လူဆိုတဲ့ထိုအကောင် - လူငြိမ်း ( မြန်မာပြန် ) - စိုးဘားဒိုင်
လူငြိမ်း ( မြန်မာပြန် )... လူဆိုတဲ့ထိုအကောင်
Han Kang ရဲ့ HUMAN ACTS ကို လူဆိုတဲ့ထိုအကောင် အမည်နဲ့ လူငြိမ်း မြန်မာပြန်။
မူရင်းဝတ္ထုနာမည်က ကောင်လေးလာနေပြီ လို့ဖြစ်ပါတယ်။ ဝတ္ထုဟာ ၁၉၈၀ ဂွမ်ဂျူး လူထုအုံကြွမှု နောက်ခံဆက်တင်ဖြစ်ပါတယ်။ ဝတ္ထုကို အခန်း ၇ ခန်းနဲ့ရေးဖွဲ့ထားတယ်။ အခန်း ၅ ခန်းက ဇာတ်ကောင်တွေက ဂွမ်ဂျူး လူထုအုံကြွမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေဖြစ်ပြီး အခန်း ၆ ကတော့ ဂွမ်ဂျူး နောက်ဆက်တွဲ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကောင်လေးရဲ့အမေ။ အခန်း ၇ ကတော့ စာရေးဆရာမက ဒီစာအုပ်ကို ရေးဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဖော်ပြချက်ဖြစ်ပါတယ်။
ယန်ကန်းရဲ့ အသေးစိတ်ကျပြီး၊ စာလားမြောက် အရေးအသားအားထုတ်မှုတွေနဲ့ လင်းကြွနေမှုဟာ စာထဲက အကြောင်းဖြစ်ရပ်တွေကို စာဖတ်သူရဲ့ ရင်ထဲကို စူးဝင်နင့်ဝင်သွားစေခဲ့တယ်လို့ ဆိုရမှာပါ။ အလင်္ကာမြောက် အရေးအသားတွေက အတွင်းသားကို ရုပ်လုံးပေါ်လာအောင် သရုပ်ဖော်ထားနိုင်ပါတယ်။ လူထုအုံကြွမှုကြီးမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေဟာ အဓိကဦးဆောင်ခဲ့ကြသူတွေ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဦးဆောင်သူတွေ မဟုတ်ကြသူတွေကနေ ဖော်ပြထားချက်တွေဟာ ဦးဆောင်သူတွေကိုသာမက လူထုအုံကြွမှုကြီးရဲ့ သရုပ်သကန်ကို လင်းလင်းထင်ထင် မြင်လိုက်စေပါတယ်။
ကောင်လေးဒေါင်ဟိုဟာ အဲဒီကာလတုန်းက ၁၅ နှစ်သားပဲ ရှိပါသေးတယ်။ သူဟာ လူထုအုံကြွမှုကြီးမှာ ပါဝင်ဖို့ ရည်ရွယ်ခဲ့သူ မဟုတ်ပါဘဲ ပတ်သက်ဆက်နွှယ်လိုက်ရသူ ဖြစ်ပါတယ်။ ကောင်လေးဟာ သူ့သူငယ်ချင်းကို လိုက်ရှာရင်းနဲ့ အုံကြွမှုထဲမှာ ရောထွေးပါဝင်သွားခဲ့တယ်။
အုံကြွမှုဖြစ်တော့ သူနဲ့ သူ့သူငယ်ချင်းတို့ဟာ အတူတကွရှိနေကြပါတယ်။ သူတို့ဟာ အိမ်နီးချင်းတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သံယောဇဥ်ကြီးကြသူတွေပါ။ အုံကြွမှုဖြစ်တော့ ရုန်းရင်းဆန်ခတ်ကြီးထဲမှာ သူတို့နှစ်ယောက် ကွဲသွားကြတယ်။
ကောင်လေးဟာ သူ့သူငယ်ချင်းကို လိုက်ရှာရင်း သေဆုံးသွားကြသူတွေရဲ့ အလောင်းတွေထားရှိရာ နေရာတွေကို ရောက်သွားပြီး အဲဒီအလောင်းတွေကို အမှတ်အသားလုပ်ပြီး တတ်နိုင်သလောက် သန့်သန့်ရပ်ရပ်ဖြစ်အောင် လုပ်ပေးနေကြတဲ့သူတွေဆီ ရောက်သွားခဲ့တယ်။ ဝတ္ထုကို အဲဒီလို စတင်ထားတယ်။ အဲဒီအခန်းက ၁၉၈၀ က ကောင်လေးတဲ့။
အလောင်းတွေကို အမှတ်အသားပြုလုပ်ပေးတဲ့သူတွေထဲမှာ အမျိုးသမီး ၂ ယောက်၊ အမျိုးသားတစ်ယောက်နဲ့အတူ ကောင်လေးက နာမည်စာရင်းမှတ်ပေးတဲ့ တာဝန်ကို ဝင်ယူပေးရင်း ရောက်ရောက်လာတဲ့ အလောင်းတွေထဲမှာ သူ့သူငယ်ချင်း ပါလာမလားလို့ မျှော်လင့်ချက်ထားနေခဲ့တာဖြစ်တယ်။
အကြီးတွေက ကောင်လေးကို အန္တရာယ်များလို့ အိမ်ပြန်ဖို့ ပြောပေမယ့် ကောင်လေးက မပြန်ဘူး။ နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာတော့မယ်ဆိုတော့ ကောင်လေးကို အသက်စွန့် ဒုက္ခမခံစေချင်ကြတာကြောင့် ဖြောင်းဖြလွှတ်ပေမယ့် ကောင်လေးက မပြန်ဘဲ အတူအလုပ်လုပ်ပေးနေခဲ့တယ်။
၁၉၈၀ က ကောင်လေးသူငယ်ချင်း အခန်းမှာ ကောင်လေးသူငယ်ချင်းဖြစ်သူ ဂျောင်ဒေးရဲ့ အုံကြွမှုထဲမှာ ကြုံလိုက်ရတဲ့ အဖြစ်အပျက်နဲ့ ဂျောင်ဒေး ဝိညာဥ်က သူငယ်ချင်း ဒေါင်ဟိုကို သူကြုံလိုက်ရတာတွေ ပြန်လည်ပြောပြရင်း သူငယ်ချင်းကို လိုက်ရှာတဲ့အခန်းဖြစ်ပါတယ်။
၁၉၈၅ က အက်ဒီတာ အခန်းကတော့ အုံကြွမှုနဲ့ ဆက်စပ်နေတဲ့ အုံကြွမှုအလွန်အထိ အမဲလိုက် နှိမ်နင်းနေတဲ့ အပိုင်းတွေကို ဖော်ပြထားတဲ့ အခန်းဖြစ်ပါတယ်။ အက်ဒီတာ ကမ်ယူးဆွတ်ဟာ စာတမ်းတစ်ခုနဲ့ ပတ်သက်လို့ ၇ ချက် ပါးရိုက်ခံလိုက်ရတယ်။
အဲဒီအခန်းမှာ ဖော်ပြထားတဲ့ အရေးအသားဆက်တင်က ရိုက်ချက် ၇ ချက်ကို တစ်ချက်ချင်း ချေပစ်ဖို့ ကြိုးစားတဲ့ ပုံစံနဲ့ ဂွမ်ဂျူး လူထုအုံကြွမှုရဲ့ နောက်ဆက်တွဲကို ဆက်လက်ဖော်ပြသွားတယ်။ ယူးဆွတ်ဟာ ကောင်လေး ဝိုင်းကူပေးနေတဲ့ အဖွဲ့ထဲက တစ်ယောက်။
၁၉၉၀ က အကျဥ်းသား အခန်းကတော့ ကျွန်တော် သဘောအကျဆုံး အခန်းဖြစ်ပါတယ်။ ဒီအခန်းမှာ အုံကြွမှုနဲ့ပတ်သက်လို့ရော၊ နှိမ်နင်းမှုတွေနဲ့ပတ်သက်လို့ရော၊ အဖမ်းခံရသူတွေကို စစ်ကြောရေးလုပ်တာတွေကိုရော ဖတ်ရတယ်။
ဟန်ကန်းရဲ့ သရုပ်ဖော်ချက်တွေကနေ ပီပြင်တဲ့ စစ်ကြောရေး အတွေ့အကြုံတွေကို လင်းလင်းထင်ထင် မြင်ရတယ်။ အုံကြွမှုအတွင်း ပိတ်ခံထားတဲ့နေရာမှာ ခေါင်းဆောင်ခဲ့သူ ကမ်ဂျမ်ဆုတို့ကို စစ်ကြောရေးလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂျမ်ဆုဟာလည်း ကောင်လေး ကူနေတဲ့အဖွဲ့အထဲက တစ်ယောက်။
၂၀၀၂ က စက်ရုံအလုပ်သမ အခန်းကတော့ ကမ်ဂျမ်ဆုတို့နဲ့အတူ အုံကြွမှုကြီးမှာ ပါဝင်ခဲ့တဲ့ ဆွမ်ဂျူး အကြောင်းပါ။ ဆွမ်ဂျူးဟာ ကောင်လေး ပါဝင်ခဲ့တဲ့ အလောင်းသန့်စင် မှတ်တမ်းတင်ရာမှာ ဂျမ်ဆု၊ ယူးဆွတ်တို့နဲ့အတူ ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာလည်း အုံကြွမှု နောက်ဆက်တွဲတွေကို အပြင်းအထန် ခံခဲ့ရသူဖြစ်တယ်။
၂၀၁၀ က ကောင်လေးအမေ အခန်းကတော့ ကောင်လေးနဲ့ ပတ်သက်လို့ အမေတစ်ယောက်ရဲ့ မျှော်လင့်ချက်၊ သောကနဲ့ ခံပြင်းမှုတွေကြောင့် ဆန့်ကျင်ရေးတွေမှာ အခြားသော အမေတွေနဲ့အတူ ပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်။
၂၀၁၂ က စာရေးဆရာ အခန်းကတော့ ဂွမ်ဂျူး အုံကြွမှုဖြစ်ချိန်မှာ ၉ နှစ်သမီးပဲ ရှိသေးတဲ့ ဂွမ်ဂျူးသူ စာရေးဆရာမရဲ့ ဂွမ်ဂျူး အုံကြွမှုအပေါ် စိတ်ဝင်စားမှု၊ စူးစိုက်လေ့လာ ရေးသားဖြစ်ပုံကို ချိတ်ဆက်ဖော်ပြထားတာဖြစ်ပါတယ်။
ကောင်လေးရဲ့ အစ်ကိုအပါအဝင် လိုက်လံ အင်တာဗျူးပြီး အချက်အလက် စာစောင်၊ မှတ်တမ်းတွေကို ရှာဖွေခဲ့တာတွေကို ရေးသားထားတယ်။
ဒီစာအုပ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ဖြတ်သန်းရတဲ့ ခေတ်ပြိုင်ရဲ့ ရိုက်ခတ်မှုတွေကနေ လူ့အဖြစ်ရဲ့ တန်ဖိုးနဲ့ တန်ဖိုးမဲ့မှုတွေကို ဆင်ခြင်သုံးသပ်စရာ ပုံဖော်ထားတာပဲဖြစ်ပါတယ်။
လူတစ်ယောက်ဟာ သူမွေးဖွားကြီးပြင်း ရှင်သန်ရာ ဝန်းကျင်နိုင်ငံမှာ ဘယ်လို၊ ဘယ်လောက် အတိုင်းအတာအထိ ရိုက်ခတ်မှု၊ ရိုက်ခတ်ခံရမှု ရှိနိုင်သလဲဆိုတာကို မြင်တွေ့ခံစားရနိုင်တဲ့ အခြေကို စောကြောကြည့်နိုင်ပါလိမ့်မယ်။
ရခဲလှစွာလို့ ပြောကြတဲ့ လူအဖြစ်ဟာ အရတန်မတန် စိန်ခေါ်မှုကြီး ရှိနေတာပဲဖြစ်ပါတယ်။ ကိုယ့်နှာခေါင်းနဲ့ ကိုယ် အသက်ရှူခွင့်ဟာလည်း အကန့်အသတ်တွေနဲ့ ကြုံလာရတဲ့အခါ လူ့ဖြစ်ထွေရဲ့ အရှုံး အမြတ်ဟာလည်း ကိုယ်တိုင်ရဲ့ အားထုတ်မှုအပေါ် လုံးလုံးလျားလျား ပုံထားလို့ မရတဲ့ အန္တရာယ်ကြီး ကြုံရတဲ့အခါ မိမိ လူ့ဖြစ်ထွေအတွက် တိုက်ပွဲဝင်ရတာတွေ၊ အစုအဖွဲ့ဘက်တွေ ဖြစ်လာရတယ်။
လူဆိုတဲ့ထိုအကောင်ဟာ လူ့ဖြစ်ထွေ ဆုံးရှုံးရတဲ့ အနေအထားကို ရောက်လာပြီဆိုရင် တိရစ္ဆာန် ဖြစ်ထွေထက်ကို ပိုမို ဆိုးဝါးသွားတာကိုလည်း တွေ့ရမယ်။ လူနဲ့ တိရစ္ဆာန်ရဲ့ ကွဲပြားမှု ပါးလျားလာတဲ့ လူ့အသိုင်းအဝိုင်းဟာလည်း လူဖြစ်ရှုံးတဲ့ အသိုင်းအဝိုင်း ဖြစ်လာပါတော့တယ်။
အခု ဝတ္ထုထဲက ဂွမ်ဂျူး သက်ရောက်မှုဟာ အဲဒီလို အကြောင်းတွေထဲက တစ်ခုသော အကျိုးဖြစ်ပါတယ်။
ဝတ္ထုမှာ ကောင်လေးဟာ အခန်းတိုင်းရဲ့ ဇာတ်ကောင်တွေနဲ့ ပတ်သက်ဆက်နွှယ်နေသူ ဖြစ်ပါတယ်။ ၁၅ နှစ်သားလေး တစ်ယောက်ရဲ့ နိုင်ငံရေး ဒလိမ့်တုံးအောက်မှာ လူ့အဖြစ်ကို အဆုံးသတ်ပေးလိုက်ရတဲ့ ဖြစ်ရပ်လို့လည်း သဘောရပါတယ်။
တွေးဆ ဆင်ခြင်စရာ၊ သင်ခန်းစာယူစရာတွေနဲ့ စာရေးဆရာက မေးခွန်း ထုတ်လိုက်တယ်လို့လည်း ဆိုနိုင်ပါတယ်။
၂၀၂၆၊ ဖေဖော်ဝါရီလမှာ Momentum Publishing House က ထုတ်ဝေဖြန့်ချိတယ်။
စာမျက်နှာ ၂၅၅။
တန်ဖိုး ၂၀၀၀၀ ကျပ်။
စိုးဘားဒိုင် - https://www.facebook.com/photo/?fbid=1327281422769547&set=a.768973668600328

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။