တကယ်မရှိသောနှစ်များ - အောင်ခင်မြင့်
တကယ်မရှိသော နှစ်များ
အောင်ခင်မြင့်
နှစ်ကာလများ
အမှတ် ၁၀၄၊ အပေါ်ဆုံးထပ် (က)၊ အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁၈၂၅၅၉၄၈၊ ဝ၉ ၂၅၄၈၄၈၀၄၈
e-mail: theeras2001@gmail.com
ပုံနှိပ်မှတ်တမ်း
တကယ်မရှိသော နှစ်များ
အောင်ခင်မြင့်
ပဉ္စမအကြိမ်၊ သြဂုတ်၊ ၂၀၂၂။ နှစ်ကာလများ
စတုတ္ထအကြိမ်၊ ဇူလိုင်၊ ၂၀၂၀။ နှစ်ကာလများ
ပထမအကြိမ်၊ ဖေဖော်ဝါရီ၊ ၂၀၁၇။ (Black Swam စာပေ)
ဒုတိယအကြိမ်၊ ဇန်နဝါရီ၊ ၂၀၁၈။ (Black Swam စာပေ)
တတိယအကြိမ်၊ စက်တင်ဘာ၊ ၂၀၁၈။ (Black Swam စာပေ)
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၂၅၀၀ ကျပ်
ထုတ်ဝေသူ ဦးစိန်ဝင်း၊ နှစ်ကာလများစာပေ (၀၀၇၄၄)၊ ၁၀၄၊ အပေါ်ဆုံးထပ် (က)၊ အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ အတွင်းနှင့်အဖုံးပုံနှိပ် ဦးအေးဝင်း၊ အေးကမ္ဘာ ပုံနှိပ်တိုက် (၀၀၂၉၀)၊ အမှတ် ၄၆၊ ၄၆လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ မျက်နှာဖုံး မောင်ဒေး၊ ကွန်ပျူတာစာစီ သရဖီ။ စာအုပ်ချုပ် ကိုမြင့်။
တကယ်မရှိသော နှစ်များ
အိမ်တွင်းအုန်း လိုက်ကာကို ဆွဲပိတ်
အလင်းရောင်ဟာ ကန်းစေတယ်
သေမင်းရဲ့ ပန်းရောင်မျက်လုံးများ
Pearl Jam အသံမျိုးနဲ့ ငါ ဘုရားရှိခိုးနေ
ဖန်ကွဲစများဟာ စိန်လို တလက်လက်
အုတ်တံတိုင်းကြီး မူးပြီး ယိမ်းထိုးလို့
အဓိဋ္ဌာန်ကျောက်တုံးကို အားကုန် မ,ပြီး
ကိုယ့်အရိပ် ကိုယ် ပြန်ဖိသတ်ခဲ့သူတွေ
အောင်ခင်မြင့်
၁၉၉၃-၉၄ ကျွန်တော် ဆယ်တန်းအောင်ပြီးခါစပေါ့။ ဆေးလိပ် နည်းနည်းပါးပါး စသောက်ကြည့်ခါစ။ ဂွတ္တလစ်၊ အနောက်ဗဟိုလမ်း ရှေ့က လက်ဖက်ရည်ဆိုင်မှာ တစ်ခါတလေ ထိုင်တယ်။ ကျွန်တော်တို့ စိတ်ဝိညာဉ်ထဲက မကောင်းဆိုးဝါးတစ်ကောင် အော်ဟစ်လိုက်သလို ရုတ်တရက် ထွက်ပေါ်လာတဲ့ လေးဖြူရဲ့ “ရင်ခုန်စရာ အိပ်မက်များ” ဆိုတဲ့ အသံကြီးဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ အချိန်တိုင်း ပဲ့တင်ထပ်နေခဲ့တယ်။ ကျွန်တော်တို့ မျက်စိမှိတ်ပြီး ဆွဲရှိုက်လိုက်ချိန် နီရဲလာသော စီးကရက်မီးများ၊ တီရှပ်အနက်များပေါ်မှ ကျွန်တော်တို့ကို ဖမ်းစားထားသော ဆံပင်ရှည်နှင့် နတ်ဘုရားများ၊ စည်းချက်လိုက်နေတဲ့ ကျွန်တော်တို့ ခြေထောက်များ၊ ဖမ်းဆုပ်မရတဲ့ လေထဲက ဆေးလိပ်မီးခိုးများ။ ဒါပေမဲ့ အဖြစ်အပျက်တွေက ကျွန်တော်တို့ မျှော်လင့်တဲ့ စိတ်လှုပ်ရှားမှုကို အပြည့်အဝ ဖြည့်ဆည်း မပေးနိုင်လို့ နှလုံးသားတစ်ဝက်ဟာ ငြီးငွေ့မှုနဲ့ ငြိစွန်းနေတဲ့ တစ္ဆေနှစ်တွေပေါ့။ စိမ်းဖန့်ဖန့် လက်ကောက်ဝတ် သွေးကြောကလေးဟာ မီးညှိနေကျ အပြာရောင် ဂက်စ်မီးတောက်နဲ့ စိတ်အလိုလိုက်ရင်း နေ့တိုင်း နမ်းစုပ်နေကြတဲ့ ကာလတွေပေါ့။
◾
တောင်ပံတစ်ဖက် မီးစွဲနေတဲ့ လေယာဉ်ဟာ ငါတို့စားပွဲ အလယ်ကို ထိုးစိုက်ဆင်းလာတယ်။ ငါတို့ဟာ မဲခေါင်ကို စတားကိုလာနဲ့ ရောသောက်တယ်။ တစ်နေ့ တိုင်းမ်စ်ထဲမှာ ကြော်ငြာမြင်ဖူးတဲ့ Cutty Sark ကို စသောက်ဖူးတယ်။ ငါတို့ အင်းလျားကနေ ပင့်လာတဲ့ စော်က ယောက်ျားရှပ်အင်္ကျီနဲ့။ အဲဒီတုန်းက စော်တွေ ယောက်ျားရှပ်အင်္ကျီ ဝတ်ရင် မိုက်တယ်။ အဲဒီတုန်းကပေါ့လေ။ ဒါပေမဲ့ စော်ကြီးရဲ့ ဆံပင်နံ့ကို ငါ မသတီဘူး။ ဘယ်လိုမှ ဖီးလ်မလာဘူး။ ငါတို့ မူးနေပြီလား။ ငါ့တိုင်းပြည်ဟာ ဘယ်မှာလဲ။ ခွေးတစ်ကောင် ငါ့ပါးစပ်ပေါက်ထဲကနေ ခေါင်းထွက်လာပြီး ဟောင်တယ်။ ဘယ်သူ့ကို ဟောင်နေတာလဲ။ ရှေ့မှာလည်း ဘယ်သူမှ မရှိဘူးလေ။ သေချာကြည့်မှ အမှောင်ထဲမှာ မီးစုန်းလို မျက်လုံးစိမ်းစိမ်းတွေ။ ဟေ့… ဘယ်သူလဲ။ ဟေ့… ဘယ်သူလဲကွ။ ငါတို့က အုပ်စုနဲ့ဆိုတော့ စိန်ခေါ်ချင်တယ်။ လီးလား… မိုက်ရင် ထွက်ခဲ့။ အမှောင်ထဲကနေ ပြန်အော်တယ်။ မင်း မိုက်ရင် ရှေ့တိုးခဲ့။ ငါတို့ ရှေ့ကိုတိုးသွား။ ၁၉၉၅ ၉၆ ၉ရ ၉၈။ ဟေ့… ဘယ်မှာလဲ။ ဘယ်သူလဲ။ ငါ နောက်လှည့်တော့ အမှောင်ဟာ ပင်လယ်လို မျက်စိတစ်ဆုံး။ ကမ်းမမြင်၊ လမ်းမမြင်။ သွားပြီ။ ငါတို့ကို မျှားခေါ်လာတာ။ ဟားဟား… မမြင်ရတဲ့ အရာကို စိန်ခေါ်တဲ့သူတွေ။ တကယ့် စောက်ရူးတွေပဲ။
◾
ဦးချစ်မောင် လမ်းမကြီးဟာ ငါတို့ရဲ့ အမှတ် ၅ ရိပ်သာ (Fifth avenue) ပေါ့လေ။ ရန်ကုန်ဟာ နျူးယောက်ပဲ မဟုတ်လား။ တာမွေအဝိုင်းထိပ်ကနေ ဒီဘက် ဂွတ္တလစ်ဈေးကြီးအထိ ငါတို့ပိုင်နက်ပဲ။ ဟိုဘက်မှာက ရန်ကင်း။ “ခိုးစိတ်တိုးတိတ် လွမ်းချိန်” ကို ပေးပြီး စိုးလွင်လွင်ကို ပြန်ယူသွားတဲ့ ရန်ကင်း။ ငါတို့ရှေ့မျိုးဆက်ရဲ့ စစ်သင်္ချိုင်းဖြစ်တဲ့ ရန်ကင်း ပိုက်လုံးကြီးရဲ့ ဂန္ထဝင်ဆည်းဆာ နေရောင်အောက်မှာ ငါတို့ဟာ ကမ္ဘာမြေ တစ်ခွင်လုံးကို လွှမ်းခြုံထားတဲ့ မရဏဆံနွယ်တွေကို ငေးမောမှင်သက်ခဲ့ကြ။ ဝါတာလူးစစ်ပွဲကို သွားတဲ့ နပိုလီယန်ပမာ ငါဟာ သံပိုက်လုံးပေါ်မှာ ရင်ကော့ရပ်ရင်း ညသန်းခေါင်ထဲ ဆက်တိုးဖို့ ငါ့ကိုယ်ငါ အမိန့်ပေးခဲ့။ ဆေးကျောင်းထဲမှာ စိုးလွင်လွင်ကို နောက်ဆုံးတွေ့တော့ ဒီဘဲက မရတော့ဘူး။ အဲဗားကွဲတဲ့ကာလ ဖြစ်သွားပြီ။ သီချင်းတစ်ပုဒ်ကို ဆိုတာ မရပ်တော့ဘူး။ ပွဲမပျက်အောင် စင်ပေါ်ကလူတွေ ဝိုင်းထိန်းရတယ်။ ခေတ်ဟာ ငါတို့ သူရဲကောင်းတွေကို ဂေါက်စေခဲ့ပေါ့။ ငါတို့ မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ အရာတွေဟာ အများကြီး။ မယုံနိုင်လောက်အောင် အများကြီး။ သံဆူး ကြိုး အတားတွေ ရှေ့မှာ ဖင်လှန်ပြပြီး ရပ်ကွက်ထဲ ပြန်ပြေးလာတဲ့ လူတွေ၊ မီးမြှိုက်ခံရတဲ့ ပျားအုံ၊ လူသားစား တီကောင်တွေ၊ ပတ်တီးကြီး ပတ်ထားတဲ့ ကြီးကောင်ဝင်စ ငါ့ပစ္စည်း၊ ကျိုက္ကဆံကွင်းထဲ သွားသွား ဂွင်းတိုက်ကြတဲ့ ကျောင်းသားတွေ (ထောက်လှမ်းရေးက မိရင် ဆိုင်ကယ် မောင်းခိုင်းသတဲ့။ ဆိုင်ကယ်မောင်းတယ် ဆိုတာ ဆိုင်ကယ်မောင်းတဲ့ပုံစံ လုပ်၊ ပါးစပ်က ဘူးဘူးလို့ အော်ပြီး ကွင်းထဲ ခေါက်တုံ့ခေါက်ပြန် ပြေးရတာ။ သူတို့က ဘယ်ရောက်ပြီလဲဟေ့ လို့ မေးရင် မှော်ဘီ၊ မင်္ဂလာဒုံ စသဖြင့် ပြန်ဖြေရ။ အဲဒီကာလပေါ့။) ဗိုက်မှာ သွေးတွေနဲ့ လူတစ်ယောက်ကို ပုဆိုးပုခက်နဲ့ ဝါးလုံးလျှို ထမ်းလာတာ၊ ကတ်ထူစက္ကူနဲ့ လုပ်ထားတဲ့ ဒီပင်္ကရာ မြတ်စွာဘုရား၊ ဆန့်ကျင်ကြဆိုတဲ့ စာသားနဲ့ ဆုံးတဲ့ ဆိုင်းဘုတ်ကြီးတွေ၊ စော်တွေ အောက်ခံ ဘောင်းဘီပေါ်က စိုနေတဲ့အကွက်၊ ပင့်ကူအိမ်လို ကွဲသွားတဲ့ ကားရှေ့မှန်၊ ကန်တော်ကြီးထဲမှာတုန်းက ဘေးကားပေါ်မှာ ဘိုဘိုနဲ့ သူ့စော်… ပြောရင် မကုန်ဘူး။ ပိုက်လုံးကြီးအတိုင်း လျှောက်သွားရင် ဘယ်ရောက်မှာလဲ။ ငါတို့မြို့ကိုပေးတဲ့ သောက်သုံးရေထဲ ငါ အဆိပ်ထည့်လိုက်ချင်တယ်။ ဒီဇာတ်လမ်းကို ပြီးအောင်…။ တစ်ခါက ရော့ခ်အင်ရိုးတွေနဲ့ နောက်တစ်ခါ ပြန်စရအောင်။
◾
နူးညံ့တဲ့ ပါးပြင်ပေါ်က အရေးအခင်းကြီးရဲ့ အနံ့။
အဲဒီအချိန်က နှစ်တစ်နှစ်ဟာ ဆယ်နှစ်စာလောက်ရဲ့ လေးလံ သိပ်သည်းမှုမျိုးနဲ့။ အဖြစ်အပျက် ကင်းမဲ့ခြင်းဟာ သမိုင်းကို ပိုမို လေးလံစေသလိုမျိုး။ ငါတို့ ကျောပေါ်က ကျောက်သားတောင်ပံကြီးတွေပေါ် မိုးတွေ တစက်စက် ရွာသွန်းလို့။ ဝါးတန်းလမ်း Dream ဆိုင်ဘေးမှာ ကားခဏရပ်ပြီး ငါ့စော်ကို ငါ အကြာကြီး ကစ်စင်ဆွဲမိတယ်။ ဟိုး ရေအောက်ကြမ်းပြင်ဆီ ရေငုပ်သလို။ ပြီးတော့ မွန်းနေတယ်။ မြေပေါ်မှာ ရေနစ်သူတွေ။ ကားပေါ်မှာတော့ Leo Sayer ရဲ့ When I need you လား၊ Lionel Richie ရဲ့ Hello လား၊ Bryan Adams ရဲ့ Everything I do လား တစ်ခုခုပေါ့လေ။ သူမရဲ့ ဂျင်းဘောင်းဘီပေါ်မှာ new kids ထဲက စောက်ပေါတစ်ကောင် နာမည်ကို ဘောလ်ပင်နဲ့ ရေးထားတယ်။ ဆေးကျောင်းမှာ ဦးနန်းနွယ်ရဲ့ ကျောက်စီပန်းချီကားကြီးကို ငါတို့ ဘောလုံးနဲ့ ကန်တယ်။ MCR ထဲမှာ ပင်ပေါင်ရိုက်မယ်။ ရတနာဝင်းထိန် ဖတ်မယ်။ လူသေကို ခွဲကြတော့ လူသေရဲ့ဗိုက်ကို ဖွင့်လိုက်တဲ့အခါ အထဲမှာ ရွှေရောင်ဂျုံခင်းကြီး။ လေတွေ တဟူးဟူးနဲ့။ ကျီးတွေလည်း ဝဲလို့။ ငါတို့တွေ ရှင်ကြီးဝမ်းထဲ ဝင်ခဲ့ကြ။
◾
သစ်သားမီးခြစ်ဆံရဲ့ ယမ်းနံ့ဟာ မွှေးလှတယ်။ တရှဲရှဲ မီးတောက်ကလေးတွေ ပေါ်လာလိုက်၊ ငြိမ်းသွားလိုက်။ မှောင်လိုက်၊ လင်းလိုက် အချိန်များ။ ရေစိုနေတဲ့ ငါတို့ ကျောက်သားတောင်ပံပေါ်မှာ ရေညှိစိမ်းစိမ်းတွေ တက်လာ။ လက်ဖက်ရည်ဆိုင် ထိုင်ရင် တောင်ပံစိုစိုတွေကို ဆိုင်ရှေ့မှာ ထားခဲ့ရတယ်။ ထီးအနက်တွေနဲ့ ကျောက်သားတောင်ပံတွေဆီက ရေစက်လက် ကျနေတယ်။ ငါတို့ရှေ့ကို ဒန်းဟေးတစ်ပွဲ ရောက်လာပြီ။ မိုးဖွဲလေးတွေ မှန်ပြတင်း တဖြည်းဖြည်း စီးဆင်းသွား။ မြေပြင်ပေါ်မှာ မင်း ခြေရာတွေ မိုးထဲ ပျောက်လို့သွား။ ‘ဆူးလေး…’ နေရာကို ငါ အကြိမ်ကြိမ် အအော်ကျင့်တယ်။ မိုးစက်တွေက လောင်ကျွမ်းနေတယ်။ မျက်ရည်တွေက လမ်းတစ်ဝက်မှာ ခဲခဲသွားတယ်။ မိန်းမတွေရဲ့ မျက်လုံးဟာ ကျည်မပါတဲ့ ခြောက်လုံးပြူး သေနတ်အိမ်လိုပဲ။ ငါ ထွင်းဖောက်ပြီး မြင်နေရတယ်။ အခေါင်းပေါက် မျက်လုံးအိမ်ရဲ့နောက်မှာ တိမ်မည်းတွေ။ တိမ်မည်းတွေနဲ့အတူ လက်ခနဲ လက်ခနဲ လျှပ်စီးကြောင်းတွေ။ ဆူးလေးကို အသက်မရှူဘဲ ငါ အရှည်ကြီး အော်တယ်။ မရပ်ဘူး။ ဇော်ဝင်းထွဋ် ရပ်သွားတောင် ငါ မရပ်ဘူး။ ဆူးဟာလည်း ငါ့အသံအတိုင်း ရှည်ထွက်လာတာဟာ ဂျက်ရဲ့ ပဲပင်လို ကောင်းကင်အထိ။ ကောင်းကင်ကိုပါ ဖောက်တဲ့အထိ။
◾
လာပြီ၊ မြင်းရိုင်းအုပ်ကြီး ပြေးလာသလို ဂစ်တာသံတွေ။ နန်ယန်ကျောင်းမှာ အဲဒီ Iron Cross show လုပ်တော့ ကျွန်တော် ဆယ်တန်းအောင်ပြီး ဆေးကျောင်းတက်ဖို့ စောင့်နေတဲ့အချိန်။ ငှက်ကြီးပါတဲ့ ဒီပွဲရဲ့ အဖွင့်သီချင်းဟာလည်း ‘အကြင်နာကင်းတဲ့ မိန်းမလှလေး’ ပဲ။ တကယ် တော့ လူငယ်ဘဝရဲ့ အဖွင့်သီချင်းအဖြစ် ‘အကြင်နာကင်းတဲ့ မိန်းမလှလေး’ ထက် ပိုသင့်တော်တာ ဘာများ ရှိနိုင်ဦးမှာလဲ။ နောက်ပြီး မိန်းမလှလေးတွေ အကြင်နာကင်းခြင်းဟာ ငါတို့လျှာပေါ်မှာ အရက်ကို ချိုစေခဲ့တယ် မဟုတ်လား။ အဲဒီနေ့က ကျွန်တော်တို့ မန္တလေးရမ်တွေ ကစ်ကြတယ်။ ၉၀ ပြည့်နှစ်များရဲ့ ရန်ကုန်ဟာ ဘာလဲလို့မေးရင် Pantera အနက်ရောင် တီရှပ်တစ်ထည်ရဲ့ လက်မောင်းမှာ စွဲနေတဲ့ မန္တလေးရမ်ရဲ့ အနံ့ပဲလို့ ကျွန်တော်ဖြေမယ်။ ကျွန်တော်တို့ရဲ့ အော်သံများဟာ သူ့နားသူ ပိတ်ထားတဲ့ ရာဇဝင်ရဲ့ လက်တွေကို အတင်းဆွဲဖယ်ခဲ့။ အဲဒီ ရာဇဝင်ရဲ့ နားနှစ်ဖက်ထဲ လေးဖြူနဲ့အတူ ‘သေခြင်းရဲ့ တံခါးများ’ လို့ မိုးထစ်ချုန်းသလို အော်ပစ်ခဲ့။ ကျွန်တော်တို့ အမူးလွန်သွားရင် မာရ်နတ်ဟာ ကျွန်တော်တို့ကို အိမ်ပြန်ပို့ပေးတယ်။ တိုယိုတာကိုရိုလာ ဘ/၈၇၇၀။ မာရ်နတ်ဟာ ကားကို လီဗာအကုန် နင်းတယ်။ ဘယ်မီးပွိုင့်မှာမှ မရပ်ဘူး။ မီးနီတွေ၊ မီးဝါတွေ တရိပ်ရိပ်။ ရှေ့မှာ ကားတစ်စီး ခေါင်းချင်းဆိုင်လာနေတယ်။ မာရ်နတ်ဟာ လက်တစ်ဖက်နဲ့ စတီယာရင်ကို ကိုင်ထားပြီး နောက်တစ်ဖက်နဲ့ စီးကရက် မီးညှိတယ်။ ကျွန်တော်တို့ မျက်စိတွေမှိတ်ပြီး “အား” လို့ အသံကုန်အောင် အော်တယ်။ ရုပ်ရှင်တွေထဲမှာတော့ ကားနှစ်စီး ခေါင်းချင်းဆိုင်ကြတဲ့အခါ ရှောင်တဲ့ကားဟာ မှောက်သွားတာပဲ။ အမြဲလိုလို ကားမှောက်သူဟာ ဗီလိန်ပေါ့လေ။ ရုပ်ကြမ်းသလောက် စိတ်ဓာတ်ပျော့ညံ့သူပေါ့လေ။ Fuck ငါတို့ကို ဖျက်ဆီးနေတာ အဲဒီရုပ်ရှင်တွေပဲ။ မာရ်နတ်ဟာ ကျွန်တော်တို့ရှိတဲ့ ကားနောက်ခန်းကို လှည့်ကြည့်ပြီး သူ့လက်ညှိုးနဲ့ ပါးစပ်ကိုကပ်လို့ “ရှူး”လို့ လုပ်ပြတယ်။ အားလုံး ရုတ်တရက် တိတ်ဆိတ်သွားတယ်။ ကျွန်တော်က လေသံတိုးတိုးလေး မေးခဲ့။ အရေးအခင်းကြီး ပြီးသွားပြီလား။
◾
ထိုနှစ်များသည် သမိုင်း၌ ကွက်လပ်ဖြစ်နေ၏။ ထိုကာလမှာ ကြီးပြင်းခဲ့သူများ၏ မှတ်ဉာဏ်ထဲမှာလည်း ကွက်လပ်ကြီး ဖြစ်နေခဲ့သည်။ ဘာနှင့် တူသလဲဆိုတော့ Russian roulette ကစားသူတစ်ယောက် သူ့နားထင် သူ သေနတ်နှင့်တေ့ပြီး ပစ်လိုက်တော့ ကျည်ဆန်မဟုတ်ဘဲ ကွက်လပ်တစ်ခု၊ သို့မဟုတ် ဗလာတစ်ခု သူ့ခေါင်းထဲ ဝင်သွားပုံမျိုး ဖြစ်သည်။ ကွက်လပ်တစ်ခုသည် ကျည်ဆန်တစ်တောင့်ထက် ပိုဆိုးမည်ဟုလည်း မည်သူမှ မထင်ခဲ့။
နတ်သားဝတ်စုံကြီးနဲ့ တစ်စုံတစ်ယောက် ဆေးလိပ်ထိုင်သောက်နေတယ်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲရာသီနဲ့အတူ တစ်ရက်ပဲ အသက်ရှင်ရတဲ့ ဆောင်းပလူတွေ ရောက်လာတယ်။ ဘုရားဆင်းတုဟာ တစ်စုံတစ်ရာ စကားမဆို။ နတ်သားရဲ့ ရှိနေတဲ့ အင်္ကျီနောက်ကျောကို ငေးလို့။ ညဘက် လမ်းထဲမှာ ဗီဒီယိုပြတယ်။ လူကြီးတွေ အောကား စုကြည့်ကြတယ်။ စော် မဖိုက်ဖူးသေးတဲ့ လူဟာ လူမဖြစ်သေးဘူး။ ငါ ငယ်ငယ်ကတည်းက အဖေ့ ဆေးစာအုပ်တွေထဲမှာ မိန်းမအင်္ဂါတွေ တွေ့ဖူးတယ်။ ရောဂါတွေနဲ့။ ဖူးယောင်နေတဲ့ ပန်းပွင့်တွေလို။ ဆေးကျောင်း ပထမနှစ်မှာ ငါတို့ အာစီတူးကို ခဏခဏ သွားတယ်။ ငါတို့ မျက်စိမှိတ်လိုက်ရင် ထက်ထက်မိုးဦး နှုတ်ခမ်းကို လျှာနဲ့သပ်နေတာ ပေါ်လာတယ်။ ငါတို့ မျက်စိဖွင့်လိုက်တော့ တီဗီပေါ်မှာ မင်းသွေးငယ်။ ကြိုက်ကုန်းတွေကိုလည်း အသေဖီးလ်လာ။ AIDS ကိုလည်း အသေကြောက်တဲ့ ဆေးကျောင်းသားတွေ။ မိုးသက်တင်ကို ကြွေတဲ့ စော်တွေဟာ ငါတို့ ကားထဲမှာ နှိုက်တော့ ငြိမ်ကျသွားတယ်။ ယူရို 96 ကြည့်ရင်း ငါတို့ကိုယ်ငါတို့ hooligans တွေလို့ ထင်လာတယ်။ ဘီယာသောက်မယ် (ဘတ်ဝိုက်ဇာမှ)။ ဘောလုံးပွဲ ကြည့်မယ်။ မိုက်ခရိုစကုပ်ကို လုပြီး တိုးကြည့်နေတဲ့ စောက်တရုတ်တွေကို လီးပဲကွာလို့ ပြောပြီး အခန်းထဲက လှည့်ထွက်လာကြတယ်။ ကား စတစ်ကာအနက်တွေကို ဖောက်ဝင်လာတဲ့ နေရောင်ဟာ အေးစက်နေရဲ့။ ဟော့ပါးရဲ့ နေရောင်လိုမျိုး။ ငါတို့အိမ်ဟာလည်း ဟော့ပါးရဲ့ မိုတယ်လိုပဲ။ ငါတို့စိတ်ထဲမှာ အိမ်အမြဲပြန်ချင်နေတယ်။ အိမ်ရှေ့က ဓာတ်မီးတိုင်မှာ ပလူတွေ။ ပလူတွေဟာ နတ်သားအင်္ကျီနဲ့ လူဆီ ပျံသွားကြတယ်။ ပြီးတော့ အဲဒီနတ်သားကို ပလူတွေ ဝိုင်းချီပြီး အနက်ရောင် ကောင်းကင်ကြီးဆီ ပျံသန်းသွားကြတယ်။
◾
ငါ့ရှေ့က နက်စ်အောခွက်ထဲမှာ ဇောက်ထိုးပေါ်နေသော အလံတော်။ အလံတော်ဟာ အနက်ရောင် ရေလှိုင်းတွေထဲမှာ တလူလူ လွင့်လို့။ ဇွန်းနဲ့ ငါ မွှေလိုက်တဲ့အခါ အလံပေါ်က ကြယ်တွေ ပြန့်ကျဲသွားပြီး တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်သွား။ ကော်ဖီကုန်သွားတော့ ခွက်အောက်ခြေမှာ ကြယ်အသေတွေ။ သင်္ချိုင်းမြေပုံတစ်ခုလို၊ ရုတ်တရက် ငါ့ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်တစ်ခုပမာ ကတ်ကိုဘိန်း ထသွားတယ်။ တွဲလောင်းကျနေတဲ့ သားရေပင်ကြိုးပေါ်က ဂက်စ်မီးခြစ်ဆီ။ ကတ်ဟာ နယူးယောက် unplugged ပွဲတုန်းက ဝတ်တဲ့ ဆွယ်တာကြီးနဲ့။ လူမမာကြီးလိုပဲ။ ကတ် မီးညှိပြီး ငါ့ကိုယ်ထဲမှာ ပြန်ဝင်ထိုင်တဲ့ အချိန်အထိ သားရေပင်ကြိုးနဲ့ ဂက်စ်မီးခြစ်ဟာ တယမ်းယမ်းဖြစ် ကျန်ခဲ့တုန်း။ ပြန်ပြီး မငြိမ်သေးခင်မှာပဲ နောက်ထပ် လက်တစ်ခုက မီးခြစ်ကို ဆတ်ခနဲ ဆုပ်ကိုင်ခဲ့။ အဲဒီလက်ရဲ့ လက်ဖျံပေါ်မှာ ‘သွေးကြွေး’လို့ တက်တူးထိုးထားရဲ့။ ငါက ရေနွေးကြမ်းခွက်ထဲ လက်ညှိုးနှစ်ပြီး လက်ဖက်ရည်ဆိုင်က စားပွဲပေါ်မှာ ရေနဲ့ ‘သွေးကြွေး’လို့ ရေးခဲ့။ နောက် ‘ဒရက်ကူလာ’လို့ ရေးခဲ့။ နောက် ‘နှင်းရေ’လို့ ရေးခဲ့။ ရေနဲ့ရေးခဲ့တဲ့ အဲဒီလို စာသားအပိုင်းအစတွေဟာ တစ်ချိန်မှာ သမိုင်းဖြစ်လာမယ်လို့ ကိုယ့်အနာဂတ်တောင် ကိုယ်မသိတဲ့ ကောင်တွေက ဘယ်လိုလုပ် သိမှာလဲ။
◾
၂၀ ရာစုရဲ့ နောက်ဆုံး ဆယ်စုနှစ်ဆိုတဲ့ အချိန်ကာလဟာ ကမ်းခြေမှာ ဝေလငါးအသေကြီး လာတင်သလို ငါတို့ရှေ့မှာ ပေါ်လာခဲ့။ ငါတို့က မျက်မမြင် ပုဏ္ဏားများပမာ ဝေလငါးကြီးကို ထိကိုင် စမ်းသပ်ကြ။ ငါတို့ မျက်နှာတွေ၊ ရင်ဘတ်တွေ၊ လိင်တံတွေနဲ့ ဝေလငါး အသေကြီးကို ပွတ်သပ်။ ဝေလငါးကြီးရဲ့ ဗိုက်ထဲကို ငါတို့ တစ်ည ဝင်သွားခဲ့ချိန်မှာတော့ မီးလင်းနေတဲ့ Escapade နိုက်ကလပ် ဆိုင်းဘုတ်ကို တွေ့တယ်။ အဲဒီ ညက 555 ဆေးလိပ် promotion ပွဲ။ ဒစ္စကိုမီးတွေက ငါတို့ကိုယ်ပေါ် မှာ။ နတ်ဆိုးရဲ့ ဆူညံတဲ့ဂီတက ငါတို့နားထဲမှာ။ တောင်ဝှေးတစ်ချောင်းနဲ့ လှည့်ပတ် လမ်းလျှောက်နေတဲ့ ဂျော်နီက ငါတို့သွေးထဲမှာ။ ဘေးမှာက ဆူးလေမီးသတ်။ ဒီဘက်မှာက ငြှိမ်းလို့မရတဲ့ မီးတွေ။ ဟေ ဟေ ဟေ ဟေ။ ဝေလငါးကြီးရဲ့ ဝမ်းတွင်းသားတွေဟာ နူးညံ့လှရဲ့။ ငါ့ကို အသေ ရှိုးနေတဲ့ ဂါဝန်အဖြူနဲ့ စော်တစ်ပွေ။ ဒါပေမဲ့ ဘဲကြီးတွေနဲ့ ပါလာတာ။ ငါ့မျက်စိထဲမှာ ဂါဝန်အဖြူလေးဟာ လှလာတယ်။ မပြန်ခင်မှာ ငါ့ကို ဖုန်းနံပါတ် လာပေးသွားတယ်။ ငါတို့အုပ်စု 555 ဆေးလိပ်တစ်တောင့် မဲပေါက်တယ်။ အဲဒီညမှာတော့ ငါတို့ဟာ နှစ်သိမ့်ဆုပဲရတဲ့ မနူးမနပ် ဆေးကျောင်းသားတွေပေါ့။ နောက်နေ့မှာ အဲဒီဖုန်းကို ငါ ဆက်တယ်။ တစ်ဆင့်ခေါ်ရတဲ့ ဖုန်းကြီးပဲ။ သူ့အိမ် လာခဲ့ပါဆိုလို့ သွားတော့ မအူကုန်းနားက ရပ်ကွက်မှာ။ တော်ပါပြီကွာ။ စိတ်ထဲလည်း သိပ်မပါတော့ ငါ စိတ်လျှော့လိုက်တယ်။ အပြန်လမ်းရဲ့ ကောင်းကင်မှာ ခဲပုပ်ရောင် တိမ်တွေ အပြည့်။ Kielowski ရဲ့ ရုပ်ရှင်တွေထဲက ပိုလန် ကောင်းကင်တွေလို။ ထူးဆန်းတဲ့ အလင်းရောင်မျိုးနဲ့။ ငါ့ကိုယ်ငါလည်း အိမ်ခြေယာမဲ့ ဂျူးတစ်ယောက်လို့ ငါ ထင်လာတယ်။ တစ်မိသားစုလုံး အော့စ်ဝစ်ချ်မှာ အသတ်ခံရပြီး တစ်ယောက်တည်း အသက်ရှင် ကျန်ခဲ့သူလို။ ရှိသမျှ ကံကောင်းမှု အားလုံးနဲ့ ရှိသမျှ အပြစ်ခံစားရမှု အားလုံးကို တစ်ယောက်တည်း ပိုင်ဆိုင်သူလိုမျိုးပေါ့။ ငါ့ကားဟာ ကုန်းမြေရဲ့ အဆုံးကို ရောက်လာတယ်။ ဝေလငါး အသေကြီးရဲ့ ရှေ့မှာ ကားကို ငါ ရပ်လိုက်တယ်။ ဝေလငါးဟာ အရိုးတွေတောင် ပေါ်နေပြီပဲ။ လှိုင်းတွေဟာ ဝေလငါးအရိုးစုကြီးကို တစ်ဝက်တစ်ပျက် ဖုံးသွားတယ်။ ငါက လှိုင်းတွေကို မျက်နှာမူရင်း Heil Hitler လို့ အကျယ်ကြီး အော်ခဲ့။
◾
လူငယ်ဆိုတာ စစ်အာဏာရှင် စနစ်ကို အသေအလဲ စက်ဆုပ်သလောက် စစ်ဂျာကင်ကို အရူးအမူး ဝတ်ချင်သူ။ ငါတို့ ခေါင်းထဲမှာ ငါတို့ကို အမိန့်ပေး ထိန်းချုပ်နေတဲ့ အမည်နာမမဲ့ အသံတော်ရှိတယ်။ အေဗရာဟင် ကြားရတဲ့ ဘုရားသခင်ရဲ့ အသံမျိုးထက် ငါတို့ကြားတဲ့ အဲဒီ အသံတော်ကတော့ အနီးစပ်ဆုံး ဆိုရရင် Eddie Vedder ရဲ့ အသံနက်ကြီးနဲ့ တူတယ်။ စစ်ဂျာကင်ကြီးနဲ့ Eddie လေ။ ကိုယ်တို့အားလုံးဟာ အဲဒီ အသံတော်ရဲ့ သားတော်တွေ။ အသံတော်ဟာ သန်းခေါင်ချိန်ဆို ငါတို့ကို အတင်းလှုပ်နှိုးတယ်။ ဒေါသထွက်နေတဲ့ လူထုကြီးရဲ့ ကြွေးကြော်သံတွေကို သွင်းထားတဲ့ demo tape တွေကို ညအချိန်မတော် ငါတို့ နားထောင်ရ။ ဆေးကျောင်းတက်တော့ ငါ ဂွတ္တလစ်မှာ မဟုတ်တော့ဘူး။ အင်းလျားရိပ်သာ ရောက်သွားပြီ။ ကံစီမံသလိုပါပဲ။ စစ်ပြေးရင်း ပိုင်ရှင်မရှိတဲ့ အိမ်ကြီးရခိုင်မှာ နေခွင့်ရခဲ့သလိုပေါ့။ ကားမှန် စတစ်ကာတွေ ပိုမည်းလာတယ်။ မျိုးကျော့မြိုင်နဲ့ ထွန်းအိန္ဒြာဗိုအခွေ နားထောင်ရတယ်။ နောက်နှစ်တွေ နှစ်တွေရဲ့ မေ ၃၁ မှာ မိုးတွေ ပိုသည်းပြီး ကိုယ့်စိတ်တွေ ပိုလေခဲ့တယ်။ ခေမရဌ်မှာ ရှမ်းခေါက်ဆွဲစားရင်း တက္ကသိုလ်ကျောင်းရဲ့ အနံ့ကို ခွေးတစ်ကောင်လို ငါ မျက်စိမှိတ် အနံ့ခံခဲ့။ ငါတို့ အမွေးပေါ်က ရေစက်တွေကို ခါရင်း ပုဂံလမ်းမှာ ငါတို့ နာနာကျင်ကျင် အူခဲ့ကြ။ သစ် ပင်တွေ မီးလောင်နေသလို စိန်ပန်းတွေ ပွင့်လာပြန်တယ်။ မိုက်ခရိုစကုပ် အောက်မှာ ကျည်ဆန်ရဲ့ သွေးဖြူဥတွေ ပွားလာတာ ငါတို့ ကြည့်ကြတယ်။ သထုံလမ်းပေါ်မှာ ဇော်ဂျီ၊ မင်းသုဝဏ်တို့ရဲ့ ခြေရာတွေကို ငါတို့ရှာတယ်။ တကယ် ငါတို့တွေ့တာ သုက်ရည်မခြောက်သေးတဲ့ ကွန်ဒွန် အဟောင်းတွေနဲ့ သောက်ပြီးလို့ လက်နဲ့ဖျစ်ညှစ်ထားတဲ့ Tiger ဘီယာ ဘူးခွံတွေ။
◾
‘The catcher in the rye… that's all I really want to be…’
J D Salinger
ဗန်ဂိုး သတ်သေခဲ့ရာ ဂျုံခင်းနဲ့တူတဲ့ မိန်းမတစ်ယောက်ရဲ့ ရွှေရောင် ဆီးခုံမွေးတွေကိုလည်း ငါ မြင်ဖူးသွားခဲ့ပြီ။ အကြောပြိုင်းပြိုင်း ထနေတဲ့ နံပါတ်တုတ်ဟာ ပုန်ကန်သူကို ကောင်းစွာ ငြိမ်သက်သွားစေ နိုင်တာလည်း ငါ နားလည်ခဲ့ပြီ။ ၂၀ ရာစု ပြီးသွားပြီ။ ဆိုရှယ်လစ် အိပ်မက်ကနေ ငါတို့ နိုးလာပြီ။ Iron Maiden တီရှပ်ပေါ်က အရိုးခေါင်းကြီးက မင်္ဂလာပါလို့ ညီထွဋ်အသံနဲ့ ငါ့ကို နှုတ်ဆက်တယ်။ ဟိုဘက်လမ်းက လက်ဖက်ရည်ဆိုင်ဆီ လမ်းကူးပြီး သွားဖို့အရေး စစ်ကားတန်းကြီး ဖြတ်နေတာ စောင့်ရတယ်။ ခြောက်လုံးပြူး သေနတ်အိမ်ကို တစ်ယောက်ယောက်က လှည့်ပြီး ကစားနေသလို ဆင်တူနေ့တွေပဲ ရောက်ရောက်လာ။ တစ်ဆိတ်ရှိ အင်းလျားကို သွားတယ်။ ဘုတ်ကလပ် ရောက်တယ်။ အာစီတူး ရောက်တယ်။ ညနေဆို အင်းလျားမှာ စော်ခေါ်ဖို့ စောင့်နေတဲ့ ကားတွေချည်းပဲ။ ငါ့သူငယ်ချင်း အဲဒီကချင်မကို ဖိုက်နေတာ ငါ မြင်နေရတယ်။ တံခါးကို လုံအောင်မှ စေ့မထားဘဲ။ စောက်ရှက်ဆိုလို့ တစ်စက်မှမရှိတဲ့ ကောင်မျိုး။ ပိုက်ဆံဆိုလည်း သူများဆီကပဲ ကပ်သုံးတာ။ ငါ့မွေးနေ့တစ်ခုမှာတော့ Motorhead ကက်ဆက်ခွေလေး လက်ဆောင်ပေးဖူးတယ်။ RIT ပိတ်သွားပြီးနောက်ပိုင်း သူနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ သူ သေတာ ကြားတော့ ငါ ဘာမှ မခံစားရဘူး။ ပဲခူးဘက်မှာ ဘုန်းကြီးဝတ်ရင်း သေတယ် ပြောတာပဲ။ ဒီကောင်က Leaving Las Vegas ထဲက နစ်ကိုလပ်စ်ကေ့ချ်လိုကောင်။ သူ့ကိုယ်သူ သေအောင် တမင်လုပ်နေတာ။ ရှင်စရာ ဘာအကြောင်းရှိလို့လဲကွာ လို့ မပြောပေမဲ့ ပြောနေသလိုမျိုး။ Leaving Las Vegas ပြန်ကြည့်မိရင်တော့ ဒီကောင့်ကို သတိရပါတယ်။ အဲဒီကားရဲ့ အဆုံးသတ်မှာ သေခါနီး နစ်ကိုလတ်စ်ကေ့ချ်နဲ့ အဲလိဇဘတ်ရှူးတို့ ဝိုက် ကြတယ်။ ပြီးတော့ ကေ့ချ် သေတယ်ပေါ့လေ။ ဒါပဲ။ ငါ့စိတ်ထဲ ဆက်တွေးမိတာက ဒီကောင်နဲ့ငါ တစ်ခါလောက်များ အချစ်အကြောင်းရော ပြောခဲ့ဖူးရဲ့လား ဆိုတာ။
◾
ကျွန်တော်တို့ ဆေးကျောင်း ဒုတိယနှစ် အောင်စာရင်းထွက်ပြီးတော့ ကျောင်းက ၂ နှစ်လောက် ပိတ်သွားပြန်တယ်။ ဆပ်ပလီ ထိတဲ့ ကောင်တွေကတော့ ဟပ်ကော့ကြီးပေါ့လေ။ မနက်ဖြန်ပဲ ဖွင့်တော့ မလိုလို၊ ဖွင့်တာနဲ့ စာမေးပွဲပဲ တန်းဖြေရမလို။ ၁၉ လမ်း သွားတာတောင် biochemistry စာအုပ်က ပါသေး။ နောက်တော့လည်း အချိန်သေကြီးရဲ့ စုပ်ဝဲက ဒီကောင်တွေရဲ့ စိုးရိမ်မှုတွေကို စုပ်သွားတာပါပဲ။ သူတို့ရဲ့ စိုးရိမ်မှုတင် မဟုတ်ပါဘူး။ အဲဒီ စုပ်ဝဲက လူငယ်အားလုံးရဲ့ ခွန်အားတွေကို စုပ်ယူသွားတာ။ ကျွန်တော်တို့ ဒူးတွေ ချောင်ကုန်တယ်။ ဒူးမှာလည်း ဘားတွေ တစ်ရစ်ပြီးတစ်ရစ် ရာထူးတက်လာတယ်။ သုညတဝါဒရဲ့ လူငယ်ဗိုလ်ချုပ်တွေပေါ့ဗျာ။ ဒေါ့စတိုယက်စကီးရဲ့ တစ္ဆေကို ထမင်းကျန် ဟင်းကျန် ကျွေးပြီး မွေးထားတဲ့ ကောင်တွေလေ။ နောက် နှစ်နည်းနည်းအကြာ It's raining on Santiago ဆိုတဲ့ ရုပ်ရှင် ကြည့်ရတော့ ကိုယ်တွေအကြောင်း ပြန်ကြည့်နေရသလိုပဲ။ ပင်နိုချေး အာဏာသိမ်းပြီးတာနဲ့ အမျိုးသား အားကစားကွင်းကြီးထဲမှာ လူတွေအများကြီး ထိန်းသိမ်းထားတာ။ ကျောင်းသားတွေရော၊ ဘာတွေရော။ သေတဲ့လူ သေ၊ ပျောက်တဲ့လူပျောက်။ အများကြီး။ ရန်ကုန်မြို့ပေါ်မှာလည်း မိုးတွေရွာလျက်ပဲ။ နေသာနေချိန်မှာတောင် မိုးစက်တွေကလည်း ကျလျက်ပဲ။ ကျွန်တော်တို့လည်း လက်ဖက်ရည်ဆိုင်ထဲကနေ အသည်းကွဲရေဒီယို နောက်တစ်ပတ် ပြန်လည်လာတာ နားထောင်ရင်း၊ သေပြီးသားလူတွေ သူတို့ခေါင်းပေါ်ကို လက်ကလေးနဲ့ မိုးကာပြီး ဆိုင်ထဲ ရုတ်တရက် အပြေးဝင်လာတာ ကြည့်ရင်း၊ သူတို့ ပြောလက်စ အကြောင်းထဲမှာ မိုးလင်းခါနီးတော့ ငါလည်း ငါ့ကိုယ်ငါတောင် ဘယ်သူမှန်း မသိတော့ဘူးဆိုတဲ့ စကားတစ်ဝက်တစ်ပျက်ကို ကြားလိုက်ရင်း၊ ဘဝရည်မှန်းချက်ကို ရှာဖွေသလိုမျိုး ကိုယ့် ဘယ်အိတ်ကပ်ထဲမှာ မီးခြစ်ရှိမလဲ လက်နဲ့ လျှောက်စမ်းရင်း၊ စီးကရက် မီးခိုးတွေထဲမှာ ကျွန်တော်တို့ရဲ့ မဆိုဖြစ်တဲ့ အမုန်းတေးကို တိတ်တဆိတ် ရှူထုတ်ရင်း မိုးတိတ်မယ့် အချိန်ကို စောင့်နေတုန်းပဲ။
◾
မြွေနှစ်ကောင် မိတ်လိုက်နေသလို ငါ့လျှာနဲ့ သူမ လျှာတို့ အငြိုးတကြီး ပူးခွေလိမ်ယှက်နေတဲ့ နှစ်တွေ။ ငါတို့ဟာ တစ်ယောက်ရဲ့ ဘဝအဓိပ္ပာယ်ကို နောက်တစ်ယောက်ရဲ့ လျှာထဲမှာ အရေးတကြီး လိုက်ရှာခဲ့တယ်။ အဆိပ်တွေ သိုလှောင်ထားတဲ့ လျှာနှစ်ခုဟာ အချင်းချင်း ကိုက်ခဲပြီး ကိုယ့်အဆိပ်ကို သူများအဆိပ်နဲ့ ဖြေကြရ။ 501 အဟောင်းတစ်ထည် ရဖို့ ဗိုလ်ချုပ်ဈေးထဲ ငါ အကြိမ်ကြိမ် သွားခဲ့တယ်။ Living Color ဆိုင်ဖွင့်တော့ ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဂျင်းဘောင်းဘီ အပွတွေ ဝယ်ဝတ်။ အလီဆီမှာ ဘောင်းဘီပြင်တယ်။ ငါတို့ဟာ တစ်ကားလုံး ဆင်ဆာထိတဲ့ ရုပ်ရှင်ထဲက မအောင်မြင်တဲ့ ဂျိမ်းစ်ဒင်းတွေ။ အမှောင်ထဲက တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်တိုင်း လက်ရှိဘဝထဲကနေ လွတ်မြောက်သွားမယ်လို့ ငါတို့ ထင်နေခဲ့တယ်။ ဘော်ချောက ကွန်ဒွန်တွေ အတွဲလိုက် ငါတို့ကို ထောက်ပံ့တယ်။ စတားလုံးရဲ့ လည်ပင်းပေါ်က ကျည်ကပ်တွဲကြီးလို ငါတို့လည်ပင်းမှာ ပတ်ထားတဲ့ ကွန်ဒွန်တွဲကြီး။ တချို့စော်တွေက သူတို့ဘိဒ်နဲ့ သူတို့။ ကိုယ်တို့ရောက်ရင် အိမ်ရှင်တွေက ရှောင်ပေးတယ်။ သူများအိပ်ခန်းထဲ ဝင်ရတော့ ရှိုးတိုးရှန့်တန့် ဖြစ်ရသလို ခဏတစ်ဖြုတ် တခြားဘဝတစ်ခုထဲ ရောက်သွားသလိုလည်း ဖြစ်ခဲ့ရ။ တစ်ခါတစ်ရံ အိပ်ရာဘေးမှ ဓာတ်ပုံများ၊ သူများ အုံးလက်စ ခေါင်းအုံးပေါ်မှ အချိုင့်များ၊ ကိုယ် မရင်းနှီးသော အနံ့အသက်များ စတဲ့ နယ်မြေသစ်ရဲ့ ဖမ်းစားမှုမှာ ကိုလံဘတ်စ်များ မှင် သက်ခဲ့။ ဟိုတယ်သွားရတာနဲ့ မတူတာက တစ်ခါတစ်ရံ သူများအိမ်ရာ ပြစ်မှားရသလို ခံစားမှုမျိုးလည်း တစ်ဝက် စွက်လို့ပေါ့လေ။ စော်တွေရဲ့ ရင်သားပုံစံမျိုးစုံပေါ်မှာ ငါတို့ရဲ့ ဖြစ်တည်မှုတံဆိပ်တွေကို ခတ်နှိပ်ပစ်ခဲ့ တယ်။ စာမေးပွဲ တစ်ခုပြီးတိုင်း ငါတို့ အရက်သောက်တယ်။ ဘီးအီး မသောက်တဲ့ ငါ့သူငယ်ချင်းတွေကို ငါက ဘီးအီးသောက်ပြပြီး အလွယ်တကူပဲ ဗိုလ်လုပ်ခဲ့တယ်။ သားကောင်တွေရဲ့ ဗိုလ်ဆိုတာ တကယ်တော့ အရှုံးဆုံးလူဆိုတာ ငါမသိတဲ့ အချိန်တွေပေါ့။ တက္ကသိုလ်ရိပ်သာလမ်းက ဆိတ်ပဲ သိပ်ကောင်းတဲ့ ဘီအီးဆိုင်မှာ ငါသောက်တယ်။ အဲဒီဆိုင်ကို မကြာခဏ ရောက်ပါလျက်နဲ့ အနားက အိမ်တစ်လုံးထဲမှာ လူတစ်ယောက် အကျဉ်းကျနေတာ ငါ ဘာကြောင့် တစ်ခါမှ မစဉ်းစားခဲ့မိပါလိမ့်။
◾
ချာလီရေ… ကောင်လေးရေ… ထတော့ဟေ့။ ခေတ်ဆိုးကြီးကို တစ်ခန်းမှ မလွတ်စေနဲ့။ ကဗျာဆရာ ဘေတောက် ရေးခဲ့သလို ‘ဘောလ်ပင်နဲ့ ခြစ်ပစ်ထားတဲ့ ရှုခင်းဟာ ဒီမှာ ပြန်ပေါ်လာပြီ’ ချာလီ။
အဲဒီအချိန်မှာ ငါတို့ခေါင်းထဲ အမြဲရှိခဲ့နေတာက Axl Rose ရဲ့ စကတ်ကြီး။ အဲဒီ စကတ်ကြီးဟာ သေနတ်တစ်လက်နဲ့မခြား တော်လှန်ရေးရဲ့ သင်္ကေတ ဖြစ်ခဲ့တယ်။ ငါတို့ရဲ့ ဦးချိုတွေဟာ နေရောင်အောက်မှာ ချွန်မြ တောက်ပလို့။ အုတ်တံတိုင်းကြီးတွေက ငါတို့ ဦးချိုကို စိန်ခေါ်တယ်။ အုတ်တံတိုင်းရဲ့ ဟိုဘက်မှာ ဘာမှမရှိမှန်း သိနေတာတောင် ဦးချိုတွေဟာ ဘယ်သောအခါမှ နောက်ပြန်မလှည့်ဘူး။ ငါ့အတွက်တော့ ဆေးကျောင်းဟာ ပျင်းစရာ။ ဆေးကျောင်းက စော်တွေဆိုတာလည်း စာပြီးရင်း စာပဲ။ ငါတို့ မျှော်လင့်တာက Aerosmith ရဲ့ Crazy သီချင်း MTV ထဲက Alicia Silverstone နဲ့ Liv Tyler တို့လို ကျောင်းပြေးပြီး အတွင်းခံအင်္ကျီလေးနဲ့ ကားမောင်းလာတဲ့ စော်တွေ။ ငါတို့ဦးချိုတွေကို လက်နဲ့သပ်ပြီး တစ်ချက် နမ်းလိုက်တာနဲ့ အုတ်တံတိုင်းကြီးကို ဖောက်တဲ့ ဦးချိုတွေ ချက်ချင်း ပျော့ခွေသွားမယ့် စော်မျိုးတွေ။ ငါတို့ရဲ့ မိုက်ခရိုစကုပ် အောက်မှာ မြင်နေရတဲ့ သွေးဖြူဥ ကင်ဆာဆဲလ်တွေဟာ အုံကြွနေတဲ့ လမ်းပေါ်က လူထုကြီးကို အမှတ်ရစေတယ်။ မရပ်ရင် ပစ်မှာလို့ ခြိမ်းချောက်တာတောင် မရပ်ဘဲ အလံတွေကိုင်ပြီး တစ်လှမ်းချင်း ရှေ့တိုးလာတဲ့ နဖူးစီးအနီနဲ့ မိုက်ကိုဘက်တီးရီးယားပိုးတွေ။ ၉၀ နှစ်များရဲ့ မဟာငြီးငွေ့မှုကို ဖြိုခွင်းဖို့ ကျည်ဆန်တွေ အတွဲလိုက် ပစ်သွင်းသလို သားအိမ်တွေထဲအထိ ငါတို့သုက်ရည်တွေ တရစပ် ပန်းထုတ်ခဲ့တယ်။ ဆောင်းတွေ ရောက်လာပြန်တယ်။ ခေတ်ကိုဆွဲတဲ့ မြင်းကြီးရဲ့နှာငွေ့ကို ငါတို့ မြင်ရပြီ။ ထို့နောက် တဖြည်းဖြည်း မိုးလင်းလာတာတွေ။ ထို့နောက် မြက်ဖျားမှ နှင်းစက်တွေ။ ထို့နောက် ငါတို့ လက်ဖဝါးပေါ်က ပတ္တမြားကျောက်မျက်ပမာ သွေးစက်တွေ။ တကယ်တမ်းတော့ ငါတို့ဟာ Axl Rose ရဲ့ စကတ်ကြီးကို မဝတ်ဖြစ်ဘဲ ဂျူးလိယက်ဆီဇာရဲ့ ဝတ်ရုံကြီး ဝတ်ပြီး ဘေးသုံးတန်း တက်လာဖို့ အသေပွတ်ခဲ့။ ရန်ကုန်မြို့ရဲ့ မြူတွေထဲမှာ ဆီဇာဟာ လက်ဖဝါးနှစ်ဖက်ကို ပွတ်ရင်း သူ့ရန်သူကို စောင့်ခဲ့တယ်။ အဲဒီလိုနဲ့ အချိန်ကျလာတယ်။ လဲကျသွားတဲ့ ရာစုနှစ်ကြီးဟာ “သြ… မင်းကိုး… ဘရူးတပ်စ်” လို့ သေအံ့မူးမူးနဲ့ ရေရွတ်ခဲ့တယ်။ ငါတို့ ပြဇာတ်ကတယ်ပေါ့လေ။ ခက်တာက မျက်ရည်ကျရမယ့် အခန်းမှာ ငါတို့ မျက်ရည်မကျဘူး။ ဘယ်မှာလဲ ငါတို့ မျက်ရည်တွေ။ မျက်ရည်ကျအောင် မျက်စိနားမှာ ပရုတ်ဆီတွေ ပွတ် တယ်။ ဟော… ကျလာပြီ မျက်ရည်၊ ဟေး… ဟေး… မျက်ရည်တွေ ကျလာပြီကွ၊ မျက်ရည်တွေ ကျလာပြီကွ။ ကြည့်စမ်း၊ မျက်ရည်တွေ ကျလာပြီကွ။ ဟား… ဟား… ဟား… ဟား။
◾
ခွေးနှစ်ကောင် ဖင်ချင်းပူးနေသလို ပူးနေတဲ့ ခေတ်နှစ်ခုထဲမှာ ငါ ကြီးပြင်းခဲ့တယ်။ လူထု အရေးအခင်းကြီးနဲ့ ခွဲတာတောင် ခဏပဲ ကွဲပြီး ချက်ချင်း ဖင်ပြန်ပူးသွားတဲ့ ခေတ်နှစ်ခေတ်။ တစ်ကောင်နဲ့ တစ်ကောင် ဆန့်ကျင်ဘက်အရပ်ဆီ ရုန်းကန်ရင်း ဘယ်ကိုမှ ခရီးမပေါက်ခဲ့သော ခွေးနှစ်ကောင်လို။ အပြစ်သားပမာ နိုးလာတဲ့ မနက်ခင်းများမှာ မစိမ်းစိမ်းရဲ့ ‘ရွှေမန်းဆီသို့’ ထဲက မြူခြေဆိုင်းသော ဘုရားများကို ငါ အမြဲ မြင်ယောင်နေမိတတ်တယ်။ ကြာပဒုံလက်အုပ်ထဲက မီးခိုးတွေ ထွက်လာတယ်။ ပါးစပ်တွေ ခါးနေတယ်။ ညက ဖြစ်ခဲ့သမျှ ငါ မမှတ်မိတော့။ အချုပ်ခန်းထဲ ခဏခဏ ဝင်ရသလို စာမေးပွဲခန်းထဲ ငါတို့ ဝင်ရပြန်ပြီ။ စာဖြေဖို့ ခေါင်းငုံ့လိုက်တာနဲ့ ဖြူဆွတ်နေတဲ့ အဖြေလွှာ စာရွက်ပေါ် ငါ့မှတ်ဉာဏ်ထဲက သံဆူးကြိုးတွေ အရိပ်ထိုးကျလာခဲ့။ ခါးသီးမှုတွေ အကုန်လုံး ချရေးပြီးတဲ့အခါ ငါတို့ အဖြေလွှာဟာ နွားသတ်သမားရဲ့ apron လို ချင်းချင်းနီရဲလို့။ ဒုတိယကမ္ဘာစစ်မှာ ကျဆုံးစစ်သားစာရင်း ကြည့်သလို ငါတို့ အောင်စာရင်း ကြည့်ခဲ့တယ်။ clinical year ရောက်လို့ ရန်ကုန်ဆေးရုံကြီးကို သွားရတဲ့ အချိန်ထိ ငါ့စိတ်မှာ ဘာလေးနက်မှုမှ မရှိခဲ့။ တရွှီရွှီ အသက်ရှူသံတွေနဲ့ မောကျပ်နေတဲ့ ကာလရဲ့ ရင်ဘတ်ပေါ်ကို ငါတို့ နားကျပ်တွေနဲ့ နားထောင်ခဲ့။ အလောင်းတွေကို ရင်ခွဲစစ်ဆေးတာ ကြည့်ရတော့ ငါ အသက်ရှူ အောင့်ထားခဲ့တယ်။ လူသေရဲ့ ရင်ခေါင်းကို ခွဲတဲ့အခါ ဂျိုးဖြူပိုက်လိုင်းလို ပင်မသွေးလွှတ်ကြောကြီးဟာ နှစ်ခြမ်းကွဲနေတယ်။ ဘယ်ဘက် ရင်ခေါင်းထဲမှာ အဆုတ်ကို ဝိုင်းထားတဲ့ သွေးတွေ။ ကြည့်ရင်းနဲ့ အော်ဂလီဆန်တဲ့ သူက ဆန်၊ အန်တဲ့သူက အန်ကုန်ကြ။ ဘယ်လိုပဲလုပ်လုပ် အဆုံးမှာတော့ သွေးညှီနံ့ဟာ ငါ့နှာခေါင်းထဲ အဲဒီကနေ နှလုံးသည်းပွတ်ထဲ အဲဒီ ကနေ မှတ်ဉာဏ်ထဲအထိ ဝင်ရောက်လာခဲ့တယ်။ သွေးညှီနံဟာ ငါတို့ မှတ်ဉာဏ်ထဲကနေ ဘယ်တော့မှ ပြန်မထွက်တော့ဘူး။ သွေးကို ကြည့်ရင်း ကြည့်ရင်းနဲ့ ရွံရာကနေ ငါ မြည်းချင်လာတယ်။ မြည်းချင်ရာကနေ ငါဟာ သွေးကို ဆာလောင်လာတယ်။ ဆာလောင်ရာကနေ အလွန်အမင်း ဆာလောင်လာတယ်။ ဒရက်ကူလာ တစ်ယောက် သွေးဆာသလို။ ဒရက်ကူလာထက် ပိုပြီး ငါတို့ သမိုင်းဟာ သွေးကို အလွန်အကျွံ ဆာလောင်ခဲ့သလို။
◾
ငါ့ညီ အငယ်ဆုံး ဝယ်လာတဲ့ Fastball ရဲ့ ကက်ဆက်ခွေထဲက Charlie, The Methadone Man ဆိုတဲ့ သီချင်းကို ငါ စွဲလမ်းခဲ့။ အဖြူကို မက်သတုန်းနဲ့ ဖြတ်ပြီး မက်သတုန်း ပြန်စွဲသူတွေလို ငါတို့အားလုံးဟာ ခေတ်ဆိုးကြီးရဲ့ ချာလီတွေ။ ငါတို့ခေါင်းထဲက မှတ်ဉာဏ်တွေကို ငါတို့ နှလုံးသားထဲက ဗလာနဲ့ ကုစားခဲ့တယ်။ တဖြည်းဖြည်းနဲ့ အစကို မှုန်ပျပျပဲ မြင်ရတော့တယ်။ ပျံလွှားငှက် တစ်ကောင်ဟာ ဟိုးအဝေးကြီးမှာ အစက်အပြောက်မျှသာ။ ရေခင်းသံတွေ၊ ကြာနီကန်တရားသံ၊ မေရှင်ရဲ့ အောင်ခြင်းရှစ်ပါး၊ ရဲဘော်စန်းယုရဲ့ တောကဆွမ်းကျွေး စတဲ့ အသံတွေဟာ တစ်စစ တိုးလျ ပျောက်ကွယ်သွား။ ရုပ်ရှင်ပြီးသွားသော်လည်း ရုပ်ရှင်ရုံက မီးတွေ လင်းမလာ။ ပိတ်ကားအဖြူပေါ်ကို ငါတို့အရိပ်မည်းတွေ ထိုးကျလို့။ လူတွေ ပိုကျပ်တည်းလာတယ်။ လေထဲက လက်သီးဆုပ်တွေက ခုတော့ အောက်ပြန်ကျသွားပြီ။ ဒါပေမဲ့ လက်သီးဆုပ်တွေ ပိုကျစ်လာတယ်။ လက်သီးဆုပ်ထဲမှာ ပိုက်ဆံအနွမ်းတွေဟာ နာကြည်းမှုနဲ့ ကြေမွလုံးထွေးလို့။ လေတွေ သဲသဲမဲမဲ တိုက်တယ်။ သမိုင်းမှာ မမြင်ရတဲ့ လေဟာ အဓိကဇာတ်ဆောင်ပဲလို့ ငါ တွေးမိတဲ့အထိ လေတွေ တိုက်တယ်။ နှစ်တွေကြာပြီး တစ်ရက်မှာ ငါ့ကိုယ်ငါ ပြည်သူ့ဥယျာဉ်ထဲက ခုံတန်းလျား တစ်ခုပေါ်မှာ ပြန်တွေ့တော့ ဒေါက်တာဇီဗားဂိုး ရုပ်ရှင်ထဲက စတာလင်ခေတ်ထဲမှာ ဆင်းဆင်းရဲရဲ မကျန်းမမာနဲ့ ပြန်တွေ့ရတဲ့ ယူရီဇီဗားဂိုးကို အမှတ်ရမိတယ်။ ဓာတ်ရထား စီးရင်း ယူရီဟာ လမ်းပေါ်မှာ လာရာနဲ့တူတဲ့ မိန်းမတစ်ယောက်ကို တွေ့တယ်။ ယူရီဟာ မှတ်တိုင်မှာ ဆင်းပြီး အဲဒီမိန်းမနောက်ကို လိုက်ရင်း heart attack နဲ့ ရုတ်တရက် သေတယ်။ ငါဟာ ပြည်သူ့ဥယျာဉ်ထဲမှာ အကြာကြီး ထိုင်နေမိတယ်။ ခပ်လှမ်းလှမ်းမှာ ရွှေတိဂုံဘုရားကြီးကို မြင်ရတယ်။ လေတွေ တိုက်လာပြန်တယ်။ လေထဲမှာ ဘဝရဲ့အနံ့အသက် ငွေ့ငွေ့တောင် ပါမလာဘူး။ ငါ ကားပေါ်တက်ပြီး ကက်ဆက်ဖွင့်လိုက်တယ်။ Oh… Charlie the Methadone man… Methadone man.
◾
သံဆူးကြိုး အတားတွေကို ရှောင်ပြီး မြွေလိမ်မြွေကောက် ထွက်လာတဲ့ ကိုရိုလာ SE ဆလွန်း အဖြူလေးပေါ်မှာ နွမ်းနယ်နေတဲ့ စော်နဲ့ ဘဲ။ ဘဲရဲ့ပါးပေါ်က နှုတ်ခမ်းနီရာတွေကို စော်က တစ်ရှူးနဲ့ လိုက်ဖျက် ပေးနေတယ်။ နောက်ကြည့်မှန်ပေါ်မှာ ချိတ်ထားတဲ့ ဘုရားပုံတော်ဟာ ကားယိမ်းတိုင်း လှုပ်ယမ်းနေခဲ့တယ်။ အဲဒီ လှုပ်ယမ်းနေတဲ့ ဘုရားပုံတော်ကတ်ရဲ့ မြင်ကွင်းဟာ ငါ့မှတ်ဉာဏ်ထဲမှာ စူးဝင်နေခဲ့တယ်။ ကားပေါ်မှာ ငါတို့ ချစ်တင်းနှောတိုင်း၊ ငါတို့ ရယ်တိုင်း၊ ငါတို့ ငိုတိုင်း ဒီပုံတော်ဟာ တွေ့မြင်နေခဲ့မှာပဲ။ နောက်ပြီး ငါ့ ကားမှန်အမည်းကို ဖြတ်ပြီး သံဆူးကြိုး အတားတွေ၊ အဲဒီဘေးမှာ ရပ်နေတဲ့ သေနတ်နဲ့ စစ်သားတွေကိုလည်း ငဲ့စောင်းကြည့်ရင် အဲဒီပုံတော်ဟာ တွေ့မြင်ခဲ့မှာပဲ။ တစ်ရက်မှာ ကျားကျန်းခဲရဲ့ ခါးပိုက်နှိုက်ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရတော့ ဘတ်စ်ကားတစ်စီးရဲ့ နောက်ကြည့်မှန်ပေါ်က လှုပ်ယမ်းနေတဲ့ မော်ရဲ့ပုံကို အနီးကပ် ရိုက်ပြတာ ငါ တွေ့တယ်။ ချက်ချင်းပဲ ငါဟာ ယိမ်းထိုးနေတဲ့ နှစ်ကာလတွေ တစ်လျှောက်လုံး လှုပ်ယမ်းနေခဲ့တဲ့ ငါ့ကား နောက်ကြည့်မှန်ပေါ်က ဘုရားပုံကတ်ကို သတိရမိတယ်။ ၉၀ နှစ်တွေရဲ့ မြူတွေဆိုင်းတဲ့ မနက်ခင်းမျိုးကို ကြုံဖူးသလား။ သံဆူးကြိုးအတားနဲ့ စစ်သားတွေ မြူထဲမှာ ကြိုတင်ရှိနေခဲ့ပုံက ကျွန်တော်တို့ မသိစိတ်ထဲမှာ အဲဒီအရာတွေ နဂိုကတည်းက ရှိနေခဲ့ပုံမျိုး ဖြစ်နေတယ်။ မြူတွေဟာ ပြည်သူ့ရင်ပြင်ပေါ်မှာ အုံ့ဆိုင်းပြီး ရွှေတိဂုံဘုရားကြီးကို ကွယ်ထားတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ရွှေတိဂုံဟာ နောင်တော်ကြီးလိုလို၊ နောင်တော်ကြီးဟာ ရွှေတိဂုံလိုလို အရောရော အထွေးထွေး ဖြစ်လာတဲ့အထိ အဲဒီမြူတွေဟာ ကျွန်တော်တို့ကို မှားယွင်းစေခဲ့တယ်။
◾
‘In the church of my heart the choir is on fire.’
Viadimir Mayakovsky
ရေချိုး ရေပန်းအောက်မှာ ယောက်ျားတစ်ယောက် မျက်ရည်ကျနေတဲ့ ပုံရိပ်။ မျက်ရည်တွေ စီးသွားတာနဲ့အမျှ ကြွက်သားစိုင်တွေဟာ ပျော့သွားတယ်။ ရေပန်းရေတွေဟာ မော့ထားတဲ့ မျက်နှာပေါ် မနားတမ်း ကျလို့။ ဒီလို ရေချိုးခန်း လျှို့ဝှက်ချက်တွေကိုတော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ ပြန်မပြောဘူး။ စက်နှိုးလိုက်တာနဲ့ မြေပြင်ဟာ အိပ်မောကျဆဲဆိုတဲ့ ရင်ဂိုရဲ့အသံ ပေါ်လာတဲ့ ငါ့သူငယ်ချင်းရဲ့ 1.3 ဗန်ကားလေးနဲ့ တို့ခေတ်ကို ဖြတ်သန်းခဲ့။ ဘောလုံးကန်ပြီးတိုင်း ထည့်ထားတဲ့ ခြေစွပ်ဟောင်း အနံ့တွေကို ငါတို့နှာခေါင်းက ယဉ်ပါးတဲ့အထိ အဲဒီကားနဲ့ပဲ ဒိုးကြတယ်။ အင်းလျားဟာ ငါတို့အတွက်တော့ စော်ပင့်တဲ့ နေရာပဲ။ သမိုင်းတွေ၊ အချစ်တွေ လာမပြောနဲ့။ ဗီဒီယိုတွေထဲမှာ မဖွင့်တဲ့ ကျောင်းကြီးကို နောက်ခံထားပြီး နှင်းဆီပန်းတွေ၊ ဘာတွေနဲ့ စောက်ရူး အချစ်ဇာတ်တွေ ရိုက်ထားတာ တွေ့တော့ အော်ရယ်ချင်တယ်။ တကယ့် စောက်ပေါရုပ်ရှင်တွေ။ reality တစ်ခုမှ မပါဘူး။ ရုပ်ရှင်ထဲမှာ အပြစ်ကင်းမဲ့ပုံနဲ့ မင်းသမီးတွေ။ တက္ကသိုလ်အထိ အမေက လာကြိုတာတို့၊ ဘာတို့။ တကယ့် ဟာသတွေ။ ဟိုဘက် အင်းလျားဘေးက ပန်းခြံထဲကိုပဲ ကြည့်လိုက်။ လူမြင်ကွင်းမှာပဲ နမ်းနေတာ၊ နှိုက်နေတာ။ အဲဒါ reality ပဲ။ အဲဒါနဲ့ မျက်နှာချင်းဆိုင်မှာတော့ ခြောက်နေတဲ့ သွေးကွက်တွေ၊ သစ်ပုပ်ပင်တွေ၊ ဘွဲ့နှင်းသဘင် ခန်းမတွေရှိရာ သော့ခလောက်ကြီး ခတ်ထားတဲ့ ပလေတိုးရဲ့ဂူ။ တစ်ခါတလေလည်း ကျောက်ခြင်္သေ့ကြီး နှစ်ကောင်ရဲ့ ဟိန်းဟောက်သံကို ကြားမိသလိုလို။ ဒါပေမဲ့ ငါတို့ကိုယ်တိုင်လည်း နို့နံ့မစင်ဘူး။ အိမ်ရောက်ရင် ငါတို့ဟာ ယုန်သူငယ်လေးများကို သိမ်သိမ်မွေ့မွေ့။ မုဆိုးတို့အတတ်ကို အပြင်မှာ တိတ်တဆိတ် ဆည်းပူးနေတဲ့ ယုန်သူငယ်တွေ။ ငါတို့ခေတ်မှာ တော်လှန်ရေးဆိုတာ မိဘကို ပြန်အော်တာနဲ့ စာမေးပွဲကျအောင် တမင်ဖြေတာက လွဲရင် ဘာများလုပ်စရာ ရှိလို့လဲ။ ငါကတော့ သူငယ်ချင်းတွေ အကြောက်လို့ ခေါ်ကြတဲ့အတိုင်း သူရဲဘောကြောင်သူမို့ အဲဒီ တော်လှန်ရေးမျိုးတောင် မလုပ်ခဲ့။ တစ်ရက် စာသင်ဆောင်ကြီးထဲမှာ ငါ မှေးခနဲ အိပ်ပျော်ရာက ပြန်နိုးလာတော့ သွေးအိုင်တွေထဲမှာ ကျောင်းသားတွေ အကုန်လဲလို့။ ကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာတွေ ဆန်ခါပေါက်နဲ့။ ရှေ့နံရံပေါ်မှာက သင်လက်စ DNA helix ပုံလေး။ လည်နေတဲ့ ဖဲပြားလေးလို။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့ ငါ့ကိုယ်ပေါ်မှာလည်း ကျည်ဆန်ရာ အပေါက်တွေ။ သွေးတွေ စီးနေတုန်း။ ငါ စာသင်ခုံပေါ် မတ်တတ်ရပ်ပြီး လက်ခုပ်တီးလိုက်တော့ သွေးအိုင်ထဲက ငါ့အတန်းဖော်တွေ အကုန်ထလာပြီး မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller ကို ဆိုကြ၊ ဘရိတ်ဒန့်ကကြ။ ဇွန်ဘီတွေ၊ ဇွန်ဘီတွေ ဘရိတ်ဒန့်ကပြီး သမိုင်းထဲ အတင်းဝင်ရောက်ခဲ့ကြ။
◾
အထက်တန်းကျောင်းသား ဘဝတုန်းက ကြည့်ဖူးတဲ့ NC-17 ဇာတ်ကားတစ်ခုကို ကျွန်တော် အမှတ်ရနေမိတယ်။ ဇာတ်လမ်း အသေးစိတ်ကိုတော့ မသိတော့ဘူး။ စော်က တစ်ကားလုံး ပတ်ရှုတ်၊ နောက်ဆုံး ငွေတွေ လိမ်ယူပြီး ထွက်ပြေးတာပေါ့ဗျာ။ ကျွန်တော်တို့ကလည်း ဇာတ်လမ်းကို အဓိကမထားပါဘူး။ ချွတ်တဲ့အခန်းကို အားခဲပြီး စောင့်၊ မဝသေးရင် ထပ်ထပ် ရစ်ကြည့်တာပေါ့။ ကျွန်တော် မှတ်မိနေတာက နောက်ဆုံးအခန်းမှာ စော်က ဒေါ်လာတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်ကြီး ရသွားတယ်။ စော်ကြီးက သူ့ဘဝရဲ့ ရည်မှန်းချက် ပြည့်ဝသွားတဲ့ အထာနဲ့ ပိုက်ဆံတွေကို မွတ်သိပ်စွာ နမ်းရှိုက်။ စောက်ရမ်း ကျေနပ်နေတဲ့ ပုံမျိုးနဲ့။ အဲဒီအချိန်မှာ မိုးတွေ ရွာလာတယ်။ အဲဒီမှာ ဒေါ်လာတွေက မိုးရေနဲ့ထိပြီး အရောင်တွေ ကျွတ်လာတယ်။ ရှိသမျှ ဒေါ်လာတွေအကုန် အရောင်တွေ တဖြည်းဖြည်း ကျွတ်လာ။ စော်ကြီးက မိုးရေထဲမှာ လျှောက်ရင်း ပိုက်ဆံတွေကို လေထဲလွှင့်ပစ်။ သူမဟာ ရှိုက်ငိုနေရင်းနဲ့ တဖြည်းဖြည်း အော်ရယ်ပြီး ရုပ်ရှင် အဆုံးသတ်သွားတယ်။ ကျွန်တော့် စိတ်ထဲမှာ အဲဒီအခန်းဟာ တစ်သက်လုံး မပြီးဘဲ အထပ်ထပ် ပြန်ပြနေမယ်မှန်း အဲဒီတုန်းက ကျွန်တော် မသိဘူး။ နောက် ဆေးကျောင်းရောက်တော့ ဟဲမင်းဝေး ဖတ်ဖြစ်တဲ့အခါ မြင့်မားလှတဲ့ ကီလီမန်ဂျားရိုးရဲ့ ဘုရားသခင်ရဲ့အိမ်လို့ ခေါ်တဲ့ တောင်ထွတ်ဆီကို သေဖို့ ခက်ခက်ခဲခဲလာတဲ့ ကျားသစ်။ နောက် The old man and the sea ထဲက ငါးရိုးကြီး။ တော်ပါတော့၊ အဓိပ္ပာယ်ကို ရှာတာတွေ၊ အပိုဆာဒါးတွေ။ တစ်ရက် ကန်တော်ကြီးစောင်းမှာ ကြိုက်ကုန်းတစ်ပွေကို လိုက်တွန်းတော့ ကျွန်တော့်သူငယ်ချင်း ပြောတဲ့စကား။ မူမနေနဲ့၊ တက်ဟာတဲ့။ ဘဝဟာ လက်တွေ့သိပ်ဆန်တယ်။ ရက်စက်တယ်။ ကျွန်တော်တို့က အဲဒီရက်စက်မှုကို လိုချင်လို့ အဝေးကြီးက ရောက်လာတာ။ အဲဒီ အချည်းနှီးဖြစ်မှုအတွက် ဇာတ်ကို သယ်လာတာ။ ကျွန်တော်တို့ တိုင်းပြည်ရော ဘာထူးလဲ။ ၂၀ ရာစု အဆုံးမှာ အုတ်တံတိုင်းကြီးနဲ့ ပိတ်နေတဲ့နေရာ ရောက်ဖို့ သမိုင်းကို ခရီးပြင်းနှင်လာတာ။ လမ်းပေါ်မှာ အရက်မူးသမားတစ်ယောက် ဆဲသွားတယ်။ ငါတို့ ခွေးဖြစ်ပြီဟေ့၊ အားလုံးကို လီးပဲကွာတဲ့။ သူ့အသံဟာ လမ်းမီးတွေ မလင်းတဲ့ အမှောင်ထုထဲမှာ ပဲ့တင်ထပ်နေရဲ့။
◾
ခွေးအတွေရဲ့ စူးစူးဝါးဝါး အူသံကြောင့် အိပ်မရတဲ့ လူမမည် ကလေးလေး မာယာကော့ဖ်စကီးနဲ့ မောင်နှစ်မတစ်တွေကို သူတို့အမေက အမြဲ နှစ်သိမ့်တယ်။ တို့မှာ အိမ်စောင့်ခွေး ကောင်းကောင်းတွေ ရှိပါတယ်။ ဒီကောင်တွေ အိမ်နား မလာရဲပါဘူး။ မာယာကော့ဖ်စကီးဟာ ရုရှ ဂျော်ဂျီယာပြည် တောအုပ်ထဲမှာ ကြီးပြင်းလာတာ။ ၈၈ အရေးအခင်းကြီး ပြီးခါစ တိတ်ဆတ်နေတဲ့ ညတွေမှာ ငါဟာ အဝေးက မမြင်ရသေးတဲ့ နှစ်ကာလတွေရဲ့ ဆွဲဆွဲငင်ငင် အူသံတွေကို ကြားကြားနေတတ်တယ်။ အမေက ငါ့ကို နှစ်သိမ့်ပါတယ်။ အဲဒီနှစ်တွေ ရောက်မလာနိုင်ပါဘူး သားရယ်။ ငါ အိပ်ပျော်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် သတိထားမိတဲ့ အချိန်မှာတော့ ငါဟာ စက်မှု ၁ လမ်းမပေါ်က ကားတစ်စီးထဲမှာ ချုံးပွဲချ ငိုကြွေးနေရဲ့။ ငါ ဝတ်ထားတဲ့ Guy Laroche ရှပ်အင်္ကျီ အပြာနုလေးပေါ်မှာ သွေးတွေ ရွှဲလို့။ ယောက်ျားတွေဟာ မငိုဘူးဆို။ သူ့ရှေ့က အရက်ခွက်ထဲကို ငါ့အစ်ကိုတစ်ယောက်ရဲ့ မျက်ရည်တွေ မိုးရွာသလို ပိုးပိုးပေါက်ပေါက် ကျနေတာလည်း ငါ မြင်ဖူးခဲ့တာပဲ။ ငါနဲ့ ငါ့အစ်ကိုကို အိမ်က မုဒုံ ပို့လိုက်တယ်။ ဆိုးသွမ်းလူငယ်တွေကို ပြန်လည်ထူထောင်ရေးစခန်း ပို့သလိုမျိုး။ မုဒုံရောက်ရင် သင်္ဘောဦးအိမ်က ဗီရိုဟောင်းတစ်ခုထဲမှာ ထင်လင်း ဘာသာပြန် ကမြူးရဲ့ ‘စည်းအပြင်က လူ’ စာအုပ် ရှိနေမယ်ဆိုတာ ငါ သိပြီးသား။ စာအုပ်ကို ထုတ်လိုက်ပြီး ဖုန်တွေကို လေနဲ့မှုတ်လိုက်တာနဲ့ ဗဂျီအောင်စိုးရဲ့ အဖုံးပေါ်က လူအဆန်ဆုံး လူတစ်ယောက်ပုံ ပေါ်လာမယ်။ ကန္တာရလို နောက်ခံထဲမှာ။ စာအုပ်ကို စလှန်လိုက်တာနဲ့ အဖေ့ sign နဲ့ ‘ခေတ္တ ဖောင်ကြီး’ ဆိုတဲ့ စာသား တွေ့မယ်။ ဆက်ဖတ်ရင် ထင်လင်းရဲ့ အမှာထဲက ရခိုင်ဘုန်းကြီးရဲ့ တရား။ ဆက်ဖတ်ရင် ဒီနေ့ အမေသေတယ်၊ ဘာညာ။ အဲဒါတွေ အားလုံးကို ငါ သိပြီးသားပဲလေ။ နတ်ဝင်သည်ဟာ ရှေ့ဖြစ်လာမှာတွေကို ကြိုသိနေသလိုမျိုး။ အချိန်တန်တော့ ငါ ရန်ကုန် ပြန်ရောက်လာတယ်။ ငါ့အင်္ကျီလည်း လျှော်ဖွပ်ပြီး မီးပူထိုးထားတော့ ပြန်လည်သစ်လွင် တောက်ပလို့။ တစ်ညသားရဲ့ သန်းခေါင်ယံမှာ အိပ်မပျော်သေးတဲ့ ငါ့ဆီကို နာမည်မရှိတဲ့ အညတရ နတ်သားတစ်ပါး ရောက်လာတယ်။ ကိုယ်ရောင် ကိုယ်ဝါလည်း မရှိဘူး။ လက်ကြားထဲမှာ ဂျိုးသိန်း ဆေးပေါ့လိပ်လေးနဲ့။ စကားလည်း ဘာမှ သိပ်မပြောဘူး။ အရေးအခင်းကြီးဟာ ငါ့ကြောင့် ဖြစ်တာတဲ့။ ကြားရရုံ လေသံလေးနဲ့ ဒီစကားတစ်ခွန်းပဲ ပြောတယ်။ သူ ဖွာလိုက်တဲ့ ဆေးလိပ်မီးပွားတချို့က သူ့နတ်ဝတ်စုံကြီးပေါ် ကျနေရဲ့။ နောက်တော့ ခေါင်းရင်းက ငါ့ဂစ်တာကို ယူပြီး ‘မှောင်ရိပ်များ ကြီးစိုးကာ ညကို အကြိုထောက်ရင် …’ လို့ စပြီး ခပ်တိုးတိုး ဆိုတယ်။ သူ့မျက်လုံးတွေဟာ ဇီဗားဂိုးအဖြစ် သရုပ်ဆောင်တဲ့ အိုမာရှရစ်ရဲ့ မျက်လုံးတွေလိုပဲ။ မျက်လုံးနောက်မှာ မျက်ရည်တွေ ပုန်းနေသလို အရည်လဲ့လို့။ သူ မပြန်ခင် ပြောသွားတယ်။ အဲဒီ ခွေးအအုပ်ကြီးလို နှစ်တွေဟာ တကယ်ရောက်လာမှာ တဲ့။ ဒါပေမဲ့ မင်း မသေပါဘူး။ သူတို့က မင်းကို သေအောင် မသတ်ဘူး။ မင်းရဲ့အသည်းနှလုံးကိုပဲ စားမှာ။
◾
လူတွေလက်ထဲမှာ မြေခွေး အမြီးပြတ်ကြီး။ အမြီးဟာ ပူနွေးပြီး တဆတ်ဆတ် တုန်ခါနေတုန်းပဲ။ အဲဒါကြီးကိုပဲ ဒိုင်းဆုသဖွယ် ကိုင်မြှောက်ပြကြရဲ့။ မြေခွေးရော ဘယ်မှာလဲလို့ ဘယ်သူမှ မမေးကြ။ မြေကြီးပေါ်က သွေးစက်လက်နောက် ဘယ်သူမှ ဆက်မလိုက်ကြ။
မီးပွိုင့်စောင့်ရတာ ကြာတဲ့အခါတိုင်း ငါ့ဘယ်ဘက်လက်ဟာ စော်ရဲ့ ပေါင်ပေါ်ကို မြွေတစ်ကောင်လို ရွေ့သွားတယ်။ ညာဘက် လက်ကတော့ ကားစတီယာရင်ပေါ်မှာ ဣန္ဒြေမပျက်။ အချိန်သေကြီးကို ငါတို့ သည်းမခံနိုင်ဘူး။ ငယ်ရွယ်တဲ့ နှလုံးသားတစ်ခုဟာ သူ့ကို မလှုပ်မယှက် ရပ်နေဖို့ အမိန့်ပေးတဲ့ မီးနီကို ဘယ်လို ကျွန်သဘောက် စိတ်မျိုးနဲ့ နာခံနိုင်မှာလဲ။ ကဆုန်ပေါက်နေတဲ့ မြင်းအတွက် မီးနီဆိုတာ စောက်ဂရုစိုက်စရာမှ မဟုတ်တာ။ တစ်ခါတလေလည်း စတစ်ကာကပ်ထားတဲ့ ကားမှန်မှာ မျက်နှာကို ဖိကပ်လို့ အထဲကို မြင်ရမလား ကြည့်ပြီး ပိုက်ဆံတောင်းတတ်တဲ့ သူတောင်းစား ချာတိတ်၊ ချာတိတ်မတွေ။ သူတို့ရဲ့မျက်နှာတွေ မြင်တိုင်းတော့ ငါ အကြည့်လွှဲမိတယ်။ ငါတို့သမိုင်းရဲ့ တကယ့်မျက်နှာကို ရင်မဆိုင်ရဲသလိုမျိုး။ မျက်စိနှစ်ဖက်နေရာမှာ ကြောင်တောင်ကန်းနေတဲ့ ကျောက်မျက်လုံးကြီးတွေ အစားထိုးထားတဲ့ သမိုင်းရဲ့မျက်နှာကို မြင်ရမှာ ငါ အသေကြောက်တယ်။ ဒီကောင်မလေးသာ ကျွန်တော့်ညီမလေး ဖြစ်ရင်ကွယ် ဆိုတဲ့ သီချင်းစာသားကလည်း အဲဒီလို အချိန်မျိုးဆို နားထဲမှာ ပိတ်မိနေတဲ့ အင်းဆက်တစ်ကောင်လို အော်လာပြန်တယ်။ ခရီတီကျွန်းရဲ့ ဝင်္ကပါထဲမှာ ထိန်းချုပ်ခံထားရတဲ့ Minotaur ပမာ ငါဟာ ထွက်ပေါက်မရှိတဲ့ ရန်ကုန်ရဲ့ လမ်းတွေပေါ်မှာ ငါ့ တိုယိုတာကားလေးကို ဒေါသတကြီး မောင်းနှင်နေခဲ့ပေါ့။ ဟံသာဝတီ အဝိုင်းကြီးကို ရည်ရွယ်ချက်မဲ့ အကြိမ်ကြိမ်ပတ်ရင်း ရှေ့က ပိတ်မောင်းနေတဲ့ ကားတွေကို မရမက လိုက်ကျော်ပြီး စိုစွတ်နေတဲ့ ငါတို့ လက်ခလယ်တွေကို လေထဲ ထောင်ပြခဲ့တယ်။ ကန်တော်ကြီးကို ဖြတ်သွားလို့ ဗိုလ်ချုပ်ကြေးရုပ်ကြီးကို မြင်တိုင်း ငါတို့ရဲ့ ဘဝအဖြစ်အပျက်တွေဟာ ကြေးရုပ်ကြီးရဲ့ အိပ်မက်လားလို့ တွေးမိပြန်တယ်။ ငါ စိတ်ကူးယဉ်ဖူးတာ ရှိတယ်။ ဗီဒီယိုတစ်ကား ရိုက်မယ်။ သန္တာလှိုင်ကို ငှားမယ်ပေါ့လေ။ ငါ့သူငယ်ချင်းနဲ့ သန္တာလှိုင်နဲ့။ ပုပ္ပားမှာ ရိုက်မယ်။ မနက်နိုးလာရင် ပြတင်းပေါက်ကနေ မီးတောင်အသေကြီးကို တွေ့နေမယ့် အခန်းတစ်ခန်းထဲမှာ။ စကားပြောတွေပဲ ပါမှာ။ အဖြစ်အပျက် မရှိဘူး။ ဇာတ်လမ်း မရှိဘူး။ မီးတောင်သေကြီးဟာ သူတို့နှစ်ယောက်စိတ်ထဲမှာ ရှိနေတဲ့အကြောင်း။ မပေါက်ကွဲဘဲ၊ မေ့လို့လည်း မရဘဲ သူတို့စိတ်ကို ဖိစီးနေတဲ့ မီးတောင်သေရဲ့ ခြိမ်းခြောက်တဲ့ ပုံရိပ်။ သူတို့ စကားတွေ။ မီးတောင်ကို အဝေးရိုက်ချက်တွေနဲ့ သူတို့ရဲ့ အဝေးကို ငေးရီနေတဲ့ အကြည့်တွေ။ ငါ့သူငယ်ချင်းက ပြောတယ်။ မင့်ဟာကလည်းကွာ။ သန္တာလှိုင်ကို နမ်းတဲ့ အခန်းလေးတောင် မထည့်ဘူးလားတဲ့။ ငါက ပြန်ပြောတယ်။ အေး… နမ်းချင် နမ်းကွာ။ ဒါပေမဲ့ မျက်ရည်တွေနဲ့ ပါးကို နမ်းရမှာ။
◾
၂၀ ရာစုရဲ့ နောက်ဆုံးလက်ကျန် အလင်းရောင်မှိန်မှိန်ထဲမှာ ငါ မှုတ်ထုတ်လိုက်တဲ့ လက်ကီးစထရိုက် စီးကရက်မီးခိုးတွေ ဝေ့ဝဲလို့။ ငါ စောင့်နေတဲ့ ရှားဖဲ အနက်ရောင် စပိတ်တစ်ကို ငါ့အပေါ်အိမ်က မာရ်နတ်က ထောင်ပြတယ်။ မင်းလိုချင်တာ ဒီဖဲလေတဲ့။ နောက်ဆုံးနှစ် အပိုင်း (က) မှာ ဒိုက်ဦးကို ကွင်းဆင်းတော့ ငါတို့ မိုးအလင်း ဖဲရိုက်ကြတယ်။ ကိုယ့်ဘဝ ပျက်တဲ့အထိ မျောနေတဲ့ လှေနောက်ကို လိုက်ချင်တဲ့ စိတ်တေလေ။ ငါ့အဖို့က ဖဲရိုက်တာဟာ ငါ့ဝိညာဉ်ကို နှိုးဖို့။ ငါ့ကိုယ်ငါ ပြိုကွဲမသွားအောင် ပြန်စုစည်းဖို့။ အနိုင်အရှုံး ဝါယာနှစ်စနဲ့ ငါ့နှလုံးသားကို ရှော့ခ်ရိုက်ပြီး ပြန်ခုန်စေဖို့။ ဘဝကို ရှေ့ဆက်လျှောက်ဖို့။ အမှန်ပြောရရင် တက္ကသိုလ် ကျောင်းသားဘဝမှာ ငါ့ရဲ့ အပြင်းထန်ဆုံး ဆာလောင်မှုနှစ်ခုဟာ လိင်ရမ္မက်နဲ့ စာဖတ်ချင်စိတ်ပဲ။ မိုက်ကယ်အိန်ဂျလိုရဲ့ ကမ္ဘာကျော်လက်ရာ ဒေးဗစ် David ကျောက်ဆစ်ပန်းပုရုပ်မှာ ယောက်ျားလိင်အင်္ဂါဟာ ခန္ဓာကိုယ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိနေခဲ့သလို ပြင်းထန်တဲ့ လိင်စိတ်ဟာ ငါတို့ လူငယ်ဘဝရဲ့ အလယ်ကောင်မှာ တည်ရှိနေခဲ့တယ်။ နေ့တွေ၊ ညတွေဟာ ငါ့ပေါင်ကြားထဲကို အရှိန်အဟုန်နဲ့ စီးဝင်လာ။ အဲဒီ ပေါင်ကြားထဲကနေပဲ အရှိန်အဟုန်နဲ့ အဝေးကို ပြေးထွက်သွားကြတယ်။ ဒေးဗစ်ရဲ့ ပေါင်ကြားဟာ ကမ္ဘာလောကရဲ့ မွေးဖွားရာ ဖြစ်သလိုပေါ့။ ငါတို့ဟာ စော်တွေရဲ့ ပေါင်ကြားမှာလည်း ရတနာရှာကြတယ်။ မနှင်းဖြူထဲက လူပုလေးတွေ နိစ္စဓူဝ ရွှေရှာကြသလို လေကလေး တချွန်ချွန်နဲ့ပေါ့လေ။ တူးရွင်းတွေကို ထမ်းရင်း၊ ဘယ်ညာချီတက်ရင်း ဘဝကို အကောင်းမြင်စိတ်တွေနဲ့ အလိုရမ္မက်တွေနဲ့ပေါ့။ အဲဒီလိုပဲ ဖဲချပ်တွေဆီကိုတော့ ငါတို့ကံကြမ္မာကို ကြည့်ဖို့ သွားကြတယ်။ မာရ်နတ်က ငါလိုချင်တဲ့ စပိတ်တစ် ဖဲချပ်ကို မီးရှို့လိုက်တယ်။ မီးစွဲနေတဲ့ ဖဲချပ်ကို ငါ့ရှေ့ ပစ်ချပေးတယ်။ ရော့ မင်း လိုချင်နေတဲ့ဖဲ။ လှလှပပ လောင်ကျွမ်းနေတဲ့ စပိတ်တစ်ဖဲ။ လူတွေဟာ တကယ်တော့ ကိုယ့်အချစ်ဆုံး သူငယ်ချင်းတွေ စောက်ရှက်ကွဲတာ မြင်ချင်တာချည်းပဲတဲ့။ ‘The gambler’ ထဲမှာ ဒေါ့စတိုယက်ဗ်စကီး ရေးခဲ့တာ။ ရှုံးနေပြီးသား ပွဲတွေကို ငါတို့ ဆက်ဆော့နေရတဲ့ ရာစုတစ်ခုရဲ့ နောက်ဆုံးနှစ်တွေ။
◾
ငါ့အိပ်မက်တစ်ခုထဲမှာ နဖူးမှာ ‘ငါ’ဆိုတဲ့ စာလုံးရေးထားတဲ့ ဝက်ကြီးတစ်ကောင်ကို လည်ပင်းကနေ ကြိုးနဲ့ လူတစ်ယောက် အတင်း ဆွဲခေါ်သွားတယ်။ ဝက်ကြီးက အော်ဟစ်ရုန်းကန်တယ်။ နောက်တော့ လူနှစ်ယောက် ထပ်ရောက်လာပြီး သုံးယောက်သား ဝက်ကြီးကို ခပ်ကြမ်းကြမ်း ဆွဲသွားကြတယ်။ သားသတ်ရုံရှေ့ ရောက်တော့ သေနတ်နဲ့ လူတစ်ယောက် ထွက်လာတယ်။ သူက သေနတ်ကို ဝက်ကြီးရဲ့ နဖူးအလယ်က ‘ငါ’ဆိုတဲ့ စာလုံးပေါ် တည့်တည့် ဖိကပ်လိုက်တယ်။ ပြီးတော့ အေးစက်တဲ့ သူ့မျက်လုံးတွေနဲ့ ဝက်ကြီးရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။ ဝက်ကြီးဟာ ရုတ်တရက် အသံတိတ်သွားတယ်။ အဲဒီအချိန်မှာ ဒိုင်း ဆိုတဲ့ အသံနဲ့အတူ ဝက်ဟာ နောက်ကို ခြေနှစ်လှမ်းစာလောက် ဖင်ထိုင်လျက် ပုံစံမျိုးနဲ့ လွင့်သွားတယ်။ သေနတ်နဲ့ လူရဲ့ မျက်နှာနဲ့ သူ့စွပ်ကျယ် အဖြူပေါ် သွေးတွေ စင်ကုန်တယ်။ အနားက ခိုတစ်အုပ် တောင်ပံတွေ တဖြန်းဖြန်း ခတ်ပြီး ထပျံတယ်။ သေနတ်နဲ့ လူက “ငါလိုးမ ဝက်တွေ၊ ဘယ်လောက်သတ်သတ် ကုန်ပဲ မကုန်နိုင်ဘူး” လို့ ရေရွတ်တယ်။ ငါ ရင်တွေ တလှပ်လှပ်တုန်ပြီး နိုးလာတယ်။ မနက်ခပ်စောစော ဖြစ်မယ်။ အောက်ထပ်မှာ အဖေ BBC လား၊ VOA လား မသိဘူး ဖမ်းနေတဲ့ အသံ။ တဂျစ်ဂျစ် တရှဲရှဲ အသံတွေနဲ့ မသဲမကွဲ စကားလုံးတွေ။ အဲဒီ အချိန်မှာ ငါ အင်းလျားရိပ်သာကို ရောက်နေပြီဖြစ်ပေမဲ့ နိုးလာခါစဆို ငါ့ကိုယ်ငါ ဂွတ္တလစ်အိမ်မှာလို့ ထင်နေတုန်းပဲ။ ပတ်ဝန်းကျင်ကို မြင်မှ၊ သေးပေါက်တော့ ငါ့ ဆီးခုံမွေးတွေကို မြင်မှ ငါ့စိတ်ထဲက ကမ္ဘာဟောင်းရဲ့ ပုံရိပ်ဟာ တစ်စစ ပြိုကွဲသွားတယ်။ နောက်တော့ အဘွားရဲ့ ဘုရားရှိခိုးသံ ကြားရတယ်။ အဲဒီအချိန်မှာ အဘိုးနဲ့ အဘွားလည်း ရန်ကုန် ရောက်နေပြီ။ မုဒုံက ဆန်စက်ဟောင်းကြီးရှိတဲ့ ခြံဝင်းအကျယ်ကြီးနဲ့ စက်အိမ်ကို စွန့်ပစ်ပြီး သမီးတွေရှိတဲ့ ရန်ကုန်ကို အပြီးပြောင်းလာကြတယ်။ ဒါပေမဲ့ သူတို့ မျက်နှာတွေက ညှိုးငယ်လို့။ မုဒုံမြို့ရဲ့ လူကုံထံ မြို့မျက်နှာဖုံးဘဝကို စွန့်ပြီး ရန်ကုန်မှာ လူမသိ သူမသိ လူလတ်တန်းစားဘဝထဲ လာနေတာဟာ တစ်ချိန်မှာ အဘိုးက ရုတ်တရက် နှလုံးရောဂါနဲ့ CCU ထဲမှာ၊ အဘွားက အဘိုးဆုံးပြီးကတည်းက တရှောင်ရှောင်နဲ့ကနေ နောက်ဆုံး ICU ထဲမှာ သေကြဖို့လားလို့ ငါ တွေးမိတိုင်း ကီလီမန်ဂျားရိုး တောင်ထွတ်ပေါ် သေဖို့ အံကြိတ်ပြီး တက်လာတဲ့ ကျားသစ်အို လင်မယားအဖြစ် ငါ မြင်မိတယ်။ ဒီလိုဆိုရင် ရန်ကုန်ဟာ နှင်းတွေဖုံးနေတဲ့ ဘုရားသခင်ရဲ့ အိမ်လား။ ဒါမှမဟုတ် သေနတ်တစ်လက်နဲ့ စောင့်နေတဲ့ စွပ်ကျယ်နဲ့ ဝက်သတ်သမားလား။ အဘွားက ငါ့ကို အချစ်ဆုံးဆိုတော့ ငါအန္တရာယ်ကင်းအောင် အစစ အဆင်ပြေအောင် ငါ့နဖူးပေါ်မှာ ‘ပု၊ ဒိ၊ အာ’ လို့ သူ့လက်ညှိုးနဲ့ ရေးပေးတတ်တယ်။ နဖူးမှာ စာပါတော့ မကောင်းဆိုးဝါးတွေက ရှောင်မယ်ပေါ့လေ။ နတ်တွေက စောင့်ရှောက်မယ်ပေါ့။ ဒါဆို ထင်ထင်ရှားရှားကြီး ရေးထားတဲ့ ဝက်ကြီးရဲ့ နဖူးပေါ်က စာ ကျတော့ရော။
◾
အဲဒီ ဦးခေါင်းတွေဟာ ငါတို့ကို စိုက်ကြည့်နေတယ်။ သူတို့ဆီမှာ မရှိတော့တဲ့ ခန္ဓာကိုယ်တွေကို ငါတို့ ခိုးယူ ပိုင်ဆိုင်ထားသလိုမျိုး။
၈၈ လူထုအရေးအခင်းကြီး မဖြစ်ခဲ့ဘူး ဆိုပါတော့။ အဲဒါဆို တောခိုတဲ့ ကျောင်းသားတွေကို ပုဂံခေတ် အရည်းကြီးတွေစတိုင် ပုံဖော်ရိုက်ကူးထားတဲ့ ‘ပါပီမ’ဆိုတဲ့ အပေါစား ဇာတ်လမ်းလည်း ငါတို့ ကြည့်ရမှာ မဟုတ်တော့ဘူး။ (‘ပါပီမ’ကိုတော့ ငါတို့ ဖီးလ် လာခဲ့ကြတယ်။) သူငယ်တန်း ကောင်မလေးတစ်ယောက် ပြောတဲ့ သမီးကို မွှေးမွှေးပေးတဲ့ ဘဘဦးခင်ညွန့် ရဲ့ နှုတ်ခမ်းမွေး ငုတ်စိလေးတွေက ယားတယ် ဆိုတာလည်း ကြားရမှာ မဟုတ်ဘူး။ တစ်ချိန်မှာ ငါ့ညီ အငယ်ဆုံးကောင်ရဲ့ လက်မောင်းပေါ်ကိုလည်း နှင်းဆီပွင့် တက်တူးကြီး ရောက်လာမှာ မဟုတ်ဘူး။ ငါတို့ မသိတဲ့ ရပ်ကွက်လေးတွေထဲမှာ ကမ္ဘာပေါ်ကနေ အပြီးပျောက်ကွယ်သွားတဲ့ လူငယ်လေးတွေအတွက် ဆွမ်းသွပ် အမျှဝေနေတာတွေလည်း ရှိမှာ မဟုတ်ဘူး။ မင်းမနိုင်က သင်္ချာကျူရှင် အိမ်ရှေ့မှာ ဆေးကျောင်းသားတစ်စု ဖာချဖို့ အလှည့်ကို မဲနှိုက်ရင်း အသေးစား ကတောက်ကဆ ဖြစ်ခဲ့ရတာလည်း ရှိမှာမဟုတ်တော့ဘူး။ အဖြစ်တွေဟာ အပျက်အပျက်နဲ့ နှာခေါင်း သွေး ထွက်ခဲ့တယ်။ ဆိုက်ကားနောက်မြီးက စာလေးတွေကို ဖတ်ရင်း ငါ ကြေကွဲမိတယ်။ လောကဓံကို ခါးစောင်းတင်မယ်၊ သမီးလေးအတွက် အဖေ ကြိုးစားမယ် စသဖြင့်ပေါ့လေ။ အဲဒီစာသားထဲက သမီးလေးဟာ နှစ်အတန်ငယ် ကြာတဲ့အခါ မီးမှိန်မှိန်အောက်မှာ ငါ့ပေါင်ကြားထဲ အလုပ်လုပ်နေတဲ့ ဆီတရွဲရွဲ လက်တစ်စုံရဲ့ပိုင်ရှင် မဟုတ်ဘူးဆိုတာ ငါ ဘယ်လို သက်သေပြမလဲ။ ငါ ဆိုတာကြောင့် ဒီအဖြစ်အပျက်တွေဟာ ငါ တစ်ယောက်တည်းနဲ့ပဲ ဆိုင်တာလို့တော့ ခပ်တုံးတုံး ကောက်ချက်မျိုး မဆွဲစေချင်ဘူး။ အဲဒီ ငါဟာ ဘယ်လိုလဲဆိုတော့ ရုရှအရုပ် (Russian doll) လို အရာမျိုး။ အဲဒီ ငါ ဆိုတဲ့ အရုပ်ကြီးထဲမှာ နောက်ထပ် ငါ ဆိုတဲ့ အရုပ်သေးလေးတွေ တစ်ခုနဲ့တစ်ခု ထပ်ထပ်ပြီး စွပ်ထားတာ။ ဒါဆိုရင် တရားခံဟာ ငါ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ သိလောက်ပြီ။ အဲဒီ ငါ အရုပ်တွေ အများကြီး ကြီးပြင်းလာတဲ့ အခြေအနေကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ မြင်ကွင်းကိုတော့ Sam Mendes ရိုက်တဲ့ American Beauty ထဲမှာ ငါ အထိတ်တလန့် တွေ့ရှိခဲ့ပေါ့။ အဲဒါကတော့ ရုပ်ရှင်ထဲမှာ ရစ်ကီရဲ့ အပျော်တမ်း ဗီဒီယိုကင်မရာ အသေးလေးနဲ့ ရိုက်ထားတဲ့ လေထဲမှာ ကျွတ်ကျွတ်အိတ်လေး လွင့်နေတဲ့ scene။ ဘာမှ အရေးမပါတဲ့ ကျွတ်ကျွတ်အိတ်ကလေး လွင့်နေတာကို လိုက်ရိုက်ထားတာ။ တော်တော်လေး ကြာတယ်။ ငါတို့လည်း ဒီမြင်ကွင်းမျိုး မြင်နေကျပဲ။ အမှိုက်ကို တွေ့ကရာပစ်တဲ့ ငါတို့နိုင်ငံမှာ ဒီမြင်ကွင်းမျိုး ပိုပေါတာပေါ့။ လမ်းပေါ်မှာ လမ်းဘေးမှာ ကျွတ်ကျွတ်အိတ်လေး လေထဲ လွင့်နေတာ။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာတော့ ကြည့်လို့ လှတယ်။ ကြည့်ရင်းနဲ့ ငါ ဝမ်းနည်းလာတယ်။ အစွန့်ပစ်ခံထားရတဲ့ အသုံးမဝင်တော့တဲ့ တစ္ဆေတစ်ကောင် လေထဲမှာ ပျံဝဲပြီး ကနေသလိုမျိုး။
◾
ငါ့အခန်းထဲ နေရောင်ဝင်လာပုံက နှစ်ရှည် အကျဉ်းကျသူ တစ်ယောက်ကို အသိအကျွမ်းဟောင်း တစ်ယောက်က မမျှော်လင့်ဘဲ ထောင်ဝင်စာ လာတွေ့သလိုမျိုး။ ငါတို့နှစ်ယောက်မှာ ပြောစရာစကား မရှိ။ နေရောင်က အေးတိအေးစက်နဲ့ ငါ့ကို ကြည့်နေ။ ခင်ဗျား နေကောင်းရဲ့လား။ ဝတ်ကျေတန်းကျေ ပေါ့လေ။ ငါ့ကို စီးကရက်တစ်လိပ် ပေးတယ်။ စီးကရက်ရဲ့ သုံးပုံနှစ်ပုံလောက် ပြာတောင့်ရှည်ကြီး ဖြစ်သွားတဲ့အထိ ငါ ရှိုက်လိုက်မိတယ် ထင်တယ်။ နှစ်နှစ်လောက် ပိတ်ထားတဲ့ ဆေးကျောင်း ပြန်ဖွင့်တဲ့အထိ။ ပင့်ကူအိမ်ထဲက အင်းဆက်အသေတွေ ပြန်လှုပ်လာတယ်။ ဒါပေမယ့် တောင်ပံတွေ မရှိတော့ဘူး။ တောင်ပံမရှိတော့တဲ့ အင်းဆက်တွေဟာ တောင်ပံမရှိတော့တဲ့ အိန်ဂျယ်တွေနဲ့ ဘာကွာလို့လဲ။ ပျံသန်းရမယ့် လမ်းတွေပေါ်မှာ တရွေ့ရွေ့ လျှောက်ရတာပဲလေ။ ညီလေး ပန်းခြံပိတ်ချိန် ရောက်ပြီ။ မျက်နှာကို ထိုးထားတဲ့ လက်နှိပ်ဓာတ်မီး မီးရောင်အောက်မှာ 501 ဂျင်းဘောင်းဘီနဲ့ မပျံနိုင်တဲ့ အိန်ဂျယ်။ သူ့တောင်ပံနှစ်ဖက် နေရာက အနာကြီးတွေ မကျက်သေး။ ဆောင်းဦးလှိုင်ကို မကြိုက်လှပေမယ့် သူ့ရဲ့ အိမ်ပြန်ချိန် ညချမ်းဟာ ပါးစပ်ထဲ အလိုလို ရောက်ရောက်လာတယ်။ မာကျူရီ မီးရောင်အောက်မှာ ငါတို့ အိမ်ပြန်ကြတယ်။ ခြေလှမ်းတိုင်းဟာ အိမ်ဆီ ဦးတည်တယ်။ ဟာမန်ဟက်စ် ရေးဖူးတာ။ ငါတို့ဟာ အမြဲတမ်း အိမ်ကို ပြန်ချင်တယ်။ အိမ်ကရော တကယ်ရှိရဲ့လား။ အိမ်ကို ငါတို့ ရှာတွေ့ရဲ့လား။ အိမ်က ငါတို့နှလုံးသားထဲမှာ ရှိနေမှန်း မသိတော့ ငါတို့ ဘယ်တော့မှ အိမ်ပြန်မရောက်ခဲ့ဘူး။ ချိုင့်ဝင်နေတဲ့ ခေါင်းအုံးဖြူဖြူ တစ်လုံးပေါ်မှာ ငါ မက်နေကျ အိပ်မက်တစ်ခုက ငါ့ကို စောင့်နေလိမ့်မယ်။ အိပ်မက်ထဲမှာ ငါဟာ နှင်းပုလဲဘူတာမှာ ဖက်နံ့မွှေးမွှေးနဲ့ ရွှေမျက်မှန် ထမင်းပေါင်းကို အားရပါးရ စားနေတယ်။ ပြီးရင် ကျောက်တုံးကြီးတွေကို တူနဲ့ထုခွဲနေတဲ့ ပိတ်ဖြူ ထောင်ဝတ်စုံဝတ် ထောင်သားတွေကို ငါ မြင်မယ်။ ရန်ကုန်-မုတ္တမ ရထားစီးတိုင်း မုပ္ပလင်နားမှာ တွေ့နေကျ။ ဒါတွေဟာ တချိန်က တကယ်ဖြစ်ခဲ့တာတွေပဲ။ အဲဒါကိုပဲ အိပ်မက်အနေနဲ့ ညတိုင်းလိုလို ဆင်တူကြီး မက်နေတော့ ဘာပြီးရင် ဘာလာမလဲဆိုတာ ငါ မှတ်မိနေပြီ။ အဲဒီတော့ ကျောက်တုံးကြီးတွေကို ခွဲနေတဲ့ အဲဒီ နှစ်ကြီး ထောင်သားတွေရဲ့ နောက်ကျောတွေကို မြင်တာနဲ့ ငါ အတင်း အော်ဟစ်ပြီး အိပ်ရာက နှိုးပစ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခဏနေ အဲဒီထောင်သားတွေ ငါ့ဘက် မျက်နှာလှည့်လာပြီး အိပ်ပြန်ချိန် ညချမ်းကို သံပြိုင် ဆိုကြတော့မှာ။ ထောင်ဝတ်စုံ အဖြူတွေ၊ တူကြီးတွေ၊ သံခြေကျင်းတွေနဲ့ ကကြရင်း။
◾
ကားဟာ ပက်လက်လန်သွားပေမဲ့ ဘီးတွေက ဆက်လည်နေဆဲ။ ကားကက်ဆက်ထဲမှာ Europe ရဲ့ The final countdown။ ငါတို့ နှစ်ယောက် ကားထဲက ခက်ခက်ခက်ခဲခဲ ထွက်လာခဲ့။ နှစ်ယောက်စလုံးရဲ့ မျက်နှာပေါ်မှာ ပွန်းပဲ့ဒဏ်ရာတွေ။ သွေးစို့နေတဲ့ နှုတ်ခမ်းနှစ်စုံဟာ ခပ်ကြမ်းကြမ်း နမ်းလိုက်ကြတယ်။ ရုပ်ရှင်တွေထဲကလို ကားက မပေါက်ကွဲဘူး။ ကားရှေ့မီးဟာ ရှေ့က မြက်ရိုင်းတောထဲကို ထိုးလို့။ We're heading for Venus… Venus… Venus… နှစ်သစ်ကူးမယ့် ညရဲ့ ကောင်းကင်မှာ ကြယ်တွေ မရှိဘူး။ ကျောပေါ်မှာ NYPD စတစ်ကာပါတဲ့ ငါ့ leather jacket ကို သူမကိုယ်ပေါ် ငါ လွှမ်းပေးထားတယ်။ နှစ်ကူးမယ့် အချိန်ကို စောင့်ရင်း ရှေ့က မြက်ရိုင်းတောကြီးကို ငါတို့ မမှိတ်မသုန် ကြည့်နေမိတယ်။ ပန်းမရှိတဲ့ ငါတို့ရဲ့ အနာဂတ်ဥယျာဉ်ကြီး။ Oh It's the final countdown… the final countdown. ဂြိုဟ်သားတွေဟာ ကတိမတည်ဘူး။ ချိန်းထားပေမဲ့ ငါတို့ကို ဘယ်တော့မှ လာမခေါ်ခဲ့ဘူး။ နှစ်သစ်ကူး ညတွေ အများကြီး ကြုံခဲ့ပေမဲ့ အမှတ်တရ ဖြစ်စရာလည်း ဘာမှ မည်မည်ရရ မရှိလှပါဘူး။ တစ်နှစ်တော့ မာလာဆောင် ရှေ့နားက ခြံတစ်ခြံထဲ ရောက်သွားတယ်။ သီရိဂျေမောင်မောင်နဲ့ ဟိုကောင်ဗျာ ဝါဝါဝင်းရွှေ သားနဲ့။ ဒီကောင့်နာမည် မေ့နေတယ်၊ ထားပါ။ အဲဒီတုန်းက စော်က ရယ်ရယ်မောမော။ နောက်ပိုင်း ဒီဘဲနဲ့ကွဲပြီး အဲဒီစော်ကြီးကို ငါ ပြန်တွေ့တိုင်း ဘယ်တော့မှ ပျော်ပျော်ရွှင်ရွှင် မတွေ့ရတော့ဘူး။ တကယ်တော့ ငါနဲ့ အဲဒီအသိုင်းအဝိုင်းနဲ့က ဝေးပါတယ်။ အဲဒီလူတွေကို ကြည့်မယ့်အစား ရှေ့က မြက်တောကြီးပဲ ငါ ထိုင်ကြည့်နေတော့မယ်။ နောက်ထပ် ပြောစရာဆိုလို့ အဲဒီလို အထိမ်းအမှတ် ညတွေဆို ငါတို့ အကွဲသောက်တာ။ ပြီးရင် တစ်ယောက်ပြီး တစ်ယောက် ဥဩဆွဲတာ။ တစ်ယောက် နားထဲ တစ်ယောက် သံပရာသီး ညှစ်ထည့်တာ။ မူးမူးနဲ့ သတိပေးရသေးတယ်။ ဟေ့ကောင် အစေ့မပါစေနဲ့။ ဪ အမှတ်တရ တစ်ခုတော့ ရှိတယ်။ ကုက္ကိုင်း ရေကူးကန်နားက My other place မှာ ငါ့သူငယ်ချင်း အန်ခဲ့တဲ့ အန်ဖတ်ပုံကြီး။ တောင်တစ်တောင်လောက်ကို ကြီးမားတဲ့ အန်ဖတ်ပုံကြီး။ ငါ့စိတ်ထဲမှာ ငါတို့မျိုးဆက်တစ်ခုလုံး စားခဲ့တဲ့ အဆိပ်တွေကို ကိုယ်စားပြု အန်ထုတ်ပေးလိုက်သလို ထင်မှတ်ခဲ့တဲ့ အဲဒီဧရာမ အန်ဖတ်ပုံကြီး။ ငါ့စော်ကို ဖက်ထားရင်း၊ မြက်ရိုင်းတောကြီးကို ငေးရင်း၊ သီရိဂျေမောင်မောင်ရဲ့ ပျော်ခဲ့ဖူးသော မျက်နှာလေးကို အမှတ်ရရင်း၊ နှစ်ကူးချိန်ကို စောင့်ရင်း၊ The final countdown ကို လိုက်ဆိုရင်း၊ ငါတို့ ဥဩရှည်ကြီး ဆွဲရင်း၊ တောင်လောက်ရှိတဲ့ အန်ဖတ်ပုံကြီးကို အံ့ဩမှင်သက်မိရင်း၊ တိုင်တစ်ဝက် လွှင့်ထားတဲ့ အလံတော်ကို ဦးခိုက်ရင်း ငါတို့ ဆက်လျှောက်ခဲ့တယ်။ အို… နှစ်များ၊ လာခဲ့စမ်းပါ။ ထွက်ခဲ့စမ်းပါ။ အဲဒီ မြက်ရိုင်းတောထဲမှာ ပုန်းမနေဘဲ ရှေ့ကို ရဲရဲထွက်ခဲ့စမ်းပါ နောက်ထပ် နှစ်များ။
◾
ကျွန်တော် ဖြစ်ချင်တာက ကားဘော်ဒီမှာ မီးတောက်မီးလျှံတွေနဲ့ 1957 Chevy Bel Air ပေါ်မှာ စော်ကို တင်၊ ကျွန်တော့်ရဲ့ အဲဒီအချိန်က ဘဝဦးတည်ရာ လမ်းကြောင်းကနေ အရှိန်မလျှော့ဘဲ ဂငယ်ကွေ့ ကွေ့ချပြီး ဆန့်ကျင်ဘက်အရပ်ဆီ ဝူးခနဲ မောင်းထွက်သွားချင် နေခဲ့တယ်။ Guns N roses ရဲ့ Welcome to the jungle ကို အကျယ်ကြီး ဖွင့်ချင် ဖွင့်၊ ဒါမှမဟုတ်လည်း Deep Purple ရဲ့ Smoke on the water ကို ခပ်တိုးတိုးပေါ့လေ။ တိုက်ကြီး အိမ်မှာ ဗီဒီယိုမပြခင် ဖွင့်ထားတဲ့ မက် ဒေါနား MTV ထဲက သူ့ရဲ့ ဒုံးကျည်လို ဘရာစီယာ ချွန်ချွန်တွေ၊ အနက်ရောင် ဇာခြေစွပ်ရှည်ကြီးတွေနဲ့ လိင်စိတ် စတင်နိုးကြားလာခဲ့တဲ့ လူငယ်လေး တစ်ယောက်ရဲ့ အချစ်စိတ်နဲ့ သူပုန်စိတ်တွေ ပြင်းထန်နေခဲ့တဲ့ နှစ်တွေ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သာမန် ဆေးကျောင်းသား တစ်ယောက်အဖို့ စော်နဲ့ ဒိုးဖို့အတွက် ကားဓာတ်ဆီ ထုတ်ထုတ်ရောင်းရတဲ့ လက်တွေ့ဘဝရဲ့ ငြီးစီစီ အသက်ရှင်မှုကနေ ဘယ်လိုမှ လွတ်လမ်းမရှိခဲ့တဲ့ နေ့ရက်တွေပေါ့။ တီဗီမှာ ညီထွဋ်ရဲ့ ‘လောကဟင်းလင်းပြင်’ ဖြစ်ဖြစ်၊ အောင်မင်းရဲ့ ‘မှုန်ရွှေရည်’ ဖြစ်ဖြစ်နဲ့ ဖျတ်ခနဲ ဆုံသွားရင်တော့ ဘာကြောင့်မှန်း မသိ၊ ကျွန်တော်တို့ရဲ့ လူငယ်ဘဝဟာ ခဏ ငိုင်သွားမိတယ်။ ကျွန်တော့်တို့ မက်နေတဲ့ အိပ်မက်တွေနဲ့ လက်ရှိနေ့ရက်တွေ နောက်ခံ ခေတ်သမိုင်းပုံရိပ်တွေ အားလုံးဟာ ဘယ်လိုမှ ဆက်စပ်မှုမရှိတဲ့ မာရ်နတ်ရဲ့ အပျော်တမ်း ကင်မရာရိုက်ချက်တွေပါပဲ။ အဲဒီ scene တွေထဲက တစ်နေရာမှာတော့ လူထုခေါင်းဆောင် ကြေးရုပ်ကြီးက မြို့ထဲဘက် ရောက်ချိန်မှာ နို့ဆီခွက်နဲ့အပြည့် ပြောင်းဖူးစေ့တွေကို အတောင် တဖျတ်ဖျတ်နဲ့ ပြည်သူတွေထဲ ပစ်ပေးလိုက်တော့ ဆာလောင်နေတဲ့ နှုတ်သီးတွေ အငမ်းမရ လိုက်ကောက်ကြတဲ့ မြင်ကွင်း။ အရောင်မပါတဲ့ အဖြူ၊ အမည်း အသံတိတ် ရုပ်ရှင်ကားမို့ အတောင် တဖျတ်ဖျတ်ဟာလည်း ဘာသံမှ ထွက်မလာခဲ့။ ခြေထောက် အနီတွေနဲ့ လူတွေ အတောင်တဖျတ်ဖျတ်နဲ့ တိတ်ဆိတ်သော ရုန်းရင်းဆန်ခတ် အဖြစ်များ။
◾
နံရံပေါ်က အလင်းရောင်သည် ဓားစိုက်ဝင်နေသော နွားရိုင်းတစ်ကောင်လို သွေးရူးသွေးတန်း လျှောက်ပြေးနေသည်။ နွားရိုင်းသည် တစ်နေရာ၌ ရှေ့ခြေနှစ်ချောင်း ညွှတ်ကျသွားသည်။ ညများ ရောက်လာသည်။
ကာလတစ်ခုရဲ့ အမုန်းတရားဆိုတဲ့ စကားလုံးကို အဲဒီတုန်းက ငါ မကြာခဏ ရေရွတ်နေခဲ့တယ်။ ငါ့မျက်ခွံပေါ်မှာ မိုးသားမည်းမည်းတွေ အုံ့ဆိုင်းလာတဲ့ အချိန်မျိုးမှာ၊ ရောဂါဗေဒခန်းထဲက ဖန်ပုလင်းကြီးတစ်ခုထဲ ဖော်မလင်စိမ်ထားတဲ့ သန္ဓေသားနဲ့တွဲလျက် သားအိမ်ကြီးကို တွေ့ ချိန်မှာ၊ ငါ့သူငယ်ချင်းရဲ့ အခေါင်းကို မြေချတော့ သူ့ ကောင်မလေးက လိုက်ခုန်ချတော့မလို လုပ်နေချိန်မျိုးမှာ၊ နောက် ငါ မမှတ်မိတော့တဲ့ အချိန်ပေါင်းများစွာမှာ ငါဟာ အဲဒီစကားကို အဖန်ဖန် အထပ်ထပ် ရေရွတ်မိခဲ့တယ်။ အချစ်ဖြစ်ဖြစ်၊ လိင်ကိစ္စဖြစ်ဖြစ်၊ ပြက်လုံးတွေဖြစ်ဖြစ်၊ ငိုစရာ ဖြစ်ဖြစ် ငါတို့နှလုံးသားကို တိုက်စားနေတာပဲလေ။ မြစ်ရေက ကျောက်စရစ်တွေကို ချောမွတ်တောက်ပနေအောင် အမြဲတမ်း ပွတ်တိုက်နေသလိုပေါ့။ နှလုံးသားဟာ ကျောက်စရစ်ပဲ။ တိုက်စားလို့ ရနေသေးသရွေ့ တိုက်စားခံနေရဦးမှာပဲ။ တစ်ရက်မှာ ပြောင်လက်ချောမွတ်ပြီး နောက်ထပ် ပွန်းပဲ့စရာ မရှိတော့တဲ့ နောက်ဆုံး အချောသတ် ကျောက်မျက်လို ကျောက်စရစ်အဖြစ် ကျန်ရစ်ခဲ့မယ့် အချိန်အထိ။ ‘နှလုံးသားမြို့တော်’ ရုပ်ရှင်ထဲမှာ မပျော်ရွှင်တဲ့ လူသုံးယောက် အကြောင်းကို ကြည့်ပြီးကတည်းက လောကကို ငါ ပိုသဘောပေါက်လာတယ်။ နောက်ပိုင်း Twenty nine palms ရုပ်ရှင်ထဲမှာ ခြေထောက်သုံးချောင်းနဲ့ ခွေးကို ထပ်တွေ့တယ်။ ခွေးက ခြေထောက်သုံးချောင်းနဲ့ပဲ အသားကုန်ပြေးတယ်။ မို့မို့မြင့်အောင်က မျက်လုံးတစ်ဖက်ထဲကနေ မျက်ရည်ကျနေတယ်။ ဝါညစ်ညစ် ဖော်မလင်ရည်တွေနဲ့ ဖော်မလင် ပုလင်းကြီးထဲမှာ လက်သီးဆုပ်ထားတဲ့ လက်ကြီးတစ်ဖက်ကို ငါ တွေ့တယ်။ လက်ဖျံပေါ်မှာ အသည်းပေါ် သေနတ်နှစ်လက် ကြက်ခြေခတ်နေတဲ့ပုံ တက်တူးနဲ့။ အချစ်နဲ့ တော်လှန်ရေးလို့ ငါ ယူဆမိတယ်။ အဲဒီ ကာလတရားဟာ သူ့အောက်နှုတ်ခမ်းကို သူ့သွားတွေနဲ့ ရက်ရက်စက်စက် ဖိကိုက်ထားတုန်းပဲ။ ငါ့သူငယ်ချင်း အခေါင်းထဲကို ပြောင်လက်နေတဲ့ ကျောက်စရစ်ခဲတွေ ငါ ထည့်ပေးခဲ့သင့်တယ်။ ဒီကောင်က သေမယ့်သာ အရင်သေတာ။ ငါတို့ထဲမှာ ဗလအတောင့်ဆုံး။ ဘောလုံးအသင်းမှာ centerback ။ ဒီကောင့် သွားတက်က ရယ်လိုက်ရင် ဒရက်ကူလာနဲ့ တူတယ်။ ကဲ… အဲဒီတော့ ကာလတစ်ခုရဲ့ အမုန်းတရားလို့ ငါ ရေရွတ်တာ မှားလား။ နှလုံးပုပ်ခြင်းလို့ စာကပ်ထားတဲ့ ဖော်မလင် ပုလင်းကြီးထဲက ပုပ်ဆွေး ညိုမည်းနေတဲ့ နှလုံးကြီးကိုကြည့်ပြီး ချစ်ခြင်းမေတ္တာ ဆိုတဲ့ စကားလုံးကို ငါ ဘယ်လို ပြောထွက်နိုင်မှာလဲကွာ။
◾
အဲဒီတစ်ရက်ဟာ အခုလို ရောက်လာခဲ့ပါတယ်။ ကျွန်တော်က ချိန်းနေကျဝိုင်းကို နောက်ကျမှ ရောက်သွားတယ်။ နေရာက ထုံးစံအတိုင်း စူနီယံပတ်ထိပ်က ဘီယာဆိုင်။ အဲဒီဆိုင်မှာ လူရည်သန့်၊ ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ယောက်နဲ့ ဆုံနေကျ။ ကျောင်းဆရာဟောင်းလား၊ အရာရှိဟောင်းလား တစ်ခုခုပေါ့။ အမြဲလိုလို မျက်မှန်းတန်းမိနေတော့ ကျွန်တော်တို့ကိုလည်း ဆေးကျောင်းသားတွေမှန်း သိသွားတယ်။ တစ်ခါတလေ သူက ခပ်ထွေထွေနဲ့ အလေးအနက် သြဝါဒတချို့ ပေးပါတယ်။ ကျွန်တော်တို့ကလည်း နီစပ်စပ် မျက်နှာတွေနဲ့ မျက်နှာပိုးသတ် နားထောင်ခဲ့ကြပါတယ်။ အဘိုးကြီးကို မြင်ရင် ကျွန်တော့်စိတ်ထဲ ဟဲမင်းဝေးရဲ့ A clean, well-lighted place ကို သတိရမိပြန်တယ်။ အိမ်မပြန်ချင်သူတွေ ပေါ့လေ။ သမိုင်းတစ်လျှောက်လုံး ရှိနေခဲ့သူတွေပါပဲ။ အဲဒီတစ်ရက်မှာ ကျွန်တော်က နောက်ဆုံးလက်ကျန် ဘလက်လေဘယ်ကို သောက်တယ်။ မှန်နေပြီးသား ကောင်တွေက ကျွန်တော့်ကို အကဲခတ်နေမှာပေါ့လေ။ ပုလင်းပြောင်သွားတော့မှ ကဲ… ဆရာကြီးတော့ သွားပြီ ဆိုပြီး ဝိုင်းဟားကြတယ်။ ကျွန်တော်က ချက်ချင်းတော့ ဘာမှန်း နားမလည်ဘူး။ ပြီးတော့မှ သိတာက ဒီကောင်တွေက ဘလက်လေဘယ် အကျန်ထဲကို ဂရင်းရွိုင်ယယ်တွေ ရောထားတာတဲ့ဗျာ။ ကျွန်တော်က အရက်ဆို ဘယ်လိုကွာတယ် ဘာညာ ဆရာလုပ်နေကျဆိုတော့ ခုတော့ သွားပြီ။ နန်းကျပြီပေါ့။ ခမည်းတော် ဘုရင်ကို သားအရင်းတွေက ပြန်လုပ်ကြံတဲ့ အပေါက်မျိုးဆိုတော့ ကျွန်တော့်မှာ အငိုက်လည်းမိ၊ စိတ်ဆိုးရလည်း ခက်ပေါ့လေ။ ဒါမျိုးလည်း သမိုင်းတစ်လျှောက် ရှိခဲ့မှာပဲ။ ကျွန်တော်တို့ဟာ စိတ်ပျံ့လွင့်နေတဲ့အခါ ကျဆုံးရတာပဲ မဟုတ်လား။ ကျွန်တော် ဘယ်ရယ်နိုင်မှာလဲ။ ရှက်တာထက် ပိုတဲ့ စိတ်လေးလံမှု တစ်ခုခု ကျွန်တော့်မှာ ရှိချင် ရှိနေမှာပေါ့။ ကျွန်တော်တို့ဟာ ပေါ့ပါးလာပြီး ကောင်းကင်ပေါ် ပျံသန်းနိုင်တဲ့အထိ သောက်ကြပါတယ်။ ပြီးရင် ဒဏ္ဍာရီထဲက Icarus လို ညကောင်းကင်ကြီးထဲ မြင့်နိုင်သမျှ မြင့်အောင်၊ ကျွန်တော်တို့ကို တစ်ချိန်လုံး သံလိုက်လို ဆွဲထားတဲ့ မြေကြီးနဲ့ ဝေးနိုင်သမျှ ဝေးအောင် အတောင်ပံတွေကို မနားတမ်းခတ်ပြီး ပျံသန်းခဲ့တယ်။ ဖခင်ဖြစ်သူ Daedalus က နေနဲ့ နီးကပ်အောင် မသွားဖို့ မှာထားလျက်နဲ့ နားမထောင်ခဲ့လို့ ဖယောင်းပါတဲ့ တောင်ပံတွေ အရည်ပျော်ပြီး Icarus ဟာ ပင်လယ်ထဲ ပြုတ်ကျခဲ့တယ်။ ကျွန်တော်တို့ကရော ဘာထူးလဲ။ ဘယ်အရာကများ၊ ဘယ်ဆုံးမစကားကများ ကျွန်တော်တို့ကို တားဆီးနိုင်ခဲ့လို့လဲ။ ကျွန်တော်တို့ဟာ ညကောင်းကင်ရဲ့ အဆုံးအစမဲ့ နက်မှောင်မှုထဲမှာ တောင်ပံကြီးတွေကို အားမာန်အပြည့်နဲ့ ခတ်ပြီး ပျံသန်းခဲ့ တယ်။ ကိုယ့်အိမ်ကို၊ ကိုယ့်ဘဝကို ပြန်မမှတ်မိနိုင်မယ့် အဝေးဆုံး အကွာအဝေးအထိ။
◾
ခင်ဗျားဟာ Michael Learns to rock ကို မကြိုက်ဘဲနေလို့ ရပါတယ်။ ကျွန်တော်လည်း ကြိုက်မှ မကြိုက်ဘဲ။ ဒါပေမဲ့ ခေတ်တစ်ခု အကြောင်း ပြောရင်တော့ ကိုယ်မကြိုက်လည်း တချို့အရာတွေက ချန်လှပ်လို့ မရဘူးလေ။ ခင်ဗျားက စော်နဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်က ခဏလောက်ပဲ ဖွင့်ပြီး ပြုတ်သွားတဲ့ Laurel ဆိုတဲ့ snack bar မှာ ထိုင်နေမယ် ဆိုပါစို့။ အဲဒီရဲ့ နောက်ကျောမှာက ခင်ဗျား ကြီးပြင်းလာတဲ့ လက်လုပ်လက်စားတွေ၊ သာမန်ဝန်ထမ်းတွေ အများဆုံး နေထိုင်ရာ ဂွတ္တလစ်။ ခင်ဗျားက ငယ်ဘဝ မှတ်ဉာဏ်တွေထဲ မိန်းမောရလောက်အောင် အသက်မကြီးသေးဘူး။ ခင်ဗျား စော်ကလည်း သူမှာထားတဲ့ အမဲဟမ်ဘာဂါ မလာခင်မှာ ဆိုင်မှာဖွင့်ထားတဲ့ Michael Learns ကို ခပ်တိုးတိုး လိုက်ညည်းနေမယ်။ ခင်ဗျားက လမ်းဘက်ကို ငေးရင်း သီချင်းသံကို မကြားချင်ယောင် ဆောင်နေမယ်။ လမ်းပေါ်က လက်ကျန်နေရောင်တချို့နဲ့ ဓာတ်ကြိုးပေါ်က ကျီးကန်း နှစ်ကောင်၊ သုံးကောင်အပြင် ခင်ဗျား မြင်ကွင်းထဲမှာ ဘာမှ ဟုတ်တိပတ်တိလည်း ရှိမှာမဟုတ်တော့ အဲဒီသီချင်းရဲ့ နားစွဲလွယ်လွန်းတဲ့ သံစဉ်နဲ့ ညက်ညောနေတဲ့ စာသားတွေကို ခင်ဗျား ဘယ်လို ရှောင်လို့ရမှာလဲ။ ဇာတ်တော်တွေထဲက လိုပေါ့။ အဖြစ်အပျက်တွေ အားလုံးဟာ ဆက်စပ်နေတယ်။ လူတွေ၊ သတ္တဝါတွေရဲ့ ကံကြမ္မာတွေကလည်း မထင်မှတ်ဘဲ ဆက်စပ် ယှက်နွယ်နေတတ် သလိုမျိုးပေါ့။ ဆောရီး ဗျာ။ မဆီမဆိုင် ကြီးကြီးကျယ်ကျယ်တွေ ပြောမိပြီ။ ပြောချင်တာက ဒီလို။ အဲဒီ Michael Learns ဗျာ။ ကျွန်တော်တို့ဆီမှာ ဘယ်လောက်တောင် ပေါက်လဲဆို သိပ်မကြာခင်မှာပဲ သူ့သီချင်းတွေ ပြန်ဆိုတဲ့ မင်းသွေးငယ် ပေါ်လာတယ်။ နောက် သိပ်မကြာလိုက်ဘူး။ မင်းသွေးငယ်ရဲ့ ဟို ဗီဒီယိုဖိုင် ထွက်လာတယ်။ အဲဒီတော့ ဒီသမိုင်းကြောင်းရဲ့ အစဟာ Michael Learns ပဲ။ ကျွန်တော်တို့မှာတော့ ရွှေတိဂုံဘုရားလမ်း စစ်ရုံးဝန်ထမ်း တန်းလျားက ဗီဒီယိုဆိုင်မှာ တကူးတက တန်းစီပြီး ငှားရတာ။ ခင်ဗျား ကျွန်တော် ပြောတာကို သဘောပေါက်ချင်မှ ပေါက်မယ်။ ပိုလန် ဒါရိုက်တာ Kielowski ရိုက်တဲ့ Blind Chance ကို ခင်ဗျား ကြည့်ဖူးလား။ ဇာတ်လိုက်က ဘူတာက ထွက်နေတဲ့ ရထားနောက်ကို ပြေးလိုက်တာ။ နောက်ဆုံးတွဲရဲ့ လက်တန်းကို ဇာတ်လိုက် မီသွားတယ်။ အဲဒီနောက် ရထားပေါ်မှာ ကွန်မြူနစ်ကြီး တစ်ယောက်နဲ့ တွေ့ပြီး သူလည်း ကွန်မြူနစ် ဖြစ်ပြီးတော့ တခြား အဖြစ်အပျက်တွေ အများကြီး။ ထားပါတော့။ နောက်တစ်ခန်း ကျတော့ ထွက်နေတဲ့ ရထားနောက် သူ ပြေးလိုက်ပေမဲ့ မမီဘူး။ အဲဒီမှာတော့ သူ့ဘဝက တစ်မျိုးဖြစ်သွားပြန်ရော။ ကွန်မြူနစ် ဆန့်ကျင်သူ။ ကဲ… ဒီလောက်ဆို ကျွန်တော်တို့၊ ခင်ဗျားတို့ရဲ့ ရုပ်ရှင်ဆန်ဆန်၊ နိပါတ်တော် ဆန်ဆန် အဖြစ်တွေကို ခင်ဗျား ရိပ်စားမိလောက်ပါပြီ။ ခင်ဗျားရော အဲဒီနေ့က Laurel မှာ ထိုင်ရင်း လူသားရဲ့ ကြမ္မာအကြောင်း ဖျတ်ခနဲ တွေးမိသေးလား။ ဓာတ်ကြိုးပေါ်က ကျီးကန်းတွေ ဖျတ်ခနဲ ထပျံသွားသလိုမျိုး။
◾
… … ပြီးတော့ စီးကရက်တွေ … ပြီးတော့ အချစ်နဲ့ ပြာ … ပြီးတော့ ကောင်းကင်မှ ရွာချသော ကျောက်ခဲမိုး … ပြီးတော့ ထပ်တလဲလဲ ကျော့နေတဲ့ နှစ်သစ်ကူးညများ … ပြီးတော့ ဘွန်ဂျိုဗီရဲ့ နှင်းဆီမွေ့ရာ … ပြီးတော့ မီးလောင်နေတဲ့ ကန်ရေပြင် … ပြီးတော့ ကျလာတဲ့ ဒင်္ဂါးပြားနဲ့ အတူ ငါတို့အကြည့်တွေ မြေကြီးဆီ ရောက်လာပုံ … ပြီးတော့ စိတ်ရဲ့ တလက်လက် ဓားမြှောင် … ပြီးတော့ ဖြူဆွတ် ပြောင်လက်သော ဘေစင်ပေါ် သွေးတွေ တစ်စက်ပြီးတစ်စက် … ပြီးတော့ သတိ ကားနောက်ဆုတ်မယ် သတိ ကားနောက်ဆုတ်မယ် …
မျိုးကျော့မြိုင်နဲ့ ထွန်းအိန္ဒြာဗို ဖုန်းပြောတဲ့ခွေကို သူငယ်ချင်းတွေ စုပြီး ငါ့ကားထဲမှာ နားထောင်ကြတယ်။ စိတ်ဓာတ်ပြင်းပြနေတဲ့ မြေအောက် တော်လှန်ရေးသမားတွေ အထက်က လျှို့ဝှက်အမိန့်ကို နာခံနေသလိုမျိုး။ တစ်ခေါက်ပြီးတော့ နောက်တစ်ခေါက်။ ငါတို့ သွေးသားရဲ့ မြင်းခွာသံတွေဟာ တဖြည်းဖြည်း ကျယ်လောင်လာတယ်။ ငါတို့စိတ်ထဲမှာ ကြိုးအထုံးတွေ၊ အဆက်တွေ များများလာခဲ့။ ကောင်းကင်မှာ တိမ်မည်းတွေ ရွေ့နေ တယ်။ ငါတို့ခေတ်ထဲ ငါတို့ ရောက်ရှိလာပုံက မိုးတွေ မှောင်မည်းနေတဲ့ နေ့မှာ အပြင်ထွက်လာကြတဲ့ တိုးရစ်များပမာ။ ငါဟာ အဆိုးမြင်တယ်။ ငါ့ရဲ့ အဆိုးမြင်မှုဟာ ဘာသာတရားဆန်တဲ့ လေးနက်မှုအသွင် ဆောင်တာမို့ ဒီအမြင်ကို ငါ့စိတ်ထဲကနေ ငါကိုယ်တိုင်ရော၊ တခြား ဘယ်သူကမှရော ဖျောက်ဖျက်ပေးဖို့ မတတ်နိုင်ခဲ့ဘူး။ အကယ်၍ အဆိုးမြင်မှုဟာ မပျော်ရွှင်မှုကို အခြေခံတာ ဖြစ်ခဲ့ရင် ငါ့ရဲ့မပျော်ရွှင်မှုဟာ ငါ့အထင် Little house on the Prairie ဇာတ်လမ်းတွဲထဲက မေရီ မျက်စိကွယ်သွားချိန်မှာ အစပျိုးခဲ့တာ ဖြစ်နိုင်တယ်။ အဲဒီအချိန် မတိုင်ခင်အထိ ရုပ်ရှင်ကြည့်ရင် ငါ မငိုဘူး။ ရုပ်ရှင်ကြည့်ရင်း လူကြီးတွေ မျက်လုံးနီလာတာ၊ မျက်ရည်တွေ ကျလာတာကို ကြည့်ပြီး ငါတို့ ရယ်ခဲ့ကြဖူးတယ်။ အဖေ ငိုတာ မမြင်ဖူးတဲ့ ငါဟာ တစ်ရက်မှာ ‘အဖေတစ်ခု သားတစ်ခု’ ရုပ်ရှင်ကို ကြည့်ပြီး အဖေတစ်ယောက် မျက်ရည်တွေ ဟန်မဆောင်နိုင်အောင် ကျနေတာ မြင်တော့ ငါ အရယ်ရပ်သွားတယ်။ ဟိုတစ်ချိန်က စနေနေ့ခင်းမှာ လာတဲ့ Telematch ထဲမှာ ဂျာမန်လို ၁ ၂ ၃ ၄ ရေတွက်တဲ့အသံနဲ့ အရုပ်ဝတ်စုံတွေနဲ့ လူတွေရဲ့ ပုံတွေဟာ ငါတို့ခေါင်းထဲမှာ အချိန်တော်တော်ကြာ နေရာယူခဲ့တယ်။ နိုင်ငံရေးကိုတော့ ငါတို့ ဘာမှမသိဘူး။ ငါတို့က ကိုယ့်စော်နဲ့ ကိုယ် သွားတဲ့အခါ ကိုယ်နဲ့ အသက်မတိမ်းမယိမ်း စစ်သားလေးတွေနဲ့ မျက်လုံးချင်း ဆုံမိတတ်တယ်။ သူတို့လည်ပင်းမှာ လည်စည်းပဝါ အနီလေး တွေနဲ့။ သေနတ်တွေ လွယ်လို့။ ငါတို့လည်း ကိုယ့်လမ်းကိုယ် ဆက်သွားကြတာပါပဲ။ ကိုယ့်မြင်းကိုယ် အသော့နှင်ကြတာပဲ။ မိုးသားမည်းမည်း အောက်၊ မိုးသည်းသည်း အောက်မှာ။ မြင်းတွေပေါ်က ဆင်းတော့ ငါတို့ ခြေလှမ်းတွေ ဒယီးဒယိုင်ဖြစ်နေရဲ့။ ဒါပေမဲ့ ယိမ်းယိုင်နေတာဟာ လဲကျသွားတာ မဟုတ်ဘူး (Stumbling is not falling) လို့ Malcolm X ပြောခဲ့ဖူးတယ်။ ဟုတ်တယ်။ ငါတို့ ယိုင်နေပေမယ့် လဲကျမသွားသေးဘူး။
◾
တွေးမိတိုင်း အိပ်မက်လို့ ငါ ထင်နေဆဲ မြင်ကွင်းတစ်ခု ရှိတယ်။ ကြာခဲ့ပါပြီ။ ဂွတ္တလစ်မှာ နေတုန်းက နှစ်ကျိပ်ရှစ်ဆူ လှည့်ပြီးတဲ့ ညမှာ ငါတို့အားလုံး လမ်းထဲ ပြန်ရောက်ကြတော့ နတ်သားဝတ်စုံကြီးနဲ့ လူတစ်ယောက်ဟာ ရုတ်တရက် ဝက်ရူးပြန်ပါလေရော။ လျှာကို ကိုက်ထားတော့ သူ့ပါးစပ်ထဲကနေ သွေးတွေကျလို့။ လူတွေက သူ့ နတ်ဝတ်စုံကြီးကို ချွတ်လိုက်တော့ အောက်မှာ အပေါက်အကြီးကြီးနဲ့ စွပ်ကျယ်ဝါညစ်ညစ်။ အပေါက်ထဲကနေ ဘီလူးရုပ်တက်တူး တစ်ပိုင်းတစ်စ ပေါ်လို့။ သူ့ကို မဏ္ဍပ်ထဲမှာ ပက်လက်အနေအထားနဲ့ ယပ်ခပ်သူက ခပ်၊ ပါးစပ်ကို သွေးသုတ် သူက သုတ်၊ ခြေဖဝါးကို သော့နဲ့လှည့်တဲ့သူက လှည့်။ တစ်ယောက်က အရွှန်းဖောက်သေးတယ်။ နတ်ပါးစပ်က အရက်နံ့ရသတဲ့။ ငါ မရယ်မိဘူး။ အဲဒီအချိန်ကစပြီး နတ်ဝတ်တန်ဆာအောက်က စွပ်ကျပ်အပေါက်ကြီးဟာ ငါ့စိတ်ထဲ တစ်သက်လုံး စွဲနေခဲ့တယ်။ အဲဒါကို မြင်ယောင်မိတိုင်း စိတ်ထဲမှာ ချက်ချင်း မိုးအုံ့လာတယ်။ ဘဝရဲ့ မြက်ရိုင်းတောဟာ လေရိုင်းကြမ်းကြမ်း အဝှေ့မှာ ဝပ်စင်းသွားတယ်။ လူအုပ်ကြီးဟာ ကျည်ဆန်တွေ အောက်မှာ လဲပြိုသွားသလိုမျိုး။ သိမ်းငှက်တွေက ဖျားနာသူတွေလို ဂျက်ကက်တွေနဲ့။ ညဘက်ကြီးမှာ နေကာမျက်မှန်တွေ တပ်ထားကြတယ်။ သုညတစ်လုံးပဲ ပေါ်ပြီး ရှေ့ကဂဏန်းတွေ ပျက်နေတဲ့ အဖြူရောင် မိုင်တိုင်ကို ငါတို့ သေးနဲ့ ကော့ပန်းကြတယ်။ ငါတို့ ရပ်နေတဲ့နေရာဟာ ငါတို့ ရောက်နေတဲ့နေရာပဲ။ ဒါပေမဲ့ ဒီခရီးကို မစခင်တုန်းကလည်း ဒီလိုပဲ သုညတစ်လုံးပဲ ပေါ်တဲ့ မိုင်တိုင်တစ်ခုကို သေးနဲ့ ပန်းခဲ့ကြသေးတာ မှတ်မိရဲ့လား။ ငါ့ပိုက်ဆံအိတ်ထဲက ကွန်ဒွန်ကို အဖေ တွေ့သွားတယ်။ ငါ့အပေါ် မှုတ်ထုတ်လိုက်တဲ့ အဖေ့ သက်ပြင်းပူပူထဲမှာ အဲဒီနှစ်ကာလတွေရဲ့ အဖျားငွေ့ ပါနေတယ်။ မနက်အစောကြီး ငါ နိုးခါစမှာ ငါ့ခုတင်ပေါ် လာထိုင်ရင်း အဖေ ပြောသွားတယ်။ တစ်ခါတလေ ဆူးပေါ် ဖက်ကျတဲ့အခါ ဖက်မပေါက်ဘဲ ဆူးကျိုးသွားတတ်တယ် တဲ့။ ပထမတော့ သားတွေ မွေးထားတဲ့ အဖေတစ်ယောက်ရဲ့ သာမန် သတိပေးစကားလို့ပဲ ငါ သဘောထားခဲ့တယ်။ တဖြည်းဖြည်းနဲ့မှ ငါ့စိတ်ထဲ ဖြစ်လာတာက အဲဒီဆူးတွေဟာ ဆူးရဲ့ ဂုဏ်သတ္တိတွေ ပျောက်ဆုံးသွားတဲ့ ဆူးတွေလား။ အရှင်မင်းကြီးရဲ့ အမှုတော်ကို ဦးဆွေးဆံမြည့် ထမ်းရွက်ခဲ့သူ အုတ်လှငယ်ရဲ့ ခေါင်းပေါင်းထဲက ထွက်ကျလာတဲ့ ဆံပင်အဆွေးတွေလို ဆွေးမြည့်နေတဲ့ ဆူးတွေလား။ ငါ့ညီအငယ်ဆုံးရဲ့ မျက်လုံးတွေ ရွဲလာတယ်။ ရွှေခွက်နဲ့ လဲထားတဲ့ အပေါစား ရွဲတွေလိုမျိုး။ မှန်တွေနဲ့ အဆောက်အဦတွေ ရှေ့မှာ ငါတို့ ရပ်ကြတဲ့အခါတိုင်း မှန်ထဲမှာ ဖြူဖပ်ဖြူရော်နဲ့ တစ္ဆေတွေကို မြင်တယ်။ သူတို့ နှုတ်ခမ်းထောင့်မှာ သွေးတွေစီးကျလို့။ နေထွက်လာမှာကို ကြောက်ရွံ့နေခဲ့သော ဒရက်ကူလာ နှစ်များ။
◾
ငါ မျက်လုံးဖွင့်ကြည့်မိတော့ ငါ့ကို စိုက်ကြည့်နေတဲ့ သမင်ကြီး။ အရည်လဲ့နေတဲ့ သူ့မျက်လုံးထဲမှာ ငါ့အရိပ်ကို ငါ ပြန်မြင်နေရတယ်။ သူ့ဦးချိုတွေက မီးလျှံတွေလို ညကောင်းကင်ဆီ ပြန့်ကား ထိုးထွက်လို့။ ငါ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတယ်။ စစ်ကြောရေးစခန်းက ပြန်လာ သူလို။ ငါ မတ်တတ်ရပ်လိုက်တဲ့ ခဏမှာ ရန်ကုန်မြို့ကြီး ချာချာလည်သွားတယ်။ လူတွေ၊ မော်တော်ကားတွေ၊ လမ်းမီးတိုင်တွေ၊ ကန်ထရိုက်တိုက်တွေ အားလုံး ချာချာလည်လို့။ ငါ့နားထဲမှာ ထွန်းအိန္ဒြာဗိုနဲ့ ဆင်တဲ့ အဲဒီစော်ကြီးရဲ့ ‘မျက်လုံးကလေး တစ်ဖက်ကို မှိတ်ပြလိုက်ရင် တစ်ပုံကြီး ပါလာမယ်’ ဆိုတဲ့ အသံက ပဲ့တင်ထပ်နေတယ်။ ဘိုးတော်ကြီးတွေက ပန်းကုံးတွေ အသေစွပ်ပြီး စော်တွေကို မတယ်။ ငါတို့က ငါတို့ရဲ့ နုပျိုမှုနဲ့ ရမ္မက်ကို သုံးပြီး အဲဒီဘိုးတော်တွေနဲ့ သွားပြိုင်တယ်။ ငါတို့ ဘာလို့ အဲဒီလောက်တောင် မိုက်မဲခဲ့ပါလိမ့်။ ဘာကြောင့် ကိုယ့်နှလုံးသား ကိုယ် ကျာပွတ်နဲ့ တရွှမ်းရွှမ်း ရိုက်ပြီး ဒုန်းစိုင်းစေခဲ့ပါလိမ့်။ တသွင်သွင် စီးနေတဲ့ စမ်းချောင်းကလေးမှာ တောင် ရေသောက်ဖို့ နှလုံးသားကို ရပ်နားခွင့် မပေးခဲ့ဘူး။ သမင်ကြီးက ငါ့ကို နေသာပြီလားလို့ ခပ်တိုးတိုး မေးတယ်။ ဪ… ဒီသမင်နောက်ကို ငါတို့ ဆယ်နှစ်လောက် လိုက်ခဲ့တာ။ အခု နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးည ကျမှ သမင်ကြီးက ဘယ်ကရောက်လာမှန်း မသိ၊ သူ့ဟာသူ ရောက်လာတယ်။ ငါ့သူငယ်ချင်းတွေ ဘယ်ရောက်ကုန်ပါလိမ့်။ စားပွဲပေါ်မှာ ဝီစကီပုလင်းနဲ့ သောက်လက်စ ဖန်ခွက်တွေ။ လူတွေ တစ်ယောက်မှမရှိ။ ဟေ့ကောင်တွေ ခေတ်ဆိုးကြီးရဲ့ ချာလီတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဟိုးအဝေးက ရယ်သံလိုလို ကြားတယ်။ ငါ လှမ်းကြည့်တော့ အဖြူရောင် သတို့သမီးဝတ်စုံနဲ့ ငါ့စော်။ ဟေး… အချစ် ကိုယ် ဒီမှာလို့ ငါ လှမ်းအော်တယ်။ ငါ အော်တာကို သူ ကြားပုံမရဘူး။ အလို… သူ့နောက်မှာ သတို့သားဝတ်စုံနဲ့ မြေခွေးတစ်ကောင်။ ပေါင်ကြားကနေ သူ့အမြီးကြီးကိုတောင် မြင်နေရရဲ့။ ဘုရားရေ သူတို့ နှစ်ယောက်က လက်တွဲပြီး ငါ့ဆီ တည့်တည့် လျှောက်လာတယ်။ ငါ့မှာ ပြေးစရာမြေလည်း မရှိ။ တော်ပါတော့လို့ ငါ အသားကုန် အော်တယ်။ အခုမှ နိုးလာသလို ငါ နောက်တစ်ခါ ပြန်နိုးလာတယ်။ ငါ့ရှေ့မှာ Glenfiddich ပုလင်းနဲ့ ပုလင်းပေါ်က သမင်။ ငါ အလွန်အကျွံ မူးနေတယ်။ ငါ့သူငယ်ချင်းတွေ ငါ့ကို ထမ်းကြတယ်။ အနောက်ဘက် စစ်မျက်နှာမှာ ကျဆုံးခဲ့သူကို ချန်မထားခဲ့ဘဲ သူ့ရဲဘော်ရဲဘက်တွေက ထွက်တော့မယ့် ရဟတ်ယာဉ်ဆီ ထမ်းခေါ်လာသလိုမျိုး။ ငါက သွက်သွက်ခါ မူးနေတဲ့ ကြားက အပိုလီနဲရဲ့ ကဗျာစာသား တစ်ကြောင်းကို အော်လိုက်တယ်။ ငါဟာ စကြဝဠာကြီးကို အကုန်လုံး သောက်ခဲ့မိလို့ ငါ စောက်ရမ်း မူးနေပြီဟေ့။
◾

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။