Days at the Morisaki Bookshop - မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ - မိုးရဲ ဘာသာပြန်


မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ

 

 

 

မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ


Days at the Morisaki Bookshop

 

Satoshi Yagisawa

 

မိုးရဲ ဘာသာပြန်ဆိုပါသည်။

 

 

  Fate Book Publishing

ဒီဇင်ဘာ၊ ၂၀၂၃


ပုံနှိပ်မှတ်တမ်း

 

ပထမအကြိမ် - ဒီဇင်ဘာ၊ ၂၀၂၃

အုပ်ရေ - (၃ဝဝ)

တန်ဖိုး - (၆,၅၀၀) ကျပ်

ထုတ်ဝေသူ - ဦးရဲရင့်ထွန်း (၀၃၂၇၂)၊ Fate Book Publishing အမှတ် (၂၈၇)၊ ကျောင်းကြီးလမ်း၊ တပ်ကြီးကုန်း၊ မှော်ဘီ၊ ရန်ကုန်။

ဖုန်း - ၀၉၇၇၅၀၁၉၇၅၆

www.facebook.com/fatebookpublishing

အတွင်းနှင့် အဖုံးပုံနှိပ်၊ စာအုပ်ချုပ် - ဦးအေးဝင်း၊ အေးကမ္ဘာပုံနှိပ်တိုက်(ဝဝ၂၉ဝ)၊ (၄၆) လမ်း ။

မျက်နှာဖုံး ဓာတ်ပုံနှင့် ဒီဇိုင်း - Photo by Ricardo Oliveira from Pexels

 

မိုးရဲ၊ မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ


ဂျပန်စာပေ၊ ဘာသာပြန်၊ ဝတ္ထုရှည်။


Fate Book Publishing (ပ) ကြိမ်၊ ဒီဇင်ဘာ၊ ၂၀၂၃။


၂၃၀ စာ၊ ၁၃.၅ × ၁၈.၅ စင်တီမီတာ။


Days At The Morisaki Bookshop by Satoshi Yagisawa Translated from the Japanese by Eric Ozawa

 

 

 

 

အပိုင်း တစ်


 

နွေရာသီ နှောင်းပိုင်းအချိန်ကနေ စလို့ နောက်တစ်နှစ် နွေဦးပေါက်လာချိန်အထိ မိုရီဆာကီ စာအုပ်ဆိုင်လေးမှာ ကျွန်မ နေထိုင်ခဲ့ ပါတယ်။ ကျွန်မ ဘဝရဲ့ ဒီအခိုက်အတန့်ကာလလေးကို စာအုပ်ဆိုင်ရဲ့ ဒုတိယအထပ်က အခန်းလေးထဲ မှာပဲ အချိန်ကုန်ဆုံးခဲ့ရင်းနဲ့ ကျွန်မ ကိုယ် ကျွန်မ စာအုပ်တွေ ကြားထဲမှာ နှစ်မြုပ်ထားဖို့အတွက် ကြိုးစားနေခဲ့မိတာပေါ့။ အခန်း ကျဉ်းကျဉ်းကျုတ်ကျုတ် ကလေးက အလင်းရောင် ကောင်းကောင်းမရ၊ အခန်းထဲက အရာအားလုံးကလည်း အစိုပြန် နေသလိုမျိုး၊ အမြဲတစေလိုလို အောက်သိုးသိုး စာအုပ်အဟောင်းတွေရဲ့ အနံ့ကိုပဲ ရနေတတ်တာ။

ဒါပေမဲ့ ဒီအခန်းကလေးထဲမှာ ကျွန်မ အချိန်ကုန်ဆုံးခဲ့ရတဲ့ နေ့ရက်တွေကို ကျွန်မ အမြဲတမ်း သတိတရ မှတ်မိ နေမှာပဲ။ ဘာလို့လဲ ဆိုတော့ ဒီနေရာက ကျွန်မရဲ့ တကယ့်ဘဝ စတင်ခဲ့ရာ နေရာ ဖြစ်နေခဲ့လို့ပါပဲ။ ဒီနေ့ရက်တွေသာ မရှိခဲ့ဘူးဆိုရင် ကျွန်မရဲ့ ကျန်ရစ်တဲ့ ဘဝ တစ်ခုလုံးကလည်း ဘယ်လိုအရသာမျိုးမှ မရှိ၊ ငြီးငွေ့စရာ တသမတ်တည်းနဲ့ အထီးကျန် ဖြစ်နေမယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

မိုရီဆာကီစာအုပ်ဆိုင်က ကျွန်မအတွက်တော့ တန်ဖိုးရှိလှတဲ့ နေရာတစ်ခုပါ။ ကျွန်မ ဘယ်တော့မှ မေ့ပျောက် သွားမှာ မဟုတ်ဘူး ဆိုတာကို သိရှိနေတဲ့ နေရာတစ်ခုပေါ့။

ကျွန်မရဲ့ မျက်လုံးတွေကို မှိတ်ထားလိုက်တဲ့ အချိန်တိုင်း ဒီတုန်းက မှတ်ဉာဏ်တွေက ကျွန်မဆီမှာ ထင်ထင် ရှားရှားကြီးကို ပြန်ပေါ် လာလေ့ ရှိနေဆဲပါပဲ။

ဒါတွေအားလုံးက ရှင်းလင်းနေတဲ့ ကောင်းကင်ပြာကြီးထဲမှာ လျှပ်စီးတန်း တစ်ခုက ဖျတ်ခနဲ လတ်သွားသလိုမျိုး အစပြုခဲ့တာပါ။ မဟုတ်သေးဘူး။ တကယ်ဖြစ်သွားခဲ့တာက ဒီထက် ပိုပြီး ထိတ်လန့်စရာ ကောင်းတယ်၊ ရုတ်တရက် မိုးရွာ ချလာတဲ့ ကောင်းကင်ထဲကနေ ဖားတွေပါ ပြုတ်ကျ၊ ရွာချလာတာကို မြင်လိုက်ရတာထက်ကို ပိုပြီးတော့ ထိတ်လန့်စရာ ကောင်းသေးရဲ့။

တစ်နေ့မှာတော့ ကျွန်မနဲ့ တစ်နှစ်လောက် အတူတူ တွဲနေတဲ့ ကျွန်မ ရည်းစား ဟိဒေယကီက “ကိုယ်တော့ လက်ထပ်တော့မယ်” လို့ ရုတ်တရက် ဆိုသလို ဘာကိုမှ ဂရုမထားတဲ့ ပုံစံမျိုးနဲ့ ဖွင့်ပြောလာတယ်။

သူ ဒီလို ပြောတာကို ကျွန်မ ပထမဆုံး ကြားလိုက်ရတဲ့ အချိန်မှာ ကျွန်မ ရဲ့ စိတ်ထဲမှာလည်း မေးခွန်းတွေက ပြည့်သွားလို့ပေါ့။ ကဲ ဆိုကြပါတော့၊ သူက “လက်ထပ်ကြစို့” လို့ ပြောရင်လည်း ကျွန်မ နားလည်နိုင်ဦးမယ်။ ဒီလိုမှ မဟုတ်ရင်လည်း “ကိုယ်တော့ လက်ထပ် ချင်နေပြီ” လို့ ပြောရင်လည်း ကျွန်မ နားလည်ဦးမှာပါပဲ။ ဒါပေမဲ့ “ကိုယ်တော့ လက်ထပ်တော့မယ်” ဆိုတဲ့ စကားကတော့ ကြောင်လွန်းတာပဲ။ ပြောရမယ်ဆိုရင် လက်ထပ်တယ် ဆိုတာက အပြန်အလှန် သဘောတူညီချက်တွေအပေါ်မှာ အခြေခံထားတဲ့ နားလည်မှု တစ်ခုလို သဘော တူညီချက် တစ်ခုလိုမျိုးပဲလေ။ ဒီတော့ သဒ္ဒါနည်းအရ ပြောရရင်တော့ သူ ပြောလိုက်တဲ့ စကားက လုံးဝကို လွဲမှားနေတာပဲ။ ပြီးတော့ ဒါကို သူ ပြောလိုက်တဲ့ အမှတ်တမဲ့လို ပုံစံမျိုးကရောပဲ။ ပြေပြေပြစ်ပြစ် မရှိလွန်းလိုက်တာ၊ ဒါကို သူပြောလိုက်တဲ့ လေသံက “လမ်းရဲ့ တစ်ဖက်မှာ ကိုယ်တော့ ယန်းတစ်ရာတန် တစ်ရွက် ကောက်ရတယ်ဟေ့” လို့ ပြောမယ့် လေသံမျိုးနဲ့ တထပ်တည်း အတူတူလိုပဲ။

အဲဒီနေ့က ဇွန်လအလယ် သောကြာနေ့ည။ အလုပ်ပြီးတဲ့နောက် ကျွန်မတို့နှစ်ယောက်သား အတူတူ ရှင်ဂျုကူမှာ ရှိတဲ့ အီတလီ စားသောက်ဆိုင်တစ် ခုမှာ ညစာ ကောင်းကောင်း စားနေကြတာ။ ဒီစားသောက်ဆိုင်က ဟိုတယ်ရဲ့ ထိပ်ဆုံး အလွှာမှာ။ ဒီတော့ ကျွန်မတို့တွေ ညဘက်မှာ မြို့တစ်ခုလုံးရဲ့ လှပတဲ့ မြင်ကွင်းကို မြင်နေရတယ်။ တလဲ့လဲ့ လက်နေတဲ့ နီယွန်မီးရောင်တွေ အားလုံးကိုရောပဲ။ ဒီနေရာက ကျွန်မတို့ အကြိုက်ဆုံး နေရာ။

ဟိဒေယကီက ကျွန်မထက် ဒီအလုပ်မှာ ဝင်နေတာ သုံးနှစ်စောတယ်။ သူက ဒီအလုပ်ကို ကျွန်မ စဝင် ကတည်းက တိတ်တဆိတ် သဘောကျ ခဲ့ရတဲ့သူပေါ့။ နှစ်ယောက်သား အတူတူ ရှိနေရရင်ကို ကျွန်မရဲ့ နှလုံးသားက ရင်ဘတ်ထဲမှာ ခုန်ပေါက်ကစားရတဲ့ ကစားကွင်း တစ်ခုလိုမျိုး ခုန်လာတော့တာပဲ။ အဲဒီညကလည်း အချိန် တော်ကြာ ပြီးတဲ့ နောက်မှ ကျွန်မတို့ နှစ်ယောက်တည်း သီးသန့် ပထမဆုံး အတူတူ ပြန်ရှိနေရတဲ့ ည။ ဒီတော့ ကျွန်မကလည်း ဝိုင်ကို သောက်နေပြီးတော့ အတော်ကြီးကို စိတ်လက်ကြည်သာနေတဲ့ အချိန်။

ဒါပေမဲ့ ဒီနောက်မှာတော့ …

သူက ဘာကို ပြောချင်တာလဲ ဆိုတာကို စဉ်းစားမရလို့ “ဟင်” ဆိုပြီး တော့ ကျွန်မ ပြန်ပြောလိုက်မိတယ်။ သူ ပြောလိုက်တာကို ကျွန်မ နားကြားလွဲတာမျိုးလည်း ဖြစ်မယ် ထင်လို့။ ဒါပေမဲ့ သူက အချက်အလက် ခိုင်လုံတိကျတဲ့ အရာကို ပြောသလိုမျိုး သူ ပြောခဲ့တာ ကိုပဲ ပြန်ထပ်ပြောတယ်။ “ဒီတော့ ကိုယ် က နောက်နှစ်ထဲမှာ လက်ထပ် ရတော့မယ်နဲ့ တူတယ်” တဲ့။

“လက်ထပ်မယ် ဟုတ်လား၊ ဘယ်သူက ဘယ်သူ့ကို လက်ထပ်မှာလဲ”

“ကိုယ်က အဲဒီကောင်မလေးကိုပေါ့”

“ဟင်” ကျွန်မ ပဟေဠိ ဖြစ်နေဆဲပဲ။ “အဲဒီကောင်မလေး ဆိုတာက ဘယ်သူလဲ”

ဒီလို မေးလိုက်တော့ သူက သူ့ရဲ့ လေသံထဲမှာ အပြစ်ရှိတယ်လို့ တစ်စက် ကလေးတောင် မခံစားရတဲ့ လေသံ မျိုးနဲ့ ကျွန်မတို့ ကုမ္ပဏီရဲ့ တခြားဌာန တစ်ခုက ကောင်မလေးတစ်ယောက်ရဲ့ နာမည်ကို ထုတ်ပြောပြတယ်။ ဒီ ကောင်မ လေး ကလည်း ကျွန်မနဲ့ တချိန်တည်း လောက်မှာပဲ အတူတူ အလုပ်ဝင်တာ။ အတော်တော့ ချောတယ်။ ကျွန်မ ကိုယ်တိုင်တောင် သူ့ကို ပွေ့ဖက်ချင်စရာ ကောင်းလောက်အောင် ချောတာမျိုး။

ဒီကောင်မလေးနဲ့ ယှဉ်ရင် ကျွန်မက ပိုပြီးတော့ အရပ်ရှည်တယ်၊ ကျွန်မကတော့ ပိုပြီးတော့ သာမန်ရုပ်ရည် လိုမျိုးပေါ့။ ဒီလောက်တောင် လှပချောမောတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲနေရတာတောင်မှ ဘာဖြစ်လို့ ကျွန်မနဲ့ ပတ်သက်ဖို့ သူ စဉ်းစားရသလဲ ဆိုတာကို ကျွန်မတော့ နားမလည်နိုင်ဘူး။

ကျွန်မ သူ့ကိုမေးတော့ သူတို့ အတူတူ တွဲနေကြတာက နှစ်နှစ်ခွဲလောက် ရှိပြီလို့ သူက ပြောတယ်။ တခြားတစ်နည်းနဲ့ ပြောရမယ်ဆိုရင် သူတို့နှစ်ယောက် အတူတူ တွဲနေကြတာက ကျွန်မနဲ့ တွဲနေတာထက် ပိုကြာတယ် လေ ဟုတ်တယ်၊ ကျွန်မကိုယ်တိုင်လည်း သူက တခြား တစ်ယောက်ယောက်နဲ့ တွဲနေမယ်လို့ မစဉ်းစားမိဖူးဘူးလေ၊ ဒီလိုဖြစ်မယ်လို့လည်း တစ်ခါမှ သံသယ ရှိတာ မဟုတ်ဘူး။ ဒီလို ဖြစ်နိုင်ချေ ရှိတယ် လို့တောင် ဘယ်တော့မှ မတွေး ဖူးဘူး။ ရုံးထဲမှာက ကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကျွန်မတို့က လျှို့ ဝှက်ထားတာ။ ဒီလို လျှို့ဝှက်ထားရ တာလည်း အလုပ်ထဲက တခြားသူတွေအတွက် အနေရမခက်အောင် ရှောင်ချင်ရုံလောက်လို့ပဲ ကျွန်မ တွေးထားခဲ့တာ။ ဒီတော့ အစကတည်းက ကျွန်မက သူ့ရဲ့ ပထမဦးဆုံး ရွေးချယ်မှု ဘယ်တော့မှ မဖြစ်ခဲ့ဘူးပေါ့ ကျွန်မ က အရူးလုပ်ခံ လိုက်ရတဲ့သူ တစ်ယောက် သက်သက်မျှသာပဲ။ ဒါကို ဘာလို့များ ကျွန်မ မသိခဲ့ရလေသလဲ။ ကျွန်မက ထုံအတာ ဖြစ်ရင် ဖြစ်၊ ဒီလိုမှ မဟုတ်ရင် လည်း သူနဲ့ ပတ်သက်ပြီး ကျွန်မ မသိသေးတာ တစ်ခုခု ရှိနေလို့ပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က ကိုယ်စီကိုယ်စီ မိဘတွေနဲ့လည်း တွေ့ပြီးကြပြီးပြီတဲ့။ စေ့စပ်လက်ဆောင် တွေလည်း နောက်လထဲမှာ ပေးကြမယ်တဲ့။ မူးဝေသွားသလို ကျွန်မ ခံစားလိုက်ရတယ်။ ဘုန်းတော်ကြီးတစ်ပါးက ဘုရား ဆီက ခေါင်းလောင်းကို ကျွန်မရဲ့ ခေါင်းထဲမှာ ထိုးနှက်လိုက်သလိုမျိုးပဲ။ “ဒူ” ဆိုတဲ့ အသံကိုတောင် ကျွန်မ ကြားရလုနီးပါး ဖြစ်သွားတော့တယ်။

“ဒီတော့ ဇွန်လထဲမှာ မင်္ဂလာဆောင်တာက မိုက်မှာပဲ၊ ဟုတ်တယ်မလား ဒါပေမဲ့ သူကတော့ ဘယ်လိုလုပ်ဆိုပြီး မပြောပါဘူး။ ဟုတ်တယ်၊ ဒီနှစ်ထဲမှာ လုပ်ဖို့ကတော့ အတော် နောက်ကျနေပြီ၊ ဒါကြောင့်ပဲ …”

သူ့ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကို နားထောင်ရင်း မိန်းမောနေ သလို အဲဒီနေရာမှာ ကျွန်မ ထိုင်နေ မိတယ်။ နောက်တော့ ကျွန်မ ရေရွတ်ပြောမိလိုက်တယ်။ “အို ဒီလိုဆိုလည်း ကောင်းပါတယ်” လို့။ ကျွန်မ ကိုယ်တိုင် တောင် ကျွန်မ ဒီလို ပြောလိုက်မိတာအတွက် ပြန်အံ့ဩမိတယ်။

“အော်၊ ကျေးဇူးပါပဲ၊ ဒါပေမဲ့ မင်းသိတယ်မလား၊ တစ်ခါတစ်လေ ကိုယ်တို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့လို့ ရပါသေးတယ်” သူက အားရပါးရ ပြုံးရင်း ဒီလိုပြောတယ်။ ဒါက သူ ပြုံးနေကျအပြုံး၊ သူ ကစားနေကျ အပြုံးမျိုး၊ ဒီ ကမ္ဘာကြီးမှာ သူ ဘာကိုမှ ဂရုစိုက်တာ မရှိဘူး။

တအား စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒရမ်မာ ဇာတ်လမ်းမျိုးတွေထဲမှာတော့ ဒီအချိန်က မတ်တတ်ထရပ်လို့ ဝိုင်တွေနဲ့ သူ့ရဲ့မျက်နှာကို ပက်လိုက်ရမယ့် ကျွန်မရဲ့ အခိုက်အတန့်ပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ဒီလို နည်းလမ်းနဲ့ ဖော်ပြတဲ့နေရာမှာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန် ဖော်ပြတတ်တာမျိုး မရှိဘူး။ ကျွန်မ တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှသာ ဖြစ်ပွားခဲ့တဲ့ အရာတွေကို အကျိုးအကြောင်းကျကျ ပြန်စဉ်းစားပြီး ကျွန်မ တကယ် ဘယ်လိုများ ခံစားနေရလဲ ဆိုတာကို ကိုယ်ကျိုးနည်းလောက်အောင် ကိုယ့်ဘာသာ အဖြေ ပြန်ထုတ်နိုင်တာ။ ပြီးတော့ ဒါ့အပြင် ကျွန်မခေါင်းထဲမှာ မြည်ဟီးနေတဲ့ ဘုန်းကြီးကျောင်းက ခေါင်းလောင်းသံကလည်း သေချာ မစဉ်းစား နိုင်လောက်အောင် တဖြည်းဖြည်းနဲ့ ကျယ်လောင်လွန်းလာနေရော။

မိန်းမောနေရင်းနဲ့ပဲ ကျွန်မ သူ့ကို နှုတ်ဆက်ပြီး တစ်ယောက်တည်းပဲ ကျွန်မရဲ့ အခန်းရှိရာကို ပြန်လာခဲ့ တော့တယ်။ ဒီလိုနဲ့ နောက်ဆုံး ကျွန်မစိတ်နဲ့ ကိုယ်နဲ့ ပြန်ကပ်သွားတဲ့ အချိန်မှာတော့ ကျွန်မ တစ်ကိုယ်လုံးကို ရုတ်တရက် တက်လာတဲ့ နောင်တလှိုင်းလုံးကြီးက ဖုံးလွှမ်းသွားသလို ကျွန်မ ခံစားလိုက်ရတယ်။ ဒေါသထွက်တာထက် အများကြီးပိုတဲ့ နောင်တကို ကျွန်မ ခံစားခဲ့ရတာ။ တအားခက်ထန် လွန်းတဲ့ နောင်တ၊ ကျွန်မ လှမ်းပြီး ထိတွေ့လို့ ရနိုင်လောက်အောင် အထိ၊ ဆုပ်ကိုင်ပြလို့ရတဲ့ အလွန့်အလွန် ပြင်းထန်တဲ့ နောင်တမျိုး။

ကျွန်မရဲ့ မျက်လုံးထဲကနေ မျက်ရည်တွေလည်း ကျလာတယ်။ ဒီမျက်ရည်တွေက ဘယ်တော့မှ မရပ်တန့်သွား တော့မှာလိုမျိုး ခံစားနေရတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ ငိုကြွေးနေပါစေဦးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်း နိုင်စွမ်း ကျွန်မမှာ ရှိပုံမပေါ်ဘူး။ အခန်းမီး တွေကိုတောင် ကျွန်မ မဖွင့်နိုင်ဘူး။ အခန်းရဲ့ အလယ်ခေါင်မှာ ပြိုလဲကျရင်း၊ ရှိုက်ငင် ငိုကြွေးနေရင်းနဲ့။ ဒီမျက်ရည်တွေ အားလုံးသာ ရေနံဆီတွေ ဖြစ်မယ်ဆိုရင် ကျွန်မတော့ ချမ်းသာသွားမှာပဲ ဆိုတဲ့ ခပ်တုံးတုံး အတွေးမျိုးတောင် ကျွန်မခေါင်းထဲမှာ ပေါ်လာလိုက် သေးတယ်။ ဒါပေမဲ့ ဒါက တော်တော်တုံးလွန်းတဲ့ အတွေး ဆိုတော့ ဒါကို တွေးမိလိုက်တာ ကျွန်မ ပိုပြီးတော့ ငိုချင်လာပါလေရော။

တစ်ယောက်ယောက် ကတော့ ငါ့ကို ကူမှ ရတော့မယ်လို့ ကျွန်မဘာသာ ပြန်တွေးမိတယ်။ အလေးအနက် ပြောတာပါ။ ဒါပေမဲ့ ကျွန်မမှာ ကိုယ့်ဘာသာတောင် အသံ မထွက်နိုင်ဘူး။ ငိုတာကလွဲပြီး ကျွန်မ ဘာဆိုဘာမျှ မလုပ် နိုင်ဘူး။

ဒါပြီးတော့လည်း စိတ်မချမ်းသာစရာ အဖြစ်တွေက တစ်ခုပြီး တစ်ခုပဲ။

ကျွန်မတို့က တစ်ရုံးထဲမှာ အတူတူ အလုပ်လုပ်ရတာ ဆိုတော့ ကျွန်မကို ဘယ်လောက်ပဲ မုန်းတီး နေပါစေဦးတော့ သူ့ကို ကျွန်မ ဆက်ပြီးတော့ မြင်တွေ့နေရတယ်။ ပြီးတော့ သူကလည်း ငြီးငွေ့စရာ ကောင်းလောက် အောင်ကို ကျွန်မကို အရင်ကထက် ပိုပြီး ဆက်လက် ပြောဆိုဆက်ဆံနေတာ။ ဒီထက် ပိုဆိုးတာက နားနေခန်းထဲမှာရော၊ ကော်ဖီဆိုင်မှာရော ကျွန်မက သူ စေ့စပ်ထားတဲ့ ကောင်မလေးနဲ့ အမြဲ လိုလို မြင်တွေ့နေရတာ။ ဒီလို တွေ့တိုင်းလည်း သူက ကျွန်မကို ဝင်းပနေတဲ့ အပြုံးမျိုးနဲ့ နှုတ်ဆက်တတ်တယ်။ ကျွန်မတို့အကြောင်း သူ သိနေသလား၊ မသိဘူးလား ဆိုတာ ကိုတော့ ကျွန်မလည်း မပြောတတ်ဘူး။

သိပ်မကြာခင်မှာပဲ ကျွန်မရဲ့ အစာအိမ်ကလည်း ဘယ်လို အစာမျိုးကိုမှ လက်မခံတော့ဘူး။ ညတွေမှာလည်း ကျွန်မ အိပ်မရဘူး။ ကျွန်မရဲ့ ကိုယ်အလေးချိန်ကလည်း ချက်ချင်းဆိုသလို ထိုးကျသွားတော့တယ်။ မိတ်ကပ်တွေနဲ့ ကျွန်မ ဖုံးကွယ်ဖို့ ကြိုးစားပေမယ့်လို့ ကျွန်မရဲ့ အသားအရည်က အတော်ဖြူဖျော့လာနေရောပဲ။ အလောင်းကောင်တစ်ခုနဲ့တောင် ကျွန်မ တူနေသေးတော့တာ။

အလုပ်ခွင် အလယ်ထဲမှာလည်း မျက်ရည်တွေက ကျွန်မရဲ့ မျက်နှာပေါ်ကို လှိမ့်ကျလာတတ်တယ်။ သန့်စင်ခန်း ထဲက အခန်းတစ်ခုထဲမှာ ပုန်းအောင်းပြီး အကြိမ်ပေါင်းများစွာ ကျွန်မ ငိုကြွေးလို့၊ ကျွန်မရဲ့ ငိုရှိုက်သံကလည်း သဲ့သဲ့ ထွက်နေလို့။

ဒီလိုတွေ ဖြစ်ပြီး နှစ်ပတ်အကြာမှာတော့ ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရရော ကျွန်မ ခံနိုင်ရည်ရှိတဲ့ ပမာဏရဲ့ အဆုံးသတ်ကို ရောက်သွားတော့တယ်။ နောက်ဆုံးမှာတော့ ကျွန်မရဲ့ အထက်လူကြီးဆီကို သွားပြီး ကျွန်မရဲ့ အလုပ် ထွက်စာကို သွားပေးလိုက်တော့တယ်။

ကျွန်မရဲ့ အလုပ်နောက်ဆုံးနေ့မှာ ဟိဒေယကီက ရောက်လာပြီး မြူးကြွရွှင်မြူးနေတဲ့ အသံနဲ့ “မင်း အလုပ်ထွက် လိုက်တာနဲ့ ကိုယ်တို့ ညစာ အတူတူ သွားမစားတော့မှာတော့ မဟုတ်ဘူးမလား” လို့ လာပြောသေးတယ်။

တချိန်တည်းမှာပဲ ကျွန်မရဲ့ ရည်းစားကိုရော၊ ကျွန်မရဲ့ အလုပ်ကို ဆုံးရှုံးသွားရတာပေါ့။ ကျွန်မက စကြဝဠာ အပြင်ဘက်ထဲကို ရုတ်တရက် နှင်ထုတ်ခံလိုက်သလိုမျိုးလို့တောင် ခံစားရမတတ်ပဲ။

ကျွန်မရဲ့ ဇာတိက ကျုရှုက။ တောင်ပိုင်းက ဒေသကောလိပ်တစ်ခုကနေ ဘွဲ့ရပြီးတဲ့ နောက်မှာတော့ အလုပ်လုပ်ဖို့ အတွက် တိုကျိုကို ရောက်လာခဲ့တာ။ ဒါကြောင့်မို့လို့လည်း ပြောရမယ်ဆိုရင် မြို့ထဲမှာ ကျွန်မ သိကျွမ်းတဲ့လူတွေက ရုံးမှာရှိတဲ့ သူတွေလောက်မျှသာပဲ။ ပြီးတော့ ကျွန်မက ရှက်လည်းရှက်တတ်၊ အပေါင်းအသင်း မိတ်ဆွေဖွဲ့တဲ့ နေရာ မှာလည်း ဘယ်တော့မှ ကျွမ်းကျင်တဲ့သူ မဟုတ်လေတော့ တိုကျိုတစ်ခုလုံးမှာ ကျွန်မနဲ့ အနီးကပ် ရှိနေတဲ့သူဆိုတာ တစ်ယောက်မျှ မရှိဘူး။

အတိတ်ကို ကျွန်မ ပြန်ကြည့်လိုက်မယ်ဆိုရင် အခုအချိန်ကာလအထိ ကျွန်မ ရှင်သန်နေထိုင်ခဲ့ရတဲ့ ဘဝ၊ နှစ်ဆယ့်ငါးနှစ်တာ ကာလ အားလုံးကို စုပေါင်းပြီး ဖော်ပြနိုင်တဲ့ စကားလုံးက “ပြည့်စုံလုံလောက်တယ်” ဆိုတာပဲ။ ပြည့်စုံ လုံလောက်မှုရှိအောင် ကြွယ်ဝတဲ့ မိသားစု တစ်ခု ကနေ ကျွန်မကို မွေးဖွားလာတယ်၊ ပြည့်စုံကောင်းမွန်တဲ့ ကျောင်းတစ်ခု ကနေ ဘွဲ့ရတယ်၊ ပြည့်စုံကောင်းမွန်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်တစ်ခု ရတယ် ဆိုတာပဲ။

ဒီအချိန်တုန်းက ဟိဒေယကီနဲ့ ကျွန်မ ဆုံတွေ့လိုက်ရတာက ကျွန်မ အတွက်တော့ အများကြီး အဓိပ္ပာယ် ရှိတယ်။ ဒီတုန်းက အရာအားလုံးရဲ့ ပြုသမျှကို ခံနေရတဲ့ လူတစ်ယောက်အနေနဲ့ သူ့အတွက် ရည်းစားတစ်ယောက်ကို ရှာတွေ့ခဲ့ရတာက ကံကြမ္မာရဲ့ ဖန်တီးပေးမှု တစ်ခု သက်သက်မျှသာ မဟုတ်ပါဘူး။ ဒါကို ခံနိုင်ရည်စွမ်း ရှိရုံလောက်အောင် အထိ ကျွန်မ သူ့ကို အလွန်အမင်း သဘောကျခဲ့ရတာ။ အဆိုးဘက်က ကြည့်မယ်ဆိုရင်တော့ ဒီလိုထိတ်လန့်စရာ ဖြစ်ရပ် ရောက်ရှိလာမယ် ဆိုတာကို ကျွန်မ ဘယ်တော့မှ မမြင်ခဲ့တာပဲ။ ဒါကို ဘယ်လိုနည်းနဲ့ ပြန်လည် ရင်ဆိုင်ရမလဲ ဆိုတာ ကိုလည်း ကျွန်မ မစဉ်းစားတတ်ဘူး။

ကျွန်မ အလုံးစုံ လုပ်ဆောင်မိတဲ့ ပြန်လည်တုံ့ပြန် ရင်ဆိုင်တဲ့ နည်းလမ်းကတော့ ကျွန်မရဲ့ ဘဝကို အိပ်စက်ခြင်း ထဲမှာ နှစ်မြှုပ် ထားလိုက်တာပဲ။ ကျွန်မ ဘယ်လောက်တောင် အိပ်ချင်နေသလဲ ဆိုတာကို ကျွန်မဘာသာတောင် ပြန်ပြီး အံ့အားသင့်မိတယ်။ ဒါက တကယ် လက်တွေ့အဖြစ်ကို ရှောင်ကြဉ်ဖို့အတွက် ကျွန်မရဲ့ ခန္ဓာကိုယ်က ကျွန်မကို ကူညီ ပေးတဲ့ နည်းလမ်း ဖြစ်လောက်တယ် ဆိုတာလည်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ့်ကိုယ် စောင်တွေ အထဲမှာ နှစ်ထားလိုက်တာနဲ့ ချက်ချင်းလက်ငင်းဆိုသလို အိပ်မောကျသွားတော့တာပဲ။ နေ့ဘက်တွေလည်း အာကာသ အပြင်ဘက်ထဲကို တစ်ယောက်တည်း အထီးကျန်စွာ လွင့်မျောနေသလိုမျိုး ကျွန်မရဲ့ အခန်းကျဉ်းလေးထဲမှာ နှစ်နှစ် ခြိုက်ခြိုက် အိပ်နေရင်းနဲ့ပဲ အချိန်ကုန်ဆုံးတာပဲ။

ဒီလိုမျိုးနဲ့ပဲ အချိန်တစ်လလောက် ကျွန်မ ဖြုန်းမိသွားတယ်။ ကျွန်မရဲ့ ဖုန်းကိုလည်း ကျွန်မ လျစ်လျူရှုထားတယ်။ တစ်ည ကျွန်မ နိုးလာတော့ အသံ မက်စေ့တစ်ခု ရောက်နေတာကို ကျွန်မ သတိထားမိတယ်။ ဖန်သားမျက်နှာပြင်ပေါ်က နံပါတ်ကို ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မ နားထောင်ကြည့်မိလိုက်တယ်။ ရုတ်တရက်ဆိုသလို “ဟေး ဟေး” လို့ ရွှင်မြူး တက်ကြွနေတဲ့ အသံနဲ့ ပြောနေတာကို ကျွန်မ ကြားလိုက်ရတယ်။

“တာကကိုလား။ သမီး အဆင်ပြေရဲ့လား။ အခုခေါ်တာ ဆတိုရူပါ။ စာအုပ်ဆိုင်ကနေ ခေါ်နေတာ။ ဖုန်းပြန် ခေါ်ပါဦး။ နောက်မှ ခေါ်လည်း ရပါတယ်၊ ဟာ သေစမ်း၊ ဈေးဝယ်တစ်ယောက် လာနေတာ။ သွားရတော့မယ်၊ နောက်မှ ပြောတော့မယ်” တဲ့။

ပဟေဠိ ဖြစ်သွားပြီး ကျွန်မ ခဏလောက် ထိုင်နေမိတယ်။ ဆတိုရူတဲ့ လား။ ဘယ်သူလဲ။ ကျွန်မ လုံးဝ စဉ်းစားလို့ မရဘူး။ သူက ကျွန်မရဲ့ နာမည်ကို ပြောသွားတာ ဆိုတော့လည်း ဖုန်းနံပါတ် မှားတာတော့ မဖြစ်နိုင်ဘူး။ စာအုပ်ဆိုင် ဆိုတာကရော ဘာလဲ။ စာအုပ်ဆိုင် … ဒီစကားလုံးကို ကျွန်မ အပြန်အလှန်၊ ထပ်ခါတလဲလဲ ကျွန်မရဲ့ စိတ်ထဲမှာ စဉ်းစားနေမိပြီး နောက်ဆုံးတော့ သိသွားပါ လေရော။

ဆတိုရူဆိုတာ ကျွန်မရဲ့ ဦးလေး ဆတိုရူ ဖြစ်မယ်။ ပြန်တွေးကြည့်လိုက်တော့ ဦးလေးက ကျွန်မ အဘိုးရဲ့ အဖေ ဂျမ်ဘိုချိုမှာ စပြီး တည်ထောင်ခဲ့တဲ့ စာအုပ်ဆိုင်ကို လက်လွှဲယူ လုပ်ကိုင်နေတယ်လို့ အရင်အချိန်တွေတုန်းက ကျွန်မရဲ့ အမေဆီကနေ ကြားခဲ့ဖူးတယ်။ ကျွန်မ ဦးလေးကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရတာက ကျွန်မရဲ့ အထက်တန်းကျောင်း ပထမနှစ်တုန်းက။ ဒီတော့ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ကြတာ ဆယ်စုနှစ်တစ်ခုစာ နီးပါးလောက် ရှိနေပြီ။ ဒါပေမဲ့ အခုဖုန်းခေါ်တာကတော့ သူ့အသံဆိုတာ ကျွန်မ သေချာတယ်။

ပြီးတော့ ဒီလို ဦးလေးက ဖုန်းခေါ်တဲ့ နောက်ကွယ်မှာ ကျွန်မအမေ ရှိနေမယ်လို့ မသင်္ကာစိတ် နည်းနည်း တော့လည်း ကျွန်မဆီမှာ ရှိတယ်။ ဟုတ်တယ်၊ အမေပဲ ဖြစ်ရမယ်။ ကျွန်မ အလုပ်ကနေ ထွက်ပြီး ရည်းစားနဲ့လည်း ပြတ်သွားတယ် ဆိုတာကို ကျွန်မ ပြောပြဖူးတဲ့ တစ်ဦးတည်းသော သူက အမေပဲ။ အမေက ကျွန်မအတွက် တော်တော် စိုးရိမ်နေတာမို့လို့ ဦးလေးဆီကို အကူအညီ လှမ်းတောင်းတာ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလောက်နဲ့ကလည်း ခိုင်လုံ ကောင်းမွန် တဲ့ အကြောင်းပြချက် မဟုတ်သေးပြန်ဘူး။

ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဦးလေး ဆတိုရူကို ကျွန်မ ဒီလောက်ကြီး နှစ်ခြိုက် သဘောကျလှတာ မဟုတ်ဘူး။ သူက အဖြေရှာဖို့ ခက်တဲ့၊ သာမန် အစဉ်အလာသမား မဟုတ်တဲ့သူမျိုး။ ဘယ်သူတွေပဲ အနားမှာ ရှိနေပါစေ၊ ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်း ပြောချတတ်တဲ့သူမျိုး။ အမြဲတမ်း ဟာသတွေ လုပ်တတ်ပြီးတော့လည်း သူ့ဘာသာ တခစ်ခစ် ရယ်ချင်ရယ်နေတတ်တာ။ ဒီလို ထူးထူးဆန်းဆန်းတွေ ဆိုတော့ သူ့ပုံစံက နည်းနည်းတော့ ကြောင်နေသလိုမျိုး။ ဒါကပဲ ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်စေတာ။

ဒါပေမဲ့ ကျွန်မ ငယ်ငယ်တုန်းကတော့ သူ့ရဲ့ ပုံစံ၊ စရိုက်ကို ကျွန်မ သဘောကျတယ်။ အမေက သူ့မိသားစုရှိတဲ့ တိုကျိုကို အလည် သွားတိုင်း ကျွန်မကို သူနဲ့ အတူတူ ခေါ်သွားပြီး ဦးလေးရဲ့ အခန်းထဲမှာ ကျွန်မတို့ အတူတူ ကစားလေ့ ရှိတတ်တယ်။ ဒါပေမဲ့ ကျွန်မ အပျိုဖော် ဝင်ချိန် ရောက်လာတော့ ဦးလေးရဲ့ တမူ ထူးခြားနေတဲ့ ပုံစံက အတော်ကြီးကို သိသာလာတာမို့လို့ သူမသိအောင် တိတ်တဆိတ် ကျွန်မ သူ့ကို ရှောင်နေခဲ့တာ။ ဒါ့အပြင် ဒါတွေအားလုံးရဲ့ အထက်မှာက သူက သေချာရေရာတဲ့ ပုံမှန်အလုပ်တစ်ခုတောင် မရှိသေးဘဲနဲ့ ရုတ်တရက်ဆို သလို အိမ်ထောင်ပြုသွားခဲ့တာပဲ။ ဒီအချိန် ကနေ စလို့ တစ်နည်းမဟုတ် တခြား တစ်နည်းနဲ့ သူက မိသားစုထဲမှာ ပြဿနာ ဖြစ်စေခဲ့တာ နေမယ်။

ဒါကြောင့်ပဲ ကျွန်မက တိုကျိုကို ရောက်လာခဲ့ပေမယ့်လို့ သူ့ဆီကို သွားဖို့အတွက် တစ်ခါလေးတောင် ဘယ်တုန်း ကမှ မတွေးမိခဲ့ဖူးတာ။ သူနဲ့ ပတ်သက် စရာ ဘာတစ်ခုမျှ မရှိအောင်လည်း ကျွန်မ ကြိုးစားနေထိုင်ခဲ့တာ။

သူ့ဆီက အသံမက်စေ့ရပြီး ညနေခင်းဘက်မှာတော့ စိတ်မပါလက်မပါနဲ့ ကျွန်မ သူ့ဆီကို ဖုန်းပြန်ခေါ် လိုက်တယ်။ တကယ်လို့သာ ကျွန်မက ဦးလေးဆီကို ဖုန်းမခေါ်ခဲ့ဘူးဆိုရင်လည်း ဒေါသတကြီးနဲ့ ကျွန်မ အမေ ချက်ချင်း လက်ငင်း ရောက်ချလာမှာကိုလည်း ကျွန်မ တွေးမိသွားလို့။ ကျွန်မ အထက်တန်းကျောင်း တက်နေစဉ်တုန်းက ဦးလေးက အသက်နှစ်ဆယ် အလယ်ဝန်းကျင်လောက်မှာ ဆိုတော့ အခု အချိန်မှာတော့ အသက်လေးဆယ် ကျော်နေလောက်ပြီ နေမယ်။

ဖုန်းဝင်သွားပြီး ပထမဆုံးတစ်ကြိမ် မြည်တဲ့ တစ်ကြိမ်မှာပဲ တစ်ယောက်ယောက်က ဖုန်းလာကိုင်တယ်။

“ဟယ်လို၊ မိုရီဆာကီ စာအုပ်ဆိုင်ကပါ”

“ဟိုင်း၊ သမီးပါ၊ တာကကိုပါ”

“ဪ .. ဟေး”

လိုင်းရဲ့ တခြားဖက်ကနေ ကျွန်မဦးလေးရဲ့ ပြန်အော်ပြောသံကို ကျွန်မ ကြားလိုက်ရတယ်။ ဒါ အရင်အချိန်တွေ တုန်းကလည်း ကျွန်မ မှတ်မိတဲ့ သူ့ စိတ်ရောကိုယ်ပါ တက်ကြွနေတဲ့ အသံမျိုးပဲ။ ဖုန်းကို ကျွန်မရဲ့ နားကနေ အမြန်ခွာပြီး ကိုင်လိုက်ရတယ်။

“မတွေ့ရတာ ကြာပြီနော်။ သမီး အဆင်ပြေရဲ့လား”

“ဪ .. ဟုတ်၊ အဆင်ပြေပါတယ်”

“သမီး တိုကျိုကို ရောက်နေတာ ဦးလေး သိတယ်၊ ဒါပေမဲ့ သမီးက ဦးလေးဆီကို တစ်ခါမှ လာမလည်ဘူးနော်”

“ဒီလို ဖြစ်သွားရတာ အတွက် စိတ်မကောင်းပါဘူး။ သမီးလည်း အလုပ် ရှုပ်နေလို့ပါ”

ကျွန်မ အလိုအလျောက် တောင်းပန်လိုက်မိတယ်။

“ဒါပေမဲ့ သမီး အလုပ်ထွက်လိုက်ပြီဆို၊ ဟုတ်လား”

သူက အမြန်ဖြတ်ပြီးတော့ ပြောချတယ်။ ဒါကို ကျွန်မက ဗလုံးဗထွေးပဲ တုံ့ပြန်မိလိုက်တယ်။ ဒီလိုပဲ ဦးလေးက သူ့ဆီကနေ နူးနူးညံ့ညံ့၊ ညင်ညင်သာသာ ဆက်ဆံမှုမျိုးတွေကို မျှော်လင့်ထားလို့ ရတဲ့လူစားမျိုး မဟုတ်ဘူး။ ဦးလေး က အရင်အချိန်တွေတုန်းကနဲ့ အခုအချိန်နဲ့ ဘယ်လိုတူကြောင်း ကျွန်မကို ဆက်ပြောပြီးရင်း ဆက်ပြောနေတယ်၊ ပြီးတော့ ရုတ်တရက် သူက “နားထောင်ဦး ဦးလေး စဉ်းစားနေတာ၊ တကယ်လို့ သမီးက အခုအချိန်မှာ အလုပ် မလုပ်ချင်သေးဘူး ဆိုရင် သမီး ဒီမှာ လာနေမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ”

“ဘာကြီး” သူ့ရဲ့ ရုတ်တရက်ကမ်းလှမ်းချက်က ကျွန်မကို သတိလက်လွတ် ဖြစ်သွားစေတယ်။

ဒါပေမဲ့ ဦးလေးက အဖြေတစ်ခု ရအောင် ကျွန်မကို ဖိအားပေးပြီး ဆက်မေးနေတယ်။ “သမီး သုံးစွဲနေရတဲ့ အိမ်ငှားခတွေ၊ ရေဖိုး မီးဖိုးတွေက အကုန်အကျ များလွန်းနေတယ်မလား။ တကယ်လို့ သမီးသာ ဒီမှာလာနေမယ်ဆိုရင် ဒါတွေ အားလုံး အလကားပဲလေ။ ပြီးတော့ ဦးလေး ပြောချင်တာက သမီးလည်း ဦးလေးကို စာအုပ်ဆိုင်မှာ နည်းနည်း ပါးပါးလောက် ဝိုင်းကူညီပေးနိုင်မလားပေါ့”

စာအုပ်ဆိုင်မှာ ကူညီရမယ့်အကြောင်း ကျွန်မ သူ့ကို မေးလိုက်တော့ ဦးလေးက ဆိုင်တစ်ယောက်လုံးကို သူ တစ်ယောက်တည်း စီမံ နေရကြောင်း ရှင်းပြတယ်။ သူ့ကျောဘက်က နာကျင် ကိုက်ခဲနေတာတွေကို ဆေးရုံမှာ သွားပြီး ဆေးကုသမှု ခံယူဖို့အတွက် ရက်ချိန်းရှိဖို့ သူသွားနေတဲ့ အခါမျိုး မနက်ခင်းပိုင်းတွေမှာ ဆိုင်ကို ဖွင့်ဖို့၊ ကြည့်ဖို့အတွက် တစ်ယောက်ယောက်ကို သူ လိုနေလို့တဲ့။ ကျွန်မရဲ့ ဦးလေးက ကူနီတာချီက အိမ်မှာနေတာ။ ဒီတော့ စာအုပ်ဆိုင် ပိတ်တဲ့ အချိန်မှာတော့ ဒီတစ်ဆိုင်လုံး ကျွန်မတစ်ယောက်တည်းပဲ။ ပြီးတော့ ကျွန်မ အတွက် လုံးဝကို ကိုယ်ရေးကိုယ်တာ လုံခြုံမှု ရှိရှိ နေလို့ရတယ်လို့လည်း သူက အာမခံနေသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေတုန်းက စာအုပ်ဆိုင် နေရာက လူနေအိမ်ရာ တွေ ဖြစ်သွားတော့ သင့်တင့်တဲ့ ရေချိုးခန်းနဲ့ သန့်စင်ခန်း တစ်ခုကိုလည်း အပြည့်အဝ တပ်ဆင်ထားပြီးသား။

သူ ပြောတာကို ကျွန်မ ခဏတာလောက် စဉ်းစားနေမိတယ်။ လက်ရှိကျွန်မရဲ့ အခြေအနေ၊ နေထိုင်နေမှုက အမြဲထာဝရ မခံနိုင်ဘူး ဆိုတာ ကျွန်မ သိပါတယ်။ ခုလက်ရှိ ပုံစံအတိုင်းသာ ကျွန်မ ဆက်နေသွားမယ်ဆိုရင် ကျွန်မမှာ ရှိသမျှ ပိုက်ဆံတွေ သိပ်မကြာခင်မှာပဲ ကုန်သွားလိမ့်မယ်။ တခြားတဖက်က ပြန်ကြည့်ပြန်တော့လည်း ကျွန်မရဲ့ ဘဝကို တခြားသူ တစ်ယောက်ယောက် ဝင်စွက်ဖက်နေတာမျိုး စိတ်ကူးကို ကျွန်မ မကြိုက်ပြန်ဘူး။

“ဒါပေမဲ့ သမီးအတွက် ဒုက္ခများနေပါဦးမယ်” လို့ ကျွန်မက သူ ကမ်းလှမ်းတာကို ငြင်းဆန်ဖို့ ကြိုးစားရင်း ပြန်ပြော လိုက်တယ်။

ကျွန်မရဲ့ ဦးလေးကတော့ အရိပ်အခြေကိုတောင် မြင်တတ်တဲ့ပုံ မပေါ်ဘူး။

“ဒုက္ခများမယ် ဟုတ်လား၊ ဒါက အဓိပ္ပာယ် မရှိတာပဲ။ သမီးရှိနေမယ်ဆိုရင် ပျော်စရာတောင် ကောင်းဦးမယ်”

အန်တီမိုမိုကိုကရော သဘောတူရဲ့လား။ ဒီမေးခွန်းကို ကျွန်မ မေးမိသွားဦးမလို့။ ဒါပေမဲ့ ကျွန်မဘာသာ ပြန်ထိန်း လိုက်ရတယ်။ ဟုတ်တယ်။ ဦးလေး ဇနီး မိုမိုကိုက ဦးလေးကို ပစ်ပြီး ထွက်သွားခဲ့တာ နှစ်နဲ့ချီနေပြီ။ ဒီကိစ္စက ကျွန်မတို့ မိသားစုထဲမှာတော့ အတော် ကြီးမားတဲ့ ကိစ္စကြီးပဲ။ အန်တီမိုမိုကို ထွက်ပြေးသွားတဲ့ အချိန်မှာ ဦးလေးက တအား စိတ်ကျလွန်းသွားလို့ ကျွန်မ အမေကတောင် ဦးလေးရဲ့ ကျန်းမာရေး တစ်ခုခု ထိခိုက်မှာကို စိုးရိမ်သောက ရောက်လိုက် ရတဲ့ အထိပဲ။ ဒီသတင်းကို ကျွန်မ ကြားလိုက်ရတုန်းက ဦးလေးအတွက် စိတ်မကောင်းဖြစ်လိုက်ရတဲ့ စိတ်ခံစားချက်ကို ကျွန်မ မှတ်မိတယ်။ ဒါပေမဲ့ သတင်းကပဲ ကျွန်မကို ထူးဆန်းတဲ့ စိတ်ခံစားချက် ဖြစ်စေခဲ့တာ။ ဒါက အဓိပ္ပာယ် မရှိဘူးလို့။ သူတို့ရဲ့ မင်္ဂလာဆောင်မှာ သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်နေ ကြတဲ့ ပုံစံ။ အန်တီမိုမိုကိုကလည်း တအား ကြင်နာတတ်ပြီး စိတ်ထားကောင်းတဲ့သူမျိုး။ ဒီလိုမျိုး ထွက်ပြေးသွားတာမျိုး လုပ်ဖို့ ခဲယဉ်းလွန်းတဲ့ သူမျိုး။

ဒါတွေအားလုံးကို ကျွန်မ ပြန်မှတ်မိသွားပြီး ဦးလေးနဲ့ စကားပြောနေတဲ့ နေရာမှာလည်း ဗလုံးဗထွေးနဲ့ အင်းအဲ လိုက်ပြောနေရတယ်။ ဒီအချိန်မှာ ဦးလေးကတော့ သူ့ရဲ့ အစီအစဉ်အတိုင်း တတ်သုတ်ရိုက် စီစဉ်ဖို့ ကြိုးစားနေလေရဲ့၊ “ကောင်းတယ်၊ ဒီလိုဆိုတော့ ဆုံးဖြတ်ပြီးပြီပေါ့”

ဦးလေးကို ခဏလောက် ဆိုင်းငံ့ထားဖို့ ကျွန်မ ထပ်ကြိုးစားမိတယ်။ “ဒါပေမဲ့ သမီးရဲ့ ပစ္စည်းပစ္စယတွေ အားလုံး ကရော” လို့ ကျွန်မ က ပြောလိုက်တယ်၊ ဒါပေမဲ့ သူက သူ့ရဲ့ ကူနီတာချီက အိမ်မှာ ဒီပစ္စည်းတွေ အားလုံးကို ထားဖို့ နေရာရှိတယ်လို့ ကျွန်မကို ပြောတယ်။ ဒီပစ္စည်းတွေ အားလုံးကို အဲဒီအိမ်ကို ပို့ပြီး ကျွန်မနဲ့ အတူတူက အိတ်အသေးလေး နည်းနည်းပါးပါးလောက်ပဲ ယူပြီး စာအုပ်ဆိုင်မှာ သွားနေရုံပဲ။

အခြေအနေကတော့ ရှေ့တန်း စစ်မျက်နှာအားလုံးမှာ ကျွန်မအနေနဲ့ မြန်မြန်ဆန်ဆန် ချေမှုန်းခံနေရသလိုမျိုး။

“ဦးလေးကို ယုံပါ တာကကိုရဲ့။ ဒါက သမီးအတွက်လည်း ပိုကောင်းပါတယ်”

ဒါပေမဲ့ ကျွန်မက ဆယ်စုနှစ်တစ်ခုစာ ကျွန်မ မမြင်မတွေ့ခဲ့ရတဲ့ သူကို ဘယ်လိုလုပ်ပြီး ယုံကြည်ဖို့ ဖြစ်နိုင်မှာလဲ။

“ကဲ ဒီလိုဆိုရင် ဒီနေရာမှာ ဦးလေး အားလုံး အဆင်သင့် ဖြစ်အောင် စ ပြီး ပြင်ထားလိုက်မယ်” လို့ ဦးလေးက ထပ်ပြောတယ်။ ပြီးတော့ ကျွန်မဆီက ပြန်ပြောတာကိုတောင် မစောင့်တော့ပဲ ဈေးဝယ်တစ်ယောက် ဆိုင်ထဲရောက်လာလို့ ဆိုပြီး ကျွန်မနဲ့ နောက်မှပဲ ထပ်ပြောတော့မယ်လို့ ဆိုတယ်။ ပြီးတော့ ဖုန်းချ သွားပါလေရော။

ကျွန်မကတော့ ဖုန်းချသွားတဲ့အသံကို နားထောင်နေရင်း တွေတွေဝေဝေနဲ့ ခဏတာလောက် ဆက်ထိုင်နေ မိတယ်။

༄˖°.☕️.ೃ࿔📚*:・


 

နောက် ရက်သတ္တပတ် နှစ်ပတ် အကြာမှာတော့ ကျွန်မက ဂျမ်ဘိုချို ဘူတာရုံမှာ မတ်တတ်ရပ်လျက်သား။ ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ဖြစ်သွားတာပါလိမ့်။ တခဏလေးအတွင်းမှာတင် ကျွန်မရဲ့ ဘဝက တအား မြန်မြန်ဆန်ဆန် ပြောင်းလဲသွားလို့ အနောက်ကို ကျွန်မ ပြန်ရစ် ကြည့်နေရတယ်။

ဦးလေးနဲ့ ဖုန်းပြောသွားပြီးတဲ့ နောက်မှာ ကျွန်မရဲ့ အမေနဲ့ ဖုန်းရတယ်။ “ဒီတော့ ဘယ်လိုလုပ်ချင်လဲ” လို့ အမေက မေးတယ်။ “ကျုရှုကို ပြန်လာမှာလား၊ ဒါမှမဟုတ် ဆတိုရူရဲ့ နေရာကို သွားမှာလား” တဲ့။ စိတ်မပါ လက်မပါနဲ့ပဲ ဦးလေးရဲ့ နေရာမှာ သွားနေဖို့ ကျွန်မ ရွေးချယ်လိုက်တယ်။ တကယ်လို့သာ ကျွန်မ အိမ်ကို ပြန်သွားခဲ့မယ်ဆိုရင် ကျွန်မကို လက်ထပ်ဖို့အတွက် အတင်းအကြပ် စီစဉ်ပေးကြပြီး ဒီနေရာကို ကျွန်မ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးဆိုတာ သိတယ်။ တိုကျိုကို ပြောင်းနေဖို့ ပြဿနာတွေ အများကြီး ကျွန်မ ဖြတ်သန်း ကြုံတွေ့ရပြီးတဲ့ နောက်မှာတော့ ဒီလိုမျိုး ကျွန်မ ပြန်သွားပြီး ဖြစ်ခဲ့သမျှ အရာအားလုံးက လုံးဝကို ရှုံးနိမ့်မှု တစ်ခုပါလို့ ဝန်ခံရမယ်ဆိုတဲ့ အတွေးကိုလည်း ကျွန်မ မခံနိုင်ဘူး။

အချိန်အတော် အကြာကြီးနေမှ ပထမဆုံးအချိန် အပြင်ကို ပြန်ထွက်ရတာ ဆိုတော့ ကျွန်မ ကိုယ့်ခြေထောက် ပေါ် ကိုယ် တည်တည် ငြိမ်ငြိမ် မရပ်နေနိုင်တော့သလိုတောင် ခံစားရတယ်။ ဒါပေမဲ့ တနည်းနည်းနဲ့ ဂျမ်ဘိုချိုကို ရထား စီးပြီး ကျွန်မ သွားနိုင်ခဲ့တယ်။ ဒါနဲ့တောင်မှပဲ ရထားစီးရတဲ့ မြေအောက်ဘူတာရုံကနေ အပေါ်ကို ကျွန်မ တက်လာတော့ စူးရှတဲ့ နေရောင်ခြည်က ကျွန်မကို ဝင် တွန်းတိုက် သွားသလိုမျိုး။ မိုးရာသီက ကျွန်မ အိပ်စက်နေစဉ် အချိန်တွေ အတွင်း မှာတင် နွေရာသီကို လုံးဝပြောင်းလဲသွားလေရဲ့။ ကျွန်မရဲ့ ဦးခေါင်းအထက်မှာ နေလုံးကြီးက ကျွန်မကို ဆယ်ကျော်သက် ကောင်လေး တစ်ယောက်လိုမျိုး ငုံ့ပြီး စိုက်ကြည့်နေသလို။ ကျွန်မ အလုပ်ထွက်တဲ့ အချိန်မှာတောင် နွေရာသီရဲ့ တကယ့် အပူရှိန်က အဝေးကြီး ဝေးကွာနေဆဲ ရှိသေးတယ်။ အခုလို ပြောင်းလဲသွားတဲ့ ရာသီဥတုက ကျွန်မကို နည်းနည်းတော့ ဝမ်းနည်းသွားစေတယ် - ရာသီဥတု တွေတောင်မှ ကျွန်မကို သစ္စာဖောက်နေကြတယ်ပေါ့လေ။

အခုက ဂျမ်ဘိုချိုကို ကျွန်မ ပထမဦးဆုံး စရောက်ဖူးတဲ့ အကြိမ်ပဲ။ ကျွန်မရဲ့ အဘိုးရဲ့ အိမ်က တိုကျို အနောက်ဘက်ကို တစ်နာရီလောက် သွားရတဲ့ ကူနီတာချီမှာ။ ဒီတော့ ကျွန်မတို့က ဒီနေရာကို လာစရာ အကြောင်း ပြချက်လည်း အများကြီး မရှိဘူးလေ။

အခု အခိုက်အတန့်မှာတော့ လမ်းဆုံလမ်းခွက မီးပွိုင့်အချက်ပြနားမှာ ကျွန်မ ရပ်နေမိပြီးတော့ ဘေးဘက်တွေကို လှည့်ကြည့်ရင်း၊ လှည့်ကြည့်ရင်းနဲ့ အရာအားလုံးကို လိုက်မှတ်သားနိုင်ဖို့ ကြိုးစားနေရတယ်။

အားလုံးကလည်း အတော်ကို ဆန်းပြားနေသလိုမျိုး။

မိန်းရိပ်သာလမ်း (နောက်ပိုင်းမှာတော့ ကျွန်မဦးလေးက ဒီလမ်းမကြီးက ရာစုခုနီလမ်းလို့ ကျွန်မကို ပြောပြတယ်) ကို ကျွန်မ မြင်တွေ့နေရတယ်။ ဒီလမ်းတလျှောက် ဘေးတစ်ဖက် တစ်ချက်စီမှာက စာအုပ်ဆိုင်တန်းတွေ။ ဘယ်ဘက် ကိုပဲ လှည့်ကြည့်လိုက်၊ ကြည့်လိုက် နောက်ထပ် စာအုပ်ဆိုင်တစ်ဆိုင် ရှိနေတာချည်းပဲ။

သာမန်ဆိုရင်က လမ်းတစ်လမ်းမှာ စာအုပ်ဆိုင်တစ်ဆိုင် ရှိတယ်ဆိုရင် လုံလောက်နေပြီလေ။ ဒါပေမဲ့လို့ အခု ဒီနေရာ မှာတော့ စတိုးဆိုင် အများစုက စာအုပ်ဆိုင်တွေ။ ပထမဆုံး ကြည့်လိုက်ရင်တော့ အကြည့်က ဆန်ဆေ့ဒိုလို၊ ရှို့ဇန်လို စာအုပ်ဆိုင် အကြီးကြီးတွေဆီ ကိုပဲ အကြည့်ရောက်သွားလိမ့်မယ်၊ ဒါပေမဲ့ တကယ်တမ်း သိသာထင်ရှားနေတဲ့ ဆိုင်တွေကတော့ စာအုပ်အဟောင်း ဆိုင်ငယ်လေးတွေ။ ဒီဆိုင်လေးတွေ အားလုံးကို အတန်းလိုက် တစ်တန်းထဲမှာ အတူတူ တွေ့မြင်လိုက်ရတာကလည်း သူ့ကိုယ်ပိုင် နူးညံ့ညင်သာတဲ့ အကျိုး သက်ရောက်မှု တစ်ခုခုက ရှိနေသလိုမျိုး။ လမ်းရဲ့ တခြားတဖက်ခြမ်း၊ ဆွီဒိုဘရှိကို ဦးတည်ထားတဲ့ ဘက်မှာတော့ ကြီးမားတဲ့ ရုံး အဆောက်အဦကြီးတွေ အနည်းငယ်လောက် ရှိတယ်။ ဒါပေမဲ့ ဒီအဆောက်အဦတွေက ဒီနေရာကို သာမန်ထက် ပို ထူးဆန်းနေအောင်၊ ကိုးရိုးကားယား နိုင်အောင် လုပ်ဆောင်နေတာမျိုး အဖြစ်နဲ့ပဲ အဆုံးသတ်သွားလေရဲ့။

စိတ်ရှုပ်ရှုပ်နဲ့ပဲ ကျွန်မက လမ်းဆုံကနေ တစ်ဖက်ခြမ်းကို ကူးလာတော့ ဒီဘက် အခြမ်းမှာလည်း ရုံးဝန်ထမ်း တွေက သူတို့ရဲ့ နေ့လယ်စာ ထမင်းစားနားချိန်အတွက် အစုလိုက်အပြုံလိုက် လမ်းပေါ်မှာပဲ။ ကျွန်မလည်း စာအုပ်ဆိုင်တွေ ရှိတဲ့ လမ်းအတိုင်း လျှောက်ချလာလိုက်တယ်။ ကျွန်မဦးလေး လမ်းညွှန်ထားတဲ့အတိုင်းပဲ မိန်းလမ်းမကြီး ကနေ ဆာကူရာ လို့ ခေါ်တဲ့ နောက်လမ်းသွယ်လေး တစ်ခုထဲကို ကျွန်မ ချိုးဝင်လိုက်တယ်။ ထပ်တွေ့လိုက်ရတာက စာအုပ် အဟောင်း ရောင်းတဲ့ ဆိုင်တွေ ပြည့်နေတဲ့ နေရာတစ်ခု။

ကျွန်မကိုယ် ကျွန်မ “ဒီနေရာက စာအုပ်အဟောင်းတွေရဲ့ အံ့ဖွယ်ကမ္ဘာ တစ်ခု ဖြစ်ရမယ်” ဆိုပြီး ညည်းတွားပြီး တော့တောင် ပြောမိတယ်။

ပူပြင်းနေတဲ့ နေရောင်အောက်မှာ နေပူဒဏ်ကို ခံပြီး အဲဒီနေရာမှာပဲ ကျွန်မ ရပ်နေမိတယ်။ ကျွန်မ ဦးလေးရဲ့ ဆိုင်ကို ဘယ်လိုနည်းနဲ့များ ရှာရပါ့မလဲလို့ ကျွန်မ အဖြေထုတ်နေဆဲမှာပဲ လူတစ်ယောက်က ကျွန်မ ဝင်လာတဲ့ဘက်ကို လှမ်းကြည့်နေပြီး သူ့ရဲ့ လက်တွေကို လေထဲမှာ ဝှေ့ယမ်းပြနေတာကို ကျွန်မ သတိထားမိလိုက်တယ်။ သူ့ရဲ့ ဆံပင်တွေက ရှုပ်ပွလို့။ အမဲရောင် ကိုင်းထူထူ မျက်မှန်ကြီးကို သူ တပ်ထားတယ်။ တအား ပိန်လွန်း၊ လူကောင် သေးငယ်လွန်းတော့ ကောင်လေး တစ်ယောက် လို့တောင် ထင်မှတ်ချင်စရာ။ သူက အမြန် ကောက်ဝတ်လာပုံ ပေါ်တဲ့ ရှပ်အင်္ကျီလက်တို အကွက်၊ ဝါဂွမ်းသား ဘောင်းဘီရှည်နဲ့ ကြိုးသိုင်းဖိနပ်နဲ့။ ဒီလောက် ကြည့်လိုက်တာနဲ့တင် ကျွန်မ အပြည့်အဝ သိသွားတယ်။ သူက ကျွန်မရဲ့ ဦးလေး ဆတိုရူ။

သူ့မျက်နှာတစ်ခုလုံးကလည်း ဝင်းလဲ့လို့။ သူက လှမ်းပြောတယ်။ “ဟေ တာကကို၊ နောက်ဆုံးတော့ သမီး ရောက်လာပါပေါ့လား”

အနီးကပ် မြင်ရတော့မှ ဦးလေး အတော့်ကို အသက်ကြီးသွားမှန်း ကျွန်မ မြင်လိုက်ရတော့တယ်။ သူ့မျက်လုံးနား က နက်ရှိုင်းနေတဲ့ အရေးအကြောင်းတွေက ဖုံးကွယ်ထားလို့ မရနိုင်လောက်အောင်ကို ဖြစ်နေပြီ။ တစ်ချိန်တုန်းက ဖြူဆွတ်ခဲ့တဲ့ သူ့ရဲ့ အသားအရည်ကလည်း အခုတော့ နတ်သမီးပုံပြင်တွေထဲက ကံအကြောင်းမလှ၊ ကံဆိုးရှာတဲ့ မိန်းမပျို တစ်ယောက်ရဲ့ အသားအရည် လိုမျိုး။ ပြီးတော့ သိသာလွန်းတဲ့၊ နေလောင်ဒဏ် ခံထားရတဲ့ အစက်အပြောက်တွေလည်း ရှိနေလို့။ ဒါပေမဲ့ သူ့မျက်မှန်ရဲ့ အနောက်ဘက်က သူ့ရဲ့ မျက်လုံးထဲမှာတော့ ကလေး တစ်ယောက်နဲ့ တူတဲ့၊ ထူးဆန်းတဲ့ ဝင်းလဲ့ တောက်ပမှုကို မြင်ရလိမ့်မယ်။

“တချိန်လုံး ဦးလေးက ဆိုင်ရှေ့မှာ သမီးလာတာကို စောင့်နေတာလား”

“သမီး ဒီအချိန်လောက် ရောက်လာမယ်လို့ ဦးလေး ထင်လို့လေ။ ဒီနေရာ တစ်ခုလုံးက စာအုပ်အဟောင်း ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင် ရှိနေတယ်ဆိုတာကို သမီး သိတယ်မလား။ ဒီတော့ ဦးလေးကလည်း သမီး လမ်းပျောက် သွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါကြောင့်မို့ပါ။ ဒါကြောင့်မို့ ဦးလေးလည်း အပြင်ထွက်ပြီး သမီးကို စောင့်နေလိုက်တာ။ တချိန်လုံး ဦးလေး တွေးနေမိတာက ယူနီဖောင်း ဝတ်ထားတဲ့ ကျောင်းသူလေးတစ်ယောက် ပေါ်လာမလားပေါ့၊ ဒါပေမဲ့ သမီးလည်း အတော့်ကို အရွယ်ရောက်လာတာပဲ”

ဒါကလည်း ဖြစ်သင့်ပါတယ်။ ကျွန်မ ဦးလေးကို နောက်ဆုံးအကြိမ် မြင်ခဲ့ရတာက ကျွန်မ အထက်တန်းကျောင်း ပထမနှစ်ကို တက်နေတဲ့အချိန်။ ဒီတုန်းက ကျွန်မတို့က အဘိုးဆုံးတဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်အတွက် တိုကျိုကို ရောက်လာကြတာ။ အဲဒီအချိန်ကတည်းကဆိုတော့ အခုဆိုရင် ဆယ်နှစ်နီးပါး ရှိတော့မှာပေါ့။ ဒီလောက် အချိန်ကြာသွား ခဲ့ပေမယ့် ဦးလေးကတော့ အရင်လိုမျိုး ပုံစံပါပဲ။ အခုဆို သူလည်း အသက်လေးဆယ်ကျော်လောက် ရှိနေရောပေါ့။ ဒါပေ မဲ့ သူကတော့ အရင်ကလို ပေါ့ပေါ့ပါးပါး နေထိုင်တတ်တဲ့ ပုံမျိုးလိုပဲ။ ဦးလေးက လူအားလုံးရဲ့ စိတ်ကူးထဲက သိက္ခာရှိပြီး ခန့်ညားလှတဲ့ လူတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ ဆန့်ကျင်ဘက် အတိအကျမှာ ရှိနေတဲ့ သူမျိုး။ ဒါကလည်း ကျွန်မရဲ့ ဆယ် ကျော်သက် အချိန်မှာ သူနဲ့ ပတ်သက်လာရင် ကျွန်မ လုံးဝ သည်းမခံနိုင်တဲ့ အချက်တစ်ခုပဲ။ ဒီတုန်းက ကျွန်မကလည်း တအားကို ဆတ်ဆတ်ထိ မခံလွန်းတော့ တခြားသူတွေနဲ့ ကျွန်မနဲ့ အကြား ခပ်လှမ်းလှမ်း ပိုင်းခြားပြီးတော့ပဲ နေထိုင် ခဲ့တာ။

ဦးလေးကို ကျွန်မ စိုက်ကြည့်နေမိတာ ရပ်လိုက်ပြီးတဲ့နောက်မှာတော့ စာအုပ်ဆိုင် အရှေ့ဘက်ကို ကျွန်မ အကြည့် လွှဲလိုက်တယ်။

“ဒီတော့ ဒီဆိုင်က သမီးတို့ရဲ့ အဘေး စတင်ခဲ့တဲ့ ဆိုင်ပေါ့”

ဆိုင်ကို ကျွန်မ စိုက်ကြည့်နေရင်း ဆိုင်းဘုတ်ကိုပါ ဖတ်ကြည့်မိ လိုက်တယ်။ မိုရီဆာကီ စာအုပ်ဆိုင် - ခေတ်သစ်စာပေပိုင်း အထူးပြု လို့ ရေးထားတယ်။ ဒီမြင်ကွင်းက ကျွန်မကို အနည်းငယ်လောက် စိတ်လှုပ်ရှားသွားစေ သလို ခံစားလိုက်ရတယ်။ ကျွန်မတို့ရဲ့ အဘိုးရဲ့ အဖေကို ကျွန်မ တစ်ခါမှ မမြင်တွေ့ဖူးခဲ့တာတောင်မှ ကျွန်မတို့ရဲ့ မိသားစု ထဲမှာ ဦးလေးက ဒီအစဉ်အလာကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့တဲ့ တတိယမြောက် မျိုးဆက် ဆိုတာက အတော်ကို ကြီးမားလွန်းတဲ့ ကိစ္စကြီးတစ်ခုပဲလို့ အတွေးပေါ်လာတဲ့အထိပဲ။

အခု ဒီဆိုင်က နှစ်ပေါင်းသုံးဆယ်လောက် သက်တမ်း ရှိနေပြီ။ ဒါပေမှ ဆိုင်ပုံစံက ဒီထက်ပိုစောတဲ့ ခေတ်ကာလ က အရာတစ်ခုလို ပုံပေါ်နေတယ်။ နှစ်ထပ် သစ်သားအဆောက်အအုံလေး အရှေ့ဘက်က မှန်တံခါးတွေကို ဖြတ်ပြီး ကြည့်လိုက်ရင် စာအုပ်တွေ အများကြီး အတူတကွ ပြည့်နှက်နေတာကို တွေ့ရလိမ့်မယ်။

“မူရင်း စာအုပ်ဆိုင်ကိုတော့ တိုင်ရှို ခေတ်တုန်းက ဆူဇုဇန်လမ်းမှာ ဖွင့်ခဲ့တာပေါ့၊ အခုတော့ မရှိတော့ဘူး။ ဒီတော့ ဒီဆိုင်က ဒုတိယမြောက် မိုရီဆာကီ စာအုပ်ဆိုင်လို့လည်း ပြောလို့ ရမယ်လို့ ဦးလေးထင်တယ်”

“လာလေ ဝင်ခဲ့၊ ဝင်ခဲ့”

ပြောပြောဆိုဆိုနဲ့ ဦးလေးက လက်ဆွဲအိတ်ကို ကျွန်မရဲ့ လက်ကနေ ဆွဲယူလိုက်ပြီး ကျွန်မကို ဆိုင်ထဲဝင်ဖို့ နေရာ ပြတယ်။ အထဲကို ကျွန်မ ခြေလှမ်းဝင် ဝင်လိုက်ချင်းမှာပဲ အောက်သိုးသိုး မှိုစော်နံနေတဲ့ အနံ့တွေက ကျွန်မဆီ တိုးဝင် လာတယ်။

“အောက်သိုးသိုး” ဆိုတဲ့ စကားလုံးကိုတောင် အသံထွက်ပြီး မတော်မဆ ကျွန်မ ပြောမိလိုက်သွားသေးတယ်။

ဦးလေးက ရယ်မောလိုက်ပြီး ကျွန်မကို အမှန်ပြင်ပေးတယ်။ “ဒီလိုပါပဲ မနက်ခင်းပိုင်း မိုးရွာပြီးတဲ့နောက်မှာ ဖြစ်နေမယ့် အောက်သိုးသိုး အနံ့ကိုလည်း စိတ်ကူးကြည့်လိုက်ဦးလေ”

ရှင်တို့ ဘယ်နေရာကိုပဲ ကြည့်ကြည့် စာအုပ်တွေကိုပဲ တွေ့ရလိမ့်မယ်။ နေရောင်ကိုတောင် မြင်တွေ့ရတယ် ဆိုရုံ လေးပဲ ရှိတဲ့ ဒီအခန်းလေးထဲမှာ အရာအားလုံးက ရှိုဝါခေတ်ရဲ့ ရနံ့တွေနဲ့ပဲ ဖြန့်ကျက်ထားတဲ့ပုံပေါ်တယ်။ အဖုံးပျော့ စာအုပ်တွေ၊ အဖုံးမာစာအုပ်တွေ အားလုံးကို သေချာစနစ်တကျ စီရီထားတဲ့ စာအုပ်စင်တွေ အထဲမှာ ပိတ်ကြပ်နေအောင် တင်ထားတာ။ ပိုပြီး ကြီးမားတဲ့လက်ရာအပြည့်အစုံ စုဆောင်းမှု စာအုပ်တွေကိုတော့ နံရံတလျှောက်မှာ အပုံလိုက်စီ အထပ်လိုက် စုပုံထားလို့။ စာရင်းဇယားမှတ်တဲ့ ကောင်တာခုံလေးရဲ့ အနောက်ဘက်မှာတောင်မှ စာအုပ်တွေက အပြည့် အသိပ်ပဲ။ ငလျင် ကြီးကြီးမားမား တစ်ခုသာ လှုပ်လိုက်လို့ကတော့ ဒီစာအုပ်တွေအားလုံး ပြိုကျလာမယ်ဆိုတာ သံသယ ဖြစ်နေစရာ မလိုဘူး။ ရှင်တို့လည်း ပြိုကျလာတဲ့ စာအုပ်ပုံကြီးအောက်မှာ တစ်ခါတည်း မြှုပ်နှံထားပြီးသား ဖြစ်သွားမှာပဲ။

“ဒီနေရာမှာ စာအုပ်ပေါင်း ဘယ်လောက်များများ ရှိလဲ” လို့ ကျွန်မက ထိတ်လန့်မှုတဝက်နဲ့ မေးမိလိုက်တယ်။

“အကြမ်းဖျင်း ပြောရမယ်ဆိုရင် စာအုပ်ပေါင်း ခြောက်ထောင်လောက် လို့ ပြောလို့ရတယ်”

“ခြောက်ထောင်တောင်” လို့ ကျွန်မ အော်ပြောမိလိုက်တယ်။

“ဒီနေရာလေးက သေးတယ်လေ၊ ဒီတော့ စာအုပ်တွေ ထားရတာ အတော်လေးတော့ အကန့်အသတ်ရှိတာပေါ့”

“ ‘ခေတ်သစ်စာပေပိုင်း အထူးပြု’ဆိုတာကရော ဘာကို ဆိုလိုတာလဲ”

“ဦးလေးတို့က ခေတ်သစ် ဂျပန်စာရေးဆရာတွေကို အဓိက ထားပြီး ရောင်းတယ်လေ။ ဒီကို လာကြည့်”

ဦးလေးက တိုက်တွန်းနေတော့ ကျွန်မလည်း စင်မှာ တန်းစီထားတဲ့ စာအုပ်တွေရဲ့ အနှောင့်တွေကို မျက်လုံးဝေ့ပြီး လိုက်ကြည့်လိုက်တယ်။ ဒီထဲမှာ ကျွန်မ သိတဲ့ စာရေးဆရာနာမည်တွေ ဖြစ်တဲ့ ရူနိုဆုခီအကူတဂါဝ၊ ဆော့ဆဲ့ခီ နတ်ဆူမဲ့၊ အိုဂအိမိုရီ1 ဒီလို စာရေးဆရာတွေလည်း ရှိတယ်။ ဒါပေမဲ့လို့ အများစုကတော့ အရင်က ကျွန်မက တစ်ခါမှ မကြားဖူးခဲ့တဲ့ စာရေးဆရာတွေ။ ပြီးတော့ ကျွန်မ ကြားဖူးခဲ့တဲ့၊ အထက်တန်းကျောင်းမှာတုန်းက အတန်းထဲမှာ ကျွန်မဖတ်ရလို့သာ သိရခဲ့ဖူးတဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေလည်း ရှိတယ်။

“ဒီတော့ ဦးလေးက ဒီစာရေးဆရာတွေ အားလုံးရဲ့ စာအုပ်တွေကို စုဆောင်းတာလား” လို့ ကျွန်မက မေးလိုက်တယ်။

ဦးလေးက ရယ်တယ်။ “ဒီနေရာမှာ ရှိတဲ့ စာအုပ်ဆိုင်အများစုက အထူး သီးသန့် အကြောင်းအရာတစ်ခု၊ စာအုပ် အမျိုးအစား တစ်ခုတည်း အပေါ်မှာပဲ အဓိကထားပြီး ရောင်းကြတာလေ။ ပညာရပ်ပိုင်းဆိုင်ရာ စာအုပ်တွေကို ရောင်းကြ တဲ့ စာအုပ်တွေလည်း ရှိတယ်။ ပြဇာတ် ဇာတ်ညွှန်းတွေကိုချည်းပဲ သီးသန့်ရောင်းတဲ့ ဆိုင်တွေလည်း ရှိတယ်။ ပို့စကတ်တွေ၊ ဓာတ်ပုံတွေလိုမျိုး အရာတွေကိုပဲ သီးသန့်ရောင်းတဲ့၊ တခြားဆိုင်တွေနဲ့ မတူညီကြတဲ့ ဆိုင်တချို့လည်း ရှိကြ သေးတယ်။ အခု ဒီရပ်ကွက်ကတော့ ကမ္ဘာပေါ်မှာ စာအုပ်အဟောင်းဆိုင်တွေ စုစည်းတည်ရှိနေကြတဲ့ အကြီးမားဆုံးသော နေရာတစ်ခုပေါ့”

“ကမ္ဘာပေါ်မှာတောင်လား”

“ဟုတ်တယ်။ ဆယ့်ကိုးရာစုနှစ် အဆုံး မေဂျီခေတ်ကနေ စလို့ နှစ်ဆယ်ရာစု အစပိုင်းအထိ ဒီရပ်ကွက်က ယဉ်ကျေးမှု အချက်အချာ အလယ်ဗဟိုနေရာ တစ်ခု ဖြစ်ခဲ့တာပေါ့။ ပညာတတ်တွေ၊ စာရေးဆရာတွေ ကလည်း ဒီရပ်ကွက်ကို ချစ်မြတ်နိုးကြတယ်။ ဒီနေရာမှာ စာအုပ်ဆိုင်တွေ အများကြီး ရှိနေရခြင်း ရဲ့ အကြောင်းပြချက်က အဲဒီခေတ် တုန်းက ဒီရပ်ကွက်မှာ စာသင်ကျောင်းတွေ အများကြီး ဆောက်ခဲ့ကြတယ်လေ။ ဒီလိုနဲ့ ရုတ်တရက် ဆိုသလို ပညာရပ် ပိုင်းဆိုင်ရာ စာအုပ်တွေကို ရောင်းချတဲ့ ဒီလိုစာအုပ်ဆိုင်တွေလည်း အများကြီး ပေါ်လာတော့တာပေါ့”

“အဲဒီလို ခေတ်ကတည်းကနေတောင်လား”

“ဟုတ်တာပေါ့၊ အဲဒီအချိန်ကတည်းက စလိုက်တဲ့ သမိုင်းကြောင်းက အခုအချိန်အထိ အပြတ်အတောက်မရှိ ဆက်လက်နေဆဲပဲလေ၊ အိုဂအိမိုရီနဲ့ ဂျန်အိချိရိုတာနိဇခီ2 တို့လို စာရေးဆရာတွေက ဒီနေရာကို အခြေပြုထားတဲ့ ဝတ္ထုရှည်တွေကိုလည်း ရေးခဲ့တာ။ အခုတော့ နိုင်ငံတကာက တိုးရစ်တွေ အများကြီးလည်း လာရောက် လည်ပတ် နေကြပြီ”

ဦးလေးက ဒါတွေအားလုံးကို အတော် ဂုဏ်ယူဝံ့ကြွားနေတဲ့ ပုံမျိုး ပြောဆိုနေတာ။ ဒီအရာတွေ အားလုံးက သူနဲ့ သက်ဆိုင်နေသလိုမျိုး။

“သမီးက တိုကျိုမှာ နေသာ နေနေတာ၊ ဒီလိုမျိုး နေရာ ရှိနေလိမ့်မယ်။ နည်းနည်းလေးမှ လောက်တောင် မတွေး မိဖူးဘူး” လို့ ကျွန်မက အထင်ကြီးစွာပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်မိတယ်။ ပြီးတော့ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်မရဲ့ ဘာမျှ မဟုတ်တဲ့ မေးခွန်းလေးကို ဦးလေး ပြန်ဖြေလိုက်တဲ့ အဖြေကလည်း ကျွန်မကို သဘောကျအောင် လုပ်နိုင်တာ ပဲလေ။ ကျွန်မတို့ရဲ့ မိသားစုထဲမှာ ရည်ရွယ်ချက် မရှိ၊ ရောက်ရာပေါက်ရာ လျှောက်သွားနေတဲ့သူ၊ တကယ့် အလုပ်တစ်ခုကို ရှာပြီး မလုပ်ကိုင်ဖူးသူလို့ အားလုံးက ထင်ထားကြတဲ့သူ တစ်ယောက်အနေနဲ့တော့ ဦးလေးက အများကြီး ကို ပိုသိနေတဲ့ပုံလို့ ပြောလို့ရတယ်။ ပြီးတော့ ကျွန်မ ငယ်ငယ်တုန်းက ဦးလေးဆီကို သွားလည်တဲ့ အခါမျိုးမှာ သူ့ရဲ့ အခန်းက အမြဲတမ်း ဖတ်ရခက်တဲ့ သမိုင်းစာအုပ်တွေ၊ ဒဿနိက စာအုပ်တွေနဲ့ပဲ ပြည့်နှက်နေတာကိုလည်း ကျွန်မ သတိရမိသွားတယ်။

“နောက်တစ်ခါကျရင် သမီး ဟိုနားဒီနား လျှောက်သွားကြည့်ကြည့်ပေါ့၊ ဒီနေရာတဝိုက်ကို လိုက်ကြည့်ကြည့်။ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေလည်း အများကြီးပဲ။ နောက်ရက်မှပဲ ဒီလို လိုက်ကြည့်ပေါ့။ အခုတော့ ပထမဆုံး ဦးလေးက သမီးရဲ့ အခန်းကို လိုက်ပြဦးမယ်။ ဒုတိယထပ် အခန်းက စုဆောင်းထားတဲ့ စာအုပ်တွေထဲက နောက်ထပ် ကျန်နေသေးတဲ့ စာအုပ်တွေနဲ့ ပြည့်နှက်နေတာ၊ ဒါပေမဲ့ အခန်းကတော့ အကြီးကြီးပါပဲ။”

ဒုတိယအထပ်က ဒီအခန်းထဲကို ကျွန်မတို့ ကြည့်လိုက်တော့ အဲဒီနေရာမှာတင် ကျွန်မ မူးမေ့လဲမလို ဖြစ်သွားတယ်။ ဦးလေးပြောတဲ့ “စုဆောင်းထား တဲ့ စာအုပ်တွေ” ဆိုတာက အခန်းတစ်ခန်းလုံး မျှော်စင်ကြီးလောက် မြင့်မားနေတဲ့ စာအုပ်အပုံကြီး ဖြစ်နေတာကိုး။ အထဲမှာ ခြေချစရာ နေရာတောင် မရှိဘူး။ သိပ်မဝေးလှတဲ့ အနာဂတ် ကာလကို အခြေပြုထားတဲ့ စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်း ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း တစ်ခုက တည့်တည့်ကြီး ပေါ်လာ သလိုမျိုး။ ရှေးဟောင်းအဲကွန်းကြီးက အပြည့်အဝ တဒုန်းဒုန်းမြည် လည်ပတ်နေပေမယ့်လို့ ကျွန်မကိုယ်ပေါ်မှာတော့ ချွေးပေါက်တွေ တစ်ပေါက်ပြီး တစ်ပေါက် ကျဆင်းလို့ လာတယ်။ စာအုပ်ပုံထဲက တစ်နေရာရာမှာတောင် စူးစူးရှရှ ဟစ်အော် လိုက်တဲ့ ပုဇဉ်းရင်ကွဲအသံကို ကျွန်မ ကြားမိလိုက်သလိုလို။

ကျွန်မက ကျွန်မရဲ့ နံဘေးမှာ ရပ်နေတဲ့ ဦးလေးဘက်ကို လှည့်လိုက်ပြီး သူ့ကို ရေခဲလိုမျိုး အေးစက်စက် စိုက်ကြည့်လိုက်တယ်။ ကျွန်မအတွက် အကုန်လုံး အသင့်ပြင်ဆင်ထားတယ်လို့ သူ ပြောခဲ့တုန်းက ဘာတွေကို သူလုပ် ထားတယ်လို့ ပြောချင်တာလဲ။ ဒီအခန်းထဲမှာ ကြွက်တစ်ကောင်တောင် သူ့ရဲ့ ခြေထောက်တစ်ဖက်ကို ချစရာနေရာ လုံလုံ လောက်လောက်မှ မရှိတော့တာ။

“သေစမ်း၊ ဦးလေးက သမီး ဒီကို ရောက်မလာခင် ဒါတွေအားလုံးကို နေရာတကျဖြစ်အောင် လုပ်ဦးမလို့ပါပဲ၊ ဒါပေမဲ့ …” လို့ သူက ပြောပြီး တောင်းပန် တိုးလျှိုးသလို ပုံစံမျိုးနဲ့ သူ့ရဲ့ ခေါင်းအနောက်ဘက်ကို ပွတ်နေတယ်။ “သမီး သိတဲ့အတိုင်းပဲ။ လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက ဦးလေးရဲ့ ကျောအနောက်ဘက် နာနေတယ်လေ။ ဒါက စာအုပ် ရောင်းသမား တစ်ယောက်ရဲ့ ကံကြမ္မာပဲ ထင်ပါရဲ့။ ဒါပေမဲ့ စာအုပ်တွေရဲ့ တဝက်လောက်ကိုတော့ ဘေးက အခန်းလွတ် ထဲကို ဦးလေး ရွှေ့ထားပြီးပြီ။ ဒီတော့ ကျန်ရစ်နေတဲ့ တခြားစာအုပ်တွေကို သမီး က ဟိုဘက်အခန်းထဲကို ပစ်ထည့် လိုက်မယ် ဆိုရင် ကိုယ့်အိမ်ကိုယ့်ယာ ရောက်သလို ဖြစ်သွားမှာပဲ”

ဒီအချိန်မှာပဲ အောက်ထပ်က မှန်တံခါးကို ဖွင့်လိုက်တဲ့အသံကို ကျွန်မတို့ ကြားလိုက်ရတော့ ဦးလေးက “စိတ်မရှိ ပါနဲ့နော်” လို့ ပြောပြီ။ အောက်ထပ်ကို ပြန်ပြေးဆင်းသွားတော့တယ်။

ကျွန်မက အခန်းထဲကို လှည့်ပတ်ကြည့်ပြီး သက်ပြင်းချလိုက်မိတယ်။ ဟိုဘက်အခန်းထဲကို “ပစ်ထည့်” လိုက်လို့ သူက ပြောသွားတာ။ သူကတော့ ပြောဖို့ လွယ်တာပေါ့။ ကျွန်မကတော့ နှပ်ချခံလိုက်သလို၊ ညာခိုင်းခံလိုက်ရသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ကျွန်မက အရင်အခန်းအတွက် စာချုပ်စာတမ်း တွေကိုလည်း ဖျက်ခဲ့ပြီးပြီ ဆိုတော့ တခြား နေစရာလည်း ကျွန်မမှာ မရှိဘူးလေ။ ကိုယ့်ကိုယ်ကိုယ် အဆိုးဆုံးအတွက် ကြိုတင် ပြင်ဆင်ထားပြီးတော့ပဲ အခန်းကို သန့်ရှင်းရေး စလုပ်ရတော့တယ်။

ဒီတော့ တစ်နေ့တာလုံး ကျွန်မမှာ ဒီစာအုပ်တွေနဲ့ စစ်ပွဲ ဆင်နွှဲရတော့တာပေါ့။ ချွေးတောက်တောက်ကျလို့ ဘေးဘက်မှာ အခန်းထဲမှာ စာအုပ်တွေကို ပြည့်သိပ်နေအောင်၊ အမြင့်ကြီး စီရီပြီးတော့ သွားစုပုံထားနေရတာ။ ဒါပေမဲ့ ကျွန်မ နည်းနည်းလောက်လေးများ သတိလက်မဲ့ ဖြစ်သွားတာနဲ့ ဒေါသကြီးနေတဲ့ ဘုရားတစ်ပါးက ဖြိုချပစ်လိုက်သလိုမျိုး ကျွန်မရဲ့ ဘေဘယ် စာအုပ်မျှော်စင်ကြီးက ပြိုကျသွားမှာပဲ။ နည်းနည်း နည်းနည်းချင်းစီ ဒီစာအုပ်တွေအပေါ်မှာ ကျွန်မရဲ့ ပြင်းထန်တဲ့ အမုန်းတရားက ပိုပိုပြီး တိုးပွားလို့သာ လာနေတော့တယ်၊ ဒါပေမဲ့လို့ ညပိုင်းအချိန် ရောက်လာတဲ့အခါတော့ တစ်နည်းနည်းနဲ့ ကျွန်မက စာအုပ်တွေ အများစုကို အောင်မြင်စွာ ရှင်းလင်းနိုင်လိုက်ပြီး အခန်းလွတ်ကြီးဖြစ်သွားရအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒီစာအုပ် တောင်တန်းကြီးကြားထဲမှာ မြှုပ်နှံခံထားရတဲ့ စားပွဲလေးတစ်လုံးကိုတောင် ကျွန်မ ကယ်ဆယ် လိုက်နိုင်သေးတယ်။ ဘေးဘက်က အခန်းထဲမှာတော့ စာအုပ်တွေကို မျက်နှာကြက် အထိရောက်အောင် စုပုံထားလို့။ အောက်က ကြမ်းခင်း ကျွံကျသွားမှာကိုတောင် ကျွန်မ နည်းနည်း စိတ်ပူမိတယ်။ ဒါပေမဲ့ ဒီအဆောက်အဦက ပြိုမကျလောက်အောင် ခိုင်ခန့်တဲ့ အဆောက်အဦ ထင်ပါရဲ့လေ၊ ဒီတော့ အဆင်ပြေမှာပါလို့ ကျွန်မကိုယ်ကျွန်မ ပြန်ပြော ရတယ်။ ဒီနောက်မှာတော့ ကျွန်မက ဖုန်စုပ်စက်ကို ထုတ်လိုက်ပြီး မကောင်းဆိုးဝါး မိစ္ဆာတွေလို ကြမ်းပေါ်မှာ ဟိုတစ ဒီတစ ကျဲပြန့်နေတဲ့ အမှိုက်သရိုက်တွေနဲ့ ဖုန်တွေအားလုံးကို စုပ်ယူလိုက်တယ်။ နံရံတွေနဲ့ အောက်ခံအခင်းဖျာတွေကို ဖုန်သုတ်အဝတ်နဲ့ ဖုန်လိုက်သုတ်ပြီးတာနဲ့ အခန်းက လူသားတစ်ယောက် အမှန်တကယ် အခြေချ နေထိုင်လို့ရတဲ့ နေရာ တစ်ခုနဲ့ ပိုပြီးတော့ တူလာတော့တာပေါ့။

အခန်းအဝင်ဝမှာ ကျွန်မက တင်ပေါ် လက်ထောက်ပြီး အခန်းထဲကို ရပ်ကြည့်နေရင်း ကျွန်မ လုပ်ခဲ့တဲ့ အလုပ် တွေကို ကျေနပ်အားရမှု တစိတ်တပိုင်းနဲ့ ပြန်လေ့လာကြည့်နေမိတယ်။ ဒီအချိန်မှာပဲ ဦးလေးက ဆိုင်ပိတ်လိုက်ပြီး အပေါ် ထပ်ကို တတ်လာလို့ ကျွန်မကို လာကြည့်တယ်။

“ဝိုး သမီး အကုန်လုံးကို သန့်ရှင်းလိုက်နိုင်တာပဲ၊ အံ့အားသင့်စရာပဲ” လို့ သူက ပြောတယ်။ “တာကကိုရေ၊ သမီးသာ ဆယ့်ကိုးရာစုနှစ်တစ်ဝက် အချိန်တုန်းက အင်္ဂလန်လို နေရာမျိုးမှာသာ မွေးဖွားလာခဲ့မယ်ဆိုရင် သမီးက တကယ်တော်တဲ့ အိမ်အကူအမျိုးသမီးတစ်ယောက် ဖြစ်မှာ သေချာတယ်” ဦးလေးက ဒီလိုမျိုး ဆိုတာထက် ပိုပြီး ကြောင်တောင်တောင်နိုင်တဲ့ဟာတွေကိုလည်း ကျွန်မကို ဆက်ပြောနေသေးတယ်။

ဘုရားရေ၊ ကျွန်မတော့ ဒီလူကြီးနဲ့ အဆင်ပြေအောင် နေရတော့မှာပဲ လို့တောင် ကျွန်မ တွေးမိလိုက်တယ်။

“သမီး ပင်ပန်းနေပြီ၊ ဝင်အိပ်တော့မယ်” လို့ ကျွန်မက ပြောလိုက်တယ်။

“သေချာတာပေါ့၊ အေးအေးဆေးဆေး နားလေ၊ သမီး လိုအပ်သလောက် အထိ အနားယူပစ်ပေါ့။ မနက်ဖြန် မနက် မှာတော့ သမီး ဦးလေးကို ကူညီနိုင် တယ်မလား၊ ဟုတ်ရဲ့လား” ဦးလေး ဆိုင်ကနေ ပြန်သွားတာနဲ့ တစ်ခါတည်း ကျွန်မလည်း ရေမိုးတန်း ချိုးလိုက်ပြီး ဆံပင်တောင် အခြောက်မခံနေတော့ဘဲ ကျွန်မရဲ့ အောက်သိုးသိုး မွေ့ရာကြီးထဲကို လေးဖက်ထောက်လို့ ဝင်လိုက်မိတယ်။

မီးတွေကို ကျွန်မ မှိတ်လိုက်တဲ့ အချိန်မှာတော့ အခန်းက ရုတ်တရက် ဆိုသလို လုံးဝကို တိတ်ဆိတ်သွား တော့တယ်။ ဒီစာအုပ်တွေအားလုံးက အသံတွေ ကို စုပ်ယူထားလိုက်သလိုမျိုး။

ခပ်မှိန်မှိန် မြင်နေရတဲ့ မျက်နှာကြက်ကို ကျွန်မ မော့ကြည့်နေရင်း မျှော်လင့်ချက် ကင်းမဲ့နေသလိုမျိုး စပြီး ခံစား လာရတယ်။ ဒီနေရာမှာ တခဏတာလောက် တကယ်ပဲ ကျွန်မ နေနိုင်မှာလား။ ကျွန်မကိုယ် ကျွန်မ ဒီလိုနေဖို့ ကျင့်သား ရလာ လိမ့်မယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ ဒါကလည်း ခဏလောက်ပဲ ခံပါတယ်။ နောက်တစ်စက္ကန့်လောက် နေတော့ ကျွန်မက ဟောက်တောင် ဟောက်နေပြီ။

ကျွန်မရဲ့ အိပ်မက်ထဲမှာတော့ ကျွန်မက သိပ်မဝေးလှတဲ့ အနာဂတ် ကာလတစ်ခုက မြို့ကြီးတစ်ခုမှာ အန်းဒရွိုက် စက်ရုပ် အိမ်အကူဖြစ်နေတော့တယ်။ အိမ်နီးနားချင်း ပတ်ဝန်းကျင်က အဆောက်အဦတွေအားလုံးကိုတော့ စာအုပ် အဟောင်းတွေနဲ့ တည်ဆောက်ထားတာတဲ့။

နောက်တစ်နေ့မနက်မှာ ကျွန်မရဲ့ မျက်လုံးကို ဖွင့်လိုက်တော့ ကျွန်မ ဘယ်နေရာကို ရောက်နေမှန်း ကိုယ့်ဘာသာ စဉ်းစားလို့ မရဘူး။ ကျွန်မဘေးက နှိုးစက်နာရီကို ကြည့်လိုက်တော့ အချိန်က (၁ဝ) နာရီ (၂၂) မိနစ်တဲ့။

ရုတ်ခြည်းဆိုသလို လက်တွေ့ဘဝထဲ ကျွန်မ ပြန်ရောက်လာတယ်။ “အား” ခနဲ ကျွန်မ ကောက်အော်လိုက်ပြီး အိပ်ရာထဲ ကနေ ခုန်ထလိုက်မိတယ်။ ဆိုင်ကိုက ဆယ်နာရီအချိန်မှာ ဖွင့်တာ။ အိပ်ရာ မဝင်ခင်တုန်းကတော့ နှိုးစက်ကို ရှစ်နာရီမှာ ထဖို့ အလန်းပေးထားခဲ့တာ။ ဒါပေမဲ့ အိပ်နေရင်းနဲ့ပဲ ဒီနှိုးစက်ကို ပိတ်လိုက်မိတာ ဖြစ်ရမယ်။ ဘယ်သူကများ ကိုယ်ကျိုးနည်း ကျွန်မအပေါ်မှာ ဒီလို ရက်စက်လှတဲ့ လှည့်ကွက်နဲ့ လာလှည့်စားပြီး ကစားသွားတာပါလိမ့်။ ဟုတ်တယ်၊ တရားခံကတော့ ကျွန်တော်မျိုးမ ကိုယ်တိုင်ပါပဲပေါ့။

ဘယ်လောက်တောင် ကသောင်းကနင်း နိုင်လိုက်သလဲ။ အမြဲတမ်းလိုလို ကျွန်မက အချိန်မှန်မှန် အိပ်ရာထလေ့ ရှိတဲ့ နေရာမှာ ဆရာကျခဲ့တာ။ ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း ကျွန်မက တစ်ခါကလေးမှ နောက် မကျ ခဲ့ဖူးတဲ့ အချက်ကို ကျွန်မမှာ ဂုဏ်ယူခဲ့ရတာ။ ဒါပေမဲ့ အခုတော့ ကျွန်မမှာ ညအိပ်အင်္ကျီနဲ့၊ လုံးဝကို အိပ်ရာက ထခါစ ရုပ်နဲ့။ လှေကားထစ်တွေကို အပြေးအလွှား ပြေးဆင်းလို့ ဆိုင်ရှေ့က သံတံခါး အလေးကြီးကို အလျှင်စလို တွန်းတင် ပြေးဖွင့်နေရတယ်။ တံခါးဖွင့်လိုက်တော့ နွေရာသီအလင်းရောင်က အခန်းထဲကို ဖြာကျလာတယ်။ မျက်နှာချင်း ဆိုင်က ဆိုင်တွေ အားလုံးကလည်း ဖွင့်ထားပြီးသား ဖြစ်နေကြပြီ။ ကျွန်မကတော့ နောက်ကျမှ ဖွင့်တယ်ဆိုတာ ကောင်း ကောင်းကြီး သေချာလေရဲ့။

ကျွန်မ ဘာများ လုပ်ရမလဲ။ နောက်ထပ် နာရီဝက်လောက် ကောင်တာမှာ စိုးရိမ်ထိတ်လန့်စိတ် တဝက်နဲ့၊ ညအိပ် ဝတ်စုံကြီးနဲ့ပဲ ခပ်တုံးတုံးပုံစံလိုမျိုး ဒီအတိုင်းပဲ ကျွန်မ ဆက်ထိုင်နေမိတယ်။ ကျွန်မ အံ့အားသင့်ရတာက ဘယ်သူ တစ်ဦး တစ်ယောက်ကမျှ မဝင်လာတာပဲ။

နောက် အချိန်ကြာလာတော့လည်း ဘယ်သူမှ ပေါ်လာဦးမယ့်ပုံ မပေါ်သေးဘူး။ လမ်းသွယ် အတိုင်း လမ်းလျှောက် နေကြတဲ့ လူတချို့တော့ ရှိပါတယ်၊ ဒါပေမဲ့ သူတို့ကလည်း ဒီအတိုင်းပဲ ဖြတ်လျှောက်သွားကြတာ။ အရူး တစ်ယောက်လို ခံစားနေရရင်း ပေါ့ပေါ့ပါးပါးနဲ့ပဲ အပေါ်ထပ်ကို ကျွန်မ ပြန်တက်လို့ အဝတ်အစားတွေကို လဲလိုက်တယ်။ ဆံပင်တွေကို ဘီးနဲ့ဖြီးပြီး မိတ်ကပ်လေး နည်းနည်းပါးပါးတောင် လူးလိုက်သေးတယ်။ ပြီးတော့ အောက်ကို ပြန်ဆင်းလာ လိုက်တယ်။

နေ့လယ်ပိုင်းလောက် ရောက်တော့ လူနည်းနည်း ကျလာတယ်။ ဒါပေမဲ့ အများစု ကတော့ ဈေးပေါတဲ့ ယန်း ငါးဆယ်တန်၊ ယန်းတစ်ရာတန် အဖုံးပျော့ စာအုပ်တွေကိုပဲ ဝယ်ကြတာပါ။ ဆိုင်က ဆက်လက်ပြီးတော့ရော ရပ်တည် နိုင်ပါ့မလား ဆိုပြီး ကျွန်မဘာသာ စိုးရိမ်ပူပန်နေမိလို့။ အကြိမ်သုံးဆယ်လောက် သမ်းဝေပြီးတဲ့နောက်တော့ ခဏ ခဏ လည်း ကျွန်မ အိပ်ငိုက်ကျသွားသေးတယ်။

တစ်နာရီထိုး ဝန်းကျင်လောက်မှာတော့ အသက်အရွယ် အလယ်အလတ်လောက် ရှိတဲ့ လူတစ်ယောက် ပေါ်လာ တယ်။ အရပ်ပုပု၊ တုတ်တုတ်ခိုင်ခိုင်နဲ့ သိသာ ထင်ရှားလောက်အောင် ထိပ်ပြောင်နေတဲ့သူ။ သူက ကောင်တာရဲ့ အနောက် ဘက်မှာ ကျွန်မ ထိုင်နေတာကို မြင်တွေ့တွေ့ချင်းမှာပဲ နှစ်ခါပြန်လောက် ပြန်ကြည့်တယ်။

“ဘာဖြစ်တာလဲ။ ဆတိုရူရော ဘယ်မှာလဲ၊ ဒီထက် ပိုအရေးကြီးတာက မင်းက ဘယ်သူလဲ။ သူတို့တွေက မိန်းကလေး တစ်ယောက်ကို အချိန်ပိုင်း အလုပ်လုပ်ဖို့ ခန့်လိုက်တာလား။ ဒါပေမဲ့ ဒီနေရာက နောက်ထပ် လူတစ်ယောက် ယောက်ကို ထပ်ငှားဖို့ တတ်နိုင်တဲ့ အခြေအနေမှာ မရှိဘူးမလား၊ ငှားနိုင်တာလား”

သူက မေးခွန်းတွေ တစ်ခုပြီး တစ်ခု ကျွန်မကို ဆက်တိုက်မေးတယ်။ သူ့ ပုံစံကို ကျွန်မ ဘယ်လို ဖော်ပြရမလဲ။ သူက အရာတစ်ခုခုကို လုပ်ဆောင်လိုက်ဖို့၊ ပြောချလိုက်ဖို့ တွန့်ဆုတ်နေမယ့်ပုံ မပေါ်တဲ့၊ အသက် အလယ်အလတ် လောက် ရှိနေပြီ ဖြစ်တဲ့ ယောက်ျားကြီး တစ်ယောက်လိုမျိုးလို့ ပြောရမလားပဲ။

“ဪ .. ဦးလေးက နေ့လယ် နှစ်နာရီဝန်းကျင်လောက်မှ ရောက်လာပါလိမ့်မယ်။ ကျွန်မက သူရဲ့ တူမ တာကကို ပါရှင့်။ ကျွန်မက အချိန်ပိုင်း သဘောမျိုးပဲ ဆိုပါတော့။ ဒီဆိုင်မှာက ဘော်ဒါဆောင်လို သဘောမျိုး နေထိုင် စားသောက်ဖို့အတွက် ကျွန်မ အလုပ်လုပ်တာပါ။ ဆိုင်ရဲ့ ငွေရေးကြေးရေး အခြေအနေကိုတော့ ကျွန်မလည်း ဒီလောက် ကြီး အသေးစိတ် မသိသေးပါဘူးရှင့်”

ကျွန်မက သူမေးတာတွေကို ပြန်ဖြေနေစဉ်အတွင်းမှာ ဒီလူက ကျွန်မကို အတော်ကြီးကို စိတ်ဝင်တစားပုံမျိုးနဲ့ ဂရုတစိုက် လေ့လာနေတဲ့ ပုံနဲ့ ကြည့်နေတယ်။

“ဩော် ဒီလိုမျိုးလား” လို့ သူက ပြန်ပြောတယ်။ “ဒီတချိန်လုံး ဆတိုရူမှာ ဒီလောက် ချစ်စရာကောင်းတဲ့ တူမ ငယ်ငယ် ရှိတာကို ငါ ဘာလို့များ မသိခဲ့တာပါလိမ့်”

ချိုချိုသာသာ အပြုံးတစ်ခုကို ကျွန်မ ဖျတ်ခနဲ ပြုံးလိုက်မိတယ်။ ဒီမနက်ခင်းတုန်းက ကျွန်မရဲ့ ရှက်စရာကောင်းတဲ့ ပုံစံကို သူ မမြင်လိုက်ရတာ ကျွန်မ အတွက်တော့ ကံကောင်းတာပဲ။ ဒီလူကြီးကလည်း သဘောမနောကောင်းတဲ့ လူကြီး တစ်ယောက် ဖြစ်မှာပါ။ နှစ်လိုဖွယ်ရာ ကောင်းတဲ့ ပုံစံမျိုးပေါ့လေ။ ဒီထက်ပိုတာက သူက စာကောင်းကောင်း ဖတ်တတ် တာပဲ။

“ဒီတော့ ဦးက နာအိုယာရှိဂါ3 ကို နောက်တစ်ခါ ပြန်ဖတ်ဖို့ တွေးနေမိတာ။ ဖတ်ခဲ့တာကလည်း အတော် ကြာသွားပြီလေ။ အရင်တုန်းက ဦးပိုင်တဲ့ စာအုပ်အများစုကို ဦးလေးရဲ့ ဇနီးက လွှင့်ပစ်လိုက်တာကိုရော သမီးသိလား”

သူက စကားပြောနေရင်း စာအုပ်စင်တွေကြားထဲမှာ လှည့်ပတ် လိုက်ကြည့်နေတယ်။ သူ့ရဲ့ ဇနီးနဲ့ ဘာတွေ ဖြစ်ခဲ့ သလဲ ဆိုတာကို ကျွန်မက ဘယ်လို လုပ်သိမှာပဲ။ သူနဲ့တောင် ကျွန်မ ဒီနေ့မှ တွေ့ဖူးတာကို။

“ဒီစာအုပ်ကို ဘယ်မှာ ထားလိုက်ပြန်ပြီလဲဟေ့”

“ဘယ်စာအုပ်တွေကို ဘယ်နေရာမှာ ထားလဲ မေးတာလဲရှင့်”

“နာအိုယာရှိဂါရဲ့ စာအုပ်တွေလေ”

“ဪ.. ဟုတ်၊ ဒီစာအုပ်တွေက ဒီအနား တစ်နေရာရာမှာပဲ ရှိလိမ့်မယ်”

ရုတ်တရက်ဆိုသလို ဒီလူကြီးက ကျွန်မကို တန်ဖိုးဖြတ်၊ အကဲခတ်ဖို့ ကြိုးစားနေတဲ့ ပုံစံမျိုး၊ ခက်ထန်နေတဲ့ ပုံစံ မျိုးနဲ့ ရုတ်တရက် ပြန်ကြည့်ပါလေရော။

“သမီးက စာဖတ်သမားလား”

“လုံးဝ မဖတ်ပါဘူး”

ကျွန်မ ဒီလို ပြန်ဖြေလိုက်ပြီး ချက်ချင်းလက်ငင်းဆိုသလိုပဲ ကျွန်မရဲ့ အသက် အလယ်အလတ်ရှိတဲ့၊ စကား ဖောင်ဖွဲ့နေသူကြီးက မကောင်းဆိုးဝါး မိစ္ဆာ အဖြစ်ကို ပြောင်းလဲသွားတော့တာပဲ။ သူ့မျက်လုံးတွေက အရောင်တွေ တောက်ပြီးတော့ သူက ကျွန်မကို စိုက်ကြည့်နေတယ်။

ဒီအချိန်မှာတင် သူ့ရဲ့ ဒေါသတကြီးနဲ့ ဝေဖန်တိုက်ခိုက်မှုတွေက စပါလေရော။ စိတ်ဆင်းရဲစရာ ကောင်းလိုက်တာ ပေါ့ရှင်။

“ဒီနေ့ခေတ် လူငယ်တွေက စာအုပ်တွေကို အရင်ကလောက် မဖတ်ကြတော့ဘူး။ ကွန်ပျုတာဂိမ်းတွေကိုပဲ သူတို့တွေက ဆော့နေကြတော့တာ။ မျှော်လင့်ချက်မဲ့စရာပဲ။ တကယ်လို့ သူတို့တွေက စာအုပ်တွေကို ဖတ်တယ် ဆိုရင် တောင်မှ မန်ဂါရုပ်ပြတွေ ဒါမှမဟုတ် သူတို့ရဲ့ ဆဲလ်ဖုန်းတွေထဲမှာ ရှိတဲ့ ခပ်တိမ်တိမ် ဇာတ်လမ်းမျိုးလေးတွေကိုလောက်ပဲ ဖတ်ကြတော့တာ။ ဦးလေးရဲ့ သားတောင်မှ အသက်သုံးဆယ် နီးပါးလောက် ရှိနေပြီ။ တချိန်လုံး ဗီဒီယိုဂိမ်းတွေကိုပဲ ကစားနေတာ။ ဒါက အဆင်ပြေတယ် သမီး ထင်လား။ လုံးဝကို အဆင်မပြေဘူးနော်။ သူတို့တွေက သူတို့ မြင်တွေ့နေ ရတဲ့ အရာတွေရဲ့ အပေါ်ယံတွေကိုပဲ မြင်တွေ့နေကြရတာ။ သမီးလည်း ခပ်တိမ်တိမ်သူမျိုး မဖြစ်ချင်ဘူးဆိုရင် ဒီနေရာမှာ ရှိတဲ့ အံ့အားသင့်စရာ စာအုပ် တချို့တလေလောက်ကို ကြိုးစား ဖတ်ကြည့်သင့်တယ်”

ဒီလူကြီးက ဒီလိုမျိုးတွေပဲ ဆက်ပြောပြီးရင်း ပြောနေတယ်။ နောက်အချိန် တစ်နာရီလောက် ကြာပြီးတော့မှပဲ နောက်ဆုံးမှာတော့ အိမ်ကို ပြန်သွားတော့တယ်။ နောက်ဆုံးတော့လည်း သူ့ရဲ့ လေကြောက ရှည်လွန်းအားကြီးလွန်း လို့ ဘာကိုမျှ မဝယ်တော့ပဲ သူက ပြန်သွားတာ။ ကျွန်မလည်း မောပန်းနွမ်းနယ် ပြီးတော့ ကျန်ရစ်ခဲ့တာပဲ။ နောက်တစ်နာရီခွဲ လောက်နေတော့ ကျွန်မရဲ့ ဦးလေး ပေါ်လာတယ်။ ဦးလေးကို မြင်လိုက်ရတာက ကျွန်မအတွက်တော့ ကယ်တင်ရှင် ရောက်ချလာသလိုမျိုးပဲ။

“သမီးရဲ့ ပထမဆုံးနေ့က ဘယ်လိုနေလဲ၊ ပြဿနာ တစ်ခုခု ရှိသေးလား” လို့ ဦးလေးက ပြောတယ်။ ဒီမေးခွန်းကို သူက မေးပြီးတော့ တစ်နေ့လုံးစာ စာရင်းမှတ်ထားတဲ့ စာရင်းစာအုပ်ဆီကို တန်းသွားပြီးတော့ စစ်ကြည့်တယ်။ “မရှိ ပါဘူး” လို့ ကျွန်မက နွမ်းလျစွာနဲ့ ပြန်ပြောလိုက်တယ်။ “ဒါပေမဲ့ ညနေစောင်းပိုင်း ခဏနေတော့ လူတစ်ယောက် ဝင်လာတယ်။ သူ့ရဲ့ခေါင်းကလည်း အလေ့ကျပေါက်တဲ့ ဒေစီ အရိုင်းပန်းပွင့်လိုမျိုးလေ။ သူ့ရဲ့ ခေါင်းမှာ ဘေးနှစ်ဖက် က လွဲပြီးတော့ ကျန်တဲ့ အမွေးတွေ အားလုံး မရှိတာ။ သူက အတော် စကားများတဲ့သူ”

“ဪ ဒါက ဆဘူပဲ။ သူက ဒီဆိုင်ကို အမြဲလာနေလေ့ ရှိတာ။ အနှစ်နှစ် ဆယ်လောက် ရှိပြီ”

ပင်ပန်းနေတယ် ဆိုပေမယ့် ကျွန်မ ရယ်မိသွားတယ်။ ဆဘူ ဆိုတဲ့ နာမည်က သူနဲ့ ကောင်းကောင်းကြီး လိုက်တာကိုး။

“ဒီလူက ဦးလေး ဘယ်လိုပြောရမလဲ၊ သူက ဂျပန်စာပေမှာ ရှိတဲ့ အကြီးမြတ်ဆုံးသော စာရေးဆရာတွေကို သူ့ရဲ့ အသည်းနှလုံး အောက်ခြေထဲကနေ မြတ်နိုးတတ်တာ။ ဒါပေမဲ့ သူက အပြောသမားပါပဲ။ ဦးလေးလည်း သူနဲ့ဆို တစ်ခါ တစ်လေ ချောင်ပိတ်မိနေသလိုမျိုးပဲ။ ဒါပေမဲ့ သမီးက သူ့ကို လက်ဖက်ရည်နဲ့ ဧည့်ခံပြီး သူ ပြောသမျှကို အင်းအဲလိုက်၊ ခေါင်းညိတ်နေရင်တော့ သူက အိမ်ကို ပြန်သွားတော့တာပါပဲ။”

ဩော် ဝန်ဆောင်မှု ပေးစရာတွေကလည်း အများသား ဆိုပြီးတော့ ကျွန်မ ဘာသာ ပြန်တွေးမိသွားတယ်။ ဒီနေ့ရက် ကာလတွေမှာ စာအုပ်ဆိုင်အတွက် ပုံမှန်ဖောက်သည်လိုမျိုး ရှိနေတယ် ဆိုတာကတောင် ရှားပါးနေတဲ့ အရာ ဖြစ်နေပြီ ထင်ပါရဲ့။

“ဒါနဲ့ ဦးလေး …” လို့ တစ်နေ့လုံးအတွက် ကျွန်မအမေးချင်ဆုံး မေးခွန်းကို သတိရသွားပြီး စကားစမိလိုက်တယ်။

“ဘာဖြစ်လို့လဲ”

“ဆိုင်က အဆင်ရော ပြေနေရဲ့လား။ လာဝယ်တဲ့သူတွေလည်း အများကြီး မရှိဘူးနော်။ ပြီးတော့ စာအုပ်တွေ လာဝယ်ကြတဲ့သူတွေကလည်း ဈေး သက်သာတဲ့ စာအုပ်တွေကိုပဲ ဝယ်ကြတာဆိုတော့လေ …”

ပျော်ရွှင်နေတဲ့ပုံမျိုး၊ အသံမျိုးနဲ့ ဦးလေးက ရယ်လိုက်တယ်။

“ဒါ အမှန်ပဲ။ ဒီနေ့ရက်တွေမှာတော့ စာအုပ်အဟောင်းဆိုင်တွေက ကောင်းကောင်း မရောင်းရတော့ဘူးလေ။ ဦးလေးတို့ အဖေ ငယ်ငယ်တုန်းကတော့ စာအုပ်အဟောင်းဆိုင်တွေက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် စီးပွား ဖြစ်ခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ လေ။ ဦးလေး ပြောချင်တာက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေတောင် အရင်ကနဲ့ အခု မတူတော့ဘူးလေ၊ အရင်တုန်းကတော့ တယ်လီဗွီးရှင်းတွေမှ မရှိသေးတာကိုး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက စပြီးတော့ အွန်လိုင်းမှာလည်း ဦးလေးတို့ စပြီး ရောင်းတယ်။ တစ်ခါ တစ်လေ မှာလည်း ပိုက်ဆံ အများကြီး ပေးဝယ်ကြတဲ့၊ အသည်းအသန် လိုက်ရှာဝယ်နေကြတဲ့ စာအုပ်တစ်အုပ် တစ်လေ လောက်ကို ဦးလေးတို့ ရောင်းရတတ်တယ်။ ဒီတော့ တစ်နည်းနည်း နဲ့ ဦးလေးတို့ အလုပ်ဖြစ်နေကြတာပေါ့။ ပြီးတော့ ဦးလေးတို့မှာ ဆဘူလို ပုံမှန် ဖောက်သည်တွေလည်း ရှိတယ်လေ။ ဦးလေးတို့ အဖေတို့ ခေတ်ကတည်းက ဦးလေးတို့ ဆီမှာ အမြဲလာအားပေးနေတဲ့ သူမျိုးပေါ့ တာကကိုရဲ့။ သမီးက စာအုပ် အဟောင်းဆိုင်တွေကို မသွားဖူးဘူးလား”

“ဘွတ်ခ်အော့ခ်ဆိုင်ကိုတော့ သမီး တစ်ခါတစ်လေ သွားပါတယ်။ အဲဒီမှာ မန်ဂါတွေ သမီး သွားဖတ်တာ”

“ဒီနေ့ခေတ်တွေမှာတော့ ဒီလိုဆိုင်တွေပဲ အများကြီး ဖြစ်နေတော့တာ။ ဒါပေမဲ့ အဲသည်လို နေရာတွေမှာ သမီးက လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်က စာရေးဆရာတစ်ယောက် ရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဘယ်တော့မှ သမီး ရှာတွေ့မှာ မဟုတ်ဘူး။ ဒီလိုစာအုပ်ကိုလည်း ဝယ်မှ မဝယ်ကြပဲကိုး။ ဒါပေမဲ့ အခုထိလည်း ဒီကမ္ဘာကြီးမှာ စာအုပ် အဟောင်းတွေကို ချစ်မြတ်နိုးတဲ့သူတွေ အမြောက်အမြား ရှိနေကြဆဲပါပဲ။ သမီးအရွယ် ကောင်မလေး တချို့တလေ တောင် ရှိတယ်။ သူတို့လို လူတွေအတွက်တော့ ဒီနေရာက ကောင်းကင်ဘုံကြီးလိုပဲ။ ပြီးတော့ ဦးလေးလည်း ဒီလိုသူတွေ ထဲက တစ်ယောက် အပါအဝင်ပေါ့”

“အရင်တုန်းက ဦးလေးရဲ့ အခန်းမှာ စာအုပ်တွေနဲ့ပဲ ပြည့်နေတာကို သမီး မှတ်မိတယ်။ ဘယ်အချိန်လောက် ကတည်း ကနေ စပြီး ဒီဆိုင်ကို ဦးလေး လွှဲယူ လုပ်နေတာလဲ”

“အဖေ ဆုံးပြီးကတည်းကပဲ။ ဒီတော့ ဆယ်နှစ်နီးပါးလောက် ရှိပြီ ထင်တယ်။ ဒါပေမဲ့ ဒီနေရာဝန်းကျင်မှာ ရှိနေတဲ့ တခြားဆိုင်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဦးလေးက နောက်မှပေါက်တဲ့ ရွှေကြာပင် အဆင့်လောက်ပဲ ရှိသေးတယ်။ သူတို့တွေက သူတို့ရဲ့ စာအုပ်ဆိုင်တွေကို နှစ်ပေါင်း သုံးဆယ်၊ လေးဆယ်လောက် နီးပါး ဖွင့်လာခဲ့ကြတာ”

“ဝိုး .. အံ့အားသင့်စရာပဲ။ ဒါက နားလည်နိုင်တာထက် ပိုပြီးတော့တောင် ကျော်လွန်နေပြီ”

“တာကကို သမီးလည်း စာအုပ် နည်းနည်းလောက်တော့ ကြိုးစားဖတ် ကြည့်သင့်တယ်။ ဒီမှာ ရှိနေတဲ့ ဘယ် စာအုပ်မျိုးကို မဆို သမီး ဖတ်ကြည့်လို့ရပါတယ်” လို့ ဦးလေးက ပြုံးပြီးတော့ ပြောတယ်။

ကျွန်မက ရယ်ပဲ ရယ်နေလိုက်တော့တယ်။

༄˖°.☕️.ೃ࿔📚*:・


 

နောက်တစ်နေ့မှာတော့ ကျွန်မ အအိပ်မလွန်တော့ပါဘူး။ ပြီးတော့ စာအုပ်ဆိုင်မှာ ဘာတွေ လုပ်ရမလဲ ဆိုတာ ကိုလည်း သိလာတယ်။ ကံကောင်း တဲ့အချက်က စာအုပ်ရောင်းရတာ အများစုက ညနေစောင်းပိုင်း မတိုင်ခင် အချိန် အထိ လူသိပ်မရှိတာ။ ဒီတော့ ကျွန်မက အနောက်ဘက်က ကောင်တာခုံမှာ ထိုင် ပြီး အိပ်ငိုက်နေတော့တာပဲ။ ဒီနေရာမှာ အခြေကျပြီးကတည်းက လုပ်ဆောင် စရာရှိတဲ့ အလုပ်တွေက အများကြီး မပြောင်းလဲသွားဘူး။ မနက်ခင်းပိုင်းမှာ ဆိုင်ကို ထဖွင့်မယ်၊ ညနေစောင်းပိုင်းကျရင် ဦးလေး ရောက်လာပြီး ကျွန်မကို ဒီတာဝန်ကနေ အနားပေးတဲ့အထိ ဆိုင်ကို ကြည့်မယ် ဆိုတာတွေပဲ။ ဒီနောက်မှာ တော့ အပေါ်ထပ်ကို မလှမ်းချင် လှမ်းချင် ခြေလှမ်းတွေနဲ့ လှမ်းသွားပြီး မွေ့ရာ အပေါ်က စောင်တွေကြားထဲမှာ ကျွန်မကိုယ်ကျွန်မ မြှုပ်နှံထားလိုက်မယ်၊ ပြီး တော့ အိပ်မယ်ပေါ့လေ။

အခန်းထဲမှာကလည်း လုံးဝကို လိုအပ်တယ် ဆိုတဲ့ ပစ္စည်းပစ္စယတွေလောက်ပဲ ရှိတယ်။ ဒီနေရာက တခြား သူတွေ အတွက်တော့ အသက်ရှင်သန်နေတဲ့ ဘဝတစ်ခု ဆိုတာနဲ့ အများကြီး တူညီနေတဲ့ နေရာမျိုး ဖြစ်နေမှာ မဟုတ်ဘူး ဆိုတာတော့ သေချာတယ်၊ ဒါပေမဲ့ ကျွန်မနဲ့တော့ အကိုက်ပဲ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် စိတ်ကူး အတွေးတွေထဲမှာ ကျွန်မက ဒီကမ္ဘာလောကကြီးထဲမှာ ရှိနေတဲ့ အရာတွေကို နောက်ချန်ထားဖို့အတွက် အသင့် အနေ အထားမျိုးနဲ့။

ညနေစောင်းပိုင်းကျော်တော့ ဦးလေးဆတိုရူက သာမန် ကုမ္ပဏီတစ် ခုဆိုရင် ဘယ်လိုနည်းမျိုးနဲ့မှ လက်ခံမှာ မဟုတ်တဲ့ မတော်တရော်၊ လျော့တိလျော့ရဲ အဝတ်အစားတွေ ဝတ်စားထားပြီး ပေါ်လာတယ်။ သူ ဝင်လာတာနဲ့ သူက စာရင်းစာအုပ်ကို အရင်ဆုံး စစ်ကြည့်တယ်၊ ပြီးတော့ အွန်လိုင်းအမှာတွေကို ကြည့်တယ်။ ဒါတွေပြီးတော့ အလုပ်ကိစ္စနဲ့ တခြား တစ်ယောက်နဲ့ ဖုန်းပြောရင်ပြောနေတာလား ဒါမှမဟုတ် စကားစမြည် ဖုန်းပြောနေတာလားပဲ။

ဖုန်းရဲ့ တဖက်ကသူကို သူ စောဒကတက်နေတဲ့အသံကို ကျွန်မ ကြားနေရတယ်။ “ဟာ မဖြစ်နိုင်ပါဘူးဗျာ” ဒီလိုမှမဟုတ် “ဒါက အတော်လေးကို ပြင်းထန်တာပဲ၊ ဟုတ်တယ်မလား” ဒါမှမဟုတ် “ကျွန်တော်တို့တွေ ဒါကို မကျော်နိုင်ခဲ့ဘူး ဆိုရင် ...” ဆိုပြီး ပြောနေတာ။ ဦးလေးအနေနဲ့ စာအုပ်ရောင်းတဲ့ စီးပွားရေးအခြေအနေ တစ်ခုခုကို စောဒက တက်နေတာလား မသိဘူး။ ဒါနဲ့တောင်မှပဲ သူ့ရဲ့ လေသံထဲမှာ တစ်ခုခုကတော့ အမြဲတမ်း ပျော်ရွှင်နေတဲ့ပုံ ပေါ်တယ်။

စာအုပ်အဟောင်းရောင်းတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်မ မမျှော်လင့်ထားမိတာ တစ်ခုက ဒီလို ရောင်းဝယ်နေကြတဲ့ ကွန်ရက်က ဒီလောက် ကြီးမားလိမ့်မယ်လို့ မထင်ထားမိတာပဲ။ ကျွန်မဦးလေးရဲ့ အဆိုအရတော့ စာအုပ် ရောင်းသမားတွေ အချင်းချင်း အချိတ်အဆက်တွေနဲ့ ကိုယ့်ရဲ့ ပုဂ္ဂလိက ပေါင်းသင်းဆက်ဆံရေးတွေက ဆိုင်မှာ စာအုပ်တွေ ပြတ်မသွားရအောင်၊ နောက်ထပ် စာအုပ်အသစ်တွေ ထပ်ရလာအောင် သေချာပေါက် လုပ်ဆောင်နိုင်တဲ့ အပိုင်း အကြီးကြီး တစ်ခုလို့ ဆိုတယ်။ မိုရီဆာကီ စာအုပ်ဆိုင်လို အထူးပြု နယ်ပယ် တစ်ခုတည်းကိုသာ ရောင်းချတဲ့ စာအုပ်ဆိုင် တစ်ဆိုင်အနေနဲ့ ဖောက်သည်တွေက ဆိုင်ကိုလာပြီး တဆင့်ပြန်ရောင်းတဲ့ စာအုပ်တွေလောက်ကိုပဲ ပြန်လည် ဝယ်ယူနေမယ်ဆိုရင် ဆိုင်မှာ ရှိတဲ့ စာအုပ်တွေက ပြည့်စုံနိုင်မှာ မဟုတ်ဘူးလေ။ စာအုပ်ဆိုင်များ သမဂ္ဂက ရံဖန်ရံခါ စီစဉ်ပြုလုပ်တဲ့ လေလံပွဲတွေကလည်း စာအုပ်ဆိုင်တွေအတွက် နောက်ထပ် စာအုပ်အဟောင်းတွေ ရလာစေဖို့အတွက် အတော် အရေးပါတယ်။

“ဦးလေးတို့က ဒီလုပ်ငန်းကို အမှီအခိုကင်းတဲ့ စီးပွားရေးလုပ်ငန်းလို့ တွေးထားတာတောင်မှပဲ ဒီလုပ်ငန်းမှာ တခြားအရာတွေ အားလုံးထက် ပိုပြီး အရေးပါတာက ကိုယ်နဲ့ တခြားသူတွေရဲ့ ပေါင်းသင်းဆက်ဆံရေးတွေပဲ။ ယေဘုယျ ပြောရမယ်ဆိုရင် ဒါကပဲ ကမ္ဘာကြီးရဲ့ အမှန်တရားတစ်ခုလို ဖြစ်မယ်ထင်တယ်” လို့ ဦးလေးက သူ့ကိုယ်သူ အတော် ကျေနပ်နေတဲ့ ပုံမျိုးနဲ့ ပြောတယ်။

ဒါပေမဲ့ ကျွန်မရဲ့ စိတ်ထဲမှာ ရှိနေခဲ့တဲ့၊ အဘိုးဆီကနေ ဆင်းသက်လာတဲ့၊ စာအုပ်အဟောင်းဆိုင် ပိုင်ရှင် ဆိုတဲ့ လူတစ်ယောက်ရဲ့ ပုံရိပ်နဲ့ ကျွန်မကို အခုလို ပြောဆိုနေတဲ့သူတို့ နှစ်ယောက်အကြားထဲမှာ သိသာနေတဲ့ အဟတစ်ခု ရှိနေဆဲပဲ။ ကျွန်မ စိတ်ထဲမှာ ရှိနေတဲ့ ပုံရိပ်က အဘိုးဆီကနေ လာတာ။ အဘိုးက ခေါင်းမာတတ်ပြီး လိုက်လျောညီထွေ မရှိတတ်တဲ့သူ၊ စကားနည်းနည်းပဲ ပြောတတ်တဲ့သူမျိုး။ မိသားစု တွေ့ဆုံပွဲတွေမှာဆိုရင် အဘိုးက ဆွေမျိုးတွေ ဝန်းရံ ထားတဲ့ လူအုပ်ရဲ့ အလယ်ခေါင်မှာပဲ ခန့်ခန့်ညားညား ထိုင်နေတတ်တယ်။ ကျွန်မက ကလေးဆိုတော့ အဘိုးကို ကျိတ်ပြီး တော့ ကြောက်ရွံ့နေတာပေါ့။ အဘွားကတော့ “အဘိုးက စာအုပ်အဟောင်း အရောင်းသမား တစ်ယောက်ပါကွယ်၊ သူက ဒီပုံစံ အတိုင်းပဲ နေထိုင်တတ်လို့ပါ” လို့ အမြဲတမ်းလိုလို ရယ်မောပြီး ပြောလေ့ရှိတယ်။

ဒါပေမဲ့ အဘိုးနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဦးလေးက လိုက်လျောညီထွေ နေထိုင်တတ်ပြီး ဂျယ်လီငါး တစ်ကောင်လို ဆုံးဖြတ်ချက် မပြတ်သားတတ်တဲ့ သူမျိုး။ အရင်အချိန်တွေတုန်းက ဦးလေးနဲ့ ဒီလောက်အချိန်အကြာကြီး ကျွန်မ တစ်ခါမှ အတူတူ မနေခဲ့ဖူးဘူးလေ။ ဒါပေမဲ့ ဒီလို သူနဲ့ အချိန်ကြာကြာနေလေလေ သူက ဘယ်လောက်တောင် ဟိုလိုလို ဒီလိုလို နိုင်သလဲ ဆိုတာကို သိလာရပြီး ပိုအံ့အားသင့်ရလေပဲ။ အန်တီမိုမိုကို ထွက်ပြေးသွားရတာက ဦးလေးရဲ့ ဒီလို ပုံစံကို ငြီးငွေ့သွားလို့ ဖြစ်မယ်လို့တောင် ခပ်ရိုင်းရိုင်း အတွေးပေါ်လာတတ်သေးတယ်။ သူက ဒီလိုတွေ ဖြစ်နေပေမယ့်လို့လည်း ပုံမှန် ဖောက်သည်တွေကတော့ မပြတ်လာနေလေ့ရှိပြီး စကားစမြည်ပြောဆိုဖို့အတွက် အသင့်ဖြစ်နေတတ်တာ။

ကျွန်မတို့နှစ်ယောက်ကတော့ အလုပ်အကြောင်းက လွဲပြီး တခြားအကြောင်းတွေကို များများစားစား မပြောဖြစ် ကြဘူး။ ဒါပေမဲ့ အချိန်တစ်ပတ်ကုန်သွားတော့ ဦးလေးက ဆက်ပြီး သည်းမခံနိုင်တော့ဘူးထင်တယ်။

“တာကကိုရေ” လို့ သူက သူ့မျက်နှာပေါ်မှာ အံ့အားသင့်နေတဲ့ အကြည့်မျိုးနဲ့ ကျွန်မကို ပြောတယ်။ “သမီး လုပ်သမျှက အိပ်ပဲအိပ်နေတာပဲ။ သမီးက အအိပ်ပြိတ္တာ တစ်ကောင်လိုပဲ”

“သမီးက အခု အိပ်စက်မှု ပြောင်းလဲပုံ အဆင့်ကို ဖြတ်သန်းနေရတာ ဖြစ်မှာပေါ့” လို့ ကျွန်မက အေးတိ အေးစက် ပြန်ပြောလိုက်တယ်။ ဦးလေးက ကျွန်မဘဝထဲကို ဝင်ရောက်စွက်ဖက်ဖို့ သွေးတိုးစမ်းနေတာပဲ။ ဒါပေမဲ့လို့ သူက ကျွန်မကို ဒီထက်ပိုပြီး စကားတွေ ဆက်ပြောပြနေစေချင်တာကို ငြင်းဆန်ရလိမ့်မယ်။

“အသက် နှစ်ဆယ့်ငါးနှစ် အရွယ်မှာတောင်လား”

“ဟုတ်တယ်။ တခြားသူတွေ ပြောကြသလိုမျိုးပဲလေ၊ အိပ်နေတဲ့ကလေးက ထွားကျိုင်းလာမယ့် ကလေးတဲ့”

“ဒါပေမဲ့ သမီးမှာ အချိန်တွေ အများကြီး ရှိတာပဲ။ ဘာဖြစ်လို့ သမီး လမ်းလေးဘာလေး ထွက်မလျှောက်ရ တာလဲ။ ဒီနေရာတဝိုက်မှာလည်း စိတ်ဝင်စားစရာနေရာတွေ အများကြီး ရှိပါတယ်။ ဦးလေးပြောတာကို နားထောင်ဦး။ ဦးလေးဆို ကလေးဘဝ ကတည်းက ဒီနေရာကို ရောက်ဖူးခဲ့တာလေ၊ ဒီလို သွားလာနေရတာကိုလည်း ဘယ်တော့မှ မရိုးဘူး”

“သမီး အဆင်ပြေပါတယ်၊ အိပ်ရတာကို သမီး ပိုကြိုက်တယ်”

ဦးလေး ပြောနေတာက မဆုံးသေးဘူးဆိုတာကို ကျွန်မ ပြောနိုင်တယ်၊ ဒါပေမဲ့ ကျွန်မက ဒီစကားဝိုင်းကို အဆုံးသတ် ပစ်လိုက်တယ်။ ဒါပြီးတော့ သူ ဘာတွေပဲ ထပ်ပြောပြော ပြန်မပြောနေတော့ဘူး။ ကျောက်တုံးတစ်တုံးလို ကျွန်မက တိတ်ဆိတ်ငြိမ်သက်လို့။ စိတ်ထဲမှာတော့ အတော့်ကို စိတ်ပျက်လက်ပျက် ဖြစ်နေရပြီ။

ဟုတ်တယ်၊ ဦးလေးက အမေ့ဆီကနေ အကုန်လုံးကို ပြန်ကြားထားတာ ဖြစ်ရမယ်။ ဒီတော့ သူက အနည်းနဲ့ အများ ဆိုသလို ကျွန်မရဲ့ ဘဝမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိပြီးသား။ ဒါနဲ့တောင်မှပဲ သူက ဘာကိုမှ မစဉ်းစားဘဲ သာမန်အကြောင်းအရာလိုမျိုး ဒီကိစ္စကို ထည့်ထည့်ပြောလာတယ်။ ဒါက ကျွန်မကို စိတ်ဆိုးစေတာ။

ကျွန်မတို့ရဲ့ ပုံမှန်ဖောက်သည် ဆဘူတောင် ကျွန်မ ဘဝအကြောင်း အကုန်လုံး သိနေတဲ့ပုံ ပေါ်တယ်။ ဟိုတစ်ရက် သူ ရောက်လာတုန်းက “အိုး အအိပ်ပြိတ္တာလေး တာကကိုပါလား” လို့တောင် ပြောသွားသေးတယ်။

“ဘယ်သူက ရှင့်ကို ဒါကို ပြောတာလဲ” လို့ ကျွန်မက စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောမိတယ်။ ဒါပေမဲ့ ကျွန်မ တကယ် စိတ်ဆိုးဒေါသထွက်ရမယ့်သူ၊ ဦးလေးကပဲ ပြန်ပြောတာနေမှာပေါ့။ “သမီးက ပုံမှန်ကို ဆယ့်ငါးနာရီလောက် အိပ်နေရဲ့သားနဲ့တောင်မှပဲ အိပ်ချင်နေတုန်းပဲလား”

“သမီးက ဆယ့်ငါးနာရီ မအိပ်ပါဘူး၊ ဆယ့်သုံးနာရီလောက်ပဲ အိပ်တာပါ” ကျွန်မက သူကို ပြန်ထောက်ပြ ပြောတော့ ဆဘူက အံ့ဩသွားသလိုမျိုး သူ့ရဲ့ခေါင်းကို ခါတယ်။

“ဦးအသက်နှစ်ဆယ် အရွယ်တုန်းက ဆိုရင် ဒီလောက် အချိန်အများကြီး ဦး မအိပ်ခဲ့ဘူး၊ ဦးက စာပဲ အမြဲဖတ် နေတာ”

“သမီးကတော့ အိပ်မယ်လို့ ဆုံးဖြတ်ထားပြီး အိပ်တာပဲ”

“သမီးကလည်း သမီးရဲ့ ဦးလေးလိုမျိုးပဲ ခေါင်းမာတာပဲ”

“ဒါကတော့ ပေါက်ကရတွေပဲ။ သမီးကို အဲဒီအရူးကြီးနဲ့ ဦး ဘာလို့ နှိုင်းရတာလဲ”

“သမီးမှာလည်း သူ့လိုပဲ တမူထူးခြားတဲ့ ဟာသဉာဏ် ရှိတာပဲ” လို့ ဆဘူက ပြောပြီးတော့ တခိခိ ရယ်နေတယ်။

“သမီးက သူနဲ့ မတူပါဘူး၊ ဒါကြောင့်မို့ ကျေးဇူးပြုပြီး သမီးတို့ကို အတူတူလို သဘောမထားပါနဲ့”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ သမီးရဲ့ ဦးလေးကို လျှော့မတွက်နဲ့နော်” လို့ ဆဘူက ရုတ်တရက် အလေးအနက်ပုံစံကို ပြောင်းလဲသွားပြီး ပြောတယ်။ “ဒီလူက ခပ်ညံ့ညံ့လူတစ်ယောက် ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ သူက ဒီဆိုင်ရဲ့ ကယ်တင်ရှင်လည်း ဖြစ်နေပြန်သေးတယ်”

“ကယ်တင်ရှင် ဟုတ်လား” လို့ ကျွန်မက မျက်လုံးအဝိုင်းသားနဲ့ ပြန်ပြောမိလိုက်တယ်။

“ဟုတ်တယ်၊ တစ်ခါတစ်လေ သူ့ကို မေးကြည့်ကြည့်” သူ ပြောနေတုန်းမှာ ဆဘူက ကျွန်မကို ‘သူက ဒါကို သိတယ်’ ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေတယ်။ ဒီနောက်မှာတော့ နည်းနည်းလောက် ကြွားချင်တဲ့ပုံစံမျိုးနဲ့ နှုတ်ဆက်ပါ တယ် ဆိုတာကို “အော့ဒီယို့စ်” လို့ ပြောပြီး လက်ပြနှုတ်ဆက်လို့ ဆိုင်ထဲကနေ ထွက်သွားတော့တယ်။

ဘာဂရုစိုက်နေစရာ လိုလို့လဲလို့ ကျွန်မ တွေးမိလိုက်တယ်။ ဦးလေးက ဒီဆိုင်ရဲ့ ကယ်တင်ရှင် ဟုတ်လား၊ မဟုတ်လား ဆိုတာကို ကျွန်မရဲ့ စိတ်ဝင်စားမှုက သုညပဲ။ ကျွန်မ လုပ်ချင်တာက အပေါ်ထပ်ကို ပြန်တက်သွားပြီး စောင်တွေ အောက်ထဲ တိုးဝင်လို့ အိပ်ပစ်လိုက်ချင်တာပဲ။

ဟုတ်တော့လည်း ဟုတ်တယ်၊ ကျွန်မကိုယ်တိုင်လည်း ဘယ်လောက် အိပ်ချင်နေသလဲ ဆိုတာကို ကိုယ့်ဘာသာ ပြန်အံ့ဩမိတယ်။ ဆဘူကို ကျွန်မက တစ်နေ့ကို ဆယ့်သုံးနာရီလောက်ပဲ အိပ်တယ်လို့ ပြောခဲ့ပေမယ့် ဆိုင်ပိတ်ထားတဲ့ နေ့တွေမျိုးတွေ ဆိုရင် တစ်နေ့လုံးကို အိပ်ပဲအိပ်နေတာ။ အိပ်ပြီးရင်း အိပ်နေရင်း ထာဝရ အိပ်ပျော်သွားပါစေလို့တောင် ဆုတောင်းမိတယ်။ အိပ်မက်တွေထဲမှာဆိုရင် ဒီလိုမျိုး စိတ်မသက်မသာစရာ အကြောင်းတွေကိုလည်း စဉ်းစားနေဖို့ မလိုဘူးလေ။ အိပ်မက်တွေက အကောင်းဆုံး၊ အချိုမြိန်ဆုံး ပျားရည်လိုပဲ။ ကျွန်မကတော့ ဒီလိုချိုမြိန်တဲ့ အိပ်မက်တွေကို နောက်ထပ် လိုက်လံရှာဖွေဖို့ ပျံသန်းနေတဲ့ ပျားလေးတစ်ကောင်ပေါ့။

ပြီးတော့ ကျွန်မ နိုးနေတဲ့ အချိန်မှာဆိုရင်လည်း ဘာမှ ကောင်းတာ မရှိဘူး။ အကုန်လုံးက ဆန့်ကျင်ဘက်ပဲ။ ဟိဒေယကီကို မုန်းတီးတယ်ဆိုပေမယ့်လို့ သူ့အကြောင်းကိုပဲ တစ်ချိန်လုံး စဉ်းစားနေမိတာ။ သူ ရယ်မောတဲ့ ပုံစံ။ ကျွန်မရဲ့ ဆံပင်တွေကို သူ ထိတွေ့တဲ့ ပုံစံ။ သူနဲ့ ပတ်သက်ပြီး အရာအားလုံးကို ကျွန်မ သဘောကျတာပဲ၊ နည်းနည်းလောက် သူ အတ္တကြီးတဲ့ ပုံစံ၊ အသံအနိမ့်အမြင့်တွေကို သူ ရှုပ်ရှုပ်ထွေးထွေး နားလည်နေတဲ့ပုံစံ၊ အလွယ်တကူ သူ ငိုကြွေးတတ်တဲ့ ပုံစံတွေကိုပေါ့။ အရူးတစ်ယောက် ဖြစ်ခဲ့ရတယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ သူနဲ့ ကျွန်မ အတူတူ ရှိနေခဲ့ရတဲ့ အချိန် တွေတုန်းက တကယ့်ကို စစ်မှန်စွာ ပျော်ရွှင်ခဲ့ရတာ။ ဒီမှတ်ဉာဏ်တွေကလည်း ဦးနှောက်ထဲက ဆဲလ်တွေထဲမှာ တကယ့် ကို နက်နက်ရှိုင်းရှိုင်း ရေးထွင်းထားသလိုမျိုးမို့လို့ ကျွန်မ ဒီမှတ်ဉာဏ်တွေကို ဖျက်ပစ်လို့ မရတာ။

တစ်ခါတစ်လေမှာ နောက်ဆုံးအကြိမ် သူ ကျွန်မကို ပြောခဲ့တဲ့ စကားလုံးတွေ အားလုံးက အလိမ်အညာတွေ ဖြစ်နေမလားလို့တောင်မှ စိတ်ကူးယဉ်ကြည့်မိတယ်။ သူက ကျွန်မကို ဒီအတိုင်း စနောက်နေရုံသက်သက်ပဲ၊ “ဒါတွေ အားလုံး လုပ်ကြံပြောထားတာ” ဆိုပြီး သူက ကျွန်မကို ပြောလာမယ်ပေါ့။ ဒီအတိုင်းပဲ ကျွန်မကို စနောက်၊ ဟာသ လုပ်ချင်လို့ ပြောတာမျိုးပဲ ဖြစ်ရမယ် ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဒါက အမှန်တကယ်မှ မဟုတ်တာ။ တကယ်လို့ အဲဒီလို တွေသာ အမှန်တကယ် ဖြစ်ခဲ့တယ်ဆိုရင်လည်း အခု ဒီနေရာမှာ ကျွန်မ ရှိနေမှာမှ မဟုတ်တာ။

ဒီတော့ ဒီအကြောင်းတွေကို စိတ်ထဲကနေ ထုတ်ဖို့၊ ပြီးတော့ ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကိုတွေကို သတိရ နေတာတွေ ရပ်တန့်ပစ်ဖို့ ခေါင်းမာမှု တချို့တဝက်၊ တခြားသော အကြောင်းပြချက် တချို့တဝက်တွေနဲ့ အိပ်ပြီးရင်း အိပ်နေ တော့တာပဲ။

ဒီလိုနဲ့ပဲ ကျွန်မ ဘယ်တော့မှ လက်လှမ်း မဖမ်းဆုပ်နိုင်လောက်အောင် အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွား လေတော့တယ်။

༄˖°.☕️.ೃ࿔📚*:・


 

“တာကကို၊ သမီး နိုးနေလား”

နွေရာသီရဲ့ အဆုံးသတ် တစ်ညမှာတော့ ဦးလေးက ကျွန်မကို အခန်းဆွဲ တံခါးရဲ့ တဖက်ခြမ်းကနေ ကျွန်မကို လှမ်းခေါ်တယ်။ နာရီကို ကျွန်မလှမ်းကြည့်လိုက်တော့ ရှစ်နာရီထိုးလို့ ပြနေတယ်။ စာအုပ်ဆိုင် ပိတ်တဲ့အချိန်ပေါ့။

“သမီး အိပ်နေတာ” လို့ ကျွန်မက စောင်ပုံကြီးအောက်ကနေ ပြန်ဖြေလိုက်တယ်။

“သမီးကလည်း အိပ်ပျော်နေတဲ့သူတွေက ဒီလိုမျိုးမှ ပြန်မဖြေနိုင်တာ”

“ဒါပေမဲ့ သမီးက အိပ်နေတာလေ။ ဘာလို့လဲဆိုတော့ ဦးလေးက သမီးကို ဘယ်လိုခေါ်တာလဲ၊ အအိပ်ပြိတ္တာ ဆိုတာလား၊ မှတ်မိရဲ့လား”

တံခါးရဲ့ တစ်ဖက်ခြမ်းကနေ ဦးလေးရဲ့ရယ်သံကို ကျွန်မ ကြားလိုက်ရတယ်။

“သမီးက စိတ်ဆိုးနေတာလား၊ ဦးလေးက ဆဘူကို ပြောလိုက်လို့လေ”

“စိတ်ဆိုးတာပေါ့၊ ဦးလေးက သမီးကို ပြိတ္တာနဲ့ တူတယ်လို့ ပြောတာကိုး”

“ဟုတ်ပါပြီ၊ ဦးလေးက သမီးကို စိုးရိမ်လို့ပါ၊ ဒါကြောင့်မို့ သူ့ကို ပြောပြမိတာ။ သူလည်း သမီးအတွက် စိတ်ပူရှာတာပါပဲ။ ထွက်ခဲ့ပါဦး၊ သမီး အပြင်ကို မသွားချင်ဘူးလား။ ဦးလေး သမီးကို တစ်နေရာကို ခေါ်သွားချင်လို့။ အဲဒီကို သွားကြမလား”

“သမီး အဆင်ပြေပါတယ်” လို့ ကျွန်မက ဆွဲတံခါးကို မျက်နှာမူထားပြီ ပြန်ဖြေလိုက်တယ်။

ဒါပေမဲ့ ဦးလေးက ဆက်ပြီး တိုက်တွန်းနေတယ်။ “ဦးလေးကို ယုံပါ သမီး နောင်တရမှာ မဟုတ်ပါဘူး။ ဒါပြီးရင်တော့ ဦးလေးလည်း သမီးရဲ့ အိပ်တဲ့ကိစ္စကို နောက်တစ်ခါ ထပ်ပြီးတော့ ဝင်မစွက်ဖက်တော့ဘူးလို့ ကတိပေး ပါတယ်။”

“တကယ်ကြီးလား” လို့ ကျွန်မက မယုံသင်္ကာစိတ်နဲ့ ပြန်မေးလိုက်တယ်။ ကျိန်ဆို ကျိန်ရဲပါရဲ့၊ တကယ်လို့ ဦးလေးက လိမ်နေခဲ့တယ်ဆိုရင် သမီး ဦးလေးကို အကြိမ်ပေါင်းသုံးရာလောက် ထုနှက်ရိုက်လို့တောင် ရတယ်”

“ဒါဆိုလည်း ကတိတည်နော်” လို့ ကျွန်မက ပြောရင်း ဆွဲတံခါးရဲ့ အဟလေးကနေ သူ့ကို ဒေါသထွက်ထွက်နဲ့ စိုက်ကြည့်လိုက်တော့ ဦးလေးက ပြုံးပြီး ခေါင်းညွှတ်နေတာကို တွေ့လိုက်ရတယ်။

“ဦးလေး ကတိပေးပါတယ်ကွယ်’’

သူ ကျွန်မကို ခေါ်သွားချင်တဲ့နေရာက မိုရီဆာကီ စာအုပ်ဆိုင်ကနေဆို ကျောက်တုံး တစ်ပစ်စာလောက်ပဲ ရှိမယ်။

ဦးလေးက နောက်ဖေးလမ်းကြားလေးထဲက ဆိုင်တစ်ဆိုင်ရဲ့ အရှေ့ဘက်မှာ ရပ်လိုက်ပြီး ကျွန်မ တစ်ခါမှ သတိထားမိခဲ့တယ်လို့ကို မထင်တဲ့ သစ်သား ကော်ဖီဆိုင် အဟောင်းလေး၊ နှုတ်ခမ်းမွေးနဲ့ အတော်ကို ခန့်ညားလွန်းတဲ့ အသွင်အပြင် ရှိတဲ့ အသက် အလယ်အလတ် အရွယ် လူကြီးက ဆိုင်ပိုင်ရှင် ဖြစ်မယ်။

ကော်ဖီဆိုင်နာမည် ဆေ့ဗွာ ဆိုတာကို မီးထွန်းထားတဲ့ ဆိုင်းဘုတ်က အနက်ရောင် မြူနှင်းမှုန်တွေထဲမှာ မျောလွင့် ပါနေသလိုမျိုး ပုံစံ။

“ဒီဆိုင်က ဦးလေး လာထိုင်နေကျ ဆိုင်ပေါ့” လို့ ဦးလေးက ဆိုတယ်။ တံခါးအလေးကြီးကို ဦးလေးက အားနဲ့ ဆွဲဖွင့်လိုက်တာနဲ့ သင်းပျံ့နေတဲ့ ကော်ဖီ ရနံ့တွေကို ကျွန်မတို့ ရလိုက်တယ်။

ကောင်တာပေါ်မှာ တင်ထားတဲ့ အထူးပြုလုပ်ထားတဲ့ ဆိုင်ဖွန်ပြွန်ထဲကို ရေနွေးပူပူတွေ လောင်းထည့်နေတဲ့ ဒီလူကြီးက ကျွန်မတို့ ဝင်လာတာကို မြင်တော့ နှုတ်ဆက်တယ်။

“ဟေ့ ဒါက ငါ့ရဲ့ တူမ တာကကိုလေ”

ကျွန်မလည်း ကောင်တာသေးသေးလေးမှာ ထိုင်နေတဲ့ ဦးလေးရဲ့ နံဘေးခုံမှာ ဝင်ထိုင်ပြီး ခပ်သွက်သွက် ဦးညွှတ် ပြလိုက်တယ်။

နှုတ်ခမ်းမွေးတွေ မရှိဘူး ဆိုရင်တောင်မှ ဆိုင်ပိုင်ရှင်ရဲ့ သေးသွယ်တဲ့၊ ရှင်းလင်းနေတဲ့ မျက်နှာက အတော် လေးကို ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ရဲ့ ပုံစံလို့ ပြောလို့ရတယ်။ သူကလည်း အသက်လေးဆယ် နှောင်းပိုင်းလောက် ရှိပြီ ထင်တယ်။ အသက်တွေ ဘယ်လောက်ပဲ ကြီးလာလာ ကလေး တစ်ယောက်လို ပုံစံမျိုးနဲ့ပဲ တူနေတဲ့ ကျွန်မရဲ့ ဦးလေးကိုလည်း ဒီကော်ဖီဆိုင်ပိုင်ရှင်လို ပုံစံမျိုး ဖြစ်ရင်ကောင်းမှာပဲလို့ ကျွန်မ ဆန္ဒပြုမိတယ်။

“ငါ့အတွက် ဘလန်းကော်ဖီ အနှောတစ်ခွက်လောက်။ တာကကိုကရော ဘာသောက်မလဲ”

“သမီးကိုလည်း ဒါပဲ ပေးပါ”

ပြီးတော့ ကျွန်မက လှည့်လိုက်ပြီး ဆိုင်အထဲကို လိုက်ကြည့်မိတယ်။ ဆိုင်လေးထဲမှာက အတော်ကို ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်နေတာကို ခံစားရတယ်။ ဆိုင်အတွင်းဘက်ထဲမှာက အရောင် သိပ်မစူးတဲ့ မီးအိမ်လေးတွေ ထွန်းထားတာ၊ နူးညံ့ညင်သာတဲ့ စန္ဒရား ဂီတသံကိုလည်း ဖွင့်ထားတယ်။ နက်မှောင်နေတဲ့ အုတ်နံရံ အပေါ်ဘက်မှာတော့ အရင်တုန်းက လာအားပေးသွားတဲ့ ဖောက်သည်တွေရဲ့ ရေးခြစ်ရာတွေ၊ ဂရက်ဖစ်တီ ပုံဆွဲရာတွေနဲ့ ဖုံးလွှမ်းနေတယ်။ ဒါတွေအားလုံးက လှပစွာနဲ့ အတူတူ ပေါင်းစုစည်းနေပြီး ကော်ဖီဆိုင်ရဲ့ နွေးထွေးတဲ့၊ စိတ်လက်ကြည်သာစေတဲ့ အသွင်အပြင်နဲ့ လိုက်ဖက် ညီနေတယ်။ ဒီနေရာက အတော်လေးကို ထိုင်လို့ ကောင်းတာပဲလို့ ကျွန်မ တွေးမိလိုက်တယ်။ အချိန်တွေ အကြာကြီး အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်မရင်ထဲမှာ ပြန်လည် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်ကြည်နူးမှုကို ကျွန်မ ခံစားလိုက် ရတယ်။ နေလို့ထိုင်လို့လည်း နည်းနည်း ပိုကောင်းလာသလို၊ ပင်ပန်းနေတာတွေလည်း လျော့ပါးသွားသလိုမျိုး။

“ဒီဆိုင်လေးက ဒီနေရာမှာ နှစ်ပေါင်းငါးဆယ်လောက် ရှိနေပြီ” လို့ ဦးလေးက ရှင်းပြတယ်။ “အရင်အချိန်တွေ တုန်းက နာမည်ကြီးခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အမြောက်အမြား ဒီဆိုင်လေးကို လာလေ့ရှိကြတာပေါ့”

“ဝိုး၊ ဒီလို အေးဆေးငြိမ်သက်နေတဲ့ အသွင်အပြင်ရှိတဲ့ နေရာတစ်ခု ဖန်တီးထားဖို့ ဆိုတာလည်း လွယ်မှာ မဟုတ်ဘူး ဆိုတာတော့ သမီးသေချာတယ်” လို့ ကျွန်မက အလေးအနက် ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်တယ်။ “အတော်ကို စိတ်ငြိမ်းချမ်းစရာလေးပဲ”

နောက်ငါးမိနစ်လောက် ကြာတဲ့အချိန်မှာတော့ စားပွဲထိုးကောင်မလေး တစ်ယောက်က ကျွန်မတို့အတွက် ကော်ဖီ ယူလာ ချပေးတယ်။

“ကောင်းသောညခင်းပါ မစ္စတာမိုရီဆာကီ”

“ဟေ့ တိုမိုရေ၊ ဒါက ဦးရဲ့ တူမ တာကကိုလေ”

“တွေ့ရတာ ဝမ်းသာပါတယ်” လို့ ကျွန်မက ဦးညွှတ်ပြီးတော့ ပြောလိုက်တယ်။

တိုမိုက ပြုံးပြပြီးတော့ ပြန်နှုတ်ဆက်တယ်။

“တိုမိုကလည်း ဦးလေးတို့ရဲ့ ပုံမှန်ဖောက်သည်တွေထဲက တစ်ယောက်ပေါ့” လို့ ဦးလေးက ပြောတယ်။ “သူကလည်း တကယ့်စာဖတ်သမား အစစ်ပဲ”

“အို သမီးက ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး” လို့ သူက ရှက်သွားတဲ့ ပုံစံမျိုးနဲ့ ပြုံးပြီး ပြန်ပြောတယ်။ တိုမို ကလည်း ကျွန်မရဲ့ အသက်လောက်ပဲ၊ နည်းနည်းလောက် ပိုငယ်တဲ့ပုံ ပေါ်တယ်။ သူ့ပုံစံက ပုံမှန် အသားအရည်မျိုး၊ ပါး ဖောင်းဖောင်း ပြည့်ပြည့်နဲ့။ သူ စကားပြောတဲ့ ပုံစံထဲမှာ နူးညံ့ညင်သာနေတဲ့ပုံ တစ်ခုခု ရှိနေတာ။ အမဲရောင် ခါးစည်း ဝတ်စုံ အေပရွန်ကို ဝတ်ထားတဲ့ သူ့ပုံစံက ချစ်စရာလေး။ ကျွန်မတို့ တွဲသွားတွဲလာ လုပ်လို့ရမှာပဲ ဆိုပြီး ကျွန်မ ခံစားလိုက်ရတယ်။ စိတ်ထဲမှာလည်း လန်းဆန်းတက်ကြွလာတယ်။

“ဘာဖြစ်လို့လဲ တာကကို၊ သမီးက မိန်းကလေးတွေကို ကြိုက်တာလား၊ ဒီဆိုင်မှာ ကောင်လေး ငယ်ငယ်လေး တွေလည်း ရှိပါတယ်” လို့ ဦးလေးက ပြောပြီး ကောင်တာရဲ့ တခြားတစ်ဖက်ကို လက်ယမ်းပြလိုက်တယ်။

“ဟေ့ တာကနို ရေ”

အရပ်ရှည်ရှည်နဲ့ ပိန်ပိန်ပါးပါး လူတစ်ယောက်က မီးဖိုချောင်ဘက်က ဟနေတဲ့ လိုက်ကာထဲကနေ ချက်ချင်း ခေါင်းပြူပြီး လှမ်းကြည့်တယ်။

“တာကနိုရေ၊ မင်း ငါ့တူမကို တစ်ခါတစ်လေ အပြင်မှာ ချိန်းတွေ့ဖို့ ဘာလို့ လာမခေါ်ရတာလဲ”

“ဟေ့” လို့ ကျွန်မက အော်ပြီး ဦးလေးရဲ့လက်ကို လှမ်းရိုက်လိုက်တယ်။ တာကနိုလည်း အတော်လေးကို ရှက်သွားတဲ့ ပုံပဲ။ ဦးလေးက သူ့ကို ဒီလို လောက်လေး ပြောလိုက်တာနဲ့ကို သူ့မျက်နှာတစ်ခုလုံးက လုံးဝကို ရဲတွတ် သွားတာ။

“တာကနိုက ဒီဆိုင်မှာ လာပြီးတော့ လေ့ကျင့်နေတာလေ၊ နောက်တစ်ချိန်ကျရင် သူလည်း သူ့ရဲ့ ကိုယ်ပိုင် ကော်ဖီဆိုင်ကို ဖွင့်နိုင်အောင်လို့။ ဒါပေမဲ့ သူ လုပ်သမျှက ပေါက်ကရတွေချည်းပဲ၊ ဒီတော့ ဆိုင်ပိုင်ရှင်က သူ့ကို အမြဲတစေ အော်ငေါက်နေရတာ” အော်ငေါက်ခံရတယ်ဆိုတဲ့ အပိုင်းကို ဦးလေးက ပြောတော့ သူ့ကို ကြည့်ရတာ တကယ့်ကို ပျော်ရွှင်မြူးတူးနေတဲ့ပုံလိုမျိုး။

“သူ့သိက္ခာကို မချကြစို့နဲ့” လို့ ဆိုင်ပိုင်ရှင်က ကြားဖြတ် ဝင်ပြောတယ်။

တာကနိုအတွက် ကျွန်မ စိတ်မကောင်းတောင် ဖြစ်သွားမိတယ်။ ဒါပေမဲ့ သူ့ကို ကြည့်ရတာလည်း သူ့ခြေထောက်ပေါ် သူရပ်နေရတာတောင် ယိုင်တိယိုင်တိုင် ဖြစ်နေတဲ့ ပုံစံ။ နည်းနည်းလောက် သူ့ကို တွန်းလိုက်တာနဲ့ သူက ပုံလဲကျ သွားမှာပဲ။ သူနဲ့ ပတ်သက်ပြီး ကျွန်မ ဦးလေးပြောလိုက်တာကို သူ့ပုံစံက အမှတ်တမဲ့၊ ရည်ရွယ်မထားဘဲ ထောက်ခံနေသလိုမျိုး။

ဒါပြီးတော့လည်း ကျွန်မဦးလေးက စိတ်လက်ကြည်သာနေဆဲပဲ။ အနားမှာ ထိုင်နေတဲ့ အသက်အလယ်အလတ် အရွယ် အမျိုးသမီးတစ်ယောက်က “ဟေ့ ဆတိုရူ” လို့ လှမ်းခေါ်တယ်။

“ဟာ မစ္စ ရှီဗမိုတိုပါလား” လို့ သူက ပြန်ပြောပြီး ဒီအမျိုးသမီးရှိတဲ့ နေရာကို အမြီးနှံ့ပြီး ရောက်သွားလေရဲ့။ ပြီးတော့ တခြားစားပွဲဝိုင်း တစ်ခုက သူ့နာမည်ကို လှမ်းခေါ်ပြန်တော့လည်း သူက သူတို့တွေဆီ အမြန် အပြေးအလွှား ရောက်သွား ပြန်ရော။

စာအုပ်ဆိုင်မှာတော့ ဦးလေးက အားလုံးကို ထိန်းချုပ်ထားသလိုမျိုး၊ ဒါပေမဲ့ အပြင်ဘက်ကို ခြေတစ်လှမ်း လောက်များ လှမ်းလိုက်တာနဲ့ သူက လုံးဝကို ပြောင်းလဲသွားတော့တာပဲ။ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန် ဆွဲခေါ်ရာ အနောက်ကို တရွက်တိုက် လိုက်ပါနေရတဲ့ ခွေးပိုင်ရှင် တစ်ယောက်လို ကျွန်မ ခံစားနေရပြီးတော့ သက်ပြင်းချမိ လိုက်တယ်။

“ဆတိုရူက ဒီနေရာတဝိုက်မှာတော့ လူသိများတဲ့ လူတစ်ယောက်ပဲ” လို့ ကော်ဖီဆိုင်ပိုင်ရှင်က မျက်နှာသေကြီးနဲ့ ရယ်ရင်း ပြောတယ်။ သူ ပြုံးလိုက်ရင် သူ့မျက်လုံး နံဘေးနားက အရေးအကြောင်းတွေက သူ့ကို ကြင်နာတတ်တဲ့လူ တစ်ယောက် ပုံစံဖြစ်အောင် ပုံဖော်ပေးနေသလိုမျိုးပဲ။

“သူက အတော်လေးကို ဖော်ရွေတတ်တာပါ၊ တခြားတော့ မဟုတ်ပါဘူး” လို့ ကျွန်မက ရွဲ့ပြီး ပြန်ပြော လိုက်တယ်။

“ဒါပေမဲ့ သမီး ဒီလောက်ကောင်းတဲ့ ကော်ဖီမျိုး သောက်ဖူးတာတော့ ဒါက ပထမဆုံးအကြိမ်ဆိုတာ အမှန်ပဲ၊ ဒီနေရာလေးက ပေးတဲ့ ခံစားချက်ကို ကြိုက်တယ်။ အံ့အားသင့်ရောပဲ”

ဆိုင်ရှင်က နူးနူးညံ့ညံ့ပုံစံမျိုးနဲ့ ရယ်လိုက်တယ်။

“ကျေးဇူးအများကြီး တင်ပါတယ်။ လူငယ်တွေ ဒီဆိုင်ကို ပထမဆုံးအကြိမ် ရောက်လာကြတဲ့အခါမျိုးမှာ သူတို့ တွေက အရင်ကနဲ့ မတူတဲ့ အမြင်မျိုးတွေနဲ့ မြင်တတ်ကြတယ်။ ဒါ ဦး အတွက်တော့ အများကြီး အဓိပ္ပာယ် ရှိပါတယ်။ သမီးက တာကကိုနော်၊ ဟုတ်တယ်မလား၊ သမီးက ဒီနေရာကို အခုမှ စရောက်ဖူးတာလား”

“ဒါက သမီးရဲ့ ပထမဆုံးအကြိမ်ပါ။ သမီး ဦးလေးရဲ့ ဆိုင်မှာ အခုမှ လာနေနေတာ”

“မိုရီဆာကီ စာအုပ်ဆိုင်မှာလား။ ဒီနေရာက နေရာကောင်းပဲ။ သမီး ဂျမ်ဘိုချိုမှာ နေထိုင်ရတာ ပျော်စရာ ကောင်းမယ်လို့ ဦး တကယ်မျှော်လင့်ပါတယ်” ကျွန်မက မျက်နှာထိ မျက်နှာထားမျိုးနဲ့ နည်းနည်းလောက် အံကြိတ်မိ လိုက်တယ်။

“ဘာများမှားသွားလို့လဲ”

“သမီးရဲ့ ဦးလေးလည်း ဒီလိုမျိုးပဲ ပြောလို့ပါ”

“ဟုတ်တာပေါ့။ ဒီပတ်ဝန်းကျင် နေရာကို သမီးရဲ့ ဦးလေးထက် ပိုပြီး ဘယ်သူကမှ ပိုချစ်မြတ်နိုးနိုင်မှာ မဟုတ် ဘူး”

ကျွန်မက နောက်တစ်ခါ အံထပ်ကြိတ်လိုက်တယ်။ “ဦးပြောတာကို နားလည်တယ်လို့တော့ သမီး မသေချာဘူး။ ဒါပေမဲ့ ဦးရဲ့ ကော်ဖီဆိုင်က အံ့အားသင့်စရာ ကောင်းတယ်လို့ ပြောတာကတော့ လိမ်တာ မဟုတ်ရပါဘူး။ သေချာပေါက် နောက်တစ်ခါ သမီး ပြန်လာထိုင်ချင်တာပဲ”

“ဘယ်အချိန်မဆို လာသာလာခဲ့ပါ” လို့ သူက ပြောရင်း ကျွန်မကို လှိုက်လှိုက်လှဲလှဲ ပြန်ပြုံးပြတယ်။

ကော်ဖီဆိုင်မှာ ကျွန်မတို့ အတော်ကြာအောင် ထိုင်နေလိုက်ကြတာ ဆိုင်ကနေ ကျွန်မတို့ ပြန်တော့ ညဉ့်တောင် အတော်နက်နေပြီ။ ဦးလေးနဲ့ ကျွန်မက ဒီပတ်ဝန်းကျင်မှာ ဖြည်းဖြည်းချင်းစီ လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ လိုက်လျှောက် သွားကြည့်ကြတယ်။ ကျွန်မရဲ့ မျက်နှာပေါ်ကို ဖြတ်သွားတဲ့ ညလေညှင်းက အေးမြနေလို့။ ဆောင်းဦးရောက်နေပြီ လို့တောင် ခံစားရတယ်။

ဦးလေးကတော့ ဘီယာတစ်လုံးတည်း မှာသောက်ပြီး မူးနေတဲ့ပုံပဲ။ သူက ကျွန်မရဲ့ အရှေ့ကနေ လမ်းလျှောက် နေပြီး ညက ဘယ်လောက် သာယာလှပတယ် ဆိုတာကို ဗလုံးဗထွေးနဲ့ ရေရွတ်ပြောဆိုနေတယ်။

ကျွန်မတို့ နှစ်ယောက်သား လမ်းလျှောက်ထွက်နေတာက ကျွန်မ ကလေးဘဝကနေ စလို့ အခုမှပဲ ပထမဆုံး အကြိမ် အတူတူ ပြန်လမ်းလျှောက်ဖြစ်ကြောင်း ကျွန်မ သတိထားမိလိုက်တယ်။ အဲဒီအချိန်တွေတုန်းကတော့ အဘိုးရဲ့အိမ် အနီးအနားမှာ လေ့လာစူးစမ်း ရှာဖွေနေကြသလို ပုံစံမျိုးနဲ့ ကျွန်မတို့ အတူတူ လက်ချင်းတွဲလို့ တစ်နေ့လုံး လမ်းလျှောက် ထွက်ခဲ့ကြတာ။ ဘာဖြစ်လို့ ဒါက ဒီလောက်တောင် ပျော်ရွှင်စရာ ကောင်းခဲ့တာပါလိမ့်။ ဒီတုန်းက စိတ်လှုပ်ရှားမှုနဲ့ အတူတူ ကျွန်မက အမြဲတမ်း တခစ်ခစ် ရယ်မောနေတတ်တာ။

အဲဒီတုန်းက ဦးလေးက ကျွန်မအတွက် သဘောကောင်းတဲ့ အစ်ကိုကြီး တစ်ယောက်နဲ့ ပိုတူတယ်။ တစ်ဦးတည်း သော သားသမီး၊ အထူးသဖြင့် ကျွန်မလို ကိုယ့်အတွေးနဲ့ ကိုယ်ပဲ အမြဲလုံးထွေး ရစ်ပတ်နေတတ်တဲ့သူ တစ်ယောက် အတွက်တော့ တခြားတစ်ယောက်ယောက်နဲ့ ဒီလိုမျိုး အချိန်ကုန်ဆုံးရတာက တအား စိတ်လှုပ်ရှားစရာ ဖြစ်နေခဲ့မှာပဲလို့ ကျွန်မ တွေးမိလိုက်တယ်။

စိတ်က အဲဒီအချိန်ကာလတွေဆီ လွင့်မျောသွားတော့ ထင်ရှားပြတ်သားတဲ့ မှတ်ဉာဏ်တွေက ကျွန်မဆီကို ပြန်လည် ရောက်ရှိလို့လာတယ် ... ကျွန်မတို့နှစ်ယောက်သားက သူ့ရဲ့ ရှုပ်ပွနေတဲ့ အခန်းထဲမှာ၊ ဦးလေးက ဘီတယ်စ်ရဲ့ သီချင်းတွေကို ဂီတာနဲ့ အတော်ဆိုးဆိုးဝါးဝါး တီးခတ်လို့၊ ကျွန်မတို့ နှစ်ယောက်စလုံးက သီချင်းတွေ ဆိုလို့ ... ဒီလိုမှ မဟုတ် မန်ဂါစာအုပ်တွေထဲမှာ တမော့တမျောနဲ့ အိုစမူတန်ဇုက4နဲ့ ရှိုတရိုအိရှီနိုမိုရီ5 တို့ရဲ့ စာအုပ်တွေကို ဖတ်လို့၊ အချိန် နာရီ ပေါင်းများစွာ ကုန်ဆုံးခဲ့ကြတာ။

ဒီမှတ်ဉာဏ်တွေက ကျွန်မကို ဦးလေးနဲ့ အရင်လို နီးကပ်မှုမျိုး နည်းနည်းလောက် ပြန်ခံစားလာရစေတယ်။ ဦးလေး ကတော့ ကျွန်မရဲ့ အရှေ့ကနေ လမ်းလျှောက်နေဆဲပဲ။

သူက ကျွန်မကို ကျောပေးထားတော့ “ဦးလေး ဆတိုရူ” လို့ ကျွန်မက လှမ်းခေါ်လိုက်တယ်။

“အင်း ပြောလေ” လို့ ဦးလေးက ကျွန်မဘက်လှည့်ပြီး ကလေးတစ်ယောက်လို မျက်လုံးတွေနဲ့ ကျွန်မကို ပြန်ကြည့်တယ်။

“ဦးလေး သမီးရဲ့အရွယ်တုန်းက ဘာတွေ လုပ်နေခဲ့တာလဲ”

“ဦးလေးက စာတွေပဲ တချိန်လုံး ဖတ်နေခဲ့တယ် ထင်တာပဲ”

“ဒါပဲလား” ကျွန်မ နည်းနည်း စိတ်ပျက်လက်ပျက် ဖြစ်သွားမိတယ်။ “ဒါဆိုရင် ဦးလေးက အခုအချိန်နဲ့ ဘာမှ အကွာကြီး မပြောင်းလဲသွားဘူးပေါ့”

“ဒါ့အပြင် ခရီးတွေလည်း သွားတယ်လေ”

“ခရီးသွားတယ် ဟုတ်လား”

“ဟုတ်တယ်။ ဦးလေးက ဂျပန်မှာ ရှိနေတုန်းက အလုပ် နည်းနည်းလောက် လုပ်လိုက်တယ်လေ၊ ပိုက်ဆံ နည်းနည်းလောက် စုမိဆောင်းမိအောင်ပေါ့။ ပြီးတော့ ကျောပိုးအိတ်တစ်လုံးနဲ့ ဦးလေးက လျှောက်သွားတော့တာပဲ။ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ အိန္ဒိယ၊ နီပေါ နေရာအစုံကို ဦးလေး လိုက်သွားတာပဲ။ ဥရောပကိုတောင် ဖြတ်သွားဖူးသေးတယ်”

ဦးလေးက ဒီလောက် စွန့်စွန့်စားစား ခရီးသွားခဲ့တယ်ဆိုတဲ့ အတွေးက ကျွန်မကို အံ့အားသင့်သွားစေတယ်။

“ဘယ်အရာက ဦးလေးကို ဒီလိုမျိုး ခရီးတွေ သွားဖြစ်အောင် လုပ်ပေးလိုက်တာလဲ။ သမားရိုးကျ ပုံမှန် အလုပ် တစ်ခု လုပ်ဖို့ရော ဦးလေး မစဉ်းစားမိဘူးလား”

“ဟင် …” လို့ ဦးလေးက သူ့လက်တွေကို ပိုက်ထားပြီး ဖြည်းဖြည်းချင်းစီ ပြန်ပြောတယ်။ သူ့ပုံစံက သူ့ဘဝရဲ့ အဲဒီအချိန်ကာလကို ပြန်စဉ်းစားတွေးတောနေသလိုမျိုး။ “အတိုချုပ် ပြောရမယ်ဆိုရင်တော့ ဦးလေးက ကမ္ဘာကြီးတစ်ခုလုံး ကို ကိုယ်တိုင် မြင်တွေ့ချင်လို့ပေါ့။ ဖြစ်နိုင်ချေရှိတဲ့ အလားအလာကြီးတစ်ခုလုံးကို ဦးလေး မြင်တွေ့ချင်တယ်လေ။ ကိုယ့်ဘဝက ကိုယ့်ဘဝပဲ။ တခြားဘယ်သူနဲ့မှ မသက်ဆိုင်ဘူး ဆိုတာမျိုးပေါ့။ ဘဝကို ကိုယ့်ရဲ့ ကိုယ်ပိုင် သတ်မှတ်ချက် တွေ နဲ့ပဲ နေထိုင်တယ် ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို ဦးလေး သိချင်တယ်လေ”

ဦးလေးပြောနေတာကို ကျွန်မ ခေါင်းညိတ် နားထောင်နေမိတယ်။ ဒါပေမဲ့ ဒါကလည်း နည်းနည်းတော့ ဆန့်ကျင် ဘက် ဖြစ်နေသလိုပဲ။ ဂျပန်ကနေ ထွက်ပြီး ကိုယ့်ဘဝအတွက် ဖြစ်နိုင်ချေတွေ၊ အလားအလာတွေကို သွားရှာဖွေခဲ့တဲ့ သူက အခုတော့ ဒီမှာပဲ စာအုပ်အဟောင်းဆိုင် ဖွင့်ရင်းနဲ့ပဲ အဆုံးသတ်သွားခဲ့ရတာကိုး။

ဒါပေမဲ့လို့ ဦးလေး ပြောနေတာကို ဆက်နားထောင်နေရင်းနဲ့ပဲ ကျွန်မ ကလေးဘဝ ကတည်းက စိတ်ကူးထဲမှာ ပုံဖော် မြင်ခဲ့ရတဲ့ သူ့ရဲ့ ပုံရိပ်က အခုနဲ့ ဘယ်လောက်တောင် ကွဲပြားခြားနားနေသလဲ ဆိုတာကို ကျွန်မ သိလာရတယ်။ အခုတော့ ကျွန်မက အရွယ်ရောက်သူ တစ်ယောက် ဖြစ်နေပြီလေ။ ဒီတော့ အဲဒီ အချိန်ကာလတုန်းက ဦးလေး ဘယ်လို ခံစားခဲ့ရမလဲဆိုတာကို နည်းနည်းတော့ နားလည်နိုင်တယ်လို့ ကျွန်မ ထင်တယ်။ ကျွန်မ ကောလိပ်တက်နေစဉ် ကာလ ကလည်း ကျွန်မရဲ့ ကိုယ်ပိုင်တန်ဖိုးတွေအတိုင်း တကယ် အစစ်အမှန် ခံစားရမယ့်၊ ကျွန်မ ကိုယ်ပိုင်စိတ်ကူးနဲ့ပဲ နေထိုင်လို့ ရမယ့် ဘဝတစ်ခုမှာ နေထိုင်ဖို့ အကြောင်း စိတ်ကူးယဉ်၊ အိပ်မက် မက်ခဲ့ရလေ့ ရှိတာပဲ။ ဟုတ်တယ်၊ ဒါပေမဲ့ ဒီ စိတ်ကူး တွေကို အပြင်လောကကြီးမှာ တကယ်လုပ်ဆောင်ဖို့အတွက် အချိန် ရောက်ရှိလာတဲ့ အချိန်မှာတော့ ကျွန်မမှာ ဒီလို လုပ်ဆောင်ရဲတဲ့ သတ္တိမျိုးက ရှိမနေပြန်ပါဘူး။

ဒါကပဲ ဦးလေးက ဒီလောက်တောင် အရိုင်းဆန်၊ လွတ်လပ်စွာ နေထိုင်နေနိုင်တဲ့ အကြောင်းပြချက်၊ လျှို့ဝှက်ချက် တစ်ခု ဖြစ်မယ် ထင်တယ်။

ကျွန်မ သူ့ကို နည်းနည်းတောင် မနာလို ဖြစ်မိသွားသလိုပဲ။

“ဒီလိုမျိုးပဲ၊ ဦးလေးရဲ့ အသက်နှစ်ဆယ်ဝန်းကျင်ဘဝမှာ ဦးလေးက ဒီအတိုင်း နေထိုင်ခဲ့တာပဲ။ အဖေကတော့ အမြဲတမ်းလိုလို ဦးလေးကို စိတ်ဆိုးဒေါသ ဖြစ်နေခဲ့တာပေါ့။ ဒါတွေအားလုံးရဲ့ အလယ် တစ်နေ့မှာမှ အဖေကလည်း ရုတ်တရက် ဆုံးသွားတယ်။ ဒီလိုနဲ့ ဦးလေးလည်း စာအုပ်ဆိုင်ကို သူ့အတွက် လက်လွှဲလုပ်ကိုင်ရင်းနဲ့ပဲ အဆုံးသတ်သွား တော့တာပါပဲ”

“ဒါကိုရော ဦးလေး နောင်တရလား”

“လုံးဝပဲ” လို့ ဦးလေးက ပြုံးပြီးတော့ ပြန်ဖြေတယ်။ “ဦးလေးအတွက် ဒါထက်ပိုပြီး ပိုကောင်းမယ့်အလုပ် မရှိတော့ဘူးလေ။ စာအုပ်တွေကို ချစ်မြတ်နိုးသူ တစ်ယောက် အတွက်တော့ ဒီနေရာထက် ပိုပြီး အံ့အားသင့်ဖွယ်ရာ ကောင်းတဲ့ နေရာဆိုတာမျိုးလည်း မရှိတော့ဘူး။ ဒီနေရာမှာ စာအုပ်ဆိုင် ရှိတာကို ဦးလေး ဂုဏ်ယူမိတာပဲ။ အဖေ့ကိုရော၊ အဘိုးကိုရော ဦးလေး တကယ် ကျေးဇူးတင်လို့ မဆုံးနိုင်လောက်အောင်ကိုပေါ့”

“ကောင်းသားပဲ”

“ဘာကလဲ” ဦးလေးက ဇဝေဇဝါ ဖြစ်သွားတဲ့ အမူအယာနဲ့ ကျွန်မကို ပြန်ကြည့်တယ်။

“ဦးလေး လုပ်ချင်တဲ့အရာကို လုပ်ဆောင်နေရပြီး ဒီအလုပ်နဲ့ပဲ ဦးလေး အသက်မွေးဝမ်းကျောင်းပြု၊ နေထိုင်လို့ ရတာပေါ့”

“ဒါကလည်း လုံးလုံးတော့ မမှန်သေးဘူး။ အစပိုင်းမှာတော့ ဦးလေးက ဒီလိုလုပ်ဖို့အတွက် အများကြီး ငြင်းဆန်ခဲ့ မိသေးတာ။ ဆိုလိုချင်တာက အဖေ့ဆီကနေ ဒီဆိုင်ကို လက်လွှဲယူပြီး ဆက်လက်လုပ်ကိုင်ဖို့ ဆိုတာက ဦးလေး ငယ်ဘဝ တုန်းက ဒီလိုလုပ်မယ်လို့ အတိအကျ အိပ်မက်မက်၊ စိတ်ကူးထားတဲ့ အရာ မဟုတ်ဘူးလေ။ ဒါပေမဲ့လို့ ဦးလေးလည်း မသိဘူး။ သမီး တကယ် အစစ်အမှန် ရှာဖွေနေရမယ့် အရာက ဘယ်အရာလဲ ဆိုတာကို အဖြေရှာနိုင်ဖို့ အချိန်အကြာကြီး ယူခဲ့ရတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒီအရာရဲ့ အစိတ်အပိုင်း သေးသေးလေးကို အဖြေထုတ်နိုင်ဖို့အတွက်ပဲ သမီး ဘဝ တစ်ခုလုံး အချိန်ကုန်ဆုံးခဲ့ရတာမျိုး လည်း ဖြစ်နိုင်တာပဲ”

“သမီးလည်း မသိပါဘူး။ ဒီအတိုင်း ဘာအလုပ်မှလည်း မလုပ်ဘဲ သမီးရဲ့ အချိန်တွေကို ဖြုန်းတီးပစ်နေမိတာ မျိုးလည်း ဖြစ်နိုင်တာပဲလို့ သမီး တွေးမိတာ”

“ဦးလေးကတော့ ဒီလို မထင်ပါဘူး၊ တစ်ခါတစ်ရံမှာလည်း ငြိမ်ငြိမ်သက်သက် ရပ်တည်နေနိုင်ဖို့လည်း အရေးကြီးတယ် မလား။ အခုအချိန်ကို သမီး ဘဝရဲ့ ခရီးရှည်ကြီးမှာ နည်းနည်းလောက် အနားယူနေတဲ့ အချိန်မျိုးလို့ တွေးကြည့်ပေါ့။ ဒီနေရာက သမီးရဲ့ ဆိပ်ကမ်းပေါ့။ သမီးရဲ့ လှေက ဒီနေရာမှာ ခေတ္တခဏတာလောက် ကျောက်ချ ရပ်နား နေရုံပဲ ရှိတာ။ ကောင်းကောင်း အနားယူပြီးတဲ့ နောက်မှာတော့ နောက်တစ်ခါ ပြန်ပြီးတော့ သမီး ရွက်လွှင့်နိုင်မှာပေါ့”

“ဦးလေးက အခုတော့ ဒီလိုပြောပေမယ့် သမီး အိပ်နေတဲ့အချိန် ကျရင်တော့ ပြောဆိုနေတာမလား”

သူက ရယ်လိုက်တယ်။ “လူသားတွေက တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက် အရာတွေ အပြည့်ပါပဲ”

သတိမထားဘဲ ကျွန်မ နှုတ်ခမ်းစူမိလျက်သား ဖြစ်နေတော့တယ်။ အထူးသဖြင့် ဒီလူကြီးနဲ့မို့လို့ ဖြစ်မယ်လို့ ကျွန်မ တွေးမိလိုက်တယ်။

“ဒီတော့ ဦးလေးက ခရီးတွေသွားပြီး ဒီစာအုပ်တွေအားလုံးကို ဖတ်ခဲ့တော့ အများကြီး ဦးလေး သင်ယူလေ့လာခဲ့ ရမှာပေါ့၊ ဟုတ်တယ်မလား”

“ဒါကတော့ ရယ်စရာကောင်းတယ်။ ဘယ်နေရာကိုပဲ သမီးသွားသွား၊ စာအုပ်တွေ ဘယ်လောက်အများကြီးကိုပဲ သမီး ဖတ်ဖတ်၊ သမီး ဘာကိုမျှ မသိဆဲပဲ၊ ဘယ်အရာကိုမျှ သမီး မမြင်မတွေ့ဖူးဆဲပဲ။ ဒါကပဲ ဘဝပဲလေ။ ဦးလေးတို့က ကိုယ့်ရဲ့ လမ်းကို ရှာဖွေနိုင်ဖို့အတွက် ကြိုးစားရင်းနဲ့ပဲ ဦးလေးတို့ ဘဝကို နေထိုင်နေကြရတာပေါ့။ ဆန်တိုခါတနဲဒါ6 ရဲ့ ကဗျာတစ်ပုဒ်လို ‘တစ်တောင်ဆင်းဆင်း၊ တစ်တောင်တက်တက်၊ စိမ်းပြာရောင် တောင်တန်းများချည်းသာ’ ဆိုသလို မျိုးပေါ့”

“ဦးလေး” လို့ ကျွန်မက ခေါ်လိုက်ပြီး အခုအချိန်က ကျွန်မ သူ့ကို တချိန်လုံး မေးမြန်းချင်နေတဲ့ မေးခွန်းကို မေးဖို့ အတွက် အခွင့်အရေးပဲလို့ ကျွန်မ တွေးမိလိုက်တယ်။

“အင်း ပြောလေ”

“အန်တီမိုမိုကိုက ဘာဖြစ်လို့ ထွက်သွားခဲ့တာလဲ”

“အင်း … သူနဲ့ ဦးလေးတို့က အမြင်ချင်း တူကြတယ်လို့ ပြောလို့ရတယ်။ ဒါကပဲ ဦးလေးတို့ကို အတူတူ ဖြစ်စေခဲ့ တာပေါ့။ ဒါပေမဲ့ ဒါကပဲ ဦးလေးတို့ ကွဲကွာသွားရတဲ့ အကြောင်းပြချက် ဖြစ်မယ်လို့ ဦးလေး ထင်တယ်။ ခရီးရှည်တစ်ခုရဲ့ အလယ်မှာ ဦးလေးတို့ ဆုံတွေ့ခဲ့ကြရပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာမျိုးပေါ့။ ဒါပေမဲ့ ဦးလေးတို့က အမြဲတမ်း အတူတူ ခရီးသွား နေကြမယ်လို့လည်း မဆိုလိုဘူးလေ။ တချိန်ချိန်မှာတော့ လူအားလုံးက သူတို့ လုံခြုံစိတ်ချစွာ ရပ်နားနိုင်တဲ့ ဆိပ်ကမ်း တစ်ခုကို ရှာဖွေဖို့ လိုအပ်တာပဲမလား။ ဦးလေးကတော့ အဆုံးသတ်အထိ ဦးလေးတို့ နှစ်ယောက်သား အတူတူ ရှိနေခဲ့ကြ လိမ့်မယ်လို့ အမြဲတမ်း ထင်ထားခဲ့မိတာပေါ့။ ကံဆိုးစွာနဲ့ပဲ ဒါက ဒီလိုမျိုး ဖြစ်မလာခဲ့ဘူးလေ”

“ဒါကရော … ဒီလို ဖြစ်သွားခဲ့တဲ့ အခါမှာရော ဘယ်လိုမျိုးလဲ။ ဦးလေး ဝမ်းနည်းလား”

ဦးလေးက မိုးကောင်းကင်ကို ဖုံးအုပ်နေတဲ့ တိမ်တိုက်ထူထူတွေကို မော့ကြည့်တယ်။ “ဟုတ်တာပေါ့၊ ဝမ်းနည်း တာပေါ့၊ ဒါပေမဲ့လို့ ..”

“ဒါပေမဲ့ ဘာဖြစ်လဲ”

“ဒါပေမဲ့လို့ သူ ဘယ်နေရာကိုပဲ ရောက်နေနေ၊ အခု ဘာတွေကိုပဲ လုပ်နေနေ ဦးလေးကတော့ သူ့ကို ပျော်ရွှင် စေချင်တာပါပဲ”

“အခုထိတောင်လား …” ဦးလေး ဒီလိုမျိုး ခံစားရတယ်ဆိုတာကို ကျွန်မ နားမလည်နိုင်ဘူး။ “သူက ဦးလေးကို ပစ်ပြီး ထွက်သွားခဲ့တာ မဟုတ်ဘူးလား”

“ဒါပေမဲ့ မိုမိုကိုက ဦးလေးရဲ့ ဘဝမှာ ဦးလေး တကယ် အစစ်အမှန် ချစ်မြတ်နိုးရတဲ့ တစ်ဦးတည်းသော အမျိုး သမီး ဖြစ်နေဆဲပဲလေ။ ဒီအချက်က ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဦးလေးတို့ အတူတူ ဖြတ်သန်းခဲ့ကြတဲ့ အချိန်ကာလတွေအကြောင်း မှတ်ဉာဏ်တွေကလည်း ဦးလေးရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ဆက်လက် တည်ရှိနေမှာပဲ။ ဒီလိုမျိုးတွေဆိုတော့လည်း ဦးလေးက သူ့ကို အခုထိ ဆက်လက်ချစ်မြတ်နိုးနေမိဆဲပါပဲ”

ဘာဖြစ်လို့လဲ ဆိုတာ ကျွန်မ သူ့ကို ထပ်မေးချင်ပေမယ့် အနောက်ကနေ ကျွန်မ သူ့ကို မြင်တွေ့ရတဲ့ ပုံစံ၊ လမ်းမီးရောင်အောက်က သေးငယ်မှုန်မွှားလွန်းနေတဲ့ သူ့ရဲ့ ပုံစံက တအားဝမ်းနည်းစရာ ကောင်းနေတာမျိုး တစ်ခုခု ရှိနေ သလို။ ဒီတော့ ကျွန်မလည်း နောက်ထပ် ဘာမျှ ဆက်မပြောဖို့ဘဲ ဆုံးဖြတ်လိုက်တော့တယ်။

အဲဒီညမှာတော့ အကြောင်းပြချက် တချို့နဲ့ ကျွန်မ အိပ်လို့ မရခဲ့ပါဘူး။ ကျွန်မ ထူးထူးဆန်းဆန်း တစ်ခုခုကို တွေးပြီး ကြောက်နေမိသလို ခံစားရတယ်။ ညသန်းခေါင် အလယ်မှာတောင်မှ ကျွန်မက လူးလွန့်လိုက်၊ ဟိုဘက်ဒီဘက် စောင်းလိုက်နဲ့။ မွေ့ရာပေါ်မှာပဲ အချိန်အကြာကြီး တွန့်လိမ်နေမိတယ်။ ဒီအတွေးတွေ အားလုံးကလည်း ကျွန်မရဲ့ ခေါင်းထဲမှာ ရစ်ပတ်နွယ်နေလို့။ ကျွန်မ ခေါင်းထဲမှာ ပြည့်ပြည့်လာတာ နောက်ဆုံး ခေါင်းတောင် ပေါက်ကွဲသွားတော့ မလား ထင်မိတယ်။ ကျွန်မရဲ့ အတိတ်ဘဝ၊ အရင်ဘဝအဟောင်းက သည်လို နာကျင်စရာ မှတ်ဉာဏ် အတွေးတွေက တဝဲလည်လည် ဆက်ပေါ်လာနေကြလို့။ ကျွန်မရဲ့ စိတ်ကို စိုးမိုးခြယ်လှယ် နေလို့ပေါ့။

ဒါက အတော်လေးကို ဆိုးဝါးတာပဲလို့ ကျွန်မ တွေးလိုက်မိပြီး ရုတ်တရက် ထထိုင်လိုက်မိတယ်။ ကျွန်မသာ တခုခု မလုပ်ခဲ့ဘူး ဆိုရင် ဒီနေရာမှာပဲ မွန်းကြပ်ပြီး၊ အသက်ရှူမရ ဖြစ်ပြီး သေဆုံးသွားတော့မှာပဲလို့ ကျွန်မကိုယ် ကျွန်မ ပြန်ပြောမိတယ်။ တီဗွီ ကြည့်လို့ရမလား မသိဘူးလို့ တွေးမိပေမယ့် ကြည့်မယ်ဆိုရင် ဒီစာအုပ်ပုံတွေကို အရင်ဆုံး တစ်ခါ ပြန်စီ၊ ပြန်နေရာချရဦးမယ် ဆိုတာကို သတိရမိသွားတယ်။ အခုအချိန်ကပဲ မနက်ခင်းပိုင်း သုံးနာရီလောက် ရှိနေပြီ။ ဒီတော့ အပြင်ဘက် တစ်နေရာရာ သွားလည်း ဘယ်နေရာကမှ ဖွင့်တော့မှာ မဟုတ်ဘူး။

အမှောင်ထုထဲကို စိုက်ကြည့်နေရင်း ကျွန်မှာ ဖတ်စရာ စာအုပ်တစ်အုပ်အုပ်လောက် ရှိရင် ကောင်းမှာပဲလို့ ကျွန်မ ဆန္ဒပြုမိတယ်။ အနည်းဆုံးတော့ ဒါကလည်း အချိန်တွေ ကုန်ဆုံးသွားစေမယ့် နည်းလမ်းတစ်ခုပဲ မဟုတ်လား။

ဒီတော့မှပဲ ကျွန်မမှာ အတွေးပေါ်လာတော့တယ်။ ဒီနေရာကြီးက စာအုပ်ဆိုင်ကြီး တစ်ခု မဟုတ်လား။ တကယ် လက်တွေ့မှာကို ကျွန်မက စာအုပ်တွေကြားထဲမှာ နစ်မြှုပ်နေတာပဲကို။ ဒီစာအုပ်တွေက အခန်းထဲမှာ ကျွန်မအတွက် စိတ် အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေလို့ပဲ ကျွန်မက မြင်နေခဲ့လို့ အခုအချိန်အထိ ကျွန်မက သူတို့ရဲ့ မူရင်း ရည်ရွယ်ချက် ကို လုံးဝ မေ့လျော့နေခဲ့တာ။

အခန်းမီးကို ကျွန်မ ဖွင့်လိုက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ် တစ်အုပ်တစ်လေ တွေ့မလားလို့ ဟိုဟိုဒီဒီ၊ ဟိုတစ်အုပ် ဒီတစ်အုပ် ကျွန်မ လိုက်ရှာဖွေမိတယ်။ ဒါပေမဲ့ ဘယ်စာအုပ်က စိတ်ဝင်စားဖို့ ကောင်းလိမ့်မလဲ ဆိုတာကို ဘယ်လိုမျိုးနည်းနဲ့ ဆုံးဖြတ်ရမလဲ ဆိုတာ ကျွန်မလည်း လုံးဝ မစဉ်းစားတတ်ဘူး။ ဒီစာအုပ်တွေအားလုံးက အောက်သိုးသိုး အနံ့ ထွက်နေတဲ့ စာအုပ်အဟောင်းတွေချည်းပဲ။ ဒီလိုဆိုပေမယ့်လို့ ကျွန်မရဲ့ ဦးလေးကတော့ သူကြိုက်တဲ့ စာအုပ်တစ်ချို့ ကို ဒီထဲကနေ အလွယ်တကူ ရွေးချယ်နိုင်မှာ သေချာတယ်။

ဘာဆက်လုပ်ရမယ်မှန်း မသိဘဲ ကျွန်က တောင်ကြီး တစ်တောင်စာလောက် အမြင့်ရှိတဲ့ စာအုပ်ပုံကြီး အရှေ့မှာ ရပ်ပြီး ကျွန်မရဲ့ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့ လက်ကို လှမ်းလိုက်ပြီး ကျွန်မလက်နဲ့ ပထမဆုံး ထိတွေ့မိတဲ့ စာအုပ်ကို ဆွဲထုတ်ယူလိုက်တယ်။ ဒီစာအုပ်နာမည် “မိန်းကလေးတစ်ယောက် သေဆုံးခြင်း မတိုင်မီ”7 တဲ့။ စာရေးဆရာက “ဆိုင်ဆမ့်မူရို”8 တဲ့။ ဒီစာရေးဆရာရဲ့ နာမည်ကို ကျွန်မရဲ့ အထက်တန်းကျောင်း ခေတ်သစ်စာပေအပိုင်း အတန်းချိန် တစ်ချိန်လောက်က ကျွန်မ ကြားဖူးခဲ့ပြီးသား။ ဒါပေမဲ့ ဒါက ကျွန်မ သိသမျှ အကုန်ပဲ။

ဒီတော့ ကျွန်မရဲ့ ခေါင်းအုံးနံဘေးက မီးအိမ်လေးရဲ့ အလင်းရောင်မျှလောက်နဲ့ပဲ မှိန်ပျပျ အခန်းလေး ထဲမှာ စောင်တွေ အောက်ထဲ တိုးဝင်လို့ ဒီစာအုပ်ကို ကျွန်မ စဖတ်မိတော့တယ်။ ကျွန်မရဲ့ မျှော်လင့်ချက်ကတော့ ဒီစာအုပ်ကို ဖတ်ပြီး ကျွန်မ ချက်ချင်းလက်ငင်း အိပ်မောကျသွား လောက်တဲ့အထိ ပျင်းစရာ ကောင်းပါစေလို့ပဲ။ ဒါပေမဲ့ ရယ်စရာ လည်း ကောင်းတယ်။ နောက်တစ်နာရီ လောက်နေတော့ ကျွန်မက ဒီစာအုပ်ထဲမှာ လုံးဝကို နစ်မြှုပ်နေပြီ။ ဟုတ်တယ်၊ တချို့နေရာတွေမှာ သူရေးသားထားတဲ့ အရေးအသားပိုင်းက ဖတ်ရတာ ခက်ခဲတဲ့ စာပိုဒ်တချို့တော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီစာအုပ်ရဲ့ အဓိက အကြောင်းက အကုန်လုံးနဲ့ သက်ဆိုင်တဲ့ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်း။

ဇာတ်လမ်းက နီဇူမှာ သူ့ရဲ့ ဘဝကို အစပြုဖို့ ကြိုးစားနေတဲ့ အမျိုးသား တစ်ယောက်ကို ဗဟိုပြုထားတယ်။ ဒီလူက သူ့ရဲ့ ကလေးဘဝကို ကာနဇုဝမှာ အချိန်ကုန်ဆုံးခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ဖို့ အတွက် တိုကျိုကို ပြောင်းလာတယ်။ ကဗျာဆရာတစ်ယောက် ဖြစ်လာတယ်။ ဒီအချိန်မှာပဲ သူက သူ့မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ရဲ့ ချစ်သူလည်း ဖြစ်၊ သူနဲ့ မောင်နှမ တဝမ်းကွဲလည်း ဖြစ်တဲ့ အမျိုးသမီး တစ်ယောက်နဲ့ ရှုပ်ထွေးတဲ့ မေတ္တာနယ်ထဲမှာ ရစ်ပတ်မိသွားတယ်။ ခေါင်းစဉ်ထဲက ကောင်မလေးနဲ့ အမှတ်မထင် သူ တွေ့ဆုံရတဲ့ အချိန် မှာတော့ တိုကျိုမှာ နေထိုင်ရတဲ့ သူ့ဘဝက ဆင်းရဲနွမ်းပါးလွန်းလို့ သူ့ဘာသာ ရပ်တည်နိုင်ဖို့ အတွက်တောင် ကြိုးစား ရုန်းကန်နေရတဲ့ အချိန်။ ဒီလို အချိန်ကာလ တိုတိုလေးအတွင်းမှာပဲ ဒီကောင်မလေးနဲ့ ချစ်ကျွမ်းဝင်ပြီး ဒဏ်ရာရနေတဲ့ သူ့ရဲ့ နှလုံးသားကို သူက စတင် ကုစားတယ် ဆိုတဲ့ အကြောင်း။

အဓိကဇာတ်ကောင်က ခက်ခဲတဲ့ အခြေအနေတွေထဲမှာ ကြီးလာရတာ။ ပြီးတော့ စိတ်ကျစရာကောင်းတဲ့ လူငယ် ဘဝမှာ အသက်ရှင်သန်ခဲ့ရတာ။ ဒါပေမဲ့ ဇာတ်လမ်း တစ်ခုလုံးကိုတော့ အတော်လေးကို နူးညံ့ညင်သာမှု၊ သိမ်မွေ့မှုတို့နဲ့ပဲ လွှမ်းခြုံဖြန့်ကျက်ထားတာ။

နည်းနည်းချင်း၊ နည်းချင်းချင်းစီ ကျွန်မကို ခံစားချက်တစ်ခုခုက ဖုံးလွှမ်းလာသလိုမျိုး၊ စကားလုံးတွေနဲ့ မဖော်ပြ နိုင်တဲ့ ငြိမ်းချမ်းမှု ခံစားချက်တစ်ခုကို ကျွန်မ ခံစားလာရတယ်။ ဒီခံစားချက်ကို ကျွန်မ ရှင်းပြရမယ် ဆိုရင်လည်း ဒီခံစား ချက်က စာရေးသူရဲ့ ဘဝအပေါ်မှာ စိတ်အားထက်သန်နေတဲ့ ချစ်ခြင်းမေတ္တာကနေ ပေါ်ထွက်လာတာပဲ ဖြစ်ရမယ်လို့ ပြောရမှာပဲ။

အပေါ်ကို မော့ကြည့်မိတဲ့အချိန်မှာ ညအချိန်က တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားပြီ ဆိုတာကို ကျွန်မ သိလိုက်တယ်။ နေ့အချိန်က အရုဏ်တတ်ဖို့ အစပျိုးနေပြီ။ ကျွန်မကတော့ တစ်မျက်နှာပြီး တစ်မျက်နှာ လှန်လှောလို့ ဆက်ဖတ်မိနေဆဲပဲ။

အဲဒီနေ့မှာပဲ ကျွန်မရဲ့ ဦးလေး ဆတိုရူ ရောက်လာတဲ့အချိန်မှာတော့ ကျွန်မက အဲဒီအချိန်အထိ စိတ်လှုပ်ရှား နေဆဲပဲ။ ပုံမှန်ဆိုရင် ကျွန်မက သူ့ကို နှုတ်ဆက်ခဲတယ်။ ဒီတော့ သူရောက်လာတဲ့အချိန်မှာ ကျွန်မက ထခုန်လိုက်တော့ သူက ကျွန်မကို အံ့ဩမှုနဲ့ ပြန်ကြည့်လို့။ ကျွန်မရဲ့ လက်ထဲမှာက “မိန်းကလေးတစ်ယောက် သေဆုံးခြင်း မတိုင်မီ” စာအုပ်ကို ကိုင်ထားမိတာ။ “ဒီစာအုပ်က ဖတ်လို့ကောင်းတယ်” လို့ ကျွန်မက သူ့ကို ပြောလိုက်တယ်။

သူက ဘယ်လို ပြန်တုံ့ပြန်သလဲ သိလား။ ရုတ်တရက်ဆိုသလို ဦးလေးရဲ့ မျက်နှာက ဝင်းထိန်သွားတော့တယ်။ ကလေး တစ်ယောက်က အံ့အားသင့်စရာ ကောင်းတဲ့ မွေးနေ့လက်ဆောင်တစ်ခု ရသွားသလို ပုံစံမျိုးနဲ့။

“တကယ်လား၊ သမီး ကြိုက်လား” လို့ ဦးလေးက ကျွန်မဆီမှာ ဖြစ်ပေါ်ခဲ့တဲ့ စိတ်ခံစားချက်ကို သူ့ဆီမှာလည်း ခံစား ရသလို ပုံစံမျိုးနဲ့၊ စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုးနဲ့ ပြန်ပြောတယ်။

“ဒီစာအုပ်ကို ဘယ်လိုဖော်ပြပြီး ပြောရမယ် ဆိုတာ သမီး မသိဘူး၊ “ကြိုက်တယ်၊ ဒီစာအုပ်က အံ့အားသင့် စရာ ပဲ” လို့ ကျွန်မက ပြန်ပြောလိုက်တယ်။ “ဒါပေမဲ့ ရင်ထဲတော့ ထိတာပဲ” ဒီထက်ပိုပြီး ပိုကောင်းတဲ့ စကားလုံးမျိုးနဲ့ မပြော နိုင်တာကြောင့် ဒီစာအုပ်ရဲ့ အရသာကို ဖျက်ဆီးမိပြီလားလို့တောင် ကျွန်မ ထင်မိတယ်။ “ရင်ထဲထိတယ်” ဆိုတာက ကျွန်မ ရင်ထဲမှာ ဖြစ်နေတဲ့ ရှုပ်ထွေးတဲ့အရာတွေကို စပြီး ဖော်ပြနိုင်တာမျိုးတောင် မဟုတ်ဘူး။

“ရပါတယ်၊ သမီးဆီကနေ ဒီလိုမျိုး ကြားရတာ ဦးလေးအတွက်တော့ အများကြီး အဓိပ္ပါယ်ရှိတာပဲ။ ဦး အတော် လေးကို ဝမ်းသာမိတာပဲ။ ဒါပေမဲ့ ဆိုင်ဆမ့်မူရိုကို တန်းဖတ်တာကတော့ နက်ရှိုင်းတဲ့ အဆုံးသတ်ဆီကို ခုန်ကျော်သွား သလို မျိုးပဲ”

ဦးလေးရဲ့ တအား ပျော်ရွှင်နေတဲ့ပုံကို မြင်ရတော့ ဒါက ကျွန်မကိုလည်း တမျိုးတဖုံ ပျော်ရွှင်လာစေတယ်။

စာအုပ်တွေအကြောင်း ခဏတာလောက် ကျွန်မတို့ ဆက်ပြောနေကြတယ်။ ကျွန်မနဲ့ နည်းနည်းလောက်လေးများ တူညီတယ်လို့ ခံစားရတဲ့ လူတစ်ယောက်နဲ့ ပြောဆိုဆက်ဆံ နေရတာကလည်း စိတ်ပျော်ရွှင်စရာပါပဲ။ ကျွန်မ ဦးလေးလို လူမျိုးတစ်ယောက် ဖြစ်နေတာတောင်မှပဲ ဒီလိုမျိုး ပြောဆိုနေရတာက ကျွန်မကို စိတ်လှုပ်ရှားစေတယ်။ မဟုတ်သေးဘူး၊ ကျွန်မရဲ့ ဦးလေးလို လူမျိုးဖြစ်လို့ကို ကျွန်မကို ပိုလို့တောင်မှ စိတ်လှုပ်ရှားစေတယ်လို့ ပြောရမှာပဲ။

ဒါက ဘယ်တုန်းကမှ ရှိနေခဲ့တယ်လို့ ကျွန်မ တွေးမထင်ထားခဲ့တဲ့ တံခါးတစ်ချပ်ကို ဖွင့်လိုက်ရသလိုမျိုးနဲ့လည်း တူညီတယ်။ ဒီလိုမျိုးလို့ကို အတိအကျခံစားရတာပါပဲ။

အဲသည်အချိန်ကနေ စလို့ ကျွန်မ စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် မနားတမ်း ဖတ်မိတော့တာပဲ။ ဖြစ်ပုံက ဒီတချိန်လုံး စာဖတ်ရတာကို ကြိုက်နှစ်သက်တဲ့အကျင့်က ကျွန်မရဲ့ ရင်ထဲက တစ်နေရာရာမှာ အိပ်မောကျနေခဲ့ပြီး အခု အချိန်ကျမှ ရုတ်တရက် အသက်ဝင်လာသလိုမျိုး။

စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ကို အရသာခံပြီး ဖြည်းဖြည်းချင်းစီ ကျွန်မ ဖတ်မိတော့တယ်။ ဒီအချိန်တုန်းက တစ်ကမ္ဘာလုံးမှာ ရှိသမျှ အချိန်တွေ ကျွန်မဆီမှာ ရှိနေခဲ့တာပဲ။ စာအုပ်တွေ ဘယ်လောက်များများ ကျွန်မ ဖတ်တယ် ဆိုဦးတော့ ကျွန်မဆီမှာ ဖတ်စရာစာအုပ်တွေ ကုန်ဆုံးသွားမယ့် ဘေးအန္တရာယ်မျိုးလည်း မရှိဘူးလေ။

ခဖူနာဂါအိ၊ ဂျန်အိချိရိုတာနိဇခီ၊ အိုစမူဒေဇိုင်း၊ ဟရုအိုဆတို၊ ရူနိုဆုခီအကုတဂါဝ၊ ကိုဂျိအူနို9 … ဒီလိုမျိုး စာရေး ဆရာတွေ၊ ကျွန်မ ကြားဖူးပေမယ့် တစ်ခါမှ မဖတ်ဖူးသေးတဲ့ စာရေးဆရာတွေ၊ စိတ်ဝင်စားစရာ ကောင်းမယ့် ဘယ်လို စာအုပ်မျိုးတွေကိုမဆို အရသာခံပြီးတော့ ကျွန်မ ဖတ်တယ်။ ပြီးတော့ ဒါတွေအားလုံးကို ကျွန်မ ဖတ်ပြီးသွားတာတောင် မှပဲ နောက်ထပ် ထပ်ဖတ်ချင်နေတဲ့ စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် ကျွန်မ ထပ်တွေ့လာရတာပဲ။

ဒီလိုမျိုး အဖြစ်မျိုးကို အရင်တုန်းက ကျွန်မ တစ်ခါမှ မတွေ့ကြုံခဲ့ရဖူးဘူး။ ဒါကြောင့်မို့လို့လည်း အခုအချိန်ကာလ မတိုင်ခင်အထိ ကျွန်မရဲ့ ဘဝကို အလကား အချည်းနှီး ဖြုန်းတီးပစ်ခဲ့မိတယ်လို့ ကျွန်မ ခံစားရတာ။

တချိန်လုံး အိပ်စက်နေတာကိုလည်း ရပ်ပစ်လိုက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒီလိုမျိုးလည်း ဆက်အိပ်နေစရာ မလိုတော့ဘူးလေ။ ဆိုင်မှာ ဦးလေးက ကျွန်မနေရာမှာ အစားထိုး ဝင်ထိုင်လိုက်တာနဲ့ အိပ်နေပြီးတော့ပဲ ခိုလှုံရာ ရှာနေ မယ့် အစား ကျွန်မက အခန်းထဲကို ပြန်သွားပြီး၊ ဒါမှမဟုတ် ကော်ဖီဆိုင်ကို သွားပြီးတော့ စာဖတ်မိတယ်။

ဒီစာအုပ် အဟောင်းတွေကလည်း သူတို့အဖုံးတွေရဲ့ အတွင်းဘက်မှာ ကျွန်မ စိတ်ကူးယဉ်နိုင်တာ ထက်ကို ပိုပြီးတော့ ပိုမိုတဲ့ သမိုင်းကြောင်းတွေကို ထိန်းသိမ်းထားလေရဲ့။ စာအုပ်တွေထဲက အကြောင်းအရာတွေနဲ့တင် ဒီစာအုပ် တွေကို ကန့်သတ်ထားတာမျိုး မဟုတ်ဘူး။ စာအုပ် အတွဲ တစ်ခုစီတိုင်းမှာ ကုန်ဆုံးသွားတဲ့ နှစ်ကာလ အချိန်တွေရဲ့ ခြေရာ လက်ရာတွေကိုလည်း ကျွန်မ ပြန်လည်ရှာဖွေ တွေ့ရှိရတယ်။

ဥပမာ ဆိုကြပါတော့။ မိုတိုဂျီရိုကာဂျိရဲ့ နှလုံးသားရှုမျှော်ခင်းများ10 စာအုပ် စာမျက်နှာ တစ်ခုမှာ ဒီစာပိုဒ်ကို ကျွန်မ ဖတ်မိတယ်။

မြင်တွေ့ရခြင်း အမှုသည် သေးငယ်ပမွှားသော အရာမဟုတ်။ တစ်ခုခုကို မြင်တွေ့ရခြင်းသည် ထိုမြင်တွေ့ခဲ့ ရသော အရာ၏ ပူးကပ်မှုကို ခံရသည်သာ ဖြစ်၏။ တခါတရံ၌ ထိုကဲ့သို့ မြင်တွေ့ခဲ့ရသော အရာသည် သင်၏ တစိတ် တပိုင်းကို သယ်ဆောင်ယူနိုင်၍ တခါတရံ၌ သင်၏ စိတ်ဝိညာဉ် တစ်ခုလုံးကိုပါ သယ်ဆောင်ယူနိုင် လေသည်။”

အရင်အချိန်တုန်းက ဒီစာအုပ်ကို ဖတ်ခဲ့တဲ့သူ တစ်ယောက်ယောက်က ဒီစာပိုဒ်ကို ဖတ်ပြီး စိတ်လှုပ်ရှားသွားမိတဲ့ အတွက်ကြောင့် ဘောပင်ကို ယူပြီး ဒီစကားလုံးတွေအောက်မှာ မျဉ်းတားထား ထားခဲ့တာ။ ဒီလို အတွေးပေါ်လာတာက ကျွန်မကို ပျော်ရွှင်စေတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မကလည်း သူ့လိုမျိုး ဒီလိုတူညီတဲ့ စာပိုဒ်ကို ဖတ်ပြီးတော့ စိတ်လှုပ်ရှား သွားရလို့ပဲ။ ကျွန်မ မမြင်တွေ့ဖူးခဲ့တဲ့ ဒီလိုလူစိမ်းသူစိမ်းနဲ့ ကျွန်မနဲ့ အခုအချိန်မှာ ချိတ်ဆက်သွားသလိုမျိုး ခံစားရတယ်။

တစ်ခါတစ်လေမှာတော့ စာအုပ်ထဲမှာ တစ်ယောက်ယောက်က စာမှတ်ကတ် အနေနဲ့ ချန်ထည့် ထားရစ်ခဲ့တဲ့၊ ဖိညှပ်ထားတဲ့ ပန်းပွင့်လေး တစ်ပွင့်ကို ကျွန်မ တွေ့ရလေ့ ရှိတယ်။ ဒီအချိန်မှာ ကျွန်မက ကာလကြာရှည်စွာ ရနံ့ ပျောက်ကွယ်၊ မှေးမှိန်နေပြီဖြစ်တဲ့ ပန်းပွင့်လေးရဲ့ ရနံ့ကို နမ်းရင်း ဒီပန်းပွင့်လေးကို ဒီစာအုပ်ကြားထဲမှာ ထည့်ထားရစ်ခဲ့တဲ့ သူအကြောင်း စဉ်းစားမိတယ်။ သူမက ဒီကမ္ဘာပေါ်က ဘယ်သူများလဲ၊ ဘယ်အချိန်ကာလမှာ သူမ ရှင်သန်နေထိုင်ခဲ့သလဲ၊ သူမ ဘာတွေကို ခံစားခဲ့ရသလဲ ဆိုတာတွေလိုမျိုးပေါ့။

စာအုပ်အဟောင်းတွေမှာပဲ ဒီလိုမျိုး တွေ့ကြုံဆုံစည်းမှုမျိုး၊ အချိန်ကာလတွေကို ဖြတ်ပြီး ချိတ်ဆက်မှု ခံစားချက် မျိုးကို အရသာခံလို့ ရတာ။ ဒီလိုနည်းနဲ့ပဲ ကျွန်မက ဒီလိုစာအုပ်အဟောင်းတွေကို ထားရှိတဲ့ ကျွန်မတို့ရဲ့ မိုရီဆာကီ စာအုပ်ဆိုင် လိုမျိုး စာအုပ်အဟောင်းဆိုင်တွေကို ချစ်မြတ်နိုးတတ် လာစေဖို့ သင်ယူနိုင်ခဲ့တာ။ ကျွန်မ ရရှိခဲ့တာက ဘယ်လောက်တောင် တန်ဖိုးရှိလှတဲ့ အခွင့်အရေးလဲ ဆိုတာကိုလည်း ကျွန်မ သိလာတယ်။ အချိန်ကာလရဲ့ စီးဆင်းမှုကို ခံစားနိုင်တဲ့၊ ဟောသည်လို နေရာသေးသေးလေးရဲ့ တစိတ်တပိုင်း ဖြစ်ရတဲ့ အခွင့်အရေးပေါ့။

ဒီလို စာဖတ်ခြင်း ကနေ ရလဒ်အနေနဲ့ ကျွန်မတို့ ဆိုင်မှာ ရှိနေတဲ့ စာရေးဆရာတွေ အကြောင်းကိုလည်း ကောင်းကောင်း ကျွန်မ တီးခေါက်မိလာတယ်။ ကျွန်မ မသိလိုက်ခင်မှာပဲ ကျွန်မတို့ရဲ့ ပုံမှန်ဖောက်သည်တွေနဲ့ ကျွန်မနဲ့ ပိုမို နီးကပ်လာတယ်။ ဆဘူက ကျွန်မ အရင်ကနဲ့ မတူဘဲ နည်းနည်းလောက် ပြောင်းလဲလာတယ် ဆိုတာကို သိရတော့ ကျွန်မ အပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ အရင်က ထင်မြင်ချက်တွေကလည်း ပြောင်းလဲလာတယ်။ “ဟေ့ တာကကို၊ သမီး စာတွေ စဖတ်နေပြီမလား၊ ဟုတ်တယ်မလား” လို့ သူက ပြောတယ်။

နောက်ထပ် အပြောင်းအလဲ တစ်ခုလည်း ထပ်ရှိသေးတယ်။ ကျွန်မက ဆိုင်အနီးအနား ပတ်ဝန်းကျင်တွေဆီကို စပြီး လမ်းလျှောက်ထွက်တတ်လာတာ။ ရာသီဥတုကလည်း အေးစိမ့်စိမ့် အချိန်ကာလကို ပြောင်းလဲလာတာဆိုတော့ ဟိုဟို ဒီဒီ လမ်းလျှောက်ထွက်ဖို့အတွက် အပြည့်စုံဆုံး ရာသီဥတုတစ်ခု၊ အကောင်းဆုံး အချိန်ကာလတစ်ခုပေါ့။

တစ်နေ့တာပြီး နောက်တစ်နေ့ လမ်းတွေတလျှောက် သစ်ပင်က သစ်ရွက်တွေက ရွှေရောင်အဖြစ် ပြောင်းလဲ သွားကြတယ်။ ဒီလို ပြောင်းလဲသွားတဲ့ အသွေးအရောင်တွေက ကျွန်မရင်ထဲမှာ ဖြစ်ပျက်နေတဲ့ ဖြည်းညှင်းတဲ့ ပြောင်းလဲမှု တစ်ခုနဲ့ ဘယ်လောက်တောင် ကိုက်ညီနေတယ် ဆိုတာကို မြင်ရတာက ကျွန်မကို ကြည်နူးအားရစေတာပဲ။

ဟိုဟိုဒီဒီ လမ်းလျှောက် ထွက်နေရင်းနဲ့ပဲ ဒီပတ်ဝန်းကျင်ကို ကျွန်မ ဂျမ်ဘိုချိုကို စရောက်ခါစ အချိန်တုန်းကနဲ့ မတူတော့ဘဲ အတော်လေးကို ကွဲပြားခြားနားစွာ မြင်တတ်လာတယ်။ အခုတော့ ဒီနေရာတစ်ခုလုံးက စွန့်စားမှုတစ်ခု အတွက် ခင်းကျင်းပြင်ဆင်ထားသလိုမျိုး ခံစားလာရတယ်။ စိတ်လှုပ်ရှားစရာ ကောင်းတယ် ပေါ့လေ။ ဘယ်လို အခြေ အနေမျိုးမှာမဆို ရိပ်သာလမ်းတွေတလျှောက်၊ နောက်ဖေးဘက် လမ်းကြားလေးတွေ အကုန်လုံး တလျှောက် တစ်လမ်းဝင် တစ်လမ်းထွက်လို့ ကျွန်မ လိုက်သွားချင်တဲ့ နေရာတွေ အများကြီးပဲ။ နိုင်ငံရပ်ခြားဆန်တဲ့ ဘားတွေ၊ ကော်ဖီဆိုင်တွေ၊ စာအုပ်အဟောင်းဆိုင်တွေ ရှိနေတဲ့ ဒီနေရာလေးက မြို့လယ်ခေါင်ကို ရောက်ရှိနေသလိုမျိုး ခိုင်မာတဲ့ ခံစားမှုကို ခံစား ရတယ်။ ဒါတွေ အားလုံး ရှိနေပေမယ့်လို့လည်း ကျွန်မ မခံနိုင်တဲ့၊ ပရမ်းပတာဆန်မှုကို ခံစားရတဲ့ အငွေ့အသက်မျိုးလည်း မရှိဘူး။ ပတ်ဝန်းကျင်တစ်ခုလုံးက သိသာလောက်အောင် တိတ်ဆိတ် ငြိမ်သက်နေတာကိုပဲ ခံစားရတယ်။

ကျွန်မတို့တတွေက အခုနေရာမှာ ရှိနေတဲ့ ဒီဆိုင်တွေ အားလုံးကို စာအုပ်ဆိုင်တွေလို့ သိမ်းကျုံး ခေါ်ဝေါ်လိုက်ကြ ပေမယ့် ဆိုင်တစ်ခုချင်းစီမှာလည်း သူ့ရဲ့ သိသာထင်ရှားတဲ့ အရသာတစ်ခုစီ ကိုယ်စီ၊ ကိုယ်စီ ရှိနေကြ ကြောင်းကို ကျွန်မ နားလည် သဘောပေါက်လာရတာက ဒီနေရာပါပဲ။

ဆိုင်တစ်ခုချင်းစီကို သူတို့ရဲ့ အထူးပြု အကြောင်းအရာတွေနဲ့ ခွဲခြားထားတာ။ တချို့ဆိုင်တွေက ဝတ္ထုရှည်တွေ သီးသန့်ကိုပဲ ရောင်းတယ်၊ တချို့ကတော့ နိုင်ငံရပ်ခြားစာပေတွေ၊ ဒါမှမဟုတ် သမိုင်းနောက်ခံ ဝတ္ထုရှည်တွေ။ ရုပ်ရှင် မဂ္ဂဇင်းတွေ၊ ကလေးစာအုပ်တွေ၊ ဒါမှမဟုတ် အီဒိုခေတ်က ရိုးရာပုံစံအတိုင်း တွဲချုပ်ထားတဲ့ စာအုပ်တွေကိုပဲ သီးသန့် ရောင်းချကြတဲ့ ဆိုင်တွေတောင် ရှိသေးတယ်။ ဆိုင်ပိုင်ရှင်တွေကလည်း အမျိုးအစား အမျိုးမျိုးပဲ။ တချို့ကလည်း ကျွန်မရဲ့ ဦးလေးလိုမျိုး ခေါင်းမာတတ်ကြတဲ့သူတွေ။ ဒါပေမဲ့ သူတို့ထက် ပိုငယ်ရွယ်တဲ့၊ နူးညံ့ညင်သာကြတဲ့ ဆိုင်ပိုင်ရှင်တွေလည်း ရှိပါတယ်။ တစ်ရက်မှာ ဆိုင်တွေရဲ့ ကြိုဆိုဧည့်ခံရေးစင်တာကို ကျွန်မ ရောက်မိသွားတော့ သူတို့တွေက ဒီနေရာမှာ တကယ် ရှိနေတဲ့ စာအုပ်ဆိုင်ပေါင်း (၁၇၀) ကျော်တယ်လို့ ကျွန်မကို ပြောပြကြတယ်။ ကျွန်မ ဦးလေး ပြောသလိုမျိုးပဲ၊ ဒီနေရာက တကယ်တမ်းကို စာအုပ်ဆိုင်တွေအတွက် ကမ္ဘာပေါ်က အခမ်းနားဆုံး ပတ်ဝန်းကျင်တစ်ခုပဲ။

လမ်းလျှောက်နေရင်း နောက်ဆုံး ကျွန်မ မောပန်းလာတဲ့အခါမျိုးမှာ ကော်ဖီဆိုင်မှာ ဝင်နားတယ်။ နွေးနွေး ထွေးထွေး ရှိနေတဲ့ ကော်ဖီဆိုင်က အေးစိမ့်စိမ့် ရာသီဥတုနဲ့ လိုက်ဖက်လိုက်တာ။ လမ်းလျှောက်ပြီးစီးတဲ့ အချိန်မျိုးမှာ ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ရတာက အသည်းထဲအထိ အပန်းပြေသွားသလိုမျိုးပဲ။

ဒီလိုနည်းနဲ့ ကျွန်မက တစ်ရက်ပြီး တစ်ရက် ဆောင်းဦးရာသီကို နက်ရှိုင်းစွာ တိုးဝင်လာတဲ့ အချိန်အထိ ဖြတ်ကျော် လာခဲ့တယ်။ ကျွန်မရဲ့ နေထိုင်သွားလာ လှုပ်ရှားပုံ အသစ်က ကျွန်မရဲ့ စိတ်ခံစားချက်တွေကို တောက်ပလာစေ တယ် ဆိုတာကတော့ သံသယ ဖြစ်နေစရာ မလိုပါဘူး။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေက ကျွန်မရဲ့ ရင်ထဲမှာတော့ အထုံးလိုက် ရှိနေဆဲပါပဲ။ ဒါပေမဲ့ ကျွန်မ ပိုပြီး လမ်းလျှောက်လေလေ၊ ဒီအထုံးတွေက ပိုပြီး ပြေလျော့သွားလေလေလို့ ကျွန်မ ခံစားရတယ်။

ဒီလို လမ်းလျှောက်ထွက်နေလို့လည်း ရလဒ်အနေနဲ့ ဒီအနီးအနား ပတ်ဝန်းကျင်က သူတွေနဲ့ ပိုပြီးတော့ သိကျွမ်း လာတယ်။ ဆေ့ဗွာ ကော်ဖီဆိုင်မှာ ကျွန်မက ပုံမှန်ဖောက်သည် ဖြစ်လာပြီး ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေနဲ့ အနီးကပ် ပိုမို ရင်းနှီးလို့ လာတယ်။ အထူးသဖြင့် စားပွဲထိုး ကောင်မလေး တိုမိုနဲ့ပေါ့။

တိုမိုက ဂျပန်စာပေ ပထမနှစ် ဘွဲ့လွန်ကျောင်းသူ။ သူ အားလပ်တဲ့ အချိန်တွေမှာတော့ ဆေ့ဗွာမှာ အလုပ်လုပ် နေတာ။ ပြီးတော့ တစ်ခါတစ်လေမှာ မိုရီဆာကီ စာအုပ်ဆိုင်ကို စာအုပ်ဝယ်ဖို့အတွက် ရောက်လာတတ်တယ်။ သူက ကျွန်မအောက် နှစ်နှစ်ငယ်တယ်။ တိတ်တဆိတ် အေးအေးဆေးဆေး နေတတ်တဲ့ပုံ၊ သီးသန့်နေထိုင်တတ်တဲ့ပုံ ပေါ်ပေမယ့် သူရဲ့ ရင် နက်နက်ရှိုင်းရှိုင်းထဲမှာတော့ မီးလို ထက်သန်တဲ့ စိတ်ဆန္ဒ ပြင်းပြမှုမျိုး ရှိတယ်။ စာပေအပိုင်းနဲ့ ဘွဲ့ ယူထားတဲ့ ကျောင်းသူဆိုတော့ သိကြတဲ့အတိုင်းပဲ သူ့မှာလည်း စာရေးဆရာတွေအပေါ်မှာ တခြားသူတွေနဲ့ မယှဉ်နိုင်တဲ့ ချစ်ခြင်း မေတ္တာမျိုးရှိတယ်။ ဗဟုသုတ ကြွယ်ဝတာကလည်း သူနဲ့ပတ်သက်ပြီး ကျွန်မ လေးစားရတဲ့ အချက်တွေထဲကတစ်ချက်ပဲ။

အခုဆိုရင် တိုမိုက သူ့ရဲ့ အလုပ်ကနေ အိမ်ကို ပြန်ရင်း ဘာစာအုပ်မှ ဝယ်ဖို့မဟုတ်ဘူး ဆိုရင်တောင်မှ စာအုပ် ဆိုင်ကို ဝင်လာတတ်တယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်သား ဒုတိယအထပ်က ကျွန်မရဲ့ အခန်းဆီကို သွားပြီး စာအုပ်တွေ ဝန်းရံထားတဲ့ အလယ်မှာ လက်ဖက်ရည် အတူတူ သောက်ကြတယ်။

ပထမဆုံးအကြိမ် သူ ကျွန်မရဲ့ အခန်းကို စစရောက်ဖူးတဲ့ အချိန်တုန်းက သူ့မျက်နှာက ဝင်းလဲ့သွားတာပဲ။ “ဒီနေရာက အံ့အားသင့်စရာ ကောင်းလိုက်တာ၊ အိပ်မက်တစ်ခုလိုပဲ” လို့ သူက ဆိုတယ်။

“တကယ်လား၊ ဒီအခန်းက တအားကျဉ်းကျဉ်းလေးကို၊ ပြီးတော့ အပူ ပေးထားတာလည်း ရှိမှ မရှိတာ” ကျွန်မက ဒီအခန်းမှာ တကယ်အစစ်အမှန် နေထိုင်ရတဲ့သူဆိုတော့ ကျွန်မက သူ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြ လိုက်တယ်။ အနည်းဆုံးတော့ နေရထိုင်ရ ကောင်းသလား ဆိုတဲ့ အပိုင်းကို ပြောရမယ်ဆိုရင် တကယ်တမ်း ဒီနေရာမှာက ညွှန်းဆိုပြောလောက်စရာမျိုး မရှိဘူးလေ။

“အဲဒီလို အရာတွေကရော ဒီလောက်ကြီး အရေးကြီးလို့လား” လို့ တိုမိုက ကျွန်မက ဒါကို နားမလည်သေးတဲ့ ပုံစံ မျိုးနဲ့ ကြည့်ပြီးတော့ ဆိုတယ်။ “ဒီအခန်းထဲမှာ ရှိသမျှ အရာ တစ်ခုတစ်လေလေး လောက်တောင်မှ မလိုအပ်ဘူး ဆိုတာ မရှိဘူးလေ၊ နင့်လက်ကို လှမ်းလိုက်တာနဲ့ စာအုပ်တွေက လက်လှမ်းမှီနေတဲ့ နေရာမှာပဲကို။ ဒါက အံ့အားသင့်စရာ မကောင်းဘူးလား”

“ငါလည်း ဒီလိုပဲ ထင်တယ်လေ”

“အမှန်ပဲ” လို့ သူက သူ့မျက်နှာကို ကျွန်မမျက်နှာနား အနီးကပ် ကပ်ရင်း ပြောတယ်။ သူ့ရဲ့ မျက်လုံးတွေ ကလည်း တောက်ပလို့။

သူပြောတာနဲ့ ကျွန်မက အခန်းကို နောက်တစ်ခါ ပတ်ပတ်လည် လိုက်ကြည့်မိလိုက်တယ်။ ထူးတော့ ထူးဆန်း တယ်။ ကျွန်မအခန်းနဲ့ ပတ်သက်ပြီး တမျိုးတဖုံ သူ့ရဲ့ စိတ်လှုပ်ရှားနေမှုက ဒီနေရာကို ပျင်းစရာကောင်းတဲ့ နေရာတစ်ခု အဖြစ်ကနေ အံ့အားသင့်စရာ နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်နိုင်တာပဲ။ လမ်းထောင့်က ပန်းသည်ဆီမှာ ကျွန်မတို့ တတွေ ပန်းပွင့်တချို့ ဝယ်ပြီး ထား,ထားလိုက်ရင် ဒီအခန်းက ပိုပြီး နေချင်စဖွယ် ဖြစ်လာမှာလို့ တိုမိုက အကြံပေးတယ်။ ကော့စမော့ အပွင့် ရိုးတံတွေကို မြေပန်းအိုးထဲမှာ ထိုးစိုက်လို့ ဒီပန်းအိုးကို ကျွန်မတို့တတွေ စားပွဲအနိမ့်လေးပေါ်မှာ တင်ထားလိုက်ကြတာပေါ့။ ဒီလိုနဲ့ အခန်းလေးက ပိုပြီး တောက်ပလာသလို။ အဲသည်အချိန်ကနေ စတင်လို့ ကျွန်မက ဒီပန်းအိုးလေးထဲမှာ ရာသီအလိုက် ပွင့်တဲ့ ပန်းတွေနဲ့ အလှဆင်ထားတော့တယ်။

ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အတော် ရင်းနှီးလာကြတဲ့ တစ်နေ့မှာတော့ လက်ဖက်ရည် အတူတူ သောက်နေရင်း ရုတ်တရက်ဆိုသလို ကျွန်မက သူ့ကို တစ်ခု မေးဖို့ ဆုံးဖြတ်လိုက်တယ်။

“တိုမိုရေ နင်က ဘယ်လိုဖြစ်ပြီး စာအုပ်တွေကို ဒီလောက် စိတ်ဝင်စားလာရတာလဲ”

တိုမိုက အရင်လိုပဲ နူးညံ့တဲ့ အပြုံးနဲ့ ကျွန်မကို ပြန်ဖြေတယ်။ “ဒါက မေးခွန်းကောင်းတစ်ခုပဲ။ အလယ်တန်း တုန်းက ငါက နာကျင်စရာ ကောင်းလောက်အောင်ကို ရှက်ရွံ့နေတတ်တဲ့ သူမျိုးပေါ့။ ကိုယ် ဘာကို တွေးနေတယ် ဆိုတာ လူတွေကို ပြောရမှာကိုလည်း ကြောက်ရွံ့နေတတ်တာ။ ဘာလို့လဲဆိုတော့ ငါ့ရင်ထဲမှာ ရှိနေတာကလည်း နက်ရှိုင်းစွာ ဘောင်ဘင်ခတ်နေတဲ့၊ ဆိုးဝါးတဲ့ စိတ်ခံစားချက်တွေမို့လို့လေ။ ဒီလိုမျိုး အလွန် ဆိုးရွားလွန်းလှတဲ့ အရှက်တရားကိုပဲ ငါ့မှာ အမြဲသယ်ဆောင်နေခဲ့ရတာ။ ဒီအချိန်မှာပဲ ငါက အိုစမူဒေဇိုင်းရဲ့ ကျောင်းသူ11 ကို စပြီးတော့ ဖတ်မိတာ။ ဒီလိုကနေ ငါ့ အတွက် စပြီး စာဖတ်ဖြစ်လာတာပဲ။ အခုမှာတော့ ငါက စာဖတ်တာကို လုံးဝကို စွဲလန်းနေပြီလို့ ပြောလို့ရတယ်”

“ငါ့အထင်တော့ စာကို အလေးအနက် ဖတ်တဲ့ စာဖတ်သမားတိုင်း သူတို့ဘဝရဲ့ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ဒီလိုမျိုး စာအုပ်တစ်အုပ်နဲ့ တွေ့ကြုံခဲ့ရဖူးလိမ့်မယ်လို့ ငါထင်တယ်။ ပြီးတော့ သူတို့တွေက ဒီအတွေ့အကြုံကို ဘယ်တော့မှ မမေ့ပျောက်နိုင်တော့တာ ဖြစ်မယ်” လို့ ကျွန်မက လေးစားတဲ့ စိတ်နဲ့ ပြောလိုက်မိတယ်။

“ဒီတော့ ငါတို့နှစ်ယောက်စလုံး အနာဂတ်မှာ အံ့အားသင့်ဖွယ်ရာ ကောင်းတဲ့ စာအုပ်တချို့နဲ့ ဆုံတွေ့မိကြပါစေလို့ မျှော်လင့်ထားကြတာပေါ့” တိုမိုက ပြုံးပြပြီးတော့ ဆိုတယ်။

“ငါလည်း ဒီလိုပဲ မျှော်လင့်ပါတယ်” ကျွန်မရဲ့ စိတ်အသည်းနှလုံး ထဲကနေ သဘောတူညီစွာနဲ့ ကျွန်မကလည်း ပြန်ပြောလိုက်တယ်။

ဒီနောက်မှာတော့ တိုမိုနဲ့ ဆက်နွယ်နေတဲ့ အဖြစ်တစ်ခုက ဖြစ်လာခဲ့တယ်။

ညနေခင်း အစောပိုင်း တစ်ခုမှာပေါ့၊ စာအုပ်ဆိုင်ကို ကျွန်မ တစ်ယောက်တည်း ဖွင့်ထားတဲ့ အချိန်။ ဒီအချိန်မှာပဲ ဆေ့ဗွာဆိုင်မှာ အလုပ်လုပ်နေတဲ့ တာကနို တစ်ယောက် ရောက်ချလာတယ်။ သူက မီးဖိုချောင်ထဲမှာ အလုပ်လုပ်လေ့ ရှိတာ ဆိုတော့ ကျွန်မက သူနဲ့ စကား များများစားစား မပြောဆိုဖူးဘူး။ ဒါပေမဲ့ ဆိုင်ထဲကို ဝင်လာတဲ့ သူ့ရဲ့ ပိန်ရှည်ရှည် ပုံစံ ကတော့ တခြားသူနဲ့ လွဲဖို့ ဆိုတာမျိုး ခဲယဉ်းတယ်။

သူ့ကို ကျွန်မ ချက်ချင်း သတိထားမိသွားပြီး ဟယ်လိုလို့ နှုတ်ဆက်လိုက်တယ်။

တာကနိုက ဦးညွှတ်ပြီး ကျွန်မကို ပြန်နှုတ်ဆက်တယ်။ ဒါပေမဲ့ သူက ဆိုင်ထဲကို ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေပြီး ဂနာမငြိမ်တဲ့ ပုံစံ။

ဘယ်လောက်တောင် ကြောင်လိုက်တဲ့သူလဲ လို့ ကျွန်မ တွေးမိလိုက်တယ်။ “ဒီနေ့ ရှင် လိုက်ရှာနေတဲ့ အထူး သီးသန့် စာအုပ်တစ်အုပ်အုပ်များ ရှိနေလို့လား” လို့ ကျွန်မက မေးလိုက်တယ်။

“မဟုတ်ပါဘူး၊ ကျွန်တော် … အမ် … လိုက်မရှာ …” သူက အဆက်အစပ် မရှိ အသံခပ်တိုးတိုးနဲ့ ပြန်ပြောတယ်။

ဒီလူ ဘာတွေဖြစ်နေတာပါလိမ့်။ ကျွန်မ အဖြေရှာနေမိတယ်။ သူ့မျက်နှာ တစ်ခုလုံး ကလည်း နီရဲလို့။ သူ့ပုံစံက သူ ကြိတ်ပြီး ကြိုက်နေတဲ့ ကောင်မလေး တစ်ယောက် အရှေ့ကို ရောက်နေတဲ့ ကောင်လေး တစ်ယောက်လိုမျိုး ပုံစံကို ဖြစ်နေတော့တာ။ ဒီအချိန်မှာပဲ ရုတ်တရက် ကျွန်မ အတွေးပေါက်သွားတယ်။ သူက ကျွန်မကို စိတ်ဝင်စားနေတာ ဆိုရင်ရော ဘယ်လိုလုပ်မလဲ၊ ဦးလေးက သူ့ကို ကျွန်မနဲ့ အတူတူ အပြင်မှာ ဒိတ်ဖို့ ပြောတုန်းက သူ အလွန်အမင်းကို ရှက်သွားတာလည်း ကျွန်မ ပြန်သတိရမိသွားတယ်။ ဒါတွေကို ပြန်တွေးမိတော့ ကျွန်မ ကိုယ်တိုင်လည်း ရုတ်တရက် ဆိုသလို စိတ်လှုပ်ရှားလာသလိုမျိုးပဲ။

စာအုပ်ဆိုင်ထဲမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ တိတ်ဆိတ်မှုက အချိန် အတော်ကြာ မျောလွင့်ပါလို့ နေတယ်။ လေထုက တဖြည်းဖြည်း ပိုပိုမွန်းကြပ်လာပြီး အသက်ရှူဖို့တောင် ခက်ခဲလာတဲ့ ပုံစံမျိုး။

ဒါကို ဆက်ပြီး သည်းမခံနိုင်တော့လို့ ကျွန်မရဲ့ ပါးစပ်ကို ဟပြီး တစ်ခုခု ပြောလိုက်တော့မယ်လို့ လုပ်နေတုန်းမှာပဲ သူကလည်း ဒီအချိန်မှာမှ အသံအကျယ်ကြီးနဲ့ “အမ်” လို့ စပြီး ထပြောတယ်။

အလိုအလျောက် ကျွန်မကိုယ်ကျွန်မ စိတ်တင်းထားမိလျက်သား ဖြစ်သွားတယ်။ ကျွန်မအပေါ်မှာ ရှိနေတဲ့ သူ့ရဲ့ မေတ္တာကို သူက ဝန်ခံတော့မယ်လို့ ယူဆထားတာ ဆိုတော့ ကျွန်မရဲ့ စိတ်ထဲမှာလည်း သူ့ကို ဘယ်လိုမျိုး နည်းလမ်းနဲ့ ညင်ညင်သာသာ ငြင်းပယ်ရမလဲဆိုတာကို ခပ်မြန်မြန် အဖြေရှာနေမိတယ်။

ဒါပေမဲ့ နောက်ကျ သူ တကယ် ဖွင့်ပြောလာတာတွေက ကျွန်မ လုံးဝ မျှော်လင့်ထားတဲ့ အရာ မဟုတ်ဘူး။

“မစ်စ်အိဟာရာ ဒီနေရာကို ခဏခဏ လာလေ့ရှိလား မသိဘူး” တာကနိုက ဒီလိုဆိုရင်း သူ့ရဲ့ မျက်နှာတစ်ခုလုံး ကလည်း ရဲရဲတောက်နေလို့။

“မစ်စ်အိဟာရာ ဆိုတာက တိုမိုကို ပြောတာလား”

“ဟုတ်ပါတယ်”

“ကော်ဖီဆိုင်ကနေ နေ့လယ်စာ ထမင်းစားချိန်ဆိုရင်တော့ သူက မကြာ ခဏဆိုသလို ပေါ်လာလေ့ ရှိတယ်”

“မင်းတို့နှစ်ယောက်သား ဘာတွေကို ပြောကြလေ့ရှိလဲဟင်”

ဒီနေရာမှာပဲ ကျွန်မ စိုးထိတ်နေတာတွေက ပျောက်သွားပြီး စိုးရိမ်ကြောင့်ကြမှုတွေလည်း လျော့ပါးသွားတယ်။

“နေပါဦး၊ နင်က တိုမိုကို ကြိတ်ကြိုက်နေတာလား” လို့ ကျွန်မက မေးလိုက်မိတယ်။

“ဒီလိုမျိုးတော့လည်း မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ ...”

“ငါ့ကို ပြောလို့ ရပါတယ်၊ တိုမိုကလည်း တကယ်ချစ်စရာကောင်းတဲ့ ကောင်မလေးပဲလေ။ ဒါပေမဲ့ နင်တို့ နှစ်ယောက်က အတူတူ အလုပ်လုပ်နေကြတာ ဆိုတော့ နင်ကတောင် သူ့အကြောင်းကို ငါ့ထက် ပိုသိဦးမှာပေါ့”

“မဟုတ်ဘူး၊ ငါက မီးဖိုချောင်ထဲမှာ၊ သူက ဧည့်ခံတဲ့နေရာမှာလေ။ ပြီးတော့ ငါကလည်း တခြားသူတွေနဲ့ စကား ပြောရတဲ့ နေရာမှာ မပြောတတ်တဲ့သူ”

“ဒီလိုလား၊ နင်က စကားပြောရမှာကို ရှက်နေတာမလား”

“သူ့မှာ ရည်းစားကောင်လေး ရှိလားဟင်”

ဒီမေးခွန်းကို မေးလိုက်တဲ့ တာကနိုရဲ့ အသံအနေအထားက ဒီကိစ္စက သူ့အတွက်တော့ အရေးအကြီးဆုံးနဲ့ သိကို သိရမှ ဖြစ်မယ့် ကိစ္စကြီး ဆိုတာကို ညွှန်ပြနေတယ်။

“ဩော်၊ နင် အခု ပြောတော့မှပဲ ငါ သူ့ကို တစ်ခါမှ ဒီအကြောင်း မမေးဖူးတာကို သတိရတော့တယ်။ ဒါပေမဲ့ တိုမိုက တကယ် ချစ်စရာကောင်းတဲ့၊ ကြိုက်ချင်စရာကောင်းတဲ့ ကောင်မလေးပဲလေ။ သူ့မှာ ရည်းစားရှိနေမယ် ဆိုရင် လည်း ငါကတော့ တအံ့တဩဖြစ်မှာ မဟုတ်ဘူး”

“ငါ့အတွက် နင် သူ့ကို ဒီအတိုင်းလေးပဲ မေးပေးလို့ ရမလားဟင်”

“ဘာကိစ္စနဲ့ ငါက သူ့ကို မေးရမှာလဲ။ ဘာဖြစ်လို့ နင့်ဘာသာ သူ့ကို မမေးတာလဲ”

“နင်တို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေလေ တာကကိုရဲ့။ ပုံမှန်လိုမျိုး အတိုင်းပဲ နင်က သူ့ကို မေးပေးလို့ ရတယ်လေ၊ ဟုတ်တယ်မလား၊ ပြီးတော့ ငါက မိန်းကလေးတစ်ယောက်ကို ဒီလိုမျိုး တစ်ခါမှ စကားပြောဖူးတာလည်း မဟုတ်ဘူး”

“နင်က ငါ့ကို အခု စကားပြောနေတာပဲလေ” လို့ ကျွန်မက တအံ့တဩနဲ့ ပြန်ပြောလိုက်တယ်။ သူက ကျွန်မကို မိန်းမလို့များ မသတ်မှတ်ထားဘူးလား ပေါ့လေ။ ဒါပေမဲ့ တာကနိုက ကျွန်မ ဒီလိုပြန်တုံ့ပြန်ပြောတာကို သတိထားမိတဲ့ ပုံ မပေါ်ဘူး။

“ငါက နင့်ကို အလကား ဒီလိုမျိုး မေးခိုင်းတာ မဟုတ်ပါဘူး။ တကယ်လို့သာ နင်က ကူညီဖို့အတွက် သဘော တူမယ် ဆိုရင် ကော်ဖီဆိုင်ကို နင်လာတဲ့အချိန်တိုင်းမှာ ထပ်ဖြည့်သောက်တဲ့ ကော်ဖီဖိုးတွေတိုင်းအတွက် ငါ ပေးပါမယ်”

သူက ဒီလိုပြောလိုက်တော့ ကျွန်မအပေါ်မှာ သူ စော်ကားမော်ကားပြောတာတွေ အကုန်လုံးကို ကျွန်မက သင်ပုန်းချေပစ် လိုက်တော့တာပဲ။ ကျွန်မရဲ့ မျက်နှာကလည်း ဝင်းလဲ့နေပြီးတော့ “တကယ်လား” လို့ သူ့ကို ထပ်မေးလိုက် တယ်။ “ဒီလိုဆိုရင်တော့ နေ့တိုင်း ငါ လာသောက်မှာပဲ”

“နေ့တိုင်းလား။ ဒါကတော့ နည်းနည်းတော့ မများလွန်း ...”

“နင်က ဘာလို့ ဒီလောက် နှမြောတွန့်တိုနေတဲ့ လေသံပေါက်နေရတာလဲ၊ နင်က နင်မျှော်လင့်တောင့်တနေတဲ့ ကောင်မလေးနဲ့ နီးစပ်ခွင့် ရမှာလေ၊ ဒါကိုများ မဖြစ်စလောက် ကော်ဖီတစ်ခွက်လောက်ဖိုးလေးနဲ့များ”

“အား …” လို့ တာကနိုက ပြောပြီး သဘောတူတဲ့ ပုံမျိုးနဲ့ အဆက်မပြတ် ခေါင်းညိတ်ပြတော့တယ်။ “ဒါပေမဲ့ ငါ့ကိုတော့ ကတိပေးဦး၊ နင်က အခု ဒီအကြောင်းတွေကို သူ့ကို တစ်လုံးမှ မဟပါဘူးလို့”

“နားလည်ပြီးသား” လို့ ကျွန်မက ရင်ဘတ်ကို ဖိရင်း သူ့ကို ပြန်ပြောလိုက်တယ်။

ဒါက ကျွန်မနဲ့ တာကနိုတို့ နှစ်ယောက်သား ကျွန်မတို့ရဲ့ လျှို့ဝှက်သဘောတူညီချက်ကို ဘယ်လိုမျိုး ပြုလုပ် ခဲ့ကြတယ် ဆိုတဲ့ အကြောင်းပါ။ သူက တိုမိုကို ကြိတ်ကြိုက်နေတာ တစ်နှစ်ခွဲလောက် ရှိနေပြီ ဆိုတာကိုလည်း ကျွန်မ သိလာရတယ်။ ဒါပေမဲ့ ဒီတချိန်လုံးမှာ သူက တိုမိုကို ဟယ်လိုလို့ ပြောတာက လွဲရင် ဒီထက်ပိုပြီး စကားပြောဖူးတာ မဟုတ်ဘူး။ ဒီတချိန်လုံး ဖုံးကွယ်ထားရင်း တိုမိုက ဘယ်လောက် အံ့အားသင့်စရာကောင်းတယ် ဆိုတာကိုပဲ သူ့ဘာသာ စဉ်းစား တွေးတောနေမိတာ။ ဒါက ကြောင်တောင်တောင်နိုင်တယ် လို့တော့ ထင်ရလိမ့်မယ်။ ဒါပေမဲ့ အပြစ်ကင်းစင်တယ် လို့လည်း မြင်လို့ရတာပဲ မဟုတ်လား။

ကျွန်မက ဒီအခန်းကဏ္ဍမှာ ဝင်ပါပြီး သူတို့နှစ်ယောက်ထဲမှာ အလုပ်ဖြစ်အောင်လည်း တတ်နိုင်သမျှ ကြိုးစားပေး ချင်မိတယ်။ တိုမိုကတော့ ဒါက ကျွန်မနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ကောင်းထင်မလားပဲ။ ဒါပေမဲ့ တာကနိုက ရှက်တတ်တာ၊ နည်းနည်း ကြောင်တတ်တာကလွဲရင် လေးစားစရာ လူငယ်တစ်ယောက်လို ပုံစံမျိုးပါပဲ။ သူတို့နှစ်ယောက်စလုံးကိုသာ ကျွန်မ အခွင့်အရေး ဖန်တီးပေးမယ်ဆိုရင် လုံးဝအချည်းနှီးတော့ ဖြစ်သွားမှာ မဟုတ်ဘူးလို့ ကျွန်မ တွေးမိတယ်။

ဒီတော့ ကျွန်မက အသည်းအသန် ကြိုးစားတော့တာပဲ။ ကော်ဖီ အလကား သောက်ရဖို့အတွက် မဟုတ်ပါဘူး။ သူတို့လို လူငယ်နှစ်ယောက်ရဲ့ ကောင်းကျိုးအတွက်ပါ။ ပထမဆုံး ခြေလှမ်းကတော့ ဟိုလှည့်ဒီလှည့်နဲ့ အချက်အလက် တချို့ ရလာအောင် စုဆောင်းရတာပဲ။ ဒီလိုနဲ့ လက်ရှိအချိန်မှာတော့ တိုမိုမှာ ရည်းစား မရှိသေးကြောင်း သိလာရတယ်၊ တိုမိုရဲ့ စိတ်ထဲမှာ အထူးသီးသန့်လူ ဆိုတာမျိုး တစ်ဦးတစ်ယောက်မျှ မရှိသေးတဲ့ပုံ ပေါ်တယ်။ သူရဲ့ အကြိုက်ဆုံး အရောင်က ပရက်ရှားအပြာတဲ့။ သူ အချစ်ဆုံး တိရစ္ဆာန်က ဒေါမောက်စ် ကြွက်ကလေးတဲ့။ ပြီးတော့ သူ အကြိုက်ဆုံး နေရာ၊ ပတ်ဝန်းကျင်ကတော့ ဂျမ်ဘိုချိုပဲပေါ့။ ဒါတွေ အားလုံးက သူ့အကြောင်း ကျွန်မ သိထားတာတွေနဲ့ အကုန်လုံး အံဝင်ခွင်ကျ တထပ်တည်းပဲ။ ဒါပေမဲ့ တိုမိုက တကယ်တမ်းမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို မသိဘူး ဆိုတဲ့ အချက် က နည်းနည်းတော့ စိုးရိမ်စရာ ကောင်းသလိုမျိုး ခံစားရတယ်။

ဒီလို သတင်း အချက်အလက်အသစ်ကို ရတာနဲ့ ကျွန်မက ဆေ့ဗွာဆီကို သွားပြီး ကော်ဖီတစ်ခွက် အလကား သွားသောက်၊ တာကနိုကို ဒီအကြောင်း ပြောပြတော့တာပဲ။ ကောင်တာကနေ ကျွန်မက ကိုယ်ကို အရှေ့ကို ကိုင်းလိုက်ပြီး “တိုမိုရဲ့ အချစ်ဆုံး တိရစ္ဆာန်က ဒေါမောက်စ်ကြွက်ကလေးတဲ့” လို့ သူ့ကို ခပ်တိုးတိုး ပြောပြလိုက်တယ်။

“ဒါက … ဒါက အံ့အားသင့်စရာပဲ” လို့ တာကနိုက ခပ်တိုးတိုး ပြန်ပြောတယ်။ ကံဆိုးတာက ဒီလို ပြောဆိုနေ တာကို အံ့ဩစရာ ကောင်းလောက်အောင်ကို စပ်စုတတ်တဲ့ ဆိုင်ပိုင်ရှင်က သိသွားပြီး တာကနိုနဲ့ ကျွန်မက တွဲနေကြောင်း သူ့ရဲ့ ပုံမှန်ဖောက်သည်တွေ ကြားထဲမှာ ပေါက်ကရ ကောလဟာလတွေကို လျှောက်ပြောတော့တာပဲ။

ဒီထက်ပိုဆိုးတာက ကျွန်မတို့ရဲ့ လူငယ်အတွဲ ကိုယ်စား ကျွန်မက ခက်ခက်ခဲခဲ ကြိုးစား အားထုတ်ပေးပေ မယ့်လည်း လုံးဝကို အသုံးမဝင်တာပဲ။ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ တာကနိုက တိုမိုနဲ့ စကားစမြည် စပြောဖို့ နည်းနည်းလေးတောင် မကြိုးစား၊ မအားထုတ်ဘူးလေ။ ဒီတော့ ကျွန်မတို့မှာ ဘာတိုးတက်မှုမှ ရှိမလာဘူးလို့လည်း ပြောလို့ ရတယ်။ တိုမိုမှာ ရည်းစား မရှိဘူး ဆိုတာကို သူ သိရတဲ့အချိန်မှာတော့ သူက အောင်ပွဲရသွားသလိုမျိုး ထအော်လေရဲ့၊ ဒါပေမဲ့ ဒီနှုန်းအတိုင်းသာဆိုရင် သူက တိုမိုနဲ့ စကားစမြည် စပြောဆိုဖို့ကိုပဲ နောက်ထပ် ဆယ်စုနှစ် တစ်ခုစာလောက် ကြာသွားဦးမယ့် သဘောရှိတယ်။ ဒီတော့ ကြိုးစားသမျှက ဘာမျှ ဖြစ်မလာဘူးပေါ့။

ကျွန်မကိုယ်တိုင်လည်း တဖြည်းဖြည်း စိတ်မရှည်နိုင် ဖြစ်လာတယ်။ သူတို့နှစ်ယောက်ကို စကားပြောဖြစ်အောင် လုပ်ဖို့ တနည်းနည်းတော့ ရှိရမှာပေါ့။ နည်းလမ်း အကုန်လုံးကို ကျွန်မ လိုက်စဉ်းစားကြည့်မိတော့တယ်။

ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ အရင်းအမြစ်ကနေ သတင်းကောင်းက ရောက်လာတယ်။

ညနေခင်းတစ်ခုမှာတော့ တိုမိုနဲ့ ကျွန်မ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကော်ဖီအတူတူ သောက်နေကြစဉ်မှာပဲ သူက ကျွန်မကို စာအုပ်အဟောင်းပွဲတော် အကြောင်း ပြောပြလာတယ်။

“စာအုပ်အဟောင်းပွဲတော်ဟုတ်လား၊ ဘယ်လိုမျိုးလဲ” လို့ ကျွန်မက နုံချာချာနဲ့ ပြန်မေးလိုက်တယ်။

“ဒီပွဲတော်အကြောင်း နင် မသိဘူးလား တာကကိုရဲ့၊ နှစ်စဉ် နှစ်တိုင်း ဆောင်းနှောင်းပိုင်း ရောက်လာတဲ့ အခါ ကျရင် ဒီနေရာတဝိုက်က စာအုပ်အဟောင်းဆိုင်တွေ အားလုံး အပြင်ဘက်မှာ လျှော့ဈေးနဲ့ စာအုပ် အရောင်းပွဲတော် လုပ်ကြတယ်လေ။ လူတွေ အများကြီးလည်း လာကြတာပေါ့။ ဒီပတ်ဝန်းကျင် တစ်ခုလုံး လူတွေ ပြည့်ကြပ်ပြီး စည်ကား နေလိုက်တာ။ မယုံနိုင်လောက်စရာ ကောင်းလောက်အောင်ကိုပဲ”

“ဝိုး ဒါက ပျော်စရာကောင်းမယ့်ပုံပဲ”

“ဟုတ်တယ်လေ၊ နင့်ဦးလေးလည်း ဒီပွဲတော်မှာ ဝင်ရောင်းတာပေါ့”

“တကယ်ကြီးလား”

“ဟုတ်တယ်၊ ဆိုင်တွေအားလုံး ဝင်ရောင်းကြတယ်”

ဦးလေးက ဒီလောက် ကြီးမားတဲ့ ပွဲတော်ကြီးအကြောင်းကို ကျွန်မကို တစ်လုံးမှ မပြောပြလို့ ရှက်သွားသလို မျိုးတောင် ခံစားလိုက်ရတယ်။ နောက်မှ သူ့ကို ဒီအတွက် ကလဲ့စား သေချာပေါက် ပြန်ချေဖို့ ကျွန်မ လေးလေးနက်နက် သစ္စာဆိုလိုက်မိတယ်။

“ဒီနှစ်မှာ ငါက ဒီပွဲကို သွားဖို့ စဉ်းစားနေတာ” လို့ တိုမိုက ပြောတယ်။ “ငါတို့နှစ်ယောက် အတူတူ လမ်းလျှောက်ပြီး လိုက်လျှောက်လည် သွားကြည့်ကြမလား”

အဲဒီအခိုက်အတန့်မှာပဲ ကျွန်မမှာ အိုင်ဒီယာ ဖျတ်ခနဲ ပေါ်လာတယ်။ “ဟုတ်လား၊ ဒါဆိုရင် သွားကြစို့၊ သွားကြ စို့လေ” လို့ ကျွန်မက သူပြောတာကို ဝမ်းသာအားရ လက်ခံမိလိုက်တော့တာပဲ။ ဒီပွဲကို အခွင့်ကောင်းယူစရာ နည်းလမ်း တစ်နည်းနည်းတော့ ရှိလာမှာပဲ။ ဒီအကြောင်းကို ကျွန်မ တာကနိုကို ပြောပြသင့်တယ်လေ။

༄˖°.☕️.ೃ࿔📚*:・


 

ကန်ဒါ စာအုပ်အဟောင်းပွဲတော်ကိုက အောက်တိုဘာလနှောင်းပိုင်းမှာ တစ်ပတ်လုံးလုံး ပြုလုပ်ခဲ့တာ။ ဒီလို ပွဲတော်ရက် အတွက် လဟာပြင်ဈေးကြီး အထဲက လမ်းသွယ်လေးထဲမှာ စာအုပ်အဟောင်းတွေ အပြည့်အသိပ် ထည့်ထား တဲ့ စာအုပ်စင်တွေ၊ စာအုပ်လှည်းတွေနဲ့ လူတွေက အပြည့်ပါပဲ။

ဒီလောက် အောင်အောင်မြင်မြင် လုပ်ဆောင်နေတဲ့ ပွဲတော်ကြီးက ကျွန်မကို အံ့အားသင့်သွားစေတယ်။ အသက် အရွယ်မရွေး စာအုပ်ချစ်သူတွေက ဒီနေရာတဝိုက်ကို အုပ်စုလိုက်စီ ရောက်ချလာကြတယ်။ အစတုန်းကတော့ တစ်နှစ်ကို တစ်ခါတည်းသာ လုပ်ဆောင်တဲ့ ပွဲမို့လို့ ဆိုတာမျိုးပဲ ကျွန်မ ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျွန်မ မျှော်လင့်ထားတာထက် အများကြီး ပိုမိုကျော်လွန်လို့ သွားတော့တယ်။ ရာစုခုနီနဲ့ ဆာကူရာလမ်းတို့မှာ ရှိနေတဲ့ စွမ်းအင် တွေကို ခံစားရတဲ့ အထိပဲ။ အခုတော့ အရင်ခေတ်ကလိုမျိုး အညိုဆေးရောင်ခြယ်ထားသလို စာအုပ်အဟောင်းဆိုင်တွေရဲ့ အနီးအနား ပတ်ဝန်းကျင်တွေက ညနေမစောင်းခင်မှာကို လူတွေ ပျားပန်းခတ် သွားလာမှုတွေနဲ့ ရှုပ်ထွေးနေပြီ။ အတော် လေးကို လက်ဖျားခါလောက်တဲ့ မြင်ကွင်းမျိုး တစ်ခုပဲ။

ဟုတ်တယ်၊ ကျွန်မတို့ရဲ့ မိုရီဆာကီစာအုပ်ဆိုင်လည်း ဒီပွဲမှာ ဝင်ပါတာပေါ့။ ဦးလေးနဲ့ ကျွန်မတို့ နှစ်ယောက်သား အရင်ရက်တွေကတည်းက ကြိုပြီး သီးသန့်ဖယ်ထားခဲ့တဲ့ စာအုပ်အဟောင်းတွေကို လှည်းပေါ်တင်လို့ ဆိုင်ထွက်ကြတယ်။ အားပေးကြတဲ့ ဖောက်သည်တွေက ဆိုင်ကို လာနေကျသူတွေထက် နှစ်ဆနီးပါးလောက် ရှိတာဆိုတော့ ဝမ်းသာစရာပါပဲ။ ပြီးတော့ အရောင်းပွဲမှာ မဝယ်လိုက်ရမှာ၊ လက်လွှတ်သွားမှာကို တအားစိုးရိမ်လို့ ကျွန်မတို့ လျော့ဈေးနဲ့ ရောင်းတဲ့ စာအုပ် တွေကို စက္ကူပုံး တစ်ပုံးစာလောက်တောင် ဝယ်ယူသွားကြတဲ့၊ ဒီလို ရဲရင့်တဲ့သူတွေတောင် ရှိသေးတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ပွဲတွေဆိုရင် ရှေ့ဆုံးက ဖြစ်နေတဲ့ ကျွန်မရဲ့ ဦးလေးကတော့ သူ့ထုံးစံအတိုင်းကို တအားကို ဖြစ်နေတော့တာပဲ။ ကျွန်မ သိရသလောက်တော့ သူ ကလေးဘဝကတည်းက ဒီပွဲတော်ကို နှစ်စဉ်နှစ်တိုင်းလိုလို လာနေခဲ့တာတဲ့။ ဒါကိုပဲ ကျေးဇူးတင်ရမလိုလို။ နှစ်တိုင်း ဒီလို ပွဲတော် အချိန်အခါကို ရောက်လာပြီဆိုတာနဲ့ ဝင်ဆင်နွှဲ ချင်လို့ သူ့ရဲ့ ခန္ဓာကိုယ်က ရွစိထိုးလာပါလေရော။

“ဒီပွဲပြီးရင်က အေးစိမ့်လာပြီလေ၊ စာအုပ်ဆိုင်ကို လာကြတဲ့ လူတွေ အရေအတွက်ကလည်း သိသာလောက် အောင်ကို ကျသွားတော့တာပဲ” လို့ သူက ဆိုတယ်။ “ဒီလို အချိန်ကာလကို ဖြတ်သန်းဖို့ဆိုရင် ဦးလေးတို့က အခုအချိန် ကတည်းက ငွေလုံလုံလောက်လောက် ရှာဖွေထားလို့ လိုတယ်” ဦးလေးက အခုလို စီးပွားရေးသမား တစ်ယောက်လိုမျိုး ပုံစံ ပြောဆိုတာ ရှားပါတယ်။ ဒါပေမဲ့ ဒီလိုပြောထားပေမယ့်လို့လည်း ကျွန်မက သူ့ကို ခဏတာလောက် မျက်ခြည်ပြတ် သွားတာနဲ့ သူက တခြားဆိုင်တစ်ဆိုင်ကို အလည်ရောက်သွားတော့တာပဲ။ ဟုတ်တာပေါ့၊ ဒီတော့ ကျွန်မကပဲ သူ့ကို သွားပြန်ခေါ်လာ ရတာပေါ့။

ပွဲတော် တတိယမြောက်နေ့ ညဘက်မှာတော့ ဦးလေးရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မက ဆိုင်ကို စောစောသိမ်းပြီး တိုမိုနဲ့ အတူတူ ပွဲလုပ်နေတဲ့ တခြားနေရာတွေကို ဟိုဟိုဒီဒီ လိုက်ကြည့်ဖို့ ထွက်လာခဲ့ကြတယ်။ ဒီအချိန်မှာပဲ အမှတ်မထင်သလို ပုံစံမျိုးနဲ့ ဘယ်သူနဲ့ တွေ့တယ်ထင်လဲ။ တာကနိုနဲ့ပေါ့။ ကျွန်မတို့နှစ်ယောက် ကြိတ်ပြီး ကြံစည်ထားတဲ့အတိုင်းပဲပေါ့။

“အို … အံ့အားသင့်စရာ ကောင်းလိုက်တာ” လို့ သူက စပြောတယ်။

“တကယ် အံ့ဩစရာပဲ” လို့ ကျွန်မကလည်း ပြန်ပြောလိုက်တယ်။ ကျွန်မတို့နှစ်ယောက်စလုံးက သရုပ်ဆောင် နေတယ် ဆိုတာ သိသာထင်ရှားလောက်အောင်ကို ညံ့ဖျင်းလွန်းလှတဲ့ သရုပ်ဆောင်တွေလိုမျိုးပဲ။ ဒါပေမဲ့ တိုမိုကတော့ ဖြစ်နေသမျှကို သတိမထားမိသလိုမျိုး အပြစ်ကင်းစင်လွန်းလှလို့။

ဒီလိုနဲ့ ကျွန်မတို့ထဲက တစ်ယောက်က စပြောလိုက်တယ်။ “ငါတို့ သုံးယောက်သား အတူတူ လမ်းလျှောက် လိုက်ကြည့်ကြစို့”

အစပိုင်းမှာတော့ တာကနိုက တိုမိုရဲ့ အရှေ့ကို ရောက်နေတာဆိုတော့ တောင့်တောင့်ကြီး၊ နေရထိုင်ရခက်နေ သလို ဖြစ်နေတာ၊ ကျွန်မက ခပ်တိုးတိုး သူ့အနား ကပ်ပြောရတယ်။ “နင် ဘာတွေ လုပ်နေတာလဲ၊ နင့်ပုံစံက ရိုဘိုကော့ ဇာတ်ကား ထဲက စက်ရုပ် ကျနေတာပဲ” ဆိုပြီးတော့။

“ဘယ်လိုမျိုး လမ်းလျှောက်ရတယ် ဆိုတာကို ငါက မေ့သွားတာ” လို့ သူက ပြန်ပြောတယ်။ သူ ဒီလိုပြန်ပြောတဲ့ အသံ ကတောင် စက်ရုပ်အသံ ပေါက်နေပြီ။ တိုမိုက သူ ပြောတာကို ကြားသွားပြီး ထရယ်ပါလေရော။

ဒီလို အတူတူ လမ်းလျှောက်လိုက်သွားနေစဉ်မှာ ဒီလို စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတဲ့ ပတ်ဝန်းကျင်က ကျွန်မ တို့ရဲ့ စိတ်ဓာတ်တွေကို ဘာဖြစ်လို့ တက်ကြွနေအောင် လုပ်ဆောင်ပေးနိုင်တာလဲ ဆိုတာကို မပြောတတ်ဘူး။ သူတို့ နှစ်ယောက်ကတော့ စုံတွဲ တစ်တွဲလိုမျိုး သူတို့ရဲ့ မျက်နှာပေါ်မှာ တက်ကြွလှုပ်ရှားနေတဲ့ ဟန်ပန်တွေနဲ့ အတွဲလိုက် သွားလာနေကြတာ။ အနည်းဆုံးတော့ တာကနိုအတွက်ပေါ့။ ဒီလို ပြောရတဲ့ တခြားအဓိက အကြောင်းပြချက်တစ်ခုလည်း ရှိသေးတယ်။ တိုမိုက သူ့ကို စကားပြောလိုက်တာနဲ့ သူက ပန်းခင်းပြင်ကြီးထဲ ဖြတ်ပြေးသွားရသလို အားရပီတိ ဖြစ်သွား တဲ့ ပုံစံမျိုးနဲ့မို့လို့။ သူ့မျက်နှာပုံစံက တအားရယ်စရာကောင်းလွန်းတော့ ကျွန်မမှာ အကျယ်ကြီး ထမရယ်မိအောင် မနည်း အောင့်ထားနေရတယ်။

သွားရင်းလာရင်း ဂျမ်ဘိုချိုရဲ့ အဓိကလမ်းဆုံနေရာမှာ အထူးပြင်ဆင်ထားတဲ့ စာအုပ်တွေ ရှိတဲ့နေရာဆီကို ကျွန်မတို့ ရောက်လာကြတော့ ဆဘူနဲ့ ဝင်တိုးမိကြတယ်။ ဆဘူက သူ့ရဲ့ ဇနီးနဲ့ အတူတူ လိုက်ကြည့်နေကြတာ။ သူ့ လက်ထဲမှာလည်း သူ ဆက်မသယ်နိုင်လောက်အောင်အထိ စက္ကူအိတ်တွေ အများကြီးကို ကိုင်ထားတယ်။ ဆဘူရဲ့ဇနီးက သူနဲ့ လိုက်ဖက်လှတဲ့ ကီမိုနိုဝတ်စုံကို ဝတ်စားထားတော့ အလွန် ကျက်သရေရှိ၊ ခန့်ညားတဲ့ ပုံစံပေါ်နေတယ်။ သူ့ဇနီးက သူ့အပေါ် အတော်ကောင်းလွန်းတာပဲ လို့တောင် ကျွန်မ တွေးမိလိုက်တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒီလိုမျိုး ဘေးချင်းယှဉ်လျက် မြင်လိုက်ရတော့ သူတို့ အကြားထဲမှာ ကောင်းမွန်တဲ့ အချိန်တွေကိုရော၊ ဆိုးဝါးလှတဲ့ အချိန် ကာလ တွေကိုရော အတူတူ ဖြတ်သန်းခဲ့ကြပြီးမှသာ ဖြစ်ပေါ်လာနိုင်တဲ့ ပေါင်းစည်းချိတ်ဆက်မှုတစ်ခုကို ကျွန်မ ခံစားမိတယ်။ ဒီခံစားချက်က အတော်သိသာထင်ရှားလွန်းနေတာ။

ဆဘူလက်ထဲမှာ ကိုင်ထားတဲ့ အိတ်တွေကို မြင်တော့ “ဦးလေးကတော့ စာအုပ်တွေ အများကြီးကို နောက် တစ်ခါ ထပ်ပြီး ဝယ်နေတဲ့ပုံပဲ” ကျွန်မ သူ့ကို ဒီလို ပြောလိုက်တယ်။

“ဟုတ်ပ၊ ဝယ်ပြန်ပြီ” လို့ သူ့ဇနီးက ညည်းတွားတဲ့ပုံစံမျိုးနဲ့ သူ့နံဘေးက ဆဘူကို နည်းနည်းလောက် တွန်းလိုက် ပြီး ပြန်ဖြေတယ်။ “သူက နောက်ထပ် စာအုပ်တွေပဲ ထပ်ဝယ်နေတော့တာပဲ။ အဒေါ်တို့အိမ်မှာလည်း အခုကို စာအုပ်တွေ နဲ့ ပြည့်နှက်နေတော့တာ။ တစ်နေ့နေ့ သမီး အိမ်ကို လာပြီး ဒီစာအုပ်တွေ အကုန်လုံးကို ပြန်ဝယ်သွားနိုင်မလား”

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ မလုပ်ပါနဲ့” လို့ ဆဘူက အထိတ်တလန့်ပုံစံမျိုးနဲ့ ဝင်ပြောတယ်။ “ကိုယ် တခြားနေ့တွေ တုန်းက လျှော့မဝယ်ဘူးလားကွယ်” လို့ သူက သူ့လက်တွေကို စုပြီး သူ့ဇနီးကို တောင်းပန်တိုးလျှိုးနေတဲ့ ပုံမျိုးနဲ့ ပြောတယ်။

ဒီလိုနဲ့ သူတို့ ဆက်လမ်းလျှောက်ပြီး ထွက်သွားတာတောင်မှ ကျွန်မတို့မှာ ရယ်လို့ မဆုံးနိုင်ကြတော့ဘူး။

မှောင်လာတဲ့ အချိန်မှာတောင် ရာစုခုနီလမ်းက လူအုပ်ကြီးက မပြန်ကြသေးဘူး။ ကျွန်မတို့လည်း ပျော်ရွှင်စွာနဲ့ လမ်းလျှောက် လိုက်ကြည့်နေကြဆဲပဲ။ ကျွန်မတို့လည်း စိတ်လွတ်ကိုယ်လွတ် စာအုပ်တွေကို လိုက်ဝယ်နေကြတာပဲ။ ကျွန်မတို့ လက်နဲ့ ဆန့်သမျှ စာအုပ်တွေ အားလုံးကိုပေါ့။ “ဟိုနေရာမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်ဆိုင် တစ်ဆိုင် ရှိတယ်” လို့ တိုမိုက ပြောပြီး ကျွန်မတို့ကို ကင်တိုတို စာအုပ်ဆိုင်ကို ခေါ်သွားတယ်။ ဒီဆိုင်က နှစ်ဆယ်ရာစုနှစ် အစောပိုင်း တိုင်ရှိုခေတ်က ကျောင်းသုံးဖတ်စာအုပ်တွေကို ရောင်းတာ။ ရုတ်တရက် လိုချင်လာတာနဲ့ ကျွန်မလည်း ယန်း နှစ်ထောင်လောက် ပေးရတဲ့ ဂျပန်ဘာသာ ဖတ်စာအုပ် တစ်အုပ်ကို ဝယ်မိသွားတယ်။ ဒီစာအုပ်ထဲမှာ ရေးသားထားတဲ့ ဘာသာစကားက ရှေးကျလွန်းတော့ အံ့ဩစရာ ကောင်းလောက်အောင်ကို ဖတ်ရှုရတာက အသစ်အဆန်း ဖြစ်နေသလိုမျိုး ခံစား သွားရလို့။

ညခင်းပိုင်း ရောက်လာတော့ ဆိုင်တွေ အားလုံးလည်း ပိတ်စပြုလာကြပြီ။ ကျွန်မတို့လည်း ဆန်ဆေးဒိုထဲက အနောက်တိုင်းပုံစံ စားသောက်ဆိုင်တစ်ဆိုင်ကို သွားကြပြီး ညစာစားလိုက်ကြတယ်။ ဒီအချိန်ရောက်တော့ တာကနိုက အတော်ကို အေးအေးဆေးဆေး ပုံစံ ဖြစ်နေပြီ။ တိုမိုအရှေ့ကို သူရောက်သွားတဲ့ အချိန်တိုင်း သူ့ကိုယ်တိုင် ပန်းခင်းကြီးထဲ ရောက်သွားသလိုမျိုး ဆက်မမြင်တော့တဲ့ ပုံစံပဲ။ ဒီတော့မှပဲ သူက အနောက်တိုင်း စာပေအကြောင်း အတော်ကြီးကို သိထားတယ် ဆိုတာ ပေါ်လာတယ်။ ကျွန်တို့ ညစာစားနေတုန်းမှာပဲ သူက ကပို့တီ၊ ဖော့ကနား၊ အပ်ဒိုက်ပ်12 တို့လို စာရေး ဆရာတွေရဲ့ စာတွေက ဘယ်လောက် ဆွဲဆောင်မှုရှိကြောင်း အလွယ်တကူပဲ ပြောဆိုနေလို့။ စောစောပိုင်းတုန်းက သူက ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်နေတယ် ဆိုတာကို ပြောပြရင် ယုံမှာတောင် မဟုတ်ဘူး။ တိုမိုရော၊ ကျွန်မ ရော နှစ်ယောက်သား သူ့ကို အတော်လေးကို အထင်ကြီးသွားတယ်။

ဒီလိုနဲ့ အဆုံးသတ်မှာတော့ ဒီနေ့က စိတ်ကျေနပ်စရာ၊ စိတ်လှုပ်ရှားစရာ နေ့တစ်နေ့ ဖြစ်သွားခဲ့တာပေါ့။ ပြီးတော့ တာကနိုက ကျွန်မကို ကျေးဇူးတင်တယ် ဆိုတာနဲ့ သူ ဘယ်လောက်တောင် မယုံနိုင်လောက်စရာ ဝမ်းသာရကြောင်း ပြောပြတယ်။ ဒါပေမဲ့ ကျွန်မကတော့ ကျွန်မကို ကျေးဇူးတင်စရာ အကြောင်း မမြင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီနေ့ တစ်နေ့တာလုံးကို ကြုံတွေ့ခံစားလိုက်ရတဲ့အထဲမှာ ကျွန်မက အပျော်ဆုံး မလား။

༄˖°.☕️.ೃ࿔📚*:・


 

ပွဲတော်နောက်ဆုံးနေ့ ဆိုင်ပိတ်ပြီးတဲ့နောက်မှာတော့ အခန်းထဲမှာပဲ တစ်ယောက်တည်း တွေဝေစွာနဲ့ ထိုင်နေ မိတယ်။ ပြတင်းပေါက် အပြင်ဘက်မှာတော့ လမ်းသွယ်တွေကလည်း တအား တိတ်ဆိတ်ငြိမ်သက်လို့။ အရင်အပတ်တုန်း က ရှိနေခဲ့ကြတဲ့ လူအုပ်ကြီးတွေကလည်း အိပ်မက်တစ်ခုသဖွယ် ဖြစ်သွားခဲ့ သယောင်ယောင်။ ကျွန်မရဲ့ မွေ့ရာပေါ်မှာ လဲလျောင်းနေရင်း နှိုးစက်နာရီရဲ့ တချက်ချက်သွားနေတဲ့ အသံကတောင် ကျယ်လောင်လွန်းနေလို့။ မျက်နှာကြက်ကို ကျွန်မ မော့ပြီး စိုက်ကြည့်နေရင်းနဲ့ ထူးဆန်းတဲ့၊ မလွယ်ကူတဲ့ စိတ်ခံစားချက်တစ်ခု ကျွန်မဆီကို ပြန်လည်ရောက်ရှိ လာတာကို ခံစားမိနေတယ်။ ဒီနေရာကို ကျွန်မ ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က ခံစားခဲ့ရတဲ့ အထီးကျန်မှုမျိုးပေါ့။

ဒီအချိန်မှာပဲ ရုတ်တရက် ဆိုသလို တံခါးခေါက်သံ တစ်ချက် ကြားလိုက်ရတယ်။ ကျွန်မရဲ့ ပခုံးတွေ တုန်ခါသွားတာကို ခံစားလိုက်ရတယ်။ တံခါးဘက်ဆီကို ကျွန်မ မရဲတရဲ လှည့်လိုက်တော့ ဆွဲတံခါးရဲ့ အစွန်းဘက် ဟနေတဲ့ အဝလေးကနေ မျက်လုံးတစ်စုံက ကျွန်မကို ပြန်စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

“အား” ခနဲပဲ။ ကျွန်မလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ထိတ်လန့်စရာ ရုပ်ရှင်ကားတွေထဲမှာ ပါတဲ့ ဇာတ်ဆောင် အမျိုးသမီး တစ်ယောက်လိုမျိုး ကျုံ့ဝင်သွားမိတယ်။

“အို အံ့ဩသွားတာလား” လို့ ထူးဆန်းတဲ့၊ အသံစူးစူးတစ်ခုက ပြောတယ်။ ဒီနောက်မှာတော့ ဆံပင်ပွပွနဲ့ ခေါင်းတစ်လုံးက ကျွန်မ မြင်ကွင်းထဲမှာ ပေါ်လာတယ်။

ဒီတော့မှပဲ ကျွန်မ စိတ်သက်သာရသွားပြီး သက်ပြင်းချမိလိုက်တော့တယ်။

“ကျွန်မကို ဒီလိုမျိုး အံ့ဩသွားအောင် မလုပ်ပါနဲ့ ဦးလေးရယ်”

“ဆောရီး၊ ဆောရီး” သူက သူ့လက်နှစ်ဖက်နဲ့ ဆွဲလာတဲ့ ပလက်စတစ်အိတ်ကို ချလိုက်ပြီး “ဦးလေး ခဏလောက် ဝင်လာလို့ ရမလား” လို့ ပြောပြီး သူက အခန်းထဲကို ဝင်လာတယ်။ ပြီးတော့ အိတ်ထဲကနေ အရက်ပုလင်း နည်းနည်းနဲ့ အချိုရည်ပုလင်းတို့ကို ထုတ်လိုက်ပြီး ညစာစားတဲ့ စားပွဲသေးသေးလေး အပေါ်ကို တင်လိုက်တယ်။ အာလူးကြော်တွေနဲ့ ကင်းမွန်မွကြော်တို့ကိုတောင် သူက ယူလာသေးတယ်။

“ဦးလေးက ပွဲတော် ပိတ်သိမ်းပွဲကို မသွားဘူးလား” လို့ ကျွန်မက မေးလိုက်တယ်။

“ဒီအတိုင်းပဲ သွားနှုတ်ဆက်ပြီး ဦးလေးလည်း ပြန်လာလိုက်တာ။ ဒါ့အပြင် ဦးလေးက ဦးလေးတို့ နှစ်ယောက် သားပဲ အပိတ်ပွဲ ပိုလုပ်ချင်လို့လေ” လို့ သူက ပြဿနာ တစ်ခုခုကို ခိုးလုပ်ချင်တဲ့ ကလေးတစ်ယောက်လိုမျိုး ပြုံးပြီးတော့ ပြောတယ်။

“အခု ဦးလေးပြောမှပဲ သမီးတို့ အတူတူ တစ်ခါမှ မသောက်ဖူးသေးဘူးနော်”

“ဟုတ်တယ်လေ၊ ဒီတော့ သောက်လိုက်ကြစို့” ဦးလေးက သူ့ရဲ့ ပလက်စတစ်အိတ်ထဲမှာ ပါသမျှ အရာတွေကို ထုတ်လိုက်ပြီး ကျွန်မတို့ရဲ့ ပွဲလေးကို စလိုက်ကြတယ်။ ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီကနေ သဲ့သဲ့ကြားနေရတဲ့ ပုရစ်တွေရဲ့ အော်မြည်သံကို နားထောင်နေရင်း ဆာကေးကို နည်းနည်းချင်းစီ သောက်နေကြတယ်။ တိတ်ဆိတ်တဲ့ညက ကျွန်မတို့ကို အုပ်မိုးထားသလို။ အချိန်တွေက အဆုံးသတ် ရပ်နားမယ့်ဆီကို ရောက်ရှိလာသလိုမျိုး ခံစားလာရတဲ့ အထိ အလွန် ဖြည်းညှင်းစွာ ဖြတ်သန်း ကုန်ဆုံးသွားကြလေရဲ့။

ဦးလေးက သက်တောင့်သက်သာ ဖြစ်ရအောင်လို့ စာအုပ်စင်ကို နောက်ပြန်မှီထားပြီး သူ့ရဲ့ ခြေထောက်တွေကို ဆန့်လိုက်တယ်။

“တာကကို၊ သမီး ဒီနေရာမှာ လုံးဝနေသားကျနေပြီ မဟုတ်လား” လို့ သူက ပြောတယ်။

“သမီးလည်း ဒီလိုပဲ ထင်တာပဲ။ ပထမပိုင်းမှာတော့ အဆင်ပြေပါ့မလား ဆိုတာကို သိပ်မသေချာခဲ့တာ၊ ဒါပေမဲ့ တစ်နည်းနည်းနဲ့ ပြေသွားခဲ့တာပဲ။ အခုတော့ သမီးဘဝမှာ ဒီလို အနားယူခွင့်ရတာလေးကို အပြည့်အဝ ပျော်ရွှင်နေရပြီ” လို့ ကျွန်မက အရယ်တဝက်နဲ့ ပြန်ပြောလိုက်တယ်။

“ဒီလို ကြားရတာ ဦးလေး ဝမ်းသာပါတယ်”

“ဒါပေမဲ့ သမီးမှာ စိတ်ကသိကအောင့် ဖြစ်စရာလည်း ရှိသေးတယ်”

“ဘာနဲ့ ပတ်သက်လို့လဲ”

“ဒီနေရာကို သမီး လုံးဝကြိုက်လာမယ်လို့ ဦးလေးက အစကတည်းက သိနေလို့လေ”

“ဒါနဲ့ ပတ်သက်ပြီးလို့တော့ ဘာမှ ဆိုးဆိုးဝါးဝါး မခံစားနေပါနဲ့။ သမီး ဒီနေရာကို ကြိုက်တယ်ဆိုရင် ဦးလေး လည်း တအား ပျော်တာပါပဲ။ တကယ်လို့ သမီး ဆန္ဒရှိတယ်ဆိုရင် ဒီနေရာမှာပဲ တသက်လုံး နေနိုင်တယ် ဆိုတာကိုလည်း သမီး သိတယ်မလား”

ဦးလေးရဲ့ ကြင်နာတဲ့ စကားတွေကို ကြားရတော့ ကျွန်မ နှလုံးသားထဲမှာ နည်းနည်း နာကျင်သွားသလိုတောင် ခံစားရတယ်။

“ဘာဖြစ်လို့ ဦးလေးက သမီးအပေါ်မှာ ဒီလောက် ကောင်းနေရတာလဲ။ သမီးက ဦးလေးရဲ့ တူမ ဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သမီးတို့က တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်တာ တအား ကြာသွားခဲ့တာ မဟုတ်လား”

“ဘာဖြစ်လို့လဲဆိုတော့ ဦးလေးက သမီးကို ချစ်လို့ပေါ့ တာကကိုရဲ့” သူက နည်းနည်းလေးတောင် ရှက်ရွံ့နေတဲ့ပုံ မပေါ်ဘဲ ပြောတယ်။ သူ့ကြည့်ရတာ စိတ်လည်း အတော်ရှုပ်ထွေးနေတဲ့ ပုံစံပဲ။ “ဦးလေး သိပါတယ်၊ သမီးအတွက်တော့ ဦးလေးက သမီးကောင်းကောင်း မသိတဲ့ ဆွေမျိုးတချို့လို ဖြစ်နေမယ် ဆိုတာကို၊ ဒါပေမဲ့ ဦးလေးအတွက်ကတော့ ဒီလိုမျိုး မဟုတ်ဘူး။ ဦးလေးအတွက်တော့ သမီးက နတ်သမီးလေးပဲ”

ကျွန်မ သောက်နေတဲ့ ဘီယာကိုတောင် ထွေးထုတ်လုမိမတတ် ဖြစ်သွားတော့တယ်။

ကျွန်မကို ဘယ်သူကမှ ဒီလိုမျိုး တစ်ခါမှ မပြောခဲ့ဖူးတာကိုး။ အရင်တုန်းက ယောက်ျားတွေရော၊ မိန်းမတွေရော ဘယ်သူကမှ ဒီလိုမျိုး တစ်ခါမှ မပြောခဲ့ဖူးဘူးလေ။

“ဟုတ်တယ်၊ နတ်သမီးလေး။ သမီးက ဦးလေးကို ကယ်တင်ခဲ့တဲ့သူပဲ”

“ဦးလေးကို ကယ်တင်တယ် ဟုတ်လား” လို့ ကျွန်မက သူ ပြောနေတာတွေကို တွေကို ပိုလို့၊ ပိုလို့တောင် နားမလည်နိုင် ဖြစ်လာပြီး ပြန်မေးလိုက်တယ်။

သူ့အတွက် ကျွန်မ ဒီလိုမျိုး တစ်ခုခု လုပ်ပေးခဲ့မိသလား ဆိုတာကိုလည်း ကျွန်မ ဘာမှ ပြန်မှတ်မိတာ မဟုတ် ဘူး။

“ဟုတ်တယ်၊ သမီးက ဦးလေးကို ကယ်တင်လိုက်တာပဲ။ ဦးလေးကတော့ ဒီလိုမျိုးပဲ တွေးမိတာပဲ။ ဒါပေမဲ့ ဒါက သမီး အတွက်တော့ တအား စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ ဒီတော့ တခြားအကြောင်း ပြောင်းပြောကြရအောင်”

“မဖြစ်ပါဘူး၊ သမီး နားထောင်ချင်ပါတယ်” လို့ ကျွန်မက ရိုးသားစွာနဲ့ ပြန်ပြောလိုက်တယ်။

ဦးလေးက ကျွန်မကို ခဏတာလောက် စိုက်ကြည့်နေပြီးတော့ ဒီနောက်မှာတော့ ကျွန်မ မရယ်ပါဘူးလို့ သူ့ကို ကတိ ပေးခိုင်းတယ်။

သဘောတူတဲ့အနေနဲ့ ကျွန်မကလည်း ခေါင်းပြန်ညိတ်ပြလိုက်တော့ ဦးလေးက ဖြည်းဖြည်းချင်းစီ စပြီး စကား စပြောတယ်။ ဟိုးအဝေးကြီးက ဖြစ်ခဲ့တဲ့ အရာတစ်ခုခုကို သတိရသွားတဲ့ ပုံစံမျိုးနဲ့။

“ဒီအဖြစ်က ဦးလေးရဲ့ ဆယ်ကျော်သက်နှောင်းပိုင်း အချိန်မှာ ဖြစ်ခဲ့တာပေါ့။ ဒီတုန်းက ဦးလေးက စိတ်ကျ နေတာ။ ဘဝရဲ့ တန်ဖိုး ဆိုတာမျိုးကို ဦးလေး ဆက်မမြင်နိုင်တော့ဘူး။ နေအိမ်မှာရော၊ စာသင်ကျောင်းမှာရော ဦးလေးက ဝင် မဆန့်တော့ဘူး။ ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ နေထိုင်နေပြီးတော့ တခြား အရာအားလုံးကို ဘာမှ ဆက်မလုပ် တော့ဘူးလေ။ ဦးလေးက အလွန်အကျွံ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တတ်တဲ့သူမျိုး၊ တခြားသူတွေက ဘာပြောမလဲ ဆိုတာကို စိုးရိမ်ကြောက်လန့် နေတတ်သူမျိုး။ လူတစ်ယောက်အဖို့ ဦးလေးမှာ စံနှုန်းတွေ၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေက အများကြီးလို့ ပြောလို့ရတယ်။ ဒါကြောင့် မို့လို့လည်း ဦးလေးမှာ ဖမ်းဆုပ်စရာ တစ်ခုတစ်လေ ဆိုတာမျိုးတောင် မရှိ တော့ဘဲ အဆုံးသတ်သွားခဲ့ရတာ။ ဦးလေးက ဗလာနတ္တိသူပဲ။ ဒီအချိန်တွေတုန်းက ဦးလေးက ဒီလိုမျိုး ဖြစ်ခဲ့တာပေါ့။ ဒီ ကမ္ဘာကြီးမှာ ဦးနဲ့ သက်ဆိုင်တဲ့ နေရာ တစ်နေရာမှ ရှိမနေတော့ဘူး လို့တောင် ထင်ခဲ့ရတာ”

ဦးလေး ဒီလိုမျိုး ခံစားခဲ့ရတယ်ဆိုတာ ကျွန်မက အရိပ်အမြွက် နည်းနည်းလေးမျှတောင် မမြင်နိုင်ခဲ့ဘူး။ ပြီးတော့ သူ ဒီလို ခံစားခဲ့ရတာနဲ့ ကျွန်မ နတ်သမီး ဖြစ်ရတာနဲ့လည်း ဘယ်လိုမျိုး သက်ဆိုင်နေလဲ ဆိုတာကိုလည်း ကိုယ်ကျိုးနည်း ကျွန်မ မစဉ်းစားတတ်ဘူး။

“ဒီအချိန်မှာပဲ သမီးကို မွေးလာခဲ့တာပေါ့။ သူ့ရဲ့ အခုမှ မွေးလာတဲ့ မြေးကို အဘိုးနဲ့ တခြားသူတွေကို ပြဖို့ အစ်မ က သမီးကို အိမ်ကို ခေါ်လာတဲ့ အချိန်မှာ ဦးလေးက သမီးကို စတွေ့ဖူးခဲ့တာ။ သမီးကို ဦးလေးတွေ့လိုက်ရတဲ့ အခိုက် အတန့်မှာ သမီးက စောင်ထဲမှာ တင်းတင်းပတ်ထားပြီး အလွန်ငြိမ်းချမ်းစွာနဲ့ အိပ်စက်နေတာပေါ့။ ဒီအချိန်မှာ ဦးလေး ငိုမိတော့မယ်လို့တောင် တွေးမိလိုက်တယ်။ ဒါကို ဦးလေး ဘယ်လိုပြောရမလဲ။ ဘဝရဲ့ လျှို့ဝှက်ချက် အရှုပ်အထွေးကြီးက ဦးလေးရဲ့ နှလုံးသားထဲမှာ ပြည့်နှက်နေတာကို ဦးလေး ခံစားလာရတယ်။ ဒီကလေးလေး ကြီးပြင်းလာပြီး သူ့ရဲ့ ဘဝမှာ အကြောင်းအရာတွေ အများကြီးကို ပထမဆုံး အကြိမ်အနေနဲ့ ကြုံတွေ့ရမယ်၊ စိတ်ဝင်စားစရာတွေ အများကြီးကို ခံစား ရမယ် ဆိုတဲ့ ဒီလို အတွေးတွေ အားလုံးက ဦးလေးကို ဒီအဖြစ်တွေက ဦးလေးမှာ လာဖြစ်သွားသလိုမျိုး ပျော်ရွှင်စေ လာတယ်”

“ရုတ်တရက်ဆိုသလို ဦးလေးရဲ့ ရှုပ်ထွေးနေတဲ့ နှလုံးသားထဲမှာ နွေးထွေးတဲ့ အလင်းရောင်နဲ့ ပြည့်နှက်သွားသလို မျိုး ခံစားလိုက်ရတယ်။ ဒီခံစားချက်က ဝေဝေဝါးဝါး ဖြစ်နေဆဲ ဆိုပေမယ့် ဦးလေးရဲ့ ရင်ထဲမှာတော့ ရည်ရွယ်ချက် အဓိပ္ပာယ်တစ်ခုကို ခံစားမိလာတယ်။ ဒီအချိန်မှာပဲ ဦးလေးရဲ့ ဆုံးဖြတ်ချက်ကို ချမိလိုက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် လှောင်အိမ်ထဲမှာ ပြန်ပိတ်ဆို့ထားတာကို ရပ်တန့်ပစ်လိုက်ဖို့အတွက် အချိန်ရောက်လာပြီ ဆိုပြီးတော့ပေါ့။ သွားလာ လှုပ်ရှားရမယ့်၊ လှည့်ပတ်သွားလာရမယ့်၊ ဒီလိုအရာတွေဆီကနေ ဦးလေး သင်ယူနိုင်သမျှ အရာအားလုံးကို သင်ယူရမယ့် အချိန် ရောက်ရှိလာခဲ့ပြီ ဆိုပြီးတော့ပေါ့။ ဦးလေးနဲ့ သက်ဆိုင်တဲ့ နေရာတစ်ခုကို ရှာဖွေရမယ့် အချိန်၊ ဦးလေး ခံစားရတဲ့ အရာက မှန်ကန်တယ် ဆိုတာကို ယုံကြည်မှုရှိရှိနဲ့ ပြောဆိုနိုင်တဲ့ နေရာတစ်ခုကို ရှာဖွေရမယ့် အချိန်ပေါ့။ ဦးလေး ထွက်ခဲ့ သမျှ ခရီးတွေ၊ ဖတ်ခဲ့သမျှ စာအုပ်တွေ အားလုံးက ဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေပဲ။ တခြားတစ်နည်းနဲ့ ပြောရမယ်ဆိုရင် တာကကို၊ သမီးကို ဦးလေး တွေ့လိုက်ရတာက ဦးလေးအတွက် ဉာဏ်အလင်း ပွင့်သွားသလိုမျိုး အဖြစ် ကို ခေါ်ဆောင်သွားတာပဲ”

“ဉာဏ်အလင်းပွင့်သွားတယ် ဟုတ်လား … အံ့အားသင့်စရာပဲ”

“ဒါကြောင့်မို့လို့ သမီးက ဦးလေးကို ကယ်တင်လိုက်တဲ့သူလို့ ဦးလေးက ဆိုလိုတာပါ။ ဒါကြောင့်မို့လို့လည်း ဦးလေး က သမီးအတွက် ဘယ်အရာမျိုးကိုမ ဆိုကို လုပ်ဆောင်ပေးလိမ့်မှာပဲ”

ဒီအကြောင်းကို ဦးလေးက စိတ်အားထက်သန်နေတဲ့ ပုံစံနဲ့ ပြောနေတာ ဆိုတော့ ကျွန်မ ဘယ်လို ပြန်ပြောရမလဲ ဆိုတာတောင် မသိတော့ဘူး။ ကျွန်မ သူ့ကို ဘယ်လောက်တောင် စိတ်ဆိုးဒေါသ ဖြစ်ခဲ့ရသလဲ၊ ကျွန်မ ဘယ်လောက် တောင် ကလေးဆန်ခဲ့သလဲ ပြန်တွေးမိပြီး ရှက်ရွံ့သလိုမျိုး၊ ကျွန်မအတွက် ကျွန်မ ဝမ်းနည်းသလိုမျိုး ပြန်ခံစားလိုက် ရတယ်။ ကျွန်မ ငယ်ငယ်လေးကတည်းက ဦးလေးက ဘာအတွက်ကြောင့် ကျွန်မအပေါ်မှာ ဒီလောက် ကြင်နာခဲ့ရတယ် ဆိုတဲ့ အကြောင်းပြချက်ကိုလည်း နောက်ဆုံးမှာတော့ ကျွန်မ နားလည်သွားခဲ့ပြီလို့ ခံစားရတယ်။ ကျွန်မက အရူး တစ်ယောက်ပဲ။ အရင်တုန်းက ကျွန်မ တွေးထားခဲ့တာက ကျွန်မက သူ့ရဲ့ တူမ ဖြစ်နေလို့သာ ကျွန်မကို ကြင်ကြင်နာနာ ဆက်ဆံ နေခဲ့တယ်လို့၊ ဒီလိုမျိုး ဆက်ဆံခံရသင့်တယ်လို့ တွေးထားခဲ့မိတာ။

ကျွန်မကို ချစ်တဲ့သူ တစ်စုံတစ်ယောက်ယောက် ရှိနေသေးပါလား ဆိုတာကို သိရှိလိုက်ရတဲ့ ပျော်ရွှင်မှုက ကျွန်မရဲ့ နှလုံးသားကိုတောင် ပေါက်ကွဲသွားစေမတတ်ပဲ။ မျက်လုံးမှာ ပြည့်လျှံလာတဲ့ မျက်ရည်တွေကို ထိန်းထားဖို့ အတွက် ကျွန်မက ဟာသလုပ်ဖို့ ကြိုးစားလိုက်တယ်။ “ဦးလေး” လို့ ကျွန်မက ခေါ်ပြီး “ဒီအကြောင်းတွေက ဦးလေး ကင်းမွန် မွကြော်လို ဟာတွေကို စားနေတုန်းမှာ ပြောသင့်တဲ့ အကြောင်းအရာမျိုးတွေ မဟုတ်ဘူးလေ”

ဦးလေးက အကျယ်ကြီး ထရယ်တယ်။

“ဒီတော့ ဦးလေးက ဦးလေးနဲ့ သက်ဆိုင်တဲ့ နေရာကို ရှာဖွေနေခဲ့တာ အဆုံးသတ်သွားခဲ့ပြီလား”

“ဟုတ်တယ်၊ သမီး ဒီလို ပြောလို့ရတယ်လို့ ဦးလေး ထင်တယ်၊ ဒါပေမဲ့ ဒီနေရာကို ရောက်ဖို့လည်း နှစ်တွေ အများကြီး ကြာမြင့်ခဲ့ရတာ” ဦးလေးက တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်တယ်။ “ဒီနေရာလေ၊ ဦလေးတို့ ဖွင့်နေတဲ့ မိုရီဆာကီ စာအုပ်ဆိုင် အသေးလေးပေါ့။ ဦးလေးမှာ လှုံ့ဆော်မှုတွေ အများကြီး ရှိခဲ့တယ်လေ။ တစ်ကမ္ဘာလုံးက နေရာတွေ အများကြီးကို ဦးလေး သွားလာခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဦးလေး ကလေးဘဝ ကတည်းက မချွင်းမချန် သိခဲ့ရတဲ့ နေရာလေးမှာပဲ ပြန်လည် အဆုံးသတ်ခဲ့ရတော့တာ။ ရယ်စရာတော့ ကောင်းသား၊ ဟုတ်တယ်မလား။ ဒီလို ဖြစ်လာတာကလည်း ဦးလေး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းက ကိုယ် ဘယ်နေရာကို ရောက်ရှိနေတာလဲ ဆိုတဲ့ မေးခွန်းတင် မကသေးဘူး ဆိုတာကို နောက်ဆုံးမှာ နားလည်လာတဲ့အချိန်မှပါ။ ဒီမေးခွန်းက ဦးလေးရဲ့ ရင်ထဲက တစ်ခုခု နဲ့ပါ သက်ဆိုင်နေတဲ့ အရာပေါ့။ ကိုယ့်ကိုယ်ကိုယ် အရိုးသားဆုံး ပြောရမယ်ဆိုရင် ဦးလေး ဘယ်နေရာကိုပဲ ရောက်နေနေ၊ ဘယ်သူနဲ့ပဲ ရှိနေနေ ဒါက အရေးပါတာ မဟုတ်ဘူးလေ။ ဒီနေရာကသာ ဦးလေးနဲ့ သက်ဆိုင်တဲ့ နေရာလိုမျိုးပဲ။ ဒီအချက်ကို ဦးလေး နားလည်တဲ့အချိန်မှာတော့ ဦးလေးရဲ့ သက်တမ်းတစ်ဝက်က အချိန်ကုန်ဆုံးသွားခဲ့ပြီးပြီ။ ဒီတော့ ဦးလေးက ဦးလေးရဲ့ အကြိုက်ဆုံး ဆိပ်ကမ်းကို ပြန်လာတယ်၊ ဒီဆိပ်ကမ်းမှာ ကျောက်ချရပ်နားဖို့ ဆုံးဖြတ်လိုက်တယ်။ ဦးလေး အတွက်တော့ ဒီစာအုပ်ဆိုင်လေးက အလေးအမြတ်၊ အထွတ်အမြတ်ထားရာ နေရာလေးပဲ။ ဦးလေး စိတ်လက် သက်တောင့်သက်သာ နေလို့အရဆုံး နေရာလေးပဲ”

“ဒါကို ကြားတော့ သမီး ပြန်မှတ်မိသွားတယ်” လို့ ကျွန်မက ပြောလိုက်တယ်။ “အရင်တုန်းက ဆဘူက သမီး ကို ပြောဖူးတယ်။ ဦးလေးက ဒီဆိုင်ရဲ့ ကယ်တင်ရှင်တဲ့”

ဦးလေးက ရယ်တယ်။ “ဆိုင်ရဲ့ ကယ်တင်ရှင်ဟုတ်လား။ ဒါကတော့ အတော်လေးကို ပုံကြီးချဲ့ပြီး ချဲ့ကား ပြောတာပါပဲ။ ပြောရမယ်ဆိုရင် ဦးလေး လုပ်ခဲ့သမျှက သမီးရဲ့ အဘိုး နေမကောင်း၊ မကျန်းမာတဲ့ အချိန်မှာ လုပ်ငန်းက ရပ်လုဆဲဆဲ အခြေအနေ ဖြစ်နေလို့ ဒီဆိုင်ကို လက်လွှဲယူလိုက်ပြီး ဆက်လုပ်တာပဲ ရှိတာပါ။ ပထမပိုင်းမှာတော့ အဘိုးက ဦးလေး ဒီစာအုပ်ဆိုင်ကို လွှဲယူလုပ်ကိုင်တာကို အတော်ကြီးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသေးတယ်။ အဲဒီအချိန် ကလည်း စာအုပ်အဟောင်း စီးပွားရေးလုပ်ငန်းတွေအတွက် ကြပ်တည်းခက်ခဲတဲ့ အချိန်အခါမျိုးကိုး၊ ပြီးတော့ ဦးလေး ကလည်း ခုလို ကျိုးကြောင်း မစဉ်းစားတတ်တဲ့ သူမျိုးဆိုတော့။ ဒါပေမဲ့ ဦးလေးက သူ့ကို ဒူးထောက်တောင်းပန်ပြီး ဒီဆိုင်ကို ဦးလေးနဲ့ စိတ်ချလက်ချထားဖို့ တောင်းပန်ခဲ့လို့”

“ဒီလိုနဲ့ အခုလိုမျိုး ဖြစ်လာခဲ့တာပေါ့”

“ဦးလေး ပြောချင်တာက ဦးလေးက ဒီအတိုင်း ထိုင်နေပြီးတော့ပဲ ဒီဆိုင်လေး ပြိုကွဲပျက်စီးသွားတာမျိုး အဖြစ် မခံနိုင်ဘူးလေ၊ ဘယ်လိုလုပ် အဖြစ်ခံနိုင်မှာပဲ။ ဒီဆိုင်လေးက ဦးလေးရဲ့ ကလေးဘဝ အချိန်တွေ အများဆုံး ကုန်ဆုံးခဲ့တဲ့ နေရာပဲ။ ကောင်တာက အဖေ့ရဲ့ အနားမှာ ထိုင်လို့ ဟန်ခရစ်ရှန် အန်းဒါးဆင်းရဲ့ ပုံပြင်တွေကို တိတ်တဆိတ် ဖတ်နေ ခဲ့တာ။ ဖတ်နေတုန်းမှာပဲ အဖေက သူ့ရဲ့ လက်အကြီးကြီးနဲ့ ဦးလေးရဲ့ ခေါင်းကို ခပ်ကြမ်းကြမ်း ပွတ်သပ်တတ်တယ်လေ။ ဒီအချိန်တုန်းက တကယ့်ကို စစ်မှန်စွာ ဦးလေး ပျော်ရွှင်ခဲ့ရတာပဲ။ ဒီတော့ ဒီနေရာသာ ပျောက်ကွယ်သွားမယ်ဆိုရင် ဦးလေးရဲ့ မှတ်ဉာဏ်တွေ အားလုံးလည်း ပျောက်ကွယ်သွားမယ်လို့တောင် ခံစားမိတယ်။ ဒါကို ဦးလေး လက်မခံနိုင် ဘူးလေ” ဦးလေး ကျွန်မကို ပြောပြတာကို နားထောင်ပြီးတော့ ကျွန်မ သူ့ကို အတော်လေးကို အထင်ကြီး၊ လေးစားသွားမိ သလိုမျိုး ခံစားလိုက်ရတယ်။

ကျွန်မ သိထားခဲ့တဲ့၊ ဒါမှမဟုတ် ကျွန်မ ရှာဖွေဖော်ထုတ်ခဲ့ရတဲ့ ကျွန်မနဲ့ ဦးလေးတို့ အကြားက ဆက်ဆံရေးကို ကျွန်မ ပြန်လည် စဉ်းစားမိသွားတယ်။ သူ့မှာလည်း သူ့ကိုယ်ပိုင် သောကစိတ်တွေ၊ နာကျင်မှုတွေ ရှိခဲ့မယ်ဆိုတာကို ကျွန်မ က မမြင်နိုင်ခဲ့ဘူးလား။ သူ့ရဲ့ နှလုံးသားက ကျွန်မထက် ပိုပြီး အချိန်ကာလ ကြာမြင့်စွာ ငိုကြွေးခဲ့ရတယ် ဆိုတာကိုလည်း ကျွန်မ မမြင်နိုင်ခဲ့ဘူးလား။ ဘာအတွက်ကြောင့်မို့လို့များ ကျွန်မက သူ့ရဲ့ရင်ထဲမှာ ဒီလောက် ဖြစ်ပျက်နေတဲ့ အရာတွေကို မမြင်ခဲ့ရတာပါလိမ့်။

ဒီအတွက် အကြောင်းပြချက်ကတော့ ဦးလေးက လူတွေရဲ့ အရှေ့မှာဆိုရင် သူ ဘယ်လိုခံစားနေရတယ် ဆိုတာကို ဖုံးကွယ်ထားဖို့အတွက် အမြဲတမ်းလိုလို ရွှင်မြူးနေတဲ့ ပုံစံမျိုးနဲ့ပဲ နေခဲ့လို့ပဲ ဖြစ်မလားပဲ။ ဒီလို ကြိုးစား အားထုတ် နေရတာလည်း အတော်လေးကို ငြီးငွေ့စရာ ကောင်းနေခဲ့မှာ။ သူ့ကို ကြည့်လိုက်ရုံနဲ့ တခြားသူတွေက သူရဲ့ ရင်ထဲမှာ ဘာတွေကို ခံစားနေရတယ် ဆိုတာကို ဘယ်တော့မှ အမှန်ကိုမြင်ပြီး သိနိုင်မှာ မဟုတ်ဘူးလေ …

ဒီလိုတွေးမိတော့ ကျွန်မ ရင်နာလာတယ်။

“ဒီနေရာလေးက မိုမိုကို အပေါ်မှာလည်း ဒီလောက်အထိ အများကြီး အဓိပ္ပာယ်ရှိပါစေလို့ ဦးလေး ဆုတောင်းခဲ့ မိတာ။ ဒီစီးပွားရေးလုပ်ငန်းကို ဦးလေးက အတော်ကြိုးကြိုးစားစား ပြန်လည်တည်ဆောက်နေတဲ့ အချိန်မှာပဲ သူက ထွက်သွားခဲ့တာလေ။ အဆုံးသတ်အထိ ဖြစ်ပျက်ခဲ့တာတွေရဲ့ အောက်ဘက်မှာ သူ ဘယ်လို ခံစားသွားရလဲ ဆိုတာ ကိုလည်း ဦးလေး အခုထိ ဆက်စပ်နားလည်လို့ မရသေးဘူး”

“ဦးလေးရေ”

“အင်း ပြောလေ”

“ဒီဆိုင်လေးကို သမီးလည်း တကယ်ချစ်ပါတယ်၊ တကယ် မြတ်နိုးရတာပါ”

ဒီထက်ပိုပြီး နားလည်လွယ်နိုင်တဲ့ တစ်ခုခုကို ကျွန်မ ပြောလိုက်ဦးမလို့ပါပဲ၊ ဒါပေမဲ့ ဒီစကားလုံးတွေပဲ ကျွန်မရဲ့ နှုတ်ကနေ ထွက်လာတာ။ အခု ပြောလိုက်တဲ့အတိုင်း ရိုးသားစွာ ခံစားရတယ် ဆိုတာလည်း အမှန်ပါပဲ။

“ကျေးဇူးတင်ပါတယ်၊ ဒီဆိုင်လေးက လူအများစုအတွက်တော့ မရှိမဖြစ်ကို လိုအပ်တဲ့ အရာတစ်ခု ဖြစ်ချင် မှလည်း ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ လူတစ်ဦးတစ်ယောက် အတွက်လေးတောင်မှ အများကြီးအရေးပါနေတယ်ဆိုရင် နောက်ဆယ်စုနှစ်တွေအထိ ဆက်လက်ဖွင့်နေနိုင်ဦးလိမ့်မယ်လို့ ဦးလေး ခံစားရတယ်။ နာအိုဧခိနိုရှိတရဲ့ ခင်ပွန်း တစ်ယောက်၏ ဖြောင့်ချက်များ13 ထဲမှာ ပါတဲ့ စာသားတစ်ခု လိုမျိုးပေါ့။ ‘ကျွန်ုပ်၏ လှေငယ်သည် ရေစီးကြောင်း၏ သက်ညှာမှု၌ ရည်ရွယ်ချက်မဲ့စွာ၊ ပေါ့ပါးစွာ မျောလွင့်နေတော့လေသည်’ ဆိုတာမျိုးပေါ့။ ဒါက ဒီဆိုင်လေးနဲ့ အတူတူ နေထိုင်ချင်တဲ့ ဦးလေးရဲ့ ဘဝပုံစံပဲ” ဦးလေးက ဒီလိုပြောပြီး နောက်ထပ် ဘာမှ ထပ်မပြောတော့ဘဲ ပြုံးပဲ ပြုံးနေ တော့တယ်။

အဲသည်နေ့ကနေ စလို့ ကျွန်မလည်း ကိုယ်ပိုင်ဘဝအကြောင်းကို ပိုပြီး လေးလေးနက်နက် စတင် စဉ်းစားမိ လာတယ်။ နေထိုင်ဖို့အတွက် နွေးထွေးတဲ့၊ ငြိမ်သက်တိတ်ဆိတ်တဲ့ နေရာတစ်ခုကိုတော့ ရှာဖွေတွေ့ရှိခဲ့ရပါရဲ့၊ ဒါပေမဲ့ တသက်လုံး တခြားသူတွေ အပေါ်မှာပဲ မှီခိုနေလို့ မရဘူးလေ။ တကယ်လို့ မှီခိုခဲ့မယ်ဆိုရင်လည်း ဘယ်တော့မှ ရင့်ကျက် လာနိုင်တော့မှာ မဟုတ်တော့ဘူး။ ကျွန်မရဲ့ နှလုံးသားက အမြဲတမ်းလိုလို အားအင်ချိနဲ့နေတော့မှာပဲ။ ဒီနေရာကနေ မထွက်ခွာနိုင်ဘူးဆိုရင် ဘယ်တော့မှ နောက်တဖန် အသစ်ပြန်လည် စတင်နိုင်မှာ မဟုတ်တော့ဘူးလို့ပဲ ကိုယ့်ဘာသာ ပြန်လည် ယုံကြည်မိလာတယ်။

ဒါပေမဲ့ ဒါကို တွေးမိတဲ့ အခိုက်အတန့်မှာ အကြောက်တရားတွေက ပြန်လည်တိုးဝင်လာတယ်။ ဒီလို ထွက်ခွာ ရမယ် ဆိုတဲ့ အတွေးက ကျွန်မကို ထိတ်လန့်စေတယ်လေ။ ကျွန်မကို ခဏတာလောက်လေး ပိုပြီးတော့ နေခွင့်ပြုပါဦး။ ကျွန်မရဲ့ နှလုံးသားထဲမှာတော့ တခြားသူတွေကို မှီခိုနေရဆဲပါပဲ။

အဆုံးသတ်အချိန်တိုင်း တွေဝေသွားမိရင်းနဲ့ပဲ အချိန်အတော်ကြာတဲ့အထိ မိုရီဆာကီစာအုပ်ဆိုင်ရဲ့ ဒုတိယ အထပ်မှာပဲ ဆက်လက်နေထိုင်နေခဲ့မိတယ်။

ဖြစ်နိုင်တာကတော့ စေ့ဆော်မှု တစ်ခုခုကို ကျွန်မက စောင့်ဆိုင်းနေမိတာလည်း ဖြစ်မယ်။ ဒီလိုနဲ့ တစ်နေ့ မှာတော့ အဲသည်လို စေ့ဆော်မှုက ရောက်ရှိလာခဲ့ပါတော့တယ်။

༄˖°.☕️.ೃ࿔📚*:・


 

အဲဒီဖုန်းက ကျွန်မဆီကို ဇန်နဝါရီ ဒုတိယရက်မှာ ဝင်လာခဲ့တာပါ။

အားလပ်ရက်တွေမှာ အိမ်ကို ပြန်မယ့်အစား နှစ်သစ်ကူးနေ့ရက် ကာလတွေမှာ ကျွန်မက စာအုပ်ဆိုင် ပတ်ပတ် လည်ကို လျှောက်သွားနေရင်းနဲ့ပဲ အချိန်ကုန်ဆုံးသွားခဲ့တာပါပဲ။ ဆိုင်ကိုလည်း ငါးရက်နေ့အထိ ပိတ်ထားတာ ဆိုတော့ ဦးလေးကလည်း သူ့ရဲ့ စာအုပ်ရောင်းချသူများအသင်းက မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူတူ ရေပူစမ်းဆီကို ခရီး ထွက်သွားတယ်။ ဒီတော့ ကျွန်မတစ်ယောက်တည်း ကျန်ရစ်ခဲ့တာပေါ့။

ပိတ်ရက်တွေမှာတော့ ဂျမ်ဘိုချိုက တစ္ဆေမြို့ကြီး တစ်မြို့လိုပါပဲ။ ဒီနေရာ တဝိုက်မှာလည်း လူနေအိမ် ဆိုတာ မရှိ၊ စားသောက်ဆိုင်တွေ၊ ကုမ္ပဏီတွေကလည်း အားလပ်ရက် ပိတ်တာဆိုတော့ တကယ်ကို တစ်ယောက်မျှ မရှိတော့ဘူး ဖြစ်နေတော့တာ။ ရာစုခုနီလမ်း တလျှောက်မှာတောင် မောင်းသွားကြတဲ့ ကားတွေ များများစားစား မရှိတော့ဘူး။

နှစ်သစ်ကူး ညချမ်းမှာတော့ တိုမိုနဲ့ ကျွန်မတို့ ယုရှိမတန်ဂျင် နတ်ကွန်းကို သွားလည်ကြတယ်။ ဒါ့အပြင် မှာတော့ ကျွန်မှာ ဘာဆိုဘာမှ လုပ်စရာ မရှိဘူး။ ဒီတော့ နှစ်သစ်ကူးနေ့ တစ်နေ့လုံးနဲ့ နောက်တစ်ရက်လုံးမှာ ကျွန်မ အိပ်ရာ စောစောထပြီး အနီးအနားကိုပဲ စိတ်ပြေလက်ပျောက် လမ်းလျှောက်လိုက်သွားနေမိတယ်။ ဒီလိုလူသူကင်းမဲ့နေတဲ့ မြို့ပြနေရာမှာ လမ်းလိုက်လျှောက်သွားရတာ လျှောက်လို့ ကောင်းလိုက်တာပေါ့။ လေထုတောင်မှ ပိုပြီးတော့ ရှင်းလင်း စင်ကြယ်နေသလို။ မာဖလာက လေထဲမှာ လွင့်လို့။ ရောက်ရာပေါက်ရာ ကျွန်မ လမ်းလိုက်လျှောက်နေရင်း ခပ်ပြင်းပြင်း အသက်ရှူသွင်းလို့ ရအောင်လို့လည်း ဟိုနေရာ၊ ဒီနေရာမှာ လိုက်နားလို့ ရတယ်။

ဒုတိယမြောက် ညခင်းမှာ အိမ်ကို ပြန်ရောက်တော့ အခန်းထဲမှာ ထားခဲ့တဲ့ ဆဲလ်ဖုန်းအပေါ်ဘက်မှာ မှိတ်တုတ် မှိတ်တုတ် မီးလေး လင်းနေတာကို ကျွန်မ တွေ့လိုက်ရတယ်။ ဒီနံပါတ်ကို ကျွန်မရဲ့ ဖုန်းထဲကနေ ဖျက်ပစ်လိုက်ပြီ ဆိုပေ မယ့်လို့ မစ်စ်ကောလ်ထဲမှာ ဒီနံပါတ်ကို မြင်လိုက်ရတာနဲ့ ချက်ချင်းဆိုသလို ကျွန်မ မှတ်မိသွားတယ်။ ဒီအခိုက်အတန့်မှာပဲ တစ်နေ့တာလုံး ခံစားလို့ ကောင်းခဲ့သမျှ ကောင်းမွန်တဲ့ ခံစားချက်တွေက မှော်ဆန်ဆန် ပျောက်ကွယ်လို့ သွားတော့တယ်။ ကျွန်မရဲ့ ရင်ထဲမှာ မွန်းကြပ်လာတာကိုလည်း ခံစားလိုက်ရတယ်။ ခလုတ်တွေကို နှိပ်ပြီး မက်စေ့ကို ကျွန်မ နားထောင် လိုက်တဲ့အချိန်မှာ ကျွန်မရဲ့ လက်ချောင်းက တုန်ယင်နေလို့။

“ဟေ့ တာကကို၊ အတော်ကြာသွားပြီနော်၊ မင်း အဆင်ပြေရဲ့လား၊ ကိုယ်တော့ အခုအချိန်မှာ လုပ်စရာ အစီ အစဉ် သုညပဲ။ မင်း ထွက်လာချင်လား။ မင်း ကိုယ့်ဆီ ဖုန်းခေါ်လိုက်ရင် ကိုယ် ချက်ချင်းထွက်လာမယ်လေ”

မက်စေ့တစ်ခုလုံးကို ကျွန်မ နားထောင်လို့ မပြီးခင်မှာပဲ ဖျက်တဲ့ခလုတ်ကို ကျွန်မ နှိပ်လိုက်မိတယ်။ ဒါပေမဲ့ သိပ်ကို နောက်ကျလွန်းသွားခဲ့ပြီ။ ဆိုးရွားတဲ့ စိတ်ခံစားချက်တစ်ခုက ကျွန်မနှလုံးသားထဲမှာ လျင်မြန်စွာ ပျံ့နှံ့လို့ သွားတော့ တယ်။ ဖြစ်ပျက်သွားတာက မြန်ဆန်လွန်းလှတယ်။ အခုတော့ ကျွန်မ ဒီစိတ်ခံစားချက်ကနေ ဘယ်လိုမှ ရုန်းထွက် နိုင်တော့မှာ မဟုတ်ဘူး။

ပိတ်ရက်တွေပြီးလို့ ဆိုင်ကို ပြန်ဖွင့်တဲ့ အချိန်မှာတော့ ကျွန်မရဲ့ နှလုံးသားထဲက နာကျင်မှုက ပိုမို ဆိုးဝါးလို့သာ လာတယ်။ ဒီနာကျင်မှုကို ကျွန်မ စကားလုံးတွေနဲ့ အတိအကျ မဖော်ပြတတ်ဘူး။ ဒါပေမဲ့ ဒါကြီးက လေးလံပြီး အေးစက် နေတဲ့ အရာမျိုး။ ကျွန်မနှလုံးသား ပတ်ပတ်လည် တစ်ခုလုံးကို စပြီး ရစ်နှောင်လိုက်တဲ့ အရာမျိုး။ ဒါကပဲ ကျွန်မကို နောက်တစ်ခါ ပြန်လည်လို့ သဘောပေါက်သွားစေတော့တယ်။ ဒီအရာတွေ အားလုံးကို ဘယ်တုန်းကမှ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား မဆုံးဖြတ်ရသေးဘူး ဆိုတာကိုပေါ့။ ဒီကိစ္စတွေကို ဘေးဖယ်ထားပြီး ကျွန်မက ပေါ့ပေါ့ပါးပါး နေထိုင် ခဲ့ရုံပဲ ရှိတာ။ အချိန်ကြာလာတဲ့အခါ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ မှေးမှိန်သွားမလားလို့ စောင့်ဆိုင်းနေခဲ့ရုံပဲ ရှိတာ။ ဒါပေမဲ့ ခြောက်လတာလောက် အချိန်ကာလ ကုန်ဆုံးသွားတာတောင်မှပဲ သူ့ရဲ့ အသံကို ခဏတာလောက်လေး ပြန်ကြားလိုက်ရုံနဲ့ ကျွန်မရဲ့ ရင်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ လှုပ်ရှားလို့ ကျန်နေရအောင် ချန်ထားရစ်တော့တယ်။ နောက်ဆုံးမှာတော့ ကျွန်မရဲ့ ဘယ်ပြဿနာကိုမှ မဖြေရှင်းရသေးဘူး ဆိုတာကိုလည်း ကျွန်မ နားလည်လာတယ်။ ဒီပြဿနာတွေက ဆက်လက် ရှိနေဆဲပါပဲ။

“တာကကို၊ သမီးရင်ထဲကနေ ထုတ်ပစ်စရာ တစ်ခုခုများ ရှိနေလို့လား၊ တစ်ခုခု ဖြစ်နေတယ် ဆိုရင် ဦးလေးကို ပြောနော်”

ဇန်နဝါရီလရဲ့ အဆုံးပိုင်း တစ်နေ့ ကျွန်မတို့ ဆိုင်သိမ်းကြတဲ့ အချိန်မှာ ဦးလေးက ကျွန်မကို ဒီလိုမျိုး ရုတ်တရက် ပြောလာတယ်။

ကျွန်မ ဝေခွဲမရ ဖြစ်သွားတယ်။ “ဦးလေး ဘယ်လိုမျိုး သိတာလဲ”

“သမီး ဘာကို ဆိုလိုချင်တာလဲ။ သမီးကို ကြည့်လိုက်တာနဲ့ကို သိသာနေတာပဲလေ။ သမီးရဲ့ ဦးလေးက အမြင် ချို့တဲ့ နေတဲ့သူမှ မဟုတ်တာ” လို့ ဆူငေါက်လုနီးပါး ပုံစံမျိုးနဲ့ သူက ပြောတယ်။

ဒါက ကလေးဆန်လိုက်တာ။ ကျွန်မက အရာအားလုံး ပုံမှန်လို ဟန်ဆောင် ပြုမူနေပေမယ့် ဦးလေးကတော့ အကုန်လုံးကို ဖောက်ထွင်း မြင်နေရတာပဲ။

“အရင်တုန်းကတော့ သမီးက တကယ့်ကို အဆင်ပြေပြေ ကောင်းကောင်း လုပ်ကိုင်နေတဲ့ ပုံပါပဲ။ ဒီတုန်းက ဦးလေး သမီးအတွက် မစိုးရိမ်ဖူးဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သမီးက စိတ်လွတ်နေတဲ့ ပုံ ပေါ်လာတယ်။ ဦးလေး က သမီးကို စကားပြောဆိုဖို့ ကြိုးစားလိုက်တိုင်းမှာ သမီးက အခုနေရာမှာ ရှိမနေတဲ့ ပုံစံမျိုးနဲ့”

“ဒါအမှန်ပဲလို့ သမီး ထင်တယ် ...”

“ဟုတ်တယ်၊ အမှန်ပဲ။ ဒီတော့ ဦးလေးက အတင်းအကြပ် စိန်ခေါ်တာမျိုးလည်း မဟုတ်ပါဘူး၊ ဒါပေမဲ့ သမီး ဦးလေးကို ပြောပြမယ်ဆိုရင် သမီး နည်းနည်းလောက် ခံစားရတာ ပိုသက်သာသွားမှာပေါ့”

ဒီအကြောင်းကို တခြားတစ်ယောက်ယောက်ကို ပြောပြဖို့အတွက် ကျွန်မမှာ အစီအစဉ် ရှိတာ မဟုတ်ဘူး။ ဒါပေမဲ့ ဦးလေးပြောတာကို ကြားတော့ ကိုယ် မှားယွင်းနေတယ် ဆိုတာကို သိလာတယ်။ ဒီအကြောင်းကို မေးမြန်းမယ့်သူ တစ်ယောက်ယောက်ကို ကျွန်မ လိုချင်နေခဲ့တာပဲ။ ကျွန်မကို နှစ်သိမ့်ပေးမယ့်သူ တစ်ယောက်ယောက်ကို အလိုရှိနေခဲ့တာ မျိုးပေါ့။ ဂရုစိုက်မယ့်သူ တစ်ယောက်ယောက်ကို လိုချင်နေခဲ့တာမျိုးပေါ့။ ဒါက လုံးဝကို ကျွန်မ ဘယ်လောက်တောင် ပျော့ညံ့ခဲ့သလဲ ဆိုပြီးတော့ ပြန်အံ့အားသင့်သွားစေတာပါပဲ။ ပြီးတော့ ဦးလေးရဲ့ စကားလုံးတွေကလည်း ကျွန်မ ခုခံ တားဆီးထားတဲ့ အရာတွေ အားလုံးကို ဖယ်ရှားပစ်လိုက်တယ်။

ကျွန်မရဲ့ အခန်းထဲမှာပဲ နှစ်ယောက်သား သောက်ကြရင်းနဲ့ အတူတူ ထိုင်ပြီး ကျွန်မက ဦးလေးကို ဇာတ်လမ်း တစ်ခုလုံး အကြောင်း ပြောပြလိုက်တယ်။ အပြင်ဘက်မှာတော့ အေးစက်စက် ဆောင်းရာသီမိုးက စတင်ရွာသွန်းလို့။ မိုးရေစက်ပေါက်တွေက ပြတင်းပေါက်ကို အဆက်မပြတ် လာရိုက်ခတ်နေတဲ့ အသံကို ကျွန်မတို့ ကြားနေရတယ်။

“ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး” လို့ ကျွန်မက ဇာတ်လမ်းကို အစပျိုးပြီး ပြောလိုက်တယ်။ ဦးလေးကို ကျွန်မ ပြောပြနေဆဲမှာပဲ ဒါက တကယ်တမ်းမှာလည်း ဘာမှ အကြီးအကျယ် မဟုတ်တဲ့ ကိစ္စကို ကျွန်မ သိလာရတယ်။ ကျွန်မရဲ့ ရည်းစားကို ဆုံးရှုံးလိုက်ရတယ်၊ အလုပ်ကို ဆုံးရှုံးလိုက်ရတယ်၊ ဒါပါပဲလေ။ ဒီဇာတ်လမ်း အလယ်လောက် ရောက်တော့ ဘာမှ အရေးမကြီးတာ သိသာလာ လွန်းတာမို့ ကျွန်မ ဟန်မဆောင်နိုင်တော့ဘဲ ရယ်ချမိလိုက်တော့တယ်။ ဒါပေမဲ့ ရယ်တာကို ရပ်ပြီး ဇာတ်လမ်းကို ဆုံးအောင် ဆက်ပြောရတယ်။ ပြောလို့လည်း ပြီးသွားရော အနည်းငယ်လောက် ပိုခံစားလို့ ကောင်းသွားသလိုမျိုး ကျွန်မ ခံစား လိုက်ရတယ်။

ပြောပြနေတဲ့ တချိန်လုံးမှာ ဦးလေးက စကားတစ်လုံးမှ မဆိုဘဲ ဒီအတိုင်းပဲ နားထောင်နေတယ်။ သူ့ရဲ့ ဝီစကီ ကိုတော့ သူ သောက်နေကျ မဟုတ်တဲ့ နှုန်းနဲ့ သောက်နေရင်းပေါ့။ အချိန် တစ်နာရီလောက်ကြာအောင် ကျွန်မရဲ့ ဇာတ်လမ်းကို ဟိုနေရာ ပြောလိုက်၊ ဒီနေရာ ပြောလိုက်၊ ပြောပြဖို့ တွန့်ဆုတ်လိုက် ဖြစ်နေရင်းနဲ့ပဲ ပြောပြလို့ ပြီးစီးသွားတဲ့ အချိန်အထိတောင်မှ ဦးလေးက ဒီလောက် အချိန်အ ကြာကြီး အတွင်းမှာ ဘာတစ်ခွန်းကိုမျှ မဆိုဘူး။ တစ်စုံတစ်ခုခုကို တွေးတောနေ သလိုမျိုး သူ့လက်ထဲက ဖန်ခွက်ကိုပဲ သူက စိုက်ကြည့်နေတယ်။

ပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူ့ဖန်ခွက်ထဲက လက်ကျန်အရက်တွေကို သူက မော့ချလိုက်ပြီး ဆုံးဖြတ် ထားတဲ့ လေသံမျိုးနဲ့ “ဟုတ်ပြီလေ၊ ဒီတော့ ဒီကောင့်ကို ပြန်တောင်းပန်ရအောင် သွားလုပ်ကြစို့။ သူ့ဆီကနေ ‘ငါ မှားပါတယ်၊ ငါ နင့်ကို ထိခိုက်စေခဲ့ပါတယ်၊ ငါက ဆိုးရွားတဲ့ လူတစ်ယောက်ပါ’ လို့ ပြောထွက်လာအောင် ဦးလေးတို့ လုပ်ကို လုပ်ရမယ်”

ကျွန်မ ဆွံ့အသွားမိတယ်။ ဒါကြီးကတော့ သူ့ဆီကနေ လုံးဝကို ထင်မှတ် မထားဘဲ ထွက်ချလာတာမျိုးကိုး။

“ဘာလဲ၊ အခုလား၊ အခုပဲ ညဆယ့်တစ်နာရီ ထိုးနေပြီကို”

“အရေးမပါပါဘူး” ဦးလေးက ဒီလိုပြောပြီး မတ်တတ်ထရပ်လို့ အပြင်ကို သွားဖို့ စလုပ်နေပြီ။ ကျွန်မက အထိတ် တလန့်နဲ့ သူ့လက်ကို ဖမ်းဆွဲထားရတယ်။

“အဆင်ပြေပါတယ်ဆို။ သမီးကလည်း တုံးခဲ့တာပါ။ ဘာတွေဖြစ်ပျက်ခဲ့တယ် ဆိုတာကို တစ်ယောက်ယောက်ကို ဒီအတိုင်း သမီး ပြောပြချင်ရုံတင်ပါ။ ဦးလေး မူးနေပြီမလား၊ ဟုတ်တယ်မလား”

“ဟာ ဦးလေး မမူးပါဘူး။ ဟုတ်ပြီလေ၊ နည်းနည်းလောက်လေးပါပဲ။ ဒါပေမဲ့ ဒါက လိုရင်း မဟုတ်ဘူးလေ။ သမီး စိတ်မဆိုးဘူးလား တာကကိုရယ်။ သူက သမီးအပေါ်မှာ အခွင့်ကောင်းယူသွားတာလေ”

“ဟုတ်တယ်၊ သမီး စိတ်ဆိုးတယ်။ ပိုပိုပြီးတော့လည်း သမီး စိတ်ဆိုးသထက် စိတ်ဆိုးလာတာပါပဲ။ အခုထိလည်း စိတ်ဆိုးမိနေဆဲပဲ”

“ဒါကြောင့်မို့လို့ပဲ ဦးလေးတို့ သွားကြရမှာပေါ့။ ဒါကြီးကို သမီးရင်ထဲကနေ ထုတ်ပစ်လိုက်ဖို့ လိုနေတာ။ ဒီလိုမှ မဟုတ်ရင် ဒီအဖြစ်ရဲ့ တစ္ဆေက သမီးကို ထာဝရ ခြောက်လှန့်နေလိမ့်မယ်”

“ထားပါတော့၊ ဒါပေမဲ့ ကလေးငယ် တစ်ယောက်လို ရန်ဖြစ်တဲ့အခါမျိုးမှာ သမီးရဲ့ မိဘတွေကိုပါ ဝင်ပါခိုင်းသလို အခု အဖြစ်က ဖြစ်သွားခဲ့မယ် ဆိုရင်လည်း သမိး ပိုလို့တောင်မှ အရှက်တကွဲ ဖြစ်ရမှာပဲလေ” လို့ မျက်ရည်ကျလုဆဲဆဲ ပုံစံနဲ့ ကျွန်မက ပြန်ပြောလိုက်တယ်။

“ဘာမှ အရှက်တကွဲ ဖြစ်နေစရာ အကြောင်း မရှိဘူး” လို့ ဦးလေးက သူ့လို လူသေးသေးတစ်ယောက်ဆီကနေ ထွက်ပေါ်လာတဲ့၊ ထိတ်လန့်စရာ ကောင်းလောက်တဲ့ အသံမျိုးနဲ့ ထအော်လိုက်တယ်။ သူ့အသံက ဒီအခန်းလေးထဲမှာ တင်ထပ်သွားတော့တာပဲ။ “ဘာမှ အရှက်တကွဲ ဖြစ်စရာ မရှိပါဘူး။ သမီးက ဦးလေးရဲ့ တူမလေ၊ ပြီးတော့ သမီးက ဦးလေးအတွက် အရေးပါတယ်လေ။ ဒါကို ဦးလေး သမီးကို ပြောပြခဲ့ပြီးပြီ၊ ဟုတ်တယ်မလား။ ဦးလေး သမီးကို တကယ် ချစ်ပါတယ်။ ဒီတော့ ဒီကောင့်ကို ဒီလိုမျိုး လွှတ်ပေးလိုက်ဖို့ ဦးလေး ခွင့်မပြုနိုင်ဘူး။ ဒါ ဦးလေးရဲ့ အတ္တပဲ။ ဦးလေး ဒီလို အဖြစ်မခံနိုင်ဘူး”

“ဦးလေးက ဦးလေးကိုယ် ဦးလေး အမြဲပြန်ပြီးတော့ ဆန့်ကျင်ဘက်လုပ်နေတာပဲ။ နောက်ဆုံးမှာတော့ ဒါက ဦးလေး ရဲ့ အတ္တဆီကနေပဲ ဖြစ်လာတာမလား”

“ဒီအတွက်ကြောင့်ပဲ ဒါကို ဦးလေးရဲ့ ရင်ထဲကနေ ထုတ်ပစ်ဖို့အတွက် ဦးလေး သွားမှာပေါ့။ သမီး ဦးလေးနဲ့ မလိုက်ဘူး ဆိုရင်တောင်မှ ဦးလေးကတော့ သွားမှာပဲ။ ဦးလေးကို လိပ်စာပြော။ ဒီကောင့်ကို ဦးလေး သွားရိုက်မယ်”

သွားရိုက်မယ်တဲ့လား။ ရုတ်တရက်ဆိုသလို အခုလို အပြန်အလှန် စကားပြောဆိုနေရင်းကနေ အန္တရာယ်ရှိတဲ့ အလားအလာဆီကို ဦးတည်သွားတော့တယ်။

“ခဏ-ခဏ နေပါဦး။ ဒါက ကောင်းကောင်း အဆုံးသတ်မှာ မဟုတ်ဘူးနော်။ တစ်ယောက်ယောက်က ရဲတွေကို ခေါ်လိမ့်မယ်။ ပြီးတော့ သူက အထက်တန်းကျောင်းနဲ့ ကောလိပ်မှာတုန်းက ရပ်ဘ်ဘီ ဘောလုံးအသင်းက သူနော်။ ဦးလေးလို ချိနဲ့နဲ့ သူတစ်ယောက်က သူ့ကို သွားရိုက်မယ်ဆိုရင် သူက ဆယ်ဆလောက် ဆိုးအောင် ပြန်ရိုက်မှာပဲ”

“ဒါကို-ဒါကို ဦးလေးက ကြောက်နေမယ် ထင်လို့လား” လို့ ဦးလေးက ပြောတယ်။ ဒါပေမဲ့ သူက နည်းနည်းတော့ နောက်တွန့်သွားတဲ့ ပုံစံ။

“လာပါ ဦးလေးရယ်၊ မိုက်မိုက်မဲမဲတွေ မလုပ်ကြစို့နဲ့။ ပြန်သောက်ကြရအောင်” လို့ ကျွန်မက အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်ရအောင် ကြိုးစားတဲ့ အပြုံးမျိုး ကြိုးစားပြုံးပြပြီး သူ့ကို ပြောလိုက်တယ်။

“ဒီကနေ ထွက်မပြေးနဲ့ တာကကို” လို့ ဦးလေးက ကျွန်မဘက်ကို လှည့်ပြီးတော့ အတော့်ကို အလေးအနက် ပုံစံမျိုးနဲ့ ပြောတယ်။

“ဦးလေး သမီးနဲ့ အတူတူ ရှိပါတယ်။ ထွက်မပြေးစမ်းပါနဲ့”

ဦးလေးက ကျွန်မကို စူးစူးစိုက်စိုက် ကြည့်နေတယ်။ သူ့မျက်လုံးတွေထဲမှာ ဘယ်လောက် အလေးအနက် ရှိနေ တယ် ဆိုတာကို ကျွန်မ မြင်နေရတယ်။ စက္ကန့်အနည်းငယ်လောက် ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့် နေမိကြတယ်။

ဦးလေး မှန်ပါတယ်။ ကျွန်မ ထွက်ပြေးလို့မှ မရတာ။ တကယ်လို့ ကျွန်မ ထွက်ပြေးခဲ့မယ် ဆိုရင်လည်း ဘာမှ ပြောင်းလဲသွားလိမ့်မှာမှ မဟုတ်တာ။ ဒီလောက် သိသာနေတာပဲ မဟုတ်ဘူးလား။

ကျွန်မရဲ့ လျှာကို ခပ်ပြင်းပြင်း ကျွန်မ ဖိကိုက်ထားမိတယ်။

“ဟုတ်ပြီ၊ သမီး နားလည်ပြီ၊ သွားကြစို့ ဦးလေး”

ဦးလေးက အခိုင်အမာပုံစံနဲ့ ခေါင်းပြန်ညိတ်ပြတယ်။

မိနစ်လေးဆယ်လောက် တက္ကစီ စီးသွားပြီး ကျွန်မတို့ သူ့နေတဲ့ တိုက်ခန်းအရှေ့ကို ရောက်သွားတဲ့ အချိန် မှာတော့ မိုးက ပိုပိုပြီး သည်းထန်လို့ လာတယ်။ အဝင်ဝဆီကို ထီးမပါဘဲ ပြေးသွားလိုက်တာ ကျွန်မတို့ နှစ်ယောက်စလုံး ရွှဲရွှဲစိုကုန်ကြတယ်။

“ဒီနေရာလား”

ဦးလေးက နံပါတ် ၂၀၄ လို့ တပ်ထားတဲ့ တံခါးအရှေ့မှာ ရပ်လိုက်တယ်။

“သေချာပေါက်ပဲ” လို့ ကျွန်မက ပြန်ပြောလိုက်တယ်။ မှတ်ဉာဏ်အဟောင်းတွေက ကျွန်မခေါင်းထဲမှာ တဝဲ လည်လည် ပြန်ပေါ်လာတယ်။

ပြန်တွေးကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့ တွဲနေတုန်းက ဒီနေရာကို ကျွန်မ နှစ်ခါလောက်ပဲ ရောက်ဖူးခဲ့တယ် ထင်တယ်။ ကျွန်မတို့တတွေ တစ်ယောက်ယောက်ရဲ့ နေရာမှာ တွေ့မယ် ဆိုရင် ဒီနေရာက အမြဲတမ်း ကျွန်မ နေတဲ့ နေရာပဲ။ ဒီလို စီစဉ်ပြီးမှ တွေ့တာနဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခု ရှိရမယ် ဆိုတာကို ကျွန်မ အခုမှပဲ သိတော့တယ် ဆိုတဲ့ အချက်ကိုက ကျွန်မက ဘယ်လောက်တောင် တုံးအခဲ့သလဲ ဆိုတာကို သက်သေပြနေတော့တာပဲ။

မိုးရေတွေက ဆံပင်တွေဆီကနေ စီးဆင်းကျနေလျက်သားနဲ့ တခဏလေးတောင် မတုန့်ဆိုင်းနေဘဲ ဦးလေးက လူခေါ်ခေါင်းလောင်းကို တီးလိုက်တယ်။ စိတ်ဖိစီးမှုနဲ့ရော အအေးဒဏ်နဲ့ရော နှစ်ခုစလုံးပေါင်းပြီး ကျွန်မ ခန္ဓာကိုယ် တစ်ခု လုံးက တုန်ခါလို့ နေတယ်။ အော်ဂလီဆန်လာတဲ့ စိတ်ကိုလည်း ကျွန်မ ခံစားနေရတယ်။ “သမီး ရပါတယ်” လို့ ပြောခဲ့ တုန်းက ကျွန်မ ခံစားခဲ့ရတဲ့ ခိုင်မာသေချာမှုက ဟိဒေယကီရဲ့ နေရာမှာ ကျွန်မ ရပ်လိုက်မိတာနဲ့ တပြိုင်နက် တည်းမှာပဲ လျင်မြန်စွာနဲ့ မှေးမှိန်ပျောက်ကွယ်သွားတော့တာပဲ။

တဖက်က ပြန်တုံ့ပြန်တာကို စောင့်ဆိုင်းရင်း သံတံခါးကြီးကို ကျွန်မ စိုက်ကြည့်နေစဉ်မှာပဲ ဒီနေရာကနေ ဒီအတိုင်း ကျွန်မတို့ ပြန်ထွက်သွားပြီး ဘာမျှ မဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေကြမယ် ဆိုရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲလို့ စိတ်ထဲကနေ ကျွန်မ တွေးမိလာတယ်။ ဒါပေမဲ့ အခုတော့ နောက်ကျလွန်းသွားပြီ။ တံခါးရဲ့ တခြား တဖက်ခြမ်းကနေ တစ်ယောက်ယောက် ဖြည်းညှင်းစွာ လျှောက်လာတဲ့ အသံကို ကျွန်မတို့ ကြားလိုက်ရတယ်။ ဒီနောက် မှာတော့ တံခါးကို လော့ဖွင့်လိုက်တဲ့ အသံကိုရော။ ဒီနောက်မှာတော့ တံခါးက လက်ညိုး တစ်ချောင်းစာ အကျယ်လောက် ပွင့်လာတယ်။

သိကျွမ်းပြီးသား အသံခပ်တိုးတိုးတစ်ခုက “ဘယ်သူလဲ” လို့ မေးတယ်။

ဦးလေးက ချက်ချင်းဆိုသလို တံခါးကို ဖမ်းဆွဲပြီး တွန်းဖွင့်လိုက်တယ်။

ဟိဒေယကီက အဝင်ဝမှာ ကြက်သေသေသွားပြီး ရပ်နေတယ်။ သူက ဘောင်းဘီ အရှည်အပွကို ဝတ်ထားပြီး ထိတ်လန့်သွားတဲ့ ပုံစံမျိုးနဲ့ ပါးစပ်အဟောင်းသား ဖြစ်လို့။ စောနက ကလေးတင် သူ အိပ်မောကျသွားတဲ့ ပုံပေါ်တယ်။ သူ့ရဲ့ ဆံပင်တွေ ကလည်း ရှုပ်ပွလို့။ သူ့ရဲ့ ပါးမှာတောင် ခေါင်းအုံးရာကို မြင်နေရတယ်။ ဒါပေမဲ့ ကျစ်လျစ်တဲ့၊ ကောင်းကောင်း တည်ဆောက်ထားတဲ့ ပုခုံးတွေနဲ့ မက်မွန်သီးလို သူ့ရဲ့ မျက်လုံးကတော့ ကျွန်မ မှတ်မိနေဆဲ ပုံစံအတိုင်းပဲ။ ဒါကလည်း အဓိပ္ပာယ် ရှိတယ်လေ။ ဆယ်နှစ်စာလောက် အချိန် ကုန်ဆုံးသွားတာမျိုးမှ မဟုတ်တာကိုး။ ဒီအခိုက်အတန့် မှာပဲ ကျွန်မရဲ့ ရင်ထဲကနေ ထိုးဆွနေတဲ့ ဒဏ်ရာက ပြန်ရောက်လာသလိုမျိုး ခံစားလိုက်ရတယ်။

ဟိဒေယကီက ကျွန်မတို့ နှစ်ယောက်သားကို အံ့ဩသွားသလိုပုံစံမျိုးနဲ့ မျက်လုံးအပြူးသား အပြန်အလှန် ကြည့်နေတယ်။ ဒီနောက်မှာတော့ ကျွန်မရဲ့ ဦးလေးဘက်ကို လှည့်ပြီး “ခင်ဗျားက ဘယ်သူလဲ” လို့ မေးတယ်။

“ကျုပ်က တာကကိုရဲ့ ဦးလေးပဲ”

“ဟင်”

“ကျုပ်က သူ့ရဲ့ ဦးလေး ဆတိုရူပဲ။ သူ့ရဲ့ အမေက ကျုပ်ရဲ့ အစ်မပဲ”

“မဟုတ်ဘူးလေ၊ ဒါကို ကျွန်တော် နားလည်ပြီ၊ ကျွန်တော်ဆိုလိုချင်တာက ဦးလေးတို့က ဒီကို ဘာလာ လုပ်တာလဲ ပြောတာ”

“ဩော် ငါက ဒီနေရာကို အကြောင်းပြချက် မရှိဘဲ ရောက်လာမလား။ ငါတို့ နှစ်ယောက်ရဲ့ ပုံစံက သတင်းစာကို လပေးစနစ်နဲ့ ယူဖို့ မင်းကို လာမေးမြန်းဖို့ ရောက်လာတယ် ထင်လို့လား”

“မဟုတ်သေးပါဘူး၊ ကျွန်တော် ဆိုလိုချင်တာက ဦးလေးတို့က ဘာကိစ္စနဲ့ ဒီကို ရောက်လာရတာလဲ ကျွန်တော့်ကို ပြောစမ်းပါ” လို့ ဟိဒေယကီက နည်းနည်းလောက် စိတ်ရှုပ်လာတဲ့ ပုံစံမျိုးနဲ့ ထပ်မေးတယ်။

ကျွန်မက သူတို့နှစ်ယောက်သားကို အပြန်အလှန် စိုးရိမ်စိတ်နဲ့ ကြည့်နေမိတယ်။ ဒီညမှာ ဦးလေးက အတော် အမင်းကို ရန်လိုနေခဲ့တာ။

“မင်းက ငါတို့ ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ ဆိုတာကို သိချင် တယ်ပေါ့လေ။ ဘာလို့လဲဆိုတော့ မင်းက သူ့အပေါ်မှာ ဆိုးဝါးလှတဲ့ အရာတစ်ခုကို လုပ်ခဲ့လို့ပဲ။ ငါ ဘာကို ပြောနေတယ်ဆိုတာကို မင်း မသိသလို ပုံစံမျိုး ဟန်ဆောင် မနေနဲ့”

“ဟာ” ဆိုပြီး ပြန်ပြောလိုက်တဲ့ ဟိဒေယကီရဲ့ အသံကလည်း မြင့်တက်သွားတယ်။ ဒါပေမဲ့ ဦးလေးကတော့ နည်းနည်းလောက်တောင် ကြောက်လန့်သွားတဲ့ပုံ မပေါ်ဘူး။

“မင်းက တအားကို အညှာအတာမဲ့စွာနဲ့ သူ့ရဲ့ စိတ်ခံစားချက်တွေကို ကစားခဲ့ပြီး အလုပ်ထွက်ရလောက်အောင် အထိ တွန်းပို့ခဲ့တာလေ။ မင်း ဘာကိုမှ မခံစားရဘူးလား။ လူတစ်ယောက်ယောက်ကို ဒီလောက်အထိ ဆိုးဝါး လောက်အောင် ထိခိုက်စေခဲ့တဲ့အတွက် နောင်တလေး နည်းနည်းလောက်များ မင်း ခံစားရဘူးလား”

“ဟေ့၊ ဟေ့၊ ကျွန်တော်က သူ့ကို ထိခိုက်စေတယ် ဟုတ်လား၊ သူက ဒီလို ပြောတာလား”

“ဟုတ်တယ်”

“ဦးလေး ရူးနေလား၊ ကျွန်တော် မပြောတတ်ဘူး၊ ဦးလေးက သူ့ရဲ့ဦးလေး ဖြစ်နေတာနဲ့ပဲ ဒီမိန်းမ ပြောသမျှ အရာအားလုံးကို အလုံးစုံ ယုံကြည်လို့ ထင်နေတာလား။ သူ လိမ်နေတာ အသိသာကြီးပဲ။ သူကမှ ကျွန်တော့်ကို အခက် တွေ့စေခဲ့တဲ့ သူ၊ ရှေ့ဆက်တိုးနေခဲ့တဲ့သူပဲ”

“ဒီလို လိမ်တာကနေရော သူက ဘာအကျိုးရမှာမို့လို့လဲ။ သူ အလုပ်ထွက်ခဲ့ရတာကရော မင်းရဲ့ အပြစ် မဟုတ် ဘူးလား၊ ပြီးတော့ သူ အခုထိ ခံစားနေရတာတွေကရော”

“အလုပ်ထွက်တာကတော့ သူ့ဘာသာသူ ထွက်ချင်လို့ ထွက်တာ နေမှာပေါ့”

ဟိဒေယကီ ပြောတာတွေကို ကြားတော့ ဦးလေးက သက်ပြင်းပြီး ချလိုက်တယ်။ “အသုံးမဝင်ဘူး တာကကိုရဲ့။ ဒီလူက အရိုးထဲအထိကို ပုပ်ဆွေးနေပြီ”

“ဟေ့ လူအိုကြီး၊ ခင်ဗျားစကားကို ကြည့်ပြောနော်”

ဟိဒေယကီက လျှောက်လမ်းကနေ အရှေ့ကို တိုးလာပြီး ဦးလေးကို စိုက်ကြည့်နေတယ်။ ဦးလေးက အရပ်ပုပြီး ဟိဒေယကီက အရပ်ရှည်လွန်းတော့ သူတို့နှစ်ယောက်ကြားထဲမှာ အရပ်ကွာဟချက်က နှစ်ဆယ့်ငါး စင်တီမီတာလောက် နီးပါး ရှိနေတယ်။ ဒီတော့ ကျွန်မ ဦးလေးက ဟိဒေယကီကို ပြန်စိုက်ကြည့်နေတယ် ဆိုရင်တောင်မှ ကံမကောင်းစွာနဲ့ပဲ ပြန်ကြည့်လိုက်တဲ့ အကျိုးသက်ရောက်မှုက ကန့်သတ်ခံထားရသလို ဖြစ်နေတော့တာပေါ့။

“တစ်ခုခု ဖြစ်နေလို့လား”

ညအိပ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်က တိုက်ခန်းထဲကနေ အပြင်ကို ခေါင်းပြူကြည့်ပြီးတော့ ထွက်မေးတယ်။ သူက ဟိဒေယကီ စေ့စပ်ထားတဲ့ အမျိုးသမီး မိုယန်နို။

အခြေအနေတွေက ဆိုးဝါးလှတဲ့ အခြေအနေကနေ ပိုဆိုးဝါးတဲ့ အခြေအနေဆီကို ရောက်သွားတော့တယ်။ ဒီအရှေ့မှာ ရပ်နေရတာကလည်း ရှက်ရွံ့စရာ၊ မခံဝံ့စရာ ဆိုပေမယ့်လို့ အခုမှတော့ နောက်ပြန်ထွက်ဖို့လည်း လမ်းမရှိ တော့ဘူးလေ။

“တာကကိုလား” လို့ မိုယန်နိုက မေးတယ်။ သူက ကျွန်မကို သတိထားမိသွားတော့ မျက်ခုံးပင့်သွားပြီး “ကိုယ်ကျိုးနည်း ဘာတွေ ဖြစ်လာတာလဲ၊ နင့်တစ်ကိုယ်လုံးလည်း စိုရွှဲလို့ပါလား” လို့ ပြောတယ်။

“သူက ဘယ်နေရာကနေမှန်း မသိဘဲ ရောက်ချလာတာ၊ ဟုတ်တယ်မလား တာကကို။ နင် ရူးများသွားပြီလား။ ညကြီးသန်းခေါင်ကျမှ ဒီအဘိုးကြီးကို ခေါ်လာပြီး ပေါ်လာတာ၊ နင် ဘာတွေကိုများ တွေးနေတာလဲ”

“သူ့ကို ပြောပြလိုက် တာကကို”

“အမ်….”

ထိတ်လန့်ကြောက်ရွံ့စွာနဲ့ပဲ ကျွန်မ ကြည့်လိုက်တော့ အားလုံးက ကျွန်မကို စိုက်ကြည့်နေတာကို တွေ့လိုက် ရတယ်။

ဒီနေရာမှာ ကျွန်မ ဘယ်လိုမျိုး အဆုံးသတ်ရမှာပါလိမ့်။

သူတို့ရဲ့ အကြည့်တွေက စူးရှစိုက်ဝင်နေသလို ကျွန်မ ခံစားနေရတယ်။ မီးခိုးငွေ့လိုမျိုး ကျွန်မ ပျောက်ကွယ် သွားချင်မိတာ။ သူတို့အားလုံးကတော့ တိတ်ဆိတ်စွာနဲ့ပဲ ကျွန်မဆီကနေ တစ်ခုခု ပြောထွက်လာဖို့ စောင့်ဆိုင်းနေကြလို့။ ကျွန်မရဲ့ဦးနှောက်ထဲမှာ အခုဖြစ်နေတဲ့ အခြေအနေကို တနည်းနည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားစေမယ့် အရာ တစ်ခုခုကို ကျွန်မ အိတ်သွန်ဖာမှောက် ရှာဖွေနေမိတယ်။

ဒီအနားကို ကျွန်မ ဒီအတိုင်းပဲ ရောက်လာပြီး ဝင်တွေ့တာလို့ပဲ ပြောရမလား ... ကျွန်မ သူ့ကို ငှားထားတဲ့ စာအုပ် တစ်အုပ်ကို ပြန်လာတောင်းတာလို့ပဲ ပြောရမလား … ရှင်တို့ စေ့စပ်ထားတာကို ဂုဏ်ပြုချင်လို့ပဲ ပြောရမလား … မဟုတ် သေးပါဘူး။ ဒါတွေအားလုံးက မဟုတ်တာတွေချည်းပဲ။ ကျွန်မ တကယ် ပြောချင်တာက လုံးဝကို တခြား အကြောင်း တစ်ခုပဲ။ ဘာဖြစ်လို့ ကျွန်မ ဒီနေရာကို ရောက်လာတာလဲ။ ကျွန်မရဲ့ ရင်ထဲကနေ တစ်ခုခုကို ထုတ်ပစ်ဖို့အတွက် မဟုတ်လား။ တကယ်လို့သာ ကျွန်မက သူတို့ ကြားချင်တဲ့အရာကိုပဲ ပြောခဲ့မယ်ဆိုရင် ဒါကလည်း ဘာကိုမှ ပြင်ဆင် ပေးနိုင်မှာ မဟုတ်ဘူးလေ။

ကျွန်မရဲ့ နှလုံးသားကို အားတင်းထားဖို့ ကျွန်မဘာသာ ပြန်ပြောမိတယ်။

“ကျွန်မ ...”

အားလုံးရဲ့ အာရုံက ကျွန်မရဲ့ နှုတ်ဖျားအပေါ်မှာပဲ အာရုံစိုက်ထားကြတယ်။ အသက်ပြင်းပြင်းတစ်ချက် ကျွန်မ ရှူသွင်းလိုက်တယ်။ ဦးလေးကလည်း ကျွန်မကို အားပေးတဲ့သဘောမျိုးနဲ့ ကြည့်နေလို့။ ကျွန်မရဲ့ မျက်လုံးထဲမှာက မျက်ရည်တွေ ဝေ့တတ်လာတယ်။ ဒီအခိုက်အတန့်မှာပဲ ကျွန်မရဲ့ ရင်ထဲမှာ စုဖွဲ့နေတဲ့ စိတ်ခံစားချက်တွေ အားလုံးက အပေါ်ဘက်ကို မြင့်တတ်လာတယ် ဆိုတာကို ကျွန်မ ခံစားမိတယ်။ စဉ်းစားနေစရာတောင် အချိန်မလိုပါဘူး၊ ရုတ်တရက် ဆိုသလိုပဲ စကားလုံးတွေက ကျွန်မရဲ့ နှုတ်ကနေ ရေစီးကြောင်း တစ်ခုသဖွယ် စကားလုံးတွေက ထွက်ကျလာတော့တယ်။

“ကျွန်မ ဒီကို လာခဲ့ရတာက ဘာလို့လဲ ဆိုတော့ ရှင် ကျွန်မကို ပြန်တောင်းပန်စေချင်လို့ပဲ။ ရှင်ကတော့ ဒီ အတိုင်း အရူးလုပ်၊ ကစားသွားတာမျိုး ဖြစ်ကောင်းဖြစ်မှာပေါ့၊ ဒါပေမဲ့ ကျွန်မအတွက်တော့ ဒီလိုမျိုး မဟုတ်ခဲ့ဘူးရှင့်။ ကျွန်မ ရှင့်ကို တကယ်ချစ်ခဲ့ရတာ။ ကျွန်မလည်း လူသားတစ်ယောက်ပါပဲ။ ကျွန်မမှာလည်း စိတ်ခံစားချက်တွေ ရှိပါတယ်။ ရှင်ကတော့ ကျွန်မကို ကြည့်ပြီး ရှင် အခွင့်ကောင်း ယူလို့ရတဲ့ မိန်းမတစ်ယောက်မျှသာလို့ပဲ မြင်ကောင်းမြင်ပါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်မလည်း စဉ်းစားတတ်ပါတယ်၊ အသက်ရှူတတ်ပါတယ်၊ ငိုကြွေးတတ်ပါတယ်။ ရှင် ဘယ်လောက်တောင် ကျွန်မကို ထိခိုက်စေခဲ့တယ် ဆိုတာကိုရော သိရဲ့လား။ ကျွန်မ … ကျွန်မ …”

ဒါတွေ ပြောအပြီးမှာတော့ ကျွန်မ ဆက်ပြောစရာ စကားလုံးတွေ ရှာမရတော့ဘူး။ ခေါင်းကနေ ခြေအထိလည်း ကျွန်မတစ်ကိုယ်လုံး မိုးရေတွေ၊ ကျဆင်းနေတဲ့ မျက်ရည်တွေ၊ နှာရည်တွေနဲ့ ရွှဲရွှဲစိုလို့ပေါ့။ ဒါပေမဲ့ ဒီလောက် အချိန်အကြာ ကြီး ကြာခဲ့ပြီးတဲ့ နောက်မှာတော့ သူနဲ့ စားသောက်ဆိုင်မှာ တွေ့ခဲ့ကြတဲ့ညတုန်းက ကျွန်မ ပြောဆိုချင်ခဲ့တဲ့ အရာတွေ အားလုံးကို နောက်ဆုံးမှာတော့ ကျွန်မ ထုတ်ပြောဆိုနိုင်သွားခဲ့ပြီလေ။

“ပြောတာ ကောင်းတယ် တာကကို” လို့ ဦးလေးက ပြောပြီး သူ့လက်တွေနဲ့ ကျွန်မကို သိုင်းဖက်လို့ သူ့အနားကို ခပ်တင်းတင်း ဆွဲဖက်ထားတော့တယ်။

“ဒီတော့ မင်း ဘာလုပ်မှာလဲ။ သူက မင်းကို သူ ဘယ်လောက်ခံစားခဲ့ရကြောင်း ရိုးသားပွင့်လင်းစွာ ပြောပြီးပြီ လေ။ မင်း တစ်ခုခု ပြောစမ်း”

ဟိဒေယကီကတော့ အချိန်အကြာကြီး ဘာတစ်လုံးမျှ မပြောဘဲ ခေါင်းငိုက်စိုက်ကျလျက်သား။ နောက်ဆုံး မှာတော့ သူက ခပ်တိုးတိုး ရေရွတ်ပြောတယ်။ “ဒါက အဓိပ္ပာယ် မရှိတာပဲ။ ခင်ဗျားတို့လို ဘာမျှ လုပ်စရာ မရှိတဲ့ သူမျိုး တွေနဲ့လည်း ပြောဆိုနေဖို့ ကျုပ်မှာ အချိန် မရှိဘူး။ ကျုပ် အိပ်ရာဝင်တော့မယ်။ ခင်ဗျားတို့ ကျုပ်ကို ရဲမခေါ်စေချင် ဘူးဆိုရင် ခင်ဗျားတို့ အိမ်ကို ပြန်တာ ပိုကောင်းလိမ့်မယ်”

သူက ဒီလိုပြောပြီးတော့ တိတ်တဆိတ်နဲ့ပဲ တံခါးကို ပိတ်သွားတော့တယ်။ အတွင်းဘက်က တံခါး လော့ချသံကို ကျွန်မတို့ ကြားလိုက်ရတယ်။ ဒီနောက်မှာတော့ အိမ်အထဲဘက်မှာလည်း တိတ်ဆိတ်သွားတော့တယ်။”

“ဟေ့”

ဦးလေးက တံခါးကို နွားရိုင်းသတ်သမား တစ်ယောက်လိုမျိုး ပြင်းထန်တဲ့ အကြည့်နဲ့ စိုက်ကြည့်နေလို့။ ပြီးတော့ တံခါးကို လက်သီးနဲ့ ဒုန်းခနဲ အကျယ်ကြီး ထုလိုက်တယ်။ ကျွန်မက အနောက်ကနေ သူ့ကို အမြန် ဆွဲထားလိုက်ရတယ်။

“တော်လောက်ပါပြီ ဦးလေးရယ်”

“ဒါပေမဲ့ တာကကို …”

“ဒါက လုံလောက်ပါပြီ။ တကယ်ပါ။ သမီး နေလို့ ပိုကောင်းသွားပါပြီ။ အခုအချိန် မတိုင်ခင်အထိ သမီး ဘဝ တစ်ခုလုံးမှာ ခံစားခဲ့ရတာတွေထက်တောင် အခု ပိုလို့ ကောင်းသွားပါပြီ။ ဒါက အံ့အားသင့်စရာပဲ။ အခုက သမီးကိုယ်တိုင် အသံထွက်ပြီး တခြားတစ်ယောက်ယောက်ကို သမီး တကယ် ဘယ်လိုခံစားနေရတယ် ဆိုတာကို ပြောဆိုဖူးတဲ့ ပထမဆုံး အကြိမ် ဖြစ်မလားပဲ” လို့ ကျွန်မက ဒီလို ပြောဆိုနေရင်းနဲ့၊ ကျွန်မရဲ့ မျက်နှာမှာလည်း မျက်ရည်တွေ၊ နှာရည်တွေ ကျနေ လျက်သားနဲ့ ဦးလေးကို ကြည့်ပြီး ရယ်လိုက်မိတယ်။

“သမီးက ဒီလိုဆိုတော့လည်း တာကကိုရယ် …” လို့ ဦးလေးက ညည်းတယ်။ သူက နည်းနည်းတော့ စိတ်မကျေနပ် သေးတဲ့ပုံစံ။

“အခု တကယ်ကို အဆင်ပြေပါပြီ”

“ဒါဆိုလည်း အိမ်ပြန်ကြစို့လေ၊ ပြန်ကြမလား။ ခုလိုပုံမျိုးနဲ့သာဆို ဦးလေးတို့ နှစ်ယောက်စလုံး အအေးပတ်တော့မယ်”

တံခါးဘက်ကို မျက်နှာမူလို့ ဒီနေရာကို နောက်ဆုံးအကြိမ် နှုတ်ဆက်စကား ကျွန်မပြောလိုက်ပြီး အကုန်လုံးကို နောက်ချန်ထားလို့ ကျွန်မ ထွက်လာခဲ့လိုက်တော့တယ်။

အိမ်အပြန် တက္ကစီပေါ်မှာတော့ ကျွန်မတို့ စကားတစ်လုံးမျှ ထပ်မပြောကြတော့ဘူး။ ဦးလေးလည်း သူ့ရဲ့ အားအင်တွေ အကုန်လုံး ကုန်ခမ်းသွားလို့ အနောက်ဘက်က ထိုင်ခုံမှာ ပစ်လှဲလျက်သား လိုက်လာတယ်။ ကျွန်မက သူ့ နံဘေး မှာ။ ကျွန်မ ခံစားနေခဲ့ရတဲ့ စိတ်ဖိစီးမှုတွေ အားလုံးကနေ နောက်ဆုံးမှာ လွတ်မြောက်သွားလို့ ကိုယ့်အတွေးနဲ့ကိုယ် နစ်မြော လျက်သားပေါ့။

ဒါတွေက ဟိဒေယကီရဲ့ အပြစ်ချည်းပဲ လုံးလုံးတော့လည်း မဟုတ်ပါဘူး။ အစကတည်းကလည်း ဒါကို ကျွန်မ သိခဲ့ သားပဲ။ ဒီလို ဖြစ်ခဲ့ရတာတွေအတွက် ကျွန်မကလည်း တဝက် အပြစ်တင်ခံရမယ့်သူပဲ။ ဒီလို အခြေအနေမျိုးတွေ ဖြစ်လာအောင် မလုပ်ချင်တဲ့ ကျွန်မရဲ့ စိတ်ဆန္ဒ ချို့တဲ့မှု၊ ကျွန်မရဲ့ ဂရုမစိုက်တတ်မှုတွေကြောင့်လည်း ပါပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်နေနေ ကျွန်မ ခံစားနေရတာကိုတော့ ကျွန်မ ထုတ်ပြောပြဖို့ လိုအပ်ခဲ့ရုံမျှသာပါပဲ။ တစ်ယောက်ယောက်ကများ ကျွန်မက တစ်ကိုယ်ကောင်း ဆန်ခဲ့တယ်လို့ ဆိုလာခဲ့မယ် ဆိုရင်လည်း ကျွန်မက ကျွန်မ တွေးမိတာကိုတော့ မျှဝေပြောဆိုဖို့ လိုတာပဲမလား။ ဒီလိုမျိုး လုပ်ဆောင်ဖို့ တအား ခွန်အားနည်းနေခဲ့တဲ့ အတွက် ကြောင့်သာ တချိန်လုံး ကျွန်မ ခံစားနေခဲ့ရတာ။ ဟိဒေယကီကတော့ သူ့မှာ ဘာအပြစ်မှ အတင်ခံရစရာ အကြောင်း မရှိဘူးလို့ ယုံကြည်နေတာမျိုး၊ ကျွန်မရဲ့ တုံ့ပြန်မှုကြောင့် မျှော်လင့်မထားသလို အံ့အားသင့်သွားတာမျိုးလည်း ဖြစ်ကောင်း ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ကျွန်မကတော့ သူ့ကို ကျွန်မ ဘာတွေခံစားနေရတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ လိုအပ် နေခဲ့ဆဲပဲလေ။ ဒီလိုမှ မပြောခဲ့ဘူးဆိုရင်လည်း ကျွန်မ ရှေ့ဆက်နိုင်တော့မှာ မဟုတ်ဘူး။ အချိန်တွေ ဘယ်လောက် ကြာသွားသွား ဒီနေရာမှာပဲ ကျွန်မက ပိတ်မိနေဆဲ ဖြစ်နေခဲ့မှာပဲ။ ဦးလေးကသာ ကျွန်မကို ဒီလို အခွင့်အရေးမျိုး မပေး ခဲ့ဘူးဆိုရင် ဒီစိတ်ခံစားချက်တွေကို တချိန်လုံး ထာဝရ ဖက်တွယ်ပြီး ကျန်ရစ်နေခဲ့ရမှာပဲ။

ဦးလေး ဒီလို တွန်းအားပေးခဲ့တာအတွက် ကျွန်မ ဘယ်လောက်တောင် ဝမ်းမြောက်မိကြောင်း ကြိုးစားဖော်ပြဖို့ ကျွန်မရင်ထဲမှာ စကားလုံးတွေကို စီစဉ်ကြည့်မိတယ်။ ဒါပေမဲ့ တစ်လုံးမျှ ထွက်မလာဘူး။ နောက်ဆုံးမှာ ကျွန်မဆီကနေ ထွက်လာတာကလည်း စကားလုံး တစ်လုံးတည်းသာမျှပဲ။ ဒီစကားလုံးပဲ ကျွန်မက ရိုးသားစွာနဲ့ သူ့ကို ပြောလိုက်မိတယ်။

“ကျေးဇူးတင်ပါတယ် ...”

ဦးလေးက ပြုံးလိုက်ပြီး သူ့အနားပိုကပ်ရအောင် ကျွန်မကို ပုခုံးကနေ ဆွဲဖက်လိုက်တယ်။ ကျွန်မ ခန္ဓာကိုယ်နဲ့ ကပ်လျက်သား သူ့ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်နဲ့ ကျွန်မရင်ထဲက နက်နက်ရှိုင်းရှိုင်း တစ်နေရာရာမှာ စိတ်သက်သာရာရသွားမှု လှိုင်းလုံးတစ်လုံးကို ကျွန်မ ခံစားနေရတယ်။

ကျွန်မမှာ ကာကွယ်ပေးမယ့်သူ ရှိတယ်။ ကျွန်မနဲ့ ပတ်သက်ပြီး စိုးရိမ်ပေးမယ့်သူ၊ ကျွန်မဆီမှာ ဖြစ်ပျက်သမျှ အရာတွေက သူ့ဆီမှာလည်း လာဖြစ်ပျက်သလိုမျိုး စိတ်ဆိုး ဒေါသထွက်ပေးမယ့်သူ တစ်ယောက်ယောက် ရှိနေတယ်လေ။

အချိန်အကြာကြီးပါပဲ၊ ဒီလို ကမ္ဘာအကြီးကြီးထဲမှာ ကျွန်မ တစ်ယောက်တည်း တစ်ကိုယ်တည်း အထီးကျန်စွာ ရှိနေသလိုမျိုး ကိုယ့်ဘာသာ ခံစားခဲ့ရတာ။ ဒါပေမဲ့ ဒီတချိန်လုံးမှာပဲ အနီးအနားမှာ ရှိနေတဲ့သူ၊ ကျွန်မ အကြောင်း တွေးပေးတဲ့သူ၊ ကျွန်မကို ကာကွယ်စောင့်ရှောက်ပေးမယ့်သူ တစ်ယောက်ယောက် ရှိနေခဲ့တာ။ ဒါက ကျွန်မကို အလွန့် အလွန် ပျော်ရွှင်စေတာပဲ။

ကျွန်မတို့ စီးနင်းလာတဲ့ တက္ကစီကတော့ မိုးရေတွေ စိုရွှဲနေတဲ့၊ နီယွန်မီးရောင်တွေ ထိန်လင်းနေတဲ့ မြို့ကို ဖြတ်လို့ တိတ်ဆိတ်စွာနဲ့ပဲ မောင်းနှင်နေတော့တယ်။

༄˖°.☕️.ೃ࿔📚*:・


 

ဒါတွေ ဖြစ်ပြီးသွားခဲ့တဲ့ နောက်မှာတော့ စာအုပ်ဆိုင်ကနေ ကျွန်မ ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထူးဆန်း တယ်လို့တော့ ထင်ကောင်းထင်ကြပါလိမ့်မယ်၊ ဒါပေမဲ့ ဒီအဖြစ်က ကျွန်မကို လိုအပ်နေတဲ့ အင်အားကို ပေးလိုက်တာပါပဲ။ ကျွန်မရဲ့ပြဿနာတွေ အားလုံးလည်း ပျောက်ကွယ်သွားပြီး ကျွန်မလည်း နေလို့ထိုင်လို့ ကောင်းနေတယ်။ နောက်ဆုံး မှာတော့ ကျွန်မ ထွက်ခွာဖို့အတွက် အသင့် ဖြစ်နေခဲ့ပါပြီ။

မတ်လထဲမှာ စတင်ပြီး နေထိုင်နိုင်တဲ့ နေရာအသစ်တစ်ခုကိုလည်း ကျွန်မ ရှာတွေ့ထားတယ်။ ဒီနေရာက ဆိုင်နဲ့တော့ အတော်ဝေးလှတဲ့ နေရာမှာ၊ ဒါပေမဲ့ ဒါကပဲ ကျွန်မ အကောင်းဆုံး လုပ်ဆောင်နိုင်တာပဲ။ ရှေ့ဆက်ပြီး ကျွန်မ ဘာတွေကို လုပ်ဆောင်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မမှာ မေးခွန်းပေါင်း မြောက်မြားစွာ ရှိနေဆဲပါပဲ။ အခုလို ထွက်သွားတော့မယ့် အချိန်မှာပဲ ကျွန်မရဲ့ အရင် အလုပ်ဟောင်းကနေ တဆင့် သိထားတဲ့ ဒီဇိုင်းကုမ္ပဏီလေး တစ်ခုမှာ အချိန်ပိုင်းနေရာတစ်ခု ရလိုက်တယ်။

ဦးလေးကို ကျွန်မ ထွက်သွားဖို့အတွက် ရည်ရွယ်ထားတယ် ဆိုတဲ့ အကြောင်းကို ပြောပြလိုက်တော့ သူက အတော် အံ့အားသင့်သွားတဲ့ ပုံပဲ။ “သမီး ဘာဆုံးဖြတ်ချက်ကိုမှ အလျင်စလို ဆုံးဖြတ်နေစရာ မလိုပါဘူး” လို့ သူက အထိတ်တလန့် ဖြစ်သွားတဲ့ ပုံမျိုးနဲ့ ပြောတယ်။

ဒါပေမဲ့ ကျွန်မက ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနေပြီ။

“သမီးဘဝမှာ အခုလို ကြုံတွေ့ခဲ့ရတဲ့ အားလပ်ရက် အချိန်လေးကို နောက်အချိန် အကြာကြီး အထိတိုင်အောင် သမီး ပြန်တွေးပြီး ကြည်နူးနေရမှာပဲ။ အခုအချိန်မှာ သမီးနဲ့ သက်ဆိုင်တဲ့ နေရာတစ်ခုကို သမီး သွားပြီး မရှာဖွေခဲ့ဘူး ဆိုရင် ဒီနေရာကို နောက်လည်း ဘယ်တော့မှ မရှာဖွေနိုင်တော့တာမျိုးနဲ့ အဆုံးသတ်သွားလိမ့်မယ် ထင်တယ်”

ဦးလေးက ကျွန်မ ပြောတာကို နားထောင်နေတယ်။ ဒါပေမဲ့ သူက ဘာတစ်လုံးမျှ ပြန်မပြောဘူး။

နေရာအသစ်ကို မပြောင်းရွေ့ခင် တစ်လအလိုမှာ မိုရီဆာကီစာအုပ်ဆိုင်က ကျွန်မရဲ့ နောက်ဆုံးနေ့ရက်တွေကို တန်ဖိုးထားပြီးတော့ ဖြတ်သန်းတယ်။ ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်တယ်၊ ပြီးတော့ အားလပ်ချိန်တွေမှာ စာအုပ်တွေ အများကြီး ဖတ်တယ်။ ပြီးတော့ ကျေးဇူးတင်တဲ့အနေနဲ့ရော၊ ဒုတိယအထပ်ကိုပါ နှိုက်နှိုက်ချွတ်ချွတ် သန့်ရှင်းရေး သေချာလုပ်တယ်။ ရောက်ခါစနေ့တုန်းက အခန်းအလွတ်ထဲမှာ ကျွန်မ ဖြစ်သလိုမျိုး သွားစုပုံထားခဲ့တဲ့ စာအုပ်စုစည်းမှုတွေကိုတောင် သေချာ ဂရုတစိုက် ပြန်ပြီးတော့ စီပေးလိုက်တယ်။

ဆိုင်မှာ လာဝယ်နေကျသူတွေကိုရော၊ ဆေ့ဗွာဆိုင်က အားလုံးကိုရော ကျွန်မ သွားတော့မယ် ဆိုတဲ့အကြောင်း ကိုလည်း အသိပေးထားတယ်။ သူတို့အားလုံးကလည်း ကျွန်မ သွားမယ်ဆိုတော့ စိတ်မကောင်းကြဘူး။ သူတို့က ကျွန်မ အပေါ်မှာ ဒီလောက်အထိ ဂရုစိုက်တယ်ဆိုတာကို သိရတော့ ငိုလုမတတ်ပဲ။ ဆဘူဆိုရင် ကျွန်မက သူ့ရဲ့ သားကို ယူပြီး သူ့မိသားစုနဲ့ အတူတူနေဖို့တောင် ပြောသေးတယ်။ သူ့ပုံစံကလည်း သူ့ရဲ့ သားကို ဒီကို တကယ်ခေါ်လာပြီးတော့ ကျွန်မတို့ နှစ်ယောက်ကို နေရာချထားပေးတော့မယ့် ပုံစံ။

တာကနိုနဲ့ တိုမိုတို့ နှစ်ယောက်ကတော့ ကျွန်မအတွက် နှုတ်ဆက်ပါတီပွဲလေး လုပ်ပေးကြတယ်။ ဒုတိယအထပ် က ကျွန်မရဲ့ အခန်းလေးထဲမှာပဲ ဟော့ပေါ့ ဝိုင်းဖွဲ့စားသောက်ကြရင်း ညဉ့်အတော်နက်လာတဲ့အထိ ပွဲလေးလုပ်တာမျိုးပါပဲ။ တိုမိုက သူ့ရဲ့ စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်း ဒီအနီးအနားမှာ မရှိတော့တာက သူ ဘယ်လောက်တောင် ဝမ်းနည်းတပန်း ဖြစ်ရတယ်ဆိုပြီးတော့ ကျွန်မကို ပြောတယ်။ “နောက်နှစ်ပေါ့” လို့ သူက ဆိုတယ်။ “စာအုပ်ပွဲတော်ကို အတူတူ နောက်တစ်ခါ သွားကြဦးစို့လေ၊ သွားမယ်မလား”

အဲဒီညမှာပဲ တာကနိုက ကျွန်မကို ခပ်တိုးတိုး ကပ်ပြောသွားသေးတယ်။ အရင်ရက်တွေတုန်းက တိုမိုကို ရှိဘုယ မှာ ရုပ်ရှင်ကြည့်ဖို့အတွက် သူ ခေါ်သွားတယ် ဆိုတဲ့အကြောင်း။ အခုအချိန်အထိတော့ သူတို့နှစ်ယောက်က စုံတွဲပုံ မပေါ် သေးဘူး။ ဒါပေမဲ့ တာကနို အစပြုလိုက်တဲ့ နေရာကနေ ကြည့်မယ်ဆိုရင်တော့ ဒါက အတော်ကြီးကို တိုးတက်လာတဲ့ပုံပဲ။ ဒီလိုကြားရတော့ ကျွန်မ တအားပျော်ရွှင်သွားတယ်။ သူ့ကိုတောင် “ဟုတ်လှချည်လား” လို့ ကျွန်မ ပြောမိသွားပြီး သူ့ကျောကုန်း ပိန်ပိန်ကိုတောင် ကျွန်မ တတ်နိုင်သလောက် အားနဲ့ ရိုက်ချမိသွားတယ်။

ဒါပြီးတဲ့နောက်မှာတော့ မမျှော်လင့်ထားစွာနဲ့ပဲ ဟိဒေယကီ စေ့စပ်ထားတဲ့ ကောင်မလေး မိုယန်နိုက ကျွန်မကို ဆက်သွယ်လာတယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း ကော်ဖီဆိုင်တစ်ဆိုင်မှာ စကားပြောဖို့ ဆုံလိုက်ကြတယ်။ ကျွန်မရဲ့ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုက အဲဒီနေ့ညက ကျွန်မတို့တတွေ သူ့အပေါ်မှာလည်း အတော်ဆိုးဆိုးကို ရိုင်းပျသလိုမျိုး ဖြစ်သွားမှာကိုပဲ။ ကျွန်မတို့ တွေ့ဖို့အတွက် ချိန်းဆိုထားတဲ့ နေရာကို ဦးတည်သွားနေတဲ့ အချိန်မှာ အရိုးသားဆုံး ဝန်ချ တောင်းပန်ဖို့ အတွက်လည်း ပြင်ဆင်ထားရင်းနဲ့ပေါ့။ ဒါပေမဲ့ ကျွန်မတို့ မျက်နှာချင်းဆိုင် ဆုံမိကြတာနဲ့ တပြိုင်နက် တည်းမှာ သူကပဲ အလေးအနက် ဦးညွှတ်ပြီး ကျွန်မကို တောင်းပန်တဲ့သူ ဖြစ်နေတယ်။ ဟိဒေယကီရဲ့ အပြုအမူတွေ အပေါ်မှာ အစောကတည်းက သူ သံသယ ရှိခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီနေ့ ညမှာတော့ ပုံမှန်အခြေအနေ မဟုတ်ဘဲ ကျွန်မ ကို တွေ့လိုက်ရပြီးတဲ့ နောက်မှာတော့ အရာအားလုံးက သူ့အတွက် ရှင်းလင်းသွားကြောင်း သူက ဆိုတယ်။ နောက်ဆုံးမှာ ဟိဒေယကီ ဝန်ခံလာတဲ့အထိ သူက ထပ်ကာတလဲလဲ မေးခွန်းထုတ်ခဲ့တယ်တဲ့။ အဲဒီနေ့ည မတိုင်ခင်အထိတော့ တခြား မိန်းမ တစ်ယောက်က ကျွန်မ ဖြစ်နေမယ် ဆိုတာကို သူ ဘယ်တော့မှ ခန့်မှန်းမိလိမ့်မှာ မဟုတ်ဘူးလို့လည်း သူက ပြောတယ်။

ကျွန်မလည်း စိတ်အားထက်သန်စွာနဲ့ပဲ သူ့ကို ပြန်ပြီး တောင်းပန်ဖို့ ကြိုးစားရတယ်။ “ငါကလည်း အပြစ်တင်ရမယ့်သူ ပါပဲ” လို့ ကျွန်မက ပြောတော့ သူက ခေါင်းခါတယ်။ အခုတော့ လက်ထပ်ပွဲကိုလည်း ဖျက်သိမ်း လိုက်ပြီ လို့ သူက ပြောတယ်။ ဒါကို ကျွန်မ ကြားရတော့ အလျင်စလို နောက်တစ်ခါ ထပ်တောင်းပန်မိတယ်။ ဒါပေမဲ့ သူကတော့ ခပ်တင်းတင်းပဲ “ဒါက နင့်အပြစ် မဟုတ်ပါဘူး တာကကို” လို့ ပြောတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အပြစ်ရှိတယ် ဆိုတဲ့ စိတ်ခံစားချက်က ကျွန်မရင်ထဲမှာ ဆက်ရှိနေဆဲပဲ။ နောက်တစ်ရက် မှာတော့ ဦးလေးကို ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို ကျွန်မ ပြန်ပြောပြတော့ ဦးလေးက ပြောတယ်။ “သူ မှန်ပါတယ်။ သူတို့ လက်ထပ်ပြီးမှ၊ တအားနောက်ကျလွန်းသွားတဲ့ အချိန်မှ သိရတာထက်စာရင် အခုလို သိလိုက်ရတာက ပိုမကောင်း ဘူးလား” တဲ့။ ဟိဒေယကီကို ဦးလေးက ချဉ်နေလို့ ကျွန်မဘက်ကို ဘက်လိုက်ပြီး ပြောတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ ဦးလေး ပြောတာလည်း ဟုတ်တယ် ဆိုတာကို ကျွန်မ သိသွားတော့ ကျွန်မရဲ့ ပုခုံးပေါ်ကနေ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလိုမျိုး ခံစားလိုက်ရတယ်။

ကျွန်မရဲ့ နောက်ဆုံးနေ့ညကို စာအုပ်ဆိုင်မှာပဲ ဦးလေးနဲ့ ကျွန်မနဲ့ အတူတူ ကုန်ဆုံးခဲ့ပါတယ်။ ဒုတိယထပ် ဝရန်တာမှာ ကော်ဖီ အတူတူ သောက်ရင်း နက်မှောင်နေတဲ့ ဆောင်းရာသီ မိုးကောင်းကင်ကြီးကို မော့ကြည့်ကြရင်းနဲ့ပေါ့။

စာအုပ်ဆိုင်က ကျွန်မရဲ့ နေ့ရက်တွေကို အမှတ်ရနေစေဖို့အတွက် ဦးလေးက စာအုပ်အဟောင်း အထုပ်ကြီး တစ်ထုပ် ပေးတယ်။ ဒီစာအုပ်တွေအားလုံးက သူ ငယ်ရွယ်စဉ် အချိန်တုန်းက သူ့အပေါ်မှာ လေးလေးနက်နက် လွှမ်းမိုး နိုင်တဲ့ စာအုပ်တွေလို့လည်း သူက ဆိုတယ်။ ဒီစာအုပ်ထုပ် အလေးကြီး ထဲကို ချောင်းကြည့်လိုက်တော့ ဦးလေးက တကယ့်ကို အလေးအနက်ထားရတဲ့ စာရေးဆရာတွေ ဖြစ်တဲ့ တာကဲ့ဟိခို ဖူခုနာဂနဲ့ ကူဇုအိုဇကီ14 တို့လို စာရေး ဆရာတွေရဲ့ စာအုပ်တွေပါ ထည့်ထားတာကို ကျွန်မ တွေ့လိုက်ရတယ်။

ကျွန်မတို့ရဲ့ နောက်ဆုံးညကို စိတ်သက်တောင့်သက်သာ ဖြစ်စွာနဲ့ ကုန်ဆုံးခဲ့တယ်လို့ ခံစားရစေတဲ့ နောက် အချက် တစ်ချက်လည်း ရှိသေးတယ်။ ဒီတုန်းက ဦးလေး ကျွန်မကို ပြောလိုက်တဲ့ စကားကို ကျွန်မ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ပါဘူး။

“ဦးလေးကို သမီး ကတိပေးစေချင်တာ တစ်ခု ရှိတယ်” လို့ အစပျိုးတဲ့ သဘောနဲ့ သူက အရင်စပြောတယ်။ ပြီးတော့မှ ထပ်ပြီး “တစ်ယောက်ယောက်ကို ချစ်မြတ်နိုးဖို့အတွက် ဘယ်တော့မှ မကြောက်ရွံ့နေနဲ့နော်။ သမီး ချစ်ကျွမ်း ဝင်မိသွားတဲ့ အချိန်ကျရင်လည်း စိတ်ရောကိုယ်ပါ ချစ်ကျွမ်းဝင်သွားစေချင်မိတယ်။ နောက်ဆုံးမှာ အသည်းကွဲမှုတွေနဲ့ အဆုံးသတ်ရမယ် ဆိုရင်တောင်မှ ချစ်ခြင်းမေတ္တာ မရှိတဲ့ အထီးကျန်ဘဝမှာတော့ ကျေးဇူးပြုပြီး မနေပါနဲ့။ သမီးမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် ချစ်ကျွမ်းဝင်ရမှာကို သမီး လက်လျော့လိုက်မှာကို ဦးလေး အတော်လေး စိုးရိမ်မိတယ်။ ချစ်ခြင်းမေတ္တာက အံ့အားသင့်ဖွယ်ရာ ကောင်းပါတယ်။ ဒါကို သမီး မမေ့ပစ်စေချင်ဘူး။ သမီး ရှင်သန်နေသမျှ ကာလ ပတ်လုံး ဒီချစ်ခြင်းမေတ္တာတွေက သမီးရဲ့ နှလုံးသားကို ဆက်လက်နွေးထွေးနေစေလိမ့်မှာပဲ။ ဦးလေးလို အသက်အရွယ် ကြီးမြင့် လာတဲ့ အခါမှာ သမီး နားလည်လာပါလိမ့်မယ်။ ကဲ ဘယ်လိုလဲ - ဒါကို သမီး ဦးလေးကို ကတိပေးနိုင်မလား”

“သမီး နားလည်ပါတယ်၊ ကတိပေးပါတယ်” လို့ ကျွန်မက ပြန်ပြောလိုက်တယ်။ “ဒီစာအုပ်ဆိုင်လေးက သမီးကို ဒီအချက်ကို သင်ကြားပေးလိုက်တယ်လို့ ထင်တယ်။ ဒီတော့ ဦးလေး စိုးရိမ်သောက ရောက်နေစရာ မလိုပါဘူး”

“ဒီလိုဖြင့် သမီး အဆင်ပြေမှာပါ၊ ဘယ်နေရာကိုပဲ သမီးရောက်နေနေ ကိစ္စ မရှိပါဘူး”

“ကျေးဇူးတင်ပါတယ် ဦးလေး”

ကျွန်မ ထွက်ခွာမယ့်နေ့မှာတော့ မနက်ခင်း အလင်းရောင်ထဲမှာ ရပ်လို့၊ မိုရီဆာကီ စာအုပ်ဆိုင်လေးကို ကျွန်မ စိုက်ကြည့်နေမိတယ်။ ဒီလောက်တောင် သေးငယ်လှတဲ့ သစ်သား အဆောက်အဦလေးပါလားပေါ့။ ကျွန်မ ဒီနေရာမှာ နေထိုင်ခဲ့တယ် ဆိုတာကို ကျွန်မဘာသာ ပြန်လည်ယုံကြည်နိုင်ဖို့တောင် ခဲယဉ်းတယ်။

ကျွန်မရဲ့ အသက်ရှူလိုက်တဲ့ လေတွေက အေးမြနေတဲ့ လေထုထဲမှာ အဖြူရောင်အဖြစ် ပြောင်းလဲသွားတဲ့အထိ ဒီနေရာမှာပဲ ခဏတာလောက် ကျွန်မ ဆက်ရပ်နေမိတယ်။ လမ်းတလျှောက်လုံးကို နူးညံ့တဲ့ မနက်ခင်း အလင်းရောင်နဲ့ ခြုံလွှမ်းထားလေရဲ့။ အခုအချိန်အထိ ဆိုင်တစ်ဆိုင်မျှ မဖွင့်သေးတာဆိုတော့ ဘေးပတ်ဝန်းကျင်က အရာအားလုံးက နှစ်လို ဖွယ်စရာ ကောင်းလောက်အောင်ကို ငြိမ်းချမ်း၊ တိတ်ဆိတ်နေတော့တယ်။

ကျွန်မက မတ်မတ်ရပ်လို့ ဆိုင်ဘက်ကို မျက်နှာမူထားရင်း အလေးအနက် အရိုအသေပေး ဦးညွှတ်ပြုလိုက်တယ်။ ဒီစာအုပ်ဆိုင်လေးက ကျွန်မကို ပေးအပ်ခဲ့တဲ့ ကျွန်မရဲ့ ဘဝကို ဘယ်တော့မှ မမေ့လျော့ပါဘူးလို့ ကျွန်မ တိုင်တည် လိုက်တယ်။

မနက်ခင်း အစောကြီး ဆိုပေမယ့်လို့ ဦးလေးက ဒုက္ခခံပြီး ကျွန်မ ထွက်သွားမှာကို လာလိုက်ပို့တယ်။ ကျွန်မရဲ့ အသည်းနှလုံးထဲကနေ သူ့ကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်။

ဦးလေးက ကျွန်မဘဝရဲ့ အရေးကြီးတဲ့ အပိုင်းမှာ ကြီးမားစွာ ပါဝင်လာခဲ့တယ်။ ရယ်စရာတော့ အကောင်းသား။ ကျွန်မ ပထမဆုံး ဒီကို ရောက်လာခဲ့တုန်းက ဒီလိုမျိုး အခြေအနေတွေ ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ စိတ်ကူး မမိခဲ့ဖူးဘူး။

ကျွန်မတို့တတွေ နှုတ်ဆက်ကြတော့ ဒီမတိုင်ခင် ညတုန်းက ဦးလေးရဲ့ ယောက်ျားဆန်တဲ့ အပြုအမူတွေက ရုတ်တရက် ဆိုသလို ပျောက်ကွယ်သွားပြီး အားလုံးရဲ့ အရှေ့မှာ ကလေးတစ်ယောက်လိုမျိုး ရှိုက်ရှိုက်ငိုတော့တယ်။

“ဦးလေး မခံနိုင်ဘူးကွယ်၊ မသွားပါနဲ့လား တာကကိုရယ်” လို့ သူက ကျွန်မလက်ကို တအား တင်းတင်း ဆွဲထားပြီးတော့ ပြောတယ်။ သူ ကျွန်မကို မလွှတ်တော့ဘူးလို့တောင် ကျွန်မ တွေးမိတာ။

“သမီး ပြန်လာပြီး ဦးလေးကို အချိန်မရွေး လာပြန်တွေ့မှာပေါ့” လို့ ကျွန်မက ပြောလိုက်တယ်။ အခုတော့ ပြောင်းပြန်ပေါ့။ ကျွန်မက သူ့ကို ပြန်နှစ်သိမ့်နေရတာ။

“ဦးလေးအတွက် သမီးကိုယ် သမီး ဂရုစိုက်နော်၊ စိုက်မယ်မလား၊ ဦးလေးလည်း ဘယ်လိုမျိုးတွေပဲ ဖြစ်နေပါစေ စာအုပ်ဆိုင်ကို ဂရုစိုက်ပါမယ်”

ဖြစ်ပုံက ဒီနေရာမှာ ကျွန်မ ဒီထက်ပိုပြီး ကြာကြာနေမယ်ဆိုရင် ကျွန်မ ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်တော့တဲ့ ပုံစံ။ ဒီတော့ ကျွန်မကို ဆွဲထားဖို့ ကြိုးစားနေတဲ့ ဦးလေးကို ခပ်မြန်မြန်ပဲ နှုတ်ဆက်လိုက်ပြီးတော့ပဲ လမ်း အတိုင်း မြန်မြန်လျှောက်လာလိုက်တော့တယ်။

ဆာကူရာ လမ်းအဆုံးထိရောက်အောင် အနောက်ကို ပြန်မကြည့်ပဲ ကျွန်မ ဆက်လျှောက်နေမိတယ်။ လမ်းလျှောက် နေရင်းမှာပဲ အမှတ်တရတွေက ပြန်လည်တိုးဝင်လာတော့ မျက်လုံးကနေ မျက်ရည်တွေက ကျဆင်း လာတယ်။ ဒါပေမဲ့ ဒီမျက်ရည်တွေကို ထိန်းထားပြီးတော့ပဲ လမ်းအဆုံးအထိ ဆက်လျှောက်လာမိတယ်။

ကုန်းတက် တစ်နေရာကို ရောက်တော့ ကျွန်မ ရပ်လိုက်ပြီး အနောက်ဘက်ကို မသိမသာ ပြန်လှည့်ကြည့် လိုက်တယ်။ အဝေးနေရာမှာ မှုန်ပျပျနဲ့ ဦးလေးက လမ်းအလယ်ခေါင်မှာပဲ မတ်တတ် ဆက်ရပ်နေပြီးတော့ ကျွန်မကို လက် ဝှေ့ယမ်းပြတာကို မြင်လိုက်ရတယ်။ သူ့ကို ဒီလိုမျိုး မြင်လိုက်ရတော့ ကျွန်မ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။ မျက်ရည်တွေ ကျဆင်းလာပြီး ရှိုက်လို့သာ ငိုမိတော့တယ်။

အငိုမျက်နှာနဲ့ ကျွန်မက သူ့ကို ပြန်ပြီးတော့ လက်လှမ်းပြလိုက်တယ်။ မျက်ရည်တွေကလည်း ကျွန်မရဲ့ ပါးပြင် ပေါ်ကို စီးကျလို့။ ကျွန်မ လက်ပြတာကို တုံ့ပြန်တဲ့အနေနဲ့ ဦးလေးကလည်း ပိုပြီးတော့တောင်မှ စိတ်အားထက်သန်စွာနဲ့ ပြန်ပြီး လက်ဝှေ့ယမ်းပြနေပါလေရော။ သူ့ရဲ့ အနောက်ဘက်မှာက တောက်ပနေတဲ့ မနက်ခင်း အလင်းရောင်ကို ကျွန်မ မြင်နေရတယ်။

ကျွန်မက “ဂရုစိုက်ပါ” လို့ လှမ်းအော်လိုက်ပြီးတော့ လှည့်ထွက်လို့ ရာစုခုနီလမ်းက လူအုပ်ကြားထဲကို တိုးဝင်လို့ လျှောက်သွားလိုက်တော့တယ်။

လမ်းပေါ်မှာ လမ်းလျှောက်ရင်း ငိုရှိုက်နေတဲ့ ကျွန်မကို တွေ့ကြတဲ့သူ တွေ၊ ကျွန်မ အနားက ဖြတ်သွားတဲ့သူတွေ ကတော့ ဒီကြောင်တောင်တောင် မိန်းမက တစ်ခုခုတော့ လွဲနေပြီလို့ သေချာပေါက် တွေးသွားကြမှာပဲ။ ဒါပေမဲ့ နည်းနည်း လေးတောင်မှ ကျွန်မ ဂရုမစိုက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ငိုချင်တဲ့ အတွက်ကြောင့်မို့လို့ကို ငိုရှိုက်နေခဲ့တာပဲ။ ပြီးတော့ ဒီမျက်ရည်တွေကလည်း ကျွန်မ ကျခဲ့ရဖူးတဲ့ မျက်ရည်တွေအထဲမှာ အပျော်ရွှင်ရဆုံး မျက်ရည်တွေ။

လန်းဆန်း တက်ကြွနေတဲ့ မနက်ခင်း အစောပိုင်း လေထုထဲမှာ နွေဦး ရောက်ရှိလာတော့မယ့် အရိပ်အယောင် ပျပျကို ကျွန်မ ခံစားမိတယ်။ ဒီလိုနဲ့ ကျွန်မလည်း ရှေ့တည့်တည့်ကိုသာ ရှေးရှုလို့ ဆက်လက်သွားမိလိုက်တော့တယ်။

༄˖°.☕️.ೃ࿔📚*:・

 

 

အပိုင်း နှစ်

အန်တီမိုမိုကို ပြန်လည်ရှိရောက်လာခြင်း

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review