နိုင်ငံတော်သီချင်း - အောင်ခင်မြင့်

 

ဇေယျာလင်း၏ မှတ်ချက်


(ကို)အောင်ခင်မြင့်ရဲ့ “နိုင်ငံတော်သီချင်း”မှာ ကိုယ်ရေးကိုယ်တာဘဝ private life နဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ဘဝ public life တို့ရဲ့ အပြန်အလှန် ဆက်ဆံမှု interplay ကို တွေ့ရှိရပါတယ်။ ဒီဆက်ဆံရေးကို တင်ပြပုံဟာလည်း အပြင်လောကမှာ တကယ်ဖြစ်နေသလို ရေးကြီးခွင်ကျယ်မဟုတ်တဲ့ သာမန်အနေအထားလိုမျိုး casual ပုံစံနဲ့ တင်ပြထားတာ တွေ့ရတယ်။ အခြားကဗျာဆရာတွေဆိုရင် “နိုင်ငံတော်သီချင်း” တစ်ပုဒ်ထဲက motif အကြောင်းအရာတစ်ခုကိုပဲ တစ်ပုဒ်လုံးဇာတ်နာအောင် dramatize လုပ်လိုက်မယ့်ဖြစ်ခြင်း။ အသေအကြေခံစားပြလိုက်မယ့်ဖြစ်ခြင်း။ ဘာသာစကားဟာ ပြင်ပအရာတွေနဲ့ ထပ်တူမကျဘူးဆိုတာ မသိလေဘိဖြစ်ခြင်း။

အောင်ခင်မြင့်ရဲ့ ကဗျာတွေမှာတော့ ပုဂ္ဂလိက အတွင်းရေး (ဝါ) လိင်မှုကိစ္စနဲ့ အများပြည်သူဆိုင်ရာဘဝဖြစ်ရပ်ဟာ ကွဲပြားခြားနား သီးခြားဖြစ်နေတာ မဟုတ်ဘဲ လိင်စိတ်နဲ့ နိုင်ငံရေးစိတ်တွေဟာ ပူးယှက်နေကြတယ်။ နိုင်ငံတော်သီချင်းနားထောင်ရင်းမှာပဲ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ဟာ လိင်စိတ်ကြွလာသလိုပါပဲ။ လစ်ရစ်က်ကဗျာပုံစံထဲကို ပုဂ္ဂလိကခံစားမှု အကျဆုံး လိင်ကိစ္စကို အများ ပြည်သူဆိုင်ရာစပေ့စ် private and public space နဲ့ ယှက်လိမ်ထည့်သွင်းယူခြင်းအားဖြင့် လစ်ရစ်က်ကဗျာအတွင်းစပေ့စ်တစ်ခုဖဲ့/ ဖွဲ့/ ချဲ့ယူလိုက်ပုံကိုက Marlon Brando လို အလေးအနက်ထားစရာကို သာမန်လုပ်လိုက်ခြင်းအားဖြင့် ပိုလေးနက်မှုကို ရှိ စေလိုက်တာ ဖြစ်ပါတယ်။

ကဗျာပါးမဝကြသူ တွေ ရေးသားတတ်ကြတဲ့ နိုင်ငံရေး (နောက်ခံ) ကဗျာတွေထဲက နိုင်ငံရေးဘာသာစကား တွေ အတုံးလိုက် အတစ်လိုက် ထည့်တာမျိုးမဟုတ်ဘဲ သားလှီးဓါး ထက်ထက်ပါးပါးနဲ့ ပါးပါးလွှာလွှာလေး လှီးပြီး ညှပ်ထည့်သွားတာတွေဟာ ရင်ခုန်/တုန်စရာပါပဲ။ အကယ်၍များ မှားလှီးမှားထည့်မိလိုက်ရင်။ တရားမဝင်နိုင်ငံရေးအဆောက်အအုံ (ဝါ) ကိုယ်တွင်း/စိတ်တွင်းရောဂါတစ်ခုခု ကြီးကြီးမားမားရထားတဲ့ နိုင်ငံရေးနဲ့ လည်ပတ်တဲ့နိုင်ငံရေး ယန္တယား (ဝါ) ဖိနှိပ်အုပ်ချုပ်မှုယန္တယားနဲ့ ထိတွေ့ဆက်ဆံကြရတဲ့အခါ လူတွေဟာလည်း ဆင်ခြင်ယုတ္တိတွေနဲ့ မဆက်ဆံရဘဲ ဆင်ခြင်တုံတရားမဲ့သူ/စနစ်နဲ့သာ ရောဂါကူးစက်ဆက်ဆံ နေလာကြရတဲ့အခါ စံသွေလွဲမှုကိုယ်တိုင်ကပဲ စံဖြစ်ခဲ့/ဖြစ်နေရတာပဲ မဟုတ်လား။ ဒီရောဂါရ/ရောဂါဖြန့်ဖြူးတဲ့စနစ်ထဲမှာ လူ တွေဟာ မျက်နှာမရှိကြဘဲ ဆက်ဆံရေးတွေဟာလည်း ပုံမှန်မဟုတ်ဘဲ သိမှုတွေဟာလည်း လွဲချော်ရင်း အသက်ဆိုတဲ့ အရာကို ဆက်လက်ရှိနေအောင် ဘာကြောင့်   လုပ်လို့လုပ်နေမှန်း မသိဘဲ ဆက်လုပ်နေကြရင်း နိုင်ငံတော်သီချင်းဆိုတဲ့ ဘာမှန်းမသိ မက်တာနရေးတစ်ဗ်ကြီးကို စိတ်အတွင်းအနက်ရှိုင်းဆုံးထဲက ခြောက်နေတဲ့ တစ္ဆေကြီးလို စိတ်ခြောက်ခြားစွာ သီဆိုခဲ့ရ/သီဆို နေရတာ  ဖြစ်ဘိခြင်း။

အို … သင်၏    ခြောက်ခြားဘွယ်ကောင်းသော နိုင်ငံတော်နှင့် လိပ်ပြာမဲ့သီချင်း။ ။

ဇေယျာလင်း
၂၁ ဂျွန် ၂၀၁၅

««« »»»


Post a Comment

0 Comments

0%