ရယ်မောခြင်းပေါင်းချုပ် - မင်းလူ

 


ရယ်မောခြင်း ပေါင်းချုပ် - မင်းလူ

Review By - Wilhelm Volkov


ခင်ဗျားတို့လည်း ဒီနေ့ခေတ်ကြီးထဲမှာ ဘဝက ရှောင်ပြေးပြီး အနားယူချင်စိတ်ဖြစ်ဖူးလား။ ကျွန်တော်တော့ ခဏခဏ ဖြစ်တယ်။ ဖုန်းထဲက သတင်းတွေ၊ ရုံးထဲက တိုက်ပွဲတွေ၊ ဆိုရှယ်မီဒီယာပေါ်က လူတွေရဲ့ ပြိုင်ဆိုင်မှုတွေ၊ အိမ်ငှားခတွေ၊ ကုန်ဈေးနှုန်းတွေ၊ ဝယ်ရမယ့် အသစ် အသစ်တွေ နဲ့ အဲ့ဒါတွေကို ပိုင်ဆိုင်မှ ရမယ့် ပျော်ရွှင်မှုတွေ..... ဒါတွေအားလုံးက ကျွန်တော်တို့ လည်ချောင်းထဲအထိ ရောက်နေတဲ့ ဖိအားတွေပါ။


ဒါပေမယ့် ကျွန်တော်တို့ အားလုံးမှာ ပိုက်ဆံကုန်ကျစရာမလိုတဲ့၊ လူမျိုး၊ဘာသာ၊ကျား၊ မ၊ ဂေး၊ လူတန်းစား အားလုံးလက်လှမ်းမီနိုင်တဲ့ ဆေးတမျိုးရှိတယ်။ အဲဒါကတော့ နေ့စဉ်ဘဝရဲ့ ပုစုခရု အလွဲ‌‌ လေးတွေကနေ ဖြစ်လာတဲ့ ဟာသ လေးတွေပဲ။ အဲ့ဒီဟာသလေးတွေကို ရပ်ကွက်တခုထဲမှာပဲ စုစည်း‌ပေါင်းချုပ်ထားတဲ့စာအုပ်တအုပ် အကြောင်းပြောပြချင်တယ်။ အခုပြောပြမယ့် စာအုပ်ကတော့ "ရယ်မောခြင်းပေါင်းချုပ်" ဆိုတဲ့  ဆရာမင်းလူရဲ့ စာအုပ်ပါ။


ဒီစာအုပ်က ခင်ဗျားကို ဘယ်နေရာကိုမှ ခေါ်မသွားဘူး။ ဒါပေမယ့် ခင်ဗျားရပ်နေတဲ့ နေရာကိုပဲ တခြား ရှုထောင့် နဲ့ ပြန်မြင်ရစေတယ်။ ဥပမာဗျာ  ခင်ဗျားရဲ့ ရပ်ကွက်ထဲက လူတွေကို စဉ်းစားကြည့်ပါ။ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အကြီးကြီးပြောတတ်တဲ့ ဦးကြီးတွေ၊ ဈေးထဲက အတင်းတုတ်တတ်တဲ့ အဒေါ်ကြီးတွေ စသဖြင့်ပေါ့။ ဒီအကြောင်းကို ဆရာမင်းလူက ဍ နဲ့ ဌ ဆိုတဲ့ ရပ်ကွက်နှစ်ခုရဲ့ ဇာတ်လမ်းအဖြစ် ရေးထားတယ်။


ဍ ရပ်ကွက်ဆိုတာ မြို့ပြရဲ့ တတိတိ ဝါးမြိုခြင်းကို ခံလိုက်ရတဲ့ ရွာကြီးတစ်ရွာရဲ့ အပိုင်း။ အဲဒီမှာ နေတဲ့လူတွေက ရိုးသားသလို တုံးအကြပြီး ပိုက်ဆံလည်း သိပ်မရှိကြဘူး။ ဌ ရပ်ကွက်ကျတော့ ဍ ထက်စာရင် ချမ်းသာတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သိပ်ဂုဏ်ယူတတ်တဲ့ လူတွေနဲ့ ပြည့်တယ်။ ဒီရပ်ကွက်နှစ်ခုဟာ တခုနဲ့တခု ရန်ဖြစ်နေတာ တသက်လုံးပါပဲ။ ဘောလုံးပွဲကနေ အလှူပွဲအထိ၊ ဗီဒီယိုရုံကနေ ရပ်ကွက်အစည်းအဝေးအထိ ဘာပဲလုပ်လုပ် ဍ ရပ်ကွက်သားတွေက ဌ ရပ်ကွက်ကို အနိုင်ယူချင်တယ်။ ဌ ရပ်ကွက်ကလည်း ဍ ရပ်ကွက်ကို အောက်တန်းကျတယ်လို့ မြင်တယ်။ ဒါဟာ ရယ်စရာကောင်းသလား၊ ဝမ်းနည်းစရာကောင်းသလား။ ဆရာမင်းလူက ဒီမေးခွန်းကို ဟာသ လေးတွေနဲ့ ပဲဖြေထားတယ်။


ဍ ရပ်ကွက်မှာ ကိုကြီးငွေဆိုတဲ့ လူတယောက်ရှိတယ်။ သူက နေရာတိုင်းမှာ ဆရာကြီးလုပ်တတ်တယ်။  ဦးဖိုးဗြော့ကျတော့ ဘုရားတရားအစွဲကြီးတယ်။ သူက ဍ ရပ်ကွက်ဘီလျံနာ ဦးကုလားနဲ့ ဘယ်သူ့ဘုရားက ပိုကြီးလဲ၊ ဘယ်သူ့တရားပို နာသလဲဆိုတာ ပြိုင်တယ်။ ဉာဏ်စိန်ကတော့ အားနာတတ်လွန်းတယ်။ ဒီဇာတ်ကောင်တွေကို ဖတ်ရင်း ကျွန်တော်‌တော့ကိုယ့်အနီးအနား ပတ်ဝန်းကျင်ရပ်ကွက်ထဲက လူတွေကို သတိရမိတယ်။ ဒီစာအုပ်ထဲက သူတို့ရဲ့ နေ့စဉ်ဘဝက ဂွကျကျအလွဲလေးတွေကို ဖတ်ရတာ ရယ်ရတယ်။ ဖတ်ရင်းနဲ့လည်း သူတို့ကိုလည်း ကျွန်တော်တို့ရဲ့ ဂွကျကျ အိမ်နီးနားချင်းတွေလို ရင်းနှီးလာတယ်။


ဒါပေမယ့် ဒီစာအုပ်ထဲမှာ နောက်ထပ် အလွှာတစ်ခုရှိသေးတယ်။ ဌ ရပ်ကွက်သားတွေရဲ့ ဓနဥစ္စာဟာ သူတို့ရဲ့ တန်ဖိုးအစစ်ကို ဖုံးကွယ်ထားတယ်။ သူတို့မှာ ပိုက်ဆံရှိတယ်၊ ဒါပေမယ့် ပျော်ရွှင်မှုရှိလား။ ကျွန်တော်တော့ မဖြေတတ်ဘူး။ ဒါပေမဲ့ သေချာတာကတော့ ဌ ရပ်ကွက်က ဍ ရပ်ကွက်သားတွေ ကို တချိန်လုံးသေးသိမ် နေအောင် ကြိုးစားပြီး ရယ်မောဖို့ ကြိုးစားတာတော့သေချာတယ်။ ဍ ရပ်ကွက်သားတွေကျတော့ ပိုက်ဆံမရှိလည်းဘဲပျော်ပျော်နေတတ်ကြတယ်။ နီးချကတော့ တခါတလေမှာ ဘဝကို အကောင်းဆုံးနေထိုင်နည်းက ဘဝကိုအပေါ်ယံပဲ သဘောပေါက်ပြီး ကျန်တာကို ရယ်မောပစ်တာပဲ လို့ဆိုဖူးတယ်။


ရယ်မောခြင်းဟာ ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်ရှိဖို့ အကောင်းဆုံး လက်နက်တစ်ခုပါ။ ဘဝဟာ ရယ်စရာမကောင်းရင်၊ ကျွန်တော်တို့က မရယ်နိုင်လည်း အမြဲ ငိုနေရမှာပဲလေ။ ဍ ရပ်ကွက်သားတွေ က ဒါကို သဘာဝအရကို သဘောပေါက်တယ်။‌ နေ့စဉ်စားဝတ်နေရေး ရုန်းကန်နေရတဲ့အထဲက တဖက်ရပ်ကွက်နဲ့ပြိုင်ရင်း၊  အူ‌ကြောင်ကြောင် ပေါက်ကရတွေလျှောက်လုပ်ရင်း အပျော်ကိုဖန်တီးတတ်တယ်။ လေကြီးလေကျယ်ပြောကြတယ်၊ ပြီးရင် အဲ့ဒါကိုပဲ ကိုယ့်ဟာကိုယ် ပြန်လှောင်ပြောင်ကြပြန်ရော။ ဒီရယ်သံဟာ နက်နဲတယ်။ ဘာလို့လဲဆိုတော့ ဒီရယ်သံထဲမှာ ဘဝကိုသည်း ခံနိုင်ရည်၊ မျှော်လင့်ချက်၊ ပြီးတော့ ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေတဲ့ ဉာဏ်ပညာပါ ပါနေပြန်တယ်။


စာအုပ်ရဲ့ နောက်ထပ်အစိတ်အပိုင်းတခုက မြန်မာ့သမိုင်းရဲ့ အပိုင်းအစတွေကို ဟာသဇာတ်လမ်းတိုတွေနဲ့ ဖမ်းဆုပ်မိ‌ နေတာပါ။ မဆလခေတ်နှောင်းပိုင်းရဲ့ နိုင်ငံရေးအခြေအနေတွေ၊ စီးပွားရေးအခက်အခဲတွေ၊ နဝတ၊ နအဖ ခေတ်တွေရဲ့ လူနေမှုပုံစံတွေကို ဒီဇာတ်လမ်းတွေထဲမှာ မြင်ရတယ်။ ဒါပေမယ့် ဆရာမင်းလူက ဒါတွေကို သမိုင်းလက်ချာကြီးလို မရေးထားဘူး။ သဘာဝကျကျ သရုပ်ဖော်ထားတဲ့ သူ့ရဲ့ ဇာတ်ကောင် တွေမှာ ထင်ရှားနေတယ်။


စာအုပ်ရဲ့ နောက်ဆုံးပိုင်းရောက်တဲ့အခါ ကျွန်တော် သတိထားမိတာက ဒီစာအုပ်က သာသတွေချည်းစုထားရုံသက်သက်တော့ မဟုတ်ဘူး။ ရယ်မောခြင်းတွေကြားက တကယ့်အမှန်တရားလေးတွေလည်း ရှိတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေထဲက ဘဝတွေကိုရင်နင့်‌အောင် မြင်ရတယ်။ ဍ ရပ်ကွက်သားတွေ အူ‌ ကြောင်ကြောင်နဲ့ဂွတီးဂွကျနိုင်နေရတာ၊ တုံးနေရတာဟာ သူတို့က အဲ့လို နေမှကို ဘဝကို ခံနိုင်ရည်ရှိမှာမလို့ လို့ ယူဆရတဲ့ ဇာတ်ကွက်တွေ၊ လူနေမှု ကွာဟ မညီမျှမှုတွေ၊ တရိပ်ရိပ်တက် နေတဲ့ကုန်ဈေးနူန်းတွေရှိနေတယ်။


အဲ့ဒီလိုပဲ ဘဝရဲ့ အရောင်အသွေးတွေကို ဆရာမင်းလူက ပန်းချီဆရာတစ်ယောက်လို အရောင်စုံ ရေးဆွဲထားတယ်။ အဲ့ဒီ လူမှုနိုင်ငံရေး နောက်ခံကို ဖြတ်ထုတ်ပြီး ဗီဒီယို ကား အဖြစ် တင်ပြတဲ့အခါ ကျွန်တော် တို့ ခေါ်ကြတဲ့ "ဗမာပေါကား" ဆိုတာကြီးရလာတာပဲ။ တချို့က ဆရာမင်းလူကို ဗမာပေါကားရဲ့ ဖခင်လို့ တင်စားချင်ကြပေမယ့် ကျွန်တော်တော့ သိပ်သဘောမတူဘူး။ သူ့စာအုပ်က ပေါကားတွေလို့ ခေါ်ရတဲ့ ဇာတ်လမ်းတွေထက် ပိုပြီး သဘာဝကျပြီး မြန်မာအခြေခံလူတန်းစားတွေရဲ့ ဓလေ့စရိုက်ကို ပိုတိကျစွာ ပုံဖော်ထားတယ်။" ကလိထိုးရယ်ရတဲ့ ဟာသမျိုးတွေလည်း မဟုတ်ဘူး။


ဒီခေတ်ကြီးထဲမှာ လူတိုင်း ခေါင်းကိုက်နေကြရတာ။ သတင်းဆိုတာလည်း မသိချင်စရာတွေဖြစ်ပြီး ရယ်မောခြင်းဆိုတာကလည်း ဈေးကြီးတဲ့ကုန်ပစ္စည်းလို ကျွန်တော်တို့သဘောထားတတ်လာတယ်။ ဒီလိုအချိန်မှာ ဒီစာအုပ်က ပျင်းရိစရာ၊ စိတ်ရှူပ်စရာ နေ့စဉ်ဘဝကို အမြင်သစ်နဲ့ကြည့်တတ်ဖို့ သတိပေးလိမ့်မယ်။ သူများအလွဲကိုရော၊ ကိုယ့်အလွဲကိုပါ ဟားတိုက်တတ်လာမယ်။


ဒီစာအုပ်ကို ဒါကြောင့် ကျွန်တော် သိပ်သဘောကျမိတယ်။ စာအုပ်ကို ဖတ်ပြီးသွားတဲ့အခါ တက်ကျမ်းတွေလို နေ့ချင်းညချင်း ချမ်းသာနည်း၊ထက်မြက်နည်း၊ လူချစ်လူခင်‌ပေါနည်းတွေ သိသွားမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ဂွကျမှုကို ကိုယ့်ဟာကိုယ်ပြန်ဟားတိုက်တတ်လာမယ်။ ဘယ်မှမရောက်ပါဘဲ ဖတ်နေတဲ့ နေရာက ရုတ်တရက်  စိတ်ပေါ့ပါးလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ နေ့စဉ်ဘဝရဲ့ အလွဲတွေ၊ ပြဿနာတွေကို ရယ်မောရင်း လက်ခံတတ်သွားတဲ့ အကျင့်လေးတော့ ရသွားမှာမို့လို့ပါပဲ။


Review By - Wilhelm Volkov

ရယ်မောခြင်းပေါင်းချုပ်

မင်းလူ

Whisper Of Words Mmepub

Comments