ရယ်မောခြင်း လက်ကျန် - မင်းလူ

 


မင်းလူ

ရယ်မောခြင်း လက်ကျန်


“အမှာစာကို အရင်ဖတ်ပါ”

 

ကျွန်တော်သည် သဘာဝနှင့် ဟာသဝတ္ထုကလေးများကို ရေးသားပြီး စာအုပ်အဖြစ် စုစည်းထုတ်ဝေခဲ့ပါသည်။ ရှေ့ပိုင်းတွင် ရယ်စရာ မောစရာ (၁၉၈၇၊ ၁၉၉၅)၊ ငိုအားနှင့် ရယ်အား (၁၉၉၆)၊ ရင်မောခြင်းနှင့် ရယ်မောခြင်း (၁၉၉၇) တို့ ထွက်ရှိခဲ့ပါသည်။ ထိုစာအုပ်များထဲမှ ဇာတ်ဆောင်တွေ တူညီသော၊ ဇာတ်လမ်းချင်း အချိတ်အဆက်ရှိသော ဝတ္ထုများကို ရွေးထုတ် စုစည်းပြီး ရယ်မောခြင်းလက်ရွေးစင် (၁၉၉၉) စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။

ထိုအခါ သီးခြားဇာတ်လမ်းတပုဒ်စီအဖြစ် ရေးထားသောဝတ္ထုများ ကျန်ရစ်ခဲ့သည်။ ယခု ထိုဝတ္ထုများကို စုစည်း၍ တင်ဆက်လိုက်ပါသည်။ ထို့ကြောင့် ဤစာအုပ်ကို “ရယ်မောခြင်း လက်ကျန်” ဟု အမည်ပေးလိုက်ခြင်း ဖြစ်ပါသည်။


About Us


ကျွန်တော်တို့အဖွဲ့သည် မြန်မာနိုင်ငံအတွင်းက e-Books Reader အသုံးပြုသူများနှင့် Digital Devices ‌တွေမှာ စာဖတ်သူများ အတွက် မြန်မာစာအုပ်များကို ဖတ်ရှုနိုင်စေရန် ကူညီပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ တိုးတက်လာသော နည်းပညာများအရ e-books Reader အသုံးပြုသူများလည်း များပြားလာပြီ ဖြစ်သော်လည်း နိုင်ငံတွင်းမှတော့ e-books Reader အသုံးပြုသူများ အတွက် မြန်မာစာအုပ် ဖတ်ရှုနိုင်ရန် အလွန် ခက်ခဲလျက်ရှိသည်။ ထို့ပြင်လက်ရှိမှာလည်း မြန်မာစာအုပ်များကို Digital နည်းဖြင့် ဖြန့်ဝေမှု လုံးဝမရှိသလောက် ဖြစ်သည်။ ထိုအခက်ခဲများကို ကျနော်တို့ တတ်နိုင်သည့် ဘက်မှ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

မူပိုင်ခွင့်ချိုးဖေါက်ပြီး ကိုယ်ကျိုးအတွက် လုံးဝ(လုံးဝ)အသုံးမပြုပါ။

🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢

Whisper Of Words


နေပူ မိုးရွာ

 

သူတို့ကိုယ်သူတို့ ငတက်ပြားအုပ်စုဟု ခေါ်ကြသည်။ ဟိုးရှေးရှေးက နာမည်ကျော် စူပါသူခိုးကြီး ငတက်ပြားကို အားကျပြီး မှည့်ခေါ်ထားခြင်း ဖြစ်သည်။

ခါးခေါ် ခါးပိုက်နှိုက်များ၊ ဓားခေါ် ဓားပြများလိုပင် သူတို့သည်လည်း ဥပဒေပြင်ပကလူများ ဖြစ်သည်။ သို့ရာတွင် တအုပ်စုနှင့် တအုပ်စု မစည်းလုံးမိကြချေ။

တကယ်တော့လည်း လူဆိုးသူခိုး ဆိုသူများသည် တခါတရံ ကိုယ့်ကိုယ်ကိုယ်ပင် သစ္စာဖောက်ချင် ဖောက်တတ်သူများဖြစ်ရာ တခြားအုပ်စုတွေနှင့် စည်းလုံးမှုရှိဖို့ မလွယ်ချေ။ ထို့ကြောင့်ပင် သူတို့ကို ဥပဒေဘက်တော်သားများက အမြဲအနိုင်ရနေခြင်း ဖြစ်သည်။ သူတို့တွေ အချင်းချင်း မရိုင်းပင်းကြခြင်းကပင် လူကောင်းသူကောင်းတို့အဖို့ ကံကောင်းနေခြင်းဟု ယူဆရမည် ဖြစ်၏။

ဓားပြတွေက သူတို့သာ လူချင်းယှဉ်၍ တိုက်ရဲသူများဖြစ်၍ သတ္တိရှိသူများ ဖြစ်သည်။ ခါးပိုက်နှိုက်များသည် လူအလစ်တွင်သာ နှိုက်ရဲကြသည်။ သူခိုးများကား အိပ်ပျော်နေသောလူများ၏ ပစ္စည်းကို ယူခြင်းဖြစ်၍ သူရဲဘောနည်းသူများဟု ဆို၏။

ခါးပိုက်နှိုက်သူများကလည်း မိမိတို့သည် အနှိုက်ခံရမည့်သူနှင့် ပညာချင်းပြိုင်၍ အရယူခြင်း ဖြစ်သည်။ ဓားပြတွေလို လက်နက်အားမကိုး။ သူခိုးတွေလိုလည်း ညအမှောင်ကို အကာအကွယ် ယူသူများ မဟုတ်ဟု ချေပကြသည်။

သူခိုးတွေကလည်း ဓားပြဆိုသည်မှာ လက်နက်မဲ့သူကို အကြောင်းမဲ့သက်သက် အနိုင်ကျင့်ခြင်းဖြစ်သည်။ လူသတ်တတ်သည်။ ခါးပိုက်နှိုက်များကား အဆင့်အတန်း နိမ့်သည်။ အုပ်စုလိုက် သောင်းကျန်းတတ်သည်။ မိမိတို့လို တကိုယ်တော် မစွန့်စားရဲ။ အခိုင်အခံ့ ကာရံထားသော အိမ်များထဲသို့ ပညာသားပါပါ ထိုးဖောက်ဝင်ရောက်နိုင်သူများမှာ မိမိတို့သာဖြစ်၍ ဂုဏ်ယူထိုက်သည်ဟု ယူဆကြလေသည်။

• • •

ငတက်ပြားအုပ်စုများမှာ တနေရာတွင် မကြာခဏ ဆုံကြသည်။ လူစုံတက်စုံတော့ မဟုတ်။ ထိုနေရာသို့ ရောက်ခွင့်ကြုံသူများသာ ဖြစ်သည်။

ထိုအခါတွင် တယောက်နှင့်တယောက် အတွေ့အကြုံချင်း ဖလှယ်ကြသည်။ ဝါရင့်ပြီးသူတွေက နုသေးသူတွေကို သင်ခန်းစာပေးကြသည်။

“ခါးတွေ၊ ဓားတွေနဲ့ ငါတို့နဲ့ မတူတဲ့ကိစ္စကတော့… သူတို့က လူအုပ်စုတောင့်မှ ကောင်းတာ... ငါတို့ကျတော့ လူနည်းလေ ကောင်းလေပဲ၊ အများဆုံး နှစ်ယောက်လောက်ပဲ ကောင်းတယ်... အကောင်းဆုံးကတော့ တကိုယ်တော်ပဲ၊ ငါတို့လို လူမျိုးဆိုတာက ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် ယုံရတာမဟုတ်ဘူး... စကားအဖြစ် ပြောတာမဟုတ်ဘူး ကိုယ့်လူတို့ တကယ်ကွ… တခါက ငါ အိမ်တအိမ်ဝင်ခိုးရင်းက စားပွဲပေါ် တင်ထားတဲ့ ပန်းအိုးကို ဒူးနဲ့ဝင်တိုက်မိလို့ ပန်းအိုးက ကျကွဲရော... အိမ်ရှင်တွေ နိုးလာလို့ မနည်းလွတ်အောင် ပြေးခဲ့ရတယ်…”

တကိုယ်တော် ဘကြိုင်က ပြောလိုက်သည်။ ဘကြိုင်ဆိုသော နာမည်မှာ သူ့နာမည်ရင်းတော့ မဟုတ်။ သူ့နာမည်ရင်းကိုတော့ ဘယ်သူမှ မသိကြချေ။ သူသည် အလုပ်ကလေး ဖြစ်လို့ ငွေယားကလေး ရှိပြီဆိုလျှင် သုံးလိုက်၊ ဖြုန်းလိုက်နှင့် နေတတ်သည်။ ဖဲကစား ဝါသနာ ပါသည်။ မကောင်းသောအလုပ်ဖြင့်ရသော ပိုက်ဆံသည် မကောင်းသည့်နည်းနှင့်ပင် ကုန်တတ်သည့် သဘာဝအတိုင်း အမြဲလိုလို ဖဲရှုံးတတ်သည်။ ထို့ကြောင့်လည်း သူသည် အမြဲလိုလို ‘ဘိုင်ကျ’ နေတတ်သည်။ ဤသို့ဖြင့် သူ့နာမည် ‘ဘကြိုင်’ တွင်လာခြင်းပင်။

သူသည် အားလုံးထဲတွင် ဝါအရင့်ဆုံး အသက်အကြီးဆုံး ဖြစ်၏။ ငါးဆယ်နီးပါးပင် ရှိနေပြီ။ တကယ်ဆိုလျှင် သူ့အသက်အရွယ်နှင့် ဒီအလုပ် လုပ်ဖို့ မကောင်းတော့။ ဒီအလုပ် ဆိုတာကလည်း ကျော်ဟယ် လွှားဟယ် ပြေးဟယ်နှင့် သွက်လက်ဖျတ်လတ်နေမှ ကောင်းသည် မဟုတ်လား။

သူနှင့် သက်တူရွယ်တူ ခေတ်ပြိုင်တွေဆိုလျှင် တချို့လည်း အမြင်မှန်ရပြီး ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားကြ၊ တချို့လည်း အခြား ပြစ်မှုမျိုးစုံနှင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေကြရသည်။

သူသာလျှင် သားမယား သံယောဇဉ်ကလည်း မရှိ။ သုံးလွယ် ဖြုန်းလွယ်သဖြင့် ကုန်ခန်းသွားလိုက်၊ အကြံအဖန်ကလေး ပြန်လုပ်လိုက်ဖြင့် ဒီသံသရာထဲမှာ လုံးလည်ချာလည် လိုက်နေတုန်း။

“သူခိုးဆိုတာ ဘယ်တော့မှ လက်နက်မကိုင်ရဘူးကွ... လက်နက်ဆိုတာ လက်ထဲမှာ အသင့်ရှိနေရင် အရေးကြုံလာတဲ့အခါ သုံးမိမှာပဲ၊ တစ်မှုက နှစ်မှုဖြစ်အောင် လုပ်တာနဲ့ တူတူပဲ... အကောင်းဆုံးက ဟန်ပုံမပေါ်ရင် ထွက်ပြေး၊ ပြေးပေါက်မရှိဘဲ ဖြစ်နေရင် အသာတကြည် အဖမ်းခံလိုက်... ဝိုင်းရိုက်တော့မယ်ဆိုရင် မရှိလို့ လုပ်စားရတာပါ ဘာညာဆိုပြီး သနားလောက်အောင်ပြော... အိမ်ရှင်ကို ရန်မမူမိစေနဲ့ကွ၊ ငါ့သူငယ်ချင်းတယောက်ဆိုရင် အိမ်ရှင်က မိသွားတာကို ဓားနဲ့ ထိုးသတ်လိုက်မိလို့ ထောင်အနှစ် နှစ်ဆယ် ကျသွားတယ်...” ဟု သြဝါဒ ပေးတတ်လေသည်။

“ကိုဘကြိုင်ပြောတာ မှန်တယ်ဗျ...”

တယောက်က ထောက်ခံလိုက်သည်။

“ဟုတ်တယ်... ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆို တာ သိပ်မှန်တယ်”

မဟာကာဘော်လိပ်က ဝင်ပြောသည်။ ညီဖြစ်သူ စူဠကာဘော်လိပ်က သူ့အစ်ကိုကို မျက်ထောင့်နီကြီးနှင့် မကျေမနပ် ကြည့်လိုက်၏။

• • •

သူတို့ညီအစ်ကိုသည် သူခိုးသာ ဖြစ်မလာဘူးဆိုလျှင် လေယာဉ်ပျံ တီထွင်သူ ‘ရိုက်ညီနောင်’ လို ကျော်ကြားကောင်း ကျော်ကြားလာနိုင်ပေသည်။

သူတို့နှစ်ယောက်ကား အဆောက်အအုံတခုအတွင်းသို့ ဖောက်ထွင်း ဝင်ရောက်ရာတွင် ပစ္စည်းကိရိယာ အမျိုးမျိုးကို အသုံးပြုခြင်း၌ အလွန် ဝါသနာထုံ၏။

ညီဖြစ်သူသည် နိုင်ငံခြား ရုပ်ရှင်ကားများထဲမှ အထူးထူးသော ပစ္စည်းကိရိယာဆန်းတို့ကို သုံးပြီး ဘဏ်တိုက်ကြီးတွေ၊ ရတနာတိုက်ကြီးတွေကို ဖောက်ထွင်းသည့် စောရမင်းသားတွေကို အလွန်အားကျသည်။ ထိုသို့သောနည်းဖြင့် ကြီးကြီးကျယ်ကျယ် ခိုးယူသော လူတယောက်အကြောင်း ဖြစ်သည့် ဒိုင်ယာဘောလစ် ဇာတ်ကားအကြောင်းကို မကြာခဏ တဖွဖွပြောသည်။ ဒိုင်ယာဘောလစ် ဖြစ်ချင်၏။ ထို့ကြောင့်... သူ့ကို ဒိုင်ယာဘောလစ်နှင့် ခပ်ဆင်ဆင် ကာဘော်လိပ်ဟု ခေါ်ကြခြင်း ဖြစ်သည်။ သူက အငယ်ဖြစ်၍ စူဠကာဘော်လိပ်။ သူ့အစ်ကိုကို မဟာကာဘော်လိပ်ဟု ခေါ်ကြ၏။

သူတို့ညီအစ်ကိုနှစ်ယောက်သည် သော့တုအမျိုးမျိုး၊ လွန်ပူများ၊ မှန်ဖြတ်စိန်သွား၊ သံဖြတ် ကတ်ကြေး စသည်တို့ကို ကျွမ်းကျင်စွာ အသုံးချတတ်သည်။

ထို့အပြင် သူများတွေ မသုံးဖူးသေးသောနည်းများကိုပင် တီထွင် အသုံးပြုတတ်၏။ အောင်မြင်ခဲ့တာတွေလည်း ရှိသည်။

စတိုးဆိုင်တဆိုင်ကို ဖောက်ထွင်းဝင်ရောက်ဖူးသည်။ ဆိုင်ပိုင်ရှင်က သူ့ဆိုင်၏ လုံခြုံမှုကို အထင်ကြီးထားပုံရ၏။ ဖြစ်နိုင်လောက်သည်။ တံခါးက သံတံခါးဖြစ်သည်။ ဘယ်လိုမှ ဖောက်ထွင်းဖို့ မလွယ်။ တနည်းပဲ ရှိသည်။ ဆွဲတံခါးဖြစ်၍ အောက်ခံဘီးကို မြောင်းထဲက လွတ်အောင် မ,ပြီး အံလွဲအောင်လုပ်၊ လူတကိုယ်စာ ဝင်နိုင်အောင် ဟရမည်။ ဒါကလည်း အတော်မလွယ်သည့်ကိစ္စ၊ သံတံခါးကြီးကို ဆွဲမဖို့ လူအင်အား အနည်းဆုံး ဆယ်ယောက် လိုမည်။ လူနည်းနည်းနှင့် တိတ်တိတ်ဆိတ်ဆိတ် လုပ်ရမည့်ကိစ္စမှာ လူဆယ်ယောက်လောက် “ဟေးဟား ဗေလေဆပ်” အော်ပြီး လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ။

သို့ရာတွင် သူတို့ညီအစ်ကို နှစ်ယောက်တည်းနှင့် ဖြစ်အောင် လုပ်သွားသည်။ မော်တော်ကား ဂျိုက်ထောက်ရာတွင် သုံးသော ‘ဂျိုက်’ ကို အသုံးပြုသည်။ လေးငါးတန်ရှိသော ကားကြီးတွေကိုပင် မြောက်ကြွသွားအောင် ဂျိုက်ထောက်လို့ ရသေးတာ၊ သံတံခါးလောက်က အသာကလေးပင်။

သူတို့ အောင်မြင်သည်။ မြိုးမြိုးမြက်မြက်ကလေးစားလိုက်ရသည်။ သို့ဖြင့် နောက်တကြိမ် အကြံကြီး ကြံကြပြန်၏။

ဒီတခါ ပိုပြီး အနုစိတ်ရသည်။ ပစ္စည်းကိရိယာ စုံအောင် ယူသွားရသည်။ ရေစုပ်စက် မော်တာတလုံးကို ဝင်ဖြုတ်ကြမည်ဖြစ်သည်။

ကြိုတင် စနည်းနာထားချက်အရ သိထားသမျှမှာ မော်တာက ဂျပန်လုပ် အသစ်စက်စက် ဖြစ်သည်။ အပြင်ဈေး ငါးထောင်လောက် တန်သည်။

ည လူခြေတိတ်ချိန်လောက်တွင် သူတို့ညီနောင် ခြံစည်းရိုးနား ချဉ်းကပ်သွားသည်။ သံဆူးကြိုး အဟောင်းတွေ လျော့ရိလျော့ရဲ ကာထားသဖြင့် သိပ်မခက်ခဲဘဲ ဝင်နိုင်သည်။

ညီဖြစ်သူ ကာဘော်လိပ်က နိုင်ငံခြားရုပ်ရှင်ကားတွေထဲကလို မျက်နှာတွေ၊ လက်တွေကို ဆေးမည်းခြယ်သွားဖို့ အကြံပေးခဲ့သေးသည်။ အစ်ကိုက -

“မလိုပါဘူးကွာ… ငါတို့အသားက နဂိုကတည်းက မည်းပြီးသားပါ” ဟု ပယ်ချလိုက်သည်။ သို့တိုင်အောင် ညီကာဘော်လိပ်က ဂျာကင် နက်ပြာရောင်နှင့် ဘောင်းဘီအနက်ကို ဝတ်ပြီး ကင်းဗတ်ဖိနပ်ကို ဆေးမည်းသုတ်၍ စီးလာခဲ့သည်။ ခါးမှာ သူကိုယ်တိုင် တီထွင်ထားသော ခါးပတ်။ ပလာယာ၊ ဝက်အူလှည့်၊ လွန်သွား စသည်တို့ကို သူ့နေရာနှင့်သူ ထည့်ထား၊ ချိတ်ထားနိုင်သည်။ ကျောကုန်းမှာတော့ ဒီနေ့ကိစ္စအတွက် အရေးပါဆုံးဖြစ်သည့် ဂက်စ်ဘူး။ သူ့ကိုယ်သူ ရေငုပ်သမား တယောက်နှင့် တူသည်ဟု ထင်ပြီး အတော်ကျေနပ်နေမိသည်။

အုတ်တိုက် အဆောက်အအုံငယ်ကလေးဆီသို့ ကျွမ်းကျင် တိတ်ဆိတ်စွာ ပြေးကပ်လိုက် ကြသည်။ အရေးအကြီးဆုံးအပိုင်းက တံခါးကို ဖွင့်ဖို့ပင်ဖြစ်သည်။ တော်ရုံတန်ရုံနှင့် ဖွင့်ဖို့မလွယ်။ တမတ်နီးပါးထုရှိသည့် သံတံခါး။ သော့ကလည်း အာမခံသော့ကြီး။

သို့ရာတွင် ကိစ္စမရှိ။ သူတို့မှာ ပစ္စည်းကိရိယာတွေပါသည်။

အစ်ကိုဖြစ်သူက လက်တို့လိုက်သောအခါ ညီက သံတူရွင်း အငယ်စားလေးဖြင့် ကလန့်လိုက်သည်။ သော့ကွင်း ပြုတ်ထွက်သွား၏။ ညီဖြစ်သူက ဝမ်းသာအားရဖြင့် စိတ်လောကြီးပြီး သော့ကိုဖြုတ်ရန် လှမ်းလိုက်သည်။

“အမယ်လေးဗျ...” လန့်ပြီး အော်သည်။

• • •

“ဘာပြောကောင်းမလဲဗျာ...၊ ခွေးပြေးဝက်ပြေး ပြေးလိုက်ရတာ ဘယ့်နှယ်ဗျာ... ဂက်စ်မီးတောက်နဲ့ ဒီလောက်တောင် အပူပေးထားတဲ့ သော့ကို သွားကိုင်တာကိုး… ဒီကောင်က အဲဒီလောက် စိတ်မချရတာ”

မဟာကာဘော်လိပ်က သူ့ညီကို အပြစ်တင်သည်။ စူဠကာဘော်လိပ်ကလည်း...

“အောင်မယ်... မင်းကကောကွ၊ လူတွေနိုးပြီး ထလိုက်တော့ ကိုယ်လွတ်ရုန်းပြီး တယောက်တည်း ပြေးတာမဟုတ်လား၊ ငါ့မှာသာ ဂက်စ်ဘူးကြီးကတဖက် ပစ္စည်းကိရိယာတွေ တိုးလိုးတွဲလောင်းနဲ့ အထွက်မှာ ခါးပတ်က သံဆူးကြိုးနဲ့ ငြိပြီး ဂဏန်းလက်မတခုနဲ့ ပလာယာတခု ကျကျန်ခံသေးတယ်... ကိုယ်က မရတဲ့အပြင် ကိုယ့်ဆီက ပစ္စည်းတောင် ပြန်ပါသွားသေးတယ်”

“ဟား ဟား ဟား... အစ် အစ် အစ်...”

ဖိုးထောင်က သူတယောက်တည်းသာ ရယ်တတ်သော တကျီကျီအသံဖြင့် ရယ်လိုက်သည်။ ထို့ကြောင့်ပင် သူ့ကို ပုရစ်ဟု ခေါ်ကြခြင်းဖြစ်သည်။

“မင်းတို့ ညီအစ်ကိုနှစ်ယောက်က သိပ်မထူးပါဘူးကွာ... ဟိုပုံပြင် ရှိပါရောလား၊ ကျေးညီနောင်လေ... လေမုန်တိုင်းကျပြီး တကွဲစီ ပျံသွားကြတာ၊ တကောင်က သူတော်ကောင်း ရသေ့ကြီးဆီ ရောက်ပြီး တကောင်က လူဆိုးတွေဆီ ရောက်သွားတာလေ... မင်းတို့ညီအစ်ကိုကတော့ လေမုန်တိုင်းတိုက်ရင် လူဆိုးတွေဆီကိုချည်း နှစ်ကောင်စလုံး သူ့ထက်ငါ ဦးအောင် ပျံကြမယ့် ကောင်တွေ...”

ညီအစ်ကိုနှစ်ယောက်က ပုရစ်ကို တယောက်တခွန်းစီ ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်သည်။

ဆေးပေါ့လိပ်တိုကလေးကို ဖွာ၍ မှိန်းရင်း လှဲနေသော မှော်ဆရာက ထထိုင်လိုက်ပြီး...

“အင်း... ကိုယ်နဲ့ အဖော်ခေါ်သွားတဲ့သူက အသုံးမကျရင် ပြဿနာ ဖြစ်တတ်တယ်ဆိုတာ မှန်ပါတယ်... တခါတလေကျတော့လည်း အဖော်မပါဘဲ တယောက်တည်း ခံရတတ်တယ်ကွ…”

• • •

မှော်ဆရာသည် ဝါးထရံကို အသာဖြဲ၍ လျှိုဝင်လိုက်သည်။ အိမ်ထဲရောက်ပြီ။ လက်မောင်းမှာ ချည်လာသော လက်ဖွဲ့ကို စမ်းကြည့်သည်။ ဒီလက်ဖွဲ့က အလွန်စွမ်းသည်။ လက်ဖွဲ့အစွမ်းကြောင့် တော်ရုံတန်ရုံဖြင့် သူ့ကို လူတွေမမြင်နိုင်။ ဒီညအဖို့ ပိုတောင်မမြင်နိုင်။ မီးတွေ ပြတ်နေသည်။

သူက ခြေသံကို လုံအောင်ထိန်းပြီး နေရာရွှေ့လိုက်သည်။ မှောင်ထဲမှာ မျက်စိကျင့်သား ရအောင် ခဏစောင့်သည်။ ညအမှောင်မှာ ကြည့်နေကျမို့ အမြင်အာရုံက ခဏချင်းမှာ ထက်မြက်လာသည်။

နေ့လယ်က အိမ်မှားဝင်မိသလိုလိုနှင့် လေ့လာထားခဲ့သည့်အတိုင်း ကက်ဆက်က စားပွဲပေါ်မှာ ရှိနေသည်။ ထိုနေရာသို့ အသာကလေး ရွှေ့လာသည်။ ကက်ဆက်ရှိရာသို့ လက်အလှမ်းလိုက်တွင်...

“ဟေ့ကောင်... မလှုပ်နဲ့”

တုံ့ခနဲ ဖြစ်သွားသည်။ အိမ်ရှင် နိုးနေပြီ။

“ခွေးမသား... မင်းဝင်လာကတည်းက သိလို့ စောင့်နေတာကွ”

အိမ်ရှင်သည် သူနှင့် လေးငါးပေအကွာမှာ ရပ်နေသည်။ လက်ထဲမှာ တခုခုရှိကြောင်း သူ ခန့်မှန်းမိသည်။ ဓားမြှောင်ဖြစ်မည်။ သူ့ကိုအလစ်ဝင်မဆော်ပုံထောက်တော့ သိပ်သတ္တိကောင်းမည့်ပုံ မပေါ်။ ဟန်ကိုယ့်ဖို့ လုပ်ရမည်။ ထွက်ပြေးစရာ ထွက်ပေါက်ကလည်း မရှိ။ ထရံကိုဖြဲပြီး ပြန်ထွက်ဖို့လည်း အချိန်ရမည်မဟုတ်။

အိမ်ရှင်က ရှေ့မတိုးရဲဘဲ ဖြစ်နေသည်။ ထို့ကြောင့် မှော်ဆရာက သူ့မှာလည်း လက်နက် ရှိနေသည့်ဟန်မျိုးဖြင့် လက်ကို တခုခု ကိုင်ထားသလိုလုပ်ပြီး နည်းနည်းမြှောက်လိုက်သည်။

အိမ်ရှင်က နောက်တလှမ်း ဆုတ်သွား၏။ ဟန်ကျပြီ။ မှော်ဆရာ ရှေ့တလှမ်း တိုးသည်။ အိမ်ရှင် ထပ်ဆုတ်သည်။

“ဟေ့ကောင် သူခိုး... ရှေ့မတိုးနဲ့နော်”

သူခိုးက မပြေးရဘဲ အိမ်ရှင်က ပြေးမည့်ကိန်းနှင့် လာဆိုက်နေပြီ။ မှော်ဆရာက အခွင့်အရေးကို လက်လွတ်မခံ။ ရှေ့ဆက်တိုးသည်။ အိမ်ရှင်က နှစ်လှမ်း သုံးလှမ်း ဆုတ်သည်။

မှောင်ထဲမှာမို့ နည်းနည်းဝေးသွားလျှင် ကောင်းကောင်း မမြင်ရတော့။ ခုနေခါ ထွက်ပြေးရ ကောင်းမလား။ မဖြစ်သေး။ တချက်လောက်တော့ ထပ်လှန့်လိုက်ရဦးမယ်။ မှော်ဆရာ ရှေ့တလှမ်းအတိုး...

“ဟေ့ကောင် မင်းနော် ထပ်မတိုးနဲ့နော်… ငါ ထပ်ပြီး နောက်ဆုတ်လို့ မရတော့ဘူး... ထရံနဲ့ ကျောနဲ့ ကပ်နေပြီ”

အိမ်ရှင့်အသံက တုန်နေပြီ။ မှော်ဆရာက အခွင့်သာခိုက် ခုန်အုပ်မည့်ဟန်ဖြင့် ဟေ့... ဆို ခြောက်လိုက်သည်။ အိမ်ရှင်ကလည်း ယောင်ပြီး လက်ထဲက ဓားမြှောင်ကို လွှတ်ချ၍...

“သ... သ... သ”

အထစ်ထစ် အငေါ့ငေါ့။ သူခိုးဟု အော်တော့မည်။ မှော်ဆရာက ခုန်အုပ်လိုက်သည်။ နှစ်ယောက်သား လုံးထွေးနေသည်။ မှော်ဆရာက မိရာကို လှမ်းထိုးသည်။ မျက်ခွက်ကို ထိုးမိ၏။ အိမ်ရှင်ကလည်း ခြေထောက်ဖြင့် ကြောက်ကန် ကန်ထည့်လိုက်သည်။ မှော်ဆရာ ပက်လက်လန်ထွက်ပြီး တိုင်နှင့်နောက်စေ့ အရှိန်ပြင်းစွာ ဆောင့်သည်။ မိုက်ခနဲ၊ ပြာခနဲ ဖြစ်သွား၏။

အမူးပြေသွားတော့ သူ့ကို တိုင်မှာ ကြိုးနှင့် တုပ်ထားကြောင်း သိလိုက်ရသည်။ သူ့ရှေ့မှာ အိမ်ရှင်က မီးခွက်တဖက်၊ ဓားမြှောင်တဖက် ကိုင်၍ ရပ်နေသည်။ မျက်လုံးတဖက်က သူ ထိုးထားသဖြင့် ဖူးရောင်နေသည်။ ဒေါသထွက်နေပုံလည်း ရသည်။ မှော်ဆရာက မျက်လုံးကလေး ကလယ်ကလယ်ဖြင့် မော့ကြည့်သည်။

“ခွေးသူခိုး… ဒီမှာကြည့်စမ်း၊ မင်းထိုးထားတဲ့ဒဏ်ရာ... မင်းမျက်လုံးကို ပြန်ဖောက်ပစ်မယ်ကွ”

ဓားမြှောင်က မျက်နှာနား ဝဲလာသည်။

“မလုပ်ပါနဲ့ ဆရာရယ်... ချမ်းသာပေးပါ”

“ဘာကွ ဟင်း... မင်းနာရွက်ကိုပါ ဖြတ်ပစ်မယ်”

“ကြောက်ပါပြီ ခင်ဗျ...”

ဓားတကိုင်ကိုင်ဖြင့် ပြောသာပြော၊ ကြိမ်းသာကြိမ်းနေသော်လည်း တကယ်မလုပ်ရဲ။ ခြေထောက်နှင့် တချက်ပိတ်ကန်ပြီးနောက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြန်သည်။ အတော်ကြာမှ တစုံတခု စဉ်းစားမိဟန်ဖြင့် မီးခွက်နှင့် ဓားမြှောင်ကို စားပွဲပေါ်တင်ပြီး နောက်ဖေးဘက် ထွက်သွားသည်။

ပြန်ထွက်လာတော့ လက်ထဲမှာ ရေပုံးတပုံးကို ဆွဲလာသည်။

“ဟား ဟား... မင်းကို အကောင်းဆုံးနည်းနဲ့ ပညာပေးရမယ်”

မှော်ဆရာ့ခေါင်းပေါ်သို့ ရေလောင်းချသည်။ အား... ရေခဲရေတမျှ အေးစက်နေတဲ့ ညသိပ်ရေတွေ၊ တကိုယ်လုံး ရွှဲနစ်သွားသည်။ ကျောထဲက စိမ့်ခနဲ ဖြစ်သွား၏။

အိမ်ရှင်က ပြတင်းပေါက်တံခါးကို သွားဖွင့်လိုက်သေးသည်။ ဆောင်းလေ၏ အအေးဆုံး မြောက်ပြန်လေက တိုးဝင်လာသည်။ မှော်ဆရာ တုန်သွား၏။

အိမ်ရှင်က ကျေနပ်အားရစွာ ပြုံးပြီး ပက်လက်ကုလားထိုင်ကို ဆွဲ၍ထိုင်သည်။ ရှေ့တည့်တည့်မှ မြိန့်မြိန့်ကြီး အရသာခံကာ တစိမ့်စိမ့် ထိုင်ကြည့်နေသည်။

အတော်ကြီးကြာတော့ မှော်ဆရာ ခိုက်ခိုက်တုန်နေပြီ။ အိမ်ရှင်သည် စိတ်ကူးပေါက်တိုင်း ရေထထလောင်းသည်။ ထိုမျှနှင့် အားမရသေးဘဲ ယပ်ခတ်ပေးသေးသည်။ မှော်ဆရာ မခံနိုင်တော့။

“ဟေ့လူ... ရှိကြီးခိုးပါရဲ့ဗျာ၊ ရဲလက်အပ်မှာဖြင့် အပ်ပါတော့ ဒီမှာ ချမ်းလို့ သေတော့မယ်”

“မအပ်သေးဘူးကွ… မနက်ကျမှ အပ်မယ်”

မှော်ဆရာကား မေးချင်း ရိုက်နေပြီ။ တဖြည်းဖြည်း တကိုယ်လုံး တုန်တက်လာသည်။ ငုပ်နေသော ငှက်ဖျားရောဂါ ပြန်ထလာပြီ။

မှော်ဆရာ တဟီးဟီးအော်ပြီး တုန်နေသည်ကိုကြည့်ရင်း အိမ်ရှင်မှာ လန့်လာဟန် တူသည်။

“ဟေ့ကောင်… မင်း မင်း သိပ်ချမ်းနေပြီလား”

“ဟုတ်...ဟုတ်၊ အမလေး... ငှက်ဖျားတက်နေပြီဗျ၊ ဟီး ဟီး”

အိမ်ရှင်သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ မှော်ဆရာက အထစ်ထစ် အငေါ့ငေါ့ဖြင့်...

“ရေ…ရေနွေးလေး တစ်... တစ်ခွက်လောက်ပေးပါဗျာ”

အိမ်ရှင်လည်း ယောင်ယောင်ကန်းကန်းဖြင့် ရေနွေးသွားယူသည်။ ကြိုးဖြေမပေးရဲသဖြင့် ပါးစပ်နားတေ့ပြီး သူကိုယ်တိုင် တိုက်သည်။ မှော်ဆရာက ရေနွေးတငုံကို မှုတ်သောက်ပြီး...

“ဟင်း ဟင်း... တလက်စတည်း ပါရာစီတမော့လေး တလုံးလောက်ပါ တိုက်... တိုက်ပါလားဗျာ”

“ဟား ဟား... ဒါနဲ့ မင်းကို ဆေးတိုက်ပြီး သနားလို့ လွှတ်လိုက်ရောလား” ဟု ကြွက်စုတ် ခေါ် ဉာဏ်ကျယ်က ဝင်မေးသည်။

“ဘယ်လွှတ်မလဲကွ… ဆေးရုံကို ခေါ်သွားတာပေါ့၊ ဆေးရုံကလည်းဆင်းရော ဟဲ ဟဲ... အချုပ်ထဲ တန်းဝင်ရတာပါပဲ”

“လူမိခံရတဲ့ထဲမှာတော့ ငါ့အဖြစ်မျိုးက အတော်ရယ်ရတယ်ကွ”

ပုရစ်က ပြောသည်။ ထို့နောက် တကျီကျီမြည်အောင် ရယ်လိုက်ပြီး...

“အဲဒီနေ့က ငါ့မှာ အိမ်တအိမ်ကို ဝင်မယ်လို့ စိတ်ကူးမရှိဘူးကွ... ဟိုလျှောက် ဒီလျှောက် လျှောက်ရင်း အိမ်တအိမ်ရဲ့နောက်ဖေးတံခါးက နည်းနည်းဟနေတာ သွားတွေ့တယ်ကွ... အချိန်က အချိန်မတော်ကြီး၊ မီးတွေလည်း မှိတ်လို့၊ တမင်ဖွင့်ထားတာ မဖြစ်နိုင်ဘူး... မေ့ပြီး တံခါးမပိတ်မိတာ ဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ် အခွင့်သာရင် အလုပ်ဖြစ်သွားမှာပဲဆိုပြီး အိမ်နား အသာကပ်သွားတယ်... လူသံသူသံ မကြားရဘူး။ အိပ်နေကြပြီ ထင်တယ်၊ အတော်ကြာအောင် နားစွင့်ကြည့်သေးတယ်... သေချာပြီဆိုမှ တံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်တယ်... ငါ့စိတ်ကူးက ရတဲ့ပစ္စည်းလေးတွေ သိမ်းကျုံးဆွဲပြီး လစ်မလို့ဘဲ…”

ပုရစ်က ကာဘော်လိပ်အငယ်ကောင် လက်ထဲမှ ဆေးပေါ့လိပ်ကို ယူ၍ နှစ်ဖွာ သုံးဖွာ ဖွာပြီးမှ ဆက်ပြောသည်။

“မီးဖိုချောင်ထဲအရောက်မှာ ခြေထောက်ကတော့ ဖွနင်းတာပဲ... ကြမ်းကိုက မခိုင်တော့ ကျွိခနဲ မြည်သွားရော၊ အဲဒီအချိန်မှာ အိပ်ခန်းထဲက မိန်းမသံတသံ ထွက်လာတယ်... အစ်ကိုလားတဲ့”

နားထောင်နေကြသူများ စိတ်ဝင်စားလာသည်။

“ငါက ငြိမ်နေတော့ နောက်တခါ အစ်ကိုလား ထပ်မေးပြန်ရော၊ ငါ့ကို သူ့ယောက်ျားနဲ့ မှားနေပြီလို့ ထင်တယ်၊ အိပ်ခန်းထဲက လှုပ်လှုပ်ရှားရှား အသံကြားတော့ ငါလည်း ဘာလုပ်ရမှန်း မသိဘူး… ငြိမ်ကုပ်နေတုန်း…”

“လာလေ…. ဟိုနွားကြီး အပြင်သွားပါပြီ အစ်ကိုရဲ့... တဲ့၊ လက်စသတ်တော့ အဲဒီမိန်းကလေးက သူ့လင်ကြီးကွယ်ရာမှာ ဖောက်ပြန်နေတာကိုး၊ ငါ့ကို သူ့အကောင်မှတ်လို့”

“မင်းက ယောရောရှိ ဝင်မလုပ်ဘူးလား”

"နေစမ်းပါဦး... အဲဒါနဲ့ ငါကလည်း ယောင်ယောင်ကန်းကန်းနဲ့ အဟမ်းဆို ချောင်းဟန့်သံ ပေးလိုက်ရော၊ အဲ... အဲဒီမှာပဲ ပြဿနာက အိမ်ထဲမှာက ငါတယောက်တည်းမဟုတ်ဘူး၊ အခြားတယောက် ရှိသေးတယ်… သူ့အကောင်ပေါ့... သူကလည်း အဟမ်းဆို ချောင်းသံအပေး နှစ်ယောက် ပြိုင်တူ ထွက်သွားတာပေါ့၊ ဖြစ်ပုံက ဒီကောင်က ငါ့ကို လင်ကြီးပြန်လာပြီး သူ့ကို ချောင်းတယ်မှတ်လို့ လန့်ပြီး ပုန်းနေတာ... အထဲက မိန်းမကလည်း စိတ်မရှည်တော့ဘဲ ထွက်လာတော့ ဟိုကောင်ကလည်း လန့်ပြီး နောက်ဖေးပေါက်အထွက်၊ ငါကလည်း လစ်အပြေး နှစ်ယောက် ဝင်တိုက်မိကြရော... အလဲလဲ အပြိုပြိုပေါ့ကွာ၊ မိန်းမက မီးဖွင့်လိုက်တော့ ငါ့ကို တွေ့သွားတာပေါ့”

“အော်ရောလား...”

“ဘယ်အော်ရဲမလဲကွ... အော်လို့ လူတွေရောက်လာရင် သူ့အကောင်ပါ မိမှာကိုး... ဒါနဲ့ ငါလည်း အိမ်မှားဝင်မိလို့ဗျာ၊ ဆောရီးပဲဆိုပြီး လစ်ထွက်လာရတယ်”

ရယ်ကြသည်။

“လူမမိဘဲ တယောက်တည်း ပိတ်မိနေတာမျိုးက ပိုပြီး ဖြုံဖို့ ကောင်းတာ…” ဟု ကြောင်လိမ်လှေကားက အားကျမခံ ပြောလိုက်သည်။ သူက ကြောင်လည်း ကြောင်သည်။ လိမ်လည်း လိမ်တတ်သည်။ အစလည်း ထောင်တတ်သည်။ ထို့ကြောင့် ကြောင်လိမ်လှေကားဟု ခေါ်ကြခြင်း ဖြစ်၏။

• • •

သူသည် ကျီးမနိုးပွဲလုပ်သူများနှင့်အတူ ရောယောင်၍လိုက်ရင်း အခြေအနေ ကြည့်သည်။ ဘယ်အိမ်ကိုဝင်လျှင် ချောင်မလဲဟု အကဲခတ်သည်။ တဖြည်းဖြည်း လူပါးလာသည်။ ကျီးမနိုးပွဲ လုပ်သူများလည်း မောပြီး လူစုကွဲကုန်ပြီ။ တန်ဆောင်တိုင်ပွဲကြည့်ရာမှ ပြန်လာသော လူအချို့သာ ကျန်တော့သည်။

သူက အိမ်တအိမ်ကို ရွေးထားသည်။ ခြံဝင်းကလေးထဲက အိမ်တအိမ်။ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်း ရှိသဖြင့် အကာအကွယ် ကောင်းကောင်းရသည်။ တခြားအိမ်တွေနှင့်လည်း နည်းနည်းလှမ်းသည်။

အဆင်ပြေဆုံးအချက်က အိမ်ထဲမှာ လူတယောက်မျှ မရှိခြင်းပင်။ ထိုအိမ်မှ မိသားစု ထွက်အလာတွင် သူ ဘေးမှ မယောင်မလည် လိုက်ရင်း ပြောသံဆိုသံ နားထောင်ခဲ့သည်။ ထိုအိမ်ကလူများသည် မြို့ထဲမှာ တန်ဆောင်တိုင်ပွဲ လျှောက်ကြည့်ကြမည်။ ပြီးတော့ မြို့ထဲမှာ အိပ်မည်။ အိမ်ပြန်လာမည် မဟုတ်။ အေးအေးဆေးဆေး ဖောက်ဝင်ရုံသာ။

လူရှင်းအောင် စောင့်သည်။ နှစ်နာရီကျော်မှပင် လူခြေတိတ်သွား၏။ သစ်ပင်ရိပ်များကို အကာအကွယ်ယူပြီး ခြံဝင်းထဲ ဝင်သည်။ အိမ်နားကို အသာကပ်သည်။ အိမ်ရှေ့တံခါးကို သော့ခတ်ထား၏။ သော့က ဖွင့်ဖို့ မလွယ်။ ပြီးတော့ အိမ်ရှေ့ဆိုတော့ လူမြင်နိုင်သည်။

အိမ်ဘေးကို ကွေ့လာခဲ့သည်။ ပြတင်းပေါက်တွေ အခြေအနေကို ကြည့်သည်။ သိပ်မလွယ်။ အိမ်က သစ်ကောင်းဝါးကောင်းတွေနှင့် ဆောက်ထားသဖြင့် ခိုင်ခံ့သည်။

နောက်ဖေးဘက် လှည့်ခဲ့ပြန်သည်။ နောက်ဖေး တံခါးပေါက်၏ အခြေအနေကို ကြည့်သည်။ တံခါးက မူလတံခါး မဟုတ်။ အသစ်ပြန်ပြင်ထားခြင်းဖြစ်သည်။ ဟာကွက်၊ ပျော့ကွက်တွေ ရှိနေသည်။

နာရီဝက်လောက် နည်းမျိုးစုံသုံးပြီး ကြိုးစားကြည့်ရာ တံခါးပွင့်သွားသည်။ အိမ်ထဲသို့ ဝင်လိုက်သည်။ အေးအေးဆေးဆေး ကိုယ်ကြိုက်ရာ ပစ္စည်းတွေ ရွေးယူရုံသာ ရှိတော့သည်။ ကြည့်ရတာ အဖိုးတန်ပစ္စည်းတွေ ရှိမည့် အိမ်မျိုး၊ ကံကောင်းလျှင် အတွင်းပစ္စည်းတွေတောင် ရနိုင်သည်။

သူ စိတ်ကူးဖြင့် ရွေးချယ်ကြည့်သည်။ ဝန်ကျဉ်းကျဉ်းဖြင့် အလုပ်ဖြစ်မည့်ပစ္စည်း။ တိုင်ကပ်နာရီ၊ ကက်ဆက်၊ မီးပူ၊ စားပွဲတင်ပန်ကာ၊ ဒီထက်ပိုပြီး အဆင်ပြေနိုင်တာက ရွှေထည် လက်ဝတ်ရတနာနှင့် ငွေသား။ အိပ်ခန်းထဲ ဝင်မွှေဖို့ ဆုံးဖြတ်လိုက်သည်။

အိပ်ခန်းတံခါးကိုလည်း သော့ခတ်သွားသည်။ သို့ရာတွင် သော့က အကောင်းစားမဟုတ်။ နည်းနည်းပါးပါး ကလိလိုက်ရုံဖြင့် ပွင့်သွားသည်။

အိပ်ခန်းထဲဝင်သည်။ လက်နှိပ်ဓာတ်မီး အသေးစားကလေးကို ထုတ်လိုက်သည်။

လက်နှိပ်ဓာတ်မီးဖြင့် ဝေ့ကြည့်သည်။ ခုတင်ခြေရင်းမှာ ဗီရို၊ သော့ခတ်ထားပုံ မရ။ ဗီရိုကို အသာဆွဲဖွင့်သည်။ အထဲမှာ အဝတ်အစားတွေချည်း။ အံဆွဲနှစ်လုံးကို ဆွဲဖွင့်သည်။ စာရွက်စာတမ်းတွေ။

နည်းနည်းတော့ စိတ်ပျက်သွားသည်။ ဘာပဲဖြစ်ဖြစ် ရှိကိုရှိရမည်ဟု တွေးလိုက်ပြန်သည်။ လက်နှိပ်ဓာတ်မီးဖြင့် ဟိုဟိုဒီဒီ ထိုးကြည့်သည်။ အခန်းထောင့်မှာ ကျွန်းသေတ္တာကလေးတလုံး။ အာမခံသော့ဖြင့် ခတ်ထားသည်။ ကျိန်းသေပြီ။ ဒါပဲဖြစ်ရမည်။

သေတ္တာလိုက် မသွားလျှင် ကောင်းမလား။ ဖွင့်ပြီး အထဲကပစ္စည်းကို ထုတ်ယူလျှင် ကောင်းမလား။ သေတ္တာလိုက် ယူသွားလျှင် လမ်းမှာ သူများတွေ မသင်္ကာစရာ ဖြစ်နိုင်သည်။ ပြီးတော့ သေတ္တာထဲကပစ္စည်းက သူလိုချင်တာ မဟုတ်ဘဲ စာချုပ်စာတမ်းတွေ ဘာတွေ ဖြစ်နေလျှင် အလကားဖြစ်နေမည်။

အချိန်လည်း ရသဖြင့် ဖွင့်ကြည့်မည်ဟု စိတ်ကူးလိုက်သည်။ စိတ်ချလက်ချ လုပ်နိုင်အောင် အခန်းတံခါးကို အသာကလေး စေ့လိုက်သည်။

“ချောက်...”

အသံတသံ ကြားရသည်။ သူ ထိတ်ခနဲ ဖြစ်သွား၏။ တံခါးချက် ကျသွားသည့်အသံ။ တံခါးကို ဆွဲဖွင့်ကြည့်သည်။ မရ။

သူ ခေါင်းနပန်း ကြီးသွား၏။ သွားပြီ...။ အခန်းထဲမှာပိတ်မိနေပြီ။ သေတ္တာကို ဖွင့်ဖို့တောင် သတိမရတော့။ တံခါးကို နှဲ့ပြီး ဖွင့်ကြည့်သည်။ မရ။ ခိုင်လိုက်တဲ့တံခါး။

ထွက်ပေါက်များ ရှိမလားဟု လက်နှိပ်ဓာတ်မီးနှင့် ဟိုဟိုဒီဒီ ထိုးကြည့်သည်။ ပြတင်းပေါက်လည်း မရှိ။ အခန်းနံရံကို ကျော်ထွက်ရအောင်ကလည်း သံဇကာနှစ်ထပ်နှင့် အခိုင်အခံ့ ကာရံထားသည်။

သူ ဇောချွေးတွေ ပြန်လာ၏။

• • •

“မင်း ထွက်လို့မရဘူးပေါ့…”

“ရတာပေါ့ကွ…”

“ဘယ်လိုထွက်လာတာလဲ...”

“ဟား ဟား မင်းတို့တောင် မစဉ်းစားမိဘူး မဟုတ်လား၊ ငါလည်း ရုတ်တရက်မို့ လန့်ဖျပ်ပြီး ထူပူသွားလို့ မစဉ်းစားမိတာ... ရှင်းရှင်းလေးပဲကွ၊ ချက်ကျသွားတဲ့ ကလန့်က အတွင်းဘက်ကဟာပဲ... အဲဒါကို သတိမထားလိုက်မိတာ၊ နောက်မှ ငါ့နှယ် ကြောင်လိုက် တုံးလိုက်တာလို့ သတိရပြီး ချက်ကိုဆွဲဖွင့်ပြီး ထွက်လာရတာပေါ့...”

“အေးဟ၊ ဟုတ်သားပဲ...”

တကိုယ်တော် ဘကြိုင်က ခေါင်းတညိတ်ညိတ်လုပ်၍ ပြုံးရင်း...

“အဲဒါပဲကွ……လူဆိုတာ တခါတခါ ကြောင်တတ်တယ်၊ ငါတို့ သူခိုးဆိုတဲ့ကောင်တွေက အိမ်အပြင်ကနေ အတွင်းကို ဖောက်ထွင်းဖို့သာ စိတ်ဝင်စားတာ... အခိုင်အခံ့ ပိတ်ထားတဲ့ တံခါးတွေကို ခက်ခက်ခဲခဲ အပြင်ကနေဖွင့်ဖို့သာ စိတ်ကူးထားကြတာကိုး၊ အထဲကနေ အပြင်ကို အလွယ်တကူ ထွက်လို့ရတာကို မေ့မေ့နေတတ်တယ်... ငါတို့ အလုပ်ကလည်း သူများတွေနဲ့ ပြောင်းပြန်ကိုးဟ”

“ဒါနဲ့ နေစမ်းပါဦး လှေကားရ… မင်း သေတ္တာကော ရခဲ့လား”

“ဘယ်ရမလဲကွာ... တံခါးဖွင့်လို့ရတာနဲ့ ဝမ်းသာအားရ ပြေးထွက်လာမိတာ၊ ဘာပစ္စည်းမှ ယူခဲ့ဖို့ သတိမရဘူး...”

"ဟား ဟား ဒါမှ တကယ်ကြောင်တာ၊ ဒါကြောင့်လည်း မင်းကို ကြောင်လိမ်လှေကားလို့ ခေါ်တာပဲ”

• • •

အုန်းဆံနီကလည်း သူ့အတွေ့အကြုံကို ပြောပြပြန်သည်။ သူသည် အုန်းဆံမွေးများကဲ့သို့ နီကျင်ကျင် ရှုပ်ထွေးထွေး ဖြစ်နေသော ဆံပင်များကို တဗျစ်ဗျစ် ကုတ်ဖွရင်း...

“ငါ့အလုပ်က ဟန်တယ်ကွ၊ သိပ်ဝေးဝေးလံလံ သွားနေစရာ မလိုဘူး၊ ကိုယ့်ရပ်ကွက်ထဲတွင် လှည့်ပြီး အလုပ်ဖြစ်နေတာကွ…”

“လူတွေက မရိပ်မိဘူးလား”

“ဘယ်ရိပ်မိမလဲ... ငါက တကိုယ်တည်း လူပျိုကြီးတယောက်၊ စကားနည်းတယ်၊ နားအေးပါးအေး နေတတ်တယ်ပေါ့ကွာ... ကျန်းမာရေးကြောင့် ဆေးပင်စင်ယူပြီး အငြိမ်းစား လုပ်နေတယ်ပေါ့၊ တခါတလေကျမှ ရွှေပွဲစား၊ စိန်ပွဲစားအဖြစ် ကြုံသလိုလုပ်တယ်ပေါ့”

“မင်းပုံစံကို ယုံကောယုံကြရဲ့လားကွာ”

“ယုံတာပေါ့ကွ... ငါက အဲဒီတုန်းက ခုလိုပုံမှ မဟုတ်ဘဲ၊ သားသားနားနားကွ… ရပ်ကွက်ထဲက ငါ့ကို လူကြီးလူကောင်းဆိုပြီး လေးစားကြတယ်၊ ငါက ဘယ်လောက်ပိရိသလဲဆိုရင် တဖက်အိမ်မှာ နေတဲ့လူတောင် မရိပ်မိဘူး... ဟဲ ဟဲ ရယ်စရာတော့ အကောင်းသား၊ ငါ့ကို ဘယ်လောက် ယုံကြည်ကြသလဲဆိုတော့ ရပ်ကွက် သာရေးနာရေးအသင်း အမှုဆောင်ထဲမှာတောင် ထည့်မလို့ ပြောကြသေးတယ်... အမယ် ဒါတောင် ငါက ရပ်ကွက်ထဲရောက်တာ သိပ်မကြာသေးလို့ တဲ့… သူတို့က အသင်းရဲ့ အရေးပါတဲ့နေရာ ပေးချင်တာဆိုပဲ”

“ဟား ဟား...”

“အေးကွ... ငါလည်း ကျန်းမာရေး မကောင်းလို့ပါဆိုပြီး တော်တော် ငြင်းယူရတယ်... ငါက လူခြေတိတ်မှ ရုပ်ဖျက်ပြီး ထွက်တာကိုး၊ ကိုယ့်ရပ်ကွက်ထဲက အိမ်တွေဆိုတော့ ဘယ်လိုဝင်ရင် ရမယ်ဆိုတာ ကြိုသိနေပြီးသားပေါ့... အတော်ဟန်ကျတယ်ဟေ့၊ ခဏခဏတော့ လုပ်လို့ မဖြစ်ဘူးပေါ့... တလတခါ နှစ်လတခါလောက် တချီကောင်းလေးတွေ ဆော်ရတာပေါ့၊ အဲ... တနေ့တော့...”

“ဖြစ်ရမယ်လေ... ငါတို့တွေဟာ တနေ့တော့ ဆိုတာမျိုးနဲ့ ကြုံရတာချည်းပါပဲ၊ မင်း အလိမ်ပေါ်သွားရော ဆိုပါတော့”

“ဘယ်ဟုတ်မလဲ… ငါက ည လူခြေတိတ်တဲ့အချိန် အလုပ်လုပ်ဖို့ အသာကလေး ထွက်လာခဲ့ရော၊ အဲဒီနေ့က အလုပ်မဖြစ်ဘူးကွ... ရပ်ကွက်ထဲမှာ အသုဘတခုရှိတော့ လူက သိပ်မပြတ်ချင်ဘူး၊ ဒါနဲ့ ငါလည်း လက်လျှော့ပြီး အိမ်ပြန်လာတော့ လားလား ငါ့အိမ်ထဲက ပစ္စည်းတွေကို တကောင်ကဝင်ပြီး အကုန် မသွားတာပဲ

“ဟေ... ဘယ်သူလဲ”

“ဟိုဘက်အိမ်ကကောင်ပေါ့ကွ၊ သူကလည်း ငါ့လိုကောင်မျိုးပဲ… ငါ့အိမ်ကို ဒီကောင် ချောင်းနေတာ ကြာပြီထင်တယ်၊ ငါ့အကြောင်းကိုလည်း သိနေဟန်တူတယ်... ဒါကြောင့် တချီကောင်း ကြံသွားတာပေါ့”

“မင်း ခံလိုက်ရတာ နာသကွာ…”

“နာတာမှ မခံချိ မခံသာကို နာတာ… ဒီကောင်က ဟိုဘက်အိမ်ကနေ ငါ့ကို အမျိုးမျိုး မခံချင်အောင် စတယ်ကွ၊ အဆိုးဆုံးကတော့ ငါ့ဆီက ခိုးသွားတဲ့ ရေဒီယိုကြီးကို အကျယ်ကြီး ဖွင့်ဖွင့်ပြတာပဲကွာ”

“ဟာ… ဒါဆို မင်းဆီက ခိုးရာပါပစ္စည်း ဒီကောင့်ဆီမှာ သက်သေခံ ရှိတာပဲ၊ ရပ်ကွက်ကောင်စီ လူကြီးတွေခေါ်ပြီး ဝင်ဖမ်းပေါ့ကွ… ရပ်ကွက်က မင်းကို ယုံပြီးသားပဲ”

“ဘယ်ဖြစ်မလဲကွ... အဲဒီရေဒီယို ဆိုတာလည်း ငါ တခြားအိမ်က ခိုးထားတာကွ... အပြင်ထုတ်ရောင်းဖို့ဟာ အခွင့်မသာသေးလို့ဘဲ... အဲဒါ သွားဖော်လိုက်ရင် မီးခိုးကြွက်လျှောက် လိုက်ပြီး ငါပါ ခံရမှာပေါ့”

“အဲဒါပဲကွ... ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတာ”

တကိုယ်တော် ဘကြိုင်က ဝင်ပြောသည်။ ထိုအခါ ကြွက်စုတ်က…

“ကျုပ်ကတော့ဗျာ ကိုယ်ကကျူးရင် ကိုယ့်လက်တောင် မယုံရဘူးလို့သာ ပြောချင်တော့တာပဲ” ဟု ဆိုလိုက်လေသည်။

• • •

ကြွက်စုတ်သည် ပိန်ပိန်သေးသေးကွေးကွေးလေးဖြစ်၏။ ဤသည်ကပင် သူ့အား ကံတရားက လုပ်ကိုင်စားသောက်နိုင်အောင် ဖန်တီးပေးထားသလို ဖြစ်နေ၏။

အကြောင်းကား...

လူတယောက် ဘယ်လိုမှ မဝင်နိုင်ဟု စိတ်ချလောက်သော အပေါက်တပေါက်ကို သူက ဝင်နိုင်သည်။ ကလေးတယောက်၏ လက်တောင်မှ နှိုက်လို့မရဟု ထင်ရသော အပေါက်ကို သူ့လက်ဖြင့် ရအောင် နှိုက်နိုင်သည်။ သူ့အရိုးအဆစ်များ ထူးခြားစွာ ပျော့ပျောင်းနေသောကြောင့် ဖြစ်လေသည်။

သူက လျင်လည်းလျင်သည်။ မပိုင်ရင် မလုပ်။ လုပ်ရင်လည်း ထွက်ပေါက်ကို အရင်ရှာထားသည်။ သူအလုပ်လုပ်ရင် ပိပိရိရိရှိပြီး လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်သည်က များသည်။ ကြွက်လိုပင် အပေါက်ရှာကောင်းသဖြင့် ဒီနာမည် တွင်နေခြင်းဖြစ်၏။

သူ ယနေ့ရွေးချယ်ထားသော အိမ်က အပျိုကြီးတယောက်တည်း နေသောအိမ်ဖြစ်သည်။ ရက်ပေါင်းများစွာ ကြိုတင်စနည်းနာ အကွက်ချထားချက်အရ...

အပျိုကြီးသည် အသက်လေးဆယ့်ငါးနှစ်လောက်ရှိပြီး ဘာအလုပ်မှ မလုပ်ဘဲ ထိုင်စားနေနိုင်လောက်အောင် အတွင်းပစ္စည်းတွေ ရှိသည်။ ထိုပစ္စည်းတွေကို လူတွေ မရိပ်မိအောင် သိုသိုသိပ်သိပ် ထားသည်။

ထားပုံသိုပုံက ပညာပါ၏။ အဝတ်အစား အဟောင်းအစုတ်တွေ ကြားထဲတွင် ရွှေထည်တွေကို ညှပ်ထည့်ပြီး ထဘီအစုတ်တထည်ဖြင့် ထုပ်၍ ခုတင်အောက်မှာ ထားသည်။ ဘယ်သူကမှ အဖိုးတန်ပစ္စည်းဟု ထင်မိမည်မဟုတ်။

ကြွက်စုတ်ကတော့ ဒါကို သိနေသည်။ အပျိုကြီးဆီမှာ ပစ္စည်းပေါင်ဖူးသော မိန်းမတယောက်ဆီက သတင်းရထားခြင်းဖြစ်၏။

ကြွက်စုတ်သည် အိမ်အောက်သို့ ကြိုကြိုတင်တင် ရောက်နှင့်နေသည်။ သူ့အကြံက သိပ်ပိုင်သည်။ ခုတင်အောက်နှင့် တည့်တည့် ကြမ်းခင်းနှင့် ကပ်လျက်ရှိသော ပျဉ်တချပ်ကို ဟရုံကလေးခွာမည်။ ပြီးတော့ လက်ကို အသာကလေးလျှိုမည်။ အဖျားမှာ ချိတ်လို ကောက်ထားသော သံချောင်းရှည်ကလေးနှင့် အထုပ်ကို စမ်းပြီး ဆွဲယူမည်။ ဓားဖြင့်ခွဲ၍ အထဲက ရွှေထည်တွေကို ကဲ့ယူမည်။ ပြီးတော့ အထုပ်ကို ပြန်ထားခဲ့မည်။

မိန်းမကြီး အထုပ်ကို မဖြေမချင်း အခိုးခံရကြောင်း သိရမည် မဟုတ်။ ပြီးတော့ ဒီကိစ္စမှာ အိမ်ထဲတောင် ဝင်စရာမလို။

မိန်းမကြီးက တော်တော်နှင့်မအိပ်။ အခန်းထဲ ဝင်လိုက်၊ အပြင် ထွက်လိုက် လုပ်နေသည်။ တခါကျတော့ အခန်းထဲက အသံထွက်လာသည်။

“မင်း သိပ်ဆိုးတယ်ကွယ်…”

ကြွက်စုတ် ပခုံးတွန့်လိုက်မိသည်။ ဒီအပျိုကြီး ဘယ်လိုဖြစ်နေပြီလဲ။

“မင်းကို ကျွေးမွေးပြုစုရတာ အလကားပဲ... ဘာမှ ကူညီဖော် မရဘူး၊ စားလိုက် အိပ်လိုက်... ဟင်း... ဒီကြားထဲ”

ကြမ်းပေါ်သို့ တစုံတခု ဘုတ်ခနဲ ပြုတ်ကျသံကြားသည်။ ပြီးတော့ ‘ညောင်’ ဆိုသော အော်သံကြားရ၏။

“ဟဲ့ ပူစီ... ဘယ်သွားဦးမလို့လဲ၊ လာ လာ... မီမီ”

ကြွက်စုတ် မရယ်မိအောင် သတိထားနေလိုက်သည်။ ခဏကြာတော့ မိန်းမကြီး အိမ်ရှေ့ခန်း ထွက်သွား၏။ ဘုရားရှိခိုးသံ ကြားရသည်။ ငါးမိနစ်၊ ဆယ်မိနစ်တော့ အချိန်ရမည်။

ပျဉ်ကာကို အသာကလေး ဟသည်။ သံတူရွင်းငယ်ကို ကျိတ်ပြီး ခပ်မျှဉ်းမျှဉ်း ဆွဲရသည်။ ကျွတ်ခနဲ ခပ်အုပ်အုပ်မြည်ပြီး အနည်းငယ် ဟသွားသည်။ ရလောက်ပြီ။

လက်ဝါး လျှိုကြည့်သည်။ ရသည်။ လက်ဝါးအရင်းပိုင်းက တစ်နေသည်။ ကိစ္စမရှိ။ ဒီလောက်တော့ နည်းနည်းချင်း နှဲ့သွင်းလို့ရသည်။

မိန်းမကြီး အခန်းထဲ ပြန်ဝင်လာသည်။ ကြွက်စုတ် ငြိမ်နေလိုက်သည်။ မိန်းမကြီးက အတော်ကြာအောင် အိပ်မပျော်သေး။ ခုတင်ပေါ်မှာ ဟိုဟိုဒီဒီ လှိမ့်နေပုံရသည်။ အတော်ကြာတော့မှ ငြိမ်သွားသည်။ ကြွက်စုတ်က နားကို အစွမ်းကုန် စွင့်လိုက်သည်။ အသက်ရှူသံ ခပ်မှန်မှန် ကြားရသည်။ အိပ်ပျော်နေပြီ။

သေချာအောင် နာရီဝက်လောက် စိတ်ရှည်ရှည် စောင့်လိုက်သည်။ အသက်ရှူသံကို ခန့်မှန်းကြည့်ရာ ကောင်းကောင်း အိပ်မောကျနေပြီဖြစ်ကြောင်း သိရသည်။

အလုပ်စလို့ ရပြီ။

ကြွက်စုတ်သည် ဟနေသော ပျဉ်ပြားကြားသို့ လက်လျှိုလိုက်သည်။ တဖြည်းဖြည်း နှဲ့သည်။ လက်ဖဝါး ဝင်သွားပြီ။ အထုပ်ရှိရာနှင့် လှမ်းလိမ့်ဦးမည် ထင်သည်။ သံချောင်းကို သုံးရမလား။ လက်နှင့် အရင် စမ်းကြည့်ဦးမည်။ လက်ကို နည်းနည်းထပ်သွင်းပြီး စမ်းလိုက်သည်။ အရာဝတ္ထုတခုကို စမ်းမိ၏။ ဘာပါလိမ့်။

‘ဖြောင်း’ ခနဲ အသံမြည်သွားသည်။ သူ့လက်ကို အရာတခုခုက ပြင်းထန်စွာ ညှပ်ထားလိုက်သည်။

“အား...”

သူ မအောင့်နိုင်ဘဲ အော်မိသည်။ သူ့လက်က ကြွက်ထောင်ချောက်မှာ မိနေပြီ။

“ဟဲ့... ဟဲ့”

မိန်းမကြီး နိုးလာပြီ။ ကြွက်စုတ်က အသံမထွက်အောင် နှုတ်ခမ်းကို ဖိကိုက်ပြီး လက်ကို ပြန်ဆွဲထုတ်သည်။ မရ။ ကြွက်ထောင်ချောက်က သူ့လက်ကို ညှပ်လျက်သား အပေါက်မှာ ကန့်လန့်ခံနေသည်။ ထောင်ချောက်၏ သံဆူးတွေက သူ့လက်ဖဝါးထဲသို့ နစ်ဝင်နေသည်။ အသည်းခိုက်အောင် နာလာသဖြင့် ကျွတ်ခနဲ အသံထွက်သွားသည်။

မိန်းမကြီးက ခုတင်အောက်ကို ငုံ့ကြည့်ပြီး လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်ဟန်တူသည်။ မြင်သွား၏။

“ဟဲ့... အမလေး ဘာကြီးလဲ”

ကြွက်စုတ်က လက်ကို အတင်းရုန်းသည်။ ကျန်လက်တဖက်ကလည်း ဘယ်လိုမှ ကူလို့မရ။ ရုန်းလေ သံဆူးတွေက နစ်ဝင်လေဖြင့် မခံမရပ်နိုင်အောင် နာလာသည်။

“သ... သ... သရဲ...”

မိန်းမကြီးက အထစ်ထစ် အငေါ့ငေါ့။ ကြွက်စုတ်က…

“သရဲ မဟုတ်ဘူးဗျ၊ လူဗျ... လူ၊ အမယ်လေး နာတယ်ဗျ... ဖြုတ်ပေးပါဗျ”

“မ... မ... မဖြုတ်ရဲဘူး”

မတတ်နိုင်တော့။ နာလှပြီ။ ကြွက်ထောင်ချောက်ကနေ လွတ်ဖို့သာ လောလောဆယ် အရေးကြီးနေသဖြင့်

“ဒါဆို တခြားလူတွေ ခေါ်လိုက်ပါဗျ... ခေါ်ပါဗျ မြန်မြန်”

မိန်းမကြီးကလည်း အကြောက်လွန်ပြီး ကယောင်ကတမ်း ဖြစ်နေပုံ ရသည်။ မအော်နိုင်တော့ဘဲ ကြမ်းပေါ်မှာ ခုန်နေသည်။

ထို့ကြောင့် ကြွက်စုတ်မနေသာ။ သူ့ဘာသာသူ အော်ရတော့သည်။

“လာကြပါဗျို့... ကယ်တော်မူကြပါ။ သူခိုးဗျို့... သူခိုး”

အသံကုန်ဟစ်သည်။ လက်ကလည်း တဆစ်ဆစ် အရမ်းနာနေပြီ။

“သူခိုးဗျို့... သူခိုး၊ မြန်မြန်လာပါ”

လူတွေဝိုင်းလာသည်။ အသံတွေ ဆူညံနေသည်။

“ဟေ့... ဘယ်မှာလဲ သူခိုး”

"ဒီမှာဗျ... အိမ်အောက်မှာ၊ အမယ်လေးဗျ၊ နာလှပါပြီ... မြန်မြန်လာပါဗျ”

လက်နှိပ်ဓာတ်မီးရောင်တွေ သူ့အပေါ် ကျလာသည်။

“ကျွန်တော်ပဲဗျ သူခိုး...”

သူခိုးကိုယ်တိုင်က သူ့ကိုယ်သူ ပြန်အော်ပြီး ဖော်နေသဖြင့် လူတွေ ကြောင်နေသည်။

“လာပါဗျ... မြန်မြန်ဖြုတ်ပေးပါ၊ ဒီမှာ သေတော့မယ်၊ လာဖမ်းကြပါဗျ... အမယ်လေးဗျ”

ကြွက်စုတ်က ရှုံ့မဲ့ပြီး ခုနစ်သံချီ အော်လိုက်သည်။

• • •

“အဲဒါပါပဲဗျာ... ဒါကြောင့် ကျုပ်က ကိုယ်ကကျူးရင် ကိုယ့်လက်တောင် မယုံရဘူးလို့ ပြောတာပေါ့” ဟုဆိုပြီး ကြွက်ထောင်ချောက် ညှပ်ထားသည့်ဒဏ်ကြောင့် အကြောတို့ဆိုင်းကာ ကွေ့ကွေ့ကောက်ကောက်လေး ဖြစ်နေသော သူ့လက်ကလေးကို ကြည့်၍ ပြောလိုက်သည်။

ထိုအချိန်မှာပင်...

“ဟေ့... ဘယ်သူတွေလဲကွ စကားများနေတာ၊ နာချင်လို့လား… အိပ်ချိန်ကွ အိပ်ချိန်” ဟု လှမ်းအော်လိုက်သော တာဝန်ကျအစောင့်၏အသံကို ကြားရသည်။ သူတို့အုပ်စုလည်း ကပျာကယာ ကိုယ့်နေရာကိုယ်သွားပြီး ကွေးကွေးလေးတွေ လှဲအိပ်လိုက်ကြရသည်။

အတန်ကြာသောအခါ ရဲဘက် အကျဉ်းစခန်းတခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ မနက်ကျလျှင် အစောကြီး ထပြီး ကျောက်ထုစခန်းမှာ မိမိတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ချွေးဖြင့် ပြန်လည်ပေးဆပ်ကြရပေဦးမည်။

(ရယ်စရာမောစရာ စာအုပ် ၁၉၈၇ ဒီဇင်ဘာ၊ ၁၉၉၅ ဇွန်)


ကူညီပါရစေ

 

သူသည် ရန်ကုန်မြို့လယ်သို့ မရောက်ဖြစ်တာ လအနည်းငယ် ကြာသွားပြီ။ သူ့အနေဖြင့် အကြောင်းကိစ္စမရှိဘဲ မြို့ထဲ လာလေ့မရှိ။ အကြောင်းကိစ္စဆိုတာကလည်း မြို့ထဲက ရုံးတရုံးရုံးကို သွားရန်သော်လည်းကောင်း၊ ရုပ်ရှင်ကြည့်ရန်သော်လည်းကောင်း၊ ကုန်တိုက်တွေ မီနီမတ်ကက် တွေမှာ ပစ္စည်းဝယ်ရန်သော်လည်းကောင်း စသည်ဖြင့် ဖြစ်နိုင်သည်။

သူ့အဖို့တော့ ဒါတွေလုပ်စရာ မလိုချေ။ ရန်ကုန်မြို့လယ်က ရုံးပြင်ကနားကြီးများမှာ သူနှင့် ဘာမျှမဆိုင်။ သူတို့မြို့နယ်က ရုံးကလေးကိုတောင် အိမ်ထောင်စုစာရင်း လုပ်ဖို့က တခါ၊ နိုင်ငံသား စိစစ်ရေးကတ် ပျောက်သွားတုန်းက တခါသာ ရောက်ဖူးသည်။

မြို့လယ်မှာ ရုံတင်နေသော ရုပ်ရှင်ကားကြီးတွေကိုလည်း တကူးတက သွားမကြည့်နိုင်ပါ။ သူတို့ဆီက ရုံကလေးကို လာပြသည့်အခါ ကြည့်ချင်ကြည့်။ ဒါမှမဟုတ် ဗီဒီယိုရုံမှာပြသည့် ကားတွေကြည့်လိုက်လျှင် ပြီးသည်။

ကုန်တိုက်ကြီးတွေ၊ မီနီမတ်ကက်တွေ ဆိုတာကလည်း ပိုက်ဆံ ပေါပေါသုံးနိုင်မှ ဝင်လို့ကောင်းတာကလား။ သူဝယ်လိုသော ရေနံဆီမီးအိမ်တို့၊ ငါးသုံးလုံး ရော်ဘာဖိနပ်တို့က မီနီမတ်ကက်တွေ၊ စူပါမတ်ကက်တွေမှာ ဝယ်လို့မရ။ သူတို့မြို့နယ်ရှိ ဈေးထဲက ကိုစန်းမောင်တို့ ကုန်စုံဆိုင်မှာ ဝယ်မှရသည်။

သည်တော့ တော်ရုံနှင့် မြို့ထဲမရောက်ဖြစ်တာ သိပ်ဆန်းလှသည်တော့ မဟုတ်ချေ။

သည်နေ့တော့ ရပ်ကွက်ထဲမှ ဦးကုလားက ခိုင်းသဖြင့် မြို့ထဲ ထွက်လာခဲ့ခြင်းဖြစ်၏။ ဘုန်းကြီးဆွမ်း ကပ်ချင်သောကြောင့် သက်သတ်လွတ် ဒံပေါက်ဝယ်ပေးပါဟု အကူအညီ တောင်းထားသည်။ ထို့ကြောင့် လမ်းသုံးဆယ် မှတ်တိုင်မှာ ဆင်းပြီး ဆူးလေဘုရားလမ်းအတိုင်း အထက်ဘက်သို့ လျှောက်လာခဲ့သည်။

သက်သတ်လွတ်ဒံပေါက် ရနိုင်မည့်နေရာကို ဦးကုလားက သေသေချာချာ ညွှန်လိုက်သည်။ ရဲရင့်ရုပ်ရှင်ရုံ အနောက်ဘက်ကပ်လျက် သုံးဆယ့်သုံးလမ်းထဲရှိ လစ်ဘာတီ မုန့်ဆိုင်မှာ ရသည်။ သူသည် ငိုက်စိုက် ငိုက်စိုက် လျှောက်လာရင်း ဗိုလ်ချုပ်လမ်းနှင့် ဆုံရာ အရောက်တွင် ညာဘက်ကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ရဲရင့်ရုံကို ရှာလို့ မတွေ့တော့။ သူ ခေါင်းကုတ်လိုက်သည်။ လမ်းမှားတာတော့ မဖြစ်နိုင်။ ရဲရင့်ရုံဆိုတာကို သူမသိတာလည်း မဟုတ်။ ဟိုအရင်တုန်းက ‘ရှိုးလေး’၊ ‘စေလိုနား’ စသော နာမည်ကြီး အိန္ဒိယရုပ်ရှင်တွေ နှစ်ခါသုံးခါ လာကြည့်ဖူးသည်။ မြို့ထဲ အရောက်အပေါက် နည်းသည့်တိုင် သည်လောက်တော့ မျက်စိလည်စရာ အကြောင်းမရှိ။

ရဲရင့်ရုံဆိုတာ ပပဝင်းရုံနှင့် မျက်နှာချင်းဆိုင်ပဲဆိုပြီး လမ်းတဖက်သို့ ဖျတ်ခနဲ ယောင်၍ ကြည့်မိ၏။ ပပဝင်းရုံက ဖျက်ထားပြီးနေပြီ။ ဒါတော့ သူသိသည်။ ပပဝင်းနှင့် မျက်နှာချင်းဆိုင် ဆိုတော့ ဟိုဘက်ခြမ်း မျက်နှာချင်းဆိုင် များလားဟု ဇဝေဇဝါ ဖြစ်ချင်သွားမိသေးသည်။ လှမ်းကြည့်တော့ မီးရထားရုံးကြီးကို မြင်ရသည်။

သူသည် ရဲရင့်ရုံနေရာတွင် အုတ်ကျိုးအုတ်ပဲ့တွေ ပုံထားသော ကွက်လပ်ကြီး ဖြစ်နေသည်ကို တအံ့တသြ ကြည့်နေမိ၏။ အံ့သြနေလို့ မပြီးသေး ဒံပေါက်ဝယ်ဖို့က ရှိသေးသည်။ ဆယ့်တစ်နာရီအရောက် ပြန်နိုင်မှ ဆွမ်းကပ်ဖို့ မီနိုင်မည်။ ထို့ကြောင့် ကွက်လပ်ကြီးကို ပတ်ပြီး သုံးဆယ့်သုံးလမ်းထဲ ဝင်လာသည်။

လစ်ဘာတီမုန့်ဆိုင်ကို ရှာမတွေ့ဘဲ ဖြစ်နေပြန်၏။ အနီးအနားမှာ မေးကြည့်တော့ ရဲရင့်ရုံဖျက်ရာတွင် မုန့်ဆိုင်လည်း ပါသွားကြောင်း သိရ၏။

သက်သတ်လွတ်ဒံပေါက် ဝယ်လို့မရကြောင်း ဦးကုလားကို အချိန်မီ ပြန်ပြောမှ ဖြစ်မည်။ ဒါမှ အခြားတခုခု အမြန်စီစဉ်နိုင်မည်။

ပန်းဆိုးတန်းမှတ်တိုင်မှ ဘတ်စ်ကား ပြန်စီးမည်ဟု စိတ်ကူးပြီး အောက်ဘက်သို့ ဆင်းလာသည်။ အနော်ရထာလမ်းကို ဖြတ်ကူး၊ မဟာဗန္ဓုလ ပန်းခြံလမ်းအတိုင်းလျှောက်၊ မဟာဗန္ဓုလလမ်းကို ဖြတ်ကူးမည်အပြုမှာပင် ပလက်ဖောင်းအစွန်းမှာ ရပ်နေသော အဘွားအိုကြီး တယောက်ကို တွေ့လိုက်ရသည်။

အဘွားကြီးမှာ အတော်အသက်ကြီးပြီ။ ခုနစ်ဆယ်ကျော် ရှစ်ဆယ်အတွင်းလောက် ရှိမည်။ မျက်စိလည်း ကောင်းပုံမရ။ လက်ဝါးကလေးကို နဖူးပေါ်မှ အလေးပြုသလို ကာပြီးကြည့်နေသည်။ ချီတုံချတုံ ဖြစ်နေပုံလည်း ပေါ်သည်။

လမ်းကူးဖို့ အခက်အခဲ ဖြစ်နေသည်ထင်၏။ ထိုနေရာမှာ လမ်းကလည်း ကျယ်သည်။ ကားကလည်း ရှုပ်သည်။ ကားများသည် ဆူးလေဘုရားကို ကွေ့ပြီး အရှိန်နှင့် ထွက်လာသဖြင့် ဝှီးခနဲ ဝှီးခနဲ ဖြတ်ဖြတ်သွားနေသည်။ အဘွားကြီးမှာ ကုန်းကုန်းကုန်းကုန်းနှင့် ယောင်ချာချာ ဖြစ်နေ၏။ တစုံတယောက်မှ မကူညီလျှင် သည်နေ့အဖို့ လမ်းတဖက်ကို ဖြတ်ကူး ရောက်ရှိနိုင်စရာ အကြောင်းမမြင်။

သည်လိုကိစ္စမျိုးတွေမှာ သူက ကူညီနေကျဖြစ်၏။ ထို့ကြောင့် အဘွားကြီးနားသို့ သူ လျှောက်သွားသည်။ ကံကောင်းချင်တော့ ထိုအချိန်တွင် ကားတွေကလည်း ရုတ်တရက် ရှင်းသွား၏။ သူက အဘွားကြီး၏ လက်မောင်းကို ကိုင်လိုက်ပြီး...

“လာ အမေကြီး...” ဟုပြော၍ ပလက်ဖောင်းပေါ်မှ လမ်းပေါ်သို့ တွဲချပေးသည်။ ထို့နောက် ဂရုတစိုက် ထိန်းကိုင်ပြီး လမ်းတဖက်သို့ ခေါ်လာခဲ့သည်။ အဘွားကြီးမှာ တုန်ချည့်တုန်ချည့်နှင့် လိုက်ပါလာသည်။

ပါးစပ်ကလည်း...

“ရပါတယ်ကွယ်… ကိစ္စမရှိပါဘူး... ရပါတယ်ကွယ်” ဟု တတွတ်တွတ် ပြောလာ၏။ လမ်း၏ သုံးချိုးနှစ်ချိုးလောက်အရောက်တွင် ဗင်ကားတစီး လာနေသည်ကို မြင်ရ၏။ သူက လက်ပြလိုက်ရာ ကားက အလိုက်သိစွာပင် အရှိန်လျှော့ပေးသည်။ သူတို့လည်း လမ်းတဖက်သို့ ခပ်မှန်မှန် ကူးပြီး အဘွားကြီးကို ပလက်ဖောင်းပေါ် တွဲတင်ပေးလိုက်၏။

“ကဲ… အမေကြီး သွားလို့ရပြီ” ဟု သူက ပြောလိုက်သည်။ အဘွားကြီးက သူ့ကို ကြောင်တောင်တောင်ကြည့်ပြီး...

“ဘယ်ကိုသွားရမှာလဲ…” ဟု ပြန်မေးသည်။

“အမေကြီး သွားစရာရှိတာ ဆက်သွားပေါ့…”

“အမေကြီးက ဘယ်မှသွားစရာမရှိပါဘူးကွယ်…”

“ဗျာ... ဒါနဲ့”

“အမေကြီး မြေးလေးကို မုန့်ဟင်းခါး သွားဝယ်ခိုင်းထားလို့ စောင့်နေတာ... အဲဒါ မောင်ရင်လေးက အမေကြီး လာ လာဆိုလို့ ဘုမသိ ဘမသိ လိုက်လာခဲ့ရတာကွယ့်”

“ဟိုက်...”

“အခု အမေကြီး ဟိုဘက်ကို ပြန်မကူးတတ်တော့ဘူး... အဲဒါ ငါ့သားပဲ ပြန်လိုက်ပို့ပေးပါဦး နော်” ဟု တောင်းတောင်းပန်ပန် ပြောနေသည်။ သူသည် စိတ်ကူးဖြင့် သူ့နဖူးသူ ဖြန်းခနဲ ရိုက်လိုက်မိလေ၏။

• • •

အထက်ပါ အဖြစ်အပျက်သည် ရုပ်ရှင်တို့၊ ဝတ္ထုတို့မှာဆိုလျှင် ဇာတ်ကောင်စရိုက်ကို မိတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှု ရှိစေရန် ကြို၍ ခင်းထားသည့်အနေဖြင့်လည်းကောင်း ပြလေ့၊ ရေးလေ့ရှိသည့် သဘောမျိုးဖြစ်၏။

ခုလည်း... လူတယောက်အကြောင်းကို ပြောပြချင်သောကြောင့် အချက်တချက်ကို နမူနာအဖြစ် ထုတ်နုတ်ပြခြင်းဖြစ်၏။

သူ့နာမည်မှာ အောင်ဘာလေဟု ခေါ်၏။ ဒီနာမည် ဖြစ်ပေါ်လာရခြင်းမှာလည်း အကြောင်းရှိသည်။ သူ့ကို မွေးခါနီး သူ့အမေ ဗိုက်နာနေတုန်းမှာ ထီလက်မှတ် ပွေ့ရောင်းသူ တယောက် အိမ်ရှေ့က ဖြတ်လျှောက်ရင်း...

“တရွက်ပဲ ကျန်တော့တယ်နော်၊ တရွက်ကျန် တသက်စံတဲ့” ဟု အော်သွားသည်။ အဖေလုပ်သူက ဒါကိုကြားသဖြင့် တိုက်ဆိုင်သည်ဟုတွက်ပြီး ယင်းထီလက်မှတ်ကို ဝယ်လိုက်သည်။

ထိုစဉ်မှာပင် သူလည်း အမိဝမ်းတွင်းမှ ထွက်လာပြီး “အူဝဲ” ဟု အော်ငိုလိုက်သည်။

“ဘာလေးလဲဟေ့...”

သူ့အဖေက အတွင်းခန်းသို့ အော်မေးသည်။ ဝမ်းဆွဲလက်သည်က...

“ယောက်ျားလေးတော်ရေ” ဟု ပြန်အော်သည်။ ထီလက်မှတ် လာရောင်းသည့်အချိန်မှာ မွေးသဖြင့် သူ့ကို “အောင်ဘာလေ” ဟု အမည်မှည့်ခေါ်လိုက်လေသည်။

ထီဖွင့်သောအခါ သူတို့ထိုးထားသော ထီလက်မှတ်က ပေါက်တော့ ပေါက်သည်။ ဆုကြီးမဟုတ်။ ထောင့်ငါးရာဆုသာ ဖြစ်၏။ သို့တိုင်အောင် သူ့အဖေကတော့ အောင်ဘာလေကို လာဘ်ကောင်းသူ အကျိုးပေးမည့် ကလေးဟု သတ်မှတ်ခဲ့လေ၏။

အောင်ဘာလေသည် ရိုးသားပြီး စိတ်ကောင်းရှိသူဖြစ်၏။ သူ၏ ထူးခြားချက်ကတော့ သူတပါးကို အလွန်ကူညီလိုသော စိတ်ထားရှိခြင်းပင် ဖြစ်သည်။ တခုရှိတာက တဖက်လူက လိုအပ်လို့ အကူအညီ တောင်းမှ ကူညီခြင်းမျိုးမဟုတ်။ သူ့အနေဖြင့် ကူညီသင့်သည်ထင်လျှင် လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အတင်းဝင်ကူညီတတ်သည်။

တချို့လူတွေကျတော့ တကယ် အကူအညီလိုတာမဟုတ်။ တချို့ကလည်း ကိုယ့်ကိစ္စကို သူများက ဝင်ကူညီတာ သဘောမတွေ့တတ်ကြ။ သို့ရာတွင် အောင်ဘာလေကတော့ ဒါတွေဂရုမစိုက်။ စိတ်ကူးပေါက်လျှင် ဘာမျှမစဉ်းစားဘဲ ဝင်ကူညီလိုက်တာပဲ ဖြစ်၏။ သို့ဖြင့် တခါတလေ အလိုက်ကမ်းဆိုး မသိသလို ဖြစ်ရသည်။ တခါတလေ တလွဲတချော် မတော်မတည့်တာတွေ ကြုံရသည်။ ဘာပဲဖြစ်ဖြစ် သူကတော့ လူတဖက်သားကို ဘယ်လိုကူညီရမလဲ ဆိုတာသာ ရှာကြံစဉ်းစားမြဲ စဉ်းစားလျက်ပင် ရှိလေသည်။

သူက ကျေးဇူးအတင်ခံချင်သောကြောင့် အကျိုးခံစားခွင့် တခုခု တုံ့ပြန်ရယူချင်သော ကြောင့် ကူညီခြင်းလည်း မဟုတ်။ များသောအားဖြင့် ကူညီစရာရှိတာ ဝင်ကူညီပြီးလျှင် သူမဟုတ်သလို မသိဘာသာ နေတတ်သည်။ ခပ်အေးအေးပင် သွားစရာရှိတာ ဆက်ထွက်သွားတတ် သည်။ ကူညီခံရသူတွေကသာ ကြောင်တိကြောင်တောင်ဖြစ်ပြီး ကျန်ခဲ့တတ်သည်။

• • •

အောင်ဘာလေသည် အမိဝမ်းတွင်းမှ ကျွတ်ခါနီးဆဲဆဲကစ၍ သူ့မိဘကို ကူညီခဲ့သည်။ (ထီ ထောင့်ငါးရာဆု ပေါက်ခြင်း)။ မွေးလာပြီးတော့လည်း သန္ဓေကောင်းသော ကလေးငယ်တယောက် ဖြစ်လာသည်။ မိဘကို ဒုက္ခမပေး။ နို့ဆာလို့ အော်ငိုတာမျိုး မရှိ။ အမေက သတိရလို့ တိုက်မှ တပြွတ်ပြွတ် အငမ်းမရ စို့တတ်သည်။

တချို့ကလေးတွေလို ညဘက်မအိပ်ဘဲ ဂျီကျတာမျိုးလည်း မရှိ။ မအိပ်ချင်လျှင်လည်း မျက်လုံးကလေး အပြူးသားနှင့် သူ့ဘာသာ ငြိမ်ငြိမ်ကလေး နေတတ်သည်။ သေးစို ချေးလူး ဖြစ်နေသည့်တိုင် ယက်ကန်ယက်ကန်နှင့်သာ နေတတ်သည်။

နည်းနည်းလေး သိတတ်သောအရွယ် ရောက်သည်နှင့် သူ၏ကူညီချင်တတ်သော ဗီဇက ပြလာသည်။ တစ်ရက်တွင် သူ့အဖေက ထမင်း စောစောဆာသဖြင့်...

“ထမင်းစားမယ်ဟေ့...” ဟု ပြောသည်။ သူ့အမေက…

“ဟင်းမကျက်သေးဘူး...”

“ဟာ… မင်းဟာက နောက်ကျလှချည်လား”

“စောစောစားချင်ရင် ကျွန်မဈေးသွားနေတုန်း ရှင်က ထမင်းအိုးလေး တည်ထားနှင့် ပါလား၊ ကြက်သွန်လေး ငရုတ်သီးလေး ထောင်းထားနှင့်ပါလား၊ ဒီမှာ တကိုယ်တည်းနဲ့ အားလုံး လုပ်နေရတာ...”

အဖေနှင့် အမေ အပြန်အလှန် ပြောနေကြတာကို ရှစ်နှစ်သားအရွယ် အောင်ဘာလေက ကြားသည်။ နောက်တနေ့ကျတော့ အဖေလည်း ထမင်း စောစောစားရအောင် အမေလည်း သက်သာအောင်ဆိုပြီး သူ့အမေ ဈေးသွားနေတုန်း အောင်ဘာလေက ထမင်းအိုးတည်သည်...။ တည်တတ်လို့တော့ မဟုတ်။ သူ့အမေလုပ်တာ ကြည့်ထားပြီး လိုက်လုပ်ခြင်း ဖြစ်၏။

ဆန် ဘယ်နှစ်လုံး ထည့်ရမည်ကို သူမသိ။ သုံးယောက်စားမှာမို့ သုံးလုံးထည့်မည်ဟု သူ့ဘာသာ ဆုံးဖြတ်သည်။ ဆန်ဆေးပြီးတော့ ရေထည့်သည်။ သုံးယောက်ဆိုတော့ ရေဖလားနှင့် သုံးခွက်ထည့်သည်။ မီး မမွှေးတတ်သဖြင့် နာရီဝက်လောက်ကြာမှ မီးတောက်သည်။ ထမင်းအိုး တင်ထားပြီးနောက် ကြက်သွန် နွှာသည်။ ငရုတ်သီး ထောင်းသည်။ ငရုတ်သီးဖတ် မျက်စိထဲ ဝင်သောအခါ ပူစပ်ပူစပ်ဖြစ်ပြီး ဘာလုပ်ရမှန်းမသိသဖြင့် အော်ငိုသည်။ ထိုအခါကျမှ သူ့အဖေ မီးဖိုထဲ ပြေးဝင်လာသည်။

မျက်စိကို ရေဆေးပေး၊ ခြေမပေါ် ရေလောင်းလုပ်ပြီး ဘယ်လိုဖြစ်တာလဲ မေးရသည်။ အောင်ဘာလေက အဖေ ထမင်း စောစောစားရအောင် လုပ်တာဖြစ်ကြောင်း ပြောပြသည်။ အမေပြန်လာတော့ ခုလိုဖြစ်ရတာ သူ့ကြောင့် ငါ့ကြောင့်ဆိုပြီး အဖေနှင့် အမေ ရန်ဖြစ်ကြသည်။

အောင်ဘာလေ တည်ထားသော ထမင်းအိုးကလည်း ဆန်ပြုတ် ဖြစ်သွား၏။ ထမင်းရည်အိုး ငှဲ့သည့်အဆင့် မရောက်တာ ကံကောင်းသည်။ သွားငှဲ့လိုက်မိပြီး မတော်လို့ ထမင်းရည် ပူလောင်လျှင် အောင်ဘာလေတယောက် သည်ရုပ်သည်ရည် ဖြစ်ချင်မှတောင် ဖြစ်လာမည်။

အောင်ဘာလေကတော့ မမှတ်သေး။ အမေ့ကို ကူညီပြီးတော့ အဖေ့ကို မကူညီလျှင် မျက်နှာလိုက်ရာကျမည်ဟု တွေးသည်။ ဘာကူညီလျှင် ကောင်းမလဲ အကွက်ရှာသည်။

တစ်ရက်တွင် သူ့အဖေ နေ့လယ် တရေးတမော အိပ်နေတုန်း စားပွဲပေါ်က ဆေးတံကို တွေ့သည်။ ယူကြည့်တော့ ဆေးတံအိုးထဲမှာ ဆေးချေးတွေ တက်နေတာ အတော်ထူနေပြီ ဖြစ်ကြောင်း တွေ့ရ၏။

“ဪ... အဖေတယောက်တော့ အလုပ်တွေ များလွန်းလို့ ဆေးတံတောင် ဆေးချေးတွေ မချွတ်နိုင်ရှာပါကလား...” ဟု တွေးမိသည်။ ထို့ကြောင့် လွှကြိုးကလေးတချောင်း ရှာပြီး ဆေးတံအိုးထဲက ဆေးချေးတွေကို စိတ်ရှည်လက်ရှည် ခြစ်ပစ်သည်။ ဒါနှင့် အားမရနိုင်သေးဘဲ သွားပွတ်တံအဟောင်းနှင့် တိုက်ပြီး ဆပ်ပြာနှင့် သေသေချာချာ ဆေးကြောလိုက်သည်။ ထိုအခါ ဆေးတံကလေးမှာ အသစ်ကဲ့သို့ ပြောင်လက် တောက်ပသွားလေတော့သည်။

အဖေ နိုးလာလျှင် အံ့သြဝမ်းသာသွားအောင် စားပွဲပေါ် အသာပြန်တင်ထားပြီး တနေရာမှ မသိမသာ စောင့်ကြည့်နေလိုက်သည်။ တအောင့်ကြာတော့ သူ့အဖေ နိုးလာသည်။ ဆေးလိပ်ဆေးတံ သမားတို့ ထုံးစံအတိုင်း အိပ်ရာကနိုးနိုးချင်း ခံတွင်းချဉ်တတ်သည်။ ထို့ကြောင့် ဇိမ်ကျကျ သောက်လိုက်မည်ဟု ဆေးတံကို ကောက်ကိုင်သည်။ ပထမ မျက်မှောင်ကြုတ်ပြီး ကြည့်သည်။ ပြီးတော့ နားမလည်သလို ကြောင်တောင်တောင် ဖြစ်သွားသည်။ ထို့နောက် မျက်လုံးပြူးလာသည်။

“ဟေ့… ငါ့ဆေးတံကို ဘယ်သူ ဒါ… လုပ်တာလဲ” ဟု မချင့်မရဲအသံဖြင့် အော်သည်။

အောင်ဘာလေ အံ့သြသွားသည်။ အဖေ ဘယ်လိုဖြစ်သွားတာပါလိမ့်။ တန်တော့ သူ့ဆေးတံကို မမှတ်မိတော့ဘူးထင်တယ်ဟုတွက်ပြီး...

“အဲဒါ သားလုပ်ထားတာလေ... ဖေဖေကလည်း ဆေးတံ ဘယ်လောက်တောင် ပစ်စလက်ခတ် ထားသလဲ မသိဘူး၊ ဆေးချေးတွေ တက်နေတာ အများကြီးပဲ၊ မနည်းပြောင်အောင် တိုက်ရတယ်...”

သူ့အဖေသည် နဖူးကို ဖြန်းခနဲရိုက်လိုက်ပြီး အတော်စိတ်ဓာတ် ကျသွားဟန်ဖြင့်...

“သေလိုက်ပါတော့ကွာ... ဒီလို ဆေးချိုးတက်အောင် တမင်တကာ လုပ်ထားရတာကွ၊ သွားပါပြီကွာ…သွားပါပြီ”

ဆေးတံသမားတို့မည်သည် ဆေးတံအသစ်စက်စက်ကို သောက်လို့ ခံတွင်းမတွေ့ကြ။ အသားကျသွားအောင် ရက်ပေါင်းများစွာ စိတ်ရှည်လက်ရှည် အချိန်ယူ၍ ကျင့်ရသည်။ သည်လိုနှင့် ဆေးချိုးတွေ ထူလာလေ ဆေးတံက သောက်ကောင်းလေ ဖြစ်၏။ ဆေးချိုးတက်ခြင်းသည် ဆေးတံသမားတို့အဖို့ ဆေးတံသက်ရင့်ကြောင်း ဂုဏ်ယူဖွယ်တခုပင် ဖြစ်၏။

ဒါကို အောင်ဘာလေက သိမှ မသိဘဲကိုး။

• • •

သူသည် ကျောင်းမှာလည်း တဖက်သားကို ကူညီတတ်လေသည်။ ကျောင်းကို စောစောရောက်အောင် သွားသည်။ ဆရာမ မရောက်ခင် ကျောက်သင်ပုန်းကို ကြိုဖျက်ထားသည်။ ဆရာမစားပွဲကို သန့်ရှင်းရေး လုပ်ထားသည်။ ကျောင်းခန်းသန့်ရှင်းရေးကို အသင်းလိုက် အလှည့်ကျ လုပ်ရခြင်း ဖြစ်သော်လည်း သူကတော့ ဘယ်သူနှင့်ဖြစ်ဖြစ် နေ့တိုင်း ဝင်ကူလုပ်တတ်၏။

မုန့်စားဆင်းလျှင် ဆရာမ စားချင်သောမုန့်များ ဝယ်ပေးခြင်း၊ ကျောင်းဆင်းသည့်အခါ ဆရာမ၏ ခြင်းတောင်းကို ဆွဲ၍ ကားမှတ်တိုင် လိုက်ပို့ခြင်းတို့မှာ သူ၏ နေ့စဉ်လုပ်နေကျ ဝတ္တရားများ ဖြစ်၏။

သူငယ်ချင်းတယောက် မုန့်ဖိုးပါမလာလျှင် အောင်ဘာလေက ဝယ်ကျွေးသည်။ တခါတလေ သူမစားဘဲ သူများကို ဝယ်ကျွေးတတ်တာမျိုးတောင် ရှိသည်။ ဗလာစာအုပ် မရှိသူကို သူ့စာအုပ်တွေထဲက ခွဲပေးခြင်း၊ ကျောင်းပျက်များ၍ စာနောက်ကျနေသူကို စာကူးပေးခြင်းတို့မှာ သူ့အတွက် ရိုးနေပြီ။

“အဖေ... သားသူငယ်ချင်းတယောက်က သိပ်ဆင်းရဲတာ အဖေရ၊ သူ့မှာ မြန်မာဖတ်စာအုပ် မရှိလို့တဲ့၊ အဲဒါ့ သားစာအုပ်ကို ပေးလိုက်ပြီ.. သားကို တအုပ် ထပ်ဝယ်ပေးနော်”

ဆိုတာမျိုးလည်း လုပ်တတ်သည်။ သူ့သူငယ်ချင်း လွယ်အိတ်က စုတ်နေလို့ သူ့လွယ်အိတ်ကို ပေးပြီး သူက လွယ်အိတ်အစုတ်ကြီးနှင့် အိမ်ပြန်လာတာမျိုးကလည်း မကြာခဏ။

တစ်ရက်မှာတော့ သင်္ချာဆရာမက အိမ်စာတွေကို တယောက်ချင်း လာပြခိုင်းသည်။ တွက်မလာသူတွေကို ရိုက်သည်။ အောင်ဘာလေက အားလုံး တွက်လာပြီးသားဖြစ်၍ ခပ်အေးအေးပင် နေသည်။

သူက နောက်ဆုံးတန်းမှာ ထိုင်သူဖြစ်၏။ အလယ်တန်းမှာ ထိုင်သော သူငယ်ချင်း တယောက်က ဆရာမအလစ်မှာ အောင်ဘာလေဆီသို့ လှစ်ခနဲ ကူးလာပြီး...

“ဟေ့ကောင်... မုန့်စားဆင်းချိန် သိပ်မလိုတော့ဘူး၊ ဒီတော့ မင်း အိမ်စာပြဖို့အလှည့် ရောက်မှာ မဟုတ်တော့ဘူးကွ... ငါတို့အလှည့်ကတော့ ရောက်မှာပဲ၊ ငါက တွက်မလာခဲ့ဘူးကွ… အဲဒါ မင်းစာအုပ် ငါ့ကို ငှားကွာ၊ မင်းစာအုပ်နဲ့ ငါ သွားပြလိုက်မယ်…” ဟု အကူအညီတောင်းသည်။

အောင်ဘာလေကလည်း ကူညီဖို့ဆိုလျှင် ငြင်းတတ်သူမဟုတ်၍ စာအုပ်ကိုပေးလိုက်သည်။ ဟိုကောင်ကလည်း သူ့အလှည့်ကျတော့ ခပ်တည်တည်နှင့် သွားပြသည်။ ဆရာမသည် စာအုပ်ထဲမှ တွက်ထားသောပုစ္ဆာတွေကို ကြည့်ပြီး...

“ဟင်… ဘယ်လိုလုပ်တွက်ထားတာလဲ၊ အကုန်တလွဲတွေချည်းပဲ၊ မနေ့က သင်တုန်းက သေသေချာချာ ကြည့်မထားဘူးလား”

ပြောရင်း ကြိမ်လုံး လှမ်းကိုင်သည်။ ဟိုကောင်ကလည်း ကြောက်ကြောက်လန့်လန့်မို့ သက်သာရာရလိုရငြား ပြောမိပြောရာ ထွက်သွားသည်။

“ဟို... ဟို... ဒါ ကျွန်တော်တွက်တာ မဟုတ်ဘူး၊ အောင်ဘာလေ တွက်ထားတာ”

ဤသို့ဖြင့် အလိမ်ပေါ်ပြီး နှစ်ယောက်စလုံး အရိုက်ခံရလေသည်။ ဤကဲ့သို့သော အောင်ဘာလေသည် အရွယ်ရောက်လာတော့လည်း သူများကို ကူညီဆဲ ကူညီမြဲပင်ဖြစ်၏။ အသက်အရွယ်အလိုက် ကူညီပုံကတော့ ပြောင်းလဲလာသည်။

လူပျိုပေါက်အရွယ်တွင် ရည်းစားစာ မပေးရဲသော သူငယ်ချင်းအတွက် သူက ကိုယ်စား သွားပေးပေးသဖြင့် ထီးနှင့် အရိုက်ခံရဖူးသည်။

သူက လမ်းသွားလျှင်လည်း အမှတ်တမဲ့ မနေတတ်။ ဘယ်သူများ အကူအညီ လိုမလဲဟု ကြည့်ရှုရှာဖွေရင်း သွားလေ့ရှိသူဖြစ်၏။

သွားရင်းလာရင်း ကားတစင်း ပျက်နေတာတွေ့လျှင် ဘာဖြစ်တာလဲ၊ ဘာလုပ်ပေးရမလဲ မေးသည်။ ကားတွန်းပေးဖို့ဆိုလျှင် ဝင်တွန်းပေးသည်။ ကားစက်နိုးသွားသည့်အခါ တချို့ လက်ဖက်ရည်ဖိုး ပေးသည်။ သူကတော့ ယူလေ့မရှိ။ တချို့ကားပိုင်ရှင်တွေကတော့ ကားပျက်နေတုန်းသာ မျက်နှာငယ်လေးနှင့် အကူအညီတောင်းတတ်သော်လည်း ကားစက်နိုးသွားပြီ ဆိုလျှင် လှည့်ကြည့်ပြီး ပြုံးပြနှုတ်ဆက်ဖို့တောင် သတိမရ၊ တကြိုးတည်း ဝူးခနဲ မောင်းထွက်သွားတတ်သည်။

အောင်ဘာလေ တယောက်မှာသာ နေပူကျဲကျဲမှာ တွန်းရသဖြင့် ချွေးသံရွှဲရွှဲနှင့် ဗွက်နစ်နေသောကားကို တွန်းပေးရင်း ဘီးယက်သဖြင့် ပုဆိုးမှာ ရွှံ့စက်စဉ်လျက် ကျန်ရစ်တတ်သည်။

တခါကလည်း မြေပဒေသာ အရောင်းဆိုင်မှာ ချဉ်ပေါင်၊ သခွား စသော မျိုးစေ့များ သွားဝယ်သည်။ သူ့အိမ်ဘေးကွက်လပ်မှာ စိုက်ရန်ဖြစ်သည်။ ဆိုင်က ပိတ်ဖို့ ပြင်ဆင်နေပြီဖြစ်၍ တောင်းပန်ပြီး ဝယ်ခဲ့ရသည်။

ဆိုင်မှ ပြန်ထွက်လာပြီးနောက် သည်ဘက်တွေ မရောက်တာကြာပြီဖြစ်၍ ကန်တော်ကြီး စောင်းမှာ ဟိုဟိုသည်သည် လျှောက်သွားနေမိသည်။

တနေရာတွင် ကားတစင်း ရပ်ထားတာ တွေ့ရ၏။ အက်စ်အီးလား ဘာလားတော့ သေသေချာချာ မသိ။ ကားကတော့ အကောင်းစားဆိုတော့ သေချာသည်။ သည်လိုကားမျိုး တစင်းလောက်ရှိရင် ဇိမ်ပဲဟု စဉ်းစားနေတုန်း ကား၏နောက်မီးပွင့်နေတာ သတိပြုလိုက်မိ၏။ ကားထဲမှာများ လူရှိနေမလားဟု ကားနားသို့ လျှောက်သွားပြီး ကြည့်သည်။ အစိမ်းရင့်ရောင်မှန်တွေ အကုန်ပိတ်ထားသည်။ သို့ရာတွင် အထဲမှာတော့ လူရိပ်လိုလို ရိုးတိုးရိပ်တိတ် တွေ့သဖြင့် ကားကိုယ်ထည်ကို ပုတ်ပြီး ခေါ်လိုက်သည်။

ဘေးမှန်တချပ်မှာ ပါဝါနှင့်ဖြစ်၍ ညင်ညင်သာသာကလေး ပွင့်ကျသွားသည်။ ကားထဲမှာတော့ အသက်သုံးဆယ်ကျော်အရွယ် ခပ်ချောချော ခပ်တောင့်တောင့် လူရွယ်တယောက် နှင့် အသက်လေးဆယ်ကျော်လောက် ရှိမည့် အရုပ်ခပ်ဆိုးဆိုး မိန်းမတယောက်တို့ ထိုင်နေတာ တွေ့ရသည်။

“ဘာလဲ...”

ကားထဲမှ လူရွယ်က ခပ်ဆတ်ဆတ် မေးသည်။ အောင်ဘာလေက ကားနောက်မြီးဘက်ကို လက်ညှိုးထိုးပြပြီး...

“ဟို... ဟိုလေ… နောက်မီးလင်းနေတယ်”

“ဘာပြောတယ်...”

မိန်းမ၏ အထိတ်တလန့် ရေရွတ်သံ ထွက်လာ၏။

“ဪ... နောက်မီးလေ… နောက်မီး”

“မင်းနဲ့ ဘာဆိုင်လို့လဲ…”

လူရွယ်က ဟောက်လိုက်သည်။ အောင်ဘာလေ တွန့်ခနဲ ဖြစ်သွားပြီး...

“အဲ ဟုတ်...ဟုတ်ကဲ့၊ ဘာမှ မဆိုင်ပါဘူး...” ဟုပြောပြီး ကုပ်ကုပ်ကလေး လှည့်ထွက်လာရသည်။ စိတ်ထဲကတော့ “သူတို့ကား ဘက်ထရီကုန်မှာစိုးလို့ အကောင်းနဲ့လည်း သတိပေးရသေးတယ်” ဟု ရေရွတ်မိ၏။

• • •

သူသည် ရန်ကုန်မြို့ထဲသို့ ထွက်လာခဲ့ပြန်သည်။ ခုအခါလည်း သူ့ကိစ္စမဟုတ်။ ရပ်ကွက်ထဲမှ လူတယောက် မွတ်စလင်ဆေးရုံမှာ တက်နေသဖြင့် ထိုသူ၏အိမ်က ထမင်းပို့ခိုင်း၍ လာပို့ခြင်းဖြစ်၏။ အိမ်ကလူတွေ မအား၍ သူ လာပို့ခြင်းဖြစ်ကြောင်း လူနာကိုပြောတော့...

“ဒီသောက်ကောင်မက ဘာတွေလုပ်နေလို့ မအားရတာလဲ... လူနာထက်များ ပိုအရေးကြီးတာ ရှိလို့လား၊ ငါ ဆေးရုံတက်နေရတာနဲ့ အကြိုက်တွေ့ပြီး ငါ့ကွယ်ရာမှာ လင်ငယ်နဲ့ ချိန်းတွေ့နေသလား မသိဘူး...” ဟု လူနာက မဆီမဆိုင် သူ့ကို ဟိန်းဟောက်နေသေးသည်။

အောင်ဘာလေက...

“မဟုတ်ပါဘူးဗျာ၊ အစ်ကို့မိန်းမက ဆေးဖိုးဝါးခအတွက် ငွေလိုလို့ သွားချေးရမှာမို့ပါ... ဆေးတွေကလည်း ဈေးကြီးတယ် မဟုတ်လား၊ ဒါတောင် ဒီဆေးရုံက ကုသိုလ်ဖြစ်မို့ တချို့ဆေးတွေ ဝယ်စရာမလိုဘဲ အလကားပေးလို့ သက်သာတာ... ညနေကျတော့ ဆက်ဆက်လာပါ့မယ်လို့ မှာလိုက်ပါတယ်” ဟု ချော့မော့ပြောပြီး ထမင်းကျွေးရသည်။

လူနာက လမ်းလျှောက်လို့ မရသေးသဖြင့် သူသွားထားသော ဆီးအိုးကို အောင်ဘာလေက သွန်ပေးခဲ့ရသေးသည်။

ဆေးရုံက ပြန်ထွက်လာပြီးနောက် အိမ်ပြန်ရန် ကားမှတ်တိုင်ဆီသို့ လျှောက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မဟာဗန္ဓုလလမ်းကို ဖြတ်ကူးသွားမည်ပြုစဉ် ဟိုတခါ လမ်းတွဲကူးပေးခဲ့ သော အဘွားကြီးကို ပလက်ဖောင်းစွန်းမှာ ရပ်လျက် တွေ့ရပြန်သည်။ အဘွားကြီးမှာ ဟိုတခါကလိုပင် လက်ဝါးကလေးဖြင့် အလင်းရောင်ကို ကာရင်း လမ်းတဖက်သို့ ကြည့်နေသည်။

အောင်ဘာလေက ဟိုတခါကိစ္စကို သတိရ၍ တချက်ပြုံးကြည့်ပြီး ဘေးမှဖြတ်အလျှောက် တွင်...

“သားလေးရေ... အမေကြီးကို တခုလောက် ကူညီစမ်းပါ” ဟု အဘွားကြီးက လှမ်းပြောသည်။ ကူညီပါဆိုသောစကား ကြားသောအခါ အောင်ဘာလေ ခြေလှမ်းတုံ့ပြီး ရပ်လိုက်၏။

“ဘာ အမေကြီး...”

“အမေကြီး ဟိုဘက်လမ်း ကူးချင်လို့ပါကွယ်... ကားတွေက ရှုပ်လွန်းလို့၊ အဲဒါ တဆိတ်လောက် ကူညီပါလား”

“ရပါတယ် အမေကြီးရဲ့... ဒါပေမဲ့ အရင်တခါလိုတော့ ဟိုဘက်လမ်းရောက်မှ ဒီဘက်ပြန်ပို့ပေးပါဦးလို့ မလုပ်နဲ့ဦးနော်”

အောင်ဘာလေက ပြောလိုက်ရာ အဘွားကြီးက ခဏမျှ စဉ်းစားသလို တွေနေပြီးနောက် အောင်ဘာလေကို မျက်လုံးမှေးပြီး သေသေချာချာ ကြည့်သည်။ ထို့နောက် ရယ်လိုက်ပြီး...

“လက်စသတ်တော့ ဟိုတခါ လမ်းကူးဖို့ ခေါ်သွားတာ ငါ့သားကိုး၊ ဟေး ဟေး... အဲဒီတုန်းက မင်းကလည်း လာ အမေကြီးဆို ဆွဲခေါ်တော့... အမေကြီးလည်း ဘုမသိဘမသိ လိုက်ခဲ့တာပေါ့၊ ဒီတခါတော့ တကယ်လမ်းကူးချင်လို့ပါကွယ်... မြေးလေးက ကျောင်းဖွင့်ရက် ဆိုတော့ ကိုယ့်ဘာသာပဲ မုန့်ဟင်းခါး သွားစားချင်လို့ပါ”

“ကဲ… ဒါဆိုလည်း လာ အမေကြီး”

အောင်ဘာလေက အဘွားကြီးကို တွဲ၍ လမ်းတဖက်သို့ ကူးသည်။ လမ်းကူးရင်းကလည်း အဘွားကြီးမှာ...

“ကျေးဇူးပါပဲကွယ်” ဟု တတွတ်တွတ် ပြောနေသေးသည်။

လမ်းတဖက် ပလက်ဖောင်းအနီးသို့ အရောက်တွင် ကားတစင်းကို ကွယ်၍ စောင့်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တဦးမှာ ရုတ်တရက် ထွက်လာပြီး ရှေ့မှပိတ်ရပ်ရင်း ပြုံးပြုံးကြီး ဆီးကြိုနေလေသည်။

“ကဲ… ဒီကားပေါ် တက်ကြပါ”

အောင်ဘာလေ၏ လက်မောင်းကိုကိုင်၍ ကားကိုညွှန်ပြရင်း ယာဉ်ထိန်းရဲက ပြောသည်။ အဘွားကြီးက…

“နေပါစေကွယ်၊ ကားနဲ့ လိုက်ပို့စရာ မလိုပါဘူး... အမေကြီးက သုံးဆယ့်ရှစ်လမ်းတင် သွားမှာပါ” ဟုပြောနေသေးသည်။ ယာဉ်ထိန်းရဲက...

“လိုက်ပို့မလို့ မဟုတ်ဘူးဗျ... မျဉ်းကျားက လမ်းဖြတ်မကူးလို့ အရေးယူမလို့၊ ကဲ… တက်ကြပါ၊ ဟိုကျမှ ဒဏ်ငွေဆောင်ကြပေါ့”

အောင်ဘာလေမှာ အဘွားကြီးကို ကားပေါ်တွဲတင်ပေးရသေးသည်။ အဘွားကြီးမှာ ကားပေါ်လိုက်ပါလာရင်း...

“ဒုက္ခပါပဲ၊ ဒုက္ခပါပဲ” ဟု ရေရွတ်နေသည်။

အောင်ဘာလေက သူ့ကိစ္စထက် အဘွားကြီးအတွက်သာ စိတ်ပူနေရသည်။ ခုလို အဆွဲခံရတာလည်း သူ့တာဝန် မကင်းဟု ယူဆမိသည်။

ရုံးကိုရောက်တော့ အတော်ကြာ စောင့်ဆိုင်းနေရပြီးနောက် ဒဏ်ငွေ ဆောင်ရသည်။ အောင်ဘာလေဆီမှာ သူ့တယောက်စာအတွက်တော့ ရှိသည်။ အဘွားကြီးဆီမှာက မုန့်ဟင်းခါးစားဖို့ ငွေဆယ့်ငါးကျပ်သာ ပါသည်။

အောင်ဘာလေအနေဖြင့် သူ့အတွက် သူဆောင်ပြီး ထွက်သွားလို့ ရသော်လည်း အဘွားကြီးကို ပစ်မထားခဲ့နိုင်။ အဘွားကြီးအိမ်ကို သွားပြောပေးဖို့ စိတ်ကူးရသော်လည်း...

“ဒီအချိန်ဆို အိမ်မှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး... ညနေကျမှ လူစုံပြန်ရောက်မှာ” ဟု အဘွားကြီးက ပြောသဖြင့် ခက်နေပြန်သည်။

နောက်ဆုံး မတတ်သာသဖြင့် အဘွားကြီးအတွက် သူ့ရှိသည့်ငွေဖြင့် ဒဏ်ငွေ ဆောင်ပေးလိုက်သည်။

“မင်းအတွက်ကကျတော့ ဘယ့်နှယ်လုပ်မှာလဲ…” ဟု အဘွားကြီးက မေးသေးသည်။

“ကျွန်တော့်အတွက် မပူပါနဲ့ ... ကြည့်လုပ်ပါ့မယ်” ပြောလိုက်ရသည်။

“အေးကွယ်... မောင်မင်းကြီးသား ကျေးဇူးပါပဲ၊ ဒီကကိစ္စပြီးရင် အမေကြီးတို့အိမ် ဝင်ခဲ့ပါ၊ စိုက်ပေးထားတဲ့ငွေ ပြန်ပေးပါ့မယ်... မဟာဗန္ဓုလ ပန်းခြံလမ်း အလယ်လမ်းမှာ ဒေါ်ကြင်လို့မေးရင် လူတိုင်း သိပါတယ်”

“ရပါတယ် အမေကြီးရယ်... အမေကြီးသာ ဒီကပြန်ရင် လမ်းကူးတာ မမှားပါစေနဲ့၊ ကူးတဲ့အခါ တယောက်တည်း မကူးနဲ့နော်... တယောက်ယောက်ကိုတွဲခိုင်းဦး” ဟု အောင်ဘာလေက စိတ်မချသဖြင့် မှာလိုက်ရသေးသည်။

အဘွားကြီးကိစ္စပြီးတော့ သူ့ကိစ္စ စဉ်းစားရသည်။ တာဝန်ရှိသူကို မေးကြည့်တော့ နိုင်ငံသားကတ်ပါလျှင် အပေါင်ထားခဲ့၊ ငွေပြန်ယူပြီး လာရွေးလို့ ရသည်ဟု ပြောသည်။ ကံအားလျော်စွာ သူ့ဆီမှာ နိုင်ငံသားကတ်ပါသဖြင့် အပေါင်ထားခဲ့ပြီး ထွက်လာရသည်။

• • •

တချို့လူများသည် စောရနက္ခတ်ခေါ် သူခိုးနက္ခတ်နှင့်ယှဉ်ပြီး မွေးသောကြောင့် သူများပစ္စည်းကို မခိုးရလျှင် မနေနိုင်ဟု ဆိုသည်။ အောင်ဘာလေကတော့ ဘာနှင့်ယှဉ်ပြီး မွေးခဲ့သလဲမသိ။ ကူညီနက္ခတ်ဆိုတာ ရှိလျှင်တော့ အဲဒါနှင့်ယှဉ်ပြီး မွေးတာဟု ပြောရပေလိမ့်မည်။

မကူညီရ မနေနိုင်အောင် တမင်တကာ လိုက်ရှာကြံနေသောကြောင့်ပဲလား၊ သူ့ကံဇာတာကိုက ကူညီစရာနှင့် ကြုံကိုကြုံရဖို့ ဖန်လာခဲ့သလား မသိ။ သွားလေရာမှာ ကူညီဖို့ အခွင့်အလမ်းနှင့် ကြုံရသည်။

တစ်ရက်တွင် ဈေးဘက်သို့ ထွက်လာရင်း ထီဆိုင်ကို မြင်သဖြင့် ထီမထိုးရသေးကြောင်း သတိရသည်။ ဆိုင်ရှင် ကိုခင်ကလည်း လှမ်းခေါ်ရင်း...

“နံပါတ်လှလှလေးတွေ ရှိတယ်ဗျ...” ဟုပြောပြီး ထီစာအုပ် သုံးလေးအုပ် ချပေးသည်။

တအုပ်ပြီး တအုပ် ရွေးရင်းက သူကြိုက်သော နံပါတ်တခု သွားတွေ့သည်။ အက္ခရာက “က”၊ တစ်အစ တစ်အဆုံး။ ထီဖိုးပေး၊ ထီလက်မှတ်ယူပြီး ကိုခင်နှင့် စကားပြောနေတုန်း အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး လူကြီးတယောက် ရောက်လာပြီး ထီစာအုပ်တွေကို ကြည့်ရင်း နံပါတ်ရွေးနေသည်။ ထို့နောက် ထီစာအုပ်ကို လှန်ကြည့်ရင်း -

“ဟာ ဒုက္ခပါပဲ... ငါလိုချင်တဲ့နံပါတ်က မရှိတော့ဘူး”

“ဘာဖြစ်လို့လဲ ဦးလေး...”

ကိုခင်က မေးသည်။ လူကြီးက…

“ငါက တစ်အစ တစ်အဆုံး လိုချင်တာကွ... အဲဒီတစောင်က သူများ ထိုးပြီးသွားပြီ”

အောင်ဘာလေ သူ့အင်္ကျီအိတ်ကို စမ်းလိုက်မိ၏။ ကိုခင်က အောင်ဘာလေဘက် တချက်ကြည့်ပြီး လူကြီးဘက် ပြန်လှည့်၍...

“တခြားနံပါတ်ကောင်းကောင်းလေးတွေ ရှိပါသေးတယ်... ဟောဒီမှာ ခုနစ်အစ ခုနစ်အဆုံး ရှိတယ်”

“ဟာ မရဘူးကွ… တစ်အစ တစ်အဆုံးပဲ ထိုးရမှာ”

“ဒါဆိုရင်တော့ တခြားဆိုင်မှာ ရှာကြည့်ပါဦး... ဟိုဘက်ထိပ်မှာ ထီဆိုင်တဆိုင် ရှိပါသေးတယ်”

“မဖြစ်ဘူးကွ … ဗေဒင်က ဟောထားတာက တနင်္လာနေ့မှာ တနင်္လာ အက္ခရာနဲ့ တစ်အစ တစ်အဆုံး ထိုးရမှာ... ထီဆိုင်ကလည်း တနင်္လာနံနဲ့ စတဲ့နာမည် ဖြစ်ရမယ်တဲ့၊ မင်းဆိုင်က ချမ်းသာထီဆိုင်ဆိုတော့ အားလုံးကွက်တိ ဖြစ်နေတာပဲ၊ သူများဦးသွားတာ ဆိုးသကွာ... ဘယ့်နှယ် လုပ်ရပါ့မလဲ”

လူကြီး၏ စကားမဆုံးခင်မှာပင် အောင်ဘာလေသည် သူ့အိတ်ထဲမှ ထီလက်မှတ်ကို ထုတ်ယူပြီး ဖြစ်နေပြီ။ ထို့နောက်...

“ဒီမှာ... ဒီမှာဦးလေး” ဟု ခေါ်လိုက်ပြီး...

“ဦးလေး လိုချင်တဲ့ ထီလက်မှတ်က ကျွန်တော်ထိုးထားတာပါ... ဦးလေးအတွက် အရေးကြီးနေရင် ယူလိုက်ပါ”

ဆိုပြီး ထီလက်မှတ်ကို လှမ်းပေးလိုက်သည်။ လူကြီးက ထီလက်မှတ်ကို ယူကြည့်ပြီး...

“အစစ်ပဲ” ဟုပြောရင်း မျက်နှာဝင်းပသွားသည်။ ပြီးမှ တစုံတခု စဉ်းစားမိဟန်ဖြင့်...

“ဒီနံပါတ် မင်းလည်းကြိုက်လို့ ထိုးထားတာထင်တယ်... ငါက ပြန်ယူလို့ ဘယ်သင့်တော်ပါ့မလဲကွ”

“ရပါတယ် ဦးလေးရ... ကျွန်တော်က နံပါတ်လှလို့ ယူထားတာပါ၊ အရေးမကြီးပါဘူး၊ ဦးလေးကတော့ ဒီနံပါတ်ရမှ ဖြစ်မှာမဟုတ်လား”

လူကြီးသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ ထီလက်မှတ်ဖိုး နှစ်ဆယူပါဟု ပြောသည်။ အောင်ဘာလေက လက်မခံဘဲ ဈေးရင်းသာ ယူလိုက်သည်။

ဒီတခါတော့ အောင်ဘာလေ၏ ကူညီမှုမှာ အကြီးအကျယ် အောင်မြင်မှု ရသွားသည်။ အကြောင်းမှာ ဟိုလူကြီးကို လွှဲပြောင်းပေးလိုက်သည့် ထီလက်မှတ်က ပေါက်သွားသောကြောင့် ဖြစ်၏။ ပေါက်တာမှ နည်းနည်းပါးပါး မဟုတ်။ ဆယ်သိန်းဆုကြီး ပေါက်သွားခြင်းဖြစ်၏။ ထိုလူကြီးမှာ ကျေးဇူးသိတတ်သူဖြစ်၏။ ထီဆိုင်ပိုင်ရှင် ကိုခင်မှတဆင့် အောင်ဘာလေ၏ လိပ်စာကို သိရပြီး အိမ်ရောက်လာသည်။ ကျေးဇူးဆပ်သည့်အနေဖြင့် ငွေငါးသောင်း ပေးသည်။ အောင်ဘာလေက လက်မခံ။

“ဦးလေးကံနဲ့ ဦးလေးရတာပဲ...” ဟုဆိုပြီး ငွေယူရန် အကြောက်အကန် ငြင်းဆန်နေသည်။

ဘယ်လိုမှ ဇွတ်အတင်းပေးလို့မရတော့မှ လူကြီးလည်း လက်လျှော့လိုက်ပြီး...

“မင်းလို သူငယ်မျိုးကတော့ တကယ်ရှားပါတယ်ကွာ၊ နောင်တချိန် မင်းမှာ ဘယ်လို အကူအညီမျိုးပဲလိုလို ဦးလေးဆီကို လာခဲ့ ကြားလား၊ ဦးလေးနာမည် ဦးချစ်ထူးလို့ခေါ်တယ်… ဟောဒီမှာ ဦးလေးရဲ့ လိပ်စာကတ်ပြား ယူထားလိုက်” ဟုပြောပြီး အောင်ဘာလေကို ကျေနပ်စွာ ကျောသပ်ရင်သပ် လုပ်ပြီးမှ ပြန်သွားလေသည်။

• • •

အောင်ဘာလေမှာ အတွဲရှိသည်ဟုဆိုလျှင် အံ့သြစရာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ တကယ်တော့ သူ့အစွမ်းအစကြောင့် မဟုတ်။ မိဘချင်း သဘောတူထားသော ကောင်မလေး တယောက်သာ ဖြစ်၏။ လူကြီးတွေက “မင်းတို့ လူငယ်ချင်း ရင်းနှီးအောင်၊ တယောက်အကြောင်း တယောက် သိအောင်နေကြ” ဟု ဆိုသဖြင့် တွဲနေကြခြင်းဖြစ်၏။ တယောက်နှင့် တယောက် လေ့လာဆဲကာလဟု ဆိုနိုင်သည်။

အောင်ဘာလေသည် ရုပ်ရည်သန့်ပြန့်ပြီး သဘောကောင်းသူ ဖြစ်သဖြင့် ကောင်မလေးက စိတ်ဝင်စားပုံတော့ ရသည်။ အောင်ဘာလေကလည်း လူကြီးတွေ သဘောမျှထားသည့်ကိစ္စကို ကူညီသည့်အနေဖြင့် ကောင်မလေးအပေါ် ကြည်ကြည်ဖြူဖြူ ရှိသည်။

သို့ရာတွင် ကောင်မလေးတို့မိသားစုမှ ရပ်ရေးရွာရေး၊ လူမှုရေး စိတ်ဝင်စားကြသူများ မဟုတ်။ ကောင်မလေးမှာလည်း သည်စရိုက်တွေ အပြည့်ပါရှိသည်။ အောင်ဘာလေဆိုတဲ့ ကောင်ကတော့ သာမန်ထက်တောင် ထူးပြီး လူမှုရေးစိတ်ဓာတ် ရှိသူဖြစ်၏။

ထိုအခါ...

သူတို့နှစ်ယောက်တွဲ၍ သွားကြလာကြသည့်အခါတိုင်း ကောင်မလေးမှာ စိတ်မရှည်စရာ များနှင့် ကြုံရသည်။ အောင်ဘာလေက သွားရမည့်လမ်းကို ဖြောင့်ဖြောင့်သွားတတ်သူ မဟုတ်။ တခါတလေ... ရုပ်ရှင်ချိန် နီးနေသဖြင့် ကောင်မလေးက ခပ်သွက်သွက် သွားစေချင်သည်။ အောင်ဘာလေက ကျောင်းဆင်းလာသည့် ကလေးတွေ လမ်းဖြတ်ကူးနိုင်အောင် စောင့်ခေါ်ချင် ခေါ်သည်။

ကောင်မလေးနှင့် အတူတူ လျှောက်လာရင်း ကားမှောက်တာတွေ့သဖြင့် ကောင်မလေးကို မေ့ထားခဲ့ပြီး လူနာတွေ ဝင်သယ်၊ ပြုစု၊ ဆေးရုံ လိုက်ပို့တာမျိုးလည်း ရှိသည်။

တခါက... သူငယ်ချင်းတယောက် မင်္ဂလာဆောင်သို့ သူတို့နှစ်ယောက် အတူတူ သွားကြသည်။ ကောင်မလေးက ရွှေပါတိတ်တွေ ဘာတွေနှင့် အပျံစား ဝတ်စားလာသည်။ ကံကလည်း ကောင်းချင်တော့ ဘတ်စ်ကားပေါ်မှာ နှစ်ယောက် အတူတူ တွဲထိုင်ခွင့်ရသည်။

ကံအကြောင်းမလှချင်ပြန်တော့ သူတို့ထိုင်သည့် ခုံတန်း၏ဘေးမှာ ကုလားအဘိုးကြီး တယောက် မတ်တတ်ရပ်နေခြင်းပင်ဖြစ်၏။ ကောင်မလေးသည် အောင်ဘာလေကို သူ့အိမ်က အကြောင်းများ၊ စီးပွားရေး လာဘ်မြင်ဖို့ အကြောင်းများကို တတွတ်တွတ် ပြောနေသည်။ အောင်ဘာလေကတော့ “အင်း” လိုက်ရင်း ခေါင်းညိတ်နေရသော်လည်း စိတ်ကတော့ ဘေးမှာ ရပ်နေသော ကုလားကြီးဆီ ရောက်နေသည်။ တချက်တချက် မော့မော့ကြည့်သည်။

ကုလားအဘိုးကြီးမှာ အသက်တော်တော်ကြီးလှပြီ။ ခုနစ်ဆယ်ကျော်လောက်များ ရှိမလား မသိ။ လက်ထဲတွင် ထမင်းချိုင့်ကြီးတလုံးကို ဆွဲထားသည်။ တန်းကို လှမ်းကိုင်ထားသည့် လက်မောင်းပေါ်တွင် ခေါင်းကိုမှီပြီး အမောဖြေသလို မှေးနေသည်။ အောင်ဘာလေသည် ကုလားအဘိုးကြီးကို သနားသွား၏။ သူ့ခမျာ မြို့ထဲမှာ အလုပ်လုပ်နေသည့် သားသမီးထံ ထမင်းချိုင့် သွားပို့ရခြင်း ဖြစ်နိုင်သည်။ သည်အရွယ်ကြီးနှင့် တလမ်းလုံး မတ်တတ်ရပ်သွားရလျှင် တော်တော် ပင်ပန်းရှာမှာပဲဟု တွေးမိသည်။

“ဘာပဲလုပ်လုပ် အသိအကျွမ်းလေးလည်း ရှိမှ၊ ငွေကလည်း အရေးကြီးတယ်... ငွေမရှိရင်…”

ကောင်မလေး စကားမဆုံးခင်မှာပင် အောင်ဘာလေသည် ဖျတ်ခနဲ ထရပ်ပြီးသား ဖြစ်နေသည်။

“လာ လာ… ဦးလေးကြီး ဒီမှာထိုင်”

ဆိုပြီး သူ့နေရာကို ဖယ်ပေးလိုက်၏။ ကုလားအဘိုးကြီးလည်း ဝမ်းသာအားရ ဝင်ထိုင်လိုက်သည်။ ကောင်မလေးက အောင်ဘာလေကို မျက်စောင်းလှမ်းထိုးသည်။

ကုလားအဘိုးကြီးသည် စောစောတုန်းက မတ်တတ်ရပ်နေခဲ့ရသဖြင့် ပင်ပန်းသွားဟန် တူသည်။ ထိုင်စရာ၊ နေစရာလည်း ရရော စိတ်ချလက်ချ အိပ်လေတော့သည်။ ကုလားအဘိုးကြီး၏ ကိုယ်က မုန့်ညင်းဆီစော်လည်း နံသည်။ တခါတခါ သူ့ဘက် ငိုက်ငိုက်ကျလာလိုက် လူကို လာမှီလိုက် ဖြစ်နေသဖြင့် ကောင်မလေးမှာ အံတကြိတ်ကြိတ် ဖြစ်နေ၏။ အောင်ဘာလေဆီသို့လည်း မျက်စောင်းတွေ တစင်းပြီး တစင်း လွှတ်နေသည်။ အောင်ဘာလေကတော့ သူမဟုတ်သလိုပင်။ ကားပေါ် တိုးတက်လာသူတွေ အဆင်ပြေအောင် နေရာရွှေ့ပေးရင်း နောက်ဘက်နားသို့ပင် ရောက်သွားသည်။

တနေရာအရောက်တွင် ကားက အရှိန်နှင့် ကွေ့လိုက်သည်။ ကုလားအဘိုးကြီးမှာ အိပ်ပျော်နေသဖြင့် ထမင်းချိုင့်ကြီးကို သေချာစွာ ထိန်းကိုင်ထားနိုင်ခြင်း မရှိ။ ထို့ကြောင့် ထမင်းချိုင့်ကြီးသည် ကောင်မလေးဘက်သို့ ယိုင်လဲကျသွားသည်။ ကောင်မလေး၏ ထဘီမှာလည်း ချိုင့်ထဲမှ ထွက်ကျလာသည့် ပဲဟင်းများဖြင့် ပေပွကုန်သည်။ ကောင်မလေးမှာ ဒေါသလည်းဖြစ်၊ ရှက်လည်းရှက်ပြီး နောက်မှတ်တိုင်ရောက်တော့ ဆင်းသွားလေတော့သည်။

အလားတူ ကိစ္စမျိုးတွေ မကြာခဏ ကြုံရသည်။ ကြုံဖန်တွေ့ဖန် များတော့ ရိုးသွားခြင်း ဆိုသည်မှာ လင်မယားဘဝ၌သာ ဖြစ်နိုင်သည်။ ခုဟာက သမီးရည်းစားလည်းမဟုတ်။ တရားဝင် စေ့စပ်ပြီးသားလည်း မဟုတ်။ လူကြီးချင်း နားလည်မှု ယူထားပြီး လူငယ်ချင်း နားလည်မှုရှိဖို့ လေ့လာတုန်းအချိန်။

သမီးရည်းစားများပင်လျှင် သည်လိုစိတ်သဘောထား မတိုက်ဆိုင်တာ များလာလျှင် ပြဿနာဖြစ်တတ်သေးတာပဲ၊ ခုလည်း ကောင်မလေးသည် အောင်ဘာလေအပေါ် စိတ်ကုန်စ ပြုလာသည်။

အောင်ဘာလေက သူ့ထက် တခြားမိန်းကလေးတွေကို ပိုပြီး အရေးပေးနေလို့ သူငယ်ချင်း အပေါင်းအသင်းတွေ ပိုပြီး ဂရုစိုက်နေလို့ဆိုလည်း ထားပါတော့။ စိတ်ကောက်သင့်ကောက်၊ သဝန်တိုသင့်တိုသာ ရှိ၏။

ခုကျတော့ ဒီလိုမဟုတ်။ အောင်ဘာလေ၏ ဂရုစိုက် အရေးပေးခြင်း ခံရသူများမှာ အများအားဖြင့် တခါမှတောင် မမြင်ဖူးသူတွေ၊ ကုလားအဘိုးကြီးတွေ၊ နှပ်ချေးတွဲလောင်းနှင့် ကလေးတွေ၊ သီလရှင်တွေ ဖြစ်နေသည်။ စိတ်ဆိုးရခက်၊ မနာလိုရခက်၊ သဝန်တိုရခက်။

သည်ကြားထဲမှာ... သည်းမခံနိုင်သော ကိစ္စတခု ဖြစ်လာသည်။ ကောင်မလေး၏ ညီမဝမ်းကွဲများနှင့် သူငယ်ချင်းများ နယ်မှ ရောက်လာကြသည်။ အောင်ဘာလေကိုလည်း မြင်ဖူးချင်သည်။ ရန်ကုန်မြို့ထဲကိုလည်း လျှောက်လည်ချင်သည်ဟု ဆိုသည်။ ထို့ကြောင့် အိမ်ကို စောစောလာရန် မှာလိုက်သည်။

ချိန်းတဲ့နေ့ကျတော့ ကောင်မလေးနှင့် အဖွဲ့သည် ဝတ်ကောင်းစားလှတွေဝတ်ပြီး စောင့်နေသည်။ အောင်ဘာလေက တော်တော်နှင့်ရောက်မလာ။ ညီမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေက ထင်မြင်ချက် ပေးကြသည်။

“ခုလို အချိန်မှာတောင် ဒီလို မလေးမစား လုပ်နေရင်... နောက် ခက်ရောပေါ့…” ဟု ဝေဖန်ကြသည်။

ကောင်မလေးကတော့ အောင်ဘာလေ တယောက်ယောက်ကို ကူညီနေလို့ပဲဆိုတာ သိသည်။

မှန်ပေသည်။ အောင်ဘာလေသည် ကောင်မလေး သေသေချာချာ မှာထားသည့်အတိုင်း သပ်သပ်ရပ်ရပ် သားသားနားနား ဝတ်ဆင်ပြီး အိမ်မှ ထွက်လာခဲ့သည်။ ကောင်မလေးအိမ်ရှိရာ ရပ်ကွက်ထဲသို့ ဝင်အလာတွင် အိမ်တအိမ်ရှေ့၌ ကလေးငယ်တယောက် ထိုင်ငိုနေသည်ကို တွေ့ရ၏။ မေးကြည့်တော့ သူ့ခွေးကလေး အိမ်သာတွင်းထဲ ကျသွားတာ ပြန်မတက်နိုင်လို့ဟု ပြောသည်။ လူကြီးတွေလည်း အိမ်မှာမရှိကြ။

သည်တော့ အောင်ဘာလေပဲဟာ၊ ဘယ်ရမလဲ၊ အိမ်သာတွင်းထဲ ကျနေသော ခွေးကလေးကို အားကြိုးမာန်တက် ကူညီဆယ်ပေးတော့တာပေါ့။

ကြိုးတချောင်းမှာ ကွင်းလျောလုပ်ပြီး ကိုယ်ကိုစွပ်အောင် လုပ်ရသည်။ ခွေးကလေးမှာ ကြောက်လန့်နေသဖြင့် သူ့ကို ကယ်မှန်းမသိဘဲ ကြိုးကွင်းကို ရှောင်ရှောင်နေသဖြင့် အခက်တွေ့နေရသည်။ မလိုအပ်ဘဲ အချိန်ပိုကြာသွားရသည်။

အတော်ကြာမှ စွပ်မိပြီး ချော့၍ ဆွဲတင်ရ၏။ အပေါ်ရောက်တော့ ခွေးတို့၏ထုံးစံအတိုင်း ကိုယ်ပေါ်မှ အမွေးများကို ခါလိုက်ရာ အောင်ဘာလေ၏ တကိုယ်လုံး အနှံ့အပြား စဉ်ကုန်တော့သည်။

ကိုယ်ပေါ်မှာ ပေကျံနေတာတွေကို ရေဆေးပစ်၍ ရသော်လည်း အဝတ်အစားပေါ် စွန်းပေသည့် အစက်တွေကိုတော့ သည်အတိုင်း ထားလိုက်ရသည်။

ချိန်းထားသည့်အချိန်ကိုလည်း တော်တော်ကျော်နေပြီ။ ဟိုရောက်လို့ မေးလျှင် ကားတစင်း ဘေးကဖြတ်မောင်းလို့ ရွှံ့စက်စဉ်တာဟု ပြောမည် စိတ်ကူးသည်။ အိမ်ပြန် အဝတ်အစား လဲဖို့ အချိန်မရတော့။ ခြောက်သွားလျှင်မူ ကိစ္စမရှိတန်ရာဟု တွေးမိ၏။

ဟိုရောက်တော့လည်း နောက်ကျနေသဖြင့် ကမန်းကတန်း တောင်းပန်ပြီး ထွက်လာကြ ရသည်။ ကားတစင်းငှားပြီး မြို့ထဲ ထွက်လာကြရာ လမ်းရောက်တော့မှ အားလုံး နှာခေါင်းတရှုံ့ရှုံ့ ဖြစ်ကြရတော့သည်။ သူထင်သလို အနံ့က ပျောက်မသွားဘဲ ကားသွားသည့်အရှိန်နှင့် ဝင်လာသော လေစီးကြောင်းမှာ ပျံ့လှိုင်၍နေလေ၏။

ကောင်မလေးမှာ တော်တော် စိတ်ဆိုးသွားသည်။ အောင်ဘာလေ လုပ်ပုံကြောင့် သူ့ညီမဝမ်းကွဲတွေ၊ သူငယ်ချင်းတွေကြားမှာ တော်တော် သိက္ခာကျသွားရသည်။

“ဒီလောက် စုတ်စုတ်ပဲ့ပဲ့နေတတ်ပြီး အလိုက်ကမ်းဆိုးမသိတဲ့ လူကို လက်ခံတွဲနေတာ အံ့ပါရဲ့…” ဟု ပြောသွား၏။

ကောင်မလေးမှာ အောင်ဘာလေကို လုံးဝစိတ်ကုန်ပြီး အဆက်ဖြတ်လိုက်လေတော့သည်။ အောင်ဘာလေကတော့ ခပ်အေးအေးပင်။ ဆွေးနေတာတို့၊ စိတ်ပျက်တာတို့ မဖြစ်ဘဲ ခွေးကလေး အတွက် လည်ပတ်ကလေးတခုတောင် ဟိုချာတိတ်ကို လက်ဆောင်သွားပေးလိုက်သေးသည်။ ချာတိတ်၏ မိဘများနှင့်လည်း ခင်မင်သွားသည်။

• • •

အောင်ဘာလေသည် သူ၏ထုံးစံအတိုင်း လမ်းပေါ်မှာ ငှက်ပျောခွံတို့၊ ပုလင်းကွဲတို့ရှိလျှင် ကောက်ပြီး ဖယ်ပစ်နိုင်ရန် ကြည့်ရှုရှာဖွေရင်း လျှောက်လာသည်။ တနေရာတွင် အုတ်ခဲကျိုးတခု ကျနေသည်ကို တွေ့ရ၏။ လူတချို့မှာ တိုက်မိမည်စိုး၍ ကျော်လွှားသွားကြသည်။

"ဪ လူများနှယ်... အပြင်မတော်ရင်လည်း ကောက်ပစ်လိုက်ပါတော့လား၊ ကိုယ်မတိုက်မိ ပြီးရောဆိုပြီး မျက်နှာလွှဲသွားကြတယ်... ခဲကို ကောက်ပစ်ဖို့တော့ သတိမရကြဘူး” ဟု သူတွေးသည်။ အုတ်ခဲကျိုး ကောက်ပြီး လမ်းဘေးမြောင်းထဲသို့ ပစ်မည်ပြုစဉ် ---

“ဟေ့ကောင်.... ဘာလုပ်တာလဲ”

လူတယောက်က အုတ်ခဲကျိုး ကိုင်ထားသော သူ့လက်ကို လာဆွဲရင်း ဟောက်လိုက်သည်။ သူ လှည့်ကြည့်သည်။ လူပုံကတော့ ခပ်မိုက်မိုက်ပုံပဲ။ အောင်ဘာလေ ပြုံးပြီး---

“သူများတွေ ခလုတ်တိုက်မိမှာစိုးလို့ လွှင့်ပစ်မလို့ပါဗျာ...”

“ဘာကွ--- ဒါ တမင်သက်သက်ချထားတာကွ”

“ဗျာ...”

“အေး---ဟုတ်တယ်၊ ညနေကျရင် ငါ ရေခဲရေရောင်းဖို့ နေရာ ဦးထားတာကွ” ဟုပြောပြီး အောင်ဘာလေလက်ထဲက အုတ်ခဲကျိုးကို ဆွဲလုလိုက်သည်။ ငါ့များထုလိုက်ရင် မစားသာဘူးဟု တွေးမိပြီး---

“ဆော...ဆောရီးနော် မသိလို့ပါ” ဟု ပြုံးဖြဲဖြဲလုပ်၍ ပြောပြီး တကြိုးတည်း လစ်ခဲ့ရသည်။ ဟိုလူက စောင်းကန်းစောင်းကန်း ကြည့်နေသေးသည်။

အောင်ဘာလေဆိုတဲ့ကောင်က ဒါနဲ့တောင် မမှတ်သေး...။ ဆက်လျှောက်လာရင်း ရှေ့မှာ လူနှစ်ယောက်က ရေခဲသေတ္တာကြီး တလုံးကို မနိုင့်တနိုင် သယ်လာတာတွေ့တော့ မကူညီဘဲ မနေနိုင်ပြန်။ သူပါဝင်ပြီး ကူသယ်ပေးသည်။ ဟိုနှစ်ယောက်က…

“ကိစ္စမရှိပါဘူးဗျာ... နေပါစေဗျ” ဟု တားသော်လည်း…

“ရပါတယ်... ခင်ဗျားတို့ချည်းပဲ နိုင်မှာမဟုတ်ဘူး၊ ပြုတ်ကျရင် နှမြောစရာကြီး”

ဆိုပြီး အတင်းဝင်ကူသည်။ အမိုးဖွင့်ထားသော ပါဘလစ်ကာ ကားပေါ်ထိ ကူတင်ပေးသည်။ ဟိုလူနှစ်ယောက်က ကျေးဇူးတင်စကား ပြောပြီး ကားမောင်းထွက်သွားသည်။ သူက ပြုံးပြီး လက်ပြနှုတ်ဆက်လိုက်သေးသည်။

ရေခဲသေတ္တာ ကူသယ်လိုက်ရသဖြင့် နည်းနည်းမောသွားသည်။ ထို့ကြောင့် အနီးရှိ အအေးဆိုင်ထဲ ဝင်ထိုင်ပြီး စပတ်ကလင် တပုလင်း မှာသောက်လိုက်၏။ သည်နေ့အဖို့ နှစ်ခုဆက်တိုက် ကူညီလိုက်နိုင်ခြင်းမှာ တော်တော်ကုသိုလ်ထူးသည်ဟု တွေးပြီး ကျေနပ်နေတုန်း...

စောစောက ဆိုင်နေရာ ဦးထားတယ်ဆိုသောလူသည် အအေးဆိုင်ထဲသို့ ပြူးပြူးပျာပျာ ဝင်လာသည်။ သူ့လက်ထဲမှာလည်း အုတ်ခဲကျိုး ကိုင်ထားဆဲ။ ဟိုဟိုသည်သည် ကြည့်ပြီး...

“ဟော... ဟိုမှာ၊ သူပဲ” ဟုပြောပြီး အောင်ဘာလေ ထိုင်နေရာသို့ ပြေးလာသည်။

နောက်ကလည်း လူလေးငါးခြောက်ယောက် ဝိုင်းလိုက်လာ၏။ တချို့လူများ၏လက်ထဲမှာ တုတ်တွေ၊ ဓားတွေနှင့်။ မိန်းမကြီးတယောက်လည်း နောက်မှ အူယားဖားယား လိုက်လာသည်။ ထို့နောက် အောင်ဘာလေကို ဝိုင်းထားလိုက်ကြပြီး အုတ်ခဲကိုင်ထားသူက…

“ဟေ့ကောင်... မပြေးနဲ့”

အောင်ဘာလေလည်း အူတိအူကြောင် မော့ကြည့်၍...

“ကျွန်တော် ဘာဖြစ်လို့ ပြေးရမှာလဲ” ဟု ပြောလိုက်သည်။ အုတ်ခဲနှင့်လူက…

“ဘာ... အူကြောင်ကြောင် လုပ်နေတာလဲ၊ သေသွားချင်လို့လား” ဆိုပြီး အုတ်ခဲကျိုးနှင့် ထုရန် လက်မြှောက်လိုက်သည်။

“အမယ်လေး... မလုပ်ကြပါနဲ့၊ သွေးသံရဲရဲ မကြည့်ရဲလို့ပါ”

မိန်းမကြီးက ပြောရင်း ဝင်ဆွဲသဖြင့် အောင်ဘာလေ သက်သာသွားသည်။ ဒါမှမဟုတ်လို့ ကတော့ တုတ်ရော၊ ဓားရော၊ အုတ်ခဲကျိုးရော မိလိုက်လို့ မသက်သာ။

“အရမ်းမလုပ်ကြနဲ့... စခန်းကို ပို့ရမယ်” ဟု ပြောရင်း ရယက အဖွဲ့ဝင်များနှင့် အရန်မီးသတ် ရဲဘော်များ ရောက်လာသည်။

သူတို့မရောက်ခင်ကလေးတင် နားရင်း နှစ်ချက် သုံးချက် အအုပ်ခံလိုက်ရသေးသည်။ အောင်ဘာလေမှာ ထူပူပြီး ဘုမသိ ဘမသိ ကြောင်တိကြောင်တောင် ဖြစ်လျက်...

“ကျွန်တော် ဘာလုပ်လို့လဲဗျ... လမ်းသွားလမ်းလာတွေ ခလုတ်တိုက်မိမှာစိုးလို့ အုတ်ခဲကို ဖယ်ပစ်တာပါဗျ” ဟု ကယောင်ကတမ်း ပြောရင်း ဆွဲခေါ်ရာသို့ ပါသွားသည်။

လူအများ ထိခိုက်မှာစိုးလို့ တာဝန်သိသိ လုပ်ခဲ့တာကို ဘာကြောင့် ဖမ်းရသလဲဟု နားမလည်နိုင်အောင် ဖြစ်နေသည်။ ရဲစခန်းရောက်မှ သဘောပေါက်သည်။ ခုကိစ္စမှာ အုတ်ခဲကျိုးနှင့် ဘာမျှမဆိုင်။

ဖြစ်ပုံက အိမ်ရှင်တွေ အပြင်သွားနေတုန်း အိမ်တအိမ်ကို လူနှစ်ယောက်က ဖောက်ထွင်း ဝင်ရောက်သည်။ သူတို့လုပ်ပုံက ပိပိရိရိရှိလှသည်။ ရွှေ၊ ငွေ လက်ဝတ်ရတနာများ၊ ငွေများ၊ ရှာဖွေယူပြီးနောက် ရေခဲသေတ္တာထဲ ထည့်လိုက်သည်။ ပြီးတော့မှ ရေခဲသေတ္တာကြီးကို အိမ်ရှေ့ပေါက်မှ တဆင့် ခပ်တည်တည် မထုတ်လာသည်။

နေ့ခင်းကြောင်တောင်ကြီးလည်းဖြစ်၊ လူမြင်သူမြင် မှင်သေသေ လှုပ်ရှားသွားသော ကြောင့် ဘယ်သူကမှ မသင်္ကာမဖြစ်မိ။ တခုပဲ ရှိသည်။ ရေခဲသေတ္တာကြီးက သူတို့ထင်တာထက် ပိုလေးနေသည်။ ထို့ကြောင့် မနိုင့်တနိုင် ဖြစ်နေတုန်း အောင်ဘာလေက ကူပြီး သယ်ပေးခဲ့ခြင်း ဖြစ်၏။

သူခိုးများ ထွက်သွားပြီးနောက် မကြာခင်မှာပင် အိမ်ရှင်၏ဇနီး မိန်းမကြီးမှာ ဈေးဝယ်ရာမှ ပြန်လာသည်။ အိမ်ရှေ့တံခါးကြီး ပွင့်နေတာ မြင်ကတည်းက ထိတ်ထိတ်ပျာပျာ ဖြစ်ပြီး အိမ်ထဲ ဝင်ကြည့်ရာ သူခိုးဖောက်သွားကြောင်း သိရသည်။ အော်ဟစ် အကူအညီ တောင်းသဖြင့် လူအချို့ ရောက်လာသည်။ ဖြစ်ပုံသိရသောအခါ အုတ်ခဲကျိုးကိုင်ထားသူက ရေခဲသေတ္တာကို လူသုံးယောက် သယ်၍ ကားပေါ်တင်သည်ကို တွေ့ရကြောင်း၊ ထိုအထဲမှ တယောက်သည် အအေးဆိုင်ထဲမှာ ရှိသေးကြောင်း ပြောသဖြင့် အောင်ဘာလေကို ဖမ်းမိသွားခြင်းဖြစ်၏။

ရဲက အောင်ဘာလေကို စစ်ဆေးသောအခါ သူ ဘာမှမသိရကြောင်း လူနှစ်ယောက် ရေခဲသေတ္တာကို မနိုင်မနင်း သယ်နေတာတွေ့ရ၍ ရိုးရိုးသားသား ဝင်ကူညီခြင်းသာဖြစ်ကြောင်း ပြောသည်။

ခက်နေတာက မျက်မြင်သက်သေ (အုတ်ခဲကျိုးနှင့်လူ) ၏ ထွက်ဆိုချက်အရ အောင်ဘာလေက တဖက်မှ လျှောက်လာကြောင်း၊ ကျန်လူနှစ်ယောက်က ရေခဲသေတ္တာ သယ်လာကြောင်း၊ ထို့နောက် အောင်ဘာလေနှင့် ဆုံပြီး သုံးယောက်အတူ သယ်ကြကြောင်း၊ ကားပေါ်တင်ပြီးနောက် နှစ်ယောက်က ကားနှင့် ထွက်သွားပြီး အောင်ဘာလေက နေခဲ့ကြောင်း၊ ကားထွက်သွားသောအခါ အောင်ဘာလေက လက်ပြနှုတ်ဆက်လိုက်သေးကြောင်း။

အထက်ပါ ထွက်ဆိုချက်အရ အောင်ဘာလေသည် ဖောက်ထွင်းသူများနှင့် တဖွဲ့တည်း ဖြစ်သည်ဟု ယူဆနိုင်စရာ အကြောင်းရှိနေသည်။ ထို့ကြောင့် အောင်ဘာလေကို ဆက်ချုပ်ထားလိုက် ၏။

အိမ်တအိမ်ကို ဖောက်ထွင်းခိုးယူမှုဖြင့် အောင်ဘာလေ အဖမ်းခံရကြောင်း ကြားသိရသော အခါ တရပ်ကွက်လုံး အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားသည်။ အောင်ဘာလေ၏ အကြောင်းကို သိနေသဖြင့် ဒါ တခြားလူအတွက် ဓားစာခံရတာပဲဆိုတာ သိနေကြ၏။

အောင်ဘာလေ၏ မိဘများနှင့် ဦးကုလားတို့ ရဲစခန်း လိုက်သွားကြသည်။ အာမခံရဖို့ကိစ္စ သွားပြောသည်။ ဦးကုလားက လိုအပ်လျှင် သူ အာမခံပါမည်ဟု ပြောသည်။ လောလောဆယ် အာမခံပေးလို့ မရသေးကြောင်း ရဲစခန်းက ပြောလိုက်၏။ ညနေကျတော့ သူတို့ရပ်ကွက် ရယက အဖွဲ့ဝင်များ ရောက်လာပြီး အောင်ဘာလေမှာ ဒီလိုအလုပ်မျိုး လုပ်မည့်သူ မဟုတ်ကြောင်း၊ အကျင့်စာရိတ္တ အလွန်ကောင်းသည့် လူရိုးလူကောင်း တယောက်ဖြစ်ကြောင်း ထောက်ခံကြပြန် သည်။

ရပ်ကွက်ထဲက လူများကလည်း အောင်ဘာလေတယောက်တော့ အားငယ်နေတော့မှာပဲ ဆိုပြီး စခန်းကို လိုက်လာကြသည်။ မုန့်ဝယ်လာသူ၊ ဆေးလိပ်လာပေးသူများဖြင့် ရဲစခန်းတဝိုက်မှာ စည်ကားနေသည်။ တချို့မိန်းမတွေကလည်း အချုပ်ခန်းနား သွားနှုတ်ဆက်ခွင့် မရသဖြင့် စခန်းနောက်ဘက်မှ ပတ်၍…

“အောင်ဘာလေရေ... ဘာမှ အားမငယ်နဲ့ဟေ့” ဟု အော်ဟစ် နှုတ်ဆက်ကြသည်။

ထိုမျှမကသေး။ အောင်ဘာလေ ဆေးရုံမှာ သွားပြုစုခဲ့သူသည် ဆေးရုံမှ ဆင်းလာပြီး ထော့နဲ့ ထော့နဲ့နှင့် ရောက်လာသေးသည်။ အောင်ဘာလေ အိမ်သာတွင်းထဲက ဆယ်ပေးခဲ့သော ခွေးကလေးပိုင်ရှင် ချာတိတ်၏ ဖခင်မှာ ရှေ့နေဖြစ်၏။ သူကလည်း သတင်းကြားသဖြင့် ရောက်ရှိလာပြီး အားပေးစကားပြောရင်း လိုအပ်လျှင် သူ့အနေဖြင့် အခမဲ့ ရှေ့နေလိုက်ပေးမည် ဖြစ်ကြောင်း ပြောသည်။

စခန်းမှူးအနေဖြင့် အောင်ဘာလေနှင့် ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်လာသည်။ သည်လောက် အာမခံချင်သူ ပေါများသော တရားခံမျိုး တခါမှ မတွေ့ဖူးသေး။ ပြီးတော့ အောင်ဘာလေ၏ ပုံစံမှာလည်း ဖောက်ထွင်းဝိဇ္ဇာတယောက်နှင့် လုံးဝမတူ။ သည်အမှုမှာ အောင်ဘာလေ ပါဝင်ပတ်သက်နေတယ်ဆိုတာ သံသယရှိစရာ ဖြစ်လာ၏။

ထိုမျှမက…

• • •

ဖောက်ထွင်းခံရသည့် အိမ်ရှင်လူကြီးသည် ရဲစခန်းသို့ ရောက်လာပြီး အမှုအခြေအနေကို မေးသည်။ စခန်းမှူးက...

“ကျွန်တော်တို့လည်း တရားခံတွေအားလုံး မိအောင် အပူတပြင်း ကြိုးစားနေပါတယ်... သူတို့အဖွဲ့နဲ့ပတ်သက်လို့ မသင်္ကာတဲ့လူတယောက်ကိုတော့ မိထားပါတယ်”

“ဟုတ်လား... ဘယ်သူလဲ”

“လူပုံကတော့ ထင်လောက်စရာ မရှိပါဘူး... သူ့နာမည်ကလည်း ခပ်ဆန်းဆန်းပဲ ခင်ဗျ၊ အောင်ဘာလေတဲ့…”

“ဘာ... အောင်ဘာလေ ဟုတ်လား၊ ကျုပ် သူ့ကို တွေ့ချင်တယ်ဗျာ၊ အသိထဲကများ ဖြစ်နေမလားလို့”

“ရပါတယ်... တွေ့ရပါတယ်”

လူကြီးကို အချုပ်ခန်းဆီ ခေါ်ဆောင်သွားပြီး အောင်ဘာလေနှင့် တွေ့ပေးသည်။ လူကြီးနှင့် အောင်ဘာလေတို့မှာ တယောက်ကိုတယောက် ကြည့်ပြီး အံ့သြတကြီး ဖြစ်ကုန်ကြလေ သည်။ လူကြီးက အောင်ဘာလေကို လက်ညှိုးထိုးပြီး...

“ဟာ... သူ မဟုတ်ဘူး၊ သူ မဟုတ်ဘူး” ဟု အော်လိုက်သည်။ စခန်းမှူးက…

“ဟုတ်ကဲ့… သူဟာ ဦးလေးရဲ့အသိ မဟုတ်နိုင်ပါဘူး”

“ဒါကို ပြောတာမဟုတ်ဘူး... အန်ကယ့်အိမ်ကို ဝင်ခိုးတာ သူ မဟုတ်နိုင်ပါဘူးလို့ပြောတာ၊ ဒီသူငယ်ဟာ အင်မတန် ရိုးသားဖြောင့်မတ်တဲ့ သူငယ်ပါ”

စခန်းမှူးမှာ “လာပြန်ပြီ တယောက်” ဟု စိတ်ထဲက ရေရွတ်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ လူကြီးက ဆက်လက်၍...

“သူ မဟုတ်ဘူးဆိုတာ... အန်ကယ် အာမခံပါတယ်.. သူ့ကို လွှတ်ပေးလိုက်ပါ”

“ဟာ… ဒီလိုတော့ လုပ်လို့မရဘူး ခင်ဗျ၊ ဥပဒေသဘောအရ လုံးဝ ခိုင်လုံအောင် ထောင့်စေ့အောင် စောင့်ကြည့်ရပါဦးမယ်”

“ဒါဆိုလည်း သူ့ကို စားစရာလေး ဘာလေး ပေးပါရစေ”

“ဒါတော့ ရပါတယ်...”

ထိုလူကြီးမှာ အောင်ဘာလေက ထီလက်မှတ် လဲပေးလိုက်သဖြင့် ဆယ်သိန်းဆု ပေါက်သွားသော ဦးချစ်ထူးပင် ဖြစ်လေ၏။

ဦးချစ်ထူးက အောင်ဘာလေကို ဘာမှ အားမငယ်ရန် ပြောသည်။ အောင်ဘာလေ စားဖို့အတွက် ဒံပေါက်ထမင်းနှင့် မရင်ဒါ ဝယ်ပေးခဲ့သည်။ ညနေတခေါက် ရောက်လာပြန်ပြီး ထမင်းကြော်၊ ဘဲကင်၊ အစိမ်းကြော်နှင့် ကျွဲရိုင်းအချိုရည်ဘူး၊ ညဘက်ဆာလျှင် စားဖို့သောက်ဖို့ ပေါင်မုန့်၊ ဘီစကွတ်၊ ပိုကာဖျော်ရည်ဘူး စုံအောင်ဝယ်လာသည်။ ညကျလျှင် ခင်းအိပ်ဖို့ ဂွမ်းကပ်နှင့် သက္ကလတ်စောင်တွေ၊ ခေါင်းအုံးတွေပါ ယူလာသောကြောင့် အချုပ်ခန်းထဲမှာ ဒါတွေပေးလို့ မရပါဘူးဟု စခန်းမှူးက မနည်းတောင်းပန် လွှတ်လိုက်ရသည်။

စခန်းမှူးမှာ တော်တော်ဦးနှောက်ခြောက်လာ၏။ ခု ဖြစ်နေပုံက တော်တော်ဆန်းသည်။ တရားလိုက တရားခံကို အပြစ်မရှိပါဘူးဟုဆိုပြီး အာမခံနေသည်။ ပြီးတော့ အချုပ်ခန်းထဲမှာ လိုလေသေး မရှိအောင် လုပ်ပေးထားသည်။

အပြစ်မရှိနိုင်ကြောင်း သည်အတိုင်းဆိုလျှင်... အောင်ဘာလေမှာ တဖြည်းဖြည်း ပေါ်လွင်လာသည်။ သူ တကယ် ပြစ်မှုကျူးလွန်သည်ဆိုလျှင် ဟိုကောင်တွေနှင့် တခါတည်း လိုက်သွားရမည်။ ခုလို အအေးဆိုင်မှာ စိမ်ပြေနပြေ အအေးသောက်နေတာကိုကြည့်လျှင် သူနှင့် သူခိုးတွေ ဘာမှမဆိုင်ကြောင်း ညွှန်ပြနေသလို ဖြစ်နေသည်။

ထို့ကြောင့် အောင်ဘာလေကို တခါထပ်ပြီး စစ်မေးသည်။

“မင်းက ဟိုကောင်တွေနဲ့ ဘာမှမဆိုင်ဘူးပဲ ထားပါတော့ကွာ… အဲဒီကောင်တွေကို မြင်ရင် မင်း မှတ်မိနိုင်ပါ့မလား”

“မှတ်မိမယ် ထင်ပါတယ်...”

“ဒါဆိုရင် သူတို့ပုံသဏ္ဌာန်ကို ပြောပြစမ်းကွာ…”

အောင်ဘာလေက ခဏစဉ်းစား၍

“အသားက မည်းမည်း...”

“အင်း... ဟုတ်ပြီ၊ ကိုယ်လုံးကိုယ်ထည်က...”

“ခပ်ကျစ်ကျစ်ပဲ၊ အရပ်က မနိမ့်မမြင့်…”

“မျက်နှာပုံပန်းကကော၊ ဆံပင်က စပြောကွာ…”

“ခေါင်းတုံးဆံတောက်လို ဆံပင်မျိုး…”

“မျက်နှာက…”

“အင်း... မျက်နှာမှာ ဝက်ခြံတွေနဲ့”

“မင်းပြောတဲ့ပုံမျိုးက လူအများစုထဲကပုံပဲ၊ ဒီလောက်နဲ့တော့ မရသေးဘူး... ထူးခြားတာ ဘာရှိသလဲ၊ မျက်နှာမှာ အမာရွတ်ရှိတာတို့ လက်မှာ ဆေးမင်ကြောင် ထိုးထားတာတို့”

“အဲဒါတော့ သတိမပြုမိဘူး ဆရာ...”

“ကဲ… ဒါဆို နောက်တယောက်အကြောင်းပြော”

“နောက်တယောက်ကလည်း ဒီတိုင်းပဲ…”

“ဟေ့... ဘယ်လို”

အောင်ဘာလေသည် အတန်ကြာအောင် နှုတ်ခမ်းကိုက် စဉ်းစားနေပြီးနောက်...

“ဟာ… သိပြီ ဆရာ၊ သူတို့နှစ်ယောက်က တယောက်နဲ့ တယောက် ရုပ်ချင်း သိပ်တူတယ်၊ အမြွှာညီအစ်ကို ဖြစ်နိုင်တယ်...”

စခန်းမှူး၏မျက်နှာ ဝင်းလက်သွား၏။ နယ်ထိန်းကို လှမ်းကြည့်သည်။ နယ်ထိန်းက ဖြစ်နိုင်တယ်ဆိုသောသဘော ခေါင်းညိတ်ပြသည်။

စခန်းမှူးက…

“သူ့ကို စီအိုင်ဒီခေါ်သွားပြီး ဟိုကောင်တွေဓာတ်ပုံ ပြလိုက်ပါ...” ဟုပြောသည်။

အောင်ဘာလေကို စီအိုင်ဒ ီမှုခင်းမှတ်တမ်းဌာနခွဲသို့ ခေါ်သွားသည်။ ပြစ်ချက် ရှိခဲ့ဖူးသူများ၏ ဓာတ်ပုံတွေထားသော ဖိုင်တွဲထဲက ဓာတ်ပုံများကို ပြသည်။ အောင်ဘာလေက...

“ဟုတ်ပါတယ်၊ သူတို့ပါပဲ” ဟု ပြောသည်။

ဤသို့ဖြင့် ပိုက်စိပ်တိုက်ရှာဖွေရာ ဖောက်ထွင်းဝိဇ္ဇာ အေးမြင့်နှင့် အေးတင့်တို့ အမြွှာညီအစ်ကိုတို့အား ခိုးရာပါပစ္စည်းများနှင့်အတူ လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။

• • •

အောင်ဘာလေကို လွှတ်ပေးလိုက်သည်။ အောင်ဘာလေက ပြန်ခါနီး ကျေးဇူးတင်စကား ပြောနေတုန်း အဘွားကြီးတယောက် ဝင်လာသည်။ စခန်းမှူးက...

“အမေ... ဘာဖြစ်လို့ လိုက်လာတာလဲ” ဟု မေးသည်။ အဘွားကြီးက…

“အညာက မင်းဦးလေး ရောက်နေလို့ လာခေါ်တာ” ဟုပြောပြီး အောင်ဘာလေဘက် လှည့်သည်။ အောင်ဘာလေမှာ အံ့သြသွားပြီး...

“ဟင်… အမေကြီးပါလား”

လမ်းဖြတ်ကူးရာမှာ သူ ကူညီခဲ့ဖူးသော အဘွားကြီး ဒေါ်ကြင် ဖြစ်နေလေ၏။ အဘွားကြီးကလည်း အောင်ဘာလေကို စူးစိုက်ကြည့်ရာမှ လက်မောင်းကို ဝမ်းသာအားရ ဆုပ်ကိုင်ပြီး...

“အလို… မင်း... ဟိုသူငယ်ကိုးကွယ့်”

စခန်းမှူးမှာ မျက်လုံးပြူးသွားပြီး...

“သူက… သူက အမေနဲ့လည်း သိတယ်၊ ဟုတ်လား”

အဘွားကြီးက…

“ဟုတ်ပါ့ ... အမေ တခါပြောဖူးပါလား၊ လမ်းဖြတ်ကူးတဲ့အကြောင်း၊ အဲဒါ ဒီသူငယ်ပေါ့၊ အမယ်… ခုမှ သတိရတယ်၊ အမေ့အတွက် ဒဏ်ငွေဆောင်ဖို့ သူစိုက်ပေးခဲ့တဲ့ ငွေနှစ်ရာတောင် ပြန်မပေးရသေးဘူး၊ ဟဲ့... မင်းမှာ ငွေနှစ်ရာရှိရင် သူ့ကို ပေးလိုက်စမ်း”

“ဗျာ...”

“ဪ… ငွေနှစ်ရာ ပေးလိုက်ပါလို့”

“ဟုတ်... ဟုတ်ကဲ့”

စခန်းမှူးက အောင်ဘာလေကို တရာတန် နှစ်ရွက် ထုတ်ပေးရသည်။ အောင်ဘာလေက ငြင်းသည်။ အဘွားကြီးက အိတ်ထဲ အတင်းထည့်ပေးရသည်။ အောင်ဘာလေ ထွက်သွားပြီးနောက် စခန်းမှူးက ရေရွတ်သည်။

“ဒီလို တရားခံမျိုး တခါမှ မကြုံဖူးပေါင်ဗျာ...”

• • •

သည်လောက်နှင့် မပြီးသေး။ ဦးချစ်ထူးမှာ ဟိုတခါကလည်း အောင်ဘာလေကြောင့် ဆယ်သိန်းဆု ပေါက်ပြီးပြီ။ ခုတခါလည်း အောင်ဘာလေ ကူညီဖော်ထုတ်ပေးလို့ တရားခံတွေမိပြီး အခိုးခံရတဲ့ ပစ္စည်းတွေ ပြန်ရသည်။

ထို့ကြောင့် အောင်ဘာလေကို အလွန်ကျေးဇူးတင်မိ၏။ ဟိုတခါ အိမ်ကို လာလည်ဖို့ ဖိတ်သော်လည်း မရောက်ဖြစ်ခဲ့။ သည်တခါတော့ မလာမဖြစ် လာရမယ်ဆိုပြီး အိမ်ခေါ်၍ အကောင်းဆုံး ပြုစုကျွေးမွေးသည်။ အောင်ဘာလေမှာ ထိုအိမ်မှာပင် တခါတည်း နေဖို့အထိ ဖြစ်လာလေ၏။ အကြောင်းမှာ ဦးချစ်ထူး၏ သမီးကလေးသည် အလွန်လှသောကြောင့်ပင် ဖြစ်ပေသတည်း။

(ငိုအားနှင့် ရယ်အား စာအုပ် ၁၉၉၆ ဇွန်)


ဘုန်းကြီးပါးစပ်

 

စာချဆရာတော် ဦးလင်္ကာပြောတာ ကြားဖူးတယ်။ ဦးလင်္ကာဆိုတာက ကျုပ်တို့ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ခဲ့ရတဲ့ ကိုယ်တော်ပေါ့။ ကျုပ်တို့တွင် မကပါဘူး။ ဒကာ၊ ဒကာမတွေလည်း ကြောက်ကြရတာပါပဲ။

သူက လိုက်လိုက်လျောလျော အားနာပါးနာ လုပ်တတ်တာ မဟုတ်ဘူး။ စိတ်မထင်ရင် မထင်သလို ပြောချလိုက်တာ။ ဒကာ၊ ဒကာမတွေမှာလည်း လှူလည်းလှူရသေး။ အဆူအကြိမ်းလည်း ခံရသေးဆိုတော့ ကျုပ်တို့တောင် ကြားထဲက မျက်နှာပူရတယ်။ သူတို့ကလည်း သူတို့ပဲ။ လှူတာက တကျပ်ဖိုး ပကာသန လုပ်ချင်တာက ငါးထောင်ဖိုးဆိုတော့ ဦးလင်္ကာပါးစပ်နဲ့ တွေ့ကရောပေါ့။

တခါက ဦးလင်္ကာရဲ့ကျောင်းမှာ ရှင်ပြုရဟန်းခံပွဲ လုပ်တယ်။ အလှူအထမြောက်ပြီးလို့ ရေစက်ချတဲ့ အချိန်မှာပဲ ဓာတ်ပုံဆရာနဲ့ ဦးလင်္ကာ တွေ့တော့တာပါပဲ။

ဓာတ်ပုံဆရာဆိုတဲ့ ဒကာကလည်း နည်းနည်းကဲတာတော့ အမှန်ပဲ။ အလှူအတန်း တလျှောက်လုံးမှာ ရိုက်လိုက်တဲ့ဓာတ်ပုံဆိုတာ သူ့ကင်မရာက တဖျပ်ဖျပ် မီးလင်းနေတာများ မိုးတွင်းပြန်ရောက်လို့ လျှပ်စီးလက်နေသလား အောက်မေ့ရတယ်။ ရှင်လောင်းလှည့်တဲ့အချိန်၊ ကျွေးမွေးတဲ့အချိန် ရိုက်တာက ထားတော့။ ရေစက်ချ တရားဟောတဲ့အချိန်မှာပါ သူက လက်စွမ်းပြနေပြန်တာကိုး။

အမှတ်တရဖြစ်ရုံ တပုံနှစ်ပုံ ကိစ္စမရှိ။ ခုတော့ ဖလင် ဘယ်လောက် ပေါနေတယ် မဆိုနိုင်ဘူး။ ဟိုထောင့်က လှည့်ရိုက်လိုက်၊ သည်ထောင့်က လှည့်ရိုက်လိုက် တရားနာနေတဲ့လူတွေ ကြားထဲ ဝင်ရိုက်ရင်း တချို့လူတွေကို ခလုတ်တိုက်မိလို တိုက်မိ။

ဦးလင်္ကာလည်း တရားဟောနေတုန်းဆိုတော့ ဘာမှတော့ မပြောဘူး။ တချက်တချက် လှည့်ကြည့်တာတော့ တွေ့ရတယ်။ ထိုဒကာကလည်း ဘာမှမသိဘူး။ ရေစက်ချပြီး ဦးလင်္ကာက အလှူရှင်တွေကို အာလာပ သလ္လာပ စကားပြောနေတုန်း ဓာတ်ပုံဆရာက အလှူရှင်တွေရှေ့က ကွယ်ရပ်ပြီး ဦးလင်္ကာကို အနီးကပ် ဓာတ်ပုံရိုက်မယ်လည်းလုပ်ရော...

“ဟေ့ ဒကာ... ကျုပ်က ဘုန်းကြီးဗျနော်၊ ရုပ်ရှင်မင်းသားမဟုတ်ဘူး”

လို့ ပက်ခနဲ ပြောလိုက်တာ ဓာတ်ပုံဆရာလည်း ကြောက်ကြောက်လန့်လန့် ယောင်ယောင်ကန်းကန်းနဲ့ “ဆောရီးပါဘုရား” လို့ပြောပြီး တကြိုးတည်း လစ်ပြေးတော့တာပေါ့။

ဆရာတော် ဦးလင်္ကာက သူ့ကျောင်းမှာ အလှူလုပ်ရင် အသံချဲ့စက်နဲ့ သီချင်းဖွင့်တာတို့၊ အငြိမ့်တွေ ဆိုင်းဝိုင်းတွေ ထည့်တာတို့ မကြိုက်ဘူး။

ကျောင်းမှာလာလုပ်တဲ့ အလှူတခုအကြောင်း သတိရသေးတယ်။ အလှူရှင်က ဦးလင်္ကာရဲ့တပည့်ရင်းတယောက်ပဲ။ သူက အလှူမှာ ဆိုင်းဝိုင်းထည့်ပါရစေလို့ မရဲတရဲ လျှောက်တော့ ဦးလင်္ကာက တခွန်းတည်းပဲ။

“ကျုပ် ပွဲကန်ထရိုက်မဟုတ်ဘူး...” တဲ့။

အဲသည်ဒကာလည်း နောက်ထပ် မလျှောက်ရဲတာနဲ့ ကျုပ်ကို လာပြီး အပူကပ်တယ်။ ဆရာတော်ကို ပြောပေးပါဦးပေါ့။ အဲဒီအချိန်မှာ ကျုပ်က ဝါကလေးလည်း နည်းနည်းရလာ၊ သွက်သွက်လက်လက် ထက်ထက်မြက်မြက် ရှိလို့ဆိုပြီး ဦးလင်္ကာကလည်း နည်းနည်း အရေးပေးထားတဲ့သူဆိုတော့ အားကိုးရှာတာပေါ့လေ။

ကျုပ်လည်း ကြားထဲမှာ အခက်တွေ့တာပေါ့။ သည်ကိစ္စ ဦးလင်္ကာကို ဘယ်လိုမှ လျှောက်လို့ရမှာ မဟုတ်ဘူးဆိုတာ သိတယ်။ ထပ်ပြောရင်လည်း ကျုပ်ပါ အဆူအကြိမ်း ခံရမှာ။ တဖက်က ကြည့်ပြန်တော့လည်း အဲသည်ဒကာက ကျောင်းအတွက် အတော်ရက်ရက်ရောရော လှူထားတဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်။ သူကလည်း သူ့အလှူကို ခမ်းခမ်းနားနားလေး လုပ်ချင်ရှာမှာပေါ့။

သည်တော့ ကျုပ်လည်း နောက်မှ ဆူပူကြိမ်းမောင်းရင်လည်း ခံလိုက်တော့မယ်ဆိုပြီး အစီအစဉ်တခု လုပ်လိုက်ရတယ်။ အလှူကို ကျောင်းဝင်းထဲမှာ လုပ်ခိုင်းပြီး ဆိုင်းဝိုင်းကိုတော့ ကျောင်းပြင်က ကွက်လပ်ထဲမှာ ထားခိုင်းလိုက်တယ်။ ဆရာတော်စကားလည်း ပယ်ရှားရာ မရောက်အောင်၊ အလှူရှင်လည်း ကျေနပ်အောင် ဝိနည်းလွတ် လုပ်လိုက်ရတာပဲ။

အလှူလုပ်နေတဲ့အခိုက်မှာ ဟိုဒကာကတော့ သူ့လိုဘပြည့်လို့ ပျော်တပြုံးပြုံးပေါ့။ ကျုပ်မှာတော့ ရင်တထိတ်ထိတ်နဲ့။ ဆရာတော်များ ဘာပြောလိုက်မလဲလို့ စိုးရိမ်လိုက်တာ။ တော်ပါသေးရဲ့... မျက်နှာထား တင်းတင်းကြီးနဲ့ တချက် တချက် လှည့်ကြည့်တာကလွဲလို့ ဘာမှ မိန့်တော်မမူပေလို့သာပေါ့ဗျာ။

***

ကျုပ်တို့က အဲသည်လို ဆရာတော်မျိုးလက်အောက်မှာ နေလာခဲ့ရတာဆိုတော့ (အရပ်စကားနဲ့ ပြောရရင်) အပိုးကျိုးခဲ့တယ် ဆိုရပေလိမ့်မယ်။

ဦးလင်္ကာကျောင်းမှာ စာသင်သားအဖြစ် နေရတာ လွယ်တယ်များ မှတ်နေသလား။ ခပ်ချောင်ချောင် နေရစားရမယ်မှတ်လို့ ဝင်လာတဲ့လူဆိုရင်တော့ သုံးလေးရက်လောက်နဲ့ လူထွက်ပြီး ပြေးမှာအမှန်ပဲ။

စာသင်သားတွေရဲ့ တနေ့တာ အချိန်ဇယားကို ကြည့်ဦး။

မနက် ငါးနာရီထ၊ ဘုရားရှိခိုး၊ အရုဏ်ဆွမ်းစား၊ ခြောက်နာရီက ရှစ်နာရီထိ မနက်ပိုင်း စာဝါတက်၊ ပြီးရင် ရေချိုး၊ ဆွမ်းခံထွက်၊ ဆယ့်တစ်နာရီ ဆွမ်းစား၊ ဆယ့်နှစ်နာရီက တစ်နာရီထိ နားနေကျိန်းစက်၊ တစ်နာရီက လေးနာရီထိ နေ့လယ်စာဝါတက်၊ စာကျက်၊ လေးနာရီက ခြောက်နာရီထိ ရေချိုး စင်္ကြံလျှောက်၊ ခြောက်နာရီက ကိုးနာရီထိ ညပိုင်း စာဝါတက် စာကျက် ညကိုးနာရီ ဘုရားရှိခိုး ကျိန်းစက်ဖို့ အိပ်ရာဝင်။ ဥပုသ်နေ့တိုင်း ကျောင်းသန့်ရှင်းရေးလုပ်။ တနင်္ဂနွေ နံနက်လေးနာရီထ အရုဏ်ဆွမ်းခံထွက်၊ တပတ်စာ သင်ထားတဲ့စာတွေ နှုတ်တိုက်အာဂုံပြန်။

ကိုင်း... စိတ်လေလွင့်ဖို့ အချိန်မရအောင် ဘယ်လောက် အကွက်စေ့စေ့ စီစဉ်ထားတယ် ဆိုတာ တွေ့ပြီမဟုတ်လား။ ကျောင်းထဲမှာ နေတာ ထိုင်တာ၊ စားတာ သောက်တာ၊ လမ်းလျှောက်တာ၊ သင်္ကန်းရုံတာကအစ စည်းနှင့်ကမ်းနှင့်ဖြစ်အောင် အစဉ်ကြပ်မတ်နေတာကလား။

မနက်ဆွမ်းခံထွက်ခါနီး သင်္ကန်းရုံပြီးရင် ဆရာတော် ဦးလင်္ကာရှေ့မှာ တန်းစီ ရပ်ကြရတယ်။ ဦးလင်္ကာက တပါးချင်း သေသေချာချာ လိုက်စစ်ဆေးနေတာများ ဟိုကိုယ်တော်က သင်္ကန်းရုံတာ ရွဲ့စောင်းနေတယ်။ သည်ကိုယ်တော်ကတော့ သင်းပိုင်ဝတ်တာ တိုလွန်းတယ်။ ဟိုဘက်က ကိုယ်တော်က ခြေမျက်စိဖုံးနေပြီ စသည်ဖြင့်ပေါ့။

ဦးလင်္ကာက မကြာခဏ မိန့်လေ့ရှိတယ်။

“ကိုယ်တော်တို့ကို ဒကာဒကာမတွေက သူတို့စားမယ့် ထမင်းဟင်းထဲက ဖယ်ပြီး ဦးဦးဖျားဖျား လောင်းလှူတာ နှယ်နှယ်ရရ စေတနာ သဒ္ဓါတရား မဟုတ်ဘူး... ဒီတော့ ကိုယ်ကလည်း လူကြည်ညိုအောင် သိက္ခာရှိရှိ သေသေဝပ်ဝပ် နေတတ်ထိုင်တတ်ရမယ်...”

တချို့ ကိုယ်တော်တွေက ဆွမ်းခံကြွတဲ့အခါ သင်္ကန်းအဟောင်း အနွမ်းအစုတ်ကိုပဲ ရုံချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ကာ ဆွမ်းခံထွက်တယ် ဆိုတာက နေပူရင် ချွေးတရွှဲရွှဲ မဟုတ်လား။ အိမ်ကြိုအိမ်ကြား ဝင်ရ၊ ရွှံ့ဗွက်ထဲသွားရတော့ စုတ်မှာ ပြဲမှာ ရွှံ့စဉ်မှာ စိုးကြတာကိုး...။

သင်္ကန်းအကောင်းကို အလှူသွားမှ ဝတ်ချင်ကြတာ။

အဲဒါနဲ့ ပတ်သက်ပြီး ဦးလင်္ကာက...

“ကြီးကြီးကျယ်ကျယ် လှူမှ အလှူလို့ ထင်ကြသလား... နေ့တိုင်း နေ့တိုင်း ဝတ်မပျက် ဆွမ်းလောင်းတာကော အလှူမဟုတ်ဘူးလား၊ သူတို့ဟာ နေ့တိုင်း အလှူလုပ်နေကြတဲ့လူတွေ မဟုတ်လား”

လို့ဆိုတယ်။ ဆွမ်းခံကြတဲ့အခါ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ သင်္ကန်းဆိုရင် အကြည်ညို ပျက်စရာဖြစ်မယ်။ ဒကာ၊ ဒကာမတွေကို မ‌လေးမစား လုပ်ရာကျမယ်ဆိုပြီး ခပ်လတ်လတ် သင်္ကန်းတွေကို သပ်သပ်ရပ်ရပ် ရုံခိုင်းတယ်။

“ကိုယ်တော်တို့က ဘာသိသလဲ... ဘုန်းကြီးမှာ အနံ့ရှိတယ်ကွယ့်”

လို့ ဦးလင်္ကာက ပြောသေးတယ်။ ကျုပ်တို့လည်း အစကတော့ အမှတ်တမဲ့ပဲ။ သူပြောမှ သတိထားမိတော့တယ်…။ ဟုတ်တော့လည်း အဟုတ်သားဗျ။ ကျုပ်တို့ဘုန်းကြီးဆိုတာ လူတွေ အင်္ကျီအဝတ်အစား ခဏ ခဏ လဲသလို လဲလို့ရတာ မဟုတ်ဘူး။

ဒါ့အပြင် သင်္ကန်းဆိုတာကလည်း ပုဆိုးလို ပါးပါးလှပ်လှပ် သေးသေးကွေးကွေး မဟုတ်ဘူး။ အသားက ခပ်ပိန်းပိန်း၊ အနားတွေမှာ ထပ်ခေါက်ပြီး ချုပ်ထားတာ ရှိသေးတယ်။ ဖြန့်လိုက်ရင် အညာစောင် တထည်စာလောက် ရှိတာကိုး။ သင်းပိုင်နှင့် ဧကသီ နှစ်ခုပေါင်းလိုက်ရင် တော့ စောင်တထည်ကိုပတ်ပြီး ခြုံထားရသလို ဖြစ်မနေပေဘူးလား။ သည်တော့ ဘုန်းကြီးတွေဟာ များသောအားဖြင့် ချွေးတစိုစို ရှိတတ်တာပေါ့ဗျာ။

တခါ... သည်လောက်ကြီးတဲ့ သင်္ကန်းတွေကို မကြာခဏ လျှော်ဖို့ဆိုတာက မလွယ်ပေဘူး။ ဆပ်ပြာမတတ်နိုင်တာ၊ အချိန်မရတာက တကြောင်း။ တော်တော်နှင့်ခြောက်ဖို့ဆိုတာ မလွယ်တာတကြောင်းကြောင့် ဝတ်ထားတဲ့ သင်္ကန်းကို ချွေးခြောက်အောင်၊ သွေ့အောင် လွှားထားရတယ်။ နေနှင့် လေနှင့် လျှော်တဲ့သဘောပေါ့။ တထည်ကို လွှားထား၊ တထည်ကို ဝတ်၊ နောက်တနေ့ကျတော့ ဝတ်ထားတာကို လွှားပြီး လွှားထားတာကို ပြန်ဝတ်၊ သံသရာ လည်နေတာပေါ့။

ချွေးဆိုတာမျိုးကလည်း ခြောက်သွားပေမယ့် အနံ့ကတော့ ကျန်ခဲ့တယ် မဟုတ်လား။ သင်္ကန်းဟောင်းကို ပြန်ရုံရတဲ့အခါ အဲသည် ချွေးနံ့နှင့် နောက်ထပ်ထွက်တဲ့ ချွေးသစ် ပေါင်းပြီး ထွက်လာတဲ့ အနံ့ဟာ ဘုန်းကြီးနံ့ပဲကွလို့ ဦးလင်္ကာက သရုပ်ပြလေရဲ့။ ဟုတ်လည်း ဟုတ်တာပေါ့။ မိုးအခါများဆိုရင် သင်္ကန်းက ထိုင်းနေတော့ ပိုသိသာတယ်။

ကျုပ်တို့ ဘုန်းကြီးဆိုတာကလည်း လူတွေလို ကိုယ်လိမ်းပေါင်းဒါတို့၊ ကိုယ်နံ့ ပျောက်ဆေးတို့ လိမ်းလို့ ဖျန်းလို့ ဖြစ်တာမှ မဟုတ်ဘဲကိုး၊ ဒါကြောင့် သင်္ကန်းတွေကို တတ်နိုင်သမျှ သန့်သန့်ရှင်းရှင်းထား။ သုံးလေးရက် တခေါက်လောက် လျှော်ကြရတယ်။

သင်္ကန်းဆိုလို့ ပြောစရာတခု သတိရလာပြန်ပြီ။

တကယ်တော့ သင်္ကန်းဆိုတာ ဘုန်းကြီးတွေသာ ဝတ်ရ၊ ရုံရတာ ဖြစ်ပေမယ့် လူတွေက ဝယ်ပြီး ကပ်ရတာ မဟုတ်လား။ သင်္ကန်းအကြောင်းကို ဘုန်းကြီးက နားလည်တယ်။ သို့ပေမယ့် ကိုယ့်ဟာကိုယ် သွားဝယ်ရလေ့ မရှိဘူး။ လူတွေကတော့ သင်္ကန်းအကြောင်း ဘာမှမသိဘူး။ သို့ပေမယ့် ဘုန်းကြီးကပ်ဖို့ သွားဝယ်ကြရတယ်။ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး ဝိသမလောဘသမားတွေက အမြတ်ထုတ်ကြတယ်။

ဘယ်လိုလဲဆိုတော့ကာ…

တချို့က သင်္ကန်းကို ချုပ်တဲ့အခါ ဝိနည်းနဲ့အညီ မချုပ်ဘူး၊ ချုပ်ရိုးကွက်တွေ ပါရင်ပြီးရော ဆိုပြီး ဖြစ်သလို ချုပ်ထားတတ်ကြတယ်၊

တချို့ကတော့ တိုက်ဆွေးပိတ် အပေါစားတွေကို ဈေးချောင်ချောင်နဲ့ဝယ်၊ ဆေးဆိုး၊ ကော်ကပ်၊ မီးပူတိုက် ကျကျနန ခေါက်ပြီး ပလပ်စတစ် အိတ်ထဲထည့်၊ ကတ်ထူဘူးတွေ ဘာတွေနဲ့ဆိုတော့ ဒကာ၊ ဒကာမတွေကလည်း အကောင်းစားမှတ်ပြီး ဝယ်ယူကြတာပေါ့။ အဲသည် သင်္ကန်းမျိုးက တခါလျှော်လိုက်တာနဲ့ ဆေးတွေကွက်ပြီး မွဲခြောက်ခြောက် ဖြစ်သွား သုံးလေးခါ လျှော်ပြီးရင် ရိပြီး စုတ်ပြဲကုန်ရော။

သံဃာတော်တိုင်း တညီတညွတ်တည်း နှစ်သက်လက်ခံကြတာကတော့ ပြည်သူပိုင် စက်ရုံကထုတ်တဲ့ ယပ်တံဆိပ်သင်္ကန်းပါပဲ။ ဆေးရောင်နိုင်တယ်။ ကြာရှည်ခံတယ်။ ပေါ့ပါးတယ်။ တခုရှိတာ ယပ်တံဆိပ်သင်္ကန်းကို လိုသလောက် အလွယ်တကူ ဝယ်လို့မရတာဘဲ။ အပြင်မှာ ကျတော့လည်း ဈေးကြီးတယ်။ တချို့ ဒကာ၊ ဒကာမတွေက ဈေးကြီးရင် ကြီးပါစေဆိုပြီး ဝယ်လှူပြန်တော့လည်း တခါတလေ အတုနဲ့ မိတတ်သေးတယ်။

အတုလုပ်တဲ့လူတွေကလည်း တော်ပါ့။ ဖောင်းကြွ အသားတံဆိပ်တွေ ဘာတွေနဲ့ သပ်သပ်ရပ်ရပ် လုပ်ကြတာပဲ။ ဒါ့အပြင် ဘုန်းကြီးဆောင်း ထီးအရွက်ကို စက္ကူနဲ့လုပ်ပြီး အရောင်တင်ဆီ သုတ်ထားတာကရှိသေး။ မိုးရွာထဲ တခါလောက် ဆောင်းပြီးတယ်ဆိုရင်ပဲ ပျော့ဖတ်ကုန်တော့တာပေါ့။

အိမ်း... တယ်လည်း အကုသိုလ်ကြီးတာပါလားနော်။ လှူရတဲ့သူတွေမှာလည်း ငွေကုန်ရကျိုး မနပ်၊ အလှူခံပုဂ္ဂိုလ်မှာလည်း စိတ်အနှောင့်အယှက်ဖြစ်ရ၊ သူတို့မို့ ငရဲမကြောက် ဘာမကြောက် လုပ်ရဲပလေတယ်ဗျာ။ ဒါကြောင့်လည်း သိက္ခာရှိတဲ့ သင်္ကန်းတိုက်ကြီးတွေက “ဝိနည်းဓိုရ်နှင့်အညီ ချုပ်လုပ်ထားပါသည်” လို့ အာမခံပြီး ရောင်းနေကြရတာပဲ။ သည်လို သမ္မာအာဇီဝနဲ့ လုပ်တဲ့လူမျိုးတွေ ရှိပေလို့ တော်သေးတာပေါ့။

သည်နေရာမှာ သင်္ကန်းကပ်လှူခြင်းနဲ့ ပတ်သက်ပြီး နည်းနည်းတော့ ပြောချင်သေးသဗျ။ လူတွေနားလည်ထားတာက ဝါဆိုသင်္ကန်းဆိုရင် ဝါဆို လပြည့်နေ့မတိုင်ခင် ကပ်ရမယ်။ ကထိန်သင်္ကန်းက သီတင်းကျွတ် လပြည့်ကျော် တစ်ရက်ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ အတွင်းမှာ ကပ်ရမယ်။ သည်လိုကိုး။

သင်္ကန်းကပ်လှူရခြင်းရဲ့ အကြောင်းရင်းတွေက ရဟန်းတပါးဟာ ဝါဝင်ပြီ ဆိုတာနဲ့ ရောက်ရာအရပ်က ကျောင်းသင်္ခမ်းတခုမှာ ဝါဆိုရတယ်။ ဝါတွင်းကာလမှာ အရပ်တပါးကို ပြောင်းရွှေ့လို့ မရဘူး။ ဝါတွင်းဆိုတာကလည်း မိုးဥတုကာလဆိုတာ့ မိုးစိုရင်လဲဖို့၊ ဝါတွင်းမှာဝတ်ဖို့ သင်္ကန်း လိုလာပြီ။ အဲသည်အတွက် ကပ်လှူတဲ့သင်္ကန်းကို ဝါဆိုသင်္ကန်းလို့ ခေါ်တယ်။

ကထိန်သင်္ကန်းကျတော့ ဝါတွင်းတခုလုံး ဝါဆိုခဲ့ကြရတဲ့ ရဟန်းတွေဟာ သီတင်းကျွတ်တဲ့အခါ လိုရာခရီးကို ကြွကြရမယ်။ ပြီးတော့ မိုးတွင်းတခုလုံး ဝတ်ထားတဲ့ သင်္ကန်းတွေက မိုးဒဏ်၊ လေဒဏ်ကြောင့် ဟောင်းနွမ်း စုတ်ပြဲနေပြီ။ ဒါကြောင့် ကထိန်သင်္ကန်း ကပ်လှူကြရတယ်။

သင်္ကန်းနဲ့ ပတ်သက်ပြီး လူတွေမှာ အစွဲတခုရှိတယ်။ သင်္ကန်း ကပ်လှူရာမှာ သတ်မှတ်ထားတဲ့ လပြည့်နေ့အတွင်း အချိန်မီကပ်နိုင်မှ ကုသိုလ်ရတယ်လို့ ထင်တတ်ကြတာပဲ။

တကယ်တော့ ခုလိုအချိန်ကာလ သတ်မှတ်ပေးထားရတဲ့ အကြောင်းရင်းက အမှန်တကယ် လိုအပ်နေတဲ့အချိန်မှာ လူတွေအနေနဲ့ လှူဒါန်းဖို့ သတိရအောင် နှိုးဆော်တဲ့ သဘောပါပဲ။ သတ်မှတ်ကာလကျော်ရင် လှူလို့ မရတော့ဘူးရယ်လို့တော့ ပညက်ချက် မရှိပါဘူး။

လှူတယ်ဆိုတာ ကောင်းမှုကုသိုလ် ပြုတာပါပဲဗျာ။ ဘယ်အချိန် လှူလှူ ဘယ်တော့ လှူလှူ ကုသိုလ်ရတာချည်းပါပဲ။

တချို့အလှူရှင်တွေက ဒါကို ကောင်းကောင်း သဘောမပေါက်ဘူး။ သတ်မှတ်ချိန်အတွင်း မဖြစ်မနေ လှူနိုင်အောင် အပင်ပန်းခံ ကြိုးစားကြရတယ်။ သင်္ကန်းတွေကလည်း ခါတော်မီ ဈေးတက်နေပြီ။

တချို့ကတော့ ကထိန်ကာလအတွင်းမှာ လှူချင်ပေမယ့် ငွေကြေး မပြည့်စုံလို့ မလှူနိုင်ဘူး။ အဆင်ပြေတဲ့အချိန်ကျတော့ တန်ဆောင်မုန်း လပြည့်ကျော်သွားလို့ မလှူဖြစ်တော့ဘူး။ တကယ်တမ်းကတော့ သတ်မှတ်ကာလ လွန်သွားပေမယ့်လည်း အရန်သင်္ကန်း အဖြစ် လှူလို့ရပါတယ်။

တခုပဲရှိတာက ကထိန်သင်္ကန်းဟာ အလှူခံရဟန်းတွေအတွက် အထူးအခွင့်အရေးတွေ ရရှိနိုင်တဲ့အကြောင်းပါပဲ။ အဲဒါတွေကတော့…

ကထိန်ခင်းတဲ့ သံဃာတော်တပါးဟာ ပင့်ဖိတ်ထားတဲ့ ဒကာတဦးထံ အထက်ဆရာတော် တွေဆီမှာ ခွင့်မပန်ဘဲ သွားလာနိုင်တယ်။

သင်္ကန်းနဲ့ ညဉ့်ကင်း၍ နေသော်လည်း အာပတ်မသင့်နိုင်ဘူး။ အရပ်စကားနဲ့ သာမန် ပင့်ဖိတ်တဲ့ဆွမ်းကို ဘုဉ်းပေးသော်လည်း အာပတ်မသင့်နိုင်ဘူး။

ရသမျှသောသင်္ကန်း စသည်တို့ကို အဓိဋ္ဌာန်မတင်ဘဲ ထားနိုင်တယ်။

ကျောင်းတိုက်အတွင်း ရလာသမျှ သံဃိကသင်္ကန်းများကို သိမ်းဆည်းထားနိုင်တယ်။

ဒါကြောင့်လည်း “ဘုန်းကြီးဆူတုန်း တန်ဆောင်မုန်း” လို့ အဆို ရှိတာပဲ။ ဆူတယ်ဆိုတာက ဆူဆူပူပူလုပ်တာကို ပြောတာမဟုတ်ဘူး။ ဆူဖြိုးတာကို ဆိုလိုတာ။

အလှူတွေကလည်း တယ်ပေါသကိုးဗျ။ စနေ၊ တနင်္ဂနွေနေ့တိုင်း ဥပုသ်တိုင်းလိုလို အလှူတွေ ရှိတတ်တယ်။ အဲသည်ကာလဟာ ကျောင်းထိုင်ဆရာတော်ကြီးတွေ၊ တိုက်အုပ် ဆရာတော်ကြီးတွေကလည်း အလိုက်အလျောက်တော့ လွတ်လပ်ခွင့်ပေးကြပါတယ်။ ကျောင်းမှာ အလှူရှိတဲ့အခါ ဆိုင်းဝိုင်းလေး၊ အငြိမ့်ကလေး၊ ရုပ်ရှင်လေး ဗီဒီယိုကလေးကလည်း ပါတတ်တယ် မဟုတ်လား။

အမှန်တော့ ဘုန်းကြီးဆိုတာ ပွဲမကြည့်ရဘူးဗျ။ သို့ပေမယ့် တချို့ကတော့ ဇာတ်ပွဲဆိုတာ နိပါတ်တော်တွေကိုလည်း ကပြတာဖြစ်တဲ့အတွက် ကြည့်ထိုက်တယ်ဆိုပြီး ခွင့်ပြုခဲ့ကြသေးတာပဲ လေ။

ကိုင်း... ဘုန်းကြီးများ တယ်လီဗေးရှင်းကော ကြည့်သင့်သလားတဲ့။ ဒါတော့ ပြောရခက်သားကလား။ တယ်လီဗေးရှင်းဆိုတာက ဖျော်ဖြေမှုတခုတည်း မဟုတ်ဘူး။ သိသင့်သိထိုက်တဲ့ သတင်းတွေ၊ ဗဟုသုတ ဖြစ်စရာတွေလည်း ပါသေးတာကိုး။ အဲ… နိုင်ငံခြား ဇာတ်လမ်းတွေထဲမှာ တခါတခါ ကိုးရိုးကားရားတွေ ပါတာလည်း ရှိတာပေါ့။

သည်တော့ ကြည့်သင့်ကြည့်ထိုက်တာလေးတွေ ရွေးကြည့်ရင် အာပတ်မသင့်ဘူး ထင်တာပဲ။ ပြသမျှ အကုန်ကြည့်မယ်ဆိုရင်တော့ အင်း… ခက်တာက မြတ်စွာဘုရားရှင် လက်ထက်တော်က တယ်လီဗေးရှင်းဆိုတာလည်း မပေါ်သေးတော့ အဲဒါနဲ့ ပတ်သက်လို့ ပညတ်မှု မရှိခဲ့ပေဘူးပေါ့။

ကျုပ်လည်း တယ်လီဗေးရှင်းကို ကြည့်တော့ ကြည့်ဖူးပါတယ်။ မနက်ဆွမ်းခံထွက်တဲ့ အချိန်နဲ့ မြဝတီရုပ်မြင်သံကြား ပြတဲ့အချိန်က အံကိုက်ပဲကိုး။ သည်တော့ ဆွမ်းခွက် သွားထည့်နေတုန်း အိမ်ရှေ့ခန်းမှာ ထိုင်စောင့်ရင်း တစေ့တစောင်း ကြည့်ဖူးပါရဲ့။ တခါတခါ ပြနေတဲ့ အစီအစဉ်က စိတ်ဝင်စားစရာ ကောင်းနေတုန်း ကျုပ်က ဆွမ်းခံဖို့ ရောက်သွားရော။ သည်အခါမှာ အမေလုပ်တဲ့လူက…

“ဟဲ့ သမီးကြီး... ဘုန်းဘုန်း ဆွမ်းခံကြွလာတယ်”

လို့ တီဗွီကနေ မျက်နှာမလွှဲဘဲ လှမ်းပြော။ သမီးကြီးက တခါ…

“ညီမလေး… ဆွမ်းဟင်းခွက် သွားယူချေ...”

လို့ တာဝန်လွှဲ၊ ညီမက…

“အမယ်... မမသွားယူပါလား... ခါတိုင်း မမပဲ ဆွမ်းလောင်း‌နေကျပဲဟာဟာ…”

ဆိုပြီး တွက်ကပ်နေကြတော့ အဖေလုပ်တဲ့သူက ဒေါသဖြစ်ပြီ ထကြိမ်းရော။

“ဖြည်းဖြည်းပေါ့ ဒကာကြီးရာ... ရပါတယ်...”

လို့ ကျုပ်က ပြောရတယ်။ ကျုပ်ကလည်း ပြနေတဲ့ အစီအစဉ်ကို နည်းနည်းစိတ်ဝင်စားပြီး ကြည့်ချင်ချင် ဖြစ်သွားတာကိုး။ ပြနေတာက သန္တိသီဒါဆိုတဲ့ဇာတ်။ အနော်ရထာတို့၊ ရှင်အရဟံတို့ အကြောင်းဆိုတော့ စိတ်ဝင်စားမိတာပေါ့။

တယ်လီဗေးရှင်းကို ကျုပ် သေသေချာချာ အစအဆုံး ကြည့်ဖူးလိုက်တာကတော့ ဒကာကြီး ဦးသုခရဲ့ ကျေးဇူးကြောင့်ပဲ။ ဦးသုခရိုက်တဲ့ ရဟန်းစားရသော ဆွမ်းတနပ်ဆိုတဲ့ ဇာတ်လမ်းက တယ်လူပြောများတာပဲ၊

ပထမတခါပြတုန်းက ကြည့်လိုက်ရတဲ့လူတွေ ကျုပ်ဆီလာပြီး ဇာတ်လမ်းအကြောင်း ပြောကြ၊ မေးမြန်းကြပေါ့။ နောက်ထပ်တခါ ထပ်ပြတဲ့အခါကျတော့ ဘုန်းကြီးလောကမှာတောင် သည်ဇာတ်ကားမှ မကြည့်ဖူးရင် ခေတ်မမီသလို ဖြစ်လာတော့တာကိုး။ ဘုန်းကြီးတွေ စုမိတဲ့အခါ အဲသည်အကြောင်း ပြောကြ ဆိုကြ ဆွေးနွေးကြရော။ မကြည့်ရသေးတဲ့ ကိုယ်တော်တွေက ပါးစပ်အဟောင်းသားနဲ့ ဘေးက နားထောင်ရုံသက်သက် ဖြစ်လာတယ်။

သည်တော့ မဖြစ်ချေပါဘူးဆိုပြီး ဒကာရင်းတယောက်ကို အပူကပ်ရတယ်။ ကံကောင်းချင်တော့ အဲသည်ဇာတ်ကား ဒုတိယတခါ ပြတုန်းက ကူးယူထားလို့ သူ့မှာ ရှိပါသတဲ့။ ဒါနဲ့ တရက်တော့ အဲသည် ဒကာအိမ်သွားပြီး ကြည့်လိုက်ရတယ်။

အိမ်း... ပြောမယ်ဆိုလည်း ပြောလောက်စရာပေပဲကိုး။ အင်မတန် ရည်ရွယ်ချက် ကောင်းမွန်တဲ့ ဇာတ်ကားပါပဲ။ ဦးသုခကိုလည်း ကျေးဇူးတင် ချီးမွမ်းထိုက်ပါတယ်။ အဲသည် ဇာတ်ကားကြောင့် လူတွေက ရဟန်းသံဃာကို ပိုပြီး ကြည်ညို လေးစားရကောင်းမှန်း သိလာကြတယ်။ အဲ... ဘုန်းကြီးတွေ အနေနဲ့လည်း လူကြည်ညိုအောင် နေတတ်ထိုင်တတ်ရမယ် ဆိုတာ သတိပြုမိစေတယ်။

ဟောဗျာ... ကထိန်အကြောင်း ပြောရင်းကနေ ဘယ့်နှယ် ဘယ့်နှယ်... တယ်လီဗေးရှင်း အကြောင်း ရောက်သွားမှန်း မသိပါဘူး။ အဲဒါ ပြောတာပေါ့။ ဘုန်းကြီးပါးစပ်ဆိုတာ ဘရိတ်ရှိတာ မဟုတ်ဘူးလို့။

ဘုန်းကြီးဆိုတာ သည်လိုပဲဗျ။ လူတွေလို မိသားစုနှင့် ဝိုင်းဖွဲ့ စကားပြောတာတို့၊ မိတ်ဆွေ သင်္ဂဟတွေနှင့် လက်ဖက်ရည်ဆိုင်ထိုင် စကားပြောတာတို့ လုပ်ခွင့်မရတော့ ကြုံကြိုက်လို့ စကားပြောဖော် ရပြီဆိုတာနှင့် စိတ်ကူးမိသမျှ လျှောက်ပြောချတော့တာပဲ။

တခါတခါတော့ ခွကျကျတွေတောင် ဖြစ်ရတယ်။ ကျုပ်တို့ စာသင်သားဘဝက တခါကြုံဖူးတယ်။ အသုဘ ရက်လည်ဆွမ်းကျွေး ဖိတ်ထားတာ ရှိတယ်။ ဆရာတော် ဦးလင်္ကာက သူ့မယ်တော်ကြီး နေမကောင်းလို့ ရွာကို ဦးဆောင်ပြီး ဆွမ်းစားကြွကြတယ်။ ကျုပ်ကတော့ ပဉ္စင်းလေးဆိုတော့ နောက်လိုက်အဖြစ် ပါသွားတာပေါ့။

အဲသည် လက်ထောက်ကိုယ်တော်ကလည်း တရားမဟောတာက ကြာလို့ အခွင့်အရေး ရခိုက် အားရပါးရ ဟောမယ်လို့ အားခဲထားတာ ထင်ပါရဲ့ ရေစက်ချတရားကို ဟောလိုက်တာ ရေစက်ခွက်ကုန်လို့လည်း မပြီးနိုင်လို့ အောက်ခံခွက်ထဲကရေကို ရေစက်ခွက်ထဲ ပြန်ထည့်ရတာပေါ့။ အလှူရှင် မိန်းမခမျာလည်း… “ကိုဘယ်သူရေ… အမျှ… အမျှ… အမျှ” လို့ အော်ပြီး ချုံးပွဲချ ငိုချင်လှပြီ ဖြစ်ပေမယ့် တရားက မချနိုင်သေးလို့ အောင့်ထားရရှာတယ်။

ပြောရင်းဆိုရင်း ကျုပ်လည်း စကားကြော ရှည်သွားမိပြန်ပြီ။ ထူးပါဘူး။ ပြောလက်စနှင့် ပြောရတော့မှာပဲ။

ကျုပ်စိတ်ထဲ မတင်မကျ ဖြစ်နေတာလား တခုရှိသဗျ။ လက်ပတ်နာရီကိစ္စပေါ့။ သံဃာတော်တွေဟာ လက်ပတ်နာရီ ပတ်ခွင့်မရှိဘူးလေ။ သံဃာတော် လက်ဝတ်ရတနာ မဝတ်ရ ဆိုတဲ့ ပညက်ချက်ထဲမှာ လက်ပတ်နာရီကော ပါသွားခဲ့တာပဲ။ တကယ်တော့ အချိန်နာရီ သိရဖို့အတွက် အသုံးဝင်တဲ့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတခုပါ။

ခရီးသွားတဲ့အခါ မွန်းမတည့်မီ ဆွမ်းကွမ်းကိစ္စဆောင်ရွက်ဖို့ နာရီက လိုတယ်မဟုတ်လား။ လက်မှာပတ်လို့ မဖြစ်တော့ အိတ်ထဲ ဆောင်ထားရတာပေါ့။ သည်လိုနှင့် အိတ်ဆောင်နာရီကလေး တွေ ဘုန်းကြီးနာရီလို့တောင် အမည်တွင်ခေါ်ကြသေးတယ်။

ခုခါမှာ အဲသည် ဘုန်းကြီးနာရီတွေကလည်း ရှားလာပြီ။ ဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်လို့ မရတော့ဘူး။ တချို့ဆိုင်တွေမှာ ရှားရှားပါးပါး တွေ့ပြန်တော့လည်း ဈေးကြီးတယ်။

လက်ပတ်နာရီဆိုတာ ပရိက္ခရာရှစ်ပါးထဲ မပါတော့လည်း ခက်သားပေါ့။ အိမ်း... မျက်မှန်တော့ တပ်ခွင့်ရထားပေလို့ တော်သေးတယ်။

ကိုင်း… ကိုင်း... ကထိန်အကြောင်း ပြန်ဆက်ကြဦးစို့၊ တန်ဆောင်မုန်းလပြည့်ကျော်လို့ ကထိန်ပွဲတွေ ပြီးပြီဆိုမှဖြင့် ကျုပ်တို့ အလုပ်ရှုပ်ရတာ တခုရှိတယ်။ ပဒေသာပင် လုပ်ထားတဲ့ ငွေစက္ကူတွေကို ပြန်ဖြုတ်ရတဲ့ကိစ္စပါပဲ။

လှူတဲ့လူတွေကလည်း သူတို့ရဲ့ ပဒေသာပင်ကလေးကို လှလှပပ ဖြစ်စေချင်ကြတာပေါ့။ ဒါမှ ကထိန်လှည့်တဲ့အခါ သားသားနားနား ဖြစ်မယ် မဟုတ်လား။ သည်တော့ ငွေစက္ကူတွေနှင့် ဆင်ရုပ်တွေလုပ်၊ နဂါးရုပ်တွေလုပ်၊ ပြာသာဒ်ပုံတွေလုပ်၊ လှမယ်ထင်တဲ့ ပုံစံမျိုးစုံ အပြိုင်အဆိုင် လုပ်ကြရော။

ကထိန်ပွဲပြီးလို့ ပဒေသာပင်တွေ ကျုပ်တို့ကျောင်း ရောက်လာတဲ့အခါ ကျုပ်တို့လည်း အလုပ်ရှုပ်ရောဗျာ။ ဘာကြောင့်လဲဆိုတော့ တချို့က ငွေစက္ကူတွေကို အပ်ချုပ်စက်နှင့် တွဲချုပ်ထားကြတာကိုး။ သည်တော့ကာ အပ်ချည်ကြိုးတွေ ဖြုတ်ရတာ အလုပ်တခု။

တချို့ကျတော့လည်း အရုပ်တွေ လုပ်ရာမှာ ခိုင်ခံ့အောင် ကော်နှင့် ကပ်ထားကြတယ်။ သည်အတိုင်း ဆွဲခွာရင် ငွေစက္ကူတွေ ပြဲစုတ်ကုန်မှာစိုးလို့ ရေစိမ်ထားရတော့တယ်။ ကော်တွေ ပျော်ကုန်ပြီဆိုမှ အသာဆွဲခွာ ကော် အကြွင်းအကျန်ကုန်အောင် ဆေးပြီးမှ အခြောက်ခံထားရတယ်။ ခြောက်သွားတော့လည်း ငွေစက္ကူတွေက တွန့်တွန့်လိပ်လိပ် ဖြစ်နေတတ်လို့ စာအုပ်ထူထူကြားမှာ ညှပ်ပြီး ဖိထားရသေးတယ်။

နောက်တခုကတော့ ကထိန်ကာလပြီးခါစမှာ ကျုပ်တို့ ဘုန်းကြီးကျောင်းတွေဆီကို တကျောင်းပြီး တကျောင်း လှည့်ပြီး “သင်္ကန်းပြန်ရောင်းဖို့ ရှိသလား ဘုရား” လို့ လိုက်မေးလျှောက်တဲ့လူတွေ ရောက်လာတတ်တဲ့ကိစ္စပဲ။

ကထိန်မှာ အကပ်ခံထားရတဲ့ သင်္ကန်းတွေကို ပြန်ကောက်တဲ့သူတွေပေါ့။ ကောက်ပြီး ဘယ်ဆိုင်တွေ သွားပြန်သွင်းသလဲတော့ မပြောတတ်ဘူး။

တချို့ကျောင်းတွေက ကထိန်ကာလမှာ သင်္ကန်းတွေ လိုတာထက် ပိုပြီးရတယ်။ ဒါပေမဲ့ ကျောင်းက စာသင်သားတွေအတွက် စာအုပ်တို့ စာရေးကိရိယာတို့၊ ကျောင်းမှာ ခိုလှုံနေတဲ့ ဘုန်းကြီး ကျောင်းသားလေးတွေရဲ့ စားဝတ်နေရေးတို့အတွက်ကျတော့ မပြည့်မစုံ ဖြစ်နေတယ်။ သည်တော့ ပိုနေတဲ့ သင်္ကန်းတွေကို ပြန်ရောင်းပြီး လိုအပ်တဲ့ စာအုပ်၊ စာရေးကိရိယာ၊ ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ငါးခြောက် စတဲ့ပစ္စည်းတွေ ပြန်ဝယ်ရတယ်။ သည်အချက်ကို သိနေတဲ့လူတွေက ကျောင်းတိုက်တကာ လှည့်ပြီး သင်္ကန်း လိုက်ကောက်ကြတာပဲပေါ့။ ကျုပ်တို့ဆရာ ဦးလင်္ကာတို့လို ဆရာတော်မျိုးတွေနှင့် တွေ့ရင်တော့ အဲသည်လူတွေကို “ကျုပ် သင်္ကန်းပွဲစား မဟုတ်ဘူး” လို့ ပြောလွှတ်မှာ သေချာတယ်။

သင်္ကန်းဆိုတာ ပြန်ရောင်းအပ်တဲ့ပစ္စည်း ဟုတ်မဟုတ် ဆိုတာတော့ ပြောရခက်တယ်။ ကထိန်သင်္ကန်းဆိုတာက ပုဂ္ဂိုလ်ကို အစွဲပြုပြီး လှူရတာမျိုးပါ။ ဒါ့အပြင် သင်္ကန်းတွေကို အမြတ်အစွန်း အလို့ငှာ ပြန်ရောင်းခြင်း မဟုတ်ဘဲ ပရိယတ္တိကိစ္စအတွက် အသုံးပြုဖို့သာ ရည်ရွယ်ခြင်း ဖြစ်တဲ့အတွက် အပြစ်တော့ မရှိတန်ကောင်းဘူးလို့ ယူဆရတာပဲလေ။

ဆရာတော်ဦးလင်္ကာတို့လို တိတိကျကျ လိုက်နာစောင့်ထိန်းတဲ့ ဆရာတော်ကြီးတွေလည်း အများအပြား ရှိပါတယ်။

ကျုပ်တို့ကတော့ ခေတ်ဘုန်းကြီးလို့ ဆိုရမလားမသိ။ ပဓာနကျတဲ့ ဝိနည်းသိက္ခာပုဒ် တွေကို တိတိကျကျ လိုက်နာတယ်။ သာမန်အသေးအဖွဲ ကလေးတွေကျပြန်တော့ အခြေအနေအရ လိုတိုးပိုလျှော့ လုပ်ရတာပေါ့။

ခေတ်က ပြောင်းနေတာ မဟုတ်လားဗျ။ ဥပမာ ဘုန်းကြီးရဟန်းများဟာ ပိုက်ဆံ ငွေကြေးကို ကိုင်တွယ်သုံးစွဲခြင်း မပြုရဘူးလို့ ပညတ်ချက် ရှိတယ်။ ဒါကြောင့်လည်း ဘုန်းကြီးကို ငွေလှူတဲ့အခါမှာ ဘုန်းကြီးရဲ့လက်နဲ့ ငွေစက္ကူ မထိအောင် စာအိတ်ထဲ ထည့်ပေးထားရတယ်။

လှူတဲ့ပုဂ္ဂိုလ်က တစုံတခုကို ရည်စူးပြီး လှူရင် အဲသည် ရည်စူးချက်အတွက်ပဲ သုံးခွင့် ရှိတယ်။ “ကျောင်းပြင်ဖို့အတွက်ပါ ဘုရား” လို့ ပြောလှူရင် ကျောင်းပြင်ရာမှာပဲ သုံးရတယ်။ “သင်္ကန်းတစုံအတွက်ပါ ဘုရား” ဆိုရင်လည်း ထို့အတူပဲ။ တခြားကိစ္စ သုံးလို့မရဘူး။ “နဝကမ္မပါ ဘုရား” လို့ ပြောပြီး လှူရင်တော့ လိုရာသုံးလို့ရတယ်။

ကောင်းပြီ။ အလှူငွေလက်ခံရာမှာ လက်နဲ့မထိအောင်ယူလို့ရပြီ။ တချို့ မသိနားမလည်လို့ ဝတ္ထုကို စာအိတ်နဲ့မထည့်ဘဲ ကပ်ရင်တောင် ဘုန်းကြီးက ယပ်တောင်ကလေး ထိုးခံလိုက်လို့ ရသေးတယ်။

အဲသည်ငွေတွေကို ပြန်သုံးပြီ ဆိုတဲ့အခါကျတော့ မကိုင်ချင်လို့ မရတော့ဘူး။ ဥပမာ ကျုပ်က ကိစ္စရှိလို့ အငှားကားတစင်း ငှားတယ်ဆိုပါတော့။ ဘယ်လောက်ပေးရမလဲ မေးတဲ့အခါ ကားဒကာက “တရာ့ငါးဆယ်ပဲ စွန့်ပါဘုရား” လို့ ပြောပြီဗျာ။ ငွေတရာ့ငါးဆယ်ကို စာအိတ်ထဲ ထည့်ပြီး သူ့ကို ပေးရမလား။ ခေါင်းကိုက်လို့ ကွမ်းယာဆိုင်မှာ ပါရာစီတမော ဝယ်ပြီဆိုပါတော့။ တလုံး နှစ်ကျပ်ကို စာအိတ်ထဲ ထည့်ပေးရမလား။

ဘယ်ဖြစ်မလဲ။ ဒါမျိုးကျတော့လည်း ငွေကို ကိုင်တွယ်ရတော့တာပါပဲ။ စိတ်ထဲမရှင်းရင် ညကျမှ အာပတ်ဖြေတော့ပေါ့။ ဆရာတော်ကြီးတွေကတော့ ကပ္ပိယကို ငွေကိုင်ခိုင်းတယ်။ အလိုရှိရာကို ကပ္ပိယကပဲ ဝယ်ခြမ်းပေးရတယ်။

ကျုပ်တို့ကတော့ သည်လောက်လည်း ဘုန်းကံရှိတာ မဟုတ်ဘူး။ နေရာတကာတိုင်း လည်း ကပ္ပိယကို ဘယ်ခေါ်သွားနိုင်ပါ့မလဲ။ နောက်တခုက ဘုန်းကြီးရဟန်းများဟာ မာတုဂါမနဲ့ အတူ တမိုးအောက်မှာ ကျိန်းစက်ခြင်း မပြုရလို့ ဆိုထားပေမယ့် ခရီးသွားတဲ့အခါ တခါတလေ တည်းခိုခန်းမှာ ဝင်တည်းသင့် တည်းရတာပါပဲ။

ပြီးတော့ တခါ မြို့လယ်မှာရှိတဲ့ တိုက်ခန်းတခန်းက ဆွမ်းစားဖိတ်တယ် ဆိုပါစို့။ အဲသည် တိုက်ခန်းကလည်း ရှစ်ထပ်တိုက်ရဲ့အောက်ဆုံး မြေညီထပ်ဖြစ်နေတယ် ဆိုပါစို့။ အခန်းရဲ့အပေါ်မှာ တခြား အခန်းပေါင်း ခုနစ်ခန်း ရှိနေတယ်။ အဲသည် အခန်းတွေမှာ မိန်းမတွေရှိနေမှာ အမှန်ပဲ။ သူတို့ရဲ့အောက်မှာရှိတဲ့ အခန်းမို့ မဝင်ချင်ဘူးဆိုလို့ ဘယ်ဖြစ်ပါ့မလဲ။

အဲသည်လိုသာ တွက်ကြေးဆိုရင် အပေါ်ဆုံးထပ် တခန်းတည်းမှာပဲ ဘုရားစင် ထားရတော့မလို ဖြစ်နေမှာပေါ့။ မြို့ပြလူနေမှုစနစ်ရဲ့ တိုက်ခန်းကျဉ်းကလေးတွေထဲမှာ ဘုရားစင် အတွက် မမေ့မလျော့ဘဲ ကတ်ကတ်သတ်သတ် နေရာပေးထားတာကိုပဲ ကျေးဇူးတင်ရပေဦးမယ်။ သည်တော့ အပေါ်ထပ်တွေ ဘာတွေကို အာရုံထဲ မထားနဲ့။ ရောက်နေတဲ့ အခန်းရဲ့ပိုင်နက် အဝန်းအဝိုင်းကိုသာ အသိအမှတ်ပြုပြီး အဲသည်အခန်းရဲ့ အမြင့်မြတ်ဆုံး နေရာမှာသာ စံမြန်းဖို့ ပဓာနထားရတော့တာပေါ့။

ခေတ်ကြီးက ပြောင်းလဲတိုးတက်နေတယ်။ လူတွေကလည်း ခေတ်နဲ့အညီ ပြောင်းလဲနေတယ်။ ကျုပ်တို့ဟာ တောမှီရဟန်း မဟုတ်တော့။ လူတွေနဲ့ ကင်းကွာပြီး နေလို့မရဘူး။ ညီညွတ်အောင် ထိန်းကျောင်းနေထိုင်ကြရတာပဲ။ ဒါမှလည်း သာသနာတော်ကြီး တည်တံ့ ပြန့်ပွားမယ် မဟုတ်လား။

တကယ်တော့လည်း ဘုန်းကြီးနဲ့ လူဆိုတာ တမြေတည်း တရေတည်း ဆက်စပ် နေထိုင်ကြပြီး အစဉ်ထိတွေ့ ဆက်ဆံမှုရှိပေမယ့် စရိုက်သဘာဝချင်းက လုံးဝ တူတာမဟုတ်ဘူးဗျ။ သည်တော့ တခါ တခါ ဘုန်းကြီးနဲ့ လူကြားမှာ ခွကျတာလေးတွေ ဖြစ်တတ်တာပေါ့။

ခုချိန်မှာ လူတော်တော်များများဟာ ဘာသာရေးကို လိုက်စားလာကြတယ်။ အလှူဒါန ပြုသူတွေ ပေါများလာတယ်။ ဒါဟာ ကျေနပ်ဝမ်းသာစရာ အချက်ပဲ။

သို့ပေမယ့် တချို့လူတွေမှာ မသိနားမလည်တာလေးတွေ ရှိနေသေးတယ်။ ဥပမာ ဆိုပါတော့ ရှိခိုးကန်တော့တဲ့ကိစ္စ။

လူအတော်များများဟာ ဘုရားကိုပဲဖြစ်ဖြစ်၊ ဘုန်းကြီးရဟန်းကိုပဲဖြစ်ဖြစ်၊ လူကြီးမိဘ ဆရာသမားကိုပဲဖြစ်ဖြစ် ကန်တော့တဲ့အခါ လက်အုပ်ချီပြီး ဦးသုံးကြိမ်ချလိုက် ပြီးရော ထင်နေကြတာ။

တကယ်က ထိခြင်းငါးပါးနဲ့ စနစ်တကျ ရှိခိုး ကန်တော့တတ်ဖို့ လိုတယ်။ ဘယ်လိုလဲဆိုတော့ ဦးစွာ ဆောင့်ကြောင့်ထိုင်ရမယ်။ ဒူးနှစ်ဖက်ကို စေ့ထားရမယ်။ တံတောင်ကို ဒူးနှစ်ဖက်နဲ့ထိပြီး လက်အုပ်ချီရမယ်။ လက်အုပ်ချီရမှာလည်း လက်ချောင်းတွေ ကားကားကြီး မဟုတ်ဘူး။ ကြာဖူးကလေးများလို လက်ချောင်းတွေကိုစေ့ပြီး စုထားသင့်တယ်။ လက်အုပ်ချီထားတဲ့ လက်နှစ်ဖက်ဟာ နဖူးမှာ ထိနေရမယ်။

သည်လိုအနေအထား မှန်ပြီဆိုမှ ကြမ်းပြင်ပေါ်ချ၊ ပြီးတော့ ဒူးနှစ်ဖက်ကို ကြမ်းပြင်ပေါ်ချ။ ဦးခေါင်းကို ညွှတ်ပြီး ကြမ်းပြင်နဲ့ထိအောင် ပြားပြားဝပ်ရမယ်။

သည်နေရာမှာ တခုသတိထားဖို့ လိုတယ်။ ဘုန်းကြီးရဟန်းများကို ရှိခိုးဖို့ မသင့်တော်တဲ့အခါမျိုး ရှိတယ်ဆိုတာပါပဲ။ ဘုန်းကြီးတပါးဟာ အကြောင်းကိစ္စတခုကြောင့်ဖြစ်စေ။ ရေချိုးနေလို့ဖြစ်စေ၊ ခန္ဓာကိုယ်မှာ သင်္ကန်းမရှိဘဲ သင်းပိုင်မျှသာ ဝတ်ထားတဲ့အချိန်ဆိုရင် အဲသည် ဘုန်းကြီးကို မရှိခိုးရဘူး။

တခါ ဖိနပ်စီးထားတဲ့ ဘုန်းကြီးကိုလည်း မရှိခိုးရဘူး။ တချို့က မသိလို့ လမ်းမှာ ကိုယ့်ဆရာ ဘုန်းကြီးကို တွေ့တဲ့အခါ ထိုင်ရှိခိုးတတ်ကြတယ်။ အဲသည်အခါမှာ ဘုန်းကြီးဟာ စီးလာတဲ့ဖိနပ်ကို ချွတ်ပြီး အရှိခိုးခံရတယ်။

ယခုအခါမှာ မာဂဓီ-သာစည်ဆရာတော်ဘုရားက ကလေးသူငယ်တွေ ကျောင်းသား ကျောင်းသူလေးတွေကို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း ဖွင့်လှစ်သင်ကြားပေးပြီး စနစ်တကျ ရှိခိုးကန်တော့တတ်ကြတာ မြင်ရတော့ ကျုပ်ဖြင့် အင်မတန် ဝမ်းသာပီတိဖြစ်မိပါတယ်။

ပြောမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ အလှူပစ္စည်း ကပ်လှူပုံ၊ အလှူမခံအပ်တဲ့ ပစ္စည်း၊ စားသင့်တဲ့ဆွမ်း၊ မစားသင့်တဲ့ဆွမ်း စသည်ဖြင့် ပြောရရင် ဆုံးမှာမဟုတ်ဘူး။

အခု ကျုပ်ပြောပြချင်တာကတော့ လူအများနဲ့ ထိတွေ့ ဆက်ဆံရာမှာ ခွကျကျဖြစ်ခဲ့ရတဲ့ အကြောင်းကလေးများပါပဲ။ အိမ်း... ဘုန်းကြီးများ စကားပြောပြီ ဆိုတော့လည်း ရပ်လို့ မရတော့ပဲကိုးကွယ်နော်။ သည်းခံလက်စနဲ့ ဆက်နားထောင်လိုက်ပါဦး။

သည်လိုဗျ။ ကျုပ်ဟာ ဆရာတော် ဦးလင်္ကာဆီမှာ တပည့် လက်ထောက်အဖြစ် အတော်ကြာ နေခဲ့ပြီး တနေ့သ၌တော့ ဆရာတော်က ကျုပ်ကိုခေါ်ပြီး သည်လိုမိန့်သဗျ။

“ကိုယ်တော်ဟာ တနေ့မှာ တိုက်အုပ်ဆရာတော်အဖြစ် ငါ့နေရာကို ဆက်ခံရမှာ... ဒီတော့ အတွေ့အကြုံ အစုံအလင်ရအောင် ကျောင်းတကျောင်းမှာ တနှစ်လောက် ကျောင်းသွားထိုင်ချေ...”

ဆိုပြီး ရွာကလေးတရွာက ကျောင်းကို လွှတ်လိုက်တယ်။

ရွာကလေးက တော်တော်ခေါင်တယ်။ ကားလမ်းကနေ ဖဲ့ဆင်းပြီး လှည်းနဲ့သွား။ ပြီးတော့ ချောင်းရိုးအတိုင်း ဆန်တက်ပြီးမှ ရွာကိုရောက်တာ။

ရွာသူရွာသားတွေက စရိုက်ကြမ်းသယောင် ထင်ရတယ်။ အမှန်ကတော့ ရိုးသား ပွင့်လင်းကြတာပါ။ ဘုန်းကြီးကိုတော့ အင်မတန် ရိုသေတယ်။ အားလည်းကိုးကြတယ်။ အစစ အရာရာ ဘုန်းကြီးကို တိုင်ပင်လေ့ရှိကြတယ်။

အလှူလုပ်ဖို့ အငြိမ့်ငှားတာတောင်

“ဘုန်းဘုန်း... ဘယ်အငြိမ့် ကြိုက်သလဲ ဘုရား” လို့ လာမေးကြတာ။

“ဒီတခါ ရွေးချယ်ပွဲကျရင် ဦးတုတ်ကြီးကို ပြန်မရွေးပါစေနဲ့ ဘုရား၊ သူက လုပ်အားပေး ခဏခဏ ခေါ်တယ်... ဓာတ်မြေသြဇာဖိုးတွေလည်း ကောက်ထားပြီး တဝက်လောက်ပဲ ပြန်ထုတ်ပေးထားတယ် ဘုရား”

လို့ လာတိုင်ကြတဲ့လူတွေလည်း ရှိရဲ့။

တချို့ကတော့...

“ဒီမနက်ပဲ ဝက်တကောင်ပေါ်လို့ ဝမ်းတွင်းသား လတ်လတ်ဆတ်ဆတ် ချက်ထားတာ လာကပ်တာပါ ဘုရား” ဆိုတာကလည်း တမျိုး။

ဆယ်အိမ်မှူးတယောက်ကတော့ သူ့သမီး မင်္ဂလာဆောင်လုပ်မှာကို မိုးဖျက်မှာစိုးလို့ မိုးမရွာအောင် လုပ်ပေးပါလို့ လာလျှောက်တယ်။

“မိုးခေါင်တဲ့အခါမှာသာ မိုးရွာအောင် ငရံ့မင်းပရိတ် ရွတ်ရတာ ရှိတယ်၊ မိုးမရွာအောင်တော့ မလုပ်ကောင်းဘူး...”

ပြောတော့...

“အဲဒီ ငရံ့မင်းပရိတ် တပည့်တော်ကို သင်ပေးပါ...”

လို့ဆိုတယ်။ ဘာလုပ်ဖို့လဲ မေးတော့ ငရံ့မင်းပရိတ်ရွတ်ရင် မိုးရွာတယ်ဆိုတော့ အဲသည်ပရိတ်ကို ပြောင်းပြန်ရွတ်ရင် မိုးတားနိုင်တယ် ထင်လို့တဲ့။ သည်တော့ ကျုပ်ကလည်း သူကျေနပ်အောင် ရှင်ဥပဂုတ္တ ကိုယ်တော်ကြီးကတော့ လေမုန်တိုင်းတွေ ဘာတွေ တားပေးနိုင်တဲ့ အတွက် ဆုတောင်းပြည့်ပေါ့လို့ ပြောလိုက်ရတယ်။

သည်ထက်ဆိုးတာ တခုရှိသေးတယ်။ တရက်မှာ ရွာရဲ့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက လူကြီးတချို့ ကျုပ်ဆီ ရောက်လာကြတယ်။ ရွာရဲ့အလယ်မှာ ချောင်းလက်တက်ကလေးတခု ဖြတ်စီးနေလို့ ရွာက အရှေ့ခြမ်း အနောက်ခြမ်း ကွဲနေတာကိုး။

သူတို့က ဘာလျှောက်သလဲဆိုတော့ ရွာအရှေ့ခြမ်းနဲ့ အနောက်ခြမ်း ဘောလုံးကန်ကြဖို့ ကိစ္စမှာ ဒိုင်လူကြီးပြဿနာ တက်နေလို့တဲ့။ တဖက်ဘက်က လူက ဒိုင်လုပ်ရင် ကိုယ့်အပိုင်းဘက် မျက်နှာလိုက်မှာ စိုးလို့တဲ့။

“အဲဒါကြောင့် အရှင်ဘုရားပဲ ဒိုင်လူကြီးလုပ်ပေးပါ...”

တဲ့ဗျာ...။

ကျုပ်ကလည်း ဒါ ဘုန်းကြီးအလုပ် မဟုတ်လို့ မလုပ်နိုင်ဘူးလို့ အပြတ်မငြင်းချင်တာနဲ့...

“ကျုပ်က… ဘောလုံးပွဲတွေ ဘာတွေ ကြည့်တောင် ကြည့်ဖူးတာ မဟုတ်ဘူး... စည်းမျဉ်းစည်းကမ်းတွေလည်း နားမလည်ပါဘူး...”

လို့ပြောတော့…

“သိပ် ထွေထွေထူးထူး ရှိတာမဟုတ်ပါဘူး ဘုရား...၊ လူချရင်ဖြစ်ဖြစ် ဘောလုံးကို လက်နဲ့ထိရင်ဖြစ်ဖြစ်၊ ဝီစီမှုတ်လိုက်ရုံပါပဲ ဘုရား..."

ဗုဒ္ဓေါ၊ ဝီစီမှုတ်ရဦးမယ် ဆိုပါလား။ ကျုပ်တို့ငယ်ငယ် စာသင်သားဘဝက ရှုမဝမဂ္ဂဇင်း စာအုပ် ခိုးဖတ်ရင်း... ကုသရေးတဲ့ ဝဇီကိုင်ဝတ္ထု ဖတ်ဖူးပါတယ်။ ဟိုထဲမှာကတော့ မြို့ကပြန်လာတဲ့ ခေတ်ပညာတတ်မို့လို့ ဒိုင်လူကြီး လုပ်ခိုင်းတာ ထားပါတော့။ ခုဟာက ဘယ့်နှယ် ဘုန်းကြီးက လုပ်ရမယ်လို့။ သင်္ကန်း တလွှားလွှား၊ ဝီစီ တရွှီရွှီနဲ့ ကွင်းထဲ လျှောက်ပြေးနေရလို့တော့ ဘယ်လောက်ကြည့်ကောင်းလိုက်မလဲလို့။

“ဒီလိုရှိတယ်လေ ဒကာကြီးတို့ရဲ့... ကျုပ်တို့ ဘုန်းကြီးတွေဟာ နစ္စ၊ ဂီတ၊ ဝါဒိတ စသည်ဖြင့် ရှောင်ကြဉ်ရတာတွေ ရှိတယ်… ဝီစီဆိုတာက တူရိယာထဲမှာ အပါအဝင်မဟုတ်လား... ဘုန်းကြီးအနေနဲ့ မမှုတ်အပ်ဘူး”

လို့ ဥပါယ်တံမျဉ်နဲ့ ငြင်းတော့လည်း...

“အရှင်ဘုရားက မသင့်တော်တာ တွေ့ရင် လက်သာ မြှောက်ပြလိုက်ပါ၊ တယောက်ယောက်က ကိုယ်စား ဝီစီမှုတ်ပေးပါလိမ့်မယ်…”

လုပ်ပြန်ရော။ ကျုပ်လည်း ကြံဖန်ပြီး အကြောင်းပြရပြန်တာပေါ့။ ဒိုင်လူကြီးလုပ်လို့ မတော်တဆ တဖက်ဘက်ကို လိုက်မိရင် အာပတ် သင့်လိမ့်မယ်လို့ ပြောရတယ်။

နောက်ဆုံးတော့ ဘယ်လို ဈေးတည့်သွားကြသလဲဆိုရင် ဒိုင်လူကြီးကတော့ အရှေ့ဘက်ခြမ်းက တယောက်၊ အနောက်ဘက်ခြမ်းက တယောက်၊ နှစ်ယောက်က ကွင်းတဖက်စီ ခွဲပြီး တာဝန်ယူကြရမယ်။ မကစားခင်မှာ ဒိုင်လူကြီးနှစ်ယောက်စလုံး ကျုပ်ရှေ့မှာ ငါးပါးသီလယူပြီး ဖြောင့်မတ်စွာ ကြီးကြပ်ဆုံးဖြတ်ပါမယ်လို့ သစ္စာရေသောက်ပြီး ကတိပေးရမယ်။ သည်လိုကိုး။

***

လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် ကျုပ် သည်ကျောင်းကို ရောက်ခါစတုန်းကဆိုရင် အရပ်ထဲကလူတွေက သူတို့အိမ်က တိုင်ကပ်နာရီပျက်ရင်လည်း ကျုပ်ကို လာပြင်ခိုင်းတတ်ကြတယ်။ တချို့ကလည်း...

“တပည့်တော်ရဲ့ရေဒီယိုကြီးက တဂျစ်ဂျစ်နဲ့ မြည်နေတာ ဘုန်းဘုန်း ကြည့်ပေးပါဦး...”

လို့ လာပြတတ်ကြတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။

ဦးပဉ္စင်းတချို့ဟာ နာရီလည်း ပြင်တတ်တယ်။ ရေဒီယိုတွေ ဘာတွေလည်း ကလိတတ်တယ် မဟုတ်လား။ ဒါတင်မကဘူး။ ဘုန်းကြီးဆိုတာ ဗေဒင်ယတြာအကြောင်းလေး လည်း နည်းနည်းပါးပါးတော့ တီးမိခေါက်မိ ရှိရတယ်။ ကလေးနာမည် မှည့်တာတို့၊ ဇာတာ ဖွဲ့တာတို့အတွက် ဒကာ ဒကာမတွေ အကူအညီ တောင်းလေ့ရှိတာကိုး။

သည်အတွက်တော့ သိပ်မခဲယဉ်းပါဘူး။ ကျုပ်တို့ သင်ခဲ့ရတဲ့ ဘုန်းကြီးစာထဲမှာ ဗေဒင် အခြေခံတွက်နည်းတွေ ပါခဲ့တာပဲလေ။

တခုတော့ရှိတယ်။ သံဃာတော်တပါးဟာ ပရိယတ္တိ၊ ပဋိပတ္တိ တခုခု မလုပ်ဘဲ ကိုယ်ကျိုးစီးပွား အလို့ငှာ ဗေဒင်ဟောစားတဲ့သဘောမျိုးတော့ လုပ်ခွင့်မရှိဘူး။ ဆွမ်းကွမ်းအလှူရှင် ဒကာဒကာမတွေရဲ့ အကျိုးအတွက် တတ်နိုင်သလောက် ကူညီဖြေရှင်းပေးတာမျိုးပဲ ဖြစ်သင့်တယ်။ လာဘ်လာဘကို မမျှော်ကိုးရဘူး။

သည်နေရာမှာ ဒကာဒကာမကလည်း အမျိုးမျိုး၊ သူတို့ရဲ့ဆန္ဒတွေကလည်း အမျိုးမျိုး။

“တပည့်တော် ရာထူးတိုးဖို့ဟာ နည်းနည်းထစ်နေလို့ ဇာတာလေး စစ်ဆေးပေးပါဦး ဘုရား...”

“တပည့်တော် စားသောက်ဆိုင်ဖွင့်မလို့ နာမည်ရွေးပေးပါ...”

ဆိုတဲ့ လူမျိုး။

“ဘုန်းဘုန်းရဲ့ ဒကာမကြီးကိုလည်း ကြည့်ပြောပါဦး... တပည့်တော် ရှာသမျှ သူ့ပိုကာဝိုင်းမှာ ဖြုန်းပစ်တာနဲ့ ရှိသမျှ ကုန်တော့မယ်...”

ဆိုတာလည်း ပါသေးတယ်။

“အိမ်က ဒကာကြီးက ညည အိမ်ပြန်မအိပ်တာ တလလောက် ရှိပြီဘုရား... ယတြာလေး ဘာလေး လုပ်ပေးပါဦး...” လို့ အကူအညီ တောင်းတာ... ပြီးတော့...

“တပည့်တော် ညက အိပ်မက်ထဲမှာ ပန်းတွေအများကြီး မက်တယ် ဘုရား...”

ဆိုတဲ့လူမျိုးလည်း ရှိသေးရဲ့။

ကူညီသင့်တာ ကူညီ၊ ဖြေရှင်းသင့်တာ ဖြေရှင်း။ ကိုယ်နဲ့ မအပ်စပ်တာကျတော့လည်း ကြည့်ကောင်းအောင်ပြောပြီး ရှောင်ရတာပေါ့။

တခါတခါကျတော့လည်း ဘယ်လိုမှ ရှောင်လို့မဖြစ်တာမျိုး ရှိတတ်တယ်။ ဗေဒင်ယတြာ ဆိုတာနဲ့ နှီးနွယ်ပြီး ဖြစ်လာတဲ့ကိစ္စပဲ။ ပယောဂပေါ့။ တကယ်တော့ ပယောဂဆိုတာ လောကီနဲ့ပဲ ပိုဆိုင်တယ်။ သို့ပေမယ့် ဘုန်းကြီးဆိုတာ ဘုန်းတန်ခိုးကြီးတယ်။ သင်္ကန်းရဲ့အရှိန်အဝါ ရှိတယ်။ နတ်တွေကတောင် ရှိခိုးကန်တော့ကြရတာဆိုတော့ လူတွေက အစိမ်းသရဲ နာနာဘာဝကို နိုင်မှာပဲ ဆိုပြီး အားကိုးကြတာပေါ့လေ။

ကျုပ်လည်း အဲသည် အတွေ့အကြုံတခုအကြောင်းကို ပြောပြဦးမယ်။ တညသ၌မှာပေါ့။ ညဘက် ဘုရားရှိခိုးပြီး ကျိန်းမယ်လုပ်တဲ့အချိန်မှာ ရပ်ကွက်ထဲက ဒကာတချို့ ကျောင်းကို ရောက်လာကြတယ်။ ဘာကိစ္စလဲ မေးတော့ ကျုပ် ဆွမ်းခံကြွနေကျ အိမ်တအိမ်က ဒကာမ တယောက် အမှောင့်ပယောဂ ဝင်ပူးကပ်နေလို့ လိုက်ကြည့်ပေးပါတဲ့။

ကျုပ် ငြင်းလို့ ဘယ်ဖြစ်မလဲ။ ကျုပ်ရဲ့ဒကာရင်းတွေ ဖြစ်နေတော့ တတ်နိုင်သလောက် တော့ ကူညီရမှာပဲဆိုပြီး လိုက်သွားရတယ်။ တကယ်တော့ ကျုပ်ဟာ ပယောဂတွေ ဘာတွေ လိုက်စားဖူးခဲ့တာ မဟုတ်ဘူး။ ပရိယတ္တိကိစ္စသာ ကျွမ်းကျင်တာ သို့ပေမယ့် ဘုန်းကြီးဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဘုရားသားတော်ဆိုတဲ့ အရှိန်အစော်ကြောင့် သိပ်တော့ မကြောက်လှပါဘူး။

အိမ်ပေါ်ကို လှမ်းတက်လိုက်တဲ့အခါ အမှောင့်ပယောဂ ပူးနေတယ်ဆိုတဲ့ ဒကာမဟာ အိမ်ရှေ့ခန်းမှာ ထိုင်လို့ အသားတွေ တဆတ်ဆတ်တုန်ပြီး...

“ငါ့ကို ဘာမှတ်သလဲ… ငါ့ကို ဘာမှတ်သလဲ... အားလုံး ဒုက္ခ တွေ့သွားမယ်...”

လို့ အော်နေတာ တွေ့လိုက်ရတယ်။ ထူးခြားတာကတော့ အသံဟာ ပင်ကိုအသံမဟုတ်ဘဲ ယောက်ျားတယောက်လို ခပ်သြသြ ဖြစ်နေတာပဲ။ ကျုပ်လည်း ဘုရားစင်ဘက်ကို လျှောက်သွားရင်း

“ဟေ့... ဘာဖြစ်နေတာလဲ…”

လို့ မေးလိုက်တော့ အဲသည်ဒကာမ ကျုပ်ကို မော့ကြည့်ပြီး...

“အမယ်... ဘဂဝါပါလား…”

ကျုပ် တချက်တော့ တွန့်ခနဲ ဖြစ်သွားသေးတယ်။ ပြီးမှ ဘုရားစင်ရှေ့မှာ တင်ပျဉ်ခွေ ထိုင်ချလိုက်တယ်။ အခြေအနေကို သုံးသပ်ကြည့်တယ်။

သူက အမှန်တကယ် အမှောင့်ပယောဂ ပူးကပ်နေတာ ဖြစ်ချင်လည်း ဖြစ်မယ်။ ဒါမှမဟုတ် ရောဂါဝေဒနာ တခုခုကြောင့် စိတ်ဂယောက်ဂယက် ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ တကယ်လို့ အမှန်ပဲ နာနာဘာဝ အဖျက်အမှောင့် ဖြစ်နေတယ်ပဲထားဦး။ သူက အဆင့်နိမ့်တဲ့ အရူပဘုံက လာတာ။ ကျုပ်က ဘုန်းတော်ကြီး၊ သူ့ထက် အစစအရာရာ အဆင့်မြင့်တယ်။

ကျုပ်က သူ့ကို တချက်ကြည့်လိုက်တယ်။ သူ ကျုပ်နဲ့ ကြာကြာ မျက်နှာချင်း မဆိုင်ဘူး။ မျက်လွှာချသွားတယ်။ ကျုပ်အနေနဲ့ သူ့ကို “ဘယ်ပုဂ္ဂိုလ်ပါလဲ” လို့ တလေးတစား ဆက်ဆံစရာ မလိုဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့်...

“မင်း ဘယ်သူလဲ…”

လို့ လေသံခပ်မာမာပဲ အမိန့်ပေးသလို မေးလိုက်တယ်။ သူက…

“ဘာလို့ပြောရမှာလဲ”

“အမယ်... မပြောလို့ ဘယ်ရမလဲ... ဒုက္ခလှလှတွေ့သွားမှာပေါ့ ပြောစမ်း မင်း ဘယ်သူလဲ..."

“မပြောဘူး...”

“ငါ့ကို ဘာမှတ်နေသလဲ... ဟင်..”

ကျုပ်က ဟောက်လိုက်တယ်။ သူက ခေါင်းငုံ့ထားပေမယ့် အာခံမယ့်ပုံစံမျိုး ဖြစ်နေတယ်။ ဆက်မေးလည်း ပြောမှာမဟုတ်ဘူးဆိုတာ တွက်မိလို့ မေးခွန်းတမျိုး ပြောင်းမေးလိုက်တယ်။

“ဘာလိုချင်လို့ ခုလို နှောင့်ယှက်နေရတာလဲ...”

သူက မဖြေဘူး။ ကျုပ်လည်း ကြမ်းပြင်ကို ဖြန်းခနဲ ရိုက်ပြီး -

“ပြောလေ...”

သူ နည်းနည်းကြောက်သွားပုံရတယ်။ တချက်တုန်သွားပြီးတော့ ပြောတယ်။

“အအေးသောက်ချင်လို့...”

မထင်မှတ်တဲ့အဖြေမို့ ကျုပ် နည်းနည်းကြောင်သွားသေးတယ်။ ဘေးက ဝိုင်းအုံ ကြည့်နေတဲ့လူတွေတောင် ပြုံးစိစိ ဖြစ်ကုန်ကြတယ်။ ကျုပ် စိတ်ကူးတခု ပေါ်လာလို့...

“အမယ်… ရာရာစစ... အအေးတော့ မရဘူး... ဟေ့… ဘုရားစင်က ညောင်ရေအိုးနဲ့ ခွက်တခွက် ယူခဲ့စမ်း...”

အိမ်ရှင်ဒကာက ညောင်ရေအိုးနဲ့ ဖန်ခွက်တလုံး ယူလာပြီး ချပေးတယ်။ ကျုပ်က ညောင်ရေအိုးထဲကရေကို ဖန်ခွက်ထဲထည့်ပြီး သူ့ရှေ့မှာ ချပေးလိုက်တယ်။

“ဒီရေကို သောက်စမ်း”

“မသောက်ဘူး…”

“မသောက်လို့ မရဘူး… ငါ အမိန့်ပေးနေတယ်…သောက်…”

“မသောက်ချင်ဘူး… အဲဒီရေတွေက မသန့်ဘူး...ပိုးလောက်လန်းတွေနဲ့”

“ဘာရမလဲ… သောက်ဆိုသောက်…”

“ဒီရေတွေတော့ မသောက်ချင်ဘူး... ရေသန့်ဘူးဝယ်ပေး...”

ကျုပ် မျက်ခုံးပင့်လိုက်မိသည်။ တယ်တော့ မလွယ်လှဘူး။ ဘာဆက်လုပ်ရမလဲလို့ ခေါင်းကို ပွတ်ပြီး စဉ်းစားတယ်။ လူတွေ အကြံအိုက်တဲ့အခါ ခေါင်းကုတ်သလိုပေါ့။ ကျုပ်တို့ ဘုန်းကြီးများကတော့ ဆံပင် မရှိတော့ ခေါင်းပဲပွတ်ရတာပဲ။ တခုတော့ သွားတွေးမိတယ်။ နာနာဘာဝဆိုရင် ရေသန့်ဘူးတွေ ဘာတွေ သိမှာမဟုတ်ဘူး။ ရိုးရိုး စိတ်ဂယောက်ဂယက် ဖြစ်တာများလား သည်တော့ကာ...

“ကဲ… အဲဒီသောက်ရေသန့် သောက်ပြီးရင် ဆက်အနှောင့်အယှက် မပေးဘဲ ထွက်သွားမလား...”

သူ ခဏတွေနေပြီး ခေါင်းညိတ်ပြတယ်။

“ကဲ…ရေသန့်ဘူး သွားရှာကြစမ်း...”

ကံကောင်းချင်တော့ ရပ်ကွက်ထဲက သင်္ဘောသားအိမ်တအိမ်က ရေသန့်ဘူး ရလာတယ်။ ကျုပ်လည်း ရေသန့်ဘူးကို ရှေ့မှာချပြီး မေတ္တာသုတ် ရွတ်တယ်။ ပြီးတော့ ရေသန့်ကို ဖန်ခွက်ထဲ ထည့်ပြီး...

“ကဲ... သောက်”

သူက ခဏစိုက်ကြည့်နေပြီး ယူသောက်တယ်။ ပြီးတော့…

“ထပ်ပေးဦး...”

“ကိုယ့်ဟာကိုယ် ထည့်သောက်…”

ဆိုတော့ ရေသန့်ဘူးကိုယူပြီး ဘူးလိုက်မော့ချလိုက်တော့ အကုန် ပြောင်တာပဲ။ သည်တော့မှ ကျုပ်လည်း အသင့်ယူသွားတဲ့ စိပ်ပုတီးကို လည်ပင်းမှာ ဆွဲပေးပြီး...

“ကဲ... ထွက်သွားစမ်း” လို့ ပြောလိုက်တယ်။ သူက ကျုပ်ကို တချက်မော့ကြည့်၊ ဝါးခနဲ သမ်းပြီး ကျုပ်ကို ကြောင်တောင်တောင်နဲ့ ကြည့်နေတုန်း...

“ဟင်… ဘုန်းဘုန်း ဘယ်တုန်းက ကြွလာတာလဲ ဘုရား…” လို့ ပင်ကိုအသံနဲ့ပြောပြီး ဦးချတယ်။ အဲသည်အခါကျမှ ကျုပ်လည်း သက်ပြင်းချနိုင်တော့တယ်။

***

အဲဒါပဲလေ။ ကျုပ်တို့ ဘုန်းကြီးတွေဟာ ဒကာတွေ လှူတဲ့ဆွမ်းကို ဇိမ်ကျကျ စားနေကြတာ မဟုတ်ပါဘူး။ ပရိယတ္တိ၊ ပဋိပတ္တိကိစ္စ ဆောင်ရွက်ရင်း ကြုံရင်ကြုံသလို ဒကာ ဒကာမတွေရဲ့ အခက်အခဲကိုလည်း တတ်နိုင်သလောက် ကူညီဖြေရှင်းပေးရသေးတယ်ဆိုတာ သိစေချင်လို့ ကျုပ်ရဲ့ အတွေ့အကြုံကလေးကို ရှည်ရှည်ဝေးဝေး ပြောပြနေတာပါ။

ဟော... ပြောရင်းဆိုရင်း စာသင်သားတွေတောင် နေ့လယ် စာဝါတက်ဖို့ လာနေကြပြီ။ ကိုင်း... ဘရိတ်မရှိတဲ့ ဘုန်းကြီးပါးစပ်ကို ပရိယတ္တိ စာပေသင်ကြားပို့ချတဲ့ဘက်မှာ အသုံးချလိုက်ဦး မယ်။ ဒကာကြီးတို့လည်း ညောင်းလှရော့မယ်။ ပြန်ချင်ပြန်ကြပေရော့။ နောင်ကြုံတဲ့အခါကျမှ သိသင့်သိထိုက်တာလေးတွေ ပြောကြသေးတာပေါ့... ဟုတ်စ။

(ပဉ္စင်းတက်စဉ်က တစေ့တစောင်း လေ့လာခဲ့မှုများ၊ ဆရာတော်အချို့၏ မိန့်ကြားချက် များနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုင်ရာ စာပေအချို့မှ ထုတ်နုတ်စီစဉ်ရေးသားထားခြင်း ဖြစ်ပါသည်။)

(ငိုအားနှင့် ရယ်အားစာအုပ် ၁၉၉၆ ခုနှစ်၊ ဇွန်)


ဒုံရင်း ဒုံရင်း

 

(အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဖိုးတာ၊ ရန်ပိုင်စိုး၊ စုဒါလီ၊ ဒေါ်ခင်တင့်၊ ခင်မို့မို့အေး တို့ ပါဝင်သော ဗီဒီယိုဇာတ်လမ်းကို ဝတ္ထုအသွင် တင်ပြခြင်းဖြစ်ပါသည်။)

“အလကားကောင်တွေ... တယောက်မှ အသုံးမကျဘူး... အလုပ်ကျတော့ လက်ကြောတင်းအောင် မလုပ်ချင်… အစားကျတော့ နင်းကန်စား... ပြီးတော့ ကိုယ်ပါမယ့် အိမ်သာတွင်းတောင် မတူးချင်ကြဘူး. . . ဒီကောင်တွေနဲ့တော့ ခက်တယ်...”

ရွှေမိသည် ကျေးရွာသုံး ထင်းစိုက်ခင်းမှ သစ်ချောင်းတွေ ကောက်ပြီး ရွက်လာသည်။ အိမ်ဝိုင်းထဲ ဝင်အလာတွင် တယောက်တည်း ဗျစ်တောက်ဗျစ်တောက် ပြောနေသော အဘွားတင့်ကို တွေ့ရ၏။

“အဘွား... တယောက်တည်း ဘာတွေပြောနေတာလဲ... တော်ကြာ သူများတွေ ကြားသွားလို့ သူငယ်ပြန်တယ်ထင်နေဦးမယ်...”

ရွှေမိသည် ထင်းစည်းကို ပစ်ချရင်း မေးသည်။

“ဘာဖြစ်ရမလဲအေ... ညည်းအစ်ကိုတွေပေါ့... အိမ်သာတွင်း ပြည့်နေလို့ တွင်းအသစ် တူးပါဆိုတာ သူလုပ် ငါလုပ်နဲ့ တွက်ကတ်နေကြတယ်လေ၊ ဒီနေ့တော့ ငါနဲ့တွေ့ကြရောပေါ့...”

ရွှေမိသည် ရယ်နေသည်။ အဘွားတင့်က ရွှေမိကိုကြည့်ပြီး...

“ဟဲ့... ညည်းထဘီအောက်နားကလည်း ပြဲလို့ပါလား... ဘာဖြစ်လာပြန်သတုံး…”

“ဟိုကောင် သာအေးပေါ့… ကျွန်မကို ရွှေမိ ဗေထိ ရွှေမိ ဗေထိ ဆိုပြီး လိုက်စလို့ ထင်းချောင်းနဲ့ လိုက်ရိုက်ရင်း ထဘီပြဲသွားတာ...”

“ညည်းကလည်းအေ... တော်ကြာ ပေါက်ပြဲသွားလို့ လျော်နေရဦးမယ်...”

“ပေါက်ပြဲရုံမကလို့ ကိစ္စတုံးသွားလည်း အေးတာပဲ...”

“ဒီကောင်မလေးနှယ်နော် မိန်းကလေးမို့လို့သာပဲ ယောက်ျားလေးဆိုရင် ခက်မယ်...”

“ကျွန်မက ယောက်ျားလေးတောင် ဖြစ်လိုက်ချင်တာ...”

“အေး... ညည်းသာ ယောက်ျားလေးဖြစ်ရင် အားကိုးရဦးမယ် ဟို... ညည်းအစ်ကို သုံးယောက်ကတော့ အလကားပဲ…”

သူတို့သုံးယောက်မှာ နာမည်တွေကိုက တလွဲတချော် ဖြစ်နေကြ၏။ အကြီးဆုံး ဘိုကေဆိုတာက ကတုံးနှင့်။ အလတ်ကောင် တက်ပုက အရပ်အရှည်ကြီး။ အငယ်ကောင် သက်ရှည်ကတော့ ပုပုလေး။

ဘိုကေက ထန်းရည် ကြိုက်တတ်သည်။ သူ ထန်းရည်ကလေး ထွေလာပြီဆိုလျှင် တောမှာနေရတာ အောက်တန်းကျတယ်။ ပိုက်ဆံရှိလျှင် မြို့မှာတက်နေမယ်။ ကောင်းကောင်း စားမယ်။ ရုပ်မြင်သံကြားတို့၊ ဗီဒီယိုတို့ဆိုတာ ကြားသာကြားဖူးတယ်။ တခါမှ မကြည့်ဖူးသေး။ မိန်းမယူရင် မြို့သူချောချောလှလှမှ လိုချင်တယ်ဟု ပြောလေ့ရှိ၏။

သက်ရှည်က ပေါတောတော။ အဆိုအက ဝါသနာပါသည်။ ရွာက အလှူတွေမှာ ဒိုးပတ်ဝိုင်းနှင့် လိုက်ကတတ်သည်။

တက်ပုကကျတော့ ကြက်တိုက်သည်။

သူတို့သုံးယောက်သည် ဟော့ဟော့ရမ်းရမ်း ဆိုးသွမ်းနေကြတာတော့ မဟုတ်။ ရိုးသားပြီး စိတ်ကောင်းရှိသည်။ သို့ရာတွင် ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားပြီး ပျော်ပါးနေကြသူများ ဖြစ်၏။

သူတို့ရွာကလေးမှာ မြို့နှင့် တော်တော်လှမ်းသည်။ အဆက်အသွယ်လည်း သိပ်မရှိ။ အနီးဆုံး မြို့ကလေးကပင် တောမြို့ကလေးမျှသာဖြစ်ပြီး သူတို့ရွာသည် တကယ့်အခေါင်အဖျားလို ဖြစ်နေ၏။ ထို့ကြောင့် လူတွေက အကြားအမြင် ဗဟုသုတ နည်းပါးပြီး တောကျသည်။ (ဒါကတော့ တောမှာ နေတာကိုး။)

• • •

ဘိုကေက ခပ်ယိုင်ယိုင်၊ သက်ရှည်က သီချင်းတပုဒ်ညည်းရင်း ခြေလှုပ် လက်လှုပ်၊ တက်ပုက ကြက်တကောင်ပိုက်လျက် အိမ်ဝိုင်းထဲ ဝင်လာကြသည်။

အဘွားတင့်က ခါးထောက်လျက် စိန်းစိန်းကြည့်ရင်း...

“ဪ... မောင်မင်းကြီးသားများ ကြွကြပါ... ကြွကြပါ...”

“အမယ်.. အဘွားတောင် တော်တော်ယဉ်ကျေးနေပြီပဲ…”

ဘိုကေက ခပ်ထွေထွေနှင့် နောက်လိုက်ရာ။

“အမယ်... ငါတုတ်လိုက်ရ... မကောင်းဘဲ နေရော့မယ်…”

သက်ရှည်က ဇာတ်ဟန်ပါပါလေသံဖြင့်…

“အို… ဘွားအေတော်ကြီးရဲ့... ဘာဟင်းများ ချက်သတုံးဗျ... ဝမ်းထဲက ဟာတာတာ ရှိလိုက်ပါဘိတော့တယ်...”

“ဆာရင်လည်း ဟောဟိုထဲမှာ သွားစားကြချေ...”

အဘွားတင့်က အိမ်သာကို လက်ညှိုးထိုးပြသည်။

“ဟာဗျာ... အဘွားကလဲ…”

“အဘွားကလည်းတွေ ဘာတွေ လုပ်မနေနဲ့... နင်တို့ကို အိမ်သာတွင်း တူးခိုင်းထားတာ ဘယ်လောက်ကြာပြီလဲ... အခု ပြည့်လျှံပြီး နံစော်နေပြီ...”

သက်ရှည်က...

“ဟာ... ဒါကတော့ ကိုကြီးဘိုကေက အားလုံးထဲမှာ အစားအပုပ်ဆုံး... ဒီတော့ သူပါတာ အများဆုံး... သူပဲ တူးသင့်တာပေါ့…”

“အမယ်… မင်းကသာ တပတ်တခါ ဝမ်းနုတ်ဆေးအခါးတွေ စားပြီး အိမ်သာကို ဆယ်ခါလောက် တက်နေတာ... မင်းတူးသင့်တယ်...”

“ငါက ဝမ်းချုပ်တတ်လို့ ဝမ်းနုတ်ဆေး သောက်တာပါကွ... မပါတဲ့ နေ့ရက်တွေ အများကြီး...”

တက်ပုက သူ အနေသာကြီးဆိုသော ပုံစံဖြင့် မေးစေ့ပွတ်နေ၏။ ဘိုကေက ကြည့်မရသဖြင့်...

“အဲ… ဒီကောင် တက်ပုက အရပ်ရှည်တယ်… ဒါကြောင့် ချေတုံးလည်း ရှည်မှာပဲ... အိမ်သာတွင်း မြန်မြန်ပြည့်တာ. . . မင်းကြောင့်... ဒါကြောင့် မင်းတူးသင့်တယ်...”

တက်ပုက ပျာပျာသလဲ ငြင်းသည်။

“အာ… ဘယ်ရမလဲ… ချေးတုံးရှည်ပေမယ့် တွင်းထဲကျတော့ ခွေခွေကလေး ဖြစ်သွားတာပေါ့ကွာ…”

“တော်ကြစမ်း... ဒီလောက်တောင် တွက်ကတ်နေတဲ့ကောင်တွေ သိကြသေးတာပေါ့…”

ဆိုပြီး အဘွားတင့်က အိမ်ထဲဝင်သွားသည်။ ပြန်ထွက်လာတော့ လက်ထဲမှာ သော့ခလောက် တလုံး ပါလာ၏။

“ကဲ… အခုကစပြီး အိမ်သာသော့ကို ငါ သိမ်းလိုက်ပြီ... အိမ်သာတက်ချင်တဲ့သူ ငါ့ဆီမှာ သော့လာတောင်း... ပထမဆုံး တက်ချင်တဲ့သူက အိမ်သာတွင်း တူးရမယ်…”

အဘွားတင့်က ပြောပြီး အိမ်သာဆီသွား၍ သော့ခတ်လိုက်သည်။ ဘိုကေက ပြေးလိုက်သွားပြီး...

“ဟာ… အဘွား… ခဏလေးနေပါဦး... အပေါ့သွားချင်လို့...”

“မရဘူးဟေ့… အပေါ့ပဲဖြစ်ဖြစ်၊ အလေးပဲဖြစ်ဖြစ် တွင်းတူးရမှာပဲ” ဟု ပြောပြီး အိမ်ထဲဝင်သွား၏။

ဘိုကေ ခေါင်းကိုပွတ်နေသည်။ ရွှေမိက တခစ်ခစ်ရယ်ပြီး...

“ကောင်းတယ်... ပျင်းချင်ဦး...”

“အမယ်... နင်လည်း အိမ်သာတက်ချင်ရင် အဘွားဆီ သော့တောင်းရမှာပဲ... အဲဒီကျတော့ အိမ်သာတွင်း နင်တူးရမှာ...”

“ကျွန်မ မပါဘူး... အဘွားပြောတာ အစ်ကိုတို့သုံးယောက်တည်း”

• • •

သက်ရှည်သည် အိပ်နေရာမှ ဖျတ်ခနဲ နိုးလာသည်။ ညနေက ဗိုက်ဆာဆာနှင့် ပဲဟင်းတွေ နင်းကန်စားခဲ့မိရာ ခု တန်ခိုးပြနေပြီ။ ဗိုက်ထဲက ရစ်ရစ်ပြီး နာနေသည်။ မနက်ကျမှ ဖြစ်သလို သွားမည်ဆိုပြီး အောင့်ထားလို့ လည်း မရ။ ကြိတ်မှိတ်ပြီး အိပ်လို့လည်း မပျော်။

ထို့ကြောင့် အိပ်ရာမှ ထရသည်။ အဘွားနှင့် ရွှေမိတို့အိပ်သည့် အတွင်းခန်းထဲ ခြေဖော့နင်းပြီး ဝင်သည်။ အဘွားက အိမ်သာသော့ကို တန်းပေါ် တင်ထားမှာပဲတွေးပြီး ခြေရင်းဘက်တန်းပေါ်မှာ လျှောက်စမ်းသည်။ ကြမ်းက ကျွီခနဲ မြည်သွား၏။ အအိပ်ဆတ်သော ရွှေမိ နိုးသွားသည်။

“ဘယ်သူလဲ…”

ရွှေမိက ခပ်ဆတ်ဆတ် မေးလိုက်၏။

“ငါပါဟ... သက်ရှည်ပါ...”

အသံခပ်အုပ်အုပ် ပြန်ထူးသည်။

“ဘာလာလုပ်တာလဲ...”

“အိမ်သာသော့ လာရှာတာဟ... အဘွား ဘယ်မှာထားလဲ နင် သိလား...”

“ရှာမနေနဲ့… သော့က အဘွားဘော်လီအင်္ကျီအိတ်ထဲမှာ...”

သက်ရှည် စိတ်ဓာတ်ကျသွားသည်။ မတတ်နိုင်။ ဗိုက်ထဲမှာ မနေနိုင် မထိုင်နိုင် ရစ်နေပြီ ဖြစ်သည်။ အိမ်နောက်ဖေးချုံကြားထဲ သွားရတော့မည်။

မီးခွက်ရှာနေဖို့ အချိန်မရတော့။ ကြာလျှင် အိမ်ထဲမှာပဲ ထွက်ကျကုန်လိမ့်မည်။ အိမ်ပေါ်ကဆင်းပြီး ကိုယ်ကိုရှုံ့၍ နောက်ဘက်သို့ ခပ်သုတ်သုတ် ပြေးရသည်။ လရောင်ကလေး နည်းနည်းရှိနေလို့ တော်သေးသည်။ ခြံဝင်းစည်းရိုးကြားမှ လျှိုထွက်ပြီး နောက်ဘက်ရှိ ချုံတောထဲ ဝင်သည်။ ထိုအခါကျမှ သရဲများခြောက်လေမလားဆိုသော အတွေးဝင်လာပြီး စိမ့်ခနဲ ဖြစ်သွား၏။

ထိုစဉ်မှာပင် တစုံတခုနှင့် ဝင်တိုက်မိသည်။ ထိုအရာဆီမှ “အင့်” ခနဲ အသံ ကြားလိုက်ရသဖြင့်...

“ဟာ… ဘာကြီးလဲ…”

“အမလေး... သရဲဗျ”

သူ တိုက်မိသူက ထအော်ပြီး ပြေးသည်။ သက်ရှည်လည်း ခြေဦးတည့်ရာ စွတ်ပြေးသည်။ ပြီးမှ အသံကို သတိပြုမိပြီး...

“ကိုကြီးဘိုကေ…”

တဖက်ကလည်း...

“သက်ရှည်လား...”

"အေးကွ…”

“မင်း ဘာလာလုပ်တာလဲ…”

“ချေးပါချင်လို့ကွ... ကိုကြီးကော…”

“ငါလည်း ဒီလိုပဲ... ဟေ့ကောင်... စောစောက ဗြိခနဲအသံ ကြားတယ်... မင်း ထွက်ကျကုန်ပြီ မဟုတ်လား…”

“ဟေ... အေး... အေးကွ…”

သက်ရှည် သူ့ဘာသာ ပုဆိုးစမ်းကြည့်ပြီး နှာခေါင်းရှုံ့သွားသည်။

“ကိုကြီး... မင်းလည်း တိုးလိုးတန်းလန်းနဲ့ ထပြေးတာဆိုတော့”

ဘိုကေလည်း နှာခေါင်းရှုံ့လိုက်၏။

ထိုစဉ်မှာပင် အိမ်ဘက်မှ မည်းမည်းမည်းမည်းနှင့် တစုံတယောက် သူတို့ရှိရာသို့ ချဉ်းကပ်လာသည်။

“ကိုကြီးဘိုကေ... သက်ရှည်.. မင်းတို့ အဲဒီမှာလား...”

“တက်ပုလား...”

“ဟုတ်တယ်...”

“မင်းကော ဗိုက်နာလို့လား...”

“မဟုတ်ဘူးကွ... ငါတယောက်တည်း ကျန်ခဲ့တော့ မအိပ်ရဲလို့ကွ”

“ဒီတိုင်းဆို မလွယ်ဘူးကွ… ညဘက်က ချုံတိုးလို့ရသေးတယ်။ နေ့ခင်းဘက် အိမ်သာ သွားချင်ရင် ခက်မယ်...”

သက်ရှည်က ပြောသည်။ ဘိုကေက...

“နက်ဖြန်တော့ အိမ်သာတွင်းတူးမှ ဖြစ်တော့မယ်...”

“အေးကွ… ငါက ဟာလာဟင်းလင်းဆို မပါတတ်ဘူး...” ဟု တက်ပုက ဝင်ပြောသည်။

“ဒါပဲဟေ့... လူတရပ်စာ နက်အောင် တူးရမယ်… တိမ်တိမ်လေး တူးထားလို့ကတော့ တယောက်မှ ထမင်းမကျွေးဘူး...” ဟု အဘွားတင့်က ပြောထားသဖြင့် သူတို့သုံးယောက်မှာ ကြိုးစားပမ်းစား တူးနေကြရ၏။

တယောက်နှင့်တယောက် တွက်ကတ်နေလို့လည်း မဖြစ်။ တွက်ကတ်လို့ အလုပ်မပြီးလျှင် ထမင်းစားရမည်မဟုတ်။ ဗိုက်ကလည်း ဆာလှပြီ။

သက်ရှည်က တက်ပု တူးပေးသော မြေကြီးများကို တောင်းနှင့်ထည့်၍ အပေါ်မှ စောင့်နေသော ဘိုကေကို လှမ်းပေးရင်း...

“အဘွားက လူတရပ်စာလို့ ပြောထားတယ်... အခု ငါ့တရပ်စာ ဖြစ်နေပြီ... တော်ကြစို့ကွာ…”

“အေး...ဟုတ်တယ်ကွ...ပင်ပန်းလှပြီ...”

တက်ပုကပါ ထောက်ခံသည်။ သို့ရာတွင် အဘွားတင့်က ကြားသွားပြီး အိမ်နောက်ဖေး ပေါက်မှ ထွက်၍အော်သည်။

“တရပ်စာဆိုတာ သက်ရှည်တရပ်စာကို ပြောတာမဟုတ်ဘူး၊ တက်ပုတရပ်စာကို ပြောတာ... ဆက်တူး...”

သူတို့သုံးယောက် တညည်းညည်း တညူညူ ဆက်တူးကြရသည်။ အရေးထဲမှာ ဘိုကေက…

“ဟေ့ကောင်… အဘွားက လူတရပ်စာလို့ပြောပြီး သက်ရှည်တရပ်စာကို ပြောတာ မဟုတ်ဘူး ဆိုတော့ သက်ရှည်က လူမဟုတ်သလို ဖြစ်နေပြီ”

“မောရတဲ့ကြားထဲကွာ... မင်းကလဲ…”

သက်ရှည်က ပြန်ပြောရင်း ပေါက်တူးကို မြေသို့ ပေါက်ချလိုက်စဉ် ဒုတ်ခနဲ အသံထွက်လာသည်။

“အရေးထဲ ကျောက်ဖျာနဲ့ တိုးနေပြီထင်တယ်...”

ပေါက်ထားသော မြေကြီးခဲကို နှဲ့၍ ဖယ်လိုက်သောအခါ စဉ့်အိုးတလုံး၏ ထိပ်ပိုင်း ပေါ်လာသည်။

“ဟ... စဉ့်အိုးကြီးပါလား…”

“ငါတို့တော့ ပွပြီထင်တယ်ကွာ… ဟိုရှေးရှေးတုန်းက မြှုပ်ထားခဲ့တဲ့ ရွှေအိုးကြီးလား မသိဘူး... ဖော်ကြည့်ရအောင်...”

စဉ့်အိုးကို အပေါ်မတင်ပြီးနောက် သက်ရှည်နှင့် တက်ပုတို့ တွင်းထဲမှ တက်လာသည်။ အိုးအဖုံးကို ငန်းပြားနှင့် ကလန့်ပြီး ဖွင့်သည်။

ဘိုကေက အိုးထဲ လက်နှိုက်ပြီး ပြန်ထုတ်လိုက်သောအခါ အဝတ်အိတ် ရှည်ရှည်ကလေး ထွက်လာ၏။ အထဲမှာတော့ ပေစာတချပ်။

“ဟင်း… ဒါလား ရွှေတွေ၊ ငွေတွေ…”

တက်ပုက ပြောသည်။ ဘိုကေက…

“နေစမ်းပါဦးကွ… ဖတ်ကြည့်ရအောင်...”

ဘိုကေက ပေစာကို ပုဆိုးနှင့်ပွတ်၍ သန့်စင်လိုက်ပြီး ခပ်ကျယ်ကျယ် ဖတ်ပြသည်။

“ထိုက်သူ ခံစားရမည်တဲ့...”

“ထိုက်သူဆိုတာ ဘယ်သူလဲကွ… ဒါဆို ငါတို့နဲ့ မဆိုင်ဘူးပေါ့”

သက်ရှည်က ဝင်ပြောပြန်၏။ ဘိုကေက နားထောင်စမ်းပါကွာဆိုပြီး ဆက်ဖတ်သည်။

“ကျွန်ုပ်သူဌေးကြီး ဦးသူရ... မှတ်တမ်းရေးထားခဲ့သည်။ ကျွန်ုပ်သည် ငယ်စဉ်က အလွန်ဆင်းရဲသူ ဖြစ်လေသည်။ ထို့နောက် ကျွန်ုပ်၏ မနားမနေ ကြိုးပမ်းမှုကြောင့် အလွန်ချမ်းသာ ကြွယ်ဝသော သူဌေးကြီးတဦး ဖြစ်လာခဲ့သည်။ သို့ရာတွင် ကျွန်ုပ်၏ သားသုံးယောက်မှာ လုံးဝ မလိမ္မာကြချေ”

ထိုနေရာအရောက်တွင် သူတို့သုံးယောက် တယောက်ကို တယောက် ကြည့်မိကြသည်။

“၎င်းသားသုံးယောက်သည် ကျွန်ုပ်၏ ပစ္စည်းဥစ္စာများကို သုံးဖြုန်းကာ အပျော်အပါး လောင်းကစားခြင်းဖြင့်သာ အချိန်ကုန်နေကြလေသည်”

တက်ပုက...

“ငါတို့သုံးယောက်ကိုများ စောင်းရေးထားတာလား မသိဘူး...”

“ဟာကွာ... ငါတို့ကို အဲဒီသူဌေးကြီးက ဘယ်လိုလုပ်သိမှာလဲ၊ ကဲ… ဆက်ဖတ်စမ်းပါဦး…” ဟု သက်ရှည်က တိုက်တွန်းသဖြင့် -- -

“ထို့ကြောင့် ကျွန်ုပ်သည် ရှိသည့်ပစ္စည်းများကို အများအကျိုးအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကျွန်ုပ် ကွယ်လွန်လျှင် ကျန်ရစ်သူ သားမိုက်များအနေဖြင့် ကျွန်ုပ်အတွက် ရည်စူး၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်လိမ့်မည် မဟုတ်ဟု ယူဆသောကြောင့် အစီအမံတခုကို ပြုလုပ်ခဲ့ပေသည်”

ယင်း... အစီအမံကားဆိုလျှင်...

ဤစာနှင့်အတူ မြေပုံတခု တွေ့ရလိမ့်မည်။ ယင်းမြေပုံကား ကျွန်ုပ်၏ကျန်ရစ်သော ပစ္စည်းများကို မြှုပ်နှံထားသည့်နေရာအား ညွှန်ပြသော မြေပုံပင်ဖြစ်၏။

တက်ပုက အိုးထဲထပ်နှိုက်ပြီး ထုတ်ကြည့်ရာ သားရေချပ်တချပ် ထွက်လာသည်။

“ခဏနေဦးကွ… စာက မဆုံးသေးဘူး... အဲ... ဘာတဲ့... ရတနာပစ္စည်းများ ရှာဖွေ တွေ့ရှိလျှင် တဝက်ကို ထုခွဲရောင်းချပြီး စေတီတဆူ တည်၍ ကျွန်ုပ်အတွက် အမျှအတန်း ပေးဝေကြပါ... ကျန်တဝက်ကို လိုရာအသုံးပြုပါလေတဲ့...”

သက်ရှည်က တက်ပုဆီမှ မြေပုံကိုယူ၍ ကြည့်ပြီး...

“အလကား မဟုတ်တာတွေ လျှောက်ရေးထားတာနဲ့တူပါတယ်ကွာ... တကယ်ဆိုရင် ဒီအိုးထဲမှာပဲ ရတနာပစ္စည်းတွေ ထည့်ပေးလိုက်လည်း ပြီးတာပဲ… ခုတော့ မြေပုံနဲ့ ထပ်ပြီး ရှာရဦးမယ်တဲ့... မြေပုံထဲမှာ ရေးထားတာကလည်း ဘာတွေမှန်းလဲ မသိဘူး... အလကားပါ…”

ဆိုပြီး မြေပုံကို လွှင့်ပစ်မည်ပြုသည်။ ဘိုကေက…

“ဟေ့ကောင် နေဦး... စာက မဆုံးသေးဘူး…”

“ဟာ... လုပ်ပြန်ပြီ”

“နားထောင်ကွ... အရေးကြီးတဲ့နေရာ ရောက်ပြီ... မယုံမရှိကြနှင့်၊ အမှန်တကယ် ဖြစ်ကြောင်း သိသာရန် လက်စွပ်တကွင်း နမူနာ ထည့်ပေးထားသည်။ ယင်းလက်စွပ်ကို ရောင်းချ၍ စရိတ်ပြုလုပ်ပြီး ရတနာများကို ရှာဖွေပါလော့တဲ့...”

“လက်စွပ်ဆိုပါလား...”

ပြောပြီး တက်ပုက အိုးအတွင်း နှိုက်ပြန်သည်။ ဒီတခါတော့ အဝတ်အိတ်အသေးလေးတခု ပါလာသည်။ အိတ်ရှုံ့ကြိုးကိုဖြေပြီး ထုတ်ကြည့်တော့...

“ဟာ… စိန်လက်စွပ်ကြီးကွ…”

“အေးဟ… အကြီးကြီးပဲ… ဒါ အဘွားကို ပြကြည့်မှပဲ... အဘွားဆိုရင်တော့ တန်ဖိုး နားလည်လိမ့်မယ်...”

လက်စွပ်မှာ ကပ်ထားသည့် စိန်ကြီးမှာ တော်တော်ကြီးသည်။ ဆီးသီး အသေးစား တလုံးစာလောက် ရှိမည်။ နေရောင်တွင် ထောင်ကြည့်သောအခါ ဝင်းခနဲ လက်ခနဲ။

• • •

အဘွားတင့်က စိန်လက်စွပ်ကြီးကို သေသေချာချာ စူးစိုက်ကြည့်ပြီး...

“အင်း . . . ငါ့တသက်မှာ ဒီလောက်ကြီးတဲ့စိန်မျိုး တခါမှ မတွေ့ဖူးသေးဘူး”

“ဟုတ်ပြီ... ဟုတ်ပြီ... ဒါ... ဘယ်လောက်တန်မယ်ထင်သလဲ အဘွား”

ဘိုကေက အားတက်သရော မေးလိုက်သည်။ အဘွားတင့်က…

“အို… တခါမှ မတွေ့ဖူးပါဘူးဆိုမှ ဘယ်လောက်တန်တယ်ဆိုတာ ငါဘယ်သိပါ့မလဲ…”

“ဟာ... အဘွားကလဲ...”

“မြေပုံတခုလည်းပါတယ်ဆို... ပြစမ်းပါဦး”

တက်ပုက မြေပုံသားရေချပ်ကို လှမ်းပေးသည်။ အဘွားတင့်က မြေပုံကို အနီးကပ် ကြည့်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေ၏။ သက်ရှည်က မအောင့်နိုင်ဘဲ...

“တွေ့လား အဘွား… ဘာတွေတဲ့လဲ…” ဟု မေးသည်။

“ငါ့မျက်စိက မှုန်တော့ ဘာမှ သဲသဲကွဲကွဲ မမြင်ရပါဘူးကွယ်...”

“ဟာ... လုပ်ပြန်ပြီ... ပေးပါ... ကျွန်တော် ဖတ်ပြမယ်...”

ဘိုကေက မြေပုံကိုယူ၍…

“ဒီလိုလေ အဘွားရဲ့... မြေပုံပေါ်မှာ လမ်းကြောင်းလိုလိုတော့ ပြထားတယ်... ဒါပေမဲ့ နေရာတွေကို အတိအကျ ရေးမထားဘူး... အညွှန်းစာတော့ ပါတယ်... ကျုပ် ဖတ်ပြမယ်… ကျော်အေးကို တွေ့အောင်ရှာပြီး လုပ်ငန်းစပါ... ပင်လယ်ကိုဖြတ်၍ တောင်ပေါ်က ပန်းပေါင်းစုံရာ အရပ်ကို သွားလော့။ မိုးပေါ်ကကျသည့်ရေ ချောင်းဆိုးပျောက်သည်။ ပြီးတော့ --

“သက်သက်နောက်ပြောင်ပြီး ရေးထားတာနဲ့တူပါရဲ့...”

အဘွားက ဝင်ပြော၏။

“နောက်တာဆိုရင် လက်စွပ်ကြီးကို ဘာဖြစ်လို့ ထည့်ထားလဲ…” ဟု ရွှေမိက ပြောသည်။ သက်ရှည်က

“ကဲပါ… မြေပုံကိစ္စထားဦး... လက်စွပ်ကို ဘယ်လိုလုပ်မလဲ”

တက်ပုက…

“မြို့ပေါ် တက်ရောင်းမှာပေါ့ကွ…”

“ဟာ… တို့က ဘာမှနားလည်တာမဟုတ်ဘူး... မြို့ပေါ်တက်ရောင်းရင် ငါတို့ကို နှပ်ချမှာပေါ့ကွ… ပြီးတော့ ငါတို့က မြို့ကို တခါမှ ရောက်ဖူးတာမှ မဟုတ်ဘဲ”

သက်ရှည်က ပြောသည်။ ဘိုကေက…

“ဒါဆို ဆရာတော်ကို ပြကြည့်မယ်ကွာ…”

“ဟယ်… ဘုန်းကြီးနဲ့ လက်စွပ် ဘာဆိုင်လို့လဲ…”

အဘွားတင့်က ဝင်ပြော၏။ ဘိုကေက…

“ဟာ... ဟုတ်ပြီ... ဘုန်းကြီးကျောင်းမှာ လူတယောက် ရောက်နေတယ်… ဆရာတော်နဲ့ ဆွေမျိုးနီးစပ် တော်တယ်တဲ့... မန္တလေးကလို့ ပြောတယ်... ပေစာတွေ လေ့လာချင်လို့ လာတာတဲ့... သူ့ကို ခေါ်ပြကြည့်မယ်...”

“မြို့သားဆို ယုံရပါ့မလား…”

ရွှေမိက ပြောရာ...

“ငါတို့ဘာသာရောင်းလည်း မြို့သားတွေဆီပဲ ရောင်းရမှာပဲဟာ၊ ဆရာတော့်ဆွေမျိုး ဆိုတော့ ငါတို့ကို မလိမ်တန်ကောင်းပါဘူးကွာ…”

“ကဲ… ဒါဆိုလည်း သွားခေါ်ခဲ့…” ဟု အဘွားက ဆုံးဖြတ်ပေးလိုက်သည်။

• • •

မြို့သားဆိုသူသည် ဘိုကေနှင့်အတူ အိမ်ထဲဝင်လာသည်။ သူ့ကို ဘာကြောင့် ခေါ်လာမှန်း မသိ။ အကူအညီ တောင်းစရာရှိလို့ ဆိုတာပဲ ပြောထားသည်။ သူသည် အိမ်ထဲရောက်သောအခါ စိတ်ဝင်တစား ဝိုင်းကြည့်နေသော လူများကိုမြင်ပြီး ကြောက်သလိုလိုတောင် ဖြစ်သွား၏။ သူကလည်း တယောက်စီကို ပြန်အကဲခတ်လိုက်သည်။ ရွှေမိကို မြင်သောအခါ တောသူသာဆိုတယ် တော်တော်လှတာပဲဟု တွေးဖြစ်အောင် တွေးလိုက်မိ၏။ ထိုအချက်မှာ နောက်ပိုင်း အများကြီး အသုံးဝင်လာသည်။

“ကဲ… ထိုင်ဗျာ...”

ဘိုကေက ထိုင်ခိုင်းသဖြင့် ကြမ်းပေါ်ဝင်ထိုင်လိုက်သည်။ အဘွားတင့်က အကဲခတ်နေရာမှ

“မင်းက ဆရာတော်နဲ့ ဆွေမျိုးတော်တယ်ဆို…”

“ဟုတ်ကဲ့ခင်ဗျ.. ဆရာတော်က ကျွန်တော့်ဘကြီးဝမ်းကွဲ တော်ပါတယ်...”

“မောင်ရင်လေးနာမည် ဘယ့်နှယ်ခေါ်လဲ…”

“ကျော်အေးတဲ့ ခင်ဗျ....”

“ဟေ...”

အဘွားတင့်၏ အာမေဍိတ်သံနှင့် တဆက်တည်း ဘိုကေက…

“ဟာ .. တိုက်တိုက်ဆိုင်ဆိုင်ဗျာ... မြေပုံထဲကအတိုင်းပဲ... ကျော်အေးကို တွေ့အောင်ရှာပြီး လုပ်ငန်းစပါဆိုတာလေ...”

“ဟုတ်တယ်... ဟုတ်တယ်… ဒါ နိမိတ်ကောင်းပဲ...”

သက်ရှည်က ဝင်၍ထောက်ခံသည်။ ကျော်အေးမှာ ကြောင်တောင်တောင် ဖြစ်နေ၏။ စိတ်နောက်နေသည့် မိသားစုကြားထဲများ ရောက်နေသလားဟု ထင်မိသေးသည်။

တက်ပုကလည်း တစုံတခု ဝင်ပြောမည်ပြုစဉ် ရွှေမိက…

“ဘေးလူရှေ့မှာ ဘာတွေလျှောက်ပြောနေကြတာလဲ...”

ဘိုကေက...

“ဘေးလူ မဟုတ်တော့ဘူးဟ... ငါတို့နဲ့ အလုပ်တွဲလုပ်မယ့်သူ ဖြစ်သွားပြီ... ဒါ တိုက်ဆိုင်တာ မဟုတ်ဘူး... သူဌေးကြီး ဦးသူရက သူ့ကို တမင်တကာ ဒီကိုရောက်အောင် တမလွန်ကနေ တနည်းနည်းနဲ့ စေလွှတ်လိုက်တာပဲ ဖြစ်ရမယ်...”

“ဟာ.. ဟာ…. ကျွန်တော် တမလွန်က မဟုတ်ပါဘူးဗျ... လူအစစ်ပါ...”

ကျော်အေး ကြောက်ကြောက်လန့်လန့် ပျာပျာသလဲ ငြင်းသည်။

ဘိုကေက ပြုံး၍…

“ဟုတ်ပါတယ်... သိပါတယ်... ဒီလိုဗျ…”

“တိတ်ကြစမ်း..” ဟု အဘွားတင့်က ဟန့်လိုက်ပြီးမှ...

“ကဲ... မောင်ကျော်အေး... မင်းကိုကြည့်ရတာ ရိုးသားပုံလည်း ရတယ်... ဆရာတော့် အမျိုးဆိုတော့ ယုံကြည်ရမယ်လို့လည်း ထင်လို့...”

ပြောရင်း ဘော်လီအင်္ကျီအိတ်ထဲမှ စိန်လက်စွပ်ကို ထုတ်ပြီး…

“ဟောဒီ လက်စွပ်ကို ကြည့်စမ်းပါ…”

ကျော်အေးလက်ထဲ ထည့်ပေးလိုက်၏။ ကျော်အေးသည် လက်စွပ်ကို နေရောင်မှာ ထောင်ကြည့်ပြီး မျက်လုံးပြူးသွား၏။ အားလုံးက စိတ်အား ထက်သန်စွာ ဝိုင်းကြည့်နေကြသည်။

“ဟာ... ကျွန်တော့်တသက်မှာ ဒီလောက်ကြီးတဲ့စိန်ကို တခါမှ မတွေ့ဖူးသေးဘူး...”

“ဟာ…လာပြန်ပြီ တယောက်... ဒါဘယ်လောက်တန်သလဲ ဆိုတာ သိချင်တာဗျ...”

“တိတိကျကျတော့ မသိဘူး... တော်တော်တန်ဖိုးရှိမယ်ဆိုတာတော့ ခန့်မှန်းလို့ရတယ်... တကယ်နားလည်တဲ့လူမှ တန်ဖိုးဖြတ်နိုင်မှာပဲ...”

“ဒါဆို ဒီလက်စွပ်ကို မြို့မှာတက်ရောင်းဖို့ ကူညီနိုင်မလား…” ဟု ဘိုကေက မေးသည်။ ကျော်အေးက…

“ဟို... အဲ...”

ဆိုပြီး ယောင်ချာချာ လုပ်နေပြီးမှ အားတက်သရော ကြည့်နေသော ရွှေမိကို သတိပြုမိသောအခါ အလိုလို ခေါင်းညိတ်ပြီးသား ဖြစ်သွားပြီး...

“ဟုတ်... ဟုတ်ကဲ့... ကူညီနိုင်ပါတယ်... ဒါပေမဲ့ ဒီလက်စွပ် ဘယ်ကရသလဲဆိုတာ…”

“ဒါ… ကျုပ်တို့ ခိုးဝှက်ထားတာမဟုတ်ဘူးဗျ၊ အိမ်သာတွင်း တူးရင်းနဲ့ရတာ... ပြီးတော့ ဟိုဟာ မြေပုံ...”

“ကဲ… တော်တော့… မြို့ကိုတက်ပြီး လက်စွပ်ရောင်းဖို့သာ စီစဉ်တော့... ဘိုကေနဲ့ တက်ပု လိုက်သွားကြ…” ဟု ပြောလိုက်သည်။

***

လော်ပန်ဟုခေါ်သူက စိန်လက်စွပ်ကို မှန်ဘီလူးလို ကိရိယာဖြင့် သေသေချာချာ ကြည့်နေသည်။ ကျော်အေး၊ ဘိုကေနှင့် တက်ပုတို့ ရင်တထိတ်ထိတ်နှင့် စောင့်စားနေကြ၏။ ပွဲစားကတော့ ခပ်အေးအေးပင် စီးကရက် ဖွာနေ၏။

ကျော်အေးက ဘိုကေတို့ကို မန္တလေးသို့ ခေါ်သွားသည်။ တကယ်ဆိုတော့ သူသည်လည်း မြို့ပေါ်မှာနေသောကြောင့် လူရည်လည်တာကလွဲလျှင် ရတနာပစ္စည်း အရောင်းအဝယ်ကို သိပ်နားမလည်။ ထို့ကြောင့် ဈေးချိုတော်ရှိ ကျောက်ပွဲစားတန်းမှာ စနည်းနာရင်း ပွဲစားတယောက် နှင့် တွေ့ပြီး ပါလာခြင်းဖြစ်၏။ နှပ်ချလို့ မရအောင်တော့ သတိထားရမည်။

“အနာလေး နည်းနည်းပါနေလို့ပေါ့ဗျာ... နို့မို့ဆိုရင်...”

လော်ပန်၏နှုတ်မှ စကားတခွန်း ထွက်လာသည်။ ဘိုကေက စိတ်မရှည်တော့ဘဲ...

“ကဲ… ဘယ်လောက်ပေးမယ်ဆိုတာသာ ပြောဗျာ…”

“ပြောရမှာ အားနာတယ်ဗျာ...”

“ဒါတော့ ကြိုက်ရောင်း ကြိုက်ဝယ်ပေါ့ဗျာ... ပေးနိုင်တဲ့ဈေး ပြောလိုက်ပေါ့…” ဟု ပွဲစားက ဝင်ပြောသည်။

လော်ပန်က ပွဲစားကို အဓိပ္ပာယ်ပါပါ ကြည့်သည်။ ရောင်းချင်နေမှန်းလည်းသိ၊ နားမလည်သူတွေမှန်းလည်း သိသဖြင့် ဘယ်လိုရိုက်ချရ ကောင်းမလဲ စဉ်းစားနေဟန်တူသည်။ ပွဲစားကို လှမ်း၍ မျက်လုံးဖြင့် အကြံဉာဏ် တောင်းလိုက်ခြင်းဖြစ်၏။ ကျော်အေးက ရိပ်မိသဖြင့် အချိန်မပေးဘဲ...

“ဈေးသိပ်နှိမ်ရင်တော့ ကျွန်တော်တို့က ရောင်းမှာမဟုတ်ဘူးနော်” ဟု ခပ်တင်းတင်း ပြောလိုက်၏။ စောစောက စိန်ကို စစ်ဆေးရင်း လော်ပန့်မျက်လုံးတွေ လက်ခနဲဖြစ်သွားတာ သူ သတိပြုမိသည်။

လော်ပန်က ချိန်ဆနေဟန်ရှိသည်။ လက်လွတ်သွားမှာလည်း စိုးရိမ်နေပုံရ၏။ မန္တလေးသား ကျော်အေးပါလာသောကြောင့် ရိုက်ချက်ပြင်းလွန်းလို့ မဖြစ်ကြောင်းကိုလည်း သဘောပေါက်သွားသည်။

“ဆယ့်ရှစ်သိန်း ပေးမယ်ဗျာ...”

ဘိုကေက မျက်လုံးပြူးသွား၏။ တက်ပုကတော့...

“ဟာ…” ဟူ၍ပင် အသံထွက်သွားသည်။

ကျော်အေးက တက်ပုကို လက်ကုတ်လိုက်ပြီး လော်ပန်ကို ပြန်ပြောလိုက်၏။

“နည်းတယ်... တိုးပေးဦး…”

“နှစ်ဆယ်ဗျာ… ဒါအမြင့်ဆုံးပဲ…”

ကျော်အေးက ဘိုကေကို တချက်ကြည့်သည်။ ပွဲစားက အခြေအနေကို သဘောပေါက် သွားပြီး...

“ဒီဈေးကတော့ နှစ်ဦးနှစ်ဖက် မနာပါဘူး... သင့်တော်ပါတယ်”

ကျော်အေးက တခုခုပြောမည်ပြုစဉ် ဘိုကေကဝင်၍...

“ကောင်းပြီ... ရောင်းမယ်”

လော်ပန်က မီးခံသေတ္တာဆီ လျှောက်သွား၏။

• • •

ဘိုကေနှင့် တက်ပု ကျော်အေးနှင့် လိုက်သွားတာ တပတ်ရှိပြီ ရွှေမိက စိတ်ပူနေသည်။ သက်ရှည်ကလည်း...

“ဟိုကောင်တွေ မသွားတတ်၊ မလာတတ်နဲ့ ကျော်အေးဆိုတဲ့လူက လက်စွပ်ကို လိမ်ယူပြီး တနေရာရာမှာ ထားပစ်ခဲ့လို့ ဒုက္ခရောက်နေပြီ ထင်တယ်...”

အဘွားတင့်က ခေါင်းခါ၍...

“မဖြစ်နိုင်ဘူး... မောင်ကျော်အေးဟာ ရိုးသားတဲ့ လူငယ်တယောက်ဆိုတာ ငါယုံတယ်... တန်ဖိုးရှိတဲ့ ပစ္စည်းတခု ရောင်းတယ် ဝယ်တယ်ဆိုတာ ချက်ချင်းတော့ ဘယ်ပြီးမလဲ...” ဟု ပြောသည်။

သက်ရှည်မှာ ညအိပ်သည့်အခါတိုင်း ကျော်အေးက ဘိုကေတို့ကို သတ်ပြီး လက်စွပ် ယူသွားတယ်လို့ အိပ်မက်မက်လိုက်၊ ဘိုကေက ငွေထုပ်ကြီးပိုက်ပြီး ပြန်လာတယ်လို့ မက်လိုက်၊ တနေ့တမျိုး မက်နေ၏။

ဆယ်ရက်ကြာသောနေ့ကျမှ ကျော်အေးနှင့် တက်ပုတို့ ပြန်ရောက်လာကြသည်။ တက်ပုက ရောက်ရောက်ချင်း လက်စွပ်ကို သိန်းနှစ်ဆယ်နှင့် ရောင်းခဲ့ရကြောင်း ဝမ်းသာအားရ ပြောပြသည်။

ရွှေမိက ဝမ်းသာအံ့သြနေသည်။ သက်ရှည်က ထကသည်။ အဘွားတင့်က

“ဘိုကေကော… ဘိုကေ…” ဟု မေးသည်။ တက်ပုက...

“ကိုကြီးဘိုကေ မန္တလေးမှာ နေခဲ့တယ်…”

“ဟင်… ဘာလုပ်ဖို့လဲ...”

“မန္တလေးမှာ အခြေစိုက်ပြီး ရတနာတွေကို ရှာမယ်တဲ့… ဟိုမှာ တိုက်တလုံး ငှားထားပြီးပြီ...”

“ဘာပြောတယ်... ဒီလောက်များတဲ့ ငွေတွေကို ရထားပြီးမှ ဘာလုပ်ဖို့ ထပ်ရှာရဦးမှာလဲ..”

“ဪ... ရတနာတွေရရင် တဝက်ကိုရောင်းပြီး သူဌေးကြီး ဦးသူရအတွက် ဘုရားတည်ရဦးမှာ မဟုတ်လား...”

“အခု ရတဲ့ငွေတဝက်နဲ့ တည်လို့ရသားပဲ... အလိုဆန္ဒဆိုတာ ပိုင်းဖြတ်နိုင်မှကောင်းတာ... လောဘဟာ ဘယ်တော့မှ အကျိုးမပေးတတ်ဘူး...”

“ဒါနဲ့ ဟေ့ကောင် ငွေတွေကော…” ဟု သက်ရှည်က ဖြတ်မေးသည်။

“မင်းတို့၊ အဘွားတို့ လိုက်မလာမှာစိုးလို့ဆိုပြီး သူ ယူထားလိုက်တယ်”

“အင်း...”

အဘွားတင့်က သက်ပြင်းချပြီး ခေါင်းကို ခါယမ်းလိုက်သည်။ တက်ပုက...

“ကဲပါ အဘွားရယ်... မန္တလေးကိုတော့ လိုက်ခဲ့ပါ... ဘုရားလည်း ဖူးရတာပေါ့... မန္တလေးမြို့ ဆိုတာ သိပ်ပြီးကြီးကျယ်တာ အဘွားရဲ့၊ စည်ကားလိုက်တာဆိုလည်း မပြောနဲ့တော့...”

“ဟုတ်သားပဲ... ဟိုရောက်မှ အခြေအနေ ကြည့်လုပ်တာပေါ့” ဟု သက်ရှည်ကပါ ဝင်ပြောသည်။

“နေစမ်းပါဦး... မန္တလေးမှာ အခြေစိုက်ဖို့ ဘာဖြစ်လို့ စိတ်ကူးရတာတုံးတော့...”

ရွှေမိက ဝင်မေးသည်။ ကျော်အေးက ပြန်ရှင်းပြ၏။

“ဒါက ဒီလိုပါ… ကိုဘိုကေနဲ့ ကျွန်တော် စကားပြောကြရင်း ဘိုကေဆိုပြီး ဘာကြောင့် ကတုံးဖြစ်နေရတာလဲလို့ ကျွန်တော်ကမေးတော့ ငယ်ငယ်က ဝက်သက်ပေါက်လို့ ကတုံးတုံးပြီး ဆံပင်တွေ ကျွတ်ကုန်တာနဲ့ ကတုံးပဲ ဆက်ထားတာလို့ သူကပြောတယ်...”

“အဲဒါနဲ့ မန္တလေးနဲ့ ဘာဆိုင်လို့လဲ…”

“ဒါက ဒီလိုရှိပါတယ်... သူကလည်း ကျွန်တော့်နာမည်အကြောင်း မေးတော့ ကျွန်တော့်ကို မန်းရာပြည့်နေ့မှာ မွေးတဲ့အကြောင်း မန္တလေးမြို့ စတည်တဲ့နှစ်က မှတ်ရလွယ်အောင် အုတ်ကျစ် ကျော်အေး မန္တလေးတည်ဆိုတဲ့ စာချိုးနဲ့ မှတ်ထားခဲ့ကြတာကြောင့် ကျွန်တော့်နာမည် ကျော်အေးလို့ မှည့်ထားတာဖြစ်ကြောင်း ပြောပြတော့ ကိုဘိုကေက မြေပုံထဲက ပထမစာကြောင်းကို သူ ဖော်နိုင်ပြီလို့ ပြောပါတယ်...”

“ကျော်အေးကို တွေ့အောင်ရှာပြီး လုပ်ငန်းစပါဆိုတာ... အုတ်ကျစ် ကျော်အေး မန္တလေးမြို့ကို အခြေပြုပြီး လုပ်ပါဆိုတဲ့ အဓိပ္ပာယ်ရတာကိုး…”

တက်ပုကပါ ဝင်ရှင်းပြသည်။ ရွှေမိက ကျော်အေးကို လက်ညှိုးထိုးပြပြီး...

“ဟင်... ဒါဆို မြေပုံအကြောင်း သူ့ကိုပါ ပြောပြလိုက်ပြီပေါ့ ဟုတ်လား...”

တက်ပုက…

“သူက ယုံကြည်ရပါတယ်ဟ၊ စိန်ပွဲစားကို သူပဲ အဆက်အသွယ် ရှာပြီး ရောင်းပေးခဲ့တာပဲ ... သူဝင်ပြောလို့ ပိုက်ဆံတောင် ပိုရလိုက်သေးတယ်၊ သူ သစ္စာဖောက်ချင်ရင် ငါတို့ကို မြို့ပေါ်မှာ လွယ်လွယ်လေး လှည့်ပတ်လို့ရတာပဲ...”

အဘွားတင့်က တက်ပုစကားကို သဘောတူဟန် ခေါင်းညိတ်ပြသည်။ ကျော်အးကလည်း

“ဟုတ်ပါတယ်ဗျာ... ကျွန်တော့်ကို ယုံပါ၊ အခုလို ကျွန်တော် လိုက်ပြီး ကူညီနေတာ ပစ္စည်းဥစ္စာကြောင့် မဟုတ်ပါဘူး...”

“ဒါဆို ဘာကြောင့်လဲ...” ဟု သက်ရှည်က မေးသည်။ ကျော်အေးက ရွှေမိကို မသိမသာ ကြည့်ပြီး...

“ဟိုဟာလေ... ကျွန်တော့်အနေနဲ့ မြင်မြင်ချင်းဆိုသလို...”

“ဘာ… ဘယ်သူ့ကို မြင်မြင်ချင်းလဲ…”

ရွှေမိက ခပ်ဆတ်ဆတ်မေးလိုက်ရာ ကျော်အေး တွန့်ခနဲ ဖြစ်သွားပြီးမှ...

“ဟို... ဟို...အဘွားကိုပါ မြင်မြင်ချင်း ချစ်ခင်ကြည်ညိုလေးစားမိလို့ပါ...”

ရွှေမိက မျက်စောင်းတချက် ခဲလိုက်ပြီးမှ အဘွားတင့်ဘက်လှည့်ပြီး...

“အဘွား. . . ဘယ်လိုသဘောရလဲ၊ မန္တလေးကို လိုက်သွားမှာလား”

အဘွားတင့် တွေဝေစဉ်းစားပြီးနောက်...

“အေး… လိုက်ရတော့မှာပေါ့... ဘိုကေက ပြန်မှပြန်မလာတာပဲ၊ ဟိုရောက်မှ ဖျောင်းဖျပြီး ပြန်ခေါ်သင့် ခေါ်ရတော့မှာပဲ...”

• • •

မြင်မြင်သမျှ အံ့သြစရာတွေချည်း ဖြစ်၏။ ရထားဆိုတာလည်း တခါမှ မစီးဖူး။ ကားဆိုလျှင်လည်း ဒိုင်နယ်မှ စပါးလာသယ်သည့် လောရီကားတွေလောက်သာ မြင်ဖူးခဲ့သည်။ တိုက်ဆိုတာခုမှ တွေ့ဖူးခြင်းဖြစ်၏။

သူတို့က တွေ့သမျှကို တအံ့တသြကြည့်သည်။ ထို့အတူ တွေ့သမျှ လူတွေကလည်း သူတို့ကို အထူးအဆန်းလို ကြည့်ကြရ၏။ ဖာတွေ၊ တောင်းတွေ၊ ဖျာလိပ်တွေ ရွက်သူကရွက်၊ ထမ်းသူက ထမ်းပြီး မန္တလေးမြို့ပေါ်မှာ လျှောက်နေကြသည်။ လမ်းဖြတ်ကူးတော့ တယောက်ခါး တယောက် ကိုင်ပြီး တန်းစီကူးကြသဖြင့် ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေက ရပ်ပေးရသည်။

သက်ရှည်က အထပ်မြင့်တိုက်ကြီးတွေကို မော့ကြည့်ပြီး ...

“ဒီလောက်မြင့်တဲ့ တိုက်ကြီးပေါ်မှာ ကျုပ်တော့ မနေရဲပေါင်ဗျာ၊ ရွာဦးစေတီလေး ထုံးတက်သုတ်တုန်းကတောင် ဒူးတုန်နေတာ...” ဟု ပြောသည်။

အဘွားတင့်က မီးပွိုင့်ကိုကြည့်ပြီး. . .

“မင်းတို့မြို့ကြီးက ခမ်းတော့ခမ်းနားပါရဲ့ကွယ်… ဒါပေမဲ့ နေ့ခင်းကြောင်တောင်ကြီး လမ်းဓာတ်မီးတွေ ဖွင့်ထားလားထားရဲ့... မီးလုံးတွေကလည်း တလုံးက လာလိုက်၊ တလုံးက ပျက်လိုက်နဲ့...”

“အဲဒါ လမ်းမီးမဟုတ်ဘူး အဘွားရဲ့... အချက်ပြမီးလေ၊ မီးပွိုင့်လို့ ခေါ်တယ်... မီးနီနေရင် ကားတွေရပ်ပြီး မီးစိမ်းသွားမှ သွားရတယ်”

“အမလေးတော်… အလုပ်ရှုပ်လိုက်တာ.. ကျုပ်တို့ဆီက လှည်းတွေများ သွားချင်သလို သွား... ဘေးကို နည်းနည်းကပ်ပေးပါဗျို့လို့ အော်ဟစ်လိုက်ရုံပဲ…” ဟု ရွှေမိက ပြောသည်။

ကျော်အေးက သုံးဘီးကားတစီးကို ငှားလိုက်၏။ သက်ရှည်က သုံးဘီးကားကို သေသေချာချာ ကြည့်ပြီး...

“ဒီကားပိုင်ရှင်က တော်တော်ကပ်စေးနှဲတယ်... ကားကို ဘီးတလုံးဖြုတ်ပြီး သုံးဘီးတည်း တပ်ထားတယ်...” ဟု ပြောသဖြင့် သုံးဘီးကားဆရာက ရယ်သေးသည်။

ဝင်းကလေးတခုထဲရှိ သပ်ရပ်သော နှစ်ထပ်တိုက်ကလေးတလုံးရှေ့မှာ လာရပ်သည်။

“ဒါ ကိုဘိုကေ ငှားထားတဲ့တိုက်ပဲ...” ဟု ကျော်အေးက ပြောသည်။ သက်ရှည်က…

“ဟာ.. ကောင်းလိုက်တာ... တခါတည်း ဝယ်ထားလိုက်ပြီးရော”

“ရွာဦးကျောင်းထက်တောင်ကြီးသေးတယ်…” ဟု ရွှေမိက မှတ်ချက်ချသည်။

“ကဲ…လာကြ…”

ကျော်အေးက ဦးဆောင်ပြီး တိုက်ထဲဝင်ကြသည်။ ဧည့်ခန်းထဲအရောက်တွင် အဘွားတင့်က မျက်လုံးပြူးသွား၏။

“ဟင်.. ကြည့်စမ်း... နင် ငါ့မြေးကို ဘာလုပ်ထားတာလဲ” ဟု ကျော်အေးဘက် လှည့်မေးသည်။ ဆိုဖာပေါ်မှာ ကျကျနန လှဲထိုင်ရင်း နားကျပ်ကို နားမှာတပ်၍ ကက်ဆက် နားထောင်နေသော ဘိုကေကို တွေ့လိုက်ရသောကြောင့်ပင် ဖြစ်၏။

“ကိုကြီး ဘိုကေ... ကိုကြီး ဘိုကေ…”

ရွှေမိက အော်ခေါ်သည်။ ဘိုကေက မကြား။ သက်ရှည်က အလန့်တကြား ပြောလိုက်သည်။

“ဟာ… ဒီကောင် မရဖူးတဲ့ငွေတွေ ရသွားလို့ ရူးသွားပြီထင်တယ်၊ ဆရာတော်ပြောတာ ကြားဖူးတယ်... မြို့ပေါ်မှာ ရူးသွားတဲ့လူတွေရဲ့ ဦးနှောက်ကို ဓာတ်လိုက်အောင်လုပ်ပြီး ကုရတယ်တဲ့...”

“ဟင်...ဟုတ်လား... အမလေး...ကိုယ်ကျိုးနည်းပါပြီ...”

“ဟာ… ဘယ်ကလာ... ကက်ဆက်နဲ့ သီချင်းနားထောင်နေတာပါ”

ကျော်အေးက ပြောပြီး ဘိုကေဆီသွား၍ ကိုင်လှုပ်လိုက်သည်။ ဘိုကေက ဇိမ်နှင့် မှိန်းနေရာမှ မျက်စိဖွင့်ကြည့်ပြီး...

“ဟာ… အဘွားတို့တောင် ရောက်နေပြီ... လာ လာ ထိုင်ကြ”

သက်ရှည်မှာ အိမ်ထဲဝင်ကတည်းက မျက်စိကျနေသော ဆိုဖာကြီးပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ဆိုဖာက အိခနဲ နိမ့်ကျသွားသဖြင့်...

“ဟာ…. ကျွံကျပြီ…”

ဆိုပြီး လန့်ခုန်ထသည်။ ပြီးမှ အသာလေးပြန်ထိုင်သည်။ အဘွားတင့်ကတော့ ဆိုဖာပေါ် ဆောင့်ကြောင့်တက်ထိုင်၏။

“အဲဒီလို မထိုင်ရဘူး အဘွားရဲ့... ဒီလို ခြေချထိုင်ရတယ်...” ဟု ဘိုကေက ပြောသည်။ အဘွားတင့်က…

“ငါထိုင်တတ်သလို ထိုင်ပါရစေ...”

ရွှေမိသည် ဆိုဖာကို ဖိစမ်းကြည့်ပြီးမှ မရဲတရဲ ဝင်ထိုင်လိုက်သည်။

“ကဲ... ထိုင်ကြပါဦး--- အမောပြေသောက်ရအောင် အအေး တခုခု သွားယူလိုက်ဦးမယ်...”

ကျော်အေးက ပြောပြီး အတွင်းခန်းထဲ ဝင်သွားသည်။

ခုမှပင် ဘိုကေ ဝတ်စားထားပုံကို သတိပြုမိကြ၏။ ကာတွန်းရုပ်ပါသော တီရုပ်နှင့် ဘောင်းဘီပွပွကြီးကို ဝတ်ထားသည်။ သက်ရှည်က...

“မင်းစွပ်ကျယ်အင်္ကျီက ကောင်းလှချည်လား…”

“ဒါ စွပ်ကျယ်မဟုတ်ဘူးကွ... တီရှပ်လို့ခေါ်တယ်….”

အဘွားတင့်က ဝင်၍…

“ဘိုကေရယ်... မင်းနှယ့်ကွယ်... ဘယ့်နှယ့်ကြောင့် သူများ ဘောင်းဘီ ယူဝတ်ရတာလဲ…”

“ဗျာ… ဒါ သူများဘောင်းဘီ မဟုတ်ပါဘူး...”

“ဟုတ်ပါတယ်... ဒါ ဒီအိမ်ရဲ့ အိမ်ရှင်ဘောင်းဘီ ဖြစ်ရမယ်၊ သူက ယစ်မျိုး အင်စပက်တော် လား၊ ဌာနအုပ်လား...”

“ဟာ... အဘွားကလည်း... ဒါမြို့မှာ နောက်ဆုံးပေါ်ပုံစံဗျ”

“သိပါဘူးကွယ်… တို့များ ငယ်ငယ်ကတော့ ယစ်မျိုးအင်စပက်တော်တို့ ဌာနအုပ်တို့ဆို ဒီလိုဘောင်းဘီမျိုး ဝတ်ရတာပဲ... ဒါနဲ့ ဘိုကေ နင်က လောဘဇောတွေတိုက်ပြီး ဒီလောက် ပိုက်ဆံတွေ ရနေတာတောင် ရတနာတွေ ထပ်ရှာချင်သေးလား ဟင်...”

“ဒီမှာ အဘွားရဲ့… မြို့ပေါ်မှာတော့ သိန်းနှစ်ဆယ်လောက်ဆိုတာ ဘာမှရှိတာမဟုတ်ဘူး ... အိမ်တလုံးတောင် ကောင်းကောင်း မဝယ်လောက်ဘူးဗျ...”

“ငါတို့က မြို့မှာနေမှာမှ မဟုတ်ဘဲ...”

“ကျုပ်ကတော့ မြို့မှာပဲ နေချင်တယ်... ဒီမှာ ဇိမ်ပဲအဘွားရဲ့၊ လိုချင်တာ အကုန်ရတယ်... ဟောဒီ တိုက်ကြီးဆိုရင် ကြည့်စမ်း... ဘယ်လောက်ကောင်းသလဲ... မိုးလုံလေလုံနဲ့ လေမုန်တိုင်း တိုက်တောင် မပြိုနိုင်ဘူး... ရတနာတွေရပြီးရင် အပြီးဝယ်ပစ်လိုက်မယ်…”

အဘွားတင့်က ရှုံ့မဲ့လိုက်ပြီး တစုံတခု ပြောမည်ပြုစဉ် ကျော်အေး အတွင်းခန်းထဲက ထွက်လာသည်။ လင်ပန်းကို စားပွဲပေါ်ချပြီး ဘူးတဘူးကို ယူ၍ လက်ကိုင်ကွင်းကလေးထဲ လက်ညှိုးထည့်၍ ဖောက်ခနဲ ဆွဲဖွင့်လိုက်သည်။

ကျော်အေးလုပ်သမျှ စူးစိုက်ကြည့်နေသော သက်ရှည် မျက်လုံး ပြူးသွား၏။

“အားလုံး ဝပ်နေကြ…” ဟုအော်ပြီး ကျော်အေးကို ခုန်အုပ်လိုက်သည်။

ကျော်အေးမှာ ရုတ်တရက်မို့ အငိုက်မိပြီး...

“ဟ...ဟ...” ဟု ရေရွတ်ရင်း လဲကျသွားသည်။

ကိုကာကိုလာဘူးက ကြမ်းပေါ်မှာ လိမ့်သွား၏။ သက်ရှည်က ကိုကာကိုလာဘူးကို ပြေးကောက်၊ အပြင်ကို လွှင့်ပစ်ပြီးမှ ပြန်ဝပ်နေသည်။

“ခင်ဗျား၊ ခင်ဗျား ဘာလုပ်တာလဲ…”

ကျော်အေးက လူးထဲထရင်း မေးသည်။ သက်ရှည်သည် ကြမ်းပြင်ပေါ်မှာ ဝပ်နေရင်း နားပိတ်ထားပြီးမှ ထရပ်လိုက်ကာ ကျော်အေးကို စေ့စေ့ကြည့်လျက်...

“ဟေ့ကောင်... မင်းအကြံ ဒါအကုန်ပဲလား...”

“ကျွန်တော် ဘာလုပ်လို့လဲဗျ...”

“မင်းက ငါတို့ကို လက်ပစ်ဗုံးနဲ့ ထုသတ်ပြီး ငါတို့ငွေတွေကို အပိုင်စီးမလို့ မဟုတ်လား...”

"ဟာ... ဗျာ”

ဘိုကေက တဟားဟားရယ်ပြီး...

“သက်ရှည်ရာ… မင်းကလည်း တော်တော်ဒုံးဝေးတဲ့ကောင်ပဲ… အဲဒါလက်ပစ်ဗုံး မဟုတ်ဘူး... ဖျော်ရည်ဘူး... သောက်ချင်ရင် အဲဒီလိုပဲ ဖွင့်သောက်ရတယ်… အဲဒါ ကိုကုလားလို့ ခေါ်တယ်...”

“ဟင်း... ကိုကုလားတဲ့...”

ရွှေမိက မဲ့ရွဲ့ ရေရွတ်သည်။ ကျော်အေးက...

“ကိုကုလားမဟုတ်ပါဘူး...ကိုကာကိုလာပါ...” ဟု ပြုံး၍ ပြောရင်း ဘူးတွေကို ဖွင့်ပေးသည်။

“အဲဒါ ဘယ်လိုသောက်ရမှာလဲ…”

“ဒီအပေါက်ကလေးကနေ မော့သောက်ရုံပါပဲ…”

ရွှေမိကယူ၍ တငုံငုံပြီး ဖွီခနဲ ထွေးထုတ်လိုက်၏။

“ဖျော်ရည်ထဲမှာ ပုရွတ်ဆိတ်တွေ ပါတယ်ထင်တယ်... ရွစိ ရွစိနဲ့”

“ဟာ...မဟုတ်ပါဘူး... ဆိုဒါနဲ့ စပ်ထားလို့ပါ…”

ဘိုကေက ရွှေမိဖြစ်ပုံကို မိန့်မိန့်ကြီး ပြုံးကြည့်နေသည်။

• • •

“ကျော်အေးကို တွေ့အောင်ရှာပါ ဆိုတာကတော့ ဟုတ်သွားပြီ... မြေပုံထဲမှာ နောက်ထပ် ညွှန်းထားတဲ့ ပင်လယ်ကိုဖြတ်ပြီး ပန်းပေါင်းစုံရာအရပ်ကို သွားလော့ဆိုတာက ဘာမှန်းမသိတာ ခက်တယ်...”

ဘိုကေ၊ သက်ရှည်၊ တက်ပုနှင့် ကျော်အေးတို့ ဧည့်ခန်းအတွင်းရှိ စားပွဲပေါ်မှာ မြေပုံကိုချ၍ ဝိုင်းထိုင်ရင်း ဆွေးနွေးနေကြသည်။ ဘိုကေက စကားစလိုက်သောအခါ တက်ပုက…

“ပင်လယ်ကို ဖြတ်ရမယ်ဆိုတာ မန္တလေးကော ဟုတ်ရဲ့လားကွာ”

သက်ရှည်က မေးစေ့ပွတ်နေရာမှ...

“စကားလိမ်နဲ့များ ရေးထားတာလား မသိဘူး... ပင်လယ်က ကျယ်တယ်... တောင်ပေါ်က မြင့်တယ်... ကျယ်မြင့် ကျယ်မြင့်... ဟာ... ဒါလည်း မဟုတ်သေးပါဘူး...”

ကျော်အေးက ခေါင်းကုတ်လိုက်သည်။ ရာသီဥတုက အိုက်စပ်စပ် ဖြစ်နေသဖြင့် အအေးဘူးများ ယူရန် ထထွက်သွားသည်။ ထမင်းစားခန်းထဲက ရေခဲသေတ္တာရှိရာသို့သွားပြီး တံခါးဆွဲဖွင့်လိုက်သည်။ သူ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ရေခဲသေတ္တာထဲမှာ အအေးဘူးတွေ မရှိတော့။ တခြား ပစ္စည်းတွေပါ မရှိတော့ဘဲ အင်္ကျီ၊ လုံချည်၊ မျက်နှာသုတ်ပဝါ စသော အဝတ်အစားတွေ ရောက်နေ၏။

“ဟာ... ဘယ်လိုဖြစ်...”

ထိုအချိန်တွင် အဘွားတင့် သူ့အနား ရောက်လာသည်။

“မင်းတို့မြို့က လူတွေများ အံ့ပါရဲ့ကွယ်... ဒီလောက်ကောင်းတဲ့ ဗီရိုကြီးထဲမှာ ဖျော်ရည်ဘူးတွေ ထည့်လို့ထည့်... ဘာမှတန်ဖိုးမရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဥတွေ ထည့်လိုထည့်နဲ့... ဒါကြောင့် ငါက အဝတ်အစားတွေ ပြောင်းထည့်ထားတာ…”

ကျော်အေးမှာ ရယ်ချင်သော်လည်း အဘွားတင့်ပါးစပ်ကို ကြောက်သောကြောင့် မရယ်ဝံ့။ ခေါင်းသာခါပြီး…

“ဒါ... ဗီရိုမဟုတ်ပါဘူး အဘွားရဲ့... ရေခဲသေတ္တာလို့ ခေါ်ပါတယ်၊ ဒီထဲထည့်ထားရင် ဖျော်ရည်ဘူးတို့ ဘာတို့ အေးနေတာပေါ့... ရေခဲလိုရင် အပေါ်အဆင့်ထဲက ယူရတယ်... ကြက်ဥတို့ အသီးအရွက်တို့ ထည့်ထားရင်လည်း ပုပ်တာတို့ သိုးတာတို့ မဖြစ်တော့ဘူး...”

“သိပါဘူးကွယ်... ဗီရိုမှတ်လို့ ငါက အခန်းထဲတောင် ရွှေ့ခိုင်းထားမလား စိတ်ကူးသေးတယ်... ဟဲ့... ဒါနဲ့ ငါတို့ကို ဘုရားတွေဖူးရအောင် လိုက်ပို့ပေးဦးလေ...”

“ဟုတ်ကဲ့ အဘွား... ပို့ပေးပါ့မယ်... ဒီနေ့တော့ အဝတ်အစားတွေ ဘာတွေ ဝယ်မယ်လို့ ကိုဘိုကေက ပြောတယ်…”

• • •

သက်ရှည်နှင့် တက်ပုတို့က ဘိုကေကို အားကျပြီး တီရှပ်နှင့် ဘောင်းဘီ တိုပွကြီးတွေ ဝယ်ကြသည်။ သက်ရှည်မှာ အရပ်ပုသောကြောင့် ဘောင်းဘီတိုဆိုသော်လည်း ခြေသလုံးလောက်ထိ ရောက်နေသည်။ တက်ပုက အရပ်ရှည်လျက်နှင့် တီရှပ်သေးသေး ဝယ်သဖြင့် ဝတ်လိုက်သောအခါ ဗိုက်သားပေါ်နေသည်။

အဘွားတင့်က ဘာမှမဝယ်။ သူ့ရှိတာ ဝတ်မည်ဟု ပြောသည်။ ရွှေမိအတွက် အင်္ကျီစ၊ လုံချည်စတွေကိုတော့ ကျော်အေးက ဂရုတစိုက် ရွေးချယ်ပေးသည်။ ရွှေမိက ခေတ်ပေါ်ပုံတွေ မကြိုက်သဖြင့် ရင်ဖုံးလက်ရှည် အင်္ကျီတွေသာ ချုပ်ပေးရသည်။

ကျော်အေးက ရွှေမိကို ဂရုတစိုက်ရှိပုံကို အဘွားတင့်က သတိပြုမိ၏။ သို့ရာတွင် မသိချင်ယောင် ဆောင်နေသည်။ ရွှေမိကတော့ တောမှာဆိုလျှင် မိန်းကလေးနှင့် ယောက်ျားလေး မောင်နှမတွေလို ရင်းရင်းနှီးနှီး နေတတ်သောကြောင့် ကျော်အေး ဘာကြောင့် သူ့ကို ဂရုစိုက်နေကြောင်း သတိတောင်မထားမိ။ ဟိုသုံးကောင်ကား အဝတ်အစား အသစ်တွေဝတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေရသဖြင့် အပျော်ကြီး ပျော်နေကြတာနဲ့ပဲ ဘာကိုမှ ဂရုမထားနိုင်။

ဘိုကေက တောင်သမန်ဘက်မှာ ထန်းရည် သွားသွားသောက်ရင်း ဘီယာဆိုတာကို မြည်းစမ်းကြည့်မိသည်။ အကြိုက်ကြီးကြိုက်၊ အစွဲကြီး စွဲသွားပြီး သေတ္တာလိုက်ဝယ်၍ ရေခဲသေတ္တာထဲ ထည့်ထားသည်။

• • •

ကျော်အေးက မန္တလေးအနီးတဝိုက် ဘုရားစုံလိုက်ပို့သည်။ ရတနာတွေကိစ္စ နောက်ထား၍ ဘုရားဖူးရသည့်အတွက်တော့ အဘွားတင့် ကျေနပ်မိ၏။ မဟာမြတ်မုနိဘုရားကြီးကို ဖူးရသောအခါ

ဟဲ့ တွေ့လား... ရွှေတွေ ဝင်းအိနေတာပဲ... ဒါပေမဲ့ ဘယ်သူမှ ဒီရွှေတွေအပေါ် လိုချင်တပ်မက်တဲ့ လောဘ ဖြစ်မလာကြဘူး...” ဟု သူ့မြေးတွေကို သွယ်ဝိုက်၍ ဆုံးမသည်။

မန္တလေးတောင်ပေါ် တက်ကြသောအခါ ဘိုကေတို့ ညီအစ်ကိုသုံးယောက်က အပြေးအလွှား ဦးအောင်တက်သွားကြသည်။ ရွှေမိကတော့ အဘွားတင့်ကို စောင့်ရင်း၊ တွဲရင်း ခပ်ဖြည်းဖြည်း တက်လာ၏။ သူတို့နားမှာ ကပ်လိုက်လာတာက ကျော်အေး၊ အဘွားတင့်ကို တွဲခေါ်သလိုလိုနှင့် ရွှေမိနှင့် နီးနီးကပ်ကပ် နေခွင့်ရအောင် ကြံခြင်းဖြစ်၏။

ဘုရားတွေဖူးကြသည့်အခါမှာလည်း အဘွားတင့်ကို ရှင်းပြသလို လုပ်ရင်း ရွှေမိကို ဂရုစိုက်မှုပါ ပေါ်လွင်အောင်ပြသည်။ တခါတခါ အဘွားတင့်ကိုကျော်ပြီး ရွှေမိနာမည်ခေါ်၍ ရှင်းပြတာမျိုး ဖြစ်သွားသည်။ ဒါကို အဘွားတင့်က ကျေနပ်ဟန်ပြသည်။

မန္တလေးတောင်ထိပ် ရောက်သောအခါ ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရင်း ကျော်အေးက ရှင်းပြသည်။

“ဟိုဟာက မင်းကွန်းပုထိုးတော်ကြီး၊ ဟိုဘက်က စစ်ကိုင်းတောင်ရိုး၊ ဒီဘက်မှာ တွေ့လား၊ ရန်ကင်းတောင်၊ ဟိုးက မြင်ရတာ ဟိုအရင်တုန်းကတော့ အောင်ပင်လယ်ကန်ပေါ့…”

“ဘာ အောင်ပင်လယ်ကန်ဟုတ်လား... ဟာ... ဟုတ်ပြီ... မြေပုံထဲက ပင်လယ်ကို ဖြတ်ကျော်၍ ဆိုတာ ဒါကိုပြောတာဖြစ်မယ်...”

ဘိုကေက ပြောလိုက်သည်။ ကျော်အေးက တွေခနဲ ဖြစ်သွားပြီး...

“အင်း... ဖြစ်နိုင်တယ်ဗျ... ဒါဆို… ဒါဆို... ဟ... သိပြီဗျို့... တောင်ပေါ်က ပန်းပေါင်းစုံရာ အရပ်ဆိုတာ ပြင်ဦးလွင်ကို ပြောတာဗျ… ပြင်ဦးလွင်ကို ပန်းမြို့တော်လို့လည်း ခေါ်တယ် မဟုတ်လား...”

တက်ပုက...

“ဟုတ်ပြီ... ဟုတ်ပြီ... ဒီလိုဆိုရင် ကျုပ်တို့ ပြင်ဦးလွင်ကို သွားကြရုံပဲပေါ့...”

“နေဦးလေ… မြေပုံထဲက နောက်ထပ် ညွှန်းထားတာတွေ မဖော်နိုင်သေးဘဲ သွားလို့ ဘယ်ဖြစ်မလဲ… ပြီးတော့ အဘွားတို့လည်း ဘုရားစုံအောင် ဖူးပါစေဦး... စစ်ကိုင်းတို့... မင်းကွန်းတို့ ပို့ရဦးမယ်…” ဟု ကျော်အေးက ပြောသည်။

“အင်း... တဖြည်းဖြည်းတော့ ရုပ်လုံးပေါ်လာပြီ...”

သက်ရှည်က ပြောလိုက်သည်။

• • •

“အတော်ပဲဗျာ၊ ခင်ဗျားကိုမျှော်နေတာ”

တိုက်ထဲဝင်လာတဲ့ ကျော်အေးကို ဘိုကေက ဆီး၍ပြောသည်။

“ဘာလဲ မြေပုံထဲက စကားဝှက်ကို ထပ်ဖော်နိုင်လို့လား...”

“မဟုတ်ပါဘူးဗျာ... ကိစ္စရှိလို့… ခင်ဗျား ရေခဲသေတ္တာ ပြင်တတ်သလား”

“ပြင်တော့မပြင်တတ်ဘူး... ပြင်တဲ့ဆိုင်တော့ သိတယ်၊ ဘာဖြစ်လို့လဲ”

“ကျုပ်အခန်းထဲက ရေခဲသေတ္တာက မအေးလို့ဗျ... လိုက်ကြည့်ပေးပါဦး...”

ဘိုကေက ကျော်အေးကို သူ့အခန်းသို့ ခေါ်သွားသည်။ ကျော်အေးစိတ်ထဲမှာ ဒီလူတော့ ရေခဲသေတ္တာတလုံး ထပ်ဝယ်လိုက်ပြန်ပြီဟု ထင်မိ၏။ တကယ်တော့ ဒီလိုမဟုတ်။ အခန်းထဲ ရောက်သောအခါ…

“ဘီယာအေးအေးလေး သောက်ချင်လို့ မနက်ကတည်းက ရေခဲသေတ္တာထဲထည့်ထားတာ ဗျ... လုံးဝကို မအေးဘူး” ဟုပြောပြီး လက်ညှိုး ညွှန်ပြသည်။ ကျော်အေး “ဟိုက်ခနဲ” ဖြစ်သွား၏။ ပြီးမှ နဖူးကို လက်ဝါးနှင့် ဖြန်းခနဲရိုက်ပြီး...

“သေလိုက်ပါတော့ဗျာ... အဲဒါ ရေခဲသေတ္တာ မဟုတ်ဘူးဗျ... မီးခံသေတ္တာလို့ ခေါ်တယ်...”

“ဘာ မီးခဲသေတ္တာ ဟုတ်လား၊ ဩော်... ဒါကတော့ အပူပေးတဲ့ သေတ္တာကိုး... ဟင်းတွေ ဘာတွေ နွေးလို့ရတာပေါ့...”

“မီးခံသေတ္တာ မဟုတ်ပါဘူး... မီးခံသေတ္တာ…မီးခံသေတ္တာ”

“မီးခံသေတ္တာ ဟုတ်လား၊ အဲဒါက ဘာလုပ်ရမှာလဲ”

“ငွေတို့၊ ရတနာပစ္စည်းတို့ အရေးကြီးတဲ့ စာရွက်စာတမ်းတို့ထည့်ပြီး သိမ်းထားလို့ ရတယ်... သူခိုးတွေ ဘာတွေ မဖွင့်နိုင်ဘူးပေါ့…”

“ဟာ သူခိုးတောင်မဖွင့်နိုင်ဘူးဆိုတော့ ကျုပ်ဆိုရင် ပိုဆိုးမှာပေါ့ဗျ”

“မဟုတ်သေးဘူးလေဗျာ၊ ဒီမှာတွေ့လား၊ သော့ပေါက်သုံးခုတောင် ပါတယ်... သော့သုံးဆင့် ခတ်ထားရင် ဖွင့်ဖို့မလွယ်တော့ဘူး၊ သော့တွေကို ကိုယ့်ဘာသာ လုံအောင်သိမ်းပေါ့”

“ဟာ ဟုတ်ပြီ၊ ကျုပ်တို့ငွေတွေနဲ့ မြေပုံကို ဒီထဲမှာ သိမ်းထားရမယ်” ဟု လူတရပ်စာနီးပါးရှိသော မီးခံသေတ္တာကြီးကို သဘောကျစွာ ပွတ်ကြည့်ရင်း ဘိုကေက ပြောလိုက်သည်။

ဘိုကေတို့အုပ်စုသည် တိုက်ရှေ့မှာ ရပ်ထားသော အငှားကား ဟိုင်းလပ်ကားပေါ်မှ ပစ္စည်းများကို သယ်ချနေကြသည်။ ဘီယာတွေ၊ အချိုရည်တွေ၊ သေတ္တာလိုက်။ ပန်းသီး၊ လိမ္မော်သီး ခြင်းလိုက်။ အသားဘူး ငါးဘူးတွေ မုန့်ပုံးတွေ တခြား စားသောက်စရာတွေ။

“တွေ့လား၊ တောသားတွေ ကောင်းစားနေကြတာ”

ခြံဝင်းတံခါးနားမှ မယောင်မလည်ကြည့်နေသော ယောက်ျားတယောက်က အတူပါလာ သော မိန်းမတယောက်ကို ပြောပြနေခြင်း ဖြစ်၏။ ယောက်ျားမှာ ကျော်အေးတို့၊ ဘိုကေတို့ လက်စွပ် ရောင်းစဉ်က ပွဲစားအဖြစ် ဆောင်ရွက်ခဲ့သူ မောင်တီးဖြစ်၏။ မိန်းမကတော့ မောင်တီးနှင့် မကြာခဏ အလုပ်တွဲလုပ်ခဲ့ဖူးသော မိန်းမလည် မူယာဖြစ်၏။

“သူတို့က ပွပေါက်တိုးထားလို့လား”

မူယာက မေးသည်။

“ဟုတ်တယ်၊ စိန်လက်စွပ်တကွင်း ရောင်းလိုက်တာ သိန်း နှစ်ဆယ်လောက် ရသွားတယ်၊ ဒါတောင် ငါနဲ့ လောပန်ပေါင်းပြီး နှပ်ချလိုက်လို့၊ တကယ်က သုံးဆယ့်ငါးသိန်းလောက် တန်တာ၊ နို့မို့ဆို နှစ်သိန်း၊ သုံးသိန်းလောက် ပေးရုံနဲ့ရတယ်၊ မန္တလေးသားတယောက် ပါလာတော့ သိပ်နှိမ်မှန်းသိရင် လက်လွတ်သွားမှာစိုးလို့ ဒီလောက် တိုးပေးလိုက်ရတာ”

“ရှင်လည်း ပွဲကောင်းကောင်းရမှာပေါ့”

“တောသားတွေဆီက တသိန်းရတယ်၊ လော်ပန် တသိန်း ပေးတယ်...”

“ဒါနဲ့များ ကျွန်မကို လော့ကက်လေးတခုလောက် ဝယ်ပေးပါလားဆိုတာ အင်တင်တင် လုပ်နေတယ်..”

“အရေးထဲ ပွဲညွန့်ခူးမယ့်လူနဲ့ တွေ့နေပြန်ပါပြီ... ဒီမှာ အခုထက် ဆယ်ဆမကရမယ့် အကွက်တခုရှိတယ်... အဲဒါပြောချင်လို့ နင့်ကို လာခေါ်တာ...”

“ပြောစမ်းပါဦး.. ဟိုတခါလို အကြွေးတွေ ပတ်လည်ဝိုင်းနေတဲ့ အဘိုးကြီးကို သွားချဉ်းခိုင်းတာမျိုးတော့ မလုပ်နဲ့ဦးနော်၊ အဲဒီတုန်းက ပိုက်ဆံ မရတဲ့အပြင် ကံကောင်းလို့ ကြွေးရှင်တွေ ဝိုင်းရိုက်တာ မခံရတာ…”

“အေးပါ… ခုဟာက ဒီလိုဟ... ဒီကောင်တွေ စိန်လက်စွပ်ကို ရောင်းပြီးတော့ နောက်တခါ ရောင်းရင်လည်း ကူညီပါဦးလို့ ပြောတယ်... ဒါကြောင့် သူတို့ဆီမှာ ရတနာပစ္စည်းတွေ ရှိလိမ့်ဦးမယ် ... ဒါမှမဟုတ် ထပ်ရနိုင်တဲ့ အကြောင်းတခုခု ရှိလိမ့်ဦးမယ်ထင်တယ်... ဒီတော့ နင် လုပ်ရမှာက သူတို့ထဲ ဝင်ရောပြီးတော့ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ စုံစမ်းပြီး ငါ့ကို အဆက်အသွယ် လုပ်ဖို့ပဲ...”

“ဒီလောက်က ဖြစ်ပါတယ်”

“ကဲ ဒါဆို နင်ကြည့်စမ်း... သူတို့ထဲက ဘယ်ကောင်ဆိုရင် လွယ်မလဲလို့…”

မူယာက ခြံဝင်းထဲ လှမ်းကြည့် အကဲခတ်ပြီး...

“ဟို ရုပ်ရည်ခပ်သန့်သန့်က မန္တလေးသား မဟုတ်လား ... သူ့ကို ဖယ်ထားလိုက်... အင်း ဟိုပုပုကောင်က ပေါတောတောနဲ့ တူတယ်... ရှည်ရှည်ကောင်ကတော့ သေတ္တာလေးတလုံးတောင် ခါးချည့်အောင် သယ်နေရတာ အဖြစ်ရှိမယ် မထင်ဘူး... အဲ... ကတုံး... ကတုံး... သူဆိုရင် ကပ်လို့ လွယ်နိုင်တယ်...”

“သေချာတယ်နော်…”

“ဪ... မူယာပါဆိုမှ ဒီအလုပ်လုပ်စားလာတာ ဘယ်လောက်ကြာပြီလဲ... ရုပ်ရည်ကို ကြည့်လိုက်တာနဲ့ အလုပ်ဖြစ် မဖြစ် ခွဲခြားသိပါတယ်ရှင့်”

မောင်တီးက ကျေနပ်စွာပြုံးလိုက်ပြီး...

“အမြန်ဆုံး လုပ်ငန်းစတော့” ဟု ပြောလိုက်၏။

• • •

ရွှေမိသည် ကြမ်းပေါ်မှာထိုင်ပြီး ဆိုဖာနှစ်လုံးကြားမှ ချောင်းကြည့်နေ၏။ ဗီဒီယိုဇာတ်ကား ကို ကြည့်နေခြင်းဖြစ်၏။ အကြမ်းအရမ်းတွေချည်း ပါသော နိုင်ငံခြားရုပ်ရှင်ကားဖြစ်သည်။

ရွှေမိ ဖြစ်နေပုံကို ကျော်အေးက မေးလိုက်သည်။

“မရွှေမိ အပေါ်မှာ ထိုင်ကြည့်ပါလား၊ ဘာဖြစ်လို့ အဲဒီလိုကြီး ကြည့်နေရတာလဲ...”

“အို… ဟိုမှာ သေနတ်တွေ ပစ်နေတာ မမြင်ဘူးလား... မတော်တဆ လူကိုလာမှန်ရင် ဘယ့်နှယ်လုပ်မလဲ... ဒါကြောင့် အကာအကွယ် ယူပြီး ကြည့်တာ...”

ကျော်အေးက ရယ်၍…

“ဪ မရွှေမိကလည်း ဗီဒီယိုပြနေတာပဲဟာ… တကယ် ပစ်နေတာမှ မဟုတ်ဘဲ၊ ဒါလည်း ရုပ်ရှင်ပြသလိုပါပဲ...”

ရွှေမိက ရှက်ရယ် ရယ်၍...

“သိပါဘူးတော်... သူတို့ဟာက တကယ်ပစ်ခတ်နေတာ ကျနေတာပဲ”

“အင်း ခု နောက်ဝင်လာတဲ့ တီဗွီတွေ အောက်စက်တွေက သိပ် အဆင့်မြင့်လာတော့ မရွှေမိ လန့်မယ်ဆိုလည်း လန့်စရာပဲ၊ အသံတွေက သိပ်သဘာဝကျတာကိုး၊ ကဲ... အေးအေးဆေးဆေးသာ ထိုင်ကြည့်ပါ... ဘာမှမဖြစ်ပါဘူး”

“တော်ပါပြီ၊ မကြည့်ချင်တော့ဘူး၊ သူတို့ဟာက သေနတ်ချည်းပစ်နေတာပဲ…” ဟု ရွှေမိကပြောပြီး မီးခလုတ်ကို သွားပိတ်မည်ပြုသည်။

“ဟာ မီးခလုတ်ကို ဒါရိုက်မပိတ်ရဘူး၊ တီဗွီက ခလုတ်ကို အရင်ပိတ်ရတယ်၊ အဲ... ဟောဒီ ရမုကွန်ထရိုးနဲ့ ပိတ်လို့လည်း ရတယ်…”

ကျော်အေးကပြောရင်း အဝေးထိန်းကိရိယာလေးကိုယူ၍ တီဗွီဘက် ချိန်ပြီး ခလုတ် နှိပ်လိုက်သည်။ တီဗွီ အလိုအလျောက် ပိတ်သွားသည်ကိုမြင်၍ ရွှေမိ သဘောကျသွား၏။

“တယ်ဟုတ်ပါလား”

ရွှေမိက အဝေးထိန်းကိရိယာကိုယူ၍ တံခါးဝဘက်ချိန်ပြီး ခလုတ်နှိပ်လိုက်သည်။

“ဟင် တံခါးလည်း ပိတ်မသွားပါလား”

“ဪ… ဒါက တီဗွီပိတ်ဖို့အတွက်ပဲ လုပ်ထားတာ... တခြားဟာတွေတော့ ပိတ်လို့ မရဘူးလေ..”

“ဩော်... သိပါဘူးတော်”

“ဒါနဲ့ ကိုဘိုကေတို့ရော”

“စောစောကပဲ ပျင်းတယ်၊ လျှောက်လည်မယ်ဆိုပြီး ထွက်သွားကြတာပဲ”

“အဘွားတင့်ကော…”

“မီးဖိုထဲမှာ ဘာတွေ အလုပ်ရှုပ်နေမှန်း မသိပါဘူး”

“အင်း မရွှေမိကော ဒီမှာနေရတာ ပျော်ရဲ့လား”

“ဘုရားတွေဖူးရတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဒီတိုက်ထဲမှာ နေရတာ စိတ်ကျဉ်းကျပ်တယ်... တောမှာလောက် မလွတ်လပ်ဘူး...”

“ဒါဆို လမ်းလေးဘာလေး ထွက်လျှောက်ပါလား... အပျင်းပြေပေါ့”

“ကျုပ်က သွားတတ်လာတတ်တာ မဟုတ်ဘူး... တော်ကြာ အိမ်မပြန်တတ်ရင် ခက်မယ်”

“အစ်ကို အဖော်လိုက်ပေးမယ်လေ”

“ကောင်းသားပဲ...”

“ကဲ… အဝတ်အစားလေး ဘာလေး သွားလဲ”

“အို အလှူသွားတာမှ မဟုတ်တာ... ဘာလဲနေစရာလိုလို့လဲ”

ကျော်အေးက ပြုံး၍...

“ဒါဆိုလည်း အဘွားတင့်ကို သွားခွင့်တောင်းလိုက်ဦး”

ရွှေမိ မီးဖိုခန်းဘက် ဝင်သွားသည်။ အဘွားတင့်က ကျော်အေးနှင့်ဆိုလျှင် ခွင့်ပြုမှာ သေချာသည်။

• • •

ကျော်အေးသည် ရွှေမိနှင့်တူတူ တွဲလျှောက်သွားရသဖြင့် တော်တော်ကျေနပ်နေသည်။ ရွှေမိသည် တောမှာနေစဉ်ကတည်းက လှမှန်း သိသာနေခဲ့သူဖြစ်၏။ ခုလို မြို့ကိုရောက်လာပြီး သပ်ရပ်စွာ ဝတ်စားဆင်ယင်လိုက်သောအခါ ပုံစံက ရိုးနေသည့်တိုင် တသွေးတမွေး လှချင်တိုင်း လှနေတော့၏။ သူတို့နှစ်ယောက် တွဲလျှောက်သွားကြသောအခါ မန္တလေး မြို့ကြီးသားများကပင် ရွှေမိကို ဂရုတစိုက် ကြည့်သွားရသည်။ ဒါကို ကျော်အေးက အလွန်ဂုဏ်ယူနေမိ၏။

တခုပဲ ရှိသည်။ ရွှေမိက လမ်းလျှောက်မြန်သည်။ ဆတ်တောက် ဆတ်တောက်နှင့် ခပ်သွက်သွက် လျှောက်သွားရာ ကျော်အေးမှာ နောက်မကျန်ရစ်အောင် အတော်ကြိုးစား လိုက်လျှောက်ရ၏။

တနေရာတွင် ရွှေမိက တိုက်တွေပေါ်မော့ကြည့်ရင်း ပြောသည်။

“မြို့ကလူတွေဟာ တော်တော်စေတနာသဒ္ဓါတရား ထက်သန်တယ်နော်....”

“ဘာဖြစ်လို့လဲ ရွှေမိရဲ့”

“ဪ... ကျုပ်တို့တောမှာဆို အလှူလုပ်ချင်ရင် ဘုန်းကြီးကျောင်းမှာ ဒယ်အိုးကြီးတွေ သွားငှားရတယ်... မြို့ကလူတွေကတော့ ဒယ်အိုးတွေ တခါတည်း ဝယ်ထားကြတာပဲ... အလှူလုပ်ရင် ငှားစရာ မလိုတော့ဘူး… ပြီးတော့ ဒယ်အိုးကြီးတွေကလည်း အကြီးကြီးတွေ…. ဆန်တတင်းလောက်တော့.. ကောင်းကောင်းချက်လို့ရတယ်...ဟိုမှာ ကြည့်ပါလား...”

ဆိုပြီး တိုက်များ၏ ခေါင်မိုးပေါ်မှာ တပ်ထားသော ဂြိုဟ်တုရုပ်သံဖမ်းသည့် စလောင်းတွေကို လက်ညှိုးထိုးပြသည်။ ကျော်အေးက ရယ်ချင်စိတ်ကို မျိုသိပ်ပြီး...

“ဟာ… အဲဒါ ဒယ်အိုးမဟုတ်ဘူး... စလောင်း”

“ဟင်... ဒီလောက်ကြီးတဲ့စလောင်းက ဘာကိုသွားဖုံးမှာလဲ”

“စလောင်းဖုံးမဟုတ်ပါဘူး၊ ဂြိုဟ်တုက လွှင့်တဲ့ရုပ်သံတွေကို တိုက်ရိုက်ဖမ်းတဲ့ ကိရိယာကို ပြောတာ”

“ဘယ်ဂြိုဟ်က လွှင့်တာလဲ… တော်ကြာ ပါပဂြိုဟ်ကဟာတွေဆို ဘယ်ကောင်းမလဲ...”

ကျော်အေး ခေါင်းကုတ်လိုက်သည်။

“အဲ… ဟို နောက်တော့မှ ကျွန်တော်ရှင်းပြပါ့မယ်”

“အင်း ကားတွေလူတွေကလည်း ရှုပ်လိုက်တာ၊ မျက်စိနောက်လာပြီ၊ ပြန်မယ်…”

“ကောင်းပါတယ်… ပြန်တာပဲ ကောင်းပါတယ်”

အပြန်လမ်းမှာ ရွှေမိက ရေခဲမုန့်နှင့် နို့အေးချောင်း စားချင်တယ် ဆိုသဖြင့် ဝယ်ကျွေးရသေးသည်။ လက်တဖက်က ရေခဲမုန့်၊ တဖက်က နို့အေးချောင်းကိုင်ပြီး တလှည့်စီ စားလာခဲ့ရာ လမ်းသွားလမ်းလာများက အထူးအဆန်းလို ကြည့်သွားကြသည်။

• • •

ရွှေမိနှင့် သွားရတာ ဂွကျသလိုပင် ဘိုကေတို့နှင့် သွားလာရာမှာလည်း ကိုးလိုးကန့်လန့်တွေ ဖြစ်ရသည်။

တရက်မှာ သက်ရှည်နှင့်အတူ မြို့ထဲထွက်ရင်း လူငယ်နှစ်ယောက် ဆုံရာမှ တယောက်နှင့် တယောက်... လက်ဝါးချင်း ရိုက်လိုက်ကြာတာ တွေ့တော့...

“အဲဒါ ဘာလုပ်တာလဲ” ဟု သက်ရှည်က မေးသည်။ ကျော်အေးက ခုခေတ်လူငယ်တွေ တွေ့ရင် ဒီလိုပဲ နှုတ်ဆက်ကြကြောင်း ပြန်ပြောသည်။ သက်ရှည်က သိပ် သဘောကျသွားသည်။

ဆက်လျှောက်သွားကြရင်း မော်တော်ကားတွေကို လမ်းရှင်းပေးနေသော ယာဉ်ထိန်းရဲကို မြင်သည်။ သူတို့အနားက ဖြတ်အလျှောက်မှာ ယာဉ်ထိန်းရဲက ကားကိုတားရန် လက်မြှောက်လိုက် ၏။ ဒါကို သက်ရှည်က သူ့ကို နှုတ်ဆက်တာပဲထင်၍ ယာဉ်ထိန်း၏လက်ဝါးကို သူ့လက်ဝါးဖြင့် ဖြောင်းခနဲ ရိုက်လိုက်ပြီး...

“ဟဲ... ဟဲ... နေကောင်းလား”

ယာဉ်ထိန်းက ပထမကြောင်သွားသည်။ နောက်တော့...

“ခင်ဗျား ဘာလုပ်တာလဲ”

ဆိုပြီး မျက်နှာထား တင်းသွားသည်။ ကျော်အေးက မနည်း တောင်းပန်လို့သာ ဝတ္တရား နှောင့်ယှက်မှုဖြင့် အရေးယူမခံရခြင်း ဖြစ်၏။

တက်ပုကျတော့ တမျိုး။ တိုက်ကြက်မျိုးကောင်း လိုချင်တယ် ဆိုသဖြင့် လိုက်ရှာရသည်။ မန္တလေးမြို့ကြီးပေါ်မှာတော့ ဘယ်လိုမှ ရှာမရ။ တောင်မြို့ဘက်မှာ ရှိသည်ကြား၍ လိုက်ရသည်။ အင်းဝဘက်ကို ညွှန်၍ ထပ်လိုက်ရသည်။ ဟိုရောက်တော့ ရွာတွေအထိ ဆင်းရသည်။ တွေ့ပြန်တော့လည်း စိတ်တိုင်းမကျ။ ဖောင်းမှပြားမှ လုပ်နေသည်။ ရွာခံတွေက ရှာပေးထားပါမည်။ တပတ်လောက်နေရင် လာခဲ့ပါဟု မှာလိုက်သည်။

ဘိုကေကတော့ ကားတစီးဝယ်ချင်တယ် လုပ်လာ၏။ ထို့ကြောင့် ပွဲစားတွေနှင့်ဆက်ပြီး ကားရှာကြသည်။ ဘိုကေက တစီးမှ မကြိုက်။ နောက်နေ့မှ ဆက်ရှာမည်ဆိုပြီး ပြန်အလာ လမ်းတနေရာတွင် ဘိုကေက အငှားကားဆရာကို ရပ်ခိုင်းပြီး ကားပေါ်မှ ဆင်းပြေးသွားသည်။ သူဆင်းသွားရာသို့ ကြည့်ပြီး ကျော်အေး ဟိုက်ခနဲ ဖြစ်သွားသည်။

“ကိုဘိုကေ နေဦး၊ နေဦး”

ဆိုပြီး ပြေးလိုက်ရသည်။ ဘိုကေကတော့ သစ်ပင်ရိပ်မှာ ရပ်ထားသော ကားနား ရောက်သွားပြီ။ ကားဘီးလဲတပ်နေသော ယာဉ်မောင်းကို ဘိုကေက မေးလိုက်သည်။

“ဒီကားရောင်းမလား၊ ဈေးကောင်းပေးမယ်”

ယာဉ်မောင်းက ကြောင်ကြည့်နေသည်။ လာနောက်နေတယ်ဟု ထင်ဟန်တူ၏။ ကျော်အေးက ဘေးမှာဝင်ရပ်ပြီး ဘိုကေ့လက်မောင်းကို ဆွဲလိုက်စဉ်...

“ကျုပ်က ဒီကားမျိုးမှကြိုက်တာ... ဘယ်လောက်လှသလဲ တွေ့လား၊ အပေါ်မှာ ပန်းခက်တွေ ဘာတွေနဲ့ ကားကလည်း အထဲမှာ အကျယ်ကြီးပဲ”

“ကိုဘိုကေ လာ လာ”

“နေပါဦးဗျာ… ဈေးတောင် မပြောရသေးဘူး”

“ကိုဘိုကေရယ် ခက်တော့တာပဲ... အဲဒါ နိဗ္ဗာန်ယာဉ်ကြီးဗျ”

“ဟာ... နာမည်ကိုက လာဘ်ကောင်းနေပြီ. . . ကျုပ်ရအောင် ဝယ်မယ်ဗျာ...”

ဘိုကေက ရုန်းပြီး ပြန်လှည့်မည်ပြု၏။ ကျော်အေးက အတင်းဆွဲထားပြီး...

“နိဗ္ဗာန်ယာဉ်ဆိုတာ အသုဘကားကို ပြောတာဗျ...”

“ဟာ... ဟုတ်လား၊ သိပါဘူးဗျာ၊ ကားကလှလွန်းလို့ အင်း မြို့ကလူတွေများ သေတာတောင် တယ်စတိုင်ကျသကိုး”

နောက်ဆုံးတော့ ကျော်အေးက ကားဝယ်ချင်လျှင် ရတနာပစ္စည်းတွေ ရပြီးမှ အကောင်းဆုံးကို ဝယ်စီးပါ။ လောလောဆယ် အပြတ်ငှားထားလို့ ရပါတယ်ဟု အကြံပေးပြီး သူတို့အားလုံး စီးလို့ရအောင် တောင်းအေ့စ်တစီး ငှားလိုက်ရ၏။

အဘွားတင့်သည် မြို့ပေါ်မှာ နေရတာကို စိတ်ပျက်ငြီးငွေ့လာပြီး ဘုရားတွေလည်း စုံအောင်ဖူးပြီးပြီဖြစ်၍ လူကြီးတယောက်အဖို့ ပြည့်စုံသွားပြီ။ တနေ့တနေ့ တိုက်ထဲမှာချည်း အောင်းနေရတာကို စိတ်ညစ်လှပြီ။ အပြင်ထွက်ပြန်တော့လည်း ကားတွေလူတွေ ရှုပ်ယှက်ခတ်ပြီး မျက်စိ နောက်သည်။ တခါတခါ မူးတောင်မူးလာသည်။

အစကတော့ ဘုရားတွေဖူးပြီးလျှင် ဘိုကေတို့ကို နားချပြီး တောကို ပြန်ခေါ်သွားမည်ဟု စိတ်ကူးခဲ့သည်။ ခုတိုင်းဆိုလျှင် ပြန်ခေါ်လို့ရမှာ မဟုတ်တော့။

စိတ်ရှုပ်ရတဲ့ကြားထဲ မိန်းမတယောက်က အိမ်ဖော် လိုတယ်ဆိုလို့ဆိုပြီး လာမေးသေးသည်။ မိန်းမပုံစံက မျက်စိကစားလွန်းသည်။ အဘွားတင့်က သိပ်သဘောမကျ။ အိမ်ဖော်လိုတယ်လို့လည်း တခါမှမပြောခဲ့ဘူး။ ထို့ကြောင့် မလိုဘူးဟု အပြတ်ပြောလွှတ်လိုက် ရသည်။

အဘွားတင့်က သူရွာကို ပြန်ဦးမယ်ဟု ပြောသောအခါ ကျော်အေးနှင့် ရွှေမိတို့က တားကြသည်။ ဘိုကေတို့ကတော့ အဘွားတင့်ကို တားလည်း တားချင်သည်။ အဘွားတင့် မရှိလျှင် ရတနာတွေရှာဖို့ကိစ္စ ပို၍ လွတ်လွတ်လပ်လပ် ပြုနိုင်မည်ဖြစ်သောကြောင့် ပြန်လည်း ပြန်စေချင်သည်။

“ငါက ဒီမြို့မှာ ကြာကြာမနေနိုင်ဘူးကွယ့်... ကြာရင် မျက်စိရှုပ် နားရှုပ်နဲ့ အသက်တိုသွားလိမ့်မယ်၊ ပြီးတော့ ငါ့ယာခင်းလေးကို သူများနဲ့ လွှတ်ထားခဲ့ရတာကိုလည်း စိတ်မချဘူး၊ တားမရလို့သာ ထားခဲ့ရတယ်၊ မင်းတို့ကိုလည်း ရွာကိုပဲ ပြန်စေချင်တာ၊ ငါ နောက်ဆုံးမှာခဲ့ချင်တာက လောဘကို တတ်နိုင်သလောက် နှိမ်ကြဖို့ပဲ...” ဟု အဘွားတင့်က ပြောသည်။

အဘွားတင့် သွားခါနီးတွင် ရွှေမိက…

“အဘွား ရွာပြန်မယ်ဆိုတော့ ကျုပ်လည်း လိုက်ချင်လိုက်တာ... ဒီမှာနေရတာ သိပ်မပျော်လှဘူး အဘွားရဲ့”

“ငါ့မြေးက လိုက်လို့မဖြစ်သေးဘူး၊ ဟိုအကောင်သုံးကောင် မဟုတ်တာ မလုပ်ရအောင် စောင့်ကြည့်ဖို့ နေခဲ့ဦးမှ ဖြစ်မှာ... အကြောင်းကိစ္စရှိရင် မောင်ကျော်အေးကို တိုင်ပင်ပြီး အကူအညီတောင်း... ကြားလား… ဒီသူငယ်က ရိုးသားဖြောင့်မတ်တယ်...” ဟု မှာခဲ့သည်။

အဘွားတင့် လှည်းကြုံစီးပြီး ရွာကို ဝင်လိုက်သောအခါ မြင်ရသော မြင်ကွင်းကြောင့် အံ့သြသွားရသည်။

ရွာကလူများသည် ပေါက်တူးပေါက်ပြားတွေနှင့် တွင်းတွေ တူးနေကြသည်မှာ ဟိုနားတတွင်း၊ ဒီနားတတွင်း၊ လမ်းတလျှောက် တွေ့သူတွေက အဘွားတင့်ကို လှမ်းနှုတ်ဆက်ကြသည်။

“အဘွား ဘိုကေတို့ မြို့မှာ တော်တော်ကောင်းစားနေမှာပေါ့နော်”

အဘွားတင့်က ခေါင်းသာညိတ်ပြသည်။ လှည်းသမားက -

“အဲဒါပဲ ကြည့်တော့ အဘွားရေ… ဘိုကေတို့ အိမ်သာတွင်း တူးရာက စိန်လက်စွပ် ရတယ်ကြားလို့ တရွာလုံး တွင်းချည်းတူးနေကြာတာပဲ... ညည လမ်းလျှောက်ရင်တောင် ဘယ်တွင်းထဲ လိမ့်ကျမလဲ စိုးရိမ်နေရတယ်… တချို့တွေက ကိုယ်တိုင်မတူးနိုင်လို့ လူငှားတူးရတယ် ... တွင်းတူးခတောင် ဈေးတက်ကုန်ပြီ...”

“ဘာတွေရကြသတဲ့လဲ”

“ဘာရမှာလဲဗျာ... အိုးခြမ်းကွဲတို့ ခုံဖိနပ်အပြတ်တို့ သံပုံးစုတ်တို့ပဲ ရတာပေါ့...”

“အင်း…. လောဘတွေ၊ လောဘတွေ၊ ငါ့အကောင်တွေလည်း လောဘမှ သတ်နိုင်ကြပါ့မလား…”

အိမ်တအိမ်ရှေ့ကို လှည်းအဖြတ်တွင်း တွင်းတူးနေသော သာအေးက လှမ်းနှုတ်ဆက်ပြီး...

“ဗျို့ အဘွားတင့်... အဘွားတင့်တို့အိမ်က တွင်းတူးတုန်းက အနက် ဘယ်လောက် တူးရသလဲဗျ…” ဟု လှမ်းမေးသည်။ အဘွားတင့် စိတ်အချဉ်ပေါက်လာသဖြင့်...

“ခြောက်ပေ လေးပေဟေ့၊ ခြောက်ပေ လေးပေ” ဟု ပြန်အော်လိုက်သည်။ သာအေး ခေါင်းကုတ်ပြီး ကျန်ခဲ့သည်။

• • •

ပွဲစားမောင်တီးနှင့် မူယာတို့သည် သူတို့အကြံအစည်ကို အကောင်အထည် ဖော်သည်။ မူယာက ဘိုကေကို မိတ်ဖွဲ့ပြီး ဝင်ရောဖို့ပင်ဖြစ်၏။

တရက် စားသောက်ဆိုင်တခုမှာ ဘိုကေ ဘီယာသောက်နေတုန်း မူယာ ရောက်လာသည်။ ဘိုကေ့စားပွဲရှိရာသို့ သွားပြီး...

“အစ်ကို တယောက်တည်းလား” ဟု မေးသည်။ ဘိုကေ ခေါင်းညိတ်ပြသည်။

“အဖော်မပါတော့ မပျင်းဘူးလား”

“ဘာလို့ ပျင်းရမှာလဲ”

“တယောက်တည်းဆိုတော့ ခြောက်ကပ်ကပ်ကြီး ဖြစ်နေမှာပေါ့... ညီမလည်း တယောက်တည်း ပျင်းနေတာ... စကားလေးဘာလေး ပြောရအောင်နော်...”

ဆိုပြီး ဝင်ထိုင်သည်။ ဘိုကေက တော်တော်မူးနေပြီ။ သူက မူယာကို စိုက်ကြည့်လိုက် သည်။ မူယာသည် အစွမ်းကုန် ခြယ်သလာသည်။ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ ဆိုးထားသည်။ ထိုအချက်မှာ သူ မှားသွားခြင်း ဖြစ်၏။ ဘိုကေ၏စိတ်ထဲတွင် ကြည့်မရဖြစ်သွားပြီး...

“မထိုင်နဲ့၊ ငါ စကားမပြောချင်ဘူး... တော်ပြီ မူးလည်းမူးနေပြီ… ပြန်မယ်”

ဆိုပြီး ထထွက်သွားလေ၏။

• • •

ထိုအခါ မောင်တီးနှင့် မူယာတို့ တမျိုးကြံကြပြန်သည်။ ဘိုကေ ညဘက် လမ်းလျှောက် ထွက်အလာကို တနေရာမှာ စောင့်ပြီး မောင်တီးက မူယာ့ကို အနိုင်ကျင့် ရိုက်နှက်နေဟန် ဆောင်သည်။ ဘိုကေ အမြင်မတော်လို့ ဝင်ပြောလျှင် မောင်တီးက အလျှော့ပေးပြီး ထွက်သွားမည်။ ထိုအခါ မူယာက ကျေးဇူးတင်ကြောင်းပြော၍ ဝင်ရောမည်ဟု ကြံသည်။ သို့ရာတွင် ဘိုကေက မြို့မှာနေတဲ့ လင်မယားတွေ အိမ်ကကျဉ်းလို့ နေရာမရှိလို့ ထင်တယ်။ ရန်ဖြစ်တာတောင် လမ်းပေါ်ထွက်ဖြစ်ရှာတယ်ဟု တွေးပြီး ဘာသိဘာသာ ဆက်လျှောက်သွားလေသည်။

• • •

နောက်တကြိမ်ကျတော့ မောင်တီးက မူယာကို ဓားနှင့်ထောက်ပြီး အနုကြမ်းစီးဟန် ဆောင်သည်။ ဘိုကေ ကြားလောက်အောင် မောင်တီးက…

“ရှိတာ အကုန်ထုတ်စမ်း” ဟု ပြောသည်။ အရေးထဲမှာ မူယာက...

“ပစ္စည်းကိုတော့ ချမ်းသာပေးပါရှင်…” ဟု မှားပြောသေးသည်။ မောင်တီးက…

“အရေးထဲ ဥစ္စာခြောက်နေပြန်ပြီ၊ လူကို ချမ်းသာပေးပါလို့ ပြောရမှာဟ..” ဟု ကျိတ်ပြီး ပြင်ပေးရသေးသည်။

ဘိုကေက သူရဲကောင်းလုပ်ပြီး ဝင်ကယ်လျှင် ဟန်ပြလောက် ခုခံပြီး ထွက်ပြေးမည်။ မူယာက ဇာတ်လမ်းဆက်ဖို့ဖြစ်၏။ လက်တွေ့မှာတော့ ဘိုကေက ဝင်မကယ်ဘဲ...

“လာကြပါဦးဗျို့၊ ဓားပြဗျို့၊ ဓားပြ..” ဟု အော်သဖြင့် နှစ်ယောက်သား လူတွေ ဝိုင်းအုံမလာခင် လစ်ပြေးကြရသည်။

• • •

အဘွားတင့် ရွာပြန်ခါနီးတွင် ကျော်အေးကိုခေါ်၍ ဘိုကေတို့ မဟုတ်တာ မလုပ်ရအောင် ထိန်းသိမ်းရန်နှင့် ရွှေမိကို စောင့်ရှောက်ရန် မှာသွားသည်။ ကျော်အေးကလည်း ကတိပေးလိုက်သည်။ ရွှေမိကို စောင့်ရှောက်ဖို့ကတော့ အထူးတောင် မှာစရာမလို။ သူက စောင့်ရှောက်ချင်လိုက်တာမှ။

သူသည် ရွှေမိကို မြင်မြင်ချင်း သံယောဇဉ်ဖြစ်ခဲ့မိသည်။ ရွှေမိကလည်း တနေ့တခြား ပိုပိုလှလာသည်။ တခုရှိတာက ရွှေမိသည် ဆတ်ဆတ်ကြဲ မဟုတ်မခံစိတ်ရှိခြင်းပင် ဖြစ်၏။ ထို့ကြောင့် စကားစရာ ခက်နေသည်။

တရက်မှာတော့ ရွှေမိကို သွေးတိုးစမ်းကြည့်သည်။

“မရွှေမိ မပျင်းဘူးလား၊ လမ်းလျှောက်ထွက်ဦးမလား”

“မသွားချင်ပါဘူး... မျက်စိရှုပ်… နားရှုပ်… ကားရှောင်ရ၊ စက်ဘီး ရှောင်ရနဲ့...”

“ဗီဒီယိုလေးဘာလေးကြည့်ပေါ့... ဘာအခွေကြည့်ချင်လဲ... အစ်ကို သွားငှားပေးမယ်”

“တော်ပါပြီ... အခွေတွေကလည်း ကြည့်ရလွန်းလို့ ရိုးနေပြီ"

ကျော်အေးက အကဲခတ်ကြည့်သည်။ ရွှေမိမျက်နှာ ကြည်ကြည်သာသာ ရှိသဖြင့် စကားအစပျိုးလိုက်၏။

“မရွှေမိက ရွာမှာ ကွမ်းတောင်ကိုင်ဆို”

“လူကြီးတွေက ကိုင်ခိုင်းတော့လည်း ကိုင်လိုက်ရတာပါပဲ"

ဟု အရိုးခံအတိုင်း ပြန်ပြောသည်။

“ရွှေမိကလည်း လှတာကိုး”

ကျော်အေး စကားတဆင့်တက်လာသည်။ ရွှေမိက ---

“ဟုတ်လား... ကျုပ်ကို လှတယ်လို့ပြောတာ ကိုကျော်အေးနဲ့ပါမှ နှစ်ယောက်ပဲ ရှိသေးတယ်...”

“ဟင်... တယောက်က ဘယ်သူလဲ” ဟု ကျော်အေးက စိုးရိမ်စွာ အလောတကြီး မေးသည်။

“အဘွားပေါ့…”

ဆိုမှ စိတ်သက်သာရာ ရသွား၏။ အခြေအနေကတော့ မဆိုးလှ။ ရသလောက် ဆက်ပြောကြည့်မှဟု တွေးပြီး...

“ဒါနဲ့ ရွှေမိကို တခုမေးရဦးမယ်”

“ဘာလဲ”

“ဟိုလေ… ဟို… ညီမကလှတော့ စိတ်ဝင်စားတဲ့လူတွေ အများကြီး ရှိမှာပဲနော်...”

“ဟင် ဘာလုပ်ဖို့ စိတ်ဝင်စားမှာလဲ”

စိတ်ဝင်စားတယ်ဆိုတာကို သဘောပေါက်ဟန် မတူ။ ထို့ကြောင့် ပို၍ ပွင့်ပွင့်လင်းလင်း ပြောဖို့ ဆုံးဖြတ်ပြီး...

“အဲ… ဒီလိုလေ ခုနေများ တယောက်ယောက်က ရွှေမိကို ချစ်တယ်လို့ ပြောလာရင် ရွှေမိ ဘယ်လိုတုံ့ပြန်မလဲဟင်...”

“ပါးချလိုက်မှာပေါ့...”

ရွှေမိက ပက်ခနဲ ပြန်ပြောလိုက်သည်။ ကျော်အေး လန့်သွား၏။

“ဒါနဲ့ နေစမ်းပါဦး... အဲလို ဘယ်သူကပြောမှာမို့လဲ”

“အစ်ကို... အဲ... မဟုတ်ဘူး... ဘယ်သူမှ မဟုတ်ပါဘူး” ဟု ပြောပြီး ထလစ်ပြေးရလေ၏။

ပွဲစားမောင်တီးက ဒရိုင်ဘာလိုတယ် သတင်းကြားလို့ဆိုပြီး အလုပ်လာလျှောက်သည်။ သူ့ကို ဘိုကေတို့ မြင်ဖူးထားသဖြင့် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတပ်ပြီး ရုပ်ဖျက်လာသည်။ မူယာကိုလည်း နယ်မှ ရောက်လာသူ တယောက်လို ရိုးရိုးလေး ဝတ်စားပြင်ဆင်စေပြီး ခေါ်လာသည်။

မောင်တီးက သူတို့မောင်နှမနှစ်ယောက်မှာ နယ်မှလာခြင်း ဖြစ်ကြောင်း၊ စားစရာ နေစရာရလျှင် ကျေနပ်ပြီဖြစ်ကြောင်း မိမိမှာ ကား ကောင်းကောင်း မောင်းတတ်ကြောင်း မိမိ၏ ညီမလေးကိုလည်း အိမ်မှာ ခိုင်းလိုရာ ခိုင်းနိုင်ကြောင်း ပြော၏။

ဘိုကေသည် မူယာကို တချက်ကြည့်လိုက်၏။ သူ့စိတ်ထဲမှာ မူယာကို ရင်းရင်းနှီးနှီး သိခဲ့ဖူးသလိုလို ထင်မိ၏။ အမှန်မှာ စားသောက်ဆိုင်ထဲမှာ သူ ဘီယာမူးနေတုန်း တွေ့ဖူးခြင်းဖြစ်၏။ ထိုစဉ်က မူယာသည် မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ ပြူးပြူးပြဲပြဲ လုပ်ထားသဖြင့် မမှတ်မိခြင်း ဖြစ်၏။

မူယာက စိုက်အကြည့်ခံရသဖြင့် ရှက်သွားဟန် ခေါင်းငုံ့လိုက်ပြီးမှ မျက်လုံးရွဲကြီးများဖြင့် တချက် ဖျတ်ခနဲ လှန်ကြည့်လိုက်သည်။ ဘိုကေ ကြက်သီးထချင်သလို ဖြစ်သွားရ၏။

“အင်း... ကောင်းပြီလေ.. ဒီနေ့ကစပြီး အလုပ်ခန့်လိုက်မယ်... ဒီက ဒီက ဘယ်သူ…”

“မူယာပါ ရှင့်”

“မူယာကတော့ ဒီအိမ်ပေါ်မှာပဲ နေပေါ့... ရွှေမိအတွက်လည်း အဖော်ရတာပေါ့...”

“ကျုပ်အတွက် အဖော်မလိုပါဘူး... အိမ်ပေါ်မှာတော့ မထားနဲ့” ဟု ရွှေမိက ဝင်ပြောသည်။

သူသည် မူယာကို စမြင်ကတည်းက ကြည့်လို့မရ ဖြစ်နေ၏။ ကျော်အေးကလည်း ထို့အတူပင်။ ဘိုကေ ဗြုန်းစားကြီး အလုပ်ခန့်ချလိုက်သဖြင့် ဝင်ပြောရခက်နေခြင်းဖြစ်၏။

“အဲ… အဲဒါဆိုလည်း ခင်ဗျားတို့ မောင်နှမနှစ်ယောက် ဂိုဒေါင်ထဲမှာပဲ နေကြပေါ့၊ ကားထားတဲ့နေရာမှာ အခန်းလေးတခန်း ရှိတယ်...”

“ဟုတ်ကဲ့... ကျေးဇူးကြီးမားလှပါပြီ ခင်ဗျာ”

သက်ရှည်နှင့် တက်ပုတို့က မောင်တီးတို့ကို ကားဂိုဒေါင်ဆီ ခေါ်သွားသည်။ သူတို့ထွက်သွားတော့မှ ကျော်အေးက…

“ကိုဘိုကေ ဘာဖြစ်လို့ သူတို့ကို ခေါ်ထားလိုက်တာလဲဗျ... ကျွန်တော်တို့ကိစ္စက လူစိမ်းတွေ နီးနီးနားနားရှိလို့ မသင့်တော်ဘူးလေ…”

“ဟုတ်တယ်... ကျုပ်လည်း သဘောမကျဘူး”

“သူတို့က နယ်ကလာတဲ့ ရိုးရိုးတုံးတုံးတွေပါဗျာ... ဘာမှ နားလည်ပုံ မပေါ်ပါဘူး... ပြီးတော့ ခိုကိုးရာမဲ့နေရှာတဲ့လူတွေ သနားပါတယ်... ကျုပ်တို့အတွက် ကားမောင်းပေးမယ့်လူလည်း လိုတယ် မဟုတ်လား... ခင်ဗျားကလည်း ဟိုနားဒီနား မောင်းတာတောင် ခဏခဏ တိုက်မိမလို ဖြစ်နေတာ”

ဘိုကေကို ပြောလို့ရမှာမဟုတ်မှန်း ကျော်အေး သိသည်။ ထို့ကြောင့်...

“ဘာပဲဖြစ်ဖြစ် သတိတော့ထားဖို့ လိုလိမ့်မယ်၊ ပြင်ဦးလွင်ကို သွားတဲ့အခါကျရင်တော့ ခေါ်သွားလို့ မဖြစ်ဘူး”

“ဒါတော့ ကြည့်လုပ်တာပေါ့ဗျာ...”

မောင်တီးသည် ကားကို ကြက်မွေးနှင့် ဖုန်သုတ်နေ၏။ ဘိုကေး တက်ပုနှင့် သက်ရှည်တို့ အိမ်ထဲမှ ထွက်လာပြီး ကားဆီ လျှောက်လာကြသည်။ မောင်တီးက ပျာပျာသလဲ ဆီးကြိုပြီး ရှေ့ခန်းတံခါး ဖွင့်ပေးသည်။ ဘိုကေ သဘောကျသွားပြီး မောင်တီး၏ ပခုံးကိုပုတ်၍ ကားထဲ ဝင်ထိုင်လိုက်သည်။

သက်ရှည်ကလည်း အားကျမခံ နောက်ခန်းတံခါးကို လက်ညှိုးထိုးပြသည်။ မောင်တီးမှာ ကားရှေ့မှ ပတ်ပြေးလာပြီး နောက်ခန်းတံခါးကို ဖွင့်ပေးသည်။ သက်ရှည်က ဘိုကေလုပ်သလို ပခုံးကိုပုတ်ပြီး ဝင်ထိုင်ပြန်သည်။

တက်ပုသည်လည်း သူတို့လို တံခါးဖွင့်ခိုင်းချင်သည်။ သို့ရာတွင် တောင်းအေ့စ်ကားက နောက်ခန်းတွင် ဆွဲတံခါးတခုသာ ပါသည်။ ထပ်ဖွင့်စရာ မလိုတော့။ ထို့ကြောင့် သူက ကားနောက်ဖုံးကိုသာ လက်ညှိုးထိုးပြလိုက်ရသည်။

မောင်တီးက ကြောင်ကြည့်နေသည်။ တက်ပုက စိတ်တိုပြီး မောင်တီးအင်္ကျီကို ဆွဲလိုက်ပြီး နောက်ဖုံးတံခါးကို ပုတ်ပြသည်။ မောင်တီးက ခေါင်းညိတ်ပြီး ကပျာကယာ ဖွင့်ပေးလိုက်ရသည်။ တက်ပုက မောင်တီး၏ ကျောကိုပုတ်ပြီး နောက်ဘက်မှဝင်ပြီး ကူရှင်တွေကို ကျော်ခွတက်ပြီးမှ ဝင်ထိုင်သည်။

မောင်တီး သက်ပြင်းမှုတ်ထုတ်လိုက်၏။

ရွှေမိသည် မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ ပြင်ဆင်နေသည်။ ဘိုကေတို့က အသားဘူးတွေ၊ ငါးသေတ္တာတွေ ဝယ်ပေးထားသော်လည်း သူက မစားချင်။ အသားတွေကို ဒီလောက်ကြာကြာ ဘူးထဲထည့်သိမ်းထားတာ ဘယ်လိုလုပ် လတ်ဆတ်တော့မလဲဟု သူက ထင်သည်။

ငါးဟင်းအိုးကို မီးဖိုပေါ်တင်နေတုန်း...

“မမ…” ဟု ခေါ်သံကြားသဖြင့် လှည့်ကြည့်ရာ မူယာ ယို့ယို့ကလေး ရပ်နေတာ တွေ့လိုက်ရ၏။

“ဘယ်လိုခေါ်လိုက်တယ်”

“ဟို... မမလို့”

“ဟင်း... ဒီအသက်အရွယ် ဒီရုပ်ကြီးနဲ့များ ကျုပ်ကို မမတဲ့”

“ဪ... ဟုတ်... အဲ ညီမလေး... ဘာကူလုပ်ပေးရမလဲလို့”

“ဘာမှလုပ်စရာမရှိဘူး... ကျုပ်ဘာသာ လုပ်နိုင်တယ်”

“ဟိုလေ… ဆရာက ညီမလေးခိုင်းတာ ကူလုပ်ပေးရမယ်ဆိုလို့”

“ဆရာ ဟုတ်လား … ဘယ်ကဆရာလဲ”

“ညီမလေးရဲ့ အစ်ကိုကြီးလေ… ကိုဘိုကေ”

“ကိုကြီးဘိုကေက ကျောင်းဆရာမှ မဟုတ်ဘဲ”

ရွှေမိ တုံးပုံကြောင့် မူယာ ရယ်ချင်သွားသည်။ ရယ်လို့တော့မဖြစ်။ ကြည့်ရတာ မိမိကို သိပ်ယုံကြည်ပုံမရ။ ပြီးတော့ ရွှေမိမှာ ဆတ်ဆတ်ကြဲလေး ဖြစ်ဟန်တူ၏။ စိတ်မထင်လျှင် တွေ့ရာနှင့် ကောက်ပေါက်မည့်ပုံမျိုး...။ ထို့ကြောင့်...

“ဩော်... အလုပ်ရှင်မို့ လေးစားလို့ ဆရာလို့ခေါ်တာပါ… အဲဒါ ညီမလေး ဘာခိုင်းစရာ ရှိသလဲလို့…”

ရွှေမိ ခဏစဉ်းစားလိုက်သည်။ ပြီးတော့...

“ခဏနေဦး”

ဆိုပြီး မီးဖိုခန်းထဲမှ ထွက်သွားသည်။ ခဏအကြာမှာ ပြန်ဝင်လာသည်။ လက်ထဲမှာ အဝတ်ဟောင်းတွေ တပုံကြီး ပါလာသည်။

“အဲဒါတွေ လျှော်လိုက်”

မူယာက “ဟုတ်ကဲ့” ဆိုပြီး အဝတ်တွေ ယူသွားသည်။ ရေချိုးခန်းထဲမှာ အဝတ်လျှော်နေတုန်း ရွှေမိ ရောက်လာပြန်သည်။ လက်ထဲမှာ ခြင်ထောင်တွေ၊ စောင်တွေ ပါလာသည်။ မူယာကို ပစ်ပေးရင်း...

“အဲဒါတွေပြီးရင် အိမ်ရှေ့ခန်းမှာ ကြမ်းတွေပြောင်အောင် တိုက်လိုက်၊ ကြားလား...” ဟု ပြောပြီး ထွက်သွားသည်။ မူယာမှာ အဝတ်ပုံကြီးကိုကြည့်၍ စိတ်ပျက်သွားသည်။

• • •

“ရှင့်လူတွေက ဟုတ်ကောဟုတ်ရဲ့လား၊ အားလုံး ရူးပေါပေါတွေချည်းပဲ၊ ဟိုကောင်မလေးကလည်း ကျွန်မကို ယုံကြည်ပုံမရဘူး၊ အလကားနေ အလုပ်မရှိ အလုပ်ရှာပြီး ခိုင်းနေတာပဲ… လူလည်း ပင်ပန်းလို့ သေတော့မယ်”

ညဘက် ကားဂိုဒေါင်ထဲမှာ ပြန်ဆုံကြသောအခါ မူယာက ညည်းညူသည်။ မောင်တီးက...

“နည်းနည်းတော့ သည်းညည်းခံပြီး နေလိုက်ပါကွာ... ဒီတချီ ပွလိုက်ရင် အချီကြီးပဲ... တသက်ထိုင်စားလို့ရမယ်... ဟိုကတုံးကိုသာ အပိုင်ကပ်ပြီး သူတို့ ဘာကြံစည်နေသလဲဆိုတာ ရအောင်သာ စုံစမ်းပါဟာ”

“ဟင်း... အချီကြီးပဲ ရမလား၊ အသက်ပဲ ထွက်မလားတော့မသိဘူး”

မူယာက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

• • •

မူယာလိုပင် မောင်တီးသည်လည်း သက်သာလှသည် မဟုတ်...။ တရက်မှာ ကားစက်ဖုံးကို ဖွင့်ပြီး စစ်ဆေးနေတုန်း ဘိုကေ ရောက်လာသည်။

“ဘာလုပ်နေတာလဲဗျ... ကားပျက်လို့လား”

“ဪ... မဟုတ်ပါဘူးဆရာ... အင်ဂျင်ဝိုင်တိုင်းကြည့်... ဘရိတ်တွေစစ်ကြည့် လုပ်နေတာပါ... ကားဆိုတာ ဒီလိုပဲ ဂရုစိုက်ပေးမှကောင်းတာ ဆရာရဲ့"

“ဪ… ကောင်းပါတယ် ကောင်းပါတယ်၊ ဒါနဲ့ ကားမောင်းတာ တော်တော် ခက်လားဗျ...”

“ခက်လှတယ်တော့ မဟုတ်ပါဘူး၊ အလေ့အကျင့်ပေါ့”

“ဒါဆို ကျုပ်ကို ကားမောင်းသင်ပေးစမ်းဗျာ…”

“ဟာ... ဖြစ်ပါ့မလား”

“ဘာလို့မဖြစ်ရမှာလဲ... ကျုပ်မှာလည်း ခြေနဲ့လက်နဲ့ပဲ”

မတတ်သာသဖြင့် ဘိုကေကို ကားမောင်းသင်ပေးရသည်။ တကယ်တော့ ဘိုကေမှာ ကားအကြောင်း ဘာမှနားလည်တာမဟုတ်။ ကလပ်တွေ၊ လီဗာတွေလည်း သိတာမဟုတ်။ ဘယ်ဘက်အစွန်ဆုံးက ဟာကိုနင်း။ ဒီအတံကို ရှေ့တိုး၊ ဟိုဟာကိုနင်း ဆိုတာမျိုး ပြောပြရသည်။

ဘိုကေက စက်နှိုးပြီး လီဗာကို တအားနင်း၊ ကလပ်ကို ဆောင့်လွှတ်လိုက်ရာ ကားက ဝုန်းခနဲ ခုန်ထွက်သွားသည်။ ကံကောင်းလို့ အုတ်နံရံကို ဝင်မဆောင့်မိခြင်း ဖြစ်၏။ ဘိုကေကတော့…

“အင်း ကားဆိုတာလည်း နွားသိုးလို တခါတခါ ဖောက်တတ်တာပဲလား...” ဟုပြော၏။ မောင်တီးကတော့ ဇောချွေးတွေ ပြန်လာသည်။

တက်ပုတို့ သက်ရှည်တို့ကျတော့ တမျိုး။

ကားနှင့် သွားလာရာတွင် စိတ်ကူးတည့်ရာကို မောင်းခိုင်းတတ်သည်။ တခါတော့ လမ်းဆုံလမ်းခွတခုအရောက်မှာ သက်ရှည်က ညာကို ကွေ့ခိုင်းသည်။ ကွေ့မယ်လုပ်တော့ တက်ပုက ညာမကွေ့နဲ့ ဘယ်ကွေ့ဟု ပြောသည်။ သက်ရှည်က မဟုတ်ဘူး ညာကွေ့ဟုဆိုသည်။ မောင်တီးမှာ ဘယ်ကွေ့လိုက်၊ ညာကွေ့လိုက်နှင့် ကားက ဘယ်ညာယိမ်းထိုးပြီး လမ်းလယ်မှာ ကန့်လန့်ကြီး ရပ်သွားသည်။

ခရာမှုတ်သံကြားလိုက်ရပြီး ယာဉ်ထိန်းရဲတဦး ကားနား ရောက်လာ၏။

“ကဲ.. ဘယ်လိုလုပ် မောင်းတာလဲ.. လိုင်စင်ကလေး တဆိတ်လောက်”

မောင်တီးက...

“သူတို့ကြောင့်ပါ ဆရာ... တယောက်က ညာကွေ့၊ တယောက်က ဘယ်ကွေ့လုပ်နေလို့...”

ယာဉ်ထိန်းက နောက်ခန်းထဲကြည့်ပြီး သက်ရှည်ကို လက်ညှိုးထိုး၍...

“ဪ… ဟိုတခါ ကျွန်တော် လက်ပြလမ်းရှင်းနေတုန်း လက်ဝါးကို လာရိုက်တဲ့လူကိုး”

“ဟာ… ဆရာပါလား၊ နေကောင်းတယ်နော်”

သက်ရှည်က နှုတ်ဆက်သည်။

“ကောင်းပါ့သဗျာ၊ ကဲကဲ မိတ်ဖြစ်ဆွေဖြစ် လိုင်စင်ကလေးသာ မစပါ”

မောင်တီးမှာ ရှုံ့ရှုံ့မဲ့မဲ့နှင့် လိုင်စင် ထုတ်ပေးလိုက်ရသည်။ ယာဉ်ထိန်းရဲက ချလံစာရွက် ဖြတ်ပေးပြီး ထွက်သွားသည်။

သက်ရှည်က...

“တော်တော်သဘောကောင်းတယ်နော်... ကျုပ်က တခါတည်း ဖမ်းခေါ်သွားမယ် ထင်နေတာ”

တက်ပုကတော့...

“ဒါနဲ့ အဲဒီဖြတ်ပိုင်းလေးက ဘာလဲ... မဟာဒုတ် မဲစာရွက်လား”

“ဘယ်ကလာ မဟာဒုတ်ရမှာလဲ... လိုင်စင်သိမ်းပြီး ချလံဖြတ်ပေးသွားတာဗျ... ရုံးမှာ ဒဏ်ငွေသွားဆောင်ဖို့ ပေးသွားတာ...”

“မသိပါဘူးဗျာ၊ ခုတလော ကံစမ်းမဲတွေ ခေတ်စားနေလို့ မေးတာပါ”

မောင်တီးမှာ ခေါင်းကိုသာ တဗြင်းဗြင်း ကုတ်နေလိုက်ရသည်။

• • •

ဘိုကေသည် အိမ်ထဲမှာ အိုက်စပ်စပ်နေသဖြင့် ပန်းခြံထဲသို့ ထွက်လာခဲ့သည်။ ပန်းပင်တွေ ရေလောင်းနေသော မူယာကို တွေ့သဖြင့် လျှောက်သွားသည်။ မူယာ့ကို နောက်မှကြည့်ရင်း နယ်က လာတယ်သာဆိုတယ် ကိုယ်လုံးကိုယ်ပေါက်ကတော့ မြို့သူတွေအတိုင်းပဲ အဟီးဟု တွေးလိုက်မိ၏။

“ဟဲ...ဟဲ...ပင်ပန်းနေပြီလား”

အနားမှာရပ်ရင်း မေးလိုက်သည်။ မူယာက လှည့်ကြည့်လိုက်ပြီး ဘိုကေကိုမြင်တော့...

“မပင်ပန်းပါဘူး ဆရာအစ်ကိုရဲ့”

“ဘယ်လို ဘယ်လိုခေါ်လိုက်တယ်”

“ဪ ဆရာလို့ခေါ်တော့လည်း သူစိမ်းဆန်တယ်လေ... အစ်ကိုလို့ ခေါ်တော့လည်း မလေးစားရာများ ကျမလားလို့... ဒါကြောင့် ဆရာအစ်ကိုလို့...”

ချွဲတဲတဲ ညုတုတုအသံဖြင့် ပြောလိုက်သည်။ ဘိုကေ ပြုံးဖြီးဖြီးကြီး ဖြစ်သွားပြီး...

ဟင်း...ဟင်း...ဟဲ...ဟဲ... အစ်ကိုကြီးလို့ပဲခေါ်ပါ ရင်းရင်းနှီးနှီးပေါ့

“ဟုတ်ကဲ့”

“အဲဒါနဲ့…. ဒီက… အဲ.. ညီမနာမည်က ဘယ်သူ မာမူတဲ့ ဟုတ်လား”

“အို… ဘယ်ကလာ မာမူမဟုတ်ပါဘူး… မူယာပါ”

“ဟုတ်သားပဲ... အစ်ကိုကြီးက မေ့သွားလို့… အဲဒါနဲ့ မူယာ့ကို တနေရာရာမှာ မြင်ဖူးသလိုပဲ...”

မူယာ ထိတ်ခနဲ ဖြစ်သွား၏။ သို့ရာတွင် အတွေ့အကြုံရင့်နေသူမို့ မျက်နှာတော့ ပျက်မသွား။

“လူတူမရှား၊ နာမည်တူမရှား ဆိုတာမျိုး ဖြစ်မှာပါ အစ်ကိုကြီးရယ်၊ မူယာတို့က နယ်ကရောက်လာတာမှ မကြာသေးဘဲဥစ္စာ…”

“အင်း ဟုတ်မှာပါလေ၊ အစ်ကိုကြီးတောင် ဒီရောက်ခါစတုန်းက လူတွေက လွင်မိုး ဒုလ္လဘရဟန်းခံပြီး ထွက်လာတယ်ထင်ပြီး နှုတ်ဆက်ကြ...”

“အစ်ကိုကြီးကလည်း သိပ်နောက်တာပဲ”

မူယာက ရယ်ရင်းပြောသည်။ စိတ်ထဲကတော့ တော်တော်ကြောင်တဲ့ ငပေါကြီးပဲဟု ကျိတ်ပြောမိ၏။

ထိုစဉ်တွင် ရွှေမိသည် တိုက်တံခါးဝမှ ထွက်လာသည်။ ဘိုကေနှင့် မူယာတို့ကို လှမ်းမြင်သောအခါ မျက်နှာထားတင်းသွားပြီး...

“မူယာ…” ဟု လှမ်းခေါ်လိုက်၏။ မူယာ မျက်လုံးဝိုင်းသွားပြီး လှည့်ကြည့်သည်။ ရွှေမိက လေသံမာမာဖြင့်…

“ဘာလုပ်နေတာလဲ လာခဲ့... နောက်ဖေးမှာ ပန်းကန်တွေ သွား‌ဆေးလေ...”

“ဟုတ်... ဟုတ်ကဲ့ .. ညီမလေး”

မူယာက ဘိုကေကို မျက်လုံးရွဲနှင့် တချက်ကြည့်ပြီး အိမ်ဘက် လျှောက်သွားသည်။

ရွှေမိက ဘိုကေ့ဆီလာရင်း ဘေးကဖြတ်သွားသော မူယာကို မျက်စောင်းတချက် ထိုးလိုက်၏။ မူယာက ကြောက်ရွံ့ဟန် ခေါင်းကလေး ငုံ့သွားသည်။

ရွှေမိ ဘိုကေနားမှာ ရပ်ပြီး...

“ကိုကြီးဘိုကေ... အဲဒီကောင်မကို သိပ်အရောမဝင်နဲ့နော်”

“ဪ… ရွှေမိကလည်း သူ့ခမျာ အားကိုးစရာမရှိလို့ ငါတို့ဆီ အလုပ်လာလုပ်နေရရှာတာ ... သနားပါတယ်...”

“ကျုပ်ကတော့ ကြည့်လို့ကို မရဘူး... မျက်နှာက ပြီတီတီနဲ့... အဲ့ ခိုင်းလို့တော့ ကောင်းသား...”

“အေးဟ... ငါကလည်း နင်သက်သာအောင်လို့ သူ့ကိုခေါ်ထားတာပါဟ...”

“ဒါနဲ့ အဘွားတယောက်လည်း ရွာမှာ ဘယ်လိုနေမလဲမသိဘူး နော်၊ အဘွားကို သတိရလိုက်တာ... ကျုပ်တခေါက်လောက် ရွာပြန်ကြည့်ကောင်းမလားဘဲ...”

“အို… မကြာခင် ရတနာတွေ ရတော့မှာပဲ... အဲဒီအခါကျတော့ အဘွားကို တခါတည်း မြို့မှာ ခေါ်ထားလိုက်တာပေါ့…”

“ကိုကျော်အေး တယောက်လည်း မမြင်ပါလားဟ...”

“ကိုရင်တက်ပုနဲ့ အပြင်ထွက်သွားတာပဲ...”

တက်ပုက ကျော်အေးကိုခေါ်ပြီး အင်းဝဘက်သို့ သွားခြင်းဖြစ်၏။ မောင်တီးကို ကားနှင့် ထားခဲ့ပြီး အင်းဝဘက် ကူးသည်။ တိုက်ကြက် မျိုးကောင်း မှာထားသောရွာသို့ သွားပြီး ရမရ မေးသည်။ ရွာကလူတွေက နောက်သုံးလေးရက်အတွင်း ရပါမည်ဟု ဆိုပြန်သည်။

တက်ပုမှာ အပြန်လမ်းတလျှောက်လုံး တဖျစ်တောက်တောက် လုပ်လာ၏။ တိုက်ကြက် မရှိသဖြင့် သူ့မှာ နေမထိထိုင်မသာ ဖြစ်နေရသည်။

မန္တလေးမြို့ထဲဝင်လာပြီး တနေရာအရောက်တွင်...

“ဟာ ကိုမောင်တီး...ကား ခဏရပ်ဦး” ဟု ပြောသဖြင့် ရပ်ပေးလိုက်ရသည်။

“ဘာဖြစ်လို့လဲဗျ”

ကျော်အေးက မေးရာ...

“ကျုပ်တို့ရွာက ကောင်မလေးဖွင့်တဲ့ ဆိုင်နဲ့တူတယ်ဗျ” ဟုပြောပြီး ကားပေါ်ကဆင်း၍ ကုန်ပဒေသာဆိုင်တခုဆီ လျှောက်သွားသည်။

ကျော်အေးလည်း ခေါင်းကုတ်ပြီး နောက်မှ လိုက်သွားရ၏။ တက်ပုသည် ဆိုင်ထဲ ဝင်ပြီးနောက် ပထမဆုံးတွေ့သော ကောင်တာမှ စာရေးမလေးကို...

“မိနီကော… မိနီ ဘယ်သွားလဲ” ဟု မေးလိုက်သည်။ စာရေးမ‌လေးက...

“မိနီဆိုတာ ဒီမှာမရှိဘူးရှင့်...”

“ဟုတ်လား--- ခင်ဗျားနာမည်ကကော မကက်လား”

“ရှင်... ဟို...”

စာရေးမလေး ကြောင်တောင်တောင် ဖြစ်နေ၏။ နောက်က လိုက်ဝင်လာသော ကျော်အေးက…

“ဟေ့လူ… ခင်ဗျား ဘာတွေလျှောက်ပြောနေတာလဲ”

“ဪ... ကျုပ်တို့ရွာက မိနီဆိုတဲ့ကောင်မလေး ဖွင့်ထားတဲ့ဆိုင် မှတ်လို့….”

“ခင်ဗျားက ဘယ်လိုလုပ်သိလို့လဲ...”

“အပြင်မှာ ဆိုင်းဘုတ်ရေးထားတယ်လေ.., မိနီနဲ့ မကက်ဆိုတာ”

“ဟာ… ဘယ်ကလာ မိနီနဲ့ မကက်လဲဗျာ… မီနီမတ်ကက်ပါ၊ ကုန်ပဒေသာဆိုင်လေးလို့ ဆိုလိုတာဗျ...”

“သိပါဘူးဗျာ... ဒေါ်မြရင် ဝက်အူချောင်းတို့၊ လှကလေးစိန်ထိုးမုန့်တို့လို လူနာမည် ရေးထားတာမှတ်လို့. . . အဲပစ္စည်းတွေတော့ တော်တော်စုံတာပဲ...”

ထိုအခါ အရောင်းစာရေးမလေး ပြုံးရွှင်သွားပြီး...

“ဟုတ်ပါတယ်ရှင်... လိုချင်တာ အကုန်ရပါတယ်... ဘာများ အလိုရှိပါသလဲ... ကြည့်ပါ”

တက်ပုက ဆိုင်ထဲ မျက်လုံးကစားလိုက်ပြီး…

“တိုက်ကြက် မျိုးကောင်းကောင်း မရှိဘူးလား”

“ရှင်...”

“ဟာဗျာ… ဒါ တိုက်ကြက်ရောင်းတဲ့နေရာမှ မဟုတ်တာ” ဟု ကျော်အေးက ဝင်ပြောတော့...

“ဒါနဲ့ လိုချင်တာ အကုန်ရတယ်ဆို….”

စာရေးမလေး ခေါင်းကုတ်နေသည်။ ကျော်အေးက…

“ဒီလိုပါဗျာ သူက ကြက်တိုက်ဝါသနာပါလို့ …. အဲဒါဆို ကြက်တိုက်တမ်း ကစားတာပါတဲ့ ဗီဒီယိုဂိမ်း မရှိဘူးလား”

“အဲဒါတော့ မရှိဘူး... ဘောလုံးကန်တာတို့၊ လက်ဝှေ့ထိုးတာတို့ ပါတဲ့ ဗီဒီယိုဂိမ်းတွေတော့ ရှိပါတယ်...”

“ကဲ… အဲဒါပဲပေးဗျာ”

“ကျုပ်က ဗီရို ဘာလုပ်ရမှာလဲဗျ”

တက်ပုက ပြောသည်။ ကျော်အေးက ရှင်းပြရပြန်သည်။

“ဗီရိုမဟုတ်ဘူး... ဗီဒီယိုဂိမ်း... အပျင်းပြေ ကစားတာ... အိမ်ကျတော့ ကျွန်တော် သင်ပေးမယ်...”

• • •

ဘိုကေက ကတုံးကို ပွတ်နေရင်းက...

“ဘယ်လိုလဲ ကိုကျော်အေး... မြေပုံအညွန်းကို ရှေ့ဆက်ပြီး မဖော်နိုင်တော့ဘူးလား--- ပြင်ဦးလွင်ဆိုတာလောက်နဲ့ ရပ်နေတာ ခက်တယ်ဗျာ... ကျုပ်တော့ ပြင်ဦးလွင်ကို တခါတည်းတောင် တက်သွားချင်တယ်... ဟိုမှာအခြေစိုက်ပြီး ကြိုးစားမလားလို့တောင် စိတ်ကူးတယ်...”

“သိပ်လည်း စိတ်မစောပါနဲ့လေ... ကျွန်တော့်အထင်တော့ အခု ဆက်ဖော်ရမယ့် စကားဝှက်ဟာ အရေးကြီးဆုံး အဆင့်လို့ထင်တယ်... ဒါကို ဖော်နိုင်ရင် နောက်ဆုံးအဆင့်တွေက သိပ်မခက်နိုင်တော့ပါဘူး... ဒီတော့ ကျွန်တော်တို့အနေနဲ့ မိုးပေါ်ကကျသည့်ရေ...”

ပြောရင်း ကျော်အေး စကားရပ်သွားသည်။ မူယာက အအေးဘူးတွေကို ဗန်းနှင့်တင်ပြီး လာပို့သောကြောင့်ဖြစ်၏။ ကျော်အေးက မူယာကို တချက် မကျေမနပ် ကြည့်သည်။ ပြီးတော့ လေသံဆတ်ဆတ်ဖြင့် -

“အအေးဘူးတွေ ဘယ်သူက လာပို့ခိုင်းလို့လဲ”

“ဪ…. ဘယ်သူကမှ ပို့ခိုင်းတာမဟုတ်ပါဘူး၊ ဒီနေ့ နည်းနည်း အိုက်လို့ အပန်းပြေ သောက်ရအောင် လာပို့တာပါ”

“နောက်ကို မပြောဘဲ ဝင်မလာနဲ့ ကြားလား...”

“ဟုတ်... ဟုတ်ကဲ့”

မူယာက အအေးဗန်းကိုချပေးပြီး ပြန်ထွက်သွားသည်။ ဘိုကေက…

“ကောင်မလေးက သိပ်အလိုက်သိတယ်ဗျ... ရေငတ်နေတာနဲ့ အတော်ပဲ....”

ဆိုပြီး အအေးဘူးတဘူးယူပြီး ဖွင့်သောက်သည်။ ကျော်အေးက…

“သတိတော့ထားပါဗျာ… ခုချိန်မှာ သူစိမ်းဆို ဘယ်သူမှ မယုံသင့်ဘူး”

မူယာသည် ဧည့်ခန်းထဲမှ အတွင်းခန်းသို့ ဝင်လာပြီးနောက် ကန့်လန့်ကာကြားမှ ပြန်ချောင်းနားထောင်နေသည်။ သို့ရာတွင် ကျော်အေးက ခုံကို ဘိုကေဘက် ဆွဲကပ်ပြီး ခေါင်းချင်းဆိုင်၍ ခပ်တိုးတိုးပြောနေသဖြင့် ဘာမှမကြားရ။

ထိုစဉ်တွင် တစုံတယောက်က ပခုံးကို လာတို့သဖြင့် တုန်ခနဲ လန့်သွားသည်။ လှည့်ကြည့်တော့ သက်ရှည်ဖြစ်နေ၏။ မူယာက မျက်စိမျက်နှာ ပျက်သွားရာမှ တစုံတခု အကြောင်းပြဖို့ စဉ်းစားနေစဉ် သက်ရှည်က ရှူးတိုးတိုးဆိုသောသဘော နှုတ်ခမ်းကိုလည်း လက်ညှိုးနှင့် တေ့ပြပြီး သူပါ ဝင်ချောင်းကြည့်နေလေတော့သည်။

• • •

“အဲဒါပဲ... ကျော်အေးဆိုတဲ့ကောင်နဲ့ ကတုံးနဲ့ အရေးတကြီး တိုင်ပင်နေတာတွေ့တယ်... ပြင်ဦးလွင်ဆိုတာတော့ ကြားလိုက်တယ်... နီးစပ်ပြီဆိုတာလည်း ပါတယ်... ဟိုသက်ရှည် ဆိုတဲ့ကောင် ရောက်လာတာနဲ့ ဆက်နားမထောင်ဘဲ လစ်ထွက်ခဲ့ရတယ်…”

မောင်တီးက ကားကိုရေဆေးရင်း နားထောင်နေရာမှ ပြန်မေးသည်။

“သက်ရှည်ကကော နင် ချောင်းနားထောင်နေတာ မရိပ်မိဘူးလား”

"ဒီကောင်က ဘာမှနားမလည်တဲ့ အရူးအပေါပဲ… သူပါ ရောယောင်ပြီး လိုက်ချောင်းကြည့် နေသေးတယ်… တော်သေးတယ်… လူဖြင့် လန့်သွားတာပဲ”

“အင်း… ဒီအတိုင်းဆိုရင် ဒီကောင်တွေ ပြင်ဦးလွင်မှာ ခွင်ကောင်းကောင်းတခု တွေ့ထားတာ ဖြစ်လိမ့်မယ်... သူတို့ထဲမှာ ကျော်အေးနဲ့ ကတုံးက အဓိကပဲ... ဒီတော့ ကတုံးကိုသာ မြန်မြန်ပိုင်အောင် လုပ်ပေတော့”

• • •

“ဖြစ်ပါတယ်... ဟိုတနေ့ကတောင် ပင်ပန်းနေပြီလား... ဘာလားနဲ့ လာရောနေသေးတယ် ဒီတခါဆုံရင်တော့ အမိဖမ်းရမှာပဲ...”

ရွှေမိကိုတော့ သတိထားနော်၊ သူက နည်းနည်းထက်ပုံရတယ်၊ ချော့ပေါင်းထား...

“သူခိုင်းသမျှ မညည်းမညူ လုပ်ပေးနေတာပဲ... ပင်တော့ပင်ပန်းတယ်... ဒါပဲနော် ခုကိစ္စ အဆင်ပြေရင်သာ ပေးထားတဲ့ကတိကို မမေ့နဲ့”

“အေးပါဟ...”

“ကဲ…သွားဦးမယ်…. ညစာအတွက် ကူလုပ်ပေးရဦးမယ်-- အဲဒီ တောသူမကလည်း တမျိုး၊ ဟိုတနေ့ကလည်း ငါးသေတ္တာဘူးကို ဖောက်ခိုင်းပြီး ကန်စွန်းရွက်ချဉ်ရည်ထဲ ထည့်ချက်သတဲ့ ... ခပ်တုံးတုံးတွေပါ...”

“သူတို့တုံးလေ... ငါတို့ နှပ်ချလို့ ကောင်းလေပေါ့ဟ….”

ညဉ့်နက်နေပြီ။ ဘိုကေသည် အိမ်ထဲမှာ လှောင်အိုက်နေသဖြင့် ပန်းခြံထဲရှိ ခုံတန်းကလေးမှာ ထွက်ထိုင်ပြီး ဘီယာသောက်နေသည်။

ထိုအခြေအနေကို မူယာက ချောင်းနေခဲ့ခြင်းဖြစ်၏။ ဘိုကေ တယောက်တည်းလည်း ရှိသည့်အချိန်၊ ဘီယာလေးလည်း ထွေနေချိန်၊ ညဉ့်လည်းနက်နေချိန်ဆိုတော့ အားလုံးကွက်တိပဲ။ လည်ပင်းဟိုက်ဟိုက်၊ အင်္ကျီလက်ပြတ်ကိုလည်း တမင် ရွေးဝတ်လာခဲ့သည်။

ဘိုကေ့ဆီ လျှောက်သွားပြီး...

“အစ်ကိုကြီး မအိပ်သေးဘူးလား”

“ဪ… လာ… လာ… ထိုင်လေ”

မူယာသည် ဘိုကေ့ဘေးမှာ ဝင်ထိုင်သည်။

“ညီမလည်း ဟိုစဉ်းစား၊ ဒီစဉ်းစားနဲ့ အိပ်မပျော်လို့ ဒီဘက် ထွက်ခဲ့တာ”

“ဘာတွေများ စဉ်းစားနေလို့တုံး မူယာရဲ့ ...”

“ဪ... ကိုယ့်ရဲ့အတိတ်က ဖြစ်ရပ်တွေရယ်၊ ရှေ့ဆက်ပြီး ဘယ်လိုနေထိုင် စားသောက်ရမလဲ ဆိုတာတွေတွေးပြီး စိတ်မကောင်းဖြစ်ရတာပေါ့ အစ်ကိုကြီးရယ်...”

“ဟာ… ဘာစိတ်မကောင်းစရာရှိလို့လဲ... အစ်ကိုကြီးတို့နဲ့ နေတဲ့အခါ ပျော်ပျော်ရွှင်ရွှင် နေစမ်းပါ... အကူအညီလိုရင်လည်း ပြော”

“အဓိက,ကတော့ ညီမတို့မောင်နှမ ကံဆိုးခဲ့တာကို သတိရမိတာပါ”

“ညီမတို့က တော်တော်ဒုက္ခရောက်ခဲ့လို့လား...”

“အဖေရှိတုန်းကတော့ ညီမတို့မိသားစုဟာ ချောင်ချောင်လည်လည် နေနိုင်ခဲ့ပါတယ်... နောက်တော့ အဖေက ရုတ်တရက် ဆုံးသွားရှာတယ်”

“ဪ... ဪ… စိတ်မကောင်းစရာပဲ”

“အဲဒီတုန်းက ညီမတို့ကလည်း ငယ်သေးတယ်လေ--- အမေကလည်း ဘာမှမလုပ်တတ် မကိုင်တတ်ဆိုတော့ အားကိုးစရာရှာတဲ့အနေနဲ့ နောက်အိမ်ထောင်ပြုခဲ့တယ်...”

ပြောပြီး ဘိုကေကို တချက်အကဲခတ်သည်။ ဘိုကေ စိတ်ဝင်စားဟန် ရှိသဖြင့် ဆက်ပြော၏။

“ပထွေးက အစပိုင်း ဟုတ်တော့မလိုလိုနဲ့ နောက်တော့ ဗွေဖောက်လာတာပဲ… ဘာအလုပ်မှ မလုပ်တော့ဘူး... အမေနဲ့ ညီမက ဈေးရောင်း၊ အစ်ကိုမောင်တီးက ရေထမ်းရတယ်၊ ရသမျှငွေကို သူက အကုန်သိမ်းပြီး အရက်သောက်ပစ်တာပဲ... ဖဲလည်း ရိုက်သေးတယ်... ညီမတို့ သားအမိတတွေကိုလည်း နှိပ်စက်သေးတယ်...”

ပြောရင်း ငိုသံပါလာပြီး မျက်ရည်ဝဲလာ၏။ ဘိုကေ စိတ်မကောင်း ဖြစ်နေဟန် မြင်သဖြင့် ပခုံးချင်းထိအောင် တိုးကပ်လိုက်ပြီး...

“ဒါတင်မကဘူး... တနေ့မှာတော့ အမေနဲ့ အစ်ကို မရှိတုန်း ညီမကို မတရားကျင့်ဖို့ ကြိုးစား ကြိုးစား”

ဆက်မပြောဘဲ ငိုနေလိုက်သည်။ မျက်ရည်ကျလာအောင် အတော် ကြိုးစားယူရ၏။

“ကြိုးစားတော့... ကြိုးစားတော့ ဘာဖြစ်သွားသေးလဲ”

ဘိုကေက စိုးရိမ်တကြီး ပျာပျာသလဲ မေးလိုက်၏။ ခွင်ထဲဝင်လာပြီ ဆိုတာ မူယာ သိသွားပြီ။

“ဘာ… ဘာမှတော့ မဖြစ်ပါဘူး”

ဘိုကေက တော်ပါသေးရဲ့ဆိုသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။

“အစ်ကိုရောက်လာလို့ သက်သာသွားတာ... အစ်ကိုကလည်း ပထွေးကို သတ်မယ် ဖြတ်မယ်ပေါ့.. အမေကတော့ ကြောက်လို့ မပြောရဲဘူး... နောက်ဆုံးတော့ ဆက်နေလို့ မဖြစ်တော့ဘူး ဆိုပြီး--- ညီမတို့ မောင်နှမနှစ်ယောက် ဖြစ်လိုရာဖြစ် အိမ်ကဆင်းခဲ့ရာက ဒီကို ရောက်လာကြတာပါပဲ အစ်ကိုကြီးရယ်...” ဟု ပြောပြီး ဘိုကေ့ပခုံးပေါ် ခေါင်းမှီချလိုက်၏။

“အင်း... မူယာတို့အဖြစ်က စိတ်မကောင်းစရာပါလား”

ပြောရင်း ဘိုကေက မူယာကို ဖက်လိုက်သည်။ မူယာက ဘိုကေ့ရင်ခွင်ထဲ တိုးဝင်ပြီး...

“ညီမ အစ်ကိုကြီးကို အားကိုးပါရစေနော်”

“အားကိုးပါ... အားကိုးပါ. . . အစ်ကိုကြီး မူယာ့ကို စောင့်ရှောက် သွားပါ့မယ်...” ဟု ဘိုကေက မချင့်မရဲအသံကြီးဖြင့် ပြောလိုက်၏။

“သေနာကြီးတော့ မိပြီ” ဟု မူယာ့စိတ်ထဲက ပြောလိုက်သည်။

• • •

“ဟား... ဟား... ဟား အချဉ်တော့မိပြီပေါ့၊ ဟုတ်လား ကောင်းတယ်... ကောင်းတယ်”

မောင်တီးက ကျေနပ်အားရစွာပြောရင်း ဖန်ခွက်ထဲ အရက် ငှဲ့ထည့်လိုက်သည်။

“ဟုတ်တယ်... ပထွေးနှိပ်စက်တဲ့ လုပ်ကြံဇာတ်လမ်းကို ခင်းပြလိုက်တာ ကတုံးကို တခါတည်း ငိုင်ကျသွားတာပဲ... ပြီးတော့ ဘာတဲ့ အစ်ကိုကြီး မူယာ့ကို စောင့်ရှောက်ပါ့မယ်တဲ့ . . . . အာလုတ်သံကြီးနဲ့ ပြော...”

“သတိတော့ထားဦးနော်”

“ဘာကို ထားရမှာလဲ”

“ဟန်ဆောင်နေရင်းက တကယ်ကြိုက်သွားပြီး... ငါ့ကို သစ္စာ ဖောက်သွားမှာစိုးလို့...”

“ဟင်း.. ဒီကတုံးကိုများ ကြိုက်သွားမှာ စိုးရသေးတယ်… တောသားက တီရှပ်တွေ ဘာတွေသာ ဝတ်ထားတာ… ရေမှ မှန်မှန်ချိုးရဲ့လား မသိဘူး၊ သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားရတာ နံလိုက်တာ... လူကို ပျို့ချင် အန်ချင်သလိုတောင် ဖြစ်လာတယ်...”

“တောသားဆိုတော့ ခုထိ နွားချေးနံ့ မစင်သေးဘူးထင်ပါရဲ့ဟာ…” ဟု ပြောရင်း အရက်ဖန်ခွက်ကို မော့ချလိုက်၏။

သက်ရှည်သည် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လာပြီး အပြင်စားပွဲမှာ ထိုင်လိုက်၏။ စားပွဲထိုးတယောက် အနားရောက်လာပြီး...

“ဘာသောက်မလဲ ဆရာ”

“လက်ဖက်ရည်တခွက် ချိုချိုလေး”

စားပွဲထိုးက ဆိုင်အတွင်းဘက်သို့ လှမ်းအော်လိုက်သည်။

“ဝမ်းတီး၊ ကျောက်ပန်းတောင်း ဂိတ်ဆုံး”

သက်ရှည် ငေါက်ခနဲ ခေါင်းထောင်ကြည့်ပြီး. . .

“ဟေ့ကောင် ငါကျောက်ပန်းတောင်းသား မဟုတ်ဘူးနော်... ထန်းပင်စုရွာကကွ…”

စားပွဲထိုး ကြောင်သွားသည်။ ပြီးမှ သက်ရှည်နောက်နေတာပဲ ထင်ပြီး သံယောင်လိုက်၍

“ဪ... ဟုတ်ကဲ့…. ထန်းပင်စု တစ်ခွက်တဲ့ဗျို့”

“ဒီလို လုပ်စမ်းပါကွ” ဟု သက်ရှည် ဟန်နှင့်ပန်နှင့် ပြောလိုက်သည်။

စားပွဲထိုးက စပ်ဖြဲဖြဲလုပ်ပြီး ထွက်သွားသည်။ ထို့နောက် လက်ဖက်ရည်တခွက် လာချပေးသည်။ လက်ဖက်ရည်တခွက်မှာ ထုံးစံအတိုင်း ခွက်သေးသေးလေး ဖြစ်၏။ သက်ရှည်က ခွက်ကို မျက်မှောင်ကုတ် ကြည့်လိုက်ပြီးမှ သဘောပေါက်သွားဟန် ပြုံးလိုက်သည်။ တဖူးဖူးမှုတ်ပြီး တကျိုက်တည်း သောက်ချလိုက်၏။ ပြီးတော့ ပေါက်စီတလုံးကို ကောက်ကိုင်သည်။ အောက်ဘက် လှန်ကြည့်ပြီး...

“ဒီဆိုင်က တော်တော်ညစ်ပတ်တာပဲ မုန့်မှာလည်း စက္ကူစုတ်ကြီး ကပ်လို့”

စက္ကူကို ခွာပြီး ပေါက်စီ စားသည်။ ပြီးတော့ တစ်စုံတစ်ခု မျှော်သလို လည်တဆန့်ဆန့် လုပ်နေ၏။ အတော်ကြာသွားသောအခါ စိတ်မရှည်ဟန်ဖြင့် လှမ်းအော်သည်။

“ဟေ့... စားပွဲထိုး လာပါဦးကွ”

စားပွဲထိုးကလေး ရောက်လာပြီး...

“ဘာလဲဆရာ… ဆေးလိပ် ယူမလို့လား”

“မဟုတ်ဘူးကွ… ငါလက်ဖက်ရည်မှာထားတာ ကြာလှပြီ… ခုထိ မရသေးဘူး...”

“ဗျာ… ဒီမှာလေ… ဆရာသောက်လို့ ကုန်တောင်ကုန်နေပြီ”

စားပွဲပေါ်မှ ပန်းကန်လွတ်ကို လက်ညှိုးထိုးပြသည်။

“ဟေ… ဒါက မြည်းဖို့ နမူနာပေးတာ မဟုတ်ဘူးလား”

“ဟာ… ဆရာက နောက်နေပြန်ပြီ”

“နောက်တာ မဟုတ်ဘူးကွ၊ တကယ်ပြောတာ၊ ကြည့်ပါဦး... မင်းတို့ပန်းကန်က လူမပြောနဲ့၊ ကြောင်တောင် ဝမှာ မဟုတ်ဘူး...”

“ဒါကတော့ ထုံးစံပါပဲ ဆရာရယ်၊ သူများတွေလည်း ဒီလိုပဲ သောက်ကြတာပဲ…”

“သူများတွေ သောက်ပေမယ့် ငါမဝဘူးကွ…… သွား မတ်ခွက်နဲ့ ဖျော်ခဲ့၊ ကျသလောက် ပေးမယ်...”

စားပွဲထိုးလေးမှာ ခေါင်းကုတ်ပြီး ထွက်သွားသည်။

• • •

ကျော်အေး၊ တက်ပုနှင့် သက်ရှည်တို့ မောင်တီးကို ကားမောင်းခိုင်းပြီး ထွက်သွားကြသည်။ မူယာက သူတို့ကား ဝင်းအပြင်ရောက်မှ ဘိုကေဘက် မျက်လုံး ကစားလိုက်သည်။ ဘိုကေက ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာ အိပ်ပျော်နေ၏။ စောစောက ရွှေမိ ထဘီရင်လျားနှင့် ရေချိုးခန်းထဲ ဝင်သွားတာ တွေ့လိုက်သည်။

ဒီတော့ တအိမ်လုံးမှာ သူ့ကို စောင့်ကြည့်မည့်သူ မရှိတော့။ အနည်းဆုံး အနေအထားကို လေ့လာလို့ရမည်။ အချိန်ရလျှင် မွှေနှောက်ကြည့်မည်ဟု ဆုံးဖြတ်ပြီး အပေါ်ထပ်သို့ ခြေဖော့နင်း၍ တက်လာခဲ့သည်။ အရိပ်အခြည် ကြည့်လိုက်ပြီးနောက် ဘိုကေ့အခန်းထဲသို့ ဝင်သည်။

မီးခံသေတ္တာကို သေသေချာချာ ကြည့်သည်။ ဒီလောက်ကြီးတဲ့ မီးခံသေတ္တာဆိုလျှင် ငွေတွေ တော်တော်များများ ရှိနိုင်သည်။ သော့မရှိဘဲ ဖွင့်ဖို့တော့မလွယ်။ သော့က သုံးပေါက်တောင် ရှိသည်။ သော့ကို ရှာရမည်။ စားပွဲရှိရာသွားပြီး အံဆွဲကို အသံမမြည်အောင် ဆွဲဖွင့်လိုက်သည်။ သူ့မျက်နှာ ရှုံ့မဲ့သွား၏။ အံဆွဲထဲမှာ ကြက်ကြော်၊ ဘဲကင် စသော စားစရာတွေသာ ရှိနေသည်။

မျက်လုံးကစားကြည့်လိုက်ရာ နံရံကြွက်လျှောက်ပေါ်မှာ စီတင်ထားသော ဘီယာဘူးခွံ တွေကို တွေ့လိုက်ရ၏။ သူလျှောက်သွားပြီး ဘီယာဘူးခွံ တစ်ခုကို ကိုင်မည်အပြု ---

“ဟေ့ မကိုင်နဲ့”

အသံကြားသဖြင့် လန့်သွားသည်။ လှည့်ကြည့်တော့ ဘိုကေကို တွေ့လိုက်ရသည်။

“ဘာလာလုပ်တာလဲ” ဟု ပြောရင်း အနားတိုးကပ်လာသည်။ မူယာက ချက်ချင်း ဣန္ဒြေဆည်လိုက်ပြီး...

“အစ်ကိုကြီး အိပ်ရာတွေ သိမ်းဖို့လာရင်းနဲ့ အခန်းက ရှုပ်ပွနေတာ မြင်တော့ ရှင်းလင်းပေးမလို့ပါ”

“နေပစေ... မရှင်းနဲ့… ငါ့ဘာသာ ရှင်းမယ်”

“ဟို ဘီယာဘူးခွံတွေက ရှုပ်တောင် ရှုပ်သေးတယ်… ညီမ ယူသွားပြီး လွှင့်ပစ်လိုက်မယ်နော်...”

“ဟာ.. လွှင့်ပစ်လို့မဖြစ်ဘူး …ဒါက အရေးကြီး…”

“ဘာဖြစ်လို့လဲ အစ်ကိုကြီးရဲ့... ဘူးခွံတွေကို အလကား သိမ်းထားတယ်…”

“ဟို... ဟိုဟာ... အဲ... အစ်ကိုကြီး တနေ့ ဘီယာဘယ်နှစ်ဘူး သောက်သလဲ သိရအောင် မှတ်ထားချင်လို့ပါ၊ အဲ... အဲ... အဲဒါနဲ့ မူယာ ဘာတွေလျှောက်ကိုင်ကြည့်သေးလဲ”

“ဘာမှ မကိုင်ကြည့်ပါဘူး... ဟို… ရေခဲသေတ္တာကြီးကို ဖုန်သုတ်တာပဲ ရှိတယ်…”

ဟု ပြောပြီး မီးခံသေတ္တာကြီးကို လက်ညှိုးထိုးပြသည်။ ဘိုကေက တုံးရန် အရန်ကော ဆိုသော ပုံစံဖြင့် တဟားဟား ရယ်လိုက်ပြီး…

“ဟား...ဟား… ဒါ ရေခဲသေတ္တာ မဟုတ်ဘူးဟ… မီးခံသေတ္တာပါဟ...”

“ဪ... အဝတ်အစားတွေ ဘာတွေ ထည့်တာပေါ့ ဟုတ်လား”

“မဟုတ်ဘူး... ဟိုဟာ အဲ... ဟုတ်တယ် အစ်ကိုကြီးရဲ့ အဝတ်အစားတွေက အဖိုးတန်တွေချည်းပဲ မဟုတ်လား... ဒါကြောင့် သော့ခတ်ပြီး သိမ်းထားတာ...”

“ဟုတ်လား... ဒါမျိုး တခါမှမမြင်ဖူးဘူး… ကဲ… ညီမ သွားမယ်နော်...”

“နေပါဦး... ဟဲ... ဟဲ...”

ဆိုပြီး ဘိုကေက မူယာ့လက်ကို ဖမ်းဆွဲပြီး ဖက်လိုက်သည်။ မူယာက ရင်ခွင်ထဲ တိုးဝင်ရင်း...

“ဟင်း... သိပ်ကဲတယ်” ဟု ပြောလိုက်၏။ ဘိုကေ့ကိုယ်က ချွေးနံ့၊ ဘီယာနံ့တွေ နံစော်နေသဖြင့် နှာခေါင်းရှုံ့လိုက်မိ၏။

• • •

ဗီဒီယိုဂိမ်းစက်ကို တက်ပုက ဝယ်လာခြင်း ဖြစ်သော်လည်း ကစားကြည့်ပြီး တကယ်တမ်း စွဲသွားသူက သက်ရှည်ဖြစ်၏။ သူသည် အချိန်ရှိသရွေ့ ဗီဒီယိုဂိမ်းသာ ကစားနေသည်။ မကစားရသည့်အချိန်မှာပင် လက်မလေးနှစ်ဖက်က ခလုတ်နှိပ်သလို တလှုပ်လှုပ် ဖြစ်နေတတ်သည်။

ခုလည်း သူက ဧည့်ခန်းထဲမှာ ဗီဒီယိုဂိမ်း ကစားနေခဲ့သည်မှာ မနက်စောစောကတည်းက ဖြစ်၏။ ရွှေမိက သူ့အနားလာရပ်ပြီး...

“ဒီမှာတော့ ကိုရင်သက်ရှည်”

သက်ရှည်က မကြားဘဲ ဆက်ကစားနေသည်။

“ကိုရင်သက်ရှည်”

ရွှေမိက အသံမြှင့်ပြီး အော်သည်။ သက်ရှည်က လက်ကာပြပြီး ဆက်ကစားနေ၏။

“အားရင် ဒါပဲကစားနေတာပဲ...၊ ခဏရပ်လိုက်စမ်းပါ... ပြောစရာရှိလို့...”

“အေးပါ..ခဏလေး... ဒီတပွဲတော့ ငါနိုင်မှာ ကျိန်းသေနေပြီ”

ရွှေမိက စိတ်မရှည်တော့ဘဲ တီဗွီခလုတ်ကို ပိတ်လိုက်၏။ သက်ရှည် မချင့်မရဲ ဖြစ်သွားပြီး

“ဘယ်လိုဖြစ်တာလဲဟာ… ဘာအရေးကြီးလို့လဲ”

“ပြောစရာရှိလို့… ဒါ့နဲ့ ကိုရင်တက်ပုကော…”

“မသိဘူးလေ စောစောကတော့ ဆာတယ်ဆိုပြီး ထမင်းစားခန်းထဲ ဝင်သွားတာပဲ...”

“ဒါဆို လာ လိုက်ခဲ့”

ရွှေမိက သက်ရှည်ကို ထမင်းစားခန်းထဲ ဆွဲခေါ်သွားသည်။ အထဲရောက်သောအခါ တက်ပုသည် ကြက်ပေါင်တချောင်းကို ကိုက်နေရာမှ ရွှေမိကို မြင်သောအခါ လက်ကို နောက်ပစ်ပြီး ဝှက်လိုက်တာ တွေ့ရ၏။

“ကိုရင်တက်ပု ဟင်းတွေ ခိုးစားနေလား”

ရွှေမိက မေးသည်။

“တစ်တုံးတည်းပါဟ”

“ညနေစာအတွက် ဟင်းနည်းနေဦးမယ်”

“နင်ကလည်းဟာ ငါတို့မှာ ပိုက်ဆံတွေ အများကြီးရှိတာပဲ…. ဟင်းများများ ချက်စမ်းပါ”

“ဘယ်ရမလဲ... စည်းနဲ့ကမ်းနဲ့ပဲ… အဘွားက ဒီအတိုင်းမှာ သွားတာ”

သက်ရှည်က...

“ကဲ ပြောစရာရှိတယ်ဆို ပြောလေ”

“တခြားမဟုတ်ဘူး၊ ကိုကြီးဘိုကေက မူယာဆိုတဲ့ ကောင်မကို သိပ်အရေးပေးတာပဲ၊ တခါတလေ ပန်းခြံထဲမှာ နှစ်ယောက်တည်း စကားပြောပြောနေတတ်တယ်၊ ဒီကောင်မနဲ့ ကိုကြီးဘိုကေနဲ့ ကြည့်ပုံ၊ ရှုပုံကလည်း တမျိုးပဲ၊ ကျများ ကျနေကြသလား မသိဘူး...”

ရွှေမိက ပြောသည်။ သက်ရှည်က

“သူ့ဟာသူ ကျလည်း ဘာဖြစ်သလဲဟ…”

“ကျုပ်ကတော့ ဒီကောင်မကို သိပ်သဘောမကျဘူး၊ ကိုကြီးဘိုကေကို မြူဆွယ်ပြီး စားနေတယ်လို့ ထင်တာပဲ”

“နင်ကလည်းဟာ အလုပ်မရှိ အလုပ်ရှာလို့၊ ဘာများအရေးကြီးတာ ပြောမလို့လဲလို့... အလကား ကစားရတာတောင် အရသာပျက်တယ်... သွားမယ်...”

ဆိုပြီး သက်ရှည်က ထွက်သွား၏။ တက်ပုကလည်း...

“ဟုတ်တယ်... ငါလည်း စားရတာ အရသာပျက်တယ်... သွားမယ်”

ကြက်ပေါင်ကိုကိုက်ပြီး ထွက်သွားပြန်၏။ ရွှေမိမှာ မကျေမနပ်နှင့် ကျန်ခဲ့သည်။

ပြောကြည့်သည်။ သူကတော့… သက်ရှည်တို့၊ တက်ပုတို့ကို ပြောလို့မရတော့ ကျော်အေးကို

“ဟုတ်တယ် ရွှေမိ... အစ်ကိုလည်း သိပ်သဘောမကျဘူး... အစကတည်းက လူစိမ်းတွေ ခေါ်ထားချင်တာ မဟုတ်ဘူး... ကိုဘိုကေကို ပြောမရလို့ ကြည့်နေရတာ… သတိတော့ထားမှဖြစ်မယ် ... ရွှေမိလည်း နည်းနည်းစောင့်ကြည့်နေပေါ့...” ဟုပြောသည်။

• • •

မူယာက အိမ်ရှေ့ခန်းမှာ လှည်းကျင်းနေတုန်း ကျော်အေး ရောက်လာသည်။ ဧည့်ခန်းထဲ မျက်လုံးဝေ့ကြည့်ပြီးမှ...

“ကိုဘိုကေရော…” ဟု မေးသည်။

“သူ့အခန်းထဲမှာ ထင်တယ်”

ကျော်အေး အပေါ်ထပ်သို့ ခပ်သုတ်သုတ် တက်သွားသည်။ ကျော်အေးပုံစံမှာ တစုံတခု အရေးကြီးတာ ပြောစရာ ရှိနေပုံရသည်။ လက်ထဲမှာလည်း စာအုပ်တအုပ် ကိုင်သွားသည်။ အကြောင်းထူးတော့ရှိပြီဟု တွက်လိုက်သည်။ ထို့ကြောင့် အပေါ်ထပ်သို့ ခြေဖော့နင်းပြီး လိုက်တက်သွားသည်။

ဘိုကေသည် ခုတင်ပေါ်လှဲရင်း ပန်းသီး စားနေ၏။ ကျော်အေးက သုတ်သီးသုတ်ပျာ ဝင်လာပြီး...

“ကိုဘိုကေ ကျွန်တော်သိပြီဗျ---သိပြီ”

“ဘာ… ဘာသိတာလဲ”

“မြေပုံထဲက စကားဝှက်ကို ထပ်ဖော်နိုင်ပြီလို့ ပြောတာ”

ဘိုကေ လှဲနေရာမှ ငေါက်ခနဲ ထထိုင်ပြီး...

“ပြောစမ်းပါဦး.. .ပြောစမ်းပါဦး...ဘာတဲ့လဲ”

ကျော်အေးက ကုလားထိုင်ဆွဲယူ၍ ထိုင်လိုက်ပြီး....

“မနေ့ညက ကျွန်တော် ချောင်းဆိုးချင်သလို ရင်ကျပ်ချင်သလို ဖြစ်တာနဲ့ ဘာဆေးသောက်ရ ကောင်းမလဲ စဉ်းစားရင်း ဆေးနည်းတွေ မှတ်ထားတဲ့ စာအုပ်သတိရလို့ ရှာကြည့်တော့ ဟောဒီမှာ ကျွန်တော် ဖတ်ပြမယ်…”

ကျော်အေးက စာအုပ်ကို ဖွင့်လိုက်ပြီး မှတ်ထားသည့်နေရာရှာ၍...

“ကြဇုနဲ့ ချင်း၊ နွယ်ချိုသွင်း၊ ပိတ်ချင်းဇဝက်သာ၊ ပန်းနာရင်ကျပ် သတိချပ် မပြတ်သုံးဆောင်ပါတဲ့”

“ဟာ… ဒါနဲ့ဘာဆိုင်လို့လဲ၊ ခင်ဗျားဟာက ဆေးနည်းကြီးပဲ”

“ဆိုင်တာပေါ့ ကိုဘိုကေရ… ကျွန်တော်ရှင်းပြမယ်… စကားဝှက်ထဲမှာပါတဲ့ မိုးပေါ်က ကျသည့်ရေဆိုတာ ချောင်းဆိုးပျောက်သည် ဆိုတာကို နှစ်ပိုင်း ခွဲကြည့်ရမယ်.. မိုးပေါ်ကကျတဲ့ ရေဆိုတာ… ဘာလဲ၊ ရေတံခွန်ကို ပြောတာမဟုတ်လား... ရေတံခွန်ဆိုတာ ဟိုးအပေါ်က ကျနေတာ မဟုတ်လား”

“ဒါတော့ ဖြစ်နိုင်တယ်ဗျ... ဆက်ပြောပါဦး”

“နောက်စကားဝှက်တခုက ချောင်းဆိုးပျောက်သည်ဆိုတာ မဟုတ်လား... ခုန ကျွန်တော် ဖတ်ပြတာက ချောင်းဆိုးပျောက်တဲ့ ဆေးနည်းပဲလေ၊ အဲဒီ ဆေးအမည်တွေထဲမှာ ဘာပါသလဲ၊ ပိတ်ချင်း မပါဘူးလား၊ စောစောကပြောတဲ့ ရေတံခွန်နဲ့ ပိတ်ချင်းနဲ့ ပေါင်းပြီး စဉ်းစားကြည့်တော့ ပိတ်ချင်းမြှောင် ရေတံခွန်ကို ဆိုလိုတာပဲ... ရှင်းမသွားဘူးလား...”

ဘိုကေ လက်ထဲမှာ ကိုင်ထားသော ပန်းသီး လွတ်ကျသွားပြီး…

“ဟာ...ဟုတ်တယ်ဗျာ၊ ကြည့်စမ်း... တော်တော်နက်နဲတဲ့ စကားဝှက်ပဲဗျနော်... ခင်ဗျားမို့လို့ ဖော်နိုင်တာ… ခင်ဗျားကျေးဇူးကိုတော့ မမေ့ဘူး... ရတနာတွေရရင် ခင်ဗျားကို ထိုက်ထိုက်တန်တန် ပေးမယ်...”

“ရတနာတွေက အရေးမကြီးပါဘူးဗျာ” ဟု ကျော်အေးက သူ့အဓိပ္ပာယ်နှင့်သူ ပြော၏။ ဘိုကေက…

“အို… ဘာပဲဖြစ်ဖြစ်ဗျာ ခင်ဗျားလိုချင်တာပြော... ရရစေ့မယ်”

ကျော်အေးက ကျေနပ်ပြုံး ပြုံးနေ၏။ ဘိုကေက ဆက်ပြောသည်။

“ဒါဆို ကြောင်အော်သံကြားရာအရပ်တို့ ဘာတို့ဆိုတဲ့ နောက်ထပ် စကားဝှက်တွေကကော

“ဒါက ဟိုရောက်လို့ ဒေသအခြေအနေကြည့်ပြီး အဓိပ္ပာယ် ကောက်ယူရင် ရမှာပါ… သိပ်မခက်နိုင်တော့ပါဘူး...”

“အင်း... ဟုတ်တယ်... ဟိုကိုရောက်ရင် နောက်ပိုင်း စကားဝှက်တွေကို လွယ်လွယ်ကူကူ ဖော်နိုင်တဲ့လမ်းစတော့ တွေ့မှာပဲ... ပြောနေကြာတယ်ဗျာ... နက်ဖြန်မနက်ပဲ ပြင်ဦးလွင်ကို သွားကြမယ်... ပိတ်ချင်းမြှောင် ရေတံခွန်ကိုရောက်ရင် ဆက်ရှာမယ်ဗျ...”

“ကောင်းတယ်…ဒါနဲ့ မြေပုံကိုလည်း သေသေချာချာသိမ်းဦးနော်”

“မပူပါနဲ့ဗျာ... ဒီ မီးခံသေတ္တာကြီးက လုံခြုံစိတ်ချရပါတယ်ဗျ... သော့သုံးချောင်းနဲ့ ဖွင့်မှ ရတာပါ...”

ကျော်အေးက ခေါင်းညိတ်ပြသည်။ ထို့အတူ အပြင်မှ ချောင်းနားထောင်နေသော မူယာကလည်း ခေါင်းတညိတ်ညိတ် လုပ်နေသည်။ ပြီးမှ ခြေဖော့နင်းပြီး အောက်ထပ် ပြန်ဆင်းသွားလေ၏။

• • •

“ဪ… ဒီလိုကိုး... သူတို့က ရတနာမြေပုံ ရထားတာကိုး... စားရကံကြုံတော့ မုတ်ဆိတ် ပျားဆွဲတယ်ဆိုတာ ဒါမျိုးပေါ့....”

မောင်တီးက မုတ်ဆိတ်မွေးအတုကိုပွတ်ရင်း ပြောလိုက်သည်။

“သူတို့က နက်ဖြန်မနက်ဆိုရင် ပြင်ဦးလွင်ကို သွားကြတော့မယ်လို့ ပြောတယ်…. ဒီတော့ ကျွန်မတို့ ဘာလုပ်ကြမလဲ…”

“ကျွန်မ စဉ်းစားထားတာကတော့ သူတို့ ပြင်ဦးလွင်ကို တက်တဲ့အခါ ကျွန်မပါ လိုက်လို့ရအောင် လုပ်မယ်... ရှင်က နောက်ယောင်ခံပြီး လိုက်ခဲ့... ရတနာတွေ ဖော်နိုင်ပြီဆိုမှ လုလိုက်မယ် မကောင်းဘူးလား…”

“အဲဒီနည်းက အန္တရာယ်မကင်းဘူးဟ... သူတို့က လူများတယ်.. ပြီးတော့ အဆင်မသင့်ရင် လူကိုပါ ရှင်းချင် ရှင်းပစ်ရမှာ.. လူသတ်မှုဖြစ်ပြီဆိုရင် နောက်ပိုင်းပြဿနာတွေ ရှုပ်လာမယ်... ငါ့သဘောကတော့ ရတနာ မြေပုံကို ရအောင်ခိုးပြီး ကိုယ့်ဘာသာရှာတာ ပိုကောင်းမယ်””

“မြေပုံထဲက စကားဝှက်ကို ပိတ်ချင်းမြှောင်ရေတံခွန်ဆိုတာအထိပဲ ဖော်လို့ရသေးတာ… ကျွန်မတို့လက်ထဲ မြေပုံရောက်ပြီဆိုပါတော့... ကျန်တဲ့ စကားဝှက်တွေကို ဘယ်လိုဆက်ဖော်မလဲ...”

“သူတို့ပြောတဲ့စကားကို နင်ကြားခဲ့တယ် မဟုတ်လား... နောက်ပိုင်း စကားဝှက်တွေက ဟိုရောက်မှ နယ်မြေအခြေအနေကြည့်ပြီး ဖော်လို့ရတယ်ဆို... သူတို့လို ငတုံးငအတွေတောင် ဖော်နိုင်မယ်ဆိုရင် ငါတို့က ဘာလို့ မဖော်နိုင်ရမှာလဲ...”

“ဒါလည်း ဟုတ်တာပဲ”

“ငါ့သဘောကတော့ ရတနာမြေပုံကို ဒီည ရအောင်ခိုးမယ်... ပြီးတော့ ညတွင်းချင်း ပြင်ဦးလွင်ကို တက်မယ်… ဖြစ်နိုင်ရင် ပိတ်ချင်းမြှောင်ထိ တခါတည်း တန်းသွားမယ်... မနက် အလင်းရောင် ရတာနဲ့ ရတနာသိုက်ကို ရှာမယ်၊ ဒါဆိုရင် ငါတို့က သူတို့ထက် အချိန်တွေ အများကြီး ပိုရမယ်၊ ဒီနည်းက ပိုပြီး အန္တရာယ်ကင်းတယ်...”

“အင်း... ဟုတ်တယ်၊ ကောင်းတယ်... ဒီတော့ ကျွန်မက ဒီညနေ သူတို့စားမယ့် ဟင်းထဲမှာ အိပ်ဆေးခတ်ထားမယ်... ညကျလို့ သူတို့အားလုံး အိပ်မောကျနေတုန်း မြေပုံကို တက်ခိုးပေါ့…”

“အေး... ဟုတ်တယ်၊ ဒီအကြံကောင်းတယ်”

“မီးခံသေတ္တာသော့က အခန်းနံရံမှာ စီတင်ထားတဲ့ ဘီယာဘူးခွံတွေထဲမှာ ထည့်ထားလိမ့်မယ်... သော့ပေါက်သုံးခုရှိတော့ သော့ချောင်းကို ဘူးခွံတခုစီမှာ ခွဲထည့်ထားတာ ဖြစ်နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဟိုတနေ့က ကျွန်မ အခန်းထဲဝင်ပြီး အခြေအနေ စုံစမ်းကြည့်နေတုန်း ကတုံး ရောက်လာပြီး ဘီယာဘူးခွံတွေကို မကိုင်နဲ့၊ အရေးကြီးတယ်လို့ လွှတ်ခနဲ ပြောတာ ကြားလိုက်တယ်၊ သူ့ပုံစံကလည်း တခုခု စိုးရိမ်သွားသလိုပဲ၊ ဒီတော့ သော့တွေဟာ အဲဒီဘူးခွံတွေထဲမှာပဲ ရှိရမယ်…”

“အင်း… ဒါကြောင့်လည်း နင့်ကို အားကိုးတာပေါ့ဟ”

“အားကိုးရင်လည်း ရှယ်ယာခွဲပေးဖို့ မမေ့နဲ့ဦး”

“စိတ်ချပါဟာ... အင်း ဒီကိစ္စကလည်း မြန်မြန်အဆင်ပြေမှပဲ... ဒီမုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး အတုတွေတပ်ပြီး ရုပ်ဖျက်ထားရတာ မစားသာဘူး... ပြုတ်မထွက်အောင် အမြဲသတိထားနေရတယ်... ယားကလည်း ယားသေး…” ဟု ပြောပြီး မုတ်ဆိတ်မွေး၊ နုတ်ခမ်းမွေး အတုတွေကို ဖြုတ်ပစ်နေစဉ်...

“ကိုမောင်တီးရေ… ဗျို့ ကိုမောင်တီး”

အပြင်က ဘိုကေ၏ခေါ်သံကြားသဖြင့် ဟာ အရေးထဲမှာဆိုပြီး... မောင်တီးက...

“လာပြီ ဆရာရေ”

ထွက်မည်ပြုစဉ် မူယာက…

“ဟိုဟာတွေ ပြန်တပ်သွားဦးလေ” ဟု သတိပေးသည်။

ဘိုကေ ထပ်ခေါ်ပြန်သည်။ မောင်တီး ယောင်ယောင်ကန်းကန်းနှင့် လုပ်နေသဖြင့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး နေရာမှားနေသေးသည်။ ပြီးမှ အမြန်တပ်ပြီး ပြေးထွက်သွားသည်။

ခဏအကြာတွင် မောင်တီး ခေါင်းကုတ်ပြီး စိတ်ပျက်လက်ပျက် ပုံစံဖြင့် ပြန်ရောက်လာသည်။

“ပြဿနာပဲဟာ…”

“ဘာဖြစ်လို့လဲ”

“သူတို့က ဒီညနေ ဟင်းမချက်တော့ဘူးတဲ့၊ စားသောက်ဆိုင်မှာ သွားစားမယ်တဲ့... ဒီတော့ ဟင်းထဲ အိပ်ဆေးခတ်လို့ ဘယ်ရတော့မလဲဟ”

“ရှင်က ကားနဲ့ လိုက်ပို့ရမှာပေါ့…”

“အေး... ဟုတ်တယ်”

“ဒါဆို ပိုတောင်ကောင်းသေးတယ်... သူတို့အပြင်သွားနေတုန်း ကျွန်မ ရတဲ့နည်းနဲ့ အခန်းထဲဝင်ပြီး မြေပုံကို ခိုးလို့ရတာပေါ့ ဘယ့်နှယ့်လဲ”

“မဖြစ်ဘူးဟ... ကျော်အေးဆိုတဲ့ကောင်က နည်းနည်း လူရည်လည်တယ်... နင့်ကိုပါ စားသောက်ဆိုင် ခေါ်သွားဖို့ ပြောနေတယ်... ဘိုကေကလည်း နင့်ကိုခေါ်ချင်နေတာ မဟုတ်လား...”

“ခက်တာပဲ...”

ဆိုပြီး မူယာက အကြံထုတ် စဉ်းစားနေ၏။ ပြီးတော့...

“အင်း...ဟုတ်ပြီ... ဒီလိုလုပ်... ကတုံးကို ပြောစရာရှိလို့ ည ၁၂ နာရီလောက် ပန်းခြံထဲ ဆင်းခဲ့ပါလို့ လူအလစ်မှာ ပြောလိုက်မယ်... အဲဒီအခါကျတော့ သူ့ကို အိပ်ဆေးခတ်ထားတဲ့ ဘီယာတိုက်မယ်... အဲဒီအချိန်ဆို တခြားလူတွေလည်း အိပ်ကုန်ပြီ… ကျွန်မတို့ ပန်းခြံထဲမှာ ရှိနေတုန်းရှင်က ကတုံးရဲ့အခန်းထဲဝင်ပြီး မြေပုံကို ရအောင် ခိုးပေတော့... မကောင်း ဘူးလား...”

“အေး... ကောင်းတယ်”

“ကဲ… အောင်မြင်ပါစေ”

တယောက်နှင့်တယောက် လက်ဝါးချင်း ရိုက်လိုက်ကြသည်။

• • •

ဘိုကေသည် ညဆယ့်နှစ်နာရီ ထိုးသောအခါ နောက်ဖေးဘက်တံခါးမှ ထွက်ပြီး ပန်းခြံထဲသို့ လာခဲ့သည်။ ပန်းခြံထဲက ခုံတန်းလျားမှာ မူယာက စောင့်နေသည်။ ဘီယာနှစ်ဘူး ကလည်း အဆင်သင့်။ ဘိုကေက မူယာ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ အိမ်ဘေးမှာ ထွန်းထားသော မီးရောင်က သူတို့ဆီကို ကွက်တိကွက်ကြား တိုးဝင်နေသည်။

“လာမှ လာပါ့မလားလို့ အစ်ကိုကြီးရယ်”

မူယာက လှိုက်မောသောအသံဖြင့် ပြောလိုက်၏။

“မူယာက ချိန်းရင် မလာဘဲ ဘယ်နေပါ့မလဲကွယ်…”

ဘိုကေက ပြန်ပြောရင်း မူယာ့လက်ကို ကိုင်လိုက်၏။

“အစ်ကိုကြီး ကြိုက်တတ်မှန်းသိလို့ ဘီယာတွေတောင် ယူထားတယ်၊ သောက်လိုက်ပါဦး …”

မူယာက ဘီယာတဘူးကို ဖောက်ပေးလိုက်၏။ အမှန်မှာ နဂိုကတည်းက ဖောက်ပြီးသား ဖြစ်၏။ လက်ကိုင်ကွင်းကို တည်းတည်းလေး ချန်ထားပြီး ခုမှ ဖောက်ဟန်လုပ်လိုက်ခြင်းဖြစ်၏။

“ဒါကြောင့် မူယာ့ကို ချစ်နေရတာ...သိပ် အလိုက်သိတာပဲ”

မူယာက ဘီယာဘူးကို ဘိုကေ့ပါးစပ်နားတေ့ပေးရာ ဘိုကေက နည်းနည်းမော့သောက်ပြီး

“ကဲ ပြောစရာရှိတယ်ဆိုပြောလေ”

“ကဲ ပြောပါ့မယ်... ဒါလေးကုန်အောင် သောက်လိုက်ပါဦး”

“သောက်မှာပေါ့ ဖြည်းဖြည်းပေါ့…”

မူယာက စိတ်မရှည်နိုင်ဘဲ ဖြစ်နေ၏။ ထို့ကြောင့် . . .

“ဟင်း... ဒီကတော့ သူသောက်စေချင်လို့ မရှိမဲ့ရှိမဲ့ ငွေကလေးကို မသုံးရက်ဘဲ ဝယ်ထားရတာ… သူကတော့ ရေခဲစိမ်မဟုတ်လို့ မသောက်ချင်ဘူးပေါ့လေ...ဒါဆိုလည်း ပေး သွန်ပစ်လိုက်မယ်...”

ဆိုပြီး စိတ်မကောင်းဟန်ဆောင်လိုက်သည်။

“အို… ဒီလိုမဟုတ်ပါဘူး... သောက်ပါ့မယ်... သောက်ပါ့မယ်”

ဘိုကေက ဘီယာဘူးကို ယူပြီး မော့သောက်သည်။

“ကုန်အောင်သောက်မှ ကျေနပ်မှာနော်”

မူယာက ထပ်ပြီးတိုက်တွန်းပြန်သဖြင့် အကုန်သောက်လိုက်ရသည်။

“အား စေတနာကြောင့်လား မသိဘူး… ဒီတခါ ဘီယာက ပိုကောင်းသလိုပဲ…”

ဘိုကေကပြောပြီး မူယာကို ဖက်လိုက်ရာ၊ မူယာက ဘိုကေ မမြင်အောင် ပြုံးသည်။

• • •

မောင်တီးသည် ဂိုဒေါင်ထဲမှ ထွက်လာပြီး တိုက်ဘေးမှ အသာ ကပ်လျှောက်လာခဲ့၏။ ပန်းခြံဘက် ချောင်းကြည့်သောအခါ မူယာက ဘိုကေကို ဘီယာ အတင်းတိုက်နေတာ မြင်ရသည်။ ဒီအတိုင်းဆို မူယာက ကောင်းကောင်း ထိန်းထားနိုင်ပြီ။ ထို့ကြောင့် တံခါးပွင့်နေသော နောက်ဖေးဘက်သို့ လာခဲ့၏။

အိမ်ထဲဝင်ပြီးနောက် လှေကားရှိရာသို့ ထွက်အလာမှာ သူ လန့်သွားသည်။ ဧည့်ခန်းထဲမှာ ထိုင်ပြီး ဗီဒီယိုဂိမ်း ကစားနေသော သက်ရှည်ကို တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။ ကြည့်ရတာတော့ ဗီဒီယိုဂိမ်းထဲမှာ တော်တော် စိတ်ဝင်စားနေပုံရသည်။ သူထိုင်နေပုံက လှေကားနှင့် ဘေးတစောင်း ဖြစ်နေသည်။ လှေကားပေါ်အတက်မှာ မြင်ကောင်း မြင်သွားနိုင်သည်။ သူ အာရုံ ဘယ်လောက်စွဲနေသလဲ သိရအောင် အသင့်ပါလာသော ဝက်အူလှည့်ကို ကြမ်းပေါ် ဒေါက်ခနဲချပြီး အသာပုနေလိုက်သည်။ သက်ရှည်က သတိတောင်မထားမိ။

ထိုအခါကျမှ လှေကားနောက် အသာကပ်သည်။ လှေကားပေါ် ခြေဖော့နင်းပြီး တက်လိုက်သည်။ နှစ်ထစ်လောက် တက်မိချိန်မှာပင်…

“ဟား... ဟာ...”

ဆိုသော သက်ရှည်၏ ရယ်သံ ကြားလိုက်သဖြင့် တုံ့ခနဲ ဖြစ်သွားပြီး ကြက်သေ သေသွား၏။ တကယ်တော့ သက်ရှည်က သူ့ကို မြင်လို့မဟုတ်။ ဗီဒီယိုဂိမ်းပွဲစဉ်တခုမှာ နိုင်လိုက်သဖြင့် ဝမ်းသာအားရ ထအော်ခြင်း ဖြစ်၏။ မောင်တီးမှာ အသက်တောင် မရှူရဲ၊ သို့ရာတွင် သက်ရှည်က ပြန်ထိုင်ပြီး... နောက်တပွဲ ဆက်ကစားဖို့ ပြင်နေ၏။ ဒီကောင် တခါတခါ ကစားလျှင် နှစ်နာရီ၊ သုံးနာရီ ကြာတတ်သည်။ အလုပ်လုပ်ဖို့ အချိန်ကောင်းကောင်း ရသည်။ ထို့ကြောင့် အပေါ်ထပ်သို့ ခြေသံမကြားအောင် တက်လာခဲ့၏။

သတိထားကာမှ ခလုတ်တိုက်ဖြစ်အောင် တိုက်လိုက်သေးသည်။ လှေကားပေါ် ဘယ်သူပစ်ချထားမှန်းမသိသော အချိုရည်ဘူးတဘူးကို တိုက်မိခြင်းဖြစ်၏။ အချိုရည်ဘူးက ဂလုံဂလွမ် မြည်ပြီး လှေကားမှ လိမ့်ဆင်းသွားသည်။

ဒီတခါတော့ မိပြီဟု ထင်လိုက်၏။ သို့ရာတွင် သက်ရှည်က လှည့်မကြည့်ဘဲ...

“ဟေ့… ကိုကြီးဘိုကေ မအိပ်သေးဘူးလား... ဘီယာတွေ နင်းကန် သောက်ပြီး အမူးလွန်နေလို့ မနက်ဖြန် ပြင်ဦးလွင် မသွားနိုင်ဘဲ နေဦးမယ်” ဟု ပြောပြီး ကစားမြဲ ဆက်ကစားနေ၏။ မောင်တီးမှာ ကျဉ်းထဲကျပ်ထဲမှာပင် အသံမထွက်အောင် ကျိတ်ရယ်လိုက်မိ၏။

• • •

ဘိုကေသည် နည်းနည်းတော့ အာလေးလျှာလေး ဖြစ်လာပြီ။ အိပ်ဆေးအရှိန်က ဘီယာအရှိန်နဲ့ ရောပြီး တက်လာပြီ။ သို့ရာတွင် လုံးဝ သတိလစ်တာမျိုးတော့ မဖြစ်သေး။ စိတ်ချလက်ချ ထားခဲ့လို့ မရသေး။ ဒီသေနာကြီးကလည်း တော်တော်ခံနိုင်ရည်အား ကောင်းတယ်။ တခြားလူဆို ဒေါင်းနေပြီဟု မူယာစိတ်ထဲက ညည်းညူမိ၏။

တတ်နိုင်သမျှ ပတ်ချွဲနပ်ချွဲထပ်လုပ်ရဦးမည်။ ဘိုကေ့ရင်ခွင်ထဲသို့ ပို၍ တိုးကပ်လိုက်သည်။ ချွေးစော်နံလှသဖြင့် အသက်အောင့်ထားရသေးသည်။

“ညီမလေးက အစ်ကို ပစ်ပြေးသွားမှာကို သိပ်စိုးရိမ်တာပဲ”

“ပြေးပါဘူး...”

စကားပြန်နိုင်သေးသဖြင့် အခြေအနေ မဟန်သေးကြောင်း သိသည်။

“ညီမကို ဘယ်တော့မှ မမုန်းရဘူးနော်”

“မုန်းပါဘူး...”

စကားတော့ ဗလုံးဗထွေး ဖြစ်လာပြီ။ နည်းနည်း ထပ်တင်ပေးလိုက်ဖို့ပဲ လိုသည်။ မူယာက ဘီယာ နောက်တဘူးကိုယူ၍...

“မမုန်းဘူးဆိုရင် သစ္စာရေသောက်ပြလေ… ရော့”

ဘိုကေ၏ ပါးစပ်နား တေ့ပေးသည်။ ဘိုကေက ဘီယာဘူးကို ယူလိုက်ပြီး သူ့ဘာသာ မော့သောက်သည်။ သောက်ရင်းက ပါးစပ်ပေါက်နှင့် တည့်အောင် မကိုင်နိုင်တော့ဘဲ ဘီယာတွေ ဖိတ်စဉ်ကျကုန်သည်။ လက်တဖက်ကလည်း မူယာကို ဖက်ထားသေးသည်။ ဘီယာတွေက မူယာ့ခေါင်းပေါ် ဖိတ်ကျသဖြင့် မူယာက “ကာလနာကြီး” ဟု အသံတိတ် ကျိန်ဆဲလိုက်၏။

ခဏအကြာတွင် ဘီယာဘူး လွတ်ကျပြီး မြေကြီးပေါ် လိမ့်ထွက်သွားသည်။ မူယာကို ဖက်ထားသော လက်ကလည်း ပြေလျော့လာသည်။ မူယာက ဖက်ထားသောလက်ကို ဖယ်ပြီး မော့ကြည့်သောအခါ ဇက်ကျိုးကျနေတာ တွေ့ရသည်။ ထို့ကြောင့် အသာရုန်းထွက်ပြီး ဘိုကေ့ကိုယ်ကြီးကို ဘေးကသစ်ပင်ကလေးမှာ မှီထားလိုက်သည်။ ပြီးတော့...

“အစ်ကိုကြီး အစ်ကိုကြီး” ဟု လှုပ်နိုးကြည့်သည်။

မထူးနိုင်တော့။ ခေါင်းကို ကိုင်မကြည့်သည်။ ငိုက်စိုက်ပြန်ကျသွား၏။ သေချာအောင် ပါးကို တဖျပ်ဖျပ် ရိုက်ကြည့်သည်။ လှုပ်တောင်မလှုပ်။ နောက်ဆုံး ကတုံးကို ဒေါက်ခနဲ ခေါက်ကြည့်လိုက်ပြီး သေချာမှ ပြန်ထွက်လာခဲ့သည်။

• • •

ဘိုကေ၏ အိပ်ခန်းထဲတွင် ညအိပ်မီး မှိန်ပျပျ ထွန်းထားသည်။ အလင်းရောင်မှာ မြင်သာထင်သာရှိရုံဖြစ်၍ မောင်တီး အလုပ်လုပ်လို့ ကောင်းအောင် တမင် ထွန်းထားပေးသလား ထင်ရသည်။

မီးခံသေတ္တာကို တချက်ကြည့်လိုက်သည်။ ကံကောင်းလျှင် ရွှေတွေ၊ ငွေတွေပါ ရနိုင်ကြောင်း သဘောပေါက်လိုက်၏။ မူယာပြောထားသည့်အတိုင်း ကြွက်လျှောက်ပေါ်မှာ စီတင်ထားသော ဘီယာဘူးခွံတွေကို ယူပြီး လှုပ်ကြည့်သည်။ တဘူးပြီးတဘူး လှုပ်ကြည့်ရာ ဘူးတွေသာ ကုန်သွားသည်။ သော့တွေကို မတွေ့ရ။

နေရာပြောင်းလိုက်ပြီ ထင်တယ်ဟု တွေးပြီး စိုးရိမ်သွားမိ၏။ စားပွဲအံဆွဲကို ဖွင့်ရှာသည်။ မတွေ့။ အိပ်ရာပေါ်မှာ မွှေနှောက်ကြည့်သည် မရှိ။ အချိန်က နည်းနည်းလင့်သွားပြီ။ ကိုယ့်ဘာသာ ကြိုးစားဖွင့်မည်ဟု စိတ်ကူးပြီး ကိရိယာတန်ဆာပလာတွေ ထည့်ထားသော အိတ်ငယ်ကလေးကို ထုတ်သည်။

မီးခံသေတ္တာနား လျှောက်သွားပြီး သော့ပေါက်တွေ စစ်ဆေးကြည့်လိုက်စဉ် သူ မျက်မှောင်တချက် ကုတ်သွား၏။ သေသေချာချာ ကြည့်လိုက်တော့ မီးခံသေတ္တာတံခါးမှာ လက်နှစ်လုံးလောက် ဟနေတာ တွေ့လိုက်ရသည်။ သူပြုံးလိုက်၏။ ဘိုကေသည် မီးခံသေတ္တာကို ပြန်ပိတ်ဖို့ မေ့သွားတာပါလား။ ကံကောင်းချင်တော့ ဒီလိုပဲ။ ဘာမှတောင် အပင်ပန်းခံနေစရာ မလိုတော့ဟု တွေးရင်း မီးခံသေတ္တာတံခါးကို ဆွဲဖွင့်လိုက်၏။ ထို့နောက် အထဲကို ချောင်းကြည့်လိုက်ရာ သူ့တကိုယ်လုံး ဖျင်းခနဲဖြစ်သွား၏။ အထဲမှ မျက်လုံးစိမ်းစိမ်းကြီးတစုံက သူ့ကို စူးစိုက်ကြည့်နေသောကြောင့်ဖြစ်၏။

“အမယ်လေးဗျ သရဲ”

သူ့ လန့်အော်ပြီး နောက်ကို ခုန်ဆုတ်လိုက်၏။ အထဲက မျက်လုံးပိုင်ရှင်ကလည်း အပြင်ကို ခုန်ထွက်လာပြီး...

“ဘယ်မှာလဲ သရဲ…”

ထိုသူမှာ တက်ပုပင်ဖြစ်၏။ တက်ပုနှင့် မောင်တီးတို့သည် တယောက်ကို တယောက် လက်ညှိုးထိုးပြီး “သရဲ” “သရဲ” ဟု အပြန်အလှန် အော်နေကြသည်။ ပြီးမှ တက်ပုက မောင်တီးကို မှတ်မိသွားပြီး...

“မင်း… မင်း ဘာလာလုပ်တာလဲ”

မောင်တီးမှာ အခြေအနေ မဟန်တော့မှန်း သိသွား၏။ ထို့ကြောင့် ဘိယာဘူးခွံတလုံးကို ဆတ်ခနဲ လှမ်းယူပြီး တက်ပုကို ပစ်ပေါက်လိုက်သည်။ တက်ပုလန့်ပြီး ငုံ့အရှောင်လိုက်မှာ ပြေးဝင်ပြီး ဖက်လုံးလိုက်၏။ တက်ပုမှာ တောသားပင် ဖြစ်သော်လည်း မြို့တက်ပြီး ဇိမ်ခံနေရတာကြာပြီဖြစ်၍ သိပ်အမောမခံနိုင်တော့၊ သူ့မှာ လုံးရင်းထွေးရင်း အောက်မှာချည်း ကျကျနေသည်။ မောင်တီးက အပေါ်ကခွပြီး ဆင့်ဆင့်ထိုးနေသဖြင့် မနည်းကာကွယ်နေရ၏။

ထိုစဉ်မှာ ရွှေမိ အခန်းထဲ ဝင်လာသည်။ သရဲ သရဲ အော်သံကြားစဉ်က ဘိုကေ မူးပြီး လျှောက်အော်နေတာ ထင်မိသေးသည်။ အသံက နှစ်သံ ဖြစ်နေသဖြင့် မသင်္ကာဘဲ ပြေးဝင်လာခြင်း ဖြစ်၏။ သူ့လက်ထဲမှာ တစ်တောင်လောက်ရှည်သည့် သနပ်ခါးတုံး ပါလာသည်။

မောင်တီးက တက်ပုကို ခွထိုးနေတာ မြင်သောအခါ ပြေးလွှားပြီး မောင်တီး၏ခေါင်းကို သနပ်ခါးတုံးဖြင့် ရိုက်ချလိုက်သည်။ “ခွပ်” ခနဲ မြည်သွားပြီး မောင်တီး ငိုက်စိုက်ကျသွား၏။

“ဟင်း…. မင်း ခုတော့ ဘာတတ်နိုင်သေးလဲ”

ဆိုပြီး ခြေထောက်နှင့် တချက်ပိတ်ကန်သည်။ မောင်တီးက တုတ်တုတ်မျှ မလှုပ်တော့။ ရွှေမိက မောင်တီးကိုကြည့်ပြီး...

“ဒီကောင် မြေပုံဝင်ခိုးတာပဲ ဖြစ်ရမယ်…. ဟင်း သူတို့ကို မသင်္ကာ ဖြစ်နေတာကြာပြီ…”

“ဟုတ်လား…” ဆိုသောအသံကို ကြားလိုက်သဖြင့် လှည့်ကြည့် သည်။ တံခါးဝမှာ မူယာ ရပ်နေသည်။

“တယ်လည်း လက်သံပြောင်ပါလား.. ဒါပေမဲ့ ဟောဒါလေးကိုတော့ ယှဉ်လို့မရနိုင်ပါဘူး ....”

ဆိုပြီး လက်ထဲက ပစ္စတိုသေနတ်လေးကို ယမ်းပြသည်။ ရွှေမိက ရှေ့တလှမ်း တိုးမည်ပြုစဉ်…

“မလှုပ်နဲ့နော် ဒီသေနတ်ကျည်ဆန်က မိန်းကလေးဆိုပြီး ညှာမှာ မဟုတ်ဘူး... ကဲ ဘေးကိုကပ်လိုက်စမ်း၊ နံရံဘက်ကို ကပ်”

တက်ပုနှင့် ရွှေမိတို့ နံရံဘက် ကပ်လိုက်ရသည်။ မူယာက သတိကြီးစွာထား၍ ရှေ့တိုးလာပြီး မီးခံသေတ္တာနားမှာ ရပ်သည်။

ထိုစဉ်တွင် ကျော်အေး အခန်းထဲဝင်လာသည်။ မူယာက သေနတ်နှင့် ထိုးချိန်လိုက်၏။ ကျော်အေးက အခြေအနေကို ရိပ်မိသဖြင့် ရွှေမိ၏ ရှေ့မှ ဝင်ရပ်လိုက်ပြီး...

“ပစ်ချင်ရင် ကျုပ်ကို အရင်ပစ်လိုက်”

“ဪ... သိပ်ချစ်နေကြတယ်ပေါ့... ဟုတ်လား... အခုတော့ မပစ်သေးပါဘူး... လိုချင်တာလေး ယူပါရစေဦး... လှုပ်မယ်တော့ မကြံနဲ့ နော်”

မူယာက ကျော်အေးတို့ကို သေနတ်နှင့် ချိန်ထားရင်း မီးခံသေတ္တာနား ကပ်သည်။ ပြီးတော့ မျက်ခြည်မပြတ် ကြည့်ရင်း မီးခံသေတ္တာထဲသို့ လက်နောက်ပြန်ထည့်ပြီး စမ်းလိုက်သည်။ သူ မျက်လုံးပြူးသွားပြီး...

“အမယ်လေး ဘာကြီးလဲ…” ဟု လှမ်းအော်လိုက်သည်။

ထိုစဉ်တွင် ကြက်ဖကြီးတကောင်မှာ ဂစ်ခနဲအသံပြုပြီး ဝှီးခနဲ ပျံထွက်လာသည်။ မူယာက လန့်ပြီး မျက်နှာကို လက်နှင့် ကာလိုက်စဉ် ကျော်အေးက အလစ်မပေးဘဲ ပြေးဝင်ပြီး သေနတ် ကိုင်ထားသောလက်ကို ခြေနှင့် ကန်ထုတ်လိုက်၏။ သေနတ် လွင့်ထွက်သွားသည်။ မူယာ တစုံတခု တုံ့ပြန်မည်ပြုစဉ်မှာပင် ကျော်အေးက မျက်နှာကို လက်ပြန်ရိုက်ထည့်လိုက်သည်။ မူယာ စိုက်ဆင်းသွားသည်။ ထိုအခါမှ တက်ပုက ပြေးပြီး မူယာကို ဖမ်းချုပ်ထားလိုက်သည်။

ကျော်အေးက ကြောင်ကြည့်နေသော ရွှေမိဆီ လျှောက်သွားပြီး...

“ရွှေမိ... ရွှေမိ ဘာမှမဖြစ်ဘူးနော်... ကံကြီးပေလို့သာပေါ့ ရွှေမိရယ်” ဟု ပြောရင်း ရွှေမိ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ရွှေမိက…

“ကိုကျော်အေးကို ကျုပ် ကျုပ် ကျေးဇူးတင်ပါတယ်” ဟု ပြောပြီး ပြုံးကြည့်လိုက်သည်။

ဒီအခန်းထဲမှာ ဖြစ်ပျက်ခဲ့သမျှကို လုံးဝမသိသူ နှစ်ယောက်တော့ ရှိ၏။

တယောက်က သက်ရှည်ဖြစ်၏။ သူသည် ဗီဒီယိုဂိမ်း နောက်ဆုံးပွဲစဉ်မှာ ဆက်တိုက် ရှုံးနေသဖြင့် အားမလိုအားမရ မကျေမနပ်ဖြစ်ပြီး သဲကြီးမဲကြီး ကစားနေရာ ဘာကိုမှ သတိမထားနိုင်အောင် ဖြစ်နေခြင်းကြောင့်။

နောက်တယောက်က ဘိုကေ…။ သူကတော့ ဆေးခတ်ထားသော ဘီယာတွေသောက်ပြီး ခုထိ သတိပြန်မရသေး။ ပန်းခြံထဲက ထိုင်ခုံမှာ ဘေးကသစ်ပင်ကြီးကို ဖက်၍မှီရင်း ပြုံးပြုံးကြီး အိပ်ပျော်နေလေသည်။

“ဒီလိုဗျ… ကျုပ်က ကျုပ်ရဲ့ တိုက်ကြက်မျိုးကောင်းလေးကို ပျောက်သွားမှာစိုးလို့ မီးခံသေတ္တာထဲမှာ သွားသိမ်းထားမယ်ဆိုပြီး သွားတာ... နောက်တော့ ခြေသံကြားလို့ ဘိုကေ ပြန်ဝင်လာပြီ မှတ်နေတာ... တော်ကြာ မီးခံသေတ္တာထဲ ကြက်ကို သိမ်းရမလားဆိုပြီး ပူညံပူညံ လုပ်မှာ စိုးလို့ မီးခံသေတ္တာကြီးထဲ ဝင်ပုန်းနေလိုက်တာ… လက်စသတ်တော့ ဟိုကောင် ဖြစ်နေတာကိုး”

တက်ပုက ညတုန်းကအဖြစ်ကို ပြန်ရှင်းပြနေသည်။ ကျော်အေးက...

“ကျွန်တော်လည်း သူတို့ကို မသင်္ကာ ဖြစ်နေတာကြာပြီ... အရေးကြီးတဲ့စကားပြောနေရင် မူယာက မနီးမဝေးမှာ မယောင်မလည် လုပ်လုပ်နေတာ သတိပြုမိခဲ့တယ်… ဒါကြောင့် ညညကျရင် သတိထားအိပ်ဖို့ ရွှေမိကို မှာထားခဲ့တာ...”

“ကျုပ်ကတော့ ဒီကောင်မကို စရောက်ကတည်းက ကြည့်လို့မရတာ၊ အခုလည်း ကြည့်လေ... ကိုကြီးဘိုကေကို အပိုင်ကပ်ပြီး ကြံစည်သွားတာ၊ ဟင်း... ညတုန်းက ညတုန်းက ရဲစခန်းကို ခေါ်သွားခါနီးမှာတောင် ရက်စက်တော့မှာလား အစ်ကိုကြီးရယ်ဆိုပြီး ပတ်ချွဲနပ်ချွဲ လုပ်သွားသေးတယ်…”

ရွှေမိကလည်း မကျေမနပ် ဝင်ပြော၏။ ဘိုကေမှာ ခုချိန်ထိ တဝါးဝါး သမ်းနေသေးသည်။ သက်ရှည်ကလည်း တညလုံး ဗီဒီယိုဂိမ်း ကစားထားသဖြင့် မျက်လုံးတွေ နီရဲနေသည်။

“ကဲ… အဲဒါက အရေးမကြီးဘူး၊ ပြင်ဦးလွင်ကို တက်ဖို့ကိစ္စ စီစဉ်ကြဦးမှပဲ...”

ကျော်အေးက ပြောသည်။ ဘိုကေက…

“ဒီနေ့ပဲ သွားကြမယ်ဗျာ... စောလေကောင်းလေ မဟုတ်လား” တက်ပုသည် မေးစေ့ကို ပွတ်နေရာမှ...

“အင်း… ရတနာတွေ ရဖို့ကတော့ လက်တကမ်းပဲ လိုတော့တယ်၊ ကျုပ်တို့ ချမ်းသာလာရင် ဘာလုပ်ကြမလဲဆိုတာ ကြိုပြီး စဉ်းစားထားဖို့ လိုလိမ့်မယ်…”

“ဘာစဉ်းစားစရာလိုသလဲကွာ… ရတနာတွေရလို့ ချမ်းသာလာရင် ဒီတိုက်ကြီးကို အပိုင်ဝယ်လိုက်ရုံပေါ့... ပြီးတော့ ကား တယောက် တစီး ဝယ်စီးမယ်…. မိန်းမယူမယ်...”

သက်ရှည်က ပြောရာ ဘိုကေက…

“မင်းလိုကောင်ကို ဘယ်မိန်းမက ကြိုက်မှာလဲကွ…”

“ဟား... ဟား... ပိုက်ဆံကွ၊ ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်။ မင်းကိုတောင် ဟိုမူယာဆိုတဲ့ကောင်မက ပိုက်ဆံလိုချင်လို့ ဝင်ကပ်တာ မဟုတ်ဘူးလား”

“သူ့အကြောင်း ပြောမနေစမ်းပါနဲ့ကွာ…. အလကားကောင်မ”

ကျော်အေးကတော့ ရွှေမိကကော သူ့ကို ကြိုက်နိုင်ပါ့မလားဟု တွေးမိပြီး ရွှေမိကို ဖျတ်ခနဲ ကြည့်သည်။ ရွှေမိက ဘာကိုမှ သိပ်စိတ်ဝင်စားဟန် မပြ။ တက်ပုက ဝင်ပြောပြန်သည်။

“ငါကတော့ ကြက်ခြံအကြီးကြီး ဆောက်မယ်… တိုက်ကြက်တွေ အကောင် တထောင်လောက် မွေးမယ်.. မျိုးကောင်းတဲ့ ကြက်တွေကျတော့ တကောင်ကို မီးခံသေတ္တာ တလုံးစီထဲမှာ ထည့်သိမ်းထားမယ်.... ပြီးတော့ ဒီမှာ သိပ်ပူတယ်ကွ… အိမ်လောက်ရှိတဲ့ ရေခဲသေတ္တာကြီး ဝယ်ပြီး အဲဒီထဲမှာ ဝင်နေမယ်...”

ဘိုကေက တဟားဟား ရယ်လိုက်ပြီ...

“မင်း တော်တော်ညံ့တဲ့ကောင်ပဲ… ပိုက်ဆံတွေ အများကြီး ရမှတော့ ဒီမှာ ဘယ်နေတော့မလဲကွ… ရန်ကုန်မှာ သွားနေမှာပေါ့... ဟိုမှာ အခန်းတွေ အများကြီးပါတဲ့ တိုက်ကြီးတလုံး ဆောက်မယ်... မိန်းမတွေ အများကြီးယူပြီး တခန်းကို တယောက်ထားမယ်... ပြီးတော့ တိုက်ခေါင်မိုးပေါ်မှာ တိုင်ကီ အကြီးကြီးတင်ပြီး ဘီယာတွေ အပြည့်ထည့်ထားမယ်... ပြီးတော့မှ အခန်းတိုင်းကို ပိုက်နဲ့ သွယ်ထားမယ်. သောက်ချင်ပြီဆိုမှ ဘုံပိုင်ခေါင်းလေး ဖွင့်ပြီး သောက်လိုက်ရုံပဲ... ဘယ်လောက်ဇိမ်ကျသလဲ…”

ရွှေမိက မဲ့ရွဲ့လိုက်ပြီး နောက်ဖေးဘက် ထထွက်သွားသည်။ ဘိုကေက...

“ဟဲ့ ရွှေမိ၊ နင်ကောဘာလုပ်မှာလဲ... ရတနာတွေရရင်” ဟု လှမ်းမေးသည်။

“သိပါဘူးတော်... ကျုပ်ကတော့ အဘွားနဲ့ပဲနေချင်တာပဲ” ဟု ပြန်ပြောပြီး အတွင်းခန်းထဲ ဝင်သွား၏။ ဘိုကေက ကျော်အေးဘက် လှည့်၍...

“ခင်ဗျားကော ဘာလုပ်မယ်စိတ်ကူးလဲ”

“ကျွန်တော်လည်း အဘွားနဲ့ပဲနေ... အဲ မဟုတ်ပါဘူး၊ ကျွန်တော် ဘာမှ မစဉ်းစားရသေးပါဘူး...”

ကျော်အေးက ယောင်ယောင်ကန်းကန်း ပြောသည်။ သက်ရှည်က ဝင်၍ ပြောသည်။

“ဟေ့ကောင် ငါကတော့ ရန်ကုန်မှာ မနေနိုင်ဘူး... ရန်ကုန်က မိုးလည်း တအားရွာတယ်... ကားတွေ၊ လူတွေလည်း ရှုပ်တယ်၊ လူလိမ်တွေ လူရှုပ်တွေလည်း ပေါတယ်လို့ ကြားဖူးတယ်...”

“မင်း မန္တလေးကကော ဘာထူးလဲ... ဖုန်ထူတယ်၊ ခြင်ပေါတယ်၊ စက်ဘီးတွေရှုပ်တယ်....”

“ဘာပဲဖြစ်ဖြစ်ကွာ... ငါကတော့ ရန်ကုန်မှာ မနေနိုင်ဘူး”

“ငါကတော့ ရန်ကုန်မှာပဲ နေမှာပဲ”

“မနေဘူးကွာ… မန္တလေးပဲ”

“ရန်ကုန်ကွ…””

“မန္တလေးကွ...”

“နေ... နေကြပါဦးဗျာ... ဒီကိစ္စနောက်မှ”

ကျော်အေးက ဝင်ပြောသော်လည်း မရ။

“ဟေ့ကောင် ရတနာမြေပုံကို စတွေ့တာ ဘယ်သူလဲ...”

“အောင်မာ…ငါက ဘာကြီးလဲ မသိဘူး... ဆက်တူးဆိုလို့ စဉ့်အိုးကြီးပေါ်လာတာ မဟုတ်လား...”

တက်ပုကလည်း ဝင်၍ပြောပြန်သည်။

“ဟေ့ကောင်တွေ ဘာပဲဖြစ်ဖြစ် ဒီမြေပုံ ဟိုကောင်တွေလက်ထဲ ပါမသွားတာ ငါ့ကြောင့်ကွ…”

သက်ရှည်က…

“အေး... ဒါတော့ ဟုတ်တယ်ကွ… ဘိုကေကတော့ ဟိုကောင်မကို တမ်းတမ်းစွဲဖြစ်နေလို့ ကံကောင်းလို့ ဒုက္ခမများတာ”

“အံမာ... မင်းကရော ဗီဒီယိုဂိမ်းထဲမှာ.. တမ်းတမ်းစွဲဖြစ်နေလို့ ဟိုကောင် အိမ်ပေါ် တက်သွားတာတောင် မသိလိုက်ဘူး မဟုတ်လား...”

“တကယ်တော့ ငါက စွန့်စွန့်စားစား ဝင်ပြီး တိုက်ခိုက်လို့ ဟိုကောင်တွေကို ဖမ်းမိတာ… ဒီတော့ ရတနာတွေရရင် ငါ့ကိုတောင် အများဆုံး ပေးသင့်တယ်...”

တက်ပုက ထပ်ကွန့်ပြန်ရာ ဘိုကေက…

“ဘာကွ… မင်းကို ဟိုကောင်က ခွစီးပြီး ထိုးနေတာ… ရွှေမိရောက်မလာရင် မင်းအသေပဲ မဟုတ်လား... ဒါကိုများ မင်းက ပိုလိုချင်သေးလား၊ ဒီမှာ ဟေ့ကောင်တွေ တယောက်မှ စကားမရှည်နဲ့ အားလုံးထဲမှာ ငါအကြီးဆုံး၊ ငါဆုံးဖြတ်တာကို နာခံရမယ် ဒါပဲ….”

တက်ပုက ထရပ်လိုက်သည်။ ဘိုကေကပါ ထရပ်သည်။ ပြီးတော့ တယောက်နှင့် တယောက် ပေစောင်းစောင်း ကြည့်နေကြ၏။ ကျော်အေးက...

“တော်ကြပါတော့ဗျာ... ဒီအချိန်မှာ ဒါတွေပြောဖို့ မသင့်တော်ပါဘူး”

တက်ပုက ကျော်အေးဘက် လှည့်ကြည့်ပြီး...

“မဟုတ်ဘူးဗျ ကိုကျော်အေး… ဒီကောင်က သူ အကြီးဆုံးဆိုပြီး အမြဲတမ်း အနိုင်ကျင့်တယ်”

“ဟုတ်တယ်... ငယ်ငယ်ကတည်းက ဒီကောင်ဗိုလ်ကျခဲ့တာ” ဟု သက်ရှည်ကပါ ဝင်ပြောသည်။

“ဗိုလ်ကျတော့ ဘာဖြစ်သလဲ... မင်းတို့က ဘာလုပ်ချင်သလဲ”

ဘိုကေက မေးရင်း ရှေ့တစ်လှမ်း တိုးသည်။ တက်ပုက…

“ဘာလုပ်ချင်သလဲဆိုတော့ ချချင်တယ်ကွာ”

ဆိုပြီး ဘိုကေကို ခုန်အုပ်လိုက်သည်။ သူတို့နှစ်ယောက် လုံးထွေးပြီး ကြမ်းပြင်ပေါ် ကျသွားသည်။ တလှည့်တပြန်စီ အပေါ်စီးရသည်။ ဘိုကေ အပေါ်စီးရလျှင် သက်ရှည်က ဝင်တွန်းလှဲပစ်သည်။ နှစ်ယောက် တယောက် ဖြစ်သော်လည်း ဘိုကေမှာ အတောင့်တင်းဆုံးဖြစ်၍ မနိုင်ဘဲ ရှိနေကြ၏။ ကျော်အေးက ဝင်ဆွဲသော်လည်း မရ။

“ဟာ… လုပ်ကြပါဦး ရွှေမိရေ လာပါဦး”

ကျော်အေးက အော်သဖြင့် ပြေးထွက်လာသည်။ အစ်ကိုသုံးယောက် တယောက်ကို တယောက် လုံးထွေးသတ်ပုတ်နေတာ မြင်သဖြင့် အတင်းဝင်ဆွဲသည်။ ကျော်အေးကပါ ဝင်ကူတော့မှ ရန်ပွဲပြီးသွား၏။

“ဘာဖြစ်ကြတာလဲ၊ ဘယ်လိုဖြစ်ကြတာလဲ”

ရွှေမိက မေးသည်။ ဘိုကေတို့မှာ မဖြေနိုင်သေးဘဲ တယောက်ကို တယောက် မိုက်ကြည့် ကြည့်နေကြတုန်း။ ရွှေမိက အခြေအနေကို ရိပ်စား မိလိုက်၏။ ထို့ကြောင့်...

“ဟင်... ရတနာတွေတောင် မရသေးဘူး ခုလိုဖြစ်နေကြပြီဆိုရင် ရတနာတွေသာ တကယ်ရလို့ကတော့ တယောက်ကိုတယောက် အသေသတ်ကြမှာ ကျိန်းသေတယ်… တော်ပြီ အစ်ကိုတို့နဲ့ မလိုက်တော့ဘူး... ကျုပ် အဘွားဆီပြန်မယ်… တောပြန်မယ်”

ကျော်အေးက…

“ဟာ… မဟုတ်သေးပါဘူးလေ” ဟု ပြောလိုက်သော်လည်း ဘိုကေကတော့…

“ကောင်းတယ်... ပြန်.. ပြန်.. အခု ငါတို့သွားမယ့်ခရီးက ကြမ်းတမ်းတယ်... မိန်းကလေး လိုက်လို့ မကောင်းဘူး... ဒီတော့ နင် အဘွားဆီ ပြန်စောင့်နေတာ အကောင်းဆုံးပဲ…”

“ဟုတ်တယ်..ဟုတ်တယ်”

ဒီအခါကျပြန်တော့ တက်ပုတို့၊ သက်ရှည်တို့က ဘိုကေကို ထောက်ခံနေပြန်၏။ ကျော်အေးက…

“ဒါဆိုလည်း ရွှေမိကို ရွာအထိ ပြန်ပို့မှ ဖြစ်မှာပေါ့”

“ပို့စရာမလိုဘူး၊ ကျုပ်ကို ဘူတာရုံသာ ပို့ပေး... ကျုပ်ဘာသာ ပြန်တတ်တယ်...”

“ဘယ်ဖြစ်မလဲ၊ ရွာထိရောက်အောင် ကျွန်တော်ပို့ပေးမယ်”

“ဟာ… ကိုကျော်အေးက ကျုပ်တို့နဲ့ လိုက်မှဖြစ်မှာပေါ့… ရွာပြန်ပို့ပြီး ပြန်လာတဲ့အထိ စောင့်ရင် အချိန်လင့်ကုန်မယ်”

“ဟုတ်တယ်... သူ့ဘာသာ ပြန်ချင်လို့ပြန်တာပဲ…. တယောက်တည်း ပြန်ပစေပေါ့...”

ပြောလို့ရမှာ မဟုတ်မှန်းသိသဖြင့် ရွှေမိကို ဘူတာရုံ လိုက်ပို့ရသည်။ ဘယ်ဘူတာမှာ ဆင်းပြီး ဘယ်လိုသွားဆိုတာကို ကျော်အေးက တတွတ်တွတ် မှာနေသည်။ သူက စိတ်မချနိုင်ဘဲ ဖြစ်နေ၏။ ဘိုကေတို့ကတော့ ရထားထွက်တာတောင် မစောင့်ဘဲ ပြင်ဦးလွင်ကို တက်ချင်လှပြီ။

သူတို့မှာ လောဘစိတ်ကလေးတွေ ဝင်လာပြီး ကိုယ့်ညီမအရင်းကိုတောင် ဂရုမစိုက်နိုင် လောက်အောင် ဖြစ်နေကြပြီဟု ကျော်အေး သတိပြုမိလိုက်လေသည်။

• • •

ပိတ်ချင်းမြှောင် ရေတံခွန်မှ ဆက်ထွက်လာကြပြီးနောက် တောင်ကုန်းမြင့် တခုပေါ်မှာ နားကြသည်။ သွားရသည့်ခရီးမှာ ကုန်း အတက် အဆင်း များသဖြင့် ပင်ပန်းကြ၏။ အမောပြေ ရေသောက်ချိန်တွင် ကျော်အေးက ပြောသည်။

“ကဲ အခုအရေးကြီးတဲ့ အချိန်ရောက်နေပြီ… ဒီလိုအချိန်မျိုးမှာ အားလုံး ညီညီညွတ်ညွတ် ရှိကြဖို့လိုတယ်... ဒီတော့ အားလုံး ညီညီညွတ်ညွတ် ရှိပါ့မယ်ဆိုတာ ကတိပေးရလိမ့်မယ်... ဒါမှ အလုပ်ဆက်လုပ်လို့ ဖြစ်မယ်”

“ပေးပါတယ်ဗျာ...” ဟု ကျန်သုံးယောက်စလုံးကပြောသည်။ ဘိုကေမှာ နေမထိ ထိုင်မသာ ဖြစ်နေ၏။ အခုလိုကိစ္စမျိုးမှာ တတ်နိုင်သမျှ အမှားကင်းအောင် လုပ်ရမယ်ဆိုပြီး ကျော်အေးက ဘိုကေကို ဘီယာ လုံးဝ သောက်ခွင့်မပြုခဲ့သောကြောင့် ဖြစ်၏။

"ကဲ... နောက်ထပ်စကားဝှက်ကို ဖော်ကြည့်ရအောင်… ကြောင်အော်သံကြားရာအရပ်သို့ သွားလော့တဲ့...”

“မြေပုံအညွှန်းအရ ဆိုရင်တော့ ဟောဟိုတဝိုက်မှာ ရှာရမှာပဲ… ကြောင်အော်သံ၊ ကြောင်အော်သံ၊ အဲ ဟုတ်ပြီ... ကြောင်က ဘယ်လို အော်သလဲ...”

“ခွီးလို့ အော်တာပေါ့” ဟု သက်ရှည်က ဝင်ပြောသည်။

“ဟာ မဟုတ်ပါဘူးဗျ... ကြောင်က ညောင်လို့မအော်ဘူးလား”

“အော်တယ်...”

“ဟုတ်ပြီ... ဒါဟာ ညောင်ပင်ကို ဆိုလိုတာပဲ... ဒီနားတဝိုက်မှာ အထိကရ ညောင်ပင်ကြီးတပင် ရှိရမယ်…”

ကျော်အေးက ကျောပိုးအိတ်ထဲမှ မှန်ပြောင်းကိုထုတ်ပြီး ကြည့်သည်။ မှန်ပြောင်းကို ဟိုသည်ဝေ့ဝိုက်ကြည့်ပြီးနောက်...

‌“တွေ့ပြီဗျို့...”

“ရတနာတွေလား…”

“ဟာ...မဟုတ်သေးဘူး...ညောင်ပင်ကြီးကို တွေ့ပြီ…. ဒီမှာကြည့်”

ကျော်အေးက မှန်ပြောင်းကို ဘိုကေ့အား ကမ်းပေးသည်။ ထို့နောက် သက်ရှည်၊ ပြီးတော့ တက်ပု။

“ကဲ သွားကြစို့”

ညောင်ပင်ကြီးရှိရာသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ ခရီးမှာ တစ်မိုင်ခန့် ဝေးမည်။ သစ်ပင်ချုံနွယ်ပင်တွေ၊ ကျောက်တုံးတွေကို ကျော်လွှားသွားကြရသည်။ ဒီကြားထဲ သက်ရှည်နှင့် တက်ပုတို့ ပြဿနာ လုပ်ချင်ကြသေးသည်။ သက်ရှည်က သူထမ်းရသည့် ပေါက်ချွန်ကြီးမှာ တက်ပု ထမ်းရသည့် ဂေါ်ပြားထက် အများကြီး ပိုးလေးသဖြင့် လဲထမ်းဖို့ ပြောသည်။ တက်ပုက လက်မခံ၊ ကိုယ်ကျရာပဲဟု ပြောရာမှ ငြင်းခုံကြခြင်းဖြစ်၏။ ကျော်အေးက ခင်ဗျားတို့ကို ညီညွတ်ကြဖို့ ကတိခံခိုင်းထားတယ်နော်ဟု ဆိုမှ ငြိမ်သွားကြ၏။

အတန်ကြာအောင် လျှောက်ပြီးနောက် ညောင်ပင်ကြီးဆီသို့ ရောက်လာကြသည်။ ညောင်ပင်ကြီးမှာ တကယ်ကို အထိကရပင်ဖြစ်၏။ ပုံပြင်တွေထဲမှာပါသော လှည်းငါးရာ အရိပ်ခိုနိုင်သည် ဆိုတာမျိုး၊ အကိုင်းကြီးတွေက ဖြာထွက်နေကြရာ မြေကိုပင် ထိလုမတတ် ကွေးညွှတ်ကျနေ၏။

“ကဲ… ညောင်ပင်ကြီးကိုတွေ့ပြီ... နောက်ထပ် စကားဝှက်တခုက ဟန္ဒူမာန် ညွှန်ပြရာဘက်သို့သွားတဲ့... အဲဒါဘာလဲ”

ဘိုကေက မေးသည်။ ကျော်အေးက ညောင်ပင်ကြီးကို မော့ကြည့်ရင်း စဉ်းစားနေသည်။ တက်ပုက...

“ဟိုအရင်က ဒီညောင်ပင်ပေါ်မှာ မျောက်တွေ ရှိလိမ့်မယ်... အဲဒီမျောက်တွေက လမ်းညွှန်ပြလိမ့်မယ်လို့ ပြောတာနဲ့တူတယ်…”

ကျော်အေးက...

“ဒီလိုတော့ ဟုတ်မယ်မထင်... အဲ... ခင်ဗျား ခုနပြောတာ ဘာလဲ၊ မျောက်တွေက လမ်းညွှန်... ဟာ သီပြီဗျ.. ဟန္ဒူမာန်ဆိုတာ ဘာလဲ၊ မျောက်မဟုတ်လား... ဒါက ညောင်ပင်ကြီးကနေ မြောက်အရပ်ကို သွားရမယ်လို့ ဆိုလိုတာပဲ...”

“ဖြစ်နိုင်တယ်၊ ဆက်ပြီး စဉ်းစားပါဦး၊ မြေပုံထဲက နောက်ဆုံး စာကြောင်းက ဒဿဂီရိ ဆယ်ယောက်နဲ့အတူ သွားလေတဲ့... ဒါဟာ အပြီးသတ် အညွှန်းပဲ၊ အဲဒါ ဖော်နိုင်ရင် ရတနာတွေ တွေ့ပြီပဲ...”

ကျော်အေးက အတော်ကြာအောင် စဉ်းစားနေပြီး...

“ဒဿဂီရိဆိုတာ ခေါင်းဆယ်လုံးရှိတယ် … ဆယ်ယောက်ဆိုတော့ ခေါင်းအလုံးတစ်ရာ အတူသွားဆိုတော့ ဟုတ်ပြီဗျ... ဟနုမာန်ညွှန်ပြရာဆိုတဲ့ မြောက်အရပ်ကို ခြေလှမ်းတစ်ရာတိတိ သွားရင် ရတနာသိုက်ကို တွေ့ပြီ”

“ဒါဆို သွားကြစို့”

“...”

ကျော်အေးက သံလိုက်အိမ်မြှောင်ကို ထုတ်ကြည့်သည်။ မြောက်အရပ် ညွှန်ပြထားသည့် အိမ်မြှောင်ထားရာဘက်ကို လှည့်လိုက်၏။

“ကဲ... ဟောဒီ ညောင်ပင်ခြေရင်းကနေ ခြေလှမ်းကို စပြီး ရေတွက်မယ်၊ ကျွန်တော့်နောက်က လိုက်ခဲ့ကြပေတော့… တစ်၊ နှစ်၊ သုံး၊ လေး”

ကျော်အေးက ခြေလှမ်းကို ရေတွက်ပြီး လျှောက်သည်။ သူ့နောက်မှ တန်းစီပြီး လိုက်ကြ၏။ လူအားလုံးမှာ ကျော်အေး၏ ခြေထောက်ကိုသာ ကြည့်၍ စိတ်ထဲက လိုက်ရေတွက် နေကြသည်။ ဤသို့ဖြင့် ခြေလှမ်း အရေအတွက်မှာ တဖြည်းဖြည်း များလာသည်။

“ငါးဆယ့်ငါး၊ ငါးဆယ့်ခြောက်၊ ငါးဆယ့်ခုနစ်၊ …၊ ရှစ်ဆယ့် တစ်၊ ရှစ်ဆယ့်နှစ်၊ … …၊ ကိုးဆယ့်ငါး၊ ကိုးဆယ့်ခြောက်၊ ကိုးဆယ့်ခုနစ်၊ ကိုးဆယ့်ရှစ်...”

ထိုနေရာတွင် ကျော်အေး၏ ရေတွက်သံ ရပ်သွားသည်။ နောက်မှ လိုက်လာသူတွေ ကျော်အေးခြေလှမ်းကို ဂရုတစိုက်ကြည့်ပြီး မှတ်နေရာမှ ရေတွက်သံ ရပ်သွားသောအခါ ဘာဖြစ်တာပါလိမ့်ဆိုပြီး မော့ကြည့်လိုက်ရာ...

“ဟာ...”

အားလုံး ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွား၏။ ကျော်အေး၏ ကိုးဆယ့်ရှစ်လှမ်းမြောက် ခြေလှမ်းမှာ စေတီငယ်တဆူ၏ ဖိနပ်တော်အစွန်းမှာ ကျရောက်နေခြင်းကြောင့်ပင် ဖြစ်၏။

ကျော်အေးက နောက်ကိုလှည့်ကြည့်ပြီး...

“သူ့အညွှန်းအတိုင်းဆိုရင်တော့ ဒီနေရာပဲ... နောက်ထပ် ခြေလှမ်း နှစ်လှမ်းစာဆိုတော့ ဒီစေတီရဲ့ အောက်တည့်တည့်မှာ ရတနာသိုက်ရှိနေတယ်”

တယောက်မျက်နှာ တယောက် ကြည့်ကြသည်။ ဘယ်လိုလုပ်ကြမလဲဆိုသော အမူအရာများဖြင့် ဘိုကေက စကားစပြောသည်။

“ဘာပဲဖြစ်ဖြစ် တူးဖို့ပဲ ရှိတော့တာပေါ့…” ဟုပြောပြီး သက်ရှည်၏ လက်ထဲမှ ပေါက်ချွန်းကို ဆွဲယူလိုက်သည်။

ကျော်အေးက တစုံတခု ပြောမည်ပြုသေးသည်။ ဘိုကေကတော့ ပေါက်ချွန်းကို တအားလွှဲမြှောက်လိုက်သည်။ ထိုစဉ်မှာ...

“ဟေ့ ရပ်လိုက်စမ်း”

ဆိုသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ကြသည်။

“ဟင်… အဘွား””

အဘွားနှင့် ရွှေမိတို့ ဖြစ်၏။ ရွှေမိက အဘွားကို တွဲပြီး ခေါ်လာသည်။ အနားရောက်သောအခါ အဘွားက ပေါက်ချွန်းကြီး ကိုင်မြှောက်ထားဆဲဖြစ်သော ဘိုကေ၏လက်ကို ဖမ်းဆွဲထားပြီး...

“မိုက်လှချည်လားဟင်… နင် ဘုရားကို ဖြိုမလို့ပေါ့လေ”

“ရတနာတွေက ဒီအောက်မှာ ရှိနေတာကိုးဗျ”

ဘိုကေက ပြန်ပြောသည်။

“ဒါဆို ဒီရတနာတွေဟာ ဘုရားပိုင်ပစ္စည်း ဖြစ်နေပြီပေါ့၊ ဘုရားကို ဖြိုပြီး ရတနာတွေ ယူမယ်ဆိုရင် ဘုရားဌာပနာတိုက် ဖောက်တာနဲ့ အတူတူပဲ... မလုပ်ကောင်းဘူးနော်...”

“ဒီလောက်အထိ အပင်ပန်းခံလာခဲ့ပြီး လက်တကမ်းအလိုကျမှတော့ နောက်မဆုတ်နိုင် တော့ဘူး အဘွား”

“မင်း မလုပ်နဲ့နော် ဘိုကေ… အဘွားပြောနေတယ်”

ဘိုကေသည် တွေတွေကြီး လုပ်နေသည်။ ပြီးတော့ အံတချက် ကြိတ်လိုက်ပြီး…

“ကျုပ်ကို မတားနဲ့တော့ အဘွား”

“ဘိုကေ မင်း ငရဲမကြောက်ဘူးလား”

အဘွား၏စကားကို ဘိုကေ နားမဝင်တော့။ အဘွားလက်ကို ရုန်းဖယ်ပြီး ပေါက်ချွန်းကို လွှဲမြှောက်လိုက်သည်။ ထိုစဉ်မှာပင် သူ့မျက်လုံးပြာခနဲ ဖြစ်သွားသည်။ စေတီ၏ အုပ်ချပ်တွေကြားမှ ပါးပျဉ်းခွက်နေသော မြွေဟောက်ကြီးတကောင် ထွက်လာသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်၏။ ဘိုကေသည် ပြူးကြောင်ပြီး ကြည့်နေသည်။ တခြားလူများကလည်း ဘိုကေကို စူးစိုက် ကြည့်နေကြသည်။

“မင်းလက်ထဲက ပေါက်ချွန်းကို ချလိုက်စမ်း”

အဘွား၏အသံ ထွက်လာသည်။ ဘိုကေလက်ထဲက ပေါက်ချွန်းကို တဖြည်းဖြည်း နှိမ့်ချလိုက်ပြီး မြေကြီးပေါ် လွှတ်ချလိုက်၏။ မြွေကြီးလည်း မြင်ကွင်းမှ ပျောက်သွားသည်။ အမှန်တော့ ဘိုကေသည် သူ့လောဘစိတ်ကို မြွေဟောက်တကောင်အသွင်ဖြင့် ပြန်မြင်လိုက်မိခြင်း သာ ဖြစ်လေသည်။

အဘွားက ဘိုကေ၏လက်မောင်းကိုဆုပ်ကိုင်ပြီး ညင်သာသော လေသံဖြင့်…

“စိတ်လျှော့လိုက်ပါတော့ ငါ့မြေးရယ်... တို့တတွေ ရသင့်သလောက်လည်း ရခဲ့ပြီးပြီပဲ... ဒီအောက်က ရတနာတွေကိုတော့ ဘုရားကို လှူလိုက်တယ်လို့ပဲ သဘောထားလိုက်ပါတော့... ဒီရတနာတွေရဲ့ပိုင်ရှင် သူဌေးကြီး ဦးသူရ မှာခဲ့သလို စေတီတစ်ဆူတည်ပြီးပြီလို့ မှတ်ယူပြီး ဦးသူရ အတွက် အမျှအတန်း ဝေပြီး ပြန်ကြပါစို့ရဲ့... လောဘဆိုတာ မသတ်နိုင်ရင် အန္တရာယ် သိပ်ကြီးပါတယ်ကွယ်...”

တက်ပုနှင့် သက်ရှည်တို့က ခေါင်းညိတ်သည်။ ကျော်အေးက ရွှေမိကို ကြည့်လိုက်သည်။ ရွှေမိကလည်း ခေါင်းညိတ်ပြသည်။ ဘိုကေသည် တွေတွေကြီး ရပ်နေရာမှ ဆတ်ခနဲ ထိုင်ချလိုက်ပြီး စေတီကို ခေါင်းထိ၍ ဦးသုံးကြိမ်ချလိုက်သည်။

တခြားသူများလည်း ထိုင်၍ လိုက်ကန်တော့ကြသည်။ ဆည်းလည်းသံများကား လေပြည်တွင် သာယာစွာ ထွက်ပေါ်နေလေသည်။

• • •

ဘိုကေတို့ ပြဿနာဖြစ်၊ သတ်ပုတ်ကြပြီးနောက် ရွှေမိရွာသို့ ပြန်ပြီး အဖြစ်အပျက်ကို အဘွားအား ပြောပြခဲ့သည်။ အဘွားက ဒီအတိုင်းဆိုရင် ဒုက္ခရောက်တော့မှာပဲဟု တွက်သည်။ ပိတ်ချင်းမြှောင် ရေတံခွန်ဆိုတာအထိ စကားဝှက်ကို ဖော်ထုတ်နိုင်ကြောင်း ရွှေမိက ပြောပြသည်။ ထိုအခါ ရှေးလူကြီးဖြစ်သော အဘွားတင့်က ကျန်သော စကားဝှက်များကို အနီးစပ်ဆုံး တွေးဆကြည့်နိုင်သဖြင့် ဘိုကေတို့နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်၏။

မန္တလေးရှိ တိုက်သို့ ပြန်ရောက်သောအခါ အဘွားက အားလုံးကို စုဝေးပြီး ဆုံးမစကား ပြောသည်။

“ကဲ... အားလုံးနားထောင်ကြ၊ ငါတို့ရွာပြန်ကြမယ်... တို့တောသူ တောင်သားဆိုတာ တောမှာပဲ ပျော်သင့်တယ်... လယ်ယာလုပ်ငန်းဟာ ငါတို့အတွက်... အသင့်တော်ဆုံးပဲ... ဒါကြောင့် ရွာမှာ ငါ လယ်ဧက ငါးဆယ် ဝယ်ထားတယ်... တို့အားလုံး တက်ညီလက်ညီ လုပ်ကြရင် တသက်လုံး ချောင်ချောင်လည်လည် နေသွားနိုင်တယ်... ဘယ်နှယ့်လဲ”

ရွှေမိက…

“ကျုပ်ကတော့ အဘွားပြောတာ သဘောကျတယ်… မြို့မှာဆိုရင် ကျုပ်တို့က ဘာမှ လုပ်ကိုင် စားသောက်တတ်တာ မဟုတ်ဘူး... ရှိသမျှ ငွေတွေ ထိုင်ဖြုန်းပြီး စားသောက်နေတာနဲ့ ကုန်မှာပဲ”

တက်ပုက...

“အေး ဟုတ်တယ်၊ ငါလည်း မြို့မှာနေရတာ တခုခုလိုနေသလိုပဲ... နောက်မှ စဉ်းစားမိတယ်... တို့တောမှာလို ကြက်တွန်သံ မကြားရတော့ ရင်ထဲမှာ ဟာနေတယ်...”

“ငါလည်း တုံးမောင်းခေါက်သံကို သတိရတယ်ကွာ… မင်းကော”

သက်ရှည်က ပြောပြီး ဘိုကေကို လှည့်မေးသည်။ ဘိုကေက တိုက်ကြီးအတွင်း လှည့်ပတ် မျက်စိကစားလိုက်ပြီးမှ...

“အေးကွာ… လှောင်ပိတ်နေတဲ့ တိုက်ကြီးထဲမှာ ဘီယာ သောက်ရတာထက် ထန်းပင်အောက်မှာ လွတ်လွတ်လပ်လပ် ထန်းရည်မော့ရတာက ပိုကောင်းပါတယ်၊ ဟုတ်တယ်… ငါတို့ ရွာပြန်ကြမယ်...”

အဘွားက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီး...

“နောက်တခုရှိသေးတယ်ကွဲ့.. မင်းတို့အတွက် အဘွားက ကားတစီး ဝယ်ထားတယ်...”

“ကားဟုတ်လား”

“ဟုတ်တယ်၊ မောင်ကျော်အေးကို သွားဝယ်ခိုင်းထားတယ်”

တယောက်ကိုတယောက်ကြည့်၍ ဘယ်လိုလဲဆိုသောသဘော မေးငေါ့ပြကြသည်။ ထိုစဉ်မှာပင် ကျော်အေး ဝင်လာသည်။

“ကားရောက်ပါပြီ အဘွား”

“ကဲ... လာလိုက်ကြည့်ကြ”

အဘွားက ဦးဆောင်ပြီး တိုက်အပြင်သို့ ခေါ်သွားသည်။ တိုက်ရှေ့မှာ ရပ်ထားသော နောက်တွဲ အသင့်တပ်ထားပြီးသော လက်တွန်းလယ် ထွန်စက်ငယ် တစီးဖြစ်၏။

“ဟောဒီကားက တို့အတွက် အသင့်တော်ဆုံးပဲ လယ်ထွန်လို့လည်း ရတယ်... ရေတင်လို့လည်း ရတယ်... စပါးသယ်၊ လူစီးလို့လည်း ရတယ်...”

အဘွားကပြောသည်။ ဘိုကေက ထွန်စက်ကို ပွတ်သပ်ကြည့်ပြီး...

“ကောင်းတယ်... အဘွား... ကောင်းတယ်”

• • •

ကားပေါ်ကို ပစ္စည်းတွေ သယ်နေကြစဉ် ရွှေမိသည် ပန်းခြံထဲမှာ ရပ်ပြီး တယောက်တည်း ငေးနေမိ၏။ သူသည် တောမှာသာ ပျော်သူ၊ တောမှာသာ နေချင်သူဖြစ်၏။ အခု တောကို ပြန်ရတော့မည်။ သို့ရာတွင် ထင်သလောက် ဝမ်းမသာသလို တစုံတခု လိုနေသလို ဖြစ်နေ၏။

“ရွှေမိ...”

ခေါ်သံကြား၍ လှည့်ကြည့်သည်။ သူ့ဘေးမှာ ကျော်အေး လာရပ်သည်။

“ရွှေမိတို့ တကယ်ပြန်တော့မှာပေါ့နော်”

ကျော်အေးအသံက တမျိုးဖြစ်နေကြောင်း ရွှေမိ သတိပြုမိသည်။

“တောသူ တောကိုပြန်တာ ဆန်းသလား ကိုကျော်အေးရဲ့”

“ဟုတ်ပါတယ်... မဆန်းပါဘူး၊ ဒါပေမယ့် အစ်ကို့အဖို့တော့ ရွှေမိတို့နဲ့ တွေ့ဆုံရပြီး သံယောဇဉ်ဖြစ်ရတာ အိပ်မက်တခုလိုပါပဲ၊ ခုလို ခွဲခွာရမယ့်အချိန် ရောက်လာတော့လည်း ရင်ထဲမှာ တမျိုးကြီးပဲ…”

ကျော်အေးက ပြောပြီး ရွှေမိကို တချက်အကဲခတ်သည်။ ရွှေမိက ဘာမှပြန်မပြော။ ကျော်အေးကပင်...

“ရွှေမိကို အစ်ကို တခုပြောချင်တယ်”

“ပြောလေ၊ ဘာပြောမလို့လဲ”

ကျော်အေးက တံတွေးမျိုချလိုက်ပြီးမှ...

“ဟို... ဟို... တခါတုန်းက ရွှေမိကို မေးဖူးတယ် မဟုတ်လား၊ တယောက်ယောက်ကများ ရွှေမိကို ချစ်တယ်လို့ ပြောလာရင် ဘယ်လိုတုံ့ပြန်မလဲလို့၊ အဲဒီတော့ ရွှေမိက ပါးပိတ်ချလိုက်မှာပေါ့ လို့ ပြောခဲ့တယ် မဟုတ်လား”

“အင်းလေ… အဲဒါ ဘာဖြစ်လဲ”

“တကယ်လို့ တကယ်လို့ ရွှေမိကို ချစ်တယ်လို့ ပြောတဲ့သူဟာ အစ်ကိုကိုယ်တိုင်ပဲ ဆိုရင်ကော ရွှေမိက ပါးရိုက်မှာပဲလား...”

ရွှေမိကပြုံး၍...

“ကိုကျော်အေးကိုတော့ ဘယ်ရိုက်ပါ့မလဲ.. ကိုကျော်အေးက ကျုပ်တို့ရဲ့ ကျေးဇူးရှင်ပဲဟာ ဟိုညက ကျုပ်ကို ဟိုကောင်မက သေနတ်နဲ့ ချိန်တော့ ကျုပ်ရှေ့က ကိုကျော်အေးက ဝင်ကာခဲ့တယ်လေ… အဲဒီ ကတည်းက. . . ကိုကျော်အေးရဲ့ စေတနာကို ကျုပ်သိခဲ့တာပါ…”

“ဒါဆို အစ်ကို့ကို ပြန်မချစ်နိုင်ဘူးလားဟင်”

“ဒါတော့ ကျုပ်မပြောတတ်ဘူးတော့... ကျုပ်ကိုချစ်ရင် အဘွားကို လာပြောပေါ့... အဘွား သဘောတူရင် ကျုပ်က မငြင်းပါဘူး... တခုတော့ ရှိတယ်၊ ကျုပ်က မြို့မှာတော့ မနေနိုင်ဘူး၊ ကိုကျော်အေး တောမှာလာနေပြီး ကျုပ်တို့နဲ့ ဒိုးတူပေါင်ဖက် လယ်ယာလုပ်ငန်းကို လုပ်နိုင်မယ် ဆိုရင်တော့ ရွာကိုလာခဲ့ပါ... ကျုပ် မျှော်နေပါ့မယ်...”

ကျော်အေးက တွေငေးငေး လုပ်နေ၏။ တစုံတခု ပြောမည် ပြင်လိုက်စဉ်…

“ရွှေမိရေ… သွားကြစို့ဟေ့... အားလုံး အဆင်သင့်ဖြစ်နေပြီ”

အိမ်ရှေ့ဘက်မှ လှမ်းခေါ်သံ ကြားရသည်။

“ဟော အဘွားခေါ်နေပြီ... ကျုပ်သွားတော့မယ်နော်”

ရွှေမိ လှည့်ထွက်သွားသည်။ ကျော်အေးမှာ တခုခုပြောတော့မလို လှမ်းခေါ်ရတော့မလို လက်မြှောက်လိုက်၊ လက်ချလိုက်ဖြစ်ပြီးမှ ခပ်လေးလေး လျှောက်လိုက်သွားသည်။

လက်တွန်းထွန်စက်ကလေး၏ နောက်တွဲပေါ်မှာ ပစ္စည်းတွေရော၊ လူတွေရော တက်နေရာယူပြီးကြပြီ။ ဘိုကေက မောင်းသူနေရာကို ယူထားသည်။ ရွှေမိက နောက်တွဲပေါ်တက်၍ အစွန်းမှာ ထိုင်လိုက်သည်။ ကျော်အေးလည်း အနားမှာ သွားရပ်ရင်း ခေါင်းငိုက်စိုက်ချလိုက်သည်။ ဘိုကေက လှည့်ကြည့်ပြီး...

“ကဲ… ကိုကျော်အေး ကျုပ်တို့ကို အစစကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ... ကျုပ်တို့ရွာကိုလည်း လာလည်ပါ... ခင်ဗျားကို အချိန်မရွေး ကြိုဆိုပါ့မယ်... ကဲ... သွားမယ်ဗျာ”

အဘွားကလည်း...

“ကဲ… အဘွားတို့သွားမယ် မောင်ကျော်အေး”

ရွှေမိသည် ကျော်အေးကို တချက်ကြည့်လိုက်၏။ အလိုလိုနေရင်း မျက်ရည်ဝဲလာသည်။

“ကိုကျော်အေး ကျုပ်သွားတော့မယ်နော်”

ကျော်အေးက ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်ပြသည်။ သူတို့နှစ်ယောက်၏ အမူအရာကို ကြည့်ပြီး အဘွားက ခေါင်းတညိတ်ညိတ် လုပ်နေသည်။

ဘိုကေက ထွန်စက်ကို စက်နှိုးသည်။ ပြီးတော့ ဂီယာသွင်းမောင်းထွက်သည်။ သို့ရာတွင် ဘက်ဂီယာကို မှားထိုးမိသဖြင့် ရှေ့ကိုမထွက်ဘဲ နောက်ကို ဆောင့်ထွက်သွားသည်။ ထိုအခါ နောက်မှာရပ်နေသော ကိုကျော်အေး၏ ခြေထောက်ကို ဝင်ဆောင့်မိပြီး ကျော်အေးမှာ နောက်တွဲပေါ်သို့ ဟပ်ထိုးလဲကျသွား၏။

ထိုအချိန်မှာပင် ဘိုကေက ဂီယာမှန် ပြန်ထိုးပြီး ရှေ့ကို မောင်းထွက်သွားသည်။ ကျော်အေး လဲအကျမှာ ရွှေမိက စိုးရိမ်ပြီး လက်ကို ဖမ်းကိုင်ထားသဖြင့် ကျော်အေးမှာ နောက်တွဲပေါ်တွင် ကိုယ်တပိုင်းတန်းလန်းနှင့် ပါသွားသည်။

သက်ရှည်နှင့် တက်ပုတို့က ကျော်အေးကို နောက်တွဲပေါ် ဆွဲတင်သည်။ သက်ရှည်က...

“ခင်ဗျားကလည်း လိုက်ချင်ရင် စောစောစီးစီးက တက်လိုက်လာတာ မဟုတ်ဘူး...” ဟု ပြောလိုက်သေးသည်။

ကျော်အေးမှာ နောက်တွဲပေါ် ရောက်သွားပြီးနောက် ရွှေမိကိုတလှည့်၊ အဘွားကိုတလှည့် ကြည့်နေမိ၏။ အဘွားက ပြုံး၍…

“မထူးပါဘူး မောင်ကျော်အေးရယ်၊ ရွာကို တခါတည်းသာ လိုက်ခဲ့ပါတော့”

ရွှေမိကလည်း…

“ဟုတ်သားပဲ ကိုကျော်အေးကလဲ...” ဟု ပြုံး၍ ပြောသည်။ ကျော်အေးက...

“ဟီး... ဟီး...” ဟု ရယ်လိုက်ပြီး

“ကျွန်တော်လည်း အဲဒါပြောမလို့ပါဘဲ၊ ရုတ်တရက် ပြောမထွက်လို့...”

သူတို့၏ လက်တွန်းထွန်စက်ကလေးသည် မန္တလေးမြို့လယ်ကောင်မှာ အရှိန်နှင့် ပြေးနေသည်။ လမ်းမှာတွေ့သမျှ လူများကို ဝမ်းမြောက်ဝမ်းသာ လက်ပြနှုတ်ဆက်ကြသည်။ မန္တလေးမြို့တော်သူ၊ မြို့တော်သားများမှာ သူတို့ ဘာကြောင့် ဒီလောက်ပျော်ရွှင်နေကြပါလိမ့်ဆိုပြီး တအံ့တဩ ငေးမောကြည့်နေကြလေသည်။

(ရယ်မောခြင်းနှင့် ရယ်စရာစာအုပ်၊ ၁၉၉၇၊ ဒီဇင်ဘာ)


🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢

Download Epub Kfx 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review