နေမျိုး - ချစ်ခင်လေချစ်လှပါသည်ရှင်
ချစ်ခင်လေချစ်လှပါသည်ရှင် ဆိုတဲ့ နေမျိုးရဲ့ လုံးချင်းဝတ္ထု ထွက်လာတယ်။ ဝတ္ထုက အချစ်ဝတ္ထုရိုးရိုးကလေးဖြစ်ပါတယ်။ ဒီရိုးရိုးကလေးကိုပဲ တဆင့်ချင်းရေးဖွဲ့သွားရာမှာ အရေးအသားတွေဟာ ဖိုးကျော် (ကျော်ဇေယျ) နဲ့ ကြီးဝင်း (ဝင်းဝင်းအောင်) တို့ရဲ့ အချစ်တွေ တရစ်ချင်း ဖွဲ့တည်လာတာကို ပုံဖော်သွားတာဖြစ်ပါတယ်။
အချစ်တစ်ခုမွေးဖွားလာခြင်းမှာ အကြောင်းပေါင်းစုံရှိပါတယ်။ ဖိုးကျော်နဲ့ကြီးဝင်းတို့ရဲ့ အချစ် ဖြစ်တည်လာတာ ကတော့ ခြတွေကအချိန်များစွာနဲ့ ခြတောင်တစ်ခုကို တည်ဆောက်လိုက်တာမျိုးပါပဲ။ ဆရာနေမျိုးက အဲဒီ ခြတောင်ပုံကြီး ဖြစ်ပေါ်လာတာကို ခြကောင်တွေ အချိန်များစွာ ကြိုးပမ်းခဲ့ရတာကို အသေးစိတ် စောင့်ကြည့်နေသလိုမျိုး ပုံအမိဖမ်းထားတာ တွေ့ရတယ်။
ဝတ္ထုရေးဖွဲ့ပုံက သရုပ်မှန်ပုံစံမျိုး လှပရိုးရှင်းတဲ့ အသေးစိတ်ရေးဖွဲ့တာမျိုးပါ။ ဝတ္ထုတည်ပုံကကျတော့ မော်ဒန်ဟန်ဖြစ်ပါတယ်။ အသေးအမွှားကလေးတွေဟာ အရေးပါအရာရောက်တဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်ကြီးကျယ်တယ်ဆိုတာကို သတိပြုမိလိုက်တယ်။ ဖိုးကျော်နဲ့ကြီးဝင်းတို့ရဲ့ အချစ်ဟာ တစိမ့်စိမ့်ဝင်လာပြီး စွဲမြဲခိုင်ကြည်လာခဲ့တာကို တွေ့ထိ ခံစားလာရတယ်။
ဝတ္ထုဇာတ်လမ်းထက် ဝတ္ထုဖွဲ့ပုံက ပိုပြီးအရေးပါတယ်လို့လည်း ဆိုရပါမယ်။ ဝတ္ထုဇာတ်လမ်းက အဖေနဲ့အမေဆုံးသွားတဲ့ ကျော်ဇေယျလေးကို ဝင်းဝင်းအောင်က ကျွေးမွေးစောင့်ရှောက်ပေးရင်း သံယောဇဥ်တွေ တစ်နွယ်ချင်းရစ်နှောင်လာပြီး အချစ်နွယ်ရုံကြီး ဖူးပွင့်ဝေဆာလာခဲ့ကာ ပေါင်းဖက်ကြ လေတယ် ဆိုတဲ့ ဇာတ်လမ်းကလေးပါပဲ။
ကြီးဝင်းက စက္ကူအိတ်ကလေးတွေ၊ ယပ်တောင်ကလေးတွေ၊ ဖိနပ်ဗူးခွံလေးတွေကို ထုတ်လုပ် ရောင်းချ၊ လက်ခစားလုပ်တယ်။ ကြီးဝင်းဟာလည်း မိဘမဲ့တစ်ယောက်ပါပဲ။ အစ်ကိုတစ်ယောက်ရှိပြီး သူ့အိမ်ထောင်နဲ့သူ ဖြစ်ပါတယ်။ ကြီးဝင်းက သူ့ဘဝသူ ထူထောင်ရပ်တည်လာသူဖြစ်တယ်။ ကျားကျားလျားလျား ဝတ်စားနေထိုင်တယ်။ ဖိုးကျော်ကို ကိုယ်တိုင်ကျောင်းပို့တဲ့ ကြီးဝင်းကို သူ့သူငယ်ချင်းတွေက အဖေလားမေးရင် အဖေလို့ဖြေပြီး၊ အမေလားမေးရင် အမေလို့ဖြေတယ်။
သူတို့နှစ်ယောက်ကြားက သံယောဇဥ်တင်းရစ်လာပုံကို တဆင့်ချင်းပုံဖော်သွားရာမှာ ဆရာနေမျိုးက အဆန်းတကြယ်ဇာတ်ကွက်တွေကို သုံးမသွားဘဲ ရိုးရိုးဖြစ်စဥ်ကလေးတွေနဲ့ပဲ ပုံဖော်သွားတာလေးက ဝတ္ထုတစ်လျှောက်လုံး ပုံယိုင်သွားခြင်းမရှိတာကို သတိထားမိတယ်။ ဖတ်ရတဲ့ ဇာတ်ကွက်ကလေးတွေ ကလည်း အဆန်းတကြယ်တွေ တစ်ခုမှမပါဘူး။ ဆရာနေမျိုးက အချစ်တစ်ခုကို ရွှံ့ပန်းပုဖန်တီးသလို ရေနဲ့လက်ကို အချိုးအလိုအတိုင်း ဖန်တီးသွားတယ်လို့ ခံစားရတယ်။
ဝတ္ထုထဲမှာ ကဗျာတွေလည်းပါတယ်။ အဲဒီကဗျာကို ရေးတဲ့ ကဗျာဆရာနာမည်ကို သူရိယဝံသ လို့ပေးထားတယ်။ အဲဒါ နေမျိုးကို ပါဠိနဲ့ ဖလှယ်ထားတာလို့ ဆိုရမှာပါ။ ဆရာနေမျိုးရဲ့ အသေးစိတ် အဖွဲ့တွေမှာ စာဖတ်သူတွေအတွက် အသစ်အဆန်းတွေ တွေ့ရမှာ မဟုတ်ပါဘူး။ စာဖတ်သူအတွက် အသစ်အဆန်းမဟုတ်တာတွေကို ရေးဖွဲ့ရင်းနဲ့ပဲ သံယောဇဥ်နဲ့ ဖွဲ့တည်လာခဲ့တဲ့ အချစ်ဟာ ရုပ်လုံးကြွလာရတာ ဖြစ်ပါတယ်။
သွေးမတော်သားမစပ် ကျားနဲ့မကြားက အတူတကွနေထိုင်ဂရုစိုက်အလေးထားကြရင်းကနေ သံယောဇဥ်တွေ ရစ်မြဲလာခဲ့ရာကနေ အချစ်ဖြစ်ပေါ်လာတယ်။ တစ်ယောက်ကို တစ်ယောက် ဖြားယောင်းခြင်းမရှိဘူး။ ပကတိရိုးစင်းစွာ တွယ်နှောင်လာခဲ့ကြတယ်။
"ငါ မင်းကို တစ်ယောက်ယောက်နဲ့ နီးစပ်သွားမှာ မစိုးရိမ်ဘူး" ဝင်းဝင်းအောင်က ပြော၏။
"ကျွန်တော်ကလည်း မကြီးဝင်းကို တစ်ယောက်ယောက်နဲ့ နီးစပ်သွားမှာ မစိုးရိမ်ပါဘူး"
"ငါကလေ တစ်နေ့နေ့မှာ မင်းနဲ့ငါ ချစ်ကျွမ်းဝင်မှာကို သိနေသလိုပဲ" ဟု ဝင်းဝင်းအောင်က ပြော၏။
ကျော်ဇေယျကလည်း... "ကျွန်တော်လည်း မကြီးဝင်းက ကျွန်တော့်ဘဝရဲ့ အရေးပါတဲ့သူ ဖြစ်လာမယ်ဆိုတာကို ကြိုသိနေသလိုပဲ"
"လူတစ်ယောက်က လူတစ်ယောက်ကို လိုအပ်တယ်လို့ ဘယ်လိုလုပ်သိသလဲ" ဟု ဝင်းဝင်းအောင်က မေး၏။
"ကျွန်တော်က မကြီးဝင်းကို လိုအပ်တယ်လို့ ခံစားရတာကိုး၊ ဒီတော့ သိတာပေါ့" ဟု ကျော်ဇေယျက ပြော၏။
"မင်းက မိန်းမတစ်ယောက်ကို ချစ်တတ်သွားပြီ" ဟု ဝင်းဝင်းအောင် ပြော၏။ ကျော်ဇေယျက ဘာမျှ စကားမဆိုဘဲ ငြိမ်သက်သွား၏။
"မိန်းမတစ်ယောက်ကို ချစ်တတ်သွားပြီဆိုရင် မင်းက ကမ္ဘာတစ်ခုကို အပိုင်ရသွားတာပဲ" ဟု ဝင်းဝင်းအောင်က ဆက်ပြော၏။
"ဘယ်လို ကမ္ဘာလဲ" ဟု ကျော်ဇေယျက ဝင်းဝင်းအောင်ပါးပြင်နားကပ်၍ မေးလေ၏။ သနပ်ခါးနံ့မွှေးမွှေးလေးကို ကျော်ဇေယျ ရ၏။ ထိုခဏ၌ နွေဦးညဥ့်လေပြည်က တိုးဝှေ့ကျီစယ်၏။ သစ်ရွက်တို့ လှုပ်၏။ ဝင်းဝင်းအောင်ကလည်း ကျော်ဇေယျမျက်နှာနှင့် အနီးဆုံးသို့ တိုးကပ်ကာ...
"နှစ်ယောက်တစ်ကမ္ဘာ" ဟု ပြောလိုက်သည်။
အထက်က ကောက်နုတ်မျှဝေတာကို မြည်းကြည့်လိုက်ရင် ဆရာနေမျိုးက အရေးအသား၊ ဇာတ်ကွက် အဆန်းတကျယ်နဲ့ ဖမ်းစားထားချက်ကို တွေ့ရမှာ မဟုတ်ဘူး။ ဒါပေမယ့် အငြိလွတ်မသွားတာကို တွေ့ရပါလိမ့်မယ်။
ဆရာနေမျိုးက သူ့ဝတ္ထုနဲ့ပတ်သက်လို့ အမှာမှာ အခုလို ရေးထားပါတယ်။
ကျွန်တော်သည် ချစ်မေတ္တာကို ယုံကြည်သူဖြစ်သည်။ မေတ္တာလျှင်ရှေ့သွားရှိသော၊ ဉာဏ်ပညာလျှင် အစဥ်လိုက်ပါခြင်းရှိသော မပြယ်သောသတိ ရှိနေခြင်းဖြင့် လူမှုဘဝများတွင် ညင်သာချောမွေ့ စေနိုင်မည်ကိုလည်း ယုံကြည်ထားပါသည်။ အချစ်ဝတ္ထုတစ်ပုဒ်ပါပဲ။ သင့်ကို ကျေနပ်ပျော်ရွှင်စေနိုင် လိမ့်မည်ဟု မျှော်လင့်ပါသည်။
ဟုတ်ပါတယ်။ အချစ်ဝတ္ထုတစ်ပုဒ်ပါပဲ။ ကျွန်တော့်ကို ကျေနပ်မှုပေးပါတယ်။
၂၀၂၆၊ ဖေဖော်ဝါရီလမှာ လင်းသစ်ရောင်စဥ်က ထုတ်ဝေဖြန့်ချိတယ်။ စာမျက်နှာ ၂၃၁ ။ တန်ဖိုး ၁၅၀၀၀ ကျပ်။
စိုးဘားဒိုင်

0 Comments
Comments