ချာလီ

အပွေးကုန်ခါနီး ဖြစ်သော သနပ်ခါးတုံးလေးကို ကြည့်ရင်း အေးမာ နှမြောနေမိသည်။ မြင်းခြံမှ အဒေါ် လာစဉ်က လက်ဆောင် ပေးသွားသော သနပ်ခါးတုံးလေး ဖြစ်သည်။ အပွေးရင့်ရင့် ရနံ့မွှေးမွှေးမို့ အေးမာတို့တစ်တွေ အမြတ်တနိုး လိမ်းခဲ့ရသည်။ အခုတော့ ကုန်ခါနီးပြီ။

“သနပ်ခါးတွေကလည်း တစ်နေ့တခြား ရှားလာကုန်ပြီ၊ တစ်မိုက်လောက် အတုံးလေးတွေကိုတောင် ဆယ့်ရှစ်ကျပ်တဲ့”

အေးမာက သနပ်ခါးတုံးကို ကျောက်ပျဉ်ပေါ် တင်ကာ ဖွဖွလေး သွေးသည်။ ဖိပြီး သွေးလိုက်လျှင် အပေါ်ယံ အပွေးများ မြန်မြန်ကုန်သွားမည် စိုးသောကြောင့် ဖြစ်သည်။

အေးမာတို့ အိမ်မှာက မိန်းမ အင်အားစု များသည်။ အမေကလည်း အေးမာတို့ မောင်နှမ လေးယောက်တွင် ယောက်ျားလေး တစ်ဦးသာ ရှားရှားပါးပါး ထည့်မွေးထားသည်။ ဒီတော့ အေးမာတို့ သားအမိချည်း လေးယောက် အေးမာတို့နှင့် အတူ ငယ်စဉ်ကတည်းက နေလာသော ဝမ်းကွဲအစ်မက တစ်ယောက်၊ မိသားစု ခြောက်ဦးနေသော အိမ်တွင် မိန်းမဦးရေက ငါးဦး ဖြစ်လေသည်။ သို့သော် သနပ်ခါး လိမ်းသော ဦးရေကတော့ ခြောက်ဦးစလုံးပင် ဖြစ်သည်။

“ဒီခေတ် ယောက်ျားလေးတွေများ ကြည့်လို့ကို မရဘူး”

ညအိပ်ရာ ဝင်ခါနီးလျှင် သနပ်ခါးကို တဂျစ်ဂျစ် သွေးပြီး ဖွေးနေအောင် လူးတတ်သော မောင်ဖြစ်သူကို သတိရတော့ အေးမာသည် ယောက်ျားတွေ အားလုံးကို ရောပြီး မေတ္တာပို့ လိုက်သည်။

“ဒီသနပ်ခါးတုံး ကုန်ရင်တော့ စက်သွေးပဲ လိမ်းကြရမှာဟေ့”

“စက်သွေးဆိုတော့ ကြာကြာ မသွေးရဘူး၊ ပိုတောင် ကောင်းသေးတယ်”

အရာရာကို ခပ်ပေါ့ပေါ့ သဘောထားသော ညီမလေး ကတော့ ခပ်အေးအေးပင် ဆိုသည်။

“နင့်စက်သွေးက ရွှံ့တွေ ဗရပွ မှာပေါ့ဟဲ့ မိပေါက်ရဲ့၊ နောက်ပြီး သနပ်ခါး အစစ်လို မွှေးပါ့မလား”

အေးမာလိုပင် သနပ်ခါး ကြိုက်တတ်သော ညီမလတ် ကတော့ စက်သွေးကို မလိမ်းချင်ရှာပေ။

“မွှေးချင်ရင် ဘာခက်လို့လဲ၊ ရေမွှေး ဆွတ်ပေါ့”

“အေး ပြောတော့ လွယ်လိုက်တာ၊ နင့်ရေမွှေးကရော အပေါစား ရေမွှေးတောင် ဆယ့်ငါးကျပ် နှစ်ဆယ် မပေးဘဲနဲ့ ရသလား”

ညီမအလတ်က ခပ်ဆတ်ဆတ် ပြောလိုက်တော့မှ ညီမလေး ခေါင်းပု သွားသည်။ ဒီအိမ်မှာ ဝင်ငွေနှင့် ထွက်ငွေ မျှတအောင် မနည်းသုံး နေရသည်ကို သူလည်း သိသည်ပင်။

အဖေရှိစဉ်က သူတို့ အိမ်ထောင်စုလေးသည် အသင့်အတင့် ချောင်လည်သော်လည်း အဖေ ဆုံးပါးသွားသည့် နောက်ပိုင်းဝယ် တော်တော်လေး ကသီလင်တ ဖြစ်ခဲ့ရသည်။ အေးမာလည်း ဘွဲ့ရသည် အထိပင် ကျောင်းဆက် မတက်နိုင်ဘဲ အဖေ၏ မိတ်ဆွေတစ်ဦး အကူအညီ ရယူကာ အလုပ်ဝင်ခဲ့ ရသည်။ ညီမလတ် ခမျာလည်း သူ စိတ်ကူးယဉ် တမ်းတခဲ့သော ကံ့ကော်တောကို ကျောခိုင်းကာ လက်နှိပ်စက်သင် ကျောင်းသို့ တက်ခဲ့ရရှာသည်။ သိပ်မမြန် မကျွမ်းသေးသော်လည်း အဖေ့မိတ်ဆွေများ အကူအညီနှင့်ပင် အလုပ်ကလေး တစ်နေရာ ရခဲ့သည်။

မောင်လေးကတော့ တစ်ဦးတည်းသော မောင်လေးမို့ သူတို့ ညီအစ်မများက ဝိုင်းချစ်ကြသည်။ ဆယ်တန်း အောင်တော့လည်း 'ယောက်ျားလေး ဆိုတာ ပညာလိုပါတယ်၊ တက္ကသိုလ် ဆက်တက် ပါစေကွယ်' ဟု တညီတညွတ်တည်း အားပေးခဲ့ကြသည်။ အငယ်ဆုံး ညီမလေးက ဆယ်တန်းအောင်လျှင် ရရာအလုပ် ဝင်လုပ်ပြီး စာပေးစာယူ ဆက်တက်မည်ဟု ပြောသော်လည်း မောင်လေးကတော့ အလုပ်အကြောင်း စကားပင် မဟချေ။ အမေ့ဆီ တစ်လှည့်၊ အစ်မနှစ်ယောက်ဆီ တစ်လှည့် မုန့်ဖိုးကပ် တောင်းရင်း 'ပုဆိုးတွေတောင် ဟောင်းနေပြီ၊ အသစ်ကလေး တစ်ထည်လောက် ဝယ်ပေးဦးဗျာ' ဟုမပွင့်တပွင့်နှင့် ပူဆာတတ်သည်။ အမေက သူ့သားကိုသူ ချစ်သော်လည်း သိပ်ပြီး မျက်နှာကြော တည့်လှသည်တော့ မဟုတ်ပေ။ 'တစ်အိမ်လုံး နင့်တစ်ယောက်ပဲ ဝတ်တတ် စားတတ်တယ် ထင်နေသလား နင့်အစ်မတွေ နင့်ညီမတွေ အကုန်လုံးလည်း အပျိုအရွယ် ကလေးတွေချည်းပဲ' ဟု ဆူတတ်သည်။ အမေ့ အဆူခံထိ၍ မောင်လေး ထိုင်ငိုင်နေတာ တွေ့တော့လည်း အေးမာ မနေနိုင်၊ အနွေးအင်္ကျီ ဝယ်ရန် စုထားသော ငွေကလေး ခြောက်ဆယ်ကို ထုတ်ပြီး ဒူးဝါးကြီး တံဆိပ် ကချင်ပုဆိုး တစ်ထည် ဝယ်ပေးခဲ့ရ လေသည်။

“ရေမွှေး ဆိုရင်လည်း တော်ရုံ ရေမွှေးက ခဏလေးနဲ့ အနံ့က ပြယ်သွားရော၊ တချို့ရေမွှေး ကျပြန်တော့ အနံ့က မပြယ်ပေမယ့် စူးပြီး ပြင်းတယ်၊ ငါကြိုက်တဲ့ ရေမွှေးက တစ်စက်လောက် ဆွတ်ထားလိုက်ရင် တစ်နေ့လုံးကို ယဉ်ယဉ်လေး မွှေးနေတာ၊ ငါက အဲဒါမျိုးမှ သုံးချင်တာ မတတ်နိုင်သေးလို့”

“ဘယ်လောက် ပေးရမှာမို့လဲ”

“ပုလင်း သေးသေးလေးကို ၁၅၀ တဲ့ဟ”

“အောင်မယ်လေးတော်”

ညီမလေးက သူ့နဖူးကိုသူ ထုသည်။

“အောင်မယ်လေး မပေါက်သာ ဆိုရင်တော့ ရေမွှေး မဆွတ်ဘူး၊ မုန့်ဟင်းခါးကို ဘူးသီးကြော်နဲ့ အခါပေါင်း တစ်ရာ စားပစ်လိုက်မယ်”

အစားမက်သော ညီမလေးက ရေမွှေး တစ်ပုလင်းနှင့် မုန့်ဟင်းခါး ပွဲတစ်ရာကို ချိန်ခွင်ထဲ ထည့်ချိန်ကြည့်ရင်း မုန့်ဟင်းခါး ဘက်သို့ အပြတ်အသတ် အလေးသာ သွားလေသည်။

“ဒါကတော့ နင်က အစားပုပ်တာကိုး၊ ငါကတော့ မုန့်ဟင်းခါး မစားရ ဘာဖြစ်သေးလဲ၊ ကိုယ့်ကိုယ်က အမြဲမွှေးပြီး သင်းနေတာကို ကြိုက်တယ်”

အလှမက်သော ညီမလတ်က အေးမာဘက်မှ ဝင်ပြောသည်။

“နေပါဦး မကြီးရ၊ အဲဒါ ဘာရေမွှေးတုံး”

“ချာလီ တဲ့”

“အောင်မာ ချာလီ”

ညီမလတ်ရော၊ ညီမလေးရော အေးမာကို လှမ်းကြည့်ကာ ရယ်ကြသည်။ 'ဘာရယ်တာလဲ ဟင်' ဟုပြောရင်း အေးမာ ကိုယ်တိုင်လည်း ပြုံးမိသည်။

“ဟော”

တိုက်တိုက်ဆိုင်ဆိုင်ပင် 'တီ'ခနဲ နှိပ်လိုက်သော ကားဟွန်းသံကို ကြားရသည်။ သူတို့ ညီအစ်မ သုံးယောက်လုံး ခေါင်းထောင်သွားသည်။ အိမ်ရှေ့ လမ်းမကို အလိုလို ကြည့်မိသည်။

ရေညှိစိမ်းရောင် မှန်ကားလေးက အိမ်ရှေ့မှ လျှောခနဲ ဖြတ်သွားသည် ကားပေါ်မှ လူက သူတို့အိမ်ကို လှည့်ကြည့်သွားသည်။ အမှောင်ရိပ်တွင် ထိုင်နေသော အေးမာကိုတော့ တွေ့သွားပုံ မရ။ သူနှင့် မျက်နှာချင်း မဆုံ လိုက်ရသော်လည်း အေးမာ၏ ရင်ထဲတွင်တော့ ဖို၍ ကျန်ခဲ့သည်။

“မကြီး”

“အင်”

ညီမလေးက ခေါ်တော့ ကမန်းကတန်း ထူးလိုက်ရသည်။ ရင်ခုန်သံ ကတော့ မြန်ဆဲပင်။
“မကြီးကလည်း ပုစ္ဆာ လွယ်လွယ်လေးကို ခက်နေလိုက်တာ”

“ဘာခက်လို့လဲ”

“ချာလီရေမွှေး လိုချင်လို့ဆို”

“အေးလေ”

“ဒါဆိုရင် ချာလီသူဌေးကို ကြိုက်လိုက်ပေါ့”

“ခွေးမလေး”

အေးမာက မျက်နှာထားကို ဟန်ဆောင်တင်းပြီး ဆဲလိုက်သည်။ ညီမ နှစ်ယောက်ကတော့ ကျိတ်ပြီး ရယ်နေကြ လေသည်။ ဟုတ်တော့လည်း ဟုတ်သလိုလိုပင်။ ချာလီဟူသည့် သူဌေးကို ကြိုက်လိုက်ပါက ချာလီဟူသည့် ရေမွှေးကို ဝယ်နိုင်မည် ကတော့ မြေကြီးလက်ခတ် မလွဲပေ။

ထိုချာလီက တကယ် မွှေးသည်။

ဒီချာလီကလည်း တကယ် ဌေးလေသည်။

“ကိုချာလီကြီးက ညည်းကို တကယ် ကြိုက်တာပါအေ”

မစိန်မြက အေးမာ၏နား အနားသို့ ကပ်ကာ ခပ်တိုးတိုး ပြောသည်။

“အို အစ်မ စိန်မြကြီး ကလည်း ဘာတွေ လာပြောနေမှန်းလည်း မသိပါဘူး”

အေးမာက မစိန်မြန်၏ ပေါင်ကို လှမ်းထုသည်။ မစိန်မြက အေးမာ၏ လက်ကို ဖမ်းကိုင်ကာ ထပ်၍ ပြောသည်။

“တကယ်ပြောတာ အေးမာရဲ့၊ သူ့ခမျာ မစားနိုင် မအိပ်နိုင် ဖြစ်နေတာ မသနားဘူးလား”

“ဘာလဲ ဆန်ကြမ်းလို့ မစားနိုင်တာလား၊ ကြမ်းပိုးကိုက်လို့ မအိပ်နိုင်တာလား”

“ရယ်စရာ လုပ်မပစ်နဲ့ အေးမာရဲ့၊ ပညာတတ်၊ ရုပ်ချော၊ သဘောကောင်း၊ ပစ္စည်းကလည်း ချမ်းသာ။ ကိုချာလီလို လူမျိုးကို ညည်း မငြင်းသင့်ဘူးနော်”

မစိန်မြက လေးလေးနက်နက် ထပ်ပြောတော့ အေးမာသည် မျက်လုံးလေး ပေကလတ် ပေကလတ်နှင့် ငြိမ်နေမိသည်။ မစိန်မြ အပြောအရ ကိုချာလီက အမ်အက်စီ အောင်ပြီးပြီဟု သိရသည်။

သဘော ကောင်း မကောင်းကိုတော့ ရင်းရင်းနှီးနှီး မပေါင်းဖူး၍ အေးမာ အသေအချာ မသိ။ သို့သော် ရုပ်ကလည်း ရုပ်ချောဟု ဆိုသည်ကိုတော့ အေးမာ မထောက်ခံချင်။ အရပ်မပု သော်လည်း ကုပ်တို သလိုလို၊ ပခုံးမြင့်နေ သလိုလိုနှင့် ကြည့်ရသည်မှာ အချိုးမပြေလှပေ။ နဖူးက မသိမသာ မောက်ကာ ဆံပင်က ကျဲတော့ ရုပ်ချော စာရင်းထဲ မသွင်းချင်။ သို့သော် ငွေဟူသည်မှာ လူတို့၏ အမြင်အာရုံကို ပြောင်းလဲစေ လေသည်။ ပထမ တစ်သိန်းနှင့် အုပ်လိုက်တော့ ကုပ်တိုတာလေး ပျောက်သွားကာ၊ ဒုတိယ တစ်သိန်းနှင့် အုပ်လိုက်တော့ နဖူးမောက်တာလေး ပျောက်သွားသည်။ တတိယ တစ်သိန်းနှင့် ဆံပင်ကျဲတာပါ ပျောက်သွားသည်။ နောက်ထပ် လေးငါးသိန်းနှင့် ဥုံခံပြီး မန်းလိုက်တော့ မစိန်မြက 'ပညာတတ်၊ ရုပ်ချော၊ သဘောကောင်း' ဟု အမွှန်းတင်နိုင် လောက်သော လူတစ်ယောက် ဖြစ်သွားလေသည်။

“သူက ဘာလုပ်တာလဲဟင်”

“သူဌေးပါဆိုမှ အစုံလုပ်တာပေါ့၊ အရောင်းအဝယ်လည်း လုပ်တယ်၊ ပွဲစားလည်း လုပ်တယ်၊ ငွေကိုလည်း သဲ့ယူသလို ရတာနော်၊ စိတ်ကူး မလွဲစမ်းပါနဲ့ အေးမာရယ်၊ ငါက နင်ချမ်းသာတာ မြင်ချင်လွန်းလို့ပါ”

မစိန်မြက တွန်းတွန်းထိုးထိုးလေး ဆက်ပြောသည်။

“မြန်မာတော့ မဟုတ်ဘူးနော်”

“အိုအေ မြန်မာပြည်မှာ နေပြီး မြန်မာ အမျိုးသား မှတ်ပုံတင် ကိုင်ထားမှတော့ မြန်မာပေါ့ အေရဲ့၊ အတွေးခေါင် အတွေးချောင် မနေစမ်းပါနဲ့”

“တွေးရတယ် အစ်မ စိန်မြရေ၊ ကျွန်မတို့ မိန်းမဘဝ ဆိုတာ တွေးနိုင်မှ တန်ရုံရယ်”

“အေး တွေးရင်လည်း ဦးနှောက်ကလေးကို များများသုံးပေး၊ အရေးကြီးတာက ငွေပဲ၊ ငွေရှိရင် ဘာမဆို ဖြစ်တာပဲ”

မစိန်မြက သူ၏ အဘိဓမ္မာကို ပို့ချသည်။ အေးမာ သက်ပြင်း ချမိသည်။ ငွေက အရေးကြီးသည် ကိုတော့ အေးမာ သိသည်ကလည်း ကြာပေပြီ။ ဘတ်စ်ကား တိုးစီးရတိုင်း၊ ဟင်းကောင်းကောင်းလေး ဆန်ကောင်းကောင်းလေး စားချင်တိုင်း၊ အင်္ကျီအသစ် ဝတ်ချင်တိုင်း၊ တစ်ခါတရံ အမေ့အတွက် အချိုအချဉ် လူကြီးစာလေးများ ဝယ်ချင်တိုင်း 'အင်း အရေးကြီးတာက ငွေပဲ၊ ငွေပဲ' ဟု စဉ်းစားမိခဲ့ တတ်သည်မှာ အခါပေါင်းပင် မရေတွက်နိုင်တော့ပေ။

“ဟော ပြောရင်း ဆိုရင်း လာနေပြီ”

“ဟောတော့”

'တီ' ခနဲ နှိပ်လိုက်သော ဟွန်းသံနှင့်အတူ သူတို့ လမ်းကျဉ်းကလေး ထဲသို့ လျှောခနဲ လှိမ့်ဝင်လာသော ကားကလေးကို မြင်တော့ အေးမာ ထိတ်ခနဲ ဖြစ်သွားသည်။ နေရာမှ ရုတ်ခနဲထကာ အိမ်ထဲသို့ ပြေးဝင်လိုက်ချင် သော်လည်း နောက်ကျသွားသည်။ အိမ်ထဲသို့ လှည့်ကြည့်သော ကိုချာလီက မစိန်မြကိုရော အေးမာကိုပါ တွေ့သွားသည်။ ထို့ကြောင့် အိမ်ရှေ့မှ ဖြတ်သွားနေကျ ကားကလေးသည် ဒီတစ်ခါတော့ အိမ်ရှေ့တွင် ငြိမ့်ခနဲ ရပ်သွားသည်။

“ဟော ကိုချာလီ၊ ကိုအေးသောင်ဆီ လာတာလား၊ အိမ်ကို သော့ခတ် ထားတယ် ရှင်ရေ၊ ကိုအေးသောင်က စိန်ဂျွန်းဈေးဘက် ထွက်သွားတယ်၊ ကျွန်မလည်း အိမ်လည်ထွက် နေမိပြီးသားမို့”

မစိန်မြက ကမန်းကတန်း ထပြီး နှုတ်ဆက်သည်။ ရလာသော အခွင့်အရေးကို လက်လွတ်မခံဘဲ ကိုချာလီကို အေးမာတို့ အိမ်ထဲသို့ တလက်စတည်း ဖိတ်ခေါ်လိုက်သည်။

“ဝင်ပါဦးလား ကိုချာလီရဲ့၊ ဒီမှာ ရပ်ဆွေရပ်မျိုးတွေနဲ့ မိတ်ဆက်ပေး ရအောင်”

အေးမာ ဘာလုပ်ရမည် မသိဘဲ ရင်တဒိတ်ဒိတ် ခုန်လာစဉ်တွင်ပင် ကိုချာလီက အိမ်ထဲသို့ လှမ်းဝင်လာသည်။ အေးမာ၏ ဘေးက ဖျာချောပေါ်တွင် ဝင်ထိုင်သည်။

“ဒါက အေးအေးမာတဲ့ ကိုချာလီရဲ့၊ ကျွန်မနဲ့ဆို ညီမအရင်းလို ချစ်ကြတာ၊ အေးမာရေ သူကတော့ ကိုချာလီတဲ့၊ ကိုအေးသောင် သူငယ်ချင်းပေါ့၊ အေးမာက မသိပေမယ့် သူကတော့ အေးမာကို သိနေတာ ကြာပါပြီနော်၊ ဟုတ်ဘူးလား ကိုချာလီ”

မစိန်မြက အပို့ကောင်းသည်။ အဆွယ်ကောင်းသည်။

“အခုပဲ ကိုချာလီ သဘောကောင်းတဲ့ အကြောင်း ပြောနေရတာလေ၊ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာ အတော်ပဲ”

“သူပြောတာ ဟုတ်ရဲ့လားဟင် မအေးအေးမာ၊ မစိန်မြက ကျွန်တော့် အတင်းတွေ လာပြော နေတာလား”

ကိုချာလီက ရင်းရင်းနှီးနှီး လှမ်းပြောသည်။ အေးအေးမာ ခမျာ အိုးတိုး အမ်းတမ်းနှင့် ခေါင်းညိတ်ရမလို ခေါင်းခါရမလို ဖြစ်သွားသည်။ ရင်ထဲတွင် ရှက်သလိုလို ဘာလိုလိုနှင့် ရင်တဖိုဖို ဖြစ်ကာ ပြုံးချင် ရယ်ချင်နေသည်။

“ဪ ဘယ်သူများ ရောက်နေသလဲလို့ မစိန်မြတို့ကိုး”

အိမ်နောက်ဖေးတွင် ဖောက်သည်ပေးရန် ဆီးယို ထိုးနေကြသော အမေနှင့် အစ်မ ထွက်လာသောကြောင့် အေးမာ အသက်ရှူ ချောင်သွားသည်။ အမေက ကိုချာလီနှင့် မစိန်မြကို အကဲခတ်သလို ကြည့်ကာ အေးမာ၏ ညာဘက်တွင် ဝင်ထိုင်သည်။ အမေကလည်း ငယ်ရာက ကြီးလာသည်ပဲ၊ ကိုချာလီ ဟူသည့် သူဌေး၊ အေးမာကို လိုချင်၍ မစိန်မြကို ချဉ်းကပ်မှန်း ရိုးတိုး ရိပ်တိပ်တော့ သိလိမ့်မည် ဖြစ်လေသည်။

“ဧည့်သည်ကို ကပ်ပြီး ဧည့်မြှောင်ပါ ရောက်လာတာပါ ဒေါ်ဒေါ်ရယ်၊ ဟောဒီ အစ်မတို့၊ ဒေါ်ဒေါ်တို့၊ အေးမာတို့ကိုတော့ ကျွန်တော် မြင်ဖူး တွေ့ဖူးပြီး စိတ်ထဲက ရင်းနှီး နေတာတော့ ကြာလှပါပြီ”

လူရည်လည်သော ကိုချာလီက အမေ့ကို ဆီးပြီး စည်းရုံးသည်။ မြေဆေးလိပ်ခွက်ထဲမှ ဆေးလိပ်တိုကို လှမ်းယူတာ မြင်တော့ သူ့အိတ်ထဲမှ ငါးသုံးလုံး စီးကရက်ကို ထုတ်ပြီး တည်သည်။ အစ်မ ချောင်းဆိုးနေတာ တွေ့တော့လည်း နောက်တစ်ခါ လာလျှင် ချောင်းဆိုးပျောက် ဆေးပြားကလေးတွေ အမှတ်တရ ယူလာဦးမည်ဟု ပြောလေသည်။ တစ်ထိုင်တည်းနှင့်ပင် အမေရော အစ်မနှင့်ပါ ရင်းနှီးပြီး ခင်မင်သွားသည်။

“သူငယ်လေးက မဆိုးပါဘူး”

ကိုချာလီ ပြန်သွားတော့ အမေက ပြောသည်။

“ရည်ရည်မွန်မွန်ကလေး ပါပဲ”

အစ်မကလည်း အမှတ်ပေးသည်။

အေးမာကတော့ 'ငါ့နားမှာ တစ်ချိန်လုံး ထိုင်နေတာ၊ ငါ့ကိုယ်က ချွေးနံ့များ ရသွားမလားပဲ၊ ချာလီရေမွှေးလေး ဆွတ်ထား လိုက်ရရင် အနံ့ကလေး
သင်းနေမှာ၊ နေဦး ချာလီ တစ်ပုလင်းတော့ ရအောင်ကို ဝယ်ပစ် လိုက်ဦးမယ်' ဟု စဉ်းစားမိလေသည်။

“ဟုတ်တယ်လေ၊ ဒီချာလီကို တစ်ဘဝ ပိုင်ဖို့အတွက် ဟိုချာလီကို တစ်ခဏလောက်တော့ အရင်းစိုက် ရမှာပေါ့၊ ဟုတ်ဘူးလား”

မှန်ရှေ့တွင် ရပ်မိတော့ မှန်ထဲမှ ကိုယ့်အရိပ်ကို ကိုယ် ပြုံးကြည့်ပြီး စိတ်ထဲမှ မေးပြောလေး ပြောမိလေသည်။


“ဈေးကောင်းတာတော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ပစ္စည်းစစ်တာ ကိုတော့ အာမခံတယ် ညီမ”

သူ့လက်ထဲမှ ရေမွှေး ပုလင်းလေးကို ကြည့်ပြီး အေးမာ ရင်မောနေသည်။

“၃၀ဝ တောင် ဆိုတော့လည်း များလိုက်တာ အစ်မရယ်”

“နည်းနည်းပါးပါးတော့ လျှော့မှာပေါ့ ညီမရယ်”

“အရင်တုန်းက ၁၅၀ နော်”

“အရင်ဈေး ကိုတော့ မပြောနဲ့လေကွယ်၊ ဒုံးပျံဂြိုဟ်တု ခေတ်မှာ မနက်နဲ့ ညနေတောင် ဈေးက တူတာ မဟုတ်ဘူး”

ဆိုင်ရှင် အမျိုးသမီးက ချိုချိုလေး ပြောသည်။ နှုတ်ခမ်းလေးကသာ ချိုနေသော်လည်း မျက်လုံးများက မာနရောင် ယှက်သမ်း နေသည်ကိုတော့ အေးမာ သတိပြုမိသည်။

“အင်းလေ မာနကြီးလည်း ကြီးလောက်စရာ ပဲဟာ၊ ဗိုလ်ချုပ်ဈေးလို နေရာမှာ ဆိုင်ကြီး ကနားကြီးနဲ့ အဖိုးတန် ပစ္စည်းတွေချည်းပဲ တင်ရောင်းနေတယ် ဆိုတာ နည်းတဲ့ အခြေအနေမှ မဟုတ်တာ၊ ချာလီ တစ်ပုလင်း ဝယ်ဖို့ ၄၊ ၅၊ ၆ လ ပိုက်ဆံစုရတဲ့ ငါတို့လို လူတွေကို ဘယ်မှာ အရေးလုပ်ချင်ပါ့မလဲ”

အေးမာက အားငယ်စိတ်နှင့် စဉ်းစားပြီး ချက်ချင်း ခွင့်လွှတ် လိုက်သည်။ 'ငါသာ သူဌေးကတော် ဖြစ်လို့ကတော့ ရာတန်တွေ အထပ်လိုက် ပစ်ပေးပြီး မျက်နှာထား တင်းတင်းနဲ့ ဝယ်ပစ်လိုက်မယ်' ဟုဆက်၍ စဉ်းစားသည်။ ဆိုင်ရှင် အမျိုးသမီး၏ မာနရောင် ဝင်းနေသော မျက်လုံးများ အရောင်မှိန်ပြီး ပျော့ကျ သွားသည်ကို မြင်စမ်းချင်လှသည်။

“ညီမက ဘယ်လောက် ပေးမလဲ၊ ပေးကြည့်လေ”

ဆိုင်ရှင်က မေးတော့ အေးမာသည် သူ့ပိုက်ဆံအိတ် ထဲတွင် ကျစ်ကျစ်ပါအောင် ထည့်လာခဲ့သော အစိတ်တန် ခြောက်ရွက်ကို မြင်ယောင် လာသည်။

“၁၅၀”

“အရင်းတောင် မကိုက်ဘူး”

ဆိုင်ရှင် အမျိုးသမီးက မှန်ချပ်ပေါ်မှ ရေမွှေးပုလင်းကို ဆတ်ခနဲ ကောက်ယူကာ အောက်ဘက်သို့ ပြန်ထည့်လိုက်သည်။ ထို့နောက် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။ ကိစ္စပြတ်ပြီ၊ ဆက်လက်ပြီး ပြောနေစရာ မလိုတော့ဘူးဟု ဆိုသည့်သဘော ဖြစ်လေသည်။

အေးမာလည်း သက်ပြင်းချကာ လှည့်ထွက် လာခဲ့သည်။ ကိုချာလီက သမ္မတရုံက ကားကောင်းသည်။ တစ်ညနေလောက် ကြည့်ကြရအောင် ညီမလေး နှစ်ယောက်ပါ ခေါ်ခဲ့ပါ ဟုပြောသည်ကို သတိရသည်။ ကိုချာလီဘေးတွင် ကပ်လျက် ထိုင်နေစဉ်တွင် ရေမွှေးနံ့ကလေးတော့ သင်းပျံ့ နေချင်သည်။ ချာလီ မရလည်း ဒီ့ပြင်ရေမွှေး ကောင်းနိုးရာရာလေး တစ်ပုလင်း လောက်တော့ ဝယ်သွားမည်ဟု စဉ်းစားပြီး တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်ကြည့် နေမိသည်။ မတတ်သာလျှင်တော့ မဉ္ဇူနံပတ် ၁၉ ကိုသာ ဝယ်သွားတော့မည်။ ပြည်တွင်းဖြစ် ဆိုသော်လည်း ယိုးဒယားမှ ဟန်နီရေမွှေး ထက်တော့ သာသည်။

“ဟဲ့ အေးမာ”

ငေးငေးမောမော လျှောက်လာစဉ် ကလေးဂါဝန် ရောင်းသော ဆိုင်ပေါ်မှ ခေါ်သံကို ကြားရသည်။
“ဟင် တင်တင်ထွေး”

မတွေ့ရတာ ကြာပြီဖြစ်သော ငယ်သူငယ်ချင်းကို ရုတ်တရက် ပြန်တွေ့ရ၍ အေးမာ ပျော်သွားသည်။

“ဟယ် တင်တင်ထွေး နင်က ဆိုင်တွေ ဘာတွေ ဖွင့်လို့ပါလား ချမ်းသာ နေပြီလား”

“နင့်ဘိုးအေမှပဲ၊ ငါက ဒီမှာ နေ့စား ရောင်းပေး နေတာပါဟာ ချမ်းသာဖို့တော့ နီးပါပြီ၊ ထီမှ ဆယ်စောင်တောင် ထိုးထားတာ၊ အားလုံးကို သိန်းဆု ချိန်ထားတာ ဆိုတော့ ဆယ်သိန်းတော့ ချမ်းသာမှာပေါ့”

တင်တင်ထွေးက ငယ်ငယ်တုန်းက ပုံစံအတိုင်းပင် ရွှန်းရွှန်းပြက်ပြက် ပြောသည်။

“ငါ့ကိုသာ ပြောနေ၊ နင်ကရော သူဌေးဖြစ် နေပြီလားဟင် မိအေးမာ”

“ငါက ကိုယ်တိုင် မဌေးလို့ သူဌေးကတော် ဖြစ်ဖို့ ကြိုးစားမလို့”

“အေး ကောင်းတယ် ကောင်းတယ်၊ အဲဒါ သမ္မာအာဇီဝပဲ ကြိုးစား၊ ကြိုးစား”

တင်တင်ထွေးက ပြောတော့ အေးမာ ဟက်ဟက်ပက်ပက် ရယ်မိတော့သည်။ ရှစ်တန်း၊ ကိုးတန်း ကျောင်းသူ ဘဝတုန်းကလို စိတ်ထဲတွင်လည်း လွတ်လပ်ပြီး ပေါ့ပါးသွားသည်။

“နေပါဦး၊ နင့်ကိုငါ ကြုံတုန်း ကြိုက်တုန်း ခေါက်ဆွဲသုပ် ကျွေးပါဦးမယ်”

တင်တင်ထွေးက သူ့လက်ထဲမှ ခေါက်လက်စ ကလေးဂါဝန်များကို ချကာ နေရာမှထသည်။

“အစ်မရေ ကျွန်မ ခေါက်ဆွဲသုပ်ဆိုင် ခဏ သွားလိုက်ဦးမယ်”

“သူငယ်ချင်းကို ကျွေးချင်ရင် ဒီမှာ ကျွေးပါလား တင်တင်ထွေး”

အသားဖြူဖြူ မျက်လုံးမှေးမှေးနှင့် အမျိုးသမီးကြီးက အေးမာအား မျက်လုံးပေါက် ပိတ်အောင် ပြုံးပြသော်လည်း တင်တင်ထွေးကိုတော့ ဆိုင်မှ ခွာစေချင်ပုံ မရပေ။

“ဒီကို မှာတော့ ဟင်းခါး မပါဘူး အစ်မရဲ့၊ ဂါဝန်ပုံကြီး ကြားမှာ စားရ ခက်တယ်၊ ခဏလေးပါ အစ်မရယ် အခုပြန်လာမှာ”

တင်တင်ထွေးက ဆိုင်ပေါ်မှ ဖျတ်ခနဲ ခုန်ဆင်းကာ အေးမာ၏ လက်ကို တွဲပြီး ခပ်သွက်သွက် ထွက်လာသည်။ နောက်ဘက်တွင် မကျေမနပ် ကြည့်ပြီး ကျန်ရစ်မည့် မျက်လုံးအစုံကို တွေးမိပြီး အေးမာကတော့ ကျောမလုံချင်။

“တင်တင်ထွေးရယ်၊ နင့်အဘွားကြီးက ကြည်ရဲ့လား၊ ငါတော့ ကျောချမ်းလိုက်တာ”

“အို သူကတော့ ဒီလိုပဲ၊ ငါ့ကို အချိန်ပြည့် ခိုင်းထားချင်တာ၊ ရုံးတွေမှာတောင် ထမင်းစားချိန် နာရီဝက် ရသေးတာပဲဟာ၊ သူ့မျက်နှာ ကြည့်နေရင် ရှူရှူပေါက် သွားရတာတောင် ဖြောင့်မှာ မဟုတ်ဘူး”

တင်တင်ထွေးက ခုံပုပုလေးပေါ်တွင် ခပ်ဆောင့်ဆောင့် ထိုင်ချလိုက်ပြီး “အစုံသုပ် ချဉ်ချဉ်စပ်စပ် နှစ်ပွဲ၊ ဟင်းခါးလည်း ထည့်” ဟုဆက်၍ ပြောသည်။

“ငါလည်း ဒီမှာ လုပ်ရတာ မပျော်ဘူးဟ၊ မတတ်သာလို့သာ လုပ်နေရတာ၊ အဘွားကြီးရဲ့ မောင်ကလည်း ရိသဲ့သဲ့နဲ့”

“အမလေး တင်တင်ထွေးရယ်၊ အဘွားကြီး မောင်က ရိသဲ့သဲ့ လုပ်တော့ မကောင်းဘူးလား၊ အခု နင် နေ့စားက နေပြီး ဆိုင်ပိုင်တောင် ဖြစ်သွားဦးမယ် မဟုတ်ဘူးလားဟ”

အေးမာက သူ့တွက်ကိန်းနှင့်သူ ပြောတော့ တင်တင်ထွေးက နှုတ်ခမ်းကို မသိမသာ မဲ့ကာ မျက်စောင်းထိုး လေသည်။

“ဟဲ့ ငါ့ကို အတည်ယူဖို့ ဆိုရင် ကောင်းတာပေါ့ ကောင်မရဲ့။ အခုဟာက သူ့မှာလည်း မိန်းမ ရှိပြီးသားဟာကို”

“ဟောတော့”

ချဉ်ချဉ်စပ်စပ် ငရုတ်ဆီ ရဲရဲနှင့် သုပ်ထားသော အသုပ်စုံရနံ့က အေးမာ၏ နှာခေါင်းထဲသို့ ပြေးဝင်လာသည်။ အေးမာ ချက်ချင်းဆာ သွားသည်။ ပလတ်စတစ် ပန်းကန်လေးနှင့် ထည့်ထားသော ကြက်သွန်ဖြူတက် များကို နှိုက်ယူပြီး ပါးစပ်နှင့် ကိုက်ခွာလိုက်သည်။ အစားဘက်ကို အာရုံရောက်သွားတော့ တင်တင်ထွေး ပြောသမျှကို 'အင်း' လိုက်ပြီး နားထောင်ရုံသာ ရှိတော့သည်။ တင်တင်ထွေး ကလည်း ခုထက်ထိ ငယ်ကျင့် မပျောက်သေးချေ။ အေးမာတို့ ငယ်စဉ်က စကားဝိုင်းတွင် တင်တင်ထွေး ပါလာလျှင် မည်သူမျှ စကားပြောရသည် မရှိတော့ပေ။ တစ်ဝိုင်းလုံး ဒိုင်ခံပြီး သူတစ်ယောက်တည်း ပြောလေ့ရှိကြောင်း တွေးမိပြီး အေးမာ ပြုံးနေမိသည်။

“မိန်းမကလည်း အိမ်ထဲက အိမ်ပြင် သိပ်မထွက်တော့ သူကလည်း လူပျိုဟန်ဆောင်လို့ သိပ်ကောင်း နေတာပေါ့။ ငါကသာ အဘွားကြီး ဆိုင်မှာ လုပ်တဲ့သူမို့လို့ အကြောင်းသိ နေတာ၊ အကြောင်း မသိရင်တော့ ခံရပြီသာ မှတ်ပေတော့၊ စီးပွါးရေးကွက် မှန်သမျှ အကုန်မြင် အကုန်လုပ်၊ ဝင်ငွေကလည်း ကောင်းတယ်ဟဲ့၊ ဂိုက်ကောင်း၊ ဆိုက်ကောင်း၊ အပေးအကမ်း ကလည်း ရက်ရော၊ ပိုက်ဆံမက်တဲ့ ကောင်မတွေတော့ ထိတာပဲ။ တချို့ကလည်း မိန်းမရှိမှန်း မသိလို့ ခံရ၊ တချို့ကလည်း မိန်းမရှိမှန်း သိလျက်နဲ့ ခံရ၊ ခံတော့ ခံရတာပဲ။ သူ့မိန်းမကလည်း သူ့ကို ဘယ်တော့မှ ကွာပေးမှာ မဟုတ်ဘူး”

တင်တင်ထွေးက ဟင်းခါးပူပူကို တစ်ဇွန်း ခပ်သောက်သည်။ စကားပြော လောလောလောနှင့် လုံးဝမမှုတ်ဘဲ သောက်လိုက်မိတော့ လျှာတစ်ပြင်လုံး ပူပြီး ကျက်သွားသည်။ သို့သော် ပါးစပ်ထဲ ရောက်ပြီးသား ဟင်းရည်ကို ဇွတ်မှိတ် မျိုချလိုက်သည်။ ထို့နောက် ဇွန်းကို ပန်းကန်ထဲ ခပ်ဆောင့်ဆောင့် ပစ်ချလိုက်သည်။ အသုပ်သည်ကို ဟင်းရည်ပူရ ကောင်းလားဟု မကျေမနပ်နှင့် မျက်စောင်းခဲ လိုက်လေသည်။

“ဂိုက်ကသာ ကောင်းနေတာ၊ ရုပ်ကတော့ မလာပါဘူး၊ ကုပ်တို သလိုလို၊ နဖူးက မောက်မောက်နဲ့ ဆံပင်ကလည်း စုစုပေါင်းမှ ဆယ်မွေးလောက် ရှိတာ”

“ဟင်”

အရသာခံပြီး အသေအချာ ဝါးကာ မျိုချလိုက်သော လက်သုပ်သည် လည်ချောင်းထဲတွင် နင်သွားသည်။ သာမာန်ကာ လျှံကာ နားထောင်မိသော တင်တင်ထွေး၏ စကားလုံးများသည် အေးမာ၏ နားထဲသို့ အလုံးအရင်းနှင့် အော်ဟစ်ပြီး ဝင်လာကြသည်။ နားထဲတွင် အဆူကြီး ဆူသွားသယောင် ရှိသည်။ လက်သုပ် ပန်းကန်ကို လက်နှင့် မြှောက်ကိုင်ရင်း ရုတ်တရက် မှင်တက်မိ သွားသည်။ 'ဖွဟဲ့ လွဲပါစေ၊ တင်တင်ထွေး ပြောတာ သူတော့ မဟုတ်ပါစေနဲ့' ဟုစိတ်ထဲမှ အလုအယက် ဆုတောင်း လိုက်မိသေးသည်။

“ဟဲ့ နင်နေလို့လား၊ ဟင်းချို သောက်လိုက် ဟင်းချို သောက်လိုက်”

ဟင်းခါး ပန်းကန်ကြီး ထိုးပေးနေသော တင်တင်ထွေးအား လက်ကာပြရင်း လည်ချောင်းထဲမှ အသုပ်စုံကို ဇွတ်မှိတ်ပြီး မျိုချလိုက်သည်။ အသုပ်စုံက အောက်ဆင်း သွားသော်လည်း လည်ချောင်းထဲတွင် နင်နေသည် ကတော့ မပျောက်ဘဲ ရင်တဒိန်းဒိန်း ခုန်လာသည်။ ဆက်ပြီး စားချင်စိတ် မရှိတော့။ ထို့ကြောင့် အသုပ်စုံ ပန်းကန်ကို ဇွန်းနှင့် ထိုးမွှေနေမိရင်း ထစ်ထစ်ငေါ့ငေါ့ မေးမိသည်။

“သူ့ သူ့ နာမည်ကရော”

ပလုတ်ပလောင်း စား၍ကောင်း နေသော တင်တင်ထွေးက ဟင်းခါး တစ်ဇွန်းကို တဖူးဖူး မှုတ်ရင်း ဗလုံးဗထွေး ပြောမိသည်။

“ကိုချာလီ တဲ့”


ဒီတစ်ခါ ဘတ်စ်ကား တိုးတက်ရတာ ပင်ပန်းလှသည်။ လမ်းလျှောက် ရတာလည်း မောလှသည်။ အိမ်ကို ရောက်ခါနီးတော့ ခြေထောက်တွေက ပိုပြီး လေးလာသယောင် ထင်မိသည်။ ခြေကိုလည်း မသယ်ချင်၊ လက်ကိုလည်း မသယ်ချင်။

“ဟာ မကြီး ပြန်လာပြီ”

“မကြီးရေ ချာလီ ဝယ်ခဲ့လား”

ညီမလေး နှစ်ယောက်က ဆီး၍ မေးကြသည်။ အေးမာက မဖြေနိုင်သေးဘဲ ရေအိုးစင်ဆီသို့ တန်းသွားကာ ရေတစ်ခွက်ကို ပြည့်ပြည့်ခပ်ပြီး တဝကြီး သောက်လိုက်မိသည်။

“ချာလီဆိုရင် တော်ပါတော့ဟယ်၊ ရေမွှေးလည်း မကောင်းဘူး၊ သူဌေးလည်း မကောင်းဘူး”

အေးမာက ပန်းလျစွာ ပြောသည်။

“ချာလီရေမွှေးက ဘာဖြစ်လို့လဲ”

“ဈေးကြီးလွန်းလို့ပါဟယ်”

“ဟင် ချာလီသူဌေးကရော”

“ဘေးနီးလွန်းလို့ပါဟယ်”

မစန္ဒာ
လုံမလေး မဂ္ဂဇင်း၊ ၁၉၈၅။

ဆရာမ မစန္ဒာ၊ ဝတ္ထုတိုများ (၂)။

Credit to လမင်း

”မြန်မာဝတ္ထုတိုများ” ပေ့ဂ်ျကနေ ကူးယူပါတယ်။

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review