အရိုး … ဆိုသည်မှာ စာစုများ ၁+၂
အရိုး
... ဆိုသည်မှာ စာစုများ
အိမ်သူရွှေမ စာပေ
အိမ်သူရွှေမ စာပေ
အမှတ် ၃၁၊ (၆ လွှာ)၊ ဗဟိုလမ်း၊ တာမွေ မြို့နယ်၊ ရန်ကုန်မြို့၊
Ph: ၀၉၉၉၇၃၀၅၁
စာမူ ခွင့်ပြုချက် အမှတ် - ၄ဝဝ၈၅ဝဝ၇ဝ၇
မျက်နှာဖုံး ခွင့်ပြုချက် အမှတ် - ၄၀၀၇၇၆ဝ၈ဝ၇
ပထမ အကြိမ် - ၂၀၀၇ ခုနှစ် အောက်တိုဘာလ
မျက်နှာဖုံး ဒီဇိုင်း - ရဲမြင့်သူ
မျက်နှာဖုံးရိုက် - ဒေါ်ရွှေ (၀၂၀၇၉)၊ သုခ ပုံနှိပ်တိုက်၁၂၈၊ ၄၆ လမ်း၊ ရန်ကုန်။
ပုံနှိပ်သူ - ဦးဝင်းမြိုင် (၀၂၄၈၆)၊ သိဒ္ဓိမြိုင် ပုံနှိပ်တိုက်၁၁၃/၃၄ လမ်း၊ ကျောက်တံတား မြိုနယ်၊ ရန်ကုန်။
ထုတ်ဝေသူ - ဒေါ်သင်းသင်းမွန် (၀၄၂၃၂)၊ သင်း စာပေ၊ ၁၁၊ ရတနာမြိုင်လမ်း၊ ၁၂ ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်။
အုပ်ရေ - ၅၀၀
တန်ဖိုး - ၁၂၀
နာမည်ကြီး ဆိုသည်မှာ….
တစ်ခါက ကမ္ဘာဟု ခေါ်သော ရွာကြီးတစ်ရွာ ရှိလေသည်။ ထိုရွာကြီးတွင် ဘယ်သူ သူကြီး၊ ဘယ်သူ ရွာဆော် ဟူ၍ မရှိ။ အားလုံး ကိုယ့် အပိုင်းနှင့် ကိုယ်၊ ကိုယ့်အထာနှင့် ကိုယ် နေကြသော ဟူ၏။ ထိုရွာကြီး၏ နယ်နိမိတ် ဧရိယာထဲတွင် ‘ပင်လယ်’ ခေါ် ရေသတ္တဝါများ ဖမ်းဆီး စားသောက် မွေးမြူနိုင်သော အင်းများနှင့် ‘သမုဒ္ဒရာ’ ခေါ် ကျယ်ဝန်းသော ရေကန်ကြီးများလည်း ပါဝင်လေသည်။ ထိုကမ္ဘာရွာကြီးကို မြစ်၊ ချောင်း စသော ရေစီးကြောင်းလေးများ၊ မြောင်းငယ်လေးများလည်း ဖြတ်သန်း စီးဆင်းနေကြသေး၏။ ထိုရွာကြီးတွင် ‘တောင်’ ဟုခေါ်သော ကမူလေးများလည်း ရှိ၏။ ‘တော’ ဟု ခေါ်သော ချုံပုတ် ရှုပ်ရှုပ်များလည်း ရှိ၏။ ‘ကန္တာရ’ ဟုခေါ်သော တလင်းပြောင်ပြောင်လေးများလည်း ရှိ၏။ ‘တောင်ဝင်ရိုးစွန်း၊ မြောက်ဝင်ရိုးစွန်း’ ခေါ် ရေခဲ ရောင်းသည့် ဆိုင် နှစ်ဆိုင်ပင် ရှိ၏။ ထိုရွာကြီးတွင် လူများ နေထိုင်ကြသည့် အလျောက် သူတို့ ဆိုင်ရာ အပိုင်းအလိုက် ‘တိုက်’ ဟု သတ်မှတ်ကြ၍ ‘ဘာတိုက်၊ ညာတိုက်’ ဟု အမည် ပေးထားလေသည်။ သို့သော် ထူးခြားသော အခြင်းအရာ တစ်ခုမှာ ထိုကမ္ဘာရွာကြီးတွင် နေထိုင်ကြသူများသည် အားလုံး နာမည်ကြီးများသာ ဖြစ်ကြကုန်၏။ ထိုသူတို့ အနက်မှ အချို့ကို တင်ပြရပါလျှင် လွန်စွာ ဝဲထူသူ တစ်ယောက် ရှိ၏။ သူ ဝဲ တစ်ခါ စပြီး ယားပြီဟေ့ ဆိုလျှင် မပြီးနိုင်၊ မစီးနိုင် အတော်ကြာအောင် ကုတ်၍ အယားဖျောက် ရလေသည်။ သူသည် စတော်ဘယ်ရီရှိတ်၊ မစ်ရှိတ်များလည်း ကြိုက်၏။ ‘ရှိတ်စပီးယား’ ဟု လူသိများလေသည်။ သူ့သမီးမှာလည်း ရွာတွင် တစ်ခါက ကွမ်းတောင်ကိုင် ဖြစ်ဖူး၍ နာမည်ကြီး၏။ သို့သော် သူ့အဖေလို ဝဲတော့ မပေါက်။ ပွေးသာ ထူသဖြင့် သူလည်း ယားလေသည်။ ‘ဘရစ်တနီ စပီးယား’ ဟု ကာလသားများကြား ကျော်ကြား၏။ သူတို့ သားအဖကို ရွာက ရှိန်ကြ၏။ အဘယ်ကြောင့် ဆိုသော် ‘ရှိတ်စပီးယား’ ကြီး၏ တူများ၊ သားများသည် ရွာတွင် ရမ်းကားချင်ကြသူများ ဖြစ်သလို ဆိုးလည်း ဆိုးကြ၏။ သူတို့ အဖေလို ဝဲမပေါက်၊ သူတို့ နှမလို ပွေးမထူသော်လည်း မျိုးရိုးဂုဏ် ထိန်းသည့် အနေနှင့် ညှင်းများ၊ နှင်းခူများ၊ ဂျွတ်များ၊ ဒက်များ ပေါက်ကြ၍ ယားကြသည်သာ ဖြစ်သည်။ ထိုအုပ်စုတွင် ခေါင်းဆောင်သည် ‘မာဖီး’ ဖြစ်၏။ ထို့ကြောင့် ‘မာဖီးယား’ များဟု လန့်ကြလေ၏။ သူတို့ အိမ်သည် လူတွင်မက ကြောင်ပါ နာမည်ကျော် ဖြစ်သည်။ ‘မာဖီး’ မွေးထားသော ကြောင်ကြီးသည် ‘ဂါဖီး’ ဟူ၍ ကြောင်လောကတွင် ထင်ရှားလေသတည်း။ သူတို့အိမ်တွင် သူများလို နတ်ကွန်း မထား။ နေထိုင် သူများ စရိုက်နှင့် ကိုက်အောင် အဲယားကွန်းသာ ထား၏။ အကယ်၍ မိတ်ဆွေ သူတို့နှင့် တွေ့ချင်၍ ‘ဝှဲယားသေအာလစ်ဗင်း’ ဟု မေးသော် ‘သဲယားသေအာ’ ဟု ကျွန်တော် လိုက်ပြပါမည်။
မာဖီးတို့ တစ်သိုက်မှာ အနောက်ပိုင်းသားများ ဖြစ်ကြ၏။ အရှေ့ပိုင်းတော့ သိပ်မလာရဲ။ အဘယ်ကြောင့် ဆိုသော် သူတို့လောက် နီးနီး မိုက်သော အရှေ့ပိုင်းသား ညီအစ်ကို တစ်သိုက် ရှိ၍ ဖြစ်သည်။ ထိုညီအစ်ကိုများမှာမူ မိဘများကို နည်းနည်း ကြောက်ရ၏။ သူတို့ မိဘများသည် ဇာခြင်ထောင် လုပ်ငန်း ပိုင်ရှင်များ ဖြစ်ပြီး လယ်ယာများလည်း ပိုင်ဆိုင်လေသည်။ ‘ဇာ’ လုပ်ငန်းတွင်ရော၊ ‘ယာ’ လုပ်ငန်းတွင်ပါ သူတို့ ဝင် ‘ကူ’ ကြရသဖြင့် ‘ယာကူဇာ’ များဟု ကျော်ကြားကြလေ၏။ ယာကူဇာများ တကယ် မိုက် သလား ဆိုတော့ အမှန် ပြောရလျှင် သူတို့ ဦးလေးတွေကို မမီရှာကြချေ။ သူတို့ ဦးလေးများမှာကား မိုက်ရုံမက ဗိုက်ဆာလျှင် တွေ့ရာအိမ် အတင်းတက်စားမည် ဟူသော မှုတစ်ခု ချမှတ်ထားကြကာ အလွန်လည်း ရိုင်း ကြသေးသဖြင့် ‘ဆာမူရိုင်း’ တွေဟု တစ်ရွာလုံး ခေါ်ကြလေ၏၊ ထိုမျှသာ မကသေး။ ထစ်ခနဲရှိ လက်ပါချင်ကြသော ဆာမူရိုင်း၊ ယာကူဇာတို့ တစ်သိုက် ကြားတွင် ငတ်ကြီးကျလှ၍ ဘာစားစား မကြာခဏ နင်တတ်ကာ ဘာဂျာ အမှုတ်ကောင်းသော တစ်ကိုယ်လုံး ပုဆိုး ခြုံထားသည့် ပျားဖွတ် သမား‘နင်ဂျာ’ များမှာလည်း နာမည်ကြီးလေသည်။
သို့သော် ရွာတွင် အနောက်ပိုင်းမှာရော၊ အရှေ့ပိုင်းမှာပါ ဘယ်သူ့မှ ဂရုမစိုက်သော သူများလည်း ရှိကုန်၏။ အနောက်ပိုင်းတွင် မုဆိုး တစ်ယောက် ရှိသည်။ မှိန်းတစ်ချောင်းနှင့် တစ်ယောက်တည်း တောထဲကို ကွတ ကွတ ဝင်ဝင်သွားတတ်သော အလန်စား ဘဲတစ်ပွေ ဖြစ်ရာ ‘အလန် ကွတမှိန်း’ ဟု လူသိများ၏။ နောင်သော် ကွာစေ့ ပြောင်း ရောင်းစားပြီး တာရိုး ဘေးနေ မိန်းမ တစ်ယောက်နှင့် မရှင်း မရှင်း ဖြစ်မိသဖြင့် ‘အလန် ကွာတာမိန်း’ ဟု ပြောင်းခေါ်ကြလေသည်။ ထိုမုဆိုးတွင် ညီနှစ်ယောက် ရှိရာ နှစ်ယောက်လုံး ဘောကန်စားကြပြီး အားလုံး အလန်စားတွေချည်း ဖြစ်၏။ အကြီးကောင်မှာ မကျေနပ်တာ တွေ့ရင် ‘ရှီးတဲ့မှ’ ဟု ဆဲတတ်၍ အစက ‘အလန်ရှီး’ ဟု ခေါ်ကြလေသည်။ နောင်သော် ရှိတ်စပီးယားကြီး၏ သမီး တစ်ယောက်နှင့် အကြောင်းပါ၍ သူလည်း လိုက် ‘ယား’ ရလေသော် ‘အလန်ရှီးယား’ ဟု နာမည် ကျော်၏။ အငယ်ကောင်မှာ ငယ်ငယ်က စပျစ်သီးကို စမစ်သီးဟု မပီကလာ ပီကလာ ခေါ်ခြင်း အကြောင်းပြု၍ ‘အလန်စမစ်’ ဟု နာမည် ရလေသည်။ သူတို့ နှစ်ယောက်တွင် ဘောကန်ဖက် ဘော်ဒါ တစ်ယောက် ရှိရာ သူ လည်း နာမည်ကြီး ဖြစ်၏။ ထိုငနဲသည် အလုပ်သမားနေ့ မေဒေးတုန်းက အေရိုးဗစ် တစ်ခါ ဝင်ကဖူးပြီး နေ့ဘက် ဖြစ်ဖြစ်၊ ညဘက် ဖြစ်ဖြစ် ရေ အမြဲ ခမ်းနေသည့် အလျောက် ‘ဒေးဗစ် ဘက်ခမ်း’ ဟု လူတကာ သိလေသည်။ သူနှင့် အတူ အေရိုးဗစ် ကဖူးသည့် ဒေးဗစ်များလည်း ရွာတွင် အမြောက်အမြား ရှိ၏။ ဒေးဗစ် ဘက်ခမ်းတွင် ထမင်းချက် ဟင်းချက် တပည့်လေး တစ်ယောက် ရှိရာ သူလည်း သူ့ဆရာလို အမြဲ ခမ်းနေသူသာ ဖြစ်သည်။ မကြာခဏ လက် ဓားရှတတ်ပြီး ဗရွတ်ရွှတ်တွ စကား များသဖြင့် ‘ရှရွတ်ခမ်း’ ဟုခေါ်ကြလေသည်။
အရှေ့ပိုင်းတွင်လည်း ဘယ်သူ့မှ ဂရုမစိုက်သော ခပ်မိုက်မိုက် ကပ္ပိယ လူထွက် တစ်ယောက် ရှိ၏။ အဖေ တစ်ခု၊ သားတစ်ခု နေထိုင် လာခဲ့ကြရာမှ အဖေ ဖြစ်သူ ဆုံးပါးသော် သူတစ်ယောက်တည်း ကျန် ခဲ့၍ ဘုန်းကြီးကျောင်းတွင် လာရောက် ကပ်ရပ် နေထိုင်ရသဖြင့် ‘ကျန်ကျောင်း’ ဟု မေးထူး ခေါ်ပြော ရှိကြလေသည်။ သူ နေထိုင်ခဲ့ဖူးသည့် ဘုန်းကြီးကျောင်းမှ ကိုယ်တော်များမှာလည်း ရပ်ကျော် ရွာကျော်များသာ ဖြစ်၏။ လောကီ ဒုက္ခ အဝဝကို ရှောင်ကွင်း၍ ဘယ်မိန်းမ၏ လင်မှ မလုပ်လို ကြသဖြင့် ဘုန်းကြီး ဝတ်နေကြသည် ဖြစ်ရာ ‘ရှောင်လင်’ ကိုယ်တော်များ ဟု လွန်စွာ ကျော်ကြား၏။ ထိုကိုယ်တော်များသည် နှယ်နှယ်ရရ မဟုတ်၊ အုပ်စုလည်း တောင့်၍ ကိုယ်ခံပညာလည်း ကောင်းသော ကျန်ကျောင်း၏ ဆရာ အရင်းခေါက်ခေါက်များ ဖြစ်ကြလေသည်။ ကိုယ်တော်များမှာ အရှေ့ ပိုင်းတွင် ရှောင်လင်ကျောင်း ဆောက်၍ သီတင်းသုံးနေကြသည် ဖြစ်သော ကြောင့် ‘ယာကူ၊ ဆာမူ’ တို့ တူဝရီး အုပ်စုမှာ အနောက်ပိုင်းသား ‘မာဖီး’ တို့ တစ်သိုက်လောက် ထင်ရာ မစိုင်းရဲ၊ မရမ်းကားရဲ။ ထို့အပြင် ရှောင်လင် ကိုယ်တော်တို့ ကျန်ကျောင်းတို့ ဆိုတာက တခြား လူတွေ မဟုတ်၊ အသား ဖြူဖြူ၊ မျက်လုံး မှေးမှေး သူတို့နှင့် ဆွေနီးမျိုးစပ်လည်း တော်နေသေးသဖြင့် ယာကူတို့ တူဝရီး တစ်အုပ်မှာ ခပ်ကုပ်ကုပ်သာ နေကြလေသည်။ ထို့ပြင် အရှေ့ပိုင်း၌ ဘယ်သူ့မှ မနိုင်၍ လွှတ်ထားရသော လူကြီး တစ်ယောက်လည်း ရှိသေး၏။ အခြား မဟုတ်၊ ခါးချိအောင် ကူလီ ထမ်းစားဖူး၍ နောက်ဆုံး ရူးသွားပြီး ကုန်းကုန်း ကွကွ ယပ်တောင်လေး တဖျတ်ဖျတ်နှင့် လမ်းတကာ လျှောက်သွားနေသော ချိကုန်းကြီးပင်တည်း။
တကယ်တမ်း တွေးကြည့်ရသော် ကျွန်တော်တို့ ကမ္ဘာ ရွာကြီးတွင် လူမိုက်များ ပေါချက်ကတော့ တအား ဖြစ်လေ၏။ အရှေ့ပိုင်း၊ အနောက်ပိုင်း လူမိုက် အိမ်ဝိုင်းများ ရှိသော်လည်း တကယ်တမ်း တူးခါးနေအောင် မိုက်သော လူမိုက်ကြီးများမှာ ရွာလယ်ပိုင်း တစ်ဝိုက်မှသာ အထွက်များလေသည်။ ပမာ ဆိုရသော် တစ်ရွာလုံး သိသည့် လူမိုက်ကြီး တစ်ယောက်ရှိ၏။ ထိုလူကြီးသည် အိုလှပြီ ဖြစ်သော်လည်း ခေါင်းက အစ ခြေမ အဆုံး တစ်ကိုယ်လုံး အလွန် အကြောမာလေသည်။ ငယ်စဉ် သဘင်သည် ဘဝက လာဘားဒါး ဒေါင်ဒေါင် ဒင်ဒင် ဖွင့်၍ စင်ပေါ်တွင် ကွေးနေအောင် ကကပြခဲ့သူ ဖြစ်လေရာ သူ့ အရည်အချင်း အားလုံးကို ပေါင်း၍ တစ်ရွာလုံးက ‘အိုစမာ ဘင်လာဒင်’ ဟု ခေါ်ကြလေသည်။ သူ့နောက်လိုက်များမှာ သူ့ထက်ပင် မိုက်သေး၏။ တချို့ဆိုလျှင် အရည်မရ အဖတ်မရ အိမ်သာတွင်းထဲ ခုန်ခုန်ချ၍ ‘အသေခံ ဝုန်းခနဲ’ ကြလေသည်။ ဗလိုင်းကြီး ကိုယ့်ကိုယ် ကိုယ် သတ်သေကာ မိုက်ပြသော သူများ ဖြစ်၏။
ထိုလူသိုက်နှင့် အိမ်နီးနားချင်း လူရမ်းကားကြီး တစ်ယောက်လည်း ပေါ်ဖူးလေရာ ယခုအခါ မိုက်တွင်း နက်လွန်း၍ အနောက်ပိုင်းသား တစ်သိုက် ဝိုင်းရိုက်ခံရကာ သေလေပြီ ဖြစ်၏။ ထိုလူသည်လည်း သူ ရှိစဉ်က ဓားမြှောင်များကို မစင် အမျိုးမျိုး သုတ်၍ ထုတ်မရောင်းခင် သူ့ခြံထဲ ဖွက်ထားခြင်း၊ အရက်ပုန်း ခိုးချက်၍ ရောဂါပိုးများ ရောပြီး လူ အများ သေအောင် ထုတ်ရောင်းရန် ကြံခြင်း စသဖြင့် ဇီဝ ဓာတုလက်နက် အမျိုးမျိုး ထုတ်လုပ်ရန် ကြိုးစားဖူးလေသည်။ ထိုလူကြီး၏ အမည်မှာ ‘ဟူစိန်’ ဖြစ်၍ အခြား ဟူစိန်များနှင့် ကွဲပြားရန် လည်းကောင်း၊ ‘ဆဒ္ဒန် ဆင်မင်း’ ဇာတ်ထုပ်ထဲမှ သောနုတ္တရ မုဆိုးကြီးနှင့် ဥပဓိ ခပ်ဆင်ဆင် ရှိ၍ လည်းကောင်း ‘ဆက်ဒန်ဟူစိန်’ ဟု ရွာတွင် အလွယ် ခေါ်ကြ လေသည်။
သို့သော် တစ်ရွာလုံး အနေအားဖြင့် ခြုံကြည့်လျှင် ရွာတွင် သူကြီး မထားသော်ငြား ဘယ်သူမှ ထောင်ထောင် ထောင်ထောင်၊ ရှုပ်ရှုပ်ယှက်ယှက် လုပ်၍ မရ။ တစ်ရွာလုံး ဝိုင်းဆုံးမ၍ ပြားသွားမည် ဖြစ်၏။ ဤအချက်ကို သက်သေခံသည့် သဘော ရှေးလူကြီးများ ပြောပြကြ၍ ပုံပြင် သဖွယ် နားထောင်ရသည့် အဖြစ်အပျက် တစ်ခုမှာ
တစ်ခါက အော်ကြီးဟစ်ကျယ် ထ ထလုပ်တတ်၍ ထဘီ ခိုးမှုနှင့် ထောင် တစ်ခါ ကျစဉ်က တလာစီ ခံရဖူးသော ‘ဟစ်တလာ’ ဟူသည့် လူတစ်ယောက် ရှိသည် ဆို၏။ ထိုလူရှုပ်၏ အပေါင်းအသင်းများမှာ အသာ စံစရာ ကိစ္စတွင် တက်ကြွလှ၍ အနာခံစရာ ကိစ္စမျိုးတွင်မူ ဇီဇာကြောင်တတ်သော ‘နာဇီ’ တစ်သိုက် ဖြစ်လေသည်။ အနှီ ဟစ်တလာနှင့် သူ့ နာဇီ တစ်သိုက်သည် တုတ်ဆွဲ ဓားဆွဲနှင့် သူများ အိမ်ဝိုင်းထဲ ကျူးကျော် ဝင်ကာ ကြက်ဆွဲ၊ ငှက်ဆွဲ၊ ဘူးစင်ဖြို၊ တံစက်မြိတ် မီးရှို့၊ အိမ်ရှင် များကို အပြုံလိုက် တုတ်နှင့် ရိုက် စသဖြင့် အကြောင်းမဲ့ ဆိုးသွမ်း ရမ်းကားကြလျက် တစ်အိမ်၊ နှစ်အိမ်၊ သုံးလေးအိမ် ကျူးကျော်၍ နောက်ဆုံး ရွာမြောက်ပိုင်းတွင် အေးအေးချမ်းချမ်း နေနေကြသော မြောက်ပိုင်းသားတို့ အိမ်ဝိုင်းထဲ အထိ ဝင်၍ ရန်စလေသည်။
ဤနေရာတွင် မြောက်ပိုင်းသားတို့ စရိုက်ကို အနည်းငယ် ဖော်ပြရလျှင် ထိုလူများသည် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်၊ ယောက်ျား မိန်းမ ယမကာ မမှီဝဲတတ်သူလည်း ရှားသဖြင့် ‘ရုရှား’ ဟု ရွာတွင် အမည် တွင်သူများ ဖြစ်သလို မည်မျှ အေးအေး နေကြသနည်း ဟူသော် သူတို့ အားလုံး ရေခဲ ပလုတ်တုတ် ရောင်းစားနေကြသူများ ဖြစ်လေသည်။
ထိုရုရှားများမှ အနီထောင် ကစားသမားများချည်း စုထားသော ရုရှား တပ်နီတော်နှင့် ဟစ်တလာ နာဇီ တစ်သိုက် ထိပ်တိုက် တွေ့ကြလေရာ ဗရုတ်သုက္ခ နာဇီ တစ်သိုက်မှာ ထင်သလို လုပ်မရဘဲ ရေခဲ ပလုတ်တုတ် ဒဏ်ကို အေးခဲ ထုံကျင်စွာ မရှုမလှ ခံကြရသည်သာမက ရုရှားတို့ အပြင် အမြင် မကြည်သူ အခြား ရွာသားများပါ ဝိုင်းရိုက်ကြသဖြင့် ပြားနေအောင် ခံကြရကာ တစ်ခါတည်း ငြိမ်ကျသွားသော ဟူ၏။
သို့သော် ရွာထဲတွင် လူဆိုးတွေချည်း ကြီးစိုးနေသည် မဟုတ်။ သာရေး၊ နာရေး ပျော်စရာများလည်း ရှိပေသေးသည်။ အလှူ မင်္ဂလာ ပွဲတော် ဖျော်ဖြေရေး အတွက် ဖြစ်သလို ဖွဲ့ထားသော အနုပညာ အုပ်စုလည်း ရှိ၏။ ချောက်တီး ချောက်ချက် ရွာတီးဝိုင်း တစ်ဖွဲ့လည်း ရှိသည်သာ ဖြစ်၏။
ဗီရိုထဲတွင် ဖျံသို အခြောက်များ သိမ်းထား၍ အဟားခံရဖူးသော ဘင်ထုသည့် ‘ဗီသိုဘင်’ မှာ ရွာတီးဝိုင်း ခေါင်းဆောင် ဖြစ်၏။ အိမ်များတွင် သက်ကယ်၊ ဓနိ လိုက်မိုးသည့် အလုပ် လုပ်စား၍ အမိုး ပြိုကျကာ ‘ဇက်’ ပိုးအုပ်ခံရဖူးရှာသော ‘မိုးဇက်’ လည်း တီးဝိုင်း အဖွဲ့သား ဖြစ်လေသည်။ ဖိုးဆိုချင်၊ မယ်ဆိုချင်များလည်း ရှိလေရာ ငယ်နာမည် ‘ပရက်’ ဖြစ်၍ သီချင်း ဆိုရင်း လည်ချောင်းထဲ စလေဆီးသီး တစ်ခါ နင်ဖူးသည့် ‘ပရက်စလေ’ မှာ အတော် ကျော်ကြားလေသည်။ ဘီးတွေ လုပ်ရောင်းသော တဲမှ ချာတိတ်များမှာ ‘ဘီးတဲလ်’ အဖွဲ့ ဟူ၍ သပ်သပ် ထင်ရှား၏။ မိုက်တစ်လုံး ဝယ်ရန် ‘ကယ်ပါ’ လုပ်ဖူးသည့် မူးမူးနှင့် ကြက်ဖခွပ်လျှင် ဂျက်လေယာဉ်ထက် မြန်၍ လူနှင့်သာမက ကြက်ဆင်နှင့်ပင် သူနိုင် ကိုယ်နိုင် အကြိတ်အနယ် ချဖူးသည့် ‘မိုက်ကယ် ဂျက်ဆင်’ မှာလည်း တွန့်တွန့် တွန့်တွန့်နှင့် ကရာဝယ် တစ်ရွာလုံး ကျော်သော အဆိုသမား ဖြစ်သည်။ မယ်ဆိုချင်များလည်း ရှိသေးရာ …
သူမက်ကလောင် ပေါက်စဉ်က သွားစကြ၍ ဒေါပွကာ နားရင်း လိုက်တီးသဖြင့် ‘မက်ဒေါနား’ ဟု ထင်ပေါ်သည့် အပျိုကြီးမှာ အကဲဆုံး ဖြစ်သည်။ စလင်းဘတ်ထဲတွင် ဒီဇင်ဘာ လိုင်နာတောင့် ထည့်၍ ရွာရိုး တစ်လျှောက် ဟိုဒီယွန်းတတ်သော ‘စလင်းဒီယွန်း’ မှာ အသံ သာသလိုလို ပြောကြ၏။ ကြုံတုန်း ပြောရလျှင် ထိုစလင်းဒီယွန်း အဖေ ပိုင်သော သမ္ဗာန်မှာ ဘာနှင့် ဝင်တိုက်တိုက် တန်းခနဲ သူချည်း နစ်နစ်သွား၍ ခဏ ခဏ ပြန်ဆယ်ရသဖြင့် ‘တိုက်တန်းနစ်’ ဟု တစ်ရွာလုံး သိလေသည်။ ပရိသတ် ကရုဏာသက်သည်မှာ မွန်သွေးလေး နည်းနည်း စပ်၍ ရိုးလှသော ‘မွန်ရိုး’ ခေါ် လှတပတ ကလေးမ ဖြစ်၏။ သူ့အဖေမှာမူ အလှူတကာတွင် သူ့ ရွှေသွား ကြွားချင်၍ အရိုး ကိုက်ပြတတ်သော နှုတ်ခမ်းမွေးနှင့် ‘ဦးရွှေရိုး’ ဖြစ်သည်။ ရှိတ်စပီးယားကြီး၏ သမီး ဘရစ်တနီ စပီးယား မှာမူ ကာလသားတို့ အကြိုက် တစ်ပေးခံရသူ ကလေးမ ဖြစ်၏။ သို့သော် သူ့အစ်ကို ‘မာဖီး’ တို့ လူစုကို လန့်ရ၍ ဘယ်သူ့မှ ပါးစပ် မယားရဲကြပေ။ ‘ရှိတ်စပီးယားကြီး’ လည်း အနုသမား ဖြစ်၏။ သို့သော် သူက ဇာတ် လိုင်းမှာ ဆရာ ဖြစ်သည်။ တစ်ရွာလုံး ဘယ်သူမှ သူ့လောက် ပြဇာတ် အရေး မကောင်း။ နောက် အနုပညာသမားများလည်း ရွာတွင် များ၏။
‘ဗီသိုဗင်’ ၏ သမီးယောက်ဖ ဂိုးသမား ‘ဗင်ဂိုး’မှာ ရွာတွင် ဇာတ်က၍ နဖူးစည်း ဒူးပိတ် ရေးကြသော် သူ အတော်ဆုံး ဖြစ်လေသည်။ ကျွဲနှင့် နွားသည် ခပ်ဆင်ဆင်ဟု ယူဆ၍ ရေကန်ထဲ နွားများ မောင်းချကာ ကျောင်းကြည့်ဖူးသူ ‘ရေနွား’ ဆိုသော လူကြီးမှာ အစုတ်အပြတ်များ ပြန်ပြင်၍ အသစ် ဖြစ်အောင် လုပ်ပေးတတ်သော ‘ပြင်သစ်’ မိသားစုဝင် ဖြစ်လေသည်။ ပေါချာချာနှင့် ဆယ့်ခြောက်အလီ မရသဖြင့် ကျောင်းထွက်ကာ ထမင်းချက် လုပ်နေသော ဘုန်းကြီး တရားဟော ပလ္လင်ပေါ် ခဏ ခဏ တက်ဆော့၍ အချခံရသည့် ‘ချာလီချက်ပလင်” သည်လည်း ရွာတွင် ဂျိုကာ ဖြစ်၏။
ထိုအနုပညာ အုပ်စု တစ်သိုက်သာမက ရွာထဲတွင် အခြား လူသိုက် များလည်း ပျော်ပျော်ပါးပါး နေထိုင်လျက် ရှိကြသေးပေရာ
မမော် ယောက်ျား ပေါက်စီ ရောင်းစားသည့်၊ သူ့မိန်းမက ချစ်စနိုး နှင့် ငတုံးဟု ခေါ်ခံရသော ‘မော်စီတုန်း’ တို့ အုပ်စုသည် လည်းကောင်း၊ နာမည်ရင်းမှာ ဟင်နရီ ဖြစ်၍ ထိုင်နေလျှင် ဒူး တနန့်နန့်နှင့် ဒူး ဣန္ဒြေ မရသည့် ‘ဟင်နရီ ဒူးနန့်’ တို့ ကာလသား တစ်သိုက်သည် လည်းကောင်း၊
ပပလွှားလွှား ဝတ်စားတတ်၍ လေကလေး တချွန်ချွန်နှင့် ရွာရိုး လျှောက်ကာ စိတ်တိုလွယ်ကြသော ‘ပလေတို’ တို့ အဖွဲ့သည် လည်းကောင်း၊
ကိုကာလီတို့ စက်ဘီး ပြင်ဆိုင်မှ အမောက်ကလေး ပြောင်အောင် ဖီးကာ ဖီးကားနှင့် တစ်ချိန်လုံး ဒါပဲ သနေသည့် ‘ကာလီ ဒါသ’ တို့သည် လည်းကောင်း လွန်စွာ ပြောပြ၍ ကောင်းသည့် ကမ္ဘာ ရွာထဲမှ အကြောင်း များ ဖြစ်သော်လည်း စာရှည်မည်စိုး၍ နောက် ကြုံမှ တင်ပြရပေမည်။
နိဂုံးချုပ် ပြောပြလိုသော ရွာထဲမှ နှစ်ယောက်မှာ မိုက်ကယ် ဂျက်ဆင် နှင့် အတူ လူပျို ဘဝက မိုက်တစ်လုံး ဝယ်ချင်၍ ‘ကယ်ပါ’ လုပ်ဖူးသည့် နောက် မိုက်ကယ် နှစ်ယောက် ရှိလေရာ မြင်းလောင်းစဉ်က အကြီးအကျယ် ရှုံး၍ ဂျော်ကီတွေကို သေအောင် မုန်းကာ သူ့ အိမ်ရှေ့ လမ်းဖြတ်လျှောက်လျှင် ဒန်အိုးနှင့်ကို ထွက်ပေါက်မည်ဟု ကြုံးဝါးထားသည့် အရပ် ရှည်ရှည် ‘မိုက်ကယ် ဂျော်ဒန်’ နှင့် အိုသော် ရိပ်သာ ဝင်မည်ဟု ခဏ ခဏ ပြောတတ်သည့် အရပ် ပုပု ‘မိုက်ကယ် အိုဝင်’ တို့ ဖြစ်လေသတည်း။
ခွေး ဆိုသည်မှာ ….
ဤတဒွန္ဒယာလောက သတ္တဝါ အနန္တတို့၌ ‘ခွေး’ ဟူ၍ ဆိုလိုက်လျှင်ပင် အမြီး တထောင်ထောင်၊ နားရွက် တလှုပ်လှုပ်၊ ဟိုကုတ် ဒီကုတ်၊ သွားစွယ် အဖွေးသားနှင့် တချို့က ဟိုသွား သည်သွား၊ တချို့က ငုတ်တုတ် ပြူးကြောင်၊ တချို့က ခွေခေါက် ငိုက်မြည်း၊ တချို့ကလည်း သွား တဖြီးဖြီး ဟောင်နေတတ်သော ကျွန်ုပ်တို့ အနီး တစ်ဝိုက် ပတ်ဝန်းကျင်တွင် ကပ်ရပ် စားသောက် နေထိုင်နေသည့် သတ္တဝါ တစ်မျိုးကို အဆွေတော်၏ အမြင်တွင် ထင်လာပေလိမ့်မည်။
အနှီ သတ္တဝါသည် အမှတ်မဲ့ထားလျှင် ဘာမှ မဟုတ်ငြားသော်လည်း ကျွန်တော်သည်မှာကား သင်းတို့ကို ချစ်ခင်သော လူအားယား တစ်ယောက် ဖြစ်သည်သာမက စပ်စုတတ်သော ဗီဇလည်း မွေးရာ ပါလေသောကြောင့် မွေးထားသော၊ မွေးခဲ့ဖူးသော ကိုယ့်ခွေးများ အပြင် တောခွေး၊ မြို့ခွေး၊ ဆင်းရဲသားခွေး၊ သူဌေးခွေး၊ ဝဲစားခွေး၊ မျိုးကောင်းခွေး၊ မြန်မာခွေး၊ ဘိုခွေး၊ သင်္ဘောခွေး၊ စစ်ခွေး၊ အနံ့ခံ ပုလိပ်ခွေး၊ မျက်မမြင် လမ်းပြခွေး၊ ကလေ ကချေခွေးက အစ ရှည် တို အလတ် သုံးရပ် ခန္ဓာ အဖြာဖြာသော ခွေး သတ္တဝါတို့ကို လက်လှမ်းမီသလောက် စပ်စု မေးမြန်း ဖတ်ရှု လေ့လာ မိလေသည်။ ထိုအခါတွင်မှ ဤအကောင်စားတို့သည် အန္တရာယ် ထူပြောများပြားလှ၍ စိတ်အပြောင်းအလဲ မြန်လှသော လူ့လောက၌ အလကား ကပ်ရက် စားသောက် အသက်ရှင် နေထိုင်နိုင်လောက်အောင် ‘လည်’ လှသော ဦးနှောက်နှင့် မျိုးရိုး သဘာဝ အပြင် လူစကား မပြောတတ်ငြား လူကြိုက်အောင် ဖားတတ်သော စရိုက် ရှိကြောင်း တွေ့လာရလေသည်။
ပမာ ဆိုရသော် စကား မပြောတတ်ငြား အသံ ထွက်နိုင်သော သတ္တဝါ ဖြစ်ရကား ‘အီ အီ အင် အင်’ အသံပြု၍ လူကို ညုတတ်သကဲ့သို့ အမြီး တလည်လည်နှင့် ဆစ်ဂနယ် signal ပြ၍ စားရအောင် ကြံတတ်လေ့ ရှိကြ၏။ ထိုမျှမက တစ်ခု ထပ်သိလာရသည်မှာ ရှည်လျားလှသော လူသား သမိုင်း တစ်လျှောက် လူနှင့် အတူတကွ သင်းတို့ နေခွင့် ရခဲ့ခြင်းမှာ သစ္စာ ရှိခြင်း၊ သံယောဇဉ်ကြီး၍ စောင့်ရှောက်တတ်သော သဘာဝ ရှိခြင်း၊ သတ္တိ ရှိ၍ စွန့်စားရဲခြင်း၊ အမိန့် နာခံတတ်ခြင်း အစရှိသော ထူးခြား ကောင်းမြတ်သည့် စရိုက် သဘာဝ သင်းတို့၏ မျိုးရိုး ဗီဇတွင် ရှိနေခြင်းတည်း။
ခွေးသမိုင်း၊ ခွေးလောကနှင့် ခွေးမျိုးကွဲ သဘာဝ၊ ခွေးနှင့် လူကြား မှတ်သားလောက်သော ကိစ္စများ၊ ခင်ဗျားနှင့် ကျွန်တော် ကြားဖူးပြီးသော၊ မကြားဖူးသေးသော ခွေးတို့နှင့် ပတ်သက်သည့် ရယ်စရာ၊ ရင်နင့်စရာ၊ မှတ်သား အတုယူစရာ၊ ထိတ်လန့်စရာများ အစရှိသည်တို့ကို သမိုင်းနှင့် တကွ၊ စာအုပ် စာပေနှင့် တကွ၊ သိပ္ပံနည်း ဝိဇ္ဇာနည်းနှင့် တကွ၊ အရပ် စကားနှင့် တကွ နိုင်သလောက် လေ့လာမိသောအခါ ‘ခွေး’ ဆိုသည်မှာ ၄င်း၏ ပြိုင်ဘက် ‘ကြောင်’ သတ္တဝါထက် ပိုမို များပြားလှသော အဖြစ်အပျက် ဇာတ်လမ်း၊ ဇာတ်ကွက် ခွေးဋီကာ စာဖွဲ့ရလောက်သော အကောင်များ ဖြစ်သဖြင့် ကျွန်တော့်မှာ ရေးစရာ အတိုအစ ရလေမလားဟု စေ့ငုမိရာမှ သီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဇာတ်လမ်းရှည် ဝတ္ထုကြီး၊ ဟာသ ပုံပြင်မှ အစ သေသည် အထိ ရေးစရာ မကုန်နိုင်အောင်ကို ပွထစွာ ရရှိလာရကား ဤအကြောင်းချည်းသာ ထိုင်ရေးနေရလျှင် ကျွန်တော်၏ နာမည်သည်ပင် ‘အရိုး’ ဘဝမှ ‘ခွေးရိုး’ ခေါ်ခံရကိန်း ရှိလေသည်ကို တွေ့ရလေသည်။ သို့ရာတွင် နိမ့်ကျသော အဟိတ် တိရစ္ဆာန်ပင် ဖြစ်လင့်ကစား နိုင်ငံတကာ ကမ္ဘာနှင့် ချီ၍ တွေ့ရသည်မှာ ခွေးနှင့် ပတ်သက်၍ လူတို့သည် အသင်း အဖွဲ့များပင် တည်ထောင်လျက် ကိစ္စ အရပ်ရပ်တွင် စီးပွားရေး အရပါ အမြတ် ရနေသည့် အပြင် တစ်နေရာတွင် သူငယ်မတစ်ယောက်သည် ခွေးတစ်ကောင်ကို ပြုစု ထိန်းကျောင်းခွင့် ရသဖြင့် ဂုဏ်ယူနေပုံ ရသော မျက်နှာထားကို ကျွန်တော် ကိုယ်တိုင် ကြုံခဲ့ရပါသဖြင့် သတ္တဝါတို့၏ ကံကို သံဝေဂ ရခဲ့ဖူးလေသည်။ ထို့ပြင် စာပေနယ် အရေးအသားတွင် မြင်ပင် မမြင်လိုက်ရဖူးသော်ငြား ကျွန်တော် အလွန် ကြည်ညို လေးစားသော ဆရာကြီး ဦးရွှေဥဒေါင်းမှ အစ ကျွန်တော် ကျင်လည်ရာ အနုပညာ၊ ကွန်ပျူတာ လောက ကျွန်တော့် ပတ်ဝန်းကျင် ပေါက်စနမှာပင်လျှင် ခွေးကို ခင်မင် မေတ္တာထားသူ များလှကြောင်း တွေ့ရသည့် အလျောက် ခွေး အကြောင်းကို အထိုက်အလျောက် ကျွန်တော် သိသလောက် ဖောက်သည် ချပြလိုက်ရပါသည်။ ဤစာစုတို့သည်ကား ခွေးနှင့် လူကြား မြောက်မြား လှစွာသော ကိစ္စရပ် အဝဝကို ကျွန်တော့်ဘက်က အမြင်နှင့် တကုပ်ကုပ် အလုပ်ရှုပ်ခံ၍ ဘုတ်အုပ် အဖြစ် တရှည်တလျား ရေးသားဆဲ အနက်မှ ကဏ္ဍ တစ်ပိုင်းသာ ဖြစ်၍ အဆင်ပြေမည် ဆိုပါက ခင်ဗျား ဖတ်၍ အလုပ်ရှုပ်အောင် ကျွန်တော် အကုန်လုံး စု၍ ထုတ်ရန် အကြံ ရှိပါသဖြင့် ကန့်ကွက်လိုပါက အမြန်သာ လှမ်းတားကြဖို့ ဖြစ်ပါသည်။ ခွေးနှင့် လူ ယှဉ်ကြည့်လျှင် မည်ကဲ့သို့ ရှိလေသနည်းဟု အတွေးရသည့် အလျောက် ကျွန်တော်၏ အမြင်မှာ အောက်ပါ အတိုင်းသာ ဖြစ်ပါသည်။
- သတ္တဝါတို့၏ သက်တမ်းသည် ခန့်မှန်း၍ မရသည့် ကံပါ အတိုင်း ဖြစ်သည့် အလျောက် ခွေးနှင့် လူသည် ငယ်ငယ်နှင့်လည်း သေနိုင်သလို အလယ် အရွယ်နှင့်လည်း သေနိုင်၍ ကြီးမှလည်း သေနိုင် သည် ဖြစ်ရာ သေမှာ သေချာသည်ဟု ကောက်ချက်ချရ၍ ‘အကြို မသာ’ သတ္တဝါချင်းဟု ယူရပေ၏။
- ယေဘုယျအားဖြင့် လူသည် တစ်ယောက်ချင်း မွေး၍ ခွေးသည် အပြုံလိုက် မွေးတတ်ခြင်း သဘော ရှိရာ အကယ်၍ လူအနေဖြင့် ယူရပါမူ အမြွှာပူး တစ်စုံ မွေးလျှင် သဘာဝကျ၍ မဆန်းလှသေးပါ။ သုံးယောက် ထွက်လာလျှင် နည်းနည်း ဆန်းလာပါပြီ။ လေးယောက် တစ်ပြူး မွေးလျှင် တော်တော် ဆန်းလာပြီ ဖြစ်၍ ငါးယောက်ပြူး၊ ခြောက်ယောက်ပြူးမှသည် ခုနစ်ယောက်ပြူး ရှစ်ယောက်ပြူး အထိ ရှိလာခဲ့သည် ရှိသော် ‘ခွေးလုလု’ ဟု ယူသော် ရလောက်ပေ၏။
- လူများမှာ ဖခင် ထင်ရှား ရှိပြီးသား ဖြစ်၍ ခွေးများမူကား တိရစ္ဆာန် သဘာဝ ဘဝပေး အရ ဘယ်ခွေး လက်ချက်ကြောင့် ကလေး မွေးဖြစ်မှန်း မသိသဖြင့် ခွေးကလေးများ ဘယ်ခွေး အဖေ ခေါ်ရမှန်း မသိ ဖြစ်ရှာကြခြင်းသည် ကိစ္စ မရှိသော်ငြား လူကလေးငယ်များ ဖခင် မထင်မရှား မွေးဖွားမိလျှင်မူ လွန်စွာ စက်ဆုပ်ရွံရှာ အော့နှလုံးနာစရာ ဖြစ်လေသောကြောင့် ထိုအပြစ်မျိုး လွန်ကျူးသူ လူများအား ‘ခွေး’ ဟု ခေါ်လျှင် နာရန်ပင် မရှိရုံမက ထို့ထက် တစ်ခွသော စကားလုံးများ ရှာထားသင့်ပေသည်။ သို့သော် ကျွန်တော် မြင်သည်ကား လူသား လောကတွင် အသိဉာဏ် ရှိပါလျက် အထက် အဖြစ်အပျက် ကဲ့သို့ ပက်စက်သော ကိစ္စများ ကြားသိနေရခြင်းသည် ‘လူသည် ခွေးထက် မြင့်မြတ်၏’ ဟူသော အယူ အတွက် ထောက်ကွက် ရ၍ မေးခွန်း ထုတ်ပြစရာ ပြဿနာဟု ယူသော် ရ၏။ နောက်ဥပမာ တစ်ခုမှာလည်း ….
- ခွေးမများသည် မိမိ ကလေးငယ်များကို အများအားဖြင့် အထိပင် မခံအောင်၊ ဖခင် မရှိငြား မေတ္တာကြီးစွာ ထားကြသော်လည်း လူလောက တွင်မူ ဖခင် မထင်ရှား မွေးဖွားရုံမက စွန့်ပစ်၍ပါ ပြေးတတ်ကြသဖြင့် ဆေးရုံနှင့် မိဘမဲ့ ဂေဟာများမှ စောင့်ရှောက်ထားကြသော လူကလေးငယ်များ အထင်အရှား ရှိသည်ကို ကျွန်တော် သိရရာ ရက်စက်လှသော မိဘများ ဖြစ်သည်နှင့် အညီ ကြောက်လန့်မိရုံ အပြင် အန်ချင်စိတ်ပါ ထို လူစားများ အပေါ် ဖြစ်ခဲ့ရဖူးလေသည်။
- လူသည် အရှက် အကြောက် အသိဉာဏ် ရှိ၍ အဝတ်အစား ဝတ်ဆင် ယဉ်ကျေးမှု ရှိသလောက် ခွေးကား တုံးလုံး ဖြစ်၍ လွတ်လပ်သော သဘော ရှိပေငြား လူများသည် မိမိ ကိုယ်တိုင် ဝတ်ဆင် ခြယ်သရုံ အားမရဘဲ မွေးထားသည့် ကိုယ့်ခွေးကိုပါ အင်္ကျီဝတ်၊ ဖဲပြားချည်၊ လည်ပတ် မျိုးစုံနှင့် သရုံမက အမွေးပါ ညှပ်ပေးထား၍ စိတ်အိုက်နေရှာသော ခွေး မျက်နှာကို တစ်ခါ၊ နှစ်ခါ ကျွန်တော် မြင်ဖူးပါသည်။ ထိုကိစ္စ ပြောင်းပြန် လှန်၍ တွေးရသော် အကယ်၍ လူရော ခွေးပါ ဝတ်စရာ မလို တုံးလုံး ယဉ်ကျေးမှု ထွန်းကားခဲ့ပါလျှင် ကျွန်တော်တို့ စားဝတ်နေရေး ကိစ္စတွင် ‘ဝတ်’ တစ်လုံး ပြုတ်သဖြင့် အတော်ပင် အလုပ်ရှုပ်သက်သာမည့် အပြင် ရည်းစား၊ မိန်းမ စသူတို့အား ဆင်ပေးရန် ပိုက်ဆံကုန် သက်သာ သွားသောကြောင့် အကျိုး လွန်စွာ များနိုင်သည်ဟုလည်း ယူသော် ရ၏။
- လူသည် ကွေ့ကောက် ကြံစည် ဉာဏ်နီဉာဏ်နက်များလှ၍ တရားဥပဒေများနှင့် ပုဒ်မထုတ် ထိန်းချုပ်ပေးရသော်ငြား ခွေးမူကား တရားရုံး မရှိသဖြင့် အကယ်၍ လူနှစ်ယောက်နှင့် ခွေးနှစ်ကောင်သည် သဘောချင်း ခပ်ဆင်ဆင် မကြည်လင်သဖြင့် တစ်ဦးကို တစ်ဦး၊ တစ်ကောင်ကို တစ်ကောင် တွယ်ကြလေသော် အတိုချုပ်လျှင် လူတွင် တစ်ယောက် အံပုံ ပြုတ်လျှင် တစ်ယောက် အချုပ်ခံရသော်လည်း ခွေးတွင်မူ ရန်ပွဲ ပြီးသော် ခံရသည် ဖြစ်စေ၊ ကိုက်ရသည် ဖြစ်စေ နှစ်ကောင်သား လမ်းပေါ် သွားလျက်သာ မြင်ရမည် ဖြစ်ပေသည်။
- မျိုးကောင်းသော ခွေးသည် တစ်နှစ်လုံး နေမှ ဟိုစိတ် တစ်လသာ ထသော်ငြား လူမူကား အရွယ် ရောက်သည်မှ စ၍ တစ်နှစ်တာပတ်လုံး တရွရွ ဖြစ်ကြလျက် အသက် ထွက်မှ ငြိမ်သည်သာမက ခွေး သဘာဝတွင် ခွေးမ အဓိက ကျ၍ သဘောမျှလျှင် အဆင်ပြေသော်လည်း လူတွင်မူ လူမှုကျင့်ဝတ် စည်းကမ်းများ ရှိထားပေရာ ရူးတတ်သော သတ္တဝါချင်း အတူတူ ဖြစ်၍ စိတ်ဖောက်ပြန်သော် အငယ်အနှောင်း၊ မျောက်မ စသည် စသည်ဖြင့် လူ့လောကတွင် မုန်လာဥ ကိစ္စများ များပြားလေသည်ဟု ယူသော် ရ၏။
- လူသည် ဝမ်းစာနှင့် သဏ္ဌာန် တူသည့် စီးပွား ဥစ္စာ အစာ ရှာရာတွင် တစ်ဦးနှင့် တစ်ယောက် လုလောက်သော ကိစ္စ၌ တည့်တည့် ရင်ဆိုင် အပြိုင်ကိုင်ကြရုံနှင့် အားမရဘဲ ကလိန်ကျ၍ လိမ်ကြရုံနှင့် မဝ၊ ချောက်တွန်းခြင်း၊ အဆင်း ဘီးတပ်ခြင်း၊ ကျော်ရိုက်ခြင်း၊ ခွင်ဖန်ခြင်း၊ မက်လုံးပေး ငါးစာ ချခြင်း၊ လက်ဝါးကြီး အုပ်ရန် ကြံခြင်း စသဖြင့် ရေးရလျှင် မဆုံးနိုင်လောက်အောင် အမျိုးမျိုး အဖုံဖုံ စုံလင်အောင် အချင်းချင်း ဖဲ့ကြသော်လည်း ခွေးလောက အစာ လုကြရာဝယ် ကိုက်ကြ၊ မာန်ကြရုံထက် မပိုကြောင်း၊ ခွေးတစ်ကောင်သည် အခြား ခွေးတစ်ကောင်၏ အစာအား မက်လုံး ပေး၍ လိမ်ပြေးသွားသည်ကို ကျွန်တော် ဒီအသက်အရွယ်ထိ မြင်ဖူးဖို့ အသာထား ကြားမျှ ကြားဖူးခြင်း မရှိသည်ကို ထောက်၍ ခွေးသည် လူထက် ဤနေရာတွင် ဗိုက်ဝအောင်သာ စား၍ ပိုသော်လည်း ရေခဲသတ္တာထဲ သိမ်းရန် ယူသွားခြင်း မရှိသည်လည်း တစ်ကြောင်းကြောင့် အသိဉာဏ် နည်း၍ (ဝါ) စိတ်ကောင်း ရှိ၍ လောဘ နည်းသည်၊ ရိုးသည်ဟု ယူသော် ရ၏။
- ခွေးသည် လူကို သခင်ဟု သတ်မှတ်ရာတွင် မွဲသည် ထောသည်၊ လှသည် ရွဲသည်၊ ဖြူသည် မဲသည်၊ ဖြောင့်သည် ကောက်သည်၊ မည်သည့် ဘာသာ ကိုးကွယ်သည် စသည်ဖြင့် အယုတ်၊ အလတ်၊ အမြတ် မခွဲ တသားတည်း သစ္စာ ရှိသော်ငြား လူက ခွေးကို မွေးလျှင်မူ လူသည် လှသော၊ မျိုးကောင်းသော၊ လိမ္မာသော၊ ခြံလုံသော၊ မကိုက်တတ်သော၊ ဝယ်၍ မွေးလျှင် ဈေးမှန်သော စသည်အားဖြင့် ကိုယ့် အတ္တနှင့် အညီ ခွေး ရှေ့တွင် နာမဝိသေသန များစွာ ထား၍ ဘိုနာမည်၊ ဗမာ နာမည်၊ ဂျပန်၊ တရုတ်၊ ကုလား၊ ကပ္ပလီ နာမည် ပေါင်းစုံ စိတ်တိုင်းကျ ပေးထား ကြသည့် အပြင် သူ့ခွေးသည် ငါ့ခွေးထက် ပိုကောင်းသည်ဟု ထင်သူ လူစား များလှ၍ လူသည် ခွေးလောက် ဘယ်တုန်းကမှ သစ္စာ မရှိဟု ကောက်ချက် ချရလေ၏။ ပြောင်းပြန် တွေး၍ ခွေးက သခင်ကို ငယ်မှ၊ ချောမှ၊ ချမ်းသာမှ၊ နို့ပြတ်မှ၊ ဉာဏ်ကောင်းမှ၊ လိမ္မာမှ၊ အမြီး နန့်ပြလျှင် လက်ဖျောက် တီးတတ်မှ၊ ချေး မစားမှ စသဖြင့် ရွေးရုံမက ဟိုဘာသာ ကိုးကွယ်တဲ့ သူ့သခင်က ဒီဘာသာ ကိုးကွယ်တဲ့ ငါ့သခင်ထက် သာတယ် ဟု တွေးသော် ခံရုံသာ ရှိပေတော့သည်။
- လူနှင့် ခွေးတို့သည် ရုပ်နာမ် ရှိသော သတ္တဝါမျိုး ဖြစ်ကြ၍ ခန္ဓာ ရှိလျှင် ဝေဒနာ ရှိသည် ဟူသော တရားတော် အရ အသက် ရှင်စဉ် ဖြစ်စေ၊ သေခါနီး ဖြစ်စေ ဝေဒနာ ခံစားရလေလျှင် လူသည် လွန်စွာ အဖြစ်သည်း၍ ဆေးထိုး ဆေးသောက်၊ ဆရာဝန်ပြ၊ ဆေးတိုက်ပြ အပြုစုခံချင်၊ ညည်းညူ၊ ဟစ်အော်၊ သေသော် အသုဘ ချရ၊ မသေခင် တတွတ်တွတ် မှာလို မှာကြနှင့် တော်တော် အကဲမရ ဖြစ်လျက် ယောက်ယက်ခတ်လွန်းကြသော်လည်း ခွေးများ ဝေဒနာ ခံစားရ၍ အသက် ထွက်ခါနီးတွင်ပင် ညည်းညူ အူဟောင်နေသော ခွေး ရှားလှလျက် သခင် ကံကောင်းသော ခွေး တချို့မှ အပ အများစုမှာ ဝေဒနာကို အောင့်အီး ကြိတ်မှိတ် ခံစားကြကာ သေမင်းနှင့် မျက်လုံး တည့်တည့် ရင်ဆိုင်ကြည့်၍ တစ်ကောင်တည်း ရဲရင့်စွာ သေရွာ လိုက်တတ်ကြပေရာ ဝေဒနာ ရောဂါတို့နှင့် သေခြင်းတရားကို ရင်ဆိုင်ရာတွင် ခွေးသည် လူ့ထက် သတ္တိ ပိုလေ သည်လောဟု အမေးနှင့်တကွ စုံစမ်းရန် ကျွန်တော့်ထံတွင် ကြွေးကျန် ရှိသည်ဟု ယူရပေတော့သည်။
ဤသည်မှာကား ခွေးလောကနှင့် လူ့လောက အကြား စဉ်းစား လေ့လာစရာ မြောက်မြားလှစွာသော ကျွန်တော်၏ ကိစ္စများ အနက်မှ ကွက်၍ အပေါ်ယံ ရှပ်ကာ အနည်းငယ် အချက်အလက်သာ တင်ပြလိုက် ရခြင်း ဖြစ်လေသည်။ အဆုံး အနေအားဖြင့် ခွေးနှင့် လူကြား ခြားနားချက် ပုံတိုလေး တစ်ခုဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပေသည်။
အခါ တစ်ပါး၌ လူတစ်ယောက်သည် အိမ်မှ ထွက်၍ ဈေးဘက်သို့ သွားလေသော် သူ၏ ခွေးသည်လည်း အိပ်နေရာမှ ငေါက်ခနဲ ထ၍ သခင်နောက်သို့ တရွရွ ပြေးလိုက်လာလေရာ သခင်က ပြန်လှည့်၍ ‘တောက် … နေခဲ့စမ်း’ ဟု ကြိမ်းသော်လည်း မရဘဲ ခပ်လှမ်းလှမ်းမှ အကဲခတ်ကာ ပါလာလေသဖြင့် ထိုလူလည်း မမာန်တော့ဘဲ ဆက်သွားလေ၏။ ခရီးလမ်း တစ်ခုလပ် ညောင်ကြပ်ပင် တစ်ပင်အောက် ရောက်လေသော် လူသည် အသိ တစ်ယောက်နှင့် တွေ့၍ ခွေးကို လက်ညှိုးထိုးပြလျက် ‘ကျွန်တော့် ခွေးဟာ သွားရာ တကောက်ကောက် လိုက်တတ်လွန်းလို့ ဒီစရိုက် ခင်ဗျား သဘောကျရင် ခေါ်သွားနိုင်မလား’ ဟု ပြောနေချိန်တွင် ခွေးသည်လည်း အခြား ခွေးတစ်ကောင်ကို တွေ့သဖြင့် ဟောင်၍ နေလေသည်။ ဤအခြင်းအရာကို မာဂဒဘာသာ နားလည်သော ညောင်ပင် ရုက္ခစိုးက တွေ့မြင် ကြားရသောအခါ သံဝေဂ ပွားလေသည် ဟူ၏။ ရုက္ခစိုး ကြားသော ခွေး ပြောသည့် စကားသည်ကား …
‘ငါ့သခင် ဘယ်သွားသွား သူ့ခမျာ တစ်ကိုယ်တည်းသမား ဆိုတော့ အကူ အကယ်ရအောင် ပင်ပန်းတယ် သဘောမထား သေမှပဲ စုပြီး နားတော့မယ်’ ဟူ၍ ဖြစ်လေသည်။
အလုံး ဆိုသည်မှာ….
အားကစား လောကတွင် ‘အလုံး’ ကိစ္စသည် အတော် နေရာ ရနေပေသည်။ ဤစကား ထင်ရှားပုံကို ရှုကြကုန်လော့။
ကမ္ဘာ တဝှမ်း ထင်ရှားသော ‘ဘောလုံး’ ကစားနည်း ဆိုသည်မှာ ‘အလုံး’ တစ်လုံးကို လူတစ်လှေကြီးက ကွင်းပြောင်ပြောင် တစ်ခုထဲတွင် သူရ ငါရ ခြေထောက်နှင့်သာ ပညာပြ လုယက်ကြ၍ သူ့ အပေါက်ထဲ ကိုယ်ကန်၊ ကိုယ့် အပေါက်ထဲ သူကန်နှင့် အပြိုင်အဆိုင် နှံကြရသော အားကစား ဖြစ်ရာ ဒိုင်လူကြီး ဆိုသည့် (သူလည်း မကန်ရပါဘဲ) ဟိုပြေး ဒီပြေးနှင့် စည်းကမ်းတွေ ထုတ်တတ်သော မည်းမည်း ငနဲတစ်ကောင် ဝင်ရှုပ်နေသည်မှ အပ ကြည့်၍ ကောင်းလှသော ကိစ္စ ဖြစ်ပေ၏။
‘အလုံး’ တစ်လုံးကို ခြေနှင့် မကန်ဘဲ လက်နှင့် ပုတ်၍ နွှဲရသော အခြား အားကစား နှစ်ခုမှာကား ကွင်းခလယ် အလယ်တွင် ပိုက်တား၍ လူအုပ်စု နှစ်ဖက်မှ မမှီမကမ်း လှမ်းလှမ်း ပုတ်ရသော ‘ဘော်လီဘော’ ကိစ္စနှင့် မိုးပေါ် မြှောက်ထားသော ခြင်းပေါက် နှစ်ခုထဲ သူ့ဘက် ကိုယ့်ဘက် ခွဲ၍ လက်နှင့် လုယက် ခုန်ပေါက် ပစ်ထည့်ရသော ‘ဘတ်စကတ်ဘော’ ကိစ္စတို့ ဖြစ်ရာ နှစ်နည်းလုံးမှာ မမှီမကမ်း လုပ်ကိုင်ရသော သဘော ရှိသည် ဖြစ်၍ ထိုအားကစား လိုက်စားသူများ ခမျာ ကြာသော် ကျလျှင် ကျ၍ ကျကျ မကျကျ ရှည်လာတတ်ကြသည်မှာ ပြောစရာ လိုသည် မဟုတ်ပေ။
နောက် ‘အလုံး’ ကိစ္စ တစ်ခု ရှိသည်မှာ ပေါ့ပေါ့ပါးပါး လုပ်ထားလည်း ရပါလျက် ဒုက္ခ ပေးရန် အကြံနှင့် မလေးလေးအောင် စီမံထားသော ဘောပြောင် ချောချောကို ပြေးလမ်း ပြောင်ချောချောပေါ်သို့ ဖိနပ် ပြောင်ချောချော စီးကာ ပြောင်ချော်ချော် ရုပ်နှင့် ငုတ်တုတ်ခံနေသော အတံဖြူကလေးများကို မှန်အောင် လှိမ့်၍ ပစ်ကစားရသော ‘ဘိုးလိန်း’ အားကစားပင်တည်း။
နောက် ‘အလုံး’ အမျိုးမျိုးကို တုတ် အမျိုးမျိုးနှင့် ရိုက်နှက် ကစားရသော အားကစားနည်း များစွာလည်း ရှိနေလေသေးပေရာ ကူလီ ကူမာ အကြံနှင့် မသိသူ အမှတ်တမဲ့ ခြေနှင့် သွားကန်မိလျှင် မချိမဆန့် ခံရနိုင်သည့် သစ်သား အလုံးကို သားရေပြား အုပ်၍ တုတ်ပြားပြားနှင့် ရိုက်နှက် ဆုံးမ ကစားရသည့် ကျီးသား ရိုက်ပုံနှင့် ခပ်ဆင်ဆင် ‘ခရစ်ကက်’ အားကစားသည် လည်းကောင်း၊ သူနှင့် သဘောတူ ဘယ်သူ အဖေ၊ ဘယ်သူ သား ဖြစ်၍ ဘယ်ဟာ အရင် စပေါ်ခဲ့သလဲ ကျွန်တော် မကွဲသော သားရေ အလုံးကို တုတ်လုံးလုံးနှင့် ရိုက်ကစားကြသည့် ‘ဘေ့စ်ဘော’ အားကစားသည် လည်းကောင်း၊ လိမ္မာသော်လည်း ပြေးချင် လွှားချင် ရှိလှသည့် မြင်းသတ္တဝါကို တက်စီးပြီးကာမှ (အချို့ ဒေသများတွင် မြင်း အဆင်မပြေသဖြင့် ကုလားအုတ်ကြီး ခွ၍ ဆော့ကြသည်ဟု ကျွန်တော် ကြားဖူး၏) ကုန်းကုန်း ကွကွနှင့် မြေပြင်မှ ‘အလုံး’ ကို တုတ်တံနှင့် လိုက်ကြုံး ရိုက်ရသော ‘ပိုလို’ အားကစားသည် လည်းကောင်း၊ နောက်မှ မြင်းပေါ်မှ တဖုန်းဖုန်း ကျကြလွန်းသဖြင့် တင်းလာကြ၍ မြင်းကို ဖယ်ကာ လူသက်သက် ဆက်တွယ်ကြပုံ ရသည့် ‘ဟော်ကီ’ အားကစားသည် လည်းကောင်း၊ ခုန်ဆွ ခုန်ဆွနှင့် ဘယ်လိုမှ အငြိမ် မနေသည့် အမွေးတောင် ပေါက်နေသေးသော သားရေ အလုံး သွားရာနောက် ဖတ်ဖတ်မောအောင် လိုက်၍ ‘ရက်ကက်’ ခေါ်သည့် လက်နက် တုတ်တံဖြင့် တစ်ယောက် တစ်ချက်၊ ဟိုဘက် သည်ဘက် နှက်ရသည့် ‘တင်းနစ်’ အားကစားသည် လည်းကောင်း၊ နောက်မှ ပင်ပန်းလွန်းလှ၍ သက်သာရာ ရစိမ့်သောငှာ နည်းနည်း သေးငယ်သော ‘အလုံး’ ကို ခုံပေါ်ဝယ် တစ်ဖက် တစ်ချက် ရက်ကက် ငုတ်တိုလေးများဖြင့် ရိုက်ကစားကြည့်ရာ မသက်သာသည့် အပြင် ပိုသေးသော ‘အလုံး’ သည် ပိုခုန်၊ ပိုသွက်လေသဖြင့် ကစားသူ နှစ်ယောက် ခမျာ ဆတ်စလူး ခါရရှာလေသော ပင်ပေါင် ခေါ် ‘Table tennis’ ကစားနည်းသည် လည်းကောင်း၊ ‘အလုံး’ ကို တုတ်တံနှင့် ရိုက်ရတာချင်း တူသော်ငြား တစ်ခါ ရိုက်လျှင် တမျှော်တခေါ်ကြီး ရောက် ရောက်သွားသဖြင့် ရိုက်ရတာ နည်းနည်း၊ နောက်က လိုက်နေရ ပျောက် သွားလျှင် ရှာနေရသည်က များကာ အချိန်ကုန် လျှာထွက် တစ်ပွဲ တစ်ပွဲ ပြီးလျှင် ပက်လက် ဖြစ်နေတတ်သည့် ‘Golf’ ခေါ် ဂေါက်သီးရိုက် အားကစားသည် လည်းကောင်း စသည် စသည်အားဖြင့် လူတို့သည် အလုံး တစ်လုံး ရလျှင် မျိုးစုံအောင် ဆော့ကြ၍ ‘အလုံး’ အားကစားများ ပွထနေအောင် ရှိပေ၏။
ထိုမျှသာမကသေး အလုံး တစ်လုံးနှင့် ကုန်းပေါ်မှာ ဆော့၍မှ အားမရ ရေထဲထိ ဆင်း၍ အလုံးနှင့် ကမြင်းကြော ထကြသည့် ‘Water polo’ ခေါ် ရေဘောလုံး အားကစားသည် လည်းကောင်း၊ တုတ်နှင့် မရိုက်ဘဲ တုတ်နှင့် ထိုးလျှင် ဘယ်နှယ် နေလေမည်လဲဟု တွေးထင်သည် သာမက တစ်လုံး ဆော့ရသည်ကို အားမရ အလုံး တပြုံတမ တုတ်နှင့် ဝိုင်းထိုးကြသည့် ‘ဘိလိယက် စနူကာ’ အားကစားသည် လည်းကောင်း စသဖြင့် အလုံးနှင့် ပတ်သက်၍ ကပ်သီးကပ်သပ် ကိစ္စများ များစွာ ရှိနေလေသည်။
လူသတ္တဝါ ဆိုသည်မှာလည်း အလုံးကြီး တစ်လုံးပေါ်တွင် ကပ်ရပ် နေကြရသည် ဖြစ်လျက် ထိုအလုံးကြီးကို ‘ကမ္ဘာလုံးကြီး’ ဟု သူတို့ဟာ သူတို့ နာမည် ပေးထားကြသေးသည် ဖြစ်သည့် အလျောက် ‘အလုံး’ မြင်လျှင် စိတ်ဝင်စားတတ်ကြသည်မှာ ဆန်းလှသည်ဟုတော့ မဆိုနိုင်ပါပေ။ (ကမ္ဘာလုံးကြီးကို သူ့ အလုံးကြီး ငါ့အလုံးကြီးဟု ယနေ့ အချိန် အထိ မလုကြသေးသဖြင့် သက်ပြင်းချရသော်ငြား လုချင်ချင် သဘောများ တွေ့လာ ရ၍ စိတ်ချရသည်ဟုတော့ မဆိုသာပေ။)
မည်မျှ အလုံးကို ချစ်ကြပါသနည်းဟူမူ ဘယ်လိုမှ မလုံးသော ကိစ္စ (ဥပမာ အုတ်ခဲ) ကိုပင် တစ်လုံး နှစ်လုံးဟု သမုတ်ချင်ကြ၍ ရှည်ရှည် ဖြစ်နေသော အရာ (ဥပမာ ဝါးနှင့် သံပိုက်၊ ပလတ်စတစ်ပိုက်) ကိုမျှ တစ်လုံး နှစ်လုံးပင် ခေါ်ခဲ့ကြ၍ ‘တစ်လုံး’ မက ‘နှစ်လုံးပြူး’ ဟူ သော သေနတ် အမျိုးအစားပင် ပေါ်ခဲ့သည် ဖြစ်ရာ တစ်ခေတ် တစ်ခါက သူကြီးများ ဂိုက်ထွားစရာဟု ရာဇဝင် အလာ ရှိလေ၏။ သို့သော် ကျွန်တော် ဆိုချင်သည်မှာ နှစ်လုံးပြူး ကိစ္စ မဟုတ်၊ အခြား အလုပ်သာ ဖြစ်၍ နှစ်လုံးပြူးကို ခဏ ထောင်ထားလိုက်ရပေသည်။
ဆိုခဲ့သည့် အတိုင်း လူတို့သည် ‘အလုံး’ ကို စိတ်ဝင်စားသကဲ့သို့ ကျွန်တော်သည်လည်း အမြီးလည်း မပေါက်၊ မှတ်ပုံတင်လည်း လက်ဝယ် တွင် ရောက်နေသဖြင့် လူဖြစ်လောက်သည်ဟု အထင်ရသဖြင့် ‘အလုံး’ နှင့် ပတ်သက်သော အားကစားများကို စိတ်ဝင်စားလေသည် ဖြစ်သော်လည်း စပ်စပ်စပ်စပ်နှင့် ဘာမှ မတတ်သည့် သန္ဓေ ပါသည့် အလျောက် ဘယ် တစ်ခုတွင်မှ မပေါက်မြောက်သော်လည်း နိုင်သလောက် ဝင် ဝင်ကြဲဖူးလေရာ အောက်ပါအတိုင်း ဖြစ်လေသည်။
ကနဦး အစ ကျွန်တော်နှင့် ‘အလုံး’ ပတ်သက်ရသည်မှာ ‘ဘော’ ဖြစ်လေရာ ‘ဘော’ သည် ‘ကန်’ နှင့် တွဲ၍ မှတ်ထားမိလေသဖြင့် ငယ်စဉ်ကပင် ကျွန်တော့်ရှေ့ ဘာ ‘ဘော’ ကျလာလာ ကန်လိုက်ရမှ နေသာထိုင်သာ ရှိလေရကား မှန်များ ကွဲခြင်း၊ သူများ သွားမှန်ခြင်း၊ ထွက်ပြေးဖူးခြင်း၊ မိသွား၍ အရိုက်ခံ အဆူခံ အတိုင်ခံ ဒဏ်ပေးခံရခြင်း၊ ဘောမကန်မိဘဲ ခဲကန်မိခြင်း၊ ဘောနှင့် ခြေ လွဲ၍ ပက်လက် လဲခြင်း၊ ကိုယ် ကန်၍ သူများ မှန်ကာ အချင်းချင်း ထိုးရခြင်း၊ ခြေဦးတည့်ရာ ကန်တတ်၍ ဘောပေါက်သွားခြင်း၊ ဘောမြင်လျှင် ဝင်ဝင် ကန်မိတတ်၍ လိုရင်းကိစ္စ မေ့သွားခြင်း စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ဖြစ်ပျက်ခဲ့၍ ဘောနှင့် ကျွန်တော် တွဲလျက် ကြီးပြင်းလာခဲ့လေသည် ဖြစ်ရာ မိုးရွာလျှင် မိုးရွာ၍ ဘောကန်ပြီး မိုးမရွာလျှင်လည်း ကန်တာပဲ ဖြစ်လေသည်။ ဘော နှင့် ကန်ကို မည်မျှ တွဲ၍ မှတ်ထားမိလေသနည်း ဟူမူ လူပျိုပေါက် ဘဝ သွေးကြွ၍ တစ်ယောက်နှင့် တစ်ယောက် ဘေကြသော ကိစ္စတွင်ပင် တစ်ပါးသူက လက်သီးကို သုံးသော်ငြား ကျွန်တော်က ခြေကို အရင် သုံးသည် ဖြစ်၍ မျက်လုံး ပြူးအောင် ခံလိုက်ရရှာသူများ ရှိခဲ့ဖူးလေသည်။ အသက် ကြီးလာလတ်သော် ဘောကို တစ်မျိုးတစ်မည် ကန်နေကြသည်ကို ဆိုသည်မှာ သဘောကျ၍ ‘ဘော’ ‘ဇ’ မသေးသည်လည်း ဖြစ်ရာ ကျွန်တော်ပါ ထိုသို့ ဝင်ကန်မိသဖြင့် အိပ်ရေးတွေပျက်၊ မျက်တွင်းကလည်း ဟောက်ပက်၊ စာစောင်ဖိုးလည်း အိတ်ထဲက ထွက်လျက် နောက်ဆုံး ဟိုးအဝေးကြီးမှာ သူတို့ဟာ သူတို့ ကန်နေသော ဘောက ကျွန်တော့် လာမှန်၍ လန်ကျန်ခဲ့သည်တွင်မှ ဘောကိစ္စ တစ်စခန်း ရပ်၍ ‘ဘော’ ဇာတ်သိမ်းခဲ့လေသည် ဖြစ်သောကြောင့် အရှေ့ အလယ်ပိုင်း ဒေသတွင် စစ်သွေးကြွများ ရှိသည်ကို သိရသော အခါမှ ကျွန်တော်လည်း ဘောသွေးကြွ ဖြစ်ခဲ့ဖူးကြောင်း ဇာတ်ဟောင်း လှန်ပြရပေသည်။
သို့ရာတွင် ‘Soccer’ ဆို တော်ပါဟု စိတ်ပင် နာသော်ငြား အလုံး မြင်လျှင် လက်ယားတတ်သည့် အားလျော်စွာ ပိန်ရှည်ရှည် ခန္ဓာလည်း ရှိသည့် အလျောက် ဘတ်စကတ်ဘော တဗြောက်ဗြောက် ဝင်ပုတ် မိပြန်ရာ ထိုကစားနည်းမှာ (ကစားဖူးသူများ သိကြသည့် အတိုင်း) ဘောပစ် ဘောဖမ်း ကျွန်တော် မကျွမ်း ဖြစ်သည့် အတွက် လက်ချောင်း ဆယ်ချောင်းတွင် ကိုးချောင်း ခေါက်၍ လူမြင်လျှင် အနူ ထင်လောက်အောင် ပတ်တီး အဖွေးသား ဒဏ်ကြေလိမ်းဆေးနံ့ တလွှားလွှားနှင့် ဆေးခန်း သွားခဲ့ရသည်က တစ်ကြိမ်၊ သူများ ပစ်လိုက်သော ဘောကို လက်နှင့် မဖမ်းဘဲ မျက်နှာနှင့် ဖမ်းမိ၍ မျက်မှန်ခမျာ ကြားထဲက အချောင် ကျိုးခဲ့ရရှာသည်ကလည်း တစ်ကြိမ်၊ ဖားနှင့် သားပိုက်ကောင် မဟုတ်ပါလျက် ခုန်ဆွ ခုန်ဆွ သွားလုပ် မိသည့် အတွက် အကျမတော် ခြေသပွတ်တိုင် ပျော်ပျော်ကြီး လည်သွားခဲ့သည်က တစ်ကြိမ်၊ ပြေးရင်း လွှားရင်း ချော်လဲကာ အင်္ဂတေပေါ် ရေကူး မိ၍ ခြေ လက် နဖူး တံတောင် ဒူးတို့ တစ်ပြိုင်နက် စုတ်ဖူးသည်က တစ်ကြိမ်၊ တတိယ စတုတ္ထ အကြိမ်ကြိမ် ဒုက္ခ ခံခဲ့သည်သာမက နောက်ဆုံး ပဉ္စမ ကျွန်တော့် ဒုက္ခသည်မှာ အောင့်တောင့် အောင့်တောင့်နှင့် ကျချင်ချင် ဖြစ်လာပါ၍ ဖွားဖက်တော်ကို ငဲ့ကွက်သောအားဖြင့် ထိုလောကကို စွန့်လွှတ် ရလေတော့၏။ အမှတ်ထင်ထင် ကျွန်တော် စံချိန် ဝင်ခဲ့သည်မှာ သူများ ခြင်းထဲ ဘောလုံးနှင့် ပစ်ထည့်ခဲ့သမျှ တစ်ခါမှ မဝင်ခဲ့ခြင်းပေတည်း။
အလျင်းသင့်သလို စိတ်ကူး ရ၍ ကျွန်တော် တစ်ခု တင်ပြလိုသည်မှာ ‘အလုံး’ အားကစားနှင့် ပတ်သက်၍ ကျွန်တော် ဒေါသ ထွက်ခဲ့ရဖူးသည့် အကြောင်း ဖြစ်လေသည်။ အိန္ဒိယဟု ခေါ်တွင်သည့် လူမျိုး တစ်စုတို့ နေထိုင်သော ပြည်ထောင် တလွှား ကျွန်တော် အူကြောင်ကြောင် ရောက်သွားဖူးစဉ်က အနှီ တိုင်းပြည်တွင် ‘ခရစ်ကတ်’ ဟု ဆိုပါက လူတကာ တုတ်နှင့် နှက်နေသော ကိစ္စ ဖြစ်၍ တွေ့သမျှလူ ဘယ်သူ့ ခလုတ် တိုက်တိုက် ခရစ်ကတ် ရိုက်ဖူးသူ ဖြစ်သည့် အလျောက် နည်းနည်း နေရာ ရရုံနှင့် ခရစ်ကတ် ရိုက်တတ်ကြလေရာ တစ်နေ့သော အခါတွင်မူကား ကျွန်တော် အားယား ပန်းခြံ တစ်ခုထဲ လမ်းသလားလေလျှင် ခရစ် ကတ် ဘောတစ်လုံး လိမ့်လာသည်ကို မြင်၍ ‘ဘော’ နှင့် ‘ကန်’ အမြဲ တွဲထားတတ်သော အကျင့်လည်း ရှိသည် ဖြစ်ရာ လာလတ္တံ့သော ခရစ်ကတ် ဘောကို ခြေခုံနှင့် အသာ ထောပနာ မိလေရာ သင်းဘောလုံးမှာ အတော် မာလေ၍ အထက်က ကျွန်တော် ဆိုခဲ့သည့် အတိုင်း သစ်သားကို သားရေ ခြုံ၍ ကလိန်ခြုံ အလုံးလိုင်း ဖြစ်သည်နှင့် အညီ တော်တော် အီသွားခဲ့ရဖူးလေသည်။ ဤကား အလုံးနှင့် ပတ်သက်သမျှ စကားကြွင်း တစ်ခု ရခဲ့ရသည့် အကြောင်းတည်း။
ဆိုလေခဲ့သည့် အတိုင်း အလုံးနှင့် ကျွန်တော့် လမိုင်းသည် ဘတ်စကတ်ဘောလိုင်းတွင် တစ်ခန်း သိမ်းသော်ငြား လူလတ်လျား တစ်ယောက် ဖြစ်၍ အဆင်သင့်သဖြင့် ဘဝ တကွေ့ဝယ် ‘ဘိုးလိန်း’ ကိုလည်း ဝင်တွယ် ဖူးလေရာ ကျွန်တော်၏ ဇနီး ခမျာ ပါရမီဖြည့်ဖက် ဖြစ်ချင်ရှာလွန်းလှလျက် ကျွန်တော်နှင့် သူပါ ဝင်၍ ‘ဘိုးလိန်း’ ကို အတူတူ နှက်ခဲ့ဖူးလေသည်။ အားကစား ဆိုသည်မှာ စနစ်တကျ မလုပ်လျှင် ဘယ်နေရာမှ ပုံမလာသည်ကို မသိရှာလောက်အောင် ဉာဏ် ‘ချာ’ သော ထိုလင်မယားသည် အားယားတိုင်း ဘိုးလိန်း သွားပစ်လေတော့ရာ ဘောလက်မှာ စွပ်လျက် မှောက်လျက် လဲကြသည်တွင် သောက်ရှက် နည်းကြသော်ငြား အများ ဟားခံရသည်က တစ်ကြောင်း၊ ကိုယ်ပိုင် ဖိနပ် မရှိသဖြင့် ဖိနပ်ငှား ကစားကြရာမှ ခြေထောက်များတွင် ဝဲအထပ်ထပ် ပွားလာ၍ တစ်ယောက်ကို တစ်ယောက် ဆေးလိမ်း၊ ကြိတ်ကုကြရသည်က တစ်မည်၊ တစ်ချီတွင် နှစ်ယောက်သား လက်မောင်းများ ညောင်းလွန်းလှ၍ ထိုလက်မောင်း နှစ်စုံက ဆိုင်ရာ ခန္ဓာကိုယ်တို့ကို စွန့်ခွာ ထွက်သွားရပေလိမ့်မည် ဟူသော ရာဇသံ ပေးသည့် အိပ်မက်ကို တစ်ပြိုင်နက် မက်မိကြသည်က တစ်ပါးတို့ကြောင့် ဘိုးလိန်း လောကကို ဆလံသ၍ ပြန်ကြပေတော့၏။
ဤနေရာတွင် ကြော်ငြာချင်သည်မှာ ကျွန်တော်၏ မိန်းမမှာ မျောက် ရှုံးအောင် ဆော့သည့် နေရာတွင် ကျွန်တော်နှင့် အသွင်တူ၍ အိမ်သူ ဖြစ်လာသည် ဖြစ်ရကား လင်မယား နှစ်ယောက် ပေါင်း၍ စနူကာ ထိုးကာ အမျိုးမျိုး ဖြစ်ပျက်ခဲ့ကြဖူးသဖြင့် အဆင်သင့်လေမှ သက်သက် တစ်ကဏ္ဍ ဖော်ပြရပေဦးမည်။
အလုံး အားကစား လောကနှင့် ကျွန်တော် နောက်ဆုံး ပတ်သက်ခဲ့သမျှ ကိစ္စမှာ ‘Golf’ ဟု ခေါ်တွင်ရာ ဂေါက်သီး အားကစားသာ ဖြစ်၍ လက်ပြင် ငုတ်ရင် ငုတ်၊ မငုတ်ရင် တုတ်ကျိုး၊ မကျိုးရင် လက်နာ၊ မနာရင် ဘောလွဲ၊ မလွဲတော့ဘူး ဆိုရင်တောင်မှ တောင်ရိုက်လျှင် မြောက် ရောက်၊ အဝေး မှန်းရိုက်လို့ ဒီနားတင်ကျ၊ အားရပါးရ ‘ဖုန်း’ ခနဲ ဆော် လိုက်မှ တစ်ပေလောက်ပဲ သွားလိုသွား ‘ဟရေးဘားဘား’ အော်ခဲ့ရဖူးလေသည်။
ဤသည်မှာကား အလုံး ဆိုသည်မှာ ဟူသော ခေါင်းစဉ် အောက်မှ မြောက်မြားလှစွာသော ကဏ္ဍတို့ အနက် ‘အားကစား’ တစ်ခုကို ကွက်၍ ကျွန်တော် အကြမ်းအားဖြင့် ဖော်ပြလိုက်ရခြင်း ဖြစ်ပေတော့သတည်း။
တံခါး ဆိုသည်မှာ ….
၁။ အိမ်ခြံဝင်း တံခါး တစ်ခု….
တံခါးရဲ့ ဟိုဘက်မှာ သူ့အိမ် ရှိတယ်၊ တံခါးရဲ့ ဒီဘက်မှာ သူ ရပ်နေတယ်။ တံခါး အပြင်က အရှင်သခင်ကို အိမ်က ကြည့်နေတယ်၊ သူက တံခါး အထဲက အိမ်ကို ကြည့်နေတယ်၊ အိမ်မှာ အတွေးတွေ ရှိသလား… သူ့မှာတော့ အတွေးတွေ ရှိတယ်… ‘တစ်ရက် စောပြီး ငါ ပြန်ရောက်တာပဲ’ ခြံတံခါးကို တွန်းဖွင့်ပြီး သူ ဝင်သွားတယ် အိမ်နှင့် သူ ပေါင်းမိသွားတယ်။
၂။ အိမ်ရှေ့ တံခါးမ တစ်ခု ....
တံခါးရဲ့ အတွင်းမှာ တစ်စုံတစ်ရာ ရှိသလား… တံခါးရဲ့ အပြင်မှာတော့ သူ ရပ်နေတယ်၊ ယောက်ျားစီး ဖိနပ် တစ်ရံ သူ တွေ့တယ်၊ သူ့ ခေါင်းထဲက သံသယ တံခါး တစ်ပေါက် ‘ချက်ခနဲ’ ပွင့်သွားတယ်၊ အိမ်ရှေ့ တံခါး လက်ကိုင်ကို သူ သော့နှင့် ဖွင့်ပြီး ဝင်လိုက်တယ်… အိမ်ထဲ သူ ရောက်သွားတယ်။
၃။ အိပ်ခန်း တံခါး တစ်ခု…
တံခါးရဲ့ ဒီဘက်မှာ တိတ်ဆိတ်မှု ရှိတယ်၊ သူ ကြမ်းပြင်ကို ငုံ့ကြည့်ရင်း ရပ်နေတယ်၊ တံခါးရဲ့ ဟိုဘက်မှာ ... တံခါးရဲ့ စကားသံကို သူ ကြားလိုက်တယ်။
‘မဖွင့်နဲ့’
၄။ ရေခဲသေတ္တာ တံခါး တစ်ခု…
တံခါးရဲ့ ဗိုက်ထဲမှာ ဖန်ခွက် တစ်ခွက်နှင့် အေးခဲ ထုံကျင်မှု၊ သောက်လက်စ တခီလာ တစ်လုံးနှင့် သံပရာသီးစိပ်တွေ၊ နောက် ... တခြားဟာ တချို့တလေ အိပ်ပျော်နေကြတယ်။ တံခါးရဲ့ အမြင်မှာ ငြိမ်သက်နေတဲ့ အိပ်ခန်းကျယ် တစ်ခု၊ လူတစ်ယောက်၊ ပြီးတော့ နံရံ တစ်ခုက ဒူးလေး တစ်လက်။ တံခါးကို သူ ဖွင့်လိုက်တယ်၊ အေးခဲ ထုံကျင်မှုက ဒူးလေးဆီ ပြေးသွားတယ်၊ သူ့လက်က ဖန်ခွက်ဆီ ပြေးသွားတယ်။
၅။ ဆယ့်ငါးမိနစ်…နာရီဝက်…လေးဆယ့်ငါးမိနစ် အချိန်ဟာ သူ့ တံခါးပေါက်တွေကို တစ်ချပ်ပြီးတစ်ချပ် တွန်းဖွင့် ဖြတ်လျှောက်သွားတယ်၊ သူဟာ သူ့အာရုံ ငါးပါး တံခါး ပေါက်တွေ တဖြည်းဖြည်း ထုံလာတာကို စောင့်နေတယ်။
၆။ မှန်ဗီရို တံခါး တစ်ခု…
တံခါးရဲ့ တစ်ဘက်မှာ သူ…ရက်စက် ကြမ်းကြုတ်မှုနှင့် အမဲလိုက် ဒူးလေး တစ်လက်။ တံခါးရဲ့ နောက်တစ်ဖက်မှာ သွေးဆာနေတဲ့ သံမဏိ မြားတံတွေ ... တစ်ဖက်ကို တစ်ဖက် ဖောက်မြင်နေရတယ်၊ သူ တံခါးကို ဆွဲဖွင့်လိုက်တယ်။
၇။ မမြင်နိုင်တဲ့ တံခါး တစ်ခု…
တံခါးရဲ့ ဒီဘက်မှာ သူ… တံခါးရဲ့ တစ်ဖက်မှာ သံမဏိ မြားဟာ တံခါးကို ဖောက်ပြီး သားကောင်ဆီ ဝင်ရောက်သွားတယ်၊ အကုသိုလ်ဟာ တံခါး အားလုံး ဖြတ်ပြီး သူ့ဆီ ရိပ်ခနဲ ခုန်ဝင်လာတယ်။
၈။ အသေကောင် တင်ထားတဲ့ ဆေးရုံကား တစ်စီးရဲ့ တံခါးတစ်ချပ် ပိတ်သွားတယ်…
သူ့ကို လာခေါ်တဲ့ ရဲကားတစ်စီးရဲ့ တံခါး တစ်ချပ် ပွင့်လာတယ်၊ သူ့ အနာဂတ် တံခါးတစ်ချပ် ပိတ်သွားတယ်၊ သူ့ရှေ့က သူ့ မိန်းမ မျက်နှာမှာ နောင်တ တံခါး တစ်ချပ် ပွင့်နေသလား… ‘ညနေသားကို မင်း ကျောင်း သွားကြိုလိုက်ပါ’
၉။ တရားရုံးက တရားခံ ဝက်ခြံ တံခါး တစ်ခု…
တံခါး နောက်ကွယ်မှာ အပြစ် ရှိတဲ့ ရာဇဝတ်သား၊ တံခါး အပြင်ဘက် အပြစ် မရှိတဲ့ လူတွေ ကြားထဲမှာ သူ့ မိန်းမ… တရားသူကြီးဟာ စားပွဲကို တစ်ချက် ထုလိုက်ပြီး သူနဲ့ ဆိုင်တဲ့ တံခါး တစ်ချပ်ဆီ ထထွက်သွားတယ်၊ သူ့ မျက်စိထဲမှာ သံတိုင် တံခါး တစ်ချပ် ပွင့်သွားတယ်။
၁၀။ သုံးရာ ခြောက်ဆယ့် ငါးရက် .. ဆယ့်နှစ်လ .... တစ်နှစ် အချိန်ဟာ နှစ်သစ်ကူး တံခါးတွေကို တစ်ချပ်ပြီး တစ်ချပ် တွန်းဖွင့် ဖြတ်လျှောက်သွားတယ်၊ သူဟာ သူ့အာရုံ ငါးပါး တံခါးပေါက်တွေ တဖြည်းဖြည်း ထုံလာတာကို သိနေတယ်။
၁၁။ ထောင်ဘူးဝ တံခါး တစ်ခု…
တံခါးရဲ့ နောက်ကွယ်မှာ သူ့ အပြစ်တွေ ကျန်ခဲ့သလား ... သူကတော့ တံခါးရဲ့ အပြင်ဘက်ကို လျှောက်ထွက်လာတယ်။ တံခါး အားလုံး ကြားကို တိုးဝင်သွားမယ့် လေတစ်သုတ် သူ့ကို ပွတ်တိုက်သွားတယ်၊ တံခါး အားလုံး ကြားက ဖောက် ထွက်လာတဲ့ လွတ်လပ်မှု သူ့ကိုယ်ထဲ စိမ့်ဝင်လာတယ်။ ‘ငါ စောပြီး လွတ်လာတယ်’
၁၂။ အိမ်ရှေ့ တံခါးမ တစ်ခု…
တံခါးရဲ့ အပြင်မှာ တစ်လောကလုံးနဲ့ သူ ရှိနေတယ်၊ တံခါးရဲ့ အထဲမှာရော၊ ‘ယောကျာ်းစီး ဖိနပ် တစ်ရံ’ သူ့ကိုယ်ထဲက ဒုစရိုက် ဆယ်ပါး တံခါးတွေ ဝုန်းခနဲ ကျိုးပဲ့ ပွင့်ထွက်သွားတယ် ... သူ့အတွက် နိဗ္ဗာန် တံခါးက ညင်ညင် သာသာ ပိတ်သွားတယ်။
၁၃။ တံခါးပေါက် တစ်ခု
တံခါးရဲ့ အထဲဘက်မှာ အဓိပ္ပာယ် မရှိတဲ့ အနောက်တိုင်း ရုပ်ရှင် တစ်ခုနှင့် ကြည့်နေတဲ့ လူတွေ… တံခါးရဲ့ အပြင်ဘက် တကယ့် လက်တွေ့ လောကထဲ ကျွန်တော် ပြန်ဝင် လာခဲ့တယ်။ အတုတွေကို ပျင်းနေတာ ကြာပါပြီ။
၁၄။ ကန်ထရိုက် တိုက်ခန်းရဲ့ တံခါး တစ်ခု…
တံခါးရဲ့ အထဲမှာ ကျွန်တော့် အိပ်ခန်းဟာ ကျွန်တော် ပြန်အလာကို စောင့်နေတယ်၊ တံခါးရဲ့အပြင်မှာ ကျွန်တော်နဲ့ ‘ယောက်ျားစီး ဖိနပ် တစ်ရံ’..........................................................................................................................................................................................................................................................................................................................................................................................................................
အိမ်တံခါးကို သော့ ဖွင့်ပြီး ကျွန်တော် ဝင်သွားလိုက်တယ်။ အဘိဇ္ဈာ အတ္တ တံခါးချပ်တွေနှင့် အလုံ ပိတ်ထားတဲ့ ကျွန်တော့်မှာ ဘယ်တုန်းကမှ မိန်းမ တစ်ယောက် မရှိခဲ့ဘူး။
ဝတ္ထု ဆိုသည်မှာ….
၁။ အချစ် ဝတ္ထု (ရိုးရိုး)
ကောင်လေး တစ်ယောက် ရှိ၏။ ကောင်မလေး တစ်ယောက် ရှိ၏။ ကောင်လေးက ကောင်မလေးကို ချစ်၏။ (သို့) ကောင်မလေးက ကောင်လေးကို ချစ်၏။ အချစ်ခံရသူက အစက ပြန်မချစ်။ နောက်တော့ ပြန်ချစ်သွား၏။ ကွဲမလို ကွဲမလို မကြာခဏ ဖြစ်၏။ နောက်ဆုံး ညား၏။
၂။ အချစ် ဝတ္ထု (ရှယ်)
အဓိက ဇာတ်ကောင် သုံးယောက်နှင့် အထက် ပါ၏။ တစ်ယောက်ကို တစ်ယောက် ပတ်ချာလည်၍ ချစ်ကြ၏။ ဇာတ်ပို့ ဇာတ်ရံ အများ ပါ၏။ ဇာတ်အိမ် ဇာတ်ကွက်တွင် ဝင်၍ ခလောက်ဆန်ကြ၏။ ဟိုလူနှင့် ဟိုလူ ညားမလား၊ ဟိုလူနှင့် ဒီလူ ညားမလား၊ ပရိသတ် ဇဝေဇဝါ ထင်၏။ နောက်ဆုံး ညားချင်ရာ ညား၍ ဇာတ်သိမ်း၏။
၃။ အလွမ်း ဝတ္ထု (ရိုးရိုး)
ကောင်လေး တစ်ယောက်နှင့် ကောင်မလေး တစ်ယောက် ချစ်ကြ၏။ ကွဲဖို့ လိုရင်း ဖြစ်၍ တစ်ခုခုကြောင့် ကွဲကြ၏။ ကွဲသော် လွမ်းလေ၏။
၄။ အလွမ်း ဝတ္ထု (ရှယ်)
မင်းသား ပါ၏။ မင်းသမီး ပါ၏။ ကလေး အရွယ်တည်းက တွေ့၍ ကြိုက်ကြ၏။ သို့သော် ဘာမှန်း မသိ ကွဲ၏။ အချိန် အကြာကြီး လွမ်းကြ၏။ အသက် ကြီးသော် ပြန်တွေ့၏။ ကွဲမှ လွမ်းစရာ ဖြစ်၍ စာရေးဆရာမက မကွဲကွဲအောင် ပြန်ခွဲ၏။ ကွဲကြပြန်၏။ အိမ်သာတက်သည့် ကိစ္စမှ အစ အားလုံး လွမ်းစရာ ဖြစ်၏။ သေကွဲ ကွဲသော် ပိုလွမ်း၍ကောင်း၏။
၅။ အခန်းဆက် ဇာတ်လမ်းရှည်(ရိုးရိုး)
ဇာတ်လမ်း ရှည်ရန် လိုရင်း ဖြစ်၏။ အဓိက ဇာတ်ဆောင် တချို့ ပါ၏။ ဇာတ်လမ်း ဆင်၍ ရသမျှကို ဆင်၏။ မပြီးနိုင် မစီးနိုင် ဖြစ်ပျက်၏။ ကိစ္စ အမျိုးမျိုး တင်ပြ၏။ ပရိသတ် စွဲအောင် ကောင်းခန်း ရောက်လျှင် ဖြတ်ဖြတ်ထား၏။ နောက်ဆုံး စာရေးဆရာ ကိုယ်တိုင် ပျင်းလာသော် ဇာတ်သိမ်း၏။
၆။ အခန်းဆက် ဇာတ်လမ်းရှည်(ရှယ်)
မိသားစု ဆယ်ခုခန့် ပါ၏။ ဇာတ်ကောင် အများကြီး ဖြစ်၏။ အချင်းချင်း ရှုပ်ထွေး ပွထနေအောင် ပတ်သက်ကြ၏။ အချစ်၊ အလွမ်း၊ ဟာသ၊ ဒဿန၊ ဗဟုသုတ၊ ရသ၊ စွန့်စားခန်း အားလုံး ပြွတ်သိပ် ပါဝင်၏။ အိမ်ထောင်ရေး၊ လူမှုရေး စီးပွားရေးများဖြင့် ဇာတ်အိမ်သည် လွန်စွာ ကျယ်ပြန့် ရှည်လျား ရှုပ်ထွေး၏။ ဇာတ်လမ်းကို ကြည့်နေရင်း ပရိသတ် အချို့ မပြီးခင် သေကြ၏။ ဇာတ်လမ်းကို စိတ်စွဲ၍ သရဲ ဖြစ်ကြ၏။ စာရေးဆရာ ကိုယ်တိုင်လည်း သူ့ဇာတ်သူ မနိုင် ဖြစ်၏။ သူ သေသော် သူ့ သားသမီးများက ဇာတ်လမ်းကို ဆက်ရေး ကြရ၏။ ဇာတ်လမ်းမှာမူ အဆုံးမသတ်သေး။ ဇာတ်ကောင် အားလုံး သေမှ အေးမည် ဖြစ်၏။ (ကြောက်စရာ ကောင်းလောက်အောင် ရှည်သော အခန်းဆက် ဇာတ်လမ်းရှည် ဖြစ်သည်)
၇။ အပေါစား ဝတ္ထု (ရိုးရိုး)
သဘာဝ မကျဖို့ လိုရင်း ဖြစ်၏။ ယောက်ျားက ယောက်ျားစိတ် မရှိ၊ မိန်းမက မိန်းမစိတ် မရှိ ဖြစ်၏။ လေကြီးလေကျယ် ပြောကြ၏။ ဇာတ်ကောင် အားလုံး အိုနာဆစ်ထက် ချမ်းသာ ၏။ လူမက နတ်တမျှ ချောကြ၊ လှကြ၊ တော်ကြ၏။ ဇာတ်လမ်း ကျောရိုးမှာ မဲပြာပုဆိုး ချစ်ကြိုက် ကွဲညားသာ ဖြစ်၏။ ဖတ်ပြီးသော် ပရိသတ် လွှင့်ပစ်၏။
၈။ အပေါစား ဝတ္ထု (ရှယ်)
သဘာဝ မကျရုံမက အဓိပ္ပာယ် မရှိဖို့ပါ လိုရင်း ဖြစ်၏။ အောက်တန်းစား ဒဿနများ ဖောဖောသီသီ ပါ၏။ လူမှု ကျင့်ဝတ် စည်းကမ်းများ ဖောက်ဖျက်အောင် မြှောက်ပေး၏။ ဇာတ်ကောင်များသည် စိတ်ကူးများဖြင့်ပင် မတွေးဝံ့သော အဖြစ်အပျက်များကို ဖြစ်ပျက်ပြကြရ၏။ ဇာတ်လမ်း ကျောရိုးကို သူများဟာ ခိုးချ၏။ စာရေးဆရာသည် အမည်ခံ တစ်ယောက် ဖြစ်၍ ရှဲဒိုး နှစ်ဆယ်လောက် ရှိ၏။ အရေအတွက် များများ ထွက်ဖို့ လိုရင်း ဖြစ်၏။ ဖတ်သူ အတွက် အန္တရာယ်ကြီးသော စာများ ဖြစ်၏။
၉။ ဘဝသရုပ်ဖော် ဝတ္ထု (ရိုးရိုး)
ဆင်းရဲ နွမ်းပါး၏။ ဒုက္ခ ရောက်၏။ အနှိမ်ခံရ၏။ ကြိုးစား အားထုတ်သော်လည်း ကံက မကောင်း။ ဇာတ်လမ်းထဲမှ ပတ်ဝန်းကျင် လူများသည် မကောင်းသော လူများသာ ဖြစ်နေလေ့ ရှိ၏။ သုခရေ တစ်စက်လောက် ဖော်ပြ၍ ဒုက္ခရေ တစ်တိုင်ကီစာ ဖော်ပြ၏။ ဖတ်ပြီးသော် ပရိသတ် မသက်မသာ သက်ပြင်းချ၏။
၁၀။ ဘဝ သရုပ်ဖော် ဝတ္ထု (ရှယ်)
ဇာတ်ကောင်သည် မွေးကတည်းက သေသည် အထိ ကံဆိုး ၏။ အံ့သြစရာ ကောင်းအောင် ဒုက္ခချည်း လှိမ့်ပိန့် ရောက်၏။ ကူညီသူ လောကကြီးတွင် တစ်ယောက်မှ မရှိ။ တွေ့သမျှ ဒုက္ခ ရောက်စရာ ဖြစ်၏။ စာရေးဆရာသည် ဇာတ်ကို မနာနာအောင် တုတ်နှင့် ရိုက်၏။ ဖနောင့်နှင့် ပေါက်၏။ ကြမ်းပေါ် ချ၍ ခြေအစုံနှင့် တက်ခုန်၏။ နံရံကို ကိုင်ရိုက်၏။ ရှစ်ထပ် တိုက်ပေါ်မှ ပစ်ချ၏။ ဇာတ်လည်း တော်တော် နာ၍ စာရေးဆရာလည်း မောသော် ဇာတ်သိမ်း၏။
၁၁။ ခံစားမှု ဝတ္ထု (ရိုးရိုး)
ဇာတ်လမ်း အစတွင် သနားစရာ ဖြစ်၏။ အလယ်တွင် စိတ်မကောင်းစရာ ဖြစ်၏။ အဆုံးသတ်သော် ဝမ်းနည်းစရာ ကောင်းလေ၏။ ဖတ်ပြီးသော် ပရိသတ် မျက်ရည်ဝဲ၏။
၁၂။ ခံစားမှု ဝတ္ထု (ရှယ်)
သနားစရာ၊ ဝမ်းနည်းစရာ၊ စိတ်မကောင်းဖြစ်စရာ၊ ကရုဏာသက်စရာ၊ heart ထိစရာ ကိစ္စ အားလုံး သိမ်းကြုံး ပါဝင်၏။ စာရေးဆရာ ကိုယ်တိုင် မျက်ရည် ဘူးသီးလောက် ကျ၏။ အယ်ဒီတာက ရာဝင်အိုးလောက် မျက်ရည်ကျ၏။ ပရိသတ်ထဲမှ စိတ်မခိုင်သူများ တဝါးဝါး ငိုရ၏။ စိတ်ခိုင်သူများ အံတင်းတင်း ကြိတ်လျက် အဝေးသို့ ငေးကာ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျ၏။ ဝတ္ထုသည် မျက်ရည်များ ရွှဲနစ်နေ၍ မီးကင် ဖတ်ရလေ၏။
၁၃။ မုဆိုး ဝတ္ထု (ရိုးရိုး)
မုဆိုး ပါ၏။ သားကောင် ပါ၏။ သားကောင်သည် အမျိုးမျိုး လှည့်ပတ် ပြေး၍ မုဆိုးက မရမက လိုက်၏။ နောက်ဆုံး မိသွား၍ ဇာတ်သိမ်း၏။
၁၄။ မုဆိုး ဝတ္ထု (ရှယ်)
မုဆိုးနှင့် သားကောင် ပါ၏။ မုဆိုးက သားကောင်ကို လိုက် ၏။ သားကောင်က မပြေး ပြန်ခံချ၏။ ပညာ ပြိုင်ကြ၏။ သားကောင်ဘက်မှ အဖော်များ ရောက်လာ၏။ မုဆိုး ပြန်ပြေး ရ၏။ နောက်ဆုံး ဘာကြောင့်မှန်း မသိ မုဆိုးသာ နိုင်သွား၏။ (လူဆိုတော့ နိုင်တာပေါ့)
၁၅။ သိပ္ပံ ဝတ္ထု (ရိုးရိုး)
အားလုံး သေပြီးမှ ရောက်လာမည့် အနာဂတ် ကမ္ဘာကို စိတ်ကူးယဉ်၏။ ကမ္ဘာဖျက်မည့် အန္တရာယ် ပါ၏။ လူ နားမလည်နိုင်လောက်သော သိပ္ပံ ကိစ္စများ ပါ၏။ စိတ်ကူး တည့်သလို ဇာတ်အိမ် ဖွဲ့၏။ အဆုံးတွင် တစ်ခုခုက ကမ္ဘာကို ကယ်တင်လိုက်၏။
၁၆။ သိပ္ပံ ဝတ္ထု (ရှယ်)
ဂြိုဟ်သားများ ဘယ်က ရောက်လာမှန်း မသိ ပါ၏။ စက်ရုပ် ပါ၏။ လူလိုလို ဘာလိုလို ဟာတွေ ပါ၏။ အာကာသလည်း ပါ၏။ ဆန်းနိုင်သမျှ ဆန်းသော ပစ္စည်းများ၊ ယာဉ်များ၊ အဆောက်အအုံများ ပါ၏။ ဂြိုဟ်သားများ၊ လူများ၊ စက်ရုပ်များ ဗလိုင်းကြီး တိုက်ခိုက်ကြ၏။ ဇာတ်လမ်းလည်း စချင်သလို စ၍ ဖြစ်ချင်ရာ ဖြစ်ကာ ဆုံးချင်သလို ဆုံးလေ၏။
၁၇။ ထိတ်လန့်သည်းဖို ဝတ္ထု (ရိုးရိုး)
ဇာတ်ကောင်သည် ဘာမှန်း မသိသော တစ်စုံတစ်ရာကို ကြောက်လန့်၍ ထွက်ပြေး၏။ (သို့) ဖြေရှင်း၏။ ည ပါ၏။ အမှောင် ပါ၏။ တစ်ယောက်တည်း တိတ်ဆိတ် အထီးကျန်မှု ပါ၏။ အခန့်မသင့်လျှင် မိုးကြီး လေကြီး ကျ၍ မိုးကြိုးပါ ပစ်၏။ ဝိုးတဝါး တစ်ခုခုကို တွေ့မလိုလို မိမလိုလို ဖော်ပြ၏။ ဇာတ်ကောင် ထိတ်လန့်၏။ ပရိသတ်လည်း အကြောင်းမဲ့ ဖတ်ပြီး လန့်နေကြ၏။
၁၈။ ထိတ်လန့်သည်းဖို ဝတ္ထု (ရှယ်)
စကတည်းက လန့်စရာ ကောင်း၏။ ဘာဖြစ်နေမှန်း မသိသော်လည်း စိတ်ဝင်စားအောင် ဖော်ပြ၏။ ညအမှောင် သာမက လူသေကောင်ပါ ပါ၏။ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ် ပါ၏။ သွေးထွက်သံယို ဖြစ်၏။ တစ်ခါတစ်ရံ မီးလောင်မှု ပါ၏။ တောကြီး မျက်မည်း ပါ၏။ လူလိုက်သတ်နေသည့် အရူး ပါ၏။ ပရ လောကသား လိုလို၊ နာနာဘာဝ လိုလို၊ ဖုတ်လိုလို ဟာတွေလည်း ပါ၏။ ဓား၊ လှံ၊ လက်နက် အစုံ ပါ၏။ အသက်ကို အန္တရာယ် ပြုနေမှု ပါ၏။ လူတွေ၏ စိတ်အားငယ် ထိတ်လန့်နိုင်သော အခြေအနေ ကိစ္စ အားလုံး သိမ်းကြုံး ထည့်ထား၏။ ခွေးပြေး ဝက်ပြေး ပြေးရမှုများလည်း ပါ၏။ ဇာတ်သိမ်းသော် ဇာတ်ကောင်သည် သူ့ကို အန္တရာယ် ပြုနေသော ကိစ္စ ပြီးပြီဟု ယုံသွား၏။ သို့သော် ထိုကိစ္စသည် မပြီးဟု အမြဲ ဖော်ပြ၍ စာရေးဆရာက ဇာတ်သိမ်း၏။ ပရိသတ် ခမျာ ထိုမပြီးသော ကိစ္စ ငါ့နားများ ရောက်လေ မလားဟု တထိတ်ထိတ် ဖြစ်ကျန်ခဲ့လေ၏။ (အစကတည်းက မဖတ်ရင် အဲဒီ ကိစ္စ သိတောင် သိမှာ မဟုတ်ဘူး)
၁၉။ စုံထောက် ဝတ္ထု (ရိုးရိုး)
လောကကြီးတွင် တကယ် မရှိသော အလွတ် စုံထောက် ဟူသည့် ငနဲ ပါ၏။ အမှု တစ်ခု ဖြစ်၏။ တရားခံ ပုန်းနေ၏။ အလွတ် စုံထောက်မှ လိုက်ရှာ၍ ‘တူတူရေဝါး’ ဟု ဆိုကာ တရားခံ မိသွားလေ၏။
၂ဝ။ စုံထောက် ဝတ္ထု (ရှယ်)
မတရား ရှုပ်သော အမှု တစ်ခု ဖြစ်အောင် ဆင်၏။ ပရိသတ်က ရှင်းရှင်း တွေး၍ တရားခံ ပေါ်သွားမှာ စိုးသဖြင့် တရားခံ လိုလို ဇာတ်ကောင် လေးငါးဆယ်ယောက် ဖော်ပြထား၏။ ပရိသတ် မျက်စိလည်အောင် သဲလွန်စလိုလို၊ ဘာလိုလိုတွေနှင့် တွေးလမ်း ချော်အောင် လုပ်၏။ အခင်း ဖြစ်ပွားရာ နေရာ အချိန်နှင့် အခြေအနေ အရပ်ရပ်ကို တိတိကျကျ ဘယ် တော့မှ မဖော်ပြ။ လိုက်သူက လိုက်၊ ပြေးသူက ပြေး၊ တွေးသူက တွေး၊ ပုန်းသူ ပုန်းနှင့် ဇာတ်လမ်းကို ဝရုန်းသုန်းကား ဆွဲခေါ်သွား၏။ နောက်ဆုံးတွင် တရားခံလိုလို ဇာတ်ကောင်တွေထဲမှ တစ်ယောက်မှ မဟုတ်သော အခြား တရားခံကို ဖော်၍ ပရိသတ် အံ့သြစေသည်။ သဲလွန်စ ကွင်းဆက်များကို မရမက ဂဟေဆော် တွဲဆက်ပြ၍ စုံထောက်တော်ကြောင်း ပရိသတ်ကို နားသွင်း၏။
၂၁။ စွန့်စားခန်း ဝတ္ထု (ရိုးရိုး)
အလကားနေရင်း စွန့်စားလိုသော ဇာတ်ကောင် ပါ၏။ စွန့်စားစရာ ကိစ္စ ပေါ်လာ၏။ ကျားကုတ် ကျားခဲ ကြဲ၏။ နောက်ဆုံး အောင်မြင်သွားလေ၏။
၂၂။ စွန့်စားခန်း ဝတ္ထု (ရှယ်)
မစွန့်စားလို့ မရ၊ စွန့်စားမှကို ဖြစ်မည့် ကိစ္စ တစ်ခု တင်ပြ၏။ စွန့်စားမည့် ဇာတ်ကောင် အချို့ ပါ၏။ ထောင်ချောက်များ၊ နားမလည်မှုများ၊ အန္တရာယ်များ စုံနေအောင် ပါ၏။ ဇာတ်ကောင်များ ခွေးလို ဝက်လို သောက်ကျိုးနည်း စွန့်စား ကြရှာ၏။ အချို့ နေရာတွင် မှော်လိုလို၊ စုန်းလိုလို ဟာတွေပင် ဖော်ပြ၏။ မသေကောင်း မပျောက်ကောင်း လက်မတင်လေးတွေ ခဏ ခဏ ဖြစ်၏။ ဇာတ်ကောင်များ အနက်မှ သေသူ သေ၍ ကျန်သူ ကျန်ကာ နောက်ဆုံး အောင်မြင်စွာ ဇာတ်သိမ်း၏။
၂၃။ ရာဇဝင် ဝတ္ထု (ရိုးရိုး)
အတိတ် ကာလ ရာဇဝင် သမိုင်းထဲမှ ခေတ်တစ်ခုကို အခြေပြု၍ ဇာတ်အိမ် တည်၏။ ပြီးသော် စာရေးဆရာ စိတ်ကူး တည့်သလို တစ်လျှောက်လုံး ရေး၏။ ဇာတ်သိမ်းသော် တကယ်လိုလို စိတ်ကူးလိုလို လူလည်ကျ၍ ဇာတ်သိမ်း၏။
၂၄။ ရာဇဝင် ဝတ္ထု (ရှယ်)
ရာဇဝင် သမိုင်းထဲမှ လူသိ များသည့် ပုဂ္ဂိုလ် တစ်ဦးဦးကို အခြေတည် ဇာတ်အိမ် ဖွဲ့၏။ သမိုင်း မှတ်တမ်းများနှင့် စာရေးဆရာ အာဘော်ကို ဆတူ ရော၍ မတရား ခမ်းနားအောင် တင်ပြ၏။ ရှေးဟောင်း ယဉ်ကျေးမှု ပါ၏။ သမိုင်းဝင် စစ်ပွဲကြီးများ ပါ၏။ ဇာတ်ကောင်တို့၏ စကားပြောကို တစ်မျိုး တစ်ဖုံ လုပ်ထား၏။ သမိုင်းဆရာတို့ပဲ မှတ်တမ်းတင်ရန် မေ့ကျန်ခဲ့သလိုလို ကိစ္စ သုံးလေးငါးခု တင်ပြ၏။ ဇာတ်ကောင်များကို သူရဲကောင်းများ အဖြစ် မြှောက်၍ နေရာ ပေးထား၏။ အဆုံးတွင် သမိုင်းဝင် ကိစ္စ တစ်စုံတစ်ရာ အထောက်အထား အဖြစ်ပျက် တစ်ခုနှင့် ဇာတ်သိမ်းလေ၏။
၂၅။ အပျော်ဖတ် ဝတ္ထု (ရိုးရိုး)
ပျော်စရာ ကောင်းသော ကိစ္စနှင့် ဇာတ်ကို ဖွင့်သည်။ ပေါ့ပါး လွတ်လပ်၍ ပျော်စရာ ဖြစ်ရပ်များ၊ အသောများနှင့် ဇာတ်ကို သယ်သွားသည်။ ကြည်နူးဖွယ် ကိစ္စ တစ်ခုနှင့် ဇာတ်သိမ်း၏။
၂၆။ အပျော်ဖတ် ဝတ္ထု (ရှယ်)
သဘာဝကျသော လူမှု အဖွဲ့အစည်း အတွင်းတွင်သာ ဇာတ်အိမ် ဖွဲ့သည်။ ပုံစံ ကွဲပြားသော ဇာတ်ကောင်များ ပါ၏။ လူအများစု အတွက် ပျော်စရာ ကောင်းသော အခမ်းအနား၊ အဖြစ်အပျက်များ ပါ၏။ ပတ်ဝန်းကျင် တစ်ခုလုံး ပေါ့ပါး လွတ်လပ်မှုနှင့် နောက်ခံပြု၏။ ဝမ်းနည်းစရာ ကိစ္စများကို ဖော့ပစ်၏။ သမရိုးကျ ဇာတ်လမ်းသွားများကို တစ်မျိုးတစ်ဖုံ လှည့်ပစ်၏။ လေးနက်မှု တစ်စုံတစ်ရာကို ရှားပါးစွာ ထည့်သွင်း၏။ စာရေးဆရာသည် ပျော်ပျော်ကြီး ရေး၏။ ပရိသတ်လည်း ပျော်ပျော်ကြီး ဖတ်၏။ ပျင်းရိမှုကို ဖျော်ဖြေရေး သဘော ဖြစ်၍ အကောင်းနှင့်သာ ဇာတ်သိမ်း၏။
၂၇။ ဟာသ ဝတ္ထု (ရိုးရိုး)
အဖြစ်အပျက် အားလုံးကို ရေးချင်သလို ရေး၏။ သောလုံး၊ ဖောက်လုံး၊ အတွင်း ပြက်လုံး၊ အပြင် ပြက်လုံးများ သွင်း၏။ ရယ်ရဖို့ အဓိက ဖြစ်၏။ သိပ်မရယ်ရလျှင် ကလိထိုး၏။ စာရေးဆရာသည် ဝါကျတို၊ ဝါကျလတ်များသာ အသုံးများ ၏။ ပရိသတ် အချို့ တဟားဟား ရယ်၍ အချို့ တည်တည်ကြီး ဖတ်ကြ၏။
၂၈။ ဟာသဝတ္ထု (ရှယ်)
စိတ်ထဲတွင် ပြုံးရုံသာ ဖြစ်သော အခြေအနေ တစ်ခုကို ထိန်းထား၏။ သဘာဝကျမှုကို အခြေခံ၍ သဘာဝမကျမှုကို တင်ပြ၏။ ကန့်သတ် ထိန်းချုပ်မှု ဘောင်မရှိ။ အဖြစ်အပျက်နှင့် စိတ်ကူး အတွေးကို ရောထွေး တင်ပြ၏။ လူတစ်ဦးထဲမှ သုံးလေးငါးခါ ပြန်ဖတ်မှု ဒဏ်ကို ခံနိုင်အောင် စာရေးဆရာ ကြိုးစား၏။ မလိုက်ဖက်သော တွဲစပ်မှုမျိုးနှင့် ဇာတ်အိမ် ဖွဲ့၏။ ကွဲပြား ခြားနားသော ဟာသ အတန်းအစား အမျိုးမျိုး ပါဝင်၏။ ဇာတ်သိမ်းသော် ပရိသတ်သည် တဟားဟား ပွဲကျသူလည်း ရှိ၏။ ပြုံးသူလည်း ရှိ၏။ လုံးလုံး မရယ်သူလည်း ရှိလေ၏။
သီချင်းတွေကိုလည်း ဝတ္ထုလို ဖတ်ကြည့်ကြပါလားဗျာ။
အရူး ဆိုသည်မှာ…
မေး။ မင်္ဂလာပါ ခင်ဗျာ။
ဖြေ။ ……………..
မေး။ ပုံစံ ကြည့်ရတာ နှယ်နှယ်ရရတော့ မဟုတ်ဘူး၊ အောင်မြင် ကျော်ကြားနေတဲ့ အရူးကြီးဖြစ်မှာပဲ။
ဖြေ။ အောင်မြင်ပြီလား ကိုယ့်လူရာ။ တစ်လောကလုံး ကိုယ့် မသိတဲ့ သူ တစ်ယောက်မှ မရှိဘူး။
မေး။ တော်တော် အရှိန်အဝါကြီးတာပဲနော်။ ဒီလို အောင်မြင်နေတော့ ဘယ်လိုများ ခံစားရလဲ မသိဘူး ခင်ဗျ။
ဖြေ။ ပီတိပေါ့ကွာ၊ ပီတိ ဖြစ်တာပေါ့၊ ‘ပီတိစား အားရှိ’ ဆိုတဲ့ စကား မောင်ရင် မကြားဖူးဘူးလား။ ဒါပေမဲ့ တစ်ခု ရှိတယ် နော်။ သတိက အရေးသိပ်ကြီးတယ်။ အောင်မြင်မှုမှာ ယစ်မူး နေလို့ မရဘူး။
မေး။ (အံမယ် သူကများ ...) ဟုတ်ကဲ့ မှတ်ထားပါ့မယ်။ အစ်ကိုကြီး အနေနှင့်ဘယ်အရွယ်တည်းက စရူးခဲ့သလဲ ပြောပြပေးပါလား။
ဖြေ။ မွေးစကတည်းကပဲဟေ့။ ပါရမီ ထူးတယ် ခေါ်မလား။ လသားတုန်းက သိပ်မသိသာပေမဲ့ ကြီးလေ ရူးလေ ဖြစ်လာလိုက်တာ ဒီနေ့ထိပဲ။
မေး။ မိဘ ဆွေမျိုးတွေရဲ့ အားပေး ပံ့ပိုးမှု ရခဲ့တယ်လို့ ပြောနိုင်မလား။
ဖြေ။ ပြောနိုင်တာ မဟုတ်ဘူး၊ တစ်မျိုးလုံး အရူးချည်းပဲ။ တစ်ယောက်မှ မကောင်းဘူး၊ ဒါပေမဲ့အဆင့် ရှိတယ်နော်။ တစ်ယောက်မှ မကြမ်းဘူး။ ယဉ်ယဉ်လေး ကိုယ့်ဟာကိုယ် အထာနဲ့ ရူးနေကြတာ။
မေး။ တချို့က ပြောကြတယ်လေ၊ ‘ရူးတယ် ဆိုတာ လွယ်တာ မှတ်လို့’ ဆိုတဲ့ စကားကိုအစ်ကိုကြီး ဘယ်လို မြင်ပါသလဲ ခင်ဗျာ။
ဖြေ။ ဒါကတော့ မောင်ရင် စဉ်းစားကြည့်လေ။ လောကကြီးမှာ လူကောင်းက များပြီး အရူး ရှားတယ် မဟုတ်လား။ ဒီတော့ကာ ဆိုလိုတဲ့ သဘောက ကောင်းရတာ လွယ်တယ်။ ရူးရတာ ခက်လို့ လူကောင်း များနေတယ်လို့ ယူရင် ရမယ်လေ။ ကိုယ်ကတော့ မောင်ရင် သိတဲ့ အတိုင်း ခက်တာပဲ အရသာ တွေ့တတ်တော့ ပညာ ပါပါပဲ ရူးတယ်။ အေးဆေးပဲ ရူးတယ်။ တချို့ အရူးတွေလို အော်ကြီး ဟစ်ကျယ် ရူးပြမနေဘူး။ ဘာလုပ်မှာလဲ။ ဟုတ်တယ် မဟုတ်လား။ အချိန်တန်ရင် ကိုယ့်ကို အရူးလို့ သနားနေတဲ့ ပရိသတ်က ခွဲလာတတ်မှာ ပဲလေ။ ဘယ်အရူးက အရူး လောကကို စေတနာ ရှိတယ်၊ ဘယ်လောက် ရူးတတ်တယ်၊ အရူး လောကကို ဘယ်အရူးက ပိုချစ်တယ်၊ ဘယ်အရူးကတော့ လူသနားအောင် အတင်း ရူးပြနေတယ် ဆိုတာတွေ ပေါ်လာမှာပါ။ အချိန်လေး ခဏ ပေးထားလိုက်။ ကိုယ့်ကို သနားနေကြတဲ့ ပရိသတ်က လူ ကောင်းတွေပဲဟာ။ ကျကျနန ရူးဖို့ ဘယ်လောက် ခက်လဲ ဆိုတာ သူတို့လည်း သိတာပေါ့။ သိက္ခာ ရှိတဲ့ အရူး တစ်ယောက် ဖြစ်ဖို့ ဆိုတာက ပါရမီခံလည်း ပါမှ၊ ကံလေးလည်း လိုက်ဦးမှ ရူးဖြစ်တာ။ ကိုယ် မဆွယ်ဘူး။ ပရိသတ် သနားအောင် ကိုယ် ဘယ်တော့မှ အရူးပါ ခင်ဗျာ ဆိုပြီး မဆွယ်ဘူး။ ကိုယ့်ဟာကိုယ် ရူးစရာရှိ ရူးပြလိုက်မယ်။ ခပ်တည်တည်ပဲ ရူးနေမယ် ဒါပဲ။ လွယ်တယ်ထင် ရူးကြည့်ပါလား။ မောင်ရင်လည်း လွယ်တယ်ထင် အခု စမ်းရူးကြည့်လေ။ သိပ်ခက်တယ် မရဘူး။ ရေရှည်မှာ ကွာသွားတာပဲ။
မေး။ အရူးတွေကို သနားကြတဲ့ လူကောင်းတွေ ယုံကြည်နေတာက အရူးတွေဟာ ကိုယ်ရူး ရူးမှန်း မသိဘူး။ ရူးနေပြီလို့ ပြောရင် စိတ်ဆိုးကြတယ်လို့ပေါ့။ အစ်ကိုကြီးကျတော့ ကိုယ် ရူးတာ ကိုယ် သိနေတယ်လေ။ အခုတလော အရူး လောကမှာ ဒီကိစ္စလေး အပြောများနေလို့ အစ်ကိုကြီးရဲ့ အမြင်လေး တစ်ဆိတ် ပြောပါဦး။
ဖြေ။ ကိုယ်လည်း ဒါပဲ ပြောချင်နေတာ။ တချို့က အတင်း တွန့်လိမ် ကွေးကောက် အော်ဟစ်ပြီး ပြကြတယ်။ တချို့ကြတော့လည်း သူများ ရူးပုံ ရူးနည်း လိုက်ရူးကြည့်ကြတာလည်း ရှိတယ်။ တချို့က ခေတ်မမီတဲ့ ရူးနည်းတွေနှင့် ကျန်ခဲ့ကြပြီ။ တချို့ကတော့ ခေတ်မီမီ ရူးတတ်အောင် ကြံကြတယ်။ မောင်ရင် အခု မေးတဲ့ ကိစ္စက အဲဒါပဲ။ ပညာ ပါတယ်နော်။ ခေတ်ကွ ခေတ် ခေတ်။ ခေတ်နောက်ကျ ကျန်ခဲ့ရင် သွားတာပဲ။ ကမ္ဘာကြီးက အရမ်း တိုးတတ်လာပြီ။ အရူးတွေလည်း ခေတ်မီနေရမယ်။ အရင် အရူးတွေက ကိုယ် ရူးလို့ ရူးမှန်း မသိဘူး။ ဒါ မှန်တယ်။ လူကောင်းတွေလည်း လက်ခံထား တယ်။ ဒါပေမဲ့ အခု အဲဒီခေတ် ကုန်သွားပြီလေ။ အရူးတွေ ရူးမှန်း သိတဲ့ခေတ် ရောက်လာပြီ။ မောင်ရင် သိတယ်လေ။ ကိုယ်က ခေတ်မီမီပဲ ရူးနေချင်တာ။ (သောက်ကျိုးနဲ အရူးဟ)
မေး။ ဒါဆို အရူးတွေ သူတို့ကိုယ် သူတို့ ရူးမှန်း မသိဘူး ဆိုတာ ခေတ်မမီဘူးပေါ့နော်။
ဖြေ။ မမီဘူး။ အများကြီး နောက်မှာ ကျန်ခဲ့ပြီ။ ကိုယ် ပြောချင်တာက မရူးဘူး ဆိုရင်လည်းလူကောင်းပဲ လုပ်နေ။ ရူးမယ် ဆိုရင် သေချာ ရူး။ ကျကျနန ရူးပစ်လိုက်စမ်း၊ ယုံယုံကြည်ကြည် ရူး၊ ခေတ်မီမီ ရူးနိုင်အောင် ကြိုးစား။ တော်ရိရော်ရိ မလုပ်နဲ့ အရူး မဖြစ်လာဘဲ နှမ်းသွားမယ်။ အနှမ်းကြီး ဖြစ်သွားလိမ့်မယ်။ ကရော် ကမယ် လုပ်လို့ မရဘူး။ အရေးကြီးတယ်။
မေး။ အရူးလိုင်းတွေထဲမှာ အစ်ကိုကြီး ဘယ်လိုင်းကို ပိုအားသန်ပါသလဲ။
ဖြေ။ တချို့က မယား တလိုင်းနဲ့ ရူးကြတယ်။ ခံစားချက် ရှိတယ်။ လိုအပ်ရင် ခပ်ကြမ်းကြမ်း ရူးပစ်လိုက်မယ်။ ဂရုမစိုက်ဘူး။ ဒီသဘောပေါ့။ ခံစားမှု ဦးစားပေးပေါ့။ ဒါပေမဲ့ အများအား ဖြင့် အေးဆေးပဲ ရူးတယ်။ ကောင်းပါတယ်။ ကိုယ် လက်ခံတယ်လေ။ တချို့ကျတော့ တဏှာလိုင်းနှင့် ရူးကြတယ်။ ဒါကျ မကောင်းဘူး။ ကိုယ် မကြိုက်ဘူး။ ညစ်ပတ်တယ်။ အရူး သိက္ခာကျတယ်။ နောက်တစ်လိုင်းက ဥစ္စာလိုင်း။ ဒါလည်း သိပ်မကောင်းဘူး။ ဥစ္စာရူးက ဒေါသ များတယ်လေ။ ကိုယ်ကတော့ အရူးလိုင်းပဲ။ အကြောင်းပြမနေဘူး။ ကိုယ် ရူးတယ်။ အရူးပဲ။ ကိုယ် ရူးနိုင်သလောက်ပဲ ရူးတယ်။ ကိုယ် ဒီလောက်ပဲ ရူးနိုင်တယ်။ ဟန်မဆောင်ဘူး။ ဒီလောက်ပဲ ရူးပြတယ်။
မေး။ အရူး စစ်စစ် မဖြစ်တာတွေ ရှိလား ခင်ဗျ။
ဖြေ။ ရှိတယ်။ အများကြီးကို ရှိတာ။ ကိုယ် ပြောပြမယ်။ တချို့ ရူးချင်လို့ ရူးကြည့်တယ်။ မဖြစ်ဘူး။ ပေါသွားတယ်။ ငပေါကြီးပဲ ဖြစ်သွားတယ်။ တချို့ ရူးကြည့်တယ်။ မရဘူး။ သွပ်ချောင်ချောင် ဖြစ်နေတယ်။ တချို့ တော်တော် ကြိုးစားတယ်။ ဂေါက်သွား၊ ကွေးသွား၊ လစ်သွားတယ်။ ရူးမသွားဘူး။ တချို့ ရူးလုလု အထိ ဖြစ်လာပြီး ရပ်သွားတယ်။ ကြောင်နေတာ၊ အဲဒါ ရူးတာ မဟုတ်ဘူး။ အဲဒါ ကိုယ် ပြောတာပေါ့။ အရူး စစ်စစ် ဖြစ်ဖို့ ခက်တယ်လို့။ တချို့ ရူးချင်ယောင်ဆောင်တာ ရှိသေးတယ်။ အလကား အဲဒါ လိမ်တာ။ နင်လား၊ ငါလား တကယ်တမ်း ရူးကြည့် မခံနိုင်ဘူး။ တကယ်တမ်း သူတင် ကိုယ်တင် အရူး ထကြပြီဟေ့ဆို မရတော့ဘူး။ သွားရော မလိုက်နိုင်တော့ဘူး။
မေး။ ရူးရတာ ခက်တယ်နော်။ တော်တော် မလွယ်တဲ့ကိစ္စပဲ။ အစ်ကိုကြီး ပညာအရည်အချင်းလေး......
ဖြေ။ ဟကောင်ရ၊ အရူးပါဆို ကျောင်းနေလို့ ရမလားကွ။
မေး။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဒါထက် အခုတလော အစ်ကိုကြီး နားထောင်ဖြစ်တဲ့ သီချင်း၊ ကြည့်ဖြစ်တဲ့ ရုပ်ရှင်၊ ဖတ်ဖြစ်တဲ့ စာအုပ်လေးများ ရှိရင်...။
ဖြေ။ နိုး နိုး ကိုယ် မလုပ်ဘူးလေ။ ကိုယ် ဘာမှ မကြည့်ဘူး။ နားမထောင်ဘူး။ စာကလည်းဖတ်ချင်တောင် စာမှ မတတ်တဲ့ ဟာ မောင်ရင် အမှတ်သညာ နည်းတာပဲ။
မေး။ ဟုတ်ကဲ့ နည်းနည်း ရှင်းပြပါလား။
ဖြေ။ ဒီလိုလေ။ အဲဒါတွေ နားထောင်ရင်၊ ကြည့်ရင် ကိုယ့် လမ်းကြောင်း ပြောင်းသွားလိမ့်မယ်။ ကိုယ်က အရူး၊ ပြန်မကောင်း သွားချင်ဘူး၊ ဒီအတိုင်းပဲ ကိုယ် ရူးနေချင်တယ်လေ။ အဲဒါတွေ စိတ်မဝင်စားဘူး။
မေး။ သဘောပေါက်ပြီ ခင်ဗျ။ အစ်ကိုကြီးရဲ့ တစ်နေ့တာ ရူးပုံလေး ပြောပါဦး။
ဖြေ။ သိပ်မထူးခြားပါဘူးလေ။ ကိုယ်က တခြား အရူးတွေလို လျှောက်ရူးပြနေတာမှ မဟုတ်တာ။ မိုးလင်းလာတယ်။ ကိုယ် ဒီအတိုင်းထိုင် ရူးနေလိုက်တာပဲ။
မေး။ တော်တော်လည်း စုံသလောက် ရှိသွားပါပြီ။ နောက်ဆုံး အစ်ကိုကြီး အနေနဲ့ အရူးလောကကို ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ပြောချင်တာ တစ်ခု ကိုယ် ရှိတယ်လေ။ အရူး လောကရော လူကောင်းတွေပါ အရူးကို စိတ်ညစ်အောင် မလုပ်ကြပါနဲ့လို့။ အရူး စိတ်ချမ်းသာရင် ဘာဖြစ်တယ် ဆိုတာ မောင်ရင်တို့ သိပါတယ်။ ရာသီဥတုကလည်း ပူတယ်လေ။ ကိုယ်လည်း အသက်လေး ရလာတော့ သိပ်သောင်းကြမ်းပြီး အရူးထ မနေချင်တော့ဘူး။ ရှေ့လျှောက် အေးဆေးပဲ ဆက်ရူးသွားတော့ မယ်လို့ စိတ်ကူးထားတယ်။
မေး။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။
ဖြေ။ ………………………………………..
အလှူ ဆိုသည်မှာ....
လွန်ခဲ့သော နှစ်များ ကာလက ဤကမ္ဘာ လောက၏ တစ်နေရာဝယ် လူငယ် တစ်စုတို့ အသက်ရှင် နေထိုင်ခဲ့ကြဖူးလေ၏။ ထိုလူငယ် တစ်စုတို့သည် အရွယ်အားဖြင့် လေးငါးခြောက်နှစ် သူငယ်လေးများက လူကြီးတွေဟု အထင်ခံကြရ၍ လေးငါးခြောက်ဆယ် အရွယ်များက ‘ဒီကလေးတွေ’ ဟု သမုတ်ခြင်း ခံရသည့် ဆယ်ကျော်သက် စကောစက ဗရုတ်သုတ်ခ တစ်သိုက် ဖြစ်လေသည်။ ထိုလူငယ် တစ်သိုက်တို့သည် တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှ မတည့်ကြသော်လည်း တတွဲတွဲသာ နေကြကုန်၏။ တစ်ယောက်ကို တစ်ယောက် ချောက်ချ၍ အမြဲ ဒုက္ခပေးနေကြသော်လည်း ဒေါမပွဘဲ တဟဲဟဲသာ တွဲနေကြမြဲ ဖြစ်ကုန်၏။ တစ်ယောက် ကွယ်ရာတွင် တစ်ယောက်က မကောင်းတာတွေချည်း အပုပ်ချ ရှာကြံ ပြောတတ်ကြသော်လည်း အပြင် သူစိမ်း တစ်ယောက်ယောက်က သူတို့ အကြောင်း မကောင်း ပြောသံ ပြန်ကြားသော် လွန်စွာ စည်းလုံးကြ၍ ထိုသူစိမ်းအား ဒေါပွ ရန်စတတ်ကြကုန်၏။ တစ်ယောက်ကို တစ်ယောက် လုံးဝ အထင်မကြီးသော်လည်း တစ်ယောက် တစ်ခုခု လုပ်လျှင် ကျန်တစ်စု က လိုက်လုပ်ကြကုန်၏။ တစ်ယောက် ခဏ ကောင်းစားလျှင် ကျန်တစ်သိုက်က မဲ့ရွဲ့ ရှုံ့ချတတ်ကြသော်လည်း တစ်ယောက် ဒုက္ခ ရောက်သော် ကျန်တစ်ပြုံလုံးက ခွေးကျုံးဝက်ကျုံး ကူညီကြကုန်၏။ ထိုလူငယ် တစ်သိုက် တို့သည် လက်ဖက်ရည်ဆိုင် တစ်ခုတွင် တစ်ယောက်နှင့် တစ်ယောက် ဘုကြည့် ကြည့်၍ စတွေ့ခဲ့ကြလေသည်။ ထိုလက်ဖက်ရည်ဆိုင်တွင်ပင် တစ်ယောက်ကို တစ်ယောက် မသင်္ကာဘဲ လွန်စွာ ရင်းနှီး ကျွမ်းဝင် ချစ်ခင်ခဲ့ကြလေသည်။ ထိုလက်ဖက်ရည်ဆိုင်ကိုပင် မိမိတို့ အိမ်လို ထား၍ မိုးလင်း မိုးချုပ် တရုန်းရုန်းနှင့် အချိန်ဖြုန်းကာ ပျော်ရွှင်စွာ နေထိုင်ခဲ့ ကြဖူးလေသည်။ ထိုလက်ဖက်ရည်ဆိုင် ပိုင်ရှင် မိသားစုသည် ရာသီ အလီလီ ပြောင်း၍ နှစ်ပေါင်း များစွာ အကြာ ဆိုင်နေရာ ပြောင်းရွှေ့သွား ကြချိန် အထိ ထိုသူငယ် တစ်သိုက်ကို မိသားစုဝင်လို သဘောထား ချစ်ခင်လျက် လွန်စွာ အနွံအတာ ခံခဲ့ကြလေ၏။ ထိုလက်ဖက်ရည် ဆိုင်ငယ် ရှိခဲ့ဖူးရာ ရပ်ကွက်ငယ်သည်လည်း ထိုလူငယ် တစ်သိုက်တို့ အရွယ် ရ၍ တကွဲတပြား ဖြစ်သွားကြချိန် အထိ လွန်စွာ အနွံအတာ ခံခဲ့ဖူးလေ၏။ ထိုလက်ဖက်ရည်ဆိုင် တည်ရှိရာ ထိုရပ်ကွက်ငယ်တွင် ကျင်လည်ခဲ့ဖူးကြသော တစ်ချိန်က ထိုလူငယ် တစ်စုတို့သည် မတရား ဒုက္ခပေးခဲ့ကြသည်နှင့် အမျှ ကူညီခဲ့ကြဖူးလေ၏။ မတရား ဆိုးသွမ်းခဲ့သည်နှင့် အမျှ လိမ္မာခဲ့ကြဖူးလေ၏။ မတရား အပျင်းထူခဲ့ကြသည်နှင့် အမျှ သွက်လက် ဖျတ်လတ်ခဲ့ ကြဖူးလေ၏။ သူတို့ကို မြင်ရသည်မှာ စိတ်ရှုပ်စရာ ကောင်းလှသလို ပျော်စရာလည်း ကောင်း၏။ ခပ်ကင်းကင်း နေဖို့ ကောင်းသလို ခင်စရာလည်း ကောင်း၏။ ဘယ်နေရာမှ စိတ်ချဖို့ မကောင်းသလို အကူအညီ တောင်းလို့ ကောင်း၏။ ပုံပန်းသဏ္ဌာန်က အစ ဘယ်လိုမှ လိုက်ဖက် မညီကြသလို အတူတူ တွဲလျက် ရှိကြသည်ကို မြင်နေရမှ သဘာဝကျသလို ဖြစ်၏။ ထိုလူငယ် တစ်သိုက်တို့၏ အမျိုးမျိုး၊ အဖုံဖုံ စုံလင်လှသော အဖြစ်အပျက်များကို အရပ်က မြင်ခဲ့ ကြားခဲ့ကြရ၏။ ထိုလူငယ် တစ်သိုက် တို့သည် လွန်စွာ ဂွတီး ဂွကျ ရှိ၏။ ဗရုတ်သုတ်ခ နိုင်၏။ အမြင်တော် သလို မတော်သလို ဖြစ်၏။ မျက်စိနောက်သလို မနောက်သလို ဖြစ်၏။ သူတို့ အကြောင်း ကြားရသည်မှာ စိတ်ပျက်ရမလို ရယ်ရမလို ဖြစ်၏။ လွန်စွာ ထူကြ၊ အကြ၊ နကြ၊ တုံးကြသဖြင့် ‘ပိန်းဥများ’ ဟု အရပ်က ခေါ်တာ ခံကြရလေ၏။ ယခုမူ ထိုရပ်ကွက်ငယ်သည် အတော်ပင် ပြောင်း လဲသွားခဲ့ပေပြီ။ ထိုပိန်းဥ တစ်သိုက်မှာလည်း တကွဲတပြား လိမ့်သွားကုန် ကြပြီ ဖြစ်၏။ ထိုပိန်းဥများ ထည့်ထားရာ တောင်းသဖွယ် လက်ဖက်ရည် ဆိုင်ငယ်သည်လည်း အရပ်တစ်ပါးသို့ ပြောင်းရွှေ့ ထွက်ခွာသွားပြီ ဖြစ်၏။ ထိုပိန်းဥများ ထားရစ်ခဲ့သည့် အဖြစ်အပျက် ပေါင်းစုံတို့မှာမူ အမှတ်ရမိသူတို့ အတွက် ပြောစရာတစ်ခု အဖြစ် ရခဲ့လေ၏။ ထိုအမှတ်ရမိသူတို့ အနက်မှ ကျွန်တော့် အတွက်မှာမူ ပုံပြင်သဖွယ် ရေးစရာ တစ်ခုပြီး တစ်ခု ရခဲ့လေတော့သတည်း။
တစ်ခါက အရပ် ရှည်ရှည် လည်ပင်း ရှည်ရှည် လျှာရှည်ရှည် ပိန်းဥ မဲမဲ တစ်လုံးသည် နံပြားဖိုကို ကျောမှီလျက် ယိုင်နဲ့နဲ့ ခွေးခြေ တစ်လုံးပေါ် ပျင်းရိပျင်းတွဲ ထိုင်ကာ တစ်စုံတစ်ရာကို ပြောပြနေလေသည်။ ကျန်ရုပ်ဆိုးဆိုး ပိန်းဥ တစ်လုံး၊ မျက်ခုံး မျက်လုံး နှာတံပေါ်ပေါ် မုတ်ဆိတ် နှင့် ပိန်းဥ တစ်လုံး၊ ပုကွကွ ဘုကျတတ်သော ပိန်းဥ တစ်လုံး၊ ပိန်းဥ အထီးတန်မဲ့ အမကဲ့သို့ မကြာခဏ ပါးကွက် ကွက်တတ်သော ပိန်းဥ တစ်လုံး အစရှိသော ပိန်းဥ လေးငါးခြောက်လုံးတို့သည် အနှီမဲမဲ ပိန်းဥရှည် ၏ စကားအား မကြား တစ်ချက် ကြားတစ်ချက် လိုလို စိတ်မပါလျက် လူမှုရေး အရလိုလို၊ ဂရုတစိုက် မရှိလှသလိုလို ပုံဖမ်းလျက် သမ်းလိုက် ဝေလိုက်ဟန် လုပ်ကာ စားပွဲ ခုံပု တစ်လုံးအား ဝိုင်းပတ်လျက် စိတ်ဝင်တစား ထိုင်နားစွင့်နေကြလေ၏။ ပိန်းဥ မဲမဲ ရှည်ရှည် ပြောနေသည်မှာ
‘အဲဒီလိုနဲ့ တစ်နေ့ကျတော့ သူ ခရီး တစ်ခု အသွား ရထားပေါ် တက်ရော၊ ရထားကလည်း ထွက်ခါစ ဆိုလား ဖြစ်နေတော့ အမှတ်တမဲ့ သူ့ဖိနပ် တစ်ဖက် ကျွတ်ကျ ကျန်ခဲ့တယ်တဲ့၊ ပြန်ဆင်းကောက်လို့လည်း မရတော့ဘူးလေ၊ အဲဒီအခါမှာ သူ ဘာလုပ်သလဲ သိလား၊ သေသေချာချာ နားထောင်နော်၊ သူ့ခြေထောက်မှာ စီးလျက်သား ပါလာတဲ့ ဖိနပ် တစ်ဖက် ကို ချွတ်ပြီး ဟိုကျကျန်ရစ်ခဲ့တဲ့ ဖိနပ်နားကို လှမ်းပစ်ချထားခဲ့တယ် ဆိုပဲ၊ အဲဒီတော့ ရထားပေါ်က လူတွေက ဂန္ဒီကြီးကို မေးတာပေါ့၊ ဘာလုပ်တာလဲ ဘာညာ ဆိုတော့ သူက ပြန်ဖြေတယ် ကျွတ်ကျ ကျန်ခဲ့တဲ့ ဖိနပ် တစ်ဖက် ကို ကောက်ရတဲ့ လူဟာ တစ်ဖက်တည်းဆို ဘာမှ အသုံးမကျမှာမို့လို့ နောက်တစ်ဖက်ပါ ရသွားရအောင် ပစ်ထားခဲ့တာ ဆိုပဲ၊ တစ်ရံလုံး ရသွားတော့ စီးသွားလို့ ရတာပေါ့လို့ ဖြေတယ်တဲ့၊ မင်းတို့ ကြည့်စမ်း၊ ဘယ်လောက် စိတ်ထား ကောင်းလိုက်သလဲ ဆိုတာ ငါတို့လည်း တစ်ခါတလေ ဖိနပ် ကျွတ်ကျ ကျန်ခဲ့ဖူးတာပဲ၊ တစ်ခါမှ သူ့လို မတွေးမိဘူး မဟုတ်လား၊ ဒီတစ်ခါ ဖြစ်ရင်တော့ အဲဒီလို သတိထားပြီး ကောင်းမှုလေး တစ်ခု ဖြစ်အောင် လုပ်ရမယ်’ ဟု သူ ဖတ်လာသော မဟတ္တမဂန္ဒီကြီး၏ ဖိနပ် တစ်ရံ အကြောင်းကို အဆုံးသတ်လေ၏။
နားထောင်နေသော ပိန်းဥများမှာ စိတ်မဝင်စားသလို ဟန်လုပ်နေ သော်လည်း မဟတ္တမဂန္ဒီ၏ ကောင်းမွန်လှသော စိတ်ထားကို လွန်စွာ အားကျ၍ သူတို့လည်း ကြုံလျှင် ထိုသို့ ပြုမူမိရန် ကြံကြလေသည်။ သို့သော် ပါးစပ်က ထုတ်ဖော်၍ အားရပါးရ ထောက်ခံမိပါက ထိုအကြောင်း ပြောပြနေသော ‘ပိန်းမဲဥရှည်’ သည် သူ့စကား သူများ ထောက်ခံလျှင် လွန်စွာ ရောင့်တက်၍ သုံးလေးရက် ဆရာကြီး လုပ်နေတတ်သဖြင့် အကြောင်းသိသော ပိန်းဥများ အချင်းချင်း ပါးစပ်နှင့် မထောက်ခံဘဲ စကားလမ်း လွှဲ၍ စိတ်ထဲမှာသာ တေးမှတ်ထားကြလေသည်။ ထို့အပြင် ပိန်းဥများ စဉ်းစားသည်မှာ ထိုဖိနပ် ကိစ္စနှင့် ပတ်သက်သည့် ကောင်းမှုကို သူများ အရင် မိမိ ပြုရသော် အချင်းချင်းကြား မိမိ အရင် မျက်နှာ ရမည် ဖြစ်၍ နောက်တစ်နေ့ မိုးလင်းသည်မှစ ဘတ်စ်ကား ဖြစ်စေ၊ ရထား ဖြစ်စေ ပတ်စီးပစ်မည်။ တစ်ချီချီတော့ ကျိန်းသေ ဖိနပ် ကျွတ်မှာပဲ မကျွတ်လည်း တစ်ဖက်ဖက်ကို အတင်း ချွတ်ချထားခဲ့ပြီး နောက်တစ်ဖက်ကို လှမ်းပစ်၍ ဖိနပ် အလှူ လုပ်လိုက်မည်ဟု အသီးသီး ကိုယ်စီ ကြိတ်၍ ကြံလေ၏။ ထိုသို့ဖြင့် နောက်နေ့များတွင် ပိန်းဥတို့သည် အမျိုးမျိုး ဖြစ်ပျက် ကြရာ အောက်ပါအတိုင်း ရှိလေတော့၏။
နေရာတကာ နမော်နမဲ့ နိုင်လှသော ပိန်းဥ တစ်လုံးသည် ထိုကိစ္စ ကြားသော် ပြုံး၏။ ထိုဖိနပ် အလှူ ကိစ္စသည် သူ့အတွက် မဆန်း။ သူသည် နေရာတကာ ဗြဲလရမ်းကောင် ဖြစ်၏။ ရွစိ ရွစိ နမော်နမဲ့နှင့် အမြဲ ဆတ်စလူး ထနေသူ ဖြစ်ရာ ရထားစီးစီး ကားစီးစီး ဆယ်ခါ တစ်ခါ ဖိနပ် ကျွတ်ကျတတ်၏။ ပြန်ကောက်၍ ရလျှင် ပြန်ကောက်၊ မရလျှင် ဖိနပ် တစ်ဖက်တည်းနှင့် ဒီအတိုင်း ဆက်သွားနေကျ၊ ရထားစီးမှ ကားစီးမှ မဟုတ်၊ တစ်ခါတုန်းက လမ်းလျှောက်နေရင်းပင် ‘ရှလွတ်’ ဆိုပြီး ဖိနပ် ကျွတ်ကျန်ခဲ့၍ ပြန်လှည့်စီးရဖူး၏။ သို့ဖြစ်ရာ ဤနေရာ ဤကိစ္စတွင်တော့ အခြား ပိန်းဥများ သူ့ မယှဉ်နိုင်။ အိတ်စပီးရီးရင့်မှာ သူက တစ်ဝကြီး သာသည်။ သူ နှုတ်ခမ်း ထောင့်စွန်း တစ်ဖက်တည်း တွန့်ခနဲ တစ်ချက် ပြုံးမိ၏။ ‘ကြည့်ကြသေးတာပေါ့ ဘယ်သူ အရင် ဖိနပ် လှူနိုင်မလဲ’ ဟုလည်း စိတ်ထဲ ကြုံးဝါး၏။
နောက်တစ်နေ့ မနက် နေပင် မထွက်သေး။ မှုန်တိမှုန်ဝါး အရုဏ် တက်မှာပင် သူ အိမ်က ထွက်ခဲ့၏။ အိတ်ကပ်ထဲတွင် ဘတ်စ်ကားခ၊ ရထားခ အလုံအလောက် စရိတ်ကို သူ့ မုန့်ဖိုးနှင့် ဘယ်လိုမှ မလောက်။ ထို့ကြောင့် နတ်ကွန်း အုန်းသီးကြား သူ့အဘွား ‘ကိုး’ ထားသော ပိုက်ဆံများ နတ်ကို တောင်းပန်၍ သူ ယူလာ၏။ တွေ့ရာ တက်စီးမည်၊ စီးလျှင် ကျွတ်မည်၊ ကျွတ်သော် ပြန်မည်၊ မကျွတ်သော် ဆက်စီးမည်၊ ထိုသို့ တွေး၍ လမ်းထိပ် ကားဂိတ်သွား လာရာကား တက်စီးရန် စောင့်၏။ ကား တစ်စီးလာသည်။ မနက် အစောကြီး ဈေးကြိုကား ဖြစ်၍ ချောင်၏။ အေးအေးဆေးဆေး မောင်း၏။ သူ ကားပေါ် တက်တာ အေးဆေး ရပ်ပေးထား၏။ ထို့ကြောင့် ဖိနပ် မကျွတ်ကျ။ မကျွတ်ကျ၍ သူ မကျေနပ်။ ရှေ့မှတ်တိုင် ရောက်သော် ပြန်ဆင်း၍ နောက်ကားတစ်စင်း စောင့်လေ၏။ စပယ်ယာက ဘာကောင်လဲဟု ကြည့်သွား၏။
နောက်တစ်စင်း လာပြီ။ ဒရောသောပါး မောင်းချလာ၍ သူ အားရ ၏။ မှတ်တိုင်တွင် ရပ်၍ ကျန် အဒေါ်ကြီး နှစ်ယောက်နှင့် သူ့ကို မြန်မြန် တက်ဟု လော၏။ အဒေါ်ကြီး နှစ်ယောက်ကို အရင် တက်ရန် သူ လမ်းဖယ်ပေးလိုက်သည်။ သူသည် စပယ်ယာ လူငယ်နှင့် ရွယ်တူလောက် ဖြစ်၍ လိုင်းကား စီးနေကျ ရုပ်လည်း ဖြစ်သဖြင့် သူတို့ အရွယ် ယောက်ျား လေးကို အဆင်း၊ အတက် ဘယ်ကားဆရာကမှ ပြုတ်ကျမှာ မပူ။ ထို့ကြောင့် အဒေါ်ကြီး နှစ်ယောက် တက်ပြီးသော် ‘မောင်း’ ဟု အော်၍ ဝူးခနဲ ကားထွက်မည်။ ထိုအခါ သူ လွှားခနဲ ခုန်တက်လိုက်မည်။ အပြေး အလွှား လုပ်လျှင် သူ့ ထုံးစံ အတိုင်း ဖိနပ် ကျွတ်ကျန်နေကျ။ ထိုသို့ ဖြစ်လျှင် အောင်ပြီဟု သူ တွေး၏။ သူ တွေးထားသလိုပင် ဖြစ်လေသည်။ ‘ဝူးခနဲ’ ကားထွက်လေလျှင် လက်ကိုင်တန်းကို လှမ်းဆွဲ၍ သူ ‘ကားခနဲ’ ခုန်တက်လိုက်၏။ ထိုအခါဝယ် ရေအိုင်ထဲ တမင် ဖြတ်လျှောက်လာသဖြင့် ချောနေသော သူ၏ ရာဘာ ဖိနပ် တစ်ရံ အနက်မှ ညာဘက် တစ်ဖက် သည် ခြေထောက်မှ အောင်မြင်စွာ ကျွတ်ထွက်ကာ လက်ပြ နှုတ်ဆက် ကျကျန်ခဲ့လေတော့သတည်း။ သူ ဝမ်းမြောက်လှ၏။ ခါတိုင်းလို ဖိနပ် ကျသွားလို့ ဘာညာ ထမအော်။ နောက်တစ်ဖက်ကိုသာ အလျင်အမြန် ချွတ်၍ ကန်ချထားခဲ့၏။ စပယ်ယာလည်း မသိလိုက်။ ကားပေါ်မှ အခြား လူများလည်း ကိုယ့် အတွေးနှင့် ကိုယ်မို့ သူ ဘာလုပ်လိုက်သလဲ ဘယ်သူမှ စိတ်မဝင်စား။ မြင်လည်း အလွယ်တကူ မမြင်နိုင်လောက်။ အဘယ်ကြောင့် ဆိုသော် သူသည် ဒိုင်နာကား အမျိုးအစား၏နောက် အတက် အဆင်း ခြေနင်းပေါ်မှာသာ ရှိနေသေးသောကြောင့် ဖြစ်၏။ ဖိနပ် အလှူ ကိစ္စ စောစီးစွာ ဖြစ်မြောက်လေပြီ။ သူ အမျိုးမျိုး ပီတိ ဖြစ်လျက် ဝမ်းသာ နေသဖြင့် နောက်နှစ်မှတ်တိုင်လောက် ကားနှင့် ပါသွားသေး၏။ ပြီးမှ သတိရ၍ ကပျာကယာ ပြန်ဆင်းကျန်နေခဲ့ရသည်။ အချိန်ကား ဝေလီ ဝေလင်း မသဲမကွဲ မနက်။ သူ့ အပြန် ခရီးကို ကားပင် မစီး။ သုံးလေး မှတ်တိုင်စာကို ခေါင်းမော့ ရင်ကော့၍ ပျာယာပျာယာ ခြေဗလာနှင့် ပြန်ခဲ့ သည်။ ဟိုကောင်တွေ ဖိနပ် အလှူ ထွက်လျှင် ရပ်ကွက်ထိပ်က ပိတ်စောင့် ၍ ဆီး ဆီးကြွားပစ်လိုက်မည်ဟု အကြံရလျှင် ပို၍ ရွှင်ပျသွားပြီး လေများ တောင် ချွန်လိုက်မိလေသည်။ သို့သော် …
သူ တစ်ခု မသိလိုက်သည်မှာကား မှုန်တိမှုန်ဝါး အလင်းရောင် ရှိသည့် မနက် အစောကြီးတွင် အိမ်ရှေ့ ကပြင် ဖိနပ်ချွတ်မှ ဖိနပ် အများ ကြီးကြား ပျာယာပျာယာနှင့် သူ စီးချလာ၍ ကားပေါ်မှ ကန်ချခဲ့သော ရာဘာ ဖိနပ် နှစ်ဖက်မှာ တစ်စုံသာ ဖြစ်၍ တစ်ရံ မဟုတ်။ ညာတစ်ဖက် သည် သဲကြိုး အနီရောင်တပ် သူ့ဖိနပ် ဖြစ်၍ ဘယ်တစ်ဖက်မူကား သဲကြိုး အပြာရောင်တပ် သူ့အစ်ကို ဖိနပ်ကြီး ဖြစ်နေသောကြောင့်ပင်တည်း။ ထိုသို့ဖြင့် ထိုနမော်နမဲ့ ပိန်းဥ၏ ဖိနပ် အလှူဒါနမှာ ထင်သလို အဆင်မပြေတော့ဘဲ သူ ကန်ချခဲ့သော တစ်ရံကို ကောက်ရသူ ရှိရင်တောင် အနီ တစ်ဖက် အပြာ တစ်ဖက်နှင့် ဘယ်လိုမှ အဆင်မပြေရုံမျှမက အိမ်မှာ ကျန်ခဲ့သည်ကပါ ထိုကဲ့သို့ ကျွဲတစ်ဖက် နွားတစ်ဖက်ကြီး ဖြစ်နေ၍ ဖိနပ် နှစ်ရံလုံး ဆုံးသည်သာ မြတ်ရှာလေသတည်း။
ပိန်းဥ နောက်တစ်လုံးမှာ မုတ်ဆိတ်နှင့် ဖြစ်၏။ စကား ပြောလျှင် ဝဲတဲ ဝဲတဲနှင့် ခေါင်းလေး တခါခါ ပြောတတ်၏။ သူသည် ဖလော်ဆော်ဖာခေါ် အတွေးခေါ်သမားဟု သူ့ကိုယ်သူ ထင်နေလေသည်။ ဤဖိနပ် ကိစ္စ ဗဟုသုတကို စာသိပ်မဖတ်သော ပိန်းမဲဥ ပြောမှ သူ သိရသည်ကို သူ မကျေနပ်။ သူသည် အရာရာ နှံ့စပ်ပါလျက် ဒီကိစ္စ ဟိုကောင် ပြောပြမှ သိသည်မှာ မဖြစ်သင့်ဟု သူ ထင်၏။ သို့သော် ဤအလှူလေး မွန်မြတ် သည်ဟု သူ ကျေနပ်၍ ထိုကဲ့သို့ လှူဖြစ်ရန်လည်း သူ ရည်သန်၏။ တခြားကောင်တွေထက် အရင် လှူဖြစ်ချင်စိတ်တော့ ရှိသည်။ ဤတွင် သူ စဉ်းစားလေ၏။ ဤကိစ္စသည် လွယ်သည့် ကိစ္စတော့ မဟုတ်။ သေသေချာချာ လုပ်မှ ဖြစ်မည်။ မဟတ္တမဂန္ဒီကြီးသည် ဤကိစ္စကို အိန္ဒိယတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်မည်။ သူသည် အိန္ဒိယတွင် နေထိုင်သူ မဟုတ်။ ထို့ကြောင့် ရေခံ မြေခံ လွဲနေသည်။ တစ်ခုတော့ ရှိသည်။ မဟတ္တမဂန္ဒီကြီးသည်လည်း အိန္ဒိယတိုင်းသား၊ သူသည်လည်း ထိုအနွယ်ဖွား ဖြစ်သည်။ လူမျိုးချင်း ခပ်ဆင်ဆင် ရှိ၍ ထိုကိစ္စတွင် သူ အောင်မြင်နိုင်သည်ဟု ကောက်ချက် ရလေသည်။
အသေးစိတ် စဉ်းစားစရာများ ကျန်သေးသည်။ ဂန္ဒီကြီး ကျွတ်ကျ ကျန်ခဲ့တာ ဘာအမျိုးအစား ဖိနပ်မှန်း သူ မသိ။ သိသည့်တိုင်အောင်လည်း ထိုအမျိုးအစားက သူ့ ပတ်ဝန်းကျင်တွင် ဝယ်လို့ လွယ်ချင်မှ လွယ်မည်။ သေချာတာ တစ်ခုကတော့ ကျွတ်လွယ်သော ဖိနပ်မျိုး ဖြစ်နိုင်သည်။ ဖိနပ် အမျိုးအစား အရင် စုံစမ်း၍ အိန္ဒိယရှိ သူ့အမျိုးများကို လှမ်းမှာပြီး ဖိနပ် ရမှ လက်တွေ့ ကွင်းဆင်းရသော် ကောင်းမလား။ နောက်တစ်ချက် ရှိသည်က ဂန္ဒီကြီး ဖိနပ် ကျွတ်သော ကိစ္စ ဖြစ်စဉ်က အသက်အရွယ် အတော် ကြီးနေပြီလား။ ဒါ စဉ်းစားရမည့် ကိစ္စ ဖြစ်သည်။ သူသည် ဖျတ်လတ် သန်မာသော အရွယ် ဖြစ်၍ ဖိနပ် မြဲသော်လည်း ဂန္ဒီကြီးသည် ဖိနပ် ကျွတ်ချိန်တုန်းက အိုမင်းမစွမ်းမို့ ဖိနပ် မမြဲလို့ ကျွတ်ကျသလား။ ဒါဆို အဘိုးကြီး ဖြစ်အောင် စောင့်ပြီးမှ လုပ်ရင်ကော။ ဒီလောက်ကြီးတော့လည်း သူ မစောင့်နိုင်။ နောက်တစ်ခု ရှိတာက ဂန္ဒီကြီး၏ ဘယ်ခြေထောက် ဖိနပ် ကျွတ်ကျမှန်း မသိ။ ဘယ်ဘက်လား။ ညာဘက်လား။ ဘယ်ဘက် ခြေထောက်က ဖိနပ် ကျွတ်ကျသည် ဆိုလျှင် ညာဘက် ခြေထောက်နှင့် ရထားပေါ် လှမ်းတက်ခြင်းလား။ အဲဒီခေတ် သူတို့ တိုင်းပြည်က ရထား တွေရဲ့ အတက် အဆင်း လှေကားတွေ ဘယ်လောက် မြင့်၍ ဘယ်နှထစ် ရှိသလဲ။ စဉ်းစားစရာတွေ တစ်လှေကြီး ပေါ်လာသည်။ လက်တွေ့ လေ့လာ သုတေသန ပြုစရာတွေလည်း တဝကြီး ရလာ၏။ အခန့်မသင့် တိုက်ဆိုင် လျှင် ‘လူတစ်ယောက်၏ ခြေထောက် တစ်ဖက်သည် နောက်တစ်ဖက် လောက် ဖိနပ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိ’ ဟူသော ခန္ဓာဗေဒ သီအိုရီသစ် တစ်ခုကိုတောင် သူ ဖော်ထုတ် တွေ့ရှိ၍ ကမ္ဘာကျော်သွားနိုင်သည်။ ကမ္ဘာ့ ဖိနပ် ဈေးကွက်ကြီးလည်း သူ့ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွား နိုင်၏ စသည်ဖြင့် အမျိုးစုံ လျှောက်တွေးနေ၍ ဖိနပ် ကိစ္စ ခဏ မေ့သွားပြီး နောက် အတော်ကြာမှ သတိ ပြန်ရရာ ပြန်စဉ်းစား၏။ နောက်ဆုံး ကောက်ချက်များ ရ၍ မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ပြီးသော် သူ့ကိုယ်သူ ကျေနပ်သွားလေသည်။ ဖိနပ်သည် လွန်စွာ ကျွတ်လွယ်သော အမျိုးအစား ဖြစ်ရမည်။ ထွက်ခါနီးဆဲဆဲ ယာဉ်တစ်စီးစီးပေါ် အတက်၌သာ ကျွတ်ရမည်။ အဆင်းတွင် ကျွတ်၍ ထိုယာဉ်ပေါ် ဖိနပ် တစ်ဖက် ပါသွားသော် နောက် တစ်ဖက် ချွတ်၍ လိုက်ပစ်တင်ပါက ယာဉ်ကို ဖိနပ်နှင့် လိုက်ပေါက်သလို ဖြစ်၍ အဓိပ္ပာယ် မရှိ။ စီးမည့် ယာဉ်အမျိုးအစားနှင့် အတက် အဆင်း ပြုလုပ်မည့် နေရာကို သတ်မှတ်ပြီးသော် သူ့ အစီအစဉ်ကို နောက်တစ်နေ့ တွင် အကောင်အထည် ဖော်လေသည်။
နောက်တစ်နေ့ မနက် ဈေးဖွင့်ချိန်တွင် ဈေးထဲသို့ သူ သွား၏။ ကုန်စုံဆိုင်တွင် သူ့ဖိနပ် အလှူ စီမံကိန်း လက်နက် ကိရိယာ တပ်ဆင်မှု တွင် လိုအပ်သည့် ခုံဖိနပ် တစ်ရံ၊ စားအုန်းဆီ ငါးကျပ်သား တိတိ ဝယ် လေသည်။ ထို့နောက် အိမ်ပြန် ရေမိုးချိုး၍ အပြင် ထွက်ရန် ရယ်ဒီ လုပ်ပြီးသော် တံခါးဝတွင် ကျကျနန ထိုင်၍ ခုံဖိနပ် နှစ်ဖက်လုံးကို စားအုန်း ဆီများ ဝနေအောင် သုတ်လေ၏။ ကောင်းလှသော အတွေးအခေါ်ပင်တည်း။ သူ ဒါန ပြုရန် ရည်သန်သော ဖိနပ် နှစ်ဖက်မှာ မည်မျှ ကျွတ်လွယ်၍ ခြေမမြဲသနည်း ဟူသော် သူ့ အိမ်ရှေ့ သံမံတလင်း ပြောင်ပြောင်ဝယ် ဆီသုတ်ထားသော ခုံဖိနပ် နှစ်ဖက်ကို သူ တက်စွပ်၍ အစမ်း လမ်းလျှောက် ကြည့်လေလျှင် တဗိုင်းဗိုင်းနှင့် သုံးလေးခါမက ဖိနပ်လည်း ခြေမှ ကျွတ်၍ လူလည်း ခြေလွတ် လက်လွတ် လဲသော ဟူ၏။ မခံနိုင်လွန်းတော့မှ သဲ အနည်းငယ် ပွတ်ပြီး စီးသော် စီး၍ ရလေသည်။ ထို့နောက်မှ ကျေနပ်သွား၍ ကားဂိတ်ဘက်သို့ ထွက်လေသည်။
သူက ဤသို့ အကွက်ချထားသည်။ မြို့ပတ် ရထားများသည် အန္တရာယ် ဖြစ်မှာ စိုး၍ ဖြည်းဖြည်းသာ မောင်းကြ၏။ နောက် ဘူတာသည် သူတို့ အိမ်နှင့် တော်တော် ဝေးသည်။ သည်ခုံဖိနပ် ချော်လချွတ်ကြီးနှင့် ဘူတာရုံအထိ သူ မလျှောက်နိုင်။ ထို့ကြောင့် ရထား မစီး။ လိုင်းကားသာ သွားစီးမည်။ ကားစီးရာတွင်လည်း သူတို့ ရပ်ကွက်ထိပ် ကားမှတ်တိုင်တွင် မစီးချင်။ ထိုမှတ်တိုင်တွင် ရပ်ကွက်ထဲက မျက်နှာသိများချည်းရှိ၏။ ကိုယ့်သိသူများ ရှေ့တွင် ကိုယ့် ကိစ္စ အဆင်ပြေသော် ကိစ္စ မရှိ။ မတော် ကားပေါ် အတက် ဖိနပ် မကျွတ်ဘဲ ချော်လဲနေလျှင် ဝိုင်းဟားခံရ၍ ရပ်ကွက်ထဲ အလကားသက်သက် အရှက်ရနိုင်သည်။ ထို့အပြင် ဟိုကောင်တွေ ပြန်ကြား၍ ဝိုင်းဟားခံရတာ ပိုနာစရာ ဖြစ်မည်။ ထို့ကြောင့် လမ်းထိပ်ရောက်သော် တက္ကစီ ငှားကာ သူ သွားချင်သော အခြား လိုင်းကား မှတ်တိုင် တစ်ခုသို့ လစ်လေ၏။ မုတ်ဆိတ် ပိန်းဥ ရောက်သွားသော ကားမှတ်တိုင်သည် သူ လိုချင်သော ပုံစံနှင့် ကွက်တိ ဝင်လေသည်။ ထိုမှတ်တိုင်သည် မှတ်တိုင်ကြီး တစ်ခု ဖြစ်၍ လူလည်း များ၏။ ဈေးသည် များလည်း ရှိ၏။ လိုင်းကား မျိုးစုံ ဝင်လာလိုက်၊ ရပ်လိုက်၊ ထွက်သွားလိုက်နှင့် တကယ် စည်သော နေရာ ဖြစ်သည်။ ကားကြီး တစ်စီး ဆိုက်လာသည်။ လူအများနှင့် အတူ သူလည်း တိုးဝှေ့၍ ကားပေါ် တက်၏။ သို့သော် ခြေနင်းခုံသည် အနည်းငယ် မြင့်၍ အားရပါးရ သူ လှမ်းတက်သော် ကျွတ်လွယ်လွန်းသော သူ၏ အဖိုးတန် ခုံဖိနပ်သည် တစ်ဖက်သာ မဟုတ်၊ နှစ်ဖက်လုံး အောက်တွင် နေရစ်ခဲ့၏။ သူ ရည်ရွယ်သလို မဖြစ်သေးခင် ခုံဖိနပ် အဆုံး မခံနိုင်သောကြောင့် ကားပေါ် ရောက်ပြီးမှ အတင်း တိုးဝှေ့ကာ ပြန်ဆင်းလာပြန်သည်။ အခုတင် တက်ပြီး အခုပဲ အတင်း ပြန်တိုးဆင်း သဖြင့် စပယ်ယာနှင့် ခရီးသည်များ ဝိုင်းမေတ္တာပို့ကြ၏။ သူကမူ “ဟရေး ဖိနပ် ကျန်နေတယ်နော်” ဟုသာ ပြန်အော်၏။ အမှန်မှာ ထားခဲ့လိုက်ရင်လည်း လိုချင်၍ လာကောက်သူမှာ တစ်ရံလုံး ရ၍ ကိစ္စက ပြတ်နေပြီ ဖြစ်သည်။ သို့သော် ထိုသို့ သူ မတွေး။ စိတ်ရှုပ်ရှုပ်နှင့် ဖိနပ် ပြန်ရှာစီး၍ နောက်ကားတစ်စီး အလာ စောင့်ပြန်၏။
ဒီတစ်ခါ လာသော ကားမှာ ဟိုင်းလက် ကားသေး ဖြစ်၏။ အနည်းငယ် ချောင်၏။ သူ တက်မည် ပြုလေသည်။ သို့သော် ကားက လူခေါ်နေသေးသဖြင့် ခေတ္တ ရပ်ထား၏။ သူလည်း တက်မည် လုပ်ပြီးမှ ယောင်ပေပေနှင့် မတက်သေးဘဲ ရပ်နေ၏။ ဒီလောက်တော့ သူ တွက်တတ် သေးသည်။ သူ ကားပေါ်တက်၊ ဖိနပ် တစ်ဖက် ကျွတ်ကျန်လျက် နောက်တစ်ဖက်ကို သူက ချွတ်ပစ်ချလိုက်ပြီးမှ ကားက မထွက်သေးဘဲ ရပ်ထားလျှင် ဖိနပ် ဆင်းကောက်ပြန်လည်း သူ့ကိစ္စ အချည်းနှီး ဖြစ်၍ မကောက်ဘဲ ဒီအတိုင်း ငုတ်တုတ် ကားပေါ် ထိုင်နေလျှင်လည်း သူ့လုပ်ရပ် ပေါ်တင်ကြီး ဖြစ်နေလိမ့်မည်။ စပယ်ယာကမူ ‘အစ်ကို လာလေ ထိုင်စီးရမယ်’ ဟု ခေါ်၏။ သူက မကြားယောင်ဆောင်၍ ယီးတီးယားတား လုပ်နေလေ သည်။ ‘ကား ထွက်တယ်နော် တစ်ခါတည်း ဆွဲတက်လိုက်မယ်’ ဟုလည်း အားခဲထား၏။
တကြော်ကြော် ခေါ်၍ လူ သိပ်မရသော် ကားသည် ထွက်လေတော့ ၏။ ကားထွက်သော် သူသည် လေ၏ အလျင်ဖြင့် ရုတ်တရက် လက်ကိုင်တန်းကို ဖတ်ခနဲ ဆွဲ၍ ခုန်တက်လေသည်။ စပယ်ယာပင် လန့်သွားသေး၏။ ရည်ရွယ်ထားသော ကိစ္စမှာ သူ့ စိတ်တိုင်းကျ ဖြစ်လာ၏။ ညာဘက် ခုံဖိနပ်တစ်ဖက်သည် သူ့ ခြေမှ ပြွတ်ခနဲ ကျွတ်၍ ကျန်ခဲ့၏။ သူသည် ကား လက်ကိုင်တန်းကို လက်တစ်ဖက်ဖြင့် ကိုင်၍ ကျန်လက်နှင့် ဘယ်ခြေမှ ဖိနပ်ကို ကုန်းချွတ်ကာ နောက်သို့ အားကုန် ပစ်လိုက်လေသည်။ သို့သော် ကားသည် ဘီးလိမ့်ရုံသာ ရှိ၍ အသာလေး ချွတ်ချထားခဲ့ရင်တောင် ဖိနပ် တစ်ဖက်နှင့် တစ်ဖက် လေးငါးလှမ်း အကွာလောက်သာ ရှိ၏။ နောက်တစ် ချက်မှာ သူ ဖိနပ် ကျွတ်ကျန်ခဲ့သည်ကို စပယ်ယာ မြင်၍ ‘ဟိုးထား အစ်ကိုရေ’ ဟု အော်သဖြင့် ကား ပြန်ရပ်သွားလေသည်။ မရပ်သည်မှာကား သူ အားကုန် ပစ်ထည့်လိုက်သော ခုံဖိနပ်တစ်ဖက်သည် ကား စောင့်နေကြသော ခရီးသည် တစ်စု၏ ခေါင်းပေါ်မှ ‘ဝီခနဲ’ ကျော်သွားတာ ရေခဲရေသည် ပုံးထဲ ‘ဂလုန်း’ ခနဲ ဝင်သဖြင့် အဆီ တဝေ့ဝေ့နှင့် ရေကူး နေပြီ ဖြစ်၏။ ဤတွင် သိပ်ရောင်းမကောင်းရသည့် ကြားဘဲ ခုံဖိနပ် ပစ်ထည့်ခံရ၍ ရေခဲရေသည် မိန်းမကြီးသည် ဒေါအပွကြီး ပွကာ ဆောင့် ဆောင့် ဆောင့်ဆောင့်နှင့် ကားနား ကပ်လာပြီး သူ၏ မုတ်ဆိတ်ကို ကိုင်ကာ ကားပေါ်မှ ဆွဲချရင်း ပါးစပ်ကလည်း ‘လာခဲ့စမ်း ဒီနှာခေါင်းရှည်၊ သူများစီးပွားကို တုတ်နှင့် မွှေရအောင် နင်က ဘာကောင်တုန်း၊ လျော် စမ်း မလျော်လို့ကတော့ အုံလိုက် နှုတ်ပစ်မယ်’ စသဖြင့် ပယ်ပယ်နယ်နယ် ကြိမ်းမောင်း အော်ဟစ်လေတော့ရာ သူ့ သတိထားမိ၍ ကြည့်မရ ဖြစ်နေ သော ငုံးဥသည်ကလည်း……
‘ဒီအကောင် ခုနကလည်း ကားပေါ် တက်သွားပြီးမှ ကိုးရို့ကားယား ပြန်ဆင်းလာတယ်၊ အခုလည်း စပယ်ယာ ခေါ်နေတုန်းက မသိချင်ယောင် ဆောင်နေပြီး ကားထွက်မှ သေပြေး ရှင်ပြေးနဲ့၊ မဟုတ်မှလွဲရော ခါးပိုက်နှိုက် ဖြစ်မှာပဲ’ ဟု အချွန်နှင့် မလေတော့၏။ ကျန်လူတစ်ယောက်၊ နှစ်ယောက်ကလည်း ဟေ့ကောင် ဘာလဲ ဘာညာနှင့် တစ်ခွန်းစ နှစ်ခွန်းစ ဝင်ပါလာ၍ ဆွမ်းကြီးလောင်းချင်သလိုလို တပြင်ပြင် ဖြစ်လာကြသော်ငြား သူမူကား အမွေး ဆွဲခံထားရ၍ ‘အဘား အဘား’ သာ အော်နိုင်ရှာလေသတည်း။
တတိယ ပိန်းဥ တစ်လုံး၏ အစီအစဉ်မှာမူ ပီပီပြင်ပြင် အကောင် အထည် ပေါ်လေသည်။ မနက် စောစော ခြောက်နာရီလောက် ထကာ ဂန္ဒီကြီး၏ ဖိနပ် တစ်ရံ ကိစ္စမှ အားကျ၍ ပေါ်ပေါက်လာသော ဖိနပ် အော်ပရေးရှင်းကို လုပ်ငန်း စလေသည်။ အိမ်မှ ထွက်၍ ကားမှတ်တိုင် ရောက်လေလျှင် စီးရန် ကားကို အေးအေးပင် စောင့်၏။ သူသည် စနစ်သမားဟု သူ့ကိုယ်သူ သတ်မှတ်ထားပေရာ စနစ်တကျ အစီအစဉ် ချထား ၏။ ဤဖိနပ် ကိစ္စ အကောင်အထည် ဖော်ရန် မနက် ခြောက်နာရီတွင် အိမ်မှ ထွက်မည်။ မှတ်တိုင်တွင် လာရာကား တက်စီးမည်။ သို့သော် စီးရမည့် ကားသည် ဟိုင်းလက် ဒိုင်နာနှင့် ဘတ်စ် အမျိုးအစား ကားများသာ ဖြစ်သင့်သည်။ မှန်လုံ ကားများမှာ ဖိနပ် တစ်ဖက် ကျန်လျှင် နောက်တစ်ဖက် ပစ်ချရန် မလွယ်ဟု သူ ယူဆ၏။
ဤသို့ဖြင့် သူ့အကြိုက် ကားတစ်စီး ဆိုက်လာရာ သူ တက်လေ၏။ သို့သော် ဖိနပ် မကျွတ်။ ဘယ်ရမလဲဟု စိတ်တွင် ကြုံးဝါး၏။ သုံးမှတ်တိုင်မြောက်တွင် ပြန်ဆင်း၍ နောက်တစ်စင်း စောင့်၏။ လာသော် တက်စီးပြန်၏။ ခြေထောက် နှစ်ချောင်းမှာ သူ့ အကာအကွယ် ဖိနပ် နှစ်ဖက်ကို တစ်သက်လုံး ထိန်းသိမ်းလာနေကျ ဖြစ်၍ လွယ်လွယ်နှင့် ကျွတ်မကျ။ ထိုသို့ဖြင့် တက်စီးလိုက်၊ ဖိနပ် မကျွတ်၍ ပြန်ဆင်းလိုက်၊ နောက်တစ်စီး လာသော် ပြန်တက်လိုက် မကျွတ်ပြန်သဖြင့် ပြန်ဆင်းလိုက်နှင့် စစီးရာ မှတ်တိုင်မှ တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားလေသည်။ နောက်ဆုံး တော်တော် ခေါင်သော နေရာလောက် အထိ ရောက်သွားရာ လူလည်း ညောင်း၊ ဗိုက်လည်း ဆာသဖြင့် နီးရာ လက်ဖက်ရည်ဆိုင် တစ်ခုတွင် ခဏ ထိုင်နား၊ ဗိုက်ထဲမှ ပိုးမျိုး ရှစ်ဆယ်တို့ကို ပေါက်စီ နှစ်လုံးနှင့် ပြုစု အချိုသတ်၍ ဖိနပ် နှစ်ဖက်ကိုလည်း ကျိန်ဆဲကာ နောက်ကြောင်း ပြန်၍ ဆင်းလိုက် တက်လိုက် စီးလာပြန်လေသည်။ တစ်ချီတွင်မူ သူ စီးရန် ရည်ရွယ်ထားသော လိုင်းကား ဟိုင်းလက် တစ်စီး သူ့ရှေ့ ဆိုက်လာ၏။ ဆင်းသူဆင်း တက်သူ တက်ကြ၍ ကားထွက်သော် သူလည်း တက်လိုက်၏။ သို့ရာတွင် သူ့ နောက်မှ ကသောကမျော တက်သော ခရီးသည် တစ်ဦးက သူ အတက်တွင် သူ့ဖိနပ် နောက်မြီး တစ်ဖက်ကို တက်နင်းမိ၍ ဖိနပ် ကျွတ်ကျန်ခဲ့လေ၏။ ဤတွင် သူလည်း ကျန်ဖိနပ် တစ်ဖက်ကို ခြေထောက်နှင့်ပင် ခပ်ချွတ်လျက် ပစ်ချထားခဲ့လေသည်။ စိတ်ထဲတွင်လည်း ဝဋ်ကျွတ်ပြီကွဟု သဘောကျ၍ ပြုံးစစ မျက်နှာပေး ရှိလေ၏။ ထိုအချင်းအရာ မြင်သော စပယ်ယာက
‘ဘယ်လို လုပ်တာလဲ ငါ့ညီရာ၊ ပြောလိုက်ရင် အစ်ကိုတို့ ရပ်ပေးမှာပေါ့’ ဟု ဆိုသော် ပိန်းဥက ပီတိဝေသော လေဖြင့် ‘တစ်ဖက်တည်း ကောက်ရရင် မကောင်းဘူးလေဗျာ၊ တစ်ရံလုံး ရလိုက်တော့ စီးချင်လည်း စီးလို့ ရတာပေါ့’ ဟု ဆိုလေသည်။ သူ့စကား ကြားရသူတို့က တလေးတစား ဝိုင်းကြည့်ကြလေ၏။ ကားအရှိန်လည်း နှေး၍ လမ်းကလည်း ဖြောင့်သည် ဖြစ်သောကြောင့် ဖိနပ် ချန်ထားသော နေရာကို လှမ်းမြင်နေရသေးရာ လှည့်ကြည့်မိသော စပယ်ယာက ‘ဟိုမှာ ဟိုမှာ’ ဟု ပြသဖြင့် မြင်ကြရသည်မှာ သူ ချန်ထားခဲ့သော ဖိနပ် တစ်ရံ အနက်မှ တစ်ဖက်ကို ခွေးပိန်မ တစ်ကောင်က ချီလျက် လမ်းတစ်ဖက်သို့ ကူးသွားလေ၏။ ဤသည်တွင် ပီတိ ဖြစ်မည်မှ မကြံရသေး။ ဖိနပ် တစ်ရံ ဆုံးရုံ အပြင် ပြောပုံနှင့် ဖြစ်သွားပုံ လွဲ၍ အရှက်ကွဲကာ ဒေါသ ထွက်လှသော ပိန်းဥမှာ စဉ်းပင် မစဉ်းစား အသံနက်ကြီးဖြင့် ‘ရပ် ရပ် အခု ရပ်’ ဟု ကားဆရာကို တအား ကြုံးအော်၍ ခွေးမ နောက်သို့ ခုန်ချ ပြေးလိုက်လေသဖြင့် ကျန်ခရီးသည်များနှင့် စပယ်ယာပါ တဟားဟားနှင့် ကားမောင်း ထွက်ခွာသွားကြလေ၏။
အထက် ဖော်ပြပါ ပိန်းဥ သုံးလုံးသာမက အခြားသော ပိန်းဥများမှာ လည်း ဖိနပ် တစ်ဖက် ပြဿနာနှင့် အမျိုးမျိုး ကြုံကြရသေးရာ စာရှည်မည် စိုးသဖြင့် အကျဉ်းရုံး တင်ပြရပါလျှင်
ဂင်တိုတိုနှင့် စိတ်တိုလွယ်သော ပိန်းဥ တစ်လုံးသည် သူတို့ တစ်သိုက် ကြိုက်၍ လိုက်လုပ်ဖြစ်ကြသော ဖိနပ် တစ်ဖက် ကိစ္စကို မြို့ပတ် ရထား စီးခြင်းအားဖြင့် ဖြေရှင်းရန် ကြံလေသည်။ ထိုအကြံဖြင့် နီးရာ ဘူတာရုံ တစ်ရုံဘက် လိမ့်သွား၏။ ရောက်သော် လက်မှတ် ဝယ်၍ ရထား အလာ ထိုင်စောင့်၏။ ရထားချိန်များကို မသိသလို သူ မလာခင်လေးတင်ကမှ ရထား တစ်စီး ထွက်သွားသည်ကိုလည်း မသိရာ ကြာကြာ စောင့်ရသော် စိတ်တိုလာလေ၏။ သို့သော် ဤကိစ္စ ဤတစ်ခါနှင့် ပြတ်ရန် သည်းခံ စောင့်လေသည်။ မြို့ပတ် ရထား ဝင်လာလေပြီး တက်ဆင်းရန် ရပ်လေသည်။ သူသည် တွဲတစ်တွဲနား ကပ်သွား၏။ သို့သော် မတက်သေး။ ရထား စထွက်မှ တက်လိုက်ရန် ကြံ၏။ ဖိနပ် တစ်ဖက်ကိုလည်း အသင့် ချွတ်ထားလျက် ပလက်ဖောင်းပေါ်တွင် ရှုတည်တည် ရပ်နေ၏။ ရထားသည် ဥသြဆွဲ၍ တဖြည်းဖြည်း စထွက်ခွာလေသည်။ သူသည် အသင့်ချွတ်ထားသော ဖိနပ် တစ်ဖက်ကို ထားခဲ့၍ ကျန်တစ်ဖက်ဖြင့် ရထားပေါ်သို့ လှမ်းတက်လိုက်လေ၏။ ထိုစဉ်မှာပင် ဆွေးနေပြီ ဖြစ်သော ဖိနပ် တစ်ဖက် လက်ကျန်သည် သူ ရထားပေါ်သို့ ဆောင့်ကြီးအောင့်ကြီး တက်လိုက်သောကြောင့် ခေါင်မှ ပြတ်၍ ဗတ်လတ်ကြီး ရှိလေတော့သည်။ ဤတွင် ဖိနပ်ပြတ်ကြီး တစ်ဖက် လက်တွင် ကျန်လျက် အစီအစဉ်လည်း ပျက်ရလေသော ပိန်းဥဂင်တိုမှာ ထိန်းမနိုင် သိမ်းမရ ဒေါသ ထွက်လှသဖြင့် သူ့ဖိနပ်ပြတ်ကြီးကို ရထားတွဲ ကြမ်းပြင်နှင့် တဗုန်းဗုန်း ရိုက်လျက် ပါးစပ် ကလည်း အမျိုးမျိုး ကြိမ်ဆဲကာ ရထားပေါ် ပါလာလေတော့၏။ တွဲပေါ်တွင် အခြား ခရီးသည်များလည်း ပါလာကြသည် ဖြစ်ရာ အားလုံးက အခု ဘူတာမှ ဖိနပ်ပြတ်ကြီး တစ်ဖက်နှင့် တက်လာ၍ တဗုန်းဗုန်း တဗန်းဗန်း ပွဲကြမ်းနေသော ပိန်းဥကို အရူးဟု ထင်ကြလေတော့သည်။ ငယ်ငယ် ရွယ်ရွယ် လူရည်သန့်နှင့် သနားစရာ ရူးနေရှာတယ်ဟု ကြည့်ကြသော်လည်း နောက်တစ်ဘူတာ ဆိုက်သော် အားလုံး တွဲပြောင်းသွားကြလေတော့၏။ ဤသည်တွင်မှ တစ်ယောက်တည်း ကျန်သဖြင့် စိတ်တိုင်းကျ ကြဲနေသော ပိန်းဥကို မီးရထား ဝန်ထမ်းများ လာတားကြသည်တွင် ငြိမ်ကျသွား၍ နှာတပွပွနှင့် ဘူတာကြီး အထိ ပါသွားလေသတည်း။
ယောက်ျားတန်မဲ့ ပါးကွက် ကွက်တတ်သော ပိန်းဥ ဖြူဖြူ တစ်လုံးသည်လည်း ရထား စီး၍ အကြံကြီး ကြံလေသည်။ သို့သော် လူပုံ နွဲ့နွဲ့နှင့် ကြောက်လည်း ကြောက်တတ်သဖြင့် ရထားလာလျှင် ပြန်မထွက်ခင်ပင် အရင် တက်၏။ သို့သော် ရထားလည်း သိပ်မစီးဖူးသဖြင့် တုန်တုန် ယင်ယင် လုပ်မိသောကြောင့် သူတွင်မှ အမှန်တကယ် ဂန္ဒီကြီးလို ဖိနပ် တစ်ဖက် ကျွတ်၍ ရထား လမ်းဘေး ကျလေတော့သည်။ သို့သော် တစ်ယောက်တည်း ဖြစ်၍ ကြောက်လည်း ကြောက်သဖြင့် ရထား မထွက်ခင် ပြန်ဆင်း မကောက်ရဲ။ ခပ်ရို့ရို့ ရပ်နေသည်။ ထို့ပြင် ကျန်သူ့လက်ထဲရှိ တစ်ဖက်ကိုလည်း လွှင့်မပစ်ရက်ဘဲ နှမြောနေသေး၏။ ရထား ထွက်လို့ တော်တော် အရှိန် ရမှ စိတ်ဒုန်းဒုန်း ချကာ သူ့ခြေ တစ်ဖက်တွင် စွတ်လျက် ကျန်ခဲ့သော ဖိနပ်ကို ပြတင်းပေါက်မှ မျက်စိ မှိတ်၍ ပစ်ချလိုက်လေသည်။ ထိုအခါ သူ့ဖိနပ် နှစ်ဖက်သည် တစ်ဖက်နှင့် တစ်ဖက် ဓာတ်တိုင် အတိုင် နှစ်ဆယ်မျှ ကွာသွားပြီး ဖြစ်ရာ ဘာမျှ အကျိုးထူး ဖြစ်မလာဘဲ ဆုံးတာသာ အဖတ်တင်လေသည်။ ထိုသည်သာမက ယောက်ျားလေးတန်မဲ့ လူပုံက လည်း ခပ်နွဲ့နွဲ့ ဖြူဖတ် ဖြူရော် မျက်နှာလည်း အပျက်ပျက်၊ ဖိနပ် မပါ ခြေဗလာနှင့် ဖြစ်၍ မြို့ပတ် ရထား စီးနေကျ လူကြမ်း တစ်သိုက်က တစ်ယောက် တစ်ခွန်း ဝိုင်းစကြ၍ ငိုကြီးချက်မနှင့် ဘူတာ တစ်ခုတွင် အတင်း ဆင်းကာ တက္ကစီငှား အိမ်ပြန်လာရာ ရထားမှ တက္ကစီ အကူး ပုလင်းကွဲ ခြေတွင် စူး၍ သုံးလေးရက် အပြင် မထွက်နိုင် ဖြစ်လေ သည်။
ပိန်းဥ ငပျင်း တစ်လုံးမှာလည်း ဘော်ဒါတွေ အလယ် မျက်နှာငယ်မည် စိုး၍ ပျင်းသော်လည်း ဖိနပ် ကိစ္စ ကြိုးစားရလေသည်။ လိုင်းကားကို သုံးခါ တက်ဆင်းကြည့်၏။ သူ့ ဖိနပ် မကျွတ်၍ ပျင်းလာကာ ရောက်ရာ နေရာတွင် တွေ့ရာ ဖိနပ်ဆိုင် တစ်ဆိုင်မှ ဖိနပ် တစ်ရံဝယ် အသင့် တွေ့ရာ ဆွမ်းခံကိုယ်တော် တစ်ပါးအား လှူလိုက်သော ဟူ၏။
ခြေမမြဲ လက်မမြဲ ပိန်းဥ တစ်လုံးသည် ကားပေါ်မှ ပြုတ်ကျ၍ ဆေးခန်း ပြရလေ၏။ လူကောင် ထွားထွား ပိန်းဥ တစ်လုံးသည် လိုင်းကားပေါ် အတက် ဖိနပ် တစ်ရံလုံး ချွတ်ထားခဲ့၍ တစ်ခါ ပြန်ကြည့်သော် ကလေးများက ကစားရန် ကောက်သွားကြကုန်သည်ကို မြင်လေသည်။ ဉာဏ်နည်းသော ပိန်းဥ တစ်လုံးမှာလည်း သူ့အဖေနှင့် အတူ ကားစီးသွားစဉ် အဖိုးတန် နိုင်ငံခြားမိတ် ဖိနပ်ကြီး ဖြစ်၍ ကားမောင်းနေစဉ်တွင် ခဏ ချွတ်ထားသော သူ့ အဖေ ဖိနပ်ကို (သူ့ဖိနပ် မပစ်ရက်သောကြောင့်) ဗလိုင်းကြီး ယူ၍ လွှင့်ပစ်လိုက်သဖြင့် ဇက်ပိုး အအုပ်ခံရကာ ပေးနေကျ မုန့်ဖိုးလည်း ဖြတ်ထားခြင်း ခံရသော ဟူ၏။
နောက်ဆုံး၌ အဆိုပါ ပိန်းဥ လူငယ် တစ်သိုက်သည် ထိုကိစ္စကို လက်လျှော့ကြ၍ လက်ဖက်ရည်ဆိုင်တောင်းထဲသို့ တစ်လုံးပြီး တစ်လုံး ပြန်လိမ့်ဝင်လာကြပြီးလျှင် သူ့အဖြစ်လည်း ကိုယ့် မပြော ကိုယ့် အဖြစ်လည်း သူ့ မပြော နေကြကာ ခပ်တည်တည်ပင် ဆက် စခန်းသွား နေထိုင်လျက် ရှိကြပေတော့၏။ တစ်ခု ထူးခြားသည်မှာကား ထိုလူငယ် တစ်သိုက်သည် အခါကြီး ရက်ကြီး တစ်ရက်၌ အချင်းချင်း မတိုင်ပင်သော်လည်း မဟတ္တမဂန္ဒီ အတွက် ရည်စူးလျက် ဘုန်းကြီးစီး ဖိနပ် တစ်ရံစီ ကိုယ့်သဘောနှင့် ကိုယ် ဝယ်ကာ ရပ်ကွက် ဓမ္မာရုံမှ တစ်ဆင့် ဘုန်းတော်ကြီး ကျောင်းသို့ လှူဒါန်းလိုက်ကြသော ဟူသတည်း။
အမြင် ဆိုသည်မှာ....
မိုး လေးလ ကုန်လွန်သောအခါ မြို့ရိုး တံတိုင်း၏ တစ်ဖက် တစ်ချက်တွင် ညောင်ပင်ငယ် နှစ်ပင် ပေါက်လာလေသည်။ အနီးအပါး၌ ဖုန်းဆိုးပင်များသာ ရှိသည့် အပြင် မြင့်မား ထူထဲသော မြို့ရိုး တံတိုင်းက ကန့်လန့်ဖြတ် ခွဲချထားသဖြင့် အပင်ငယ်တို့သည် ကျောချင်းကပ် အနေ အထားမှာပင် တစ်ဦးတည်း သီးခြား ရှိနေသည်ဟု သူတို့ကိုယ် သူတို့ ထင်မှတ်နေကြလေ၏။ ပတ်ဝန်းကျင် အပင်များနှင့်လည်း ဘာသာ မတူသော ကြောင့် သူတို့ နှစ်ဦးသည် ပါးစပ် ပိတ်၍ ကြီးပြင်းကြရလေသည်။ မြို့တွင်းမှ ညောင်ပင်ငယ်သည် မြို့တွင်း မြင်ကွင်းများဖြင့် တောက်လျှောက် ရှင်သန်လာခဲ့ပြီး မြို့ပြင်မှ တစ်ဦးသည်လည်း မြို့ပြင် ရှုခင်းများဖြင့် အညောင်း ဆန့်ခဲ့လေ၏။ သို့သော် သူတို့မှာ ငယ်ရွယ်ကြသောကြောင့် ဆိုင်ရာ မြင်ကွင်း တို့ကို ရုပ်ရှင် ပိတ်ကား သဖွယ် ထိုင်ကြည့်နေခဲ့ကြပြီး သက်ပြင်းချသံပင် မရှိအောင် အသံတိတ်ခဲ့ကြလေသည်။
ဆောင်းဦးပေါက် တချို့ ဖြတ်သန်းသွားပြီးနောက် အပင်ငယ်တို့သည် သူတို့၏ အမြစ်များ နည်းတူ ကိုယ်ပိုင် အမြင် အချို့ကို ကုပ်တွယ်၍ အသီးသီး အရွယ် ရောက်လာကြလေသည်။ စိမ်းနုရောင် မျက်နှာများသည် လည်း အစိမ်းရင့်ရောင် အဖြစ် ပြောင်းလဲခဲ့ပြီ ဖြစ်၍ နက်မှောင်သော တိုနံ့နံ့ မုတ်ဆိတ် တချို့က သူတို့ မျက်နှာ အသီးသီး အောက်တွင်ယီးလေးခိုစ ပြုလေ၏။ သူတို့ကိုယ် အသီးသီး၌လည်း သစ်မာခေါက် အပေါ်ရုံကို ဝတ်ဆင်ထားမိကြလေသည်။
ရာသီဥတု သာယာသော နံနက်ခင်း တစ်ခု၌ မြို့တွင်း ညောင်ပင် သည် မြင်နေကျ အရာများကို ငေးမောရင်း သူ့ကိုယ်သူ ငြီးငွေ့လာလေသည်။ အရွက်စိမ်းများ တရှဲရှဲ မြည်အောင် ဦးခေါင်းကို ယမ်းလျက် ရှည်လျားသော သက်ပြင်း တစ်ခုနှင့် အတူ တစ်ကိုယ်တည်း ညည်းညူမိ၏။
‘တကယ်တော့ လောကကြီးဟာ ယောက်ယက်ခတ်နေတဲ့ ဆက်ရက် တစ်ကောင်လိုပဲ၊ အသံစုံ မြည်ပြီး ဆူညံနေမယ်၊ နိမ့်လိုက် မြင့်လိုက် ဖြစ်နေမယ်၊ ရှုပ်ယှက်ခတ်နေမယ်၊ ဒီလောက် အပြင် ပိုမရှိတော့ဘူး ထင်တယ်၊ တစ်လျှောက်လုံး ဒီအတိုင်း သွားတော့မှာပဲ’
သူ့အသံနှင့် မရှေးမနှောင်းမှာပင် သူ့နောက်မှ ရုတ်တရက် အသံ ထွက်လာလေ၏။
‘လုံးဝ မဖြစ်နိုင်ဘူး၊ တကယ်တမ်းကျတော့ လောကကြီး ဆိုတာ ဟိုး အမြင့်ကြီးမှာ ပျံနေတဲ့ စွန်တစ်ကောင်နှင့် တူတယ်၊ ဘာသံမှ မကြား ရဘူး၊ အရှုပ်အထွေးလည်း မရှိဘူး၊ လွတ်လွတ်လပ်လပ် စီးမျောနေမယ်၊ ဒီအတိုင်းပဲ၊ ဒီလိုပဲ ပျင်းစရာ ကောင်းအောင် ရှင်းနေလိမ့်မယ်’
ထိုအသံကြောင့် မြို့တွင်း ညောင်ပင်သည် ရွက်ဟောင်း တချို့ ကြွေကျသွားအောင် ဆတ်ခနဲ လန့်သွား၏။ ထို့နောက် သူသည် တဖြည်းဖြည်းလည်း ဒေါပွလာလေသည်။
‘မင်းက ညောင်ပင်ပဲလား၊ ဘယ်တုန်းကတည်းက ငါ့နောက်မှာ ရှိနေတာလဲ၊ ဘာလို့ မင်းအသံကို မကြားရတာလဲ’
တစ်ဖက်မှ စကားသံ ထွက်လာလေ၏။
‘ငါလည်း ညောင်ပင်ပဲ၊ ဒါပေမဲ့ မုတ်ဆိတ်တွေ ငါ့မှာ ရှိတယ်၊ လွန်ခဲ့တဲ့ ကာလ အတော်ကြာကြာကတည်းက ဒီနံရံကြီးရဲ့ တစ်ဖက်မှာ ငါ ရှိနေခဲ့တာ၊ ဘာလို့ ငါ့အသံ မကြားရသလဲ ဆိုတော့ ဒီအနီးအနားမှာ ငါ တစ်ယောက်တည်း ရှိနေတယ် ထင်လို့ပဲ၊ ပြီးတော့’
မြို့တွင်း ညောင်ပင်က စကား မဆုံးခင် ဖြတ်ပြော၏။
‘ဒါဟာ နံရံ မဟုတ်ဘူး၊ ဒါဟာ တောင်တန်းကြီးပဲ၊ ငါ မွေးကတည်း ဒါကြီးကို မှီပြီး ငါ ကြီးလာတာ၊ ငါ့အနားမှာ ဒါကြီးပဲ မပြောင်းမလဲ တည်ရှိနေတယ်’
‘ဒါ နံရံကြီးကွ၊ တောင် မဟုတ်ဘူး’
‘ဒါ တောင်တန်းကြီးပါကွာ၊ သူတို့ကိုယ် သူတို့ ပညာ ရှိလို့ ပြောတဲ့ ခြေနှစ်ချောင်းနှင့် အကောင်တွေ ပြောသံ ငါ ကြားဖူးတယ်၊ တောင်တွေဟာ ကြာရှည် တည်တံ့ ခိုင်မာတယ်တဲ့’
မြို့ပြင်ညောင် ဒေါသ ထွက်လာလေသည်။
‘မင်း မြင်ဖူးလို့လားကွ၊ မလှမ်းမကမ်းက တောင်တွေကို ငြီးငွေ့စရာ ကောင်းလောက်အောင် ငါ တစ်သက်လုံး မြင်လာရတာ၊ တောင်တွေက ဒါကြီးနှင့် မတူဘူး၊ ဒီလို တိတိကျကျနှင့် ကန့်လန့်ကြီးလည်း ဖြစ်မနေဘူး’
‘ဒါ တောင်ကြီးပါကွာ၊ ငါက ခြေနှစ်ချောင်းကောင်တွေနှင့် အမြဲ နေနေရတာ၊ သူတို့က စွမ်းအား ရှိတယ်၊ သူတို့ ပြောတာတွေလည်း မှန်တာ များတယ်’
‘မင်း ပြောတဲ့ ခြေနှစ်ချောင်းကောင် ဆိုတာ မျောက်တွေကွ၊ အမြီး ရှည်တွေနှင့် မျက်စိနောက်စရာ အကောင်းဆုံးပဲ၊ လောကမှာ အရှုပ်ဆုံးကောင်တွေကွ’
‘လုပ်ပြန်ပြီ ဘယ်က အမြီးရှည်ရမှာလဲ၊ အမြီးတောင် မရှိဘူး၊ မင်း ပြောသလို မျောက်လို့လည်း မခေါ်ဘူး၊ လူလို့ ခေါ်တယ်ကွ၊ မှတ်ထား’
‘ဘာလူလဲ မျောက်က မျောက်ပေါ့၊ ယောက်ယက်ခတ်မယ်၊ ရှုပ်မယ်၊ ဒါပဲ’
‘ယောက်ယက်မခတ်ဘူး၊ ရှုပ်လည်း မရှုပ်ဘူး၊ လူတွေကွ၊ တို့လို အပင်တွေ စိုက်နိုင်တယ်၊ လှလှပပ အိမ် ဆိုတဲ့ ဟာတွေနှင့် နေကြတယ်’
‘အဲဒါ အိမ်မဟုတ်ဘူး ဂူတွေဟ၊ လှလည်း မလှဘူး၊ မဲညစ်ညစ်နဲ့’
‘လုံးဝ မဟုတ်ဘူးကွ၊ တို့လို အပင်တွေနှင့် လှလှပပ လုပ်ထားတာ’
‘မျောက်တွေကလား အပင်စိုက်မှာ၊ အပင် ကြီးရင် တက်လိုက် ဆင်းလိုက် လုပ်မယ်၊ အသီးအရွက်တွေ ခူးစားမယ်၊ အပင် သေးရင် ဖျက်ဆီးမယ်၊ ဒါပဲ၊ ငါ့တစ်သက်လုံး မျောက်တွေ စိုက်တဲ့ အပင် တစ်ခါမှ မတွေ့ဖူးဘူး’
‘လူတွေပါကွာ၊ အပင်တွေကို ဂရုစိုက်တယ်၊ ငါ့ အောက်ခြေကို တောင် မကြာခဏ ရှင်းပေးသေးတယ်၊ တချို့တလေလောက်သာ မကောင်းတာ’
‘တော်စမ်းပါ၊ ဘယ်က ဂရုစိုက်မှာလဲ၊ ငါ့ အောက်ခြေကို ရှင်းဖို့ မပြောနှင့် အရပ်လေးမျက်နှာက အမှိုက်တွေ လာထားသွားမယ်၊ ငါ့ မုတ်ဆိတ်တွေ ခိုစီးမယ်၊ ဗရုတ်သုတ်ခတွေ’
‘အရပ် လေးမျက်နှာကို မင်း သိလို့လား၊ ညာဘက်က နေထွက်တာ၊ အဲဒါ အရှေ့ပဲ’
‘လွဲပြန်ပြီ၊ ဘယ်ဘက်က နေထွက်တာဟဲ့၊ ဓူဝံကြယ်က ငါ့နောက်မှာ အဲဒါ မြောက်အရပ်ကွ’
‘ဓူဝံကြယ်က ငါ့ရှေ့မှာပါကွ၊ ညာဘက်က အရှေ့ အရပ်’
‘ညာဘက်က အနောက် အရပ်ကွ’
‘ညာဘက်က အရှေ့ပါဆို’
‘အနောက်ကွာ’
‘အရှေ့ကွာ လုံးဝ မရဘူး’
‘အနောက်ဆို အနောက်ပဲကွာ၊ လူတွေ ပြောတာကွ’
‘အဲဒါ မျောက်တွေကွ၊ လူ မဟုတ်ဘူး’
‘လူကွာ’
‘မျောက်တွေပါ’
‘မဟုတ်ဘူးကွ’
‘ဟုတ်ပါတယ်’
‘...................’
‘...................’
မုတ်ဆိတ်များ လှုပ်ခါလာသည် အထိ ညောင်ပင် နှစ်ပင် ရှုးရှုး ရှားရှား ဖြစ်၏။ ထိုသို့ဖြင့် တစ်သက်လုံး ဆက်၍ ငြင်းသွားကြလေသည်။ ကံဆိုးသည်မှာ ညောင်ပင် နှစ်ပင်၏ မြင့်တက်နိုင်စွမ်းသည် မြို့ရိုးကြီးကို မကျော်ခြင်း ဖြစ်၏။
မြို့ရိုး တံတိုင်းကြီးမှာမူ ညောင်ပင် နှစ်ပင် စတင် အငြင်းပွားချိန်မှ စ၍ သူတို့ နှစ်ဦး ကန့်လန့်ခွဲ ချထားရသော သူ့အဖြစ်ကို သဘောကျကာ အူတက် မတတ် မျက်ရည်များ ထွက်အောင် တခိခိ ရယ်ရင်း သုံးလေးရက် အကြာတွင် အမောဆို့ကာ ကွယ်လွန်သွားရှာလေသည်။
မှန် ဆိုသည်မှာ …
ဒီကောင်လေးနှင့် ပတ်သက်ပြီး တွေးပြော ပြောရရင် သူ ဘယ်တုန်း ကမှ စိတ်တိုင်းကျတယ်ရယ်လို့ မရှိခဲ့ဖူးဘူး။ မွေးကင်းစ အရွယ်လေး ကတည်းက သူ မျက်ခြေ မပျက် စောင့်ကြည့်လာခဲ့တာ ကောင်လေးဟာ ငယ်ငယ်ကတည်းက ကျန်းမာရေး ချူချာတယ်။ သူများ ကလေးတွေထက် ပိုပြီး ငြိမ်ငြိမ်လေး နေတတ်တယ်။ တော်ရုံတန်ရုံနှင့် မငိုတတ်ဘူး။ နောက်ပြီး ကျန်းမာရေး အရ လှုပ်လှုပ်ရှားရှား သိပ်မရှိဘူး။ ဒါကို သူ အားမရဘူး။ ဘာဖြစ်လဲ ကလေး ဆိုတာ ငိုစရာ ရှိရင် ငိုရမယ်၊ ကစားရမယ်၊ လှုပ်လှုပ် ရှားရှား တက်ကြွနေရမယ်၊ ဒီလိုပဲ ဖြစ်နေရမှာပေါ့။ သူ ငယ်ငယ်တုန်း ကလည်း ဒီအတိုင်းပဲ။ အမြဲတမ်း ဆော့နေတာပဲ။ အခုတော့ ကောင်လေးကို သူ အားမရ ဖြစ်နေတယ်။ ဒါပေမဲ့ ကောင်လေးဟာ ဉာဏ်ကောင်းတယ်။ မျက်လုံး တောက်တောက်လေးတွေနဲ့ တစ်ချိန်လုံး တစ်ခုခုကို တွေးနေသလိုပဲ။ ဒါကို သူ ရိပ်မိတယ်။ သူ ကောင်လေးကို အရိပ် တကြည့်ကြည့် လုပ်နေခဲ့တာကိုး။
ဒီလိုနဲ့ပဲ ကောင်လေးဟာ သူ့မျက်စိအောက်မှာပဲ တဖြည်းဖြည်း ကြီးပြင်းလာတယ်။ သူနဲ့ ကောင်လေးရဲ့ ကြားမှာ နှစ်တွေဟာ တစ်နှစ် ပြီး တစ်နှစ် ဖြတ်သန်းသွားတယ်။ သူ့ဘဝနဲ့ ရင်းပြီး ရလာခဲ့တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို အခွင့်သာတိုင်း ကောင်လေးကို သူ ပြောပြခဲ့တယ်၊ သူ မှားခဲ့ဖူးတဲ့ အမှားမျိုး၊ သူ ခံစားခဲ့ရဖူးတဲ့ ဆိုးရွားတဲ့ ခံစားမှုမျိုး ကောင်လေးရဲ့ ဘဝမှာ မကြုံတွေ့ရအောင် သူ အင်အား ရှိသလောက် ကြိုးစားခဲ့တယ်။ လောကကြီး အကြောင်း၊ အိပ်မက်တွေ အကြောင်း၊ သောက နှင့် မာယာတွေ အကြောင်း၊ လူတွေ အကြောင်း ကောင်လေးနှင့် သူ ဆွေးနွေးဖြစ်ခဲ့တယ်။ ကောင်လေးရဲ့ သတင်းတွေရယ် တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ သူ မပါတဲ့ ကောင်လေးရဲ့ ပတ်ဝန်းကျင်ရယ်ကို အဆက်မပြတ် သူ နားစွင့်ထားတယ်။ သူတစ်ယောက်တည်း ရှိတဲ့ အချိန်တွေမှာလည်း ကောင်လေးရဲ့ အနာဂတ်ကိုပဲ သူ စဉ်းစားနေတတ်ခဲ့တယ်။ သူ့ရဲ့ ကောင်လေးဟာ ဘယ်သူနှင့်မှ မယှဉ်သာတဲ့ ကောင်လေး တစ်ယောက် ဖြစ်လာလိမ့်မယ်လို့တော့ သူ ယုံကြည်တယ်။ ဒါပေမဲ့ အခု အချိန်တွေအထိ ကောင်လေးကို သူ စိတ်တိုင်းမကျသေးဘူး။ သူ ကောင်လေးအတွက် အားမလို အားမရ ဖြစ်နေတုန်းပဲ။
တစ်နေ့တော့ ကောင်မလေး ဓာတ်ပုံ တစ်ပုံကို ကောင်လေးရဲ့ စာကြည့် စားပွဲပေါ်မှာ သူ အမှတ်မထင် တွေ့လိုက်တယ်။ အဲဒီ အချိန်ကစပြီး သူ့ရဲ့ စိတ္တဇဟာ ပိုပြီး ပြင်းထန်လာတယ်။ ကောင်လေးရဲ့ အပေါင်းအသင်းလေးတွေကိုရော၊ လူတွေ အကုန်လုံးကိုရော၊ နောက်ဆုံး ကောင်လေးရဲ့ အမေကိုတောင် သူ မယုံတော့ဘူး။ လောကမှာ ရှိတဲ့ ဘယ်လို လူမျိုးကမှ ကောင်လေးကို သူ့လောက် တန်ဖိုး မထားနိုင်ဘူးလို့ သူ တစ်ထစ်ချ ယုံကြည်သွားတယ်။ နောက်ပြီး သူ မေ့နေတာ တစ်ခု ရှိသေးတယ်။ သူ့ရဲ့ ကောင်လေးဟာ သူ့ ဖိနပ်ကို နေသားတကျ စီးနိုင်နေပြီပဲ။
အဲဒီ ညနေက မုန်တိုင်း တစ်ခုကို သူ တွေ့လိုက်တယ်။ ဓာတ်ပုံလေး တစ်ပုံကို အကြောင်းပြုပြီး ကောင်လေးကို သူ ပြောခဲ့တဲ့ စကားလုံး တွေဟာ အရမ်းကို လေးလံ မာကျောလွန်းနေတယ်။ သူ သိတယ်၊ ကောင်လေးဟာ ဘာမှ နားမလည်တဲ့ မျက်လုံးတွေနဲ့ သူ့ကို မော့ကြည့်နေခဲ့တယ်လေ။ သူ့ စကားလုံးတွေဟာ ဒါးစက်၊ လှံစက်တွေလို သူ့ နားထဲ ပြန်တိုးဝင်နေတယ်။ ဒီလိုပဲ ကောင်လေးရဲ့ နားထဲက ပြန်လျှံကျနေတဲ့ သူ့ စကားလုံးတွေကို သူ တွေ့နေတယ်။ နောက်တော့ ကောင်လေးဟာ သူ့ လက်ထဲက ဓာတ်ပုံလေးကို အေးအေးဆေးဆေး လှမ်းယူလိုက်ပြီး အပိုင်းအစ အသေးလေးတွေ ဖြစ်အောင် လုပ်ပစ်လိုက်တယ်။ သူ့ရှေ့က စိတ်အေးလက်အေး ထွက်သွားတဲ့ ကောင်လေးဟာ သူ့အတွက် မေးခွန်းတွေ အများကြီး ထားခဲ့တယ်။ ကောင်လေး အတွက် အားမရမှုတွေဟာ သူ့ ကျောပေါ်ကို တရွရွ တက်လာနေရင်းကနေ သူ စိတ်မကောင်း နည်းနည်း ဖြစ်သွားတယ်။
ဒီလို အဖြစ်အပျက်မျိုး နောက်ထပ် ဖြစ်မလာတော့ဘူး။ ဒါပေမဲ့ ကောင်လေးနှင့် သူ့ရဲ့ ဆက်ဆံရေးဟာ ဒီအဖြစ်အပျက် နောက်ပိုင်း နည်းနည်း ပြောင်းလဲသွားတယ်။ ကောင်လေးဟာ ပတ်ဝန်းကျင်မှာ လူတော်လေး တစ်ယောက် ဖြစ်လာပြီး သူကတော့ ပတ်ဝန်းကျင် အတွက် လူ့ဂွစာ တစ်ယောက် ဖြစ်လာခဲ့တယ်။ တချို့ နေရာမှာ သူနဲ့ တော်တော်လေး တူတဲ့ သူ့ရဲ့ ကောင်လေးဟာ သူ့ အမြင်မှာ ပိုပြီး နက်ရှိုင်းလာတယ်။ သူ့ ဆံပင်ဖြူတွေ များလာတဲ့ အချိန်မှာတော့ ထူးဆန်းတဲ့ ခံစားချက် တစ်မျိုး သူ့မှာ ရှိလာတယ်။ သူ့ ကောင်လေးဆီက နွေးထွေးတဲ့ တစ်စုံတစ်ရာကို သူ ခံစားကြည့်ချင်လာတာပဲ။ ဒါဟာ ဘာလဲ။ အခုအချိန်ထိတော့ ကောင်လေးကို သူ စိတ်တိုင်းမကျသေးဘူး။ စိုးရိမ်ပူပန်မှုတွေလည်း သူ့မှာ ရှိနေတုန်းပဲ။ ကောင်လေးနှင့် ပတ်သက်ပြီး သူ စွန့်လွှတ်လိုက်ရတာတွေ အတွက်တော့ သူ ဘယ်တော့မှ နောင်တ မရဖူးဘူး။
နှစ်တွေ ကြာလာပြီးတဲ့ တစ်ချိန်မှာ ကောင်လေးဟာ အနာဂတ် အတွက် သူ့အရိပ်က ခဏ ထွက်သွားတယ်။ ကောင်လေး မရှိတဲ့ အချိန်မှာ အရင်ကထက် စိတ်ပိုတိုတတ်လာတယ်။ ဒါဟာ ဘာလဲလို့လည်း သူ့ကိုသူ ခဏ ခဏ မေးနေတတ်တယ်။ ကောင်လေး ဘာလုပ်တယ် ဆိုတာ သူ မသိရတော့ဘူး။ ကောင်လေး အကြောင်း အမျိုးမျိုး တွေးကြည့်ပြီး သူ့မျက်နှာဟာ သုန်မှုန်နေတတ်တယ်။ ပတ်ဝန်းကျင်နှင့် သူ အဆင်မပြေ တော့ဘူး။ နိစ္စဓူဝ ကိစ္စတွေကိုတောင် သူ ဒေါသ ဖြစ်နေတတ်တယ်။ ကောင်လေးနှင့် ပတ်သက်ပြီးတော့လည်း ပိုပြီး အားမလို အားမရ ဖြစ်လာတယ်။ တော်တော်ကြီး ဝေးကွာတဲ့ အရပ်ကို ရောက်နေတဲ့ ကောင်လေးကို သူ နေ့တိုင်း စိတ်တိုင်းမကျ ဖြစ်နေတယ်။ ကောင်လေး သူ့ကို နားမလည်ဘူးလို့ပဲ သူ ယူဆနေတယ်။ ‘ဒီကောင်လေးဟာလေ’ လို့လည်း မကြာခဏ သူ ပြောဖြစ်တယ်။ ဒါပေမဲ့ ကောင်လေး ပြန်လာတဲ့ အချိန်မှာတော့ နည်းနည်း ဝလာတယ်’ ဆိုတဲ့ မှတ်ချက်က လွဲပြီး သူ ဘာမှ မပြောခဲ့ဘူး။ ကျန်တဲ့ လူတွေက သူ့အကြောင်း ကောင်လေးကို ပြောပြပြီး ကြိတ်ရယ်ကြတယ်။ ဒါတွေ သူ သိတာပေါ့။ ဘာဖြစ်လို့လဲ မသိဘူး။ ဒါတွေကို သူ ကျေနပ်သလိုလိုပဲ။ နောက်ပြီး ကောင်လေးက သူ့ကို ပြုံးပြုံးလေး ပြောလိုက်တဲ့ စကား တစ်ခွန်းကိုလည်း သူ ကျေနပ်မိသေးတယ်။
နောက်ပိုင်း နှစ်တွေမှာ ကောင်လေးက သူ့ဆီက မကြာခဏ ထွက်သွားလေ့ ရှိတယ်။ ဒါပေမဲ့ သူ့ကို ပထမဆုံး အကြိမ်ကလောက် မထိခိုက်စေတော့ဘူး။ ခဏ ခဏ ထွက်သွားတတ်တဲ့ သူ့ရဲ့ ကောင်လေး အတွက် သူ နေသားတကျ ဖြစ်လာတယ်။ သူ့ စိတ္တဇတွေလည်း တဖြည်းဖြည်း လျော့ကျလာသလိုပဲ။ ကောင်လေးဟာ အံ့သြစရာ ရပ်တည်မှု တစ်ခုပေါ်ကို ရောက်နေပြီး သူ စိတ်တိုင်းမကျပေမဲ့ လက်ခံနိုင်တဲ့ အခြေအနေပေါ်ကို သူ့ရဲ့ ကောင်လေး ရောက်နေပြီ။ ဒါပေမဲ့ ကောင်လေးကို သူ မျက်ခြေမပြတ် စောင့်ကြည့်နေမိတုန်းပဲ။ သူ အကျင့်ပါနေပြီလေ။
ဒီလိုနှင့်ပဲ ကောင်လေးရဲ့ လက်တွဲဖော်လေးကို သူ လက်ခံခဲ့ရတယ်။ သူ့ဘဝရဲ့ ကြီးမားတဲ့ အရာတစ်ခုကို ခွဲဝေယူသွားတော့မယ့် အဲဒီ ကောင်မလေးကို သူ တစ်ဖက်သတ် ဆက်ဆံပစ်ခဲ့တယ်။ အံ့သြစရာ ကောင်းတဲ့ နူးညံ့မှုတွေရဲ့ နောက်က အဲဒီ ကောင်မလေးဟာ သူ့ကို နားလည် လေးစား ပြီးပြီ။ တစ်ခါတစ်ရံမှာ သူ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ သူ့အတွက် ကောင်လေး နောက်တစ်ယောက် မွေးဖွားလာသလို သူ ခံစား လာရတယ်။ သူတို့ နှစ်ယောက်ကို ကြည့်ပြီး သူ ပျော်လာတယ်။ တစ်ခါ တုန်းက တစ်စစီ ဖြစ်သွားခဲ့ဖူးတဲ့ ဓာတ်ပုံလေး အကြောင်းကိုလည်း သူ မလုံမလဲ သတိရလိုက်သေးတယ်။ ဘာပဲဖြစ်ဖြစ် သူ့ အကျင့် အတိုင်း ကောင်လေးကိုရော၊ ကောင်မလေးကိုရော သူ အားမလို အားမရ ဖြစ်နေမိတုန်းပဲ။ ဒီလိုနှင့်ပဲ သူ ခေါင်းညိတ်ခဲ့တဲ့ မင်္ဂလာပွဲလေး တစ်ခုမှာ လူတကာ ကို လှိုက်လှိုက်လှဲလှဲ သူ ပြုံးပြဖြစ်ခဲ့တယ်။ သူ့ရဲ့ ကောင်လေးဟာ ကြယ်ဖြူ လေး တစ်ပွင့် ဖြစ်လာခဲ့ပြီ။ တစ်ခုခု ခံစားရပေမဲ့ သည်ပွဲမှာ သူ ပျော်နေပါပြီ။ သူ့ရဲ့ ကောင်လေးလည်း ပျော်နေလိမ့်မယ်လို့ သူ ထင်တယ်။ တစ်ခါတုန်းက သူ့ရဲ့ ကောင်လေးဟာ အခုအချိန်မှာ သူ့ကိုယ်သူ အဖြစ် သူ မြင်လာတယ်။ သူ့ အကျင့် အတိုင်း ကောင်လေးကို သူ စိတ်တိုင်း မကျသေးပေမဲ့ ‘ဒီကောင်လေးဟာလေ’ လို့ သူ မညည်းတွားဖြစ်တော့ဘူး။ သူ့မျက်လုံးထဲမှာ ပုံရိပ်ဟောင်းတွေ တဖျတ်ဖျတ် ရွေ့လျားသွားနေတယ်။ သူ့ရဲ့ နှုတ်ခမ်းတွေဟာလည်း အပြည့်အဝကို ပြုံးနေတယ်။ သူ့ရဲ့ နားထဲမှာ တစ်ခါတုန်းက ကောင်လေး ပြောခဲ့တဲ့ စကားကို ပြန်ပြီး ကြားလာတယ်။
‘အဖေဟာ ကျွန်တော့် အတွက် အလေးနက်ဆုံးနဲ့ အလင်းလက်ဆုံးပါ’
သူ ကျေကျေနပ်နပ် ပြုံးပြီး သူ့ရဲ့ ကောင်လေးဆီကို သူ လှမ်းကြည့် လိုက်တယ်။ ကောင်လေးရဲ့ မျက်လုံးတွေဟာ ဟိုးတစ်ချိန်တုန်းကလို တောက်ပနေတုန်းပဲ။ ကောင်လေးဟာ သူ့ကို ကြည့်မနေခဲ့ဘူး။ ဒါပေမဲ့ ကောင်လေးရဲ့ မျက်လုံးတွေဟာ မှန်ထဲက သူ့မျက်လုံးတွေနှင့် လုံးဝ ဆင်တူ နေပြီလေ။ သူ့မျက်လုံးထဲက အရိပ်တွေ ကောင်လေးဆီမှာ ရှိနေပြီ။ သူ့ရဲ့ ကောင်လေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက သူ ဖြစ်လာခဲ့ပြီ။ သူ့ရဲ့ စိတ်တိုင်းမကျမှုတွေကို ကောင်လေး မျက်လုံးထဲမှာ သူ မြင်နေရပြီ။ ဒီလိုနဲ့ပဲ….
အသုဘ ဆိုသည်မှာ....
ကျွန်တော့် သက်တမ်းစေ့ ကျွန်တော် နေ၍ ကျွန်တော် သေလေသည်။ (ကျွန်တော် သေသည်။ ထို့ကြောင့် ကျွန်တော် ရှိခဲ့သည်ဟု ယူသော် ရ၏။) ကျွန်တော် သေသော အခါ …
ကျွန်တော်၏ ကျန်ရစ်သူ မိသားစုသည် ကျွန်တော် မသေခင်က အတန်တန် မှာခဲ့သမျှ တစ်ခုမှ မလုပ်ကြဘဲ သောက်လွဲ ဖြစ်ကုန်၏။ ‘ငါ သေရင် ငိုမနေနဲ့၊ ကျက်သရေ ယုတ်တယ်’ ဟု မှာခဲ့ငြား (မည်သူက ပိုချစ်သည်ဟု လူရှေ့ ပြချင်ဇောဖြင့်) မသာ ဖအေကြီး အနီး တဟီးဟီး ငိုပြကြလေသည်။ ကျွန်တော်၏ သမီး တစ်ယောက်သည် ကျွန်တော် မသေခင် နာနေစဉ်က တစ်ခေါက်မျှသာ လာဖော် ရသော်လည်း သေသောအခါမှ အပြေး ရောက်လာ၍ ‘အမယ်လေး အဖေရဲ့’ ဟု တက်တောင် တက်ပြလေ၏။ (ထိုသမီးမှာ ငယ်စဉ် ဆယ့်ခြောက်နှစ် သမီးက မော်ဒယ်လ် သရုပ်ဆောင်မ ခဏ လုပ်ဖူးသူ ဖြစ်၏။)
‘ငါ သေရင် ချက်ချင်းသာချ၊ နင်တို့ အကုန်အကျ ကယိကထ သက်သာတယ်’ ဟု မှာခဲ့ငြား ကျွန်တော့် သားသမီး ငါးယောက်သည် အရပ်စကား နားယောင်ကာ ကျွန်တော့် ကြွင်းကျန် ခန္ဓာအား ငါးရက်တောင် အိမ်မှာထားလိုသဖြင့် အသုဘ အချ ပုပ်ပွကာ ရုပ်မလှ ကျွန်တော် ဖြစ်မည်ကို မြင်လေသော ကျွန်တော့် အပေါင်းအသင်း အဘိုးကြီး တစ်ယောက်က အတန်တန် နားချမှ သုံးရက် ထားရန် သဘောမျှလေသည်။ ကျွန်တော် ရှင်စဉ်က ပြည့်စုံအောင် ရှာဖွေနိုင်ခဲ့သဖြင့် သင်းတို့အား ‘အကောက်အစား အကူငွေ မလိုဘူး၊ ငါ့အသုဘမှာ ဖဲဝိုင်း မထောင်နဲ့ အကုသိုလ် ဖြစ်မယ်’ ဟု ရည်ရွယ်လျက် ‘ခုနစ်ရက် အတွင်း စတုဒီသာ လှူကြစမ်းပါ’ ဟု ပြောစဉ်က ကတိ ထားကြသော်လည်း သေသော် မေ့၍ ရပ်ကွက် ဂျပိုးများ အလျှိုလျှို ရောက်လာကာ ကုလားဖျင်းထိုး ယောင်ယောင်၊ ကွာစေ့ဝယ် ယောင်ယောင်နှင့် မှောင်လာသော် ပထမ ညမှာတင် တဝါးဝါး တဟားဟားနှင့် ဝိုင်းဖြစ်သွားကာ သမီး အကြီးဆုံးက အိပ်ရေးပျက်ခံသမျှ အကောက် ရသော ဟူ၏။
ပထမ သေသော ရက်က မတွက်ချက် မစိစစ်နိုင်အောင် အနိုင်နိုင် အလုပ် များကြသော်ငြား ဒုတိယရက် မနက်မှ စ၍ တွက်ချက်နိုင်ပြီ ဖြစ်ရာ လာသမျှ ဧည့်သည်ကို လက်ဖက် မတည်၊ ကော်ဖီ မချ၊ ကွာစေ့ နှင့် သကြားလုံး ပန်းကန်ပါ နောက်ဖေး ပြန်မသွား၍ ရှိသမျှ ပရိဘောဂ ရွှေ့ပြောင်းနိုင်သမျှကို ကားဂိုဒေါင်တွင် အသာ ဖုံးလျက် ကားကိုပါဝှက်၊ နွမ်းပါးယောင် ဆောင်လျက် ကျွန်တော် နာစဉ်က ဆေးဖိုးနှင့် မမျှ၍ အိမ်ခွံပဲ ကျန်သည် အဆိုပြကာ အလုအယက် ကူငွေ အလှူခံ ထွက်ကြလေ၏။ အသုဘ ရှုအလာ ဧည့်သည် ခမျာလည်း လက်ဖက်ခြောက် မှိုတက် ရေနွေးခွက်ကို ခပ်သွက်သွက် မှုတ်သောက်၍ အလောင်းနှင့် ခုတင်သာ ကျန်ရှာ၍ ဖျာပင် မခင်းထားသော ဧည့်ခန်းတွင် ကြောင်တက်တက်နှင့် ပါသမျှငွေ ဓားပြ အတိုက်ခံကာ ပြန်ရှာလေသည်။ စီးပွားရေး ပါရဂူ ကျွန်တော့် သားသမီး ငါးစုံနှင့် မြေးများကား သူ ပိုရသွားသည် ငါ ပို ရသွားသည်ဟု ကူငွေ ဂုဏ်ပြိုင်ရင်း မျက်နှာကြီး ဧည့်သည် ကားနှင့် လာလေလျှင် အချင်းချင်း တံတောင်နှင့် တွတ်သူ တွတ်၊ ခြေထိုးခံသူ ခံကာ အလုအယက် ထွက်ကြို၍ ဧည့်သည် သနားလောက်အောင် အပြိုင်အဆိုင် နှုးကြလျက် လူပြန်လျှင် ကား ကျန်ခဲ့အောင် အထိပင် ကြံကြလေ၏။
တတိယ အသုဘ ချမည့် နေ့၌ကား ကျွန်တော့် သားအကြီးဆုံးသည် အစ်ကိုကြီးတော့ အဖ အရာဟု အဆိုပြ၍ သားကြီး သြရသ ရပိုင်ခွင့် မှန်သမျှ သိမ်းကြုံးရန် ရှေ့နေ လက်ဆွဲ၍ အလောင်း သူ့ အဖေ အိမ်ထဲ ရဲရဲ ဝင်လာရာ ကျန်သူများ ပြာ သွားကြလေ၏။ သားကြီးနှင့် သားလတ်မှာ အိမ်ဂရံ မြေဈေး အစ်ကိုကြီး ပေး၍ အသက် အာမခံနှင့် တကွ ကား တစ်စီးနှင့် ပစ္စည်း ပစ္စယ၊ သွားလေသူ အဖေ၏ လမ်းလျှောက်တုတ်ကောက်ခွ၊ ပရိဘောဂပါ မကျန် ညီလတ်ထံ အပ်နှံရန် ရှေ့နေရှေ့ သဘော တိတ်တိတ် ကြိတ်မျှလေသည်။ ထိုသတင်း လျှင်စွာ ပျံ့နှံ့လျက် သမီးကြီး နားရွက် ဆောက်နှင့် နှက်သလို ဝင်လေလျှင် အစ်မကြီး အမိအရာ ဆိုသည့်အတိုင်း ‘အတွင်း ပစ္စည်းတွေ ငါတို့ချည်း အုပ်ထားမဟဲ့’ ဟု ညီအစ်မ သုံးလက် လည်ပင်းဖက် တိုင်ပင်ကာ တစ်အိမ်လုံး ပိုက်စိပ်တိုက်လျက် သွားလေသူ သူတို့ အမေ ဓာတ်ပုံဘောင် အောက်နှင့် တကွ ကျွန်တော့် အလောင်းပါ ခဏ မ၍ မြေလှန်ကြလေ၏။
ထိုသည်ကို မြင်သော် ညီအစ်ကို နှစ်ယောက်၏ မိန်းမ (ကျွန်တော့် ချွေးမ) များမှာလည်း ခေလေသူများ မဟုတ်ရတကား မြွေမြွေချင်း ခြေမြင်၍ မိန်းမချင်း အတင်းချရာမှ ဗြောင်ကျကျ ဖြစ်လာကာ ယောက်ျားသားများ ဝင်ပါလာ၍ ငါးစုံတွဲ ဆယ်ယောက် ရန်ပွဲ ဖြစ်မြောက်လေလျှင် အရပ်က ဝင်ဆွဲသော်လည်း မရဘဲ သည်းသည်းမဲမဲ ကြဲကြလေ၏။ ကလေးတွေက ဆူ၊ လူကြီးတွေက ဆဲ၊ အရပ်က ဆွဲနှင့် ဝုန်းဒိုင်းကြဲ သောင်းကျန်းကြ၍ မသာအိမ်ပျောက် ဘောက်ဆင်ပွဲ သဏ္ဌာန် ရောက်ကာ မသဲမကွဲ အားပေးသူပင် ရှိလာ၍ သားကြီးမှာ အားရပါးရ ရရှိလှသဖြင့် သူ့အဖေအောက် မသာ ခုတင်ထောင့်မှ ကျောက်ဖရုံသီးပင် ဝင်ဆွဲ၍ နီးရာလူ နှံလေသည်။ အသုဘ ချချိန် ကျ၍ ရပ်ကွက်နှင့် ဆိုင်ရာ လူကြီးများပါ ရောက်လာလေမှ ကြေးစည် ပျောက်သလိုလို၊ ခွဲရန် ရေအိုးပဲ မျက်စိမှောက်သလိုလို အလျှိုလျှို ပျောက်ကုန်ကြရာ သူတို့ အဖေ ကျွန်တော့် အလောင်းမှာ မမည့်သူ ရှာမရ၍ ခယ ပြန်ခေါ်ကြရသေး၏။
ဗရုတ်ဗရတ်နှင့် သုဿာန်ဘက် ထွက်ခဲ့ကြ၍ သင်္ဂြိုဟ်စက် ရှေ့မှောက် ရောက်လေသော် လူမြင် သူမြင် ဖြစ်၍ ဆွေးမြေ့ဟန် ဖမ်းကာ သားနှစ်ယောက်တည်းသာ အဖေ ကျွန်တော့်အား ‘နောက်ဆုံး နှုတ်ဆက် မခြင်းအားဖြင့် ဦးချမည်’ ဟု ကြွေးကြော်လျက် ယောက်ျား မာန အံကြိတ် ၍ မကြကာ ကားပေါ်မှ တွန်းလှည်းပေါ်သို့ ရွှေ့ကြလေသော် …
မနိုင့်တနိုင် ဖြစ်ရကား ခလုတ်တိုက်၍ ခေါင်းဖုံး ပွင့်ကာ မသာ ကျွန်တော် အောက်ပြုတ်ကျ သတိပါ ပြန်ရပါသဖြင့် ချိုစောင်းတွင် တစ်ဘု ထွက် ငုတ်တုတ်ထ လူလုံးပြလျက် ရှိလျှင် ‘ဟင် …’ ဆိုသော အသံကြီး ကျန်ရစ်သူ မိသားစုကြား တစ်ပြိုင်နက် ကြားရ၍ ဝမ်းသာရမည့် အစား ဖုတ်ဖတ်ခါ အားလုံး တွက်သွားကြသဖြင့် အရပ်က ကားဖြင့်ပင် ကိုယ့်အိမ် ကိုယ် ပြန်ရ၍ ရက်လည်သော် ကိုယ့်မသာ မုန့်ဟင်းခါး ရပ်ကွက် အကူနှင့် ကိုယ်တိုင် ချက်စား၍ ဘုန်းတော်ကြီး တရားနာရသည် ဖြစ်ရကား သင်းတို့ အားလုံး စိတ်ဆင်းရဲ သေလေသော်မှ စည်းစိမ်တွေ ကျွန်တော် ရကာ သက်တော်ရာကျော် အတော် ရှည်ရှည် တစ်ကျော့ ပြန်နေရလေသတည်း။ (တိုက်ဆိုင်မှု အားလုံးကို ခွင့်လွှတ်ပါ)
ကော်ပီ ဆိုသည်မှာ....
မြောက်အရပ်တွင် မျောက်များ ရှိပါသည်။ တောင်အရပ်တွင် တောင်ကုန်း တောင်တန်းများ ဖုထစ်နေပါသည်။ အနောက် အရပ်တွင် နောက်ပြောင်တတ်သူများနှင့် အရှေ့ အရပ်တွင် ရှေ့နေ တချို့ ရှိကောင်း ရှိပါမည်။ လူလည် ဆိုသူမှာ အလယ် တည့်တည့်တွင် နေသူလား၊ လယ်ထွန်သူ လယ်သမားလား၊ အလည်အပတ် များသူလား ကျွန်တော် မသေချာပါ။ ကျွန်တော် မသေချာခြင်းသည် ခင်ဗျား မသေချာခြင်း ဤစာစု၏ မသေချာခြင်း ဖြစ်နိုင်ပါသည်။ ဝိဒူရ အမတ်၏ မသေချာခြင်း၊ အက်ဂါအယ်လင်ပိုး၏ မသေချာခြင်း ဖြစ်နိုင်ပါသည်။ မုန့်ကျွဲသဲ၏ မသေချာခြင်း၊ နယူတန်၏ မသေချာခြင်း၊ လက္ခဏာသည် သီတာ ဒေဝီကို ကြိုက် မကြိုက် မသေချာခြင်း၊ စီးပွားရေးသမား၏ မသေချာခြင်း၊ ဆရာဝန်၏ မသေချာခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ဤစာစုသည် (နောက်တစ်မျက်နှာ မကူးမချင်း) တစ်မျက်နှာ ဝတ္ထု ဖြစ်ပါသည်။ ဖတ်နေသော ခင်ဗျား မျက်လုံးနှင့် ကျွန်တော့် စိတ်၏ ကြားတွင် ဖြစ်ပါသည်။ လူနှင့် လက်များ ကြားမှ ဘာသာ စကား ဖြစ်ပါသည်။
တစ်ရံရောအခါက ကမ္ဘာတွင် လူတူ ချွတ်စွတ် နှစ်ယောက် မရှိပါ။ စီးပွားရေး၊ လူမှုရေး မရှိ၍ နိုင်ငံရေး မရှိပါ။ စက်တင်ဘာ ၁၁နှင့် ဆူနာမီ မရှိပါ။ နပိုလီယန်၊ အနော်ရထာ၊ ဂျင်ဂစ်ခန်၊ ဟစ်တလာ၊ မူဆိုလီနီနှင့် ဘင်လာဒင် မရှိပါ။ ရှိတ်စပီးယား၊ ဘရစ်တနီ စပီးယား၊ အက်(တ)မောစဖီးယား၊ မာဖီးယား မရှိ၍ ဗင်းနစ်(စ်) မြို့သား ကုန်သည်သည် ကုတ်အင်္ကျီ အနက်၊ မျက်မှန် အနက်နှင့် အသက် ဝဝ မရှုဘဲ ပါပရာဇီများကို ရှောင်ပုန်းရင်း ဗိုက်မကြီးပါ။ ပိုက်ဆံ မရှိ၍ သူဌေး မရှိပါ။ လူတိုင်း တင်းပုတ် ကိုင်၍ ထုရိုက် စားသောက်ကြသော တင်းပုတ် ယဉ်ကျေးမှု ရှိပါသည်။ ဆံပင်ရှည်နှင့် မုတ်ဆိတ် ရှိပါသည်။ ကျောက်တုံး ကျောက်ခဲ များနှင့် ဂေါ်ဇီလာ ရှိပါသည်။ ကျောက်ဂူထဲ နေ၍ အရာရာ ကြောက်ရသော ကျောက်ခေတ်တွင် ကျောက်ကပ် တစ်ခြမ်းကို တရားမဝင် ရောင်းမစားပါ။ ထိုသို့ အမှန်တကယ် ရှိခဲ့ကြောင်း အထောက်အထားနှင့် ကျွန်တော် ဖတ်ဖူးပါသည်။ (လုံးဝ မယုံကြည်ပါ) ခင်ဗျား ယုံကြည်မည် ဆိုလျှင်တော့ ဤစာစုသည် မော်ဒန် အနုပညာ နည်းနာ တစ်ခု ဖြစ်သည့် Collage ခေါ် စပ်ထည် အမျိုးအစား ဖြစ်ကြောင်း (ဦး) သစ္စာနီက ‘ပြာဖြစ်သွားသော ပန်းသီးနှင့် အခြား ဝတ္ထုတိုများ’ စာအုပ်၏ ၅၂ နှင့် စ၍ အိပ်မက် အသစ်မှ ထုတ်ဝေသည်နှင့် ဆုံးသော စာမျက်နှာတွင် အတိအလင်း ဖော်ပြထားကြောင်း အထောက်အထားနှင့် တကွ ကျွန်တော် အဆိုတင်သွင်းပါမည်။ ထို့အပြင် ကျွန်တော့်ထံ၌ လိုရာဆွဲ ဖော်ပြ၍ အပြည့်အစုံ တစ်ခုလုံးကို ဖုံးဖိထားတတ်သော၊ အထောက်အထား အတိအကျနှင့် တကွ စနစ်တကျ လိမ်ညာတတ်သော မော်ဒန်လူ ပီသမှု၏ Collage ခေါ် စပ်ထည် အမျိုးအစား စိတ်ဓာတ် တစ်ခု ရှိကြောင်းလည်း အဆိုတင်သွင်းပါမည်။ အထွန့်တက်၍ ရသွားလျှင် ကျွန်တော့်ထံ၌ ကင်ဆာနှင့် တူသော ကော်ပီ၊ အုန်းကျွန်း (မြန်မာလို ဖတ်ပါ) ခွဲရေး တွဲရေး ရောဂါ တစ်မျိုး စွဲကပ်နေကြောင်း ခင်ဗျား၏ ခေါင်း ခါး ခြေ လက် ကိုယ်ကာယ လှုပ်ရှားမှုများသည် ခင်ဗျား အရင် အသက်ရှင်သွားကြသော ရှေးလူများ၏ လှုပ်ရှားမှုများကို ကော်ပီ လုပ်ထားခြင်း ဖြစ်၍ ခင်ဗျား၏ ကိုယ်ပိုင် အတွင်းတရားနှင့် သောက်ကျင့် (သောက်တတ်သော အကျင့်) သည် အုန်းကျွန်း ဖြစ်ကြောင်း၊ ကျွန်တော့် တူမလေးသည် လေးလ သမီးလေး ဖြစ်၍ ကော်ပီများသာ အားကောင်းနေသေးကြောင်း၊ ကျွန်တော့် ဇနီးသည် ကျွန်တော်က သူ့ကို ချစ်သောကြောင့် အုန်းကျွန်းဟု ထင်ကြောင်း၊ နံပြားနှင့် ပေါက်စီသည် ကျွန်တော်တို့ အတွက် ကော်ပီ ဖြစ်၍ မုန့်ဟင်းခါးသည် အုန်းကျွန်းဟု ထင်ကြောင်း၊ မုန့်လင်မယားသည် အုန်းကျွန်းဟု ထင်ကြောင်းတို့ကိုလည်း ခင်ဗျားကို အရွဲ့တိုက်၍ (အရက်တိုက်၍ မဟုတ်ပါ) ပြောပြပါမည်။
အနောက်တိုင်း လူငယ် ဂီတဝိုင်း Blur ကို ကျွန်တော်က ‘ဗလာ’ ဟု မြင်၍ ခင်ဗျားက Blur! ဟု မြင်နိုင်ပါသည်။ Green Day ဝိုင်းတော်သားများသည် အနောက်တိုင်းသားများ ဖြစ်၍ ဂရမ်မီဆု ရကြသော ညက ဗီသိုဗင်ကို ကျွန်တော် အိပ်မက် မက်ပါသည်။ သူ အဆိုတော် ဖြစ်ရန် ကြိုးစားနေကြောင်း၊ နောက်နှစ် အော်စကာဆု မှန်းကြောင်း၊ မော်ဒယ်လ် လုပ်ရင်း စာလည်း ရေးကြည့်ချင်သေးကြောင်း၊ ယခု ကုမ္ပဏီ အစည်းအဝေး တစ်ခုမှ ပြန်လာကြောင်း၊ အိပ်မက်ထဲက တစ်ဆင့် လက်ကိုင်ဖုန်းနှင့် ကျွန်တော့်ကို ပြောရာ အကြီးအကျယ် ထိတ်လန့်၍ ကျွန်တော် လန့်နိုးရပါသည်။ ဗီသိုဗင်မှာ လွန်ခဲ့သော လေးနှစ်က ကွယ်လွန်ခဲ့၍ မကြာခဏ တစ္ဆေ ခြောက်တတ်သော ကျွန်တော် မွေးဖူးသည့် ခွေးမြီးတို ဖြစ်ပါသည်။ ခင်ဗျားနှင့် ကျွန်တော် နားလည်မှု မရနိုင်ပါ။ ကျွန်တော့် ကွန်ပျူတာသည် အထီး မဟုတ်ပါ။ ဤစာစုသည် စပ်ထည် အမျိုးအစား မဟုတ်၍ မြန်မာ စာပေ လောက၏ လေးကွက်ကြား ဝတ္ထုတို မဟုတ်ပါ။ ကျွန်တော် စာရေးဆရာ မဟုတ်ပါ။ ကျွန်တော့် အိမ်တွင် ကြိုး မရှိ၍ မီးလာမည် မဟုတ်ပါ။ ကျွန်တော်သည် မော်ဒန် စပ်ထည် အမျိုးအစား ‘လူ’ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်သောကြောင့် အမှား လုပ်မိမည် မဟုတ်ပါ။
စတူဒီယို ဆိုသည်မှာ …
အချိန်ကျပြီ ဖြစ်ရာ အသံဖမ်း ဝိဇ္ဇာ အင်ဂျင်နီယာသည်ကား မစ်ဆာဘုတ် ခပ်စုတ်စုတ် တစ်ခု ရှေ့ဝယ် ငုပ်တုပ် စံပယ် တင့်တယ်စွာနှင့် ရှိနေလေပြီး ထိုသူ၏ တပည့် ဘဝ လက်ထောက် အင်ဂျင်နီယာ ငတမှာကား သူတို့၏ စတူဒီယို အချိန် ပိုမှန်လေကြောင်း ကပ်စတန်မာ အများ သိကြစေရန် အကြံဖြင့် တိုင်ကပ်နာရီစုတ်ကို နံရံမှ ဖြုတ်၍ ဓာတ်ခဲ ထည့်ကာ ဆယ်နာရီ တိတိသို့ လှည့်လေသည်။ နာရီ ပြန်ချိတ်၍ ပြီးလေသော အခါမှ ‘လူတွေများ ဝီရိယ တဝကြီး နည်းသကိုး’ ဟု ယိုးစွပ်သည်တွင် အင်ဂျင်နီယာတန်မဲ့ နားလေးလျက် ရှိသော သူ့ဆရာမှ ဘာကြားသည် မသိ ‘အေး နှစ်ချောင်းလုံး တပ်လိုက်တော့’ ဟု မိန့်ရာ ‘ခင်ဗျာ’ ဟု အူကြောင်ကြောင် ဖြစ်ရှာလေပြီးမှ သတိသွားရ၍ မစ်ဆာဘုတ် စားပွဲအောက် လေးဘက်ထောက် ဝင်ကာ ဖြုတ်ထားသော မီးပလပ် နှစ်ခေါင်းအား အသင့် ရှိရာ ပလပ်ပေါက်များမှ နှစ်ခုထဲသို့ ကပ္ပိခဲ့လေ၏။
အသံ သွင်းမည့် သူများ မရောက်လာကြသေးသည့် အားလျော်စွာ လက်ထောက် အင်ဂျင်နီယာ ငနဲသည် လုပ်မြဲ အစဉ်အလာအားဖြင့် အခန်းထောင့်မှ တံမြက်စည်းမွေးတိုကို အမွေးကို အပေါ် ထား၍ ပြောင်းပြန် ထောင်ခြင်း၊ ဒရမ်မာ ထိုင်တီးရန်ထားသော သစ်သားခွေး ခြေစုံကို လက်အစုံ ဖြင့် အသက် အောင့်လျက် ခုနှစ်ချက် တဖုတ်ဖုတ် ပုတ်ခြင်း စသဖြင့် လူ အလာ များရန် ဓာတ်ဆင် ဓာတ်ရိုက်နည်း အားဖြင့် လာဘ်ခေါ်၍ ပြီးနောက်တွင် ....
ကုလား ဘင်ခရာ တီးဝိုင်းမှ အပေါင်ဆုံး အဖြစ် ရထား၍ ‘ဘေ့စ် ဒရမ်’ ဖြစ်နေရရှာလေသော ‘ဘင်’ မုဆိုးမလေးကို လည်းကောင်း၊ သင်း နှင့် ချိတ်တိတ်တိတ် ဖြစ်နေလေသည့် ‘ဘေ့စ်ဒရမ်ကစ်’ တစ်ဖြစ်လဲ ကြေးစည် ထုသည့် မုဆိုးဖို ဘုမည်းမည်း အမှူးပြုသော ‘ပက်ဒယ်’ ကို လည်းကောင်း၊ ကျောင်း တစ်ကျောင်းမှ ခိုးရာပါ ပစ္စည်း ဖြစ်သည်ဟု မသင်္ကာ ခံရ၍ အတန်တန် ရှင်းကာ အာမခံဖြင့် စခန်းမှ ပြန်ယူလာခဲ့ရသည့် ‘စနဲ’ ကို လည်းကောင်း၊ ဇာတ်ခေါင်းကွဲ တစ်ခုမှ အောက်ဈေးဖြင့် ခပ်တင်းတင်း ဆွဲခဲ့သည့် လင်ကွင်း နှစ်ခုကို သံချောင်းတို၊ သံချောင်းရှည်၊ စပရိန်၊ မူလီဆက်လျက် နည်းပညာ ဆန်းသစ်ထားသော ‘ဟိုင်းယက်’ ကို လည်းကောင်း၊ ‘ဇာဂျီယန်’ ဟု ဗမာလို ရေးထားသည့် ပြည်တွင်းဖြစ် မကွေးကြေး ‘ဆင်ဘယ်’ နှစ်ချပ်ကို လည်းကောင်း၊ ပလာစတာ ဖာရာ အထပ်ထပ်နှင့် သပ်ရပ်စွာ နှစ်လုံးပြူးနေသည့် ‘တွမ်’ ခေါ်တောင်တောင် များကို လည်းကောင်း၊ ပတ်မကြီး တစ်လုံးကို ပုဆိုးနှင့် အုပ် ကြိုးတုပ်ထားသည့် ကလိန်ခြုံ ‘ဖလိုး’ ကို လည်းကောင်း စသည့် ပစ္စည်းများ စုပေါင်းထား၍ ခြေလက် လေးဘက် ကားယား အလုပ် များရသည့် အနောက်တိုင်း တူရိယာ တစ်ခုအား ဂြိုဟ်သွား ဂြိုဟ်လာများနှင့် အညီ နေသားတကျ ရှိ မရှိ ကြည့်ရှုပြီး လတ်သော် အခန့်မသင့်လျှင် ဓာတ်လိုက်တတ်လျက် အဖတ်၊ ဓာတ်ကြိုး၊ အင်ပလီဖိုင်ယာ ဗာဟီရစုံစီနဖာ စုံလင်စွာ ပါပါမှ အသံ တစ်ချက် နှစ်ချက် ထွက်တတ်သည့် ခြောက်ကြိုးတပ်နှင့် လေးကြိုးတပ် အလက်ထရစ် ဂစ်တာ နှစ်လက်ကို ဆက်လက် စစ်ဆေးနေလေ၏။
ဂီတ ပညာရှင်ကြီးများ ကြွချီလာကြပြီ ဖြစ်ချေရာ ရှုကြကုန်လော့။
တရုတ် မသာ ခုနှစ်ခါ တိတိ တီးဖူးသည့် တိုင်းကျော် ပြည်ကျော် ခေတ်ပေါ် တေးဂီတဝိုင်း တစ်ခု၏ ဆရာသိက္ခာတော်ရ ‘ဒရမ်မာ’ က တစ်ယောက်၊ သုံးနှစ်သားက ယောင်းမနှင့် တစ်ခါ ဆော့ဖူးသဖြင့် ပါရမီ ထူးရှာသည်ဟု သမုတ်ခံရလေသော ခြောက်ကြိုးတပ် လောကမှ အောချ နေကြရသူ အူတူတူ စုတ်ဖွားဖွား ‘လိဒ်’ ဂစ်တာသမားက တစ်ယောက်၊ လေးကြိုးတပ် တီးခတ်ခြင်းသည် ခြောက်ကြိုးတပ် တီးခတ်ခြင်းထက် ရှေ့ ပဝေသဏီကပင်လျှင် အစဉ် သာလွန်လျက် ‘ခက်’ လှသော ပညာဟု အစဉ် ယုံနေရှာသော ‘ဘေ့စ်’ ဂစ်တာက တစ်ယောက် အစရှိသော ဂီတ လောကတွင် သမ္ဘာရှိသည့် ဆရာ ကဝိ ပညာရှိ အဆူဆူတို့သည် တပည့်၊ သား၊ မြေး စုံလင်စွာ ယောင်ချာချာ နောက်လိုက် နှစ်ဆယ်တို့ ခြံရံလျက် စပ်ဖြဲ စပ်ဖြဲနှင့် ခပ်ရဲရဲ လာကြလေကုန်၏။
ထိုသူတို့၏ နောက်၌တွင်ကား သူ့ ပြ၍ ပိုက်ဆံ ရအောင် လုပ်ရမည့် ကိစ္စတွင် အခရာ ကျသဖြင့် ပရိုဂျူဆာတို့နှင့် တကွ လူတကာက မြှောက်ပင့် ကပ်စား ‘ဖား’ နေကြရလေသည့် အသုဘ ငိုချင်းသည် လောက တလွှားတွင် ဟိုးဟိုးထ ကျော်ကြားခဲ့သော တရုတ် မိုက်ကရိုဖုန်း တစ်လုံး တိတိ ပိုင်သနေပြီ ဖြစ်သည့် ‘အဆိုတော်’ ဆိုသည်မှာ ၄င်း၏ ခယ်မ၏ မောင်၏ ယောက်ဖ၏ အစ်ကို နှစ်ဝမ်းကွဲ၏ ဘကြီး၏ ဒုတိယ မယားမှ မွေးပြီး သူ မွေးစားထားသည့် အာကျယ်ကျယ် ကလေးငယ်ကို ရင်ဝယ် ထွေးလျက် အချစ်တော် ခွေးဝဲစားကို လက်မှ ဆွဲကာ ဝင်လေ၏။ နောက်၌တွင်ကား အဆိုတော်၏ ဘယ်နှယောက်မြောက်မှန်း မသိသော ပျံတံတံ ရည်းစားသည် မျက်နှာထိ မျက်နှာထား ချီလျက် လက်ကိုင်ဖုန်း တစ်လုံးကို နားဝတွင် နှစ်ပြား ဂဟေဆက် ‘ဟယ်လို ဟယ်လို’ ခုနှစ်သံ ထွက်ကာ ဘောက်ဆတ် ဘောက်ဆတ်နှင့် (သူနှင့် ဘာမှ မပတ်သက်သော်ငြား) လိုက်ပါ ချီးမြှင့်လေ၏။ ပိန်ညောင်ညောင် ရှုသိုးသိုး တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေပုံ မျက်နှာပေါက်မျိုးနှင့် တေးရေးဆရာသည် လည်းကောင်း၊ ဆောင်းပါးရှင် ဖြစ်ရသည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ရသည် ထင်၍ အင်တင်တင် အောက်သိုးသိုး အပေါက်ဆိုး ထ ထမှုတ်တတ်သည့် စတူဒီယိုတွင်း သတင်း လာယူသူသည် လည်းကောင်း အလုပ် ရှိ၍သာ လာရပုံမျိုးနှင့် အချိုးမပြေ ဝင်လာကြလေ၏။ အဆိုပါ လူဗျောက်သောက် တစ်သိုက် တို့သည် ထသူထ၊ ထိုင်သူထိုင်၊ ဟိုဟာကိုင် ဒီဟာကိုင် ဟိုမေး ဒီမေး ဟိုပြော ဒီပြောနှင့် ရုတ်ရုတ် ရုတ်ရုတ် လုပ်ကာ ရှုပ်နေကြသော်ငြား အင်ဂျင်နီယာဆရာမှာကား ဦးမာဃ ဘီလူးစီးသည့် ကုန်ခဲ့သော သင်္ကြန်တွင်း က မူးမူးနှင့် သူ အသံဖမ်းစဉ် တစ်ခြမ်း တိတိ လောင်ကျွမ်း ရှော့ခ် ဖြစ်၍ ဖြစ်သလို ပြန်လုပ်ထားရသော မစ်ဆာဘုတ်ရှေ့ဝယ် ခလုတ်များကို ဟိုတို့ ဒီတို့လျက် ရှိနေလေ၏။ တပည့် အင်ဂျင်နီယာမှာလည်း ခြောက်ကြို မာစတာ၏ ပြွန်တဆာ ‘ဂစ်ဘဆင်’ အသံလွင်ရန်ကို လည်းကောင်း၊ လေးကြိုးကဝိ၏ သုံးခွ ‘ယမဟာ’ အသံစာရန်ကို လည်းကောင်း အထူး လုံ့လ ပြုနေရှာရင်းမှ ‘ကြိုးလွဲနေပြီ’ ဟု တစ်ခွန်း ပြောမိရာ အဆိုတော် ရည်းစား ကြားသဖြင့် ‘မိုက်ရိုင်းလိုက်တာ’ ဟု ထောပနာခြင်းကို ခံရသည် သာမက သူ့ဆရာမှ နားစွန်နားဖျားနှင့် ‘မိုက်စမ်းရဦးမယ်လေ’ ဟု ငေါက်ခြင်းကိုပါ ဆက်၍ ခံရရှာလေသည်။ ထိုခဏ၌ မည်သည့် အသံကိုမဆို တစ်သားတည်း ဖမ်းရန် ရည်ရွယ်၍ မျက်နှာကြက် အလယ်ခေါင် တည့်တည့်မှ တစ်လုံးထဲ တွဲလောင်းချထားသည့် အရင့် အရင် အဆိုတော်များ တံတွေး သင်္ကြန်ကျသွားသဖြင့် အာပုပ်နံ့နှင့် သံချေး တလှိုင်လှိုင် ဖြစ်နေသော မိုက်ကရိုဖုန်းနား အဆိုတော် ကပ်သွားရာ အင်ဂျင်နီယာမှ ‘အသံလေး တစ်ချက်လောက်’ ဟု လှမ်းတောက်သဖြင့် ယောင်နနနှင့် ဘာသံ ရွတ်ရမှန်း မသိ ဖြစ်နေပြီးမှ ‘ဘူဒိတ်ပိတ် ဗတ်ဗတ် ဗတ်ဗတ် အု’ ဟု အသံပြုလေ၏။ အသံကား ဖမ်း၍ ရလေပြီ။ စနေထောင့်မှ ဂစ်တာ ပလေယာများလည်း ဘုရား တရား အာရုံပြု၍ ရယ်ဒီ လုပ်နေကြ သော်ငြား ဒရမ်မာကား အသင့် အနေ မရ၊ ဒရမ် အစမ်း တီးကြည့်စဉ်က ဘေ့စ်ဒရမ် တစ်လှည့်၊ သူ့ညို့သကျည်း တစ်လှည့် ဆောင်တော်ကူးလျက် အပြန်အလှန် ထုနှက် ပျော်မြူးပြခဲ့သော ကြေးစည်ဘုရန်မှ ကာကွယ်ရန် ပုဆိုး ချွတ်၍ ညို့သကျည်းအား ပတ်ပြီးလျှင် ထိန်းသိမ်း စောင့်ရှောက်ရန် ကြံနေရလေသည်။
အဆုံး၌ကား ပလေယာများ အားလုံး နေသားကျရုံမက အဆိုတော်မှာ ဆိုရန် ခါးတောင်းပင် မြှောင်အောင် ကျိုက်ထားပြီးလေ၍ အင်ဂျင်နီယာ ‘အသံဖမ်းမယ် အားလုံး ငြိမ်ပါ’ ဟု ကျန်လူများ ကြားအောင် အော်ရလေ ၏။ သို့သော်ငြား ကျန်လူသွမ်း တစ်စုမှာကား တဝေးဝေးတဝါးဝါး စကား များနေကြသည် ဖြစ်၍ မည်သူကမျှ မကြား၊ ဝါးခနဲ ရယ်သံ တစ်ခုက လွှမ်းသွားသည် ဖြစ်ရာ အတွေ့အကြုံက စကား ပြောသည့် အလျောက် အဆိုတော်က မိုက်နား ကပ်ကာ ‘စမယ်’ ဟု မက်တယ်သံနှင့် ကြုံးအော် လိုက်ရ၏။ ထိုအခါမှ အတန်ငယ် ငြိမ်သက်သွားပြီး ရုတ်တရက် တိတ်သွား သည်ကို ရှိန်နေကြပြန်သဖြင့် ယီးတီးယားတား ဖြစ်သွားကြပြီးမှ ဒရမ်မာမှ နွားရိုက်သော ကြိမ်ကို ထက်ပိုင်း ချိုး၍ လုပ်ထားသော ‘ဒရမ်စတစ်ခ်’ နှင့် ‘ဆင်ဘယ်’ တစ်ချပ်ကို တဂွမ်ဂွမ် နှံကာ ‘ကြူ’ ပေး၍ တိုင်မင် ခေါ်လိုက်ရာ ကြူဆုံးသော် ဂစ်တာသမားများ ဒရောသောပါး လိုက်တီး ကြလေ၏။ တေးရေးဆရာမှ ‘တစ်ဘားစောတယ်’ ဟု မှုန်ကုပ်ကုပ်နှင့် မှတ်ချက် ပြုသည်ကို အဆိုတော် ရည်းစား ကြား၍ အနားက တစ်ယောက်ကို လက်တို့ကာ ‘ဂီတသမားတွေ အတော် ရိုင်းတာပဲ’ ဟု ထောပနာ ပြန်လေသည်။ အဆိုတော်လည်း ဝင်ဆိုနေပြီ ဖြစ်၍ အင်ဂျင်နီယာမှာလည်း မမိမိအောင် အားခဲ အသံဖမ်းနေစဉ် အဆိုတော်၏ အချစ်တော် ဝဲစားမှာ အသံတကာကို နားကလောလှသည်ထင့် တအင့်အင့် အသံပြုရာမှ မတရား ထ၍ အူနေရာ မရှေးမနှောင်းမှာပင် အဆိုတော် ရည်းစားမှာ လက်ကိုင်ဖုန်း လာသံ ကြား၍ ‘ဟယ်လို ဟယ်လို’ နှင့် ခုနစ်သံချီ ဟစ်နေပြန်လေသည်။
နောက်ခဏတွင်မှာကား ပေနှစ်ဆယ် ပတ်လည် ယိုင်နဲ့နဲ့ စတူဒီယို စုတ်လေးဝယ် အဆိုတော်၏ ဝမ်းခေါင်းသံကြီးသည် လည်းကောင်း၊ ဒရမ်မာ၏ တဖုန်းဖုန်း၊ တဂွမ်းဂွမ်း၊ တဗတ်ဗတ်၊ တဗြတ်ဗြတ်သံသည် လည်းကောင်း၊ မကြာခဏ ဓာတ်လိုက်နေကြသည့် စနေထောင့်မှ ဂစ်တာဆရာ နှစ်ယောက်၏ ပြတ်တောင်း ပြတ်တောင်း ကွိကွိ ကွကွ ဒူဒူ ခပ်အူအူ အသံ နှစ်ခုသည် လည်းကောင်း၊ ဆွဲဆွဲငင်ငင်နှင့် လွမ်းချင်ဖွယ် ကောင်းလှသော ခွေးအူသံသည် လည်းကောင်း၊ ကလေး ငိုသံ၊ စကား ပြောသံ၊ ငြင်းခုန်သံ၊ ရယ်သံ၊ ဆဲသံ၊ အတင်းပြောသံ၊ ကျန်လူတစ်သိုက်ထံမှ ပေါက်ကရ အသံများနှင့် တကွ အဆိုတော် ရည်းစား၏ ‘ဟယ်လို ဟယ်လို’ သံများ အားလုံးတို့သည် တစ်သံကို တစ်သံ ဖေးမ တွဲခေါ် အားပြုကာ တစ်လုံးတည်းသော မိုက်မှ တစ်ဆင့် မစ်ဆာထဲသို့ တစ်လုံးတစ်ခဲတည်း ဝင်နေလေတော့သတည်း။
စီရီး တစ်ခွေ ဆိုသည်မှာ ....
ကျွန်တော်၏ နီးစပ်ရာ ပတ်ဝန်းကျင် လောက ယနေ့ခေတ် အခါ သမယ လူငယ်ထုကြားတွင် ဝါသနာကြမ်းပိုးက သူတို့ ဖင်ထိုး၍ပဲလား၊ အောင်မြင် ကျော်ကြား ပေါ်ပြူလာ စတား လူတကာ သိသည့် စူပါ ငတိ ဖြစ်ချင်၍ပဲလား ကျွန်တော် မကွဲပြားသော်ငြား ဟိုလူလည်း အခွေ လုပ်ချင် ဒီလူလည်း အခွေ လုပ်ချင်နှင့် တပြင်ပြင် တရွရွ ဖြစ်နေကြသော လူငယ်များ မနည်းလှသည်ကို သတိထားမိပေသည်။ ခိုးကူး၊ ပြောင်ကူး၊ မရဲတရဲကူး၊ လက်တို့ကူး၊ အပျော်ကူး၊ အချင်းချင်း ပေးရန် ကူး၊ စီးပွား ဖြစ်ကူး၊ ဆလက်ရှင် ကူးနေကြလျက် ရေကူးနည်းတွင်ပင် လေးငါးနည်း သာသာလောက်သာ ရှိငြား အခွေ ကူးနည်းများ လောကတွင် ပွထနေရုံမက MP3, MP4 တို့ဖြင့် တဟေးဟေး တဟိုးဟိုး မျိုးစုံ ဖြစ်၍ ဂီတ လောက တခွင် Technology ဆင်နင်းသဖြင့် ပြားပြားဝပ်နေသော အခြေအနေတွင်ပင် အခွေ တည်ချင်သူ လူငယ်များ မရှားသည် ဖြစ်ရာ ကျွန်တော် သည်မှာကား လွန်ခဲ့သော ဆယ်နှစ်ခန့် ကာလများက စီးရီး တစ်ခွေ လုပ်ခဲ့ဖူးသည် ဖြစ်သည့် အလျောက် အမျိုးမျိုး ကြုံခဲ့ရဖူးသမျှကို သူတို့ အတွေ့အကြုံ ရစိမ့်သောငှာ ပြောပြချင်၍ ပါးစပ် တပြင်ပြင် လျှာတယားယား ဖြစ်ရလေ၏။ သို့သော် တစ်ခု ရှိသည်မှာ ကျွန်တော် ဆိုသော သတ္တဝါသည် လေပေါက်လေး နည်းနည်း တည့်ပါက ပေါက်တတ်ကရ လွန်စွာ စကားများလှသည် ဖြစ်ရာ (ကြုံဖူးသူများ နားရာဇဝတ်သင့်ဖူးကြ ပါမည်) နားထောင်မိသူ ခမျာ မခံနိုင်စရာ အန္တရာယ် ကြီးသည့် အဖြစ်ကို မြင်မိ၍ ပါးစပ်နှင့် မပြောဘဲ . လက်နှင့်ပဲ နည်းနည်း ရေး၍ ဂျာနယ် မဂ္ဂဇင်းတို့သို့ ပို့ကြည့်ရပါမူ သူတို့ သုံးပါက ဟန်ကျနိုင်လောက်သည်ဟု အကြံရသဖြင့် ချရေးကြည့်လေသည်။ ထိုသည်တွင်မှ ပါးစပ်က ပြောပါက အာညောင်းလျှင် ရပ်သွားပါသော်ငြား လက်ဖြင့် ချရေးသော အခါမှ ညောင်းလျှင် ခဏနား၊ ခဏ ကြာလျှင် ပေါက်တတ်ကရ ဆက်ရေးချ၍ မပြီးနိုင်အောင် စခန်း သွားနေသဖြင့် အနိုင်နိုင် အတင်း ရပ်၍ ပြန်ဖတ် အတိုချုံးကာ သိချင်သူများ အတွက် ခပ်သွက်သွက် တင်ပြရသည် ရှိသော် …
စီးရီး တစ်ခွေ စီစဉ်၍ အလုပ် ရှုပ်ချင်သည် ဆိုပါက လုပ်ရန် အလုပ် အကြမ်းအားဖြင့် သုံးခု ထွက်၏။ အသံ သွင်းခြင်းသည် တစ်လုပ်၊ ရုံးတင်ခြင်းသည် တစ်လုပ်နှင့် ထုတ်လုပ် ဖြန့်ချိခြင်းသည် တစ်လုပ် စုစု ပေါင်း သုံးလုပ် ရှုပ်ရ၏။ ဤသုံးခု အနက်မှ ရုံးတင်သည့် ကိစ္စသည် စိစစ်ရေးရုံးမှ စိစစ်ပေးရသည့် ကိစ္စ ဖြစ်၍ သင်ကိုယ်တိုင် ဝင်၍ စိစစ် ချင်သည်ဟု အူကြောင်ကြောင် ဝင်ရှုပ်၍ မရ၊ တာဝန်ရှိသူများ၏ ကိစ္စသာ ဖြစ်ရာ သင့်မှာ လုပ်စရာ နှစ်ပိုင်းသာ ကျန်၏။ အသံ သွင်းခြင်း အပိုင်း တွင် ဆိုတီးစရာ သီချင်း ရှိရ၏။ ဆိုတီးသူ ရှိရ၏။ အသံသွင်း အသံဖမ်းမှု ရှိရ၏။ ပြီးသော် အသံ ညီစေ၊ သာစေရန် Mix down ဟူသော ကိစ္စ လုပ်ရ၏။ Mix down ပြီး၍ Master ကိစ္စ ပြီးသော် တစ်ပိုင်း နိတ္ထိတံလေသတည်း။ နောက်တစ်ပိုင်းသည်ကား ဈေးကွက်တွင် ထုတ်လုပ် ဖြန့်ချိသည့် ကိစ္စ ဖြစ်၍ ကာဗာ ဒီဇိုင်း၊ အခွေ အခွံ၊ အခွေ အသားသာမက ကျန်ဗာရီရ တပြုံတမ သင့် လက်ဝယ် ရ၍ စိစစ်ရေးရုံး ခွင့်ပြုမိန့် အထွေထွေပါ ကျလာပါက ဈေးကွက်တွင် ကြော်ညာခြင်း၊ ဖြန့်ချိခြင်းတို့မှာ ဖြန့်ချိရေး လုပ်ငန်းနှင့် သင် အဆင်ပြေသလို အထွေထွေ ညှိ၍ အခွေ ထွက်ရက်ကို ဗေဒင် တွက်ချင်တွက် မတွက်ချင်နေ သတ်မှတ်ရပြီး အခွေ ထွက်လေသော် ပေါက်သည် မပေါက်သည်၊ အောင်မြင်သည် မအောင်မြင်သည်၊ ရောင်းရ သည် မရောင်းရသည်မှာ သင့်အရာ မဟုတ်တော့သောကြောင့် အခွေ တစ်ခွေ စီစဉ် ထုတ်ဝေပြီးလေသတည်း။ ဤစာပိုဒ်မျှ ဖတ်ပြီး၍ အခွေ ထုတ်ရတာများ အလွယ်သားတဲ့ဟု သင် အထင် ရှိလေလျှင် အောက်ဖော်ပြပါ ကျွန်တော်၏ ခွက်ခွက်လန်ဖူးသော စီးရီး တစ်ခုကို ပမာ အဖြစ် ပြု၍ ဆင်ခြင်ကြည့်လေလော့။
စီးရီး တစ်ခွေ စီစဉ် ထုတ်ဝေမည့်သူကား အနုပညာနှင့် ဂီတလောက အကြောင်းကို ဘာတစ်ခုမှ မသိသည့် (၁၈) နှစ် အရွယ် ငတိ ဖြစ်၏။ ဒင်း အခွေ၏ ငွေကြေး ကုန်ကျစရိတ် အိတ်စိုက်သည်မှာ ဒင်း၏ မိဘများသာ ဖြစ်၍ ရှုံးသည် ဖြစ်စေ၊ မြတ်သည် ဖြစ်စေ ဒင်း တာဝန်ယူရ ကောင်းမှန်း မသိ ဖြစ်၏။ ဤအချက် နှစ်ချက်တည်းနှင့်ပင် ဘာဖြစ်လာတော့မည်ကို သင် သိလောက်ပေသည်။ မှန်ပါသည် မိတ်ဆွေ၊ သင်၏ အတွေး သွေးထွက်အောင် မှန်ပေရာ သောက်သရမ်းများသာ ဖြစ်လာလေတော့၏။ ကြည့်လော့...
ခေတ်ကို မော်ဒန်ခေတ်ဟု သူ ထင်နေ၍ သူ့ကိုယ်သူ Rocker စစ်စစ်ဟု အခြေအမြစ် မရှိ ခံယူ၏။ လွတ်လပ်ရမယ်၊ လွတ်လပ်ရမယ်ဟု ထထအော်တတ်၏။ တစ်ကမ္ဘာလုံးမှ Rocker များကို လွန်စွာ ကြိုက်၏။ ပါရမီရှင်တို့၏ အားလုံးပေါင်း အရည်အချင်း သူ့ကိုယ်တွင် ရှိသည် မှတ်၍ လက်ဖက်ရည်ဆိုင်သို့ ခပ်မာမာ သွားထိုင်၏။ မော်ဒန် ကဗျာ နှစ်ပုဒ်ခွဲ တိတိ စပ်၏။ ကာရန်ကဗျာ တစ်ပုဒ်နှင့် တစ်ဝက် စပ်၏။ တစ်ကွက်ထဲကိုမျှ တဗြတ်ဗြတ် မည်ရုံသာ တီးတတ်ရုံဖြင့် Metallica ကို ဝေဖန်၍ သူ့ဟာသူ သီချင်း ရေး၏။ သူ့ကိုယ်သူ musician ဟု သမုတ်၍ ထောင်ထောင် ထောင်ထောင် လုပ်၏။ သူ့အဖေက အလကားကောင်ဟု မှတ်ချက် ပြု၏။ သူ့အမေနှင့် သူ့အစ်မက သနားစရာဟု ရင်ဖိ၏။ ရပ်ကွက်ကတော့ ရှင်းသည်၊ ‘သောက်ရူး’ ဟု နှစ်လုံးတည်း အမည် ပေးထား၏။ သူသည်ကား လားလားမျှ မမှု၊ အနုပညာသမားသည် ခံနိုင်ရည်အား ကောင်းရမည်ဟု ဘာမှန်း မသိ ခံယူ၍ သူ့အစွမ်းပြ စီးရီး တစ်ခွေ စတည်ရန် ကြံလေသတည်း။
အခွေ သွင်းလျှင် သီချင်း ရှိရမည်ကို သူ သိ၏။ သို့သော် သူများ အာဘော်အောက် သူ အရောက်မခံ၊ ကိုယ့်သီချင်း ကိုယ် ရေးရန် ကြံ၏။ အနုပညာမြောက်သော သီချင်း တစ်ပုဒ်၏ တေးသွားနှင့် စာသား အကြောင်း ဘာတစ်ခုမျှ သူ မသိ။ သို့သော် ထင်ရာမြင်ရာ စွတ်ရွတ် တွေး၍ ပေါက်ကရ အတင်း ချရေး၏။ သူ့စာသားကို တခြားလူ မပြောနှင့် သူ ကိုယ်တိုင်ပင် နားမလည်။ (ယခုအချိန်ထိလည်း နားမလည်ပါ။ ပေါတောတော ဖြစ်နေသည်ဟု ခံစားရ၏) သို့သော် ကိစ္စ မရှိ။ ဘယ်သူမှ နားမလည်ခြင်းသည် မော်ဒန်မြောက်သည်ဟု သူ ထင်၏။ သူ့ကိုယ်သူ အားရ၍ ‘တယ်ဟုတ်တဲ့ငါ’ ဟု သွေးနထင် ရောက်၏။ သူ ရေးထားသော ပေါက်ကရ သီချင်း (၁၂) ပုဒ်လောက်သည် ဂရမ်မီဆု ရနိုင်သည်ဟု သူ ယုံကြည်၍ စီးရီး သွင်းရန် အိမ်ကို တဂျီဂျီ ပိုက်ဆံ တောင်းလေတော့သည်။
သူ့အိမ်က ဤသို့ တွေး၏။ စီးရီးလေး တစ်ခုလောက် ပေးထုတ်လိုက်တော့ ရူးနေတာလေး နည်းနည်း ပေါ့သွားတာပေါ့ ဟူ၍ ဖြစ်၏။ သူကမူ သူ့ကိုယ်သူ ဤသို့ တွေး၏။ ငါသည် Skid Roll နှင့် Bon Jovi တို့ထက် ရုပ်ရော အသံပါ သာ၏။ (ရူးပါ့ကွာ) ဂီတ အရာ၌လည်း ဗီသိုဗင်ထက် မညံ့သော ပါရမီ ရှိ၏။ (သွက်သွက်ကို ခါနေတာပဲ) ငါ၏ အခွေသည် ဂရမ်မီ ရမည့် အခွေ ဖြစ်၏။ (...!) ထို့ကြောင့် ငါ့ အခွေနှင့် သီချင်းများကို အခြားလူ အိုင်ဒီယာ ယူသွား၍ မဖြစ်၊ အရပ်ထဲမှ သူငယ်ချင်းများနှင့် လျှို့လျှို့ဝှက်ဝှက် လုပ်နိုင်မှသာ ဖြစ်မည် (......!) ဟု တွေး၍ နာမည်ကိုလည်း အနောက် နိုင်ငံမှ ဝိုင်းများ ကဲ့သို့ ဘိုနာမည် ပေးမှ တန်ကာကျမည်ဟု ယူဆကာ ရှည်ရှည်လျားလျား ခေါ်ရခက်သော နာမည်ကြီး တစ်ခု အတည်ပြု မှည့်ခေါ်လေ၏။ (ကွင်းစ ကွင်းပိတ်ထဲမှ စကားလုံးများသည် အသင်နှင့် ကျွန်တော် သဘောမျှသော ကိစ္စများ ဖြစ်ပေသည်)
သို့နှင့် အနှီဗလာနံသည် အသံ စသွင်းရန် စတူဒီယို ဝင်လေ၏။ (ဤနေရာမှ စလွဲပေပြီ၊ ဖြစ်သင့်သည်မှာ အသံ သွင်းမည့် သီချင်း စာသား များကို စိစစ်ရန် ရုံးသို့ အရင် တင်ပြပြီး ရုံးခွင့်ပြုချက် ရမှ စသွင်းခြင်းသည် ပို၍ သဘာဝကျပေ၏) ဂီတ ကိစ္စ နကန်း တစ်လုံးမှ မသိဘဲ စတူဒီယို တွင်းသို့ ဝင်သဖြင့် စတူဒီယို အင်ဂျင်နီယာတို့က အစ နီးစပ်သူ အားလုံးက (ပိုက်ဆံ ရမည့် ကိစ္စ ဖြစ်ငြား ငွေမက်သူများ မပါ၍) စေတနာ ထားကာ အခြေအမြစ် ရှိအောင် ကြိုးစား၍ ဝိုင်းဖျောင်းဖျကြသေးသော်လည်း သူမူကား လုံးဝ လက်မခံ။ အတင်း အသံ စသွင်းလေ၏။ ထိုအခါ ဘာဖြစ်ပါသနည်း။ ဟုတ်ကဲ့။ ဆက်ကြည့်ပါ ခင်ဗျာ။
သီချင်း တစ်ပုဒ် အတွက် အခြေခံအကျဆုံး key နှင့် tempo ကို သူ မသိ။ ကြိုက်သလိုချ လွတ်လပ်မှ ကောင်းတာဟု ဖြီး၍ ဆရာကြီး စတိုင် ထိုင်နေလေရာ အတီးသမားများ စိတ်ညစ်ညူးကြ၏။ သူ့ကိုယ်သူကား ဘာ key လာလာ ငါဆိုနိုင်ပါတယ်ဟု ဘဝင်လေဟပ်လေ၏။ နောက်အခြေခံကိစ္စ သီချင်းကို frame ခွဲ၍ bar အတိအကျ သတ်မှတ် ခြင်း မရှိ။ အသုံးပြုမည့် instrument များ ရေရာခြင်း မရှိ၊ instrument များနှင့် vocal အတွက် ခိုင်မာသော notes များလည်း မထား၊ arrangement အားဖြင့် ဘာတစ်ခုမှ မသိ၊ ending တွင် fine လား fadeout လား ဘာလုပ်ရမှန်း မသိ၊ intro, verse, chorus, solo နှင့် ending များ pattern ခွဲရာတွင် မည်သည့် pattern နှင့် arrangement သည် သီချင်း အတွက် အကောင်းဆုံး အနေအထားတွင် ရှိသနည်းဟု သီချင်းကို အမျိုးမျိုး ပြောင်းလဲ၍ အစမ်းတိုက် ကြည့်ခြင်းလည်း မရှိ၊ (ထိုသို့ လုပ်ရသည်ဟုပင် သူမသိ) အစရှိသည့် အခြေခံအကျဆုံး လူတိုင်း သိသည့် ကိစ္စရပ်များကိုပင် သူ မသိရုံမက သူ ရေးထားသော ပေါက်ကရ သီချင်းများမှာ ဘယ်လောက် လုပ်လုပ် ပုံမလာသည်သာ ဖြစ်ငြား လွတ်လပ်မှ ကောင်းတာဟု မျက်စိစုံမှိတ် ဖင်ပိတ် ဖြီးဖြန်း၍ ရမ်းသမ်း လုပ်လေ၏။
အဆိုးဆုံးကား တစ်ခါမှ စတူဒီယိုထဲ မဝင်ဘူးသော ငတုံးက Doctor Beat ကို မကြားဖူးဘဲ နားစူးသည်ဟု အကြောင်းပြ၍ ပိတ်ခိုင်း လေရာ နဂိုကမှ မကောင်းသော သီချင်း အားလုံးသည် ပျက်စီးခြင်း ဘဝသို့ လုံးလုံး အဆုံးသတ်သွားလေတော့၏။ သူ့အသံနှင့် ဆိုဟန်မှာကား ရေးပြ၍ပင် မကောင်းလောက်အောင် ရှိ၏။ ထိုသီချင်းများ ကြားရ၍ သူ စိတ်ပျက်သွားလောက်သည်ဟု အသင် ထင်လျှင် လုံးလုံး မှားလေ၏။ အဲဒါမျိုးမှ ဂရမ်မီ အယ်လ်ဘမ်ကွဟု ထကြုံးဝါးလျက် အခွေ ထွက်ပါမည် တကဲကဲ လုပ်သဖြင့် မနည်း ဝိုင်းတောင်းပန်ကာ စိစစ်ရေးရုံး တင်ရန် ကိစ္စ၊ Mix down ကိစ္စ လုပ်ရန် ကျန်သော အဝဝကို ပြောပြကြရသည်တွင် လွန်စွာ အလုပ်များလှသော စိစစ်ရေးရုံးမှ လူကြီးများသည် အဓိပ္ပာယ် မရှိသော စီးရီး တစ်ခွေ အတွက် အလုပ် ပိုကြရသည်သာမက စိစစ်ရေးရုံးမှ ထုတ်လုပ် ဖြန့်ချိ ခွင့်ပြုချက် ရလေသော် ထုတ်လုပ် ဖြန့်ချိရေး လောကမှ လူများ စိတ်ဆင်းရဲကြရလေသတည်း။
အခွေ ထွက်ချင်သူ သူ့အတွက်မှာကား အခွေ ကာဗာဒီဇိုင်း၊ ဝေါရှိ ဒီဇိုင်းပါ သူ့ဟာသူ ဆွဲရ၍ ပိုစိတ်တိုင်းကျကာ ဒီပညာတွေလည်း ငါ တတ်သကိုးဟု အမျိုးမျိုး ပီတိ ဖြစ်လျက် ရှိ၏။ ငွေအင်အား လိုလျှင် အိမ်ပြန်၍ တဂျီဂျီ နားပူ တောင်း၏။ လူအင်အား လိုလျှင် သူငယ်ချင်း မိတ်ဆွေများကို အတင်း ချောဆွဲ၏။ ဤသို့ဖြင့် များမြောင်လှသော ကိစ္စ အဝဝကို ဖြတ်သန်း ပြီးစီး၍ သူ့အတွက် လူပေါင်းများစွာ စိတ်ဆင်းရဲကြရ ပြီး နောက်ဆုံး အခွေ ထွက်သော အဖြစ်သို့ ဆိုက်ရောက်လေရာ …
တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ နှစ်ပတ် ဘာသံမှ မကြားရ။ သောက်သောက်လဲ အရှုံး စာရင်း ပြလေ၏။ ပရိသတ် မရ၊ နားထောင်မိသူများ၏ ကြိမ်ဆဲခြင်းကိုသာ အားရပါးရ ခံရ၏။ သုံးလ ပြည့်လေသော် ဖြန့်ချိရေးဆိုင်မှ နေရာ မရှိရသည့်ကြား သူ့အခွေများက ရှုပ်လှ၍ သူ့ကို ဖုန်းဆက် ခေါ်ကာ အခွေများ ပြန်လာသိမ်းခိုင်းလေတော့သတည်း။ ဤသည်တွင် တစ်စခန်း ရပ်၍ သူ့အိမ်သည် ငွေရေး ကြေးရေး အရ လုံးဝ အရှုံးပြလေပြီး အရူး ဒုက္ခ ပေးခြင်းကို ခံရလေ၏။ သူကိုယ်တိုင်မူကား စိတ်ဓာတ် ကျသွားမည်ဟု အသင် ထင်လျှင် မှားပြန်ပါလေပြီ။ ထိုဗာလာနံအန္ဓ တွေးသည်မှာကား သူ၏ အနုပညာ မြင့်လွန်းလှ၍ နှစ်ထပ် ရှိမှ မှတ်မိ လောက်သည်ဟု အထင် ရောက်ကာ နောက်တစ်ခွေ ထပ်တည်ရန် ကြံပြန် လေရာ အားလုံးက ဒေါသတကြီး ဝိုင်းတားတော့မှ ကြောက်ကြောက်နှင့် ရပ်သွားရပေတော့၏။
ဤသည်မှာကား လွန်ခဲ့သော ဆယ်စုနှစ် တစ်စုက အန္ဓ တစ်ယောက် လျှောက်ခဲ့သော လမ်းတစ်ခု ဖြစ်၍ ယနေ့ခေတ် လူငယ် တစ်စုတို့ စီးရီး တစ်ခွေ လုပ်ရန် အကြံ ရှိပါသော် အထက်ပါ ငနဲ၏ နမူနာကို ပြောင်းပြန်ယူ၍ အစစအရာရာကို ချင့်ချိန် စဉ်းစားကာ မိမိ လမ်းကို ဆက်သွားနိုင်ကြရန် ရည်ရွယ် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ အမြင်သည်ကား …
အနုပညာ တစ်ခု ဖန်တီးခြင်းသည် လွတ်လပ်ပါသည်။ သို့သော် ပေါက်လွတ်ပဲစား ထင်ရာ လျှောက်လုပ်၍ ရသော ကိစ္စ မဟုတ်ပါ။
မိမိ ယုံကြည်ရာ ကိစ္စ တစ်ခု အတွက် တစ်ခါတစ်ရံ လိုအပ်လျှင် သတ္တိ ကောင်းရပါသည်။ သို့သော် ခေါင်းမာ စိတ်ကြီးဝင် ဘဝင် လေဟပ် ၍ ပေါက်တက်ကရ နေထိုင် လုပ်ကိုင်၍ မရပါ။ ထို့အပြင် မိမိ ယုံကြည် လုပ်ကိုင်လိုက်သော ကိစ္စ တစ်ခုမှာ မိမိတွင်သာ အပြည့်အဝ တာဝန် ရှိပါသဖြင့် အကယ်၍ ထိုကိစ္စသည် မိမိ ပတ်ဝန်းကျင်နှင့် တစ်စုံ တစ်ယောက်ကို ထိခိုက်နိုင်ပါက သိပ်တန်ဖိုး မရှိလှသည်မှာ သေချာ ပါသည်။
မလောက်လေး မလောက်စားနှင့် မင်းက ဆုံးမချင်တာလားဟု မိတ်ဆွေ အမေး ရှိပါသော် ဤဘာမဟုတ်သည့် စာစုကို ဤနေရာလောက် ရောက်သည် အထိ ဖတ်ပေးခဲ့ခြင်းအားဖြင့် မိတ်ဆွေကို အထူး ကျေးဇူး တင်ရှိပါကြောင်းသာ ဖြေရန် ရှိပါတော့သည် ခင်ဗျာ။
အရိုး
..... ဆိုသည်မှာ စာစုများ ‘၂’
အိမ်သူရွှေမ စာပေ
အမှတ် ၃၁၊ (၆ လွှာ)၊ ဗဟိုလမ်း၊ တာမွေ မြို့နယ်၊ ရန်ကုန်မြို့။
Ph: ၀၉၉၉၇၃၀၅၁
စာမူ ခွင့်ပြုချက် အမှတ် - ၄၀၀၄၀၇၀၃၀၈
မျက်နှာဖိုး ခွင့်ပြုချက် အမှတ် - ၄၀၀၃၆၇၀၄၀၈
ပထမ အကြိမ် - ၂၀၀၈ ခုနှစ် ဇွန်လ
မျက်နှာဖုံး ဒီဇိုင်း - ရဲမြင့်သူ
မျက်နှာဖိုးရိုက် - ဒေါ်ရွှေ ( ၀၂၀၇၉ )၊ သုခ ပုံနှိပ်တိုက်၊ ၁၂၈၊ ၄၆ လမ်း၊ ရန်ကုန်။
ပုံနှိပ်သူ - ဦးတင်မောင်ဝင်း (၀၅၉၄၆)၊ သင်းလဲ့ဝင်း ပုံနှိပ်တိုက်၊ ၁၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
ထုတ်ဝေသူ - ဒေါ်သင်းသင်းမွန် (၀၄၂၃၂)၊ သင်းစာပေ၊ ၁၁၊ ရတနာမြိုင်လမ်း၊ ၁၂ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
အုပ်ရေ - ၅၀၀
တန်ဖိုး - ၁၂၀
ဈေး ဆိုသည်မှာ ....
ပွဲစားဆိုင်
‘လာ အစ်ကို ဘာလိုလဲ၊ ဝင်ကြည့်လေ’
‘ပွဲစားတွေ ဘယ်ဈေးလဲ’
‘ဒီကောင်က ၂ဝဝ၊ ဒီကောင်က ၃၅ဝ၊ ဟိုဘက်က ကောင်တွေက ၅ဝဝ၊ ဟိုထောင့်က တစ်ကောင်က ၆၅၀’
‘ဟိုမှာ အိပ်ငိုက်နေတဲ့ တစ်ကောင်ကရော’
‘အဲဒီ ကောင်က ၁၃ဝဝ အစ်ကို’
‘ဟ ဈေးကွာလှချည်လား’
‘ကွာဆို ဒီလို အစ်ကိုရဲ့၊ ဒီ ၂၀၀ တန် အကောင်က ငပျင်း၊ တစ်ခါလောက် အလုပ် ဖြစ်ရင် တစ်လလောက် ထိုင်စားချင်တဲ့ အကောင်၊ အသောက်အစား အရှုပ်အပွေလည်း များသေး၊ အချင်းချင်း ကျော်ချင် လှီးချင်လည်း ရှိတယ်၊ ဟို ၃၅၀ တန် အကောင်က နည်းနည်း သာတယ်၊ ငပျင်းပေမဲ့ အသောက်အစား ကင်းတယ်၊ ကျော်တာ လှီးတာတော့ ရှိတာပေါ့၊ ဒီ ၅ဝဝ တန် ကောင်တွေကတော့ သူလို ငါလိုပဲ၊ ရှာလိုက် သုံးလိုက်၊ ကျော်လိုက် ခွလိုက်ပေါ့၊ ဟို ၆၅ဝ တန် ကောင်ကျ ဝီရိယ နည်းနည်း ပိုတယ်၊ နာမည်ကောင်းလေး ရှိတယ်၊ ဟို ငိုက်နေတဲ့ ကောင်ကျနည်းနည်း ထူးတယ် အစ်ကိုရဲ့၊ သူက သိပ်လာဘ်ကောင်းတာ၊ ဘာပစ္စည်း ဖြစ်ဖြစ် သူ ဆိုင်ပေးလိုက်ရင် တည့်သွားတာချည်းပဲ၊ ဒါပေမဲ့ နည်းနည်း အန္တရာယ် ရှိတယ် အစ်ကို၊ အစ်ကို့ကိုပါ သူ မကြည်လို့ စပ်လိုက်ရင် တည့်သွားမှာ၊ ဟို ၅၀၀ တန် အုပ်စုထဲက ဝဝနဲ့ တစ်ကောင် တွေ့လား၊ အဲဒီ အကောင်က ဒီအကောင်ရဲ့ အရင် ပိုင်ရှင်ပေါ့၊ ဒီကောင် ဒုက္ခပေးလိုက်လို့ ပွဲစားဖြစ်ပြီး ဒီဆိုင် ရောက်နေတာ’
‘တော်ပါပြီ၊ ၅၀၀ တန်ထဲကသာ တစ်ကောင်လောက် ပေးပါ၊ ကားလေး တစ်စီး ရောင်းချင်လို့’
‘ဟာ ဒါဆို ၅၀၀ တန်ထဲက ကားပွဲစား တစ်ကောင် ယူသွား အစ်ကို’
‘လည်တော့ လည်ပါတယ်နော်’
‘ဪ အစ်ကိုကလည်း ပွဲစားတွေပါ ဆိုမှ လည်တာမှ မွှတ်လို့၊ ဒါပေမဲ့ ယုံတော့ သိပ်မယုံစားနဲ့နော် အစ်ကို၊ သတိတော့ထား’
‘ကိစ္စ ပြီးရင် ဒီဆိုင်မှာ လာပြန်သွင်းလို့ ရလား’
‘သွင်းဈေး ၅၀၊ ၁၀၀ တော့ လျော့မယ် အစ်ကို၊ ၄ဝဝ၊ ၄၅ဝ လောက်တော့ ပေးမယ်လေ’
ဝယ်ရောင်းဆိုင်
‘ဝယ်ရောင်း တစ်ကောင်လောက် ကြည့်ချင်လို့’
‘ကြည့်လေ အစ်ကို၊ အစ်ကိုက ဘာပစ္စည်း အရင်းအနှီး ထောင်ပေးမှာလဲ’
‘ကားပါ’
‘ဒါဆို ကားအုပ်စုထဲမှာ ကြည့် အစ်ကို၊ လာ ဒီဘက်မှာ’
‘ကား ဝယ်ရောင်းတွေ တယ်များပါလား’
‘ဟုတ်တယ် အစ်ကို၊ ဒါပေမဲ့ ဈေးတော့ သိပ်မကွာပါဘူး’
‘ဒီမုတ်ဆိတ်နဲ့ တစ်ကောင်က ...’
‘ဟာ ... သူ့တော့ မဝယ်နဲ့ အစ်ကို၊ စေတနာနဲ့ ပြောတာ၊ ကျွန်တော်က ကိုယ့်ပစ္စည်းပဲ ရောင်းထွက်ချင်တာပေါ့၊ ဒါပေမဲ့ မိတ်ပျက်တော့ မခံနိုင်ဘူး၊ မုတ်ဆိတ်တော့ မဝယ်နဲ့ အစ်ကို’
‘ဘာလို့တုန်းဗျ’
‘အာ ... ဒီကောင်က ဝယ်ရောင်းသာ ဆိုတယ်၊ သိပ်ကပ်တာ၊ လောဘလည်း မတရား ကြီးတာ၊ ရောင်းသင့်တဲ့ အချိန်မှာ မရောင်းဘူး၊ ဈေး ထပ်တက်နိုးနဲ့ စောင့်တတ်တယ်၊ ဝယ်ရင်လည်း အောက်ဈေး အတင်း လိုက်နှိုက်တာ၊ သူ့ဆီမှာဆို ပစ္စည်းက အိပ်နေတတ်တယ်’
‘ဒါဆို ဒီဘက်က အသား ဖြူဖြူ သွားခေါနဲ့ ကောင်ရော’
‘ဒီကောင်တော့ ရလောက်တယ်၊ ဒီကောင်က ရောင်းရဲ ဝယ်ရဲသမားပဲ’
‘ရောင်းရဲ ဝယ်ရဲဆို အိုကေတယ်၊ ဒီကောင်ပဲ ဈေးပြောပါဦး’
‘၇ဝဝ နဲ့ ယူသွား အစ်ကို၊ ဈေးဦးပေါက်မို့’
‘၆၀၀ ထားပါဗျာ’
‘ကဲ ... ၆၅ဝ နဲ့ ယူသွား အစ်ကိုရယ်၊ ထပ်တော့ မဆစ်ပါနဲ့၊ ကျွန်တော်လည်း ဈေးဦးပေါက်ကြီးမို့လို့ပါ’
‘ကောင်းပြီလေ ... ၆၅ဝ ပေါ့၊ ရော့ ဒီမှာ ပိုက်ဆံ’
‘ဟုတ်ကဲ့၊ ကျေးဇူးပါပဲ အစ်ကို ... ဟေ့ကောင် မင်း လိုက်သွားတော့’
‘လာ ဟေ့ကောင်’
‘ဪ ... တစ်ခု အစ်ကို’
‘ဘာလဲဗျ’
‘စေတနာနှင့် မှာချင်လို့ပါ၊ ဒီကောင်က ရောင်းရဲ ဝယ်ရဲတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အရမ်းတွေ လုပ်လို့ တစ်ခါတလေလည်း ရှုံးတတ်တယ် အစ်ကို၊ ကျွန်တော်က သဘောရိုးနှင့် သတိပေးတာပါ’
‘ရပါတယ်ဗျာ၊ ကျေးဇူးပါပဲ’
အနာဂတ်ဆိုင်
‘ဘာရှာလဲ အစ်မရေ၊ ဗေဒင်တွေ ယတြာတွေ၊ အကြားမြင် နက္ခတ် အစုံ ရှိတယ်လေ အစ်မရဲ့’
‘လက္ခဏာ ဆရာ တစ်ယောက်လောက် လိုချင်လို့ ...’
‘ဒါဆို ဒီဆရာ ယူသွားလေ အစ်မ၊ အတိတ် အနာဂတ်တင် မကဘူး၊ အခု စိတ်ထဲ ရှိတာပါ ဟောပြလိုက်ရင် သွေး ငေါက်တောက် ထွက်အောင် မှန်တယ်’
‘အဟုတ်ပဲလား’
‘အဟုတ်ပဲ အစ်မရဲ့၊ အရင် တစ်ယောက်က မှန်လွန်းလို့ ပြန်ရောင်းသွားတာ’
‘လက္ခဏာ ဖတ်တာပဲလား ... ယတြာတွေ ဘာတွေ ကျတော့ရော’
‘ယတြာ ချေဖို့ လိုရင် သူ့အိတ်ထဲက စိုက်ချေတယ် အစ်မ’
‘တယ်ဟုတ်ပါလား’
‘အဟုတ် အစ်မရေ ... မယုံရင် အစမ်း မေးကြည့်၊ မမှန်ရင် တစ်ပြားမှ မပေးနဲ့’
‘မစမ်းတော့ပါဘူးကွယ် ... ဒါနဲ့ ကလေး လက္ခဏာတွေ ဘာတွေရော ရလား’
‘မွေးကင်းစကနေ သေခါနီး အထိ လက်တွေ့တာနဲ့ ဟောတော့တာပဲ အစ်မရဲ့’
‘စွမ်းတယ်နော်’
‘စွမ်းပြီလား အစ်မရယ် ... ပါးစပ်ထဲ သွား ဘယ်နှစ်ချောင်း ရှိသလဲ ဆိုတာတောင် ဖြဲမကြည့်ဘဲ ဟောနိုင်တာ’
‘အံ့ပါရဲ့တော်’
‘မအံ့နဲ့ အစ်မရေ၊ မအံ့နဲ့၊ ကျွန်မတို့က ကိုယ်တွေ့ ... လက်မရှိတဲ့ လူတောင် ခြေထောက် ကြည့်ဟောနိုင်တယ်’
‘မြတ်စွာဘုရား၊ ဟုတ်ကော ဟုတ်ကဲ့လားဟယ်’
‘အဟုတ် အစ်မရေ ... လက်ကော ခြေကော မရှိတောင် ဥပဓိ ကြည့်ဟောမယ့် ဆရာမျိုးတော့်’
‘ဒါဆိုလည်း ဈေးမဆစ်တော့ပါဘူးအေ၊ အိမ်က လူအတွက် ကိစ္စလေး အရေးကြီးနေတာ’
‘ကျေးဇူးပါ အစ်မ’
‘အေးကွယ်၊ အစ်မက ကျေးဇူးတင်ရမှာ၊ လာပါ ဆရာ၊ ဒီဘက် ကြွပါ’
ဒေါက်တာဆိုင်
‘အဟွပ် ... အဟွပ် ... ဆရာဝန်တွေ ဘယ်လို ရောင်းလဲ သမီး’
‘အစားစားပဲ ဘကြီးရဲ့၊ ဘယ်အထဲက ကြည့်မလဲ၊ အထူးကုလား၊ ရိုးရိုး အထွေထွေကုလား၊ အသက်ကြီးပိုင်းထဲကလား၊ ဒေါက်တာ ဖြစ်ကာစထဲကလား’
‘ဘယ်ဟာ ဈေးသက်သာတုန်းကွယ့်’
‘သက်သာတာကတော့ ရိုးရိုး ဒေါက်တာတွေပဲ၊ အပေါဆုံးက ကျောင်းပြီးကာစလေးတွေ၊ တစ်ထောင်ဖိုး သုံးယောက်၊ လေးယောက် ရမယ်၊ သိပ်တော့ မကုတတ်သေးဘူး ဘကြီးရဲ့၊ လက်တည့်စမ်းကြမှာ’
‘မဖြစ်သေးပါဘူး သမီးရယ်၊ အဘက သိပ်မာတာ မဟုတ်ဘူး၊ မတော် ဝိုင်းလုပ်ကြလို့ အသက်ပါသွားရင် ဒုက္ခ၊ သမားဆို အိုမှတဲ့ကွယ့်၊ အကြီးပိုင်းထဲက မရှိဘူးလား’
‘ရိုးရိုး ဒေါက်တာ အသက်ကြီးပိုင်းထဲက ဆိုရင်တော့ ရှားမယ် ဘကြီးရဲ့၊ သိတဲ့ အတိုင်းပဲလေ၊ အခုခေတ်က ဒေါက်တာတွေ အရမ်းပေါတော့ အသက်ကြီးလို့မှ အထူးကု မဖြစ်ရင် ဝင်ငွေ မကောင်းတော့ဘူး၊ အဲဒါနဲ့ စာရေးတဲ့ သူ ရေး၊ ကုမ္ပဏီ ထောင်တဲ့လူ ထောင်၊ နိုင်ငံခြားမှာ ပန်းကန် သွားဆေးတဲ့လူ ဆေးနဲ့ သမီးတို့ ဆိုင်မှာဆို အသက်ကြီးပိုင်းထဲက ရိုးရိုး ဒေါက်တာ ရောင်းဖို့ကို မရှိသေးဘူး၊ လိုချင်ရင်တော့ မှာထားခဲ့မှ ရမယ် ဘကြီးရဲ့’
‘ဒုက္ခ ... ဒုက္ခ၊ အဟွပ် ... ဟွပ်၊ ကိုင်း ကိုင်း ... အထူးကု ထဲက ပြပါဦးကွယ်’
‘အထူးကုကတော့ အစားစားပဲ ဘကြီးရဲ့၊ ဒီဘက်က နား၊ နှာခေါင်း၊ လည်ချောင်း၊ ဒီဘက်က အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ်၊ အဆုတ်၊ ဟိုဘက်က အသည်း၊ နှလုံး၊ အရိုးနဲ့ ရိုးတွင်းချဉ်ဆီ၊ ဒါတွေက ဖိစစ်ရှင်းန် လို့ ခေါ်တယ်၊ အထွေထွေ ရောဂါကု သမားတော်ကြီးတွေ။ သားဖွား မီးယပ်တို့၊ ကလေးတို့ အထူးကုတွေကတော့ နည်းနည်းပဲ ကျန်တော့တယ်’
‘သားဖွားမီးယပ်ကတော့ အဘနဲ့ မဆိုင်ပါဘူးကွယ်၊ ဈေးတွေကရော’
‘အထူးကုတွေက နာမည်ကြီးတာနဲ့ ဈေးကြီးတာပဲ အဘရဲ့၊ ဘယ်အထဲက ကြည့်မလဲ၊ သမီးတို့က နေမကောင်းတဲ့ လူမျိုးတွေ လာဝယ်ရင် သိပ် ဈေးတင်မရောင်းပါဘူး၊ ကြည့်ပါ အဘရဲ့၊ အားမနာပါနဲ့’
‘အေး အေး၊ အထွေထွေ သမားတော်တွေထဲကပဲ ပြပါကွယ်၊ အဘကလည်း ချောင်းသာ တဟွပ်ဟွပ် ဆိုးနေတာ၊ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေမှန်း မသိဘူး’
‘ဟုတ်တာပေါ့၊ လာပါ အဘ၊ ဒီဘက်မှာ ... သမားတော်တွေကတော့ အားလုံး နိုင်ငံခြားပြန်တွေချည်းပဲ’
‘သမားတော်ကြီးတွေကလည်း မျက်နှာတွေ မာလှချည်လား သမီးရယ် ... အဟွပ် ... ဟွပ် ... ထွီ၊ ကန်တော့နော် ဆရာတို့’
‘မာတာပေါ့ အဘရဲ့၊ ပညာရှင်တွေပဲ ဥစ္စာ’
‘ကိုင်း ... ကိုင်း၊ ဆိုဈေးလည်း ပြောပါဦးကွယ့်’
‘ပုတ်ပြတ် ဝယ်သွားရင် (၃၅ဝဝဝ) အဘရဲ့၊ ခဏ ငှားသုံးမယ်ဆို တစ်ခါငှား (၄၀၀၀)၊ ငါးမိနစ် ကြည့်ပေးတယ်၊ ပြီးရင် ဆေးစာ ရေးပေး တယ်’
‘ဟင် ပျောက်တဲ့ အထိ မကုဘူးလား’
‘သူတို့က သိပ်စိတ်မရှည်ဘူး အဘရဲ့’
‘ဈေးကြီးလွန်းတယ်ကွယ် ... ဆေးဖိုးကလည်း ရှိသေးရဲ့၊ အေး အေး ... ကျေးဇူးပါပဲ သမီးရယ်၊ သေရင်လည်း သေပါစေတော့၊ မောင်မင်းကြီးသားများ အဘ မဝယ်နိုင်ပါဘူး’
‘နေဦးလေ အဘရဲ့၊ ဒါဆို ၅၀၀ တန် ရမ်းကု တစ်ယောက်လောက် ဖြစ်ဖြစ် ...’
‘အမယ်လေး တော်ပါပြီ သမီးရယ်၊ အဟွပ် ... အဟွပ်၊ သင်းတို့တော့ အသံ ကြားရုံနဲ့ သီးတောင် သီးတယ်၊ အဘ အမယ်ကြီးတုန်းက အဲဒီ ရမ်းကုပေါ့၊ ဒီနေ့ ဝယ်လာပြီး ကုခိုင်းလိုက်တာ၊ နောက်နေ့ မနက်ကျ အမယ်ကြီး ကြွနေတာ တွေ့ရတာပဲ၊ အေး အေး၊ ကျေးဇူးပါပဲ သမီးလေးရယ် ... မတတ်နိုင်တော့လည်း သတ္တဝါ တစ်ခု ကံတစ်ခုပေါ့၊ သွားဦးမယ်ကွယ့်၊ အဟွပ် ... အဟွပ် ... ထွိန်’
ရှေ့နေဆိုင်
‘ခင်ဗျားတို့ကလည်းဗျာ ... တကတဲ ဆူညံနေတာပဲ၊ ဒီမှာ ဈေးဦး မပေါက်သေးလို့ စိတ်ညစ်နေရတဲ့ အထဲ ... ခင်ဗျားတို့ကို ရောင်းစားရတာ တခြား လူတွေနဲ့ကို မတူဘူး၊ နေ့တိုင်း ကျွက်စီ ကျွက်စီနဲ့ ပြောနေလိုက် ကြတာ ပြီးကို မပြီးနိုင်ဘူး’
‘အံမယ်ကွာ၊ ဒီကောင်ကများ တို့ကို’
‘ဟုတ်ပဗျာ၊ တရားစွဲလိုက်ရ ...’
‘နေကြစမ်းပါဦးဗျာ၊ ဒီကောင်ကို ကျုပ် ပြောမယ် ... ရှေ့နေ လုပ်စား လာတာ အံခွနေပြီ၊ ဒီမှာ ဟိုကောင် ... ဟေ့ ငါတို့ကို ရောင်းစားနေတဲ့ အကောင်’
‘ခက်တော့တာပဲဗျာ၊ မပြောဘဲ နေရင်လည်း နားငြီးတယ်၊ ပြောလိုက်တာနဲ့လည်း ခင်ဗျားတို့က ကျုပ်ကို ဆွဲထည့်ပြီ၊ ဘာတုန်းဗျ’
‘မင်း ရောင်းစားနေတာ ဘယ်သူတွေတုန်း’
‘ရှေ့နေတွေလေဗျာ ... ဘာလဲ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ဘာမှန်း မသိတော့ဘူးလား’
‘လျှာမရှည်နဲ့ ဟေ့ကောင်၊ မေးတာ ဖြေရင် ရပြီ၊ ဒီမှာ ... မင်း မြဲမြဲ မှတ်ထား၊ မင်း ဒီဈေးမှာ ရှေ့နေ ရောင်းစားနေတာကွ၊ တခြား လူမျိုးတွေ ရောင်းစားနေတာ မဟုတ်ဘူး၊ မင်း ရှေ့နေ ရောင်းစားချင်ရင် နားငြီးတော့ ခံရမယ်၊ ဒါပဲ ရှေ့နေ ဆိုတာ စကား မပြောဘဲ နည်းနည်းမှ နေနိုင်တာ မဟုတ်ဘူး၊ အေး နောက်ပြီး တိုးတိုးလည်း မပြောတတ်ဘူး၊ ကုန်ကုန် ပြောမယ်ကွာ၊ တိုတိုလည်း မပြောတတ်ဘူး၊ ရှင်းလား ... ဒီတော့ မင်း နားငြီး မခံနိုင်ရင် တခြားဟာ ပြောင်းရောင်းစား၊ ရှေ့နေ ရောင်းစားနေတဲ့ လူဟာ နားငြီးတော့ နေ့တိုင်း ခံရမှာပဲ ... မှတ်ထား အဲဒါ’
‘ဒုက္ခပါပဲ၊ ကောင်းပါပြီ ဆရာတို့ရယ်၊ ကျွန်တော်ကိုက မှားတာပါ’
‘ရွဲ့တာလား ဟေ့ကောင်၊ ငါ တရားစွဲလိုက်ရ’
‘အမယ်လေး မလုပ်ပါနဲ့ ဆရာရယ်၊ ကျွန်တော့်ကိုတော့ တရား မစွဲပါနဲ့၊ ဆရာတို့ တရားစွဲစရာ အမှုသည်တွေ ဆရာတို့ကို လာဝယ်ပါလိမ့်မယ်’
ထိုစဉ်
‘ဟဲ့ကောင်လေး၊ ရှေ့နေ ရောင်းဖို့ ရှိလား’
‘ဪ ... ဟုတ်ကဲ့ ခင်ဗျ၊ ဝင်ပါ ခင်ဗျ၊ ရှိပါတယ်’
‘ဟေ့ကောင်၊ အမှုကို မေးဦးဟ’
‘ဒီမှာ၊ ခင်ဗျားတို့ ဝင်ဝင် မပါစမ်းပါနဲ့ဗျာ၊ ခင်ဗျားတို့ကို ကျုပ်က ရောင်းစားနေတာပါဗျ’
တစ်ဖက်သို့ လှည့်၍
‘ကြွပါ အစ်မကြီး ... ကျွန်တော် ဘာကူညီရမလဲ’
‘မပြောချင်တော့ပါဘူးအေ၊ ဟူး ... မောလိုက်တာ’
ထိုစဉ် ရှေ့နေ တစ်ယောက်က ဝင်ပြော၏။
‘မပြောချင်လို့တော့ မရဘူးဗျ၊ မောလည်း ခင်ဗျား ပြောရမှာပဲ၊ ခင်ဗျားက တရားလိုလား တရားခံလား’
မိန်းမကြီးမှ မျက်စောင်း ခဲကာ
‘တရားလိုပေါ့တော်၊ တရားခံဆို အချုပ်ထဲ ရောက်နေမှာပေါ့၊ ငါ့နှယ်နော် တကတဲ’
ထိုအခါ ရှေ့နေများ ဝိုင်းအုံလာပြီး
‘ဘာမှုလဲဗျ’
‘ရာဇ၀တ်မှုလား၊ တရားမမှုလား’
‘အထက်ရုံးလား၊ အောက်ရုံးလား’
‘ကျုပ်တို့က ဘယ်ဘက်က လိုက်ရမှာလဲ’
‘ရှေ့နေခတော့ မလျှော့နိုင်ဘူး၊ နိုင်နိုင် ရှုံးရှုံး’
‘ဒီမိန်းမကြီး ပုံစံ ကြည့်ရတာ မရိုးဘူးဗျ၊ ကျုပ် ထင်တယ်’
‘ဘာလဲ၊ သူ့ယောက်ျား ဓားပြမှုနှင့် အချုပ်ထဲ ရောက်နေလို့ လာတာလို့ ပြောမလို့လား’
‘မဟုတ်ဘူး၊ သူ့သား ထဘီ ခိုးတာ ဖြစ်မယ်ဗျ’
‘မဟုတ်သေးဘူးလေ၊ ရုပ်ကြီးက လောဘကြီးတဲ့ ရုပ်မျိုး ... အမွေ လုတာ ဖြစ်မယ်၊ အမွေမှုဗျ’
‘တော်စမ်းပါဗျာ၊ အကဲလည်း မခတ်တတ်ဘဲနဲ့ ... မယားကြီး မယားငယ် ကိစ္စ ဖြစ်မယ်ဗျ’
‘ရာဇဝတ်မှု ဆိုရင်တော့ သူ့ ယောက်ျား မုဒိမ်းမှု မသင်္ကာ ခံရတာ အတွက် လာတာ ဖြစ်မှာပဲ၊ ကျုပ်ပြောရင် မလွဲဘူး၊ မယုံ မေးကြည့်’
‘သူက အဲဒီ အမှု တရားလိုလည်း ဖြစ်နိုင်တာပဲ’
‘ခင်ဗျားကလည်းဗျာ၊ ဒီမိန်းမကြီး ရုပ်မျိုးတော့ ဘယ်သူက ကြံမှာလဲ’
‘အေးလေ ဟုတ်သားပဲ မည်းမည်းကြီး ဥစ္စာ’
အရောင်း စာရေးမှ ဝင်ဟန့်၏။
‘ဟေ့လူတွေ’
သို့သော် မရတော့ပေ။ မိန်းမကြီးမှာ စိတ်ဆိုးလွန်း၍ ပြန်ထွက်သွားလေပြီ။ အရောင်းစာရေးမှာ ကုလားထိုင်ပေါ် ခြေပစ် လက်ပစ် ထိုင်ချလိုက်၍
‘အဲဒါကြောင့် ခင်ဗျားတို့ တစ်ယောက်မှ ရောင်းမထွက်တာ၊ အမှုသည် တစ်ယောက် လာတာနဲ့ ကျုပ် ပြောရတယ် မရှိဘူး၊ ခင်ဗျားတို့ ရှေ့ကနေ အတင်း ဝင်ဝင်ပြီး ထင်ရာ ပြောတော့တာပဲ၊ ကျုပ် အတန်တန် ပြောတယ်၊ ကျုပ် ရောင်းထွက်အောင် ပြောပါရစေ ဆိုတာ မရဘူး၊ အခုလည်း သွားပြန်ပြီ တစ်ယောက်’
၄င်း မြည်တွန် တောက်တီးနေစဉ် ရှေ့နေ တစ်ယောက်က မကြား တကြား ဝင်ပြော၏။
‘ရှေ့နေတွေပါဆိုမှ၊ ဘာမှ ဝင်မပြောဘဲ ဘယ်သူက နောက်က ရပ်ကြည့်နေမှာလဲ’
လက်လုပ်လက်စားဆိုင်
‘ကူလီ လိုချင်လို့’
‘ဘယ်နှယောက်လဲ’
‘နှစ်ယောက်လောက်ပါ’
‘ရိုးရိုးလား၊ ကြာကူလီလား’
‘အာ ... ကြာကူလီ ဘာလုပ်ဖို့ ဝယ်ရမှာတုန်း၊ ကျုပ် မိန်းမက ခပ်ငယ်ငယ်ဗျ’
‘မဟုတ်ဘူးလေဗျာ၊ ကျုပ် ပြောတာက ရိုးရိုး ကူလီက ဈေးနည်းနည်း ပိုတယ်၊ ခိုင်းရင် အလုပ် တွင်ကျယ်တယ်၊ မခိုဘူး၊ ကြာကူလီက ဈေးချိုတယ်၊ ဒါပေမဲ့ ခိုင်းရင် ကြာတယ်၊ အလုပ် သိပ်မပြီးဘူး’
‘ရိုးရိုးပဲ လုပ်စမ်းပါဗျာ၊ ကြာကူလီတော့ နာမည် ကြားရုံနဲ့တင်’
*
‘လက်သမား ရှိလား’
‘ခေါင်းလား’
‘ဘာဗျ၊ ဟေ့လူ ဘာစကား ပြောတာလဲ၊ ကျုပ်ကို ဘာထင်လို့လဲ’
‘ဘာဖြစ်တာလဲဗျ၊ ခင်ဗျားကလည်း ... ကျုပ် မေးတာက လက်သမား ရိုးရိုးလား၊ လက်သမား ခေါင်းလား မေးတာ’
‘သြော်၊ ဆော ... ဆောရီးဗျာ ... ဘာကွာလို့လဲဟင်’
‘လက်သမား ရိုးရိုးဆို တစ်ယောက်ပဲ ရမယ်၊ လက်သမားခေါင်း ယူရင် ခြေထောက်သမား တစ်ယောက်ပါ အဆစ် ရမယ်’
‘လုပ်ပြန်ပြီ ... စကားကို ရှင်းရှင်း ပြောဗျာ၊ ဘာလဲဗျ ခြေထောက်သမား’
‘ဪ ... တောက်တိုမယ်ရ လိုက်လုပ်ပေးတဲ့ တစ်ယောက် ပါတယ်လို့ ပြောတာပါ’
*
‘စပယ်ယာ တစ်ယောက်လောက် လိုချင်တယ်ဗျာ’
‘ပြောရမှာ အားနာတယ် အစ်ကိုရေ’
‘ဘာဖြစ်လို့တုန်းဗျ’
‘အခု စပယ်ယာတွေချည်းပဲ .. မရောင်းတော့ဘူးဗျ၊ ဒရိုင်ဘာနဲ့ တွဲလျက် အစုံလိုက်ပဲ ရောင်းတော့တယ်’
‘ဘယ်လိုဖြစ်တာလဲဗျ၊ အရင်တည်းက ဒီလိုပဲ ကျုပ် စပယ်ယာ လာလာ ဝယ်နေကျပါ၊ ဒရိုင်ဘာမှ မလိုဘဲ၊ ကျုပ်ကား ကျုပ် မောင်းနေတာ’
‘မဟုတ်ဘူး အစ်ကိုရဲ့၊ သူတို့က အခု တစ်ကြော ဘယ်လောက် ဆိုပြီး အုံနာနဲ့ ပုတ်ပြတ် ဆွဲနေကြပြီ၊ အဲဒီတော့ ဘက်ညီတဲ့ စပယ်ယာနဲ့ ဒရိုင်ဘာတွေချင်းပဲ တွဲလုပ်ချင်ကြတော့တာ၊ အစ်ကို့ ကားက ကားကြီးလား’
‘မဟုတ်ဘူး ဒိုင်နာဗျ၊ လိုင်းက လိုင်းတို’
‘ဟာ၊ အဲဒါဆို စိတ်ကူး မလွဲနဲ့ အစ်ကိုရဲ့၊ စပယ်ယာ၊ ဒရိုင်ဘာ တစ်စုံသာ ဝယ်သွား၊ အစ်ကိုလည်း သက်သာတယ်၊ ရတဲ့ ဝင်ငွေလည်း သိပ်မကွာဘူး’
‘မဖြစ်သေးဘူးဗျ၊ ကျုပ်က ကိုယ်တိုင် မောင်းချင်တာ၊ ဒီလိုလုပ်ဗျာ၊ ခင်ဗျား ကျွန်တော့် ကားမှာ စပယ်ယာ လိုက်ပါလား’
‘အေး ကောင်းသား၊ အာ ... မလိုက်ပါဘူးဗျ’
‘လုပ်ပါဗျာ၊ တစ်ခေါက်လောက် ဖြစ်ဖြစ် ...’
‘ဟာ ... မလိုက်ပါဘူးဗျာ၊ မလိုက်ဘူး ... မလိုက်ဘူး’
*
‘ဟေ့ လာဦး’
‘အမိန့်ရှိပါ ခင်ဗျာ’
‘မင်းတို့ ဆိုင်မှာ ပန်းရန် ဆရာ ရှိလား’
‘ဟုတ်ကဲ့ ရှိပါတယ်၊ ဝင်ကြည့်ပါ ခင်ဗျ’
‘မကြည့်ဘူး၊ မကြည့်ဘူး၊ ရှိရင် အယောက် နှစ်ဆယ်လောက် ထည့်ပေးလိုက် ... ဘယ်လောက် ပေးရ ပေးရ ကျသလောက် ပြော၊ ငါ စိတ်တိုင်းကျတဲ့လူ ခိုင်းမယ်၊ မကျတဲ့လူ ပြန်လွှတ်လိုက်မယ်’
‘ဘာဗျ’
‘ငါ ပြောတာ မကြားဘူးလား ... သွားကွာ ... လုပ်စရာ ရှိတာ မြန်မြန်လုပ်၊ ငါ့မှာ အချိန် သိပ်မရှိဘူး’
‘ဒီမှာ ဟေ့လူကြီး ... လက်လုပ်လက်စားဆိုင် ဆိုပြီး ခင်ဗျား ပိုက်ဆံရှိတိုင်း လုပ်ချင်ရာ လုပ်လို့ ရမယ် ထင်လို့လား ... အားလုံး ကိုယ် လုပ်တတ်တဲ့ ပညာနဲ့ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားနေတဲ့ လူတွေချည်းပဲ၊ ခင်ဗျား ပိုက်ဆံ ပေးတိုင်း မတရား ခိုင်းချင်ရာ ခိုင်းလို့ ရမလား ... ဆွဲထိုးလိုက်လို့ မေးရိုး နောက်စိက ထွက်သွားမယ်၊ ဘာအောက်မေ့နေလဲ၊ သွား ... ခင်ဗျား ကျုပ်ဆိုင်ထဲက ထွက်သွား’
ရုန်းရင်းဆန်ခတ် ဖြစ်နေ၍ ထဆွဲကြရ၏။
‘စိတ်ကို ထိန်းပါဗျာ’
‘မဟုတ်ပါဘူးဗျာ ... လူတွေက သူတို့ဟာ သူတို့ကျ ဘာမှ အဖြစ်ရှိအောင် မလုပ်တတ်ဘဲနဲ့၊ ပိုက်ဆံလေး နှစ်ပဲတစ်ပြား ပေးနိုင်ရုံနဲ့ လူတွေကို အပေါ်စီးက လာပြီး ဩဇာ ပေးချင်သလိုလို ... ဟေ့ ... ဟိုကောင်ကြီး၊ အတ္တဘောကြီး၊ ခင်ဗျား မသွားသေးဘူးလား၊ ဘာကြည့်တာလဲ ... ဆောက်သွားနဲ့ လိုက်ထိုးလိုက်ရ... ငါ …’
ဒေါပွနေသော အရောင်းစာရေး လူဖလံလေးကို ဝိုင်းဆွဲကြရ၏။
အနုပညာဆိုင်
‘ဘာအလိုရှိပါသလဲ ခင်ဗျ’
‘ဟို ကျွန်တော်က စီးရီးတွေ ဘာတွေ ထုတ်တဲ့ လူပါ။ အခု စီးရီး လုပ်ရတာ သိပ်အဆင်မပြေတာနဲ့ စာအုပ်လေး ထုတ်ကြည့်မလို့၊ အဲဒါ စာရေးဆရာ တစ်ယောက်လောက်များ ရနိုင်မလားလို့’
‘ရှိတော့ ရှိတယ်ဗျ ... ဒါပေမဲ့ ဆရာတွေက လက်ဖက်ရည်ဆိုင် သွားကြတယ်၊ ကျွန်တော်လည်း လိုက်မခေါ်ရဲဘူး’
‘ဒီလို ရှိတယ်ဗျ၊ ကျွန်တော်က ဝါရင့်ဆရာကြီးတွေ စာအုပ် ထုတ်ဖို့ကျတော့လည်း စာမူ ပူဇော်ခ သိပ်များများ မတတ်နိုင်ဘူး၊ နောက်ပြီး စီးရီးတွေ ဘာတွေ စီစဉ်ဖြစ်လာရင်လည်း တစ်မျိုး ဖြစ်ဦးမှာ ဆိုတော့ ...’
‘ဟာ သတိရပြီဗျို့၊ ခင်ဗျားနဲ့ ကိုက်မဲ့လူ တစ်ယောက် ရောင်းဖို့ရှိတယ်၊ ကျွန်တော် မေ့နေတာဗျ၊ လာ ... လာ ... ဟိုချောင်ထဲမှာ ထိုင်နေတယ်’
‘ဟုတ်လား ... ကျေးဇူးပဲဗျို့’
‘ဟိုမှာ တွေ့လား ... ကြောင်တောင်တောင်နဲ့ ထိုင်နေတာ၊ မျက်မှန်နဲ့ မည်းမည်း ရှည်ရှည်၊ ရုပ်ကတော့ ဘာဆိုးသလဲ မမေးနဲ့’
‘ဟင် အဲဒါ စာရေးဆရာလား၊ ကျွန်တော်က မျောက်မှတ်လို့’
‘မျောက် မဟုတ်ဘူး၊ လူ ... လူ၊ သီချင်းလည်း ရေးတယ်၊ စာလည်း ရေးတယ်၊ ရေးလို့ ရတာ အကုန် ရေးတယ်၊ သူ့ဘေးနား ဘောလ်ပင်နဲ့ စာရွက်သာ ချပေးထားလိုက်၊ ရေးနေတော့တာပဲ ... ဘာတွေ မှန်းကို မသိဘူး၊ ကျွန်တော်လည်း သူ့ မှတ်ပုံတင် တွေ့ဖူးလို့သာ လူလို့ ပြောရတာ’
‘ပရိသတ် လက်ခံလားဗျ၊ သူ့ကြည့်ရတာ သိပ်မူမမှန်ဘူး’
‘လက်ခံ မခံတော့ မသိဘူး၊ သူကတော့ ရေးနေတာပဲ’
‘ခင်ဗျား တကယ် ပြောနေတာပါနော်၊ ကျွန်တော့် မျက်စိထဲတော့ ဘယ်လိုမှ လူနဲ့ မတူဘူး၊ မျက်နှာကြီးကလည်း ရှည်ကောက်ကောက်နဲ့၊ မည်းသဲ ပိန်ကပ်နေတာ အရိုးစုကြီး မီးကျွမ်းထားသလို’
‘အဲဒါ ပြောမလို့ ... သူ့ ကလောင် နာမည်က အရိုးတဲ့ဗျ၊ ခင်ဗျား ဝယ်ရင် နှစ်ကျပ်ခွဲပဲ ပေး’
‘ကိစ္စ မရှိဘူး၊ ဝယ်တယ်ဗျာ၊ ရော့ နှစ်ကျပ်ခွဲ၊ စာအုပ်တော့ မထုတ်ဘူး၊ ဒီအကောင်ကြီးကို ဘုရားပွဲတွေမှာ ရုံသွင်း ပြစားမယ်၊ ကမ္မဋ္ဌာန်း ရုပ် ဖုတ်ဝင်ပြီး စာရေး စာဖတ်တတ်နေတယ် ဆိုပြီးတော့’
‘ကလေးတွေတော့ လန့်ကုန်တော့မှာပဲ’
မင်းသား မင်းသမီးဆိုင်
‘ဆိုင်ဖွင့်နေတာလား’
‘ဆိုင်ပိတ်နေတာဗျ ... ဆိုင်ပိတ်နေတာ’
‘ဟင် ဘယ်လို ဖြစ်တာလဲ ... ရောင်းစရာ မင်းသား မင်းသမီးတွေ မရှိတော့ဘူးလား’
‘မရှိတော့ဘူး၊ နည်းနည်းမှ မရှိတော့ဘူး၊ တစ်ယောက်မှကို မရှိတော့ဘူးဗျာ ... ကလေး သရုပ်ဆောင်လည်း မရှိဘူး၊ လူကြီး သရုပ်ဆောင်လည်း မရှိဘူး၊ မော်ဒယ်လ်မလေးတွေတောင် ရောင်းဖို့ မရှိဘူး’
‘ဘယ်လို ဖြစ်တာလဲ’
‘ဝယ်ကြတာလေ၊ ဝိုင်းပြီး ဝယ်လိုက်ကြတာမှ အလုအယက်ပဲ၊ မင်းသား မင်းသမီးတွေ ကျုပ်က ရှာတင်လိုက်၊ အတင်းကာရော လာဝယ်ကြပြီး စာချုပ် ချုပ်သွားလိုက်နဲ့’
‘စာချုပ် စေ့တော့ ပြန်မလာဘူးလား’
‘မလာဘူး၊ တစ်ယောက်မှကို မလာတော့ဘူး ... မိန်းမလျာ တစ်ယောက်တောင် ပြန်မလာဘူး၊ ဒီစာချုပ်ပြီး နောက်စာချုပ်၊ နောက်စာချုပ်ပြီး နောက်တစ်ချုပ်၊ စာချုပ်တွေ ချုပ်ပြီး ဇာတ်ထုပ်တွေ တဘုတ်ဘုတ်နဲ့ ရိုက်ထုတ်နေလိုက်ကြတာများ ...’
‘ခင်ဗျား ရောင်းဖို့ အသစ် ရှာတင်ပေါ့’
‘ဒီမှာ ကိုယ့်လူ လေပျော့လေးနဲ့ အကြံပေးသလိုလို ဘာလိုလို လာကျပ်မနေနဲ့၊ အခု ကျုပ် ဘာလုပ်နေတာ မြင်လဲ၊ ဆိုင်ပိတ်နေတယ်ဗျ၊ ဆိုင်ပိတ်နေတယ်၊ မရောင်းတော့ဘူး ... တစ်ယောက်မှ မရောင်းတော့ဘူး ... အသစ်လည်း ရှာတင်ပြီး မရောင်းဘူး၊ အဟောင်းလည်း ပြန်ဝယ်ပြီး မရောင်းဘူး၊ ကျုပ် စိတ်ဆိုးနေတယ်နော်၊ ဘာကို စိတ်ဆိုးရမှန်း မသိဘဲ စိတ်ဆိုးနေတယ် ဦးတည်ချက်တွေ ခင်ဗျားဘက် ရောက်လာမယ်’
‘ဟုတ်ကဲ့ ဟုတ်ကဲ့၊ သွားဦးမယ်နော်’
အဆိုတော်ဆိုင်
‘နယ်မှာဗျာ ပွဲလေး တစ်ပွဲ သွင်းချင်လို့ ... အဲဒါ’
‘ဟာ ... ဝင်ပါ ခင်ဗျာ၊ အဆိုတော်တွေ အစုံ ရှိပါတယ်၊ ကြည့်ပါ ကြည့်ပါ’
‘ရောင်းဈေးတွေကရော’
‘သူက ၁၀ သိန်း၊ သူက ၁၅ သိန်း၊ သူက ၈ သိန်း၊ သူက ၇ သိန်း၊ ၇ သောင်း၊ ၇ ထောင်၊ ၇ ရာ၊ ၇၇ ကျပ်ပြား ခုနစ်ဆယ်၊ ဗေဒင် ဟောထားလို့ အဲဒီလို ယူတာ၊ ဒီတစ်ယောက်က ၁၃ သိန်း မတ်တင်း၊ သူက သူမပါရင် လိုက်တယ်၊ သူက သူပါရင် မလိုက်ဘူး၊ သူကတော့ ဒီတစ်ယောက် ပါရင် မလိုက်ဘူး ဆိုပေမဲ့ ဟိုတစ်ယောက်နဲ့ ဟိုတစ်ယောက် ပါရင် လိုက်တော့ လိုက်တယ် ဈေးပိုယူတယ်၊ သူက ဈေးလျှော့ပေးတတ်တယ်၊ သူကဆို ဈေး လုံးဝ မလျှော့ဘူး၊ ဒီတစ်ယောက်က ဘယ်လောက် ယူလဲလို့ တိုက်ရိုက် မေးရင် စော်ကားတယ် ဆိုပြီး စိတ်ကောက်တယ်၊ ဟိုတစ်ယောက်က ဈေးလျှော့ခိုင်းရင် ထကုတ်ဆွဲတယ်၊ ဒီအုပ်စုလိုက်၊ အဖွဲ့ လိုက်တွေကတော့ ခင်ဗျား စရိတ်ခံနိုင်ရင် ခေါ် မခံနိုင်ရင် မခေါ်နဲ့၊ ဝှုး ... မောလိုက်တာဗျာ ရှင်းပြရတာ’
‘အေးဗျာ၊ ကြားရတာ ကျုပ်လည်း ရှုပ်နေတာပဲ၊ ဒီတစ်ယောက်ကရော’
‘သူက လူ ၁ဝ သိန်း၊ တောင်ပံ ၅ သိန်း’
‘ဘယ်လိုဗျ’
‘ဪ ... လူဖိုး ၁ဝ သိန်း၊ အတောင်ပံဖိုး ၅ သိန်း ယူတယ်လို့ပြောတာ’
‘ဘာလဲဗျ၊ တောင်ပံဖိုး ၅ သိန်း ... ကျုပ် နားမလည်ဘူး၊ သူက အတောင်ပံ ပေါက်နေတာလား၊ ဒါမှမဟုတ် သူ့အတောင်ပံက သူနဲ့ အတူတူ ဝင်ဆိုတယ်၊ ဒီလိုလား’
‘အာ ... ပေါက်တတ်ကရ ... တောင်ပံ ဆိုတာ လေယာဉ် လက်မှတ်ခကို ပြောတာဗျ’
‘လေယာဉ် လက်မှတ်က အဲဒီလောက် ပေးရသလား’
‘မသိဘူး၊ သူကတော့ ဒီလိုပဲ ယူတယ်’
‘ကျွန်တော် ပွဲသွင်းမယ့် မြို့က နယ်မြို့လေးဗျ၊ လေယာဉ် ဆင်းစရာ ကွင်း မရှိဘူး’
‘မရှိ ရှိတဲ့ နေရာ ဆင်းပြီး ကားနဲ့ သွားကြိုဗျာ၊ ခင်ဗျားကလည်း အရစ် ရှည်လိုက်တာ’
‘ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒါနဲ့ နေပါဦး ... အဆိုတော်တွေက ဘာလို့ ဈေးမတူတာလဲ’
‘ခင်ဗျား အလုပ်လားဗျာ၊ စားတဲ့ ထမင်းချင်း မတူလို့ နေမှာပေါ့’
‘အဆိုတော်တွေက အသံတော့ ကောင်းပါတယ်နော်’
‘ဟာ အဆိုတော်တွေပါ ဆိုမှ အသံ ဘာကောင်းသလဲ၊ အောင်သလဲ မမေးနဲ့ ... ဟိုတစ်ယောက် တွေ့လား’
‘အင်း’
‘သူဆို ဈာန်ဝင်လာရင် မလွယ်ဘူး’
‘ဘာဖြစ်လို့လဲ’
‘Mood ဝင်လာလို့ ဧရာဝတီ ပထမမြစ်ကျဉ်းက အော်ထည့် လိုက်ရင် မြစ်ဝကျွန်းပေါ်သား နားပင်းတယ်’
‘ဘုရား ဘုရား’
*
ထိုစဉ် ခေါင်းလောင်း ထိုးသံ မြည်လာ၏။
‘လူနာတွေ ဆေးသောက်ချိန်၊ ဟယ် ... ကြည့်စမ်း၊ ဒီဈေးရောင်းတမ်းကို မကစားကြပါနဲ့ ဆိုတာ ပြောလို့ကို မရဘူး ... အကုန်လုံးကို ဗြောင်းဆန်နေတော့တာပဲ၊ နင်တို့တွေဟာလေ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ် ... တစ်ချိန်လုံး စျေးပဲ ရောင်းချင်နေကြတာ၊ ဒီလောက် ဖြစ်လှတာ’
တာဝန်ကျ နပ်စ်မကြီးသည် ကရုဏာ ဒေါသောဖြင့် မြည်တွန် တောက်တီးရင်း စိတ်ကျန်းမာရေး ဆေးရုံ ဝေါ့(ဒ်)တစ်ခုမှ လူနာများကို ဆေးလိုက်တိုက်နေလေသတည်း။
အမဲ ဆိုသည်မှာ ....
မိုးဦးကျ ကာလ ဖြစ်လေသည်။
လယ်ကွင်းပြင်များသည် အဆက်မပြတ် တဖွဲဖွဲ ရွာနေသော မိုးအောက်၌ တစ်မျှော်တစ်ခေါ် စိမ်းစိမ်းထလျက် ရှိ၏။ လယ်စောင့်တဲ ကုပ်ကုပ် တစ်ခု၏ အမိုးအောက်တွင် လယ်ယာ လုပ်သား စားဖားကြီး တစ်ကောင်သည် ပျင်းရိ လေးတွဲ့စွာ လယ်ကွက်များကို ဆောင့်ကြောင့် ထိုင်ငေးနေလေသည်။ သူ့ နားထဲတွင် ကောက်ပင်များ ကြားမှ အုံ အွမ် အုံ အွမ် အော်နေသော လူသံများ ကြားနေရ၏။ တဲနောက်ဘက်မှ ထွက်လာသော ဖားခုံညင်း တစ်ကောင်သည် စားဖားကြီး အနား ဝင်ထိုင်၍ ရေနွေးခွက်ကို လှမ်းယူလိုက်သည်။ သူသည် စားဖားကြီး နည်းတူ လူသံများ ကြားနေရသော လယ်ကွက်များဆီသို့ ငေးလျက် ခန္ဓာကိုယ် ပြည့်ဖောင်းကားသွားအောင် အသက် ဝဝ တစ်ချက် ရှိုက်သွင်းရင်း
‘ညကျရင်တော့ ဟင်းစားလေး ထွက်ရိုက်ဦးမှဗျို့’
ဟု စားဖားကြီးအား မကြည့်ဘဲ ပြောလိုက်လေသည်။
ဖားခုံညင်း လက်မှ မီးအုပ် အရောင် မှိန်မှိန်သည် ပိန်းပိတ်အောင် မှောင်နေသော ညတွင် လယ်ကွက်ထဲ၌ တစ်ချက် တစ်ချက် လက်ခနဲ။ ရှေ့မှ တုတ်ချက်သံ မှန်မှန်ကို သူ ကြားနေရသည်။ လယ်ကွက် ရေစပ်စပ်သို့ စားဖားကြီး၏ ခြေချသံသည် တုတ်သံ အောက်တွင် ပျောက်လျက်။ အုံအင်သံ ပေး၍ စပါးပင်များကြား တိုးဝှေ့ ကူးခတ်နေကြသော လူများသည် တဘုတ်ဘုတ်သံနှင့် အတူ ကားခနဲ ကားခနဲ။ မီးပြလျက် ရှိသော ဖားခုံညင်း၏ ကျန်လက်တစ်ဖက်ရှိ သံဖြူကိုင်း ပုံးထဲတွင် ခြေလက် ကားယားနှင့် ဆူဖြိုးလှသော လူများ တဖြည်းဖြည်း များ၍ များ၍ လာလေသည်။ ဖားခုံညင်းနှင့် စားဖားကြီး အတွက်တော့ ယခု ညတွင် ဟင်းစားသာမက ဈေးသွင်းရန် အတွက်ပါ တွက်ခြေကိုက်ကြလိမ့်မည် ဖြစ်လေသည်။
*
ဖွတ်တစ်ကောင်သည် ဓားမတိုလေး ခါးထိုးလျက် ခင်တန်းငယ် တစ်ခုကို ပတ်၍ ထွက်လာလေသည်။ နေမွန်းတည့်ပြီ ဖြစ်၏။ မနက် စောစောစာကိုသာ ခပ်သွက်သွက် စားခဲ့ရလျက် ထင်းခုတ် ထွက်လာရသော သူ့ ဝမ်းမှာ ယခု ဟာနေလေပြီ။ သူသည် တောဝင်လျှင် ထမင်းထုပ် သူများတွေလို ယူလေ့ မရှိ။ သူ့မိန်းမ ဖွတ်မ၏ ငပိလေး၊ အရွက်လေးလောက်နှင့် ဖြစ်ကတတ်ဆန်း ထုပ်ပေးလိုက်သော ထမင်းကို တောထဲတွင် တစ်ယောက်တည်း စား၍ ဘယ်လိုမှ မရ။ သူ့လျှာ သူသာ သိသည်။ အသားလေး တစ်ခွက်လောက်မှ မပါလျှင် မျိုမကျချင်။ ထို့ကြောင့် သူ တောဝင်တိုင်း သစ်ဝါးသာမက အပြန်တွင် ဟင်းစားပါ ရှာဖွေသွားလေ့ ရှိ၏။ အိမ်ပြန် ရောက်မှ အားရ ပါးရ ချက်ပြုတ် စား၏။ ဤနေ့တော့ စိတ်တိုင်းကျ သစ်ဝါးလည်း မရ၊ ဟင်းစားလည်း ခုထိ မတွေ့သေး။ ရတတ်သမျှ ဟင်းရွက်လေးပဲ ချိုးပြီး ပြန်ရမလား၊ ချက်ရာ ပြုတ်ရာတွင် ပြီးစလွယ် လုပ်ချင်လာသော သူ့မိန်းမ ဖွတ်မကို သူ အားမရ။ ထို့ကြောင့် မနက်က ပြဿနာ ထဖြစ်၍ သူ အစားပျက်ကာ ထထွက်လာခဲ့ရသည်။ ထို့ကြောင့် ယခု နေမွန်းတည့်ရုံ ရှိသေး ဝမ်းက ဟာလာပြီ။ ဖွတ်သည် စိတ်တိုနေလေသည်။ ရောက်တတ်ရာရာ တွေး၍ သူ လျှောက်လာ၏။
ကမူလေး တစ်ခုကို ကျော်လိုက်သော် ဖွတ်သည် ထိတ်ခနဲ ဝမ်းသာ သွား၏။ လူပေါက်လေး တစ်ကောင်သည် မလှမ်းမကမ်းတွင် ငုတ်တုတ် ထိုင်၍ မြေကို တူးဆွနေသည်။ ဟင်းစားကား ရှာတွေ့လေပြီ။ ဖွတ်သည် အသံ မကြားအောင် တဖြည်းဖြည်း ချဉ်းကပ်သွား၏။ လူပေါက်လေးမှာ သူ့ကို မမြင်သေး။ အန္တရာယ်၏ အငွေ့အသက်ကို တစ်စုံတစ်ရာ ခံစားရပုံ မပေါ်သေး။ ရှေ့မှ မြေကိုသာ စိတ်ဝင်တစား တူးဆွနေ၏။ ဖွတ်သည် ခါးကြားမှ ဓားမတိုကို အသာ ဆွဲထုတ်လိုက်သည်။ ထိုခဏ၌ နမော်နမဲ့ နိုင်သော သူ့ခြေထောက် တစ်ဖက်သည် သစ်ကိုင်းခြောက် တစ်ခုကို နင်းမိလေသည်။
လူပေါက်လေးသည် ဆတ်ခနဲ တစ်ချက် ခေါင်းထောင်ကြည့်ကာ ရုတ်ခြည်း ထ၍ ပြေးလေသည်။ ဖွတ်သည် သူ့ခြေထောက် သူ ကျိန်ဆဲရင်း နောက်မှ အပြေး လိုက်၏။ လူပေါက်လေး ဦးတည်နေရာမှာ လျှိုတစ်ခု ဘက်သို့။ လူပေါက်လေး လျှိုထဲ ဝင်သွားလျှင် ဖွတ် အတွက် လိုက်ရ ခက်ပေတော့မည်။ ဟင်းစားကို လက်လွတ် မခံနိုင်။ ဖွတ်သည် နောက်မှ အပြေး လိုက်ရင်း အသံကျယ် တစ်ချက် ပြုလိုက်၏။ ရှေ့မှ ပြေးနေသော လူလေးသည် ရုတ်တရက် ရပ်တန့်သွားလျက် နေရာတွင်ပင် တွေ့၍ စဉ်းစား နေလေသည်။ ဖွတ်သည် တစ်ချက် ပြုံးလိုက်၏။ ထို့နောက် လူပေါက်လေး နားသို့ အေးဆေးစွာ ကပ်သွားကာ ဆံစုကို မိမိရရ ဆုပ်ဆွဲလိုက်လေတော့သည်။ လူပေါက်လေးသည် ရုန်းကန်ခြင်းပင် အလျှင်း မရှိ။ ဖွတ် ဆွဲခေါ်ရာ နောက်သို့သာ တွေဝေလျက် တရွတ်တိုက် ပါလာလေသည်။ ဖွတ်၏ နားထဲတွင် တစ်စုံတစ်ရာ ပြန်လည် ကြားယောင်မိနေ၏။
ငယ်စဉ်က တစ်စုံတစ်ရာ မေ့တတ်လျှင် သူ့ အဘိုးအဘွားများက ‘လူတွေလို မေ့တတ်ဦးဟဲ့’ ဟု အမြဲ ကြိမ်းမောင်းတတ်၏။ သူ နားလည်တတ်သော အရွယ်တွင် သူ့ အဘိုးက သူ့အား ရှင်းပြသည်မှာ
‘လူတွေဟာ အသက်လု ပြေးလွှားနေရင်းတောင်မှ သူ ဘာလို့ ပြေးနေရတာလဲ ဆိုတာကို မေ့မေ့သွားတတ်ကြတယ်၊ အဲဒါကို ရပ်ပြီး စဉ်းစားနေမိတာနဲ့ကိုပဲ အသက် ဆုံးကြရတာကွယ့်’
ဖွတ်ကျားကြီး အတွက်တော့ အိမ်အပြန်တွင် အမဲဟင်း တစ်ခွက်နှင့် လျှာရင်း မြက်မှာတော့ သေချာသွားပြီ ဖြစ်သည်။ သူ့ လက်ထဲမှ သူ ဖမ်းလာသော လူပေါက်လေးမှာ ယခုထက်တိုင် တွေဝေ စဉ်းစားလျက် မလှုပ်မယှက် ရှိလျက်။
*
စစ်တကောင်း ကြက်ဖကြီးသည် ခြင်းအောက်မှ တိုက်လူ တစ်ကောင်ကို ဆွဲထုတ်လိုက်၏။ သားသမီးတွေထက်ပင် နေ့စဉ် ပို၍ အရိပ် တကြည့်ကြည့် စောင့်ရှောက်ထားရသော သူ့ တိုက်လူမှာ လန်းဆန်း သန်မာထွားကျိုင်းလှ၍ တိုက်ရန် အသင့် ရှိလေသည်။ သို့သော် တိုက်ဖက် အသင့် မရသေး။ ခွပ်လက် မပျက်အောင်တော့ တစ်ခုန် နှစ်ခုန် ခုန်ခိုင်း ရမည့် အချိန် ရောက်နေပြီ။ ဘယ်လို လုပ်ရပါ့။ ကြက်ဖကြီးသည် တစ်စုံ တစ်ရာ စိတ်ကူး ရ၍ မျက်နှာ ဝင်းပသွား၏။ ထိုခဏ၌ သူ့ မဟေသီ ကြက်မကြီး ရောက်လာ၍ သူနှင့် သူ့ တိုက်လူကို မြင်သော်
‘တော်တို့ ဒီနေ့ တိုက်ကြဦးမယ်ပေါ့လေ၊ ဘယ်ဝိုင်းမှာတုန်း’
‘မဟုတ်ပါဘူးဟ၊ ဒီကောင်ကြီးနဲ့ ရိုးစပ်မှာ ဟင်းစား ရလို ရငြား မျှားရင်း တစ်ခုန် နှစ်ခုန် စမ်းမလို့’
‘အလိုလေးတော်၊ ကိုစစ်တကောင်းရယ်၊ ရှင် ကြည့်လည်း လုပ်ပါဦး၊ ကိုယ့်ကို ငွေရှာပေးနေတဲ့ အဖိုးတန် တိုက်လူကြီးကို တောထဲက အလေဏတောတွေနဲ့ ဟင်းစား မျှားခိုင်းရတယ်လို့’
ကြက်ဖကြီးသည် ကြွက်သား ပြိုင်းပြိုင်း ထလျက် မည်းပြောင် ထွားကျိုင်းလှသော သူ့ တိုက်လူကြီးအား ပြုံး၍ ကြည့်ရင်း
‘မင်းမသိသေးပါဘူး မိန်းမရယ်၊ မင့်တောလူတွေက ဘာမှ ခွပ်ရည် ခွပ်လက် အတွေ့အကြုံ မရှိတဲ့ အရိုင်းစိုင်းတွေပါဟ၊ တောလူနဲ့ တိုက်လူ ဆိုင်ခွပ်ဖို့ ကြိုးစားရင် သူတို့ မှားတော့မပေါ့၊ တို့ကောင်ကြီးက တောလူ တစ်ယောက် နှစ်ယောက်လောက်တော့ ခဏလေး ဖြုတ်လိုက်လိမ့်မယ်၊ မင်း မယုံရင် ရေနွေးအိုးသာ တည်ထား’
ပြောပြောဆိုဆို ကြက်ဖကြီးသည် တိုက်လူအား အတောင် ကြား ညှပ်လျက် ရိုးစပ်ဘက် ထွက်သွားလေ၏။ သူ့နောက်တွင် ပြေးလွှား ဆော့ကစားနေသော သူ့သားသမီးများ၏ ပိညှက် ပိညှက်သံများနှင့် ကြက်မကြီး၏ မြည်တွန် တောက်တီးသော ကတော် တိုက်သံတို့မှာ ဝေး၍ ကျန်ခဲ့လေသည်။
တောစပ် တစ်နေရာတွင် ကြက်ဖကြီးသည် သူ့ တိုက်လူကို မြေပေါ် အသာ ချထား၍ ချုံကွယ် တစ်ခု နောက်မှ ကွမ်းတစ်ယာ ထုတ်ဝါးလျက် အေးအေး ထိုင်ကြည့်နေလေသည်။ သူ့ တိုက်လူမှာ တစ်ယောက်တည်း ကျန်ရစ်သော် လက်နှစ်ဖက် ဆန့်တန်းကာ အားရပါးရ တစ်ချက် တွန်လိုက်၍ ဟိုလျှောက် သည်လျှောက် လုပ်နေ၏။
ကွမ်းတစ်ယာ ညက်မျှ မကြာလိုက်ချေ။ တောလူ တစ်ယောက် သစ်ပင်နောက်မှ ပြေးထွက်လာကာ စစ်တကောင်း ကြက်ဖကြီး၏ တိုက်လူ နှင့် ဆိုင်မိကြလေ၏။ လူထီးတို့ သဘာဝ အရ တစ်ယောက်နှင့် တစ်ယောက် ဆိုင်မိလျှင် သေသည် အထိ ရေကုန် ရေခန်း ခွပ်တတ်ကြ၏။ တောလူနှင့် တိုက်လူကြီးတို့သည် အစတွင် တစ်ယောက်နှင့် တစ်ယောက် အကဲခတ် သလို ခဏမျှ တွေလျက် ကြည့်ကြ၏။ ထို့နောက်တွင်မူ ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး အစုံ သုံး၍ တဖုန်းဖုန်း ဆော်ကြလေတော့သည်။ အုခနဲ၊ အားခနဲ အသံများလည်း ထွက်၏။ ဖုန်းခနဲ၊ ခွပ်ခနဲလည်း မကြာခဏ ကြားရလေသည်။ မည်သို့မျှ မကြာလိုက်။ စစ်တကောင်း ကြက်ဖကြီး၏ တိုက်လူမည်းကြီးသည် တောလူအား ခါးချိုး၍ လည်ဆစ် ဖြုတ်လိုက်လေတော့၏။
ကြက်ဖကြီးသည် ကွမ်းသွေး တစ်ချက် ပျစ်ခနဲ . ထွေးလိုက်၍ ချုံကွယ်မှ အားရစွာ ထွက်လာလေသည်။ အောင်ပွဲ ရသဖြင့် ရင်ဘတ်ကို ထုကာ တိုက်လူမှာ ဝူးဝူးဝါးဝါး တွန်လျက် ရှိ၏။ ကြက်ဖကြီးသည် တိုက်လူကို အတောင်ကြားတွင် ယုယစွာ ပွေ့လျက် ဒဏ်ရာ ဒဏ်ချက်များ လှန်လှောရှာသော်လည်း တစ်ချက်မျှ မတွေ့။ ကျေနပ်စွာ ပြုံးလိုက်လျက် တိုက်လူအား ပွတ်သပ်ပေးကာ ‘ခွပ်လမ်း ကောင်းလှချည်လား ငါ့သားရယ်’ ဟူ၍ အားပါးတရ ချီးကျူးလိုက်လေသည်။ ထို့နောက် ကြက်ဖကြီးသည် လဲကျ ငြိမ်သက်လျက် ရှိသော တောလူကောင်ကို ခြေထောက်မှ ဆွဲကာ လာရာ လမ်းသို့ ပြန်လေ၏။ စိတ်ကူးထဲတွင်တော့ တောလူ၏ ရင်အုံသား၊ ပေါင်သားတို့ကို ကြော်ကာ ခေါင်း၊ ခြေထောက်၊ လည်ပင်း၊ လက်ဖျံတို့ကို ဘူးသီးနှင့် ရော၍ အရည် တည်ချက်ရန် စီမံပြီးလေသည်။ ထို့အပြင် စစ်တကောင်း ကြက်ဖကြီး တွေးမိသည်မှာ လောက၌ ကြံရည်ဖန်ရည် ကောင်းသော ကြက်ဖ တစ်ကောင် အတွက် အမဲ ဟင်းစား ဘယ်တော့မှ မရှားပါးနိုင်ဟူ၍ ဖြစ်လေ၏။
*
ဖြူဖြူ ဝဝ ရွှေသွား ခေါခေါနှင့် ဝက်တောင်းကြီး တစ်ကောင်သည် လူသိုး တစ်ယောက်ကို ဆွဲလျက် အိပဲ့ အိပဲ့နှင့် လျှောက်လာ၏။ တစ်နေရာဝယ် တုတ်တစ်ချောင်းနှင့် လူတစ်ယောက်ကို မောင်းချလာသော မုတ်ဆိတ် ဖားဖား ကိုဘိုးဆိတ်နှင့် ဆုံလေသည်။ ဝက်တောင်းကြီးသည် ချိုနှစ်ချောင်း ထောင်လျက် ဒေါပွနေပုံ ရသော ကိုဘိုးဆိတ်နှင့် သူ မောင်းလာသော ပါးစပ် တလှုပ်လှုပ်နှင့် လူကို တစ်ချက် အကဲခတ်ကာ နှာခေါင်းကို လှန်၍ ရွှေသွား တစ်ပြုံလုံး ပေါ်အောင် ဂရု ဂရု အသံပြုပြီး ပြုံးပြလိုက်လေ၏။ ထို့နောက်
‘ဟဲဟဲ၊ ကိုဘိုးစိပါလား’
‘ဟရေး ဝက်တောင်း၊ နာ့ နာမယ်နော်၊ ဘိုးဆိတ်လို့ ခေါ်ဒယ်၊ နင်နဲ့ တွေးဒယ်နော်၊ ပီအောင် တစ်ခါးမှ မခေါ်ဘူး ရိုဒယ်’
‘ရှိတ်မီဆိုးနဲ့လေ၊ ဝ စွားခေါလို့ စီကား မီပီ လာ အားလုံး စိလယ်၊ နီတီ အကောင်နဲ့ ဘယ်စွားမီလဲ’
ဟု စပ်စုလေ၏။ ကိုဘိုးဆိတ်သည် ဝက်တောင်း၏ လူသိုးကို ရန်ပြုရန် ကြံချင်နေပုံ ရသော သူ မောင်းလာသည့် လူအား တုတ်နှင့် တစ်ချက် ဟန့်ရင်း ဝက်တောင်းအား
‘ဒီလို ရှိဒယ်လေ၊ နာဒို့ အမဲဈေးတွေနော်၊ တဝကြီး တက်နေဒယ်၊ ဈေးတက်နေတုန်းမှာနော်၊ တစ်ခါတည်း ပေါ်ရောင်းလိုက် အေးရော၊ ဟရေး ဒီအကောင်နော်၊ တဝကြီး ဆိုးဒယ်၊ နာ ကောင်းကောင်း ရိုက်တယ်နော်၊ ကောင်းကောင်း မလိမ်မာဘူး၊ အခုနော်၊ တစ်ခါတည်း ရောင်းလိုက်တော့မယ်၊ နင့် လူသိုးနော်၊ လိမ်လိမ်မာမာ ရှိဒလား’
‘ဝကောင် များများ စားလယ်လေ များများ အိပ်လယ်၊ စူ အလုပ် စူ တိလယ်လေ၊ ဝ တီခါမှ မချရဘူး၊ ဇီး တင်ချင်လို့ လာပြီး ပြောတလား၊ ဝ ဆွဲစွားပေးလိုက်တယ်လေ၊ ဇီး မီရမီချင်း စူ ပြန်ခေါ်လို့ မီရဘူး၊ ဇီး တင်မှ ပြန်လာလယ်’
ဝက်တောင်းသည် ကိုဘိုးဆိတ်၏ အမဲလူကို စပ်စုနေပြန်၏။
‘နိအကောင် ပိန်လယ်လေ၊ တိတ်ဈေးကောင်း မီရလောက်ဘူး’
ကိုဘိုးဆိတ်သည် အတန်ငယ် စိတ်ဆိုးလာ၍
‘အမဲကောင်ဒွေနော်၊ နာ့မှာ တ၀ကြီး ရှိဒယ်၊ တစ်ခု နှစ်ခု ဈေးနည်းဒယ်နော်၊ နည်းနည်းမှ ကိတ်ရှ မရှိဘူး၊ နင့်မှာနော်၊ လူသိုး တစ်ကောင်တည်း ရိုဒယ်’
ပြောပြောဆိုဆို ထွက်သွားလေ၏။ ဝက်တောင်းမှာ ကျန်ရစ်ခဲ့ရင်း
‘နိ အမဲ နီပိုင်လယ်လေ၊ စွား စွား ဝလည်း စွားမယ်’
ကိုဘိုးဆိတ်သည် သူ့ လူကို သားသတ်ရုံဘက် မောင်းသွားလျက် ဝက်တောင်းလည်း သူ့ လူသိုးကို ဆွဲကာ ဆန့်ကျင်ဘက် ဆက်သွားလေ၏။ ကိုဘိုးဆိတ် မောင်းသွားသော အမဲမှ ‘ဟဲဟဲ ဟဲဟဲ’ ရယ်လိုက်သံကို နှစ်ဦးစလုံး ကြားလိုက်ကြရ၏။
*
ကိုက် သုံးလေးရာ အကွာတွင် လူသည် ပင်စည် တစ်ခုကို ကျောမှီ ထိုင်လျက် ပါးစပ် ဖြဲကာ သမ်းဝေနေလေသည်။ ကာကီရောင် အဝတ်အစားနှင့် ခြင်္သေ့ကြီး တစ်ကောင်သည် မုဆိုးထိုင် ထိုင်ချလိုက်၍ ပွိုင့် (၃၇၅) ဝင်ချက်စတာ အမဲလိုက် ရိုင်ဖယ်ကို ပခုံးတွင် ထောက်လိုက်၏။ သတိကြီးစွာ ထား၍ ပစ်မှတ်ကို ချိန်ရွယ်ကာ လုံခြုံရေး ခလုတ်ကို ဖွင့်လိုက်လေသည်။ ရှင်းလင်းသော ပစ်ကွင်း မဟုတ်သော်ငြား ခြင်္သေ့ကြီးသည် သူ့လက်ကို သူ ယုံ၏။ အသက် အောင့်၍ ပစ်မှတ်ကို စူးစိုက်ကာ ခလုတ်မောင်းကို ငြိမ်သက်စွာ ဆွဲလိုက်ရန် အာရုံပြုလိုက်၏။ ထိုစဉ်
‘ဒိန်း’
ယမ်းပေါက်ကွဲသံ တစ်ခုနှင့် အတူ အမဲသည် မြောက်တက်သွားကာ နေရာတွင်ပင် ခွေလဲ ငြိမ်သက်သွားလေသည်။ ခြင်္သေ့ကြီးသည် မပစ်ရသေးသော သူ့ အမဲလိုက် ရိုင်ဖယ်ကို ပစ်မှတ်မှ လွှဲလိုက်၍ သက်ပြင်း တစ်ချက် ချလိုက်၏။ ထိုခဏ၌ သူ့ ညာဘက် လေးငါးလှမ်း အကွာ ချုံတစ်ခု၏ နောက်ကွယ်မှ ကျားသစ်နက်ကြီး တစ်ကောင်သည် ယမ်းငွေ့များ ဝေလျက်ပင် ရှိသေးသော မဂ္ဂနမ် ရိုင်ဖယ်ကို ပခုံးထက် ထမ်းလျက် ထွက်လာလေသည်။ သစ်နက်ကြီးသည် ခြင်္သေ့ကြီး ရှိရာသို့ လျှောက်လာရင်း ...
‘ကိုခြင်္သေ့ရေ၊ အမဲ လုတယ်လို့ သဘောမထားပါနဲ့၊ ဒီလို အမဲမျိုးက အခန့်မသင့်ရင် ကိုယ် သားကောင် ပြန်ဖြစ်သွားနိုင်တယ် မဟုတ်လား’
ကျားသစ်နက်ကြီးသည် ခြင်္သေ့ကြီးဘေး ရောက်လာကာ မတ်မတ် ရပ်လိုက်၏။ သူတို့ နှစ်ကောင်သည် လဲကျ ငြိမ်သက်နေသော အမဲကို မမှိတ်မသုန် ကြည့်နေကြသည်။ ခြင်္သေ့ကြီးသည် ဒူးထောက် ထိုင်ရာမှ ထလျက် လည်ဆံမွေးများကို ဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး
‘တောင်းပန်စရာ မဟုတ်တာ ကိုသစ်နက်ရယ်၊ ကျုပ်တို့လို မုဆိုးရင့်မာကြီးတွေ အတွက်တောင် အန္တရာယ် အပေးနိုင်ဆုံး အမဲကောင်မျိုးပဲဟာ၊ ဒါကြောင့်လည်း ကျုပ်တို့က ‘လူ’ လို့တောင် မခေါ်ကြဘဲ တောထဲမှာ ‘ဟင်းကောင်’ ‘ဟင်းမျိုး’ ရယ်လို့ နာမ်နှိမ် ခေါ်နေကြရတယ် မဟုတ်လား ဗျာ’
ခြင်္သေ့ကြီးနှင့် ကျားသစ်နက်ကြီးသည် မလှုပ်မယှက် ငြိမ်သက်နေပြီ ဖြစ်သော သူတို့ အမဲ ‘ဟင်းလူကောင်’ ရှိရာသို့ သတိနှင့် တရွေ့ရွေ့ ချဉ်းကပ်သွားကြလေသည်။
*
ပင်လယ် ငါးသလောက်ကြီး တစ်ကောင်သည် လှေဝမ်းပြားထဲတွင် ငိုက်မျဉ်းလျက် ရှိ၏။ ပင်လယ်ပြင်သည် အကာအရံ မရှိ ချစ်ချစ်တောက် နေရောင် အောက်တွင် တလက်လက် လှိုင်းကြက်ခွပ်များဖြင့် ငြိမ်သက်နေလေသည်။ ပတ်ဝန်းကျင်သည် အသံဗလံ တိတ်ဆိတ်လျက်။ ပင်လယ် ငါးသလောက်ကြီးသည် သူ ချထားသော ပိုက်တန်းထိပ်မှ ဗော့လုံးကလေးများ လှုပ်ရှားနေသည်ကို ငေးနေမိပြန်လေသည်။
ဤရာသီသည် ပင်လယ် ရေသူမများ သားပေါက်သော ကာလ ဖြစ်၏။ ဤရာသီမျိုးတွင် တတ်နိုင်လျှင် သူ ပိုက်မချလို။ ပိုက်ထဲတွင် ငြိတွယ် ပါလာတတ်သော ဗိုက်များ ဖောင်းကားနေသည့် ရေသူမများကို တွေ့ရလျှင် သနားသလို ခံစားရတတ်သည်။ ထို့ပြင် ပင်လယ်ပြင်တွင် ရေသူမျိုးများ ရှားပါးသွားမည်ကိုလည်း သူ မလိုလားပေ။ သို့သော် မတတ်နိုင်။ ဝမ်းရေး အတွက် ယခုပင်လျှင် ပင်လယ်ပြင်ထဲသို့ သူ ရောက်နေရလေပြီ။ ငါးသလောက်ကြီးသည် သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်၏။ ထို့နောက် ထိုင်ရာမှ ထကာ ပိုက်တန်း အစ တစ်ဖက်ကို ပါးဟက်တွင် ညှပ်လျက် ရေယက် နှစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲတင်နေမိလေသည်။ ပိုက်အလေးချိန်ထက် ပို၍ စီးစီးပိုင်ပိုင် ရှိနေသော လက်အထိအတွေ့ကို ခံစားမိ၏။ ငါးသလောက်ကြီးသည် အတွေ့အကြုံ အရ ဝမ်းမသာနိုင်ဘဲ သက်ပြင်းသာ ထပ်မံ ချလိုက်မိလေသည်။ သူ့ အာရုံထဲတွင်တော့ ကျားပိုက်နှင့် အတူ ကိုးရိုးကားရား ငြိပါလာဦးမည့် ရေသူထီး တစ်ကောင် တလေလောက်ကိုသာ မျှော်လင့်နေမိလေသည်။
*
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ဖရင့် တစ်ခုကို အမေဇုန် တောနက် ထဲတွင် ကျင်းပနေလေသည်။ လည်စီး အနီရောင်နှင့် သပ်ရပ်သော အနောက်တိုင်း ဝတ်စုံကို ဆင်မြန်းထားသည့် ဝက်ဝံညိုကြီးသည် အနည်းငယ် မောဟိုက်သွားသည့် ပမာ သူ့ရှေ့ ဖန်ခွက်ထဲမှ ပျားရည်အေးကို တစ်ကျိုက် မော့လိုက်၏။ ထို့နောက် သူ့စကားကို ဆက်လေသည်။
‘ဒီလိုသာ အတားအဆီး အထိန်းအကွပ်မဲ့ ဖမ်းဆီး သတ်ဖြတ် စားသောက်နေကြရင်၊ သဘာဝတရားကို မထိန်းသိမ်းရင်၊ ဂေဟ စနစ်ကို အလေးဂရုမပြုကြရင် လူသားမျိုးစိတ်တွေ ပျောက်ကွယ်သွားမယ့် အန္တရာယ်ကို တစ်ချိန်မှာ မုချ ကြုံလာကြရတော့မှာပဲ’
ခန်းမကြီးသည် သက်ပြင်း ချသံ ကြိုကြား အောက်တွင် တိတ်လျက်။
ရေခဲ ပင်ဂွင်းငှက်မကြီး တစ်ကောင်သည် ထိုင်ရာမှ ထကာ မျက်မှန်ကို ပင့်တင်လိုက်ရင်း
‘ဟုတ်ပါတယ်၊ အခုဆိုရင်ပဲ ကျွန်မတို့ အန္တာတိက ဒေသမှာ အက်စကီးမိုး ဆိုတဲ့ လူမျိုးနွယ်စု တစ်ခုဟာ မျိုးတုံး ပျောက်ကွယ်လု ဖြစ်နေပါပြီ၊ သူတို့တွေကို စနစ်တကျ ပြန်လည် ပြုစု မွေးမြူပြီး မျိုးပွားပေးနိုင်မှသာ ဒီအန္တရာယ်ကို ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်’
ပင်ဂွင်း ငှက်မကြီးသည် နေရာတွင် ပြန်ထိုင်ချလိုက်၏။ ကွန်ဖရင့်သို့ တက်ရောက်လာကြသော တိရစ္ဆာန်များသည် မတိုင်ပင်ထားဘဲ ညီလာခံ ကွန်ဖရင့်၏ ခေါင်းစဉ် စာတန်းကြီးကို ပြိုင်တူ မော့ကြည့်လိုက်မိကြလေသည်။
‘Save The Human’
ခန်းမကြီးသည် သက်ပြင်းချသံများနှင့် အတူ စိတ်မကောင်းစွာ တိတ်ဆိတ်လျက်။
စက်ရုပ်နှင့် လူ ဆိုသည်မှာ ....
ကျွန်ုပ်သည် စက်ရုပ် ကမ္ဘာတွင် နေထိုင်သူ ဖြစ်၏။ ကျွန်ုပ်တို့ ကမ္ဘာတွင် အများစုသည် စက်ရုပ်များ ဖြစ်ကြ၍ အနည်းစုသာ စက်ရုပ် မဟုတ်သူများ ဖြစ်ကြ၏။ အများစု စက်ရုပ်များသည် သူတို့ကိုယ် သူတို့ စက်ရုပ် ဖြစ်နေကြမှန်း မသိကြပါ။ အဘယ်ကြောင့် ဆိုသော် မိမိသည် စက်ရုပ်လား စက်ရုပ် မဟုတ်ဘူးလား သေချာစွာ စဉ်းစား တွေးခေါ်ချိန် မရဘဲ နေ့ပေါင်း များစွာသည် ယန္တရား တစ်ခုကဲ့သို့ ပုံမှန် လုပ်ရိုး လုပ်စဉ်များဖြင့် ဖြတ်ကျော် ကုန်ဆုံးသွားသောကြောင့် ဖြစ်၏။ နောက်အချက် တစ်ခုမှာ ကျွန်ုပ်တို့ ကမ္ဘာသည် စက်ရုပ် အများစု နေထိုင်ရာ ကမ္ဘာ ဖြစ်၍ စက်ရုပ် တစ်ကောင် ဖြစ်နေမှသာ ပတ်ဝန်းကျင်တွင် အရာဝင်လျက် စက်ရုပ် အသိုင်းအဝိုင်းကြား ဝင်ဆံ့ နေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် စက်ရုပ် မိသားစုများမှ ပေါက်ဖွားလာကြသူတို့သည် စက်ရုပ်များသာ ဖြစ်ခဲ့ကြ၍ ထိုသူတို့မှ ဆင့်ပွား ပေါက်ဖွားလာသူတို့မှာလည်း စက်ရုပ်များသာ ဖြစ်လာခဲ့ကြလေသည်။ ကျွန်ုပ်တို့ စက်ရုပ်များသည် ကျွန်ုပ်တို့ လုပ်ကိုင်နေကြသော အလုပ်များကိုသာ အလုပ်အကိုင်ဟု ဂုဏ်ပြု သတ်မှတ်၍ စက်ရုပ် မဟုတ်သူများ လုပ်ကိုင်သည်တို့ကို အလုပ်အကိုင်ဟု ဘယ်သောအခါကမှ မသတ်မှတ်ခဲ့ကြပေ။
ထို့အပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှ စက်ရုပ် မဟုတ်သူများအား စက်ရုပ် တစ်ကောင် ဖြစ်လာစေရန် အတွက် အမြဲတစေ သွေးဆောင် တွန်းအား ပေးလျက် ရှိကြ၏။ စက်ရုပ် မဟုတ်သူ တစ်ယောက်မှ စက်ရုပ် တစ်ကောင် ဖြစ်လာပါကလည်း စက်ရုပ် အသိုင်းအဝိုင်းမှ အလုပ်နှင့် အကိုင်နှင့် ဖြစ်သွားချေပြီဟု ဝိုင်းဝန်း ချီးကျူးတတ်ကြလေသည်။ ကျွန်ုပ်တို့ စက်ရုပ်များသည် ကျွန်ုပ်တို့ကဲ့သို့ စက်ရုပ် မဟုတ်သူ တစ်ယောက် သွေးသား အမျိုးအဆွေထဲမှ ပေါ်ပေါက်လာမည်ကို လွန်စွာ မလိုလားကြပေ။ အကယ်၍ ထိုသို့ ပေါ်ပေါက်လာပါက ကျွန်ုပ်တို့သည် ထိုသူကို မသိမသာ ဝိုင်းပယ်ထားကြ၍ စက်ရုပ် အချင်းချင်း ပတ်ဝန်းကျင်တွင် အရာမဝင်သလို ဆက်ဆံကြ၏။ ထိုသူကို တစ်ချိန်လုံး စောင့်ကြည့် နေကြလျက် ထိုသူ၏ လုပ်ရပ် အမှားယွင်း တစ်စုံတစ်ရာ ကြုံလာလျှင်သော်လည်းကောင်း၊ အခါအခွင့် သင့်၍ ဝိုင်းဝန်း ဖိနှိပ် ပြောဆိုနိုင်လျှင်သော်လည်းကောင်း ထိုသူ စက်ရုပ် တစ်ကောင် ဖြစ်လာရန် ဝိုင်းဝန်း ပုံသွင်းကြ၍ ထိုသူသည် စက်ရုပ်ကောင်း တစ်ကောင် မဖြစ်ခဲ့ခြင်းကို နောင်တ ရစေရန် လုပ်ဆောင်တတ်ကြလေသည်။ ထိုသို့အားဖြင့် များစွာသော စက်ရုပ် မဖြစ်လိုသူတို့သည် စက်ရုပ် ဖြစ်သွားကြ၍ ၄င်းတို့၏ အလွန် တန်ဖိုးရှိသော နုပျိုသည့် ကာလများကို စက်ရုပ်များ အဖြစ် ဖြတ်သန်း သွားကြရလေ တော့၏။
စက်ရုပ် ဖြစ်ပြီးသွားလျှင်မူကား အခြားသော စက်ရုပ်များကဲ့သို့ လက်ရှိ အခြေအနေမှ ရုန်းထွက်ရန် မကြိုးစားတော့ဘဲ တစ်ကမ္ဘာလုံး စက်ရုပ်များ အတိုင်း သေတပန် သက်တဆုံး စက်ရုပ် ပုံစံဖြင့်သာ အတက် အကျ မရှိ နေထိုင်သွားကြရတော့၏။ စက်ရုပ် သက်တမ်း ကြာမြင့်လာသည်နှင့်အမျှ တစ်ကမ္ဘာလုံးမှ ကျွန်ုပ်တို့ စက်ရုပ်များသည် အလွန် ကောင်းသော အခြေအနေကို မရလျှင် နေစေ၊ အလွန် ဆိုးသော အခြေအနေကို မကြုံတွေ့ရဲတော့သည့် စက်ရုပ် ပီသသော သတ္တိ နည်းမှုမျိုး ပိုင်ဆိုင် လာလျက် စက်ရုပ် မဟုတ်သူ ဘဝသို့ ကူးပြောင်းရန် ဆန္ဒ မရှိကြတော့ပေ။ ထို့ကြောင့် ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာတွင် စက်ရုပ်များသာ အစဉ်အဆက် များပြားလျက် စက်ရုပ် မဟုတ်သူများ နည်းပါးစွာ နောင် ခေတ် အဆက်ဆက် တည်နေတော့မည် ဖြစ်သည်။ ကျွန်ုပ်တို့ စက်ရုပ်များသည် ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ စက်ရုပ် ဟူ၍ သတိမမူကြဘဲ နေ့စား၊ လခစားများ အဖြစ် သတ်မှတ်ထားကြပြီး စက်ရုပ် မဟုတ်သူများ အတွက်မူ ရေရေရာရာ အခေါ်ဝေါ် မပြဌာန်းထားကြပါ။ နေ့စား၊ လခစား မဟုတ်သူများ အဖြစ်သာ သတ်မှတ်ထားကြ၏။ ကျွန်ုပ်တို့ စက်ရုပ်များသည် ထိုသူများကို စိတ်မဝင်စားကြပါ။ ထိုသူတို့၏ ဘဝသည် ကျွန်ုပ်တို့ စက်ရုပ်များ ကဲ့သို့ ရေရာသည်ဟု မယူဆကြပါ။ ထိုသူတို့နှင့် ကျွန်ုပ်တို့ စက်ရုပ်များသည် ပုံစံ များစွာ ကွာခြားလှပါသည်။ ဤကမ္ဘာတွင် ကျွန်ုပ်တို့ စက်ရုပ်များနှင့် စက်ရုပ် မဟုတ်သူများ တူညီသည့် အချက်မှာ ပျမ်းမျှအားဖြင့် ၇၅ နှစ်တာ ကာလမျှ နေထိုင်ခွင့် ရှိသော သက်တမ်းသာ ဖြစ်ပါသည်။
ကျွန်ုပ်သည် ကျွန်ုပ် သင်ကြား တတ်မြောက်ထားသော အသက် မွေးဝမ်းကျောင်း ပညာ တစ်ခုနှင့် ကုမ္ပဏီကြီး တစ်ခုတွင် လခစား အဖြစ် ဝင်ရောက် လုပ်ကိုင်လျက် ရှိသော စက်ရုပ် တစ်ကောင် ဖြစ်ပါသည်။ ကျွန်ုပ်၏ မိဘများသည်လည်း လခစား စက်ရုပ်များ ဖြစ်ပါသည်။ ကျွန်ုပ်၏ ဆွေမျိုး အသိုင်းအဝိုင်းသည်လည်း လခစား စက်ရုပ်များ ဘဝကို ကျေနပ် ပျော်ပိုက်ကြသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့ မိသားစုတွင် စက်ရုပ် မဟုတ်သူ တစ်ယောက် ပေါ်ပေါက်လာမည်ကို မလိုလားပါ။ စက်ရုပ် တစ်ရုပ် ဖြစ်လာမှသာလျှင် တာဝန် ကျေပွန်စွာ လုပ်ကိုင်ပါက အချိန်တန်လျှင် လခ ရ၍ မတောင့်မတ နေနိုင်မည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်၏ နောင်လာနောက်သားများ အကျိုးငှာ စက်ရုပ် တစ်ရုပ်နှင့် စက်ရုပ် မဟုတ်သူ တစ်ယောက်၏ သက်တမ်း ၇၅ နှစ်တာကို မှတ်တမ်းများ အတိုင်း သုတေသနပြု သုံးသပ် တင်ပြလိုက်ရပေသည်။
တစ်ခါက ကမ္ဘာပေါ်ရှိ မြို့ကြီး တစ်ခုတွင် စက်ရုပ် မိသားစု တစ်ခုနှင့် စက်ရုပ် မဟုတ်သော လူမိသားစု တစ်ခုတို့မှ ကလေးငယ် တစ်ယောက်စီကို တစ်ပြိုင်နက် ဖွားမြင်ခဲ့လေသည်။ ထိုသူငယ် နှစ်ယောက်မှာ နောင်အခါတွင် သူငယ်ချင်း မိတ်ဆွေများ ဖြစ်ကြလေ၏။ သူတို့သည် အထီးလေးများ ဖြစ်ကြပြီး သူတို့ ယုံကြည်ရာ သဘာဝ အလျောက် သက်တမ်း ရှိသလောက် ဘဝကို ဖြတ်သန်း နေထိုင်သွားကြရာ အောက်ပါအတိုင်း ဖြစ်လေသည်။
မွေးစမှ ငါးနှစ်သား ကာလ
စက်ရုပ် မိသားစုသည် မွေးဖွားလာသော စက်ရုပ်ကလေးငယ်ကို စက်ရုပ် သဘာဝ ပီသစွာ အချိန်မှန်အိပ် အချိန်မှန် စားစေလျက် ကောင်းစွာ ပြုစု စောင့်ရှောက်လေ၏။ စက်ရုပ်လေးသည် အိပ်ချိန်၊ စားချိန်၊ ကစားချိန်၊ ဆေးဝါး အာဟာရ တိုက်ကျွေးချိန်တို့ကို အချိန် ဇယားနှင့် တကွ လိုက်နာ နေထိုင်ရလျက် ကာကွယ်ဆေး ပေါင်းစုံကို တိကျစွာ ထိုးနှံပေးခြင်း ခံရကာ ကောင်းမွန်စွာ ကြီးပြင်းရလေ၏။ သို့ရာတွင် နေ့ခင်း နေ့လယ် အလုပ်ချိန်များ၌မူ စက်ရုပ်လေးသည် အဘိုး အဘွား စက်ရုပ်ဟောင်းများနှင့်သာ ကျန်ခဲ့ရရှာ၏။ စက်ရုပ် မိသားစု ဖြစ်၍ အဖေ အမေ ဦးလေး အဒေါ်မှအစ အလုပ်ချိန်ကို ရိုသေသော စက်ရုပ်များ ပီပီ လုပ်နိုင် ကိုင်နိုင် အရွယ်ကောင်း စက်ရုပ် အားလုံး အလုပ် ဆင်းနေကြ၍ ဖြစ်သည်။ ထို့ကြောင့် စက်ရုပ်လေးမှာ အလုပ် နားချိန်မှသာလျှင် မိဘ ဆွေမျိုး စုံလင်စွာနှင့် နေခွင့် ရရှာလေသည်။ စည်းကမ်းကြီးသော အဘိုး အဘွား စက်ရုပ်များကြောင့် စက်ရုပ်ကလေးသည် သူ့ အရွယ် အလျောက် မှောက်ရမည့် အချိန်တွင် မှောက်၊ လေးဘက် ထောက်ရမည့် အရွယ်တွင် ထောက်ကာ လမ်းလျှောက်ရမည့် အရွယ်တွင် လျှောက်ရလေသည်။ လေးနှစ်သား အရွယ်တွင် ဝလုံးကို မလုံးလုံးအောင် ရေးရ၍ ငါးနှစ်သားတွင် ကျောင်းထား ရန် စီမံပြီး ဖြစ်လေသည်။
လူမိသားစုသည် မွေးလာသော လူကလေးငယ်ကို တုန်နေအောင် ဝိုင်းချစ်ကြလေ၏။ ပုံမှန် အလုပ် ဆင်းရန် မလိုသော မိသားစု ဖြစ်၍ မိဘ ဆွေမျိုး အားလုံး ကလေးနားတွင် တစ်ချိန်လုံး တရုန်းရုန်း ရှိကုန်၏။ လူလေးသည် တစ်ယောက်လက် တစ်ယောက် ချီပိုး ယုယခံရင်း အိပ်ချိန် စားချိန်များလည်း သိပ်မမှန်လှချေ။ လူလေး၏ မိဘများသည် လူလေးအား အလုပ်သို့ပါ ခေါ်သွားကြသည် ဖြစ်၍ လူလေးသည် မိဘနှင့် ရင်အုပ်မကွာ ကြီးပြင်းခွင့် ရလေသည်။ ဘိုးဘွား မိဘ ဆွေမျိုး တရုန်းရုန်းနှင့် အလိုလိုက်ခံရသဖြင့် လူလေးမှာ အနည်းငယ် ဆိုးချင်ပုံ ရ၏။ မည်သို့ဆိုစေ လူလေးသည်လည်း သဘာ၀ အလျောက် လေးဘက်ထောက်လို ထောက်၊ မှောက်လို မှောက်၊ လမ်းစမ်းလျှောက်လို လျှောက်ဖြင့် လေးနှစ် အရွယ် ရောက်လတ်သော် မူကြိုသို့ ပို့ခံရလေ၏။ သို့သော် လူလေး မလုပ်လိုသည်ကို အတင်း ခိုင်းတတ်သော မိသားစု မဟုတ်၍ လူလေး ဂျီကျသော် အိမ်မှာသာ ဆရာ ခေါ်သင်လေသည်။ ဤသို့ဖြင့် လူလေးသည်လည်း စက်ရုပ်လေးကဲ့သို့ ဝလုံး ရေးတတ်လျက် ငါးနှစ်တွင် ကျောင်းနေရန် အသင့် ရှိလေသည်။
ငါးနှစ်မှ အသက် နှစ်ဆယ်
(မူလတန်း)
အချိန်မှန် ကျောင်းတက်ခြင်း၊ အချိန်မှန် ကျောင်းဆင်းခြင်း၊ အချိန်နှင့် စားခြင်း၊ အချိန်မှန် စာသင်ကြားခြင်းတို့သည် စက်ရုပ်လေး အတွက် အသားကျပြီးသား ဖြစ်၍ ကျောင်းတွင်လည်း အိမ်တွင် နေသကဲ့သို့ အဆင်ပြေ၏။
အချိန်နှင့် အလုပ် လုပ်နေကျ စက်ရုပ် မဟုတ်သော လူကလေးမှာ အခက် တွေ့ရှာ၏။ ကျောင်းတက်ချိန် နီးသည့်တိုင် အိပ်ရာမှ မနိုးခြင်း၊ ကျောင်းလွှတ်သွားသော်လည်း အိမ်မပြန်လိုသေးခြင်း၊ ထမင်း စားချိန် မတိုင်မီ ဗိုက်ဆာလာ၍ ငိုရခြင်း၊ စာသင်ချိန် ကြာ၍ ပျင်းလာကာ လှုပ်လှုပ် ရွရွ လုပ်၍ ဒဏ်ပေးခံရခြင်းများ ကြုံရလေ၏။ ကြာသော် လူ့သဘာဝ နေသားကျသွား၏။
(အလယ်တန်း)
ဆိုဆုံးမမှုကို အဆင့်ဆင့် နာခံရသော မိသားစု ပုံစံ အတိုင်း စက်ရုပ်ကလေးသည် ကျောင်းတွင် နေထိုင် ဆက်ဆံ၏။ ရွယ်တူများနှင့် အလွန် ရင်းနှီးခြင်း၊ အလွန်စိမ်းကားခြင်း မရှိ၊ ဆရာ ဆရာမများအား မိမိ အိမ်မှ စက်ရုပ် လူကြီးများကဲ့သို့ ဆက်ဆံ၏။ စည်းကမ်းများကို လိုက်နာ၏။ စာကို ကောင်းစွာ သင်အံ ကြိုးစား၏။ လစဉ် နှစ်စဉ် စာမေးပွဲများတွင် အလွန်အမင်း နိမ့်သွားခြင်း မြင့်လာခြင်း မရှိ၊ မိမိ၏ စက်ရုပ် မိသားစု သွန်သင်သကဲ့သို့ စက်ရုပ်ကောင်း ဖြစ်ရန်နှင့် အလုပ်အကိုင်ကောင်းတွင် အသားကျသွားရန်သာ ရည်ရွယ်လျက် ပုံမှန် ကြိုးစားနေ၏။
ဆိုဆုံးမမှုများ၊ စည်းကမ်းများကို အထွန့်တက်ချင် မသိချင်ယောင်ဆောင်တတ်သည်မှ လွဲ၍ လူကလေးမှာ ကျောင်းတွင် ပျော်လေသည်။ စတတ် နောက်တတ်သော်လည်း ကူညီတတ်သူ ဖြစ်၍ ရွယ်တူများ ကြားတွင် လူကလေးအား ခင်သူ ပေါ၏။ တစ်နေ့ မတွေ့ရ မနေနိုင်၍ နေမကောင်းလျက်ပင် ကျောင်းတက် လည်ပင်းဖက် ပေါင်းကြသော သူငယ်ချင်းများ ရှိသလို လူကလေးနှင့် နည်းနည်းမှ ကြည့်မရ ဖြစ်ကြကုန်သူတို့လည်း ရှိ၏။ ဆရာ ဆရာမတို့အား သူ့အိမ်မှ မိဘ၊ ဦးလေး၊ အဒေါ်တွေလို၊ သဘောထား ဆက်ဆံ၏။ ထို့ကြောင့် လူကလေးအား လွန်စွာ ချစ်သော ဆရာ ဆရာမများ ရှိသကဲ့သို့ မြင်ရုံနှင့် လူကလေးအား ပုံစံ ပေးချင်နေသော ဆရာ ဆရာမများလည်း ရှိလေသည်။ စာကို စိတ်ပါသလို သင်သည်ဖြစ်၍ စာမေးပွဲ ကျသည့် အခါ ကျလျက် ပထမ စွဲချင် စွဲနေတတ်၏။ စာမေးပွဲ ကျလျှင် အတွယ်ခံရ၍ ပထမ ထွက်လျှင် ချီးကျူးခံရ၏။ ထို့ကြောင့် လူကလေးသည် ကျောင်းတွင် ဉာဏ်ကောင်းသော်လည်း ဆိုးချင်သည် ဟူ၍ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ အသိ များနေလေသည်။
(အထက်တန်း)
စက်ရုပ်လေး ဘဝ အတွက် အရေးကြီးလှသော အလှည့်အပြောင်း ကာလ တစ်ခုကို ကြုံတွေ့နေရပြီ ဖြစ်သည်။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကောင်း တစ်ခုခုသို့ ဝင်ခွင့် ရရန်မှာ များစွာသော စက်ရုပ် မိသားစုများမှ နောင်လာနောက်သား စက်ရုပ်များ အတွက် အသက်တမျှ အရေးကြီးလှသော ကိစ္စ ဖြစ်၏။ ထို့ကြောင့် စက်ရုပ်လေး အတွက်အားလပ်ချိန် မရှိသလောက် ဖြစ်နေ၍ ကျောင်းနှင့် အိမ်၊ အိမ်နှင့် စာ၊ စာနှင့် အစမ်း စာမေးပွဲများ၊ စာမေးပွဲများနှင့် ရလဒ် တိုးတက်အောင် အပတ်တကုတ် ကြိုးစားရခြင်းတို့ ကြားတွင် မသိမသာ စက်ရုပ် ပီသစ ပြုလာရလေပြီ။ နိစ္စဓူဝ အချိန် ဇယားမှာလည်း အတိအကျ ချမှတ်ထားပြီးသား ဖြစ်လာရုံမက စက်ရုပ်လေး၏ ပတ်ဝန်းကျင်တွင်လည်း စက်ရုပ်နှင့် လူ ကွဲပြားသော အပေါင်းအသင်းများ ရှိလာပြီ ဖြစ်၏။ စက်ရုပ်လေးများ အားလုံး၏ အတွေးတွင် အမှတ် ကောင်းကောင်း ရရှိရန်နှင့် တက္ကသိုလ် ကောင်းကောင်းသို့ ဝင်နိုင်ရန် တစ်ခုတည်းသော အတွေးဖြင့်သာ နေ့စဉ် ဖြတ်သန်း အသက်ရှင်နေကြလေပြီ။ စက်ရုပ်လေးများနှင့် စက်ရုပ် မဟုတ် သူလေးများ ကြားမှ မသိသာလှသော ပဋိပက္ခငယ်များ စတင် သန္ဓေတည်လာသည်နှင့် အမျှ ကွဲပြားသော အုပ်စုလေးများ ဖြစ်သွားကြလေသည်။ မည်သို့ဆိုစေ စက်ရုပ်လေးသည် စက်ရုပ်ကြီးများကိုသာ အစဉ်တစိုက် အားကျ အတုယူခဲ့ရသည် ဖြစ်၍ စက်ရုပ်ကောင်း တစ်ရုပ် ဖြစ်လာရန်သာ ပုံမှန် လည်ပတ်နေလေသည်။
လူကလေးသည် အကဲစမ်းသော အရွယ်၊ စိတ်ကစားသော အရွယ်သို့ ရောက်လာပြီ ဖြစ်သည့် အလျောက် ဗရုတ်သုတ်ခ နိုင်ပုံ ရလေ၏။ မိမိ ကျင်လည်လျက် ရှိသော ပတ်ဝန်းကျင်သည် လူ့လောကကြီးနှင့် စာသော် ပိစိကွေး သေးသေးလေး ဖြစ်သော်လည်း သူကမူ စကြာဝဠာလောက် မှတ်နေ၏။ မိသားစုထက် အပေါင်းအသင်းကို ပိုမို ခင်တွယ်၍ လူကြီးများ အားလုံး ရုတ်တရက် ဒိတ်အောက်ကုန်ကြပြီ ထင်နေ၏။ လူကြီးများ၏ မျက်စိတွင်မူ ကိုးရိုးကားရား ဆောင့်ကြွားကြွား နိုင်လှ၏။ လူကလေး စိတ်သည် အပြောင်းအလဲ မြန်လှသည်။ တစ်ခါတစ်ရံ စာ ကြိုးစားရန် စိတ်သန်၍ တစ်ခါတစ်ရံ ကျောင်းမတက်ဘဲ အိမ်မှာ နေမည်ဟု ခွတိုက်၏။ တစ်ခါတစ်ရံ အပေါင်းအသင်းများနှင့် ကစား ခုန်စား သွားလာ လည်ပတ်ရန် စိတ်ပါလှ၍ တစ်ခါတစ်ရံ တစ်ဦးတည်း နေကာ စာကျက်ချင် ကျက်နေ၏။ လူကလေးသည် လူပီသစွာ စဉ်းစား တွေးခေါ်စ ပြုလာပြီ ဖြစ်သည်။ ဂီတ၊ ကဗျာ၊ စာ၊ ရသတို့ကို မြည်းစမ်းစ ပြု၏။ မည်မည်ရရ လွမ်းစရာလူ မရှိသော်လည်း ဆွေးချင် ဆွေးနေတတ်၏။ ရည်းစား ထားချင်သလိုလို ဖြစ်သော်လည်း တကယ်တမ်းကျ ဘယ်သူ့မှ သူ မကြိုက်လှချေ။ သူ့အား ဆိုဆုံးမလျှင် ရုတ်တရက်အားဖြင့် မှုန်တေကာ ကလန်ချင်ပုံ ရသော်လည်း ကောင်းသော ဆိုးသော သဘောကို သူ့ဟာသူ ပြန်စဉ်းစားသည်ဖြစ်၍ ပိုးစိုးပက်စက် မမှားဘဲ ရှိလေ၏။ လူကလေး၏ အုပ်ထိန်းသူများမှာလည်း လူရည်လည်လှသော စီးပွားရေးသမား လူနပ်များဖြစ်၍ လူကလေးအား အလွန်အမင်း တင်းကျပ်ထားခြင်း မရှိလှဘဲ ဆင် ကျုံးသွင်းသလို စိတ်ရှည်ရှည်ဖြင့် ထိန်းကျောင်း ပြုပြင် မောင်းနှင်ကြကုန်၏။ ထို့ကြောင့် လူကလေးသည် စာကျက် တစ်ခါ၊ ပြဿနာ ရှာကာ တစ်လှည့်နှင့် ထက်မြက်စွာ လည်ပတ်လျက် ရှိလေသည်။
(တက္ကသိုလ်)
စက်ရုပ်ငယ်နှင့် လူငယ်သည် အထက်တန်း အတူတူ အောင်ကြလေပြီ။
စက်ရုပ်ကြီးများ ရည်ရွယ်ထားသော တက္ကသိုလ်သို့သာ ဆက်သွားရမည် ဖြစ်၍ စက်ရုပ်ငယ်မှာ တည်ငြိမ်စွာ ရှိ၏။
လူငယ်မှာ ဗျာများနေလေသည်။ ဘယ်တက္ကသိုလ်သို့ သွားတက်ရမှန်း မသိ ဖြစ်၏။ ဆွေမျိုး အသိုင်းအဝိုင်းက လူ့သဘာဝ ဝိုင်း၍ ဟိုဟာ လျှောက်ပါလား သည်ဟာ လျှောက်ပါလား စသဖြင့် အလကားရသော အကြံဉာဏ်များ ပေးကြ၏။ လူငယ် ကိုယ်တိုင်လည်း ဟိုဟာ ကောင်းနိုး သည်ဟာ ကောင်းနိုးနှင့် ယီးတီးယားတား ဖြစ်၏။ နောက်ဆုံး မိဘများက မိမိ အမှန်တကယ် စိတ်ဝင်စားသော ဘာသာရပ်ဆိုင်ရာ တက္ကသိုလ် တစ်ခုခုကို လူငယ် ကိုယ်တိုင် စဉ်းစား ရွေးချယ်၍ လျှောက်ထားရန် ဆုံးဖြတ်ပေးလိုက်မှ နေရာကျသွားလေသည်။
စက်ရုပ်ငယ်၏ တက္ကသိုလ် ကျောင်းသား ဘဝမှာ ကိစ္စ မများလှချေ။ ပထမနှစ်မှ နောက်ဆုံးနှစ် အထိ ပုံမှန်သာ ဖြတ်သန်းသွား၍ ဘွဲ့ရသော် အုပ်ထိန်းသူ စက်ရုပ်ကြီးများ နေရာ ချထားပေးသော သူ့ကဲ့သို့ စက်ရုပ်မလေး တစ်ရုပ်နှင့် အိမ်ထောင်ကျသွားလေသည်။
လူငယ်၏ တက္ကသိုလ် ကျောင်းသား ဘဝမှာမူ ထွေပြားလှလေသည်။ ပထမနှစ်တွင် အပါးမဝသေးသော အူကြောင်ကြောင် ဖရက်ရှာ ဖြစ်သော်လည်း စပ်စပ်စုစုနှင့် မိမိ တက္ကသိုလ်တွင် သာမက အခြား တက္ကသိုလ်တကာကိုပါ လျှောက်သွား ပျော်ပါးနေ၍ စီနီယာများ အကြိမ်ကြိမ် နှပ်ချခြင်းကို ခံရ၏။ ဒုတိယနှစ်တွင် အတန်ငယ် လည်လာပြီဖြစ်၍ နယ်တကာမှ လာရောက် ပေါင်းဖက်မိကြသော အပေါင်းအသင်းများနှင့် တရုန်းရုန်း ဖြစ်နေလေသည်။ တတိယနှစ်တွင် ကျွမ်းကျင် အဆင့်သို့ တက်လှမ်းမိ၍ အသင်းအပင်း တကာတွင် လူရာဝင်နေရုံမက တစ်ယောက်စ နှစ်ယောက်စ ရည်းစားပါ လျှောက်ထားကြည့်လေရာ အထမမြောက်ခဲ့သော်လည်း သူက ခိုးပြေးရန် ကြံဖူးသော သူငယ်မ နှစ်ယောက်နှင့် သူ့ကို ခိုးပြေးရန် ကြံဖူးသော သူငယ်မတစ်ယောက်ကို ကြုံရလေသည်။ တက္ကသိုလ်၏ နောက်ဆုံးနှစ်များတွင်မူ သူ လူကြီး ဖြစ်သွား၍ တက္ကသိုလ် ကျောင်းသား ပေါက်စများကို ဆရာ လုပ်ကာ သူ့တွင် မွေးရာပါသော ဝါသနာ ဗီဇ အနုပညာ လောကဘက်သို့ မရဲတရဲ ခြေလှမ်း စလျက် ရှိရာမှ ဘွဲ့ရသည် ရှိသော် အနုပညာ လောကသို့ တစ်ခါတည်း ခြေစုံပစ် ဝင်ချသွားလေသည်။
ဘွဲ့ရမှ အသက် ၃ဝ
စက်ရုပ်ငယ်သည် စက်ရုပ် ပီပီပြင်ပြင် ဖြစ်သွားပြီ ဖြစ်သည်။ စက်ရုပ်ငယ် ဇနီးမောင်နှံသည် အလုပ်သင် စက်ရုပ်များ ဘဝနှင့် ခရီးစကြလျက် တာဝန်ကျရာ ဒေသများသို့ လှည့်လည် တာဝန် ထမ်းဆောင်ကာ စက်ရုပ် ဘဝကို ကျေနပ်စွာ ခံယူကြလေသည်။ စက်ရုပ် အသိုင်းအဝိုင်းကြီးမှ စက်ရုပ်ငယ် မောင်နှံကို ဂုဏ်ယူစွာ ကြိုဆိုကြလျက် စက်ရုပ် တစ်ကောင် ဖြစ်ရခြင်း၏ ကျေနပ်ဖွယ် ကောင်းသော ဘဝကို ဆက်လက် ဖြားယောင်းကြကုန်၏။ စက်ရုပ်ငယ်သည် အလုပ်၊ လခနှင့် မိသားစုမှလွဲ၍ မည်သည့် အရာကိုမှ တွေးတောခြင်း မပြုတော့ဘဲ တာဝန် ကျေပွန် နိုင်ရန်သာ ကြိုးစားရင်း မိမိ၏ စက်ရုပ် မျိုးဆက်သစ် သားငယ်၏ ဖခင် စက်ရုပ် ဘဝကို ခံယူ ရရှိခဲ့လေသည်။ စက်ရုပ်ငယ်သည် တစ်ခါက ကျောင်းနေဖက် သူငယ်ချင်း လူငယ်နှင့် တွေ့သည့် အခါတိုင်း မိမိ ကိုယ်တိုင် သတိမထားမိဘဲ စက်ရုပ် တစ်ကောင်၏ လုံခြုံ စိတ်ချ အာမခံရှိသော ဘဝကို ဆွယ်တရား ဟောမိလျက်သား ဖြစ်လျက် ရှိလေသည်။ ထို့ပြင် မိမိ၏ သားငယ်အား မိမိ ကြီးပြင်းခဲ့သော စက်ရုပ် ပုံစံအတိုင်း ပြုစု ပျိုးထောင်ပေးလျက် ရှိလေသည်။
လူငယ်၏ ဘဝသည် လူပီသစွာ စတင်ခဲ့လေပြီ။ မာနနှင့် ယုံကြည်မှု သည် ဒုက္ခနှင့် ပေါင်းကာ လူငယ်နှင့် အသေအကြေ တိုက်ပွဲ ဆင်နွှဲလေသည်။ နောင်တနှင့် စိတ်ပျက် အားငယ်မှုသည် အကြိမ်ကြိမ် သူလျှို လုပ်၍ လူငယ်ကို မကြာခဏ အလဲထိုး၏။ အတွေ့အကြုံ နုနယ်ခြင်းနှင့် လုပ်ငန်း ကျွမ်းကျင်မှု မပြည့်စုံခြင်းတို့ ကြားတွင် လူငယ်သည် နိမ့်ပါးစွာ ယုံကြည် တိုက်ခိုက်လျက် ရှိလေသည်။ ထိုသို့ဖြင့် လူငယ်သည် သူ့ဘဝအတွက် အမှန်တကယ် လိုအပ်သော လက်တွဲဖော် တစ်ယောက်အား သူ့ကို ယုံကြည်ခြင်း မရှိသော ပတ်ဝန်းကျင်၏ သံသယများနှင့် အတူ ဆုံးရှုံးခဲ့ရသော်လည်း သည်းခံ စိတ်ရှည်ခြင်း၊ ဇွဲကောင်းခြင်းနှင့် ရင့်ကျက် တည်ငြိမ်လာခြင်းတို့ကို လုပ်ဖော်ကိုင်ဖက် အဖြစ် ရရှိခဲ့လေသည်။ သူသည် လူပီသစွာ နိမ့်ပါး ကြိုးစားလျက် ရှိစဉ် သူနှင့် ကျောင်းနေဖက် စက်ရုပ်ငယ်၏ တည်ငြိမ်ခါစ ဘဝကို မကြာခဏ အားကျမိခဲ့လေသည်။ တစ်ကောင် ကြွက် ဖြစ်လျက် ရှိသော လူငယ်သည် သူငယ်ချင်း စက်ရုပ်ငယ် မိသားစုနှင့် တွေ့ဆုံမိတိုင်း သူငယ်ချင်း၏ စက်ရုပ် ဖြစ်အောင် ဆွယ်တရား ဟောခြင်းနှင့် သူငယ်ချင်း ဇနီး၏ မနှစ်မြို့စွာ နှိမ်လိုသော မျက်လုံးများကို လက်ခံ ရရှိလေ၏။ သို့သော် လူငယ်သည် ပြုံး၍ ခေါင်းခါခြင်းဖြင့်သာ ထိုအရာတို့ကို ပုံစံ တစ်မျိုးတည်းဖြင့် တုံ့ပြန်ခဲ့လေသည်။
အသက် ၃ဝ မှ ၄ဝ
စက်ရုပ် တစ်ရုပ်၏ ဘဝ သက်တမ်း တစ်လျှောက်တွင် ခိုင်း၍ အကောင်းဆုံး ကာလ ဖြစ်ကြောင်း စက်ရုပ်ငယ်၏ အုပ်ချုပ်သူ စက်ရုပ်ကြီးများ သိထားပြီးသား ဖြစ်၍ စက်ရုပ်ငယ်ကို စွမ်းအားကုန် မောင်းနှင်လျက် ရှိသည်။ စက်ရုပ်ငယ်သည် မည်သည့် ကိစ္စကိုမျှ ရပ်တန့် စဉ်းစားနေချိန် မရှိအောင် တာဝန်များကို ဆက်တိုက် လုပ်ကိုင်ရကာ အလုပ် အလွန်များလေသည်။ စက်ရုပ်ငယ်သည် သူ၏ ပတ်ဝန်းကျင် တဖြည်းဖြည်း ကျဉ်းမြောင်းလာနေခြင်းကို သတိမမူမိရှာဘဲ အလုပ်နှင့် အိမ်၊ အိမ်နှင့် အလုပ်ကြားတွင် ကျေနပ်စွာ ရုန်းကန်ရှာလေသည်။ စက်ရုပ်ငယ်၏ စွမ်းဆောင်နိုင်ရည်ကို ကြည့်၍ လခ တိုးပေးခြင်း၊ တစ်ခါတစ်ရံ စက်ရုပ်ငယ်၏ ရာထူးကို တစ်ဆင့်ပြီး တစ်ဆင့် မြှင့်တင်ပေးခြင်း ဆုလာဘ်များ ရရှိချိန်တွင် စက်ရုပ်ငယ်သည် ပျော်ရွှင်စွာ ကြိုးစားလျက် ရှိလေသည်။ မိမိ စိတ်တိုင်းကျ နေရာဒေသ များစွာသို့ လှည့်လည် သွားလာခြင်း၊ မိမိ အလုပ်နှင့် မသက်ဆိုင်သော အခြား ပတ်ဝန်းကျင်များ၏ တိုးတက်မှု ဆုတ်ယုတ်မှုတို့ကို လေ့လာခြင်း၊ အသိ မိတ်ဆွေ အသစ် အဆက်အသွယ် အသစ်များ ရရှိနိုင်ရန် အသိုင်းအဝိုင်း အသစ်များသို့ ချဲ့ထွင် ဝင်ရောက်ခြင်း၊ မိမိ တတ်မြောက် ထားသော ပညာရပ် အပြင် ခေတ်ပေါ် ပညာ ရှေးဟောင်း ပညာ ဖျော်ဖြေရေး အနုပညာ လူမှု စီးပွားရေး ဒဿန ပညာတို့မှာ စက်ရုပ်ငယ် အတွက် သက်ဆိုင်ခွင့် ရှိနေသေးသော်လည်း ကျဉ်းမြောင်းသော အလုပ်နှင့် မိသားစုကြားတွင် စက်ရုပ်ငယ်မှာ ပိတ်မိနေရှာပြီ ဖြစ်သည်။ သို့သော် စက်ရုပ်ငယ် အတွက်မူ အလုပ်နှင့် မိသားစုမှ လွဲ၍ ဘာမှ စိတ်ဝင်စားဖွယ် မကောင်း ဟူသော စက်ရုပ် ဒဿနမှာ အံဝင်ခွင်ကျ ဖြစ်နေလေသည်။ ထိုသို့ဖြင့် ဤဆယ်စုနှစ်တွင် စက်ရုပ်ငယ်သည် အလုပ်အကိုင် မှားယွင်းမိခြင်းကြောင့် တစ်ကြိမ်၊ ကျန်းမာရေးကြောင့် နှစ်ကြိမ်၊ မိသားစု အရေးကိစ္စကြောင့် တစ်ကြိမ် အနည်းငယ်သော အနှောင့်အယှက်မျိုး ကြုံရသည်မှ အပ သာမန်အားဖြင့် အဆင်ပြေလျက် ရှိလေသည်။
လူငယ်မှာ မိမိ၏ ဘဝ သက်တမ်း တစ်လျှောက်လုံးသည် မိမိ တက္ကသိုလ် တက်ခဲ့စဉ်က တက္ကသိုလ် ကျောင်းသား ဘ၀ ကာလ တစ်ခုနှင့် အမှတ်မထင် ဆင်တူလျက် ရှိကြောင်းကို တွေ့ရှိလေသည်။ အသက် ၃ဝ အရွယ် အထိ မိမိသည် လူ့လောကတွင် မနူးမနပ် ပထမနှစ် ဖရက်ရှာ ကျောင်းသားသစ် သဖွယ် ရှိခဲ့ကြောင်း မြင်လေသည်။ ကြီးမားသော လောက ပတ်ဝန်းကျင် တစ်ခုသို့ ရုတ်တရက် ဝင်ရောက်မိခြင်း၊ မိမိကိုယ် မိမိသာ ထိန်းကျောင်း အားကိုးရန် လိုအပ်ခြင်း၊ အတွေ့အကြုံ ရင့်ပြီး သူများ၏ ချောက်ချခြင်း ကူညီခြင်းများ ကြုံရခြင်း၊ မိမိ အတွက် လိုအပ်သော အသိုင်းအဝိုင်းနှင့် ပညာကို မိမိ ကိုယ်တိုင် ကြိုးစား ရှာဖွေရခြင်းတို့သည် လက်ရှိ ဘဝနှင့် ကိုက်ညီနေကြောင်း တွေးတောမိလေသည်။ ထို့ကြောင့် လူငယ်သည် အသက် သုံးဆယ်မှ စ၍ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားသဖွယ် ဆယ်စုနှစ် တစ်ခုကို ဖြတ်သန်းရန် ပြင်ဆင်လေတော့၏။ ရရှိပြီးသော အတွေ့အကြုံ အဖြစ်အပျက်များ အသိုင်းအဝိုင်းများကို အားယူ၍ စိတ်ဓာတ်နှင့် ဘဝကို ခိုင်မာစွာ အထိုင်ချနိုင်ရန် ကြိုးစား၏။ နယ်ပယ် ဒေသ အသီးသီးသို့ သွားလာ၍ မိမိ၏ ပတ်ဝန်းကျင်ကို ချဲ့ထွင်၏။ မိမိ အတွက် လိုအပ်သော ပညာနှင့် အတွေ့အကြုံများ ထပ်မံ ရှာဖွေ၏။ ထို့ကြောင့် လူငယ်သည် ဒုက္ခနှင့် အမှားအယွင်း များစွာကို ထပ်မံ ရရှိရုံမျှမက ဘဝ အတွက် တန်ဖိုးရှိလှသော သင်ခန်းစာကောင်းများကိုပါ ရှာဖွေ တွေ့ရှိလာလေတော့သည်။ ထိုသို့ဖြင့် လူငယ်သည် သူ ကျင်လည်ရာ အနုပညာ နယ်ပယ်တွင် တဖြည်းဖြည်း နာမည် ရလာသကဲ့သို့ ကျယ်ပြန့် များပြားလှသော အသိ မိတ်ဆွေ အပေါင်းအသင်းများနှင့် ကောင်းခြင်း ဆိုးခြင်းများကို ဖြည့်ဆည်းမိလာလေသည်။ ဤဆယ်စုနှစ် ကာလဝယ် လူငယ်သည် ငယ်သူငယ်ချင်း စက်ရုပ်နှင့် အံ့သြဖွယ် ကောင်းစွာ တစ်ကြိမ် တစ်ခါမျှ ပြန်လည် ဆုံတွေ့ခြင်း မရှိခဲ့သော်လည်း စက်ရုပ် ကမ္ဘာမှ စက်ရုပ်လတ် စက်ရုပ်ကြီး အချို့နှင့် သိကျွမ်း ရင်းနှီးခဲ့သည်သာမက ဒုက္ခ ပေါင်းစုံ ရောက်ခဲ့သော်ငြား ယိုင်တိုင် ယိုင်တိုင်နှင့် သူ့ ခြေထောက်ပေါ် သူ ရပ်နိုင်စ ပြုလာခဲ့လေသည်။
အသက် ၄ဝ မှ ၅ဝ
စက်ရုပ်၏ မိဘများ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြချိန်တွင် စက်ရုပ်သည် စက်ရုပ်လတ် တစ်ရုပ် ဖြစ်နေ၏။ ကြီးမားသော တာဝန် တစ်ခုကို ထမ်းဆောင်ရကာစ အရပ်တစ်ပါးသို့ ရောက်နေ၍ ရရှိသော ခွင့်ရက် အနည်းငယ် အတွင်း ကတိုက်ကရိုက် ပြန်လာ စီမံ ကြည့်ရှု၍ လုပ်ငန်းခွင်သို့ ပြန်သွားရလေသည်။ စက်ရုပ်၏ သားငယ်သည်လည်း ပညာ စုံ၍ ရေမြေ ရပ်ခြား တစ်နေရာတွင် စက်ရုပ် လုပ်ရန် ရောက်ရှိသွားပြီး ဖြစ်သည်။ စက်ရုပ်၏ လက်တွဲဖော် စက်ရုပ် ကတော်မှာလည်း အလုပ် တာဝန်ဖြင့် အခြား တစ်နေရာတွင် တာဝန် ထမ်းဆောင်လျက် ရှိလေသည်။ ဤတွင် စက်ရုပ်သည် ပထမဦးဆုံး အကြိမ် သူ့ဘဝကို ရပ်တန့် စဉ်းစားလေသည်။ စက်ရုပ် တစ်ရုပ် ဘဝနှင့် လူတစ်ယောက် ဘဝကို နှိုင်းယှဉ်ကြည့်၏။ စက်ရုပ်သည် တစ်ခါက သူ့ ကျောင်းနေဖက် သူငယ်ချင်း လူကို သတိရလာသဖြင့် တွေ့ချင်လာလေသည်။ သို့သော် စက်ရုပ် ပီသစွာ လက်ရှိ အခြေအနေ ယိမ်းယိုင်သွားမည်ကို ကြောက်နေရုံမက ယခု ထမ်းဆောင်နေသော ကြီးမားသည့် တာဝန်ကို ကျေပွန်ပါလျှင် ရှေ့တွင် တက်လမ်း ကောင်းသည်ကို သတိရပြန်၍ သူငယ်ချင်း လူကို နောင် ခွင့်ရမှ တွေ့တော့မည်ဟု ဆုံးဖြတ်လျက် အလုပ်ထဲသို့ ပြန်သွားလေ၏။ ထိုသို့ဖြင့် စက်ရုပ်သည် လုပ်ငန်းခွင်တွင် ပြန်လည် လည်ပတ် နေလျက် ၄င်း၏ အရည်အချင်းနှင့် လုပ်သက် အတွေ့အကြုံတို့ကြောင့် အသက် ၅ဝ နီးသော် စက်ရုပ်ကြီး ဖြစ်နေလေသည်။
လူသည် ဤဆယ်စုနှစ်ကို သူ့ ဒဿန အတိုင်း တတိယနှစ် တက္ကသိုလ် ကျောင်းသားကဲ့သို့ မဖြတ်သန်းနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်နှင့် သူ့လုပ်ငန်း ရုတ်တရက် အောင်မြင်သွား၍ ကိုးရိုးကားရား ဘဝတွင် ဘွဲ့ရသွားသလို ဖြစ်သွားသောကြောင့်တည်း။ ထိုသို့ ဖြစ်ရန် ရည်ရွယ် ကြိုးစားခဲ့သည် မှန်သော်လည်း ထင်မှတ်ထားသည်ထက် ပိုမို ရရှိလာသော အခါ လူပီသစွာ ပျာယာခတ်လေသည်။ လူသည် သူ့ထံသို့ ခပ်ဖြီးဖြီးနှင့် ခေါင်းလျှို ဝင်လာသော လောဘနှင့် မာန သမီးယောက်ဖ နှစ်ယောက်ကို ခေါ်ထားမိလေသဖြင့် များစွာ ပူလောင် နေလေသည်။ လောဘက မြှောက်ပေး၍ လုပ်ငန်းများကို အဆက်မပြတ် တိုးချဲ့ လုပ်ကိုင်မိလျက် မာနက သွေးထိုးသဖြင့် လက်တွဲဖော်ဟောင်းများနှင့် ပတ်ဝန်းကျင်ကြား ဆောင့်ကြွားကြွား လုပ်ချင်လာလေသည်။ သို့သော် သူ၏ ငယ်ပေါင်းကြီးဖော် သတိကောင်းခြင်းက ကယ်တင်လိုက်၏။ လူသည် သူနှင့် သူ့လုပ်ငန်းများ အောင်မြင်နေချိန်တွင် မထင်မှတ်ဘဲ သူ၏ မိဘ နှစ်ပါးကို လက်လွတ် ဆုံးရှုံးလိုက်ရလေသည်။
ဤတွင် လူသည် လူ့ဘဝကို ရပ်တန့် စဉ်းစား၍ ဘယ်အရာမှ စိတ်မချရသော အဖြစ်ကို သိမြင်သွားလေသည်။ သူ့ကို ဒုက္ခပေးနေသော လောဘနှင့် မာန်မာနကို လက်ပူးလက်ကြပ် မိ၍ နားရင်း ပါးရင်း ရိုက်ပြီး နှင်ချလိုက်သောအခါ လူသည် သူ့ဘဝ၏ အဖြစ်အပျက် များစွာကို ပြန်လည် မြင်ယောင်လာကာ တစ်ကောင်ကြွက် ဘဝနှင့် နေထိုင်လျက် ရှိသော သူ့ကိုယ်သူနှင့် မြောက်မြားလှစွာသော သူ့ ပတ်ဝန်းကျင်မှ အဖော် အပေါင်း အတုအယောင်များကို တွေ့ရှိသည်သာမက သူ နေထိုင်နေသော လောကကြီး အတွက် ဘာမှ လုပ်ကိုင်ပေးခြင်း မရှိခဲ့မိသည်ကို တွေ့လာလေသည်။ ဤကြားထဲ လူသည် အသက်က စကားပြောလာသံ ဖြစ်သော ရောဂါ တစ်ခု ရ၍ ဆေးရုံ တက်ရလေရာ သေမင်း၏ ဝတ်ရုံကို တစ်စွန်းတစ်စ တွေ့လိုက်ရသဖြင့် အလန့်ကြီး လန့်ကာ အောင်မြင်မှုနှင့် ပိုင်ဆိုင်မှုများ အပေါ် သံယောဇဉ် နည်းသွားလေသည်။ ထိုသို့ဖြင့် လူသည် ဆေးရုံမှ ဆင်းသော် သူ၏ အရှိန်အဝါ သြဇာ ပိုင်ဆိုင်မှုတို့ဖြင့် ပရဟိတ ဘိုးဘွား ရိပ်သာ တစ်ခုကို ပန္နက်ချလိုက်လေ၏။ ထို့နောက် ရှိပြီးသား လုပ်ငန်း များကိုသာ ပုံမှန် လည်ပတ်စေလျက် အေးချမ်းသော ဒေသများသို့ ခရီး လှည့်လည် သွားလာခြင်း၊ ကိုးကွယ် ယုံကြည်မှုနှင့် ဘာသာတရားကို လေ့လာ၍ လှူခြင်း တန်းခြင်းများ ပြုလုပ်နေလေသည်။
အသက် ၅ဝ မှ ၆ဝ
စက်ရုပ်ကြီးသည် အသက် ကြီးလာသည်နှင့် အမျှ တာဝန် ကြီးကြီး ထမ်းဆောင်နေရလေသည်။ စက်ရုပ် လောကတွင် ဤအသက်အရွယ် တာဝန်ကြီးကြီး ကိုင်တွယ် ထမ်းဆောင်နေသော စက်ရုပ်ကြီးများကို စက်ရုပ်လတ်၊ စက်ရုပ်ငယ်များက ဘုရားတစ်ဆူ ဂူတစ်လုံး သဖွယ် ကြည်ညို လေးစားကြလေသဖြင့် စက်ရုပ်ကြီးမှာ မသိမသာ အရသာ တွေ့လျက် စက်ရုပ် ဘဝကို အားရနေလေသည်။ ထို့ကြောင့် အနီးအနား စက်ရုပ်များကို စက်ရုပ်ကောင်း ဖြစ်လာရန်သာ အခါအခွင့် သင့်တိုင်း ဆုံးမလေသည်။ သို့သော် မထင်မှတ်ဘဲ စက်ရုပ်ကြီး ကတော်သည် လူကြီး ရောဂါဖြင့် ဘဝ တစ်ပါး တိမ်းပါး ထွက်ခွာသွားလေရာ စက်ရုပ်ကြီးမှာ သေမင်း၏ အသံကို လော်စပီကာနှင့် ကြားလိုက်သကဲ့သို့ အလွန် ထိတ်လန့်သွား၏။ ဤသို့ဖြင့် စက်ရုပ်ကြီးသည် စက်ရုပ် ဖြစ်ရသော ဘဝကို ပထမဆုံး အကြိမ် သင်္ကာမကင်း ဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်း များစွာက ကျောင်းနေဖက် လူအကြောင်း သတိရသဖြင့် စုံစမ်းရာ ထင်သလို သွားလာ နေထိုင်နေသော လူကို ပထမဆုံး အကြိမ် အားကျသလို ဖြစ်မိ၏။ သို့ရာတွင် မိမိ ဝန်းကျင်မှ စက်ရုပ်လတ် စက်ရုပ်လေးများကို တွေ့ပြန်လေရာ တစ်ချိန်က မိမိ၏ စက်ရုပ်ငယ် ဘဝကို အားရနေပြန်သဖြင့် စက်ရုပ် ဖြစ်ခြင်းနှင့် လူဖြစ်ခြင်းကြား မည်သည့်ဘက်မှ အလေးမသာဘဲ နေမြဲ ရှိနေပြန်လေသည်။ ထိုသို့ဖြင့် စက်ရုပ်ကြီးသည် အသက် ခြောက်ဆယ်နီးသည် အထိ စက်ရုပ် ပီသစွာ တာဝန် ထမ်းဆောင်လျက် အသက် ခြောက်ဆယ် ပြည့်သော် ကျန်းမာရေး ဖောက်ပြန်လာ၍ အနားယူလိုက် ရလေသည်။
လူကြီးသည် သူ့ဘဝသူ ကျေနပ်စွာ ဖြတ်သန်းနေလေသည်။ သူ့ လုပ်ငန်းများကို သူ လုပ်ချင်သည့် အခါ သွားရောက် လုပ်ကိုင်လျက် မလုပ်ချင်သည့်အခါ ထင်ရာ သွားနေလျက် လူ့ဘဝ၏ လွတ်လပ်သော အရသာကို အပြည့်အဝ ခံစားနေလေသည်။ စက်ရုပ် လောကမှ စက်ရုပ်များနှင့် ဖြစ်စေ၊ စက်ရုပ်မဟုတ်သော သူများနှင့် ဖြစ်စေ ထင်ရာ သတ္တဝါနှင့် ပေါင်းသင်း နေထိုင်လျက် အသိအကျွမ်းလည်း လွန်စွာ ပေါများ လေသည်။ လူကြီးသည် သူ့ လုပ်ငန်းနှင့် သူ့ ပိုင်ဆိုင်မှုများ အားလုံး ဆုံးရှုံး သွားခြင်းကို ဆယ်စုနှစ် တစ်ခု အတွင်း သုံးကြိမ်မျှ ရင်ဆိုင်ခဲ့ ရသော်လည်း လုပ်ငန်း တစ်ခုကို အစမှ အောင်မြင်လာသည် အထိ လုပ်ကိုင်ဖူးခဲ့သည် သာမက အသိ မိတ်ဆွေ အဆက်အသွယ် အခွင့်အလမ်း ပေါများလှသည့် အပြင် သူကိုယ်တိုင်မှာလည်း မာန်မာန လောဘ နည်း၍ ပျော်ပျော် နေကာ ပရဟိတဘက်သာ အားသန်သည့် စရိုက်ကြောင့် သူ့ အလုပ်များမှာ ပြန်လည် ခေါင်းထောင်လာသည်သာ ဖြစ်လေသည်။ လူကြီးသည် ဘိုးဘွား ရိပ်သာ တစ်ခုသာမက ဆွံ့အ နားမကြားနှင့် မိဘမဲ့ သူငယ် ဂေဟာ တစ်ခုကိုပါ အများနှင့် စည်းရုံး ထူထောင်ထားလေရာ အခါများစွာတို့တွင် သူနှင့် ဘာမှ မတော်သော သက်ကြီးရွယ်အိုနှင့် သားသမီး များစွာ ကြားတွင် ပျော်ရွှင်နေလေသည်။ ထိုသို့ဖြင့် လူကြီးသည် သူ့အသက် သူ မေ့နေကာ အသက် ၆၀ ပြည့်ချိန်တွင် ခေတ်ပေါ် အနုပညာ၊ နည်းပညာများကို စပ်စုလျက် ရှေးဟောင်း ဘာသာ စကား တစ်ခုကို သင်ကြားလျက် ရှိလေသည်။
အသက် ၆ဝ မှ ၇ဝ
စက်ရုပ်ကြီးသည် အလုပ်မှ အနားယူလိုက်ရ၍ မနေတတ် မထိုင်တတ် ဖြစ်နေလေသည်။ တစ်သက်တာ ပတ်လုံး တာဝန် ဝတ္တရားနှင့် အလုပ်ကို ချစ်မြတ်နိုးလျက် နိစ္စဓူဝ လေးစားစွာ လုပ်ကိုင်ခဲ့ရာမှ အနားယူလိုက်ရလေရာ ရုတ်တရက်သော် ဘာလုပ်ရမှန်း မသိ ဖြစ်လေသည်။ ဤသည်ကို တွေ့သော် စက်ရုပ်ကြီး၏ သား၊ အိမ်ထောင် ကျပြီးသား စက်ရုပ်လတ်သည် ဖခင်ကို မိသားစုနှင့် အတူ ထား၍ စောင့်ရှောက် ပြုစုလေသည်။ သို့ရာတွင် စက်ရုပ်ကြီး၏ သားနှင့် ချွေးမသည် အရွယ်ကောင်း ရာထူးကောင်း စက်ရုပ်လတ်များ ဖြစ်ကြ၍ စက်ရုပ်ကြီး ငယ်စဉ် ကကဲ့သို့ အလုပ် ဆင်းရလေရာ အခါများစွာ အိမ်တွင် စက်ရုပ်ကြီးခမျာ မြေးကလေးနှင့်သာ ကျန်ခဲ့ရရှာလေသည်။ ပထမသော် စက်ရုပ်ကြီးသည် မြေးနှင့် ပျော်သော်လည်း မြေးကလေးမှာ စက်ရုပ် မဟုတ်သူ တစ်ယောက် ဖြစ်လာရန် ဗီဇ ပါလေသဖြင့် စက်ရုပ်ကြီးနှင့် ရန်ဖြစ်လေသည်။ စက်ရုပ် ကြီးက စားချိန်၊ အိပ်ချိန်၊ ကစားချိန် အချိန်မှန် ထား၏။ မြေးကလေးက မလိုက်နာပေ။ ထိုအခါ တစ်သက်လုံး စက်ရုပ် ပီသစွာ နေထိုင်လာခဲ့၍ သူတစ်ပါးကို မျှတစွာ ညွှန်ကြား စေခိုင်းခဲ့သမျှ လိုက်နာ လုပ်ကိုင်ကြသော စက်ရုပ်များနှင့်သာ ကြုံတွေ့ခဲ့သော စက်ရုပ်ကြီးမှာ ဒေါပွလေသည်။ သို့သော် သူ့မြေးကလေး ဖြစ်နေ၍ အတင်းအကျပ် မလုပ်ရက်ဘဲ စက်ရုပ်ကြီးသာ စိတ်ညစ်နေရ ရှာလေသည်။ ထိုသို့ဖြင့် တစ်နေ့တွင် စက်ရုပ်ကြီး၏ ကျောင်းနေဖက် သူငယ်ချင်း လူကြီးသည် စက်ရုပ်ကြီး ရှိရာသို့ ရှာဖွေ အလည်ရောက်လာလေရာ စကား ပြောမိသည်နှင့် စက်ရုပ်ကြီးမှာ လူကြီးကို အားကျလှ၍ လက်ရှိ လူကြီး နေထိုင်လျက် ရှိသော လူကြီး၏ ဘိုးဘွား ရိပ်သာတွင် လာရောက် နေထိုင်ရန် ဆုံးဖြတ်လေတော့၏။ စက်ရုပ်ကြီး၏ သားနှင့် ချွေးမသည် အတန်တန် နားချ တားမြစ်ပါသော်လည်း နည်းနည်းမှ လက်မခံသဖြင့် လူကြီးနှင့် ထည့်လိုက်ရကာ မြေးကလေးကိုသာ အလုပ်နားရက်များတွင် စက်ရုပ်ကြီးထံ သွားရောက် ပြသကြရလေသည်။ စက်ရုပ်ကြီးသည် တစ်သက်လုံး စနစ်တကျ စားသောက် နေထိုင်ခဲ့သော်ငြား စိတ်ဖိစီးမှုများ များပြားခဲ့သည် ဖြစ်၍ အသက်ရလာသော် ချူချာရှာလေသည်။
လူကြီးသည် မိမိ နေထိုင်သော အိမ်ကို ရောင်းချ၍ ကျောင်း၊ ဇရပ် တစ်ဆောင်စီ ဆောက်လုပ် လှူဒါန်းလိုက်ပြီး မိမိ ကမကထ ပြုသော ဘိုးဘွားရိပ်သာတွင် ပျော်ရွှင်စွာ သွားရောက် နေထိုင်လေသည်။ အိမ်ထောင် မရှိ၊ သားသမီး မထွန်းကားခဲ့သော်ငြား လူကြီးသည် သူ့ကို အလွန် ချစ်ခင် လေးစားသော သားသမီး မြေးမြစ်များ လွန်စွာ ပေါများလေ၏။ လူကြီးသည် သူ၏ လုပ်ငန်းများကို လည်းကောင်း၊ ပိုင်ဆိုင်မှုများကို လည်းကောင်း လုံးဝ စိတ်ဝင်စားခြင်း မရှိတော့သော်လည်း သူ၏ လူပီသသော စိတ်ဓာတ်နှင့် အနေအထိုင်တို့ကြောင့် သူ့ကို ကြည်ညိုသူများက သူ့ကိုယ်စား ဆက်လက် လုပ်ကိုင်ပေးလျက် ရှိ၏။ တစ်နေ့သော် လူကြီးသည် စက်ရုပ်များနှင့် တွေ့ဆုံခိုက် သူ ငယ်စဉ်က ကျောင်းနေဖက် ဖြစ်ခဲ့သော စက်ရုပ်ကြီးကို ရုတ်တရက် သတိရလျက် သေသလား ရှင်သလား စုံစမ်းကာ စက်ရုပ်ကြီး ရှိရာသို့ မရမက သွားရောက် လည်ပတ်လေသည်။ ထိုသို့ဖြင့် အထက်တွင် ဆိုခဲ့သည့် အတိုင်း ငယ်သူငယ်ချင်း နှစ်ယောက် ပြန်လည် တွေ့ဆုံကြကာ အားရလှ၍ ဘိုးဘွားရိပ်သာတွင် အတူတကွနေထိုင်ကြလေတော့သည်။
အသက် ၇ဝ နှင့် နောက်ပိုင်း
တစ်ရံရောအခါက ဘိုးဘွားရိပ်သာ တစ်ခုတွင် စက်ရုပ်အိုကြီး တစ်ရုပ် ရှိလေသည်။ ထိုစက်ရုပ်ကြီးသည် စက်ရုပ်တန်မဲ့ လူတစ်ယောက်ကဲ့သို့ အိပ်ချင်သည့် အချိန် အိပ်၊ စားချင်သည့် အချိန် စားကာ တစ်ခါတစ်ရံ သွားချင်ရာ လျှောက်သွားလျက် သေသည် အထိ နေမည်ဟု ဆုံးဖြတ်ကာ သေမင်း အလာကို ပျော်ရွှင်စွာ စောင့်စားနေလေသည်။ အကယ်၍ တစ်စုံတစ်ယောက်သော သူသည် စက်ရုပ်ကြီးအား ‘အဘက လူလိုပဲ နေနေသလား’ ဟု ဆိုပါက ထိုစက်ရုပ်ကြီးသည် ဘာမျှ ပြန်မပြောဘဲ ပြုံးနေမည် သာ ဖြစ်သည်။
တစ်ရံရောအခါ အထက်ပါ ဘိုးဘွားရိပ်သာတွင်ပင် လူအိုကြီး တစ်ယောက် ရှိလေသည်။ ထိုလူကြီးသည် စက်ရုပ် တစ်ရုပ်ကဲ့သို့ အချိန်မှန် အိပ်ရာမှထ၊ တရား ဘာဝနာ ပွားများ၊ လမ်းလျှောက်ထွက်၊ ပရဟိတ လုပ်ငန်းများအား ကြည့်ရှု စစ်ဆေး၊ စကား စမြည် ပြောဆို တရားထိုင်၍ အချိန်မှန် အိပ်ရာ ဝင်ကာ နိစ္စဓူဝ ဖြတ်သန်းလျက် သေမင်းကို နရင်းတီးရန် စောင့်နေလေသည်။ အကယ်၍ တစ်စုံတစ်ယောက်သော သူသည် လူကြီးအား ‘အဘက စက်ရုပ်ကြီးလို နေနေသလား’ ဟု ဆိုပါက ထိုလူကြီးသည် ဘာမျှ ပြန်မပြောဘဲ ပြုံးနေမည်သာ ဖြစ်လေတော့သည်။
လျှို့ဝှက်ချက် ဆိုသည်မှာ ....
စစ်ကြိုခေတ်က ဖြစ်လေသည်။ ရွာတစ်ရွာတွင်
‘ဟဲ့ ရွှေကွန့်’
‘မှန်ပါ သူကြီး’
‘ထမင်း စားပြီး လှည်း က ထားစမ်းကွယ်၊ ငါ တောင်ရွာဘက် သွားစရာ ရှိသဟဲ့’
‘မှန်ပါ’
‘အေးအေး၊ ဖြည်းဖြည်းသာ လုပ်ပါကွယ်၊ ငါ့ ပို့ချေရုံပါပဲ’
သူကြီးမင်း ဦးဘထွားသည် ထိုသို့ မိန့်ကြားလျက် အိမ်ပေါ် ပြန်တက် သွားလေသည်။
*
ညသည် ကြယ်ရောင်နှင့် ပြောက်ကျား လင်းသလို ရှိ၏။ နွားပြောက်နှစ်ကောင် ကသော လှည်းသည် ခွာမြုပ်ရုံ ဖုန်လမ်းဝယ် အိပဲ့ပဲ့ ရွေ့လျက် ရှိလေသည်။ ပတ်ဝန်းကျင်တွင် ပိုးပုရစ် စီသံ ရံဖန် ကြားနေရ၏။ လှည်းပေါ်ဝယ် သူကြီးသည် သိက္ခာတော်ရ နှစ်လုံးပြူးကို ပိုက်လျက် ငိုက်၍ ပါလာလေသည်။ ကိုရင် ရွှေကွန့်သည် နဖားသင် အူကြိုးကို အသာ လျှော့ထားကာ နွားတအိအိ ယူရာသို့ ငူတူတူ ရောက်ရား တွေးကာ နှင်လာလေ၏။
လူနှစ်ယောက်၊ နွားနှစ်ကောင်၊ နှစ်လုံးပြူး တစ်လက်နှင့် လှည်းတစ်စီးသည် ကြယ်ရောင် အောက်မှ မည်းကုပ်ကုပ် ဇီးချုံပုတ်များကို ကျော်၍ ကျော်၍ လာကာ ဆီမီးရောင် မှိတ်တုတ်တုတ်နှင့် ဇနပုဒ် တစ်ခုနားကို ချဉ်းကပ်သွားလေ၏။ ရွာနီးချုပ်စပ်မှ တစ်အိမ်ဝိုင်းစ နှစ်ဝိုင်းစကို ထင်သာ မြင်ရ ရှိလေပြီ။
‘သူကြီးမင်း’
ငိုက်၍ ပါလာသော သူကြီးသည် ရွှေကွန့် ခေါ်သံကြောင့် ဆတ်ခနဲ လန့်နိုး၍
‘ဟဲ့ သောက်ခွေး၊ ဟေလကွယ်’
‘တောင်ရွာ ဝင်ပြီဗျ၊ ဘယ်ဝိုင်း ဝင်ရမတုန်း’
သူကြီးသည် ပတ်ဝန်းကျင်ကို ယောင်တောင်တောင် လှည့်ပတ်ကြည့်၍
‘ဟိုက် ကျော်လာပဟ၊ ရပ် ရပ်၊ ငါ ဒီနား ဆင်းမဟဲ့’
လှည်း အရှိန် လျှော့ရုံတွင်ပင် ခုန်ချ၍ လွန်လာရုံ အိမ်ဝိုင်း တစ်ခုမှ တဲတစ်လုံးဆီသို့ သုတ်သုတ် လှမ်းသွားကာ နှုတ်မှလည်း ခပ်အုပ်အုပ် မှာရစ်၏။
‘ရွှေကွန့် ပြန်နှင့်ဟဲ့၊ ငါ့ကို သူရို့ အပို့ခိုင်းချေမယ်၊ ပြန် ပြန်၊ အိမ်သာ တန်းပြန်နှင့်ချေ’
သူကြီး အသံ ဝေးသွား၍ လူလည်း မှောင်ထဲ ဝင်သွားလေ၏။ ကိုရင် ရွှေကွန့်သည် လှည်းကို လာရာ လမ်းဘက် ပြန်လှည့်စဉ် လှည်းပေါ်ဝယ် သူကြီး နှစ်လုံးပြူး ကျန်နေရစ်ခဲ့သည်ကို မြင်၏။ သို့နှင့် လှည်းကို စုတ်သပ် ရပ်ကာ နှစ်လုံးပြူး ဆွဲ၍ သူကြီး ဝင်သွားရာ တဲဘက်သို့ လိုက်လေသည်။
‘သူကြီးမင်းနှယ်၊ ကိုယ့် နှစ်လုံးပြူးကြီး တစ်ပြူးလုံးတောင် မေ့ခဲ့ရန်ကော’
သူကြီး ဝင်သွားပုံ ရသော တဲဘက်မှ မီးရောင် ပျပျ ပေါ်လျက် ရှိ၏။ ရွှေကွန့်မှာ နှစ်လုံးပြူး ကိုင်၍ တဲနား ကပ်သွားရင်း ဖွင့်ထားသော ကဲလားမှ အမှတ်မထင် အတွင်းသို့ ကြည့်မိ၏။ ထိုအခါ မီးခွက်ရောင် မှိန်မှိန်တွင် သူကြီး နှစ်လုံးပြူး မေ့ကျန်ရခြင်း အကြောင်းကို မြင်လေသည်။ သူကြီးသည် မိန်းမ ရွယ်ရွယ် တစ်ယောက်ကို စပ်ဖြီးဖြီး ပွေ့လျက် ရှိ၏။
‘စောင့်လိုက်ရတာရှင်၊ မှောင်ရန်ကော’
‘’ကိုကိုထွားလည်း ကိုယ့် မယားဆီ နေဝင် အမီ လာချင်သားပေါ့ကွယ်၊ သူကြီး ဆိုတော့လည်း ဗာဟီရက အများသား ကလားကွယ့်’
ကိုရင်ရွှေကွန့် အမြင် အကြားကား အထင်မှားစရာ မရှိချေ။ သူ၏ ကျေးဇူးရှင် သိက္ခာတော်ရ သူကြီးမင်း ဦးဘထွားသည် မိမိတို့ ရွာတွင် မယား တစ်ယောက်၊ ဤတောင်ရွာတွင် မယား တစ်ယောက်။ သူ့ နှစ်လုံးပြူး ပြောင်းကဲ့သို့ မယားလည်း နှစ်ယောက်ပြူး တိတ်တိတ် ပေါင်းနေသည်မှာ လယ်ပြင် ဆင်သွားသလို ထင်ရှားချေပြီ။ ရွှေကွန့်မှာ သူကြီးကို မခေါ်ဖြစ်တော့ဘဲ နှစ်လုံးပြူးကို တဲဝ ထောင်ထားရစ်ခဲ့ကာ အသံ မကြားအောင်သာ လှည်းဘက် ပြန်လှည့်၍ အိမ်ပြန်နှင်ခဲ့လေသည်။
*
သီတင်း နှစ်ပတ်မျှ ကြာခဲ့ပြီ ဖြစ်သည်။ နံနက် ဝေလီ ဝေလင်း အချိန်တွင် ကိုရင်ရွှေကွန့်သည် ထွန်သွားများ ခါးထိုး၍ နွားနှစ်ကောင် ဆွဲကာ ယာထဲ ဆင်းရန် ထွက်လာလေ၏။ သူ့စိတ်သည် မကြည်။ လိပ်ခဲ တည်းလည်း ရှိနေလေသည်။ ကုန်ခဲ့သော အဖိတ်နေ့ ညက သူကြီးနှင့် တောင်ရွာ သွားသော ကိစ္စသည် စိတ်ထဲက မထွက်။ သူကြီးသည် သူ့ ခေါ်ကာ တိုးတိုးတိတ်တိတ် ကြိတ်၍ နှုတ်ပိတ်၏။ ထို့ကြောင့် ထိုကိစ္စ ဘယ်သူ့မှ မပြောရန် သူ ကတိခံခဲ့ရ၏။ သို့သော် အသည်းယားနေလေသည်။ ရွှေကွန့်သည် လူထဲက လူတစ်ယောက်သာ ဖြစ်သည်။ သူကြီး မယား အမြောင် ထားသော ကိစ္စ တစ်ယောက်ယောက်အား ဖောက်သည် ချချင်နေ၏။ သို့သော် ကျေးဇူးရှင် သူကြီးထံ ခံထားသော ကတိက ရှိနေလေသည်။ ကတိ ပေးခဲ့စဉ်က သိပ်မစဉ်းစားမိ။ ထိုကိစ္စ ခဏနှင့် မေ့သွားလောက်သည်ဟု သူ ထင်၏။ သို့သော် လွဲလေစွ။ ထိုကိစ္စသည် တရွရွနှင့် သူ့စိတ်ကို ရင်းနာလို လှိုက်စားကာ သူ့လျှာသည် တယားယား ဖြစ်လာလေသည်။ တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာ၏။ မပြောဘဲ နေရလေ ပြောချင်လေ ဖြစ်နေသည်။ စိတ်သည် ဆန်းကြယ်လေစွ။ ဖုံးထားရလေ ပြချင်လာလေ ရှိ၏။ ဝှက်ထားရလေ ဖော်ချင်လေ ဖြစ်သည်။ သို့သော် ကတိက ကတိ ဖြစ်သည်။ ရွှေကွန့်သည် သူ့ကိုယ်သူ ကတိ တည်သူဟု ဂုဏ်ယူနေသူ ဖြစ်ရာ ဘယ်လောက်ပင် အူယားယား ဘယ် ‘လူ’ နားမှ ကြားအောင် မပြော။ ယမန်နေ့ကမူ သူ စိတ်ဖောက်၏။ သူကြီး၏ နွားအား အနား ဆွဲ၍ ‘နင့်သခင် သူကြီး မယားကြီး မယားငယ် ရှိသဟဲ့’ ဟု တိုးတိုး ပြောမိ၏။ ထိုအခါ အတန်ငယ် စိတ်ပေါ့သွား၏။ နွားကား နားမလည်။ ကလယ် ကလယ်နှင့် သူ့ကို ပြန်ကြည့်နေ၍ ရှက်ရှက်နှင့် တွန်းထိုး လွှတ်လိုက်၏။ ယခု မနက်တွင်မူ အူယားလာပြန်ပြီ။ ဒုက္ခပါလား ဟရို့။ တတွေးတွေး တမှုန်မှုန်နှင့် လျှောက်လာခဲ့ရာ ရွာကို လွန်၍ သူ ယာထဲ ရောက်လာ၏။ စိတ်သည် ခက်လှလေသည်။ တိုးတိုး တစ်ခါ ပြောမိ၍ ပေါ့သွားမလား အောက်မေ့သည်။ မပေါ့သွားဘဲ ပိုဆိုးကာ အကျယ်ကြီး အော်ဟစ် ပြောပြချင်စိတ် တိုးလာ၏။ ယာလုပ်ချင်စိတ်လည်း မရှိ။ ရွှေကွန့်သည် နွားများအား လှန်ထားလိုက်၍ လူသူ မရှိသော ယာခင်းထဲဝယ် တစ်ပင်တည်း ပေါက်နေသော ညောင်ပင်အောက် သွားထိုင်နေလေသည်။
ကိုရင် ရွှေကွန့်သည် သူကြီး ဦးဘထွား၏ သူရင်းငှား အတူနေ ခစား လက်ကျွန် ဖြစ်သည်။ အိမ်ထောင် မရှိ၊ မဟုတ်တာ တစ်ခါမှ မလုပ်ဖူး။ အထူးသဖြင့် သူ့တွင် လျှို့ဝှက်ထားစရာ ဘာကိစ္စမှ တစ်သက်လုံး မရှိခဲ့။ ဘွင်းဘွင်း နေသူ လူရိုး ဖြစ်၏။ ယခု သူ့ သူကြီး ကိစ္စကား သူ့ အတွက် ပြဿနာ တက်လေပြီ။ တစ်စုံတစ်ရာ ကိစ္စအား လျှို့ဝှက် ထားရသည်မှာ မကောင်းတာဟု သူ ယူဆ၏။ မဟုတ်တာ တစ်ခုအား သူပါ ရော၍ လျှို့ဝှက်ပေးထားရသည်မှာ အလိုတူ အလိုပါ ကျသည်ဟု သူ ထင်သည်။ ထို့ကြောင့် ဤ သူကြီး ကိစ္စအား တစ်ယောက်ယောက် ထံတွင် ဝန်ခံလိုက်ရသော် ကောင်းစွ။ လုပ်မှ တော်ပေမည်။ ရွှေကွန့်သည် ရုတ်တရက် ထိုင်ရာမှ ထ၍ အနီးအပါး ရှာသော် သူ မှီထိုင်နေရာ ညောင်ပင်ကို မြင်လေသည်။ ပတ်ဝန်းကျင်ကား ယာခင်းများ တစ်မျှော် တစ်ခေါ် ဖြစ်ရာ လူသူ ရှင်းလှလေ၏။ ဤညောင်ပင်နှင့် ညောင်စောင့် ရုက္ခစိုးအား သူကြီး ကိစ္စ ဖွင့်ဟရသော် သူ့အတွက် တော်ပေမည်။ ရွှေကွန့်သည် ညောင်ပင်ကို စေ့စေ့ပါအောင် စိုက်ကြည့်၍ ...
‘ဟဲ့ကောင်၊ သူကြီး ဘထွား မယား နှစ်ယောက် ရှိသဟ’
ဆယ့်လေးငါးခွန်းမျှ အကျယ်ကြီး အော်ချလိုက်သော် အတော် ပေါ့ သွား၏။ ကိုရင်ရွှေကွန့် အတွက် စိတ်ဖြေစရာ နည်းလမ်းကို တန်းတန်းကြီး တွေ့ရှိလေပြီ တကား။ စိတ်လက် ပေါ့ပါးစွာ ထွန်သွားများ ကောက်၍ ယာထဲ ဆင်းသွားလေ၏။ နောက်နေ့ နောက်နေ့များတွင်လည်း ရွှေကွန့် ယာထဲ ဆင်းလာတိုင်း ညောင်ပင်ကို အထက်ပါ အတိုင်း ဆယ့်လေး ငါးခါ ရေရွတ် တိုင်တည်ပြီးမှ ပျော်ရွှင်စွာ ယာလုပ်နေလေတော့သည်။ သူသည် ဟန်ပန်မပျက် ယခင် အတိုင်း ပေါ့ပါးစွာ ဆက်လက် နေထိုင် နေလေ၏။ သို့သော် ...
ညောင်ပင်ပေါ်ရှိ အခေါင်းထဲတွင် ကျေးသိုက် တစ်ခုသည် ရှိ၏။ တစ်နည်းအားဖြင့် ဆိုသော် ကြက်တူရွေးသိုက် မည်လေသည်။ အနှီ ငှက်သတ္တဝါမျိုးသည် တစ်စုံတစ်ရာ စကားကို အခါခါ ကြားနေရလျှင် တုပ လိုက်စား ပြောဆိုတတ်သော သဘာဝ ရှိလေသည်။ ကြက်တူရွေး သိုက်ထဲမှ ကျေးသားပေါက် တစ်ကောင်သည် အိပ်တန်း ထစ ဝေလီ ဝေလင်း သမယတိုင်း ရွှေကွန့် အော်သံကို အိပ်မှုန်စုံမွှား နေ့တိုင်း နာကြား နေရလေသည်။ ဤသို့အားဖြင့် သုံးနှစ် ကြာသွား၏။
*
သူကြီး ဘထွား၏ တောင်ရွာ မယားသည် ဆုံးပါးသွားရှာပြီ ဖြစ်သည်။ သူကြီးသည် ခြေငြိမ်လာ၍ ဘာသာတရား လိုက်စား မွေ့လျော်လျက် ကျောင်းကန် တက်ကာ ဥပုသ် မပျက် ဖြစ်နေလေပြီ။ ယခင်ကကဲ့သို့ အမျိုးမျိုး အကြောင်းရှာ၍ တောင်ရွာဘက် ထွက် ထွက် သွားတတ်ခြင်းမျိုး မရှိတော့။ ကိုရင် ရွှေကွန့်မှာ သူကြီးထံတွင် သူရင်းငှား လုပ်လျက်သာ နေထိုင်လျက် ရှိ၏။
တစ်နေ့သော ညနေဘက်တွင် သူကြီး ယာခင်းစပ် ညောင်ပင်ထက်သို့ ကလေး တစ်သိုက် ကျေးသိုက် တက်နှိုက်ကြလေသော် အိပ်တန်း တက်စ ကျေးသားအား မိသွားကြလေသည်။ ကလေးတို့သည် သူကြီး ယာစပ်မှ ရသော ကျေးသားကို သူကြီး ကတော်အား မျက်နှာလိုအားရ သွား၍ ပြကြ၏။ နှုတ်သီးကောက် နီနီ၊ အတောင် စိမ်းစိမ်းနှင့် ကျေးသားသည် ချစ်ခင်စရာ ကောင်းလှလေသည်။ သူကြီးကတော်လည်း ဝမ်းမြောက် ဝမ်းသာ လာပြသော ကလေးများကို မုန့်ဖိုး ကိုယ်စီ ပေး၍ နှစ်သိမ့်ပြီး ကျေးသားကို ခေါ်ထားလိုက်၏။ ထို့နောက် သူကြီးအား ပြလေရာ မင်္ဂလာ ရှိသည်ဟု ဝမ်းမြောက်၍ ရွှေကွန့်အား ဝါးလှောင်အိမ်လေး တစ်ခု လုပ်စေ၍ ဧည့်ခန်းတွင် အစာခွက် ရေခွက်နှင့် တကွ အလှပြ မွေးမြူထားကြလေသည်။
ကျေးသား အိမ်ပေါ် ရောက်၍ သီတင်း တစ်ပတ် ပေါက်သော် သူကြီးနှင့် သူကြီး ကတော်တို့သည် အိမ်တွင် အလှူတစ်ခွင် ဆင်ယင်ရန် အကြံ ဖြစ်လေသည်။ သို့နှင့် ရွာကျောင်း ကိုယ်တော်များအား ဆွမ်းစား ကပ်လျက် အရပ်လူကြီးများနှင့် သူကြီး လင်မယား အန္တရာယ်ကင်း ပရိတ်တရား အိမ်ပေါ်တွင် နာကြားကြကုန်၏။ ရွာရှိ လူများအားလည်း မီးခိုးတိတ် ဖိတ်ထား၍ စည်ကားလျက် ရှိသော သူကြီး အိမ်တွင် ရေစက်ချ တရားနာရန် အချိန်တန်သော် ကိုရင် ရွှေကွန့်သည် အိမ်ပေါ် တက်လာကာ သူကြီး ချရန် ရေစက်ခွက်ကို သူကြီးလက် အပ်လေ၏။ သူကြီးသည် လူပုံ အလယ် အတန်ငယ် သြဇာ ပေးချင်သည် ဖြစ်၍ တိတ်နေသော ပရိသတ် ကြားဝယ် အသံကျယ်နှင့် “ဟဲ့ ရွှေကွန့်၊ နင့် ရေစက်ခွက်နှယ် ငယ်လှချည့်ကွယ်၊ ကြီးတာနဲ့ သွားလဲချေစမ်း ဟဲ့ကောင်’
‘မှန်ပါ၊ ကျွန်တော်မျိုး ပြန်လဲလိုက်ပါမယ် သူကြီးမင်း ဦးဘထွား ခင်ဗျား’
ရွှေကွန့်လည်း ကျယ်စွာ ပြန်လျှောက်၏။
ထိုအခါ အနားရှိ ခြင်းထဲမှ ‘လူတွေ ဘာလုပ်နေကြပါလိမ့်’ ဟု စပ်စုနေသော အချစ်တော် ကိုရွှေကျေးသား၏ နားတွင်းသို့ အသံကျယ်များ စူးစွာ ဝင်သွားလေ၏။ ထိုအခါ အတောင် တဖြန်းဖြန်း ထခပ်၍ ကြက်တူရွေး အားရလေပြီ။ အနှစ်နှစ် အလလ ညောင်ခေါင်းထဲမှ မနက်တိုင်း နားပင်းမတတ် ကြားခဲ့ရဖူးသော ရွှေကွန့် အသံသည် လည်းကောင်း၊ အချီအချ လူနှစ်ယောက် စကားထဲမှ ‘ဟဲ့ကောင်’ ‘သူကြီး’ ‘ဘထွား’ စကားလုံးများသည် လည်းကောင်း ကြက်တူရွေးကို ငယ်မူ ငယ်သွေး ပြန်သွင်းပေးလိုက်သလို ရှိသဖြင့်
‘ဟဲ့ကောင်၊ သူကြီး ဘထွား မယား နှစ်ယောက် ရှိသဟ’
‘ဟဲ့ကောင်၊ သူကြီး ဘထွား မယား နှစ်ယောက် ရှိသဟ’
‘ဟဲ့ကောင်၊ .............................’
ခေါင်းတဆတ်ဆတ် ပြုလျက် တိတ်နေသော ပရိသတ် ဗိုလ်ပုံ အလယ်ကြား အားပါးတရ အော်ဟစ် အစွမ်းပြလေတော့၏။
တိတ်နေသော ပရိသတ်သည် ပထမ အံ့ဩ၏။ ဒုတိယ ကြက်တူရွေး၏ အဆက်မပြတ် စကား လူတို့နား အဓိပ္ပာယ် ထင်လေသည်။ တတိယအားဖြင့် ပတ်တုတ်မရ တဝါးဝါး ရယ်ကြကုန်လေသတည်း။
ရွာကျောင်း ကိုယ်တော်များသည် ယပ်တောင်များ ကွယ်၍ ပြုံးစိစိ ဣန္ဒြေဆယ်တော်မူ၏။ နောက်နားမှ ပရိသတ်များ သူကြီးကို အားနာလှ သဖြင့် တခွီးခွီးနှင့် ထသွားကြ၏။ ရပ်မိရပ်ဘ လူကြီးများကား တသောသော တဝါးဝါး နေရာတွင်ပင် ပွဲကျနေကြ၏။ ရွှေကွန့်မှာ အံ့သြလွန်းလှ၍ ရေစက်ခွက်နှင့် အတူ ကြက်သေ သေလျက် ပါးစပ် ဟောင်းလောင်း ဟ၏။ သူကြီး ကတော်၏ မျက်နှာသည် ညိုရာမှ နီ၊ နီရာမှ မည်း၊ မည်းရာမှ မှောင်၊ မှောင်ရာမှ ပုပ်သိုး ရှုံ့မဲ့လာကာ သူကြီးအား မျက်ထောင့်နီ နှစ်ကွင်းနှင့် တွင်တွင် ကြည့်၏။ သူကြီးသည် ‘ဟဲ့’ ‘ဒီကောင်’ ‘ဘယ့်နှယ်’ ‘ဘာဖြစ်’ ‘ဘယ်လို’ အထိုထိုသော အာမေဋိတ်ကို ထိုင်ရမလို ထရမလိုနှင့် ကုန်းကုန်းကွကွ ဆို၏။ ထိုစဉ်အတွင်း လူအများ ဝရုန်းသုန်းကား ဖြစ်လေ ကြက်တူရွေး အားရလေ ဖြစ်ရကား ထိုစကား တစ်ခွန်း တည်းချည်း ကျယ်လောင်စွာ အထပ်ထပ် ရွတ်နေသဖြင့် သူကြီး စိတ်ထွက် လာလေသော် ကွမ်းတော်အစ် ဆွဲ၍ ပစ်လေတော့၏။
*
အချုပ်အားဖြင့် ဆိုရလေသော် သူကြီးသည် သူကြီး ကတော်နှင့် ရှင်းကြ၏။ ရွှေကွန့်သည် သူကြီးနှင့် ရှင်းရ၏။ ကလေး တစ်သိုက်သည် သူကြီးကတော်၊ သူကြီး၊ ရွှေကွန့်တို့နှင့် ရှင်းရ၏။ ညောင်ပင်သည် ကလေးများ အညှိုးထား၍ ခုတ်ထစ် စာရင်းရှင်းခြင်းကို ခံရ၏။ သူကြီး၊ သူကြီးကတော်၊ ရွှေကွန့်၊ သက်သေ လူအများတို့သည် ရွာကျောင်း ကိုယ်တော်များထံ သွား၍ ရှင်းကြရပြန်ကုန်၏။
ကြက်တူရွေးမှာမူကား သူကြီး စိတ်ထွက်၍ ကွမ်းအစ်နှင့် နှက်လိုက်စဉ်ကပင် လှောင်အိမ်ခြင်း ပွင့်သွားသဖြင့် လွတ်လပ်ရေး ရသွားပြီ ဖြစ်ရကား မည်သူနှင့်မှ ရှင်းရန် မလိုတော့ဘဲ သူ တတ်သော လူစကား တစ်ခွန်းကို အထပ်ထပ် အဆက်မပြတ် ရေရွတ် မြူးတူးလျက် အရပ်တစ်ပါးသို့ ပြန်သွားပြီ ဖြစ်လေသတည်း။
‘ဟဲ့ကောင်၊ သူကြီး ဘထွား မယား နှစ်ယောက် ရှိသဟ’
‘ဟဲ့ကောင်၊ သူကြီး ဘထွား မယား နှစ်ယောက် ရှိသဟ’
‘ဟဲ့ကောင်၊ သူကြီး ဘထွား မယား နှစ်ယောက် ရှိသဟ’
‘ဟဲ့ကောင်၊ သူကြီး ဘထွား ..............’
ဖော်မေးရှင်း ဆိုသည်မှာ ....
ကျဲကျဲတောက် ပူနေသော နေရောင်အောက်တွင် ဖြစ်၏။
တလင်း ပြောင်ပြောင် ကွင်းခေါင်ခေါင် တစ်ခု ဘေးဝယ် အဆီ ပြောင်ပြောင် နေလောင် ချွေးရွှဲ လူအုပ် တစ်ခဲကြီးသည် တစ်စုံတစ်ရာသော ကိစ္စကို တဝေါဝေါ တသောသောနှင့် ဝိုင်းဝန်း ကြည့်ရှု အားပေးလျက် ရှိကြကုန်လေသည်။ တစ်ခါ တစ်ခါ ‘ဟာ’ ခနဲ ဆဲသံစုံ ပေါ်လာတတ်၍ မသဲမကွဲ မာန်မဲသံများလည်း ဟိုတစ်စ သည်တစ်စ အကြိုအကြား ကြားရ တတ်လေ၏။ အသို့ ဖြစ်နေကြလေသနည်း။ အခြား မဟုတ်။ ဘောပွဲ ဗြဲလရမ်း တစ်ခုသာ ဖြစ်လေသည်။ မရေမရာ ဆိုရသော် နှစ်ရွာတည်း ကြိတ်၍ နွှဲနေသော ဘောချိန်းပွဲကို သူ့ရွာ ကိုယ့်ရွာ ပရိသတ် အများ အလကား လာ၍ အားပေးနေကြခြင်း ဖြစ်လေသည်။ ပို၍ တိတိပပ တင်ပြရပါမူကား ဂွေးကုန်းရွာနှင့် ဖုတ်ကုန်းရွာ မည်သော ရွာလယ်လမ်း တစ်ခုသာ ခြားသည့် မျက်နှာချင်းဆိုင် ရွာနှစ်ရွာသည် မကြည်ကြသည် ဖြစ်၍ သူ့ ဘောသမား ကိုယ့် ဘောသမား မြှောက်ပေးကြရာမှ တစ်ဖက်ကို တစ်ဖက် ဆုံးမရန် အကြံနှင့် ပေါ်ပေါက်လာသော ရွာပြင် ကွင်းစပ်ထဲမှ ဘောပွဲကို သဲသဲမဲမဲ ဆဲဆို အားပေးလျက် မေတ္တာတော် ထားနေကြခြင်း ဖြစ်လေသတည်း။
ဗန္ဓုကမ္ဗလာ မြကျောက်ဖျာ မတင်းသည်မှာ ကြာပြီ ဖြစ်၍ ခပ်ပျင်းပျင်း ရှိလေသော သိကြားမင်းသည် ထိုအခိုက် လူ့ပြည်ကို အကြည့် စိုက်လိုက်သည် ရှိသော် အနီ ဗာလာနံတို့၏ မလျော်သော အခြင်းအရာကို မြင်ရှာလေသည်။ တစ်ယောက် အခွက် တစ်ယောက် နေ့တိုင်း မြင်နေကြရပါလျက် အဘယ်ကြောင့် နှစ်ရွာ ကွဲ၍ ပြိုင်ဆိုင်ချင်စိတ် ကဲနေကြရလေသနည်း။ သိကြားတို့ စွမ်းအား ရှူးဂါး ပါဝါနှင့် ဤသတ္တဝါတို့၏ အတိတ်ကို ဆောင်မိလေထသော် ...
ဘိုးတော်ဘုရား လေးဖက် တွားစဉ် ကာလ တစ်ချိန်သော အတိတ်သမယက ဤနှစ်ရွာသည် တစ်ရွာတည်း ဖြစ်၏။ အမည်သညာ ခေါ်စရာကား ဂွေးပင်ဖုတ်ရွာဟု တွင်လေသည်။ ရွာပတ်ဝန်းကျင်တွင် ဂွေးပင်များ အဖုတ်လိုက် အအုံလိုက် ပေါက်ရောက်နေလျက် ရွာ၏ အလယ်ခေါင် တည့်တည့်တွင် တောင်မြောက် တန်းနေသော ဗဟိုလမ်း တစ်ခု ခြား၍ တည်နေလေသော ရွာရှည် ဖြစ်၏။ ထိုရောကာလက ရွာသားများ အချင်းချင်း သဘော အလွန် မျှတလျက် ချစ်ခင်စွာ ရှိခဲ့ကြသော်လည်း ကွန်မြူနစ်ခေါ် သောက်လွဲ ငတများ ထကြွကြသော ခေတ်သို့ ရောက်သော် စိတ်ဝမ်းခွဲ ခံကြရလေသည်။ တောင်ဘက်မှ ဝင်လာသော ကွန်မြူနစ်များက ရွာ အရှေ့ခြမ်းသည် လက်ယာ၊ အနောက်ခြမ်းသည် လက်ဝဲဟု ယူဆကာ အနောက်ခြမ်းကို ဖိ၍ ဟောပြော စည်းရုံးကြ၏။ မြောက်ဘက်မှ ဝင်လာကြသော ကွန်မြူနစ်များကလည်း ရွာအနောက်ခြမ်းကမှ လက်ယာ၊ အရှေ့ခြမ်းသည် လက်ဝဲဟု ခွဲ၍ ရွာ အရှေ့ခြမ်းဘက်ကိုသာ လီနင်၊ ကားလမာ့က်စ် စသည့် အလုံးကြီးများနှင့် ထုထုထောင်းထောင်း ဟောပြော ကြလေသည်။ အနှီ ကွန်မြူနစ်များအား သူပုန်ထမှုနှင့် ဆိုင်ရာမှ ဖမ်းသွား ခံကြရလေသော် ကျန်ခဲ့သော ရွာသားများသည် ဘယ်သူ လက်ဝဲ ဘယ်သူ လက်ယာဟု ဝေခွဲမရ ဖြစ်ရှာကြလေသည်။ ဤသည်မှစ ငြင်းခုံကြ၍ မခေါ်နိုင် မပြောနိုင် ဖြစ်ကြကာ ရွာလယ် လမ်းအား စည်းအဖြစ် ထား၍ နှစ်ရွာ ကွဲသွားလေသတည်း။ သူတို့ကိုယ် သူတို့ ‘ဖုတ်ကုန်း’ ‘ဂွေးကုန်း’ ဟု သမုတ်ထားကြသော်လည်း ဒိစတြိတ် ခရိုင် မြို့နယ် သတ်မှတ်ချက် ထဲတွင်မူ တစ်ရွာတည်းသာ ဖော်ပြထားလေသည်။ သိကြားမင်းသည် အတိတ်မှ ပစ္စုပ္ပန် ပြန်ရောက်လာ၍ နှစ်ရွာသားတို့၏ ဂိုးမရှိ သရေပွဲကို အသေအလဲ နွှဲနေကြသည်အား ရှုစားနေလေသည်။
ကွင်းဘေး တစ်နေရာဝယ် နှစ်ရွာမှ လူကြီးများ စုစည်း ကြည့်နေ ကြကုန်၏။ ကန်နေသူများထဲတွင်မူ ဖုတ်ကုန်းဘက်မှ အနည်းငယ် ခြေသာ နေလေသည်။ ဖုတ်ကုန်း လူကြီးများ စပ်ဖြီးဖြီး ရှိသော်ငြား ဂွေးကုန်း အမိ အဘများ စိတ်မချ ဖြစ်နေ၏။ တစ်ချီဝယ် ဖုတ်ကုန်း ဆေးဆရာသည် ဂွေးကုန်း ဗိန္ဒောဘက် ပြီတီတီ တစ်ချက် ကြည့်လျက် သူဟာသူ ပြောသလို နှင့်
‘ဒီလို ရှိတယ် ကိုရင်ရဲ့၊ ဖုတ်ကုန်းဟာ ဂွေးကုန်းထက် သာနေတာ အပ်ချဗျ၊ ဒီလို ဘောပွဲမျိုး မပြောနဲ့၊ ဟော ... ဟိုကောင်းကင် နက္ခတ် တွေမှာတောင် ကြည့်၊ ဖုသျှနက္ခတ် ဆိုတာပဲ ရှိတယ်၊ ဂွေးသျှ နက္ခတ် ရယ်လို့ ကျုပ် တစ်ခါမှ မကြားရဖူးပေါင်ဗျာ’
ထိုစကားကို ဂွေးကုန်း ဗိန္ဓော ကြားသော်လည်း ဘာမှ ပြန်မပြောဘဲ နေချေရာ ဖုတ်ကုန်း ဆေးဆရာမှာ မာန်တက်လာသည့် အလျောက်
‘နောက်ပြီးတော့ ရှိသေးသဗျာ၊ ခင်ဗျားတို့ ကျုပ်တို့ သိတဲ့ မောင်ပေါက်ကျိုင်း ဇာတ်ထုပ်တော်ထဲမှာလည်း ဖုတ်သွင်း ရထားကြီး ဆိုက်ချ လာတယ်လို့သာ ပါတယ်၊ ဂွေးသွင်း ရထားကြီး ဆိုက်လာတယ်ရယ်လို့ ဘယ်နေရာမှာ ပါလို့တုန်း’
ဤတစ်ခါတွင် ဆေးဆရာ စကား နားစွန်နားဖျား ကြားလိုက်သော ဖုတ်ကုန်း သူကြီးမှာ သူ့ဆေးဆရာကို ဝင်ပင့်ပေးလေ၏။
‘ဟုတ်ပ ဆေးဆရာရယ်၊ ကျုပ်ဖြင့် ရွာလမ်းလယ်မယ်၊ ဖုတ် တထောင်းထောင်းထ ကျန်ရစ်ခဲ့တာသာ တွေ့ဖူး ပြောဖူး ကြားဖူးပါရဲ့၊ ဂွေး တထောင်းထောင်း ထနေတာပဲလို့ ဘယ်သူ ပြောတာမှ မကြားဖူးဘူး’
ဖုတ်ကုန်းဘက်မှ အတိုင်အဖောက် နှစ်ယောက် ဖြစ်လာလေပြီ။
‘မှန်လိုက်လေ သူကြီးရယ်၊ ဖုတ်ဆိုတဲ့ စကားလုံးဟာ တော်တော် နေရာ တွင်ကျယ်ပေသကိုး၊ ကျုပ်တို့ ရွာမယ် မြေပဲပင်တွေ မြက်ပင်တွေ ရေတွက်ကြရင်လည်း မြေပဲ တစ်ဖုတ် မြက်တစ်ဖုတ်လို့ပဲ ရှိတာ၊ တစ်ဂွေး နှစ်ဂွေး သုံးဂွေး ဆိုပြီး ဘယ်သူမှ မတွက်ဘူး’
သူကြီးမှ
‘စကားတင် စာတင်လား ဆေးဆရာရဲ့၊ အသံမှာလည်း ဖုတ်က ပင်မဗျ၊ ကျုပ်တို့ ထွေလာဂျီတွေ မိုတာဘုတ်တွေများ မောင်းသွားရင်ဖြင့် ဖုတ်ဖုတ် ဖုတ်ဖုတ်နဲ့သာ မြည်တာကလား၊ ဂွေးဂွေး ဂွေးဂွေး အော်ပြီး မောင်းချသွားတဲ့ စက်တပ် ယာဉ်မျိုး ကျုပ်တစ်သက် တစ်ခါမှ မကြုံဖူးပေါင်ဗျာ’
‘သူကြီးကလည်း၊ ပယောဂလမ်း လိုက်ပြန်ရင်ဖြင့် ကြည့်ဦးလေဗျာ၊ လူတွေ နာမကျန်း ဖြစ်တဲ့ အခါတို့ သေတဲ့ အခါတို့မှာ ဖုတ်ဝင်တတ်တယ် ရယ်လို့သာ ရှိတာဗျ၊ ဂွေးဝင်တယ်ရယ်လို့ လုံးလုံးကို မရှိဘူး၊ တကယ်တော့ ဂွေး ဆိုတဲ့ စကားလုံးဟာ နားဝင် ဆိုးပြီး အတော် ရိုင်းသကိုး’
‘ဟုတ်လိုက်လေဗျာ၊ သေခါနီး လူမမာ ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေတာမျိုးပဲ ရှိတယ်၊ ဘယ်သူမှ သေခါနီး ဂွေးလိုက် ဂွေးလိုက် ဖြစ်မနေဘူး’
တစ်လျှောက်လုံး ကြားလာရ၍ နားကြားပြင်း ကပ်လာသော ဂွေးကုန်း ဗိန္ဒောမှာ မနေသာတော့သဖြင့် သူ့ ဂွေးကုန်း သူကြီးဘက် လှည့်ကာ
‘မပြောမပြီး မတီး မမြည် ဆိုတာလို ဖြစ်လာပြီကော သူကြီးရဲ့၊ နေရာတကာ ဗာလာနံ များတဲ့ ခေတ်မှာ မဟုတ်တာကို အဟုတ် ထင်နေတတ်တဲ့ လူစားမျိုးက အများသားလားဗျ’
ဖုတ်ကုန်းသားများ အလကားနေရင်း စောင်းပြောသည်ကို ခံနေရ၍ ဒေါပွနေသော ဂွေးကုန်း သူကြီးမှာ သူ့ဗိန္ဒော၏ အချီ စကား အားရလျက်
‘ဆိုစမ်းပါဦး ကိုရင်ရာ’
ဟု ထောက်ပေးလေသည်။ ဂွေးကုန်း ဗိန္ဒောမှ ဆက်၍
‘ဖုတ် ဆိုတဲ့ စကားလုံးဟာ ဂွေး ဆိုတဲ့ စကားလုံးလောက် ဘယ်တုန်းကမှ နေရာ မကျခဲ့ဘူးဗျ၊ ဟော သီးပင် စားပင်တွေမှာပဲ ကြည့်မလား၊ ဂွေးပင် ဂွေးသီးပဲ ရှိတယ်၊ ဖုတ်ပင် ဖုတ်သီး ဘယ်နည်းနဲ့မှ မရှိဘူး’
‘ဟုတ်လိုက်လေဗျာ၊ ဆက်စမ်းပါဦး’
‘ဆက်ရရင် ဒီလိုလေ၊ သူကြီးတို့ ကျုပ်တို့ အပူ အပုပ် ဆေးချေး ဆေးချိုး ကင်းစင်အောင် ဘာဟင်းချိုလေးများ ချက်ချက် သောက်တတ် ကြသလဲ၊ ဂွေးတောက် (ခွေးတောက်) ရွက် ဟင်းချိုဗျ၊ တစ်ကမ္ဘာလုံး ဘယ်သူမှ ဖုတ်တောက်ရွက် ဟင်းချို မသောက်ဘူး’
‘တော်ပေရဲ့ဗျာ’
ကမ္ဘာ ဆိုလို့ ဆက်ပြောရဦးမယ်၊ နိုင်ငံတကာ အမြင်နဲ့ ကမ္ဘာ့မြေပုံ ဖြန့်ကြည့်ဦး၊ ဥရုဂွေးတို့ ပါရာဂွေးတို့လို နိုင်ငံတွေပဲ တွေ့မယ်၊ ဥရုဖုတ် နိုင်ငံ၊ ပါရာဖုတ် နိုင်ငံလိုဟာ ရှာတွေ့ရင် ကျုပ်လည် လာဖြတ်စမ်းဗျာ’
‘တယ်ဗဟုသုတ စုံတဲ့ လူပါလား’
‘နေဦးဗျ၊ ကျန်သေးတယ်၊ ကျုပ်တို့ ဆေးဆရာ ဆေးသမား ဆိုတာ မျိုးဟာ ကုသရေးဘက်မှာ လူ့အင်္ဂါ အစုံအလင် သိထားရသဗျ၊ လူမှာ ဆိုရင်ဖြင့် ...’
ထိုအခါ ဖုတ်ကုန်းရွာ ဆေးဆရာမှာ မနေသာသလို ဖြစ်ကာ ဝင်၍
‘ဟေ့လူ၊ မမိုက်ရိုင်းချင်စမ်းနဲ့ဗျာ၊ ကြီးကောင် ကြီးမားနဲ့’
ဂွေးကုန်း ဗိန္ဒောမှာ နေရာမှ ရုတ်ခနဲ ထကာ ပုဆိုး ပြင်ဝတ်လျက်
‘ဒီမှာ ဟေ့လူ၊ ကျုပ် ဘာပြောမယ်မှန်းတောင် ခင်ဗျား မသိသေးဘဲနဲ့ လူကို ရိုင်းသလေး ဘာလေး ဒီလူနှယ် အတွေးကိုက ရိုင်းစိုင်းနေပြီးတော့များ၊ ခင်ဗျား ခေါင်းကြီးက ဒါမျိုးပဲ တွေးတတ်သလား’
ဖုတ်ကုန်း ဆေးဆရာမှာ ရှူးရှူးရှားရှား ဖြစ်လာပြီး
‘ကိုယ့်လူ၊ ချက်ဆို နားခွက်က မီးတောက်တဲ့ ဆေးဆရာသမားကြီး ဗျ၊ ခင်ဗျား ပါးစပ်ယုတ်က နှုတ်ထွက်ရဲပေမဲ့ လူကြီးလူကောင်း ကျုပ်တို့ နားမခံသာစရာမျိုးမို့ တားရတာဗျ၊ ခင်ဗျားကများ လူကို စော်ကား မော်ကား’
ထိုစဉ်
‘ဂိုး ... ဟိုး ... ဟိုး’
ပထမပိုင်း ပြီးခါနီးလေးမှ ကပ်၍ ဖုတ်ကုန်း တိုက်စစ်မှူးက ဂွေးကုန်းဘက်သို့ ဂိုးသွင်းလိုက်ခြင်း ဖြစ်လေ၏။ ပုဆိုး တမမနှင့် ချမည့်ဟန် ပြင်နေသော ဆေးဆရာနှင့် ဗိန္ဒောသည် လည်းကောင်း၊ အနီးနားမှ သူကြီးနှစ်ပါးသည် လည်းကောင်း၊ ထိုသူများ အငြင်းပွားသည်ကို ယောင်တောင်တောင် လိုက်ကြည့်နေမိသော သိကြားမင်းသည် လည်းကောင်း မည်သို့ မည်ပုံ ဂိုးဝင်သွားသည်ကို မမြင်လိုက်ကြဘဲ ရှိချေသည်။ သိကြားမင်း ဦးမာဃသည် သိကြားတို့ ဘာဝ ရီပလေး (Replay) ပြန်လုပ်ကြည့်၍ ရသော်ငြား ဗိန္ဒော၊ ဆေးဆရာနှင့် သူကြီး နှစ်ဖြာတို့ ခမျာ နီးရာလူထံ စနည်းနာ ပြန်ကန် အပြောတွေကိုသာ နာကြားကြရကုန်၏။ မရှေးမနှောင်း မှာပင် ဒိုင်လူကြီး ဦးမဲသည် ဝဇီ ခဲ၍ ပထမပိုင်းကို လက်စသတ်လိုက် လေသည်။
ဖုတ်ကုန်း ရွာသား ပရိသတ် အများသည် တစ်ဂိုး နိုင်နေသဖြင့် တရွရွ ဖြစ်ကြသလောက် ဂွေးကုန်းဘက်သားတို့မူကား ဟိုအပြစ်တင် သည်အပြစ်တင်၊ အချင်းချင်း ဆဲသူဆဲ၊ မဆီမဆိုင် ဒိုင်ကို မျက်စောင်း ခဲလို ခဲနှင့် အကဲမရကြချေ။ အချင်းချင်း ပြောရင်းနှင့် ထချမလို ဖြစ်ကြသည်လည်း မရှား။ ဖုတ်ကုန်း ဘောသမားများသည် အနား ရသည့် ကာလ ရေငုံသူ ငုံ၊ အကြော လျှော့သူ လျှော့၊ ကြပ်ထုပ် စမ်းသူစမ်းနှင့် ဟိုတစ်စု သည်တစ်စု ပြုစုလျက် ရှိကြ၏။ ဂွေးကုန်း ဘောသမားများမူကား အနားမယူအားဘဲ ကွင်းထောင့် တစ်နေရာတွင် အခါပေး နည်းပြ ဆရာနှင့် တကျိတ်ကျိတ် တစ်စုံတစ်ရာ တိုင်ပင်နေကြကုန်လေသည်။
ဦးမဲသည် ဒုတိယပိုင်း ပြန်စရန် လောဆော်၏။ ကွင်းထဲသို့ ဝင်လာ ကြကုန်သော နှစ်ဖက် ဘောသမားတို့ မျက်နှာထားကား ထူးခြားလှတော့ သည်။ တစ်ဂိုး နိုင်နေသော ဖုတ်ကုန်းသားများမှာ အေးအေးလူလူသာ ဝင်လာလေသည်။ ရှုံးနေသော ဂွေးကုန်းသားများမှာမူ …
ကလေးနှင့် လူကြီး ကန်ရမည့် အလား မထီလေးစား ပြုံးတုံးတုံးနှင့် တစ်ဖက် အသင်းအား မလေးမစား ကြည့်လျက် ဝင်လာကြလေသည်။ ပရိသတ် အများ ဒင်းတို့ မျက်နှာထား ကြည့်၍ အတန်ငယ် ငြိမ်ကျသွား၏။ အသို့လေနည်း။ ရှုံးနေသည့် ဘက်က အချိန်မရွေး ထကန်လို့ နိုင်မည့် ဂိုက် ဖမ်းနေလေပြီ။ တစ်ဖက် အသင်းသားများကိုလည်း ကလေးကို လူကြီးက ကြည့်သကဲ့သို့ သနားကြည့်နှင့် ကွက်ကြည့် ကွက်ကြည့် လုပ်ကြသေး။ ပရိသတ် ကြားတွင် သို့လော သို့လော အတွေး ပွားလျက် အချင်းချင်း တီးတိုး ဝေဖန်နေကြ၏။ ဖုတ်ကုန်း ဘောသမားများပင် မသင်္ကာချင်သလို အချင်းချင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိကြစဥ်ပင် ဒိုင်လူကြီး ဝဇီ တွတ်၍ ဒုတိယပိုင်း တာလွှတ်လိုက်လေ၏။
စပေးဘောကို ဖုတ်ကုန်းဘက်မှ ကန်ရမည် ဖြစ်သည်။ ဂွေးကုန်း ဂိုးသမားသည် သူ့ ဂိုးပေါက်သို့ အသွား တစ်ဖက် အသင်း တိုက်စစ်မှူးအား ပြုံးစိစိနှင့် မျက်စိ တစ်ဖက် မှိတ်ပြသွားသေး၏။ ဒိုင်လူကြီး ဦးမဲမှ စကန်ရန် လောဆော်လေသည်။ ဂွေးကုန်း ဘောသမား ဆယ်ယောက်လုံးသည် အေးအေးလူလူ သူတို့ ဂိုးဧရိယာ အစပ်၌ ရင်ပေါင်တန်းကာ လက်ချင်း တွဲ၍ ရပ်လိုက်ကြ၏။ ထူးခြားသော ကစားကွက်ပေတကား။ ဖုတ်ကုန်း ဘောသမားများသည် အနှီ လူတန်းကြီးကို ကြည့်ကာ ရုတ်တရက် ဘာလုပ်ရမှန်း မသိ။ ဒိုင်လူကြီးက ကန်ကြပါဟ ဟူသော သဘောနှင့် နောက်တစ်ခါ ဝဇီ ထပ်မှုတ်၏။ မဖြစ်ချေတော့။ ဖုတ်ကုန်း ဘောသမား များသည် ထုံးစံ အတိုင်း အပေးအယူ လုပ်၍ ရှေ့တက်သူက ပြေးတက် သွားကြသည်။ ဤတွင် ဂွေးကုန်း လူဆယ်ယောက်တန်းကြီးသည် ကွင်းလယ်သို့ ညာသံ ပေးကာ ဟေးခနဲ ပြေးတက်လာလေသည်။ ကွင်းလယ်တွင် ဘောလုံး ထိန်းထားသော ဖုတ်ကုန်း ပလေယာသည် ရုတ်တရက် ပြေးတက်လာသော ဂွေးကုန်း လူတန်းကြီးကို လန့်သွား၍ သူ့တိုက်စစ်မှူး တစ်ယောက်ထံ အမြင့်ဘော ကန်တင်လိုက်သော်
‘ရွှီ’
လူကျွံနေလေသည်။ ဂွေးကုန်းဘက်မှ လူကျွံဘော တည်ကန်ခွင့် ရသွားလေ၏။ လူကျွံဘောကို မည်သို့ ကန်ကြလေမည်နည်း။
ဂွေးကုန်း ဂိုးသမားသည် လူကျွံဘော ကန်ရန် အေးအေးဆေးဆေး တက်လာ၍ ဘောလုံးကို တည်၏။ ကျန်ဆယ်ယောက်သည် ဘောလုံး တည်ထားသော ဂိုးသမားကို ကျောပေးကာ ဝိုင်းကြီးပတ်ပတ် လက်တွဲ လိုက်ကြလေသည်။ ပရိသတ်နှင့် တစ်ဖက် အသင်းသည် မြင်ကွင်းကို အလွန်တရာ အံ့သြနေစဉ် ဒိုင်လူကြီး ဝဇီ မှုတ်လေ၏။ ဝဇီသံ ကြားသည်နှင့် လူဝိုင်းကြီးထဲမှ ဂွေးကုန်း ဂိုးသမားသည် သူ့လူ တစ်ယောက် နောက်စေ့ကို ဘောနှင့် ကန်၏။ ဘောပြန်ကျသည်နှင့် ဝမ်းခေါင်းသံကြီးနှင့် ပြေးဟု ကျုံးအော်ကာ ပြိုင်ဘက် အသင်း ဂိုးပေါက်ဘက်သို့ ဂိုးသမားနှင့် ဘောလုံး အလယ် ထားကာ ဆယ့်တစ်ယောက်လုံး အဝိုင်းလိုက်ကြီး ဆွဲပြေးကြလေတော့သည်။
သိကြားမင်း အံ့သြသွား၏။ ဆန်းလှသော အကွက်ပေတကား။ ဖုတ်ကုန်း ပလေယာများနှင့် ဒိုင်လူကြီးပါ နေရာတွင် ကြက်သေ သေနေကြ၏။ ပရိသတ်မှာလည်း အလွန်တရာ အံ့သြလှချေ၍ ဘာသံမျှ မထွက်နိုင်၊ ငိုင်ကြည့်နေကြလေသည်။ ထိုစဉ်အတွင်းမှာပင် ဂွေးကုန်း ဘောသမား ဆယ့်တစ်ယောက် အဝိုင်းကြီးသည် ဖုတ်ကုန်း ဂိုးပေါက် ရှေ့သို့ ရောက်ရှိ သွားကာ ရုတ်တရက် လူစု ခွဲလိုက်၏။ ထိုအခါ လူဝိုင်းကြီး အလယ်မှ ဂွေးကုန်း ဂိုးသမားသည် အံ့သြနေသော ဖုတ်ကုန်း ဂိုးသမားကို စေ့စေ့ ပါအောင် တစ်ချက် ကြည့်၍ ဘောလုံးကို ဂိုးပေါက်တွင်းသို့ ကျုံးကန်သွင်း လိုက်လေတော့သည်။
ပထမသော် တစ်ကွင်းလုံး တိတ်ဆိတ်လျက် ရှိ၏။ နောက်မှ
‘ဂိုး ... ဟိုး ... ဟိုး’
ဟူသော ဂွေးကုန်းသားတို့၏ တစ်ခဲနက် အသံကြီးသည် ဘဝဂ် လျှံ၍ ထွက်လာလေသတည်း။ ချေပဂိုး သွင်းပေးလိုက်သော ဂွေးကုန်း ဂိုးသမားသည် အောင်ပွဲမျှ မခံ။ လုပ်ရိုး လုပ်စဉ် သာမန် အလုပ် တစ်ခုလိုသာ သဘောထားသကဲ့သို့ သူ့ ဂိုးပေါက်ဘက် ခပ်တည်တည် ပြန်လျှောက်သွားလေသည်။ ဖုတ်ကုန်းဘက်မှ မကျေမနပ်နှင့် စောဒက တက်သံများသည် ကစားသမားများထံမှရော ပရိသတ်ထံမှပါ ပွက်ပွက်ညံအောင် ထွက်လာလေသည်။ မည်သို့ဆိုစေ။ ဒိုင်လူကြီး ဦးမဲမှ နက်နဲစွာ စဉ်းစားလျက် ဂိုးဝင်သည် သတ်မှတ် ခွင့်ပြုလိုက်လေသဖြင့် ဂွေးကုန်းဘက်မှ ချေပဂိုး တစ်ဂိုး ပြန်ရသည်နှင့် အတူ သရေကျသွား၍ ပွဲမှာ အကြိတ်အနယ် ရှိလာလေသည်။
ဖုတ်ကုန်းဘက်မှ စပေးဘောကို ကွင်းလယ်တွင် ပြန်တည်၏။ ဂွေးကုန်း အသင်းကလည်း သူတို့၏ (၁-၁၀) ဝမ်းတန်း ဖော်မေးရှင်း အတိုင်း သူတို့ ကွင်းဘက် အခြမ်းတွင် ပြန်၍ တန်းစီကြလေသည်။ သို့သော် သည်တစ်ခါတော့ ဖုတ်ကုန်းသားများ ပါးသွားလေပြီ။ ဒိုင် ဝဇီတွတ်သည်နှင့် နောက်တန်းသို့သာ ဘောလုံး ပြန်ပေးလိုက်၏။ လူကျွံ မခံတော့။ အမြင့် ဘောများ မကန်တင်တော့။ အခြေအနေ ကြည့်၍ ဘောလုံး ထိန်းထားလျက် ဂွေးကုန်း လူတန်းကြီးကို ကျော်ဖြတ်ရန် ကြံလေသည်။ သို့သော် ဒီ လူဆယ်ယောက်တန်းကြီးကို ဘယ့်နှယ်မှ လုပ်မရ။ ဝမ်းတူး ရိုက်ကြည့်လည်း မလွတ်။ တောင်ပံ နှစ်ဖက်တို့မှ ကပ်ဖောက်ရန် ကြံလျှင် ကပ်သည့်ဘက် ပြုံလာ၏။ ဘော နောက်ပြန် ကန်ပေးလိုက်၍ နောက်တန်းမှ လူခေါ် ကစားနေလည်း သင်းတို့က တက်မလာ၊ အလယ် စည်းနားတွင်သာ အတန်းလိုက်ကြီး ဟေးလား ၀ါးလား လုပ်နေကြ၏။ တစ်ချီတွင် ဖုတ်ကုန်းသားများ စိတ်ထွက်လာ၍ ဂွေးကုန်း လူတန်းကြီးကို အတင်း ဝင်ဖောက်၏။ သို့သော် မရ။ လုံးထွေး သွားကြပြီးနောက် ဘောလုံးကို ကွင်းပြင် ကန်ထုတ်လိုက်ခြင်းသာ ခံရ၏။ အဝေးမှ လှမ်းကန်သွင်းရအောင်ကလည်း ကိုယ့်ခြေ ကိုယ် စိတ်မချ၍ ဖုတ်ကုန်းသားတို့ မလုပ်ရဲကြ။ မည်သည့် နည်းနှင့်မျှ ဂွေးကုန်းဘက်ကိုတော့ ဘောလုံး ပိုင်ဆိုင်ခွင့် ပေး၍ မဖြစ်ချေ။ မတော် ခုနကလို လုပ်ကြပြန်လျှင် ခက်မည် ဖြစ်၏။ ဤသို့နှင့် ပွဲသည် ထုပ်ဆီးတိုးသလို ဖြစ်နေကာ အချိန် တော်တော် ကုန်သွား၏။ ပရိသတ်များမှာလည်း ယောက်ျား ထုပ်ဆီးတိုးပွဲ လာကြည့်နေကြရသလို ရှိ၏။ ဂွေးကုန်း ဆယ်ယောက်တန်းကြီးမှာကား ၄င်းတို့၏ ဝမ်းတန်း ဖော်မေးရှင်းကို အပျက်မခံဘဲ ဇွဲကောင်းစွာဖြင့် ခံစစ်သာ ကစားနေလေသည်။ ကွင်းလယ်စည်းကို ကျော်၍ လုံးဝ တက်မလာ ကြသည်သာမက ရင်ပေါင်တန်း လက်တွဲထားခြင်းကိုပင် ယားလို့မှ မဖြုတ် ကြချေ။ ပွဲချိန် ပြည့်ရန်ကား တဖြည်းဖြည်း နီးကပ်လာလေပြီ။ ဤသို့ဖြင့် တစ်ချီတွင်မူ ...
စိတ်မရှည် ဖြစ်နေပုံရသော ဖုတ်ကုန်း တိုက်စစ်မှူး တစ်ယောက်သည် ဘောလုံး ရ၍ ဂွေးကုန်း ဂိုးဧရိယာစပ်နား အထိ ချဉ်းကပ်သွားနိုင်လေသည်။ ဤတွင် ဟိုပြေး သည်ပြေး ဟိုပေး သည်ပေးနှင့် ဘာမှလည်း လုပ်မရသော ဘောပွဲကို အဆုံးသတ် စိမ့်သောငှာ စဉ်းစားမနေတော့ဘဲ ဂိုးပေါက်ထဲသို့ တစ်ခါတည်း လှမ်းကန်ထည့်လိုက်လေ၏။ သို့သော် ကြေးစား ပရို (pro) ခြေ မဟုတ်သဖြင့် ဂွေးကုန်း ဂိုးသမား အလွယ်တကူ ဖမ်းမိသွားလေရာ ဖုတ်ကုန်း တစ်ရွာလုံး စိုးရိမ်စိတ်နှင့် ဟယ်ခနဲ အာမေဍိတ် မိကြလေသည်။ ဘာတွေများ မဟုတ်တာ လုပ်ကြဦးမည်နည်း။ အချို့က ခုနတုန်းကလို အဝိုင်းကြီး လုပ်ပြေးပြီး ဂိုးသွင်းရင် မပေးနဲ့ဟု ဒိုင်ကို ကြို သတိပေး အော်ဟစ်ကြ၏။ ကိုးရိုးကားရား ဂိုးများကို လက်မခံလိုသော ဦးမဲကလည်း ဂိုးသမားထံ ကပျာကယာ ပြေးသွား၍ ခုနကလို ဂိုးသွင်းရင် မပေးဘူးဟု ဒိုင်လူကြီး အာဏာပြလေသည်။ ဂွေးကုန်း ဂိုးသမားကမူ အေးဆေးစွာ ပြုံး၍ ဒိုင်လူကြီးအား ခေါင်းသာ ညိတ်ပြလေသည်။ သို့မှ ပရိသတ်နှင့်တကွ ဒိုင်ပါ ဘဝင်ကျသွားလျက် ဖမ်းမိထားသော ဘောကို ပြန်ကန်တင်ရန် အချက်ပြ၏။ သို့သော် ...
ဘောလုံးကို ကွင်းလယ်သို့ ပြန်ကန်မတင်ဘဲ ဂွေးကုန်း ဂိုးသမားသည် ဘောလုံးကို ပိုက်ထားလျက် သူ့လူ နှစ်ယောက်ကိုသာ လှမ်းခေါ်လိုက်၏။ ဂိုးသမားနှင့် နောက်တန်း နှစ်ယောက်သည် ဂိုးပေါက် ရှေ့တွင် ဖိုခနောက်ဆိုင် ဝိုင်းမိကြသော် ဂွေးကုန်း ဂိုးသမားသည် သူ မိထားသော ဘောအား နောက်တန်း တစ်ယောက်ထံ ပစ်ပေးလိုက်၍ ဘောလုံးကို ခြင်းလုံးလို ဝိုင်းခြင်းခတ်နေကြလေတော့သည်။
ဘာလုပ်ကြပြန်တာတုန်း။ ဂွေးကုန်းသားတို့သည် ပွဲကို သရေနှင့်သာ အဆုံးသတ်ချင်လေသလား။ သို့မဟုတ် မည်သို့သော အကြံများ ကြံကြပြန် လေသနည်း။ ပရိသတ်မှာ သင်းတို့ လုပ်ပုံကို ပထမတော့ ခေတ္တမျှ ကြောင်ကြည့်နေကြသော်လည်း သတိရသော် ရုတ်ခြည်း ထဆူပွက်ကြလျက် ဘာလုပ်နေတာလဲကွ၊ ကန်ပါလားကွ၊ မအေ ...၊ နှမ ... စသဖြင့် သောင်းကျန်းကြကုန်၏။ သို့သော် ဤသို့ အော်ဟစ်ကုန်ကြသူများမှာ ဖုတ်ကုန်းသားများသာ ဖြစ်၍ ဂွေးကုန်း ပရိသတ်မှာမူ သိပ်မဆူကြပေ။ သူတို့ ဘောသမားများ တစ်ခုခု ကြံစည်ထားပုံ ရသည်ကို ရိပ်မိ၍ ခပ်မဆိတ် အသာ ကြည့်နေကြလေသည်။
ပြိုင်ဘက် ဖုတ်ကုန်း အသင်း ကပ္ပတိန်က ဒိုင်လူကြီး ဦးမဲကို တစ်ခုခု ဆုံးဖြတ်ရန် စောဒက သွားတက်၏။ ဘောလုံး ဥပဒေကို သေချာစွာ မသိရှာသော တောဒိုင် ခမျာလည်း ဘောသမားတို့သည် ဘောလုံးကို ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင် ကစားနေစဉ် အတွင်း ခြင်းခတ်သလို ဆော့နေ၍ ရ မရ အစဉ်းစားရ ကျပ်လေ၏။ မည်သို့ဆိုစေ ပွေးကုန်း ဂိုးသမားနှင့် အပေါင်းပါများမှာမူကား ပျော်ပျော်ပါးပါး ဘောခြင်း ကစားနေကြလျက် ‘ကောင်လေးရဲ့၊ စလွယ်လေးဟဲ့၊ မဟာ ဒူလေးဟဲ့’ လုပ်နေကြလေသည်။ ထိုအခါ ဖုတ်ကုန်း အသင်း ကပ္ပတိန်မှာ စဉ်းစားရလေပြီ။ . ပွဲမှာလည်း ပြီးတော့မည်။ ဤပုံအတိုင်းသာဆို တစ်ဖက် တစ်ဂိုးစီနှင့် သရေကျပေတော့မည်။ သရေကျသော် မကန်ခင်က အခြေအနေနှင့် ဘာမှ မထူးသည် ဖြစ်၍ ပင်ပန်းရကျိုး နပ်မည် မဟုတ်။ ယခု ဘောလုံးမှာ သင်းတို့ ဂိုးနားတွင် ရှိ၏။ သင်းတို့ ခြင်းခတ်နေသည့်ကြား . အတင်း ဝင်ဖျက် လုယက်၍ ဂိုးသွင်းရသော် တစ်ဂိုး ရနိုင်ချေ ရှိသည်။ ထိုသို့ စဉ်းစားမိ၍ မိမိ အသင်းသားများအား အကျိုးအကြောင်း ပြောပြရာ အားလုံး သဘောတူမျှကြသဖြင့် ဂွေးကုန်း ခြင်းဝိုင်းနား အတင်း ပြေးဝင်သွားကြကုန်လေသည်။ ဤတွင် ...
ဖုတ်ကုန်းသားများ အတင်း ပြေးဝင်လာသည်ကို မြင်သည်နှင့် ဂွေးကုန်း ဂိုးသမားသည် ‘ဟေ့’ ဟု အသံ ပြုလျက် သူ့လူ တစ်ယောက် ခြေခွင်နှင့် ဆယ်တင်လိုက်သော ဘောလုံး ပြန်အကျတွင် ဒူးနှစ်လုံးကြား အားရပါးရ ညှပ်ထားလိုက်၏။ တိုင်ပင်ထားပြီး ဖြစ်၍ ဤအကွက် စောင့်နေသော ကျန်သူ့လူ နှစ်ယောက်ကလည်း ဘောလုံးကို လက်နှင့် လုံးဝ မထိအောင် ကြိုးစားကာ ဘောညှပ်ထားသော ဂိုးသမားအား ခြေ တစ်ယောက် လက်တစ်ယောက် စွေ့ခနဲ ကောက်ပွေ့၏။ ထို့နောက် နှစ်ယောက်သား ဘောညှပ် ဂိုးသမားကို ခေါင်းပေါ်တွင် ကိုင်မြှောက်ကာ ဖုတ်ကုန်း ဂိုးပေါက် ရှိရာဘက်သို့ တညီတညာတည်း သုတ်ခြေတင်ကြလေသော် ကျန်ရှိနေသော ဂွေးကုန်း ဘောသမား ရှစ်ယောက်ကလည်း ထိုသုံးယောက်ကို ဖုတ်ကုန်းသားများ မနှောင့်ယှက်နိုင်စေရန် ဝိုင်းရံ ကာကွယ်လျက် ညာသံပေးကာ ဟေးခနဲ ပြေးလိုက်သွားကြလေသည်။ ထူးဆန်းလှသော (၁-၂-၈) ကစားကွက်ကို မှင်တက်မိသည့် ဖုတ်ကုန်း ကပ္ပတိန်သည် သတိဝင်သော် ‘လိုက် ... လိုက် ... လိုက်ပါဟ၊ လိုက်ကြပါဟ’ ဟူ၍ သူ့လူများကို နှိုးဆော်ကာ ဂွေးကုန်းသား တစ်သိုက် နောက်သို့ အတင်း ပြေးလိုက်ရှာလေသည်။ သို့သော် အရာအားလုံးကား လက်မတင်လေး နောက်ကျသွားခဲ့ရလေပြီ။ ဘောညှပ် ဂိုးသမားကြီးကို ထမ်း၍ ပြေးချ လာသော ဂွေးကုန်း နောက်တန်း နှစ်ယောက်သည် ဖုတ်ကုန်း ဂိုးပေါက်ရှေ့ ရောက်သည်နှင့် အံ့အားသင့်လျက် ရှိသော ဖုတ်ကုန်း ဂိုးသမား ခေါင်းပေါ်မှ ကျော်ကာ ဘောရော လူပါ ဂိုးတွင်းသို့ ပစ်သွင်းလိုက်ကြလေတော့၏။
‘ဂိုး ... ဟိုး ... ဟိုး’
တစ်ခဲနက်သော အားပေးသံသည် ဂွေးကုန်းရွာ ပရိသတ်ဘက်မှ လျှံထွက်၍ လာလေ၏။ ဂွေးကုန်းရွာ လက်ရွေးစင် ဘောလုံး အသင်းကြီးသည် ပွဲချိန် ပြည့်ရန် စက္ကန့်ပိုင်း အလိုလေးတွင်မှ အနိုင်ဂိုးကို ပညာပါပါ သွင်းယူလိုက်နိုင်လေပြီ။ သမာသမတ်ကျသော ကွင်းလယ် ဒိုင်လူ ကြီး ဦးမဲသည် စည်းကြပ်ဒိုင်များနှင့် အတန်ကြာ ညှိနှိုင်းပြီးမှ ဂိုးဝင်သည်၊ ဂိုးပေး၍ ရသည်၊ ဘောလုံးကို လက်နှင့် ထိခြင်း ကိုင်ခြင်း မရှိဘဲ ဒူးနှင့်သာ ညှပ်ထားသော ကစားသမား တစ်ယောက်အား ကျန်နှစ်ယောက်က ကိုင်မြှောက်၍ ဂိုးပေါက်တွင်း ပစ်သွင်းခြင်းသာ ဖြစ်သောကြောင့် စည်းကမ်း ဖောက်ဖျက်ခြင်း မရှိဟု ဆုံးဖြတ်လိုက်လေသည်။ ဖုတ်ကုန်း ရွာသားများကား လွန်စွာ ဒေါပွလျက် ရှိကြသော်လည်း မတရားသဖြင့် သွင်းသော ဂိုးဟု ယူဆ၍လည်း မရသဖြင့် စောဒက မတက်နိုင်ရှာကြချေ။ ပွစိ ပွစိ ရေရွတ် ကျိန်ဆဲ မြည်တွန် တောက်တီးလျက်သာ မကျေမနပ်နှင့် အလျှို အလျှို ပြန်သွားကြလေသည်။ ဖုတ်ကုန်း အသင်းသားတို့သည် ခေါင်းတုံး အချင်းချင်း ထိပ်ပုတ်ခံရသကဲ့သို့ မခံချိ မခံသာ ရှိလေ၏။ ဂွေးကုန်း ဗိန္ဒောနှင့် ဂွေးကုန်း သူကြီး ပေါင်းရိခြင်းကို ခံရလေသော ဖုတ်ကုန်း သူကြီးနှင့် ဆေးဆရာမှာ မျက်နှာကြီးများ နီပြာလျက် အနီးအနားမှ နိုင်ရာ လူများကိုသာ ဖိ၍ မာန်မဲကြကုန်၏။ သိကြားမင်းသည်ပင် ဘောပွဲကြောင့် အပျင်းပြေရုံသာမက မာတလိ ခေါ်ကာ ဆက်ငြင်းနေကြလေသည်။ ဂွေးကုန်း အသင်းဘက်မှ သွင်းယူသွားသော ချေပဂိုးနှင့် အနိုင်ဂိုး နှစ်ဂိုးကို အထပ်ထပ် အဖန်ဖန် ပြန်ရစ်ကြည့်ကြ၍ စုတ်တသပ်သပ် ရှိကြ၏။ မည်သို့ပင် ဖြစ်စေ ဘောပွဲမှာ ပြီးဆုံးသွားပြီသာ ဖြစ်၍ ဂွေးကုန်း အသင်းမှ နှစ်ဂိုး တစ်ဂိုးနှင့် အောင်မြင်စွာ ဗိုလ်စွဲခဲ့ပြီ ဖြစ်သည်။ ဂွေးကုန်း တစ်ရွာလုံးသည် ထူးခြားလှသော ဖော်မေးရှင်းများ တီထွင် ညွှန်ကြားပေးခဲ့သည့် သူတို့ ဘောအသင်း၏ ယာယီ နည်းပြ မြို့မှ လာသော လူငယ် ဧည့်သည် ပိန်းဥ တစ်လုံးအား ချီးကျူးမဆုံး ရှိကြလေတော့သတည်း။ (အနှီ နည်းပြ ငနဲကား အခြားသူ မဟုတ်ချေ။ ဂွေးပင်ဖုတ် ရွာကြီးသို့ အလည် ရောက်သွားစဉ် ဘောပွဲနှင့် တိုးသဖြင့် မနေနိုင် မထိုင်နိုင် နည်းပြ ဝင်လုပ်ကာ ရှုပ်ထားပစ်ခဲ့သည့် ကျွန်ုပ်၏ ချစ်လှစွာသော လက်ဖက်ရည်ဆိုင် ပိန်းဥ အုပ်စုမှ ဆတ်စလူး ပိန်းဥ ဖြစ်လေသတည်း။)
ဤသည်မှ စ၍ တစ်ဆင့် စကား တစ်ဆင့် နားဖြင့် ဂွေးကုန်း ဘောလုံး အသင်း၏ ‘ဝမ်း-တန်း (၁-၁၀)’ နှင့် ‘ဝမ်း-တူး-အိတ် (၁-၂-၈)’ ဖော်မေးရှင်းများသည် ကမ္ဘာတစ်လွှား လွန်စွာ ကျော်ကြားလာလျက် ဥရောပ ဘောလုံး လောကသို့ ပေါက်ကြားလေ၏။ ဤတွင် ဥရောပမှ ထိပ်သီး ဘောလုံး ကလပ် အသင်းကြီးများ ဖြစ်ကြသော မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် အာဆင်နယ် အသင်းတို့က ဖော်မေးရှင်း တစ်ခုကို ယူရို ဆယ်သန်းစီဖြင့် ဝယ်ယူသွားကြသော ဟူ၏။ ဂွေးကုန်း ဘောလုံး အသင်းမှာလည်း ၄င်းတို့၏ ဖော်မေးရှင်း နှစ်ခုအား ကမ္ဘာ အနှံ့ လှည့်လည်၍ သရုပ်ပြ သင်ကြား ပို့ချပေးရလေရာ ကမ္ဘာတွင် ရီးယဲမက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အင်တာ မီလန်၊ အေစီ မီလန်၊ ဘိုင်ယန် မြူးနစ် စသော အသင်းကြီးများထက်ပင် ပို၍ ထင်ပေါ် ကျော်ကြားနေတော့၏။
အကယ်၍ တစ်စုံတစ်ယောက်သောသူသည် ဤဖော်မေးရှင်းများကို အပျော် သဘော လူမှုရေးအားဖြင့် မဟုတ်မူဘဲ မိမိ၏ တစ်ကိုယ်ရေ တစ်အုပ်စု အကျိုးစီးပွား အလို့ငှာ ဆင်တူယိုးမှား ဖြစ်စေ တိုက်ရိုက် ဖြစ်စေ ခိုးယူ အသုံးချမည် ဆိုပါက ဤစာရေးသူ ကိုယ်စား ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်မှ တရားစွဲဆိုခြင်းကို ခံရမည့် အပြင် သိကြားမင်းမှ ဒေါပွ၍ ဝရဇိန် လက်နက်နှင့် လိုက်လံ ပစ်ခွင်းခြင်း ခံရမည်မှာ သေချာ ပေတော့သတည်း။
အလုပ် ဆိုသည်မှာ ....
မနက် အသစ် တစ်ခု စသည် ရှိသော် နေသည် သူ့ အလုပ် သူ လုပ်ရန် အတွက် အရှေ့ဘက်မှ ထွက်ဖို့ ပြင်လေ၏။ သို့သော် ညဆိုင်း အလုပ်သမား လသည် ဂျူတီ လာမချိန်းသေးသဖြင့် စောင့်နေရသည် ဖြစ်ရာ လောကဇာတ် တစ်ခုလုံးမှာ ဝေလီ ဝေလင်း ဖြစ်လျက်သာ ရှိနေလေ သည်။
ပဲပြုတ်သည် ဒေါ်ပြားသည် အိပ်ရာမှ ထခြင်း အလုပ်၊ ကိုယ်လက် သန့်စင်ခြင်း အလုပ်နှင့် ဘုရား ဝတ်ပြုခြင်း အလုပ်တို့ကို အစဉ်အတိုင်း လုပ်နေချိန်တွင် ‘ပဲပြုတ်’ သည် သူ့ကိုယ်သူ နူးအောင် ပြုတ်၍ အလုပ် သွားရန် စီမံလေသည်။ ဒေါ်ပြား ဘုရား ဝတ်ပြုပြီးသော် ပဲပြုတ်လည်း နူးပြီ ဖြစ်၍ လုပ်ဖော်ကိုင်ဖက် ချိန်ခွင်နှင့် အလေးတို့ကို အိပ်ရာမှ နှိုးကာ တောင်းထဲ ဝင်ထိုင်လေသည်။ ဒေါ်ပြား တောင်းနား ရောက်သော် တောင်းသည် ဒေါ်ပြား ခေါင်းပေါ် တက်၍ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှ နံပြားကို ဝင်ခေါ်ရန် ထွက်လာကြလေသည်။
လမ်းထိပ် လက်ဖက်ရည်ဆိုင်သည် တစ်နေ့တာ အလုပ် လုပ်ရန် အတွက် သူ့ကိုယ်သူ ဖွင့်လျက် ရှိ၏။ စားပွဲထိုးနှင့် တံမြက်စည်းသည် သန့်ရှင်းရေး အလုပ်ကို နှစ်ယောက် ပေါင်းလုပ်လျက် ရှိ၏။ အကြော်ဆရာနှင့် မီးဖိုသည် တစ်ယောက်နှင့် တစ်ယောက် တွက်ကတ်နေကြသေးသဖြင့် သိပ်အလုပ် မဖြစ်ဘဲ မီးရှိန် နည်းလျက် ရှိသည်။ စားပွဲပေါ်မှ ဂျုံလုံးများသည် သူတို့ကိုယ် သူတို့ နံပြား ဖြစ်ရေး အတွက် မီးဖို ဘေးတွင် တန်းစီ စောင့်လျက် ရှိ၏။ အဝေးမှ ဒေါ်ပြားနှင့် ပဲပြုတ်တောင်း လာနေသည်ကို မြင်သော် မီးဖိုသည် လည်းကောင်း၊ ဂျုံလုံးသည် လည်းကောင်း၊ အကြော်ဆရာသည် လည်းကောင်း နံပြား ဖြစ်အောင် အလုပ် ပေါင်းလုပ်ကြကုန်၏။ ထို့နောက် ဒေါ်ပြားသည် နံပြားများကို တောင်းထဲ ထည့်၍ ခါးကြားမှ ပိုက်ဆံကို အကြော်ဆရာအား ပေးခဲ့လေသည်။ ပိုက်ဆံသည် တစ်နေ့တာ လူတကာ လက်သို့ ခရီး ထွက်ခြင်း အလုပ်ကို လုပ်ရန် အတွက် လက်ဖက် ရည်ဆိုင်တွင် နေခဲ့ချိန်၌ ပဲပြုတ် နံပြားနှင့် ဒေါ်ပြားတို့သည် အလုပ် လုပ်ရန် ထွက်ခဲ့ကြလေသည်။ ဒေါ်ပြားသည် ပဲပြုတ် နံပြားနှင့် သူ့နာမည်ပါ ပါ အောင် ‘အပြုတ်နဲ့ အပြား’ ဟု ခပ်စွာစွာ တစ်ချက် အော်၍ ကြော်ငြာလျက် ခရီး ဆက်လေ၏။
ပဲပြုတ်သည် အော်သံကို စောင့်နေသည်မှာ အလုပ် သွားရန် ပြင်နေသော မီးငယ်နှင့် သူ့ ထမင်းချိုင့် ဖြစ်၏။ နောက်ခဏ၌ ‘ပဲပြုတ်’ သည် သူ့ကိုယ်သူ တစ်ဝက် ခွဲ၍ ပန်းကန်ထဲ၌ မီးငယ် အလာကို နံပြားနှင့် အတူ စောင့်နေလေသည်။ ကျန်တစ်ဝက်သည် ရုံးသို့ လိုက်သွားရန် ထမင်းချိုင့်ထဲသို့ ဝင်လေ၏။ မီးငယ်နှင့် စလင်းဘက်သည် တစ်ယောက်လက် တစ်ယောက် ဆွဲ၍ ထမင်းစားပွဲသို့ လာသော် ပဲပြုတ်နှင့် နံပြားတို့သည် မီးငယ် ပါးစပ်ထဲ လုံးထွေး ဝင်သွားကြလျက် လူတစ်ယောက် အတွက် မနက် အဆာပြေ စားသောက်ခြင်း အလုပ်ကို ပြီးမြောက်အောင် ဆောင်ရွက် လိုက်ကြလေ၏။ ထို့နောက် ထမင်းချိုင့်၊ မီးငယ်၊ စလင်းဘက်နှင့် နှုတ်ခမ်းနီတို့ ရုံးတက် အလုပ် လုပ်ရန် ကားဂိတ်သို့ ထွက်လာကြရာ ကားမှတ်တိုင်သည် အများသူငါ လူတကာနှင့် အတူ ဘတ်စ်ကား စောင့်ခြင်း အလုပ်ကို လုပ်လျက် ရှိပြီ ဖြစ်လေသည်။
ဒရိုင်ဘာနှင့် ဂီယာသည် လည်းကောင်း၊ စပယ်ယာနှင့် အပေါက်သည် လည်းကောင်း အတူတကွ အလုပ် လုပ်ကြလျက် လိုင်းကားသည် မှတ်တိုင်တွင် ကပျာကယာ လာရပ်၏။ ထို့နောက် မြို့ထဲ လိုက်ချင်ပုံ ရသော လမ်းဘေး ခွေးတစ်ကောင်မှ အပ မီးငယ်နှင့် တကွ လူနှင့် ဖိနပ်များကို နိုင်သလောက် တင်ခေါ်ကာ နောက်တစ်မှတ်တိုင် ရှိရာသို့ ကတိုက် ကရိုက် ဆက်ထွက်သွားရာ စပယ်ယာပင် မမီမကမ်း ပြေးလိုက်၍ သူ့ လုပ်ဖော်ကိုင်ဖက် အပေါက်ကို ခိုထားလိုက်ရလေသည်။
မီးငယ်သည် လူချင်း တိုးသော အလုပ်ကို လုပ်၍ ထမင်းချိုင့်သည် ထမင်းချိုင့်ချင်း တခွပ်ခွပ် ရိုက်လေ၏။ နှုတ်ခမ်းနီသည် နှုတ်ခမ်းနီချင်း ပြိုင်၍ ဖိနပ်များသည် ဖိနပ်များကို နင်းကာ မျက်လုံးတို့သည် မျက်လုံးချင်း အကဲခတ်လျက် မှတ်တိုင် တစ်ခုတွင် လိုင်းကားသည် မီးငယ်ကို ရုံးပို့ခြင်း အလုပ်အား အဆုံးသတ်လေသည်။ မီးငယ်နှင့် နေ့လယ်စာ ရုံးတက်လာချိန်တွင် လမ်းဆုံ လမ်းခွနှင့် ယာဉ်ထိန်းရဲသည် လည်းကောင်း၊ လမ်းမနှင့် ကားများသည် လည်းကောင်း၊ လူနှင့် ပလက်ဖောင်းသည် လည်းကောင်း၊ ဈေးနှင့် ဈေးသည်သည် လည်းကောင်း၊ ကျောင်းနှင့် ကျောင်းသားသည် လည်းကောင်း၊ နေနှင့် နံနက်ခင်းသည် လည်းကောင်း နပန်းလုံးလျက် အလုပ် တွဲလုပ်နေကြလေသည်။
ရုံးခန်းသည် သူ့အလုပ်နှင့် သူ ထုံးစံ အတိုင်း ချွေးပြန်လျက် ရှိ၏။ ကွန်ပျူတာသည် စာရင်းကိုင် အပျိုကြီးကို ပညာပြ၍ နှစ်ဦးလုံး ဒေါပွလျက် ရှိကြ၏။ လျှပ်စစ်မီးနှင့် ခလုတ် အလုပ် ပေါင်းလုပ်သည့် ဒဏ်ဖြင့် ပန်ကာမှာ ချာလပတ် ရမ်းနေလေသည်။ တယ်လီဖုန်းသည် ခပ်တည်တည် သူ့အလုပ် သူ လုပ်နေ၍ မကြာခဏ ထမြည်လေရာ မန်နေဂျာ ကိုကျော့၏ ပါးစပ်နှင့် နားမှာ အလုပ်များနေရှာလေသည်။ စားပွဲနှင့် ဖိုင်တွဲသည် အလုပ် လုပ်ရန် မီးငယ်အား ဝမ်းသာအားရ ကြိုဆို ကြ၏။ သွင်းကုန် ထုတ်ကုန် ကိန်းဂဏန်းများသည် လည်းကောင်း၊ ရေသန့်ဘူးနှင့် ရုံးအိမ်သာသည် လည်းကောင်း ဆိုင်ရာ တာဝန်များကို ထမ်းဆောင်လျက် ရှိကြလေသည်။
နေသည် မွန်းတည့် အမြင့် ရောက်သည် အထိ အလုပ် ပြီးမြောက် သွားလေသည်။ သံဃာတော်များသည် နိစ္စဓူဝ တရား ဖြစ်သော ဆွမ်းခံ ထွက်ခြင်း၊ ဆွမ်းခံ ပြန်ခြင်း၊ ဆွမ်းဘုဉ်း ပေးခြင်း အလုပ်တို့ကို တစ်နေ့တာ အတွက် လုပ်ကိုင် ပြီးမြောက်ကြလေ၏။ သုသာန် တစ်ခုတွင် လူတစ်စုနှင့် မီးသင်္ဂြိုဟ်စက် တစ်လုံးသည် အသုဘ လုပ်ငန်း ဆောင်တာ တစ်ခုအား အဆုံးသတ်ပြီးကြချိန်၌ ခွဲစိတ်ခန်း တစ်ခုနှင့် ဆရာဝန် တစ်စုတို့သည် ကလေးငယ် အသစ် တစ်ယောက်ကို အောင်မြင်စွာ မွေးဖွားပေးလိုက် ကြ၏။ မင်္ဂလာခန်းမ အတွင်း၌ ဘိသိက်ဆရာသည် မင်္ဂလာ စုံတွဲကို မင်္ဂလာဆောင်ပေးခြင်း အလုပ် ပြီးမြောက်ချိန်၌ တရားရုံး တစ်ခုနှင့် တရားသူကြီးသည် လင်မယား ကွာရှင်းခြင်း အမှုကို နိဂုံးချုပ်လိုက်လေသည်။ ရပ်ကွက် တစ်ခုတွင် ပုန်းနေသော လူလိမ်ကို ရဲနှင့် လက်ထိတ် ပေါင်း၍ ဖမ်းလိုက်ချိန်၌ လွတ်ရက်စေ့ အကျဉ်းသားသည် ထောင်မှူးနှင့် ထောင်တံခါးကို နှုတ်ဆက်၍ အိမ်ပြန်သွားလေ၏။ တက္ကသိုလ် စာမေးပွဲ တစ်ခု ဖြေဆိုခြင်း အလုပ် ပြီးမြောက်၍ ခေါင်းလောင်း ခေါက်ချိန်၌ မူလတန်းကျောင်း တစ်ကျောင်းတွင် သားအမိ နှစ်ယောက် ကျောင်းအပ်ခြင်း အလုပ် ပြီးစီး လေသည်။
ထမင်းချိုင့်နှင့် မီးငယ်သည် နေ့လယ်စာ စားခြင်း အလုပ်ကို လက်စသတ် လိုက်ကြ၏။ ထို့အတူ နေ့လယ်စာများသည် တစ်ကမ္ဘာလုံးမှ လူများ၏ အစာအိမ်များထဲသို့ ခုန်ဆင်းသော အလုပ်ကို လုပ်လိုက်ကြလေသည်။ ဒေါ်ပြား၏ ပဲပြုတ် သုံးလေးလုံးသည် အိမ်ကပြင် တစ်ခုတွင် ဖိတ်စဉ် ကျန်ခဲ့ခြင်းဖြင့် အလဟဿ ပြုန်းတီးလိုက်ကြ၏။ နံပြား တစ်ဖဲ့သည် ခွေးဝဲစား တစ်ကောင် အတွက် အဆာပြေ ကျေနပ်စေခြင်း အလုပ်ကို အောင်မြင် ပြီးမြောက်လေသည်။ လက်ဖက်ရည်ဆိုင်သည် ပန်းရန်ဆရာ တစ်သိုက်၏ နေ့လယ်စာ စားချိန်ကို မျိုချလိုက်၏။ စားပွဲထိုးနှင့် အကြော်ဆရာတို့သည် ထမင်းခဲ ကြမ်းကြမ်း တစ်ခုစီကို မျိုချလိုက်ကြ၏။ လိုင်းကားသည် ဓာတ်ဆီများကို မျိုချလိုက်ချိန်တွင် ဒရိုင်ဘာသည် စပယ်ယာကို ဘဲဥ တစ်ခြမ်း လှမ်းပေးလိုက်၏။ ဖိနပ်များ ငြိမ်သက်လျက် ရှိကြလေသည်။ နှုတ်ခမ်းနီများသည် နေ့လယ်စာကို လှအောင် စားတတ်ကြ၏။ မျက်လုံးများသည် ကောင်းသော အာဟာရကို ရှာဖွေခြင်း အလုပ် လုပ်ကြသည်။ လူများ နေ့လယ်စာ စားခြင်း အလုပ် လုပ်နေချိန်တွင် ကမ္ဘာသည် ငြိမ်သက်စွာ ထိုင်စောင့်နေလေ၏။ စာရင်းကိုင် အပျိုကြီးသည် ခရမ်းချဉ်သီးကို တစ်ကိုက် ကိုက်လိုက်ချိန်တွင် အာရပ် စစ်သွေးကြွ တစ်ယောက်နှင့် သေနတ်သည် သွေးထွက် သံယိုမှု တစ်ခုကို ရှာဖွေလေ၏။ ကိုကျော့သွားကြားထိုးနေချိန်တွင် အီသီယိုးပီးယား သမ္မတ အိပ်ရာမှ ထာလာလေသည်။ တယ်လီဖုန်းပေါင်း များစွာ ကမ္ဘာတွင် တစ်ပြိုင်နက် မြည်လိုက်ကြချိန်၌ ဂရေဟမ်ဘဲလ်သည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ အလုပ်ပေါင်း များစွာ တစ်ပြိုင်နက် ပြီးမြောက်သွားချိန်၌ တောင်ဝင်ရိုးစွန်း တစ်နေရာတွင် အက်စကီးမိုးသည် ငါးမျှားခြင်း အလုပ်ကို လုပ်လျက်ပင် ရှိနေသေး၏။ အိမ်များသည် နေထိုင်စရာ ပေးခြင်း အလုပ်ကို လုပ်၏။ ရုံးများသည် အလုပ် လုပ်ကိုင်စရာ ပေးခြင်း အလုပ်ကို လုပ်၏။ ကျောင်းသည် ပညာ သင်ပေးခြင်း အလုပ်ကို လုပ်၍ ဆေးရုံသည် ရောဂါနှင့် တိုက်ခိုက်ခြင်း အလုပ်ကို လုပ်၏။ နှုတ်ခမ်းနီတိုင်းသည် မိခင်လောင်းများ၏ ကလေး မွေးဖွားခြင်း အလုပ်ကို အကူအညီ ပေးချိန်၌ သုသာန်သည် အားလုံးကို မြှုပ်နှံခြင်း အလုပ် လုပ်လျက် ရှိလေသည်။
နေသည် တရွေ့ရွေ့ ခရီး သွားခြင်း အလုပ်ကို လုပ်လျက် ရှိ၏။ အနုပညာသမားတိုင်းသည် ပျင်းရိ ငြီးငွေ့ဖွယ်ရာ ဖျော်ဖြေခြင်း အလုပ်ကို လုပ်လျက် ရှိကြ၏။ အသေဝနာစ ဗာလာနံ ဟူသော စာပိုဒ်ကို ဖတ်ရှုခြင်း အလုပ်အား ခွေးတစ်ကောင်သည် ဘယ်သောအခါမျှ လုပ်မည် မဟုတ်ချေ။ ထိုသို့ဖြင့် ညနေစောင်း သွားလေ၏။ နေသည် လကို သတိရခြင်း အလုပ် လုပ်၏။ ဒေါ်ပြားသည် ပဲပြုတ်များကို သတိရလာချိန်၌ လိုင်းကားသည် မီးငယ်ကို သတိရလာလေသည်။ သေဆုံးသွားခဲ့ပြီ ဖြစ်သော နေ့လယ်စာကို ထမင်းချိုင့်သည် သတိမရသော်လည်း နှုတ်ခမ်းနီနှင့် မျက်လုံးတို့သည် နှုတ်ခမ်းမွေး ရေးရေး တချို့အား သတိရလာလေသည်။ အမှောင်သည် အလင်းကို အုပ်ခြင်း အလုပ်အား စတင်လေသည်။
ပွဲစား တစ်ယောက်သည် ပွဲခနှင့် မူးယစ်ခြင်း အလုပ်ကို လဲလှယ် ယူလိုက်၏။ အင်္ဂလန် ကလပ် အသင်းများသည် ဘောလုံးပွဲများ အတွက် အဝတ်အစား လဲလှယ်ခြင်း အလုပ်ကို လုပ်လျက် ရှိ၏။ ကာရာအိုကေ မိုက်ခွက် တစ်ခုသည် အသံ ထွက်ခြင်း အလုပ်ကို အစပြုလေသည်။ ကိုရီးယားကားသည် မီးငယ်ကို ဖျော်ဖြေခြင်း အလုပ် အတွက် အဆင်သင့် ဖြစ်လျက် ရှိ၏။ အမှောင်သည် အပေါစား ရေမွှေးနံ့များ ထုတ်လွှင့်သော အလုပ်ကို လုပ်နေလေသည်။ အရက်သေစာသည် ပြဿနာ ပေါင်းစုံကိုတည်ခင်း ဧည့်ခံလျက် ရှိ၏။ မည်သို့ ဆိုစေ အချို့ လူများသည် ဥပုသ်နေ့ အတွက် ဆွမ်းချက်လျက် ရှိ၏။ စာရင်းကိုင် အပျိုကြီးသည် ကြောင်တစ်ကောင်ကို ပွတ်သပ်ပေးသော အလုပ်၌ ပျော်ဝင်နေလေသည်။ လိုင်းကားသည် တစ်ရက်စာ အနားယူသွားလေ၏။ စပယ်ယာသည် ဒရိုင်ဘာ ပခုံးကို ဖက်၍ နည်းနည်း များသွားတယ်ဟု ဆို၏။ ဒေါ်ပြားသည် ကိုရီးယား မင်းသား ဒါရိုက်တာရင်ကို မျက်လုံး ပြူး၍ ကြည့်ခြင်း အလုပ်ကို လုပ်၏။ သူ့ လက်ထဲမှ စားလက်စ ဆီးထုပ်အား တောင်ပံ နှစ်ဖက်နှင့် ဒါရိုက်တာ ‘ယင်’ များက ဝဲပျံ အုံခဲနေလေသည်။ လက်ဖက်ရည်ဆိုင်သည် ပင်ပန်း နွမ်းနယ်စွာ ဖွင့်လျက်ပင် ရှိ၏။ ကျောင်းများသည် ညဘက်တွင် တံခါး ပိတ်ထားလျက် ကျောင်းသား သူငယ်များ မဟုတ်သော ကျောင်းစောင့်များအား ပညာ သင်ကြားခြင်း မပြုပေ။ ကျောင်းသား သူငယ်များနှင့် စာအုပ်သည် စာကျက်ခြင်း အလုပ်ကို အိမ်တွင် လုပ်လျက် ရှိ၏။ ဤသည်မှာ တစ်ကမ္ဘာလုံးတွင် ဖြစ်သည်။ လသည် အားရပါးရ ထွက်လာသော အလုပ်ကို ကျေနပ်နေ၏။
စာရေးဆရာသည် စာတစ်ပုဒ်ကို အဆုံးသတ်ခြင်း အလုပ် လုပ်၏။ တယ်လီဖုန်း မည်မျှ လာနေပါစေ ကိုကျော့မှာ အိမ်ပြန်သွားပြီ ဖြစ်၏။ ဒေါ်ပြား အတွက် ပဲပြုတ်နှင့် မီးငယ် အတွက် လိုင်းကားနှင့် စာရင်းကိုင် အပျိုကြီး အတွက် တယ်လီဖုန်းနှင့် အပေါစား ရေမွှေးနံ့ ပိုင်ရှင် မိခင်လောင်းများ အတွက် ဥပုသ်နေ့နှင့် ကိုကျော့ အတွက် ညသည် ဖြတ်သန်းသွားခြင်း အလုပ်ကို လုပ်လျက် ရှိ၏။ အိပ်ရာခင်းများ တွန့်ကြေစ ပြုလာလေသည်။ လူတစ်ယောက် အတွက် ဖြစ်စေ၊ ခွေး တစ်ကောင် အတွက် ဖြစ်စေ၊ အပြာရောင် ကမ္ဘာလုံး တစ်ခု အတွက် ဖြစ်စေ မနက်ဖြန် ဟူသော အလုပ် တစ်ခုသည် ရောက်လာတော့မည် ဖြစ်သည်။ ဂီတသမား စစ်စစ်သည် မနက်ဖြန်တွင် ဂီတကို လွှင့်ပစ်လိုက်မည် မဟုတ်ပါ။ သေဆုံးသွားခြင်း အလုပ်ကို မလုပ်သေးသရွေ့ သူ့တွင် လုပ်စရာ အလုပ်ပေါင်း များစွာ ကျန်နေသေးသည်သာ ဖြစ်လေသည်။
အနာဂတ် ကမ္ဘာ ဆိုသည်မှာ ….
(၇၆၄၃) ခုနှစ်။
ကမ္ဘာကြီးသည် နေရာတကာတွင် မဟားတရား တိုးတက်နေပြီ ဖြစ်၏။ မည်မျှ တိုးတက်သနည်း ဟူသော် တစ်ကမ္ဘာလုံး ဘယ်သူမှ ဘာမှ လုပ်စရာ မလိုတော့လောက်အောင် တိုးတက်နေသော ဟူသတည်း။
လူတို့သည် တစ်ယောက်နှင့် တစ်ယောက် ပြဿနာ မရှာရဲကြချေ။ အဘယ်ကြောင့်နည်း ဆိုသော် လူတစ်ယောက်လျှင် မှတ်ပုံတင် တစ်ခုစီ ရှိသလို နျူကလီးယားဗုံး တစ်လုံးစီလည်း ပိုင်ကြသောကြောင့် ဖြစ်၏။ တစ်ဦးနှင့် တစ်ဦး ကွိုင်တက်၍ တစ်ယောက်ယောက်က ဗုံး ထခွဲပါက တစ်ကမ္ဘာလုံး အကျိုးနည်းကာ အားလုံး မာလက ကုပ်သွားနိုင်သော အခြေအနေကြောင့် ဖြစ်လေသည်။ ထို့ကြောင့် လူတို့သည် တစ်ယောက်နှင့် တစ်ယောက် မကြည်ခဲ့လျှင်တောင် စောင်ရုံသာ စောင်နိုင်ကြ၍ ထို့ထက် အတွန့် မတက်ရဲကြပေ။ ထို့ပြင် နေရာတကာ၌ ဘယ်သူကမှ အသာစီး မရ၊ လက်ကုန် တိုးတက်ပြီးသော ခေတ်ကာလလည်း ဖြစ်၍ ပြဿနာလည်း နည်းလေသည်။
လူတို့သည် မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက် သာမက လေထဲတွင်ပါ အိမ်ဆောက်ကြ၍ နေချင်ရာတွင် နေချင်သလို နေကြကုန်၏။ သေဖို့ လွန်စွာ ခဲယဉ်း၍ သေလည်း မသေကြချေ။ လူတစ်ယောက်လျှင် စပယ်ယာပတ်စ် ကလုံး တစ်ကောင်စီ လူတူ လုပ်ထားကြပြီး ရှိသမျှ အင်္ဂါ အချိန်မရွေး ကောက်အစားထိုးနိုင်သည်သာ မက အရေခွံပါ ချွတ်လဲ နိုင်အောင် တိုးတက်နေလေ၏။ ချောအောင် လှအောင်၊ ဖြူအောင်၊ မည်းအောင်၊ နုပျိုအောင် ဆေးပေါင်းစုံ ရှိသဖြင့် တစ်ကမ္ဘာလုံးရှိ လူများသည် အသက် ၂ဝ ကျော် ၃၀ အရွယ် တစ်ယောက် အခွက်နှင့် တစ်ယောက် ခပ်ဆင်ဆင်တွေသာ ဖြစ်နေကြလေသည်။ မကြာခဏလည်း လူမှားကြသည် ဟူ၏။ အသည်းကွဲတာတွေ ဘာတွေလည်း မရှိတော့။ တစ်ယောက်က သေအောင် ကြိုက်နေ၍ နောက်တစ်ယောက်က ပြန်မကြိုက်နိုင်လျှင်လည်း ကိစ္စ မရှိ။ ပြန်မကြိုက်နိုင်ကြောင်း ဖွင့်ပြော၍ အမွေး တစ်ချောင်း နှုတ်ပေးလိုက်ရုံသာ ဖြစ်၏။ ထိုအမွေးကို အခြေတည်၍ ပုံစံ ချွတ်စွပ်တူ ကလုံး တစ်ယောက် ဖန်တီးကာ ဟိုတစ်ယောက် ပေါင်းသင်း နေထိုင် ပေရော့။ မျိုးဆက် ပြန့်ပွားခြင်း ကိစ္စကလည်း အလွယ်ကလေး။ ဒီနေ့ ကိုယ်ဝန်ဆောင်၍ မနက်ဖြန် မွေးကာ သန်ဘက်ခါတွင် ကိုယ့်ကလေး လူကြီး ဖြစ်နေသည်ကို တွေ့ရမည့်ခေတ် ဖြစ်လေသည်။ သေလည်း မသေကြ၊ ထပ်တလဲလဲ မွေးလည်း မွေးနေကြသည့် အပြင် လူတူ ကလုံးတွေပါ စွတ်ရွတ် လုပ်ကြ၍ ကမ္ဘာတွင် တစ်ခါက လူဖောင်းပွမှု ပြဿနာ အကြီးအကျယ် ပေါ်ဖူး၏။ နောင်သော် တစ်ယောက် သေချင်လာ၍ သေသွားတော့မှ နောက်တစ်ယောက် မွေးလျှင် မွေး၊ ကလုံး လုပ်ချင် လုပ်၊ ဒါမှမဟုတ် မိန်းမတွေ ကလေးတွေ မိသားစုဝင်တွေ ကလုံးတွေ အများကြီးနှင့် တရုန်းရုန်း နေချင်လျှင် စကြဝဠာထဲက တခြား ကောင်းတဲ့ ကမ္ဘာ တစ်ခုခု သွားရှာနေဟု သတ်မှတ်ယူရလေသည်။
အာကာသထဲ သွားတာလောက်က အချဉ် ဖြစ်၏။ စကြဝဠာထဲ ခရီး လျှောက်သွားနေသည်ကိုပင် ဂျစ်ပစီလိုလို ကဲ့ရဲ့ချင်သောခေတ် ဖြစ်လေသည်။ အာကာသထဲတွင် ဘုံအိမ်သာပါ ဆောက်ထားနိုင်နေကြသော ခေတ်၌ ဂြိုဟ်တု ဆိုသည်မှာ အလကား အရာများ ဖြစ်၏။ အာကာသထဲ လျှောက်သွားချင်လျှင် Time တို့ Space တို့ အသာထား၊ အလင်း၏ မြန်နှုန်းထက်ပင် ပိုမြန်သော စိတ်၏ မြန်နှုန်း အတိုင်း သွားနိုင်အောင် တီထွင်ထားသည့် ဂမ္ဘီရ ပက်လက် ကုလားထိုင် တစ်လုံးသာ လိုသောဟူ၏။ ပန်းကန်ပြားပျံ ဆိုသည်မှာ ဘာမှ မဟုတ်တော့။ ပန်းကန်လုံးပျံ၊ ဒယ်အိုးပျံ၊ စလောင်းဖုံးပျံ၊ ငပိအိုးပျံများ သာမက ယောင်းမပျံ၊ ဇွန်းပျံ၊ ခက်ရင်းပျံကြီးများကိုပင် တီထွင်နိုင်ခဲ့ကြပြီး၍ ယခုသော် ရိုးတောင် ရိုးသွား ကြပြီ ဖြစ်သည်။ လေရှိမှ၊ ရေရှိမှတို့ ဆွဲငင်အားတို့ အလင်း အမှောင်တို့ တခြား တောက်တီး တောက်တဲ့တွေ လျှောက်စဉ်းစားနေသူကို ငပေါဟု အခေါ်ခံရနိုင်အောင် တိုးတက်သော ခေတ် ဖြစ်လေသည်။
ကမ္ဘာ့ သမိုင်းထဲတွင် တစ်ချိန်က တော်တော် ထူးဆန်းခဲ့သော တခြား ကမ္ဘာမှ ဂြိုဟ်သား ဆိုသည်မှာ ယခုမူ ဘာမှ မဟုတ်တော့ချေ။ လူတို့ အတွက် အပျင်းပြေ နရင်း ခေါ်ခေါ် တီးရသော သတ္တဝါများသာ ဖြစ်၏။ အကယ်၍ မိတ်ဆွေ လက်ယားလာသည် ဆိုပါစို့၊ စကြဝဠာ စိတ် တယ်လီဖုန်းဖြင့် တခြား ကမ္ဘာ တစ်ခုခုမှ အားနေသော ဂြိုဟ်သား တစ်ကောင်ကောင်ဆီသာ ဆက်သွယ်လိုက်ပါ။ သူ့စရိတ်နှင့် သူ မိတ်ဆွေ နရင်း တီးတာကို ကပျာကယာ လာခံပါလိမ့်မည်။ အချို့ ဂြိုဟ်သားများသည် နရင်း ရိုက်ခံရသည်ကို ဝါသနာ ပါလှ၍ ရိုက်တော့မလား ရိုက်တော့မလားနှင့် ခဏ ခဏ ဖုန်းဆက် မေးတတ်ကြသော ဟူ၏။ ဤ ဂြိုဟ်သားမျိုးများကို အချို့ လူများက အိမ်တွင် နရင်း အပျော် ရိုက်ရန် မွေးထားကြသော ဟူသတည်း။
ကမ္ဘာသည် နေအဖွဲ့အစည်း အတွင်းတွင် ရှိ၏။ နေအဖွဲ့အစည်းသည် မစ်လကီးဝေးခေါ် နဂါးငွေ့တန်း ဂလက်စီ ကြယ်စင်စုကြီးထဲတွင် ရှိလေသည်။ လွန်စွာ ရှေးကျသော ခေတ်ဟောင်း နှစ်ဆယ့်တစ်ရာစု၊ နှစ်ဆယ့်နှစ်ရာစုလောက်က လူသားများ အတွက် ထိုကိစ္စသည် တော်တော် ထူးဆန်း၍ ရှုပ်ထွေး နက်နဲ ဆန်းကြယ်ခဲ့လေသည်။ နေအဖွဲ့အစည်း အတွင်းသို့ မှန်ပြောင်းနှင့် လိုက်ချောင်းရင်း ဂြိုဟ်သစ် တစ်ခု၊ ကြယ်တံခွန်သစ် တစ်ခုလောက် တွေ့လျှင်ကို လက်ခမောင်း ထခတ်ခဲ့ကြဖူးသည် ဆို၏။ ယခုခေတ် လူများ အတွက်မူ နေအဖွဲ့အစည်းသည် အချဉ် ဖြစ်၏။ ‘နေချင် နေ မနေချင် သွား’ အဖွဲ့အစည်း ဖြစ်သွားလေပြီ။ နေနှင့် ကမ္ဘာ အပါအဝင် ဂြိုဟ်ကြီးများသည် လည်းကောင်း၊ ကြယ်တံခွန်ကြီးများ၊ တွင်းနက်ကြီးများ၊ ဥက္ကာပျံကြီးများသည် လည်းကောင်း လူတို့ အတွက် ဆပ်ပြာပူဖောင်း သာသာလောက်သာ စိတ်ဝင်စားစရာ ဖြစ်၏။ နဂါးငွေ့တန်း ဂလက်စီကြီး ကိုတောင် လူတို့က ဝက်ခြံ သာသာ မှတ်နေပြီ ဖြစ်သည်။ နဂါးငွေ့တန်း သာမက ဂဠုန်ငွေ့တန်း ဂလက်စီ၊ ဂုမ္ဘာန်ငွေ့တန်း ဂလက်စီ၊ ယက္ခငွေ့တန်း ဂလက်စီတို့ကိုပင် ရှာဖွေ တွေ့ရှိကာ နဂါး၊ ဂဠုန်၊ ဂုမ္ဘာန်၊ ယက္ခတို့ဆီသို့ အိမ်ဦးနှင့် ကြမ်းပြင် သွားလာနေကြပြီ ဖြစ်လေသည်။ စကြဝဠာထဲ ဘယ်လောက် လျှောက်သွားကြသနည်း ဆိုသော် စကြဝဠာ တံတိုင်းကြီး ကိုပင် ဝင်တိုက်မိ၍ ဖူးရောင် စုတ်ပြတ် ကွဲပြဲဖူးသော လူသားများလည်း မရှား ရှိသော ဟူ၏။
၇၇ ရာစု ဂြိုဟ်ပြာ ကမ္ဘာကြီးသည် ပုံစံ များစွာ ပြောင်းလဲခဲ့ပြီ ဖြစ်လေသည်။ အာကာသထံမှ ထွက်ကြည့်လျှင် ကမ္ဘာကြီးသည် လုံး သလိုလို၊ ပြားသလိုလို၊ တစုသီးကြီးနှင့် တူသလိုလို၊ စောင်းနေသလိုလို၊ တည့်နေသလိုလိုနှင့် လည်တော့ လည်နေသည်ကို တွေ့ရမည် ဖြစ်၏။ တစ်ကမ္ဘာလုံးတွင် တိုင်း၊ နိုင်ငံ၊ နယ်နိမိတ် သတ်မှတ်ချက် နယ်ခြား မျဉ်းများလည်း မရှိတော့ပေ။ ကမ္ဘာ အနှံ့ သွားချင်ရာ နေရာသို့ စက္ကန့်ပိုင်း အတွင်း သွားနိုင်နေကြပေပြီ။ တစ်နေရာမှ တစ်နေရာသို့ စက္ကန့်ပိုင်း အတွင်း သွားလာနိုင် နေကြသဖြင့် ကမ္ဘာ အနှံ့အပြားမှ လူအားလုံးမှာ စပ်ကြည့်လျှင် အမျိုးတော်နေကြတာချည်း ဖြစ်၏။ ပမာ ဆိုရသော် မယား ညီအစ်ကိုသည် အန္တာတိကတိုက်လောက်တွင် ရှိ၍ ယောက်ဖသည် မြေထဲပင်လယ် အောက်တွင် ရောက်နေပြီး မယားငယ်လေး တစ်ယောက်သည် ဂျပန် ကျွန်းစုများ ကြားတွင် ပုန်းနေကာ ယောက္ခမကြီးသည် အာဖရိကတိုက် တစ်နေရာမှ အော်ကျယ် အော်ကျယ်နှင့် ပူတယ် အိုက်တယ်ဟု မြည်တွန် တောက်တီး နေပုံကို ဘာမြူဒါ တြိဂံ ဒေသမှ သက်ဆိုင်သူ တစ်ယောက်က အားလုံး မြင်နေ သိနေ ကြားနေရပုံမျိုးတည်း။
၄ဝ ရာစုနှစ် ကျော်ကတည်းက ကာလ ယန္တရားကို ကလေးက အစ ခွေးက အစ အလွယ်တကူ သုံးနိုင်နေပြီ ဖြစ်ရာ အတိတ်သို့ ဖြစ်စေ အနာဂတ်ကို ဖြစ်စေ အလွယ်လေး စပ်စုနိုင်ကြလေ၏။ ထို့ကြောင့် ယခု ၇၇ ရာစုခေတ်သို့ ရောက်အောင် တိုးတက်ပြီးသော ခေတ်တွင်မူ သမိုင်းဆရာများလည်း မရှိတော့ချေ။
အကြောင်းမူ သမိုင်းကို သိချင်သလား၊ အသာလေး သွားပြန်ကြည့်ရုံ ရှိ၏။ ဗေဒင်ဆရာများလည်း မရှိတော့။ အနာဂတ်ကို သိချင်လျှင် သွားသာ ကြည့်လိုက်ကြရုံ ဖြစ်၏။ ခန္ဓာဗေဒကို လူတကာ သိပြီး ဖြစ်ရုံမက ဘယ်သူမှလည်း ဘာမှ မဖြစ်ကြ၍ ဆရာဝန်တွေလည်း မရှိတော့။ သိပ္ပံ ပညာရှင်များလည်း လုပ်စရာ မရှိတော့၍ ထွက်ရပ်ပေါက် ဝိဇ္ဇာလိုင်းဘက် ကူးသွားခဲ့ ကြသည်မှာ ကြာလှပြီ ဖြစ်သဖြင့် ယခု ဘယ်ရောက်ကုန်ကြမှန်းပင် မသိတော့။ တစ်ယောက်နှင့် တစ်ယောက် ပိန်မသာ လိမ်မသာ ခေတ် ဖြစ်၍ ဆရာကြီးများ မရှိတော့ဘဲ လူအားလုံးမှာ သူလို ငါလို သာမန် လူတွေသာ ဖြစ်နေကြလေသည်။
ဘောဂဗေဒ စီးပွားရေး ငွေကြေး စနစ် ဆိုသည်မှာ သမိုင်းထဲ၌ ကမ္ဘာတွင် တစ်ခါက ပေါ်ခဲ့ဖူးသော ခပ်ရှုပ်ရှုပ် ကိစ္စ ဖြစ်၏။ လူတိုင်း ကိုယ် လိုချင်တာ ကိုယ် လုပ်ယူနိုင်လောက်အောင် တိုးတက်ခဲ့သည်မှာ ကြာပြီ ဖြစ်၍ ရောင်းရန် ဝယ်ရန် ငွေသုံးစရာ နေရာ မရှိတော့သည် ဖြစ်ရာ ကမ္ဘာတွင် စီးပွားရေးနှင့် ငွေကြေး စနစ် ပျောက်ကွယ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
လူတစ်ယောက်သည် ဆေးလုံး တစ်လုံး စားထားလျှင် ဆီးဝမ်း သွေးလေ မှန်ကာ တစ်လလောက် ဘာမှ မစားဘဲ နေနိုင်၍ အာဟာရ သိဒ္ဓိ ပြီးနေ၏။ ထိုဆေးလုံးများမှာလည်း လူသားတို့က နရင်း မရိုက်တော့မှာ စိုး၍ လူသားတို့ကို လိုလေသေး မရှိ အရိပ် တကြည့်ကြည့်နှင့် အစွမ်းကုန် ပြုစုနေကြသော ဂြိုဟ်သားများက အဆက်မပြတ် ထုတ်လုပ် ပေးနေကြ၍ ဘယ်သူမှ မလိုချင်လောက်အောင် ပေါသော ဟူ၏။ အဝတ်အစား ဟူသည်မှာလည်း ၆၈ ရာစု နှောင်းပိုင်းက ပေါ်ခဲ့သော ဒီဇိုင်းသည် လက်ကုန် ဖြစ်၏။ ထို့ထက် ပေါ့ပါး လွတ်လပ် အဆင်ပြေ လှပသော အဝတ်အစားမျိုး ထပ်တီထွင်စရာ မလိုလောက်အောင် ပြည့်စုံ၏။ အချို့က ရှည်၍ အသစ် ထပ်ချုပ်ကြည့်သော်လည်း ထိုဝတ်စုံလောက် အဆင်မပြေ လှတော့ချေ။ ထို့ကြောင့် တစ်ကမ္ဘာလုံး အဝတ်အစားတွင် ဘယ်သူ့ ကြည့် ကြည့် ဒီပုံပဲ ထွက်နေလေသည်။ နေစရာ အိမ်နှင့် အခြား အသုံးအဆောင် အားလုံးမှာလည်း တိုးတက်ရလွန်း၍ လက်ကုန် ဌာန်ကုန် ဖြစ်ကာ အားလုံးအတူတူသာ ဖြစ်သွားလေသည်။
စားဝတ်နေရေး အတွက် ပူစရာလည်း မလို၊ ပြိုင်စရာလည်း မလို၊ ပြဿနာ ဖြစ်စရာလည်း မရှိ၊ ဘာမှလည်း လုပ်စရာ မလို၍ လူတိုင်း အားနေကြလေသည်။ ပျင်းစရာ ကောင်းအောင် တိုးတက်ပြီးသော ခေတ်သို့ ရောက်နေကြပြီ ဖြစ်၏။ ထိုအခြေအနေတွင်
၇၇ ရာစု။ ၇၆၄၃ ခုနှစ်။ ခေတ်ကမ္ဘာ လူသား အသက် ၃ဝ ခန့် အရွယ် ငနဲ တစ်ကောင်သည် တစ်နေ့သ၌ အိမ်တွင် ငုတ်တုတ် ထိုင် ပျင်းနေလေ၏။ စားဝတ်နေရေးကလည်း ပူစရာ ဘာမှ မရှိ၊ ပူပန်ခြင်း ဆိုတာကိုလည်း ဘာမှန်းပင် မသိ၊ အပျင်းပြေ ရောဂါလေး တစ်ခုလောက် ဖြစ်ချင်ရင်တောင်မှ သူ့မှာ ဒေါင်ဒေါင်မြည်။ ရောဂါ ဆိုတာလည်း ဘာမှန်း မသိ။ တစ်နေ့ တစ်နေ့ လုပ်စရာလည်း ဘာမှ မရှိ။ သွားချင်ရာ သွားရ အောင်ကလည်း တစ်ကမ္ဘာလုံး နှံ့နေသည့် အပြင် အာကာသထဲတောင် အခေါက် ၂ဝ လောက် ရောက်ပြီးပြီ။ နတ်ပြည်နဲ့ ငရဲပြည်တောင် ကြားဖူးနားဝနှင့် တစ်ခါ လိုက်ရှာဖူး၏။ သူ့လောက် ခရီးသွား ဝါသနာ ပါတဲ့ လူတောင် သွားရလွန်းလို့ ပျင်းနေပြီ။ သွားပြီး ပြန်သာ ရောက်လာတယ်၊ ဘာမှလည်း မထူးခြား။ အပျင်းပြေ သေကြည့်လိုက်ရ ကောင်းမလား။ ဒါတော့ မဟုတ်သေး၊ သေကြည့်ပြီးမှ အပျင်းမပြေဘဲ ပိုပျင်းစရာ ကောင်းနေရင် ဒုက္ခ။ ဘာလုပ်ရ ကောင်းမလဲ။
ငနဲသည် အခန်းထဲတွင် ဟိုလျှောက် သည်လျှောက် တွေးနေလေသည်။ စိတ်ညစ်နေသလားဟု သူ့ကိုယ်သူ စဉ်းစားမိသဖြင့် စိတ်ချမ်းသာစက် အုပ်ဆောင်း အောက်သို့ ဝင်ရပ်၏။ ကြိုက်နှစ်သက်ရာ စိတ်လှုပ်ရှားမှု၊ စိတ်ကျေနပ်မှု ခံစားမှုတို့ကို ရောင်ခြည်နှင့် တွီခနဲ ထိုးလိုက်ရုံဖြင့် ရရှိနိုင်သော အုပ်ဆောင်း ဖြစ်၏။ ငနဲသည် သူ့ကိုယ်သူ ရောင်ခြည်နှင့် ထိုး၏။ သို့သော် သူသည် စိတ်ညစ်နေသည် မဟုတ်၊ ပျင်းနေခြင်းသာ ဖြစ်ကြောင်း တွေ့ရလေသည်။ အုပ်ဆောင်း အောက်မှ ထွက်၍ ဟိုသည် လျှောက်နေပြန်၏။ မလုပ်ဖူးတာ တစ်ခုခု လုပ်ရရင်တော့ အပျင်းပြေ နိုင်မည်ဟု သူ ထင်သည်။ သူ စဉ်းစားပြန်၏။ မလုပ်ဖူးသေးတာ ဘာရှိမလဲ။ ထိုအခါ အကြံ ရလာလေသည်။ သူသည် ကမ္ဘာကြီး၏ သမိုင်းကို ပတ်ပတ်နပ်နပ် မလေ့လာဖူးသေးချေ။ ဒီလောက် ပျင်းစရာ ကောင်းအောင် တိုးတက်တဲ့ အထိ သမိုင်းထဲက လူများ ဘာတွေ လျှောက်လုပ်ခဲ့ကြတုန်း။ ဒီခေတ် အထိ ရောက်လာအောင် ဘယ့်နှယ်တွေ ဖြစ်ခဲ့ကြသလဲ။ စဉ်းစား ကြည့်ရုံနှင့် အပျင်း နည်းနည်း ပြေသွားရာ သူ သဘောကျလေသည်။ ထို့ကြောင့် ကာလ ယန္တရား ခုံပေါ် သွားကာ ကျကျနန ထိုင်ချလိုက်ပြီး တော်တော် အလှမ်း ဝေးသော ရာစုနှစ်များဆီသို့ ပြန်သွား၍ ကမ္ဘာ့ သမိုင်းကို လိုက်စပ်စုလေရာ အောက်ပါ အတိုင်း တွေ့လေသည်။
တော်တော် ရှေးကျသော ၂ဝဝဝ ကျော် ကမ္ဘာကြီးတွင် သူ့အတွက် အလကား ကလေးကလား ဖြစ်သော အာကာသ ကိစ္စကို ရှေးလူများ အတော် စိတ်ဝင်စားခဲ့ကြကြောင်း သွားတွေ့၏။ ထိုစဉ်က ကမ္ဘာကြီးသည် အလုံးကြီး ဖြစ်၍ ရေမြေ အနေအထားများလည်း အတော် ခြားနားလေ၏။ ၂ဝဝဝ ကျော်က ရှေးဟောင်း ကမ္ဘာကြီးကို ငနဲသည် တစ်ပတ်ပတ် ကြည့်လေသည်။
‘အမယ်၊ ကမ္ဘာမှာ အရှေ့ခြမ်းတို့၊ အနောက်ခြမ်းတို့နဲ့ဟ ဒီအကွက် အကွက်တွေက ဘာတွေတုန်း၊ ဪ ... နိုင်ငံတို့ တိုင်းပြည်တို့လို ခေါ်တာတွေကိုး။ ဟိုက် လူတွေဟာ တို့လို ခပ်ဆင်ဆင်တွေချည်းပဲ မဟုတ် ပါလား၊ လူဖြူ၊ လူမည်း၊ လူဝါ၊ လူနီ၊ ရှည်လိုက် ပုလိုက်၊ ကြီးတဲ့ကောင် ကြီး၊ သေးတဲ့ကောင် သေးနဲ့ အမျိုးမျိုးပါလား။ အယ် ... ရောဂါတွေ အမျိုးမျိုးနဲ့ သေလည်း သေကြသဟ၊ ဟော အချင်းချင်းလည်း ချနေကြသဟေ့၊ ကောင်းရောကွာ ... သေတတ်တော့လည်း အချင်းချင်း သတ်ချင်ကြတာပေါ့၊ ကြည့်စမ်း၊ ဖြစ်ချင်တိုင်းကို ဖြစ်နေကြတော့တာပဲ၊ ရှေးဟောင်း လူတွေများ၊ မှန်းစမ်းကွာ၊ အဓိက သမိုင်း အပြောင်းအလဲက ဘာများတုန်း’
၂၂ ရာစု နှောင်းပိုင်းတွင် သိပ္ပံ ပညာရှင် လူတို့သည် သာမန် လူများ အာကာသထဲ ခရီး သွားနိုင်အောင် ကြိုးစားနေကြလေသည်။ အနောက် ကမ္ဘာခြမ်းမှ နီစပ်စပ် လူများသည် အနောက်တိုင်းသားတို့၏ မွေးရာပါ ကတ်သီးကတ်သတ် စပ်စုတတ်သော ဉာဉ်ကြောင့် အဆိုပါ အာကာသ ကိစ္စ ခပ်တုံးတုံး၌ အတော် ခရီး ရောက်လျက် ရှိသည်ကို ငနဲ တွေ့လေ၏။ အနောက်တိုင်းသားများသည် ရှေးဟောင်း ကမ္ဘာ ပြောင်းလဲ တိုးတက်မှုတွင် သူတို့ ဦးဆောင်နိုင်သဖြင့် စိတ်ကြီးဝင်နေကြသည်ကို ရယ်စရာ အဖြစ် တွေ့ရလေသည်။
‘လက်စသတ်တော့ ဒီကိစ္စ ဒီနီကြောင်ကြောင် အကောင်စားတွေက စတာကိုး၊ မှန်းစမ်း၊ ဒီလောက် ဆော့တဲ့ လူတွေ နောက် ဘာဖြစ်ကုန်ကြတုန်း’
နှစ်ပေါင်း ၂ဝဝ ကျော် ၃ဝဝ ခန့် အကြာ ၂၄ ရာစု နှောင်းပိုင်း အကုန်တွင် ကမ္ဘာ့ လေထု အပြင်ဘက်သို့ လူတကာ ထွက်ကဲနိုင်ကြလေသည်။ အာကာသထဲ ထွက်၍ မင်္ဂလာတွေ ဘာတွေ ဆောင်ကုန်ကြ၏။ အားကစားပွဲတွေ ဘာတွေ အာကာသထဲ ထွက်ကျင်းပ၍ ထင်ရာ လုပ်ကြ၏။ သူ့အတွက် ဘာမှန်းတောင် မသိတော့သော ‘အီလက်ထရို စပေ့စ် မက်ကင် နစ်ဇင် တက်ကနိုလိုဂျီ’ (Electro space mechanism Technology) ဆိုသည့် ခပ်တုံးတုံး နည်းပညာ တစ်ခု ၂၄ ရာစု ကမ္ဘာဟောင်းတွင် ထွန်းကားခဲ့ကြောင်း ငနဲ သွားတွေ့လေသည်။ အလင်း လျှပ်စစ်နှင့် အပူ သံလိုက် စက်ကွင်းတို့၏ ပြင်းအားမြင့် သိပ်သည်း ပေါက်ကွဲမှုကြောင့် အဆက်မပြတ် ပေါ်လာသော ဆင့်ပွား တွန်းကန်အားနှင့် အရာဝတ္ထုများကို အာကာသထဲ၌ တစ်နေရာမှ တစ်နေရာ လျင်မြန်စွာ ရွေ့ပြောင်းနိုင်သော နည်းပညာ ဖြစ်လေသည်။
‘ဘာလဲဟ ဒါ၊ ဩော် ... တော်တော် ရှော်သေးတဲ့ ကိစ္စပဲ၊ ဒြပ်ဝတ္ထုကြီးတွေ၊ ဓာတ်ငွေ့တွေ သုံးနေရရှာသေးတာကိုး’
သူ ဆက်ကြည့်လေရာ ၂၅ ရာစု အာကာသထဲ သွားနေသူများကို တွေ့သဖြင့် ရယ်နေလေ၏။ ရှေးလူများမှာ သူတို့၏ ဘာမဟုတ်သော သိပ္ပံ ပညာကို ဂုဏ်ယူနေဟန် သူ တွေ့၏။ ၂၅ ရာစု ကမ္ဘာ လူသားများသည် နေအဖွဲ့အစည်း အတွင်းမှ ကမ္ဘာမြေကြီးနှင့် များစွာ မဝေးလှသော အာကာသထဲတွင်သာ ခဲရာ ခဲဆစ် သွားလာနိုင်ကြရှာလေသည်။
‘တော်တော် သနားစရာ ကောင်းတဲ့ လူတွေပဲ၊ ဒါလေးကို အဟုတ်ကြီး ထင်နေသကိုးဟ၊ ကိုင်း ... ဘာတွေ ဆက်ဖြစ်လာသလဲ’
၂၅ ရာစုမှ နှစ်ပေါင်း ၄ဝဝ ခန့် အကြာ ၂၉ ရာစု ကမ္ဘာတွင် အဓိက ကျသော အပြောင်းအလဲ တိုးတက်မှု နှစ်ခုကို သူ သွားတွေ့လေသည်။ ပထမ တစ်ခုမှာ အရှေ့တိုင်းသား ပညာရှင် တစ်စုတို့၏ လူသတ္တဝါ၏ ကိုယ်မှ နာမ်ကို ခွာထုတ်၍ အခြား သက်ရှိ သက်မဲ့ ရုပ်ဝတ္ထု ကြီးငယ်များထဲတွင် တစ်နည်း တစ်ဖုံ ပြောင်းလဲ ပူးကပ် တည်နေစေနိုင်သော ‘မျူကျူယယ်လ် ထရန်စဖော်မေးရှင်း (Mutual Transformation)’ ခေါ် ကျင့်ကြံ အားထုတ်မှု ဆိုင်ရာ ဝိဇ္ဇာ ပညာရပ် တစ်ခု ဖြစ်လေသည်။ ဒုတိယ တစ်ခုမှာ အနောက်တိုင်းသား ပညာရှင် တစ်ယောက်က ပညာပြလိုက်သည့် သက်ရှိ သက်မဲ့ ရုပ်ပစ္စည်းများကို ဒြပ်မှုန်များ အဖြစ် လုံးဝ ခွဲထုတ်နိုင်၍ တစ်ဖန် စုစည်း တည်နေစေနိုင်သော ‘ဗွီအာရ် အက်တမ် တက်ကနော်လောဂျီ (VR Atom Technology)’ နည်းပညာ ဖြစ်လေသည်။ ထိုနည်းပညာ အတတ်ပညာတို့၏ ဆင့်ပွား အကျိုးဆက်ကြောင့် ရှေးလူတို့သည် မဟုတ်က ဟုတ်က လုပ်သူ လုပ်၍ သေကုန်သူတွေ သေကုန်ကြသော်လည်း နဂါးငွေ့တန်း ဂလက်စီထဲတွင် တစ်နေရာမှ တစ်နေရာသို့ အလင်း၏ မြန်နှုန်း နီးပါးမျှ သွားနိုင်လာကြလေသည်။ သို့သော် အချိန် ကာလ၊ လူ့သက်တမ်း၊ သိမှု ဘာသာ ဗေဒတို့ကို နိုင်နင်းခြင်း မရှိသေး၍ ပေါက်တတ်ကရတွေ ဖြစ်ကြတုန်းပင် ရှိ၏။ (၂၉-၃ဝ) ရာစု ရှေးဟောင်း ကမ္ဘာကြီးကို သမိုင်းထဲတွင် ရုပ်ခေတ်မှ နာမ်ခေတ်သို့ စတင် ကူးပြောင်းစ ကာလ တစ်ခု အဖြစ် ဖော်ပြထားလေသည်။
ထိုမှ နှစ်ပေါင်း ၃ဝဝ ခန့် အတွင်း ကမ္ဘာစစ်ကြီးများ ငါးကြိမ် တိုင်အောင် ဆက်တိုက် ဖြစ်ပွားခဲ့လေသည်။ မည်သို့ပင် မသေချာမှု၊ ပျက်စီး ဆုံးရှုံးမှုများ ရှိနေသည် ဖြစ်စေ ၃၁ ရာစု အကုန်၌ ကမ္ဘာကြီးမှ လူများသည် အချိန် ကာလကို နိုင်နင်းစ ပြုလာ၍ နောင် နှစ်ပေါင်း ၁၅ဝ ခန့် အကြာ ၃၄ ရာစု အစပိုင်း၌ အချိန်၏ ဖျက်ဆီးခြင်း ဖြစ်သောအရာအားလုံးတို့၏ သက်တမ်းနှင့် တဖြည်းဖြည်း ရင့်ရော် ပျက်စီးခြင်းကို လည်းကောင်း၊ အစပြုခြင်းနှင့် အဆုံးသတ်ခြင်းတို့၏ အားအင်များကို လည်းကောင်း ထိန်းချုပ်၍ အသုံးချနိုင်သော တန်ခိုး စွမ်းအား တစ်မျိုးကို သင်ကြား တတ်မြောက်နိုင်သော ပညာရပ် တစ်ခု အဖြစ် လူသားတို့ဖွေ တွေ့ရှိသွားကြလေတော့၏။ ထိုပညာရပ်သည် လူ့သမိုင်း လူ့ဖြစ်စဉ်၊ ကမ္ဘာ့ သမိုင်း ကမ္ဘာ့ ဖြစ်စဉ်တို့ကို အကြီးအကျယ် ပြောင်းလဲသွားစေလေတော့၏။ ကမ္ဘာ့သမိုင်းကို ဖတ်နေသော ငနဲသည် ထိုအခြင်းအရာကို တွေ့လေ၏။
‘The Mysticism of 34th Century အကျိုးနည်းပါလား အဲဒီက စတာကိုးဟ’
လူတို့သည် အာကာသ အတွင်းသို့ အတားအဆီးမဲ့ လှည့်လည် သွားလာနေကြလေပြီ။ တွေ့ရာ ဂြိုဟ်များပေါ် ဆင်းကြ၍ သူ့ဂြိုဟ် ငါ့ဂြိုဟ်ဟု လုကြ၏။ ဒေသခံ ဂြိုဟ်သားများနှင့် ပဋိပက္ခများ စတင်လာကြ၏။ သို့သော် လူသည် တဖြည်းဖြည်း တိုးတက်လာပြီး အောက်စီဂျင် မလိုဘဲ နေနိုင်ရုံ အပြင် ကိုယ်ပွား များစွာနှင့် သေရန် လွန်စွာ ခဲယဉ်းသော၊ အာဟာရ များစွာ မှီဝဲရန် မလိုသည့် အပြင် တန်ခိုး စွမ်းအား လွန်စွာ ကြီးမား၍ အလွန် အန္တရာယ် ပေးနိုင်သော သတ္တဝါ တစ်မျိုး အဖြစ်သို့ ကူးပြောင်းသွားလေတော့၏။
ထို့နောက်တွင်မူ ၃၅ ရာစုမှ ၄ဝ ရာစု အထိ နှစ်ပေါင်း ၅ဝဝ ကျော် ကာလ အတွင်း အာကာသ ကြယ်တာရာ အစုအဝေးကြီးများ ကြား၌ လူနှင့် အမျိုးမျိုးသော ဂြိုဟ်သားတို့၏ မဆုံးနိုင်သော တိုက်ပွဲကြီး တစ်ခု ပေါ်ပေါက်လာကာ ကာလ ကြာမြင့်စွာ တိုက်ခိုက်ကြပြီးနောက် စကြဝဠာကို လူသားတို့ အုပ်စိုးသွားလေတော့သည်။ ငနဲသည် ကမ္ဘာ့သမိုင်းကို မသက်မသာ ဆက်ကြည့်နေလေသည်။
၄ဝ ရာစု နှောင်းပိုင်း ကမ္ဘာသည် လူ ရှားပါးခြင်း ပြဿနာ ရှိနေ၏။ လူတိုင်း အာကာသထဲ ထွက်နိုင်နေကြ၍ လျှောက်စပ်စုနေကြလေရာ ကမ္ဘာကြီးသည် ဒုက္ခပေးမည့် ‘လူ’ များ နည်းသွားသဖြင့် စိမ်းစိမ်း စိုစို ပြန်ဖြစ်လာရှာလေသည်။ ပြုန်းတီးကုန်သော တောကြီးများ ကမ္ဘာ အနှံ့ ပြန်လည် ရှင်သန်လာ၍ ရာသီဥတုများလည်း ပြန်လည် ကောင်းမွန် လာလေသည်။ ရာစုနှစ်ပေါင်း များစွာ သောက်ဂရုမစိုက်ဘဲ တောက်လျှောက် ပစ်ထားကြ၍ ပျက်စီးသွားသော ကမ္ဘာ့ လေထုနှင့် အိုဇုန်းလွှာ များအား ကမ္ဘာကြီးကို ချစ်သဖြင့် ထိန်းသိမ်းမည့် လူများက ပြုပြင်ပေးကြ၍ ဂေဟ စနစ် ပြန်လည် အဆင်ပြေလာလေသည်။ သို့သော် တစ်ကမ္ဘာလုံးတွင် လူတွေ နည်းနည်းသာ ရှိပြီး ချောက်ချီး ချောက်ချက် ဖြစ်နေသည်ကို ငနဲ သွားတွေ့လေ၏။
‘ဟဲ့ လူတွေ ဘယ်ရောက်ကုန်ကြတုန်းဟ’
ငနဲသည် ကမ္ဘာကြီးတွင် တစ်ချိန်က ရှိခဲ့သော တိုင်းပြည်၊ နိုင်ငံ၊ တိုက်ကြီးများကို တစ်ခုချင်း ပြန်လည် ရှာဖွေကြည့်လေရာ ...
တစ်ချိန်က လူတရုန်းရုန်းနှင့် စည်စည်ကားကား ဟန်ပန် တခွဲသား ရှိခဲ့သော အမေရိကတိုက် နှစ်တိုက်နှင့် အမေရိကန် ပြည်ထောင်စုကြီးသည် ကျီးနှင့် ဖုတ်ဖုတ် ဖြစ်နေလေသည်။ အဘယ်ကြောင့်နည်း ဟူသော် ...
ထိုပြည်လူများ သဘာဝသည် ကာလံဒေသံ အရ အပျော်အပါး ကျော်ကြားခြင်းကို မက်၏။ အသစ်အဆန်း ဆိုလည်း အမြဲ ရှေ့ဆုံးက နှစ်သက်၏။ ကောင်းကောင်း ဆိုးဆိုး မတရား စပ်စုချင်တတ်သော ဗီဇလည်း သွေးထဲ မွေးကတည်းက ပါလေသည်။ ထိုပြည်သားတို့သည် ကိုယ့်ကမ္ဘာ ကိုယ် အေးအေး မနေဘဲ အာကာသထဲ ထွက်နိုင်အောင် အဦးဆုံး ကြံဆခဲ့ကြ၍ ပေါက်တတ်ကရ မျိုးစုံ ဖြစ်ခဲ့ကြသော လူမျိုးစုထဲတွင် တစ်ခု အပါအဝင် ဖြစ်၏။ ဟိုဟာ တီထွင်လိုက်၊ သည်ဟာ တီထွင်လိုက်နှင့် ယခုခေတ်ကဲ့သို့ အာကာသထဲ စိတ်ကြိုက် ထင်တိုင်း ကြဲနိုင်သော ခေတ် တွင်တော့ အသစ်အဆန်း ကြိုက်၍ စပ်စုတတ်သော ထိုလူမျိုးတို့ နှာခေါင်း ကျည်ပွေ့ တွေ့လေတော့သည်။ လူတန်းစား အသီးသီး၊ အလွှာ အသီးသီးမှ ကိစ္စ မျိုးစုံနှင့် အစုအပြုံလိုက် ဖြစ်စေ၊ တစ်စု နှစ်စုလိုက် ဖြစ်စေ အထူးဆန်း မျိုးစုံရာ အဆုံး အစ ကျယ်လှသော အာကာသထဲသို့ ထွက်ထွက်သွားလိုက်ကြသည်မှာ ဘယ်တွေ ရောက်သွားကုန်ကြမှန်းတောင် မသိတော့။ ကမ္ဘာမြေကြီးသို့လည်း ပြန်၍ မလာကြတော့ချေ။ (အာကာသထဲ တစ်မျှော်တစ်ခေါ် အဝေးကြီး လျှောက်ရောက်သွားသဖြင့် ပြန်မလာတတ်တော့တာတောင် ဖြစ်နိုင်၏။) အလွန့် အလွန် နည်းပါးသော အရေအတွက်သာ တစ်ခါတစ်ရံ ကမ္ဘာသို့ ပြန်လာတတ်ကြ၏။ သို့သော် ခဏ ပြန်လာကြတာသာ ဖြစ်၏။ သုတ်သီး သုတ်ပျာနှင့် အာကာသထဲ တစ်ခါ ပြန်ထွက် သွားကြပြန်၍ အချုပ်အားဖြင့် ဆိုသော် တောင်မြောက် အမေရိကတိုက် များသည် အခွံသာကျန်လေသည်။ တိုးတက်ပြီးသော အခုခေတ်တွင်မူ အမေရိကားသို့ ဘယ်သူမှ သွားမနေ။ လူနေဖို့ မကောင်းသော အလကား တောကြို အုံကြား ဒေသကြီး ဖြစ်နေ၍ ခပ်ပေပေ လူများသာ အဆင်းရဲခံ နေနေကြကြောင်း ကမ္ဘာ့သမိုင်း လေ့လာသော ငနဲ တွေ့ရှိလေ၏။
အာဖရိကတိုက်ဘက် ဆက်ကြည့်၏။ ထိုတိုက်သားများသည် အချင်းချင်း စည်းလုံးကြ၍ မိသားစု အဖွဲ့အစည်းများနှင့် သိုက်သိုက်မြိုက်မြိုက် ပျော်ပျော်ပါးပါး နေထိုင်တတ်ကြသော သဘော ရှိ၏။ ထို့ပြင် သူတို့ ဗီဇ အရ အားနည်းသူဘက်က ရပ်တည်လျက် ခုခံ တော်လှန်ချင်တတ်ကြပြီး ပြိုင်ဆိုင် တိုက်ခိုက်ရသော သဘောကို နှစ်သက်သောသွေး ပါကြလေသည်။ ဤသို့သော ဗီဇတို့ကြောင့်ပင် ကြယ်တာရာ စစ်ပွဲကြီးအတွင်း ရာစုနှစ်များက ကမ္ဘာမှ အာကာသ အတွင်းသို့ အလျှိုလျှို အားလုံး ထွက်ကြ၍ အားနည်းသော ဂြိုဟ်သားများဘက်မှ ကျန်တစ်ဖက်ကို တိုက်ခိုက် ပေးကြကုန်၏။ စစ်ပွဲကြီး ပြီးသွားလေသော် ဆိုင်ရာ ဆိုင်ရာ ဂြိုဟ်သား များစွာတို့နှင့် သမီးယောက်ဖ ညီရင်း အစ်ကို တမျှ ခင်မင် တွယ်တာ သွားကြကာ ထိုဂြိုဟ်များတွင်သာ အခြေချ နေထိုင်သွားကြလျက် ကမ္ဘာသို့ ပြန်မလာကြတော့ချေ။ ဘယ်ဂြိုဟ် ဘယ်ကမ္ဘာမှာ သွားနေကုန်ကြသည်ကိုလည်း သမိုင်းက နိုင်နင်းအောင် မှတ်တမ်းတင်မထားနိုင်သည့် အပြင် သူတို့ ဘယ်တွေ ရောက်နေကြသည်ကို စေ့စေ့ငင လိုက်ကြည့်ရလျှင်လည်း ဆုံးနိုင်မည့်ပုံ မပေါ်သည်ကို ငနဲ ရိပ်မိလေသဖြင့် လိုက်ရှာရန် စိတ်လျှော့ ရလေသည်။ ကျယ်ဝန်းလှသော အာဖရိကတိုက်ကြီးခမျာ ဆင်တွေ၊ ခြင်္သေ့တွေ၊ သစ်ကုလားအုတ်တွေ၊ မြင်းကျားတွေနှင့် ဒီအတိုင်း ငုတ်တုတ်သာ ကျန်ရှာလေသည်။
‘ဒါဆို ငါ နေတဲ့ အာရှနဲ့ နည်းနည်း နီးတဲ့ ဥရောပကရော’
ငနဲသည် ဥရောပတိုက်ကြီး၏ သမိုင်းကို လှန်ပြန်လေသည်။
ဥရောပ တိုက်သားများကား ဟိုးပဝေသဏီ ဘိုးစဉ်ဘောင်ဆက် ကတည်းက ဟန်ကြီး ပန်ကြီး ကိန်းကြီး ခန်းကြီး နိုင်ချင်ကြ၏။ ကြီးကြီး ကျယ်ကျယ်လည်း ပြောဆို လုပ်ကိုင် နေထိုင်ပြချင်ကြကာ အစဉ်အလာ တစ်ခု ရှိလျှင် မရမက လိုက်လံ တန်ဖိုး မြှင့်ချင်ကြသည်။ သူတို့သာ အဆင့်အတန်း အမြင့်ဆုံး ဖြစ်၍ အယဉ်ကျေးဆုံး ဖြစ်ကြသည်ဟု စတိုင်လ် ထုတ်လျက် မယဉ်ကျေးသူများအား ယဉ်ကျေးအောင် သွားရောက် သင်ကြားပေးရသည်ဟု ကူလီကူမာ အပြောနှင့် ကိုလိုနီ လျှောက်လုပ်ကာ မျိုးစုံ ဒုက္ခ ရောက်ခဲ့ကြပုံများကို သမိုင်းတွင် ပေါ်နေလေသည်။ သူတို့ အချင်းချင်းလည်း တစ်ပြည်နှင့် တစ်ပြည် သိပ်မကြည်သော်ငြား အဆင့်အတန်း ရှိ၍ ယဉ်ကျေးသော သူများ ဖြစ်ကြပါသည်ဟု ကမ္ဘာကို ကြွားချင် ကြသေးလေ၏။ ထို့ကြောင့် ၂၇ ရာစု အလယ်လောက်တွင် အပြောင်းအလဲ တစ်ခု ထလုပ်ကြ၏။ ဤသည်ကား အင်္ဂလန်ကျွန်းနှင့် ဥရောပတိုက် တစ်ဆက်တည်း ဖြစ်သွားအောင် မြေဖို့ကြပြီး ပြင်သစ်၊ ဂျာမန်၊ အီတလီ စသော နိုင်ငံ နယ်နိမိတ်များကို ဖျက်ကာ ‘ဥရောပ မိသားစု ယူနီယံ’ ကို တည်ထောင်ကြသော ဟူ၏။ ထိုအထဲတွင် မလည်မဝယ် ရုရှားနှင့် ဆက်စပ် ပြည်များပါ ကန့်လန့် ကန့်လန့် ပါသွားကြသေး၏။ ခေတ်ပြောင်း တိုးတက်လာ၍ လူတကာ အာကာသထဲ ထွက်ကဲကြသော သမယသို့ ရောက်သော် ကမ္ဘာပေါ်တွင် အေးအေးဆေးဆေး နေနေရသည်ကိုတောင် အမြင် ကျဉ်းသလိုလို ခေတ်ပဲ နောက်ကျ ကျန်နေသလိုလို ထင်ကြ၏။ ထိုသို့ဖြင့် မှူးကြီး၊ မတ်ကြီး၊ နယ်စားကြီးမှ အစ ‘ကောင့် ဒရက်ကူလာ’ ကြီးပါ မကျန် တတိ တတိနှင့် အာကာသထဲ ဟန်ပန် တစ်ခွဲသား အခြံရံ များနှင့် ထွက်ထွက်သွားလိုက်ကြသည်မှာ ယခုအခါ လူ နည်းနည်းသာ ကျန်သော ဟူ၏။ လေကြီးမိုးကြီး လုပ်လိုသူများ အာကာသထဲ ရောက်သွားကုန်ကြတော့မှ ဥရောပတိုက်လည်း အဆင့်အတန်း ရှိရှိ ကျန်ခဲ့ရှာလေသည်။ ဥရောပ သမိုင်းကို ဖတ်နေသော ငနဲမှာ တခိခိနှင့် သဘော အတော်ကျနေလေ၏။ ထို့နောက် ဥရောပနှင့် ကုန်းမြေချင်း ဆက်လျက်နေသည့် ကမ္ဘာ အရှေ့ အလယ်ပိုင်း သမိုင်းကို ရှာပြန်လေသော် ...
၄၀ ရာစုကျော်က ကြယ်တာရာ စစ်ပွဲများ ပြီးဆုံးသွားပြီးနောက် ငြိမ်းချမ်းရေး အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲကြီး တစ်ခုကို စကြဝဠာ တစ်ခုလုံးနှင့် သက်ဆိုင်ရာ တစ်နေရာ၌ လူတို့ အပါအဝင် စကြဝဠာ ဂြိုဟ်သားများ အားလုံး ပေါင်း၍ ခုနစ်ရက် ခုနစ်လီ ကျင်းပခဲ့ကြလေသည်။ ငြိမ်းငြိမ်း ချမ်းချမ်း နေလိုကြသော ကမ္ဘာသူ ကမ္ဘာသား အားလုံးလောက်သည် လူကြီး ကလေး၊ အိမ်မွေး ခွေးကြောင်ပါ မကျန် ခေါ်၍ ငြိမ်းချမ်းရေးပွဲ တက်ရောက် ဆင်နွှဲရန် အာကာသထဲ ခရီး ထွက်သွားကြကုန်၏။ ကမ္ဘာ့ အရှေ့ အလယ်ပိုင်းသား အချို့ကား စစ်သွေးကြွများ ဖြစ်သည့် အလျောက် စစ်ပွဲကြီးများ ပြီးဆုံးသွားသည်ကို သိပ်မကျေနပ်ကြချေ။ ထို့ကြောင့် မကြည် သည့် သဘောကို ပြခြင်းအားဖြင့် ငြိမ်းချမ်းရေး ပွဲတော်သို့ မသွားဘဲ ကမ္ဘာတွင်ပင် ဘာဖြစ်တယ် ညာဖြစ်တယ်ဟု ဘုထိုင် ပြောကာ ကျန်နေခဲ့ကြလေသည်။ သင်းတို့တွေချည်း ကမ္ဘာတွင် ကျန်နေခဲ့ကြစဉ် တစ်နေ့သ၌ အရှေ့ အလယ်ပိုင်းသား စစ်သွေးကြွ ကာလသား တစ်ယောက်သည် ပျင်းပျင်း ရှိသဖြင့် လောင်ချာပိုက် ခေါင်းမြီးခြုံ၍ ကာလ ယန္တရား ခုံပေါ် တက်ထိုင်ကာ အတိတ် ကာလ တစ်ခုသို့ အလည် သွားလေ၏။
အဆိုပါ သူကောင့်သားသည် လွန်လေပြီးသော (၂၀၀၈) ခုနှစ် ကမ္ဘာ့ အရှေ့ အလယ်ပိုင်းဒေသ တစ်နေရာသို့ ပြန်ရောက်သွားလေသည်။ ကာလ ယန္တရား ခုံပေါ်မှ ဆင်းသော် ၄င်းမော်ဒန် စစ်သွေးကြွ လူငယ်သည် ရှေးဟောင်း စစ်သွေးကြွ တစ်ယောက် နှစ်ယောက်နှင့် အတူ ကျောက်ဂူ တစ်ခုထဲတွင် ပုန်းနေသော မုတ်ဆိတ်နှင့် လူကြီး တစ်ယောက်ကို တွေ့၏။ ထိုလူကြီး နာမည်မှာ ‘အိုစမာ ဘင်လာဒင်’ ခေါ်၍ ကာလ ယန္တရား စီးလာသူက ခပ်တိုတို ‘ဆရာအို’ ဟု ခေါ်လေသည်။
ဆရာအိုမှ ဘာတွေ ပြောလွှတ်လိုက်သည် မသိ။ ကာလ ယန္တရားနှင့်အတိတ်သို့ အလည် သွားသော မော်ဒန် စစ်သွေးကြွသည် ၄၀ ရာစုကျော်သို့ ချက်ချင်း ပြန်လာ၍ အိမ်ရောက်သော် ဘာမပြော ညာမပြော သူ ဖွက်ထားသော နူကလီးယား ဗုံးဖြင့် သူ့ကိုယ်သူ အသေခံဗုံး ခွဲထည့်လိုက်လေရာ ...
ငြိမ်းငြိမ်းချမ်းချမ်း နေလိုသော ကမ္ဘာသူ ကမ္ဘာသား အားလုံးမှာ ငြိမ်းချမ်းရေး ပွဲတော်သို့ သွားနေကြ၍ တစ်ယောက်မှ ဘာမှ မဖြစ်ကြချေ။ သို့သော် ဆရာအိုနှင့် တွေ့လာသော မော်ဒန် စစ်သွေးကြွ ငတသည် လည်းကောင်း၊ သူ့ အမျိုး ဘေးထိုင်ဘုပြော စစ်သွေးကြွများနှင့် ၄င်းတို့ စု၍ ဘုထိုင် ပြောနေကြသည့် သူတို့၏ ချစ်လှစွာသော ဇာတိချက်ကြွေ မွေးရပ်မြေ ကန္တာရ တောင်ကြားများသည် လည်းကောင်း၊ သူတို့ ဖွက်ထားသော တောက်တီး တောက်တဲ့ နျူကလီးယား လက်နက်များနှင့် တကွ ဆိတ်မ တစ်ကောင် မကျန် အမှုန့် ဖြစ်သွားကြ၍ တစ်ခါတည်း မျိုးကန်း ကုန်ကြလေသည်။ ကမ္ဘာ့ အရှေ့ အလယ်ပိုင်း ဒေသတွင်လည်း တစ်ခါက နာမည်ကျော် ဂရင်း ကန်ညွန် ချောက်ကြီးထက် အဆ နှစ်ဆယ်ခန့် ကြီးသော အပေါက်ကြီး ဖြစ်သွားလေ၏။ ငြိမ်းချမ်းရေး ပွဲတော်မှ ပြန်ရောက်လာကြသော ကမ္ဘာသားများမှာ ထိုအချင်းအရာကို မြင်လျှင် တစ်ယောက်က
‘ဒခါးတည်း လုပ်တယ်နော်၊ ဒခါးတည်း မျိုးတုံးရော’
ဟု မှတ်ချက် ပြုလေသည်။ ထိုစကားသည် သမိုင်းကို လေ့လာနေ သော ငနဲတို့ခေတ် ၇၇ ရာစုတိုင် သံဝေဂ ရဖွယ်ရာ သမိုင်းဝင် စကား တစ်ခွန်း ဖြစ်ခဲ့သည်ဟု ကမ္ဘာ့ သမိုင်းတွင် ဖော်ပြထားလေ၏။ ကမ္ဘာကြီး၏ သမိုင်းကို လျှောက်ဖတ်နေသော တိုးတက်ပြီး ငနဲသည် အတန်ကြာ ရယ်နေလေသည်။ သူသည် အတော်ကို အပျင်းပြေသွားပြီ ဖြစ်ရာ အာရှတိုက်နှင့် တကွ ကျန်ကမ္ဘာကြီး မည်သို့ တိုးတက် ပြောင်းလဲလာပုံများကို ခပ်သွက်သွက် ဆက်ဖတ်လေသော် ...
အာရှတိုက်ကြီးမှ ရောင်းဝယ် ဖောက်ကား စီးပွားရေး မလုပ်၊ ပိုက်ဆံလေး နည်းနည်းမှ တစ်နေ့ တစ်နေ့ မရှာရလျှင် ဘယ်လိုမှ မနေနိုင်သော မျက်လုံး မှေးမှေးနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား မျိုးနွယ်စုကြီးသည် ကမ္ဘာတွင် ပိုက်ဆံ ငွေကြေး စနစ် မရှိတော့သော၊ စီးပွား ရှာစရာ မလိုတော့သော ခေတ်တစ်ခုသို့ ရောက်သော် နေမထိ ထိုင်မသာ ဖြစ်ကုန်ကြလေသည်။ နောက်ဆုံးတွင် စီးပွားရေး မလုပ်ရ၊ မရောင်းရ မဝယ်ရရင်ဖြင့် မနေနိုင်လွန်း လှသောကြောင့် စကြဝဠာထဲတွင် စီးပွား ရှာလို့ ရနိုင်သော ဂြိုဟ် တစ်ခုခု ရှိလို ရှိငြား ရှာဖွေကြည့်ရန် အားလုံး ကမ္ဘာမှ ထွက်သွားကြကုန်သည် ဆို၏။ ထိုသူများ ဘယ်ကမ္ဘာ ရောက်သွားကုန်ကြသည်ကိုကား မည်သူမျှ မသိနိုင်ကြတော့ချေ။
သူတစ်ပါးကို အလွယ်တကူ အထင်ကြီးတတ်သူ၊ နှိမ်တတ်သူ၊ အထင်ကြီး ခံချင်သူ၊ နှိမ်ချင်တတ်သူများသည် လည်းကောင်း၊ သူတစ်ပါး အပေါ် အမြဲတစေ ကလိမ်ကျ၍ မလိမ့်တပတ်လုပ် အရှုပ်ထုပ် ထုပ်ချင်တတ် သူတို့သည် လည်းကောင်း၊ မည်သည့် နေရာတွင် မဆို အမြဲတစေ လောဘ ကြီးကာ ကိုယ့်ဖို့ တစ်ဖို့တည်းသာ ရှာဖွေလိုသူများသည် လည်းကောင်း၊ ဒေါသကြီး၍ မာန်မာန ထောင်လွှားကာ အရာရာ ငါသာ အမှန်ဟု နိုင်ထက် စီးနင်း ရန်လိုချင်တတ်သူတို့သည် လည်းကောင်း၊ လူပေါ် လူဇော် နာမည်ကျော် သူများဟာ ခိုး၍ ဟီးရိုး ဖြစ်လိုသူများ၊ မရိုးမသား ပြိုင်ဆိုင် အနိုင် လိုချင်နေသူများ၊ အချိန်နှင့် အမျှ မူးယစ် သောက်စား ထိုင်းမှိုင်း တွေဝေစိတ်လေနေချင်သူများ၊ သူခိုးများ၊ ဓားပြများ၊ အောက်တန်းစား အားလုံး တို့သည် တစ်ယောက်နှင့် တစ်ယောက် အထင်ကြီးစရာ သေးစရာ မရှိ၊ လိမ်စရာ ကောက်စရာ မလို၊ ဒေါသ ဖြစ်စရာ ရန်ရှာစရာ မလို၊ အနိုင်ကျင့်၍ မရ၊ ဟီးရိုးလည်း မလို၊ သူတင် ကိုယ်တင် ပြိုင်ဆိုင်စရာ လည်း ရှာမတွေ့၊ ခိုးရ ဝှက်ရအောင် ဖွက်ထားသည်လည်း ဘာမှ မရှိ၊ မူးယစ်သေစာ ဆေးဝါးများလည်း မျိုးတုံးသွား၍ ငြိမ်းချမ်းလေသော မော်ဒန် ကမ္ဘာကြီးတွင် မနေနိုင်ကြတော့ဘဲ အားလုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွား ကုန်ကြသည်ဟု သမိုင်းတွင် ဖော်ပြထားလေသည်။
ကမ္ဘာ့သမိုင်းကို လေ့လာနေသော ငနဲသည် သူ၏ လေ့လာရေး ခရီးကို ထိုနေရာတွင်ပင် ရပ်ကာ ကာလယန္တရား ထိုင်ခုံမှ ထ၍ သူ၏ အိမ်ပြတင်းပေါက် တံခါးကို ဖွင့်လိုက်လေသည်။ ပြတင်းပေါက် အပြင်ဘက် သူ၏ မျက်စိတဆုံးတွင် ဘာသာတရား အသီးသီးတို့၏ ခမ်းနားကြီးကျယ်လှသော စေတီ၊ ပုထိုး၊ ဝတ်ကျောင်း၊ ကျောင်းကန်၊ အထိမ်းအမှတ် ခေါင်းလောင်း၊ အလံများကြား အေးချမ်းစွာ သွားလာနေကြသူများနှင့် ၇၇ ရာစုခေတ် ဂြိုဟ်ပြာ ကမ္ဘာကြီးကို လှမ်းတွေ့လိုက်ရလေသည်။
‘ခေတ်သစ် ကမ္ဘာကြီးမှာ အေးအေးဆေးဆေး ရိုးရိုးသားသားနဲ့ ရောင့်ရဲ တင်းတိမ်နိုင်တဲ့ လူစားမျိုးတွေပဲ စိတ်ချမ်းသာစွာ အသက်ရှင် နေနိုင်တော့မယ်’
နောက်တစ်နေ့တွင်တော့ ထိုငနဲသည် ၁၉ ရာစု အာရှ ကျေးလက် ဒေသ တစ်ခုမှ အိမ်ငယ် ပုံစံကို သမိုင်းထဲတွင် ပြန်ရှာ၍ ကိုယ်တိုင် အရာရာ ဖန်ဆင်း ဆောက်လုပ်လေတော့သည်။ ထို့နောက် နွားတစ်ရှဉ်းနှင့် လယ်တစ်ကွက်ကို ဖန်တီး ယူကာ ပျော်ရွှင်စွာ ထွန်ယက် စိုက်ပျိုး နေထိုင်တတ်အောင် လေ့ကျင့်လေ၏။ အလေ့အကျင့် ရလာသော အခါတွင်ကား ၁၉ ရာစု အာရှသား တစ်ယောက် ကဲ့သို့ အပြီးအပိုင် ပျော်ရွှင် ချမ်းမြေ့စွာ လုပ်ကိုင် စားသောက် နေထိုင်လေတော့သည်။
သူသည် အသက်ရှည်ဆေး၊ အာဟာရပြီး ဆေးများကိုလည်း မစားတော့ပေ။ သူ တတ်မြောက်ထားသော ခေတ်လွန် ပညာ တန်ခိုး စွမ်းအား များကိုလည်း မသုံးစွဲတော့ချေ။ သူ့ လယ်ကွက် အတွက် သူ ဖန်တီးသော မိုးအတုများ ရွာစရာ မလို၊ မျှတသော သဘာဝနှင့် မိုး အစစ် ရွာချလာမည့် အချိန်ကိုသာ စိတ်ရှည်စွာ စောင့်ဆိုင်း မှတ်သားလေသည်။ သူသည် အလုပ် လုပ်ကိုင်ခြင်းအားဖြင့် ပျင်းရိခြင်း ကင်းသော အဓိပ္ပာယ် ရှိသည့် ဘဝ တစ်ခုကို ပိုင်ဆိုင်နေလေပြီ။ လူသည် တစ်ခါတစ်ရံ လိုအပ်ချက်များ အတွက် ရောင့်ရဲနိုင်ရမည် ဖြစ်၍ အချိန်တန်လျှင် လူပီသ အေးချမ်းစွာ အိုမင်း သေဆုံးသွားရမည်သာ ဖြစ်လေသည်။
သူ့လယ်ကွက် ထောင့်တစ်နေရာတွင်တော့ သူကိုယ်တိုင် သေဆုံးခွင့် ပေးလိုက်ပြီ ဖြစ်၍ ဝမ်းမြောက်စွာ သေဆုံးသွားသော သူ၏ မျိုးပွား ပုံတူ အရန်လူ ကလုံး တစ်ကောင် လဲလျောင်းနေရာ အုတ်ဂူလေး တစ်လုံးကို သူကိုယ်တိုင် ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်လေသတည်း။
ပို့စ်မော်ဒန် နာရီ ဆိုသည်မှာ ....
ကျွန်တော် သိသော နာရီ အမျိုးအစားမှာ (Rolex) ဖြစ်၏။ အခြား အသံ ထွက်ရ ခက်သော နာမည်များနှင့် တန်ဖိုးကြီး နာရီများမှာ အနောက်တိုင်းမှ ထုတ်လုပ် ရောင်းချကြသည်သာ များသည်။ မည်သို့ ဖြစ်စေ လူ အများအပြားသည် နာရီ အများအပြားကို လိုအပ်ကြသည်သာ ဖြစ်သည်။ သို့မဟုတ် အချို့သော လူတစ်ယောက်တလေ (ဥပမာ မင်းသမီး သို့မဟုတ် သူဌေး တစ်ယောက်) အတွက် နာရီ အများအပြား လိုအပ်၏။ ဤကိစ္စသည် အကျယ်ကြီး ဖြစ်သည်။ ဆိုလိုသည်မှာ နာရီနှင့် အချိန် ဆက်စပ်နေမှု ဖြစ်၏။ AM နှင့် PM ပါမည်။ ဗဟိုရ်စည် နှစ်ချက် သုံးချက် တီးခြင်း ပါမည်။ ကြက်ဖ တွန်ခြင်း ပါမည်။ လက်ကောက်ဝတ် ပါမည်။ မစောင့်တော့ပါဘူး ဟူသော အပြောမျိုး ပါမည်။ နွားရိုင်း သွင်းခြင်း၊ ရေခပ် ဆင်းခြင်း ကိစ္စ ပါမည်။ သန်းခေါင် သန်းလွဲ ကိစ္စ၊ ထန်းတဖျား၊ မွန်းတည့်၊ သက်ကြီး ခေါင်းချ ကိစ္စ ပါမည်။ နေ၊ လ ပြက္ခဒိန် ပါမည်။ ဇွဲကောင်းမှု ပါမည်။ ခင်ဗျားလည်း ပါချင် ပါမည်။ (တော်ပါတော့ ...) (ခဏလေး နေပါဦး နောက်ဆုံး တစ်ခွန်းပါ) Rolex တစ်လုံး အတွက် ဘဝ ပျက်သွားမှု တစ်ခု ပါမည်။ ဤစာပိုဒ်သည် Rolex နှင့် စ၍ Rolex နှင့် ဆုံးသလား။ ဘာတွေ လျှောက်ရေးထားတာလဲ။ အချိန် သုံးမိနစ် ကုန်ပါသည်။
သုံးမိနစ် အတွင်း ဘာဖြစ်နိုင်သလဲ။
‘သား နိုင်ငံခြား သွားနေဖို့ ကောင်းပြီ’
‘ဟုတ်ကဲ့’
‘စက်က ရွှေပါတယ်၊ အချိန် သိပ်မှန်တာ၊ ဒိုင်ခွက်မှာ စိန်မြှုပ်ထားတယ်’
‘ခါးပိုက်နှိုက်ဗျို့’
‘နေအိမ်မှ ကားများ နေ့လယ် တစ်နာရီ အိမ်မှ ထွက်မည်’
‘ဆက်ဒမ်ဟူစိန်ကို ရှာတွေ့ပြီ’
‘ဂိုး ...’
‘အားလုံး နောက်ကျသွားပါပြီ မောင် ... အဟင့် ဟင့်’
(ရုပ်ရှင်ထဲတွင် ဖြစ်သည်)
‘ခင်ဗျား ဘဝမှာ အိပ်ချိန်၊ စားချိန်၊ ဗာဟီရ ကိစ္စတွေရဲ့ အချိန်ပေါင်းရင် ခင်ဗျား အသက်ရဲ့ သုံးပုံ တစ်ပုံ ကုန်သွားပါပြီ’ (ပီမိုးနင်းလား၊ ဒေးကာနယ်ဂျီလား၊ တက်ကျမ်း ခပ်စုတ်စုတ် တစ်ခုထဲတွင်လား၊ ပါတော့ ပါ၍ ဖတ်ဖူး၏)
‘စာရေးဆရာတော့ ဖြစ်ချင်တယ်၊ ခေါင်းကျ မရှိဘူး’
‘ကျင်းစိမ်ရင် လက်ငြိမ်ရတယ်ကွ ... ဂလောက်’
‘တယ်လီဖုန်း လာနေတယ်’
‘ဒုန်း ... ဒုန်း ... ဒုန်း ... လက်သမားတွေကလည်း တစ်ချိန်လုံး ထုနေတာပဲ’
‘ဗီဒီယိုထဲ ပါဖူးရင် သေပျော်ပါပြီတော်’
‘အမှိုက် အမှိုက် အမှိုက်၊ အမှိုက် ပစ်ဦးမလား’
‘အကြောင်းအရာ မပျောက်စေနဲ့’
‘ခွေးကိုက် ခံရလို့တဲ့’
‘လေရူး မသုန့်တသုန်က ကျွန်တော် ရေးတာ’
‘ဒီအရည်တွေပဲ သောက်သောက်နေ၊ နင်တော့ သွားမှာပဲ’
‘ချစ်တယ်ကွယ်’
‘ဝေါ့ ထွီ၊ ဟင်းတွေ သိုးကုန်ပြီဟ’
ယခု ရေးနေသည်မှာ နာရီ အကြောင်းသာ ဖြစ်သည်။
ယခု ရေးသော နာရီ အကြောင်းတွင် ရောင်းသူ ဝယ်သူတွေ ထည့်မလား။ (အင်း) တိုင်ကပ်၊ စားပွဲတင်၊ နှိုးစက်၊ ထသွား ထလာ ပတ်၊ မောင် ပို့လိုက်တာလေ၊ နာရီ ဆိုရင် ... ဟီဟိ၊ ဝှပ်တိုင်းမ် အစ်ဇစ် (ထ)၊ ဓာတ်ခဲ ဖြစ်ဖြစ် သံပတ် ဖြစ်ဖြစ်၊ ပထမ ရရင် ဝယ်ပေးမယ်၊ အဲဒါတွေ ထည့်မလား။ (အင်း) နာရီ ပတ်ထားရတာ အချိန်နဲ့ လက်ကို ကြိုးတုပ်ထားသလိုပဲ၊ အချိန်တွေကို ကျွန်မ ဘယ်တော့မှ မယုံကြည်ဘူး၊ သိတယ်ဟလား ဟင်း ... ဟင်း၊ အဓိပ္ပာယ် မရှိတဲ့ ပေါ့ပျက်ပျက် အတွေးအခေါ် လူတကာ ဖော်သုံးနေတဲ့ ဒဿနမျိုး ထည့်မလား။ (အင်း) ‘ခင်ဗျားကို ခိုင်းလိုက်ရင် ဘယ်တော့မှ အချိန် မမှန်ဘူး၊ ရော့ နှစ်ကျပ်’
‘ဆရာရယ်၊ ကျွန်တော့်မှာ နာရီ မဝယ်နိုင်လို့ပါ’
ပရိသတ်မှ (တောက်၊ ခံစားရတယ်ကွာ) အဲဒါမျိုး ထည့်မလား။ (အင်း) ‘ဟောဒီ နာရီစက်လေး သွားနေသရွေ့ ငါ မျှော်နေမယ် ထွေးညို’ တီးလုံးသံ (ဒန် တန့် တန် ...) အဲဒါမျိုး ထည့်မလား။ (အင်း) နာရီတွေ သွင်းတာ ကိုက်တယ်၊ ‘အရောင်းပြခန်း (၁) (၂) (၃) (၃)’၊ ဒါမျိုးကြီးတွေ ထောင့်ငါးရာ၊ ဝယ်ပြီးရင် လှည့်ကြည့်စရာ မလိုဘူး၊ ဘာလဲ ပျက်ရောလား၊ ဟား ... ဟား ... ဟား ... ဟား၊ ဟင် ရယ်လည်း မရယ်ရတဲ့ ကာတွန်း၊ အဲဒါမျိုးတွေ ထည့်မလား။ (အင်း) ခင်ဗျားကလည်းဗျာ။ (အင်း) ဘာမဆို အင်းနေတာပဲ။ (အင်း) နည်းနည်းတော့ ဝင်ပြောဦးမှပေါ့။ (အင်း) ဟာဗျာ ...။ (အင်း) တော်ပြီ ကိုပုတ်သင်ညိုရေ။ (အင်း) အမယ်လေး သေပါပြီဟ။ (အင်း) နာရီသည် နေက စ၍ ခင်ဗျား မမွေးသေးသော ခေတ်က ပေါ်ပေါက်၏။
နာရီ ဆိုတာ နေက စပေါ်တာ။ ခင်ဗျားတောင် မမွေးသေးဘူး။ ကျုပ်က ဗဟုသုတ ရှိတော့ သိတယ်။ နေနာရီက စတာ။ အရိပ်ကို ကြည့်ကြတယ်။ နောက်တော့ သဲနာရီပေါ့။ သဲခွက် တစ်ခုက နောက် သဲခွက် တစ်ခုကို သဲမှုန်တွေ အကုန် ကူးသွားတာ တစ်နာရီပဲ။ ဘာလဲ မယုံဘူးလား။ ရှေးတုန်းက ပေါ်တဲ့ နာရီတွေက အကြီးကြီးတွေ။ စက်နာရီက ဥရောပက စတာ။ ခင်ဗျားက ဘာအောက်မေ့လို့လဲ ကျုပ်ကို။ (ဟုတ်ပါပြီဗျာ၊ ဖြည်းဖြည်း ပြောစမ်းပါ) လက်မှာ ပတ်ရင် လက်ပတ် နာရီဗျာ။ အိတ်ထဲ ထည့်ဆောင်ထားရင် အိတ်ဆောင် နာရီဗျာ။ တိုင်မှာ ကပ်ထားရင် တိုင်ကပ် နာရီဗျာ။ စားပွဲပေါ် တင်ထားရင် စားပွဲတင် နာရီဗျာ။ စင်နဲ့ ထားရင် နာရီစင်ဗျာ။ မီးစုန်း ပါရင် ညကြည့်ဗျာ။ ရေလုံရင် ရေအောက်ကြည့်ဗျာ။ နာရီ ပါမယ်၊ မိနစ် ပါမယ်၊ တစ်ခါတစ်လေ စက္ကန့် ပါချင် ပါမယ်။ လက်တံ အတို အရှည် ပါချင်လည်း ပါမယ်။ မပါချင် လည်း မပါဘူး။ လေးထောင့် ဖြစ်ဖြစ်၊ အဝိုင်း ဖြစ်ဖြစ် လုပ်တတ်ရင် ဒိုင်ခွက် နောက်ခံမှာ ခင်ဗျား မျက်ခွက်ကြီး ဓာတ်ပုံ ရိုက်ထည့်ထားလို့ ရတယ်။ ဂဏန်းတွေက တစ်ကနေ ဆယ့်နှစ် အထိ ပါတယ်။ ရောမ ဂဏန်း ဖြစ်ချင် ဖြစ်မယ်၊ အင်္ဂလိပ် ဂဏန်း ဖြစ်ချင် ဖြစ်မယ်။ ကြိုက်တဲ့ ဘာသာ စကားက ဂဏန်းတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ ဂဏန်းတွေ မရေးထားလည်း ရတယ်။ ဘယ်သူမှ ဂရုမစိုက်ဘူး။ အားလုံး နာရီ ကြည့်တတ်တဲ့ လူချည်းပဲ။ ခင်ဗျား အပူ မဟုတ်ဘူး။ ရှင်းလား။ (အင်း ဖြည်းဖြည်းတော့ လုပ်ပါဗျာ၊ နာရီ ရာဇဝင်ကို တုတ်ထမ်းပြီး ရှင်းစရာ မလိုပါဘူး)
မည်သို့ပင် ဖြစ်စေ ဆယ့်ငါးမိနစ် အတွင်း လက်ဖက်ရည်ခွက်များ အေးစက်သွားနိုင်သလို အချို့ သူများသည် နာရီနှင့် ပတ်သက်လျှင် ဒေါသ ထွက်တတ်ကြ၍ အချို့ လူများသည် နာရီနှင့် ပတ်သက်၍ အမြတ် ထွက်တတ်ကြကာ အချို့ လူများသည် နာရီနှင့် ပတ်သက်သော်လည်း ဘာမှ ထွက်လာအောင် မလုပ်တတ်ကြခြင်းကို တင်ပြသော ဤစာကြောင်းသည် သဒ္ဒါ အထားအသို စည်းကမ်း အရ ပေါက်ကရ ဖြစ်နေခြင်း ရှိ မရှိ သိရန် ကြိုးစားလျှင် အချိန် ကုန်၍ သွေးပူမည် မဟုတ်ပါ။ (အထက်ပါ စာကြောင်းသည် နည်းနည်း အရစ်ရှည်၍ ချရေးလျှင် စက္ကန့် သုံးဆယ် ကြာနိုင်၏။ သို့မဟုတ် ထိုင်တွေးလျှင် နှစ်သုံးဆယ်လည်း ကြာချင် ကြာနိုင်သည်။)
ထိုင်၍ တွေးတွေး၊ ထ၍ တွေးတွေး အရိယာပုဒ် လေးပါးလုံး အသုံးပြု၍ ဘယ်လို တွေးတွေး အချို့ လူများသည် နာရီနှင့် ပတ်သက်လျှင် အမှတ်သညာ အလွန် နည်းကြသည်။ ဒီမှာ … မိတ်ဆွေ။ ခင်ဗျား လက်ပတ်နာရီဟာ ဒစ်ဂျယ်တယ် မဟုတ်ဘူး ဆိုရင် အခု မကြည့်လိုက်နဲ့ဗျာ။ နည်းနည်း တွေးကြည့်။ ခင်ဗျား နာရီ ဒိုင်ခွက်က အမှတ်သားတွေဟာ ရောမ ဂဏန်းလား။ အင်္ဂလိပ် ဂဏန်းလား။ ဒါမှမဟုတ် ဘာမှ မရေးထားတဲ့ အစက်ကလေးတွေ၊ အတုံးလေးတွေလား။ ဆယ့်နှစ် နေရာမှာ ဘာအမှတ်အသား ပါလဲ။ လက်တံလေးတွေက အလုံးလား၊ အပြားလား၊ ဘာအရောင်လေးတွေတုန်း။ နာရီကို ပြန်မကြည့်ဘဲ ခင်ဗျား အားလုံးကို သေချာ မှတ်မိလား။ ပြောနိုင်သလား။ နည်းနည်း စဉ်းစားကြည့်ရင် မှတ်မိပါတယ်ဗျာ။ နေ့တိုင်း မကြာခဏ ကြည့်နေ မြင်နေရတဲ့ နာရီပဲဟာ။ မမှတ်မိဘူးလား။ ကဲ မသေချာဘူး ထင်ရင်လည်း ခိုးကြည့်လိုက်ဗျာ။ ကိုယ့်နာရီကိုယ် ကြည့်တာ ဘယ်သူက ဘာပြောမှာလဲ။ (ဘာလဲ ဒီတစ်ခါ ပြန်ကြည့်ရတာ သိပ် စိတ်မလုံဘူး ထင်တယ် ... ဟီဟိ၊ ကျွန်တော့်တုန်းကလည်း ဒီလိုပဲဗျ) ဪ … ဆောရီး … ဆောရီး။ ခင်ဗျားက ပြန်ကြည့်စရာ မလိုဘူး။ ဒိုင်ခွက်တွေ ဂဏန်းတွေ၊ လက်တံတွေ အားလုံး အတိအကျ မှတ်မိနေတာပဲ။ လေးစားပါတယ်ဗျာ။ ခင်ဗျား တကယ် သတိ ကောင်းတဲ့ လူပဲ။ အားလုံး အသေးစိတ် မှတ်မိနေတယ် ကြည့်စမ်း။ ခေတ္တ တိတ်ဆိတ် နေ၏။ တစ်စက္ကန့် … နှစ်စက္ကန့် … သုံးစက္ကန့် ကြာသော် ... ဟေ့လူ၊ ဘာတွေ လျှောက်ပြောနေတာတုန်း၊ ခင်ဗျားရော ကျွန်တော်ရော နာရီ မပတ်ရဘူး၊ ရူးနေကြတယ်လေ ...
ဤစာပိုဒ်သည် နာရီနှင့် ပတ်သက်သော ဟာသ ဖြစ်၍ ရယ်ချင် လည်း ရယ်၊ မရယ်ချင်လည်း နေလို့ ရသည်။ နာရီတိုင်းသည် လွတ်လပ် သောကြောင့် ဖြစ်၏။
လွတ်လပ်သော နာရီသည် နာရီလွတ် မဟုတ်ချေ။
‘တစ်နေ့သ၌ ကျွန်ုပ်သည် နာရီကို ကြည့်ရှုလေရာ ဘယ်သူ့ကိုမှ ဂရုမထား၊ တစ်ချက်ချက် သွားနေသော သဘောကို ဆင်ခြင်မိသဖြင့် အချိန်ပို တစ်ကျပ်သားမျှ မရှိသည် ဖြစ်ပေရကား ကျွန်ုပ် စိတ်တိုင်းကျ ရှိနေပေတော့သည်။
ဆရာကြီး ရွှေဥဒေါင်း၏ အရေးအသား အသုံးအနှုန်းကို ခိုးချရာ အထက်ပါ စာကြောင်းကို တစ်မိနစ် အတွင်း ရ၏။ အခြားသူများက ‘ဆရာကြီး’ ဟု ခေါ်၍ ‘ဂန္ဓာရီ’ လှည့်တတ်သော (ဂန္ဓာရီ လှည့်ခြင်းသည် နာရီ လက်တံ အတိုင်းလား၊ နာရီ လက်တံ ပြောင်းပြန် လှည့်သလား ကျွန်တော် မသိပါ) လူကြီး တစ်ယောက်သည် တကယ့် ဆရာကြီး ရွှေဥဒေါင်း၏ ဟန်ကို အချိန်ကုန်ခံ ခိုး၍ စာရေးကာ တစ်သက်လုံး ထိုင်စားနေလေသည်။ တစ်သက်လုံး ဆိုတာ ဘယ်နှနာရီလောက် ရှိလဲ။ နဝင်းတွေ ဘာတွေရော ကိုက်ရဲ့လား။ မောင်ရင်လေးက မနေ့တစ်နေ့ကမှ လူဖြစ်လာပြီးတော့ ကျုပ်ကိုများ ခိုးသလေး ဘာလေးနဲ့။ (သည်းခံပါ ခင်ဗျာ၊ ရန် ဖြစ်နေဖို့ ကျွန်တော် အချိန်မရလို့ပါ) ဟယ် ကြည့်စမ်း၊ သူမို့လို့။ ရိုင်းလိုက်တာဟယ်၊ ဆရာကြီးကိုများ စော်ကား မော်ကား ... သူမို့လို့။
အချို့ လူများသည် အခြား လူများ၏ ဘဝ တစ်သက်တာတွင်ရသော နာရီ အနည်းငယ်ကို ပိုင်စိုး ပိုင်နင်း ဝင်ရောက် ဖြုန်းတီးချင်ကြ၏။
အချို့သည် သူတို့ ရသော နာရီများကို အသုံးချ၍ ဖျော်ဖြေရေး ခေါင်းစဉ် တပ်ကာ အခြားသူတို့၏ နာရီများကို ဆွဲဆောင်၏။
အချို့သည် နာရီများကို ဖလှယ်၍ အသုံးပြုကြ၏။
အချို့သည် နာရီများကို အပျောက် ရှင်းထားကြ၏။
အချို့သည် နာရီများကို မလေးစားကြပေ။
အချို့သည် နာရီများကို နားမလည်၍ ဘာမှန်း မသိဘဲ နေထိုင် သွားကြလေသည်။
အချို့သည် နာရီများကို အသုံးချ၍ အကျိုးရှိသည်ဟု အထင် ရောက်နေကြသည်။
နာရီ အားလုံးသည် ရိုးစင်းစွာ သွားလျက် ရှိလေသည်။
နား ဆိုသည်မှာ ....
သေသေချာချာ လုပ်လျှင် မဟုတ်တာ ဖြစ်တတ်သော သဘော ရှိသည်သာမက အကြံ ထုတ်၍ တစ်ခုခု ထလုပ်လျှင်လည်း မဟုတ်တရုတ် ဖြစ်တတ်သည့် ဘက်မှာသာ ပါရမီ ထူးရှာသော ခပ်ရူးရူး လူတစ်ယောက်သည် တစ်နေ့သ၌ မတန်မရာ အကြံစည် ပေါ်လာသည်မှာကား ငါသည် စာရေးဆရာ တစ်ယောက် ဘဝနှင့် နေရသော် ဟန်ကျပန်ကျ အားပါးတရ ရှိလှပေမည် ဟူ၏။ ထိုသို့အားဖြင့် ထိုလူရူးသည် အထူးထူးသော အတွေး တို့ကို ထုတ်၍ စာတစ်ပုဒ် ရရန် ကြိုးစား ကြံစည်ပါသော်လည်း ရေးနေကျ မဟုတ်၍ အကဲမရ ခွကျနေလေသဖြင့် အတွေးဖြင့် မရလျှင် မြင်သမျှ ကြားရသမျှ မရရအောင် ရေးရန် အကြံနှင့် လက်ဖက်ရည်ဆိုင်ဘက်သို့ တစ်ယောက်တည်း ထွက်၍ ထိုင်လေ၏။ သို့သော် ထိုဆိုင်တို့ သဘာဝ နားပူအောင် လေပန်းတတ်သူ များလှ၍ မြင်မြင်သမျှ ကိစ္စတို့ကို ဈာန်ဝင်စား ရေးချ၍ မရ ဖြစ်နေပြန်လေသည်။ သို့တစေ တော်ရုံ စိတ်မရှုပ်ဘဲ ကတ်သတ် လုပ်တတ်သော သူ့ဉာဉ် ဗီဇ အလျောက် မြင်သမျှ ရေးမရလျှင် ကြားသမျှကို အတင်း လိုက်ရေးရန် ကြံပြန်၍ အနီးအနား စကားဝိုင်း သုံးဝိုင်းမှ သူတို့ချင်း ပြောနေကြသမျှကို တစ်စွန်းတစ်စ သူ့လက်က မီသလောက် တစ်လှည့်စီ လိုက်ရေးနေလေတော့သည်။ စာအုပ် တစ်အုပ်နှင့် သဲကြီးမဲကြီး တကုပ်ကုပ် အလုပ်ရှုပ်နေသဖြင့် ဝါရင့် ဂဏန်းသမားလားဟု အထင်မှားကာ လာရောက် မိတ်ဆက် တစ်ယောက်စ နှစ်ယောက်စ နှောင့်ယှက်သည်ကလွဲ၍ သူ့ လက်တညောင်းမျှ အကြာတွင် အဆက်အစပ်လည်း မရှိ ဘာမှန်းလဲ မသိသော သူ့နားက ကြားသမျှ စကားပြော တစ်ခုကို အောက်ပါ အတိုင်း ပြုစု ရရှိသော ဟူ၏။ (ဤတွင် စကားကြွင်း ဆိုရန် ရှိသည်ကား ထိုသူရူး နားစွင့်မိသော စကားဝိုင်း သုံးဝိုင်းမှာ ပထမဝိုင်းသည် ဆယ်ကျော်သက် အရွယ် လူငယ်များနှင့် ဒုတိယဝိုင်းမှာ ကားဝပ်ရှော့ ဆရာများ ဖြစ်ကာ တတိယ တစ်ဝိုင်းသည်ကား ဘောဝါသနာအိုးများ ဖြစ်လေသတည်း)
ပ။ မင်း အခု တွဲနေတဲ့ ကောင်မလေးက ဟို …
ဒု။ ဖင်ကောက်လေးလေ။ ၉၇ မော်ဒယ်။ ဘော်ဒီ ချောတယ်ဗျ။ အခု ကျွန်တော် အပေါ်ခြမ်း ဖွင့်နေ ...
တ။ အဲဒီ ပွင့်နေတဲ့ အခြမ်းကပဲ တောက်လျှောက် ဖိနေလိုက်တာ ပွဲကို ပြီးရော ဗျို့၊ တစ်ခြမ်း ပွင့်တာနဲ့တင် ပွဲက အသက်ဝင်လာတာ။ တကယ် ကောင်းတယ်ဗျာ။ အသည်း တယားယားနဲ့။ တစ်ဖက်နဲ့ တစ်ဖက် ခပ်တင်းတင်း ရင်ဆိုင်ပြီးတော့ ...
ပ။ ဟုတ်တယ်၊ သူ့ အစ်ကိုက ငါနဲ့ တင်းနေတာ ...
ဒု။ သိပ်တင်းလွန်းရင် ခင်ဗျား ဂက်စကက် ပြတ်သွားမှာပေါ့။ သွားမလုပ်နဲ့။ ကျူနင်တွေ ဘာတွေ ပြန်ချိန်။ ရေလည်း အရေးကြီးတယ်ဗျ။ တိုင်ကီထဲ ရေကုန်နေရင် ...
တ။ ရေကုန်ရေခန်းကို တွယ်တာ ကိုယ့်လူ။ ဒါပေမဲ့ နည်းပြက အရင် တစ်ယောက်လို ...
ပ။ အရင် တစ်ယောက်တုန်းက မင်းနဲ့ ဘယ်လို ပြတ်သွားတာလဲ ...
ဒု။ ပင်နယံတွေ ကြွေကုန်လို့လေဗျာ။ မပြောပါနဲ့။ မနည်း ပြန်သပေးလိုက်ရတာ။ ပင်ပန်းလိုက်တာမှ ...
တ။ နှစ်ဖက်စလုံးကို ပက်လက်လန်နေတာပဲ။ ပွဲလည်း ပြီးရော။ ဒါတောင် အိမ်ကွင်း နည်းပြ အဘိုးကြီးက ...
ပ။ အဘိုးကြီးက မိသွားပြီး ကွိုင်တာလေကွာ။ အဘိုးကြီး ဆိုတော့ ...
ဒု။ အောက်ပိုင်းတွေ သိပ်မကောင်းတော့ဘူး။ ဒူးဆစ်တွေလည်း ချောင်လို့ ...
တ။ အဲဒါ ဦးဖာဂူဆန်ကြီးလေ၊ သိပ်ခေါင်းမာတာ၊ သူ မကြိုက်တော့တဲ့လူ ဆိုရင် ဘယ်လောက် ကောင်းကောင်း ...
ပ။ မပြောမဆို ဖြတ်သွားတော့တာပဲ။
ဒု။ ခင်ဗျားဟာကြီးက ရှော့ဘားမှ မကစားဘဲ။ ကွိုင် စပရိန် ကလည်း ပျော့စိ ပျော့စိနဲ့၊ ခြုံကြည့်လိုက်ရင် ရှူနာရှိုက်ကုန်း ...
တ။ မကြိုက်တဲ့ လူက ရှိုက်ကုန်း ပြောတာပါဗျာ။ ဧရိယာထဲ ရောက်ရင် တစ်လုံးထည့် တစ်လုံး ဝင်ပဲ။ ဘယ်နောက်တန်း ချုပ်ချုပ် ...
ပ။ အခု တစ်ယောက်ကလည်း ငါ့ကို သိပ်ချုပ်ချင်တာ ...
ဒု။ ချုပ်ထားရင် ဆီစားတော့ သက်သာပါရဲ့။ သိပ်မဆွဲနိုင်ဘူး ဖြစ်နေတယ်။ နင်လား ငါလား ဟဲကြည့်ရင် ငယ်သံ ပါလာပြီး ...
တ။ အဲဒါ ဟန်ဆောင်တာလေ။ ငယ်သံပါအောင် အော်၊ လူးလှိမ့်ပြ၊ ညှို့သကျည်းလေးကို လက်လေးနဲ့ ဖွဖွ အုပ်ပြီး ...
ပ။ လက်ကလေးတောင် ပေးမကိုင်ဘူးကွာ။ ရုပ်ရှင် သွားကြည့် တုန်းက ...
ဒု။ ဂီယာ ဘောက်စ် ဖွင့်မရလို့လေ။ လျှာကို ထွက်ရော
တ။ နောက်ဆုံး အဝါကတ် တန်းထိတာပဲ။
ပ။ ခဏ ခဏ တွေ့ရင် အိမ်က သိမှာ စိုးလို့တဲ့ ...
ဒု။ လူတိုင်း သိတဲ့ ကိစ္စပါဗျာ။ ဒီမှာ၊ နပ်သုံးလုံး ချွတ်ပြီး ဆွဲထုတ်လိုက်။ ဝါရှာပါ ပြုတ်ထွက်လာလိမ့်မယ်။ ရုတ်တရက် ကြည့်ရင် လုံသလိုနဲ့ ...
တ။ တကယ်တမ်း ဖောက်ရင် ဘယ်နောက်တန်းမှ မလုံဘူး ကိုယ့်လူ၊ အဲဒါ ကလေးတောင် သိတယ်။
ပ။ သူ့အစ်မလည်း သိတယ်လေ။ သူ့အစ်မ ဆိုတာလည်းကွာ ဘာပဲ ပြောပြော ...
ဒု။ ပရက်စတို အဟောင်းကြီးပဲ ဥစ္စာ။ အင်ဂျင် ပြန်ပြန် ကိုင်နေရတာပဲ ဘယ်နှစ်ခါ ရှိပြီလဲ။
တ။ ဘယ်နှခါ ရှိရှိလေဗျာ။ နာသွားလည်း ဆေးဝါး ကောင်းတာပဲ။ သုံးဆယ် ကျော်လို့ ကျသွားပြီ ပြောရရင် ဘက်ခမ်းတို့၊ အွန်နရီတို့ဆို အိမ်ထောင်သည် ...
ပ။ အိမ်ထောင်သည် ငယ်ရာက ကြီးလာပြီးသား ဆိုတော့ ညီအစ်မချင်းပဲ တိုးတိုးတိတ်တိတ် ...
ဒု။ ကြိတ်ဆုံးမရတာပေါ့ဗျာ။ ပညာ ဆိုတာ ပျံ့သွားလို့ မဖြစ်တဲ့ ကိစ္စ။ အင်ဂျင် တစ်လုံး ရေရှည် ခံဖို့ ဆိုတာက ...
တ။ မလည်မဝယ်နဲ့ အသင်း ခဏ ခဏ ပြောင်းနေရင် ဘယ်ဖြစ်မလဲ။
ပ။ ဘာပဲပြောပြောကွာ။ ငါကလည်း ကလေကဝမှ မဟုတ်တာ။
ဒု။ ပေါက်လွှတ်ပဲစားပါဗျာ။ ပီနန်ကျ ပစ္စည်းတွေ အောက်ဈေး နှိုက်ပြီး ပြန်ရောင်းနေတဲ့ ကောင်မျိုး ...
တ။ အဲဒါ မှားတာပေါ့။ ပေါပေါနဲ့ ရပြီး ရွှေဖြစ်သွားမှ မြတ်တာ။ ဝင်းဂါးဆို အာကြီးမှာ ဒါမျိုးပဲ ရှာသုံးနေတာ၊ အခု ဘယ်လောက် ကောင်းနေလဲ။
ပ။ ငါ့ကို စာမေးပွဲ အတွက် guide လုပ်ပေးနေတဲ့ အစ်မကြီးဆိုရင် ...
ဒု။ တွင် ပြန်သထားတာကြီး မဟုတ်လား။ သွားမယုံနဲ့ ဆရာ။ ကိုယ့်လက်ထဲ ရောက်မှ ပြန်ထုတ်မရဘဲ ဈေးထိုးကျ ...
တ။ အနယ်ကာလို ဖြစ်တာလေ။ ဝယ်တုန်းက ပေါင် ဆယ့်ငါး သန်း။ ရှေ့တန်းမှာ ကစားပုံက ...
ပ။ လှတော့ လှပါတယ်။ ဒါပေမဲ့ ...
ဒု။ သနပ်ခါး လိမ်းထားတာကြီးတွေ မိသလိုမျိုးပေါ့။ ကိုယ့် လက်ထဲ ရောက်မှ ဘော်ဒီ ဆေးတွေ အဖတ်လိုက်ကွာကျပြီး ...
တ။ တစ်ကိုယ်ကောင်းကလည်း ဆန်သေးတော့ အပေးအယူ မမျှဘူး။ ရရ မရရ သူချည်း ဂိုးသွင်းချင်နေတာမျိုး။ ကြာတော့
ပ။ သွားတွေ့လိုက်၊ မတွေ့ဖြစ်လိုက်ပါပဲကွာ။
ဒု။ ပျောက်လိုက် ပေါ်လိုက် ဆိုရင် ဆီဗျ၊ မီး မဖြစ်နိုင်ဘူး။ ကာပရိုက်တာ ချွတ်ဆေးကြည့်။ မရရင် ပလပ်ခေါင်းတွေ ...
တ။ ခေါင်းတွေထဲမှာတော့ ရှုရင်ဂမ်၊ အလန်ရှီးယားလောက် ကောင်းတာမျိုး ရှားသွားပြီဗျို့။ တစ်လုံးထောင် တစ်လုံး တိုက်သွင်း ဝင်တာမျိုးက ...
ပ။ ခက်ပါတယ်ကွာ၊ မိန်းကလေးတွေ ဆိုတာကလည်း ...
ဒု။ ချက်ပလက် ခေါင်းတိုလိုပဲ။ ဗိုက်ပူကြီးတွေလေ။ ပစ္စည်းကောင်းက ရှားလာပြီ။ ဖြစ်သလို ကြံဖန် ပြုပြင်ပြီး ခင်ဗျားတို့ ကျွန်တော်တို့က ...
တ။ ဂိုးတာ မဂိုးတာ တစ်ပိုင်းလေဗျာ။ ကန်ရင် ဂိုးပေါက် တည့်ဖို့တော့ ကောင်းတာပေါ့။ အခုတော့ ဘယ့်နှယ်။ လီဗာပူး လုပ်နေပြီး ...
ပ။ ဘာမှ ယုံစားလို့ မရဘူး။ ငါ့ကောင်မလေး ဆိုလည်း ...
ဒု။ ခြောက်လုံးထိုး ဆိုတော့ လေးလုံးထိုးထက် ကရိကထ များတာပေါ့။ သွားမစီးစမ်းပါနဲ့လို့ အကြိမ်ကြိမ် ပြောထားတာကို...
တ။ သူက တစ်လုံး သရေလို့ ပြောတာကိုးဗျ။ အခု တစ်လုံးပဲ ရတော့ ကိုယ့်လက်ဖက်ရည်ဖိုး ကိုယ် ရှင်းရုံ ရှိတာ ...
ပ။ ကိုယ်က နိုင်တာ မနိုင်တာထက် အရမ်း စိတ်ကောက်တတ်တယ် ဆိုရင် ...
ဒု။ ကောက်သွားလို့ကတော့ ကြေးဂဟေသာ ဆော် ကိုယ့်လူ။ အဲဒီ ပိုက်မျိုးက သတ္တု ပါးပါးလေးနဲ့ ...
တ။ ပါးပါး ထူထူဗျာ။ သူတို့ဟာ သူတို့ ကန်နေတဲ့ ပွဲတွေ။ မလောင်းတာပဲ ကောင်းတယ်။ ကျွန်တော်တော့ အားမပေးဘူး။
ပ။ မင်းတို့ သိပ်အားမပေးလည်း သူနဲ့ ငါနဲ့က တွဲတာ ကြာပြီ ဆိုတော့ ...
ဒု။ အရစ် ပြုန်းချင်တဲ့ သဘောမျိုးဆို သိပ်လက်ပေါက်ကပ်တာ။ ကတ်သီးကတ်သတ် နေရာက မူလီဆို ပိုဖြုတ်ရခက်တယ်။
တ။ အဲဒါပြောတာပေါ့ဗျာ။ ပရော်ဖက်ရှင်နယ် လူသုံးဆယ်လောက်မှာ ဘယ်သူ့ကို လိုင်းအပ်ထဲ ထည့်ရ ဖြုတ်ရမှန်းက တစ်ပွဲ ကန် တစ်ခါ ရွေးနေရမယ်ဆို
ပ။ ရွေးလွန်းရင် မရ၊ သေးလွန်းရင် မလှတဲ့ ဟေ့ကောင်၊ ငါ့ ဘကြီး ပြောတာ ...
ဒု။ ပြောတာတော့ လုပ်ချက် သေးသေးပဲ။ ဒါပေမဲ့ ဝပ်ရှော့ လာထိုးမှတော့ လက်ခက ...
တ။ တစ်ပတ်ကို ပေါင် တစ်သိန်းတောင် ကိုယ့်လူ၊ ရတာ မနည်းဘူး။ ပေးတဲ့ ကလပ် အသင်းကလည်း ပေးတာပဲဗျ။
ပ။ ရတိုင်းသာ ယူရရင် အားလုံး အိမ်ထောင် ကျနေပြီပေါ့ကွ။ အိမ်ထောင် ရမ်းသန်း ကျသွားတာမျိုး ဆိုတာက ...
ဒု။ ဓာတ်ဆီမှန်း ဒီဇယ်မှန်း မသိ ဆွဲချလာ၊ တစ်လလောက် ကြာတော့ ဟိုဟာချောင် သည်ဟာချောင်နဲ့ မီးခိုးတွေလိုက်၊ မနက်ဆို နှိုးရခက်၊ လူကြား သူကြား ထဖောက်လို ဖောက်၊ နောက်ဆုံး ပြန်ထိုးရောင်းလိုက်ရတော့တာပဲ။
တ။ ထိုးရောင်းလိုက်တယ်ရယ်တော့ မဟုတ်ဘူးပေါ့ဗျာ။ နောက်ပေါက်လေးတွေ စမ်းကြည့်ချင်တာ ပါမှာပေါ့။ ဒီကြားထဲ ခံစစ်သမား ကောင်းကောင်း ပေါ်လာရင် ပြီးပြီလေ။
ပ။ တော်ပါပြီကွာ။ ရည်းစားတွေ အကြောင်း မပြောတာ ကောင်းတယ်။ ဂိမ်း သွားဆော့ရအောင် ဟိုကောင်တွေနဲ့။
ဤတွင် သုံးဝိုင်း အနက် တစ်ဝိုင်း ပိုက်ဆံ ရှင်း၍ ထွက်သွားလေရာ ကြားကြားသမျှ လိုက်ရေးနေသော စာရူးမှာလည်း လက်ညောင်း လာသဖြင့် ရပ်သွားလေတော့၏။
အို အသင် လောက ... လောက၌ နားဆိုသည်မှာ ဟုတ်တာရော မဟုတ်တာရော အသံမှန်သမျှ လုံးထွေး ကြားနိုင်စွမ်း ဗီဇ ရှိသော အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်လေသည် တကား။
ပြေးခြင်း ဆိုသည်မှာ ....
ပြေးခုန်ပစ် (၁)
လူဆိုသော သတ္တဝါသည် ငြိမ်ငြိမ် နေတတ်သော အစားထဲက မဟုတ်ချေ။ ငြိမ်ငြိမ် နေတတ်သော သတ္တဝါ (ဥပမာ-လိပ်) သည် အသက် ရှည်ရှည် နေရတတ်ခြင်း သဘောကို လည်းကောင်း၊ ရွစိ ရွစိ ဂနာ မနာမငြိမ်တတ်သော သတ္တဝါ (ဥပမာ-မျောက်) တို့သည် သက်တမ်း တိုတတ်ခြင်း သဘောကို လည်းကောင်း သိပ်ဂရုစိုက်တတ်သော အစားလည်း မဟုတ်ချေ။ မြောက်မြားလှစွာသော လူတို့သည် ကိုယ်လက် အင်္ဂါ အစိတ်အပိုင်းများ ထကြွ နိုးကြား လှုပ်ရှားကျင့် ရှိနေမှသာ အဆင်ပြေရာ သည်ဟု အထင် ရှိနေကြ၏။ ထို့ကြောင့်ပင်လျှင် မနက် စောစော မထချင်ဘဲ အတင်း ကုန်းရုန်း ထ၍ လမ်းလျှောက် ထွက်တတ်ကြခြင်းသည် လည်းကောင်း၊ တစ်နေကုန် လှုပ်ရှား ထကြွ သွေးပူပြီးသား ဖြစ်ပါလျက် ညနေဘက်တွင် ရက်ဆက် မပျက် လေ့ကျင့်ခန်း ယူလျက် ရှိတတ်ကြခြင်း သည် လည်းကောင်း၊ မကြီး မငယ် အရွယ်တွင်မှ ကော့ကော်ကန်ကား ကစားပြခြင်းဖြင့် ကြွားလှတတ်ကြခြင်းသည် လည်းကောင်း၊ သောင်းပြောင်း ကွဲပြား အမျိုးအား များစွာဖြင့် ကျင့်လျက်သာ ဟန်ပါပါ နေထိုင်နေကြ ရှာလေသည်။
ဤတွင် သဘောကွဲရန် အချက် ပေါ်သည်က နိစ္စဓူဝ လေ့ကျင့်ခန်း ယူ၍ ထကြွနေသူများသည် မိမိတို့သာ ကျန်းမာ သန်စွမ်းလျက် ကျန်သူများ အသက်ထွက် ပိုမြန်ကြပေမည်ဟု အထင် ရောက်နေသော ကိစ္စ ဖြစ်ပေ၏။ အမှန်မှာ ကျွန်ုပ်၏ သဘောထားသည်ကား လူသတ္တဝါသည် သေချင်သော အချိန်မှာ သေမည်သာ ဖြစ်၏။ ကိုယ်လက် လှုပ်ရှားခြင်း မရှိ၍ ဝဖီး လေးလံ မြန်မြန် သေနိုင်သကဲ့သို့ လေ့ကျင့်ခန်း လုပ်၍ ချော်လဲကာ သေနိုင်သည်လည်း ဖြစ်၏။ စေ့စေ့ပေါက်ပေါက် စစ်တမ်း ကောက်ရလျှင်လည်း ကမ္ဘာတွင် နေ့စဉ် ပုံမှန် ကိုယ်လက် လှုပ်ရှား ကစားနေကြသူများထက် ငပျင်းများမှာ အရေအတွက် အားသာသည်ကို တွေ့ရပေလိမ့်မည်။
သို့ဖြစ်ပါ၍ ကမ္ဘာတွင် နေ့စဉ် ပုံမှန် ကိုယ်လက် လှုပ်ရှား ကစား နေကြသူများသည် ကျန်သူများထက် အသေအပျောက် အရေအတွက် နည်းသည်ဟု ယူသော် ရနိုင်ပေသည်။ အဘယ်ကြောင့် ဆိုသော် ၄င်းတို့က လူနည်းစု ဖြစ်နေသောကြောင့်တည်း။ တစ်နည်းအားဖြင့် တွေးလျှင်လည်း နေ့စဉ် ပုံမှန် ကျန်းမာရေး လိုက်စားသူများ အနက်မှ အသက် ရှည်ရှည် နေရကုန်သော အရေအတွက်သည် ငြိမ်ငြိမ်လေး နေလျက် ယောဂသော် လည်းကောင်း၊ အာနာပါန ကမ္မဌာန်း စီးဖြန်းခြင်းသော် လည်းကောင်း လုပ်လျက် ရှိသော လူများ အနက်မှ အသက်ရှည်သူ အရေအတွက်ထက် ဘယ်ဒင်း ပိုသာသည်ကို စစ်တမ်း ကောက်ယူဖူးခြင်း ရှိ မရှိ ကျွန်ုပ် သံသယ ဖြစ်မိ၏။ ဤကိစ္စ ဆက်ငြင်းလိုက ငြင်းကြစေ။ ကျွန်ုပ် အနေနှင့် ဝေဖန် ဆွေးနွေးရန် အကြံ ရှိသည် မဟုတ်။ ကျွန်ုပ် ထုတ်ပြလိုသော ကိစ္စသည်ကား ဤလောကကြီးထဲတွင် ငြိမ်ငြိမ် မနေတတ်၍ အားနေလျှင် ကစားချင်တတ်သော လူစားများတို့ကြောင့် ဆင့်ပွား ပေါ်ပေါက်လာခဲ့သော ‘ပြေးခုန်ပစ်’ ခေါ် ‘အက်သလက်တစ်’ ကိစ္စကို တွေးဆလိုခြင်းသာ ဖြစ်လေသည်။ အနှီ ပြေးခြင်း ခုန်ခြင်း ပစ်ခြင်း အမျိုးအစားသည် အားကစား လောကတွင် အခရာ ကျနေသည့် အလျောက် တောက်လျှောက် ကျင်းပ လာခဲ့ကြသော ပြိုင်ပွဲပေါင်းမှာ ယခုခေတ် အခါဝယ် များစွာ တွင်ကျယ် နေလေပြီ ဖြစ်သည်။ ၄င်း သုံးမျိုး သုံးစားကို အားရပါးရ လိုက်စားနေသော ‘စပို့’ သမားများ များလှသည့် အပြင် ဒေါင်းတင်မောင်းတင် အားပေးချင်သော ပရိသတ်များလည်း မရှား များစွာ ရှိချေသည်။ ဤတွင် ကျွန်ုပ် လူရူးသည် ခေါင်းရူး တစ်လုံးဖြင့် အသင့်တင့် တွေး၍ ပြေးခုန်ပစ် အားကစားကို တစ်နည်းအားဖြင့် လူများ မပျင်းရအောင် နည်းသစ် စည်းသစ်များ သွတ်သွင်း၍ ရမလားဟု ထွေပြား တွေးခေါ်မိချေ၏။ ဆင်ခြင်ရန် ရှိသည်မှာ ကျွန်ုပ်သည် ထိုအားကစားများကို လုံးလုံးလျားလျား ကစားဖူးခြင်းကား မရှိချေ။ သို့သော် သူများတွေ ကစားနေကြပုံများကိုမူ ရုပ်သံ ချယ်နယ်များအားဖြင့် အားအားယားယား ထိုင်ကြည့်ဖူးခဲ့သည်သာ များ၏။ သို့သော်ငြား ဘယ်ကိစ္စအား မဆို အပြောင်းအလဲ မြင်လိုသော ဝသီ အလျောက် ပြေးခုန်ပစ် အားကစား၏ စည်းကမ်း အများကို သေချာစွာ မသိငြား တစ်နည်းတစ်ဖုံ ပြောင်းလဲသွားခဲ့လျှင် ပရိသတ်များ အားရလှမည် ထင်သည့် အလျောက် စိတ်ကူးပေါက်ရာ နည်းစနစ်သစ်များကို လျှောက်၍ ရေးသား တင်ပြလိုက်ရပေတော့သည်။
ကျွန်ုပ်၏ ချစ်လှစွာသော စာရှုသူ မိတ်ဆွေ။ အသင်သည် ပွဲကြည့်စင်များ၏ အလယ်၌ ပြေးလမ်းကြောင်းများနှင့် မြက်ခင်းကြီး တစ်ခု ပါသော ကွင်းကြီး တစ်ခုထဲတွင် လူအများတို့သည် အမျိုးမျိုး အဖုံဖုံ သန်သလို ကမြင်းနေကြသည်ကို မြင်ယောင်ကြည့်ပါလေ။ ထိုသူများသည် စည်းလွတ် ဝါးလွတ် ထင်ရာ လျှောက်လုပ်နေကြသည် မဟုတ်။ သူ့ကစားနည်းနှင့် သူ စည်းကမ်းတကျ တစ်ဦးကို တစ်ဦး တရားမျှတစွာ ယှဉ်ပြိုင် ကစား နေကြခြင်း ဖြစ်သည်။ ဤအခြင်းအရာတွင် အောက်ပါ စည်းကမ်းသစ်၊ နည်းစနစ်သစ်များကို ထည့်သွင်း ဆင်ခြင် မြင်ယောင် ကြည့်ပါ။ မိတ်ဆွေ အတွက် ဖျော်ဖြေရာ တစ်စုံတစ်ရာ ရနိုင်သည်ဟု ကျွန်ုပ် အထင်နှင့် ရေးသားသည့် ပြေးခုန်ပစ် အားကစားထဲမှ ပထမ ကိစ္စ ...
ပြေးခြင်း ဆိုသည်မှာ ...
ပြေးခြင်းတွင် မီတာ ၁ဝဝ ခေါ် တိုတိုလေး အပြိုင် ပြေးရသည့် ကိစ္စမှ အစ ကိုယ် ဝင်ရမည့် ပန်းတိုင်တောင် ကိုယ် မမြင်ရအောင် တစ်မျှော်တစ်ခေါ်ကြီး အပြိုင် ပြေးရသည့် မာရသွန် ကိစ္စ အဆုံး ပါဝင်လေသည်။ ထိုသည်သာမက ရိုးရိုး ပြေးလျှင် လွယ်နေမှာ စိုး၍ တန်းကျော် ပြေးခြင်း၊ အခက်အခဲကျော် ပြေးခြင်း၊ တုတ်တစ်ချောင်းကို တစ်ယောက်နှင့် တစ်ယောက် လက်ဆင့်ကမ်း၍ ပြေးခြင်းတို့ပင် ပါဝင်လေသည်။ ဤ ပြေးခြင်း ကိစ္စကို ‘လက်ရှိ’ နည်းစနစ်များနှင့် ‘အနာဂတ်’ ဖြစ်လာနိုင်သော စနစ်များ ခွဲခြား တင်ပြသော် အောက်ပါ အတိုင်း သဘောရ၏။
မီတာ ၁ဝဝ (လက်ရှိ)
ကစားသမားများ ရင်ပေါင်တန်း နေရာ ယူကြ၏။ ရယ်ဒီ (Ready) ဆိုသော် ပြေးရန် ဖင်ကုန်း၏။ ဒိုင်လူကြီးမှ လေထဲသို့ ‘ဖောင်း’ ခနဲ အချက် ပေးသော် လွှတ်၍ ပြေးကြ၏။ ပန်းတိုင် အရင် ရောက်သူသည် နိုင်၏။
မီတာ ၁ဝဝ (အနာဂတ်)
၁ဝ မီတာ အကျယ်အဝန်းကို ခေါက်တုံ့ ခေါက်ပြန် ဆယ်ခါ ပြေးရန် ဖြစ်၏။ စည်းတစ်ဖက်တွင် ခြေချမိမှ အခြား စည်းတစ်ဖက်သို့ ပြန်လှည့်ပြေးရမည်။ စည်းတစ်ဖက်မှ တစ်ဖက်သို့ ဒိုင်ဗင် မပစ်ရ၊ မခုန်ရ။ ကူလီကူမာ မလုပ်ရ။ ကိုးခေါက်ထဲနှင့် ဆယ်ခေါက် ရှိပြီဟု မငြင်းရ။ ဒိုင်လူကြီး အမြင်တွင် ဆပ်စလူး ထနေသည်ဟု သတ်မှတ်ခြင်း ခံရသော ကစားသမား ပြိုင်ပွဲမှ ထုတ်ပယ် ခံရမည် ဖြစ်သည်။
မီတာ ၄၀၀၊ ၈၀၀ မှ မီတာ ၁၀၀၀၀ ထိ (လက်ရှိ)
သင်္ချာ သဘော အရ အတွင်းဆုံး ပြေးလမ်းသည် တို၍ အပြင်ဆုံး ပြေးလမ်းသည် ရှည်၏။ ထိုကိစ္စ လူတိုင်း သိ၏။ ထို့ကြောင့် အပြေးသမားများကို အပြင်ဆုံး လူမှ စပြီး ရှေ့နောက် စဉ်ခိုင်းကာ တာလွှတ်၏။ နောက်တော့လည်း အတိုဆုံး လမ်းတွင်သာ တစ်သုတ်ကြီး ပြေးနေကြသည်ကို တွေ့ရ၏။
မီတာ ၄ဝဝ၊ ၈ဝဝ မှ မီတာ ၁၀၀၀၀ ထိ (အနာဂတ်)
ဤပြိုင်ပွဲများသည် ပြေးသူ မသက်သာသော်လည်း ထိုင်ကြည့်နေသူမှာ ပျင်းစရာ။ ထို့ကြောင့် ဤသို့ စီစဉ်သည်။
ပြိုင်ပွဲ ဝင်တိုင်း ခွေးတစ်ကောင်စီ ထည့်သွင်း ယှဉ်ပြိုင်ရမည်။ ပြိုင်ပွဲ ဝင်ချင်း ယှဉ်ပြိုင်ရသကဲ့သို့ မိမိ ခွေးနှင့်လည်း မိမိ ပြိုင်ပြေးရမည်။ အခြား ခွေးများ မိမိ လာမကိုက်ရန်လည်း ကာကွယ်ရမည်။ ထိုအခါ တော်တော် ပညာ ပါလာလေပြီ။ ခွေးကိုက် ခံရလျှင် အရှုံး။ ထို့အပြင် လူထက် ခွေးအရင် ပန်းဝင်လျှင် အရှုံး။ မိမိ ခွေးမှ စိတ်ပျက်၍ မပြေးတော့ဘဲ ထွက်သွားလျှင် (သို့မဟုတ်) နောက်ကြောင်း ပြန်ပြေးလျှင် (သို့မဟုတ်) မိမိနှင့် အတူ မပြေးဘဲ အခြား တစ်ယောက်နှင့် အတူ သွားပြေးနေလျှင် အရှုံး။ ခွေးခွေးချင်း ကိုက်နေလျှင် ပိုင်ရှင် နှစ်ယောက် ‘ဖောင်း’ ဖြစ်၍ ပိုင်ရှင်ချင်းပါ ပြေးရင်း ထိုးရမည်။ ထိုသို့ ထိုးကြလျှင် ခြေထောက်ကို မသုံးရ။ ခွေး တစ်ကောင်ကောင် စွတ်ရွတ် ပြေးသွားလျှင် ပိုင်ရှင် ‘ဖောင်း’ ဖြစ်၍ မိမိ ခွေး မိမိ လိုက်ဖမ်းကာ ပြိုင်ပွဲမှ ကိုယ့်အသိနှင့် ကိုယ် ထွက်။ အကဲဖြတ် ဒိုင်များအား ခွေး ဝင်ကိုက်လျှင် ပြိုင်ပွဲမှ သုံးနှစ် ပယ်မည် ဖြစ်သည်။ ခွေးနှင့် လူ ကြိုးနှင့် တွဲချည်မထားရ၊ ကြီးလွန်းသော (သို့မဟုတ်) သေးလွန်းသော ခွေးများနှင့် မပြိုင်ရ။ ထို့အပြင် လူထီးနှင့် ခွေးထီးများသာ တွဲ၍ ပြေးရန်နှင့် လူမနှင့် ခွေးမများသာလျှင် တွဲ၍ ပြေးရန် ဖြစ်သည်။ ခွေးဂန်ဒူး၊ လူအခြောက် စသည်များ ပြိုင်ပွဲ မဝင်ရ ဟူ၍ ဖြစ်၏။
မာရသွန် (လက်ရှိ)
ထူးခြားသည်မှာ အဝေးကြီး ပြေးရမည့် ပြိုင်ပွဲ ဖြစ်သော်လည်း တာစလွှတ်ချိန်တွင် လူတွေ အများကြီး ဝင်ပြိုင်တတ်ကြခြင်း ဖြစ်၏။ သို့သော် သမ္ဘာက စကား ပြောသဖြင့် တော်တော်များများ လမ်းတစ်ဝက်တွင် ကားတက်စီးကာ အိမ်ပြန်သွားကြ၏။ အချို့က တစ်မျှော်တစ်ခေါ်ကြီး ပြေးနေရတာ ပျင်းလာ၍ နှုတ်ထွက်၏။ ပြေးချင် လွှားချင်စိတ် နဂိုတည်းက ရှိရုံမက အလေ့အကျင့် လွန်စွာ ရှိသူ အနည်းအကျဉ်းသာ ချန်ပီယံ ဖြစ်လာ နိုင်လေသည်။
မာရသွန် (အနာဂတ်)
ခရီး အဝေးကြီးကို နင်လား ငါလား ပြေးရသည်မှာ လုံးဝ မလွယ်။ နောက်ပြီး ပန်းဝင်အောင် ပြေးနိုင်သော်လည်း ဆုမချိတ်လျှင် အမောသာ အဖတ်တင်သည် ဖြစ်၍ လူလူချင်း မကြင်နာရာ ရောက်၏။ ထို့ကြောင့် ဤသို့ စီစဉ်သည်။
မာရသွန် ပြိုင်ပွဲများကို မြို့တစ်မြို့မှ အခြား မြို့တစ်မြို့သို့ ရောက်အောင် ပြေးရန်သာ ကျင်းပရမည်။ ပြိုင်ပွဲ ဝင်တိုင်းသည် ခြေလွတ် လက်လွတ် မပြေးရ။ စပြေးသော မြို့မှ ပန်းဝင်မည့် မြို့သို့ လူကြုံ ထည့်ပေးလိုသူ (သို့မဟုတ်) သတင်းစကား ပါးလိုသူ ရှာထားရမည်။ သို့တည်းမဟုတ် တိုင်းပြည်ကို ကူညီသော သဘောဖြင့် ဌာနဆိုင်ရာများ၏ တစ်မြို့မှ တစ်မြို့သို့ ဆက်သွယ် ပို့ဆောင်လိုသည်များ ကျောပိုးအိတ် တစ်ထုပ်စာ ရှာထား ရမည်။ လူကြုံ ထည့်ပေးလိုက်သော စာရွက်စာတမ်း၊ ကြေးနန်း၊ ပါဆယ်၊ သတင်းစကား တစ်စုံတစ်ရာ ပါမှသာ မာရသွန်တွင် ဝင်၍ စာရင်း ပေးရမည်။ ထိုအရာများအား ကျောပိုးအိတ်ထဲ ထည့်လွယ်၍ ပန်းဝင်အောင် ပြေးရမည်။ သို့မှသာ ဘာဆုမှ မချိတ်လည်း ပန်းဝင်လျှင် လူကြုံပါးနိုင်၍ တစ်စုံတစ်ရာ ပြေးရကျိုး နပ်ပေမည်။ သို့သော် လမ်းတွင် မပြေးနိုင်တော့၍ လှည့်ပြန်မသွားရ။ ကြုံရာ တက်စီး၍ ပန်းတိုင်သို့သာ ဆက်သွားရမည်။ အဘယ်ကြောင့်ဆိုသော် မိမိကို ယုံကြည်၍ လူကြုံလေး ဆွဲသွားပါဟု ထည့်ပေးလိုက်သူအား အားနာစရာ ကောင်းသောကြောင့် ဖြစ်လေသည်။
အခက်အခဲကျော် ပြေးပွဲ (လက်ရှိ)
မနီး မဝေး ခရီးကို အားကစားကွင်း အတွင်းတွင်သာ ပတ်ပြေးရ၏။ လမ်းတွင် လူတို့ ပြုလုပ်ထားသော တန်း၊ ရေအိုင် စသည့် အတန်ငယ် အခက်အခဲ ဖြစ်ဖွယ်ရာများ ထား၍ ၄င်းတို့အား ကျော်လွှား ပြေးရ၏။ သို့သော် လေ့ကျင့်တုန်းကလည်း ဒီကွင်းနှင့် ဒီအခက်အခဲတွေ၊ ပြိုင်တော့လည်း ဒီကွင်းမျိုးနှင့် ဒီအခက်အခဲမျိုး တွေသာ တွေ့ရရာ မထူးလှချေ။ ပြိုင်ပွဲဝင်များမှာ စံချိန် ကောင်းအောင်သာ ကြိုးစားရုံ ရှိ၏။
အခက်အခက်ကျော် ပြေးပွဲ (အနာဂတ်)
အမှန်တကယ် အခက်အခဲ ရှိရန် အတွက် တိရစ္ဆာန်ရုံကို ပတ်ပြေး၍ ပြိုင်ပွဲ ကျင်းပရန် စီစဉ်သည်။ ပြိုင်ပွဲဝင်များသည် ဆင်ရုံ၊ ကျားရုံ၊ ဝက်ဝံကျင်း၊ ရေမြင်းကန်၊ မျောက်ရွာ၊ မြွေရုံ၊ ဖွတ်ရုံ စသည်များကို အစီ အစဉ် အတိုင်း ဖြတ်၍ ပြေးရမည်။ ကုလားအုတ်ခြံ၊ သမင်ခြံ၊ မြင်းကျားခြံများကိုလည်း ဖြတ်ပြေးရမည် ဖြစ်၏။ ထိုသို့ ယုံစားမရသော တိရစ္ဆာန် များကြား ဖြတ်ပြေးမှ တကယ့် အခက်အခဲများ ကြုံနိုင်မည်။ ဆင်နင်း မခံရအောင်၊ ကျား မကိုက်အောင်၊ မျောက်တွေ ဝိုင်းမကုတ်အောင်၊ မြွေ မပေါက်၊ ကုလားအုတ် မကိုက်၊ မြင်းကျား မကန်အောင် ကြိုးစား၍ ပြေးရမည်။ ရေမြင်း ရှေ့မှ ဖြတ်၍ ရေကူးတန် ကူးပြေးရနိုင်၏။ ဤတွင် တိရစ္ဆာန်တို့၏ သဘောကို အတန်ငယ် သိမှ ရပေမည်။ တိရစ္ဆာန်တို့သည် ၄င်းတို့ ကြားမှ ပထမ တစ်ယောက် ဖြတ်ပြေးသွားသော်လည်း သိပ်ဂရုမစိုက်သေး။ ဒုတိယ တစ်ယောက် ဖြတ်ပြေးသော် လိုက်ကြည့်စပြုပြီ။ တတိယ တစ်ယောက် ပြေးပြန်သော် မျက်စိနောက်လာ၏။ စတုတ္ထ မှစ၍ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ ဖြတ်ဖြတ် ပြေးကြလျှင်မူ ၄င်းတို့ကို လာနောက် နေသည်ဟု ယူဆကာ ထင်ရာ လုပ်လာနိုင်ပေသည်။ သို့ဖြစ်၍ စပြေးတည်းက ပ၊ ဒု၊ တ နေရာများ ဦးထားနိုင်မှ တန်ကာကျမည် ဖြစ်၏။ သို့သော် ပြိုင်ပွဲဝင်များ အန္တရာယ် မရှိရန် တိရစ္ဆာန်ရုံ ဝန်ထမ်းများမှ မေ့ဆေး သေနတ်များနှင့် အသင့် စောင့်ဆိုင်းပေးနေကြမည် ဖြစ်သည်။ တိရစ္ဆာန်များကို ပစ်ရန် မဟုတ်၊ လူကို မေ့အောင် ပစ်ရန်သာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် တိရစ္ဆာန်များသည် ၄င်းတို့ မျက်စိ နောက်နေသော တစ်စုံတစ်ရာ လဲကျ ငြိမ်သက်သွားလျှင် အန္တရာယ် မပြုတော့ဘဲ လှည့်ထွက်သွားတတ်ကြသော သဘာဝ ရှိခြင်းကြောင့်တည်း။
တန်းကျော် ပြေးပွဲ(လက်ရှိ)
တန်း ၂၀၊ ၂၅ လောက်ကို မီတာ တစ်ရာလောက် အတွင်း အညီအညာ စီကာ ချထား၏။ ပြိုင်ပွဲ ဝင်သူများမှ လွှားခနဲ လွှားခနဲ ကျော်၍ အပြိုင် ပြေးကြ၏။ ပန်းတိုင် အရင် ရောက်သူ နိုင်လေသည်။
တန်းကျော် ပြေးပွဲ (အနာဂတ်)
အမြင့်ညီ၊ အကွာအဝေး ညီသော တန်းများကို ကျော်ကျော်၍ ပြေးရသည်ကို အီလာကြရာ ဤသို့ စီစဉ်သည်။ အားကစားကွင်းကို တစ်ပတ် ပတ်ပြေးရန် ဖြစ်၍ ကြားထဲတွင် တန်းမျိုးစုံကို အနိမ့် အမြင့် မျိုးစုံနှင့် ထားချင်သလို တန်းထား၏။ ကလေးတွေ ခုန်ကစားသော အီစွတ် ကြိုးတန်းမှ စ၍ နိုင်လွန် ကြိုးတန်း၊ အဝတ်လှန်းသော ဝါးလုံးတန်း၊ မြင်းခုန် ဘားတန်း၊ ခြံစည်းရိုး သွပ်စူးကြိုးတန်း၊ သံပိုက်လုံးတန်းများ၊ ဂျိုးဖြူ ရေပိုက် ကဲ့သို့သော ပိုက်လုံးကြီး တန်းထားသော တန်း စသဖြင့် တန်းမျိုးစုံ ချထားသည်သာမက နောက်ဆုံး ‘ဈေးတန်း’ တစ်ခုနှင့် ‘ရှေ့တန်း’ စစ် မျက်နှာ ပုံစံ တစ်ခုပါ ချထား၍ ထိုတန်း အားလုံးကို ကျော်ပြေးရမည် ဖြစ်သည်။ ပန်းဝင်ခါနီးတွင် ဒုတိယ ကမ္ဘာစစ် မတိုင်မီ ဟောင်ကောင်မှ ‘အဝှာတန်း’ ပုံစံ တစ်ခုပါ စီစဉ်ထား၍ ပြုံးစိစိနှင့် မြူကြရန်ပါ စီစဉ်ထားလေသည်။ ပြိုင်ပွဲဝင်များသည် အားလုံးသော တန်းများကို ကျော်၍ ပန်းဝင်အောင် ပြေးကြရမည့် အပြင် တစ်ထွာ သာသာ ရှိသော အီစွတ် ကြိုးတန်းတွင်လည်း ကလေးတွေလို သုံးလေးငါးခါ ခုန်သင့် ခုန်ကြရမည် ဖြစ်လေသည်။
လက်ဆင့်ကမ်း ပြေးပွဲ (လက်ရှိ)
တစ်ဖွဲ့တွင် လေးယောက်ခန့် ပါ၍ တစ်နေရာစီက စောင့်၏။ ထို့နောက် တုတ်တို တစ်ချောင်းကို ပ၊ ဒု၊ တ၊ စ အစဉ်အတိုင်း တစ်ယောက်လက် တစ်ယောက် ကမ်းပြေးရ၏။ တုတ် လွတ်ကျသော် အရှုံး။ တုတ်နှင့် အတူ အရင်ဆုံး ပန်းဝင်နိုင်သည့် အဖွဲ့က နိုင်၏။
လက်ဆင့်ကမ်း ပြေးပွဲ (အနာဂတ်)
ဤကစားနည်းသည် တစ်ဦးကောင်း မရ။ စည်းလုံး ညီညွတ် ကြရ၍ တစ်ဖွဲ့လုံး ကောင်းမှ အနိုင်ရ၏။ ထို့ကြောင့် စိတ်လှုပ်ရှားမှု တိုးစေရန် လက်ဆင့်ကမ်းရသော ပစ္စည်းကိုသာ ပြောင်းလဲ သတ်မှတ်ရန် စီစဉ်သည်။ လက်ဆင့်ကမ်းပေးရသော တုတ်တို နေရာတွင် ပျားအုံကို အစားထိုးရန် ဖြစ်၏။
စပြေးမည့် ‘ပ’ ကစားသမား အနီးတွင် သစ်ကိုင်းခြောက်နှင့် တွဲလျက် ပျားအုံ တစ်အုံ ချပေးထားမည်။ ဒိုင်လူကြီးမှ အချက်ပေးလျှင် သစ်ကိုင်းခြောက်မှ ပျားအုံကို ဆွဲဖြုတ်၍ သန်သလို ပုံစံနှင့်သာ သယ်ပြေး ပေတော့။ ဒုတိယ တစ်ယောက်သည် ပိတ်စ တစ်စနှင့် စောင့်လိမ့်မည်။ ပိတ်စထဲသို့ ပျားအုံကို ပိုင်ပိုင်နိုင်နိုင် ထည့်ပေးပြီးလျှင် ‘ဒု’ လူလည်း ‘တ’ လူထံ သယ်ပြေးလိမ့်မည်။ ‘တ’ လူလည်း ထိုနည်းအတိုင်း စောင့် ၍ ‘စ’ လူထံ လက်ဆင့်ကမ်းရမည်။ နောက်ဆုံး လူသည် ပျားအုံနှင့် အတူ ပန်းဝင်သည် အထိ ပြေး၍ ပန်းဝင်သော် ပျားအုံကို လွှင့်ပစ်ကာ အသင့် စီစဉ်ထားသော ရေကန်ထဲသို့ ခုန်ချရမည် ဖြစ်သည်။ မိမိ အဖွဲ့တွင်းမှ မည်သူမဆို မပြေးနိုင်တော့လောက်အောင် ပျားဝိုင်းတုပ်ခံရလျှင် (သို့မဟုတ်) တာစထွက်ချိန်တွင် ကိုယ့်အုံ မဟုတ်ဘဲ သူများ ပျားအုံ မှားဖြုတ်ပြေးလျှင် (သို့မဟုတ်) ပြေးနေရင်း ပျားတုပ်ခံရ၍ ‘သေပါပြီ’ ဘာညာ ပါးစပ်က အော်မိလျှင် (သို့မဟုတ်) လက်ဆင့်ကမ်းစဉ် ပျားအုံကို ပိတ်စထဲသို့ ‘ငါ့လက်က လွတ်’ ဟူသော သဘောနှင့် ပစ်ထည့်ပေးမိ၍ ပျားအုံ ပျက်စီးလျှင် (သို့မဟုတ်) နောက်ဆုံး လူသည် ပန်းမဝင်သေးဘဲ ပျားအုံကို လွှင့်ပစ်မိလျှင် ပြိုင်ပွဲ စည်းကမ်း အရ တစ်ကိုယ်လုံး လုံခြုံအောင် ဝတ်ထားသော အမှတ်ပေး ဒိုင်လူလည်များသည် ထိုအဖွဲ့အား အရှုံးဟု သတ်မှတ်မည် ဖြစ်လေသည်။
ဤနေရာတွင် စာလည်း ရှည်၍ ပြေးခုန်ပစ်မှ ‘ပြေး’ တစ်မျိုးလည်း အတန်ငယ် စုံလောက်သည် ရှိသဖြင့် တစ်စခန်း ရပ်လိုက်ရလေသည်။ ကျန်သော ‘ခုန်’ နှင့် ‘ပစ်’ နှစ်မျိုးကို ဆက်လက် ဖတ်ရှုလိုပါသေးက ကျွန်ုပ်အား အကြောင်းကြား၍ ဆက်သွယ် မှာကြားရန် ရိုသေစွာ ပန်ကြား လိုက်ရပေတော့၏။


Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။