THE SYMPATHIZER - VIET THANH NGUYEN - ရာပြည့် ဓားရိုးကမ်း
THE SYMPATHIZER - VIET THANH NGUYEN - ၂၀၁၆ ခုနှစ် ပူလစ်ဇာဆုရစာအုပ် - ဗီယက်နမ်ဖွား စာရေးဆရာရဲ့ ကမ္ဘာကျော်စာအုပ် - ရာပြည့် ဓားရိုးကမ်း
မူရင်းစာရေးသူ၏ ကျေးဇူးတင်လွှာ
ဒီဝတ္ထုထဲမှာ ပါဝင်တဲ့ အဖြစ်အပျက် တော်တော်များများဟာ အမှန်တကယ် ဖြစ်ပျက်ခဲ့တာတွေပါ။ အသေးစိတ် အချက်အလက်တွေနဲ့ မှတ်တမ်းမှတ်ရာတွေနဲ့အတူ ကျွန်တော့်အတွေးနဲ့ လွတ်လွတ်လပ်လပ် ရေးဖွဲ့ထားတာတွေလည်း ပါတယ်ဆိုတာတော့ ဝန်ခံပါတယ်။ ဆိုင်ဂုံကျဆုံးခန်းနဲ့ ဗီယက်နမ်သမ္မတနိုင်ငံရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်း ရေးသားရာမှာ David Butler ရေးသားတဲ့ The Fall of Saigon, Larry Engelmann ရေးသားတဲ့ Tears Before The Rain, James Fenton ရေးသားတဲ့ The Fall of Saigon, Drick Halstead ရေးသားတဲ့ White Christmas, Charles Henderson ရေးသားတဲ့ Goodnight Saigon, Tiziano Terzani ရေးသားတဲ့ Giai Phong! The Fall and Liberation of Saigon အစရှိတဲ့ စာအုပ်တွေ ဖတ်ရှုလေ့လာပြီး ရေးသားခဲ့ပါတယ်။ ဇာတ်ကောင် ကလောက်ဒ်ရဲ့ ဆိုင်ဂုံအပြန် လေယာဉ်ခရီးစဉ် အကြောင်း ဇာတ်ကွက်ကို ရေးသားရာမှာ Frank Snepp ရေးသားတဲ့ Decent Intorval အမည်ရစာအုပ်ပါ အချက်အလက်တွေက တော်တော်လေး အထောက်အကူ ဖြစ်စေခဲ့တာကိုလည်း ကျွန်တော် ဖော်ပြပေးမှ တာဝန်ကျေပါလိမ့်မယ်။ တောင်ဗီယက်နမ် အကျဉ်းထောင်နဲ့ ရဲဝန်ထမ်းတွေ အကြောင်း၊ ပြီးတော့ ဗီယက်ကောင်းတွေရဲ့ လှုပ်ရှားမှုတွေအကြောင်း ရေးသားရာမှာ Douglas Valentine ရေးသားတဲ့ The Phoenix Program, Jean-Pierre Debris နဲ့ Andre' Menras တို့ ရေးသားတဲ့ We Accuse လက်ကမ်းစာစောင်၊ Truong Nhu Tang ရေးသားတဲ့ A Vietcong Memoir နဲ့ ၁၉၆၈ ခုနှစ် ဇန်နဝါရီလထုတ် Life မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ စာရေးဆရာ Alfred W.Mclog ရဲ့ A Question of Torture ဆောင်းပါးဟာ ၁၉၅ဝ ပြည့်နှစ်တွေတလျှောက် ဗီယက်နမ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်း အမေရိကန်တွေရဲ့ စစ်ကြောရေးနည်းလမ်းတွေအကြောင်း နားလည်ဖို့ရာ ကြိုးစားရာမှာ အင်မတန် အရေးပါခဲ့တာတွေ ဖြစ်ရုံသာမက အီရတ်နဲ့ အာဖဂန်နစ္စတန်အထိ တိုးချဲ့သွားတဲ့ အမေရိကန် စစ်ပွဲတွေအကြောင်းကိုလည်း နားလည်စေခဲ့ပါတယ်။ ပြန်လည် ပြင်ဆင်ရေး အကျဉ်းစခန်းတွေနဲ့ ပတ်သက်လို့ Huynh Sanh Thong ရေးသားတဲ့ To Be Made Over, Jade Ngoc Quang Huynh ရေးသားတဲ့ South Wind Changing & Tran Tri Vu ရဲ့ Lost Tears အစရှိတဲ့ စာအုပ်တွေကို မှီငြမ်းခဲ့ပါတယ်။ ဗီယက်နမ်ထဲကို ပြန်ပြီး ကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ ဗီယက်နမ်တော်လှန်ရေး တိုက်ပွဲဝင်သူတွေနဲ့ပတ်သက်ပြီး လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းမှာရှိတဲ့ လာအိုပြည်သူ့တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြသပေးထားတဲ့ ဖမ်းမိ လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို လေ့လာမှတ်သားခဲ့ပါတယ်။
အဲဒီတိုက်ပွဲဝင် ရဲဘော်တွေကို လူတွေက မေ့လျော့ထားကြ၊ ဒါမှမဟုတ် သိတောင် မသိကြတဲ့အချိန်မှာ ရုပ်ရှင်ဇာတ်ကားတကားအတွက် သြဇာလွှမ်းမိုးမှုဆိုတာက လျှို့ဝှက်ချက်တရပ် ဖြစ်လာဖို့ရာ ခဲယဉ်းလှပါတယ်။ Eleanor Coppola ရဲ့ Hearts of Darkness အမည်ရ မှတ်တမ်းရုပ်ရှင်နဲ့ သူ့ရဲ့ Notes: The Making of Apocalypse Now မှတ်စုတွေက တော်တော်လေး အတွင်းကျကျ ရေးထားတာတွေကို ဖတ်ရှုခွင့်ရခဲ့ပါတယ်။ Apocalypse Now ဒီဗီဒီအချပ်ထဲမှာ Francis Ford Coppola မှတ်ချက်ပေးထားသလိုမျိုး ရေးထားတဲ့ မှတ်စုပါ။ အဲဒါတွေအပြင် Ronald Bergan ရေးတဲ့ Francis Ford Coppola: Close Up, Jean-Paul Chaillet နဲ့ Elizabeth Vincent တို့ရဲ့ Francis Ford Coppola, Jeffreg Chown ရဲ့ Hollywood Auteur: Fancis Coppola, Perter Cowie ရဲ့ The Apocalypse Now စာအုပ်နဲ့ Coppola: A Biography, Michael Goodwin နဲ့ Naomi Wise တို့ရဲ့ On The Edge: The Life and Times of Francis Copoola, Gene D.Phillips နဲ့ Rodney Hill Francis Ford Coppola: Interviews, Michael Schmacher ရဲ့ Francis Ford Coppola: A Filmmaker's Life စတဲ့ စာအုပ်တွေကလည်း အများကြီး အထောက်အကူ ပြုခဲ့ပါတယ်။ ဒါတွေတင်မကသေးဘဲ Drick Halstead ရေးတဲ့ Apocalypse Finally, Christa Lawood ရဲ့ Return to Apocalypes Now, Deidre McKay နဲ့ Padmapani L.Perez တို့ရေးတဲ့ Apocalypse Yester- day Already! Ifugao Extras နဲ့ The Making of Apocalypse Now, Tony Rennell ရေးတဲ့ The Maddest Movie Ever, Robert Sellers ရေးတဲ့ The Strained Making of Apocalypse Now အစရှိတဲ့ ဆောင်းပါးတွေကလည်း အထောက်အကူ ပေးခဲ့ပါတယ်။
တချို့နေရာတွေမှာ စကားလုံး အတိအကျနဲ့ ဖော်ပြထားခဲ့တာတွေကလည်း အခါအားလျော်စွာ အရေးပါလှတဲ့ စာသားတွေဖြစ်ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် ဗီယက်နမ်ရဲ့ နာမည်ကျော် တော်လှန်ရေး စာဆိုကြီး To Hu ရေးသားတဲ့ကဗျာတွေပါ။ သူ့ကဗျာတွေက Viet Nam News စာစောင်ရဲ့ To Huu: The People's Poet အမည်ရ ဆောင်းပါးမှာ ထည့်သွင်းဖော်ပြခဲ့တာတွေပါ။ အဲဒီအပြင် ‘The good deeds of father are as great as Mount Thai Son’ ဆိုတဲ့စကားပုံကို ဘာသာပြန်ခဲ့သူ Nguyen Van Ky ရဲ့ Viet Nan Expos'e စာအုပ်ထဲက ရတာတွေရယ်၊ ၁၉၇၅ ခုနှစ် ထုတ် Fodor's Southeast Asia ထဲက ရတာတွေလည်း ပါပါတယ်။ ပြီးတော့ ဒါရိုက်တာ Peter Davis ရဲ့ Hearts and Minds အမည်ရ မှတ်တမ်းရုပ်ရှင်ထဲမှာ ဖော်ပြခဲ့တဲ့ General William Westmoreland ရဲ့ဘဝနဲ့ ဘဝတန်ဖိုးနဲ့ပတ်သက်တဲ့ အရှေ့တိုင်းရဲ့ အမြင်တွေကိုလည်း ထည့်သုံးခဲ့ပါ တယ်။ အဲဒီအတွေးအမြင်တွေကို ဒီစာအုပ်ထဲမှာ Richard Hedd ရဲ့အတွေးအမြင်တွေအဖြစ် ဖော်ပြခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျေးဇူးစကားပြောချင်တာက အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်တချို့ပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ကူညီဖေးမမှုတွေသာ မရှိခဲ့ရင် ဒီစာအုပ်ကို အခုလို အထမြောက်အောင် ဖန်တီးနိုင်ခဲ့မယ် မဟုတ်ပါဘူး။ The Asian Cultural Council, The Bread Loaf Writers Conference, The Center for Cultural Innovation, The Djerassi Resident Artist Program, The Fine Arts Work Center, The University of Southern California စတဲ့ အဖွဲ့အစည်းတွေက ကျွန်တော် ဒီစာအုပ်ရေးဖို့ သုတေသနလုပ်နေချိန်တွေနဲ့ ရေးသားနေချိန်အတွင်း လစာပြည့်ခွင့် ခံစားစေခဲ့ရုံသာမက ထောက်ပံ့ငွေတွေပေး၊ စာရေးဖို့နေရာတွေ စီစဉ်ပေးနဲ့ အများကြီး ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ရဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့ Nat Sobel နဲ့ Julie Stevenson တို့ကလည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းအားပေးရုံသာမက ကျွန်တော်ရဲ့ အယ်ဒီတာ Peter Blackstock လိုပဲ သေသေချာချာ တည်းဖြတ် ပြုပြင်ပေးခဲ့ကြပါသေးတယ်။ Morgan Entrekin နဲ့ Judy Hottensen တို့ကလည်း အင်မတန် စိတ်အားထက်သန်သန်နဲ့ အားပေးခဲ့ကြသလို Deb Seager, John Mark Boling နဲ့ Grove Atlantic စာအုပ်တိုက်ရဲ့ ဝန်ထမ်းအားလုံးကလည်း ဒီစာအုပ် ဖြစ်မြောက်ရေးအတွက် အထူးကြိုးစား ဆောင်ရွက် ပေးခဲ့ကြပါတယ်။ ကျွန်တော်ရဲ့ဝတ္ထုကို စရေးကတည်းက ယုံကြည်မှုအပြည့်နဲ့ အစောပိုင်း စာမူကြမ်းတွေမှာကတည်းက တောက်လျှောက် ဖတ်ပေးလာခဲ့တဲ့ သူငယ်ချင်း Chiori Miyagawa ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အကြီးမားဆုံး ကျေးဇူးကြွေး တင်ရှိနေရသူတွေက ကျွန်တော့်ဖခင် Joseph Thanh Nguyen နဲ့မိခင် Linda Kim Nguyen တို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကာလတလျှောက်နဲ့ စစ်ပြီးကာလတွေအတွင်းမှာ မိဘနှစ်ပါးရဲ့ မယိမ်းမယိုင် ကြံ့ခိုင်ပြင်းပြတဲ့စိတ်ဓာတ်နဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကနေ ကျွန်တော်နဲ့ ကျွန်တော့်ညီ Tung Thanh Nguyen တို့ကို မွေးဖွားလူလားမြောက်စေခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်ညီဟာလည်း သူ့ရဲ့လှပတဲ့ ဘဝလက်တွဲဖော် Huyen Le Cao နဲ့ သူတို့ရဲ့သားသမီးတွေ ဖြစ်တဲ့ Minh, Luc, Linh တို့နဲ့အတူ ကျွန်တော့်အပေါ် အမြဲတမ်းအားပေးနေခဲ့သူ ဖြစ်ပါတယ်။
ဒီစာအုပ်နဲ့ နောက်ဆုံး ကျေးဇူးစကားတွေအဖြစ် ဖော်ပြဖို့ရာအတွက် ကျွန်တော့်ဆီမှာ အမြဲတမ်း အရင်ဆုံး ရောက်လာကြတဲ့သူနှစ်ယောက်အမည်တွေကို ချန်ထားတာ ရှိပါသေးတယ်။ သူတို့တွေကတော့ ကျွန်တော့်ရဲ့စာတွေကို တလုံးချင်း သေသေချာချာ ဖတ်ပေးတဲ့ ဇနီးသည် Lan Duong နဲ့ အချိန်မီပြန်ရောက်လာတဲ့ ကျွန်တော်တို့ရဲ့သားဖြစ်သူ Ellison တို့ပဲ ဖြစ်ပါတယ်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။