စကြဝဠာ ခရီးသည် - ညီနောင်
တစုံတဦးကနေ ကျွန်တော်တို့ ဘယ်မှာ နေထိုင်သလဲလို့ မေးမြန်းလာတဲ့ အခါမျိုးမှာ၊ ဒါမှမဟုတ် စာတိုက်ကနေ ပေးစာတစောင်စောင်ကို ပေးပို့ရတဲ့ အခါမျိုးမှာ နေရပ်လိပ်စာဆိုတာကို မဖြစ်မနေ ထည့်သွင်းရေးသားကြရပါ တယ်။ အဲဒီလိုရေးသားရတဲ့ နေရပ်လိပ်စာတွေမှာဆိုရင် အိမ်နံပါတ်၊ လမ်း အမည်၊ မြို့အမည်၊ တိုင်းဒေသကြီး၊ နိုင်ငံ စသဖြင့် အစဉ်အတိုင်း ရေးသား ဖော်ပြရတာပါ။ အဲဒါဆိုရင် ကျွန်တော်တို့ လူသားတွေအားလုံးအတွက် စကြဝဠာဆိုင်ရာ နေရပ်လိပ်စာကိုရော ဘယ်လို ရေးသားနိုင်မှာပါလိမ့်။ ကျွန်တော်တို့ လူသားတွေရဲ့ စကြဝဠာဆိုင်ရာ နေရပ်လိပ်စာကို ရေးသားရမယ် ဆိုရင် ပထမဦးဆုံး စာကြောင်းကတော့ ကမ္ဘာမြေ”ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေနဲ့ အနီးကပ်ဆုံးမှာ တည်ရှိတဲ့ လကမ္ဘာမှာ တော့ ကျွန်တော်တို့ ကမ္ဘာမြေလို ကောင်းကင်လေထု၊ သမုဒ္ဒရာနဲ့ သက်ရှိတွေ မရှိပါဘူး။ သူရဲ့ မျက်နှာပြင်ကို ကြည့်မယ်ဆိုရင် ဥက္ကာစိုင်တွေ နှစ်သန်းပေါင်း များစွာ ထိမှန်ခံထားရခြင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်လို့နေပါလိမ့် မယ်။
ကျွန်တော်တို့ ကမ္ဘာဂြိုဟ် တည်ရှိရာ နေအဖွဲ့ အစည်းက ကြယ်တာရာ နေမင်းကြီးဟာ အပူနဲ့အလင်း စွမ်းအင်တွေကို ထုတ်လွှတ်ပေးနေပြီး ကမ္ဘာမြေ ပေါ်က သက်ရှိတွေရဲ့ ဘဝတွေကို ထိန်းကျောင်း၊ မောင်းနှင်လို့ နေပါတယ်။ နောက်ပြီး သူနဲ့ အနီးကပ်ဆုံး မာကျူရီဂြိုဟ်ကနေ နေအဖွဲ့အစည်းအတွင်း ရှိရှိသမျှ အရာအားလုံးကို ဆွဲငင်အားနဲ့ ထိန်းချုပ်ထားပါတယ်။ မာကျူရီပြီးရင် နောက်ထပ် အနီးကပ်ဆုံး ဂြိုဟ်ကတော့ ဗီးနပ်စ် ဖြစ်ပါတယ်။ ဗီးနပ်စ်ကို အာကာသကြည့်မှန်ပြောင်းနဲ့ လေ့လာကြည့်မယ်ဆိုရင် ဖန်လုံအိမ် အာနိသင် ကြောင့် ငရဲဘုံနဲ့တောင် ခပ်ဆင်ဆင် တူနေတာကို တွေ့ နိုင်ပါတယ်။ နောက် ထပ် အနီးကပ်ဆုံးမှာ တည်ရှိတာကတော့ မားစ်ဂြိုဟ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာမြေ လောက်နီးနီး ထုထည်ရှိတဲ့ဂြိုဟ် ဖြစ်ပါတယ်။
မားစ်နဲ့ ဂျူပီတာအကြားမှာတော့ ကျောက်သားကျောက်စိုင်တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဥက္ကာခဲတွေဟာ တခြားဂြိုဟ်တွေလိုပဲ နေကို လှည့်ပတ်လို့နေပါ တယ်။ ဂြိုဟ်ရံလ အကြီး ၄ လုံးနဲ့ အငယ် ဒါဇင်ကျော် ပါဝင်ဖွဲ့စည်းထားတဲ့ ဂျူပီတာဟာ သူကိုယ်တိုင်တောင် နေစကြဝဠာ အသေးစား လေးလို ဖြစ်နေခဲ့ တာပါ။ တခြားဂြိုဟ်တွေ အားလုံးရဲ့ ထုထည်တွေ စုပေါင်းလိုက်ရင်တောင် သူ့ရဲ့ ထုထည်က ပိုနေပါသေးတယ်။။ ဂျူပီတာရဲ့ အနီရောင် အကွက်ကြီး နေရာမှာတော့ အရွယ်အစား အားဖြင့် ကမ္ဘာမြေထက် သုံးဆလောက် ပိုမို ကြီးမားတဲ့ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်နေပြီး အဲဒီမုန်တိုင်းကြီးရဲ့ သက်တမ်းဟာလည်း ရာစုနှစ်ပေါင်း များစွာ ကြာညောင်းနေပြီ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ စေတန်ဂြိုဟ်ဟာ ရေခဲဝိုင်းတွေ မြောက်မြားစွာနဲ့ ဝန်းရံလို့နေပါတယ်။ နေအဖွဲ့ အစည်းရဲ့ အပြင်ဘက်ဆုံးမှာ တည်ရှိကြတဲ့ ယူရေးနပ်စ်နဲ့ နက်ပ်ကျွန်းဂြိုဟ်တွေ ကိုတော့ ရှေးခေတ်လူသား တွေ မသိရှိခဲ့ကြပဲ တယ်လီစကုပ် အဝေးကြည့်မှန်ပြောင်း တီထွင်ပြီးတော့မှပဲ တွေ့ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီဂြိုဟ်တွေထက် ပိုပြီး ဝေးကွာသွားခဲ့ရင်တော့ ရေခဲအတိပြီးတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို တွေ့ ရပါလိမ့်မယ်။ ဟိုအရင်က ဂြိုဟ်တလုံး အဖြစ် သတ်မှတ်ခဲ့ပြီး အခု အဲဒီလို မယူဆတော့တဲ့ ပလူတိုဟာ ရေခဲအတိပြီး တဲ့ ဂြိုဟ်တလုံးပါပဲ။
ကျွန်တော်တို့ လူသားတွေ လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်တွေထဲမှာ အဝေးဆုံး ခရီးနှင်ခဲ့တာ ကတော့ ဗွိုင်ယေဂျာ အမှတ် ၁ အာကာသယာဉ်ပဲ ဖြစ်ပါတယ်။ အဲဒီအာကာသယာဉ်ဟာ ကျွန်တော်တို့ ဘယ်သူဘယ်ဝါ၊ ဘယ်မှာ နေထိုင်ကြတယ်၊ ကျွန်တော်တို့ရဲ့ ခံစားမှုတွေက ဘယ်လိုမျိုး၊ ဘယ်လို ဂီတ အမျိုးအစားတွေကို ဖန်တီးထားတယ် စတဲ့ သတင်း အချက်အလက် တွေကို သယ်ဆောင်ပြီး ဂလက်ဆီတွေ၊ ကြယ်တာရာ အစုအဝေးတွေအကြား ဆက်လက် ခရီးနှင်နေဆဲ ဖြစ်ပါတယ်။
အဲဒီနက်ပ်ကျွန်းဂြိုဟ်အနီးကနေ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေဆီကို ပြန်ကြည့်လိုက် မယ်ဆိုရင် နေရောင်ခြည်ထဲမှာ လွင့်မျောနေတဲ့ အပြာရောင် အစက်လေးအဖြစ်နဲ့ပဲ မြင်ရတော့မှာပါ။ ကော်နဲလ်တက္ကသိုလ်ရဲ့ နာမည်ကျော် နက္ခတ္တရူပဗေဒ ပညာရှင် ပရော်ဖက်ဆာ ကားလ်ဆေဂင်1ရဲ့ အပြာရောင် ဖျော့တော့တော့ အစက်ကလေး2 ဆိုတဲ့ ကမ္ဘာကျော်စာအုပ်ထဲက အဖွင့်စာပိုဒ်ကို ကိုးကားရမယ် ဆိုရင် -
အဲဒီမြင်နေရတဲ့ အပြာရောင် အစက်ကလေးကို ကြည့်လိုက်ပါ။ အဲဒါ ကျွန်တော်တို့ အိမ်ပါပဲ။ ကျွန်တော်တို့ တည်ရှိနေတဲ့ နေရာလေးပါ။ အဲဒီအစက်ကလေးအပေါ်မှာ ခင်ဗျား ချစ်တဲ့သူတွေ၊ ခင်ဗျား သိတဲ့သူတွေ၊ ခင်ဗျား ကြားဖူးတဲ့သူတွေ၊ မွေးဖွားဖြစ်တည်လာသမျှသူတွေ အားလုံး နေထိုင်ခဲ့ ကြပါတယ်။ ကျွန်တော်တို့ရဲ့ သုခတွေ၊ ဒုက္ခတွေ ရောပြွန်းတည်ရှိတဲ့ ဒီနေရာကလေး မှာ ဘာသာတရားပေါင်းများစွာ၊ အတွေးအခေါ် အယူအဆပေါင်းများစွာ၊ စီးပွားရေး အယူအဆတွေ၊ အမဲလိုက်သူတွေ၊ ရှာဖွေစုဆောင်းသူတွေ၊ သူရဲကောင်းတွေ၊ သူရဲဘောကြောင်သူတွေ၊ လူ့အဖွဲ့ အစည်း ယဉ်ကျေးမှုကို တည်ထောင်သူတွေ၊ ဖျက်ဆီးသူတွေ၊ မင်းဧကရာဇ်တွေ၊ လယ်သမားတွေ၊ မေတ္တာသက်ဝင်နေကြတဲ့ ငယ်ရွယ်သူ စုံတွဲတွေ၊ အမိအဖတွေ၊ စာရိတ္တကို သင်ကြားပေးတဲ့ ဆရာဆရာမတွေ၊ ငံ့လင့်နေတဲ့ ကလေးငယ်တွေ၊ တီထွင်သူ တွေနဲ့ စွန့်စား ရှာဖွေလေ့လာသူတွေ၊ အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားတွေ၊ နာမည်ကျော် အနုပညာရှင်တွေ၊ ခေါင်းဆောင်ကြီးတွေ၊ သူတော်စင်တွေ၊ အပြစ်သားတွေ၊ ရှင်သန်ဖူးသမျှ ကျွန်တော်တို့ လူသားမျိုးစိတ်ရဲ့ သမိုင်းမှာ ရှိခဲ့ဖူးကြတဲ့ လူသားအားလုံး နေရောင်ခြည်မှာ မျောလွင့်နေတဲ့ ဒီအမှုန် အစု အဝေးပေါ်မှာ နေထိုင်ခဲ့ကြတာပါ။ ကမ္ဘာမြေဆိုတာ ကျယ်ပြောလှတဲ့ စကြဝဠာ ကြီးနဲ့နှိုင်းစာရင် အလွန့်အလွန်ကို သေးငယ်တဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဒီအစက်သေးသေးလေးကို တခဏတာ အချိန်ပိုင်း အုပ်စိုးနိုင်တဲ့ အရှင်သခင် တွေ ဖြစ်ခွင့်ရဖို့အတွက်လောက်နဲ့ သွေးချောင်းစီးစေခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အင်ပါယာ အရှင်သခင်တွေကို ပြေးမြင်ကြည့်လိုက်ပါ။ ဒီအစက်ကလေးရဲ့ တထောင့်တနေရာကနေ အခြားနေရာမှာ ရှိနေတဲ့ သာမန်နေထိုင် ရှင်သန်သူ တွေအပေါ် အဆုံးမဲ့ ရက်စက်ခဲ့ကြတဲ့ အဖြစ်ဆိုးတွေကို တွေးကြည့်ကြပါ။ နားလည်မှု လွဲမှားခြင်းတွေ ဘယ်လောက်တောင်များ အကြိမ်ကြိမ်၊ အဖန်ဖန် ရှိနေခဲ့ပါသလဲ။ တယောက်နဲ့ တယောက် သတ်ဖြတ်ကြဖို့ ဘယ်လောက်တောင် စိတ်အားထက်သန် နေခဲ့ကြသလဲ၊ အာဃာတ၊ အမုန်းတရားတွေ ဘယ် လောက်တောင် ကြီးမားပြင်းထန်နေကြသလဲ စသဖြင့် တွေးကြည့်လိုက်ပါ။

Thank
ReplyDeleteOkok
Deleteကျေးဇူးပါ
ReplyDelete