မောင်ကြည်သစ် - ငြင်းပယ်ခြင်း၏အလှ

 


စာရေးသူ အမှာစာ


ကျွန်တော်၏ ကျေးဇူးရှင်ဆရာ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ပါမောက္ခဟောင်း ဦးခင်မောင်ဒင် (ဝါ ) ဆရာ (Reggie)က ဖြစ်တည်မှုဝါဒ (Existentialism) ကို ပို့ချရာတွင် ဤသို့ မှတ်ချက်ချခဲ့ဖူးပါသည်။

အိတ်ဇစ်စတင်ရှယ်လစ်ဇင်းကို လေ့လာသူများအနေဖြင့် ယင်းဝါဒနှင့်ပတ်သက်၍ တိကျသည့် အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို မမျှော်မှန်းအပ်ချေ။ ယင်းဝါဒီများကိုယ်တိုင်က အိတ်ဇစ်ရှယ်လစ်ဇင်းကို အဓိပ္ပါယ်အမျိုးမျိုးဖြင့် ဖွင့်ဆိုလေ့ရှိသည်ဟု ဆရာက မိန့်ဆိုခဲ့ပါသည်။ ထို့နောက် ဆရာသည် ဖြစ်တည်မှုဝါဒနှင့်ပတ်သက်၍ ထင်ရှားသော အနက်ဖွင့်ဆိုချက်များကို ချပြပါသည်။ ဖွင့်ဆိုချက်ပေါင်း ဆယ့်တစ်ခုမျှ ရှိပါသည်။ လုံးဝဆန့်ကျင် ခြားနားနေသည်များလည်း ရှိပါသည်။ ဖွင့်ဆိုချက်တရပ်ကမူ ဖြစ်တည်မှုဝါဒသည် ဒဿနတရပ်မဟုတ်ပါဟုပင် ဆိုပါသည်။ ထို့ကြောင့်လည်း ဆရာဦးခင်မောင်ဒင်က “ဖွင့်ဆိုထားသော အနက်အဓိပ္ပါယ်တို့သည် ယင်းဒဿနကို ယေဘုယျအားဖြင့်သာ သရုပ်ဖော်လေ့ရှိကြောင်း မှတ်ယူအပ်ပေသည်” ဟူ၍ မှတ်ချက်ချခဲ့ပါသည်။

မှန်ပါသည်။ အနောက်တိုင်း ဒဿနသမိုင်းတွင် ယနေ့မျက်မှောက်ခေတ်ကို ရှုပ်ထွေးသည့်ခေတ် (the Age of Complexity) ဟု ခေါ်ဆိုသတ်မှတ်ကြပါသည်။ ရှုပ်ထွေးသည့်ခေတ်၏ ဒဿနများထဲတွင် ဖြစ်တည်မှုဝါဒသည် အလွန်ရှုပ်ထွေးသော ဒဿနဖြစ်သည်။ ဖြစ်တည်မှုဝါဒဟု ခေါ်ဝေါ်သမုတ်ခြင်းခံရသူ တွေးခေါ်ရှင်များကို ကြည့်လျှင် ဘာသာရေးတယူသန်များ၊ အနုပညာရှင်များ၊ စာရေးဆရာများ၊ ခရစ်ယာန်ဘာသာဝင်များ၊ ဂျူးများ၊ ဘုရားရှိဝါဒီများ (Theists)၊ ဘုရားမဲ့ဝါဒီများ (Atheists) စသည်တို့ဖြင့် အယူအဆ အရှေ့နှင့်အနောက် ဆန့်ကျင်နေကြသူအမျိုးမျိုး ပါဝင်နေကြပါသည်။ ထို့ပြင် ဖြစ်တည်မှုဝါဒဟု သတ်မှတ်ခံရသည့် ဒဿနများသည်လည်း တခုနှင့်တခု ဝိဝါဒ ကွဲပြားခြားနားလျက် ရှိကြပေသည်။ ခရစ်ယာန်ဘာသာတရားနှင့် ထာဝရဘုရားသခင် (God) ကို ကို လက်ခံသည့် ကဲကီးဂါးဒ် (Kierkegarrd)နှင့် ယာစ်ပါးစ်း (Jaspers) တို့၏ ဒဿနအား ဖြစ်တည်မှုဝါဒဟု ခေါ်ဝေါ်ကြသကဲ့သို့၊ ခရစ်ယာန်ဘာသာရေးကိုလည်း လက်မခံ၊ ဘုရားသခင်ကိုလည်း လုံးဝငြင်းဆိုကြသည့် ယန်းပေါဆာတ် (Jean Paul Sartre) နှင့် ကမျူး (Camus) တို့၏ ဒဿနကိုလည်း ဖြစ်တည်မှုဝါဒဟုပင် သတ်မှတ်ကြပြန်သည်။ “ ဘုရားမဲ့ဖြစ်တည်မှုဝါဒီများအဖြင့် ထင်ရှားကြသူ ဟိုင်ဒေဂါ (Heidegger) နှင့် ယန်းပေါဆာတ်တို့၏ ဒဿနများကို လေ့လာကြပြန်လျှင်လည်း အဓိက အနှစ်သာရအားဖြင့် ခြားနားနေကြသည်ကို တွေ့ရပြန်သည်။

ပို၍ဆိုးလှသည်မှာ ဖြစ်တည်မှုဝါဒီဟု ခေါ်ဝေါ်သတ်မှတ်ထားသည့် တွေးခေါ်ပညာရှင် အတော်များများက မိမိတို့ ဖြစ်တည်မှုဝါဒီများ မဟုတ်ပါ။

မိမိတို့ဝါဒမှာလည်း ဖြစ်တည်မှုဝါဒမဟုတ်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း ဖြစ်ပါသည်။

ဖြစ်တည်မှုဝါဒတွင် သြဇာအညောင်းဆုံး တွေးခေါ်ရှင်ဟုဆိုအပ်သည့် ဟိုင်ဒေဂါသည် “လူသားဝါဒအကြောင်း (On Humanism)” ဟူသော စာတမ်းတစောင်ရေးကာ ဆာ့တ်၏ ဖြစ်တည်မှုဝါဒသည် လူသားဝါဒတမျိုးဖြစ်သည် ဟူသော အဆိုပြုချက်ကို ဆန့်ကျင်ဝေဖန်ခဲ့သည်။ တဆက်တည်းမှာပင် သူသည် ဖြစ်တည်မှုဝါဒီမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထိုနည်းတူ ကမျူးကလည်း မိမိကို ဆာ့တ်နှင့်ယှဉ်တွဲ၍ ဖြစ်တည်မှုဝါဒီအဖြစ် အထင်မှားကြခြင်းဖြစ်ကြောင်း၊ စင်စစ် မိမိသည် ဖြစ်တည်မှုဝါဒီ မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ဤသို့သောအကြောင်းများကြောင့်လည်း ဖြစ်တည်မှုဝါဒကို အဓိပ္ပါယ်ဖွင့်ဆိုပေးရန် အခက်အခဲ တွေ့ရခြင်းဖြစ်ပေသည်။

ဒဿနသမိုင်းတွင် ရှေးဟောင်း ဂအနောက်တိုင်းရိခေတ်၌ပင် ဖြစ်တည်မှုဝါဒ သွင်ပြင်လက္ခဏာများကို ဟိုတစ ဒီတစ တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် ဖြစ်တည်မှုဝါဒသည် ဒုတိယကမ္ဘာစစ် ပြီးစအချိန်ကာလ ရောက်မှသာလျှင် ဒဿန စင်မြင့်ပေါ်သို့ ထင်ထင်ပေါ်ပေါ် ရောက်ရှိခဲ့သည့် ဒဿနလှုပ်ရှားမှုတရပ် (Philosophical) ဖြစ်ပါသည်။ ကမ္ဘာကျော် ပြင်သစ်စာရေးဆရာကြီးများ ဖြစ်ကြသော ဆာ့တ်၊ ကမျူး၊ ဆိုင်မွန်ဒီဗိုးဗွား (Simone de Beauvoir)၊ မာစယ် (Marcel) တို့၏ ဝတ္ထုများ၊ စာတမ်းများ၊ ပြဇာတ်များမှတဆင့် ကမ္ဘာတဝှမ်း ပြန့်နှံ့တွင်ကျယ်လာသော ဒဿနတရပ်ဖြစ်ပါသည်။

မြန်မာစာပေနယ်တွင် ဖြစ်တည်မှုဝါဒ လှိုင်းဂယက်သည် ကြည်အေးကို အကြောင်းပြု၍ စတင်ရိုက်ခတ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ လွန်ခဲ့သည့် ၁၉၇ဝ ခုနှစ်ထုတ် မိုးဝေမဂ္ဂဇင်းတစောင်တွင် စာပေဝေဖန်ရေးဆရာ မလိခက ကြည်အေး၏ နွမ်းလျအိမ်ပြန် ဝတ္ထုကို တင်ပြဝေဖန်ရင်း ကြည်အေးသည် မြန်မာစာပေလောကတွင် အစောဆုံးနှင့် အထင်ရှားဆုံး အိတ်ဇစ်ရှယ်လစ်ဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။

ယင်းအဆိုပြု ပညတ်ချက်သည် မြန်မာစာပေလောကကို လှုပ်နိုးလိုက်သည်။ စာပေဒဿနနှင့် ပတ်သက်လာလျှင် ဆိုရှယ်လစ် သရုပ်မှန်ဝါဒအိုင်ငယ်ကို ပင်လယ်ပမာ အားပြုယုံစား ထင်မှတ်မှားကြသူများကမူ သူတို့၏ ဝေဝါးသော မျက်လုံးဖြင့် ဖြစ်တည်မှုဝါဒကို တချက်လှမ်းကြည့်ရင်း အလကား ဘူဇွာအနုပညာဝါဒမျိုးပါဟု သုံးနေကျ လက်သုံးစကားသုံးကာ နောက်ခိုင်းလိုက်သည်။ သို့သော် စူးစမ်းသူအချို့ကမူ ဖြစ်တည်မှုဝါဒကို လက်လှမ်မီသလောက် လေ့လာကြပြီး ဖော်ထုတ် တင်ပြကြ၏။ ကမျူးနှင့် ဆာ့တ်တို့၏ အတ္ထုပတ္တိများ၊ ဝတ္ထုတိုများကို ဘာသာပြန်ဆိုကြ၏။ မြန်မာစာရေးဆရာ မည်သူမည်ဝါဟာဖြင့် ဖြစ်တည်မှုဝါဒီ ဖြစ်နိုင်တယ် စသည်ဖြင့် သတ်မှတ်ကြသည်။ မာ့က်စ်ဝါဒ (Marxism) စာပေဝေဖန်ရေးကို ပုံသေစွဲကိုင်ထားသူများကမူ “ဖြစ်တည်မှုဝါဒဟူသည် လူ့ဘောင်အဖွဲ့အစည်းကို ဆန့်ကျင်သည့် တကိုယ်တော် လွတ်မြောက်မှုဝါဒဖြစ်သည်။ နှစ်ဆယ်ရာစု အရင်းရှင် လူ့ဘောင်၏ လူမှုအကြပ်အတည်းတို့ကို ပညာတတ်နည်းဖြင့် ဖြေရှင်းရန် အဖြေမတွေ့ကုန်သော အရင်းရှင်ပညာတတ် လူငယ်လောက၌ ပေါ်ပေါက်လာသော၊ ခေတ်စားလာသော အယူဝါဒတရပ် ဖြစ်သည်” ဟု ဝေဖန်ပုတ်ခတ်ခဲ့ကြသည်။ ထိုသို့သော်ဝေဖန်ရေး ဆရာကြီးများသည် ဖြစ်တည်မှုဝါဒအကြောင်းကို ဘာမျှ မယ်မယ်ရရ ရှင်းမပြခဲ့ကြပါ။ ဖြစ်တည်မှုဝါဒသည် မြန်မာစာပေနယ်တွင် ၁၉၈၉ ခုနှစ် ဆန်းပိုင်းတဝိုက်တွင် တဖန်ပြန်၍ အသံကျယ် လာပြန်ပါသည်။ မဂ္ဂဇင်းများတွင် ဖြစ်တည်မှုဝါဒအကြောင်း ဆောင်းပါးများ၊ အင်တာဗျူးများ၊ ပါဝင်လာကြသည်။ ကြည်အေး၏ ဝတ္ထုများ၊ ကဗျာများ ပြန်လည်ဆန်းသစ်လာကြသည်။ ပန်းဆိုးတန်း စာအုပ်ဆိုင် ဈေးခင်းတွင် ကမျူး၊ ဆာ့တ်၊ ကောလင်းဝီလ်ဆင် (Colin Wilson)၊ ကဖ်ကာ (Kakf) တို့၏ ဝတ္ထုများသည် ဈေးခေါ်ပစ္စည်းများ ဖြစ်လာကြသည်။ ဖြစ်တည်မှုဝါဒသည် ယနေ့စာပေလောကအတွက် အားထားစရာ စာပေအယူအဆဟု ဆိုသူက ဆိုကြသည်။ အလကား ပေါက်တက်ကရဝါဒဟု ဆဲသူက ဆဲကြသည်။ ဘယ်စာရေး ဆရာမကဖြင့် ကြည်အေး လက်သစ် ကလေးဟု သတ်မှတ်သူက သတ်မှတ်ကြသည်။ ဘယ်စာရေးဆရာကြီးတွေကတော့ နောက်တိုး အိတ်ဇစ်တွေဟု တံဆိပ်တပ်သူက တံဆပ်တပ်ကြသည်။ ဒီတံဆိပ်ကြီးက အတုကြီးပါဟု ငြင်းသူကငြင်း၏။ ဖြစ်တည်မှုဝါဒ အရှုပ်အထွေးသည် မြန်မာစာပေနယ်တွင် သပွတ်အူလိုက်လျက် ရှိလေပြီ။ ဤသို့ဆိုပါလျင် ဖြစ်တည်မှုဝါဒဟူသည် အဘယ်နည်း။ ဤစာအုပ်သည် စာရေးသူ လေ့လာသိရှိ နားလည်ထားသော ဖြစ်တည်မှုဝါဒအကြောင်းကို မိတ်ဆက်နိဒါန်းအဖြစ် ရှင်းလင်းတင်ပြချက် ဖြစ်ပါသည်။ ဤသို့ ရှင်းလင်းရာတွင် မျက်မှောက်ခေတ် ဖြစ်တည်မှုဝါဒ၏ ဦးစီးခေါင်းဆောင်အဖြစ် ထင်ရှားသူ ပြင်သစ်တွေးခေါ်ရှင် စာရေးဆရာကြီး ယန်းပေါဆာ့တ်၏ အယူအဆများကို မဏ္ဍိုင်ထား၍ ဖွင့်ဆို ရှင်းလင်းပါသည်။ အဘယ့်ကြောင့်နည်း။ ယနေ့ မြန်မာ့စာပေနယ်တွင် ဖြစ်တည်မှုဝါဒဟု ဆိုလိုက်လျင် ဆာ့တ်နှင့် ကမျူးတို့ကိုသာ အသိများကြပါသည်။ သူတို့နှစ်ဦး ယှဉ်လိုက်လျှင်လည်း ဆာ့တ်၏ ဝတ္ထုများထက် ကမျူး၏ ဝတ္ထုများကို မြန်မာပြန်ဆိုမှု ပိုများသည်။ စစ်ကြီးပြီးစ ပြင်သစ်စာပေ လောကတွင်လည်း သူတို့နှစ်ဦး၏ အမည်သည် အတူယှဉ်တွဲ ထင်ရှားပါသည်။ ဖြစ်တည်မှုဝါဒ အယူအဆကို ရသစာပေ ဝတ္ထုအဖြစ် ရေးဖွဲ့ရာ၌ ကမျူးသည် ဆာ့တ်ထက် သာလွန်ကောင်းမွန်သည်ဟု ဆိုကြပါသည်။ သို့ရာတွင် ဒဿနကျမ်များ ပြုစု၍ ဖြစ်တည်မှုဒဿန လှုပ်ရှားမှုကို ဖော်ဆောင်ရာ၌ ဆာ့တ်သည် ကမျူးထက်ပို၍ ထင်ရှားသည်။ ဖြစ်တည်မှုဝါဒနှင့် ဆာ့တ်အမည်သည် ခွဲ၍မရနိုင်အောင်ပင် ဖြစ်ပါသည်။ ဤသို့ဖြင့် ယန်းပေါဆာ့တ်ကို မဏ္ဍိုင်ပြု၍ တင်ပြထားသော ဤဖြစ်တည်မှုဝါဒ ဒဿနနိဒါန်းသည် မြန်မာစာပေနယ်အတွက် အတွေးအခေါ်ပိုင်းဆိုင်ရာ လိုအပ်ချက် တစိတ်တဒေသကို ဖြည့်စွမ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

««« »»»

Download 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review