ကျွန်တော်နှင့် ရေးနောဘောပင်
ရေးနော ဘောပင်လေးတွေနဲ့ စာရေးဖူးကြလား။
စာရေးရတဲ့ လက်ကိုင်နေရာမှာ အပြာရောင်အကြည်လေးနဲ့ နောက်ဘက်မှာက အဖြူရောင် ဘောပင်လေးလေ။
အခုချိန်မှာ အင်္ဂလိပ်လိုစာလုံးပေါင်းလည်း ကျွန်တော်မမှတ်မိတော့သလို အသံထွက်ကလည်း ရေးနော ဟုတ်ချင်မှဟုတ်မယ်။
ကျွန်တော်တို့ကတော့ အဲ့ဒီဘောပင်လေးတွေကို ကျောင်းသားဘဝတောက်လျှောက် ရေးနောဘောပင်လို့ ခေါ်ခဲ့တာပါပဲ။
ရေးနော ဘောပင်လေးတွေမှာ မှင်ချောင်းအချွန်နဲ့ အတုံးနှစ်မျိုးရှိပါတယ်။
ကျောင်းသားတွေကတော့ မှင်ချောင်းအချွန်ကို ကြိုက်ကြတာများပါတယ်။ လက်ရေးလှတာကိုး။
ကျွန်တော့်မှာ အဲ့ဒီ ရေးနောဘောပင်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဖူးတယ်။
အခုအချိန်အထိ အဲ့ဒီဇာတ်လမ်းဟာ လွမ်းစရာလား၊ နာကြင်စရာလား၊ ရယ်စရာလားတောင် မခွဲတတ်တော့ပါဘူး။
ဇာတ်လမ်းက ဒီလို။
ကျွန်တော်တို့ခေတ်က အဝေးသင်ခေတ်။
အထူးသဖြင့် ပဲခူးလို နယ်မြို့လေးမှာ ဆယ်တန်းအောင်ပြီး Day တက်တယ်ဆိုတာ ငွေကြေးအဆင်ပြေတဲ့ သားသမီးတွေအလုပ်ပါ။
ဒါတောင် တချို့သူဌေးသားသမီးတွေက အဝေးသင်ပဲတက်ကြတာ။
အချိန်ကုန်သက်သာတယ်။ တခြားအလုပ်လုပ်လို့ရတယ်။
ကျွန်တော်က ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့လုပ်နေချိန်မှာပဲ အလုပ်ထွက်လုပ်ရတယ်။
အသက် ၁၆ နှစ်ကျော်ဝန်းကျင်ပေါ့။
ပဲခူးဈေးကြီးထဲက ဂျင်ဗဲရားခေါင်းလျှော်ရည်ကုမ္ပဏီရဲ့ ကိုယ်စားလှယ်သူဌေးဆီမှာ Sale Man အရောင်းသမားအလုပ်ဝင်လုပ်တယ်။
ဒီတော့ ကျွန်တော် အဝေးသင်ပဲ လျှောက်ရပါတယ်။ မြန်မာစာမေဂျာကိုပဲ လိုလိုချင်ချင်လျှောက်တာပါ။
ဟီး..မလျှောက်လို့လည်းမရဘူးလေ..ကိုယ့်အမှတ်က မြန်မာနဲ့ ပထဝီပဲရတာရယ်။
ထားပါတော့။
ဒီလိုနဲ့ အဝေးသင် မြန်မာစာကို အနီးကပ်တက်ရမယ့် ရက်တွေရောက်လာတယ်။
အဲ့ဒီတုန်းက နီကိုရဲ ရဲ့ မကြည်ပြာ က ခေတ်စားနေတာ။
တက္ကသိုလ်ဆိုတာကြီးကို ကျွန်တော်လည်း စောက်ရမ်းဖီးလ်နေတာပေါ့။
အပေါင်းအသင်းတွေထဲ Day တက်တဲ့ကောင်တွေက ကျောင်းမှာ ဘယ်လိုဘာညာတွေ ကြွယ်ထားတော့.ကိုယ်လည်း တက္ကသိုလ်နေ့တွေကြုံချင်တာ ရွစိကိုတက်နေပြီ။
ကဲ..အလုပ်ကခွင့်ယူပြီး...အနီးကပ်ဆယ်ရက်တက်မယ့်နေ့ကို ရောက်လာပြီ။
အဲ့ဒီတုန်းက အဝေးသင်တွေရဲ့ အထာကို ပြောပြမယ်။
အဝေးသင်ကျောင်းသားတွေဟာ ဒေးကျောင်းသားတွေနဲ့ မတူပါဘူး။
ဒေးကျောင်းသားတွေက ငွေကြေးသောင်သာသူ အများစုဆိုပေမယ့် တက္ကသိုလ်တက်တဲ့အခါ သူတို့က အိမ်ကမိဘပေးတဲ့ မုန့်ဖိုးနဲ့တက်ရတာ။
အဝေးသင်ကျောင်းသားအများစုကတော့ ဒီလိုမဟုတ်ဘူး။
တစ်နှစ်ပတ်လုံး ကိုယ့်ဟာကိုယ် အလုပ်လုပ်၊ဝင်ငွေရှာထားသူအများစု။
ဒီအနီးကပ်ဆယ်ရက်လေးတက်ဖို့ကို အားခဲထားကြ၊ စုထားကြတာ။
အဝတ်အစားကအစ သုံးဖို့စွဲဖို့က အစပေါ့။
နောက်ဆုံး လုပ်ငန်းခွင်ထဲ ဖွန်မကြောင်ရသမျှ ဒီမှာဖွန်ကြောင်ကြမယ်ဆိုတဲ့ ရည်မှန်းချက်သမားတွေ များတယ်။(ထင်တာပဲ..ကိုယ်လည်းဒီလိုကိုး)
ကျွန်တော်ဆိုလည်း တက္ကသိုလ်နောက်ခံဝတ္ထုတွေကို ဖွတ်လမွတ်ကြေအောင်ဖတ်ထားတော့..အားခဲထားသည်ပေါ့။
အိုကေ...အဝေးသင်တက္ကသိုလ်ရဲ့ ပထမဆံနေ့ရောက်ပါပြီ။
အဲ့ဒီတုန်းက အခုလို ပဲခူးတက္ကသိုလ်မဖြစ်သေးဘူး။ ပဲခူးဒီဂရီကောလိပ်အဆင့်ပဲ။
ကိုယ်စာသင်ရမယ့် အခန်းထဲထိုင်တယ်။
စတိတ်ကျောင်းတုန်းက ကိုယ်နဲ့သိတဲ့ကောင်တွေ လိုက်ရှာကြည့်တယ်။
တွေ့ပြီ။ ဒီခန်းထဲက ကြည်သာ ဆိုတဲ့ကောင်။
ဒီကောင်ကလည်း ကျွန်တော့်တွေ့တော့ ပျော်သွားတယ်။
အဝေးသင်ဆိုတာ ခဏလေးတက်ရတာ။
အဲ့ဒီဆယ်ရက်လောက်လေးမှာ တွဲစရာဘော်ဒါရှိတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် အားငယ်စရာမလိုတော့ဘူးပေါ့။
ဒီကောင်နဲ့ ပေပါဝမ်းလားမသိ တချိန်လောက် အတူထိုင်တက်ကြည့်တယ်။
အိုကေ။ ကိုယ့်လိုပဲ ကျောင်းသင်ခန်းစာကလွဲလို့ အကုန်စိတ်ဝင်စားတဲ့ကောင်။
သောက်ခွက်ကလည်းပြောင်တယ်။
ကန်တင်းတွေဘာတွေ နှစ်ကောင်သားလစ်ကြသေးတာ။
ဟုတ်ပြီ။ ဘော်ဒါတော့ရပြီ။
ဝတ္ထုတွေထဲကလို ရင်ခုန်စရာလေးပဲရှာဖို့ကျန်တော့တယ်။
ဒုတိယရက်။
ကြည်သာနဲ့ ကျွန်တော် အချိတ်အဆက်က မိနေပြီ။
အတန်းထဲက နောက်ဆုံးခုံမှာထိုင်ပြီး ဝင်လာမျှ စော်တွေထိုင်ရွေးတော့တာ။
တကယ်က အဝေးသင်မှာက တောဘက်က လာတက်တဲ့စော်တွေက သုံးပုံနှစ်ပုံလောက်ရှိတယ်။
ရွှေတွေကို သီးနေအောင်ဝတ်ပြီး အရမ်းဂေါ်ပြကြတာ။
အဲ့ဒီအချိန် ကျွန်တော်က ဈေးထဲမှာ အလုပ်လုပ်ရတာဆိုတော့ ပွဲရုံတွေ၊ကုန်စုံဆိုင်တွေက သူဌေးတွေကို သိပ်အားကျတာ။
ဒီတော့..သူဌေး ဖြစ်ချင်တယ်။
ပီမိုးနင်းရဲ့ တက်ကျမ်းတွေ၊ ဖေမြင့်ရဲ့ ဘေဘီလုံတွေဘာတွေဖတ်ထားပြီးပြီ။
အဲ့ဒါတွေ ဖတ်ထားပြီဆိုတော့ လူငယ်တစ်ယောက်ရဲ့ အောင်မြင်လိုစိတ်တွေ အထွတ်အထိပ်ရောက်နေပြီ။
ဒီတော့...
ငါသာ အဝေးသင်မှာ တောသူဌေးမတစ်ယောက်နဲ့ ကြိုက်ပြီး ညားလို့ကတော့.သောက်လုပ်လုပ်စရာမလိုပဲ...ကြိမ်းသေ သူဌေးဖြစ်ပြီဆိုတဲ့ အကြံကောင်းလည်းတွေးသေးတာ။
ကျွန်တော်တို့ရှေ့ခုံမှာ လာထိုင်တဲ့ ခန္ဓာကိုယ်ခပ်ပြည့်ပြည့်၊ ရွှေလက်ကောက်တွေ တတောင်ဆစ်လောက်ဝတ်ထားတဲ့ ဖက်မတီး တတီးမလေး တစ်ယောက်ကို ပစ်မှတ်ထားလိုက်တယ်။
အဝေးသင်တို့ထုံးစံအတိုင်း တချိန်မပြည့်ခင်ပဲ အဲ့ကောင်မလေးနာမည်သိရတယ်။ နေတာက ဝေါ မှာဆိုလား။
ကြည်သာကလည်း သူတို့အုပ်စုထဲက တစ်ယောက်ကိုပွားတာ။
အဲ့ဒီတုန်းက လွင်မိုးတို့ ခိုင်သင်းကြည်တို့ရိုက်တဲ့ တက္ကသိုလ်နောက်ခံဇာတ်ကားတွေလို Group Love ကြံစည်ကြတာပေါ့လေ။
ခက်တာက..ဟိုတောသူအုပ်က နည်းနည်းပိန်းသဗျ။
ကိုယ်တွေက ဟာသဖောက်လည်း ရယ်ချင်မှရယ်တာ။
အီလည်လည်နဲ့ နေ့တပိုင်းကျိူးသွားတယ်။
အတန်းပြီးချိန်ကျ အားလုံးနေ့လည်စာစားဖို့ အခန်းထဲက ထွက်ကြတာပေါ့။
ဟိုကောင် ကြည်သာက ဖက်တီးမအုပ်စုနောက်လိုက်ဖို့ပြင်တယ်။
အဲ့ဒီအချိန်မှာ ကျွန်တော်က အခန်းဟိုးဘက်ထောင့်မှာ တစ်ယောက်တည်း ခုံပေါ် မှောက်အိပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို သတိထားမိတယ်။
ထူးခြားတာက သူက ဆံထုံးတပတ်လျှိုထုံးထားတဲ့ပုံစံပဲ။
ဘီးတွေ၊ ဆံထိုးတွေနဲ့မဟုတ်ဘူး။ ရေးနောဘောပင်နဲ့။
စင်းနေအောင်ဖြောင့်ထားပြီး ကျောလည်လောက် ရှိမယ့် ဆံပင်တွေကို ရေးနောဘောပင်နဲ့ ဆံထုံးထုံးထားတာဗျာ။
ဟိုခုန ရွာသူတွေလို ရွှေနားကွင်းကြီးတွေ၊ ရွှေလက်ကောက်ကြီးတွေလည်း မဝတ်ထားဘူး။
ပန့်ခ်တွေ ဝတ်တဲ့ လက်ကောက်အမဲတွေနဲ့။
ကိုယ်ကြပ်အက်ျ ီကို စကပ်ထမီနဲ့တွဲဝတ်ထားတယ်။
(အဲ့ဒီခေတ်က အဝေးသင်ကျောင်းသားတွေကို အဝတ်အစားမကန့်သတ်သေးပါဘူး)
ကျွန်တော်က ကြည်သာကို မျက်စပစ်ပြတော့..ဟိုကောင်ကလည်းနပ်တယ်။
သူ့နားကို ကျွန်တော်ကပ်သွားတယ်။
"ဟေ့..သူငယ်ချင်း..ကန်တင်းမသွားဘူးလား''
သူ ထလာပါတယ်။ တကယ့်အိပ်မှုန်စုံမွှားနဲ့။
"အေး..ခုန ဆရာမစာသင်ကောင်းလို့ ငါအိပ်ပျော်သွားတာဟာ..ပြီးတော့..ဘော်ဒါလည်းမရှိလို့''
အဲလယ်..ရုပ်လေးကလည်း သိပ်မဆိုးဘူးပဲ။
ပြီးတော့ တာရာမင်းဝေတို့၊ မင်းခိုက်စိုးစန်တို့၊ ဝေမှူးသွင်တို့ ဝတ္ထုတွေထဲကလို ဂျစ်ကန်ကန်ပေါက်ကရဟာမလေးလို့ ကျွန်တော်တွေးလိုက်မိတယ်။
"ငါတို့က တခန်းတည်းသားချင်း...ဘော်ဒါတွေပဲ..ငါတို့ရှိပါတယ်ဟ...ငါ့နာမည် ကျော်စွာ..သူက ကြည်သာ''
"ငါ့နာမည် မိုးမိုး''
သူက ရေးနောဘောပင်နဲ့ ထုံးထားတဲ့ ဆံထုံးကို ဖြေလိုက်ပြီး ကျောပိုးအိတ်ထဲက ဘီးကိုထုတ်ပြီးဖြီးလိုက်တယ်။
အောင်မယ်..No အဖွဲ့က သဇင်လိုလိုဟ..အသားလေးညိုတာတစ်ခုပဲ။
အဲ့ဒီမှာ ကျွန်တော်တို့ သုံးယောက်အဖွဲ့ဖြစ်သွားတယ်။
တက္ကသိုလ်မှာ သူငယ်ချင်းကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဆိုတာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်တို့၊ ဆရာမောင်စိန်ဝင်းတို့လိုဆို သိပ်ရေးလို့ကောင်းတဲ့ဇာတ်ပေါ့။
တတိယရက်၊ စတုတ္ထရက်မှာ တင် ကျွန်တော်တို့သုံးယောက်ဟာ တော်တော်လေးရင်းနှီးသွားကြပြီ။
မိုးမိုး က ရန်ကုန်သူ။ ပဲခူးက သူ့အဒေါ်ဆီမှာ ဆယ်တန်းလာဖြေရင်းအောင်သွားတော့...အဝေးသင်လျှောက်တာ ပဲခူးကောလိပ်ပဲ ရတာတဲ့။
ပထမနှစ်တက်ပြီးမှ ရန်ကုန်ပြောင်းမှာတဲ့။
ကြည်သာနဲ့ ကျွန်တော် မိုးမိုးကို မသိမသာပြိုင်ဖွန်ကြတယ်။
ရက်တို အရေးပေါ်ဖွန်ကြောင်နည်းတွေနဲ့ပေါ့ဗျာ။
ဆံထုံးမှာ ရေးနောဘောပင်လေးထိုးထားပြီး ပဲမများတတ်တဲ့ သူ့စတိုင်လ်ကို အရမ်းကြွေတာ။
ငါးရက်မြောက်နေ့မှာတော့
သူကလည်း ကျွန်တော်တို့နှစ်ကောင်ကို ရိုက်လိုက်၊ပုတ်လိုက်၊ရယ်လိုက်မောလိုက်နဲ့ တကယ့် ငယ်ပေါင်းတွေလိုပဲဖြစ်ကုန်တယ်။
အဲ့ဒီနေ့က ပဲခူးကောလိပ်ရှေ့က ဘုရားဝင်းရေကန်ကြီးဘေးမှာ ကျွန်တော်တို့သုံးယောက် မုန့်တွေစား၊စကားတွေပြောရင်း ညနေစောင်းသွားတယ်။
နောက်ရက်ကျ စနေ တနင်္ဂနွေ ပိတ်တယ်။
ကျွန်တော် ဟိ တက်ပြီ။ တော်တော်ဖြစ်နေပြီ။ ကြည်သာ လည်း ဒီလိုပဲနေမှာ။
စနေနေ့ မနက်..ကျွန်တော် ပေးထားတဲ့ အိမ်လိပ်စာအတိုင်း မိုးမိုးရောက်လာတယ်။
"ငါတို့သုံးယောက် ကမ္ဘောဇသာဒီနန်းတော်ထဲ သွားလည်ကြရအောင်'' တဲ့။
ငါတို့သုံးယောက်ဆိုတော့ ကိုယ့်မှာ သူ့ကို စက်ဘီးနောက်တင်ပြီး ဟိုကောင့်အိမ် ဝင်ခေါ်ရသေး။
နန်းတော်ရာထဲ..လျှောက်လည်ကြ။ ရွှေမောဓောဘုရားတက်ကြပေါ့၊
တနင်္ဂနွေမှာ ဟိ က ပိုတက်သွားပြီ။ ကဗျာတွေသုံးလေးပုဒ်လောက်ရေးပြီးပြီ။
ငါ့ရဲ့ အောက်တိုဘာမိုးစက်ကလေးရေ..ရီနောဘောပင်လေးလို..မင်းမျက်ဝန်းချွန်ချွန်နဲ့..ကိုယ့်ကို ရွှဲရွှဲစိုပါစေဦး..ဘာညာပေါ့။
ဟိုကောင် ကြည်သာ ပုံစံကလည်း မိုးမိုးအပေါ် မရိုးသားဘူး။
တနင်္ဂနွေ ညနေကျ ကြည်သာ ကျွန်တော့်အိမ်ရောက်လာတယ်။
စာကြိုးစားတဲ့ အမျိူးကောင်းသား အဝေးသင်တက္ကသိုလ်ကျောင်းသားတွေပီပီ စာလုပ်ရတဲ့ ရက်ကလေးမှာ အရက်ထွက်သောက်ကြပါတော့တယ်။
အရက်သောက်ရင်း..ကြည်သာ က ''မိုးမိုး က မဆိုးဘူးကွ...နောက်ကကြည့်ရင် တော်တော်ဖွံ့တယ်'
တောက်..ဒီကောင်ကွာ ချစ်ခြင်းမေတ္တာကို တဏှာနဲ့ရောတယ် ဆိုပြီး ကျွန်တော်တင်းသွားသေးတယ်။
ပြီးတော့မှ..ငါက ရီနောဘောပင်လေးကို ဖြူဖြူစင်စင်ချစ်တာပဲ..ဒီကောင့်လို မဟုတ်ဘူးဆိုပြီး ကြံဖန်ဂုဏ်ယူသေးတာ။
ကံကောင်းတာက နောက်နေ့ မနက်ကျ ကြည်သာက နောက်ကျတယ်။
ကျောင်းကန်တင်းမှာ ကျွန်တော်နဲ့မိုးမိုး နှစ်ယောက်တည်း မနက်စားစားကြတာပေါ့။
ဘေးချင်းကပ်လျက်ထိုင်တာဗျာ။ တော်ကီကလည်း ရေလည်အခြေအနေကောင်း..လမ်းကြောင်းသင့်။
ဆံပင်တွေဘာတွေ သပ်တင်ပေးလို့ရတဲ့ အဆင့်ဖြစ်နေပြီ။
ဟိုကောင် နေရစ်ပေတော့လို့..စိတ်ထဲက ကြိမ်းပြီး ကြည်နူးနေတာ။
အဲ့ဒီမှာပဲ ကျွန်တော်တို့ တဝိုင်းကျော်မှာ ထိုင်နေတဲ့ ရပ်ကွက်ထဲက ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို နှုတ်ဆက်တယ်။
ဒီကောင်က ဒေးတက်တဲ့ကောင်။ အဝေးသင်ကို လာလည်တာ။
ညနေကျ ရပ်ကွက်ထဲရောက်တော့ ဒီကောင်က အားကျချီးကျူ းတဲ့လေသံကြီးနဲ့ လက်ဖက်ရည်ဝိုင်းထဲ ကျွန်တော့်ကို ချီးကျူ းတော့တာ။
"ငါတို့ဒေးတက်တာ နှစ်ဝက်ရှိပြီ။စော်မရဘူးကွာ။ကျော်စွာကြီးက ဆရာကျတယ်။ အဝေးသင်လေး လေးငါးရက်တက်တာ စော်တွေဘာတွေနဲ့''
အဲ့ဒီအချိန် ကျွန်တော်လေထဲမြောက်တက်သွားတာရယ်။
ဒါနဲ့ပဲ...
အို..မိုးမိုးကလည်း ငါ့ဘက်ပါနေပြီ...မနက်ဖြန်တော့ ရည်စားစာပေးဖြစ်အောင်ပေးမယ်ကွာလို့ ဆုံးဖြတ်လိုက်တယ်။
ပြီးတာနဲ့.ညလုံးပေါက် စာထိုင်စီတော့တာရယ်။
ရီနော့ဘောပင်လေးက အစပြုလို့ပေါ့။
နောက်တစ်ရက်
ကျောင်းကို စောသည်ထက်စောအောင်လာတယ်။
ဒါပေမယ့်..ဟိုကောင်ကြည်သာက ပိုစောနေတယ်။ မိုးမိုးနဲ့ ကန်တင်းမှာ ထိုင်တောင်နေပြီ။
စာပေးဖို့ရာကလည်း...ဒီကောင်က မလစ်ဘူး။
ဒါနဲ့...ကျွန်တော်တို့ အတန်းတွေဘာတွေ တက်လိုက်ကြသေးတယ်။
ထမင်းစားနားထဲ အခါကျ....ကန်တင်းကို သွားကြတယ်။ စားကြသောက်ကြပေါ့။ ဒါလည်း ဟိုမအေဘေးက မလစ်ဘူး။
"အတန်းထဲစောစောပြန်ရအောင်ကွာ'' လို့ ပြောပြီး ကျွန်တော်ထမှာ သူတို့လည်းထလာကြတယ်။
ကျွန်တော်တို့အတန်းရှေ့မှာ နှစ်လုံးတွဲအိမ်သာလေးတစ်ခုရှိတယ်။
တဖက်က မိန်းကလေး၊ တစ်ဖက်ကယောက်ျားလေးပါ။
အဲ့ဒီရှေ့ရောက်တော့ ကျွန်တော်အကြံရသွားတယ်။
"ဟေ့ကောင်တွေ...ငါဒီနေ့ ညနေအတန်းပြီးတဲ့အထိတက်မှာ..မင်းတို့ရောတက်မှာလား..စာမေးပွဲနီးပြီ''
"အေး..တက်မယ်လေ''
"ဒါဆို အပေါလေးလာလေးသွားထားမှပဲ။ ဆရာမစာသင်နေတုန်းထွက်ရင် မကောင်းဘူး''
အမှန်က တက္ကသိုလ်ဆိုတာ ဆရာမစာသင်လည်းကိုယ့်ဟာကိုယ် အပြင်ထွက်လို့ရနေတာပဲ။
ကျွန်တော်က ထပ်တည်တည်နဲ့ပြောလိုက်တာရယ်။
"အေး..ဟုတ်တယ်နော်..ငါအရင်သွားမယ်..ရော့..ငါ့ကျောပိုးအိတ်ယူထားပေး''
ကျွန်တော်က မိုးမိုး ကျောပိုးအိတ်ကို ဦးအောင်ယူထားလိုက်ပါတယ်။
ပြီးမှ ကြည်သာ့ကို
"ဟေ့ရောင်..မင်းဝင်ပေါက်ချင်ပေါက်လေ...ငါ မိုးမိုးထွက်လာမှ ပေါက်မယ်''
ကြည်သာဝင်သွားပါတယ်။
ကဲ အော်ပရေးရှင်းအောင်ပြီ။
မိုးမိုး ကျောပိုးအိတ် အပေါ်ဇစ်ကိုဖွင့်ပြီး ကျွန်တော့်စာလေးကို ထည့်လိုက်ပါတယ်။
မိုးမိုးထွက်လာတော့...ကျွန်တော်က ကျောပိုးအိတ်ဇစ်ကို မပိတ်သေးပဲ..အထဲက စာခေါက်ကို သူမြင်အောင်ပြပြီး မှ ကျောပိုးအိတ်ကို ပေးလိုက်ပါတယ်။
မိုးမိုးက မျက်လုံးကလေးဝိုင်းပြီး ကျွန်တော့်ကို ကြည့်တယ်။
အဲ့ဒီအချိန် ကြည်သာထွက်လာတော့...ကျွန်တော်က အိမ်သာထဲ ဝင်လိုက်တယ်။
ညစ်ပတ်နေတဲ့ တက္ကသိုလ်အိမ်သာကြီးထဲ ပျော်လိုက်တာလေ။
ဟိုကောင်ကြည်သာ ကျွန်တော့်စာကို မြင်လည်းပိုတောင်ကောင်းသေးတယ်ပေါ့။
အဲ့ဒီအချိန် ကြည်နူးချက်က ပေါက်တဲ့ သေးတောင် ပန်းရောင်လို့ထင်ရတယ်။
အိမ်သာထဲက ပြန်ထွက်ရင် မိုးမိုး က ကျွန်တော့်ကို ဘယ်လိုအကြည့်တွေနဲ့ ကြိုဆိုနေမှာလဲ။
သူကျွန်တော့်စာလေးကို ကြည်သာမသိအောင် တိတ်တိတ်လေးယူသွားမှာလား။
ဒါမှမဟုတ် ချက်ချင်းဖွင့်ဖတ်နေမှာလား။
ကြည်သာ ဆိုတဲ့ကောင်ကရော မနာလိုဖြစ်နေမှာလား.
ရင်တွေခုန်လိုက်တာ။
အိမ်သာပြင်ထွက်တော့....
"ကြာကူလီကောင်..မအေ -ိုး... ဖုန်း...ဒိုင်း''
ဗလတောင့်တောင့်၊ ဆံပင်ထောင်ထောင်နဲ့ ဘဲကြီးတပွေ က ကြည်သာ့ကို ထိုးနေတာ။
ကြည်သာက မြေကြီးမှာပက်လက်။ သူ့အပေါ်မှာ ဟိုကောင်ကြီးက ခွလျက်။
"ကိုအောင်အေး..မလုပ်ပါနဲ့..ကိုအောင်အေး..မလုပ်ပါနဲ့''
မိုးမိုးက အဲ့ဘဲကြီးကို အတင်းဆွဲနေတယ်။
ကျွန်တော်လည်း ကိုယ့်ကောင်ခံနေရတာမြင်တော့...ဒီဘဲ ကျောကုန်းကို ပြေးကန်တာပေါ့။
"ဖုန်း''ဆို ကျွန်တော့်ခြေထောက်ပြန်ကန်ထွက်လာတယ်။
ဟ..ဘာကောင်ကြီးလဲ။
ဒါနဲ့ ကုပ်ပေါ်တက်ခွပြီး ခေါင်းကို ထိုးတယ်။
ဟိုကောင်ကြီးက တံတောင်နဲ့ ပြန်တွတ်တာ..ကျွန်တော့် မေးတစ်ခြမ်း အီစိမ့်သွားတယ်။
ဒီကောင်ကြီးက ကြည်သာ့ကို လှိမ့်ထိုးတယ်။
ကျွန်တော်က သူ့ကို ပြန်တက်ခွပြီးထိုးတယ်။
အဲ့ဒီအချိန်မှာ
မိုးမိုးက ကျွန်တော့် ပုခုံးကို ခက်ကြမ်းကြမ်းတွန်းဖယ်ပြီး စကားတခွန်း အကျယ်ကြီးအော်လိုက်တယ်။
"ဟဲ့..ကျော်စွာ...အဲ့ဒါ..ငါ့ယောက်ျား'' တဲ့။
လခွမ်းလေ။
ကြောင်တောင်တောင်နဲ့ ကျွန်တော်ထရပ်လိုက်တယ်။
နောက် အတန်းတက်မယ့်..ကျောင်းသားတွေ..ဆရာတွေရောက်လာပြီး ဟိုကောင်ကြီးကိုလည်းဝိုင်းဆွဲလိုက်ကြတယ်။
မော်ကွန်းထိန်းရုံးခန်းကို ကျွန်တော်ရယ်၊ ကြည်သာရယ်၊ မိုးမိုးရယ်၊ သူ့လင် ဟိုကောင်ကြီးရယ် ရောက်ပါလေရောလား။
ကြည်သာက ဘယ်ဘက်မျက်လုံးကြီးဖူးလို့။
ကျွန်တော်က မေးကြီးရောင်ကိုင်းလို့။
ဟိုကောင်ကြီး ကတော့ ဘာဖြစ်တယ်မသိဘူး။
"သူက ကျွန်တော့် မိန်းမ ပါ..ဆရာ..ကျွန်တော်က ရန်ကုန်အားကာသိပ္ပံမှာ ဝန်ထမ်းပါဆရာ။.လက်ဝှေ့ ထိုးပါတယ်။ သူနဲ့ ကျွန်တော် သူကိုးတန်းနှစ်မှာ ညားတာပါ။ အိမ်ထောင်သက် လေးနှစ်ရှိပါပြီ။ ကလေးတစ်ယောက်လည်းရှိပါတယ်။
အရင်နှစ်က ပဲခူးက သူ့အဒေါ်ဆီမှာ ဆယ်တန်းပြန်ဖြေတာ အောင်သွားပါတယ်။ ဒီမှာက ကလေးကိုထိန်းပေးမယ့် သူ့အဒေါ်လည်းရှိတယ်ဆိုလို့ အဝေးသင်လည်း ဒီမှာပေးတက်တာပါ။ ကျွန်တော့်ရွာက ညီမတစ်ယောက်ကလည်း ဒီမှာ တတိယနှစ်တက်နေတာ။ဟိုနေ့က သူက ကျွန်တော့်ရုံးကို ဖုန်းဆက်ပြောတယ်။.ကိုကြီး မိန်းမ..ကျောင်းမှာ ကောင်လေးတွေနဲ့ တွဲနေတယ်ဆိုလို့..အခု လိုက်လာကြည့်တော့..အိမ်သာရှေ့မှာ.. ဒီကောင်နဲ့ တွေ့တာနဲ့ ကျွန်တော်လည်း စိတ်မထိန်းနိုင်တာနဲ့.''
"ဟာ..ဆရာ ကျွန်တော်တို့်က ရိုးရိုးသားသားပါ..မယုံ..မိုးမိုးကို မေးကြည့်''
ကြည်သာက ထပြောပါတယ်။
ကျွန်တော်လား။ ဘယ်ပြောရဲမတုန်း။ ခုနကမှ ရည်းစားစာပေးထားတာလေ။
ဒီတော့...ရောင်နေတဲ့ မေးလေးကို
ကိုင်ပြီး..လင်ရှိလျက်နဲ့ ကျောင်းလာတက်ရလား..ကိုယ့်ကလေး ကိုယ်နို့တိုက်နေပါတော့လား..ဗိုင်းနာမရယ်ဆိုပြီး စိတ်ထဲကပဲ ဆဲနိုင်တယ်။
တော်ပါသေးတယ်။
မော်ကွန်းထိန်းဆရာက ဒီအထာတွေကို နပ်တယ်။
တက္ကသိုလ်ဆိုတာ ဒီလိုပဲ ယောက်ျားလေးနဲ့ မိန်းကလေးတွေ သူငယ်ချင်းဖွဲ့တာ အလေ့အထဖြစ်ကြောင်း၊ ကျောင်းသားလေးတွေကလည်း ရိုးရိုးသားသားဖြစ်ကြောင်း ပြောပြတယ်။
ဒါတောင် ငနဲက
"သူငယ်ချင်း အုပ်စုမဟုတ်ပဲ...ဒီကောင်နဲ့ နှစ်ယောက်တည်းတွေ့တာကိုးဗျ'' လို့ လက်သီးကြီးဆုပ်ပြီး စောဒကတက်သေးတာ။
တော်သေးတာပေါ့ဗျာ။ ကျွန်တော်..မိုးမိုးကို စာပေးနေတုန်းသာ သူ့လင် ကိုအောင်အေးကြီးရောက်လာလို့ကတော့..တွေးတောင်မတွေးရဲဘူး။
ခုတော့ ကျွန်တော့်အစား မောင်ကြည်သာက ကံဆိုးသွားလေတယ်။
ပြသနာက
မော်ကွန်းထိန်းကောင်းမှုနဲ့ ပြေလည်သွားပါတယ်။
ရုံးခန်းကထွက်တော့....အီးပေမ က သူ့လင်ဗလကြီးလက်ကို ချိတ်လို့။
ကိုယ်တွေ နှစ်ကောင်မှာသာ...ခံဝန်ထိုးလိုက်ရသေးတဲ့အပြင်..မျက်ခွက်တွေအီစိမ့်ကျန်ရစ်တာ။
နောက်မှ ပြန်စဉ်းစားတော့ သူလင်ရှိတာအပြစ်မဟုတ်သလို ကျောင်းတက်တာလည်းအပြစ်မဟုတ်ဘူး။
သူလည်းငယ်သေးတော့ ရွယ်တူတွေကြားမှာ ငါ့မှာ လင်ကြီးနဲ့လို့ ဘယ်ပြောချင်မလဲ။
ကျွန်တော်တို့ကလည်း ဒီလိုဟာမလေးက ကိုးတန်းနဲ့လင်ယူမယ်ဘယ်ထင်မလဲ။
အခုတော့..ကျွန်တော့်မှာ ညဘက်ကလေးနို့တိုက်ရလို့ မနက်ခင်း အခန်းထဲမှာ အိပ်ငိုက်နေတာကို...ဒါ ဂျစ်ကန်ကန်ငရွဲ့မလေးဆိုပြီး ထင်တာ။
စောင်ကလေးအမေက...ကလစ်ဝယ်ဖို့အချိန်မရလို့..ဖြစ်သလို ခေါင်းမှာထိုးပြီး ဆံထုံးထုံးတာကို ကိုယ့်မှာ တေလေစတိုင်လ်လေးဆိုပြီး ကြွေလို့.။
နောက်ဆုံးတော့..ရေးနောဘောပင်ကိုသာ အပြစ်တင်ပြီး..ခွဆဲနေလိုက်တော့တယ်ဗျာ။
အခုတော့..တချို့စာဖတ်ပရိသတ်တွေ..ကျွန်တော့်စာအုပ်မှာ လက်မှတ်လာထိုးခိုင်းလို့ ရေးနောဘောပင်ပါလာရင်...မျက်ကွင်းကြီးညိုနေတဲ့ ကြည့်သာကို ပြေးမြင်မိတုန်း။
အဲ့ဒီတုန်းက ကျွန်တော်ပေးတဲ့ ရည်းစားစာကို..ဟိုကောင်ကြီးမြင်ရင်...မိုးမိုးလဲ မျက်ကွင်းညိုလောက်မှာ.သေချာသလောက်ပါပဲ။
သြော်..တက္ကသိုလ်ရဲ့ အချစ်ပုံပြင်လေးပွဲဦးထွက်တင် မေးခိုင်သွားစေတဲ့..ရေးနောဘောပင်။
Crd -ဗြိတိသျှကိုကိုမောင်
သရုပ်ဖော်ပုံ မျိုးမင်းမြတ်
Soe Lamin .သုံးနှစ် ပြည့်မယ်မိုလ်ရီလ်မှ
Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။