ဆန့်ကျင်ဘက်၏ သမီးပျို


မြန်မာနိုင်ငံကြီး လွတ်လပ်ရေးမရမီက ဒုက္ခမျိုးစုံ ကြုံတွေ့ရပုံအကြောင်းတွေကို ရှေ့လူတွေက အမျိုးမျိုး ပုံဖော်ရေးသားခဲ့ကြလို့ ခုခေတ်လူငယ်တွေ သိခွင့်ရ၊ လေ့လာခွင့်ရတာ ဖြစ်ပါတယ်။

ဆရာ ဗန်းမော်တင်အောင်ရဲ့ ဒီစာအုပ်က ၁၉၅၂ မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ၂၀၂၆ မှာ ဒုတိယအကြိမ်အဖြစ် ပြန်လည်ထွက်ရှိခဲ့လို့ ဖတ်ခွင့်ရခဲ့ပါတယ်။

လွတ်လပ်ရေးမရမီ ဂျပန်အပြေး အင်္ဂလိပ်အဝင်မှာ "စက္ကူဖြူအုပ်ချုပ်ရေး" ဆိုတာ စာအုပ်တွေဖတ်ခဲ့၊ စာတွေသင်ခဲ့ကြသူတွေအဖို့ ကြားဖူးခဲ့ကြမယ်လို့ ထင်ပါတယ်။ ဗြိတိသျှကိုလိုနီများက စက္ကူဖြူအုပ်ချုပ်ရေးကို ဖော်ဆောင်နေစဉ်အတွင်း သူတို့လက်အောက်ရှိ အလုပ်သမားလူတန်းစားမှာ တစ်နေ့တခြား လူ့အခွင့်အရေးများ ဆုံးရှုံးလျက် ဖိနှိပ်ခံနေရပုံတို့ကို ကြည့်မနေနိုင်သော မျိုးချစ်လူငယ်တို့က အလုပ်သမားခေါင်းဆောင်ကြီးများအဖြစ် အလုပ်သမားသမဂ္ဂတည်ထောင်ကာ ကြိုးစားတိုက်ပွဲဝင်ခဲ့ကြတယ်။

"ကွန်မြူနစ်ဝါဒကို တကယ်သက်ဝင်ယုံကြည်ပြီး တကယ်လိုက်နာတဲ့ လူတွေဟာ အင်မတန်ပဲ ယဉ်ကျေးသိမ်မွေ့ပြီး လူမှုရေးရာကိုလည်း အင်မတန် ကျေပွန်နားလည်တာပဲ။"

အလုပ်သမားခေါင်းဆောင် ကိုချစ်ခိုင်တစ်ယောက် ကိုယ်ကျိုးမပါ အလုပ်သမားရေးအတွက် နှစ်မြုပ်ထားသော်လည်း သူ့ရဲ့ကျောင်းနေဖက် သူငယ်ချင်း မေမေတင်ကတော့ အမေရိကန် ပညာတော်သင်သွားဖို့ စိတ်ကူးထားပြီး ဗြိတိသျှအစိုးရကို အထင်ကြီးနေသူ တစ်ယောက်ဖြစ်နေခဲ့တယ်။ ဖိနှိပ်ခံရတဲ့ ကိုယ့်လူမျိုးဘက်မှာ ရှိမနေဘဲ တိုင်းတစ်ပါး ယဉ်ကျေးမှု၊ တိုင်းတစ်ပါး အုပ်ချုပ်မှုကို အဟုတ်ထင်နေတဲ့ သူတွေလည်း ဒုနဲ့ဒေး ရှိခဲ့ကြတာကို တွေးမိစေတယ်။

သစ်စက်အလုပ်သမား ဦးဘခက်ရဲ့ မတော်တဆထိခိုက်မှုအပေါ် တာဝန်မယူ၊ ဥပဒေကို အမျိုးမျိုးခြယ်လှယ်၊ လျော်ကြေးမရတဲ့အပြင် မိသားစု ဒုက္ခရောက်ကြပုံကို ကြည့်ရင် တရားလွန်ဖိနှိပ်ခံရကြောင်း သိသာနေစေပါတယ်။ ကိုချစ်ခိုင်ရဲ့ မဟုတ်မခံစိတ်၊ သနားတတ်တဲ့စိတ်က အေးကြည်တို့အပေါ် လျစ်လျူမရှုရက် ပြန်ခဲ့ပါဘူး။

ဧည့်ခံပွဲတစ်ခုမှာ သူငယ်ချင်းရဲ့ တောင်းဆိုချက်ကြောင့် စောင်းတီးဖျော်ဖြေခဲ့တဲ့ ဂီတသမားတစ်ဖြစ်လဲ အလုပ်သမားခေါင်းဆောင် ကိုချစ်ခိုင်က အနောက်တိုင်းဂီတ၊ ယဉ်ကျေးမှုကို အထင်ကြီးသူတွေတချို့ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရပြန်တယ်။ ကျောင်းနေဖက် မေမေတင်မှာ သူ့အား အဖက်မတန်သလို ပြုမူနေခြင်းကလည်း စိတ်မချမ်းသာဖြစ်သည်ဆိုတာထက် မေမေတင်အတွက် စိတ်မကောင်း ကရုဏာသက်မိတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ပညာတတ်လူငယ်ဖြစ်နေပါလျက်နဲ့ ဗြိတိသျှတို့ အသုံးချခံဖြစ်မဲ့အရေး ကြိုမြင်နေ၍ သဘောမတွေ့စရာ မနှစ်မြို့စရာ ဖြစ်ခဲ့ရပါတယ်။ "အနောက်တိုင်းသားတွေကို ငါးပိကျွေးလို့ ဘယ်ဖြစ်ပါ့မလဲ" ဆိုပြီး ကာကွယ်ပြောဆိုခဲ့တဲ့ မေမေတင်ကို မေတ္တာဘယ်လောက်ရှိခဲ့ရှိခဲ့ သူနဲ့ အတွေးမတူ တစ်လမ်းစီလျှောက်နေပါလားလို့ မြင်တတ်ခဲ့တယ်။ ပြောတဲ့စကားလုံးတိုင်းက ခံရခက်စွာနဲ့မို့ ကိုချစ်ခိုင်ခမျာ သရော်စကားများ မပြောချင်ဘဲ ပြောခဲ့ရသည်ပဲလေ။

ဖိနှိပ်မှုအမျိုးမျိုးတို့ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ အလုပ်သမားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းမှု၊ ပုဒ်မ(၅) ခေါင်းစဉ်တပ် အကြောင်းမဲ့ဖမ်းဆီးမှု၊ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှု၊ သွေးစုပ်ခံနေရသော အလုပ်သမားများ၏ ဆင်းရဲမွဲတေမှုများကို မြင်သာအောင် ပုံဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးပြန်သော်လည်း ချေမှုန်းခံရသော အလုပ်သမားသမဂ္ဂနှင့် ကွက်ကွက်လေး လွတ်လပ်ရေးနေသော တချို့တလေတို့ကိုလည်း မြင်သာအောင် ရေးဖွဲ့ထားပါတယ်။

"သင်သည် ဗမာတစ်ယောက် မဟုတ်ပါလား။ ဗမာမှုကို မဆန့်ကျင်မီ စဉ်းစားဦးလော့" ဆိုပြီး တိုင်းတစ်ပါးစကား၊ တိုင်းတစ်ပါးစာ၊ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလွန်းနေတဲ့ ဆန့်ကျင်ဘက်သမီးနဲ့ ရိုးသားတဲ့ အလုပ်၏သမီးတို့ကြား ကွာခြားချက်တို့ကိုလည်း သိရတယ်။ လွတ်လပ်ရေးဆိုတာ အလံတင်ရုံ၊ ကြေညာရုံနဲ့ ပြီးဆုံးသွားတာမဟုတ်ဘဲ လူတန်းစားတိုင်း တရားမျှတမှုရတဲ့ အချိန်မှသာ ပြည့်စုံတယ်ဆိုတာ ဒီစာအုပ်က သတိပေးနေတာမို့ ဖတ်ကြည့်လိုက်ရင် မမှားကြောင်း အာမခံပါတယ်။

Review by ဝဿန်အေးချမ်း၊ ဆန့်ကျင်ဘက်၏ သမီးပျို၊ ဗန်းမောင်တင်အောင်

Comments