရတာလဲ … သေ ပစ်လိုက်စမ်းကွာ။

နောက်တစ်နေ့ မနက်စောစောပဲ အိပ်ရာက နိုးတယ်။ တစ်ခုခု ဖြစ်တော့မယ့်အတိုင်း ကျွန်တော့်ရင်ထဲ လှုပ်ရှားစပြုနေပြီ။ ကျွန်တော့်ဘဝအတွက် လုံးလုံးလျားလျား ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ စိတ်ထဲထင် နေတယ်။ တစ်ခုခုလေးဖြစ်လိုက်တာနဲ့ ဘဝရဲ့ ပြောင်းလဲမှုကြီး တစ်ခုလုံးကို မျှော်လင့်နေတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့

အဲဒီနေ့က ရုံးကိုတော့ ပုံမှန်အတိုင်း သွားလိုက်တယ်။ ဒါပေမဲ့ ရုံးဆင်း ချိန်ထက် နှစ်နာရီလောက် စောပြီး လစ်ထွက်လာတယ်။ ပါတီပွဲအတွက် ပြင်ရဆင်ရဦးမယ် မဟုတ်လား။ ပထမဦးဆုံး ရောက်တဲ့လူက ကျွန်တော် မဖြစ်ဖို့တော့ အရေးကြီးတယ်။ နို့မို့ရင် သူတို့က ကျွန်တော့်ကို သိပ်တက်ကြွ နေတယ်လို့ ထင်မိမှာစိုးရတယ်။ အဲဒီလို စိုးရိမ်နေရတဲ့ တိုလီမိုလီ အတွေး တွေက ကျွန်တော့်မှာ အများကြီးပါပဲ။

ရှူးဖိနပ်ကိုလည်း အရောင်တင်ဆေးနဲ့ နောက်တစ်ကြိမ် တိုက်ရ သေးတယ်။ ဟိုအကောင် အပိုလိုက ဖိနပ်ကို ဘယ်တော့မှ တစ်နေ့နှစ်ကြိမ် မတိုက်ပေးဘူးလေ။ နောက်တစ်ကြိမ် တိုက်ရတာ သူ့အလုပ်မဟုတ်ဘူး လို့ ယူဆသတဲ့ဗျာ။ ဒါကြောင့် ဖိနပ်တိုက်ဖို့ ဝက်မှင်ဘီးနဲ့ ဆေးကို ဒီကောင် သိမ်းထားတဲ့နေရာက ခိုးကြောင်ခိုးဝှက်နဲ့ သွားယူရသေးတယ်။ ပြီးတာနဲ့ အဝတ်အစားတွေကို စစ်ဆေးကြည့်ရသေးတယ်။ ကျွန်တော့်အဝတ်တွေက တော်တော်လေး ဟောင်းနေပါပြီ။ ကျွန်တော်ကလည်း ဖြစ်သလို နေလာခဲ့ တာကိုး။

ရုံးကို ဝတ်သွားနေကျ ဂျာကင်အင်္ကျီကတော့ မဆိုးလှဘူး ထင်တယ်။ ဒါပေမဲ့ ပါတီပွဲကို ဝတ်သွားဖို့တော့ မသင့်ပါဘူး။ ဘောင်းဘီကတော့ အခြေ အနေ တော်တော်ဆိုးနေပြီ။ ဒူးခေါင်းတစ်ဝိုက်မှာ အဝါကွက်ကြီးတစ်ခုက လည်း ရှိနေသေးတယ်။ အဲဒီအကွက်ကြီးကြောင့် ကျွန်တော့်သိက္ခာဟာ ဆယ်ရာခိုင်နှုန်းလောက် ကျသွားနိုင်တယ်။ ဒါပေမဲ့ ဒီအချိန်က စဉ်းစားရမယ့် အချိန်မဟုတ်ဘူး။ အခြေအနေမှန်ကို ရင်ဆိုင်လိုက်ဖို့ပဲ မဟုတ်လား။ ဒီလို ဆုံးဖြတ်လိုက်တော့ ကျွန်တော့်နှလုံးသားထဲ နာကျင်သွားတယ်။ ပါတီပွဲလေး သွားတဲ့ ကိစ္စလောက်ကို ပုံကြီးချဲ့လွန်းနေတယ်ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။

ကျွန်တော့်တစ်ကိုယ်လုံး ငန်းဖျားတက်သလို တုန်နေတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဟိုသောက်ရူး ဇာကော့က ကျွန်တော့်ကို ဘယ်လိုများ ကြိုဆိုမလဲ။ လူ့ငနွား ထရူနိုဘော့ကတော့ ပြောပြလို့တောင်မရတဲ့ စက်ဆုပ် တဲ့ အကြည့်တွေနဲ့ ကျွန်တော့်ကို ဘယ်လိုများ ကြည့်နေမလဲ။

ချေးပိုးထိုးကောင် ဖစ်ရှကင်းကရော သူ့သခင် ဇာကော့ကို နှစ်သိမ့်ဖို့ မိုက်ရိုင်းတဲ့ ရယ်သံတွေနဲ့ ကျွန်တော့်ကို ဘယ်လိုများ လှောင်ပြောင်မှာလဲ၊ ဆိုင်မွန်နော့ကတော့ ဘာမှမသိတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ကျွန်တော့်ရဲ့ အောက်တန်းကျမှုတွေ၊ အခြောက်တိုက် ဘဝင်မြင့်နေတာတွေကို ဘယ်လို များ ကဲ့ရဲ့ဦးမှာလဲလို့ စိတ်ကူးပုံဖော်ကြည့်နေမိတယ်။

ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါး စိတ်ပျက်စရာတွေ ဖြစ်လာဖြစ်လာ ပေါ့။ ဒီပါတီပွဲတစ်ခုလုံးဟာ အပျော်ဖတ် ဝတ္ထုတစ်ပုဒ်ပါပဲ။ အမှန်တော့ မသွားခဲ့ဘူးဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့။ ဒါပေမဲ့ ဒါက စဉ်းစားစရာ မဟုတ်တော့ဘူးလေ။ တစ်ခုခုက ကျွန်တော့်ကို ဆွဲခေါ်နေတယ်။ ပြင်းပြင်း ထန်ထန်ကြီးကို ဆွဲခေါ်နေတယ်။ တကယ်လို့ မသွားခဲ့ဘူးဆိုရင် ဘဝတစ် လျှောက်လုံး ကျွန်တော့်ကိုယ်ကျွန်တော် အငြိုးပြေမှာ မဟုတ်တော့ဘူး။ ကဲ... ဒီတော့ ဘယ်လိုလုပ်မလဲ၊ အမှန်တရားကို ရင်ဆိုင်လိုက်ဖို့ လူကြီးမင်းမှာ သတ္တိမရှိဘူးလား၊ ကျွန်တော်ဟာ သူရဲဘောကြောင်တဲ့ကောင် မဟုတ်ဘူးဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် ထင်သလို သူတို့ကိုလည်း ပြလိုက်ချင်တယ်။ ဒီထက်ပိုပြီးတော့လည်း ပြစရာတွေ အများကြီးရှိသေးတယ်။

သူရဲဘောကြောင်သူတွေကြားမှာ ကျွန်တော်က ရင်ကော့ပြီး အောင်မြင်တဲ့ ခြေလှမ်းတွေနဲ့ လှမ်းဝင်သွားတဲ့အခါ ဒီကောင်တွေ ကျွန်တော့်ကို သဘောကျ နှစ်သက်သွားကြလိမ့်မယ်။ (မဟာအတွေးအခေါ်တွေနဲ့ တုနှိုင်း မမီတဲ့ ကျွန်တော့်ရဲ့ ဟာသပဲ ဆိုပါတော့ဗျာ) ဒီအခါမှာ ကျွန်တော်ဟာ ဇာကော့ထက် အပုံကြီးသာတဲ့အကြောင်း ကောင်းကောင်းကြီး သိသွားကြ လိမ့်မယ်။

ဇာကော့ကလည်း မျက်နှာလေး ဆီးရွက်လောက်နဲ့ ကျွန်တော့်ဘေး မှာ ရို့ရို့ကျိုးကျိုးလေး ထိုင်လို့ပေါ့၊ ပြီးတော့မှ ကျွန်တော်က ဒါတွေဟာ ဘာမှ အရေးမကြီးတဲ့အကြောင်း သူတို့ကို ပြောပြလိုက်ပြီး ကျွန်တော်တို့ ငယ်ပေါင်း ချစ်သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး သောက်ကြစားကြတာပေါ့။

ဒါပေမဲ့ စိတ်ပျက်စရာ သဘောပေါက်နေတဲ့ အချက်တစ်ခုရှိတယ်။ တော်တော်လည်း ဆိုးပါတယ်။ တကယ်တမ်းကျတော့ သူတို့ရဲ့ ခင်မင်မှု ပေါင်းသင်းမှုကို ကျွန်တော် မလိုချင်ဘူး။ သူတို့ကို နင်းချေပစ်လိုက်ချင်တဲ့ ဆန္ဒ၊ သိမ်းသွင်း ထိန်းချုပ်ချင်တဲ့ ဆန္ဒလည်း ကျွန်တော့်မှာ မရှိဘူး၊ ဒီလို လုပ်လို့ရတဲ့ အောင်မြင်မှုကလည်း ကျွန်တော့်အတွက် တစ်ပြားလောက်တောင် တန်ဖိုးမရှိဘူး၊ ဒါကြောင့် ဒီနေ့တစ်နေ့ မြန်မြန်ကုန်ပါစေတော့လို့ ဆုတောင်းမိလိုက်ပါတယ်။ ပြတင်းတံခါးနားသွားပြီးတော့ အပြင်ဘက်မှာ ကျနေတဲ့ ဆီးနှင်းပေါက်ကလေးတွေကို ကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ ပြောမရတဲ့ ခံစားမှုတစ်ခုကြောင့် စူးစူးရှရှ နာကျင်သွားတယ်။

တိုင်ကပ်နာရီက ငါးနာရီထိုးသံ ကြားလိုက်ရတော့ ဦးထုပ်ကို ဆွဲယူ လိုက်ပြီး အပိုလိုကို ရှောင်တိမ်းပြီး ထွက်လာခဲ့တယ်။ ဒီကောင်က မနက်ခင်း ကတည်းက သူ့လခ ပိုက်ဆံတောင်းဖို့ စောင့်နေတာ။ ဒါပေမဲ့ သူ့ဘက်က ဘယ်တော့မှ စကားမစတတ်ဘူး။ တော်တော် မာနကြီးတဲ့ကောင်။ ခံပေါ့။

ကျွန်တော့်ရဲ့ နောက်ဆုံးကျန်တဲ့ ပိုက်ဆံ ရူဗယ်တစ်ဝက်နဲ့ ရထားလုံး ငှားစီးပြီး ဟိုတယ်ပါရီကို စတိုင်ကျကျနဲ့ ထွက်လာခဲ့ပါတယ်။

ဦးဆုံးရောက်တဲ့လူက ကျွန်တော် ဖြစ်တော့မယ်ဆိုတာ အစကတည်းက ကျွန်တော် တွက်မိပါတယ်။ ကိစ္စတော့ မရှိပါဘူး။ ကျွန်တော် ရောက်တော့ ဘယ်သူမှ မရောက်ကြသေးဘူး။ အခန်းကို ရှာရတာတောင် တော်တော်ခက် သွားတယ်။ ဟော်တယ်ဝန်ထမ်းတွေက အခန်းကို စီစဉ်လို့တောင် မပြီးသေး ဘူး။ စုံစမ်းကြည့်လိုက်တော့ ကျွန်တော်တို့ပါတီပွဲက ငါးနာရီ မဟုတ်တော့ ဘူး။ ခြောက်နာရီမှ အော်ဒါ လုပ်ထားတာတဲ့။ ဒီတော့ ကျွန်တော်လည်း ရှေ့ဆက်မေးဖို့ ကသိကအောက်နိုင်သွားတယ်။ နာရီကြည့်လိုက်တော့ ငါးနာရီ နှစ်ဆယ့်ငါး။ ကုလားထိုင်တစ်လုံးပေါ် ထိုင်နေလိုက်တယ်။ ဝန်ထမ်း တွေကတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေဆဲပဲ။ အမှန်တော့ အချိန် ပြောင်းလိုက်တယ်ဆိုရင်လည်း ကျွန်တော့်ကို အသိပေးဖို့ ကောင်းတာပေါ့။ ခုဟာက လူကို စော်ကားလိုက်တာနဲ့ အတူတူပဲ။ ခြောက်နာရီထိုးဖို့ မိနစ် အနည်းငယ် အလိုမှာတော့ အခန်းကို မီးထွန်းလိုက်ကြတယ်။ တစ်ဖက်ခန်း မှာတော့ စိတ်ဓာတ်ကျနေပုံရတဲ့ လူနှစ်ယောက်ဟာ ညစာကို တိတ်တိတ် ဆိတ်ဆိတ်ပဲ စားနေကြတယ်။ ခပ်လှမ်းလှမ်းမှာတော့ အုပ်စုတစ်စု ညစာ စားနေကြတာ အော်သံတွေ ရယ်သံတွေက နားမခံသာအောင် ဆူညံနေတယ်။ တစ်ခါတစ်ခါ ပြင်သစ်လို ပြောလိုက်တဲ့ အသံတွေလည်း ပါတယ်။ မိန်းမတွေ လည်း ပါတယ်။ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။

ဒါပေမဲ့ နေရထိုင်ရတာတော့ သက်သောင့်သက်သာ ရှိပါတယ်၊ ခြောက်နာရီ ထိုးခါနီးတော့ သူတို့အားလုံး ရောက်လာကြတယ်။ ကျွန်တော့် စိတ်ထဲလည်း တော်တော်ပေါ့သွားတယ်။ သူတို့ကို ကယ်တင်ရှင်ကြီးတွေ လို့တောင် ထင်လိုက်မိတယ်။

ဒီတော့လည်း ကိုယ့်ကို စော်ကားတယ်လို့ ထင်ခဲ့တာတွေ မေ့သွား ရော ဆိုပါတော့။ ရွာသူကြီးလို ရှေ့ဆုံးက ကားကား ကားကားနဲ့ ဝင်လာ တာက ဇာကော့။ သူတို့အားလုံး တစ်ခုခုကိုပြောပြီး ရယ်မောရင်း အခန်းထဲ ဝင်လာကြတယ်။ ကျွန်တော့်ကိုမြင်တော့ ဇာကော့က ကျွန်တော့်ဘက် တန်း တန်းမတ်မတ် လျှောက်လာတယ်။ သူ့ဟန်က ခင်ခင်မင်မင်ရှိပေမယ့် ဝတ် ကျေ တမ်းကျေသဘောပါ။ အနားရောက်တော့ နိုင်ငံရေးသမားကြီး တစ် ယောက်လို ဟန်မျိုးနဲ့ ခပ်လှမ်းလှမ်းကနေ သတိထား လက်ဆွဲ နှုတ်ဆက် လိုက်တယ်။

ဇာကော့ဟာ ရောက်စကတည်းက သူ့ရဲ့ မရယ်ရတဲ့ ဟာသတွေ၊ စိတ်ပျက်စရာကောင်းတဲ့ မှတ်ချက်တွေကို ဟောင်ဖွာဟောင်ဖွာ ပြောလိုက်၊ စူးစူးဝါးဝါးအသံနဲ့ ခွက်ထိုးခွက်လန် ရယ်လိုက်နဲ့ ကျန်တဲ့လူတွေကို သူ့လက် အောက်ခံ လူတွေလို သဘောထားပြီး ပြောနေတော့တာပါပဲ။ အမှန်တော့ ဒီလိုအခြေအနေတွေအတွက် မနေ့ကတည်းက ကျွန်တော့် ဘက်က ကြိုတင် ပြင်ဆင်ပြီးသားပါ။ ဒါပေမဲ့ အခုလို အထက်စီးဆန်တဲ့ ဆက်ဆံရေးမျိုးကိုတော့ သူ့ဆီက လုံးဝ မျှော်လင့်မထားပါဘူး။

ဘာလဲ... အခုအချိန်မှာ သူက ကျွန်တော့်ထက် အရာရာမှာ သာတယ် ဆိုတဲ့ သဘောမျိုးနဲ့လား။ ကျွန်တော့်ထက် သာလွန်တယ်ဆိုတဲ့ ဟန်ပန်နဲ့ ရိုးရိုးသားသား ကျွန်တော့်ကို စော်ကားဖို့ ကြံရွယ်တယ်ဆိုရင်လည်း ကျွန် တော် အစော်ကားခံလိုက်ပါ့မယ်။ ဒါပေမဲ့ သူက ကျွန်တော့်ထက်တော်လို့ တတ်လို့ ဆိုတဲ့အတွေးနဲ့ ကျွန်တော့်ကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်မယ် ဆိုရင်တော့ ... အဲဒီလို တွေးလိုက်တဲ့အခါ ကျွန်တော် အသက်ရှူရပ်မတတ် ဖြစ်သွားတယ်။

“တို့နဲ့အတူ ညစာစားဖို့ မင်းမှာ ဆန္ဒရှိတယ် ကြားရတော့ ငါ တော် တော် အံ့သြသွားတယ်ကွ၊ တို့တွေ မတွေ့ရတာလည်း တော်တော်ကြာပြီပဲ၊ မင်းကြည့်ရတာ တို့ကို ရှောင်နေတယ်ထင်တယ်၊ မင်းထင်သလို ငါတို့က မဆိုးပါဘူးကွ၊ ဘာဖြစ်ဖြစ်ပေါ့ကွာ၊ ပြန်တွေ့ ရတာတော့ ဝမ်းသာတယ်ဟေ့” ဇာကော့က ဗလုံးဗထွေး မပီမသနဲ့ ကျွန်တော့်ကို လှမ်းပြောလိုက် တယ်။ သူ့စကားတွေ ကြားရတော့ ကျွန်တော် အံ့သြသွားတယ်။ အရင်က ဒီလိုစကားမျိုး ဒီကောင် မပြောဖူးပါဘူး။

“မင်း စောင့်နေရတာ ဘယ်လောက်ကြာပြီလဲ”ထရူနိုဘော့က ကျွန် တော့်ကို လှမ်းမေးလိုက်တယ်။

စောစောစီးစီး ပေါက်ကွဲတော့မယ့် ဒေါသတွေကို ထိန်းပြီး “မနေ့က မင်းတို့ပြောထားသလို ငါးနာရီပေါ့ကွ” လို့ အော်ပြီး ဖြေလိုက်တယ်။

“အေးကွာ၊ ငါ မေ့သွားတယ်၊ မပြောမိလိုက်ဘူး” လို့ ပြောရင်း အရက်နဲ့ အမြည်းမှာဖို့ အခန်းအပြင်ဘက် ထွက်သွားတယ်။ ဆိုင်မွန်နော့ဆီမှာ ကျွန်တော့်အတွက် စိတ်မကောင်းတဲ့ အမူအရာလေးတောင် မတွေ့ရဘူး။

“ဟေ့ ... ဒါဆို မင်း ဒီမှာ တစ်နာရီတောင် ထိုင်စောင့်နေရတာပေါ့ ဟုတ်လား၊ သနားစရာပဲဟေ့ .. ဟား .. ဟား .. ဟား”

ဇာကော့က အဲဒီလို မှတ်ချက်ချပြီး ခွက်ထိုးခွက်လန် ရယ်နေတယ်။ ဒါကို လှောင်ပြောင်စရာလို့ တကယ် ထင်နေတာပါလား။ ဖစ်ရှကင်းကလည်း ကျွန်တော့်ကို ရယ်စရာလို့ မြင်နေပြန်တယ်။ သူ့သခင်ရဲ့ ဘေးနားကနေ ခွေးပုလေးတစ်ကောင် ဟောင်သလို စီစီညံညံအသံနဲ့ ရောပြီး ရယ်မောနေ တယ်။

“ဒါ ရယ်ရမယ့်ကိစ္စ မဟုတ်ဘူးကွ”

ဖစ်ရှကင်းကို ကျွန်တော် ငေါ့ပစ်လိုက်တယ်။ တဖြည်းဖြည်းလည်း ဒေါသထွက်လာတယ်။ ဒါ တစ်ယောက်ယောက်ရဲ့ အမှားပဲ။

“ဘယ်ကောင်မှ ငါ့ကို လာမပြောကြဘူး၊ ဒါ လုံးဝအဓိပ္ပာယ်မရှိဘူး”

“ဟုတ်တယ်၊ အဓိပ္ပာယ်မရှိရုံ မဟုတ်ဘူး၊ တော်တော့်ကို ဆိုးတာပဲ” လို့ ထရူနိုဘော့က ရိုးရိုးသားသားနဲ့ပဲ ကျွန်တော့်ဘက်က ဝင်ပြောပါတယ်။ ပြီးတော့ -

“ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွာ၊ ဒီလိုတော့လုပ်ဖို့ မကောင်းဘူး၊ မင်းကလည်း တော်တော်သည်းခံတာပဲ၊ ဆိုင်မွန်နော့ကရော ဘာမှ မပြောဘူးလား၊ ငါတော့ ဘာမှ မသိဘူးနော်”

ဒီအချိန်မှာပဲ ဖစ်ရှကင်းက -

“တစ်ယောက်ယောက်က ငါ့ကို ဒီလိုလုပ်ရင်တော့လား … ” လို့ ပြောပြီး စကားပြတ်သွားတယ်။ ဇာကော့က ကြားဖြတ်ပြီး –

“တို့ကို စောင့်မနေဘဲ တစ်ခုခုမှာပြီး စားသောက်နေလည်း ပြီးရော ပေါ့ကွာ” လို့ ဝင်ပြောလိုက်တယ်။

“ငါ့ဘာငါ စားသောက်ဖို့ ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘူးဆိုတာ မင်း သဘောပေါက်ဇာကော့၊ ဒါပေမဲ့ ငါက စောင့်မယ်လို့ဆုံးဖြတ်ထားတာကြောင့် စောင့်နေတာပဲ” လို့ ပြန်ပြောလိုက်တယ်။

ဒီအချိန်မှာ ဆိုင်မွန်နော့ အခန်းထဲ ပြန်ဝင်လာပြီး −

“ကဲ၊ သူငယ်ချင်းတို့၊ ကိုယ့်နေရာ ကိုယ်ထိုင်ကြမယ်၊ ကိုယ် အားလုံး စီစဉ်ခဲ့ပြီးပြီ”

ပြီးတော့ ကျွန်တော့်ဘက်လှည့်လိုက်ပြီး (ကျွန်တော့်မျက်နှာကိုတော့ သေသေချာချာ မကြည့်ပါဘူး) –

“မင်းလိပ်စာ ကိုယ် မသိဘူးလေ၊ မင်းပဲ စဉ်းစားကြည့်၊ ကိုယ် မင်းကို ဘယ်လို သွားရှာခိုင်းမှာလဲ”

ဆိုင်မွန်နော့က မနေ့တုန်းကလိုပဲ ကျွန်တော့်ကို တစ်ခုခု မကျေမနပ် ဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလိုနဲ့ပဲ စားပွဲဝိုင်းကြီးမှာ အားလုံး နေရာယူ ထိုင်လိုက်ကြတယ်။ ကျွန်တော့်ဘယ်ဘက်မှာ ထရုနိုဘော့၊ ညာ ဘက်မှာ ဆိုင်မွန်နော့၊ မျက်နှာချင်းဆိုင်မှာက ဇာကော့၊ ဖစ်ရှကင်းက ဇာကော့နဲ့ ထရူနိဘော့ကြားမှာ ဝင်ထိုင်လိုက်တယ်။ ဇာကော့က ကျွန်တော့် အကြောင်းကို စိတ်ဝင်စားဟန်ပြပြီး ဆက်ပြောနေတယ်။

“အစိုးရဌာနတစ်ခုခုမှာ အလုပ်လုပ်နေတယ်ဆို ... ဟုတ်လား”

ကျွန်တော် စိတ်မကြည်မလင် ဖြစ်နေတယ်ဆိုတာ ဒီကောင် သိပါ တယ်။ ဒါကြောင့် ကျွန်တော့်ကို ပျော်အောင်လုပ်ဖို့ အတင်းကြိုးစားနေတယ်။ ကျွန်တော် ဒေါသထွက်နေပါပြီ။ ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ သူ့ခေါင်းကို ပုလင်းနဲ့ ရိုက်ခွဲပစ်အောင် ငါ့ကို လုပ်နေသလား မသိဘူးလို့တောင် ကျွန်တော် တွေးမိလိုက်တယ်။ လူတွေနဲ့နေတဲ့ အလေ့အထ ကျွန် တော့်မှာ ပျောက်နေတာကြောင့် လွယ်လွယ်နဲ့ ဒေါသထွက်တာလည်း ဖြစ် ချင်ဖြစ်မှာပေါ့။ ကျွန်တော်လည်း ဇာကော့အမေးကို မဖြေဘဲ ကျွန်တော့်ရှေ့ စားပွဲပေါ်က ပန်းကန်ကိုပဲ စူးစူးစိုက်စိုက် ကြည့်နေလိုက်တယ်။

ဇာကော့က ထပ်ပြီး အသံအက်အက်နဲ့ –

“ဘယ့်နဲ့လဲ... အဆင်ပြေရဲ့လား၊ အရင်အလုပ်က ဘာလို့ မလုပ်ဖြစ် တာလဲ” လို့ ဆက်မေးနေတယ်။

ဒီတော့ ကျွန်တော်ကလည်း သူ့ထက်ပိုပြီး အသံကို ပျင်းတွဲတွဲ လေသံ ရှည်ရှည် ဆွဲပြီးတော့ -

“အရင်.. အလုပ်… ကို…. ငါ ... ဘာဖြစ်လို့... မလုပ်တာလဲဆိုတော့ မလုပ်ချင် … လို့ …ပေါ့…ကွာ…”

ကျွန်တော့်ဒေါသကို ကျွန်တော် လုံးဝ ထိန်းလို့မရတော့ပါဘူး။ဖစ်ရှ ကင်းက ရှူးခနဲ နှာမှုတ်လိုက်တယ်။ ဆိုင်မွန်နော့က သရော်သလို ငေါ့တော့ တော့နဲ့ တစ်ချက် ဝေ့ကြည့်လိုက်တယ်။ ထရူနိုဘော့ကတော့ စားသောက် နေတာတွေ ခဏရပ်လိုက်ပြီး ကျွန်တော့်ကို အထူးအဆန်းလို ပြူးကြောင် ကြောင်နဲ့ ကြည့်နေပါတယ်။ ဇာကော့ မျက်ခွက်ကြီးတစ်ခုလုံးကတော့ ရှုံ့မဲ့ တွန့်ကြေနေတာပါပဲ။ ဒါပေမဲ့ သူ့စိတ်ကို သူ ဖုံးကွယ်ဖို့ ကြိုးစားလိုက်ပြီး-

“ဘယ်နဲ့ ... အခုရော အဆင်ပြေရဲ့လား” လို့ မေးတယ်။

မင်း ဘာကို ဆိုလိုတာလဲလို့ ကျွန်တော်က မေးတော့ “လခကို မေး တာ” ပါတဲ့။ ဘာတွေလဲ၊ ဒီကောင် ငါ့ကို စစ်ဆေးနေတာလားလို့ တွေးပြီး ကျွန်တော့်မျက်နှာတစ်ခုလုံး နီရဲသွားတယ်။ ဒါပေမဲ့ လခကိုတော့ တိတိကျကျ ဖြေလိုက်ပါတယ်။ ဒီတော့ ဇာကော့က အထက်လေနဲ့ “မဆိုးပါဘူး” လို့ မှတ်ချက်ချလိုက်တယ်။

ဒါပေမဲ့ ဖစ်ရှကင်းက -

“ဒါဆို မင်းလခနဲ့ စားသောက်ဆိုင်မှာ စားသောက်ဖို့ဆိုတာ မလွယ် ဘူးပေါ့နော်” လို့ စော်စော်ကားကား မှတ်ချက်ချရင်း “ငါ ဆိုရင်တော့ ဒီလခနဲ့ လောက်မှာမဟုတ်ဘူး”လို့ အတည်ပေါက်နဲ့ သူ့ကိုယ်သူ ပြောသလို ပြောလိုက်ပါတယ်။

ဇာကော့က ကျွန်တော် ဝတ်ထားတဲ့အဝတ်တွေကို အထင်သေးသလို၊ ကရုဏာသက်သလို ကြည့်ရင်းက “မင်း တော်တော် ပိန်သွားတယ်နော်၊ တော်တော်လည်း ပြောင်းလဲသွားတယ်” တဲ့။

သူ ပြောတဲ့ စကားမှာ အငြိုးအတေး မကင်းဘူးဆိုတာ ကျွန်တော် ကောင်းကောင်း သိတာပေါ့။

ဖစ်ရှကင်းက တခစ်ခစ်နဲ့ ရွံစရာကောင်းအောင် လုပ်ရယ် ရယ်နေရင်း က“တော်လောက်ပါပြီကွာ၊ ဒီကောင့်ကို စိတ်ညစ်အောင် မလုပ်ပါနဲ့တော့” လို့ ဝင်ပြောလိုက်တယ်။

ကျွန်တော့်ဒေါသကို အဆုံးစွန်အထိ လွှတ်ပေးလိုက်ပါပြီ။

“ဒီမှာ ဖစ်ရှကင်း၊ ငါ့အနေနဲ့ နည်းနည်းလေးမှ စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုတာ မင်း သိစေချင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီညစာစားပွဲ ကို ငါ့ပိုက်ဆံ ငါပေးပြီး စားနေရတာမို့ပဲ၊ ဘယ်သူကမှ ငါ့အတွက် ပေးထား တာ မဟုတ်ဘူးကွ”

ကျွန်တော် ပြောပြီးတဲ့အချိန်မှာ ဖစ်ရှကင်းက ရှူးရှူးရှဲရှဲ ဒေါကန်သွားပြီး-

“ပိုက်ဆံမထည့်တဲ့လူ ရှိတယ်လို့ မင်းက ပြောချင်နေတာလား ... ဒီလိုဆို … မင်းက …”

ကျွန်တော့်စိတ် နည်းနည်းပြေသွားပြီမို့ “တော်ပါတော့ကွာ၊ တခြား အဓိပ္ပာယ်ရှိတာတွေ ပြောကြရင် ကောင်းမယ်ထင်တယ်” လို့ ထိန်းပြီး ပြော ပြလိုက်တယ်၊ ဒါပေမဲ့ –

“မင်းက မင်းကိုယ်မင်း လူတတ်ကြီး လုပ်ပြချင်နေတာ မဟုတ်လား၊ ဘာမှ လာပြောမနေနဲ့၊ အချိန်ကုန်တယ်၊ ဒါ မင်းအလုပ်လုပ်နေတဲ့ရုံး မဟုတ် ဘူးကွ” လို့ ဆက်ပြောနေပြန်ပါတယ်။

ဇာကော့က မင်းစိုးရာဇာလေသံနဲ့ သတိပေးလိုက်သလို “ရပါပြီ၊ ရပါပြီ၊ ဒီလောက်ဆို လုံလောက်ပါပြီ” တဲ့။

ဆိုင်မွန်နော့က မကျေမချမ်း ညည်းသံနဲ့ –

“တော်တော် အသုံးမကျတဲ့ကောင်ပဲ” တဲ့လေ။

ထရူနိုဘော့က “ဟုတ်တာပေါ့” လို့ သံယောင်လိုက်ရင်း –

“အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ကို နှုတ်ဆက်နေကြတာ မင်းက ဘာမဟုတ်တဲ့ ပိုက်ဆံကိစ္စ လာပြောနေတယ်၊ မနေ့ကတော့ ဒီပွဲမှာ ပါချင်တယ်လို့ အတင်းဝင်ပြောတာလည်း မင်းပဲ၊ ပျော်ရမယ့် အချိန်လေး ကိုတော့ မဖျက်ဆီးပစ်ပါနဲ့ကွာ” တဲ့။

ကျွန်တော့်တစ်ယောက်တည်းကို ရည်ရွယ်ပြီး ပြောနေမှန်း ကျွန်တော် သိတာပေါ့။

“ကဲ… တော်ကြပါတော့ကွာ၊ ဒီစကားတွေက ဒီမှာ ပြောရမယ့်စကား တွေ မဟုတ်ပါဘူး၊ အခု သူငယ်ချင်းတို့ကို လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ကိုယ် မိန်းမရတော့မလိုဖြစ်ခဲ့ပြီး ဘယ်လိုလွတ်အောင် ပြေးခဲ့ရသလဲဆိုတာ ပြောပြချင်တယ်ဟေ့”

ဇာကော့က သူ့ဇာတ်လမ်းကို စခင်းပြပါတော့တယ်။ သူ ပြောသွား တဲ့ အကြောင်းတွေထဲမှာ လက်ထပ်ရတော့မလို ဖြစ်ခဲ့ရတဲ့အကြောင်း တစ်ခု မှ မပါပါဘူး။ သူ့အထက်အရာရှိကြီးတွေရဲ့ သမီးတွေ၊ ချမ်းသာတဲ့ အမျိုးသမီး တွေက သူ့ကို ဘယ်လောက် အထာပေးတယ်ဆိုတဲ့ အကြောင်းတွေပဲ ပါပါ တယ်။ သူ့ဇာတ်လမ်းဆုံးတော့ ဘေးနားက ကောင်တွေက အူတက်မတတ် ရယ်ကြပါတယ်။ ဖစ်ရှကင်းကတော့ အသံသေး အသံကြောင်နဲ့ ရယ်ပြီး တော်တော်ကို သဘောကျသွားပါတယ်။

ဒီကောင်တွေဟာ ဘယ်လိုကောင်တွေလဲ၊ ငါကလည်း သူတို့ရှေ့မှာ အရူးတစ်ယောက်လိုပါလား လို့ကျွန်တော် တွေးမိတယ်။ ဒီကောင်တွေကတော့ ထင်မှာပေါ့၊ ကျွန်တော် သူတို့နဲ့ ထိုင်နေရတာ ကျွန်တော့်အတွက် ဂုဏ်ရှိတယ် လို့။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျွန်တော်က သူတို့နဲ့ တွဲထိုင်နေရတာကို ရွံမုန်းပြီး အော့နှလုံးနာနေတယ်။

ပြီးတော့ ငါ့ကိုများ ပိန်သွားတယ်တဲ့၊ ငါ့အဝတ်အစားတွေကလည်း ဟောင်းနွမ်းနေပြီတဲ့၊ ငါ့ဘောင်းဘီ ဒူးခေါင်းနားက အကွက်ကြီးကို ဇာကော့ တွေ့သွားလို့ ဖြစ်မှာပေါ့၊ အလကား ... သောက်ဘောင်းဘီ။

အို... ဘယ်သူ့ ဂရုစိုက်ရမှာလဲ၊ အခု ထထွက်သွားလည်း ရတာပဲ၊ မနက်ဖြန်ကျတော့မှ ဒီကောင်တွေကို တစ်ယောက်ချင်းချဖို့ စိန်ခေါ်လိုက်လို့လည်း ရတယ်။ ခုနစ်ရုဗယ်ဖိုး စားရဖို့အရေး ဒီလောက် သည်းညည်းခံနေ ရမှာလား။

ဒီကောင်တွေကတော့ ဒီလိုပဲ စဉ်းစားချင် စဉ်းစားမှာပဲ။ သွားသေ လိုက်စမ်းပါ။ ခုနစ်ရူဗယ်လောက်ကို ဘာများ လုပ်ရမှာလဲ။

သွားမယ်။ အခု ထ ပြန်မယ်.. အဲဒီလို ကျွန်တော့်စိတ်ထဲမှာ ကြံစည် စဉ်းစားနေမိတယ်။ ဒါပေမဲ့ ကျွန်တော် ထမပြန်ဖြစ်ခဲ့ပါဘူး။ စိတ်ပျက် လက်ပျက်နဲ့ပဲ အရက်ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေမိတယ်။ အရက် နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ အတွေ့ အကြုံရှိလှတာတော့ မဟုတ်ဘူး။ ဒီ တော့ မူးလွယ်တယ်။ ဒေါသလည်း ဖြစ်လာတယ်။ မပြန်ခင် ဒီကောင်တွေ အားလုံးကို စော်ကားလိုက်ချင်စိတ်လည်း ပေါက်လာတယ်။ ဒါနဲ့ ချက်ကောင်း ကို ကျွန်တော် စောင့်နေလိုက်တယ်။ ငါ့ကို လှောင်ပြောင်စရာလို့ မြင်ပေမယ့် မင်းတို့ထက် အသိဉာဏ်မြင့်တယ်ဆိုတာ သိစေရမယ်ကွ။ ပြီးတော့ မင်းတို့ အားလုံး သေလိုက်စမ်းလို့ စိတ်ထဲက ပြောနေမိတယ်။ ပြီးတော့ မျက်လုံးကို ပြူးကျယ်ပြီး မျက်နှာထားတင်းတင်းနဲ့ ဒီကောင်တွေကို ကျွန်တော် ကြည့် လိုက်တယ်။ ဒီကောင်တွေ အားလုံး ဆူညံပြီး ပျော်နေပုံရတယ်။ ဇာကော့က တော်တော်စကားများတဲ့ ကောင်ပဲ။

သူတို့ပြောတဲ့ စကားတွေကို ကျွန်တော် နားထောင်ကြည့်လိုက်တယ်။ ဇာကော့ပြောတဲ့ စကားတွေထဲမှာ မြို့ပေါ်က မိန်းမလှလေးတွေက သူ့ကို တွေ့လိုက်တာနဲ့ မကြိုက်ဘဲ မနေနိုင်တဲ့အကြောင်း၊ လယ်ကျွန် သုံးထောင် လောက်ရှိတဲ့ မင်းသား နစ်ကီက သူ့ကို ဘယ်လို အကူအညီပေးတဲ့အကြောင်း၊ ပြီးတော့ မင်းသား နစ်ကီကလည်း ဘုရင့်မြင်းတပ်မှာ အရာရှိတစ်ယောက်ဖြစ် တဲ့ အကြောင်းတွေပဲ ကြားနေရတယ်။

သူတို့ စကားဝိုင်းထဲ ကျွန်တော် ဝင်ပြီး ဖြတ်ပြောလိုက်တယ်။

“ဒါဆို .. မင်းရဲ့ နှုတ်ဆက် ညစာစားပွဲမှာ မင်းသား နစ်ကီက ဘာလို့ တက်ရောက် မချီးမြှင့်ရတာလဲကွ”

စကားဝိုင်းဟာ ဘာသံမှ မကြားရဘဲ ခဏ တိတ်ဆိတ်သွားတယ်။ “ဒီကောင် တော်တော်မူးနေပြီကွ” ထရူနိုဘော့က ကျွန်တော့်ဘက် ကို မျက်စိမှေးကြည့်ပြီး ကျွန်တော့် အခြေအနေကို အတည်ပြုလိုက်တယ်။

ကျွန်တော် ဘာမှမပြောဘဲ မျက်လွှာချထားလိုက်ပါတယ်။ ဆိုင်မွန်နော့က အရက်ကို ကပျာကယာ ငှဲ့ထည့်လိုက်တယ်။ ထရူနိုဘော့က အရက်ခွက်ကို ကိုင်ပြီး မြှောက်လိုက်တော့ ကျန်လူတွေကလည်း ကိုယ့်ခွက်ကိုယ်မြှောက် လိုက်ကြတယ်။ ကျွန်တော့်ကိုလည်း သူတို့လိုပဲ လိုက်လုပ်လိမ့်မယ်လို့ ထင် နေကြတယ်။

“ကဲ … သူငယ်ချင်း ဇာကော့ ကျန်းမာပါစေ”

“မင်းရဲ့ သာယာတဲ့ ခရီးသစ်အတွက်ပဲဟေ့”

“တို့တွေရဲ့ကျောင်းသားဘဝနဲ့ အနာဂတ်အတွက်ပေါ့ကွာ”

“သောက်လိုက်ကြစို့”

ဇာကော့ကို ဝိုင်းဝန်းဂုဏ်ပြုပြီး ကိုယ့်ခွက်ကိုယ် တစ်ကျိုက်တည်း မော့သောက်လိုက်ကြတယ်။ ပြီးတော့ ဇာကော့ကို ပွေ့ဖက်လိုက်ကြပြန်တယ်။ ကျွန်တော်ကတော့ တုတ်တုတ်တောင် မလှုပ်ပါဘူး။ ရှေ့က အရက်ခွက်ကို ကိုင်တောင် မကိုင်ဘူး။ ထရူနိုဘော့က ကျွန်တော့်ကို ...

“မင်းက ဘာလို့မသောက်ရတာလဲကွ”လို့မာန်မဲပြီး စားတော့မတတ် ဝါးတော့မတတ် ကြည့်နေတယ်။

“သိပ်စိတ်ပျက်စရာကောင်းတဲ့ကောင်ပဲ”

ဆိုင်မွန်နော့က မကျေမနပ်နဲ့ ရှုံ့မဲ့ပြီး ပြောလိုက်တယ်။

“ငါ့ဘာငါ ဇာကော့အတွက် ပြောပြီးရင် သောက်မှာပေါ့ကွ” လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ ထိုင်ရာက ကျွန်တော် မတ်တတ်ထရပ် လိုက်ပြီး အရက်ခွက်ကို ကိုင်မြှောက်လိုက်ပါတယ်။ ကျွန်တော့်တစ်ကိုယ်လုံး အဖျားတက်သလို တုန်နေတယ်။ ဘာတွေ ပြောတော့မယ် ဆိုတာလည်း ကျွန်တော် မသိဘူး။

“ဟေး... အားလုံး ငြိမ်ကြ၊ ပညာရှိကြီး စကားပြောတော့မယ်၊ နား ထောင်ကြ” လို့ ဖစ်ရှကင်းက အော်ပြောလိုက်ပါတယ်။

“မစ္စတာ ဇာကော့ ခင်ဗျာ ...” ကျွန်တော် ဒီလို စလိုက်ပါတယ်။

“ကျွန်တော် ပြောချင်တာကတော့ စကားကြီး စကားကျယ်တွေ ကျွန်တော် မတတ်ပါဘူး၊ ဟောင်ဖွာ ဟောင်ဖွာလည်း ကျွန်တော် မပြောတတ်ပါဘူး၊ ဒါ ... ကျွန်တော် ပထမဦးစွာ ပြောချင်တဲ့ အချက်ပါပဲ။ ဒုတိယ ... ကတော့ ...

သူတို့အားလုံး မသက်မသာ ကျွန်တော့်ကို ကြည့်နေကြတာ ကျွန်တော် သိပါတယ်။

“ဒုတိယ အချက်ကတော့... မိန်းမကိစ္စတွေ ပျစ်ပျစ်နှစ်နှစ် ကျွန်တော် မပြောတတ်ပါဘူး။ အထူးသဖြင့် ပြောတဲ့လူတွေကိုလည်း ကျွန်တော် မုန်း ပါတယ်။ တတိယက ... အမှန်တရားကို ကျွန်တော် ချစ်ပါတယ်။ တရားမျှ တမှုကို ကျွန်တော် ချစ်ပါတယ်။ ပြီးတော့ အတွေးအခေါ်တွေကိုလည်း ကျွန်တော် ချစ်ပါတယ်။ မစ္စတာဇာကော့ရဲ့ တန်းတူညီတူ ဆက်ဆံရေးကိုပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးတော့ ... အဲ... မစ္စတာဇာကော့ရဲ့ ကံ ကောင်းခြင်းအတွက်၊ ပျော်ရွှင်ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ရှိပါတယ်၊ ပြီးတော့… တောက အပျိုမလေးတွေကိုလည်း သွေးဆောင်ဖြားယောင်းပါ။ သင့်နိုင်ငံတော်ကြီးအတွက်လည်း ရန်သူတွေကို သတ်ပါ။ အင်း... ပြီးတော့... မစ္စတာဇာကော့ ကျန်းမာပါစေပေါ့၊ ချမ်းသာပါစေပေါ့”

စက်ရုပ်တစ်ရုပ်လို ဆက်တိုက် ကျွန်တော် ပြောနေမိတယ်။ ဒီလို ပြောလိုက်တာကိုလည်း ကျွန်တော့်ကိုယ် ကျွန်တော် အံ့သြနေမိတယ်။ ဇာ ကော့က မတ်မတ်ရပ်ပြီး ကျွန်တော့်ကို ဦးညွှတ်လိုက်တယ်။

“ကျေးဇူးပဲ သူငယ်ချင်း၊ အများကြီး ကျေးဇူးတင်ပါတယ်”တဲ့။ ဇာ ကော့မျက်နှာမှာ သွေးမရှိတော့ဘူး။ သူ အရမ်း ဒေါသထွက်နေပါပြီ။

“သွားသေလိုက်ပါလား”

ထရူနိုဘော့က စားပွဲကို လက်သီးနဲ့ ထိုးပြီး အော်ပြောလိုက်ပါတယ်။

“ဒီကောင် မျက်ခွက်ကို အထိုးခံချင်နေပြီထင်တယ်”

“ဒီကောင့်ကို အပြင် ကန်ထုတ်ပစ်လိုက်ရင် ကောင်းမယ်”

“အားလုံး ငြိမ်ငြိမ်လေးနေကြပါ၊ ဘာမှမလုပ်ကြပါနဲ့”

ဇာကော့က အခြေအနေအားလုံးကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြော လိုက်ပါတယ်။ ပြီးတော့ တစ်ဆက်တည်း ... “မင်းရဲ့ တုံ့ပြန်မှုကို ကျေးဇူး အများကြီးတင်ပါတယ်၊ မင်း စကားတွေကိုလည်း ငါ တန်ဖိုးထားပါတယ်”တဲ့။

ဒီတော့ ကျွန်တော်က ဖစ်ရှကင်းဘက်လှည့်ပြီး –

“ဖစ်ရှကင်း … မင်းနဲ့ငါနဲ့ ကိစ္စကိုတော့ မနက်ဖြန် ရှင်းကြတာပေါ့” လို့ အော်ပြောလိုက်တယ်။ ဖစ်ရှကင်းက-

“ဘာလဲ… မင်းက တစ်ယောက်ချင်း ချချင်လို့လား၊ ဒါဆို ကောင်း တာပေါ့” လို့ ပြန်ပြောလိုက်တော့ ကျန်တဲ့ လူတွေက ကျွန်တော့်ကိုယ်လုံး ကိုယ်ပေါက်ကို ကြည့်ပြီး ဝိုင်းရယ်လိုက်ကြပါတယ်။ ဖစ်ရှကင်းကလည်း သူတို့နဲ့အတူ ရောရယ်လိုက်တာပေါ့။

“ဒီကောင့်ကို တစ်ယောက်တည်း ထားလိုက်တာ အကောင်းဆုံးပဲ၊ ဒီကောင် သိပ်မူးနေပြီကွ” ထရူနိုဘော့က စိတ်ပျက်လက်ပျက်ဟန်နဲ့ ပြော လိုက်ပါတယ်။

“ဒီကောင့်ကို ခွင့်ပြုလိုက်တာ ငါ့အမှားပါကွာ” လို့ ဆိုင်မွန်နော့က ညည်းပြော ပြောလိုက်ပြန်တယ်။

ဒီကောင်တွေရဲ့ မျက်နှာတွေကို အရက်ပုလင်းနဲ့ ပစ်ပေါက်လိုက်ရရင် ပျော်စရာကောင်းမှာပဲလို့ ကျွန်တော် စဉ်းစားလိုက်မိတယ်။ အရက်ပုလင်းကို ကောက်ကိုင်လိုက်ပြီး ကျွန်တော့်ခွက်ကို အရက်ဖြည့်လိုက်တယ်။ ပွဲပြီးတဲ့ အထိနေတာ ကောင်းမယ်လို့ တွေးလိုက်မိပြန်တယ်။ အခုနေ ငါ ထွက်သွား ရင် ဒီကောင်တွေ သိပ်ပျော်သွားမှာပေါ့။ ဒီကောင်တွေကို အမြင်ကတ်လို့ကို ပွဲပြီးတဲ့အထိ နေရမယ်။ ထိုင်ပြီး အရက်သောက်နေမယ်။ ဒီကောင်တွေပြော တဲ့ စကားတွေကို နည်းနည်းလေးမှ ငါ ဂရုမစိုက်ဘူးဆိုတာ ပြရမယ်။ ပြီး တော့ ငါ့ပိုက်ဆံ ငါ ပေးသောက်တာပဲ။ ဒီနေရာကလည်း ဟိုတယ်ပဲ။ ငါ ထိုင်လို့ရတယ်၊ ငါ သောက်လို့ရတယ်၊ ဒီကောင်တွေကို ထည့်တွက်စရာ အကြောင်းမရှိဘူး၊ ငါ ထိုင်လို့ရတယ်၊ ငါ သောက်လို့ရတယ်၊ ငါ သီချင်းဆိုလို့ ရတယ်၊ ဟုတ်တယ်၊ ငါ သီချင်းဆိုလို့လည်း ရတယ်၊ ဘာဖြစ်လဲ၊ သီချင်းဆိုဖို့ အခွင့်အရေး ငါ့မှာရှိတယ်။

ဒါပေမဲ့ ကျွန်တော် သီချင်းမဆိုဖြစ်ခဲ့ပါဘူး။ သူတို့ မျက်နှာတွေကို မကြည့်မိဖို့ဘဲ ကျွန်တော် အားထုတ်နေမိတယ်။ သူတို့က ကျွန်တော့်ကို စပြီး စကားပြောမှာကို စောင့်နေသလို အေးအေးဆေးဆေး အမူအရာမျိုး လုပ်နေလိုက်တယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော့်ဘက်က သူတို့နဲ့ ပြန်ပြီး သင့် သင့်မြတ်မြတ် ဘယ်လောက်ဖြစ်ချင်နေသလဲဆိုတာ ဒီကောင်တွေ မသိကြ ပါဘူး။

ညကိုးနာရီ ထိုးတော့ သူတို့အားလုံး ဆိုဖာဆက်တီတွေဘက် ရွှေ့ သွားကြတယ်။ ဇာကော့က ခွေးခြေပုလေးတစ်လုံးပေါ် ခြေထောက်တင်ပြီး ဆိုဖာပေါ်မှာ ခန့်ခန့်ကြီး လှဲနေတယ်။ ကျန်တဲ့ကောင်တွေ ကတော့ ဇာကော့ နားမှာ ဝိုင်းထိုင်ပြီး ဇာကော့နှုတ်က ထွက်ကျလာမယ့် ကြည်ညိုလေးစားစရာ စကားတွေကို စောင့်နေကြတယ်။ အရက်ပုလင်းတွေကိုလည်း သူတို့နား ယူသွားကြတယ်။ ဇာကော့က သူ့ပိုက်ဆံနဲ့သူ နောက်ထပ် ရှန်ပိန်သုံးလုံး မှာလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို သူတို့နဲ့ လာသောက်ဖို့ လုံးဝ မခေါ် တော့ဘူး။ ဒါပေမဲ့ ကျွန်တော် စဉ်းစားမရတာက ဇာကော့က တော်တော် စကားများသလောက် ကျန်တဲ့ကောင်တွေ ကလည်း သဘောကျနေကြတာပဲ။ ပြီးတော့ အရက်သောက်နေတဲ့ တစ်ချိန်လုံး သူတို့တွေဟာ တစ်ယောက်ကို တစ်ယောက် ပွေ့လိုက်ကြ၊ ဖက်လိုက်ကြနဲ့။ သူတို့ပြောနေတဲ့ အကြောင်း တွေကလည်း မိန်းမတွေအကြောင်း၊ အချစ်စစ် အချစ်မှန် ဆိုတဲ့အကြောင်း၊ ဖဲဝိုင်းအကြောင်း၊ လစာကောင်းတဲ့ အလုပ်အကိုင်တွေအကြောင်း၊ သူတို့ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးပါဘဲ ရင်သပ်ရှုမောရလောက်အောင် ချောမော လှပတဲ့ မင်းသမီးတစ်ယောက် အကြောင်း စုံအောင်ပြောကြပြီး နောက်ဆုံးမှာ ရှိတ်စပီးယားဟာ ထာဝရအသက်ရှင်နေပါတယ်လို့ ပြောပြီး နိဂုံးချုပ်လိုက် ကြတယ်။

ဆိုဖာရဲ့ ဒီဘက်နံရံဘေးမှာ ခေါက်တုံ့ခေါက်ပြန် ကျွန်တော် လျှောက် ရင်း အထင်သေးတဲ့ အပြုံးနဲ့ ဒီကောင်တွေကို ကြည့်လိုက်ပါတယ်။ မင်းတို့နဲ့ စကားမပြောဘဲနဲ့လည်း ငါတစ်ယောက်တည်း နေနိုင်ပါတယ်ဆိုတာ ဒီ ကောင်တွေကို ကျွန်တော် သိပ်ပြချင်နေတယ်။ ခြေလှမ်းကိုလည်း တမင် ဆောင့်ဆောင့်ပြီး လျှောက်နေလိုက်တယ်။ ဒါပေမဲ့ ဘာမှမထူးပါဘူး။ ဒီ ကောင်တွေ ကျွန်တော့်ကို လုံးဝ ဂရုမစိုက်ကြဘူး။

ညရှစ်နာရီကနေ ဆယ့်တစ်နာရီအထိ သူတို့ရှေ့မှာ ခေါက်တုံ့ခေါက် ပြန်နဲ့သည်းညည်းခံပြီး လျှောက်နေခဲ့တယ်။ ငါ ကြိုက်သလောက် ငါလျှောက်မယ်၊ ငါ့ကို ဘယ်သူမှ တားလို့မရဘူးကွလို့ ပါးစပ်ကလည်း တတွတ်တွတ် ပြောနေမိတယ်။ ခဏခဏ ပြန်ပြန်လှည့်နေရတော့ ကျွန်တော့်ခေါင်းတွေ လည်း မူးနောက်နေတာပါပဲ။ စားပွဲထိုးကောင်လေးကလည်း ခဏခဏ အခန်းထဲ ချောင်းကြည့်ပြီး ကျွန်တော့်ကို တအံ့တသြ ငေးကြည့်နေတယ်။

ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲသွားလိုက်၊ ပြန်ခြောက်သွား လိုက်နဲ့ သုံးနာရီအတွင်းမှာ သုံးကြိမ် ဖြစ်ခဲ့တယ်။

တစ်ခါတစ်ခါမှာတော့ နှလုံးသားထဲကို အချွန်နဲ့ ဆောင့်ထိုးလိုက်သလို နာကျင်စွာနဲ့ နောက်ထပ် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်၊ ဒါမှမဟုတ် အနှစ်လေးဆယ် ကြာခဲ့ရင်တောင် အခုလို နာကြည်းခံပြင်းစရာ ကောင်းတဲ့၊ စက်ဆုပ်ရွံရာ စရာကောင်းတဲ့ ဘဝရဲ့ အချိန်လေးတွေကို သတိရနေဦးတော့မှာပဲလို့ တွေး နေမိတယ်။ ရုန့်ရင်းကြမ်းတမ်းစွာ ကိုယ့်အရှက် ကိုယ်ခွဲနေတဲ့ ကျွန်တော့် အဖြစ်မျိုးထက်တော့ ဘယ်သူမှ သာလိမ့်မယ် မဟုတ်တော့ပါဘူး။ ကျွန်တော့် ရန်သူတွေ ထိုင်နေတဲ့ ဆိုဖာဘေးနားက လျှောက်နေလျက်နဲ့ပဲ စိတ်ထဲကနေ ဘာတွေကိုငါ ခံစားနေရတယ်၊ ငါ့မှာ ဘယ်လောက်တောင်ရှုပ်ထွေးနေရတယ်၊ ငါ့နှလုံးသားမှာ ဘယ်လောက်တောင် ထိခိုက်နေရတယ်ဆိုတာ မင်းတို့တွေ သိရင် သိပ်ကောင်းမှာပဲကွာလို့ ... ကျွန်တော့်စိတ်ထဲမှာ တိုးတိုးလေး ပြော နေမိပါတယ်။

ဒီကောင်တွေကတော့ အခန်းထဲမှာ ကျွန်တော့်ကို ရှိတယ်လို့တောင် မထင်ကြပါဘူး။ ဒါပေမဲ့ တစ်ခါတော့ တစ်ခါတည်းပါပဲ။ ကျွန်တော့်ကို လှည့် ကြည့်လိုက်ကြသေးတယ်။ ဇာကော့က ရှိတ်စပီးယားအကြောင်း ပြောတဲ့ အချိန်ပေါ့။ ကျွန်တော်က ဟားတိုက်ရယ်ပစ်လိုက်တယ်လေ။ အမြင်ကတ် ကတ်နဲ့ တမင်လုပ်ပြီး ရယ်ပစ်လိုက်တာပါ။ ဒီတော့ သူတို့အားလုံး ပြူးကြောင် ကြောင်နဲ့ ကျွန်တော့်ကို ကြည့်ပြီး ခဏငြိမ်သွားကြတယ်။ ကျွန်တော်က (လုံးဝ) ဂရုမစိုက်ဘဲ ခေါက်တုံ့ခေါက်ပြန် ဆက်လျှောက်နေလိုက်တယ်။ ဒါပေမဲ့ ဘာမှ ထူးခြားမလာပါဘူး။ ကြာတော့ သူတို့စကားဝိုင်း ပြန်စကြ တယ်။ ဆယ့်တစ်နာရီထိုးသွားတော့ ဇာကော့က ထပြီး ပြန်ကြရင် ကောင်း မယ်ပော့လို့ အော်ပြောလိုက်တော့ ကျန်တဲ့ကောင်တွေက ဟုတ်တယ်၊ သွားစို့လို့ ထောက်ခံလိုက်ကြတယ်။

ဇာကော့ဘက်ကို ဆတ်ခနဲ ကျွန်တော် လှည့်လိုက်တယ်။ ကျွန်တော် အရမ်းကို နုံးခွေနေပါပြီ။ ယိုင်ထိုးပြီး ပြိုကျတော့မလိုပါပဲ။ ကျွန်တော့်နားထင် နဲ့ နဖူးပေါ်က ဆံပင်တွေဟာ ချွေးတွေနဲ့ စိုရွှဲပြီး ကပ်နေတယ်။

“ဇာကော့ …”

ကျွန်တော့်အသံက ခြောက်ကပ်ပြီး အက်ကွဲနေတယ်။

“ငါ့ကို ခွင့်လွှတ်ပါကွာ၊ ဖစ်ရှကင်းကိုလည်း ငါ တောင်းပန်ပါတယ်၊ ကျန်တဲ့ ငါ စော်ကားမိတဲ့ လူတွေကိုပါ ငါ တောင်းပန်ပါတယ်”လို့ ရုတ်တရက် ကျွန်တော် ပြောချလိုက်ပါတယ်။

“မင်းလို ကောင်မျိုးက တစ်ယောက်ချင်းချဖို့ သတ္တိမရှိပါဘူးကွာ၊ အခုလို တောင်းပန်လိုက်တာ မင်းအတွက် ပိုကောင်းတာပေါ့” လို့ ဖစ်ရှကင်း က ဝင်ပြောလိုက်ပါတယ်။ ကျွန်တော့်ရင်ထဲ နင့်ခနဲဖြစ်သွားတယ်။ ဒါကြောင့်– “မင်း မှားနေပြီ ဖစ်ရှကင်း၊ တစ်ယောက်ချင်း ငါ မချရဲလို့တော့ မထင်နဲ့၊ မင်းဆန္ဒရှိရင် မနက်ဖြန် မင်းနဲ့ ချဖို့ ငါ့ဘက်က အဆင်သင့်ပဲ”

“ဘာလဲ …. မင်းစိတ်ကူးထဲမှာ မင်း နှစ်ယောက်တည်း သတ်နေတာ လား” လို့ ထရူနိုဘော့က လှောင်ပြော ပြောလိုက်တယ်။ ဆိုင်မွန်နော့က–

“အလကားပါ၊ ဒီကောင် လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာပါ” တဲ့။

ဇာကော့က ကျွန်တော့်ကို ရွံမုန်းသလို ရှုံ့မဲ့ကြည့်လိုက်ရင်း –

“ငါ့ရှေ့က ဖယ်လေ၊ ဘာလို့ ရှေ့မှာရပ်နေတာလဲ... မင်း ဘာလို ချင်လို့လဲ .. ” လို့ ပြောလိုက်ပါတယ်။ သူတို့မျက်နှာတွေ အားလုံး နီရဲပြီး မျက်လုံးတွေက ပြောင်တင်း ပြူးစက်နေကြပါတယ်။

“ငါ... မင်းတို့နဲ့ ခင်မင်ချင်ပါတယ်။ ဒါပေမဲ့… ငါ သိပါတယ်၊ မင်းတို့ကို ငါ စော်ကားလိုက်မိတယ် ... ပြီးတော့ ...”

ကျွန်တော့်စကား မဆုံးသေးမီမှာဘဲ –

“စော်ကားတယ်… မင်းက … ငါ့ကို… ဟုတ်လား … ငါ့ကိုဘယ်တော့ မှ မင်း စော်ကားလို့ မရဘူးဆိုတာ မသိဘူးလားကွ” လို့ ဇာကော့က အော်ကြီးဟစ်ကျယ်နဲ့ ကျွန်တော့်ကို ပြန်ပြောလိုက်ပါတယ်။

“ဒီလောက်ဆို တော်ပါတော့ကွာ.. ထားလိုက်ပါတော့၊ သွားကြစို့” လို့ ထရူနိုဘော့က အဆုံးသတ်လိုက်ပါတယ်။ ဇာကော့က-

“ဟေ့.. သူငယ်ချင်းတို့၊ ဒီည ငါနဲ့ အိုလံပီယာ ချိန်းထားတယ်လေကွာ၊ မင်းတို့ မေ့နေပြီလား” ဆိုတော့ အားလုံးက ရယ်မောပြီး -

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ သွားကြမယ်ဟေ့”လို့ ထောက်ခံလိုက် ကြတယ်။ သူတို့အားလုံး အခန်းထဲက ဆူညံပြီးထွက်သွားကြတော့ ကျွန်တော့် ကို တံတွေးနဲ့ ထွေးသွားသလို ခံစားလိုက်မိတယ်။ ထရူနိုဘော့ ကတော့ သီချင်းလေးညည်းပြီး ထွက်သွားပါတယ်။ ဒါပေမဲ့ ဆိုင်မွန်နော့က စားပွဲထိုး ကောင်လေးတွေကို ဘောက်ဆူးပေးဖို့ နောက်ချန်နေခဲ့တယ်။ ဒီအချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် အံ့သြလောက်အောင်ပဲ ဆိုင်မွန်နော့ နား လျှောက်သွားပြီး-

“ဆိုင်မွန်နော့ ... ငါ့ကို ခြောက်ရူဗယ်လောက် ချေးစမ်းပါ” လို့ ဝမ်း နည်းသံနဲ့ ပြောချလိုက်မိတယ်။

“မင်း ငါတို့နဲ့ မလိုက်ဘူးလား” လို့ ဆိုင်မွန်နော့က မေးပါတယ်။

“လိုက်မယ်” လို့ ကျွန်တော်က ပြောလိုက်တယ်။

ဆိုင်မွန်နော့က ငါ့မှာ ပိုက်ဆံမရှိဘူးဆိုပြီး အထင်သေးတဲ့ အကြည့် နဲ့ ကျွန်တော့်ကို ကြည့်ပြောရင်း အခန်းထဲက ထွက်ဖို့ ပြင်လိုက်ပါတယ်။ ကျွန်တော်က သူ့ကုတ်အင်္ကျီကို လှမ်းဆွဲလိုက်ရင်း –

“ဆိုင်မွန် … မင်းမှာ ပိုက်ဆံရှိတယ်ဆိုတာ ငါ သိပါတယ်၊ မင်း ငါ့ကို ဘာလို့ငြင်းတာလဲကွာ၊ ငါက နိမ့်ကျတယ်လို့ မင်းထင်လို့လား၊ ငါ့ရဲ့ အနာဂတ် အကြံအစည်တွေ အားလုံးဟာ မင်းအပေါ်မှာ မူတည်နေပါတယ်၊ မင်း စဉ်း စားပေးပါ သူငယ်ချင်း”

ဆိုင်မွန်နော့က အိတ်ထဲက ပိုက်ဆံကို ဆွဲထုတ်လိုက်ပြီး ပစ်မပေးရုံ တမယ် ကျွန်တော့်ကို လှမ်းပေးလိုက်ရင်း –

“ရော့ …. မင်းမှာ အရှက်မရှိရင် ယူ”လို့ ပြောလိုက်ပါတယ်။ ပြီးတော့ ဟိုကောင်တွေနောက် ပြေးလိုက်သွားပါတယ်။

အခန်းထဲမှာ ကျွန်တော် တစ်ယောက်တည်း။ ဖရိုဖရဲဖြစ်နေတဲ့ ပစ္စည်း တွေ၊ စားပွဲပေါ်က စားကြွင်းစားကျန်တွေ၊ စီးကရက် အစီခံတွေကို တစ်ချက်လှမ်းကြည့်မိလိုက်တယ်။ ကျွန်တော့်ခေါင်းတစ်ခုလုံး မူးနောက် ကျိန်းစပ် နေတယ်။ ဒါပေမဲ့ ကျွန်တော့်နှလုံးသားထဲမှာတော့ ဒဏ်ရာတစ်ခုက ပြင်း ပြင်းထန်ထန် နာနေတယ်။ စားပွဲထိုးကောင်လေးက ကျွန်တော့်ကို ထူးဆန်း တဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။

“ဒီကောင်တွေနောက် ငါ လိုက်မယ်၊ ဒီကောင်တွေ ငါ့ရှေ့မှာ ဒူး ထောက်ပြီး ငါ့ရဲ့ ခင်မင်မှုကို တောင်းခံရမယ်၊ မဟုတ်ရင် ဇာကော့ကို ပါးရိုက် ပစ်မယ်” လို့ ကျွန်တော် အော်ဟစ်ပစ်လိုက်တယ်။

“ဒါ အမှန်ဆုံးပဲ”

ကျွန်တော့်ကိုယ် ကျွန်တော် ပြောရင်း လှေကားကို ပြေးဆင်းလာခဲ့ တယ်။ ဒီအချိန်မှာ အတွေးတစ်ခုက ဖျတ်ခနဲ ခေါင်းထဲ ရောက်လာပြန်တယ်။ အခု မင်း လှောင်ပြောင်နိုင်သေးရဲ့လား၊ အားလုံး မရှိတော့ဘူးလေ၊ ဆုံးရှုံး သွားပြီ၊ မင်းက လူယုတ်မာပဲ”... တဲ့။

“ငါက ဘာကိုမှ ဂရုမစိုက်ဘူးဟေ့”... လို့ ကျွန်တော့်ကိုယ်ကျွန်တော် အော်ပြီး အဖြေပေးလိုက်တယ်။ အောက်ရောက်တော့ ဒီကောင်တွေကိုမတွေ့ ရတော့ဘူး။ ကိစ္စမရှိဘူး။ သူတို့ ဘယ်သွားမလဲဆိုတာ ကျွန်တော် သိတယ်။ ဟော်တယ်ရှေ့မှာ မြင်းရထားတစ်စီး အသင့်ရပ်ထားတယ်။ လှည်းသမားက လယ်သမားတွေဝတ်တဲ့ ကုတ်အင်္ကျီထူထူ ကြမ်းကြမ်းကြီးနဲ့။ အင်္ကျီပေါ်မှာ တော့ နှင်းပွင့်တွေ။ အဖြူနဲ့ အနက်ကျား အမွေးဖွားဖွား မြင်းတွေကလည်း နှင်းတွေစိုလို့ပဲ။ လမ်းမတစ်လျှောက်မှာ လူသူကင်းနေတယ်။ လှည်းပေါ် တက်လိုက်တဲ့အချိန်မှာ ဆိုင်မွန်နော့ ကျွန်တော့်ကို ပိုက်ဆံပေးလိုက်တဲ့ ရုပ် ကို ဖျတ်ခနဲ မြင်လိုက်မိပြီး မြင်းရထားပေါ် ကျွန်တော် ပုံလျက်သား လဲကျ သွားမတတ်ပါပဲ။

အားလုံးကို အလျော်ပြန်ရအောင် ငါလုပ်မယ်၊ ဒီည ငါ သေချင် သေပ လေ့စေ၊ သွားမယ် ... သူတို့ရှိတဲ့နေရာကို ငါသွားရမယ်။

“မောင်း”

မြင်းလှည်းဆရာကို အသံကုန် ကျွန်တော် အော်ပြောလိုက်တယ်။ မြင်းလှည်းဆရာကို အသံကုန် ကျွန်တော် အော်ပြောလိုက်တယ်။

တယ်၊ ဟိုကောင် ဖစ်ရှကင်းကတော့ ငါ့ဆံပင်ကို ဆောင့်ဆွဲမှာ သေချာတယ်၊ လုပ်ပလေ့စေ၊ ကိစ္စမရှိဘူး၊ နောက်ဆုံးမှာ ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ ပြကွက်တစ်ကွက်ကို ဒီနွားတွေရှေ့မှာပြရမယ်၊ ငါ့ကို တရွတ်တိုက်ပြီး အပြင် ဘက် ဆွဲခေါ်သွားတဲ့အခါ မင်းတို့ကောင်တွေဟာ ငါ့လက်ညှိုးတစ်ချောင်း လောက်ကောင် တန်ဖိုးမရှိဘူးဆိုတာ အော်ပြောပစ်မယ်။

“မောင်း ... လှည်းဆရာ ... အမြန်မောင်း”

ကျွန်တော်က အရိုင်းအစိုင်းတစ်ကောင်လို မြင်းလှည်းဆရာကို ကုန်းအော်လေလေ လှည်းဆရာက သူ့မြင်းတွေကို ရိုက်လေလေပါပဲ။ ဒါဆို ရင် မနက်ဖြန် အရုဏ်တက်ရင် တစ်ယောက်ချင်း သေနတ်ယှဉ်ပစ်ရတော့မယ်၊ ဒါ သေချာတယ်၊ ဒါဆိုရင် ရုံးကိစ္စ ရှင်းစရာရှိတာတွေ ရှင်းထားရမယ်၊ ဒီကိစ္စ ကို ဖစ်ရှကင်းကတော့ ကဲ့ရဲ့မှာပဲ၊ ပြီးတော့ ပစ္စတိုတစ်လက် ဘယ်က ရှာရ မလဲ၊ အဓိပ္ပာယ်မရှိတာပဲ၊ ရုံးက လခကြိုထုတ်ပြီး ဝယ်ရမှာပေါ့၊ ကျည်ဆန် ကရော၊ ဟာ… ဒီကိစ္စတွေ ငါ့ဘေးနားမှာ လိုက်ရမယ့် အကူတစ်ယောက် လုပ်ရမယ့် ကိစ္စတွေပဲ၊ သူ လုပ်မှာပေါ့၊ ကိစ္စတွေအားလုံး တစ်ရက်တည်းနဲ့ ဘယ်လိုရှင်းမလဲ၊ အကူတစ်ယောက်ကိုလည်း ဘယ်မှာသွားရှာမလဲ။ အို ... ဒါ စဉ်းစားစရာမှ မဟုတ်တာ၊ လမ်းမပေါ်မှာ ပထမဦးဆုံး တွေ့ တဲ့လူဟာ ငါ့ရဲ့အကူ ဖြစ်ရမှာပေါ့၊ ရေနစ်နေတဲ့လူကို မကူဘဲ မနေနိုင်သလို ဒီလူဟာ ငါ့ရဲ့ အကူ ဖြစ်ရမှာပေါ့။ ပြီးတော့ ဘာဖြစ်ချင်သေးလဲ၊ ဖြစ်နိုင်တယ်၊ ဒီကိစ္စကို ရုံးက ငါ့ရဲ့အရာရှိကိုသွားပြီး ပြောပြလိုက်ရင်တောင် ငါ့ရဲ့ သူရဲကောင်းစိတ် ဓာတ်ကို လေးစားပြီး အကူအဖြစ် လိုက်လာလိမ့်ဦးမယ်။

အဲဒီ အချိန်လေးအတွင်းမှာ ရင်နင့်စရာကောင်းသလောက် အခြေအမြစ် မရှိတဲ့ ကျွန်တော့်ရဲ့ အကြံအစည်တွေကို ဒီကမ္ဘာပေါ်မှာ ကျွန်တော် တစ်ယောက်တည်း နားလည်သဘောပေါက်လိုက်ပါတယ်။ ပြဿနာရဲ့အခြား တစ်ဖက်ကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ပေမယ့်-

“မောင်းစမ်းပါ ... လှည်းဆရာ၊ ဘာလုပ်နေတာလဲ၊ မောင်းပစ်လိုက်” ရုတ်တရက် ကျွန်တော့်ကျောထဲ စိမ့်ခနဲ အေးစက်သွားတယ်။ ဒီနားကနေပဲ အိမ်ပြန်လှည့်ခိုင်းလိုက်ရင် ကောင်းမယ်ထင်တယ်။ ညစာသွားစားဖို့ ဘယ် အရာကများ ငါ့ကို တိုက်တွန်းလိုက်တာလဲ၊ မဖြစ်နိုင်တော့ဘူး၊ ပြန်လှည့်လို့မဖြစ်နိုင်တော့ဘူး၊ ဟော်တယ်အခန်းထဲမှာ သုံးနာရီလုံးလုံး ငါလျှောက်ခဲ့ ရတာတွေ ဘယ်သူ ပြန်လျော်ပေးမလဲ၊ ဒီစော်ကားမှုကို မင်းတို့တွေပဲ ဆေး ကြောပေးရမယ်ဟေ့။

“မောင်း ... မောင်းစမ်း"

လှည်းဆရာကို ကျွန်တော် အသံကုန်ဟစ်ပြီး ပြောလိုက်တယ်။

ဒီကောင်တွေ ငါ့ကို ရဲစခန်းခေါ်သွားကြရင် ဘယ်လိုလုပ်မလဲ။ ဒီ ကောင်တွေ ဒါလောက် သတ္တိမရှိပါဘူး၊ ဇာကော့က ငါနဲ့ မတူမတန်လို့ တစ် ယောက်ချင်း သေနတ်နဲ့ယှဉ်ပစ်ဖို့ငြင်းနိုင်တယ်၊ ဒီကောင် ငြင်းဖို့များပါတယ်။ ဒါဆိုရင် ငါ့ဘက်က သက်သေပြရမှာပေါ့၊ မနက်ဖြန် ဒီကောင် ခရီးထွက်မယ့် ဘူတာရုံကို လိုက်သွားမယ်၊ ရထားပေါ်တက်ခါနီး ဒီကောင့် ခြေထောက်ကို လှမ်းဆွဲလိုက်မယ်၊ ဒီကောင့် လက်တွေ၊ နားရွက်တွေကို ကိုက်ပစ်မယ်၊ ပြီး တော့-

“ဒီမှာ ကြည့်ကြစမ်းပါ၊ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ လူတစ်ယောက်ကို ဒီကောင် ဘယ်အခြေအနေထိ ရောက်အောင် တွန်းပို့လိုက်သလဲဆိုတာ ကြည့်ကြစမ်းပါ” လို့ အော်ပြောပစ်လိုက်မယ်။ ကျန်တဲ့ကောင်တွေက ငါ့မျက်နှာကို ဝိုင်းထိုးကြရင် ထိုးကြပလေ့စေတော့၊ “တောသူမိန်းကလေးတွေကို ဒီကောင် ဖျက်စီးနေပါတယ်”လို့ အားလုံး ကြားအောင် အော်ပြောလိုက်ဦးမယ်။ ပြီးသွားရင်... ဒါတွေ ပြီးသွားရင် အားလုံးဟာ ပျောက်ကွယ်သွားမှာပဲ၊ ငါ့ကို ပုလိပ်ကဖမ်း၊ တရားစွဲ၊ အလုပ် ပြုတ်၊ ပြီးတော့ ဆိုက်ဗေးရီးယားကို ပို့လိမ့်မယ်။

ကိစ္စမရှိဘူး၊ ဆယ့်ငါးနှစ်ပေါ့။ ဆယ့်ငါးနှစ် ပြီးတဲ့ အခါမှာတော့ ပြည်နယ်မြို့လေးတစ်မြို့မှာ ငါက ဇာကော့ကို ခြေရာခံမိလိမ့်မယ်၊ အဲဒီ အချိန်မှာ ဒီကောင်က သူ့မိသားစု သားသမီးတွေနဲ့ ပျော်နေမှာပေါ့၊ သူ့ဆီကို ငါရောက်သွားပြီး “ဟေ့ကောင် … ဇာကော့၊ ဒီမှာကြည့်စမ်း၊ ဘယ်သူလဲလို့၊ နေလောင်ထားတဲ့ ဒီမျက်နှာနဲ့ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေကို ကြည့် စမ်းပါဦးကွ၊ မင်းကြောင့် ငါ့ရဲ့ ပျော်ရွှင်မှု၊ ငါ့ဘဝရည်မှန်းချက်၊ ငါ့အသိပညာ၊ (ငါချစ်တဲ့မိန်းမ) အားလုံး ဆုံးရှုံးခဲ့ရပြီလေ၊ ဒီမှာတွေ့လား ပစ္စတိုသေနတ်၊ အေး ... ဒါပေမဲ့ ကျည်ဆန်ထည့်မထားပါဘူးကွ၊ အေးကွာ ... မင်းကို ငါခွင့်လွှတ်ပါတယ်” လို့ ပြောလိုက်မယ်။ ပြီးတော့ ငါဟာ လေထဲကို သေနတ် တစ်ချက် ပစ်ဖောက်လိုက်ပြီး နောက်မှာတော့ ငါ့အကြောင်းကို ဘယ်သူမှ ကြားရမှာ မဟုတ်တော့ဘူးပေါ့။

အဲဒီလို ကျွန်တော် စိတ်ကူးကြည့်နေရင်းက မျက်ရည်တွေ လည်လာပြီး ငိုမိတော့မလိုပါဘဲ။ ဒါပေမဲ့ ကျွန်တော့် စိတ်ကူးဇာတ်လမ်းက ပွတ်ရှကင်ရဲ့ Pistol Shot နဲ့ လာမွန်တော့ရဲ့ Masquerade ဝတ္ထုတွေထဲက ဇာတ်လမ်းတွေ ဖြစ်နေမှန်းလည်း သိလိုက်ရော တော်တော် ရှက်သွားပါတယ်။ ဒါကြောင့် ရှက်ရှက်နဲ့ မြင်းလှည်းဆရာကို ရပ်ခိုင်းလိုက်ပြီး လှည်းပေါ်က ဆင်းကာ နှင်းတောထဲ တိုးဝင် လျှောက်လာမိတယ်။ မြင်းလှည်းဆရာကတော့ ကျွန်တော့်ကို ကြည့်ပြီး သက်ပြင်းချရင်း ကျန်ခဲ့ပါတယ်။

ငါ ဘာလုပ်မှာလဲ၊ ဒီကောင်တွေဆီ မသွားတော့ဘူးလား၊ အဓိပ္ပာယ် မရှိတော့ဘူးလား၊ ဒီကိစ္စကို ဘာလို့ မေ့ပစ်ရမှာလဲ။ ကျွန်တော် အော်ဟစ် ပစ်လိုက်ပြီး မြင်းလှည်းဆီ အပြေးပြန် ခုန်တက်လိုက်တယ်။

“သွားကို သွားရမယ် … မောင်း၊ အမြန်ဆုံးမောင်း”

ရောက်ချင်တဲ့ဇောနဲ့ မြင်းလှည်းဆရာရဲ့ ဂုတ်ပိုးကို ဖျောင်းခနဲ ကျွန် တော် ရိုက်မိလိုက်တယ်။

“ခင်ဗျား ဘာဖြစ်နေတာလဲ၊ ဘယ်သူနဲ့ ရန်ဖြစ်နေတာလဲ”

မြင်းလှည်းဆရာက အော်ဟစ်ပြောဆိုရင်း သူ့ မြင်းအို မြင်းနာကြီး ကို တဖြန်းဖြန်းရိုက်ပါတော့တယ်။ မြင်းကလည်း ကဆုန်ပေါက်ပြေးတော့ တာပါပဲ။

ဆီးနှင်းတွေဟာ အဖတ်လိုက် အဖတ်လိုက် ကျနေတယ်။ ဒါပေမဲ့ ကျွန်တော် ဘာကိုမှ ဂရုမစိုက်မိတော့ဘူး။ ကျွန်တော့်ကုတ်အင်္ကျီ ကြယ်သီး တွေလည်း ပြုတ်ထွက်နေတယ်။ ဇာကော့ကို ပါးရိုက်ဖို့ ကျွန်တော် လုံးဝ ဆုံးဖြတ်ထားပြီးပြီ။ ဘယ်အရာကမှ တားလို့မရတော့ဘူး။ အခုချက်ချင်းပဲ ရှောင်လွှဲလို့မရအောင် ဖြစ်တော့မယ်ဆိုတာ သိနေတယ်။

နှင်းမြူတွေကြားက ဓာတ်တိုင်တွေဟာ အသုဘချလာတဲ့ အခမ်း အနားက မီးတိုင်တွေလိုပါပဲ။ ဆီးနှင်းတွေက ကျွန်တော့်ကုတ်အင်္ကျီ ကော်လာကြားတွေထဲ တိုးဝင်သွားလိုက်၊ အရည်ပျော်သွားလိုက်နဲ့။ ဘာကိုမှ ကျွန်တော် မသိတော့ဘူး။ ပျောက်ဆုံးနေပြီ။

နောက်ဆုံး ကျွန်တော်တို့ အဲ့ဒီနေရာကို ရောက်လာကြတယ်။ မြင်း လှည်းပေါ်က ဆင်းပြီး လှေကားပေါ် ကျွန်တော် ပြေးတက်လိုက်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဘာခံစားမှုမှ မရှိတော့ဘူး။ အထူးသဖြင့် ကျွန်တော့် ခြေတွေ၊ ဒူးတွေက ချည့်နဲ့ပြီး တုန်နေတယ်။ တံခါးကို လက်သီးနဲ့ထု၊ ခြေနဲ့ ကန်ပစ်လိုက်တော့ ကျွန်တော် ထင်ထားသလိုပဲ တံခါး ချက်ချင်းပွင့်သွား တယ်။ မှောင်ထဲမှာပဲ တစ်ဖက်အခန်းတစ်ခန်းဆီ ကျွန်တော် ဖြတ်လျှောက်ပြီး ဝင်လိုက်တယ်။ ဒီအခန်းကို အရင်ကတည်းက ကျွန်တော် သိကျွမ်းပြီးသား ပါ။ အခန်းထဲရောက်တော့ သူတို့ မရှိတော့ဘူး။ ဖယောင်းတိုင်တစ်တိုင်သာ ထွန်းထားတာတွေ့ရတယ်။ အမှန်တော့ ဆိုင်မွန်နော့က ကျွန်တော် နောက် တစ်ခေါက် ရောက်ချင်ရောက်လာ နိုင်တယ်လို့ သတိပေးတဲ့အတွက် နေရာ ရွှေ့လိုက်ကြတာပါပဲ။

ဒီနေရာက နေ့ဘက်မှာ အဝတ်အထည်ရောင်းတဲ့ဆိုင်ပေါ့။ ညဘက် ဆိုရင်တော့ လူကြီးမင်းကို ထောက်ခံမယ့်သူသာရှိရင် ဧည့်သည်ကြီးလို ကောင်းကောင်းနေနိုင်တဲ့နေရာပေါ့။

“သူတို့တွေ ဘယ်ရောက်သွားကြသလဲ”

တွေ့တဲ့တစ်ယောက်ကို ကျွန်တော် လှမ်းမေးကြည့်လိုက်တယ်။

“သွားကြပြီလေ”

ဆိုင်ရှင်က ကျွန်တော့်ကို အဖြေပေးပါတယ်။ သူက ကျွန်တော်နဲ့ မျက်မှန်းတန်းမိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော့်ကို လှောင်သလိုလို၊ ခနဲ့သလိုလို ပြုံးပြလိုက်ပါတယ်။ တစ်မိနစ် နှစ်မိနစ် ကြာတဲ့အခါမှာတော့ နောက်ထပ် ဖောက်သည်သတ္တဝါတစ်ယောက် ဝင်လာပြန်ပါတယ်။ ဘာကိုမှ ကျွန်တော် မစဉ်းစားတော့ဘဲ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိပြန်တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း စကားတွေပြောလို့။ သေမယ့်ဘေးက လွတ်မြောက်လာလို့ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းနေတယ် ဆိုတာ ကျွန်တော် သိနေတယ်။ ဇာကော့ကိုသာတွေ့၊ ဒီကောင့်ကို ကျွန်တော် ပါး ရိုက်လိုက်မှာကိုတော့ သံသယ လုံးဝ ရှိစရာမလိုတော့ဘူး။ ဒါပေမဲ့ အခြေအနေက တစ်မျိုးပြောင်းသွားပြီ။ ဒီကောင်တွေ မရှိတော့ဘူးဆိုတာတောင် ဟိုဟိုသည်သည် ကျွန်တော် လိုက်ရှာမိသေးတယ်။

ဒီအချိန်မှာ အခန်းထဲဝင်လာတဲ့ အမျိုးသမီးတစ်ယောက်ကို အမှတ် မထင် တွေ့ လိုက်ရပါတယ်။ အသက်က ငယ်ငယ်၊ ပျိုမျစ်တယ်၊ လတ်ဆတ် တယ်။ နည်းနည်း ဖြူရော်ရော်ရှိပေမယ့် မျက်ခုံးထူထူနက်နက်၊ တည်တည် ငြိမ်ငြိမ်နဲ့။ ပြုံးလိုက်မယ်ဆိုရင်တောင် ကျွန်တော် ကြိုက်မိမှာ မဟုတ်ဘူး။ ဒီအခြေအနေဟာ ကျွန်တော့်အကြိုက်။ ကျွန်တော့်အာရုံတွေက ဝေဝေဝါးဝါး ဖြစ်နေသေးတာမို့ သူမကို သေသေချာချာ ဂရုစိုက်ကြည့်မိလိုက်တယ်။

သူမမျက်နှာပေါ်မှာ ရိုးသားမှု၊ ကြင်နာမှုတစ်ခုခု ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ စိုးရိမ်သွားတယ်။ ဒီလိုနေရာမျိုးမှာ သူမမျက်နှာပေါ်က အရာက သူမကို ကယ်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော် သိနေတယ်။ ကျန်တဲ့ အရူးတွေကတော့ သူမကို သတိမထားမိကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမ ဟာ မလှပါဘူး။ ဒါပေမဲ့ အရပ်အမောင်းရှိတယ်၊ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရှိတယ်။ သူမ ရှိနေတဲ့နေရာကို ကျွန်တော် အလိုလို လျှောက်သွားမိလိုက်ပါတယ်။ ဒါပေမဲ့ ကြည့်မှန်တစ်ချပ်ထဲမှာ ကျွန်တော့်ရုပ်ပုံကို အမှတ်တမဲ့ သွားတွေ့ လိုက်တဲ့ အခါမှာတော့ ဆံပင်တွေက ဖွာလန်ကျဲ၊ အနှိပ်စက်ခံထားရတဲ့ ကျွန်တော့်မျက်နှာက အော့နှလုံးနာစရာ ဖြူရော်ရော်၊ ကြမ်းရှရှ၊ ပျို့အဲ့အဲ့။ သွားစမ်းပါ၊ ဂရုစိုက်စရာမှတ်လို့။ ငါ့ကို ရွံစရာလို့ ဒီမိန်းကလေးကထင်ရင် ပိုတောင်ကောင်းသေး။

အခန်းနံရံရဲ့ နောက်ဘက်တစ်နေရာရာမှာ တိုင်ကပ်နာရီတစ်လုံးဟာ လည် ပင်း ညှစ်ခံနေရသလို ချွဲခပ်သံတွေ ထွက်နေတယ်။ အချိန်အတော်ကြာ မွန်းကျပ်နေတဲ့အသက်ရှူသံရှည်ကြီးနောက်မှာတော့ စူးရှပြီး ကသိကအောက် နိုင်တဲ့ သံစုံနာရီမြည်သံကို ကြားလိုက်ရတယ်။

နှစ်နာရီထိုးပြီပဲ။ ကျွန်တော် သတိရလာတယ်။ အိပ်နေတာ မဟုတ် ပေမယ့် အခုအချိန်ထိ ကျွန်တော် မိန်းမောနေတုန်းပဲ။

မျက်နှာကြက် နိမ့်နိမ့်နဲ့ အခန်းကျဉ်းလေးထဲမှာ အဝတ်ထည့်တဲ့ သေတ္တာတွေ၊ အဝတ်အစအန အမျိုးမျိုးတွေ ပြန့်ကျဲရှုပ်ပွလို့။ အခန်းတစ် ဖက်စွန်း စားပွဲပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင် ငုတ်တိုကလည်း ငြိမ်း တော့မယ်။ မှိန်ဖျော့ဖျော့ မီးတောက်ကလေးက ခဏခဏ မျက်တောင်ခတ် လို့၊ ခဏကြာရင် လုံးဝ မှောင်မည်းသွားတော့မှာပါပဲ။

သိပ်မကြာလှပါဘူး၊ ကျွန်တော် သတိပြန်လည်လာတယ်။ အရာရာဟာ ကြိုးစားအားထုတ်စရာ မလိုဘဲ ကျွန်တော့်ဆီ ပြန်ရောက်လာပြီး ကျွန် တော့်ကို ခုန်အုပ်ဖို့ ချောင်းမြောင်းနေတဲ့အတိုင်းပါပဲ။

အမှန်တော့ ကျွန်တော် မေ့မြောနေတဲ့တစ်ချိန်လုံးမှာ သိစိတ်အလင်း စက်လေးတစ်ခုက ရှိနေဆဲပါ။ အဲ့ဒီ အလင်းစက်လေးရဲ့ ဘေးနားမှာတော့ ကျွန်တော့်အိပ်မက်မြူတွေက ရစ်သိုင်းလို့ပေါ့။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာ က ညက ဖြစ်ပျက်ခဲ့တဲ့အရာတွေဟာ သတိပြန်လည်လာပြီးတဲ့ အခါမှာတော့ ဟိုးအဝေးကို ရောက်သွားသလိုလို အတိတ်က သိကျွမ်းခဲ့ရတဲ့ အရာတစ်ခု လိုလို ဖြစ်နေတာပါပဲ။

ကျွန်တော့်တစ်ခေါင်းလုံး နောက်ကျိနေတယ်။ တစ်ခုခုဟာ ခေါင်းထဲ မှာ ဝဲပျံရစ်ပတ်နေပြီး ကျွန်တော့်ကို တို့လိုက် ဆိတ်လိုက်နဲ့ စိတ်လှုပ်ရှားအောင် လုပ်နေပါတယ်။

ဒေါသ၊ အာဃာတနဲ့ ပျောက်ဆုံး ကြွေလွင့်သွားတဲ့ ဝေဒနာတွေက ကျွန်တော့်ရင်ထဲမှာ တစ်ခါ စုပုံလာပြန်ပေါ့။ ပြီးတော့ ထွက်ပေါက်ကို ကုတ်ခြစ် ရှာဖွေနေကြပြန်တယ်။ အဲဒီအချိန် ကျွန်တော့်ရှေ့ တည့်တည့်ကနေ ဝိုင်းစက်နေတဲ့ မျတ်လုံးတစ်စုံက ကျွန်တော့်ကို စူးစူးစိုက်စိုက်၊ စပ်စပ်စုစု အကြည့်နဲ့ ကြည့်နေတာ သတိထားလိုက်မိတယ်။ ကျွန်တော့်ကို ကြည့်တဲ့ အကြည့်တွေမှာ သုန်မှုန်အေးစက်ခြင်းတွေ၊ ကရုဏာမဲ့ခြင်းတွေနဲ့မို့ စိတ်ထဲ ကသိကအောက်တော့ ဖြစ်သွားမိတယ်။ အောက်သိုးသိုး၊ စိုစိမ့်စိမ့်ဖြစ်နေတဲ့ အခန်းတစ်ခန်းထဲကို ဝင်လိုက် ရသလိုပါပဲ။ ကျွန်တော့်တစ်ကိုယ်လုံး ကသိကအောက် ခံစားလိုက်ရတယ်။ ကျွန်တော့်ကို စူးစမ်းကြည့်နေတဲ့ မျက်လုံးအစုံထဲမှာ သဘာဝမကျတဲ့၊ ဖုံး ကွယ်ထားတဲ့ အရာတစ်ခုခု ရှိနေပါတယ်။ ဒါပေမဲ့ ဒီသတ္တဝါကိုတော့ နှစ်နာရီ လုံးလုံး စကားတစ်လုံးမှ မပြောဖြစ်ဘူး။ ပြောဖို့လည်း နည်းနည်းမှ မလိုဘူးထင်တာပဲ။ ဒီလို နေရတာကိုပဲ ကျွန်တော် ပိုကြိုက်နေတာလည်း ဖြစ်ချင်ဖြစ် မယ်။ ဒါပေမဲ့ တီကောင်တစ်ကောင်လို အော့အန်ချင်စရာကောင်းပြီး ရူးပေါ ပေါနိုင်တဲ့ ကာမရာဂစိတ်ဟာ ရင်ထဲမှာ ဆူပွက်လာပြီး ဘာမှ ခံစားချက်မပါ ပါဘဲ ညစ်ညမ်းစွာ အချစ်ဆိုတဲ့ အမှတ်ကို ရောက်လာပါတယ်။

ကျွန်တော်တို့နှစ်ယောက် တစ်ယောက်မျက်လုံးတစ်ယောက် အကြာကြီး စိုက်ကြည့်နေကြတယ်။ သူမကလည်း မျက်လုံးကို လွှဲမပစ်ပါဘူး။ နောက်ဆုံးတော့ ကျွန်တော်ပဲ ကသိကအောက်ဖြစ်လာပြီး –

“မင်းနာမည် ဘယ်လိုခေါ်လဲ” လို့ တုံးတိတိ မေးလိုက်တယ်။

“လီဇာ…”

မျက်နှာကို တစ်ဖက်လွှဲလိုက်ပြီး တိုးတိုးလေး သူမ ဖြေပါတယ်။ တစ်ခဏ ငြိမ်သက်နေပြီးနောက်-

“ဒီည ရာသီဥတုက … ဆီးနှင်းတွေ .. စိတ်ပျက်စရာကြီးပဲလေ”

လက်နှစ်ဖက်ကို ခေါင်းအောက်မှာခု၊ ပြီး မျက်နှာကြက်ကို ငေး ကြည့်ရင်း ကျွန်တော့်ကိုယ်ကျွန်တော် ရေရွတ်လိုက်မိတယ်။ သူကေလည်း စကားတစ်လုံးမှ ပြန်မပြောပါဘူး။ ခဏနေတော့ ကျွန်တော့်ခေါင်းကို သူမ ဘက် ခပ်ယဲ့ယဲ့ လှည့်လိုက်ပြီး သည်းမခံနိုင်တော့တဲ့ လေသံနဲ့-

“မင်း ဒီနားတစ်ဝိုက်က လာတာပဲလား”

“ဟင့်အင်း”

“ဘယ်ကလဲ”

“ရိဂါ က”

သူမ ဖြေပုံက ခပ်ရွံ့ရွံ့။

“မင်း ဂျာမန်လား”

“ဟင့်အင်း၊ ရုရှား ...”

“ကြာပြီလား”

“ဘာကို ပြောတာလဲ”

“ဒီအိမ်မှာ ကြာပြီလားလို့ မေးတာ”

“နှစ်ပတ်ရှိပြီ”

သူမအသံက တဖြည်းဖြည်း မာဆတ်ဆတ် ဖြစ်လာတယ်။ ဖယောင်းတိုင် မီးလည်း ငြိမ်းသွားပါပြီ။ ကျွန်တော် သူ့မျက်နှာကို မမြင်ရတော့ပါဘူး။

“မိဘတွေ ရှိသေးလား”

“ရှိတယ်”

“ဘယ်မှာနေကြလဲ”

“ရိဂါမှာပဲ”

“ဘာလုပ်လဲ”

“ဪ … ဘာလုပ်ကိုင်စားကြသလဲ မေးတာပါ”

“ကုန်သည်”

“မင်းလည်း သူတို့နဲ့ အတူတူ နေသလား”

“ဟုတ်တယ်”

“မင်းအသက် ဘယ်လောက်ရှိပြီလဲ”

“နှစ်ဆယ်”

“မိဘတွေကို ဘာလို့ ထားပစ်ခဲ့ရတာလဲ”

“ဘာရယ် မဟုတ်ပါဘူး၊ ဒီလိုပါပဲ”

ဒီလိုပါပဲဆိုတဲ့ သူမရဲ့ အဖြေဟာ တော်ပါတော့၊ စိတ်ညစ်လှပြီလို့ ပြောနေတဲ့ အဓိပ္ပာယ်ပါပဲ။ တစ်ခါ တိတ်ဆိတ်သွားပြန်ပါတယ်။

ဒီနေရာက ဘာကြောင့် ကျွန်တော် ထွက်မသွားသေးတာလဲ ဆိုတာ ကတော့ ဘုရားသခင်သာ သိပါလိမ့်မယ်။ မနေ့က အဖြစ်အပျက်တွေက ကျွန်တော့်ဦးခေါင်းထဲမှာ တဖျပ်ဖျပ်နဲ့။ စိတ်ထဲမှာ ညည်းငွေ့ပြီး မသက်မသာ ဖြစ်လာတယ်။ မနေ့က ရုံးကိုအသွား လမ်းမှာမြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခု ကိုလည်း ရုတ်တရက် သတိရလိုက်မိတယ်။

“လူသေခေါင်းကို ထမ်းလာကြတာ အောက်ပြုတ်ကျတော့မလို့…”

စကားပြောချင်စိတ် လုံးဝ မရှိပေမယ့် အမှတ်တမဲ့ အသံထွက်ပြီး ပြောလိုက်မိတယ်။

“လူသေခေါင်း…”

“ဟုတ်တယ်၊ မြေအောက်ခန်းထဲက ထမ်းထုတ်လာကြတာလေ”

“မြေအောက်ခန်း ...”

“မင်းသိမှာပါ၊ ဖရိုဖရဲဖြစ်နေတဲ့ တိုက်ကြီးတစ်လုံးရဲ့ အောက်ဆုံး အထပ်လေ၊ ကြက်ဥအခွံတွေ၊ ဂေါ်ဖီရွက်အပုပ်တွေ၊ အမှိုက်တွေနဲ့ နံစော်ရှုပ်ပွနေတဲ့နေရာ၊ သိပ်ရွံစရာကောင်းတယ်။ အသုဘချရတဲ့ သူတွေအတွက် တော်တော်ဆိုးတဲ့ နေရာပဲ”

“ဆိုးတယ် ... ဘာကြောင့်လဲဟင်”

“ဆီးနှင်းတွေနဲ့ ဗွက်ပေါက်နေလို့ပေါ့”

ကျွန်တော် သမ်းဝေလိုက်ရင်း ပြောလိုက်တယ်။ ခဏကြာတော့ သူမက –

“ဘာထူးခြားလို့လဲဟင်”

“ဘာမှ မထူးခြားပါဘူး၊ ဒါပေမဲ့ ကြောက်စရာကောင်းတယ်”

နောက်တစ်ကြိမ် ကျွန်တော် သမ်းဝေလိုက်ရင်း ပြောလိုက်ပြန်တယ်။

“သင်္ချိုင်းစောင့်တွေကတော့ ဆဲဆိုနေကြမှာပဲ၊ သူတို့တွေလည်း အကုန်လုံး ဆီးနှင်းတွေ့ရွှဲစိုကုန်ကြပြီ၊ ဂူထဲမှာလည်း ရေတွေ ပြည့်နေမှာပဲ”

“ဂူထဲမှာ ဘာလို့ ရေတွေ ပြည့်နေရတာလဲ”

သူမ တော်တော် သိချင်နေပုံပဲ။ ဒါပေမဲ့ အသံကတော့ အရင်ထက် ပိုပြီး တုံးတိတိနိုင်နေတယ်။ ကျွန်တော်လည်း စကားပြောရတာ တဖြည်းဖြည်း အူရွှင်လာတယ်။ စချင်နောက်ချင်စိတ်လည်း ပေါက်လာတယ်။

“ဘာလို့လဲ၊ ဟုတ်လား၊ ဗော်ကိုဗိုသင်္ချိုင်းမှာ ရေတွေက ခြေမျက်စိလောက် ရောက်နေမှာပေါ့၊ ဒါကြောင့် ဘယ်လိုလုပ် ကျင်းတူးလို့ ရမှာလဲ”

“အဲဒါ ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမလဲ၊ မြေတွေကရွှံ့ညွန်မြေတွေလေ၊ ဒီတော့ သင်္ချိုင်းစောင့် တွေက ခေါင်းတလားတွေကို ရေထဲမှာပဲ ပစ်ထားလိုက်မှာပေါ့၊ ကျုပ်ကိုယ်တိုင် ခဏခဏ တွေ့ဖူးတယ်”

အမှန်က ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးသလို ဗော်ကိုဗိုသင်္ချိုင်း ကိုလည်း တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ ကြားဖူးနားဝသာ ရှိတာပါ။

“ဘာလဲ … ဘယ်လို သေသေ မင်းက ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား”

“အို … ကျွန်မက ဘာလို့သေရမှာလဲ” သူမကိုယ် သူမ ကာကွယ်တဲ့ ဟန်နဲ့ ပြောလိုက်ပါတယ်။

“တစ်နေ့တော့ မင်းလည်း သေရမှာပဲလေ၊ အခု ကျုပ် ပြောနေတဲ့ မိန်းမလို တိတိကျကျ သေရမှာပဲ၊ အဲဒီမိန်းမလည်း ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတယ်၊ မင်းလိုပေါ့၊ သူသေတာ အဆုတ်ရောဂါနဲ့ သေတာတဲ့၊ အနားမှာ ရှိတဲ့ အငှားကားမောင်းသမားတွေနဲ့ စစ်သားတချို့က သူမအကြောင်းကို ဟာသလုပ်ပြီး ပြောနေကြတာ ကျုပ် ကြားခဲ့တယ်။ စားသောက်ဆိုင်တစ်ဆိုင် မှာ အဲဒီမိန်းမအတွက် ပါတီပွဲတစ်ပွဲတောင် လုပ်ဖို့ ကြံနေကြသေးတယ်”

စကားတွေ ခေတ္တ စဲသွားပြန်ပါတယ်။ မိန်းကလေးကတော့ တုတ် တုတ်တောင် မလှုပ်ပါဘူး။ ကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာ တော်တော် များများက ကျွန်တော့်ထွင်လုံးတွေပါပဲ။

“ဆေးရုံမှာ သေရတာ ပိုမကောင်းဘူးလား”

စကားစကို ကျွန်တော် ပြန်ကောက်လိုက်တယ်။

“ဘယ်မှာသေသေပေါ့၊ နေပါဦး၊ ကျွန်မက ဘာလို့ သေရမှာလဲ”

မိန်းကလေး တဖြည်းဖြည်း ဒေါပွလာပါတော့တယ်။

“အခု မဟုတ်ပါဘူး၊ နောင်ကို ပြောတာပါ”

“အို ... အခုဖြစ်ဖြစ် နောင်ဖြစ်ဖြစ် ဘာမှမထူးဘူး”

“မဟုတ်ဘူးလေ၊ မင်း စဉ်းစားကြည့်ပါဦး၊ မင်းအရွယ်က ငယ်ငယ်၊ လှလှပပ၊ ဒီအချိန်မှာတော့ မင်းကို တန်ဖိုးထားကြမှာပေါ့၊ ဒါပေမဲ့ နောင် တစ်နှစ် နှစ်နှစ် အဲဒီအခါ မင်းက ဒီလို ရှိနေမှာတဲ့လား၊ မင်း အရောင်တွေ မှေးမှိန်သွားပြီပေါ့”

“တစ်နှစ် နှစ်နှစ် ကြာတဲ့အခါ ... ဟုတ်လား ...”

“ဟုတ်တယ်၊ ကျုပ် ပြောရဲတယ်၊ တစ်နှစ် နှစ်နှစ်အတွင်းမှာ မင်းရဲ့ ဈေးနှုန်းက ကျသွားမှာပဲ။ အဲဒီအခါ ဒီနေရာကနေ ဈေးပေါတဲ့ နေရာတစ်နေရာ ဆီ မင်းသွားရတော့မယ်။ နောက်ထပ် တစ်နှစ်၊ တတိယအဆင့်နေရာကို မင်း ထပ်ရွှေ့ရဦးမယ်၊ ခုနစ်နှစ်အတွင်းမှာ မင်းဟာ ငါပြောတဲ့ မြေအောက်ခန်း ကို ရောက်သွားမှာပဲ၊ အောက်ဆုံးအဆင့်ကို ရောက်သွားပြီလေ။ အဲဒီအချိန်မှာ ရောဂါတစ်ခုခု မင်းမှာရှိနေပြီဆိုရင် ဘယ်လိုလုပ်မလဲ၊ မင်း ကြုံနေရတဲ့ဘဝနဲ့ ရောဂါက ဘယ်လိုလုပ်ပျောက်နိုင်မှာလဲ၊ ဒီလိုနဲ့ မင်း သေသွားမှာပဲပေါ့”

“ဒီလို ကျွန်မ သေရမယ် ..”

မိန်းကလေးဟာ တကယ်ပဲ ဒေါသထွက်လာပြီး မှောင်ထဲမှာ လှုပ်လှုပ် ရှားရှား ဖြစ်လာပါတယ်။

“အတူတူပဲလေ”

“ဘာ အတူတူလဲ”

“လူတစ်ယောက်ရဲ့ဘဝ ပျောက်သွားတာ အတူတူပဲပေါ့”

ခဏတော့ တိတ်ဆိတ် ငြိမ်သက်နေကြတယ်။

“အိမ်ထောင်ရှိလား”

“ရှင့်ကိစ္စလား”

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ စိတ်မဆိုးပါနဲ့၊ ကျွန်တော် မစစ်ဆေး တော့ပါဘူး၊ ကျွန်တော့်ကိစ္စမဟုတ်မှန်း သိပါတယ်၊ ဒါပေမဲ့ မင်းမှာ ကိုယ်ရေး ကိုယ်တာ ပြဿနာရှိမယ် ထင်လို့ပါ၊ ဒါကြောင့် မေးမိတာပါ ဝမ်းနည်းပါ တယ်ဗျာ”

“ရှင်က ဘာကို ဝမ်းနည်းရတာလဲ”

“မင်းအတွက်ပါ”

“မ … လို … ပါ … ဘူး”

သူမက ကြားရုံမျှ တိုးတိုးလေး ပြောလိုက်ပါတယ်။ သူ့ကြည့်ရတာ စိတ်ထိခိုက် လှုပ်ရှားနေပုံပါပဲ။ မိန်းကလေးအပေါ်မှာ ဘာကြောင့် သိမ်မွေ့ နူးညံ့နေရတာလဲ။ ကျွန်တော် ဒေါကန်လာမိတယ်။ ဒါပေမဲ့ ကျွန်တော် မေး လိုက်မိပြန်ပါတယ်။

“ဒါဆို မင်းကိုယ်မင်း မှန်တယ်ထင်လို့လား”

“ကျွန်မ ဘာမှမစဉ်းစားဘူး”

“မစဉ်းစားတာ အဆိုးဆုံးပဲ၊ အချိန်ရှိတုန်း ကိုယ့်ကိုယ်ကိုယ် တည့် တည့်ကြည့်လိုက်စမ်းပါ၊ နိုင်အောင် ထိန်းသိမ်းလိုက်စမ်းပါ၊ မင်းမှာ အချိန်တွေ ရှိပါသေးတယ်၊ နားလည်ရဲ့လား၊ ပြီးတော့ မင်းအသက်က ငယ်သေးတယ်၊ ကြည့်လို့လည်း လှပါတယ်၊ မင်းကို ချစ်နိုင်တဲ့သူတွေ ရှိသေးတယ်၊ လက်ထပ်

ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေပေါ့”

“လက်ထပ်လိုက်တဲ့ လူတွေဟာ ပျော်ရွှင်လိမ့်မယ်လို့ ရှင့်ကို ဘယ်သူ့ ပြောလဲ”

မိန်းကလေးက ကြွပ်ဆတ်ဆတ် မာကျောကျောနဲ့ ကျွန်တော့်စကား ကို ဖြတ်ပြောလိုက်ပါတယ်။

“ဖြစ်ရလိမ့်မယ်လို့တော့ မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ ဒီနေရာမှာ ရှိနေ တာထက် လက်ထပ်လိုက်တာ ပိုကောင်းမှာပေါ့။ ပျော်ရွှင်မှု မရှိရင်တောင်မှ ချစ်ခြင်းနဲ့ဆို လူတစ်ယောက်အတွက် ကောင်းကောင်းနေလို့ ရနိုင်ပါတယ်။ မင်းဘဝက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊ ဒီကမ္ဘာကြီးမှာ နေထိုင်ရတာကိုက ကြည် နူးစရာပါပဲ။ ကြေကွဲဝမ်းနည်းစရာတွေ ရှိနေရင်တောင်မှ ဘဝဆိုတာ လှပြီးသားပါ၊ ဒါပေမဲ့ ဒီလိုနေရာမှာတော့ ညစ်ညမ်းနေတဲ့ လေကလွဲပြီး ဘာမှ မရှိပါဘူး ... ဟူး ... ဘယ်လိုပြောရမလဲ”

စက်ဆုပ်စွာနဲ့ တစ်ဖက်ကို ကျွန်တော် မျက်နှာလှည့်လိုက်ပါတယ်။ ကျွန်တော် ပြောသမျှ အေးတိအေးစက်နဲ့မို့ သူမကို ဆက်ပြီး မပြောချင်တော့ ပါဘူး။ တဖြည်းဖြည်း ကျွန်တော့်စိတ်တွေဟာ လှုပ်ရှား နွေးထွေးလာတယ်။ ကျွန်တော့်ရဲ့ ကြွက်တွင်းထဲမှာ တယုတယ ကျွန်တော် မွေးမြူထားတဲ့ စိတ် ကူးတချို့ကိုတော့ သူမကို ပြောပြလိုက်ချင်ပါရဲ့။ ရုတ်တရက်ပဲ ကျွန်တော် ပြောလိုက်မိတော့တယ်။

“မင်း ဂရုစိုက်နားထောင်ချင်မှ နားထောင်ပါ၊ ကိစ္စတော့ မရှိပါဘူး၊ ကျုပ်ဘဝက မင်းထက် ပိုဆိုးချင်လည်း ဆိုးမှာပေါ့၊ ကျုပ်ကိုယ်ကျုပ် ညစ် ပတ်သွားအောင်၊ ဂုဏ်သိက္ခာမဲ့သွားအောင် လုပ်တယ် ဆိုဦးတော့ လူတစ် ယောက်အနေနဲ့ကတော့ မင်းနဲ့ ကွာခြားနေဆဲပဲလေ။ ဒီနေရာကို ကျုပ် လာချင်လာမယ်၊ ပြန်ချင်ပြန်မယ်၊ ကျုပ်က ဘယ်သူ့ရဲ့ ကျေးကျွန်မှ မဟုတ်ဘူး၊ ကျုပ်က တသီးတခြားရှိနေတဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ မင်းကတော့ ဒီလိုမဟုတ်ဘူး၊ စကတည်းက ကျေးကျွန်တစ်ယောက်ဖြစ်နေပြီ၊ ဟုတ်တယ်၊ မင်းက ကျေးကျွန်တစ်ယောက်ပဲ၊ အရာရာကို အရှုံးပေးခဲ့ပြီး မင်းရဲ့ လွတ်လပ် မှုကိုတောင် စွန့်ခဲ့ရပြီလေ၊ တစ်နေ့မှာ ဒါတွေကို ပြန်ရဖို့ မင်းဘက်က ကြိုးစားရင်တောင်မှ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး၊ ရှုပ်ထွေးမှုတွေထဲမှာ ပိုပြီးတော့ ပဲ ရစ်ပတ်သွားတော့မယ်၊ အခြားကိစ္စတွေကိုတော့ ကျုပ် မပြောချင်တော့ဘူး၊ မင်းနားလည်ချင်မှ နားလည်လိမ့်မယ်၊ ဒါပေမဲ့ ကျုပ် သေသေချာချာ ပြောရဲ တာ တစ်ခုရှိတယ်၊ ဒီဆိုင်က မိန်းမကြီးအပေါ်မှာ မင်းက အကြွေးတင်နေတယ် မဟုတ်လား”

မိန်းကလေးက မှောင်ထဲမှာ ငြိမ်ငြိမ်ကလေး မလှုပ်မယှက် နားစိုက် ထောင်နေပါတယ်။

“ဒါ နှောင်ကြိုးပဲ၊ မင်းရဲ့ ဝိညာဉ်ကို မကောင်းဆိုးဝါးဆီ ရောင်းလိုက် သလိုပဲ၊ မင်း ပြန်ဝယ်လို့ရမှာ မဟုတ်တော့ဘူး၊ အခု ကျုပ်ဟာ မင်းရဲ့ ကံကြမ္မာလောက် ဆိုးဝါးချင် ဆိုးဝါးနေလိမ့်မယ်၊ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ဒုက္ခ တွေရဲ့ အညစ်အကြေးတွေထဲမှာ လူးလှိမ့်နေတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ တချို့က ဒုက္ခဝေဒနာတွေ ပေကျံနေတာကိုပဲ သဘောကျနေကြတယ်၊ အခုလည်း ဒီဝေဒနာတွေကြောင့် ဒီနေရာကို ကျုပ်ရောက်လာတယ်၊ ဒီတော့ ဘာဖြစ်သလဲ၊ မင်းနဲ့ ကျုပ် တစ်ယောက်နဲ့ တစ်ယောက် စကားတစ်လုံးမှ မပြောဘဲ ဒီအခန်းထဲ ရောက်လာကြတယ်၊ ပြီးတော့ မင်းက ကျုပ်ကို ကျေးကျွန် တစ်ယောက်လို စူးစိုက်ကြည့်နေတယ်၊ ကျုပ်ကလည်း ပြန်ကြည့်တယ်၊ ပြောစမ်းပါဦး၊ ဒါဟာ အချစ်လား၊ ဒါဟာ လူတွေကို တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ဖြစ်စေတဲ့ နည်းလမ်းတဲ့လား။ ဒါ သိပ်ကို အကျည်းတန် အရုပ် ဆိုးတဲ့ ကိစ္စပဲ”

“ဟုတ်တယ်”

ဘုဆတ်ဆတ်နဲ့ ဟုတ်တယ်လို့ပြောလိုက်တဲ့ သူမရဲ့အသံက ကျွန်တော့် ရင်ထဲ သိသိသာသာ တုန်ခါသွားတယ်၊ ဒါဆိုရင် သူမမှာလည်း ကျွန်တော့်လို အတွေးမျိုးတွေ မရှိဘူးလို့ ဘယ်ပြောနိုင်မှာလဲ၊ သူမလည်း အတိုင်းအတာ တစ်ခုအထိတော့ စဉ်းစားနိုင်တဲ့သူပဲ၊ သေစမ်းပါတော့၊ ဘယ်လောက် ရယ် စရာကောင်းလိုက်သလဲ၊ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ တစ်ခရီးတည်း သွားနေကြတဲ့သူတွေပဲပေါ့။ ကျွန်တော့်စိတ်ထဲမှာ ရွှင်လန်းလာတာကြောင့် လက်ဖဝါးနှစ်ဖက်ကိုတောင် ပွတ်မိလိုက်တယ်။ တကယ်တော့ ဒီလိုမိန်းကလေးတစ်ယောက်ကို ဆွဲဆောင်ရတာ သိပ်လွယ်ကူပါတယ်။ ကျွန်တော့်ကို စိတ်ဝင်စားအောင် အစွမ်းအစကို သုံးလိုက်တာပါပဲ။

မိန်းကလေးဟာ ကျွန်တော့်ဘေးနားကို တိုးကပ်လာပါတယ်။ လက် တစ်ဖက်နဲ့ သူ့ခေါင်းကို ထောက်ရင်း ကျွန်တော့်ကို ငေးကြည့်နေပါတယ်။ မှောင်ထဲမှာမြင်ရတဲ့ သူ့ဟန်ကို ကျွန်တော် ပြောလိုက်တာပါ။ သူမ မျက်လုံး လေးတွေကို ကျွန်တော် သိပ်တွေ့ ချင်နေပါတယ်။ ဒါပေမဲ့ သူမရဲ့ အသက် ရှူသံ တိုးတိုးမျှင်မျှင်လေးသာ ကြားနေရပါတယ်။

“ဒါနဲ့ ပီတာစဘတ်ကို ဘယ်လိုရောက်လာတာလဲ”

စီးစီးပိုးပိုးလေသံနဲ့ ကျွန်တော် မေးလိုက်မိပါတယ်။

“ဒီလိုပဲ လာတာပေါ့”

“ဒါပေမဲ့ မင်းမိဘတွေအိမ်က မင်းအတွက် ပိုအဆင်ပြေမှာပေါ့”

“ဒီနေရာထက် ပိုဆိုးနေတယ် ဆိုရင်ကော”

ကျွန်တော် လေးလေးနက်နက် ပြောမှဖြစ်မယ်။ စိတ်ကူးယဉ်နေလို့ မဖြစ်တော့ဘူးလို့ ကျွန်တော် တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ ဒီအတွေးတွေက ခေါင်းထဲမှာ ခဏ ရိုက်ခတ်သွားတာပါ။ မိန်းကလေး ကျွန်တော့်ကို စိတ်ဝင် စားနေပြီဆိုတာ ကျွန်တော် အတပ်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က နုံးခွေ ပင်ပန်းနေပြီ။ ရိုးသားတဲ့ ခံစားမှုတွေနဲ့ ကောက်ကျစ်လှည့်ဖြားမှုဟာကျွန် တော့်ရင်ထဲမှာ တွဲဖက်စီးမျော နေပါတယ်။ မိန်းကလေးရဲ့ အမေးကို ကတိုက် ကရိုက်ပဲ ကျွန်တော် ဖြေလိုက်ပါတယ်။

“ဒါကတော့ ဘယ်ပြောလို့ရမလဲ၊ လူတစ်ယောက်မှာ ကိစ္စအမျိုးမျိုး ကြုံတွေ့တတ်တာပဲ၊ သူတို့က မင်းထက် ပိုပြီး မှားယွင်းသွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့၊ မင်းအကြောင်းကိုတော့ ကိုယ် ဘာမှမသိပါဘူး၊ ဒါပေမဲ့ မင်းလို မိန်းကလေးတစ်ယောက်က ဒီလိုနေရာမျိုးကို ကိုယ့်ဆန္ဒနဲ့ကိုယ် ရောက်လာမှာ မဟုတ်ဘူးလို့တော့ ကျုပ် ပြောရဲတယ်”

“ကျွန်မလို မိန်းကလေး ..”

လီဇာက လေသံသဲ့သဲ့လေးနဲ့ ပြောလိုက်တာပါ။ ဒါပေမဲ့ ကျွန်တော် ကြားလိုက်ပါတယ်။ လီဇာကို ကျွန်တော် မြှောက်ပြောနေတာပါလား။ သေစမ်းကွာ… တော်တော်ဆိုးပါတယ်။ လီဇာကတော့ ငြိမ်သက်လို့ပါပဲ။

“မင်းကို ကျုပ်အကြောင်း နည်းနည်းပြောပြဦးမယ်၊ ကျုပ် ငယ်ငယ်က မိသားစုနဲ့သာ အတူနေခဲ့ရရင် ဒီနေ့ ကျုပ်ဘဝဟာ လုံးဝ ပြောင်းလဲသွားမှာပဲ၊ ဒီအကြောင်းကို ကျုပ် အများကြီး စဉ်းစားခဲ့ဖူးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုတစ်စုအတွင်းမှာတော့ အဆိုးအကောင်း ပြဿနာဆိုတာ ရှိမှာပဲ၊ ဒါပေမဲ့ မိဘဆိုတာကတော့ ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ၊ မိဘတွေက မင်းကို တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ ချစ်ခဲ့ကြတယ်ပဲ ထားပါတော့၊ မိဘ ဆိုတာ မင်းအတွက် သူစိမ်းမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျုပ်ကတော့ မိဘမရှိဘဲ ကြီးပြင်းလာခဲ့ရတယ်၊ ဒါကြောင့်လည်း ဒီလိုဖြစ်နေတာပဲလေ”

ကျွန်တော့်စကားကို ရပ်လိုက်ပါတယ်။ လီဇာ နားလည်မယ် မထင် ပါဘူး။ ဂုဏ်သိက္ခာအကြောင်းကို လူတတ်ကြီးလုပ်ပြောနေတဲ့ ကျွန်တော်ဟာ ရယ်စရာကြီးဖြစ်နေမလားတော့ မသိပါဘူး။

“ကျုပ် ထင်တယ်၊ ကျုပ်သာ ဖခင်တစ်ယောက်ဖြစ်မယ်ဆိုရင် သား ထက် သမီးကို ပိုချစ်မိမှာပဲ”

လီဇာ အာရုံပြောင်းသွားဖို့အတွက် အခြား အကြောင်းအရာတစ်ခု လွှဲပြောရင်း ကျွန်တော့်စကားကို ပြန်ကောက်လိုက်တယ်။ ဒီလိုလုပ်လိုက် ရလို့ ကျွန်တော့်ကိုယ်ကျွန်တော် ရှက်သွားတာတော့ အမှန်ပါပဲ။

“ဘာဖြစ်လို့လဲဟင်”

လီဇာ ကျွန်တော့်ကို မေးလိုက်တယ်။ ဒါဆိုရင် သူမ ကျွန်တော့်စကား ကို နားစိုက်နေတယ်ပေါ့။

“ဘယ်လိုကြောင့်လဲတော့ ကျုပ်လည်း မသိပါဘူး၊ တစ်ခါက လူ တစ်ယောက် တွေ့ဖူးတယ်၊ ဒီလူက စည်းကမ်းကြီးတယ်၊ ခက်ထန်တယ်၊ ဒါပေမဲ့ သူ့သမီးလေးရှေ့မှာတော့ ဒူးထောက်ပြီး သမီးလေးရဲ့ လက်ကလေး တွေ၊ နဖူးလေးတွေကို နမ်းတတ်တယ်။ သူ့သမီးလေး ကပွဲရုံသွားပြီး ကနေ တဲ့အခါမှာလည်း မျက်စိရှေ့ကမခွာ သူ့သမီးလေးကိုပဲ ငါးနာရီလောက် ရပ်ကြည့်နေတတ်တယ်၊ သူကိုယ်တိုင်ကတော့ ဟောင်းနွမ်းတဲ့ အဝတ် အစားတွေနဲ့။ အခြားသူတွေအပေါ် စေးနှဲတွန့်တိုတတ်ပေမယ့် သူ့သမီးလေး အတွက်ဆိုရင် ရှိသမျှ ပိုက်ဆံတွေ ကုန်သွားတဲ့အထိ ဝယ်ပေးတတ်တယ်၊ သူ ဝယ်ပေးတဲ့ ပစ္စည်းလေးကို သူ့သမီးလေးက နှစ်သက်မြတ်နိုးတာ မြင်ရရင် သူ့မှာ အတိုင်းမသိ ပျော်နေတတ်တယ်၊ ဖခင်က မိခင်ထက် သမီး မိန်းကလေးကို ပိုချစ်တတ်တာပေါ့၊ ဒါဟာ သမီးမိန်းကလေးတွေအတွက် အိမ်မှာ သာယာစရာတစ်ခုပဲ မဟုတ်လား၊ ကျုပ်မှာ သမီး ရှိရင်တော့ သူ့ကို လက်ထပ်ဖို့တောင် ခွင့်ပြုမိမှာ မဟုတ်ဘူး”

“ဘာဖြစ်လို့ …”

လီဇာက လွင်လွယ်လေးရယ်ပြီး ကျွန်တော့်ကို မေးခွန်းထုတ်လိုက် ပါတယ်။

ဘာလို့လဲဆိုတော့ ကျုပ်က မနာလိုဖြစ်မိမှာပဲ၊ ကျုပ်သမီးက အခြား ယောက်ျားလေးတစ်ယောက်ကို နမ်းနေတာတို့၊ အဖေထက် ပိုချစ်တဲ့သူ ရှိနေပြီတို့ ဆိုတဲ့ အတွေးတွေ ကျုပ် ဘယ်လိုမှ သည်းညည်းခံနိုင်မှာ မဟုတ် ဘူး၊ ဒီအတွေးတွေက ကျုပ်အတွက်တော့ မချိမဆံ့ အတွေးတွေပဲ၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ နောက်ဆုံးမှာတော့ မိဘတိုင်းက သဘာဝအရ လက်ခံ ဆောင်ရွက်လိုက်ရတာပါပဲ။ အဲဒီလိုဆိုရင်တောင် သမီးကို ကမ်းလှမ်းတဲ့ လူတွေကို တစ်ယောက်ပြီး တစ်ယောက် အပြစ်ရှာပြီး ပယ်ချနေဦးမှာပဲ၊ နောက်ဆုံး ဘယ်လိုမှ မဖြစ်နိုင်တော့မှသာ သမီးကိုယ်တိုင်ချစ်တဲ့တစ်ယောက် နဲ့ ထိမ်းမြားခွင့် ပေးလိုက်ရမှာပဲ။ ဒါပေမဲ့ မင်း သိမှာပါ၊ သမီးရဲ့ အချစ်ဆုံး တစ်ယောက်ဆိုတာ အဖေအတွက်တော့ အဆိုးဆုံးလူပဲလေ။ ဒီလိုပဲ မိသားစု ပြဿနာတော်တော်များများကလည်း ဒီကပဲ ပေါက်ဖွားလာတတ်တာပဲ”

“ဒါပေမဲ့ တချို့မိဘတွေကျတော့ သားသမီးကို ဂုဏ်သိက္ခာရှိရှိ လက် ထပ်ထိမ်းမြားပေးဖို့ထက် ရောင်းစားချင်ကြတယ်ရှင့်”

ရုတ်တရက် လီဇာ ပွင့်အန်ပြီး ပြောလိုက်ပါတယ်။ ကျွန်တော့်စိတ် ထဲမှာလည်း စကားပြောရတာ ထက်ထက်သန်သန် ရှိလာပါတယ်။

“ဒီလိုကိစ္စမျိုးဟာ ချစ်ခြင်းမေတ္တာမရှိတဲ့ မိသားစုတွေမှာ ဖြစ်တတ် ကြတယ်။ ချစ်ခြင်းမေတ္တာမရှိရင် ဝေဖန်ပိုင်းခြားတတ်တဲ့ အသိလည်း မရှိဘူးပေါ့။ ဒီလို မိသားစုတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့အကြောင်း ကျုပ် ပြော နေတာ မဟုတ်ပါဘူး။ မင်းဒီလိုပြောတော့ မင်းမိသားစုထဲမှာလည်း ပြဿနာ ရှိမှာပါပဲ။ ဟုတ်တယ်... ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေမှာ ဒီလို ပြဿနာတွေ ရှိတတ်ကြတယ်”

“ဒီလိုဆို ရှင်ပြောတဲ့ သဘောက ချမ်းသာတဲ့လူတွေမှာ ပြဿနာ မရှိတော့ဘူးဆိုတဲ့ သဘောလား၊ ဆင်းရဲတာ ချမ်းသာတာထက် လူတွေဟာ ရိုးရိုးသားသား သင့်သင့်မြတ်မြတ် နေနိုင်တယ် မဟုတ်လား”

“ဟုတ်တယ်၊ မင်းပြောတာအမှန်ပဲ၊ လူတွေဟာ ပျော်ရွှင်မှုကို အလေး မထားတတ်ပါဘူး၊ ဒုက္ခဝေဒနာတွေကိုသာ အသိအမှတ် ပြုတတ်ကြတာ၊ အလေးထားမိမယ်ဆိုရင် အရာရာဟာ ကျေနပ်ဝမ်းသာစရာတွေချည်းပါပဲ။ ကံကောင်းတယ်ဆိုတဲ့ မိသားစုတစ်စုအကြောင်းကို တွေးကြည့်ပါလား လီဇာ၊ ဥပမာ- မင်းဟာ လင်ကောင်းသားကောင်း ရခဲ့တယ်၊ မင်း ခင်ပွန်းက မင်းကို သိပ်ချစ်တယ်၊ စောင့်ရှောက်တယ်၊ မင်း စိတ်ဆင်းရဲမယ့် အရာဆို ဘာမှမလုပ်ဘူး၊ ပြီးတော့ တခြား ဘာတွေရှိဦးမလဲ၊ မင်းမိသားစုအတွက် အရာရာပြည့်စုံတယ်ပေါ့။ တစ်ခါတစ်ခါမှာ ဝမ်းနည်းကြေကွဲရတာလေးတွေ လည်း ရှိချင်ရှိနိုင်တာပဲ၊ ဒါကလည်း တစ်မျိုးကောင်းတာပဲလေ၊ ဒုက္ခဝေဒနာ မရှိတဲ့ နေရာဆိုတာ ဘယ်မှာရှိမှာမို့လဲ၊ ပျော်ရွှင်မှုဆိုတာလည်း ရိုးရိုးလေးပါ၊ မင်း လက်ထပ်လိုက်မယ်ဆိုရင် မင်းကိုယ်တိုင် ရှာတွေ့မှာပဲ၊ အိမ်ထောင်ရှင် ဘဝမှာ အံ့သြစရာကောင်းတဲ့ ပျော်ရွှင်မှုလေးတွေ ရှိပါတယ်။ မင်းချစ်တဲ့ လူတစ်ယောက်နဲ့ အိမ်ထောင်ပြုရတဲ့ မင်္ဂလာဦး နေ့ရက်ကလေးတွေကို စဉ်းစားကြည့်စမ်းပါ၊ ရန်ဖြစ်ရတာကိုက ပျော်ရွှင်စရာ ကောင်းပါတယ်။ အမှန်တော့ မိန်းကလေးတွေဟာ သူတို့ဘက်က ချစ်လေလေ ရန်စလေလေပဲ။ ဟုတ်တယ်၊ အဲဒီလို မိန်းကလေးတစ်ယောက်ကို ကိုယ် တွေ့ဖူးတယ်။ အဲဒီ မိန်းကလေးက ပြောပြတယ်၊ ကျွန်မက သူ့ကို သိပ်ချစ်လို့ နှိပ်စက်တာပါတဲ့။ ဒီတော့ သူက သည်းခံလိုက်ပေါ့တဲ့။ ချစ်လို့ လူတစ်ယောက်ကို တမင်ညှဉ်း ဆဲနိုင်တဲ့လူကို မင်း တွေ့ဖူးလား လီဇာ။ အထူးသဖြင့် မိန်းကလေးတွေက အဲဒီလို လုပ်တတ်ကြတယ်၊ သူတို့ ချစ်တဲ့သူကို နှိပ်စက်နေပေမယ့် အခုလို နှိပ်စက်နေတာ တကယ်မဟုတ်ဘူး၊ နှိပ်စက်လို့ ကျေနပ်တော့မှပဲ ကျွန်မရဲ့ အချစ်တွေနဲ့ ကြင်နာယုယတော့မယ်လို့ တွေးနေသေးရဲ့။ အဲဒီအခါမှာ မင်း အိမ်ထဲက အရာရာဟာ မင်းအတွက် ကြည်နူးစရာပါပဲ။ တချို့ မိန်းမတွေ ကျတော့ ဒီလို မဟုတ်ပြန်ဘူး၊ သိပ်သဝန်တိုတယ်။ အဲဒီလို မိန်းမတစ်ယောက် ကိုလည်း ကျုပ်တွေ့ဖူးတယ်။ သူ့ယောက်ျား ဘယ်သွားသွား၊ သူ စိတ်မချနိုင်ဘူး၊ ညဆိုရင် အခြား မိန်းကလေးတစ်ယောက်ဆီ သွားမလားဆိုပြီး သူ့လင်သွားတဲ့နောက် တကောက်ကောက် လိုက်တော့တာပဲ၊ ဒါ တော်တော် ဆိုးတဲ့ ကိစ္စပဲ၊ ဆိုးမှန်းလည်း သူက သိပါတယ်တဲ့၊ ဒါပေမဲ့ သူ့နှလုံးသားက ဘာမှမတတ်နိုင်တော့ဘူး၊ ဒါ ချစ်လို့ ဖြစ်ရတာပဲတဲ့။ ပြီးတော့မှ တစ်ယောက် နဲ့တစ်ယောက် ရန်ဖြစ်ကြ၊ ဝမ်းနည်းကြေကွဲကြ၊ ခွင့်လွှတ်လိုက်ကြနဲ့ ဘယ် လောက် ချိုမြိန်တဲ့ဘဝတွေလဲလို့။ နှစ်ယောက်စလုံးက အခုမှ တွေ့ ကြသလို၊ အခုမှပဲ ချစ်လိုက်ကြသလို လင်နဲ့မယားဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတယ်ဆိုရင် သူတို့နှစ်ယောက်ကြားမှာ ဘာတွေပဲဖြစ်ဖြစ် အဲဒါ တခြားလူတစ်ယောက်ရဲ့ အလုပ် မဟုတ်ပါဘူး။ သူတို့ရဲ့ ပြဿနာကို ဖြေရှင်း ဖို့ သူတို့မိဘတွေကို ခွင့်ပြုမှာ မဟုတ်သလို အခြားတစ်ယောက်ကိုလည်း သူတို့အကြောင်း ဖွင့်ပြောကြမှာ မဟုတ်ပါဘူး။ သူတို့ပြဿနာအတွက် သူ တို့သာ တရားသူကြီးတွေပဲလေ။ အချစ်ဆိုတာ မြင့်မြတ်ပြီး လျှို့ဝှက်ဆန်း ကြယ်သလို လောကရဲ့ ရှေ့မှာ ဖုံးကွယ်ထားသင့်တဲ့ အရာတစ်ခုပဲ။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး လေးစားကြသလို အခြေအနေ တော်တော်များများကလည်း လေးစားမှုပေါ်မှာ တည်ဆောက်ထားကြတာပဲလေ။ ဒါကြောင့် တစ်ယောက် နဲ့ တစ်ယောက်ချစ်လို့ လက်ထပ်လိုက်တာနဲ့ ဘာလို့ အချစ်က သေဆုံးသွား ရမှာလဲ၊ ရှင်သန်နေဖို့ မဖြစ်နိုင်တော့ဘူးလား၊ လင်ယောက်ျားတစ်ယောက် ဟာ ကြင်နာပြီး သိမ်မွေ့ နူးညံ့တဲ့သူ ဖြစ်မယ်ဆိုရင် အချစ်ဆိုတာ ဘယ်လိုလုပ် သေဆုံးနိုင်တော့မှာလဲ၊ ပျားရည်ဆမ်းနေ့ ရက်တွေနဲ့ စိတ်ခံစားမှုတွေဆိုတာ ကွယ်ပျောက်သွားမှာပါ၊ ဒါ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီနေရာမှာ ဒီထက်သေချာ တဲ့ အချစ်တွေက အစားထိုးလာမှာပေါ့၊ အိမ်ထောင်သည်နှစ်ဦးရဲ့ စိတ်ဝိညာဉ် နှစ်ခုဟာ တစ်ပေါင်းတည်း ဖြစ်သွားကြပြီး အရာရာကို ခွဲဝေခံစားကြရတယ်၊ တစ်ဦးကိုတစ်ဦး လျှို့ ဝှက်ချက်တွေ အသိပေး၊ သားတွေသမီးတွေ ရလာပြန် တော့လည်း အချစ်နဲ့ သတ္တိ ရှိနေသမျှ ကြီးမားတဲ့ အခက်အခဲဆိုတာ သူတို့ အတွက် ပျော်ရွှင်စရာလို့ ထင်မှတ်နေတာပါပဲ။ အဲဒီ အခက်အခဲတွေကို လက်ခံရင်ဆိုင်ခဲ့ရတဲ့အတွက် နောင်ကာလတွေမှာ မင်းရဲ့သားသမီးတွေက မင်းကို ချစ်ကြရလိမ့်မယ်။ မင်းအတွက် အကျိုးစီးပွား ဖြစ်ထွန်းတဲ့ သီးနှံ တွေကို မင်းကိုယ်တိုင် ရိတ်သိမ်းရသလိုပေါ့ကွာ။

“သူတို့လေးတွေ အရွယ်ရောက်လာပြန်တော့ မင်းက သူတို့ရဲ့ ပြယုဂ် တစ်ခုလို ခံစားရဦးမှာပဲ၊ သူတို့တွေ မှီခိုအားထားနိုင်မယ့် တစ်ခုခုပေါ့။ မင်း သေဆုံးသွားပြီဆိုရင်တောင် သူတို့တွေရဲ့ အတွေးတွေထဲမှာ မင်းက ရှိနေဦး မှာပဲ၊ ဘာကြောင့်လဲဆိုတော့ မင်းရဲ့ ပုံသဏ္ဌာန်နဲ့ အရိပ်အောက်မှာ သူတို့ကို ပုံဖော်ခဲ့တာ မဟုတ်လား၊ ဒါဟာ ကြီးကျယ်မြင့်မြတ်တဲ့ လူသားတစ်ဦးရဲ့ တာဝန်ပဲလေ လီဇာ။

“လင်နဲ့မယားဟာ တစ်ယောက်နဲ့တစ်ယောက် ဘာလို့မနီးစပ်ရမှာလဲ၊ သူတို့က ပြောကြတယ်၊ ကလေးယူဖို့ဆိုတာ ခက်ခဲတယ်တဲ့၊ ကျုပ်အတွက် တော့ သားသမီးဆိုတာ ဆုလာဘ်ပဲ၊ ရတနာပဲ၊ မင်းရင်ခွင်ထဲမှာ နို့စို့နေတဲ့ နီတာရဲ ကလေးငယ်လေးတစ်ယောက်ကို စိတ်ကူးကြည့်စမ်းပါ လီဇာ၊ အဲဒီ မြင်ကွင်းကို ကြည့်ပြီး ဘယ်လင်ယောက်ျားက မကြည်နူးဘဲ ခံနိုင်မှာလဲ။ တွေးကြည့်စမ်းပါ လီဇာ၊ နီတျာတျာ ဝဝကစ်ကစ်လေး၊ ခြေကားကား လက် ကားကားနဲ့ မင်းရင်ထဲကို တိုးဝှေ့နေတဲ့ ကလေးငယ်လေး၊ ခြေဖဝါး၊ လက် ဖဝါးတွေဟာ နူးညံ့အိစက်ပြီး သူ့မျက်လုံးလေးတွေက အားလုံးကိုပဲ သိနေ သလို ဘယ်လောက် သဘောကျစရာကောင်းသလဲ၊ သွားလေးတွေ ပေါက် လာတဲ့အခါ မင်းရဲ့ နို့သီးဖျားကို ဆစ်ခနဲနာအောင် ကိုက်ချင်လည်း ကိုက်မိမှာပေါ့၊ ဒါပေမဲ့ သူက မင်းရင်ခွင်ထဲကနေ မင်းကို မျက်လုံးစွေကြည့်ပြီး “တွေ့တယ် မဟုတ်လား၊ အမေ့ကို သမီး ကိုက်ပစ်လိုက်ပြီ” လို့ ပြောနေ သလိုပါပဲ။ ဒါနဲ့ပဲ ကလေးရယ်၊ အမေရယ်၊ အဖေရယ် သုံးယောက် ဖြစ်လာ ကြတော့ ဘယ်လောက်ပျော်စရာ ကောင်းပြန်လဲကွယ်။ ဒါပေမဲ့ အဲဒီကာလ တွေကို တွေ့ကြုံခံစားဖို့အတွက်ကတော့ လူတစ်ယောက်ဟာ ဒုက္ခဝေဒနာ တွေကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းရမှာပဲ လီဇာ၊ တို့တွေဟာ အခြားတစ် ယောက်ကို အပြစ်မဖို့ခင် ကိုယ်ကိုယ်တိုင် နေထိုင်ဖို့ လေ့လာရမှာပဲလေ”

အဲဒီ ပုံရိပ်ပန်းချီကားတွေဟာ မင်းဘဝကို ဖြတ်သန်းသွားမယ့် ပန်းချီကားချပ်တွေပေါ့လို့ ကျွန်တော့်ကိုယ် ကျွန်တော် ဆက်တွေးမိရင်း စကားကို အဆုံးသတ်လိုက်ပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ စကားတွေဟာ ခံစားချက်အပြည့်နဲ့ ပြောလိုက်တာပါပဲ။ ဒါပေမဲ့ လီဇာများ ထရယ်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ ငါ့မျက်နှာ ဘယ်မှာ ဝှက်ထားရပါ့မလဲလို့ တွေးမိပြီး ရုတ်တရက် ရှက်သွားမိတယ်။ အို... ငါ့ဘာငါ ရိုးရိုးသားသား ရင်ခုန်နေတာပဲလို့ တွေးမိတော့ ကျွန်တော့်မာနက စူးရှရှ ဖြစ်လာပြန်ပါတယ်။

ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ငြိမ်သက်မှုက တည်နေဆဲပါပဲ။ ကျွန်တော့်တံတောင်နဲ့ လီဇာ့ကို တွန်းပစ်လိုက်ချင်စိတ်တောင် ပေါက်လာ တယ်။

“ဒါပေမယ့်… ရှင်က…”

လီဇာ စကားစလိုက်ပေမယ့် မဆုံးမီ ပြတ်တောက်သွားပါတယ်။ ကျွန်တော် သိလိုက်ပါတယ်။ သူမမှာ ပြောရခက်တဲ့ တစ်ခုခု ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီတစ်ခုခုက ရုန့်ရင်းကြမ်းတမ်းတာမျိုး မဟုတ်ဘူး၊ ခက်ထန် မာကျောနေတာလည်း မဟုတ်ဘူး၊ အောင့်အည်းသည်းခံနေရတဲ့ အရာမျိုး လည်း မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ နူးညံ့ ပျော့ပျောင်းတယ်၊ စိုးရွံ့ပြီး ရှက်သွေးဖြာနေတဲ့အရာ ဖြစ်နေတယ်။ ဒါကြောင့်လည်း ကျွန်တော့် ကိုယ်ကျွန်တော် အပြစ်ရှိသလို ခံစားမိလိုက်တယ်။

“ဘာလဲ လီဇာ”

သိချင်တဲ့ဇော ကဲနေပေမယ့် ညင်ညင်သာသာပဲ ကျွန်တော် မေးလိုက် မိပါတယ်။

“ဒါပေမယ့်… ရှင်က…”

“ပြောပါ လီဇာ”

“ရှင်ပြောတဲ့ စကားတွေက စာအုပ်ထဲက စကားတွေလိုပဲနော်”

လီဇာ့ စကားလုံးတွေက ကျွန်တော့်နှလုံးသားကို ဆွဲဆိတ်လိုက်သလို ပါပဲ။ သူမရဲ့ စကားတွေထဲမှာ လှောင်ပြောင်နေတဲ့ အရိပ်တွေ သန်းနေတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ လီဇာ ဒီလိုပြောလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မထားပါဘူး။ ခိုးကြောင်ခိုးဝှက် ရယ်လိုက်တာတို့၊ မှတ်ချက်ချ လိုက်တာတို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာရှိတဲ့ လူတွေရဲ့ နောက်ဆုံး ခိုလှုံတဲ့ ခံတပ်ပဲလေ။

သူတို့ရဲ့ မာနက သူတို့ရဲ့ ခံစားချက်ကို တိတိကျကျ ဘယ်တော့မှ မွေးဖွားမပေးခဲ့ဘူး၊ ကိုယ့်နှလုံးသားကို ရုန့်ရုန့်ရင်းရင်း ကြမ်းကြမ်းတမ်းတမ်း ဆွဲထုတ်ပြဖို့ ကြိုးစားနေတဲ့ လူတွေနဲ့တော့ မတူဘူးပေါ့။ ဒါကြောင့် ကျွန်တော် လည်း နည်းနည်းတော့ စိတ်အချဉ်ပေါက်လာပါတယ်။

“ခဏလေး လီဇာ၊ ကျုပ် ပြောပြမယ်”

“ကျုပ်ကို ဘာလို့ စာအုပ်ကြီးတစ်အုပ်နဲ့ တူတယ်လို့ ပြောနိုင်တာလဲ၊ မင်း ပြောတဲ့စကားက ကျုပ်ကို အပြင်ဘက်ကကြည့်နေတဲ့ လူတစ်ယောက်ရဲ့ သဘောပါပဲ။ ကျုပ် ပြောခဲ့တဲ့စကားတွေဟာ ကျုပ် ရင်ထဲမှာ တကယ်ပဲ လှုပ်ရှားသွားတဲ့ စကားတွေပါ၊ နိုးထလာတဲ့ စကားတွေပါ လီဇာ၊ ကျုပ်ကို ပြောပြစမ်းပါ၊ ဒီနေရာကို မင်းရောက်နေတာ မင်းတကယ်ပဲ ပျော်လို့လား၊ ဘယ်အရာကိုပဲဖြစ်ဖြစ် လူတစ်ယောက်ဟာ ယဉ်ပါး စွဲလမ်းတတ်ပါတယ်။ မင်းကိုယ်မင်း တကယ် မအိုတော့ဘဲ အမြဲ ဆွဲဆောင်နိုင်စွမ်းရှိမယ်၊ မင်း အသက်ရှင်နေသမျှ ဒီနေရာမှာပဲ ရှိနေမယ်လို့မင်း ယုံနေသလား။ ဒီနေရာမှာ ရှိနေတဲ့ အော့နှလုံးနာစရာ ဘဝတွေကို ကျုပ် ပြောနေတာ မဟုတ်ပါဘူး၊ သူ့ဘဝနဲ့ သူ့အခွင့်ရေးတွေ ရှိပြီးသားပါ၊ လက်ရှိ မင်းဘဝ အကြောင်းကိုပဲ ကျုပ် နည်းနည်း ပြောပါရစေ။

“ကျုပ်ပြောခဲ့သလိုပဲ မင်းမှာ အရွယ်၊ နုပျိုမှု၊ အသွေးအသားခံစားချက် အားလုံး ရှိနေသေးတယ်၊ ကျုပ် ဒီကိုရောက်လာလို့ မင်းနဲ့ တွေ့ရတယ်၊ ရင်ထဲမှာ တစ်မျိုးခံစားရတယ်၊ ဒါပေမဲ့ လီဇာ၊ ဒီနေရာကိုရောက်လာတဲ့လူတွေ ဟာ မူးပြီးတော့မှ ရောက်လာတတ်ပါတယ်၊ တကယ်လို့ ကျုပ်က မင်းနဲ့ အခြားတစ်နေရာမှာသာ တွေ့မယ်ဆိုရင် မင်းကို ချစ်မိချင် ချစ်မိနိုင်တယ်၊ မင်းနောက်က ဖဝါးထပ်ချပ် လိုက်ချင် လိုက်မိလိမ့်မယ်၊ ဒီအခါ မင်းဘဝ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်တယ်။

“မင်းဆီက စကားလေးတစ်လုံး၊ ဒါမှမဟုတ် အကြည့်လေး တစ်ကြည့်တည်းနဲ့ ကျုပ် ပျော်ရွှင်သွားနိုင်တယ်။ မင်းနောက်ကို တကောက်ကောက်လိုက်၊ မင်းအိမ်နားမှာစောင့်၊ ကျုပ်ရဲ့သတို့သမီး အဖြစ်နဲ့ သဘောထားပြီး မင်းကို ဒူးထောက်မိမှာပဲ၊ ပြီးတော့ မင်းနဲ့ပတ်သက်ပြီး ညစ်ညမ်းတဲ့ အတွေး လေး တစ်ခုကိုတောင် မတွေးရဲတော့ဘဲ မင်းအတွက် ဂုဏ်ယူလေးစားစွာ ကျုပ် ခံစားမိမှာပဲ။ အခု ဒီနေရာမှာတော့ လေကလေးချွန်လိုက်ရုံနဲ့ မင်း နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ကျုပ်နောက်ကို လိုက်ခဲ့ရတာ ပဲ မဟုတ်လား။ ကျုပ်က မင်းရဲ့ စိတ်ဆန္ဒကို နာခံစရာမလိုဘူး၊ မင်းကသာ ကျုပ်ရဲ့ စိတ်ဆန္ဒကို နာခံနေရတယ်၊ လုပ်အားကို ရောင်းစားတဲ့ မွဲတေ ညစ်တူးနေတဲ့ အလုပ်သမားတစ်ယောက်တောင်မှ သူ့ရဲ့ လွတ်လပ်မှုက လုံးဝ ပျောက်ဆုံးမသွားဘူး၊ သူ့ကိုချည်နှောင်ထားတဲ့ကြိုးက အကန့်အသတ် ရှိတယ်ဆိုတာ သူ သိနေတယ်၊ ဒါဆို ဘယ်မလဲ၊ မင်းကို ကန့်သတ်ထားတဲ့ အချိန်။

“မင်းကိုယ်မင်း ပြန်မေးကြည့်လိုက်စမ်းပါ လီဇာ၊ ဒီနေရာမှာ မင်း လက်နက်ချ အရှုံးပေးခဲ့ပြီလား၊ မင်းရဲ့ လွတ်လပ်မှုကို ရောင်းစားလိုက်ပြီလား၊ မင်းရဲ့အင်အားချည့်နဲ့နေတဲ့ ဝိညာဉ်ကို မင်းရဲ့ဆန္ဒနဲ့အတူ ရောင်းစားပစ်လိုက် တာပဲ၊ ပထမဦးဆုံး မင်းဆီရောက်လာတဲ့ ငမူးကို မင်းအချစ်တွေကို ပူဇော် လိုက်ရတာပဲ မဟုတ်လား။

“အချစ်... အချစ်... တဲ့၊ အချစ်ဆိုတာ အရာရာ မဟုတ်ဘူးလား၊ ရတနာတစ်ခု မဟုတ်ဘူးလား၊ မိန်းမသားတစ်ယောက်အတွက် မြတ်နိုးခုံမင် စရာအကောင်းဆုံး ပိုင်ဆိုင်မှု မဟုတ်ဘူးလား။

“အဲဒီ ချစ်ခြင်းကို ရဖို့အတွက် လူတစ်ယောက်ရဲ့ အတွေးတွေအားလုံး၊ အို… ဘဝတစ်ခုလုံး ဘာကြောင့် မပေးနိုင်ရမှာလဲ၊ ဒါဆို မင်းအချစ်ရဲ့ တန်ဖိုးက ဘာတဲ့လဲ၊ မင်းမှာ ဘာမှမရှိတော့ဘူး၊ ရောင်းစားပစ်လိုက်ပြီလား၊ အားလုံး လွယ်လွယ်ကူကူ ဖြစ်နေမှတော့ ဘယ်သူက မင်းအချစ်ကို ရအောင် ကြိုးစား နေဦးမှာတဲ့လဲ။ ဒါဟာ မိန်းမတစ်ယောက်အတွက် အစော်ကားခံလိုက်ရတာ ကလွဲပြီး ဘာမှ မဖြစ်နိုင်တော့ဘူး။

“တစ်ခါတစ်ခါ မင်းရဲ့ ကိုယ်ပိုင်ဆန္ဒတွေကို နှစ်သိမ့်ကျေနပ်ဖို့အတွက် မင်း ချစ်တဲ့လူတစ်ယောက်ကို တွေ့ဦးမှာပဲ။ မင်းက ထင်လိမ့်မယ်၊ မင်းရဲ့ လွတ်လပ်တဲ့ ချစ်သူက မင်းကို သိပ်ချစ်တယ်လို့။ ကျုပ်ကတော့ ဒီလို မယုံ ကြည်ဘူး၊ မင်းက လေးလေးနက်နက် ချစ်ပေမယ့် သူက မင်းကို လှောင်ပြောင် နေတာပဲ၊ သူနဲ့မင်း အတူရှိနေတဲ့ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က မင်းကို လေချွန်ပြီး ခေါ်လိုက်မယ်ဆိုရင် မင်းချစ်သူက ဘယ်လိုနေနိုင်မှာလဲ၊ မင်းကိုရော အနိမ့်ဆုံး လေးစားမှုနဲ့တောင် လေးစားနိုင်ပါဦးမလား။ မင်းတို့ နှစ်ယောက်ကြားမှာ သူရော ကိုယ်ရော ပိုင်ဆိုင်တဲ့အရာဆိုတာ ဘာများ ရှိသေးလဲ၊ သူက မင်းကို လှောင်ရယ်နေတာပဲဖြစ်မယ်၊ မင်းကို ဓားပြတိုက် နေတာပဲ ဖြစ်မယ်။ မင်းကချစ်တဲ့ တစ်ယောက်ယောက်ကို မင်းကို လက် ထပ်ဖို့ မေးကြည့်ပါလား၊ မင်းကို ပါးရိုက်မသွားရင် ကံကောင်းပဲ၊ သူကိုယ် တိုင်က တစ်ပြားမှ မတန်ပေမယ့် မင်းမျက်နှာကို တံတွေးနဲ့ ထွေးမသွား ဘူးဆိုရင်တောင် မင်းကို ကြည့်ပြီး ရယ်နေလိမ့်မယ်။ သူတို့က မင်းကို ကျွေးကြမွေးကြတယ်၊ ဘာကြောင့်လို့ မင်း ထင်သလဲ၊ မင်းဘဝကို မင်း ဖျက်ဆီးပစ်လိုက်ပြီဆိုတဲ့ အမိန့်အာဏာအရ မင်းကို ကျွေးမွေးကြတာပဲ။

“မိန်းမကောင်းတစ်ယောက်ကတော့ သူတို့ ဘာကြောင့် ကျွေးမွေး တယ်ဆိုတာ သိနေရင် လက်တစ်ဆုပ်စာတောင် မျိုချမှာမဟုတ်ဘူး။ မင်းက တော့ သူတို့အပေါ်မှာ ကြွေးတင်နေပြီလေ၊ မင်းကို ဖောက်သည်တွေက ငြင်းပယ်တဲ့အချိန်အထိ မင်းမှာ ကြွေးတင်နေဦးမှာပဲ။

“ဒီအခြေအနေဟာ မင်းထင်သလို အဝေးကြီး မဟုတ်ဘူး၊ မကြာခင် မှာ ဖြစ်လာတော့မယ်၊ ဒါကြောင့် မင်းရဲ့ နုပျိုမှုအပေါ်မှာ အလွန်အကျွံ အား ကိုးမယ် ဆိုရင်တော့ မင်း မှားသွားလိမ့်မယ် လီဇာ။

“ဒီနေရာမှာ အချိန်တွေဟာ သိပ်မြန်တယ်၊ မကြာခင် တစ်နေ့မှာ မင်းကို ဒီနေရာက ကန်ထုတ်ကြမှာပဲ၊ ဒါပေမဲ့ ဒီအခြေအနေအတိုင်းတော့ ကန်ထုတ်မှာ မဟုတ်ဘူး၊ မင်းဘက်က နုပျိုမှုတွေ၊ အချိန်တွေ၊ ကျန်းမာမှုတွေ ပေးလိုက်ရပေမယ့် မင်းကို အပြစ်ဖို့ကြလိမ့်ဦးမယ်၊ မင်းကို စော်ကားလိမ့်ဦး မယ်။ ပြီးတော့မှ သူတို့ရဲ့ဘဝကို မင်းကပဲ ဖျက်ဆီးသယောင်၊ သူတို့မှာ ရှိတာတွေကိုပဲ မင်းက ခိုးယူသွားသယောင် မင်းကို စွပ်စွဲပြီးမှ ကန်ထုတ်ကြ လိမ့်မယ်။ ဒီအတွက်နဲ့ ဒီနေရာမှာ ရှိနေတဲ့ အခြား တစ်ယောက်ယောက်ကို တော့ အားမကိုးလိုက်လေနဲ့ လီဇာ၊ ဒီနေရာမှာရှိတဲ့ အရာရာတိုင်းဟာ အပေါင်နှံခံထားရတာချည်းပဲ၊ ဒါကြောင့် အသိတရားတို့၊ ချစ်ခြင်းမေတ္တာ တို့ဆိုတာ ဒီနေရာမှာ မရှိတော့ဘူး။

“မင်းရဲ့ အပေါင်းအဖော်တွေဆိုတာတွေကလည်း နစ်မြုပ်နေတဲ့သူတွေ ပဲလေ။ မင်းကို အသုံးချတာ၊ မင်းကို စော်ကားတာထက် ဒီနေရာမှာ ဒီထက်ညစ်ပတ်တဲ့အရာ မရှိတော့ဘူး။ မင်းအသက် နှစ်ဆယ့်ရှစ်နှစ်လောက်မှာ မင်းပုံက သုံးဆယ့်ငါးနှစ်လောက် ရင့်ရော်နေပြီ၊ မင်းရဲ့ မျှော်လင့်ချက်တွေ၊ မင်းရဲ့ အချိန်တွေ၊ မင်းရဲ့ ပျိုမျစ်ခြင်းတွေ အားလုံး ဆုံးရှုံးသွားပြီ၊ ဘာမှ မရှိတော့ဘူး၊ ဒါတောင် ဘုရားသခင်ဆီ မင်းမှာ ရောဂါတစ်ခုခုမရှိဖို့ ဆု တောင်းရဦးမယ်၊ မင်းကတော့ ပြောချင်ပြောမှာပေါ့။ “စားလိုက်သောက် လိုက်နဲ့ ဘာမှ ပင်ပင်ပန်းပန်းလုပ်စရာ မလိုဘူးလေ … လို့၊ ဒါပေမဲ့ ကိုယ့် နှလုံးသားကို မျက်ရည်အဖြစ် အရည်ဖျော်ပစ်ရတဲ့ အလုပ်လောက် ပင်ပန်း ဆင်းရဲတဲ့အလုပ်၊ နာကျင်ခံခက်တဲ့အလုပ် ရှိပါဦးမလား လီဇာရယ်။

“မင်းကို သူတို့ မောင်းထုတ်ကြတဲ့အခါ မင်းကိုယ်မင်း ကာကွယ်တဲ့ စကားလေးတစ်ခွန်းတောင် ခွန်းတုံ့ပြန်ရဲမှာ မဟုတ်ဘဲ မင်းကပဲ အပြစ်တွေ ကျူးလွန်ခဲ့သလို ရို့ရို့ ကုပ်ကုပ်နဲ့ ထွက်လာခဲ့ရမှာပါပဲ။ ပြီးတော့ ဇိမ်နန်း တစ်ခုပြီးတစ်ခု ပြောင်း၊ နောက်ဆုံးမှာ ဈေးအပေါဆုံး ဇိမ်နန်း မြေအောက် ခန်းထဲကို ရောက်သွား၊ အဲဒီအခါမှာ အချိန်မရွေး အခါမရွေး မင်း အရိုက် အနှက် ခံရဦးတော့မယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာကို ရောက် လာမယ့် လူတွေက တစ်ယောက်နဲ့တစ်ယောက် မရိုက်နှက် မသတ်ပုတ်ဘဲနဲ့ ဘယ်လိုချစ်ရမယ်ဆိုတာ သိတဲ့လူတွေ မဟုတ်ဘူး လီဇာ။

“အဲဒီနေရာတွေဟာ ကျုပ် ပြောသလို ကြောက်မက်ထိတ်လန့်စရာ ကောင်းတယ်လို့ မင်း မယုံဘူး မဟုတ်လား၊ တစ်ခေါက်လောက် ကိုယ်တိုင် သွားကြည့်စမ်းပါ လီဇာ၊ မင်း တွေ့ရပါလိမ့်မယ်။

“တစ်ခါက နှစ်သစ်ကူးတဲ့ရက် တစ်မနက်စောစောမှာ အမျိုးသမီး တစ်ယောက်နဲ့ ကြုံခဲ့ဖူးတယ်၊ သူ့ကို သူ့ဖောက်သည်တွေက အိမ်အပြင်ဘက် ကို တွန်းလွှတ်ပြီး တံခါးပိတ်ထားကြတယ်၊ ဖောက်သည်တွေကို သူကကုန်း အော်လို့သူ့ကို ရယ်စရာလုပ်ပြီး နှင်းတောထဲ အအေးပတ်အောင် ပစ်ထားတာ တဲ့လေ။

“အဝတ်အစားတွေက ကပိုကရို မလုံမလဲနဲ့၊ မူးလည်း တော်တော် မူးနေတယ်နဲ့ တူပါတယ်။ မျက်နှာပေါ်မှာ အောက်ခံလိမ်းထားတဲ့ မိတ်ကပ် မပြယ်သေးပေမယ့် မျက်လုံးတစ်ဝိုက် မျက်ရိုးပေါ်မှာ အညိုအမည်း စွဲနေ တယ်၊ ပါးစပ်နဲ့ နှာခေါင်းထဲက သွေးတွေက ယိုစီးလို့၊ တက္ကစီကားသမားတချို့က လုပ်လွှတ်လိုက်တယ် ထင်ပါရဲ့၊ စစ်သားနဲ့ ကားသမားတွေက သူမနား ဝိုင်းအုံလာပြီး စကြနောက်ကြတော့ သူမက ဖိနပ်ချွတ်မှာ ထိုင်ပြီး လက်ထဲမှာကိုင်ထားတဲ့ ငါးခြောက်ပြားနဲ့ လှေကားထစ်ကိုရိုက်လိုက်၊ အသံ ကုန်ဟစ်ပြီး သူမ ဒုက္ခတွေကို အော်ပြောလိုက်နဲ့ပေါ့။

“တစ်နေ့ မင်း ဒီလိုဘဝမျိုး ရောက်လိမ့်မယ်ဆိုတာ မင်း မယုံဘူး မဟုတ်လား လီဇာ၊ မယုံသလိုဘဲ ဖြစ်ပါစေလို့ ကျုပ် ဆုတောင်းပါတယ်။ ဒါပေမဲ့ လီဇာ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလည်း ငါးခြောက်ပြားကိုင်ထား တဲ့ အမျိုးသမီးဟာ လတ်ဆတ်စွာ၊ အပြစ်ကင်းမဲ့စွာနဲ့ နတ်မိမယ်တစ်ပါး လို မျက်နှာမှာ ရှက်သွေးတွေဖြာပြီး ဒီမြို့ကို ရောက်လာတယ်ဆိုတာ မင်း ဘယ်လိုသိနိုင်မှာလဲ။ အခု မင်းလိုပေါ့ လီဇာ၊ နုပျိုတယ်၊ ဖျတ်လတ်တယ်၊ မိဖုရားတစ်ယောက်လို မာနကြီးတယ်၊ သူမကိုချစ်တဲ့ ယောက်ျားတစ်ယောက် ကို ပျော်ရွှင်မှုတွေ ပြန်ပေးနိုင်တဲ့ မိန်းမပျိုလေးပေါ့ လီဇာ။

“ဒါပေမဲ့ ဘယ်လို အဆုံးသတ်သွားသလဲ ဆိုတာကော သိရဲ့လား။ အရက်တွေမူးပြီး၊ ဆံပင်စုတ်ဖွားနဲ့ လှေကားရင်းမှာထိုင်ပြီး လက်ထဲက ငါး ခြောက်ပြားနဲ့ လှေကားထစ်ကို တဖျန်းဖျန်း ရိုက်နေတဲ့ အမျိုးသမီးဟာ မိဘနဲ့ နေစဉ်တုန်းက အပြစ်ကင်းမဲ့တဲ့ သူမရဲ့ နေ့ရက်တွေ၊ သူမဘဝကို ထာဝရ တန်ဖိုးထားပြီး ယုံယုံကြည်ကြည်နဲ့ ချစ်မယ့် ငယ်ငယ်က သူမရဲ့ ချစ်သူလေးကို သတိရနေတယ် လီဇာ။

“မင်းကို ကျုပ်ပြောခဲ့တဲ့ ခေါင်းထဲက မိန်းမလို မြေအောက်ခန်း တစ်ခန်းထဲမှာ မြန်မြန်သေသွားရင် မင်း ကံကောင်းတယ်မှတ်ပါ လီဇာ။ စောစောက ဆေးရုံအကြောင်း မင်းပြောတယ်၊ မင်းမှာ အဆုတ်ရောဂါစွဲနေ ပေမယ့် ဆက်ပြီး အသုံးတည့်နေသေးတယ်လို့ မင်းအိမ်ရှင်တွေက ယူဆ ရင်ကော။ အဆုတ်ရောဂါဆိုတာ ဖျားတာနာတာနဲ့ မတူဘူး လီဇာ၊ မင်း သိမှာပါ၊ အဆုတ်ရောဂါသည် တစ်ယောက်ဟာ နောက်ဆုံးနေ့အထိ “ငါ ကျန်းမာပါတယ်”ဆိုပြီး မျှော်တလင့်လင့်နဲ့ သူ့ကိုယ်သူ အားပေးနေရတာမျိုး မဟုတ်လား။

“ဒီအချက်ဟာ မင်း အိမ်ရှင်တွေအတွက် အကွက်ပဲ လီဇာ၊ ကျုပ် ပြောတာကို ယုံစမ်းပါ၊ ဒီအတိုင်း ဖြစ်နေတာပဲ၊ ပြီးတော့ မင်းကိုယ်မင်း သူတို့ကို ရောင်းစားတဲ့အပြင် မင်းက သူတို့အပေါ် အကြွေးတင်နေပြီ၊ မင်း သေတော့မယ်ဆိုတဲ့ အချိန်မှာ မင်းထံက ဘာမှမရတော့ဘူးဆိုတာ သိကြတဲ့ အတွက် မင်းကို ကျောခိုင်းသွားကြလိမ့်မယ်၊ ဒါတင် ဘယ်ကမလဲ၊ မင်းက လည်း မြန်မြန် မသေနိုင်၊ မင်းနေရာမှာ နောက်ရောက်လာမယ့် လူသစ် အတွက်လည်း နေရာလပ်မရှိ၊ ဒီတော့ မင်းကို ဝိုင်းပြီး ဟောက်ကြ ဟမ်းကြ လိမ့်ဦးမယ်။

“အဲဒီအချိန်မှာ သောက်ရေလေးတစ်ခွက်လောက် သူတို့ထံက မင်း တောင်းတဲ့အခါ ရေတစ်ခွက်မပေးခင် မင်းမျက်နှာကို ကြည့်ပြီး ဟဲ့... မိန်းမ ပျက်၊ အသက်မထွက်သေးဘူးလား၊ ဒီမှာ နင်ရဲ့ ကျက်သရေယုတ်တဲ့ ညည်း သံကြောင့် အိပ်လို့ မရဘူး၊ သေမှာဖြင့် မြန်မြန်သေဟဲ့ ... လို့ မင်းကို ဝိုင်းပြီး ကျိန်ဆဲကြလိမ့်မယ်။

“ကျုပ်ပြောတာတွေက အမှန်ပဲ လီဇာ၊ ကျုပ်ကိုယ်တိုင် ဒီအဖြစ်တွေကို ကြားခဲ့ဖူးတယ်၊ ဒီတော့ သူတို့က မင်းကို ညစ်ပတ်နံစော်နေတဲ့ မြေအောက် ခန်း တစ်နေရာမှာ ပစ်ထားကြလိမ့်မယ်၊ စိုစိုစိစိနဲ့ အမှောင်တိုက်ထဲ အသက် ငင် လဲနေတဲ့အချိန်မှာ မင်းရဲ့အထီးကျန်ဘဝကို ဘာတွေများ စဉ်းစားဦးမှာလဲ၊ မင်း သေသွားပြီဆိုတဲ့ အခါကျတော့ မင်း မသိတဲ့ သူစိမ်းတစ်ရံဆံတွေရဲ့ လက်တွေက မင်းကို ချီမ၊ ပါးစပ်ကလည်း ဗျစ်တောက်ဗျစ်တောက် ရွတ်ပြီး အပြင်ဘက်ကို ထုတ်သွားကြလိမ့်မယ်။ မင်းအတွက် ဆုတောင်းမယ့်သူလည်း မရှိ၊ ဝမ်းနည်းမယ့်သူလည်း မရှိ၊ သူတို့က မင်းကို လုပ်ကိုင်ပေးနေတယ် ဆိုတာလည်း အမှိုက်ကို ရှင်းပစ်လိုက်တဲ့ သဘောမျိုးပဲ၊ ပြီးတော့ မင်းအတွက် အပေါစား ခေါင်းတလားတစ်လုံးဝယ်၊ အထဲမှာထည့်၊ ပြီးရင် မင်းလို ကံဆိုး မိုးမှောင်ကျသူတွေ သွားတဲ့လမ်းကပဲ သင်္ချိုင်းကို ထမ်းထုတ်သွားကြလိမ့် မယ်။

“သင်္ချိုင်းမြေဟာ ဆီးနှင်းတွေ ပျော်ဝင်ပြီး ရွှံ့တွေဗွက်တွေ အထပ် ထပ်နဲ့။ မင်းအတွက် အပို ဒုက္ခခံကြမှာလည်း မဟုတ်ဘူးလေ၊ ဒါကြောင့် မင်းခေါင်းကို မြေချပေးမယ့်လူတွေက –

“အိုင်ဗင် ... ဒီနားမှာပဲ ချလိုက်တော့ကွာ”

“ကြိုးလျှော့လိုက်ဟေ့ .. ဟုတ်ပြီ .. ဟုတ်ပြီ”

“ဘာ ဟုတ်တာလဲ၊ ဟိုမှာ အလောင်းက မှောက်ခုံကြီးဖြစ်နေပြီ၊ ပြည့်တန်ဆာမ၊ ဒီနေရာမှာတောင် မျက်နှာပြောင်တိုက်နေသေးတယ်၊ ဖြစ် ချင်တာဖြစ်ကွာ ... ပစ်ထားလိုက်တော့၊ မြေဖို့တော့ဟေ့” လို့ –

“အဲဒီလိုပဲ မင်းအတွက် ဘယ်သူမှ အပင်ပန်းခံကြမှာ မဟုတ်ဘူး လီဇာ၊ ပြီးတော့ သူတို့ဟာ သင်္ချိုင်းထဲက ထွက်လာ၊ အရက်ဆိုင်တစ်ဆိုင် ရောက်၊ မင်းအတွက် အမှတ်တရ အရက်သောက်ကြပေါ့၊ ဒါပဲလေ၊ ကမ္ဘာ လောကကြီးပေါ်ကနေ မင်းကို မေ့သွားကြလိမ့်မယ်။

“အခြားအိမ်ရှင်မတွေရဲ့ အုတ်ဂူကိုတော့ သူတို့ကလေးတွေ၊ ခင်ပွန်း တွေ၊ ဖခင်တွေ လာကြတယ်၊ မင်းအုတ်ဂူကိုတော့ လာမယ့်သူ ဘယ်သူမှ မရှိဘူး၊ မင်းအတွက် မျက်ရည်ကျမယ့်သူ၊ သက်ပြင်းတစ်ချက် ချမယ့်သူ မရှိဘူး၊ လောကကြီးထဲမှာ မင်းဟာ ဘယ်တုန်းကမှ သက်ရှိထင်ရှား မရှိခဲ့ သယောင် မင်းနာမည်ဟာ အလွယ်တကူ ဖျောက်ဖျက်ခံလိုက်ရတော့မယ်။ မင်းဘေးနားမှာရှိနေတဲ့ ရွှံ့ညွှန်ခဲတစ်ခဲအဖြစ်ကလွဲပြီး ဘာမှမဟုတ်တော့ ဘူးလေ။

“ညအခါမှာ မင်းက လူသေကောင်ဘဝနဲ့ ထလာပြီး ခေါင်းတလား ကို ခေါက် ဒီမှာ .. ကျွန်မ အပြင်ထွက်ပါရစေ၊ လောကကြီးထဲကို ပြန်လာပါ ရစေ၊ ကျွန်မဘဝဟာ ဘဝမဟုတ်ခဲ့ပါဘူး၊ ခြေသုတ်ဖုံလို၊ အရက်တစ်ခွက် လို သူတို့တွေ သုံးလိုက်ကြတာပါ၊ အသက်ရှင်ဖို့အတွက် အခွင့်အရေးလေး နောက်တစ်ကြိမ်လောက် ပေးပါဦး” လို့ အော်ဟစ် ပြောမယ်ဆိုလည်း အချည်းနှီးဖြစ်သွားပြီပေါ့ လီဇာရယ်”

ကျွန်တော့်လည်ချောင်းထဲ ဆို့နင့်လာတာကြောင့် စကားကို ရုတ်တရက် ရပ်ပစ်လိုက်ပါတယ်။ ရင်ထဲကလည်း တလှပ်လှပ်နဲ့ပါပဲ။ ခေါင်းငိုက် စိုက်ချပြီး ကျွန်တော့်ရင်ခုန်သံကို စိုးရိမ်တကြီး နားထောင်နေမိတယ်။ ဒါ ဟာ နိဂုံးချုပ်လိုက်ဖို့အတွက် အကောင်းဆုံး ဆင်ခြေပါပဲ။ စကားပြောနေ တဲ့ တစ်ချိန်လုံးမှာလည်း သူမ နှလုံးသားကို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားအောင် ကပြောင်းကပြန် လုပ်နေတာလားလို့ စဉ်းစားမိနေပါတယ်။ အဲဒီလို ကျွန်တော့်ဘက်က သဘောပေါက်လေ ကျွန်တော့်စကားကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး အဆုံးသတ်ပစ်ချင်လေပါပဲ။ ဒါဟာ ကျွန်တော်ကိုယ်တိုင် နှစ်မြှုပ် ခံလိုက်ရတဲ့ ကျွန်တော့်စိတ်ခံစားမှုတွေရဲ့ ပဉ္စလက်အတတ်ပဲလေ။ ဒါပေမဲ့ ကစားပွဲတစ်ပွဲတော့ မဟုတ်ပါဘူး။

ကျွန်တော် ပြောနေတဲ့ အကြောင်းအရာတွေဟာ လုပ်ကြံလီဆယ်ထားတဲ့ အကြောင်းအရာတွေဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ လီဇာ ပြောသလိုဆိုရင်တော့ စာအုပ်ဖတ်နေသလိုပေါ့၊ ကိစ္စမရှိပါဘူး၊ ကျွန်တော် ပြောတတ်သလို ပြောတာပါပဲ။ ကျွန်တော် ဆိုလိုချင်တာ ထိရောက်မယ်ဆိုရင် ကျွန်တော့်အတွက် ဘာမှပြဿနာမရှိပါဘူး၊ အမှန်တော့ ကျွန်တော့်ရဲ့ လုပ် ကြံ လီဆယ်ပြီး ပြောနေတဲ့ ပုံစံကိုက လီဇာ့အတွက် ပိုပြီး ထိထိရောက်ရောက် ရှိချင်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ချိန်ရွယ်ထားတဲ့ အရာကို ထိသွားပြီဆိုတော့လည်း ကျွန်တော်ကိုယ်တိုင် တုန်လှုပ်ချောက်ချားသွားရ ပါပြီ၊ လူတစ်ယောက် ဒီလောက်ထိ ကြေကွဲပြိုလဲသွားရတဲ့အဖြစ်ကို မျက်ဝါး ထင်ထင် တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ လီဇာဟာ မှောက်လျက်နေပြီး မျက်နှာ တစ်ခုလုံးကို ခေါင်းအုံးထက်မှာ မြှုပ်၊ လက်နှစ်ဖက်က ခေါင်းအုံးကို သိမ်းဖက် ထားပါတယ်၊ သူမရဲ့ရင်အစုံမှာ လှိုက်လှိုက်တက်လာတဲ့ အပူလုံးတွေနဲ့ ဆို့နင့် ပြီး နိမ့်ချည်မြင့်ချည် ခန္ဓာကိုယ်တစ်ခုလုံး ထွန့်ထွန့်လူးကာ တဆတ်ဆတ်ခါ နေပါတယ်၊ ပင့်သက်ရှိုက်လိုက်တဲ့ အသံတွေက သူမရင်ထဲမှာ ကျပ်ခဲပြီး အပြင်ကို ပွင့်ထွက်တော့မယောင်ပါပဲ။

ဒီနောက် ရုတ်တရက် ခေါင်းအုံးကို သူမ လက်နှစ်ဖက်နဲ့ ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်လိုက်ရင်း ဆွဲဆွဲငင်ငင် မြည်တမ်းပြီး ပွင့်အံ ငိုချလိုက်ပါ တော့တယ်။ သူမမျက်ရည်နဲ့ ဝေဒနာတွေကို ဘယ်သူမှ မတွေ့ စေချင်သလို ခေါင်းအုံးကို သွားနဲ့ကိုက် မျက်နှာကို ကွယ်ဝှက်ထားပါတယ်။ ပြီးတော့ သူမလက်မောင်းကိုလည်း သွေးစို့လာတဲ့အထိ ကိုက်ပစ်လိုက်ပါသေးတယ်။ ဒါကို နောင်မှ ကျွန်တော်တွေ့ တာပါ။ ဆံပင်တွေကို ဆွဲဆောင့်၊ အသက်ရှူရပ် မတတ် အံကိုကြိတ်ထားပြန်တယ်။ လီဇာကို ကျွန်တော် တစ်ခုခု ပြောပြလိုက် ချင်ပါတယ်။ နှစ်သိမ့်လိုက်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် မလုပ်ရဲဘူး၊ သူမကို ကြည့်ပြီး ကျွန်တော်လည်း ကြောက်လန့်လာပါတယ်။ ဒါကြောင့် အမြန်ဆုံး ဒီနေရာက ထွက်သွားချင်တာမို့ မှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ပဲ ကျွန်တော့်အဝတ်အစားတွေကို ပြန်ဝတ်လိုက်တယ်၊ ဒါပေမဲ့ မှောင်မည်းနေ တာမို့ ကသိကအောက် ဖြစ်နေတယ်၊ ဒါကြောင့် စားပွဲပေါ်မှာ မီးခြစ်ရှာပြီး ဖယောင်းတိုင်ကို မီးညှိလိုက်တယ်၊ အခန်းထဲမှာ မီးလင်းလာတာမို့ အိပ်ရာ ပေါ် လီဇာ ထထိုင်လိုက်ပါတယ်။ သူမမျက်နှာက အရူးတစ်ယောက် ပြုံးနေ တဲ့ အပြုံးမျိုးနဲ့ ရှုံ့မဲ့နေတယ်။ လီဇာ့ဘေးနား ကျွန်တော် ထိုင်လိုက်ရင်း သူမလက်ကလေးကို ဆုပ်ကိုင်ထားလိုက်ပါတယ်။ လီဇာက ကျွန်တော့်လည် တိုင်ကို သိုင်းဖက်ပြီး ရင်ခွင်ထဲ တိုးဝင်လိုက်တော့မလို။ ဒါပေမဲ့ ကိုယ်ကို ရို့ပြီး ခေါင်းကလေး အသာငုံ့သွားပါတယ်။

“လီဇာ … ကျုပ်ကို ခွင့်လွှတ်ပါ၊ အစကတည်းက ဒါတွေ ကျုပ်မပြော သင့်ပါဘူး၊ ဒါပေမဲ့ ...”

လီဇာ ကျွန်တော့်လက်ကို တင်းတင်းတစ်ချက် ညှစ်လိုက်ပါတယ်။ ကျွန်တော် တစ်ခုခု မှားသွားပြီဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် စကား လွှဲလိုက်ရင်း –

“ရော့ … ဒါ ကျုပ်လိပ်စာ၊ လာလည်နိုင်ပါတယ် လီဇာ”

“ကျွန်မ လာမယ်”

လီဇာ့အဖြေက ညင်းညင်းတိုးတိုး ဆိုပေမယ့် ဆုံးဖြတ်ထားတဲ့အသံ။

“ဒါဆို ကိုယ်သွားတော့မယ်၊ တွေ့ကြသေးတာပေါ့ လီဇာ”

ကျွန်တော် ထိုင်ရာက ထလိုက်တော့ သူမလည်း ထရပ်လိုက်ပါတယ်။ ရုတ်တရက် သူမမျက်နှာမှာ ရှက်သွေးလွှမ်းသွားပါတယ်။ ပြီးတော့ ကုလား ထိုင်ပေါ်က သူမရဲ့ ပဝါကို လှမ်းယူလိုက်ပြီး ပခုံးပေါ်မှာ မေးဖျားလေးဖုံး တဲ့အထိ သိုင်းခြုံလိုက်ပါတယ်။ နှုတ်ခမ်းပေါ်က နာကျင်နေတဲ့ အပြုံးနဲ့ ကျွန်တော့်ကို ခပ်စိမ်းစိမ်းကြည့်လိုက်တော့ ကျွန်တော့်အတွက် အနေရခက် နေပါပြီ။ ဒီနေရာက ကျွန်တော် ပြေးချင်နေပြီလေ။

“ခဏလေး နေဦးနော်”

ကျွန်တော့်ကုတ်အင်္ကျီကို ဆွဲရင်း သူမ ပြောလိုက်ပါတယ်။ ကျွန်တော် တို့နှစ်ယောက်လုံး အိမ်ရှေ့ခန်းမနား ရောက်နေပါပြီ။ ကျွန်တော့်ကို လမ်းပြ ဖို့ သူမလက်ထဲမှာ ကိုင်ထားတဲ့ ဖယောင်းတိုင်မီးကို ငြိမ်းလိုက်ပြီး တစ်ဖက် ခန်းကို ပြေးဝင်သွားပါတယ်။

ကျွန်တော့်ကို လီဇာ တစ်ခုခု ပြချင်တာနေမှာပါ။ သူမ ပြေးဝင်သွား တော့ မျက်ဝန်းတွေက ဝင်းလက်ပြီး ပြုံးနေပါတယ်။ ဘာများ ဖြစ်နိုင်ပါ လိမ့် … ကျွန်တော် စောင့်ရမှာပေါ့၊ ခဏအကြာမှာ လီဇာ ပြန်ရောက်လာတယ်။ ကျွန်တော့်ကို တစ်ခုခုအတွက် တောင်းပန်ကြည့်ကြည့်လိုက်တဲ့ လီဇာ့မျက်နှာ ဟာ ကျွန်တော် ဦးဆုံးတွေ့ခဲ့ရသလို ကြွပ်ဆတ်ဆတ် စူပုပ်ပုပ် မဟုတ်တော့ ပါဘူး။ သူမမျက်လုံးတွေက ရှက်ရွံ့ရွံ့၊ မဝံ့တဝံ့၊ သိမ်သိမ်မွေ့ မွေ့ နဲ့ ကျွန်တော့် ကို တိုးလျှိုးတောင်းပန်နေပါတယ်။ သူမမျက်လုံးတွေ မှာ ရှင်သန်ခြင်းအပြည့် နဲ့ လင်းလက်ပြီး သိပ်လှနေပါတယ်။ ဒါပေမဲ့ ချစ်ခြင်းတစ်ဝက်၊ သုန်မှုန်တဲ့ အမုန်းတစ်ဝက်ကိုတော့ လှစ်ပြနေပါသေးတယ်။

ဒီနောက် ဘာတစ်လုံးမှ ရှင်းပြမနေတော့ဘဲ အရာရာကို ကျွန်တော် က တိုက်ရိုက်နားလည်နေတဲ့ လူတစ်ယောက်လို ကျွန်တော့်လက်ထဲ စာရွက် ခေါက်ကလေးတစ်ခု လှမ်းပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ သူမရဲ့မျက်နှာဟာ ကလေးတစ်ယောက်ရဲ့ အောင်မြင်တဲ့ အပြုံးမျိုးနဲ့ ရိုးစင်းပြီး ကြည်လင်နေ ပါတယ်။ စာကို ကျွန်တော် ဖွင့်ကြည့်လိုက်ပါတယ်။ လီဇာကို ရည်ညွှန်းပြီး ရေးထားတဲ့ စာတစ်စောင်ပါ။ ကျွန်တော် မှန်းဆကြည့်ရသလောက်တော့ ဆေးကျောင်းသားတစ်ယောက်က လီဇာ့ကို ချစ်ခွင့်တောင်းတဲ့ စာပါပဲ။ အရေအသားက ပြေပြစ်သိမ်မွေ့ပြီး စကားလုံးတွေက ခံ့ထည်ထည် သုံးနှုန်း ထားပါတယ်။ ဒါပေမဲ့ လီဇာ့အချစ်ကို တလေးတစားနဲ့ သန့်သန့်ရှင်းရှင်း တောင်းခံထားတဲ့စာပါ။ အသေးစိတ်ကိုတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ ကျွန်တော် ဖတ်ပြီးတဲ့အခါမှာ ကလေးတစ်ယောက်လို သိချင်တဲ့ဇောနဲ့ စိုက် ကြည့်နေတဲ့ လီဇာက ရင်လေးချီပြီး ခပ်ကြွားကြား အမူအရာလေးနဲ့ ဒီလို ရှင်းပြပါတယ်။

တစ်နေ့ သူမနဲ့အဖော်တစ်ယောက် ပါတီပွဲတစ်ပွဲကို ရောက်ခဲ့ကြတယ်။ ပါတီပွဲ ကျင်းပတဲ့ အိမ်ရှင်တွေကိုတော့ သူမ မသိကျွမ်းပါဘူး။ ဒါပေမဲ့ သူ တို့တွေဟာ သိပ်ကို ဖော်ရွေကြပါတယ်။ ပါတီပွဲမှာ အိမ်ရှင်ဆေးကျောင်း သားလေးနဲ့ လီဇာတို့ဟာ တစ်ညလုံး တွဲကပြီး စကားတွေ ပြောဖြစ်ကြတယ်။ ပြောရင်းဆိုရင်းနဲ့ ဆေးကျောင်းသားလေးဟာ လီဇာတို့အရပ်မှာ နေခဲ့ပြီး လီဇာတို့ မိဘတွေနဲ့လည်း ရင်းနှီးခဲ့ဖူးသူ ဖြစ်နေတယ်။ ဒါပေမဲ့ လီဇာ့အကြောင်းကိုတော့ ဘာတစ်ခုမှ မသိသေးသလို သံသယတောင် မရှိခဲ့ပါဘူး။ နောက် သုံးရက်ကြာတဲ့အခါမှာ သူမနဲ့ ပါတီပွဲ အတူ သွားခဲ့တဲ့ သူငယ်ချင်းက တစ်ဆင့် ဆေးကျောင်းသားလေးက လီဇာ့ထံ စာပေးလိုက်တဲ့အကြောင်းတွေ ကျွန်တော့်ကို ပြောပြပါတယ်။ ပြောပြီးတဲ့ အခါမှာတော့ လီဇာဟာ ရှက်သွေး ဖြာပြီး ခေါင်းကလေး အသာငုံ့နေပါတယ်။ သနားစရာကောင်းတဲ့ လီဇာ ရယ်.. သူမကို တလေးတစားနဲ့ ချစ်ခွင့်ပန်သူတစ်ယောက် ရှိတဲ့အကြောင်း လီဇာ ကျွန်တော့်ကို သိစေချင်တယ်လေ။ ဒီစာခေါက်လေးဟာ သူမရဲ့ သေတ္တာထဲမှာ အဖိုးတန်ရတနာတစ်ခုအနေနဲ့ သိမ်းထားခဲ့တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါထက်မက ဒီစာလေးဟာ သူမရဲ့ ရိုးသားတဲ့ မာန်တစ်ခုအနေနဲ့၊ တန်ဖိုးရှိတဲ့ အရာတစ်ခုအနေနဲ့ သူမ သေတ္တာထဲမှာ ဆက်လက် ရှိနေဦးမယ်ဆိုတာ သံသယရှိစရာ မလိုတော့ပါဘူး။ ပြီးတော့ ကျွန်တော်လည်း ခံစားနားလည်ပြီး ဘယ်လိုများ တုံ့ပြန်မလဲဆိုတဲ့ မျှော်လင့် ချက်လေးနဲ့ ကျွန်တော့်ကို ပေးဖတ်လိုက်တာပါပဲ။

ဒါပေမဲ့ လီဇာ့ကို ကျွန်တော် ဘာတစ်ခွန်းမှ မပြောတော့ပါဘူး။ သူ့ လက်ဖဝါးလေးကို တင်းတင်းဖျစ်လိုက်ရင်း လှည့်ထွက်လာခဲ့ပါတော့တယ်။

ဒီနေရာက ဝေးဝေးကို ကျွန်တော် သွားချင်နေပါပြီ။ အင်အားတွေ လည်း ကျွန်တော့်မှာ ကုန်ခန်းနေပါပြီ။ ကျွန်တော့်အတွေးတွေက အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲ ရှုပ်ထွေးပြီး နောက်ကွယ်မှာတော့ အမှန်တရားရဲ့ ကောက် ကြောင်းတစ်ခုကို ရေးရေးမြင်နေရပါတယ်။

ဒါပေမဲ့ ညစ်ပေနေတဲ့ အမှန်တစ်ခုပေါ့။

တကယ်တော့ ဒီအမှန်တရားကို လက်ခံလိုက်ဖို့ ကျွန်တော့်အတွက် အချိန် များများ မပေးလိုက်ရပါဘူး။ လေးလံထိုင်းမှိုင်းစွာနဲ့ အိပ်ရာက ထလာပြီး တဲ့ အချိန်မှာ ညက အဖြစ်အပျက်တွေအားလုံး ကျွန်တော် ပြန်မြင်နေပါတယ်။ ပြောမယ်ဆိုရင် လီဇာကို ကျွန်တော် ပြောပြခဲ့တဲ့ ခံစားမှုတွေ ကျွန်တော်တို့ နှစ်ယောက် မျှဝေခံစားခဲ့ရတဲ့ စာနာမှုနဲ့ ငိုသံတွေကို ကျွန်တော် အံ့သြနေ မိတယ်။ ဒါပေမဲ့ ကျွန်တော် စိတ်ညစ်သွားတဲ့ကိစ္စက ဘာလို့ လီဇာ့ကို ကျွန်တော့်လိပ်စာ ပေးခဲ့ရတာလဲ ဆိုတာပါပဲ။ မတတ်နိုင်ဘူး၊ လာပလေ့စေ တော့၊ တွေ့လိုက်ရုံပဲပေါ့။

ကျွန်တော့်အတွက် လီဇာ့ကိစ္စက အဓိကမဟုတ်ပါဘူး။ ပြဿနာက ဇာကော့နဲ့ ဆိုင်မွန်နော့တို့ရှေ့မှာ ကျွန်တော့်ဂုဏ်သိက္ခာ ဘယ်လို ပြန်ဆည် ရမလဲ ဆိုတာပါပဲ။ ဟုတ်တယ်၊ ဒါဟာ အရေးကြီးတဲ့ ကိစ္စပဲ။ အဲ့ဒီမနက်က ကျွန်တော့်ခေါင်းထဲ ကိစ္စတော်တော်များများ နေရာယူထားတာမို့ လီဇာ့ကို ကျွန်တော် လုံးဝ သတိမရတော့ပါဘူး။ အရင်ဆုံးလုပ်ရမယ့် အလုပ်က မနေ့ က ဆိုင်မွန်နော့ဆီက ကျွန်တော် ချေးခဲ့တဲ့ပိုက်ဆံ ပြန်ပေးဖို့ပဲ။

ဒါကြောင့် ထွေထွေထူးထူး မစဉ်းစားတော့ဘဲ အက်တန်ညက်ထံက ဆယ့်ငါးရူဗယ် ချေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကံကောင်းချင်တော့ ငွေချေးဖို့ သွားပြောတဲ့အခါ အက်တန်ညက် စိတ်ကောင်းဝင်နေတဲ့ အချိန်မို့ ကျွန်တော် တောင်းတဲ့ငွေကို လွယ်လွယ်ကူကူ ထုတ်ချေးလိုက်ပါတယ်။ ငွေချေးကြောင်း ဝန်ခံလက်မှတ်ထိုးပြီးတဲ့အခါ ဘာကိုမှ ဂရုမစိုက်တဲ့ လေသံနဲ့ ကျွန်တော်က အက်တန်ညက်ကို မနေ့ညက ပါတီပွဲကိစ္စတွေ ပြောပြလိုက်တယ်။ မနေ့ညက ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက်ကို နှုတ်ဆက်ရင်း ဟော်တယ်ပါရီ မှာ ရေရေလည်လည် သောင်းကျန်းပစ်လိုက်တဲ့အကြောင်း၊ ကျွန်တော့်သူငယ် ချင်းကလည်း ကျိကျိတက် ချမ်းသာတဲ့ ဆွေကြီးမျိုးကြီးထဲက လူတစ်ယောက် ဖြစ်ကြောင်း၊ အရာရှိတစ်ယောက်ဖြစ်သလို ငွေကို လုံးဝဂရုစိုက်တဲ့လူမဟုတ် ကြောင်း၊ ရုပ်ရည်ကလည်း ဆွဲဆောင်မှုရှိသလောက် ဟာသဉာဏ်ကလည်း ရွှင်တဲ့အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ကြောင်း၊ မနေ့ညက ရှန်ပိန် ဒါဇက်ဝက်လောက် သောက်လိုက်ရတာဟာ တကယ်တော့ ဘာမှ မပြောပ လောက်တဲ့ အပယိကကိစ္စတစ်ခုသာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ တကယ် ပါ၊ ဒါတွေအားလုံး ကျွန်တော့်ပါးစပ်က လွယ်လွယ်ကူကူ ကျေကျေနပ်နပ်နဲ့ ပြောထွက်သွားတဲ့ စကားတွေပါပဲ။

အိမ်ရောက်ရောက်ချင်း ဆိုင်မွန်နော့ဆီ စာရေးလိုက်ပါတယ်။ ကျွန် တော့်စာမှာ အပိုစကားတွေ လုံးဝ မပါပါဘူး။ လူကြီးလူကောင်းဆန်ဆန် ခံ့ခံ့ညားညား ရေးထားတဲ့စာပါ။ ဒီနေ့ထိ ကျွန်တော့်ရေးခဲ့တဲ့စာကို ကျွန်တော် သဘောကျ လေးစားနေဆဲပါပဲ။ စာထဲမှာ ဖြစ်ပျက်သမျှ ကိစ္စတွေအားလုံး ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ဖော်ပြလိုက်ပါတယ်။ ပြီးတော့ တောင်းပန်မှု တစ်ခုခုကို ခွင့်ပြုမယ်ဆိုရင် ကျွန်တော့်ဘက်က ပေးလိုက်တဲ့ ဆင်ခြေက ဒီလိုပါ။ အရက်ကို ကျွန်တော် သောက်လေ့သောက်ထ မရှိဘူး၊ ဒါပေမဲ့ သူ တို့ ရောက်မလာမီ ငါးနာရီနဲ့ ခြောက်နာရီကြားမှာ ကျွန်တော်တစ်ယောက် တည်း ဟိုတယ်ပါရီမှာ အရက်သောက်ထားတဲ့အတွက်ကြောင့် တော်တော်မူး နေပြီ ဖြစ်တယ်၊ ဒါကြောင့် ဆိုင်မွန်နော့ကို အဓိကထား တောင်းပန်လိုက်ပေ မယ့် ဇာကော့ကိုလည်းကျွန်တော်က တောင်းပန်ကြောင်း တစ်ဆင့်ပြောပေး စေချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အရက်မူးလွန်နေတဲ့အတွက် ဇာကော့ကိုလည်း စော်ကားရာရောက်သွားတယ်လို့ ထင်မိတဲ့အတွက် ဖြစ် တယ်။ ကျွန်တော့်အနေနဲ့ အိပ်မက်မက်သလို ဖြစ်နေတယ်၊ ကျွန်တော့်အနေ နဲ့ တစ်ယောက်ချင်းစီကို လိုက်တွေ့ဖို့ကောင်းပေမယ့် အလွန်အမင်း ခေါင်း ကိုက်နေတဲ့အတွက်ရယ်၊ မျက်နှာပူတဲ့ အတွက်ရယ်ကြောင့် မတွေ့တာဖြစ် တယ်လို့ အကြောင်းပြ ရေးလိုက်ပါတယ်။

အရိပ်အယောင်ပြပြီး ခပ်ပေါ့ပေါ့ လက်တန်းရေးလိုက်တဲ့စာကို ကျွန်တော် သိပ်သဘောကျသွားတယ်။ စာထဲမှာ စီးစီးပိုးပိုး ရေးထားတာ တစ်လုံးမှ မပါပါဘူး၊ ယဉ်ယဉ်ကျေးကျေးပါပဲ၊ ဒါကြောင့် ကျွန်တော့်စာ အရေးအသားအရ ပြောရရင် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအားလုံးကို ကျွန်တော့် အနေနဲ့ ပေါ့ပေါ့တန်တန် သဘောထားပြီး လျစ်လျူရှုထားတယ်ဆိုတာ ပေါ်လွင်နေသလို ဒီကောင်တွေ ကျွန်တော့်ကို နှိပ်ကွပ်လိုက်တဲ့ ကိစ္စကိုလည်း ကျွန်တော့်စိတ်ထဲမှာ လုံးဝ မခံစားရဘူးဆိုတာ သိသာသွားတယ်လေ။ ပြီး တော့ ကျွန်တော့်ရဲ့ စာကြောင့် ဒီကောင်တွေက ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားပြီး သိက္ခာရှိတဲ့ လူကြီးလူကောင်း တစ်ယောက်လို့တောင် တွေးမိဦးမှာ သေချာတယ်။ ကျွန်တော့်စာကို ကျွန်တော် ပြန်ဖတ်ကြည့်တဲ့အခါ မင်းစိုးရာဇာလေသံနဲ့ အထက်တန်းကျတဲ့ဟန်မျိုး ဖြစ်နေတယ်။ ကျွန်တော် ဟာ ယဉ်ကျေးခေတ်မီတဲ့ လူတစ်ယောက်မို့သာပေါ့။ ကျွန်တော့်နေရာမှာ အခြားတစ်ယောက်ဆိုရင် ဒီအခက်အခဲက ဘယ်လို ရုန်းထွက်နိုင်မှာလဲ။

ဒါပေမဲ့ ဒီအကြောင်းကို ထပ်တလဲလဲ စဉ်းစားမိတဲ့အခါမှာ ကျွန်တော် အရက်မူးလွန်နေတဲ့အတွက် ပြဿနာတွေ ဖြစ်လာရတယ်လို့ တကယ့်ကို ထင်လာပါတယ်။ မဟုတ်ဘူး … အမှန်က ဒီလိုမဟုတ်ပါဘူး။ ဟိုတယ်ပါရီမှာ သူတို့ကို ကျွန်တော် စောင့်နေရင်း ဘယ်အရက်မှ ကျွန်တော် မသောက်ခဲ့ပါဘူး။ ဆိုင်မွန်နော့ကို လုပ်ကြံပြီး ကျွန်တော်ရေးလိုက်တာပါ။ အခုအထိ ကျွန်တော် ရှက်သလို ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ ဘာကို ဂရုစိုက်ရမှာလဲ။ ဒီလိုလုပ်လိုက်လို့ ကျွန်တော့်အရှုပ်တွေ ရှင်းသွားရတာပဲ မဟုတ်လား။

စာနဲ့အတူ ပူးတွဲပြီး ခြောက်ရူဗယ် ထည့်ပေးလိုက်ပါတယ်။ ဆိုင်မွန် နော့ဆီ စာသွားပို့ဖို့အတွက်တော့ အပိုလိုကို စည်းရုံးပြီး သွားပို့ခိုင်းလိုက် ပါတယ်။ စာထဲမှာ ပိုက်ဆံပါတာသိတော့ အပိုလိုက ကျိုးကျိုးနွံနွံနဲ့ သွားပို့ ပေးခဲ့ပါတယ်။

ညနေရောက်တော့ အပြင်ထွက် လမ်းလျှောက်မယ်လို့ ဆုံးဖြတ် လိုက်တယ်။ မနေ့ကတည်းက ကျွန်တော့်ခေါင်းတွေ အုံခဲပြီး မူးနေတယ်။ မှောင်လာရင် ပိုပြီး ဦးနှောက်ခြောက်လာပြီး အတွေးတွေ များလာဦးမယ်။ ကျွန်တော့်နှလုံးသားတစ်နေရာမှာ အရာတစ်ခုဟာ အခုထိ မသေဆုံးနိုင်သေး ဘဲ ပြင်းပြတဲ့ဝေဒနာတွေ ပေးနေတယ်။

လူတွေ တိုးဝှေ့ ရှုပ်ယှက်ခတ်နေတဲ့ လမ်းတွေကိုမှရွေးပြီး ကျွန်တော် လျှောက်လာခဲ့တယ်။ ဖုန်တွေ တသောသောနဲ့ လူမျိုးစုံ ပြည့်နှက်နေတဲ့ လမ်းတွေကို ကျွန်တော် သိပ်သဘောကျတယ်။ လူတွေရဲ့ မျက်နှာတွေပေါ်မှာ ပူပန်ကြောင့်ကြမှုတွေ၊ အလိုမကျမှုတွေနဲ့ ပြည့်နေတယ်။ ကျွန်တော် သဘော ကျတယ်ဆိုတာလည်း ညှိုးနွမ်းစုတ်ပြတ်နေတဲ့ လူတွေနဲ့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတဲ့ မြင်ကွင်းပါပဲ။ ဒါပေမဲ့ အဲ့ဒီလိုအချိန်မှာ လူတွေကြားထဲ တွန်းမိတိုက်မိခံလိုက်ရရင်တော့ ကျွန်တော် ဒေါကန်လာတတ်ပါတယ်။ ဘာကြောင့် လဲတော့ ကျွန်တော် မသိပါဘူး။ တစ်စုံတစ်ခုဟာ ရင်ခေါင်းထဲမှာ နာကျင် လာပြီး နှစ်သိမ့်ဖို့အတွက် ငြင်းပယ်နေသလိုပါပဲ။ ဒါနဲ့ စိတ်မချမ်းမသာနဲ့ပဲ အိမ်ပြန်လာခဲ့ရပါဘယ်။

လီဇာများ ရောက်လာလေမလားဆိုတဲ့ အတွေးကလည်း ကျွန်တော့် ကို မပြတ်ပူပန်နေစေတယ်။ ပြီးခဲ့တဲ့နေ့က အဖြစ်အပျက်တွေထဲမှာ သူမရဲ့ ရုပ်ပုံက ကျွန်တော့်ကို ဘာကြောင့်များ အနှိပ်စက်ဆုံး ဖြစ်နေရတာလဲ။ ကျွန်တော် နားမလည်နိုင်အောင်ပါပဲ။ ဆိုင်မွန်နော့ဆီ ရေးပေးလိုက်တဲ့စာအတွက် ကျွန်တော့်ကိုယ်ကျွန်တော် ကျေနပ်နေပြီး ကျန်တဲ့ကိစ္စတွေကို တစ်ညနေလုံး မေ့မေ့လျော့လျော့ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ လီဇာနဲ့ ဆုံခဲ့တဲ့ အဖြစ်ကိုတော့ လုံးလုံး ဖျောက်ပစ်လို့မရခဲ့ဘူး။ ပြဿနာအားလုံးကို လီဇာ တစ်ယောက်တည်းကပဲ ဖန်တီးနေသလားတောင် ထင်မိလိုက်တယ်။ သူမ ရောက်လာမလား တွေးမိတော့ ရောက်လာရင် ဘယ်လိုလုပ်မလဲ။ ဘယ် တတ်နိုင်မှာလဲ၊ လာပလေ့စေပေါ့။ ဒါပေမဲ့ ကျွန်တော့်အခြေအနေကိုတော့ တွေ့သွားမှာ မလိုလားပါဘူး။ ဟိုတစ်နေ့ညကတော့ သူမရှေ့မှာ ကျွန်တော် က သူရဲကောင်းတစ်ယောက်လို ဖြစ်ခဲ့ပြီး ခုတော့ .. ကျွန်တော့်ကို လီဇာ ဒီလိုမြင်သွားမှာ တော်တော်စိုးတယ်။ သူတောင်းစားအိမ်လို စုတ်ပြတ်နေတဲ့ ကျွန်တော့်အိမ်ခန်း၊ ဆီချေးတွေနဲ့ ညစ်ပတ်နေတဲ့ ပရိဘောဂတွေ၊ အရောင် အဆင်းမရှိတော့တဲ့ ကျွန်တော့်အဝတ်အစား။ ဒါတွေအားလုံး လီဇာ မြင် သွားတော့မှာပဲ။ ပြီးတော့ အပိုလို။ ဒီကောင်နဲ့လည်း တွေ့သွားတော့မယ်။ ဒီခွေးမသားက ကျွန်တော့်အပေါ် မကျေနပ်တာနဲ့ပဲ လီဇာ့ကို ရိုင်းရိုင်းပျပျ ဆက်ဆံမှာ သေချာတယ်။ ဒီတော့ ကျွန်တော်က မျက်နှာလို မျက်နှာရနဲ့ လီဇာ့ကို ညာရဦးမယ်၊ သွားဖြဲပြရဦးမယ်။ ဒီ ခွေးမသားက တော်တော်ရိုင်းစိုင်း တယ်။ မဟုတ်သေးဘူး၊ ဒီထက်ဆိုးတဲ့ ဟန်ဆောင်ရဦးမှာက နှလုံးနာစရာ အကောင်းဆုံးပဲ။ တွေးမိတာနဲ့တင် ကျွန်တော် ဒေါသထွက်လာတယ်။ ဘာ လို့ ကျွန်တော်က မရိုးမသား ဖြစ်ရမှာလဲ။ မနေ့ညက ကျွန်တော် ရိုးသားခဲ့ ပြီပဲ။ အားလုံးကို ကောင်းကောင်းကြီး ကျွန်တော် သတိရနေပါတယ်။ မနေ့ ညက ကျွန်တော့်ရင်ထဲမှာ ရိုးသားဖြူစင်မှုအပြည့် ရှိခဲ့တာပေါ့။ ဒါကြောင့် လီဇာ့ရင်ထဲက ဂုဏ်သရေရှိတဲ့ ခံစားမှုတွေကို လှုပ်ခတ်ပေးလိုက်ချင်တာ ပါပဲ။ သူမအဖို့တော့ ငိုလိုက်ရတာ အကောင်းတောင် ဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်တွေကတော့ မငြိမ်းချမ်းနိုင်သေးပါဘူး။

ညနေ ကိုးနာရီကျော် ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါမှာ လီဇာ ရောက်မလာနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ခေါင်းထဲကနေ သူမကို ထုတ်ပစ်လို့မရဘူး။ တစ်ချိန်လုံး လီဇာ့မျက်နှာကိုပဲ မြင်နေတယ်။ ထူးခြားတဲ့ တစ်ခဏလေးက ကျွန်တော့်မျက်စိထဲမှာ ပြတ်ပြတ်သားသား ပြန်မြင်နေပါတယ်။ အမှောင်ခန်းထဲမှာ ကျွန်တော် မီးခြစ် ခြစ်လိုက်တော့ မြင်လိုက်ရတဲ့ သူ့မျက်နှာလေးက ဖြူရော်ပြီး မဲ့ခွက်ခွက်ကလေး။ အဲဒီအချိန် တုန်းက နောင်လာမယ့် ဆယ့်ငါးနှစ် ကြာတဲ့အခါမှာ သူ့မျက်နှာလေးကို ကျွန်တော် တွေးကြည့်နေလိမ့်မယ်လို့ မသိခဲ့ပါဘူး။

ဒါပေမဲ့ နောက်တစ်နေ့မှာတော့ အဓိပ္ပာယ်မရှိတဲ့ အဖြစ်အပျက်တွေ၊ အပိုလုပ်ပြီး ပုံကြီးချဲ့ကားနေတာတွေကို မေ့ပစ်လိုက်ဖို့ ကျွန်တော့်ကိုယ် ကျွန်တော် ပြင်ဆင်လိုက်ပါတယ်။ ကျွန်တော့်အားနည်းချက်ကို ကျွန်တော် အမြဲ သိနေတယ်။ သတိလည်း ထားနေတတ်ပါတယ်။ အရာရာကို ပုံကြီး ချဲ့လွန်းလို့ ကျွန်တော် မှားခဲ့တာပဲလို့လည်း ရေရွတ်နေမိတယ်။ အခုလည်း မတတ်နိုင်ခဲ့ပါဘူး။ လီဇာ တစ်ချိန်ချိန် ရောက်လာလိမ့်မယ်လို့ အထပ်ထပ် ပြောနေမိတယ်။ ကြာလာတော့ မသက်မသာနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ဒေါကန်လာတယ်။

“လီဇာ လာမှာ သေချာတယ်၊ လာလိမ့်မယ်၊ ဒီနေ့မဟုတ်လည်း မနက်ဖြန် လာမှာ သေချာတယ်” လို့ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း အော်ဟစ်ပစ်လိုက်တယ်။ ကျွန်တော် ဘာတွေ မျှော်လင့်နေတာ လဲ။ အလကား အသုံးမကျတဲ့ နှလုံးသား၊ ရှက်စရာကောင်းတဲ့ ရူးသွပ်မှုတွေ။ ဒီမိန်းကလေး ဘာကြောင့် နားမလည်နိုင်တာလဲ။

တစ်ခါတစ်ခါမှာတော့ လီဇာ့ဆီ ကျွန်တော် အပြေးသွား၊ အားလုံးကို ဖွင့်ပြောပြပြီး မလာပါနဲ့လို့ တောင်းပန်လိုက်ချင်ပါရဲ့။ ဒီအတွေးတွေက ကျွန်တော့်ရင်ထဲမှာ တညီးညီး တောက်လာတယ်။ လီဇာသာ ကျွန်တော့် အနားမှာ ရှိနေရင် သူမကို ဆွဲထိုးပစ်လိုက်ချင်တယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်ရက် သုံးရက် လီဇာ့အရိပ်အယောင် လုံးဝ မမြင်ရဘဲ ကုန်ဆုံးသွားခဲ့ပါတယ်။ ကျွန်တော်လည်း တဖြည်းဖြည်း အသားကျလာပါပြီ။ အထူးသဖြင့် ညဆယ်နာရီ ကျော်တဲ့အခါမှာ နေရထိုင်ရ အဆင်ပြေလာပါတယ်။ အဲဒီ အချိန်မှာ လီဇာ့အကြောင်းကို တွေးပြီး ကျွန်တော် ကြည်နူးနေတတ်ပါတယ်။ ကျွန်တော့်အတွေးထဲမှာတော့ ကျွန်တော်က လီဇာရဲ့ ကယ်တင်ရှင်ပေါ့။ ကျွန်တော့်ဆီ လီဇာရောက်လာတယ်၊ ကျွန်တော်က လီဇာ့ကို လမ်းညွှန်ပြ တယ်၊ သင်ကြားပေးတယ်၊ ဒီလိုနဲ့ လီဇာက ကျွန်တော့်ကို မက်မက်မူးမူး ချစ်မိနေပြီဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။ ဒါပေမဲ့ ကျွန်တော် မသိယောင်ဆောင်နေလိုက်ပါတယ်။ (ဘာလို့ မသိယောင်ဆောင်လိုက်တာ လဲတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ ဇာတ်လမ်း ပိုလှသွားအောင်ပေါ့လေ)။ ဒါနဲ့ နောက်ဆုံးမှာ လီဇာက ရှိုက်ကြီး တငင်ငိုရင်း ကျွန်တော့်ဆီပြေးလာ၊ ကျွန်တော့်ခြေဖမိုးနားမှာ ဒူးထောက် ချလိုက်ပြီး ကျွန်တော်ဟာ သူမရဲ့ ကယ်တင်ရှင်ဖြစ်နေပြီမို့ ကျွန်တော့်ကို ဒီကမ္ဘာပေါ်က အရာတွေနဲ့ မယှဉ်သာအောင် ချစ်မိနေပြီ ဆိုတဲ့အကြောင်း ဖွင့်ပြောပြလိုက်တော့တယ်လေ။ ဒီတော့ ကျွန်တော်က ရုတ်တရက် နောက်ကို ဆုတ်လိုက်ပြီး –

“လီဇာ၊ မင်း ကိုယ့်ကို ချစ်မိနေတာ တကယ်ပဲ ကိုယ်မသိတော့ဘူး လို့ ထင်လို့လား၊ ကိုယ်သိတာပေါ့၊ အရာအားလုံးကို ကိုယ်သဘောပေါက် ပါတယ်၊ ကိုယ့်ဘက်က အခွင့်အာဏာကို မင်းအပေါ်မှာ အတင်းအကျပ် မသုံးချင်ဘူး လီဇာ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဟာ မင်းအပေါ်မှာ တစ်စုံ တစ်ရာ လွှမ်းမိုးထားတယ်ဆိုတာ ကိုယ်သိနေတယ်၊ ဒီတော့ မင်းကလည်း ကိုယ့်ကျေးဇူးကို တုံ့ပြန်တဲ့အနေနဲ့ ကိုယ့်ကို ဇွတ်ချစ်လိုက်မိမှာ အစိုးရိမ်ဆုံး ပဲ။ ဒီလိုအချစ်မျိုးကို ကိုယ် အလိုမရှိဘူး လီဇာ၊ ဒါဟာ အာဏာရှင်တွေလုပ်တဲ့ အမူအကျင့်တစ်မျိုးပဲ။ ဒါပေမဲ့ အခုတော့ မင်းဟာ ကိုယ့်ရဲ့ ဖန်တီးမှုတစ်ခုပါ ပဲ၊ ကိုယ့်ရဲ့ အသန့်စင်ဆုံးနဲ့ အလှပဆုံး သတို့သမီးတစ်ယောက်ပါပဲ လီဇာ။ ကိုယ့်အိမ်ရဲ့ အရှင်သခင်မအဖြစ်နဲ့ ရဲဝံ့စွာ၊ လွတ်လပ်စွာလှမ်းခဲ့တော့ လီဇာ… ဒီနောက်တော့ တို့နှစ်ယောက် ပျော်ရွှင်စွာ နေထိုင်သွားကြတာပေါ့ ...”

ဒါပေမဲ့ ကျွန်တော့်အတွေးတွေ ဆုံးသွားတဲ့အခါမှာတော့ ကျွန်တော့် ကိုယ်ကျွန်တော် ပျို့အန်ချင်မိတော့တယ်။ အရှက်မရှိဘူးလို့လည်း ထင်လိုက် မိတယ်။ ဒါပေမဲ့ လီဇာဟာ ကျွန်တော့်ဆီ တစ်နည်းနည်းနဲ့ ရောက်လာမှာပဲလို့ ဆက်တွေးနေပါသေးတယ်။

အဲဒီအချိန်မှာ အပိုလို နှောင့်ယှက်လိုက်လို့ ကျွန်တော့်အတွေးတွေ ပျက်စီးသွားပါတော့တယ်။ တစ်မျိုးတော့ ကောင်းတယ် ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီကောင်နဲ့ ကျွန်တော်နဲ့က နှစ်ပေါင်းများစွာ တကျက် ကျက် ဖြစ်လာခဲ့တဲ့သူတွေ။ ဒီကောင်က ကျွန်တော့်အတွက်တော့ ရောဂါ တစ်ခုပဲ၊ အနာတစ်ခုပဲ။ ကျွန်တော့်ဘဝမှာ ဒီကောင့်လောက် ရွံစရာကောင်းတဲ့ကောင် မရှိဘူးလို့ ထင်တယ်။ ဒီကောင်က ကျွန်တော် သည်းခံနိုင်တဲ့အတိုင်း အတာ ကုန်တဲ့အထိ လုပ်တတ်တယ်။ အရွယ်က လူလတ်ပိုင်းအရွယ် ဆိုပေ မယ့် အလုပ်လုပ်ရင် လေးလေးကန်ကန်နဲ့ လုပ်တတ်တယ်။ ပြီးတော့ ကျွန် တော့်ကိုလည်း တစ်မျိုးမဟုတ် တစ်မျိုး အထင်သေးနေတတ်တယ်လေ။

ဒီလိုကောင်မျိုးက လူတိုင်းကို အထင်သေးတတ်တာကိုတော့ ပြော စရာမလိုပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ဆက်ဆံတာတော့ တရားလွန်တယ်။ လိပ်ပြာတောင်ပံလို တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်း၊ နဖူးပြောင်ပြောင်နဲ့ ဆံပင်ကို ဆီရွှဲရွှဲလိမ်းပြီး အလယ်တည့်တည့်က ခွဲထားတဲ့ရုပ်ကို ကြည့်လိုက် တာနဲ့ ဒီကောင်ဟာ သူ့ကိုယ်သူ အထင်ကြီးနေတဲ့ကောင်မှန်း သိသာတယ်။

ကျွန်တော် တွေ့ဖူးသမျှထဲမှာ ဒီကောင့်လောက် ဇီဇာကြောင်တဲ့ ကောင်၊ စာအုပ်ကြီးအတိုင်း လုပ်တဲ့ကောင် မတွေ့ဖူးသေးဘူး။ ပြီးတော့ အလက်ဇန်းဒါးကတောင် အရှုံးပေးရမယ့် မာနတစ်ခွဲသားနဲ့၊ သူ့ခြေသည်း လက်သည်း၊ အင်္ကျီကြယ်သီးလေးတွေကို တသသလုပ်နေတဲ့ပုံက အရူးတစ် ယောက်လိုမျိုး၊ ကျွန်တော့်ကိုလည်း သိပ်စကားပြောလေ့မရှိဘူး၊ ကျွန်တော်နဲ့ မဖြစ်မနေ မျက်လုံးချင်းဆုံပြီဆိုရင် သူ့အကြည့်က ကျွန်တော့်ကို လှောင်သလို လို၊ အာဏာရှင်လိုလို အထက်စီးဆန်ဆန်နဲ့ ကျွန်တော် မခံမရပ်နိုင်အောင် အမြဲ လုပ်တယ်။ ဒီကောင်က ကျွန်တော်တို့အဆောင်မှာ တောက်တိုမည်ရ လည်း လုပ်တယ်။ အချိန်ပိုင်း စက်ချုပ်တဲ့အလုပ်လည်း လုပ်တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဘာမှ လုပ်မပေးသလောက်ပါပဲ။

လုပ်ပေးတဲ့အခါမျိုးမှာလည်း သူကပဲ ကျွန်တော့်ကို မဟာကူညီမှုကြီး ပေးကမ်းချီးမြှင့်လိုက်ရတဲ့ ပုံစံမျိုးနဲ့။ ပြီးတော့ သူ့ဘက်က လိုလိုလားလား လုပ်ပေးတာမျိုး ဘယ်တော့မှ မရှိဘူး။ ဒီကမ္ဘာမှာ ကျွန်တော့်လောက်ရူးတဲ့ လူ မရှိဘူးလို့လည်း ဒီကောင်က ထင်နေတယ်။ တစ်လ ခုနစ်ရူဗယ်နဲ့ ကျွန်တော့်ဝေယျာဝစ္စတွေ လုပ်ပေးနေရတာကိုလည်း တန်တယ်လို့ မထင် ဘူးလေ။ ကျွန်တော့်ဘက်ကလည်း ဒီကောင့်ကို သည်းညည်းခံလိုက်ရတာဟာ ကျွန်တော့်အကုသိုလ်တွေ ကျေသွားတယ်လို့တောင် ထင်မိတယ်။ ဒါပေမဲ့ ဒီကောင်က သူ့လခ မှန်မှန်ရနေရင်တော့ ကျွန်တော့်ကို ရန်မရှာတတ်ပါဘူး။ တစ်ခါတစ်ခါ ဒီကောင့်ကို ကျွန်တော် ဘယ်လောက် မုန်းတီးနေသလဲဆိုရင် သူ့ခြေသံ ကြားလိုက်ရရင် အကြောဆွဲမလိုတောင် ဖြစ်သွားတတ်တယ်။ ကျွန်တော် အရွံဆုံးက မပီကလာ ပီကလာနဲ့ ပြောတဲ့ ဒီကောင်ရဲ့ အသံပဲ။ ကျွန်တော် ထင်တယ်၊ ဒီကောင့်လျှာက သူများထက် ပိုရှည်ရင်ရှည် ဒါမှမဟုတ် တစ်ခုခုပဲ။ ဘာလို့လဲဆိုတော့ ဒီကောင် စကားပြောရင် သွားရည်တွေကျပြီး မပီကလာ ပီကလာ ဖြစ်နေတတ်လို့ပဲ။ ဒါကိုပဲ ဒီကောင်က သူများထက် တစ် မူထူးနေတဲ့ပုံစံနဲ့ မာနကြီးနေသလား မပြောတတ်ပါဘူး။ ပုံမှန်ဆိုရင်တော့ ဒီကောင်က လက်နှစ်ဖက်ကို နောက်ပစ်၊ သူ့ခြေထောက်ကို သူ ငုံ့ကြည့်ပြီး အသံတိုးတိုး တိုးတိုးနဲ့ ပြောတတ်ပါတယ်။ နောက် ကျွန်တော် ကြည့်မရတဲ့ အကျင့်တစ်ခုက ဒီကောင့်အခန်းထဲမှာ ဘုရားစာတွေ ရွတ်ဖတ်နေတတ်တာ ပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်နဲ့ အကြိမ်ကြိမ် စကားများဖူးတယ်။ ဒါ ပေမဲ့ မရဘူး။ ညနေရောက်ပြီဆိုရင် သူ့အခန်းထဲမှာ သူ ရွတ်ဖတ်နေတော့တာ ပဲ။ သူ ရွတ်ဖတ်နေပုံက သီချင်းဆိုသလို ပြေပြေပြစ်ပြစ်နဲ့။ အသုဘအလောင်း ဘေးနားမှာ ရွတ်နေသလိုပဲ။ မနက် အိပ်ရာထတဲ့အခါမှာလည်း ဒီလိုပဲ ရွတ် တတ်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကြွက်တွေကိုလည်း သတ်လိုက်သေး တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာတော့ သူ့ကို ဘယ်လိုမှ ပစ်ပယ်လို့ မရတော့ပါဘူး။ ဒီကောင်ဟာလည်း ကျွန်တော့်ဘဝထဲမှာ ဓာတ်ပစ္စည်း တစ်ခုလို ဖြစ်နေခဲ့ပါပြီ။ သူ့ဘက်ကလည်း ဒီနေရာက ထွက်ခွာသွားမှာ မဟုတ်တော့ပါဘူး။ ကျွန်တော်ကလည်း ဒီထက်ကောင်းတဲ့နေရာ ပြောင်းနိုင် မှာ မဟုတ်တော့ဘူးလေ။ ဒီတိုက်ခန်းလေးဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကမ္ဘာ၊ ကျွန်တော့်ရဲ့ ဥခွံတစ်ခုလို ဖြစ်နေခဲ့ပြီပဲ။ ခုနစ်နှစ်ကာလအတွင်းမှာ ကျွန်တော် ကိုယ်တိုင်က သူ့ကို ဒီနေရာက မောင်းထုတ်လို့ မရခဲ့ပါဘူး။ သူဟာလည်း ကျွန်တော့်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့ လတွေမှာ သူ့ကိုပေးရမယ့်လခ တစ်ရက် နှစ်ရက်လောက် နောက်ကျနေခဲ့မယ်ဆိုရင် ကျွန်တော် ဘယ်နေရာသွားပုန်းနေရမှန်း မသိအောင် ဒီကောင် ပြဿနာရှာမှာပါပဲ။ ဒါပေမဲ့ ခုအချိန်မှာတော့ တစ်လောက လုံးကို ကျွန်တော်က ဒေါသထွက်နေတာမို့ ဒီကောင့်ကိုလည်း ဒဏ်ခတ်တဲ့အနေနဲ့ သူ့လခကို နောက်ထပ် နှစ်ပတ်လောက်အထိ မပေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ အမှန်ပြောရရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဒီလို အကြံအစည် ကျွန်တော့်မှာ ရှိခဲ့ဖူးပါတယ်။ မင်းကိုယ်မင်း ကြီးကျယ်စရာ ဘာအကြောင်းမှမရှိဘူး၊ မင်းလခကိုလည်း ငါ စိတ်ကူးပေါက်ရင် ပေါက်သလို မပေးဘဲ ထားလို့ရတယ်ကွလို့ ဒီကောင့်ကို သိစေချင်တယ်။ ဒါကြောင့် မင်း မာနကို မင်းဘာသာ မျိုချပြီး မင်းဘက်က ဦးဆုံးစပြီး ငါ့ကို တောင်းတောင်း ပန်ပန် ပြောရမယ်။ အဲဒီအခါကျတော့မှ ကျွန်တော်ကလည်း အံဆွဲထဲက ပိုက်ဆံကို ထုတ်ယူလိုက်ပြီးတော့ ... “ဟေ့ ... ဒီမှာတွေ့လား ပိုက်ဆံ၊ ငါ့ မှာ အသင့်ရှိပြီးသား၊ မင်းကို ဘာလို့မပေးသလဲဆိုတော့ မပေးချင်လို့ မပေး တာကွ၊ ငါက မင်းရဲ့ ဆရာပဲ၊ မင်းရဲ့ သခင်ပဲ၊ မင်းက သိပ်မိုက်ရိုင်းတယ်၊ လူဝါးဝလွန်းတယ်၊ ဒါကြောင့် ငါ ပေးချင်တဲ့စိတ်မရှိလို့ မပေးတာပေါ့ကွ” လို့ ဒီကောင့်ကို ပြောလိုက်မယ်။

အဲ... သူက ယဉ်ယဉ်ကျေးကျေးနဲ့ တောင်းပန်မယ်ဆိုရင်တော့ ချက် ချင်း ကျွန်တော် ပေးလိုက်မယ်လေ။ နို့မဟုတ်ရင်တော့ တစ်ပတ်၊ နှစ်ပတ် မပေးဘဲ ထားလိုက်ဦးမယ်။ ဒီအကြံအစည်ကို ဘယ်သူ့မှ ကျွန်တော် မပြော ပါဘူး။ ဒါပေမဲ့ ဒီကောင့်ကို ဘယ်လောက် ဒေါသထွက်ထွက် နောက်ဆုံးမှာ တော့ သူကပဲ ကျွန်တော့်ကို အနိုင်ယူသွားတာပါပဲ။ ကျွန်တော့်ဘက်က လေးငါးရက်လောက်တောင် ထိန်းမထားနိုင်ပါဘူး။

ဒီလိုကိစ္စမျိုးမှာ သူ့ဘက်က ဘယ်လိုလုပ်မယ်ဆိုတာ ကျွန်တော် သိပြီးသားပါ။ ဒါကြောင့် ဒီကောင် အသုံးပြုနေကျ မဟာဗျူဟာကိုတောင် ကျွန်တော် အလွတ်ရနေပါပြီ။

ကျွန်တော် ဝင်တဲ့ထွက်တဲ့အခါမှာ မျက်မှောင်ကြုတ်ပြီး ဒီကောင် ဘုကြည့် ကြည့်မယ်၊ သူကြည့်နေတာကို ကျွန်တော့်ဘက်က မသိဟန်ဆောင် နေလိုက်တဲ့အခါမှာ နောက်ထပ် တစ်နည်းပြောင်းမယ်။

ဥပမာ အခန်းထဲမှာ ကျွန်တော် စာဖတ်နေတဲ့အခါ၊ ဒါမှမဟုတ် လမ်းလျှောက်နေတဲ့အခါ ခြေသံ မကြားအောင် ကျွန်တော့်အခန်းထဲ ဝင်လာမယ်၊ တံခါးနားမှာ ရပ်နေမယ်၊ ခြေတစ်ဖက်ကို ရှေ့ပစ်ထား လက်နှစ်ဖက်ကို နောက်ပစ်ထားမယ်၊ ပြီးတော့ အကြည့်က တင်းတင်းမာမာ မဟုတ်တော့ဘဲ ကျွန်တော့်ကို စက်ဆုပ်တဲ့ အကြည့်မျိုးနဲ့ ကြည့်နေမယ်၊ ဒီအချိန်မှာ ကျွန်တော်က ဘာကိစ္စရှိလဲလို့ မေးလိုက်ရင် ဘာမှမဖြေဘဲ ပါးစပ်ကို တင်းတင်းစေ့၊ မျက်နှာက အလွန်အမင်း အံ့သြနေတဲ့မျက်နှာနဲ့ ကျွန်တော့်ကို ကြည့်နေမယ်။ ပြီးတော့မှ သူ့ကိုယ်ကို လှည့်ပြီး သူ့အခန်းထဲကို ခြေတရွတ်တိုက်နဲ့ တဖြည်းဖြည်း ဝင်သွားပါလိမ့်မယ်။

နောက်နှစ်နာရီလောက် ကြာတဲ့အခါ အဲ့ဒီလိုအမူအရာမျိုးနဲ့ပဲ ကျွန် တော့်ကို အပေါ်စီးက အနိုင်ယူဖို့ တစ်ကြိမ်ပေါ်လာပြန်ဦးမယ်။ တစ်ခါ တစ်ခါ ကျွန်တော်က အရမ်းဒေါသထွက်ပြီး သူ့ကို ဘာတစ်ခွန်းမှ မမေးတော့ ဘဲ မိုက်ကန်းကန်းနဲ့ စိုက်ကြည့်နေလိုက်မယ်ဆိုရင် သူကလည်း ကျွန်တော့် ကို အချိန်တော်တော်ကြာ စိုက်ကြည့်နေမယ်၊ နောက်တော့ ဒီကောင် ဖြည်း ဖြည်းချင်း လှည့်ထွက်သွားမယ်၊ နောက်တစ်ခါ ဒီလိုပဲ ပေါ်လာပြန်ပါဦးမယ်။ နောက်ဆုံး သူ့တိုက်စစ်တွေက ကျွန်တော့်ကို ဘယ်လိုမှ မထိရောက်တော့ ဘူး ဆိုရင် ကျွန်တော့်ကို … ဪ ... အကျင့်သိက္ခာပျက်စီးနေတဲ့ လူပါလား ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး လေးလေးပင်ပင်နဲ့ သက်ပြင်းရှည်ကြီး မှုတ်ထုတ် ပြလိုက်တော့တာပါပဲ။

ကျွန်တော့်ကို ကောင်းကောင်းကြီး အနိုင်ယူလိုက်တဲ့ ထိုးနှက်ချက်က အဲဒီအချက်ပါပဲ။ အဲဒီအချိန်မှာ သူ့ကို ကျွန်တော်က အော်ငေါက်လိုက်ပေမယ့် သူကတော့ ဆက်လုပ်နေတုန်းပါပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော်က အစကတည်းက ပေါက်ကွဲနေတာမို့ သူ့ဘက်က ဦးဆုံး ဘုကြည့် ကြည့်လိုက် ချိန်မှာပဲ ကျွန်တော် ဘယ်လိုမှ မခံနိုင်တော့ဘဲ ဒေါကန်လာပါတော့တယ်။

“မကြည့်နဲ့”

ဒီကောင့်ကို ကုန်းအော်ပစ်လိုက်တယ်။ ဒီတော့ သူက လက်နောက် ပစ်ပြီး တစ်လှမ်းချင်း သူ့အခန်းဆီ လျှောက်သွားပါတယ်။

“ရပ်စမ်း၊ ဒီကို လာခဲ့စမ်း အပိုလို၊ မင်းကို ငါ ပြောနေတယ်”

ဒီတစ်ခါတော့ ကျွန်တော့်အော်သံဟာ တကယ်ပဲ ပေါက်ကွဲသွားတယ် ထင်ပါရဲ့။ ဒီကောင်ရပ်ပြီး ကျွန်တော့်ကို တအံ့တသြနဲ့ ကြည့်နေတယ်။ စကားတစ်လုံးမှတော့ မဟပါဘူး။ သူ ဒီလိုလုပ်နေတာကြောင့် ကျွန်တော် ပိုပြီး ရူးမတတ် ခံစားရတယ်။

“လာစမ်းပါ ဒီကို၊ ငါ့ခွင့်ပြုချက်မရဘဲ မင်းက ငါ့အခန်းထဲ ဝင်ရဲတယ် ပေါ့၊ ဟုတ်လား ... ဖြေလေကွာ”

ဒီကောင်က စကားမပြောဘဲ ကြည့်နေပြန်ပါတယ်။ လှည့်ထွက်သွား မယ် လုပ်တော့-

“ရပ်”

ကျွန်တော် ကုန်းအော်ပစ်လိုက်တယ်၊ ပြီးတော့ သူ့နားလျှောက်သွားပြီး-

“မင်းက ငါ့ကို မခန့်လေးစား လုပ်တာလား၊ ဘာလို့ ငါ့ကို ပြန်ကြည့် နေတာလဲ၊ ပြောစမ်း”

ဒီတော့ သူ့မျက်ခုံးကို ချီပြီး အသံ ထစ်ထစ်ငေါ့ငေါ့နဲ့ တစ်လုံးချင်း-“ကျွန်တော့်ကို ခိုင်းစရာရှိရင် လုပ်ပေးရမှာ ကျွန်တော့်တာဝန်ပေါ့” တဲ့။ ပြောပြီးတော့ သူ့ခေါင်းကို ဘယ်ဘက် စောင်းလိုက်တယ်။ ပြီးတော့ ညာဘက် စောင်းလိုက်ပြန်ပါတယ်။

“ကြည့်စမ်း … သွေးအေးအေးနဲ့ လူသတ်သမား၊ ငါ မေးနေတာ ဒါမဟုတ်ဘူး၊ မင်း ငါ့ကို သက်သက် နှိပ်စက်နေတာလား”

ဒေါသနဲ့ ကျွန်တော့်တစ်ကိုယ်လုံး တုန်ယင်ပြီး စူးစူးဝါးဝါး အော်ပစ် လိုက်ပါတယ်။

“ဟေ့ကောင် … လူသတ်သမား၊ မင်းလခကို မပေးလို့ ငါ့အခန်းထဲ ဝင်လာတာ မဟုတ်လား၊ မင်းကိုယ်မင်း သိပ်ပြီး သိက္ခာတွေ ရှိနေတယ်ဆို တော့ မင်းကစပြီး မပြောဘူးပေါ့ ဟုတ်လား။

“ဒါကြောင့် မင်းရဲ့သောက်ရူးမျက်လုံးတွေနဲ့ ကြည့်ပြီး ငါ့ကို နှိပ်စက်ဖို့ လာတယ်၊ မင်းကိုယ်မင်း ဘယ်လောက် အရူးထနေသလဲဆိုတာ နည်းနည်း လေးမှ မသိဘူးလား။ သောက်ရူး၊ အရူး၊ အရူး”

ဘာမှမပြောဘဲ ကျွန်တော့်ရှေ့က ထွက်သွားမယ်ပြင်တော့ ဒီကောင့် ကို ကျွန်တော် လှမ်းဆွဲလိုက်ပြီး-

“နေဦး ... တွေ့လား၊ ဒီမှာ ပိုက်ဆံ”

အံဆွဲထဲက ပိုက်ဆံကို ကျွန်တော် ယူပြပြီး ပြောလိုက်ပါတယ်။

“ဒါပေမဲ့ မင်း ရလိမ့်မယ် မထင်နဲ့၊ ငါ့ကို မင်း မတောင်းပန်မချင်း မရဘူးမှတ်၊ ကြားလား”

ဒီတော့ အပိုလိုက –

“ဒါတော့ မဖြစ်နိုင်ပါဘူး ခင်ဗျာ” ဆိုပြီး သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတဲ့ ဟန်နဲ့ ဖြေလိုက်တယ်လေ။

“ဖြစ်ရမယ်၊ မင်းကို ဖြစ်နိုင်အောင် ငါ ပြမယ်”

အပိုလိုက ကျွန်တော့်အသံကို လုံးလုံး ဂရုမစိုက်ဘဲ “ကျွန်တော့်မှာ တောင်းပန်စရာ ဘာမှမရှိဘူး ခင်ဗျ၊ ပြောရရင် ရဲကိုတောင် ကျွန်တော်က တိုင်လို့ရပါသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက ကျွန်တော့်ကို လူ သတ်သမားလို့ ခေါ်လိုက်တယ် မဟုတ်လား၊ ဒါဟာ ကျွန်တော့်ကို စော်ကား လိုက်တာပဲ ခင်ဗျ” တဲ့။

“သွား ... သွားတိုင် … ခုချက်ချင်း သွားတိုင်စမ်း၊ မင်းက လူသတ် သမားပဲ၊ ဟုတ်တယ်၊ လူသတ်ကောင်၊ လူသတ်ကောင်၊ လူသတ်ကောင် ကြီး”လို့ လည်ချောင်းကွဲမတတ် ကျွန်တော် အော်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ အပိုလိုက ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပြီး ကျွန်တော့်အော်သံကို ဘာမှ ဂရုမထားတဲ့ဟန်နဲ့ သူ့အခန်းထဲကို ဖြည်းဖြည်းချင်း လျှောက်သွား ပါတယ်။

လီဇာနဲ့ မတွေ့ ခဲ့ရင် ဒီကိစ္စတွေ ဖြစ်မှာမဟုတ်ဘူးလို့ ကျွန်တော့်ကိုယ် ကျွန်တော် ရေရွတ်လိုက်မိတယ်။ ခဏကြာတဲ့အခါမှာ အပိုလို့အခန်းဘေးနား ကို အေးအေးဆေးဆေး ကျွန်တော် လျှောက်သွားပါတယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ ဆူပွက်နေတုန်းပါပဲ။

“အပိုလို ...”

ရင်ထဲမှာ မွန်းကျပ်နေပေမယ့် အသံငြိမ်ငြိမ်နဲ့ ကျွန်တော် ခေါ်လိုက် ပါတယ်၊ ပြီးတော့ -

“မင်း ရဲကို သွားတိုင်မယ်ဆို၊ သွားလေကွာ”လို့ ပြောလိုက်ပါတယ်၊ အပိုလိုက သူ့စားပွဲမှာထိုင်ပြီး တစ်ခုခု ချုပ်ဖို့ပြင်ဆင်နေပါတယ်။ ကျွန်တော့် စကားသံ ကြားလိုက်တော့ အောင့်အည်း ချုပ်တည်းပြီး နှာမှုတ်တဲ့ အသံနဲ့ တဟင်းဟင်း လုပ်နေပါတယ်။

“သွား.. သွား.. သွားခေါ်စမ်း၊ ဘာတွေ ဖြစ်လာမလဲ မင်း မသိဘူး မဟုတ်လား”

အပိုလိုက အပ်ချည်ကို အပ်ပေါက်ထဲထည့်ဖို့ကြိုးစားနေရင်းက ခေါင်း ကို လုံးဝ မမော့ဘဲ –

“သူ့ကိုယ်သူ ရဲသွားတိုင်တဲ့လူကို ခင်ဗျားကြားဖူးလို့လား၊ ခင်ဗျား ရူးနေပြီ၊ ခင်ဗျားကိုယ် ခင်ဗျား ကြောက်လန့်နေတာပဲ၊ ဘာမှဖြစ်လာမှာ မဟုတ်ဘူး” လို့ မပီကလာပီကလာနဲ့ ပြောလိုက်ပါတယ်။

“သွားစမ်း”

သူ့ပခုံးနှစ်ဖက်ကို လှုပ်ယမ်းပြီး ကျွန်တော် အော်ပစ်လိုက်ပါတယ်။ ဒီကောင့်ကို ကျွန်တော် ဆွဲထိုးမိတော့မယ်။

ဒီအချိန်မှာ တစ်စုံတစ်ယောက် အခန်းတံခါးကို ဖွင့်ဝင်လာပြီး ကျွန် တော်တို့ နှစ်ယောက်ကို တအံ့တသြ ကြည့်နေတာ ကျွန်တော် သတိမထား လိုက်မိပါဘူး။ ကျွန်တော် လှည့်ကြည့်လိုက်တဲ့အခါ ရှက်လွန်းလို့ သေချင် စိတ်တောင် ပေါက်သွားပါတယ်။ ကျွန်တော့်အခန်းထဲကို ပြေးဝင်လိုက်ပြီး လက်နှစ်ဖက်နဲ့ ဆံပင်တွေကို ဆောင့်ဆွဲ၊ နံရံကို ကျောကပ်မှီရင်း မလှုပ်မယှက် ရပ်နေမိလိုက်ပါတယ်။ ခဏကြာတော့ အပိုလိုရဲ့ ခြေသံကို ကြားလိုက်ရပါ တယ်။

“လူတစ်ယောက်က ခင်ဗျားကို တွေ့ချင်တယ်တဲ့”

ကျွန်တော့်ကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး ပြောလိုက်ပါတယ်။ အပိုလို ပြောပြီးပြီးချင်းပဲ လီဇာ အခန်းထဲ ဝင်လာပါတယ်။ အပိုလိုက အခန်းထဲက ထွက်သွားမယ့်ပုံ မပေါ်သေးပါဘူး။ ကျွန်တော်နဲ့ လီဇာ့ကို ရှုံ့မဲ့ပြီး ကြည့်နေပါ သေးတယ်။

“သွား … သွားစမ်း … ကိုယ့်အလုပ် ကိုယ်လုပ်စမ်း”... လို့ ပျာပျာ သလဲ ကျွန်တော် အော်ထုတ်ပစ်လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ နံရံပေါ်က တိုင်ကပ်နာရီဟာ ချွဲကပ်သံနဲ့ ခုနစ်နာရီ ထိုးလိုက်ပါတော့တယ်။

လီဇာ့ရှေ့မှာ ကျွန်တော် ရပ်လိုက်ပါတယ်။ သူမကို ကျွန်တော် ပြုံးပြလိုက် တယ်တော့ ထင်တာပဲ။ ဒါပေမဲ့ ရှက်စိတ်ကြောင့် ကျွန်တော့်မျက်နှာက ရှုံ့မဲ့တွန့်ကြေနေမှာပေါ့။ ပြီးတော့ ပေါက်ပြဲနေတဲ့ ကျွန်တော့်အင်္ကျီကိုလည်း ဖုံးဖိလိုက်ရပါသေးတယ်။ အပိုလိုက ကျွန်တော်တို့နှစ်ယောက်ကို အကဲခတ် တဲ့ အကြည့်နဲ့ ကြည့်ပြီး ပြန်ထွက်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ သက်သာရာမရသေးပါဘူး။ ပိုလို့တောင် ဆိုးလာပါတယ်။ လီဇာက ကျွန်တော် ထင်ထားတာထက်တောင် သူမအတွက်ကသိကအောက် ဖြစ်နေပါသေးတယ်။ ကျွန်တော့်ကို ကြည့်နေရတာကိုက သူမအတွက် စိတ်အနှောင့်အယှက် ဖြစ် နေသလိုပါပဲ။

“ထိုင်လေ”

စားပွဲနားက ကုလားထိုင်တစ်လုံးကို လှမ်းပေးလိုက်ရင်း စက်ရုပ် တစ်ရုပ်လိုပဲ ကျွန်တော် ပြောမိလိုက်တယ်။ ကျွန်တော်လည်း ဆိုဖာပေါ်မှာ ထိုင်ချလိုက်တယ်။ လီဇာက ကျွန်တော့်ကို ကြည့်နေတဲ့ မျက်လုံးတွေကို မလွှဲသေးဘဲ ရို့ရို့ကျိုးကျိုးနဲ့ ထိုင်လိုက်ပါတယ်။

သူမကို ကြည့်ရတာ ကျွန်တော့်ကို တစ်ခုခုပြောဖို့ မျှော်လင့်နေသလို ပါပဲ။ အဲဒီလို သူမရဲ့ ရိုးရိုးသားသား မျှော်လင့်တဲ့အကြည့်ကြောင့်ပဲ ကျွန်တော် ဒေါသဖြစ်ရပြန်တယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ထိန်းလိုက်ပါတယ်။ တကယ်ဆို လီဇာက ဘာမှမဖြစ်သလို သဘောထားပြီး ဂရုမစိုက်သလို ဟန် ဆောင်နေလိုက်ဖို့ ကောင်းတာပေါ့။ အခုတော့ ဒီလိုမဟုတ်ဘူး။ ကျွန်တော့် ကို ကြည့်ပြီး သူမစိတ်ထဲမှာ ကသိကအောက် ဖြစ်နေတယ်။ ဒီအတွက် သူမဘက်က နစ်နစ်နာနာ တစ်ခုခုပြန်ပေးရမယ်လို့ ကျွန်တော့်စိတ်ထဲမှာ မသိမသာ တွေးမိလိုက်ပါတယ်။

“လီဇာ … မင်း အခု ကျုပ်ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေ ကို မြင်ပြီ မဟုတ်လား”

ဒီလို စပြောလိုက်တာ ကျွန်တော် မှားသွားပြီလို့ ကောင်းကောင်း သိလိုက်ပါတယ်။ ဒါပေမဲ့ ရုတ်တရက် နီမြန်းသွားတဲ့ သူမမျက်နှာကို ကြည့် လိုက်ပြီး ကျွန်တော် ဆက်ပြောလိုက်ပါတယ်။

“မတွေးပါနဲ့၊ ဘာမှ တွေးမနေနဲ့ လီဇာ၊ ဆင်းရဲတာ ကျုပ် မရှက်ပါဘူး၊ ဂုဏ်တောင် ယူနေပါသေးတယ်။ ကျုပ်က ဆင်းရဲပေမယ့် ဂုဏ်သိက္ခာ ရှိပါတယ်၊ လူတစ်ယောက်ဟာ ဆင်းရဲသလို တစ်ချိန်တည်းမှာ ဂုဏ်သိက္ခာ ရှိနိုင်တာပဲ မဟုတ်လား၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ မင်း လက်ဖက်ရည်သောက်မယ် မဟုတ်လား လီဇာ”

“ဟင့်အင်း”

တစ်ခုခုပြောဖို့ သူမ စမယ်လုပ်တုန်း ကျွန်တော် ဖြတ်ပြောလိုက် ပါတယ်။

“ခဏနေဦး

ကျွန်တော် ထိုင်ရာကထပြီး အပိုလို့အခန်းဆီကို သုတ်ခနဲ ထွက်လာ ခဲ့တယ်။ စိတ်ထဲမှာလည်း လီဇာ့ရှေ့က ထွက်သွားချင်နေပြီ။

“ဒီမှာ …ဟေ့ … အပိုလို”

အပိုလို့စားပွဲပေါ်ကို ကျွန်တော့်လက်ထဲမှာ ဆုပ်ထားတဲ့ ခုနစ်ရူဗယ် ပစ်ချလိုက်ပြီး အသံတိုးတိုးနဲ့ တုန်တုန်ယင်ယင် ခေါ်လိုက်ပါတယ်။

“အပိုလို... မင်းကို ငါ ပေးလိုက်ပြီ၊ ဒီတော့ အပြန်အလှန်အနေနဲ့ မင်း ငါ့ကို ဧည့်သည်အတွက် လက်ဖက်ရည်နဲ့ မုန့် သွားဝယ်ပေးရမယ်၊ ပြီးတော့ မင်း စဉ်းစားနေတယ် မဟုတ်လား၊ ဒီမိန်းမဟာ ဘယ်လိုမိန်းမလဲဆိုတာ၊ မင်း စဉ်းစားစရာ အကြောင်းမရှိဘူး”

လက်ထဲက အပ်ကို လုံးဝ အောက်မချဘဲ အပိုလိုက စားပွဲပေါ်က ပိုက်ဆံကို မျက်စောင်းထိုး ကြည့်လိုက်တယ်။ ကျွန်တော်က နပိုလီယံဟန်နဲ့ ဒီကောင့်ကို လက်ပိုက်ကြည့်နေလိုက်ပါတယ်။ ကျွန်တော့်နဖူးပေါ်မှာ ချွေး တွေ ရွဲကျနေတယ်။ ဘယ်လောက်ထိ သွေးပျက်နေသလဲဆိုတာ ကျွန်တော့် ကိုယ် ကျွန်တော် သိပါတယ်။ ဘုရားသိကြားမတယ် ပြောရမှာပဲ၊ အပိုလိုက ထိုင်ခုံက ဖြည်းဖြည်းချင်းထ၊ ပိုက်ဆံကို တစ်ရွက်ချင်း ရေတွက်၊ နောက်ကို တစ်လှမ်းချင်းဆုတ်၊ လက်ဖက်ရည် ဘယ်နှခွက်ဝယ်ရမလဲဆိုတာ ကျွန်တော့် ကို မေးပြီးတော့ အခန်းထဲက ဖြည်းဖြည်းချင်း ရှပ်တိုက် ထွက်သွားပါတယ်။

လီဇာထိုင်နေတဲ့နေရာ ကျွန်တော် ပြန်လျှောက်လာတဲ့အခါ ဝတ်ထားတဲ့ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်တွေနဲ့ပဲ ဘယ်ရောက်ရောက်၊ ဘာဖြစ်ဖြစ် ဒီနေရာက ထွက်ပြေးချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ ကျွန်တော် ပြန်လာ ပြီး နေရာမှာပဲ ပြန်ထိုင်လိုက်ပါတယ်။ လီဇာကတော့ စိုးရိမ်စိတ်ကြီးစွာနဲ့ ကျွန်တော့်ကို ကြည့်နေဆဲပါပဲ။ ဒီနောက် တစ်ခဏ ငြိမ်သက်သွားပြန်ပါတယ်။

“သတ်မယ်၊ ဒီကောင့်ကို သတ်မယ်”

စားပွဲကို လက်သီးနဲ့ထုပြီး ရုတ်တရက် ကျွန်တော် ထအော်လိုက်မိတယ်။ စားပွဲပေါ်က မင်အိုးလည်း မှောက်ပြီး မင်တွေ ပြန့်ကျဲကုန်ပါတယ်။

“ဘာဖြစ်လို့လဲဟင် .. ရှင် ဘာဖြစ်နေတာလဲ”

လီဇာက ကတုန်ကယင်နဲ့ ကျွန်တော့်ကို ပြောလိုက်တယ်။

“ဒီကောင့်ကို ကျုပ်သတ်မယ်၊ သတ်ရမယ်”

စားပွဲကို လက်သီးနဲ့ ဆက်ကာ ဆက်ကာ ထိုးပြီးတော့ အော်ပြော နေပါသေးတယ်။ ဒါပေမဲ့ တစ်ခဏအတွင်းမှာပဲ ကျွန်တော် ဘယ်လောက်အထိ ရူးပေါပေါ ဖြစ်နေသလဲဆိုတာ သဘောပေါက် လိုက်ပါတယ်။

“လီဇာ၊ ဒီလူသတ်သမား ကျုပ်ကို ဘယ်လောက်နှိပ်စက်နေသလဲ ဆိုတာ မင်းမသိဘူး၊ ဒီကောင် … ကျုပ်ကို နှိပ်စက်နေတယ်၊ အခုလည်း ဒီကောင် ... လက်ဖက်ရည်သွားဝယ်တယ်၊ ပြီးတော့ ... ဒီကောင် ...”

ကျွန်တော် ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ဘဲ ရှိုက်ကြီးတငင်နဲ့ ငိုချလိုက်မိတော့တယ်။ ငိုနေရင်း ရှက်မိတာလည်း အလွန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ရပ်လို့မရတော့ဘူး။

“ဘာဖြစ်တာလဲ ဟင် ... ဘာဖြစ်လို့လဲ”

ရင်တုန်ပန်းတုန်နဲ့ ထိတ်ထိတ်ပျာပျာ လီဇာ ကျွန်တော့်ကို မေးနေ ပါတယ်။

“ရေ ... ရေတစ်ခွက် ... ခပ်ပေးပါ ... ဟို ... နားမှာ ...”

ကျွန်တော့်တစ်ကိုယ်လုံး နုံးခွေပြီး လူမမာအသံနဲ့ လီဇာ့ကို ပြော လိုက်ပါတယ်။ ဒီအမူအရာနဲ့ ဒီလိုမပြောလည်း ရနိုင်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်။ ကျွန်တော် ရှိုက်ငိုနေတာက အမှန်ဖြစ်ပေမယ့် ဒါကတော့ သရုပ်ဆောင်လိုက်တာပါပဲ။

လီဇာက ကျွန်တော့်ကို ငေးကြောင်ကြည့်ရင်း ရေတစ်ခွက် ကမ်းပေး ပါတယ်။ ဒီအချိန်မှာ အပိုလို လက်ဖက်ရည်နဲ့မုန့် ယူလာပြီး ပြန်ရောက်လာတယ်။ ဒီလို သေးနုပ်ပြီး မျက်နှာငယ်စရာကောင်းတဲ့ လက်ဖက်ရည်၊ မုန့် သေးသေးလေးတွေနဲ့ လီဇာ့ကို ဧည့်ခံရတာ စဉ်းစားမိပြီး ကျွန်တော် ရှက်နေမိတယ်။

လီဇာက အပိုလို့ကို ကြောက်ကြောက်ရွံ့ရွံ့ နဲ့ ကြည့်နေပေမယ့် အပို လိုက ကျွန်တော်တို့ကို လုံးဝ လှည့်မကြည့်ဘဲ ပြန်ထွက်သွားပါတယ်။

“မင်း ကျုပ်ကို အထင်သေးနေသလား လီဇာ”

ကျွန်တော့်ကို လီဇာ ဘယ်လို စဉ်းစားနေသလဲဆိုတာ ကျွန်တော် လုံးဝ သည်းညည်းမခံနိုင်တော့ဘဲ ကတုန်ကယင်နဲ့ မေးလိုက်မိတယ်။ လီဇာ စိတ်ရှုပ်ထွေး နောက်ကျိနေပြီး ဘာဖြေရမှန်း မသိတော့ပုံပါပဲ။

“လက်ဖက်ရည်သောက်ပါ”

စိတ်မရှည်တော့တဲ့ လေသံနဲ့ ကျွန်တော် ပြောလိုက်တယ်။ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ဒေါကန်လာပါတယ်။ ဒါပေမဲ့ ဒီဒေါသတွေကို လီဇာ့ အပေါ် ပုံချပစ်လိုက်တယ်။ ဟုတ်တယ်။ ဒါတွေဟာ လီဇာ့ကြောင့် ဖြစ်ရတာ။ ဖြစ်နိုင်ရင် သူမကို ကျွန်တော် သတ်တောင် သတ်မိမယ်ထင်တယ်။ ဒီဟာမကို အပြစ်ပေးရမယ်။ ဒါကြောင့် ကျွန်တော် စကားတစ်လုံးမှ မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ငါးမိနစ်ကျော်ကျော်လောက်ထိ ကျွန်တော် ဆိတ်ဆိတ် နေလိုက်တယ်။ လီဇာကော ကျွန်တော်ပါ လက်ဖက်ရည်ခွက်တွေကို ထိတောင် မထိကြဘူး။ ဒီထက်ပိုပြီး လီဇာ ကသိကအောက်ဖြစ်သွားအောင် ကျွန်တော့်ဘက်က တုတ်တုတ်တောင် မလှုပ်ဘူး။ သူမတစ်ယောက်တည်း လက်ဖက်ရည်သောက်ရမှာ ပိုပြီး ကြောင်စီစီ ဖြစ်လာတယ်။ သနားစရာ ကောင်းတဲ့အကြည့်၊ စိတ်ရှုပ်ထွေးတဲ့ အကြည့်တွေနဲ့ ကျွန်တော့်ကို လီဇာ ခဏခဏကြည့်နေတာ ကျွန်တော် သိပါတယ်။ ကျွန်တော်ကတော့ ပေကပ်ပြီး ဒီလိုပဲ တုဏှိဘောဆက်နေလိုက်တယ်။ ဒါပေမဲ့ အခြေအနေကို ပိုပြီး တူးတူး ခါးခါး ခံစားရသူက ကျွန်တော်ပါ။ ကျွန်တော် သိပါတယ်။ မဖွယ်မရာ ဒီလို အရွဲ့တိုက်နေတဲ့ ကျွန်တော့်အပြုအမူဟာ ဘယ်လောက်ရွံစရာ ကောင်းသလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် မတတ်နိုင်ခဲ့ပါဘူး။

“ကျွန်မ …”

တိတ်ဆိတ်မှုကို တစ်နည်းနည်းနဲ့ ဖောက်ထွက်မှပဲဆိုတဲ့စိတ်နဲ့ သူမ စကားစလိုက်ပါတယ်။

“ကျွန်မ … ပြန်ချင်ပြီ”

အို … သနားစရာကောင်းလိုက်တဲ့ မိန်းကလေးရယ် … ဒီစကားက ကျွန်တော့်လို အရူးတစ်ယောက်ကို နောက်ဆုံးမှ ပြောရမယ့်စကား မဟုတ် လား။ သူမရဲ့ အပြစ်ကင်းတဲ့ ပွင့်လင်းမှုအတွက် ကျွန်တော့်ရင်ထဲ နင့်နေ အောင် ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ သိပ်ကို အရုပ်ဆိုးပြီး ရိုင်းစိုင်းရက်စက် တဲ့ ကျွန်တော့်ရင်ထဲက စိတ်ခံစားမှုတစ်ခုက ကျွန်တော့်မှာရှိနိုင်တဲ့ ကရုဏာ စိတ်ကလေးတွေကိုတောင် ဖျက်ဆီး ချေမွပစ်လိုက်ပါပြီ။ အာဃာတတွေ လည်း တိုးတိုးလာပါတယ်။

“ရှင့်ကို ကျွန်မ အနှောင့်အယှက် ပေးမိနေသလားပဲ”

ထိုင်ရာက ထမလိုလိုပြုရင်း လေသံသဲ့သဲ့နဲ့ သူမ ပြောလိုက်ပါတယ်။ ဒဏ်ရာရသွားတဲ့ သူမရဲ့ ဂုဏ်သိက္ခာက စေ့ဆော်လိုက်တဲ့ အခြေအနေကို ကျွန်တော် သတိပြုမိလိုက်တဲ့အခါမှာတော့ ကျွန်တော့်ဒေါသတွေ၊ အာဃာတ တွေဟာ ပေါက်ကွဲသွားပါတော့တယ်။

“ကဲ… ပြောစမ်းပါဦး၊ မင်း ဒီကို ဘာရည်ရွယ်ချက်နဲ့ လာသလဲဆိုတာ ကျုပ် သိချင်တယ် လီဇာ”

ပြောရမယ့် စကားတွေလား၊ မပြောရမယ့် စကားတွေလား ကျွန်တော် မသိတော့ပါဘူး။ ဗလုံးဗထွေးနဲ့ ကျွန်တော် ပြောချလိုက်ပါတော့တယ်။ ကျွန်တော့်တစ်ကိုယ်လုံးလည်း ဒေါသနဲ့ တုန်ခါနေပါပြီ။

“မင်း ဘာကြောင့် လာတာလဲ ... ဖြေစမ်းပါ... ကောင်းပြီ၊ မင်း မပြောရင် ကျုပ် ပြောမယ်။

“တစ်နေ့ညက ကျုပ်ပြောခဲ့တဲ့ စိတ်ထိခိုက်စရာ စကားတွေကြောင့် မဟုတ်လား၊ အဲဒီတုန်းက ကျုပ် မင်းကို ရယ်ပစ်လိုက်သလို မင်း ပြောတဲ့ စကားတွေကိုလည်း ကျုပ် ရယ်ပစ်ခဲ့တယ်။ ဟုတ်တယ် မဟုတ်လား။ အဲဒီ ညက ညစာစားပွဲတစ်ခုမှာ ကျုပ် အစော်ကားခံလိုက်ရတယ်၊ ဒီကောင်တွေက မင်းရှိတဲ့နေရာကို ကျုပ်မရောက်ခင်ကလေးမှာပဲ လာသွားကြတယ်၊ ဒီကောင်တွေထဲက တစ်ယောက်ကို ကျုပ် လက်သီးနဲ့ထိုးဖို့ လိုက်လာတာပဲ၊ ဒါပေမဲ့ ကျုပ် ရောက်လာတော့ ဒီကောင်တွေ မရှိတော့ဘူး၊ နောက်ကျသွားပြီ၊ ဒီတော့ ကျုပ်ဒေါသတွေ၊ အာဃာတတွေကို တစ်ယောက်ယောက်အပေါ် ပုံချလိုက်ချင်တယ်၊ အဲဒီအချိန်မှာ မင်းနဲ့ ကျုပ် တွေ့တယ်၊ ကျုပ် ဒေါသတွေကို မင်းအပေါ် သွန်အောမှောက်ပစ်လိုက်တယ်၊ ကျုပ် အစော်ကားခံထားရတယ် လေ။ ဒါကြောင့် ကျုပ် ပြန်ပြီး လက်စားချေချင်တယ်၊ ကျုပ်ကို ခြေသုတ်ဖုံ တစ်ခုလို လုပ်သွားကြတယ်၊ ဒါကြောင့် တစ်ယောက်ယောက်ကိုလည်း ကျုပ်ခြေထောက်နဲ့ ပြန်ပြီးသုတ်ပစ်ရမယ်။ ကျုပ်အဖြစ်က အဲဒါပဲ၊ ဒါပေမဲ့ မင်းအထင်က ကျုပ်က မင်းဘဝကို ကယ်တင်ဖို့ လာတယ်လို့ ထင်နေတယ်၊ ဟုတ်တယ် မဟုတ်လား ... အဲဒီလိုထင်တယ် မဟုတ်လား”

လီဇာဟာ ကျွန်တော် ပြောနေတဲ့ စကားတွေကို ဘာမှန်းညာမှန်း မသိဘဲ စိတ်ရှုပ်သွားပြီဆိုတာ ကျွန်တော် သိပါတယ်။ ဘာပဲဖြစ်ဖြစ် အဓိက ဆိုလိုတဲ့ အချက်ကိုတော့ သဘောပေါက်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လီဇာ့မျက်နှာဟာ သူမလက်ထဲက လက်ကိုင်ပဝါလို ချက်ချင်း ဖြူဖွေးသွား ပါတယ်။ ပြီးတော့ နှုတ်ခမ်းဖျားကလေးတွေ တဆတ်ဆတ်တုန်ပြီး မချိမဆံ့ ဝေဒနာတစ်ခုကို ခံစားနေရသလို ကုလားထိုင်နောက်မှီပေါ်ကို ပုံလျက်သား ကျသွားပါတယ်။ အဲဒီလိုနဲ့ပဲ ပါးစပ်အဟောင်းသား ဖွင့်ပြီး ဝိုင်းစက်ပြူး ကျယ်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့် စကားတွေကို နားထောင်နေပါတယ်။ သူမအပေါ် ကျွန်တော့်ရဲ့ စွပ်စွဲချက်တွေက ရစရာမရှိအောင် ပြင်းထန်လှပါ တယ်။

“ပြောစမ်းပါ လီဇာ၊ ကျုပ်က မင်းထက် ယုတ်ညံ့တဲ့လူတစ်ယောက် လို့ပဲ ထားလိုက်ပါတော့၊ ဒါပေမဲ့ မင်းကို ကျုပ် ဂုဏ်သိက္ခာအကြောင်းတွေ ပြောနေတုန်းက “ရှင်ကကော ဒီပြည့်တန်ဆာအိမ်မှာ ဘာလာလုပ်နေတာ လဲ' လို့ ဘာကြောင့် မမေးရတာလဲ၊ “စာရိတ္တပြုပြင်ရေးတရား ဟောဖို့ ရောက်လာတာလား”လို့ ဘာကြောင့် မမေးရတာလဲ၊ အဲဒီအချိန်မှာ ကျုပ် ဘက်က လိုချင်နေတာက သြဇာအာဏာပဲ၊ ထင်ထင်ပေါ်ပေါ် လုပ်ပြလိုက် ချင်နေတာပဲ၊ မင်းကို ဂုဏ်သိက္ခာမရှိအောင် ချိုးဖဲ့ပြီးပျစ်ပျစ်နှစ်နှစ် ပြောပစ်လိုက်ချင်တာပဲ၊ မင်းရဲ့ မျက်ရည်ပဲ၊ ဒါတွေဟာ ကျုပ်လိုချင်နေတဲ့ အရာတွေပဲ၊ ကျုပ်ကိုယ်တိုင်က အလှေးအမွှား ဘာအသုံးမှ မကျပေမယ့် ဒီလိုမလုပ်ဘဲ မနေနိုင်ဘူး၊ ပြီးတော့ ဘာကြောင့်မှန်းမသိဘဲ မင်းကို ကျုပ် လိပ်စာပေးခဲ့ တယ်၊ ဒါပေမဲ့ အိမ်ပြန်ရောက်လာတဲ့အထိတောင် မင်းကို လိပ်စာပေးမိတဲ့ အတွက် ကျုပ်ကိုယ်ကျုပ် ကျိန်ဆဲနေမိတယ်။ ဘာကြောင့်လဲဆိုတော့ မင်း ကို လိမ်ညာခဲ့ရလို့ မင်းကို ကျုပ် မုန်းတီးသွားပြီလေ၊ ကျုပ်စိတ်ထဲမှာတော့ စကားလုံးတွေ၊ အိပ်မက်တွေနဲ့ ကစားချင် ကစားနေမယ်၊ ဒါပေမဲ့ တကယ့် ဘဝမှာတော့ မင်းကို ကမ္ဘာမြေပေါ်က ဖျောက်ပစ်လိုက်ချင်တယ်၊ ကျုပ် ငြိမ်းချမ်းချင်တယ်၊ ဟုတ်တယ်၊ ကျုပ်အတွက် ငြိမ်းချမ်းဖို့ဆိုရင် ကမ္ဘာ လောကတစ်ခုလုံးကို ကြေးပြားတစ်ပြားနဲ့တောင် ရောင်းစားပစ်လိုက်မယ်။

“ရေနွေးတစ်ခွက် သောက်ရဖို့အတွက် တစ်လောကလုံးကို ထင်း အဖြစ် မီးဆိုက်ပစ်ရင် ပစ်ရပါလေ့စေ၊ ကျုပ်အတွက် ရေနွေးတစ်ခွက်ရဖို့ပဲ လိုတယ်၊ ကျုပ်ကိုယ်ကျုပ် အတ္တကြီးမှန်း၊ အပျင်းကြီးမှန်း၊ ကောက်ကျစ်မှန်း ကောင်းကောင်း သိတယ်၊ လွန်ခဲ့တဲ့ သုံးလေးရက်ကတည်းက မင်းများ ရောက်လာမလားလို့ တွေးပြီး ကျုပ် ကြောက်လန့်နေခဲ့ရတယ်။ အဲဒီအတွေး က ကျုပ်ကို ဘယ်လောက်ထိ ပူပန်နေစေသလဲဆိုတာ မင်းကို ပြောပြရမလား လီဇာ၊ မင်းရှေ့မှာ သူရဲကောင်းတစ်ယောက်လို ကျုပ် လုပ်ပြခဲ့တယ်၊ ဒါပေမဲ့ မင်းရောက်လာရင် ကျုပ်ရဲ့ တစ်ပြားမှမတန်တဲ့ စုတ်ပြတ်နေတဲ့ အခြေအနေ ကို တွေ့သွားတော့မယ်ဆိုတဲ့ အတွေးနဲ့ ပူပန်နေရတယ်၊ ကျုပ် ဆင်းရဲရတာ မရှက်ဘူးလို့ မင်းကို ကျုပ် ပြောခဲ့ပြီးပါပြီ၊ ဒါပေမဲ့ ဒီလို လုပ်လိုက်ရတာကို တော့ ကျုပ် ရှက်တယ်၊ သူခိုးတစ်ယောက်ဖြစ်ရတာထက် ရှက်မိသေးတယ်။ ကျုပ်ဟာ အရေခွံအခွာခံထားရတဲ့ လူတစ်ယောက်လိုပဲ၊ လေကလေး ထိလိုက်တာနဲ့ နာကျင်နေတယ်။

“စုတ်စုတ်ပြတ်ပြတ် အဝတ်အစားတွေနဲ့ ကျုပ်ကိုလည်း မင်း အခု တွေ့သွားပြီ။ ဒီအတွက် အပိုလိုကို ကျုပ်က ခွေးတစ်ကောင်လို ဟောင်ခဲ့သလို မင်းကိုလည်း ကျုပ် ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူးဆိုတာ မင်းသဘော ပေါက်သွားပြီ မဟုတ်လား။ ဟိုတစ်နေ့က မင်းရဲ့ သူရဲကောင်းကြီးဟာ အခုသူ့ရဲ့ အစေခံတစ်ယောက်ကို ခွေးဝဲစားတစ်ကောင်လို ဟောင်နေပြီး သူ့အစေ ခံက သူ့ကို လှောင်ရယ်နေတာ မင်း တွေ့လိုက်ပြီ မဟုတ်လား။ ပြီးတော့ မင်းမျက်စိရှေ့မှာ မိုက်မဲတဲ့ မိန်းမကြီးတစ်ယောက်လို မျက်ရည်လည်ရွဲနဲ့ ကျုပ် ငိုခဲ့ရတဲ့အတွက် မင်းကို ကျုပ် ခွင့်လွှတ်မယ်များ ထင်နေသလား လီဇာ၊ ကျုပ် အထုပ်ကို မင်းရှေ့မှာ ဖြေပြလိုက်ရတဲ့အတွက်လည်း မင်းကို ခွင့်မလွှတ်နိုင်ဘူး၊ ဟုတ်တယ်၊ ကျုပ်ကို မင်း လက်ပူးလက်ကြပ် မိသွားတဲ့ အတွက် မင်း တစ်ယောက်တည်းမှာ တာဝန်ရှိသွားပြီ လီဇာ။ ကျုပ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ပိုးကောင်တွေထက် ရွံစရာကောင်းတယ်၊ သိမ်ဖျင်းသေးနုပ် တယ်၊ လူရယ်စရာကောင်းတယ်၊ ညစ်ပတ်တယ်၊ မစ္ဆေရစိတ် များတယ်၊ ဒီကောင်တွေနဲ့ ကျုပ်နဲ့ဘာမှ မကွာခြားတော့ဘူး၊ ဘယ်သူ စော်ကားစော်ကား စော်ကားလို့ရတယ်။ ဒါဟာ ကျုပ်ရဲ့ ကံကြမ္မာပဲ။ အခု ကျုပ်ပြောတာတွေ မင်း နားမလည်တော့ကော ဘာဖြစ်လဲ၊ ကျုပ်က ဂရုစိုက်ရမှာလား၊ မင်း ဘာသာမင်း သေသေကျေကျေ ကျုပ် အလုပ်လား၊ အခု ကျုပ်ပြောတာတွေကို နားထောင်နေတဲ့ မင်းကို ကျုပ် ဘယ်လောက် မုန်းတီးနေသလဲဆိုတာကိုရော သိရဲ့လား။ ပြီးတော့ လူတစ်ယောက်ဟာ သူ့ဘဝမှာ အခုလို ရင်ဖွင့်လိုက် တော့ကော ဘာဖြစ်သလဲ၊ စိတ်ကစဉ့်ကလျားနဲ့ အရူးမီးဝိုင်းဖြစ်နေတော့ ကော ဘာဖြစ်သလဲ။ ဒီတော့... မင်း ကျုပ်ဆီက နောက်ထပ် ဘာတွေလိုချင် သေးသလဲ၊ ဘာလို့ ကျုပ်ကို မင်း ရင်ဆိုင်နေရတာလဲ၊ မင်း ကျုပ်ကို နှိပ်စက် နေတာလား၊ မင်း ဘာလို့ ထွက်မသွားသေးတာလဲ”

ဒီအချိန်မှာပဲ မျှော်လင့်မထားတဲ့ အခြေအနေတစ်ရပ်ကို ကြုံလိုက် ရပါတယ်။ အရာရာကို စာအုပ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့အတိုင်း၊ ကျွန်တော့်ရဲ့ နေ့လယ်အိပ်မက်တွေထဲမှာ ဖြစ်ပျက်ခဲ့တဲ့အတိုင်း စိတ်ကူးတတ်တဲ့ အလေ့ အကျင့်ဖြစ်နေတဲ့ လူဆိုတော့ ပထမ ဘာဖြစ်လို့ ဖြစ်သွားမှန်း ကျွန်တော် နားမလည်လိုက်ပါဘူး။ အမှန်တကယ် ဖြစ်သွားတဲ့ အခြေအနေကတော့ ကျွန်တော် ရစရာမရှိအောင် ပြောပစ်ခဲ့တဲ့ လီဇာက ကျွန်တော် ထင်ထားတာ ထက် ပိုပြီး နားလည်ခဲ့ပါတယ်။ ရိုးသားပြီး ချစ်တတ်တဲ့ မိန်းမတစ်ယောက် အဖြစ်နဲ့ ပထမဦးဆုံး လီဇာ နားလည်လိုက်တာကတော့ ကျွန်တော်ဟာ သိပ်ကို စိတ်ဆင်းရဲနေတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ။ မျက်ရည် လည်ရွဲနဲ့ (အမှန်တော့ တဖျစ်တောက်တောက် ကျွန်တော်ပြောနေတဲ့ တစ် လျှောက်လုံး မျက်ရည်စက်စက် ကျနေတာပါပဲ) ကျွန်တော် လီဇာ့ကို ပြောပြ နေတုန်းက လီဇာ့မျက်နှာက ရှုံ့မဲ့နာကျင်နေပြီး ကျွန်တော့်ကို ဆက်မပြော စေချင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်က ဆက်ပြီး မင်း ကျုပ်ကို နှိပ်စက် နေတာလား၊ ဘာလို့ ထွက်မသွားသေးတာလဲလို့ အော်ပစ်လိုက်တော့လည်း သူမ ဂရုမစိုက်ခဲ့ပါဘူး။ ကျွန်တော် ခံစားနေရတဲ့ ဒုက္ခဝေဒနာကို သိနားလည် စွာနဲ့ သူမဟာ စိုးရိမ်ပူပန်နေပါတယ်။ ကျွန်တော့်သိမ်ငယ်မှုကို လီဇာ ကောင်းကောင်း သဘောပေါက်သွားတဲ့အခါမှာ ကျွန်တော့်အပေါ် သူမ ဒေါသမထွက်နိုင်တော့ပါဘူး။

လီဇာ ရုတ်တရက် ထရပ်လိုက်ပါတယ်။ ဘယ်လိုမှ ချိုးနှိမ်လို့မရတဲ့ ခံစားမှုတွေက စေ့ဆော်လိုက်ပေမယ့် ကျွန်တော့်ဆီ လှမ်းလာဖို့တော့ ရှက် နေပါသေးတယ်။ ပြီးတော့ သူမရဲ့လက်နှစ်ဖက်ကို ကျွန်တော့်ဆီ ကမ်းလိုက် ပါတယ်။ ကျွန်တော်လည်း ပြိုလဲလုမတတ်ပါပဲ။ ဒီအချိန်မှာပဲ လီဇာဟာ ကျွန်တော့်ဆီ ပြေးလာပြီး ကျွန်တော့်လည်ပင်းကို သိုင်းဖက်လိုက်ရင်း ငိုချ လိုက်ပါတော့တယ်။ ကျွန်တော်လည်း ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်တော့ဘဲ ဘဝမှာ တစ်ခါမှ မငိုဖူးခဲ့သလို ငိုမိလိုက်ပါတော့တယ်။

“သူတို့က ကျုပ်ကို ... ကျုပ် … မကောင်း ... ပါဘူး”

ဒီလောက်ပဲ ကျွန်တော် ပြောနိုင်ပါတော့တယ်။ ပြီးတော့ ဆိုဖာနား လျှောက်သွားပြီး ဆိုဖာပေါ်မှာ မျက်နှာအပ်ရင်း ရှိုက်ကြီးတငင် ကျွန်တော် ဆက်ငိုနေမိပါတယ်။ ဆယ့်ငါးမိနစ်လောက် ဒီလိုပဲ ကျွန်တော် ငိုနေခဲ့ပါတယ်။ လီဇာကတော့ ကျွန်တော့်ဘေးနားမှာ ဒူးထောက်ထိုင်ပြီး ကျွန်တော့်ပခုံးကို ဖက်ထားဆဲပါပဲ။ ဒါပေမဲ့ ပြဿနာက သွေးရူးသွေးတန်းနဲ့ ဆောက်တည်ရာ မရဖြစ်တဲ့ စိတ်ရူးပေါက်မှုတွေက အမြဲဖြစ်မနေတာ ခက်တာပါပဲ။

ဆီချေးအထပ်ထပ် ညစ်နေတဲ့ ဆိုဖာပေါ်မှာ မျက်နှာအပ်ငိုနေရင်းက လီဇာ့ကို ခေါင်းမော့ပြီး ကြည့်လိုက်ရမှာ ကြောင်အမ်းအမ်းနဲ့ တော်တော် ကသိကအောက်နိုင်မယ်ဆိုတာ ကျွန်တော် သိနေပါတယ်။ (အမှန်တရားရဲ့ တကယ်အရုပ်ဆိုးပြီး စိတ်ပျက်စရာကောင်းတဲ့အရာတွေကို ကျွန်တော် ပြောနေတာပါ) ရှက်တော့ ရှက်စရာကောင်းပေမယ့် ဘာကို ရှက်ရမှန်းလည်း သေသေချာချာတော့ ကျွန်တော် မသိပါဘူး။

ဒါပေမဲ့ လီဇာနဲ့ကျွန်တော်ရဲ့ အခြေအနေဟာ လုံးလုံး ပြောင်းလဲသွားပြီ ဆိုတဲ့ အသိကတော့ ကျွန်တော့်ခေါင်းထဲ ဝရုန်းသုန်းကားနဲ့ ရောက်လာပါ တယ်။

ဒီအချိန်မှာ လီဇာက သူရဲကောင်းတစ်ယောက် ဖြစ်သွားပြီး ကျွန်တော် ကတော့ ဒဏ်ရာတွေ ဗရပွနဲ့ ပြိုလဲကျဆုံးသွားသူပါပဲ။ ဆိုဖာပေါ်မှာ မျက်နှာ မှောက်ထားလျက်ကပဲ ဒီအတွေးတွေကို တွေးနေမိတာပါ။ အဲဒီအချိန်က လီဇာ့ကို တကယ်ပဲ မနာလိုဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား ဆိုတာကိုတော့ ဒီနေ့အထိ ကျွန်တော် သေသေချာချာ မသိသေးပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က ကျွန်တော် ခံစားနေရတာတွေကို အခုအချိန်ထက်လည်း ပိုပြီး နားမလည် ခဲ့ပါဘူး။ တစ်ယောက်ယောက်ကို မလွှမ်းမိုး မချုပ်ချယ်ဘဲနဲ့လည်း ကျွန်တော် မနေနိုင်ပါဘူး။

ဘာကြောင့် ဆိုတာကိုလည်း ဆင်ခြင်တွေးဆပြီး ရှင်းပြလို့ မရနိုင် ပါဘူး။ ဘယ်လိုများ ဆင်ခြင်ကြဦးမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျွန်တော့် ခံစားချက်တွေကို ကျွန်တော် ကျော်လွှားပြီး ကျွန်တော့်ဦးခေါင်းကို မော့ခဲ့ ရပါတယ်။ ဒီနေ့ထိ ကျွန်တော် ဝန်ခံရမှာက လီဇာ့ကို ကျွန်တော် မျက်လုံးချင်း ဆုံရမှာ ရှက်နေမိတဲ့အတွက် ခံစားချက်အသစ်တစ်ခုက ကျွန်တော့်ရင်ထဲ လှုပ်ခတ်သွားပါတယ်။ အဲဒီခံစားချက်ကတော့ ပိုင်ဆိုင်လိုခြင်း၊ လွှမ်းမိုးလို ခြင်းတို့ပါပဲ။ ပြီးတော့ တပ်မက်စိတ်အပြည့်နဲ့ လီဇာ့လက်ကလေးတွေကို ကျွန်တော် ဆုပ်ကိုင်ထားလိုက်ပါတယ်။ ဪ ... လီဇာ့ကို ကျွန်တော် ဘယ်လောက် မုန်းတီးခဲ့သလဲ။ ဒါပေမဲ့ ဒီအချိန်မှာ လီဇာက ကျွန်တော့်ကို သဲသဲမဲမဲ ဘယ်လောက် ညှို့ယူဖမ်းစားထားပြီလဲ။ လူတစ်ယောက်ရဲ့ ခံစားချက်က အခြားတစ်ယောက်ကို မွန်းကျပ် ပြင်းထန်စေခဲ့ပါပြီ။ ပထမတော့ လီဇာဟာ ကြောက်ရွံ့ မှုတွေနဲ့ ငေးကြည့်နေပေမယ့် တစ်ခဏအတွင်းမှာပဲ လှိုက်လှိုက်လှဲလှဲနဲ့ တင်းကျပ် နွေးထွေးစွာ ပွေ့ဖက်လိုက်ပါတယ်။ ကျွန်တော် တို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် လက်စားချေနေသလိုပါပဲ။

အခန်းထဲမှာ ကျွန်တော် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်။ စိတ် ထဲမှာလည်း ဘယ်လိုမှ သည်းမခံနိုင်အောင်ပါပဲ။ ပုဏ္ဏားကွယ်ကနေ လီဇာ့ ကိုလည်း ခဏခဏ ချောင်းကြည့်နေမိတယ်။ သူမဟာ ခုတင်ကို ခေါင်းမှီ ပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေပါတယ်။ ပြီးတော့ ငိုလည်း ငိုနေပါတယ်။ ခုချိန်ထိ လီဇာ မပြန်သေးတဲ့အတွက် ကျွန်တော့်စိတ်ထဲမှာ အတော်တော့ ကသိကအောက် ဖြစ်နေရတယ်။

ဒီအချိန်မှာတော့ လီဇာဟာ အားလုံးကို သဘောပေါက်သွားပါပြီ။ သူမကို ကျွန်တော် လုံးလုံးလျားလျား စော်ကားခဲ့ပြီလေ။ ဒါကို အသေးစိတ် ရှင်းပြဖို့ မလိုအပ်တော့ပါဘူး။ ပေါက်ကွဲထွက်သွားတဲ့ ကျွန်တော့်ရဲ့ ရမ္မက် တွေဟာ ရိုးရိုးလေး လက်စားချေလိုက်တာ၊ ပူပူနွေးနွေး စော်ကားလိုက် တာဆိုတာ လီဇာ သဘောပေါက်သွားပါပြီ။ အရင်က လီဇာ့ကို စော်ကား တယ်ဆိုတာ ခန္ဓာကိုယ်နဲ့ စော်ကားခြင်း မဟုတ်ပါဘူး။ အခုစော်ကားခြင်း ကတော့ ခန္ဓာကိုယ်နဲ့ပါ စော်ကားလိုက်ခြင်းပါပဲ။ အခြေအနေ အားလုံးကို ရှင်းရှင်းလင်းလင်း လီဇာ နားလည်သွားပြီလို့ မပြောနိုင်ပေမယ့် ကျွန်တော် ဟာ စက်ဆုပ်စရာကောင်းတဲ့ လူတစ်ယောက်ဆိုတာရယ်၊ ဒီထက်ဆိုးတာက ကျွန်တော်ဟာ ချစ်နိုင်တဲ့လူတစ်ယောက် မဟုတ်ဘူးဆိုတာရယ်ကို လီဇာ အပြည့်အဝ နားလည် သဘောပေါက်သွားပါပြီ။

ဒီကိစ္စဟာ မဖြစ်နိုင်ဘူး၊ ကျွန်တော့်လို အာဃာတကြီးပြီး မိုက်မဲ ရိုင်းစိုင်းတဲ့ အဖြစ်မျိုးဆိုတာလည်း လက်တွေ့မှာ မရှိနိုင်ဘူးလို့ လူကြီးမင်း ကျွန်တော့်ကို ပြောမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ပြီးတော့ လီဇာ့ကို ကျွန်တော် မချစ်တာ၊ တစ်နည်းနည်းနဲ့တောင် သူမအချစ်ကို ကျွန်တော်က အသိအမှတ်မပြုနိုင်တာတော့ လွန်လွန်းတာပေါ့လို့လည်း ပြောနိုင်ပါတယ်။

ဘာကြောင့် မယုံနိုင်စရာ ကောင်းနေရတာလဲဆိုတာ ကျွန်တော် ပြောပါ့မယ်။ လီဇာ့ကို ကျွန်တော် မချစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွက် အချစ်ဆိုတာ အနိုင်ကျင့်ခြင်း၊ လွှမ်းမိုးခြင်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကျွန်တော့်ဘဝမှာ ချစ်ခြင်းကို ဒီအဓိပ္ပာယ်အပြင် အခြား အဓိပ္ပာယ်နဲ့ ဘယ်တုန်းကမှ စဉ်းစားလို့ မရနိုင်ခဲ့ပါဘူး။ ပြီးတော့ ကိုယ်ကချစ်ရလို့ ချစ်တဲ့သူကို အလျှော့ပေး၊ အနိုင်ပေးလိုက်ရတဲ့ အခြေအနေဟာ ချစ်ခြင်းမှာ ပေါင်းစပ် ပါဝင်နေတယ်လို့လည်း ဘယ်တုန်းကမှ ကျွန်တော် မထင်မိပါဘူး။ ကျွန်တော့်ရဲ့ ကြွက်တွင်းထဲ အိပ်မက် မက်နေတဲ့အချိန်မှာတောင် ချစ်ခြင်းဆိုတာ ရုန်းကန်ယှဉ်ပြိုင်ခြင်း တစ်ခုကလွဲပြီး အခြားဘယ်လိုမှ စဉ်း စားလို့ မရနိုင်ပါဘူး။ အမြဲပဲ မုန်းတီးမှုတွေနဲ့ အစပျိုးပြီး ချစ်ခြင်းရဲ့ လက် အောက်ခံ ဘဝနဲ့ အဆုံးသတ်သွားရမြဲပါပဲ။

အခုလည်း ဘယ်လောက် မယုံနိုင်စရာ ကောင်းနေသလဲဆိုရင် ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဝတ္ထုဆန်တဲ့ စကားတွေကို နားထောင်ရုံသက် သက် ကျွန်တော့်ဆီ ရောက်လာတဲ့ လီဇာ့ကို အပြစ်တင်လိုက်ဖို့၊ အရှက် ရအောင် လုပ်လိုက်ဖို့စုတ်ပဲ့တဲ့ ကိုယ်ကျင့်တရားတွေ အလုံအလောက်ရှိနေတဲ့ ကောင်ပါပဲ။ အစစ်အမှန်ဘဝနဲ့ လုံးလုံး ကင်းကွာနေတဲ့ကောင်ပါပဲ။ ဒါပေမဲ့ လီဇာ ရောက်လာတာဟာ ကျွန်တော့်ရဲ့ အသုံးမကျတဲ့ စကားတွေကို နား ထောင်ဖို့ မဟုတ်ဘဲ သူမရဲ့ အချစ်တွေ ကျွန်တော့်ကိုပေးဖို့ ရောက်လာတာ လို့တော့ တွေးမထားခဲ့ပါဘူး။ မိန်းမတစ်ယောက်အနေနဲ့ လီဇာဟာ ဘဝကို ပြန်လည်ရှင်သန်ဖို့၊ ပျက်စီးခြင်း ဒုစရိုက်တွေက ကယ်တင်ဖို့ ဆိုတာတွေကို ချစ်ခြင်းနဲ့အတူ တွဲဖက်ထားခဲ့ပါတယ်။ တကယ်တော့လည်း ဒါဟာ လီဇာရဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။

လီဇာ့ကို သတိပေးဖို့ အရှက်မဲ့စွာနဲ့ပဲ ပုဏ္ဏားကွယ်အကာကို ခပ် အုပ်အုပ်လေး ကျွန်တော် ခေါက်လိုက်ပါတယ်။ လီဇာ တုန်လှုပ်သွားပြီး ဆတ်ခနဲ ထရပ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ရှေ့က ချက်ချင်းပြေးထွက် သွားချင်ဇောနဲ့ သူမရဲ့ အပေါ်အင်္ကျီနဲ့ ပဝါကို ကပျာကယာ ကောက်ယူလိုက် ပါတယ်။ ခဏအကြာမှာ အခန်းထဲကနေ လီဇာ ထွက်လာပြီး ကျွန်တော့်ကို စိုက်ကြည့်နေပါတယ်။ ကျွန်တော်ကလည်း အရုပ်ဆိုးစွာနဲ့ ပြန်ပြီး သွားဖြဲ ပြလိုက်ရပါတယ်။ အမှန်တော့ ဟန်လုပ်ပြီး ကျွန်တော် တော်တော် ကြိုးစား ပြုံးပြလိုက်ရတာပါ။ ဒါပေမဲ့ ကျွန်တော်ကပဲ ဦးဆုံး မျက်နှာလွှဲလိုက်ရတာပါပဲ”

“ဂွတ် … ဘိုင်”

ကျွန်တော့်ကို နှုတ်ဆက်လိုက်ပြီး တံခါးဆီကို လျှောက်သွားပါတယ်။

လီဇာ့နောက် ကျွန်တော်လိုက်ပြီး သူမလက်ကို လှမ်းဆွဲလိုက်ပါတယ်။ ပြီးတော့ သူမ လက်ဖဝါးထဲကို တစ်ခုခု ထည့်ပေးလိုက်ပြီး အခန်းထောင့်တစ် နေရာကို ကမူးရှူးထိုး ပြေးထွက်သွားလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပြန်မကြည့်ချင်တော့ဘူးလေ။ ဒါပေမဲ့ ကျွန်တော် ဒီလိုလုပ်လိုက်တာ ရူးကြောင်မူးကြောင်နဲ့ ဘာလုပ်ရမှန်းမသိလို့ လုပ်လိုက်မိတာပါလို့ လူကြီး မင်းကို ကျွန်တော် လိမ်ညာပြောလိုက်ဦးမလို့ပါပဲ။ ကျွန်တော် မလိမ်ချင် တော့ပါဘူး။ ရိုးသားစွာနဲ့ပဲ ကျွန်တော် ပြောပါ့မယ်။ လီဇာ့လက်ထဲကို ကျွန်တော် ပိုက်ဆံထည့်ပေးလိုက်တာပါ။ ပေးတာတောင်မှ အငြိုးကြီးစွာနဲ့၊ မုန်းတီးစွာနဲ့ ပေးလိုက်တာပါ။

ဒီလိုပေးဖို့ စိတ်ကူးရခဲ့တာလည်း အခန်းထဲမှာ လီဇာ ထိုင်နေပြီး ကျွန်တော်က အခန်းအပြင်မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေစဉ်က ရခဲ့တာပါ။ ဒါပေမဲ့ကျွန်တော် သေသေချာချာ ပြောနိုင်တာက ရက်စက်ယုတ်မာတဲ့ ဒီကိစ္စကို ကျွန်တော့်ရည်ရွယ်ချက်နဲ့ ကျွန်တော် လုပ်လိုက်တာပါ။ ကျွန်တော့် နှလုံးသားက စေ့ဆော်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မကောင်းဆိုးဝါး ဦးနှောက်က တိုက်တွန်း လိုက်တာပါပဲ။ ကျွန်တော့်ရဲ့ ရက်စက်ရုန်ရင်းခြင်း ဟာ ကျွန်တော့်ဦးနှောက်ရဲ့ ထွက်ကုန်သက်သက်ပါပဲ။ ဖန်တီးလုပ်ကြံခဲ့တဲ့ ကိစ္စတစ်ခုပါပဲ။ သိပ်ကိုလည်း ပြင်းထန်လွန်းလှပါတယ်။ ဒါကြောင့် တစ်မိနစ် တောင် ရပ်မနေနိုင်တော့ဘဲ လီဇာ့ကို မမြင်မတွေ့အောင် ကမူးရှူးထိုး ပြေးဝင်သွားခဲ့ရပေမယ့် ကျွန်တော့်ရဲ့ ရှက်စိတ်တွေ၊ မျှော်လင့်ချက်တွေ ကစဉ့်ကလျား ဖြိုခွဲခံလိုက်ရတဲ့အဖြစ်တွေနဲ့ လီဇာ့နောက်ကို တစ်ဟုန်ထိုး ကျွန်တော် ပြေးလိုက်သွားမိပါတယ်။ အခန်းတံခါးမကြီးကိုဖွင့်၊ လီဇာ့ ခြေသံကို ကျွန်တော် နားထောင်လိုက်ပြီး “လီဇာ … လီဇာ ...” လို့ အသံကို နှိမ့်ပြီး လှေကားအောက်ဘက်ကို ခေါ်လိုက်ပါတယ်။ ဖြေသံမကြားရပါဘူး။ ဒါပေမဲ့ အောက်ထပ်က ခြေသံတစ်သံ သဲ့သဲ့ကြားလိုက်မိတော့ ကျွန်တော့် အသံကို မြှင့်ပြီး ခေါ်ကြည့်လိုက်ပါတယ်။

“လီဆာ”

တုံ့ပြန်သံ ဘာမှထွက်မလာပါဘူး။ တစ်ချိန်တည်းမှာပဲ အောက်ထပ် တံခါးမကြီး ဖွင့်လိုက်သံ၊ ဆောင့်ပြီး ပြန်ပိတ်လိုက်တဲ့ အသံတွေကို ကြားမိလိုက်ပါတယ်။ လီဇာ ထွက်သွားပါပြီ။ အတွေးထဲမှာ နစ်ရင်း အခန်းဘက် ကျွန်တော် ပြန်လှည့်လာခဲ့ပါတယ်။ ကျွန်တော် သိပ်ကို ဝမ်းနည်းကြေကွဲ နေပါတယ်။

လီဇာထိုင်ခဲ့တဲ့ ကုလားထိုင်ဘေးမှာ ရပ်လိုက်ရင်း မှင်တက်ပြီး ရှေ့ ကို ကျွန်တော် ကြည့်နေမိပါတယ်။ မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ကျွန်တော့်မျက်စိရှေ့တည့်တည့် စားပွဲပေါ်မှာ ချေမွလုံးချေထားတဲ့ ပိုက်ဆံ တစ်ရွက်ကို တွေ့လိုက်ရပါတယ်။ ဒီနေရာမှာ အခြား ဒီလိုပုံစံနဲ့ ပိုက်ဆံလည်း မရှိနိုင်တာ သေချာပါတယ်။ ဒီပိုက်ဆံ စားပွဲပေါ်ရောက်နေတဲ့ သဘောက လီဇာ့လက်ထဲ ပိုက်ဆံထည့်ပေးအပြီး အခန်းထောင့် ကျွန်တော် လှည့်ပြီး ပြေးသွားတဲ့အချိန်မှာ လီဇာက ပိုက်ဆံကို လုံးချေပြီး စားပွဲပေါ် လွှင့်ပစ်ခဲ့ တယ်ဆိုတဲ့ သဘောပါပဲ။

ဒါဆိုရင် လီဇာ ဒီလို တစ်ခုခုလုပ်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်း နိုင်တယ်ပေါ့။ တကယ်ပဲ မျှော်လင့်လို့ရနိုင်တယ်ပေါ့။ မဟုတ်ဘူး။ မရခဲ့ပါဘူး။ ကျွန်တော့်လို အတ္တကြီးတဲ့ လူတစ်ယောက်၊ အခြားလူတစ်ယောက်အပေါ် လေးစားမှုမဲ့နေတဲ့ လူတစ်ယောက်က လီဇာ ဒီလိုလုပ်လိမ့်မယ်လို့ စိတ် တောင် မကူးမိခဲ့ပါဘူး။ ကျွန်တော် ဘယ်လိုမှ ရှေ့ဆက်စဉ်းစားလို့ မရနိုင် ကော့ပါဘူး။ မျက်စိရှေ့မှာ တွေ့တဲ့အဝတ်ကို အရူးတစ်ယောက်လို ကောက် စွပ်လိုက်ပြီး လီဇာ့နောက်လိုက်ဖို့ ကျွန်တော် ပြေးထွက်လိုက်ပါတယ်။ သူမ ခပ်ဝေးဝေး မရောက်နိုင်သေးပါဘူး။

လမ်းမပေါ် ကျွန်တော် ရောက်လာတော့ ဘယ်သူ့ကိုမှ မတွေ့ရပါဘူး။ ဘာသံမှလည်း မကြားရပါဘူး။ နှင်းတွေကတော့ ဖြောင့်တန်းစွာ ကျဆင်း လာနေပြီး လမ်းမပေါ်မှာ အလွှာလိုက် ဖုံးအုပ်နေပါတယ်။ လမ်းမီးတိုင်တွေ က မှိန်ပျပျအလင်းနဲ့။ ခြေလှမ်းနှစ်ရာလောက် ကျွန်တော် ပြေးလိုက်သွားပြီး လမ်းဆုံလမ်းခွတစ်ခု ရောက်တဲ့အခါ ရပ်လိုက်ပါတယ်။

“လီဇာ ဘယ်ဘက်ကိုများ သွားပါလိမ့်”၊ “ငါကကော သူ့နောက်ကို ဘာလို့ ပြေးလိုက်နေရတာပါလိမ့်” လို့ ကျွန်တော် တွေးမိလိုက်ပါတယ်။

ကျွန်တော်ဟာ သူမရှေ့မှာ ဒူးထောက်၊ နောင်တတွေနဲ့ ငိုပြ၊ သူမခြေဖမိုး လေးကို နမ်း၊ ပြီးရင် ကိုယ့်ကို ခွင့်လွှတ်ပါလို့ တောင်းပန်ဖို့ပဲ မဟုတ်လား။ လီဇာ့ရှေ့မှာ ဒီလို ရေရွတ်ပြလိုက်ဖို့ ကျွန်တော့်ရင် ပွင့်ထွက်သွားမတတ် မျှော်လင့်နေမိတယ်။ အဲဒီအချိန်လေးတွေကို ရင်မခုန်ဘဲနဲ့ ဘယ်တော့မှ ကျွန်တော် ပြန်စဉ်းစားလို့ ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်တာ ဘာအတွက် လုပ်မှာလဲလို့လည်း ကျွန်တော် စဉ်းစားမိပြန်ပါတယ်။

ဒီကနေ့ လီဇာ့ခြေဖမိုးလေးကို ကျွန်တော် နမ်းလိုက်တဲ့အတွက် မနက်ဖြန်၊ ဒါမှမဟုတ် တစ်နေ့နေ့မှာ လီဇာ့ကို ကျွန်တော် မမုန်းမိတော့ဘူး တဲ့လား။ လီဇာ့ကို နှိပ်စက်ခြင်းကနေ ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ် နိုင်မှာတဲ့လား။ ကျွန်တော့်ကိုယ်ကျွန်တော် ဒီကနေ့လောက် တန်ဖိုးရှိတဲ့ နေ့ကို ဘယ်တော့မှ မတွေ့နိုင်တော့ဘူးလား။ ကျွန်တော် ဒီလိုလုပ်လိုက်ခြင်း အားဖြင့် လီဇာ့အတွက် ပျော်ရွှင်မှုတွေကို ကျွန်တော်က ပေးနိုင်လိုက်ပြီလား။

မှုန်ဝါးရီဝေနေတဲ့ အမှောင်ထုကိုကြည့်ရင်း နှင်းတောထဲမှာ ကျွန်တော် ရပ်ပြီး စဉ်းစားနေမိတယ်။ အိမ်ပြန်ရောက်လာတဲ့အခါမှာ “ဒီအတိုင်းပဲ ကောင်းပါတယ်လေ” ဆိုပြီး တဖျပ်ဖျပ် နာကျင်လူးလွန့်နေတဲ့ ကျွန်တော့် ရင်ထဲက ဒဏ်ရာကို ကိုယ့်ဘာကိုယ် နှစ်သိမ့်မိလိုက်ပါတယ်။ စော်ကားခံလိုက် ရလို့ မကျေမချမ်းဖြစ်နေတဲ့ ဝေဒနာကို တစ်သက်လုံး သိမ်းထားလိုက်တာ လီဇာ့အတွက် ပိုမကောင်းဘူးလား။ ဘာကြောင့်လဲဆိုတော့ မကျေမချမ်း ဖြစ်နေရတဲ့ ဝေဒနာဟာ သန့်စင်တဲ့အရာတစ်ခု၊ စပ်ဖျဉ်းဖျဉ်းနဲ့ စူးနင့်နေတဲ့ အသိစိတ်တစ်ခု၊ တမြေ့မြေ့ နာကျင်ကိုက်ခဲနေတဲ့ အသိတရားတစ်ခု ဖြစ်လို့မို့ ပါပဲ။ ဒီလိုမဟုတ်လို့ လီဇာသာ ကျွန်တော်နဲ့အတူ ရှိနေဦးမယ်ဆိုရင် နောက်တစ်နေ့မှာပဲ သူမနှလုံးသားကို ပင်ပန်းနွမ်းနယ် သွားအောင်၊ သူမ ဝိညာဉ်ကို ညစ်ပတ် စွန်းထင်းသွားအောင် ကျွန်တော်က လုပ်မိဦးမှာပါပဲ။ အခုတော့ လီဇာ့နှလုံးသားထဲမှာ စော်ကားခံလိုက်ရတဲ့ ဝေဒနာဟာ သိသိနဲ့ နာကျင် ခံခက်ပေမယ့် ဘယ်တော့မှ သေဆုံးမှာ မဟုတ်တော့ပါဘူး။ ပျို့အန်ချင်စရာ ကောင်းတဲ့ ညစ်ပတ်စုတ်ပဲ့မှုတွေ လီဇာ့ကို ဘယ်လောက်ပဲ ဝိုင်းရံထားပါစေ နာကြည်းမုန်းတီးမှု ဒါမှမဟုတ် ခွင့်လွှတ်ခြင်းတွေက သူမကို ပိုပြီး သန့်စင်ပေးပါလိမ့်မယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီဝေဒနာကို လီဇာ ခံနိုင်ရည် ရှိပါ့မလား။ တကယ်တော့ ပျော်ရွှင်မှုနဲ့ မြင့်မြတ်သန့်စင်တဲ့ ဒုက္ခဝေဒနာ၊ အဲဒီနှစ်ခုအနက် ဘယ်အရာက ပိုကောင်းပါသလဲလို့တောင် ကျွန်တော်က မေးလိုက်ချင်ပါရဲ့။

ဒါတွေဟာ အဲဒီနေ့က အိမ်မှာထိုင်နေရင်း ကျွန်တော် ပြန်တွေးနေမိတဲ့ အတွေးတွေပါ။ ဝမ်းနည်းကြေကွဲမှုနဲ့ မျှော်လင့်ကြေကွဲမှုတွေဟာ ကျွန်တော့် အတွက် မခံမရပ်နိုင်အောင်ပါပဲ။ ဘယ်အချိန် ဘယ်အခါကမှ ဒီလောက် လောင်ကျွမ်းလုမတတ် ပူလောင်ပြင်းပြတဲ့ ဝေဒနာမျိုးကို ကျွန်တော် မခံစား ခဲ့ဖူးပါဘူး။ ဒါပေမဲ့ လီဇာ့နောက်လိုက်ဖို့ အိမ်အပြင် ပြေးထွက်သွားတဲ့အချိန် က လီဇာ့ကို မတွေ့ရဘဲ လမ်းတစ်ဝက်ကနေ ကျွန်တော် တစ်ယောက်တည်း ပြန်လှည့်လာရလိမ့်မယ်လို့ တစ်စွန်းတစ်စ သံသယလေးတောင် ကျွန်တော့် မှာ ရှိခဲ့ပါသလား။

ဒီနောက်တော့ လီဇာ့ကို ဘယ်တော့မှ ပြန်မတွေ့ ရတော့ပါဘူး။ ဒါ ပေမဲ့ ကျွန်တော့်ဘက်က ထပ်ပြောရမယ့် စကားတစ်ခွန်းလည်း ကျန်နေပါ သေးတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကိုယ်တိုင် မျှော်လင့်ကြေကွဲရတဲ့ ဝေဒနာတွေနဲ့ သေလုမတတ် ဖြစ်နေပေမယ့် အရှက်တကွဲ အကျိုးနည်းဖြစ် ခြင်း၊ စော်ကားခံရခြင်း၊ မုန်းတီးနာကြည်းခြင်းတွေနဲ့ ပတ်သက်ပြီး လီဇာ့ကို ထိထိမိမိ ပြောလိုက်ရတဲ့ ကျွန်တော့်ရဲ့ စကားလုံးတွေကိုတော့ ကျွန်တော် ကျေနပ်နေဆဲပါပဲ။

နှစ်ပေါင်းများစွာ လွန်ခဲ့ပြီးတဲ့ အခုအချိန်မှာတောင် သာတောင့်သာ ယာမရှိတဲ့ အဲဒီအဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်း ကျွန်တော် အမှတ် ရနေဆဲပါပဲ။

တကယ်တော့ စိတ်ချမ်းမြေ့စရာ တစ်ကွက်ကလေးမှမရှိတဲ့ အဲဒီလို အမှတ်သညာတွေ ကျွန်တော့်မှာ တစ်ပုံတစ်ပင်ကြီး ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်မှတ်တမ်းကို ဒီနေရာမှာပဲ ရပ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။ ဒီမှတ်တမ်းကို စရေးမိလိုက်တာကိုက ကျွန်တော် ဦးဆုံးမှားတဲ့ အမှားပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲပြောပြော ရေးနေတဲ့ တစ်ချိန်လုံးမှာလည်း အနိမ့်ဆုံး ကျွန်တော့်ကိုယ် ကျွန်တော်တော့ ရှက်စရာကောင်းနေတာပါပဲ။ ဒါကြောင့် ကျွန်တော့်မှတ်တမ်းကိုလည်း ဝတ္ထုတစ်ပုဒ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ဝန်ခံခြင်း၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ရဲ့ ဒဏ်ခတ်ခြင်းတစ်ခုလို့ ပြောတာ ပိုကောင်းပါလိမ့်မယ်။ တကယ့်တကယ်တော့လည်း လူတွေနဲ့ ကင်းကွာပြီး ညှီစို့နံစော်နေတဲ့ ကိုယ့်ကြွက်တွင်းလေးထဲမှာ ကိုယ်နေကာ ညစ်ပတ်နေတဲ့ ကိုယ်ကျင့်သိက္ခာတွေနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင် အဆိပ်ခပ်နေခဲ့တာပါပဲ။ လုပ်ကြံလီဆယ်ပြီး ရေးပြနေတဲ့ ကျွန်တော့်ဘဝဇာတ်မှာ ဇာတ်ကောင်ဖြစ် နေတဲ့ အာဃာတနဲ့ မာန်မာနနှစ်ခုဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ် ကောင်တွေတော့ မဟုတ်ပါဘူး။

ဝတ္ထုတစ်ပုဒ်လို့ ခေါ်မယ်ဆိုရင် ဇာတ်လိုက်တစ်ယောက်တော့ ရှိရ မှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ဇာတ်မှာက ဇာတ်လိုက်မဟုတ်တဲ့ လူတစ်ယောက် ရဲ့ စရိုက်လက္ခဏာတွေကို ဇာတ်လိုက်လုပ် ရေးခဲ့ပြီးပါပြီ။ အမှန်တော့လည်း ဒီအဖြစ်အပျက်တွေကို စိတ်မချမ်းမြေ့စွာနဲ့ပဲ ပြောပြဖို့ ဖြစ်လာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အမှန်တကယ်ဘဝနဲ့ ကင်းပြတ် ပျောက်ဆုံးခဲ့ကြရပြီ ဖြစ်လို့ပါပဲ။ အနည်းနဲ့ အများဆိုသလို ကျွန်တော်တို့ဟာ မစွမ်းမသန်ဘဝနဲ့လမ်းလျှောက်နေကြသူတွေပဲ မဟုတ်လား။ အမှန်တကယ် ဘဝကို လှည့်ကြည့်ဖို့ သတိလေး ပေးတာလောက်ကိုတောင် သည်းမခံနိုင် တော့တဲ့အထိ ဘဝကို ရွံမုန်းစရာအဖြစ် ကျွန်တော်တို့ ကျိုးပြတ်ခဲ့ကြပြီ မဟုတ်လား။ အမှန်တကယ် ဘဝဆိုတာ ဝေဒနာခံစားနေရတဲ့ အားထုတ်မှု တစ်ခုလို့ စဉ်းစားရတဲ့အဆင့်ကို ကျွန်တော်တို့ ရောက်ခဲ့ကြရပြီလေ။ ဝတ္ထု ထဲက ဘဝဟာ အမှန်တကယ် ဘဝထက် ပိုကောင်းတယ်လို့ ကျွန်တော်တို့ တွေ တိုးတိုးတိတ်တိတ် သဘောတူခဲ့ကြပြီလေ။ ဒီတော့ ဘာတွေများ ရေးကြီးခွင်ကျယ်လုပ်ပြီး ကျွန်တော်တို့ ဇာချဲ့ နေကြဦးမှာလဲ၊ ဘာကိုများ ကဲ့ရဲ့အပြစ်ဖို့နေကြဦးမှာလဲ။ ပြီးတော့ ဘာတွေကိုများ တောင်းဆိုနေကြဦး မှာလဲ။

အကယ်၍ ကျွန်တော်တို့ရဲ့ စိတ်ရူးပေါက်နေတဲ့ ဆန္ဒတွေသာ ပြည့်ခဲ့ မယ်ဆိုရင် ကျွန်တော်တို့ဟာ ဒီထက်မက မချိမဆံ့ ဝေဒနာတွေကို ခံစားကြရဦးမှာပါပဲ။ ဒါကို လူကြီးမင်း မယုံကြည်ဘူးဆိုရင် စမ်းကြည့်လိုက်ပါ။ ချုပ် နှောင်ထားတဲ့ ကျွန်တော်တို့ရဲ့ လက်တွေကို ဖြည်ပေးလိုက်ပါ။ လွတ်လပ်မှုကို နည်းနည်းလောက် ပိုပေးလိုက်ပါ။ ကျင့်ဝတ်စည်းကမ်းတွေကို ခေါက်သိမ်း ထားလိုက်ပါ။ ဘာတွေဖြစ်လာမလဲ သိလား။ ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်တို့ဟာ ချုပ်ကိုင်လွှမ်းမိုးမှုကို တစ်ခါ ပူဆာကြဦးမှာပါပဲ။ ကျွန်တော် ဒီလိုပြောလိုက်တဲ့အတွက် လူကြီးမင်းက ဒေါသူပုန်ထပြီး ငယ်သံပါအောင် ကျွန်တော့်ကို အော်ပစ်ချင်စိတ် ပေါက်သွားပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ပြောတာ ခဏလေး နားထောင်ပါဦး။ လူကြီးမင်းရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေ၊ လူကြီးမင်းရဲ့ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ ဝဋ်ဒုက္ခတွေ … ဒါတွေကို လူကြီးမင်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ လူကြီးမင်းရဲ့ နံဟောင်နေတဲ့ တွင်းလေးထဲမှာပဲ ပြောပါ။ ကျွန်တော်တို့ရှေ့မှာ ပြောဖို့အထိတော့ လူကြီး မင်း အတင့်မရဲလိုက်ပါနဲ့တော့။

“ကျွန်တော်တို့” လို့ ပြောပြီး ကိုယ့်ကိုယ်ကိုယ် ပုံကြီးချဲ့နေတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ရောက်ခဲ့တဲ့ နေရာဟာ လူကြီးမင်းတို့အတွက် ခရီးလမ်းတစ်ဝက်ထိတောင် မလိုက်ရဲကြတဲ့ နေရာ တစ်ခု ဖြစ်လို့ပါပဲ။ ကိုယ့်ရဲ့ ဆင်ခြေဆင်လက်တွေအတွက်၊ ကိုယ့်သက်သာရာ သက်သာကြောင်းအတွက် သူရဲဘောနည်းပြီး မကျော်ဖြတ်ရဲကြတဲ့ အစွန်း တစ်နေရာပါပဲ။ ဒါကြောင့် လူကြီးမင်းရဲ့ဘဝနဲ့ နှိုင်းစာရင် ကျွန်တော့်ဘဝက ပိုပြီး ရှင်သန်နေတယ်လို့ ပြောခဲ့တာပါ။

အမှန်တကယ် ဘဝဆိုတာကို တစ်ဆိတ်လောက် လူကြီးမင်း အေး အေးဆေးဆေး ကြည့်လိုက်စမ်းပါ။ အမှန်တကယ် ဘဝဆိုတာ ဘာလဲ၊ ဘာကို ခေါ်ကြမှာလဲ ဒီနေ့အထိ ကျွန်တော်တို့ မသိသေးပါဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ဘဝတွေကို စာအုပ်တွေနဲ့ ဝေးရာမှာ ထားကြည့်လိုက်စမ်း ပါဦး။ ဘာကို ဆုပ်ကိုင်ရမှန်းမသိ၊ ဘာကို နှောင်ဖွဲ့ရမှန်းမသိ၊ ဘာကို ချစ်ရ မှန်းမသိ၊ ဘာကို မုန်းရမှန်းမသိ၊ ဘာကို လေးစားရမှန်းမသိနဲ့ ကျွန်တော်တို့ တွေ ပျောက်ဆုံးသွားကြမှာပေါ့။ ပုဂ္ဂလိက အသွေးအသားနဲ့ လူဖြစ်နေရတာ ကို ဒုက္ခတစ်ခုလို့ ကျွန်တော်တို့တွေက မြင်နေကြပြန်တယ်။ ရွံစရာလို့လည်း ထင်ကြပြန်တယ်လေ။ ဒီတော့ ကျွန်တော်တို့တွေဟာ ပြီးပြည့်စုံတဲ့ လူသား အဖြစ်ကို ကြံစည်အားထုတ်ကြရပြန်တယ် မဟုတ်လား။ ကျွန်တော်တို့တစ် တွေဟာ အသေ မွေးဖွားလာခဲ့ကြသူတွေပါ။ နှစ်ကာလများစွာကတည်းက ကိုယ်တိုင် သေဆုံးနေတဲ့ မိဘတွေက ကျွန်တော်တို့ကို လျှောမွေး မွေးခဲ့ကြ တာပါ။ ဒါပေမဲ့ အဲဒီအရသာဟာ ကျွန်တော်တို့နဲ့ ခံတွင်းတွေ့ပြီး တဖြည်းဖြည်း ချိုမြိန်လာခဲ့ပြီ မဟုတ်လား။ မကြာခင်မှာပဲ အယူအဆတွေကတစ်ဆင့် တစ်နည်းနည်းနဲ့ ကျွန်တော်တို့ကို မွေးဖွားပေးဖို့ အားထုတ်ကြပါလိမ့်ဦးမယ်။ ကြွက်တွင်းအကြောင်းကိုလည်း ဒီထက် ကျွန်တော် ပိုမရေးလိုတော့ပါဘူး။ လုံလောက်ပါပြီ။

[မည်သို့ဆိုစေ ရှေ့နောက် မညီညွတ်သော ဘဝ၏ ပဋိပက္ခများကို ချစ်တတ်သူတစ်ဦး၏ မှတ်တမ်းသည် ဤ၌ ပြီးဆုံးခြင်း မရှိသေးပါ၊ သူ့အနေ နှင့် ဆက်လက် ရေးသားလိုသေးသော်လည်း ကျွန်ုပ်တို့အတွက် ဤမှာပင် ရပ်နားသင့်ပြီဟု ထင်မြင်မိပါသည်။]

တင်ဦးခက်

၁၅၊ သြဂုတ် ၂ဝဝ၂။

🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢

Subscribe Telegram Channel

https://t.me/TheBookR


Download Epub Kfx 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review