လွယ်အိတ် ၁+၂+၃ (ဝင်းဖေ)
အမှာစာ
၁၉၉၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ ဘာစသလဲ ဆိုတော့ Radio Free Asia လို့ ခေါ်တဲ့ လွတ်လပ်သော အာရှရေဒီယို မြန်မာပိုင်းအစီအစဉ် ဆိုတာလည်း ထည့်ပြီးတော့ စတင် တည်ထောင်တယ်။ တည်ထောင်တဲ့ အထဲမှာ ဝင်းဖေက တစ်ယောက်အဖြစ် ပါဝင်တယ်။ အဲဒီ ၁၉၉၇ ခုနှစ်က စပြီး တည်ထောင်လိုက်ပြီးတော့ Radio Free Asia Burmese Service ဆိုတဲ့ လွတ်လပ်သော အာရှအသံ မြန်မာပိုင်း အစီအစဉ်မှာ အမှုထမ်းလိုက်တာ ၂ဝဝ၅ ခုနှစ် ကျတော့မှ အနား ယူတယ်။
အဲ့တော့ အဲဒီလို Radio Free Asia ဆိုတဲ့ ရေဒီယိုမှာ အားလုံးပေါင်း ဘယ်လောက်ကြာသလဲဆိုတော့ ၇ နှစ်၊ ၈ နှစ် လောက် ကြာတာပေါ့လေ။ အဲဒီမှာ ဘာလုပ်တုံးလို့ဆိုတော့ ဝင်းဖေ က Senior Editor အဖြစ် အမှုထမ်းရတယ်။ ဝင်ကတည်းက အဲ့လိုပဲ စပြီး အမှုထမ်းရတယ်။ ဝင်းဖေက သတင်းတွေ လိုက်တာထက် ရေဒီယိုဆောင်းပါးတွေ၊ ပင်တိုင်ဆောင်းပါးတွေနဲ့ ပတ်သက် ပြီးတော့ တာဝန်ယူရတာ များပါတယ်။ ကျန်တာကတော့ သတင်းအစီအစဉ် ဒီ့ပြင်အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ အယ်ဒီတာ လုပ်ရတယ်။ အဲ့ဒီမှာ ၇ နှစ်၊ ၈ နှစ်လောက်ကြာတယ်။ အဲ့ဒါပြီးတော့ ၂ဝဝ၅ ခုနှစ်မှာ ဝင်းဖေက အနားယူပါတယ်။
အနားယူပြီးတော့ ခဏနေတဲ့အခါမှာ ဒီဝင်းဖေ အနားယူ မှန်းသိလို့ ဆိုပြီးတော့ အင်္ဂလန်အခြေစိုက်၊ ဗြိတိန်နိုင်ငံအခြေစိုက် BBC အသံလွှင့်ဌာနက မြန်မာပိုင်းဆိုင်ရာဌာနမှူး ဒေါ်တင်ထားဆွေက ဝင်းဖေဆီကို ဆက်သွယ်ပါတယ်။ ဘာဖြစ်လို့တုံးဆိုတော့ ဒေါ်တင်ထားဆွေကလည်း လွတ်လပ်သော အာရှမြန်မာပိုင်း အစီအစဉ် ဒါ အမေရိကားက ရေဒီယိုမှာ သူကလည်း ခဏတာမျှ လာပြီးတော့ တာဝန်ထမ်းဖူးတယ်။ အဲ့တုန်းက ဝင်းဖေနဲ့ တွေ့တယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်တယ်။ ဒါကြောင့် လှမ်းခေါ်တာ။ ခေါ်ပြီးတော့ “ဆရာ အနားယူတယ်လို့ကြားတယ်” “ဟုတ်ပါတယ် ကျွန်တော် ၂ဝဝ၅ ခုနှစ်မှာ အနားယူပါတယ်” ဆိုတော့ “အဲဒါဆိုရင် ကျွန်မတို့ BBC မှာ ဒီ အပတ်စဉ် ဆောင်းပါးရှင်အဖြစ် လုပ်ပေးပါ” တဲ့ဆိုပြီးတော့ ကျွန်တော့်ကို မေတ္တာရပ်ခံတယ်။ ဒါဟာ ဒေါ်တင်ထားဆွေ ကျွန်တော်ကတော့ မဆွေလို့ တရင်း တနှီး ခေါ်ပါတယ်။ သူက ကျွန်တော့်ကို ကူညီတာ၊ စောင့်ရှောက် တာပါပဲ။
ကျွန်တော်နားပြီဆိုတော့ ကျွန်တော် အပတ်စဉ်ပေါ့ နေ့စဉ် မဟုတ်သော်လည်းပဲ တစ်ပတ်ကို ဆောင်းပါးတစ်ပုဒ်ကျ အဲ့ဒါ လုပ်ပေးဖို့ ကျွန်တော့်ကို တိုက်တွန်းပါတယ်။ “အဲဒါဆိုရင်တော့ မဆိုးဘူး၊ အဲဒါဆိုရင်တော့ ကျွန်တော်လုပ်ပါ့မယ်” လို့ ကျွန်တော် သူ့ကိုပြောတယ်။ ဘာလုပ်ရမလဲဆိုတော့ ကျွန်တော်တို့နှစ်ယောက် သဘောတူညှိလိုက်ကြတဲ့ “တွေးစရာ ပြုံးစရာ ကဏ္ဍ”ဆိုပြီးတော့ အဓိကကတော့ ဘာလုပ်တာတုံးဆိုတော့ မြန်မာပြည်မှာ ရှေးကတည်းက ရှိပြီးသား ပုံပြင်၊ နောက်ပြီး ဝင်းဖေကိုယ်တိုင်ရေးတဲ့ ပုံပြင်၊ နောက်ပြီးတော့ နိုင်ငံတကာ ပုံပြင်များဆိုတဲ့ ကွန်ပျူတာထဲမှာ ရှာရင် ထွက်တဲ့ဟာ၊ အဲဒါလေးတွေကို ဝင်းဖေက ဘာလုပ်ရသလဲ ဆိုတော့ တစ်ကတော့ Satirical လို့ဆိုတဲ့ လှောင်တဲ့ သရော်စာ လှောင်စာလိုဟာမျိုး ဖြစ်အောင် ဝင်းဖေက ရေးရတယ်။ အဲ့ဒါအပြင် နောက်ဟာကတော့ နည်းနည်း ရယ်စရာ၊ မောစရာ၊ ပြုံးစရာ၊ သင်ခန်းစာလေးတွေပါ ထုတ်ပြီးတော့ ခပ်သော့သော့ ခပ်သောသော ကလေး ကျွန်တော်က လုပ်ရတယ်။ အဲဒါက ဘယ် လောက်လောက်လုပ်ရသလဲဆိုတော့ အနည်းဆုံး ၅ မိနစ်၊ အများ ဆုံးကတော့ ၆ မိနစ်ထက်မကျော်ရ၊ အဲ့လိုဘောင် အဲ့လိုဘောင်နဲ့ ဝင်းဖေကရေး၊ အသံသွင်းပြီးတော့ အဲ့ဒါကို ဒီ အမေရိကန် ပြည်ထောင်စုကနေ ဗြိတိန်နိုင်ငံကို ပို့ရတယ်။ ပို့ပြီးတော့ ကျွန်တော်တို့ အဲဒီ အစီအစဉ်လုပ်တယ်။
အဲဒီ အစီအစဉ်လုပ်ပြီးတော့ တစ်နှစ်သာသာလောက် ကြာတယ်လို့ ကျွန်တော်ထင်တယ်။ ၂ဝဝ၆ ခုလောက်ကျတော့ ကျွန်တော်တို့ ထပ်ပြီးတော့ တစ်ခါပြောင်းတယ်။ ပြောင်းတာက ကျွန်တော့်ဟာကျွန်တော် ပြောင်းတာပါ။ “ကဲ ပုံပြင်တွေ လွှင့်လွှင့် နေတာလည်း တော်တော်ကြာပြီ။ အဲ့တော့ ကျွန်တော် လွတ်လွတ်လပ်လပ် တစ်ခုပြောင်းချင်တယ်၊ ဘာတုံးလို့ဆိုတော့ အဲလိုပဲ အခု ကျွန်တော့် အသက် ၇ဝ ကျော်၊ ၈ဝ ဘက်ကို သွား နေပြီ။ အဲ့ဒီတော့ ကျွန်တော့် တစ်သက်လုံး တွေ့ခဲ့တဲ့ အဖြစ်အပျက် ကလေးတွေကို ကျွန်တော်က ပြန်ပြောချင်တယ်” ပြန်ပြောချင်တယ် ဆိုတော့ အန်တီဆွေက “ဆရာကောင်းမယ်ထင်ရင် လုပ်လေ” တဲ့။ အဲ့ဒီတော့ “ဘယ်ပုံစံနဲ့လုပ်မလဲ” တဲ့ ဆိုတော့ ကျွန်တော်က ပြောတယ် “မဆွေ .. ကျုပ်က ကျုပ်ဖြတ်သန်းခဲ့ရတဲ့ ဘဝ တစ် လျှောက်လုံးကို အစကနေ အဆုံးပေါ့လေ။ ဝင်းဖေအကြောင်း ဆိုတာမျိုးကြီးတော့ ကျွန်တော်မလုပ်ချင်ဘူး။ ခေါင်းစီးကိုက ခပ် သော့သော့ကလေး လုပ်ချင်တယ်။ အဲ့ဒီလို ကျွန်တော့်အကြောင်း၊ ကျွန်တော့်အတွေ့အကြုံတွေကို တင်ပြတဲ့နေရာမှာ ကျွန်တော်က ဘာလုပ်ချင်တုံးလို့ ဆိုတော့ အဲ့ဒီခေတ်၊ အဲ့ဒီအချိန်၊ အဲ့ဒီကာလ၊ ဒေသ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးကိစ္စတွေကို ပါသွားအောင် ကျွန်တော်က အဲ့ဒီဆောင်းပါးတွေ ထဲမှာ ကျွန်တော် ထည့်လိုက်ချင်တယ်။ တတ်နိုင်ရင် လေးခုစလုံး ပါမယ်။ အနည်းဆုံးကတော့ တစ်ခုတော့ပါမှာပဲ။ ကျွန်တော် ပြောတဲ့ အထဲမှာ အဲဒီကာလ ဒေသတုန်းက မြန်မာပြည်ရဲ့ ယဉ်ကျေးမှု ပါကောင်း ပါသွားမယ်။ လူမှုရေးဓလေ့စရိုက် ပါကောင်း ပါသွားမယ်။ ဒါမှမဟုတ် စီးပွားရေးအခြေအနေ ပါကောင်းပါမယ်။ ဒါမှမဟုတ် နိုင်ငံရေး အခြေအနေတွေ ပါသွားမယ်” ဆိုတော့ ဒေါ်တင်ထားဆွေက “ကောင်းတယ် ဆရာ၊ အဲ့လိုလေးကောင်းတယ်” ဆိုတော့ ကျွန်တော်တို့ တစ်ခါ နာမည် ရှာကြပြန်တယ်။ ရှာတော့ ကျွန်တော်ကပဲ ပြောလိုက်တယ်။ “ကျွန်တော် အဲဒီ ဆောင်းပါးတွေကို “ဝင်းဖေလွယ်အိတ်” ဆိုတဲ့ ခေါင်းစီးတပ်ချင်တယ်” ဆိုတော့ ဒေါ်တင်ထားဆွေက ရယ်တယ်။ “ဆရာ အဲ့ဒါရော ရည်ရွယ်ချက် ရှိလား” ဆိုတော့ “ရှိပါတယ်” လို့ လွယ်အိတ်ဆိုတာ လွယ်အိတ် ထဲမှာက တောက်တိုမည်ရ ပစ္စည်းတွေ ထည့်ထားတာထက် အဲ့ဒီ ထဲမှာ ကျွန်တော် သူ့ကို နမူနာလေး ပြောပြတယ်။ မြန်မာစကားမှာ မြန်မာအလေ့အထမှာ “အရူးလွယ်အိတ်” ဆိုတာ ရှိတယ်။ ဆိုတော့ သူက ပိုရယ်တာ ပေါ့လေ။ အရူးလွယ်အိတ် ဆိုတာက လူကောင်း လွယ်အိတ်နဲ့ မတူဘူးလို့၊ အရူးလွယ်အိတ်ဆိုတာ သူက စိတ်မှန်တာမှ မဟုတ်တာ။ လွယ်အိတ်ထဲကို သူက ဟိုဟာဒီဟာ ထိုးထည့်ပေမဲ့ စည်းကမ်းတကျ မရှိဘဲနဲ့ လွယ်အိတ်ထဲ ရောက်နေ တတ်တယ်။ အဲ့တော့ ပြန်ထုတ်ပါဆိုတဲ့ အချိန်မှာ စီကာပတ်ကုံး သူ့ဟာနဲ့သူ ထွက်မလာဘဲနဲ့ ဒီ အပေါ်ယံရှိတဲ့ဟာတွေ အရင် ထွက်ထွက်လာတတ်တယ်။ အဲ့လို ကိစ္စ ရှိတယ်။ ဟုတ်ပြီ အဲ့ဒီ အရူးလွယ်အိတ် ရှိလို့ ကျွန်တော်က ဝင်းဖေလွယ်အိတ်လို့ လုပ်တဲ့ အခါကျတော့ ဒီအဆိုနှစ်ခုကို ညီမျှခြင်း ချလိုက်ပြီးတော့ ကိန်းတူ နှစ်ခုကို နုတ်လိုက်လို့ရှိရင် ဘာရမလဲ။ ဝင်းဖေလွယ်အိတ်၊ အရူး လွယ်အိတ်၊ အဲ့တော့ လွယ်အိတ် ကိန်းတူ နှစ်ခုကို နုတ်လိုက်ရင် “ဝင်းဖေ=အရူး” လို့ ထွက်တယ်။ အဲဒါလေးလည်း သော့တယ်လို့၊ အဲဒီဟာလေးလည်း သော့ပါတယ်လို့ ကျွန်တော်ကပြောတယ်။ ပြောပြီးတော့ နှစ်ယောက်သား ရယ်ရယ်မောမောနဲ့ “ဟုတ်ပြီ ဆရာ၊ အဲ့လိုဆိုရင် ဆရာတွေ့ခဲ့တဲ့ဟာတွေ ဆရာပြောပေါ့။ ပြောတဲ့အခါ ကျရင် အဲဒီထဲမှာ မြန်မာပြည်ရဲ့ ကာလဒေသအလျောက်ရှိနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုတဲ့ကိစ္စတွေ အနည်း ဆုံးပါသွားမယ်။ ဒီပြင်ဟာတွေလည်း ပါသွားနိုင်တယ်ပေါ့လေ” ဟုတ်ပြီ ကျွန်တော် အဲ့ဒီလိုရေးမယ်ဆိုတော့ ကျွန်တော် စပြီးတော့ လွှင့်ပါတယ်။
စလွှင့်တာဟာ ၂ဝဝ၇၊ ၂ဝဝ၈ ခုနှစ်လောက် ဖြစ်လိမ့်မယ်။ ၂ဝဝ၅ မှာ ကျွန်တော်က Radio Free Asia က အနားယူပြီးတော့ ကျွန်တော်က လုပ်တယ်။ လုပ်တော့ကာ တစ်ခါထပ်ပြီးတော့ ပြောရဦးမယ်။ ကျွန်တော်က ၂ဝဝ၅ ခုနှစ် ကျွန်တော် အနားယူ ကတည်းက BBC နဲ့ သဘောတူပေါ့လေ၊ လစဉ် Columnist လို့ ခေါ်တာပေါ့။ Columnist ဆိုတာက အပတ်စဉ် ကိုယ်ပိုင် ဆောင်းပါးပေါ့လေ အဲ့လိုဟာမျိုးကို ကျွန်တော်ကရေးတော့ ဒီ အကြောင်းကို ဘယ်သူက သိသွားသလဲဆိုတော့ ကျွန်တော် နေနေ တဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက VOA (Voice of America) က သိသွားတယ်။ သိသွားတော့ “ဆရာ RFA ကိုနားပြီးတော့ ဒီဗြိတိန်နိုင်ငံက BBC ကိုလုပ်တဲ့အတူ ကျွန်တော် တို့ကိုလည်း အဲ့လိုလုပ်ပေးပါ။ Columnist လုပ်ပြီးတော့ တစ်ပတ် တစ်ကြိမ် လွှင့်ပေးပါ” ဒါနဲ့ ဟာဟုတ်ပြီဆိုပြီးတော့ လုပ်ကြပြန် ရော။ လုပ်ကြပြန်တော့ အဲဒီ အမေရိကန်ပြည်ထောင်စုက Voice of America မှာ ကျွန်တော်က ဘာနဲ့လုပ်ရသလဲဆိုတော့ ဒီ “သက်ကြီးစကား သက်ငယ်ကြား” ပေါ့လေ။ ဝင်းဖေ ကတော့ အသက်ကြီးပြီပေါ့လေ။ အဲ့ဒီတော့ ကျွန်တော်က ၇၀ တော်တော် ကျော်နေပြီ။ ကျော်နေတော့ အသက်ကြီးပြီပေါ့။ အသက်ကြီးတော့ ကျွန်တော်ပြောတာကို ကျွန်တော့်ထက်ငယ်တဲ့လူတွေက နား ထောင်မယ်ဆိုတဲ့ သဘောပေါ့လေ။ ရယ်ရယ်မောမောနဲ့ အဲဒါလုပ်ကြပြန်ရော။ လုပ်ကြပြန်တော့ ကျွန်တော် အဲ့ဒီမှာ လုပ်ပေးနေ တော့ ကြုံလို့ပြောရပါဦးမယ်။ အဲဒါက ကျွန်တော်က အမေရိကန် ပြည်ထောင်စုမှာပဲ လုပ်တယ်။ လုပ်တော့ ကျွန်တော်ကပျင်းတော့ အိမ်က ရေးပို့တာမဟုတ်ဘဲနဲ့ မကြာခဏ အဲဒီ အမေရိကန်အသံ VOA ကို ရုံးကိုသွားသွားပြီး ကျွန်တော်က အသံသွင်းတယ်၊ လုပ်တယ်။ လုပ်တော့ VOA Chief က သူ့နာမည်က ကျွန်တော် တို့ကတော့ တရင်းတနှီး ကိုအောင်နိုင်လို့ခေါ်တယ်။ သူ့နာမည်က သန်းလွင်ထွန်းလို့ထင်တယ်။ ဟုတ်ပါလိမ့်မယ်။ အဲ့ဒီတော့ သူက “ဆရာ ဒီရောက်တဲ့အတူတူ မထူးဘူး၊ Part Time နဲ့လုပ်ပါ” ဆိုလို့ ကျွန်တော်အဲ့ဒီမှာ Part Time လည်း ဝင်လုပ်ရတယ်။ Part Time ဝင်လုပ်တာဆို သူတို့မနိုင်မနင်းဖြစ်နေတဲ့ဟာတွေ ကျွန်တော်က ဝင်ပြီးတော့ ကူရတဲ့သဘောပေါ့။
ကျွန်တော် ရေဒီယိုနယ်ထဲကို သုံးပုံနှစ်ပုံလောက် ပြန် ရောက်သွားပြန်တယ်။ နေ့စဉ် ရုံးတက်တဲ့သဘောလည်း ပြန် ရောက်သွားပြန်တယ်။ ကျွန်တော် အဲ့လိုလုပ်ရတယ်။ အဲ့လိုလုပ် ရင်းနဲ့ BBC ကို ကျွန်တော်က ဝင်းဖေလွယ်အိတ် ဆိုတာတွေကို ဆက်ပြီးတော့ရေးတာ။
ဘယ်လောက်ထိရေးတုံး ဆိုတော့ ၂ဝ၁၃ ခုနှစ် ရောက် တော့ မြန်မာပြည်ကနိုင်ငံရေးတွေက ပျော့ပျော့ပျောင်းပျောင်း ဖြစ် လာတဲ့အခါ ပြည်ပရောက်မြန်မာများ သူသူငါငါ ပြန်လို့ရတဲ့အချိန် ရောက်လာတော့ ကျွန်တော် ၂ဝ၁၃ ခုနှစ်မှာ ပြန်တယ်။ ပြန်တော့ ကျွန်တော် မြန်မာနိုင်ငံရောက်လာတယ်။ သို့သော်လည်း VOA အတွက်သော်လည်းကောင်း၊ BBC အတွက်သော်လည်းကောင်း အဲ့လို သတင်းဆောင်းပါးလိုဟာမျိုး၊ နောက်ပြီးတော့ ပုံမှန် အပတ် စဉ်ဆောင်းပါးပေါ့လေ အဲ့ဒါတွေက ကွန်ပျူတာနဲ့ရေးပြီးတော့ ပို့လို့ရတယ်။ ပို့လို့ရတော့ ကျွန်တော် ပို့တုန်းပဲ။ ပို့ပြီးတော့ ၂ဝ၁၃ ခုမှာလည်း မြန်မာပြည်ရောက်နေပေမဲ့ ကျွန်တော်ပို့တယ်။ နောက် ၂ဝ၁၄ ရောက်တယ်။ ရောက်တော့ တော်တော့်ကို ကျွန်တော်အသက်ကြီးလာပြီ။ ကျန်းမာရေးလည်း မကောင်းတော့ဘူး။ အဲဒါနဲ့ ဌာနနှစ်ခုလုံးအတွက် ကျွန်တော်က မေတ္တာရပ်ခံတယ်။ ကျွန်တော်က အသက်လည်းကြီးပြီ၊ ကျန်းမာရေးလည်း မကောင်း တော့ဘူး၊ အဲ့တော့ ကျွန်တော် ရပ်တော့မယ်ဆိုပြီးတော့ အစီအစဉ် တစ်ရပ်၊ နှုတ်ဆက်တဲ့အစီအစဉ်တစ်ရပ် လုပ်တယ်။ လုပ်ပြီးတော့ ကျွန်တော် ဌာနနှစ်ခုစလုံးကနေ ကျွန်တော်လွှင့်တယ်။ ကျွန်တော် တော့ အသက်ကြီးလို့၊ ကျန်းမာရေးမကောင်းလို့ ရပ်ပါတော့မယ် ဆိုပြီးတော့ လွှင့်တယ်။ လွှင့်ပြီးတော့ ကျွန်တော် အဲ့ဒီအစီအစဉ် တွေကို ရပ်လိုက်တယ်။ ရပ်ပြီးတော့ ဒီ “ဝင်းဖေလွယ်အိတ်” အစီအစဉ်ရော၊ VOA က “သက်ကြီးစကား သက်ငယ်ကြား” အစီအစဉ်ရော ကျွန်တော် ရပ်ပါတယ်။
ရပ်ပြီးတော့ ကိုယ်က ဒါတွေရပ်သွားပြီဆိုပြီးတော့ ကျွန်တော်က မြန်မာပြည်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်၊ ကျွန်တော် တို့နားမှာရှိတဲ့ Mercury ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော် သွားတဲ့အခါကျတော့ “ဦးဝင်းဖေ ခင်ဗျားနှုတ်ဆက်ပြီးတော့ ရပ် သွားပြီနော်” “ဟုတ်ကဲ့ ကျွန်တော် နှုတ်ဆက်ပြီးပါပြီ။ ကျွန်တော့် အစီအစဉ်တွေလည်း ရပ်ပါပြီ။ ကျွန်တော်အသက်ကြီးပြီ၊ ကျန်းမာ ရေးလည်း မကောင်းတော့ပါဘူး” ဆိုတော့ “ခင်ဗျား အဲဒါ လွန်ခဲ့တဲ့ တစ်လလောက်က စရပ်တာမလား” “ဟုတ်ပါတယ်” “ဒါနဲ့ မနက်တုန်းက ခင်ဗျားဆောင်းပါး လာသွားတယ်” ဟာ ကျွန်တော်လည်း တော်တော်လန့်သွားတာပေါ့၊ ဘယ့်နှယ် ရပ်ပြီးမှ ဘယ်ကလာတာတုံး။ ဒါနဲ့ ကျွန်တော် အလန့်တကြား ပြန်မေး တယ်။ VOA ကိုး၊ VOA က မြန်မာပြည်မှာ ဌာနရှိနေပြီ။ BBC လည်းအတူတူပဲ၊ မြန်မာပြည်မှာ ဌာနရှိနေပြီ။ ကျွန်တော်လှမ်းမေး တယ်။ ဘယ်လိုဖြစ်တာတုံးဆိုတော့ “ဒီလိုပါ။ ဆရာ့ ရေးပြီးသား ဆောင်းပါးတွေထဲမှာ Ever Green ဆောင်းပါးတွေ ရှိတယ်” တဲ့။ Ever Green ဆိုတာ ဘယ်အချိန်သုံးသုံးရတယ်။ အဲ့လို အကြောင်းအရာတွေ၊ အချိန်နဲ့ ကာလနဲ့မဆိုင်ဘူး၊ ဒေသနဲ့ မဆိုင်ဘူး။ ဘယ်အချိန်ဖြစ်ဖြစ် ပြန်လွှင့်လို့ရနေတယ်။ အဲ့လိုဟာတွေကို VOA ကရော BBC ကရော ပြန်လွှင့်နေတယ်။ အဲဒီအစီအစဉ်တွေ ကို။ ကျွန်တော် ဒါနဲ့ ပြန်ပြောရတယ်။ ဒီလိုပါဗျာဆိုပြီးတော့။ ကျွန်တော့်အနေနဲ့ကတော့ ဝမ်းသာတာပေါ့လေ။ ကိုယ်က သိစေ ချင်လို့ ကိုယ်တွေ့ခဲ့ရတာတွေကို နားထောင်ရတဲ့လူတွေ သိပါစေ တော့ ဆိုတဲ့ စေတနာနဲ့ လုပ်ထားတဲ့ဆောင်းပါးတွေ ဖြစ်နေတဲ့ အတွက် ဘယ်အချိန်ဘယ်အခါ ဘယ်သူ့ကိုပဲ ဘယ်လိုပဲသိအောင် လုပ်လုပ် ကျွန်တော်ကတော့ ဝမ်းသာတာပါပဲ။ အဲ့ဒါကြောင့်မို့ ကျွန်တော့်မှာ အဲ့ဒီလိုပေါ့လေ။ ဟို Radio Columnist အနေနဲ့ ကျွန်တော် ရေးထားတာတွေရှိတယ်။ အဲ့ဒီအထဲက အခုဟာက တော့ ဝင်းဖေလွယ်အိတ် အစီအစဉ်တွေပေါ့ဗျာ။
ဝင်းဖေလွယ်အိတ် အစီအစဉ်က ထုတ်ပြီးသားကိုက စာအုပ် ၁၊ ၂၊ ၃ ဆိုပြီးတော့ ရှိနေပြီ။ ရှိနေပြီးတော့ နောက်ထပ် လည်း ရှိသေးတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်က အစုအဆောင်း ညံ့တော့ ဆက်တိုက်ထွက်ဖို့အတွက် မလွှင့်ရသေးတာ၊ ပြန်ရှာရတာ တို့ ကျွန်တော် အခက်အခဲ ဖြစ်နေတယ်။ ဒါပေမဲ့ ရှာပြီးတော့ ကျွန်တော် စာအုပ်အဖြစ်နဲ့ ပြန်ပြီးတော့ဖြစ်အောင် ကျွန်တော် ကြိုး ပမ်းပါဦးမယ်။ လောလောဆယ်ကတော့ ထွက်ပြီးသား ၁၊ ၂၊ ၃ ကိုပေါင်းပြီးတော့ သုံးအုပ်ပေါင်းထုတ်ချင်တယ်လို့ စာပေ ထုတ်ဝေ ရေးပေါ့လေ၊ စိတ်ကူးချိုချို စာပေထုတ်ဝေရေးကနေ ပြီးတော့ ကျွန်တော့်ကို အသိပေးပါတယ်။ ကောင်းပါတယ်။ အဲ့တော့ ဖတ် မယ့်လူရှိတယ်ဆိုလည်း ထုတ်ကြတာပေါ့လို့ ကျွန်တော်ကလည်း သဘောတူညီမှု ပေးလိုက်ပါတယ်။ အဲ့ဒါကြောင့် အဲဒီစာအုပ် အတွက် အမှာစာ ရေးပေးပါတဲ့ဆိုလို့ ကျွန်တော် ကြောင်းကျိုး ကြီးငယ်ကို ပြောပြတာပါ။ ဒီလောက်ပါပဲခင်ဗျ။
ကျွန်တော် ဝင်းဖေပါ။
လွယ်အိတ် (၁)
ↂↂↂ
အခု ကျွန်တော့် အသက် ၇ဝ ကျော်၊ ၈၀ ဘက်ကို သွားနေပြီ။ အဲ့ဒီတော့ ကျွန်တော့် တစ်သက်လုံး တွေ့ခဲ့တဲ့ အဖြစ်အပျက် ကလေးတွေကို ကျွန်တော်က ပြန်ပြောချင်တယ်။ ဖြတ်သန်းခဲ့ရတဲ့ ဘဝ တစ်လျှောက်လုံးကို အစကနေ အဆုံးပေါ့လေ။ ဝင်းဖေအကြောင်း ဆိုတာမျိုးကြီးတော့ ကျွန်တော် မလုပ်ချင်ဘူး။ ခေါင်းစီးကိုက ခပ်သော့သော့ကလေး လုပ်ချင်တယ်။ အဲ့ဒီလို ကျွန်တော့် အကြောင်း၊ ကျွန်တော့် အတွေ့အကြုံတွေကို တင်ပြတဲ့နေရာမှာ ကျွန်တော်က ဘာလုပ်ချင်တုံးလို့ ဆိုတော့ အဲ့ဒီခေတ်၊ အဲ့ဒီအချိန်၊ အဲ့ဒီကာလ၊ ဒေသ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေး ကိစ္စတွေကို ပါသွားအောင် ကျွန်တော်က အဲ့ဒီဆောင်းပါးတွေ ထဲမှာ ကျွန်တော် ထည့်လိုက်ချင်တယ်။ တတ်နိုင်ရင် လေးခုစလုံး ပါမယ်။ အနည်းဆုံးကတော့ တစ်ခုတော့ ပါမှာပဲ။ ကျွန်တော် ပြောတဲ့ အထဲမှာ အဲဒီကာလ ဒေသ တုန်းက မြန်မာပြည်ရဲ့ ယဉ်ကျေးမှု ပါကောင်းပါသွားမယ်။ လူမှုရေး ဓလေ့စရိုက် ပါကောင်း ပါသွားမယ်။ ဒါမှမဟုတ် စီးပွားရေးအခြေအနေ ပါကောင်း ပါမယ်။ ဒါမှမဟုတ် နိုင်ငံရေးအခြေအနေတွေ ပါသွားမယ်။
စာရေးသူ၏ အမှာ
ဗြိတိသျှအသံလွှင့် ကော်ပိုရေးရှင်းက “ဝင်းဖေ လွယ်အိတ်” ရေဒီယိုအသံလွှင့်အစီအစဉ်တွေကို စာအုပ်အဖြစ် ရိုက် နှိပ်တော့မယ်ဆိုတော့ ဝင်းဖေက အမှာစာရေးဖို့ ရှိလာပါတယ်။ မှာစရာက များများစားစား မရှိပါဘူး။ ၂ဝဝ၅ ခုနှစ်မှာ ဝင်းဖေဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေ စိုက် လွတ်လပ်တဲ့အာရှအသံ၊ မြန်မာပိုင်းအစီအစဉ်က အနား ယူလိုက်တော့ ဗြိတိသျှအသံလွှင့်ကော်ပိုရေးရှင်းက ပြင်ပ ဆောင်းပါးရှင်အဖြစ် ဆက်ပြီးတာဝန်ယူပေးဖို့ ကမ်းလှမ်းပါတယ်။ ဝင်းဖေက လက်ခံလိုက်ပြီး ပထမနှစ်နှစ်လောက် ခေတ်သစ်ပုံတိုပတ်စကလေးတွေကို သရော်စာခပ်ဆန်ဆန် တင်ဆက်ခဲ့ရပါတယ်။ နောက်ပိုင်း ၆ နှစ်လောက် ၂ဝ၁၄ ခု၊ နိုဝင်ဘာလအထိကတော့ “ဝင်းဖေလွယ်အိတ်” ဆိုတဲ့ အစီ အစဉ်တွေ အပတ်စဉ်ထုတ်လွှင့်ခဲ့ပါတယ်။ ဆန်းဆန်း ပြားပြားတော့ မဟုတ်ပါဘူး။ ဝင်းဖေရဲ့ ဘဝတစ်လျှောက် အကွေ့အကောက်၊ အတက်အဆင်း၊ အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြရတာတွေပါပဲ။ အကောင်းအဆိုး အမျိုးမျိုး ရောပြွမ်းပါဝင်ပါတယ်။ အလုပ် လက်ခံကြစဉ်က အခုလို ဝင်းဖေရဲ့ ဘဝအတွေ့အကြုံတွေကို တင်ပြရာမှာ ကာလ၊ ဒေသအားလျော်စွာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအခြေအနေတွေကို အလျဉ်းသင့်သလို တတ်နိုင် သမျှ ရောင်ပြန်ဟပ်စေဖို့ ဆွေးနွေးသဘောတူခဲ့ကြပါတယ်။ အဲဒီလို ခေတ်အလိုက် ရောင်ပြန်ဟပ်မှု ကလေးတွေကို စာဖတ်သူတွေ ထိတွေ့ကြရမယ်ဆိုရင် ဝင်းဖေရဲ့ကြိုးပမ်းမှု ထမြောက်တယ်လို့ ဝမ်းသာရမှာပါ။
အခုလို ဝင်းဖေရဲ့ ဘဝခရီးတစ်လျှောက် ဟိုကွေ့ ဟိုတက်နဲ့လှော်၊ ဒီကွေ့ ဒီတက်နဲ့လှော်ဆိုတာလို အမျိုးမျိုး ရုန်းကန် ရှင်သန်ခဲ့ရတာတွေကို ပြန်ပြောင်း ဖောက်သည်ချခွင့် ရအောင် အထောက်အပံ့ပြုကြတဲ့ ဗြိတိသျှအသလွှင့် ကော်ပို ရေးရှင်း၊ အမေရိကန်အသံ ရေဒီယိုနဲ့ လွတ်လပ်တဲ့ အာရှ အသံ ရေဒီယိုဌာနကြီးတွေကို ဝင်းဖေက အထူးကျေးဇူးတင် ကြောင်းနဲ့ တစ်ခါ စာအုပ်စာပေအဖြစ် ပုံနှိပ်ထုတ်ဝေတဲ့ စိတ်ကူးချိုချို စာပေထုတ်ဝေရေးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း အမှာစာ ရေးညွှန်း လိုက်ရပါတယ်ခင်ဗျား။
လေးစားလျက်
ဝင်းဖေ
[၁]
သောတရှင်များခင်ဗျာ ...
B.B.C က ကျွန်တော့်ကို တာဝန်တစ်ခု ထပ်ပေး ပါတယ်။ မြန်မာအနုပညာ လောကဝန်းကျင်မှာ ကျွန်တော်ဖြတ်သန်းရင်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကလေး တွေနဲ့ အနုပညာသည်တွေ အကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်းစတာတွေကို ‘ဝင်းဖေလွယ်အိတ်’ ဆိုတဲ့ခေါင်းစီးနဲ့ တင်ပြပေးပါတဲ့။
မြန်မာစကားမှာ အရူးလွယ်အိတ် ဆိုတဲ့စကားဟာ ရှိပြီးသားပါ။ အရူး လွယ်အိတ်ဆိုတာ ဗြုတ်စဗြင်းတောင်း၊ တိုလီမုတ်စ၊ သဗ္ဗရနံပေါင်းစုံ ထည့်ထားတဲ့ လွယ်အိတ်မျိုးကို ဆိုလိုတာပါ။ ကျွန်တော့်ဘဝလွယ်အိတ်ထဲမှာ ပါလာတဲ့ သဗ္ဗရနံ ပေါင်းစုံ လွယ်အိတ်ထဲက သင့်နိုးရာရာ၊ ကောင်းနိုးရာရာလေးတွေကို တင်ပြဖို့ အခွင့် အရေး ပေးတာပါပဲ။ B.B.C ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ‘အရူးလွယ်အိတ်’ ဆိုတဲ့ စကားနဲ့ “ဝင်းဖေလွယ်အိတ်” ဆိုတဲ့ စကားကို ညီမျှခြင်းချပြီးတော့ ဘုံကိန်း တွေကို နုတ်လိုက်ရင် ဝင်းဖေ=အရူး လို့ ထွက်နေပါတယ်။ ဒါပေမဲ့ ပုထုဇ္ဇန ဥမ္မတ္တက ဆိုတာနဲ့ကိုက်နေလေတော့ အိုကေပါတယ်။ နောက် လွယ်အိတ်နဲ့ ပတ်သက်လို့ မြန်မာ တွေ ပြောလေ့၊ သုံးလေ့ရှိပြန်တာက … ဣစ္ဆာသယ လွယ်အိတ် ဆိုတာလေးလည်း ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ် ... လိုတရ လွယ်အိတ် လို့ အဓိပ္ပာယ် ထွက်ပါတယ်။
ကျွန်တော့် လွယ်အိတ်ကတော့ လိုတိုင်းတလို့ မရဘူးပေါ့ခင်ဗျာ။ တကယ်ရမယ် ဆိုရင် ... မြန်မာပြည်အတွက် ဒီမိုကရေစီကို အရင်ဆုံး တလိုက်ရုံပေါ့ဗျာ။ နောက်တစ်ခုကတော့ ... မြန်မာတွေ စုပေါင်း လှုပ်ရှားကြတဲ့ နေရာမျိုးတွေမှာ ဇော်ကန့်လန့် တစ်ယောက်လောက် ပါလာရင် ... “ဟေ့လူ၊ ခင်ဗျား ... ရှမ်း လွယ်အိတ် လိုတော့ မလုပ်နဲ့ဗျာ” လို့ ပြောဆို ဟန့်တားတတ်ကြပါတယ်။ ရှမ်း လွယ်အိတ်က ပခုံးမှာ လွယ်ထားရတာ ဆိုတော့ ... ဘေးတိုက် လိုက်လာရတာ မဟုတ်လား။ ပြောလို့သာ ပြောရတာပါ... ဗမာလွယ်အိတ် အပါအဝင် ဘယ်လွယ်အိတ် မဆို ဘေးတိုက်ပဲ လိုက်တာပါပဲ။ သောတရှင်များခင်ဗျား ... ဝင်းဖေလွယ်အိတ် ဆိုတဲ့ ခေါင်းစီးနဲ့အညီ ... အကြောင်းအရာတွေက စီကာပတ်ကုံးတော့ ဖြစ်မှာ မဟုတ်ပါဘူး။ အခုတင်ပြမယ့် ပထမဆုံးအစီအစဉ်မှာ ကျွန်တော့်ဖခင် အကြောင်းနဲ့ စချင်ပါတယ်။ ကျွန်တော့်ဖခင်က ကျွန်တော့်ကို ... မြန်မာမှု၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့သမိုင်း၊ မြန်မာစာပေ ... ဆိုတာတွေကို သူတတ်နိုင်သမျှ သင်ပေးခဲ့ပါတယ်။ ပန်းချီနဲ့ ဂီတ ကိုလည်း သင်ပေးခဲ့ပါတယ်။ ဖခင်ကြီးက ကျွန်တော့်အတွက် စေတနာ ဘယ်လောက် ထားထား၊ ကျွန်တော့်မှာရှိတဲ့ ပါရမီလေးနဲ့ တန်တဲ့ အတိုင်းအတာပဲ ရတာပါ။ ကျွန်တော့်ဖခင်ဆိုတာ ... မန္တလေးက ရွှေပြည် ဦးဘတင်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော်လောက်က ကျွန်တော်တို့အိမ်ကို ဗိုလ်မှူးကြီး တစ်ယောက် လာလည်ပါတယ်။ ကျွန်တော့်အဖေက ဧည့်ခံပါတယ်။ ကျွန်တော်ကလည်း ရေနွေးအိုးနဲ့ လက်ဖက်တွေ ဘာတွေ ချပေးနေတုန်း ... ဗိုလ်မှူးကြီးက … မန္တလေးအနီးက အောင်ပင်လယ်တို့၊ မဟာနန္ဒာတို့၊ ဇောင်းကလော တို့ဆိုတဲ့ တစ်ဖက်ဆည် ကန်ကြီးတွေကို အနော်ရထာမင်း တူးဖော်ခဲ့တာလို့ အမှတ်တမဲ့ ပြောပါတယ်။ ကျွန်တော်ကလည်း ငယ်သေးတော့ ဖျတ်ခနဲ ဝင်ပြောမိပါတယ်။ “မဟုတ်ပါဘူးခင်ဗျာ၊ မင်းရှင်စော တည်တာပါ” လို့။ ဒီတော့ ဗိုလ်မှူးကြီးက .. “ဟာ … ဟုတ်ရဲ့လား၊ အေးလေ ... ဟုတ်မှာပါပဲ.. မင်းက ဆရာရွှေပြည်ရဲ့သားပဲ ...” အဲလိုပြောပါတယ်။ ဒီတော့ ကျွန်တော့်ဖခင်က ချက်ချင်းပဲ ဝင်ထောက်ပါတယ်။ “ဒီဗဟုသုတကတော့ ကျွန်တော် သင်ပေးတာ မဟုတ်ပါဘူးဗျာ ... ဒီကောင် နန်းတော်ရှေ့ ဆရာတင်ရဲ့ သီချင်းထဲကနေပြီး သိထားတာနေမှာပါ” လို့ပြောပါတယ်။
ဟုတ်ပါတယ်၊ ကျွန်တော်က နန်းတော်ရှေ့ဆရာတင် ရေးတဲ့ အောင်ပင်လယ် သီချင်းကို အဲဒီတုန်းက ဆိုပြခဲ့ရပါတယ်။ ဒီလိုခင်ဗျ... (မင်းရှင်စော မျောသည့် ဖောင်ဝယ် လေးကန်စလုံးကို သိမ်းကျုံးဆည်တော်မူတယ်× × ×)၂ အဲဒါတွေကို စီခြယ် နန်းတော်ရှေ့က ဆရာတင်ရယ်× × × အဲဒီတုန်းက ကျွန်တော့်အဖေ မသင်ပေမဲ့ ကျွန်တော် မှတ်လိုက်မိတာလေး တစ်ခုရှိပါတယ်။ မန္တလေးက တစ်ဖက်ဆည်ကန်ကြီး လေးကန်ကို မင်းရှင်စော တည်ပါတယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်သိအောင် သူ သင်ထားပါတယ်ဆိုရင် ကော ဘာဖြစ်သေးသလဲ။ ဗိုလ်မှူးကြီးကတောင် ဒါကို လက်ခံ ပြောဆိုနေပြီပဲ … ကျွန်တော့်အဖေက အဲဒီလို အလွယ်တကူ လက်မခံပါဘူး။ သူ ဂုဏ်ယူရမှာ မဟုတ်တာကို သူ မယူပါဘူး။ အရှိအရှိအတိုင်း ထုတ်ပြောလိုက်တဲ့ ကိစ္စပါပဲ။ လိုရင်းကတော့ ရိုးသားဖို့ပါပဲ။
အဲ ... ကျွန်တော် ... စဉ့်ကူး/ ထုံးကြီးဘက်မှာ ကျောင်းအုပ်သွားလုပ်တော့... ကျွန်တော့်ကို ရွှေပြည် ဦးဘတင်ရဲ့သား ကျောင်းအုပ်ဆရာကြီး ဆိုပြီး အလှူဖိတ်စာ ရေးခိုင်းပါတယ်။ ကျွန်တော် ကလည်း လွယ်လွယ်ကူကူပဲ၊ ပါဠိ၊ ပါဌ်သားတွေ ဘာတွေနဲ့ ရေးပေးလိုက်ပါတယ်။ သူတို့က ကျွန်တော်ဟာ ရွှေပြည်ဦးဘတင်ရဲ့သား ပီသပါပေတယ်ဆိုပြီး ချီးမွမ်း ပြောဆိုကြပါတယ်။ ကျွန်တော်က ရှင်းပြလိုက်ရပါတယ်။ ကျွန်တော့်အဖေ သင်ပေးတာ မဟုတ်ပါဘူးလို့။ မြို့မညိန်း ရေးတဲ့ အလှူ(၁) ဆိုတဲ့သီချင်းကို ဆိုတတ်လို့ ဒီဖိတ်စာကို ရေးနိုင်တာပါလို့။ ဟုတ်ကဲ့ခင်ဗျာ အဲဒါလေးလည်း ဆိုပြမှာပါ။ တစ်ပုဒ်လုံးတော့ မဟုတ်ဘူးပေါ့ခင်ဗျာ။ အလယ်ပိုဒ်၊ ပြန်ဆိုပိုဒ်ကလေးကိုပဲ နားဆင်ကြည့်ကြပါ။ သာမနေယ ပဗ္ဗဇ္ဇ မြောက် ချီးမြှောက်မည် × × × သားသည်းချာ× × × ရှုမငြီးသမီးရတနာ× × ကန္တဝဇ္ဇန နားသ မင်္ဂလာ × × × သာမနပရိဘောဂ× × × ဒေယျဓမ္မ ဒါတဗ္ဗ လှူကာ× × × အနုဂါမိကာဥစ္စာ× × × နိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ပါ"
ကဲ … အဲဒါသာကြည့်ပါတော့။ တစ်ပုဒ်လုံးဆိုရင် ပါဠိတွေနဲ့ အပြည့်၊ ပြည့်ပြည့် စုံစုံ ဖြစ်သွားတော့တာပေါ့ ခင်ဗျာ။ သောတရှင်များ ခင်ဗျာ .. ဒီလိုပါပဲ … သီချင်းတွေ တော်တော်များများမှာ လိုရင်လိုသလို ကိုးကားဖို့ အသုံးကျတာလေးတွေပါတတ် ကြောင်း တင်ပြလိုက်ရပါတယ်။
ကျန်းမာ၊ ချမ်းသာကြပါစေ... ကျွန်တော် ဝင်းဖေ ပါ။
[၂]
သောတရှင်များခင်ဗျာ ...
ဝင်းဖေလွယ်အိတ် အစီအစဉ် အမှတ် (၂) ကို တင်ဆက်ပါတော့မယ်။ ပြီးခဲ့တဲ့ အပတ်က ကျွန်တော့်ဖခင်ကြီးဆီက ပညာတွေ သင်ခဲ့ရပါတယ်လို့ အစပျိုးပြီး သူ မသင်တဲ့ ကိစ္စတွေအကြောင်း ရောက်သွားပါတယ်။ ဒီတစ်ပတ်တော့ ကျွန်တော့်ဖခင် ဆီက ပညာရင်နို့ သောက်စို့ခဲ့ရတာတွေကို နည်းနည်းပါးပါး တင်ပြပါ့မယ်။
ကျွန်တော် ငယ်ရွယ်စဉ်ကလေးဘဝ သူငယ်တန်းတောင် မတက်ရခင်သေးခင် ကတည်းက ဖခင်က ကျွန်တော့်ကို မြန်မာ့ရိုးရာ ဂီတနဲ့ ပန်းချီကို စတင် သင်ကြားပေး ပါတယ်။ သူကိုယ်တိုင်ကတော့ မြန်မာ့ရိုးရာ မြန်မာဂီတကို မြန်မာထီးနန်းမှာ အမှုထမ်းခဲ့တဲ့ အဝေးရောက်မင်း ဦးအောင်ကြီး နဲ့ အဆိုတော်ကြီး ဦးထွန်းအိုင် ဆီမှာ သင်ကြားခဲ့တာပါ။ သူက ပတ္တလားလည်း တီးပါတယ်။ အဆိုမှာ ပိုပြီး ကျွမ်းကျင်ပါတယ်။ ကျွန်တော့်အဖေ တတ်ထားတဲ့ ထံတျာ၊ သီတာ၊ သာယာ၊ ထွေတလာ၊ ဝေဘာဂီရိ၊ ဘုံဆောင်မြင့်၊ ဇေယျာမြို့၊ စိမ်းလဲလဲ့ညိုပြာနဲ့ သာနိုး ပျော်ဖွယ် (၅) ပုဒ် ပေါင်းလိုက်တော့ကာ ကြိုး (၁၃)ပုဒ် ပတ္တလား ပညာကို ကျွန်တော် တစ်နှစ်လောက် သင်ယူလိုက်တော့ ကုန်ဆုံး သွားပါတယ်။ ရှေ့ဆက်သင်ဖို့ အလင်္ကာကျော်စွာ ဘွဲ့ရ ဆရာဘကလေးကို ငှားရမ်း သင်ကြားရပါတယ်။
အဲဒီ ၁၉၄၆ ခုနှစ် လောက်ဆီကပါပဲ … ဘိုးလေးဘက အသက် ၇ဝ ကျော်နေပါပြီ။ ကျွန်တော့်အထက်က အစ်ကို ကိုဝင်းမောင်နဲ့အတူ သင်ကြရတာပါ။ လေးနှစ်လောက် သင်လိုက်တော့ကာ မဟာဂီတ အခြေခံတွေ ဖြစ်တဲ့ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ လေးထွေ သံကပ်၊ လောကနတ် … စတာတွေ အပုဒ် ၈ဝ လောက် တီးမိခေါက်မိ သွားပြီပေါ့ခင်ဗျ။ ဒီတော့ တိုတိုပဲ ပြောပါမယ် ... ရကန်တို့၊ အဲတို့၊ အိုင်တို့ဆိုတာတွေကို အဆိုသင်တော့မယ်လို့ ကျွန်တော့်ဖခင်ကို ပြောပါတယ်။ ရတု၊ ရကန်၊ အဲ၊ အံ၊ လူးတား ဆိုတာတွေက လင်္ကာဝစန လို့ခေါ်ပါတယ်။ အရပ် သားစကားနဲ့ ရှင်းအောင် ပြောရရင် သံနေသံထားနဲ့ ကဗျာ ဖတ်နည်း Poem Reciting တွေပါပဲ ခင်ဗျာ။ တူရိယာပစ္စည်း အတွဲအဖက်တောင် မလိုပါဘူး၊ ဒီအတိုင်း ရွတ်ရ၊ ဖတ်ရတာမျိုးတွေပါပဲ။ ကျွန်တော်က အတီးရော အဆိုရော ပါတဲ့ သောတာဝစန တွေကို လေးနှစ်လောက် သင်ထားပြီးပြီဆိုတော့ အတီးတောင်မပါတဲ့ လင်္ကာဝစန တွေကို သိပ် အထင်မကြီးဘူးပေါ့ဗျာ။ အဲဒီမှာ ဖခင်ကြီးက ရှင်းပြပါတယ်။ တူရိယာ ပစ္စည်းအတွဲအဖက် မပါတော့တဲ့ အတွက်ကိုပဲတဲ့ … လင်္ကာဝစနတွေက အသံထိန်းချုပ်မှု၊ သံနေသံထားရင့်ကျက်မှု၊ မင်မောင်း ... စတာတွေ ပိုပြီး အရေးကြီး လာပါတယ်တဲ့။ အဲဒီ လင်္ကာဝစနတွေကို ဆိုဖို့ ကျွန်တော့်အနေနဲ့ နုသေးတယ်၊ စောသေးတယ် ဆိုပြီးတော့ ကျွန်တော့်ကို ဆိုခွင့် မပေးပါဘူး။ အဲဒါကို ကျွန်တော် ငယ်ငယ်က ကောင်းကောင်း နားမလည်ခဲ့ပါဘူး။ နောက် နှစ်နှစ်လောက် ကြာတော့ ကျွန်တော့်ဟာနဲ့ ကျွန်တော် အိမ်နောက်ဖေးမှာ လွတ်လွတ်လပ်လပ် သီချင်းအော်ဆိုနေတာကို ဖခင်ကြီး က အိမ်ရှေ့က လှမ်းခေါ်ပြီးတော့ကာ “မင်း ခုချိန်လောက်ဆို ရကန်ဆိုရင် ရလောက်ပြီ ကွ” လို့ ပြောပါတယ်။ ပြီးတော့မှ သူကိုယ်တိုင်ပဲ သင်ပေးပါတယ်။ ဒီတစ်ပတ် ကျွန်တော် ရကန် နဲ့ အဲကို နည်းနည်းစီ အမြည်းလောက် ဆိုပြပါမယ်။ မြန်မာ့ ရှေးဟောင်း အမွေ ပစ္စည်းများအဖြစ် တင်ပြလိုက်ပါတယ်။ ရကန်ဦးတိုးရဲ့ သဇင်ပန်း ရကန်ပါ။
စိမ့်ကြီးမြိုင်ကြီးရိပ်ကြီးတောတောင်
နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊
ခက်လက်စိမ်းမြ၊ မိုးမခဘူး၊ နွေလသံပေါက်၊
ရင့်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်၊
ပွင့်ဖူးတွေဆင်ကြသည့်နှယ် …
ဒါက အစပိုဒ်ကလေးပါ။ အဆုံးပိုဒ်ကျတော့ဒီလိုပါ။
ပါရမီဂုဏ်၊ သင့်ယုံဟုတ်ဘူး၊ အဟုတ်ထူးသည့် … ပန်း
လမ်းချဲ့ချဲ့၊ မချဲ့ချဲ့၊ ဆုတ်ဟဲ့ဘက် ဆိုဆို/မဆိုဆိုဘက်လာလာ
သူမို့ပါလျှင်ဖြင့်၊ ရွှေအာဏာခေါင်၊ သိုင်းပြောင်ပြောင်နှင့်မို့၊
ရှောင်ရမည်ကာ၊ ရှုားရမည့်၊ ပန်းပျံများမည်ကာ၊ သဇင်ကို...
လူငယ်များအတွက် လွယ်လွယ်နဲ့ နားပေါက်အောင် ပြောချင်တာကတော့ Spritual Blues တွေကို နားထောင်သလို တေးသွား အကြားဆန်းမှု၊ အသံထိန်းချုပ်မှု စတာတွေကို အရသာခံကြတာပါပဲ။ အခုဆက်ပြီး အဲ တစ်ပုဒ်ရဲ့ အစပိုဒ်ကို မြည်းကြည့် ကြဖို့ပါပဲ။ စာဆိုမယ်ခွေရဲ့ နေနတ်ကမှရာဇာချီ တန်ခူးလဘွဲ့ အဲ ဖြစ်ပါတယ်။
နေနတ်ကမှရာဇာ၊ အဿဝတီကြယ်နှင့်ငဲ့ညီ၊
စန္ဒီစိတြ၊ တူယှဉ်ကာပြိုင်၊ ပ ကြတယ် လ အတာကိုတည့် လေး။
သီတာငယ်ကမှ ပြန်မွှန်း၊ သပြေမြရည် တစ်သောင်းပြည်ကို၊
အောင်စည်ယွမ်းလို့ရေသွန်းကမှခါချိန်၊ သောက်ရှူးဥပါဒ်ကြယ် နီလာနှင့်၊ ရွှေဇာပေါက်လို
တိမ်ခိုးညိုနှင့်၊ ပြိုမည့်နှယ်ကမှ၊ မှိန် နဂါးလိမ် လွန်းအိမ်ဖွဲ့ပါလို့၊
မယ့်ဆီကဲမယ်၊ အဲ...အဲ...အဲ။
ဒါကတော့ .. အဲ ရဲ့ အစပိုဒ်ကလေးပေါ့ခင်ဗျာ။ အဆုံးအထိဆိုရင်တော့ သိပ်လေးသွားမှာမို့ ဒီလောက်ပဲ တင်ပြလိုက်ပါတယ်။ မြန်မာ့ရိုးရာ လင်္ကာဝစန အနုပညာအမွေတွေကို ဆက်လက် ထိန်းသိမ်းကြဖို့ သင့်ကြောင်း တင်ပြလိုက်ပါတယ်။
ကျန်းမာ ချမ်းသာကြပါစေ ... ကျွန်တော် ဝင်းဖေ ပါ။
[၃]
သောတရှင်များခင်ဗျာ
ဝင်းဖေလွယ်အိတ် အမှတ်စဉ် (၁) မှာကတည်းက မန္တလေးက ဂီတပညာရှင် ဆရာညိန်း အကြောင်းကို တင်ပြ ခဲ့ပါတယ်။ တစ်ဆက်တည်း မြို့မညိန်းရဲ့ ဂီတပညာရှင် အနေအထားကို တတ်နိုင်သမျှ ပေါ်လွင်အောင် ဆက်လက် တင်ပြချင်ပါတယ်။ ဒီတစ် ပတ်တော့ မြို့မညိန်းရဲ့ ဂီတ၊ စာပေ၊ သီချင်းရေးမှုပညာရဲ့ တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော် တင်ပြ ချင်ပါတယ်။ သောတရှင်တွေ အလွယ်တကူ နားလည်နိုင်တဲ့ စာသား/ စာပေ အပိုင်းဖြစ်ပါတယ်ခင်ဗျား။
မြို့မ ဆရာညိန်း ... ကျွန်တော်တို့အခေါ် ဦးလေးညိန်းက မန္တလေးသားပီပီ၊ မန္တလေးမြို့ဘွဲ့၊ နန်းမြို့တော် ဆိုတဲ့ သီချင်းကို ရေးသားခဲ့ပါတယ်။ မန္တလေး မြို့တည်၊ နန်းတည် မင်းတုန်းမင်းတရားကြီးဟာ တစ်ချိန်က မန္တလေး တောင်တော်ပေါ်မှာ စန္ဒမုခိ ဆိုတဲ့ ဘီလူးမဘဝနဲ့ ရှိစဉ်ကတဲ့ … မန္တလေး တောင်တော်ကို ကြွချီလာတဲ့ ဘုရားရှင်ထံမှာ ... မိမိရဲ့ သားမြတ် ကိုဖြတ်ပြီးတော့ ထူးထူးခြားခြား လှူခဲ့ပါတယ် တဲ့။ ပြီးတော့မှ နောင်တစ်ချိန်မှာ ... ဒီတောင်ခြေ မြေပြန့်မှာ ထီးနန်း တည်ထောင်ပြီး တော့ သာသနာပြု ဘုရင်တစ်ပါး ဖြစ်လာလိမ့်မယ်လို့ ဗျာဒိတ် ခံယူခဲ့ရတဲ့ အကြောင်း သမိုင်း ဒဏ္ဍာရီ ရှိခဲ့ဖူးပါတယ်။ ဒီနေရာမှာ အမျိုးသမီးတို့ရဲ့ အလှရတနာ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ စနေနှစ်ခိုင်ကို အယဉ်အကျေးဆုံး သားမြတ် ဆိုတဲ့ ဝေါဟာရထက် ပိုပြီးတော့ သိမ်မွေ့သွားအောင် မြို့မဆရာညိန်းက ဝတ်ပန်းစုံ ဆိုတဲ့ ဝေါဟာရကို သုံးခဲ့ပါတယ်။ ဒီလိုလေးရှိပါတယ် ... သီချင်းထဲမှာ ...
ရွှေဉာဏ်ကွန်ရက် ဖြန့်ကြက်ခါပင် ရှုတော်မူလိုက်သည်တွင်..
နောင်သောအခါ၌ ရှင်ချစ်သာသနာ အဓွန့်ရှည်ဖို့ပင်× × ×
ထွန်းမှာမြင် × × × လဝန်းရည်သို့ စန္ဒမုခိ မန်းတောင်စံ ဗိမာန်ရှင် ဖွံ့ ဖွံ့ကြိုင်လျှမ်း “ဝတ်ပန်းစုံ”ကို ထူးမြတ်ကဲလွန် ရဲအလှူတွင်
အဲဒီလို စပ်ဆိုခဲ့ပါတယ်။ နှစ်လိုဖွယ်အဆင်းရှိတဲ့ စန္ဒမုခိ ဘီလူးမကို လဝန်းရည်သို့ လို့ တင်စားပါတယ်။ ကျုံကျုံလှီလှီ မဟုတ်တဲ့ သားမြတ်နှစ်စုံကို ဖွံ့ဖွံ့ကြိုင် လျှမ်း× × × ဝတ်ပန်းစုံ ကိုလို့ … တင်စားပါတယ်။ စွန့်စွန့်စားစား ထူးခြားတဲ့ အလှူကို ရဲရင့်သော ရဲအလှူတွင် .. လို့ တင်စားသွားပါတယ်။ သမိုင်းဒဏ္ဍာရီလာ အချက်အလက်ကိုလည်း ပါရလေအောင် … ယဉ်ကျေးတဲ့၊ နားဝင်လှတဲ့ အသုံးအနှုန်း လည်း ဖြစ်ရလေအောင် ကြိုးပမ်းချက်၊ စာပေ အနုပညာရပ် တစ်ခုအဖြစ် တွေ့နိုင်ကြပါတယ် ခင်ဗျား။ နောက် သာဓကတစ်ခုကတော့ အပျော့ဆွဲ ဆိုတဲ့ သီချင်းထဲမှာ ... အဆိုရှင်မိန်းကလေးက သူ့ချစ်သူဟာတဲ့ ... အိညက် အိညက်နဲ့ အပျော့ဆွဲ ဆွဲတတ် လို့ ... ပျော့ပျော့နဲ့နံတဲ့ ကြောင်ရဲ့မစင်လိုပါပဲလို့ ပြောချင်တာကို ဒီလို စပ်ဆိုထား ပါတယ်။
လေချိုသွေးကာ× × × အပျော့ဆွဲ ဆွဲတယ်× × ×
အားနာတတ်ရင်× × × အား ပါလိမ့်မယ်× xx
ကြောင်ကို ဝမ်းနုတ်ဆေးကျွေးမိသလို တွေးမိသကို
ပျော့ပျော့လေးနဲ့ နံမယ့် ပုံ ပေါ်တယ် × × ×
အဲဒီလို နားကြားရိုင်းမယ့် ကြောင်မစင်ကို ရှောင်ပြီးတော့ကာ အနိဋ္ဌာရုံကို ခံသာအောင်၊ နားဝင်မရိုင်းအောင် စာပေအနုပညာ သုံးသွားပါတယ်ခင်ဗျား။ ဆရာကြီး မြို့မညိန်းရဲ့ဂုဏ်ပုဒ်ကို ချီးကျူးပြောဆိုရင်းနဲ့ ပညာရှိသတိဖြစ်ခဲ ဆိုတာလို ချွတ်ယွင်း ချက်လေးတစ်ခုကိုလည်း တင်ပြချင်ပါတယ်။ စောစောကပြောခဲ့တဲ့ နန်းမြို့တော်သီချင်းထဲမှာပဲ မန္တလေးမြို့ရဲ့တည်နေရာကို ခေတ်မီမီနဲ့ ကမ္ဘာသုံး လတ္တီတွဒ်၊ လောင်ဂျီ တွဒ်တွေနဲ့ဖော်ပြဖို့ ကြိုးပမ်းတဲ့နေရာမှာ..
ရာသီစက်လီ× × × ဒွါရသီ တံခါးအညီ
ကျုံးမြို့ရိုး ပေသုံးဆယ်× × × မြင့်တက် တစ်မျက်နှာ ခြောက်ရာ
တာ အစီအရင်× × × သုဒဿနမြို့ ဝေယံလိုပင်× × ×
တည်တော်မူလေသည် × × × ၁၉ရာစုနှစ်အလယ်ခေတ်တွင်× × ×
မြောက်လတ္တီတွဒ် နှစ်ဆယ့်တစ်၊ ဒဿမ ငါးနဲ့× × ×
အရှေ့ လောင်ဂျီတွဒ် ကမ္ဘာ့ပထဝီ နေဒီဂရီဆိုလျှင်× × × သိရ
ကိုးဆယ့်ခြောက်၊ ဒဿမ ရှစ် တွင်× × × မြို့မအသင်းဖွားမြင်
အဲဒီလို စပ်ဆိုသွားပါတယ်။ လတ္တီတွဒ်တို့၊ လောင်ဂျီတွဒ်တို့မှာ ဒဿမ အသုံးအနှုန်း မရှိပါဘူးခင်ဗျာ။ ဒီဂရီပြီးလို့ ရှိရင် မိနစ်နဲ့ စက္ကန့်တွေပဲ ရှိပါတယ်။ သောတရှင်များခင်ဗျာ ... မြို့မညိန်းရဲ့ အနုစာပေဂုဏ်နဲ့ပတ်သက်လို့ အခု တင်ပြတာ ဟာ နှမ်းတစ်စေ့၊ သဲတစ်ပွင့်မျှသာ ဖြစ်ပါတယ်။ နောက်ကို အလျဉ်းသင့်သလို ဆက် လက်ပြီး တင်ပြပေးပါဦးမယ်။
ဒီမိုကရေစီ မြန်မြန်ရကြပါစေ ... ကျွန်တော် ဝင်းဖေ ပါ။
Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။