အဓိပ္ပာယ်မဲ့ ပြဇာတ် - အောင်ခင်မြင့်
အဓိပ္ပာယ်မဲ့ ပြဇာတ် - အောင်ခင်မြင့်
(Theatre of The Absurd)
ဒုတိယကမ္ဘာစစ် အပြီးတွင် ပေါ်ပေါက်လာသော ပြဇာတ်ရေးဆရာ အချို့သည် သမားရိုးကျ ဇာတ်ခုံကြီးကို ကျောခိုင်းခဲ့ကြပြီး ဆန်းသစ်သော ပြဇာတ်အသွင်သဏ္ဌာန် တစ်ရပ်ကို ဖန်တီးခဲ့ကြသည်။ နာမည်ကျော် အင်္ဂလိပ်လူမျိုး ဝေဖန်ရေးဆရာ မာတင်အက်စလင် (Martin Esslin) က ထိုပြဇာတ် အမျိုးအစားကို ‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ (Theatre of The Absurd) ဟု ကင်ပွန်းတပ်ခဲ့၏။ ထိုဝေါဟာရကို အဲလဘတ်ကမူး (Albert Camus) ၏ အက်ဆေးတစ်ပုဒ်မှ ချေးယူသုံးစွဲခဲ့ခြင်း ဖြစ်သည်။ ကမူးသည် ‘ဆိုင်ဆီးဖတ်၏ ဒဏ္ဍာရီ’ (The Myth of Sisyphus) အက်ဆေး၌ လူသား၏ အခြေအနေသည် ‘အခြေခံအားဖြင့် အဓိပ္ပာယ်မဲ့’ သည် (essentially absurd) ဟု ဆိုခဲ့၏။
‘အဓိပ္ပာယ်မဲ့ပြဇာတ် (ဝါ) ဇာတ်ခုံ’ ၏ အရေးအပါဆုံး ဆရာကြီးသုံးဦးမှာ ဆင်မြူရယ်ဘက်ကက် (Samuel Backett)၊ ဟာရိုးပင်တာ (Harold Pinter) နှင့် ယူဂျင်းအိုင်အိုနက်စကို (Eugene Ionesco) တို့ ဖြစ်သည်။ အခြား ထင်ရှားသူများမှာ ဖာနန်ဒိုအရာဘော (Fernando Arrabal)၊ အာသာအဒါမော့ (Arthur Adamov)၊ အက်ဒွပ်အယ်လဘီး (Eward Albee) နှင့် အာသာကိုးပစ် (Arthur Kopit) တို့ ဖြစ်၏။ မည်သို့ပင် ဟန်အမျိုးမျိုး ကွဲပြားစေကာမူ သူတို့အားလုံး၌ တူညီသော အမြင်တချို့ ရှိ၏။ သူတို့အလိုအရ ဘဝ၌ ဖြစ်ပျက်နေသော အရာအများစုတို့သည် အကျိုးသင့် အကြောင်းသင့် ရှင်းပြ၍ မရ။ ဘဝသည် ရယ်ဖွယ်ကောင်းသလို အဓိပ္ပာယ်လည်း ကင်းမဲ့လှသည်။ လူသားသည် သူနှင့် ကီးမကိုက်သော စကြဝဠာကြီး၌ နေထိုင်နေရ၏။ လူသားသည် အမြဲတစေ စိတ်ရှုပ်ထွေး၊ ပြဿနာတက်နေပြီး မသိမသာ ခြိမ်းခြောက်ခံနေရသော အနေအထား၌ ရှိသည်။
ကနဦး၌ ထိုပြဇာတ်များသည် ပရိသတ်ကို အာရုံနောက်စေခဲ့သည်။ ပြဇာတ်ခုံပေါ်မှ အဓိပ္ပာယ်မဲ့ ဖြစ်ပျက်မှုများသည် နဂို လက်ခံထားသော ပြဇာတ်ဆိုင်ရာ အစဉ်အလာအားလုံးကို ရိုက်ချိုးပစ်တော့သည်။ ထိုပြဇာတ်များသည် အချိန်နှင့် နေရာကို ရှင်းရှင်းလင်းလင်း ဖော်ပြမထား။ (အိုင်အိုနက်စကို၏ The Bald Soprano ပြဇာတ်အစတွင် တိုင်ကပ်နာရီသည် ၁၇ ချက် တီး၏) ဇာတ်ကောင်များသည် ပင်ကို စရိုက်လက္ခဏာ ကင်းမဲ့ပြီး တစ်ခါတစ်ရံ နာမည်ပင် မရှိ။ ထို့ပြင် ဇာတ်ကောင်များ၏ သဘောသဘာဝသည် အဖြစ်အပျက်၏ အလယ်လောက်တွင် ပြောင်းချင် ပြောင်းသွားတတ်၏။ (ဘက်ကက်၏ Waiting for Godot ပြဇာတ်၌ ပိုဇိုနှင့် လပ်ကီးတို့သည် တစ်ကြိမ်တွင် ပိုဇိုက အရှင်သခင်၊ လပ်ကီးက အစေခံ ဖြစ်သော်လည်း နောက်တစ်ကြိမ်၌ သူတို့၏ အနေအထားမှာ ပြောင်းပြန် ဖြစ်နေပြန်သည်) ပြဇာတ်များသည် ဖြစ်နိုင်ခြေ နိယာမများ၊ ရူပဗေဒဥပဒေများ အားလုံးနှင့် သွေဖည်နေ၏။ (အိုင်အိုနက်စကို၏ Jack or The Submission ထဲမှ မိန်းမပျိုများသည် နှာခေါင်းနှစ်ခု၊ တချို့ဆို သုံးခု ရှိကြသည်။ အိုင်အိုနက်စကို၏ Amedee ပြဇာတ်ထဲတွင် တစ်ဖက်ခန်း၌ ဝှက်ထားသော အလောင်းကောင်ကြီးသည် ကြောက်မက်ဖွယ်ရာ ကြီးထွားလာပြီး သူ၏ ဧရာမခြေထောက်ကြီး တစ်ဖက်သည် တံခါးကို ဖျက်ချိုး ထွက်ပေါ်လာကာ ဇာတ်ခုံပေါ် ရောက်လာ၏) ထို အခြင်းအရာများ၏ ရလဒ်မှာ အဖြစ်အပျက်သည် ထမင်းလုံးတစ္ဆေ ခြောက်သော အိပ်မက်လောကလား၊ တကယ့် အဖြစ်အပျက်ကို ကိုယ်စားပြုသလား ဆိုသည်မှာ မသေချာတော့ခြင်းပင်။
ပြဇာတ်တစ်ကွက်တည်းမှာပင် ခံစားမှု ပြင်းထန်သော အိပ်မက်ဆန်ဆန် အဖြစ်အပျက်မှ ဗရွတ်ရွှတ်တ ဟာသဇာတ်အသွင် ပြောင်းချင် ပြောင်းသွားသည်။ စကားပြောများသည် ရောက်ချင်ရာ ရောက်နေတတ်ပြီး ဇာတ်ကောင်များ၏ အမူအရာနှင့် တခြားစီ ဖြစ်နေတတ်၏။ တစ်ခါတစ်ရံ အဘိဓာန်၊ သို့မဟုတ် ခရီးဆောင် စကားပြောစာအုပ်မှ စကားလုံးများကို တသီတတန်းကြီး ရွတ်ချင် ရွတ်နေပြန်သည်။ တစ်ခါတလေ ဓာတ်ပြားဖွင့်နေစဉ် ရှေ့ဆက်မသွားဘဲ ထစ်နေသကဲ့သို့ စကားကို ထပ်ပြန်တလဲလဲ ပြောနေပြန်၏။ ထိုကဲ့သို့ ရူးနှမ်းနှမ်း ကမ္ဘာလောက၌ လူစိမ်းနှစ်ယောက် တွေ့ဆုံကြပြီး စကား အကြာကြီး ပြောပြီးကာမှ သူတို့သည် တစ်လမ်းတည်း၊ တစ်အိမ်တည်း၊ တစ်ခန်းတည်း၊ တစ်ခုတင်တည်း၌ အတူရှိနေသောကြောင့် လင်နှင့်မယား ဖြစ်သည်ဟု အံ့အားသင့်ဖွယ် သိရှိသွားသည့် အဖြစ်မျိုးလည်း တွေ့ရသည်။ (အိုင်အိုနက်စကို၏ The BaldSoprano ပြဇာတ်) နောက်ဆုံးတော့ အရာရာသည် ဖြစ်ချင်သလို ဖြစ်နေကြသည်။ ကိုးစား၍ မရသော အရူးကံကြမ္မာ၏ စေရာအတိုင်း ဖြစ်ပျက်နေရ၏။ ထိုကြေကွဲဖွယ် ဟာသပြဇာတ်များသည် တဖြည်းဖြည်းနှင့် ပရိသတ်၏ အာရုံစိုက်မှု၊ အားပေးမှု၊ လေးစားမှုကို ရရှိလာခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုပြဇာတ်များသည် အဓိပ္ပာယ်ရှိရုံသာမက ခေတ်၏ ဒုက္ခနှင့် ပြဿနာ၊ လူသား၏ အခြေအနေနှင့် ဘဝ၏ အနက်အဓိပ္ပာယ်တို့ကို ရှာဖွေတူးဆွခဲ့ကြ၍ ဖြစ်၏။ ထို့ကြောင့်ပင် ပရိသတ်၏ နက်ရှိုင်းသော ခံစားမှုနှင့် ဖော်မပြနိုင်သော တောင့်တချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုပြဇာတ်ဆရာကြီး သုံးဦးသည် ဂိုဏ်းတစ်ဂိုဏ်း၊ လှုပ်ရှားမှု တစ်ရပ်ကို ကိုယ်စားပြုသည်ဟု စွပ်စွဲလျှင် သူတို့အားလုံးက ငြင်းပယ်မည်သာ။ သူတို့၌ မတူညီသော ရင်းမြစ်နှင့် ချဉ်းကပ်ပုံများ ရှိကြသည်။ သို့သော် တူညီသည်မှာတော့ သူတို့၏ လက်ရာများသည် ‘အဓိပ္ပာယ်မဲ့’ (Absurd) ဟူသည့် ဝေါဟာရအောက်၌ ရှိနေကြခြင်းပင်။ ‘အဓိပ္ပာယ်မဲ့ခြင်း' (Absurdity) ကို အိုင်အိုနက်စကိုက ရည်ရွယ်ချက်၊ ပန်းတိုင်၊ ဦးတည်ချက်မရှိခြင်း ဟု ဖွင့်ဆိုထား၏။ တစ်ဖန် တစ်ယောက်ချင်းစီ၌ သူတို့၏ ကိုယ်ပိုင်အဓိပ္ပာယ်မဲ့မှုများ ရှိကြသည်။
ဘက်ကက်၏ လောကသည် ကြေကွဲဖွယ် မှိုင်းမှိုင်းမှုန်မှုန် လောက ဖြစ်၏။ မွေးကတည်းက အချည်းနှီး ဖြစ်လာသော ဘဝ၊ တဖြည်းဖြည်းနှင့် ပျက်သုဉ်းခြင်းဆီသို့ ဦးတည်နေသော ဘဝ၊ လူ့အဖြစ်၏ မျှော်လင့်ချက်ကင်းမဲ့မှု စသည်များ။ ဘက်ကက်၏ ဇာတ်ကောင်များသည် ကံကြမ္မာ၏ သားကောင်များ ဖြစ်၏။ လွတ်လပ်စွာ မပြုမူနိုင်သော သနားဖွယ်ရာ လူသားများ ဖြစ်၏။ သူ၏ အရေးပါသော ပြဇာတ်မှာ Waiting for Godot ဖြစ်သည်။ ယင်းသည် ‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ လောကတွင် အအောင်မြင်ဆုံးဟု ဆိုနိုင်သည့် ပြဇာတ်တစ်ပုဒ် ဖြစ်၏။ ထိုပြဇာတ်၏ ဆက်တင်သည် တောလမ်းကလေး!တစ်ခုနှင့် သစ်ပင်တစ်ပင်သာ ဖြစ်သည်။ အခန်း ၁ ၌ သစ်ပင်သည် အရွက် မရှိ။ အခန်း ၂ တွင်မူ သစ်ပင်၌ အရွက် လေးငါးရွက်ထွက်လာ၏။ အဓိကဇာတ်ကောင် နှစ်ယောက် ဖြစ်သော ဗလာဒီမီယာနှင့် အက်စထရာဂွန် (ဒီဒီနှင့် ဂိုဂိုဟုလည်း ခေါ်သည်) တို့သည် ခြေသလုံးအိမ်တိုင် လူပြက်နှစ်ယောက် ဖြစ်သည်။ သူတို့သည် ပြဇာတ်အစမှ အဆုံးတိုင် Godot ကို စောင့်မျှော်နေကြသည်။ ပြဇာတ်တစ်ခုလုံး၌ ဘာအဖြစ်အပျက်မှ မရှိ။ သူတို့ စောင့်နေသော Godot ရှိ မရှိမှာပင် မသေချာလှ။ ပြဇာတ် ဆုံးသည်အထိ Godot မှာ ရောက်မလာခဲ့ချေ။ အရန် ဇာတ်ဆောင်များအဖြစ် လပ်ကီးနှင့် ပိုဇိုတို့ ပါဝင်ပြီး သူတို့ နှစ်ယောက်မှာ တစ်ယောက်က အရှင်သခင် ဖြစ်လျှင် ကျန်တစ်ယောက်က အစေခံဖြစ်လိုက်၊ တစ်ယောက်က အစေခံဖြစ်လျှင် ကျန်တစ်ယောက်က အရှင်သခင် ဖြစ်လိုက်နှင့် တစ်လှည့်စီ ဖြစ်နေ၏။ ဗလာဒီမီယာနှင့် အက်စထရာဂွန်တို့သည် ငြီးငွေ့မှုမှ လွတ်မြောက်ရန် သတ်သေဖို့ စဉ်းစားသော်လည်း တကယ်တမ်း သတ်မသေဖြစ်။ ဘက်ကက်၏ ဇာတ်ကောင်များသည် ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် သတ်မသေကြ။ သတ်သေခြင်းသည် လွတ်လပ်သောဆန္ဒ (free will) ၏ ပြယုဂ်တစ်ခု ဖြစ်ပြီး ဘက်ကက်၏ ဇာတ်ကောင်များမှာမူ လွတ်လပ်မှု မရှိသော ကံကြမ္မာ၏ သားကောင်များသာ ဖြစ်၏။ စကားပြောများမှာ တိုတောင်းပြီး အဓိပ္ပာယ် မရှိ။ ထိုပြဇာတ်၏ အပိတ်စာသားနှင့် ဇာတ်ခုံအထားအသိုမှာ စကြဝဠာကြီး၏ အဓိပ္ပာယ်မဲ့မှုကို ပြဆိုခြင်း ဖြစ်၏။
ဗလာဒီမီယာ - ကောင်းပြီ၊ ငါတို့ သွားရအောင်။
အက်စထရာဂွန် - အေး၊ သွားစို့။
ထိုသို့ ပြောသော်လည်း သူတို့နှစ်ဦးမှာ နေရာမရွေ့။ သူတို့သည် ပြဇာတ်တစ်ခုလုံး ရှိ၊ မရှိ မသေချာသော အရာကို စောင့်ဆိုင်းခြင်းဖြင့်သာ အချိန်ကုန်ခဲ့သည်။ ပြဇာတ်ဆုံးသွားသော်လည်း ဘယ်အရာမှ ရောက်မလာခဲ့ချေ။
ယူဂျင်းအိုင်အိုနက်စကိုသည် ရိုမေးနီးယား ပြဇာတ်ရေးဆရာ ဖြစ်၏။ သူသည် မတော်တဆ ပြဇာတ်ရေးဆရာ ဖြစ်လာခဲ့သူ ဖြစ်သည်။ ဥပဒေစာအုပ် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်း၌ စာပြင်ဆရာအဖြစ် အလုပ်လုပ်ရန် အင်္ဂလိပ်စာသင်ဖို့ ဆုံးဖြတ်ခဲ့ပြီး သင်ပုန်းကြီးတစ်အုပ် ဝယ်ယူခဲ့၏။ သူသည် သင်ပုန်းကြီး စာအုပ်ထဲမှ အနှစ်သာရ မရှိသော၊ ယုတ္တိ အဓိပ္ပာယ်ကင်းမဲ့သော စကားစုများကို အသုံးပြုပြီး သူ၏ ပထမဆုံး တစ်ခန်းရပ် ပြဇာတ်ဖြစ်သည့် The Bald Sopranoကို ရေးသားခဲ့သည်။ ပြဇာတ်သည် သင်ခန်းစာပေးရန် မဟုတ်။ ဘဝအမြင်ကို တင်ပြရန်သာ ဖြစ်သည်ဟု အိုင်အိုနက်စကိုက ပြောခဲ့၏။ သူ၏ ပြဇာတ်များသည် လူသား၏ ကြိုးစားအားထုတ်မှု အချည်းနှီး ဖြစ်ရပုံ၊ ရည်ရွယ်ချက် ကင်းမဲ့မှုနှင့် လူသားအချင်းချင်း ဆက်သွယ်၍ မရနိုင်သော အဖြစ်တို့ကို ဖော်ကျူးခဲ့သည်။ The Chairs ပြဇာတ်မှ အဘိုးကြီး၊ အဘွားကြီး လင်မယားသည် သူတို့၏ ဘဝအပေါ် မြင်သော အမှန်တရားများကို လူမရှိသော ထိုင်ခုံလွတ်များအား ပြောပြနေခဲ့သည်။ ထိုင်ခုံလွတ်များသည် ရောက်မလာသော ဧည့်သည်များကို ရည်ညွှန်း၏။ မည်သူမှ ရောက်မလာသည့် အဆုံး၌ သူတို့သည် သူတို့မြင်သော အမှန်တရားများကို လူတစ်ယောက်အား ပြောပြခဲ့ပြီး တခြားသူများအား လက်ဆင့်ကမ်း ပြောပြရန် မှာကြားခဲ့သည်။ ထို့နောက် လင်မယားနှစ်ယောက်မှာ (သူတို့ကိုယ်သူတို့ အဆုံးစီရင်ပြီး) သေဆုံးသွား၏။ သို့သော် သူတို့ မှာခဲ့သော လူမှာ ဆွံ့အနားမကြား ဖြစ်နေသည်။ “အဲဒီပြဇာတ်ရဲ့ Theme ကတော့ ဘာမှမရှိမှု (nothingness) ပဲ” ဟု အိုင်အိုနက်စကိုက မကွယ်မဝှက် ပြောခဲ့သည်။ အိုင်အိုနက်စကို၏ လူသား ဖြစ်တည်မှုအပေါ် အမြင်သည် ရက်စက်ကောင်း ရက်စက်နေမည် ဖြစ်သော်လည်း ယင်းအမြင်၌ အမှန်တရား တစ်စိတ်တစ်ဒေသ ကိန်းအောင်းနေသည်ကိုတော့ မည်သူမှ ငြင်းမရ။
ဟာရိုးပင်တာသည် သူ၏ပြဇာတ်များ၌ အဘယ်ကြောင့် တစ်စုံတစ်ရာ ဖြစ်ပျက်ရသလဲ၊ သူ့ဇာတ်ကောင်ဟာ ဘယ်သူ ဘယ်ဝါလဲ စသည်တို့ကို ရှင်းပြရန် မည်သည့်အခါမှ အားမထုတ်။ ပြဇာတ်ကမ္ဘာ အတွင်းမှ ဖြစ်တည်မှုသည် သူ့အဖို့ လုံလောက်နေပြီ။ ပင်တာ၏ ပြဇာတ်များ၌ ရှင်းပြချက်များ မပါပေ။ စကားပြောများသည် အဖြတ်အတောက်များနှင့် ဖြစ်ပြီး စကားများ ကြားထဲ၌ တိတ်ဆိတ်မှု ကိန်းအောင်းနေလေ့ ရှိသည်။ ပင်တာ၏ ဇာတ်ခုံသည် မှောင်သော အခန်းတစ်ခု ဖြစ်၏။ သူ့ဇာတ်ကောင်များသည် အမှောင်ခန်းများထဲ၌ ငြိမ်သက်စွာ ထိုင်နေတတ်သည်။ တယ်လီဖုန်းသံကို ကြောက်သည်။ အပြင်ထွက်ရမှာကို ကြောက်သည်။ ပြင်ပမှ မမြင်ရသော အရာများကို ကြောက်ရွံ့နေကြသည်။ နောက်ဆုံး၌ ပြင်ပ ပယောဂတစ်ခုခု ဝင်လာပြီး တည်ငြိမ်နေသော အခြေအနေမှာ ပြိုကွဲသွားလေ့ ရှိသည်။ တစ်ယောက်၏ ဘဝကို အခြားတစ်ယောက်က ဘယ်လိုမှ မသိနိုင်။ သူ့ဘဝနှင့် သူ၊ ကိုယ့်ဘဝနှင့် ကိုယ်သာလျှင် ဖြစ်သည်။ တစ်ခါတစ်ရံ ဇာတ်ကောင်တစ်ကောင်၏ စကားကို အခြားတစ်ယောက်က နားမထောင်။ မိမိ ပြော ချင်ရာ ပြောနေကြသည်။ ဘဝများသည် တသီးတခြားစီ လွင့်မျောနေကြ၏။ တစ်ဦးက ဆိုလိုသည်မှာ တစ်မျိုး၊ နောက်တစ်ယောက်က အဓိပ္ပာယ်ကောက်သည်မှာ တစ်မျိုး ဖြစ်နေတတ်သည်။ ပင်တာသည် ဘက်ကက်နှင့်စာလျှင် သရုပ်မှန်နှင့် ပို၍ နီးစပ်သော်လည်း ပြဇာတ်များ၏ နောက်ဆုံးရလဒ်မှာမူ အမြဲတစေ လျှို့ဝှက်နက်နဲလှသည်။ ပင်တာသည် ဘဝကို အဓိပ္ပာယ်သစ်များ ထပ်ဖြည့်ပေးခြင်း မဟုတ်။ မေးခွန်းအနည်းငယ် ထုတ်ခဲ့ခြင်းသာ ဖြစ်သည်။
‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ ၏ ကနဦး ရင်းမြစ်ကို မြစ်ဖျားခံကြည့်လျှင် စကားသံမဲ့ ကဇာတ်၊ ပဉ္စလက်ပညာနှင့် ဘားကျွမ်း ဆပ်ကပ်တို့၏ အရိပ်အငွေ့သြဇာကို တွေ့မြင်နိုင်သည်။ ‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ ၏ ဘိုးအေဟု ဆိုနိုင်သူတစ်ဦးမှာ အဲဖရက် ဂျယ်ရီ (Alfred Jerry ၁၈၇၃-၁၉ဝ၇) ဖြစ်သည်။ ၁၈၉၆၊ ဒီဇင်ဘာလတွင် ပဲရစ်၌ ပထမဆုံး ကပြခဲ့သော ဂျယ်ရီ၏ Ubu Roi (Ubu The King) ပြဇာတ်သည် ‘အဓိပ္ပာယ်မဲ့ပြဇာတ်’ အမျိုးအစားပင် ဖြစ်သည်။ ထိုပြဇာတ်သည် အလွန်ဝသော၊ သူရဲဘောကြောင်သော၊ ရက်စက်သော ဇာတ်လိုက် Ubu ၏ ဆန်းကြယ်သော စွန့်စားခန်းများအကြောင်း ဖြစ်သည်။ Ubu သည် ဘုရင်ကို လုပ်ကြံပြီး သူ့ကိုယ်သူ ပိုလန်နိုင်ငံ၏ ဘုရင်အဖြစ် ခံယူခဲ့သည်။ နောက်ဆုံး၌ သူလုပ်ကြံခဲ့သည့် ဘုရင်၏ ကျန်ရစ်သူ သားတော်က Ubu ကို ပြန်ပြီး နန်းချခဲ့သော ဇာတ်လမ်းဖြစ်၏။ ပြဇာတ်၏ အဖွင့်တွင် Medre! (ပြင်သစ်လို ‘မစင်’) ဆိုသော အသံကြီးဖြင့် စဖွင့်ခဲ့ရာ ပရိသတ်များ အုတ်အော်သောင်းတင်း ဖြစ်ခဲ့၏။ Ubu သည် ပြင်သစ် ဘူဇွာလူတန်းစားကို သရော်သော ဇာတ်ရုပ်သဖွယ် ဖြစ်ရုံသာမက အတ္တကြီးမှု၊ လောဘတရား စသည့် ယုတ်ညံ့သော အဟိတ်စိတ်များနှင့် ပြည့်လျှမ်းနေသည့် လူသား၏ သရုပ်ကို ဖော်ကျူးခဲ့ခြင်းလည်း ဖြစ်သည်။ သူ၏ ဝသော ခန္ဓာကိုယ်ကြီးသည် မသတီဖွယ် လူသားနှင့် နိမ့်ကျသော စိတ်ဆန္ဒများကို ကိုယ်စားပြုသည့်နှယ်။
အန်တိုနင် အားတောက် (Antonin Artaud) ၏ ‘ရက်စက်မှု ဇာတ်ခုံ’ (Theatre of Cruelty) သည် ‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ ၏ ရှေ့ပြေးဆိုလျှင် မမှားပေ။ အားတောက်သည် အရူးတစ်ယောက် ဖြစ်သလို ပါရမီရှင်တစ်ယောက်လည်း ဖြစ်၏။ သူသည် အိပ်မက်ကို ပြဇာတ်ခုံပေါ် သယ်ဆောင်လာခဲ့သည်။ လှုပ်ရှားမှုများ၊ ဆလိုက်မီး အလင်းရောင်များဖြင့် ပရိသတ်ကို လှုပ်နှိုးခဲ့သည်။ ဇာတ်ခုံသည် အလင်းရောင်များ၊ အော်သံများ၊ ငိုကြွေးသံများ၊ တစ္ဆေသရဲများဖြင့် ရှုပ်ထွေးနေ၏။ အားတောက်၏ ပြဇာတ်များသည် အလွန်လှပသော ပြဇာတ်များ ဖြစ်သော်လည်း ငွေကြေးအရ မအောင်မြင်ခဲ့။ နောက်ဆုံး၌ အားတောက်သည် အလွန် ဆင်းရဲသွားပြီး စိတ်ဓာတ်ကျကာ တကယ်ပင် ရူးသွပ်သွားခဲ့လေသည်။ အားတောက် ကဲ့သို့ပင် ‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ အပေါ် ကျေးဇူးရှိခဲ့သူ တစ်ဦးမှာ အောဂတ်စ် စထရင်းဘတ် (August Strindberg) ဖြစ်၏။ စထရင်းဘတ်၏ ကလေးဘဝသည် ပျော်ရွှင်မှု ကင်းမဲ့ပြီး မလုံခြုံသောဘဝ ဖြစ်ခဲ့သည်။ ကြီးလာသောအခါလည်း မကြာခဏ စိတ်ဝေဒနာများ ခံစားခဲ့ရပြန်သည်။ စထရင်းဘတ်သည် သူ၏ ဒဏ်ရာများနှင့် ဝေဒနာများကို ပြဇာတ်များအဖြစ် ဖန်တီးခဲ့သည်။ Ghost Sonata (တစ္ဆေတေးသွား) သည် သူ၏ ဂီတအပေါ် တိမ်းညွှတ်မှု (အထူးသဖြင့် ဘီသိုဗင်) ကို ပြသခဲ့သည့် အပြင် လောကရှိ အရာဝတ္ထုများ၏ အပေါ်ယံ အပြင်အဆင်ကို ခွာချပြီး အတွင်းမှ ကိုးရိုးကားရားအဖြစ်ကို ပြသခဲ့ခြင်း ဖြစ်သည်။
________________
အန်တိုနင် အားတောက်
‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ အပေါ်သာမက နှစ်ဆယ်ရာစု တစ်ခုလုံးအပေါ် ထိုးထားခဲ့သော နောက်ထပ် အရိပ်မည်းတစ်ခုမှာ ဖရန့်ဇ် ကဖ်ကာ (Franz Kafka) ပင် ဖြစ်သည်။ သူ၏ အဖြစ်မရှိသော ဇာတ်ကောင်များ၊ နားလည်ရ ခက်ခဲသော စကြဝဠာကြီးနှင့် အဓိပ္ပာယ်ကင်းမဲ့သော အဖြစ်အပျက်များသည် နှစ်ဆယ်ရာစု၏ စိတ္တဇကို ချုပ်ကိုင် ဖမ်းစားခဲ့သည်။ ကဖ်ကာကဲ့သို့ပင် ချန်လှပ်၍ မရသော စာပေဘုရား တစ်ဆူမှာ ဂျိမ်းဂျွိုက်စ် (James Joyce) ပင် ဖြစ်သည်။ ဘာသာစကားနှင့် ပတ်သက်ပြီး ကမ်းကုန်အောင် စမ်းသပ်ခဲ့သော ဂျွိုက်စ်၏ အရိပ်အာဝါသမှာ ‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ အပေါ် မိုးနေခဲ့လေသည်။
‘အဓိပ္ပာယ်မဲ့ ပြဇာတ်’ သည် အပေါ်ယံအားဖြင့် ရယ်ဖွယ်ကောင်းသော၊ ရည်ရွယ်ချက်မဲ့သော ဇာတ်ကောင်များနှင့် အဓိပ္ပာယ်မဲ့သော စကားများဖြင့် ဖွဲ့စည်းထားသော်လည်း ယင်း၏ နောက်ကွယ်၌ ငုပ်လျှိုးနေသော လေးနက်မှုနှင့် နက်နဲသော အဓိပ္ပာယ်များ ကိန်းအောင်းနေပေသည်။ ထိုပြဇာတ်များမှ စကားများသည် အဓိပ္ပာယ်မရှိဟု ဆိုလျှင် ကျွန်တော်တို့၏ နိစ္စဓူဝ စကားများ၊ ကလီရှေးများသည်လည်း ဘယ်လောက်တောင် ဟောင်းနွမ်းစုတ်ပြတ် ထပ်ပြန်တလဲလဲ ဖြစ်ပြီး အဓိပ္ပာယ် ကင်းမဲ့သလဲ ဆိုတာ စဉ်းစားဖို့ ကောင်းသည်။ ထိုပြဇာတ်တွေထဲမှ ဇာတ်ကောင်များသည် သူတို့၏ စရိုက်လက္ခဏာကို ပြောင်းလဲတတ်သည်ဟု ဆိုလျှင် ကျွန်တော်တို့ တကယ့်ဘဝမှာ ဆုံရသော လူများ၏ စရိုက်လက္ခဏာများသည်လည်း တစ်သမတ်တည်း ဟုတ်ရဲ့လားဟု တွေးကြည့်သင့်သည်။ ယင်းပြဇာတ်ထဲ၌ လူသားများသည် ကိုယ်ပိုင်ဆန္ဒ မပါသော လူသားရုပ်သေးရုပ်များ ဖြစ်နေခဲ့လျှင် ကျွန်တော်တို့ ကိုယ်နှိုက်ရော ကျွန်တော်တို့ရဲ့ ကံကြမ္မာကို စေစားနိုင်တဲ့အစွမ်း ရှိပါသလား။ ကျွန်တော်တို့ကရော မမြင်ရတဲ့ ကံတရားရဲ့ အဓိပ္ပာယ်မဲ့ အခြေအနေဆိုးတွေထဲက ရုန်းထွက် လွတ်မြောက်နိုင်ရဲ့လားဟု ဆင်ခြင်ကြည့်ရပါမည်။ တကယ်တော့ အဓိပ္ပာယ်မဲ့ ပြဇာတ်ကို ကြည့်နေသူများသည် ကိုးရိုးကားရား ဖြစ်နေသော သူတို့၏ အခြေအနေကို ဇာတ်ခုံပေါ်၌ သူတို့ကိုယ်တိုင် ပြန်မြင်နေရခြင်းပင် ဖြစ်၏။ ကျွန်တော်တို့သည် အထီးကျန်နေသော ကျွန်တော်တို့၏ ကိုယ်ပွားတစ္ဆေများ၊ အဓိပ္ပာယ် ကင်းမဲ့သော ကျွန်တော်တို့၏ ဘဝဇာတ်လမ်းများ၊ ရည်ရွယ်ချက်မဲ့သော ကျွန်တော်တို့၏ ဖြစ်တည်မှု၊ လျှို့ဝှက်ပြီး နားလည်ရ ခက်သော စကြဝဠာကြီးနှင့် ရှောင်ပြေး၍ မလွတ်နိုင်သော သေခြင်းတရား စသည်တို့ကို ဇာတ်ခုံပေါ်၌ အတိုင်းသား မြင်နေရသည်။ သို့ဆိုပါလျှင် ‘အဓိပ္ပာယ်မဲ့ ပြဇာတ်’သည်ပင် ကျွန်တော်တို့ ခေတ်၏ အစစ်မှန်ဆုံး ပြဇာတ်ဟု ဆိုရမည် မဟုတ်ပါလား။
၂၇၊ ၃၊ ၀၃။
❏
စာကိုး
1. ‘Martin Esslin: Theatre of the Absurd’ in ‘On Contemporary Literature’ (a collection of critical essays) ed, by Kostelanetz, Richard, Avon Book, New York, 1964.
2. Wilson, Edwin & Goldfarb, Alvin, ‘Living Theatre; A, History’, Mc Graw Hill Inc., 1994.
3. Lahr, John, ‘Up Against The Fourth Wall’, Grove Press, New York, 1970.
4. Encyclopaedia Brittanica, 15th Edition, 1983.
#အဓိပ္ပါယ်မဲ့ပြဇာတ် #အောင်ခင်မြင့် #Whisperofwords

Comments
Post a Comment
Comments