ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်


အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။ 

မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။

သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။

ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။ 

ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။ 

တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။

ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။

တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ။ 

မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။

တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။

ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။ 

ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။ 

တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ်။

ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျော်..ငါ ဒီနေ့ မိထွေးဆီက ပိုက်ဆံ သုံးသောင်းခိုးလာတယ်ကွ” လို့ ခပ်မြူးမြူးလေးပြောတယ် ။ 

ပြီးရင် ကျွန်တော်တို့မြို့ အစွန်ပိုင်းမှာဖွင့်ထားတဲ့ တည်းခိုခန်းတစ်ခုကို သွားကြမယ်လို့ သူက ပြောသေးတယ် ။ 

တည်းခိုခန်းဆိုပေမယ့် ပြည့်တန်ဆာတွေ ထားတယ်လေ ။

ဖိုးဝလုံး အသက်က အခုမှ (၁၅)နှစ်ဝင်ခါစရယ် ။ 

ကျွန်တော်ဆို ပိုဆိုးတာပေါ့ ။ သူ့ထက် တစ်နှစ်ငယ်တာ။

ဒါပေမယ့် ကျွန်တော်ရော ဖိုးဝလုံး ဟာ ပြည်တန်ဆာအိမ်တွေကို တော်တော်ရောက်ဖူးနေပြီ ။

ဖိုးဝလုံးက ပိုဆိုးတယ် ။ 

ကျွန်တော်က သူ့ထက်စာရင် အကြိမ်ရေနည်းတယ်ဆိုရမှာပဲ။ ဒါကြောင့်လားမသိဘူး ။

ဒီကောင့်ကို ကျွန်တော် တစ်ခါတစ်လေ မနာလိုဖြစ်မိတယ် ။

ဒါကလည်း ကျွန်တော်တို့ ကြား ခင်မင်မှုကို ထိခိုက်လောက်အောင်ထိတော့ မဟုတ်ဘူးရယ် ။ 

တင်းနစ်တစ်ပွဲကစားပြီးတော့ ကျွန်တော်တို့ရေငတ်လာတယ် ။

ဒီနေ့ ဖိုးဝလုံးရဲ့ တင်းနစ်ရိုက်ချက်တွေက တော်တော်ပြင်းထန်နေတယ် ဆိုတော့ ကျွန်တော်ရော သူရော လျှာထွက်ရောပေါ့ ။ 

ကျွန်တော့်ရေဗူးထဲက ရေကို တစ်ယောက်တဝက်သောက်ပြီး ဖိုးဝလုံးက ကျွန်တော့်ကို မေးတယ် ။ 

“မိထွေး တွေဆိုတာ စန္ဒာကြီးတို့..လောက် တောင် မကောင်းဘူးကွ..မင်းသိလား” 

ကျွန်တော် ခေါင်းပဲ ငြိမ့်ပြလိုက်ပါတယ် ။ 

ဖိုးဝလုံး မိထွေးက ဆရာမ ဒေါ်ကေခိုင်တဲ့ ။

သူက မိထွေးနဲ့နေတာ ။

သူ့အဖေ ကလည်း အေးအေးဆေးဆေးပါပဲ ။ သူ့အမေ ဆုံးပြီးတဲ့နောက် ဖိုးဝလုံးတေ်ာတော် ကြီးမှ သူ့အဖေက ဆရာမဒေါ်ကေခိုင် ကို လက်ထပ်တာ ။ 

ဒေါ်ကေခိုင် က အရပ်ပုပု အသားဖြူဖြူ နဲ့ ကျွန်တော်တို့ ကျူရှင်ဆရာမဟောင်းလေ ။ 

ဖိုးဝလုံး တို့အိမ်မှာ သူ့ကို ဝိုင်းကျူရှင်ငှားပြီး ကျွန်တော်တို့ အတူသင်ခဲ့ကြတာ ။

နောက်တော့ ဖိုးဝလုံးအဖေကိုပဲ တစ်သက်လုံးကျူရှင်ပြလိုက်တာပေါ့ ။ 

“စန္ဒာကြီး သာ ငါ့မိထွေး ဖြစ်လိုက်ပါတော့ကွာ” ဖိုးဝလုံးက ထပ်ပြောပြန်တယ် ။ 

“ဟရောင် မင်းငရဲကြီးမယ်…”

ကျွန်တော် ဒီလောက်ပဲပြောနိုင်တယ် ။ 

နေကပူပူ နဲ့ ဒီကောင် ရူးရူးနှမ်းနှမ်းတွေလျှောက်ပြောနေတာ ။

စန္ဒာကြီးဆိုတာက ခုန ဒီကောင်သွားမယ်ပြောတဲ့ တည်းခိုခန်းက ဒီကောင်ဝင်နေကြ ပြည့်တန်ဆာမကြီးရဲ့ နာမည် ။

အဲ့ ကောင်မကြီးက...​အသက် (၂၀)ကျော်လောက်ရှိရောပေါ့ ။ 

ဒီကောင် သူ့မိထွေး နဲ့ ပြသနာရှိနေတာတော့ ကျွန်တော်သိတယ် ။

ဒါပေမယ့် သူ့မိထွေးက သူ့ကို ချစ်ပုံရပါတယ် ။ 

တစ်ခါတစ်ခါ သူ့ကို မုန့်တွေဘာတွေလုပ်ကျွေးတယ် ။

ကစားကွင်းတွေလိုက်ပို့ပေးတယ် ။

ရုပ်ရှင်တွေဘာတွေလိုက်ပြတယ် ။

ဒီကောင်လည်း  သူ့မိထွေးကို ချစ်ပါတယ် ။ 

 စန္ဒာကြီး တို့ဆီ ရောက်ပြီးနောက်ပိုင်း ဒီကောင် မိထွေးကို အမြင်မကြည့်တော့ဘူး ။

ဘာကြောင့်လဲဆိုတာ ကျွန်တော်လည်း စဉ်းစားမရဘူး။

သူ့ဆရာမလည်းဖြစ်ခဲ့ဖူးတဲ့ သူ့မိထွေးနဲ့ သူရဲ့ ဆက်ဆံရေးက အဲ့ဒီပြည့်တန်ဆာခန်းတွေဆီ ရောက်ပြီးမှ လုံးဝပြောင်းလဲသွားတော့တာ ။

ကျွန်တော်လည်း နောက်ပိုင်းမှ သတိထားမိတာပါ ။ 

သူ့မိထွေး ဟာ စန္ဒာကြီးဖြစ်သွားရင် သိပ်ကောင်းမှာပဲလို့ ဒီကောင်ခဏခဏ ညည်းတယ် ။

ပြီးတော့ အိမ်က ပိုက်ဆံတွေ အမြဲလိုလို ခိုးလာတယ်။

တစ်ခါကဆို ဒီကောင်နဲ့ကျွန်တော် သူတို့အိမ်မှာ အပြာကားခိုးကြည့်နေတုန်း သူ့အဖေ နဲ့ မိထွေး အိပ်ခန်းကို နာနာကြည်းကြည်းကြည့်ပြီး တံတွေးနဲ့သွားထွေးတာ တွေ့ဖူးတယ် ။

ကျွန်တော်လည်း ဘာမှတော့ မမေးဖြစ်ပါဘူး ။ 

သူနဲ့ ကျွန်တော်ကြား ဆက်ဆံရေးမှာ သူ့မိထွေးကိစ္စက အရေးမပါဘူးလေ ။

သူပိုက်ဆံခိုးလာရင် ကျွန်တော်တို့ ဟိုတည်းခိုခန်းကို သွားလိုက်တာပဲ ။

ပြီးတော့ အရက်ခိုးသောက်ရင်သောက် ။ ဒါမှမဟုတ် စစ်တပ်ထဲက ဗွီဒီယိုရုံမှာ အပြာကားသွားကြည့်ချင်ကြည့် ။

တစ်ခါတစ်လေလည်း ကုလားဘုရားကျောင်းနောက်ဘက် တောထဲက ရှမ်းကိုးမီးဝိုင်းတွေဆီခြေဦးလှည့်ပေါ့။ ခုက နွေရာသီကျောင်းပိတ်ရက်ကို ။ 

ကျောင်းဖွင့်ရင် ဖိုးဝလုံးက ဆယ်တန်း ၊ ကျွန်တော်က ကိုးတန်း တက်ရမှာ ။

တင်းနစ်နှစ်ပွဲကစားပြီးတော့ ဖိုးဝလုံး နဲ့ ကျွန်တော် လက်ဘက်ရည်ဆိုင် ခဏထိုင်တယ် ။ 

ဒီကောင်က ပေါက်စီကို နှစ်လုံးဆင့်စားပြီး ကျွန်တော့်ကို ပိုက်ဆံရှင်းခိုင်းတယ် ။

တည်းခိုခန်းရောက်ရင် ဟိုအခ သူရှင်းမယ်တဲ့ ။အိုကေလေ ။ 

ဒီလိုနဲ့ ကွန်ဒုံးနံတွေ ထိန်းမရသိမ်းမရလောက်အောင် နံစော်နေတဲ့ တည်းခိုခန်းကို ကျွန်တော်တို့ရောက်သွားတယ် ။ 

စန္ဒာကြီး မအားဘူးဆိုတော့ ဒီကောင်က ပုသေးသေးကောင်မလေးတစ်ယောက်နဲ့ ဝင်တယ် ။

ကျွန်တော်က စကားဝဲ၀ဲ အသားမဲမဲ ကောင်မလေးတစ်ယောက်နဲ့ ဝင်တယ် ။

ကောင်မလေးလို့သာ ဆိုရမယ် ကျွန်တော်တို့ထက် အားလုံးကြီးပါတယ် ။

ကျွန်တော်က ဖိုးဝလုံးကို ကွန်ဒုံးသုံးဖို့ သတိပေးလိုက်သေးတယ် ။ 

ဒီကောင်က တစ်ခါကျိုးပြီးပြီ ။

အသက် ဆယ့်ငါးနှစ်နဲ့ ဆစ်ဖလစ်ဖြစ်တယ်ဆိုတာ တော်တော်ဆိုးတဲ့ ကိစ္စပဲ ။

သူဖြစ်တုန်းက ကျွန်တော်ဆို ညည အိပ်တောင်မရဘူး။ ကြောက်လို့ ။ 

ပြည်တွေ တတောက်တောက်ယိုနေရင် ဒီကောင်က ပုဆိုးကို အုပ်ပြီး သူ့မိထွေးနာမည်အော် ကျိန်ဆဲတော့တာပဲ ။

အမှန်က စန္ဒာကြီးတို့ ဘာတို့ကို ကျိန်ဆဲရမှာကို ။

အပြင်ပြန်ရောက်တော့ ဒီကောင်က ဘုရားဘက် စက်ဘီးနင်းရအောင်တဲ့ ။ 

စက်ဘီးနင်းနေရင်း ဒီကောင်က စန္ဒာကြီးက ငါ့မိထွေးလောက် မကောင်းဘူးကွတဲ့ ။

အဲ့မိန်းမလည်း သစ္စာဖောက်ပဲ ။ ယုတ်မာတယ်တဲ့ ။ 

ငါ့မိထွေးကသာ ငါ့အဖေ့ကို ပဲ သစ္စာဖောက်တာ ။ စန္ဒာကြီးက လူတကာနဲ့ ဖောက်ပြန်တာတဲ့ ။

ကျွန်တော့်ကို လှမ်းပြောတယ် ။ 

ခဏနေတော့ ဘုရားရှေ့မှာ စက်ဘီးရပ်လိုက်ပြီး စွန်လွှတ်တဲ့လူတွေကို သူနဲ့ကျွန်တော်ရပ်ကြည့်နေတယ် ။

ဖိုးဝလုံးက စကားထပ်စတယ် ။ 

ခုန ငါပြောတာ မှားသွားပြီထင်တယ် ။ တကယ်တော့ ငါ့မိထွေးက မကောင်းတာကွ . စန္ဒာကြီးက ပိုက်ဆံရလို့ ဖောက်ပြန်တာ…သူမှန်တယ်တဲ့ ။ 

နောက်တော့ ကျွန်တော်လည်း သူ့ကို အဲ့ဒီတုန်းကခေတ်စားနေတဲ့ အက်ဆစ်အဖွဲ့ရဲ့ သီချင်းတွေ အကြောင်းစကားလွှဲလိုက်တယ် ။ 

နို့မို ဒီအူကြောင်ကြောင်ကောင်ဟာ သူ့မိထွေး နဲ့ စန္ဒာကြီး နာမည်နှစ်လုံးကနေ ဒီမနက်ကို လုံးလည်နေမှာလေ ။

ကျွန်တော်တို့လမ်းခွဲတော့ ဒီကောင်က ကျွန်တော့်တို့ အတန်းထဲက ကျွန်တော်ကြိုက်နေတဲ့ကောင်မလေးနာမည်အော်ပြီး ကျွန်တော့်ကို စသွားသေးတယ် ။ 

ညနေကျစောင်းတော့ ဒီကောင်အိမ်ရောက်လာပြန်တယ် ။ 

အခန်းထဲမှာ ကျွန်တော်စာဖတ်နေတုန်း သူ့လက်ထဲ ဘောလုံးကြီးကိုင်လာတယ် ။

ဘုရားကွင်းထဲ ဘောလုံးသွားကန်ရအောင်တဲ့ ။ 

သူဝင်လာတာကို ကြည့်နေတဲ့ မေမေက လိုက်လာပြီး ဖိုးဝလုံး တို့အပြင်မထွက်ရဘူးဆိုတာ မသိဘူးလား သား ဆိုပြီး လာပြောတယ် ။

ဟုတ်တယ် အဲ့ဒီတုန်းက ကျွန်တော်တို့မြို့မှာ ဘာသာရေးအဓိကရုဏ်းတွေဖြစ်နေလို့ မာရှယ်လောထုတ်ထားတာ ။

ညနေခြောက်နာရီဆိုမထွက်ရတော့ဘူး ။ 

အခုက ငါးနာရီခွဲပြီ ။ 

ကျွန်တော်က ဒီကောင့်ကို ချောမော့ပြန်ဖို့ပြောတော့ သူက ခပ်ပြုံးပြုံးပဲ။ ငါမေ့သွားလို့ပါကွာတဲ့ ။ 

နောက်နေ့မနက်မှာ ဖိုးဝလုံးဟာ သူ့ အခန်းထဲမှာ သူ လက်ကောက်ဝတ် သူ ခဲတံချွန်ဓါးနဲ့ လှီးပြီး သတ်သေသွားတယ် ။ 

သွေးစေးတွေခဲပြစ်နေတဲ့  မွေ့ယာကြီးပေါ်မှာ ဖိုးဝလုံး သေနေတာကို သူ့အဖေက အရင်စတွေ့တာ ။ 

ဖိုးဝလုံး ဘာလို့ သတ်သေသွားလဲ ကျွန်တော်စဉ်းစားမရဘူး။ အဲဒီအကြောင်း စဉ်းစားတိုင်း စန္ဒာကြီးတို့ ဒေါ်ကေခိုင်တို့ ဘယ်သူကများ ဖိုးဝလုံး သတ်သေလောက်အောက် စိတ်ညစ်စေလဲ ကျွန်တော်ခွဲခြားမရဘူး ။ 

အင်း..ဆစ်ပလစ်ရောဂါလည်း ထည့်စဉ်းစားရမှာပေါ့ ။ 

တကယ် အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။ 

ခက်ဇော်

နှင်းဆီဖြူမဂ္ဂဇင်း၊ ၂၀၁၆

Comments