ရယ်မောခြင်း ပေါင်းချုပ် - မင်းလူ Book Review
ရယ်မောခြင်း ပေါင်းချုပ် - မင်းလူ
Review By Wilhelm Volkov
ခင်ဗျားတို့ အချိန်ခရီးသွားဖူးကြလား။ ကျွန်တော်တော့ အခေါက်ခေါက် အခါခါသွားခဲ့ဖူးတယ်။ ကမ္ဘာအဆုံးသတ်လိုလို ဖြစ်နေတဲ့ ဟောဒီခုနှစ်ရဲ့ နေ့ရက်တွေက ရှောင်ထွက်ဖို့။ စစ်ပွဲတွေ၊ အငတ်ဘေးတွေ၊ သဘာဝဘေးတွေ၊ သေကြေပျက်စီးမှုတွေ၊ ဆိုရှယ်မီဒီယာပေါ်က မနာလိုမှုတွေ၊ အကောက်ကြံမှုတွေ၊ စိတ်ညစ်စရာ လုပ်ငန်းခွင်တွင်းတိုက်ပွဲတွေ ကနေ ရှောင်ထွက်ဖို့ပေါ့။ မယုံမရှိပါနဲ့။ အချိန် ခရီးသွားစက် ကျွန်တော်တို့ရဲ့ လက်တကမ်းမှာပါ။ လူတော်တော်များများလည်း လက်လှမ်းမီနိုင်ကြပါတယ်။ ဒီနေ့တော့ အဲ့ဒီ အချိန်ခရီးသွားစက်တွေ အကြောင်း ခင်ဗျားတို့ကို ကျွန်တော်ပြောပြမယ်။ အဲ့ဒါကတော့ စာအုပ်တွေပဲ။
အခုကျွန်တော် ပြောပြမှာက ရယ်မောခြင်းတွေပဲ ရှိတဲ့ ကမ္ဘာဆီသွားနိုင်တဲ့ အချိန်ခရီးသွားစက် အကြောင်း။ အဲ့ဒီ အချိန်ခရီးသွားစက်ရဲ့နာမည်က ရယ်မောခြင်းပေါင်းချုပ် တဲ့။ ဆရာမင်းလူ တီထွင်စီမံတယ်။ နာမည်အတိုင်းပါပဲ။ နေ့စဉ်ဘဝရဲ့ နေရောင်ပြင်းပြင်းတွေ အောက်က ရယ်မောခြင်းတွေ အားလုံးကို ပေါင်းပြီး ချုပ်ထားတယ်။ ဆရာမင်းလူရဲ့ အဲ့ဒီအချိန်ခရီးသွားစက်က ကျွန်တော့်ကို ဆင်ခြေဖုံးရပ်ကွက်တခုအဖြစ် မြီးကောင်ပေါက်ခါစ ရွာကြီးတရွာကို ခေါ်သွားခဲ့တယ်။ မြို့ပြရဲ့အာသာမပြေနိုင်မှုကြောင့် ဆင်ခြေဖုံးအဖြစ် ဝါးမြိုခံလိုက်ရတဲ့ ရွာကြီးတရွာရဲ့ လူတွေအကြောင်းပေါ့။ အဲ့ဒီရွာကြီးဟာ မြို့ပြရဲ့ အစာအိမ်ထဲရောက်ပြီး တော့ ဍ ရပ်ကွက် နဲ့ ဌ ရပ်ကွက်၊ ရပ်ကွက် နှစ်ခုအဖြစ် အစာချေခံလိုက်ရတယ်။ အဲ့ဒီရပ်ကွက်နှစ်ခုဟာ ရွာကြီးရဲ့ပြိုင်ဆိုင်မှု ပြင်းတဲ့ အပိုင်းနှစ်ပိုင်း ဖြစ်တာကြောင့် သိပ်မတည့်လှပါဘူး။ ဆရာမင်းလူရဲ့ အချိန်ခရီးသွားစက်က ခေါ်သွားတဲ့ ရယ်မောခြင်းကမ္ဘာက အဲ့ဒီအမှတ်မှာစတာပါ။ မဆလခေတ်နှောင်းပိုင်းက စ လို့ နှစ်ထောင်ခုနှစ်အလွန်တွေထိ အဲ့ဒီရပ်ကွက်ရဲ့ ဖြစ်ကြောင်းကုန်စင် ဇာတ်လမ်းတိုလေးတွေနဲ့ ရယ်မောခြင်းပေါင်းချုပ် ကို ဆရာမင်းလူက အသောဖောက်ပြီး ယက်လုပ်ထားတယ်။
ဍ ရပ်ကွက်ဟာ မြို့ပြထဲ ဝါးမြိုခံလိုက်ရတဲ့ ရွာကြီးရဲ့အပိုင်းတခု။ အဲ့မှာနေတဲ့ လူတွေက ရိုးသားပြီး အူတူတူ၊ အတတတွေ ရယ် ပြီးတော့ ငွေရေးကြေးရေး သိပ်မပြေလည်ကြဘူး။ မြို့ပြယဉ်ကျေးမှုထဲ အတင်း သွပ်သွင်းခံလိုက်ရတဲ့ ဍ ရပ်ကွက်နေလူတွေဟာ သူတို့နဲ့စိမ်းတဲ့ မြို့ပြယဉ်ကျေးမှုကို ကြားရ၊ မြင်ရ၊ တွေ့ရ၊ ကြုံရပြီး ယဉ်ကျေးမှုအစိမ်းတွေနဲ့ ဂွကျကျ ပြေလည်အောင် နေထိုင်ကြပုံကို ကျွန်တော်တို့က ဧည့်သည်တွေ အနေနဲ့ မြင်ရမှာပါ။ နေရာတကာ ဆရာကြီးလုပ်တတ်တဲ့ ကိုကြီးငွေ၊ အယူအစွဲကြီးတဲ့ ဦးဖိုးဗြော့၊ အားနာတတ်လွန်းတဲ့ ဉာဏ်စိန်၊ ချစ်တီးမသီး၊ ရာဇဝင်ထဲက ပတေး၊ ရပ်ကွက်တွင်းသတင်း အချက်အလက် ဖြန့်ဖြူးရေးဥက္ကဌ ပဲပြုတ်သည်ဒေါ်မှိန်၊ ဍ ရပ်ကွက်ဘီလျံနာ ဦးကုလားရဲ့သား မျောက်ရှုံးတဲ့ မောင်ဓာတ်ခဲ စတဲ့ ဇာတ်ကောင်တို့ဟာ ကျွန်တော်တို့ရဲ့ အိမ်ရှင်တွေဖြစ်ကြတယ်။ ဍ သား လူမှန်ကြီးတွေဟာ ငွေကြေးသာ မချောင်လည်တာ ပြိုင်ဆိုင်လိုစိတ်က ပြင်းပါဘိသနဲ့။ ဍ ရပ်ကွက်သားတွေဟာ နောက်ထပ် ရပ်ကွက်တဖြစ်လဲ ပြေလည်တဲ့ရွာအပိုင်းဖြစ်တဲ့ ဌ ရပ်ကွက်ကို သိပ်အစာမကြေကြ။ အဲ့ဒီတော့ ဍ နည်း ဍ ဟန်နဲ့ ဘောလုံးပွဲက အစ အလှူအလယ် ဗီဒီယို ရုံအဆုံး ချမ်းသာတဲ့ ဌ ရပ်ကွက်ကို အနိုင်ယူဖို့ကြိုးစားကြပုံ ကိုလည်း ပြုံးတုံ့တုံ့အနေအထားကနေ ဟန်မဆောင်ဘဲ အော်ရယ်ရတဲ့အထိကို တွေ့ကြုံခံစားကြရမှာပါ။ ဒီအချိန်ခရီးစဉ် တစ်လျှောက်မှာ ဆရာမင်းလူရဲ့ ဟာသဉာဏ်ဟာ နေရာတကာမှာ ပျံ့နှံ့နေပါရောဗျာ။ ဍ ရပ်ကွက်သားတွေရဲ့ ရိုးရှင်းမှု၊ တုံးအမှု၊ မောက်မာမှု၊ အားနာတတ်မှု၊ ဂွကျမှု၊ ရောင့်ရဲမှု၊ အနိုင်မခံ အရှုံးမပေးစိတ်နဲ့ ရှက်ရွံ့မှုတွေကို ဟာသနောက်ခံလေးတွေနဲ့ သရုပ်ဖော်ထားတာက စာဖတ်သူ ကျွန်တော်တို့ကို သူတို့နဲ့ ပိုလို့တောင် ရင်းနှီးသွားစေပါတယ်။ ကိုကြီးငွေရဲ့ နေရာတကာ ဆရာကြီး လုပ်တတ်သမျှ တလွဲတချော် ဖြစ်တတ်တဲ့ အလေ့အထ၊ ဦးဖိုးဗြော့ရဲ့ အယူအစွဲကြီးပုံ ဘုရားတရားသမားချင်း ဦးကုလားနဲ့ ပညာပြိုင်ကြပုံ၊၊ ဉာဏ်စိန်ရဲ့ အားနာတတ်လွန်းတဲ့ စရိုက်၊ မဟုတ်မခံ ဘုဂွစာမောင်ဝရဲ့ ဖတ်ရင်းတဲ့ သက်ပြင်းချရတဲ့ အချစ်ဇာတ်လမ်း... ဒီဇာတ်ကောင်တွေဟာ စာမျက်နှာပေါ်က လှုပ်ရှားနေတဲ့ ရုပ်ပုံရိပ်တွေသာမက၊ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ရပ်ကွက်ထဲက ဘဝတွေမှာ တွေ့မြင်ဖူးနေကျ လူတွေရဲ့ သရုပ်မှန်ပုံရိပ်တွေလည်း ဖြစ်နေပြန်တယ်။ ရယ်မောခြင်းဟာ လိုအင်ဆန္ဒ မှန်သမျှ တလုံးတဝကြီး ပြည့်ကြမှ ရတာလား။ ဍ ရပ်ကွက်သားတွေကတော့ အဲ့ဒီ အယူအဆကို နှပ်ချေးနဲ့ ဝိုင်းသုတ်ကြပါလိမ့်မယ်။ သူတို့ရဲ့ ရယ်မောခြင်းဟာ ဇိမ်ခံပစ္စည်းတွေ၊ တိုက်တွေ၊ ကားတွေ၊ အိုင်ဖုန်းတွေ၊ စိန်ရွှေလက်ဝတ်ရတနာတွေ၊ နှစ်ဆယ့်တစ်ရာစုရဲ့ မက်လုံးတွေ၊ တပ်မက်မှုတွေ ဆန္ဒပြည့်တာကြောင့် မဟုတ်ဘဲ ချွေးတလုံးလုံးနဲ့ နေ့စဉ်ဘဝပေါ်က အလွဲလေးတွေကြောင့်ပါပဲ။ ဆရာမင်းလူရဲ့ ဟာသဉာဏ်ဟာ လက်ရှိဘဝထဲက အညှောင့်ပေါက်တာမလို့ ဍ ရပ်ကွက်ဟာ ချစ်စရာကောင်းပြီး အရောင်စုံ ကြွရွလို့နေတယ်။
ဒီစာအုပ်ရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုက အချိန်ကာလပိုင်းတခုရဲ့ မှတ်တမ်းသဖွယ် ဖြစ်နေခြင်းပါပဲ။ မဆလခေတ်နှောင်းပိုင်းရဲ့ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခက်အခဲတွေ၊ လူနေမှုပုံစံတွေ ကနေ စလို့ နဝတ၊ နအဖ ခေတ် နှစ်ထောင်ပြည့်နှစ်ေကျာ် မြန်မာပြည်ရဲ့ လူနေမှုစတိုင်တွေ ထိကို ဟာသဇာတ်လမ်းတိုလေးတွေက တစ်ဆင့် သရုပ်ဖော်ထားတာက အတိတ်ကာလကို လွမ်းဆွတ်စရာ ကောင်းသလို တခါတရံ ပြန်ကောက်မရနိုင်တဲ့ အချိန်ကာလ တွေအတွက် ဝမ်းနည်းဖွယ် ဆွတ်ပျံ့စရာလည်း ကောင်းပါတယ်။ ဒီလိုနဲ့ စာမျက်နှာတွေကို လှန်ရင်း ဍ ရပ်ကွက်မှာ အချိန်ကုန်ဆုံးလိုက်ရတဲ့အခါ ကျွန်တော် သတိထားမိတာက ကျွန်တော်ဟာ ရယ်မောခြင်းပေါင်းချုပ်ထဲက ပြန်မထွက်ချင်တာပါပဲ။
'ရယ်မောခြင်းပေါင်းချုပ်' ဟာ ရယ်မောခြင်းတွေပဲ ရှိတဲ့ကမ္ဘာဆီ ခေါ်ဆောင်သွားတယ်လို့ ကျွန်တော် ပြောခဲ့ပေမယ့် တကယ်တမ်းကျတော့ အဲဒီကမ္ဘာဟာ ရယ်မောခြင်းသက်သက်ပဲတော့ မဟုတ်ပါဘူး။ ရယ်မောခြင်းတွေနဲ့အတူ ဆင်ခြေဖုံးဘဝရဲ့ အခြားသော ရှုထောင့်ပေါင်းစုံကိုပါ လှစ်ဟထားတဲ့ ကမ္ဘာတခုပါ။ ရယ်မောခြင်းတွေကြားက ဝမ်းနည်းခြင်းတွေ၊ မျှော်လင့်ချက်တွေကြားက ပျက်ပြယ်ခြင်းတွေ၊ ရိုးရှင်းမှုတွေ ကြားက ရှုပ်ထွေးမှုတွေ၊ စားဝတ်နေရေး ရုန်းကန်နေရမှုတွေနဲ့ သူတို့ရဲ့ကမ္ဘာ့ရန် ကုန်ဈေးနူန်းတွေကို ကျွန်တော်တို့နည်းတူ ဍ ရပ်ကွက်သားတွေ စိတ်မလျှော့ဘဲ ရင်ဆိုင်နေကြရတယ်။ ထူးခြားတာက သူတို့ဟာ ရယ်မောခြင်းကို ဝေးဝေးသွားရှာစရာ မလိုတာပါပဲ။ ဒါပေမဲ့ သုန်မှုန်တတ်တဲ့အကျင့်ကို မူးယစ်ဆေးလို စွဲနေတဲ့ ကျွန်တော့်ကို နိစ္စဓူဝထုံထိုင်းမှုတွေ၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ရဲ့ စိတ်ပျက်အားငယ်စရာတွေ ကြားမှာပဲ တဖန် ပြန်ရယ်မောတတ်အောင် အူကြောင်ကြောင်နိုင်စွာနဲ့ ဒီဘက်က ပက်ကြားအက်ကမ္ဘာကို ကျွန်တော်မပြန်ခင် ကျွန်တော့်ကို သင်ပေးခဲ့ပါသေးတယ်။ ဖြစ်တည်ခြင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနိုင်ဖို့ ကျွန်တော်တို့ဟာ ရယ်မောခြင်းသံစဉ်တွေကို လိုအပ်တယ်ဆိုတဲ့ ဍ ရပ်ကွက်ရဲ့ ကြွေးကြော်သံကို ခင်ဗျားတို့ ငြင်းချက်ပေးနိုင်ကြမယ်လို့ ကျွန်တော်မထင်ဘူး။
ရယ်မောခြင်းတွေ မရှိဘဲ အဖြူနဲ့အမည်းပဲ ရှိတဲ့ကမ္ဘာကြီးဟာ ဘယ်လိုဖြစ်လိမ့်မလဲ ကျွန်တော်တော့ စိတ်မကူးရဲပါ။ ယနေ့ခေတ်ရဲ့ ကမ္ဘာကြီးဟာ လည်ရင်း လည်ရင်းနဲ့ အရောင်တွေ တဖြည်းဖြည်း လွင့်ပါသွားတာကိုလည်း ကျွန်တော်တို့ မချိတင်ကဲ လက်ပိုက်ကြည့်နေရင်း ကျွန်တော်တို့အားလုံး မှိုင်တွေရောဂါတွေ ရကုန်ကြပြီ။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးတွေကရော အနည်းဆုံး လွန်ခဲ့တဲ့ ဆယ်နှစ်က လောက်တောင် လန်းဆန်းမှုရှိပါသေးရဲ့လား လို့ ကျွန်တော်တို့ကိုယ့်ကိုကိုယ် ပြန်မေးသင့်ကြပြီထင်ပါတယ်။ တစ်ခါတလေကျတော့ ကျွန်တော်တို့ လိုအပ်နေတာက ဒီကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ မဟုတ်ဘဲ၊ ကမ္ဘာကြီးရဲ့ ဒဏ်ရာတွေကို ရယ်မောခြင်းနဲ့ ပတ်တီးစီးတတ်ဖို့ပဲ မဟုတ်လား။ ကစဉ့်ကလျား ဒီနေ့ကမ္ဘာကြီးထဲက နေ့စဉ် ဘဝသက်ပြင်းလုံးကြီးတွေ ကနေ ခဏလေးလောက်ပဲ ဖြစ်ဖြစ် ရှောင်ထွက်ချင်တယ် ဆိုရင်တော့ ဆရာမင်းလူရဲ့ ရယ်မောခြင်းပေါင်းချုပ် ကိုလှန်လှောလို့ ဍ ရပ်ကွက်ကလေးကို အလည်လာလိုက်ဖို့ အားပါးတရ ဖိတ်ခေါ်လိုက်ပါရစေ။ ခင်ဗျားတို့ ဒီကို ပြန်လာချင်မယ်လို့တောင် ကျွန်တော်မယူဆမိဘူး။ ဘာလို့လဲဆိုတော့ ဆရာမင်းလူရဲ့ ဒီအချိန်ခရီးသွားစက်ဟာ ကျွန်တော်တို့ကို လက်တွေ့ဘဝကနေ ခေတ္တ ဖယ်ထုတ်ပေးတာ မဟုတ်ဘဲ ဖြစ်တည်မှုရဲ့ ခါးသီးမှုတွေကို ပြုံးပြုံးလေး ရင်ဆိုင်နိုင်မယ့် နှလုံးသားဟာဒယ ကိုယ်ခံအားတမျိုးကို လက်ဆောင်အဖြစ် အလကားထည့်ပေးလိုက်လို့ပါပဲ။" ကဲ... ဈေးကြီးလက်မှတ်ဝယ်စရာ မလိုတဲ့ ဒီခရီးစဉ်မှာ ဍ ရပ်ကွက်ကို သွားဖို့ အဆင်သင့်ဖြစ်ပြီလား။ စာမျက်နှာတွေကိုသာ လှန်လိုက်ပါတော့။ ခင်ဗျားရဲ့ အချိန်ခရီးသွားစက်က စတင်မောင်းနှင်နေပါပြီ။
Review By Wilhelm Volkov
Download Epub Kfx Coming Soon

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။