စကြဝဠာ ခရီးသည် - ညီနောင်
စကြဝဠာ နေရပ်လိပ်စာ
တစုံတဦးကနေ ကျွန်တော်တို့ ဘယ်မှာ နေထိုင်သလဲလို့ မေးမြန်းလာတဲ့ အခါမျိုးမှာ၊ ဒါမှမဟုတ် စာတိုက်ကနေ ပေးစာတစောင်စောင်ကို ပေးပို့ရတဲ့ အခါမျိုးမှာ နေရပ်လိပ်စာဆိုတာကို မဖြစ်မနေ ထည့်သွင်းရေးသားကြရပါ တယ်။ အဲဒီလိုရေးသားရတဲ့ နေရပ်လိပ်စာတွေမှာဆိုရင် အိမ်နံပါတ်၊ လမ်း အမည်၊ မြို့အမည်၊ တိုင်းဒေသကြီး၊ နိုင်ငံ စသဖြင့် အစဉ်အတိုင်း ရေးသား ဖော်ပြရတာပါ။ အဲဒါဆိုရင် ကျွန်တော်တို့ လူသားတွေအားလုံးအတွက် စကြဝဠာဆိုင်ရာ နေရပ်လိပ်စာကိုရော ဘယ်လို ရေးသားနိုင်မှာပါလိမ့်။ ကျွန်တော်တို့ လူသားတွေရဲ့ စကြဝဠာဆိုင်ရာ နေရပ်လိပ်စာကို ရေးသားရမယ် ဆိုရင် ပထမဦးဆုံး စာကြောင်းကတော့ ကမ္ဘာမြေ”ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေနဲ့ အနီးကပ်ဆုံးမှာ တည်ရှိတဲ့ လကမ္ဘာမှာ တော့ ကျွန်တော်တို့ ကမ္ဘာမြေလို ကောင်းကင်လေထု၊ သမုဒ္ဒရာနဲ့ သက်ရှိတွေ မရှိပါဘူး။ သူရဲ့ မျက်နှာပြင်ကို ကြည့်မယ်ဆိုရင် ဥက္ကာစိုင်တွေ နှစ်သန်းပေါင်း များစွာ ထိမှန်ခံထားရခြင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်လို့နေပါလိမ့် မယ်။
ကျွန်တော်တို့ ကမ္ဘာဂြိုဟ် တည်ရှိရာ နေအဖွဲ့ အစည်းက ကြယ်တာရာ နေမင်းကြီးဟာ အပူနဲ့အလင်း စွမ်းအင်တွေကို ထုတ်လွှတ်ပေးနေပြီး ကမ္ဘာမြေ ပေါ်က သက်ရှိတွေရဲ့ ဘဝတွေကို ထိန်းကျောင်း၊ မောင်းနှင်လို့ နေပါတယ်။ နောက်ပြီး သူနဲ့ အနီးကပ်ဆုံး မာကျူရီဂြိုဟ်ကနေ နေအဖွဲ့အစည်းအတွင်း ရှိရှိသမျှ အရာအားလုံးကို ဆွဲငင်အားနဲ့ ထိန်းချုပ်ထားပါတယ်။ မာကျူရီပြီးရင် နောက်ထပ် အနီးကပ်ဆုံး ဂြိုဟ်ကတော့ ဗီးနပ်စ် ဖြစ်ပါတယ်။ ဗီးနပ်စ်ကို အာကာသကြည့်မှန်ပြောင်းနဲ့ လေ့လာကြည့်မယ်ဆိုရင် ဖန်လုံအိမ် အာနိသင် ကြောင့် ငရဲဘုံနဲ့တောင် ခပ်ဆင်ဆင် တူနေတာကို တွေ့ နိုင်ပါတယ်။ နောက် ထပ် အနီးကပ်ဆုံးမှာ တည်ရှိတာကတော့ မားစ်ဂြိုဟ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာမြေ လောက်နီးနီး ထုထည်ရှိတဲ့ဂြိုဟ် ဖြစ်ပါတယ်။
မားစ်နဲ့ ဂျူပီတာအကြားမှာတော့ ကျောက်သားကျောက်စိုင်တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဥက္ကာခဲတွေဟာ တခြားဂြိုဟ်တွေလိုပဲ နေကို လှည့်ပတ်လို့နေပါ တယ်။ ဂြိုဟ်ရံလ အကြီး ၄ လုံးနဲ့ အငယ် ဒါဇင်ကျော် ပါဝင်ဖွဲ့စည်းထားတဲ့ ဂျူပီတာဟာ သူကိုယ်တိုင်တောင် နေစကြဝဠာ အသေးစား လေးလို ဖြစ်နေခဲ့ တာပါ။ တခြားဂြိုဟ်တွေ အားလုံးရဲ့ ထုထည်တွေ စုပေါင်းလိုက်ရင်တောင် သူ့ရဲ့ ထုထည်က ပိုနေပါသေးတယ်။။ ဂျူပီတာရဲ့ အနီရောင် အကွက်ကြီး နေရာမှာတော့ အရွယ်အစား အားဖြင့် ကမ္ဘာမြေထက် သုံးဆလောက် ပိုမို ကြီးမားတဲ့ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်နေပြီး အဲဒီမုန်တိုင်းကြီးရဲ့ သက်တမ်းဟာလည်း ရာစုနှစ်ပေါင်း များစွာ ကြာညောင်းနေပြီ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စေတန်ဂြိုဟ်ဟာ ရေခဲဝိုင်းတွေ မြောက်မြားစွာနဲ့ ဝန်းရံလို့နေပါတယ်။ နေအဖွဲ့ အစည်းရဲ့ အပြင်ဘက်ဆုံးမှာ တည်ရှိကြတဲ့ ယူရေးနပ်စ်နဲ့ နက်ပ်ကျွန်းဂြိုဟ်တွေ ကိုတော့ ရှေးခေတ်လူသား တွေ မသိရှိခဲ့ကြပဲ တယ်လီစကုပ် အဝေးကြည့်မှန်ပြောင်း တီထွင်ပြီးတော့မှပဲ တွေ့ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီဂြိုဟ်တွေထက် ပိုပြီး ဝေးကွာသွားခဲ့ရင်တော့ ရေခဲအတိပြီးတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို တွေ့ ရပါလိမ့်မယ်။ ဟိုအရင်က ဂြိုဟ်တလုံး အဖြစ် သတ်မှတ်ခဲ့ပြီး အခု အဲဒီလို မယူဆတော့တဲ့ ပလူတိုဟာ ရေခဲအတိပြီး တဲ့ ဂြိုဟ်တလုံးပါပဲ။
ကျွန်တော်တို့ လူသားတွေ လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်တွေထဲမှာ အဝေးဆုံး ခရီးနှင်ခဲ့တာ ကတော့ ဗွိုင်ယေဂျာ အမှတ် ၁ အာကာသယာဉ်ပဲ ဖြစ်ပါတယ်။ အဲဒီအာကာသယာဉ်ဟာ ကျွန်တော်တို့ ဘယ်သူဘယ်ဝါ၊ ဘယ်မှာ နေထိုင်ကြတယ်၊ ကျွန်တော်တို့ရဲ့ ခံစားမှုတွေက ဘယ်လိုမျိုး၊ ဘယ်လို ဂီတ အမျိုးအစားတွေကို ဖန်တီးထားတယ် စတဲ့ သတင်း အချက်အလက် တွေကို သယ်ဆောင်ပြီး ဂလက်ဆီတွေ၊ ကြယ်တာရာ အစုအဝေးတွေအကြား ဆက်လက် ခရီးနှင်နေဆဲ ဖြစ်ပါတယ်။
အဲဒီနက်ပ်ကျွန်းဂြိုဟ်အနီးကနေ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေဆီကို ပြန်ကြည့်လိုက် မယ်ဆိုရင် နေရောင်ခြည်ထဲမှာ လွင့်မျောနေတဲ့ အပြာရောင် အစက်လေးအဖြစ်နဲ့ပဲ မြင်ရတော့မှာပါ။ ကော်နဲလ်တက္ကသိုလ်ရဲ့ နာမည်ကျော် နက္ခတ္တရူပဗေဒ ပညာရှင် ပရော်ဖက်ဆာ ကားလ်ဆေဂင်1ရဲ့ အပြာရောင် ဖျော့တော့တော့ အစက်ကလေး2 ဆိုတဲ့ ကမ္ဘာကျော်စာအုပ်ထဲက အဖွင့်စာပိုဒ်ကို ကိုးကားရမယ် ဆိုရင် -
အဲဒီမြင်နေရတဲ့ အပြာရောင် အစက်ကလေးကို ကြည့်လိုက်ပါ။ အဲဒါ ကျွန်တော်တို့ အိမ်ပါပဲ။ ကျွန်တော်တို့ တည်ရှိနေတဲ့ နေရာလေးပါ။ အဲဒီအစက်ကလေးအပေါ်မှာ ခင်ဗျား ချစ်တဲ့သူတွေ၊ ခင်ဗျား သိတဲ့သူတွေ၊ ခင်ဗျား ကြားဖူးတဲ့သူတွေ၊ မွေးဖွားဖြစ်တည်လာသမျှသူတွေ အားလုံး နေထိုင်ခဲ့ ကြပါတယ်။ ကျွန်တော်တို့ရဲ့ သုခတွေ၊ ဒုက္ခတွေ ရောပြွန်းတည်ရှိတဲ့ ဒီနေရာကလေး မှာ ဘာသာတရားပေါင်းများစွာ၊ အတွေးအခေါ် အယူအဆပေါင်းများစွာ၊ စီးပွားရေး အယူအဆတွေ၊ အမဲလိုက်သူတွေ၊ ရှာဖွေစုဆောင်းသူတွေ၊ သူရဲကောင်းတွေ၊ သူရဲဘောကြောင်သူတွေ၊ လူ့အဖွဲ့ အစည်း ယဉ်ကျေးမှုကို တည်ထောင်သူတွေ၊ ဖျက်ဆီးသူတွေ၊ မင်းဧကရာဇ်တွေ၊ လယ်သမားတွေ၊ မေတ္တာသက်ဝင်နေကြတဲ့ ငယ်ရွယ်သူ စုံတွဲတွေ၊ အမိအဖတွေ၊ စာရိတ္တကို သင်ကြားပေးတဲ့ ဆရာဆရာမတွေ၊ ငံ့လင့်နေတဲ့ ကလေးငယ်တွေ၊ တီထွင်သူ တွေနဲ့ စွန့်စား ရှာဖွေလေ့လာသူတွေ၊ အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ နာမည်ကျော် အနုပညာရှင်တွေ၊ ခေါင်းဆောင်ကြီးတွေ၊ သူတော်စင်တွေ၊ အပြစ်သားတွေ၊ ရှင်သန်ဖူးသမျှ ကျွန်တော်တို့ လူသားမျိုးစိတ်ရဲ့ သမိုင်းမှာ ရှိခဲ့ဖူးကြတဲ့ လူသားအားလုံး နေရောင်ခြည်မှာ မျောလွင့်နေတဲ့ ဒီအမှုန် အစု အဝေးပေါ်မှာ နေထိုင်ခဲ့ကြတာပါ။ ကမ္ဘာမြေဆိုတာ ကျယ်ပြောလှတဲ့ စကြဝဠာ ကြီးနဲ့နှိုင်းစာရင် အလွန့်အလွန်ကို သေးငယ်တဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဒီအစက်သေးသေးလေးကို တခဏတာ အချိန်ပိုင်း အုပ်စိုးနိုင်တဲ့ အရှင်သခင် တွေ ဖြစ်ခွင့်ရဖို့အတွက်လောက်နဲ့ သွေးချောင်းစီးစေခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အင်ပါယာ အရှင်သခင်တွေကို ပြေးမြင်ကြည့်လိုက်ပါ။ ဒီအစက်ကလေးရဲ့ တထောင့်တနေရာကနေ အခြားနေရာမှာ ရှိနေတဲ့ သာမန်နေထိုင် ရှင်သန်သူ တွေအပေါ် အဆုံးမဲ့ ရက်စက်ခဲ့ကြတဲ့ အဖြစ်ဆိုးတွေကို တွေးကြည့်ကြပါ။ နားလည်မှု လွဲမှားခြင်းတွေ ဘယ်လောက်တောင်များ အကြိမ်ကြိမ်၊ အဖန်ဖန် ရှိနေခဲ့ပါသလဲ။ တယောက်နဲ့ တယောက် သတ်ဖြတ်ကြဖို့ ဘယ်လောက်တောင် စိတ်အားထက်သန် နေခဲ့ကြသလဲ၊ အာဃာတ၊ အမုန်းတရားတွေ ဘယ် လောက်တောင် ကြီးမားပြင်းထန်နေကြသလဲ စသဖြင့် တွေးကြည့်လိုက်ပါ။
၁၉၉ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီ၊ နက်ပ်ကျွန်းဂြိုဟ်အနီးမှ ဗွိုင်ယေဂျာ အမှတ် ၁ ရိုက်ကူးပေးပို့ခဲ့သော ကမ္ဘာမြေ
စကြဝဠာထဲမှာ ကျွန်တော်တို့သာလျှင် အရေးအကြီးဆုံး၊ ကျွန်တော်တို့ သည်သာလျှင် အဆင့်အမြင့်ဆုံးနေရာမှာ ရောက်ရှိနေကြတယ်လို့ ထင်ယောင် မြင်မှားဖြစ်နေတဲ့ အတွေးတွေကို အဲဒီဖျော့တော့တော့ အပြာရောင်အစက် ကလေးက စိန်ခေါ်နေပါတယ်။ တဖြည်းဖြည်း ပြန့်ကားထွက်နေတဲ့ ဟောဒီစကြဝဠာ အမှောင်ထုကြီးထဲမှာ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေဆိုတာဟာ အစက်အပျောက်ငယ် လေးတခုသာသာရယ်ပါ။ အဲဒီလိုကျယ်ပြောလှတဲ့ အမှောင်ထုထဲက ကျွန်တော်တို့ရဲ့ မည်ကာမတ္တ ဖြစ်တည်မှုမှာ ကျွန်တော်တို့ကို မိမိတို့ ကိုယ်တိုင်ဆီက ကယ်တင်ပေးနိုင်မယ့် အကူအညီဆိုတာ တခြား တနေရာရာမှာ ရှိနေနိုင်တယ်ဆိုတဲ့ သဲလွန်စ လက်ရှိအချိန်အထိ မရှိသေးပါဘူး။ ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ သက်ရှိတွေ ရှင်သန်ပေါက်ဖွားရာဖြစ်တဲ့ တခုတည်းသော နေရာပါဘဲ။ သိပ်မဝေးသေးတဲ့ အနာဂတ်အထိတော့ ကျွန်တော်တို့ မျိုးစိတ် တွေ ရွှေ့ပြောင်းနိုင်တဲ့ နေရာဆိုလို့ တခြားဘယ်မှာမှ မရှိပါဘူး။ ခဏလောက် သွားရောက် လည်ပတ် ကြည့်ဖို့တော့ ဖြစ်နိုင်ပေမယ့် အခြေချဖို့တော့ မဖြစ်နိုင် ပါဘူး။ အဲဒီတော့ သဘောကျသည်ဖြစ်စေ သဘော မကျသည်ဖြစ်စေ လက်ရှိ အချိန်အထိတော့ ကမ္ဘာမြေဟာ ကျွန်တော်တို့ အတွက် ခြေကုပ်ချစရာ တခုတည်း သော နေရာ ဖြစ်ပါတယ်။
ကြယ်တာရာတွေကို လေ့လာတဲ့ နက္ခတ္တသိပ္ပံပညာဆိုတာ လူသားတွေ အတွက် အတွေးအခေါ်၊ အမူအကျင့်ကောင်းတွေကို တည်ဆောက်ပေးနိုင်တဲ့ အတွေ့ အကြုံမျိုးကို မွေးဖွားပေးရာလို့ ဆိုကြပါတယ်။ စကြဝဠာထဲမှာ အဝေးကြီးကနေ လှမ်းမြင်ရတဲ့ ကျွန်တော်တို့ ဂြိုဟ်ပုံရိပ်သေးသေးလေးလောက် လူသားတွေရဲ့ အတ္တနဲ့မိုက်မဲမှုကို ဖော်ပြနိုင်တဲ့ သရုပ်ပြမှုမျိုး ရှိမယ် မထင်ပါဘူး။ ကျွန်တော့်အဖို့ ဒီသဘောတရားဟာ ကျွန်တော်တို့ တယောက်နဲ့ တယောက် ပိုမိုကြင်နာကြဖို့၊ ကျွန်တော်တို့အတွက် တခုတည်းသော ခိုနားရာဖြစ်တဲ့ ဟောဒီ ဖျော့တော့တော့ အပြာရောင်အစက်ကလေးကို ပိုပြီး ထိန်းသိမ်း၊ ကာကွယ် စောင့်ရှောက်ကြဖို့နဲ့ တန်ဖိုးထားကြဖို့ ကျွန်တော်တို့ တာဝန်ဖြစ်တယ်လို့ ပိုပြီး သဘောပေါက် လာစေပါတယ်”လို့ပါပဲ။
အခုလို ပလူတို အပါအဝင် ရေခဲအတိ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ တည်ရှိရာ၊ ကြယ်တံခွန်ပတ်လမ်းတွေ တည်ရှိရာ အရပ်ကနေ လှမ်းကြည့် ပြီး ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာဂြိုဟ်ကို မှုန်ဝါးဝါးပဲ မြင်တွေ့ ရတော့မှာပါ။ အဲဒီအခါမှာတော့ ကျွန်တော်တို့ရဲ့ စကြဝဠာ နေရပ်လိပ်စာ အတွက် ဒုတိယမြောက် စာကြောင်းကို ရေးသားနိုင်ပါပြီ။ အဲဒါကတော့ ‘နေအဖွဲ့အစည်း’ လို့ပဲ ဖြစ်ပါတယ်။
နေအဖွဲ့အစည်း (အထူးပြုလုပ်ချက် ပါဝင်သည်)
Credit: Rogelio Bernal Andreo/Stocktrek Images Stocktrek Images GettyImages
ကျွန်တော်တို့ နေအဖွဲ့အစည်းလိုပဲ အခြား၊ အခြားသော နေအဖွဲ့အစည်း တွေလည်း မြောက်မြားစွာ ရှိကြပြီး အဲဒီလို နေအဖွဲ့အစည်းတွေမှာလည်း ကျွန်တော်တို့ဆီမှာလို ဂြိုဟ်တွေများစွာ လှည့်ပတ်လို့ နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာဂြိုဟ်နဲ့ ကွာခြားချက်ကတော့ အဲဒီလို ဂြိုဟ်တွေ ဆီမှာ ကျွန်တော်တို့ သိရှိထားတဲ့ သက်ရှိတွေ နေထိုင်ဖြစ်တည်ဖို့ သင့်တော်မယ် မဟုတ်ဘူးဆိုတာပါပဲ။ ကျွန်တော်တို့ သိရှိထားတဲ့ သက်ရှိတွေဆိုတာ ကမ္ဘာမြေပေါ်က သက်ရှိမျိုးစိတ်တွေကို ဆိုလိုပါတယ်။ အခြားသော သက်ရှိ အမျိုးအစားတွေကိုတော့ ကျွန်တော်တို့ မသိရှိသေးပါဘူး။
ကျွန်တော်တို့ လေ့လာသိရှိရသလောက်တော့ အဲဒီလို သက်ရှိတွေ ဖြစ်ပေါ်နိုင်ဖို့အတွက် အလားအလာရှိမယ့် ဂြိုဟ်ဟာ သူ လှည့်ပတ်ရာ ကြယ်တာရာနဲ့ မနီးလွန်း၊ မဝေးလွန်းတဲ့ အကွာအဝေးမှာ တည်ရှိရပါမယ်။ အဲဒီတော့မှပဲ ဂြိုဟ်ပေါ်မှာ တည်ရှိမယ့် ရေဓာတ်ဟာ အရည်အဖြစ် ရှိပါလိမ့်မယ်။ အရည်အဖြစ်မဟုတ်ဘဲ ရေငွေ့ သော်လည်းကောင်း၊ ရေခဲသော်လည်းကောင်း ဖြစ်နေ မယ်ဆိုရင် ကမ္ဘာပေါ်က သက်ရှိ အမျိုးအစားတွေ ဆင့်ကဲပေါ်ပေါက်လာဖို့ အထောက်အပံ့ မဖြစ်ပါဘူး။ သူ့ရဲ့ အရွယ်အစားဟာလည်း ကမ္ဘာမြေနဲ့ မတိမ်း မယိမ်းဖြစ်ပြီး သက်ရှိတွေအတွက် မပြင်းထန်လွန်း၊ မပျော့ပြောင်းလွန်းတဲ့ ဆွဲငင်အား ရှိရပါမယ်။ အဲဒီလို ဖြစ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အရာဟာလည်း ကျောက်သား အများစု ဖြစ်ရပါမယ်။
သက်ရှိတွေ ဖြစ်တည်နိုင်ဖို့ အခြေအနေတွေနဲ့ ကိုက်ညီမယ့် ဂြိုဟ်တွေရဲ့ အချိုးအစားဟာ ရာခိုင်နှုန်းအားဖြင့် အင်မတန်မှကို နည်းပါးလွန်းပါလိမ့်မယ်။ အများစုကတော့ သူတို့ လှည့်ပတ်နေကြတဲ့ ကြယ်တာရာကြီးနဲ့ နီးကပ်လွန်း၊ ဝေးကွာလွန်းတဲ့ အနေအထားမှာ တည်ရှိကြတဲ့အတွက် သက်ရှိတွေ ဖြစ်ပေါ်ဖို့ ပူပြင်းလွန်း၊ အေးခဲလွန်းတဲ့ အခြေအနေတွေမှာ ရှိပါလိမ့်မယ်။ ပလူတိုရဲ့ အနီးတဝိုက်မှာဆိုရင် ရေခဲအတိပြီးတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ အများအပြား ရှိပါတယ်။ အဲဒီကနေ ကျော်လွန်သွားခဲ့ရင်တော့ လှည့်ပတ်နေတဲ့ ကြယ်တာရာ ရယ်လို့ မရှိပဲ မျောလွင့်နေကြတဲ့ ရေခဲဖုံးဂြိုဟ်ငယ်တွေ အများအပြား ရှိကြပါတယ်။ သူတို့ရဲ့ မျက်နှာပြင်တွေကို အေးစက်မာကျောလှတဲ့ ရေခဲပြင်တွေနဲ့ ဖုံးလွှမ်းထားပါတယ်။ အတွင်းပိုင်းမှာတော့ အရည်အဖြစ် တည်ရှိကောင်း တည်ရှိနေနိုင်ပြီး အဲဒီလို အခြေအနေမှာ ဘယ်လိုမျိုးသတ္တဝါတွေ ကူးခတ်ရှင် သန်နေကြမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။
အဲဒီကနေ လှမ်းမျှော်ကြည့်ရင် ကြယ်တာရာတွေရဲ့ အလင်းရောင်နဲ့ ဝေးကွာလွန်းလှ တာကြောင့် စကြဝဠာဟာ အာကာသဟင်းလင်းပြင်အဖြစ် မဲမှောင်ခြင်း အတိပြီးလို့ နေပါလိမ့်မယ်။ ကျွန်တော်တို့ လူသားတွေရဲ့ မျက်လုံးဟာ ကြယ်တာရာတွေကနေ ထုတ်လွှတ်တဲ့ အလင်းရောင်စဉ် တန်းရဲ့ အစိတ်အပိုင်း အနည်းငယ်ကိုပဲ မြင်နိုင်စွမ်းရှိကြတာ မဟုတ်လား။ အဲဒီတော့ မဲမှောင် ပိန်းနေတဲ့ အခြေအနေမှာ ဘာကိုမှ မမြင်မတွေ့ နိုင်တော့ဘူးပေါ့။ အဲဒီလို အနေအထားဟာ ဟိုးအရင် အတိတ်တုန်းကတော့ မှန်ကောင်း မှန်ပါလိမ့်မယ်။ အခုအခါမှာတော့ Infrared လို့ ခေါ်တဲ့ အနီအောက်ရောင်ခြည်သုံး ညကြည့်မှန်ပြောင်းတွေကို တီထွင်ပြီးဖြစ်လို့ အာကာသ၊ စကြဝဠာထဲက တခြားသော နေအဖွဲ့အစည်းတွေနဲ့ ဘယ်လို ကြယ်တာရာတွေ ကိုမှ လှည့်ပတ် မနေတဲ့ ရေခဲပြင်၊ အမှောင်ကမ္ဘာက ဂြိုဟ်တွေအကြောင်းကို လေ့လာနိုင်ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ နေအဖွဲ့ အစည်းဟာ နဂါးငွေ့တန်းဆိုတဲ့ ဂလက်ဆီရဲ့ အစွန်အဖျားမှာ တည်ရှိပြီး အနီအောက်ရောင်ခြည် အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်မယ်ဆိုရင် အသေးငယ်ဆုံးသော အစက်လေး ကတောင် နေလို ကြယ်တာရာတစင်း ဖြစ်နေပါလိမ့်မယ်။ နဂါးငွေ့တန်း ဂလက်ဆီ အတွင်း ကျွန်တော်တို့ နေအဖွဲ့ အစည်းလို ကြယ်တာရာတွေ သန်းပေါင်း သောင်း ဂဏန်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီလို သန်းပေါင်းသောင်းဂဏန်းရှိတဲ့ ကြယ် တာရာတွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေဟာလည်း သန်းပေါင်း သိန်းသန်း များစွာ ရှိပါလိမ့်မယ်။ ကျွန်တော်တို့ ကမ္ဘာဂြိုဟ်လို သက်ရှိတွေ ဖြစ်ပေါ်နိုင်မယ့် ဂြိုဟ်တွေဟာ ရာခိုင်နှုန်းအားဖြင့် အချိုးအစား အင်မတန် နည်းပါးနိုင်ပေမယ့် သန်းပေါင်းတရာမှာ တလုံးပဲရှိရင်တောင် အရေအတွက်အားဖြင့် ထောင် သောင်းနဲ့ချီပြီး ရှိနေနိုင်တယ်လို့ ဆိုရမှာပါပဲ။
ကျွန်တော်တို့ ကမ္ဘာဂြိုဟ် တည်ရှိရာ နေအဖွဲ့အစည်းကနေ နဂါးငွေ့တန်း ဂလက်ဆီရဲ့ အလယ်ဗဟို တို့အကြား အကွာအဝေးဟာဆိုရင် အလင်းနှစ် သုံးသောင်းဝန်းကျင်လောက် ရှိပါလိမ့်မယ်။ အလင်းနှစ်ဆိုတာ ဟာ အကွာ အဝေးကို တိုင်းတာတဲ့ ယူနစ်ဖြစ်ပြီး အလင်းရဲ့ အလျင်နဲ့ တနှစ်ကြာ သွားရောက် တဲ့အခါ ရောက်ရှိမယ့် ခရီးအကွာအဝေးကို ဆိုလိုပါတယ်။ အလင်းရဲ့ အလျင်ဟာ တစက္ကန့်ကို ကီလိုမီတာ သုံးသိန်း ရှိတာကြောင့် တမိနစ်ဆိုရင် ၆ဝ နဲ့ မြှောက်၊ နာရီဆိုရင် နောက်ထပ် ၆၀ နဲ့ မြှောက်၊ ရက်ဆိုရင် နောက်ထပ် ၂၄ နဲ့မြှောက် (အမှန်စင်စစ် တနေ့တာသည် ကမ္ဘာက သူ၏ ဝင်ရိုးအပေါ် လည်ပတ်မှ တပတ်ပြည့်သည်ကို ဆိုလိုခြင်းဖြစ်ပြီး အတိအကျအားဖြင့်မူ ၂၃ နာရီ၊ ၅၆ မိနစ်နှင့် ၄ စက္ကန့်သာ ဖြစ်သည်)၊ ၁ နှစ်ဆိုရင် ၃၆၅.၂၅ နဲ့ မြှောက်တဲ့ အခါမှာ ရရှိလာမယ့် အကွာအဝေး ဖြစ်ပါတယ်။
ကွန်ပျူတာ တယ်လီစကုပ်ဖြင့် အစ္စရေးလ်သဲကန္တာရအတွင်းမှ ဒေးဗစ် ဒေးယက်ခ်3 ရိုက်ကူးယူခဲ့သော အန်ဒရိုမက်ဒါ ဂလက်ဆီ (နဂါးငွေ့တန်းနှင့် အနီးဆုံးဖြစ်ပြီး တနေ့တွင် ဝင်ရောက်တိုက်မိကြမည် ဖြစ်သည်)
အဲဒီတော့ ကျွန်တော်တို့ဆီကနေ နဂါးငွေ့တန်းရဲ့ အလယ်ဗဟိုဆီကို သွားရောက်နိုင်ဖို့လည်း ခဲယဉ်းလှသလို ကျွန်တော်တို့ အခုမြင်တွေ့နေရတဲ့ တချို့သော ကြယ်တာရာတွေဟာလည်း အလင်းနှစ် သန်းနဲ့ချီပြီး ဝေးကွာ နိုင်တာမလို့ သူတို့ဆီက ထုတ်လွှတ်လိုက်တဲ့ အလင်းတန်းတွေဟာ ကျွန်တော်တို့ဆီ မရောက်ရှိခင်မှာတင် အဲဒီကြယ်တာရာတွေ လောင်စာကုန်၊ ပျက်စီးပြီး တာမျိုးတောင် ဖြစ်နိုင်ပါတယ်။ အဲဒီလို ဝေးကွာလွန်းလှတဲ့ နဂါးငွေ့တန်း ဂလက်ဆီရဲ့ အလယ်ဗဟိုမှာတော့ အရွယ်အစား ကြီးမားလွန်းလှတဲ့ ကြယ်တာရာကြီးတွေ၊ အလင်းကိုပါ စုပ်ယူနိုင်စွမ်းရှိတဲ့ ဘလက်ခ်ဟိုးလ် တွင်းနက်ကြီးတွေနဲ့ ပြည့်နှက် နေနိုင်ပါတယ်။
၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့၊ နီဗားဒါး ပြည်နယ် ဘလက်ခ်ရော့ခ် သဲကန္တာရ4 အတွင်းမှ ရိုက်ကူးရရှိခဲ့သည့် နဂါးငွေ့တန်း ဂလက်ဆီပုံရိပ်
တကယ်တော့ နဂါးငွေ့တန်း ဂလက်ဆီရဲ့ အလယ်ဗဟို ဆိုတာကိုတောင် ခန့်မှန်းခြေနဲ့ပဲ ပြောဆိုနိုင်တာဖြစ်ပြီး ကျွန်တော်တို့ ကမ္ဘာဂြိုဟ်တည်ရှိရာ နေအဖွဲ့အစည်းနဲ့ အင်မတန်မှကို ဝေးကွာလွန်း လှပါတယ်။ နှိုင်းယှဉ် ဖော်ပြရရင် ကျွန်တော်တို့ နေအဖွဲ့အစည်းနဲ့ အနီးကပ်ဆုံးမှာ တည်ရှိတဲ့ ပရော့ဆီမာ ဆန်တိုရီဆိုတဲ့ ကြယ်တာရာကြီးဆီကို ရောက်ရှိဖို့တောင် အလင်းနှစ် လေးနှစ် ဝေးကွာတာမလို့ လောလောဆယ် အမြန်ဆုံး နည်းပညာ တပ်ဆင်ထားတဲ့ အာကာသလွန်းပျံယာဉ်ရဲ့ အလျင်နှုန်းဟာ တနာရီကို ကီလိုမီတာ ၅၆,ဝဝဝ ရှိတာကြောင့် နှစ်ပေါင်း ၈၁,၀၀၀ သွားယူရမှာ ဆိုတော့ နဂါးငွေ့တန်း ဂလက် ဆီရဲ့ အလယ်ဗဟိုဆိုရင် နောက်ထပ် အဆပေါင်း ၈ဝဝ နီးပါး ဖြစ်ပါတယ်။ လူသားတွေရဲ့ သက်တမ်းနဲ့ဆိုရင် လောလောဆယ် အလှမ်းဝေးသေးတယ် လို့ပဲ ဆိုရမှာပါပဲ။ ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ပါဝင်တဲ့ နေအဖွဲ့ အစည်းဟာ အဲဒီ နဂါးငွေ့တန်း ဂလက်ဆီရဲ့ အစွန်းအဖျားမှာ တည်ရှိတာဆိုတော့ စကြဝဠာ နေရပ်လိပ်စာရဲ့ တတိယစာကြောင်းအဖြစ် ရေးသားရမှာကတော့ ‘နဂါး ငွေ့တန်း ဂလက်ဆီ’လို့ပဲ ဖြစ်ပါတယ်။
အဲဒီလို နဂါးငွေ့ တန်းလို ဂလက်ဆီတွေဟာ သူနဲ့ နီးစပ်ရာ တည်ရှိတဲ့ ဧရာမ အစုအဝေးတွေ အနေနဲ့ စုပေါင်းတည်ရှိနေကြပြီး ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်းဂလက်ဆီ တည်ရှိရာ ဧရာမ ကြယ်တာရာ အစုအဝေးကြီးကိုတော့ “ဗာဂို ကလက်စတာ အစုအဝေးကြီး” လို့ ခေါ်ဆိုကြပါတယ်။ အဲဒါကိုတော့ စကြဝဠာ နေရပ်လိပ်စာရဲ့ စတုတ္ထစာကြောင်းအဖြစ် ရေးသားရမှာပါ။
ဘာရယ်လ် ရှမစ်5 တယ်လီစကုပ် ဖြင့် ခရစ် မင်းဟိုစ်6 ရိုက်ကူးယူခဲ့သည့် ဗာဂိုကလက်စ်တာ ကြယ်တာရာစုများ
ကျွန်တော်တို့ လက်ရှိအချိန်ထိ ‘လေ့လာတွေ့ ရှိထားသမျှသော စကြဝဠာ’ ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၃ ဘီလျံကျော် ရှိခဲ့ပါပြီ။ လေ့လာတွေ့ ရှိထားသမျှ လို့ ဆိုတာက ကျွန်တော်တို့ အခုပြောနေရင်းကို အလင်းအလျင်နဲ့ ဆက်လက် ပြန့်ကားနေဆဲဖြစ်တဲ့ စကြဝဠာအကြောင်း ကျွန်တော်တို့ လက်လှမ်းမီသမျှ နည်းပညာနဲ့ လေ့လာနေဆဲမှာ သိရှိထားသမျှ အချက်အလက်တွေလို့ ဆိုလိုပါ တယ်။ ဒါဟာ စကြဝဠာ နေရပ်လိပ်စာအတွက် နောက်ဆုံးစာကြောင်း ဖြစ်ပါ လိမ့်မယ်။
အဲဒီထက် ပိုပြီး ဝေးကွာလှတဲ့ အာကာသ၊ စကြဝဠာထဲက အကြောင်း အရာတွေကိုတော့ ကျွန်တော်တို့ မသိရှိရသေးပါဘူး။ အဲဒီအရပ်ဒေသက အလင်းဟာ ကျွန်တော်တို့ဆီကိုတောင် မရောက်ရှိ သေးတာကြောင့်ဖြစ်ပြီး အတိုင်းမသိ ကျယ်ပြောလှတဲ့ စကြဝဠာထဲမှာ ကျွန်တော်တို့ တည်ရှိရာ ဂလက်ဆီတွေ၊ နေအဖွဲ့အစည်းတွေ၊ ကမ္ဘာဂြိုဟ်တွေဟာ ဆပ်ပြာပူဖောင်းငယ် တွေလို လွင့်မျောနေတာလည်း ဖြစ်နိုင်ပါတယ်။ အခု ကျွန်တော်တို့ ပြောနေတဲ့ စကြဝဠာဟာ တခုတည်းပဲ တည်ရှိတာလား။ သူလို စကြဝဠာတွေ အသင်္ချေ၊ အနန္တ တည်ရှိတာလား လောလောဆယ်အထိတော့ ဘယ်သူမှ တပ်အပ်မပြော နိုင်ကြသေးပါဘူး။
အဲဒီလိုဆိုတော့ ကျွန်တော်တို့ လူသားတွေအနေနဲ့ အတော့်ကို သေးငယ် သွားတယ်လို့ မထင်ရဘူးလား။ သိမ်ငယ်သွားစရာ မကောင်းဘူးလား။ စကြဝဠာကြီးရဲ့ အတိုင်းအဆနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ဟာ တကယ့်ကို ပီဘိ သေးငယ်လွန်းလှတာ မှန်ပါတယ်။ အဆုံးမရှိ ကျယ်ပြောလှတဲ့ စကြဝဠာထဲမှာ ကျွန်တော်တို့ လူသားမျိုးနွယ်တရပ်လုံး မှီတင်းနေထိုင်ကြရတဲ့ ကမ္ဘာဂြိုဟ် ဆိုတာတောင် အစက်အပျောက်လေးအဖြစ်ပဲ ပါဝင်နေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ လူသားမျိုးနွယ်တွေရဲ့ အသိဉာဏ်ပညာ တွေကတော့ သေးနုပ်သိမ်ငယ်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ဟာ ကြယ်တာရာတွေဆီကို အာကာသ ယာဉ်တွေ စေလွှတ်နိုင်ခဲ့တယ်၊ လကမ္ဘာပေါ်ကို ခြေချနိုင်ခဲ့တယ်၊ မားစ်ဂြိုဟ်ပေါ်ကို စက်ရုပ်ယာဉ်တွေ စေလွှတ်၊ မောင်းနှင်နိုင်ခဲ့ကြပါတယ်။ စကြဝဠာနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်ဆိုတဲ့ အချိန် အနည်းငယ် အတွင်းမှာပဲ အဲဒီလို အောင်မြင်မှုတွေကို စွမ်းဆောင်နိုင်ခဲ့ကြတယ် ဆိုတာ တကယ့်ကို ရင်သပ်ရှုမောဖွယ်လို့ပဲ ဆိုချင်ပါတော့တယ်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။