အငို အရယ် နည်းသော ရက်များ - သန်းတင့် - book review

 


အငိုအရယ်နည်းသော ရက်များ


“အငိုအရယ်နည်းသော ရက်များ” လို့စဖတ်မိတုန်းက ဝမ်းနည်း၊ဝမ်းသာ မရှိ သာမန်နေ့ရက်များ ပေါ့ ဆိုပြီး တွေးမိတယ်။ ဘာအကြောင်းများ ရေးထားမလဲ။ ကဗျာလေးတွေရော ဖတ်ရဦးမလား ဆိုပြီး စိတ်ဝင်တစားနဲ့ ဖတ်ခဲ့မိလိုက်တယ်။ အထဲမှာ အက်ဆေး (၂၂)ပုဒ်နဲ့ ကဗျာ (၇)ပုဒ် ပါဝင်ပါတယ်။
အဲ့အက်ဆေးတွေ ကဗျာတွေ မဖတ်ရသေးခင်မှာဘဲ စာရေးသူစကား မှာတင်ပဲ ကြွေဆင်းသွားခဲ့ရတယ်။

“အရယ်လည်း မယ်မယ်ရရ မရှိ၊ အငိုလည်း စစ်စစ် ပေါက်ပေါက် ရှာမရသော နေ့ရက်များတွင် ကျွန်တော့်ခမျာ ဟာတာတာကြီးဖြင့် လုပ်မိလုပ်ရာ အလုပ်များ၊ လုပ်သင့်လုပ်ထိုက်သော အလုပ်များ၊ လုပ်ချင် လုပ်နိုင်သော အလုပ်များကို မရှိ ရှိရာ ရှာဖွေလုပ်နေမိတတ်ပါသည်။ ယခု စာများ ကဗျာများမှာ ထိုလုပ်မိလုပ်ရာများထဲမှ လုပ်ခဲ့မိသော တစ်စုံတစ်ခု သာ ဖြစ်သည်ဟု ဆိုရပါမည်” တဲ့။ 

ကျနော်တို့တစ်တွေလည်း ဒီလိုနေ့ရက်တွေ ဖြတ်သန်းဖူးကြတဲ့သူတွေချည်းပါပဲ။ အများစုကတော့ ယောင်ချာချာ ဟိုတွေးဒီတွေးနဲ့ ကုန်ဆုံးသွားကြတာပါပဲ။ ဆရာ့ရဲ့ အငိုအရယ်နည်းတဲ့နေ့ရက်များကတော့ လှပစွာ အဓိပ္ပာယ်ရှိလို့နေပါတယ်။ 

အက်ဆေး(၂၂)ပုဒ်မှာ ဆိုရင် တစ်ပုဒ်ချင်းစီမှာ အကြောင်းအရာ တစ်မျိုးစီနဲ့ မတူညီတဲ့ရသတွေ ရောပြွမ်းပါဝင်နေတာကို ဖတ်ရတယ်။ ငါးဖမ်းလှေပေါ်ရောက်ခဲ့တယ်။ မမြင်ဖူးခဲ့တဲ့၊ စိတ်ကူးနဲ့တင်လုပ်ခဲ့ဖူးတဲ့ အုန်းလက်နွားလေးစီးရင်း သပြေသီးကောက်ခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ရခိုင်သူလေးဖြစ်လိုက်၊ မွန်မလေး ဖြစ်လိုက်၊ သံလွင်သူလေးဖြစ်လိုက်နဲ့  မရောက်ဖူးတဲ့နေရာတွေရောက်လို့ရောက်၊ မမြင်ဖူးတဲ့အပင်တွေ တွေ့လို့တွေ့၊ မစားဖူးတဲ့ အသီးတွေ စားလို့စားနဲ့။

မင်းကတော်ညွန့်မေ နေရာကနေ တွေးတတ်ခဲ့ပြီး တန်ဖိုးထားဖို့ မေ့လျော့နေမိလား ဆင်ခြင်မိသေးတယ်။ “ချမ်းနေလားမေမေ”အရောက်မှာတော့ ကြေကွဲဆို့နစ် လို့ပေါ့။ ယေရှုအနေနဲ့ အသတ်ခံခဲ့ရသလို၊ ရိုဟင်ဂျာကလေးငယ်လေး အနေနဲ့ အားငယ်ခဲ့ရတယ်။

အငိုအရယ်မရှိတဲ့လမ်းကို ခေါ်သွားနိုင်သူ မပဋာနဲ့ ပြန်မလာတော့မဲ့ လူတစ်ယောက်ဖြစ်တဲ့ ရှင်သာရိပုတ္တရာ တို့ကို သရုပ်ခွဲပြထားပုံက အတွေးကို လက်သွားစေပါတယ်။ 

ကိုယ့်ရဲ့နေ့ရက်တွေက ယောင်ချာချာနဲ့ ပျင်းစရာကောင်းနေခဲ့မယ်ဆိုရင်‌…ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေမယ်ဆိုရင်….

 ဒါဆိုရင်တော့ လူလိမ်တစ်ယောက်ဖြစ်ခိုင်းလိုက်၊ သိဒ္ဓတ္ထအစား ကဗျာရေးခိုင်းလိုက်၊ ကဗျာလေးတွေ ဖတ်ခိုင်းလိုက်၊  သန်းကျော်အောင် သင်္ဘောကြီးပေါ် ရောက်သွားလိုက်နဲ့ အငိုအရယ်နည်းသော ရက်များကို အခုပဲ ဖြတ်သန်းကြည့်စေချင်ပါတယ်။


Review by ဝဿန်အေးချမ်း

Comments