Grigori Rasputin - ရုရှား နန်းတွင်း မင်းဆရာ ပျောက်စေဆရာကြီး ရပ်စပြူတင်


ရပ်စပြူတင် by တက်တိုး

ရုရှား နန်းတွင်း မင်းဆရာ ပျောက်စေဆရာကြီး ရပ်စပြူတင် (Grigori Rasputin) / Wikipedia

အပိုင်း(၁)

ရုရှားနေပြည်တော်ဖြစ်သော စိန့်ပီတာစဘတ်မြို့ရှိ ကရွန်စတက်ရပ်ကွက်၌ရှိသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ဘာ သာတရားကိုင်းရှိုင်းသူ လူများစွာသည် ဘုန်းတော်ကြီး၏ တရားဓမ္မ ဆုံးမစကားကို နာကြားလျက်ရှိကြသည်။ တရားပွဲပြီးသည့်နောက် ဂုဏ်သရေရှိ အထက်တန်းစား မိန်းမအချို့က ဘုန်းကြီးထံသို့သွားကာ ကောင်းချီးပေးပါရန် ထုံးစံအတိုင်း တောင်းပန်ကြလေသည်။ “ဒီနေ့ ကျွန်ုပ်ထက်သာတဲ့ပုဂ္ဂိုလ်တစ်ဦး ရောက်နေပါတယ်။ သူ့ကောင်းချီးပေးမှုကိုစောင့်ယူကြပါ'ဟု ဘုန်းကြီးကဆို လိုက်လေသည်။

ဘုန်းကြီးထက်သာသောသူကို မြင်တွေ့လိုသော မိန်းမတစ်စုသည် ငေး၍ကြည့်နေကြသည်။ ထိုပုဂ္ဂိုလ်သည် ဘုရားရှိခိုး ကျောင်းအနောက်တံခါးဝ၌ စုပြုံရပ်နေကြသော သူတောင်းစား များကြားမှ ထွက်လာလေသည်။ သူသည် သိုးရေအင်္ကျီကိုဝတ်လျက် အမဲဆီလူးထားသော နောက်ပိတ်ဖိနပ်ရှည်ကိုစီးထားသည်။ သူ့ပုံ ပန်းမှာ ဝေးလံသောကျေးလက်တောရွာမှ ရောက်လာသောတောင် သူလယ်သမား၏ ပုံပန်းပင်ဖြစ်သည်။

ထိုထူးဆန်းသောပုဂ္ဂိုလ်သည် မိန်းမတို့ကိုသာ ကောင်းချီးပေးမှုပြုသည် မဟုတ် ၊ ဘုန်းကြီးကိုပင် ဆုမွန်ပေးလိုက်ပေသေးသည်။

နောက်တစ်နေ့တွင် ဇာရီနာမိဖုရားကြီး၏ ဆရာတော်ဖြစ်သော ဘုန်းတော်ကြီး ဖိုဖန်က မြို့စားကတော်ကြီး အစ်ဂနာတို့၏ အိမ်တွင် ဆိုင်ဘီရိယားနယ်သား လယ်သမား ရပ်စပြူတင်၏ ပညာ ရှိပုံ၊ ဘာသာတရား၌ သက်ဝင်ယုံကြည်ပုံ၊နှစ်လိုဖွယ်ကောင်းပုံ အစရှိသည်တို့ကို ချီးကျူးလေသည်။ ထိုနေ့ ညနေ၌ပင်ရပ်စပြူတင်သည် မင်းပွဲသဘင်သို့ စတင်တက်ရောက်လေသည်။ သူ၏ပုံ ပန်းသဏ္ဌာန်မှာ အလွန်ခွကျလှသည်။

သူ့ဆံပင်များသည် အလိပ်လိုက် သူ့ပခုံးပေါ်သို့ကျနေကြသည်။ သူ့နဖူးမှာ အမာရွတ်ကြီးများရှိသည်။ သူ့နှာတံပေါ်တွင် ကျောက်ပေါက်မာများရှိသည်။ သူ၏ ဖြူရော်ရော်နှုတ်ခမ်းများပေါ်တွင် နှုတ်ခမ်းမွှေး ကျိုးတိုးကျဲတဲရှိသည်။ မေးအောက်တွင်ရှိသော ချုံပုတ်နှင့်တူသည့် မုတ်ဆိတ်မွှေးများထဲသို့ နှုတ်ခမ်းမွှေးစများကျ၍ ရောနှောနေသည်။ သူ့အဝတ် အစားများမှာလည်း တောင်သူလယ်သမား အဝတ်အစားများပင် ဖြစ်လေသည်။

သို့ရာတွင် သူ၏ထူးခြားချက်တစ်ခုရှိ၏။ ယင်းသည်ကား သူ၏ တောက်ပြောင်သော မျက်လုံးများပင်တည်း။ သူ့မျက်လုံးများအကြောင်းကို ရုရှားပြည်ရောက် ပြင်သစ် သံအမတ်ကြီး ပလီယောလိုက ၁၉၁၅ ခုနှစ်တွင် ဤသို့မှတ်တမ်း ရေးထားသည်။ ရပ်စပြူတင်၏ ပြာလဲ့၍ထူးခြားသော အရောင် တောက်လျက်ရှိသော မျက်လုံးများတွင် သူ၏တန်ခိုး စုဝေးတည်နေ ပေသည်။ ထိုမျက်လုံးများသည် လေးနက်သော အဓိပ္ပာယ်ကို ဖော်ပြ လျက်ရှိသည်။ သူတစ်ပါးကို ဆွဲဆောင်နိုင်သောသတ္တိရှိသည်။ သူက စိုက်၍ကြည့်လိုက်လျင် သူ့မျက်လုံး၏အရောင်များသည် အကြရသူ၏ သန္တာန်ထဲသို့ ထိုးဝင်သွားသော်ငြားလည်း အကြည့်ခံရသူ မှာ မနေတတ်မထိုင်တတ်မဖြစ်ချေ။ အယုယခံရသကဲ့သို့ ကျေနပ် ဖွယ်ဖြစ်၏။ သူ့မျက်လုံးများသည် သူ့အားရိုးသားသည်ဟုလည်း ထင်ရစေသည်။ ကောက်ကျစ်သည်ဟုလည်း ထင်ရစေသည်။ အာရုံ စူးစိုက်နေသည်ဟုလည်း ထင်ရစေသည်။ သူက တစ်ဦးတစ်ယောက်နှင့် တည်ကြည်စွာပြောဆိုနေသည့်အခါများတွင် သူ့မျက်လုံးနက်ကလေးများမှ အညှို့ဓာတ်ရောင်များ တောင်ပြောင်နေပေသည်။

မျက်လုံးအကြောင်းဆိုပြီးသည့်နောက် သံအမတ်ကြီးက မှတ်တမ်း၌ ပင်ဆက်၍ ဆိုထားပြန်သေးသည်။ သူတော်စင်ဟုခေါ် နေကြသော ထိုပုဂ္ဂိုလ်မှာ ထူးခြားသော ကာမဂုဏ်လွန်ကဲသော ပုဂ္ဂိုလ်ဖြစ်သည့် အလျောက် သူ့ကိုယ်မှဆိတ်သိုးနံ့ ထွက်နေလေ သည်။

ထိုအကြောင်း များကြောင့်ပင်လျှင် ရပ်စပြူတင်၌ အရူးအမူးကြည်ညိုသူ များစွာရှိလေသည်။ သူ့အလာကို စောင့်နေသော သူ့နောက်လိုက်အပေါင်းသည် သူ့အား ရင်တစ်ဖိုဖိုနှင့် အခန်းထဲတွင် ကျပ်ကျပ်သိပ်သိပ် စောင့်လင့်ကြကုန်၏။ တံခါးပွင့်လာပြီးလျှင် ရပ်စပြူတင်ဝင်လာသည်ကို မြင်ကြသောအခါဝယ် ထိုသူတို့၌ ပီတိဖြာ၍ သွားကြကုန်၏။ သူကထုံးစံအတိုင်း မိန်းမများကို သုံးကြိမ်နမ်းသောအခါ အနမ်းခံရသောမိန်းမသည် ခရစ်တော်ကိုယ်တိုင်နှင့် ကြုံတွေ့ရသည်ဟု ထင်မှတ်လေသည်။ သူကကိုယ် ကာယကို ကိုင်သောအခါ အကိုင်ခံရသောမိန်းမသည် မိမိ၌ရှိသမျှ အပြစ်များ လျောကျကင်းစင်သွားပြီဟု ထင်မှတ်လေသည်။

ထိုမျှတန်ခိုးကြီးသော ဆရာကြီးရပ်စပြူတင်သည် စာရိတ္တ မဏ္ဍိုင်ယိမ်းယိုင်ပြိုကျနေသော ရုရှားပြည်ထိုခေတ်ကာလ၌ ထင် ရှားလေတော့သည်။ သူဟောကြားတော်မူသော တရား၏အချုပ်သည်ကား ရှိသမျှတဏှာရာဂကို ခံစားမှုဖြင့် ဖြုန်းတီးပစ်ပါမှ ကုန် ခမ်းမည်ဟူသတည်း။

ထိုတရားမျိုးကို စာရိတ္တမဏ္ဍိုင်ပျက်ပြားနေသော ထိုခေတ် ပရိတ်သတ်က များစွာနှစ်သက်ကြကုန်၏။ ရပ်စပြူတင်မှာ စင်စစ်အားဖြင့် ဘုန်းတော်ကြီးမဟုတ်ချေ။ သို့ရာတွင် သူသည် ဘုန်းတော် ကြီးများထက်အဆများစွာ တန်ခိုးကြီးပေသည်။ သူဟောသော တရားများကို လက်တွေ့ကျင့်သုံးနိုင်ကြရန် မကြာခဏကာမဂုဏ် ပွဲတော်ကြီးများ ကျင်းပလေသည်။ ထိုပွဲတော်ကြီးများတွင် ရောမ ရာဇဝင်တွင် အဆိုးဆုံး နီရိုးဘုရင်ခေတ်က ကာမသောင်းကျန်းမှု များထက် လွန်ကဲသောအမှုများ ပြုကြကုန်၏။

အရည်းကြီး ရပ်စပြူတင်မှာ အဘယ်သူနည်း။ သူ၏ ဇာစ် မြစ်ကို စုံစမ်းရပေမည်။ သူသည် ရုရှားပြည်အရှေ့ပိုင်း ဆိုင်ဘီးရီး ယားနယ်ရှိ ရွာကလေးတစ်ရွာက လယ်သမားသားပင်ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက မကောင်းမှုအမျိုးမျိုးကို တစ်ရွာလုံး အော့နှလုံးနာအောင် လုပ်ခဲ့လေသည်။ လူငယ်ဘဝက အသောက် အစားလွန်ကျူး၍ လူမိုက်လုပ်လာခဲ့သည်။ မြင်းခိုးရာ၌ အထူးပင်ကျင်လည်ပေသည်။ မိန်းမလိုက်စားမှု၌လည်း သူမတူဖြစ်ပေသည်။

သူသည် တစ်ခါကမြင်းလှည်းသမားလုပ်နေစဉ် ဘုန်းတော်ကြီးတစ်ပါးအား ရပ်ဝေးရှိဘုန်းကြီးကျောင်းသို့ ပို့ပေးရသည်။ လမ်းတွင် ရပ်စပြူတင်က မိမိ၏အမှားကို နောင်တရကြောင်း ပြော ကြားသဖြင့် ဘုန်းကြီးက ကျောင်းသို့ခေါ်သွားလေသည်။ ပြုသမျှ အကုသိုလ်အပေါင်း ကြေပျောက်စေခြင်းငှာ ဥပုသ်စောင့် အာပတ် ဖြေစသဖြင့် အပြင်းအထန်လုပ်ပြီးလျှင် ကျေးရွာများတစ်လျှောက် တွင်ရသေ့အဖြစ် လှည့်ပြီးခါမှ မိမိမွေးရာဌာနသို့ ပြန်ရောက်လေ သည်။

ရပ်စပြူတင်အား မြင့်မြတ်သောသူတော်စင်ဟုအများက မှတ်ယူကြပြီးလျှင် ကြည်ညိုကြလေသည်။ အထူးသဖြင့် မိန်းမများက အပြင်းအထန်ကြည်ညိုကြကုန်၏။ ရပ်စပြူတင်ကလည်း ကာမရာဂကို အစွမ်းကုန်ဖြုန်းပစ်နိုင်ပါမှ ကုန်ခမ်းမည်ဟူသော တရားတော်ဖြင့်ဆုံးမလေရာ ထိုတရားတော်ကို လူအများက နှစ် ထောင်းအားရလက်ခံကြလေသည်။ ရပ်စပြူတင်က သူတရားပြ ပုံကိုပြန်ပြောပြသည်။ “ကျုပ် ဆိုင်ဘီးရီးယားနယ်မှာတုန်းက မျက် နှာကြီးမိန်းမတွေ အတော်များများ တပည့်ခံလာကြတယ်။ သူတို့က ဘုရားသခင်နားရောက်အောင် ပို့ပေးပါဆိုလို့ ကျုပ်သူတို့ကို ရေချိုး ခန်းခေါ်သွားပြီး အဝတ်အစားတွေ အချွတ်ခိုင်းပြီး ကျုပ်ကို ကြေးအတွန်းခိုင်းတယ်။ အဲဒီလို အောက်ကျတဲ့အလုပ်လုပ်မှ သူတို့ဟာ ဘုရားသခင်နဲ့ နီးစပ်သွားကြတာပေါ့' ဟု ဝင့်ကြွားစွာဆိုလေသည်။

သူ့အကြောင်းကို ကောင်းကောင်းသိသော အိမ်ရှင်မိန်းမကြီးတစ်ယောက်က ဆက်၍ပြောသေးသည်။ “ရပ်စပြူတင်ဟာ သိပ်သောက်တာပဲ၊ သူ့ဆီကိုလာတဲ့ မိန်းမတပည့်တွေကို တစ်ယောက် မကျန် သုံးသပ်တာပဲ။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် သူ့ အိပ်ခန်းထဲခေါ်သွားတယ်၊ သူက တစ်မျိုးပဲ မူးရင်သူက မိန်းကလေးတွေကို သူကလိုက်စခေါ်တယ်။ အရက်မသောက်တဲ့အခါမှာတော့ ဣန္ဒြေကြီးနဲ့နေလို့ မိန်းမတွေက လိုက်စကြရတယ်။ မိန်းမတွေကို သူကပြောတယ် “မင်းတို့တစ်တွေကို ငါက ညစ်ညမ်းအောင်လုပ်နေဥတယ်လို့ထင်သလား၊မဟုတ်ချေဘူး၊ မင်းတို့ကို ငါက သန့်ရှင်းအောင်လုပ်ပေးနေတာ'လို့ဆိုတယ်'။

၁၉၀၅ခုနှစ် နိုဝင်ဘာလအတွင်းတွင် ရပ်စပြူတင်အား ဘုန်းတော်ကြီးများက ခေါ်သွားသဖြင့် နန်းတော်ကြီးသို့ ရောက်ရ သည်။ သူ့အား ပျောက်စေဆရာကြီးအဖြစ် ဇာဘုရင်နှင့် ဇာရီးနား မိဖုရားကြီးအား မိတ်ဆက်ပေးကြသည်။ ဇာဘုရင်ကလည်း ရပ်စ ပြူတင်ကိုယုံကြည်သည်။ အထူးတလည် အားကိုးရှာသည်။ ရပ်စပြုတင်ကလည်း အားကိုလောက်ပါပေသည်။ သူ့ကုသမှုကြောင့်ပင် မကြာခဏ နာဖျားမကျန်းဖြစ်နေသော နန်းညွန့်နန်းလျာ အယ်လက်ဆီ မင်းသားကလေးမှာ သိသိသာသာ ကျန်းမာရွှင်လန်းလာ လေသည်။ ရပ်စပြူတင်၏ အိပ်မွေ့ပညာစွမ်းကြောင့် ဖြစ်လေသ လော၊ ကံအားလျော်စွာ အကြောင်းဆုံ၍ပင်လော မပြောနိုင်ချေ။ မင်းသားကလေး ကျန်းမာလာသည်ကား အမှန်ပင်တည်း။

ထိုခေတ်၌ ပတ်ဝန်းကျင်တစ်ခုလုံးတွင် စာရိတ္တပျက်ပြား နေသည်မှန်သော်လည်း နန်းတွင်း၌ စည်းစနစ်ကြီးလှသည်။ ဇာဘုရင်၏ သမီးတော်လေးများကို အပြင်အပမိန်းကလေးများနှင့် မိတ် ဖွဲ့ခြင်းပြုခွင့်မပေးပဲ ဇာရီးနားမိဖုရားကြီး၏ မျက်စိအောက်တွင် ပြုစုထိန်းကျောင်းလာခဲ့သဖြင့် ထိုမင်းသမီးကလေးများမှာ အသက် အရွယ်အားဖြင့် နှစ်ဆယ်နီးပါးရှိကြပြီဖြစ်သော်လည်း လူမမည်များ ကဲ့သို့ပင် လောကီကိစ္စကို လုံးဝနားမလည်ကြချေ။

ရပ်စပြူတင်သည် နန်းတွင်းသို့ဝင်ရချိန်၌ သူတော်စင် ဟန်ဆောင်နေခဲ့၏။ သို့ရာတွင် ကြာရှည်ဟန်မဆောင်နိုင်တော့ချေ။ နန်းတွင်းပျောက်စေဆရာကြီးအဖြစ်နှင့် သူ့ကိုမျက်နှာကြီးပိုင်းက အရေးယူဂရုစိုက်လာသည်။ မျက်နှာကြီးမိန်းမများကလည်း သူ့ခြေတော်ရင်းတွင် ဝပ်စင်းလာကြကုန်ပြီ။ ထို့အခါ သူကဘုရားသခင် နှင့်နီးစပ်လိုလျှင် မိမိကိုယ်ကို အောက်ကျသည့်ဘဝသို့ လျှောဆင်းရ သည်ဟူသော တရားရေအေးကို တိုက်ကျွေးသဖြင့် မိန်းမတွေသည် သူ့ထက်ငါ အလုအယက် ရပ်စပြူတင်ထံတွင် အောက်ကျသည့်ဘဝရောက်စေကြသည်။

၁၉၁၆ခုနှစ် ဇန်နဝါရီလ ၂၃ရက်နေ့တွင် ရပ်စပြူတင် သည် သူ့မွေးနေ့အခမ်းအနားကို ကျင်းပလေသည်။ အခမ်းအနားသို့ မိဖုရားကြီး၏ကိုယ်စား အထိန်းတော်ကြီးတက်ရောက်သည်။ ထိုအမျိုးသမီးကြီးရှိခိုက်တွင်ကား ညစ်ညစ်ညမ်းညမ်း အပြုအမူဟူ ၍ ဘာမျှမရှိသေးချေ။ အထိန်းတော်ကြီး ပြန်သွားပြီးနောက် ကုန်သည်များက သူ့အား လက်ဆောင်အမျိုးမျိုးပေးလာကြသည်။ ထို့နောက် သူ့တပည့်မများ ရောက်လာပြီးလျှင် သောက်ကြစားကြ ကခုန်ကြနှင့် သောင်းကျန်းချင်တိုင်း သောင်းကျန်းကြလေသည်။ နောက်ဆုံး၌ ဂျစ်ပစီလူမျိုးတို့ ရောက်လာ၍ ပိုမိုသောင်းကျန်းကြ ပြန်သည်။ မိုးလင်းခါနီးကျခါမှ ဧည့်သည်များ ပြန်သွားကြရာ သူ့အိပ်ခန်းထဲတွင် သူနှင့်တပည့်မများစွာ သတိလစ်အိပ်ပျော်၍ ကျန်ခဲ့ကြလေသည်။

ရပ်စပြူတင်၌ သားမယားရှိသည်။ သားသမီးသုံးယောက် ထွန်းကား၍ သူတို့အားလုံး ဆိုင်ဘီးရီးယားနယ်တွင် ကျန်ခဲ့ကြသည်။ သူ့မယားက သူသောင်းကျန်းနေသည်ကိုသိသော်လည်း တစ်ခွန်း တစ်ပါဒမျှ ကန့်ကွက်ပြောဆိုခြင်းမရှိပေ။ “ဒါက သူလုပ်နေကျအလုပ်ပဲ၊မထူးပါဘူး' ဟုသာပြော၍ အေးအေးပင်နေလိုက်လေ သည်။

ယင်းသို့ အမျိုးမျိုးသောင်းကျန်းနေသော်လည်း သူ့ကို ယုံကြည်သူများက အပြစ်မတင်ကြချေ။ ဇာရီးနား မိဖုရားကြီးကမူ သူ့ကို ကြည်ညိုအားကိုးလေသည်။ သားတော်ကလေး အသက်ရှင်ရခြင်းမှာ ရပ်စပြူတင်၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်ဟု တထစ်ချ ယုံကြည်သည့်အလျောက် အပြစ်မမြင်နိုင်ချေ။ အထိန်းတော်တစ် ယောက်ကို ရပ်စပြူတင်က မတရားကျင့်ကြံသဖြင့် အထိန်းတော်က မိဖုရားကြီးကို တိုင်ကြားသော်လည်း မိဖုရားကြီးက အရေးမယူပေ။ အထိန်းတော်ကိုသာ သူတော်ကောင်းကို ပြစ်မှားရမည်လားဟု အပြစ်တင်လိုက်လေ သေးသည်။

ရပ်စပြူတင်က နန်းတွင်း၌ သူ့ဩဇာမည်မျှကြီးကြောင်း ကို အရက်မူးသည့်အခါ ကြွားဝါလေ့ရှိသည်။ သူက ဇာဘုရင်ကိုယ် တိုင် သူ့လက်ကိုဆေးပေးကြောင်း၊ သမီးတော်များအဆောင်တွင် ဇာရီးနားမိဖုရားကြီးအား နမ်းရကြောင်း၊ မိဖုရားကြီးက သူ့ကိုစာ ပေးကြောင်း ပြောပြကာ မိဖုရားကြီးပေးသော စာများကို ထုတ်ပြ လေသည်။

မောင်က ၁၉၁၁ခုနှစ် ဒီဇင်ဘာလတွင် ရပ်စပြူတင်သည် သီလရှင် တစ်ဦးကို မုဒိမ်းကျင့်လေသည်။

သူ၏ ကာမသောင်းကျန်းမှုများသည် များလွန်းလာလေ သောကြောင့် ဟာမိုဂျင်ဂိုဏ်းအုပ်ကြီးက သူ့ကိုဆင့်ခေါ်၍ စစ်ဆေး လေသည်။ “ ဒီလိုမကောင်းမှုတွေ ပြုပါသလား'ဟုမေးလိုက်ရာ ရပ်စပြူတင်က “မှန်ပါတယ်၊ ပြုမိပါတယ်'ဟု ခပ်အေးအေးပင်ဖြေလေသည်။ ထိုအခါ ဘုန်းတော်ကြီးက သူ့ကိုဆွဲခေါ်ပြီးလျှင် ဘုရား ရှေ့တွင် ကျမ်းကျိန်ခိုင်းလေသည်။

အစစ်ဆေးခံပြီးနောက် မကြာမီပင်လျှင် ရပ်စပြူတင်သည် မိဖုရားကြီးထံသို့သွား၍ ဘုန်းတော်ကြီးက သူ့ကိုအကုသိုလ်မှုများ ကျူးလွန်မိပါကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းသဖြင့် ဝန်ခံရ ပါသည်ဟု လီဆည်၍ပြောလေသည်။ မိဖုရားကြီးက ဇာဘုရင်ကို လျှောက်ထားတိုက်တွန်းသဖြင့် ဂိုဏ်းအုပ်ကြီးအား အလွန်ဝေးလံ သောဒေသသို့ ပို့လိုက်လေသည်။

သတင်းစာများက ရပ်စပြူတင်၏ သောင်းကျန်းမှုများကို ထည့်သွင်းရေးသားပြီးလျှင် အပြင်းအထန်ဝေဖန်ကြသည်။ ကာယ ကံရှင်မိန်းမများ၏ ရုပ်ပုံများနှင့် အတ္ထုပ္ပတ္တိတို့ကို ထည့်သွင်းဖော်ပြ ကြသည်။ သို့သော်ငြားလည်း ဇာဘုရင်နှင့် မိဖုရားကြီးတို့သည် မသိဟန်ဆောင်နေကြလေသည်။ ထိုမျှနှင့်မတန်သေး၊ ဇာဘုရင်၏ အမိန့်တစ်ရပ်ဖြင့် သတင်းစာများအား ရပ်စပြူတင်၏ နာမည်ကိုပင် ပုံနှိပ်စာလုံးဖြင့် မဖော်ပြရဟု တားမြစ်လိုက်လေသည်။ ထိုသို့ သတင်းစာ၏ လွတ်လပ်မှုကို ပိတ်ပင်ပြီးလျှင် ရပ်စပြူတင်အား အရမ်းမဲ့ကာကွယ်လိုက်ခြင်းကြောင့် ဇာဘုရင်တွင်သာ နာသည်မဟုတ်၊ အကာအကွယ်ခံရသော ရပ်စပြူတင်အဖို့လည်း မသက်သာ ချေ။ သတင်းစာထဲတွင် ရပ်စပြူတင်အား ဝေဖန်ခွင့်မရတော့ဘူးဆိုသည်နှင့် တစ်ပြိုင်နက် ရပ်စပြူတင်၏အတင်းသတင်းတို့ကို ပရိတ်သတ်က ပို၍ကြားချင်လာကြ၏။ ထိုဆန္ဒကို စာရွက်စာတမ်းများဖြင့် တိတ်တဆိတ်ထုတ်ဖော်ခြင်းဖြင့် ဖြည့်ဆည်းကြလေသည်။

နောက်ဆုံး၌ ရပ်စပြူတင်အား လူငယ်ကလေးများနှင့် မိန်းကလေးများ မလျော်ကိစ္စများပြုရန် အားပေးစီစဉ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရုံးတင်စစ်ဆေးရန် ပါလီမန်တွင် တောင်းဆိုသည့်အဖြစ်သို့ ဆိုက်လေတော့သည်။ ထိုသို့ မကျေနပ်မှုများ တိုးတက်ပြင်းထန်လာသောကြော ဇာဘုရင်ခမျာမှာ မနေသာသည့်အလျောက် ရပ်စပြူတင်ကိုခေါ်၍ စွဲချက်များကို ထုချေစေသည်။ ရပ်စပြူတင်က ခေါင်းကိုငုံ့၍ စွဲ သည့်အတိုင်း မှန်ကြောင်းဝန်ခံလေသည်။ သူသည် ဝန်ခံရန်ဝန် လေးသူမဟုတ်ပေ။ ထိုအခါ ဇာဘုရင်က သူ့အား စိန်းစိန်းကြည့် နေသည်။ အဓိပ္ပာယ်ကို နားလည်သော ရပ်စပြူတင်က “ကောင်းပ ပြီ၊ ကျွန်တော် တောရပ်သို့သွားပါတော့မည်’ ဟုဆိုလေသည်။

ရပ်စပြူတင် တောသို့ပြန်သည်မှာ မကြာလှချေ။ နွေရာသီတွင် ပိုလန်ပြည်နှင့်ကပ်လျက်ရှိသော နယ်စပ် ဒေသသို့ ဇာဘုရင်နှင့် မိဖုရား၊ သားတော်သမီးတော်များ ထွက်ကြ ရာဝယ် အယ်လိတ်ဆီမင်းသားကလေးသည် သင်္ဘောပေါ်အတက်တွင် ခြေချော်ကျသဖြင့် ဒဏ်ရာအနည်းငယ်ရလေသည်။ ဒဏ်ရာမှာ မဆိုလောက်သော်လည်း ဝေဒနာပြင်းထန်လှသဖြင့် တစ်ညလုံး မအိပ်ရချေ။ ထိုအခါ သမားတော်ကြီးရပ်စပြူတင်ကို သတိရသည့်အလျောက် ချက်ချင်းပင် သံကြိုးရိုက်လိုက်ရာ ရပ်စပြူတင်က ‘ကိစ္စ မရှိပါဘူး၊ ဆရာဝန်တွေ အကုမခံပါစေနဲ့’ဟု သံကြိုးပြန်လိုက်လေ သည်။

ထူးဆန်းသည်မှာ ရပ်စပြူတင်ထံမှ သံကြိုးရသည်ဟုဆိုကာမျှနှင့် မင်းသားကလေးသည် မခံမရပ်နိုင်လောက်အောင် နာကျင်နေရာမှ အတော်သက်သာသွားလေသည်။ ရပ်စပြူတင်ပြန် ရောက်လာသည့်နောက် မကြာမီပင်လျှင် မင်းသားကလေးသည် ပကတိကျန်းမာသွားလေတော့သည်။ ယင်းသို့ ထူးခြားမှုကို ယုံ ကြည်သောမိဖုရားကြီးက ရပ်စပြူတင်အပေါ်တွင် အကြည်ညိုပိုမိလေသည်။ သူ ကိုစွပ်စွဲသူများမှာ သက်သက်မနာလိုသာ ဆိုးဝါးသူများဟုမှတ်ယူလေသည်။

ရပ်စပြူတင်လည်း သူယခင်နေခဲ့သောအိမ်တွင် ပြန်နေပြီးလျှင် ယခင်အတိုင်းပင် သောင်းကျန်းလျက်ရှိလေသည်။ သူတောပြန်နေခိုက်ကလေးတွင် သူ့ကိုမကျေနပ်သော သူ့ကိုယ်လုပ် တော်ကလေးတစ်ယောက်က ဓားနှင့်ထိုးလိုက်ရာ သာမန်အင်အား မျှသာရှိသူဆိုလျှင် သေနိုင်ချေသည်။ ရပ်စပြူတင်မှာမူ သေနိုင်ခဲလှသူဖြစ်ပေသည်။ သူမြို့တော်သို့ ပြန်ရောက်လာသည့်အခါ ဓား ဒဏ်ရာပျောက်ခါစဖြစ်သည်။

၁၉၁၄ခုနှစ် ဧပြီ၈ရက်နေ့တွင် ရပ်စပြူတင်သည် မော်စကိုမြို့ ညကလပ်တစ်ခုတွင် ကိုယ်လုံးတီးဖြစ်နေအောင် သောင်း ကျန်းသဖြင့် ပုလိပ်ကဖမ်းရန် ကြိုးပမ်းလေသည်။ သူက “ငါဒီလိုနေတာ ဘာဖြစ်သေးလဲ၊ ဇာဘုရင်နဲ့ မိဖုရားကြီးရှေ့မှာလည်း ဒီလို ပဲနေတာပဲ၊ ဘာဖြစ်သေးသလဲ' ဟု ပုလိပ်များကို ငေါက်ထုတ်လေ သည်။ သို့ရာတွင် ပုလိပ်အရာရှိများရောက်လာပြီးလျှင် အတင်းဝင် ဖမ်းကြသည်။ ရပ်စပြူတင်လည်း အယုတ်တမာဆဲဆိုရင်း ပုလိပ်နောက်သို့ ပါသွားလေသည်။

ထိုအမှုဖြစ်သောအခါ များစွာသောလူတို့က ရပ်စပြူတင် အဖို့ နိဂုံးချုပ်ပြီဟု အောက်မေ့မိကြသည်။ သို့ရာတွင် ဇာဘုရင်က တစ်ဖန်ဆင့်ခေါ်၍ စစ်ဆေးရာ ရပ်စပြူတင်က “ကျွန်ုပ် အကုသိုလ် သမားမှန်ပါတယ်ဟု ဝန်ခံလေသည်။ ဇာဘုရင်ကလည်း ဝန်ခံလျှင်ကျေနပ်တတ်သူဖြစ်သည့်အလျောက် ရပ်စပြူတင်အား ခွင့် လွှတ်လိုက်ပြန်လေသည်။ ၁၉၁၄ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာလေ သည်။ ရပ်စပြူတင်သည် မတော်မလျော်လုပ်နေရာမှ နိုင်ငံရေး ရှုပ်ပွေမှုသို့ ပြောင်းလိုက်သည်။ စစ်ကြီးစဖြစ်ကတည်းက သူသည် ရုရှားပြည် စစ်ထဲသို့ မပါဝင်ရန် အတန်တန်ကန့်ကွက် တားမြစ်သည်။

ထိုသို့ တားမြစ်သည်ကို ထောက်ရှု၍ သူ့အား ဂျာမန်သူလျှိုဟု အချို့သောအရာရှိကြီးများက မသင်္ကာဖြစ်မိကြသည်။ ရုရှားပြည်သည် စစ်ထဲတွင် အခြေအနေမဟန်လှပေ။ ထိုသို့ဖြစ်လေလေ ရုရှားမှူးမတ်ကြီးများ၊ အရာရှိကြီးများက ရပ်စပြူတင်ကို မဲကြလေ လေဖြစ်တော့သည်။ ၁၉၁၆ ခုနှစ် နိုဝင်ဘာလထဲ၌ ပါလီမန်တွင် အမတ်တစ်ဦးက ရပ်စပြူတင်အား တိုင်းပြည်ဖျက်သမားဟုဆိုကာ အပြင်းအထန် စွပ်စွဲလေသည်။ ပါလီမန်ထဲ၌ ဇာဘုရင်၏ တူတော် ယူစွပ်ပေါ့မင်းသားကလေးက ထိုစကားကိုကြားရသောအခါတွင် ရပ်စပြူတင်အားလုပ်ကြံရန် စိတ်ထဲတွင်ဆုံးဖြတ်လိုက်သည်။ ယူစွပ်ပေါ့သည် အသက်နှစ်ဆယ့်ကိုးနှစ်မျှသာရှိ၍ ပိန်ပိန် ပါးပါး အရပ်အမောင်း အတန်အသင့်မျှသာရှိသည်။ လုပ်ကြံသူနှင့် မတူနိုင်ပေ။ မည်သူကမျှလည်း သူ့အား လူတစ်ယောက်ကို သတ်ဖြတ်လိမ့်မည်ဟု မျှော်လင့်မည်မဟုတ်။ သူသည် နူးညံ့သိမ်မွေ့၍ အနေအထိုင်သပ်ရပ်လှသည်။ ဇာဘုရင်၏တူမတော် အိုင်ရီနားနှင့် လက်ဆက်လိုက်သဖြင့် သူ့ဘက်ကရော သူ့ဇနီးဘက်ကပါ ငွေကြေးဥစ္စာ မြောက်မြားစွာပါရှိလာသဖြင့် သူသည်ရုရှားပြည်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ယူစွပ်ပေါ့သည် ရပ်စပြူတင်ကို ၁၉ဝ၉ ခုနှစ်တွင် စတင်တွေ့ကြုံဖူးလေသည်။ ထို့နောက် မကြာခဏပင် ပျော်ပွဲသဘင်များ၌တွေ့ကြသည်။ ယူစွပ်ပေါ့က ဂစ်တာတီး၍ ဂျစ်ပစီများသီချင်းဆို တတ်သောကြောင့် ရပ်စပြူတင်က အလွန်နှစ်သက်လေသည်။ ယူစွပ်ပေါ့သည် ရပ်စပြူတင်ကိုသတ်ရန် ဆုံးဖြတ်ပြီးသည့်နောက် သူ့အလေ့အထများကို သိသည်ထက်သိရလေအောင် သူနှင့် မကြာ ခဏတွေ့ ရန် ကြိုးစားသည်။ သူက ရင်ဘတ်နာရောဂါ စွဲနေသည် ဟုဆိုကာ ရပ်စပြူတင်အိမ်သို့သွား၍ ကုသလေသည်။ ထိုသို့ ကုသ စဉ်တွင် ယူစွပ်ပေါ့သည် ရပ်စပြူတင်မှာ အိပ်မွေ့ချပညာကောင်း စွာတတ်မြောက်ကြောင်း သိရလေသည်။ သူကိုယ်တိုင်ပင်လျှင် ရပ်စ ပြူတင်၏ ညှို့ဓာတ်ဩဇာခံခဲ့ရသည်။

ယခုယူစွပ်ပေါ့က တိုင်းပြည်၏ဆူးငြောင့်ဟုယူဆအပ်သော ရပ်စပြူတင်ကို သတ်ပစ်ရန် ဆုံးဖြတ်သည့်အခါ တစ်ဦး တည်းမစွမ်းသာဟု သိရှိသည့်အလျောက် အဖော်ရှာလေသည်။ သူသည် မကြာခင်ပင် အဖော်တစ်သိုက်ကို ရရှိလေသည်။ ပါလီမန် တွင် အတိအလင်း ပြင်းထန်စွာ စွပ်စွဲပြောဆိုခဲ့သော အမတ်ကြီး ပူရစ်ကဲဗစ်၊ ဇာဘုရင်၏ အချစ်တော်ဖြစ်သော ဝမ်းကွဲညီတော်နယ်စားကြီး ပကီဗသုဗစ်နှင့် မြင်းတပ်ဗိုလ်ကြီး ဆူခိုတပ်နှင့် ဆရာဝန် လာဇိုဗတ်တို့သည် ယူစွပ်ပေါ့၏ အကြံကိုလက်ခံ၍ ပူးပေါင်းဆောင်ရွက်ကြလေသည်။

သူတို့သည် လူနာတင်မီးရထားတွဲတွင် မီးရထားသွားနေ ခိုက် စည်းဝေးတိုင်ပင်ကြသည်။ အမတ်ကြီး ပူရစ်ကဲဗစ်သည် သူနာပြုတပ်ကို အုပ်ချုပ်ရသဖြင့် သူနာတင်မီးရထားတွဲကို လိုရာသုံးနိုင်သည်။ လျှို့ဝှက်အစည်းအဝေး၌ ရပ်စပြူတင်အား ယူစွပ်ပေါ့ ၏အိမ်ကြီးသို့ လှည့်ဖြားခေါ်ဆောင်လာပြီးလျှင် အိမ်အောက်မြေ တိုက် အရက်ခန်းကြီး၌ သတ်ပစ်ရန်ဆုံးဖြတ်ကြသည်။ အရက်ခန်းထဲ သို့ ရပ်စပြူတင်အား သွေးဆောင်၍ ခေါ်နိုင်ရန် ယူစွပ်ပေါ့က အခန်းကိုပြုပြင်၍ ဧည့်ခန်းသဖွယ် ပြင်ဆင်ထားရသည်။ သွေး ဆောင်၍ခေါ်နိုင်သည့် အကြောင်းတစ်ရပ်မှာ ယူစွပ်ပေါ့က သူ့အိမ်ကြီးတွင် မိမိ၏ဇနီးအိုင်ရီးနား ရှိကြောင်း ပြောကြားရန်ပင်ဖြစ် သည်။ ရပ်စပြူတင်သည် အိုင်ရီးနား၏ အလှဂုဏ်သတင်းကို ကြား ရကတည်းက အိုင်ရီးနားနှင့် မိတ်ဆက်ပေးမည့်သူကို ရှာဖွေခဲ့ သည်။

ယူစွပ်ပေါ့သည် ရပ်စပြူတင်နှင့် ပျော်ပွဲတစ်ပွဲတွင် တွေ့ အောင်ကြံဆောင်ပြီးနောက် တကယ်ဆိုလျှင် ကရီးမီးယားနယ်သို့ ရောက်နေသော အိုင်ရီးနား သူ့အိမ်တွင် ပြန်လည်ရောက်ရှိနေကြောင်းလိမ်လည်ပြော၍ ရပ်စပြူတင်အား သူ့အိမ်သို့ ခေါ်လာလေသည်။ အိမ်သို့ရောက်သောအခါ ယူစွပ်ပေါ့က ရပ်စပြူတင် အား လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ခံလေသည်။ ဒေါက်တာ လာဇိုဗတ်သည် မြေတိုက်အရက်ခန်း ဧည့်ဆောင်သို့မသွားခင် ကိတ်မုန့်များတွင် အဆိပ်မှုန့်များ ခပ်များများ ဖြူးပေးလိုက်သည်။ ကိတ်မုန့်ကလေးတစ်လုံးကိုသာ လူတစ်စုဝေ၍စားလိုက်လျှင် အား လုံးအဆိပ်သင့်၍ သေနိုင်မည်ဟု သူယုံကြည်လေသည်။ ကိတ်မုန့် များတွင်သာမက အရက်ထဲ၌လည်း အဆိပ်မှုန့်များဖြူးလိုက်သည်။ လက်ဖက်ရည်ထဲ၌လည်း ဖြူးပေးလိုက်သည်။ ယူစွပ်ပေါ့က ရပ်စ ပြူတင်အား အဆိပ်ဖြူးသော အစားအသောက်များ ကျွေးမွေးနေ ခိုက်တွင် ကျန်အပေါင်းပါတို့သည် အိမ်အပေါ်ထပ်၌ ငြိမ်သက်စွာ ထိုင်၍စောင့်နေကြသည်။ အခန်းထဲတွင် အမေရိကန်သီချင်း တစ်ပုဒ်ဓာတ်ပြားဖွင့်ထားသည်။ အချိန်မှာ သန်းခေါင်ကျော်လေပြီ။ ရပ်စပြူတင်က မြေတိုက်အရက်ခန်းသို့ ရောက်သောအခါ ပေါ့ဇနီး အိုင်ရီးနားနှင့် မတွေ့ရသဖြင့် မေးလေသည်။

ယူစွပ်၏ “ အို . . . သူအပြင်ဘက်ကို မိတ်ဆွေတစ်စုနဲ့ ထွက်သွားတာ ပြန်ချိန်တန်ပါပြီ၊ ကျွန်တော်တို့ စောင့်ကြသေးတာပေါ့ ” ဟု ဆိုကာ စကား ပြောရင်း ယူစွပ်ပေါ့က ရပ်စပြူတင်အား အဆိပ်မပါသောမုန့်များ ကို ပထမကျွေးကြည့်သည်။ ရပ်စပြူတင်က ကိတ်မုန့်နှစ်လုံးကို ပါးစပ်တွင်ပစ်သွင်းပြီးလျှင် စကားကိုဆက်ပြောနေလေသည်။ ယူစွပ်ပေါ့က တစ်ဖန် မုန့်ပန်းကန်ကို ထိုးပေးပြန်သည်။ ပန်းကန် ထဲတွင် အဆိပ်ဖြူးပြီးမုန့်များသာရှိတော့သည်။ ရပ်စပြူတင်သည် ပေးသောမုန့်များကို မစားသဖြင့် ယူစွပ်ပေါ့လည်း စိတ်ပျက်ကာ ပန်းကန်ကို ပြန်ချထားလိုက်ရသည်။

‘ကျုပ် ခေါင်းသိပ်မူးတာပဲဗျာ'ဟု ရပ်စပြူတင်က ပြောပြီးလျှင် ယူစွပ်ပေါ့ချထားသော မုန့်ပန်းကန်မှယူ၍ အဆိပ်ဖြူးထား သော မုန့်ကလေးများကို တစ်လုံးပြီးတစ်လုံး သွေးလေသည်။ ဆရာဝန် လာဇိုဗတ်အဆိုမှာ ထိုအဆိပ်မုန့်တစ်လုံးကို စား လိုက်လျှင် ချက်ချင်းလဲသေနိုင်သည် ဟူ၏။ ယူစွပ်ပေါ့လည်း ရပ်စပြုတင်မျက်နှာကို အသက်ပင်ရဲရဲမရှုနိုင်ဘဲ ငေး၍ကြည့်နေသည်။ ရပ်စပြူတင်မှာ မုန့်အနည်းငယ်လည်ချောင်းတွင်နင်သဖြင့် ချောင်း တစ်ချက်နှစ်ချက်ဆိုးသည်မှအပ ဘာမျှမဖြစ်ချေ။

ယူစွပ်ပေါ့လည်း ငေးမောအံ့ဩနေရာမှ အရက်ပုလင်း များကိုယူ၍ ကရီမီယားဝိုင်အရက်သောက်မလားဟု ရပ်စပြူတင် ကိုမေးလိုက်ရာ ရပ်စပြူတင်က “ကောင်းသားပဲ၊ သောက်တာပေါ့'ဟုဆိုလေသည်။ ယူစွပ်ပေါ့လည်း အဆိပ်ပါသောအရက်ကိုငှဲ့၍ ပေးလိုက်လျှင် ရပ်စပြူတင်က တစ်ကျိုက်တည်းမော့ချလိုက်လေသည်။ နောက်တစ်ခွက် ငှဲ့ပေးပြန်သောအခါ ရပ်စပြူတင်သည် အဆိပ်ပါသောအရက်ကို နွားနို့သောက်သကဲ့သို့ မော့ချလိုက်ပြန်သည်။

သောက်ပြီးနောက် ရပ်စပြူတင်တွင် ဘာမျှမထူခြားပေ။ ယူစွပ်ပေါ့၌သာ ထူးခြားချေသည်။ ဒေါက်တာလာဇိုဗတ် ထည့်ပေး သော အဆိပ်မှဟုတ်ပါလေစဟု သံသယပေါ်လာသည်။ ရပ်စပြူတင်မှာ အဆိပ်ကြောင့်မှိန်မသွားသည့်အပြင် သူ့မျက်လုံးများ တောက်ပြောင်လာသဖြင့် ယူစွပ်ပေါ့သည် တဖြည်းဖြည်းကြောက် လာလေသည်။ အကြောက်ပြေစေရန် ထ၍နံရံဘက်ဆီသို့ လျှောက်သွားပြီးလျှင် ဂစ်တာကိုကောက်ကိုင်၍ တီးလေသည်။ “အင်း ကောင်းတယ်၊ ကျုပ်ခင်ဗျားသီချင်းဆိုတာ ကြားချင်တယ်၊ ဂစ်တာ တီးပြီး သီချင်းတစ်ပုဒ်လောက်ဆိုစမ်းပါ”ဟု ရပ်စပြူတင်က တောင်း ဆိုလေသည်။

ရပ်စပြူတင်၏စကားကို ဖယ်ရှားရန်ခဲယဉ်းနေသော ယူစွပ်ပေါ့ခမျာမှာ ဂစ်တာနှင့်သီချင်းတစ်ပုဒ်ကို ဆိုညည်းနေရလေသည်။ အဆိပ်ကျွေးသတ်နေသူက အဆိပ်ကျွေးခံရသူအား ဗုန်းဗုန်း လဲကျ၍ အသက်မပျောက်ခင် အခိုက်ကလေးတွင် သီချင်းဆို၍ ဂစ်တာတီးပေးသည်ဆိုသောအကြောင်းကို ကြား၍ယုံနိုင်ဖွယ်ပင်မရှိချေ။

ယူစွပ်ပေါ့က သီချင်းတစ်ပုဒ်ဆိုပြီးသွားသော်လည်း ရပ်စပြူတင်မှာ ဗုန်းဗုန်းလဲသေဖို့ဝေးစွ၊ ပို၍ပင် ဖျတ်လတ်ရွှင်လန်းလာလေသေးသည်။ အတန်ကြာမှ မျက်တောင်စင်းလာလေသည်။ အမေရိကန်ဓာတ်ပြားသီချင်းလည်း အဆုံးမရှိ၊ ထပ်တလဲလဲမြည်၍နေသည်။ အပေါ်ထပ်၌စောင့်နေသော အပေါင်းအပါတို့လည်း ကိုယ်ညောင်းစိတ်ပန်း ဖြစ်နေကြလေသည်။

ယူစွပ်ပေါ့လည်း အမှတ်တမဲ့နှင့် အိမ်ပေါ်သို့ပြေးတက်လာပြီးလျှင် ရပ်စပြူတင်မှာ အဆိပ်ကိတ်မုန့်များနှင့် အရက်များအားလုံး စားသောက်ပစ်လိုက် သော်လည်း မသေသေးကြောင်း အပေါင်းအပါတို့အား ပြောပြလေ သည်။ “ဒီလိုဆိုရင် ဘယ်နည်းနဲ့ကြံကြဦးမလဲ'ဟု ယူစွပ်ပေါ့ကို ဝိုင်းမေးကြသည်။ အဆိပ်ပါရဂူ ဒေါက်တာလာဇိုဗတ်လည်း ဦးနှောက် ချာချာလည်ကာ ဇောချွေးများပြန်နေလေသည်။ နယ်စားကြီး ပက်ဗလိုဗစ်ကမူ လက်လျှော့လိုက်ကြရန် တိုက်တွန်းသည်။ အမတ်ကြီး ပူရစ်ကဲဗစ်တစ်ယောက်သာလျှင် မဖြစ်ဖြစ်အောင်ကြိုးပမ်းရန် စိတ်သန်နေလေသည်။ သူက အပေါင်းအပါအားလုံးဆင်းပြီးလျှင် ရပ်စပြူတင်ကို ဖမ်းပြီးနောက် လည်မျိုကိုညှစ်သတ်ရန် အကြံပေး လေသည်။ ယူစွပ်ပေါ့က မဖြစ်နိုင်ကြောင်းပြောကာ သေနတ်ဖြင့် ပစ်သတ်ရန် အဆိုတင်သည်။ နောက်ဆုံး၌ ကြသဖြင့် နယ်စားကြီး၏ သေနတ်ကိုယူပြီးလျှင် ယူစွပ်ပေါ့သည် မြေတိုက်ခန်းသို့ ဆင်းသွားလေသည်။

အခန်းထဲသို့ရောက်သောအခါ ရပ်စပြူတင်က သူ့ကိုလှမ်း၍ “ကျုပ်မူးတယ်ဗျာ၊ မျက်စိတွေပြာနေတယ်၊ ဝမ်းထဲကလဲ မီးလိုပူ နေတာပဲ’ဟုပြောလေသည်။ ယူစွပ်ပေါ့က ထိုစကားကိုကြားရသောအခါ ဝမ်းသာသွားလေသည်။ ရပ်စပြူတင်က သူ့အား အရက်တစ် ခွက် ထပ်ပေးပါဦးဟု တောင်းလေသည်။ ယူစွပ်ပေါ့သည် အရက်ဖန်ချိုင့်ကို လှမ်းပေးလိုက်သည်။ အဆိပ်ပါသောအရက်ကို ထပ်သောက်လိုက်လျှင် ကိစ္စတုံးပြီဟု အောက်မေ့သော်လည်း ရပ်စပြူ တင်မှာ အရက်ထပ်သောက်လိုက်ခါမှ ဝမ်းအပူသက်သာ၍ မျက်စိများပြန်ကြည်လာလေသည်။

“လာဗျာ. . . ဂျစ်ပစီတွေဆီ သွားကြ ရအောင်ဟု ရပ်စပြူတင်က ခေါ်သောအခါ ယူစွပ်ပေါ့က အချိန်မရှိကြောင်း၊ ဘုရားကိုအာရုံပြုအပ်ကြောင်း ပြောလိုက်ရာ ရပ်စပြူ တင်က မှန်တင်ခုံပေါ်၌ရှိသော လက်ဝါးကပ်တိုင်ကို သူ့ မျက်လွှာ လေးကြီးလှန်၍ လှမ်းကြည့်လိုက်သည်။ ထိုအခိုက်တွင် ယူစွပ်ပေါ့သည် ခါးထဲမှသေနတ်ကိုထုတ်၍ ပစ်လိုက်လေသည်။ ရင်ညွန့်အနီးတွင် ကျည်သင့်သွားသဖြင့် ရပ်စပြူတင်သည် ကျားကဲ့သို့ဟိန်းပြီး မှောက်လျက်လဲသွားလေသည်။ သေနတ်သံကြားရပြီးနောက် အခန်းမီးများ မှောင်သွားလေသည်။

ငါးမိနစ်လောက်ကြာသောအခါ မီးပြန်လင်းလာပြီးလျှင် ယူစွပ်ပေါ့နှင့်အပေါင်းအပါတို့သည် မှောက်လျက်လဲနေသော ရပ်စ ပြူတင်အနီးတွင် ရပ်နေကြသည်။ ဒေါက်တာလာဇိုဗတ်က သေနတ်ဒဏ်ရာကို သေချာစွာစစ်ဆေးကြည့်ရှုပြီးနောက် ရပ်စပြူတင်သေပြီဟုဆိုသည်။

“ဒီလိုကြားရတော့ ကျုပ်တို့အားလုံး သိပ်ပျော်ကြတာပဲ” ဟု ယူစွပ်ပေါ့က နောက်တော့ပြောသည်။ စုံထောက်အဖွဲ့က ရပ်စပြူတင်၏ အသွားအလာကို အမြဲတစေ ကြည့်ရှုနေသောကြောင့် ရပ်စပြူတင် သူ ့အိမ်သို့ ပြန်သွား လေဟန်ပြုကြရမည်ဟု အပေါင်းအပါတို့ကယူဆကြသည်။ ထို့ကြောင့် ကပ္ပတိန်ဆူခိုတင်အား ရပ်စပြူတင်၏ သားမွေးအင်္ကျီရှည် ကြီးကိုဝတ်၍ ဦးထုပ်မြင့်ကြီးကို ဆောင်းစေသည်။

ဒေါက်တာလာဇိုဗတ်က မော်တော်ကားမောင်းသမား လုပ်ရသည်။ နယ်စားကြီးက ဖီးလစ်မင်းသားကြီးယောင်ဆောင်ရသည်။ ထိုသို့ အစီအစဉ်ပြုပြီးလျှင် သူတို့သည် မော်တော်ကားနှင့်ထွက်သွားသော်လည်း ပထမစီ စဉ်သည့်အတိုင်း ရပ်စပြူတင်၏အိမ်သို့ မသွားကြဘဲ မီးရထား ဘူတာရုံသို့ သွားပြီးလျှင် သူနာပြုရထားတွဲတစ်တွဲတွင် ရပ်စပြူတင် ၏အဝတ်အစားများကို ဘွိုင်လာအင်ဂျင်စက်မီးထဲသို့ ပစ်ထည့်၍ ဖျောက်ဖျက်ပစ်ရန် စီစဉ်ကြပြန်သည်။ ယင်းသို့ ဖျောက်ဖျက်ပြီး သည့်နောက်မှ နယ်စားကြီး၏ အိမ်သို့သွား၍ နယ်စားကြီး၏ မော်တော်ကားကို ပြောင်းစီးကာ ယူစွပ်ပေါ့အိမ်သို့ ပြန်လာကြရန်ဖြစ်သည်။

ပြီးမှအလောင်းကို မြစ်ထဲသို့ပစ်ချရန် စီစဉ်ထားကြသည်။ ရပ်စပြူတင်အလောင်းကိုစောင့်ရန် အမတ်ကြီးပူရစ်ကဲ ဗစ်နှင့် မင်းသားဖီးလစ်ယူစွပ်ပေါ့တို့ ကျန်ခဲ့သည်။ သင်္ကာမကင်း မဖြစ်ရအောင် ကြိုတင်စီမံသည့်အနေနှင့် ယူစွပ်ပေါ့သည် ရပ်စပြူ တင်သွားနေကျဟိုတယ်သို့ တယ်လီဖုန်းဆက်၍ ရပ်စပြူတင် ရောက်နေပြီလားဟု လှမ်းမေးလေသည်။ ယင်းသို့ တယ်လီဖုန်းနှင့် စကားပြောနေခိုက် ယူစွပ်ပေါ့၏စိတ်တွင် လေးလာသဖြင့် တယ်လီ ဖုန်းကိုချ၍ အောက်ထပ်သို့ဆင်းပြီးလျှင် ရပ်စပြူတင်၏ အလောင်း ကိုကြည့်လေသည်။ ရပ်စပြူတင်မှာ သူတို့ ပထမတွေ့ ရသည့်အ တိုင်းပင် ကြမ်းပေါ်တွင် မှောက်လျက်လဲနေသည်။ ယူစွပ်ပေါ့သည် အလောင်းကို ကိုင်၍လှုပ်ကြည့်လေသည်။ အလောင်းမှာ မလှုပ်မ ရှားဖြစ်သဖြင့် ကျေနပ်စွာတစ်ဖက်သို့လှည့်လိုက်သည်တွင် ရပ်စပြူတင်၏ မျက်လုံးတစ်ဖက်ပွင့်လာပြီးလျှင် မျက်တောင်တဖျပ်ဖျပ် ခတ်လေသည်။

အပိုင်း (၂)

ယူစွပ်ပေါ့သည် ကြည်သေသေကာ ငေးကြည့်နေလေသည်။ ထိုအခိုက်တွင် ရပ်စပြူတင်သည် တစ်ကိုယ်လုံး တဖြည်း ဖြည်းလှုပ်ရှားလာ၍ အသက်ပြန်ဝင်လာသည်။ သူ့လက်နှစ်ဖက်သည် ငေးကြောင်ကြည့်နေသောယူစွပ်ပေါ့၏လည်ပင်းသို့တဖြည်း ဖြည်းရွေ့လျားလာလေသည်။ ယူစွပ်ပေါ့မှာ ကံကောင်းထောက်မသဖြင့် အချိန်မီသတိပြန်ရလာပြီးလျှင် ရှောင်တိမ်းလိုက်လေရာ လည်ပင်းကိုမဆွဲမိဘဲ ပခုံးတစ်ဖက်တွင်တပ်ထားသော ရာထူးအမှတ်တစ်ခုကိုဆွဲမိလေသည်။ ယူစွပ်ပေါ့သည် အပေါ်သို့ပြေးတက်လေသည်။ လှေကားထိပ်ရှိတံခါးမှာ သော့ပိတ်ထားသော်လည်း ရပ်စပြူတင်၏ ထူဆန်းလှသော အင်အားကြီးကြောင့် ပွင့်ထွက် သွားလေသည်။ ရပ်စပြူတင်လည်း အိမ်ထဲမှနှင်းတောထဲသို့ပျောက်ကွယ်သွားလေသည်။

အပေါ်ထိုအခြင်းအရာကို တံခါးကြားမှချောင်းကြည့်နေသော အမတ်ကြီးသည် မယုံနိုင်သလို ငေးကြောင်ကြည့်နေရာမှ အိမ်အ ပြင်သို့ ထွက်သွားသော ရပ်စပြူတင်နောက်သို့ ခြောက်လုံးပြူးသေ နတ်ကိုကိုင်၍ ထွက်လိုက်လေသည်။ အမတ်ကြီးပူရစ်ကဲဗစ်သည် သူ့ရှေ့တွင်ရှိသော ရပ်စပြူတင်ကိုသေနတ်နှင့်လှမ်းပစ်လိုက်သည်။ ပထမတစ်ချက်တွင် ရပ်စပြူတင်သည် မှောက်လျက်လဲလေသည်။ ပူရစ်ကဲဗစ်က စိတ်မချနိုင်သဖြင့် နောက်ထပ်တစ်ချက် ပစ်လိုက် ပြန်သည်။ ယင်းသို့ ပစ်လိုက်ခါမှ ရပ်စပြူတင်သည် လူးလဲထ၍လာ ပြန်သဖြင့် ပူရစ်ကဲဗစ်သည် အံ့အားကြီးသင့်သွားလေသည်။

အံ့အားသင့်သင့်နှင့် သူ့လက်မကိုပါးစပ်နှင့်ကိုက်ရာ သွေးများပင် ထွက်လာလေတော့သည်။ ရပ်စပြူတင်က ဝင်းတံခါးဘက်သို့ ထွက် သွားလေရာ ပူရစ်ကဲဗစ်က သေနတ်နှင့် နှစ်ချက်ဆင့်ပစ်လိုက်ပြန် သည်။ ထိုအခါမှပင် ရပ်စပြူတင်သည် နှင်းပုံထဲတွင် ဝမ်းလျားထိုး လဲလေတော့သည်။ ပူရစ်ကဲဗစ်သည် နောက်မှပြေးလာပြီးလျှင် ရပ်စပြူတင်၏ခေါင်းကို ခြေနှင့်ကန်လိုက်လေသည်။

အစကမူ ရပ်စပြူတင်ကို အသံဗလံမကြားအောင် သတ်ဖို့ ဖြစ်သည်။ ယခု မလွှဲသာ၍ အိမ်ပြင်တွင် သေနတ်နှစ်ချက်ဆင့် ဖောက်၍ သတ်ရလေသည်။ သေနတ်သံကြား၍ ပြေးလာသောရဲ သားကို မင်းသားကြီးဖီးလစ်က အိမ်ထဲမှထွက်လာပြီးလျှင် ဝင်ပေါက်ဝမှနေ၍ သင့်သလိုပြောလိုက်ရသည်။ မသင်္ကာသော်လည်း မင်းသားကြီးကို ကြောက်ရွံ့သောရဲသားလည်း ဆက်လက်၍ ပတ္တ ရောင်လှည့်ရလေသည်။

ပူရစ်ကဲဗစ်သည် အိမ်ရှေ့ဘက်သို့ လှည့်ပြေးသွားပြီးလျှင် အစောင့်ကျနေသော စစ်သားနှစ်ယောက်အား “တိုင်းပြည်ရန်သူ၊ ဇာဘုရင့်ရန်သူ၊ ဂရီဂိုရီရပ်စပြူတင်ကို ငါတို့သတ်ပစ်လိုက်ကြပြီ'ဟု ပြောပြလေသည်။ စစ်သားနှစ်ယောက်ကလည်း နှုတ်လုံပါမည်ဟု ကတိပြုပြီးလျှင် ရပ်စပြူတင်၏အလောင်းကို အိမ်ထဲသို့ ဝိုင်းကူ သယ်ဆောင်ပေးကြသည်။ ရပ်စပြူတင်၏ မျက်စိတစ်ဖက်မှာမပိတ် ဘဲပြူးကြောင်ကြောင်ဖြစ်နေသောကြောင့် စစ်သားများက ရပ်စပြူ တင်မသေသေးဟုပင် ထင်မှတ်နေကြလေသည်။

ထိုအခိုက် နယ်စားကြီးတို့လူစု ရောက်လာကြသည်။ သူတို့ သည် အတန်ကြာမျှတိုင်ပင်ကြပြီးနောက် နယ်စားကြီးကားပေါ်သို့ ရပ်စပြူတင်၏အလောင်းကိုတင်၍ ပက်ထရိုစကီးတံတားဆီသို့ ရောက်သောအခါ ကားကိုရပ်၍ တံတားလက်ရန်းတိုင်များပေါ်မှ လှိမ့်၍မြစ်ထဲသို့ ပစ်ချလိုက်လေသည်။ အစက အဝတ်အစားများ ကို ချွတ်ယူမည်စီစဉ်၏။ သို့သော် အချိန်မရှိသဖြင့် မချွတ်အားနိုင်ကြချေ။
အပေါင်းအပါတို့သည် နယ်စားကြီး၏ အိမ်တော်သို့ပြန်ကြသည်။ အိမ်တော်သို့ရောက်သောအခါ မော်တော်ကားပေါ်၌ ကျန် ခဲ့သော သွေးစများပျောက်အောင် အစေခံများက ကားကိုဆေးကြ ရသည်။ အပေါင်းအပါတို့လည်း နှင်းတောထဲသွားရသော်ငြားလည်း ဇောချွေးများပြန်လျက်ရှိတော့သည်။ အနည်းငယ်မူးနောက်နောက်ရှိ၍ သူ့အိမ်တွင်ကျန်ခဲ့သောမင်းသားကြီးကလည်း အစေခံများ အား တိုင်းပြည်ရန်သူ ရပ်စပြူတင်ကို သုတ်သင်လိုက်ပြီဖြစ်ကြောင်း ဖွင့်ပြောပြီးလျှင် အိမ်ရှေ့၌ရှိသော သွေးကွက်များကို ဆေးကြောပစ် စေသည်။

ထိုအခိုက် ရဲမင်းကြီးထံမှ တယ်လီဖုန်းဆက်သဖြင့် ယူစွပ်ပေါ့က ရှင်းပြရသည်။ ရဲသားတိုင်ကြားချက်မှာ အထူးထွေမဟုတ် ကြောင်း၊အမတ်ကြီး ပူရစ်ကဲဗစ်မှာ အမူးလွန်သဖြင့် ခွေးတစ် ကောင်ကို သေနတ်နှင့်ပစ်မိကြောင်း ပြောပြသဖြင့် ရဲမင်းကြီးကကျေနပ်လေသည်။

ရပ်စပြူတင်၏အခန်းတွင် နံနက်ငါးနာရီ၌ အစေခံမက သူ့သခင်၏ အဝတ်အစားများကို သိမ်းရန်ဝင်သွားသောအခါ သူ့သခင်ကိုမတွေ့ရသဖြင့် ရဲအဖွဲ့အား အကြောင်းကြားလိုက်သည်။ သူ့သခင် မည်သည့်အရပ်တွင်ရောက်နေသနည်းဟု ရပ်စပြူတင်၏ သမီးကို မေးကြည့်ရာ သမီးမက်ထရိုနားက သူ့ဖခင်က ညက လစ်မင်းသားကြီး အိမ်သို့သွားကြောင်း ပြောပြလိုက်သည်။ ထိုအချက်ကိုကြားသိရသော ရဲစုံထောက်အဖွဲ့က ဖီးလစ်မင်းသားကြီး အိမ်သို့ နံနက်ခုနှစ်နာရီလောက်တွင်သွား၍ ညကအဖြစ်အပျက်ကို စုံစမ်းကြသည်။

နံနက်ညီလာခံအချိန်တွင် ရပ်စပြူတင်အား နန်းတော်တွင်မတွေ့သဖြင့် ဇာရီနားမိဖုရားကြီးက မသင်္ကာဖြစ်သည့်အလျောက် စိန့်ပီတာစဗတ်မြို့တော် ရဲအဖွဲ့ကိုအကြောင်းကြားလိုက်လေသည်။ မိဖုရားကြီးက ယူစွပ်ပေါ့မင်းသားကြီးက ရပ်စပြူတင်အား ညကသူ့အိမ်သို့ဖိတ်ခေါ်သံကြားရကြောင်း ရဲအဖွဲ့ကို ပြော လိုက်သည်။ ထို့ကြောင့် ရဲမင်းကြီးက ယူစွပ်ပေါ့အိမ်တော်ကိုရှာမည် ဟု မင်းသားကြီးအား အကြောင်းကြားလိုက်သည်။ မင်းသားကြီးက ဇာဘုရင်အမိန့်မပါဘဲနှင့် ရဲအဖွဲ့က ဆွေတော်မျိုးတော်အိမ်များကို ရှာခွင့်မရှိကြောင်း ဒေါသကြီးစွာကန့်ကွက်လေသည်။ ထိုအခါရဲ မင်းကြီးက မင်းသားကြီးအား သူ့ကြင်ယာတော် သွားရောက်လည် ပတ်လျက်ရှိသော ကရီးမီးယားနယ်သို့ထွက်သွားရန် အကြံပေး လေသည်။ ထိုနေ့ညနေတွင်ပင် ယူစွပ်ပေါ့သည် ကရီးမီးယားနယ် သို့ ထွက်သွားရန်စီစဉ်လေသည်။

ရပ်စပြူတင်ပျောက် ပြားသိရသောအခါ မည်သူက မည်သို့လုပ်ကြံသည် ဆိုသည့်အ ကြောင်းကို အမျိုးမျိုးထင်ကြေးပေးနေကြလေသည်။ အစင်းသိများက ယူစွပ်ပေါ့အား တယ်လီဖုန်းဆက်၍ ဝမ်းမြောက်ကျေးဇူးတင်ကြောင်းပြောကြသည်။ ညနေ၌ မီးရထားဘူတာရုံသို့ရောက်ကြ သည်နှင့်တစ်ပြိုင်နက် အသင့်စောင့်နေသော ရဲအဖွဲ့က ယူစွပ်ပေါ့အား ဇာဘုရင်၏အမိန့်အရဖမ်းဆီးရပါသည်ဟု ဆိုလေသည်။ ဇာ ရီနားမိဖုရားကြီး၏ ပယောဂကြောင့် ဇာဘုရင်က သူ့တူတော်ကို ဖမ်းခြင်းဖြစ်သည်။

ထိုအခိုက် ရပ်စပြူတင်၏အလောင်းကို ရဲအဖွဲ့က တစ်နေကုန်ရှာကြရာ နောက်ဆုံး၌ ရေခဲနေသောမြစ်တွင် ပစ်ချလိုက်သည့် နေရာနှင့် မလှမ်းမကမ်းတွင် တွေ့ကြရသည်။ ရင်ခွဲစစ်ဆေးကြည့် သောအခါ အဆုတ်ထဲတွင် ရေများပြည့်နေသည်ကိုထောက်ရှု၍ ရေထဲသို့ပစ်ချလိုက်စဉ်က ရပ်စပြူတင်မှာ မသေသေးကြောင်း ထင်ရှားစွာသိရသည်။

ဇာရီနားမိဖုရားကြီးသည် ရပ်စပြူတင်အတွက် ယူကျုံးမရ ဖြစ်လေသည်။ အလောင်းကို ကျနစွာပြင်ဆင်ပြီးနောက် နန်းတွင်း၌ပင် သင်္ဂြိုလ်လေသည်။ ဇာဘုရင်နှင့်အိမ်သားစုက အသုဘရှင်အ ဖြစ် ဆောင်ရွက်ကြသည်။ ဇာရီနားမိဖုရားကြီး၏ အလိုတိုင်းသာဆိုလျှင် ရပ်စပြုတင်၏သင်္ချိုင်းတွင် ဘုရားရှိခိုးကျောင်းဆောက်ရန် ဖြစ်သည်။ သို့ရာတွင် ရုရှားပြည်တော်လှန်ရေးကြီး ပေါ်ပေါက်လာသဖြင့် ဇာဘုရင်နှင့်ဇာရီနားမိဖုရားတို့ခမျာမှာ ကွပ်မျက်ခြင်းခံကြရလေသည်။ လူထုကရပ်စပြူတင်၏အလောင်းကိုဖော်ထုတ်၍ မီး ရှို့ပစ်ကြသည်။

မင်းသားဖီးလစ်ယူစွပ်ပေါ့ကို အပြစ်ဒဏ်ပေးလိုသော်လည်း မိဖုရားကြီးမှာ အများ၏ဆန္ဒကို ကန္တကမပြုရဲသဖြင့် ပြည်နှင် ဒဏ်ပေးရုံမျှနှင့်ကျေနပ်လိုက်ရလေသည်။


ရပ်စပြူတင်မှတ်စု

ရပ်စပြူတင်၏ အတ္ထုပ္ပတ္တိကို ယူစွပ်ပေါ့မင်းသားသည် ၁၉၆၂ ခုနှစ်၌ ရေးသားထုတ်ဝေခဲ့သည်။ ထိုစဉ်က သက်ဆိုင်သူ ကာယကံရှင်များ အသက်ရှင်နေကြဆဲဖြစ်သဖြင့် နာမည်များကို ကောက်မျှသာ ဖော်ပြခဲ့သည်။

အပြည့်အစုံ မဖော်ပြဘဲ အက္ခရာလုံးရပ်စပြူတင်အကြောင်း ရေးသားသောစာအုပ်များမှာ ယနေ့အထိ စုစုပေါင်း တစ်ရာကျော်ရှိသည်။ ရုပ်ရှင်လည်းရိုက်ကူးခဲ့ပြီ။ အမ်ဂျီအမ်ရုပ်ရှင်ကုမ္ပဏီမှ ရပ်စပြူတင်အကြောင်းကို ရုပ်ရှင် ရိုက်ကူးပြသသောအခါ ယူစွပ်ပေါ့မင်းသား၏ဇနီးကို ရပ်စပြူတင်က မတရားကျင့်ကြံသဖြင့် ယူစွပ်ပေါ့မင်းသားက အငြိုးထားကာ ရေ ကြေးသိန်းချီ၍ပေးရလေသည်။

သတ်သည်ဟု ပြသသဖြင့် ယူစွပ်ပေါ့မင်းသားဘက်မှ အသဖျက်မှုဖြင့် ရုပ်ရှင်ကုမ္ပဏီအား တရားစွဲရာ ရုပ်ရှင်ကုမ္ပဏီမှ လျော်ရပ်စပြူတင်အကြောင်းကို ရေးကြရာ၌ အချို့ က ရပ်စပြူ တင်ကို သတ်ခြင်းကြောင့် ရုရှားပြည်သည် တိုးတက်ကောင်းမွန် သော နိုင်ငံဖြစ်လာရသည်ဟုရေး၍ အချို့စာအုပ်များကမူ ရပ်စ ပြုတင်အား သတ်ပစ်ခြင်းနှင့် ရုရှားပြည်၏ကဏ္ဍအသစ်ပြောင်းလဲခြင်းသည် မည်သို့မျှမသက်ဆိုင်ဟု ရေးကြသည်။

ဂျာမန်ဘာသာဖြင့်ရေးသော စာအုပ်များ၌မူ ရပ်စပြူတင် ၏ယုတ်မာပုံများကို အကျယ်တဝင့်ရေးသားပြီးနောက် ရပ်စပြူတင် အား သတ်သူများကိုလည်း သူရဲဘောနည်းသူများအဖြစ် ရေးသား ထားလေသည်။

(စာရေးဆရာကြီး တက်တိုး ရေးသားသည့် ဤဆောင်းပါးကို တက်တိုး စာပေက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လတွင် ထုတ်ဝေသော “ကမ္ဘာ့ ဆိုးပေကြီးများ” သတ္တမအကြိမ် မြန်မာပြန် စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး တက်တိုး သည် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review