စာမရေးဖြစ်သော စာရေးဆရာများသို့ - မောင်ဘစီ
စာမရေးဖြစ်သော စာရေးဆရာများသို့
ကျွန်တော် ဖတ်ဖြစ်ထားသည့် စာအုပ်တွေထဲမှ အခြားသော စာဖတ်မိတ်ဆွေများထံ လက်တို့ချင်သော စာအုပ်များအကြောင်း ‘ရွှေအသစ်စာမျက်နှာ’ တွင် လစဉ် တစ်အုပ်ကျ ရေးလာခဲ့သည်မှာ အချိန်အားဖြင့် တစ်နှစ်ကျော်လာပါပြီ။ စာရေးရသည်ထက် ကိုယ်ရေးမည့် စာအုပ်များကို ရွေးချယ်ရသည်မှာ တော်တော် ခက်ခဲပါသည်။ ‘ဒီလအတွက် ဘာစာအုပ်ကို ရေးရမလဲ’။ အချို့စာအုပ်တွေအကြောင်း ရေးချင်လှသော်လည်း ‘ကာလံ ဒေသံ’ ကြည့်ရသေးသည်။ စာအုပ်ဈေးကွက်ထဲတွင် စာအုပ်သစ်တွေက ပုံမှန်ထွက်နေသည်။ စာအုပ်ဆိုင်၏ အသစ်ထွက် စာအုပ်စင်ပေါ်မှာ တင်ထားသော စာအုပ်တိုင်းကတော့ ကိုယ်စိတ်အကြိုက်နှင့်တွေ့သည့် စာအုပ်အမျိုးအစားတွေ ဟုတ်ချင်မှ ဟုတ်လိမ့်မည်ပေါ့။ ကျွန်တော်တို့ စိတ်တိမ်းညွတ်သည်က အဆင့်မြင့် ရသနှင့် သုတ စာအုပ်များဖြစ်သည်။ ဒီလို ပြောလို့ ကြီးကျယ်လှ ချေရဲ့ဟုလည်း မထင်စေချင်ပါ။ အသစ်ဖြစ်စေ၊ ပြန်လည်ရိုက်နှိပ်ထုတ်ဝေသော စာအုပ်ပဲ ဖြစ်စေ၊ အဆင်မြင့် ရသ သို့မဟုတ် သုတ စာအုပ်မျိုးတွေ ထွက်လာလျှင် ဝမ်းသာအားရ ကြိုဆိုမိသည်။ သို့သော် စာအုပ်ကောင်း ဆိုတာမျိုးက အမြဲတမ်း ပုံမှန် ထွက်နေတာမျိုးမှ မဟုတ်တာလေ။
ပြောရတာ အားတော့နာသည်။ အခုနေခါ စာအုပ်ဈေးကွက်မှာ လှိုင်လှိုင်ကြီးထွက်နေသော စာအုပ်အများစုက စာရည်စာသွေးအရ သိပ်ပြီး နှုန်းမီစံရ ဖြစ်လှသည်မဟုတ်ပါ။ အဆင့်မြင့် ရသစာအုပ်များ မဟုတ်သလို၊ သုတစာအုပ်များလည်း မဟုတ်။ အထွက်များသည့် စာအုပ်တွေထဲမှာ ပထမတစ်မျိုးက ‘မိုတီဗေးရှင်း စာအုပ်တွေ’ ဟု စာအုပ်ဈေးကွက်မှာ ခေါ်နေကြသော စာအုပ်များ။ ဒုတိယတစ်မျိုးက ယောကျ်ားလေးနှင့် ယောကျ်ားလေးချင်း၊ မိန်းကလေးနှင့် မိန်းကလေးချင်း ချစ်ကြိုက် သာယာကြပုံများကို ထွေလီကာလီ ဇာတ်လမ်းဆင်ထားကြသော စာအုပ်များ။ တတိယတစ်မျိုးကတော့ ‘တက်ကျမ်း’ ခေါ်သော ကြီးပွားစေကြောင်း နည်းလမ်းပေါင်း သောင်းခြောက်ထောင်ကို ခေါင်းစဉ်အမျိုးမျိုး ပြောင်းတပ်ကာ ဖမ်းစားသော စာအုပ်များ။ အခု ပြောခဲ့သည့် အမျိုးအစားသုံးမျိုးက စာအုပ် ဈေးကွက်ထဲမှာ လွှမ်းမိုးထားသည်။
လူတွေက စာအုပ်ကောင်းတွေချည်းပဲ ဖတ်နေကြတာမျိုး မဟုတ်တာလည်း ကျွန်တော်တို့ သိပါသည်။ ကိုယ့်စိတ်ဝင်စားမှုနှင့် ကိုယ်နှစ်သက်ရာကို ရွေးချယ်ပြီး စာဖတ်ကြမှာပါပဲ။ စာအုပ်ဖတ်ကြသော ရည်ရွယ်ချက်ကလည်း စာဖတ်သူတွေမှာ အမျိုးမျိုးရှိသည်ကိုး။ အချို့က အလေးအနက်။ အချို့က အပျင်းပြေ။ ရှေ့အခါကလည်း ဒီလိုပဲ ဖတ်ခဲ့ကြတာချည်း ဖြစ်ပါသည်။ ခေတ်တိုင်းတွင် အပျော်ဖတ် စာပေသည် ရှိစမြဲ။ ဆူလွယ်နပ်လွယ် ပေါပေါပဲပဲ ‘ငါးပွက်ရာ ငါးစားချ’ စာအုပ်တွေလည်း စာအုပ်သမိုင်းတွင် ဒုနှင့်ဒေး ထွက်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အနေနှင့်က ကိုယ့်ပေတံတွေ စံနှုန်းတွေနှင့် လျှောက်တိုင်းထွာပြီး ‘စာပေါ’တွေ ဖတ်နေရသလားဟု ရှုံ့ချပြစ်တင်လို့ မဖြစ်ပါ။
ရှုံ့ချပြစ်တင်နေလို့ မရပါဟု ဆိုလိုက်သဖြင့် မျက်နှာလွှဲခဲပြစ် ဖြစ်ချင်ရာဖြစ် ပစ်ထားလိုက်ဟုလည်း ပြောလိုရင်း မဟုတ်ပါလေ။ တစ်ဖက်တွင် အဆင့်အတန်း အမြင့် အနိမ့်၊ အကြောင်းအရာ အညံ့ အကောင်း စသဖြင့် အမျိုးမျိုးရှိသော စာအုပ်စာတမ်းများ ရေးသားကြ ထုတ်ဝေကြသည့် ‘ဖြစ်တည်နေမှု’ကို အသိအမှတ်ပြုရလိမ့်မည်။ နောက်ဆုံး စကားကုန် ဆိုရလျှင် ‘ညစ်ညမ်း’ စာပေပင် ဖြစ်ဦးတော့။ ထိုစာအုပ်စာတမ်းများ၏ ‘တည်ရှိခွင့်’ကို အတင်းအကျပ် အမိန့်အာဏာသုံး၍ ပိတ်ပင်လို့ မရ။ ထိုသို့ ပိတ်ပင်မည်ကိုလည်း ကျွန်တော်တို့ လက်မခံချင်လှပါ။ ပြီးခဲ့သော နှစ်များအတွင်း ‘ညစ်ညမ်း’ စာပေများ ရေးသား ထုတ်ဝေသည်ဆိုသော ခေါင်းစဉ်ဖြင့် စာအုပ်တိုက်အချို့ကို ဆိုင်ရာက ထုတ်ဝေခွင့် ရုတ်သိမ်းခဲ့သည့် အဖြစ်အပျက်များ တွေ့ခဲ့ရသည်။ ကျွန်တော်တို့အနေနှင့် စာပေဆိုင်ရာ အချို့သော ကိစ္စများသည် ဥပဒေဖြင့် ‘ကွပ်ညှပ်’ သည်ထက် ‘ဝေဖန်ရေး’ ဖြင့် ထိန်းသိမ်းသည်က ပို၍ သင့်တော်ကောင်း မွန်မည်ဟု အစဉ်သဖြင့် ယုံကြည်ချက် ရှိပါသည်။
သို့ဖြစ်ရာ အခုနေအခါ လက်ရှိကာလမှာ စာအုပ်အညံ့စားတွေ ဈေးကွက်ထဲတွင် လှိုင်ဘောလယ်အောင် ထွက်နေသည့် အဖြစ်ကို ကျွန်တော်တို့ မရှုံ့ချပါ။ သို့သော် ဘာကြောင့်လဲ ဆိုတာကိုတော့ စူးစမ်းရလိမ့်မည်။ သိပ်မကောင်းသည့် စာအုပ်တွေ ဘာကြောင့် ဗွက်ထအောင် ထွက်နေရသလဲဆိုသည့် အကြောင်းရင်းကိုတော့ မေးခွန်းထုတ်ကြည့်ရလိမ့်မည်။ ထိုထို စာအုပ်အညံ့စားများ ထွက်နေသည့် အကြောင်းနှင့် အကျိုး၊ အကောင်းနှင့် အဆိုးကိုတော့ ဆန်းဆန်းစစ်စစ် လုပ်ကြည့်ဖို့ရာ လိုအပ်ပါသည်။ ဖြစ်ချင်ရာ ဖြစ်စမ်းပစေ ဆိုကာ ပစ်ထားလို့တော့ မဖြစ်စကောင်း။
လွန်ခဲ့သည့် ငါးနှစ်ကျော် ရှေ့ပိုင်းကာလ အခြေအနေတုန်းက မြန်မာစာအုပ်ဈေးကွက်မှာ တစ်မျိုးဖြစ်ခဲ့သည်။ ထိုအခါက အသစ်ပေါ်ထွန်းနေသော စာဖတ်မျိုးဆက်သည် အကြောင်းအရာ အသစ်များကို ထက်သန်စွာ စိတ်ဝင်စားသည်။ အဆင့်မြင့် ရသစာပေတွင် တိမ်းညွှတ်သလို၊ ခေတ်သမိုင်းကို ထင်ဟပ်သော သုတစာအုပ်များကိုလည်း လက်လွတ်မခံ။ ထိုအချိန်က ကျွန်တော်တို့သည် ကာလရှည်ကြာအမိုက်မှောင်တိုက်ထဲကနေ ပြိုးပြိုးပြက်သော အလင်းရောင်လေးဆီသို့ ကူးပြောင်းနေသော အခြေအနေထဲတွင် ‘သိမှု’ကို ဆာလောင်နေကြသည့် အချိန်လည်း ဖြစ်သည်ကိုး။
ထိုအချိန်တုန်းက ကျွန်တော်တို့သည် ပိတ်ပင်ထားသော သမိုင်းခေတ်အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ သိချင်သည်။ သို့နှင့် သမိုင်းစာအုပ်များ ထုတ်ဝေလာသည်။ နိုင်ငံရေးဖြတ်သန်းမှုဆိုင်ရာ စာအုပ်တွေ အများကြီး ထွက်ခဲ့သည်။ အကျဉ်းထောင်ကိုယ်တွေ့ စာအုပ်တွေလည်း ထွက်သည်။ ယခင်က နာမည်သာ ကြားဖူးပြီး တားမြစ်ခံထားရ၍ ထုတ်ဝေခြင်း မပြုနိုင်ခဲ့သော စာအုပ်များ ပြန်လည်ထုတ်ဝေလာသည်။ အတိတ်ကို တူးဆွမြေလှန်သော စာအုပ်စာပေတွေတင်မက အနာဂတ်ကို မျှော်ရည်သော စာအုပ်စာတမ်းတွေလည်း အများအပြား ထုတ်ဝေခဲ့ကြသည်။ သုတဘက်မှာတင် မဟုတ်ဘဲ ရသစာပေပိုင်း (ပင်ကိုရေးနှင့်ဘာသာပြန်) မှာ ခေတ်ပြိုင်ခံစားမှုကို ထင်ဟပ်သော အရေးအသား ဖွဲ့နွဲ့တင်ပြမှုတွေ အားကောင်းမောင်းသန် ပေါ်ထွက်လာသည်။ ထိုထို စာအုပ်များကို စာဖတ်ပရိသတ်ကလည်း အားတက်သရော ကြိုဆိုကြ၊ လေ့လာကြ၊ ဆွေးနွေးကြနှင့် အလွန်မြိုင်ဆိုင်သော ကာလတစ်ရပ်ပါပဲ။ အခုနေ ပြန်တွေးတော့ ဆွေးစရာ။
မြန်မာစာရေးဆရာတွေ အနေနှင့်လည်း အချိန်အကြာကြီး ကွပ်ညှပ်ခံထားရသည့် အနေအထားမှ အတိုင်းအတာ တစ်ခုအထိ လွတ်လပ်လာသည့် ကာလတွင် ယခင်က စိတ်ကူးထဲမှာသာ ဝှက်ထားခဲ့ရသည့် အကြောင်းအရာတွေကို ရသအရေး အသားတွေအဖြစ် ဖန်တီးဖို့ ကြိုးစားလာကြတာ တွေ့ရသလို၊ အချို့က စတင်ဖန်တီးလာသည်ကိုပင် တွေ့ခဲ့ရသည်။ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပွားနေသော ပြည်တွင်းစစ်ကာလတွင်း အဖြစ်အပျက်တွေက မြန်မာရသဖန်တီးမှုထဲမှာ အကြောင်းအရာ တစ်ခုအနေနှင့် တည်ရှိလာခဲ့ပြီ။ ပြီးတော့ အတင်းအဓမ္မလုပ်အားပေးကိစ္စတွေ၊ ကျား-မ ရေးရာ ခွဲခြားမှုတွေ စသဖြင့် မြန်မာလူ့အဖွဲ့အစည်း၏ အမှောင်ခြမ်းထဲရှိ ‘တို့ ထိ’ မရသော အကြောင်းအရာတွေကို စာပေအရေးအသားထဲမှာ ‘လင်းလင်းကျင်းကျင်း’ ရေးလာကြသည်ကို တွေ့ခဲ့ရသည်။ စာဖတ်ပရိသတ်ကလည်း ထိုသို့သော အကြောင်းအရာ တင်ပြမှုမျိုးတွေကို လိုလားစွာ သိချင်စိတ်ရှိစွာဖြင့် ဖတ်ကြ လေ့လာကြ ခံစားကြဖို့ အသင့်ဖြစ်နေခဲ့သည်။ ဖတ်ပြီး သဘောတူတာ၊ နှစ်သက်တာ၊ မကျေလည်တာတွေကတော့ ရှိကြသည်မှာ ထုံးစံ။
တစ်ဖက်မှာလည်း စာအုပ်စာပေပွဲတွေ ပြုလုပ်ပြီး ပြည်သူလူထု၏ စာပေရေးရာ ‘နိုးကြားမှု’ကို မြှင့်တင်ဖို့ အားထုတ်သော လှုပ်ရှားမှုတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါသည်။ စာပေဆွေးနွေးပွဲတွေ၊ စာအုပ်ဈေးရောင်းပွဲတွေလည်း ပြန်လည် စည်ကားလာသည်။ ဤသို့သော စာပေဆိုင်ရာလှုပ်ရှားမှုတွေ ပွဲတွေတွေက လူထုကို စာကောင်းတွေ ဖတ်ဖို့ တစ်နည်းတစ်လမ်း အားပေးခဲ့သည်သာ။ စာဖတ်ပရိသတ်က ‘အကြောင်းအရာကောင်း’ တွေကို ဖတ်ဖို့ စိတ်အားထက်သန် လာသည်နှင့် အမျှ ဖတ်ရကောင်းမှန်း နိုးကြားလာသည်အမျှ စာဖတ်သူတွေ၏ လိုအင်ကို ဖြည့်ဆည်းဖို့ရာ တစ်ဖက်မှာ စာရေးဆရာတွေဘက်လည်း အားထုတ်ကြိုးစား ရေးသားလာကြသည်ကိုလည်း တွေ့ခဲ့ရသည်။ ဖတ်သူ ရေးသူမှာ အပြန်အလှန် စပ်ဆက်နေသည်ကိုး။ ငှက်ပျောသီးပေးရင်တော့ မျောက်တွေပဲ လာလိမ့်မည်။ မျောက်တွေ များနေသည့် အခိုက်အတန့်မှာတော့ ငှက်ပျောသီးက မျက်နှာပန်းလှမှာပေါ့လေ။
မြန်မာစာပေခေတ် တစ်ခေတ်သည် ဖွံ့ဖြိုးရန် တာစူဆဲ အဆင့်မှာပင် ‘ပန်းကောင်း အညွှန့်ကျိုး’ သလို အမှောင်တွင်းနက်ကြီးထဲ နောက်တစ်ကျော့ ထပ်ရောက်သွားရသည့်အဖြစ်ကို ပြန်တွေးကြည့်ရသည်မှာ စိတ်နှလုံး ညှိုးချုံးစရာ ကောင်းပါသည်။ သို့သော် လက်တွေ့ အရှိတရားကို ကျွန်တော်တို့ ရင်မဆိုင်ဘဲ နေလို့မဖြစ်။ ကျွန်တော်တို့၏ အနာဂတ်သည် ၂၀၂၁ ခုနစ်တွင် ရပ်တန့်နေပါသည်။ အမြင့်သို့ တက်ရသည့် ခရီးဟူသည်မှာ အမြင့်သို့ ဆက်တက်လျှင် တက်၊ မတက်၍ တစ်နေရာမှာ အသေ ‘ရပ်’နေပြီဆိုလျှင် နောက်ပြန်ဆုတ်မည့် အန္တရာယ်နှင့် တစ်ချိန်မဟုတ် တစ်ချိန် ကြုံရစမြဲပါ။ အခု ငါးနှစ်ကျော် ခြောက်နှစ်ထဲ ရောက်လာတော့ ကျွန်တော်တို့ မြန်မာစာအုပ်လောကသည် ရှေ့သို့ တိုးနေသလား၊ နောက်ပြန်ဆုတ်သွားသလားဆိုသည်ကို ကြည့်သောသူများ မြင်ပါလိမ့်မည်။
ကျွန်တော်တို့ အစကနဦးက ပြောခဲ့သော စာအုပ်အမျိုးအစားများမှာ ပြီးခဲ့သည့် ငါးနှစ်အတွင်း အကြီးအကျယ် ထွန်းကားလာခြင်းဖြစ်သည်။ ခပ်လွယ်လွယ်ရေးထားသော စာတိုစာစတွေက ရောင်းရဆုံး စာအုပ်တွေ ဖြစ်လာခဲ့သည်။ ‘မိုတီဗေးရှင်း’ ဆိုသော စာအုပ်တွေက မြန်မာစာအုပ်ဈေးကွက်တွင် မင်းမူလာသည်။ ထိုသို့သော စာအုပ်အမျိုးအစားတွေက စာအုပ်ဆိုင်တိုင်း၏ ‘ရောင်းအားကောင်း’ စာအုပ်များ၊ ‘ငွေရပေါက်’ မြန်သော စာအုပ်များ ဖြစ်လာပြီး စာအုပ်ဆိုင် ရေရှည်ရပ်တည်ဖို့မှာ အနှီစာအုပ်များအပေါ်တွင် မှီခိုနေရသကဲ့သို့ ဖြစ်လာသည်။ စာပေဆိုင်ရာ စာအုပ်တွေကတော့ မျက်နှာငယ်ရသည်။ အလွန်မှ မျက်နှာငယ်ရသည်။ မကောင်းတတ်လို့ တင်ရနေသလိုနှယ်။
ငွေရှာနည်း၊ ကြီးပွားနည်းဆိုင်ရာ စာအုပ်တွေကလည်း အများအပြား။ အသစ်ထွက် စာအုပ်တွေထဲမှာ တင်းကြမ်း ပြည့်နေသည်။ ကြည့်လေရာ စိတ်ဓာတ်ကျနေသော ပတ်ဝန်းကျင်ထဲမှာ ‘စိတ်ခွန်အားဖြည့်’ စာအုပ်တွေ ရောင်းကောင်းနေတယ် ဆိုတာကတော့ အသင့်ယုတ္တိရှိသေးသည်။ အလုပ်လက်မဲ့ ဦးရေများပြား၊ ဘာလုပ်ငန်းမှ မယ်မယ်ရရ မရှိတော့သည့် ‘ပြည်ရေးပြည်ရာ’ ရှုပ်ထွေးမတည်ငြိမ်သည့် တိုင်းပြည်ထဲတွင် ‘ငွေရှာနည်း’ ‘စီမံခန့်ခွဲ’ နည်း စာအုပ်တွေ အုပ်ရေ အမြောက်အမြား ရောင်းချနေရသည်ဆိုတာကတော့ နားလည်ဖို့ ခက်သည်။ စာအုပ်အများစုက ဘာသာပြန်တွေဖြစ်ပြီး အချို့စာအုပ်တွေက မြန်မာစာအရေးအသား ‘ထောင့်’ ပြီး မပြေပြစ်။ ဆောင့်အင့် ဆောင့်အင်ဖြင့်။ ဘာသာပြန်သူနှင့် ဖတ်သူ နှစ်ဦးကြား သူ့ဟာနှင့်သူတော့ အလုပ်ဖြစ်ကြပုံရပါသည်။
ကျွန်တော်တို့က ပြီးခဲ့သည့် ငါးနှစ်တာကာလကို စာပေအဆင့်အတန်း နိမ့်ဆင့်သွားသည်ဟု ဝမ်းပန်းတစ်နည်း ကောက်ချက်ချနေသည့်တိုင် တစ်ဖက်မှာလည်း မြန်မာစာပေသမိုင်းတွင် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်းလောက် စာရေးဆရာအသစ်များ ပေါ်ထွက်လာသော အချိန်ဟူ၍ မရှိခဲ့သေးပါ။ မျက်နှာသစ်စာရေးဆရာတွေ အများအပြား ပေါ်လာသည်။ အများစုကတော့ ‘မိုတီဗေးရှင်း’ စာရေးဆရာတွေပဲပေါ့။ ရသစာပေကို ဘာသာပြန်သူ၊ ပင်ကိုရေးရန် ကြိုးစားနေသူ လူငယ် စာရေးဆရာတွေလည်း မရှိဘူး မပေါ်လာဘူးတော့ မဟုတ်။ ပေါ်လာပါ၏။ သို့တိုင် ‘မိုတီဗေးရှင်း’ ‘တက်ကျမ်း’ ရေးသူတွေ လောက်တော့ မများလှ။
ဒါကလည်း သဘာဝပါပဲ။ အဆင့်အတန်းရှိ ရသစာပေကို ရေးဖို့ရာ ‘စာပေဝမ်းစာ’ ရှိဦးမှကိုး။ သို့နှယ် စာပေဝမ်းစာ’ ရှိဖို့ ကလည်း အချိန်ကာလတစ်ခု လုံလောက်စွာ ပေးပြီးမှသာ ဖြစ်တာမျိုး။ တစ်ကြောင်းစ နှစ်ကြောင်းစ ပေါ်ပင် ‘စိတ်ခွန်အားပေး’ စာတွေ ရေးဖို့ကတော့ ‘စာပေဝမ်းစာ’ သိပ်ပြီးမလိုအပ်လှ။ ဟိုစာအုပ် ဒီစာအုပ်တွေထဲက ဆင်တူယိုးမှား ကူးချ။ အင်တာနက်မှာ အတိုအထွာ ရေးထားတာတွေကို ရှာ။ ဆိုင်ရာ ဆိုင်ရာ ဘာသာရေးအဆုံးအမလေးတွေကိုပါ ‘သည်းခြေကြိုက်’ ထည့်လိုက်ရင် ပြီးစတမ်း။ သို့နှင့် အသက်ဆယ့်လေး ဆယ့်ငါးနှစ်နှင့် စာရေးဆရာဖြစ်လာသူပင် ရှိသည်။ ပေါ်ပင် ပျော်ရွှင် အွန်လိုင်းမီဒီယာအချို့ကလည်း အနှီ ဆရာလေး ဆရာမလေးများကို ဝိုင်းဝန်း ‘ပို့’ ပေးကြသည်။ မြန်မာပြည်၏ အသက်အငယ်ဆုံး စာရေးဆရာ၊ စာရေးဆရာမ တွေပါတဲ့။
အချို့ စာပေဘာသာပြန်စာအုပ်တွေမှာလည်း တွေ့ရတတ်သေးသည်။ ‘ကျွန်တော် စာရေးသူမှာ ယခုမှ အသက် ၂၀ သာ ရှိပါသေးသည်၊ အသက် ၂၄ နှစ်သာ ရှိပါသေးသည်’ စသဖြင့် ကိုယ့်အသက်ကိုယ် မသိမသာ ဖော်ထုတ်ပြသော အရေးအသားများ။ ဘာကြောင့်များ ထို့နှယ် စာရေးသူက သူ့ရို့အသက်ကို ဖော်ပြသလဲ မသိ။ အသက်ငယ်ငယ်လေးနှင့် ကျွန်တော် ကျွန်မတို့ ဤမျှ စွမ်းကြပါသည်ဆိုတာကိုကို သွယ်ဝိုက်ပြီးများ ကြွားချင်လေသလား။ စာရေးဆရာအဖို့ ‘ငယ်ဂုဏ်’ လိုအပ်လို့လား။ ဘယ်အသက်ရွယ်ဖြစ်စေ ‘စာရေးဆရာစိတ်’ ရှိဖို့နှင့် ‘စာရေးဆရာအလုပ်’ကို ရိုရိုသေသေ လုပ်ဖို့သာ လိုပါသည်။ ငယ်ဂုဏ်ကို ‘ပြ’ ပြီး လုပ်ရသော အလုပ်မျိုးမှ မဟုတ်တာကလား။ ဤသို့ ဤနှယ် ကျွန်တော်တို့ စာပေလောက ပစ္စက္ခမှာ ဖြစ်ပျက်လျက်ရှိလေသည်။
တစ်ဖက်မှာလည်း ‘တကယ့် စာအုပ်ကောင်း’ ကို ရေးသား၊ ဖန်တီး၊ ဘာသာပြန်နိုင်စွမ်းသော ‘တကယ့်စာရေးဆရာ’ အစစ်တွေက သူတို့အလုပ်ကို သူတို့ ကောင်းစွာ မလုပ်ကြ၊ မလုပ်နိုင်ကြတော့သည့် အနေအထားတွေကိုလည်း မြင်ရသည်။ ထိုသို့ မလုပ်နိုင်သည်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ စာပေအနုပညာဟူသည် တစ်ဦးချင်း ပုဂ္ဂလိက ဖန်တီး ရသည် ဆိုသည့်တိုင် ဖန်တီးသော အနုပညာကို အများသို့ မျှဝေဖို့ရာ ‘ခြေခင်းလက်ခင်း သာဖို့’ လိုသည်။ ကာလဝိပတ္တိ ဖြစ်သော ယခုလို အခြေအနေမျိုးတွင် တကယ့် အနုပညာတို့ ပေါ်ထွန်းဖို့ရာ လမ်းမမြင်။ ‘ဇောင်းခြမ်းနစ်ပြီး ဗူးတောင်းပေါ်’ နေသော ကာလမျိုးတွင် တကယ့် စာပေသည် ငုတ်လျှိုး၍ နေရဦးမည်။ စာရေးဆရာမှာ ကြိုးတန်းတွင် လမ်းလျှောက် ရသူကဲ့သို့ မရေရာ။ ဒီလိုနှင့် သည်ဘက်နှစ်တွေမှာ စာပေ ‘သရောကြီး’ ခိုင်းသလို ဖြစ်ခဲ့ရလေသည်။
စာကောင်းပေကောင်းတွေ အသစ်ထွက်လာမှု အားနည်းသည့် ‘လေဟာနယ်’ကို အများသူငါ ဖတ်ပျော်သည့် ပေါ့ပေါ့လွင်လွင် နိုင်သော စာတို့က ‘ဖြည့်’ လိုက်ကြသည်။ နှုန်းမမီ စံမရ အရေးအသားတို့ ဇောင်းကြွလာသည်။ အခြားသော အနုပညာဆိုင်ရာ နယ်ပယ်အချို့မှာလည်း ဒီအတိုင်းပါပဲ။ ဆရာ ဒဂုန်တာရာ၏ စကားနှင့် ဆိုရသော် ‘စံနှုန်းပျက် ကြားကာလ’ ထဲမှာ ကျွန်တော်တို့ ရောက်နေခြင်း ဖြစ်သည်။ သို့သော် ဒါသည် အခိုက်အတန့် ယာယီဟုသာ သဘောထားရပေမည်။ ထာဝရ တည်တံ့နေမည့် သဘောမဟုတ်။ အနုပညာခိုင်မာအားကောင်းသော စာရေးဆရာတွေ ‘တောင့်ခံ’ ထားကြဖို့သာ လိုအပ်သည်။ အနှစ်ချုပ်လိုက်သည့်အခါ လွတ်လပ်မှု မရှိဘဲနှင့် ဘယ်မှာ သစ်လွတ်လတ်ဆတ်သော စာပေ အနုပညာတို့ ပေါ်ထွန်းပါမည်နည်း။ သန်စွမ်းသောမြေကြီးပေါ်တွင် သန်စွန်းသော သစ်ပင်ပန်းမာန်တို့ ပေါက်ရောက် ဝေဆာမည်ပေါ့။ အဆီဩဇာ ကင်းမဲ့သော မြေကြီးပေါ်မှာ ‘အလေးအမွှား’ ‘အသိမ်အဖျင်း’တွေသာ ပေါက်မည်ပေါ့။ ဒါက မဖောက်မပြန် အမြဲမှန်သော သဘာဝနိယာမ တစ်ခုပါပဲ။
အရေးကြီးသည်မှာ ဘယ်အခြေအနေမျိုးမှာ ဖြစ်စေ၊ ကျွန်တော်တို့၏ စာရေးဆရာတွေ စာရေးသည့် အလုပ်ကို လုံးလုံးကြီး ရပ်နားပြတ်တောက်မသွားစေဖို့ဖြစ်သည်။ ယခင်က စာရေးရန် အစဉ်သဖြင့် တက်ကြွနေတတ်သော စာရေးသူအချို့နှင့် အခုကာလ ပြန်တွေ့သည့်အခါ ‘ခေတ်ကိုအပြစ်ဆို’ ကာ စာရေးခြင်းအလုပ်ကို ရပ်နားထားသူတွေက များနေသည်။ သူတို့ကို ‘အခုဘာစာတွေ ရေးနေသလဲ’ မေးသောအခါ ‘ဘာမှ မရေးဘူး၊ ရေးချင်စိတ်လည်း မရှိဘူး’ ဟု အများစုက ပြန်ပြောသည်။ ‘တစ်ခုခုတော့ ရေးထားပေါ့။ နောင်မှာ ပုံနှိပ်နိုင်မှာပဲ’ ဆိုတော့ ‘အနာဂတ်က ဘာမှ မရေရာပါဘူး’ ဖြေသူက ဖြေသည်။ ‘လုပ်တာပေါ့’ ဟု မရေရာ ပြန်ဖြေသူလည်း ရှိသည်။ ရင်းနှီးသော မိတ်ဆွေ စာရေးဆရာများ၏ အသံဖြစ်၍ မြန်မာစာရေးဆရာ အားလုံးကိုတော့ ကျွန်တော်တို့ အတွေ့အကြုံက ကိုယ်စားပြုနိုင်မည် မဟုတ်ပါ။ သို့သော် စာဖတ်သူ တစ်ဦးနေဖြင့် ကျွန်တော်တို့သည် ဈေးကွက်အတွင်း အမြဲမပြတ်စောင့်ကြည့်နေရာ ယခင်က ရေးအားကောင်းသော ရေးလက်ရှိသော စာရေးဆရာတွေ အခုနေမှာ ဘာစာအုပ်မှ ထွက်လာတာ မတွေ့ရ။ အချို့ စိတ်လေ၊ စိတ်ကျဖြစ်ကာ ရောဂါတွယ်သူ တွယ်၊ ဆုံးပါး ကွယ်လွန်သူတွေ ကွယ်လွန်ကြကုန်ပြီ။
ကျွန်တော်တို့သည် ခေတ်ကိုချည်း အပြစ်ဆိုကာ ငုတ်တုတ်ထိုင်နေကြမည်လော။
ရသမျှ စူးဆောက်တန်ဆာတို့ဖြင့် ‘ခေတ်ဝန်ကို ထမ်း’ ကြမည်လော။
‘မင်းတို့ စာရေးစရာရှိတာ ရေးကြ။ မင်းတို့အလုပ်ကို မင်းတို့ မလုပ်ရင် အခြားသူတွေက ဝင်လုပ်သွားလိမ့်မယ်’ ဆိုသော ဆရာမကြီး လူထုဒေါ်အမာက မန္တလေးမြို့ခံ သူ့တူသားအရွယ် စာရေးဆရာတွေ အမြဲပြောတတ်လေ့ရှိသည့် စကားကို ဤနေရာတွင် သတိချပ်စေချင်ပါသည်။ တကယ့်စာရေးဆရာတွေက အမျိုးမျိုးသော အခြေအနေ အကြောင်းကြောင်း တို့ကြောင့် စာမရေးနိုင် ဖြစ်နေချိန်တွင် စာရေးခြင်းလုပ်ငန်းကို ‘အခြားသူတွေ’က ဝင်လုပ်သွားကြလိမ့်မည်တဲ့။ ဆရာမကြီး ပြောခဲ့သည့် ‘အခြားသူ’ တွေ ဝင်ရေးနေသည့် စာအုပ်တွေ ဈေးကွက်မှာ အလျှိုအလျို ထွက်နေတာလည်း တွေ့ရသားပဲ။
ဟိုအကြောင်း သည်အကြောင်းတွေဖြင့် စာရေးခြင်းအလုပ်ခွင် မဝင်နိုင် ဖြစ်နေကြသည့် မိတ်ဆွေစာရေးဆရာများအကြောင်း စဉ်းစားမိသည့်အခါ ကျွန်တော် စတင်ဖတ်မိချိန်ကလည်း နှစ်သက်ပြီး၊ မကြာမကြာလည်း ပြန်ဖတ်ဖြစ်နေသော ‘စာအုပ်တစ်အုပ်’ကို ပြေး၍ သတိရသည်။ ထိုစာအုပ်မှာ ဂျပန်စာရေးဆရာ မူရာကာမိက သူ၏ စာရေးခြင်း အလုပ်အကြောင်း ပြန်လည် ရေးပြထားသော စာအုပ်ဖြစ်သည်။ မူရာကာမိကို မြန်မာပြည်မှာ ‘စာသမား’တိုင်း သိကြပြီး ဖြစ်ပါသည်။ ဘာသာပြန်ဆရာများ၏ကျေးဇူးဖြင့် မူရာကာမိ ရေးခဲ့သော ဝတ္ထုအားလုံးနီးပါးလည်း မြန်မာဘာသာပြန်ဖြင့် ရှိနေပြီဖြစ်သည်။ ကျွန်တော်တစ်ဦးတည်းအနေနှင့် ဆိုပါက မူရာကာမိ၏ ဝတ္ထုတွေထက် မူရာကာမိ၏ စာရေးဆရာဘဝ၊ စာရေးပုံကို ပို၍ စိတ်ဝင်စား တိမ်းညွှတ်မိပါသည်။ ထို့ကြောင့်လည်း အခု ပြောမည့် စာအုပ်ငယ်ကို မကြာမကြာ ပြန်ဖတ်မိတာ၊ သတိရမိတာ ဖြစ်ပါသည်။
ပုံမှန်အားဖြင့် လူတစ်ဦးတစ်ယောက်အနေနှင့် ဘဝခရီးလမ်းမှာ ကံကြမ္မာဆိုးနှင့် ကြုံရတာ မနှစ်မြို့စရာအခြေအနေပါပဲ။ သို့သော် အနှီလူဟာ စာရေးဆရာတစ်ဦး ဖြစ်နေပါက ရင်ဆိုင်ရသော ကံကြမ္မာဆိုးကပင် စာရေးဖို့ရာ အကူအထောက် ပြုနိုင်ကြောင်း မူရာကာမိ၏ အမြင်ဖြင့် ထိုစာအုပ်ကို ကျွန်တော်က စတင် မိတ်ဆက်လိုက်ချင်ပါသည်။
‘ကံကြမ္မာက သံပရာသီးပေးလာသောကြောင့် ချဉ်လှချည်ရဲ့ဟု ထိုင်ညည်းနေမည့်အစား ဓားနှင့် လှီးကာ သံပရာရည် ဖျော်သောက်သည်က ပိုကောင်းသည် မဟုတ်ပါလော။ ကြမ္မာဆိုးများနှင့် မလွှဲမရှောင်သာဘဲ ကြုံတွေ့လာရမည်ဆိုပါက အဆိုးထဲက အကောင်းကို ထုတ်ပြီး၊ သုံးတတ်ရ ပေလိမ့်မည်။... မိမိသည် စိတ်ထိခိုက်ခြင်း၊ စိတ်ပျက်အားငယ်ခြင်းတို့ကို အမှန်တကယ်ပင် ခံစားခဲ့ရသော်လည်း စာရေးဆရာတစ်ယောက် ဖြစ်သော မိမိအတွက်မှာမူ အလွန်အဖိုးတန်သော အာဟာရများဖြစ်ကြောင်း နောက်ပိုင်းကျမှ သဘောပေါက် ခဲ့ရလေတော့သည်’ (စာ ၂၂၈ )
မူရာကာမိက သူ့ဘဝမှာ ပျော်စရာကောင်းသည့် အခိုက်အတန့်အခြေအနေများစွာနှင့် ကြုံကြိုက်ခဲ့ရသော်ငြား မှတ်ဉာဏ်ထဲတွင် အစွဲအမြဲ မှတ်မိနေတတ်သည်ကတော့ စိတ်ပျက်စရာ အကြောင်းအရာတွေပါဟု ဆိုလိုက်သည်။ စာရေးဆရာတွင် ‘အောင့်လုံး’ တွေများများလိုသည်ဟု မြန်မာစာရေးဆရာတစ်ဦး ရေးဖူးသော စာတစ်ကြောင်းကို ဖျတ်ခနဲ သတိရလိုက်မိပါသေးသည်။ စာရေးဆရာသည် သူကြုံတွေ့နေရသော စိတ်ပျက်စရာ အခြေအနေတွေကနေ ကိုယ့်အတွက် စာပေအနုပညာ ဖန်တီးဖို့ရာ ‘အမြတ်’ ထုတ်တတ်ရမည့် သဘောဟု နားလည်လိုက်မိသည်။ ဒီလိုမျိုးဖြင့် အခုနေအခါ ကျွန်တော်တို့၏ မိတ်ဆွေ အချို့သော စာရေးဆရာတွေက ဘာအတွက်များ စိတ်ပျက်အားလျော့နေကြပါမလဲ။
အချို့ အချို့ စာရေးဆရာတွေကျတော့လည်း ခေတ်အခြေအနေကို စိတ်ပျက်လို့ချည်းပဲရယ်လည်း မဟုတ်။ ပင်ကိုကပင် စာရေးခြင်းကို ‘ပျင်း’ နေကြခြင်းဖြစ်သည်။ ပင်ကိုအရည်အသွေးရှိပါလျက် စာရေးပျင်းသည့်အတွက် တစ်နှစ်နေလို့မှ စာတစ်ပုဒ်မထွက်၊ စာတစ်အုပ်မထွက်သည့် သူတွေလည်း အများသား။ ‘စာရေးရဦးမယ်’ ‘ရေးစရာတွေကအများကြီး’ ဟု နှုတ်တက်ရွရွရွတ်ရင်း ပါးစပ်ဖြင့် လေထဲမှာ စာရေးနေသည့် သူတွေလည်း ဒုနှင့်ဒေး။ မငြင်းလိုပါ၊ ထိုအထဲမှာ ကျွန်တော်တို့လည်း အဖွဲ့ဝင်အဖြစ် ပါပါပေ၏။ စာရေးခြင်းကို ‘အတည်တကျ’ အလုပ်တစ်ခုကဲ့သို့ သတ်သတ်မှတ်မှတ် မလုပ်ကိုင်ဘဲ ကြုံကြိုက်ပါမှ တစ်ကြောင်းရေး တစ်ပုဒ်ရေးသော စာရေးသူအရေအတွက်လည်း မနည်းပါပဲကလား။ စာရေးဆရာ ဖြစ်ချင်ကြသည်လည်း ပြောသေး၊ စာတစ်ပုဒ်မျှ မရေးပါဘဲ ဘယ်လိုလုပ်ပြီး စာရေးဆရာ ဖြစ်မည်နည်း။
မူရာကာမိသည် စာရေးဆရာအဖြစ် အသက်မွေးတော့မည်ဟု ပြတ်ပြတ်ဆုံးဖြတ်သည်။ ထိုအချိန်က သူဖွင့်ထားပြီး အောင်မြင်မှုလည်း ရနေသော ‘ဂျက်ဂီတ ဘား’ ကို ပိတ်ပစ်လိုက်သည်။ ထို့နောက် စာရေးဆရာအဖြစ် ကြိုးပမ်းသောအခါ သူ့တွင် အများနှင့်မတူ တမူထူးသည့် ‘ပါရမီ’ မပါ။ ထို့ကြောင့် အစွမ်းကုန် ကြိုးစားပါမှ တော်ရုံကြသည့်အတွက် စာရေးသည့်အလုပ်ကို ကြိုးစားအားထုတ်မှုဟူသော ‘လုံ့လ’ပေါ်တွင်သာ အခြေပြုသည်။ စဉ်ဆက်မပြတ် အပတ်တကုတ် ကြိုးစား အားထုတ်ခြင်းသည်သာ မူရာကာမိကို အောင်မြင်သောစာရေးဆရာဘဝသို့ ရောက်အောင် ပို့ပေးသော ‘လျှို့ဝှက်ချက်’ ဖြစ်သည်။
မူရာကာမိက ဝတ္ထုရှည်တစ်ပုဒ် စတင်ရေးတော့မည်ဟု ဆုံးဖြတ်ပြီး အလုပ်ခွင် မဝင်မီ ပထမဆုံး သူ့စာရေးစာပွဲပေါ်ရှိ အရာအားလုံးကို ရှင်းပစ်လိုက်သည်။ အလုပ်တစ်ခုကို အာရုံစိုက်၍ လုပ်တော့မည် ဆုံးဖြတ်ပြီးနောက်မှာ အခြား အပိုအလုပ် တစ်ခုကို မလုပ်လို၍ ဖြစ်သည်။ ဟိုက ဒီက ရေးပေးပါဦး ဆိုသည့် စာမူတောင်းခံလွှာတွေကိုလည်း ငြင်းပစ်လိုက်သည်။ သို့သော် လုပ်နေကျ ဘာသာပြန်သည့် အလုပ်ကိုတော့ ဝတ္ထုရှည်တစ်ပုဒ် ရေးနေစဉ် ‘အာရုံအပြောင်းအလဲ’တစ်ခုအဖြစ် လုပ်ခြင်းဖြစ်သည်။ ဘာသာပြန်သည်က ပင်ကိုရေးသားရသည့် အလုပ်လောက် ‘ဉာဏအင်အား’ မစူးစိုက်ရသည့် အတွက် ဟု မူရာကာမိက ပြောသည်။ အပျင်းပြေ အကြောဆန့်သည့် သဘောပါတဲ့။
‘အဲဒီလိုတော့ဖြင့် လွယ်လွယ် မပြောပါနဲ့ကွာ။ ဝတ္ထုရှည်ရေးနေတဲ့ အချိန်အတွင်း စားဖို့ သောက်ဖို့ အခြားအလုပ်တစ်ခုတော့ ရှာပြီး လုပ်နေရတာပဲ မဟုတ်လား။ ဒီလိုမှ မလုပ်ရင် ဘယ်လိုလုပ်ပြီး စာသောက်နိုင်မှာလဲ’ ဟု ပြောလာကြသည့် ရေးဖော်ရေးဖက်များလည်း ရှိပါသည်။ ကျွန်တော်၏ ဘဝနေထိုင်နည်း စနစ်တခုမှာ ထိုကဲ့သို့ အချိန်ကာလ ကြာမြင့်စွာ ဝင်ငွေမရှိဘဲ အလုပ်လုပ်နေရသည့် အချိန်တွင် အလုပ်တစ်ခုခုကို ရအောင် ရှာလုပ်ပြီး ကြိုတင်စုဆောင်းတတ်သည့် အကျင့်ပင် ဖြစ်ပါသည်။ ထုတ်ဝေသူထံမှ ကြိုတင်ငွေတောင်းပြီး သုံးသည့် အလုပ်ကိုတော့ မလုပ်ဖြစ်အောင် သတိထားပြီး ရှောင်ရှားခဲ့ပါသည်။ ကျွန်တော် ဝတ္ထုရေးစဉ်က ထိုကဲ့သို့ ကြိုတင်ငွေထုတ်ပေးသည့်စနစ်သည် လည်းကောင်း၊ စာရေး ဆရာ မိသားစု၏ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးသည့် စနစ်မျိုးသည် လည်းကောင်း မရှိခဲ့ပါ။ ထို့ကြောင့် စာရေးခြင်းနှင့် လုံးဝမဆိုင်သော ကာယအလုပ်များကို ရှာကြံလုပ်ကာ ကြိုတင်စုဆောင်းခဲ့ရပါသည်။ ထိုအချိန်မျိုးတွင် ကျွန်တော်သည် အခြား စာရေးသည့် အမှာစာများကိုတော့ လက်ခံလုပ်ကိုင်ခြင်း လုံးဝမလုပ်ခဲ့မိပေ။ တကယ်တမ်း ရေးမည့်အချိန်သို့ ရောက်လာသည့်အခါတွင်မူ မည်သည့်အလုပ်ကိုမှ မလုပ်တော့ဘဲ စာကိုသာ မဲပြီး ရေးနေမိခဲ့ပါသည်’ ( စာ ၁၄၅- ၁၄၆)
မူရာကာမိသည် စာများ စတင်ရေးသားချိန်ကတည်းက မနက် ၄နာရီတွင် အိပ်ရာက ပုံမှန်ထသည်။ ကော်ဖီခါး တစ်ခွက်ကို ဖျော်ပြီး စာရေးစားပွဲတွင် အချိန် ခြောက်နာရီ ခုနစ်နာရီမျှ ကြာအောင် ထိုင်ပြီး စာရေးသည်။ ထိုသို့ စာရေးနေစဉ် တယ်လီဖုန်း၊ ဆိုရှယ်မီဒီယာ စသဖြင့် အာရုံထွေစေမည့် အရာများကို အသုံးပြုခြင်းမရှိ။ သူသည် နေ့စဉ် စာမျက်နှာ ဆယ်မျက်နှာခန့် ပြီးစီးအောင် ရေးသည်။ ထိုမျှ ရေးပြီးပါက ဘယ်လောက်ပဲ ‘ခံစားမှု’ ကောင်းပြီး အကြောင်းအရာတွေ ခေါင်းထဲမှာ အစီအရီ ထွက်နေပါစေ၊ ရပ်ပစ်လိုက်သည်။ မူရာကာမိ စာရေးသည့် ပုံစံက အမေရိကန်စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး၏ စာရေးပုံနှင့် ဆင်တူသည်ဟု ကျွန်တော်တို့ ထင်ပါသည်။ ဟဲမင်းဝေးသည်လည်း သူ စာရေးသည့်အခါ အကြောင်းအရာတစ်ခုကို စူးစူးစိုက်စိုက်ရေးသည်။ နောက်ထပ် ဘာဆက်ဖြစ်တော့မည်ကို သိသည်အခါတွင် ရပ်ထားလိုက်သည်။ နောက်တစ်နေ့ ဘာဆက်ရေးရမည်ကို သိနေပြီဖြစ်ရာ ထိုနေရာကနေ ဆက်ရေးသွားရန်သာ ရှိသည်။ ဟဲမင်းဝေးသည် သူ၏ (ဆရာကျော်အောင် ဘာသာပြန်သည့်) ‘ပါရီရုပ်ပုံလွှာ’ စာအုပ်ထဲတွင် သူ စာရေးပုံအကြောင်းကို ရိုးတိုးရိပ်တိတ် ထည့်သွင်း ဖော်ပြထားပါသည်။
မူရာကာမိသည် တစ်နေ့လျှင် ပုံမှန်ရေးသည့် စာ ဆယ်မျက်နှာဆိုသည်မှာ ဂျပန်ဘာသာဖြင့် စာရေးရန် တစ်မျက်နှာလျှင် အကွက် ၄၀၀ပါသော စာရေးစက္ကူ ဆယ်ရွက်နှုန်း ဖြစ်ပါသည်တဲ့။ လက်ပတော့ကွန်ပျူတာနှင့်ဆိုလျှင် ဖန်သားပြင်မှာ နှစ်မျက်နှာခွဲ ရှိသည်တဲ့။ သူက စာမျက်နှာ ဆယ်မျက်နှာ ရေးပြီးသည်နှင့် ဆက်ရေးချင်သည့်တိုင် ချက်ချင်း ရပ်ပစ်သည်။ ဆယ်မျက်နှာ မပြည့်လျှင် ပြည့်အောင် ကြိုးစားပြီး ရေးသည်။ ဘာကြောင့်လဲဆိုတော့ ရှည်လျားသော အလုပ်တစ်ခုကို လုပ်သည့်အခါတွင် စံနှုန်းတစ်ခုကို အတိအကျ သတ်မှတ်ထားရန် အရေးကြီးတာကြောင့်ပါဟု မူရာကာမိက ပြောပါသည်။ ရေးချင်သည့်အချိန်တွင် အားကုန်သွန်ရေးပြီး မရေးချင်သည့်အခါ လုံးဝမရေးဘဲ ပစ်ထားသည့် အကျင့်မှာ တကယ့်စာရေး ဆရာတစ်ဦးအတွက် မကောင်းသည့် အကျင့်တစ်ခု၊ စံနှုန်းတစ်သွယ် ဖြစ်သည်တဲ့။ ဒါကြောင့် သူစာရေးသည့်အခါ အချိန်မှတ် ကတ်ပြား (Time Card) ကို ထည့်ပြီး ရေးသကဲ့သို့ တနေ့လျှင် စာ ဆယ်မျက်နှာနှုန်း ပုံမှန်ရေးသားခြင်းဖြစ်သည်။
ထိုသို့ မူရာကာမိ၏ စာရေးပုံကို ဖတ်ရသောအခါ ကျွန်တော်တို့အနေနှင့် ဆရာမြသန်းတင့်၏ စကားများကိုလည်း ပြန်လည် သတိရသည်။ ဆရာက အခုလို ပြောခဲ့သည်ကိုး။
“... စာရေးချင်စိတ်ပေါ်မှ၊ စိတ်ပါမှ စာရေးတယ်ဆိုတဲ့ စည်းစိမ်မျိုး၊ အရသာမျိုးကို ကျွန်တော် ခံစားမနေနိုင်ဘူး ကိုဝင်းငြိမ်း။ ဝမ်းရေးကရှိတော့ အင်္ဂလိပ်လို ပြောရရင်တော့ No professional writer can afford only to write when he feels like it ပေါ့။ စိတ်ပါပါ မပါပါ ရေးနေရတာပဲ။ စိတ်ပါအောင် အခုပြောပြောနေကြတဲ့ ဈာန်ဝင်အောင် စောင့်နေရင် ဘယ်မှာ စာတွေ ဒီလောက်အများကြီး ရေးနိုင်မှာလဲ။ ကိုယ်စိတ်ပါမှ၊ ဈာန်ဝင်မှသာ ရေးတမ်းဆိုရင် တစ်လနေလို့ တစ်ပုဒ်တောင် ထွက်မှာ မဟုတ်ဘူး။ ဒီတော့ စာရေးခြင်းနဲ့ အသက်မွေးတဲ့ စာရေးဆရာဟာ စာရေးချင်စိတ်ပေါ်လာအောင် အာရုံကို သွင်းယူရတယ်။ ဈာန်ကို သွင်းယူရတယ်။ စားပွဲမှာ အချိန်မှန်မှန်ထိုင်ပြီး ရေးရတယ်။ ဒီလိုနဲ့ ကြာတော့ အကျင့်ဖြစ်ပြီး အချိန်မှန် ရေးဖြစ်သွားတာပဲ” ( (ဆရာ) ဝင်းငြိမ်း၊ မြသန်းတင့်နှင့် တွေ့ဆုံခြင်း။ ၂၀၀၄၊ တစ်ကြိမ်။ စာ ၄၁ ကြည့်ပါ)
မူရာကမိကတော့ သူ၏ စွဲမြဲသော အလုပ်လုပ်ပုံနှင့် ပတ်သက်၍ စာရေးဆရာကြီး အိုင်းဇက်ဒီနယ်ဆင် ပြောခဲ့သော ..
‘ကျွန်တော်မှာ ပြင်းပြတဲ့ ရည်မှန်းချက်တွေ မရှိသလို စိတ်ဓာတ်ကျတာမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ တစ်နေ့ကို နည်းနည်းချင်းတော့ စာတွေရေးဖြစ်ပါတယ်’ ဆိုသည့် စာရေးဆရာ အိုင်းဇက်ဒီနယ်ဆင် ပြောဖူးသော စကားကို ကိုးကားသည်။ ပြီးတော့ ဤသို့ ဆက်၍ ရေးပါသည်။
‘ထိုကဲ့သို့ လုပ်သည်မှာ အနုပညာရှင်တစ်ယောက်၏ အပြုအမူမဟုတ်ဘဲ စက်ရုံမှ အလုပ်သမားတစ်ယောက်၏ အလုပ်မျိုးနှင့် တူနေသည်ဟု ဝေဖန်သူများ ရှိကောင်းရှိပေလိမ့်မည်။ သူ ဝေဖန်သည့်အတိုင်းပင် ဖြစ်လေသည်။ ဝတ္ထုရေးသည့် စာရေး ဆရာတစ်ယောက်ကို အနုပညာရှင်တစ်ဦးကဲ့သို့ လုပ်ဆောင်ရမည်ဟု မည်သူကများ သတ်မှတ်ခဲ့ပါသနည်း။ ကျွန်တော် ကတော့ မည်သူကမျှ မသတ်မှတ်ခဲ့ဟု ထင်မိလေသည်။ ကျွန်တော်အနေနှင့် စာရေးဆရာတစ်ယောက်သည် အနုပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်ခံရသည်ထက် မိမိကြိုက်သည့် အလုပ်ကို မိမိကြိုက်သည့်အချိန်တွင် မိမိကြိုက်သလို လုပ်နိုင်သော လွတ်လပ်သူတစ်ယောက်ဖြစ်ဖို့က ပိုပြီး အရေးကြီးသည်ဟု ထင်မြင်မိသည်။ အများက စာရေးဆရာတစ်ယောက်ဟု သတ်မှတ်ခြင်း ခံရရန်အတွက် ဟန်ကြီးပန်ကြီး နေထိုင်ကာ ဝတ်စားသွားလာနေခြင်းထက် သာမန်လွတ်လပ်သော လူသားတစ်ယောက်အဖြစ် နေသွားခြင်းက ပိုမို သင့်လျော်သည်ဟု ယူဆမိလေသည်’ ( စာ ၁၄၈)
စာရေးနေချိန်တွင် အလုပ်ကို အပြင်းအထန် မနေမနား အားသွန်၍ အလုပ်လုပ်ပြီး စာမူကြမ်း ရေးပြီးပြီဆိုလျှင် တစ်ပတ်ခန့် နားနေပြီးနောက် တည်းဖြတ်းပြင်ဆင်သည့် လုပ်ငန်းအဆင့်သို ကူးပြောင်းသည်။ တည်းဖြတ်သည့် အချိန်ကို ရှည်လျားစွာ လုံလုံလောက်လောက် ယူသည်။ ပြင်ဆင်ရေးသားစရာ အချက်ပေါင်းများစွာကို တွေ့လာရသည်။ အရေးအသား ရှုပ်ထွေးနေသည်များ၊ သရုပ်ဖော်မှုပိုင်း ဝေဝါးနေမှုများ၊ ဇာတ်ကောင်စရိုက် မပီပြင်မှုများ၊ နေရာအထား ရှေ့နောက် လွဲမှားနေမှုများ စသဖြင့် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်၊ ဖြည့်စွက်ရေးစရာ ရှိသည်များကို ရေးသားသည့် အဆင့်ကို ဖြတ်သန်းသည်။ အချို့ ဖြတ်တောက်စရာရှိသည့် အရေးအသားများကို သံယောဇဉ်ထားမနေဘဲ ဖြတ်တောက်ပစ်ရသည်။
ထိုသို့ တည်းဖြတ်၊ ပြန်ရေးသား ရသည့်အလုပ်မှာ တစ်လ သို့မဟုတ် နှစ်လခန့် ကြာသည်။ ဒုတိအဆင့် စာမူကြမ်းကို အချော ပြန်လည်ရေးသားပြီးနောက် တစ်ပတ်ခန့်နားပြန်သည်။ နားပြီးသည့်အခါတွင် တတိယအကြိမ်မြောက် အသေးစိတ် ပြန်လည်ရေးသားခြင်း လုပ်ငန်းကို ထပ်လုပ်သည်။ ရှေ့က တစ်ခေါက်ထက် ပို၍ အသေးစိတ် ပြင်ဆင်ရေးသား ဖြုတ်ပယ်တာတွေ လုပ်ရသည်။ ထိုအလုပ်ပြီးလျှင် လဝက် ၊ ဒါမှမဟုတ် တစ်လအထိ ရှည်လျားသော နားချိန်ယူသည်။ ဝတ္ထုကို အံဆွဲထဲ ထည့်ပြီး ထိုဝတ္ထုဇာတ်လမ်းမှာ လုံးဝမရှိခဲ့သကဲ့သို့ သဘောထားကာ မေ့ပစ်လိုက်ရသည်။ ဝတ္ထုရေးနေချိန်တွင် အပတ်တကုတ် ကြိုးစားရေးခဲ့ရသကဲ့သို့ ဘာမှမလုပ်ဘဲ နားနေသည့် အချိန်တွင်လည်း ဝတ္ထုအပေါ် အာရုံ မရောက်ဘဲ နေနိုင်ဖို့ အရေးကြီးကြောင်း မူရာကာမိက ယူဆပါသည်။
စာမူကို အချိန်အတိုင်းအတာ တစ်ခုထိ အနားပေးပြီးနောက် စာမူကို နောက်တစ်ကြိမ် ပြန်ကိုင်သည်။ စာရေးဆရာ၏ ဦးနှောက်နှင့် နှလုံးသားတစ်ခုလုံး အနားယူခဲ့ရသည့်အတွက် ယခုတစ်ကြိမ် ပြန်လည်းပြင်ဆင်ရာတွင် ရှေ့က မမြင်ခဲ့သော ချွတ်ယွင်းချက်များကို ပြန်မြင်လာသည်။ ဤအဆင့်မှာတော့ အတိုင်းအတာတခုထိ စိတ်ကျေနပ်မှု ရပြီ။ နောက်တစ်ဆင့် အရေးကြီးဆုံး လိုအပ်ချက်မှာ တတိယလူ( Third Person ) ၏ အကဲဖြတ်မှုနှင့် ထင်မြင်ချက်ပင် ဖြစ်သည်။ မူရာကာမိ ကတော့ တတိယလူအဖြစ် သူ့ဇနီးသည်ကို စာမူဖတ်ခိုင်းလေ့ ရှိပါသည်တဲ့။ သို့သော် သူအခုလို လုပ်တာကို အယ်ဒီတာတွေကဖြင့် ကြိုက်လိမ့်မည် မဟုတ်ပါတဲ့။ ဂျပန်နိုင်ငံမှာ အယ်ဒီတာအများစုက လခစားတွေ များသည်၊ စာမူတည်းဖြတ်သည်မှာလည်း အထက်က တာဝန်ပေးလျှင် လုပ်ရသည်မို့ ကိုယ့်တည်းဖြတ်သည့် စာမူနှင့် အမြဲတစေ အံဝင်နေသည် မဟုတ်။ သူတို့နှင့် ယှဉ်ကြည့်လျှင် သူ့ ဇနီးသည်က သူ့အကြောင်းနှင့် သူ့စာမူများကို အစဉ်တစိုက် ဖတ်လာသူဖြစ်၍ သူ၏ အားနည်းချက် အားသာချက်များကို နက်ရှိုင်းစွာ သိထားသူဖြစ်ရာ သူ့ထံမှ ထင်မြင်ချက်မှာ ဘက်လိုက်မှု ကင်းသည်ဟု ယူဆသည်။ စိတ်ဝင်စားစရာကောင်းသော မူရာကာမိ၏ အမြင်တစ်ခုဟု ဆိုနိုင်ပါလိမ့်မည်။
စာရေးဆရာတစ်ဦးသည် စာရေးခြင်းအလုပ်ကို စူးစူးစိုက်စိုက် လုပ်နေနိုင်ဖို့မှာ ခန္ဓာကိုယ်ရုပ်ပိုင်း ကြံ့ခိုင်သန်စွမ်းနေဖို့က အရေးကြီးသည်။ သန်စွမ်းသော ခန္ဓာကိုယ်ထဲမှ သန်စွမ်းသော စိတ်ခံစားမှုတွေ ထွက်ပေါ်လာသည်ဟု မူရာကာမိက ယုံကြည်လေသည်။ သူ့အမြင်အရ စာရေးခြင်းဆိုသည်မှာ ‘အလုပ်ကြမ်း’ တစ်ခုပါပဲတဲ့။ အာရုံစူးစိုက်မှုအပြည့်နှင့် အလုပ်နေရသည့်အချိန်တွင် ခန္ဓာကိုယ်၏ စွမ်းအင်အားလုံးကို အသုံးပြုပြီး လုပ်ရသည်။ ထိုသို့ အချိန်ကြာမြင့်စွာ အာရုံစူးစိုက် လုပ်ရသည့်အတွက် ကျန်းမာကြံ့ခိုင်သည့် ခန္ဓာကိုယ် ရှိနေဖို့ လိုအပ်သည်ဟူ သူယုံကြည်ကြောင်း နယူးယော့ကာ (New Yorker) မဂ္ဂဇင်းတွင် ‘ပြေးနေတဲ့ ဝတ္ထုရေးဆရာ (The Running Novelist) အမည်ဖြင့် မူရာကာမိက ရေးခဲ့ဖူးသည်။
တစ်သက်တာစာရေးဆရာဘဝဖြင့် ရပ်တည်တော့မည်ဟု ဆိုကတည်းက မူရာကာမိသည် သူ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အာရုံစိုက်ခဲ့သည်။ ဒါကလည်း စာရေးစာပွဲတွင် အချိန်အကြာကြီး ထိုင်ပြီး လုပ်ရသည့်အတွက် တဖြည်းဖြည် လူက ထိုင်းမှိုင်းလေးလံလာပြီး ဝလာသည်ကို သတိထားမိရာမှာ စတင်သည်။ ဒီလိုဖြစ်နေတာ မကောင်း။ ဝတ္ထုရေးဆရာ တစ်ယောက်အဖြစ် သက်တမ်းရှည်ရှည် ရပ်တည်နိုင်ဖို့အတွက် ရုပ်ပိုင်းကျန်းမာရေးကို တည်ဆောက် ရလိမ့်မည်။ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ဖို့ ရွေးချယ်ရာတွင် မူရာကာမိက ‘ပြေးခြင်း’ကို ရွေချယ်ခဲ့သည်။ စွဲနေသော ဆေးလိပ် သောက်ခြင်းကိုလည်း ဖြတ်တောက်ပစ်လိုက်သည်။
‘တကယ့်စာရေးဆရာ’အဖြစ် အသက်မွေးမည်ဟု ဆုံးဖြတ်ပြီးကတည်းက စောစောအိပ်ပြီး စောစောထ နိုင်ဖို့ကြိုးစားသည်။ မူရာကာမိနှင့် သူ့ဇနီးသည် မိုးချုပ်တာနှင့် အိပ်ရာဝင်ပြီး နေမထွက်ခင် အိပ်ရာက ထနိုင်မည့် အခြေအနေကို ဖန်တီးခဲ့သည်။ နေ့စဉ် ည ၁၀ နာရီ မတိုင်မီ အိပ်ယာဝင်ပြီး နံနက် ၅ နာရီမထိုးမီ အိပ်ရာက ထသည်။ မနက် အစောပိုင်းတွင် အလုပ်လုပ်ပြီး၊ ညနေခင်းတွင် စာဖတ်တာ ဂီတနားထောင်တာတွေ လုပ်သည်။ ထိုဘဝတွင် အစဉ်သဖြင့် တည်မြဲနေဖို့ ညဘက် လူမှုရေး ပွဲလမ်းသဘင်တွေကို ရှောင်သည်။ ထို့အခါ မိတ်ဆွေအချို့၏ အငြိုအငြင်ကို ခံရသည်။ မတတ်နိုင်။
‘ကျွန်တော် စဉ်းစားတာကတော့ ကျွန်တော့်ဘဝမှာ တည်ဆောက်ရမယ့် အရေးကြီးဆုံး ဆက်ဆံရေးဟာ သီးသန့် လူတစ်ယောက်ချင်းစီနဲ့ မဟုတ်ဘဲ ကျွန်တော့်ရဲ့ မရေမတွက်နိုင်တဲ့ စာဖတ်ပရိသတ်တွေနဲ့ပဲ ဖြစ်သင့်တယ် ဆိုတာပါပဲ။ ကျွန်တော် ထုတ်လုပ်လိုက်တဲ့ လက်ရာတိုင်းဟာ အရင်ကထက် ပိုကောင်းနေသရွေ့တော့ ကျွန်တော့်ရဲ့ စာဖတ်သူတွေဟာ ကျွန်တော် ဘယ်လို နေထိုင်မှုပုံစံကိုပဲ ရွေးချယ်ပါစေ၊ သူတို့ လက်ခံပေးကြမှာပါ။ ဒါဟာ စာရေးဆရာ တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တာဝန်နဲ့ အဓိက ဦးစားပေးအလုပ်ပဲ မဟုတ်လား။ စာဖတ်သူတွေရဲ့ မျက်နှာကို ကျွန်တော် မမြင်ရတာကြောင့် အခုလို ကျွန်တော်ပြောတာဟာ တစ်နည်းအားဖြင့် သူတို့နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက စိတ်ကူးယဉ် ဆန်သလို ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒါကိုပဲ ကျွန်တော့်ဘဝရဲ့ အရေးအကြီးဆုံးအရာအဖြစ် တစိုက်မတ်မတ် သတ်မှတ်ထားပါတယ်။ ပြောရရင်တော့ဗျာ၊ လူတိုင်းကို စိတ်ကျေနပ်အောင်တော့ မလုပ်နိုင်ပါဘူး’ ဟု မူရာကာမိက နယူးယော့ကာ မဂ္ဂဇင်းထဲမှာ သူ့အမြင်ကို ရေးခဲ့ပါသည်။
မူရာကာမိ၏ စာရေးဆရာ သက်တမ်းတစ်လျှောက် ပြေးခြင်းကလည်း အလွန်အရေးပါခဲ့သည်။ မာရသွန်ပြိုင်ပွဲ နှစ်ဆယ်ကျော် သုံးဆယ်နီးပါး ဝင်ပြိုင်ခဲ့ဖူးသည်ဟုပင် ဆိုသည်။ နေ့စဉ် မပြေးသည့် ရက်ဟူ၍လည်း မရှိသလောက်ပါပဲ။ ယခု အခါ မူရာကာမိ၏ အသက်မှာ ၇၇ နှစ်ပြည့်ပါပြီ။ သို့တိုင် သူသည် စာတွေ ရေးနေဆဲ၊ ပြီးတော့ ‘အပြေး’ လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်နေဆဲ ဖြစ်သည်။ သူ့ဝတ္ထုအသစ်တွေ နှစ်နှစ်ခြား သုံးနှစ်ခြားတစ်ခါ ထွက်လာသလို၊ ရှေ့က ရေးသားထုတ်ဝေပြီးသား ဝတ္ထုတွေကလည်း နိုင်ငံတကာ စာဖတ်သူများ အကြားတွင် နှစ်သက် လက်ခံနေကြဆဲလည်း ဖြစ်ပါသည်။ ထို့အတူ နှစ်တိုင်းနီးပါး မူရာကာမိကို ‘စာပေနိုဗယ်ဆု’ ချီးမြှင့်ရန် ‘လျာထားစာရင်း’မှာ တင်သွင်းနေကြဆဲ။ မူရာကာမိ နိုဘယ်ဆု ရသင့်မရသင့်လည်း အငြင်းအခုန် ဖြစ်နေကြဆဲပါ။
ဤနေရာတွင် ကျွန်တော်တို့သည် မူရာကာမိ၏ စာပေကို ဝေဖန်ရေးလုပ်ရန် မရှိပါ။ သူ၏ စာရေးသားခြင်း အလုပ်ကို လုပ်ကိုင်ပုံ၊ စာရေးခြင်း အလုပ်ကို အလေးအနက်ထား၍ လုပ်ပုံ၊ အရှည်သဖြင့် စာရေးခြင်းအလုပ်ကို စွဲမြဲလုပ်နိုင်စေဖို့ အတွက် ရုပ်ပိုင်းကျန်းမာကြံ့ခိုင်အောင် အားထုတ်ပုံကိုသာ သာဓကဆောင်လိုခြင်းဖြစ်ပါသည်။ စာရေးခြင်းသည် အစွဲအမြဲ အားစိုက်ပြီး ဘဝမြုပ်နှံ၍ လုပ်ကိုင်ရသော လုပ်ငန်းမျိုး ဖြစ်ပါသည်။ ဆရာမြသန်းတင့် ပြောခဲ့သကဲ့သို့ ‘တခဏတဖြုတ် လမ်းကြုံ’ ဝင်လုပ်ရမည့် အလုပ်မျိုး မဟုတ်ပါ။ ပြီးတော့ ‘စာရေးဆရာစိတ်’ လည်း အထူးရှိဖို့ လိုသေးသည်။ စာရေးဆရာ စိတ်ကို အဓိပ္ပါယ် အကျယ်အပြန့် ဖွင့်လို့ရပါသည်။ ‘စာရေးဆရာစိတ်’ ဆိုသည်ထဲတွင် မူရာကာမိ ပြောခဲ့သကဲ့သို့ ‘ကံကြမ္မာက သံပရာသီးပေးလာလျှင်လည်း ချဉ်လှချေရဲ့ဟု ညည်းတွားမနေဘဲ သံပရာသီးကို ဓားနှင့် လှီးကာ သံပရာရည် ဖျောက်သောက်ဖို့’ ဆိုသော စိတ်မျိုးလည်း ပါသည်ကတော့ သေချာပါသည်။ တစ်နည်းပြောရလျှင် လောကဓံကြုံ မဖြံစတမ်းဆိုသော အနိုင်မခံ အရှုံးမပေး ‘ထီမထင်’ စိတ်ထားသည် ‘စာရေးဆရာ၏ စိတ်’ ထဲတွင် အကျုံးဝင်ပါလိမ့်မည်။
သို့ဆိုလျှင် ကျွန်တော်တို့၏ လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာနေကြမှာလား။ စာရေးဆရာအနုပညာသမားဟူသည် ‘ဖန်တီးသူ’ များဖြစ်ပါသည်။ ခေတ်တွေ စနစ်တွေ၏ ‘အဖန်တီးခံ’ တွေ မဟုတ်ကြပေ။ ‘တကယ့်စာရေးဆရာတွေ’ ကိုယ့်အလုပ် ကိုယ်လုပ်ကြပါမှ စာရေးခြင်းအလုပ်ကို ‘ကြားဝင်’ လုပ်နေသူတွေ ကိုယ်ရှိန်သတ်ကြလိမ်မည်။ စာကောင်းရေးနိုင်သူ၊ ရသသစ် ဖန်တီးနိုင်သူတွေက ရေးကြပါမှ ဖန်တီးကြပါမှ အလှေးအမွှား အသိမ်အဖျင်းစာပေများကို ‘တန့်’ နိုင်လိမ့်မည်။ လောက၏ သဘောမှာ ‘ရေများ ရေနိုင် မီးများ မီးနိုင်’ ဖြစ်လေရာ ‘နှုန်းမမီ စံမရ’ စာအုပ်တွေ အထွက်နှုန်း သာနေတာကို ထိုင်ပြီး အပြစ်တင် ရှုံ့ချ လှောင်ပြောင်နေကြမည့်အစား ‘စာအုပ်ကောင်း’ များများ ရေးသားဖန်တီးခြင်း၊ ထုတ်ဝေကြခြင်းဖြင့်သာ ဟန့်တားနိုင်မည်။ ဓမ္မနှင့် အဓမ္မ ဆိုသောကိစ္စများတွင့်လည်း ထို့အတူ။ ဓမ္မဘက်က ရပ်တည်ပါသည် ပြောနေရုံနှင့် မပြီး။ ဓမ္မဆိုသော တရားမျှတ မှန်ကန်ကောင်းမွန်သည့်အရာတွေ ထွန်းကားဖို့ရာ ကာယကံမြောက် လုပ်ကြပါမှ။
‘ခေတ်ကို အပြစ်မတင်’ဘဲ မိမိတို့ ဖြစ်ချင် မြင်ချင်သည့် ‘ခေတ်’ ကို ဖန်တီးကြဖို့သာ လိုပါသည်။ ထိုသို့ ဖန်တီး လုပ်ကိုင်ကြသောအခါ စူးစိုက်သော၊ စွဲမြဲသော အားထုတ်လုပ်ကိုင်မှုနှင့် ထိုသိုအလုပ်လုပ်နိုင်ရန် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထားမှု (Self-discipline) မှာ အရေးကြီးသည်။ ထို့ကြောင့် မူရာကာမိ၏ စာအုပ်ကိုလည်း ဖတ်ကြည့်ဖို့ ကျွန်တော်တို့က ‘လက်တို့’ ခြင်း ဖြစ်ပါသည်။ မူရာကာမိသည် လက်ရှိ အသက်ထင်ရှား ကမ္ဘာသိ စာရေးဆရာတစ်ဦးဖြစ်ရာ သူ၏ စာရေးပုံ အကြောင်း မှာ စိတ်ဝင်စားစရာ ကောင်းသောကြောင့်ပါ။ ယခု စာအုပ်နှင့်အတူ မူရာကာမိ၏ What I Talk About When I Talk About Running ဆိုသော စာအုပ်လည်း ပူးတွဲပြီး ဖတ်သင့်သည်။ ထိုစာအုပ်ကို ‘အပြေး အကြောင်းပြောရင်း ပြောဖြစ်တာတွေ’ အမည်နှင့် (ဆရာ) ဒီနိုဗိုက မြန်မာဘာသာသို့ ပြန်ထားပြီး အသင့်ရှိပါသည်။
နောက်ဆုံးအနေနှင့် ပိုလန်ကဗျာဆရာ ဇဗစ်ညက်ဟားဘတ် (Zbigniew Herbert) ၏ စကားတစ်ခွန်းဖြင့် ပိတ်လိုက် ချင်ပါ၏။
‘ရေကြည်ရာ စမ်းရေအိုင်ကို ရောက်ဖို့ဆိုရင် ရေဆန်ကို ဆန်တက်မှသာ ရမယ်။ ရေစုန်အတိုင်း မျောပါသွားတာတွေကတော့ အမှိုက်သရိုက်တွေပဲ ဖြစ်ပါတယ်"
မောင်ဘစီ
စာအုပ်ဆိုင်ရာအချက်အလက်များ
စာအုပ်အမည် - မူရကာမိ၏ မူရာကာမိ
ဘာသာပြန်သူ - ရဲမြလွင်
ထုတ်ဝေခြင်း။ ။ ပထမအကြိမ်၊ ဖေဖော်ဝါရီ၊ ၂၀၁၈ ခုနှစ်။ ကွမ်းခြံလမ်းစာအုပ်တိုက်။
စာမျက်နှာအရေအတွက် - ၃၂၄
(၁/ စာရေးဆရာဆိုတဲ့လူ၊ ၂/ကျွန်တော် စာရေးဆရာဖြစ်လာပုံ၊ ၃/စာပေဆုနှင့် ပတ်သက်၍၊ ၄/ပင်ကိုအရည်အသွေးနှင့် ပတ်သက်၍၊ ၅/ ကဲ ကျွန်တော်တို့ ဘာတွေ စရေးရင် ကောင်းမလဲ၊ ၆/အချိန်ကို မိတ်ဆွေဖွဲ့ပြီး ရေးရသော လုံးချင်းဝတ္ထုရှည်၊ ၇/တစ်ယောက်တည်း အားစိုက်ပြီး လုပ်ရသော အလုပ်၊ ၈/စာသင်ကျောင်းနှင့် ပတ်သက်၍၊ ၉/မည်သို့ သော ဇာတ်ကောင်မျိုး ဖန်တီးကြမည်နည်း၊ ၁၀/မည်သူ့အတွက် ရေးမည်နည်း၊ ၁၁/နိုင်ငံခြားသို့ ထွက်ခွာလာခဲ့ခြင်း သို့မဟုတ် စစ်မျက်နှာသစ်ကို ဖွင့်လှစ်ခြင်း၊ ၁၂/ဇာတ်လမ်းရှိသည့် နေရာ သို့မဟုတ် ဆရာ ကာဝါးအိဟာယားသို့ အမှတ်တရ ဟူ၍ အခန်း ၁၂ ခန်းနှင့်အတူ နိဂုံချုပ်အမှာစကား ပါဝင်သည်။ ရဲမြလွင်က ဂျပန်ဘာဘာမှ တိုက်ရိုက်ဘာသာပြန်သည်။ မူရင်း စာအုပ်အမည်ကို ဖော်ပြထားခြင်း မရှိပါ)

Comments
Post a Comment
Comments