ဆည်းဆာ - မောင်ရဲခိုင် -
ဆည်းဆာ
မောင်ရဲခိုင်
The Age of Discretion
Simone de Beauvoir
နှစ်ကာလများ
အမှတ် ၁၀၄၊ အပေါ်ဆုံးထပ် (က)၊ အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ဝ၉ ၂၅ ၄၈ ၄၈ ၁၄၈
e-mail: theeras2001@gmail.com
ပုံနှိပ်မှတ်တမ်း
ဆည်းဆာ
မောင်ရဲခိုင်
ဒုတိယအကြိမ်၊ ဇူလိုင်၊ ၂ဝ၁၉၊ နှစ်ကာလများစာပေ။
ပထမအကြိမ်၊ ၂ဝဝ၁၊ ရာပြည့်စာအုပ်တိုက်။
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၂ဝဝဝ ကျပ်
ထုတ်ဝေသူ ဦးစိန်ဝင်း၊ နှစ်ကာလများ စာပေ (ဝဝ၇၄၄)၊ ၁၀၄၊ အပေါ်ဆုံးထပ် (က)၊ အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
အတွင်းနှင့် အဖုံးပုံနှိပ် ဦးအေးဝင်း၊ အေးကမ္ဘာပုံနှိပ်တိုက်၊ (ဝဝ၂၉ဝ) ၄၆၊ ၄၆ လမ်း၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့။
မျက်နှာဖုံး မောင်ဒေး၊ ကွန်ပျူတာစာစီ သရဖီ၊ စာအုပ်ချုပ် ရွှေသမီး။
Ebook Creator - Whisper Of Words
About Us
ကျွန်တော်တို့အဖွဲ့သည် မြန်မာနိုင်ငံအတွင်းက e-Books Reader အသုံးပြုသူများနှင့် Digital Devices တွေမှာ စာဖတ်သူများ အတွက် မြန်မာစာအုပ်များကို ဖတ်ရှုနိုင်စေရန် ကူညီပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ တိုးတက်လာသော နည်းပညာများအရ e-books Reader အသုံးပြုသူများလည်း များပြားလာပြီ ဖြစ်သော်လည်း နိုင်ငံတွင်းမှတော့ e-books Reader အသုံးပြုသူများ အတွက် မြန်မာစာအုပ် ဖတ်ရှုနိုင်ရန် အလွန် ခက်ခဲလျက်ရှိသည်။ ထို့ပြင်လက်ရှိမှာလည်း မြန်မာစာအုပ်များကို Digital နည်းဖြင့် ဖြန့်ဝေမှု လုံးဝမရှိသလောက် ဖြစ်သည်။ ထိုအခက်ခဲများကို ကျနော်တို့ တတ်နိုင်သည့် ဘက်မှ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
မူပိုင်ခွင့်ချိုးဖေါက်ပြီး ကိုယ်ကျိုးအတွက် လုံးဝ(လုံးဝ)အသုံးမပြုပါ။
အကယ်၍ ဤစာအုပ်အတွက် အဖိုးအခ တစ်စုံတစ်ရာ ပေးခဲ့ပြီး ရခဲ့သည် ရှိသော် ဂျင်းထည့်ခံရပြီ မှတ်ပါ။
မြန်မာပြန်သူ၏ အမှာ
ဤစာအုပ်သည် ပြင်သစ် ဖြစ်တည်မှုဝါဒ စာရေးဆရာမကြီး ဆီမွန် ဒီဗူးဗွား၏ ဝတ္ထုကို မြန်မာပြန် ဆိုထားခြင်း ဖြစ်ပါသည်။ ဆရာမကြီး၏ စာပေလက်ရာများသည် ကမ္ဘာ့စာပေတွင် ထင်ပေါ် ကျော်ကြားလှ သော်လည်း ကျွန်တော်တို့ မြန်မာစာပေတွင် ဆရာ မြသန်းတင့်၏ “မိန်းမတို့အကြောင်း”နှင့် “ရေပွက်ပမာ” လောက်သာ တွေ့ရှိရဖူးပါသည်။ ဆရာ မြသန်းတင့်က ထို “ရေပွက်ပမာ”တွင် ဆရာမကြီး အကြောင်းကို အတော် ပြည့်စုံစွာပင် မိတ်ဆက်ပေး ထားပြီး ဖြစ်ပါသည်။
ဒီဗူးဗွားသည် ၁၉ဝ၈ ခုနှစ်တွင် ပါရီမြို့၌ မွေးဖွားခဲ့ပါသည်။ ဖခင်ဖြစ်သူမှာ ရှေးရိုး ကွန်ဆာဗေးတစ် အမြင်ရှိသော ရှေ့နေတစ်ဦး ဖြစ်သည်။ ဒီဗူးဗွားသည် ၁၉၂၉ တွင် ဆိုရဘွန်း တက္ကသိုလ်မှ ဒဿနိက ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး ယန်းပေါလ်ဆာ့တ်နှင့် ရင်းနှီး ကာ ထိုအချိန်မှ စပြီး ကွယ်လွန်သည်အထိ ရာသက်ပန် မိတ်ဆွေများ ဖြစ်ခဲ့ကြလေသည်။
ဒီဗူးဗွားသည် မာဆေးမြို့နှင့် ရူအင်မြို့တို့တွင် ၁၉၃၁ မှ ၁၉၃၇ အထိနှင့်၊ ၁၉၃၈ မှ ၁၉၄၅ အထိ ပါရီမြို့တို့တွင် စာသင်ကြား ရေးလုပ်ငန်း လုပ်ကိုင်ခဲ့သည်။ စစ်ပြီးခေတ်ကာလတွင် ဖြစ်တည်မှု ဝါဒ လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ သူမ၏ ပထမဆုံး လုံးချင်းဝတ္ထုမှာ ၁၉၄၃ တွင် ထုတ်ဝေခဲ့သော She Came to Stay ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် The Mandarins ဝတ္ထုကြီး ဖြင့် ပြင်သစ်ပြည်၏ အမြင့်ဆုံး စာပေဆုဖြစ်သော Prix Goncourt ဆုကို ရရှိခဲ့လေသည်။
သူမ၏ “မိန်းမတို့အကြောင်း” (The Second Sex) သည် အလွန် ဂယက်ရိုက်ခဲ့သော စာအုပ် ဖြစ်သည်။ အလွန်ပင် ငြင်းခုံစရာ ဖြစ်ခဲ့သည်။ ထို့ပြင် သူမ၏ ဘဝ၊ စာပေနှင့် နိုင်ငံရေး ဖြတ်သန်း မှုများကို အသေးစိတ် မှတ်တမ်းတင်ထားသော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ သုံးတွဲကိုလည်း ထုတ်ဝေခဲ့သေးသည်။ ဥရောပ၊ အမေရိက နှင့် ကမ္ဘာ့နိုင်ငံ အတော်များများသို့လည်း ခရီးထွက်ခဲ့သေးသည်။ ဗူးဗွားသည် ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်ခဲ့ ပါသည်။
ဒီ ဆရာ မြသန်းတင့် မြန်မာပြန်သော “ရေပွက်ပမာ” ၏ အဓိက ဦးတည်ချက်မှာ မရဏတရား အကြောင်း ဖြစ်ပြီး ယခုဝတ္ထု၏ ဦးတည်ချက်မှာ ဇရာအကြောင်း ဖြစ်ပါသည်။ ဇရာအပေါ် ဖြစ်တည်မှုစာပေ ၏ အမြင်ကို ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။ ကျွန်တော့်အနေနှင့်မူ ထမ်းဆောင်သင့်သည်ဟု ယူဆသော စာပေတာဝန် တစ်ရပ်ကို ထမ်းဆောင်ခြင်းမျှသာ ဖြစ်ပါ၏။
မောင်ရဲခိုင်
(၁)
ကျွန်မ နာရီ ရပ်သွားပြီလား၊ မဟုတ်။ သို့သော် သူ့လက်တံ တွေက လှည့်မသွားဟု ထင်ရသည်။ သူတို့ကို ကြည့်မနေပါနှင့်တော့။ တခြား တစ်ခုခုအကြောင်းကို စဉ်းစား။ တခြား ဘာပဲဖြစ်ဖြစ်ပေါ့။ မနေ့က အကြောင်းကို ပြန်စဉ်းစား။ ဂနာမငြိမ် တင်းကျပ်စွာ စောင့်ဆိုင်းနေမယ့်အစား တည်ငြိမ်ပြီး သာမန်မျှသာဖြစ်တဲ့၊ အလွယ်တကူ စီးဆင်း သွားတဲ့ နေ့တစ်နေ့အကြောင်းကို စဉ်းစားနေပေါ့။
အိပ်ရာက ညင်သာစွာ နိုးလာသည်။ အင်ဒရေသည် အိပ်ရာထဲမှာ ပုံမကျ ပန်းမကျ ခေါက်ကွေးနေသည့် အနေအထားဖြင့် ရှိနေသည်။ သူ့မျက်စိပေါ်မှာ အဝတ်စ ဖုံးထားပြီး လက်တစ်ဖက်က ကလေးတစ်ယောက် သဖွယ် နံရံကို ဖိကပ် စမ်းထားသည်။ အိပ်စက်ခြင်းမှာ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဖိစီးခြင်းတို့နှင့် တွေ့နေရသည့် အလား၊ ကမ္ဘာလောက၏ ခိုင်မြဲမှုကို သေချာအောင် လက်ဆန့်ပြီး စမ်းကြည့်ဖို့ လိုအပ်နေသည့်အလား ကျွန်မ သူ့ခုတင်စွန်းမှာ ထိုင်လိုက်သည်။ ပြီးနောက် သူ့ပခုံးကို လှမ်းကိုင်ထားလိုက်သည်။
“ရှစ်နာရီ ထိုးပြီ”
ကျွန်မသည် နံနက်စာ လင်ဗန်းကို စာကြည့်ခန်းထဲသို့ ယူခဲ့၏။ တမြန်နေ့က ရောက်နေသော စာအုပ် တစ်အုပ်ကို ကျွန်မ ကောက်ကိုင်လိုက်သည်။ ထိုစာအုပ်ကို ကျွန်မ တစ်ဝက်လောက်သာ လှန်လှော ကြည့်ရ သေးသည်။ ဆက်သွယ်မှု မရှိဘဲ အခုလို စခန်း သွားနေရတာ ဘယ်လောက်များ ပျင်းစရာ ကောင်းလိုက်ပါသလဲ။ တကယ်တမ်းသာ ဆက်သွယ်ချင်စိတ် ရှိမယ်ဆိုရင် တစ်နည်းမဟုတ် တစ်နည်း စီမံလို့ ရနိုင်တာပဲ။ လူတိုင်း လူတိုင်း နဲ့တော့ ဘယ်ဟုတ်မှာလဲ။ နှစ်ယောက်၊ သုံးယောက်နဲ့ပေါ့။ တစ်ခါတစ်ရံ ကျွန်မ၏ စိတ်အခြေအနေများ၊ ကြေကွဲဝမ်းနည်းရမှုများ၊ အရေးမကြီးသော စိတ်သောကများကို အင်ဒရေအား ပြောမပြပါ။ သူ့မှာလည်း လျှို့ဝှက်ချက် ကလေးများ ရှိမည်မှာ သံသယဖြစ်စရာ မလိုပါ။ သို့သော် အားလုံးကို ခြုံလိုက်လျှင် ကျွန်မတို့ တစ်ယောက် အကြောင်း တစ်ယောက် မသိကြတာ ဆို၍ ဘာမှ မရှိပါ။ ကျွန်မသည် တရုတ် လက်ဖက်ရည် ငှဲ့လိုက်၏။ လက်ဖက်ရည်သည် တရွှီရွှီ မြည်အောင် ပူနေ ပြီး ပြင်းလည်း ပြင်းသည်။ ကျွန်မတို့သည် စာတိုက်မှ ရောက်လာ သော စာများကို ဖတ်ရင်း ဤလက်ဖက်ရည်ကို သောက်နေကျ ဖြစ် ပါသည်။ ဇူလိုင်လ၏ နေရောင်က အခန်းတွင်းသို့ ဖြာဆင်း ဝင် ရောက်နေသည်။ ကျွန်မတို့ရှေ့မှာ ဤလက်ဖက်ရည် ပြင်းပြင်းပူပူ ခွက်များ ကိုယ်စီချကာ ဤစားပွဲကလေးမှာ အကြိမ်ပေါင်း မည်ရွေ့ မည်မျှ မျက်နှာချင်းဆိုင် ထိုင်ဖူးခဲ့ကြပါပြီလဲ။ မနက်ဖြန်မှာလည်း ဤအတိုင်း ထိုင်ကြဖို့ ကောင်းပါသည်။ ပြီးတော့ တစ်နှစ်တာ အချိန်ကာလအတွင်း၊ ပြီးတော့ ဆယ်နှစ်တာ အချိန်ကာလအတွင်း ...။ ထို ခေတ္တခဏ အချိန်ပိုင်းကလေးသည် အမှတ်ရမှုတစ်ခု၏ ချိုမြိန်သော ညင်သာမှုနှင့် ကတိကဝတ်တစ်ခု၏ လှိုက်မော ပျော်ရွှင်မှုတို့ကို ပိုင်ဆိုင်ပါသည်။ ကျွန်မတို့ဟာ အသက်သုံးဆယ် အရွယ်တွေလား၊ ခြောက်ဆယ် အရွယ်တန်းတွေလား။
အင်ဒရေသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဆံပင်တွေ ဖြူဖွေးနေခဲ့၏။ စောစောပိုင်း နေ့ရက်များကမူ နှင်းငွေရောင် ထနေသော ထိုဆံပင်များသည် သူ၏အသားအရေ ကြည်လင်စိုပြည် လန်းဆန်းမှုကို ပေါ်လွင်စေပြီး အထူးပင် ကြည့်လို့ရှုလို့ ကောင်းခဲ့ပေသည်။ ယခုတိုင်အောင်လည်း ကြည့်ကောင်းနေဆဲ ဖြစ်ပါသည်။ သူ့ အရေပြားကတော့ မာတင်း ခေါက်တွန့်နေခဲ့ပြီ။ အိုဟောင်းသော သားရေစ။ သို့သော် သူ့နှုတ်ဖျား အပေါ်နှင့် မျက်လုံးများ အတွင်းမှ အပြုံးကမူ တောက်ပလင်းလက်မှု ဆောင်နေဆဲ။ ဓာတ်ပုံအယ်လ်ဘမ်က ဆန့်ကျင်ဘက် ကို မည်သို့ပင် ပြသ ပြောဆိုနေစေကာမူ ငယ်ရွယ်သော အင်ဒရေ၏ ရုပ်ပုံများသည် ယနေ့ သူ့မျက်နှာနှင့် လိုက်ဖက်တူညီ နေဆဲ။ ကျွန်မ မျက်လုံးထဲမှာတော့ သူ အသက်မကြီး။ ရှည်လျားသော ဘဝတာတစ်ရပ်မှာ ရယ်မောခြင်း၊ မျက်ရည်၊ ရန်ဖြစ်ခြင်း၊ ပွေ့ဖက်ခြင်း၊ ဝန်ခံခြင်း၊ ဆိတ်ဆိတ်နေခြင်း၊ နှလုံးသားမှ ရုတ်ခြည်း လှုံ့ဆော်ခြင်းများဖြင့် ပြည့်လျှမ်းနေခဲ့သည်။ သို့တိုင်အောင် ရံဖန်ရံခါ မှာတော့ အချိန်သည် ရွေ့လျားသည်ဟု မထင်ရ။ အနာဂတ်သည် အဆုံးမဲ့သော အနန္တဆီသို့ ဖြန့်ကြက် ထွက်သွားနေလေသည်။
သူ မတ်တတ် ထရပ်သည်။
“မင့်လုပ်ငန်း အဆင်ပြေပြေ သွားနေတယ်လို့ မျှော်လင့်ပါတယ်”ဟု သူက ဆိုလေသည်။
“ရှင့်လုပ်ငန်းလည်း ဒီအတိုင်း ဖြစ်မှာပါ”
ကျွန်မက ပြန်ပြောလိုက်သည်။
သူက ပြန်မဖြေ။ ဤသို့သော သုတေသန လုပ်ငန်းများ၌ တစ်ခါတစ်ရံ ဘာတိုးတက်မှုမှ မရှိသော အချိန် တွေ မလွဲမသွေ ရှိတတ်ပေသည်။ သူသည် ဤအချက်ကို ယခင်အခါများကလို လွယ်လွယ်ကူကူ လက်သင့် မခံနိုင်အောင် ဖြစ်နေလေသည်။
ကျွန်မ ပြတင်းပေါက် ဖွင့်လိုက်သည်။ ပါရီမြို့သည် ဖိစီးနေသည့် နွေရာသီ အပူရှိန်အောက်တွင် တဖျဉ်းဖျဉ်း အိုက်စပ်လျက်။ ကတ္တရာအနံ့များ ထွက်နေပြီး လာအံ့ဆဲဆဲ မုန်တိုင်းကလည်း ပြိုမှာလေလား မိုးရဲ့။ ကျွန်မ မျက်လုံးများက အင်ဒရေနောက်ကို လိုက်ကြည့်သည်။ သူ တစ်ဖက်သို့ ဝင်ရောက် ပျောက်ကွယ် သွားသည် ကို ကျွန်မ စောင့်ကြည့်နေမိ၏။ ဤအခိုက်အတန့်ကလေးများတွင် သူသည် ကျွန်မအတွက် အလွှမ်းမိုး ဆုံးသော ကြည်လင် ရှင်းလင်းမှုဖြင့် ဖြစ်တည်နေခြင်း တည်နေခြင်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သူ၏ အရပ်မြင့်မြင့် ပုံရိပ်သည် တစ်စတစ်စ သေးငယ်၍ သွားနေ၏။ သူ၏ခြေလှမ်း စီတိုင်းသည် သူ၏ အပြန်လမ်းကို အရာပေးသွားခြင်းပင် ဖြစ်ပါ၏။ သူ၏ပုံရိပ် ကွယ်ပျောက်သွားသည်။ လမ်းထဲမှာ ဘာမှမရှိ၊ ရှင်းနေသည်ဟု ထင်ရသည်။ သို့သော် အမှန်တကယ်အားဖြင့် ထိုပုံရိပ်သည် စွမ်းအင်စက်ကွင်း တစ်ရပ်သာ ဖြစ်ပါ၏။ ထိုစက်ကွင်း သည် သူ့အား ကျွန်မ ရှိရာသို့ လမ်းပြ ခေါ်ဆောင်လာပါလိမ့်မည်။ ကျွန်မ ရှိသော နေရာသည် သူ၏ သဘာဝအိမ်ရာ။ ဤသေချာမှုသည် သူ ရှိနေခြင်းထက်ပင် ပို၍ ကျွန်မအား လှုပ်ရှားစေပါသည်။
ကျွန်မ လသာဆောင်ပေါ်မှာ အတန်ကြာအောင်ထိ ရပ်နေမိသည်။ ခြောက်ထပ် အမြင့်မှနေပြီး ပါရီမြို့၏ ကြီးမားသော အပြန့်အပြောကို မြင်နေရသည်။ သင်ပုန်းကျောက်ပြား အမိုးတွေပေါ်မှာ ခိုတွေ ပျံသန်းနေ ကြသည်။ ပန်းအိုးဟု ထင်ရသည့် အရာများသည် တကယ်တော့ မီးခိုးခေါင်းတိုင်များ ဖြစ်ကြပေသည်။ အနီရောင်၊ သို့မဟုတ် အဝါရောင် ဝန်ချီစက်ကြီးများက ငါးခု၊ ကိုးခု၊ ဆယ်ခု။ ကျွန်မ ဆယ်ခု ရေကြည့်လို့ ရသည်။ ကောင်းကင် နောက်ခံတွင် သူတို့ သံလက်တန်းကြီးများ ထိုးထွက်နေကြသည်။ ညာဘက် အဝေးဆီ၌ ကျွန်မ၏ အကြည့်သည် ငွားငွားစွင့်စွင့် မြင့်တက်လာနေ သော နံရံကြီးတစ်ချပ်ကို သွားတိုက်မိသည်။ နံရံကြီးမှာ အပေါက်ငယ် ကလေးတွေနှင့်။ အဆောက်အအုံသစ်ကြီး တစ်ခုပင်။ ဖန်တုံးများနှင့် တူသည့် မျှော်စင်များ ကိုလည်း ကျွန်မ မြင်ရသည်။ မကြာသေးခင်ကမှ ဆောက်ထားသော အဆောက်အအုံ မြင့်မြင့်များပါကလား။ အက်ဒ်ဂါ ကွီနေးလမ်း ရဲ့ သစ်ပင်တွေ တန်းနေတဲ့ အပိုင်းထဲမှာ မော်တော်ကားတွေ ရပ်ထားခဲ့တာ ဘယ်တုန်းကပါလိမ့်။ ရှုကွင်းရှုကွက်၏ သစ်ဆန်းပုံကို ကျွန်မ တအံ့တသြ ရှင်းလင်းစွာ မြင်လာမိသည်။ သို့တိုင်အောင် အရင်က ဘယ်သို့ ရှိခဲ့သည်ကို ကျွန်မ မမှတ်မိနိုင်အောင် ဖြစ်နေရလေသည်။ ယခင်နှင့် ယခု ဓာတ်ပုံ နှစ်ပုံ ဘေးချင်းယှဉ် ကြည့်လိုက်လျှင် ပြောင်းလဲ ခြားနားမှုများကြောင့် ကျွန်မ အံ့မခန်း ဖြစ်ရလိမ့်မည်။ ဟင့်အင်း၊ မဟုတ်သေး။ တကယ် မဟုတ်သေး။ ကမ္ဘာလောကသည် ကျွန်မ၏ မျက်စိရှေ့မှောက်တွင် ထာဝစဉ် တည်တံ့သော ပစ္စုပ္ပန်တစ်ရပ်အဖြစ် တည်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကျွန်မသည် လောက၏ ခြားနားသော အသွင်အပြင်များ နှင့် မြန်မြန်ဆန်ဆန် ကျင့်သားရအောင် ကြီးပြင်းလာခဲ့သည်ဖြစ်ရာ ကျွန်မအတွက် ပြောင်းလဲမှု ရှိသည်ဟု မထင်ရပေ။
ကျွန်မ၏ စာရေးစားပွဲပေါ်မှ ကတ်ပြားအညွှန်းများနှင့် စာရွက် အလွတ်များက ကျွန်မကို အလုပ်လုပ် အောင် တိုက်တွန်းနေကြသည်။ သို့သော် ခေါင်းထဲမှာ စကားလုံးတွေ ခုန်ပျံနေကြသဖြင့် အာရုံမစူးစိုက်နိုင် ဖြစ်နေလေသည်။
အခုညနေ ဖီးလစ် ဒီကို လာမယ်”
သူ အဝေးသွားနေတာ တစ်လလောက် ကြာသွားနေပြီ။ ကျွန်မ သူ့အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲမှာ စာအုပ်တွေ၊ စာရွက်စာတမ်းတွေ ပြန့်ကျဲနေဆဲ။ မီးခိုးရောင် ဆွယ်တာဟောင်းက တစ်ထည်၊ ခရမ်းရောင် ညဝတ်က တစ်စုံ။ ကျွန်မမှာ အချိန်ပို ငွေပို မရှိသည့်အတွက် အခန်းကို ရှင်းလင်းရန် စိတ်မပိုင်းဖြတ် နိုင်ခဲ့။ ထို့ဖြင့် ဖီးလစ်ကို ကျွန်မ မပိုင်ဆိုင်တော့ ဆိုသည့်အချက်ကို မယုံကြည် ချင်သည့်အတွက်လည်း ဖြစ်ပါ၏။ ကျွန်မ စာကြည့်ခန်းဘက် ပြန်လာခဲ့သည်။ ဤအခန်းထဲမှာတော့ နှင်းဆီပန်းတစ်ပွေ့၏ ရနံ့တွေ လှိုင်နေသည်။ မုန်လာဥများလိုပင် လန်းလန်းဆတ်ဆတ် ရိုးရိုးသားသား။ ဤအခန်းကိုပင် ဆွေးမြည့်စရာ ကောင်းသည်။ ဟာလာဟင်းလင်း နိုင်သည်ဟု တွေးထင်ခဲ့မိခြင်း အတွက် ပြန်ပြီး အံ့ဩရပါသေးသည်။ ချွတ်ယွင်းနေတာ ဘာမှ မရှိ။ ကျွန်မ မျက်လုံးများသည် ခုံနိမ့်လေးများပေါ်မှာ အစီအရီ ရှိနေကြသည့် ထိုင်ဖုံကူရှင်များပေါ် ပျော်ရွှင် ကြည်နူးစွာ ဝေ့ဝဲသွားကြသည်။ တချို့အရောင်များက နုပျော့သည်၊ တချို့က လင်းထင်းသည်။ ပိုလန် ဘိုမရုပ် ကလေးများ၊ စလိုဗက် ဓားပြရုပ်ကလေးများနှင့် ပေါ်တူဂီ ကြက်ဖ ရုပ်ကလေးများလည်း သူတို့နေရာနှင့် သူတို့ ရှိနေကြပြီး ရွှေတမျှ ပင် ကောင်းမွန်နေကြပါ၏။
“ဖီးလစ် ဒီကို ရောက်လာမယ်”
ကျွန်မ ဘာလုပ်ရမှန်း မသိ။ ဝေခွဲမရ ဖြစ်နေဆဲ။ ဝမ်းနည်းမှု ဆိုလျှင် ငိုပစ်လိုက်ပြီး ဖြေဖျောက်နိုင်သည်။ သို့သော် ဝမ်းသာ စိတ်စောနေမှုကိုကား ဖယ်ရှားပစ်ရန် မလွယ်ကူ။
အပြင်ဘက်ထွက်ပြီး နွေဥတု၏ အပူရှိန်ကို ရှူရှိုက်ရန် ကျွန်မ စိတ်ဆုံးဖြတ်လိုက်သည်။ သံမဏိ အပြာရောင် မိုးကာအင်္ကျီနှင့် မီးခိုးရောင် သက္ကလတ်ဦးထုပ် ဆောင်းထားသော အရပ်ရှည်ရှည် နီဂရိုးတစ်ယောက် နံဘေး လူသွားလမ်းပေါ်မှာ အမှုအမှတ်မဲ့စွာ တံမြက်စည်း လှည်းနေ၏။ ဒီ့အရင်ကတော့ မြေကြီးရောင် အသား အရေရှိသော အယ်လ်ဂျီးရီးယန်းကြီး လှည်းနေကျ။ အက်ဒ်ဂါကွီနေး လမ်းထဲမှာ ကျွန်မ မိန်းမအုပ်ထဲ ရောနှော ဝင်ခဲ့သည်။ မနက်ပိုင်းမှာ အပြင် မထွက်သလောက် နေခဲ့သည့်အတွက် ဈေးထဲက လေထုသည် ကျွန်မအတွက် တစ်မျိုး ထူးဆန်းနေလေသည်။ (ကောင်းကင်တွေ အများကြီးအောက်မှာ မနက်ခင်း ဈေးတွေက အများကြီး) သေးသေးညှက်ညှက် အဘွားအို တစ်ယောက်သည် တစ်ဆိုင်မှတစ်ဆိုင် ထော့နဲ့ထော့နဲ့နှင့် ကူးနေ၏။ ပါးလှပ် သော ဆံပင်ကို သေသေချာချာ နောက်ပြန် ဖြီးထားသည်။ လက်များကတော့ ခြင်းတောင်းအလွတ် တစ်လုံး ကို ဆုပ်ထားသည်။ အရင့်အရင်က ဆိုလျှင်တော့ သက်ကြီးရွယ်အိုများအတွက် ကျွန်မ ပူပန်မှု မရှိခဲ့။ သူတို့ကို ခြေထောက်တွေ လှုပ်နေသေးသော လူသေများအဖြစ်သာ ကျွန်မ သဘောထားခဲ့သည်။ အခုတော့ သူတို့ကို ကျွန်မ မြင်ပါပြီ။ ယောက်ျားများရော၊ မိန်းမများ ရော ကျွန်မထက် နည်းနည်းသာ အသက်ကြီးသူများအဖြစ်။
ဤအဘွားကြီးကို တစ်ရက်က အမဲသားဆိုင်မှာ ကျွန်မ သတိထားခဲ့မိသည်။ ထိုစဉ်က သူမသည် ကြောင်ကလေးများအတွက် အသားအတိုအစများ တောင်းရမ်းနေလေသည်။
“သူ့ကြောင်တွေ အတွက်တဲ့ဗျာ”
ဆိုင်ရှင်က သူမ ထွက်သွားသည့်အခါ ပြောပြသည်။
စားရမှာ “သူ့မှာ ကြောင်တစ်ကောင်မှ မရှိပါဘူး။ ဒါလေးနဲ့ပဲ ဟင်းလုပ် စားရမှာ”
အသားဆိုင်ပိုင်ရှင်ကတော့ ဒါကိုပဲ ပျော်စရာ တွေ့နေလေသည်။ ယခုလည်း သူမသည် အရပ်မြင့်မြင့် နီဂရိုးကြီးက အားလုံးကို မြောင်းထဲ လှည်းမချခင် အတွင်း အကြွင်းအကျန်များကို လိုက်ကောက်ပေလိမ့်မည်။ တစ်လကို ဖရန့် တစ်ရာ့ရှစ်ဆယ်နဲ့ လောက်အောင် စား။ ဒီလို ဒုက္ခရောက်နေသူတွေ တစ်သန်းကျော် ရှိသေး သည်။ ဒီလောက်နီးနီး ဆင်းရဲနေကြသူတွေက သုံးသန်း။
ကျွန်မသည် သစ်သီးတချို့၊ ပန်းတချို့ကို ဝယ်ပြီး ဆက် လျှောက်လာခဲ့၏။ အငြိမ်းစား သူ့လေသံက အငြင်းပယ်ခံ လေသံ ပေါက်နေသည်။ အမှိုက်ပုံပေါ် ပစ်တင်လိုက်သလိုမျိုး။ ဤစကား
လုံးသည် ကျွန်မ၏ နှလုံးသားကို အေးစက် ထုံကျဉ်သွားစေတတ် ပါ၏။ အားလပ်သော အချိန်တွေ တပြန့်တပြောကြီးသည် ကျွန်မ ကို ခြောက်လှန့်နေခဲ့ပါ၏။ ကျွန်မ မှားယွင်းခဲ့ပါသည်။ ကျွန်မမှာ တာဝန်တွေ ပိပြီး အချိန်မလောက်ငတာ ကြုံတွေ့ဖူးပါသည်။ သို့သော် ဖြစ်အောင် စီစဉ်နိုင်ခဲ့ပါသည်။ မဖြစ်မနေ ခိုင်းစေချက်တွေ၊ ချုပ်တည်းရမှုတွေ မရှိဘဲ နေရတာ ဘယ်လောက်တောင် ပျော်ရွှင်စရာ ကောင်းလိုက်ပါ သလဲ။ သို့တိုင် အောင် တစ်ခါတစ်ရံမှာ တွေဝေမှု တစ်မျိုးက ကျွန်မကို လွှမ်းမိုးလာတတ်သည်။ ကျွန်မ ပထမဆုံး အလုပ် ခန့်အပ်ခံရခြင်းနှင့် ကျွန်မ၏ ပထမဆုံး စာသင်ခန်းကို မှတ်မိနေပါသေးသည်။ ထိုဆောင်းဦးကာလတုန်းက ကျေးလက်ပိုင်းတွင် ကျွန်မ ခြေထောက်အောက်မှာ ရွက်ခြောက်များ ပွတ်တိုက် မြည်သွားကြတာကိုလည်း မှတ်မိပါသေးသည်။ ထိုနေ့ရက်များဆီ ကမူ အငြိမ်းစားယူခြင်း ဟူသည်မှာ သေခြင်းတရားနည်းတူ အမှန် တကယ် မဖြစ်နိုင်သေးသော အရာဟု ထင်မြင်ခဲ့ရပါသည်။ အကြောင်းမူ ကျွန်မနှင့် ထိုနေ့ရက်တို့အကြား ကျွန်မ နေခဲ့သည့် အသက် နှစ်ပြန်စာလောက် အချိန်တွေက ရှိနေခဲ့သေးသည်။ ယခုတော့ ထိုနေ့ရက် ဆိုက်ရောက်လာခဲ့ တာပင် တစ်နှစ်လောက် ရှိသွားပါပြီ။ ကျွန်မ သည် အခြား အခြားသော နယ်နိမိတ်မျဉ်းများကို ဖြတ်ကျော်ခဲ့ပါ၏။ ယင်းတို့ အားလုံး ထင်ထင်ရှားရှားပင် မရှိကြတော့။ ယခု နယ်နိမိတ် မျဉ်းကတော့ သံကန့်လန့်ကာလို မာကျောလှချေ၏။
ကျွန်မ အိမ်သို့ ပြန်လာခဲ့သည်။ ပြီးနောက် စာရေးစားပွဲမှာ ထိုင်သည်။ အလုပ်တစ်ခုခု ရှိမနေလျှင် ဝမ်းမြောက်စရာ နံနက်ခင်း မှာ အရသာ ကင်းမဲ့နေပေလိမ့်မည်။ နာရီပြန် တစ်ချက်ထိုးခန့်တွင် အလုပ်ကို ရပ်ဆိုင်းပြီး မီးဖိုချောင်စားပွဲ ပြင်သည်။ မီးဖိုချောင်က မီလီရှိ ကျွန်မ အဘွား၏ မီးဖိုချောင်နှင့် တူသည်။ (မီလီကို ကျွန်မ နောက်တစ်ခေါက် ပြန်ရပါဦးမည်) လယ်တောအိမ်သုံး စားပွဲ၊ ခုံရှည်များ၊ ကြေးအိုးများနှင့် အုတ်မီးဖိုစင် အစား ဓာတ်ငွေ့မီးဖိုနှင့် ရေခဲသေတ္တာသာ ကွာသည်။ (ပြင်သစ်ပြည်ကို ရေခဲသေတ္တာ ပထမဆုံး ရောက်လာတာ ဘယ်ခုနှစ်ကပါလိမ့်။ ကျွန်မ ဝယ်တာကိုက ဆယ်နှစ် ကြာပြီ။ အဲဒီတုန်းကတောင် ရိုးနေပါပြီ။ သူတို့ ဘယ်အချိန် က စတာပါလိမ့်။ စစ်မဖြစ်ခင်ကလား၊ စစ်ပြီးစမှာလား။ ကျွန်မ မမှတ်မိတော့သည့် တခြားပစ္စည်းတွေ အများကြီး ရှိသေးသည်)
အင်ဒရေ နောက်ကျပြီးမှ ရောက်လာသည်။ နောက်ကျမည် ဟုလည်း ပြောတော့ သွားသည်။ သူသည် ဓာတ်ခွဲခန်းမှ ပြန်လာပြီးနောက် ပြင်သစ် နျူကလီးယား လက်နက်ကိစ္စနှင့် ပတ်သက်သော အစည်းအဝေးတစ်ခု သွားတက်နေရသေးသည်။
“အဆင်ပြေခဲ့ရဲ့လား”
ကျွန်မက မေးလိုက်သည်။
“ကြေညာစာတမ်း အသစ် တစ်စောင်အတွက် စကားလုံး အတည်ပြုကြတာပါကွာ။ ဒါပေမဲ့ ကိုယ် ကတော့ စိတ်ကူးမယဉ်တော့ပါဘူး။ ကျန်တဲ့ တခြား ကြေညာစာတမ်းတွေထက် ပိုပြီး ထိရောက်မှု ရှိမှာ မဟုတ် ပါဘူး။ ပြင်သစ်တွေက ဂရုမစိုက်ကြပါဘူးကွာ။ အဏုမြူဗုံး ကိစ္စပဲဖြစ်ဖြစ်၊ တခြား ဘာပဲဖြစ်ဖြစ် ဂရုမစိုက် ကြပါဘူး။ တစ်ခါတလေများ ဒီကနေ ထွက်သွားချင်စိတ်တောင် ပေါက်မိတယ်။ ကျူးဘားဖြစ်ဖြစ်၊ မာလီဖြစ်ဖြစ် သွားလိုက်ချင်သေးတယ်။ အဟုတ်ကို တွေးမိတာ။ အဲဒီမှာမှ ကိုယ့်ကိုယ်ကိုယ် အသုံးကျအောင် လုပ်နိုင် လိမ့်ဦးမယ်”
“ရှင် အလုပ် ဆက်မလုပ်နိုင်တော့ဘူးပေါ့”
“ဒါဆိုရင်လည်း သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်မှာ မဟုတ်ပါဘူး”
ကျွန်မသည် ဆလတ်ရွက်သုပ်၊ ဝက်ပေါင်ခြောက်၊ ဒိန်ခဲနှင့် သစ်သီးများ စားပွဲပေါ် ချပေးသည်။
“ရှင် ဒါလောက်တောင် အားလျှော့လိုက်ပြီလား။ ရှင်တို့ လူတွေ တိုးတက်မှုရအောင် မလုပ်နိုင်တာ ဒါ ပထမအကြိမ် မဟုတ်ပါဘူး”
“မဟုတ်ပါဘူး”
“အဲဒီလိုဆိုတော့ ...”
“မင်းက နားလည်အောင်မှ မကြိုးစားဘဲကိုး”
ယခုအချိန်၌ သစ်လွင်သော စိတ်ကူးအကြံဉာဏ်များ အားလုံး သူ့လုပ်ဖော်ကိုင်ဖက်များထံမှချည်းသာ ထွက်နေသည်။ သူ့အနေနှင့်မူ ရှာဖွေတွေ့ရှိမှု အသစ်များ မရှိနိုင်လောက်အောင် အသက်က ကြီးသွားပြီဟု ကျွန်မကို သူ မကြာခဏ ပြောတတ်လေသည်။ ကျွန်မကတော့ သူ ပြောတာကို မယုံပါ။
“ရှင် ဘာတွေ တွေးနေသလဲဆိုတာ ကျွန်မ သိပါတယ်”
ကျွန်မက ပြောလိုက်သည်။
“ကျွန်မကတော့ အဲဒီအတိုင်း မယုံကြည်ဘူး”
“မင်း မှားတာပေါ့။ ကိုယ် နောက်ဆုံး စိတ်ကူးပေါ်ခဲ့တာ ဆယ့်ငါးနှစ် ကြာပြီလေ”
ဆယ့်ငါးနှစ်။ ဒီ့အရင်က သူ ဘာမှ မထုတ်လုပ်နိုင်ဘဲ မြုံနေ ခဲ့သော ကာလများသည် ထိုမျှလောက်တော့ မကြာ။ သို့သော် သူ ရောက်ရှိခဲ့သော အဆင့်နေရာအရဆိုလျှင် သစ်ဆန်းသော ဈာန်ဝင်စားမှု ပေါ်ပေါက် လာနိုင်ရန် သည်လောက်လောက်တော့ အနားပေး ထားရပေလိမ့်မည်။
“ဗာလေရီ” ၏ ကဗျာစာကြောင်းများကို ကျွန်မ တွေးမိသည်။
အဏုမြူမှုန်တစ်ပွင့် ဆိတ်ငြိမ်နေခြင်းသည်
သစ်သီး ရင့်မှည့်ရန် အခွင့်အရေးပင်။
မရှာဖွေခဲ့သော သစ်သီးသည် ဤ နှေးကွေး ကြာမြင့်သော ပဋိသန္ဓေကာလမှ ပေါ်ပေါက်လာရ ပေလိမ့်မည်။ ကျွန်မ လှိုက်မော တပ်မက်စွာ မျှဝေပါဝင်ခဲ့သည့် စွန့်စားခန်းသည် နိဂုံးမချုပ်သေးပါ။ ဤစွန့်စားခန်း ၌ သံသယ၊ မအောင်မြင်မှု၊ တိုးတက်မှု မရသည့် အတွက် စိတ်ဓာတ်ကျဆင်းမှုတို့ ရှိခဲ့ပါ၏။ ထို့နောက်တွင်တော့ အလင်းရောင်တစ်စ၊ မျှော်လင့်ချက်တစ်ရပ်၊ အတည်ဖြစ်သွားသော အနုမာနတစ်ခု။ ပြီးလျှင် သီတင်းပတ်များစွာ၊ လပေါင်းများစွာ ရင်တမမ၊ ကျားကုတ်ကျားခဲ ကြိုးစားခြင်း၊ အောင်မြင်မှုဖြင့် ရီဝေ ယစ်မူးရခြင်း။
အင်ဒရေ၏ အလုပ်အကြောင်း ကျွန်မ များများစားစားတော့ နားမလည်ပါ။ သို့သော် ကျွန်မ၏ ခေါင်းမာသော စိတ်ချယုံကြည်မှုသည် သူ့အတွက် စစ်ကူ ဖြစ်စေခဲ့၏။ ကျွန်မ၏ ထိုစိတ်ချ ယုံကြည်မှုသည် မယိမ်းမယိုင် ရှိနေဆဲ။ ယင်းကို သူ့အား ဘာကြောင့် ကျွန်မ မပေးနိုင်ရမှာလဲ။ အသစ် ရှာဖွေတွေ့ရှိမှုကြောင့် သူ့မျက်လုံးတွေထဲ မှာ ပြိုးပြက် လင်းလက်လာသည့် စိတ်လှုပ်ရှား ပျော်ရွှင်မှုမျိုးကို ကျွန်မ နောက်ထပ် ဘယ်တော့မှ မမြင်ရတော့ ဆိုတာကို ကျွန်မ ယုံကြည်လိမ့်မည် မဟုတ်ပါ။
“ရှင် အရင်ကလို ပုံမှန် ပြန်ဖြစ်မလာတော့ဘူးလို့ သက်သေ ပြစရာ ဘာမှ မရှိပါဘူး”ဟု ကျွန်မက ပြောလိုက်သည်။
“မဟုတ်သေးဘူးလေ။ ကိုယ့်အသက်အရွယ် ရောက်ပြီဆိုရင် လူမှာ တီထွင်ဆန်းသစ်မှုကို ဟန့်တားတဲ့ စိတ်တွေ အကျင့်ဖြစ်လာတတ်တယ်။ ကိုယ်ဖြင့် တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး အသိဉာဏ် တုံးလာနေတယ်”
“ဒါဆို အခုကစပြီး နောင်ဆယ်နှစ် အကြာမှာ ရှင့်ကို ကျွန်မ သတိပြန်ပေးမယ် လေ။ ရှင့်ရဲ့ အကြီးကျယ်ဆုံး ရှာဖွေတွေ့ရှိမှုကို အသက် ခုနစ်ဆယ်ကျမှ တွေ့ချင် တွေ့နေဦးမှာပါ”
“မင်းက မင်းရဲ့ အကောင်းမြင်ဝါဒနဲ့ ပေါ့လေ။ ကိုယ်ကတော့ မတွေ့ရှိနိုင်တော့ဘူးလို့ ပြောရဲတယ်”
“ရှင်ကလည်း ရှင့်ရဲ့ အဆိုးမြင်ဝါဒကြီးနဲ့ပေါ့လေ”
ကျွန်မတို့ ရယ်လိုက်ကြသည်။ တကယ်တော့ ရယ်စရာ အကြောင်းက ဘာမှ မရှိပါ။ အင်ဒရေ၏ အရှုံးပေးဝါဒမှာ ခိုင်မာသော အခြေခံ မရှိပါ။ သူ့မှာ ယုတ္တိဗေဒဆိုင်ရာ စေ့စပ်သေချာမှု ကင်းမဲ့နေခြင်းမျှသာ ဖြစ်ပါသည်။ အတိအကျအားဖြင့် ဆိုရလျှင် ဖရွိုဒ်က သူ့ပေးစာများထဲ၌ လူတစ်ယောက်သည် တစ်စုံတစ်ခုသော အသက်အရွယ်သို့ ရောက်လျှင် နောက်ထပ် ဘာကိုမှ ရှာဖွေ မတွေ့နိုင်တော့ဟု ပြောခဲ့ပါသည်။ ထိုအဖြစ်သည် အလွန်ပင် ကြေကွဲစရာ ကောင်းလှပါသည်။ သို့သော် ဖရွိုဒ်သည် ထိုစကားကို ပြောခဲ့စဉ်က အင်ဒရေထက် အသက်အများကြီး ကြီးနေပါပြီ။ ဘာပဲဖြစ်ဖြစ် သူ၏ အလွန်အကျွံ အုံ့မှိုင်းဆုတ်ဆိုင်းနေခြင်းသည် တရားမျှတ မှန်ကန်မှု မရှိလှသော်လည်း ကျွန်မကို ကြေကွဲနေစေပါ၏။ ဤဆုတ်နစ်စိတ်တွေ ဝင်လာစေခဲ့ခြင်းမှာလည်း သူ့ခမျာ အထွေထွေ အကျပ်အတည်း တစ်ခုထဲ ရောက်နေသောကြောင့်သာ ဖြစ်လေသည်။ ထိုအချက်ကို ကျွန်မ အံ့ဩပါသည်။ သို့သော် တကယ့်အမှန်တရားမှာ အသက် ခြောက်ဆယ် ကျော်လာပြီ ဆိုခြင်းကို သူ လက်မခံနိုင်ခြင်းသာ ဖြစ်ပါသည်။ ကျွန်မအနေနှင့်မူ မရေတွက်နိုင်လောက်အောင် များပြားသော အရာများက ကျွန်မအား ပျော်ရွှင်မှုတွေ ပေးနေပါသေးသည်။ သူ ကား ဤသို့ မဟုတ်တော့။
အရင်ကဆိုလျှင်တော့ သူသည် အရာရာတိုင်းကို စိတ်ဝင်စား ခဲ့ပါ၏။ ယခုအခါမှာတော့ သူ့ကို ရုပ်ရှင် ခေါ်သွားရတာ၊ ပြပွဲတစ်ပွဲ ခေါ်သွားရတာ၊ မိတ်ဆွေများနှင့် သွားတွေ့ဖို့ ခေါ်ရတာသည်ပင် ဧရာမ အလုပ်ကြီး တစ်ခု ဖြစ်နေလေသည်။
“ရှင် လမ်းလျှောက် မထွက်ချင်တော့တာဟာလည်း စိတ်မကောင်းစရာ တစ်ခုပဲ”
ကျွန်မ ပြောပြသည်။
“အခုရက်ပိုင်းတွေက သိပ်လှတာပဲ။ ကျွန်မ အခုကလေးတင် မီလီကို ပြန်သွားဖို့၊ ဖောင်တိမ်ဗလူးက သစ်တောတွေထဲ လျှောက် သွားဖို့ စိတ်ကူးနေသေးတယ်”
“မင်းကတော့ အတော် အံ့သြဖို့ကောင်းတဲ့ မိန်းမပဲ”
သူက အပြုံးတစ်စနှင့် ဆိုလေသည်။
“ဥရောပ တစ်တိုက်လုံး နှံ့အောင် မင်း သိတယ်။ ဒါတောင် မှပဲ မင်း ပြန်ကြည့်ချင်တာက ပါရီ ဆင်ခြေဖုံး လောက် ဖြစ်နေတယ်”
“ဘာကြောင့် မဖြစ်ရမှာလဲ။ ကျွန်မ အခရိုပိုလစ် တောင်ပေါ် တက်ကြည့်ဖူးတာနဲ့ ရှန်ပူးက ဘုရား ရှိခိုးကျောင်းရဲ့ အလှက လျော့မသွားပါဘူး”
“ကောင်းပြီလေ။ လေးငါးရက်အတွင်း ဓာတ်ခွဲခန်း ပိတ်ပြီးပြီးချင်း မင်းကို ကားနဲ့ တစ်ပတ်ကြီး မောင်းပို့ပါ့မယ်လို့ ကိုယ် ကတိပေးပါတယ်”
ကျွန်မတို့ ပါရီမှာ သြဂုတ်လဆန်းပိုင်း အထိ နေကြမည် ဖြစ်ရာ ခရီးတစ်ခေါက်စာထက် ပို၍ပင် အချိန်ရ သင့်ပါသည်။ သို့သော် သူက ဆန္ဒရှိပါ့မလား။
“မနက်ဖြန် တနင်္ဂနွေပဲ။ ရှင် မအားဘူးလား”
ကျွန်မက ပြောလိုက်သည်။
“အာ … မအားသေးဘူး။ ညနေပိုင်းမှာ အသားအရောင် ခွဲခြားမှုကိစ္စနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ ရှိနေတာ မင်း သိသားပဲ။ သူတို့က ကိုယ့်ဆီ စာရွက်စာတမ်းတွေ တစ်ထပ်ကြီး ပို့ထားတာ။ အဲဒါတွေ ကိုယ် ကြည့်ကို မကြည့်ရသေးဘူး”
စပိန် နိုင်ငံရေးအကျဉ်းသားများ၊ ပေါ်တူဂီ ထိန်းသိမ်းခံများ၊ အညှဉ်းပန်းခံ ပါရှန်များ၊ ကွန်ဂို အင်ဂိုလာနှင့် ကင်မရွန်း သူပုန်များ၊ ဗင်နီဇွဲလား၊ ပီရူး၊ ကိုလံဘီယာ ခုခံရေးတပ်သားများ။ သူတို့ အားလုံးကို တတ်နိုင်သမျှ အကူအညီပေးရန် သူ အဆင်သင့်။ အစည်း အဝေးများ၊ ကြေညာစာတမ်းများ၊ လူထုစုဝေးပွဲများ၊ ကျင့်ဝတ်ဆိုင် ရာ ကြေညာချက်များ၊ ကိုယ်စားလှယ်အဖွဲ့များ။ သူသည် ဘာအတွက် မှ လက်မနှေး။
“ရှင် လုပ်တာတွေက များလွန်းတယ်”
ကမ္ဘာကြီး အရသာပျက်နေချိန်မှာ ဘာလုပ်နေရဦးမှာလဲ။ ကျန်တာ အားလုံးမှာ အချိန်ဖြုန်းဖို့ပင်။ ကျွန်မသည် လွန်ခဲ့သော ဆယ်နှစ်လောက်က အချည်းနှီး အကျိုးမဲ့သော ကာလများကို ဖြတ် ခဲ့၏။ ကျွန်မ၏ ခန္ဓာဝန်ကို ကျွန်မ စက်ဆုပ်ရွံရှာခဲ့မိသည်။ ဖီးလစ် ကလေး ကြီးပြင်းလာသည်။ ရူးဆိုးနှင့် ပတ်သက်သော ကျွန်မ၏ စာအုပ် အောင်မြင်မှု ရပြီးနောက်ပိုင်းမှာ ကျွန်မကိုယ် အတွင်း လုံးဝ ဟာလာဟင်းလင်းကြီး ဖြစ်နေသည် ဟု ခံစားနေခဲ့ရသည်။ ဇရာသို့ ချဉ်းကပ်လာနေသည့် အတွက် ကျွန်မ ယူကျုံးမရ ဝမ်းနည်းနေ ခဲ့သည်။
သို့သော် နောက်ပိုင်းမှာ မွန်တက်စကျူးအကြောင်း စရေး ဖြစ်လာသည်။ ဖီးလစ်ကိုလည်း ဘွဲ့လွန် အတန်း အောင်စေခဲ့ပြီး စာတမ်းတစ်စောင် စတင် ပြုစုနိုင်အောင် စီစဉ်ပေးခဲ့သည်။ ဆောရဘွန်း တက္ကသိုလ်မှာ ကျွန်မ လက်ချာသွားပေးရသည်။ ဆောရဘွန်း က သင်ကြားရေးသည် ကျွန်မ၏ တက္ကသိုလ် စကောလားရှစ် အတန်းများမှာထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာ တွေ့ရသည်။ ကျွန်မ ၏ ခန္ဓာဝန်ကို မညည်းမညူ ပြန်ထမ်းသည်။ ကျွန်မ အသက် တစ်ဖန် ပြန်ရှင်လာသလိုပင် ထင်ရလေသည်။ ယခုဆိုလျှင် အင်ဒရေက သာ သူ့အသက်ရွယ် ကို သူ စူးစူးရှရှ သတိပြုမိ မနေလျှင် ကျွန်မ အသက်ကို ကျွန်မ အလွယ်တကူ မေ့ထားလိုက်မည် သာ။
သူ အပြင်ထွက်သွားပြန်သည်။ ကျွန်မသည် လသဆောင်မှာ အကြာကြီး နေနေမိပြန်၏။ အပြာရောင် ကောင်းကင်နောက်ခံကား မှာ လိမ္မော်နီရောင် ဝန်ချီစက်ကြီးများ တစ်ပတ်လည်နေပုံများကို ကျွန်မ စောင့်ကြည့် နေမိသည်။ အနက်ရောင် အင်းဆက်ကြီး တစ်ကောင် ကောင်းကင်ယံမှာ အမြှုပ်တစီစီ စွတ်ကြောင်းကြီးတ စ်ကြောင်း ဖြတ်ဆွဲသွားတာကို ကျွန်မ စောင့်ကြည့်နေခဲ့သည်။
ကျွန်မ နှစ်သက်မြတ်နိုးသော အရာဝတ္ထုအချို့ ကွယ်ပျောက်သွားကြပြီ ဖြစ်၏။ အခြားအရာဝတ္ထု မြောက်မြားစွာ ကျွန်မကို ပေးထား၏။ မနေ့ညနေက ကျွန်မ ရပ်စပေးလ် လမ်းအတိုင်း လျှောက်တက် သွားခဲ့သည်။ မိုးကောင်းကင်မှာ အနီမှိုင်းမှိုင်း ဖြစ်နေသည်။ ကျွန်မသည် ကိုယ် မသိသော ဂြိုဟ်တစ်ခုပေါ် လမ်းလျှောက် နေရသလို ထင်နေခဲ့ရသည်။ အဲဒီမှာ မြက်ပင်တွေက ခရမ်းရောင်၊ မြေ ကြီးက အပြာရောင်။
နီယွန်မီး ကြော်ငြာတစ်ခု၏ အနီရဲရဲကို သစ်ပင်များက ဖုံး ကွယ်ထားကြသည်။ အင်ဒရေသည် အသက် ခြောက်ဆယ်တွင် ဆွီဒင်နိုင်ငံသို့ နှစ်ဆယ့်လေးနာရီအတွင်း ကျော်ဖြတ်သွားနိုင်တာ ကို အံ့အားသင့်နေသည်။ သူငယ်ငယ်က ထိုခရီးမှာ တစ်ပတ်ကြာ လေသည်။ ဒီလို အံ့ဩစရာတွေ ကျွန်မလည်း ကြုံတွေ့ရပါသည်။ ပါရီမှ သုံးနာရီခွဲအတွင်း မော်စကိုကို ရောက်သတဲ့။
အငှားကားတစ်စီးက ကျွန်မကို ပတ်မွန်ဆူရီသို့ ပို့ပေးသည်။ ထိုနေရာတွင် ကျွန်မ မာတိုင်းနှင့် ချိန်းထားသည်။ ကျွန်မ ပန်းဥယျာဉ် အတွင်းသို့ ဝင်သွားသောအခါ ရိတ်ဖြတ်ထားသော မြက်ခင်းရနံ့က ကျွန်မ၏ နှလုံးသားကို ဆွဲပြီး ဆုပ်ညှစ်ထားလေသည်။ အယ်လ်ပိုင်း တောင်ပေါ်မှာ အင်ဒရေနှင့်အတူ ကျောပိုးအိတ် ပခုံးလွယ်ပြီး လျှောက်ခဲ့ကြသော စားကျက်မြေရနံ့။ ကလေးဘဝက မြက်ခင်းများ ဖြစ်သဖြင့် အလွန်ပင် ရင်ခုန်လှုပ်ရှားစေသော ရနံ့။ ပြန်ပြောင်း တွေးတောမှုများ၊ ပဲ့တင်သံများသည် အဆုံးမဲ့ဆီသို့ နောက်ပြန် ရိုက်ခတ် သွားကြလေသည်။ ကျွန်မ၏နောက်မှာ ရှည်လျားသော အတိတ် ရှိခဲ့သည့်အတွက် သာယာနေမိခဲ့သည်။ ထိုအတိတ် သမိုင်းကြောင်းကို ကိုယ့်ဘာသာ ပြန်ပြောရန်ပင် အားလပ်ချိန် မရှိသေး။ သို့သော် ရံဖန်ရံခါ မှာတော့ ဖောက်ထွင်း မြင်နေရသည့် ပစ္စုပ္ပန်ကာလနောက်ခံ ကားပေါ်မှာ ထိုသမိုင်းကြောင်း ဖျတ်ခနဲ ဖျတ်ခနဲတော့ ပြန်မြင်မိပါသည်။ ထိုသမိုင်းကြောင်းကို အသွေးအရောင်တွေ၊ အလင်းရောင်တွေ ထိုးပေးသော နောက်ခံကားပင် ဖြစ်ပါ၏။ ပင်လယ်ပြင်၏ တရွေ့ရွေ့ ပြောင်းလဲနေသည့် တောက်ပမှုကြားမှ မြင်ရသော ကျောက်ဆောင်များ၊ သဲများကဲ့သို့ပင်။ တစ်ချိန်ကဆိုလျှင်တော့ အနာဂတ်ရေးအတွက် အစီအမံများ၊ ကတိကဝတ်များ မွေးမြူ ချမှတ် ကာ ရှင်သန်စေခဲ့ပါ၏။ ယခုမူ ကျွန်မ၏ ခံစားမှုများ၊ ပျော်ရွှင်မှု များသည် အတိတ်ကာလ၏ အရိပ်လွှမ်းသော ကတ္တီပါဖြင့် နူးညံ့ ချောမွတ်နေလေပြီ။
“ဟယ်လို …”
မာတိုင်းသည် ကဖီးဆိုင် ရင်ပြင်ပေါ်၌ သံပရာရည် သောက်နေလေသည်။ သိပ်သည်း နက်မှောင်သော ဆံပင်၊ မျက်လုံးပြာပြာ၊ လိမ္မော်ရောင်နှင့် အဝါစင်း လက်တိုဝတ်စုံနှင့် ခရမ်းသွေး တစ်စ။ လှပသော မိန်းမငယ်လေး တစ်ယောက်၊ အသက် လေးဆယ်။ ကျွန်မ အသက်သုံးဆယ်တုန်းက အင်ဒရေ၏ ဖခင်က အသက်လေးဆယ် တစ်ယောက်ကို “မိန်းမလှလေး တစ်ယောက်”ဟု ပြောသံ ကြားဖူးသဖြင့် ပြုံးမိခဲ့သေး၏။ အခုတော့ မာတိုင်းအကြောင်း စဉ်းစားရင်း ကျွန်မ နှုတ်ဖျားမှ ထိုစကားလုံးကိုပင် ပြောရတော့မည်။ ယခုအခါ ကျွန်မအဖို့ လူတိုင်းလိုလိုပင် ငယ်ရွယ်နေကြလေသည်။ သူမက ကျွန်မကို ပြုံးပြသည်။
“ကျွန်မအတွက် ဆရာမ စာအုပ်ယူခဲ့သေးလား”
“ယူခဲ့တာပေါ့”
စာအုပ်ထဲမှာ ကျွန်မ ရေးထားတာကို သူမ ရှာဖတ်ကြည့်သည်။
“ကျေးဇူးပါပဲ”
သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ကျွန်မက သိပ်ဖတ်ချင်နေတာ။ ဒါပေမဲ့ ကျောင်းစာသင်နှစ် အပြီးမှာ အလုပ်က သိပ်များတာပဲ။ ကျွန်မ ဇူလိုင် ၁၄ အထိ စောင့် ရဦးမှာ”
“မင်း ဘယ်လို သဘောရတယ်ဆိုတာ ကိုယ် သိပ်သိချင်တယ်”
သူမ၏ အဆုံးအဖြတ်ကို ကျွန်မ အလွန်ပင် ယုံကြည်အားထားပါသည်။ ဆိုလိုသည်မှာ ကျွန်မတို့ အမြဲလိုပင် တစ်သဘောတည်း ဖြစ်ခဲ့ကြသည်။ ကျွန်မအပေါ် ဆရာတပည့် လေးစားမှုပုံစံမျိုး မထားလျှင် တန်းတူရည်တူ ဟုပင် ကျွန်မ ခံစားရမည် ဖြစ်ပါသည်။ သူမ ကိုယ်တိုင်လည်း ဆရာမတစ်ယောက်၊ အိမ်ထောင်ရှင်မ တစ်ယောက်၊ မိခင်တစ်ယောက် ဖြစ်ပေသည်။
“အခုခေတ်မှာ စာပေကိုသင်ရတာ သိပ်ခက်တာပဲ။ ဆရာမ စာအုပ်တွေသာ မရှိရင် ကျွန်မ ဘာလုပ်လို့ လုပ်ရမှန်းကို သိမှာ မဟုတ်ဘူး”
သူမက မရွံ့မရဲနှင့် မေးလိုက်သေးသည်။ ဒီစာအုပ်ကိုကော ဆရာမ ကြိုက်ရဲ့လား”
ကျွန်မက သူမကို ပြုံးပြလိုက်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ကြိုက်တယ်”
သူမ၏ မျက်လုံးတွေထဲမှာ မေးခွန်းတစ်ခု ကျန်နေသေးသည်။ စကားလုံးအဖြစ် ထုတ်ဖော် မပြောသည့် မေးခွန်း။ ကျွန်မကပင် စတင်လိုက်သည်။
“ကိုယ် ဘာလုပ်ချင်တယ်ဆိုတာ မင်း သိမှာပါ။ စစ်ပြီးခေတ် မှာ ထုတ်ဝေခဲ့တဲ့ ဝေဖန်ရေးလက်ရာတွေကို ဆန်းစစ်ကြည့်တာက နေပြီး စထားတာ။ ပြီးတော့မှ စာရေးဆရာတစ်ယောက်ရဲ့ လက်ရာ ထဲကို ဝင်ကြည့်နိုင်မယ့် နည်းလမ်းသစ်တစ်ခုကို အကြံပြုထားတယ်။ နက်နက်ရှိုင်းရှိုင်း ဝင်ကြည့်နိုင်ဖို့ပေါ့လေ။ အရင့်အရင်ကထက် ပိုပြီး တိတိကျကျ ကြည့်ဖို့ပေါ့။ ကိုယ် အောင်မြင်တယ်လို့ မျှော်လင့်ပါ တယ်”
ယင်းသည် မျှော်လင့်ချက်တစ်ခုထက် ပိုပါသည်။ ယုံကြည် ချက်တစ်ရပ်ပင် ဖြစ်ပါသည်။ ယင်းသည် ကျွန်မ၏ နှလုံးသားမှာ နေရောင်ခြည် ပြည့်လျှမ်းစေခဲ့ပါသည်။ လှပသော နေ့တစ်နေ့။ ကျွန်မသည် ဤသစ်ပင် များ၊ ဤမြက်ခင်းပြင်များ၊ မိတ်ဆွေတွေ၊ ကျောင်းသားတွေနှင့်အတူ လမ်းလျှောက်ရခြင်းများကြောင်း ဆွတ်ပျံ့ ကြည်နူးခဲ့ရပါ၏။ တချို့ သေဆုံးသွားကြပြီ။ သို့မဟုတ် ဘဝက ကျွန်မတို့ကို ခွဲပစ်ခဲ့သည်။ ကျွန်မသည် ကျွန်မ၏ တပည့်များ၊ လူငယ် လူရွယ်များနှင့် ပျော်ရွှင်စွာ မိတ်ဆွေဖွဲ့ခဲ့သည်။ ဤကိစ္စတွင် အင်ဒရေနှင့် မတူ။ အင်ဒရေ သည် ဘယ်သူ့ကိုမှ မမြင်တော့။ ကျွန်မ ကမူ လူငယ်တွေကို ကိုယ်နှင့် သက်တူရွယ်တူ မိန်းမတွေထက် ပိုပြီး သဘောကျသည်။ သူတို့၏ သိချင်စိတ်က ကျွန်မကို သက်ဝင် လှုပ်ရှားစေသည်။ သူတို့သည် ကျွန်မကို သူတို့ အနာဂတ်ထဲသို့ ဆွဲခေါ်သွားကြသည်။ ကျွန်မ၏ သင်္ချိုင်းမြေပုံမှ ဝေးရာသို့ ဆွဲခေါ် သွားကြသည်။
မာတိုင်းသည် စာအုပ်ကို လက်ဝါးဖြန့်ပြီး ပွတ်သပ်နေ၏။
“ဒီနေ့ ညနေကိုပဲ ဖတ်လိုက်ပါမယ်။ တခြား ဘယ်သူ ဖတ်ပြီးပြီလဲ”
“အင်ဒရေ တစ်ယောက်တည်းပါ။ ဒါပေမဲ့ စာပေကိစ္စက သူ့ အတွက် သိပ်အရေးမကြီးလှဘူး”
သူ့အတွက် ဘာဆို ဘာမှ သိပ်အရေးမကြီးတော့ပါ။ သူသည် သူ့ကိုယ်သူ အရှုံးသမား ထားသလို ကျွန်မကိုပါ အရှုံးသမား ထားနေ၏။ ဤအတိုင်း ကျွန်မကို ပြောတော့ မပြောပါ။ သို့သော် သူ့ ရင်တွင်းထဲကမူ ကျွန်မအနေနှင့် ယခုမှစပြီး နောက်ထပ် ကျော်ကြားမှုရအောင် မလုပ်နိုင်တော့ဟု ယူဆထားလေသည်။ ကျွန်မ အတွက်တော့ စိုးရိမ်စရာ မရှိပါ။ အကြောင်းမှာ သူ မှားကြောင်း ကျွန်မ သိနေသောကြောင့်ပင်။ အခုပင်လျှင် ကျွန်မ၏ အကောင်းဆုံးစာအုပ် ကို ရေးခဲ့ပြီးပြီ။ နောက်စာအုပ်သည် ဒီ့ထက်ပင် ကောင်းပါလိမ့်ဦးမည်။
“ဆရာမ သားကတော့ကော”
“ကိုယ် သူ့ဆီကို ပရုမူကြမ်းတွေ ပို့ထားတယ်။ သူ ဒီအကြောင်း ပြောပါလိမ့်မယ်။ ဒီနေ့ညနေ သူ ပြန်လာမယ်လေ”
ကျွန်မတို့လည်း ဖီးလစ်အကြောင်း၊ သူ့စာတမ်းအကြောင်း၊ သူ့အရေးအသားများအကြောင်း ဆက်ပြော ဖြစ်ခဲ့ကြသည်။ သူမသည် ကျွန်မကဲ့သို့ပင် စကားလုံးများနှင့် စကားလုံးကို အသုံးပြုတတ်သော လူများကို ချစ်တတ်ပေသည်။ အလုပ်ကိစ္စတွေ၊ အိမ်မှုကိစ္စတွေ၏ ကြိတ်ဝါးမှုကို အရှင်လတ်လတ် ခံနေရခြင်းသာ ရှိလေသည်။ သူမ က ကျွန်မကို အော်စတင်ကားလေးနှင့် ပြန်လိုက်ပို့သည်။
“မင်း ပါရီကို မကြာခင် ပြန်လာဦးမှာလား”
“ကျွန်မကတော့ မထင်ဘူး။ နန်စီကနေ ယွန်းကို တန်းသွားမှာ။ နားဦးမယ်”
“အားလပ်ရက်တွေမှာ အလုပ်နည်းနည်းပါးပါး မလုပ်ဘူးလား”
“လုပ်တော့ လုပ်ချင်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မဆို အချိန် က မလောက်ဘူး။ ဆရာမရဲ့ စွမ်းအင်မျိုး ကျွန်မ မပိုင်ဘူး”
စွမ်းအင်ပြဿနာ မဟုတ်ပါဘူးဟု သူမနှင့် ခွဲခဲ့ပြီးနောက် ကိုယ့်ဘာသာ ပြောမိသည်။ ကျွန်မမှာ စာမရေး ဘဲ မနေနိုင်ပါ။ ဘာကြောင့်လဲ။ ဖီးလစ်ကို သူ့အဖေ အင်ဒရေက တခြားလမ်းကြောင်းတွေ လိုက်ခွင့်ပြုခဲ့ချိန်မှာ ကျွန်မက ဘာကြောင့် အသိပညာရှင်၊ ပညာတတ်တစ်ယောက် သဲကြီးမဲကြီး ဖြစ်စေချင်ခဲ့ရပါသလဲ။ ကျွန်မ ကလေးတုန်းက၊ အပျိုဘော်ဝင်စက စာအုပ်များသည် ကျွန်မအား စိတ်ပျက်ဝမ်းနည်းမှုမှ ကယ်တင်ခဲ့၏။ ထို့ကြောင့် ယဉ်ကျေးမှုသည် အမြင့်မားဆုံး စံတန်ဖိုးများ ဖြစ်သည်ဟု သက်ဝင် ယုံကြည်ခဲ့လေသည်။ ထိုယုံကြည်ချက်ကို ဓမ္မဓိဋ္ဌာန်ကျသော မျက်လုံးဖြင့် ကျွန်မ မဆန်းစစ်နိုင်တော့ပါ။
မီးဖိုခန်းထဲတွင် မေရီဂျင်းသည် ညစာပြင်ဆင်ရင်း အလုပ်များနေ၏။ ဖီးလစ်အကြိုက် ဟင်းလျာတွေ ကျွန်မတို့ ပြင်ရမည်လေ။ အားလုံး အဆင်ပြေနေတာ ကျွန်မ တွေ့ရသည်။ ကျွန်မ သတင်းစာတွေ ဖတ်သည်။ ခက်ခဲသော စကားလုံး ပဟေဠိများ ထိုင်ဖြေကြည့်နေလိုက်တာ လေးဆယ့်ငါးမိနစ်လောက် ကြာသွားသည်။ တစ်ခါတစ်ရံမှာတော့ ဇယားကွက်တွေထဲမှာ စကားလုံးတွေ ရှိလာနိုင်သော်လည်း မမြင်ရသေးသည့်အပေါ် ခေတ္တခဏလောက် အာရုံစူးစိုက်ကြည့်ရတာ ပျော်စရာ ကောင်းပါသည်။ ကျွန်မသည် ထိုစကားလုံးမှန်တွေ ပေါ်လာအောင် ဓာတ်ပုံကူးသမား တစ်ယောက် ၏ ဦးနှောက်ကို အသုံးပြုတတ်ပါသည်။ ထိုစကားလုံးများကို စာရွက်၏အောက် ပုန်းကွယ်ရာ အနက်ထဲမှ ဆွဲထုတ်ယူရသကဲ့သို့ပင်။
နောက်ဆုံး ဇယားကွက်ကို ဖြည့်ပြီးနောက် အဝတ်သေတ္တာထဲမှ အလှဆုံးဝတ်စုံကို ရွေးထုတ် လိုက်သည်။ ပန်းရောင်နှင့် မီးခိုး ဝတ်စုံ၊ ကျွန်မ အသက်ငါးဆယ်တုန်းက အဝတ်အစားများသည် ကလက် လွန်းခြင်းနှင့် ထိုင်းမှိုင်းလွန်းခြင်း တစ်မျိုးမျိုး ဖြစ်နေတတ်သည်။ အခုတော့ ဘာမဝတ်သင့်၊ ဘာဝတ်သင့်သည် ဆိုခြင်းကို သိပြီဖြစ်သည့်အလျောက် သောကဖြစ်စရာ မလိုဘဲ ဝတ်ဆင်တတ် ပေပြီ။ နှစ်သက် ပျော်ရွှင်မှုလည်း မရှိတော့ပါ။ အဝတ်အစားနှင့် ပတ်သက်ပြီး ရင်းနှီးမြတ်နိုးသော ဆက်ဆံရေးမျိုး ယခင်က ရှိခဲ့ဖူးသော်လည်း ယခုအခါ ကွယ်ပျောက်သွားပါပြီ။
မည်သို့ဆိုစေ၊ ကျွန်မ၏ ပုံပန်းသဏ္ဌာန်ကို ကျေးဇူးတင်မှု တစ်မျိုးဖြင့် ကျွန်မ ကြည့်မြင်ပါ၏။ တစ်ရက်တွင် ဖီးလစ်က ကျွန်မ ကို ပြောလေသည်။
“အမေ့ကို ကြည့်ရတာ ဝလာတယ်ဗျ”
(ကျွန်မ ပြန်ပိန်လာတာကိုတော့ သူ သတိထားမိဟန် မတူပါ)
ကျွန်မ အစားအသောက် ဆင်ခြင်ခဲ့သည်။ ပေါင်ချိန် တစ်ခုလည်း ဝယ်ခဲ့သည်။ ဒီ့အရင်ကတော့ ကိုယ်အလေးချိန်နှင့် ပတ်သက်ပြီး ဂရုစိုက်စရာ လိုသည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပါ။ အခုတော့ ကျွန်မ တစ်မျိုး ပြောင်းသွားပြီ။ ကျွန်မအနေနှင့် မိမိ၏ ခန္ဓာကိုယ်နှင့် ထပ်တူပြုမှု နည်းလေလေ၊ ဤခန္ဓာကိုယ်ကို စောင့်ရှောက်ပြုပြင်မှု လိုအပ်လေဟု ခံစားလာရပါသည်။ ဤခန္ဓာအိမ်သည် ကျွန်မအပေါ် မှီခိုနေရခြင်း ဖြစ်သည်။ ထို့ကြောင့် ပျင်းပျင်းနှင့်ပင် ဝတ္တရားရှိသည့် အလျောက် စောင့်ရှောက်ပါသည်။ ကျွန်မ၏ အကူအညီ ကို လိုအပ်နေသော မိတ်ဟောင်းဆွေဟောင်း တစ်ယောက်လို သဘောထားပြီး စောင့်ရှောက်ပါသည်။
အင်ဒရေက ဂျာမန် ဘီယာတစ်ပုလင်း ဝယ်လာသဖြင့် ကျွန်မ အအေးစိမ်ထားလိုက်သည်။ ကျွန်မတို့ ခဏတစ်ဖြုတ် စကားပြော ကြပြီးနောက် သူက သူ့အမေထံ ဖုန်းဆက်သည်။ သူမသည် စိတ်ရော၊ လေသံရော၊ လူရော မာတုန်းသန်တုန်း။ ကွန်မြူနစ်ပါတီ အောက်ခြေအဆင့်မှာ ဒေါသတကြီး တက်ကြွနေတုန်း။ သို့သော် သူမသည် အသက် ရှစ်ဆယ့်လေးနှစ် ဖြစ်ကာ၊ အာဗီညွန်မြို့သစ်က အိမ်မှာ တစ်ယောက်တည်း နေလေသည်။
အင်ဒရေသည် သူ့အမေအတွက် အတော်အတန် စိုးရိမ်တတ်၏။ သူသည် တယ်လီဖုန်းပေါ်မှာ ရယ်နေလေသည်။ သူ အော်ပြီး ကန့်ကွက်ပြောသံလည်း ကျွန်မ ကြားရသည်။ သို့သော် သူ့မှာ ချက်ချင်း ဆိုသလိုပင် စကားဖြတ်ခံလိုက်ရသည်။ အဘွားကြီး မန်နေး သည် အခါအခွင့်သင့်လျှင် အလွန် စကားကြော ရှည်စမြဲ။
“သူက ဘာပြောတာလဲ”
“သူက တစ်ရက်မဟုတ် တစ်ရက်မှာ တရုတ်လူမျိုး သန်းငါးဆယ် ရုရှားနယ်စပ် ဖြတ်ဝင်တော့မယ် ဆိုတာ ပိုပို သေချာနေတယ်တဲ့။ ဒါမှမဟုတ်ရင် သူတို့က တစ်နေရာရာမှာ အဏုမြူဗုံး ချလိမ့်မယ်တဲ့။ ဘယ်နေရာမဆို ပေါ့လေ။ ကမ္ဘာစစ်ကြီး ဖြစ်ပြီး ပျော်ရအောင်လို့တဲ့။ သူက ကိုယ့်ကို အဲဒီလူတွေဘက်က ရပ်တည်တယ်ဆိုပြီး စွပ်စွဲနေတယ်။ ကိုယ် သူ့ကို နားချလို့ကို မရဘူး”
“သူ နေကောင်းရဲ့လား။ ပျင်းတော့ မနေလောက်ပါဘူးနော်”
“ကိုယ်တို့နဲ့တွေ့ရရင် သူ ဝမ်းသာမှာပဲ။ ပျင်းတယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ အဲဒီစကားလုံး အဓိပ္ပာယ် ကို သူ နားမလည်ဘူး”
သူမသည် ကလေးသုံးယောက် မိခင်၊ ကျောင်းဆရာမ တစ်ယောက် ဖြစ်ခဲ့၏။ သူမအတွက် အငြိမ်းစား ဘဝ ဆိုသည်မှာ နိဂုံး ကမ္ပတ် အဆုံးသတ်သို့ မရောက်သေးသော ပျော်ရွှင်မှုသာ ဖြစ်လေသည်။
ကျွန်မတို့သည် သူ့အကြောင်းနှင့် တရုတ်တွေအကြောင်း ပြောနေခဲ့ပြန်၏။ တရုတ်တွေအကြောင်း ကတော့ တခြား လူတိုင်း လူတိုင်းကဲ့သို့ပင် ကျွန်မတို့လည်း သိပ်မသိကြပါ။ အင်ဒရေက မဂ္ဂဇင်းတစ်စောင် ဖွင့်လှန်သည်။ ကျွန်မ၏ လက်ပတ်နာရီကို ကြည့် မိသောအခါ လက်တံတို့က သွားနေသည်ဟု မထင်ရ။
(၂)
သူသည် ရုတ်တရက်ပင် ဆိုက်ရောက်လာလေသည်။ သူ့ မျက်နှာကို မြင်တိုင်း ကျွန်မမှာ အံ့သြရသည်။ သူ့မျက်နှာတွင် အင်ဒရေနှင့် ကျွန်မ အမေ၏ အဆင်းသဏ္ဌာန်တို့ ယောင်ယောင် ကွဲပြားပြီး ချောမွတ်စွာ ရောယှက်နေလေသည်။ သူက ကျွန်မကို တင်းတင်း ကျပ်ကျပ် ပွေ့ဖက်သည်။ နှစ်သက်စဖွယ် စကားများလည်း ပြောသည်။ သူ၏ ဖလန်နယ်ဂျာကင် အသားညက်ညက်က ကျွန်မ ပါးပြင်ကို ကပ်မှီထားသည်။
ကျွန်မသည် အိုင်ရင်းကို နှုတ်ဆက်နမ်းရှုပ်ရန် သူနှင့် လူချင်းခွာလိုက်၏။ သူမသည် နှင်းခဲတမျှ အေးစက်စွာ ပြုံးပြသည်။ ထို့ကြောင့် သူမ၏ ပါးပြင်ကလေး ကျွန်မ နှုတ်ခမ်းနှင့် ထိတွေ့သည့်အခါ နွေးနေသဖြင့် အံ့သြသွားမိသေးသည်။ အိုင်ရင်း၊ သူမကို ကျွန်မ အမြဲတစေ မေ့လျော့ထားခဲ့၏။ သူမကတော့ အမြဲတမ်း ရှိနေ ခဲ့သည်သာ။ ဆံပင်နီနီ၊ မီးခိုးပြာမျက်လုံး၊ နှုတ်ခမ်းပျော့ပျော့၊ မေးရိုးချွန်ချွန်၊ ကျယ်လွန်းသော နဖူးပြင်က ခေါင်းမာသည့် သဘောရော၊ ဝေဝါးသည့် သဘောရော ဆောင်နေ၏။ သူမကို ကျွန်မ ချက်ချင်းပင် မေ့ဖျောက် ပစ်လိုက်သည်။ ကျွန်မသည် ဖီးလစ်နှင့်ချည်း ဖြစ်သွားပြန်၏။ နေ့စဉ် နံနက်တိုင်း သူ့နဖူးပြင်ကို စမ်းပြီး အိပ်ရာမှ နိုးခဲ့သည့် နေ့ရက်များကလိုပင် ဖြစ်သွား၏။
“ဝီစကီနည်းနည်းလောက် မသောက်တော့ဘူးလား”
အင်ဒရေက မေးလိုက်သည်။
“မသောက်တော့ပါဘူးရှင်။ ကျွန်မ သစ်သီးဖျော်ရည်တစ်ခုခု ပဲ သောက်ပါတော့မယ်”
အတော် လိမ္မာရေးခြား ရှိသူလေးပါလား။ သူမသည် လိမ္မာစွာပင် စတိုင်ကျကျ ဝတ်ထား၏။ လိမ္မာသော ဆံပင်ပုံစံ ပြင်ဆင် ထား၏။ နူးညံ့သော ဆံနွယ်စက ကျယ်သော နဖူးကို ဖုံးကွယ်ထားလေသည်။ ကျွန်မသည် အမျိုးသမီး မဂ္ဂဇင်းတစ်စောင်ကို လှန်လှော ကြည့်ရင်း “ဟောဒီမှာ အိုင်ရင်း” ဟု ကိုယ့်ဘာသာ မကြာခဏ ပြောတတ်လေသည်။ ဤသို့ မကြာခဏ ဖြစ်တတ်လေရာ သူမကို လူချင်း တွေ့သည့်အခါ မမှတ်မိအောင်ပင် ဖြစ်မိပါ၏။
“ကောင်မလေးက လှပါတယ်” ဟုတော့ အင်ဒရေက ဆိုလေသည်။
ကျွန်မ သဘောတူသော နေ့ရက်များ ရှိခဲ့ပါ၏။ နားရွက်နှင့် နှာတံကျပုံတို့က သိမ်မွေ့ယဉ်ကျေးသည်။ အပြာရင့်ရောင် မျက်တောင်ကော့များကြောင့် ပုလဲနု အသားအရေမှာ ပေါ်လွင်လှ၏။ သို့သော် ဦးခေါင်းကို နည်းနည်းလှုပ်လိုက်လျှင် မျက်နှာဟန်ချက် အနေပျက်သွားပြီး ပါးစပ်နှင့် မေးစေ့တို့ကိုသာ မြင်နေရတော့သည်။ အိုင်ရင်း၊ ဘာကြောင့်လဲ၊ ဘာကြောင့် ဖီးလစ်ဟာ ဒီလို မိန်းကလေးမျိုးတွေ ကိုချည်း ကျနေရတာလဲ။ ချောချောမွတ်မွတ် အေးတိအေးစက် ဟန်ဆောင်ပန်ဆောင် မိန်းကလေးမျိုးတွေချည်း။ သူတို့ကို ဆွဲဆောင် နိုင်ကြောင်း သက်သေပြရန်သာ ဖြစ်ပါလိမ့်မည်။ သူတို့ကို သူမ မနှစ်မြို့ပါ။ သူ အချစ်နယ်ကျွံသွားလျှင်ဟု ကျွန်မ တွေးတွေးကြည့် တတ်ပါသည်။
တစ်ညနေခင်းမှာတော့ သူက ကျွန်မကို ပြောလာသည်။ “အမေ့ကို သတင်းထူး ပြောစရာ ရှိတယ်”
အလွန်အကျွံ ကစား၊ အလွန်အကျွံ ရယ်မော၊ အလွန်အကျွံ အော်ဟစ်နေခဲ့သော မွေးနေ့ရှင် ကလေးငယ် တစ်ယောက်၏ စိတ်လှုပ်ရှားမှုမျိုးဖြင့် ပြောလာခြင်း ဖြစ်သည်။ ကျွန်မ ရင်ထဲမှာ မောင်းထုသံလို သည်းထန်သော အသံ မြည်သွားသည်။ ကျွန်မ ပါးပြင်သို့ သွေးများ တက်လာသည်။ ကျွန်မ၏ ရှိသမျှ အားအင် တို့သည် တဆတ်ဆတ် တုန်နေသော နှုတ်ခမ်းအစုံကို ပိတ်ထားဖို့သာ စုရုံး ထားရသည်။ ဆောင်းရာသီ၏ တစ်ညနေ။ လိုက်ကာတွေ ချထားပြီး ကူရှင်သက်တံရောင်စုံပေါ်မှာ မီးရောင်ထိုးကျနေဆဲ။ ဤအခိုက်မှာပင် ရုတ်တရက် ကွဲအက်သွားသော ချောက်ကမ်းပါး အဝေးသို့ ကွာဟသွားသော ပပ်ကြားအက်ကြောင်း ပေါ်ထွက် လာခြင်းပင်။
“အမေ သူ့ကို သဘောကျမှာပါ။ အလုပ်အကိုင်ရှိတဲ့ မိန်းကလေး တစ်ယောက်ပါ”
ဇာတ်ညွှန်းရေးအဖြစ် အတော်ကြာကြာ လုပ်ခဲ့ဖူးသည်တဲ့။ ခေတ်မီသည်ဆိုသော အိမ်ထောင်ရှင် အမျိုးသမီးငယ်များ အကြောင်း ကျွန်မ သိပါသည်။ သူတို့မှာ မထင်ရှားသော အလုပ်တစ်မျိုးမျိုး ရှိကြသည်။ ဦးနှောက်ကို အသုံးပြုသည်ဟု ဆိုကြသည်။ လေးလေး နက်နက်တော့ မဟုတ်လှ။ အဝတ်အစား ကောင်းကောင်း ဝတ်သည်။ အိမ်မှုကိစ္စ ပြောစရာမရှိအောင် စီစဉ်နိုင်သည်။ ကလေးများကို လိုလေးသေးမရှိအောင် ထိန်းကျောင်း ကြသည်။ အသိုင်းအဝိုင်းနှင့် လူမှုရေး ဘဝတစ်ခုလည်း သယ်ပိုးသည်။ အတိုချုပ်ပြောရလျှင် အဆင့်နေရာ တိုင်းမှာ အောင်မြင်မှု ရှိကြပါသည်။ သူတို့သည် တကယ်တမ်းအားဖြင့် ဘယ်အရာကိုမှ နက်နက်ရှိုင်းရှိုင်း ဂရုမစိုက်ကြ။ သူတို့အကြောင်း စဉ်းစားမိလျှင် ကျွန်မ သွေးတွေ အေးစက် သွားတတ်လေသည်။
ဖီးလစ်နှင့် အိုင်ရင်း တို့သည် တက္ကသိုလ်ကျောင်းပိတ်သည့် နေ့မှာပင် ဆာဒီးနီးယားသို့ ထွက်သွား ကြသည်။ ဇွန်လပိုင်းမှာ ဖြစ်သည်။ ဖီးလစ်ကို ကျွန်မ ထမင်းကျွေးလေ့ရှိသော (မင်း စွပ်ပြုတ်ကို ကုန်အောင် သောက်လိုက်ဦးလေ။ အမဲသားနည်းနည်း ထပ်ယူပါဦးလား။ လက်ချာချိန် မသွားခင် တစ်ခုခုတော့ စားသွားဦး) စားပွဲမှာ ထိုင်ကြစဉ်က သူတို့ သွားမည့် ခရီးအကြောင်း ပြောဖြစ်ခဲ့ကြသည်။ အိုင်ရင်း၏ မိဘတွေက ပေးသည့် လက်ဖွဲ့ပစ္စည်းတွေက ဖောဖော သီသီ။ သူတို့ကတော့ ဒါမျိုး တတ်နိုင်သည်လေ။ အိုင်ရင်းသည် များသောအား ဖြင့် နှုတ်ဆိတ်နေခဲ့၏။ တကယ် အရေးကြီးပြီး အံ့အားသင့်သွားစေလောက်သော မှတ်ချက်စကားမျိုး ပြောရမည့် အချိန်အခါကို စောင့်ဆိုင်းနေသူ ပညာတတ် မိန်းကလေး တစ်ယောက် ပမာပင်။ တစ်ခါတစ်ခါ မှာတော့ နည်းနည်းပါးပါး ဝင်ပြောတတ်သည်။ အံ့ဩပါသည်။ အနည်းဆုံးအားဖြင့် ကျွန်မကို အံ့ဩစေပါသည်။ သူမ ပြောလိုက်သော စကား၏ အသိဉာဏ်ကင်းမဲ့မှု သို့မဟုတ် ဘာဆို ဘာမှ မထူးခြားမှုကြောင့် အံ့သြရခြင်း ဖြစ်ပါ၏။
ကျွန်မတို့ စာကြည့်ခန်းထဲသို့ ပြန်လာခဲ့ကြသည်။ ဖီးလစ်က ကျွန်မ အလုပ်စားပွဲကို ကြည့်သည်။
“လုပ်ငန်း အဆင်ပြေရဲ့လား”
“ပြေပါတယ်။ မင်းအမေရဲ့ ပရုမူကြမ်းတွေ ဖတ်ဖို့ အချိန် မရဘူးဆို”
“မရဘူး အမေရာ။ အမေ စဉ်းစားသာကြည့်တော့။ ကျွန်တော်လည်း စိတ်မကောင်းပါဘူး”
စာအုပ်ကိုပဲ ဖတ်ကြည့်ပေါ့။ မင်းအတွက် အမေ ကော်ပီ တစ်ခု ချန်ထားတယ်”
သူ၏ ဂရုဓမ္မ မထားမှုကြောင့် ကျွန်မ နည်းနည်း ကြေကွဲသွားသည်။ သို့သော် ဘာမှ ထုတ်မပြောပါ။
“မင်းကတော့ကော၊ အခု စာတမ်းရေးဖို့အတွက် ဆက်ပြီး ကြိုးစားမယ် မဟုတ်လား”
ကျွန်မက ပြောလိုက်သည်။
သူက ပြန်မဖြေ။ အိုင်ရင်းနှင့်သာ ထူးဆန်းသော အကြည့် တစ်မျိုး ဖလှယ်နေသည်။
“ဘာဖြစ်လို့လဲ။ မင်းတို့ ထပ်ပြီး ခရီးထွက်ကြဦးမလို့လား”
“မဟုတ်ပါဘူး”
တိတ်ဆိတ်သွားပြန်သည်။ ပြီးမှ ဆန့်ကျင် စကားဆိုလေသည်။
“အမေကတော့ စိတ်ပျက်မှာပဲ။ ကျွန်တော့်ကိုလည်း အပြစ်တင်မှာ။ ဒါပေမဲ့ ဒီတစ်လအတွင်းမှာ ကျွန်တော် တစ်ခု ဆုံးဖြတ်လိုက်တယ်။ သင်ကြားရေးရော၊ စာတမ်းရေးတာရော တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ရတာ များလွန်းတယ်။ စာတမ်း မလုပ်လို့ကလည်း ဒီတက္ကသိုလ်မှာ ထိုက်တန်တဲ့ အနာဂတ်တစ်ခု ကျွန်တော် ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် ထွက်တော့မလို့”
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ”
“ကျွန်တော် တက္ကသိုလ်က ထွက်တော့မလို့။ ကျွန်တော့်အသက် က ငယ်သေးတော့ တခြား တစ်ခုခု ပြောင်းလုပ်လို့ ရပါသေးတယ်”
“ဒါပေမဲ့ ဖြစ်မှ မဖြစ်နိုင်တဲ့ဥစ္စာ။ အခုလောက်ထိ ရောက်အောင် လုပ်လာပြီးမှတော့ လွှတ်ချလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ”
ကျွန်မက မခံမရပ်နိုင် ပြောလိုက်သည်။
“နားထောင်ပါဦး အမေ။ ရှေးရှေးတုန်းကတော့ ဌာနမှူးဆိုတာ အတော်ကောင်းတဲ့ အလုပ်ပါပဲ။ အခုခေတ်မှာ ကျတော့ ကျောင်းသားတွေလည်း ကြည့်ရ၊ ကိုယ့်အလုပ်ကိုလည်း လုပ်ရ ဆိုတာ မဖြစ်နိုင် တော့ဘူး။ ဒါ ကျွန်တော် တစ်ယောက်တည်း ကြုံရတာ မဟုတ်ပါဘူး။ ကျောင်းသားတွေကလည်း များလွန်းတယ်”
“အဲဒါ မှန်တယ်ကွ”
အင်ဒရေက ဝင်ပြောသည်။
“ကျောင်းသား သုံးဆယ်ဆိုတာ ကျောင်းသား တစ်ယောက်ကို သုံးဆယ်နဲ့ မြှောက်ထားတာ။ ငါးဆယ် ဆိုရင်တော့ လူအုပ် ဖြစ်သွားပြီ။ ဒါပေမဲ့ မင်းအတွက်ရော၊ မင်း စာတမ်း ပြီးအောင်အတွက်ပါ နည်းလမ်း တစ်ခုခုကတော့ ရှာလို့ တွေ့မှာပါ”
“မဟုတ်သေးဘူး”
အိုင်ရင်းက ပြတ်သားစွာ ဝင်ပြောသည်။
“သင်ကြားရေးရော၊ သုတေသနရော နှစ်ခုစလုံး ဘယ်ဟာမှ လစာမကောင်းဘူး။ ကျွန်မ မောင်ဝမ်းကွဲ ထဲက ဓာတုဗေဒသမား တစ်ယောက် ရှိတယ်။ အမျိုးသား သုတေသန ဗဟိုဌာနမှာ လုပ်တုန်း က လခ ဖရန့်ရှစ်ရာ ပဲ ရတာ။ သူ ချည်ဆိုးဆေး စက်ရုံတစ်ခုကို ပြောင်းသွားပြီ။ အဲဒီမှာ သုံးထောင် ရတယ်”
“အခုဟာက ငွေကြေးပြဿနာတင် မဟုတ်ပါဘူး” ဟု ဖီးလစ် က ဆိုသည်။
“မဟုတ်ပါဘူး။ ခေတ်ပြောင်းနေတာကိုလည်း ထည့်တွက်ရမှာ”
သူမသည် စောင့်စည်း ထိန်းချုပ်ထားသော စကားရပ်ဖြင့် ကျွန်မတို့အပေါ် ဘာထင်ကြောင်းကို သိစေလိုက်ခြင်းပင် ဖြစ်၏။ သူမသည် ပါးနပ်စွာ ပြောလိုက်ခြင်း ဖြစ်သည်။ မိုက်ဝက်လောက် အကွာမှ လိမ့်လာသော အသံကို ကြိုတင် ကြားရနိုင်သည့် ပါးနပ်မှုမျိုးမျှသာ။
“ဒါထက် ကျွန်မအနေနဲ့ကတော့ အန်တီတို့ကို စိတ်မထိခိုက် စေချင်ပါဘူး။ ကျွန်မကိုလည်း အထင်မလွဲ ပါနဲ့။ လွဲရင်လည်း မတရားရာ ကျမှာပဲ။ ကျွန်မမှာ တခြား ပြောစရာတွေ ရှိပါသေးတယ်။ ပြောရမယ်ဆိုရင် အများကြီး ပြောပြပါ့မယ်”
အင်ဒရေသည် ကြီးကျယ်သော သိပ္ပံပညာရှင်တစ်ယောက် ဖြစ်သည်မှာ အမှန်ပင်။ မိန်းမသား တစ်ယောက် အနေနှင့် ကျွန်မလည်း မဆိုးလှပါ။ သို့သော် ကျွန်မတို့သည် ကမ္ဘာလောကနှင့် အဆက်ဖြတ်ပြီး ဓာတ်ခွဲခန်းတွေ၊ စာကြည့်တိုက်တွေထဲမှာသာ နေခဲ့ကြ၏။ ပညာတတ် မျိုးဆက်သစ်ကတော့ လူ့အဖွဲ့အစည်းနှင့် ချက်ချင်း ထိတွေ့ချင်ကြသည်။ ဖီးလစ်သည် သွက်လက် တက်ကြွသော်လည်း ကျွန်မတို့ ဘဝမျိုးအတွက် မဟုတ်။ သူ့အရည်အချင်း ပိုပြနိုင်သော တခြား အလုပ်တွေ ရှိသည်။
ဂဒီတော့ စာတမ်းဆိုတာဟာ တကယ့်ကို ဦးထုပ်ဟောင်း ဖြစ်သွားပြီ”ဟု သူမက နိဂုံးချုပ်လိုက်သည်။
သူမသည် တစ်ခါတစ်ရံမှာ ဘာကြောင့် ခွတီးခွကျနိုင်သော အဓိပ္ပာယ်မဲ့ စကားတွေ ပြောတတ်ပါလိမ့်။ အိုင်ရင်းသည် တကယ်တမ်းအားဖြင့် ထိုမျှလောက်တော့ အသိဉာဏ်မမဲ့ရာ။ သူမသည် ဖြစ်တည်နေ၏။ သူမသည် တစ်စုံတစ်ရာ ဖြစ်၏။ ဖီးလစ် အပေါ်မှာ ရရှိထားသည့် ကျွန်မ၏အောင်ပွဲကို သူမက ချေဖျက်ပစ် လိုက်ပြီ။ သူ့အပေါ် အောင်ပွဲ၊ သူ့အတွက်ဖြစ်သော အောင်ပွဲ၊ ရှည်ကြာလှသော အောင်ပွဲတစ်ပွဲ ဖြစ်ပြီး ရံဖန်ရံခါမှာ ကျွန်မအတွက် အင်မတန်မှပင် ခက်ခဲလှပါသည်။ “ကျွန်တော် ဒီအက်ဆေး မရေးတတ်ဘူးဗျာ။ ကျွန်တော် ခေါင်းကိုက်နေတယ်။ ကျွန်တော် နေမကောင်းဘူးလို့ ခွင့်တိုင်ပေးပါ”၊ “ဘယ်ဖြစ်ပါ့မလဲ”၊ နူးညံ့သော အရွယ်ရောက်စ မျက်နှာသည် တင်းမာပြီး အိုမင်းသွားခဲ့၏။ မျက်လုံးစိမ်းများက ကျွန်မကို ထိုးစိုက်နေသည်။
“မင်းဟာက ရက်စက်လှချည်လား”
အင်ဒရေက ကြားဝင် ပြောသည်။
“ဒီတစ်ခါတည်းပါဗျာ”
“မရဘူး”
ဖီးလစ်ကို ပါရီမှာ ထားခဲ့ရသည့် အီစတာ အားလပ်ရက်က ဆိုလျှင် ဟော်လန်မှာ စိတ်ဆင်းရဲလိုက် ရသည့် ဖြစ်ခြင်း။
“မင်း ဘွဲ့ဒီဂရီကို ပြက်ချော်ချော် မဖြစ်စေချင်ဘူး”
ထိုအခါ သူက မုန်းတီးမှုလေသံ အပြည့်နှင့် ပြန်အော်ခဲ့သည်။
“ဒါဆို ကျွန်တော့်ကို မခေါ်နဲ့ဗျာ။ ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော် စာတစ်ကြောင်းမှ ရေးမှာ မဟုတ်ဘူး”
သည့်နောက်ပိုင်းမှာတော့ သူ့အောင်မြင်မှုနှင့် ကျွန်မတို့၏ နားလည်မှု၊ ကျွန်မတို့၏ မဟာမိတ်ဖြစ်မှု။
ထိုနားလည်မှုကို အိုင်ရင်းက ယခု ဖျက်ဆီးလေပြီ။ အိုင်ရင်းရှေ့မှာ ကျွန်မ မပေါက်ကွဲချင်ပါ။ ကျွန်မကိုယ် ကျွန်မ ထိန်းထား လိုက်သည်။
“ဒီတော့ မင်းက ဘာလုပ်ဖို့ ရည်ရွယ်ထားတုံး”
အိုင်ရင်းက ဖြေမည် ပြုသည်။ ဖီးလစ်က သူမကို ကြားဖြတ် လိုက်သည်။
“အိုင်ရင်းအဖေ စိတ်ကူးထားတာ အတော်များများ ရှိပါတယ်”
“ဘယ်လို အမျိုးအစားတွေလဲ။ စီးပွားရေးလုပ်ငန်းလား”
“ဒါကတော့ မသေချာသေးဘူး”
“မင်း ခရီးမထွက်ခင်ကတည်းက မင့်ယောက္ခမနဲ့ စကားပြော ပြီးပြီပေါ့။ အမေတို့ကျတော့ ဘာလို့ မပြောတာတုံး”
“ကျွန်တော့် စိတ်ထဲက အပြန်အလှန် စဉ်းစားချင်သေးလို့ပါ”
ကျွန်မမှာ ရုတ်တရက် ဒေါသ ပန်းထွက် ပြည့်လျှံသွားသည်။ သူ တက္ကသိုလ်က ထွက်ဖို့ စိတ်ကူးပေါ်ချိန် မှာ ကျွန်မကို ဖွင့်ပြောခဲ့တာ ယုံနိုင်စရာပင် မရှိ။
“အဖေတို့၊ အမေတို့ နှစ်ယောက်စလုံးကတော့ ကျွန်တော့်ကိုပဲ အပြစ်တင်ကြမှာပေါ့လေ”
ဖီးလစ်က ဒေါသသံနှင့် ပြောနေသည်။
သူမ၏ မျက်လုံးစိမ်းများသည် ကျွန်မ ကောင်းစွာ သိထားသော မုန်တိုင်းအရောင် ဆင်လာလေသည်။
“မဟုတ်သေးဘူးကွ”
အင်ဒရေက ဝင်ပြောသည်။
“လူဆိုတာ ကိုယ့်လမ်းကြောင်းကိုပဲ ကိုယ် လိုက်ရမှာပေါ့”
“အမေကကော ကျွန်တော့်ကို အပြစ်တင်တာလား”
“အမေ့ အမြင်အရတော့ ပိုက်ဆံရှာတယ်ဆိုတာ သိပ်မြင့်မားတဲ့ ရည်မှန်းချက် မဟုတ်ဘူး”
ဟု ကျွန်မက ပြောလိုက်သည်။
“အမေကတော့ အံ့သြတယ်”
“ပိုက်ဆံပြဿနာ မဟုတ်ပါဘူးလို့ ကျွန်တော် ပြောသားပဲ”
“ဒါဖြင့် ပြဿနာက ဘာတုံး။ တိတိကျကျ ပြောလေ”
“ဒါတော့ မပြောနိုင်သေးဘူး။ ကျွန်တော့်ယောက္ခမနဲ့ ထပ်တွေ့ရဦးမှာ။ မထိုက်တန်ဘူးလို့ ထင်ရင်တော့ သူ ကမ်းလှမ်းတာကိုလည်း ကျွန်တော် လက်ခံမှာ မဟုတ်ပါဘူး”
ကျွန်မ နည်းနည်း ဆက်ငြင်းသေးသည်။ အတတ်နိုင်ဆုံးလည်း ညင်ညင်သာသာ ပြောပါသည်။ သူ့စာတမ်း တန်ဖိုးရှိပုံကို ကြိုးစားနားချပြီး အရင်ကရှိခဲ့သော သုတေသန လုပ်ငန်းစဉ် ဖြစ်ကြောင်း သတိဖော်ပေး ကြည့်သည်။ သူက ယဉ်ကျေးစွာပင် ပြန်ပြောသည်။ ကျွန်မ၏ စကားလုံးများသည် သူ့ကို ကြိုးမကိုင်နိုင်တော့။ သူ့ကို ကျွန်မ မပိုင်ဆိုင်တော့ပါ။ လုံးဝ မပိုင်ဆိုင်တော့ပါ။ သူ၏ရုပ်သွင်ပင် ပြောင်းလဲ သွားခဲ့ပြီ။ ဆံပင်ပုံစံက တစ်မျိုး ဖြစ်နေသည်။ အဝတ် အစားများလည်း ပိုပြီး ခေတ်ဆန်နေသည်။
သူ့ဘဝကို ပုံသွန်းခဲ့သူမှာ ကျွန်မ ဖြစ်သည်။ အခုတော့ ကျွန်မ အပြင်ဘက်မှသာ စောင့်ကြည့်နေရ တော့သည်။ ဝေးလံသော ပရိသတ်တစ်ဦးမျှသာ။ ဤသည်မှာ မိခင်အားလုံး ကြုံတွေ့ရမြဲ ဓမ္မတာ ကံကြမ္မာပင် ဖြစ်ပါတော့သည်။ သို့သော် ကိုယ် ကြုံတွေ့ရသည့် ကံကြမ္မာသည် အများနည်းတူ ဖြစ်ပါသည်ဟုဆိုပြီး ကျေနပ် မည့်သူ ဘယ်သူ ရှိပါမည်နည်း။
အင်ဒရေက သူတို့ကို ဓာတ်လှေကားအထိ လိုက်ပို့သည်။ ကျွန်မကမူ ခုံရှည်ပေါ်မှာ ပြိုလဲကျန်ရစ်သည်။ နောက်ထပ်တစ်ဖန် နတ္ထိဟင်းလင်း ...။ ပျော်ရွှင်ဖွယ်ကောင်းသောနေ့၊ မရှိခြင်းအောက်တွင် တိမ်မြုပ်နေသော ရှိခြင်း၊ ဖီးလစ် ဒီမှာ နာရီနည်းနည်းလောက် ရောက်ခဲ့သည် ဆိုခြင်းသည်သာလျှင် သေချာသောအချက်။ ကျွန်မ သည် သူ ဘယ်တော့မှ ပြန်ထွက်မသွားတော့မည့် အလား သူ့အလာ ကို စောင့်ဆိုင်းနေခဲ့၏။ သူကတော့ အမြဲတစေ ပြန်ထွက်သွားမည်သာ။ ကျွန်မတို့ သားအမိကြားမှ ခြားနားမှုသည် ကျွန်မ တွေးကြည့် ခဲ့သည်ထက် ပင် ပို၍ အပြီးအပိုင် ဖြစ်နေလေသည်။
သူ့လုပ်ငန်းထဲမှာ ကျွန်မ ဆက်ပြီး ပါဝင်တော့မည် မဟုတ်။ ကျွန်မတို့၏ စိတ်ဝင်စားမှုများသည်လည်း တူညီကြတော့မည် မဟုတ်။ သူ့အတွက် ငွေဟာ ဒီလောက်တောင် အရေးကြီးနေပြီလား။ ဒါမှမဟုတ် အိုင်ရင်းကို သူ အလျှော့ပေးနေတာလား။ အိုင်ရင်းကို သူ ဒီလောက်တောင် ချစ်သလား။ ဒီအတွက်ကတော့ သူတို့ရဲ့ အတူ တကွ ညတွေအကြောင်း သိမှသာ ဖြစ်မည်။ အိုင်ရင်းသည် သူ့ ရုပ်ခန္ဓာကို ရော၊ သူ့မာနစိတ်ကိုပါ အပြည့်အဝ ကျေနပ်မှုပေးနိုင်မည်မှာ သံသယဖြစ်စရာ မလို။ သူမမှာ ထူးခြားသော ပွင့်ကန်အားများ ရှိထားကြောင်း ခေတ်ဆန်သော အပေါ်ယံလွှာကို ဖောက်ပြီး ကျွန်မ မြင်နေရသည်။ ယောက်ျားနှင့် မိန်းမတို့၏ ရုပ်ပိုင်း ပျော်ရွှင်ခြင်း နှောင်ဖွဲ့မှုသည် အရေးမကြီးလှဟု ကျွန်မ ထင်သည်။ ယင်း၏ အရေးပါမှုကို ကျွန်မက လျှော့တွက် ချင်သည်။ ကျွန်မအနေနှင့် ဆိုရလျှင် လိင်မှုကိစ္စ ဆိုသည်မှာ ရှိပင် မရှိတော့။ ဤသို့ ဥပေက္ခာ ပြုထားခြင်းကိုပင် ကျွန်မက တည်ငြိမ်မှုဟု ခေါ်ခဲ့သည်။
ယခုတော့ ယင်းကိစ္စကို ရုတ်ခြည်းပင် အခြားသော အမြင်တစ်မျိုးနှင့် မြင်လာပါသည်။ လျစ်လျူ ဥပေက္ခာရှုခြင်းသည် အသုံးဝင်မှုကို ဖျက်ဆီးထားခြင်း တစ်ရပ်ပင် ဖြစ်တော့သည်။ အဓိပ္ပာယ် ပျောက်ဆုံး နေတာ ဖြစ်တော့သည်။ ထိုအရာ ကင်းမဲ့နေခြင်းကြောင့် ထိုအရာ ပိုင်ဆိုင်နေသူများ၏ လိုအပ်ချက်တွေ၊ နာကျင်မှုတွေ၊ ပျော် ရွှင်မှုတွေကို ကျွန်မ မမြင်ဘဲ ကန်းနေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
ဖီးလစ်အကြောင်း ဘာမှ မသိတော့သလို ကျွန်မ ထင်မြင်လာ ရသည်။ တစ်ခုသာ သေချာသည်။ သူ့ကို ကျွန်မ ဆုံးရှုံးရတော့မည့် အတိုင်းအတာ ဒီဂရီ။ သူ့ကျေးဇူးကြောင့်ပင် အနည်းနှင့် အများ ဆိုသလို ကျွန်မ၏ အသက်အရွယ်နှင့် လိုက်ဖက်အောင် ကျွန်မ နေတတ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သူသည် သူ့နုပျိုမှုနှင့်အတူ ကျွန်မကို ပါ ခေါ်ဆောင်သွားခဲ့ဖူး၏။ သူသည် ကျွန်မအား လေမန်ရှိ နှစ်ဆယ့် လေးနာရီ ပြိုင်ပွဲတွေဆီ ခေါ်သွားနေကျ။ ခေတ်သစ် စိတ္တဇပန်းချီ ပြပွဲတွေ ခေါ်သွားဖူးသည်။ တစ်ခါကဆိုလျှင် ရင်ခုန် ပေါက်ကွဲမှု ပွဲတော်သို့ပင် ခေါ်သွားခဲ့ဖူးသည်။ ကျွန်မသည် ပညာသတိ ကပ်လျက် ငြိမ့်ညောင်းစွာ စီးဆင်းနေသော နေ့ရက်များနှင့် ကျင့်သား ရရင်း ဇရာသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ရတော့မည်လား။ ထိုနေ့ရက်များတွင် ကြိုတင် မှန်းဆ မထားသော အရာ ဘွားခနဲ ကြားဖြတ်ပေါ်ပေါက်လာခြင်း မရှိနိုင်တော့။
ကျွန်မ အင်ဒရေကို ပြောလိုက်သည်။
“ဖီးလစ် သဘောပေါက်အောင် ကျွန်မ ပြောနေတာကို ရှင်က ဘာကြောင့် ကူမပြောတာလဲ။ ရှင်က ဘာကြောင့် ချက်ချင်း လိုက်လျောလိုက်တာလဲ။ ကျွန်မတို့နှစ်ယောက် ဝိုင်းပြောရင် ရချင်ရမှာ”
“လူတွေကို လွတ်လွတ်လပ်လပ် ထားစမ်းပါကွာ။ သူက သင်ကြားရေးမှာ ဘယ်တုန်းကမှ သိပ်ပြီး စိတ်ပါခဲ့တာ မဟုတ်ဘူး”
“သူ့စာတမ်းကိုတော့ သူ စိတ်ဝင်စားခဲ့သားပဲ”
“ဒါလည်း အတိုင်းအတာ အမှတ်တစ်ခုထိတင်ပါကွာ။ သိပ်ကို မရေရာလှတဲ့ အမှတ်တစ်ခုထိတင်ပါ။ ကိုယ် သူ့ကို နားလည်တယ်”
“ရှင်ကတော့ လူတိုင်းကို နားလည်နေတာပဲ”
တစ်ချိန်ကဆိုလျှင် အင်ဒရေသည် သူ့ကိုယ်သူရော သူများတွေနှင့် ပတ်သက်၍ပါ အလျှော့ပေးတတ်သူ မဟုတ်။ အခုအချိန်မှာ သူ့ နိုင်ငံရေးအမြင် ပျော့ညံ့မသွားသေးသော်လည်း ပုဂ္ဂိုလ်ရေး ဘဝတွင် တိကျပြတ်သားမှု ကို သူ့အတွက်သာ သူ ထားလေတော့သည်။ လူတွေကို သူ ခွင့်လွှတ်သည်။ ရှင်းပြသည်။ လက်ခံသည်။ ထို့ကြောင့် တစ်ခါတစ်ရံမှာ ကျွန်မ ဆတ်ဆတ်တုန်မျှ ဒေါသဖြစ်ရသည်။ ကျွန်မကပင် ဆက်ပြီး ပြောလိုက်သည်။
“ပိုက်ဆံရှာတာဟာ သင့်မြတ်တဲ့ ဘဝရည်မှန်းချက်လို့ ရှင် ထင်သလား”
“ကိုယ်ကတော့ ကိုယ်တို့ ရည်မှန်းချက်တွေ ဘာလဲ ဆိုတာ တောင် သိပ်မသိတော့ဘူး။ အဲဒါတွေ သင့်မြတ်မှု ရှိ၊ မရှိလည်း မသိတော့ဘူး”
သူ ပြောနေတာတွေကို သူ တကယ်ကော ယုံရဲ့လား။ ကျွန်မ ကို ကျီစယ်ပြီး ရယ်စရာ လုပ်နေတာလား။ သူ တစ်ခါတလေ ဤသို့ လုပ်တတ်သည်။ ကျွန်မက ယုံကြည်ချက်တွေ၊ အခြေခံမူတွေ မလွတ်တမ်း ကိုင်စွဲ ခေါင်းမာနေသည့် အခါမျိုးမှာ လုပ်တတ်သည်။ ထုံးစံ အားဖြင့်တော့ ကျွန်မ သည်းခံနေကျ။ သူ လုပ်သလိုပင် လိုက်လုပ် ပစ်လိုက်သည်။ သို့သော် သည်တစ်ခါမှာတော့ ကျွန်မ စိတ်ကို အသေးအဖွဲလုပ်ပစ်၍ မရ။ ကျွန်မ အသံ မြင့်တက်သွားသည်။
“တခြား ဘဝလမ်းကြောင်းတွေလည်း ကောင်းကြတာပါပဲ ဆိုရင် လက်ရှိဘဝမျိုးကို ကျွန်မတို့ ဘာကြောင့် လျှောက်ခဲ့ကြတာတုံး”
“ဘာကြောင့်လဲဆိုတော့ တို့က တခြားနည်း မလုပ်နိုင်လို့ပေါ့”
“လက်ရှိ ဘဝလမ်းကြောင်းက မှန်တယ် ထင်လို့ တခြားနည်း မလုပ်ခဲ့ကြတာပါ”
“မဟုတ်သေးဘူး။ ကိုယ့်အနေနဲ့ ပြောရမယ်ဆိုရင် သိတာ၊ ရှာဖွေတွေ့ ရှိတာတွေဟာ အရူးထတာပဲ။ ရမ္မက်တစ်ခုပဲ။ နျူရိုးဆစ် တစ်မျိုးတောင် ဖြစ်သေးတယ်။ ကျင့်ဝတ် မှန်ကန်တည့်မတ်မှု တစ်စက်မှ မပါဘူး။ တခြားလူတွေ ဒီအတိုင်း လုပ်ရမယ်လို့တော့ ကိုယ် မယူဆပါဘူး”
ကျွန်မ၏ နက်ရှိုင်းသော ရင်တွင်းကတော့ တခြားလူတွေလည်း ဒီအတိုင်း လုပ်ရမည်ဟု ယုံသည်။ သို့သော် ဤအချက်သည် အငြင်းပွားရမည့် အချက်ဟု ကျွန်မ မရွေးချယ်။ ကျွန်မက -
“အခုဟာက တခြားလူတွေရဲ့ကိစ္စ မဟုတ်ဘူး။ ဖီးလစ်ရဲ့ ကိစ္စ။ သူ ငွေနောက်ကို ကောက်ကောက် ပါအောင် လိုက်တဲ့လူ ဖြစ်တော့မယ်။ ကျွန်မ သူ့ကို မွေးလာခဲ့တာ ဒါအတွက် မဟုတ်ဘူး”
အင်ဒရေ စဉ်းစားနေသည်။
“သိပ်အောင်မြင်တဲ့ မိဘတွေ ရထားတဲ့ လူငယ်တစ်ယောက် မှာ အခက်အခဲ ရှိတယ်ကွ။ မိဘတွေခြေရာ လိုက်နင်းပြီး မိဘတွေနဲ့ ပခုံးချင်းယှဉ်ရင် မသင့်တော်ဘူးလို့ ထင်ချင်ထင်တာ။ ဒီတော့ တခြား မြင်းကိုပဲ လောင်းမှာပေါ့ကွာ”
“ဖီးလစ်ဟာ အစပိုင်း သိပ်ကောင်းခဲ့ရဲ့သားနဲ့”
“မင်းက ကူညီခဲ့တာကိုးကွ။ သူက မင်း လောင်းရိပ်အောက်မှာ အလုပ်လုပ်ခဲ့ရတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်း မပါခဲ့ရင် သူ ခရီးဝေးဝေး မပေါက်နိုင်ပါဘူး။ ဒါလောက်ကတော့ သူလည်း မြင်တတ်တယ်”
ဖီးလစ်နှင့် ပတ်သက်လျှင် ဤသို့ ကွဲလွဲမှု ဖြစ်ပေါ်လာစမြဲ။ ဖီးလစ်သည် သိပ္ပံလိုင်းကို မရွေးဘဲ စာပေလိုင်းကို ရွေးခဲ့သည့်အတွက် အင်ဒရေ စိတ်ပျက်တာ ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ဂန္ထဝင်ထဲကလို လုပ်ငန်းခွင်မှာ အဖေနှင့် သားတို့ ပြိုင်ဘက်ဖြစ်ကြတာ ဖြစ်ကောင်း ဖြစ်မည်။ သူသည် ဖီးလစ်ကို သာမန် အဆင့်မျှသာ အမြဲတစေ သဘောထားခဲ့၏။ ဤသည်မှာ ဖီးလစ်ကို တကယ် သာမန် အဆင့်ရောက်အောင် လမ်းညွှန်းနည်းတစ်နည်း ဖြစ်ပေသည်။
“ကျွန်မ သိပါတယ်။ ရှင်က သူ့ကို ဘယ်တုန်းကမှ ယုံကြည်မှု မရှိခဲ့ဘူး။ တကယ်လို့ သူ့ကိုယ်သူ ယုံကြည်မှု မရှိဘူးဆိုရင် ရှင့် မျက်လုံးကတစ်ဆင့် သူ့ကိုယ်သူ ကြည့်လို့ ဖြစ်မှာပဲ”
“ဟုတ်ချင်လည်း ဟုတ်မှာပေါ့ ကွာ”
သူက စကားနည်း ရန်စဲ သဘောမျိုး ပြောလေသည်။
“ဘာပဲဖြစ်ဖြစ် တကယ်တမ်း တာဝန်ရှိတဲ့လူကတော့ အိုင်ရင်း ပဲ။ သူ့ကို တွန်းပို့နေတာ အိုင်ရင်းပဲ။ သူက သူ့ယောက်ျားကို ငွေတွေ သောက်သောက်လဲ ဝင်စေချင်နေတာ။ ပြီးတော့လည်း သူ့ကို ကျွန်မဆီက ဆွဲခေါ်နိုင်တာအတွက်လည်း ဝမ်းသာနေတာ”
“အိုး ... ယောက္ခမကြီးပုံစံ မချိုးစမ်းပါနဲ့ကွာ။ သူ့ခမျာလည်း တခြား မိန်းကလေးတွေလို တော်ရှာ ပါတယ်”
“ဘာ တခြားမိန်းကလေးလဲ။ သူကမှ လေကြီးမိုးကြီး အဓိပ္ပာယ် မရှိတွေ ပြောသွားတာ”
“တစ်ခါတလေတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ ကျတော့လည်း အတော် ထက်မြက်ပါတယ်။ အဓိပ္ပာယ်မရှိဘူး ဆိုတာတွေဟာ ဉာဏ်ပညာကင်းမဲ့လို့ မဟုတ်ပါဘူး။ စိတ်ခံစားမှု ဟန်ချက်မညီတဲ့ အမှတ် လက္ခဏာပါ။ နောက်ပြီးတော့လည်း သူ့အနေနဲ့ ပိုက်ဆံထက် ပိုပြီး တခြား ဘာကိုမှ မလိုချင်ဘူးဆိုရင် ဖီးလစ်ကို ဘယ်ယူမလဲ။ ဖီးလစ်က သူဌေးမှ မဟုတ်တာ”
“သူဌေး ဖြစ်နိုင်တယ်ဆိုတာ မြင်လို့ပေါ့”
“ဘာပဲဖြစ်ဖြစ်လေ၊ တခြား ကြွားကြွားဝါဝါ လူငယ်တွေကို မရွေးဘဲ သူ့ကို ရွေးခဲ့တာ မဟုတ်လား”
“ရှင်က သူ့ကို သဘောကျတယ်ဆိုရင် ရှင့်သဘောပေါ့”
“မင်းက လူတစ်ယောက်အပေါ်မှာ ချစ်တယ်ဆိုရင် သူက တစ်ဆင့် ထပ်ချစ်တဲ့ လူကိုလည်း တစ်စုံ တစ်ရာ တန်ဖိုးတော့ ထားရမှာပေါ့”
“ဒါကတော့ မှန်ပါတယ်”
ကျွန်မက ပြောလိုက်ပါသည်။
“ဒါပေမဲ့ အိုင်ရင်းကိုတော့ ကျွန်မ သဘောမတွေ့ဘူး”
သူ ဘယ်နောက်ခံကားက လာတယ်ဆိုတာလည်း မင်း ထည့် တွက်ဦးလေ”
“သူ လာကို မလာပါဘူး။ အဲဒီထဲမှာပဲ ရှိနေတုန်းပါ”
ပိုက်ဆံဖြင့် ပုပ်သိုးနေပြီး အဆီယစ်နေသော၊ သြဇာအာဏာ ရှိသော၊ အရေးပါသော ဘူဇွာများသည် မိန်းကလေးတစ်ယောက် အနေနှင့် ကျွန်မ ဆန့်ကျင် တော်လှန်ခဲ့သည့် ဖက်ရှင်နောက်လိုက် လောက တိမ်တိမ်လေး ထက်ပင် ပို၍ စက်ဆုပ်စရာ ကောင်းသည်ဟု ကျွန်မ ထင်ပါသည်။
ကျွန်မတို့ အတန်ကြာမျှ ငြိမ်နေကြသည်။ ပြတင်းပေါက် အပြင်ဘက်၌ နီယွန်ကြော်ငြာမီးသည် အနီမှ အစိမ်းသို့ ပြောင်းသွား၏။ နံရံကြီး၏ မျက်လုံးများမှ မီးလင်းနေကြသည်။ လှပသောည။ ဖီးလစ်နှင့်အတူ အပြင်ထွက်ပြီး ကဖီးဆိုင် ရင်ပြင်မှာ နောက်ဆုံး အကြိမ် တစ်ခုခု သောက်ချင်စိတ် ပေါ်မိသည်။ အင်ဒရေကို လမ်းလျှောက်ခေါ်လျှင် အလကားပင် ဖြစ်လိမ့်မည်။ အခုကိုပဲ အိပ်ပျော်
လုနီးပါး ဖြစ်နေပြီ။ ကျွန်မက -
“ဖီးလစ် သူ့ကို ဘာကြောင့် လက်ထပ်တယ်ဆိုတာ စဉ်းစား လို့ မရဘူး”
“အို … ဒီကိစ္စမျိုးတွေက အပြင်က ကြည့်ရင် ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး”
သူက ပြီးပြီးရော လေသံမျိုးနှင့် ပြန်ဖြေသည်။ သူ့မျက်နှာ ငိုက်စိုက်ကျနေသည်။ သွားဖုံးနေရာ လောက်မှာ ပါးကို လက်ချောင်း နှင့် ဖိထားသည်။ သူ စိတ်လှုပ်ရှားလာလျှင် လုပ်တတ်သည့် အကျင့်၊ တစ်လောလေး ကမှ ရလာသည့်အကျင့် ဖြစ်သည်။
“သွားကိုက်နေတာလား”
“မဟုတ်ပါဘူး”
“ဒါဖြင့် ဘာလို့ သွားဖုံးကို နှိပ်နေရတာတုံး”
“နာမနေဘူးလား စမ်းကြည့်တာပါ”
လွန်ခဲ့သည့်နှစ်က သူသည် ဆယ်မိနစ် တစ်ကြိမ်လောက် သွေးချိန်ကြည့်နေခဲ့၏။ သူ့ သွေးတိုးနှုန်း မြင့်နေခဲ့သည်မှာ မှန်သည်။ သို့သော် ကုသမှုကြောင့် တစ်ရာနှင့် ခုနစ်ဆယ်မှာ ပုံမှန် ပြန်ဖြစ်ခဲ့သည်။ ကျွန်မတို့အရွယ်မှာ ဒီလောက်ဆိုလျှင် တော်ပြီ။
သူသည် ပါးကို လက်ညှိုးနှင့် ထောက်နေသည်။ သူ့မျက်လုံး တွေထဲမှာ ဘာမှမရှိ။ သူသည် အဘိုးကြီး တစ်ယောက် လုပ်နေခြင်း ဖြစ်သည်။ ပြီးလျှင် သူ အဘိုးကြီး ဖြစ်ပြီဟု ကျွန်မကို ပြောလိမ့် မည်။ တဒင်္ဂအားဖြင့် ကျွန်မ အထိတ်တလန့် တွေးလိုက်မိသည်။
“ဖီးလစ်က သွားပြီ။ ငါ့ဘဝ ကျန်တဲ့သက်တမ်းမှာ အဘိုးကြီး တစ်ယောက်နဲ့ နေရတော့မယ်”
“တော်ပါတော့။ ကျွန်မ သည်းမခံနိုင်တော့ဘူး” ဟု အော်လိုက်ချင်စိတ် ပေါ်လာသည်။ သူသည် ကြားသွားသည့် အလား ကျွန်မကို ပြုံးပြပြီး သူ့ကိုယ်သူ ပြန်ထိန်းလျက် အိပ်ရာဝင်သွားလေသည်။
သူသည် အိပ်ပျော်နေဆဲ။ ကျွန်မ သူ့ကို သွားနှိုးမည်။ တရုတ် လက်ဖက်ရည် ပြင်းပြင်းပူပူ သောက်ကြ မည်။ သို့သော် ဒီနေ့မနက်သည် မနေ့ကနှင့်တော့ မတူတော့။ ဖီးလစ်ကို ဆုံးရှုံးပြီဖြစ်ကြောင်း ကျွန်မ သင်ယူရ ဦးမည်။ အားလုံးကို ပြန်သင်ယူရဦးမည်။ ဒါကို ကျွန်မ သိခဲ့ဖို့ကောင်း၏။ သူ့အိမ်ထောင်ရေးကိစ္စ ပြောသည့် အခိုက်မှာပင် သူသည် ကျွန်မကို စွန့်ခွာပြီး ဖြစ်၏။ သူသည် မွေးလာသည့် အခိုက်မှာပင် ကျွန်မကို စွန့်ခွာပြီး ဖြစ်၏။ ကျွန်မနေရာမှာ သူနာပြု ဆရာမတစ်ယောက် ဝင်ယူလို့ ရသည်။
ကျွန်မ ဘာကို စိတ်ကူးခဲ့ပါသလဲ။ သူက အလွန်တောင်းဆို ပူဆာတတ်ခြင်းအတွက် ကျွန်မကိုယ်ကျွန်မ မရှိမဖြစ်ဟု ယုံကြည်ခဲ့သည်။ သူ့ကို လွယ်လွယ်ကူကူ သြဇာပေး၍ ရခြင်းကြောင့် သူ့ကို ကျွန်မ ပုံရိပ်အတိုင်း ဖန်တီးခဲ့သည်ဟု ကျွန်မ ထင်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်မှာ သူ့ကို အိုင်ရင်းနှင့်အတူ၊ သူ့ယောက္ခမများနှင့်အတူ တွေ့ရသောအခါ သူသည် ကျွန်မနှင့်အတူ ရှိခဲ့သော သူနှင့် မတူတော့။ သူ ကစားပွဲတစ်ပွဲနှင့် တွေ့နေသည်ဟု ကျွန်မ ထင်ခဲ့သည်။ ဖီးလစ်အစစ်ကို သိတာ ကျွန်မ တစ်ယောက်တည်း အခုတော့ သူက ကျွန်မနှင့် ဝေးရာသို့ ထွက်သွားချင်ပြီ။ ကျွန်မတို့၏ လျှို့ဝှက် မဟာ မိတ်ဖွဲ့မှုကို ဖောက်ဖျက်ချင်ပြီ။ ကျွန်မ အနာခံပြီး သူ့အတွက် တည် ဆောက်ပေးခဲ့သော ဘဝကို လွှင့်ပစ်ချင်ပြီ။ သူသည် လူစိမ်းတစ် ယောက် ဖြစ်သွားတော့မည်။ လာစမ်း ...။
အင်ဒရေက ကျွန်မကို မျက်ကန်း အကောင်းမြင်ဝါဒ ရှိသည် ဟု မကြာခဏ စွပ်စွဲတတ်သည်။ ယခုတစ်ကြိမ်မှာ ကျွန်မသည် ဘာမှ မဟုတ်တာတွေအတွက် သောကတွေ ဖိစီးနေခြင်း ဖြစ်ကောင်း ဖြစ်ပါ လိမ့်မည်။ အားလုံး ခြုံလိုက်လျှင်တော့ တက္ကသိုလ်အဝန်းအဝိုင်း အပြင်ဘက်မှာ ကယ်တင်ခြင်း မရှိနိုင်တော့ဟု ကျွန်မ မထင်ပါ။ စာတမ်းတစ်စောင် ရေးခြင်းသည် ယတိပြတ် မဖြစ်မနေ ကိစ္စကြီးဟု လည်း မယူဆပါ။ ဖီးလစ်ကလည်း ထိုက်တန်သည့် အလုပ်မှ လုပ်မည်ဟု ပြောသွားပါသည်။ သို့သော် အိုင်ရင်း အဖေ ရှာပေးနိုင်မည့် အလုပ်ကို ကျွန်မ အယုံအကြည် မရှိပါ။ ဖီးလစ်ကိုလည်း ကျွန်မ မယုံကြည် အားမထားပါ။ သူသည် တစ်ခါတလေ ကျွန်မ မသိအောင် ထိမ်ချန် ထားတတ်သည်။ လိမ်တတ်သည်။ သူ့ ချွတ်ယွင်းချက်တွေ ကို ကျွန်မ သိပါသည်။ ကျွန်မ ခွင့်လွှတ်ခဲ့ပါသည်။ သို့သော် ယင်းတို့သည် အရုပ်ဆိုး အကျည်းတန်ခြင်းကဲ့သို့ပင် ကျွန်မကို အမှန် တကယ် စိတ်လှုပ်ရှားစေခဲ့ပါသည်။
ယခုတစ်ကြိမ်မှာတော့ ကျွန်မ မခံချင်ပါ။ အကြောင်းမှာ သူတို့ ဖော်ဆောင်နေသော အစီအမံများကို ကျွန်မနှင့် မတိုင်ပင်သောကြောင့် ဖြစ်ပါသည်။ မခံချင်စိတ်နှင့် ပူပန်စိတ်။ အရင့်အရင်ကတော့ ကျွန်မကို စိတ်ထိခိုက်အောင် လုပ်ပြီးတိုင်း နောက်ပိုင်းမှာ ပြေအောင် ဘယ်လိုလုပ်ရမည်ဆိုတာ သူ သိခဲ့ပါသည်။ ဒီတစ်ကြိမ် မှာတော့ သူ လုပ်နိုင်လိမ့်မည်ဟု ကျွန်မ မသေချာပါ။
(၃)
အင်ဒရေ ဘာကြောင့် နောက်ကျနေတာပါလိမ့်။ ကျွန်မသည် မရပ်မနား လေးနာရီကြာမျှ တောက်လျှောက် အလုပ် လုပ်နေခဲ့၏။ ခေါင်းလေးလာသဖြင့် ခုံရှည်ပေါ်မှာ လှဲနေမိသည်။ သုံးရက် ရှိသွားပြီ။ ဖီးလစ်ထံမှ အသက်ရှင်နေသေးကြောင်းပင် အရိပ်အခြည်မပြု။ ဤသည်မှာ သူ့လမ်းစဉ် မဟုတ်။ အရင်က ကျွန်မကို စိတ်ထိခိုက်အောင် လုပ်မိလျှင် သူသည် တယ်လီဖုန်း ခဏခဏဆက်ကာ စာတို စာရှည်တွေ ရေးပို့နေကျ။ ထို့ကြောင့် ယခုလို ငြိမ်သက်နေခြင်းကို ကျွန်မ အံ့သြသည်။ ကျွန်မ နားမလည်နိုင်။ ကျွန်မ နှလုံးသားမှာ လေးလံနေပြီး သောကစိတ်တွေ ပျံ့နှံ့ပျံ့နှံ့ သွားလေရာ ကမ္ဘာလောကသည် မှောင်ကျသွားလေ တော့၏။
အင်ဒရေ၊ သူသည်လည်း ပို၍ ပို၍ သုန်မှုန်လာနေလေသည်။ သူ့မှာ တွေ့စရာ မိတ်ဆွေဆို၍ ဗာထရင် တစ်ယောက်သာ ရှိတော့ သည်။ သို့တိုင်အောင် ဗာထရင်ကို နေ့လယ်စာ ဖိတ်သောအခါ သူ ကျွဲမြီးတို နေသေးသည်။
“ဒီလူ့ကို ကိုယ် ပျင်းတယ်ကွာ”တဲ့။
သူ့အတွက် လူတိုင်း လူတိုင်းသည် ပျင်းစရာ ဖြစ်နေတော့၏။ ထို့ပြင် ကျွန်မနှင့် ပတ်သက်လို့ကော။ ဟိုတစ်ချိန်တုန်းကတော့ ကျွန်မကို သူ ပြောဖူးတာ ရှိပါသည်။
“ကိုယ့်အတွက် မင်း ရှိနေရင် ဘယ်တော့မှ စိတ်မချမ်းမသာ မဖြစ်ပါဘူး”
ယခု သူ့ကို ကြည့်ရသည်မှာ ပျော်ရွှင်ပုံမရပါ။ သူသည် အရင်ကလို ကျွန်မကို မချစ်တော့။ အခု ဒီရက်ပိုင်းတွေမှာ သူ့အတွက် အချစ်ဆိုတာ ဘာအဓိပ္ပာယ်ပါလဲ။ သူသည် အရင်ကအတိုင်းပင် ကျွန်မကို ဖက်တွယ်ထားဆဲ ဖြစ်ပါ၏။ တစ်ခုခု တစ်စုံတစ်ရာကို ဖက်တွယ်ထားရသလို ဖက်တွယ်ထားခြင်းသာ ဖြစ်ပါ၏။ သို့သော် ကျွန်မသည် သူ့ထံ ပျော်ရွှင်မှု ယူဆောင်မပေးနိုင်တော့ပါ။ ဤသည်မှာ မတရားမှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ ကျွန်မ စိတ်မကောင်းပါ။ သူသည် ဤဥပေက္ခာကို လက်ခံထား၏။ ဥပေက္ခာထဲမှာ နေသား တကျ အခြေချနေ၏။
သော့ခလောက်ထဲမှ သော့တံ လည်သွားသည်။ သူ ကျွန်မ ကို နမ်းသည်။ သူ့ကို ကြည့်ရသည်မှာ တစ်ခုခု စိတ်စွဲနေဟန် ရှိသည်။
“ကိုယ် နောက်ကျသွားတယ်ကွာ”
“ဟုတ်တယ်။ နည်းနည်း နောက်ကျတယ်”
“ဖီးလစ်၊ ကိုယ့်ကို ကျောင်းမှာ လာခေါ်တယ်။ တို့ အတူ သောက်ခဲ့ကြသေးတယ်”
“သူ့ကို ဘာလို့ ဒီ မခေါ်ခဲ့တာလဲ”
“သူက ကိုယ်တစ်ယောက်တည်းကို စကားပြောချင်နေတာ။ ဒါကြောင့် သူ ဘာပြောသွားတယ်ဆိုတာ မင်းကို ကိုယ်ကပဲ ပြန် ပြောပြရမှာ”
(သူ နိုင်ငံခြား ခရီးဝေးကြီးကို နှစ်တွေ … နှစ်တွေ .. အကြာကြီး သွားမလို့လား)
“မင်းကတော့ ကြိုက်မှာ မဟုတ်ဘူး။ ဟိုညနေတုန်းက သူ ပြောမထွက်လို့ပါ။ ကိစ္စက ပြီးပြီးသား။ သူ့ယောက္ခမက သူ့ကို အလုပ်ရှာပေးပြီးပြီ။ သူ့ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှာ သူ့ယောက္ခမ က အလုပ်သွင်း ပေးတာ။ သူ ကိုယ့်ကို ပြောတာကတော့ သူ့အသက်အရွယ်နဲ့ဆိုရင် အဲဒီအလုပ်ဟာ တော်တော်ကောင်းတဲ့ ရာထူးတဲ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်လဲဆိုတာ မင်း သိပါတယ်”
“မဖြစ်နိုင်တာပဲ။ ဖီးလစ်က အဲဒီလိုလား”
ဤကိစ္စ မဖြစ်နိုင်။ သူသည် ကျွန်မတို့နှင့်အတူ အယူအဆချင်း တူခဲ့သည်။ အယ်လ်ဂျီးရီးယား စစ်ပွဲမှာ သူ အကြီးအကျယ် စွန့်စားခဲ့သည်။ ယခု ပြန်ကြည့်သောအခါ ဘယ်တုန်းကမှ မဖြစ်ပွားခဲ့ဟု ထင်မြင်ရ သော်လည်း ထိုစစ်ပွဲကြောင့် ကျွန်မတို့၏ နှလုံးသားများ ကွဲကြေခဲ့ရသည်။ သူသည် “ဒီဂေါ” ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အရိုက်ပင် ခံခဲ့ရသည်။ သူသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ မှာ ကျွန်မတို့နှင့်အတူ မဲပေးခဲ့သည်။
“သူ ပြောတာကတော့ သူ ဖွံ့ဖြိုးတိုးတက်လာပြီတဲ့။ ပြင်သစ် လက်ဝဲဂိုဏ်းရဲ့ နက်ဂစ်တစ်ဝါဒ (မကောင်းမြင် ဝါဒ) ဟာ ဘယ်မှ ခရီးမရောက်မှန်း သူ နားလည်ပြီတဲ့။ အဲဒါတွေ နိဋ္ဌိတံ ဆုံးခန်းတိုင် သွားပြီတဲ့။ သူ ရေစီးကြောင်းအတိုင်းပဲ လိုက်တော့မယ်။ ကမ္ဘာကို ဆုပ်ကိုင်ရမယ်။ တစ်စုံတစ်ခု အောင်မြင်အောင် လုပ်ရမယ်၊ တည်ဆောက်ရမယ်၊ ဆောက်လုပ်ရမယ်လို့ ပြောတာပဲ”
“ဒါတွေဟာ အိုင်ရင်း ပြောနေတာလို့ပဲ လူတွေက ထင်ကြမှာ”
“ပြောသွားတာကတော့ ဖီးလစ်ပဲ”
အင်ဒရေက အသံမာမာနှင့် ပြောလိုက်သည်။
ရုတ်တရက်ပင် အားလုံး ရှင်းသွားသည်။ ကျွန်မကို ဒေါသ စိတ်က လွှမ်းမိုးသွား၏။
“အဲဒီအတိုင်းပဲတဲ့လား။ သူဟာ သာယာစီးသမားပဲ။ အောင်မြင်မှု ရမယ်ဆိုရင် ဘာလုပ်ရ လုပ်ရ ဆိုတဲ့ လူစားပဲ။ အောက်တန်းစား ကြီးပွားချင်တဲ့ စိတ်ကြောင့် ကိုယ့်မူကိုယ်စွန့်တဲ့ လူစားပဲ။ သူ့ကို ဘာထင်တယ်ဆိုတာ ရှင် ပြောခဲ့တယ် မဟုတ်လား”
“အဲဒါကို ဆန့်ကျင်တယ်လို့ ပြောခဲ့တာပေါ့”
“သူ့စိတ်ပြောင်းသွားအောင်ကော မကြိုးစားခဲ့ဘူးလား”
“လုပ်ခဲ့တာပေါ့။ ကိုယ် ပြန်ငြင်းခဲ့တာပဲ”
ငြင်းခဲ့တယ်။ အမှန်က သူ့ကို ခြောက်လှန့်ထားခဲ့ရမှာ။ သူ့ကို ကျွန်မတို့ နောက်ထပ် ဘယ်တော့မှ မတွေ့တော့ဘူးလို့ ပြောခဲ့ရမှာ။ ရှင်က ပျော့လွန်းတယ်။ ရှင့်အကြောင်း ကျွန်မ သိပါတယ်”
ကျွန်မ ဟန့်တားထားခဲ့သော မသက်မသာ ခံစားမှုနှင့် သံသယ နှင်းတောင်ကြီး ကျွန်မအပေါ် လျှောကျ ဖုံးအုပ်သွားသည်။ ဘာကြောင့် သူ့မှာ ဟန်ဆောင်ပန်ဆောင် ဖက်ရှင်ကျကျ ဝတ်ကောင်းစားလှ မိန်းကလေး တွေက လွဲပြီး ကျန်တာ ဘာမှ မရှိခဲ့ရတာလဲ။ ဘုရားရှိခိုးကျောင်းထဲမှာ အိုင်ရင်းနဲ့ ဘာကြောင့် ပွဲကြီးလမ်းကြီး လက်ထပ်ခဲ့ရတာလဲ။ ယောက္ခမတွေ ကျေနပ်အောင် ဘာကြောင့် အားတက်သရော လုပ်ပြချင်ရတာလဲ။ ဘာကြောင့် ဒီလောက်အောင် အောင်မြင်မြင် လုပ်ပြနိုင်ခဲ့ရတာလဲ။ သူသည် ထိုပတ်ဝန်းကျင်များ မှာ သူ့အိမ် သူ့ရာလို ဖြစ်ခဲ့၏။ ဇာတိရေထဲမှာ ရောက်နေသည့် ငါး တစ်ကောင်ကဲ့သို့ပင်။
ကျွန်မကိုယ်ကျွန်မ မေးခွန်းတွေ မထုတ်လိုခဲ့။ အင်ဒရေက ဝေဖန်လျှင်ပင် ကျွန်မသည် ဖီးလစ်ဘက်က ရပ်တည်ခဲ့၏။ ကျွန်မ ခေါင်းမာစွာ ယုံကြည်ထားခဲ့မှုများသည် နှလုံးသား ခါးသီးမှုအဖြစ် ပြောင်းလဲသွားပေပြီ။ ချက်ချင်း ခဏမှာပင် ဖီးလစ်၏ မျက်နှာ အသွင်တစ်မျိုး ဖြစ်သွား၏။ သြတ္တပ္ပစိတ် ကင်းမဲ့သော ကြီးပွား အောင်မြင်ချင်စိတ် တိတ်တဆိတ် ခြေပုန်းခုတ်မှု။
“ကျွန်မ သူနဲ့ စကားနည်းနည်း ပြောဦးမယ်”
ကျွန်မ တယ်လီဖုန်းရှိရာသို့ ဒေါသတကြီး ထသွားသည်။
“အရင်ဆုံး စိတ်ငြိမ်အောင် ထားပါဦးကွာ။ စကားများနေလို့လည်း ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး”
“ကျွန်မ စိတ်တော့ ပေါ့သွားမှာပါ”
“လုပ်မနေပါနဲ့တော့ကွာ”
“နေပါ၊ မတားပါနဲ့”
ကျွန်မ ဖီးလစ်၏ ဖုန်းနံပါတ်ကို လှည့်လိုက်သည်။
“မင်း ယဉ်ကျေးမှုဌာနမှာ ထိပ်တန်းက ဝင်လုပ်ပြီလို့ မင်း အဖေက ပြောတယ်။ ချီးကျူးပါတယ်ဟေ့။ ကွန်ဂရက်ကျူလေးရှင်း”
“အဲဒီလို မအောက်မေ့ပါနဲ့ အမေ” ဟု သူက ကျွန်မကို ပြောသည်။
“ဒါဖြင့် ဘယ်လို အောက်မေ့ရမှာလဲ။ မင်း အမေ့ မျက်နှာ တည့်တည့်ကြည့်ပြီး မပြောဝံ့အောင် ရှက်နေခဲ့တာအတွက်တော့ ဝမ်းသာပါတယ်”
“ကျွန်တော် လုံးဝ မရှက်ပါဘူး။ လူတစ်ယောက်မှာ သူ့ထင်မြင်ချက်တွေကို ပြန်ပြီး သုံးသပ်ခွင့်ရှိပါတယ်”
“ပြန်သုံးသပ်တယ်၊ ဟုတ်လား။ လွန်ခဲ့တဲ့ ခြောက်လက အစိုးရရဲ့ ယဉ်ကျေးမှု ပေါ်လစီကို မင်းပဲ ရှုတ်ချခဲ့တာပဲ”
“အဲဒီတုန်းကတော့ ဟုတ်ပါတယ်။ ဒါကို ပြောင်းလဲဖို့ ကျွန်တော် ကြိုးစားနေတာပါ”
“တော်ပါ ... တော်ပါ။ မင်းဟာ အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး။ ဒါကို မင်းလည်း သိပါတယ်။ မင်း သူတို့ ကစားဝိုင်းထဲ ဝင်ကစားပြီး မင်း တက်လမ်း မင်း ထွင်မှာပါ။ မင်း စေ့ဆော်မှုက ကြီးပွား အောင်မြင်ချင်စိတ် သက်သက်ပဲ။ ဒီ့ထက် ဘာမှ မပိုဘူး”
ကျွန်မ သူ့ကို တခြား ဘာတွေပြောမိမှန်း မသိတော့ပါ။ “တော်ပါတော့၊ တော်ပါတော့” ဟု သူက အော်ပြောသည်။ ကျွန်မက ဆက်ပြောသည်။ သူက ကြားဖြတ်သည်။ သူ့အသံ မှာ မုန်းတီးမှု ပြည့်လျှမ်းနေသည်။ အပြီးတွင် သူက ဒေါသတကြီး အော်ပြောသည်။
“အမေတို့ လူကြီးပိုင်း ခေါင်းမာမှုထဲမှာ ကျွန်တော် ဝင်မပါတဲ့ အတွက် ကျွန်တော် အလကားကောင် ဖြစ်မသွားပါဘူး”
“ဒါဆို တော်လောက်ပြီ။ အမေ အသက်ရှင်နေသရွေ့ မင်းကို နောက်ထပ် ဘယ်တော့မှ မတွေ့တော့ဘူး”
ကျွန်မ ဖုန်းချလိုက်သည်။ ကျွန်မ ထိုင်နေသော်လည်း ချွေးတွေ ပြန်နေသည်။ တဆတ်ဆတ် တုန်ယင် နေသည်။ ခြေထောက်များက မသယ်နိုင်လောက်အောင် အားနည်းသွားကြသည်။ ကျွန်မတို့ တစ်ကြိမ်မက အဆက်အသွယ် ဖြတ်ခဲ့ဖူးကြပါသည်။ သို့သော် ယခုတစ်ကြိမ် အတိုက်အခံဖြစ်ခြင်း ကတော့ တကယ် အရေးကြီးသည်။ ကျွန်မ သူ့ကို ဘယ်တော့မှ မျက်နှာချင်း မဆိုင်တော့။ သူ ပြောင်းလဲသွားခြင်းသည် ကျွန်မကို အဖျားရောဂါ ရစေလေသည်။ သူ့စကားလုံးများသည် ကျွန်မကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေပါသည်။ အဘယ့်ကြောင့်ဆိုသော် နက်နက်ရှိုင်းရှိုင်း ထိခိုက်အောင် တမင် ရည်ရွယ်သောကြောင့် ဖြစ်သည်။
“သူ ကျွန်မတို့ကို စော်ကားတယ်။ ကျွန်မတို့ကို လူကြီးပိုင်း ခေါင်းမာမှုလို့ သူက ပြောတယ်။ ကျွန်မ သူ့ကို နောက် ဘယ်တော့မှ မတွေ့တော့ဘူး။ ရှင်လည်း မတွေ့စေချင်ဘူး”
“မင်းက မာလွန်းတယ်ကွ။ စိတ်လှုပ်ရှားမှုကို အခြေခံပြီး မဆုံးဖြတ်သင့်ဘူး”
“ဘာလို့ မဆုံးဖြတ်ရမှာလဲ။ ကျွန်မတို့ရဲ့ ခံစားချက်ကို သူ လုံးဝ ထည့်မတွက်ဘူး။ သူ့တက်လမ်းကိုပဲ ပထမ ထားနေတာ။ ကျွန်မတို့ ရှေ့က ထားနေတာ။ ဆွေပြတ်မျိုးပြတ်အတွက်လည်း တန်ဖိုးပေးဖို့ အသင့် ...”
“ဆွေပြတ်မျိုးပြတ်ကို သူ မျှော်လင့်မထားပါဘူးကွာ။ နောက်ပြီးတော့ ပြတ်လည်း မပြတ်နိုင်ပါဘူး။ ကိုယ်ကတော့ မဖြစ်ပါဘူး”
“ကျွန်မအနေနဲ့ကတော့ အခုကိုပဲ ပြတ်နေပြီ။ ဖီးလစ်နဲ့ ကျွန်မ ကြားမှာ အားလုံး ပြီးသွားပြီ”
ကျွန်မ ပါးစပ် ပိတ်လိုက်ပါသည်။ ကျွန်မမှာ ဒေါသဖြင့် တုန်ယင်နေဆဲ။
“ဖီးလစ်က အခုတလော ခွတီးခွကျနဲ့ အပြောင်းအလဲ များနေတာပါ”
အင်ဒရေက ပြောလိုက်သည်။
“မင်းကတော့ ဒါကို ဝန်ခံမှာ မဟုတ်ဘူး။ ကိုယ်ကတော့ ရှင်း ရှင်းလင်းလင်း မြင်ပါတယ်။ သူ အဲဒီလောက်အဆင့်ထိ ရောက်လိမ့် မယ်လို့ မယုံပါဘူး”
“သူက ကြွက်စုတ်တစ်ကောင်လို အောင်မြင် ကြီးပွားချင်နေတာပဲ”
“အင်း”
အင်ဒရေက ဇဝေဇဝါ လေသံဖြင့် ပြောလေသည်။
“ဒါပေမဲ့ ဘာကြောင့် အဲသလို ဖြစ်သွားရတာလဲ”
“ရှင် ဘာကို ဆိုလိုတာလဲ'
“တမြန်နေ့ ညခင်းက ကိုယ်တို့ ပြောကြသလိုပေါ့။ ကိုယ်တို့ မှာလည်း တာဝန်ရှိတယ်”
သူသည် နှောင့်နှေးနေသေး၏။ ပြီးမှ -
“သူ့စိတ်ထဲမှာ အောင်မြင်ချင်စိတ် သွတ်သွင်းပေးခဲ့တာ မင်းပဲ။ သူ့ဘာသာသူဆိုရင် အတော်အတန် အေးအေးနေမှာ။ ကိုယ်လည်း သူ့ကို ဆန့်ကျင်မှုဝါဒ တည်ဆောက်ပေးခဲ့မိတယ်'
“ဒါတွေ အားလုံးက အိုင်ရင်းရဲ့ အပြစ်ပါ”
ကျွန်မ ပေါက်ကွဲသွားသည်။
“သူ့ကို လက်မထပ်ခဲ့ရင်၊ အဲဒီအသိုင်းအဝိုင်းထဲ ရောက်မသွားဘူးဆိုရင် မပျက်စီးပါဘူး”
“နို့ပေမဲ့ သူ လက်ထပ်ခဲ့ပြီးပြီလေ။ အဲဒီအသိုင်းအဝိုင်းက လူတွေဟာ အထင်ကြီးစရာကောင်းတယ် ထင်လို့ လက်ထပ်ခဲ့တာ ဖြစ်ချင် ဖြစ်မှာပေါ့။ သူ့ရဲ့ တန်ဖိုးထားမှုတွေ ကိုယ်တို့နဲ့မတူတာ ကြာပါပြီ။ ကိုယ် အကြောင်းအရင်းတွေ အများကြီး မြင်ပါတယ်”
“ရှင် သူ့ဘက်က ရပ်တည်နေတာတော့ မဟုတ်ပါဘူးနော်”
“ကိုယ်က အဖြေတစ်ခု ကြိုးစား ရှာနေတာပါ”
“ကျွန်မကတော့ ဘယ်အဖြေမှ ဘဝင်ကျမှာ မဟုတ်ဘူး။ ကျွန်မ သူ့ကို ဘယ်တော့မှ မတွေ့တော့ဘူး။ ရှင်လည်း မတွေ့နဲ့”
“ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ မမှားပါစေနဲ့ကွာ။ ကိုယ် သူ့ကို မကြိုက်ပါဘူး။ ပြင်းပြင်းထန်ထန်ကို မကြိုက်တာပါ။ ဒါပေမဲ့ ကိုယ်ကတော့ သူ့ကို တွေ့မှာပဲ။ မင်းလည်း တွေ့ပါ”
“ဟင့်အင်း၊ ကျွန်မ မတွေ့ချင်ဘူး။ ရှင် ကျွန်မဘက်က မရှိတော့ဘူးဆိုတော့ သူ တယ်လီဖုန်းထဲက ပြောတဲ့ စကားကို ပိုပြီး တော့တောင် အမှတ်သည်းခြေ ထားဦးမယ်။ ရှင့် တစ်သက်တာလုံး ကျွန်မအပေါ် စိတ်ဆင်းရဲအောင် လုပ်ခဲ့မိတာတွေထက်ကို ဒီတစ်ခါ စိတ်ဆင်းရဲရမှာ။ သူ့အကြောင်း ကျွန်မကို မပြောနဲ့တော့”
သို့သော် တခြားအကြောင်းကိုလည်း ကျွန်မတို့ ပြောလို့ မရပါ။ ညစာကို တိတ်တိတ်ဆိတ်ဆိတ်နှင့် မြန်မြန်ဆန်ဆန်ပင် စားလိုက်ကြသည်။ ပြီးနောက် စာအုပ်ကိုယ်စီ ကောက်ကိုင်လိုက်ကြ လေသည်။ ကျွန်မ အိုင်ရင်းကို မကျေနပ်၊ အင်ဒရေကို မကျေနပ်၊ တစ်ကမ္ဘာလုံးကို မကျေနပ်။
“ကိုယ်တို့မှာလည်း တာဝန်ရှိတယ်”တဲ့။
အကျိုးအကြောင်းတွေ၊ ဆင်ခြေဆင်လက်တွေ ရှာနေခြင်းသည် ဘယ်လောက် သေးဖွဲရာ ရောက်ပါသလဲ။
“ခင်ဗျားတို့ လူကြီးပိုင်း ခေါင်းမာမှု”တဲ့။
သူသည် ဤစကားများကို ကျွန်မအား အော်ပြောခဲ့၏။ သူ ကျွန်မတို့ကို၊ ကျွန်မကို ချစ်လိမ့်မည်ဟု သေချာပေါက် ယုံကြည်ထား ခဲ့၏။ တကယ်တော့ ကျွန်မသည် ဘာမှ မဟုတ်။ သူ့အတွက် ကျွန်မ သည် ဘာမှ မဟုတ်။ တခြား သာမည အသွေးအမွှားများထဲ ရောထည့်ထားရမည့် အိုမင်းဟောင်းနွမ်းသော အရာတစ်ခုမျှသာ။ ကျွန်မ ကလည်း သူ့ကို အလားတူပင် ပြန်လုပ်ထားရုံသာ ရှိတော့သည်။ ကျွန်မသည် တစ်ညလုံး ဒေါသဖြင့် မွန်းကျပ် နေခဲ့၏။
နောက်တစ်နေ့ မနက်မှာ အင်ဒရေ အပြင်ထွက်သွားလျှင် သွားချင်း ဖီးလစ်အခန်းထဲသို့ ကျွန်မ ဝင်ခဲ့သည်။ ပြီးနောက် ပေးစာအဟောင်းတွေ ဆုတ်ပစ်၊ စာရွက်စာတမ်းဟောင်းတွေ လွှင့်ပစ်၊ အဝတ်အိတ် တစ်လုံးထဲမှာ သူ့စာအုပ်တွေ ပြွတ်သိပ်ထည့်ပြီး သူ့ ဆွယ်တာ ညဝတ်အင်္ကျီတို့ကို ဗီရိုတစ်လုံးထဲ ထိုးသွင်း ထားလိုက်သည်။ ပြောင်တလင်းခါ သွားသော စင်များကိုကြည့်ရင်း မျက်လုံးထဲမှာ မျက်ရည်ဝေ့လာသည်ဟု ခံစားရသည်။ ရင်ထဲမှာ အမှတ်ရမှုများ တဖွားဖွား ပေါ်လာကြသည်။ သူ ကျွန်မကို ပစ်ထားခဲ့ပြီ။ သစ္စာ ဖောက်ခဲ့ပြီ။ သရော်ခဲ့သည်။ စော်ကားခဲ့သည်။ သူ့ကို ကျွန်မ ဘယ်တော့မှ ခွင့်လွှတ်မည်မဟုတ်။
ဖီးလစ်အကြောင်း စကားမစပ်ဘဲ နှစ်ရက် ကြာသွားသည်။ တတိယမြောက် မနက်တွင် ကျွန်မတို့ထံ လာသော စာများကို ကြည့် ရင်း အင်ဒရေကို ကျွန်မ ပြောလိုက်သည်။
“ဖီးလစ်ဆီက စာတစ်စောင်”
“သူ စိတ်မကောင်းကြောင်း ပြောမလို့ ထင်တယ်”
“သူ အချိန်ဖြုန်းတာပဲ။ ကျွန်မ မဖတ်ဘူး”
“အေးကွာ။ ကိုယ်တော့ ကြည့်ပါရစေဦး။ သူ့အနေနဲ့ ပထမ ခြေလှမ်း လှမ်းရတာ ဘယ်လောက် ခက်မလဲဆိုတာ မင်း သိသားနဲ့။ သူ့ကို အခွင့်အရေးတစ်ခုတော့ ပေးပါဦး”
“မပေးနိုင်ဘူး”
ကျွန်မသည် စာကို ခေါက်ပြီး စာအိတ်တစ်အိတ်ထဲ ထည့်ကာ အပေါ်က ဖီးလစ်လိပ်စာ ရေးလိုက်သည်။
“ကျွန်မအတွက် ဒါ ထည့်ပေးပါ”
ကျွန်မသည် သူ၏ ချစ်ခင်စဖွယ် အပြုံးများကို လွယ်လင့်တကူ လိုက်လျော အရှုံးပေးခဲ့၏။ ယခုတစ်ကြိမ် တွင်တော့ အရှုံးမပေး နိုင်ပါ။
နှစ်ရက်ကြာ မွန်းလွဲပိုင်း စောစောမှာ အိုင်ရင်းက တံခါး ခေါင်းလောင်း လှုပ်လာသည်။
“ကျွန်မ ငါးမိနစ်လောက် စကားပြောချင်လို့ပါ”
ရိုးရိုး အဝတ်အစားနှင့်။ လက်မောင်းသားများ ပေါ်နေသည်။ ဆံပင်ကို နောက်မှာ ဖြီးချထားသည်။ သူမသည် အလွန်ငယ်ရွယ်သည့် ကလေးမလေးအသွင် ပေါ်နေ၏။ ရှက်ရွံ့ရွံ့ အသွင်။ ကျွန်မ သူ့ကို ဒါမျိုး မမြင်ဖူးခဲ့ပါ။ ကျွန်မ ဝင်ခွင့်ပြုလိုက်သည်။ သူမသည် ဖီးလစ်အတွက် လျှောက်လဲချက်ပေးရန် လာခြင်း ဖြစ်၏။ ဖီးလစ်သည် သူ့စာ ပြန်အပို့ခံရသည့်အတွက် အတော်ကြီး စိတ်ထိခိုက်သွားဟန် တူလေသည်။ တယ်လီဖုန်းထဲက သူ ပြောမိတာအတွက် ပြန်ပြီး စိတ်မကောင်း ဖြစ်နေသည်။ သူသည် ဤအကြောင်း နှုတ်ကတော့ ထုတ်မပြော။ သို့သော် သူ့သဘာဝကို ကျွန်မ သိပါသည်။ သူသည် စိတ်ဆိုးလွယ်၏။ ပြောချင်ရာရာကို ပြောတတ်သည်။ စိတ် ထဲက တကယ်ပါ၍တော့ မဟုတ်။ သူ ကျွန်မနှင့် နားလည်မှု ပြန်တည်ဆောက်မှ ဖြစ်မည်။
“သူကိုယ်တိုင် ဘာကြောင့် မလာတာလဲ”
“ဒေါ်ဒေါ် သူ့ကို တံခါးပိတ်သွားမှာ စိုးလို့ပါ”
“အမှန်ကလည်း အဲဒီလို လုပ်သင့်တာပဲ။ သူ့ကို နောက်ထပ် မတွေ့ချင်တော့ဘူး။ ပြီးပြီ၊ ပြတ်ပြီ”
သူက ဇွတ်ပေပြီး ဆက်ပြောနေသေးသည်။ ကျွန်မ စိတ်ဆိုးတာကို ဖီးလစ် မခံနိုင်ပါတဲ့။ ကျွန်မ ဒီလောက် အစွဲအမှတ်ကြီး လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပါတဲ့။
“ဒါဆိုရင်တော့ သူ ကျပ်မပြည့်တဲ့လူ ဖြစ်သွားလို့ နေမှာပဲ။ သူ့ဟာသူ ဖြစ်ချင်ရာဖြစ်”
“ဒေါ်ဒေါ်က အမှန်ကို မသိသေးလို့ပါ။ ဖေဖေက သူ့အတွက် အံ့ဩလောက်အောင် လုပ်ပေးထားတာပါ။ သူ့အသက်အရွယ်နဲ့ ဒီ ရာထူးမျိုးရတာ တကယ်ထူးခြားတာပါ။ သူ့အနာဂတ်ကို ဒေါ်ဒေါ့် အတွက် စွန့်လွှတ် အနစ်နာခံပေးဖို့ ဒေါ်ဒေါ် မတောင်းဆိုကောင်း ပါဘူး”
“သူ့မှာ အနာဂတ် ရှိပြီးသား။ သန့်စင်တဲ့ အနာဂတ်။ သူ့ အတွေးစိတ်ကူးနဲ့ ကိုက်တဲ့ အနာဂတ်မျိုးလေ”
“ကျွန်မ တောင်းပန်ပါတယ်။ ဒေါ်ဒေါ့် အယူအဆနဲ့ ကိုက်တာ မျိုးသာ ဖြစ်မှာပါ။ သူ တိုးတက်လာပါပြီ”
သူ ဆက်ပြီး တိုးတက်သွားမှာပါ။ ဒါ တို့ အားလုံး သိပြီးသား။ သူ့ထင်မြင်ချက်တွေကို သူ့အကျိုးစီးပွားနဲ့ ညှိပြီး ဆက်ပြော သွားပါလိမ့်မယ်။ လောလောဆယ်မှာတော့ မှားယွင်းတဲ့ အယူထဲမှာ နစ်နေတယ်။ သူ့မှာ တစ်ခုတည်းရှိတော့တဲ့ စိတ်ကူးက အောင်မြင်ရေးသက်သက်ပဲ။ သူဟာ သူ့ကိုယ်သူ သစ္စာဖောက်နေတာ။ အဲဒါ ကိုလည်း သူ့ဘာသာ သိတယ်။ အောက်တန်းကျတာ အဲဒါပဲ”
ကျွန်မက စိတ်လိုက်မာန်ပါ ပြောလိုက်သည်။
အိုင်ရင်းက ကျွန်မကို မှုန်တေတေ အကြည့်ဖြင့် ကြည့်သည်။
“ဒေါ်ဒေါ့်ဘဝ တစ်လျှောက်လုံးမှာ ပြည့်စုံခဲ့တယ်လို့ ကျွန်မထင်တယ်။ ဒါကြောင့်လည်း လူတိုင်းလူတိုင်း ကို အမြင့်ကြီးကနေ ကြည့်နေတာ”
ကျွန်မ မာဆတ်ဆတ် ဖြစ်သွားပါသည်။
“အဒေါ်က အမြဲတစေ ရိုးသားဖို့ပဲ ကြိုးစားခဲ့တာပါ။ ဖီးလစ် ကိုလည်း ဒီအတိုင်း ဖြစ်စေချင်တယ်။ သူ့ကို လမ်းကြောင်းပြောင်း သွားအောင် မင်းတို့ လုပ်ခဲ့တဲ့အတွက် အဒေါ် စိတ်မကောင်းဘူး”
သူမက ရယ်ပစ်လိုက်သည်။
“ဘယ်သူကမှ သူ့ကို ဖောက်ထွင်းသမား၊ ငွေတုလုပ်သမား ဖြစ်သွားပြီလို့ မယူဆပါဘူး”
“သူ့ယုံကြည်ချက်အရဆိုရင် သူ့အလုပ်ဟာ ဂုဏ်သိက္ခာရှိတယ် လို့ အဒေါ် မထင်ဘူး”
အိုင်ရင်း မတ်တတ် ထရပ်သည်။
“ဒေါ်ဒေါ့်ရဲ့ ကျင့်ဝတ်စံချိန်မြင့်ကြီးက အဆန်းပဲ”
သူမက ဖြည်းဖြည်းပင် ပြောလေသည်။
“သူ့အဖေဆိုရင် နိုင်ငံရေးမှာ ဒေါ်ဒေါ့်ထက်တောင် ပိုပြီး ပတ်သက်ပါသေးတယ်။ ဒါတောင် ဖီးလစ်နဲ့ အဆက်မဖြတ်ပါဘူး။ ဒေါ်ဒေါ်ကသာ ...
“သူတို့ အဆက်မဖြတ်ဘူး ... ဟုတ်လား။ သူတို့ တွေ့နေတယ်လို့ မင်း ဆိုလိုတာလား”
ကျွန်မက ကြားဖြတ် မေးလိုက်သည်။
“ဒါတော့ ကျွန်မ မသိဘူး”
သူမက ချက်ချင်း ပြန်ပြောသည်။
“ဖီးလစ်က သူ့ဆုံးဖြတ်ချက် ပြောပြတုန်းက အဆက်ဖြတ်မယ်၊ ဘာညာ မပြောခဲ့ဘူး ဆိုတာပါ”
“ဒါက တယ်လီဖုန်း မပြောခင်ကပါ။ အဲဒီနောက်ပိုင်းတော့ကော …”
“ကျွန်မ မသိဘူး”
“ဖီးလစ် ဘယ်သူနဲ့ တွေ့တယ်၊ မတွေ့ဘူးဆိုတာ မင်း မသိဘူးပေါ့”
သူမက ခေါင်းမာစွာ ကြည့်ရင်း
“ဟင့်အင်း ..”
“ကောင်းပြီလေ။ အဲဒါ အရေးမကြီးပါဘူး”
ကျွန်မ အိုင်ရင်းကို တံခါးပေါက်အထိ လိုက်ပို့သည်။ နောက်ဆုံး ပြောခဲ့သည့် စကားများကို ကျွန်မ ပြန်စဉ်းစားကြည့်သည်။ သူမသည် ရည်ရွယ်ချက်ရှိရှိ စကားဖြတ်သွားခြင်းလား၊ မဟုတ်တာ တမင် ပြောသွားခြင်း လား။ ဘာပဲဖြစ်ဖြစ် ကျွန်မ စိတ်က ဆုံးဖြတ်ပြီးသား၊ တကယ်ပင် ဆုံးဖြတ်ပြီးသား။ ဒေါသဖြစ်ပြီး ပြန်ပြေပျောက် သွားမှာမျိုး မဟုတ်။ ကျွန်မကို ပူပန်သောက ဖိစီးနေမှာမျိုး။
အင်ဒရေ ရောက်လာလျှင် လာချင်း ကျွန်မ သူ့ထံ သွားလိုက်သည်။
“ရှင် ဖီးလစ်နဲ့ နောက်ထပ်တွေ့တာ ကျွန်မကို ဘာလို့ မပြောတာလဲ”
“မင်းကို ဘယ်သူက ပြောလို့လဲ”
“အိုင်ရင်း၊ ရှင်ကတော့ တွေ့ပြီး ကျွန်မက ဘာကြောင့် မတွေ့ တာလဲလို့ သူ လာမေးသွားတယ်”
“ကိုယ်ကတော့ တွေ့မှာပဲလို့ မင်းကို ပြောပြီးသားဥစ္စာ”
“အဲဒါကို မကြိုက်ဆုံးလို့လည်း ရှင့်ကို ကျွန်မ ပြောပြီးသား။ ကျွန်မဆီ စာရေးဖို့ သူ့ကိုပြောတာ ရှင် နေမှာပဲ”
“မဟုတ်ဘူး”
“ဟုတ်ကို ဟုတ်တယ်။ ရှင်ပဲ ကျွန်မကို ပြောခဲ့တာလေ။ သူ့ဘက်က ခြေလှမ်း စလှမ်းရတာ ခက်မှာပဲတဲ့။ တကယ်ကတော့ ရှင် ပဲ၊ လျှို့ဝှက်တဲ့နည်းနဲ့ ..…”
“မင့်ဆီကို သူက စပြီး လှမ်းတာပါ”
“ရှင်က တိုက်တွန်းလို့ကိုး။ ရှင်တို့က ကျွန်မ နောက်ကွယ်မှာ ကြိတ်ကြံနေကြတာ။ ရှင်တို့က ကျွန်မကို ကလေး တစ်ယောက်လို၊ မမာနေတဲ့ လူတစ်ယောက်လို ဆက်ဆံနေကြတာ။ ရှင်တို့မှာ အဲသလို လုပ်ဖို့ အခွင့်အရေး မရှိဘူး”
ရုတ်တရက်ပင် ကျွန်မ ခေါင်းထဲမှာ အနီရောင် မီခိုးတွေ ဝေလာသည်။ ကျွန်မ မျက်စိရှေ့မှာ အနီရောင် မြူတွေ ဆိုင်းလာသည်။ အနီရောင် တစ်စုံတစ်ခုက ကျွန်မ လည်ချောင်းထဲက အော်နေသည်။ ဖီးလစ်အပေါ် ဒေါသဖြစ်တာကတော့ ကျွန်မအဖို့ ကျင့်သားရနေ ပါပြီ။ ဤသို့ ဒေါသဖြစ်ပြီဆိုလျှင် ကျွန်မကိုယ်ကျွန်မ သိသည်။ အင်ဒရေကို ဒေါသဖြစ်ပြီ ဆိုလျှင်တော့ (ဒါမျိုးက ရှားပါသည်။ အလွန် ရှားပါသည်) သူ့ထံမှရော၊ ကျွန်မကိုယ် ကျွန်မထံမှပါ မိုင် ထောင်ပေါင်းများစွာ ဝေးသည့်နေရာသို့ တိုက်ခတ် သယ်ဆောင်သွားသော ဟာရီကိန်း မုန်တိုင်းပင် ဖြစ်ပါတော့သည်။ ချစ်ချစ် တောက်အောင် ပူလောင်ပြီး တစ်ပြိုင်နက်တည်းမှာ ခိုက်ခိုက်တုန် အောင် အေးစက်သော ကျတ်တီးကုန်း ကန္တာရတစ်ခုသို့ ရောက်သွား ပါတော့သည်။
“ရှင် ကျွန်မကို ဘယ်တုန်းကမှ မလိမ်ခဲ့ပါဘူး။ ဒါ ပထမဆုံး အကြိမ်ပဲ”
“ကိုယ် မှားတယ်လို့သာ ထားလိုက်ကြပါစို့ကွာ”
“ဖီးလစ်နဲ့ ထပ်တွေ့တဲ့ အမှား။ သူရယ်၊ အိုင်ရင်းနဲ့ ပေါင်းပြီး ကျွန်မနဲ့ ဆန့်ကျင်ဘက် ကြံစည်တဲ့ အမှား၊ ကျွန်မကို အရူးလုပ်တဲ့ အမှား၊ လိမ်တဲ့ အမှား။ ဒါက မှားတာရဲ့ ဟိုဘက် အများကြီး ရောက်သွားပြီ”
နားထောင်ပါဦး ... ကိုယ် ပြောတာကို အေးအေးဆေးဆေး နားထောင်ပါဦး”
“မထောင်ဘူး။ ကျွန်မ ရှင်နဲ့ ဆက်ပြီး စကားမပြောချင်တော့ ဘူး။ မြင်လည်း မမြင်ချင်ဘူး။ ကျွန်မဘာသာ နေမှ ဖြစ်တော့မှာ။ ကျွန်မ အပြင်ဘက် လမ်းလျှောက်ထွက်မယ်”
“လမ်းလျှောက်ထွက်ပါ။ ပြီးတော့ ကိုယ့်ဟာကိုယ် စိတ်အေးအေး ထားနိုင်အောင် ကြိုးစားပါ”
သူက ခပ်ပြတ်ပြတ်ပင် ပြောပါသည်။
ကျွန်မသည် လမ်းတွေထဲမှာ လျှောက်သွားနေခဲ့ပါ၏။ စိုးရိမ်စိတ်တွေ၊ ဒေါသစိတ်တွေ အေးငြိမ်း သွားအောင်၊ စိတ်ကူးနိမိတ်ပုံတွေ ပျောက်ပျက်သွားအောင် လုပ်လေ့ရှိသည့်အတိုင်း လျှောက်သွား နေခြင်း ဖြစ်ပါ၏။ ကျွန်မသည် အသက်နှစ်ဆယ်အရွယ် မဟုတ်တော့။ ငါးဆယ်အရွယ်ပင် မကတော့။ ဇရာသည် ကျွန်မအား အလွန် လျင်မြန်စွာပင် အုပ်စိုးသွားခဲ့ပါသည်။ ကျွန်မ ကဖီးဆိုင်ထဲ ဝင်ပြီး ဝိုင်တစ်ခွက် သောက်သည်။ နီယွန်မီးရောင်၏ ရက်စက်သော လင်းလက်မှုတွင် ကျွန်မ မျက်လုံးများ နာကျင်လာသည်။ ဖီးလစ်၊ အားလုံး ပြီးသွားပြီ၊ အိမ်ထောင်ပြုသွားပြီ၊ တခြားဘက်ကို ထွက်ပြေး ကူးသွားပြီ။ ကျွန်မဆီမှာ ကျန်ရစ်တာဆို၍ အင်ဒရေသာ ရှိတော့သည်။ ဒီမှာလည်း ကျွန်မ သူ့ကို မပိုင်ပါ။ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် တိုးလျှိုပေါက် ကြည့်နိုင်သည်။ ကျွန်မတို့ ညီညွတ်သည်။ ရင်ချင်းဆက် အမြွှာလို တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်မှု ရှိသည်ဟု ကျွန်မ ထင်မြင်ထားခဲ့သည်။ သူလည်း ကျွန်မထံမှ ခွာသွားခဲ့ပြီ။ ကျွန်မကို လိမ်ခဲ့သည်။ အခု ဒီကဖီးဆိုင်ထဲက ခုံပေါ်မှာ ကျွန်မ တစ်ယောက်တည်း။ ကျွန်မ သူ့မျက်နှာ၊ သူ့အသံတို့ကို စိတ်ထဲသို့ စဉ်ဆက်မပြတ် ခေါ်ကြည့်နေသည်။ ထို့နောက် ကျွန်မကို လောင်မြိုင်နေသော ဒေါသမီးလျှံပေါ်မှာ ကျွန်မ ပေါက်ကွဲ နေသည်။ ကိုယ့်ဝေဒနာကို ကိုယ့်ဘာသာ ဖန်တီးထုတ်လုပ်နေသော အဖျားတက်ခြင်း တစ်မျိုးနှင့် တူနေပါလေသည်။ အသက်တစ်ချက် ရှူလိုက်တိုင်း အဆုတ်တွေ အပိုင်းပိုင်း အစိတ်စိတ် ကွဲထွက်ကုန်သည် သို့ တိုင်အောင် မလွှဲသာ မရှောင်သာ အသက် ဆက်ရှူနေရသေးသည်။
ကျွန်မ ဆက်လက် ထွက်ခွာခဲ့ပြန်သည်။ လမ်း ဆက်လျှောက်ခဲ့သည်။ ကဲ ... အခု ဘာလဲ။ ကျွန်မကိုယ် ကျွန်မ တွေဝေစွာ မေးမိသည်။ ကျွန်မတို့ လမ်းခွဲကြဖို့ မဟုတ်။ ကျွန်မတို့ အသီးသီးသည် တစ်ဦးချင်းစီ။ ကျွန်မတို့ ဘေးချင်းယှဉ်ပြီး ရှင်သန်နေသင့်သည်။ ကျွန်မ၏ ပူဆွေးမှုသောကများကို နှစ်မြှုပ်ထားသင့်သည်။ ဤပူဆွေးမှု သောကများကို ကျွန်မ မေ့ပျောက်မသွားလိုပါ။ တစ်ရက်တွင် ကျွန်မ၏ ဒေါသစိတ် ကျွန်မထံမှ ထွက်ခွာသွားလိမ့်မည် ဆိုသော အသိစိတ်ကြောင့်ပင် ပိုဆိုးနေရလေသည်။
ကျွန်မ အိမ်ပြန်ရောက်သောအခါ စားပွဲပေါ်မှာ စာကလေး တစ်ရွက် တွေ့သည်။
“ကိုယ် ရုပ်ရှင်သွားတယ်”
ကျွန်မ အိမ်တံခါး ဖွင့်ခဲ့သည်။ အိပ်ရာပေါ်မှာ အင်ဒရေ၏ ညဝတ်အင်္ကျီတစ်ထည် ရှိသည်။ အိပ်ရာဘေး က စားပွဲပေါ်မှာ စီးကရက် တစ်ဘူးနှင့် သွေးကျဆေးများ ရှိသည်။ သူသည် အခိုက်အတန့်မျှ ဖြစ်တည်နေခဲ့၏။ နှလုံးသားကို ချင်းနင်း ဖောက်ထွင်းနေသော ဖြစ်တည်မှု။ သူသည် အနာရောဂါကြောင့်ဖြစ်စေ၊ မဲဇာပို့ခံရ သောကြောင့်ဖြစ်စေ ကျွန်မထံမှ ဝေးသောနေရာသို့ ခေါ်ဆောင်သွားခံရပြီး သူ့ကို မေ့လျောနေကြသော၊ ပြန့်ကျဲနေသော ဤအရာပစ္စည်း ဝတ္ထုများထဲ၌ ပြန်မြင်တွေ့နေရသကဲ့သို့ ဖြစ်နေလေသည်။ ကျွန်မ မျက်လုံးထဲ မှာ မျက်ရည်တွေ စို့လာသည်။ ကျွန်မ အိပ်ဆေး တစ်ပြား သောက်လိုက်သည်။ ပြီးတော့ အိပ်ရာဝင်ခဲ့သည်။
မနက်ခင်း ကျွန်မ အိပ်ရာမှ နိုးလာသောအခါ သူ အိပ်ပျော်နေဆဲ။ ထူးထူးဆန်းဆန်း အနေအထားဖြင့် ကွေးကောက်နေပြီး လက်တစ်ဖက်က နံရံကို ကိုင်ထားသည်။ ကျွန်မ အဝေးသို့သာ ကြည့်နေခဲ့မိသည်။ သူ့ထံသို့ စိတ်လှုံ့ဆော်မှု လုံးဝ မရောက်။ ကျွန်မ ၏ နှလုံးသားမှာ ဖန်မီးအိမ် မှိတ်တုတ် မှိတ်တုတ်ကလေးလောက် ပင် မရှိတော့သော ဘုရားရှိခိုးကျောင်း အပျက် တစ်ဆောင်သဖွယ် နွမ်းလျ အေးစက်နေလေသည်။ ခြေညှပ်ဖိနပ်နှင့် ဆေးတံသည် ကျွန်မ စိတ်ကို မလှုပ်ရှားစေနိုင်တော့။ သူတို့သည် ရပ်ဝေးမှ ချစ်ခင်သူ တစ်ဦးကို စိတ်ထဲ ရောက်အောင် ခေါ်ဆောင်မလာတော့။ ဤ အသုံးအဆောင်များသည် ကျွန်မကဲ့သို့ပင် အမိုးတစ်မိုးတည်းအောက် မှာ နေနေသော သူတစိမ်းတစ်ယောက်၏ တိုးချဲ့မှုတစ်ရပ်ပမာ ဖြစ်တော့သည်။ မေတ္တာတရားမှ မွေးဖွားလာပြီး ထိုမေတ္တာတရားကိုပင် ပြန်လည် သတ်ဖြတ်သွားသော ဒေါသစိတ်၏ ကြောက်မက်ဖွယ်ရာ ခြားနားမှု။
ကျွန်မ သူ့ကို စကားမပြောဖြစ်ခဲ့။ စာကြည့်ခန်းထဲမှာ သူ လက်ဖက်ရည် သောက်နေစဉ်အတွင်း ကျွန်မ အခန်းထဲမှာသာ အောင်းနေခဲ့သည်။ သူက အပြင်မထွက်ခင် လှမ်းပြောခဲ့သေးသည်။
“မင်း စကား မပြောချင်သေးဘူးလား”
“ဟင့်အင်း”
“ပြောဆို ညှိနှိုင်းစရာ” ဘာမှ မရှိပါ။ စကားလုံးတို့သည် ဤ ဒေါသနှင့် နာကျင်မှုကို တိုက်မိပြီး ပြိုကျ ပျက်စီးကုန်ကြလိမ့်မည်။ ကျွန်မ နှလုံးသားထဲမှာ မာခဲနေသည်။
ကျွန်မ တစ်နေ့တာပတ်လုံး အင်ဒရေအကြောင်း စဉ်းစားနေ မိခဲ့သည်။ တစ်ချိန် တစ်ချိန်မှာ ကျွန်မ ဦးနှောက်ထဲ တစ်စုံတစ်ရာ လင်းခနဲ လက်ခနဲ ဖြစ်သွားနေခဲ့သည်။ ခေါင်းကို အရိုက်ခံရသဖြင့် စက္ခုအာရုံစနစ် ပျက်ပြားပြီး ကမ္ဘာလောကကို အချိန် ခြားနားလျက် ပုံရိပ်နှစ်ခု မြင်နေရသကဲ့သို့ ဖြစ်နေသည်။ ဘယ်ဟာက အထက်၊ ဘယ်ဟာက အောက်ဟု မဝေခွဲနိုင်။ အတိတ်က အင်ဒရေနှင့် ပစ္စုပ္ပန် အင်ဒရေ။ ကျွန်မ၏ ပုံကားချပ် နှစ်ခုမှာ တိုက်ဆိုင်တူညီမှု မရှိကြ။ တစ်နေရာရာမှာ အမှားအယွင်းတော့ ရှိနေပြီ။ လတ်တလော အခိုက် အတန့် သည် မုသားတစ်ရပ်သာ ဖြစ်၏။ သက်ဆိုင်သူမှာ ကျွန်မတို့ မဟုတ်။ အင်ဒရေလည်း မဟုတ်။ ကျွန်မလည်း မဟုတ်။ တစ်ခုလုံး သည် အခြားတစ်နေရာမှာ ဖြစ်ပျက်လျက် ရှိချေသည်။
သို့သော် ဤသို့ မဟုတ်ခဲ့လျှင်ကား အတိတ်ကာလသည် ထင်မှတ်မှားမှု ပညတ်မျှသာ ဖြစ်ခဲ့လိမ့်မည်။ အင်ဒရေနှင့် ပတ်သက်ပြီး ကျွန်မ လုံးဝ မှားခဲ့လိမ့်မည်။ ဒါလည်း မဟုတ်။ ဟိုဟာလည်း မဟုတ်ဟု ကြည်လင်စွာ ပြန်မြင်လာသည့်အခါမှာ ကျွန်မကိုယ် ကျွန်မ ပြောမိသည်။ တကယ့် အမှန်တရားက သူ ပြောင်းလဲသွား ခြင်းသာ ဖြစ်သည်။ အသက်ကြီးသွားပြီ။ သူသည် အရာကိစ္စများ အပေါ် ယခင်ကလိုမျိုး အရေးကြီး သဘောမထားတော့။ အရင်ကလို ဆိုလျှင်တော့ သူသည် ဖီးလစ်၏ အပြုအမူကို အလွန်ရွံမုန်းစရာ အဖြစ် အောက်မေ့ခဲ့လိမ့်မည်။ အခုတော့ လက်မခံတာထက် ဘာမှ မပိုတော့။ ကျွန်မ ကွယ်ရာမှာလည်း တိတ်တဆိတ် ကြံစည်ခဲ့မည် မဟုတ်။ ကျွန်မကို လိမ်ညာလည်း ပြောမည်မဟုတ်။ သူ၏ အာရုံ ခံစားနိုင်စွမ်းနှင့် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးထားမှုများ မှာ ထက်မြက်သော အသွားများ တုံးသွားပြီ။ ပို၍ ပို၍ ဥပေက္ခာ ... ဒါကို ကျွန်မ မခံမရပ်နိုင်။ ဤသို့ နှလုံးသား၏ တက်ကြွမှု ကင်းမဲ့ခြင်းကိုပင် သဘောကောင်းခြင်း၊ ပညာရှိခြင်းဟု ခေါ်နေကြသည်။ အမှန်က ကိုယ့်အတွင်းထဲမှာ အခြေချ နေရာယူနေသော မရဏတရားသာ ဖြစ်သည်။ အခု မဟုတ်သေး။ လောလောဆယ် မဟုတ်သေး။
ထိုနေ့ကပင် ကျွန်မ စာအုပ်ပေါ် ပထမဆုံး ဝေဖန်ချက် ပေါ် ထွက်လာခဲ့သည်။ လန်တီယာက ကျွန်မအား တစ်ခုတည်းသော နယ်မြေအပေါ် အခါခါ ဖြတ်ကျော်သည်ဟု စွပ်စွဲထားသည်။ စိတ်မနှံ့တဲ့ အဘိုးကြီးပါ။ ကျွန်မကိုလည်း သူက မုန်းနေတာ။ ဒါအတွက် နဲ့တော့ ကျွန်မ စိတ်ထိခိုက်ခံနေဖို့ မလို။ သို့သော် မငြိမ်မသက်ဖြစ် နေသော ကျွန်မ၏ စိတ်အခြေအနေမှာ ပို၍ ရှုပ်ထွေးလာနေသည်။ ဤအကြောင်းကို ကျွန်မ အင်ဒရေနှင့် ဆွေးနွေးကြည့်သင့်သည်။ သို့သော် ဆွေးနွေးနေလျှင် သူနှင့် ငြိမ်းချမ်းရေးလုပ်ရာ ရောက်မည်။ ကျွန်မ မလုပ်ချင်။
“ကိုယ် ဓာတ်ခွဲခန်း ပိတ်ခဲ့ပြီ”
သူက ထိုညနေခင်းမှာ ချိုသာသော အပြုံးနှင့် ပြောသည်။
“ဗီလီနူးနဲ့ အီတလီကို မင်း ကြိုက်တဲ့ရက်မှာ သွားနိုင်ပြီ”
“ကျွန်မတို့ ဒီလ ပါရီမှာပဲနေဖို့ ဆုံးဖြတ်ထားတဲ့ဥစ္စာ”
ကျွန်မက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
“မင်း စိတ်ပြောင်းချင် ပြောင်းဦးမှာပါ”
“ကျွန်မ မပြောင်းဘူး”
အင်ဒရေ၏မျက်နှာ ညိုမှောင်သွားသည်။
“မင်း အကြာကြီး စိတ်ကောက်နေတော့မလို့လား”
“ဟုတ်ပါလိမ့်မယ်”
“ဒါဆိုရင်တော့ မင်း မှားနေပြီ။ ဖြစ်တာနဲ့စာရင် အချိုးအစား က မညီတော့ဘူး”
“လူတိုင်း လူတိုင်းမှာ သူ့ကိုယ်ပိုင်စံချိန်တွေ ရှိကြတာပဲ”
“မင်းဟာက လမ်းကြောင်းတိမ်းနေပြီ။ အမြဲတမ်း ဒါမျိုးချည်းပဲ။ အကောင်းမြင်ဝါဒနဲ့ စနစ်တကျ ခေါင်းမာမှုတွေကြောင့် အမှန်တရားကို မင်းရှေ့မှောက်က ဝေးရာမှာ ဖုံးကွယ်ထားတာပဲ။ မင်းအပေါ်မှာ အကျပ်ကိုင် လာပြီဆိုရင် မင်း ပေါက်ကွဲရင်လည်း ပေါက်ကွဲ၊ ပြိုလဲရင်လည်း ပြိုလဲ ဖြစ်သွားပြီ။ ကိုယ်လည်း သည်းခံရတာ ပါပဲ။ မင်း ခံနိုင်ရည်မရှိတာက ဖီးလစ်အပေါ်မှာ မင်းက သိပ်မြှင့် တွက်ထားတာကိုး”
“ရှင်ကတော့ သိပ်နှိမ့်တွက်ထားခဲ့တာ”
“မဟုတ်ဘူး။ ကိုယ်က သူ့အရည်အချင်း၊ သူ့စရိုက်ကို ဘယ်တုန်းကမှ အထင်မမှားခဲ့ဖူးတာ သက်သက်ပဲ။ ဒါတောင်မှပဲ ကိုယ် သူ့ကို မြှင့်ပြီး မြင်ခဲ့သေးတယ်”
“ကလေးတစ်ယောက်ဆိုတာ ဓာတ်ခွဲခန်း စမ်းသပ်မှုတစ်ခုလို အကဲဖြတ်လို့ရတာမျိုး မဟုတ်ဘူး။ မိဘတွေ ပုံသွန်းတဲ့ အတိုင်း ဖြစ်လာတာ။ သူ အလျှော့ပေးအောင် ရှင်က အားပေးခဲ့တာ။ အဲဒါ သူ့အတွက် ဘယ်လိုမှ ကောင်းကျိုးမပြုဘူး”
“မင်းကတော့ နိုင်ဖို့ပဲ အမြဲ အားပေးခဲ့တယ်ပေါ့လေ။ မင်းမှာ လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ရှုံးခဲ့ရင် လည်း လက်ခံနိုင်မှ ဖြစ်မှာ။ မင်းက ဘယ်တော့မဆို မဖြေရှင်းဘဲ ထွက်သွားချင်တာ။ မင်း ရှူးခနဲ ဒိုင်းခနဲ ဒေါသဖြစ်မယ်။ လူတွေကို ပတ်ရမ်းပြီး စွပ်စွဲမယ်။ ကိုယ့်ကိုယ်ကိုယ် မှားပါတယ်လို့ နှလုံးမသွင်းဘဲ တခြားဟာတွေ လျှောက် လုပ်တော့တာပဲ”
“တစ်စုံတစ်ယောက်ကို ယုံကြည်တာဟာ မှားတာ မဟုတ်ပါဘူးရှင်”
“မင်း မှားပါတယ်လို့ ဝန်ခံတဲ့ တစ်နေ့ဟာ ကျားသားမိုးကြိုး ပါပဲ”
ကျွန်မ သိပါသည်။ ကျွန်မ ငယ်စဉ်တုန်းက အမြဲတမ်း မှားခဲ့သည်။ အမှန်ကိုရောက်ရန် အလွန်ပင် ခက်ခဲခဲ့သည်။ ထို့ကြောင့် ယခုတိုင်အောင် မိမိကိုယ်မိမိ အပြစ်တင်ရန် အလွန် နှောင့်နှေးနေ လေသည်။ သို့သော် ကျွန်မမှာ ယင်းကို အသိအမှတ်ပြုနိုင်မည့် စိတ်အခြေအနေ မရှိ။ ကျွန်မ ဝီစကီပုလင်း ဆွဲယူလိုက်သည်။
“မယုံနိုင်စရာပဲ။ ရှင်က ကျွန်မအတွက် ဆွဲချလုပ်နေတာကိုး” ကျွန်မ ဖန်ခွက်တစ်ခွက် ဖြည့်ပြီး တစ်ချက်တည်း မော့ချလိုက်သည်။ အင်ဒရေ၏မျက်နှာ၊ အင်ဒရေ၏ အသံ၊ သည်လူ၊ အခြားလူ၊ ချစ်သူ၊ မုန်းသူ။ ဤထုံးတမ်း ပုံမှန်မဟုတ်မှုသည် ကျွန်မ ခန္ဓာကိုယ်အတွင်းသို့ နစ်ဝင်သွားသည်။ ကျွန်မ၏ အကြော၊ ကျွန်မ ၏ ကြွက်သားများသည် မေးခိုင်ရောဂါ တက်သလို တဆတ်ဆတ် တုန်သွားကြသည်။
မင်းက အစကတည်းက ဒီကိစ္စကို အေးအေးဆေးဆေး ဆွေးနွေးဖို့ ငြင်းခဲ့တယ်။ တဖျစ်တောက်တောက် ပဲ လုပ်နေခဲ့တာ။ မင်း အခု ဝီစကီသောက်တော့မလို့။ အဆန်းပဲ”
“ကျွန်မ သောက်ချင် သောက်မှာပဲ။ ရှင်နဲ့ ဘာမှ မပတ်သက် ဘူး။ ကျွန်မဘာသာ နေပါရစေ”
ပုလင်းကို ကျွန်မ အခန်းထဲသို့ ယူလာခဲ့သည်။ အိပ်ရာထဲမှာ သူလျှိုဝတ္ထုတစ်ပုဒ်နှင့် နေလိုက်သည်။ သို့သော် ဖတ်မရ။ ဖီးလစ်၊ အင်ဒရေကိုတော့ ကျွန်မ ဒေါသတွေ အများကြီး ပြောပစ်ခဲ့သည်မို့ သူ့ပုံရိပ်မှာ နည်းနည်း မှုန်ဝါးသွားသည်။ ဝီစကီဖြင့် ကူးခတ်နေသည့် ကြားမှနေ၍ ရုတ်တရက်ပင် သူသည် မခံရပ်နိုင် လောက်သော ချိုသာမှုဖြင့် ကျွန်မကို ပြုံးပြလေသည်။ သူ့ကို သိပ်ပြီး မြှင့်မြင်ခဲ့သလား၊ မဟုတ်။ သူ့အားနည်းချက်ကြောင့်ပင် သူ့ကို အချစ်ပိုခဲ့ရခြင်း ဖြစ်ပါသည်။ သူသည် စိတ်လွယ်သူ၊ အမှုအမှတ်မဲ့ သူဟာ မဟုတ်ခဲ့ပါက ကျွန်မ လိုအပ်ခဲ့မည် မဟုတ်ပါ။ ကျွန်မထံမှ ခွင့်လွှတ်ရန် တောင်းပန်စရာ ဘာမှ မရှိခဲ့ပါလျှင် ဤမျှလောက် ကြင်နာမှု ခံခဲ့ ရမည် မဟုတ်ပေ။ ကျွန်မတို့၏ ပြန်လည် ရင်ကြားစေ့မှု၊ မျက်ရည်၊ အနမ်း။ သို့သော် ထိုနေ့ရက်များသည် အသေးအမွှား ပြစ်မှုကိစ္စလေးများသာ ဖြစ်၏။ အခုကိစ္စကတော့ တစ်စုံတစ်ရာ ကွဲပြားသော ပြဿနာ ဖြစ်သည်။ ကျွန်မ ဝီစကီခွက်ပြည့် မျိုချလိုက်သည်။ နံရံများ လည်လာသည်။ ကျွန်မ နစ်မြုပ်သွား ပါတော့သည်။
အလင်းရောင်သည် မျက်ခွံများကြားမှ တိုးဝင်လာသည်။
ကျွန်မ မျက်စိမှိတ်ထားသည်။ ဦးခေါင်းမှာ လေးလံနေသည်။ ကျွန်မ သေချင်လောက်အောင် စိတ်ဆင်းရဲ နေမိ၏။ အိပ်မက်များကို ကျွန်မ မမှတ်မိတော့။ ကျွန်မ မည်းမှောင်သော တွင်းအနက်ထဲသို့ နစ်မြုပ် သွားခဲ့သည်။ ဒီဇယ်ဆီလို မွန်းကျပ်သော အရည်များ။ အခု မနက်ပိုင်းမှာ ကျွန်မ အပေါ်ယံ မျက်နှာပြင်သို့ ပြန်တက်လာနိုင်ရုံ ရှိသေးသည်။ မျက်လုံးများကို ကျွန်မ ဖွင့်လိုက်၏။ အင်ဒရေသည် အိပ်ရာခြေရင်းရှိ လက်တင် ကုလားထိုင်တွင် ထိုင်နေသည်။ ကျွန်မကို အပြုံးတစ်စဖြင့် စောင့်ကြည့်နေသည်။
“မိန်းမရေ၊ ကိုယ်တို့ ဒီအတိုင်း ဆက်သွားနေလို့ကတော့ မဖြစ်ဘူး”
သူသည် သူပင် ဖြစ်၏။ အတိတ်က၊ ပစ္စုပ္ပန်က အင်ဒရေ တစ်ယောက်တည်း။ ဒါကို ကျွန်မ အသိအမှတ် ပြုပါသည်။ သို့သော် ကျွန်မ ရင်ထဲမှာ သံတိုင်ကြီး ခံနေသေးသည်။ ကျွန်မ နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေသည်။ ပိုပြီး မွန်းကျပ်လာသည်။ အောက်ကြမ်းပြင်ထိ မြုပ်သွားသည်။ အထီးကျန်မှုနှင့် ည၏ နက်ရှိုင်းရာထဲ တွင် ကျွန်မ နစ်နေသည်။ သို့မဟုတ် ကမ်းလင့်လာသော ဤလက် ကို ဆွဲကိုင်ရန် ကြိုးစားရမည်။ သူသည် ကျွန်မ ချစ်သော တည်ငြိမ် အေးဆေးသည့် အသံဖြင့် စကားတွေ ပြောနေလေသည်။ သူ မှားသွားသည် ဟု ဝန်ခံသည်။ သို့သော် ဖီးလစ်ကို သူ စကားပြောခဲ့ခြင်း မှာ ကျွန်မအတွက် ဖြစ်သည်။ ကျွန်မတို့ နှစ်ဦးစလုံး စိတ်ဆင်းရဲနေ ကြလေရာ အပြီးအပိုင် ကွဲကွာမသွားသေးခင် ကြားဝင်ရန် သူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“မင်းဟာ အမြဲတမ်း ရွှင်ရွှင်ပျပျနဲ့ တက်တက်ကြွကြွ ရှိခဲ့တာပဲ။ မင်း အခုလို ရေငုံနှုတ်ပိတ် စိတ်မကောင်း ဖြစ်နေတာ ကြည့်ပြီး ကိုယ် ဘယ်လောက် စိတ်ညစ်ရတယ်ဆိုတာ မင်း သိမှာမဟုတ်ဘူး။ မင်း ကိုယ့်ကို စိတ်ဆိုးနေတဲ့ အချိန်တုန်းကလည်း ကိုယ်ကတော့ နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ်တို့ဟာ တစ်ယောက် အတွက် တစ်ယောက် ဆိုတာကိုတော့ မမေ့နဲ့။ မင်း ကိုယ့်ကို အမြဲတမ်း ဆန့်ကျင်ပြီး မနေနိုင်ပါဘူး”
ကျွန်မ အားနည်းစွာ ပြုံးပြလိုက်သည်။ သူသည် အနီးသို့ ကပ်လာပြီး ကျွန်မ ပခုံးကို သိုင်းဖက်သည်။ ကျွန်မ သူ့ကို ဆွဲမှီပြီး တိတ်ဆိတ်စွာ ငိုနေမိလေသည်။ ကျွန်မ ပါးပြင်ကို ဖြတ်ပြေးသွားသော မျက်ရည်များသည် ပူနွေးသော ကိုယ်ခန္ဓာ သာယာမှုပင် ဖြစ်တော့သည်။ ဘယ်လောက် သက်သာရာ ရလိုက်ပါသလဲ။ ကိုယ် ချစ်သော တစ်စုံတစ်ယောက်ကို မုန်းရတာ အလွန် ပင်ပန်းလှချေ တကား။
“မင်းကို ဘာကြောင့် ကိုယ် လိမ်ပြောခဲ့တယ်ဆိုတာ မင်း သိပါတယ်”
သူက ခဏလေးကြာမှ ပြောပြသည်။
“ဘာဖြစ်လို့လဲဆိုတော့ ကိုယ် အသက်ကြီးလာလို့ပဲ။ မင်းကို အမှန်အတိုင်း ပြောလိုက်ရင် စကားများရမယ် ဆိုတာ ကိုယ် သိတယ်။ ဟိုတုန်းက ဆိုရင်တော့ ကိုယ် ဘယ်ထိန်းနေမှာလဲ။ အခုကျတော့ ရန်ဖြစ်ရတယ် ဆိုတာကို ကိုယ် ငြီးငွေ့သွားပြီ။ ဒါကြောင့် ဖြတ်လမ်းနည်း လိုက်ခဲ့တာ”
ဒီတော့ ရှေ့လျှောက် ပိုပိုလိမ်တော့မယ်လို့ ဆိုလိုတာလား”
“မဟုတ်ပါဘူး။ ကိုယ် ကတိပေးပါတယ်။ ဘာပဲဖြစ်ဖြစ် ဖီးလစ်ကို ခဏတော့ မတွေ့ပါဘူး။ တစ်ယောက် နဲ့ တစ်ယောက် ပြောစရာလည်း များများ မရှိပါဘူး”
“ရန်ဖြစ်ရတာတွေကို ရှင်က ပင်ပန်းတယ်။ မနေ့ ညနေက တော့ ကျွန်မကို အော်လားဟစ်လားနဲ့”
“မင်း စိတ်ကောက်နေတာကို ကိုယ် မခံနိုင်ဘူး။ အော်ပစ် လိုက်ရတာက တော်သေးတယ်လေ”
ကျွန်မ သူ့ကို ပြုံးပြလိုက်သည်။
“ရှင် မှန်ချင်လည်း မှန်မှာပေါ့လေ။ ကျွန်မတို့ ဒီအထဲက ထွက်တော့ ထွက်ကြရမှာပဲ”
သူက ကျွန်မ ပခုံးကို ဆုပ်ကိုင်သည်။
“ကိုယ်တို့ ထွက်ခဲ့ကြပါပြီကွာ။ တကယ်ပါ ။ မင်း ကိုယ့်အပေါ် စိတ်မရှိတော့ဘူး မဟုတ်လား”
“ဘာမှ မရှိတော့ဘူး။ အားလုံး ပြီးသွားပြီ”
ပြီးသွားပါပြီ။ ကျွန်မတို့ မိတ်ဆွေတွေ ပြန်ဖြစ်ကြပါပြီ။ သို့သော် တစ်ယောက်ကို တစ်ယောက် ပြောစရာ ရှိတာတွေ အားလုံး ပြောပြီးသွားပါပြီလား။ ဘာပဲဖြစ်ဖြစ် ကျွန်မဘက်ကတော့ မပြောရသေး။ နာကျင် ကျန်ရစ်နေတာ တစ်ခု ရှိသေးသည်။ ဇရာ ဆိုက်ရောက်လာခြင်းကို အင်ဒရေ အလျှော့ပေးပုံ ပေးနည်း။ ဒီအကြောင်း သူ့ကို ယခု မပြောချင်သေး။ ပထမဆုံး မိုးကောင်းကင် ကြည်လင်ဖို့ လိုသေးသည်။ နောက်ပြီး သူ့ဘက်က တော့ကော၊ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ထိမ်ချန်ထားမှု တစ်ခုတလေ ရှိသေးသလား။ ကျွန်မကို စနစ်တကျ ခေါင်းမာတဲ့ အကောင်းမြင်ဝါဒီ ဆိုပြီး သူ အပြစ်တင်တာ တကယ် အလေးအနက် ပြောတာလား။ မုန်တိုင်းက တိုတောင်းလွန်းသဖြင့် ကျွန်မတို့ နှစ်ဦးကြားမှာ ဘယ်အရာတွေမှ ပြောင်းလဲမသွား ခဲ့သေး။ ဒါပေမဲ့ ဒါဟာ တလောလေးက တင်လား၊ အတိတ်ကာလ အတွင်း ဘယ်တုန်းက ပါလိမ့်။ တစ်စုံတစ်ရာဟာ အမှန်တကယ် ပြောင်းလဲနေပြီ ဆိုခြင်းရဲ့ သင်္ကေတ ဟုတ်ပါသလား။
(၄)
“တစ်စုံတစ်ခုတော့ ပြောင်းလဲသွားပြီ”
မော်တော်ကားလမ်းပေါ်တွင် တစ်နာရီ မိုင်ကိုးဆယ်နှုန်းဖြင့် မောင်းလာရင်း ကျွန်မကိုယ်ကျွန်မ ပြောမိသည်။ ကျွန်မ အင်ဒရေ၏ ဘေးမှာ ကပ်ထိုင်နေသည်။ ကျွန်မတို့ မျက်လုံးများသည် တစ်ခုတည်းသော လမ်း၊ တစ်ခုတည်းသော ကောင်းကင်ကိုပင် မြင်နေပါ၏။ သို့သော် ကျွန်မတို့ နှစ်ဦးကြားတွင် မမြင်ရသော၊ ထိကိုင်၍ မရသော လျှပ်မကူးသည့် အရာတစ်ခု ခြားနေသည်။ ဒါကို သူ သိနေသလား၊ သိသည်။ သေချာပေါက် သိသည်။
ယခုလို ကားမောင်းထွက်ရန် သူ အကြံပေးခဲ့သည့် အကြောင်းရင်းမှာ အရင်က ထွက်ခဲ့ခြင်းများကို အမှတ်ရ သက်ဝင်လာရန်၊ ကျွန်မတို့ လုံးဝ အတူတကွ ပေါင်းစည်းသွားစေရန် ဖြစ်သည်။ သို့သော် ယခင် ရှေးကများလို မဟုတ်တော့။ အဘယ့်ကြောင့်ဆိုသော် ယခု ခရီးမှ သူ့အတွက် အနည်းဆုံး ပျော်ရွှင်မှုပင် ရဟန်မတူသောကြောင့် ဖြစ်လေသည်။ သူ၏ ကြင်နာမှုအတွက် ကျွန်မ ကျေးဇူး သိတတ်ဖို့ ကောင်းပါသည်။ သို့သော် ကျွန်မ ထိုသို့ မဖြစ်။ သူမ၏ ဥပေက္ခာပြုမှုကြောင့် ကျွန်မ နာကျင်နေသည်။ ဤအကြောင်းကို ကျွန်မ ပြက်ပြက်ထင်ထင် ခံစားနေရသဖြင့် ငြင်းမည်ပင် ပြုခဲ့သေးသည်။ သို့သော် ငြင်းလိုက်လျှင် မလိုမုန်းထားမှု အမှတ်အသား ဖြစ်သွားလိမ့်မည်။ ကျွန်မတို့ ဘာဖြစ်နေကြတာလဲ။
ကျွန်မတို့ ဘဝမှာ ရန်ဖြစ်ခြင်းများ ရှိခဲ့ပါသည်။ သို့သော် အရေးကြီးသော ကိစ္စရပ်များအတွက်သာ။ ဥပမာ၊ ဖီးလစ်ကို ထိန်းကျောင်းပုံ ကိစ္စမျိုး။ ၎င်းတို့သည် ပြင်းထန်စွာ ဖြေရှင်းခဲ့ရသော တကယ့် ပဋိပက္ခများ ဖြစ်သည်။ သို့သော် မြန်မြန်ဆန်ဆန်နှင့် အပြီးအပိုင်။ ယခုတစ်ကြိမ်မှာတော့ မြူတွေ လေဆင်နှာမောင်း ဝဲနေခြင်း ဖြစ်သည်။ သို့မဟုတ် မီးမရှိသော မီးခိုးများ ဖြစ်နေသည်။ အလွန်တရာ ဝေဝါးနေသည့်အတွက် နှစ်ရက်နှင့် အားလုံး ရှင်းမသွားသေး။ ရှေးယခင်ကတော့ အိပ်ရာသည် ကျွန်မတို့၏ မုန်တိုင်းဆန်သော ပြန်လည် ရင်ကြားစေ့မှု နေရာ ဖြစ်ခဲ့၏။ မွန်းကျပ်သော ပရိဒေဝတွေ ကိုယ်လက် ပျော်ရွှင်မှု ထဲမှာ အားလုံး လောင်ကျွမ်းသွားခဲ့မြဲ။ ပြီးလျှင် ပျော်ရွှင် ဆန်းသစ်စွာ ကျွန်မတို့ အတူတကွ ပြန်ဖြစ် ကြမြဲ။ ယခုတော့ ကျွန်မတို့မှာ ထိုအရင်းအမြစ် ချို့တဲ့နေလေပြီ။
မိသည်။ ကျွန်မ ဆိုင်းဘုတ်ကို မြင်ရသည်။ ထပ်ကာထပ်ကာ ကြည့်
“ဘာလဲ၊ ရောက်ပြီလား။ ကျွန်မတို့ မိနစ်နှစ်ဆယ်လောက်က မှ ထွက်ခဲ့ကြတာ”
“ကိုယ် အမြန်မောင်းခဲ့တာလေ”
အင်ဒရေက ပြောပြသည်။
မီလီ။ မေမေက ကျွန်မတို့ကို ဘွားဘွားနှင့် တွေ့ရအောင် ခေါ်ခဲ့စဉ်က ဘယ်လောက်များ ရှာဖွေစွန့်စားမှု ခရီး ဖြစ်ခဲ့ပါသလဲ။ ကျေးလက်ဒေသ၊ ကျယ်ပြန့်လှသော ရွှေရောင် ဂျုံခင်းများ။ ကန်သင်းရိုးမှာ ကျွန်မတို့ ပေါ်ပီပန်းတွေ ခူးခဲ့ကြသည်။ ယခုတော့ အဝေး ကျေးရွာကလေးသည် ဘောလ်ဇက်၏ ခေတ်ကနှင့်စာလျှင် ပါရီမြို့ ကြီးနှင့် ပို၍ နီးနေပြီ။
ဈေးနေ့ ဖြစ်သဖြင့် အင်ဒရေ့ကား ရပ်စရာ နေရာ ခက်ခဲနေသည်။ ကားတွေ၊ လမ်းသွားလမ်းလာတွေ အုံခဲနေသည်။ အမိုးမိုး ထားသော ဈေးဟောင်း၊ ခြင်္သေ့ရုပ်၊ အိမ်များနှင့် အရောင်မှိန်နေသော အုတ်ကြွပ်ပြားတို့ကို ကျွန်မ မှတ်မိသည်။ သို့သော် ကွက်လပ်ကျယ်မှာ ဈေးဆိုင်များ ဝင်ဆောက်ထားသဖြင့် လုံးဝ ပြောင်းလဲနေပြီ။ ပလတ်စတစ် အိုးခွက်များနှင့်၊ ကစားစရာများနှင့် မိန်းမဆောင်း ဦးထုပ်၊ ဖဲကြိုး စသည်များ၊ စည်သွတ် အစားအစာ၊ အနံ့အသက် နှင့် ကျောက်မျက်ရတနာတို့သည် ရှေးက ကျေးရွာဈေးကလေးကို အမှတ်ရစေမည့် ပစ္စည်းများ မဟုတ်ကြ။ လဟာပြင်မှာ ကျဲပြန့်နေ သည်များကတော့ မိုနိုပရီဆိုင်နှင့် အင်နိဆိုင်များ ဖြစ်ကြသည်။ မှန်တံခါများနှင့် နံရံများ၊ စာအုပ်တွေ၊ မျက်နှာဖုံး ပြောင်လက်သော မဂ္ဂဇင်းတွေ ပြည့်နှက်နေသည့် တောက်တောက်ပပ စာရေးကိရိယာ ဆိုင်ကြီး။ တစ်ချိန်က ကျေးရွာ၏ အပြင်ဘက်မှာ ရှိနေခဲ့သော ဘွားဘွား၏ အိမ်နေရာတွင် ငါးထပ် အဆောက်အအုံကြီးက နေရာယူ ထားသည်။ အခုတော့ မြို့လယ်ကောင် ဖြစ်နေပေပြီ။
“မင်း တစ်ခုခု သောက်ဦးမလား”
“ဟင့်အင်း၊ တော်ပြီ”
ကျွန်မ ပြောလိုက်သည်။
“ကျွန်မရဲ့ မီလီ မဟုတ်တော့ဘူး”
ဘာတစ်ခုမှ အရင်ကလို မဟုတ်တော့။ ဒါ သေချာသည်။ မီလီလည်း မဟုတ်တော့။ ဖီးလစ်လည်း မဟုတ်တော့။ အင်ဒရေ လည်း မဟုတ်တော့။ ကျွန်မကတော့ကော …။
“မီလီကို မိနစ်နှစ်ဆယ်နဲ့ ရောက်တာ အံ့ဩစရာပဲ” ကျွန်မက ကားထဲ ပြန်ဝင်စဉ် ပြောလိုက်သည်။
“မီလီ မဟုတ်တော့တာ တစ်ခုပါပဲ”
“မင်းက အဲဒါပဲကွ။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးကို ကြည့်ရတာ တစ်ချိန်တည်းမှာ အံ့သြစရာလည်း ကောင်းတယ်။ အသည်းကွဲ ဖို့လည်း ကောင်းတယ်”
ကျွန်မ စဉ်းစားကြည့်သည်။
“ရှင်ကကော ကျွန်မရဲ့ အကောင်းမြင်ဝါဒကို ပြက်ရယ်ပြုမှာပဲ။ ကျွန်မအဖို့တော့ ခြုံလိုက်ရင် အံ့သြစရာပဲ”
“ကိုယ့်အတွက်လည်း အဲဒီအတိုင်းပါပဲ။ အသည်းကွဲဖို့ ကောင်းတယ် ဆိုတာက ဘေးပတ်လည်က အပြင် ရုပ်ဝတ္ထုပစ္စည်းတွေ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အတွင်းထဲကပါ”
“ကျွန်မကတော့ အဲဒီလို မထင်ဘူး။ ရှင့်မှာ ဆုံးရှုံးတာတွေ ရှိမယ်။ ဒါပေမဲ့ မြတ်တာလည်း ရှိမယ်”
မြတ်တာထက် ဆုံးရှုံးရတာက ပိုများပါတယ်ကွာ။ အမှန်အတိုင်း ပြောရရင် မြတ်တယ်ဆိုတာ ဘယ်မှာလဲ။ ကိုယ်တော့ မမြင်ဘူး။ အဲဒါ ပြောပြစမ်းပါဦး”
“ကိုယ့်နောက်မှာ အတိတ်ကာလရှည်ကြီး ရှိတာ ကြည်နူးစရာပဲလေ”
“မင်းမှာ အဲဒါမျိုးရှိတယ် ထင်သလား။ ကိုယ့်အနေနဲ့ ပြောရရင်တော့ ကိုယ့်မှာ မရှိဘူး။ မင်းကိုယ်မင်း အဲဒီစကား အခါခါ ပြောဖို့သာ ကြိုးစားပါ”
“ရှိနေတယ်ဆိုတာ ကျွန်မ သိတယ်။ အဲဒါဟာ ပစ္စုပ္ပန်ကို လေးနက်စေတယ်လေ”
“ကောင်းပြီ၊ တခြားကော”
“ရှင့်မှာ ပညာစွန်း ချွန်းကဲ့သို့အုပ် ဆိုသလို အသိပညာ အုပ်စိုးမှု အများကြီး ပိုကြီးမားလာမယ်။ မေ့ပျောက်သွားတာတွေ အများကြီး ရှိမှာကတော့ သေချာတယ်လေ။ တစ်နည်းအားဖြင့် အဲဒီ မေ့ပျောက် သွားတယ် ဆိုတာတွေဟာလည်း ရလွယ်တဲ့ဟာတွေ ဖြစ်မှာပါ”
“မင်းတို့ လမ်းကြောင်းမှာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ကိုယ့်အပိုင်းမှာကျတော့ ကိုယ့် အထူးပြု ဘာသာရပ် မဟုတ်တဲ့ တခြားဟာတွေ အားလုံးကို ပိုပို မသိဘဲ ဖြစ်လတယ်။ အခုနေ ကိုယ်သာ ကွမ်တမ် ရူပဗေဒမှာ ခေတ်မီချင်ရင် သာမန် ဘွဲ့မရသေးတဲ့ ကျောင်းသားလေးတစ်ယောက်လို တက္ကသိုလ်မှာ ပြန်သွားသင် ရမှာ”
“ရှင့်ကို ဘယ်အရာကမှ တားဆီးမထားပါဘူး”
“ကိုယ်ပဲ ဖြစ်ချင် ဖြစ်နေမှာ”
“အဆန်းပဲ”
ကျွန်မက ပြောလိုက်သည်။
“ကျွန်မတို့ ကိစ္စအားလုံး သဘောတူခဲ့ကြပြီ။ ဒီတစ်ခုတော့ မတူသေးဘူး။ အသက်ကြီးလာတာမှာ ဘာများ ဆုံးရှုံးသွားတယ်လို့ ရှင် မြင်သလဲ”
သူ ပြုံးလိုက်သည်။
“နုပျိုမှုလေ”
“အဲဒါက သူ့ချည်းသက်သက် တန်ဖိုးရှိတာ မဟုတ်ပါဘူး”
“နုပျိုမှုနဲ့ စတာမီနာလို့ အီတာလျံတွေ လှလှပပခေါ်တဲ့ အရာလေကွာ။ ထက်သန်မှုရယ်၊ တေဇောဓာတ် ရယ်။ ဒါတွေက မင်းကို ချစ်တတ်အောင်၊ ဖန်တီးတတ်အောင် လုပ်ပေးကြတာတွေပဲ။ ဒါ ဆုံးရှုံးသွားပြီဆိုရင် မင်း အားလုံး ဆုံးရှုံးပြီ”
သူ၏ ပြောပုံဆိုပုံ လေသံကြောင့် သူ့အား တစ်ဖက်သတ် ပြောသည်ဟု မစွပ်စွဲဝံ့တော့ပါ။ သူ့ကို ညှဉ်းပန်းနှိပ်စက်နေမှုတစ်ခု ရှိနေလိမ့်မည်။ ကျွန်မ မသိသော အရာတစ်ခု၊ ကျွန်မ မသိချင်သော အရာတစ်ခု။ ထိုအရာသည် ကျွန်မအား ခြောက်လှန့်နေ၏။ ထိုအရာကပင် ကျွန်မတို့အား ပိုင်းခြားထားခြင်း ဖြစ်ကောင်း ဖြစ်လိမ့်မည်။
“ရှင် ဖန်တီးနိုင်စွမ်း မရှိတော့ဘူး ဆိုတာကိုတော့ ကျွန်မ ဘယ်တော့မှ ယုံနိုင်မှာ မဟုတ်ဘူး”
“ဘာချဲလာဒ်က ပြောတယ်ကွ။ ကြီးကျယ်တဲ့ သိပ္ပံပညာရှင်တွေဟာ သူတို့ဘဝရဲ့ ပထမ သက်တမ်း တစ်ဝက်မှာ သိပ္ပံပညာ အတွက် တန်ဖိုးရှိပြီး ဒုတိယ သက်တမ်းတစ်ဝက်မှာ အန္တရာယ် ပြုတယ်တဲ့။ သူတို့က ကိုယ့်ကို သိပ္ပံပညာရှင်အဖြစ် သဘောထားကြတယ်။ အခု အပိုင်းမှာ ကိုယ့်ဘက်က အတတ်နိုင်ဆုံးကတော့ သိပ်ပြီး အန္တရာယ်မပြုဖို့ပဲ”
ကျွန်မက ပြန်မဖြေ။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူ ပြောတာကိုတော့ သူ ယုံနေသည်။ ကန့်ကွက် နေ၍ အကျိုးရှိမည် မဟုတ်။ ကျွန်မ၏ အကောင်းမြင်ဝါဒကြောင့် သူ တစ်ခါတလေ စိတ်တိုမိမည်မှာ နားလည်၍ ရပါသည်။ တစ်နည်းအားဖြင့် ယင်းသည် သူ့ပြဿနာကို လမ်းလွှဲခြင်း ဖြစ်လိမ့်မည်။ သို့သော် ကျွန်မ ဘာတတ် နိုင်ပါမည်လဲ။ သူ့ကိုယ်စား ကျွန်မ ဖြေရှင်းပေး၍ မရပါ။ အကောင်းဆုံးမှာ ဆိတ်ဆိတ်နေဖို့ပင် ဖြစ်သည်။ ကျွန်မတို့သည် “ရှမ်ပိုး” အထိ ရောက်အောင် တိတ်ဆိတ်စွာ မောင်းလာခဲ့၏။
“ဟောဒီ ဘုရားကျောင်း ခန်းမဆောင်က တကယ်လှတယ်”
ဘုရားရှိခိုးကျောင်းထဲ ဝင်ခဲ့ကြသောအခါ အင်ဒရေက ပြောသည်။
“ဆင်း မှာရှိတဲ့ ကျောင်းတစ်ကျောင်းကို အမှတ်ရမိတယ်။ ဒီ ကျောင်းရဲ့ အချိုးအစားက ပိုပြေပြစ်တယ်”
“ဟုတ်တယ်။ လှတယ်နော်။ ဆင်းကိုတော့ ကျွန်မ မေ့နေပြီ”
“တိုင်အသေး နှစ်တိုင် ခြားခြားပြီး တိုင်အကြီးကြီး တစ်တိုင်စီ ဆောက်ထားတာလေ”
“ရှင် သိပ်မှတ်မိတာပါလား”
ဘုရားရှိခိုးကျောင်း အလယ်ခန်းမဆောင်၊ ဘေးခန်းဆောင် နှင့် ဓမ္မတေးသီဆိုရာ နေရာများကို ကျွန်မတို့ စေ့စပ်စွာ လျှောက် ကြည့်ကြသည်။ အက်ခရိုပိုလစ် တောင်ကုန်းပေါ်ကို ကျွန်မ တက် ကြည့်ခဲ့ဖူးသည့်အတွက် ဤဘုရားရှိခိုးကျောင်း၏ အလှအပမှာ လျော့မသွားပါ။ သို့သော် ကျွန်မ၏ စိတ်အခြေအနေသည် ကား ဟောင်းကလေးနှင့် ပြင်သစ်ကျွန်းအနှံ့ လျှောက်သွားခဲ့သည့် နေ့ရက် များဆီက အခြေအနေမျိုး မဟုတ်တော့ပါ။ ကျွန်မတို့ နှစ်ဦးစလုံး ဘယ်သူမှ ကြည်နူး ခံစားနေကြခြင်း မဟုတ်။ တစ်ချိန်တုန်းကလို ကျောင်းဆောင်နံရံ တွေကို ကျွန်မ သိပ်စိတ်မဝင်စားတော့။
ဘုရားရှိခိုးကျောင်းမှ ထွက်ခဲ့ကြသောအခါ အင်ဒရေက ကျွန်မအား -
“ထရူးဒေါ့ စားသောက်ဆိုင်လေး ရှိဦးမယ် ထင်သလား”
ဟု မေးလိုက်သည်။
“သွားကြည့်ရအောင်လေ”
ရေကမ်းစပ်မှာရှိသော ထိုစားသောက်ဆိုင်လေးသည် ကျွန်မတို့အကြိုက် ဖြစ်ခဲ့၏။ အစားအစာများ ရိုးရိုးကလေးနှင့် ကောင်းသည်။ ကျွန်မတို့ လက်ထပ်ခဲ့သည့် နွေရတုသဘင်ကို ထိုဆိုင်တွင် ကျင်းပခဲ့သည်။ ထို့နောက်ပိုင်းမှာ မရောက်ဖြစ်ခဲ့တော့။ တိတ်ဆိတ် ငြိမ်သက်ပြီး ကျောက်ခင်းလမ်းကလေးများ ရှိသော ကျေးရွာကလေးမှာ မပြောင်းလဲသေး။ ကျွန်မတို့သည် လမ်းမကြီးအတိုင်း ဟိုဘက် ဒီဘက် လျှောက်ကြည့်သည်။ ထရူးဒေါ ဆိုင်ကလေး မရှိတော့။ ကျွန်မတို့ လမ်းမှာ ရပ်ခဲ့ကြသော သစ်တောထဲမှ စားသောက်ဆိုင် ကိုတော့ သိပ်ခံတွင်းမတွေ့လှ။ ဤဆိုင်ကို ယခင်က အမှတ်ရမှုများ နှင့် နှိုင်းယှဉ်နေမိခြင်းကြောင့် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။
“ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ”
ကျွန်မက မေးလိုက်သည်။
“ဒီဗိုးရဲတိုက်နဲ့ ဘလန်ဒီက မျှော်စင်တွေဆီ သွားဖို့ တို့ စိတ်ကူးထားတယ်”
“ရှင် သွားချင်သေးသလား”
“ဘာလို့ မသွားရမှာလဲ”
တကယ်တော့ ဒါတွေကို သူ စိတ်မဝင်စားပါ။ ကျွန်မလည်း စိတ်မဝင်စားပါ။ သို့သော် နှစ်ယောက်သား နှုတ်မှတော့ ထုတ်မပြောကြ။ ရွက်သစ်နံ့ သင်းသော ကျေးလက် လမ်းကလေးအတိုင်း ကား မောင်းလာခဲ့ကြစဉ် အတွင်း သူ ဘာတွေများ တကယ် စဉ်းစားနေပါလိမ့်။ သူ့အနာဂတ်၏ ကန္တာရအကြောင်းလား။ ထိုအထိလောက် တော့ သူ့နောက်မှ ကျွန်မ မလိုက်နိုင်ပါ။ ကျွန်မ နံဘေးမှာ သူ့ကို အထီးတည်းအဖြစ် ကျွန်မ ခံစားရပါသည်။ ကျွန်မလည်း ထို့အတူပင် ဖြစ်ပါသည်။
ဖီးလစ်သည် ကျွန်မထံ တယ်လီဖုန်းဆက်ရန် အကြိမ်ပေါင်း များစွာ ကြိုးစားခဲ့၏။ သူ့အသံမှန်း မှတ်မိလိုက်တိုင်း ကျွန်မ ဖုန်းချပစ်ခဲ့သည်။ ကျွန်မကိုယ်ကျွန်မလည်း မေးခွန်း ထုတ်ပါသည်။ သူနှင့် ပတ်သက်ပြီး ကျွန်မဘက်က တောင်းဆိုမှုတွေ များလွန်းနေသလား၊ အင်ဒရေကပင် မုန်းစရာ ကောင်းလောက်အောင် မျက်နှာသာပေး၊ အလိုက်လိုက်ထားသလား၊ သူ့ကို ထိခိုက် ပျက်စီးသွားစေခဲ့သည်မှာ ဤသဟဇာတ ချွတ်ယွင်းမှု များလေလား။ ကျွန်မ ဤကိစ္စ ကို အင်ဒရေနှင့် ဆွေးနွေးသင့်ပါသည်။ သို့သော် စကားများဖြစ်သွား မှာ ကျွန်မ ကြောက်နေသည်။
ဒီဗိုးရဲတိုက်၊ ဘလန်ဒီမှ မျှော်စင်များ အစီအစဉ်အတိုင်း ကျွန်မတို့ သွားရောက်ခဲ့ကြပါ၏။ “ဒါကို ကိုယ် သိပ်မှတ်မိတယ်။ ဒါကတော့ မမှတ်မိဘူး။ မျှော်စင်တွေက သိပ်လှတာပဲ” ဆိုသော စကားများကို ကျွန်မတို့ ပြောခဲ့ကြပါသည်။ သို့သော် တစ်နည်းအား ဖြင့် အရာဝတ္ထုများကို မြင်ခြင်းသည် စင်စစ်အားဖြင့် သည်မှာလည်း မရှိ၊ ဟိုမှာလည်း မရှိ။ ၎င်းတို့နှင့် ဆက်စပ်မှု ရှိသွားရန်အတွက် အစီအစဉ်တစ်ရပ်၊ မေးခွန်းတစ်ရပ် ရှိရပါမည်။ ကျွန်မ မြင်ခဲ့ရသည် ကတော့ ကျောက်တုံးတွေ တစ်တုံးပေါ် တစ်တုံး ဆင့်တင်ထားခြင်း မျှသာ။
ထိုနေ့ရက်သည် ကျွန်မတို့ကို ပိုပြီး နီးကပ်မှု ရမလာစေခဲ့ပါ။ ပါရီမြို့သို့ ကားပြန်မောင်း လာခဲ့စဉ်အတွင်း ကျွန်မတို့ နှစ်ယောက်စလုံး စိတ်ပျက်လက်ပျက်ဖြစ်ကာ တစ်ယောက်နှင့် တစ်ယောက် အလွန်ဝေးကွာနေသလို ကျွန်မ ခံစားရလေသည်။ ကျွန်မ၏ ထင်မြင် ယူဆက်ချက်အရဆိုလျှင် တစ်ယောက်နှင့် တစ်ယောက် စကားပြော ရန်ပင် မဖြစ်နိုင်တော့ပါ။ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်၍ မရခြင်းအကြောင်း ကြားဖူးထားတာတွေ အမှန် ဖြစ်နေခဲ့လျှင် ဘယ့်နှယ် ရှိမည်နည်း။ ဒေါသထွက်နေတုန်းက ဖျတ်ခနဲ စဉ်းစားမိခဲ့ သလို ကျွန်မတို့သည် ဆိတ်ဆိတ်နေရန်နှင့် အထီးကျန် ဖြစ်ရန် ပြစ်ဒဏ်ချမှတ်ခံထားကြရသလော။ ကျွန်မမှာ အမြဲတမ်း ဖြစ်ခဲ့တာ ဒီအတိုင်းပေပဲလား။ ဤသို့ မဟုတ်ပါဟု ကျွန်မ ပြောခဲ့ခြင်းမှာ ကျွန်မ၏ ခေါင်းမာသော အကောင်းမြင်ဝါဒ ကြောင့် များလား။
“မနက်ဖြန် ငါ ကြိုးစားကြည့်ရမလား”ဟု အိပ်ရာဝင်ရင်း စဉ်းစားမိသည်။
“မနက်ဖြန်ကျရင် ဒီအကြောင်းကို တို့ တိုင်ပင် ဆွေးနွေးရမယ်။ ရေဆုံးရေဖျားအထိ လိုက်ကြည့် နိုင်အောင် ကြိုးစားရမယ်”
ကျွန်မတို့၏ သဘောကွဲ စကားများမူ ပျက်ပြယ်မသွားခြင်း မှာ ၎င်းသည် အပြင်ပန်း ရောဂါလက္ခဏာ တစ်ရပ်မျှသာ ဖြစ်နေသောကြောင့်ပင်။ အရာရာတိုင်းကို အခြေအမြစ်က စပြီး ပြန်လည် ပြောင်းလဲပစ်ရမည်။ အရေးကြီးသည်မှာ ဖီးလစ်အကြောင်း ပြောရန် မစိုးရိမ်ဖို့ ဖြစ်သည်။ အကြောင်းအရာတစ်ရပ်ကို ပိတ်ပင် ထားကာမျှနှင့် ကျွန်မတို့၏ ပြောဆိုဆွေးနွေးမှုအားလုံး အချည်းနှီး ဖြစ်နေ ရသည်။
ကျွန်မ လက်ဖက်ရည်ငှဲ့ပြီး စကား စပြောဖို့ စကားလုံး ရှာ နေစဉ်မှာပင် အင်ဒရေက
“ကိုယ် ဘာကြိုက်သလဲ သိလား။ ဗီလီနူးကို တန်းသွားမယ်။ အဲဒီမှာ အနားယူရတာ ပါရီမှာထက် ပိုကောင်းတယ်”
မနေ့က မအောင်မြင်ခဲ့ခြင်းအတွက် သူ ချသည့် ကောက်ချက် က သည်လိုကိုး။ သူသည် နီးကပ်အောင် တိုးမလာဘဲ ထွက်ပြေးလေပြီ။ သူသည် တစ်ခါတစ်ရံမှာ ကျွန်မ မပါဘဲ သူ့အမေ အိမ်မှာ ရက်အနည်းငယ် သွားနေတတ်ပါသည်။ သူ့မေအပေါ် သံယောဇဉ်ရှိခြင်းကြောင့် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ စကားမပြောရအောင် ထွက်ပြေးခြင်း နည်းလမ်းတစ်ရပ်သာ ဖြစ်လေသည်။ ကျွန်မက ချက်ချင်းလိုပင် ပြန်ပြော လိုက်သည်။
“သိပ်ကောင်းတဲ့ စိတ်ကူးပဲ”
ကျွန်မက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ရှင့်အမေ ဝမ်းသာမှာပဲ။ သွားလေ”
“မင်း လိုက်ဦးမလား”
သူက သဘာဝမကျသော လေသံနှင့် မေးလာသည်။
“ကျွန်မ ပါရီက စောစော မခွာချင်တာ ရှင် သိသားပဲ။ သတ်မှတ်ထားတဲ့ ရက်ကျမှ လာခဲ့တော့မယ်”
“မင်း သဘောပါပဲဗျာ”
ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီမှာ ဆက်နေသင့်သည်။ ကျွန်မ အလုပ် လုပ်ချင်သေးသည်။ ကျွန်မ စာအုပ်ကို ဘယ်လို ဘယ်ပုံ လက်ခံကြတယ်ဆိုတာ စောင့်ကြည့်ချင်သေးသည်။ မိတ်ဆွေများနှင့် စာအုပ်များအကြောင်း ပြောချင်သေးသည်။ သို့သော် ကျွန်မကို သူ တိုက်တိုက်တွန်းတွန်း မခေါ်သည့်အတွက် ထူးဆန်း အံ့သြမိသည်။ ကျွန်မ က အေးစက်စက်နှင့် မေးလိုက်သည်။
“ဘယ်တော့လောက် သွားမယ်လို့ စဉ်းစားထားလဲ”
“မသိသေးဘူး။ မကြာခင်တော့ မကြာခင်ပဲ။ ဒီမှာ လုပ်စရာ ဘာမှ မရှိတာ”
“မကြာခင်ဆိုတာ ဘယ်တော့တုံး။ မနက်ဖြန်လား၊ သန်ဘက်ခါလား”
“မနက်ဖြန် မနက်ဆိုရင် ဘယ့်နှယ်လဲ”
ဤသို့ဖြင့် ကျွန်မတို့ တစ်ဦးနှင့်တစ်ဦး သီတင်းနှစ်ပတ်လောက် ဝေးနေကြတော့မည်။ သူသည် ညီလာခံများ တက်ရောက်ခြင်းမှတစ်ပါး ကျွန်မကို သုံးလေးရက်ထက် ပိုပြီး ပစ်မထားဖူးခဲ့။ ကျွန်မသည် အလွန် မှပင် နှလုံးမသာဖွယ်ရာ ဖြစ်နေပါပြီလား။ သူသည် ထွက်ပြေးမည့်အစား ကျွန်မနှင့် စကားပြောသင့်ပါသည်။ ထို့ပြင် ပြဿနာတစ်ရပ်ကို ရှောင်ရှားသွားခြင်းသည် သူနှင့် မတူသော လုပ်ရပ်သာ ဖြစ်သည်။ သည့်အတွက် ဖြေရှင်းချက် တစ်ရပ်တည်းသာ ကျွန်မ တွေ့ရသည်။ အမြဲတမ်းလည်း ဤဖြေရှင်းချက်သာ ဖြစ်ခဲ့သည်။ သူ အသက်ကြီးလာနေပြီ။ ကျွန်မ စိတ်ပေါက်ပေါက်နှင့် ပြောမိသည်။
“သူ သွားစမ်းပါစေ။ အသက်ကြီးလာနေတာကို တခြားမှာ သွားရှင်းစမ်းပါစေ”
ကျွန်မကတော့ သူ ဒီမှာ ဆက်နေပါဟူ၍ လက်ညှိုးတစ်ချောင်း ပင် ထောင်မည် မဟုတ်။
သူ ကားယူသွားရန် ကျွန်မတို့ သဘောတူခဲ့ကြသည်။ သူသည် တစ်နေ့လုံးပင် ကားဂိုဒေါင်သွားခြင်း၊ ဈေးဝယ်ခြမ်းခြင်း၊ တယ်လီဖုန်းဆက်ခြင်းဖြင့် ကုန်လွန်ခဲ့သည်။ သူ့အပေါင်းအသင်း များကို သူ နှုတ်ဆက်သည်။ ကျွန်မပင် သူ့ကို သိပ်မတွေ့ရ။ နောက်နေ့ သူ ကားထဲသို့ ဝင်မည်ပြုသောအခါ ကျွန်မတို့ အနမ်းများ၊ အပြုံးများ ဖလှယ်ခဲ့ကြပါ၏။ ထို့နောက်တွင်တော့ ကျွန်မ စာကြည့်ခန်းထဲ ပြန်ဝင်လာပြီး ယောင်ချာချာ ဖြစ်နေမိလေသည်။ ကျွန်မကို ဘေးချိတ်ထားခြင်းအားဖြင့် အပြစ်ပေးနေသည်ဟု ကျွန်မ ခံစားရပါသည်။ မဟုတ်သေး။ သူ ကျွန်မကို ဖယ်ခွာခြင်းမျှသာ ဖြစ်သည်။
ကျွန်မ၏ အစပိုင်း ဇဝေဇဝါဖြစ်မှု လွန်မြောက်သွားသော အခါ ပေါ့ပါးလာပါသည်။ လင်စုံမယားဘဝ ဆိုသည်မှာ ဆုံးဖြတ်ချက်များ ချရခြင်းဟု အဓိပ္ပာယ်ရပါသည်။ “တို့ ဘာစားကြမလဲ၊ မင်း ဘာစားချင်သလဲ” စီမံကိန်းများ ဖြစ်ပေါ်လာကြသည်။ တစ်ယောက်ထီးတည်း ဖြစ်နေသော အချိန်ပိုင်းတွင် အရာကိစ္စများသည် ကြိုတင် စဉ်းစားထားခြင်းမရှိဘဲ ဖြစ်လာကြသည်။ အနားလည်း ရပါ၏။ ကျွန်မ နေမြင့်မှ အိပ်ရာထသည်။ စောင်ခြုံလျက် အနွေးဓာတ်မှာ ကွေးနေခဲ့သည်။ ပျံသန်း ထွက်ပြေးနေသော အိပ်မက် အပိုင်းအစများကို ကြိုးစားပြီး လိုက်ဖမ်းသည်။ လက်ဖက်ရည် သောက်ရင်း ကျွန်မထံ လာသော ပေးစာများကို ဖတ်သည်။ “မင်း မရှိပေမဲ့လည်း ကိုယ် အဆင်ပြေပါတယ်ကွယ်” ဆိုသော သီချင်း စာသားကို ညည်းနေမိသည်။ အလုပ်ချိန် နာရီများ ကြားမှာတော့ လမ်းမတွေထဲမှာ ကျွန်မ လမ်းလျှောက်ထွက်သည်။
ဤ ကျေးဇူးတော် ခွင့်လွှတ်မှုကာလသည် သုံးရက်တာ ကြာမြင့်ခဲ့ပါ၏။ စတုတ္ထမြောက် မွန်းလွဲပိုင်း တွင်တော့ တစ်စုံတစ်ယောက် က တံခါးခေါင်းလောင်းကို အလျင်စလို ကမန်းကတန်း နှိပ်လာသည်။ ဤကဲ့သို့ နှိပ်တတ်သောသူမှာ တစ်ယောက်တည်းသာ ရှိသည်။ ကျွန်မ နှလုံးသားမှာ ဒေါသတကြီး ခုန်လာသည်။ တံခါး ကြားမှ ကျွန်မ မေးလိုက်သည်။
“ဘယ်သူလဲ”
“တံခါးဖွင့်ပေးပါ အမေ”
ဖီးလစ်က ဆိုသည်။
“အမေ ဖွင့်မပေးမချင်း ကျွန်တော် နှိပ်နေမှာ”
ကျွန်မ ဖွင့်ပေးလိုက်သည်။ သူသည် ချက်ချင်းပင် ကျွန်မကို သိုင်းဖက်ပြီး ကျွန်မ ပခုံးမှာ ခေါင်းမှီ ထားလေသည်။
“အမေရယ်၊ ကျွန်တော့်ကို မမုန်းပါနဲ့ အမေရယ်။ အမေနဲ့ မခေါ်မပြောရတဲ့ ဘဝကို သား မခံနိုင်ပါဘူး။ အမေ့ကို သား သိပ် ချစ်ပါတယ်”
တောင်းပန်နေသော ဤအသံသည် ကျွန်မ၏ စိတ်ဆိုးမှုကို အကြိမ်ကြိမ် အရည်ပျော်သွား စေခဲ့ဖူးပါသည်။ ကျွန်မ သူ့ကို စာကြည့်ခန်းထဲ ခေါ်ခဲ့သည်။ သူ ကျွန်မကို ချစ်သည်။ ဒီအတွက် ကျွန်မ သံသယ မရှိပါ။ တခြား ဘာကကော အရေးကြီးသေးလို့လဲ။ “လူကလေး” ဟူသော ရင်းနှီးနေကျ စကားလုံးသည် ကျွန်မ နှုတ်ဖျားသို့ တက်လာသည်။ သို့သော် ကျွန်မ မျိုသိပ်ထားလိုက်သည်။ သူ သည် ချာတိတ်ကလေးတစ်ယောက် မဟုတ်တော့။
“အမေ့နှလုံးသားကို ပျော့ပျောင်းအောင် မလုပ်နဲ့တော့။ အချိန် က နှောင်းသွားပြီ။ အားလုံးကို ဖျက်ဆီးပစ်ခဲ့တာ မင်းပဲ”
နားထောင်ပါဦး အမေ။ ကျွန်တော် မှားချင်လည်း မှားမှာပါ။ ကျွန်တော် လုပ်တာကိုင်တာ လွဲချင် လွဲပါလိမ့်မယ်။ ဒါတွေ ကျွန်တော် မသိဘူး။ ကျွန်တော် ညဘက် အိပ်မပျော်ဘူး။ အမေ့ကို ကျွန်တော် မဆုံးရှုံး ချင်ပါဘူး။ ကျွန်တော့်ကို ငဲ့ပါဦး။ အမေက ကျွန်တော့်ကို စိတ်မချမ်းသာအောင် လုပ်နေတာပဲ”
သူ့မျက်လုံးထဲမှာ ကလေးဆန်သော မျက်ရည် လင်းလက်လာသည်။ သို့သော် ဤသည်မှာ ကလေး မဟုတ်တော့။ ယောက်ျားသား တစ်ယောက်။ အိုင်ရင်း၏ ခင်ပွန်း။ အရွယ်ရောက်သော လူ တစ်ဦး။
“ပြောတော့ဖြင့် လွယ်လိုက်တာ”
ကျွန်မက ပြောလိုက်သည်။
“တောင်နဲ့ မြောက် ဝင်ရိုးစွန်း ကွာသွားမယ်ဆိုတာ သိလျက်သားနဲ့ မင်း ထင်ရာကို မင်း လုပ်ခဲ့တဲ့ဥစ္စာ။ ပြီးတော့ အဲဒါကို ပြုံးပြုံးလေးနဲ့ လက်သင့်ခံစေချင်တာ။ မင်းက အကုန်လုံးကို အရင်က အတိုင်း ပြန်ဖြစ်ချင် သေးတာကိုး။ မရဘူး ... မရဘူး ... မရဘူး”
“အမေက သိပ်ပြင်းထန်တာပဲ။ အစွဲစိတ်ဓာတ် သိပ်ကြီးတာ။ အမြင်ချင်း မတူပေမဲ့ ချစ်ချစ်ခင်ခင် နေကြတဲ့ မိဘနဲ့ သားသမီးတွေ အများကြီး ရှိပါတယ်”
“အခုဟာက အမြင်ချင်း ကွဲပြားမှု ပြဿနာ မဟုတ်ဘူးလေ။ ရည်မှန်းချက် ကြီးမားမှုနဲ့ ဘယ်လိုနေနေ အောင်မြင်မှု ရမယ်ဆိုပြီး မင်း ဘက်ပြောင်းသွားတဲ့ ကိစ္စ။ အောက်တန်းကျတယ် ဆိုတာ ဒါကို ပြောတာ”
“ဟင့်အင်း၊ ဟင့်အင်း။ လုံးဝ မဟုတ်ဘူး။ ကျွန်တော် အမြင်တွေ ပြောင်းသွားတာ။ ကျွန်တော့်အပေါ် အလွယ်တကူ သြဇာပေးချင် ပေးလို့ရမယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ ကျွန်တော် တခြားအမြင်နဲ့ ကြည့်ခဲ့တာ အမှန်ပဲ။ အဲဒါကိုတော့ ကတိပေးပါတယ်”
“ဒါဆိုရင်လည်း အမေ့ကို စောစောက ပြောသင့်တာပေါ့။ အမေ့နောက်ကွယ်မှာ ခြေပုန်းခုတ် လုပ်ခဲ့ပြီးမှ ပြန်ပြင်လို့ မရတော့ဘူးဆိုပြီး မျက်နှာချင်းဆိုင်မှာ လာပြောတာ။ ဒါကို အမေ ဘယ် တော့မှ ခွင့်မလွှတ်ဘူး”
“ကျွန်တော် သတ္တိမရှိခဲ့လို့ပါ။ တစ်ခါတလေ အမေ ကြည့်ပုံ ကြည့်နည်းက ကြောက်စရာကြီး”
“မင်းက အမြဲတမ်း ဒီအတိုင်း ပြောတာချည်း။ ဒါဟာ ခိုင်လုံတဲ့ ဆင်ခြေ မဟုတ်ဘူး”
“အမေ ကျွန်တော့်ကို ခွင့်လွှတ်နေကျပဲ။ ဒီတစ်ခါလည်း ခွင့်လွှတ်ပေါ့။ ခွင့်လွှတ်ပါ အမေရယ် ... နော်။ အမေနဲ့ ကျွန်တော် ဆန့်ကျင်ဘက် ဖြစ်နေတာကို ကျွန်တော် သည်းမခံနိုင်လို့ပါ”
“ဒီအတွက် အမေ ဘာမှ မတတ်နိုင်ဘူး။ မင်း လုပ်ပုံက မင်းကို အမေ လေးစားလို့ မရတော့လောက် အောင်ပဲ”
သူ့မျက်လုံးများ တစ်စ တစ်စ မုန်တိုင်းဆင်လာကြသည်။ ဒါကလည်း ကျွန်မ အကြိုက်။ သူ့ဒေါသသည် ကျွန်မ ဒေါသကို ထပ်မြှင့်ပေးလိမ့်မည်။
“တစ်ခါတလေမှာ အမေက အရက်စက်ဆုံး စကားတွေ ပြောတတ်တယ်။ ကျွန်တော့်အနေနဲ့ကတော့ အမေ့အပေါ်မှာ လေးစားမှု ရှိသလား၊ မရှိဘူးလားဆိုတာ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။ အမေ ဘာတွေပဲ ထင်ရာစိုင်းစိုင်း ကျွန်တော့်ဘက်က အချစ်မလျော့ခဲ့ဘူး။ အချစ်ဟာ ထိုက်တန်မှု ရှိရမယ်မယ်လို့ အမေက ယူဆထားတာ ဟုတ်ပါတယ်။ အဲဒီလို ယူဆထားတာမို့ ကျွန်တော် မထိုက်တန်တာ မဖြစ်ရအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲ။ ကျွန်တော် အမြဲတမ်း ဖြစ်ချင်ခဲ့တဲ့ လေယာဉ်မှူးတစ်ယောက်၊ ပြိုင်ကားမောင်း သမား တစ်ယောက်၊ သတင်းထောက် တစ်ယောက်၊ စွန့်စွန့်စားစား လုပ်ရမယ့် အဲဒီအလုပ်တွေ အမေ့ကြောင့် စိတ်ရူးထမှု တွေ ဖြစ်ကုန်ရော။ ဒါတွေ အားလုံးကို အမေ ကျေနပ်အောင် ကျွန်တော် စွန့်လွှတ်ခဲ့ရတယ်။ ပထမဆုံး အနေနဲ့ ကျွန်တော် အလျှော့မပေးဘူးလည်း ဆိုရော အမေက ကျွန်တော့်ကို ဖြတ်တော့တာပဲ”
ကျွန်မက ကြားဝင် ပြောလိုက်သည်။
“မင်း အမေ့ကို ပင်ပန်းအောင် လုပ်နေတာပဲ။ မင်း အပြုအမူ ကို အမေ မုန်းတယ်။ ဒါကြောင့် မင်းကို မမြင်ချင် မတွေ့ချင်တော့တာ”
“အမေ မုန်းမှာပေါ့။ အမေ့ စီမံကိန်းနဲ့ ဆန့်ကျင်တာကိုး။ ကျွန်တော်ကတော့ တစ်သက်လုံး နာခံ မနေနိုင်တော့ဘူး။ အမေက သိပ်အာဏာရှင်ဆန်တယ်။ အရင်းစစ်လိုက်ရင် အမေ့မှာ နှလုံးသား မရှိဘူး။ တန်ခိုးအာဏာ မက်မောမှုပဲ ရှိတယ်”
သူ့အသံမှာ ဒေါသနှင့် မျက်ရည် ပြည့်လျှမ်းနေသည်။
“ကောင်းပြီလေ၊ သွားမယ်။ ကျွန်တော့်ကို အမေ ကြိုက်သလောက်မုန်း။ ကျွန်တော်ကတော့ အမေ မရှိလည်း အဆင်ပြေ သွားမှာပါပဲ”
သူ တံခါးပေါက်သို့ လျှောက်သွားသည်။ တံခါးရွက်ကို ဒိုင်းခနဲ နောက်ပြန် ပိတ်သွားသည်။ ကျွန်မသည် အခန်းထဲမှာ ရပ်လျက် “သူ ပြန်လာဦးမှာပါ” ဟု တွေးနေမိလေသည်။ သူသည် အမြဲတစေ ပြန်လာနေကျ ဖြစ်သည်။ ကျွန်မမှာလည်း သူ့ကို ဆက်လက် ဆန့်ကျင်နေနိုင်သည့် အင်အား မရှိသင့်တော့ပါ။ ကျွန်မ သူနှင့်အတူ ငိုချပစ်သင့်ပါသည်။ ငါးမိနစ်လောက် ကြာသောအခါ စာကြည့်ခန်းထဲသို့ ကျွန်မ ပြန်ဝင်ခဲ့သည်။ တစ်ယောက်တည်း ငိုပစ်လိုက်သည်။ “လူကလေး …” အရွယ်ရောက်ပြီဆိုတာ ဘာလဲ။ အသက်အရွယ် အဆာသွတ် ထားတဲ့ ကလေးငယ်လေးပါပဲ။
သူ့ကို နှစ်ကာလများ နုတ်ယူပြီး ဆယ့်နှစ်နှစ်သားအဖြစ် ကျွန်မ ပြန်မြင်ကြည့်သည်။ ဆန့်ကျင်စရာ ဘာမှ မရှိ။ သို့တိုင်အောင် ယခု သူသည် လူကြီးတစ်ယောက်၊ အခြား တစ်စုံတစ်ယောက်ထက် လျှော့ပြီး ဆုံးဖြတ်စရာ ဘာအကြောင်းမှ မရှိ။ ကျွန်မမှာ ခက်မာသော အသည်းနှလုံး ရှိနေသည်လား။ လေးစားမှုမပါဘဲ ချစ်နိုင်တဲ့ လူတွေ ရှိကြသလား။ လေးစားမှုသည် ဘယ်မှာ စပြီး ဘယ်မှာ ဆုံးသလဲ။ အချစ်ကကော …။ တက္ကသိုလ်အလုပ် သူ မရခဲ့လျှင် သူသည် ရွက်ကြမ်းရေကျိုမျှနှင့် မအောင်မြင်သော ဘဝကိုသာ ရခဲ့လျှင် သူ့အပေါ် ကျွန်မ မေတ္တာ လျော့ပါးလိမ့်မည် မဟုတ်ပါ။ အကြောင်းက သူ့မှာ ကျွန်မ မေတ္တာလိုမည် ဖြစ်သောကြောင့်ပင်။ သူ့အတွက် ကျွန်မ မလိုအပ်တော့ဘဲ ကျွန်မကသာ သူ့ကြောင့် ဂုဏ်ယူနေရမည် ဆိုလျှင်လည်း သူ့ကို ဆက်ချစ်နေမည်သာ ဖြစ်ပါသည်။ အခုတော့ သူသည် ကျွန်မထံမှ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ တစ်ချိန်တည်း မှာ ကျွန်မကလည်း သူ့ကို ရှုတ်ချခဲ့သည်။ သူ့ကို ကျွန်မ ဘာလုပ် ရမည်နည်း။
ဝမ်းနည်းကြေကွဲမှုသည် ကျွန်မအပေါ် ဖိစီးလာပြန်ပြီးနောက် ထွက်ခွာသွားသည်ဟူ၍ မရှိတော့ချေ။ ထိုအချိန်မှ စပြီး ကျွန်မသည် အိပ်ရာထဲမှာ နေမြင့်အောင်ထိ နေတတ်ခဲ့၏။ အကြောင်းမှာ မှီရာ တွယ်ရာ မရှိသော ကျွန်မသည် ကမ္ဘာလောကနှင့် မိမိဘဝအကြောင်း နိုးကြားသောအသိ ဝင်လာရန် နှောင့်နှေးနေ သောကြောင့် ဖြစ်လေသည်။ အိပ်ရာက ထပြီးပြီဆိုလျှင်လည်း ညခင်းတိုင်အောင် ပြန်ပစ်လှဲနေချင်စိတ် ဖြစ်ပေါ်လာ တတ်သည်။
အလုပ်ထဲမှာ ကျွန်မကိုယ်ကျွန်မ နှစ်မြှုပ်ထားလိုက်သည်။ စားပွဲမှာ နာရီပေါင်းများစွာ ကြာသည်အထိ စွဲမြဲ ထိုင်ခဲ့သည်။ သစ်သီးဖျော်ရည်နှင့်ချည်း ပြီးနေခဲ့သည်။ မွန်းတိမ်းပြီး၍ ရပ်နား လိုက်သောအခါ ဦးခေါင်းမှာ မီးတောက်နေပြီး အရိုးတွေ နာကျင်နေသည်။ တစ်ခါတစ်ရံတော့လည်း ထိုင်ဖုံပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ရာ နိုးလာသောအခါ မူးဝေနေပြီး အကြီးအကျယ် စိတ်ဓာတ်ကျနေသည်။ အမှောင်ထုထဲမှ တိတ်တဆိတ် လျှို့ဝှက် တက်လာခဲ့သော ကျွန်မ၏ အသိစိတ်သည် သွေးနှင့် သားနှင့် ကိုယ် ပြန်ဆောင်ရန် ဝန်လေးနေ သကဲ့သို့ပင်။
သို့မှ မဟုတ်ပါကလည်း ကျွန်မသည် ရင်းနှီးပြီးသားဖြစ်သော ပတ်ဝန်းကျင်များကို မယုံကြည်နိုင်သော မျက်လုံးများနှင့် ငေးကြောင် ကြည့်နေတတ်၏။ ၎င်းတို့သည် ကျွန်မ နစ်ဝင်ခဲ့သော နတ္ထိသုည နယ်၏ ပညတ်ရောင်ပြေး အခြားသောမျက်နှာ ဖြစ်နေကြသည်။ ဥရောပတိုက် ဒေသအသီးသီးမှ ကျွန်မ ယူလာခဲ့သော ပစ္စည်းများ အပေါ်မှာလည်း အံ့သြငေးမောနေမိသည်။ အာကာသသည် ကျွန်မ ခရီးစဉ်များ၏ အမှတ်အသား များကို ဆောင်နေဆဲ ဖြစ်၏။ အမှတ်ရမှုသည် စိတ်ထဲမှာ အခက်အခဲမရှိ ပြန်ပေါ်လာကြ၏။ အရုပ်ကလေးတွေ၊ အိုးကလေးတွေ၊ အလှအပ ပစ္စည်းကလေးတွေ ... သူတို့ ရှိနေကြသေးသည်။ အသေးမွှားဆုံး ပစ္စည်းကလေးများ ကပင် ကျွန်မ စိတ်ကို ဆွဲဆောင် အလုပ်ပေးနေကြသည်။ အနီရောင် စကတ်နှင့် ခရမ်းရောင် ကူရှင်တို့၏ ဆန်းပြားသော အထားအသို၊ တရားဟော ဆရာ ဝတ်ရုံမျိုး ခြုံထားသော ဇလပ်ပင်လေးကို နောက်ဆုံး မြင်ခဲ့တာ ဘယ်တုန်းကပါလိမ့်။ ကန်စွန်းပန်းပင်၊ ရိုးရိုးနှင်းဆီ၊ ဖရိုဖရဲ ဖြစ်နေသော ပျားရည်စုပ်ပန်း၊ အဖြူရောင်ရဲ့ အလယ်မှာ တအံ့တသြ မျက်လုံးအပြူးသား ဖြစ်နေသော ဂမုန်းပန်းတို့လည်း ဘယ်အချိန် တုန်းကလဲ။ ကမ္ဘာမြေပြင် မှာ ဘာတစ်ခုမှ ကျန်ရှိအံ့ မထင်။ ဒီအကြောင်း ဘာမှ ကျွန်မ မသိသင့်။ ကန်ရေပြင်က ကြာပန်းတွေ နှင့် ယာခင်းတွေထဲက ဂျုံခင်းတွေ။ ကျွန်မ ဘေးပတ်ပတ်လည်မှ ကမ္ဘာလောကသည် ကျွန်မ သက်သေထူ မပြတော့သော ထင်မြင်ယူဆချက် သမူဟကြီး တစ်ရပ်မျှသာ ဖြစ်နေလေတော့သည်။
ကျွန်မသည် ဤတိမ်တိုက်မှောင်များမှ ရုန်းထွက်ခဲ့ပါ၏။ လမ်းတွေထဲသို့ ကျွန်မ ဆင်းခဲ့သည်။ မိုးကောင်းကင်နှင့် အိမ်အိုကြီး များကို ကျွန်မ ကြည့်သည်။ ဘာတစ်ခုမှ ကျွန်မကို မလှုပ်ရှားစေခဲ့။ လရောင်နှင့် နေဝင်ဆည်းဆာ၊ မိုးဖွဲဖွဲကျသော နွေဦးရနံ့နှင့် ပူလောင်သော ကတ္တရာ၊ ရာသီစက်ဝန်း၏ ပြောင်းလဲမှုနှင့် လင်းလက် တောက်ပမှု။ ကျွန်မသည် စိန်၏ ရောင်ခြည်သန့်သန့် အခိုက်အတန့် များကို သိခဲ့ပါ၏။ သူတို့သည် မခေါ်ရဘဲနှင့် ရောက်လာကြခြင်း ဖြစ်ပေသည်။ သူတို့သည် မမျှော်လင့်ဘဲ စီးဝင်လာကြခြင်း ဖြစ်၏။ မရှာဖွေခဲ့သော ငြိမ်းအေးမှု၊ မမျှော်လင့်ခဲ့သော ကတိကဝတ်။ သူတို့သည် ကျွန်မ၏ တည်ရှိမှုအပေါ် နှိုးဆော်နေသည့် လှုပ်ရှားမှုများကို ဖောက်ထွက်လာကြခြင်း ဖြစ်သည်။ ကျွန်မသည် စာသင်ကျောင်းမှ ပြန်အလာ၊ ဓာတ်ရထားပေါ်မှ အဆင်း၊ အလုပ်ချိန် နှစ်ချိန်အကြား လသာဆောင်ပေါ်မှာ အင်ဒရေနှင့်တွေ့ရန် လမ်းမကြီးမှ အဆောတလျင် လျှောက်သွားနေခဲ့သည့် အခါမှာ ယင်းတို့ကို တိတ်တခိုး ခံစား ကြည်နူးခဲ့ပါ၏။
ယခု ကျွန်မ ပါရီမြို့ထဲမှာ လျှောက်သွားနေသည်။ လွတ်လပ်စွာ၊ ခံယူလွယ်စွာ၊ အေးစက်သော ဥပေက္ခာနှင့်။ ပြည့်လျှံကျနေသော အားလပ်ချိန်များသည် ကျွန်မအား ထိုကမ္ဘာလောကကို ကမ်းလင့်ပေးနေပြီး တစ်ချိန်တည်းမှာပင် ထိုကမ္ဘာလောကကို မမြင်ရအောင် တားဆီးနေ၏။ ပူပြင်းသော နေ့လယ်ခင်းပိုင်းမှာ တရုတ် ကတ်ကြားမှ တိုးဝင်လာနေသော နေရောင်ခြည်ပမာကဲ့သို့ပင်။ ခမ်းနားထည်ဝါသော နွေရာသီ၏ တောက်ပမှုက ကျွန်မ စိတ်ထဲမှာ အပြည့်အဝ ပေါ်လာစေပါသည်။ သို့သော် ထိုရောင်ခြည်ကို တိုက်ရိုက် မျက်နှာချင်းဆိုင် ကြည့်လိုက်ပါက ကျွန်မ မျက်စိကန်းသွား ပါလိမ့်မည်။
ကျွန်မ အိမ်ပြန်ခဲ့သည်။ အင်ဒရေထံ ကျွန်မ တယ်လီဖုန်း ဆက်ခဲ့သည်။ သူကလည်း ပြန်ဆက်လိမ့်မည်။ သူ့အမေသည် အရင့် အရင်ကထက် ပိုပြီး စွာနေသည်။ သူကတော့ ကျောင်းနေဖက် သူငယ်ချင်းဟောင်းများနှင့် တွေ့နေသည်။ လမ်းထွက်လျှောက်နေသည်။ ဥယျာဉ်ပန်းခြံ စိုက်နေသည်။ သူ၏ ရွှင်ပျသော ရင်းနှီး ခင်မင်မှုသည် ကျွန်မကို စိတ်ဓာတ်ကျစေပါ၏။ ကျွန်မတို့ အရင်က ရှိခဲ့ကြသည့် နေရာမှာ ပြန်တွေ့ကြဖို့ ကောင်းသည်ဟု ကျွန်မကိုယ် ကျွန်မပြောမိသည်။ ကျွန်မတို့ နှစ်ဦးကြားမှ ဤတိတ်ဆိတ် ငြိမ်သက်မှု နံရံကြီးနှင့်။ တယ်လီဖုန်း သည် လူတွေကို ပိုမိုနီးကပ်လာအောင် ဆောင်ရွက်ပေးသည့် ပစ္စည်းမဟုတ်။ သူတို့၏ အနေဝေးမှုကို ပေါ်လွင်စေ သည့် အရာသာ ဖြစ်၏။ မျက်နှာချင်းဆိုင် ပြော ရသလို အတူတကွ မဖြစ်။ အကြောင်းမှာ အခြားတစ်ယောက်ကို မမြင်ရသောကြောင့် ဖြစ်လေသည်။ စာရွက်တစ်ရွက်ကို ရှေ့မှာချပြီး အခြားတစ်ယောက်အား ပြောလိုသည် များကို မိမိ စိတ်ထဲက ပြောရင်း ရေးခြင်းမှာ အထီးကျန် မဟုတ်ပေ။ ယင်းသည် အမှန်တရားကို ထွက်ပြီး ရှာဖွေခြင်း လည်း ဖြစ်သည်။ ကျွန်မ သူ့ထံ စာရေးချင်စိတ် ပေါ်သည်။ သို့သော် ဘာရေးရမည်လဲ။ စိတ်စောမှု သည် လိုအင်မပြည့်ဝမှုနှင့် ရောထွေးလာ၏။
ကျွန်မ စာအုပ်ပို့ပေးခဲ့သော မိတ်ဆွေများကလည်း ကျွန်မထံ စာရေးပြီး စာအုပ်အကြောင်း ပြောသင့် ပါသည်။ တစ်ယောက်မှ မရေးကြ။ မာတိုင်းကပင် မရေး။ အင်ဒရေ ထွက်ခွာသွားပြီးသည့် သီတင်းပတ် အတွင်းမှာ ရုတ်တရက်ဆိုသလို ကျွန်မ စာအုပ်အကြောင်း ဆောင်းပါးတွေ အများကြီး ပါလာသည်။ တနင်္လာနေ့ မှာ ကျွန်မ စိတ်ပျက်ခဲ့သည်။ ဗုဒ္ဓဟူးနေ့မှာ စိတ်ရှုပ်ခဲ့သည်။ ကြာသပတေးနေ့ မှာ ခြေမွခံခဲ့ရသည်။ အပြင်းထန်ဆုံး ဆောင်းပါးက ပျင်းစရာကောင်းအောင် ထပ်ပြန်ကျော့သည်ဟု ဆိုသည်။ အညင်သာဆုံး ဆောင်းပါး က “စိတ်ဝင်စားဖွယ် ထပ်မံကြေညာချက်”ဟု ဆိုသည်။ ကျွန်မ စာအုပ်၏ ပင်ကို မူရင်းကို ဘယ်သူမှ ဆုပ်ဆုပ်ပိုင်ပိုင် နားမလည်။ ကျွန်မကပင် ရှင်းအောင် မရေးနိုင်ခဲ့၍လား။
ကျွန်မ မာတိုင်းထံ တယ်လီဖုန်းဆက်သည်။ ဝေဖန်ချက်တွေ ညံ့ဖျင်းသည်ဟု သူမက ဆိုသည်။ ဒါတွေကို ကျွန်မ ဂရိုက်စိုက် မနေသင့်။ သူမ၏ ထင်မြင်ချက်နှင့် ပတ်သက်၍မူ ကျွန်မကို မပြောမီ စာအုပ်ကို ပြီးအောင် ဖတ်ဦးမည်ဟု ဆိုသည်။ သူမ ပြီးအောင် ဖတ်ပြီး ယခု ညခင်းမှာ စဉ်းစားမည်။ မနက်ဖြန် ပါရီသို့ လာခဲ့မည်။ ကျွန်မသည် ပါးစပ်ထဲမှာ ခါးသက်သော အရသာနှင့်ပင် ဖုန်းပြန်ချခဲ့၏။ မာတိုင်းသည် ကျွန်မကို တယ်လီဖုန်းထဲမှ မပြောချင်။ ဒါ့ပြင် သူမ၏ ထင်မြင်ချက်ကလည်း အကောင်း မဟုတ်။ ကျွန်မ နားမလည်နိုင်ပါ။ ကျွန်မ အလုပ်နှင့် ပတ်သက်ပြီး ကျွန်မ ထင်မှတ်မှားခြင်း ဖြစ်လေ့ မရှိပါ။
ပတ်မွန်ဆိုရီမှာ တွေ့ခဲ့ကြပြီးနောက် သီတင်းသုံးပတ် ကြာမြင့်ခဲ့သည်။ ကျွန်မ ကြုံတွေ့ခဲ့ရသမျှ အဆိုးဝါးဆုံး သီတင်းသုံးပတ်။ သာမန်အားဖြင့်ဆိုလျှင် မာတိုင်းနှင့် တွေ့ရမည့်အတွက် ဝမ်းသာခဲ့ပါ၏။ ကျွန်မ သည် စောင့်စားရင်း စိတ်စောနေခဲ့ပါ၏။ ပဋိသန္ဓာရ စကား အနည်းငယ် ပြောပြီးနောက် ကျွန်မကပင် လိုရင်းကို တန်း ပြောလိုက်သည်။
“ဘယ်လိုလဲ။ ကိုယ့်စာအုပ်ကို ဘယ်လို ထင်သလဲ”
သူမက အသေအချာ ချိန်ဆထားသော စကားရပ်များဖြင့် ပြန်ဖြေသည်။ ဂရုတစိုက် ကြိုတင် ပြင်ဆင်ထားမှန်း ကျွန်မ အာရုံ က သိနေသည်။ စာအုပ်သည် အလွန်ကောင်းမွန်သော ပေါင်းချုပ်ချက် သမူဟ တစ်ရပ် ဖြစ်သည်။ မရှင်းမလင်း ဖြစ်နေတာတွေ အတော်များများ ရှင်းသွားသည်။ ကျွန်မ အရင် စာအုပ်တွေ ထဲမှာ ပါခဲ့ဖူးသည့် အသစ် တင်ပြချက်များကို အလေးအနက် ပြန်ပြုထားခြင်းမှာ တန်ဖိုး ရှိသည်။
“ဒါပေမဲ့ အခု ဒီစာအုပ်ထဲမှာကော အသစ် မပါဘူးလား”
“ဒါက အခုစာအုပ်ရဲ့ ရည်ရွယ်ချက်မှ မဟုတ်တာ”
“ကိုယ်ကတော့ ဟုတ်တယ်”
သူမ ရှုပ်ထွေးသွားသည်။ ကျွန်မသည် ကိုယ်ပြောချင်တာတွေကို ဆက်တိုက် ပြောနေခဲ့၏။ သူမ၏ သဘောအရ ယခု ကျွန်မ တင်ပြထားသော နည်းနိဿရည်းများကို အရင် စာအုပ်များထဲမှာလည်း အသုံးပြုခဲ့ပြီး ဖြစ်သည်။ မှန်ပါသည်။ တခြားနေရာ အများအပြားမှာ ယင်းတို့ကို တိတိကျကျ ပြောပြီး ဖြစ်ပါ၏။ မဟုတ်သေး။ ကျွန်မသည် ဘာမှ အသစ် ထုတ်လုပ်နေခြင်း မဟုတ်။ ကျွန်မ စာအုပ်သည် ခြေခြေမြစ်မြစ်ရှိသော ထပ်မံ ကြေညာချက် သို့မဟုတ် ပေါင်းချုပ် သုံးသပ်ချက် တစ်ရပ်မျှသာ ဖြစ်နေလေပြီ။
“ကိုယ်က ခြားနားတာတစ်ခုကို လုပ်ဖို့ ရည်မှန်းခဲ့တာ”
ကျွန်မသည် သတင်းဆိုးတစ်ရပ်ကို ကြားခဲ့ရသလို အံ့အားသင့်ပြီး မယုံကြည်နိုင်အောင် ဖြစ်နေလေ တော့သည်။ တညီတညွတ်တည်း ဆုံးဖြတ်ချက်များက အောင်နိုင်နေသည်။ သို့တိုင်အောင် ကျွန်မကိုယ်ကျွန်မ ပြောနေမိသေးသည်။
“ငါ ဒီလောက်ကြီးထိ မမှားနိုင်ပါဘူး”
ကျွန်မတို့ ပါရီမြို့ အပြင်စပ်ရှိ ပန်းခြံတစ်ခုမှာ ညစာစားကြသည်။ ကျွန်မသည် နာလိုခံခက် ဖြစ်ခြင်းကို အကြီးအကျယ် ကြိုးစား ဖုံးကွယ်နေရ၏။ နောက်ဆုံးတွင် ကျွန်မက ပြောလိုက်သည်။ “အသက် ခြောက်ဆယ် ကျော်တာနဲ့ တစ်ပြိုင်နက် အဟောင်းတွေပဲ ပြန်ပြောဖို့ ပြစ်ဒဏ်ချခံနေရသလား မသိဘူးနော်”
“ဘယ်လို အယူအဆမျိုးပါလိမ့်”
“ပန်းချီဆရာတွေ၊ ဂီတစာဆိုတွေနဲ့ ဒဿနဆရာတွေတောင် အသက်ကြီးပိုင်းကျမှ အကောင်းဆုံးတွေ လုပ်ပေးသွားကြတာ အများကြီး ရှိတယ်။ စာရေးဆရာတွေထဲက တစ်ယောက်တလေများ ရှိရင် မင်း ပြောပြစမ်းပါ”
“ဗစ်တာဟူးဂိုး”
“ဟုတ်ပြီ။ နောက် ဘယ်သူရှိသေးလဲ။ မွန်တက်စကျူးဟာ “ဥပဒေသဘော” ကို ရေးခဲ့တုန်းက ငါးဆယ့်ကိုးနှစ် ပြည့်ပြီးပြီ။ ဒီ စာအုပ်ဟာ သူ့စိတ်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ စာအုပ်”
“တခြားပုဂ္ဂိုလ်တွေ ရှိဦးမှာပါ”
“စိတ်ထဲမှာ ဘယ်သူမှ မပေါ်တော့ဘူး”
“ဆရာမကလည်း စိတ်ဓာတ်ကျလို့ ဘယ်ဖြစ်မလဲ”
မာတိုင်းက အပြစ်ဆိုသော လေသံဖြင့် ပြောသည်။
“အလုပ် လုပ်တာမှာ အတက်အကျဆိုတာ ရှိမှာပေါ့။ ဒီတစ်ကြိမ်မှာ ဆရာမ ကြိုးစားတာ အပြည့်အဝ မအောင်မြင်ဘူးဆိုရင် နောက်တစ်ခါ အောင်မြင်ရမှာပေါ့”
“ခါတိုင်းကတော့ မအောင်မြင်မှုဟာ ကိုယ့်အတွက် တွန်းအားပဲ။ ဒီတစ်ခါတော့ ခြားနားသွားပြီ”
“ဘယ်လိုလဲ ဆိုတာ ကျွန်မကတော့ နားမလည်ဘူး”
“ကိုယ့်ရဲ့ အသက်အရွယ်ကြောင့်ပေါ့။ အင်ဒရေကတော့ ပြောတယ်။ သိပ္ပံပညာရှင်တွေမှဆိုရင် အသက် ငါးဆယ် မတိုင်ခင်မှာ ပြီးသွားပြီတဲ့။ စာရေးတဲ့နေရာမှာလည်း အချိန်ကို သတ်မှတ်တဲ့ အဆင့်တစ်ခု ရောက်လာ မှာပဲ”
“စာရေးတဲ့နေရာမှာတော့ အဲဒီလို မဟုတ်ဘူးလို့ ကျွန်မ ပြောရဲပါတယ်”ဟု မာတိုင်းက ဆိုသည်။
“သိပ္ပံမှာကော ...”
“ဒီအတွက် ထင်မြင်ချက်ပေးဖို့ ကျွန်မမှာ အရည်အချင်း မရှိဘူး”
ကျွန်မ အင်ဒရေ၏ မျက်နှာကို မြင်ယောင်လာသည်။ ကျွန်မ ယခု ခံစားနေရသည့် စိတ်ပျက်မှုမျိုးကို သူ ခံစားခဲ့ဖူးပြီးပြီလား။ တစ်ခါတည်း ယတိပြတ်လား၊ ပြတ်တောင်း ပြတ်တောင်းလား။
“မင်း မိတ်ဆွေတွေထဲမှာ သိပ္ပံပညာရှင်တွေ ရှိတာပဲ။ သူတို့ က အင်ဒရေကို ဘယ်လို သဘောရကြတုံး”
“သူဟာ ကြီးကျယ်တဲ့ သိပ္ပံပညာရှင် တစ်ယောက်ပဲ”
သူ အခု လုပ်နေတာတွေနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လို ထင်မြင်ယူဆကြလဲ”
“သူ့မှာ တော်တဲ့အဖွဲ့ ရှိတယ်။ လုပ်နေကြတာတွေဟာလည်း သိပ်အရေးပါတယ်လို့ ထင်မြင်ကြတာပါပဲ”
“သူ ပြောတာကတော့ အယူအဆသစ် မှန်သမျှ သူနဲ့ အတူ လုပ်နေတဲ့သူတွေဆီကချည်း လာတယ်တဲ့”
“ဒါတော့ ဟုတ်ချင် ဟုတ်မှာပေါ့လေ။ သိပ္ပံပညာရှင်တွေဟာ ဘဝရဲ့ အပွင့်လင်းဆုံး အရွယ်တွေမှာ အသစ် တွေ့ရှိချက်တွေ ရခဲ့ ကြဟန် တူတယ်။ သိပ္ပံနိုဗဲလ်ဆု အားလုံးနီးပါး လူငယ်တွေ ရကြတာပဲ”
ကျွန်မ သက်ပြင်းချလိုက်သည်။
“ဒါဆိုရင် အင်ဒရေ ပြောတာ မှန်နေပြီ။ သူ ဘာကိုမှ အသစ် ရှာတွေ့မှာ မဟုတ်တော့ဘူး”
“အနာဂတ်ကို ကြိုတင်ပြီး စိတ်ဆုံးဖြတ်ထားဖို့ မကောင်းပါဘူး”
မာတိုင်းက လေသံ ရုတ်တရက် ပြောင်းပြီး ပြောလိုက်သည်။
“အားလုံး ခြုံလိုက်ရင် ဝိသေသ အမှန်တရားတွေ အတွက်က လွဲပြီး ဘယ်ဟာမှ မတည်ရှိပါဘူး။ ယေဘုယျ ပြုချက်တွေဟာ ဘာ ကိုမှ သက်သေမထူနိုင်ပါဘူး”
“ကိုယ် အဲဒီအတိုင်း ယုံကြည်ဖို့ ကောင်းတယ်”
ဟု ကျွန်မက ပြောလိုက်ပြီးနောက် တခြားအကြောင်းအရာ များ ဆက်ပြောဖြစ်ခဲ့သည်။
ကျွန်မနှင့် ခွဲခွာသောအခါ မာတိုင်းက တုံ့ဆိုင်းစွာ ပြောသွားသည်။
“ကျွန်မ ဆရာမ စာအုပ်ကို ပြန်ဖတ်ပါဦးမယ်။ ကျွန်မ ဖတ်တာ မြန်လွန်းသွားတယ်”
“ဖတ်ပေါ့လေ။ သိပ်တော့ ထူးမှာ မဟုတ်ပါဘူး။ မင်း ပြောသလို သိပ်အရေးမကြီးပါဘူး”
“ဆရာမ စာအုပ်ကောင်းတွေ အများကြီး ရေးနိုင်ဦးမယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်”
အရေးကြီးသည်မှာ ဤကိစ္စ မဟုတ်ဟု ထင်ပါသည်။ သို့သော် သူမနှင့် အတိုက်အခံ ပြုမနေချင်တော့ပါ။
“ဆရာမ အများကြီး ငယ်ပါသေးတယ်”
သူမက ဖြည့်စွက် ပြောသေးသည်။
လူတွေက ကျွန်မကို ဤအတိုင်း ပြောတတ်ကြသည်။ ပြောတိုင်း ကျွန်မ သဘောကျမိခဲ့ပါသည်။ ယခုမူ ဤစကားသည် ကျွန်မ အတွက် စိတ်ဆိုးစရာ ဖြစ်လာပါ၏။ ဤစကားသည် အဓိပ္ပာယ် နှစ်ခွရှိသော ချီးမွမ်းစကား ဖြစ်ပြီး အလိုသို့ မလိုက်တတ်သော အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်ခြင်းသာ ဖြစ်ပါ၏။ ငယ်ရွယ်နေသေးသည် ဆိုခြင်းမှာ ထက်သန်သော စိတ်စွမ်းအင်နှင့် စိတ်၏ ရွှင်လန်းဖျတ်လတ်ခြင်းတို့ ရှိနေသည့် သဘောပင် ဖြစ်သည်။ အသက်ကြီးခြင်း၏ ကံကြမ္မာသည် ငြီးငွေ့ဖွယ် နေ့စဉ်ဘဝ အုံ့မှိုင်းမှုနှင့် မေ့မေ့ လျော့လျော့ ဖြစ်မှုတို့မျှသာ။ ကျွန်မ မငယ်တော့ပါ။ ကျွန်မသည် ကောင်းစွာ စောင့်ရှောက် ထိန်းသိမ်းထားခြင်း ဖြစ်ပါသည်။ ဤသည်မှာ လုံးဝ ခြားနားပါသည်။ ကောင်းစွာ စောင့်ရှောက် ထိန်းသိမ်းထားသည်၊ ပြီးဆုံးခြင်း သို့ကား ရောက်ရှိကောင်း ရောက် ရှိနေပါလိမ့်မည်။ ကျွန်မသည် အိပ်ဆေးနည်းနည်း သောက်ပြီး အိပ်ရာဝင်ခဲ့၏။
ကျွန်မ အိပ်ရာမှ နိုးလာသောအခါ အတော် ထူးဆန်းသည့် အခြေအနေမျိုး ဖြစ်နေသည်။ စိတ်စောနေခြင်း ထက် အဖျားဝင်ခြင်း နှင့် ပိုတူနေသည်။ ကျွန်မသည် တယ်လီဖုန်း အဝင်များကို ဖြတ်တောက် လိုက်ပြီး ကျွန်မ ရေးထားသော ရူးဆိုးနှင့် မွန်တက်စကျူး စာမူများကို ပြန်ဖတ်နေလိုက်သည်။ ကျွန်မသည် ဆယ်နာရီလောက် ကြာအောင် တောက်လျှောက် ဖတ်နေခဲ့၏။ ကြက်ဥပြုတ်နည်းနည်း နှင့် ဝက်ပေါင်ခြောက် တစ်ချပ်သာ ထစားခဲ့သည်။ ခပ်ဆန်းဆန်း အတွေ့အကြုံတစ်ရပ်ပင် ဖြစ်ပါ၏။ ကျွန်မ ကလောင်မှ မွေးဖွားလာ ပြီး မေ့လျော့ထားသော စာမျက်နှာများ အသက် ပြန်ဝင်လာကြခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ခါမှာ သူတို့ကို ကျွန်မ စိတ်ဝင်စားသွားသည်။ အခြား တစ်စုံတစ်ယောက်က ရေးထားသကဲ့သို့လည်း အံ့ဩရသည်။ သို့သော် ဝေါဟာရနှင့် ဝါကျပုံစံများ ကျွန်မ ပြန်မှတ်မိသည်။ ဤစာမျက်နှာများသည် ကျွန်မကိုယ်တိုင်၏ အဖြစ်နှင့် လုံးဝ စိုစွတ်နေကြလေသည်။ အကြာကြီး ပိတ်ထားခဲ့သည့် ကိုယ့်အိပ်ခန်း ၏ အနံ့အသက်လို ဖျားချင်ချင် ရင်းနှီး ကျွမ်းဝင်မှုမျိုး။
ကျွန်မသည် အားတင်းပြီး လမ်းလျှောက်ထွက်ခဲ့ကာ အနီးအနားရှိ စားသောက်ဆိုင်လေးမှာ ညစာ စားခဲ့သည်။ အိမ်ပြန်ရောက် သောအခါ ကော်ဖီပြင်းပြင်းကို သောက်ပြီး လက်ရှိ ဤစာအုပ်ကို ဖွင့်သည်။ ကျွန်မ စိတ်ထဲမှာတော့ အားလုံး ရှိနေပြီးပါပြီ။ နှိုင်းယှဉ် ကြည့်မှု၏ အကျိုးရလဒ်ကို ကျွန်မ ကြိုသိနေသည်။ ကျွန်မ ပြောစရာ ရှိသမျှ အကုန်လုံးကို ကျွန်မ၏ စာမူနှစ်ခုထဲမှာ ပြောထားပြီးပြီ။ ကျွန်မသည် တစ်ကျော့ ပြန်ပြော နေခြင်းမျှသာ ဖြစ်၏။ ထိုစာမူ နှစ်ခုတွင် စိတ်ဝင်စားစရာ ဖြစ်စေခဲ့သည့် အတွေးအခေါ်များကိုပင် ကျွန်မ ထပ်ပြောနေခြင်း ဖြစ်၏။
ကျွန်မ အသစ်တစ်ခု လုပ်မည်ဟု တွေးထင်ခဲ့ခြင်းမှာ စင်စစ် မိမိကိုယ်မိမိ လှည့်စားခဲ့ခြင်းသာ ဖြစ်လေသည်။ ပို၍ ဆိုးသည်မှာ ကျွန်မ သုံးစွဲခဲ့သော နည်းနိဿရည်းများကို စာကိုယ်နှင့် သီးခြား ခွဲထုတ် လိုက်သည့်အခါ တိကျမှုနှင့် ပျော့ပျောင်းမှု ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ကျွန်မသည် ဘာကိုမှ အသစ် မထုတ်လုပ်ခဲ့။ ဘာဆို ဘာမှ မဆန်းသစ်ခဲ့။ ဒုတိယတွဲသည် ပို၍ပင် အီကာ အိုင်ကာ ရှည်လျားနေဦးမည်ဟု ကျွန်မ သိနေသည်။ ဒီမှာ အဖြေပေါ်လာသည်။ ကျွန်မသည် ဘာမှ အသုံးမကျသော စာအုပ်တစ်အုပ်ကို ရေးရင်း သုံးနှစ် အချိန်ကုန်ခဲ့၏။ အချို့ အချို့သော မအောင်မြင်မှုများ ကဲ့သို့ပင် မဟုတ်။ ထိုမအောင်မြင်မှုများသည် မိုက်မဲသော အမှားများ ပါရှိနေသည့်တိုင် လတ်ဆတ်သော အမြင်များ ဖွင့်လှစ် ပြသခဲ့သေးသည်။ အခုဟာက အသုံးမကျတာ။ မီးရှို့ပစ်ဖို့သာ ကောင်း တော့သည်။
အနာဂတ်ကို ကြိုတင်ပြီး စိတ်မဆုံးဖြတ်ပါနှင့်တဲ့။ ပြောရတာ လွယ်ပါသည်။ အနာဂတ်ကို ကျွန်မ မြင်နိုင်ပါသည်။ အနာဂတ်သည် ကျွန်မရှေ့မှာ ဟာလာဟင်းလင်း မျက်စိတစ်ဆုံး ဖြန့်ကြက် နေလေသည်။ အစီအစဉ် မရှိ။ လိုအင်ဆန္ဒ မရှိ။ ကျွန်မ စာမရေးသင့်တော့။ ဒါဆိုလျှင် ဘာလုပ်ရမည်လဲ။ ကျွန်မ၏ ကိုယ်တွင်းထဲမှာ၊ ဘေးပတ်လည်မှာ ဟာလာဟင်းလင်း။ ဂရိလူမျိုးတွေက သက်ကြီး ရွယ်အိုတွေကို “ပဆုပ်ပနီ”ဟု ခေါ်သည်။ ဟီကူးဘားက “ထရိုဂျင် မိန်းမ” ထဲတွင် သူမကိုယ်သူမ “အသုံးမကျတဲ့ ပဆုပ်ပနီ”ဟု ခေါ် ခဲ့သည်။ ကျွန်မသည် ဤအတိုင်း ဖြစ်နေပါ၏။ ကျွန်မ ကွဲအက် သွားခဲ့ပြီ။ ကိုယ့်အတွင်းထဲမှာ မျှော်လင့်စရာ ဘာမှ မရှိတော့သော သူများ အဘယ်ကဲ့သို့ အသက်ရှင် နေနိုင်ကြပါလိမ့်ဟု ကျွန်မ တွေး ကြည့်မိသည်။
ကျွန်မသည် မာနခံနေသောကြောင့်ပင် သတ်မှတ်ထားသည့် ရက်ထက် စောပြီး မသွားခဲ့။ အင်ဒရေ ကိုလည်း တယ်လီဖုန်းမှ ဘာမှ ပြောမထားခဲ့။ သို့သော် နောက်ဆက်တွဲ သုံးရက်တာသည် ကျွန်မ အတွက်တော့ အလွန်ပင် ရှည်လျားခဲ့ပါ၏။ ဓာတ်ပြားတွေက ဆေးရောင် တောက်ပသော အိတ်တွေထဲမှာ ရှိနေကြပြီး စာအုပ်များက လည်း စင်တွေပေါ်မှာ အစီအရီ။ ဂီတရော စာလုံးများပါ ကျွန်မ အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ကြ။ အရင်တုန်းက ဆိုလျှင်တော့ ဉာဏ်သစ်ပေါ်ရန်၊ သို့မဟုတ် အနားရရန် သူတို့ကို သုံးခဲ့မြဲ ဖြစ်သည်။ ယခုတော့ သူတို့သည် လမ်းလွှဲနေခြင်းမျှသာ ဖြစ်နေသည်။ ယင်း၏ မအပ်စပ် မဆီလျော်မှုသည် ကျွန်မကို နာဖျားစေ လေသည်။
ပြပွဲတစ်ပွဲ သွားကြည့်ရမည်လား၊ လုဗ် ပန်းချီပြတိုက်ကို သွားရမည်လား။ ကျွန်မသည် အားလပ်ချိန်များ မရရှိခင်တုန်းက ထိုနေရာများကို စိတ်နှင့်သာ တမ်းတနေခဲ့ရ၏။ သို့သော် လွန်ခဲ့သော ဆယ်ရက်က ဘုရားရှိခိုး ကျောင်းနှင့် ရဲတိုက်ထဲမှာ ကျွန်မ မြင်ခဲ့သမျှသည် ကျောက်တုံးပုံမျှသာ ဖြစ်လေရာ ယခုဆိုလျှင် ပို၍ ဆိုးပေတော့မည်။ ပန်းချီ ကင်းဗတ်စများထဲမှ ကျွန်မဆီသို့ ဘာမှ ရောက်လာမည် မဟုတ်။ ကျွန်မအတွက် ပန်းချီကားများသည် ဘူးထဲမှ ညှစ်ထုတ်ထားသော ဆေးများကို စုတ်တံနှင့် အဝတ်စပေါ် လျှောက်သုတ်ထားခြင်း မျှသာ ဖြစ်လိမ့်မည်။ လမ်းလျှောက်ရတာ ကိုလည်း ကျွန်မ ပျင်းပြီ။ ဒါကို ကျွန်မ တွေ့ရှိခဲ့၏။ ကျွန်မ မိတ်ဆွေများ ကလည်း အားလပ်ရက်မို့ အဝေးရောက် နေကြသည်။ သူတို့ထံမှ ရိုးသားမှုကိုရော ဟန်ဆောင်မှု ကိုပါ ကျွန်မ မလိုချင်။ ဖီးလစ်၊ သူ့အကြောင်း ကျွန်မ ဘယ်မျှ စိတ်မကောင်းဖြစ်ခဲ့ရပါသလဲ၊ ဘယ်မျှ နာကျင်ခဲ့ရပါသလဲ။ ကျွန်မ သူ့ပုံရိပ်ကို ဘေးဖယ်ထုတ်လိုက်သည်။ ထိုပုံရိပ်သည် ကျွန်မ မျက်လုံးများကို မျက်ရည် ပြည့်လျှမ်းစေခဲ့၏။
ကျွန်မသည် တွေးတောရင်း အိမ်မှာ နေနေခဲ့၏။ ရာသီက အလွန် ပူပြင်းသည်။ နေကာများ ချထားသည့်တိုင် ကျွန်မမှာ မွန်းကျပ်နေသည်။ အချိန်သည် စီးဆင်းမှု ရပ်ဆိုင်းနေခဲ့၏။ အချိန်သည် မြန်လွန်းခြင်း၊ နှေးလွန်းခြင်း နှစ်မျိုးစလုံးဖြင့် သွားနေနိုင်ခဲ့သဖြင့် ကြောက်မက်ဖွယ်ရာပင် ဖြစ်နေပါ၏။ ဤသို့ ပြောခြင်းမှာ တရားမျှတမှု မရှိဟုတော့ ထင်ပါသည်။ ကျွန်မသည် ကောလိပ်ကျောင်း ဂိတ်ပေါက်မှ ဖြတ်လျှောက် ခဲ့၏။ ကျွန်မသည် တပည့်များကဲ့သို့ပင် ငယ်ရွယ်ကာ အသက်ကြီးကြီး ဆံပင်ဖြူဖြူ ဆရာကြီးများကို သနားကရုဏာဖြင့် ကြည့်နေခဲ့၏။ ဖျတ်ခနဲ လင်းလက်သွားသည်။ ကျွန်မ ကိုယ်တိုင် ဆရာအိုကြီး ဖြစ်သွားသည်။ ကောလိပ်ကျောင်း တံခါးသည် ကျွန်မ နောက်မှာ ပိတ်သွားပြီ။ နှစ်ပေါင်း နှစ်ပေါင်းများစွာ ကြာအောင်ပင် ကျွန်မ၏ တပည့်များကြောင့် ကျွန်မ၏ အသက် အပြောင်းအလဲ မရှိဟု ထင်ခဲ့ရသည်။ စာသင်နှစ် အစတိုင်းမှာပင် သူတို့ကို ကျွန်မ တွေ့နေခဲ့ရသည်။ အစဉ်သဖြင့် နုပျိုနေဆဲ။ ကျွန်မ သည် မပြောင်းလဲသော ဤအခြေအနေတွင် အသားကျနေခဲ့၏။
အချိန်ကာလ၏ ကြီးကျယ်သော ပင်လယ်ပြင်ထဲ၌ ကျွန်မ သည် အဆက်မပြတ် အသစ်အသစ် ပေါ်လာနေသော လှိုင်းများ၏ ရိုက်ပုတ်ခြင်းကို ခံနေခဲ့ရသော ကျောက်ဆောင် ဖြစ်ခဲ့သည်။ မရွေ့လျား မကွဲအက်သော ကျောက်ဆောင်။ ထို့နောက် ဒီရေသည် ရုတ်တရက် ကျွန်မအား အဝေးရပ်သို့ သယ်ဆောင် သွားခဲ့၏။ မရဏမှာ ငြိကပ် သောင်တင်သွားချိန်အထိ ကျွန်မအား ဆက်လက် သယ်ဆောင်သွားလိမ့်မည်။ ကျွန်မ၏ ဘဝသည် နိဂုံးကမ္ပတ် အဆုံးသတ်သို့ အဆောတလျင် ကြေကွဲစွာ ပြေးသွားနေလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် ဖြည်းညင်းစွာ ယိုစီးကျနေသည်။ လက်ရှိအချိန်မှာ တစ်နာရီပြီး တစ်နာရီ၊ တစ်မိနစ်ပြီး တစ်မိနစ် အလွန့်အလွန် နှေးကွေးလှစွာဖြင့်။ တစ်စုံတစ်ယောက်သည် သကြား အရည်ပျော်တာ၊ မှတ်ဉာဏ် သေဆုံးသွားတာ၊ အမာရွတ် ဖုံးသွားတာ၊ နေဝင် သွားတာ၊ မပျော်ရွှင်နိုင်မှု မှေးမှိန် ကွယ်ပျောက်သွားတာကိုတော့ စောင့်ဆိုင်းရပေလိမ့်မည်။ ရစ်သမ် နှစ်မျိုး၏ ထူးဆန်းသော ထုံးတမ်း မညီမျှမှု။ ကျွန်မ၏ နေ့ရက်များသည် ကျွန်မထံမှ ကဆုန်စိုင်း ပြေးထွက်နေကြသည်။ သို့သော် တစ်ရက်ချင်းစီ၏ ရှည်လျားသော ဆွဲဆန့်မှုသည် ကျွန်မကို ပင်ပန်း နွမ်းရိစေပါသည်။
ကျွန်မမှာ မျှော်လင့်စရာ တစ်ခုသာ ကျန်တော့သည်။ အင်ဒရေ။ သို့သော် ကျွန်မ၏ အတွင်းလပ်ဟာမှုကို သူက ဖြည့်ပေးနိုင် ပါမည်လား။ ကျွန်မတို့၏ ဆက်ဆံမှု ဘယ်မှာ ရပ်တည်နေသလဲ။ အရင်ဆုံးအားဖြင့် ကျွန်မတို့သည် တစ်ယောက်အတွက် တစ်ယောက် က ဘာဖြစ်ခဲ့ပါသလဲ။ အတူတကွ ဘဝဟု ခေါ်သည့် ဤဘဝတာ တစ်လျှောက်လုံးမှာလေ။ ဤကိစ္စနှင့် ပတ်သက်ပြီး လိမ်ညာမှု မပါဘဲ ကျွန်မ စိတ်ဆုံးဖြတ်ချင်သည်။ ဤသို့ လုပ်ရန်အတွက် ကျွန်မ တို့၏ ဘဝဇာတ်ကြောင်းကို အစက ပြန်ကောက်ရလိမ့်မည်။ ဤသို့ လုပ်သင့်သည်ဟု ကျွန်မကိုယ်ကျွန်မ အမြဲတမ်း ကတိပြုထားခဲ့သည်။
ကျွန်မ ကြိုးစားခဲ့ပါသည်။ လက်တင် ကုလားထိုင်မှာ မြုပ်နေအောင် ထိုင်ရင်း မျက်နှာကြက်ကို ကြည့်လျက် ကျွန်မတို့ စတွေ့ ခဲ့ကြပုံ၊ လက်ထပ်ခဲ့ကြပုံ၊ ဖီးလစ် မွေးလာပုံတို့ကို ပြောကြည့်သည်။ ကျွန်မ မသိသေးတာ ဘာမှမရှိကြောင်း တွေ့ရသည်။ ဘယ်လောက်များ ဆင်းရဲ မွဲတေလိုက်ပါသလဲ။ “ကုန်လွန်သွား သော အချိန်၏ ကန္တာရ”ဟု ရှာတူဘရင်းက ပြောဖူးသည်။ သူ မှန်လှချေတကား။ ကျွန်မ၏ နောက်ကွယ်မှာ ရှုမျှော်ခင်းကားတစ်ချပ် ရှိသည်။ ထို ရှုခင်းထဲတွင် ကျွန်မ ကြိုက်သလို လှည့်ပတ် သွားလာနိုင်သည်။ အကွေ့ အဝိုက်တွေ ဖုံးကွယ်နေသော တောင်ကြားတွေထဲ စူးစမ်း ကြည့်နိုင်သည်ဟူသော ယေဘုယျ အယူအဆမျိုး ကျွန်မမှာ ရှိခဲ့ဖူးသည်။ မဟုတ်။ ကျွန်မသည် နာမည်တွေ၊ နေ့စွဲတွေ ပြန်ရွတ်နိုင်ပါ၏။ ဘာသာရပ်ကို ဘာမှ နားမလည်ဘဲ အလွတ် ကျက်ထားသော စာကို ပြန်ရွတ်နိုင်သည့် ကျောင်းသားလေး တစ်ယောက်သဖွယ်သာ ဖြစ်ပါလိမ့်မည်။
ကြာမြင့်သော ကြားဖြတ် ကာလများတွင်တော့ နွမ်းလျ မှုန်ရီသော နိမိတ်ပုံများ ပေါ်လာကြသည်။ ကျွန်မ၏ ပြင်သစ်သမိုင်း ဟောင်းလို စိတ္တဇဆန်ဆန် ပေါ်လာကြခြင်း ဖြစ်သည်။ သူတို့သည် အဖြူရောင် နောက်ခံကား ပေါ်တွင် ပေါ်ချင်သလို ပေါ်လာကြသည်။ အတိတ်ကို ပြန်ပြောင်း အောက်မေ့မှု တစ်လျှောက်လုံး တွင် အင်ဒရေ ၏ မျက်နှာကတော့ အပြောင်းအလဲ မရှိ။ ကျွန်မ ရပ်နားလိုက်သည်။ ကျွန်မ လုပ်စရာရှိသည်မှာ ပြန်လည်စဉ်းစားဖို့ပင်။ ကျွန်မ သူ့ကို ချစ်သလို သူ ကျွန်မကို ချစ်ခဲ့ပါ သလား။ အစပိုင်းမှာ သူ ချစ်ခဲ့သည် ဟု ထင်သည်။ သို့တည်းမဟုတ် ကျွန်မတို့သည် အတူတကွ အလွန် ပျော်ရွှင်နေခဲ့ကြသည့်အတွက် ဤမေးခွန်းသည် ဘယ်သူ့အတွက်မှ မပေါ်ပေါက်ခဲ့။ သို့သော် သူ့လုပ်ငန်းမှာ သူ စိတ်ကြိုက် မဖြစ်သော အခါ ကျွန်မတို့၏ အချစ်သည် သူ့အတွက် လုံလောက်မှု မရှိဟု သူ ကောက်ချက် ဆွဲခဲ့လေသလား။ ထိုအချစ်ကို သူ စိတ်ပျက်သွား လေသလား။
သူသည် ကျွန်မကို သင်္ချာကိန်းသေတစ်ခုအဖြစ် ကြည့်မြင်ခဲ့သည်ဟု ထင်သည်။ ထိုကိန်းသေ ကွယ်ပျောက် သွားလျှင် သူ အလွန်တရာ ချောက်ချားသွားမည် ဖြစ်သော်လည်း သူ့ကံကြမ္မာမှာတော့ အပြောင်းအလဲ ရှိလိမ့်မည် မဟုတ်။ အဘယ့်ကြောင့်ဆိုသော် တကယ့် အရေးကြီးမှုသည် အခြားတစ်နေရာမှာ ကိန်းအောင်းနေ သောကြောင့် ဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင်တော့ ကျွန်မ၏ နားလည်မှုသည် သူ့အတွက် များစွာ အထောက်အကူပြုမည် မဟုတ်။ အခြား မိန်းမတစ်ယောက်ကများ သူ့အတွက် အထောက်အကူ ဖြစ်နေပြီ လား။ ကျွန်မတို့ကြားမှာ အဆီးအတားကို ဘယ်သူက ခြားခဲ့တာလဲ။ သူလား၊ ကျွန်မလား၊ နှစ်ယောက်စလုံးလား။ ဒါကို ဖယ်ရှားပစ်ဖို့ ဖြစ်နိုင်ခြေ ရှိသေးသလား။ ကျွန်မကိုယ်ကျွန်မ မေးခွန်းတွေ ထုတ်ရခြင်းဖြင့် ပင်ပန်းလာပြီ။ ကျွန်မ စိတ်ထဲမှာ စကားလုံးတွေ အပိုင်းပိုင်း အစိတ်စိတ် ဖြစ်သွားကြသည်။ အချစ်၊ နားလည်မှု၊ သဘောကွဲလွဲမှု။ ယင်းတို့သည် အဓိပ္ပာယ်မပါသော အသံများသာ ဖြစ်ကြ၏။ အရင်ကကော သူတို့မှာ အဓိပ္ပာယ် ရှိခဲ့လို့လား။ မွန်းလွဲ စောစောပိုင်းမှာ အမြန်ရထားတွဲထဲသို့ ကျွန်မ လှမ်းဝင်ခဲ့စဉ်က ကျွန်မ ဘာတွေ့မည်ဟူ၍ ဘာစိတ်ကူးမှ မရှိခဲ့။
(၅)
သူသည် ကျွန်မကို ပလက်ဖောင်းပေါ်မှ စောင့်နေ၏။ စိတ်ကူး နိမိတ်ပုံတွေ၊ စကားလုံးတွေ၊ ခန္ဓာမဲ့ အသံတွေ အပြီးမှာ ရုတ်ခြည်း ကိုယ်ထင်ပြမှုကို မြင်လာရလေသည်။ နေလောင်ထားသည်။ ပိန်သွားသည်။ ဆံပင်ကို တိုအောင် ညှပ်ထားသည်။ ချည်ဘောင်းဘီရှည်နှင့် လက်တိုအင်္ကျီ ဝတ်ထားသည်။ သူသည် ကျွန်မ နှုတ်ဆက်ခဲ့သည့် အင်ဒရေနှင့် သိပ်မတူ။ သို့သော် သူတော့ သူပင် ဖြစ်ပါသည်။ ကျွန်မ၏ ဝမ်းသာမှုမှာ အတုအယောင် မဖြစ်နိုင်ပါ။ ထိုဝမ်းသာမှုသည် ခေတ္တခဏတာအတွင်း ဘာမှမဟုတ်ခြင်းအဖြစ်သို့ လျှောကျ မသွားနိုင်ပါ။ သူသည် အကြင်နာဆုံး အမူအရာဖြင့် ကျွန်မကို ကားထဲမှာ ထိုင်စေပါသည်။ ဗီလီနူးသို့ သွားနေစဉ် အတွင်း သူ၏အပြုံးမှာ ကရုဏာပါပါသည်။ သို့သော် ကျွန်မတို့သည် တစ်ဦးကိုတစ်ဦး အလွန်ချိုသာစွာ ပြောတတ်သည့်အကျင့် ဖြစ်နေသဖြင့် လုပ်ရပ်များကိုရော အပြုံးများပါ အဓိပ္ပာယ်အများကြီး မဆောင်တော့ပါ။ သူ ကျွန်မကို ပြန်တွေ့ရသဖြင့် အမှန်တကယ်ပင် ဝမ်းသာနေပါရဲ့ လား။
အဘွားကြီး မန်နေးက ကျွန်မ ပခုံးကို ကိုင်ပြီး နဖူးကို နမ်းသည်။
“မင်း ရောက်လာပြီပေါ့နော်။ ချစ်တဲ့ ကလေးရေ”
သူမ ကွယ်လွန်သွားပြီဆိုရင် ကျွန်မကို ကလေးဟု ခေါ်မည့် သူ မရှိတော့ပါ။ ကျွန်မသည် သူမနှင့် စတင် တွေ့ဖူးခဲ့ချိန်ကနှင့် စာလျှင် ဆယ့်ငါးနှစ်ပိုပြီး အိုစာသွားပြီ ဆိုခြင်းကို လက်ခံရန် ခက်နေပါသည်။ ထိုစဉ်က အသက် လေးဆယ့်ငါးနှစ် ရှိခဲ့သော သူမသည် ယခုလောက်ပင် ကြီးရင့်သည်ဟု ကျွန်မ ထင်မြင်ခဲ့လေသည်။
(၆)
ကျွန်မသည် ပန်းခြံထဲမှာ အင်ဒရေနှင့်အတူ ထိုင်နေ၏။ နေရောင်ပြင်းပြင်း ခံထားရသော နှင်းဆီပင် များသည် ညည်းချင်း တစ်ပုဒ်သဖွယ် နှလုံးသား ထိခိုက်စေသော ရနံ့တစ်မျိုးကို ထုတ်ပေး နေသည်။ ကျွန်မက သူ့ကို ပြောလိုက်သည်။
“ရှင် ငယ်သွားတယ်”
“ကျေးလက်ဘဝဆိုတာ ဒါပဲ။ မင်းကတော့ကော ဘယ်လိုလဲ”
“လူကတော့ နေကောင်းပါတယ်။ ကျွန်မ စာအုပ်ဝေဖန်ချက် တွေ တွေ့ပြီးပြီလား”
“တချို့တလေလောက်ပါပဲ”
“ကျွန်မ စာအုပ် ဘာမှ တန်ဖိုးမရှိတာ ရှင် ဘာလို့ ကြိုမပြောတာလဲ”
“ဒါကတော့ မင်း ပုံကြီးချဲ့တာပါ။ အခုစာအုပ်က မင်း ထင်သလို တခြားစာအုပ်တွေနဲ့ သိပ်တော့ မခြားနားပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားစရာတွေ အများကြီး ပါပါတယ်”
“ရှင့်အတွက် စိတ်ဝင်စားစရာ သိပ်ကောင်းမှာ မဟုတ်ပါဘူး”
“ဪ ... ကိုယ့်အနေနဲ့ ပြောရရင်တော့ ဘယ်ဟာကမှ ကိုယ့်ကို နှောင်ဖွဲ့မထားတော့ဘူးလေ။ ကိုယ်ဟာ ကမ္ဘာပေါ်မှာ အညံ့ဆုံး စာဖတ်သမားပဲ”
“မာတိုင်းကတော့ မကောင်းဘူးလို့ မြင်တယ်။ ကျွန်မလည်း အခုမှ စိတ်ထဲမှာ ပြန်စဉ်းစားကြည့်မိတာ။ ဒီတော့ မကောင်းဘူး လို့ပဲ မြင်လာပြီ”
“မင်းက သိပ်ခက်ခဲတာ တစ်ခုကို ကြိုးစားခဲ့တာပဲ။ နည်းနည်းပါးပါး တိမ်းတာချော်တာ ရှိမှာပေါ့။ အခုဆိုရင် မင့်လမ်းကို မင်း ရှင်းရှင်းလင်းလင်း မြင်ရပြီ။ ဒုတိယတွဲမှာ လမ်းကြောင်း ပြန်တည့်နိုင်မှာပါ”
“ဟင့်အင်း ... တော်ပါပြီ။ စာအုပ်ရဲ့ အယူအဆပိုင်းကိုက မှားနေတာ။ ဒုတိယတွဲ ဆက်နေရင်လည်း ပထမတွဲလို ညံ့မှာပါပဲ။ ကျွန်မ လက်လျှော့လိုက်ပြီ”
“ဒါကတော့ မင်း အလျင်စလို ဆုံးဖြတ်တာပဲ။ မင်း လက်ရေး မူကြမ်း ကိုယ် ဖတ်ကြည့်ပါရစေဦး”
“အခု ယူမလာခဲ့ဘူး။ မကောင်းမှန်း ကျွန်မ သိပါတယ်။ ကျွန်မ ပြောတာ ယုံ”
သူက ကျွန်မကို နားမလည်နိုင်သော အကြည့် ကြည့်သည်။ ကျွန်မ လွယ်လွယ်ကူကူ စိတ်ဓာတ်ကျ တတ်မှန်း သူ သိသည်။
“ဒါဆို အဲဒီအစား မင်း ဘာလုပ်မလဲ”
“ဘာမှ မလုပ်ဘူး။ ကျွန်မ အလုပ် နှစ်နှစ်လောက် ပြတ်သွားတယ် ထင်တယ်။ အခု ရုတ်တရက်ကြီး ဟာလာဟင်းလင်းကြီး ဖြစ် သွားပြီ”
သူက ကျွန်မ လက်ကို ဖိကိုင်သည်။
“မင်း စိတ်လှုပ်ရှားနေတာ ကိုယ် သိပါတယ်။ ဒါပေမဲ့ ပြင်း ပြင်းထန်ထန် မခံယူပါနဲ့။ လောလောဆယ် ဟာလာဟင်းလင်း ဖြစ်နေတယ်ဆိုတာ လိုအပ်ချက်အရပါ။ တစ်ရက်ရက် ကျရင်တော့ စိတ်ကူးတစ်ခု ရလာပါ လိမ့်မယ်”
“သူများအတွက်ဆိုရင် အကောင်းမြင်ရတာ လွယ်ပါတယ်”
သူက စကားတွေ ဆက်ပြောသည်။ သူ့လိုအပ်ချက်မှာ ဒါပင် ဖြစ်သည်။ သူသည် စာရေးဆရာများ အကြောင်း ပြောနေ၏။ ဆွေးနွေးရလျှင်တော့ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်။ သို့သော် ကျွန်မ ရေးထားသည့် ရူးဆိုးနှင့် မွန်တက်စကျူး တို့ကို အစအဆုံး တစ်ခေါက် ပြန်ပြောနေလျှင်လည်း ဘာများ အကျိုးထူးဦးမည်နည်း။ ကျွန်မသည် ရှုထောင့်သစ်တစ်ရပ် တွေ့ရှိခဲ့ချင်၏။ သို့သော် မတွေ့ရှိခဲ့။ အင်ဒရေ ပြောဖူးတာတွေ အမှတ်ရ မိသည်။ သူ ပြောသည့် ခုခံမှုများ ဆိုသည် တို့ကို ကျွန်မမှာလည်း တွေ့ရှိလာနေသည်။ ပြဿနာတစ်ရပ်ကို ကျွန်မ ချဉ်းကပ်ပုံ၊ ကျွန်မ စိတ်ဓာတ်၏ အလေ့အကျင့်၊ အရာကိစ္စ များအပေါ် ကျွန်မ ကြည့်ရှုပုံ၊ အမှန်ဟု ကျွန်မ ရှာဖွေခဲ့သည့် အရာ။ ဒါတွေ အားလုံးသည် ကျွန်မကိုယ်တိုင် ဖြစ်သည်။ ဒါတွေကို ပြောင်းလဲ၍ ရမည် မထင်။ ကျွန်မ၏ စာပေလုပ်ငန်းမှာ ပြီးဆုံးသွားပြီ။ ဤအချက်သည် ကျွန်မ၏ မာနကို ဒဏ်ရာ မရစေခဲ့ပါ။ ထိုညကသာ ကျွန်မ သေဆုံးသွားခဲ့လျှင် ကျွန်မ၏ အအောင်မြင်ဆုံးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်မည်ဟု ထင်ပါသည်။ သို့သော် မရဏတရား မဆိုက်ရောက်မချင်း ကျွန်မအား တရွတ်တိုက် ဆွဲခေါ်သွားနေဦးမည်။ ကန္တာရလွင်ပြင်ကိုတော့ ကြောက်သည်။ ညစာစားနေစဉ်အတွင်း မျက်နှာမပျက်မိအောင် ကြိုးစားနေရသည်။ ကံကောင်းချင်တော့ မန်နေးနှင့် အင်ဒရေတို့ သားအမိသည် တရုတ်-ဆိုဗီယက် ဆက်ဆံရေးနှင့် ပတ်သက်ပြီး စိတ်ဝင်တစား ဆွေးနွေးငြင်းခုံနေကြလေသည်။
ကျွန်မ စောစီးစွာပင် အိပ်ရာဝင်ခဲ့သည်။ ကျွန်မ အခန်းမှာ ရေမွှေးပန်းနံ့၊ ထင်းရှူးနံ့တို့ သင်းနေသည်။ ဤနေရာမှ ထွက်ခွာခဲ့တာ မနေ့ကမှဟု ထင်ရသည်။ တစ်နှစ်တိတိပင် ရှိသွားလေပြီ။ တစ်နှစ်စီတိုင်းသည် အရင်နှစ်ကထက် ပိုမြန်လာနေသည်။ ထာဝရ အိပ်စက်ရန်အတွက် ကျွန်မ အကြာကြီးစောင့်ရန် မလိုတော့ပါ။ သို့သော် နာရီများ နှေးကွေးလှတာကို သိနေသည်။ ဘဝကို ကျွန်မ အင်မတန် ခုံမင်ပါသည်။ သေခြင်းဆိုသော အတွေးမှာ ဖြေသိမ့်မှု တစ်ခုသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျွန်မ အိပ်ပျော်ပါသည်။ ကျေးလက်ဒေသ၏ ဆိတ်ငြိမ်မှုမှာ အေးဆေးစွာ အိပ်စက်ခဲ့ပါသည်။
“မင်း အပြင် သွားချင်သလား”
နောက်တစ်နေ့ မနက်တွင် အင်ဒရေက ကျွန်မကို မေးသည်။
“သွားမှာပေါ့”
“မင်းကို ကိုယ် တွေ့ထားတဲ့ နေရာကလေးတစ်ခု လိုက်ပြမယ်။ ဂတ် ကမ်းခြေပေါ်မှာ။ ရေချိုးရအောင် ပစ္စည်းတွေ ယူခဲ့”
“ကျွန်မ ပါမလာဘူး”
“မန်နေးက ငှားမှာပါ။ မင်း သဘောကျမှာပါ”
ကျွန်မတို့ ဖုန်ထူသော တောလမ်းကလေးအတိုင်း ကားမောင်း လာခဲ့ကြသည်။ အင်ဒရေက စကားတွေ အဆက်မပြတ် ပြောလာသည်။ သူသည် နှစ်ပေါင်းများစွာအတွင်း ဤမျှ ကြာမြင့်အောင် အဝေးမှာ မနေဖူးခဲ့။ ယခု သူသည် ကျေးလက်ဒေသ တစ်ခွင်လုံးကို ပြန်စူးစမ်းရန် အချိန်ရနေသည်။ ငယ်သူငယ်ချင်းများနှင့်လည်း တွေ့နေသည်။ သူသည် ပါရီမှာ နေရသည်ထက် ပိုပြီး သိသိသာသာ နုပျို ရွှင်လန်းနေပုံ ရလေသည်။ ကျွန်မ မရှိသည့်အတွက် သူ့မှာ ဘာမှမဖြစ်မှန်း ထင်ရှားသည်။ ကျွန်မ မရှိဘဲ ဘယ်လောက် ကြာအောင်ထိ သူ ဆက်ပြီး ရွှင်ရွှင်လန်းလန်း နေနိုင်မည်လဲ။
သူ ကားရပ်လိုက်သည်။
“ဟောဟိုက စိမ်းစိမ်းအကွက်ကို မြင်လား။ အဲဒါ ဂတ်ပဲ။ ရေဝေချိုင့်ဝှမ်းဖြစ်နေတာ။ ရေချိုးလို့ သိပ်ကောင်းတာ။ အဲဒီနေရာ ကိုယ်နှိုက်က ကြည်နူးစရာလေး”
“မဝေးလွန်းဘူးလား။ ကျွန်မတို့ ပြန်တက်ရဦးမှာပေါ့”
“မဖြစ်လောက်ပါဘူး။ ကိုယ်ဖြင့် ခဏခဏ သွားနေတာ”
သူသည် တောင်စောင်းမှ ဆင်းသွား၏။ ခြေက မြဲပြီး မြန်လည်း မြန်သည်။ ကျွန်မ သူ့နောက် အဝေးကြီးမှ ထိန်းရင်း၊ လဲရင်း၊ ထရင်း လိုက်ရသည်။ ကျွန်မ အရွယ်မှာ လိမ့်ကျပြီး အရိုးတစ်ချောင်း ကျိုးသွားလျှင် အခက်။ အတက်မှာ မြန်မြန်တက်နိုင်သော်လည်း အဆင်း မှာ မပိုင်နိုင်။
“မလှဘူးလား”
“သိပ်လှတာပဲ”
ကျောက်ဆောင်အရိပ်တစ်ခုမှာ ကျွန်မ ထိုင်နေသည်။ ရေတော့ ဆင်းမချိုးဖြစ်ပါ။ အင်ဒရေ၏ ရှေ့မှာပင် ရေကူးဝတ်စုံ ဝတ်ရမှာ ကျွန်မ မလိုလား။ သူ ရေထဲ ကူးခတ်နေတာကို ကြည့်ပြီး လူအို ခန္ဓာကိုယ် ဖြစ်နေပြီဟု ကျွန်မကိုယ်ကျွန်မ ပြောမိသည်။ စိမ်းသော ရေပြင်၊ ပြာသော ကောင်းကင်နှင့် ဒက္ခိဏ တောင်ကုန်းများ၏ ရနံ့။ ကျွန်မလည်း ပါရီမှာ နေရသည်ထက် ဒီမှာ နေရတာက ပိုကောင်း လိမ့်မည်။ သူကသာ တိုက်တွန်းလျှင် ကျွန်မ စောစော လာခဲ့သင့် သည်။ သို့သော် သူက ထိုသို့ မဖြစ်စေချင်။
သူသည် ကျွန်မနံဘေး ကျောက်စရစ်ခဲပြင်မှာပင် ဝင်ထိုင်သည်။
“မင်း ဆင်းပြီး ရေချိုးပါလား။ သိပ်ကောင်းတာပဲ”
“ဒီမှာ နေရတာကိုပဲ ပျော်ပါတယ်”
“မေမေ့ကို မင်း ဘယ်လိုသဘောရလဲ။ အံ့ဩစရာ ကောင်း တယ်နော်၊ ဟုတ်လား”
“အံ့ဩစရာပါပဲ။ သူ တစ်နေကုန် ဘာတွေ လုပ်နေသလဲ”
စာတွေ အများကြီး ဖတ်တယ်။ ရေဒီယို နားထောင်တယ်။ ကိုယ်က ရုပ်မြင်သံကြား ဝယ်ပေးမယ်လို့ ပြောသားပဲ။ သူက လက်မခံဘူး။ သူ ပြောတာက “ငါ့အိမ်ထဲကို ဘယ်သူမှ အဝင်မခံချင်ဘူး” တဲ့။ သူ ဥယျာဉ်စိုက်တယ်။ သူ့ကလာပ်စည်း အစည်းအဝေးတွေ သွားတက်တယ်။ သူ ပြောသလို ပြောရရင် သူ ဘယ်တော့မှ မတွေဝေဘူးတဲ့”
“ခြုံလိုက်ရင် သူ့ဘဝအတွက် အကောင်းဆုံးအချိန် ဖြစ်မှာပဲ”
“ဟုတ်တာပေါ့။ အိုကံ ကောင်းတယ်လို့ ပြောရမှာပဲ။ သူများတွေအတွက် အနည်းနဲ့ အများ လုပ်ကိုင် ပေးခဲ့ပြီးတဲ့ တတိယအရွယ် ပေါ့လေ”
ကျွန်မတို့ ပြန်တက်လာကြသောအခါ နေအတော်ပူနေသည်။ လမ်းသည် အင်ဒရေ ပြောသည်ထက် ပို၍ရှည်လျား ကြမ်းတမ်းနေလေသည်။ သူက ခြေလှမ်းကျဲကြီးများနှင့် တက်သွားသည်။ ယခင်က ပျော်ပျော် ပါးပါး တောင်တက်တတ်ခဲ့သော ကျွန်မမှာ အဝေးကြီး ကျန်ရစ်သည်။ အတော်ပင် စိတ်ညစ်စရာ ကောင်းသည်။ နေရောင် က ခေါင်းပေါ်တည့်တည့်မှာ ပူနေသည်။ အချစ်နာကျနေသော ပုစဉ်း ရင်ကွဲ၏ သေအံ့မူးမူး ဝေဒနာ အော်သံက နားထဲမှာ စူးရှလှသည်။ ကျွန်မ မောပန်းလာသည်။
“ရှင် သွားတာ မြန်လွန်းတယ်”
“မင်း ဖြည်းဖြည်း လိုက်ခဲ့လေ။ ကိုယ် ထိပ်က စောင့်နေမယ်”
ကျွန်မ ချွေးတွေ စိုရွှဲပြီး ရပ်နားနေရသည်။ ပြီးမှ တစ်ဖန် ဆက်ရပြန်သည်။ နှလုံးနှင့် အသက်ရှူနှုန်းကို ကျွန်မ မထိန်းနိုင်တော့။ ခြေထောက်တွေကလည်း ကျွန်မ အလိုကို မလိုက်။ အလင်းရောင်ကြောင့် မျက်စိ စူးသည်။ ပုစဉ်းရင်ကွဲ၏ အဆက်မပြတ် တကျည်ကျည် အော်မြည်နေသော မရဏ တေးသံကလည်း အာရုံ ကြောများကို ထိခိုက်စေသည်။ ကားရှိရာသို့ ကျွန်မ ရောက်သည့်အခါ ဦးခေါင်းရော မျက်နှာပါ ပူလောင်နေသည်။ လေသင်တုန်း ဖြတ်တော့မည်လားဟုပင် ခံစားရသည်။
“မောလိုက်တာ”
“မင်း ဖြည်းဖြည်း တက်ခဲ့ရောပေါ့ကွာ”
“ရှင် ပြောတော့ လမ်းချောပါတယ်ဆို”
ကျွန်မတို့ စကားမပြောဘဲ အိမ်ပြန် မောင်းခဲ့ကြသည်။ အသေးအဖွဲလေးနှင့် စိတ်ကောက်နေလျှင် ကျွန်မ မှားလိမ့်မည်။ ကျွန်မသည် အမြဲတစေ စိတ်မြန်ခဲ့သည်။ ကျွန်မ ရိုင်းများ ရိုင်းခဲ့လေသလား။ ကျွန်မ ဂရုစိုက် သင့်ပါသည်။ သို့သော် ကသိကအောက် ဖြစ်မှုကို မကျော်လွှားနိုင်ဘဲ ဖြစ်နေသည်။ ကိုယ်လက် မအီမသာ ဖြစ်နေပြီး အပူရှပ်မှာ ကြောက်နေသည်။ ခရမ်းချဉ်သီး နည်းနည်းစားပြီး အိပ်ရာထဲ ဝင်လှဲနေလိုက်သည်။ အိပ်ခန်းထဲမှာ အရိပ် ရှိသည်။ ကြမ်းခင်း အုတ်ကြွပ်ပြားများနှင့် အဖြူရောင် အခင်းများကြောင့် အေးမြသယောင် ထင်ရလေသည်။
ကျွန်မ မျက်လုံးများ မှိတ်ထားလိုက်သည်။ တိတ်ဆိတ်မှုတွင် နာရီချိန်သီး လွှဲသံ တချက်ချက်ကို နားစွင့်နေမိသည်။ “အသက် ကြီးလာတာမှာ ဘာဆုံးရှုံးစရာ မြင်လို့လဲ” ဟု အင်ဒရေကို ကျွန်မ ပြောဖူးသည်။ အခုတော့ ကျွန်မ မြင်ပြီ။ “ဖစ်ဂျာရယ်” ပြောခဲ့သည့် အတိုင်း ဘဝသည် “ပြိုလဲမှုဖြစ်စဉ်” တစ်ရပ်အဖြစ် လက်ခံရန် ကျွန်မ ထာဝစဉ် ငြင်းဆန်ခဲ့သည်။ အင်ဒရေနှင့် ကျွန်မတို့၏ ဆက်ဆံရေး ဘယ်အခါမှ ပျက်စီးမည် မဟုတ်ဟု ကျွန်မ ထင်ထားခဲ့သည်။ ကျွန်မ ၏ စာပေလက်ရာတွေ ကြွယ်ဝသထက် ကြွယ်ဝလာမည်။ ဖီးလစ် လည်း တစ်နေ့ထက် တစ်နေ့ ကျွန်မ ဖြစ်စေချင်သော လူတစ်ယောက် ဖြစ်လာမည်ဟု ထင်ထားခဲ့ဖူးသည်။
ကျွန်မ၏ ကိုယ်ခန္ဓာနှင့် ပတ်သက်၍ကား ဘယ်တုန်းကမှ သောက မဖြစ်ဖူးပါ။ တိတ်ဆိတ်မှုသည် အသီးအပွင့် ပေါ်ထွက်လာမည်ဟုပင် ကျွန်မ ယုံကြည်ခဲ့လေသည်။ ထင်မှတ်မှားမှုမျှ ပါကလား။ “တချို့အပိုင်း တွေမှာ မာကျောသွားသည်။ တချို့မှာတော့ ဆိုးဝါးသွားသည်။ ရင့်ကျက်လာတယ်ဆိုတာ မရှိ” ကျွန်မ ခန္ဓာအိမ်က ကျွန်မ အလိုသို့ မလိုက်။ ကျွန်မ စာမရေးနိုင်။ ဖီးလစ်သည် ကျွန်မ မျှော်လင့်ချက် အားလုံးအပေါ် သစ္စာဖောက်ဖျက် ခဲ့၏။ ဒါတွေ အားလုံးထက် ပိုပြီး စိတ်မကောင်း ဖြစ်ရသည်မှာ ကျွန်မ၏ အင်ဒရေနှင့် ဆက်ဆံရေး အချဉ်ပေါက်လာခြင်း ဖြစ်သည်။ အမြဲတမ်း အထက် သို့ချည်းသာ တက်ရမည်ဟု ကျွန်မ နှလုံးပိုက် ထားခဲ့သည်။ ရီဝေသော သိမှတ်မှုသည် စင်စစ် အဓိပ္ပာယ်မရှိ။ ပြိုပျက်မှု အခိုက်အတန့် ကာလသည် လက်တစ်ကမ်းမှာ ရောက်နေပြီ။ ထိုကာလသည် အစ ပြုခဲ့ပြီ ဖြစ်သည်။ အလွန်လည်း မြန်လိမ့်မည်။ အလွန် လည်း နှေးလိမ့်မည်။ ကျွန်မတို့ လူအိုများ အမှန်တကယ် ဖြစ်လာကြတော့မည်။
ကျွန်မ အောက်ပြန်ဆင်းလာသောအခါ အပူရှိန် လျော့နည်း သွားသည်။ မန်နေးသည် ဥယျာဉ်ဘက် လှည့်ထားသော ပြတင်းပေါက်တွင် စာဖတ်နေလေသည်။ အသက်အရွယ်သည် သူမထံမှ အားအင်များ ယူဆောင် မသွားသေးပေ။ သို့သော် သူမ၏ နက်ရှိုင်းသော အတွင်းပိုင်းမှာ ဘာတွေ ဖြစ်နေပါသလဲ။ သေခြင်းတရားကို မစဉ်းစားမိဘူးလား။ ဖြစ်သမျှအကြောင်း အကောင်းချည်း သဘော ထားနှင့်လား၊ ကြောက်ရွံ့မှုနှင့်လား။ ကျွန်မ မမေးရဲပါ။
“အင်ဒရေ ဘောလုံး သွားကစားတယ်။ ပြန်လာမှာပါ”
ဟု သူမက ဆိုသည်။
ကျွန်မ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ အသက်ရှစ်ဆယ် ရောက်လျှင် လည်း သူမလို ဖြစ်မည် မဟုတ်ပါ။ အထီးကျန်မှုကို လွတ်လပ်မှုဟု ကျွန်မ ခေါ်နိုင်မည် မဟုတ်ပါ။ ဆိုက်ရောက်လာ သမျှ အချိန်တိုင်းမှာ ငြိမ်းချမ်းစွာဖြင့် ကောင်းတာတွေချည်း ဆွဲယူနေရမည် မဟုတ်ပါ။ ကျွန်မ အနေနှင့်မူ ဘဝသည် ပေးထားခဲ့သမျှ အားလုံးကို ပြန်ယူနေခြင်းသာ ဖြစ်၏။ ထိုပြန်ယူခြင်း ကိစ္စ စတင်ခဲ့လေပြီ။
“ဖီးလစ်က သင်ကြားရေးအလုပ် စွန့်လွှတ်လိုက်ပြီဆို။ ဒါ သူ့အတွက် သိပ်မကောင်းဘူး။ သူက အရာရှိကြီး လုပ်ချင်တာပေါ့ လေ”
ဟု သူမက ပြောသည်။
“ဟုတ်တယ်”
“ဒီနေ့ခေတ် လူငယ်တွေဟာ ဘာကိုမှ မယုံကြည်ကြတော့ဘူး အေ့။ ဒါနဲ့ ငါ ပြောရဦးမယ်။ မင်းတို့ နှစ်ယောက်လည်း တစ်ယောက် နဲ့ တစ်ယောက် သိပ်မယုံကြဘူးနဲ့ တူတယ်”
“အင်ဒရေနဲ့ ကျွန်မတို့လား ... ယုံပါတယ်”
“အင်ဒရေက အကုန်လုံးနဲ့ ဆန့်ကျင်ဘက်။ သူ အားကောင်းတာလည်း ဒါပဲ။ ဒါကြောင့်လည်း ဖီးလစ် ပျက်စီးသွားတာ။ လူ တစ်ယောက်ဟာ တစ်စုံတစ်ခုအတွက် ဖြစ်ရမှာပေါ့လေ”
အင်ဒရေ ပါတီမဝင်ခြင်းကို သူမ ဘယ်သောအခါမှ လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်မ ဝင်အငြင်းမပွားလိုပါ။ ကျွန်မက မနက်က လမ်းလျှောက်သွားခဲ့ခြင်း အကြောင်း ပြောပြပြီး
“ဓာတ်ပုံစာအုပ် ဘယ်နား ထားသလဲ”ဟု ပြောလိုက်သည်။
ဓာတ်ပုံ အယ်လ်ဘမ်ဟောင်းကို နှစ်တိုင်း ယူကြည့်ခြင်းမှာ ထုံးစံ။ ထိုစာအုပ်သည် ဘယ်တော့မှ တစ်နေရာတည်းမှာ မရှိ။
သူမက စာအုပ်ကို စားပွဲပေါ် ချပေးသည်။ ဓာတ်ပုံဟောင်း များများစားစားတော့ မရှိပါ။ မန်နေး လက်ထပ်သည့် နေ့က သတို့သမီး ဝတ်ရုံရှည်ကြီးနှင့်ပုံ။ သူမနှင့် သူမယောက်ျား မောင်နှမသားချင်းများ စုပေါင်းပုံ။ ထိုမျိုးဆက် တစ်ဆက်လုံးမှာ အသက်ရှင် ကျန်ရစ်သူ ဟူ၍ သူမ တစ်ဦးတည်းသာ ရှိတော့သည်။ ခေါင်းမာဟန် တူသော အင်ဒရေ၏ ကလေးဘဝက ပုံ၊ အစ်ကို နှစ်ယောက်ကြား မှ အသက်နှစ်ဆယ်အရွယ် ရဲနေး။ သူမ သေဆုံးခြင်းအတွက် ကျွန်မတို့ ဘယ်တော့မှ ဖြေဆည်၍ ရနိုင်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။ နှစ်ဆယ့်လေးနှစ်။ ဘဝမှာ တက်လမ်းတွေ အများကြီး ရှိနေသည့် အရွယ်။ သူမသာ ရှိနေခဲ့လျှင် ဘဝထဲမှ ဘာများ ရရှိမည်နည်း။ အသက်ကြီးလာမှုကို သူမ ဘယ်လိုဘယ်ပုံ သည်းခံမည်နည်း။ သေခြင်းတရားကို ကျွန်မ ပထမဆုံး တွေ့ကြုံရခြင်း ဖြစ်သည်။ ငိုလိုက် ရသည့်ဖြစ်ခြင်း။ သည့်နောက်တော့ သိပ်မငိုခဲ့တော့ပါ။ ကျွန်မ မိဘ များ၊ ကျွန်မ ခဲအို၊ ကျွန်မ ယောက္ခမ၊ ကျွန်မတို့၏ မိတ်ဆွေများ။
အသက်ကြီးလာခြင်း၏ အဓိပ္ပာယ်မှာ အခြား တစ်မျိုးတစ်မည် ဖြစ်လေသည်။ ကျွန်မ ဘဝ နောက်ကြောင်း ၌ သေဆုံးခြင်းပေါင်း မြောက်မြားစွာ။ ငိုကြွေးခဲ့ပြီ။ မေ့လျော့ခဲ့ပြီ။ သတင်းစာဖတ်လျှင် တစ်စုံတစ်ဦး သေဆုံးသွားတာ မကြာခဏ တွေ့နေရသည်။ ကျွန်မ နှစ်သက်သော စာရေးဆရာတစ်ဦး၊ မိတ်ဆွေ တစ်ယောက်၊ အင်ဒရေ၏ အပေါင်းအသင်း တစ်ယောက်၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တစ်ဦး၊ အဆက်အသွယ် ပြတ်နေသော မိတ်ဆွေတစ်ယောက်။ မန်နေးလို ပုဂ္ဂိုလ်တစ်ဦးက ပျောက်ကွယ်သွားပြီ ဖြစ်သော ကမ္ဘာလောက ၏ တစ်ဦးတည်းသော သက်သေအဖြစ် ရပ်တည်နေသည်ကို တွေ့ရသည့် အခါမှာတော့ တအံ့တသြ ထူးခြား ဆန်းကြယ် ခံစားရလေ သည်။
“ဓာတ်ပုံတွေ ကြည့်နေတာလား”
အင်ဒရေက ကျွန်မ ပခုံးပေါ်မှ ကျော်ကြည့်သည်။ သူသည် အယ်လ်ဘမ်စာအုပ်ကို လှန်ပြီး သူ အသက် ဆယ့်တစ်နှစ်အရွယ်က အတန်းထဲမှ တခြား ယောက်ျားလေးများနှင့် စုပေါင်း ရိုက်ထားသော ဓာတ်ပုံတစ်ပုံကို ထောက်ပြသည်။
“သူတို့ထဲက တစ်ဝက်လောက် သေကုန်ကြပြီ” ဟု သူက ဆိုသည်။
“ဟောဒါ ဖီယာ။ သူ့ကို ကိုယ် ပြန်တွေ့သေးတယ်။ ပြီးတော့ ဟောဒီ တစ်ယောက်ရော။ ပေါလ်ကတော့ ဓာတ်ပုံထဲမှာ မပါဘူး။ တို့ နောက်ဆုံး တွေ့ခဲ့ကြတာကိုက အနှစ်နှစ်ဆယ် ရှိပြီ။ သူတို့ကို ကိုယ် မှတ်မိပါ့မလား တောင် မသိဘူး။ တို့အားလုံး တစ်ရွယ်တည်း တွေဆိုတာ မင်း သိမှာ မဟုတ်ဘူး။ သူတို့ကမှ တကယ့် လူအိုကြီး တွေ ဖြစ်ကုန်ကြတာ။ မန်နေးထက်တောင် အိုစာကြသေးတယ်။ ကိုယ်တောင် တော်တော် တုန်လှုပ်သွားတယ်”
“သူတို့ ဘဝတွေကြောင့်လား”
“ဟုတ်တာပေါ့။ ဒီအရပ်ဒေသမှာ တောင်သူလယ်သမား ဖြစ်ရတာ သေလုမတတ်ရယ်”
“သူတို့နဲ့ စာလိုက်တော့ ရှင်က နုနေတာပေါ့”
“နုတာ မဟုတ်ပါဘူး။ အမြင်ကတ်စရာ ဖြစ်အောင် အခွင့်ထူး ခံခဲ့ရတာပါ”
သူက အယ်လ်ဘမ်ကို ပိတ်လိုက်သည်။
“ညစာ မစားခင် တစ်ခုခု သောက်ရအောင်။ မင်းကို ဗီလီနူး ပို့ပေးမယ်လေ”
“ကောင်းသားပဲ”
ကားထဲတွင် သူက သူ အနိုင်ရခဲ့သော ဘောလုံးကစားပွဲ အကြောင်း ပြောပြသည်။ သူ ဒီကို ရောက်ပြီး ကတည်းက တိုးတက်မှုတွေ အကြီးအကျယ် ရနေခဲ့သည်။ သူ့စိတ်အခြေအနေမှာ အေးဆေး နေဟန် ရှိသည်။ ကျွန်မ၏ နှုတ်ဆိတ်နေမှုသည် သူ့ကို ထိခိုက်ခြင်း မရှိ။ သူသည် ကားကို အုတ်ခုံမြင့် ရင်ပြင်အစွန်းတွင် ရပ်လိုက်၏။ ရင်ပြင်ပေါ်တွင် အပြာရောင်၊ လိမ္မော်ရောင် နေကာထီးများ အုပ်ထားပြီး အရိပ်အောက်မှာ လူတွေ နွယ်ချို အရက် သောက်နေကြလေသည်။ လေထဲမှာ စမုန်စပါးနံ့ သင်းနေသည်။ သူက ကျွန်မတို့အတွက် သောက်စရာ မှာလိုက်သည်။ ပြီးတော့ အတန်ကြာအောင် ငြိမ်သွား သည်။
“ဒီ ကွက်လပ်ကလေးက တော်တော် သဘောကျစရာ ကောင်းတယ်”
“ဟုတ်တယ်နော်။ သဘောကျစရာ သိပ်ကောင်းတာပဲ”
“မင်း လေသံက စိတ်မပါသလိုပဲ။ မင်း ပါရီမှာ မဟုတ်တာ ကို စိတ်မကောင်း ဖြစ်နေတာလား”
“မဟုတ်ပါဘူး။ ကျွန်မ အရပ်ဒေသ မရွေးပါဘူး။ ဘယ်ရောက်ရောက် ကိစ္စမရှိပါဘူး”
“လူတွေကိုရောလား”
“ဘာဖြစ်လို့ ဒီလို မေးရတာလဲ”
“မင်း စကားနည်းနေလို့’
“ဆောရီးပဲ။ နည်းနည်း နေမကောင်းချင်သလိုလို ဖြစ်လို့ပါ။ မနက်က နေပူမိတာ များသွားတယ်”
“အရင်ကတော့ မင်း ခံနိုင်ရည် ရှိခဲ့သားပဲ”
“ကျွန်မ အိုလာပြီလေ”
ကျွန်မ၏ အသံထဲမှာ ကျွမ်းဝင်ရင်းနှီးမှု မပါ။ အင်ဒရေထံမှ ကျွန်မ ဘာကို မျှော်လင့်ခဲ့ပါသလဲ။ အဆန်းတကြယ် တစ်မျိုးမျိုးလား။ သူက ဆေးကြိမ်လုံးနှင့် တစ်ချက် ယမ်းလိုက်သည်တွင် ကျွန်မ စာအုပ်သည် စာအုပ်ကောင်းတစ်အုပ် ဖြစ်သွားပြီး ဝေဖန်ချက် အားလုံးကလည်း ချီးကျူးထောက်ခံမှုတွေ ဖြစ်ရမည်လား။ ကျွန်မ သူနှင့်အတူ ရှိနေပြီ ဖြစ်သည့်အတွက် ကျွန်မ၏ မအောင်မြင် မှုမှာ ဘာမှ မဟုတ်ရတော့ဘူးလား။ သူသည် ကျွန်မအတွက် အဆန်းတကြယ် လေးတွေ လုပ်ပေးခဲ့ဖူးပါ၏။ အနာဂတ်အတွက် သူ အားကြိုး မာန်တက် ကြိုးပမ်းခဲ့စဉ်က သူ၏ စိတ်အားထက်သန်မှုသည် ကျွန်မ အတွက်လည်း အင်အား ဖြစ်ခဲ့ပါ၏။ သူသည် ကျွန်မကို ယုံကြည်မှုတွေ ပေးခဲ့၏။ ကျွန်မကိုယ်ကျွန်မ ယုံကြည်စေခဲ့၏။ ထိုတန်ခိုး စွမ်းအင်မျိုး သူ ဆုံးရှုံးသွားခဲ့လေပြီ။ သူ့အနာဂတ်ကို သူ ဆက်လက် ယုံကြည်နေသေးသည့်တိုင် ကျွန်မအတွက်တော့ လုံလောက်မည် မဟုတ်တော့။ သူသည် အိတ်ထောင်ထဲမှ စာတစ်စောင် ထုတ်လိုက် ၏။
“ဖီးလစ်က ကိုယ့်ဆီ စာရေးလိုက်တယ်”
“ရှင် ဘယ်ရောက်နေတယ်ဆိုတာ သူ ဘယ်လို သိသလဲ’
“ကိုယ် ထွက်လာခဲ့တဲ့ နေ့က သူ့ဆီ တယ်လီဖုန်းဆက်ပြီး နှုတ်ဆက်ခဲ့သေးတယ်။ သူ့ကို မင်းက မောင်းထုတ်လိုက်တယ် လို့ ပြောပြတယ်”
“ဟုတ်တယ်။ ဒီအတွက် ကျွန်မ နောင်တ မရဘူး။ ကျွန်မ လေးစားလို့ မရတဲ့လူဆိုရင် ချစ်လည်း မချစ်နိုင်ဘူး”
သူက ကျွန်မကို ခပ်ထန်ထန် ကြည့်သည်။
“မင်း ရိုးလွန်းမှ ကိုယ် မသိခဲ့ဘူး”
“ဘာကို ဆိုလိုတာလဲ”
“မင်းက ကျင့်ဝတ်စံချိန်တွေ သတ်မှတ်ခဲ့တယ်လေ။ သစ္စာဖောက်တယ်လို့ မင်း ခံစားရတယ် ဆိုတာကျ တော့ အဓိကအားဖြင့် စိတ်ခံစားမှု အဆင့်ပဲ နှစ်မျိုးစလုံး ပါပါတယ်”
သစ္စာဖောက်ခြင်း၊ စွန့်ပစ်ခြင်း။ မှန်သည်။ ကျွန်မ အနေနှင့် မပြောချင်တော့လောက်အောင် နာကျင်သော ဒဏ်ရာ။ ကျွန်မတို့ တိတ်ဆိတ်မှုအတွင်း နစ်ဆင်းသွားကြသည်။ ကျွန်မတို့ နှစ်ဦးကြား မှာ အပြီးအပိုင် ဖြေရှင်း ရတော့မည်လား။ အခြားသော အကြောင်းများ မပါဘဲ အတူတကွ စတင် နေထိုင်ခဲ့ကြခြင်း အကြောင်းတစ်ရပ် တည်းနှင့် အတူတကွ ဆက်လက် နေထိုင်ရမည့် စုံတွဲတစ်တွဲ။ ကျွန်မတို့ ထိုသို့ ဖြစ်တော့မည်လား။ နောက်ထပ် ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်တိုင်အောင် ထူးထူးခြားခြား ရန်ခိုက်ဒေါသ မပါဘဲ ကိုယ့်ကမ္ဘာလေး ကိုယ်ပိတ်ပြီး ကိုယ့်ပြဿနာလေး ကိုယ်စဉ်းစား၊ ကိုယ့်ဆုံးရှုံးမှု ကိုယ်ပိုက်ပြီး စကားလုံးများ အသုံးမကျဖြစ်လျက် နေရ တော့မည် လား။
ကျွန်မတို့မှာ ခြေလှမ်းမညီ ဖြစ်နေခဲ့၏။ ပါရီမှာတုန်းက ကျွန်မက လန်းဆန်းရွှင်ပျပြီး သူက အုံ့မှိုင်း သုန်မှုန်နေခဲ့သည်။ ယခု သူ ပျော်ရွှင်နေချိန်မှာ ကျွန်မက စိတ်ကျဆင်းနေသည်။ ကျွန်မ တစ်ချက် ကြိုးစား ကြည့်လိုက်သည်။
“သုံးရက် နေရင် ကျွန်မတို့ အီတလီ ရောက်နေမှာပဲ။ ရှင် သဘောကျရဲ့လား”
“မင်း သဘောကျရင် ကိုယ်လည်း သဘောကျပါတယ်”
“ရှင် သဘောကျတယ်ဆိုလို့ ကျွန်မ သဘောကျတာပါ”
“မင်းပဲ အရပ်ဒေသ မရွေးဘူးဆို”
“ရှင်လည်း တစ်ခါတလေ ဒီလိုပါပဲ”
သူက ပြန်မဖြေ။ ကျွန်မတို့၏ ဆက်သွယ်ရေးစနစ်မှာ တစ်စုံတစ်ရာ မှားယွင်းနေပြီ။ တစ်ယောက်နှင့် တစ်ယောက် စကားအကျ ကောက်နေကြသည်။ ဒီထဲက ထွက်လို့ရပါဦးတော့မည်လား။ မနက်ဖြန် မဟုတ်ဘဲ ဒီနေ့၊ ရောမမြို့မှာ မဟုတ်ဘဲ ဒီနေရာမှာ မဖြစ်တော့ဘူးလား။
“ကောင်းပြီလေ။ ပြန်ကြစို့”
တစ်အောင့်လောက် နားပြီး ကျွန်မက ပြောလိုက်သည်။
ညခင်းပိုင်းမှာ မန်နေးနှင့် ဖဲကစားရင်း အချိန်ဖြုန်းကြသည်။
နောက်တစ်နေ့တွင် နေရောင်ခြည်နှင့် ပုစဉ်းရင်ကွဲ တစာစာ အော်သံကို ရင်ဆိုင်ရန် ကျွန်မ ငြင်းခဲ့သည်။ အဓိပ္ပာယ်က ဘာလဲ။ ပုပ်ရဟန်းမင်း၏ နန်းတော်ကြီးထဲ ရောက်နေ၍လည်း ကျွန်မ စိတ်လှုပ်ရှားမည် မဟုတ်မှန်း သိနေသည်။ ကျွန်မသည် ခေါင်းကိုက်သည် ဟု တီထွင် အကြောင်းပြပြီး အိမ်မှာနေခဲ့သည်။ အင်ဒရေသည် စာအုပ်သစ် တစ်ဒါဇင်ခန့် ယူလာပြီး တစ်အုပ်ကို စွဲစွဲနစ်နစ် ဖတ်နေခဲ့သည်။ ကျွန်မသည် အမီလိုက်ထားသဖြင့် ထိုစာအုပ် အားလုံးကို သိပြီး ဖြစ်သည်။
မန်နေး၏ စာကြည့်တိုက်ကို ကျွန်မ မွှေကြည့်နေခဲ့သည်။ ဂန္ထဝင်များရော၊ လက်ဆောင်အဖြစ် ကျွန်မတို့ ပေးထားသော စာအုပ်အချို့ တွေ့သည်။ နှစ်ပေါင်းများစွာ ကြာအောင် ပြန်မကြည့်နိုင်ဘဲ ထားခဲ့ရသော စာအုပ်အများအပြား ရှိသည်။ ၎င်းတို့ကို ကျွန်မ မေ့၍ပင် နေခဲ့ပြီ။ နောက်တစ်ခါ ပြန်ဖတ်ရန်ဆိုသော အတွေး သည် ကျွန်မကို နွမ်းလျစေသည်။ ပြန်ဖတ်လျှင် ပြန်မှတ်မိလာမည်။ သို့မဟုတ် မှတ်မိသည်ဟု အထင်ရှိလာ လိမ့်မည်။ ပထမအကြိမ် လတ်ဆတ်မှုကတော့ ဆုံးရှုံးသွားပြီ။ ကျွန်မကို ယခုကဲ့သို့ ဖြစ်နေခဲ့အောင်၊ ဆက်လက် ဖြစ်နေသင့်အောင် ဖန်တီး စီရင်ခဲ့သော ထိုစာရေး ဆရာများသည် ကျွန်မအား ဘာတွေ ပေးခဲ့ပါသနည်း။ ကျွန်မ တချို့ စာအုပ်များကို အနည်းငယ် လှန်လှောကြည့်မိသည်။ သူတို့အားလုံး ကျွန်မ စာအုပ်များလိုပင် အဖျားနံ့ ရနေသည်။ ဗျာဒိ မရဏ၏ အရသာ။
မန်နေးက သတင်းစာ ဖတ်နေရာမှ မော့လာသည်။
“လပေါ် လူတွေ ရောက်တာ ငါ့မျက်စိနဲ့ မြင်ရဦးမယ် ထင်တယ်ဟေ့”
“မေမေ့ မျက်စိနဲ့ ... ဟုတ်လား။ မေမေက အဲဒီခရီး သွားဦး မလို့လား”
အင်ဒရေက ရယ်သံနှင့် မေးလိုက်သည်။
“ငါ ပြောတဲ့သဘော မင်းတို့ သိပါတယ်။ သူတို့ ရောက်ကြ လိမ့်မယ်ဆိုတာ ငါ သိတယ်။ ဒီတစ်ခါ ရုရှားတွေ၊ ယန်းကီးတွေက အောက်ဆီဂျင်ဘူးတွေ လွယ်ပြီး တစ်မိုင်လောက် ကပ်လွဲသွားမှာ”
“ဟုတ်တယ် မေမေ။ ရုရှားတွေ လပေါ်ရောက်လာတာ မေမေ မြင်ရဦးမှာပါ”
“တို့တစ်တွေ ဂူတွေထဲက စခဲ့ကြရတာကို တွေးကြည့်ရင် ...”
မန်နေးက တရားရှုသည့်သဖွယ် ပြောနေသည်။
“တို့မှာ အကူအညီအဆိုလို့ လက်ချောင်းလေး ဆယ်ချောင်းပဲ ရှိခဲ့ကြတာ။ အခု ဒီအဆင့် ရောက်လာပြီ။ ဒါဟာ ဝမ်းသာစရာ ကောင်းတယ်ဆိုတာ ဝန်ခံရမယ်”
“လူသားမျိုးနွယ်ရဲ့ သမိုင်းကြောင်း ကောင်းမွန်ခဲ့တာ မှန်ပါတယ်”
အင်ဒရေက ပြန်ပြောသည်။
“လူတွေရဲ့ သမိုင်းကြောင်း ဝမ်းနည်းစရာ ဖြစ်ခဲ့တာတော့ သနားစရာပဲ”
“အမြဲတမ်း ဝမ်းနည်းစရာချည်း ဖြစ်နေမှာ မဟုတ်ပါဘူး။ လူတွေကသာ ကမ္ဘာကြီးကို တစ်စစီ ဖောက်ခွဲမပစ်ဘူးဆိုရင် ငါ့မြေး ကလေးတွေ ဆိုရှယ်လစ်ဝါဒကို သိကြဦးမှာပါ။ အဲဒါ ကြည့်ရအောင် နောက်ထပ် နှစ်ငါးဆယ်လောက် ငါ ပျော်ပျော်ရွှင်ရွှင် နေဦးမယ်”
“အာဂ အဘွားကြီးပဲ။ ကြားလား”
အင်ဒရေက ကျွန်မကို ပြောလိုက်သည်။
“သူက နောက်ထပ် နှစ်ငါးဆယ် စာချုပ်ဦးမလို့တဲ့”
“မင်းလည်း မနေဘူးလား အင်ဒရေ”
“ဟင့်အင်း ... မေမေ။ ကျွန်တော် နေလည်း မနေချင်ပါဘူး။ သမိုင်းလမ်းကြောင်း ပြောင်းလဲမှုက ထူးဆန်းလွန်းလို့ ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး ထင်တာပဲ။ ကွင်းဘေး အလံတိုင် စည်းရိုးပေါ် ရောက်နေရသလိုပဲ။ အနှစ်ငါးဆယ် ဆိုရင် ...”
“ငါ သိပါတယ်။ မင်းကလည်း ဘာကိုမှ မယုံကြည်တော့ပါဘူး”
မန်နေးက အပြစ်တင်သော သဘောနှင့် ပြောလိုက်သည်။
“အဲဒီလိုတော့လည်း မဟုတ်ပါဘူး”
“မင်းက ဘာကို ယုံတာလဲ”
“လူတွေ ဆင်းရဲဒုက္ခ ခံစားနေကြရတာပေါ့။ နောက်ပြီး ဒါဟာ နှလုံးနာစရာ ကောင်းတယ်ဆိုတဲ့ အချက်။ ဒါကို ချေဖျက်ဖို့အတွက် ဘာမဆို လုပ်သင့်တယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော့်အတွက် ဒီ့ပြင် တခြား ဘာမှ အရေးမကြီးလှတော့ဘူး”
“ဒါဆိုရင် အဏုမြူဗုံး ခွဲလိုက်ပါလား။ ကိစ္စတုံးပစ်လိုက်ပါလား။ အကုန်လုံး လွင့်ပျံတက်သွားပြီး ဇာတ်သိမ်းသွားမှာပဲ” ဟု ကျွန်မက မေးလိုက်သည်။
“တစ်ခါတလေ အဲဒီလို ဖြစ်ချင်စိတ် ပေါက်မိတယ်။ ဒါပေမဲ့ တို့က “ဘဝဟာ ရှိနိုင်တယ်။ ဆင်းရဲဒုက္ခ ကင်းတဲ့ ဘဝဟာ ရှိနိုင်တယ်” လို့ မျှော်လင့်ချင်တာ”
“တစ်စုံတစ်ရာ လုပ်ဖို့ဘဝ” ဟု မန်နေးက ရန်တွေ့သလို ဝင် ပြောသည်။
အင်ဒရေ၏ လေယူလေသိမ်းသည် ကျွန်မကို ထိမိသွားခဲ့၏။ သူသည် ထင်မြင်ရသလောက် ကရုဏာ မမဲ့သေးပေ။ “လူတွေရဲ့ သမိုင်းကြောင်း ဝမ်းနည်းစရာ ဖြစ်ခဲ့တာတော့ သနားစရာပဲ” တဲ့။ သူ ဘယ်လောက်ထိ ခံစားပြီး ပြောခဲ့တာပါလဲ။ ကျွန်မ သူ့ကို ကြည့်လိုက်သည်။ သူ့ထံမှ ထိုခံစားချက်လှိုင်းကိုပါ ခံစားရလိုက်မိသည်။ ထိုအခိုက်တွင် ကျွန်မမှာ သေချာမှု ပြည့်လျှမ်းသွားလေတော့သည်။ ကျွန်မတို့ နှစ်ဦးသည် ဘယ်သောအခါမှ သူစိမ်းတစ်ရံဆံ မဖြစ်သင့်။ ဤရက်ပိုင်းအတွင်း တစ်ဦးကိုတစ်ဦး ရှာတွေ့သင့်သည်။ မနက်ဖြန်ပင် ဖြစ်ကောင်း ဖြစ်မည်။ အကြောင်းမူ ကျွန်မ နှလုံးသားသည် သူနှင့်အတူ ပြန်ဖြစ်သွားသောကြောင့်ပင်။
ညစာ စားအပြီး၌ အပြင်ထွက်ကြဖို့ ခေါ်သူမှာ ကျွန်မ ဖြစ်လေသည်။ စိန့်အန်ဒရေ ခံတပ်ထိပ်သို့ ကျွန်မတို့ ဖြည်းညင်းစွာ တက်ခဲ့ကြသည်။ ကျွန်မက မေးလိုက်သည်။
“ဆင်းရဲဒုက္ခ ပပျောက်ရေးက လွဲပြီး ကျန်တာ ဘာမှ အရေး မကြီးဘူးလို့ ရှင် တကယ် ထင်သလား”
“တခြား ဘာကများ အရေးကြီးနိုင်မှာမို့လဲ”
“ပျော်စရာတော့ မကောင်းလှဘူးပေါ့”
“မကောင်းဘူးလေ။ ဘယ်လို လုပ်ရမလဲဆိုတာ မသိမှတော့ ပျော်စရာ နည်းသွားပြီပေါ့”
သူ တစ်ခဏလောက် ငြိမ်သက်နေသည်။
“ကိုယ်တို့ ဘာကိုမှ မယုံကြည်နိုင်တော့ဘူးလို့ မေမေ ပြောတာ မှားပါတယ်။ ဒါပေမဲ့ ကိုယ်တို့ရဲ့ ကိုယ်ပိုင် အရေးတော်ပုံ မရှိတော့တာ အမှန်ပဲ။ ကိုယ်တို့က ယူအက်စ်အက်စ်အာကို ထောက်ခံ နေတာလည်း မဟုတ်ဘူး။ တရုတ်ကို ထောက်ခံနေတာလည်း မဟုတ်ဘူး။ ပြင်သစ်ပြည်မှာလည်း ကိုယ်တို့ဟာ လက်ရှိ အစိုးရ ဘက်က လည်း မဟုတ်ဘူး။ အတိုက်အခံ ပါတီတွေဘက်ကလည်း မဟုတ်ဘူး”
“ဒါဟာ သက်သောင့်သက်သာ မရှိတဲ့ အခြေအနေပဲ” ဟု ကျွန်မက ပြောလိုက်သည်။
“ဖီးလစ်ရဲ့ သဘောထားကိုလည်း ဒါနဲ့ နားလည်ကြည့်လို့ ရပါတယ်”
“အသက်သုံးဆယ်အရွယ် ရောက်တာတောင် အရာရာကို ဆန့်ကျင်နေသေးတယ်ဆိုရင် ချီးကျူးစရာ မဟုတ် တော့ဘူး”
“ဒါကတော့ ခြောက်ဆယ်မှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့် ထင်မြင်ယူဆချက်အပေါ် ဖောက်ဖျက် ဖို့တော့ အကြောင်း မရှိဘူး”
“သူ့ ထင်မြင်ယူဆချက်တွေ ဆိုတာကကော တကယ် ဟုတ်ရဲ့လား”
“ရှင် ဘာကို ဆိုလိုတာလဲ”
“ပြောင်ပြောင်တင်းတင်း မတရားမှု ကျူးလွန်တာတွေ၊ အကြီးအကျယ် အကျင့်ပျက် ခြစားနေတာ တွေကို သူ ရွံမုန်းခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့မှာ ဘယ်တုန်းကမှ နိုင်ငံရေး နိုးကြားမှုစိတ်ဓာတ် ရှိခဲ့တာ မဟုတ်ပါဘူး။ ကိုယ်တို့ ထင်မြင်ယူဆချက်တွေအတိုင်း သူ လိုက်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနေနဲ့ တခြားနည်း မတတ်နိုင်လို့ပဲ။ သူဟာ ကမ္ဘာကြီးကို ကိုယ်တို့ မျက်စိကတစ်ဆင့် ကြည့်ခဲ့တယ်။ ဒါပေမဲ့ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း သူ ခံယူ နိုင်မှာလဲ”
“အယ်လ်ဂျီးရီးယား စစ်ပွဲကာလအတွင်းက သူ စွန့်စားခဲ့တာ ကကော …”
“ဒါကိုတော့ သူ တကယ် ဆန့်ကျင်ခဲ့တာလေ။ အဲဒီတုန်းကတော့ မိန့်ခွန်းတွေ၊ ကန့်ကွက်မှုတွေ၊ ကြေညာစာတမ်းတွေခေတ် ဆိုတော့ လှုပ်လှုပ်ရှားရှား စွန့်စားခန်းပဲပေါ့။ ဒါပေမဲ့ ဒါလောက်လေး နဲ့ သူ့ကို လက်ဝဲသမား ဖြစ်သွားပြီလို့ ပြောလို့ မရဘူး”
“ရှင်က ဖီးလစ် အပြစ်ကို ဝေဖန် ထောက်ပြပြီးမှ ကာကွယ်နေတာပါ”
“မဟုတ်ပါဘူး။ ဝေဖန် ထောက်ပြနေတာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေလေ ခွင့်လွှတ်စရာ အကြောင်းတွေ တွေ့လေလေမို့ပါ။ ကိုယ်တို့က သူ့ကို စိတ်ပင်ပန်းအောင် လုပ်ခဲ့တယ်လေ။ ဒါကြောင့် သူက ပြန်ကန်တာပေါ့”
ကျွန်မတို့သည် ခံတပ်အောက်ခြေရှိ မြက်ခင်းပေါ်တွင် ထိုင်နေကြ၏။ အင်ဒရေ၏အသံကို ကျွန်မ နားထောင်နေသည်။ သူ့အသံက အေးဆေးပြီး ယုံကြည်ဖွယ်ရာ ဖြစ်သည်။ ကျွန်မတို့ တစ်ယောက် နှင့် တစ်ယောက် စကားပြော၍ ရသွားလေပြီ။ ကျွန်မ ကိုယ်တွင်းထဲ မှာ တစ်စုံတစ်ခု အရည်ပျော်ကျသွားသည်။ ဖီးလစ်အကြောင်းကို ဒေါသမပါဘဲ ပထမဆုံးအကြိမ် စဉ်းစား၍ ရလာသည်။ ပျော်ရွှင်စွာတော့ မဟုတ်။ သို့သော် တည်ငြိမ်စွာ။ အင်ဒရေသည် ကျွန်မနှင့် ရုတ်ခြည်း နီးကပ်လာသည့်အတွက် ဖီးလစ်၏ ရုပ်ပုံလွှာ မှုန်ဝါး သွားတာလည်း ဖြစ်နိုင်ပါသည်။
“ဟုတ်ပါတယ်။ ကျွန်မတို့ သူ့ကို စိတ်ပင်ပန်းအောင် ဖိစီးမိခဲ့တယ်” ဟု ကျွန်မက ပွင့်လင်းစွာ ပြောလိုက်သည်။
“ကျွန်မ သူ့ကို တွေ့သင့်တယ်လို့ ထင်သလား”
“မင်း သူ့ကို စကားမပြောဘဲ ဆက်နေရင် သူ့အတွက် အများကြီး ထိခိုက်မှာပေါ့။ ဒီလိုနေလို့ကော ဘာအကျိုးထူး မှာတုံး”
“ကျွန်မ သူ့ကို ထိခိုက်အောင် မရည်ရွယ်ပါဘူး။ စိတ်ကုန် သွားတာပါ။ ဒါပါပဲ”
“သူနဲ့ ကိုယ်တို့ကြားမှာ အရင်ကလိုတော့ ပြန်မဖြစ်တော့ဘူးပေါ့”
ကျွန်မ အင်ဒရေကို ကြည့်လိုက်သည်။ သူနှင့် ကျွန်မတို့ကြား မှာ အရာရာတိုင်းသည် ယခင်ကအတိုင်း ပြန်ဖြစ်လာသည်ဟု ထင်ရလေသည်။ လမင်းကြီး သာနေသည်။ သူ့ကို သစ္စာရှိရှိ ခြံရံနေသော ကြယ်ကလေး လည်း လင်းလက်နေသည်။ ခမ်းနားကြီးကျယ်သော အေးငြိမ်းမှုကြီး ကျွန်မအပေါ် သက်ဆင်းလာသည်။ ငါ မြင်တဲ့ ကြယ်ကလေး၊ လမင်းကြီးက ဆွဲခေါ်ထား။ စကားလုံးဟောင်းများသည် စတင် ရေးသားခဲ့စဉ်ကကဲ့သို့ပင် ကျွန်မ နှုတ်ခမ်းပေါ် ရောက်လာသည်။ သူတို့သည် ကျွန်မကို အတိတ် ရာစုနှစ်များနှင့် ဆက်စပ် ပေးနေကြသည့် ကွင်းဆက်ပင် ဖြစ်သည်။ ထိုကာလများတုန်းကလည်း ကြယ်တို့သည် ယနေ့အတိုင်း တစ်ထေရာတည်း လင်းလက် ခဲ့ကြလေသည်။ ဤ ပြန်လည်မွေးဖွားမှုနှင့် ဤ တည်တံ့မှုတို့သည် ကျွန်မအား ထာဝရ ခံစားမှုတစ်ရပ် ပေးနေ၏။
ကျွန်မအဖို့ ကမ္ဘာလောကသည် ပထမခေတ်ဦးကလိုပင် သစ်လွင် လန်းဆန်းနေသလို ထင်မြင်လာ ရသည်။ ဤအခိုက်အတန့် ကာလလေးသည် သူ့ဘာသာ လုံလောက်မှု ရှိနေတော့၏။ ထိုနေရာမှာ ကျွန်မ ရှိနေသည်။ ကျွန်မသည် အောက်ဘက်ရှိ လရောင်ဆမ်း ထားသော အုတ်ကြွပ်မိုးများကို ကြည့်နေမိသည်။ ဘာအကြောင်း ကြောင့်မှ မဟုတ်။ ကြည့်ရတာ ပျော်စရာကောင်းသောကြောင့် ကြည့်နေခြင်း ဖြစ်သည်။ အငြိအတွယ် ကင်းခြင်းသည် နှစ်သက်စဖွယ် ကောင်းလှ၏။
“စာရေးတဲ့ အလုပ်ရဲ့ ကြီးကျယ်မှုက ဒါပဲ”
ကျွန်မက ပြောလိုက်သည်။
“ရုပ်ပုံကားတွေက ပုံသဏ္ဌာန် ပျောက်ဆုံးသွားတယ်။ ဆေးရောင်တွေ မှိန်သွားတယ်။ စကားလုံးတွေ ကျတော့ ကိုယ်နဲ့အတူ ယူသွားလို့ ရတယ်”
“ဘာကြောင့် မင်း အဲဒီလို တွေးမိတာလဲ”
အင်ဒရေက မေးသည်။
ကျွန်မက နှုတ်ဖျားရောက်လာသော စာနှစ်ကြောင်းကို ကိုးကား ရွတ်ပြလိုက်သည်။ ထို့နောက် နောင်တ စိတ်နှင့် ဖြည့်ပြောလိုက်သည်။
“ဒီက ညတွေက သိပ်လှတာပါလား”
“ဟုတ်တယ်။ မင်း စောစော လိုက်မလာတာ စိတ်မကောင်းစရာပဲ”
ကျွန်မ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
“စိတ်မကောင်းစရာ ... ဒါပေမဲ့ ရှင်ကမှ မလိုက်စေချင်တဲ့ဥစ္စာ”
“ကိုယ်ကလား ... လိုက်စေချင်ပါတယ်ဗျာ။ မင်းက ငြင်းတာပါ။”
“ဗီလီနူးကို သွားကြရအောင်လား ”လို့ ကိုယ် ပြောတော့ မင်းကပဲ “ကောင်းသားပဲ၊ သွားလေ”တဲ့”
“အဲဒီလို မဟုတ်ပါဘူး။ ကျွန်မ အတိအကျ မှတ်မိပါတယ်။ ရှင်က “ကိုယ် ဗီလီနူးကို သွားချင်တယ်” လို့ ပြောခဲ့တာပါ။ ရှင်က ကျွန်မကို ငြီးငွေ့နေလို့ အလွတ် ထွက်သွားချင်နေခဲ့တာပါ”
“မင်း ရူးနေတာပဲကွ။ ကိုယ် ပြောချင်တာက “တို့များ ဗီလီနူး ကို သွားကြရအောင်”လို့ ပြောတာပါ။ မင်း ပြန်ပြောတာက “သွားလေ” တဲ့။ မင်း လေသံကြောင့် ကိုယ်ဖြင့် ကျဉ်တက်တောင်သွားသေးတယ်။ ဒါတောင်မှပဲ ကိုယ်က တိုက်တွန်းပါသေးတယ်”
“စကားလုံး အသုံး ကွာသွားတာပါ။ ကျွန်မ ငြင်းတာကိုလည်း ရှင်က အတည်ယူလိုက်တာကိုး”
“မယူရပေါင်ဗျာ”
သူ အလွန် ရိုးသားနေသဖြင့် ကျွန်မမှာ သံသယတွေ ရစ်ထွေးလာပါသည်။ ကျွန်မ မှားများ မှားခဲ့သလား။ မြင်ကွင်းမှာ ကျွန်မ မျက်စိထဲကမထွက်။ ပြောင်းလဲပစ်၍ မရ။ သို့သော် သူ လိမ်ပြောနေခြင်း မဟုတ်မှန်း သေချာသည်။
“အတော် မှားတာပဲ” ဟု ကျွန်မက ပြောလိုက်သည်။
“ကျွန်မ မပါဘဲ ရှင် သွားဖို့ ဆုံးဖြတ်ခဲ့တုန်းက ကျွန်မ ခိုးလိုး ခုလု ဖြစ်သွားတာပေါ့”
“မင်း ဘာဖြစ်လို့ အဲဒီလို တွေးတာလဲ”
အင်ဒရေက မေးသည်။
ကျွန်မ စဉ်းစားလိုက်သည်။
“ကျွန်မ ရှင့်ကို မယုံလို့”
“ကိုယ်က မင်းကို ညာခဲ့တဲ့အတွက်လား”
“အခုတလော ရှင် ပြောင်းလဲသွားတယ်လို့ ကျွန်မ ထင်ခဲ့တာ”
“ဘယ်နေရာမျိုးတွေမှာလဲ”
“ရှင်က လူအိုကြီးတစ်ယောက်လို လုပ်နေတဲ့ဥစ္စာ”
“အဲဒါ ကစားနေတာ မဟုတ်ဘူး။ မင်း ကိုယ်တိုင်ပဲ “ကျွန်မ အိုလာပြီ”လို့ မနေ့က ပြောခဲ့တယ်လေ”
“ရှင်က နေရာတကာမှာ အလျှော့ပေးလွန်းတယ်”
“ဥပမာအားဖြင့် ...”
“အမူအကျင့်တွေရောပေါ့။ သွားဖုံးကို နှိပ်နှိပ်နေတာမျိုး”
“ဪ … ဒါလား”
“ဘာလဲ”
“ကိုယ့်မေးရိုးမှာ နည်းနည်း ရောင်နေတယ်။ ပိုဆိုးလာရင် စွန်ကုပ်ပြုတ်ထွက်ပြီး သွားတုတွေ တပ်ရ တော့မှာ။ ကိုယ် ပြောတာ နားလည်လား”
သူ ပြောတာကို ကျွန်မ နားလည်ပါသည်။ တစ်ခါတစ်ရံ အိပ်မက်ထဲမှာ ပါးစပ်က သွားတွေ အကုန် ပြုတ်ကျပြီး ဆွေးမြည့် ပျက်စီးသွားတတ်သည်။ သွားတုများ ...။
“ကျွန်မကို ဘာလို့ မပြောတာလဲ”
“ကိုယ့်ဘာသာ မြုံထားတဲ့ ကိစ္စလေးတွေဆိုတာ ရှိတတ်တာပေါ့ကွာ”
“ဒါ အမှား ဖြစ်မှာပဲ။ ဒီကနေပြီး နားလည်မှုလွဲတာတွေ စလာတယ်”
“ဖြစ်နိုင်ပါတယ်”
သူ မတ်တတ်ရပ်လိုက်သည်။
“သွားကြစို့။ တို့ အအေးမိလိမ့်မယ်”
ကျွန်မ မတ်တတ်ရပ်လိုက်သည်။ မြက်ခင်းထူသော ကုန်း စောင်းကလေးမှ ကျွန်မတို့ ဆင်းလာသည်။
“ကိုယ် ပိုတွက်ခဲ့တယ်လို့ မင်း ပြောတာ မှန်သလောက် မှန်ပါတယ်”
အင်ဒရေက ဆိုသည်။
“ကိုယ့်ထက်ပိုပြီး အိုလွယ်တဲ့၊ အိုမင်းမစွမ်းတဲ့ လူတွေက မညည်းမညူနဲ့ ကြုံလာသမျှ ငုံ့ခံနေတာ မြင်ရတော့ ကိုယ့်ကိုယ် ကိုယ် ပြောမိတယ်။ ဒါ ဒီအတိုင်း မဟုတ်သေးဘူးလို့၊ ကိုယ်က တောင့်ခံထားဖို့ ဆုံးဖြတ်ထားတာ”
“ဪ ... အဲဒီလိုလား။ ရှင် စိတ်ပြန်ကြည်လင်လာတာ ကျွန်မ ဒီကို ပါမလာတာကြောင့်လို့ ထင်နေတာ”
“ဘယ်လို စိတ်ကူးမျိုးလဲကွာ။ တခြားစီပါ။ ကိုယ် စိတ်ပိုင်းဖြတ် ဖြစ်ခဲ့တာကိုက မင်းကြောင့်ပါ။ ကိုယ် ပျင်းစရာ လူအိုကြီး မဖြစ်ချင်ဘူး။ အိုတာဆိုရင် လုံလောက်ပြီ။ ပျင်းစရာတော့ မဖြစ်ချင်ဘူး”
ကျွန်မ သူ့လက်မောင်းကို ဆွဲယူ ဆုပ်ကိုင်လိုက်သည်။ ကျွန်မ ဘယ်တုန်းကမှ မဆုံးရှုံးခဲ့သော၊ ဘယ်တော့မှ မဆုံးရှုံးသင့်သော အင်ဒရေကို ပြန်လည် ရရှိပါပြီ။ ကျွန်မတို့သည် ဥယျာဉ်ထဲ ဝင်ခဲ့ပြီး ဆိုက်ပရပ် ပင်ခြေရှိ ခုံရှည်ပေါ်မှာ ထိုင်ကြသည်။ လနှင့် ကြယ်ကလေးများသည် အိမ်အပေါ်မှာ တောက်ပ လင်းလက် နေကြလေသည်။
“ဒါပေမဲ့ ဇရာဆိုတာ ရှိတယ်။ လူတစ်ယောက်အနေနဲ့ ကိုယ့် ကဏ္ဍ ပြီးသွားပြီလို့ ပြောရတာ ပျော်စရာ တော့ မဟုတ်ဘူး” ဟု ကျွန်မ ပြောလိုက်သည်။
သူ့လက်က ကျွန်မ လက်ကို ဖိကိုင်ထားသည်။
“မင်းကိုယ်မင်း အဲဒါမျိုး မပြောနဲ့ပေါ့ကွာ။ အခု စာအုပ်မှာ မင်း ဘာကြောင့် မအောင်မြင်သလဲ ဆိုတာကို ကိုယ် နားလည်တယ် ထင်ပါတယ်။ မင်းက အောင်မြင်လိုမှုသက်သက်နဲ့ စခဲ့တာကိုး။ မင်းကိုယ်မင်း စံချိန်ချိုးပြီး လုံးဝ ဆန်းသစ်တဲ့ အောင်မြင်မှုမျိုး။ ဒါဟာ ကြမ္မာငင်တဲ့ အမှားပဲ။ ရူးဆိုးနဲ့ မွန်တက်စကျူး ကို နားလည်ဖို့ နဲ့ သူတို့အကြောင်း အများ နားလည်အောင်လုပ်ဖို့ ကိစ္စဟာ မင်း အတွက် အချိန်ရှည်ကြာခဲ့တဲ့ အခိုင်အမာ စီမံကိန်း တစ်ရပ်ပဲ။ တစ်စုံ တစ်ခုက မင်းကို အမှန်တကယ် ရစ်တွယ်လာပြီဆိုရင် မင်း ကောင်းကောင်း အလုပ် လုပ်နိုင်ဦးမှာပါ”
“ကျွန်မ စာပေလက်ရာတွေက အရှိ အရှိအတိုင်းပဲ နေတော့မှာပါ။ ကျွန်မ အကန့်အသတ်ကို ကျွန်မ မြင်ပါပြီ”
ပြန်သုံးသပ်တဲ့ အမြင်အရဆိုရင် မင်း ခရီးအများကြီး ပေါက်ချင်မှ ပေါက်တော့မှာပေါ့။ ဒါပေမဲ့ စာဖတ်သူတွေ စိတ်ဝင်စားအောင် မင်း လုပ်နိုင်ပါသေးတယ်။ သူတို့ကို စဉ်းစားလာအောင်၊ ကြွယ်ဝလာအောင် မင်း လုပ်ပေးနိုင်ပါသေးတယ်”
“ဒီအတိုင်း မျှော်လင့်ကြတာပေါ့”
“ကိုယ့်အတွက်ကတော့ ဆုံးဖြတ်ချက်တစ်ခု ချထားတယ်။ ကိုယ် တစ်နှစ်လောက် ဆက်လုပ်ပြီးရင် နားတော့မယ်။ ပြီးရင် ကိုယ် ပြန်ပြီး သင်ယူဦးမယ်။ ခေတ်မီလာအောင် ကြိုးစားမယ်။ ကြားကွက်လပ်တွေ ဖြည့်မယ်”
“အဲဒါပြီးရင် အင်အားအသစ်နဲ့ ပြန်စနိုင်မယ် ထင်သလား”
“မဟုတ်ဘူး။ ကိုယ် မသိတာတွေ အများကြီး ရှိနေတယ်။ အဲဒါတွေ ကိုယ် သိချင်သေးတယ်။ သိချင်ရုံ သက်သက်ပါပဲ”
“ဒါဆိုရင် ရှင့်အတွက် လုံလောက်ပြီလား”
“ကာလတစ်ရပ်အထိပေါ့လေ။ ရှေ့ကို သိပ်အဝေးကြီး မျှော်မကြည့်ပါနဲ့ကွာ”
“ရှင် ပြောတာ မှန်ပါတယ်”
ကျွန်မတို့ အမြဲတစေ အဝေးကြီး ကြိုမျှော်ကြည့်ခဲ့ကြ၏။ ယခုအခါမှာ ကျွန်မတို့ ရေတိုဘဝတစ်ခု နေတတ်ဖို့ သင်ယူရတော့မည်လား။ ကျွန်မတို့သည် ကြယ်တွေအောက်မှာ ဘေးချင်းယှဉ်ထိုင်နေကြ၏။ စူးဝါးသော ဆိုက်ပရပ်နံ့က သင်းပျံ့လှသည်။ ကျွန်မတို့ လက်ချင်း ထိယှက်နေသည်။ ခဏတာအားဖြင့် အချိန်သည် ရပ်တန့်သွား၏။ မကြာမီ တစ်ဖန် ပြန်လည် စီးဆင်းလိမ့်ဦးမည်။
ဒါ ပြီးတဲ့နောက်တော့ကော … ကျွန်မ အလုပ် လုပ်နိုင်ဦးမည်လား၊ မလုပ်နိုင်တော့ဘူးလား။ ဖီးလစ် အပေါ် ခါးသီးမှုတွေ ကြေပျက်သွားပြီလား။ ဇရာ ချဉ်းလာမှုကို ကျွန်မ ကြောက်ရွံ့ဦးမည်လား။ သိပ် အဝေးကြီး မျှော်မကြည့်ပါနှင့်။ ရှေ့တူရူမှာ မရဏ၏ ကြောက်မက်ဖွယ်ရာများနှင့် ကွဲကွာရမှုများ ရှိနေသည်။ ယင်းသည် သွားတု ဖြစ်သည်။ တင်ပါးဆုံကြော ဖြစ်သည်။ နာမကျန်းမှု ဖြစ်သည်။ အသိပညာ ခေါင်းပါးမှု၊ အထီးကျန်မှု ဖြစ်သည်။ ကျွန်မတို့ နားမလည်တော့သော ထူးဆန်းသည့် ကမ္ဘာလောကကြီးထဲမှာ ထိုကမ္ဘာကြီး သည် ကျွန်မတို့ မပါဘဲ ဆက်လက် ခရီးနှင်သွားလိမ့်မည်။
မိုးကုပ်စက်ဝိုင်း အဆုံးကို ကျွန်မ လှမ်းမကြည့်ဘဲ နေနိုင်ပါမည်လား။ ကြောက်ရွံ့ခြင်းကင်းစွာ ကျွန်မ ကြည့်နိုင်မည်လား။ ကျွန်မတို့ အတူတကွ ရှိနေကြသည်။ ဤသည်မှာ ကျွန်မတို့၏ ကံကောင်းမှု။ ဤ နောက်ဆုံး စွန့်စားခန်းကို ဖြတ်သန်းရင်း တစ်ဦးနှင့် တစ်ဦး ကူညီဖေးမ နေထိုင်သွားကြမည်။ ကျွန်မတို့ နောက်ကြောင်း ပြန်လျှောက် မလာတော့မည့် ဤစွန့်စားခန်း။ ကျွန်မတို့ တည်ကြည်စွာ ရင်ဆိုင်နိုင်ပါမည် လား။ ကျွန်မ မသိပါ။ ဤအတိုင်းပင် မျှော်လင့်ကြပါစို့။ ဤကိစ္စမှာ ကျွန်မတို့အတွက် ရွေးချယ်စရာ မရှိပါ။
မောင်ရဲခိုင်
မုံရွာမြို့။
(၁၂၊ ၇၊ ၉၉ - ၂၀၊ ၇၊ ၉၉)

Comments
Post a Comment
Comments