(ချစ်သူကိုစောထွန်းက အတင်းအကျပ် ချစ်ခွင့်တောင်းဆိုရာတွင်)
မဗေဒါသည် ရှုပ်ထွေပွေလီလှသည့် သဘင်လောကမှ ဖြစ်သော်လည်း သူမ၏ကိုယ်ကျင့်တရားကို အသက်လို ထိန်းသိမ်းခဲ့သည်။ သို့သော် မီးရောင်အောက်တွင် လူပြက်ကြီးတွေနှင့် တွဲကနေရသော မဗေဒါကို ချစ်သူ ကိုစောထွန်းက သဝန်တွေတိုခဲ့လေသည်။ သဘင်လောကမှ အနားယူပြီး သူနှင့် လက်ထပ်စေလိုသည်။ မဗေဒါသည် ချစ်သူလိုအင်ကို လိုက်လျောချင်သည်။ သို့သော် သူမတွင် တာဝန်တွေက မပြီးဆုံးနိုင်သေး။ သူမ၏ အဖေ့အမွေအိမ်ကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင် အမေ့အတွက် ပြင်ဆင်ပေးချင်သေးသည်။ ဒါကြောင့် အငြိမ့်ဆက်ကဖို့ (၃)နှစ်စာချုပ်ချုပ်ခဲ့သည်။ (၃)နှစ်ပြည့်ပြီးမှသာ ချစ်သူအလိုကျဖြစ်စေမည်ဟု ဆုံးဖြတ်ခဲ့လေသည်။ သည်ဆုံးဖြတ်ချက်သည် သူမ၏ နှလုံးသားကို လှိုင်းလုံးတွေ ဖုံးမည်ကို မသိနိုင်ခဲ့ပေ။ ချစ်သူ၏ စွန့်ခွါမှုကို ခံခဲ့ရလေသည်။ ပို၍ဆိုးသည်က ချစ်သူ၏ မင်္ဂလာအခမ်းအနားတွင် ကပြဖျော်ဖြေရခြင်းပင်။
ထိုညသည် ဗေဒါပန်းလေးကို ဘဲအုပ်တစ်ရာနှစ်ရာက ဝိုင်းထိုးနေသလို နုံခြာလှသည့် အငြိမ့်သမ မဗေဒါကို ဓနရှင် လူတန်းစားတွေက ဝိုင်းဝန်းနှိပ်စက်နေကြသည်နှင့် တူလှပေသည်။ သို့သော် မဗေဒါသည် ဗေဒါပန်းလေးလို အံခဲပြီး အနုပညာသည် ပီသစွာ ဧည့်ပရိတ်သတ်ကို ဖျော်ဖြေနိုင်ခဲ့သည်။ မင်္ဂလာပွဲအပြီး အပြန်တွင်တော့ မဗေဒါသည် သူ့ဘဝဖြစ်အင်ကို ရေမှာမျောနေယင်း ဘဲအုပ်တွေ ထိုးဆိပ်ခံရသော်လည်း အလဲမပျက် စီးမျောနေသည့် ဗေဒါပန်းလေးနှင့် ခိုင်းနှိုင်းတင်စား၍ သူမ၏ဘဝကို “ပန်းပန်လျက်ပါ” ကဗျာလေးနှင့် ပုံဖော်စပ်ဆိုခဲ့သည်။ သူမကိုယ် သူမ ထိုကဗျာလေးနှင့် အားပေးခဲ့ရသည်။ ချစ်သူ ကိုစောထွန်းဆီလည်း ကဗျာလေးကို ပေးပို့လိုက်သည်။
(၃) နှစ်ပြည့်သည့်အခါတွင် ချစ်သူအပေါ်ပေးခဲ့သည့် ကတိကို တည်တံ့စေလိုသဖြင့် အငြိမ့်ကခြင်းကို ရပ်နားခဲ့သည်။ သူမရင်နှင့်ခံစား၍ သီချင်းလေးများကို ရေးစပ်ခဲ့သည်။ ထိုသီချင်းများထဲမှ “ချစ်၍ရွာသောမိုး” သီချင်းကို မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။ ထိုသီချင်းတွင် ကချေသည်မလေးတစ်ယောက် ချစ်သူရွှေမင်း သားနှင့် ကွဲကွာသောကြောင့် သောကဝေကာ ကျရရှာသည့် မျက်ရည်များကို မိုးနှင့် တင်စားခဲ့သည်။ ရွှေမင်းသားကို ချစ်မိ၍ ကျရရှာသည့် မျက်ရည်မိုးတွေပင်။ ထိုသီချင်းလေးနှင့် မဗေဒါသည် သူမ၏ မျက်ရည်များကို သွန်ချခဲ့သည့် သရုပ်ကို (ဒေါ်) ကြည်ကြည်ဋ္ဌေးက မျက်နှာအမူအရာနှင့်ရော အသံနှင့်ပါ သရုပ်ဆောင်ပြခဲ့ပါသည်။ (ဒေါ်) ကြည်ကြည်ဋ္ဌေးသည် ချစ်၍ရွာသောမိုး သီချင်းနှင့် ပရိတ်သတ်၏ မျက်ရည်မိုးတွေကိုပါ ရွာသွန်းစေခဲ့သည် ထင်။
ချစ်၍ရွာသောမိုး
ယုံလည်း……ပုံပြင်…. မယုံသော်လည်း …..ဒဏ္ဏာရီဘဲ….ထင်….ပြောရေးရှိက ပြောသရှင် ဆိုရေးရှိက ဆိုတယ်ရှင်……….ကချေသည်နှင့် ရွှေမင်းသားသခင် ဟိုရှေးအခါများ ဆိုသရွေ့အမှာစကားအသည်းနင့်နင့်ပင် ချစ်ကြသရှင် ကြိုက်ကြသရှင်ယုံလည်းပုံပြင် မယုံသော်လည်း ဒဏ္ဏာရီဘဲထင်……..သို့သော်မကြာခင် မင်းရင်ပြင် နန်းသိမ်းပွဲသဘင် ကျင်းဆင်ယင်သို့သော်မကြာခင် မင်းရင်ပြင် နန်းသိမ်းပွဲသဘင် ကျင်းဆင်ယင်အိမ်ရှေ့စံရွှေမင်းသား စုလျားရစ်ပတ် ဘိတ်သိပ်ဆင်မင်းသွေးမင်းရည်ဒေဝီတစ်ဦးနှင့် မင်္ဂလာအခါဝင်နဖူး….လက်တင် မြင်မြင်တွေး…ဆွေးပါဘိ လေး….ရေးရေးဘယ်သို့မမြင်….မူးလျက်ပင် ဘဝင်မအေး…..နွေးပါဘိ လေး……လေးလေးဘယ်သို့မရွှင်….ရင်ဝယ် သောကမျက်ရည်ခိုး…..မိုးသို့ပျံလျှင်….မြူခိုးအပူခိုး လေနှင့်အတူနှင်…တိမ်နယ် မိုးနယ် ကူးပြောင်းလျက်လျှင်လျှပ်ဝါလျှပ်စီး ပြက်ပြက်ခါထင်….သံဝါမိုးပေါက် တဖြောက်ဖြောက်ကျတော့လျှင်မေတ္တာပေါက္ခဝ ၀တီမိုး သူ့အပေါ်သာပင်…ဖြိုးဖြိုးရွာထင်အေးသရှင်မြသရှင် ကချေသည်မ မျက်ရည်မှပင်ဖြစ်သောမိုးဟု ထင်မှ သူထင်ပါစရှင်…..ချစ်၍ ရွာသောမိုး…… ချစ်၍ ရွာသောမိုး……ပင်(သီချင်းရေးစပ်သူမှာ စန္ဒရား(ဦး)ချစ်ဆွေ ထင်ပါသည်။)
Comments
Post a Comment
Comments