အီကြာကွေး
အီကြာကွေး
၁၉၃၈ခုနှစ်တွင် ဓနုဖြူမြို့၊ မင်းပိုင်းရပ်၌ မွေးဖွားသည်။ အဖ ဦးမောင်နှစ်၊ အမိ ဒေါ်ညွန့်မေတို့၏ တစ်ဦးတည်း သော သား ဖြစ်သည်။ အမည်ရင်းမှာ ကိုကျော်ထွန်း ဖြစ်၍ မူလက ကလောင်အမည် (ဓနုဖြူ) ကျော်ထွန်း ဖြစ်သည်။ ၁၉၅၄ခုနှစ် ဇန်နဝါရီလတွင် စာ,စရေးသည်၍ ယနေ့အထိ စဉ်ဆက်မပြတ် ရေးလာရာ၊ စာရေးသက် အနှစ် ငါးဆယ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၅၇ခုနှစ်တွင် (အီကြာကွေး) ကလောင်အမည်ကို ထပ်ပွားသည်။ ဓနုဖြူ အစိုးရ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာ သင်ကြား ခဲ့သည်။ ၁၉၅၃၊ ၁၉၅၄ ခုနှစ်တွင် စာပေ ဝါသနာရှင်များ အသင်း (ဓနုဖြူ) ၏ စာပေတာဝန်မှူးနှင့် စာကြည့်တိုက်မှူး တာဝန်ယူ၍ မုန်တိုင်း စာစောင် အမှတ် (၁) နှင့် အမှတ် (၂) တို့ကို ထုတ်ဝေ ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဓနုဖြူ ကဗျာဆရာ အသင်းကို တိုးချဲ့ ဖွဲ့စည်းပြီး ဥက္ကဌ အဖြစ် တာဝန်ယူ ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပြည်သူ့လူငယ်အဖွဲ့ (ဓနုဖြူ)တွင် ဥက္ကဌနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဓနုဖြူ)တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မှ စာရေးဆရာကြီးများအား ဖိတ်ကြား၍ စာဆိုတော်နေ့ စာပေဟောပြောပွဲ ကို စတင် ကျင်းပပေးခဲ့သည်။ ဓနုဖြူတွင် စာပေ ဟောပြောပွဲကိုမျိုးစေ့ချပေးခဲ့ခြင်းဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် တောင်ဥက္ကလာ ကဗျာ့ကလာပ်စည်း၏ ဥက္ကဌ အဖြစ် တာဝန်ယူ၍ ပစ္စက္ခ ကဗျာများနှင့် ပဲ့တင်သံ ကဗျာများ စုပေါင်း ကဗျာစာအုပ် နှစ်အုပ် ထုတ်ခဲ့သည်။ အီကြာကွေး အမည်ဖြင့် ရေးခဲ့သော (နောင်တစ်ခါ ပေးရင် ဖြေလိုက်မယ်) ဝတ္ထုတိုကို ရုရှဘာသာသို့ပြန်ဆိုခြင်း ခံခဲ့ရသည်။
(ဓနုဖြူ) ကျော်ထွန်းအမည်ဖြင့် ကဗျာ (၁၂၀၀) ကျော်၊ ဝတ္ထုတို (၈၀) ကျော်။ မဂ္ဂဇင်း ဝတ္ထုရှည် (၃) ပုဒ် နှင့် ပီမိုးနင်း၏ ဝတ္ထုတို အတတ်ပညာ စာပေကျမ်း (၁) ကျမ်းကို ပြုစုခဲ့သည်။ လက်သင်စ ကဗျာရှင်များအတွက် လမ်းညွှန် နည်းပြ မဂ္ဂဇင်းတွင် (ကဗျာ့ ပွဲခင်းသာ) ကဏ္ဍကို နှစ်ပေါင်း သုံးဆယ်ကျော် လစဉ်မပျက် တာဝန်ယူ ရေးသားခဲ့သည်။ ယခုအခါ သောကြာစာစောင်တွင် (ကဗျာ့ပွဲခင်းသာ) ကဏ္ဍကို ဆက်လက် ရေးသားခဲ့ရာ သုံးနှစ်သက်တမ်း ရှိခဲ့ပြီး ဖြစ်၏။ အီကြာကွေး အမည်ဖြင့် လုံးချင်း အုပ် (၂ဝ) ရေးသားခဲ့ပြီး၍ သောကြာစာစောင်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။
Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။