မွှေး၊ ကုသိုလ်ကြမ္မာ မမီပါခဲ့၊ အတွတ်ရေ… ကျွန်တော် တင်အောင်ထွန်း - ခင်နှင်းယု


Download Epub Kfx 

မွှေး

“အသက်ရှင်နေသေးသရွေ့တော့ လူ့လောက တွင် အများကြီး အလုပ် လုပ်နိုင်သေးသည်။ တန်ဖိုးရှိသေးသည် မဟုတ်ပါလား။”
~Pg.201
“သူများ မိန်းကလေးဘဝကို စကြတယ် ဆိုတာက သုညက စရတာ။ မွှေးက သုညမှာ နောက် အနုတ်လက္ခဏာ ပါသေးတယ်”
~Pg.97
“ဒါပေမင့် သမီး... ဘဝဆိုတာ ဒီလိုပဲ။ ကံ၊ ကံ၏အကျိုးတရား၊ အကြောင်းတရား ဆိုတာကတော့ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။ ဆင်းရဲတာဟာ အပြစ် မဟုတ်ပါဘူး။ တစ်ခုပဲ၊ ဘယ်လိုပဲ ဆင်းရဲပေမယ့် ကိုယ်ကျင့်တရား မပျက်ဘဲ ကြံ့ကြံ့ခံနိုင်ဖို့တော့ သမီး သတ္တိရှိရလိမ့်မယ်။”
~Pg.79

  မွှေးဘာကြောင့် နာမည်ကြီးရသလဲလို့ အဖြေရှာကြည့်တဲ့အခါ ကျွန်တော့်အမြင်အရတော့ မိန်းမတို့ရဲ့အခန်းကဏ္ဍကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်နိုင်စွမ်းအားပဲ။

 ‘မွှေး’ထဲမှာ ယောက်ျားသုံးယောက်ကိုတွေ့ရတယ်။ ချစ်တတ်ကြတာချည်းပဲ။အချစ်တွေချင်းတော့မတူကြဘူး။တစ်ယောက်က အဆင်မပြေချိန်မှာ ကိုယ်လွတ်ရုန်းတဲ့လူမျိုး၊ တစ်ယောက်က ကိုယ်ဖန်တီးတဲ့ပုံစံခွက်အတိုင်းရှိနေစေချင်တဲ့ပုံစံ၊နောက်တစ်ယောက်ကတော့ အတွေးအရမ်းများလွန်းတယ်။

 မွှေးကိုဖတ်ရင် အလွမ်းအဆွေးပျော်စရာရသအပြင် စိတ်ဝင်စားဖို့ကောင်းတာက မွှေးရဲ့ ဘဝနဲ့ရင်းတဲ့နှလုံးသားဆုံးဖြတ်ချက်တွေကို မျှဝေခံစားကြည့်ရတာလို့ မြင်မိတယ်ဗျ။နှလုံးသားကိုဦးစားပေးတဲ့အရွယ်မှာ မွှေးဟာ အမျိုးအဆွေရော မိဘကိုပါ ပမာမမှုဘဲ စွန့်စားချစ်တယ်။ မရဲတရဲ အချစ်မှာလတ်ဆတ်မှုနဲ့ ထက်သန်ပြင်းပြမှုကို ကျွန်တော်တို့အတူ လိုက်ခံစားမိကြတယ်။နောက်တစ်ယောက်မှာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ထားရတဲ့ စိတ်ကလေးနဲ့ အနာကောင်းကောင်းမကျက်သေးတဲ့နှလုံးသားပိုင်ရှင် မွှေးကိုတွေ့ရတယ်။ စာအုပ်ရဲ့အဆုံးက မွှေးကတော့ လောကဓံလှိုင်းပုတ်ဒဏ်တွေကို ဂရုမထားတဲ့ သင်္ဘောတစ်စင်းလို သူ့လမ်းကိုပဲသူရွေ့နေတဲ့ခံစားချက်မျိုးရတယ်။

 ပြီးရင်တော့ ဒီတစ်အုပ်လုံးမှာ အဆိုးရွားဆုံး ကာလတွေဖန်တီးတဲ့ မပါမဖြစ်လက်သည် အဆုတ်နာရောဂါ(သို့မဟုတ်) တီဘီရောဂါ။ မွှေးကတော့ လူစဉ်မမီတဲ့ရောဂါလို့တံဆိပ်ကပ်လိုက်တယ်။ သူ့မိခင် သူ့အစ်မ သူချစ်ရသူတွေကို ရှင်ကွဲရောသေကွဲပါ ကွဲစေတဲ့ဘီလူးသဘက်ကို သူစွမ်းသမျှ ကြိုးစားတိုက်ထုတ်ပစ်ချင်နေတာ မဆန်းပါဘူး။(အခုအခါ ကုသလို့လွယ်ကောင်းလွယ်နေပါလိမ့်မယ်။သို့သော်သူ့ခေတ်သူ့ခါ မွှေးကြုံခဲ့ရတဲ့အခြေအနေနဲ့ ခေတ်ကာလများမှာတော့ ခက်ခဲပင်ပန်းခဲ့ရတာတွေကိုတော့ ခံစားကြည့်စေချင်ပါတယ်။)

 မွှေးကိုဖတ်ရတဲ့အခါ ဝါးခယ်မမြို့ပြင်လယ်ကွင်းထဲက အသားညိုညိုကလေးမလေးတစ်ယောက်ရဲ့ ငယ်ဘဝမှာ အပူအပင်ကင်းမှုနဲ့ဖြူစင်မှု၊စစ်ငွေ့စစ်ရိပ်က ဝါးခယ်မဒေသကိုပါ အဖျားခတ်သွားတဲ့နောက်တော့ သူတို့တွေရဲ့ကြမ္မာအလှည့်အပြောင်း၊ဘဝပေးအခြေအနေအရ ရန်ကုန်ကိုပြောင်းလာရတဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ အခက်အခဲစိန်ခေါ်မှုတွေရင်ဆိုင်ရပုံတွေ၊ဇနီးဘဝမှာကျင်လည်ရင်း လောကဓံအထုအထောင်းကို အံတုရင်ဆိုင်ခဲ့ပုံတွေက ‘မွှေး’စာအုပ်သတင်းကို မွှေးစေခဲ့သလိုပဲ၊ ‘မွှေး’မေမေ ကြီးကြီးတင် အခန်းကဏ္ဍကလည်း အံဩလေးစားစရာ..။မွှေးကတော့ ကိုကိုနိုင် ပြောသလိုပင် ဘောင်းဘီဝတ်ပြီး သေနတ် မကိုင်တာဘဲ ကွာမယ် တကယ့်အာဂ ‘မွှေး’။အချစ်ရေး၊လူမှုရေးနဲ့ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ ‘မွှေး’ရဲ့ ရဲရင့်တက်ကြွမှုနဲ့ ခိုင်မာတည်ကြည်မှုတွေက ဒီစာအုပ်တစ်အုပ်လုံးရဲ့ ရသတန်ဖိုးကို အမှန်တကယ်ဆုံးဖြတ်ပေးပါလိမ့်မယ်။

 “ရန်ကုန်ပတ်ဝန်းကျင်သည် တောမှ တက်လာသောဆင်းရဲသူလေးများဒုက္ခရောက်ချိန်၊စိတ်ဓာတ်ပျက်ပြားချိန်တွင် အလွန်ဝါးမျို ဖျက်ဆီးလွယ်သော ပတ်ဝန်းကျင်ဖြစ်၏။ ကားနှင့်နိုင်လွန် ပင်လယ်ဝယ် စုံးစုံးမြုပ်ကာ ဘဝဆုံးကြသည်သာ များခဲ့၏။ မွှေးကတော့ ခုံဖိနပ်စီး၍ ပိတ်အင်္ကျီဝတ်ကာ သူသည် မျက်စိစုံမှိတ်၍ ရေဆန်လှော်ခဲ့သည် တကား။”

Review by Youth’s Book Reflections
https://www.facebook.com/share/1Fx6id7kpR/?mibextid=wwXIfr
#Youths_book_reflections #မွှေး
#ကံ့ကော်ဝတ်ရည် #ခင်နှင်းယု #bookreview

မွှေး၊ကုသိုလ်ကြမ္မာမမီပါခဲ့၊အတွတ်ရေ၊ကျွန်တော်တင်အောင်ထွန်း


“အမှန်တော့ သူတို့အားလုံး ခြောက်ပြစ်ကင်း သဲလဲစင်များ မဟုတ်ကြပါ။ ကျွန်မဇာတ်ကောင် များမှာ အပြစ်အနာအဆာကလေးများနှင့်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူသားများ ဖြစ်သောကြောင့်တည်း။”
~’အစဉ်ပျံ့မွှေးနေသော မွှေး’မှ
မြန်မာ့စာပေမှာ ဂန္တဝင်လို့တင်စားရတဲ့ ဒီ ‘မွှေး’သတင်းဟာဖြင့် စာပေနယ်ပယ်မှာ အင်မတန်မွှေးပျံ့ခဲ့ပြီးသားပါ။ မဖတ်ဖူးတာပဲရှိမယ်၊မသိသူမရှိလောက်အောင် စာပေနယ်ပယ်မှာတော့ နေရာတစ်နေရာယူထားဆဲဖြစ်ပါတယ်။
 
 အခု ‘မွှေး ပေါင်းချုပ်ဟာ တစ်အုပ်ချင်းစီတိုင်းကလည်းရသမြောက်သလို တစ်အုပ်ပြီးတစ်အုပ်ဖတ်သွားလျှင်လည်း အရသာမပေါ့သွားဘူးဆိုတဲ့ ထူးခြားမှုတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။
အစဉ်ပျံ့မွှေးနေသောမွှေး ခေါင်းစဉ်နဲ့ ဆရာမခင်နှင်းယုကိုယ်တိုင် ရေးထားတဲ့ထဲမှာ ရှုမဝဦးကျော်က ဒီလိုဆိုခဲ့တယ်တဲ့။

 “ကျွန်တော် မွှေးကို သဘောကျတာကတော့ အကျည်းတန်တဲ့ မိန်းကလေးတယောက် အနေနဲ့ ယောက်ျားသုံးယောက်ရဲ့အချစ်ကို ရခဲ့တာကိုပဲ သဘောကျတယ်”မွှေးဝတ္ထုမှာ အဓိကလေးယောက်။အဲ့ဒီလေးယောက်ကို လူသားတွေဖြစ်အောင် အားထုတ်ထားတယ်။ ခြောက်ပြစ်ကင်းသဲလဲစင် တစ်ယောက်မှမပါ။ ဒါကိုကလည်း လူသားဆန်ခြင်းပါတဲ့။ ကိုယ်ဖန်တီးထားတဲ့ လက်ရာဇာတ်ကောင်ကို ကိုယ်တိုင်ပြန်သုံးသပ်ပြတာထက် ဘယ်အရာကများ ပိုတိကျလိမ့်မလဲ။ ဆရာမခင်နှင်းယုကတော့ မွှေးရယ်၊ အတွတ်ရယ်၊ ကိုကိုနိုင်ရယ်၊ တင်အောင်ထွန်းရယ် ကို အခုလိုပဲ ခြုံငုံပြထားတယ်။“ မွှေးသည် မိသားစုတာဝန်ကိုထမ်းဆောင်ရင်း ကိုယ့်ကိုယ်ကိုအတွက်လည်း ဇွဲနှင့်ကြိုးစားသော မိန်းကလေးတယောက်ဖြစ်သည်။ သဘောထားကြီးသည်။ ကိုယ်ရေးစွန့်၍ အနစ်နာခံသည်။”“ကိုကိုနိုင်သည်လည်း အရာရာ ခွင့်လွှတ်နိုင်စွမ်းသော တာဝန်ယူရဲသော စိတ်ထား မြင့်မြတ်သည့် ယောက်ျားတယောက် ဖြစ်ခဲ့သည်။”“အတွတ်ကတော့ နှုတ်နည်း၍ အရာရာနောက်ကျတတ်သော အချိန်ကို မတွက်ဆတတ်သော သူငယ်ဖြစ်သည်မှလွဲ၍ မွှေးအပေါ် စေတနာစစ်နှင့် ချစ်သူတယောက်ဖြစ်၏။”“ဖရက်ဒီကတော့ ရေလိုပါပင်တည်း။ ထည့်ရာခွက်ပုံသဏ္ဌာန်လိုက်၍ ဆိုးသောအရောင်သို့ ပြောင်းလဲလွယ်သော သူတယောက်။”

 ဇာတ်ကောင်လေးယောက်အတွက်ဘတစ်အုပ်စီလားလို့ အစကထင်မိတယ်။တင်အောင်ထွန်း(ခေါ်) ဖရက်ဒီ သိက္ခာအဖတ်ဆယ်ဖို့အတွက် ‘ကျွန်တော် တင်အောင်ထွန်း’စာအုပ်၊ အတွတ်ရဲ့ ခမ်းနားတဲ့မေတ္တာအချစ်သက်သေအတွက် ‘ကုသိုလ်ကြမ္မာမမီပါခဲ့’၊ မေတ္တာအရင်းခံပြီး မွှေးကို သေတဖန်သက်တဆုံးချစ်သွားခဲ့တဲ့ကိုကိုနိုင်အတွက် ‘အတွတ်ရေ’၊ပြီးတော့ မွှေးအတွက် ‘မွှေး’။ ဆိုပေမယ့်….မွှေးရဲ့ရုပ်ပုံကို အသေးစိတ်ခြယ်မှုန်းတာက ‘မွှေး’။

‘ကုသိုလ်ကြမ္မာမမီပါခဲ့’မှာက သူမရဲ့ ဆွဲဆောင်မှု၊ညို့အားတွေဖြစ်ပြီး၊ သူမရဲ့အစစ်အမှန်အလှတရားကို အတွတ်ရေမှာ မြင်ခဲ့ရတယ်။


 သူမရဲ့ကျက်သရေဟာ ‘ကျွန်တော်တင်အောင်ထွန်း’မှာ ဝင့်ထည်ခဲ့တယ်။ မွှေးဟာ စာအုပ်တိုင်းမှာ မွှေးပျံ့နေခဲ့တဲ့ ပန်းလေးတစ်ပွင့်ပါပဲ။‘မွှေး’မှာ ကျွန်တော်တို့တတွေဟာ မိန်းမတို့ရဲ့အားမာန်နဲ့ အပေါ်ယံမဟုတ်တဲ့ အတွင်းစိတ်သဏ္ဍာန် အလှကို မြင်ခဲ့ကြရပြီးပြီ။ စိတ်ဓာတ် ခွန်အားတွေကို မွှေးလို အဓိက ဇာတ်ကောင်ကသာမက ဒေါ်တင်တင်ကြီး၊ကျောင်းဆရာတို့လိုမထင်မရှားဇာတ်ကောင်တွေ၊ ထင်ထင်ရှားရှားဇာတ်ကောင်တွေကနေ စိမ့်ဝင်ခံစားခဲ့ကြရတယ်။မွှေးပေါင်းချုပ်ဖတ်အပြီးမှာ အလှတရားအစစ်ဆိုတာ ဘာပါလိမ့်။ရုပ်ရည်ချောမောလှပမှုလား၊ သို့တည်းမဟုတ် မွှေးလို စိတ်ဓာတ်ခွန်အားအလှက တကယ့်အလှလား။ အလှကိုရှာတော့ ဘဝကိုတွေ့တယ်တဲ့။ဘုရားရှင်ရဲ့ညီတော်နန္ဒကို ပုံပမာပြုလို့ဘဝကိုတွေ့ခဲ့ပါတယ်ဆိုတဲ့ စာရေးဆရာမတစ်ယောက်ရဲ့ စာထဲမှာ အလှတရားကို ဘယ်လိုပုံဖော်ပြထားသလဲ။ တည်မြဲတဲ့အလှစစ်၊ ငြိမ်းအေးတဲ့အလှစစ်….။

 မွှေး’တစ်အုပ်တည်းကိုပဲ အရင်ဖတ်ဖြစ်ခဲ့တဲ့ ကျွန်တော့်အတွက် ပေါင်းချုပ်ဖတ်လိုက်ရတဲ့အခါမှာ ကျွန်တော့်မှတ်ဉာဏ်ထဲက ‘မွှေး’ဟာ လုံးဝကိုပြောင်းလဲသွားခဲ့တယ်။ ဒဏ်ရာများစွာနဲ့ ရင့်ကျက်တည်ငြိမ်သွားတဲ့’မွှေး’အစား ခင်ပွန်းဖြစ်သူအပေါ် စိတ်ဆိုးစိတ်ကောက်ပြီး အရွဲ့တိုက်ပြတဲ့ မိန်းမအဖြစ်ပြောင်းသွားတယ်။မွှေးစာအုပ်တစ်အုပ်လုံးမှာ သန်မာပြီး အားကျရလောက်တဲ့အရည်အသွေးတွေနဲ့ ‘မွှေး’ကနေ ပေါင်းချုပ်မှာတော့သည်းခံခွင့်လွှတ်တတ်ပြီး သစ္စာရှိထက်မြက်ဆဲ ‘မွှေး’ အဖြစ် လှုပ်ရှားအသက်ဝင်လာပါတယ်။‘နှလုံးသားမှာ ထိခိုက်မှု မရှိရင် ကျွန်မ ဘယ်တော့မှ စာမရေးဘူး’ဆိုတဲ့ ဆရာမခင်နှင်းယုရဲ့ အခုဝတ္ထု ‘မွှေး’ဟာ ငယ်ဘဝဇာတ်လမ်းအရရော၊ အမှာစာအရ တိုက်စစ်လိုက်ရင် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိလို့တောင် ထင်ရလောက်အောင် ဆင်တူနေတာသတိထားမိတယ်။ ဇာတိမြေကိုချစ်တဲ့စာရေးဆရာမတစ်ယောက်ရဲ့ စာမှာ ကိုယ့်ရပ်ကိုယ့်မြေအလှကို ကလောင်စွမ်းနဲ့ ပြောင်ရောင်စေတယ်။သူ့ဇာတ်ကောင်တွေရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်ဖန်တီးပြီး သဘာဝကျကျလူသားပီသစေတယ်။

 “မွေးကို ပေးအပ်ချင်သမျှ အချစ်တွေကို ကိုယ့်လူနာတွေအပေါ် လွှဲပြောင်းခွဲဝေပေးနေတာပါ။ ဒါကြောင့် တောအနှံ့ တောင်အနှံ့ သွားပြီး ကိုယ့်ရင်ထဲက အချစ်ပင်တွေကို အပွားခတ်ပြီး မြေမှာ ပျိုးကြဲခဲ့ပါတယ် သူငယ်ချင်း"မွှေးအတွက် ‘အတွတ်’ဟာ ဆရာဘုန်းနိုင် စကားငှါးရရင် ချစ်နိုင်သူ ဖြစ်ခဲ့တယ်။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် အချစ်ကြီးချစ်ကြသူတွေထဲ အတွတ်ဟာလည်း နာမည်စာရင်းသွင်းထားရမှာပေါ့။ 

 ‘မွှေး’အတွက်အရာရာဖြစ်ခဲ့တဲ့ အတွတ်ကို  ‘ကုသိုလ်ကြမ္မာမမီပါခဲ့’မှာတော့ ရင့်ကျက်တည်ငြိမ်ပြီး ပတ်ဝန်းကျင်ကလေးစားအားကျရတဲ့ ဆရာဝန်ကြီး၊ နောင်လာနောက်သားစံထားရမယ့် လူကြီးလူကောင်းပုံရိပ် အဖြစ် စာဖတ်သူတွေမြင်ရတယ်။‘အတွတ်ရေ’ ဆိုပြီး မွှေး ပို့သလာတဲ့ ပြန်စာတွေမှာ အဖြေပေးလိမ့်နိုးနိုးနဲ့ ဖတ်မျှော်ရင်းမျှော်ရင်းနဲ့  ဆယ်ကျော်သက်ရည်းစားစာမှမဟုတ်ပေဘဲဆိုပြီး အတင်းစိတ်ကိုပြန်လျှော့ထားလိုက်ရတယ်။ လေးဆယ်ကျော်အရွယ်မှာ သူတို့ဘဝမှာ ကိုယ်စိတ်ဒဏ်ရာတွေရခဲ့ကြပြီးပြီ။ ကိုယ်ခန္ဓာနာကျင်မှုထက်ပိုတဲ့ စိတ်ဝေဒနာတွေ ရင်ဆိုင််ခဲ့ရပြီး ဘဝရဲ့ အဓိပ္ပာယ်ကိုယ်စီရှာလာကြအချိန်မှာ သူတို့ရဲ့စာတွေဟာ ပုံတွေ၊ဇာတ်တော်တွေ၊သမိုင်းအဖြစ်အပျက်တွေကိုအားပြုရေးပြီး နှလုံးသားထက် ဦးနှောက်ဘက် အလေးပေးလာကြတယ်။ ‘ကျွန်တော်တင်အောင်ထွန်း’မှာ မွှေးရယ်၊ အတွတ်ရယ်ကို အလွမ်းပြေ မြင်လိုက်ရတယ်။’မွှေး’သတင်းကို ‘အတွတ်ရေ’မှာ ပွဲတွေ့အမြတ်တရားရယ်၊ဆရာမခင်နှင်းယုရဲ့အတွေ့အကြုံတွေကိုပြောပြီး ပျားရည်နဲ့ဝမ်းချခံလိုက်ရသော မအီမလည်ဖြစ်နေတဲ့ စာဖတ်သူတွေအတွက်တော့ ကိုယ့်မျက်စိရှေ့တင်ကြီးလာကြတဲ့ အတွတ်နဲ့မွှေးကို ဒီလို မတူတဲ့ရှုထောင့်က ကြည့်နေရတာကိုကလည်း ရသထူးပါပဲ။

 မဖတ်ရသေးသူတွေလည်း ကိုယ်ကိုယ်တိုင် ဖတ်ရှုခံစားကြည့်ကြပါဦးခင်ဗျာ။‘မွှေး’ကို နာမည်အတိုင်းအမှန်အကန် မွှေးပျံ့စေခဲ့သော၊ မွေးရပ်ဇာတိမြေကို အထူးချစ်တတ်သော ဆရာမခင်နှင်းယုရဲ့ဒီထဲက ဆန္ဒဆုတောင်း တစ်ပိုင်းတစ်စနဲ့သာ နိဂုံးကမ္ပတ်အဆုံးသတ်လိုက်ပါတော့မယ်။“ရေးရေးမြင်စ၊ သောင်မ ခေမာ စီးသာစခန်း၊ မြတ်ပန်းပွင့်ကို ကမ်းလိုက်ပါသည် မောင့်မှာ လက်လှမ်း မီပါစေ။     ရှေ့ပြုဗ္ဗာတွင်... ဓမ္မာတေးဖြင့်၊ အေးပါစေ မိုးသောက်ယံတွင်၊ ပန်းများ ဖွေးဖွေး မွှေးပါစေ မိုးသောက်ဦးတွင်၊ နှင်းသက် လေညင်း သင်းပါစေ။”

book review by Youths_book_reflections👇Page link👇https://www.facebook.com/share/1Ft4eHgbom/?mibextid=wwXIfr

Comments