အချစ်ပုံပြင် - မောင်မိုးသူ

 


မြန်မာပြန်သူ၏ အမှာ

 

အချစ်ပုံပြင် (Love Story) သည် မြန်မာစာဖတ်ပရိသတ်များ အကြားတွင် အလွန်သတင်းကြီး ပါသည်။ ချစ်ပုံပြင် စာအုပ်အကြောင်းကို တစ်စွန်းတစ်စ၊ နှစ်စွန်းနှစ်စမက ပြောကြ ရေးကြ၍ မဆုံးနိုင်ကြပါ။ မူရင်းဝတ္ထု (Love Story) သည် ၁၉၇ဝ ခုနှစ်က ပထမအကြိမ် အင်္ဂလိပ် ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ရာ အရောင်းရဆုံး စာအုပ်ဖြစ်ခဲ့သည့် အကြောင်း၊ အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ်ဝတ္ထုတွေ အကြား တွင် အမှိုက်ပုံ ထဲမှာ ပွင့်သည့် ကုမုဒြာကြာပန်းကဲ့သို့ တင့်တယ်လှပကြောင်း၊ ဆွတ်ပျံ့ကြည်မောဖွယ်ရာ ရိုးရိုးစင်းစင်း အချစ် ဇာတ်လမ်းကောင်းလေးမို့ စာဖတ်သူတို့ စွဲမက်နှစ်ခြိုက်ကြကြောင်း၊ ဘာကြောင်း၊ ညာကြောင်းများဖြင့် ကောင်းသတင်း အစုံကို ပြောမကုန် ရေးမကုန် ဖြစ်ခဲ့ကြပါသည်။

နောက် (Love Story) ဝတ္ထုကို ၎င်းအမည်ဖြင့်ပင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည် ဆိုသောအခါ ထုတ်လုပ်သူ ဒါရိုက်တာတို့က ရှိရင်းစွဲနာမည်ကြီး ရုပ်ရှင်မင်းသား မင်းသမီးတို့ကို မသုံးကြတော့ဘဲ မျက်နှာသစ်များကို ပွဲထုတ်မည် ကြွေးကြော်၍ မျက်နှာသစ် ရှာပုံတော်ကြီး ဖွင့်ခဲ့ ရွေးခဲ့ကြပါသည်။ ဤသို့ဖြင့် ထောင်ထောင်မောင်းမောင်း၊ ရုပ်ချောချော၊ ဂျစ်ကန်ကန် မင်းသား သစ်ကလေး ရိုင်းအိုနီးလ်ကိုလည်းကောင်း၊ ရိုးရိုးစင်းစင်းနှင့် ရှေ့သွားကလေး နှစ်ချောင်းထပ်နေသော အယ်လီမဂ္ဂရောကို မင်းသမီးအဖြစ်လည်းကောင်း ရွေးချယ်ရိုက်ကူးခဲ့ကြပါသည်။ 'အချစ်ပုံပြင်' ဇာတ်ကား ရုံတင်လိုက်သော အခါ ၎င်းနှစ်အတွင်း ဝင်ငွေ အကောင်းဆုံးဇာတ်ကား၊ လူကြိုက်အများဆုံး ဇာတ်ကား စာရင်းဝင်ဖြစ်ခဲ့ပြီး ဇာတ်ကားထဲတွင် ပါဝင် သရုပ်ဆောင်ခဲ့ကြသော ရိုင်းအိုနီးလ်နှင့် အယ်လီမဂ္ဂရောတို့သည် တစ်မုဟုတ်ချင်း နတ်ရေကန်ထဲ ချလိုက်သလို စူပါစတား မင်းသား မင်းသမီးများအဖြစ်သို့ ရောက်သွားကြပါသည်။

ဤသို့ဖြင့် အချစ်ပုံပြင် ရုပ်ရှင်ဇာတ်ကား အကြောင်းသည်လည်း မြန်မာစာနယ်ဇင်းလောက တွင် 'ပြောမဆုံးပေါင် တောသုံးထောင်' ဖြစ်ခဲ့ရပါ သည်။ ထို့ပြင် ဆက်နွယ်သောအားဖြင့် အချစ်ပုံပြင်မှ ဇာတ်လိုက်မင်းသား ရိုင်းအိုနီးလ်၏ ပြင်ပအချစ်ဇာတ်လမ်းများကိုလည်း ရေးကြသားကြပါသည်။ ရိုင်းအိုနီးလ်၏ ဇာတ်လမ်းများ ရေး၍မှ မဆုံးမီ ရိုင်းအိုနီးလ်၏ သမီးကလေး တက်တမ်အိုနီးလ်သည် ရှစ်နှစ်အရွယ်တွင် (Paper Moon) အမည်ရှိ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးလိုက်ပြန်ရာ 'အော်စကာ' ရွှေစင် ရုပ်ဆုကိုပင် ရရှိသည် အထိ ကြီးကျယ် သွားခဲ့ပါသည်။ ဤသို့ဖြင့် (Love Story) ဝတ္ထုသည်လည်းကောင်း၊ 'အချစ်ပုံပြင်' ရုပ်ရှင်ဇာတ်ကားသည် လည်းကောင်း၊ 'အချစ်ပုံပြင်' ဇာတ်ကားပါ မင်းသားချော ရိုင်းအိုနီးလ်၏ အကြောင်းသည် လည်းကောင်း၊ ရိုင်းအိုနီးလ်၏ သမီးကလေး တက်တမ်အိုနီးလ်၏ အကြောင်းသည် လည်းကောင်း တစ်နွယ်ငင် တစ်စင်ပါပြီး အစအဆုံး ကျော်ကြားနေသည်မှာ ယခုတိုင် ဖြစ်ပါသည်။

မြန်မာစာနယ်ဇင်း၌သာ သည်အကြောင်းအရာများသည် ကျော်ကြား နေသည် မဟုတ်ပါ။ ကမ္ဘာ့ရုပ်ရှင် စာပေနယ်မှာလည်း အချစ်ပုံပြင်နှင့် နောက်ဆက်တွဲများသည် ယခုတိုင် ပြောမဆုံး ရေးမဆုံး ဖြစ်နေကြပါသည်။ ယခင်က မြန်မာပရိသတ်အနေဖြင့် (Love Story) (Love Story) နှင့် 'အချစ်ပုံပြင်' 'အချစ်ပုံပြင်'သာ လုပ်နေကြရပါသည်။ မူရင်းဇာတ်ကားကို ကြည့်ခွင့် ကြုံခွင့် မရကြရုံသာမက ၎င်းဇာတ်ကားမှာ ပါဝင်ခဲ့သော ရိုင်းအိုနီးလ် ကိုလည်း မြင်ခွင့်မရခဲ့ကြပါ။ သူ၏ သမီး တက်တမ်အိုနီးလ် ကိုလည်း မြင်ခွင့် မရခဲ့ကြပါ။ သူ၏ သမီး တက်တမ်အိုနီးလ် ဆိုလျှင်ကား ဝေးမှဝေး ဖြစ်ခဲ့ကြပါသည်။

သို့သော် ၁၉၇၉-၈ဝ ပြည့်နှစ်များတွင် ရိုင်းအိုနီးလ်၏ဇာတ်ကားများ မြန်မာပြည်၌ ပြသခဲ့ရာ ကြည့်ခွင့် ကြိုက်ခွင့် ရကြပါတော့သည်။ ထို့ပြင် သမီးကလေး တက်တမ်အိုနီးလ်၏ ဇာတ်ကားတစ်ကား (The International Velvet) ရုံတင်ပြသခဲ့ရာ သူမ၏ အနုပညာအစွမ်းအစကို တွေ့မြင် သဘောကျနိုင်ခွင့် ရှိခဲ့ကြ ပါသည်။

'အချစ်ပုံပြင်' ဇာတ်ကားသည် မြန်မာနိုင်ငံသို့ ယခုတိုင် တင်သွင်း ပြသသည်ဟု မကြားရသေးသော်လည်း တချို့သော ပရိတ်သတ်တို့သည် ဗီဒီယိုဖြင့် ပြသသော 'အချစ်ပုံပြင်' ကို ကြည့်ဖူးကြ ရာမှ တစ်ဆင့်စကား ဆင့်ကား၍ လာကြပြန်ပါသည်။ နောက်ဆုံးအနေနှင့်ကား (Love Story) ဇာတ်ကား၏ အဆက် ဖြစ်သော (Oliver's Story) ဇာတ်ကားသည် ယခုအခါ မြန်မာပြည်အဝန်း ရုံတင် ပြသနေပြီ ဖြစ်ရာ အချစ်ပုံပြင် ဇာတ်ကားကို လည်းကောင်း၊ အချစ်ပုံပြင် ဝတ္ထုအကြောင်း ကိုသော် လည်းကောင်း ကြည့်ဖူး ဖတ်ဖူးမှ အရသာ ခံစားနိုင် မည်ကဲ့သို့ ဖြစ်နေလေရာ 'အချစ်ပုံပြင်'ကို ပို၍ ကြည့်ချင် သိချင်စိတ်များ ဖြစ်ပေါ် နေကြပါသည်။

'အချစ်ပုံပြင်' ဇာတ်လမ်းကား မြန်မာစာဖတ်ပရိသတ်သိပြီး ဖြစ်ပါ သည်။ 'အချစ်ပုံပြင်' ဇာတ်ကျောရိုးကို အခြေပြု၍ စာရေးဆရာ သုမောင်က 'အချစ်' ဟူသော အမည်ဖြင့် လုံးချင်းဝတ္ထု ရေးဖူးရာ မြန်မာစာ ဖတ်ပရိသတ်များ နှစ်ခြိုက်ကျေနပ်ကြပြီး ဖြစ်ပါသည်။

ဤရွေ့ဤမျှ မြန်မာကျော် ကမ္ဘာကျော် ဖြစ်နေသော 'အချစ်ပုံပြင်' ဝတ္ထုသည် ဘာများကောင်းနေ ပါလိမ့်။ ဘာတွေများ ထူးခြားနေပါလိမ့်။ ဘာကိုများ အသည်းစွဲနေကြပါလိမ့်။

ထိုအမေးစကားများကို ဖြေကြားသောအားဖြင့် 'အချစ်ပုံပြင်' မူရင်း ဝတ္ထုကို သူ၏ မူရင်းအတိုင်း ပြည့်ပြည့်စုံစုံ မြန်မာပြန်ဆိုရန် ဆုံးဖြတ်လိုက် ရခြင်း ဖြစ်ပါသည်။

'အချစ်ပုံပြင်' မူရင်းဝတ္ထုကို ရေးသူမှာ စာရေးဆရာ Erich Segal 'အဲရစ် ဆီဂဲလ်' ဖြစ်သည်။ Erich Segal သည် အမေရိကန်ပြည် ဘရွတ် ကလင်မှာ ၁၉၃၇-ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ဟားဗတ်တက္ကသိုလ် မှ B.A. M.A နှင့် Ph.D ဘွဲ့များကို ရယူခဲ့သူ ဖြစ်ပါသည်။ နောက် ယေး တက္ကသိုလ်တွင် အင်္ဂလိပ်ဂန္တဝင် ပရော်ဖက်ဆာအဖြစ် စာပေသင်ကြား ပို့ချပါသည်။ ဆီဂဲလ်၏ ပထမဆုံးစာအုပ်သည် ပလေတို ၏ ပြဇာတ်များကို လေ့လာ သုံးသပ်ချက် ဖြစ်ပါသည်။ ၎င်းစာအုပ်မှာ အုပ်ရေ ၆ဝဝ မျှသာ ရောင်းရသော်လည်း စာပေ ပညာရှင်များက တန်းမီလမ်းမီ အဆင့်ရှိသော စာအုပ်ဟု အသိအမှတ်ပြုကြပါသည်။

      ဟားဗတ်တက္ကသိုလ်တွင် ဆီဂဲလ်သည် ကျမ်းပြုစု ရေးသားနေရာမှ ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်သောအားဖြင့် ဟားဗတ်တက္ကသိုလ် ကျောင်းသားဘဝအချစ်ဇာတ်လမ်းကို 'အချစ်ပုံပြင်' အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ နောက် ၁၉၇၇-ခုနှစ်တွင် 'အချစ်ပုံပြင်'၏ နောက်ဆက်တွဲ 'အိုလီဗာပုံပြင်'ကို ရေးသားခဲ့ပါသည်။ ၁၉၈ဝ ပြည့်နှစ်တွင် Man, Woman and Child (၎င်းဝတ္ထုကို မြတ်ငြိမ်းက 'အချစ်ဇာတ်လမ်း၏ နောက်ဆက်တွဲ' အမည်ဖြင့် မြန်မာပြန်ဖူးပါသည်။) သုံးအုပ်စလုံး ကမ္ဘာကျော် ဖြစ်သကဲ့သို့ မြန်မာစာဖတ်ပရိသတ်လက်သို့ ရောက်ရှိပြီး ဖြစ်နေပါသည်။

ဤသို့သော ကြောင်းကြောင်းများကြောင့် 'အချစ်ပုံပြင်'ကို မြန်မာပြန်ဆိုရခြင်း ဖြစ်ပါသည်။ မူရင်းစာရေးဆရာ ဆီဂဲလ်၏ 'အချစ်ပုံပြင်' သည် ဟားဗတ်တက္ကသိုလ် ကျောင်းသူကျောင်းသားတို့၏ ဘဝ၊ သူတို့ တစ်တွေ နေထိုင်လှုပ်ရှား အားကစားကြပုံများနှင့် သူတို့၏ အချစ်ရေးအချစ်ရာ များကို လူငယ်တို့စရိုက် ပြောဟန်၊ ဆိုဟန်၊ ပြုမူဟန်အတိုင်း စကားပြောသလို ရေးသားထားပါသည်။ ၎င်းပြင် သူတို့အနောက်တိုင်း သားနှင့်အဖ၊ မိဘနှင့် သားသမီး ဆက်ဆံရေးသည်လည်း မြန်မာတို့၏ စရိုက်ဘာသာနှင့် မတူညီပါ။ ထို့ကြောင့် မြန်မာပြန်ဆိုလိုက်သောအခါတွင် အရေးအသားတွင် ခပ်ထောင့်ထောင့်၊ ဆက်ဆံရေးတွင် ခပ်တောင့်တောင့် ဖြစ်နေပါလိမ့်မည်။ သို့သော် မြန်မာပြန်သူတစ်ဦး၏ အနေနှင့် မူရင်းစာရေးဆရာ၏ အာဘော်ကို သယ်ဆောင် ပေးရမည့် တာဝန်ရှိသည့်အတိုင်း သူ၏ ပင်ကိုယ်ဝတ္ထုအရသာ အတိုင်း အတတ်နိုင်ဆုံး တူညီအောင် ကြိုးစား ပြန်ဆို လိုက်ရပါသည်။

ယနေ့ဘာသာပြန်လောကတွင် စွန့်စားခန်းဝတ္ထုများ၊ လျှို့ဝှက်သည်းဖို စပိုင်ဝတ္ထုများ၊ ခမ်းနားကြီးကျယ် သော ဇာတ်အိမ် ဇာတ်လမ်းနှင့် ဝတ္ထုတို့သာ အထွက်များနေလေရာ ဤ 'အချစ်ပုံပြင်' ဝတ္ထုသည် ယနေ့ အမေရိကန် လူငယ်တို့၏ ရိုးရိုးစင်းစင်း ကံ့ကော်တော အချစ်ဇာတ်လမ်းကလေးသည် တစ်မျိုးတစ်ဘာသာ အရသာ ခံစားရနိုင်ပါစေဟုသာ ရည်ရွယ်မိပါသတည်း။

မောင်မိုးသူ

၂၅.၁၁.၈၁
 

Download Epub Kfx 

Comments

Post a Comment

တခုခု ပြောထားခဲ့ပါ။

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review