လင်းနို့ ၏ မှတ်စု ဝတ္ထုတိုများ - ပိုင်စိုးဝေ
About Us
ကျွန်တော်တို့အဖွဲ့သည် မြန်မာနိုင်ငံအတွင်းက e-Books Reader အသုံးပြုသူများနှင့် Digital Devices တွေမှာ စာဖတ်သူများ အတွက် မြန်မာစာအုပ်များကို ဖတ်ရှုနိုင်စေရန် ကူညီပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ တိုးတက်လာသော နည်းပညာများအရ e-books Reader အသုံးပြုသူများလည်း များပြားလာပြီ ဖြစ်သော်လည်း နိုင်ငံတွင်းမှတော့ e-books Reader အသုံးပြုသူများ အတွက် မြန်မာစာအုပ် ဖတ်ရှုနိုင်ရန် အလွန် ခက်ခဲလျက်ရှိသည်။ ထို့ပြင်လက်ရှိမှာလည်း မြန်မာစာအုပ်များကို Digital နည်းဖြင့် ဖြန့်ဝေမှု လုံးဝမရှိသလောက် ဖြစ်သည်။ ထိုအခက်ခဲများကို ကျနော်တို့ တတ်နိုင်သည့် ဘက်မှ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
မူပိုင်ခွင့်ချိုးဖေါက်ပြီး ကိုယ်ကျိုးအတွက် လုံးဝ(လုံးဝ)အသုံးမပြုပါ။
အကယ်၍ ဤစာအုပ်အတွက် အဖိုးအခ တစ်စုံတစ်ရာ ပေးခဲ့ပြီး ရခဲ့သည် ရှိသော် လည်းကောင်း linkတွင် ကြော်ငြာများခံကာ တင်ထားသော အခြားတနေရာရာမှ ရရှိခဲ့သော် ဂျင်းထည့်ခံရပြီ မှတ်ပါ။
အခမဲ့ စာအုပ် အသစ်များ တင်တိုင်း သိရှိနိုင်ဖို့ Telegram Channel ကို subscribe ထားနိုင်ပါသည်။
လင်းနို့၏မှတ်စု ဝတ္ထုတိုများ
ပိုင်စိုးဝေ
ဒီရေဦးစာပေ
အမေ့အတွက် ကက်တလောက် စာအုပ်သစ်
ဆောင်းရက်တွေ ကုန်ဆုံးသွားပြန်ပါပြီ။
နွေရဲ့အလင်းတွေ အရည်ပျော် ကျလာခဲ့တယ်။ ဒဟတ်ပင်တွေပေါ်က အရွက်တွေ ကြွေကျနေတယ်။ မြက်ရိုင်းပင်တွေက နီညိုမွဲခြောက်နေတယ်။ နွားမတွေက တောင်ကမ်းပါးယံစောင်းမှာ မြက်စားနေကြတယ်။ တိမ်တိုက်တွေ အဝေးကို လွင့်စဉ်သွားကြတယ်။ဟောသည် မိုးကောင်းကင် အောက်မှာ၊ ဟောသည် တောင်ကမ်းပါးယံစောင်းမှာ၊ ဟောသည် မြက်စားနေတဲ့ နွားမတွေရဲ့ ကြားမှာ၊ ဟောသည် မွဲခြောက်ခြောက် ကျောက်တုံးပေါ်မှာ ထိုင်ပြီး နှစ်ပေါင်းများစွာ ယာခင်းစိမ်းစိမ်းတွေကို ကျွန်တော် ကြည့်နေခဲ့တယ်။ ရိတ်သိမ်းထားတဲ့ ယာခင်းတွေရဲ့ ကန်သင်းရိုးတွေ ထိစပ်နေပုံကို ကျွန်တော် ကြည့်နေခဲ့တယ်။ တောင်ခြေတောစပ်မှာ ဖြတ်ခနဲ ဖြတ်ခနဲ ခုန်လွှားထွက်ပြေးသွားတဲ့ ယုန်ကလေးတွေကို ကျွန်တော် ကြည့်နေခဲ့တယ်။ ဟို အနောက်တောင်ထောင့်ဆီက တက်ရောက်လာမည့် မိုးသားတိမ်တိုက်တွေကို ကျွန်တော် ကြည့်နေခဲ့တယ်။ ပြီးတော့ မွဲခြောက်ခြောက် တောင်ကမ်းပါးယံတွေဆီ ကျွန်တော့်အမည်ကို အော်ခေါ်ခဲ့တယ်။ သူတို့ဆီက ပြန်လည်ရိုက်ခတ်လာတဲ့ ကျွန်တော့် အမည်ဟာ လေထဲမှာ လွင့်မျောရင်း ကျွန်တော့်ဆီ ပြန်ရောက်လာခဲ့တယ်။ အဲသည် ကျွန်တော့်အမည်ကို သယ်ဆောင်လာတဲ့ လေထုကို ကျွန်တော့် နှလုံးသားရဲ့ အနက်ဆုံးအပိုင်းထိ ရောက်အောင် ရှိုက်သွင်းခဲ့တယ်။
ဆောင်းရက်တွေ ကုန်ဆုံးလို့ နွေရဲ့အလင်းတွေ အရည်ပျော်ကျတဲ့ အဲသည်ကာလရဲ့ တစ်ခုသော။နေ့လည်ခင်းမှာ တောင်ကမ်းပါးယံတွေဆီ အော်ခေါ်လိုက်တဲ့ ကျွန်တော့်အမည် ကျွန်တော့်ထံ ပြန်ရောက်မလာမီ ကျွန်တော် ထွက်ပြေးခဲ့တယ်။ မြက်စားနေတဲ့ နွားမတွေကို ကျွန်တော် ထားပစ်ခဲ့တယ်။ ရွာတံခါးပေါက်က ပြေးဝင်လာတဲ့ ကျွန်တော့်ကို ကြည့်ပြီး အမေ အံ့အားသင့်နေဆဲမှာ “ဟောဒီ ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့အတွက် ကျွန်တော် ကဗျာဆရာ လုပ်ရမယ်။ အရာ အားလုံးကို စွန့်ပစ်ပြီးတော့ ကဗျာဆရာလုပ်ရမယ် အမေ” လို့ ကျွန်တော် ပြောချလိုက်တော့ အမေ့မျက်နှာပေါ်က မျက်ရည်စတွေ တလိမ့်လိမ့် စီးဆင်းကျလာခဲ့တယ်။ အမေ့ မျက်ရည်စတွေ ခန်းခြောက်သွားစေဖို့ စကားတစ်စုံတစ်ရာ ပြောလိုလှပေမယ့် ရှာမရခဲ့ပါဘူး။သည်လိုနဲ့အမေ့ရဲ့ မွေးကျေးဇူးကို မဆပ်နိုင်ခဲ့တဲ့ သားတစ်ယောက်အဖြစ် ကမ္ဘာထဲမှာ ပူလောင်စွာ စီးဆင်းခဲ့ပါတယ်။
ထန်းပင် မြင့်မြင့်ကြီးတွေပေါ်က ရွက်ရောင်းခြောက်တွေ တရှီရှီ မြည်ပြီး ကျန်ရစ်ခဲ့တယ်။ နွားမတွေ မြက်စားရင်း ကျန်ရစ်ခဲ့တယ်။နွားမတွေ မြက်စားရင်း ကျန်ရစ်ခဲ့တယ်။ ဘုန်းကြီး ဦးဝိသုဒ္ဓရဲ့ ရွာဦးကျောင်း ထိပ်ဖျားမှာ တောကျီးကန်းတွေ အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။ တောကျေးလက်က ကလေးဘဝတွေ ကျန်ရစ်ခဲ့တယ်။ ကျွန်တော့်အတွက် တတိယအကြိမ် ထွက်မယ့် ဆယ်တန်းအောင်စာရင်း ကြေညာရက်လည်း ကျန်ရစ်ခဲ့တယ်။ သနပ်ခါးပါးကွက်ကျားနဲ့ တောပန်းတွေ တစ်ခေါင်းလုံး ဝေအောင် ပန်ထားတဲ့ ကျွန်တော့်ရည်စား မိညိုလှသည်လည်း ဘုတ်မအီသံနဲ့ ညနေခင်း ရေခပ်လမ်းပေါ် ကျန်ရစ်ခဲ့တယ်။
ငါ့ သူငယ်ချင်းတွေရေ …။ ညနေခင်း ရွာအပြင်ဘက် ပြည်တော်သာ ကျောင်းဝင်းထဲ ဘောလုံးကစားကြတဲ့အခါ မင်းတို့နဲ့အတူ ငါ ပါနိုင်မှာ မဟုတ်တော့ပါဘူး။ နောက်ရက်တွေမှာ အဆုံးမရှိတဲ့ နောက်ရက်တွေမှာပေါ့၊ ရွာအနီးက ဖြတ်သန်းသွားတဲ့ မီးရထားသံလမ်းဘေး တစ်လျှောက် ပုတတ်တူးကြတဲ့အခါ မင်းတို့နဲ့အတူ ငါ ပါနိုင်မှာ မဟုတ်တော့ဘူး။ ‘ရုံးစဉ်ကြီး’ မြို့ဘက် ထွက်သွားတဲ့ မနက်ခင်းမီးရထားပေါ် တိုးတက်ပြီး လွယ်အိတ်ကိုယ်စီနဲ့ စာသင်ခန်းထဲ အပြေးအလွှား ဝင်ခဲ့ကြရတဲ့ ကျောင်းသားဘဝတွေဆီ ငါ ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ပါဘူး။
အမေ ငိုနေရစ်ခဲ့ပါပြီ။ ဟောသည် ညနေခင်းလေးမှာ အမေ တည်ဆောက်ထားခဲ့တဲ့ ကမ္ဘာကြီး ပျက်စီးသွားအောင် ကျွန်တော် လုပ်ခဲ့မိပြီပေါ့။ ညနေဆည်းဆာကတည်းကတောင် သူ့ဓလေ့ ယာမီးငွေ့တွေကြားထဲက ပြန်လာတဲ့ လှည်းပေါ်မှာ ကျွန်တော် မပါနိုင်တော့ဘူး။ အဲသည် လှည်းယာဉ်ပေါ်မှာ ခါတိုင်း ညနေတွေတုန်းကလို အစ်မရဲ့သီချင်းသံဟာ လေထဲမှာ ပျံဝဲပြီး၊ ဟိုးအဝေး ကျောက်တောင် ကမ်းပါးယံတွေဆီထိ ဝင်ရောက်သွားနိုင်မှာ မဟုတ်တော့ပါဘူး။ မနက်ဖြန်နေ့လည် ရောက်တဲ့အခါ နွားမတွေကို စားကျက်ထဲ ဘယ်သူ မောင်းပို့လိုက်မလဲ အမေ။
ဟောသည် ကမ္ဘာကြီးထဲက စက်ပစ္စည်း တပ်ဆင်ထားတဲ့ ယာဉ်တစ်ခုကတော့ တကယ်ကိုပဲ အမေနဲ့ဝေးရာဆီ ခုတ်မောင်းခဲ့ပါပြီ။
(၂)
မန္တလေးမြို့ကို ကျွန်တော် ရောက်ခဲ့တယ်။ ၂၆ ဘီလမ်းပေါ် ကျွန်တော် လျှောက်ခဲ့တယ်။ ပြီးတော့ အရေကျဲကျဲ ဟာသတစ်ခွက်ကို ကျွန်တော်သောက်ခဲ့တယ်။ ဘုရားကို ယုံကြည်ခဲ့တယ်။ တရားကို ယုံကြည်ခဲ့တယ်။ သံဃာကို ယုံကြည်ခဲ့တယ်။ ပြီးတော့ လူတွေကိုလည်း ကျွန်တော် ချစ်ခဲ့တယ်။ ဝက်သား၊ ကြက်သား ကျွန်တော် ကြိုက်တယ်။ အညှီအဟောက်တွေကို ကျွန်တော် ကြိုက်တယ်။ ချိုချဉ်ငန်စပ်တွေ ကျွန်တော် ကြိုက်တယ်။ အဲဒါတွေ အကုန်စားတယ်။ ပြီးတော့ ကျွန်တော့် ပါးစပ်ကို ပက်ဆိုးဒင့်နဲ့ တိုက်ဆေးပစ်ခဲ့တယ်။ ကျုံးနံဘေးမှာ လမ်းလျှောက်တယ်။ ကမ္ဘာကြီးအကြောင်း တွေးခေါ်တယ်။ ပြီးတော့ စကားပြေတစ်ပုဒ် ချရေးခဲ့တယ်။ စားဝတ်နေရေးအတွက် ငွေရှာတယ်။ အားတဲ့အချိန်မှာ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ လဆန်းရက်မှာ မဂ္ဂဇင်းတွေ ဖတ်တယ်။ ပြီးတော့ ကျွန်တော် ခေါင်းကို တိုင်နဲ့ ပစ်ပစ်ဆောင့်ခဲ့တယ်။
ဒီလိုနဲ့ အကြိမ်နှစ်ဆယ့်ခြောက် မေလကို ရောက်ခဲ့ပေါ့ အမေ။
ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ လူသားအဖြစ်ဟာ သေးသိမ်ခဲ့ရဖူးတယ် မဟုတ်လား။ အခုတော့ အလင်းရောင်ပါးပါးကို နောက်ခံထားလို့ ပေါက်ကွဲလုနီးနီး ဟောသည် ကမ္ဘာကြီးပေါ်မှာ ကျွန်တော်ဟာ လွတ်လပ်စွာ လမ်းလျှောက်ခဲ့ပါပြီ။ အိတ်ကပ်ထဲ ပိုက်ဆံအပြည့်ပါတဲ့အခါ အမှားနဲ့အမှန်ကို ဘယ်တော့မှာ မစဉ်းစားဘူး။ လမ်းတကာပေါ်မှာ ချာတူးလန် ကဗျာဆရာတွေလို ကျွန်တော် ဘယ်တော့မှ မတက်ကြွဘူး။ ကဗျာတစ်ပုဒ် ရေးခါနီးတိုင်း သဲအိတ်ကို ကျွန်တော် လက်သီးနဲ့ထိုးတယ်။ မင်းဝံတောင်တန်းကို ကျွန်တော် မထိုးဘူး။ ရှမ်းရိုးမကို ကျွန်တော် မထိုးဘူး။
ကမ္ဘာကြီးရဲ့ တစ်ဖက်စွန်းကို ထုတ်ချင်းပေါက် သွားရောက်နိုင်မယ့် လမ်းကို ကျွန်တော် ရှာတွေ့ခဲ့ပါပြီ။ ဒါပေမယ့် အမေ့ဆီ ပြန်ရောက်နိုင်မယ့် လမ်းကို ကျွန်တော် ရှာမတွေ့တော့ဘူး။ အမေနဲ့ ကျွန်တော် ရှာမတွေ့တော့ဘူး။ အမေနဲ့ ကျွန်တော့်ကို ဝေးကွာစေခဲ့တာဟာ နေရာဒေသ မဟုတ်ဘူး။ အဆင်မပြေတဲ့ စီးပွားရေးဘဝတွေ မဟုတ်ဘူး။ အမေနဲ့ ကျွန်တော့်ကို ဝေးကွာစေခဲ့တာဟာ နေရာဒေသ၊ အချိန်ကာလနဲ့ စီးပွားရေးဘဝတွေပေါ်မှာ ဖြတ်သန်းသွားရတဲ့ ဥပေက္ခာတရားပါပဲ အမေ။ အဲသည့် ဥပေက္ခာတရားပါတဲ့ လေထုကို ကျွန်တော် ရှူရှိုက်ခဲ့တယ်။ အဲသည့် ဥပေက္ခာတရားနဲ့ ကျွန်တော့် အသွေးအသားကို လည်ပတ်စေခဲ့တယ်။ ကျွန်တော် အပါအဝင် ဟောသည် ရုပ်ကမ္ဘာကြီးဟာ တဖြည်းဖြည်း ပြည့်စုံ ကြွယ်ဝခဲ့ပါပြီ။ မြေရိုင်းတွေကို ထွန်ယက်ခဲ့ပြီးပြီ။ မြစ်ချောင်း၊ အင်းအိုင်တွေကို ဆည်မြောင်းတာတမံ ဖောက်လုပ်ခဲ့ပြီးပြီ။ မြေအုတ် ကျောက်အုတ်တွေနဲ့ မိုးထိတိုက်တွေ ဆောက်လုပ်ခဲ့ပြီးပြီ။ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့ပြီ။ ပီကာဆို ရှိခဲ့ပြီးပြီ။ ဘီသိုဗင် ရှိခဲ့ပြီးပြီ။ မာတင်လူသာကင်း ရှိခဲ့ပြီးပြီ။ ဂျိုဆေးရီဇော် ရှိခဲ့ပြီးပြီ။ မာသာထရီဆာ ရှိခဲ့ပြီးပြီ။ ဒေါ်ဦးဇွန်း ရှိခဲ့ပြီးပြီ။ ဒါပေမယ့်အမေ … ဟောသည့် ကမ္ဘာမှာ ဟစ်တလာဆိုတာလည်း ရှိခဲ့ဖူးသတဲ့ အမေ။ လူဆိုးကြီး အယ်လ်ကပုန်း ဆိုတာလည်း ရှိခဲ့ဖူးသတဲ့ အမေ။ အိုက်ခမန်း ဆိုတာလည်း ရှိခဲ့ဖူးသတဲ့ အမေ။
ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းထားတဲ့ ကလပ်စည်းတွေနဲ့ ဟောဒီ ခေတ်သစ်ကမ္ဘာကြီး တည်ဆောက်ထားမှုကို ကျွန်တော် တွေးမိပြန်တယ်။ ကျွန်တော်တို့က ကျွန်တော်တို့တစ်တွေ စပြီး ခြေရာကောက်နိုင်တဲ့ ကျောက်ခေတ်ဆိုတာနဲ့ ကျွန်တော်တို့ ခေတ်ကြီးဟာ ဘယ်လိုမှ မတူနိုင်တော့ဘူး။ ယခုတော့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေ မရှိလို့ မဖြစ်တော့ဘူး။ ဆက်သွယ်ရေးစနစ်တွေ မရှိလို့ မဖြစ်တော့ဘူး။ ကွန်ပျူတာ မရှိလို့ မဖြစ်တော့ဘူး။ အယူဝါဒတွေ၊ ဘာသာတရားတွေ မရှိလို့ မဖြစ်တော့ဘူး။ အဘိဓာန်စာအုပ်တွေ မရှိလို့ မဖြစ်တော့ဘူး။ စက္ကူကို လုပ်ထားတဲ့ ပိုက်ဆံဆိုတာ မရှိလို့ မဖြစ်တော့ဘူး။ စစ်အေးတိုက်ပွဲ မရှိလို့ မဖြစ်တော့ဘူး။ ပင်နီစီလင် မရှိလို့ မဖြစ်တော့ဘူး။ အယ်လ်ကိုဟော မရှိလို့ မဖြစ်တော့ဘူး။ ပြီးတော့ မေတ္တာတရားနဲ့ ရိုးသားမှုတွေ လိုအပ်နေသေးတယ်။ ဆန်ရေ စပါးနဲ့ အသီးအနှံတွေ ပိုမို တိုးချဲ့စိုက်ပျိုးဖို့ လိုအပ်နေသေးတယ်။ ကင်ဆာရောဂါ ပျောက်ကင်းနိုင်မယ့် ဆေးတွေ လိုအပ်နေသေးတယ်။ လူသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေမယ့် စက်တစ်ခု လိုအပ်နေသေးတယ်။ ဂြိုဟ်ကမ္ဘာသစ်တွေရှိဖို့ လိုအပ်နေသေးတယ်။
အဲသည်တော့ အမေ။ ကျွန်တော်တို့ နေထိုင်တဲ့ ဟောသည် ကမ္ဘာမြေကြီးမှာ ရှိပြီးသား အချို့နေရာတွေဟာ မလိုအပ်ကြဘူး။ ရှိသင့်တဲ့ အချို့အရာတွေ ရှိမနေကြဘူး။ အဲသည်တော့ အမေ ခြင်တွေ၊ ယင်တွေ၊ ကြမ်းပိုးတွေ၊ ကြွက်တွေ၊ ပိုးဟပ်တွေ၊ မြွေပွေး မြွေဟောက်တွေနဲ့ လူလိမ် လူညာတွေ၊ အတုအယောင်တွေ၊ ရှဲဒိုးတွေ ပြည့်နှက်နေတဲ့ ဟောသည် ကမ္ဘာကြီးထဲမှာ အသက်ရှင် ရပ်တည်ဖို့ဆိုတာ ဘာမှ မရေမရာတဲ့ ကိစ္စပါပဲ အမေ။ ကျွန်တော်ကတော့ နေ့စဉ် နှလုံးခုန်မပျက် အသက်ရှင်ရပ် တည်နိုင်ဖို့ လင်းတတစ်ကောင်ရဲ့ နှုတ်သီးကို တပ်ဆင်ထားလိုက်ပြီး မြားပေါင်းတစ်ထောင် ပစ်ခွင်းလို့ မစူးရောက်နိုင်တဲ့၊ သားရေဂျာကင် တစ်ခုကို ဝတ်ဆင်ထားလိုက်ပြီး သိက္ခာတရားအတွက် အရှက်ရတဲ့အခါ မိမိကိုယ်မိမိ ကာကွယ်နိုင်ဖို့ ပြက်လုံးတစ်ခု အဆင်သင့် ရှိပြီးပြီ။ ဒါနဲ့တောင် မိနစ်တိုင်း မိနစ်တိုင်းမှာ ဆာလောင်မွတ်သိပ်မှု ရှိနေခဲ့သေးတယ်။ နာကျင်ကိုက်ခဲမှု ရှိနေခဲ့သေးတယ်။ သိက္ခာတရားက နှလုံးသားကို ယားယံစေခဲ့သေးတယ်။
(၃)
ဆောင်းရက်တွေ ကုန်ဆုံးပြီး နွေရက်အလင်းတွေ အရည်ပျော်ကျနေတယ်။ ထန်းပင် မြင့်မြင့်ကြီးတွေပေါ်က ရွက်ဟောင်းခြောက်တွေ တရှီရှီ မြည်နေတယ်။ ဘုန်းကြီးဦးဝိသုဒ္ဓရဲ့ ရွာဦးကျောင်း ထိပ်ဖျားမှာတော ကျီးကန်းတွေ အော်မြည်နေကြတယ်။ ရွာအပြင်ဘက် ပြည်တော်သာ ကျောင်းဝင်းထဲမှာ လူငယ်အချို့ ဘောလုံးကန်နေကြတယ်။ ကျွန်တော့် သူငယ်ချင်းတွေလားလို့ အမှတ်တမဲ့ ကြည့်မိပြီးမှ ကျွန်တော့်မျက်နှာပေါ်က အရေပြားတချို့ တွန့်နေတာကို သတိရတယ်။ အမေရှိရာ ရွာတောင်ဘက် ထန်းတောဆီ ကျွန်တော်ပြေးခဲ့တယ်။
ကျွန်တော် ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ထဲက အနှေးရိုက်ချက်တွေလိုပဲ ကျွန်တော့် ခန္ဓာကိုယ်ကြီး တဖြည်းဖြည်းချင်း လေထဲမှာ လွင့်မျောသွားတယ်။ ကျွန်တော့် ဆံပင်တွေလည်း လေထဲမှာ လွင့်မျောသွားတယ်။ မြက်စားနေတဲ့ နွားမတွေဆီ ကျွန်တော် လွင့်မျောသွားတယ်။ ဟိုခပ်ဝေးဝေးက ကျောက်တောင် ကမ်းပါးယံတွေဆီ ကျွန်တော့်အမည်ကို အော်ခေါ်နေတယ်။ ပြည်တော်သာ ကျောင်းဝင်းထဲမှာ သူငယ်ချင်းတွေနဲ့အတူ ဘောလုံး ကန်နေတယ်။ မီးရထားသံလမ်းဘေးမှာ ပုတတ်တစ်ကောင်ရဲ့ အမြီးကို ကိုင်ဆွဲရင်း ကျွန်တော့် သူငယ်ချင်းတွေဆီ ပစ်ပေးလိုက်တယ်။ ဟောသည် ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့ ကျွန်တော် ကဗျာဆရာ လုပ်ရမယ် အမေလို့ အမေ့ကို တတွတ်တွတ် ပြောနေတယ်။ အမေ့မျက်နှာပေါ်က မျက်ရည်စတွေကို ကျောခိုင်းပြီး စက်ပစ္စည်း တပ်ဆင်ထားတဲ့ ယာဉ်တစ်ခုပေါ် ကျွန်တော် လွင့်မျောပြီး ပါသွားတယ်။
အဲသည် ရုပ်ရှင်ကားတွေထဲကလိုပဲ “အမေရေ … အမေရေ” လို့ အော်ခေါ်ပြီး အမေ့ရင်ခွင်ထဲ ကျွန်တော် ပြေးဝင်လိုက်တယ်။ အမေက မေးတယ်။
သည်ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကို ဆေးဝါးကုသခဲ့ပြီလားတဲ့။
ကျွန်တော်ကိုယ်တိုင် ရောဂါရခဲ့ပေါ့ အမေ။ ခွင့်လွှတ်ပါ အမေလို့ ကျွန်တော့်ပါးစပ်က တတွတ်တွတ် ပြောနေမိတယ်။ ဟောသည် ကမ္ဘာကြီးဟာ တိုးတက်ပြည့်စုံခဲ့တာ မှန်ပေမယ့် အမေ့ဆီ ဆက်သွယ်ဖို့ စာတိုက်ပုံးတွေ မရှိခဲ့ဘူး။ ကြေးနန်းကြိုးတွေဟာလည်း အမေ့ဆီ မရောက်ကြဘူး။ ဘယ်လို ဆက်သွယ်ရေး ကိရိယာတွေကမှ အမေနဲ့ ကျွန်တော့်ကို မနီးစပ်နိုင်ခဲ့ကြဘူး အမေ။ ဒါကြောင့်သာ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ရက်တွေအတွင်း အမေ့ဆီ စာကလေးတစ် စောင်တောင် မရေးဖြစ်ခဲ့တာပါလို့ ကျွန်တော် ရှင်းပြခဲ့မိတယ်။ အမေကတော့ ကျွန်တော့်အပေါ် ဟိုအရင်တုန်းကလိုပဲ ခွင့်လွှတ်မြဲ ခွင့်လွှတ်တယ်။ အမေနဲ့သားကြားမှာ အဲသလို ကြိုးမဲ့ကြေးနန်းတွေ စာတိုက်တွေနဲ့ ဆက်သွယ်စရာ မလိုပါဘူးကွယ်။ အမေနဲ့သား ပိုင်ဆိုင်တဲ့ နှလုံးသားနဲ့ အမြဲ ဆက်သွယ်နေကြတာပဲ။ သားဟာ အမေ့နှလုံးသားထဲမှာ အမြဲရှိတယ်။ အခြား ဘာနဲ့မှ ဆက်သွယ်စရာ မလိုပါဘူးကွယ်တဲ့။
အမေပြောတဲ့ အဲသည်ဟာ ဘာလဲ အမေ။ ဟုတ်ကဲ့ – အဲသည် နှလုံးသားဆိုတဲ့ဟာ ကျွန်တော်မှာ ပျက်စီးခဲ့တာ ကြာလှပေါ့ အမေ။
◾
တောက်တဲ့ရဲ့ အင်ထရို
တိရစ္ဆာန်များသည် ငြိမ်ငြိမ်သက်သက် သာသာယာယာ ရှိလှသည်။ သိပ်သိပ်သည်းသည်းလည်း နေထိုင်ကြသည်။ ပင်ပင်ပန်းပန်းလည်း မလုပ်ရ၊ မကိုင်ရ။ ကိုယ့်အခြေအနေကို ညည်းညူခြင်းလည်း မပြု။ တိရစ္ဆာန်တို့သည် ညအမှောင်ကြီးတွင် ရတက်ပွေ့၍ အိပ်မပျော်ဘဲ မနေ။ ကိုယ်ကျူးလွန်ခဲ့သော အပြစ်များအတွက် ငိုကြွေးခြင်းလည်း မပြု။ ဘုရားသခင် အပေါ် မည်သို့ အလုပ်အကျွေးပြုမည် စသည် တာဝန်များကို ဆွေးနွေးပြောဟောပြီး ကျွန်တော့်ကို ငြီးငွေ့အောင် မလုပ်ကြ။ မကျေမနပ် ဖြစ်နေသူများ မရှိ။ လောဘရမ္မက်ဖြင့် ရူးသွပ်နေသူများလည်း မရှိ။
ဝေါ့လ်ဒ်ဝှစ်တမင်း
လွန်ခဲ့သည့် နှစ်များဆီက သူသည် တောက်တဲ့အော်သံများကို စိတ်ဝင်တစား ရှိနေခဲ့ဖူးသည်။ လူတစ်ယောက်သည် တောက်တဲ့တစ်ကောင်ကို စိတ်ဝင်စားသင့်သည်။ သင်၏ ကြီးပွားတိုးတက်မှုကို ရှေးရှုပြီး တောက်တဲ့များ၏ အော်သံကို စိတ်ဝင်စားသင့်သည်။ လူအများအား သူက ထိုသို့ပင် လိုက်လံဟောပြော နေတတ်သည်။
လမ်းသွားရင်း၌ ဖြစ်စေ၊ အိမ်မှာ စာထိုင်ဖတ်နေစဉ်၌ ဖြစ်စေ၊ အလုပ်တစ်ခုခု လုပ်နေဆဲ ကာလမှာပင်ဖြစ်စေ၊ တောက်တဲ့တစ်ကောင်၏ အော်မြည်သံကို ကြားလိုက်ပြီဆိုလျှင် သူ့စိတ်အာရုံတစ်ခုလုံး ထိုတောက်တဲ့ အော်သံဆီသို့ ရောက်သွားတော့သည်။ အထူးသဖြင့်တော့ ညအိပ်ရာဝင် ခြင်ထောင်ထဲ ရောက်နေသည့် အချိန်မျိုးမှာပေါ့။
မိုးဦးကျ ကာလရောက်ပြီ ဆိုပါစို့။ တောက်တဲ့များက ဟိုအပင် သည်အပင်တို့၏ ထိပ်ဖျားမှ အော်သံပေးလေပြီ။ အိမ်ခေါင်မိုး တစ်နေရာဆီမှလည်း အော်မြည်တတ်ကြသည်။ ထိုတောက်တဲ့များ အော်တော့မည် ဆိုလျှင် ပထမဦးဆုံး အသံစမ်းသည့် အနေဖြင့် တောက်… တောက်… တောက်… တောက်၊ တောက်… တောက်… တောက်… တောက်ဟု အသံနိမ့်မြင့် နှစ်ကြိမ်လောက် မြည်ပါသည်။ ထို တောက်တဲ့ အသံစမ်းနေချိန်တွင် ပထမဦးဆုံး သူလုပ်ရမည့် အလုပ်မှာ လက်ဖဝါးထဲ ဆုပ်ကိုင်၍ ရနိုင်လောက်မည့် ပစ္စည်းတစ်ခုခုကို အမြန်ရှာဖွေပြီး ဆုပ်ကိုင်ထားဖို့ပင် ဖြစ်ပါသည်။ သူ ရှာဖွေရမည့် ပစ္စည်းများ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည့် ဂက်စ်မီးခြစ်၊ ဘောပင်၊ သော့တံ စသည့် ကိုင်တွယ် ဆုပ်ကိုင်၍ ကောင်းမည့် ပစ္စည်းတစ်ခုခု ဖြစ်ပါသည်။ ထိုပစ္စည်းသည် လောလောဆယ် သူ့လက်ထဲတွင် ဆုပ်ကိုင်၍ ကောင်းရုံမျှသာ မဟုတ်ဘဲ တစ်သက်လုံး သိမ်းဆည်းကိုင်ဆောင်ရန် ကောင်းမည့် အရွယ်အစားနှင့် မာကျောခိုင်ခံ့သည့် ပစ္စည်း ဖြစ်ဖို့လည်း လိုပါသည်။ ရှည်ရှည်မျောမျော အရာဝတ္ထုများထက် လုံးလုံးဝိုင်းဝိုင်း ပစ္စည်းဖြစ်လျှင် ပို၍ ကောင်းမွန်ပါသည်။
သူလိုအပ်သည့် ပစ္စည်းတစ်ခုခု အမြန် ရှာဖွေတွေ့ရှိပြီ ဆိုပါစို့။
ညာလက်ဖဝါးဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မည်။ တောက်တဲ့၏ ပထမဆုံး အော်သံမှစပြီး တစ်၊ နှစ်၊ သုံး၊ လေး စသည်ဖြင့် အစဉ်အတိုင်း သူ့ပါးစပ်မှာ အသံထွက်၍ ရေတွက်မည်။ သို့မဟုတ် စိတ်ဖြင့် လိုက်၍ ရေတွက်မည်။
ထိုသို့ အော်မြည်ရာတွင် အချို့ အကောင်များက အပျင်းထူသည်။ လေးငါးခြောက်ကြိမ်မျှသာ အော်ပြီး ရပ်သွားတော့သည်။ အချို့ အကောင်များကတော့ ဝီရိယလွန်ကဲသည်။ ဆယ်ကြိမ်၊ ဆယ့်တစ်ကြိမ်ထိ ရောက်သွားကြသည်။ ကိုးကြိမ်တိတိ အော်သည့် တောက်တဲ့နှင့် ကြုံပြီဆိုလျှင် အိုကေပြီ။ သူ့လက်ထဲ ဆုပ်ကိုင်ထားသည့် ပစ္စည်းကို အဆောင်ပစ္စည်းအဖြစ် တစ်သက်လုံး ဆောင်ထားရမည်။ ထိုပစ္စည်းကို ဆောင်ထားခဲ့လျှင် လာဘ်လာဘ ကောင်းမည်။ ဝင်ငွေ ဖြောင့်မည်။ အလိုရှိတိုင်း ပြည့်စုံတော့မည်။
တောက်တဲ့အော်သံနှင့် ပတ်သက်၍ သူ့မိတ်ဆွေများအား သူက ရှင်းပြနေတတ်သည်။ သူနှင့် သူ့မိတ်ဆွေများ၏ လက်ဖက်ရည်ဆိုင်စကား ဝိုင်း၌ အကြောင်းအရာတစ်ခု တိုးခဲ့လေပြီ။ ရှေးယခင်က သူတို့၏ စကားဝိုင်းတွင် ပုဂ္ဂလဉာဏ်အကြောင်း၊ နဝင်းနှင့် ဓာတ် ဆက်စပ်ပုံအကြောင်း၊ ဓာတ်ဆောင်ဓာတ်ပြေး ရှစ်ဆယ့်လေးနှင့် ပတ်သက်၍ သရုပ်ခွဲ ကောက်ယူရမည့် အရေအတွက်အကြောင်း၊ အာဒိကပ္ပ ဒွာဒရာသီကျမ်းမှ (ဆောင်, ပျက်, ခိုက်, ငုတ်, လွန်, ချုပ်) လင်္ကာ၏ အနက်အဓိပ္ပာယ် ကျယ်ဝန်းပုံ အကြောင်း စသည်တို့လောက်သာ ဖြစ်သော်လည်း၊ ယခုအချိန်တွင်ကား တောက်တဲ့အော်သံက သူတို့စကားဝိုင်းကို လွှမ်းလေပြီ။
လူအများသည် ရွှေတောရှိရာ အရပ်သို့ အစုလိုက် အပြုံလိုက် တိုးဝှေ့သွားရောက် နေကြချိန်တွင် သူက သူ့မိတ်ဆွေများအား စည်းရုံးကာ တောက်တဲ့ အော်သံကသာ သူ့အား အခွင့်အရေး တစ်စုံတစ်ရာ ပေးလာခဲ့လျှင် ထိုလူများ သယ်ဆောင်လာမည့် ရွှေတုံးရွှေခဲများ သူ့လက်ထဲ ရောက်လာစေရမည်ဟု ယုံကြည်လျက် ရှိသည်။
သို့ရာတွင် သူ့အဖို့ ကိုးကြိမ်တိတိ အော်သည့် တောက်တဲ့ တစ်ကောင်တလေနှင့်မျှ ယခုအချိန်ထိ မကြုံကြိုက်ခဲ့။ ထိုတောက်တဲ့ အော်သံနှင့် ပတ်သက်သည့် နည်းလမ်းကို မိတ္ထီလာမြို့သို့ ကိစ္စတစ်ခုဖြင့် ရောက်စဉ် သူတည်းခိုသည့် အိမ်မှ မြန်မာသမားတော်ကြီးက ပေးလိုက်ခြင်း ဖြစ်သည်။
“မယုံမရှိနဲ့ ဆရာလေးရဲ့ ၊ ကျွန်တော်ကိုယ်တိုင် ရဖူးတယ်။ ဟာ… အဲဒီတုန်းကများ ဘာပြောကောင်းမလဲ၊ ကောင်းလိုက်တဲ့ဝင်ငွေ၊ တစ်နေ့ တစ်နေ့ ရာနဲ့ထောင်နဲ့ ချီပြီး ဝင်တာ၊ လုပ်ငန်းကလည်း ကောင်း သကိုးဗျ”
ဆရာကြီး၏ ယုံကြည်သက်ဝင်မှုမှာ သူ့အပေါ်သို့ ကူးစက်ခဲ့လေပြီ။ ဆရာကြီး ပြောသမျှကို တအင်းအင်းလိုက်၊ ခေါင်းတညိတ်ညိတ် ထောက်ခံနှင့် ဖြစ်နေလေပြီ။
“အခုကော ရှိသေးလား ခင်ဗျာ၊ ဆရာကြီးရဲ့ အဆောင်ပစ္စည်း လေးကြည့်ပါရစေ”
သူက စိတ်အားတက်ကြွစွာ တောင်းဆိုလိုက်မိသည်။ ဆရာကြီး၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ် သန်းခဲ့လေပြီ။ သို့ရာတွင် ကံမပေးတော့သည့် ပစ္စည်းဥစ္စာကို တက်မက်မှု ရှိမနေတော့သည့် လေးနက်တည်ကြည်မှုဖြင့် …
“အင်း… စစ်အတွင်း ကာလကြီးကိုးဗျ၊ ဂျပန်အပြေးမှာ ပြောင်းရင်းရွှေ့ရင်းနဲ့ ကျုပ်လည်း ဘယ်ချောင်ဘယ်ကြား ထိုးမိတယ် မသိပါဘူး။ လမ်းမှာ ကျနေသလားလည်း မသိပါဘူးဗျာ။ အင်း… သင်္ခါရပေါ့လေ”
မည်သို့ပင်ဖြစ်စေ ဆရာကြီး၏ စကားကို သူ အပြည့်အဝ ယုံကြည်သည်။ အချိန်နှင့်အမျှ အတိအကျ လိုက်နာသည်။ တောက်တဲ့ အော်သံတွေကို စောင့်ပြီး နားထောင်သည်။ လမ်းပေါ်မှာ သွားရင်းလာရင်းနှင့် ကြုံခဲ့လျှင် အလွယ်တကူ ရနိုင်ရန် ပစ္စည်းတစ်ခုခုကို အိတ်ကပ်ထဲ ထည့်ပြီး အမြဲ ယူဆောင်သွားသည်။
နှစ်နှင့်ချီပြီး အကြိမ်ကြိမ် ကြိုးပမ်းပါလျက် တစ်ကြိမ်တစ်ခါမျှ ကိုးကြိမ်တိတိ အခွင့်မကြုံကြိုက်သောအခါ ကြာတော့လည်း ပျင်းသွားသည်။ စိတ်ဝင်စားမှု လျော့ပါးသွားသည်။ ဆက်ပြီး မလုပ်ဖြစ်တော့။
ယခုနှစ် သမီးကြီး ခုနစ်တန်းအောင်ပြီး ဒုတိယဆုရသည်။ ထိုအတန်း ဒုတိယဆုသာမက၊ ပြီးသည့် လေး ငါး ခြောက်တန်း နှစ်များကလည်း ပထမဆု၊ တတိယဆု၊ ဒုတိယဆု စသည်ဖြင့် တစ်ခုခု ရခဲ့သည်။ သို့ရာတွင် ထိုနှစ်များက အကြောင်းကြောင်းများကြောင့် ဆုပေးပွဲ မကျင်းပနိုင်ခဲ့။ ယခု ခုနစ်တန်း အောင်သည့်နှစ်ကျမှ စုပေါင်း၍ ဆုပေးပွဲ ကျင်းပမည် ဖြစ်သည်။
သမီးက ပျော်နေသည်။ အမေလုပ်သူက သူ့သမီးကို ဂုဏ်ယူမဆုံး ဖြစ်နေသည်။ သမီးရော အမေရော တက်တက်ကြွကြွ။ မတက်ကြွနိုင်သူမှာ သူဖြစ်သည်။ ဆုတက်ယူဖို့ ဝတ်စုံသစ် တစ်စုံ ဝယ်ပေးမည်ဟု ဆိုသည်။ အဝတ်အစားက ကောင်းကောင်း မရှိတော့။ ကျောင်းစိမ်းဝတ်စုံကလေးမှာ နွမ်းလျရိလှပြီ။ အမေလုပ်သူကလည်း ရိလှပြီ။ အမေလုပ်သူကလည်း ဝယ်ပေးဖို့ တိုက်တွန်းနေသည်။ ငွေပိုငွေလျှံရယ်လို့ သူ့မှာမရှိ။ တစ်အိမ်လုံးမှာလည်း မရှိ။ ရောင်းချ ပေါင်နှံစရာလည်း မရှိ။
အကြွေးကလည်း တော်တော်များများ တင်နေသည်။ ဟိုလူ့ဆီက နည်းနည်းချေးလိုက်၊ ဒီလူ့ဆီက နည်းနည်းငှားလိုက်ဖြင့် ကြာတော့ ပြန်မဆပ်နိုင်သည့် အကြွေးတွေက များလာသည်။ ဘဝတစ်လျှောက်လုံးတွင် စီးပွားဥစ္စာ ဖြစ်ထွန်းမည့် လုပ်ငန်း ကြီးကြီးကျယ်ကျယ်လည်း တစ်ခါမျှ မလုပ်ခဲ့ဖူးသည့် အလျောက် သူ့မိသားစုနှင့် ဝင်ငွေမှာ မမျှဘဲ ဖြစ်နေသည်။ လုပ်ငန်း ကြီးကြီးကျယ်ကျယ် မလုပ်ကိုင်ဖူးသည့်တိုင် စိတ်ကူး ကြီးကြီးကျယ်ကျယ်များတော့ သူ့ဦးနှောက်ထဲ အမြဲတမ်း ရှိပါသည်။ ရွှေဖြစ်၊ ငွေဖြစ် နည်းလမ်းတွေ သူ့မှာ အများကြီးရှိသည်။ အမေလုပ်သူနှင့် သမီးက သူစာဖတ်နေသည့်အနား လာထိုင်သည်။ အစည်းအဝေး စတင်ကျင်းပသည့်။သဘော။
“ကဲ– ဘယ်လိုလဲ ဖေဖေကြီး၊ ပိုက်ဆံ ပိုက်ဆံ”
မိန်းမက ဆော်သြသည်။ သူ မလှုပ်နိုင်၊ စာအုပ်ကို ဖတ်ချင်ဟန်ဆောင်ပြီး စဉ်းစားခန်း ဝင်နေမိသည်။
“ရှိတာပဲ ဝတ်သွားပေါ့ကွာ”
“ဟာ… ဖေဖေကြီးကလည်း ဒီအဟောင်းကြီးပဲ ဝတ်ရမှာလား၊ ပြီးတော့ ဒါက ကျောင်းစိမ်းကြီး၊ ဒီလိုနေ့မျိုးမှာ ဘယ်သူမှ ကျောင်းစိမ်းဝတ်လာမှာ မဟုတ်ဘူး၊ သဲသဲဦးတို့က ဂျင်းစကတ် ဝတ်ခဲ့မှာတဲ့”
သမီးက စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် ညည်းတွားသည်။ အမေလုပ်သူကတော့ မျက်စောင်း တစ်ခဲခဲနှင့်။ အင်း… တစ်ခုခုတော့ လုပ်မှ။
“ဆု ယူမနေပါနဲ့တော့ကွာ”
“ဘယ်လို … ဘယ်လို”
“ဟာဗျာ ဖေဖေကြီးကလဲ”
နှစ်ယောက်စလုံး၏ အသံမှာ စိတ်ပျက်မှုများ ပေါ်နေ၏။ တောက်တဲ့တွေလည်း အခုတလော အော်သံမကြားရ။
“ယန်းပေါဆတ်တောင် နိုဘယ်ဆုကြီးကို ငြင်းပယ်ခဲ့သေးတာပဲ၊ သမီးလည်း ဒီဆုလောက်တော့ မက်မနေစမ်းပါနဲ့ကွာ”
ပြောမိပြောရာ ပြောချလိုက်မိသည်။
မိန်းမအသံက နည်းနည်းပိုပြီး မြင့်တက်လာသည်။ သမီးကတော့ ဘာမျှမပြောတော့။ ငိုမဲ့မဲ့ ဖြစ်နေသည်။ အင်း မဟုတ်သေးပါဘူး။ တစ်ခုခုတော့ ကြံဖန်ဦးမှ။ ကလေး စိတ်ဓာတ်ကျသွားလိမ့်မယ်။
“ရပါတယ်ကွာ၊ သမီးကို ဖေဖေစတာပါ” ဆိုပြီး သမီးကို ချော့ရသည်။
ညနေ သူ အပြင်မှ ပြန်လာတော့ သူ့အိတ်ကပ်ထဲ ငွေငါးရာပါ လာသည်။ သမီးက စာဖတ်နေရာမှ မော့ကြည့်ပြီး ခေါင်းပြန်ငုံ့ကာ စာ ဆက်ဖတ်နေသည်။ မိန်းမကတော့ ဘယ်လိုလဲဟူသော မျက်နှာပေးဖြင့် ထလာပြီး သူ့အနီး လာထိုင်သည်။
“ကဲ… ရော့ကွာ ငွေငါးရာ၊ ကြည့်သာ ဝယ်ပေးလိုက်ပေတော့”
မိန်းမက ပိုက်ဆံများကို အသေအချာ ရေတွက်စစ်ဆေးပြီး အိတ်ကပ်ထဲ ထည့်သည်။ ပြီးမှ သူ့မျက်နှာကို စိုက်ကြည့်ပြီး မေးသည်။
“ဒါက ဘယ်သူ့ဆီက ချေးလာတာတုံး”
စစ်ဆေးရေး ဝင်နေပြန်သည်။ သူ မဖြေချင်ပါ။ ပိုက်ဆံ ရှာပြီးလျှင် ပိုက်ဆံအကြာင်း ဆက်ပြောမနေတော့။ နှစ်ခါ အမောမခံချင်။
“ဘယ်သူ့ဆီကဆိုတာ အရေးမကြီးပါဘူးကွာ။ ပိုက်ဆံရ ပြီးရောမဟုတ်လား”
“ဟုတ်ပါတယ်၊ ဘယ်သူ့ဆီကဆိုတာ အရေးမကြီးပါဘူး၊ ထားပါတော့။ ဒါပေမယ့် အမြဲတမ်း သူများဆီက ပိုက်ဆံချေးပြီး ဖြေရှင်းနေတဲ့ နည်းဟာ ရေရှည်မှာ မလွယ်ဘူးမို့လား”
မိန်းမ၏ လေးနက်နေမှုက သူ့ကို မအီမသာ ဖြစ်စေပြန်သည်။
“ဘင်ဂျမင်ဖရင်ကလင် ပြောသလိုပေါ့ကွာ၊ ငွေရဲ့ တန်ဖိုးကို သိချင်ရင် တစ်စုံတစ်ယောက်ဆီ သွားပြီး ငွေချေးကြည့်တဲ့၊ ငါလည်း”
“တော်စမ်းပါ၊ ဘယ်က ဘင်ဂျမင်လဲ …။ ပေါက်တတ်ကရတွေ”
မိန်းမက စိတ်မရှည်သလိုပြောတော့ သူ ရယ်မောပစ်လိုက်ရသည်။ ငွေရေးကြေးရေး ကိစ္စနှင့် တစ်ဆက်တည်းပင် ဂုဏ်သိက္ခာပိုင်းတွင်လည်း သူ အရည်ပျော်ခဲ့ရသည်များ မကြာခဏ ကြုံရပါတော့သည်။
ဟိုတလောဆီက သူ့မွေးရပ်ဇာတိမှ ဧည့်သည့်နှစ်ဦး ရောက်လာသည်။ ရွာဘုန်းကြီးကျောင်း အုတ်တံတိုင်း ဆောက်လုပ်နေသည့် အတွက် ရပ်ရွာရှိ ဒါယကာ ဒါယိကာမများထံမှ အလှူငွေ ကောက်ခံသည်။ မြို့မှာနေသည့် ရွာသားများထံမှလည်း အလှူငွေပါဝင်ဖို့ လိုအပ်နေသည်ဟု ဆိုသည်။ ရွာမှ နေသူများကိုတော့ တစ်ဦး ဘယ်မျှစီဟု ကြေးသတ်မှတ်၍ အလှူခံသည်။ မြို့မှာ နေသူများကိုတော့ ကြေးမသတ်မှတ်။ စေတနာအလျောက် လှူဒါန်းနိုင်သည်။ သို့သော် ကောက်ခံပြီးသမျှ အခြားသူများ၏ အလှူငွေ ကိန်းဂဏန်းမှာ သုံးရာကျပ်၊ ငါးရာကျပ် စသည်ဖြင့် အသီးသီး ရှိကြသည်။ တစ်ရာကျပ်လှူသူ တစ်ဦးသာပါသည်။ သူ့အနေဖြင့်လည်း တစ်ရာကျပ်တော့ အနည်းဆုံး လှူသင့်ကြောင်း ရှင်းပြနေသည်ကို ငြိမ်သက်စွာ နားထောင်နေမိသည်။ နောက်ဆုံးတွင်မှ သူ့တွင် အခုလောလောဆယ် မပြေလည်သေး၍ နောက်မှ လှူဒါန်းပါမည့်အကြောင်း တောင်းတောင်းပန်ပန် ပြောဆိုလိုက်ရသည်။
မိမိ ဇာတိရပ်ရွာနှင့် ပတ်သက်၍ အခြားကိစ္စများပါ အမှတ်ရမိပြန်သည်။ ဟိုတစ်ကြိမ်တုန်းကလည်း သူ၏ ငယ်ဆရာ ဘုန်းတော်ကြီး ပျံလွန်တော်မူ၍ ဘုန်းကြီးပျံ ပွဲတော်အတွက် အလှူငွေ ကောက်ခံသည်။ ထိုအချိန်ကလည်း မလှူဒါန်းဖြစ်ခဲ့။ လွန်ခဲ့သည့် ငါးနှစ်ကျော်ကျော်က မိခင်ကြီး ဆုံးပါးသွားသည်။ အမေ၏ တစ်ဦးတည်း ကျန်ရှိသည့် သားတစ်ယောက်ဖြစ်သူ သူ့အား အုတ်ဂူတစ်ခု ပြုလုပ်ဖို့ ဆွေမျိုးသားချင်းများက တိုက်တွန်းခဲ့သည်ကို အကြွေးထားပစ်ခဲ့ရသည်။ အဆင်ပြေသည့် အချိန်တွင် လာရောက်ပြုလုပ်ပါမည် ဟု ကတိခံခဲ့သည်။ ယခုအချိန်ထိ ရွာသို့ လုံးဝ ပြန်မရောက်။ အစ်ကိုကြီး ဖြစ်သူနှင့် အစ်မတို့ ဆုံးပါးသွားကြပြီ။ ယောက်ဖဖြစ်သူနှင့် မရီးဖြစ်သူတို့မှာ မုဆိုးဖိုနှင့် မုဆိုးမများအဖြစ် ကျန်ရစ်ခဲ့သည်။ ကလေးတွေနှင့် ဒုက္ခရောက်ပြီး ကျန်ရစ်ခဲ့သည်။ သူတို့မိသားစုများကို ထောက်ပံ့ကူညီဖို့ ဝတ္တရားရှိသော်လည်း တာဝန်မကျေပွန်ခဲ့။
လက်ရှိ အခြေအနေထက် ပိုမိုကောင်းမွန် တိုးတက်မည့် လုပ်ငန်းတစ်ခုခုကို လုပ်လိုသော်လည်း စိတ်ကူးရင်း စိတ်ကူးရင်းဖြင့်သာ တစ်နေ့ပြီး တစ်နေ့ ကုန်လွန်သွားတော့သည်။
နောက်နှစ်ဆိုလျှင် သားတော်မောင် လေးတန်းရောက်တော့မည်။ လေးတန်း ရောက်တော့သည်က အကြောင်းမဟုတ်။ အသက်က ကြီးကြီးလာပြီ။ ယောက္ခမဖြစ်သူ အဘိုးကြီးနှင့် အဘွားကြီးတို့က သူတို့မြေးကို ရှင်ပြုအလှူပေးဖို့ ခဏခဏ တိုက်တွန်းနေသည်။ သူတို့က ဦးဆောင်ပြီး လှူဒါန်းရအောင်ကလည်း သူတို့မှာ အင်အားမရှိ။ ရှင်ပြုအလှူပေး သာမဏေဘောင်သို့ ချီးမြှင့်ပေးရမည်မှာ ဗုဒ္ဓဘာသာဝင် မိဘတိုင်း၏ တာဝန်ပင် မဟုတ်ပါလား။ အလှူရေစက် လက်နှင့်မကွာ ရှိရမည်မှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း၏ ဓလေ့ထုံးစံပင် မဟုတ်ပါလား။
ဟိုတစ်နေ့ညနေ သူအလုပ်မှ ပြန်လာချိန်တွင် သူ့အိမ်၌ ထူးခြားမှုတစ်ခုကို ကြုံတွေ့ ရသည်။ သူ့အိမ်နောက်ဖေးတွင် ညောင်ပင်အိုကြီးတစ်ပင် ရှိသည်။ ရှေးယခင်က ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထား ကိုးကွယ်ခဲ့သည့် တန်ခိုးကြီး နတ်တစ်ပါး စောင့်ရှောက်သည်ဟု ဆိုစမှတ် ရှိခဲ့ကြသည်။ ရှေးယခင်က ထိုညောင်ပင်၏ ခြေရင်းတွင် အမြစ်များမှတစ်ပါး ဘာမျှမရှိသော်လည်း ထိုနေ့က ညောင်ပင်ခြေရင်းတွင် နှစ်ပေခန့် အမြင့်ရှိပြီး တစ်ပေခန့် ကျယ်ဝန်းသည့် အုတ်ရိုးတစ်ခု ညောင်ပင်ကို ပတ်ဝိုင်းပြီး တည်ဆောက်ထားကြောင်း တွေ့ရသည်။ ဆက်လက်တည် ဆောက်ရန် အုတ်ပုံတစ်ပုံနှင့် ထုံး၊ သဲ၊ ဘိလပ်မြေများကို တွေ့ ရသည်။ ညောင်ပင်တောင်ဘက် မျက်နှာစာတွင် ရုပ်တု တည်ထားကိုးကွယ်ရန် နတ်ကွန်းသဘော အဆောက်အအုံ သေးသေးတစ်ခု ပါရှိသည်။
ညကျတော့ မိန်းမက သူ့ကိုရှင်းပြသည်။
အရှေ့ဘက် တိုက်အိမ်ကြီးက လာပြီး ဆောက်လိုက်တာလေ၊ သိပ်တန်ခိုးကြီးတဲ့ နတ်ဆိုပဲ။ သူတို့လည်း ဒီညောင်ပင်ကို ကိုးကွယ်ပြီး ဆုတောင်းခဲ့လို့ လုပ်ငန်းတွေ မတရား အောင်မြင်တာမို့ ဒီအုတ်ခုံနဲ့ နတ်ကွန်း လာဆောက်ပေးတာ။ အေးလည်း အမွှေးတိုင်နဲ့ဆီမီး ပူဇော်ထားခဲ့တယ်၊ လိုတဲ့ဆုလည်း တောင်းခဲ့တယ်။ အစ်ကိုလည်း နေ့စဉ် ရှိခိုးအာရုံ ပြုပြီး ဆုတောင်းသိလား”
ထိုနေ့မှစပြီး ညောင်ပင်နတ်ကွန်းတွင် အမွှေးတိုင်များ၊ ဖယောင်း ဆီမီးများ၊ မုန့်ပဲသားရေစာများ စဉ်ဆက်မပြတ် ရှိနေတတ်သည်။ သူ့မိန်းမ အတန်တန် တိုက်တွန်းသည့် ကြားကပင် သူကတော့ ထိုညောင်ပင်ကို ရှိခိုး ဆုတောင်းရမှာ ခက်နေသည်။ ပြီးတော့ ထိုသို့ပြုလုပ်ရမှာ သူ ရှက်လည်း ရှက်သလိုပင်။ “ဟာကွာ – ငါတို့က ဗုဒ္ဓဘာသာတွေပဲ၊ နတ်တွေကို ကိုးကွယ်ဖို့ မလိုပါဘူး။ ပြီးတော့ ဒါက နတ်တောင်မှ မြန်မာနတ် မဟုတ်ဘူး။ ကုလားနတ်ကွ သိလား” ဟု ဆိုပြီး ငြင်းဆန်နေမိသည်။
ဟိုတလောတုန်းကလည်း ပန်းပုဆရာကတော် လက်ဆောင် ပေးလိုက်သည် ဆိုပြီး မိန်းမယူလာသည့် မဟိန္ဒရာ သူတော်စင်၏ ပလာစတာ ပုံတော်တစ်ခု ဘုရားစင်ဘေးမှ စင်ပေါ်မှာ ရှိပြီးမဟုတ်လား။ ထိုသူ တော်စင်သည် ကိုးကွယ်သူ မှန်သမျှအား ဆုတောင်းတိုင်း ပြည့်၍ ကောင်းကျိုးချမ်းသာနှင့် ပြည့်စုံစေသည်ဟု ဆိုသည်။
သို့ရာတွင် ယခုအချိန်ထိတော့ ထိုမဟိန္ဒရာ သူတော်စင်က သူ့အား တစ်စုံတစ်ရာ ကောင်းကျိုးမပေးသေးပါ။ ဘယ်မှာ ပေးလိမ့်မည်နည်း။ သူတော်စင်က အရက်သေစာ သောက်စားခြင်းကို မကြိုက်။ သူက သူတော်စင် စံမြန်းသည့် အောက်တည့်တည့်တွင် အရက်တစ်ပုလင်းလောက် ကုန်အောင် ထိုင်သောက်နေတတ်သည်။ ပုလင်းထဲ အရက်ကုန်လို့ မူးပြီဆိုမှ မူးမူးရူးရူးဖြင့် သူတော်စင်အား ငိုကြွေးတောင်းပန်တတ်သည်။ တပည့်တော် လူမိုက်ပါ၊ သောက်မိပါသည် ဘုရား၊ တပည့်တော် လူမိုက်အား သနားခွင့်လွှတ်သော အားဖြင့် မူးရူးနေသော်လည်း သူများလောက် မဟုတ်တောင် နည်းနည်းပါးပါး (နည်းနည်းဆိုသော်လည်း သိပ်တော့ မနည်းဘဲ) ပေးသနားတော်မူပါဘုရား စသည်ဖြင့် သူလိုချင်သမျှ ဆန္ဒတွေကို တောင်းဆိုတတ်သည်။ သူလိုချင်သမျှ ဆန္ဒများ၏ တစ်ဝက်မျှ မကုန်သေးမီပင် အိပ်ပျော်သွားတော့သည်။
ဤသို့ဖြင့် လူ့ဘဝသံသရာကြီး လည်ပတ်နေခဲ့သည်။ ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံ ဟု အရူးတစ်ယောက်လို သူ့နှုတ်မှ တတွတ်တွတ် ရေရွတ် မိနေတတ်သည်။ နေမင်းပိုင်စိုး ရေးသည့် ‘ပိုက်ဆံမရှိခြင်းနှင့် အခြားရောဂါများ’ ဟူသော မကောင်းဆိုးဝါး ကဗျာတစ်ပုဒ်ကိုလည်း သူဖတ်ဖူးသည်။ ပိုက်ဆံရနိုင်မည် ဆိုသည့် နည်းလမ်း တော်တော်များများကို လိုက်ရှာဖူးသည်။ လက်တွေ့ကျကျတော့ မဟုတ်လှ။ သေနတ်နှင့် ပစ်လျှင် ကျည်ဆန်မထွက်နိုင်ဟု ဆိုသော မိုးကြိုးသွားအစစ်တို့၊ ချိုး အမတေဥတို့ ဆိုတာတွေကို လိုက်ရှာဖူးသည်။ တစ်ခုမှ အဆင်မပြေခဲ့။
ဟိုနေ့မနက် လက်ဖက်ရည်ဆိုင် ထိုင်ရင်း သူနှင့် သူ့မိတ်ဆွေတို့ သေနတ်ပြီးသည့် လက်ဖွဲ့အကြောင်း ပြောရင်းမှ ကဝေသာရကျမ်း အကြောင်း ရောက်သွားသည်။ ကဝေသာရကျမ်း အကြောင်း ပြောရင်းမှ အာဒိကပ္ပကျမ်းလာ ဓါတ်တိုင်ထူပုံ အကြောင်း ရောက်သွားပြန်သည်။ ဓာတ်တိုင်ထူပုံ အကြောင်း ပြောရင်းမှ ပဉ္စပွတ်တိုင် ထူရာတွင် အသုံးပြုရမည့် လင်္ကာနှင့် ပတ်သက်ပြီး သူတို့နှစ်ဦး အငြင်းပွားကြသည်။ ပဉ္စပွတ် ဓာတ်တိုင်ထူရမည့် လင်္ကာမှာ (နှော, ဇံ, သီး, ခါ, မှည့်, ဦး, ဓာ) ဖြစ်ကြောင်း သူကပြောတော့ သူ့မိတ်ဆွေက မဟုတ်ကြောင်း ငြင်းသည်။ (ဝါ, ဦး, မှည့်, ကင်း, သီး, ဆံ, ကင်း) ဖြစ်ကြောင်း သူ့မိတ်ဆွေက အခိုင်အမာဆိုသည်။
သူတို့နှစ်ဦး၏ အငြင်းပွားမှုမှာ တစ်ဆိုင်လုံးရှိ လူများက အာရုံစိုက်လာရသည်ထိ ဖြစ်သည်။ အာရုံ စိုက်လာကြသော်လည်း သူတို့ နားမလည်နိုင်သည့် အကြောင်းအရာ ဖြစ်သောကြောင့် တစ်စုံတစ်ရာ ဝင်ရောက် ဆွေးနွေးခြင်း မပြုကြ။ သူတို့၏ လေယူလေသိမ်းများ အဆုံးထိ မြင့်တက်နေသော်လည်း ဆိုင်ရှင်အဘိုးကြီးက သူတို့ကို မောင်းမထုတ်။ သဘောပင် ကျနေသည်။ သူတို့ စကားဝိုင်း ပြီးသွားမှာ စိုးရိမ်နေသည်။ နောက်ဆုံး သူတို့ စကားဝိုင်း မြွေမသေ တုတ်မကျိုးဖြင့် ပြီးဆုံး၍ လူချင်းခွဲ ထပြန်ကြသောအခါ နေ့လည် ဆယ့်နှစ်နာရီပင် ထိုးနေပြီ။ ထိုအခါကျမှ သူအိမ်မှ ထွက်လာခဲ့သည်မှာ နံနက် ခုနစ်နာရီ ကတည်းက ဖြစ်ကြောင်း၊ မိန်းမက လောလောဆယ် ထမင်းချက်ဖို့ ဆန်ဝယ်ခိုင်းလိုက်ခြင်း ဖြစ်ကြောင်း အမှတ်ရသည်။
လက်ဖက်ရည်ဖိုး ရှင်းပြီးသောအခါ မိန်းမဝယ်ခိုင်းလိုက်သော ဆန်ဖိုးထဲမှ ပိုက်ဆံ အနည်းငယ် လျော့သွားသည်။ ဆန် နှစ်ပြည်ဝယ်ရန် ဖြစ်သော်လည်း တစ်ပြည်ခွဲသာ ဝယ်လိုက်နိုင်သည်။
မနေ့ညတုန်းကတော့ သူတစ်ယောက်တည်း အိပ်မပျော်ဘဲ ဖြစ်နေသည်။ ပိုက်ဆံအကြောင်း တောင်တွေးမြောက်တွေးဖြင့် စိတ်ဂယောက်ဂယက် ဖြစ်နေသည်။ အိမ်နောက်ဖေး လှေကားထစ်မှာ ထိုင်ပြီး အတွေး နယ်လွန်မိသည်။
ထိုစဉ် ညောင်ပင်နတ်ကွန်းထဲ၌ ညက တစ်စုံတစ်ယောက် ထွန်းညှိ ပူဇော်ထားသည့် ဖယောင်းတိုင် ငုတ်တိုမှာ မီးမငြိမ်းတတ်သေး။ တရှိန်ရှိန် လောင်မြိုက်နေဆဲ ဖြစ်သည်။ ထို ဖယောင်းတိုင်ငုတ်တိုနှင့် နတ်ကွန်းက သူ့စိတ်အာရုံကို ဆွဲဆောင်လျက် ရှိသည်။ ထို ညောင်ပင်စောင့်နတ်အား ယုံကြည်ကိုးကွယ်သည့် အရှေ့ဘက်အိမ်မှ တိုက်မြင့်မြင့်ကြီး ခန့်ညားထယ်ဝါစွာ မိုးသို့ မြင့်တက်လျက် ရှိသည်။
အင်း… ငါ ယုံယုံကြည်ကြည် ကိုးကွယ်လိုက်ရင်လည်း ညောင်စောင့်နတ်က ငါ့ကို တစ်စုံတစ်ရာ ကောင်းကျိုးပေးမှာပဲ။ သူ တွေးသည်။ တွေးရင်း တွေးရင်း သူ့ခြေလှမ်းတွေက ညောင်ပင်နတ်ကွန်းဆီသို့ စတင် ခြေလှမ်းမိသည်။ လူတော်တော်များများ ညောင်ပင်စောင့်နတ်အား ကိုးကွယ်ပသ ကြသော်လည်း သူ မကိုးကွယ်ခဲ့သည်ကို လူအများ သိသည်။ မိန်းမကို ပြောထားဖူးသည့် စကားတွေလည်း ရှိသည်။ အို ငါ ရှိခိုးနေတာ ဘယ်သူ မြင်မှာလိုက်လို့ ။ အားလုံး အိပ်ကုန်ပြီ။ မြင်တော့ ဘာဖြစ်လဲကွာ၊ ကဲ– ငါ ကိုးကွယ်ချင်လို့ ကိုးကွယ်တာ။ သူသည် သူ့စိတ်အာရုံ တစ်ခုလုံးကို နှစ်မြှုပ်ပြီး ညောင်ပင်နတ်ကွန်းရှေ့သို့ ဒူးတုပ်ထိုင်ကာ ရှိခိုးလျက် ဆုတောင်း ရွတ်ဆိုမိတော့သည်။
“အသင် ညောင်စောင့်နတ်မင်း၊ ကျွန်ုပ်အား မစတော်မူပါ။ ကူညီစောင့်ရှောက်တော်မူပါ။ ပိုက်ဆံတွေ အများကြီး ပေးသနားပါ။ ကျွန်ုပ်မှာ အကြွေးတွေ အများကြီး တင်နေပါသည်။ သံသရာ အပေါ်မှာလည်း အကြွေးတင်နေပါသည်။ တမလွန်ဘဝ ရောက်နေသည့် အမိအဖများအပေါ် တင်ရှိနေသည့် အကြွေးများလည်း မဆပ်ရသေးပါ။ သားသမီး အပေါ်လည်း တာဝန်မကျေသေးပါ။ အသင် ညောင်စောင့်နတ်မင်း ကျွန်ုပ်အား ပိုက်ဆံတွေ များများကြီး မစပါ။ ကျွန်ုပ်နေထိုင်သည့် မြို့အပေါ်မှာလည်း အကြွေးတွေ တင်နေပါသည်။ ကျွန်ုပ်အား မွေးဖွားခဲ့သည့် ဇာတိရပ်ရွာ အပေါ်မှာလည်း အကြွေးတွေ ပေးဆပ်စရာ ရှိပါသည်။ ဆွေမျိုးသားချင်း မိတ်ဆွေ သူငယ်ချင်းများ အပေါ်မှာလည်း အကြွေးပေးစရာ ရှိပါသည်။ အသင်နတ်မင်း ကျွန်ုပ်အား သိန်းထီတွေ အများကြီး ပေါက်အောင် မစတော်မူပါ”
စိတ်ပါ လက်ပါ ရွတ်ဆို ဆုတောင်းနေမိသည်မှာ အရုဏ်ဦး ကြက်များ တွန်ကျူးပြီးနောက် အရှေ့ဆီမှ ရောင်နီပျိုးလာသည်ကိုပင် သူ သတိမထားမိ။ ထိုအချိန်တွင် ညောင်ပင်ထိပ်ဖျားမှ တစ်စုံတစ်ရာသော အသံကို သူ့နားထဲမှ ကြားလိုက်ရသည်။ တောက်… တောက်… တောက်… တောက်။ ဟင်… တောက်တဲ့သံပါလား။ ထိုအသံသည် တစ်ခါက နားထဲစွဲခဲ့ဖူးသည့် အသံပင် မဟုတ်ပါလား။ သူ့အာရုံများ အလိုလို စုစည်းပြီး ဖြစ်သွားသည်။ တောက်တဲ့ အော်တော့မည်။ အော်တော့မည်။ တောက်တဲ့၏ နောက်တစ်ကြိမ် အသံစမ်းမည့် အချိန်ကို ရင်မောစွာ စောင့်နေဆဲမှာပင် ဒုတိယအကြိမ် ထွက်ပေါ်လာပြီး ပြီးဆုံးသွားသည်။
တောက်တဲ့… တစ်၊ တောက်တဲ့… နှစ်၊ တောက်တဲ့… သုံး၊ တောက်တဲ့… လေး၊ တောက်တဲ့… ငါး၊ တောက်တဲ့… ခြောက်၊ တောက်တဲ့… ခုနစ်၊ တောက်တဲ့… ရှစ်၊ တောက်တဲ့… ကိုး။
ဟာ ဟုတ်ပြီ။ ရပ်သွားပြီ။
အလိုအလျောက် လေထဲ မြောက်တက်သွားသလို ခုန်ထလိုက်မိသည်။ မိန်းမရေ … မိန်းမရေဟု အော်ခေါ်ပြီး အိမ်ပေါ် အပြေးတက်ခဲ့သည်။ မိန်းမကို ပြေးနှိုးသည်။ သူ ပထမဆုံး အော်လိုက်ချိန် ကတည်းက မိန်းမက နိုးနှင့်နေပါပြီ။ ခြင်ထောင်အပြင်ဘက် ရောက်နေသည့် မိန်းမကို ဝမ်းသာအားရ ပွေ့ဖက်လိုက်သည်။ “ကိုးကြိမ်တိတိနဲ့ ကြုံပြီ၊ ကြုံပြီ၊ မိန်းမရေ ပွပြီကွ” ဟု အားရဝမ်းသာ ပြောမိသည်။
“ဟုတ်လား”
မိန်းမကလည်း သူ့လိုပင် ဝမ်းသာနေသည်။ ဝမ်းမသာဘဲ နေပါ့မလား။ သူ အနှစ်နှစ် အလလ စောင့်မျှော်နေခဲ့သည်ကို မိန်းမလည်း အသိပင်။
“ဝမ်းသာလိုက်တာ အစ်ကိုရယ်၊ ဘယ်မှာလဲ အစ်ကို ဘာကို ကိုင်ထားလိုက်သလဲ၊ ပြစမ်း ... ပြစမ်း”
“ဟင်”
သူ့လက်ထဲတွင် တစ်စုံတစ်ရာ ဆုပ်ကိုင်မထားမိကြောင်း အခုမှ သိသည်။
◾
အလွှာကိုးရဲ့ ခေါင်မိုးပေါ်မှာ
ရန်ကုန်မြို့တော်ကြီးရဲ့ တိုက်ခေါင်မိုး အမြင့်ကြီး တစ်ခုပေါ်မှာ ဖေဖေ ရောက်နေတယ်။ အဲဒီ တိုက်အမြင့်ကြီးဟာ အလွှာကိုးခု ရှိတယ်ကွယ့်။ သည်လမ်းထဲမှာတော့ သည်တိုက်ကြီးဟာ အမြင့်ဆုံးပါပဲ။ အဲဒီ အလွှာကိုးရဲ့ ထပ်ခိုးပေါ်ကနေ တစ်ဆင့်တက်ပြီး ခေါင်းမိုးတံခါးကို ဖွင့်ကြည့်လိုက်ရင် ရန်ကုန်မြို့တော်ကြီးရဲ့ အခြား အဆောက်အဦးတွေကို မြင်ရတာပေါ့။
မလှမ်းမကမ်းမှာ ဆူးလေစေတီတော်မြတ်ကြီး ရှိတယ်။ သွပ်မိုး မည်းမည်းတွေနဲ့ ဟောင်းနွမ်းတဲ့ တိုက်ခန်းတွေလည်း ရှိတယ်။ ချွန်ချွန် ထက်ထက် ဘုရားရှိခိုးကျောင်းတွေ၊ အစိုးရ အဆောက်အဦးတွေနဲ့ လူနေတိုက်ခန်းတွေဟာ အနိမ့်အမြင့် မညီညာဘဲ ရှိနေတာပေါ့။ အခု ဖေဖေ ထိုင်နေတဲ့ တိုက်ခေါင်မိုးကြီးထက် ပိုမြင့်တဲ့ ခပ်လှမ်းလှမ်းက အဆောက်အဦးကြီး တစ်ခုပေါ်မှာ ဝန်ချီစက်ကြီးတွေနဲ့ ပြုပြင်တည်ဆောက် နေကြတယ်။ တိုက်ခေါင်မိုးပေါ်က တီဗွီဧရိယာတိုင်တွေ၊ စလောင်းတွေ၊ ပန်းရံ အလုပ်သမားတွေ၊ သစ်သားငြမ်း ထိုးထိုးထောင်ထောင်တွေဟာ မျက်စိ တစ်ဆုံးပဲပေါ့။ ဟိုခပ်လှမ်းလှမ်းမှာ ရွှေတိဂုံ စေတီတော်မြတ်ကြီးဟာ သပ္ပာယ်ကြည်ညိုစရာ ကောင်းလှစွာ ဝင်းပြောင်လို့နေတယ်။ မြေပြင်လမ်းမတွေပေါ်မှာတော့ မော်တော်ကားမျိုးစုံဟာ တဝေါဝေါ မောင်းနှင်လို့ပေါ့ကွယ်။ အခြား တိုက်ခန်းတွေရှေ့မှာလည်း သွယ်တန်းထားတဲ့ အဝတ်ကြိုးတန်းတွေ၊ ဓာတ်ကြိုးတွေနဲ့ ကြော်ငြာဆိုင်းဘုတ်တွေဟာ အစီအရီပါပဲ။
သည်အကြောင်းတွေ သမီးကို ရေးပြနေပေမယ့် တကယ်တော့ ဖေဖေ့ရင်ထဲ ခံစားနေရတာဟာ သမီးတို့ မောင်နှမတစ်တွေနဲ့ သမီးတို့ရဲ့ မေမေကြီးကိုပါကွယ်။ တစ်နည်းပြောရရင်တော့ ရန်ကုန်မြို့ကြီးရဲ့ တိုက်ခေါင်မိုး မြင်ကွင်းတွေကို ကြည့်ရင်း ဖေဖေ သမီးတို့ကို လွမ်းနေတာ။ သမီးရေ ဖေဖေ ရန်ကုန်ရောက်နေတာ တစ်ပတ် ပြည့်တော့မယ်နော်။ တစ်ရက်မှ သမီးတို့ကို အမှတ်မရတဲ့နေ့ မရှိပါဘူးကွယ်။ အမှတ်ရတယ်။ လွမ်းတယ်။ လွမ်းတယ်ဆိုတာထက် ကြေကွဲနာကျင်နေရတယ် ဆိုရင် ပိုပြီးမှန်မှာပါ။ သမီးတို့ ကျန်းကျန်းမာမာနဲ့ နေထိုင်ကောင်းကြမယ် ဆိုတာ ဖေဖေ ယုံကြည်ပါတယ်။ ဒါပေမယ့် ဖေဖေမရှိတဲ့ ရက်တွေမှာ သမီးနဲ့ မေမေကြီးတို့ အလုပ်တွေ သိပ်များနေမယ်ဆိုတာ တွေးမိပြီး စိတ်မကောင်း ဖြစ်ရတယ်။
ဖေဖေ ထွက်လာတုန်းက လျှပ်စစ်မီးဖို ပျက်နေတယ် မဟုတ်လား။ သမီးတို့လည်း ပြင်တတ်ကြမှာ မဟုတ်ဘူးဆိုတာ ဖေဖေသိတယ်။ မီးသွေးဝယ်ပြီးသား အဆင်သင့် ရှိမှ ရှိပါ့မလား။ ထမင်းအိုးတည်ရင်း သမီး စာကျက်နေမယ် ဆိုတာ ဖေဖေ သိပါတယ်။ မေမေကြီးက ရေခပ် မယ်။ တလင်းပြင်မှာ အမှိုက်လှဲမယ်ပေါ့။ မောင်လေးနဲ့ ညီမလေးကို အလွယ်တကူ နှိုးမရလို့ သမီး ဒေါသဖြစ်မနေနဲ့နော်။ ညက ဟင်းကျန် မရှိရင် ထမင်းကြော်လေးပဲ စားသွားရလို့ ညီမလေး စိတ်ကောက်နေရင်လည်း ချော့ပေါ့ကွယ်။ ညီမလေးက ခုနစ်နာရီ ကျောင်းတက်ရမှာ ဆိုတော့ သမီးပဲ လိုက်ပို့ရမှာပေါ့။ ဖေဖေ့အလုပ်တွေ သမီးလုပ်နေရလို့ ပင်ပန်းနေမှာပဲ။ မေမေကြီးကတော့ အချိန်မီ ဈေးရောင်းထွက်နိုင်ဖို့ အတွက် ပြင်ရဆင်ရနဲ့ အလုပ်တွေ များနေမှာပေါ့လေ။
ဖေဖေကြီးဟာ အိမ်လွမ်းတတ်သူ မဟုတ်လေတော့ သမီးတို့ မေမေကြီးကတော့ ဖေဖေလွမ်းနေတယ် ဆိုတာ ယုံမှာ မဟုတ်ဘူးပေါ့လေ။ အင်း အခုဟာကတော့ ပြောခဲ့ပြီ မဟုတ်လား။ လွမ်းနေတယ် ဆိုတာထက် ကြေကွဲနာကျင်နေတာပါ သမီးရယ်။ အရင်အခေါက်တွေ အကြိမ်ကြိမ်ပဲ ဒီရန်ကုန်မြို့ကြီးကို ရောက်တိုင်း ဖေဖေဟာ အိမ်ကို မေ့သွားတတ်သူပါ။ ရန်ကုန်မြို့က မိတ်ဆွေတွေနဲ့ တွေ့။ မဂ္ဂဇင်းတိုက်တွေ လျှောက်သွား။ လက်ဖက်ရည်ဆိုင် ထိုင်ကြ။ အရက်ဆိုင်တွေ ရောက်တဲ့အခါလည်း ရောက်။ ဆူးလေ စေတီတော်မြတ်ကြီးကိုတော့ အနားကပဲ ကွေ့ကွေ့ပြီး ရှောင်သွား မိတတ်တယ်။ လှည်းတန်းဖက်က ဆိုင်ကလေးတွေမှာ ညစာစား။ အင်းလျား ကန်ဘောင်ရိုးပေါ် လမ်းလျှောက်။ (၃၃) လမ်း ဝန်းကျင်တစ်လျှောက် လူတွေထဲ တိုးဝှေ့ဖြတ်သန်းသွားလာ။ လေထန်ကုန်းမှာ အချိန်ဖြုန်း။ နေ့လည်စာ ထမင်းဆာပြီ ဆိုရင်တော့ ဦးစိမ်းနီရုံးဆီ အမြန် ချီတက်ရတာပေါ့။ ပြီးတော့ အားမာန်သစ် စာပေနဲ့ ကိုမြင့်မောင်ကျော်တို့ဆီ ရောက်သွား။ ကိုကျော်စိုးဝင်း လုပ်ငန်းတစ်ခုခုနဲ့ ကြုံတဲ့အခါ စိုးဒေဝီနဲ့ မိုးသီတာတို့ရှိရာ ပန်းဝေသီ မဂ္ဂဇင်းတိုက်ကို ရောက်တဲ့အခါလည်း ရောက်ပေါ့လေ။
နောက်ပြီးတော့ မေငြိမ်းတို့၊ ခက်မာတို့၊ မမွှေးတို့နဲ့ ဆုံပြီး လက်ဖက်ရည်ဆိုင် ပြန်ထိုင်ကြ။ ညပိုင်းကျတော့ (၄၂) လမ်း၊ ဒါမှမဟုတ် (၁၉) လမ်းက ဆိုင်တွေဆီ ရောက်ပြန်တာပေါ့။
သမီးရေ… ရန်ကုန်မြို့ကြီးကို ရောက်ပြီဆိုရင် သမီးတို့ကိုရော၊ မန္တလေးမြို့ကြီးပါ မေ့မေ့သွားတတ်တဲ့ ဖေဖေဟာ ခုတစ်ခေါက်တော့ သမီးတို့ကို သိပ်သတိရနေတယ်။ အဆင်မပြေမှုတွေနဲ့အတူ ထားပစ်ခဲ့ရတဲ့ သမီးတို့ကို သတိမရဘဲ နေပါ့မလားကွယ်။ ဖေဖေ့ရဲ့ မသေချာမှုတွေဟာ သမီးတို့အတွက် ဝေဒနာ ဖြစ်ရမယ်ဆိုရင် ဖေဖေ မနာကျင်ဘဲ နေနိုင်ပါ့မလား။ ဖေဖေ့ရဲ့ မပြေလည်မှုတွေကြောင့် သမီးတို့ဘဝတွေ သိမ်ငယ်ရတာ ဖေဖေ နားလည်ပါတယ်။ ဖေဖေမရှိတဲ့ ရက်တွေအတွင်းမှာ သမီးတို့အတွက် ပြည့်ပြည့်စုံစုံ မထားရစ်နိုင်ခဲ့တာ စိတ်မကောင်းပါဘူး။ ဒီအခြေအနေ၊ ဒီဘဝမျိုးတွေကို ဖေဖေ ဆုတ်ဖြဲပစ်ချင်တာပေါ့။ ဒါပေမယ့် ဖေဖေ့ရဲ့ ဘဝကြီးသာ အကြိမ်ကြိမ် ဆုတ်ဖြဲခဲ့ရတယ် မဟုတ်လား။
သမီးကရော ဖေဖေ့ကို လွမ်းနေသလားဟင်။ ဖေဖေ ငယ်ငယ်တုန်းကလည်း လွမ်းခဲ့ဖူးတာပေါ့။ ဒါပေမယ့် ဖေဖေလွမ်းခဲ့ရတာက ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဖေဖေ့ရဲ့ ဖေဖေကြီးကို ထာဝရ လွမ်းခဲ့ရတာပါ။ အခု သမီးလွမ်းနေတဲ့ သမီးရဲ့ ဖေဖေကြီးကတော့ မကြာခင်မှာပဲ သမီးဆီ အရောက်ပြန်လာနိုင်မှာပါ။
“ကလေးဘဝနဲ့ လူကြီးဘဝဆိုတာ အဝေးကြီးလား ဖေဖေ”
ဖေဖေရဲ့ အမေးကို အပြည့်အစုံ ဖြေမသွားနိုင်ရှာဘဲ လွတ်လပ်ရေး ရပြီးကာစ ခေတ်အပျက်ကြီးထဲက ညတစ်ညမှာ ဖေဖေရဲ့ ဖေဖေဟာ လောကကြီးကို စွန့်ခွာသွားခဲ့ရရှာတယ်။ ရွာရဲ့ အနောက်တောင်အရပ် တောင်ကမူအကြားက သေနတ်သံတွေဟာ ဖေဖေတို့ မိသားစုဘဝကို ပြိုကွဲသွားစေတဲ့ ပထမဦးဆုံး ကဏ္ဍတစ်ခုပေါ့။ ဖေဖေရဲ့ ကလေးဘဝဟာ တောတန်းခင်ပုတ်တွေ ကြားမှာ ကြီးပြင်းခဲ့ရတာပါ။ တောတန်း ခင်ပုတ်တွေရဲ့ အဆုံးမှာ နီညိုညို မွဲခြောက်ခြောက် တောင်ကုန်းတွေ အထပ်ထပ်ပေါ့။ အဲဒီ တောင်ကုန်းတွေရဲ့ ဟိုးအဝေးမှာတော့ ညို့မှိုင်း ပြာမှောင်နေတဲ့ ပုပ္ပားတောင်မြင့်ကြီး။ အဲဒီ တောင်တန်း ခင်ပုတ်တွေ နီညိုမွဲခြောက်နေတဲ့ တောင်ကုန်းတွေနဲ့ မှိုင်းညို့ပြာမှောင်နေတဲ့ ပုပ္ပားတောင်မြင့်ကြီးကို မကြာခင် ရွာချတော့မယ့် မိုးသားတွေ၊ တစ်ဝက်တစ်ပျက် ဖုံးအုပ်ထားတဲ့ ကားချပ်တစ်ခုကို ငေးမောကြည့်ရင်း ကမ္ဘာလောကကြီး အကြောင်း ဘာတစ်ခုမှ မသိဘဲ အတွေးနယ်ချဲ့နေတဲ့ ကလေးငယ် တစ်ယောက်ဟာ ဖေဖေကိုယ်တိုင်ပဲ ပေါ့ကွယ်။ အခု လွမ်းနေတဲ့ ဖေဖေရဲ့ နောက်ခံကားချပ် မှာတော့ တောင်တန်း ခင်ပုတ်တွေ မရှိပါဘူး။ နီညိုညို မွဲခြောက်တောင်ကုန်းတွေနဲ့ ညို့မှိုင်းမှိုင်း ပုပ္ပားတောင်မြင့်ကြီးလည်း မရှိလေဘူး။ ငှက်ကလေးတွေလည်း တေးသီ မနေကြဘူးလေ။ တဝေါဝေါ အသံမြည်ပြီး အပြင်း မောင်းနှင်နေကြတဲ့ မော်တော်ကားသံတွေနဲ့ တိုက်ခေါင်မိုး အမြင့်ကြီးရဲ့ တစ်ခုအပေါ်မှာ ဖေဖေ လွမ်းနေရတာပါ။ “အား” ကနဲ့ အသံမြည်ပြီး အမှတ်တမဲ့ ထိုးဆင်းလာတဲ့ ကျီးကန်းတစ်ကောင်သာ ဖေဖေ့ကို တွေ့ရှိပြီး အလန့်တကြား ပျံပြေးသွားလေရဲ့။
ဖေဖေရဲ့ ကိစ္စဝိစ္စတွေ အတန်အသင့် ဆောင်ရွက်ပြီးပါပြီ။ ပေးစရာရှိတဲ့ စာမူတွေလည်း ပေးပြီးပါပြီကွယ်။ လွတ်လပ်ရေးနေ့အတွက် သမီး ပြိုင်ပွဲဝင်ခဲ့တဲ့ ကဗျာလေးကိုလည်း သမီးရဲ့ဆန္ဒအတိုင်း ဒီနေ့ နေ့လည်ကပဲ မဂ္ဂဇင်းတိုက်ကို ပို့ပြီးပါပြီ။ ကိစ္စတော်တော်များများ ဆောင်ရွက်ပြီးပေမယ့် အဓိက လာရင်းဖြစ်တဲ့ ကိုဝင်းမင်းထွေးနဲ့တော့ မတွေ့ရသေးဘူး။ သူ ရွှေဘိုဘက်ကို ခရီးထွက်သွားတယ်လို့ ကိုရဲ (တေးသံသွင်း) က ပြောတယ်။ ဘယ်နှစ်ရက်ထိ ကြာမယ်ဆိုတာ မသိသေးဘူး။ ဒါကြောင့် ဖေဖေ ဘယ်ရက်ပြန်လာမယ် ဆိုတာလည်း မသိသေးဘူးပေါ့ကွယ်။
ကိုယ့်ကိစ္စနဲ့ကိုယ် ဆိုတော့ ဦးစိမ်းနီအိမ်ကိုတောင် မရောက်ဖြစ်သေးဘူး။ အခါတိုင်း သူ့အိမ်မှာ တည်းဖြစ်တာများတယ် မဟုတ်လား။ အတူလာကြတဲ့ ကိုသင်းပန်တို့၊ ကိုခင်အောင်ဝင့်တို့၊ အောင်ဘညို တို့နဲ့အတူ သူ့အခန်းကို လိုက်သွားခဲ့တာလေ။ အဝတ်အစားတွေကတော့ သူ့အခန်းမှာပဲ။ ဒါပေမယ့် ရေမိုးချိုးပြီး ထွက်လာတာ ရောက်တဲ့နေ့ကတည်းက သူ့အခန်းကို ပြန်မရောက်တော့ဘူး။ ကိုကျော်စိုးဝင်းဆီမှာပဲ အိပ်ဖြစ်တယ်။ ကြုံတဲ့နေရာ ကြုံသလို အိပ်ဖို့ ရည်ရွယ်ချက်ရှိလေတော့ ဝတ်ထားတဲ့ အနွေးထည်ကြီးကိုလည်း ချွတ်မထားခဲ့ရဲဘူး။ နေ့လည် နေ့ခင်းမှာလည်း ချွေးတရွှဲရွဲနဲ့ အနွေးထည်ကြီးကို ဝတ်ထားရတယ်။ ညအတွက် အစိုးရိမ်ကြီးပြီး ဝတ်လာလို့သာ ထားရတာပါ။ ရန်ကုန်မြို့ကြီးက မန္တလေးလောက် မအေးသေးဘူး သမီးရဲ့။
ပြောရဦးမယ်။ လာရင်းကိစ္စထဲက တစ်ခုဖြစ်တဲ့ ဖြူးမိတ်ဆွေများ စာပေဆုပေးပွဲကိုလည်း ဒီဇင်ဘာ (၅) ရက်နေ့က တက်ဖြစ်ပါတယ်။ ပထမဆုံး ကျင်းပတဲ့ မနှစ်တုန်းကလည်း ဖေဖေတက်ဖြစ်တာ သမီးအသိပဲ။ မိတ်ဆွေများအသင်းမှာ တာဝန်ရှိကြတဲ့ သူတွေက သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြလို့လည်း စိတ်ကြည်လင် ချမ်းမြေ့မိပါတယ်။ အခုနှစ်ပိုင်းတွေမှာ အကြိုက်ဆုံးကို ရွေးချယ်ပြီး ဆုပေးတာတွေ၊ အကြိုက်ဆုံးတွေကို ရွေးချယ်ပြီး ဆုပေးတာတွေ၊ အကြိုက်ဆုံးတွေကို ရွေးချယ်ပြီး စာအုပ်ထုတ်ကြတာတွေ တိုးပွားလာတာ သမီးလည်း အသိပဲနော်။ နိုင်ငံတော် အစိုးရက ပေးတဲ့ ဆုတွေအပြင်၊ ပြင်ပစာပေလောက က ပေးကြတဲ့ တစ်ဦးချင်းဆုတွေ၊ အသင်းအဖွဲ့ဆုတွေ၊ ပြိုင်ပွဲတွေနဲ့ တက်ကြွလှုပ်ရှားနေတာ မြန်မာစာပေ လောကအတွက် အားတက်စရာပေါ့ သမီးရယ်။
အဲဒီနေ့က ဖေဖေ့မိတ်ဆွေ မောင်သစ်ဆင်းတို့၊ သမီးတို့ရဲ့ ဦးဦး အော်ပီကျယ်တို့ ဆုယူကြတော့ ဂုဏ်ယူဝင့်ကြွားစွာ ဖေဖေ လက်ခုပ်တီးမိတာပေါ့။ အဲဒီပွဲမှာ ဆရာကြီးဦးတက်တိုး၊ ဆရာကြီးပါရဂူ စတဲ့ ဆရာကြီးတွေ အမှာစကား ပြောကြတယ်။ ဖေဖေတို့ကို ကားနဲ့တင်ခေါ်သွားတဲ့ ဘကြီးမိုးကတော့ အဲဒီပွဲမှာ အခမ်းအနားမှူးလုပ်ဖို့ အစီစဉ် ဆွဲထားကြပေမယ့် (တစ်စုံတစ်ရာကြောင့်) ကိုယ်တိုင်ကပဲ ပယ်ဖျက်ပေးဖို့ တောင်းဆိုတာနဲ့ အစီအစဉ် ပြောင်းလိုက်ရတယ်။
ဝတ္ထုတိုဆုရတဲ့ တာရာမင်းဝေတို့၊ ကဗျာဆုရတဲ့ ဝင်းမြင့်တို့ကိုတော့ ဖေဖေ အခုမှ မြင်ဖူးတာပါ။ အနုပညာလောကထဲကို အရှိန် အဟုန်ပြင်းပြင်းနဲ့ ချီတက်လာတဲ့ လူငယ်တွေပဲ။ သူတို့ရေးတဲ့ ကဗျာတွေ၊ ဝတ္ထုတိုတွေကို ဖေဖေ တအားကြိုက်တာပေါ့။ ဒါပေမယ့် သူတို့နဲ့တော့ တွေ့ဆုံမိတ်ဆက်ပြီး စကားမပြောဖြစ်ခဲ့ပါဘူး။ အဲဒီပွဲနေ့က ဆရာမကြီး ဒေါ်ခင်ဆွေဦး အပါအဝင် ဖေဖေရဲ့ သိဟောင်း ကျွမ်းဟောင်း စာရေးဆရာမတွေနဲ့လည်း တွေ့ ရပါတယ်။ ဖေဖေ လေးစားမြတ်နိုးခဲ့တဲ့ ဆရာမ မအိနဲ့လည်း တွေ့ဆုံသိကျွမ်း ဖြစ်ခဲ့ရပါတယ်။ သူနဲ့ နောက်တစ်ကြိမ် ပြန်တွေ့ကြဖို့ ပြောဆိုဖြစ်ခဲ့ပေမယ့် အခုထိတော့ မတွေ့ ဖြစ်ကြသေးဘူး။
သမီးရေ… သမီးမှာလိုက်တဲ့အတိုင်း ဖေဖေ အရက်တွေ လျှော့သောက်ပါတယ်။ ၊ အခု သည်စာရေးရင်း ဟိုခပ်ဝေးဝေးက ရွှေတိဂုံ စေတီတော်မြတ်ကြီးကို လှမ်းမြှော် ဖူးမြင်ကြည်ညို သဒ္ဓါပွားနေမိတယ်။ အနီးအနားမှာပဲ တည်ရှိနေတဲ့ မဟာဝိဇယ စေတီကြီးကိုရောပေါ့။ စေတီကြီးနှစ်ဆူဟာ တကယ်တမ်း အနီးအဝေး တည်ရှိနေတာက ရွှေတိဂုံစေတီကြီးက အနည်းငယ် ပိုဝေးတာပေါ့။ ဖေဖေတို့ မန္တလေးစကားနဲ့ ပြောရရင် ရွှေတိဂုံစေတီကြီးက ပိုပြီး မြောက်ဘက်ကျတယ်။ ပိုဝေးတယ်။ ဒါပေမယ့် အကြီးအသေး ကွာခြားမှုဟာ အနီးအဝေးကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ် မဟုတ်လား။ ဖေ့ဖေ့ စိတ်ထဲမှာ မဟာဝိဇယ စေတီကြီးကပဲ ပိုပြီးဝေးတယ်လို့ ထင်နေမိတယ်။ ကိုကျော်စိုးဝင်းတို့၊ စိုးဝင်းငြိမ်းတို့နဲ့ မကြာခဏ ငြင်းခုန်မိတယ်။ နောက်ဆုံးတော့ ဖေဖေပဲ ရှက်ရှက်နဲ့ ဝန်ခံလိုက်ရတယ်။ ရန်ကုန်ကို မကြာခဏ ရောက်ဖြစ်ပေမယ့် မဟာဝိဇယ စေတီတော်ကြီး တည်ပြီးမှ ဘုရားကို တစ်ခေါက်မှ မရောက်ဖြစ်ကြောင်း သူတို့ သိသွားတာပေါ့။ အခုတစ်ခေါက်မှပဲ ရောက်ဖြစ်တော့တယ်။
အနီးအနားမှာပဲ ရှိနေတဲ့ ဆူးလေ စေတီတော်ကြီးကိုလည်း အခု အခေါက်တော့ အေးအေးဆေးဆေး ဖူးဖြစ်ပါတယ်။ ဖေဖေက သတင်းစာဆရာကြီး ဦးသိမ်းမောင်ရေးတဲ့ ရန်ကုန်ရာဇဝင် သမိုင်းတို့၊ ဆရာတင်ဆွေမျိုး ရေးတဲ့ ရှေးခေတ် ရန်ကုန်အကြောင်း ဆောင်းပါးတွေနဲ့ အခြား ရန်ကုန်နဲ့ ပတ်သက်တဲ့ စာအုပ်စာတန်းအချို့ အပါအဝင် တော်တော်များများကို ဖတ်ဖူးထားလေတော့ ရန်ကုန်မြို့ကြီးကို ရောက်တိုင်း အထူးသဖြင့် ဆူးလေ စေတီတော်ကြီး အနီးတဝိုက်ကို ရောက်တိုင်း သည်နေရာဟာဖြင့် ရှေးက ရန်ကုန်မြို့ရဲ့ အစွန်အဖျား၊ သည်နေရာတွေဟာဖြင့် ရှေးက အလောင်းဘုရားကြီး တည်ခဲ့တဲ့ ရန်ကုန်မြို့ဧရိယာ စသည်ဖြင့် မှန်းဆ ကြည့်မိတတ်တာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ရှေးက ရိုက်ကူးထားတဲ့ ဓာတ်ပုံတို့၊ ပန်းချီကားတို့ကို မြင်ရလေတိုင်း သည်နေ့ခေတ်မှာ တွေ့မြင်ရတဲ့ ရန်ကုန်မြို့ကြီးနဲ့ နှိုင်းယှဉ်ပြီး တအံ့တသြ ဖြစ်မိတာပေါ့။ ဖေဖေတို့ မန္တလေးမြို့ကြီးလည်း သည်အတိုင်းပါပဲ။ တကယ်တော့ ကမ္ဘာပေါ်မှာရှိတဲ့ မြို့ကြီးတွေ၊ ရွာကြီးတွေဟာလည်း သည်အတိုင်းပါပဲလေ။ တချို့ဟာ ပျက်စီးတိမ်ကော သွားကြတယ်။ တချို့ကတော့ တိုးတက်ထွန်းကား လာကြတယ်။ ကမ္ဘာကြီးဟာ မီးတစ်ကြိမ်၊ ရေတစ်ကြိမ်၊ လေတစ်ကြိမ် အလှည့်ကျ ဖျက်ဆီးခံရပြီး အသစ်အသစ် ပြန်လည် ဖြစ်ထွန်းလာခြင်း ဖြစ်တယ်လို့ ဆိုတယ်။ ဒါဟာတော့ ကပ်ကမ္ဘာ တစ်ခုတစ်ခုရဲ့ ပျက်သုဉ်းခြင်းနဲ့ ပြန်လည် ဖြစ်ထွန်းလာခြင်းပေါ့။ ဒီလိုရှည်လျားတဲ့ ကပ်ကမ္ဘာ တစ်ခုတစ်ခုရဲ့ အစနဲ့အဆုံး ကြားမှာ အသေးစား သင်္ခါရဓမ္မကို ဖော်ပြနိုင်ဖို့ကိုတော့ လူတွေဟာ မြို့တွေ၊ ရွာတွေ၊ နိုင်ငံတွေကို တည်ထောင်ကြတယ်။ ပြီးတော့ အဲဒီမြို့တွေ၊ ရွာတွေ၊ နိုင်ငံတွေကို ဖျက်ဆီးပစ်ဖို့ စစ်ပွဲတွေကို ဖန်တီးကြပြန်တယ်။
လူတစ်ယောက် သေသွားတာ၊ မြို့ကြီးတစ်မြို့၊ ရွာကြီးတစ်ရွာ ပျက်စီးပျောက်ကွယ် သွားတာကို ဖေဖေတို့ စောင့်ကြည့်နိုင်တယ်။ တောင်တန်းကြီးတစ်ခု ပျက်စီးကြေမွ သွားတာကိုတော့ ဖေဖေတို့ စောင့်မကြည့်နိုင်ဘူး ပေါ့ကွယ်။ ဒါပေမယ့် အဲဒီ တောင်တန်းကြီးတွေဟာလည်း ပျက်စီးကြေမွ သွားရမှာပဲ။ ဆုံးစမထင်တဲ့ ပင်လယ်သမုဒ္ဒရာကြီးနဲ့လည်း တွေ့ဖို့ ချိန်းထားတယ်။ ဗိုလ်ကြီးဆိုတာ ကဗျာဆရာကြီး မောင်သင်းခိုင်ပေါ့။ သမီး မှတ်မိတယ် မဟုတ်လား။ ဟိုတစ်နှစ်တုန်းက အိမ်မှာတောင် အိပ်သွားသေးတယ်လေ။ မမွှေးနဲ့ ထပ်တွေ့ပြီး ပြောစရာလည်း ရှိသေးတယ်။ ကိုချစ်ဝင်းမောင်ဆီကိုလည်း သွားရဦးမယ်။
ဪ… သမီးရေ ရန်ကုန်ကို သွားခါနီး သမီးပြောလိုက်တဲ့ စကားတစ်ခွန်းနဲ့ တိုက်ဆိုင်တာတစ်ခု ပြောရဦးမယ်။ ဆံပင်နက်ဆေး ဆိုးသွားပါဦးလား ဖေဖေလို့ သမီးပြောလိုက်တယ် မဟုတ်လား။ ရန်ကုန်ကို ရောက်ပြီး နောက်တစ်ရက် မိတ်ဆွေများ ဆုပေးပွဲနေ့ကလည်း ဖေဖေ့ရဲ့ မိတ်ဆွေ စာရေးဆရာမလေး တစ်ဦးက ဖေဖေ့ကို နောက်သေးတယ်။ ဆံပင်အဖွေးသားနဲ့ ဂန္ထဝင် အဆွေးသမားကြီး ဦးပိုင် ဒီတစ်ခါ ဘာဖြစ်လို့ ဆံပင်နက်ဆေး မဆိုးခဲ့တာလဲတဲ့။ ဖေဖေ့ ကဗျာထဲမှာ အဲဒီလို ရေးခဲ့ဖူးလို့ သူက နောက်တာပါ။ ဖေဖေက ပြန်ပြောလိုက်တယ်။ဆံပင်အနက်သားနဲ့ ဆိုရင် ဂန္ထဝင်အရက်သမားကြီး ဖြစ်နေမှာ စိုးလို့ပါကွာလို့။
သမီးလည်း စာမေးပွဲနီးပြီနော်။ သမီး ရှစ်တန်းရောက်ပြီ ဖြစ်တဲ့အကြောင်း၊ စာကြိုးစားကြောင်း၊ လိမ္မာကြောင်း ဖေဖေ့ မိတ်ဆွေတွေကို ပြောပြမိပါတယ်။ မကြာခင် ဖေဖေ ပြန်လာနိုင်မှာပါ။ အခုတော့ ဒီတိုက်ခေါင်မိုးကြီး ပေါ်ကပဲ ရန်ကုန်မြို့ကြီးကို မျှော်ကြည့်လိုက်၊ သမီးတို့ကို လွမ်းလိုက်နဲ့ပေါ့ကွယ်။ သမီးတို့ကို လွမ်းရင်း ဖေဖေ ဒီစာကို ရေးနေမိတယ်။ ဖေဖေ ရေးဖြစ်တဲ့ ကဗျာဟာ ဘယ်လို အကြောင်းအရာမျိုး ဖြစ်မယ် ထင်သလဲဟင်။ သမီး စဉ်းစားနိုင်ပါ့မလား။ တကယ်တော့ ဖေဖေ့နှလုံးသားနဲ့ အနီးဆုံးအရပ်မှာ ရှိနေတဲ့ သမီးဟာ ဖေဖေ့ ခံစားချက်တွေ၊ ဖေဖေ့ နာကျင်မှုတွေကို သိနေပြီးသားပဲကွယ်။ လွယ်လွယ်ကလေး ခန့်မှန်းနိုင်မှာပါ။ ကိုယ့်ဆီရောက်လာတဲ့ သူများရဲ့ ဒုက္ခဆိုတာလည်း ကိုယ့်ဒုက္ခပဲဆိုတာ သမီး သိခွင့်ရခဲ့ပြီ။ ရသပျက်ရတဲ့ ညတွေမှာ သီချင်း မဟုတ်တာတွေကို သီချင်းလုပ်လုပ်ပြီး ဖေဖေ ဆိုနေခဲ့ရတာ သမီး သိခဲ့ပြီ။ ယားယံတတ်တဲ့ အရေပြားတွေဆိုတာ ငွေနဲ့ ဖြားယောင်းဖို့ အလွယ်လေးပဲဆိုတာ ဖေဖေ့ ဘဝအတွေ့အကြုံတွေက တစ်ဆင့် သမီး သိခွင့်ရခဲ့ပြီ။ အဲဒီ ကဗျာလေး ရေးပြီးလို့ မနေ့ကပဲ ကိုကျော်စိုးဝင်းကို ပေးလိုက်တယ်။
ကိစ္စရှိတဲ့အခါ နေ့လည်နေ့ခင်းတွေမှာ အပြင်ထွက်ပေမယ့် ညမှာတော့ သည် လမ်း (၁ဝ) မှာပဲ အိပ်ဖြစ်တာများပါတယ်။ ဒီ့အရင် အခေါက်တွေတုန်းကတော့ သည်လို ဘယ်ဟုတ်လေမလဲလေ။ ကြုံတဲ့လူနဲ့ လိုက်အိပ်တာပဲ။ သန်းဝင်းထွတ်တို့၊ နေဇော်နိုင်တို့၊ သန်းဌေးမောင်တို့နဲ့ လိုက်ပြီး တစ်ညလုံးပဲ ဖေဖေက ကဗျာတွေရွတ်၊ သူတို့က ဂီတာတစ်လက်နဲ့ အသံလိုက်ထည့်ပြီး တီးကြဆိုကြတယ်။ ခင်အောင်အေးတို့ ဆန်းထွန်းသောင်တို့နဲ့ လိုက်ပြီး တစ်ညလုံး ထိုင်စကားပြောကြတယ်။ အောင်ဘညိုတို့၊ လူထွန်းတို့နဲ့ အချိန်ကုန်အောင် အရက်ဆိုင်မှာ ထိုင်ပြီး အိမ်ပြန်ရောက်တော့ ဦးစိမ်းနီနဲ့ ငြင်းကြခုန်ကြတယ်။ ကန္တာရ ဦးဘုန်းမြင့်ကြီးကိုလည်း သမီး သိတယ်နော်။ သူနဲ့ တွဲပြီးတော့လည်း ရောက်တဲ့နေရာမှာ အိပ်ချင် အိပ်ကြတယ်။ သမီးတို့နဲ့ တအားရင်းနှီးပြီး ဖြစ်တဲ့ အန်တီ ညိုညိုတင်လှနဲ့ အန်တီစုထားတို့ ဆီကိုတော့ ဖေဖေ မရောက်ဖြစ်သေးဘူး။
အခု တစ်ခေါက်မှာတော့ ဖေဖေ့ ခံစားချက်တွေဟာ အရင် အခေါက်တွေနဲ့ မတူဘဲ ပြင်းထန်နေတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရန်ကုန်မြို့ကြီးကို ရောက်ဖူးစ နှစ်တွေနဲ့ ခံစားချက်တွေ ပိုတူနေတယ်။ အဲဒီ နှစ်တွေတုန်းကတော့ ရန်ကုန်မြို့ကြီးဟာ ဖေဖေ့အပေါ် ခပ်စိမ်းစိမ်းကြီး စိုက်ကြည့်နေသလိုပဲ။ အသိမိတ်ဆွေလည်း သိပ်မရှိဘူး။ မနက်လင်းလာရင် နေမင်းကြီးဟာ သူထွက်ချင်တဲ့ဘက်က ထွက်တာပဲ။ နေ့လည်နေ့ခင်းတွေမှာ မြို့လည်ခေါင်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ တစ်ယောက်တည်း ကုတ်ထိုင်နေရတယ်။ မှောင်ရီပျိုးပျ ရောက်ပြီဆိုရင်တော့ ဆင်ခြေဖုံး မြို့ငယ်ကလေးဆီ တစ်ယောက်တည်းသော ကိုယ့်မိတ်ဆွေရှိရာ (သူပြထားတဲ့ ဘတ်စကားမှတ်တိုင်က တစ်ဆင့် သူပြထားတဲ့ ဘတ်စကားကို စီးပြီး) ပြန်ရတာပေါ့။ အဲဒီ နှစ်တွေတုန်းကတော့ ရန်ကုန်မြို့ကြီးဟာ ဖေဖေ့အဖို့ ပြင်သစ်ပြည်ကို ရောက်လာစ ပန်းချီဆရာပေါက်စလေး တစ်ယောက်လိုပဲပေါ့။ အရာရာဟာ လေးနက်ရှင်သန်ခဲ့တယ်။ စာပေလောကကြီး အပေါ် အာရုံငါးပါးလုံး နစ်မြှုပ်ထားမိတဲ့ အတွက် သမ္မတရုံဆိုတာ ဘယ်နားရှိမှန်း မသိခဲ့ဘူး။ နောက်တော့ ကိုညိုသစ်တို့၊ ကိုစံသာတို့နဲ့ ခင်မင်ရင်းနှီးခဲ့ရတယ်။
အခု အလွှာကိုးခုရှိတဲ့ တိုက်ကြီးရဲ့ ခေါင်မိုးပေါ်မှာ ထိုင်ပြီး ရန်ကုန်မြို့ကို ရောက်ဖူးခါစ ဟိုရှေးတုန်းက နှစ်တွေ၊ မကြာသေးခင်က နှစ်တွေအကြောင်း ပြန်တွေးရင်း ဖေဖေ သမီးတို့ကို တမ်းတနေမိပြန်တယ်။ တစ်ခါတစ်ခါလည်း ခေါင်မိုးပေါ်က အောက်ပြန်ဆင်းပြီး စိုးဝင်းငြိမ်းတို့၊ ကိုဇော်ကြီးတို့၊ ဖိုးသောင်းတို့၊ ကေကေတို့နဲ့ စကားပြောတဲ့အခါ ပြောပေါ့။ ဆေးလိပ်သောက်တဲ့ အခါလည်း သောက်ပေါ့။ ခဏတစ်ဖြုတ် စာလေးဘာလေး ဖတ်ပေါ့။ စာဖတ်ပြီး ခေါင်မိုးပေါ် ပြန်တက်ခဲ့ပြန်တယ်။ သမီးတို့အကြောင်းကို တွေးပြန်တယ်။ ရန်ကုန်မြို့ကြီးကို ကြည့်ပြန်တယ်။
နေ့လည်နေ့ခင်း မြို့ထဲကို ထွက်စရာမရှိတဲ့ နေ့တိုင်းပဲ သည်တိုက်ခေါင်မိုးကြီး ပေါ်မှာ ဖေဖေ ထိုင်ဖြစ်တာပါပဲ။ တိုက်ခေါင်မိုးကြီးပေါ် က ဖေဖေ အောက်ပြန်ဆင်းလာတဲ့ အခါတိုင်း စိုးဝင်းငြိမ်းတို့၊ ဖိုးသောင်းတို့ တစ်တွေက သူတို့ရဲ့ ဝှိုက်ဘုတ်ပေါ်မှာ ဖေဖေ့ကို နောက်ပြောင်ပြီး ဖေဖေရေးဖူးတဲ့ ကဗျာတွေထဲက စာပိုဒ်တွေကို ရေးရေးထားတာ တွေ့ရတတ်တယ်လေ။
ရမ် – ဆိုတဲ့ ပုလင်းထဲမှာ ရမ်မဟုတ်တာတွေ ထည့်ထားမှတော့ ငါ့ဘဝထဲ ဘဝမဟုတ်တာတွေ ထည့်ထားတာ ဘာမှ မဆန်းတော့ဘူး။
မူးပြီးမှ ငါရောက်လာတော့ မင်းတို့ကို ငါမသိ၊ ငါ့ကိုငါလည်း ငါမသိ။
အာဏာရဲ့ ဗဟိုချက်ဟာ မြေထဲပင်လယ် တစ်ဝိုက်ကနေပြီး ဥရောပတိုက်ဆီ တရွေ့ရွေ့ ရောက်လာရသလိုမျိုး၊ စာပေလောကရဲ့ ဗဟိုချက်ဟာ ပိုင်စိုးဝေဆီ ရောက်လာခဲ့ပါပြီ။
ပင်လယ်လှိုင်းနဲ့၊ မုန်တိုင်းရဲ့ ဆူညံမှုထဲ ငါ့အလင်းရောင်၊ ငါ့အမှောင်ထု၊ ငါ့အသံနဲ့ ငါ့အမှန်တရား၊ ငါ့ရဲ့ဓားကို ငါမြှုပ်ထားရဲ့။
◾
လင်းနို့၏ မှတ်စု
သမီးကို ဖေဖေ ပိုင်ဆိုင်ခွင့် မရှိတော့ဘူးလို့ သူတို့က ဆုံးဖြတ်လိုက်ကြတယ်။ ဖေဖေ့ရဲ့ အုပ်ထိန်းမှုအောက်မှာ သမီး မရှိသင့်ဘူးတဲ့။
မတရားဘူး။ ဒါဟာ မတရားဘူး။
မတရားဘူး။ မတရားဘူး။
ဖေဖေ့ရင်ထဲ အော်ဟစ် တောင်းဆိုနေပေမယ့် ဖေဖေ့တစ်ကိုယ်လုံးကတော့ တုန်လှုပ်ယိမ်းခါပြီး ပြိုလဲကျမသွားအောင် အနိုင်နိုင်ထိန်း ထားခဲ့ရတယ်။
ငိုနေသလား၊ သမီး ငိုနေရသလားဟင်။
အို… မငိုဘူး။ သမီး ငိုမနေဘူး။ မငိုတဲ့အပြင် ဖေဖေ့ကို စိမ်းကားရက်စက်တဲ့ မျက်လုံးတွေနဲ့ ကြည့်လို့။ ဖေဖေ သိပါပြီကွယ်။ ဖေဖေ့ကို မုန်းတီးဖို့ သူတို့ သင်ကြားထားပြီပဲ။ သူစိမ်းဆန်တဲ့ မျက်လုံးတွေနဲ့ ဖေဖေ့ကိုကြည့်ပြီး လိုက်ပါသွားတဲ့ သမီးမျက်နှာကို မကြည့်ရဲလို့ ဖေဖေ မျက်စိနှစ်လုံးကို စုံမှိတ်ပြီး တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတယ်။
ဖေဖေ့ ဘဝထဲမှာ သမီးမရှိတော့ဘူး။
ကိုယ့်မွေးရပ်မြေကို တစ်ခေါက်တစ်ခါမှ ပြန်မရောက်ဖြစ်တဲ့ လူတစ်ယောက်လို ကိုယ့်အသည်းကို တစ်ကြိမ်တစ်ခါမှ ငုံ့မကြည့်မိတဲ့ ဖေဖေဟာ သမီးကို ဆုံးရှုံးရပါပေါ့လား ဆိုတဲ့ ကြေကွဲမှုကို ပိုင်ဆိုင်ရတဲ့ အခါကျမှ ဖေဖေ့နှလုံးသားကို ဖေဖေကိုယ်တိုင် ပြန်ကြည့်မိတော့တယ်။ သမီးဟာ ဖေဖေ့ဘဝရဲ့ အလင်းရောင်၊ ဖေဖေ့ဘဝရဲ့ အနာဂတ်ကာလ၊ ဖေဖေ့ဘဝရဲ့မျှော်လင့်ချက်အားလုံး။ သမီးမရှိတော့တဲ့ အချိန်မှာ ဖေဖေ့ဘဝဟာ အလင်းရောင် မရှိတော့ဘူး၊ အနာဂတ် မရှိတော့ဘူး၊ မျှော်လင့်ချက် မရှိတော့ဘူး။ သစ်ပင်တွေရဲ့ လှုပ်ခါမှုကို ကြည့်ပြီးမှ လေဟာသူ့ ကိုယ်သူ တကယ်ရှိနေပါလား ဆိုတာ သိနိုင်သလို သမီးမရှိဘဲ ဖေဖေ့ကို ဖေဖေ ဘယ်လိုလုပ်ပြီး ပြန်မြင်နိုင်မှာလဲကွယ်။
ဒါပေမယ့် သမီးရေ။ အမြဲတမ်းလိုပဲ တလွဲ ဆံပင်ကောင်းတတ်တဲ့ ဟောဒီလောကကြီးဟာ ဘယ်တုန်းကမှ ဖေဖေနဲ့ သဟဇာတ မဖြစ်ခဲ့တာမို့ ဖေဖေ့နှလုံးသားဟာ ဆုံးရှုံးမှုတွေ အားလုံးအတွက် ပြင်ဆင်ပြီးသားပါကွယ်။ အားလုံး ဆုံးရှုံးသွားပေမယ့် ယုံကြည်မှုတစ်ခုနဲ့ ကိုယ့်ကိုယ်ကိုယ် ရူးသွပ်မသွားအောင် ခိုင်မာတဲ့ စိတ်ဓာတ်တစ်ခု ကျန်ရှိနေသေးတဲ့ အတွက်ကိုပဲ ဖေဖေ့ကိုဖေဖေ ဂုဏ်ယူမိတော့တယ်။
***
မြနှင်းဝေ လူတစ်ယောက်ဟာ ပန်းပွင့်တစ်ပွင့် မဟုတ်နိုင်ဘူး။ ဒါပေမယ့် ငါ့သမီးဟာ ပန်းကလေးတစ်ပွင့်။ လူတစ်ယောက်ဟာ မောင်းချဓားတစ်ချောင်း မဟုတ်နိုင်ဘူး။ ဒါပေမယ့် မင်းကတော့ ငါ့ဘဝထဲကို ထိုးစိုက်နေတဲ့ မောင်းချဓားတစ်ချောင်း။ လူတစ်ယောက်က မီးလျှံတစ်ခု မဟုတ်နိုင်ဘူး။ ဒါပေမယ့် မင်းကတော့ ငါ့နှလုံးသားကို လောင်ကျွမ်းစေတဲ့ မီးလျှံ။ ငါ့နှလုံးသားကတော့မီးလောင်နေတဲ့ တောင်တန်း။ ငါ့တစ်ကိုယ်လုံးဟာ မင်းကျွေးသမျှ မီးလျှံတွေကို စားနေရတဲ့ သံတွေခဲတစ်ခု။
မြနှင်းဝေ၊ အချစ်အတွက် အသက်ကို စွန့်ခဲ့ကြသတဲ့။ ဘုရားသခင်အတွက်၊ ဘုရင်မင်းမြတ်အတွက်၊ ယုံကြည်မှုအတွက် လူတွေဟာ အသက်ကို စွန့်ခဲ့ကြသတဲ့။ ဒါပေမယ့် မြနှင်းဝေ၊ မင်းနဲ့ ပတ်သက်လို့ကတော့ စက္ကန့်တိုင်းကိုပဲ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့တဲ့ ငါပါ။ မင်း ပူဆွေးသောက ရောက်နေရပါတယ် ဆိုတဲ့ အချိန်မျိုးမှာတောင် မင်းရဲ့ အလိုရမ္မက်ကို ငါ အသေအချာ မြင်နိုင်ခဲ့ရဲ့။ အသည်းနှလုံးရဲ့ ကျန်းမာပျော်ရွှင်မှုအတွက်သာ အချစ်ဆိုတာ မွေးဖွားလာနိုင်တယ်လို့ ငါယုံကြည်တယ်။ အခြား ဘာအတွက်မှ မဖြစ်နိုင်ဘူး။
လူမှုအဖွဲ့အစည်း တစ်ခုကို ပေါင်းကူးဆက်သွယ်ဖို့ အတွက် အချစ်ဟာ မွေးဖွားမလာနိုင်ဘူး။ နားလည်လိုက်လျောမှု တစ်ခုနဲ့လည်း အချစ်ဟာ မွေးဖွား မလာနိုင်ဘူး။ အပေးအယူ ပုံစံမျိုးနဲ့လည်း အချစ်ဟာ မွေးဖွားမလာနိုင်ဘူး။
မင်းဟာ ငါမဖြစ်နိုင်သလို၊ ငါဟာလည်း မင်းမဖြစ်နိုင်ဘူး။ ဒါပေမယ့် တို့နှစ်ဦး ပေါင်းစပ်ခဲ့ကြတယ်။ အခြေခံ မတူတဲ့သူ နှစ်ဦးအဖို့ ပိုပြီး နီးစပ်လာရခြင်းကိုက ပိုပြီး ဝေးကွာစေဖို့ပဲ ဆိုတာ ငါ သဘောပေါက်ခဲ့ပြီ။
***
ကလေးဘဝနဲ့ လူကြီးဘဝဆိုတာ အဝေးကြီးပါလား ဖေဖေ။
သမီးမေးခဲ့ဖူးတဲ့ မေးခွန်းကိုပဲ ဖေဖေရင်ထဲမှာ ထပ်ခါထပ်ခါ ပြန်ကြားနေမိတော့တယ်။ ဘယ်လို အဓိပ္ပာယ်မျိုးနဲ့ပဲ ဖြစ်ဖြစ် ဖေဖေဆက်ပြီး အသက်ရှင်ဖို့ လိုအပ်ခဲ့ပြီဆိုတာ နားလည်ခဲ့ရပြီ။ လောကကြီးမှာ သူများနေသလို နေလိုက်ရုံပဲပေါ့ ဆိုပြီး ဘာကိုမှ ဖက်တွယ်စရာ မရှိတဲ့လူတွေကြားမှာ သမီးကို ဖေဖေ မထားရစ်နိုင်ခဲ့ဘူး။
သမီးရေ… ဖေဖေကတော့ အမြဲတမ်းကိုပဲ အနာဂတ်ကို ဆုတ်ဆုတ်ပြီး ရပ်နေရတဲ့ လူတစ်ယောက်ပါကွယ်။ ဘာဂုဏ်သတင်းမှလည်း မကျန်ရစ်ခဲ့ဘဲ၊ ငိုမယ့်သူလည်း မရှိဘဲ တိတ်တိတ်ကလေး သေသွားရင်လည်း ဖေဖေ ဝမ်းမနည်းလှပါဘူး။ နာမည်ပျက်တွေ၊ အကြွေးတွေပဲ ကျန်ချင်ကျန်ရစ်ခဲ့မှာပေါ့။
တောင်ပေါ်ကို တက်ရခြင်းဟာ ခက်ခဲသလို တောင်ပေါ်က ဆင်းရခြင်းဟာလည်း ခက်ခဲတာပဲပေါ့။ လူတစ်ယောက် ဘယ်လို အသက်ရှင် နေထိုင်ခဲ့တယ် ဆိုတာ အရေးကြီးသလို ဘယ်လိုသေဆုံးခဲ့တယ် ဆိုတာလည်း အရေးကြီးတာပါပဲကွယ်။
ဖေဖေရဲ့နှလုံးသား ရာဇဝင်မြစ်ကျဉ်း တစ်လျှောက်မှာ ကောက်ကျစ်စဉ်းလဲသူတွေသာ ပေါလောမျောနေခဲ့တယ်။ ခဏတစ်ဖြုတ်ကလေး ရပ်တန့်ပြီး အနာဂတ်ကို မျှော်ကြည့်လိုက်တဲ့ အခါမှာလည်း မြူတွေက ဝေ့ဆိုင်းလို့။ ဒီအချိန်မှာ ကမ္ဘာကြီးပေါ်က အခြားအရာ တစ်ခုခုကိုလည်း ဖေဖေ့မှာ အောက်မေ့ အမှတ်ရနိုင်ခွင့် ရှိတာပဲ မဟုတ်လား။ ဖေဖေ့ကိုယ်ခန္ဓာမှာ အခါမလပ် အတိဒုက္ခကို အပြည့်အဝ ခံစားခွင့် မပေးခဲ့ဘူး။ အဲဒီ ဒုက္ခထဲက လွတ်မြောက်အောင် ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပဲ ဖြစ်လိမ့်မယ်။ ဖေဖေ့နှလုံးသားရဲ့ အငွေ့အသက်တွေ ဖေဖေ နေထိုင်ခဲ့တဲ့ ခေတ်အပေါ် စီးဝင်ပျံ့နှံ့ သွားဖို့ရာ ဖေဖေ့တာဝန်ပဲ မဟုတ်လား။
အသိတရားတွေ ပြိုကွဲနေတဲ့ ခေတ်ကြီးထဲမှာ ဖေဖေပိုင်ဆိုင်တဲ့ ခြေနှစ်ဖက်ကို သည်ကမ္ဘာကြီးပေါ် ရပ်တန့်ခွင့် ရနေတာကိုပဲ ကံကောင်းလှပြီလို့ ဖေဖေတော့ ယုံကြည်တယ်။
***
မြနှင်းဝေ၊ လူသမိုင်းရဲ့ တိုးတက်မှုကို နားမလည်တဲ့ လူတစ်ယောက်တဲ့။ မင်းတို့က ငါ့ကို ရှုတ်ချခဲ့ကြတယ်။ လူ့သမိုင်းဟာ ဘယ်လောက်များ တိုးတက်ခဲ့သေးလို့လဲလို့ ငါပြန်မေးခဲ့တယ်။ လေးဖက်ထောက် သွားရာကနေပြီး၊ အခုမှ မတ်တတ်ရပ် သွားနိုင်ရုံပဲ ရှိသေးတယ်။ ခါးကို နောက်ပြန်ကော့ပြီး တဖြည်းဖြည်း လက်နှစ်ချောင်းထောက်၊ တဖြည်းဖြည်း ခြေနှစ်ချောင်း မိုးပေါ်ထောင်ပြီး လက်နှစ်ဖက်နဲ့ လမ်းလျှောက်နိုင်တဲ့ အချိန်ကျမှ အစွမ်းကုန် တိုးတက်မှာဟေ့လို့ စိတ်ချဉ်ပေါက်ပေါက်နဲ့ ငါ ပြန်ပြောပစ်လိုက်တော့ မင်းတို့တစ်တွေက ငါ့ကို အရူးတဲ့။
ပိုက်ဆံကို အရူးအမူးရှာ။ မြေကွက်ကျယ်ကျယ်နဲ့ အိမ်အသစ်တစ်လုံး ထပ်ဆောက်၊ မင်္ဂလာဆောင် သွား။ ကလေးတွေအတွက် ဖိနပ်အသစ် ဝယ်ပေး။ စိတ်ပြေလက်ပျောက် ဘုရားဖူးထွက်၊ ဗေဒင်မေး ဘောလုံးပွဲ ကြည့်တဲ့အခါကြည့်၊ ဘုရားကိုးဆူ ကပ်တဲ့အခါ ကပ်၊ ပါတီပွဲပေးပြီး တစ်ယောက်အတင်း တစ်ယောက်ပြော၊ မူးယစ်သောက်စားပြီး ငိုကြွေး၊ အတိတ်က အမှားတွေကို ပြန်အောက်မေ့။ ဘုရားရှေ့မှာ အကြာကြီး ထိုင်ပြီး ဆုတောင်း၊ အေးစက်နေတဲ့ စကားလုံးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီအားပေး။ ဒါမှမဟုတ်ရင်လည်း အိမ်မှာထိုင်ပြီး လင်မယားချင်း ရန်ဖြစ်တဲ့အခါ ဖြစ်၊ ဒါတွေပဲ မဟုတ်လား၊ ဒါတွေဟာ မင်းတို့ ကျင်လည်နေတဲ့ လူ့သမိုင်းရဲ့ တိုးတက်မှုပဲ မဟုတ်လား၊ ဘယ်လို ဘာသာဗေဒနဲ့မှ မင်းတို့ရဲ့ ဖြစ်တည်မှုဘဝကို ငါ ရှင်းမပြနိုင်ခဲ့ဘူးလေ။
***
အမုန်းတရားဆိုတာ သေးသိမ်တဲ့ အတ္တတစ်ခုပါ၊ ခွင့်လွှတ်ခြင်းကတော့ ဖေဖေ့ရဲ့ ကြီးမြတ်တဲ့ မာနပါကွယ်။ ရိုးသားပြီး မာနကြီးတဲ့ လူတွေကို ဖေဖေ လေးစားတယ်။ စော်ကားခြင်းတွေကို မမှုတဲ့ တမင် သည်းခံနေရခြင်းမျိုးလည်း မဟုတ်တဲ့ ဥပေက္ခာတရားကိုသာ ဖေဖေ ပိုင်ဆိုင်ချင်တော့တယ်။
ဖေဖေ လူတစ်ယောက်ကို မိမိအလုပ်ပေါ်မှာ ဘယ်လောက်ထိ အလေးအနက် တန်ဖိုးထားသလဲ ဆိုတဲ့ အချက်နဲ့သာ ဆုံးဖြတ်သင့်တယ်လို့ ဖေဖေတော့ ယုံကြည်တယ်။ ကြီးမားတဲ့ ဒုက္ခဝန်ထုပ်တွေကို နှစ်ကာလများစွာ ထမ်းဆောင်ထားရတဲ့ ကြားကပဲ စိတ်နှလုံး တည်ငြိမ်စွာနဲ့ မြတ်နိုးတဲ့ အနုပညာတာဝန်ကို ထမ်းဆောင်ထားနိုင်သေးတယ် ဆိုတာ ဖေဖေ့ကိုယ်ဖေဖေ ဂုဏ်ယူသင့်တဲ့အရာ မဟုတ်လား၊ လူတိုင်းရဲ့ ဘဝဟာ တစ်ကြိမ်တစ်ခါတော့ ဆုံးရှုံးရတဲ့ အချိန်မှာ ဘယ်လို အသက်ရှင် ရပ်တည်ခဲ့သလဲ ဆိုတာက အရေးကြီးဆုံးပါ။ သူတို့ကတော့ အနုပညာဆိုတာကို ဒုစရိုက်မှု တစ်ခု၊ အကုသိုလ်တရား တစ်ခု၊ အကျင့်ပျက်မှု တစ်ခုလို့ပဲ ယူဆကြတယ်။
သူတို့က ဆုံးဖြတ်ခဲ့ကြတယ်။ သမီးကို ဖေဖေ ပိုင်ဆိုင်ခွင့် မရှိဘူးတဲ့။ ဖေဖေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်၊ ဘဝမှာ မရေမရာ လွင့်မျောနေတဲ့ လူတစ်ယောက်၊ သမီးတစ်ယောက်ကိုမှ ဝအောင် ကျွေးနိုင်မှာ မဟုတ်တဲ့ လူတစ်ယောက်၊ သမီးရဲ့ အနာဂတ်ဘဝကို တာဝန်ယူနိုင်မှာ မဟုတ်တဲ့ လူတစ်ယောက်။ အဲဒီလို စွပ်စွဲချက်တွေနဲ့ ဖေဖေ့ဘဝထဲက သမီးကို ဆွဲခေါ်သွားကြတယ်။
အခု အချိန်မှာတော့ သူတို့ရဲ့ စွပ်စွဲချက်တွေကို ဖေဖေ အမှန်တကယ်ပဲ ကျူးလွန်ခဲ့သလား၊ မကျူးလွန်ခဲ့ဘူးလား ဆိုတာ သမီးကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်တဲ့ အရွယ် မဟုတ်သေးဘူး ဆိုတာ ဖေဖေ ယုံကြည်ပါတယ်။
ဖေဖေဟာ ဘာကိုမှ မအောင်မြင်သေးပေမယ့် ဘာကိုမှ မဆုံးရှုံးသေးတဲ့ လူတစ်ယောက်ပါ။ သမီးကို ဆုံးရှုံးခဲ့ရတာက လွဲရင်ပေါ့လေ။ သူတို့က ဆုံးရှုံးခဲ့ပြီလို့ ယူဆတဲ့ အရာတွေမှာလည်း ဖေဖေဟာ အောင်မြင်မှုနဲ့ ဆုတ်ခွာခဲ့သူပါ။ သူတို့တပ်မက်တဲ့ ငွေကြေးဓန ဆိုတာကိုလည်း ဖေဖေ ဟာ စွန့်ခွာနိုင်ခဲ့တယ်။ သူတို့ အထင်ကြီး တန်ဖိုးထားတဲ့ အရာရှိတစ်ယောက်ရဲ့ ဘဝကိုလည်း ဖေဖေဟာ စွန့်ခွာနိုင်ခဲ့တယ်။ အဲဒီ ဘဝတွေကို ဖေဖေ ဘာဖြစ်လို့ စွန့်ခွာခဲ့သလဲ။ သူတို့နားလည်အောင် ဖေဖေ ရှင်းမပြနိုင်ခဲ့ဘူး။ ဖေဖေမြတ်နိုးတဲ့ အနုပညာဘဝကို အပြည့်အဝ ဖက်တွယ်ဖို့ရာ အဲဒီအရာတွေကို စွန့်ခွာခဲ့တယ် ဆိုတာကိုလည်း သူတို့ဘယ်လိုမှ နားမလည်နိုင်ကြဘူး။ ဒီလို စွန့်ခွာရလောက်အောင် ဖေဖေရဲ့ အနုပညာသမား တစ်ယောက် အဖြစ်ဟာ ဘယ်လောက်များ အောင်မြင်နေလို့လဲတဲ့။ အောင်မြင်ဖို့ သေချာရေရာလို့လား တဲ့။
ဖေဖေမြတ်နိုးတဲ့ အနုပညာသမား တစ်ယောက် အဖြစ် အောင်မြင်မှုရတယ် မရဘူးဆိုတာ နောက်တစ်ကဏ္ဍပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုကို လုပ်ဖို့၊ ကိုယ်မလုပ်ချင်တဲ့ အရာတွေကို မလုပ်ဘဲ နေဖို့ရာ ပထမဆုံး ကိစ္စပဲလို့ ဖေဖေတော့ ယုံကြည်တယ်။ ကိုယ်မလုပ်ချင်တဲ့ အရာတစ်ခုကို ဘဝအခြေအနေအရ ဆိုပြီး ဇွတ်မှိတ်လုပ်နေကြတဲ့ လူတွေ အများကြီးပဲပေါ့ သမီးရယ်။ ဒီလို လုပ်နေကြရတဲ့ လူတိုင်းကို ဖေဖေ ဘာမှပြောနိုင်ခွင့် မရှိပါဘူး။ဒါပေမယ့် ဖေဖေ့ကိုယ် ဖေဖေတော့ ဒီအဖြစ်မျိုးထဲက လွတ်မြောက်ဖို့ရာ ခုခံကာကွယ်ရမှာပဲ။ ကံကြမ္မာကိုပဲ ဖြစ်စေ၊ အခြား တစ်စုံတစ်ယောက်ကိုပဲ ဖြစ်စေ ဖေဖေ မလုပ်ချင်တဲ့ အရာတွေကို ဇွတ်ခိုင်းနေပြီ ဆိုရင် ငြင်းဆန်ပစ်ဖို့ရာ သတ္တိကို မွေးမြူရမှာ ဖေဖေ့ တာဝန်ပဲလို့ ယုံကြည်တယ်။
သမီးကိုယ်တိုင် ဆုံးဖြတ်နိုင်မယ့် နေ့တွေဟာ တစ်ချိန်ချိန်တော့ ရောက်လာမှာပါ သမီးရယ်။
တစ်စုံတစ်ခုကို မြင့်မြင့်မားမား တည်ဆောက်ဖို့ဆိုတာ ကိုယ့်ကိုယ်ထဲမှာ နက်နက်မတူးဘဲ ဘယ်လိုမှ မရနိုင်ပါဘူး။ စာမျက်နှာတွေပေါ်မှာ မှတ်တိုင်တစ်တိုင် စိုက်ထူဖို့ ကြိုးပမ်းနေတဲ့ ဖေဖေ့လို စာပေသမား တစ်ယောက်ဟာ ကိုယ့်အဇ္ဈတ္တကို နက်နက်တူးပြီး အုတ်မြစ်မချဘဲ ဘယ်လိုမှ မခိုင်မြဲနိုင်ပါဘူး။
***
မြနှင်းဝေ၊ ငါ့ကြေကွဲမှုဆိုတာ ငါ့ပျော်ရွှင်မှုထဲက ဆုတ်ယုတ်သွားတဲ့ ပေးဆပ်မှုတစ်ခုပါ။ နှလုံးသားဆိုတာ ကြေကွဲမှုနဲ့ ပျော်ရွှင်မှု တစ်ခုခုကိုသာ ထမ်းဆောင်ထားနိုင်တဲ့ အရာပဲ မဟုတ်လား။ ငါ ဒေါသဖြစ်နေတယ်၊ ငါ တောက်လောက်နေတယ်၊ ငါ ကြေကွဲနေတယ်၊ ငါ ဝမ်းနည်းနေတယ်၊ ဒါပေမယ့် ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုကို မင်း ပိုင်ဆိုင်သွားလိမ့်မယ် လို့တော့ ငါ မယုံကြည်ဘူး။
လူတချို့ဟာ ကိုယ်ကြိုက်တဲ့ အစားအစာတွေကို လျှာပေါ်မှာတင်ပြီး တစိမ့်စိမ့် ဝါးစားရမှ အရသာရှိတာ မဟုတ်ဘူး။ အခြား လူတစ်ယောက် ဒုက္ခရောက်နေတာကို တစိမ့်စိမ့် ထိုင်ကြည့်ပြီးတော့လည်း အရသာရှိတတ်ကြတယ်။ အဲဒီလို နည်းမျိုးစုံနဲ့ မင်း ပျော်ရွှင်နိုင်ပြီပေါ့။ ငါ့ သမီးကိုရော၊ မင်းကိုရော ငါ့အတွေးထဲမှာ တစ်ပြိုင်နက်တည်း ဝင်ရောက်လာနိုင်တဲ့ အချိန်မှာတော့ ဆူပွက်နေတဲ့ ငါ့ဒေသတွေ ကြားမှာ မေတ္တာတရားကို ငါ့လက်နဲ့ ဆုပ်ကိုင်ပြီး ထိတွေ့လိုက်သလိုပါပဲ။
***
မေတ္တာတရားသာ မပါခဲ့ရင်တော့ သစ်ပင်တစ်ပင်တောင် စိုက်ပျိုးလို့ မရှင်သန်နိုင်ဘူးလို့ ဖေဖေ ယုံကြည်တယ်။ သမီးဟာ ဖေဖေ့မေတ္တာ တရားရဲ့ အသီးအပွင့်။ ဖေဖေ့ မေတ္တာတရားရဲ့ အငွေ့ပြန်မှု တစ်ခုပါပဲ။ ဖေဖေ့ မေတ္တာတရားကို သမီး နားမလည်နိုင်သေးတာ၊ မခံယူနိုင်သေးတာကို ဝမ်းနည်းရုံမှအပ ဖေဖေ့မှာဘာမှ ယုတ်လျော့မသွားပါဘူးကွယ်။ ဖေဖေ့ဆီမှာ သမီးရှိခဲ့စဉ်တုန်းက ဖေဖေပေးနိုင်သမျှ အစွမ်းကုန် ပေးအပ်ခဲ့တယ် ဆိုတာ သမီးနားလည်နိုင်မှာ မဟုတ်ဘူးပေါ့လေ။ အခု သမီးနေရတော့မယ့် ခမ်းနားကြီးကျယ်တဲ့ ကျောင်းတစ်ကျောင်းမှာ သမီးကို ပညာသင်ခဲ့ရတယ် မဟုတ်လား။ အကောင်းဆုံး အစားအစာတွေ မကျွေးမွေးနိုင်ခဲ့ပေမယ့် သင့်တင့်မျှတပြီး အာဟာရဖြစ်မယ့် အစားအစာကိုတော့ ဖေဖေ ကျွေးနိုင်ခဲ့တယ် မဟုတ်လား။
အကောင်းစား အဝတ်အထည်တွေ မဟုတ်ပေမယ့် သမီး မညှိုးနွမ်းခဲ့ရပါဘူး။ ဖေဖေကိုယ်တိုင် ဖွပ်လျှော်ပေးတဲ့၊ ဖြူစင်သန့်ရှင်းတဲ့ အဝတ်အစားကို သမီးဝတ်ခဲ့ရတယ် မဟုတ်လား။ ဖေဖေတို့အိမ်နဲ့ မနီးမဝေးက ကျောင်းကလေးမှာ သမီးလက်ကို ဖေဖေဆွဲပြီး ကျောင်းသွားကျောင်းပြန် လိုက်ပို့ စောင့်ရှောက်နိုင်ခဲ့တယ် မဟုတ်လား။ သမီး ပျော်ခဲ့တယ် မဟုတ်လား။ သမီး သူငယ်ချင်းတွေနဲ့ သမီးနဲ့လည်း ပျော်ရွှင်ချစ်ခင်ခဲ့ကြတယ် မဟုတ်လား။ သဘောကောင်းတဲ့ သမီးရဲ့ ဆရာ၊ ဆရာမတွေကလည်း သမီးကို ချစ်ခင်ခဲ့ကြတယ် မဟုတ်လား။ သမီး တစ်နှစ်တစ်တန်း စာမေးပွဲ အောင်ခဲ့တယ် မဟုတ်လား။
တကယ်လို့ ဖေဖေသာ တတ်နိုင်တဲ့ လူတစ်ယောက် ဖြစ်ပြီး ကိုယ်ကျိုးအတွက်သာ ကြည့်တတ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် သမီး စာမေးပွဲ အောင်ဖို့၊ သမီး အမှတ်ကောင်းကောင်းရဖို့ အခြားကလေးတွေထက် ပိုပြီး အခွင့်အရေးရဖို့ ဖေဖေ ကြိုးစားမိမှာပေါ့။ ကိုယ့်ကြောင့် သူတစ်ပါးကို မထိခိုက်စေနဲ့တဲ့။ ဖေဖေသာ အဲဒီလိုလုပ်ခဲ့ရင် သမီးနဲ့ ဘဝတူ အခြားကလေးတွေရဲ့ အခွင့်အရေးကို ဖေဖေ လုယူစော်ကားရာ ရောက်သွားမှာပေါ့။
ဖေဖေနဲ့အတူ ပျော်ရွှင် အသားကျနေတဲ့ သမီးဟာ ဒီသဘောတရားတွေကို တကယ်တမ်း နားလည် သဘောပေါက်ဖို့ ဆိုတာကျတော့ သိပ်ကို ငယ်လွန်းနေပါသေးတယ်ကွယ်။ ဒီအချိန်မျိုးမှာ ဖေဖေ့ဘဝထဲက သမီးကို ဆွဲထုတ်သွားကြတယ်။ သူတို့ ဖြားယောင်းတဲ့ သာယာမှုတွကို သမီး တက်မက်မိတာ သမီးမှာ ဘာအပြစ်မှ မရှိပါဘူး။ သမီး ကောင်းစားနေမယ်ဆိုရင် ဖေဖေ ဝမ်းသာမယ်။ သမီး ပျော်ရွှင်မယ် ဆိုရင်တော့ ဖေဖေ ပိုပြီး ဝမ်းသာရမှာပေါ့ကွယ်။
ဒါပေမယ့် သမီးရေ … ကိုယ့်ကြောင့် သူတစ်ပါးကို မထိခိုက် စေနဲ့ ဆိုတဲ့စကားနဲ့ သက်ဆိုင်မလားတော့ မသိဘူး။ ကျောင်းကြီးထဲမှာ သမီးတို့ ပညာသင်နေကြမယ်။ သမီး အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲ အောင်ဖို့၊ အခြားကလေးတွေထက် အခွင့်အရေးရဖို့ နည်းအမျိုးမျိုးနဲ့ပေါ့ သမီးရယ်။ ပြီးတော့ ကျောင်းဆင်းဖို့ အချိန်တွေ အများကြီး လိုသေးပေမယ့် ပိတ်ထားတဲ့ သံတံခါးကြီး အနီးမှာ ထမင်းချိုင့်ကြီးငယ် ကိုယ်စီနဲ့ ဂုဏ်တုဂုဏ်ပြိုင် တစ်နေကုန် ထိုင်စောင့်ကြတယ်။ ခဏတစ်ဖြုတ် ကျောင်းဆင်းလိုက်တဲ့ အချိန်ကလေးမှာကိုပဲ အလုအယက် သူ့ထက်ငါ သံတံခါးတွေရဲ့ ကြားက အစားကောင်း အသောက်ကောင်းတွေကို ထိုးပေးကြမယ်။
သမီးကို ကျောင်းအပ်တဲ့နေ့က စပြီးတော့ပေါ့ကွယ်။ အခက်အခဲတစ်ခုကို ဖြေရှင်းပြီး အောင်မြင်အောင် ကြိုးစားဖို့ထက် သူတို့ရဲ့ ပိုက်ဆံအိတ်တွေကို မလိုအပ်ဘဲ ဆွဲဖွင့်နေတာကို သမီးတွေ့ရလိမ့်မယ်။ သူတို့ဟာ အိတ်ကပ်ထဲ ပိုက်ဆံအပြည့် မပါဘဲ ဘဝကို မဖြတ်သန်းရဲကြတော့ဘူး။ ဒီအပြုအမူမျိုးဟာ အခြားလူတွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားစေဖို့ အားပေးနေတဲ့ မကောင်းမှုတစ်ခုပဲ။ အခြား လူတန်းစားတွေရဲ့ ဘဝကို အခွင့်အရေး မရအောင် ပိတ်ပင်နေတဲ့ ဒုစရိုက်မှု တစ်ခုပဲ။ မကောင်းတဲ့ အစဉ်အလာ ဖြစ်ပေါ်ဖို့ လမ်းခင်းပေးတဲ့ ဖောက်ပြန်မှုပဲ။
ဖေဖေနဲ့အတူ ရှိစဉ်က သမီးနေခဲ့တဲ့ ကျောင်းကလေးကို သမီး ဘဝမှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး ဆိုတာ ဖေဖေ ယုံကြည်တယ်။ အမှတ် (၁၄) အလက ကျောင်းကလေးလေ။ အဲဒီတုန်းက တစ်နေ့မှ အပြားငါးဆယ်ပဲ ဖေဖေ ပေးလိုက်နိုင်ခဲ့တယ် မဟုတ်လား။ တစ်ခါတလေ နှစ်ဆယ့်ငါးပြားထဲပါကွယ်။ သမီးရဲ့ အခြား သူငယ်ချင်းတွေမှာလည်း တစ်ကျပ်ပြည့်အောင် ပါတဲ့လူ ခပ်ရှားရှားမို့ သမီးတို့ချင်း ပြိုင်ဆိုင်ပြီး ဝယ်မစားကြပါဘူး။ အတူတူ ကစားပြီး အတူတူစားကြတယ်။ ဆရာ၊ ဆရာမတွေကိုလည်း (မလိုအပ်တဲ့) ဘာကြေးမှ အပိုမပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် သမီးပျော်ရွှင်ခဲ့တယ်။ ဆရာ၊ ဆရာမတွေရဲ့ ချစ်ခင်ပူနွေးမှုကိုလည်း အခြားကလေးတွေလိုပဲ သမီး ခံစားခဲ့ရတယ် မဟုတ်လား။
ရာစုခေတ်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတာနဲ့အမျှ မေတ္တာ တရားနဲ့ ပတ်သက်တဲ့ ခံစားမှုတွေလည်း လူတွေရဲ့ နှလုံးသားမှာ တဖြည်းဖြည်း ခန်းခြောက်လာတဲ့ ဒီလို ခေတ်မျိုးကြီးထဲမှာတောင် ကံကောင်း ထောက်မစွာပဲ သမီးဟာ ပျော်ရွှင်မှုကို ရယူနိုင်ခဲ့တယ် မဟုတ်လား။
မြနှင်းဝေ၊ မင်းတို့ ထင်ခဲ့သလို အနုပညာဆိုတာ ဒုစရိုက်မှုတစ်ခု မဟုတ်ဘူး၊ အကုသိုလ်မှု တစ်ခု မဟုတ်ဘူး၊ ကိုယ်ကျင့်တရား ပျက်ပြားမှ တစ်ခု မဟုတ်ဘူး၊ အနုပညာသမားဆိုတာ ကိုယ်ပေးနိုင်သမျှ အားလုံးအပေါ် ပေးဆပ်ပြီးတော့ ကိုယ်ပေးခဲ့ရသမျှနဲ့ ထိုက်ထိုက်တန်တန် ဘယ်တုန်းကမှ ပြန်မရခဲ့တဲ့ လူတွေပါ။ ငွေကြေးဥစ္စာဓန ဆိုတာကို ငါ စွန့်လွှတ်ခဲ့တယ်။ ဒါကတော့ အစကတည်းက ငါ ပိုင်ဆိုင်တာရယ်လို့ တစ်ပြားတစ်ချပ်မှ မပါခဲ့လေတော့ စွန့်လွှတ်ခဲ့ရတယ်လို့တောင် မသုံးသင့်ပါဘူးလေ။
ငါ့ကိုယ်ပိုင်လို့ ဆိုနိုင်လောက်တဲ့ အရာရှိတစ်ယောက်ရဲ့ ဘဝကိုလည်း ငါ စွန့်လွှတ်ခဲ့တယ် မဟုတ်ဘား။ ငါ့သဘောနဲ့ ငါပါ။ ငါ မစွန့်လွှတ်ချင်ဘဲ စွန့်လွှတ်ခဲ့ရတဲ့ အရာကတော့ ငါ့သမီးပဲပေါ့။ တရားဥပဒေရဲ့ ဆုံးဖြတ်မှုက ငါ့သမီးကို ငါ မပိုင်ဆိုင်သင့်ဘူးတဲ့လား၊ ဟုတ်လား။ ဒါပေမယ့် မြနှင်းဝေ၊ ငါ့သမီးကို ငါသိတယ်၊ ငါ ယုံကြည်တယ်။ ငါ့သမီးရဲ့ အသွေးအသားထဲမှာ ငါ့အတ္တဟာ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီ ဆိုတာ ငါယုံကြည်တယ်။ မင်းတို့နဲ့အတူ နေခဲ့မယ့် သမီးရဲ့ မသိစိတ်ထဲမှာ ငါ့ဝိညာဉ်ဟာ ပူးကပ်နေပြီးတော့ နေလိမ့်မယ်။ တစ်နေ့နေ့မှာတော့ ငါ့သမီးဟာ ငါ့ဆီကို ပြန်ရောက်လာလိမ့်မယ် ဆိုတာ ငါ အသေအချာကို ယုံကြည်တယ်။
မြနှင်းဝေ၊ ငါ့ရဲ့ စွန့်လွှတ်မှုတွေကို မင်း အထင်မကြီးခဲ့ဘူး။ ငါ့ရဲ့ မအောင်မြင်မှု့ကိုတော့ မင်း အထင်သေးခဲ့တယ်။ ငါဟာ ကျော်ကြားမှု တစ်ခုနောက်ကို သွေးရူးသွေးတန်း လိုက်နေတဲ့ လူတစ်ယောက် မဟုတ်ဘူး ဆိုတာကိုလည်း မင်း နားမလည်နိုင်ခဲ့ဘူး။ မလိုအပ်တဲ့ အောင်မြင်ကျော်ကြားမှုမျိုးကို မဆိုထားနဲ့ ကိုယ်တိုင် တကယ်တမ်း မတည်ဆောက်နိုင်တဲ့ အရာတစ်ခုပေါ်မှာ လွဲမှားပြီးတော့ တစ်စုံတစ်ရာ ရရှိခဲ့ရင်လည်း ငါ့ကိုယ်ကို ငါ ရွံ့ရှာမိလိမ့်မယ်။ ငါ့ကိုယ်ထဲက တူးဖော်တွေ့ ရှိသမျှကိုသာ ငါယုံကြည်တယ်။ အပြင်အပ ဗဟိဒ္ဓအာရုံတွေကိုတော့ ငါ့နှလုံးသားထဲထိ လာပြီး မရိုက်ခတ်သေးသမျှ ငါ ဘာကိုမှ မလိုချင်ဘူး။ ငါ ဘာကိုမှ မယုံကြည်ဘူး။
မြေကြီးပေါ် လေးဘက်ထောက် သွားခဲ့ရတဲ့ ခေတ်တွေတုန်းကလည်း လူဆိုတာ အမှန်တရားကို လက်ခံသူရှိမယ်၊ ငြင်းဆန်သူ ရှိမယ်။ မင်းတို့ ငါတို့ရဲ့ လက်ရှိခေတ်ကာလမှာလည်း ဒီအတိုင်းပဲ မဟုတ်လား။ ဘာများ တိုးတက်လို့လဲဟင်။ တစ်ဦးတစ်ယောက်ချင်းရဲ့ ပေါ့တန်မှုကြောင့် လူ့သမိုင်းဟာ နစ်မြုပ်သွားနိုင်တာမို့ လူတိုင်း လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး အမှန်တရားနဲ့ နီးစပ်အောင် ကြိုးစားသင့်တယ်လို့ ငါ ယုံကြည်တယ်။
***
သမီးလေး၊ သူများတွေက ရယ်မောပြီး ကိုယ်က မရယ်မောနိုင်တဲ့အခါ လောကကြီးဟာ ဘာမှအဓိပ္ပာယ် မရှိပါဘူး။ ကိုယ်တစ်ယောက်တည်း ရယ်မောပြီး သူများတွေက မရယ်မောနိုင်ရင်လည်း လောကကြီးဟာ အဓိပ္ပာယ်မရှိပါဘူးကွယ်။ လူတွေဟာ ပျော်ရွှင်မှုကို ဆာလောင် မွတ်သိပ်ကြတယ်။ ဒါပေမယ့် အခြားလူ တစ်ယောက်အတွက် ဝမ်းသာပျော်ရွှင်မှုကို ခံစားနိုင်တဲ့ ပါရမီဆိုတာ လူတိုင်းမှာ မရှိနိုင်တာကတော့ သေချာသပေါ့ကွယ်။
လူမှုဆက်ဆံရေး ဖြစ်တည်မှုရဲ့ အခြေခံအောက်ခြေမှာ လိမ်ညာမှု တစ်ခုခု ရှိနေပြီဆိုတာ ခံစားသိရှိနေရတဲ့ ဖေဖေ့ဒုက္ခဟာ ဘယ်လောက်ကြီးမားမလဲ ဆိုတာ သမီး စဉ်းစားကြည့်ပေတော့။ လိမ်ညာမှုကို ဥပေက္ခာပြုပြီး နေနိုင်တဲ့လူ ဆိုတာ ကိုယ့်ယုတ်ညံ့မှုကို ကိုယ့်လက်နဲ့ ဆုပ်ကိုင်ပြီး ကြည့်နေရတဲ့လူပဲ ဖြစ်မှာပါ။
ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်၊ ငတ်မွတ်ခေါင်းပါးနေတဲ့ အချိန်မှာ အစားအသောက်ရဲ့ တန်ဖိုးကို ပိုပြီး သိနိုင်သလို၊ မေတ္တာခေါင်းပါးနေတဲ့ ခေတ်ကြီးထဲမှာ မေတ္တာတရားအကြောင်း ပိုပြီး သင်ယူနိုင်ခွင့် ရှိတာပေါ့။ ကြောက်စရာ ပူလောင်ပြင်းပြတဲ့ ကာလတွေကို ဖေဖေတို့ သမီးတို့ ဆက်ပြီး ပိုင်ဆိုင်ကြရဦးမှာပေါ့။ အလင်းနဲ့အမှောင် နှစ်ခုကြားမှာသာ ဘဝကို ပြတ်ပြတ်သားသား မြင်နိုင်ပေလိမ့်မယ်။
***
မြနှင်းဝေ၊ ပြည့်လျှံကြွယ်ဝတဲ့ စိတ်ကူးစိတ်သန်းတွေထဲမှာ ရုန်းမရအောင် နစ်မြုပ်နေတဲ့ အရူးတစ်ယောက်လို ငါဟာ … ငါ့မှာ ချမ်းသာ ကြွယ်ဝတဲ့ မေတ္တာတရားနဲ့ ပျော်ရွှင်မှု အစစ်တွေကို လူတိုင်းဆီ ပေးဝေရင်း ငါ့ဘဝမှာ ငါနေထိုင်ခဲ့တယ်။ အခုတော့ ငါကြေကွဲရပြီ။ ငါ့သမီးကို ငါ့ဆီက မင်းတို့ ခေါ်သွားနိုင်ခဲ့ပြီကိုး။
ငါ ဝမ်းနည်းနေတယ်၊ ငါဒေါသ ဖြစ်နေတယ်၊ ငါ တောက်လောင်နေတယ်၊ ငါ ကြေကွဲနေတယ် ဒါပေမယ့် ဆုံးရှုံးလိုက်ရတဲ့ ပျော်ရွှင်မှုကို မင်း ပိုင်ဆိုင်သွားပြီလို့တော့ ငါ မယုံကြည်ဘူး။
◾
ဘင်ဂျမင်ဖရင်ကလင်၏ ရယ်သံများ
ကိုယ့်မိတ်ဆွေများထံသို့ ချေးဖို့ ငှားဖို့ သွားရခြင်းထက် ကိုယ်က ကူညီပေးကမ်းရန် သွားရခြင်းက ပို၍ ကောင်းပါပေသည်။ သို့ရာတွင် ထို နှစ်ခုစလုံးနှင့် မသက်ဆိုင်ဘဲ သွားရခြင်းမှာကား သာ၍ ကောင်းသော အကောင်းဆုံး ဖြစ်ပေ၏။
ယခုကား ကျွန်တော်သည် အဆိုးဆုံးသော အနေအထားဖြင့် ကျွန်တော့် မိတ်ဆွေရှိရာသို့ သွားရလျက် ရှိချေပြီ။ အဆိုးဆုံးသော အနေအထား မှန်ပေသည်။ ထိုအဆိုးဆုံးသော အနေအထားများသည် ကျွန်တော့် တစ်ကိုယ်လုံးကို သာမက ကျွန်တော့်အား တွဲလောင်းခိုထားသည့် မိန်းမနှင့် ကလေးများအားလည်း ဖိစီးလျက်ပင် ရှိပါတော့သည်။
ကြယ်တံခွန် လာနေတဲ့အသံကို ခင်ဗျားကြားမိပါသလား။
အကြွေးစာရင်းတွေ လာနေတဲ့ အသံကို ကျွန်တော် ကြားနေရတယ်။ ကျွန်တော့်ဆီ လာနေတဲ့ အကြွေးစာရင်းတွေရဲ့ အသံပေါ့။
အဖြစ်အပျက်တွေထဲမှာ၊ ကမ္ဘာ့သမိုင်းဆရာတွေရဲ့ မှတ်တမ်းထဲမှာ ထူးခြားတဲ့ ဖြစ်ရပ်တွေ ရှိကောင်းရှိခဲ့မှာပေါ့။ အရာအားလုံးအပေါ် စိတ်ဝင်စားမှု ကင်းမဲ့ပြီး နေ့စဉ်သတင်းစာနဲ့ ဂျာနယ် မဂ္ဂဇင်းတွေကိုတောင် ဂရုတစိုက် မဖတ်ဖြစ်ခဲ့တဲ့ ကျွန်တော့်အဖို့တော့ ကမ္ဘာကြီး ဘာတွေဖြစ်နေတယ် ဆိုတာ သိပ်မသိတော့ပါဘူး။
အဲဒီ မနေ့ညတုန်းက ကျွန်တော်ဟာ လင်းခါနီးမှ အိပ်ပျော်ခဲ့ရတယ်။ အသစ်ရောက်လာမည့် နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ တစ်ဖက်ခန်းမှ ပျော်ရွှင် မူးယစ် စားသောက်နေကြသံတွေကို ကြိတ်မှိတ် နားထောင်ရင်း၊ တဒင်ဒင် မြည်နေတဲ့ တိုင်ကပ်နာရီအိုကြီးကို ငေးကြည့်ရင်း၊ ကျွန်တော့်အပေါ် ကံဆိုးခြင်းတွေသာ တစ်ပွေ့တစ်ပိုက်ကြီး လက်ဆောင်ပေးခဲ့ပြီး အသစ်စက်စက် ကုန်ဆုံးသွားတဲ့ ထိုနှစ်ကြီးကို အံကြိတ် တက်ခေါက် ဒေါသဖြစ်ရင်း အိပ်မပျော်ဘဲ ဖြစ်နေခဲ့ရတာပါ။ သုံးနာရီကျော်ကျော်ရှိမှ ဆုံးဖြတ်ချက် တစ်ခုကို ချပြီး ကျွန်တော် အိပ်ပျော်သွားခဲ့တယ်။
လူတစ်ယောက်ရဲ့ ဘဝကို ဘယ်တော့မှ ကံဆိုးမိုးမှောင်ထဲ အတင်းပစ်ချလို့ မရဘူးလို့ ကျွန်တော်က ယုံကြည်တယ်။ ဒါကြောင့်ပဲ ဆုံးဖြတ်ချက်အတိုင်း ကျွန်တော်ဟာ ကျွန်တော့် မိတ်ဆွေရှိရာ ချီတက်လာတာပေါ့။
ဆက်သွား… ဆက်သွား။
ကျွန်တော့်မှာ ရှိသမျှ စိတ်ဆန္ဒအားလုံးကို စုစည်းပြီး ကျွန်တော့် မိတ်ဆွေရှိရာ ချီတက်လာခဲ့တာပါပဲ။ ကျွန်တော့် ကိုယ်ပေါ်မှာတော့ နှစ်ပေါင်းများစွာ ဝတ်ဆင်ခြင်း မရှိတဲ့ ဂမ္ဘီရကုတ်အင်္ကျီ ဖားဖားကြီးကို ဝတ်ဆင်လို့ပေါ့။ အထူးတလည် ဝတ်ဆင်လာခဲ့တဲ့ သည်အင်္ကျီကြီးဟာ အများအမြင်မှာတော့ စုတ်ချာချာလို့ ထင်စရာရှိပေမယ့် ကျွန်တော့်အဖို့တော့ ဂုဏ်သိက္ခာ အပြည့်အဝပါပဲ။ မိဘ ဘိုးဘွားစဉ်ဆက် အမွေအနှစ် ပေးခဲ့တဲ့ အင်္ကျီကြီး ဖြစ်တာကြောင့် မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် အချိုးကျကျ တိုင်းထွာချုပ်လုပ် ထားတာကြောင့်လည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အိမ်တော်ရာ လေဘေးတန်းမှ ဝယ်ခဲ့တဲ့ အင်္ကျီကြီးပါ။ အချိုးအစား သိပ်မကျပေမယ့် နွေးနွေးထွေးထွေး ဖားဖားလျားလျား ရှိလှတဲ့ ဆောင်းဝတ်အင်္ကျီကြီးပါ။
ကျွန်တော် ပြောလိုတာက သည်အင်္ကျီကြီးရဲ့ သမိုင်းကြောင်းနဲ့ အချိုးအစား ကျနမှု၊ မကျနမှုအကြောင်း မဟုတ်ပါဘူး။ သည်အင်္ကျီကြီးမှာ အိတ်ကပ်တွေ အများကြီးပါပြီး ပိုက်ဆံတွေ အများကြီး ထည့်လို့ရတဲ့ အကြောင်း ပြောလိုရင်းပါ။ ပြီးတော့ သည်အင်္ကျီကြီးဟာ အချိုးအစား မကျလှပေမယ့် လူအများကို ဆွဲဆောင်မှုရှိပြီး သည်အင်္ကျီကြီးကို ဝတ်ထားတဲ့အခါ ကျွန်တော့်ကို လူအများက စိတ်ဝင်စားမှု ဖြစ်စေတယ်လို့ ကျွန်တော် ယုံကြည်ထားတာကြောင့်ပါပဲ။ တစ်စုံတစ်ယောက်ဆီက ပိုက်ဆံချေးလိုတဲ့ အခါ သည်အင်္ကျီကြီးကို ကျွန်တော် အမြဲ ဝတ်နေကျပါပဲ။ ကျွန်တော့်ရဲ့ ဂမ္ဘီရ ကုတ်အင်္ကျီကြီး။
မနေ့ညက အိပ်ရေးပျက်ခံ စဉ်းစားဆုံးဖြတ် ထားတဲ့အတိုင်း ကျွန်တော့် မိတ်ဆွေဆီက ပိုက်ဆံချေးဖို့ ထွက်လာခဲ့ခြင်းပါပဲ။ အကောင်းဆုံးသော အရင်းအနှီး ရှာဖွေခြင်းမှာ တစ်စုံတစ်ယောက်ထံမှ ပိုက်ဆံချေးခြင်း ဖြစ်သည်ဟု တစ်စုံတစ်ယောက်က ကျွန်တော့်အား အကြံပေးခဲ့ဖူးတာကို ကျွန်တော် ဘယ်တော့မှ မမေ့။ ပြီးတော့ ဘင်ဂျမင်ဖရင်ကလင်က ပြောခဲ့ဖူးတယ် မဟုတ်လား။ ပိုက်ဆံရဲ့ တန်ဖိုးကို သိချင်ရင် တစ်စုံတစ်ယောက်ဆီက ပိုက်ဆံချေး ကြည့်လိုက်ပေါ့တဲ့။
ကျွန်တော့်မှာ အရင်းအနှီး ပြုစရာ ပိုက်ဆံတွေ အများကြီး လိုနေသည်။ အကြွေးပေးစရာ ပိုက်ဆံတွေ အများကြီး လိုနေသည်။ ကလေးတွေအတွက် ပိုက်ဆံတွေ အများကြီး လိုနေသည်။ နေ့စဉ် စားဝတ်နေရေး အတွက် ပိုက်ဆံတွေ အများကြီး လိုနေသည်။ လိုသည်၊ လိုနေသည်။
အဝေးကြီးသော နှစ်တွေဆီက ရယ်မောသံတွေ ကျွန်တော် ကြားနေရတယ်။ ဘဝမှာ ကြားနေရတယ်။ ဘဝမှာ ကျွန်တော်ဟာ ပုစဉ်းတစ်ကောင်လောက်တောင် မြင့်မြင့် မပျံသန်းနိုင်ခဲ့ပေမယ့် စိတ်ကူးကျတော့ အမြင့်ဆုံးထိ ယဉ်တတ်တဲ့ကောင်ပါ။ ထင်သလို လွင့်မျောနေတဲ့ တိမ်တိုက်တွေထဲမှာ ကျွန်တော့်ပုံတူကို ကျွန်တော် ထုဆစ်ခဲ့တယ်။ အင်း ဖားပြုပ်လိုကောင်တွေက လှောင်ပြောင် ရယ်မော နေကြလေမလား။ ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို သံကောင်းတမန်ကောင်း တစ်ဦးလို ကြိုဆိုပါ့မလား။ ဝံပုလွေတွေကတော့ သူတို့ထက် အင်အားသာရင် လေးစားတတ်ကြတယ်။ အမေရိကန်သမ္မတ ကတော်တွေကတော့ သူတို့ရဲ့ ယောက်ျားတွေကို အခြား သမ္မတတွေထက် တော်တဲ့ အတော်ဆုံးသမ္မတ ဖြစ်စေချင်ကြတာပဲ။ ကျွန်တော့် မိတ်ဆွေဟာ ကျွန်တော့်ရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်နိုင်ပါ့မလား။ အရာရာဟာ ဘာတစ်ခုမှ မသေချာဘဲနဲ့ ကျွန်တော်ဟာ ကျွန်တော့်မိတ်ဆွရှိရာ ဆီသွားနေတယ်။
ကိုယ့်မျှော်လင့်ချက်ဆိုတာ အမြဲတမ်းတော့ ကိုယ့်ကို အပြုံးနဲ့ စောင့်ကြို မနေတတ်ဘူးပေါ့လေ။ အမြဲတမ်း ရုံပြည့် နေရစေ့မယ်လို့ ဘယ်ဇာတ်ဆရာမှ မျှော်လင့်ထားလို့ မရဘူး မဟုတ်လား။ သိုးတွေဟာ ကောင်းကင်ဘုံကို ဘယ်တော့မှ မော့မကြည့်ဘူး။ သူတို့ရဲ့ နှလုံးသားကတော့ ကောင်းကင်ဘုံနဲ့ အမြဲတမ်း ထိတွေ့နေတယ်။ ကိုယ်လိုချင်တဲ့ အရာက တောင်ဘက်မှာ ရှိနေပေမယ့် ကိုယ်က မြောက်အရပ်ဆီ ဦးတည်ပြီး သွားနေမိပြန်ရော။ ကိစ္စ မရှိပါဘူး။ အဆင်မပြေမှုတွေကို ချောင်းဆိုးခြင်းအဖြစ်နဲ့ အသွင်ပြောင်းလဲခဲ့ရတာ ကျွန်တော့်အဖို့ ရိုးလှပါပြီ။ အကောင်းစား ဆိုဖာဆက်တီခုံတွေ မလိုချင်ပါဘူး။ အကောင်းစား စိတ်ကူးစိတ်သန်းတွေ ပေါ်မှာ ကျွန်တော် အမြဲတမ်း ထိုင်နေခဲ့တာပဲ။
ကျွန်တော့် မိတ်ဆွေဆီက ပိုက်ဆံတွေ ချေးရခဲ့လျှင် ဟောသည် အိတ်ကပ်ကြီးထဲမှာ ဟောသည်လို ထည့်မယ်။ ဆံ့မှ ဆံ့ပါ့မလား။ ဟောသည် ညာဘက်ဘေးမှာလည်း အိတ်ကပ်ကြီးတစ်လုံး ပါသေးရဲ့။ ကျွန်တော့် မျက်စိထဲမှာ ပိုက်ဆံတွေ ပျံဝဲနေတယ်။ နှစ်ရာတန် သုံးလေးရွက်ထက် ပိုပြီး မပိုင်ဆိုင်ဖူးတဲ့ကောင် ဆိုတော့ ငွေငါးသောင်းဆိုတာ ဘယ်လောက် များပါလိမ့်လို့ သူများကို မေးယူရတယ်။ ဟ ကောင်ရ၊ ငါးသောင်းဆိုတာ ငါးသောင်းပဲပေါ့ကွလို့ မကြာခဏ အငေါက်ခံရတာ မှတ်မိသေးတယ်။ တစ်ကမ္ဘာလုံးမှာ သုံးနှုန်းနေကြတဲ့ ငွေကြေးစကားတွေကိုလည်း မစားရ ဝခမန်း ကျွန်တော် ကြားယောင် နေမိပြန်တယ်။ ငွေလဲလှယ်မှု နှုန်းထားတွေ၊ ဈေးကွက်စီးပွားရေးစနစ် အကြောင်းတွေ၊ အေတီအမ်လို့ ခေါ်တဲ့ အလိုအလျောက် ငွေထုတ်စက်ကြီးတွေ၊ အက်ဖ်အီးစီးတွေ၊ ဒေါ်လာတွေ၊ ရှယ်ယာ ပွဲစားတွေ စုံလို့ပါပဲ။
မှတ်မိသေးပါတယ်ဗျာ။ ရွှေဆိုင်ကြီးတစ်ခုမှာ ငွေရေတွက်ဖို့ တန်းစီပြီး ထိုင်နေကြတဲ့ မိန်းကလေးတွေ လှမှ လှနဲ့။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ခေတ်မီတိုးတက်စွာ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံး လာခဲ့တာ ခုနစ်နှစ်၊ ရှစ်နှစ်လောက်တောင် ရှိခဲ့ပြီ မဟုတ်လား။ ဟော ဖက်စပ် ကုမ္ပဏီကြီးတွေ၊ ဖက်စပ်ဘဏ်ကြီးတွေ အလျှိုလျှို ပေါ်ပေါက်လာခဲ့ပြီ မဟုတ်လား။ နေ့စဉ်ထုတ် ငွေကြေးသတင်းစာတွေက ဖော်ပြနေတဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ကြီး အကြောင်းတွေ၊ စတော့ရှယ်ယာ ပိုင်ဆိုင်သူတွေ၊ အစုရှယ်ယာ ပိုင်ဆိုင်သူတွေ၊ ငွေကြေး အတက်အကျတွေ၊ ကိုယ်စားလှယ်တွေ၊ အရောင်းအဝယ်တွေ၊ အနာဂတ် ရောင်းဝယ်ရေး အကြောင်းတွေ စုံလို့ပါပဲ။
ကျွန်တော့် မျက်စိထဲမှာ ငွေကြေး စက်ယန္တရားကြီးဟာ အဆက်မပြတ် လည်ပတ်နေရုံသာမက ကျွန်တော့် နားထဲမှာလည်း ငွေကြေး စကားသံတွေပဲ ဆူညံနေတော့တယ်။ ဒင်္ဂါးပြားတွေ ကြမ်းပေါ် သွန်ချလိုက်သလို တချွမ်ချွမ် မြည်နေရုံမျှသာ မဟုတ်ပါဘူး။ ပေပါကြီးနှစ်လုံးကို ရှေ့နောက် ယှဉ်တွဲပြီး နောက်က ခြေထောက်နဲ့ လှိမ့်ကန်နေသလို တဂျိမ်းဂျိမ်း မြည်နေတာပါ။
“ကိုယ့်လူက ပိုက်ဆံဘယ်လောက် လိုလို့လဲ၊ ပြောလေ၊ အားမနာပါနဲ့”
သူက အဲသလိုမေးခဲ့ရင် ကျွန်တော့် ပါးစပ်ကထွက်ရမှာ အားတုံ့အားနာ ဖြစ်ကောင်း ဖြစ်နေလိမ့်မည်လား။ အဲသလို ဖြစ်နေရင် ပထမဆုံး ကျွန်တော်က လက်ငါးချောင်းကိုပဲ ထောင်ပြလိုက်ရမှာပေါ့။ ငါးသောင်း။ မြန်မာကျပ်ငွေ ငါးသောင်းလောက်တော့ ဒီလူ့အဖို့ သိပ်ခက်ခဲလိမ့်မည် မဟုတ်။ တစ်ခါမှတော့ ဒီလူ့ဆီက ပိုက်ဆံ မချေးငှားဖူးဘူး ပေါ့လေ။ သူ့မှာ မြန်မာကျပ်ငွေ အလွယ်တကူ ရှိကောင်းပါရဲ့။ တစ်ခါမှတော့ သည်လောက်များများ ဘယ်သူ့ဆီကမှ မချေးဖူးပါဘူးလေ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော့် လိုအပ်ချက်တွေက သိပ်များနေတယ်။ အကြွေးတွေလည်း တင်နေတယ်။ ကလေးတွေလည်း ဟင်းကောင်းကြွေးကောင်း မစားရတာ ကြာပြီ။ မိန်းမကလည်း မြိန်ရည်ယှက်ရည် စားချင်လိုက်တာကွာလို့ မကြာခဏပဲ ညည်းညူရှာတယ်။ ကလေးတွေအတွက် ကျောင်းက အချိန်ပိုကြေးကအစ ဟိုကြေးသည်ကြေးတွေကလည်း ပေးစရာ များနေတယ် မဟုတ်လား။
အဲဒီတော့ ငါးသောင်းလောက် ချေးမှ လုံလောက်မယ်။ အရင်တုန်းကလိုပဲ လေးငါးရာလောက်သာဆိုရင် အသေးသုံး လိုအပ်ချက်ကလေးတွေနဲ့ပဲ ကုန်သွားမှာ။ ဘာလုပ်ငန်းမှ လုပ်ဖြစ်မှာ မဟုတ်ဘူးလေ။
ပေးစရာရှိတဲ့ ကြွေးဟောင်းတွေ အကုန် ဆပ်ပစ်လိုက်မယ်။ ကျန်တဲ့ငွေနဲ့ ဘာလုပ်ရပါ့။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ စာအုပ်အရောင်းဆိုင်ကလေး တည်ထောင်ဖို့ အကြံပေးထားတယ်။ ဒါဆို ဆိုင်ခန်း ငှားရမယ်၊ စဘော် တင်ရမယ်၊ ဖြစ်နိုင်မယ် မထင်ဘူး။ အကြွေးဟောင်းတွေကလည်း မဆပ်လို့ မဖြစ်တဲ့ အခြေအနေမှာ ရောက်နေပြီ။ ငါးသောင်းလုံး အကုန်သုံးရင်တောင် လောက်မှ လောက်ပါ့မလား။ ဒီတော့ ကျွန်တော့်အတွက် လုပ်ငန်းတစ်ခုခုကတော့ မဖြစ်နိုင်။ မိန်းမအတွက်ပဲ လုပ်ငန်းကလေးတစ်ခုခု စဉ်းစားရတော့မယ်။
မုန့်ဟင်းခါးဆိုင်လေး ဖွင့်ရမလား၊ အသုပ်စုံဆိုင်လေး ဖွင့်ရမလား၊ ဈေးထောင့်မှာ အကြော် ကြော်ခိုင်းရမလား၊ မိန်းမကတော့ အရင်းအနှီးကလေးရှိရင် ဈေးထဲမှာ ကုန်စိမ်းရောင်းချင်သည် ဟု ပြောဖူးသည်။ ကွမ်းယာဆိုင်ကလေး တစ်ဆိုင်လောက် ထောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။
ဘာလုပ်ရမှာလဲ။ ဘယ်လို ဖြေရှင်းရမှာလဲ။
မစ္စစ်ကာရိုးအော့စ်ဘွန်း ခင်ဗျား။ သည်ကိစ္စအတွက် ကျွန်တော် ပြဿနာအမှတ် ဘယ်လောက်ကို ဖတ်ရမှာလဲ။ ကျွန်တော့်ကို အဆက်မပြတ် မိုးကြိုးပစ်နေတယ်။ ညစဉ် ရက်ဆက် အိပ်မပျော်အောင် လုပ်ထားတဲ့ စိတ်သောကတွေအတွက် မနေ့ညက ကျွန်တော် ပြဿနာအမှတ် (၉၁) ကို ဖတ်ဖြစ်ခဲ့တယ်။ “ငါ မှားသွားလျှင် မည်သို့ လုပ်မည်နည်း၊ ငါ မှားသွားလျှင် မည်သို့ လုပ်မည်နည်း” ဤသို့သော ညည်းတွားသံများကို ‘အီချင်း’ က ကြားပေလိမ့်မည်။
ကွန်ဖြူးရှပ်ရဲ့ စီးပွားရေးပြဿနာ တစ်ရာထဲမှာ အဖြေရှာမရတာနဲ့ ကျွန်တော်ဟာ ကျွန်တော့် မိတ်ဆွေဆီက ငွေငါးသောင်းချေးဖို့ ဆုံးဖြတ်လိုက်ရ ပါတော့တယ်။
ကျွန်တော့် မိတ်ဆွေဟာ ဘဏ်လုပ်ငန်းရှင် တစ်ယောက်ပါ။ အခြား စီးပွားရေး လုပ်ငန်းတွေလည်း ရှိပါသေးတယ်။ သူ့ဘဝရဲ့ အဓိက ရည်မှန်းချက်ဟာလည်း ပြည့်စုံတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ပါပဲ။ ဒါပေမယ့် သူက ကဗျာဆရာဘဝကို အဆစ်အနေနဲ့ လိုချင်ပြန်သေးတယ်လေ။ ဒီအချက်ကြောင့်ပဲ သူနဲ့ ကျွန်တော်ဟာ ပေါင်းစပ်နေရတာပါ။ ဒါပေမယ့် အခု ကျွန်တော် သူ့ဆီလာတာကတော့ဖြင့် ကဗျာကိစ္စနဲ့ ဘာမှ မပတ်သက်ပါဘူး။ ငွေရေးကြေးရေး ကိစ္စ။ ငွေရေးကြေးရေး ကိစ္စနဲ့ လာခဲ့ တာမို့ ခြေလှမ်းတော့ သိပ်မသွက်လှဘူးပေါ့။ စဉ်းစားတွေးတော တုံ့ဆိုင်းမှုနဲ့ ကျွန်တော့် ခြေလှမ်းတိုင်းဟာ လေးလံနေရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိတ်ဆွေဟာ လူကောင်းသူကောင်း တစ်ယောက်ပါ။
“ဟာ… ဟေ့လူ လာထိုင်”
ရောက်ရောက်ချင်းပဲ ကျွန်တော့်မိတ်ဆွေက ဖော်ဖော်ရွေရွေ ဖိတ်ခေါ်တယ်။ ကျွန်တော့်မှာသာ လာရင်းကိစ္စက တစ်မျိုးဖြစ်နေတော့ သွက်သွက်လက်လက် မရှိဘဲ ဖြစ်နေတယ်။ သူ့လုပ်ငန်းကိစ္စတွေ ရပ်ထားပြီး ကျွန်တော်လာတိုင်း ပြောနေကျဖြစ်တဲ့ စာအကြောင်း ပေအကြောင်းတွေ သူက စပြောပါတော့တယ်။ သူပြောတာတွေကို စိတ်ဝင်စားဟန်ဆောင်ပြီး အလိုက်သင့် ပြောနေရပေမယ့် စိတ်ကတော့ ဘယ်လို စကားစလိုက်ရမလဲ ဆိုတာ တွေးနေရတာကြောင့် ကျွန်တော့်ဘက်က မသွက်လှဘူး။ အခါတိုင်းကတော့ စာအကြောင်း ပေအကြောင်းတွေကို ကျွန်တော်ကသာ ဦးဆောင်ပြီး ပြောနေကျ မဟုတ်လား။
ဒီလိုနဲ့ ကျွန်တော့် အဖို့ရာမှာ မရေရာတဲ့ စကားတွေနဲ့ပဲ မျောနေရတော့တယ်။ ဒါပေမယ့် သူ့မှာ လုပ်ငန်းတွေနဲ့ မဟုတ်လား။ အချိန်ဟာ သူ့အတွက် တန်ဖိုးရှိလှပါတယ်။ ခင်မင်လွန်းလို့သာ သူ့အလုပ်ကို ရပ်ပြီး ဧည့်ခံစကား ပြောနေရတယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါရဲ့။သူက ပြောလက်စ, စကား ခဏရပ်ပြီး စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို ထုတ်မီးညှိတယ်။ ကျွန်တော့်ကိုလည်း စီးကရက်ဘူး လှမ်းပေးတယ်။
“ဘင်ဂျမင်ဖရင်ကလင်”
ကျွန်တော့်ပါးစပ်က မဆီမဆိုင် စကားတစ်လုံး ထွက်သွားတော့ သူက ကျွန်တော့်မျက်နှာကို နားမလည်သလို ကြည့်ပြီး “အင်း” ဟု မပီမသ ရေရွတ်ရှာတယ်။ ကျွန်တော့်အမှားကို ကျွန်တော်သိပြီး အမြန်ပြင်လိုက်ရတယ်။
“ဪ… ဟင်း ဟင်း၊ ဘာမှ မဟုတ်ပါဘူး။ မနေ့တုန်းက ဖတ်မိတဲ့ စာအုပ်ထဲက လူတစ်ယောက်ရဲ့ အမည်ကို အမှတ်မထင် ရေရွတ်လိုက်မိတာပါ”
ဘာမှမဟုတ်သလို အမြန် ဖြေရှင်းပြီး အခွင့်အရေးရတုန်း တစ်ဆက်တည်းပဲ ကျွန်တော် ပြောချလိုက်တယ်။
“ခင်ဗျားဆီက အကူအညီတစ်ခု တောင်းချင်လို့ လာခဲ့တာ”
သူက ကျွန်တော့်မျက်နှာကို အတန်ကြာ ကြည့်နေပြီးကာမှ “ရပါတယ်၊ ဘာကူညီရမလဲ ပြောလေ” ဟု ဆိုပါသည်။ ကျွန်တော်က လက်ငါးချောင်းကို ထောင်ပြလိုက်မည် ပြုပြီးကာမှ “ဟာ မဟုတ်သေးပါဘူး” ဟု အမှတ်ရကာ လက်ကို အမြန်ပြန်ပြီး ရုပ်သိမ်းလိုက်ရသည်။
“ငွေရေးကြေးရေး အခက်အခဲ ရှိနေလို့ပါ”
ကျွန်တော့်စကား ဆုံးတဲ့အချိန်မှာပဲ သူ့ရှေ့မှာ ချထားတဲ့ ဆယ်လူလာဖုန်းက အချက်ပေးတဲ့အသံ မြည်လာတယ်။ ဒါနဲ့ သူက ဖုန်းကိုကောက်ပြီး အတန်ကြာ စကားပြောနေရပြန်တယ်။ သူဖုန်းဆက်တဲ့ အချိန်မှာ ကျွန်တော်အဖို့မှာတော့ အတွေးမျိုးစုံဟာ ပြေးလွှားလှည့်ပတ် နေတော့တာပေါ့။ ကျွန်တော့် အကြံအစည်ကို ရုပ်သိမ်းလိုက်ဖို့လည်း စိတ်ကူးမိသေးတယ်။ ငွေချေးတယ်ဆိုတာ ရှိပြီးသား ခင်မင်မှုကို ပျက်ပြားစေတာပဲ။ အထင်အမြင် သေးစေတာပဲ။ ဟာ… ဘယ်ဖြစ်မလဲ။ ငါ့မှာ ငွေ တအား လိုနေတယ်။ အခြေအနေ ဆိုးနေတယ်။ ကလေးတွေ၊ အကြွေးတွေ၊ လုပ်ငန်းတစ်ခုခု လုပ်ဖို့။ စိတ်ကို ဇွတ်တင်းထားမိပြန်တယ်။ သည်အခြေအနေ ရောက်မှတော့ မထူးတော့ဘူးလေ။ အလုပ်တစ်ခုခု လုပ်ပြီး အမြန် ပြန်ဆပ်နိုင်ရမှာပေါ့လို့ပဲ စိတ်ကို အားတင်းထားရတယ်။
ဖုန်းဆက်ပြီးသွားတော့ “ကဲ - ဆိုပါဦး” လို့ သူက တိုတိုပဲ မေးရှာတယ်။ လက်ငါးချောင်းကိုတော့ ထောင်မပြမိပါဘူး။ ပါးစပ်ကပဲ အားတင်းပြီး ပြောဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် “ငါး… ငါး” ဟု ထစ်နေပြီး ရှေ့ဆက် မပြောနိုင်ဘဲ ဖြစ်နေပြန်တယ်။ သူက ရယ်ပြီး “ဟာဗျာ၊ အားနာရမယ့် လူတွေကျနေတာပဲ။ အပြန် ဘတ်စ်ကားခ မပါဘူး မဟုတ်လား” ဆိုကာ သူ့အိတ်ကပ်ထဲကို လက်နှိုက်ပြီး ပိုက်ဆံအချို့ကို ထုတ်ယူဖို့ ကြိုးစားနေတယ်။ အတန်ကြာမှ ငါးဆယ်တန်တစ်ရွက်ကို ဆွဲထုတ်ကာ “ဆိုက်ကားစီးသွားဗျာ” ဟု ပိုက်ဆံကို လက်ကမ်းပေးလိုက်တယ်။ ကျွန်တော်က တစ်စုံတစ်ရာ ပြန်ပြောဖို့ ကြိုးစားနေဆဲမှာပဲ အခန်းစောင့်တဲ့ကလေး မှန်တံခါးကို အသာတွန်းဖွင့်ပြီး အပေါက်ဝမှာ ရပ်လာတယ်။
“ဆရာ … အာရှဓနဘဏ်က ကိုယ်စားလှယ်နှစ်ဦး ရောက်နေပါတယ်။ ဆရာနဲ့တွေ့ဖို့ ချိန်ထားပြီးသားလို့ ပြောပါတယ်”
“ဪ… အေး အေး၊ အထဲခေါ်ခဲ့ကွာ”
ကျွန်တော့် မိတ်ဆွေကို နှုတ်ဆက်ပြီး အမြန်ဆုံး လစ်ခဲ့ရတာပေါ့။
“ဘုရားသခင်၊ ကျွန်ုပ်ပေးရန်ရှိသည့် အကြွေးများကို သင် ပေးဆပ်လိုက်ပါတော့”
ဘုရားသခင်ထံ စာတစ်စောင်ရေးပြီး မိုးပေါ်သို့ ကျွန်တော် ပစ်မြှောက်လိုက်ပါသည်။ ကျွန်ုပ်၏ စာသည် အထက်သို့ မြောက်တက်သွားပါသည်။ သို့ရာတွင် ကျွန်တော့်ထံသို့ ပြန်ကျလာပါသည်။ ဘုရားသခင်သည် ကျွန်တော်နှင့် ပတ်သက်သည့် ကိစ္စအဝဝကို တာဝန်ယူလိုဟန် မရှိချေတကား။
အဘယ်ကြောင့်ဆိုသော် မိစ္ဆာဒိဋ္ဌိတစ်ဦး ဖြစ်သော နယူတန် ဆိုသူသည်း သစ်ပင်ပေါ်သို့ တက်ကာ သစ်သီးများကို ခြွေချသောကြောင့် သစ်သီးများသည် ကောင်းကင်ဘုံသို့ မရောက်ဘဲ မြေကြီးပေါ်သို့ ကြွေကျရ၏။ ထိုအချက်အတွက် ဒေါသထွက်နေသော ဘုရားသခင်သည် လူသားအားလုံးကို ဒဏ်ခတ်ထားသောကြောင့် ကျွန်တော် ရေးလိုက်သည့် စာသည် ကျွန်တော့်ထံသို့ ပြန်ရောက်လာခဲ့ရပေသည်။
သို့ရာတွင် ကျွန်တော့်ဝိညာဉ်မှာကား ကောင်းကင်ဘုံ၏ ဆွဲငင်အားကြောင့် အထက်သို့ မြင့်၍ မြင့်၍ တက်လျက်ရှိလေသည်။
◾
မခင်မိနှင့် အရူးထွန်းသိန်း
မခင်မိရ ကိုယ်ဟာ ဒီခံစားမှုဝါဒီသမား၊ ကိုယ်ဟာ ခံစားချက်တွေ ပြောင်းပြန် ပြန်ပြီး စီးဆင်းနေတဲ့ လူတစ်ယောက်၊ ကိုယ်ဟာ ခံစားချက်တွေနဲ့ တွန့်လိမ်ကောက်ကွေး နေရသူ၊ ခန္ဓာငါးပါးလုံး ဥတုပျက်ခဲ့တာ ကြာလှပါပြီ၊
မိတ်ဆွေ
မတော်တဆ ကျွန်တော့်ကို ခလုတ်တိုက်သွားမိခဲ့သော် တောင်းပန်စကား ဆိုမနေပါနှင့် ရှေ့ကိုသာ ဆက်ပြီး သွားပါလေ။ အပြာရောင် နေ့တစ်နေ့မှာပေါ့။ မြစ်ကမ်းပါးတစ်ခုမှာ ရပ်ပြီး အနာဂတ် နေ့တစ်နေ့ကို ကျွန်တော် လှမ်းမျှော်ကြည့်မိတယ်။ အမည်မရှိတဲ့ မြိုကြီး တစ်မြို့ထဲက အဆုံးမရှိတဲ့ လမ်းမကြီးတစ်ခုပေါ်မှာ အမည်မရှိတဲ့ လူတစ်ယောက်အဖြစ် ကျွန်တော်ဟာ လျှောက်လှမ်းလို့။ လမ်းမကြီးကလည်း အဆုံးမရှိ။ သင်ခန်းစာတွေကလည်း အဆုံးမရှိ။ ဘဝတွေကလည်း အဆုံးမရှိ။ ရှင်သန်ခြင်းများနဲ့ သေဆုံးခြင်းများကို ဖြတ်ကျော်ခဲ့ရ။ သင်ရိုးညွှန်းတမ်း အသစ်တွေ၊ ပြဋ္ဌာန်းချက် အသစ်တွေနဲ့ လောကရဲ့ မာယာများစွာကို သင်ကြားခဲ့ရ။ ကိုယ် မသင်ယူနိုင်တဲ့ သင်ခန်းစာတွေနဲ့ ကိုယ့်ခြေရာတွေဟာလည်း နောက်မှာ များစွာကျန်ရစ်ခဲ့ပေါ့။ ရှေ့ဆက်လို့သာ လျှောက်ခဲ့ရပြီ။
ဟောဒီလမ်းမကြီးဟာ ဘယ်နေရာကိုများ ရောက်မယ့် လမ်းပါလိမ့်။ တစ်နေရာရာကို ရောက်မယ့် လမ်းတစ်လမ်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်ကိုမှ မရောက်တဲ့ လမ်းတစ်လမ်းလည်း ဖြစ်နိုင်ရဲ့။ ဆက်သွား။ ဆက်သွား။ ကိုယ့်ကို မျှော်လင့်မနေသူတွေနဲ့ အထိတ်တလန့် ပျက်လုံးတွေ ရှိရာဆီ ဆက်သွားစမ်းကွယ့်။ ကိုယ့်ကို သယ်ဆောင်ဖို့ ဟောဒီလမ်းဟာ ရှိခဲ့လေသလား။ ဟောဒီ လမ်းမကြီးကို သယ်ဆောင်ဖို့ ကိုယ်ဟာ ရှိခဲ့လေသလား။
ညဟာ အေးခဲလို့။ တိတ်ဆိတ်ခြင်းထဲမှာ လမင်းကြီးကို ဟောင်နေတဲ့ ခွေးအူသံကို ကြားရ။ ထွေးထုတ်ပစ်လိုက်။ မီးညှိမရတော့တဲ့ ဆေးလိပ်တို တစ်တိုကို ထွေးထုတ်ပစ်လိုက်။ အကုသိုလ်တရားတွေကို ထွေးထုတ်ပစ်လိုက်။ ဖန်ခွက်တွေထဲက ဟောင်သံတွေကို ထွေးထုတ်ပစ်လိုက်။ ခွေးလေခွေးလွင့် တစ်ကောင်က ကိုယ့်ကို ထိုးဟောင်။ မသာအိမ် လိုက်ရှာနေတဲ့ ဖဲသမားက ဆေးလိပ်မီးတစ်တို့တဲ့။ အို… တကယ့်ကို ပျက်ကိန်းကြုံခဲ့ရတဲ့ ညတစ်ညပါပဲ။ ကိုယ့်နောက်ကျောမှာ ကိုယ့်မိတ်ဆွေတွေရဲ့ ဓားကို ကိုယ်စမ်းမိပါရဲ့။ ကိုယ့်အသည်းနှလုံး တည့်တည့်ကို မထိုးစိုက်နိုင်ခြင်းဟာ မောင်ရင်တို့ရဲ့ ညံ့ဖျင်းမှုပါလေ။ ဒီလိုပါပဲ၊ ကံမကောင်းခြင်းတွေနဲ့ ကြုံရတဲ့အခါ ဓာတ်တိုင်တွေနဲ့ တိုးမိတိုက်မိ။ ပိုပြီး ကံဆိုးလှတဲ့ ဟောဒီည အဖို့မှာတော့ အတင်းအဖျင်းတွေနဲ့ ဝင်တိုက်ခဲ့ရပေါ့။ ထွေး ထုတ်ပစ်လိုက်စမ်း။ ဟောဒီကောင် စနေသား၊ သွားလေရာရာကိုမှ ကံဆိုးခြင်းတွေ လိုက်လိုက် ရွာချတတ်ပေရဲ့။ ကိုယ်ကလည်း ကိုယ်ပဲလေ။ ကိုယ်နေထိုင်တဲ့ ကမ္ဘာမြေကြီးပေါ် မူးမူးပြီး အန်လိုအန်ချ။ အသုံးမကျတဲ့ အတ္တတွေနဲ့ ချာချာလည်အောင် မူးလားမူးရဲ့။ အို… မှုန်ပျပျ လရောင်များနဲ့ ဟောဒီည။
မခင်မိရေ… ကိုယ်ဟာခံစားမှု ဝါဒီသမား။ ကိုယ်ဟာ ခံစားချက်တွေ ပြောင်းပြန်ပြီး စီးဆင်းနေတဲ့ လူတစ်ယောက်။ ကိုယ်ဟာ ခံစားချက်တွေနဲ့ တွန့်လိမ်ကောက်ကွေး နေရသူ။ ခန္ဓာငါးပါးစလုံး ဥတုပျက်ခဲ့တာ ကြာလှပါပြီ။ လမ်းဟာ ဘယ်မှာ ဆုံးသွားပါလိမ့်။ ကိုယ့်ခံစားချက်တွေ မဆုံးသေးဘူး။ ကိုယ့်အတွေးတွေ မဆုံးသေးဘူး။ နောက်ဆုံးတော့ ညက မှောင်မည်းလို့။ မိုးကြိုးမုန်တိုင်းတွေ ဝုန်းဒိုင်း ထစ်ချုန်းသံကြားရ။ အမှောင်ထုထဲ အတင်း ဝင်ရောက် ထိုးဖောက်လာတဲ့ လျှပ်စစ်အလင်းတန်းတစ်ခု ကြား တောင်ထိပ်တစ်ခုမှာ ရပ်နေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်မြင်လိုက်ရ။
“မေမေ၊ မေမေ၊ မေမေရေ…”
ခဏခဏ အမေမှတစ်ပါး ဘာမှ မတမ်းတတတ်သေးတဲ့ ကာလပါပဲ။ အဲဒီတုန်းက ကျွန်တော့် အိပ်မက်ကမ္ဘာထဲ မခင်မိ ဝင်ရောက် မလာသေးပါဘူး။ မခင်မိအစား ကျွန်တော့် အိပ်မက်တွေထဲမှာ ဖိနပ်တွေသာ ပျောက်ဆုံးဖူးခဲ့။ အခုတော့ ဖိနပ်မပါတဲ့ ကမ္ဘာကြီးဟာ ကျွန်တော့် ကျောပေါ်မှာ ကောင်းကောင်းကြီး လမ်းလျှောက်တတ်ခဲ့ပေါ့။
“ရှင်ဟာ အရူးပဲ”
“ကျွန်တော် လူကောင်းတစ်ယောက်ပါ မခင်မိရယ်”
“ရှင် အခု လုပ်နေတာတွေဟာ အရူးတွေမှ လုပ်ကြတဲ့ အပြုအမူပဲ”
“စိတ်ချရလောက်တဲ့ လုံခြုံမှုထဲမှာ လူကောင်းတွေ ဆိုတာလည်း အရူးတွေလို လုပ်ကြတာပဲ မဟုတ်လား။ ကျွန်တော့်ကို မတော်တဆ မွေးဖွားလိုက်တာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်ဟာ မတော်တဆ အသက်ရှင်နေတာ မဟုတ်ပါဘူး။ မခင်မိကို ပိုင်ဆိုင်ဖို့ ကျွန်တော့်မှာ ဘာကြောင့် အခွင့်အရေး မရှိရမှာလဲ”
“အို… ရှင်ဟာ အရူးပဲ၊ အရူးပဲ”
မခင်မိကို ကျွန်တော် ချစ်တယ်။ မခင်မိက ကျွန်တော့်ကို ပြန်မချစ်ဘူး။ ဒါမှမဟုတ် ကျွန်တော့်ကို ပြန်ချစ်နိုင်ဖို့ မခင်မိမှာ အခွင့်အရေး မရှိဘူး။ ဘာပဲဖြစ်ဖြစ် မခင်မိကို ကျွန်တော် ချစ်တယ်။ မခင်မိရေ… မင်းတစ်ဘဝလုံး ကြေကွဲ ကျန်ရစ်ရအောင် ဆိုပြီး ငါ့ကိုယ်ငါလည်း အဆုံး မစီရင်ရဲခဲ့ဘူးကွယ့်။
ကျွန်တော် အိပ်မက်တွေထဲမှာ ဖိနပ်တွေ ခဏခဏ ပျောက်ဆုံးတယ်။ မခင်မိ ခဏခဏ ပျောက်ဆုံးတယ်။ ဖိနပ်အသစ် ဝယ်ပြီးစ ညတွေမှာဆို ပိုပြီး ဖိနပ်ပျောက်တဲ့ အိပ်မက်တွေ မက်တတ်ရဲ့။ မခင်မိကိုတော့ ကျွန်တော် မဝယ်နိုင်ခဲ့ပါဘူး။ တကယ်တော့ မခင်မိဟာ ကျွန်တော် ဝယ်စီးခွင့် မရလိုက်တဲ့ ဖိနပ်တစ်ရန်ပါ။ မခင်မိနဲ့ ဖိနပ်ဟာ အိပ်မက်ထဲမှာ ညတိုင်းလို ကျွန်တော့်ကို ညှဉ်းဆဲတယ်။ ရုရှနိုင်ငံသား အာရုံကြောရောဂါ ဗေဒပညာရှင် ဒေါက်တာ ဗာစီလီကာဆတ်ကင်ရဲ့ အိပ်မက်အယ်လ်ဘန် ကျမ်းမှာတော့ သည်အိပ်မက်မျိုးနဲ့ ပတ်သက်ပြီး ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုထားမယ် ဆိုတာ ကျွန်တော် မသိပါ။
မခင်မိက ကျွန်တော့်ကို အရူးတဲ့။ အရူးထွန်းသိန်း တစ်ယောက် မခင်မိရဲ့ ရှေ့တော်မှောက်က ဝုန်းဆို ကွယ်ပျောက်သွားပြီး နှစ်ပေါင်း သုံးဆယ်နီးနီး အကြာမှာ အဝေးပြေးကားကြီး တစ်စင်းပေါ်ဝယ် ပြန်တွေ့ကြတယ်။ ကားတစ်စင်းပေါ် ဆိုပေမယ့် အတိအကျ ပြောရရင် ကားရပ်ထားတဲ့ လမ်းဘေး တစ်နေရာမှာပါ။ ဟိုးတစ်ချိန်တုန်းက သူ့ဘဝရဲ့ အနာဂတ်ကို လှမ်းမျှော်ကြည့်ခဲ့ဖူးတဲ့ ကောင်လေး။ နောက်ကျစွာ တွေ့ရပြီးမှ မခင်မိကို အရူးအမူး စွဲလမ်းမိတဲ့ ငနဲသား။ အခုတော့ မခင်မိဟာ အိုဟောင်းခဲ့ပါပြီ။ မခင်မိနှင့် ထို့တူ နုပျိုမှုတွေ ပျောက်ဆုံးခဲ့ပေမယ့် ဒီကောင်က ရှယ်ရွန်စတုန်းကို လက်ထပ်ချင်သေးတယ်။ မခင်မိအကြောင်း အိပ်မက် မမက်တော့ဘူး။ အိပ်မက်ထဲမှာ ဖိနပ် မပျောက်တော့ဘူး။
“အရူးထွန်းသိန်းလေ”
“ရှင်… အရူး”
စက်ချို့ယွင်းသွားတဲ့ မော်တော်ကား ပြင်နေဆဲခဏ သစ်ပင်ရိပ်တစ်ခု အောက်မှာ တစ်ယောက်တည်း ရပ်နေတဲ့ အမျိုးသမီးဟာ မခင်မိပဲဆိုတာ သေချာမှုရှိအောင် ကျွန်တော့် အာရုံကို စစ်ဆေးပြီးမှ အနားကို အရောက်သွားပြီး နှုတ်ဆက်မိတာပါ။ လန့်ပြီး ခြေတစ်လှမ်း နောက်ဆုတ်သွားတဲ့ မခင်မိကို မလှမပ ပြုံးပြမိသေးလား မသိ။ မခင်မိက မသိမသာ ခြေတစ်လှမ်း နောက်ကို ဆုတ်တယ်။ အရူးထွန်းသိန်းက မသိမသာခြေ တစ်လှမ်း ရှေ့ကိုတိုးတယ်။ သူ့ကိုယ်သူ အရူးတစ်ယောက်ပါလို့ ပြောလာတဲ့ လူတစ်ယောက်နဲ့ အမှတ်တမဲ့ ဆုံတွေ့ ရတဲ့အခါ ဘယ်သူပဲဖြစ်ဖြစ် အနည်းနဲ့အများ တုန်လှုပ်သွားမှာပါပဲ။ မိန်းမတစ်ယောက်အဖို့ ပိုပြီး တန်လှုပ်သွားမှာပေါ့။ မခင်မိဟာ အရင်ကလို မနုပျိုတော့ပေမယ် အရင်က အလှတွေ မပျောက်ဆုံးသေးပါဘူး။ သူမရဲ့ မျက်နှာဟာ အံ့သြထိတ်လန့် သွားမှုကြောင့် ငယ်မူငယ်သွေးတောင် ပြန်ပေါ်လာသလိုပါပဲ။
“ထွန်းသိန်းလေ၊ အရူးထွန်းသိန်း… မခင်မိရဲ့ အရူးထွန်းသိန်းပါ။ မမှတ်မိတော့ဘူးလား”
“ဪ”
မခင်မိကို ကျွန်တော်စတွေ့တာ မခင်မိ မင်္ဂလာဆောင်တဲ့နေ့ကပါ။ မင်္ဂလာပွဲဝတ်စုံ အဝတ်အစားတွေ၊ မိတ်ကပ်တွေနဲ့ မဟုတ်သေးပါဘူး။ ကျွန်တော်က မိတ်ကပ်တွေ ဘာတွေ လိမ်းပြီးရင် မိန်းမတစ်ယောက်ရဲ့ အလှကို မြင်အောင်ကြည့်ဖို့ ခဲယဉ်းတတ်တယ်။ ရိုးရိုးအရပ်ဝတ်နဲ့ ဆိုရင်တော့ မိန်းမတစ်ယောက်ရဲ့ အလှကို အလွယ်တကူပဲ ရှာဖွေတွေ့ ရှိနိုင်သူပါ။ မခင်မိနဲ့ တွေ့ ရတဲ့ အကြောင်းရင်းကတော့ လုပ်ကိုင်မစားဘဲ တတ်မြောက်ထားတဲ့ ဓာတ်ပုံပညာကြောင့်ပါပဲ။ မင်္ဂလာဆောင်မယ့်နေ့ မနက် စောစောကြီးမှာ သူငယ်ချင်းဆိုလည်း ဟုတ်၊ ဆရာသမားဆိုရင်လည်း ဟုတ်တဲ့ ဓာတ်ပုံဆရာ ကိုစန်းမောင် ကျွန်တော့်အိမ် ရောက်လာပြီး တာဝန်တစ်ခု ပေးတယ်။
“ငါ အရေးကြီးတဲ့ ကိစ္စနဲ့ ခရီးသွားစရာ ကြုံလာလို့ ဒီနေ့ မင်္ဂလာဆောင်အတွက် ဓာတ်ပုံရိုက်ပေးစမ်းပါ။ မင်္ဂလာဆောင်ကတော့ အခု မနက်ပဲ သတို့သမီးအိမ် သွားပြီး အကျိုးအကြောင်းပြောရင်း အစီအစဉ် သွားမေးပါ။ ဒီမိသားစုက ငါနဲ့ တအားရင်းနှီးတာ၊ ဆွေမျိုးသားချင်းလို နေကြတာ ပျက်ကွက်လို့ မဖြစ်ဘူး” တဲ့။
အဲဒီညက တစ်ညလုံးပဲ ကျွန်တော် ငိုတယ်။
ညနေခင်းက ရိုက်ထားတဲ့ ပုံတွေထဲက အကြိုက်ဆုံးပုံကို မခင်မိ တစ်ယောက်တည်း ကွက်ပြီး ပုံအကြီးကြီးတစ်ပုံ အမြန်ကူးတယ်။ မခင်မိရဲ့ ပုံကို ပုံတူပန်းချီ ရေးဆွဲတယ်။ တူအောင် မဆွဲနိုင်လို့ စိတ်ပျက်ပြီး ကဗျာတွေ ရေးပြန်တယ်။ ကဗျာလည်း မရေးဖူးတော့ ဦးဇင်း ဦးသုမန ရေးထားတဲ့ ဘုန်းကြီးပျံ ရတုပိုဒ်စုံ အလိုက်တိုင်း ရေးရတာပေါ့။ ကဗျာလည်း ဖြစ်မလာပါဘူး။ ကိုယ့်ဗိုက်ကို ဓားနဲ့ထိုးပစ်ဖို့လည်း ကြိုးစားမိသေးတယ်။ နောက်ဆုံးတော့ ရင်ထဲရှိတဲ့ စကားလုံးတွေပဲ ချရေးမိတော့တယ်။
အိမ်ထဲမှာ ဘယ်လိုမှနေလို့ မရတော့တာနဲ့ မြို့ရဲ့ မြောက်ဘက် သဲချောင်းထဲ သွားအိပ်နေမိတယ်။ စိတ်ကူးယဉ်ချင်စရာ လမင်းကြီးက ထိန်ထိန်သာ မနေပါဘူး၊ မှောင်ကြီး မည်းမည်းထဲရယ်။ ဂီတာလည်း မတီးတတ်တာနဲ့ ရသမျှ သီချင်း တစ်ပိုင်းတစ်စတွေကိုပဲ စည်းလွတ်ဝါးလွတ် အော်ဆိုမိတော့တယ်။ နေ့ခင်းက ပုံရိပ်တွေက အာရုံထဲမှာ တဖျပ်ဖျပ် ထင်ဟပ်နေတယ်။ မခင်မိကို တွေ့ တွေ့ချင်းပဲ ငါ့တစ်ဘဝလုံး အဖတ်ဆယ် မရအောင် ရူးရတော့မယ် ဆိုတာ သိလိုက်ပါပြီ။ မခင်မိ ဘယ်လို ချောတယ်၊ ဘယ်လို လှတယ်၊ ဘယ်လို ယဉ်တယ် ဆိုတာတွေ ပြောမနေပါရစေနဲ့တော့ ပြောလည်း မပြောတတ်ပါဘူး။ မခင်မိဟာ ချောတာ၊ လှတာ၊ ယဉ်တာ မှန်ပေမယ့် ကျွန်တော့်ကို အရူးတစ်ယောက်ဘဝ ရောက်အောင် ဓာတ်ပုံဆရာ ကိုစန်းမောင်က ဖန်တီးလိုက်တာလား။ မခင်မိက ဖန်တီးလိုက်တာလား။ ဘုရားသခင်က ဖန်တီးလိုက်တာလား။ ကောက်ကွေ့လှတဲ့ ကံကြမ္မာတရားကြီးကပဲ ဖန်တီးလိုက်တာလား။
ဓာတ်ပုံအကြောင်း ပြောဖို့လာတာ ဖြစ်ပေမယ့် မခင်မိနဲ့ ဆုံရတဲ့အခါ အလုပ်အကြောင်း ဘာမှရေရေရာရာ မပြောနိုင်ဘူး။ အထစ်ထစ် အငေါ့ငေါ့နဲ့ အလွဲလွဲ အမှားမှားတွေချည့် ပြောမိတယ်။ ဧည့်ခန်းထဲမှာ နှစ်ယောက်တည်းမို့ တော်သေးရဲ့။ စာရွက်ပေါ်မှာ မခင်မိပေးလိုက်တဲ့ စရန်ငွေနဲ့ လုပ်ငန်းအစီအစဉ်ကို ရေးရမှာ ဖြစ်ပေမယ့် ဘာမှ မရေးမိဘူး။ မခင်မိဆိုတဲ့ အမည်တစ်ခုတည်းကိုပဲ ရေးမိတယ်။ မင်္ဂလာအခမ်းအနားမှာလည်း အူကြောင်ကြောင် အရုပ်ဆိုးတာတွေ ခဏခဏ ကြုံရပြန်တယ်။ ဓာတ်ပုံတွေ လှလှပပနဲ့ အပျံစား ဖြစ်မှာကတော့ သေချာပါတယ်။ အနေအထား အမျိုးမျိုးနဲ့ မခင်မိရဲ့ အနီးကပ်ပုံတွေ လိုအပ်တာထက် များနေမှာလည်း သေချာသပေါ့။
ဓာတ်ပုံတွေကိုတော့ ကိုစန်းမောင်လာမှ သွားပေးခိုင်းရတယ်။ ကျွန်တော် မသွားရဲဘူး။ မသွားဘဲလည်း မနေနိုင်ဘူး။ ဒါနဲ့ ကိုစန်းမောင် နောက်က ကပ်လိုက်သွားမိတယ်။ တော်ပါသေးရဲ့၊ ကျွန်တော် စကားတစ်ခွန်းမှ ပြောစရာ မလိုဘူး။ လစ်ရင်လစ်သလို မခင်မိကိုပဲ ခိုးခိုးကြည့် မိတယ်။
ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် သိပါရဲ့။ သိပ်ကို နောက်ကျခဲ့ပြီဆိုတာ ကျွန်တော် သိပါရဲ့။ ဒါပေမယ့် မခင်မိကို ကျွန်တော် အရူးအမူး ချစ်မိပြီ။ မမြင်ရ မနေနိုင်အောင် ချစ်မိပြီ။ မဖြစ်နိုင်မှန်း သိတဲ့ထဲကကိုပဲ မျက်နှာလေး မြင်ရမြင်ရဆိုတဲ့ အတွေးနဲ့ ရင်းနှီးမှုရအောင် ကြိုးစားမိတော့တယ်။ လူ့ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်မသင့်တော်တဲ့ ကိစ္စမို့ ရုပ်ပျက်ဆင်းပျက် မဖြစ်အောင် ကိုယ့်စိတ်ကို ချိုးနှိမ်ပါတယ်။ ခင်မင် ရင်းနှီးမှုနှင့် တွေ့ဆုံ ဆက်ဆံနေရရင်ပဲ ဖြေသာပါပြီ ဆိုတဲ့ အတွေးနဲ့ ကိုယ့်ဆန္ဒကို မခင်မိ မသိအောင် ထိန်းသိမ်းပါတယ်။ ဒါပေမယ့် မခင်မိရေ… ခွေးရူးတစ်ကောင်ဟာ သူ့ကိုယ်သူ မရူးပါဘူးလို့ ဘယ်လောက်များ ကြာအောင် ဖုံးဖိထားနိုင်မှာလဲ။ ကျွန်တော်ရူးပြီ မခင်မိရေ… ထွန်းသိန်း တစ်ယောက်တော့ ရူးပေါ့။
ကျွန်တော့် မျှော်လင့်ချက်ရောင်ခြည် သမ်းလာတာလား။ ပိုပြီး ရူးအောင် ဖန်တီးလိုက်တာလားတော့ မသိ။ မခင်မိဟာ သူ့ယောက်ျားရှိတဲ့ ရန်ကုန်မြို့ကြီးကို လိုက်သွားဖို့ ကြိုးစားနေဆဲ ကာလမှာပဲ သူ့ယောက်ျားက နိုင်ငံခြားကို ပညာသင် စေလွှတ်ခံရတယ်။ လက်ထပ်ပြီး လေးလလောက်တောင် မကြာသေးပါဘူး။
အိမ်ကို အဝင်အထွက် သိပ်လုပ်လို့ မသင့်တော်တာနဲ့ ခဏခဏ မသွားပါဘူး။ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခုရှိမှ သွားတယ်။ မမျှော်လင့်ဘဲ အကြောင်းပြချက် တစ်ခုခုရှိမှ သွားတယ်။ မမျှော်လင့်တဲ့ တွေ့ဆုံမှုကလေးတွေ ဖြစ်အောင် တမင်ဖန်တီးတယ်။ အကောင်းဆုံး အခွင့်အရေး တစ်ခု ရခဲ့တာကတော့ အထက်မြန်မာပြည်အနှံ့ မခင်မိတို့ မိသားစုနဲ့ အတူ ဘုရားဖူးလိုက်ပါခွင့် ရခဲ့ခြင်းပါပဲ။ သည်ကိစ္စမှာလည်း ကိုစန်းမောင်ရဲ့ ကျေးဇူးမကင်းပေဘူး။ ကိုစန်းမောင်ပါလို့ လိုက်ခွင့်ရခြင်းပါ။
လမ်းခရီးတစ်လျှောက် နှစ်ယောက်တည်း ဆုံခွင့်ရတိုင်း ကျွန်တော့်စိတ် အခြေအနေ အမှန်ကို မခင်မိသိအောင် ထုတ်ဖော်ဖို့ ကြိုးစားမိတယ်။ သံယောဇဉ်နဲ့ အကြင်နာတရားတွေ ပြသခွင့်ရတိုင်း မနှောင့်မနှေး သက်သေပြမိရဲ့။ စစ်ကိုင်းတောင်ရိုး ဥမင်သုံးဆယ် လိုဏ်ဂူထဲမှာ မခင်မိရဲ့ လက်ဖျားကလေးကို ကိုင်ခွင့်ရတယ်။ မင်းဘူးကနေ မန်းရွှေစက်တော်ရာကို သွားကြတော့ မခင်မိရဲ့ ပါးစပ်ထဲ ဖုန်တွေမဝင်အောင် ကျွန်တော့် လက်ကိုင်ပဝါလေး ထုတ်ပေးခွင့်ရတယ်။ မုန်းချောင်းထဲမှာ ရေချိုးကြတော့ မခင်မိခြေထောက်ကို ပွတ်တိုက်ဖို့ သဲဖြူဖြူနုနုလေးတွေ ကျုံးပေးခွင့်ရတယ်။ သည်အချိန်မှာ မခင်မိသာ ရေမကူးတတ်လို့ ရေနစ်ခဲ့ရင် သူ့တစ်ကိုယ်လုံးကို ပွေ့ဖက်ခွင့်ရမှာပဲလို့ စိတ်ကူးယဉ်မိရဲ့။ ဒါပေမယ့် ချောင်းရေက တိမ်တိမ်လေးရယ်။ အထက်စက်တော်ရာကို တက်ကြတော့ နှစ်ယောက်တည်း နောက်ကျန်နေတယ်။
“မခင်မိကို ကျွန်တော် ချစ်တယ်”
“ရှင်”
အထက်စက်တော်ရာ ထိပ်ဖျားကနေ ပြေးဆင်းသွားတဲ့ မခင်မိဟာ ကျွန်တော့်မျက်စိရှေ့က မကွယ်ပျောက်ခင်မှာပဲ နှစ်ကြိမ်သုံးကြိမ် ဒလိမ့်ကောက်ကွေး လဲကျသွားတာ မြင်လိုက်မိရဲ့။ ကမ္ဘာပျက်ပြီ။ တောင်ထိပ်ပေါ်က ခုန်ချလိုက်ဖို့ တွေးမိသေးရဲ့။ ဒါပေမယ့် မခင်မိက ယဉ်ကျေးပါတယ်။ အထက်တန်းလွှာ ပညာတတ် အမျိုးသမီး တစ်ယောက် ပီသပေတယ်။ ကျွန်တော်တို့ ပြဿနာကို ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေတယ်။ အများရှေ့မှာ ဣန္ဒြေလုံးဝ မပျက်ဘူး။ ဘုရားဖူးခရီးလမ်း တစ်လျှောက်မှာတော့ မခင်မိမျက်နှာကို ကျွန်တော် လုံးဝ မကြည့်ရဲတော့ပါဘူး။ဒါပေမယ့် အကြိမ်ကြိမ် ထပ်ပြီး ကျွန်တော် မှားမိပြန်တယ်။ အခြေအနေကို ဘာမျှ မရိပ်မိရှာတဲ့ မခင်မိ မေမေကလည်း ကိစ္စရှိတိုင်း ကျွန်တော့်ကို ခေါ်ခေါ် ခိုင်းတတ်တာကြောင့် ကျွန်တော့်အတွက် ရှေ့ဆက်ပြီး မိုက်မဲဖို့ အခွင့်အရေး ရသလို ဖြစ်နေပြန်တော့တယ်။ အခွင့်အရေး ရတိုင်းလည်း မခင်မိထံမှ ချစ်ခွင့်ကို ရဖို့ ကျွန်တော် တောင်းဆိုမိတော့တာပါပဲ။ ဒီလို တောင်းဆိုတာကို ရှောင်လွှဲမရလို့ ကြုံရလေတိုင်း မခင်မိရဲ့ တုံ့ပြန်မှုကတော့ “ရှင် အရူးပဲ” တဲ့။
ကျွန်တော်တို့ မြို့ရဲ့ အရှေ့မြောက် အရပ်မှာရှိတဲ့ တောင်တော်မြတ်ဟာ ကြည့်လို့ အလွန်လှပတယ်။ ပုံစံသွန်းပြီး ထုလုပ်ထားသလို သေသပ်တယ်။ တောင်ရဲ့ အနောက်ဘက်တစ်ဝှမ်း ကွေ့ ကောက်စီးဆင်းနေတဲ့ ချောင်းကမ်းနံဘေး ကြက်သွန်ခင်းတွေထဲက လှမ်းမျှော်ကြည့်ရတဲ့အခါ ကမ္ဘာပေါ်မှာ (ဓာတ်ပုံကားချပ်တွေထဲ မြင်ရဖူးသမျှ) အလှဆုံး တောင်တစ်တောင်လို့ပင် ဆိုနိုင်လောက်တယ်။
တောင်ထိပ်ဖျားထိ ကျွန်တော်တက်ပြီး စေတီတော်မြတ် နံဘေးက ကျောက်တုံးတိုင်းမှာ “မခင်မိကို ကျွန်တော် ချစ်တယ်” ဆိုတဲ့ စာတန်းတွေကို ထုံးဖြူဖြူနဲ့ ရေးတယ်။ တောင်ထိပ်ဖျားက သစ်ပင်တိုင်းမှာလည်း အဲဒီစာကြောင်းတွေကို ဆောက်နဲ့ ရေးထွင်းတယ်။ အဲဒါတွေကို ဓာတ်ပုံရိုက်ပြီး မခင်မိကို ပေးတယ်။
မခင်မိတို့ ဖေဖေသေဆုံးတဲ့ ငါးနှစ်မြောက် ရက်လည်ဆွမ်း ကျွေးဖို့ ပြင်ဆင်ချက်ပြုတ်နေတဲ့ ညမှာပေါ့။ မခင်မိ မေမေက သူ့ညီမတစ်ယောက်နဲ့ ဘုန်းကြီးကျောင်း သွားကြတယ်။ တိုက်အောက်ထပ်မှာ ကလေးနှစ်ယောက် သုံးယောက် ကစားနေကြတယ်။ ကျွန်တော်ကတော့ မခင်မိ မေမေရဲ့ ခိုင်းစေချက်အရ အပြင်မှာ ချက်ပြုတ်နေတဲ့နား ရောက်လိုက်၊ လိုအပ်တာ ထုတ်ပေးလိုက်နဲ့ အလုပ်ရှုပ်နေတယ်။ တကယ်တော့ ကျွန်တော့်အာရုံဟာ တိုက်အပေါ်ထပ်မှာ တစ်ယောက်တည်း ရှိနေတဲ့ မခင်မိဆီ ရောက်နေတာပါ။
မခင်မိရဲ့ ဝမ်းကွဲအစ်ကို ကိုသန်းအောင် အပြင် ခဏထွက်သွားတယ်။ ချက်ပြုတ်နေတဲ့ လူတွေလည်း ကိုယ်စီ အလုပ်ရှုပ်နေကြတယ်။ အပေါ်ထပ်ကို ခြေဖွပြီး ကျွန်တော် တက်ခဲ့တယ်။ မခင်မိအခန်းရှေ့ ရောက်တော့ အသက်ပြင်းပြင်း မရှူရဲဘူး၊ ခဏ ရပ်နေလိုက်ရတယ်။ တံခါးပေါက် စေ့မထားဘူး၊ လှပ်ထားတယ်။ သက်ပြင်းကို မှုတ်ထုတ်၊ အရဲစွန့်ပြီး အခန်းဝရှေ့ ကျွန်တော် ရပ်လိုက်တယ်။ ကျွန်တော် အခန်းဝရှေ့ ရပ်လိုက်ချင်းပဲ ပက်လက်လှန် လှဲနေရာက ငုတ်တုတ်ထထိုင်တယ်။ ဘာမျှ မပြောနိုင်ဘဲ မခင်မိဟာ အံ့အားသင့် ငေးမောနေတယ်။
“အနှောင့်အယှက် ပေးဖို့လာတာ မဟုတ်ပါဘူး။ မခင်မိရဲ့ လက်ဖျားလေးကို ကိုင်ကြည့်ရပြီးရင် ကျွန်တော် အောက်ပြန်ဆင်းသွားပါ့မယ်”
“ရှင် အရူးပဲ”
ကျွန်တော် ရှေ့ကို တိုးသွားတယ်။
“ရှင်… ရှင်… အော်လိုက်မယ်နော်”
မခင်မိက ခုတင်ခြေရင်းက တစ်ဆင့် ကြမ်းပေါ် လျှောဆင်းသွားတယ်။ အရူးထွန်းသိန်းက ရှေ့ကို ခြေတစ်လှမ်းတိုးတယ်။ မခင်မိက နောက်ကို ခြေတစ်လှမ်း ဆုတ်တယ်။ လျှို့ဝှက်ယူဆောင်လာတဲ့ ဓားမြှောင်ကို ခါးကြားမှ ကျွန်တော် ဆွဲထုတ်လိုက်တယ်။
“ရှင်… ရှင်”
“သည်ဓားဟာ မခင်မိအတွက် မဟုတ်ပါဘူး။ ကျွန်တော့်ရင်ဝကို တည့်တည့် ထိုးစိုက်ဖို့ပါ။ ကျွန်တော့် ဆန္ဒမပြည့်ဝဘူးဆိုရင် သည်အခန်းထဲမှာပဲ သည်ဓားနဲ့ ကျွန်တော် သေမယ်”
“ရှင် အရူးပဲ… အရူးပဲ”
မခင်မိစကားကို ကျွန်တော် နားမထောင်။ သူမကို ကျောခိုင်း၊ ရင်ဘတ်ကို နံရံကပ်၊ ဓားသွားကို ရင်ဘတ်ထဲ ထိုးထည့်၊ ကျွန်တော့် ပါးစပ်က နှုတ်ခမ်းလှုပ်ရုံမျှ တစ်စုံတစ်ရာကို ရွတ်ဆိုမိ၊ ဘာတွေ ရွတ်ဆိုမိမှန်း ကိုယ့်ကိုယ်ကိုပင် မသိ။
“ရှင် အဲဒါကို ရပ်လိုက်ရင် နားလည်မှုတစ်ခု ယူမယ်”
သူမဘက် ပြန်လှည့်ပြီး စိမ်းစိမ်းကြည့်မိ၊ ရင်ဘတ်ကို နံရံမှခွာ၊ သူမဘက် ပြန်လှည့်၊ ဓားဖျားတွင် စို့နေသော သွေးကို နှုတ်ခမ်းနဲ့စုပ်ယူ၊ မှင်တက်မိ ငေးမောနေတဲ့ သူမပခုံးနှစ်ဖက်ကို ရုတ်တရက် ပွေ့ဖက်မိ။
“မဟုတ်ဘူး … မဟုတ်ဘူး။ ကျွန်မပေးမယ့် နားလည်မှုဟာ အဲဒါ မဟုတ်ဘူး။ ရှင်… လွှတ်”
“ကျွန်တော် ရူးပြီ။ တကယ့်ကို ရူးနေပါပြီ မခင်မိရယ်”
ပခုံးနှစ်ဖက်ကို အတင်းဆွဲယူပြီး မခင်မိနှုတ်ခမ်းကို နမ်းဖို့ ကြိုးစားတယ်။ ညာဘက်လက်မှာ ကိုင်ထားတဲ့ဓားက မခင်မိ ကျောပြင်မှာ ကန့်လန့်ဖြတ်လျက်။
“လွှတ်… လွှတ်… ရှင် လွှတ်နော်”
“အား…”
ကျွန်တော့် မျက်လုံးတွေ ပြာဝေသွားတယ်။ မူးမေ့ပြီး လဲကျသွားတယ်။ သဲသဲကွဲကွဲ မမြင်ရတော့။ သဲသဲကွဲကွဲ မမြင်ရတော့။ သဲသဲကွဲကွဲ မကြားရတော့။ လှေကားမှ ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးတက်လာသံတွေပဲ မသဲမကွဲ ကြားရပြီး မေ့မျောသွားတော့တယ်။
လူအများ ဝိုင်းဝန်းရိုက်လိုက်တဲ့ ဒဏ်ချက်နဲ့ ဆေးရုံပေါ် တစ်ရက်ကျော်ကြာမှ သတိရခဲ့တယ်။ ရှက်စရာ ကောင်းလိုက်တာ။ အခု ကျွန်တော် ရှက်တတ်နေပါပြီ။ ဟောဒီမြို့လေးမှာ ရှက်စရာ အကောင်းဆုံး လူတစ်ယောက် ဖြစ်ခဲ့ပါပြီ။ “မခင်မိနဲ့ ဘဝဆက်တိုင်း ပေါင်းရပါစေသား” လို့ ကျွန်တော် အမြဲပဲ ဆုတောင်းခဲ့တဲ့ တောင်ထိပ်စေတီမြတ်ကလေး တစ်ဝိုက်မှာ ရှက်စရာတွေ ပျံဝဲနေပါပြီ။ တောင်ထိပ်က ကျောက်တုံးတွေ၊ သစ်ပင် တွေ တစ်ဝိုက်မှာ ကျွန်တော့်အကြောင်း မကောင်းဆိုးဝါး သတင်းတွေနဲ့ ရှက်စရာတွေ ပျံဝဲနေပါပြီ။ မခင်မိနာမည်ကို အော်အော်ခေါ်ရင်း ကျွန်တော်တောင် ငိုကြွေးခဲ့တဲ့ သဲချောင်းရေပြင် တစ်ဝိုက်မှာလည်း ထို့တူပဲပေါ့။ လူစည်ကားတဲ့ ငါးရက်တစ်ကြိမ် ခင်းကျင်းရာ ဈေးထဲမှာ၊ ရုပ်ရှင်ရုံထဲမှာ၊ လက်ဖက်ရည်ဆိုင်တွေထဲမှာ၊ မြင်းလှည်း ဂိတ်မှာ၊ လမ်းမကြီးတွေ ပေါ်မှာ၊ အရက်ဆိုင်တွေထဲမှာ ကျွန်တော့်အကြောင်း ပြောဆို ရယ်မောကြ၊ စားကြသောက်ကြ၊ သွားကြလာကြနဲ့ မြို့ကလေးဟာ ရက်ပေါင်းများစွာ အပျင်းပြေ နေဦးမှာပေါ့။
ကျွန်တော်တစ်ယောက်တည်း အရှက်ရခဲ့တာကိုပဲ ကြံဖန် ကျေးဇူးတင်မိ ပါတော့တယ်။ မုဆိုးမ မိခင်အိုကြီးသာ ခုချိန်ထိ ရှိနေသေးခဲ့ရင် ကျွန်တော့်အတွက် ဘယ်လောက်များ ရှက်လိုက်မလဲ။ တစ်ကောင်ကြွက် တစ်ယောက်အဖြစ် မဟုတ်ဘဲ ညီအစ်ကို မောင်နှမတွေသာ ရှိခဲ့ရင် ကျွန်တော့်အတွက် သူတို့ ဘယ်လောက် ရှက်လိုက်ကြမလဲ။ အားလုံးအတွက် ကျေးဇူးတော် အနန္တပါ ဘုရားသခင်။
ဆင်းရက်မစေ့ခင် ညတစ်ညမှာပဲ ဆေးရုံပေါ်က ကျွန်တော် ထွက်ပြေးခဲ့တယ်။
နှုတ်ဆက်ခဲ့ပါတယ် မခင်မိရယ်။ ကျွန်တော့်ဘဝ၊ ကျွန်တော့် သိက္ခာ၊ ကျွန်တော့် ကိုယ်ကျင့်တရား၊ ကျွန်တော့်နှလုံးသား အားလုံး ပြိုကွဲခဲ့ရတဲ့ ဟောဒီမြို့ကလေးကို နေ့ခင်းကြောင်တောင်မှာ မျက်နှာပြောင်တိုက်ပြီး မနှုတ်ဆက်ရဲလို့ ညကြီးသန်းခေါင်မှာ ကျွန်တော် ထွက်ပြေးသွားပါပြီ။ သည်အချိန်ဆို မခင်မိ အိပ်ပျော်နေရောပေါ့။ မှောင်မည်း တိတ်ဆိတ်နေတဲ့ လမ်းမကြီး တစ်လျှောက်မှာ တိတ်ဆိတ်ကြေကွဲစွာ ကျွန်တော် ငိုတယ်။ မခင်မိရဲ့ အခန်းပြတင်းပေါက်နဲ့ တည့်တည့် ဓာတ်တိုင်ကြီးလေ။ မခင်မိကို မမြင်ရတာ ကြာတဲ့အခါ လျှပ်စစ်ရုံးက မီးပြင်သမား ကိုဗန်းကြီးနဲ့ ပေါင်းပြီး မီးပြင်ချင်ဟန် ဆောင်ကာ တက်တက်ထိုင်နေခဲ့တဲ့ ဓာတ်တိုင်ကြီးပေါ့။ အဲဒီ ဓာတ်တိုင်ကြီးကို ဖက်ပြီးတော့လည်း ကျွန်တော် ငိုမိသေးရဲ့။ မြို့ မြောက်ဘက်က သဲချောင်းကလေးကို ရောက်တော့ မခင်မိနဲ့ ပထမဆုံး တွေ့တဲ့နေ့က မြင်ကွင်းတွေ အားလုံးကို ပြန်ပြီး သတိရမိပြန်ရော။ အခုတော့ အားလုံးဟာ ပြီးဆုံးခဲ့ပါပြီ။
ကျွန်တော် သွားပြီ မခင်မိ။
ဟောဒီလမ်းဟာ တစ်နေရာရာကို ရောက်မယ့် လမ်းတစ်လမ်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်ကိုမှ မရောက်တဲ့ လမ်းတစ်လမ်းလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်ကိုမှ မရောက်တဲ့ လမ်းတစ်လမ်းလည်း ဖြစ်နိုင်ရဲ့။ အဆုံးမရှိတဲ့ လမ်းမကြီးပါ။ အမည်မသိတဲ့ မြို့ကြီးတစ်မြို့ဆီကိုပေါ့။ ဒါပေမယ့် ကျွန်တော်ဟာဖြင့် အမည်မရှိတဲ့ လူတစ်ယောက် မဟုတ်တော့ပါဘူး မခင်မိ။ အရူးထွန်းသိန်းလေ။ အရူးထွန်းသိန်း။ အရူးထွန်းသိန်းဟာ မခင်မိနဲ့ဝေးတဲ့ ပိုပြီးဝေးတဲ့၊ အဝေးဆုံး အရပ်ဆီ ထွက်ပြေးခဲ့ရပေါ့။ နှစ်ပေါင်း သုံးဆယ်နီးပါး ကြာခဲ့ပြီ။
မော်တော်ကားစက် ပြန်ကောင်းသွားပါပြီ။ လူတွေ ကားပေါ်ပြန်တက်ကြပြီ။ မခင်မိနဲ့ ကျွန်တော်လည်း စကားလက်စသတ်ရပြီ။ မော်တော်ကားပေါ် ပြန်တက်။ ကိုယ့်ခုံကိုယ် ပြန်ထိုင်။ သူ့ခုံက နောက်ပိုင်း။ ကိုယ့်ခုံက ရှေ့ပိုင်းမို့ သူ့ကို အကဲမခတ်နိုင်ပါ။ ကျွန်တော့်အတွေးနှင့် ကျွန်တော် ငြိမ်သက်။ ကျွန်တော်တို့နှစ်ဦး ခေတ္တတွေ့ဆုံစဉ် မခင်မိပြော စကားများအရ သိရသည်မှာ (အတိတ်က အကြောင်းတွေ ကျွန်တော်တို့ နှစ်ဦး လုံးဝ မပြောဆိုကြ။) မခင်မိယောက်ျား ကိုသိန်းမောင် နိုင်ငံခြားမှ ပြန်ရောက်ပြီး ငါးနှစ်ခန့်အကြာ (လွန်ခဲ့သည့် ဆယ့်ခုနစ်နှစ်ခန့်) က ကင်ဆာရောဂါဖြင့် သေဆုံးခဲ့သည်။ ရန်ကုန်မြို့သို့ လိုက်နေရာမှ ယောက်ျားဆုံးသည့်အခါ ဇာတိမြို့သို့ ပြန်ပြောင်းခဲ့။ သမီးလေး နှစ်ယောက်ကျန်။ တစ်ယောက်ဘွဲ့ ရပြီး တစ်ယောက် ဆယ်တန်း။ မိခင်၏ စီးပွားရေးလုပ်ငန်းပါ အဆင်မပြေသဖြင့် ကျောင်းဆရာမ ဝင်လုပ်ခဲ့။ အခုလက်ရှိ မန္တလေးမြို့မှ ဇာတိမြို့ အထက်တန်းကျောင်းသို့ ပြန်လည် ပြောင်းရွှေ့နိုင်ရန် ကြိုးစားနေဆဲ။ ဇာတိမြို့တွင် မိခင်ကြီး၊ သမီးနှစ်ယောက်နှင့် အခွံချည့်သက်သက် တိုက်တစ်လုံး ကျန်ရှိ။
ဒါ မခင်မိ ပြောစကားထဲက မခင်မိရဲ့ ဘဝပါပဲ။ အစစ်အမှန် ဆိုတာ ကျွန်တော် ယုံပါတယ်လေ။ ကျွန်တော့်စကားအရ မခင်မိသိသွားတဲ့ ကျွန်တော့်အကြောင်းကတော့ မရေမရာပါ။ အစစ်အမှန် မဟုတ်တာနဲ့ မရေရာတဲ့ အကြောင်းတွေသာပါ။ ခုချိန်ထိ မရေမရာ လေလွင့်နေဆဲ လူတစ်ယောက်အဖြစ် ကျွန်တော့်ဘဝကို မခင်မိ သိသွားရတယ် မဟုတ်လား။ ဒီလို မဟုတ်တော့ပါဘူး မခင်မိရယ်။ ကျွန်တော့်ဘဝ အစစ်အမှန် ကို တမင်တကာ ရည်ရွယ်ချက်နဲ့ ဖုံးကွယ်ခဲ့တာပါ။
မကြာခင်ကာလ အတောအတွင်းမှာပဲ ကျွန်တော့်ဘဝ အစစ်အမှန်ကို အသိပေးဖို့ ရည်ရွယ်ချက်နဲ့ ဖုံးကွယ်ခဲ့တာပါ။
အရူးထွန်းသိန်း အဖြစ်နဲ့ပဲ ကျွန်တော် ဆက်ပြီး ရှင်သန်ခဲ့တယ် မခင်မိ။ မခင်မိပေးခဲ့တဲ့ ဒီဘွဲ့ကို ဆက်ပြီး ပေးကြသူတွေကတော့ စီးပွားရေး လောကထဲက လုပ်ဖော်ကိုင်ဘက်တွေပါပဲ။ စီးပွားရေး လောကထဲမှာ ရက်စက်တဲ့အခါ သိပ် ရက်စက်တတ်လွန်းလို့၊ နူးညံ့တဲ့အခါ သိပ်နူးညံ့လွန်းလို့၊ အရှုံးပေးတတ် လွန်းလို့၊ အနိုင်ယူတတ် လွန်းလို့၊ ဒေါသကြီးတတ် လွန်းလို့၊ ခွင့်လွှတ်တတ် လွန်းလို့၊ ပါးနပ်ကောက်ကျစ်တတ် လွန်းလို့၊ မိုက်မဲ ထုံအ,လွန်းလို့ စီးပွားရေး လောကထဲက လူတွေကလည်း ကျွန်တော့်ကို အရူးတဲ့။ အရူးထွန်းသိန်းတဲ့။
ဒီလူတွေ အားလုံးက မကြာခင်အတွင်း ကျွန်တော့်ဆုံးဖြတ်ချက်ကို သိရတဲ့အခါ သူတို့ပေးတဲ့ “အရူးထွန်းသိန်း” ဘွဲ့ဟာ လိုက်ဖက်လှပါပေတယ်လို့ တညီတညွတ်တည်း ပြောကြရုံသာမက အရူးထွန်းသိန်း တစ်ယောက်တော့ သွက်သွက်ခါအောင်ကို ရူးသွားပြီဟေ့ လို့ ပြောကြဦးမှာ အမှန်ပါပဲ။ မခင်မိ ကိုယ်တိုင်ကတော့ အဝေးပြေး ကားလမ်းမကြီးပေါ်မှာ ကြားခဲ့ရတဲ့ စကားတွေထက် သူမထံ မကြာခင် ရောက်လာမယ့် ကျွန်တော် ရေးလိုက်တဲ့ စာကို ဖတ်ရတဲ့အခါ အနေအထားအမှန်ကို သိသွားမှာပါ။ အဲဒီစာကို ဖတ်ရတဲ့အခါ မခင်မိ အံ့အားသင့်ကောင်း သင့်သွားမယ်။ တွေဝေပြီး စိတ်ရှုပ်ကောင်း ရှုပ်သွားမယ်။
မခင်မိဆီ ကျွန်တော် ဟောသလို စာရေးလိုက်တယ်။
သို့
မခင်မိ
ငှက်တွေ ဘယ်လို ခံစားရတယ်ဆိုတာ လူတွေ ထည့်မစဉ်းစား သလိုပါပဲ၊ ကျွန်တော့် ခံစားချက်တွေကို မခင်မိ ထည့်မစဉ်းစားခဲ့တာ သဘာဝ ကျပါတယ်။ ထားပါတော့ မခင်မိရယ်။ အတိတ်အကြောင်းတွေဟာ ကျွန်တော် တို့နှစ်ဦးအတွက် ပျော်ရွှင်ချမ်းမြေ့မှုကို ပေးနိုင်မှာ မဟုတ်တာ အမှန်ပါ။
ဒီစာနဲ့ ပူးတွဲပါလာတဲ့ စာရွက်စာတမ်းတွေကို မခင်မိ လက်မှတ်ထိုးပေးပါ။ ကျွန်တော့် ရှေ့နေတွေက အတိအကျ ဆောင်ရွက်ပါလိမ့်မယ်။ ကျွန်တော် ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေရဲ့ စာရင်းဇယားကို ဒီစာထဲ ထည့်ရေး မနေတော့ဘူး။ ပူးတွဲပါ စာရွက်စာတမ်းတွေကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ငွေသား သိန်းငါးရာနဲ့အတူ အထွေထွေ လုပ်ငန်းတွေရဲ့ တန်ဖိုးဟာ သိန်းတစ်ထောင်ကျော် တန်ဖိုးရှိပါတယ်။ လုပ်ငန်းအရပ်ရပ်ကို စီမံခန့်ခွဲဖို့အတွက် မခင်မိ ဘာမှ ဦးနှောက်ခြောက်စရာ မလိုပါဘူး။ လွယ်လွယ်လေးပါ။
ကျွန်တော့်နေရာမှာ စီမံဆောင်ရွက်ဖို့အတွက် ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေလည်း ဖြစ်၊ လက်ထောက်လည်း ဖြစ်တဲ့ ဦးစန်းကြိုင်ကို ရာထူးတိုးမြှင့် ခန့်ထားပေးခဲ့ပါပြီ။ သူ့နေရာကိုလည်း အခြား အရည်အချင်း ပြည့်မီသူ တစ်ယောက်ကို စနစ်တကျ ခန့်ထားပြီးပါပြီ။ ကျွန်တော့် ရှေ့နေတွေကလည်း စနစ်တကျ အမှားအယွင်း မရှိအောင် ဆောင်ရွက်သွားကြမှာပါ။
ဒီပစ္စည်းတွေကို စိတ်သန့်သန့်နဲ့ လက်ခံယူပါ မခင်မိ။(လက်မခံလို့ မရအောင်လည်း ကျွန်တော် စီမံပြီးပါပြီ။) မခင်မိအတွက် လက်ဆောင် သက်သက်ပါ။
အရူးထွန်းသိန်း တစ်ယောက်တော့ အဆုံးမရှိတဲ့ လမ်းမကြီးတွေ ပေါ်မှာ အမည်မသိတဲ့ မြို့ရွာတွေဆီ ထွက်ခွာသွားပြန်ပါပြီ။
◾
ဘဲသုံးကောင်
“ဘဲကလေးတွေ အိမ်ပြန်ရောက်လာတယ်လို့ ညက ကျွန်တော် အိမ်မက်မက်တယ် ဖေဖေ၊ တကယ်မှတ်ပြီး မနက်လင်းတော့ အိမ်အောက်မှာ ကျွန်တော် လိုက်ရှာမိသေးတယ်၊ ဒါပေမယ့် တကယ်မဟုတ်ပါဘူး ဖေဖေ”
သားတော်မောင်ရဲ့ စကားကြောင့် ကျွန်တော့်ရင်မှာ တုန်ခါသွားသည်။ ပြီးတော့ ဝမ်းနည်းကြေကွဲစွာ ဒေါသဖြစ်မိရပြန်သည်။
အိမ်ပြန်ရောက်ဖို့ နေနေသာသာ၊ အခုချိန်ဆိုလျှင် သူတို့တစ်တွေ အသက်နှင့် ကိုယ်ခန္ဓာ အိုးစားကွဲနေရှာပြီ ဖြစ်ကြောင်း သားတော်မောင် မသိရှာလေ။
***
ပြီးခဲ့တဲ့နွေရာသီ စာမေးပွဲတွေ ဖြေပြီးစ ကျောင်းပိတ်ရက်က သားတော်မောင်သည် သူ့ကျောင်းစာအုပ်များကို ရောင်းပြီး ဘဲပေါက်စလေးတွေ ဝယ်လာသည်။ အားလုံး ငါးကောင်။ ခုနှစ်ဆယ့် ငါးကျပ်ဖိုး။ သို့ရာတွင် သူဝယ်လာသည့် ဘဲကလေးများမှာ ဓာတ်ဖောက်ဘဲများ ဖြစ်သောကြောင့် သေလွယ် ပျောက်လွယ်သော အကောင်ကလေးများ ဖြစ်နေကြသည်။ ကံအားလျော်စွာ နှစ်ကောင်မျှသာ သေသွားပြီး သုံးကောင် အဖတ်တင် ကျန်ရစ်ခဲ့သည်။
ထိုကျန်ရစ်သည့် ဘဲကလေးသုံးကောင်မှာ တစ်စတစ်စ ကြီးပြင်းလာသည်။
သူတို့အား ထူးထူးထွေထွေ ရှာဖွေမကျွေးမိပါ။ အမှတ်ရသည့် အချိန်တွင် ထမင်းကျန် ဟင်းကျန်နှင့် ဆန်ကွဲစေ့များလောက်ကိုသာ ရေနှင့် ဖျော်တန်လျှင် ဖျော်၍ ကျွေးမွေးပါသည်။ များသောအားဖြင့်ကား သူတို့ဘာသာ သူတို့ ရေထဲ နှုတ်သီးနှင့် တစွတ်စွတ် ထိုးပြီး ရှာဖွေစားသောက်ကြသည်။ သူတို့ကား လျင်မြန်စွာပင် တစ်နေ့တခြား ကြီးထွားလာလေသည်။
အထူးဂရုစိုက်၍ မကျွေးမွေးရသော်လည်း ညရေးညတာနှင့် အခြားအန္တရာယ်များ အတွက်ကား အတန်အသင့် ဂရုစိုက်ရပါသည်။ ကြောင်နှင့် ခွေးတို့၏ ရန်ကို စိုးရိမ်ရသောကြောင့် ဖြစ်ပေသည်။ ကိုယ့်အိမ်တွင် မွေးထားသည့် ခွေးနှင့် ကြောင်များ မရှိသော်လည်း ခွေးလေခွေးလွင့်များက မပြတ်ရောက်လာတတ်သည်။ နောက်ဖေးတွင် စွန့်ပစ်ထားသည့် ထမင်းကျန်၊ ဟင်းကျန်များကို လာရောက် စားသောက်ကြခြင်း ဖြစ်သည်။ အိမ်နီးနားချင်းတို့၏ ကြောင်များကလည်း အိမ်ပေါ်သို့ မကြာမကြာ ရောက်လာတတ်သည်။ တောင်းကြီးကြီးတစ်လုံးနှင့် အုပ်တန်လျှင် အုပ်ထားရသည်။ တစ်ခါတစ်ရံတွင် အိပ်ရာပေါ်သို့ပင် တင်၍ သိပ်ရသည်။
အိမ်အောက်တွင်ပင် ဘာသိဘာသာ ပစ်ထားသော ညများလည်း ရှိသည်။ ထိုညမျိုးတွင်ကား ခွေးတစ်ကောင်တလေ၏ ရန်မှ လွတ်အောင် တဖျန်းဖျန်း အတောင်ပံခတ် ပြေးလွှားနေသံကြားမှ ကျွန်တော်တို့ နိုးလာပြီး ထခြောက်ရတတ်သည်။ ထိုသို့ပင် ရှိသော်လည်း သူတို့မှာ ကံအားလျော်စွာ လွတ်မြောက်ကျန်ခဲ့ကြသည်သာ ဖြစ်ပါ၏။
သုံးလကျော်ကျော် ကာလရောက်သည့် အခါတွင်ကား သူတို့သုံးကောင်သည် ကျွန်တော်တို့နှင့် နီးနီးနားနား အိမ်အောက်နှင့် အိမ်ပတ်ဝန်းကျင်တွင် မနေတော့ဘဲ မြောက်ဘက်ရေကန်ကြီး ရှိရာသို့ ရွေ့ပြောင်း သွားကြလေတော့သည်။
***
ဤနေရာတွင် ဘဲကလေးတွေ အကြောင်း ခဏရပ်နားပြီး ကျွန်တော့်အိမ်၏ အနေအထားကို ကြားဖြတ် ပြောရပေတော့မည်။
ကျွန်တော့်အိမ်မှာ မန္တလေးမြို့ကြီးပေါ်တွင် ဖြစ်သော်လည်း အနေအထားမှာ တိတ်ဆိတ် ငြိမ်သက်၍ တောထဲတောင်ထဲ ရောက်နေရသည်နှင့်ပင် တစ်ခါတစ်ခါ တူလှပါသည်။ သွားရေး လာရေး ခက်ခဲသည်ကို ဆိုလိုခြင်း မဟုတ်ပါ။ မန္တလေးမြို့ကြီးပေါ်မှာပင် ရှိသည့် ရပ်ကွက်တစ်ခု အဖို့ သွားရေး လာရေး မခက်ခဲပါ။ ရပ်ကွက်ကြီးတစ်ခု အတွင်းမှ သီးသန့် ဝင်းတစ်ဝင်း၏ အနေအထားကို ပြောလိုခြင်းမျှသာ ဖြစ်ပါသည်။
ကျွန်တော်တို့ နေထိုင်ကြသည့် သီးသန့်ဝင်းကြီးထဲတွင် အိမ်ခြေ ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ခန့် ရှိပါသည်။ ဝင်းထဲသို့ဝင်ရန် လမ်းမကျယ်တစ်ခုသာ ရှိပါသည်။ စက်ဘီး၊ ဆိုင်ကယ်များမှအပ မော်တော်ကားများအဖို့ တစ်ခုတည်းသော ဝင်ပေါက်လမ်းလည်း ဖြစ်ပေသည်။
ကျွန်တော့်အိမ်မှာ ထိုဝင်းကြီး၏ ချောင်အကျဆုံး နေရာဖြစ်သည့် အင်္ဂါထောင့်တွင် ရှိသည်။ တောင်ဘက်နှင့် အရှေ့ဘက်တွင် ဘုန်းကြီးကျောင်းနှင့် ပုဂ္ဂလိက တိုက်ကြီးများ၏ အုတ်တံတိုင်းကြီးများသာ ရှိပါသည်။ ကျွန်တော်တို့ မိသားစုအဖို့ အပြင်သို့ထွက်ရန် ထွက်ပေါက်မရှိ။ အခြားအိမ်များရှေ့မှ ဖြတ်၍ လမ်းမကြီး၏ တစ်ခုတည်းသော ဝင်ပေါက်ရှိရာသို့သာ ထွက်ရသည်။ အခြားအိမ်များနှင့် အတန်အသင့် အလှမ်းဝေးပြီး တိတ်ဆိတ်ငြိမ်သက်ပါသည်။
မြို့ကြီးတစ်မြို့ပေါ်မှာပင် ဖြစ်သော်လည်း ကျွန်တော့်အိမ်သို့ အလည်အပတ် ရောက်လာတတ်ကြသည့် မိတ်ဆွေများက တောထဲမှာ ရောက်နေရသလို တိတ်ဆိတ်မှုကို ခံစားရပါသည်ဟု ပြောတတ်ကြပေသည်။ သစ်ပင်များ အုံ့ဆိုင်းပြီး ကျေးငှက်သာရကာ မျိုးစုံ ရှိသည်။ အိမ် နောက်ဘက် အုတ်တံတိုင်းပေါ်က ဖန်ကွဲမှန်စများ ပေါ်တွင် ရှဉ့်ကလေးတွေ လမ်းလျှောက်နေသည်ကို အမြဲပင် တွေ့မြင်နိုင်ပေသည်။
အိမ်မြောက်ဘက် မလှမ်းမကမ်းတွင် ရေကန်တစ်ကန် ရှိသည်။ ထိုရေကန်ကြီးမှာ ရှေးယခင်က ဟိန္ဒူဘာသာဝင် ခဝါသည်တို့ အဝတ်လျှော်ကြသည့် ဒိုဘီကန်ဖြစ်သည် ဟု အချို့က ပြောကြသည်။ အချို့ကလည်း ဟိန္ဒူဘုရားပွဲ လှည့်လည်မည့်နေ့တွင် ယခုတိုင်ရှိနေသည့် ကျွန်တော့်အိမ်ဘေးမှ ညောင်ပင်ကြီးကို ဦးတိုက်ပြီး ထိုရေကန်၌ ရေချိုးခြင်း၊ နနွင်းစသည် လိမ်းခြယ်ခြင်းတို့ ပြုလုပ်ကြသည်ဟု ဆိုသည်။
ယခုအခါတွင်ကား ရေကန်ရှိမှန်းပင် အမှတ်တမဲ့ မသိနိုင်တော့ပေ။ ကန်စွန်းပင်များ၊ မြက်ရိုင်းပင်များဖြင့် ဖုံးအုပ်လျက် တောကြီးမြက်မည်း ဖြစ်နေလေပြီ။ ဤသို့ တိတ်ဆိတ်ငြိမ်သက်ခြင်း အတွက် ကျွန်တော့်နေရာ ဤဂေဟာကို သဘောကျပါသည်။ ကံကောင်းလှသည်ဟုလည်း ဆိုချင်ပါ၏။ သို့သော် ကျွန်တော် ကံမကောင်းပါ အကြောင်းမှာ ကျောင်းကြီး၏ အပြင်သို့ ထွက်ရန် တစ်ခုတည်းသောလမ်းကို ဖြတ်ရာ၌ ကျွန်တော့်အိမ်နှင့် အနီးဆုံး၊ ပထမဆုံး ဖြတ်သန်းရသည့် အိမ်မှာ ဤဝင်းကြီး အတွင်းတွင် သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်နေပြီး၊ တရားမျှတမှု အကင်းမဲ့ဆုံး ပုဂ္ဂိုလ်ကြီးလည်း ဖြစ်နေသောကြောင့်ပင်။
***
ဘဲကလေးတွေအကြောင်း ကျွန်တော် ဆက်ပါတော့မည်။
ဘဲကလေးသုံးကောင်မှာ သုံးလကျော်လေးလ ကာလနီးပါး ရောက်သောအခါ အကောင်များ ထွားကျိုင်းလာသည်။ အိမ်အောက်မှာ မနေတော့ဘဲ မြောက်ဘက် ရေကန်ကြီးဆီသို့ အပြီးအပိုင် ထွက်သွားကြလေသည်။ ထိုအချိန်တွင် ကျွန်တော်တို့ တစ်အိမ်သားလုံးမှာ သူတို့အပေါ် များစွာ သံယောဇဉ် တွယ်နေလေပြီ။ မနက်လင်းလျှင် လာ-လာ-လာ ခေါ်၍ ထမင်းကျန် ဟင်းကျန်များကို ကျွေးသည့် အလုပ်မှာ နေ့စဉ် ဝတ္တရားတစ်ခုပင် ဖြစ်နေလေပြီ။
အိမ်သူအိမ်သားများ အပြင်ထွက်လျှင် သုတ်-သုတ်-သုတ် နှင့် ပြေးလိုက်လာတတ်သောကြောင့် ပြန်လည် မောင်းနှင်ရလေသည်။ ကလေးတွေနှင့် ပြေးတမ်းလိုက်တမ်း ကစားစရာ အဖော်များလို ဖြစ်နေသည်။ ကိုယ်တိုင် ဝယ်လာသည့် သားတော်မောင်အဖို့ကား အရိပ်တကြည့်ကြည့်ဖြင့် သူ၏ မိတ်ဆွေများလိုပင် ဖြစ်နေတော့သည်။
ထိုအချိန်မျိုး၌ သူတို့ ပျောက်သွားသောအခါ တစ်အိမ်သားလုံး ဝိုင်းဝန်း ရှာဖွေကြမိတော့သည်။ သုံးလေးရက်ရှာမှ မြောက်ဘက် ရေကန်ကြီးထဲတွင် တွေ့ရသည်။ ထိုသို့ရှာရသည်မှာ ရေကန်ကြီးနှင့် ကျွန်တော့်အိမ် အလှမ်းဝေးလှ၍ မဟုတ်။ ရေကန်ကြီး တစ်ခုလုံးလိုလိုပေါ်တွင် မြက်များ၊ ဗေဒါပင်များ၊ ကန်စွန်းပင်များဖြင့် ဖုံးအုပ်၍ နေသောကြောင့် ဖြစ်သည်။ သူတို့တစ်တွေမှာ ဗေဒါပင်တွေကြားတွင် ပုန်းနေကြခြင်း ဖြစ်၏။ ရေထဲတွင် ဆင်းပြီး ခေါ်ယူရန် မဖြစ်နိုင်ပါ။ ရေစပ်သို့ပင် ဆင်း၍မရပါ။ ခပ်လှမ်းလှမ်းမှပင် တတီတီ အော်ခေါ်နေရသည်။ ခဲဖြင့် ခြောက်လှန့်ပစ်ခတ်၍ အတက်ခိုင်းသော်လည်း တုတ်တုတ်မျှ မလှုပ်။ ပေကတ်ကတ် လုပ်နေကြသည်။ မည်သို့မျှ ခေါ်ယူမရနိုင်သဖြင့် သည်အတိုင်း ပစ်ထားလိုက်ရသည်။ သူတို့ စိတ်ချမ်းသာသလို နေပါစေတော့ဟု အောက်မေ့လိုက်ရသည်။
တစ်နေ့တစ်နေ့ သူတို့ရှိရာ ခပ်လှမ်းလှမ်းသို့ သွားပြီး အသံပေးလိုက်၊ သူတို့ရှိနေမည့် နေရာသို့ ခဲဖြင့် ပစ်လိုက်ဖြင့် အသံပေးရသည်။ ထိုအခါမျိုးတွင် သူတို့ ရှိမည့်နေရာမှ ငုံ့ထားသည့် ခေါင်းများကို ဖော်ပြီး ကိုယ်ရောင်ပြလေသည်။
ဤသို့နှင့်ပင် နှစ်လကျော် သုံးလမျှကာလအတွင်း ရေကန်ထဲမှာပင် အိပ်ပြီး၊ ရေကန်ထဲမှာပင် နေကြသည်။
တော်သလင်း၊ သီတင်းကျွတ် ကာလတွင်ကား အဆက်မပြတ် မိုးများ ပြင်းထန်စွာ ရွာချလေတော့သည်။ ကျွန်တော်တို့ ဝင်းထဲတွင် လေး ငါးခြောက်နှစ်ကျော်မျှ မဝပ်တာ ကြာပြီဖြစ်သော ရေများ ပြည့်လျှံသွားသည်။ အနိမ့်ဆုံးအပိုင်းလို ဖြစ်နေသော ကျွန်တော့်အိမ်အောက်နှင့် အိမ်ဘေးပတ်ဝန်းကျင်တွင် တစ်ဝင်းလုံးမှာ ရှိသည့် ရေများ စီးဝင်လာလေသည်။ မြောက်ဘက် ရေကန်ကြီးနှင့် ကျွန်တော်တို့အိမ် အောက်မှာ ရေတွေ တစ်ဆက်တည်းလို ဖြစ်သွားသည်။ ကျွန်တော်တို့လည်း အိမ်မှာရှိသည့် သစ်သားတို၊ သစ်သားစများဖြင့် ကုန်းဘောင်ထိုး တံတားခင်းခြင်း ပြုလုပ်ရတော့သည်။ မနက်ခင်းက ရေလွတ်ရုံမျှ ခင်းထားသော တံတားမှာ ည၌ မိုးကြီး ဆက်တိုက် ရွာချလိုက်ပြန်သောအခါ သစ်သားတို၊ သစ်သားစများ ရေထဲ၌ ဟိုသည် လွင့်မျောကုန်ကြတော့သည်။
“ဖေဖေရေ ဘဲကလေးတွေ ပြန်လာပြီဗျ”
နံနက်လင်းကာစ ကျွန်တော်အိပ်ရာထဲ မှိန်းနေစဉ် သားတော်မောင် အော်လိုက်သော အသံ ဖြစ်သည်။ တစ်အိမ်သားလုံးပင် ဝမ်းသာရွှင်မြူးစွာ အောက်သို့ ပြေးဆင်းကြည့်ကြသည်။ ကလေးတွေက တတီတီ ခေါ်၍ အစာကျွေးကြ၏။ အခုတော့ သူတို့ကလည်း တရင်းတနှီး။
တဖြည်းဖြည်း ရေများ ခန်းခြောက်သွားသည့်တိုင် အိမ်ရှေ့ တစ်ချို့တစ်ဝက်နှင့် အိမ်အောက်တွင်ကား ရေများ ကျန်ရှိနေပေသေးသည်။ ဆောင်းကာလ ရောက်သည့်တိုင် ခန်းခြောက်မည့်ပုံ မပေါ်။ ဘဲကလေး သုံးကောင်မှာလည်း ရေကန်ကြီးဆီ ပြန်မသွားတော့။ အိမ်အောက်တွင်ပင် တစွတ်စွတ် ပြေးဆော့ကြသည်။
ထိုသို့ ပြေးဆော့နေရာမှ အိမ်သူအိမ်သားများ အပြင်သို့ ထွက်လျှင် သို့မဟုတ် အပြင်မှ ပြန်လာလျှင် သို့မဟုတ် အိမ်သို့ ဧည့်သည်လာလျှင် သူတို့တစ်တွေမှာ လူရှိရာသို့ အတင်းပြေးလာပြီး နှုတ်သီးဖြင့် လိုက်၍ ထိုးဆိတ်တတ်လေသည်။ အငယ်ဆုံးသမီးမှာ ကျောင်းသွားခါနီးတိုင်း ဘဲကလေးတွေက လိုက်လိုက်စသဖြင့် သူ့ကို အိမ်ပေါက်ဝထိ လိုက်ပို့ရသည်။ သမီးကြီးနှင့်အတူ ကျောင်းသွားဖော် ကိုးတန်းကျောင်းသူလေးများမှာ အိမ်သို့ အလည်လာတိုင်း ခြံဝမှနေ၍ “ဘဲကြည့်ပါဦးဗျို့” အော်ရလေသည်။
ကောင်းကောင်း အရွယ်ရောက်လာကြပြီ ဖြစ်၍ သူတို့ကို အကဲခတ်နိုင်လေပြီ။ သူတို့သုံးကောင်လုံးမှာ ဘဲထီးများသာဖြစ်၍ ဘဲမ မပါ။ ဥစားရအောင် ဘဲမတစ်ကောင်လောက် ဝယ်ထားဖို့ စိတ်ကူးကြသည်။
“ဟာ ဘဲမတစ်ကောင် တည်း ဘယ်ဖြစ်မလဲဗျ၊ သေသွားမှာပေါ့၊ ဘဲထီးသုံးကောင်ဆိုရင် အနည်းဆုံး ဘဲမငါးကောင်လောက်တော့ နိုင်တယ် ဟား ဟား”
မိတ်ဆွေတစ်ယောက်က အကြံပေးလေသည်။ သို့ရာတွင် မဝယ်ဖြစ်ခဲ့၊ ဘဲမတစ်ကောင်လောက် ထပ်ဝယ်ဖို့ သားတော်မောင်၏ စာအုပ်များကို ရောင်းနိုင်ရန် နောက်ထပ် ကျောင်းပိတ်ရက်များထိ စောင့်ရလေမည်လား မသိ။
လူ့နောက်က တစ်ကောက်ကောက် ပြေးလိုက်သောကြောင့် အစာတောင်းသည် မှတ်ပြီး အစာကျွေးသော အခါတွင်လည်း ဟုတ်တိပတ်တိ စားချင်မှစားသည်။ အစာခွက်ကို လာရောက်ပြေးထိုးပြီး ပြန်လှည့်သွားချင် သွားတတ်သည်။
“အစာကျွေးတော့လည်း မစားဘူးဗျ၊ ဘာဖြစ်လို့မှန်းလဲ မသိဘူး ဖေဖေ”
သားတော်မောင်က သူ့ဘဲကလေးများကို ကြည့်ပြီး နားမလည်နိုင်ဘဲ မေးသည်။
“ဟာ မင့်ကောင်တွေ အဝှါကြောင်နေတာ ဖြစ်မှာပါကွာ”
ကျွန်တော်က သားတော်မောင်နှင့် သူ့ ဘဲများကို ကြည့်ပြီး ရယ်မောပြောဆိုလိုက်သည်။
“ဘာကြောင်နေတာလဲ ဖေဖေ”
“ဟာ ဘဲမ လိုချင်နေတာကို ပြောတာပါကွာ”
သူတို့သုံးကောင်မှာ တစ်ကောင်သွားရာ နောက်ကို နှစ်ကောင်က လိုက်သည်။ ရှေ့သို့ စိုက်စိုက် စိုက်စိုက်ဖြင့် သွားနေရာမှ တစ်ကောင်က နောက်သို့ ပြန်လှည့်လိုက်လျင် ကျန်နှစ်ကောင်မှာ ဝိဝါဒ ကွဲပြားမနေဘဲ နောက်သို့ ချက်ချင်း ပြန်လှည့်သည်။ ည ညများတွင်လည်း အိပ်သည်ဟူ၍ မရှိလှပဲ ရေထဲသို့ တစ်စွတ်စွတ် ပြေးလွှားနေတတ်သည်။ တစ်ခါတစ်ရံတွင် လူတစ်ယောက် ရေထဲသို့ ဖြတ်လျှောက်နေသလား ထင်မှတ်မိတတ်သည်။ တစ်ခါတစ်ခါတွင်လည်း ယိမ်းတိုက်နေသလား အောက်မေ့ရလေအောင် လည်ပင်းကို အထက်သို့ ပင့်မြှောက်လိုက်၊ အောက်သို့ ပြန်ချလိုက်ဖြင့် အချိန်ကြာမြင့်စွာ ပြုလုပ်နေတတ်ကြသည်။
သူတို့ကို ကျွန်တော် မေ့မရအောင် မှတ်မိနေသည်မှာကား သည်းထန်စွာ မဟုတ်ဘဲ မိုးတဖွဲဖွဲသာ ရွာချနေတတ်သော ညများစွာက ပုံရိပ်များပင် ဖြစ်ပါသည်။ ထိုညများတွင် ကျွန်တော်သည် အခါများစွာတွင်ပင် အိပ်မပျော်တတ်သူ တစ်ယောက် ဖြစ်သည့်အတိုင်း ပြတင်းပေါက်မှ တဖွဲဖွဲ ရွာချနေသော မိုးပေါက်များနှင့် တလင်းပြင်ကိုသာ ငေးမောနေမိတတ်သည်။ ထိုညများတွင် သူတို့သုံးကောင်မှာလည်း မိုးပေါက်လွတ်ရာ အိမ်အောက်တွင်လည်း ခိုကပ်၍ မနေ၊ သစ်ပင်ရိပ်အောက် တစ်နေရာရာမှာလည်း မနေကြ။
မှုန်ဝါးဝါး တလင်းပြင်ထဲ မိုးရေစက်များ အောက်တွင် ခြေထောက်တစ်ဖက်ကို မြှောက်လျက် တစ်ချောင်းတည်းသော ခြေထောက် ကိုယ်စီဖြင့် ရပ်နေကြပုံမှာ ဆွေးမြည့်စရာ တစ်ခုခုကို သူတို့ သတိရ နေရော့သလား အောက်မေ့ရတော့သည်။
သူတို့မှာ အတွေးကိုယ်စီ ရှိနေလေသည့် ပုံသဏ္ဌာန်ဖြင့် နှုတ်သီး၊ ရှည်ရှည်နှင့် ဦးခေါင်းတစ်ခုလုံးကို အတောင်ပံထဲ လည်ပြန်မြှုပ်သည့် အကောင်က မြှုပ်ထားသည်။ ရှည်လျားသည့် လည်ချောင်းတစ်ခုလုံးကို စလုတ်ထဲထိ မြုပ်အောင် မြှုပ်လျှက် နှုတ်သီးကိုသာ မိုးပေါ်မော့ပြီး အတွေးနယ်ချဲ့သည့် အကောင်က ချဲ့နေကြပုံများမှာ ကြေကွဲစရာ နှလုံးသား တစ်ခုခုကိုများ ပိုင်ဆိုင်ထားကြ လေရော့သလား ထင်မိရတော့သည်။
မိုးစက်မိုးပေါက်များ အောက်တွင် မလှုပ်မယှက်နှင့် သူတို့ ကြံ့ကြံ့ခံနေကြပုံမှာ ဇာတိမာန်တက်ကြွစရာ လုံးဝ မကောင်းလှဘဲ ကြေကွဲဆွေးမြည့်စရာ ပုံပြင်တစ်ပုဒ်ကို ဖတ်ရှုနေရသလိုသာ ဖြစ်တော့သည်။
သူတို့သည် ဘာကိုများ တွေးပြီး ငေးမောနေပါလိမ့်။ သူတို့၏ အနာဂတ်ကို သူတို့ တွေးခေါ်နေလေသလား။ ကံဆိုးခြင်းတွေသာ သူတို့အပေါ် လိုက်လိုက် ရွာချတတ်သည့် ဟောဒီ အချိန်တွေ မြန်မြန် ကုန်ဆုံးသွားပါစေတော့ လို့များ ဆုတောင်းနေလေသလား။ ဘာဖြစ်လို့ ဘဲတစ်ကောင် ဖြစ်လာရပါလိမ့်လို့များ တွေးတောနေလေသလား။ သူတို့မှာ ဇနီးမယား မရှိ။ သားသမီးတွေလည်း မရှိ။ ပေးဆပ်စရာ အကြွေးတွေလည်း မရှိ။ သူတို့နောက်ကျောမှာ သူတို့မိတ်ဆွေတွေရဲ့ ဓားဒဏ်ရာလည်း မရှိကြောင်း ကျွန်တော်သိပါ၏။
သို့ပါလျက် အဆွေးရိပ်သန်းတဲ့ သည်လို ပုံသဏ္ဌာန်မျိုးနဲ့ ဘယ့်အတွက်ကြောင့် တည်ရှိနေရပါလိမ့်။ လူတွေ ဖန်တီးထားတဲ့ တေးဂီတဆိုတဲ့ အသံတွေကိုပဲ ငြီးငွေ့နေခြင်းလား။ သူတို့အပေါ် လူတွေထားတဲ့ တန်ဖိုး သတ်မှတ်ချက်ကို သိပြီးတော့များ စိတ်နာနေခြင်းလား။ မျိုးဆက်ပြန့်ပွားနိုင်ခြင်း မရှိဘဲ အချည်းနှီး ဖြစ်တည်နေရသည့် သူတို့ရဲ့ ဘဝကြီးကိုပဲ မကျေမနပ် ဖြစ်နေခြင်းလား။ သူတို့သည် ဆိုကရေးတီးကို မသိ။ ဒါဝင်ကိုလည်း မသိ။ မိုက်ကယ်အိန်ဂျလိုကိုလည်း မသိလေဘဲနှင့် လောကကြီးကို ပေးဆပ်စရာ ဘာတာဝန်တွေများ ရှိနေကြပါလိမ့်။
အသားတစ်တုံးပဲ။
ငါဟာ အသားတစ်တုံးမျှသာပဲ လို့ စိတ်ပျက်ညှိုးငယ်စွာ ကိုယ့်ဘဝကိုယ် အဆုံးစီရင်ဖို့များ ကြံစည်နေလေသလား။
ပျောက်ဆုံးနေသော မြည်းတစ်ကောင်ကို ရှာဖွေဖို့အတွက် ကိုယ့်ကိုယ်တိုင် မြည်းတစ်ကောင်လို တွေးရမည်ဟု ဆိုရိုးရှိသည်။ ကျွန်တော်သည် ဘဲတစ်ကောင်လို တွေးနိုင်သူ မဟုတ်ပါ။
ထိုညမျိုး သူတို့၏ တိတ်ဆိတ်ငြိမ်သက်မှုမှာ ကြာလွန်းမက ကြာလေသည့်အတွက် ကျွန်တော်၏ ခံနိုင်စွမ်းအားများကို ပြိုကွဲစေပါသည်။
***
ယခု သူတို့သုံးကောင်နှင့် ကျွန်တော်တို့ မိသားစု၏ ခွဲခွာခန်းကို ပြောရပါတော့မည်။
ကျွန်တော်တို့ နေထိုင်သည့် ဝင်းကြီးမှာ အိမ်များနှင့် အလှမ်းကွာဝေးသည့် မြက်တောကြီးများ ကျယ်ဝန်းစွာ ရှိပါသည်။ ကျွန်တော့်အိမ် မြောက်ဘက်မှ ရေကန်ဟောင်းကြီးနှင့် ဆက်လျှင် အနောက်ဘက်တစ်လျှောက် မြက်တောကြီး ဖြစ်နေပါသည်။ ကျွန်တော့် အိမ်ပေါက်ဝမှ ထွက်ပြီး ပုဂ္ဂိုလ်ကြီး၏ အိမ်ရှေ့လမ်း မြောက်ဘက်တစ်လျှောက်မှာ မြေလွတ်များ ဖြစ်ပါသည်။
ဘဲကလေးသုံးကောင်မှာ ကျွန်တော်တို့ အပြင်ထွက်တိုင်း ပြေးပြေးလိုက်လာရာမှ အစပြုကာ အပြင်ထွက်သည့် အကျင့် ရလာပါသည်။ အပြင်ထွက်သည် ဆိုသော်လည်း လူနေအိမ်ခြေ မရှိသည့် လမ်းမြောက်ဘက်ဘေး တစ်လျှောက် အနီးအနားမျှသာ ဖြစ်ပါသည်။ ဝေးဝေးလံလံ မသွားပါ။ မည်သူ့အိမ် ဥပစာကိုမျှ မဝင်ရောက်ပါ။ ဘဲတို့၏ ထုံးစံအတိုင်း ရေဗွက်ရှိရာသို့သာ နှုတ်သီးဖြင့် တစွတ်စွတ် ထိုးနေတတ်ပြီး သစ်ပင်များကို ထိုးဆွခြင်း၊ အမှိုက်ပုံများကိုယက်ခြင်း လုံးဝ မပြုလုပ်ပါ။
သို့ရာတွင် ကျွန်တော့်အိမ်အနီးမှ ပုဂ္ဂိုလ်ကြီးမှာ ဘဲကလေးများကို လုံးဝ ကြည့်ရဟန်မတူ။ ဘဲကလေးများကို ခြံခတ်ပြီး မွေးဖို့နေတိုင်းပင် တကျည်ကျည် လုပ်နေသည်။ တိရစ္ဆာန်ကို အကြောင်းပြုပြီး လူချင်း စကားများရလျှင် မကောင်း။ မည်သည့် အပင်ကိုမျှ မထိုးဆွတတ်သော ဘဲကလေးများကို ရန်ရှာနေသော်လည်း သူနှင့် အလွမ်းသင့်သူ၊ သူ့ကို လက်ဆောင်ပေးသူများ မွေးမြူထားသည့် နွားများ၊ ကြက်များကား တစ်ဝင်းလုံး အနှံ့ပင်ဖြစ်သည်။ ခွင့်လွှတ်ထား၏။
ထိုပုဂ္ဂိုလ်ကြီး တရားမျှတမှု ကင်းမဲ့ကြောင်း ကျွန်တော် ပြောခဲ့ပါသည်။ ဤ ဘဲ၊ နွား၊ ကြက် တိရစ္ဆာန် ကိစ္စကလေးမျှလောက်နှင့် လူတစ်ယောက်အပေါ် ကောက်ချက်ချ ပြောဆိုနေမည်ဆိုလျှင် ရယ်စရာမျှသာ ဖြစ်ပါလိမ့်မည်။ သို့ရာတွင် ကျွန်တော်တို့ မိသားစုအား လောလောဆယ် စိတ်အနှောင့်အယှက် ဖြစ်စေသည့် ထိုကိစ္စလေးလောက်ကိုသာ ကျွန်တော် ပြောပါတော့မည်။ လူမှုရေး ဖောက်ပြန်မှုများ၊ သိက္ခာ ကင်းမဲ့မှုများကား သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စမျှသာဖြစ်၍ ကျွန်တော် အကျယ်တဝင့် မပြောလိုပါ။
ဤအရပ်၊ ဤဝင်းကြီးထဲ ကျွန်တော်တို့ နေလာခဲ့သည်မှာ ကြာပါပြီ။ ကြာသည့်အလျောက် ဤပုဂ္ဂိုလ်ကြီးနှင့် ကျွန်တော်တို့၏ ဆက်ဆံရေးမှာလည်း သက်တမ်းရှည်ခဲ့ပါပြီ။ တစ်ခါတုန်းက ဤပုဂ္ဂိုလ်ကြီး ကျော်မကောင်း ကြားမကောင်း ပြဿနာတစ်ခု ဖြစ်ဖူးသည်။ ထိုစဉ်က ဤပုဂ္ဂိုလ်ကြီးသည် တရားရုံးတွင် သူ့ဘက်မှ သက်သေခံပေးဖို့၊ မတရားထွက်ဆိုပေးဖို့ ကျွန်တော့်မိန်းမနှင့် ယောက္ခကြီးများထံ နေ့စဉ်လာရောက်ပြီး တတွတ်တွတ် ပြောဆိုနေပုံကို ကျွန်တော့်မှာ ပြန်လည် မြင်ယောင်နေမိတော့သည်။ ယခုကိစ္စမှာ တိရစ္ဆာန်ဖြစ်သော ဘဲကလေး သုံးကောင်အပေါ် သံယောဇဉ် တွယ်မိခြင်းမှတစ်ပါး ကြီးကြီးကျယ်ကျယ် ပြဿနာမဟုတ်ပါ။ သူ၏ တရားမျှတမှု ကင်းမဲ့ပုံကို ရယ်မောလိုခြင်းမျှသာ ဖြစ်ပါ၏။ သူနှင့် ပတ်သက်သည့် အခြားအခြားသော မဖွယ်ရာမှုများကို အကျယ်တဝင့် ပြောဆိုရန် ရည်ရွယ်ချက် မရှိပါ။ သူ့အား ပူဇော်ပသသူ၊ သူ့ အလိုတော်ရှိများ၏ ကြက်များ၊ နွားများအကြောင်း ထည့်ပြောမိခြင်း သည်ပင်လျှင် ကြောင်းကျိုး ဆက်စပ်မိစေရန်မျှသာ ဖြစ်ပါ၏။ အဘိဇ္ဈာ မပွားမိပါ။
ကျွန်တော်၏ ဘဲကလေးများအပေါ် ခွင့်မလွှတ်သော်လည်း ကြက်များ၊ နွားများကိုကား မုဒိတာပွားနိုင်ပါသည်။ ကိုယ့်အိမ်ရှေ့ထိ လာရောက် ယက်ဆွနေသော်လည်း ကြက်ကလေးများကို မမောင်းရက်ပါ။ နွားများကို ညညမှာပင် အိပ်ရေးပျက်ခံ၍ ခြောက်လှန့်မောင်းထုတ် ခဲ့ရဖူးသော်လည်း ပြဿနာဟု မယူဆပါ။ ဤဝင်း ဤနေရာအတွင်း အတူတူ နေကြသူများ အပေါ် စာနာနိုင်ပါသည်။ သို့ရာတွင် ဤပုဂ္ဂိုလ်ကြီးမှာ ကျွန်တော်တို့၏ ဘဲကလေး သုံးကောင်အပေါ် မုဒိတာပွားနိုင်သူ မဟုတ်ပါ။ နေ့စဉ်နေ့တိုင်းပင် တကျည်ကျည် လုပ်နေပါတော့သည်။ ပြဿနာရှာ လျက်ရှိပါသည်။
အနှစ်ချုပ်၍ ဆိုရလျှင် ဘဲကလေး သုံးကောင်မှာ အိမ်၌နေခွင့် မရနိုင်တော့ပါ။
ဒီလန်သောမတ်၏ ဝတ္ထုတိုတစ်ပုဒ်ကို ကျွန်တော် ဖတ်ဖူးသည်။ ဝတ္ထု၏အမည်မှာ (A Visit to Grandpa's) ဟူ၍ ဖြစ်လိမ့်မည် ထင်ပါသည်။ ထိုဝတ္ထုထဲတွင် ဘုန်းတော်ကြီးတစ်ပါးသည် ဘဲသုံးကောင်ဝယ်၍ မွေးထားပြီး ဥယျာဉ်အလယ်၌ ဘဲများအတွက် ရေကန်တစ်ကန် ပြုလုပ်ပေးထားသည်။ သို့ရာတွင် ဘဲများသည် ညစ်ပတ်ပေရေလျှက် အိမ်လှေကားထစ် အောက်မှ ရေမြောင်းသို့ လေးကန်ဖွင့်နွဲ့စွာ သွားပြီး ရေကူးကြသည်။ တဂတ်ဂတ် အော်မြည်ကြသည်။ သို့အတွက် ဘုန်းတော်ကြီးမှာ ရေမြောင်းနှင့် ရေကန်ကြားတွင် ရှိသော ကျောက်တုံးများကို ဖြတ်ပြီး ပြွန်တစ်ခု ပြုလုပ်ပေးထားသည်။ “ရေကန်သို့ သွားရာလမ်း” ဟု ဆိုင်းဘုတ်တစ်ခု စိုက်ထူထား သည်။
သို့ရာတွင် ဘဲများမှာ လှေကားအောက်၌ပင် ရေကူးလျက် ရှိနေကြပေသည်။
***
“ဘဲကလေးတွေ မရှိတော့ဘူး ဖေဖေ”
ကျွန်တော် အိမ်ပြန်ရောက်ရောက်ချင်း သားတော်မောင်က အ ရေးတကြီး ပြောသည်။ ကျောင်းမှ ပြန်ရောက်စ ကတည်းက ဘဲကလေးတွေကို လိုက်ရှာနေဟန်တူသည်။
“အခုပဲ ဦးဦးမြငွေတို့အိမ် ပို့ခဲ့ပြီ သားရေ”
သားတော်မောင် မျက်နှာမှာ မရွှင်ပျ။
“ဟာဗျာ၊ ဦးဦးမြငွေကြီးက ချက်စားပစ်မှာပေါ့”
“မသတ်ပါဘူးကွ၊ သူတို့ မွေးထားမှာပါ”
အမှန်စင်စစ် သားတော်မောင်အား ကျွန်တော် ညာပြောလိုက်ခြင်း ဖြစ်ပါသည်။ လွန်ခဲ့သည့် ရက်များကပင် သည်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ပျော်ပွဲစားဖို့အတွက် ခင်ဗျား ဘဲသုံးကောင် ထည့်ရမည်ဗျာဟု မြငွေက ကျွန်တော်အား နောက်သလိုလိုနှင့် မကြာခဏ ပြောခဲ့သည်။ သားတော်မောင် မွေးထားသည့် ဘဲကလေးများ ဖြစ်သည်ကတစ်ကြောင်း၊ ကျွန်တော်ကိုယ်တိုင် သံယောဇဉ် တွယ်နေမိသည်က တစ်ကြောင်းကြောင့် သည်ဘဲသုံးကောင်ကို ပေးဖို့ မရည်ရွယ်ခဲ့ပါ။
သို့ရာတွင် သည်ဘဲသုံးကောင်ကြောင့် လူချင်း ပြဿနာ မဖြစ်လို၊ သဘာဝအလျောက် ရေထဲမှာသာ ပြေးဆော့နေလိုသော ဘဲကလေးတွေကိုလည်း ခြံခတ် မထားရက်။ ပြဿနာကလည်း နေ့တိုင်းတက်နေပြန်။ သို့အတွက် မိန်းမနှင့်တိုင်ပင်ပြီး မြငွေအိမ်သို့ ပို့လိုက်ခြင်းဖြစ်သည်။
“ပြဿနာ တက်လွန်းလို့သာကွာ၊ ငါတော့ သည်အကောင်လေးတွေကို နည်းနည်းမှ မလုပ်ရက်ဘူး၊ မင်းသာ ကြည့်လုပ်လိုက်ပေတော့”
ဘဲကလေးတွေကို သွားပို့စဉ်က မြငွေကို ကျွန်တော် ဤသို့ ပြောခဲ့မိသေးသည်။
တန်ဆောင်မုန်း လပြည့်နေ့တွင် ကြိုတင် တိုင်ပင်ထားသည့်အတိုင်း မနက် ဆယ်နာရီခွဲလောက်မှာ ကျွန်တော် ရောက်သွားသည်။ ကိုကျော်သန်း တို့၊ မောင်တိုင်း တို့၊ မျိုးနိုင်တို့လည်း ရောက်နေကြလေပြီ။ သူတို့တစ်တွေမှာ ဈေးသို့ပင် သွားရောက်ဝယ်ခြမ်း ပြီးကြပြီ။ အုတ်ခဲ ရှာသူက ရှာ၊ မီးမွှေးသူကမွှေးနှင့် အလုပ်ရှုပ် နေကြလေပြီ။ ကျွန်တော် ရောက်သွားတော့ မြငွေမျက်နှာ သိပ်မကောင်းလှ။
“ခင်ဗျား ပြောထားတာနဲ့ ကျွန်တော်လည်း စိတ်မကောင်းဘူးဗျာ၊ မလုပ်ရက်တာနဲ့ ဟိုဘက်အိမ်က ကလေးကိုဘဲ ခိုင်းလိုက်ရတယ်၊ ဒါနဲ့ ဘိုစောကိုရော ဝင်ခေါ်ခဲ့သေးလား။”
“ချက်ပြုတ်ပြီးမှ သွားခေါ်တာပေါ့ကွာ”
အလုပ်ရှုပ်နေသူများကို ဝိုင်းကူရန် ကျွန်တော် ထမည်လုပ်တော့မှ “နေပါဦးဗျာ” ဆိုပြီး မြငွေက သူ့အိပ်ကပ်ထဲမှ ပိုက်ဆံများကို ထုတ်ပေးသည်။
“ကလေးကို ပိုက်ဆံပေးလိုက်ပါဗျာ”
“ဟာ နေပါစေကွာ၊ တို့စားတဲ့ သောက်တဲ့ထဲ ထည့်လိုက်ပါ”
ကျွန်တော်က ပိုက်ဆံများကို ပြန်ပေးရန် ကြိုးစားသော်လည်း မြငွေက လက်မခံဘဲ ဇွတ်ထည့်ပေးသည်။
“ကျွန်တော်တို့က လူကြီးတွေဆိုတော့ အကြောင်းမဟုတ်ပါဘူး၊ မေ့သွားမှာပါ၊ ကလေးကတော့ သူ့မွေးထားတာလေး နှမြောမှာပေါ့ဗျာ၊ တစ်ခုခု အစားပြန်ဝယ်ဖြစ်ရင် သူလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားနိုင်တာပေါ့။”
ကျွန်တော်တို့ အားလုံးပင် ချက်ကြ။ ပြုတ်ကြ၊ ကြော်ကြ၊ လှော်ကြနှင့် အလုပ်ရှုပ် နေကြလေပြီ။ ချက်ပြုတ်နေကြသူများထံသို့ ကိုကျော်သန်းက ပုလင်းကိုင်ပြီး တစ်ယောက်တစ်ခွက် လိုက်ထည့်ပေးသည်။
ညနေမစောင်းမီပင် ချက်ခန်းပြုတ်ခန်း ပြီးသလောက်ရှိ၏။ အတော်လည်း မူးကုန်လေပြီ။ ကျွန်တော်သည် ဈေးမှ ဝယ်ယူလာသည့် အရာများကိုသာ စားသောက်မြည်းမိသော်လည်း ထိုအကောင်လေးသုံးကောင် ချက်ထားသည့် အိုးကို မစားမိအောင် ကြိုးစားရှောင်ကွင်းလေသည်။
ကိုမြင့်သိန်းနှင့် အခြား မိတ်ဆွေအချို့လည်း ရောက်လာကြလေသည်။ ယခုအခါတွင် ချက်ခန်း၊ ပြုတ်ခန်း လုံးဝ ပြီးလေပြီမို့ ဝိုင်းဖွဲ့စားသောက်ရန် သက်သက်သာ ကျန်ရှိတော့သည်။ အခြား မြည်းစရာများလည်း ကုန်သလောက် ရှိလေပြီမို့ နောက်ဆုံးကျက်သည့် ထိုအကောင် သုံးကောင်အိုးမှာ အဓိကဖြစ်လေသည်။ အားလုံးပင် အတော် မူးကုန်ကြပြီ။ ကျွန်တော်လည်း မူး၏။ မူးသော်လည်း အမြည်းကိုမစား၊ ကျွန်တော့်ဘေးတွင် ရှိသူများမှာ မည်သူရယ် မမှတ်မိ၊ ကိုကျော်သန်းလား၊ မျိုးနိုင်လား၊ မြငွေလား၊ မောင်တိုင်းတော့ မဟုတ်။ မိန်းမက လိုက်ခေါ်၍ စောစောကပင် ပြန်နှင့်လေပြီ။ ကျွန်တော့်ဘေးမှ ထိုပုဂ္ဂိုလ်က အိုးထဲမှ အသားတစ်တုံးကို ဆယ်ယူပြီး ကျွန်တော်ပါးစပ်ဝသို့ ထည့်ပေးသည်။ ငြင်းမည်လုပ်ပြီးမှ သူ့ လက်ထဲက အသားတုံးကို ယူပြီး ကျွန်တော့်လက်နှင့် ကိုင်ကာ မျက်စိမှိတ်ပြီး ဝါးစားပစ်လိုက်မိသည်။
ကျွန်တော့်ရှေ့တွင် ရှိနေတာ ဘယ်သူတွေလဲ။ ကိုကျော်သန်းလား၊ မျိုးနိုင်လား၊ မြငွေလား၊ ကျွန်တော့် မျက်စိထဲ မြင်နေရသည်ကား မိုးတဖွဲဖွဲအောက်တွင် တလင်းပြင်ထဲ၌ တစ်ချောင်းတည်းသော ခြေထောက်ကိုယ်စီ ထောက်ခါ သူ့တို့၏ လည်ပင်းကို အတောင်ပံထဲသို့ နောက်ပြန်ဝှက်ထားပုံ၊ စလုတ်ထဲထိ လည်ပင်းကို ထည့်မြှုပ်ပြီး နှုတ်သီးကို မိုးပေါ်မော့လျက် ရှည်လျားသော လည်ပင်းကို အောက်သို့ဆန့်ကာ မြေကြီးထိ နှုတ်သီးကို စိုက်လျက် အဆွေးရိပ်သန်းနေသည့် ဘဲသုံးကောင်သာ။
◾
နွေရက်များပေါ် အပြန့်ကြဲသွားခြင်း
(၁)
နွေဦးရထား။
မိတ်ဆွေ ပန်းချီဆရာ၏ ပြပွဲမလုပ်ဖြစ်ခဲ့သော ‘မီးရထား သံလမ်းနေ့များ’ ပန်းချီကားချပ်ကို ကျွန်တော် သတိရနေသည်။ ခရီးလမ်း တစ်လျှောက် သူ့ပန်းချီကားချပ်ကို မြင်ယောင်နေမိတော့သည်။ တကယ်တမ်းကား အကြောင်းအရာ တိုက်ဆိုင်မှုမှ လွဲပြီး သူ့ပန်းချီကားချပ်နဲ့ ကျွန်တော့်ခရီးမှာ တခြားစီသာ ဖြစ်သည်။
မိတ်ဆွေ၏ ပန်းချီကားချပ်သည် ပျော်ရွင်ကြည်နူးစရာ ရှုခင်းလှလှလေး မဟုတ်။ နေ့စဉ် ဘဝများစွာထဲမှ ခရီးတစ်ခုနှင့်သာ သက်ဆိုင်လိမ့်မည်။ သူ့ပန်းချီကားကို ကြည့်ရင်း မိမိဘဝ၌ မရေမရာ လွင့်မျောနေရသော ခရီးတစ်ခုကို အမှတ်ရ ခံစားမိစေသည်ကတော့ အမှန်ပင်။ အတတ်ပညာနှင့် နည်းစနစ်အပေါ်၌ အားပြု၍ တစ်စုံတစ်ခုသော နိမိတ်ပုံကို အမိအရဖမ်းယူ ရေးဆွဲထားနိုင်ခဲ့သည် ဟု ကျွန်တော်ထင်ပါသည်။
ယခု ကျွန်တော့် ခရီးမှာကား ချုပ်တည်းမှုမဲ့ လွင့်မျောနေသော မနောဝိညာဉ်၏ သယ်ဆောင်ရာဆီသို့ အတိုင်းအဆ အကန့်အသတ်မဲ့ လွင့်မျောနေရခြင်းသာ ဖြစ်ပါသည်။ တောတန်းနှင့် လယ်ကွင်းတွေ ကျွန်တော့်နောက်မှာ ကျန်ရစ်ခဲ့ကြသလို ငြီးငွေ့ဖွယ် အကြောင်းအရာများလည်း ကျွန်တော့် အတိတ်ကမ္ဘာထဲတွင် ကျန်ရစ်ခဲ့စေပြီ။ မီးရထား၏ တဒုန်းဒုန်း ခုတ်မောင်းသံနှင့်အတူ ကျွန်တော့်အာရုံမှာ လွင့်ပျံဝေ့ဝဲနေသည်။ လန်းဆန်းတက်ကြွမှု အပြည့်နှင့် ပျံသန်းနေသည့် ငှက်တစ်ကောင်လို။
ဆောင်းညတွေ ကုန်ဆုံးခြင်းနှင့်အတူ ပူပြင်းစ ပြုလာသော နွေဦးရက်များက တဖြည်းဖြည်း တိုးဝှေ့ဝင်ရောက်လာသည်။ ထိုနွေရက်များထဲသို့ စိတ်ပျက်ငြီးငွေ့ဖွယ် အတိတ်တစ္ဆေတွေနဲ့ နောင်တတရား မပါတဲ့ နှလုံးသားတစ်ခုကို မွေးမြူနိုင်ဖို့ ကျွန်တော် ခရီးထွက်လာရခြင်းသာ ဖြစ်ပါသည်။ သည်နွေရက်များကား ကျွန်တော့်အတွက် မျှော်လင့်ချက် အသစ်များကို ယူဆောင်လာတတ်စမြဲ ဖြစ်သည်။ မျှော်လင့်ချက် အသစ်တွေ၊ ရင်ခုန်သံအသစ်တွေက ကျွန်တော့် နှလုံးအိမ်ထဲသို့ တိုးဝှေ့ဝင်ရောက် လာတတ်ကြသည်။ ခရီးဝေးဝေး မသွားဘဲ အိမ်မှာပင်နေပြီး တစ်စုံတစ်ရာ ရေးသားဖို့ အစက စိတ်ကူးရှိခဲ့သည်။ သို့ရာတွင် ရင်ခုန်တက်ကြွစရာ ထိုနွေဦးရက်များကပင် ကျွန်တော့် ဆုံးဖြတ်ချက်နှင့် စိတ်ကူးစိတ်သန်းများ၊ ခံစားမှုအာရုံများကို ခြေမွဖျက်ဆီး ပစ်တတ်ပြန်သည်။
အပူဒဏ်ကြောင့် သစ်ရွက်တွေ ကြွေကျနေသည်။ လေက ဝှေ့ယမ်း တိုက်ခတ်နေသည်။ ထိုသစ်ရွက်တို့၏ ဖူးပွင့်ကြွေလွင့်ခြင်း အပေါ်၌ မည်သည့် အဘိဓမ္မာ သဘောတရားကိုမျှ ထုတ်ယူဆင်ခြင်နိုင်စွမ်း မရှိလှသော်လည်း ကျွန်တော့် နှလုံးသားမှာတော့ ခံစားမှုအသစ်တွေ ဝေဆာနေတော့သည်။ စိတ်မှာ လေထဲလွင့်မျော ပါသွားတတ်သည်။ နွေ၏ ပူပြင်းသော နေရောင်ခြည်ထဲတွင် အဓိပ္ပာယ် တစ်စုံတစ်ရာ ရှာမတွေ့ဘဲ စိတ်ဓာတ်တွေ ကျဆင်း သွားတတ်ပြန်သည်။ သည်လို ခံစားမှုတွေ လှုပ်ရှားနေရခြင်းမှာ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်တို့ ကြောင့်သာ မဟုတ်ဘဲ၊ ပြက္ခဒိန်ရက်များ၏ နှစ်သစ် တစ်နှစ်သို့ ကူးပြောင်းချိန်ကြောင့်လည်း အများဆုံး ဖြစ်နိုင်ပါသည်။
ဧပြီလသို့ ရောက်ပြီ ဆိုပါစို့။ မကြာခင်ပင် သင်္ကြန်ရက်များ ကျရောက်တော့မည်။ နှစ်သစ်သည် အသစ်ပြန်လည် စတင်ရာပင် ဖြစ်သည်။ အမှားအယွင်းများ၊ မပြီးဆုံးခြင်းများ၊ ပျင်းရိငြီးငွေ့ မှုများ၊ ကုန်ဆုံးသွားသော အင်အားများ အာလုံးအတွက် အသစ်ပြန်လည် မွေးဖွားပေးသာ ကာလပင် ဖြစ်သည်။
သို့ရာတွင် နွေဦးခံစားမှု အသစ်များအား ချုပ်ကိုင်ဖမ်းဆီးပြီး လန်းဆန်းတက်ကြွ နေသော နှလုံးသားများ အကြောင်းကို ရေးဖွဲ့ဖို့ ကြိုးပမ်းရင်းနှင့်ပင် နှစ်ကာလများစွာ အမြစ်တွယ်နေခဲ့သော ငြီးငွေ့ဖွယ် အကြောင်းအရာများကသာ လွှမ်းမိုးလာတတ်ပြန်သည်။ အရာအားလုံးကို ခါးသီးစွာ မျိုချခဲ့ရသည့် ကျွန်တော့်အတွက် မည်သည့်အရာမျှ လွယ်ကူစွာ ချိုမြိန်နိုင်မည် မဟုတ်တော့။ ကျွန်တော် ဘယ်လို လမ်းလျှောက်ရမည် ဆိုတာကို အမေက သင်ပြဖူးခဲ့လိမ့်မည်။ ကျွန်တော် ဘယ်လိုခံစားရမယ် ဆိုတာကိုတော့ အမေ့ဆီက အကူအညီ ရနိုင်လိမ့်မည် မဟုတ်။ ကျွန်တော် ကိုယ်တိုင်၏ ခံစားပြုလုပ်ချက်များ အပေါ် ကျွန်တော်ပင် တာဝန်ယူရတော့မည်။ သို့ရာတွင် ကျွန်တော် ဘယ်လိုရွေးချယ်ရမည် ဆိုတာ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်နိုင်ခဲ့ရဲ့လား။ ကျွန်တော့် ဘဝကသာ ဆုံးဖြတ်ခဲ့သည်။
ဤသို့ဖြင့် ရှုပ်ထွေး နောက်ကျိနေသော အတိတ်များစွာမှ ခံစားမှုတို့က လတ်ဆတ်သော နွေဦးကာလ၏ ပစ္စုပ္ပန်ကြည်လင်မှုများအား ဖျက်ဆီးဝါးမျို ပစ်သောအခါ၊ စိတ်မှာ နောက်ကျိရှုပ်ထွေး သွားရပြန်သည်။ ရေးလက်စ စာရွက်အပိုင်းအစများကို ဆုတ်ဖြဲလွင့်စဉ်စေလျက် ကျွန်တော် ခရီးထွက်ခဲ့မိတော့သည်။
(၂)
အရပ်ဒေသ တော်တော်များများဆီ လှည့်ပတ် သွားနေမိသည်။ မိတ်ဆွေဟောင်းများနှင့် ကြုံတွေရသည့်အခါ လန်းဆန်းမြူးကြွခဲ့ရသည်။ အရပ်ဒေသ အသစ်များ၊ မိတ်ဆွေအသစ်များနှင့် ကြုံတွေရသည့်အခါ အမြင်သစ်၊ ခံစားမှုအသစ်တို့ကို ရရှိပြန်သည်။ မရောက်ဖူးသေးသည့် ဒေသများသို့ ရောက်လာရသော်လည်း ဗဟုသုတနှင့် ပညာရှာမှီးခြင်း အလုပ်ကို ကျွန်တော် မလုပ်မိခဲ့။ ကျွန်တော့် တစ်ကိုယ်လုံးမှာ ဗဟုသုတ အသစ်အဆန်းများ ရှာဖွေမှတ်သားရန် လေးလံနေခဲ့သည်။ ပတ်ဝန်းကျင် ရေမြေဒေသနှင့် ရှုမျှော်ခင်းများသာ လေးလံမှုမပါသော နှလုံးသားဖြင့် ထိတွေ့ခံစားခဲ့သည်။ လယ်ကွင်းများ၊ တောတန်းများ၊ မြို့ရွာများ၊ ဘုရားကျောင်းကန်နှင့် မိတ်ဆွေများစွာတို့သည် ကျွန်တော့် နှလုံးသားဆီသို့ တဖြည်းဖြည်း ဝေးကျန်ရစ်ခဲ့တော့သည်။
ရှမ်းပြည်နယ် မြို့တော်၏ တောင်ကြီးမြို့သို့ ကျွန်တော် ရောက်သွားဖြစ်သည်။ ရုံးလုပ်ငန်း တစ်ဖက်နှင့် စာအုပ်အငှားဆိုင် ဖွင့်ထားသော မိတ်ဆွေ၏ ဖိတ်ခေါ်မှုကြောင့် ဖြစ်သည်။ အမှန်စင်စစ် သူ အတန်တန် ဖိတ်ခေါ်ခဲ့စဉ်က ကျွန်တော် မရောက်ဖြစ်ခဲ့၊ အခုမှ သူ မမျှော်လင့်ချိန်တွင် ရောက်သွားရခြင်း ဖြစ်သည်။ တောင်ကြီးမြို့သို့ ရောက်ပြီး သုံးရက်မြောက်သော နေ့၏ ညဦးပိုင်းတွင် ထိုမိတ်ဆွေနှင့်အတူ ဧည့်ခံပွဲတစ်ခုကို ဖိတ်ကြားချက်အရ ကျွန်တော် လိုက်သွားမိသည်။
လူဦးရေ သိပ်မများလှသော ဧည့်ပရိသတ်ထဲတွင် သူမကို ပြန်လည် ဆုံတွေ့ရခြင်း ဖြစ်သည်။ မန္တလေးတက္ကသိုလ်မှာ တက်စဉ်တုန်းက ရင်းနှီး ငြိစွန်းခဲ့ဖူးသည့် သူမသည် ယခု မမျှော်လင့်ဘဲ ပြန်လည် တွေ့ဆုံကြတော့ ယခင်က ခံစားမှုမျိုးတွေ မရှိတော့သော်လည်း အတိတ်ကိုတော့ မေ့လို့မရနိုင်ကြ။ သူမ၏ အသားအရေမှာ ရှမ်းသွေးစပ်ပြီး ဖြူဖွေးနုညက်သော်လည်း သူမ၏ အလှက ဥရောပဆန်သည်။ ဖြတ်သန်းခဲ့ပြီးသော အချိန်ကာလနှင့် လက်ရှိအခြေအနေအရ ကျွန်တော်တို့၏ အတိတ်ကာလကို ပြန်လည်တူးဖော်ခွင့် မရှိပါ။ သူမသည် အိမ်ထောင်ကျပြီးသည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့လိမ့်မည်။ အတူပါလာသော သူမ၏ ခင်ပွန်းနှင့် မိတ်ဆက်ပေးသည်။ ခံစားမှု တစ်ပိုင်းတစ်စကို မျိုသိပ်ပြီး အတိတ်ကာလအကြောင်း ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုကြရသည်။ သူမ၏ ခင်ပွန်းကလည်း ဖော်ရွေသည်။ နောက်ရက်တွင် အိမ်ကို အလည်လာဖို့ ဖိတ်ခေါ်သည်။ ခက်သည်မှာ ခံစားထိရှ လွယ်တတ်သော ကျွန်တော့် နှလုံးသား။
နောက်တစ်နေ့ နံနက်တွင် ကျွန်တော့်မိတ်ဆွေကို နှုတ်ဆက်ပြီး တောင်ကြီးမြို့မှ ပြန်ခဲ့သည်။
(၃)
အရပ်ဒေသ တော်တော်များများသို့ ရောက်ပြီးသောအခါ နောက်ဆုံး၌ နှစ်ကာလများစွာ မရောက်ဖြစ်ခဲ့သော ကျွန်တော့် ဇာတိချက်ကြွေ မွေးရပ်မြေသို့ ရောက်သွား ဖြစ်တော့သည်။ ကြည်နူးဝမ်းသာမှုနှင့် ကြေကွဲဝမ်းနည်းမှုတို့ ရောထွေးပြီး ခံစားနေရသည်။ ကျွန်တော့် မွေးရပ်မြေမှ ရှုမျှော်ခင်းတို့သည် ကျွန်တော် ငယ်စဉ်က အတိုင်းပင်ပါလားဟု ထင်မှတ် နေမိတော့သည်။ ကျွန်တော့်ဘဝ၏ များစွာသော အပြောင်းအလဲများလိုပင် ကျွန်တော့် မွေးရပ်မြေမှ ရေမြေတောတောင် ရှုမျှော်ခင်းတို့လည်း များစွာ ပြောင်းလဲနေလိမ့်မည် ဟု ထင်မှတ်ခဲ့သည်။
ကျွန်တော့် နှလုံးအိမ်တွင် ကျွန်တော့် မွေးရပ်မြေရှုခင်းများ ပျောက်ဆုံးခဲ့သည်မှာ ကြာပြီမို့ တစ်ခါတစ်ရံ ပြန်လည် အမှတ်ရ ကြည့်မိသောအခါ ကျွန်တော့် အာရုံတွင် ထင်ဟပ်လာသော ရှုခင်းတို့မှာ ပြောင်းလဲ တိုးတက်နေပြီး၊ ယခု တကယ်တမ်း ပြန်တွေ့ရသည့်အခါ ပြောင်းလဲမှုများစွာ မရှိသည့် အတွက်ကြောင့် စိတ်တွင် ထင်ယောင်ထင်မှား အံ့သြစရာ ဖြစ်နေခြင်း ဖြစ်ကောင်း ဖြစ်လိမ့်မည်။ မြို့အဝင် ယာခင်းစပ်တစ်လျှောက် စီတန်းပေါက်နေကြသော ထန်းပင်မြင့်မြင့်ကြီးများ မှာလည်း ငယ်စဉ်က အတိုင်းပင် ရှည်ရှည်မတ်မတ်ကြီးတွေ ဖြစ်သည်။ တောတန်း၏ ဟိုအဝေးမှ တောင်ကမူများ၊ ထိုတောင်ကမူများနှင့် ချိုင့်ဝှမ်းများတစ်လျှောက် ပေါက်နေကြသော သစ်ပင်ဝါးပင်များသည်ပင် ယခင်အတိုင်း အဝေးမြင်ကွင်း၌ နီညိုမွဲခြောက်လျက်ပင် ရှိသည်။ ရိတ်သိမ်းထားသော ယာတောတို့သည်လည်း ပူပြင်းသော နေရောင်အောက်၌ ယခင်ကလိုပင် ပြားဝပ်နေကြသည်။ နွားမတွေက ယာခင်းစပ်တစ်လျှောက် မြက်စားနေကြသည်။ အဝေးက တောင်ကမူများနှင့် ယာခင်းတွေကြားမှာ ဆူးချုံပုတ်၊ တောတန်းတစ်လျှောက် ပျံသန်းနေကြသော ငှက်အုပ်တို့သည်ပင် ဟိုယခင်တုန်းက ငှက်ကလေးတွေပဲလို့ ကျွန်တော့်စိတ်မှာ ထင်မှတ်မိတော့သည်။
မြို့အပြင်ဘက်တွင် ရှိသည့် သြကာသလောက ပတ်ဝန်းကျင်သည် ပြောင်းလဲမှုမရှိဟု ထင်မှတ်ရသော်လည်း ကျွန်တော့် ဇာတိမြို့ကလေးမှာ များစွာ ပြောင်းလဲလျက် ရှိနေပြီ။ ခေတ်နှင့် လျော်ညီသော အဆောက်အအုံသစ်များ တိုးတက်နေပြီ။ အထူးခြားဆုံးမှာ မြို့၏ မြောက်ဘက်ထိပ် ချောင်းအထက်ရှိသည့် သင်္ချိုင်းမြေနေရာမှာ အားကစားကွင်းကြီး အဖြစ် ပြောင်းလဲနေခြင်း ဖြစ်သည်။ မြို့၏ အဓိကကျသော ကားဆိပ်အနီးတွင် ယခင်က သုံးမရသည့် ရေကန်ဟောင်းကြီးကို မြေဖို့ပြီး အစည်းအဝေးခန်းမကြီး တည်ဆောက်ထားခြင်းပင် ဖြစ်သည်။ အခြားအရာ များစွာလည်း တိုးတက်ပြောင်းလဲနေပါပြီ။
ကျွန်တော့် မွေးရပ်မြေ၌ ကျွန်တော်သည် သူစိမ်းတစ်ယောက်လို ဖြစ်နေသည်။ လူတော်တော်များများက ကျွန်တော့်အား မမှတ်မိတော့။ အိမ်နီးချင်းတချို့နှင့် ရင်းရင်းနှီးနှီး သိကျွမ်းခဲ့သည့် မိတ်ဆွေတချို့ကသာ မှတ်မိကြသည်။ ရင်းနှီးသော မိတ်ဆွေတချို့မှာ ပြောင်းရွေ့ကုန်ကြပြီလား၊ ကွယ်လွန်သွားကြပြီးလား မသိ။ တစ်ဦးတစ်လေသာ ကျွန်တော့်အား မှတ်မိနှုတ်ဆက်မည့်သူ ရှိတော့သည်။ အတော်အတန်သာ ရင်းနှီးခဲ့ဖူးသော မိတ်ဆွေတချို့မှာလည်း နှုတ်စအာစ လေးလွန်းလှသော ကျွန်တော့်အတွက် ကျွန်တော်တို့၏ ငယ်ဘဝများကို တူးဖော်နိုင်မည့် စကားလုံးများ ရှာမတွေ့ နိုင်တော့ချေ။ အကြီးမားဆုံး ပြောင်းလဲမှုမှာ ဤ အရပ်ဒေသ၌ တစ်ချိန်က ရှိခဲ့ဖူးသော အဖေနှင့် အမေတို့ မရှိကြတော့ခြင်းပင်။ အစ်ကိုကြီးနှင့် အစ်မတို့လည်း ဆုံးကြပြီ။ သူတို့၏ သင်္ချိုင်းဂူ နေရာများသည်ပင် ယခုမရှိတော့။ အားကစားကွင်းကြီး ဖြစ်နေပြီ။
ကျွန်တော့် ဇာတိမြို့ကလေးတွင် ကျွန်တော်သည် မည်သည့် အိမ်သို့မျှ သွားလာလည်ပတ်ရန် မရှိသည့်အလျှောက် အိမ်၌သာ ကျွန်တော့် ယောက်ဖ၊ ကျွန်တော့် တူကလေး၊ တူမလေးနှင့်သာ စကားပြောနေပြီး ပျင်းရိ ငြီးငွေ့သောအခါ ဈေးထိပ် လက်ဖက်ရည်ဆိုင်သို့သာ သွားထိုင်နေမိသည်။
(၄)
ဤမြို့ကလေး၌ ကျွန်တော် ရှိနေစဉ်မှာပင် သင်္ကြန်ရက်များ ကျရောက်လာခဲ့သည်။ သူစိမ်းတစ်ယောက်လို ဖြစ်နေရသော ကျွန်တော့်အတွက် အခြားရက်များထက်စာလျှင် သင်္ကြန်ရက်များက ပို၍ အဆင်ပြေသည်။ လမ်းပေါ် တစ်ယောက်တည်း လျှောက်သွားနေသော်လည်း ကြောင်တောင်တောင် မနိုင်လှ။
လမ်းမပေါ် လျှောက်သွားဖြစ်သော်လည်း ကျွန်တော့်အား ရေလောင်းမည့်သူ သိပ်မရှိလှသဖြင့် ရေစိုနည်းသည်။ အခြားရက်များက မရောက်ဖြစ်သော နေရာများသို့ပင် သင်္ကြန်ရက်အတွင်း လျှောက်သွားဖြစ်သည်။ သင်္ကြန် အကျနေ့ကတော့ ဈေးထိပ် လက်ဖက်ရည်ဆိုင်ဆီသို့ အသွား ကလေးတစ်စုက ဝိုင်းပြီး ရေလောင်းလိုက်သဖြင့် ကျွန်တော့် ကိုယ်မှာ ရေအတော် စိုရွှဲသွားသည်။ ရေတွေ စိုနေသဖြင့် လက်ဖက်ရည်ဆိုင် မထိုင်တော့ဘဲ မြို့ အနောက်ဖက်ထိပ်တွင် ရှိသည့် အရက်ဖြူဆိုင်သို့ လျှောက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျွန်တော်ရှိစဉ်က ထရံကာ ကပ်မိုးနှင့် ဆိုင်ကလေးများမှာ တိုက်ခန်းများ ဖြစ်နေသည်။ ဆံပင်ညှပ်ဆိုင်နှင့် အခြား အသေးအမွှား ကုန်ပစ္စည်းများသာ အများဆုံး ရှိခဲ့သော်လည်း၊ ယခု မှန်ကောင်တာတွေနှင့် ကုန်မျိုးစုံရောင်းချသော စတိုးဆိုင်များ ဖြစ်နေပြီ။ ဆိုင်ခန်းများ အဆုံးတွင် တောင်မြောက် ဖြတ်သွားသော လမ်းမကြီးရှိသည်။ ထိုလမ်းမကြီးမှ တောင်ဘက်သို့ လိုက်သွားလျှင် ဘူတာရုံသို့ ရောက်မည်။ မြင်းခြံနှင့် သာစည် ပြေးဆွဲသော မီးရထားမှာ သည်မြို့ကလေးကို ဖြတ်သွားရသည်။ ဘူတာလမ်းမကြီးမှ အရှေ့တည့်တည့် လျှောက်သွားခဲ့လျှင် မိတ္ထီလာ၊ မလှိုင်မြို့များဆီသို့ ထွက်ခွာရာ ပုပ္ပား၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း စသော မြို့များဆီသို့ ထွက်ခွာရာ လမ်းဆုံကားဂိတ်ဆီသို့ ရောက်သွားမည်။
မည်သည့်အိမ်သို့မျှ မဝင်ဖြစ်သော်လည်း ယခင်က သွားလာ လည်ပတ်ခဲ့ဖူးသော လမ်းမများပေါ်သို့ ကျွန်တော် လျှောက်သွားနေမိသည်။ မြို့မရပ်၊ ဈေးရပ်၊ ရုံးတန်းရပ်နှင့် ဘုရားတစ်ဝိုက် အတော်နှံ့မှ အရက်ဖြူဆိုင်တွင် အရက်နည်းနည်း သောက်ပြီး ကျွန်တော် ပြန်ခဲ့သည်။ ဈေးကလေး၏ အရှေ့မြောက်ဘက်ထိပ် မြင်းခြံမြို့သို့ ထွက်သည့် ကားဂိတ် အနီးမှာ ခေတ္တထိုင်ပြီး ကျွန်တော်နားသည်။
အမျိုးသမီးတစ်ဦး။
ခြင်းတစ်ခြင်းကို ဆွဲပြီး ဈေးဘက်မှ ပြန်လာနေသည်။ ဟိုဟိုသည်သည် လျှောက်ကြည့်နေသော ကျွန်တော်က ခပ်လှမ်းလှမ်း ကတည်းကပင် သူမကို မြင်သည်။ သူမကတော့ ကျွန်တော့်ကို မမြင်။ ခြင်းကို ဆွဲပြီး ခပ်မှန်မှန် လျှောက်လာလေသည်။ မနီးမဝေး အရောက်တွင် ကျွန်တော်ရှိရာ ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်သည့် အချိန်တွင် ကျွန်တော့်အား မြင်ဟန်ရှိသော်လည်း သူမအာရုံထဲသို့ ကျွန်တော် ရောက်ရှိနိုင်ဟန် မတူ။ မှတ်မိနိုင်မည် မဟုတ်။ မျက်လွှာပြန်ချပြီး လျှောက်မြဲ လျှောက်လာသည်။
“မဖြူ … မဖြူ … မခင်လေးဖြူ”
ကျွန်တော့်ရှေ့အရောက်တွင် အသံကို ထိန်းပြီး ခေါ်လိုက်မိသည်။
“အို…”
ကျွန်တော့်အား မော့်ကြည့်ပြီး စက္ကန့်အနည်းငယ် ကြာမှ မှတ်မိ သိရှိဟန်ဖြင့် အံအားသင့်ပြီး အာမေဋိတ်ပြုသည်။ ဘယ်တုန်းက ရောက်နေတာလဲ၊ ဘယ်က လာတာလဲ၊ အလည်လာတာလား စသည့် မေးခွန်းတွေ သူမနှုတ်ဖျားမှ ဆက်တိုက်ထွက်သည်။ ကျွန်တော်က အထိုက်အလျောက် ပြန်ဖြေပြီး သူမကိုသာ ငေးစိုက်ကြည့်နေမိသည်။ အိမ်ကို လိုက်ခဲ့ဖို့ သူမက ခေါ်သည်။ ကျွန်တော်က မလိုက်တော့ကြောင်း၊ နောက်ရက်များမှ လာခဲ့မည်ဖြစ်ကြောင်း ပြန်ပြောတော့ သူမမျက်နှာ ညှိုးနွမ်းသွားသည်။ စကားနာ ထိုးသည်။
“ကဲ ဒါဖြင့် လိုက်ခဲ့မယ်လေ၊ အိမ်ကျရင် မုန့်ကျွေးရမှာနော်”
သူမနှင့်အတူ ယှဉ်တွဲလျှောက်ခဲ့သည်။ သူမက မေးခွန်းတွေ မေးသည်။
“အမျိုးသမီးနဲ့ ကလေးတွေကော နေကောင်းရဲ့လား”
အမှန်စင်စစ် ကျွန်တော့် အမျိုးသမီးကို သူမ သိသည် မဟုတ်။ အိမ်ထောင်ရှိ၊ မရှိကိုပင် အတိအကျ သိနိုင်ဟန်မတူ။ အချိန်ကာလနှင့် အသက်အရွယ်အရ မလွှဲမသွေ မှန်ကန်မည့် မေးခွန်းတစ်ခုမို့ မေးလိုက်ခြင်းသာ ဖြစ်လိမ့်မည်။
“ကောင်းမှာပါ”
“အို…”
လှမ်းနေဆဲ ခြေလှမ်းများကို ရပ်ပြီး ကျွန်တော့်ကိုကြည့်သည်။
“အတူတူ မနေကြဘူးလား”
ဖြေစရာစကားလုံးတွေ ရှိသော်လည်း ရုတ်တရက် မဖြေမိ။ ရင်ထဲတွင် ပြည့်သိပ်နေသော ခံစားမှုများကို မျိုသိပ်ပြီးမှ ခပ်ဖြည်းဖြည်း ဖြေမိသည်။
“တစ်နှစ်နီးနီး ရှိသွားပြီ၊ တရားရုံးမှာ ကွာရှင်းပြတ်စဲ လိုက်ကြတယ်”
စိတ်မကောင်းသည့် မျက်နှာနှင့် သူမ ဆက်လျှောက်သည်။ ကလေးနှစ်ယောက်လည်း မိန်းမဆီ လိုက်နေကြောင်း ကျွန်တော်က ဖြေတော့ ကလေးနှစ်ယောက် အတွက်တော့ ထောက်ပံ့ကြေးတို့ ဘာတို့ ပေးရမှာပေါ့ဟု မေးခွန်းဆန်သည့် ထင်မြင်ချက်တစ်ခု ချသည်။
“မပေးရပါဘူး၊ သူတို့ အသိုက်အဝန်းက ငွေမလိုပါဘူး။ ကလေးတွေကိုလည်း တရားဥပဒေနဲ့ အတင်း တောင်းယူသွားကြတာပါ”
နောက်တစ်ကြိမ်ထပ်ပြီး ကျွန်တော့်အား ကြည့်ပြန်သည်။ စိတ်မကောင်းသည့် မျက်နှာ အမူအရာမှ တစ်ပါး စကားသံ လုံးဝမထွက်။ အရင်ကလိုပဲ ဟိုဟိုသည်သည် လျှောက်သွားနေမှာပဲ ပေါ့နော်ဟု မှတ်ချက်ချမိသည်။ စိတ်မကောင်းစရာတွေကို မကြားချင်လို့ အကြောင်းအရာ ပြောင်းသွားအောင် ပြောလိုက်တာလား။ ကျွန်တော့်ဘဝကို ခြုံငုံသုံးသပ် လိုက်တာလား မသိ။ ကျွန်တော် လုံးဝ နှုတ်ဆိတ်နေမိသည်။
အိမ်ရောက်သွားတော့ မေးခွန်းတွေ မေးဖို့ ကျွန်တော့် အလှည့်လို ဖြစ်သွားပြန်သည်။ သို့ရာတွင် ဘာကစပြီး မေးရမှန်း မသိသည့်အတွက် ဘာမှ မမေးမိ။ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦး တိုက်ထဲ ပြေးဝင်လာသည်။ ဧည့်ခန်းတွင် ထိုင်နေကြသည့် ကျွန်တော်တို့ နှစ်ဦးကို ငေးကြည့်နေသည်။
“အဲဒါ အငယ်ဆုံး သမီးပေါ့…”
“ဩော်”
ကလေး ပြန်ထွက်သွားသည်။ ဘာပြောရမှန်း မသိသည့်အတွက် လက်ဖက်ရည်ပန်းကန်ကို လှမ်းကိုင်မည် ပြုပြီးမှ ဆေးလိပ်ဘူးထဲမှ ဆေးလိပ်တစ်လိပ် ထုတ်ယူပြီး မီးညှိသောက်သည်။ တိုက်နံရံနှင့် အပေါ်ထပ်ဆီ ငေးကြည့်နေမိသည်။ သူမ၏ မိဘများမှာ အဖေဘက်ကရော အမေဘက်ကပါ ချမ်းသာ ကြွယ်ဝကြသူများ ဖြစ်သည်။ သူမ၏ အဖေမှာ နိုင်ငံရေးခေတ်က ဖ၊ ဆ၊ ပ၊ လ အမတ်တစ်ဦး၊ ကျောင်းဒါယကာ။ သူမမှာ တစ်ဦးတည်းသော သမီး။ သည်မြို့ကလေး၏ တောင်ဘက် ဆီမီးကန်၊ ဝဲလောင်နှင့် ဆင်တဲဝချောင်း တစ်လျှောက်တွင် သူတို့ပိုင်သည့် လယ်မြေတွေ ဧကပေါင်းများစွာ ရှိသည်။ အခုတော့ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားကြပြီ။
“ကလေးတွေရဲ့ အဖေကလဲ ငါးနှစ်လောက်က ဆုံးသွားတယ်လေ”
“ဪ”
ကျွန်တော့်ကို ကျွန်တော် မကျေမနပ် ဖြစ်နေမိသည်။ တစ်စုံတစ်ရာ ပြောဆို အားပေးသင့်ပါလျက် ဘာစကားမျှ ထွက်မလာ။ အမှန်စင်စစ် သူမခင်ပွန်း၏ အမည်ကို ကျွန်တော် မမှတ်မိတော့။ အစကတည်းက မသိခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ယခုအချိန် မေးနေဖို့လည်း မသင့်။ အားနာစရာ ကောင်းလှသည်။ သူမကလည်း စကားကို တစ်လုံးချင်းသာ ပြောနေသည်။ သွက်သွက်လက်လက် မရှိလှ။ တစ်စုံတစ်ရာ မျိုသိပ် ထိန်းချုပ်ထားနေဟန် ရှိသည်။ သူမစကားအရ သိရသည်မှာ သူမယောက်ျား ဆုံးသွားပြီ။ သားသမီးသုံးယောက် ကျန်ရစ်သည်။ အကြီးဆုံးက ဆယ့်ရှစ်နှစ်သမီး။ အလတ်က ယောက်ျားလေး ဆယ့်ငါးနှစ်။ စောစောက မြင်လိုက်ရသည့် မိန်းကလေးမှာ အငယ်ဆုံး သမီး၊ ဆယ်နှစ် ရှိပြီ။
“အကြီးကောင်ကတော့ ကျောင်းပိတ်တုန်းမို့ သူငယ်ချင်းတွေနဲ့ လျှောက်လည်နေတယ်နဲ့ တူတယ်”
“ဩော်”
“သိပ်လည်း ဩော် မနေနဲ့လေ၊ မုန့်လေး ဘာလေး စားလိုက်ဦး”
သူမသည် ကျွန်တော်နှင့် စကားပြောနေစဉ် တစ်လျှောက်လုံး မျက်နှာချင်းဆိုင် ထိုင်နေသည့် ကျွန်တော့်တို့ နှစ်ဦးစလုံး၏ မျက်စောင်းထိုး နံရံတွင် ချိတ်ဆွဲထားသော ဓါတ်ပုံဆီသို့သာ ကြည့်နေကြောင်း ကျွန်တော် အကဲခတ်မိသည်။
“အဲဒီပုံက”
သူမကြည့်နေသည့် ဓါတ်ပုံဆီသို့ ကျွန်တော်ပါ ကြည့်မိသော အချိန်တွင် ထိုဓါတ်ပုံကို မေးနှင့် ဆက်ထိုးပြပြီး အဲဒီပုံပဲဟု ဆိုသည်။
“အကြီးဆုံး သမီးလား၊ အခု ဘယ်နှစ်တန်း ရောက်နေပြီလဲ”
“မနှစ်က ရန်ကုန်တက္ကသိုလ် ပထမနှစ် စတက်တာ၊ အခု ရန်ကုန်မှာပဲ သူ့ ဒေါ်လေးတို့ဆီမှာ၊ မကြာခင် ပြန်လာလိမ့်မယ်”
သူမက ဓါတ်ပုံကိုသာ ဆက်ကြည့်နေသည့်အတွက် ကျွန်တော်လည်း ကြည့်နေမိတော့သည်။
“အဲဒီပုံ” ဟု ဆိုပြန်သည်။
“ဟုတ်ကဲ့၊ အခု ရန်ကုန်တက္ကသိုလ်မှာ ပထမနှစ် တက်နေတယ်၊ မကြာခင် ပြန်လာမယ် မဟုတ်လား”
ကျွန်တော် နားမရှင်း၍ ထပ်ပြောသည် ထင်သဖြင့် ကျွန်တော်က သူမ ရှင်းပြသည့်အတိုင်း ရွတ်ပြလိုက်သည်။
“သူ့အဖေနဲ့ ရုပ်ချင်းတူတယ် မဟုတ်လား”
“ဗျာ… သူ့အဖေနဲ့”
ကျွန်တော် အံ့အားသင့်သွားသည်။ အမှန်စင်စစ် မိန်းကလေး၏ အဖေ၊ သူမယောက်ျားကို ကျွန်တော် ကောင်းကောင်း မသိ။ မသိကြောင်း ပြောနေလျှင်လည်း ရိုင်းရာကျမည်။
“တူမှာပါပဲလေ”
အံ့သြသလို ဖြစ်သွားသည့် ကျွန်တော့် အမူအရာကို ထိန်းပြီး မယုတ်မလွန် ပြန်ဖြေမိသည်။
“ကို… ကိုမောင် အသက်လေးဆယ်ပြည့်ပြီ မဟုတ်လား”
“ဟုတ်ကဲ့ ပြည့်ပြီ”
ကျွန်တော့်ကိုကြည့်ပြီး မေးလိုက်သည့်အတွက် ခေါင်းကို ညိတ်ပြီး ဖြေလိုက်ရသည်။
“ဒီက ထွက်သွားတာ ဆယ့်ကိုးနှစ်လောက် ရှိတော့မယ်”
“အင်း… ဟုတ်တယ်၊ ရှိတော့မယ် ထင်ပါရဲ့”
သူမက မေး၍သာ ဖြေလိုက်ရသော်လည်း တိတိကျကျ ကျွန်တော် မမှတ်မိ။ တစ်စုံတစ်ရာ ဘာမျှမပြောတော့ဘဲ ကျွန်တော့်ကို စိုက်ကြည့်နေပြန်သည်။ အချိန်မည်မျှ ကြာသွားသည်ပင် ကျွန်တော်မသိ။ ကျွန်တော်တို့ နှစ်ဦး၏ စကားဝိုင်းမှာ စိုစိုပြည်ပြည် မရှိလှ။ တိတ်ဆိတ် ခြောက်ကပ်လွန်းသည်။ သူမက မေးခွန်းမေးလိုက် ကျွန်တော်က တစ်ခွန်း ပြန်ဖြေလိုက်နှင့်သာ အချိန်တွေ ကုန်လွန်နေသည်။ သူမ ရင်ထဲတွင် မျိုသိပ်ထားရသော တစ်စုံတစ်ရာ ပြောရန် ရှိနေဟန်တူသည်။ ကျွန်တော့်ကို ကြည့်နေရာမှ သူ့သမီး ဓါတ်ပုံကို ကြည့်ပြန်သည်။
“ခဏနော်” ဟု ဆိုကာ သူမ ထသွားသည်။ အပေါ်ထပ် တက်သွားသည်။ ပြန်ဆင်းလာတော့ လက်ထဲတွင် ဓါတ်ပုံတစ်ပုံ ကိုင်လာသည်။ ကျွန်တော့်ကို လှမ်းပေးသည်။
“အို…”
ကျွန်တော့် ဓါတ်ပုံ။ လွန်ခဲ့သည့် အတိတ်ကာလက သူမအား ပေးထားသည့် ကျွန်တော့်ဓါတ်ပုံ ဖြစ်သည်။ ဆေးရောင် အနည်းငယ်ပျက် ယွင်းနေသည်မှအပ ယခင်အတိုင်းပင်။ ခြောက်လက်မအရွယ် ဖြစ်သည်။ အောက်ပိုင်း ဘယ်ဘက်ဘေးတွင် သတင်းစာ စက္ကူစလေး ကပ်နေသည်။ အလွယ်တကူ ပွတ်တိုက် ဖျက်လို့ရမည် မထင်။ မှန်ဘောင်ထဲ သွင်းထားရခြင်း မဟုတ်ဘဲ သေတ္တာတစ်ခုခုထဲတွင် အောက်ဆုံးမှ ဖိညှပ်ထားရဟန် တူသည်။
“ဟိုဓါတ်ပုံနဲ့ တူတယ် မဟုတ်လား”
တုန်လှုပ် ချောက်ချားစွာနှင့် နံရံမှ မိန်းကလေး၏ ဓါတ်ပုံကို ကျွန်တော် ကြည့်မိပြန်သည်။ ကျွန်တော့်လက်တွေ တုန်နေသည်။ ကျွန်တော့် ရင်တွေ ခုန်နေသည်။ သူမ ဘာတွေ ပြောနေသည်ကို မကြားနိုင်တော့။ သည်မြို့ကလေးမှ ကျွန်တော် ထွက်ခွာမသွားမီ ကာလက သူမနှင့် ကျွန်တော်တို့၏ အတိတ်ဇာတ်လမ်းဆီသို့သာ အာရုံရောက်နေတော့၏။
“ကျွန်မ ယောက်ျား ကိုသိန်းမောင်နဲ့ ကျွန်မဟာ အိမ်ထောင်သက် ကာလတစ်လျှောက်လုံး တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြပါတယ်။ သူ သေသွားတော့လည်း ကျွန်မ သူ့အတွက် ဝမ်းနည်းခဲ့ရပါတယ်။ ရှင့်ကို ကျွန်မ သတိမရခဲ့တာ အမှန်ပါ။ ဒါပေမယ့် ကျွန်မဘဝဟာ အခုအချိန်မှာ သိပ်ကို အထီးကျန် ဆန်လွန်းပါတယ်။ မိန်းကလေးတစ်ယောက် အနေနဲ့ စီးပွားရေး လုပ်ငန်းတွေကို လုပ်ရတာလည်း ပင်ပန်းလွန်းပါတယ်။ ပြီးတော့ ကျွန်မဟာ… ကျွန်မဟာ…”
ရှိုက်သံတစ်ဝက် နှောနေသည့် သူမအသံကို ထိန်းရင်း ကျွန်တော့်ကို မော့ကြည့်သည်။
သူမအိမ်မှ ပြန်လာတော့ အပြင်ဘက်တွင် အမှောင်ရိပ် သမ်းနေပြီ။ လမ်းတစ်လျှောက်လုံးတွင် သူမဘဝကို တွေးတောစဉ်းစား စာနာမိတော့သည်။ မိဘလက်ထက်မှ ကျန်ရှိနေသည့် စီးပွားရေး လုပ်ငန်းများကို မိန်းကလေးတစ်ဦး အနေနှင့် မနိုင်မနင်း တာဝန်ထမ်းဆောင်နေရသူ။ ယောက်ျားသေဆုံးသွားသည့် သွေးသား မကုန်ခန်းသေးသော မိန်းမတစ်ယောက်။ တစ်ချိန်တုန်းက ကျွန်တော်နှင့် ပတ်သက်ခဲ့ဖူးသူ။ ပြီးတော့ သူမ၏ အကြီးဆုံး သမီးဦးမှာ …။ ကျွန်တော့် ဦးနှောက်ထဲတွင် ရှုပ်ထွေး ရီဝေနေသည်။ သူမ၏ သမီးအကြီးဆုံးမှာ။ ဓါတ်ပုံထဲက မိန်းကလေး။ သူမ၏ သမီးဦး… အကြီးဆုံး သမီး။ နောက်တစ်နေ့ နံနက်တွင် ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော ကျွန်တော့်ဇာတိမြို့ကလေးမှ အခြား တစ်နေရာဆီသို့ ထွက်ခွာလာခဲ့တော့သည်။
◾
လူတိုင်းအတွက်ထိုးတဲ့ ခေါင်းလောင်း
ဟောသည် ကြေကွဲမှုထဲဆီ နောက်တစ်ကြိမ် ပြန်သွားရမှာ ကျွန်မ ကြောက်လှချည်ရဲ့။
မသိခြင်းနှင့် စခဲ့သတဲ့။ ဘာမှ မသိခြင်းတွေဆီကိုပဲ ခရီး ဆက်လက် ထွက်ခဲ့ရပါပြီ။ ကျယ်လည်း ကျယ်ဝန်း၊ အဆုံးအစလည်း မရှိ။ ဒြပ်ဝတ္တုမဲ့တဲ့ အဖြူရောင်လွင်ပြင်။ ဖြူဖွေးလင်းလက် တောက်ပလွန်းပြီး ဘာအရာမှ မမြင်နိုင်အောင်ကိုပဲ ပိန်းပိတ်လွန်းတဲ့ အနာဒိအနန္တ လွင်ပြင်။
သည်လွင်ပြင်ဟာ ဘယ်ဆီအထိ လွင့်မျောကျယ်ပြန့်ပြီး ဘယ်မှာ အဆုံးသတ်လိမ့်မည်ကိုလည်း ကျွန်မ မသိ။ မသိခြင်းနှင့်ပင် ခရီးဆက်ခဲ့ရပါပြီ။ အဖြူရောင် လွင်ပြင်ကြီးထဲမှာ ကျွန်မဝိညာဉ်ဟာ လွင့်မျောခဲ့ရပါပြီ။ တချို့ ကတော့ သေခြင်းတရား ဆိုတာကို အနက်ရောင်နဲ့ သင်္ကေတ ပြုတတ်ကြရဲ့။ တချို့ကတော့လည်း သေခြင်းတရားဆိုတာ တွင်းနက်နက်ကြီး တစ်ခုပဲတဲ့လေ။ ကျွန်မမှာတော့ အနက်ရောင်ဆိုလို့ နေခြည်တစ်ပေါက်စာမျှ မမြင်ရပါဘူး။ ခြေတစ်ဖဝါးစာမျှ နက်သည့် တွင်းတစ်တွင်းတောင် မရှိပါဘူး။ ကျယ်ပြန့်လွန်းလှပြီး အဆုံးမရှိတဲ့ အဖြူရောင် လွင်ပြင်ကြီးထဲမှာ လွင့်မျောနေရတာ စိတ်ပျက်ငြီးငွေ့ အားငယ်လွန်းလှပါပြီ။ အားငယ်ထိတ်လန့်ရလွန်းလို့ တွင်းတစ်တွင်းလောက်သာ တွေ့ခဲ့ရင်တော့ မည်မျှပင် နက်ရှိုင်းစမ်းပါစေ။ အဲဒီ တွင်းနက်နက်ကြီးထဲ အဆုံးမရှိ ခုန်ဆင်းလိုက်ချင်ရဲ့။
ကျွန်မ ဘယ်အရပ်ဆီကများ လွင့်မျော လာခဲ့ရတာပါလိမ့်။ ဘယ်အရပ်ဆီ ဦးတည် သွားနေရခြင်းပါလိမ့်။ ဘယ်အချိန်ကများ ကျွန်မ ခရီးကို စခဲ့မိပါလိမ့်။ ဘယ်ကာလထိ လွင့်မျော နေရမှာပါလိမ့်။ ကျွန်မ ဘာမှ မသိနိုင်တော့ပါ။
ကျွန်မဟာ တစ်စုံတစ်ခုသော နေရာမှ ထွက်ခွာလာခဲ့တယ် ဆိုရင်ပေါ့လေ။ အဲဒီအရပ်မှာ ဘယ်လိုများ ကျန်ရစ်ခဲ့မည်လဲ။ ကျွန်မ သိချင်လိုက်တာ။ ကျွန်မနဲ့ ပတ်သက်ခဲ့သမျှ အရာတွေဟာ ဖရိုဖရဲ ပြန့်ကျဲ ကျန်နေရစ်ခဲ့မည်လား။ လှပသိပ်သည်းစွာ ကျန်ရစ်ခဲ့မည်လားပေါ့။
လူတချို့က ကျွန်မအတွက် ငိုကြွေးကောင်း ငိုကြွေးနေလိမ့်မည်။ လူတချို့ကတော့ တမ်းတသတိရခြင်းနဲ့ နှလုံးကြေကွဲ ဝမ်းနည်းပူဆွေးချင်လည်း ပူဆွေးနေမှာပေါ့။ လူတချို့က ကျွန်မကို လှောင်ပြောင်ရယ်မော နေ ကြလိမ့်မည်လား။ ကျွန်မ မရှိတော့ခြင်းကို ကြိတ်ပြီး ဝမ်းမြောက် နေကြလိမ့်မည်လား။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ၊ အဲဒီတရားတွေဟာ ကျွန်မ နှလုံးသားကို မနာကျင်စေနိုင်တော့ပါဘူး။
ကျွန်မဟာ ဘယ်လိုများ အသက်ရှင် နေထိုင်ခဲ့မိပါလိမ့် ဆိုတာကိုပဲ ကျွန်မ သိချင်ပါတော့တယ်။ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခဲ့ခြင်းလား။ ဂုဏ်သိက္ခာမဲ့စွာ နေထိုင်ခဲ့ခြင်းလား။ အသက်ရှင် နေထိုင်ခဲ့ခြင်း အပေါ်မှာ ကျွန်မဟာ နှစ်သိမ့်ကျေနပ်ခဲ့ရဲ့လား။ အလိုမပြည့်ဝမှုတွေနဲ့ စိတ်သောကရဲ့ ဖိစီးမှုကို ခံခဲ့ရသူလား။ ကျွန်မဟာ ဘယ်လိုအရာ၊ ဘယ်လို ပတ်ဝန်းကျင်၊ ဘယ်လို ပုံသဏ္ဌာန်နဲ့ ဖွဲ့စည်းထားခဲ့သလဲ။ အောက်တန်းကျကျ မိန်းမ တစ်ယောက်လား။ စိတ်ယုတ်မာရှိတဲ့ မိန်းမ တစ်ယောက်လား။ နေ့စဉ် ကြုံတွေ့ခဲ့ရတဲ့ ဘဝပြဿနာတွေအပေါ် ဘယ်လို ဖြေရှင်းခဲ့သလဲ။ မျက်ရည်ခံထိုးတတ်တဲ့ မိန်းမ တစ်ယောက်လား၊ ခွင့်လွှတ် တတ်ခဲ့သလား၊ အနိုင်ယူတတ်ခဲ့သလား၊ အခြား လူတစ်ယောက်ရဲ့ အောက်တန်းကျမှုကို ဥပေက္ခာ ပြုနိုင်သူလား၊ ကျွန်မ သိချင်လိုက်တာ။ ဒါပေမယ့် ဘာအရာကိုမှ ကျွန်မ မသိနိုင်တော့ပါဘူး။ ဟောဒီ အုံ့ဆိုင်းနေတဲ့ အဖြူရောင် လွင်ပြင်ကြီးက ကျွန်မရဲ့ မှတ်မိသိရှိနိုင်မှုတွေ အားလုံးကို ပယ်ဖျက်လိုက်ပါပြီ။ ကျွန်မ ဘာကိုမှ မသိနိုင်တော့ဘူး။ ကျွန်မ ဘာကိုမှ မမှတ်မိနိုင်တော့ဘူး။
ကျွန်မရဲ့ အလုပ်တွေ အပေါ်မှာကော တစ်စုံတစ်ရာ မှားယွင်းချွတ်ချော်မှုတွေ ရှိနေခဲ့မည်လား။ လူအများရဲ့ ချီးကျူးဂုဏ်ပြုမှုတွေ ခံယူခဲ့ဖူးမည်လား။ အဲဒီ ဂုဏ်ပြုချီးကျူးမှုတွေ အပေါ် ကျွန်မ သာယာနစ်မွန်းမိခဲ့ လေသလား။
“ထိုနေ့သည် တစ်ဖန်ပြန်၍ ထွက်ပေါ် လာလိမ့်ဦးမည်။ ပွတ်ရှကင် တစ်ယောက်ကတော့ နောက်တစ်ကြိမ် ပြန်လည် မွေးဖွားလာမည် မဟုတ်တော့” အဲဒီလို စကားမျိုးတွေ ကိုးကားပြီး ကျွန်မ ထွက်ခွာသွားခြင်းကို လွန်လွန်ကျူးကျူး ဖွဲ့ဆိုသီကုံး နေကြဦးမည်လား။ တကယ်လို့ ကျွန်မဟာ အများတကာ ချီးကျူးဖွဲ့ဆိုရလောက်အောင် လုပ်ခဲ့တယ် ဆိုရင်ကော အဲဒီအလုပ်တွေဟာ တကယ်တမ်း ဂုဏ်ပြုလောက်စရာ စစ်မှန်ရဲ့လား။ ရာစုတိုင်းကို ဖြတ်သန်းနေသော ဝိညာဉ်များထဲမှာ ကျွန်မ ပါဝင်ခွင့်ရနိုင်လိမ့်မည်လား။
အို… ဘယ်ဆီကိုများပါလိမ့်။ သည်လောက်ထိ နားခိုရာမဲ့ လွင့်မျောနေရခြင်းဟာ ဘာအတွက်များပါလိမ့်။ ကျွန်မအသိဉာဏ် အားလုံးကို လွှင့်ပယ်ပစ်နိုင်တာ ဘယ်အရာများပါလိမ့်။ ဟောဒီ ဖြူဖွေး လင်းလက် တောက်ပလွန်းပြီး အဆုံးအစမဲ့တဲ့ လွင်ပြင်ဟာ သေခြင်းတရား ဆိုတာများလား။ အဲဒီတရားဟာ ဘာဖြစ်လို့များ ဒါလောက် စွမ်းအားကြီး နေရတာပါလိမ့်။ ကျွန်မ လေ့ကျင့်ခဲ့တာတွေ၊ ကျွန်မ သင်ယူခဲ့တာတွေ အားလုံးကို ချေဖျက်ပစ်နိုင်ပြီး စွမ်းအားကြီးမားတဲ့ တန်ခိုးရှင်အပေါ် ကျွန်မကိုယ်တိုင်ရဲ့ ခံစားမှုဟာ သာယာမှုလား၊ နာကျင်မှုလား ဆိုတာကိုပင် ကျွန်မ ရေရေရာရာ မသိတော့ပါဘူး။
အဲဒီ မသိမှုတွေကိုကလည်း ကျွန်မကို ဝမ်းနည်းကြေကွဲစေတာ ဖြစ်လိမ့်မယ် ထင်ပါရဲ့…။
ကျွန်မဟာ ဘယ်လို အလုံးအဖန်မျိုး ရှိခဲ့သလဲ။ ဘယ်လို အရည်သွေးမျိုး ရှိခဲ့သလဲ။ တစ်စုံတစ်ရာ အပေါ်မှာ ကျွန်မ အောင်မြင်ကျော်ကြားခဲ့တယ် ဆိုရင် အဲဒီ အောင်မြင်မှုဟာ အစစ်အမှန်ပဲလား။ အဲဒီ အောင်မြင်မှုဟာ ခေတ်တစ်ခေတ်ရဲ့ အလိုကျ အောက်တန်းကျမှုအတွက် ရရှိခဲ့တဲ့ လက်ဆောင်ပဏ္ဏာလား။ အဲဒီအောင်မြင်မှုဟာ လူတချို့ရဲ့ လုပ်ကြံမှုနဲ့ ခေတ်တစ်ခေတ်ရဲ့ လွဲချော်မှားယွင်းမှုလား။ အဲဒီ အောင်မြင်မှုဟာ တန်ဖိုးဖြတ်မှု လွဲမှားနေတဲ့ အချိန်ကာလတစ်ခုရဲ့ ရယ်စရာ ပြက်လုံးတစ်ခုလား။ အို ကျွန်မ သိချင်စမ်းပါဘိ။
အမည်ပညတ်တွေ ကျွန်မ ဘာမှ မသိတော့ဘူး။ ရုပ်ဝတ္တု အကောင်အထည် ဒြပ်တွေ ကျွန်မ ဘာမှ မသိတော့ဘူး။ ကျွန်မ ဘာမှ မမြင်နိုင်တော့ဘူး။ ဘာမှ မကြားနိုင်တော့ဘူး။ ဘာအနံ့ကိုမှ ခံလို့မရတော့ဘူး။ ဘာအရသာကိုမှ ခံစားလို့ မရတော့ဘူး။ ဘာအရာဝတ္တုကိုမှ ကျွန်မ ထိတွေ့လို့ မရတော့ဘူး။ ဒါပေမယ့် ကျွန်မဆိုတာ ရှိမြဲ ရှိနေဆဲပါပဲ။ ဟောဒီ ကျွန်မပါပဲလေ။
ဘာမှ မသိခြင်းဟာ ဘဝရဲ့ အစလား။ ဘာမှ မသိခြင်းဟာ ဘဝရဲ့ အဆုံးလား။ ကျွန်မ လွင့်မျောနေရတဲ့ ဟောဒီ အဆုံးအစမဲ့ အနာဒိအနန္တ လွင်ပြင်ကြီးဟာ သံသရာတဲ့လား။ ဒီသံသရာကြီးထဲမှာ ကျွန်မဟာ ဒီပုံစံနဲ့ပဲ ထာဝရ လွင့်မျောနေရမှာလား။
ဖြစ်နိုင်မည်ဆိုလျှင် ကျွန်မ တစ်စုံတစ်ခုသော အသံကို ကြားလိုလှပါသည်။ တစ်စုံတစ်ရာကို မြင်ချင်လှပါသည်။ လှုပ်ခတ် ရွေ့လျားမှု တစ်ခုခုကို မြင်တွေ့ချင်လှပါသည်။ လေတိုက်ခတ်မှု တစ်ခု။ ခွေးတစ်ကောင်ရဲ့ ဟောင်သံ။ တောင်တန်း စိမ်းစိမ်း။ ပင်လယ် ပြာပြာ။ ဘာအရာကိုပဲ ဖြစ်ဖြစ် ကျွန်မ ထိတွေ့ကြားမြင်မှုကို ခံစားလိုလှပါသည်။
ကျွန်မ ထွက်ခွာခဲ့တဲ့ အရပ်ဒေသဟာ ပုံသဏ္ဌာန် တစ်ခုခုနဲ့ အသေအချာ တည်ဆောက်ထားတဲ့ ကမ္ဘာကြီးလား၊ လျော့ရဲဖောင်းပွ ပုံပျက်နေတဲ့ ကမ္ဘာကြီးလား။ ကျွန်မ ထွက်ခွာခဲ့ခြင်းအတွက် တစ်စုံတစ်ရာ လပ်ဟာပြီး ကျန်ရစ်ခဲ့မည်လား။ ဘာမျှ ထူးခြားမှုမရှိဘဲ ပုံသဏ္ဌာန် မပျက် ကျန်ရစ်ခဲ့မည်လား။ အရာအားလုံး အချိုးအစား မပျက် သူ့ပကတိအတိုင်း ကျန်ရှိရစ်ခဲ့မည်လား။ အင်အားတွေ ဆုတ်ယုတ်ကုန်မည်လား။ ခွန်အားတွေ ပိုပြီး ကြွယ်ဝလာမည်လား။ ကျပ်ညပ်နေတဲ့ ပုံစံခွက် တစ်ခုထဲက ကျွန်မ ထွက်ခွာပေးလိုက်သည့် အတွက် အခြားလူတွေအဖို့ အနည်းငယ်ပဲဖြစ်ဖြစ် ချောင်ချိသက်သာမှု ရရှိသွားစေမည်လား။
အားလုံးကို စွန့်ခွာလာရခါနီး ကာလမှာ ကျွန်မ လှလှပပ ရှိခဲ့ရဲ့လား။ သိပ်ပြီး အရုပ်ဆိုး အကျည်းတန်လောက်အောင် ကြောက်ရွံ့ထိတ်လန့် နေခဲ့မိသလား။ ကျွန်မကို ချစ်တဲ့ ကျွန်မကို အားပေးကူညီ ပြုစုပေးခဲ့တဲ့ မိတ်ဆွေတွေ ကျေနပ်နှစ်သိမ့်မှုရဖို့ အားတင်း ထားနိုင်ခဲ့ရဲ့လား။ သတ္တိရှိခဲ့ရဲ့လား။
အို… ကျွန်မ ဘာကိုမျှ မသိနိုင်တော့ပါပြီ။
လွင့်ခဲ့ရပြီ။ ချုပ်တီးမှုမဲ့ လွင့်မျောခဲ့ရပြီ။ ရှေ့က ဘာတွေရှိမှန်း မသိ။ လွင့်မျောခဲ့ရပြီ။
အို… ပိန်းပိတ်အောင် သိပ်သည်းလွန်းတဲ့ အဖြူရောင် လွင်ပြင်ထဲ ကျွန်မ လွင့်မျောခဲ့ရပြီ။
ကျယ်လည်း ကျယ်ဝန်း။ အဆုံးအစလည်း မရှိ။ ဒြပ်ဝတ္တုလည်း မဲ့။ ဖြူဖွေး လင်းလက် တောက်ပလွန်းပြီး ဘာအရာမျှ မမြင်နိုင်အောင်ကိုပဲ ပိန်းပိတ်လွန်းတဲ့ အဆုံးအစမဲ့ အနာဒိအနန္တလွင်ပြင် …။
◾
မြူတွေဝေ့ဆိုင်း အုံ့မှိုင်းရီ
နွေ နေ့လယ်ခင်းမှာ ပျင်းရိငြီးငွေ့စရာ ကောင်းလှသည်။ လမ်းမကြီးပေါ်မှာတော့ အပူရောင်တွေ အငွေ့ပျံတက်နေသည်။ သစ်ရွက်တချို့ ကြွေကျနေသည်။ နွားနို့ပုံးတွေ အပြည့်တင်ထားသည့် မြင်းလှည်းတစ်စီး မြောက်ဘက် ရွာသာရပ်ဆီ ဒုန်းစိုင်းပြီး မောင်းသွားသည်။ ကျွန်တော့် စိတ်မှာ သစ်ရွက်ကြွေတွေနှင့် အပူငွေ့တွေကြား စီးမျောသွားသည်။
ဟောသည့် မြို့ကလေးက သည်ကနေ့ပဲ ကျွန်တော် ထွက်ခွာသွားတော့မည်။ အခု ထိုင်နေသည့် တောသည် လက်ဖက်ရည်ဆိုင်ကလေး ဆီကိုလည်း နောက်ထပ် ဘယ်အချိန်မှ ပြန်ရောက်လာဦးမလဲ ဆိုတာ မသေချာဘဲနဲ့ပေါ့။ ဈေးအတွင်းမှာ ရှိသည့် ဟောသည့် လက်ဖက်ရည်ဆိုင်ကလေး၏ ဟောသည့်နေရာမှာ ထိုင်ပြီး ဆည်မြင်ကွင်းတွေ သည်အရောင်တွေကို ကြည့်ကာ သည်မှာ ဆယ်နှစ်ကျော်ပါပြီ။ အခုတော့ ဆယ်နှစ်ကျော်မျှ နေထိုင်ခဲ့သည့် သည်မြို့ကလေးမှ ကျွန်တော် ထွက်ခွာသွားတော့မည်။ ကျွန်တော့် စိတ်တွေ ရီဝေနေသည်။ လွမ်းစရာ ကောင်းနေသလိုလည်း ခံစားနေရပြန်သည်။
တကယ်တော့ သည်မြို့ကလေးမှာ ကျွန်တော့်အတွက် လွမ်းစရာ ဘာအရာမျှ မရှိကြောင်း ကျွန်တော့် နှလုံးသားက ခံစားသိရှိ နေပြန်သည်။ သည်မြို့ကလေးတွင် အထီးကျန် ဆန်ဆန်ပင် ကျွန်တော် နေထိုင်ခဲ့သည်။ ပန်းချီသင်တန်းမှ ဆင်းပြီး မိဘရပ်ထံသို့ မပြန်ဘဲ သည်မှာပင် အိမ်ခန်းကလေး တစ်ခု ငှားပြီး နေထိုင်ခဲ့သည်။ ဆယ်နှစ်ကျော်ကာလထိ နေထိုင်ခဲ့သော်လည်း အသိမိတ်ဆွေ သိပ်မရှိခဲ့။ ပန်းချီသင်တန်းမှ ဆင်းပြီး ပန်းချီပညာဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုမည်ဟု စိတ်ကူးခဲ့သော်လည်း လူအများနှင့် ဆက်ဆံရသော စီပွားရေး ပန်းချီလုပ်ငန်းများကို ဟုတ္တိပတ္တိ မလုပ်ဖြစ်ခဲ့။ တစ်ခါတစ်ရံ ကျွန်တော့် စားဝတ်နေရေးအတွက် မလွှဲမရှောင်သာ လုပ်ရသော အခါများတော့ ရှိခဲ့ပါသည်။ များစွာသော နေ့ရက်များ၌ ကျွန်တော်သည် အခြားလူများအတွက် ဘာမျှထူးခြားသူ တစ်ယောက် မဟုတ်ခဲ့သဖြင့် အမြဲတမ်းလိုပင် တစ်ဦးတည်း နေထိုင်ခဲ့ရသည်။ ဘဝ၏ နွေးထွေးမှုတို့အစား အေးစက်ထုံထိုင်းစွာသော နေ့ရက်တွေကို ကုန်ဆုံးခဲ့ရသည်။ နေ့လယ် နေ့ခင်းများ၌ သည်လက်ဖက်ရည်ဆိုင်ကလေးတွင်သာ တစ်နေကုန် ထိုင်နေတတ်ပြီး ညနေချိန်များတွင် အရက်ဆိုင်သို့ ရောက်သွားတတ်သည်။
သည်မြို့ကလေးသို့ ရောက်ကာစကတော့ ကျွန်တော့်မှာ မိတ်ဆွေ အနည်းငယ် ရခဲ့ဖူးသည်။ ကြာလာသောအခါ ထိုမိတ်ဆွေများနှင့် တဖြည်းဖြည်း စိတ်ချင်း ဝေးသွားကြသည်။ ကျွန်တော်နှင့် ထိုလူများ မသင့်မြတ်ကြသော ကြောင့်တော့ မဟုတ်။ တစ်ဦးနှင့် တစ်ဦး ဆွဲဆောင်မှု မရှိဘဲ သာမန် ဆက်ဆံမှုအဆင့်မှ တဖြည်းဖြည်း ဝေးသွားကြခြင်းသာ ဖြစ်သည်။ လူအများနှင့် ထိုသို့ ကြာရှည်စွာ မဆက်ဆံနိုင်ရာတွင် အခြားလူများထက် ကျွန်တော့်တွင် ပိုပြီး ချို့ယွင်းချက်ရှိမည် ထင်ပါသည်။ ကျွန်တော်သည် မည်သည့် အကြောင်းအရာကိုမျှ အခြားသူများ စွဲလမ်း အမှတ်ရအောင် ပြောဆိုနိုင်သူ မဟုတ်။ လူအများ မနှစ်သက်သော်လည်း စွဲလမ်းအမှတ်ရစေနိုင်သည့် ငြင်းခုံ ပြောဆိုခြင်းမျိုးဖြင့်ပင် ကိုယ့်အယူအဆ တစ်ခုကို ပွင့်ပွင့်လင်းလင်း ပြောရဲသူ မဟုတ်သဖြင့် ကျွန်တော်သည် အခြားလူများအတွက် စိတ်ဝင်စားစရာ မကောင်းလှဘဲ ပျင်းရိ ငြီးငွေ့စရာ လူတစ်ယောက်သာ ဖြစ်နေတတ်သည်။
ထိုသို့ လူအများနှင့် ကြာရှည်စွာ မိတ်ဆွေ ဖြစ်နိုင်စွမ်း မရှိသော ကျွန်တော့်အတွက် အလွန်ကံဆိုးလှသူ တစ်ဦးနှင့်တော့ အတော်ကြာ မိတ်ဆွေအဖြစ် နေထိုင်ခဲ့ကြဖူးပါသည်။ ထိုမိတ်ဆွေ၏ ကံဆိုးမှုမှာ အိမ်ထောင်ရေးကိစ္စ၌ ဖြစ်သည်။ သူသည် ခေတ်ပညာကို အတော်အတန် သင်ယူခဲ့ဖူးပြီး သည်မြို့ကလေးမှ ပိုက်ဆံချမ်းသာသော သူဌေးတစ်ဦး၏ သမီးနှင့် အိမ်ထောင်ကျခဲ့သည်။ သူ့ယောက္ခမများ၏ စီးပွားရေး လုပ်ငန်းတွင် လုပ်ကိုင်နေရပြီး သူ့မိန်းမ၏ သြဇာလွှမ်းမိုးခြင်းကို ခံနေရသည်။ နေ့စဉ် စိတ်မချမ်းသာမှု၊ မပျော်ရွင်မှုများဖြင့် သူ့ရုပ်ရည်မှာ သူ့အသက်ထက် ဆယ်နှစ်ခန့်မျှ အိုစာနေတော့သည်။ သူ၏ ရွေးချယ်မှု မှားယွင်းခဲ့ခြင်းအတွက် သူ နောင်တရနေပုံမှာ နှစ်ပေါင်းများစွာ ထွန်ယက်ခဲ့ရသည့် နွားအိုကြီး တစ်ကောင်ကို သွားပြီး သတိရစေတော့သည်။
“သူ့တိုက်တွေ၊ ကားတွေ၊ သူ့မှာ ရှိသမျှ စည်းစိမ်ဥစ္စာတွေ အားလုံးကို ကျွန်တော် ပိုင်တယ်လို့ ပြောနိုင်ပါရဲ့၊ ဒါပေမယ့် သူ့ပစ္စည်း ဥစ္စာတွေ အားလုံးကို ပိုင်တဲ့ ကျွန်တော့်ကိုတော့ သူက ပိုင်ပြန်ရောဗျ” ဟု ပြောတတ်သည်။
“ကျုပ်မှာ တကယ်တမ်း ချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့တယ်ဗျ” ဟူ၍ သူ့ဇာတ်လမ်းကို အစချီကာ တအီအီ ငိုကြွေးတော့သည်။
“အင်း… ကျုပ်ဟာ ကလေးနှစ်ယောက် အဖေ ဖြစ်ခဲ့ပြီး တစ်နေ့ထက် တစ်နေ့ ရင့်ကျက်ခဲ့ပါပြီဗျာ၊ ရင့်ကျက်တယ်ဆိုရင် ဘာဖြစ်လို့ ငိုနေရတာလဲ၊ ဘာဖြစ်လို့ မျက်ရည်တွေ ကျနေရတာလဲလို့ မေးကြလိမ့်မယ်။ ရင့်ကျက်တယ်ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ မျက်ရည်တွေ၊ ငိုကြွေးခြင်းတွေ မပါဘူးလို့ ခင်ဗျားတို့က ယူဆကြတာကိုး…” ဟု သူ့ဟာသူ ပြောပြီး ငိုပြန်တော့သည်။
ထိုမိတ်ဆွေ သေဆုံးသွားသော နေ့က သူ့အသုဘကို ကျွန်တော် လိုက်မပို့ဖြစ်ခဲ့။ အခြားတစ်နေရာသို့ ခရီးသွားနေခိုက် ဖြစ်သည်။
သူ့အကြောင်း ပြန်တွေးရင်း အပူငွေ့တွေနှင့် တုန်ခါနေသည့် လမ်းမကြီးဆီ ကျွန်တော် ငေးမျှော်မိပြန်သည်။ ဆယ်နှစ်ကျော် ကာလအတွင်း သည်လက်ဖက်ရည်ဆိုင်လေးမှာ နေ့တိုင်းလိုလိုပင် ကျွန်တော် ထိုင်ဖြစ်ခဲ့သည်။ သည်နေ့ရက်တွေ အားလုံး ကျွန်တော့်အတွက် တစ်စုံတစ်ရာ အမှတ်ရစရာ ဘာများ ရှိခဲ့ပါသလဲ။ တစ်စုံတစ်ယောက်နှင့် အမှတ်ရစရာ ဘာစကားတွေ ပြောဖြစ်ခဲ့ပါသလဲ။ ကျွန်တော့်အတွက် ဘာမျှ ထူးခြားမှု မရှိခဲ့ပါ။ တစ်ခါတစ်ရံမှာ ပူပြင်းသော နေရောင်အောက်တွင် အကြောင်းမရှိလျက်ဘဲ စိတ်ဓါတ်တွေ တက်ကြွနေခဲ့ဖူးသည်။ တစ်ခါတစ်ရံမှာတော့ အဆုံးစွန်ထိ ပျင်းရိငြီးငွေ့ နေခဲ့ဖူးသည်။ သည်မြို့ကလေးမှ အခြားလူများလို ကျွန်တော်သည် စစ်တုရင်ထိုးဖို့လည်း ဝါသနာ မပါခဲ့။ ဘောလုံးပွဲ အကြောင်း၊ တရားဓမ္မ အကြောင်း၊ ရုပ်ရှင် မင်းသား မင်းသမီး အကြောင်း၊ အဆိုတော်များ အကြောင်းကိုလည်း မပြောတတ်ခဲ့။ တစ်ယောက်တည်းပင် ရုပ်ရှင်သွားကြည့် နေတတ်ခဲ့သည်။ စာအုပ်တစ်အုပ် ထိုင်ဖတ်နေဖြစ်ခဲ့သည်။ သည်မြို့ကလေးတွင် သည်လက်ဖက်ရည်ဆိုင်သည် လူအများဆုံး သောက်သော ဆိုင်ကလေး ဖြစ်သည်။ နံနက်လင်းချိန်မှ ကိုးနာရီ၊ ကိုးနာရီခွဲထိ လူတအား စည်ကားသည်။ လက်ဖက်ရည် သောက်ပြီးမှ ကိုယ့်လုပ်ငန်းခွင် အသီးသီးသို့ သွားကြသည်။ အများစုမှာ ရုံးသူ ရုံးသားများ၊ ပန်းထိမ်ဆရာများ၊ မော်တော်ကား စက်ပြင်နှင့် တွင်ခုံ အလုပ်သမားများ၊ နွား မွေးမြူသူများ၊ နွားနို့ညှစ်သူများ စသည်ဖြင့် လုပ်ငန်းစုံလှသည်။
သည်မြို့ကလေးမှ လူငယ်အများစုမှာ စိတ်အားတက်ကြွ ပျော်ရွင်တတ်ကြသူများ ဖြစ်သည်။ ကျွန်တော်နှင့် ခင်မင်ရင်းနှီးမှု သိပ်မရှိလှသော်လည်း သူတို့မျက်နှာမှာ ဖော်ရွေမှု အပြည့် ရှိနေတတ်ကြသည်။ ခင်မင်နှစ်သက်စရာ ကောင်းလှသည်။ မိန်းကလေး အများစုမှာ ဆေးလိပ်ခုံ လုပ်ငန်း၊ အချိတ်ထဘီ ရက်လုပ်သည့် လုပ်ငန်း၊ စက်ချုပ်လုပ်ငန်း စသည့်တို့ကို လုပ်ကိုင်ကြသည်။ပညာတတ်များ၊ တက္ကသိုလ် ကျောင်းသူများ၊ ရုံးဝန်ထမ်းများလည်း ရှိပါသည်။ အများစုမှာ ရုပ်အဆင်းသွင်ပြင် တင့်တယ်ပြီး အသားအရည် စိုပြည်ကြသည်။ လူကြီးပိုင်းတွင် နိုင်ငံရေးသမားဟောင်းကြီးများ၊ အစဉ်အလာ ချမ်းသာကြွယ်ဝသူများ ပေါများသည်။ တရားဓမ္မ လိုက်စား ဆွေးနွေးမှုကို ခုံမင်ကြသည်။ အများစုမှာ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်ကြပြီး လူကြီးလူကောင်း ဆန်ဆန် ပြောဆို နေထိုင်မှုကို ဂုဏ်ယူတတ်ကြသည်။
ကျွန်တော့် ဗီဇကိုက ထုံထုံထိုင်းထိုင်း နေတတ်သူ တစ်ယောက် ဖြစ်သည့်အတွက် သည်မြို့ကလေးမှ လူကြီးလူကောင်းများ၊ ခင်မင်စရာ ကောင်းလှသည့် လူငယ်များ၊ လှပချောမောသည့် မိန်းကလေးများနှင့် မိတ်ဆွေဖြစ်မှု မရှိခဲ့ရသော်လည်း သည်လက်ဖက်ရည်ဆိုင်ကလေးတွင် ဆယ်နှစ်ဆယ်မိုး နေ့စဉ်လို လာရောက် နေထိုင်ခဲ့သည့်အတွက် ကျွန်တော့် နှလုံးသား၌ အမှတ်တရ ရှိနေရသော လူတချို့တော့ ရှိပါသည်။ ထိုလူများမှာ သည်မြို့ကလေးက အခြားလူများနှင့်တော့ ကွဲပြားခြားနားလှသည်။ ကျွန်တော် ဖော်ပြခဲ့သည့် အိမ်ထောင်ရေးတွင် ကံဆိုးလွန်းလှသူ ကဲ့သို့ပင် သူတို့၏ ဝိညာဉ်မှာ ထာဝစဉ် နာကြည်းကြေကွဲ နေကြသူများ ဖြစ်လိမ့်မည်။
သူတို့အထဲမှာ ပထမဆုံး ပြောလိုသူမှာ အဆွေးသမား တစ်ယောက် ဖြစ်သည်။ သူ့နာမည်ကိုတော့ ‘ကိုဆွေးမောင်’ ဟုသာ ခေါ်ကြပါစို့။ သူ့မျက်နှာမှာ အမြဲတမ်းပင် ပူဆွေးသောက ရောက်နေသည့် အသွင်ကို ဆောင်လျက်ရှိသည်။ သူသည် တစ်ယောက်တည်းသာ အဆွေးများဖြင့် ငေးမောရင်း ထိုင်နေတတ်သည်။ ဤသို့ တစ်ယောက်တည်း ထိုင်နေခြင်းဖြင့် သူ့ဦးနှောက်ထဲသို့ စိတ်ကူးစိတ်သန်း အသစ်အဆန်းများ ဝင်ရောက်လိမ့်မည်ဟု သူ ယုံကြည်ထားကြောင်း ပြောပြလေ့ ရှိသည်။ သို့ရာတွင် သူသည် ဘဝတစ်လျှောက်လုံး၌ ဘာအရာကိုမျှ မည်မည်ရရ လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသူ မဟုတ်။ ဤမြို့ကလေးတွင် မွေးဖွားကြီးပြင်းခဲ့ပြီး ဤမြို့ကလေး၌ပင် အရိုးထုတ်ရန် ကြံရွယ်ထားဟန်တူသည်။ သူ့မိဘများ ရှိစဉ်က အတော်အတန် ချမ်းသာကြွယ်ဝခဲ့သော်လည်း၊ ယခု ထို စည်းစိမ်ဥစ္စာများ မရှိတော့ပေ။
သူ့ဦးနှောက်ထဲသို့ အလိုအလျောက် ဝင်ရောက်လာလိမ့်မည် ဟု သူ ယုံကြည်ထားသော စိတ်ကူးစိတ်သန်းများ မှာလည်း သူ့ဘဝ ဖြတ်သန်းမှု၏ သေးမွှားသော အစိတ်အပိုင်းများထဲမှ တိုးထွက်လာခဲ့ခြင်းမျှသာ ဖြစ်ပြီး မရေရာသော နောင်တတရားနှင့် သံဝေဂဆန်ဆန် အတွေးများသာ ဖြစ်သည်။ သံဝေဂဆိုသည်မှာ အဘယ်နည်း။ သစ်ပင်တစ်ပင်ထက်တွင် အခက်အလက် ဝေဆာနေခြင်းမှ ပူပြင်းသော နွေရာသီ၌ အလိုအလျောက် ကြွေကျခဲ့ရသည့် သဘောတရားထက် မည်သို့မျှ ပိုမို မလေးနက်သော အလိုအလျောက် ကုန်ဆုံးခဲ့ရသော သူ့ဘဝ၏ အစိတ်အပိုင်းများကို ပြန်လည် တမ်းတခြင်းမျှသာ ဖြစ်သည်။
နောင်တ ဆိုသည်မှာလည်း ထို့အတူပင်။ သူ့ဘဝ၌ မဖြစ်ခဲ့ရသမျှ တို့ကို ပြန်လည် တမ်းတခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် သူ့ဘဝ၌ တကယ်တမ်း ဖြစ်ချင်ခဲ့သော အရာမှာ ဘာဖြစ်သည်ဟူ၍ သူကိုယ်တိုင် မသိပြန်။ ဤသို့ဖြင့် ခါးသီးသော ဘဝအတွေ့အကြုံ တစ်ခုမျှ မပါဘဲလျက် အလိုအလျောက် ကြေကွဲနေသော နောင်တနှင့် သံဝေဂတရားတို့ကို မျက်မှောက်ပြုနေရသော သနားစရာ ဘဝတစ်ခုကို သူပိုင်ဆိုင်နေတော့သည်။ သူ့မျက်နှာမှာ ထာဝစဉ်ပင် အနက်အဓိပ္ပာယ် ဖွင့်ဖို့ခက်သည့် အသွင်ကို ဆောင်လျှက် အမြဲတမ်းလိုပင် တိတ်ဆိတ်စွာ ထိုင်နေတတ်ရာ ညပေါင်းများစွာ၌ သူ့ဝိညာဉ်မှာ ည၏ မှောင်မိုက်ခြင်းထဲသို့ တရွေ့ရွေ့ တိုးဝင်နေပြီး နေ့ပေါင်းများစွာ၌ သူ့ဝိညာဉ်မှာ ကျယ်ပြန့်သော အလင်းရောင်ထဲသို့ ထွက်ပြေးနေသလား အောက်မေ့ရတော့သည်။ သူသည် ပန်းနာရင်ကျပ် ရောဂါကိုလည်း နှစ်ပေါင်းများစွာ ခံစားနေရသူဖြစ်ရာ သူ့လည်ချောင်းထဲမှ သလိပ်များကို ခက်ခဲစွာ မျိုချနေပုံမှာ ကမ္ဘာကြီးတစ်ခုလုံးအား မျိုချနေရ သကဲ့သို့ ရှိပြီး ကြည့်ရသည်မှာ ရင်မောစရာ ကောင်းလွန်းလှတော့သည်။
ကျွန်တော်သည်လည်း ကိုဆွေးမောင်ကဲ့သို့ပင် လမ်းမပေါ်မှ အပူရောင်များကို အဓိပ္ပါယ် လုံးဝ မရှိဘဲနှင့်ပင် အဓိပ္ပာယ်တစ်ခုခု ရှိလေဟန် ငေးကြည့်နေတတ်ခဲ့သည်။ သည်ဆိုင်ကလေးတွင် ကက်ဆက်ခွေ ဖွင့်ခြင်း လုံးဝမရှိ။ သို့ရာတွင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင် ရယ်မောကြသံ၊ စားပွဲထိုးလေးများ အချင်းချင်း မှာကြားသံ၊ ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်စိုး၏ စေခိုင်းသံတို့ဖြင့် အမြဲတမ်းလို ဆူညံနေတတ်သည်။ ဆိုင်ကလေးမှာ သူတို့ ဖခင်ကြီး အဆင်းရဲ၊ အပင်ပန်းခံကာ စတင် ပျိုးထောင်ခဲ့ခြင်း ဖြစ်ပြီး ယခု ကိုအောင်စိုးနှင့် ညီအစ်ကိုတစ်တွေက ဦးစီး လုပ်ကိုင်နေကြသည်။ သည်လက်ဖက်ရည် လုပ်ငန်းဖြင့်ပင် သည်မြို့လေး၌ ထိပ်သီး ချမ်းသာကြွယ်ဝသူများ စာရင်းဝင်လျက် ရှိပြီ။ ကျွန်တော်ပင် ဟိုတစ်ခါတုန်းက ငွေတစ်ဆယ် လိုသဖြင့် ‘မဃဒေဝ လင်္ကာသစ်’ စာအုပ် ကိုအောင်စိုးဆီ ရောင်းဖူးသည်။ ကိုအောင်စိုးက စာအုပ်ကို ယူမထားဘဲ ငွေတစ်ဆယ် ချေးလိုက်သည်။
တစ်ခါတစ်ရံတွင် အခြားစားပွဲ တစ်ခုခု၌ တက္ကသိုလ်မှ ခေတ္တ ပြန်ရောက်လာတတ်သော ကျောင်းသားကလေး တစ်ဦးဦးနှင့် လူအချို့ စကား ပြောနေတတ်သည်။ ထိုကျောင်းသားကလေးမှာ သူ့အတွေ့အကြုံကို ပြောမကုန်အောင် ရှိနေတတ်သည်။ သူတို့ကို ကြည့်ပြီး လွန်ခဲ့သော ခေတ်များမှ မျိုးဆက်များကို မတွေ့ကြုံဘူးပဲလျက်နှင့်ပင် ကျွန်တော် မြင်ယောင် နေမိတတ်သည်။ လက်ဖက်ရည်ဆိုင်၌ သူ ပေါ်ပြူလာဖြစ်နေပုံမှာ ကျွန်တော်ဖတ်ဖူးသော ဝတ္တုတစ်ပုဒ်ထဲတွင် ဘုရင့်တပ်မတော်မှ မိမိဇာတိ ရပ်ရွာသို့ ခေတ္တ ပြန်ရောက်လာသော စစ်သားကလေးနှင့်လည်း တူလှသည်။
အခုတော့ နေ့လယ်ခင်းမို့လား မသိ၊ လက်ဖက်ရည်ဆိုင်တွင် လူရှင်းလှသည်။ ကျွန်တော့်အတွက် အထူးတလည် နှုတ်ဆက်စကား ပြောရန် မိတ်ဆွေဟူ၍ မရှိသော်လည်း ကျွန်တော် မြင်တွေ့နေကျ လူများကိုတော့ မြင်လိုလှပါသည်။ သူတို့ကိုပင် ကျွန်တော့်နှလုံးသား အတွင်းမှာ တိုးတိတ်စွာ နှုတ်ဆက်ထွက်ခွာ သွားရတော့မည်။
ကိုကျောက်ခဲလည်း ဘယ်ရောက်နေမည် မသိ။ ယခုထိ ရောက်မလာသေးပေ။ ကိုကျောက်ခဲမှာ သည်မြို့ကလေး၌ ကျွန်တော်၏ အရင်းနှီးဆုံး မိတ်ဆွေဟူ၍ ပြောမည်ဆိုက ပြောလို့ရသည်။ ကျွန်တော် တစ်ယောက်တည်း ထိုင်နေသည့် နေရာသို့လာပြီး “အစ်ကို စားပြီးပြီလား” ဟုသူက မေးလိုက်မည်၊ ကျွန်တော်က သူ့ကို အပြားငါးဆယ်၊ သို့မဟုတ် အကြွေမပါခဲ့လျှင် ကျပ်တန်တစ်ရွက် ပေးလိုက်မည်။ ပိုက်ဆံယူပြီး ထွက်သွားမည်။ ဘာမျှ ထူးထူးထွေထွေ ပြောနေမည် မဟုတ်။ လက်ဖက်ရည်ဆိုင်သို့ လာမည် ဆိုလျှင် ကျွန်တော့်အတွက် လက်ဖက်ရည်နှင့် ဆေးလိပ်ဖိုးအပြင် ကိုကျောက်ခဲအတွက် အပြားငါးဆယ် အရံသင့် ယူဆောင်လာခဲ့ရသည်။ တစ်ခါတစ်ရံ ကျွန်တော်တွင် သူ့အတွက် ပိုက်ဆံမပါသောအခါ အားနာစွာနှင့် “မနက်ဖြန်မှ ယူနော်” ဟု သူ့ကို ပြောရသည်။ ထိုအခါမျိုးတွင် သူသည် မြူဝေ့ဆိုင်းသော မျက်လုံးအစုံဖြင့် ကျွန်တော့်အနီးမှာ ရပ်ပြီး ပတ်ဝန်းကျင်ကို ငေးမျှော် ကြည့်နေတတ်သည်။ သိပ်ကြာအောင် ရပ်နေသော အခါများမှာတော့ ကျွန်တော်လည်း ရှက်လာတတ်သည်။ ပတ်ဝန်းကျင် စားပွဲများမှ လူတွေက ကျွန်တော်တို့ နှစ်ဦး စလုံးကို ကြည့်နေကြမည်။ ကိုကျောက်ခဲ အလွယ်တကူ ထွက်မသွားခြင်းမှာ ကျွန်တော့်ထံမှ ပိုက်ဆံမရသောကြောင့် ဖြစ်ကြောင်းသိကြမည်။ ကျွန်တော့်တွင် အပြားငါးဆယ်ပင် အပိုမပါကြောင်း လူတွေ သိကြမည်။ မည်သို့ပင်ဖြစ်စေ ကိုကျောက်ခဲမှာ ကျွန်တော့်အား များစွာ စိတ်အနှောင့်အယှက် ဖြစ်စေသည်တော့ မဟုတ်ပါ။
ကိုကျောက်ခဲ ဝတ်ထားသည့် အင်္ကျီမှာ ကားပြင် ဝပ်ရှော့သမားများက ဝတ်ထားသည့် အင်္ကျီထက်ပင် ချေးတွေ ပေကျံနေသည်။ နောက်ကျောပြင် တစ်ပြင်လုံး ဟာလာ ဟင်းလင်း ဖြစ်သည်။ လုံချည်မှာ သည့်ထက်ပိုပြီး ညစ်ပတ်ပေကျံ နေသေးသည်။ နဖူးပြောင်ပြီး နောက်ပိုင်းမှ ဆံပင်များက တွန့်လိမ်ကွေးကောက် ရှုပ်ထွေးနေသည်။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး ထူလပျစ်နှင့် ဖြစ်သည်။ တစ်ခါက ကျွန်တော်နှင့် သိကျွမ်းဖူးသော စာပေသမားတစ်ယောက် သူ့လွယ်အိတ်ထဲ အမြဲဆောင်ထား တတ်သည့် စာအုပ်ထဲက ‘ဒေါ့တော်ယက်စကီး’ ဆိုသူနှင့် အလွန်တူလှသည်။ ထိုစာပေသမားမှာလည်း သူ့လွယ်အိတ်ထဲက ဒေါ့တော်ယက်စကီး အတိုင်းပင် ဖြစ်ပြီး “ခင်ဗျားနဲ့ ဒေါ့တော်ယက်စကီးနဲ့ တော်တော့ကို တူတယ်ဗျာ” ဟု သူက ကျွန်တော့်ကို ပြောခိုက်တွင် ကျွန်တော်ကတော့ သူနှင့် ကိုကျောက်ခဲတို့ တူညီပုံကို စဉ်းစားနေမိတတ်သည်။ ‘မြေအောက် မှတ်တမ်းများ’ ဆိုသည့် စာအုပ်ထဲက စာပိုဒ်များကို သူက ကျွန်တော့်အား ရွတ်ပြခဲ့ဖူးသည်။
ကိုကျောက်ခဲကဲ့သို့ပင် ကျွန်တော့်အတွက် အခြားမိတ်ဆွေတစ်ဦး ရှိသေးသည်။ သူ့ အမည်မှန်ကို ကျွန်တော် မသိသော်လည်း သူ့ကို ကျွန်တော်က ‘ဌေးရဲ့ ချစ်သူ’ ဟု ခေါ်ပါသည်။ အခြားစားပွဲများက သူ လာရောက်ထိုင်ခြင်းကို အသိအမှတ် မပြုကြသဖြင့် ကျွန်တော့်နားတွင် အမြဲ လာရောက်ထိုင်တတ်သည်။ သူ့နဖူးတွင် ‘ဌေးဌေး’ ဟု ဆေးမင်ဖြင့် စာတန်းထိုးထားသည်။ လက်ဖမိုး နှစ်ခုလုံးပေါ်တွင်လည်း ‘ဌေးဌေးရေ’ ဟု ရေးထားသည်။ သူ၏ ထူးခြားသော အရည်အချင်းမှာ စကား အဆက်အစပ် လုံးဝမရှိဘဲနှင့်ပင် “မငိုပါနဲ့ဗျာ … မငိုပါနဲ့၊ စိတ်ကို ထိန်းထားမှပေါ့” ဟု တစ်စုံတစ်ယောက်က ပြောလိုက်လျှင် သူ့မျက်လုံး နှစ်ဖက်မှ မျက်ရည်များ ဒလဟော စီးကျလာနိုင်ခြင်းပင် ဖြစ်သည်။
လက်ဖက်ရည်ဆိုင်မှ စီးကရက်ဘူးခွံများကို တောင်းပြီး ‘ချစ်သော ဌေးရေ၊ ဒီနေ့အမီ ငွေငါးဆယ် ပို့လိုက်မည်။ ကလေးတွေကော နေကောင်းတယ် မဟုတ်လား။ အချစ်များစွာဖြင့် … ကိုကို’ ဟူသော စာကြောင်းများကို ကျွန်တော်က သူ့အတွက် ရေးပေးရတတ်သည်။ ထိုစာကို မည်သည့်အရပ်သို့ ပို့သည်ဟု ကျွန်တော်မသိပေ။
ကျွန်တော်နှင့် သိပ်မရင်းနှီးလှသော်လည်း မြို့လူထုက ပြောစမှတ် ပြုကြသည့် ကျောင်းဆရာလေး တစ်ဦးအကြောင်း ရှိသေးသည်။ ကျောင်းဆရာလေးသည် ဤမြို့ကလေးမှ အတန်ဝေးသည့် တောရွာတစ်ရွာသို့ သွားပြီး စာသင်ရသည်။ သူ့အား ပြောစမှတ် တွင်စေသည့် အကြောင်းမှာ ငွေစုခြင်း၌သာ ဝါသနာပါခြင်း ဖြစ်သည်။ သူ ငွေစုခြင်းမှာ စုဆောင်းထားသော ငွေဖြင့် အမြတ်အစွန်းရအောင် ပြုလုပ်လိုသောကြောင့် မဟုတ်။ သူသည် ကျောင်းဆရာ အလုပ်မှလွဲပြီး ဘာကိုမျှ မလုပ်တတ်။ ငွေစုခြင်းမှာ သူ့ဝါသနာနှင့် သူ့နောင်ရေးအတွက် စိုးရိမ်ပူပန်မှုကြောင့်သာ ဖြစ်သည်။
အခြားလူများ စာဖတ်ရန်၊ ဘောလုံးပွဲ ကြည့်ရန်၊ ရုပ်ရှင်ကြည့်ရန် ဝါသနာပါနည်းမျိုးလို သူသည် ငွေစုရန် ဝါသနာပါခြင်း ဖြစ်သည်။ မိမိ စိုက်ထားသော သစ်ပင်အား အမြစ်ထွက်မထွက် တစ်နေ့တစ်ခါ ဖော်ကြည့်သော မျောက်ကဲ့သို့ ကျောင်းဆရာလေးသည်လည်း လူခြေတိတ်သော ညအခါများ၌ သူစုထားသော ငွေများကို ညစဉ် ရေတွက်နေတတ်သည် ဟု မြို့လူထုက ပြောစမှတ် ပြုကြသည်။ စနေ၊ တနင်္ဂနွေလို ကျောင်းအားရက် အိမ်ပြန်လာသောအခါ ယခင်ညနေက ချက်ပြီး မကုန်ဘဲ ကျန်နေသော ထမင်းကြမ်းများကို ထုတ်ယူလာတတ်သည်။ ဤနည်းဖြင့် သူ့အတွက် ထမင်းတစ်နပ် အလဟဿ မဖြစ်စေဘဲ သူ၏ စုဘူးထဲသို့ ငွေအရေအတွက် တိုးစေသည်။
လူတို့အကြောင်းများကို စဉ်းစားရင်း နေတောင် အတော်ချိုသွားပြီ။ ညနေ လေးနာရီလောက်ပင် ရှိရော့မည်။ ဟော အခြားစားပွဲ တစ်ခုတွင် တရားဓမ္မ လိုက်စား ဆွေးနွေးသူများ ရောက်နေကြပြီး သူတို့ထဲတွင် အတော်အသက်ကြီးသူများ ပါသလို လူရွယ်များလည်း ပါသည်။ သူတို့သည် တရားဓမ္မအား ခေတ်သစ်နည်းဖြင့် လိုက်စားပြောဆိုခြင်းဖြင့် သူတို့ ကိုယ်တိုင်လည်း ခေတ်မီသော အတွေးအခေါ် ရှိသူများအဖြစ် ခံယူထားကြသူများ ဖြစ်သည်။ သိပ္ပံနည်းကျပြီး စစ်မှန်သော တရားဓမ္မ လိုက်စားသူများအဖြစ် ဂုဏ်ယူ ပြောဆိုတတ်ကြသည်။ အခြားရိုးရာ ဘာသာရေး အမြင်ရှိသူများ၏ အယူအဆများကို ပြက်ရယ်ပြုတတ်ကြသည်။
မျက်နှာထူထူ၊ ခပ်ပုပု၊ မျက်မှန်တပ်ထားသည့် ပုဂ္ဂိုလ်ကြီးက ပါဠိတော်မှ စာပိုဒ်များကို အာဂုံရွတ်ဖတ်နေသည်။ အသက် ခြောက်ဆယ်ကျော်ရှိ အဘိုးအိုက သူ့အတွေ့အကြုံများကို ထုတ်ပြ ပုံဆောင်ပြီး တရားသဘောကို လောက၏ ဖြစ်ပျက်တတ်သော အခြင်းအရာတို့နှင့် ယှဉ်ပြီး ဝေဖန်ပြနေကြသည်။ လေးဆယ်ရွယ် လူတစ်ဦးက ပါဠိစကားလုံးများကို အင်္ဂလိပ်လို ပြန်ဆို ရွတ်ပြနေသည်။ အခြား လုံးဝ ပြောဆိုခွင့်မရသူ နှစ်ဦးမှာ ထိုလူများ ရွတ်ဖတ်နေသည်ကို မိမိတို့ နားလည်ကြောင်း ပြသနိုင်ရန် ခေါင်းတဆတ်ဆတ် ညိတ်နေရသည်။
လက်ဖက်ရည်ဆိုင်ထဲမှ ကျွန်တော် ထခဲ့သည်။ ဘူတာရုံကို သွားဖို့လည်း အချိန် စောလွန်းသေးသည်။ မြို့အရှေ့ဖျားဆီသို့ လမ်းမကြီးအတိုင်း လျှောက်ခဲ့သည်။ အရက်ဖြူဆိုင်ထဲ ဝင်ပြီး အရက် အနည်းငယ် သောက်ခဲ့သည်။ မြို့အရှေ့ဖျား ရေမြောင်းဆီ လမ်းဆက်လျှောက်ခဲ့သည်။ ဟိုအရှေ့ဘက်မှာ တောင်တန်းကြီးတွေက မှိုင်းပျမှုန်ရီလို့။ မြို့ မြောက်ဘက်မှာရှိသည့် တောင်တော်မြတ်ဆီက ဘုရားပုထိုးတွေ ဖြူဖြူဖွေးဖွေးနှင့်။ လမ်းမ တစ်လျှောက်မှာတော့ အဝေးတောင်ပေါ်မြို့တွေက ဆင်းလာသည့် ကုန်ကားကြီးတွေ မောင်းနှင်သွားကြသည်။ ညနေ နေချိုသမ်းချိန်မို့ တဖြည်းဖြည်း လူစည်ကားလာပြီ။ ညနေ ကိုးနာရီကျော်သည်ထိ စည်ကားနေဦးမည်။ နေဝင်ဖျိုးဖျ ညနေဆည်းဆာ အောက်တွင် ဆယ်နှစ်ကျော်မျှ ကျွန်တော် နေထိုင်ခဲ့သည့် မြို့ကလေးမှာ ကျွန်တော့်အတွက် သူစိမ်းဆန်လွန်းလှပါဘိ။
အို… ဘာကို ကျွန်တော် လွမ်းနေမိပါလိမ့်။ ဤမျှ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော အရပ်ဒေသတစ်ခုမှ အခြား တစ်မြို့တစ်ရွာသို့ ထွက်ခွာသွားတော့မည့် သည်လိုအချိန်တွင် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်စရာ မိတ်ဆွေ တစ်ဦးတလေတော့ ရှိသင့်သည်ဟု တွေးမိသဖြင့် ရင်ထဲတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
သည်မြို့ကလေး၌ ကျွန်တော် မရှိတော့ခြင်းကို လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကျန်ရစ်မည့် တစ်စုံတစ်ယောက် အတွက် လှိုက်လှဲပူနွေးသော ဝမ်းနည်းမှုမျိုးကို ခံစားလိုက်ချင်သည်။ ခင်မင်ရင်းနှီးသော မိတ်ဆွေ တစ်ဦးဦး၊ ချစ်သူရည်းစား တစ်ယောက်ယောက်၊ ကြည်ညိုလေးမြတ်ရမည့် ပုဂ္ဂိုလ်တစ်ဦးဦး၊ အမိအဖလို တွယ်တာရမည့် အဘိုးအို တစ်ယောက်၊ ချစ်ရဖွယ် ကလေးငယ် တစ်ဦးဦး စသည်ဖြင့်ပေါ့လေ။ အထီးကျန်ဘဝ၌ ဝမ်းနည်းစရာ မရှိသည့်အတွက် ဝမ်းနည်းရသည့် ဝေဒနာမှာ ဝမ်းနည်းစရာရှိပြီး ဝမ်းနည်းရသည့် အဖြစ်ထက်ပင် ပို၍ ဝမ်းနည်းဖို့ ကောင်းလှတော့သည်။
ကိုကျောက်ခဲ၊ ကိုဆွေးမောင်၊ ဌေးရဲ့ချစ်သူ၊ သေဆုံးသွားပြီ ဖြစ်တဲ့ ကံဆိုးလွန်းလှသူ ကျွန်တော့်မိတ်ဆွေ စတဲ့ စတဲ့။ ကျွန်တော်သည် ထိန်းချုပ်မှုမဲ့ ကွဲအက်နေသော ဝိညာဉ်များနှင့်သာ ထိတွေ့ ဆက်ဆံခဲ့ရပြီး ဤသူများသည်လည်း ကျွန်တော်ကဲ့သို့ပင် လွင့်စဉ် ဖွာကြဲနေသော သူတို့ဘဝနှင့် လျော်ညီစွာ ဥပေက္ခာ ဆန်လွန်းကြသည်။ သူတို့ကိုပင် ကျွန်တော့် နှလုံးအိမ်မှ တိုးတိတ်သော စကားသံများဖြင့် နှုတ်ဆက်ခဲ့ရတော့မည်။ သူတို့ကိုပင် သည်ကနေ့ မတွေ့ရသေး။ ကိုဆွေးမောင်ကတော့ သူ့အိမ်မှာ ပန်းနာရင်ကျပ် ရောဂါထနေလိမ့်မယ် ထင်တယ်။ ဌေးရဲ့ ချစ်သူကတော့ တောအရက်ဆိုင် တစ်ဆိုင်ဆိုင်မှာ ရှိလိမ့်မည်။ သူသည် နေ့ရော ညပါ အရက်သောက်သူ ဖြစ်သည်။ ကိုကျောက်ခဲကတော့ အရက်မသောက်တတ်၊ လမ်းမပေါ်တွင် လျှောက်သွားနေမည်လား။ လက်တစ်ဖက်က ခါးကိုထောက်ပြီး မြူဝေ့ဆိုင်းသော မျက်လုံးအစုံဖြင့် တစ်နေရာရာမှ ရပ်ပြီး တစ်နေရာရာဆီ ငေးကြည့်နေမည်လား။ ရေပုပ်မြောင်း တံတားခုံပေါ်မှာ လက်နှစ်ဖက်ဖြင့် ဒူးကို သိုင်းယှက်ပြီး မြူဝေ့ဆိုင်းသော မျက်လုံးအစုံဖြင့် ရီဝေငေးမောစွာ ထိုင်နေမည်လား။
သည်လို အဝေးမြို့ တစ်မြို့ဆီ အပြီးအပိုင် ထွက်ခွာသွားတော့မည့် အချိန်တွင် လိင်မတူသည့် မိန်းမသား တစ်ဦးဦးအား အားရပါးရ ပွေ့ဖက် နှုတ်ဆက်လိုက်ရလျှင် ဘယ်လောက် ကောင်းမည်နည်း။ အဲသည့် မြင်ကွင်းကလေးဟာ သိပ်ကို အနုပညာဆန်သွားလိမ့်မည်။ အို… လိင်မတူတဲ့ မိန်းမတစ်ယောက်ယောက်။ ကျွန်တော် သတိရပြီ။ လိင်မတူတဲ့မိန်းမ တစ်ယောက်ယောက်။ ကျွန်တော် တစ်ခါတုန်းက ရောက်ဖြစ်ခဲ့ဖူးသော အိမ်ကလေးကို သွားပြီး သတိရသည်။
အဲသည်မှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို အဆင်သင့် စောင့်မျှော်နေနိုင်သည်။ ဟိုတစ်ခါတုန်းက သူမ မဟုတ်ခဲ့လျှင် အခြား တစ်ယောက်ယောက်ပေါ့။ တစ်ယောက်ယောက်တော့ တစ်ယောက်ယောက်ပေါ့။ ကိုဆွေးမောင်၊ ကိုကျောက်ခဲ၊ ဌေးရဲ့ချစ်သူ စတဲ့ သူတို့ အပြင် ကျွန်တော့်မှာ လိင်မတူသည့် မိန်းမသား တစ်ယောက်လည်း မိတ်ဆွေ ရှိခဲ့ဖူးကြောင်း၊ ပြန်အမှတ်ရမိတော့ ပျော်ရွှင်သလို ခံစားလိုက်ရသည်။
အဲသည် အိမ်ကလေးဆီ ကျွန်တော် သွားမည်။ အဲသည်မှာ တွေ့ရမည့် တစ်ယောက်ယောက်။ တစ်ခါမျှ မတွေ့ကြုံ မသိကျွမ်းဖူးသော်လည်း သူမက ကျွန်တော့်ဆီမှ မိတ်ဆွေဖြစ်မှုကို ဝမ်းသာကြည်းနူးစွာ လက်ခံမည်။ ကျွန်တော့် ရင်ထဲက ဝမ်းနည်း ကြေကွဲမှုတွေကို သူမက မျှယူသွားလိမ့်မည်။ သူမကိုပဲ ကျွန်တော် နှုတ်ဆက်စကား ပြောရမည်။ ကျွန်တော့် တစ်ကိုယ်လုံး တင်းမာကိုက်ခဲနေသည့် စိတ်ဆန္ဒတွေ အာရုံကြောတွေ ပြေလျော့သွားလိမ့်မည်။ သူမသည် သည်မြို့ကလေးမှ ကျွန်တော်၏ တစ်ဦးတည်းသော မိတ်ဆွေအဖြစ် တိုင်တည် သစ္စာပြုခဲ့မည်။ ကျွန်တော့် ဘဝ၏ အထီးကျန်ဆန်မှုတွေကို သူမအား ရင်ဖွင့်ပြခဲ့မည်။
လမ်းကျဉ်းကလေး တစ်ခုထဲ ကျွန်တော် ချိုးဝင်လိုက်သည်။
ကျွန်တော့် ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည်။ သည်နေ့ည ထွက်မည့် ရထားနှင့် ကျွန်တော် ခရီးသွားရမှာပဲ။ ဟိုမှာ အမေနှင့် အဖေတို့ စောင့်မျှော်နေကြမည်။ ဆယ်နှစ်ကျော် ကြာသည်ထိ ပြန်မလာသည့် သားတစ်ယောက်ကို သူတို့ စောင့်မျှော် နေကြလိမ့်မည်။ ကျွန်တော် ပြန်လာနိုင်ဖို့ သူတို့ အသေအချာ စီစဉ်ပြီးကြပြီ။ သည်နေ့ ညရထားဖြင့် လိုက်လာခဲ့မည့်အကြောင်း ကျွန်တော်ကိုယ်တိုင် သံကြိုးရိုက်ပြီးပြီ။ ပြီးတော့ ဟိုမှာ တစ်စုံတစ်ယောက်။ ကျွန်တော့် ဇနီးလောင်းပေါ့လေ။ ကျွန်တော် ပြန်ရောက်လာမည့် နောက်တစ်ရက် ညမှာပဲ စေ့စပ်ပွဲကလေး ကျင်းပဖို့ နှစ်ဖက်မိဘတွေ အစုံအလင်နှင့် ကျွန်တော့်ကို စောင့်မျှော်နေကြလိမ့်မည်။
အချိန်ရပါသေးသည်။ ကျွန်တော် ရှေ့ဆက်လှမ်းခဲ့သည်။ ဟိုတစ်ညတုန်းက ရောက်ခဲ့ရသည့် အိမ်ကလေးဆီကိုပဲ အလင်းရောင် မှုန်ဝါးဝါးအောက်တွင် လူတစ်ယောက်နှင့် ရပ်ပြီး ငါးမိနစ်မျှ စကားပြောခဲ့ရသေးသည်။ ပြီးတော့ သွပ်မိုးအိမ်တစ်လုံး၏ အပေါ်ထပ် လှေကားအတိုင်း တက်ခဲ့သည်။ “အပေါ်ထပ် ညာဘက် အစွန်ဆုံး အခန်း… အပေါ်ထပ် ညာဘက်အစွန်ဆုံး အခန်း” ။ ဟိုလူပြောလိုက်သော စကားလုံးများကို ပြန်ရွတ်ရင်း အခန်းရှေ့ ရောက်လာသည်။ တံခါးပေါက်ကို တွန်းဖွင့်လိုက်သည်။
သူ၏ ရင်ခွင်ထဲမှာ ငိုရှိုက်နေဆဲ ကျွန်တော် စီးနင်းလိုက်ပါမည့် ရထားဟာ အဝေးကို ထွက်သွားခဲ့ပြီ။
◾
မနာမြေ ကချင်လွယ်အိတ်နှင့် နစ်ရှေး၏ အံသွားတစ်ချောင်း
ဤနေရာတွင် ကဗျာဆရာတစ်ဦး နေထိုင်ခဲ့ဖူးပေသည်။ ယခု သူသည် ပို၍ ခိုင်မာသော၊ ပို၍ သေချာသော၊ ပို၍ သာယာပျော်ရွှင်ဖွယ် ကောင်းသော အမှန်တရားကို ရှာဖွေရန် ကဗျာဆရာဘဝကို စွန့်လွှတ်သွားချေပြီ။
ကဗျာဆရာ နေထိုင်ခဲ့သည့် ခုတင်ခေါင်းရင်းတွင် မြေဖြူတစ်ချောင်းဖြင့် စိတ်ကူးတည့်ရာ လျှောက်ပြီး ကျွန်တော် ရေးခြစ်နေမိသည်။ ထိုနေ့ညက တစ်ညလုံးပင် ကျွန်တော် အိပ်မပျော်ခဲ့။
ကဗျာဆရာနှင့် ကျွန်တော်တို့နှစ်ဦး၏ ခွဲခွာမှု အောက်မေ့အမှတ်ရစရာ ကောင်းလှပါပေသည် ဟု သုံးနှုန်းမည်ဆိုလျှင် ထိုစကားသည် ကျွန်တော့်အတွက်သာ တစ်ဖက်သတ် မှန်ကန်နေလိမ့်မည် ထင်ပါသည်။ ကဗျာဆရာအဖို့မှာကား ကျွန်တော်ကဲ့သို့ ခံစားရကောင်းမှ ခံစားရပေလိမ့်မည်။ သူက စွန့်ခွာသူ၊ ကျောခိုင်းထွက်ခွာသူ၊ ကျွန်တော်က ကျန်ရစ်သူ၊ သူ့အမွေကို ဆက်ခံရသူ။
ကျွန်တော်တို့ နှစ်ဦး လက်ပြနှုတ်ဆက် ခွဲခွာပြီးပြီးချင်းပင် ကျွန်တော့်မှာ သူ့အား သတိရတမ်းတစိတ်များဖြင့် မြို့တော်၏ လမ်းမကြီးများပေါ်တွင် တစ်ယောက်တည်း လျှောက်သွားနေမိတော့သည်။ သူနှင့်အတူ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေးမှ ထပြန်လာသောအခါ မှောင်ရီပျိုးပျ ဆည်းဆာချိန်ပင် ကျရောက်နေပါသည်။
***
၁၉၈၀ ခုနှစ်၊ လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၁၅ နှစ် ပတ်ဝန်းကျင် ကာလက ဖြစ်ပါသည်။ ၁၀ တန်းစာမေးပွဲကို အောင်မြင်ပြီးနောက် မန္တလေးမြို့ကို ကျွန်တော်ရောက်ခဲ့သည်။ ရရာ အလုပ်တစ်ခုခု လုပ်၍ စာပေးစာယူဖြင့် တက္ကသိုလ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ဖြစ်ပါသည်။ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် ၂ လကျော် ၃ လနီးပါး ကပ်ရပ်နေထိုင်ပြီးနောက် အိမ်ခန်းကလေးတစ်ခန်း ငှားနိုင်ခဲ့သည်။ ကံအားလျှော်စွာပင် ရုံးကြီးတစ်ရုံး၌ အောက်တန်းစာရေး အလုပ်ကလေးတစ်ခု ရရှိခဲ့ပါသည်။
ကျွန်တော် ငှားနေသည့် အခန်းကလေးမှာ သွားရေးလာရေး အဆင်ပြေပါသည်။ စက်မှုလက်မှု သိပ္ပံကျောင်းကြီး၏ နောက်ကျောဘက်တွင် ရှိပြီး ဆရာအတတ်သင် ကျောင်းနှင့်လည်း အလှမ်းမဝေးလှပါ။ ကျွန်တော့်အလုပ်ရှိရာ ရုံးသို့ သွားဖို့တော့ လမ်းသုံးဆယ်ပေါ်က မှတ်တိုင်ရှိရာသို့ နှစ်ပြကျော်ကျော်လောက် လမ်းလျှောက်ရပါသည်။ နှစ်ယောက်တွဲ အခန်းဖြစ်၍ ကျွန်တော့်အရင် ရှိနေနှင့်သူမှာ အင်ဂျင်နီယာ ကျောင်းသားတစ်ဦး ဖြစ်သည်။ မည်သည့် အကြောင်းကြောင့် မှန်းတော့ မသိ၊ ကျွန်တော်နှင့် တစ်ခန်းတည်းနေသူ ထိုကျောင်းသားမှာ စာမေးပွဲကြီးဖြေဖို့ တစ်လကျော်ကျော် အလိုလောက်တွင် ကျောင်းမှ အပြီးအပိုင် ထွက်သွားပါသည်။ အခန်းသို့ လုံးဝ ပြန်ရောက်မလာတော့ပါ။ သူ့သေတ္တာနှင့် အဝတ်အစားများကိုပင် တစ်ဆောင်တည်းနေ သူ့သူငယ်ချင်းများက သိမ်းဆည်းပြီး သူ့အိမ်သို့ ပို့ပေးလိုက်ရသည်ဟု ဆိုပါသည်။ ထိုကျောင်းသားမှာ ရေဦးနယ်မှ ဖြစ်ပြီး သူ့သူငယ်ချင်းများ၏ ပြောစကားအရ ရေဦးတွင် မိန်းမတစ်ယောက် ရှိခဲ့ပြီး၊ မြို့ထဲတွင်လည်း မိန်းမတစ်ယောက် ရှိနေသည်ဟု သိရပါသည်။ အချို့ကလည်း ဖဲကြွေးတွေ အတော်များများ ရှိနေသည်ဟု ပြောကြပါသည်။ သူ့ဇာတိ ရေဦးသို့လည်း ပြန်ရောက် မလာဘဲ နောင်နှစ်များ၌ သူ့သူငယ်ချင်းများ ပြောပြောနေသည့် စကားအရ မြန်မာပြည် အရပ်ရပ်ရှိ ဖဲဝိုင်းများတွင် တွေ့ရတတ်သည်ဟု ဆိုပါသည်။ ထို့ထက်ပို၍ကား သူ့အကြောင်း ကျွန်တော် ဘာမျှမသိတော့။ သူ့အမည်ကိုပင် ကျွန်တော့် မမှတ်မိတော့ပါ။ ထိုသူ ထွက်သွားခြင်းသည် ကျွန်တော့်အခန်းသို့ ကဗျာဆရာ ရောက်လာခြင်း၏ အကြောင်းရင်းပင် ဖြစ်ပါတော့သည်။ ကျွန်တော်တို့နှင့် တစ်ဆောင်တည်း နေပြီး သူနှင့် ကဗျာရေးဖော် ကျောင်းသားများ၏ အဆက်အသွယ်ဖြင့် ကဗျာဆရာသည် ခုတင်တစ်လုံး အားလပ်နေသော ကျွန်တော့်အခန်းသို့ ရောက်လာခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ တစ်ဆောင်လုံးတွင် ကျောင်းသားအများစု ဖြစ်ပါသည်။ ကျွန်တော်ကတော့ ကျောင်းသား ဆိုသည်ထက် ရုံးအလုပ်သမားဆိုလျှင် ပို၍ မှန်ပါလိမ့်မည်။ အခြားအခန်း တစ်ခန်းတွင် အသက် ၄၀ခန့် အရွယ် ရုံးစာရေးကြီး တစ်ဦးလည်း ရှိပါသည်။
နောက်ရောက်လာသည့် ကျွန်တော်နှင့် တစ်ခန်းတည်းနေသူကိုတော့ သူ့သူငယ်ချင်း ကျောင်းသားများ ခေါ်သည့်အတိုင်း ကဗျာဆရာဟု ခေါ်လိုက်ရသော်လည်း ကျွန်တော့်အဖို့တော့ နားမလည်လှပါ။ ကျောင်းသားလည်း မဟုတ်၊ အလုပ်သမားလည်း မဟုတ်၊ ရုံးဝန်ထမ်းလည်း မဟုတ်ဘဲ ဘာမလုပ်မှ မလုပ်ဘဲ ကဗျာရေးသည့် အလုပ်ကို လုပ်နေသည် ဆိုခြင်းအတွက် ကျွန်တော့်အဖို့တော့ နားလည်ရန် ခက်လှပါသည်။ ကျွန်တော်နှင့် ကဗျာဆရာတို့၏ ပေါင်းစပ်ဖွဲ့စည်းမှုမှာ အတန်အသင့်တော့ ကမောက်ကမ နိုင်လှပါသည်။ ကဗျာဆရာက သူ့ကိုယ်သူ အနုပညာသမားဟု ဆိုသည်။ အနုပညာဆိုတာကို ကျွန်တော်က ဘာမှန်းမသိ၊ စိတ်လည်း မဝင်စား၊ ကျွန်တော်က ပုံစံအတွင်းမှာ ကျင်လည် လှုပ်ရှားရသည့် ရုံးဝန်ထမ်းတစ်ဦး။ မတူညီကြသော်လည်း ကျွန်တော်တို့နှစ်ဦးမှာ တစ်အိမ်တည်း တစ်ခန်းတည်း အတူနေသူတွေ ဖြစ်နေကြရသည်။ ထိုအခြေအနေ၏ ပထမပိုင်းကာလများ၌ ကျွန်တော့်အဖို့ အထာမကျ ဖြစ်ခဲ့ရသလို ကဗျာဆရာအဖို့လည်း ကျွန်တော့်အတွက် စိတ်အနှောင့်အယှက် ဖြစ်ရမည်မှာ သေချာလှပါသည်။ မည်သို့ပင်ဖြစ်စေ ကိုယ့်ဘဝ ကိုယ့်လမ်းကြောင်း ကိုယ့်အခြေခံနှင့်ကိုယ် လာခဲ့ကြသည်မို့ ကိုယ့်အလေ့အထ ကိုယ့်ဓလေ့စရိုက်နှင့်ကိုယ် ဖြစ်နေခြင်းအတွက် ကိုယ့်ဘက်ကတော့ ကိုယ့်အမှန်တရားနှင့် ကိုယ်သာ ဖြစ်နေပါတော့သည်။ ကျွန်တော်က အတန်အသင့် စည်းနှင့်ကမ်းနှင့် နေချင်သည်။ ကဗျာဆရာက ကျွန်တော်မရှိချိန်တွင် ကျွန်တော် သပ်သပ်ရပ်ရပ် ခင်းထားသည့် အိပ်ရာပေါ် တက်အိပ်ချင် အိပ်တတ်သည်။ ဆေးလိပ်တိုများကို ဆေးလိပ်ခွက်ထဲ မထည့်ဘဲ ခုတင်ဘေးမှာပင် တင်ထားတတ်သည်။ ကျွန်တော့် မျက်နှာသုတ် တဘက်ကို ယူသုံးသည်။ သွားတိုက်ဆေးဘူးလောက် ယူသုံးသည်ကို ကျွန်တော် မနှမြောပါ။ သို့ရာတွင် သွားတိုက်တံကိုတော့ ကျွန်တော်မှတစ်ပါး အခြားသူများနှင့် ရောမသုံးလိုပါ။ အခန်းတံခါးသော့ တစ်ယောက်တစ်ချောင်းစီ ရှိသော်လည်း ကျွန်တော်ရုံးမှ ပြန်လာချိန်တွင် အခန်းတံခါး ဖွင့်လျက်သား တံခါးပေါက် မပိတ်ဘဲ လျှောက်သွားနေတတ်သည်။
သူနှင့် ကျွန်တော့်ကြား အခြား မတူညီတာတွေလည်း များစွာ ရှိပါသည်။ တစ်ခန်းတည်း အတူနေသူတွေ ဖြစ်သော်လည်း တစ်ယောက်စကား တစ်ယောက် စိတ်ဝင်စားမှု မရှိကြ။ ကျွန်တော့်အကြောင်း ရုံးကိစ္စ ပြဿနာများ၊ ကျွန်တော့်ဘဝ အခက်အခဲများကို နှစ်ယောက်တည်း ရှိချိန်မို့ သူ့အား ပြောမိလျှင် ကျွန်တော့စကားကို လုံးဝ စိတ်ဝင်စားမှု မရှိဘဲ သူ့စာအုပ်ကိုသာ သူ ဖတ်နေတတ်သည်။ ကျွန်တော် ပြောနေတုန်း အခန်းပြင်ဘက် ထွက်ချင် ထွက်သွားတတ်သည်။ တစ်ယောက်နှင့် တစ်ယောက် အိပ်ချိန် မတူညီကြခြင်းကလည်း ဆိုးသည်။ ကျွန်တော်က ရုံးအလုပ်သမားမို့ အချိန်နှင့်စား၊ အချိန်နှင့်သွား၊ အချိန်နှင့် အိပ်ရသူ။ ကျွန်တော့်အဖို့ အိပ်ချိန်ရောက်၍ အိပ်မည်ကြံသော်လည်း ကဗျာဆရာမှာ သူ့အပေါင်းအသင်းများနှင့် စကားကောင်းဆဲ။ သူ့အပေါင်းအသင်းတွေက ကျွန်တော့်အိပ်ရာပေါ် တုံးလုံးပက်လက်။ အဆိုးဆုံးမှာ တစ်ယောက်နှင့် တစ်ယောက် ဘာသာစကား မတူညီကြခြင်းပင်။ ကျွန်တော် ထိတွေ့နေရသည့် အကြောင်းအရာများကို သူ ဘယ်တော့မှ စိတ်မဝင်စား နိုင်သလို သူ ပြောပြောနေသည့် အနုပညာအကြောင်း၊ ကဗျာအကြောင်း ဆိုတာကိုလည်း ကျွန်တော့်တစ်သက်လုံး သဘောပေါက်လိမ့်မည် မထင်။
***
“ဟေ့လူ… ဟေ့လူ… စာရေးကြီး ထတော့လေဗျာ၊ ဆွမ်းကျွေး ဖိတ်ထားတာ သွားရအောင်လေ၊ ရှစ်နာရီတောင် ထိုးတော့မယ်”
ကဗျာဆရာက ကျွန်တော့အား လှုပ်နိုးလိုက်သဖြင့် အိပ်ရာမှ လူးလဲထလိုက်ရသည်။ မိတ်ဆွေတစ်ယောက် ဖိတ်ထားသည့် ဆွမ်းကျွေးသို့ သွားပြီး စားသောက်ရန် ကဗျာဆရာမှာ ဝီရိယကောင်းကောင်းဖြင့် စောစောစီးစီး နိုးနေဟန်တူသည်။
ကျွန်တော်တို့နှစ်ဦး တစ်ခန်းတည်း အတူ နေလာခဲ့ကြသည်မှာ သုံးနှစ်ကာလပင် ကျော်လွန်ခဲ့လေပြီ။ ထိုအချိန် အတိုင်းအတာ ကာလ၌ကား အခြေခံ ဓလေ့စရိုက်ချင်း မတူညီကြသော်လည်း လွန်ကဲသော အတ္တမာန မရှိကြသူတွေမို့ အတူနေခဲ့ကြသော နှစ်ကာလ အတိုင်းအတာအရ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားချစ်ခင်မှု ရှိခဲ့ကြပေပြီ။ အထူးသဖြင့် စာရေးသောက်ရေး ကိစ္စ၌ နှစ်ယောက်စလုံးပင် ပြည့်စုံသည့်သူများ မဟုတ်သည့်အတွက် တစ်ယောက်နှင့် တစ်ယောက် စာနာနားလည်မှု ရှိခဲ့ကြသည်။
ဤအဆောင်တွင် အတူ နေထိုင်ခဲ့ကြသည့် ခင်မင်ရင်းနှီးသော ကျောင်းသားများလည်း ပြောင်းကြ၊ ရွေ့ကြ၊ လာကြ၊ သွားကြဖြင့် အရင်းနှီးဆုံး၊ သက်တမ်းအရှည်ဆုံး ဆို၍ ကျွန်တော်တို့နှစ်ဦးသာ ကျန်တော့သည်။ ရုံးစာရေးကြီးလည်း နယ်မှ သူ့မိသားစု လိုက်လာသဖြင့် အခြားအိမ် တစ်အိမ်သို့ ပြောင်းရွှေ့သွားလေပြီ။
အခုတော့ ကျွန်တော်တို့ နှစ်ဦးမှာ တစ်ယောက်အကြောင်း တစ်ယောက် နားလည်ခဲ့လေပြီ။
ကဗျာဆရာမှာ ဆယ်တန်းတစ်နှစ်ကျပြီး စာမေးပွဲ ဆက်မဖြေတော့ဘဲ အနုပညာနယ်သို့ ခြေစုံပစ်ဝင်ခဲ့သည် ဟု ဆိုသည်။ မိဘအိမ်တွင် နေရင်း၊ ကဗျာရေးရင်း အချိန်ကုန်ခဲ့ရာမှာ မိဘများက မိန်းမပေးစားပြီး စီးပွားရေးနယ်ထဲ ဝင်ရန် ဇွတ်တိုက်တွန်းသဖြင့် မန္တလေးမြို့သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အခုတော့ စီးပွားရေး အတန်အသင့် ပြည့်စုံပြီး သံယောဇဉ် မဖြတ်နိုင်သည့် မိဘများက သူ့အား ရံဖန်ရံခါ ထောက်ပံ့ကြောင်း သိရှိရသည်။ သူတို့သားရှိရာ မန္တလေးမြို့သို့ နှစ်ခေါက်၊ သုံးခေါက် လိုက်လာဖူးခဲ့သဖြင့် ကျွန်တော်နှင့်ပင် အတန်အသင့် ရင်းနှီးနေကြပြီ။
“လူလေးရယ် … မင်းသူငယ်ချင်းကြီးကတော့ သူထင်ရာသူ လုပ်တာပဲကွယ့်၊ အမေတို့ကတော့ သူ့ဟာတွေ နားမလည်ပါဘူး။ သူစိတ်ချမ်းသာရာ လုပ်ပါစေတော့ ဆိုပြီး ပစ်ထားလိုက်တာပါပဲ။ ပြီးတော့ ဘာတဲ့ကွယ် စိတ်တန်ခိုး လေ့ကျင့်ခန်းဆိုလား၊ ဘာလား မသိပါဘူး။ အဲဒါတွေလဲ ရှစ်တန်းလောက်ကတည်းက လုပ်တာ ဘာတွေမှန်းကို မသိပါဘူး”
သူ့အမေကြီး ပြောသွားသည့် စကားများကိုလည်း ကျွန်တော့်နားမှာ မကြာမကြာ ကြားနေမိတတ်သည်။
ကျွန်တော်လည်း စာပေအနုပညာ ဆိုတာကို ဘာမှန်းမသိခဲ့သော်လည်း လူပုဂ္ဂိုလ် ခင်မင်မှုအရ သူရေးသည့် ကဗျာများ မဂ္ဂဇင်းထဲ ပါလာသောအခါ မလွတ်တမ်း ဖတ်မိနေပြီ။ သူ့ကဗျာများကို အကြောင်းပြုပြီး အခြားကဗျာများ၊ ဝတ္ထု၊ ဆောင်းပါးများမှအစ လက်လှမ်းမီရာ ဂျာနယ်၊ မဂ္ဂဇင်းများ ဖတ်သည့်အကျင့် ရခဲ့လေပြီ။ အခုချိန်မှာတော့ သူ့ကဗျာများကို မဂ္ဂဇင်းတိုက်များသို့ မပို့မီ လက်ရေးစာမူ အဆင့်မှာပင် ကျွန်တော့်အား ယုံကြည်စိတ်ချစွာ ပြသည့် အနေအထားသို့ပင် ရောက်ခဲ့လေပြီ။ ပြောရလျှင် သူ့စာမူ တော်တော်များများကို ပထမဆုံး ဖတ်ခွင့်ရသူဟုပင် ဂုဏ်ယူဝင့်ကြွား နိုင်ပေပြီ။ ကျွန်တော်နှင့် သူ့ကဗျာများသည်ကား ခွဲခြားမရအောင် ပေါင်းစပ်မိပေပြီ။
ကျွန်တော့် အရည်အချင်း တိုးတက်လာပြီဟု သူက ကျွန်တော့်ကို ချီးကျူးပါသည်။ ချီးကျူးမည် ဆိုလျှင်လဲ ချီးကျူးလောက်စရာပဲ။ အဘယ်ကြောင့်ဆိုသော် တစ်ခါမျှ မကြားဘူးသည့် နိမိတ်ပုံ၊ သင်္ကေတ၊ အင်းမိတ်ဂျ်၊ ဗဟုဝါဒ၊ ခေတ်ပြိုင်၊ စာပေရေစီးကြောင်း၊ အလှရသ၊ ကြည်အေး၊ ဒဂုန်တာရာ၊ ကက်ဖကာ စသော စကားလုံးများကို သူနှင့် သူ့သူငယ်ချင်းများကြား အထစ်ငေါ့မရှိ ဝင်ရောက် ဆွေးနွေးနိုင်ပြီ ဖြစ်သောကြောင့်ပင်။ နှစ်နှင့်ချီ၍ သူ့ကဗျာများကို အကြိမ်ကြိမ် အခါခါ ဖတ်မိလာသောအခါ သူရေးပြီးသား ကဗျာများကိုသာမက သူမရေးရသေးသည့် ကဗျာများကိုပင် အလွတ်ရသလို ဖြစ်နေခဲ့လေပြီ။ ဆိုလိုသည်မှာ သူရေးနေကျဖြစ်သည့် သူ့ကဗျာများ၏ ဟန်၊ သူ့ကဗျာများ၏ ပုံသဏ္ဌာန်နှင့် စကား လုံးများကို စိတ်ထဲ၌ အလွတ်ကျက်မှတ်ထားသလို စွဲနေခြင်းပင် ဖြစ်ပါသည်။ ဥပမာ–
ကမ္ဘာကြီးရေ။
ဟေ။
ပန်းပွင့်တွေ။
ကြွေ။
ငါချစ်သလေ။
အမေ။
စသော အချိုးသတ်ကာရန်များမှာ သူ အသုံးပြုနေကျ ကာရန်များပင် ဖြစ်ပါသည်။
ထိုကာရန်များ၊ စကားလုံးများနှင့် အသုံးအနှုန်းများမှာ ကဗျာလင်္ကာနှင့် မရင်းနှီးခဲ့သော ကျွန်တော့်ကိုပင်လျှင် ရင်းနှီးစွဲမှတ်နေစေသည့် သူအသုံးပြုနေကျ ပုံစံများပင် ဖြစ်ပါသည်။
အခုအချိန်တွင် ကျွန်တော့်မိတ်ဆွေ ကဗျာဆရာနှင့် ပတ်သက်ပြီး ချန်လှပ်မထားသင့်ဘဲ ပြောရမည့် အကြောင်းအရာတစ်ခု ရှိပါသည်။ ၎င်းမှာ အခြားမဟုတ်။ သူ့မိခင်ကြီး ပြောသွားသည့် စကားထဲတွင်ပါသည့် စိတ်စွမ်းအင်ဆိုင်ရာ တယ်လီပသီ လေ့ကျင့်ခန်းများကို အထူး စိတ်ပါဝင်စားခြင်းပင် ဖြစ်ပါသည်။ စိတ်ကို အဝေးသို့ပို့၍ ကမ္ဘာလောကကြီးကို ဖြန့် ကျက်ခြင်းဟု သူက ဆိုပါသည်။ မိုင်ပေါင်းများစွာ၌ ရှိသော အဝေးက အာရုံများကို စိတ်အာရုံ စူးစိုက်ဆင်ခြင်ခြင်းဖြင့် သိရှိနိုင်သည်။ သူ့စိတ်အာရုံများကိုလည်း အဝေးသို့ ပို့လွှတ်နိုင်သည်ဟု ဆိုသည်။ ၎င်းမှာ ကဗျာနှင့်လည်း ဆက်သွယ်မှုရှိသည်။ စိတ်တန်ခိုးစွမ်းအားကို လေ့ကျင့်ခြင်းဖြင့် ကဗျာကို ချဉ်းကပ်နိုင်သလို ကဗျာရေးခြင်းသည်လည်း စိတ်တန်ခိုး အဆင့်ဆင့် မြင့်တက်ရန် လေ့ကျင့်ခြင်းပင် ဖြစ်ပါသတဲ့။
“ကျွန်တော် လုပ်နေတာတွေဟာ ကျိုးကြောင်းဆင်ခြင်မှုမဲ့ အခြေခံအချက်အလက် မရှိပဲ လုပ်နေတာ မဟုတ်ဘူးနော်။ စက္ခုပသာဒ စတဲ့ ပသာဒရုပ် ငါးခုဟာ အာရုံ၊ အာရမ္မဏိက သဘောအရ သူတို့နဲ့သက်ဆိုင်တဲ့ ရူပါရုံ စတဲ့ အာရုံတွေကို အသီးသီး အာရုံပြုကြရတယ်။ အဲဒီမှာ စက္ခုပသာဒနဲ့ သောတပသာဒတို့ဟာ အသမ္ပတ္တဂါဟရုတွေ ဖြစ်တဲ့အတွက် ရောက်သေးတဲ့ အဝေးက အာရုံတွေကို ယူနိုင်ကြတယ်။ ဒါဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဘိဓမ္မာအရ ဖြစ်သလို သိပ္ပံနည်းလည်း ကျတယ်။ ဒါကြောင့်မို့ပေါ့ဗျာ အဝေးမှာ ရှိနေတဲ့ ရူပါရုံနဲ့ သဒ္ဒါရုံ (အရုပ်နဲ့အသံ) ကို ဖမ်းယူပြီး ရုပ်မြင်သံကြား ဆိုတာကို တီထွင်နိုင်တာပေါ့။ အဲ… ကျန်တဲ့ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကိုတော့ ရယူဖို့ မကြိုးစားလေနဲ့။ မြတ်စွာဘုရားက မဟောခဲ့ဘူး။ သူတို့က သမ္ပတ္တဂါဟရုပ်တွေလေ။ ခင်ဗျား စကော့တလန်မှာ ရှိတဲ့ ဝီစကီကို ဒီကနေလှမ်းပြီး သောက်လို့မရဘူး။ ပြင်သစ်ပြည်မှာ ရှိတဲ့ ပဲရစ်ရေမွေးနံ့ကို ဒီကနေလှမ်းပြီး မရှုရှိုက်နိုင်ဘူး။ ဟောလိဝုဒ်က မင်းသမီး ရှယ်ရွန်းစတုန်းကို ဒီကလှမ်းပြီး မပွေ့ဖက်နိုင်ဘူး”
လာပြန်ချေပြီ။ ကဗျာ ဆိုတာကိုမှ ရေးရေးပင် သဘောပေါက်ခါစ ရှိသေးသည်။ ထိုကိစ္စကိုတော့ သဘောပေါက်ခါစ ရှိသေးသည်။ လုံးဝ ဉာဏ်မမီတော့ပါ။ ၎င်းကိစ္စ၌ သူ ဘယ်အဆင့် ရောက်နေသည်ကို ကျွန်တော် မသိသော်လည်း ကဗျာဆရာကတော့ သူ့လေ့ကျင့်ခန်းများကို နေ့စဉ်မပြတ် ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။ ယခင်က နံနက်တစ်ကြိမ် ညတစ်ကြိမ်သာ ပြုလုပ်သော်လည်း ယခုအခါတွင် နေ့လည်နေ့ခင်းများပါ ပြုလုပ်နေပြီး ကဗျာရေးသည်ကိုလည်း မတွေ့ ရတော့ပါ။ ထိုကြောင့် သူ့ကဗျာအသစ်များကိုလည်း ကျွန်တော် မဖတ်ရတာ ကြာချေပြီ။
သူနှင့် ခင်မင်ရင်းနှီးကာမှ လက်ဖက်ရည်ဆိုင်ထိုင်ကျင့် ရခဲ့သည့် ကျွန်တော်က လက်ဖက်ရည်ဆိုင်သွားဖို့ ခေါ်သည်ကိုပင် သူ့မှာ လေ့ကျင့်ခန်းများ ပြုလုပ်ရန် အရေးကြီးနေသည့် အတွက် မလိုက်နိုင်ရှာ။
ဤလပိုင်းများ၌ ကဗျာဆရာမှာ ဝင်ငွေ လုံးဝမရှိသလောက်ပင် ဖြစ်ပါသည်။ မကြာမကြာ ပို့တတ်သည့် သူ့မိဘများထံမှလည်း ငွေရောက်မလာ။ ကဗျာမရေးနိုင်သည့်အတွက် စာမူခလည်း တစ်ပြားတစ်ချပ်မှ မရ။ ရံဖန်ရံခါ ပြုလုပ်နေကြအတိုင်း မိတ်ဆွေ သူငယ်ချင်းများထံမှ ချေးငှားခြင်းကိုသာ အဓိက အားပြုနေရတော့သည်။ ယခုအချိန်၌ သူနှင့် ကျွန်တော့်အဖို့မှာကား အထူးပြောစရာ မလိုတော့ဘဲ သူ့ရှိလျှင် ကိုယ်သုံး၊ ကိုယ့်ရှိလျှင် သူသုံး အနေအထားမျိုး ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော့လခမှာ ခေတ်ကာလ အခြေအနေအရ အလွန် နည်းပါးလှသည်ဖြစ်ရာ ကျွန်တော် တစ်ယောက်တည်းအပေါ် အားပြုပြီး ရပ်တည်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ကြောင်း နှစ်ဦးစလုံး သဘောပေါက်ပါသည်။ ကျွန်တော်ကလည်း ခပ်တုံးတုံးကောင် တစ်ယောက်သာ ဖြစ်သည်မို့ လခအပြင် ကြံတတ် ဖန်တတ်သူ မဟုတ်။
ကျွန်တော်က သူ့ကို ကဗျာရေးဖို့ အကြိမ်ကြိမ် တိုက်တွန်းပါသည်။ သူ့အနုပညာ ရှင်သန်ဖွံ့ဖြိုးရေးတွေ ဘာတွေကြောင့် မဟုတ်။ သူကဗျာရေးလို့ ငွေစကြေးစ အနည်းငယ် ရမည်ဆိုလျှင် ကျွန်တော်တို့ နှစ်ဦးအတွက် အတန်အသင့် အဆင်ပြေမည်ကို မှန်မှန်ကန်ကန် တွေးခေါ်တတ်သော အသိကြောင့်ပင် ဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်က ချစ်လှစွာသော ကဗျာဆရာကား၊ ကဗျာများကို ကျောခိုင်း၍ စိတ်စွမ်းအင်ဆိုင်ရာ လေ့ကျင့်ခန်းများကိုသာ နေ့ရောညပါ စဉ်ဆက်မပြတ် ပြုလုပ်နေပါတော့၏။
***
ကြီးကျယ်ခမ်းနားလှသော ကျွန်တော်၏ မဟာစီမံကိန်းကြီး ပေါ်ပေါက်လာရခြင်းမှာ အဖက်ဖက်က တောင်းဆိုနေသော အခြေအနေများကြောင့်သာ ဖြစ်ပါတော့သည်။ ဖြစ်ပျက်ခဲ့သမျှ အမှားအယွင်း အပြစ်အနာအဆာ ဟူသမျှမှာ ကျွန်တော့်ကြောင့်သာဟု ဆိုပါလျှင် ထိုအချိန်က ကျွန်တော့် အသိအမြင်၊ အယူအဆ အားလုံးမှာ ကျွန်တော်တို့နှစ်ဦး ပြေလည်စေရေးအတွက် စေတနာသက်သက်နှင့်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယုံကြည်စေချင်လှပါသည်။
ကဗျာစာပေ အနုပညာ၏ သဘောတရား အတိမ်အနက်နှင့် အနုပညာသမားတို့၏ ခံယူချက် ဆိုသည်ကို ကျွန်တော် နားမလည်ပါ။ လူ့လောကထဲက သာမန် လူမှုကိစ္စတစ်ခု အဖြစ်မျှသာ ကျွန်တော် သဘောပေါက်ပါသည်။ ထို့ကြောင့်ပင် သူ့ကို ကူညီသောအားဖြင့် သူ့ကိုယ်စား ကဗျာများ ရေးသားရန် ကျွန်တော် ဆုံးဖြတ်လိုက်မိပါသည်။ ဥပမာဗျာ … ခင်ဗျားနဲ့ ကျွန်တော်ဟာ အတူနေကြတဲ့ မိတ်ဆွေတွေ ဆိုပါစို့။ ခင်ဗျားဟာ ရေထမ်းရောင်းပြီး စီးပွားရှာရတဲ့ လူတစ်ယောက် ဆိုပါစို့။ ခင်ဗျား နေထိုင်မကောင်း ဖြစ်လို့ အလုပ် မလုပ်နိုင်တဲ့အခါ ခင်ဗျားစီးပွားရေး ထိခိုက်မယ် မဟုတ်လား။ ဒီအခါမှာ မိတ်ကောင်းဆွေကောင်း ပီသစွာ ခင်ဗျား ပို့နေကျ ဖောက်သည်တွေရဲ့ အိမ်ကို ကျွန်တော် ရေထမ်းပို့မယ်ဆိုရင် ခင်ဗျားကို ကူညီရာ မရောက်ပေဘူးလား။ ဒီသဘောတရား အတိုင်းပါပဲဗျာ၊ ကျွန်တော့်မိတ်ဆွေ ကဗျာဆရာ ကဗျာမရေးနိုင်တဲ့ အချိန်မှာ သူ့ကိုယ်စား ကျွန်တော် ကဗျာတွေ ရေးဖြစ်သွားတော့တာပါပဲ။
သူ ရေးပြီးသမျှ ကဗျာများကို အကြိမ်ကြိမ် အခါခါ ကျွန်တော် ပြန်ဖတ်ရသည်။ အရင်ကပင် ကျက်မိပြီးသား ဖြစ်သည်မို့ သူ့ပုံစံကို အလွယ်တကူပင် ကျွန်တော် ဖမ်းယူနိုင်ပါတော့သည်။
ကမ္ဘာကြီးရေ။
ဟေ။
ပန်းပွင့်တွေ။
ကြွေ။
ငါချစ်သလေ။
အမေ။
တစ်ပုဒ်၊ နှစ်ပုဒ်၊ သုံးပုဒ်၊ လေးပုဒ်၊ နောက်ဆုံးတွင် စိတ်ကျေနပ်လောက်စရာ သူ့လက်ရာနှင့် ခွဲခြားမရလောက်အောင် တူသည့် ကဗျာများကို စပ်ဆိုနိုင်ခဲ့လေပြီ။
***
“အောင်ပြီ… အောင်ပြီ အောင်ပြီဟေ့ အောင်ပြီ”
တစ်ညနေခင်းတွင် ထုံးစံအတိုင်း ကျွန်တော်ရုံးမှ ပြန်လာသောအခါ အခန်းထဲ ဝင်ဝင်ချင်း ကဗျာဆရာက ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး ဝမ်းသာအားရ အော်ဟစ်ပြောဆိုပါသည်။ သူ့ လက်ထဲတွင်လည်း မဂ္ဂဇင်းအသစ် တစ်အုပ် ကိုင်ထားသည်။ အခါတိုင်း ညနေခင်းများတွင် ကျွန်တော် ရုံးမှ ပြန်လာတိုင်း ကျွန်တော့်ကိုပင် နှုတ်မဆက်အားဘဲ သူ့ လေ့ကျင့်ခန်းများနှင့်သူ အလုပ်ရှုပ်နေသည်ကိုသာ တွေ့ရမြဲမို့ ကျွန်တော် အံ့အားသင့်သွားမိသည်။
“ဘာတွေ အောင်နေတာလဲဗျ၊ လုပ်စမ်းပါဦး၊ ရှယ်ရွန်းစတုန်းကို လှမ်းပြီး ဖက်လို့ရပြီလား”
“ဟား ဟား ဟား ဟား လာဗျာ၊ ကိုမောင်တိုင်း ဆိုင်ကျမှ မော့သောက်ကြရအောင်။ တယ်လီဗီးရှင်း ခလုတ်ကို နှိပ်လိုက်ရုံနဲ့ အရက်တွေက ကျွန်တော်တို့ ပါးစပ်ထဲ ရောက်လာမှာ မဟုတ်ဘူးနော်၊ ကဲ အရက်တွေက ကျွန်တော်တို့ဆီကို မလာတော့ ကျွန်တော်တို့က အရက်တွေ ရှိရာ သွားရသေးတာပေါ့"
ပြောပြောဆိုဆို အခန်းထဲမှ ထွက်သွားသည့်အတွက် ကျွန်တော့်မှာ လွယ်အိတ်ကို ကပျာကယာချိတ်ပြီး အဝတ်အစားကိုပင် မလဲအားဘဲ သူ့နောက်မှ ပြေးလိုက်ခဲ့ရသည်။ အစောကြီးပင် ကျွန်တော့်ကို မျှော်နေသည့်အကြောင်း၊ သည်ကနေ့မှ ရုံးဆင်း နောက်ကျလှကြောင်းနှင့် ရွှင်လန်း တက်ကြွစွာ တတွတ်တွတ် ပြောရင်း မောင်တိုင်းဆိုင်သို့ ချီတက်ခဲ့ကြသည်။
“နေ့လယ်ကမှ စာတိုက်က ရောက်လာတာဗျ၊ စာမူခရော၊ စာအုပ်ရော။ ရော့ ဖတ်ကြည့်စမ်းပါဦး”
သူ့လက်ညှိုးဖြင့် ညှပ်ထားသည့် စာမျက်နှာကို အလွယ်တကူ ဖွင့်လျက် ညာဘက်စာမျက်နှာ တစ်မျက်နှာကို ထောက်ပြပြီး မဂ္ဂဇင်းစာအုပ်ကို ကျွန်တော့်ဆီ ထိုးပေးရင်း ပြောသည်။ သူထောက်ပြသည့် စာမျက်နှာကို ကြည့်လိုက်သောအခါ ကျွန်တော်ကိုယ်တိုင်လည်း တုန်လှုပ်ချောက်ချား သွားရသည်။
ကျွန်တော့်ပါးစပ်ထဲမှ အဓိပ္ပာယ်ရှာမရသည့် အာမေဋိတ် သံတစ်ခု ထွက်ကျသွားသည်။
“အား”
“ပေးစမ်း… ပေးစမ်း နောက်ထပ် တစ်ပိုင်းပေးစမ်းဟေ့”
မဂ္ဂဇင်းစာအုပ်ကို ခပ်ဝေးဝေးသို့ တွန်းပို့ပြီး နောက်ထပ်ရောက်လာသည့် အပိုင်းပုလင်းထဲမှ အရက်ကို တစ်ဝက်နီးနီး ငှဲ့ထည့်ပြီး မြန်မြန် မော့သောက်ပစ်လိုက်သည်။
“ဘာလဲ မောင်ရင် အံ့အားသင့်နေသလား၊ ဟား ဟား ဟား ဟား ကဗျာ၊ ကဗျာ”
သူ့မှာ ဝမ်းသာပျော်ရွှင်လွန်း နေသည့်အတွက် “ကဗျာ… ကဗျာ” ဟူသော စကားလုံးကို ပီသအောင်ပင် မရွတ်ဆိုနိုင်တော့ပေ။ “ကသျာ ကသျာ” ဟု ကျွန်တော့်နားတွင် ကြားနေရတော့သည်။
“အေးဗျာ ဒီကဗျာကို မောင်ရင့်မပြဘဲ ပို့လိုက်မိတာတော့ စိတ်မရှိပါနဲ့၊ အင်းလေ ပြဖို့ဆိုတာလဲ ဖြစ်မှ မဖြစ်နိုင်တာကိုး”
သူ့တစ်ကိုယ်လုံးမှာ တက်ကြွလှုပ်ရှားပြီး ဝမ်းသာပျော်ရွှင်မှု အရိပ်အရောင်တို့ဖြင့် ဖုံးလွှမ်းနေလေတော့သည်။ ကျွန်တော့်မှာလည်း ဘာပြောရမှန်း မသိတော့ဘဲ ဝမ်းသာရတော့မှာ လိုလို၊ ရယ်ရတော့မှာ လိုလိုဖြင့် အူကြောင်ကြောင် နိုင်လှစွာ အံ့သြငေးမော နေမိတော့သည်။
“အင်း ကျုပ်ရေးခဲ့သမျှတွေထဲ မှာတော့ ဒီကဗျာဟာ အဆင့်အတန်း အမြင့်ဆုံးပါပဲဗျာ၊ ဒါကို ကျုပ် ဘယ်လိုရေးခဲ့တယ် ဆိုတာ မသိချင်ဘူးလားဟင်။ ဟား ဟား ကျုပ်ရဲ့ စိတ်တန်ခိုးစွမ်းအားနဲ့ ရေးလိုက်တဲ့ ကဗျာပေါ့ဗျာ”
ရှေ့ဆက်ပြီး ဘယ်လို ဆုံးဖြတ်ရမည် ဆိုသည်ကိုပင် ကျွန်တော့်မှာ အစဉ်းစားရ ကျပ်သွားပါသည်။
မဟုတ်ဘူး၊ မဟုတ်ဘူး။ သည်အတိုင်းတော့ မဟုတ်သေးဘူး သို့ရာတွင် နောက်ဆုံး၌ ကျွန်တော် စမိသည့် အလုပ်ကို ကျွန်တော် ဆက်ပြီး လုပ်ရပါသည်။ သူက စိတ်စွမ်းအင် လေ့ကျင့်ခန်းများကို လုပ်မြဲလုပ်နေသည့်အတွက် ကျွန်တော့်မှာလည်း ကဗျာများကို ရေးမြဲ ရေးနေရပါတော့သည်။ မဟုတ်ဘူး။ မဟုတ်ဘူး။ အင်း၊ ဘယ်လိုများ မှားယွင်းမှုများပါလိမ့်။ သူကလည်း သူ့ကဗျာများသည် တစ်နေ့တစ်ခြား ကောင်းမွန်တိုးတက် လာသည်ဟု အခိုင်အမာဆိုသည်။ ကျွန်တော့်မှာကား ဉာဏ်ရည်တုံးလှပြီ။ တစ်ခါတစ်ရံ ခြေချော်လက်ချော် ရှိသည့်အခါလည်း ရှိသည်။ သို့တိုင် ပါသည် မဟုတ်။ သို့ရာတွင် တစ်ပုဒ်တစ်လေမျှသာမို့ တော်ပေသေးသည်။ သူ့အမည်က၊ သူ့ကလောင်ဝိတ်က သေးလှသည်တော့ မဟုတ်။ မဟုတ်သည့်တိုင် ကျွန်တော့်ဉာဏ်ရည်က တစ်နေ့တစ်ခြား သေးသေးလာပြီ။
ထိုအခြေအနေမှာပင် ကျွန်တော့် ရုံးကိစ္စများက အရေးကြီးသော ကာလသို့ ရောက်လာခဲ့သည်။ စာရင်းစစ်ကာလ နီးလာပြီမို့ မအားလပ်အောင် ပြင်ဆင်နေရသည်။ စာရင်းများ စစ်ဆေးပြီး မကြာမီပင် နယ်သို့ သွားရောက်ရသည်။ သုံးလနီးပါးမျှ ကြာသည်။ ရုံးကိစ္စတာဝန်များဖြင့် မအားလပ်အောင် ရှိနေချိန်မှာပင် ကျွန်တော်၏ ပူးတွဲတာဝန်ကို လုံးဝ မေ့ထားခြင်း မရှိပါ။ အချိန်အားကလေး နည်းနည်းရတိုင်း အစွမ်းရှိသမျှ ကြိုးပမ်းပါ၏။ သို့ရာတွင် အောင်မြင်မှု မရရှိခဲ့။ နောက်ဆုံးတွင် ကိုယ်ရောစိတ်ပါ နွမ်းလျပင်ပန်းလာသည့် ဒဏ်ကြောင့် လက်လျှော့လိုက်ရတော့သည်။ လန်းလန်းဆန်းဆန်း ရှိကာမျှ ပြန်လည် အားယူတော့မည်။ အခန်းသို့ ကျွန်တော် ပြန်ရောက်လာချိန်တွင် ကဗျာဆရာမှာ သူ့အာရုံများကို အဝေးသို့ပို့ရင်း ငြိမ်သက်တိတ်ဆိတ် နေသည်။ ထိုင်လျက် အနေအထားတော့ မဟုတ်။ ပက်လက်ကလေး။
“ခင်ဗျားရဲ့ ဝယ်လ်ပါဝါကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ချရေးကြည့်စမ်းပါ။ ခင်ဗျားလက်နဲ့ ရေးလိုက်စမ်းပါဗျာ"
ကျွန်တော်၏ တိုက်တွန်း အားပေးမှုများမှာ အချည်းနှီးသာ ဖြစ်ရပါပြီ။ သူ စိတ်အပြောင်းအလဲ ဖြစ်စေရန် လက်ဖက်ရည်ဆိုင် သွားထိုင်ဖို့၊ ရုပ်ရှင်ကြည့်ဖို့၊ ဟိုဟိုသည်သည် လျှောက်လည်ဖို့ ကျွန်တော် ခေါ်သော်လည်း သူက လုံးဝ ငြင်းဆန်နေပါသည်။
“ကျွန်တော့် စိတ်တန်ခိုးစွမ်းအားက ထက်မြက်လို့တော့ မဟုတ်ဘူးဗျ၊ ဒါပေမယ့် ကဗျာပေါ်မှာ မဟုတ်တော့ဘူး။ မိန်းကလေးတစ်ယောက် အပေါ်မှာ ကျရောက်နေတယ်”
“ဗျာ”
“မိန်းကလေးတစ်ယောက်ဗျာ၊ မိန်းကလေးတစ်ယောက်၊ အင်း ကျွန်တော် မိန်းမယူမှ ဖြစ်တော့မယ်”
ကျွန်တော်နှင့် အတူနေစဉ် ကာလတစ်လျှောက်လုံး မိန်းမနဲ့ ပတ်သက်ပြီး တစ်ခါမျှ သူ မပြောဆိုဖူးသည့်အတွက် ကျွန်တော့်မှာ ယုံပင် မယုံနိုင်အောင် ဖြစ်ရသည်။
“ကျွန်တော်တို့ မြို့ကလေဗျာ၊ အမေပေးစားဖို့ ရည်ရွယ်ထားတဲ့ ကောင်မလေး၊ ကျွန်တော့် စိတ်အာရုံက သူ့ဆီပဲ ရောက်နေတယ်။ ကဗျာပေါ် ကျရောက်ခဲ့တဲ့ အာရုံတွေ ကုန်ခန်းသွားပြီဗျ၊ ကဗျာတစ်ပုဒ်ရှိရာ အရောက်သွားရတာနဲ့စာရင် မိန်းမတစ်ယောက်ဆီ သွားရတာက ပိုပြီး အမှန်တရားနဲ့ နီးစပ်ပါတယ်ဗျာ၊ ပိုပြီးတော့ ခိုင်မာတယ်။ ပိုပြီးတော့ သေချာတယ်။ ပိုပြီးတော့လည်း သာယာပျော်ရွှင်ဖို့ ကောင်းမယ်လို့ ကျွန်တော် ယုံကြည်တယ်။ အင်း ကဗျာတွေ ဘာတွေ ဆိုတာကတော့ဗျာ”
သူ ယုံကြည်မြတ်နိုးခဲ့ဖူးသည့် ကဗျာအပေါ် သူ့စိတ်အာရုံ ပြန်လည် ရောက်ရှိလာအောင် ကျွန်တော်၏ သွေးဆောင် ဖြားယောင်းမှုများမှာ လုံးဝ အောင်မြင်မှု မရှိခဲ့။ ကျွန်တော် ညံ့ဖျင်းလှ၍တော့ မဟုတ်ပါ။ မိန်းမတစ်ယောက်အပေါ် ကျရောက်နေသည့် သူ့စိတ်စွမ်းအားက ပြင်းထန်လွန်းသောကြောင့်သာ ဖြစ်ပါသည်။
ဤသို့ဖြင့် သူချစ်မြတ်နိုးလှသော ကဗျာလောကကြီးကို ကျောခိုင်း၍ သူ ကျောခိုင်းခဲ့သော မိန်းမတစ်ယောက်ထံ ပြန်သွားပါလေတော့သည်။ ဤသို့ဖြင့် ကျွန်တော်လည်း သူ ရင်းနှီးမြှုပ်နှံထားသည့် ကလောင်အမည် တစ်ခု အချောင်ရလိုက်သည့် အတွက် သူ ကျောခိုင်းသွားသော ကဗျာလောကထဲသို့ ယောင်လည်လည် ရောက်လာပါလေတော့သည်။
ကလောင်အမည်တစ်ခု သူ့ထံမှ အမွေဆက်ခံခဲ့သော်လည်း သူ ကျန်ရစ်ခဲ့သည့် စိတ်စွမ်းအင်ဆိုင်ရာ စာအုပ်များကိုတော့ ကျွန်တော် လုံးဝမဖတ်ပါ။ ကျွန်တော် သိပ်ကြည့်မရသည့် ကဗျာဆရာများကို လက်ဆောင် ပေးပစ်လိုက်ပါသည်။
◾
Download

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။