ငှက်တွေ ဆောင်း မခိုမီ - ငြိမ်းအေးအိမ်


[ ၁ ]

 

ကျွန်တော်ဟာ အခါအားလျော်စွာ ကဗျာတွေကို စုတတ်ပါ တယ်။ ချစ်လို့ပါ။ ကျွန်တော့်စက်ထဲမှာ “စုထားတဲ့ကဗျာ”ဆိုတဲ့နာမည်နဲ့ ဖိုင်လေးတစ်ခုဖွင့်ပြီး၊ ကိုယ်ဖတ်ဖြစ်တဲ့ အထဲက နှစ်သက်ရာကဗျာတွေကို သိမ်းထားလေ့ရှိတာ အကျင့်တစ်ခုလိုဖြစ်နေပါပြီ။

အားလပ်တဲ့အခါမျိုး၊ စိတ်ဆာတဲ့အခါမျိုးမှာ အဲဒီဖိုင်လေးပြန်ပြန် ဖွင့်ပြီး ဖတ်လေ့ရှိပါတယ်။ တစ်ခါတစ်ခါ ဒီဖိုင်လေးကိုပြန်ဖွင့်ဖြစ်ဖို့ လ,ပေါင်းများစွာ ကြာချင်လည်း ကြာသွားတတ်ပါရဲ့။ အားလပ်ခြင်းနဲ့စိတ်ဆာခြင်း နှစ်မျိုးစလုံးတစ်ပြိုင်နက်ဖြစ်ဖို့ အဲသလောက်အချိန်တွေ ကြာဖို့လိုသလားတော့ မပြောတတ်ပါ။

ကျွန်တော့်ဖိုင်လေးထဲမှာ အင်္ဂလိပ်ကဗျာတွေပါတယ်။ မြန်မာ ကဗျာတွေပါတယ်။ ရွတ်ဆိုလို့ရတဲ့ကဗျာတွေပါတယ်။ အမြင်ကဗျာတွေ လည်းပါတယ်။ အလွယ်တကူ ဆွဲယူ(download) လို့ရတဲ့ အွန်လိုင်းတင် မဂ္ဂဇင်းကဟာတွေပါတတ်တယ်။ စက်ဖွင့်ထားတုန်း လစဉ်ထုတ် မြန်မာမဂ္ဂဇင်းထဲက ကြိုက်တာလေးများ တွေ့ရင်လည်း ကောက်ကက် ရိုက်ထည့်လိုက်တာပါပဲ။ အောက်ခြေမှာတော့ ဘယ်လထုတ်၊ဘယ်စာအုပ် ထဲက၊ ဘယ်သူရေးတာ ဖြစ်ကြောင်းလေးပါအောင် ထည့်သိမ်းလေ့ရှိတယ်။

တစ်ရက်မှာတော့ အဲဒီတောင်လိုပုံနေတဲ့ ကဗျာတွေကြားထဲမှာ ပုံနှိပ်မှတ်တမ်း ထည့်ရိုက်ဖို့ (ဒါမှမဟုတ်) ဆွဲယူလိုက်ဖို့မေ့လျော့ သွားပုံရတဲ့ ကဗျာလေးတစ်ပုဒ် တွေ့လိုက်ပါတယ်။ ကျွန်တော်သိမ်းထားတာ ဘယ်လောက်တောင် ကြာပြီလဲ မသိတတ်တော့။ ရေးသူကိုကြည့်တော့ လည်းကြားဖူးနေကျထဲကမဟုတ်။ ကဗျာပုံသဏ္ဍာန်က မိုးဝေခေတ်ကာလ တုန်းကလိုမျိုး နည်းနည်းဆင်သလိုရှိပေမယ့် ပါဝင်တဲ့ အကြောင်းအရာကတော့ ဒီဘက်ကို တော်တော်ကြီးရောက်နေပါတယ်။ “ဆားစ်ရှောဂါ” ‘ရက်ပ်သီချင်း’ “ဂလိုဘယ်လိုက်ဇေးရှင်း” “အကြမ်းဖက်သမား” “အီရတ်စစ်ပွဲ” ဆိုတဲ့အကြောင်းအရာတွေက ၂၀၀၅ခုနှစ်နဲ့သိပ်တော့ မဝေးကွာလှသေးဘူးလို့ ညွှန်ပြနေပါတယ်။

သူ့ကဗျာထဲမှာ “(၇ဝ)လွန်နှစ်ကဗျာဆရာများ” နှစ်သက်စွာ သုံးစွဲတတ်တဲ့ “မောင်သာနိုးရဲ့မလင်းပြာ”နဲ့ “ဒါးတောင် သံချောင်း” ကိုတွေ့လိုက်ရတော့။

“ရွှေဘ” ကို အရှင်လတ်လတ် မြင်လိုက်ရတော့ ။ ဒီဆရာဟာလူငယ်ကဗျာဆရာ တစ်ယောက်မှ ဟုတ်ပါရဲ့လားဆိုတဲ့ အတွေးတွေ ဝင်လာပါတယ်။

ကြီးတာ ငယ်တာ၊ သစ်တာ ဟောင်းတာ၊ ကျွန်တော့်အတွက် သိပ်ကိစ္စမရှိပါ။ ကြိုက်လို့ပဲ ကျွန်တော့်ဖိုင်ထဲရောက်နေပြီပဲ။

ကဗျာကို ကျွန်တော်ပြန်ဖတ်မိပါတယ်။ တစ်ကြိမ် နှစ်ကြိမ် သုံးလေးကြိမ်။

အဲဒီနောက်တော့ ခုရေးနေတဲ့ ကဗျာခံစားမှုဆောင်းပါးလေး ဖြစ်လာတော့တာပါပဲ။ ကဗျာဆရာက “ယောဟန်အောင်” ဖြစ်ပြီး သူ့ကဗျာ ခေါင်းစဉ်က “လက်ယာအစွန်းရောက်ဆောင်း” ပါတဲ့။

««« »»»


[ ၂ ]


လက်ယာ အစွန်းရောက်ဆောင်း

အနွေးထည် ပွပွကြီးတွေ

ထပ်ထပ်ကျပ်စည်းထားတဲ့သူ

ငါလည်း

အနှစ်အသားနည်းနည်း

အခေါက်အပွေးထူထူ

လူလိုဖြစ်နေရ။

ခေတ်ကိုက မကောင်းတာပါ

ဒီတခါဆောင်းက

အကြောင်းဖန်တယ်။

ဒို့မိဘများပြောတတ်တဲ့

ဆုတ်ကပ်ဆိုတာမျိုးပေါ့။

 

အလွန်အေးတဲ့အရပ်မှာ။ ဘာမှ လုပ်စရာအလုပ်မရှိတဲ့ အခြေအနေမျိုးမှာ။ ငေါင်းစင်းစင်းနေခဲ့ရတဲ့ရက်တွေ ကျွန်တော့်ဘဝမှာ ရှိခဲ့ဖူးပါတယ်။ အဲလိုအခါမျိုးမှာ ကိုယ့်ဖာသာကိုယ်ပြန်တွေးနေမိတတ်ရဲ့။ ထုံးစံအတိုင်း၊ ဘဝအဓိပ္ပါယ်တို့ကိုယ့်ရဲ့တည်ရှိခြင်းတို့၊ ဖြစ်တည်မှုတို့၊ အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်ခြင်းနဲ့သေဆုံးသွားခြင်းတို့ စသဖြင့်ပေါ့။ ဘာအဖြေမှ ရေရေရာရာ ရလိုက်တယ် မရှိခဲ့ပါဘူး။ ကိုယ့်ကိုယ်ကိုတော့ ဖြတ်သန်းမှုတွေ အများကြီးရှိခဲ့၊ လုပ်ဆောင်ချက်တွေ တစ်ပုံကြီးပြီးစီးခဲ့၊ သိထားတာတွေကလည်း မနည်းမနောရှိခဲ့၊လို့အထင်တကြီးဖြစ်နေပေမယ့် လက်တွေ့မှာဘာတစ်ခုမှဖြစ်မလာတာကိုလည်းကိုယ့်ဖာသာသေသေချာချာကြီးကို သိနေပြန်ပါတယ်။ ကိုယ့်မှာ တစ်ခုခုလိုနေတာကိုသာသိနေတယ်၊ ဒါကို ဘယ်လိုဖေါ်ပြရမယ်မသိခဲ့ဘူး။ ကိုယ့်အခြေအနေနဲ့အဖြစ်အပျက်နဲ့ လိုက်ဖက်ညီတဲ့ စကားလုံး/ဝါကျတစ်ခုတလေမှ မတွေးမိခဲ့ဘူး။ မတွေးတတ်ခဲ့ဘူး။ဟော့ ခုတော့၊ ကဗျာဆရာက ကျွန်တော့်လိုအပ်ချက်ကို ဖြည့်ပေးလိုက်ပါပြီ။

ဟောသလို ဝါကျတစ်ကြောင်း သူရေးပြခဲ့တယ်။

အနွေးထည်ပွပွကြီးတွေ ထပ်ထပ်ကျပ်စည်းထားတဲ့သူ (ငါလည်း) အနှစ်အသားနည်းနည်း အခေါက်အပွေးထူထူ လူလို ဖြစ်နေရ။

ပြီးကြပါလေရော။ ဒါဟာ ကဗျာဆရာက ကျွန်တော့ရင်ထဲ တည့်တည့်ကြီးရိုက်ထည့်လိုက်တဲ့ စကားလုံးတွေပါပဲ။ ဟုတ်ပ။ ကျွန်တော် ဟာအနွေးထည်ထူထူကြီးဝတ်ပြီးဟန်ရေးပြနေတဲ့ အနှစ်အသားနည်းနည်း နဲ့ အခေါက်အပွေးထူထူ အကောင်တစ်ကောင်ဗျ။

နောက်ပြီး သူ့ကဗျာထဲမှာတွေ့ရတဲ့ “ဆုပ်ကပ်”ဆိုတဲ့စကားလုံးက ကျွန်တော့်ဖိုးဖွားတွေကို သတိရစေခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးလေးဆယ်လောက်ကတည်းက ကျွန်တော့်အိမ်ကအဖိုးအဖွားတွေဟာ “ဆုပ်ကပ်”ဆိုတာကို မကြာမကြာငြီးတွားတတ်ကြတယ်။ သူတို့ စီးပွားရှာ ဖွေလို့မကောင်းဘဲ ဆုပ်ယုတ်လာလို့ “ဆုပ်ကပ်”လို့သုံးနှုံးကြတာလား ဘာသာရေးအရ ကိုင်းရှိုင်းမှုတွေကိုလျော့နည်းလာတယ်ထင်ပြီး ‘ဆုပ်ကပ်’ လို့ဆိုကြတာလား၊ ကျွန်တာ်လည်း မသိဘူး။ ဒါပေမယ့် အဲဒီစကားလုံးကြီးက ကျွန်တော့်ကိုယ်ထဲ အကြိမ်ပေါင်းဘယ်လောက်တောင် ဝင်ရောက်နေထိုင်ခဲ့ဖူးလဲမသိတော့ပါဘူး။ ခုချိန်၊ ခုအရွယ်ထိ အဲဒီစကားလုံးကြီးက ကျွန်တော့်ရင်ထဲ တပ်စွဲနေထိုင်တုန်း။

လာပြန်ပြီတစ်ခါ။ ကျွန်တော့်လိုလူမျိုး အဲဒီကဗျာဆရာပေါ့။ သူ့မိဘတွေကလည်း သူ့ကို“ဆုပ်ကပ်” အကြောင်းပြောပြသတဲ့။ ဒါဆို ကာဗျာဆရာနဲ့ကျွန်တော်ဟာ ခေတ်ကာလတစ်ခုတည်းမှာလူဖြစ်နေကြသူတွေဖြစ်မယ်ထင်ရဲ့။

««« »»»

[ ၃ ]


ဂလိုဘယ်လိုက်ဇေးရှင်းကြီးလဲ

လာပါလေရော

ငါလည်း

ဘောင်းဘီတိုဝတ်ရ

ရက်ပ်သီချင်းကြိုက်ရ

သီချင်းသံကြားရင် ကိုယ်တွန့်ခါရ

ကိုယ့်ကိုကိုယ်လစ်ဘရယ်လိုက်ဇ်

နည်းနည်းလုပ်ရ။

အဆီလျော့စားတာနဲ့

ယောဂအကြောင်းပြောရ။

အမေရိကန်ဆန်အောင်

အလံထောင် ဟိတ်ဟန်လုပ်ရ။

 

ဒီကဗျာပိုဒ်ထဲမှာ လှုပ်ရှားမှုတွေပါတယ်။ သူ့လှုပ်ရှားမှုတွေကိ သွက်သွက်ရှင်ရှင်မြင်ရတော့ သူဖြစ်နေမယ့်ပုံကို စိတ်ကူးကြည့်ရင်း ရယ်မိတယ်။ ကျွန်တော်စဉ်းစားတယ်။ ဒီကဗျာဆရာဟာ မြို့သားဖြစ်ရမယ်။ ပညာတတ်ဖြစ်ရမယ်။ ဟိုးဝေးလံခေါင်ဖျားကတောသားတစ်ယောက်ဆိုရင်တော့ “ဂလိုဘယ်လိုက်ဇေးရှင်း နဲ့ရက်ပ်သီချင်း” ကိုသိမယ်မထင် အဆီလျှော့စားဖို့နဲ့ ယောဂအကြောင်းပြောဖို့စဉ်းစားမိမှာမဟုတ်။

ကျွန်တော်ခြေလက်တွေတောင် နည်းနည်းချင်းလှုပ်ချင်လာပါလေရော။ အိပ်ဇင်ဘယ်လ်ရဲ့ ရက်ပ်။ အက်စစ်ရဲ့ ရက်ပ်။ တူးဘစ်ရဲ့ ရက်ပ်။ ထွန်းထွန်းရဲ့ ရက်ပ်။ နိုးအဖွဲ့ရဲ့ ရက်ပ်။ ဘာဘူရဲ့ ရက်ပ်။ စိုင်းစိုင်းရဲ့ ရက်ပ်။ အောင်ကောင်းထက်ရဲ့ ရက်ပ်။ ခြေလှုပ်၊ လက်လှုပ် လုပ်ရင်း ကောင်းကင်ကိုမော့ကြည့်တော့ ပြည်တွင်းဖြစ်ရက်ပ်သီချင်းတွေ တအိအိပြိုကျလာတာတွေ့ရတယ်။ ဖူဂျီယာမတောင်ထိပ်မှာ နှင်းတွေဖုံးသလို၊ ကျွှန်တော်တို့ဆီကမြို့လမ်းတွေမှာလည်း ရက်ပ်သီချင်းတွေ ဖုံးတော့မယ်။

ဘဲဥနဲ့ငါးဖယ်ကျော်တစ်ခုပါတဲ့ မုန့်ဟင်းခါးတစ်ပွဲမှာ ကယ်လိုရီ (၃၈ဝ)။ ထမင်း(၆)ကျပ်သားမှာ ကယ်လိုရီ(၁၅)။ ဝက်သားနှပ်(၁ဝ)ဂရမ် ကယ်လိုရီ(၃၃၈)။မြေပဲဆီ(၁၀ဝ)ဂရမ်၊ကယ်လိုရီ(၈၄)၊အဆီဓါတ်(၉၉၉)။ တစ်ရက်ကို ကယ်လိုရီ(၂၀၀၀)ထက် ပိုမဝင်စေနဲ့။ ပိုမယ့်ကယ်လိုရီတွေ ကိုယ်လက်လှုပ်ရှားမှု့နဲ့ ရှို့ပစ်။ နို့မို့ရင် အသည်းအဆီဖုံးမယ်။ ခါးတုတ် မယ်။ ဗိုက်ထွက်မယ်။ ယောဂကျင့်စဉ် ဗီစီဒီအချပ်တွေဝယ်ကျင့် မနက်မနက်ကို ဗန္ဓုလပန်းခြံမှာဖြစ်ဖြစ်၊ ပြည်သူ့ရင်ပြင်ရှေ့မှာဖြစ်ဖြစ “တိုက်ချွိချွမ်”သွားကစား။ ကျန်းမာရေးကအရေးကြီးတယ်။လူချင်းတွေ့ရင် လက်ကလေးမြှောက်ပြ၊ “ဟိုင်း”လို့ဆိုကြမယ်။ ကဗျာကိုဖတ်ရင်း ကျွန်တော့်ရင်ထဲပေါက်ချလာတဲ့ အတွေးတွေကို နှုတ်ကရွရွဆိုနေမိတယ်။ ဒါဟာ မြို့ပြမှာလူဖြစ်သူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုပုံစံပဲလား။

တောင်ယာခုတ်နေတဲ့ တောင်သူတစ်ယောက်က ဓားကိုပစ်ချ ခါးကိုမတ်လိုက်ပြီး၊ ကျွန်တော့်ကိုကြည့်တယ်။ ကျွန်တော်ပြောတာတွေ နားထောင်တယ်။ ပြီးတော့ စကားတစ်ခွန်းပြောတယ်။

“မင်းတို့ မြို့မှာ လူဖြစ်ရတာ ရှုတ်နေတာပဲ

««« »»»

[ ၄ ]


အရှေ့အလယ်ပိုင်းဒေသမှာ

လူတွေသေနေတာကို

တယ်မိုက်ကြသကွယ်လို့ဟန်လုပ်နေရ

စစ်ကတော့ဖြစ်မှာပဲ

ကိုယ့်ဘာသာ လွတ်အောင်နေ

ကိုယ့်အရေးကလွဲပြီး

များများဘာမှမစဉ်းစားနဲ့

ကိုယ့်ဘာသာ အားပေးပြန်ရ။

(အေးလွန်းတဲ့ဆောင်းက

ငါ့နှလုံးသားကိုခဲ

ခံစားမှုနည်းအောင် ပြောင်းခဲ့ပုံရတယ်)

မျိုးရိုးဗီဇပြောင်းထားတဲ့

ပန်းသီးမွကိုကိုက်

ဆိုဒါရှိန်းမြရေကို ကျိုက်ချရင်း

စီအဲန်အဲန်ဟိုက်ဘရစ်သတင်းကိုကြည့်

အဆာမပြေဘူး

ရေငတ်တယ်

ရေငတ်တယ်။

 

ခင်ဗျားတို့မှာ စလောင်းရှိလား။ ဒါမှမဟုတ် ဂျာနယ်တွေ ပုံမှ ဖတ်လေ့ရှိလား။ သတင်းစာလောက်ကို နေ့တိုင်းဖတ်လည်းဖြစ်ပါတယ်။ မျက်လုံးနဲ့ နားက၊ မီးခိုးတအူအူနဲ့ အရှေ့အလယ်ပိုင်းမြင်ကွင်းရယ် တဒိုင်းဒိုင်းသေနတ်သံ၊ တဝုန်းဝုန်းဗုံးသံတွေရယ်ကို လွတ်အောင်ရှောင်နိုင် ကြမှာမှမဟုတ်တာ။

ရယ်ရတယ် ကဗျာဆရာ။

ကျွန်တော်ရယ်တာ ခင်ဗျားကို မဟုတ်ဘူး။

ကျွန်တော့်ကိုယ်ကိုကျွန်တော် ပြန်ရယ်တာ။ လှောင်တာ။ မဟုတ်သေးပါဘူး။ ခင်ဗျားကိုရော၊ ကျွန်တော့်ကိုပါ ပြန်“ဟား”တာ။ တူလွန်းလို့ပါဗျာ။ တွေးပုံ၊ နေပုံ၊ ရှောင်ပုံ တိမ်းပုံ၊ လွှဲချပုံ၊ နေသာသလို နေတတ်ပုံ၊ အပြစ်ကင်းချင်ယောင်ဆောင်ပုံ ကိုယ်နဲ့လားလားမှမဆိုင်သလိုဟန်လုပ်တတ်ပုံတွေကတူလိုက်သမှ။ တူတူ တူတူနဲ့တောင်နေ သေး။ ဟုတ်ဖူးလား။ ကျွန်တော်ပြောတာ ခင်ဗျားသဘောမတူဘူးလား။ မတူရင်လဲ၊ ကဲ့ ခင်ဗျားပြောပုံဆိုပေါက်ကိုကြည့်လိုက်ဦး။

အရှေ့အလယ်ပိုင်းဒေသမှာ လူတွေသေနေတာကို “တယ် မိုက်ကြသကွယ်” လို့ဟန်လုပ်နေရ။ စစ်ကတော့ ဖြစ်မှာပဲ။ ကိုယ့်ဖာသာ လွတ်အောင်နေ။ ကိုယ့်အရေးကလွဲပြီး များများ ဘာမှ မစဉ်းစားနဲ့။ ကိုယ့်ဖာသာ အားပေးပြန်ရ။

ခင်ဗျားပြောပုံလေးက၊ ဘယ်လောက်“သင်း” လိုက်သလဲ။ ဘယ်လောက်များ၊ နာနာရိုက်ပစ်ဖို့ကောင်းလိုက်သလဲ။ အဲဒီ “ချင်ခြင်း” စိတ်က ခင်ဗျားနဲ့အတူ၊ ကျွန်တော့်ကိုလည်း ပယ်ပယ်နယ်နယ် ရိုက်ပစ်နေလေရဲ့။ ဘာ့ကြောင့်လည်းဆို ဒီစကားကို ခင်ဗျားလိုပဲ၊ ကျွန်တော် ကိုယ်တိုင်လည်း မကြာခဏပြောဖြစ်နေကြမို့ပေါ့ဗျာ

တစ်ရွာတည်းနေသူခြင်း၊ ကိုယ့်ရွာထဲမှာ အရက်မူးရန်ဖြစ်ပြီ အိမ်မီးရှိ့နေတာတွေ့လျက်နဲ့ “တယ်မိုက်ကြသကွယ်”လို့ အာလုပ်သံကြီး နဲ့ပြော။ ပြီးရင့် ကိုယ့်အမှုကိုယ်ဆက်ပြုလို့ မသိကျိုးကျွံနေ။ ခင်ဗျားလို၊ ကျွန်တော်လိုလူတွေ ဘယ်နှစ်ယောက်လောက်တောင်ရှိမလဲကဗျာဆရာ။ ကမ္ဘာကြီးကတော့လှမ်းပြောရဲ့။

“မင်းတို့အတွက် ငါ ဝမ်းရေစပ်တယ်” တဲ့ဗျား။

အေးလွန်းတဲ့ဆောင်းက၊ငါနှလုံးသားကိုခဲ။ ခံစားမှုနည်းအောင် ပြောင်းခဲ့ပုံရတယ်။

လို့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ခင်ဗျားတို့ ကျွန်တော်တို့ “ကတုပ်”တူးခဲ့ကြတယ်။ ပြီးတော့၊ အဲဒီကတုပ်ထဲမှာ အကျအနထိုင်ပြီ နည်းပညာရဲ့ကောင်းမွန်ချိုမြိန်တဲ့ရလဒ်၊မြို့ပြမှာသာရနိုင်တဲ့“အကောင်းဓါတ်” တွေကို အတောမသပ်မြိုချကြတယ်။ အငမ်းမရစားသောက်ကြတယ်။

ကဗျာဆရာ။

ခင်ဗျားရောကျွန်တော်ပါ ရေအငတ်ပြေခဲ့ကြပါသလား။ ဒီမေးခွန်းရဲ့အဖြေကို မပြေချင်ကာမှနေရော။ ခင်ဗျားလည်းသိ ကျွန်တော်လည်းသိ၊ နှစ်ယောက်စလုံးကောင်းကောင်းကြီးကိုသိနေခဲ့ကြ တယ်မဟုတ်လားဗျာ။

ကမ္ဘာကြီးကတော့ ဝမ်းရေစပ်နေလေရဲ့။

««« »»»

[ ၅ ]


သစ်ခေါက်တွေဝါးနေရသလိုပဲ

စမ်းချောင်းလေးကိုငတ်တယ်

တောအရက်ကိုငတ်တယ်

ဂန္ဓီရုပ်ရှင်ကားကိုငတ်တယ်

ငြိမ်းချမ်းရေးကိုငတ်တယ်

ရွှေဘကိုငတ်တယ်

မောင်သာနိုးရဲ့ “မလင်းပြာ”ကိုငတ်တယ်

စွန့်လွှတ်ပေးဆပ် သူရဲကောင်းဇာတ်လမ်းထဲက

ဒါးတောင်သံချောင်းကိုငတ်တယ်။

 

များတယ်ကဗျာဆရာ။ သိပ်များတယ်။ ခင်ဗျား ငတ်တာနေတာတွေ များလွန်းတယ်။ ခုနကတော့ ရေငတ်သတဲ့။ ရေငတ်သတဲ့။

ဟော ခု တစ်ခါ ခင်ဗျားငတ်တာတွေ အတောမသတ်ပါပဲလား။ ဒါပေမယ့် အပြစ်မတင်ရက်ပါဘူးဗျာ။ ဘာ့ကြောင့်လဲဆို ကျွန်တော်တို့လည်းခင်ဗျားလို ငတ်ခြင်းများစွာကို အကြိမ်ကြိမ်အထပ်ထပ်ငတ်နေခဲ့ကြလို့ပါပဲ

သစ်ခေါက်တွေ ဝါးနေရသလိုပဲ

ခင်ဗျားညည်းညူသံကို ကျွန်တော်တို့ ကောင်းကောင်းကြားနေကြရပါတယ်။ သစ်ခေါက်ဆိုတာ စားစရာမဟုတ်ဘူး။ အရည်မရ အဖတ်မရ ကွမ်းယာလည်းမဟုတ်ဘူး။ အရည်မြို အဖတ်ထွေးရတဲ ပီကေလိုမျိုးလည်းမဟုတ်ပြန်ဘူး။ အခြေအနေတစ်ခုခုအောက်မှာ သစ်ခေါက်တွေ ဝါးဝါးနေရတဲ့ ခင်ဗျားပါးစပ်ကြီးကိုတော့ဖြင့် သနားလှပါ သဗျာ။ ခက်တာက အဲဒါကြီးဟာ ကျွန်တော့်ပါးစပ်ကြီးလည်းဖြစ်နေပြန်ရဲ့

ခင်ဗျားငတ်နေတာတွေကို သိပါရဲ့ကဗျာဆရာ။ စာနာမိပေါ့။

ဟောသမှာ့။ သစ်ဝါးရိပ်ကိုဖြတ်လျှောက်လို့ ရေကြည်စမ်း လေးစီးနေတယ်။ ခင်ဗျားဟာ စမ်းကလေးနဘေး၊ အရိပ်အေးအေးမှာ မောင်ချောနွယ်ရဲ့ တောအရက်လေးတစ်ပုလင်းကို နည်းနည်းချင်းစီငှဲ့ တစ်ယောက်တစ်လက်၊ လူစေ့ခွက်လှည့် သောက်ချင်နေပေလိမ့်မယ်။

ခင်ဗျားငတ်နေတာ အေးချမ်းခြင်းမဟုတ်လား။

ဂန္ဓီကို ခင်ဗျားငတ်တယ်ဆိုရာမှာလည်း သူဝတ်ထားတဲ အဝတ်လိုဖြူစင်တဲ့ သူ့နှလုံးသားကိုသာငတ်မှာပါ။ ဒါပေမယ့်၊ ကျွန်တော်တို့သောက်ခွင့်ရမှာက အဲဒီနှလုံးသားကိုဖေါက်ထုတ်လိုက်တဲ့ ကျည်ဆံပေါက်ရာက ကျလာတဲ့သွေးနီနီတွေဆိုရင်ကော။ ဘယ့်နှယ်လုပ်ပါ့မလဲ။ အကောင်းကိုရှာသည်၊ အကောင်းကားမတွေ့လို့တော့ ဂန္ဓီကြီး ညည်းညူမသွားခဲ့ရှာပါဘူး။ တစ်ဘဝလုံးကိုစတေးလို့ သူ့တိုင်းပြည်အတွက် အကောင်းဆုံးလုပ်သွားသူကို ခင်ဗျားငတ်တာ အဆန်းမှ မဟုတ်တာ။

ခင်ဗျားငတ်နေတာ အနစ်နာခံခြင်းမဟုတ်လား။

ငြိမ်းချမ်းရေးကိုတော့ ကမ္ဘာသူကမ္ဘာသားအားလုံးနီးပါးငတ်မွတ်ကြမယ်ထင်ပါရဲ့ဗျာ။ ဒါပေမယ့်လည်း နေရာအနှံ့မှာ ယမ်းနံ့နံနေတာ၊ ပေါက်ကွဲသံတွေကြားနေနေရတာ၊ ညည်းညူအော်ဟစ်သံတွေ ပေပွနေတာ ဘာ့ကြောင့်လည်းလို့မမေးပါနဲ့။ ငြိမ်းချမ်းခြင်းကို ငတ်ပါရဲ့

‘ရွှေဘ’ တဲ့။

ခင်ဗျား တ,ခဲ့တဲ့ နာမည်။

ကျွန်တော်လည်း အဲဒီရွှေဘကြီးကို အနည်းအကျင်းတော့မှီလိုက်ပါသဗျ။ ကျွန်တော်သိမှီသလောက်ကတော့ ရွှေဘဆိုတာ ကျောမွဲများ၊ လယ်သမားများရဲ့သူရဲကောင်း။ ဖိနှိပ်မှုကိုတော်လှန်သူ။ နယ်ချဲ့လက်ပါးစေကို ဆန့်ကျင်သူ။ ပြည်သူ့အချစ်တော်ကြီးပါလား။ နယ်ရုံတွေမှာ ရွှေဘနဲ့လူဆိုး ထိုးကြသတ်ကြလို့ ရွှေဘခံနေရပြီဆိုရင် “မကြာခင်၊ကိုရွှေဘပြန်နိုင်ပါတော့မယ်ခင်ဗျား‘လို့ အော်လံနဲ့အော်သံပေးထားရသတဲ့။ ဘာ့ကြေင့်ရှုံရှုံ၊ ရွှေဘရှုံးတာကို မခံနိုင်ကြဘူးတဲ့။ လူထုက၊ ပရိတ်သတ်က၊ ပြည်သူက၊ ရွှေဘကို အဲသလောက်ချစ်ကြဆိုပဲ ကြားဖူးတာ။ အော့် ခင်ဗျားမလဲ၊ ရွှေဘကိုငတ်သူတွေထဲက တစ်ယောက်ပါပဲလားကဗျာဆရာ။ ခင်ဗျားငတ်နေတာ နိမ့်ပါးသူအများစ ရှေ့က မားမားထွက်ရပ်တဲ့ သူရဲကောင်းဇာတ်မဟုတ်လား။

ခုချိန်မှာတော့.၊

ရွှေဘကို ငတ်ခဲ့တဲ့

မလင်းပြာကို ငတ်ခဲ့တဲ့၊

ဓားတောင်သံချောင်းကို ငတ်ခဲ့တဲ့

ခင်ဗျားကို ကျွန်တော်ပြန်ငတ်နေပါတယ်။ တကယ်။

««« »»»

[ ၆ ]


ဒီတခါဆောင်းက

ပိုတစ်ကိုယ်ကောင်းဆန်တယ်

ပိုဟိတ်ဟန်ကြီးတယ်

ပိုဖြီးလုံး ဖြန်းလုံးထုတ်တယ်

မှန်ပြတင်းမှာ

နှင်းခိုးပန်းရိုက်လာ

ဟုတ်ပါရဲ့လား

အဆိပ်ခိုးတွေ

ဓာတုမိုးရည်

ဆားစ်ပိုးတွေလို့ ထင်နေသေးတယ်။

(မျက်ရည်နဲ့ သွေးတွေလည်းဖြစ်နေနိုင်ခဲ့)

ခေါင်းစွပ်မဲမဲ

လက်အိပ်မဲမဲနဲ့ လမ်းထဲသွားရင်

အကြမ်းဖက်သမား ထင်လေလားလို

ငါ့ကိုယ်ငါ စိုးလာရပြန်

နှင်းခါးကြားထဲ မျက်နှာကိုပြန်ပြန်ဖွင့်ပြရတယ်။

ဟလိုက်ရင် “ဝှားကနဲ” ထွက်သွားတဲ့အငွေ့တွေ

ပြန်ပြန်လိုက်သိမ်း

အမေရိကန် ဆန့်ကျင်ရေးလေစိမ်းတွေ

ထင်သွားမှာစိုးလို့ မြိုချ

ရာဘာချိုဝါးရည်နဲ့ လှိမ့်ချရတယ်

ကိုယ့်လျှာကို ပြန်ကိုက်သိမ်း

မျက်မှန်စိမ်းတပ်

နားတွေလည်း ပြားကပ်နေတော့တယ်။

 

ငယ်ငယ်က၊ ကျောင်းသားဘဝတုန်းက၊ ‘သံသယ’ဆိုတဲ ကဗျာတစ်ပုဒ်သင်ရတာ မှတ်မိလာတယ်။ အနုမြူလက်နက်ဆန်းတွေ စမ်းသပ်လာတဲ့ကာလကြီးမှာ လေရှူမိရင်လေထဲမှာအဆိပ်ငွေ့ပါလေမလား၊ ရေသောက်မိရင် ရေထဲမှာ အဆိပ်ငွေပါလေမလားနဲ့ နေစရာ စားစရာမရှိလောက်အောင် စိုးရွံ့နေတဲ့ မော်ဒန်လူသားတစ်ဦးရဲ့ စိတ်ကို ဖွဲ့ပြတဲ့ကဗျာပါ

ခုဖတ်လိုက်ရတဲ့ကဗျာပိုဒ်ကတော့ (၂၁)ရာစုလူသားရဲ့ အရှိုက်ကို မိမိရရထိုးလိုက်တဲ့ ပင့်လက်သီးပါပဲ။ ဒီနေရာမှာ “သံသယ”ကဗျာထဲ က မော်ဒန်လူသားရဲ့ ခံစားမှုထက် ပိုရှုတ်ထွေးလာပါတယ်။ “အဆိပ်ခိုး” “ဓာတုမိုး” “ဆားစ်ပိုး” “အကြမ်းဖက်မှု” တွေနဲ့ ကြောက်နေရတဲ့အရာတွေ အရေအတွက် ပိုများလာတယ်။ (ဘာ့ကြောင့် “အေ့စ်” AIDSကို ထည့်မဖွဲ့ခဲ့သလဲလို့ တွေးနေမိပါတယ်။)

မျက်မှောက်ခေတ်ကာလကြီးမှာ၊ လူကောင်းနဲ့လူဆိုး ဒွေးရောယှက်တင်ရှိနေလိုက်ပုံများ။ အကြမ်းဖက်သမား အထင်ခံရမှာစိုးလို့တဲ့၊ သူ့ခမျာ လက်အိပ်မဲနဲ့ခေါင်းစွပ်မဲတောင် မဝတ်ရဲတဲ့ဘဝ။ အမြင်တွေကို အရောင်နဲ့ဘောင်ခတ်၊ နားတွေကိုပြားကပ်အောင် ကြပ်ညှပ်ထားရတဲ့) အခြေအနေ။ ဆရာရေ့။ ဒီလေထုထဲမှာ ဘယ်လောက်များ ခင်ဗျား အသက်ရှူကြပ်နေလိမ့်မလဲ။ စာနာတယ်။

ကဗျာဆရာရယ်။

(၂၁)ရာစုအရောက်မှာ ရာသီဥတုကလည်း ပိုပူလာတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားအမုန်းပွားမှုတွေကလည်း ပိုသည်းသန်လာတယ်။

ထွက်သက်လေတောင် ကုန်စင်အောင်မထုတ်ရဲ။ ကောင်းကင်ကြီးပဲ ပိုနိမ့်လာသလို။

ဆူနာမီဘေး။

ရစ်ချတ်တာစကေး ကိုးဒဿမလေးငလျင်။

အာရှမှာအဆိုးဝါးဆုံးရေဘေးဖြစ်တာ ဟိမဝန္တာတောင် ထိပ်မယ် တစ်ဒီဂရီဆဲဆီးရပ် အပူချိန်လျှော့သွားလို့တဲ့

ဆောင်းတွေ တစ်ကိုယ်ကောင်းဆန်နေတာ တစ်ရာသီစာမကတော့ဘူးထင်ပါရဲ့ဗျာ။

««« »»»

[ ၇ ]


ကွင်းပြင်တွေက တစပြင်လိုဖြူဖွေး

သစ်ကိုင်းတွေက အရိုးပြိုင်းပြိုင်းထောင်

ခဲနေတဲ့လေတွေက စောစောအမှောင်ချပစ်တယ်။

ကမ္ဘာတစ်ဘက်ခြမ်းမှာ ငတ်နေတာ မဖြစ်နိုင်ပါဘူး ။

တောင်းဆိုလွှာ တော်တော်များများမှာ ငါလက်မှတ်ထိုးခဲ့သားပဲ ။

ဝေလငါးတွေမသတ်ဖို့

မြေမြုပ်မိုင်းတွေရပ်ဖို့

သစ်ပင်တွေအခုတ်ရပ်ဖို့

စီးကရက်ဖြတ်ဖို့

ငါလက်မှတ်ထိုးခဲ့ပါတယ်။

 

အရာရာလိုလေသေးမရှိစေရပဲ၊ သက်တောင့်သက်သာရှိလွန်းအောင်ဖန်တီးထားတဲ့အခန်းတစ်ခုထဲက၊ ကိုယ့်လုပ်ငန်းရဲ့ ပကတိအခြေ အနေမှန်ကိုမသိတဲ့ မန်းနေဂျင်းဒါရိုက်တာတစ်ယောက်မျက်နှာကို ပြေးမြင်မိ။ ကြည့်လေ။

ကမ္ဘာတစ်ဘက်ခြမ်းမှာ၊ ငတ်နေတာမဖြစ်နိုင်ပါဘူး။ တောင်းဆိုလွှာ တော်တော်များများမှာ ငါလက်မှတ်ထိုးခဲ့သားပဲ။

လက်ထဲရောက်လာတဲ့ အစီရင်ခံစာကို အထပ်ထပ်ဖတ်ရင်း အမှန်တကယ်ဖြစ်နေတဲ့ အဖြစ်ပျက်တစ်ခုလုံးကိုနားမလည်စွာ ခေါင်းတခါခါ ဖြစ်နေတဲ့ ဒင်းကို သနားရမလား၊ “ဟား” ရမလား။ “နားရင်း” ရိုက်ရမလား။ “သင်း” ပြစ်လိုက်ရမလား။ မိတ်ဆွေ ကိုယ်တိုင်စဉ်းစားပါ လူနဲ့ လူ့ပတ်ဝန်းကျင်ပိုမိုကောင်းမွန်ရေး စာချုပ်တွေကိုသာ တွင်တွင် လက်မှတ်ရေးထိုးနေခဲ့တဲ့သူ့ခမျာ၊ တကယ့်ဇာတ်ညွှန်းရဲ့ အောက်ပါ အခန်းခွဲတွေကို မြင်ဖူးပုံမပေါ်ပါ။

ကျူးကျော်စစ်၊ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှု၊ ဘာသာ ရေးအစွန်းရောက်သူများ၊ လူမျိုးရေးဖိနှိပ်ခြင်း၊ ဈေးကွက်အသာစီးရရေး မဟာဗျူဟာ၊ ရေနံသယံဇာတများစိုးမိုးရေး၊ အယူဝါဒတင်ပို့တင်သွင်းခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲ၊ ကိုယ့်ဩဇာချဲ့ထွင်မှု၊ အခွင့်အာဏာခိုင်မတ်အောင် စိုက်ထူမှု၊°°°°၊°°°°၊°°°၊

ဆက်ပြုစုရရင် ခေါင်းစဉ်ကိုက ‘ထု’ တစ်ထွာလောက် ထူသွားနိုင်တယ်။

ကဗျာဆရာရေ့။ လူသားချင်း ယိုင်းပင်းမှု၊ ချစ်ခင်စိတ်တွေနဲ့ အမြဲနွေးထွေးနေရမယ့် ဟော့ဒီ့မြေကမ္ဘာမှာ နှလုံးသားတွေသာ ဒီလို “အေးခဲ” နေမယ်ဆိုရင်၊ ခင်ဗျားရဲ့ ကဗျာစာကြောင်းတွေဟာ မှန်ပြောင်းနဲ့ လှမ်းကြည့်အခါ အနာဂတ်မှာမြင်ရမယ့်စစ်တလင်းကိုတွေ့လိုက်ရသလိုပါပဲ။

ကွင်းပြင်တွေက တစပြင်လိုဖြူဖွေး

သစ်ကိုင်းတွေက အရိုးပြိုင်းပြိုင်းထောင်

ခဲနေတဲ့လေတွေက စောစောအမှောင်ချပစ်တယ်။

««« »»»

[ ၈ ]


နောက်ဆုံးမှာတော့ ကဗျာဆရာဟာ သူ့ကဗျာကို ဒီလို အဆုံးသတ်သွားခဲ့ပါတယ်။

မလင်းပြာရယ်

အခုတော့

ဒီလိုဖြစ်နေရတာ

အခါခါစိတ်ဓာတ်ကျတယ်

ငါအီရတ်ကို မသွားပါရစေနဲ့ ။ ။

ယောဟန်အောင်

 

တကယ်တော့မသွားအပ်တဲ့အရပ်တွေသာ စာရင်းတို့ရရင် အီရတ်တင်မကတော့ပါဘူးဆိုတဲ့ စကားတစ်ခွန်းကို ကဗျာဆရာ ကြားအောင် ဘယ်သူနဲ့ လူကြုံပါးလှမ်းပြောရပါ့။

‘ငှက်‘တွေ ဆောင်းမခိုမီ၊

တစ်ကိုယ်ကောင်းဆန်လှတဲ့ဆောင်းကို

ဘယ်သူကများ

သဘောထားပြောင်းအောင်သွန်သင်ညွှန်ပြနိုင်မလဲ .....

သိချင်လိုက်တာ။

ငြိမ်းအေးအိမ်

««« »»»


 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review