မော်တော်ကားတစ်စင်း၏ အတ္ထုပ္ပတ္တိ - မြသန်းတင့်
မြန်မာပြန်သူ၏ အမှာ
ယနေ့ ကျွန်တော်တို့ဆီတွင် ‘ဝတ္ထုမဟုတ်သော ဝတ္ထု’ ဆိုသည့် စာပေပုံသဏ္ဌာန် တစ်မျိုးအကြောင်းကို ပြောနေကြသည်။ အင်္ဂလိပ်လိုတော့ Non-fiction Fiction ဟု ခေါ်ကြသည်။ Non-fiction Novel ဟုလည်း ခေါ်ကြသည်။ ဇာတ်လမ်းရယ်လို့ မရှိ၊ ဇာတ်ကွက်ရယ်လို့လည်း မရှိ။ ‘ဝတ္ထု မဟုတ်သော ဝတ္ထု’ ၏ အဓိကလက္ခဏာချက်မှာ စိတ်ကူးကို အခြေမခံဘဲ အချက်အလက်ကို အခြေခံထားခြင်းပင် ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် နောက်ပိုင်းတွင် ခေတ်စားလာသည့် အမေရိကန်စာရေးဆရာ ထရူးမင်းကပေါ့၏ ‘In Cold Blood’ ဆိုသည့် ဝတ္ထုနှင့် အီး၊ အယ်လ် ဒေါတရိုး၏ ‘Ragtime’ ဝတ္ထုတို့မှာ ‘ဝတ္ထုမဟုတ်သော ဝတ္ထု’ များ ဖြစ်သည်ဟု ဆိုကြသည်။
သို့ရာတွင် စာပေသမိုင်းဆရာတို့ အဆိုအရ ကမ္ဘာတွင် ပထမဆုံး ပေါ်ပေါက်ခဲ့သော ‘ဝတ္ထုမဟုတ်သော ဝတ္ထု’ ၏ နမူနာမှာ ယခုဖော်ပြမည့် ‘မော်တော်ကားတစ်စင်း၏ အတ္ထုပ္ပတ္တိ’ ဆိုသော ဝတ္ထုဖြစ်သည်ဟု ဆိုသည်။
စာရေးဆရာမှာ ဆိုဗီယက် စာရေးဆရာ အီလျာအာရင်ဘတ် ဖြစ်ပြီး ထိုဝတ္ထုကို ၁၉၂၉ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့ရာ ယခုဆိုလျှင် အနှစ် ၆ဝ ကျော်သွားလေပြီ။
ဝတ္ထုမဟုတ်သော ဝတ္ထု၊ သို့မဟုတ် ဇာတ်လမ်းမပါသော ဝတ္ထုကို ဖော်ပြပါသည်။
စာရေးဆရာ အာရင်ဘတ်က ထိုစာအုပ် အမှာတွင် ဤသို့ ရေးထားသည်။
‘ဤစာအုပ်သည် ဝတ္ထုတစ်ပုဒ် မဟုတ်ပါ။ ကျွန်တော်တို့ခေတ်၏ မှတ်တမ်းတစ်စောင် ဖြစ်ပါသည်။ ဝတ္ထုထဲတွင်ပါသည့် ဇာတ်ဆောင်များသည် စိတ်ကူးဖြင့် ဖန်တီးထားသော ဇာတ်ဆောင်များ မဟုတ်ပါ။ ဇာတ်လမ်းကိုလည်း စာရေးဆရာက တီထွင်ထားခြင်း မဟုတ်ပါ။ သို့ရာတွင် ဇာတ်ဆောင်များ၏ လှုပ်ရှားမှုများမှာကား ထိုဇာတ်ဆောင်များ၏ တရားဝင် မှတ်တမ်း၊ ပြောဆိုချက်များကို အခြေပြုခြင်း မဟုတ်ဘဲ စာရေးသူ၏ စိတ်ကူးဖြင့် တင်ပြထားခြင်း ဖြစ်ပါသည်။
‘အချို့နေရာများတွင် ဇာတ်ဆောင်အချို့၏ တကယ့်နာမည်များကို ပြောင်းလဲရန် လိုအပ်သည်ဟု ယူဆပါသည်။ ယင်းမှာလည်း စာဖတ်သူ အများနှင့် သက်ဆိုင်ခြင်း မရှိသော လူအချို့၏ နာမည်များကို ပြောင်းလဲထားခြင်းသာ ဖြစ်ပါသည်။
‘စတော့ဈေးကွက်’ ဟု ခေါင်းစဉ်တပ်ထားသော အခန်းနှင့် ‘လမ်းများ’ ဟု ခေါင်းစဉ်တပ်ထားသည့် အခန်းများတွင် အချို့သော အချက်အလက် အသေးစိတ်များကို ရှေ့နောက် အစီအစဉ် ပြောင်းထားပါသည်။ အချို့သော ပုဂ္ဂိုလ်များ၊ အဖြစ်အပျက်များကို တစ်ခုတည်းအဖြစ် ရောထားပါသည်။ အခြားသော အခန်းများတွင်မူ ရရှိသော ကုန်ကြမ်းအချက် အလက်များကို အခြေပြုထားခြင်း ဖြစ်ပါသည်။ ထိုအထဲတွင် သတင်းစာပါ သတင်းများ၊ အစည်းအဝေးမှတ်တမ်းများ၊ တရားရုံး မှတ်တမ်းများ၊ ပေးစာများနှင့် စာရေးသူ ကိုယ်တွေ့ မျက်မြင်များကို အခြေပြုထားပါသည်။’
◾
Download

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။