မောင်စည်သူ

 ဧရာဝတီတိုင်း ကျိုက်လတ်မြို့ အနီး ထိုင်ကူမြစ်တန်း ရွာတွင် အဖ မြေပိုင်ရှင် ဦးသာဘော်၊ အမိ ဒေါ်ကျော့ တို့က ၁၉၁၈ ခုတွင် မွေးဖွား ခဲ့သည်။ အမည်ရင်းမှာ ဦးဘညွန့် ဖြစ်သည်။ ကျိုက်လတ်မြို့ အမျိုးသား အထက်တန်း ကျောင်းတွင် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၆ ခု ကျောင်းသား သပိတ် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ညီလာခံသို့ ကိုယ်စားလှယ် အဖြစ် တက်ရောက် ခဲ့သည်။

၁၉၃၇ တွင် ဆယ်တန်း အောင်ပြီးနောက် ရန်ကုန် တက္ကသိုလ်၌ ပညာ သင်ယူ ခဲ့သည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံ (၁၉၃၈ - ၃၉) တွင် ပါဝင် လှုပ်ရှား ခဲ့သည်။ စစ်ကိုင်း ကျောင်းဆောင် သဟာယနှင့် စာဖတ် အသင်း အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ ဂျပန် ခေတ်တွင် ကျိုက်လတ်မြို့ အာရှ လူငယ် အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။

စစ်ပြီးစတွင် ကျိုက်လတ် မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ အမှုဆောင် အဖြစ် ထမ်းဆောင် ခဲ့သည်။ ၁၉၄၆ တွင် တာရာ မဂ္ဂဇင်း တည်ထောင် ကတည်းက တွဲဖက် အယ်ဒီတာနှင့် မန်နေဂျာ အဖြစ် လုပ်ကိုင် ခဲ့သည်။ ၁၉၅၆ တွင် "စည်သူ ပညာ့ ရိပ်သာ" အမည်ရှိ အလွတ် ပညာ သင်ကျောင်းကို ကိုယ်ပိုင် တည်ထောင် ဖွင့်လှစ်၍ ကိုယ်တိုင် ကျောင်းဆရာ လုပ်ခဲ့သည်။

၁၉၅၇ တွင် ရန်ကုန် ခရိုင် ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီ အမှုဆောင် ဖွဲ့၌ ပါဝင် ဆောင်ရွက် ခဲ့သည်။ ၁၉၆၃ တွင် ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ၊ ထို့နောက် ယာယီ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။

ဒဂုန် တာရာ၏ ဦးလေး ဖြစ်ရာ၊ ဒဂုန် တာရာနှင့် ငယ်ငယ် ကတည်းက အတူနေ၊ အတူ စာရေး ခဲ့သည်။ ဒဂုန် တာရာ ကဗျာများ ရေးနေစဉ် မှာပင် ဝတ္ထုတိုများ ရေးသား ခဲ့သည်။ ဒဂုန် တာရာ ကဗျာများကို ဒဂုန် မဂ္ဂဇင်းသို့ ပို့ခဲ့ သော်လည်း၊ မောင်စည်သူမှာ သူ့ဝတ္ထုတို များကို ဘယ်သို့မျှ မပို့ဘဲ ရေးရုံသာ ရေးပြီး ထားခဲ့သည်။

၁၉၃၇ ရန်ကုန် တက္ကသိုလ် ကျောင်းသား ဘဝ တွင်မူ အိုးဝေ မဂ္ဂဇင်းတွင် ဆောင်းပါး ဝတ္ထုများ ရေး၍ စာပေ လောကသို့ ဝင်ရောက် ခဲ့၏။ တာရာ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၂) မှ စပြီး ဝတ္ထုတိုများ ဆက်တိုက် ရေးသား ခဲ့ရာ ကိုယ့်လင်၊ မုဆိုး၊ မျိုးရိုး၊ ညဥ့်ဦးယံ၊ ဆိပ်ကမ်းသာ၊ စိုးရွှံ့မိတယ်၊ မျှော်ကိုးယောင် အစ ရှိသော ဝတ္ထုတို များဖြင့် နာမည် ကျော်လာ ခဲ့သည်။

ခပ်ဆတ်ဆတ်၊ ခပ်ထေ့ထေ့၊ ခပ်နွဲ့နွဲ့၊ ခပ်မဲ့မဲ့ စာသား များနှင့် ထိုခေတ် လူငယ်များ စွဲမက်အောင် ရေးနိုင် ခဲ့သည်။ လူ့သဘာဝ၊ စိတ္တ ဗေဒ အချစ်၊ အိမ်ထောင်စု သရုပ်သကန် များကို ဖွဲ့နွဲ့ ရာတွင် ပီပြင် ခဲ့သည်။

ပထမဆုံး လုံးချင်း ဝတ္ထုမှာ ၁၉၄၈ တွင် တာရာ၏ လက်ရွေးစင် ဝတ္ထုကြီး အဖြစ် ထုတ်ဝေ ခဲ့သည့် "ယုံတော့မေရယ်" ဖြစ်သည်။

ဒဂုန် တာရာက —

"ဤ ဝတ္ထုသည် ဆန်းစ ပြုလာသော စာပေသစ် ကောင်းကင်မှ နဂါးငွေ့ ပေါ်တွင် ဝန်းဝိုက် ယိုကျ နေသော ရောင်ခြည် တတန်းပင် ဖြစ်ပေသည်။ လူ့ဘဝ၏ ကျောက်စွန်း ကျောက်ပဲ့ ကလေးများကို ကွေ့ကာ ကောက်ကာ စီးဆင်း လာသော ချစ်ရေယဉ်၏ အတ္ထုပ္ပတ္တိ တရပ် ဖြစ်သည်" ဟူ၍ အမှာ ရေးခဲ့သည်။

ထင်ရှားသည့် လက်ရာ အချို့မှာ —

  • ထိုက် (ဒီဇင်ဘာ ၁၉၆၄)
  • တက္ကသိုလ် ဆရာ တဦး
  • တက္ကသိုလ် ကျောင်းသူ တဦး
  • တက္ကသိုလ် ကျောင်းသား တဦး (ဖေဖော်ဝါရီ ၁၉၆၅)
  • ဆံဖြူမယ် (မေ ၁၉၆၅)
  • ထိုက်သူ့ သက်လျာ (ဇူလိုင် ၁၉၆၇)
  • မေတ္တာသိမ့်သိမ့် (အောက်တိုဘာ ၁၉၆၇)
  • သက် (စက်တင်ဘာ ၁၉၆၈)
  • မေတ္တာ လေညင်းညင်း (မေ ၁၉၆၉)
  • အိုဘယ့် ချစ်သူ မောင့်ချစ်သူ (ဩဂုတ် ၁၉၇၄)
  • သက်မျှကြင်သည် သူ့ကိုရည်၍ (ဧပြီ ၁၉၇၆)
  • စောင့်ကြိုလျက်ပါ
  • ကိုမြဟန်နှင့် မိန်းမများ

တို့ ဖြစ်ကြသည်။

"ထိုက်" ဝတ္ထုကို ရုပ်ရှင် ရိုက်ကူး ခဲ့သည်။

ဆရာမောင်စည်သူသည် ရှုမဝတွင် ဆမ်းမားဆက်မွမ်၏ လီဇာကို ဘာသာပြန်ဆိုခဲ့သည်။ သို့သော် လုံးချင်းထုတ်ဝေခြင်း မရှိခဲ့ပါ။ ၂၀၂၀ တွင် ရာပြည့်စာအုပ်တိုက်၏ ငွေရတု အထိမ်းအမှတ်အဖြစ် ပထမအကြိမ် ထုတ်ဝေခဲ့သည်။

ဘဝနိဂုံး

၁၉၈၁ ဧပြီ ၄ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန် ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်ရီနှင့် သားသမီး ခုနစ်ဦး ကျန်ရစ် ခဲ့သည်။


လီဇာ

https://whisper1of.blogspot.com/2026/02/blog-post_32.html

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review