မရှမ်းမ ဆိုင်
(၁)
မရှမ်းမ မှာ သားသုံးယောက်ရှိတယ်။
ဒီ ဘိလပ်မြေစက်ရုံကုန်းကြီးအစွန် မှာ အရက်ဆိုင်တဆိုင် ဘွားခနဲ ပေါ်လာမှ လူတွေက မရှမ်းမ နဲ့ သားသုံးယောက် ကို တွေ့ဖူးကြတာ။
မရှမ်းမတို့ သားအမိတွေ ဘယ်ကလာလဲ။ မရှမ်းမတို့ သားအမိ ဘာတွေဖြစ်လာတာလဲ ဘယ်သူမှမသိ။
သိစရာလည်းမလို။
ဟိုင်းဝေးလမ်းမနဲ့ နာရီဝက်လောက်သွားရတဲ့ ဒီလိုနေရာမှာ အရက်ဆိုင် တဆိုင် လာဖွင့်တာနဲ့တင် အတော်လေး ဟုတ်နေပြီလေ။
ပိတောက်ပင်ဖားဖားကြီးအောက် သွပ်အဟောင်းတွေမိုး၊ ဗီနိုင်းကာထားတဲ့ မရှမ်းမ ဆိုင်ကလေးဟာ စဖွင့်ကတည်းက ရောင်းရပါတယ်။
ဘိလပ်မြေစက်ရုံက အလုပ်သမားတွေရော၊ အနီးအပါး အစိုးရရုံးက လူတွေရော ညနေဆို စတည်းချကြတာပေါ့။
ကော်စားပွဲဝိုင်းလေးတွေပတ်လည် ခွေးခြေခုံ ကိုယ်စီနဲ့ အရက်ဝိုင်းလေးတွေဟာ နေစောင်းပြီဆို သူတို့ကို တခဏတာ ကြီးစိုးမယ့် အရှင်သခင်များကို စမျှော်နေပါပြီ။
ထမင်းနဲ့ တွဲစားရတဲ့ ကြက်သား၊ ဝက်သား၊ ဆိတ်ကလီဇာ စတဲ့ ဟင်းတွေ၊လက်ဖက်သုတ်၊ ခရမ်းချဉ်သီးသုတ်၊ ပဲပုတ်ဆီဆမ်း၊ ဒညင်းသီးပြုတ်၊ အာပြဲခြောက်ဖုတ်လို အမြည်းတွေအပြင် တခါတလေ ခရုပြုတ်ဟင်းရည်လေးပါ ရတတ်သေးတဲ့ မရှမ်းမ ဆိုင်ထဲ ရနံ့တွေ သင်းပျံ့စပြုလာပါပြီ။
"အုန်းမွှေးလုံး တက်လာပြီဟေ့"
မရှမ်းမသား အလတ်ကောင်က စက်ဘီးနင်းလာရင်း အော်လိုက်တယ်။
အော်သံကြားတာနဲ့ ပိတောက်ပင်ကြီးအောက်က ဝိုင်းမှာ အစောဆုံးရောက်နေတဲ့ချစ်ကိုနဲ့ သီဟဇော်ဟာ သူတို့ရဲ့ ရှေ့က အရက်ခွက်တွေကို လက်နဲ့ ကိုယ်စီ အုပ်လိုက်ကြပါတယ်။
ခဏအကြာမှာတော့ အုန်းမွှေးလုံးလို့ခေါ်တဲ့ ဘိလပ်မြေသယ်ကားတစ်စီးဟာ တဂီးဂီးအော်သံနဲ့အတူ ကုန်းပေါ်ရုန်းကန်တက်လာပါတယ်။
ပတ်ဝန်းကျင်တခုလုံးလည်း ဘိလပ်မြေမှုန်တွေက မြူတွေဆိုင်းသလို ထောင်းလမောင်းထသွားပါလေရော။
ဆိုင်နဲ့ မနီးမဝေးအရောက်မှာ လက်ကျန် ဘိလပ်မြေအင်္ဂတေဖျော်တွေကို ဝေါခနဲ အပြီးသတ်သွန်ချလိုက်ပါတော့တယ်။
ကားက စက်ရုံဘက်ထွက်သွားတဲ့နောက်မှာတော့ သောက်သုံးသူတွေဟာ ခွက်ပေါ်က သူတို့လက်တွေကို ဖယ်ပြီး သောက်လက်စဝိုင်းကို ဆက်တည်ကြလေရဲ့။
"ခွက်ထဲ ဘိလပ်မြေအမှုန်တွေ မဝင်အောင် ကာထားတာတော့ဟုတ်ပါပြီ..ငါတို့ နှာခေါင်းတွေ၊ ပါးစပ်တွေထဲကျ ဝင်တာပဲ မဟုတ်လား..ဘာထူးမှာတုန်းဟ"
ရုံးစာရေး ကိုချစ်ကို က တွေးတွေးဆဆပြောလိုက်ပါတယ်။
"ဘယ်ထဲ ဘာဝင်ဝင် ကျုပ်တို့သောက်မယ့် အရက်ထဲ မဝင်ပြီးတာပဲဗျာ"
ဘိလပ်မြေစက်ရုံဝန်ထမ်း သီဟဇော်က RC လို့ခေါ်တဲ့ ဝီစကီကို တကျိုက်မော့ပြီးမှ ခပ်ဖြည်းဖြည်း ပြန်ပြောတယ်။
"အုန်းမွှေးလုံးသွားပြီမဟုတ်လားဗျ..ဒါနောက်ဆုံးအစီးပဲ"
နောက်ဆုံး ရောက်လာတာက ရဲကြောင်။
စက်ရုံဂိတ်ပေါက်စောင့်တဲ့ လုံခြုံရေးဝန်ထမ်း။ ရဲထဲဝင်ပြီးမှ ကြောင်တောင်တောင်ဖြစ်သွားလို့ အလုပ်ဖြုတ်ခံရ ရာက ရဲကြောင်ဆိုတဲ့ နာမည်တွင်တာတဲ့။
"အေး..ရဲကြောင်..မင်းကို စောင့်နေတာ..လာ"
"မရှမ်းမရေ...အာစီတပိုင်း..ခရက်ရှာလိမ္မော်တစ်လုံး"
ခဏကြာတော့ မရှမ်းမ သား အငယ်ကောင်က သူမှာတာ လာချပေးတယ်။
ရဲကြောင်ရောက်ပြီဆိုတော့ မရှမ်းမက ဝါးပက်လက် ကုလားထိုင်ကို မလာပြီး ပိတောက်ပင်အောက်မှာ ထိုင်တယ်။
ရဲကြောင်က သူ့ဆရာတစ်ယောက် ပေးထားတဲ့ ဆင်းကဒ်မပါတဲ့ Nokia ကီးပတ်ဖုန်းလေးကို အိတ်ထဲက တယုတယထုတ်တယ်။
ပြီးတော့ ခလုတ်တွေနှိပ်တယ်။
တကယ်တော့ ဒီဘိလပ်မြေကုန်းပေါ် လမ်းကြားလေးဟာ ကြယ်တွေ မစုံပဲ မှောင်စပျိုးပါပြီ။
ရဲကြောင်၊ ကိုချစ်ကို၊ သီဟဇော် တို့ဟာ ကီးပတ်ထဲက ထူးအိမ်သင်အသံကို ယမကာအရသာနဲ့အတူ အာရုံခံနေကြတယ်။
မရှမ်းမကလည်း တနေကုန်အမြည်းအတွက်ပြင်ဆင်ပြီးသမျှ ခဏနေ ဆူညံလာမယ့် သူ့ဆိုင်လေးရဲ့အမောတွေအတွက် ပက်လက်ကုလားထိုင်မှာ ထိုင်ရင်း ကီးပတ်ဖုန်းက ဂီတဆီ မျက်လုံးကို မှိတ်ရင်းမျောထားလိုက်တယ်။
ဂီတရဲ့ အလျဉ် ကို မရှမ်းမ ခံစားမိတယ်။
"နာကြင်စွာ တယောက်တည်း..တရေးနိုးတဲ့..ညတို့မှောင်နေဆဲ..အိမ်ပြန်ချင်ပေမယ့်..မပြီးဆုံးတဲ့ အိပ်မက်ရှည်တွေနဲ့"
"ဖွတ်..ဖွတ်..ဖွတ်..ဖွတ်..ဝရော"
ဘီးရယ်၊ ရိုးတံရယ်၊ ထိုင်ခုံရယ်ပဲပါတဲ့ တရုတ်ဆိုင်ကယ်အစုတ်တစ်စီးက ဆိုင်ရှေ့မှာ ထိုးရပ်သွားတယ်။
ဒါဆို အကြီးကောင် ဘတ်ထရီအိုးသွားယူပြီး ပြန်လာပြီ။
ဘတ်ထရီမီးချောင်းက ဖြတ်ခနဲလင်းလာတယ်။
အဆီပြန်မျက်နှာပေါ်က ဟိုတကွက်ဒီတကွက် တင်းတိတ်ညိုညိုတွေ ဆီ မီးအလင်းဟာ ဖြာချလိုက်တယ်။
မရှမ်းမ မျက်လုံးတွေ ဖြတ်ခနဲပွင့်လာတယ်။
ခဏနေ...ဆိုင်မှာ လူကျလာတော့မယ်။ မီးအလင်းရောင်ရှိရာ စုပြုံတိုးဝှေ့လာမယ့် ပိုးဖလံတွေလိုမျိုး။
စက်ရုံဆင်း၊ ရုံးဆင်း ရှပ်ဘဲတွေဟာ မရှမ်းမ ဆိုင်ရဲ့ မီးအလင်းရောင်အောက်မှာ လာရောက် ယစ်မူးကြတော့မယ်။
ဒီနေရာ ဒီဒေသဟာ တည်ခါစ မြို့တော်သစ်ဖြစ်တဲ့အတွက်..အားလုံးဟာ မိသားစုမပါလာကြပဲ စက်ရုံမှာကပ်နေ၊ ရုံးမှာကပ်နေသူအများစုပါ။
ဒီတော့ တချို့လည်း မရှမ်းမ ဆီမှာ မူး၊ မရှမ်းမဆိုင်မှာပဲ ထမင်းဝယ်စားကြပေါ့။
"ဘာမဆို ရင်ဆိုင်ကာ တိုက်ခိုက်ဖို့ အသင့်အနေအထား ... ပျော်ရွှင်ပါစေ..တသက်လုံး..သမီးလေးရဲ့ ကမ္ဘာ"
ဒီသီချင်းပြီးတာနဲ့ကိုချစ်ကိုဟာ ဧရာဝတီတိုင်း မြို့လေးတစ်မြို့မှာ ကျန်ခဲ့တဲ့ သူ့သမီးလေးကို ဘယ်လောက်လွမ်းကြောင်း ငိုသံကြီးနဲ့ ပြောပါတော့မယ်။
မရှမ်းမ ကလည်း ဖောက်သည်ဝိုင်းတွေ လာနေပြီမို့ အမြည်းလုပ်ပေးဖို့ ပက်လက်ကုလားထိုင်က ထပါပြီ။
ဝပ်ရှော့မှာ အလုပ်လုပ်တဲ့ အကြီးကောင်ကြီးက မရှမ်းမရဲ့ ပက်လက်ကုလားထိုင်မှာ ဝင်ထိုင်လိုက်တယ်။
အလတ်ကောင်နဲ့ အငယ်ကောင်ကတော့ ဟိုဝိုင်းကမှာတာတွေ၊ ဒီဝိုင်းကခေါ်တာတွေနဲ့ ပြေးလွှား။
"ဝေဒနာ ရှားရှားပါးပါး..မင်းလေး..ဘာကြောင့် ပေးသွား"
သီဟဇော်က ဒီနေရာမှာ နင့်နင့်သီးသီးခံစားပြီးအော်ဆိုတာ။
ပြီးရင် သူ့ဘဝမှာ အရမ်းစွဲလန်းခဲ့ရတဲ့ မာဆတ်က ကောင်မလေးအကြောင်း တခုပ်တရပြောမယ်။
အသက် ၁၉နှစ် ရှိပြီဖြစ်တဲ့ အကြီးကောင်ကြီးက သီဟဇော်နဲ့ မာဆတ်က စော်လေးရဲ့ အမှောင်ခန်းတွေအကြောင်း အရသာခံနားထောင်မယ်။
ဒီအချိန်မှာ တခြားဝိုင်းတွေက ဆူညံသံတွေ ဘယ်လောက် ထွက်ထွက်..သီဟဇော်ရဲ့ ဇာတ်ဝင်ခန်းတွေကို သူ မလွတ်တမ်းနားထောင်တာပေါ့။
"ထူးအိမ်သင်က ကျွန်တော့်နတ်ဘုရားဗျ..နားလည်လား" ဆိုတာကို သုံးလေးကြိမ်ပြောမယ်။
"ဝို..အို..အနုပညာကို..ငွေဆိုတဲ့ ဘုရားအတွက် ပျော်တော် ဆက် ဖို့ရာ ..မဖြစ်စေလိုပါ..."
ဒီနေရာရောက်ရင် သူတို့အကုန်လုံးက နိုင်ငံတော်သီချင်းလို ရင်ကော့သတိဆွဲလိုက်ဆိုကြသေးတာရယ်။
အံမယ်..အကြီးကောင် ဆို..ပက်လက်ကုလားထိုင်မှာ မှိန်းနေရာကနေ အဲ့ဒီနေရာကို အော်ဆိုပြီးမှ ရေချိုးဖို့ ထသွားတော့တာ။
(၂)
အပြောင်းအလဲနည်းနည်းထဲမှာတော့ TV နဲ့ VCD စက် ဝယ်လိုက်တာပါမယ်။
ဒါတွေ ဆိုင်ထဲမှာ ဝယ်ပြီးကတည်းက ဆိုင်ပြင်ဝိုင်းတွေမှာ လူတွေသိပ်မထိုင်ကြတော့ဘူး။
ဆိုင်ထဲမှာပဲ စုပြီး VCD သီချင်းတွေကြည့်၊ ရုပ်ရှင်တွေကြည့်ပဲ။
ရဲကြောင်တို့ တဝိုင်းပဲ ပိတောက်ပင်ကြီးအောက် အမြဲရှိတော့တာ။
RC ဂေါ်ပြားလို့ခေါ်တဲ့ အပိုင်ပြားနဲ့ ခရပ်ရှာလိမ္မော်ရည်နဲ့၊ အာပြဲခြောက်ဖုတ်နဲ့။
ဘိလပ်မြေကားလာရင် ဖန်ခွက်ကို လက်နဲ့အုပ်၊ ကီးပတ်နဲ့ ထူးအိမ်သင် သီချင်းတွေဖွင့်။ဒါပဲ။
ကိုချစ်ကို၊ သီဟဇော်နဲ့ ရဲကြောင် တို့ဟာ မပြောင်းမလဲ။
ပြောင်းလဲသွားတာကတော့ သူတို့ဝိုင်းနားက ပက်လက် ကုလားထိုင် မှာ မရှမ်းမရော၊ အကြီးကောင်ပါ လာမထိုင်တော့တာပဲ။
လာမထိုင်တော့ဘူးဆိုတာလည်း သူတို့မှာ အကြောင်းတရားတွေက ရှိလာပြီကိုး။
အဲ့ဒီအကြောင်းတရားတွေကတော့ ကိုဖေတင့်ကျော် နဲ့ မသက်ရှည် ဆိုတဲ့ လူနှစ်ယောက်ပဲ။
သူတို့နှစ်ယောက်ဟာ မရှမ်းမဆိုင် ဆီ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်လာကြတာပါ။
ကိုဖေတင့်ကျော် ဟာ ဘိလပ်မြေစက်ရုံ ရုံးခန်း က အလယ်အလတ်တန်း အရာရှိ။
အရပ်ပုပု၊ ဖောသွပ်သွပ်မျက်နှာနဲ့ ဆိုပေမယ့်..ဆံပင်ကို ဘေးခွဲသပ်သပ်ရပ်ရပ်ဖီး၊ စတစ်ကော်လံအင်္ကျီအိတ်မှာ ဖောင်တိန်ကိုထိုးပြီး စတိုင်လ်ကျကျ နေတတ်တဲ့ ကိုဖေတင့်ကျော်။
ကိုဖေတင့်ကျော်ဟာ မရှမ်းမ အမြည်းကောင်တာနဲ့ အနီးဆုံးဝိုင်းမှာ အမြဲထိုင်တယ်။
အရှိန်ကလေးရစ ဆို မရှမ်းမ ကို စလိုက်နောက်လိုက်၊ စကားတွေပြောလိုက်။
အရင်က အဆီပြန်မျက်နှာကြီးနဲ့ ပုဆိုးစုတ်ခေါင်းပေါင်းထားတတ်တဲ့ မရှမ်းမဟာ အခုဆို ပေါင်ဒါပါးပါးဖို့နေပြီ။ တင်းတိတ်ပျောက်ဆေး သုံးဖို့၊ စက်ရုံရုံးက ဝန်ထမ်းမလေးတွေဆီ ဟိုမေး ဒီမေးလုပ်လာပြီ။
ခေါင်းမှာ ပန်းတွေဘာတွေ ပန်တတ်နေပြီ။
ကိုဖေတင့်ကျော်ဟာလည်း အကြွေးဘယ်လောက် သောက်သောက် မရှမ်းမ ရဲ့ အကြွေးစာရင်းစာအုပ်ထဲ..ထည့်မှတ်ခြင်းမခံရတဲ့ အခွင့်ထူးခံဖြစ်လာတယ်။
အစကတော့ သူ့အမေနဲ့ ကိုဖေတင့်ကျော် ဆက်ဆံရေးကို အကြီးကောင်ကြီးက ရိပ်မိပြီး သိပ်မကြည်ဘူး။
ဒါပေမယ့်..မရှမ်းမက သူ တယောက်တည်း ဟင်းချက်တာ မနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ..ရမည်းသင်းရတန်းဘက်က မသက်ရှည် ကို လခစား ခေါ်လိုက်ပြီးနောက်မှာတော့ အကြီးကောင်လည်း သူ့အမေဘက် မလှည့်အားတော့။
မသက်ရှည်။ အသက်က အစိတ်လောက်။
အသားညိုညို၊ ရွက်ကြမ်းရေကြိုပေမယ့် အရပ်က မြင့်မြင့် သွယ်လျလျ။
သူ့လည်တိုင်ကြီးက ရှည်သလို ဆံပင်ကလည်း ရှည်သေး။
ပြုံးလိုက်ရင် သွားအဖွေးသားနဲ့မို့..အကြီးကောင်ကြီးက ဝပ်ရှော့က ပြန်လာတာနဲ့ မသက်ရှည်ကို ဖူးမျှော်တော့တာပါပဲ။
ပြဿနာက မသက်ရှည်ကို အလတ်ကောင်ကလည်း ကြိတ်ပိုးတာပဲ။
အလတ်ကောင်က ကဗျာတွေဘာတွေရေးတတ်တဲ့ စက်ရုံဝန်ထမ်းတစ်ယောက်ကို ဆေးဘဲဥသုပ်တပွဲ အလကားပေးပြီး ရည်းစားစာရေးခိုင်းသတဲ့။
အဲ့ဒီ စာ ကို မသက်ရှည် လက်ထဲ သွားထည့်ပေးတဲ့နေ့မှာ ညီအကိုနှစ်ကောင် ဘိလပ်မြေတောထဲ နပန်းလုံးကြပါလေရောလား။
မရှမ်းမ လည်း သူတို့ကို ဆွဲ မနိုင်ဘူး။
"ကိုဖေရေ.လုပ်ပါဦး" ဆိုတော့...ကိုဖေတင့်ကျော်က "သားတို့ တော်ကြတော့"ဆိုပြီး ဝင်ဆွဲပေးတယ်။
အဲ့ဒီမှာ အကြီးကောင်ကြီးက "လီးကို သားလား" ဆိုပြီး ကိုဖေတင့်ကျော်ကိုပါ တီးလွှတ်လိုက်တာ..မျက်လုံးကြီးတဖက် ညိုသွားပါလေရော။
နောက်ဆုံး မသက်ရှည်က အကြီးကောင်ကြီးကို "တော်ပါတော့.မောင်လေးရယ်..မောင်လေးတို့နှစ်ယောက် ဒီလိုဖြစ်နေရင်..ကျုပ် ပြန်မှာတော့"ဆိုမှ ပွဲက ခရာတွတ်သလိုက် တွိခနဲ ရပ်တယ်။
အဲ့ဒီနေ့က စလို့။
မရှမ်းမ နဲ့ အကြီးကောင်ကြီးဟာ စကားမပြောကြတော့ဘူး။
အကြီးကောင်ကြီးနဲ့ အလတ်ကောင်ကလည်း ခပ်စောင်းစောင်း။
အဲ..အလတ်ကောင်က ကျ ထူးထူးခြားခြား ကိုဖေတင့်ကျော်နဲ့ အရောတဝင်နေနေပြန်တယ်။
ဒီတော့ မရှမ်းမက အလတ်ကောင်ကို မျက်နှာသာပေးတယ်။
မသက်ရှည်နားကပ်ရင် မသိချင်ယောင်ဆောင်ပေးတယ်။
အကြီးကောင်ကြီးကျ မသက်ရှည်နားကပ်ပြီဆို မရှမ်းမ က မသက်ရှည်ကို တခုခုခိုင်းလွှတ်တာ။
အကြီးကောင်ကလည်း ကိုဖေတင့်ကျော် ရှေ့ဆို ခုံကို စောင့်ကန်တာတို့၊ မကြားတကြားဆဲတာတို့လုပ်လာရော။
မရှမ်းမ ဆိုင်လေးဟာ ငြိမ်းချမ်းရေးတွေ စ ပျက်ပြားလာပါပြီ။
အကြီးကောင်ကြီးကို သနားတဲ့ဝိုင်း၊ အလတ်ကောင်ကို ထောက်ခံ တဲ့ ဝိုင်း၊ မရှမ်းမနဲ့ ကိုဖေတင့်ကျော်ကို သဘောတူတဲ့ဝိုင်း ဆိုပြီးတောင် ဖြစ်လာတယ်။
ရဲကြောင်တို့ ဝိုင်းကတော့ ဒီအရှုပ်ထဲမဝင်ဘူး။ သူတို့ဟာသူတို့ ကီးပတ်ဖုန်းတစ်လုံးရယ်၊ ထူးအိမ်သင်ရယ်၊ မာဆတ်က စော်တွေအကြောင်းရယ်၊ ချစ်သမီးလေးရဲ့ပါးနုနုရယ်၊ ဝါသနာထက် ဝမ်းရေးခက်တာရယ်နဲ့ ဒစ်လည်ကောင်းနေတုန်း။
တရက်တော့..တိုက်ဆိုင်တယ်ပဲ ဆိုရမလား။
ကိုဖေတင့်ကျော်ရော၊ မသက်ရှည်ပါ ဘိလပ်မြေကုန်းပေါ်က ပျောက်သွားကြတယ်။
ကိုဖေတင့်ကျော် က သူ့မိန်းမ မီးဖွားခါနီးပြီမို့ဆိုပြီး..သူတို့နယ်က စက်ရုံကို ပြောင်းရွှေ့ခွင့်တင်ပြီး အပြီးပြောင်းသွားတာ။
အဲ့ဒီအခါကျမှ ကိုဖေတင့်ကျော်ဟာ လက်ရှိမိန်းမရှိနေကြောင်း မရှမ်းမရော၊ ဘိလပ်မြေကုန်းတစ်ခုလုံး သိလိုက်ရတာ။
ကိုဖေတင့်ကျော်ဟာ မရှမ်းမ ကို နှုတ်တောင် ဆက်မသွားခဲ့ဘူး။
တိတ်တိတ်လေးထွက်သွားခဲ့တာ။
မသက်ရှည်။
မသက်ရှည်ကတော့ လင်နောက်လိုက်သွားတာပါ။
အလတ်ကောင်ကို ရည်းစားစာရေးပေးဖူးတဲ့ စက်ရုံဝန်ထမ်းကောင်လေးနဲ့လိုက်ပြေးတာပါပဲ။
သူ့ကြောင့် နပန်းလုံးကြတဲ့ ငချွတ်တားနှစ်ကောင်ကို ကောင်းကောင်းကြီး မျက်လှည့်ပြသွားခဲ့တာရယ်။
အဲ့ဒီနေ့ညနေ။
မရှမ်းမ ဆိုင်ဟာ တိတ်ဆိတ်နေတယ်။ အရင်လို VCD ခွေတွေ အကျယ်ကြီးလည်းဖွင့်မထားဘူး။
ဘိလပ်မြေကားကြီး တက်လာပေမယ့်.အရင်လို "အုန်းမွှေးလုံးလာပြီ" ဆိုတဲ့ အလတ်ကောင်ရဲ့ အသံမကြားရပါဘူး။
ကိုချစ်ကိုနဲ့ သီဟဇော်သာ ကားလာမှ ဖန်ခွက်တွေကို ကမန်းကတန်းပိတ်လိုက်ရပါတယ်။
မရှမ်းမကတော့ ပိတောက်ပင်အောက်က ပက်လက် ကုလားထိုင်မှာ ထိုင်ရင်း မျက်လုံးကြီးစုံမှိတ်ထားတယ်။
နားထင်မှာလည်း ပလာစတာနှစ်ခုကပ်လို့။
ရဲကြောင် ရောက်လာပြီ။
ကိုချစ်ကိုနဲ့ သီဟဇော်က မရှမ်းမ ရှိရာဘက် မျက်စပစ်ပြလိုက်တယ်။
အလတ်ကောင်ကတော့ ခေါင်းငိုက်စိုက်နဲ့ အာစီတပြားလာချတယ်။
"ခရပ်ရှာလေကွာ"
ရဲကြောင်က သတိပေးမှ ခရပ်ရှာလိမ္မော်လာတယ်။
ကီးပတ်ဖုန်းကို ထုတ်လိုက်ပြီ။
"လူသံတွေ ငြိမ်သက်သွားတဲ့.. လမ်းကြားလေးထဲ.. ညက တဖြည်းဖြည်း အေးလာ..နွေရာသီ စိတ်ကူးများထဲ..လွမ်းမောရင်းနဲ့..ငါဟာ..မျောပါ...."
"ရဲကြောင်..နင့်သီချင်းကို ပိတ်လိုက်ပါဟယ်..ငါ..ခေါင်းကိုက်နေလို့"
မရှမ်းမ အသံက ခပ်တိုးတိုး။
ရဲကြောင်ဟာ ကီးပတ်ကို ချက်ချင်း ပိတ်လိုက်ပါတယ်။
ဘိလပ်မြေကုန်းတစ်ခုလုံး တဖြည်းဖြည်းမှောင်လာပါပြီ။
ဘက်ထရီအိုးယူလာမယ့် အကြီးကောင်ကြီးရဲ့ ဆိုင်ကယ်သံ မကြားရသေး။
ညက မှောင်သည်ထက်မှောင်။
မရှမ်းမ က ပက်လက်ကုလားထိုင်ပေါ်က မထသေး။
ရဲကြောင်၊ သီဟဇော်နဲ့ ကိုချစ်ကိုဟာလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆက်သောက်နေကြတယ်။
ဒီည သူတို့ ထူးအိမ်သင်သီချင်းနားမထောင်ဖြစ်ကြဘူး။
ဘိလပ်မြေကုန်းကြီးပေါ်က မရှမ်းမ ဆိုင်ဟာ မှောင်ကြီးမဲကြီးထဲ။
Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။