ကမ်းခြေပေါ်မှာ ကက်ဖကာ - မိုးသက်ဟန်
“တစ်ခါတလေမှာ ကံကြမ္မာဆိုတာက အသေးစား သဲမုန်တိုင်း တစ်ခုလိုပဲ လမ်းကြောင်းတွေကို ဆက်တိုက် ပြောင်းစေနိုင်တယ်”“မုန်တိုင်းကြီး ပြီးသွားတဲ့အခါမှာ မင်း ဘယ်လို ဖြတ်သန်းခဲ့သလဲ၊ မင်း ဘယ်လိုရှင်သန်အောင် လုပ်ခဲ့သလဲ ဆိုတာမှတ်မိတော့မှာ မဟုတ်ဘူး။ မင်း ဘာဆိုဘာမှ သေချာတော့မှာ မဟုတ်ဘူး။ မုန်တိုင်း တကယ်ပြီးသွားပြီလား ဆိုတာတောင် မသေချာတော့ဘူး။ သေချာတာ တစ်ခုတော့ ရှိတယ်။မုန်တိုင်းကနေ မင်း ထွက်လာတဲ့အခါမှာ မင်းဟာ ဝင်ခဲ့တုန်းက လူတစ်ယောက်နဲ့တော့ လုံးဝ တူမှာ မဟုတ်တော့ဘူး။ ဒါဟာ ဒီမုန်တိုင်းရဲ့အကြောင်းပဲ။”~ကမ်းခြေပေါ်မှာကက်ဖ်ကာ၊မိုးသက်ဟန်
စာအုပ်ထဲမှာ ထင်ထင်ရှားရှားမှတ်မိနေတဲ့ စကားစုရှိတယ်။ “ဒေါသနဲ့ကြောက်ရွံ့မှု”
ဒေါသနဲ့ကြောက်ရွံ့မှုဟာ အတိတ်ကို လွှတ်ချပစ်ခဲ့ဖို့၊ အနာဂတ်ကို ရင်ဆိုင်ဖို့အတွက် အဟန့်အတားပဲ။ ပစ္စုပ္ပန်မှာ လက်တွေ့ကျကျနေနိုင်ဖို့အတွက်လည်း အရံအတားတစ်ခုပဲ။ ဒေါသနဲ့ အကြောက်တရားက ကျွန်တော်တို့ကို အတိတ်မှာ အကြိမ်ကြိမ်အကျဉ်းချပြီး အနာဂတ်ကို မှုန်ဝါးစေတယ်။
အသက် ၁၅နှစ်အရွယ် ဇာတ်ကောင် ကက်ဖ်ကာ တာကာမူရာဟာ သူ့မွေးနေ့ ညမှာ နှစ်နှစ်နီးပါးပြင်ဆင်ထားတဲ့ စီမံကိန်းကိုအကောင်အထည်ဖော်လိုက်တယ်။ အဲ့ဒါကတော့ စိတ်ဒဏ်ရာတွေ၊ဖြေရှင်းဖို့မစွမ်းနိုင်တဲ့ လောကရဲ့အဓိပ္ပာယ်မဲ့မှုတွေကနေ ကိုယ်လွတ်ရုန်းထွက်ပြေးဖို့ပဲ။ ဗလာဖြစ်နေတဲ့ ရုပ်ထုတွေကို ချစ်တတ်သလိုပဲချစ်တတ်တဲ့ သူ့အဖေပန်းပုပညာရှင်ရှိတဲ့ အိမ်ကနေထွက်ပြေးနိုင်သလောက်ထွက်ပြေးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်တယ်။ ဘဝအသစ်တစ်ခု ဖန်တီးချင်တယ် ဒါဟာ သူ့ဆန္ဒ။
သူ့ရဲ့မသိစိတ် သင်္ကေတအဖြစ် ကျီးကန်းက သူ့ခရီးတလျှောက် အဖော်အဖြစ် ဆုံးဖြတ်ချက်တွေချရာမှာ အကြံပေးတယ်။ သူ့စွန့်စားခန်းမှာ မိတ်ဆွေတွေအများကြီးနဲ့ဆုံခဲ့ရတယ်။ ဆာကူရာဆိုတဲ့ ကောင်မလေးနဲ့ ဆုံပြီး သူ့လိုမျိုး စီနီယာတစ်ယောက်ရဲ့ အကြံပေးတာတွေ၊ အကူအညီတွေရခဲ့တယ်။ သူ့ခရီးတထောက်မှာ အိုရှီးမားဆိုတဲ့ စာကြည့်တိုက်ဝန်ထမ်းတစ်ယောက်နဲ့ဆုံရင်း သူဟာ လောကကြီးမှာ သူမသိသေးတဲ့ အကြောင်းအရာတွေ အများကြီးရှိသေးပါလားဆိုတာကို ဆဝါးမိလာစေတယ်။ ပြီးတော့ အိုရှီးမားက တာကာမူရာအတွက် အရေးကြီးတဲ့ ဘဝသင်ခန်းစာတွေပို့ချပေးခဲ့တဲ့ ဆရာတစ်ဆူဆိုလည်း မမှားဘူး။
ဘူးခွံတစ်ခုလို ရုပ်ခန္ဓာကိုယ်ကို သုံးနှုန်းပြောဆိုလာတဲ့ ၁၅နှစ်အရွယ်ကောင်လေးတစ်
ယောက်ကို သူက အနှစ်သာရက အတွင်းမှာပဲရှိတယ်လို့ နားချခဲ့ဖူးတယ်။
နောက်ထပ် ဆုံဖြစ်ခဲ့တာက မစ္စဆာအိကီဆိုတဲ့ စာကြည့်တိုက်မှူး။ မစ္စဆာအိကီကိုအကြောင်းပြောရင် နာကာတာကိုလည်း ချန်ထားခဲ့လို့မဖြစ်နိုင်လောက်ဘူး။ သူတို့နှစ်ယောက်ဟာ ကိုယ်တွင်းက ကိုယ်ပိုင်အမှတ်သင်္ကေတလက္ခဏာ ပျောက်ဆုံးနေကြတဲ့သူတွေ။ စာရေးဆရာ မူရာကာမိကတော့ အရိပ်မှိန်မှိန်ဆိုပြီး တင်စားထားတယ်။ မစ္စဆာအိကီဟာ သူ့ရဲ့ ဝိညာဉ် တစိတ်တပိုင်းကို တက္ကသိုလ်ကျောင်းသားဆန္ဒပြပွဲအတွင်း မှားယွင်းစွပ်စွဲခံရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ သူ့အချစ်ဦးနဲ့အတူ ချန်ထားခဲ့တယ်။
နာကာတာကတော့ သူ့ရဲ့ဝိညာဉ်ကို ပန်းကန်လုံးတောင်ကုန်းပေါ်မှာ ပဟေဠိဆန်စွာနုတ်ယူခံလိုက်ရတယ်။ အခွံဗလာ သူ့ကိုယ်ထည်ထဲမှာ အားနာပါးနာ ပြန်ထည့်ပေးလိုက်တဲ့ လက်ဆောင်ကတော့ ကြောင်တွေနဲ့စကားပြောတတ်တာတဲ့။ ဒါပေမဲ့ ဒါဟာလည်း မတည်ငြိမ်ဘူး အမြဲပြောင်းနေတယ် တခါတခါမှာ သူထီးကိုထုတ်ဆောင်းလိုက်ရင် ငါးမိုးလို မျှော့မိုးလိုမျိုးတွေ ရွာစေနိုင်တယ်။
“အခွံဖြစ်နေတာဟာ လူမနေတဲ့ အိမ်တစ်လုံးနဲ့ တူတယ်။ သော့မခတ်ထားတဲ့ လူမနေတဲ့ အိမ်ပေါ့။ ဘယ်သူမဆို ကြိုက်တဲ့အချိန် ဝင်လာနိုင်ပြီး ထွက်ချင်တဲ့အချိန် ပြန်ထွက်လို့ရတယ်။ အဲဒီလိုမျိုး ကျွန်တော် ကြောက်နေတာ။ ကောင်းကင်ကနေ ပစ္စည်းတွေ ရွာချလာအောင် ကျွန်တော် လုပ်နိုင်တယ်။ ဒါပေမဲ့ အချိန်တော်တော်များများမှာ နောက်တစ်ကြိမ် ဘာကို ရွာချရမလဲ ဆိုတာကို ကျွန်တော် မသိဘူး။ ဓားအစင်း ၁၀၀၀၀၊ ဒါမှမဟုတ် ဟိုက်ဒရိုဂျင် ဗုံးကြီးတစ်လုံး၊ ဒါမှမဟုတ် အဆိပ်ဓာတ်ငွေ့တွေများ ဆိုရင် ဘာလုပ်ရမှန်းသိမှာ မဟုတ်ဘူး။ လူတွေကို တောင်းပန်ပါတယ်လောက်ပဲ ကျွန်တော် ပြောတတ်မှာ။ အဲဒီလို သွားပြောရုံနဲ့တော့ မရဘူး”
~ကမ်းခြေပေါ်မှာ ကက်ဖကာ၊မိုးသက်ဟန်
နာကာတာနဲ့ တာကာမူရာတို့ဟာ ရုပ်ကမ္ဘာမှာတော့ လုံးဝဆက်စပ်မှုမရှိသလောက်ဆိုပေမယ့် ဆန်းကြယ်ပြီးသိရခက်တဲ့ နာမ်လောကမှာတော့ အချင်းချင်းလိမ်ယှက်ထားကြသလိုပုံစံမျိုးပဲ။
ဝတ္ထုထဲမှာ မူရာကာမိရဲ့ အတွေးအမြင်တွေ ထည့်သွင်းထားတယ်။ ဂျော်နီဝေါ်ကား လို ဇာတ်ကောင်ကနေ လည်ပတ်နေတဲ့စနစ်
အကြောင်း၊ စစ်ပွဲကြီးတွေအကြောင်း၊ အကျင့်စာရိတ္တတွေအကြောင်း၊လောကကြီးရက်စက်မှုတွေအကြောင်းကို ဆွေးနွေးပြသွားတယ်။ ဗိုလ်မှူးကြီးဆန်ဒါ ဇာတ်ကောင်ကနေ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို ဘယ်လိုထောင့်စုံကကြည့်နေလဲ ဘယ်လိုလွှမ်းမိုးခြယ်လှယ်ထားကြလဲဆိုတာကို အရွှန်းဖောက်ထားတယ်။ တနည်းပြောရရင် အနောက်နိုင်ငံ အရင်းရှင်စနစ်နဲ့ အမေရိကရဲ့ ယဉ်ကျေးမှုတွေ စစ်လွန်ကာလ ဂျပန်ပြည်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သက်သေထူထားတာဖြစ်ပါတယ်။
ဟစ်တလာရဲ့ ဂျူးခြောက်သန်းသုတ်သင်
ရှင်းလင်းရေးမှာ အခရာကျခဲ့တဲ့ အိုက်ခမန်းကို မူရာကာမိ ရှုမြင်သုံးသပ်ပြထားတာကတော့
မှတ်သားစရာပါပဲ။
“ဒါဟာ စိတ်ကူးမြင်ယောင်မှုဆိုင်ရာ မေးခွန်းတစ်ရပ်ပဲ။
ကျွန်တော်တို့ရဲ့ တာဝန်ယူမှုဟာ စိတ်ကူးမြင်ယောင်မှုဆိုင်ရာ ပါဝါနဲ့ စတင်တယ်။ ယိစ် ပြောခဲ့သလိုပါပဲ။ တာဝန်ယူမှုဟာ အိပ်မက်တွေနဲ့ စတင်တယ်။ ဒါကို သူ့ခေါင်းထဲမှာ ထည့်ကြည့်လိုက်ရင် သူ့ဆီမှာ စိတ်ကူးမြင်ယောင်မှုဆိုင်ရာ ပါဝါ မရှိတော့ဘူး။ ဒီတော့ တာဝန်ယူမှု ဆိုတာလည်း မရှိတော့ဘူး။ ဒါ အိုက်ခမန်းကို ကျွန်တော်တို့ မြင်ရတာပဲ။”
~ကမ်းခြေပေါ်မှာ ကက်ဖကာ၊မိုးသက်ဟန်
အိုက်ခမန်းလို ဆင်တူတဲ့လူစားမျိုးတွေ လောကမှာ အများကြီးကြုံရဆုံရဦးမှာပါပဲ။ မူရာကာမိရဲ့ အမြင်ကတော့ အဲ့လိုလူတွေကို ဟောင်းလောင်းပေါက်လူတွေလို့ ဆိုတယ်။
“ စိတ်ကူးစိတ်သန်း ကင်းမဲ့တဲ့၊ ကျဉ်းမြောင်းတဲ့ စိတ်ပိုင်ရှင်တွေပဲ။ သည်းခံနိုင်စိတ် မရှိကြဘူး။ အမှန်တရားနဲ့ ကင်းမဲ့နေတဲ့ သီအိုရီများစွာကို ကိုင်စွဲထားတယ်။ အနှစ်မဲ့ ဝေါဟာရတွေ သုံးကြတယ်။ နိုင်လိုမင်းထက် စံနှုန်းတွေကို ကိုင်စွဲတယ်။ ညှိနှိုင်းမှုမရှိတဲ့ စနစ်တွေ ဖန်တီးတယ်။ အဲဒါတွေဟာ ငါ့ကို တကယ် ကြောက်လန့်စေတယ်။ ငါ တကယ် ကြောက်ရွံ့မုန်းတီးတဲ့ အရာတွေပဲ။ ဘယ်ဟာ မှန်လဲ၊ ဘယ်ဟာ မှားလဲ ဆိုတာ သိဖို့တော့ အရေးကြီးတာပေါ့။ တစ်ယောက်ချင်းစီရဲ့ အမှားကို တရားမျှတမှုနဲ့ မှန်ကန်စေရမယ်။ မင်းဟာ အမှားကို ဝန်ခံရဲတဲ့သတ္တိ ရှိသရွေ့ အမှန်နဲ့ တွေ့မှာပဲ။ ဒါပေမဲ့ စိတ်ကူးစိတ်သန်း ကင်းမဲ့တဲ့ ကျဉ်းမြောင်းတဲ့ စိတ်ပိုင်သူတွေကတော့ အမှားကို ဆက်ကျုးလွန်နေမယ့် ကပ်ပါးကောင်တွေပဲ။ သူတို့တွေဟာ ကျဆုံးစေတဲ့ အရာတွေပဲ။ အဲဒီလို လူစားမျိုး ဒီနေရာကို မလာစေချင်ဘူး”
~ကမ်းခြေပေါ်မှာ ကက်ဖကာ၊မိုးသက်ဟန်
စာရေးဆရာ မူရာကာမိရဲ့ နောက်ထပ်ထူးခြားတဲ့အချက်ကတော့ ဂီတသံစဉ်တီးလုံးတွေကို စာလုံးနဲ့ သရုပ်ဖော်ဆောင်တာပါပဲ။ သီချင်းတစ်ပုဒ်ဆို တစ်ပုဒ် သူ့ရဲ့ သမိုင်းကြောင်းနောက်ခံ၊ တီးခတ်ဖန်တီးသူရဲ့ အတ္ထုပ္ပတ္တိ၊အဖြစ်အပျက်၊ ခံစားချက်တွေ၊ထူးခြားချက်လေးတွေကို သင့်တော်သလို ထည့်သွင်းရေးသွားတယ်။ တချို့ကိုဆို ဖတ်ရင်း ရိုက်ရှာပြီး နားဆင်ကြည့်ချင်လာတဲ့ထိကို သူ့စာလုံးတွေဟာ ပဉ္စလက်ဆန်လှပါတယ်။
စာရေးဆရာ မူရာကာမိကို ဒုတိယကမ္ဘာစစ်မှာ ဂျပန်လက်နက်ချအညံ့ခံပြီးနောက် လေးနှစ်အကြာမှာ ဖွားမြင်ခဲ့တယ်။ အဲ့ဒီချိန်ဟာ အမေရိကန်တပ်သားတွေ ဂျပန်မြေမှာ အားကောင်းကြီးစိုးနေမယ့်အချိန်ပါပဲ။ ဒီလှိုင်းတွေဟာ ကက်ဖ်ကာကိုရိုက်ခတ်ခဲ့တယ်။ သူ့အရေးအသားတွေကနေလည်း ခံစားမိနိုင်တယ်။ သူဟာ အနောက်တိုင်းယဉ်ကျေးမှုကိုနှစ်ခြိုက်တဲ့ ဂျပန်ပြည်ဖွားစာရေးဆရာတစ်ယောက်လို့ interviewမှာပြောခဲ့ဖူးတယ်။ သူ့စာတွေမှာ ဂျပန်ပြည်ကြီးရဲ့ အထင်ကရဖြစ်စဉ်အရိပ်တွေ မကင်းခဲ့ဘူး။၂၀၀၂ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်ထိကို ၂၀ရာစုက အငွေ့အသက်တွေက လွှမ်းခြုံထားပြီး စာအုပ်စာပေလောကမှာပါ စိုးမိုးထားနိုင်ဆဲဖြစ်ပါတယ်။
မူရာကာမိဟာ magical realism အရေးအဖွဲ့ကိုအားသန်တဲ့စာရေးဖြစ်တဲ့အလျောက် သူ့အရေးအသားတွေဟာ မှော်စွမ်းအင်တစ်မျိုးလိုမျိုး
လက်တွေ့ဆန်တဲ့ ရှုခင်းရေမြေနောက်ခံထဲမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်နဲ့ စာဖတ်သူကို စမ်းတဝါးဝါးလျှောက်ခိုင်းတယ်။ အပြိုင်စကြဝဠာတွေ၊ သဘာဝအသံတွေ၊ ဝင်္ကပါတွေ၊ဆန်းကြယ်တဲ့ဂမ္ဘီရဆန်ဆန် သင်္ကေတတွေကနေတဆင့် မူရာကာမိရဲ့ လက်ရာဟာ စည်းချက်ကျကျ သာယာငြိမ့်ငြောင်းတဲ့ဂီတသံစဉ် ဖြစ်ကောင်းဖြစ်မယ် အသက်ဝင်လှုပ်ရှားနေတဲ့ ပန်းချီကားတစ်ချပ်ဖြစ်ကောင်းဖြစ်မယ်။ သူ့ပြောင်မြောက်တဲ့အရေးအသားတွေကြောင့် ရသဝတ္ထုလို့ပဲ ပြောဖို့ကတော့ နှမြောစရာပါပဲ။
နားလည်မှာ မဟုတ်လောက်ဘူးလို့ထင်ပြီး မဖတ်ဘဲမနေလိုက်ပါနဲ့။ သဲမုန်တိုင်းထဲကထွက်လာတဲ့သူလိုပဲ ဒီစာအုပ်ဖတ်ပြီးသွားတဲ့သူဟာလည်း မဖတ်ရသေးခင် လူနဲ့တော့ ကွာခြားနေပါလိမ့်မယ်။
အသက်၁၅နှစ်အရွယ် အိမ်ပြေးလေးတစ်ယောက်ရဲ့ ဘဝတဆစ်ချိုးအခိုက်အတန့်ကို စွန့်စားခန်းတွေနဲ့ရသမျိုးစုံခံစားဖတ်ရှုရင်း အဆီအနှစ်တွေ၊ဘဝဒဿနတွေကို ‘တစိမ့်စိမ့်’တွေးခေါ်ပြီး စုပ်ယူခံစားနိုင်ကြပါစေခင်ဗျာ။
📚ကမ်းခြေပေါ်မှာ ကက်ဖ်ကာ
✍️မိုးသက်ဟန်(ဘာသာပြန်)
📖Haruki Murakami
#Youths_book_reflections #bookreview #bookreflection #HarukiMurakami #မိုးသက်ဟန် #ကမ်းခြေပေါ်မှာကက်ဖ်ကာ #JapaneseLiterature

Comments
Post a Comment
Comments