မင်းပုန်းတောင် သိုင်းသမား


Shi Nai'an နှင့် Luo Guanzhong တို့ တရုတ်ဘာသာဖြင့် ရေးသားပြီး Sidney Shapiro အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုသည့် Outlaws of the Marsh စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

ရှေးခေတ်ဟောင်းမှသည် ယနေ့ထက်တိုင် စာဟောဆရာများက ကွက်စိပ်ဟောပြီး ပြဇာတ်ဆရာများက ပြဇာတ်ကလျှက် ကာတွန်းဆရာများက ရုပ်ပြရေး၍ ရုပ်ရှင်သမားများက ရုပ်ရှင်ရိုက်ကူးကာ အနုပညာပုံသဏ္ဌာန်အမျိုးမျိုးဖြင့် တင်ဆက်အောင်မြင်နေဆဲဖြစ်သော တရုတ်ဂန္ထဝင် ဝတ္ထုကြီးဖြစ်သည်။

မူရင်းဝတ္ထုသည် အခန်းပေါင်း (၁၀၀) ထိရှိရာတွင် အခန်းပေါင်း (၄၅) ခန်းကို ဆရာမြသန်းတင့်က ဘာသာပြန်ဆို၍ ကျန်အခန်းများကို စာရေးဆရာ ဉာဏ်သစ်က ဆက်လက် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

တရုတ်စာပေတွင် ထင်ရှားသည့် ဂန္ထဝင် ဝတ္ထုကြီး လေးအုပ်မှာ “မင်းပုန်းတောင်သိုင်းသမား၊ အနောက်သို့ ခရီး သွားခြင်း၊ သုံးပြည်ထောင်နှင့် ခန်းဆောင်နီအိပ်မက်” ဟူ၍ ဖြစ်သည်။ ယင်းတို့အနက် “မင်းပုန်းတောင်သိုင်းသမား” မှာ အစောဆုံးဖြစ်၍ ၁၄ ရာစုနှစ်က ထွက်ပေါ် သည်ဟု အဆိုရှိသည်။ တရုတ်ဘာသာအားဖြင့် “ရှီဟူ” ဖြစ်ပြီး တိုက်ရိုက်အနက်မှာ “ကမ်းနား ရေစပ်” ဟု ခေါ်သည်။

ထိုဝတ္ထုကြီးကို စာရေးဆရာမကြီး ပါးလ်ဘတ်က “လူသားအားလုံး ညီနောင်တွေ” ဟူ၍ လည်းကောင်း၊ ဂျေ၊ အိပ်ချ်၊ ဂျက်ဆင် က စည်းတိမ်သောင် ဟူ၍ လည်းကောင်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည်ကို တွေ့ရပြီး ယခု ဆရာမြသန်းတင့်က မြန်မာဘာသာသို့ ပြန်ဆိုသည်မှာ ဆစ်ဒနီရှာပီယို ဘာသာပြန်၍ Outlaws of the Marsh အမည်ဖြင့် တရုတ်နိုင်ငံခြားဘာသာထုတ်ဝေရေးမှ ၁၉၈၀ တွင် သုံးတွဲခွဲ၍ ထုတ်ဝေသော အင်္ဂလိပ်ဘာသာပြန်မူမှ ဖြစ်ပါသည်။

ဤ “မင်းပုန်းတောင် သိုင်းသမား”အမည်ရှိ ဂန္ထဝင်ဝတ္ထုကြီးသည် သူရဲကောင်း ၁၀၈ ယောက်၏ ဇာတ်လမ်း ဖြစ်ပြီး အကျင့်ပျက် အာဏာပိုင်များနှင့် မြေရှင်တို့၏ ဖိနှိပ်မှု၊ လော်လည်ဖောက်ပြန်မှု တို့ကို သည်းမခံနိုင်၍ တုံ့ပြန်ခုခံသည့် လယ်သမားတို့၏ ပုန်ကန် တော်လှန်သော ဖြစ်စဉ်ကို အသေးစိတ် ဖော်ကျူးထားသည်။

“မင်းပုန်းတောင်သိုင်းသမား” ဝတ္ထုကြီးမှာ တရုတ်ပြည် တန်မင်းဆက်၊ ၁၁ဝ၁ ခု မှ ၁၁၂၅ ခုနှစ် အထိ ထီးနန်းကို အုပ်ချုပ်စိုးစံခဲ့သော ဟွီချုံဘုရင်၏ လက်ထက်တွင် နောက်ခံထား၍ ရေးထား သော ဝတ္ထုကြီး ဖြစ်၏။

အချို့သော အဖြစ်အပျက်တို့မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သော အဖြစ် အပျက်များ ဖြစ်သည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။ ထိုဝတ္ထုကြီးထဲတွင် ပါရှိသော အချို့သော ဇာတ်ဆောင်များမှာ လည်း ရာဇဝင်တွင် တကယ်ရှိခဲ့သော လူပုဂ္ဂိုလ်များ ဖြစ် သည် ဟုလည်း သမိုင်းဆရာတို့က အတည်ပြုကြသည်။

ထိုဝတ္ထုဇာတ်လမ်းသည် ပရိသတ်တို့ နှစ်သက်လှသဖြင့် ရှေးခေတ်မှစ၍ ယနေ့ခေတ်တိုင် တရုတ်ပြည်တွင် စာဟောဆရာများက ပွဲတော်များ၊ ပွဲဈေး များတွင် ထိုဇာတ်ကြောင်းကို ကွက်စိပ်သဘောဖြင့် ဟောပြောကြသည်ဟု အဆိုရှိသည်။ နောက် ပိုင်းတွင် ထိုဇာတ်လမ်းကို ပြဇာတ်များ၊ ရုပ်ပြစာအုပ်များ၊ ရုပ်ရှင်များအဖြစ် တင်ဆက်ခဲ့ရာ တွင်လည်း လူကြီးလူငယ်မရွေး နှစ်သက်ကြသည်ဟု အဆိုရှိသည်။

ဇာတ်လမ်းမှာ မြေရှင်တို့ ဖိနှိပ်ညှဉ်းဆဲကြသဖြင့် မခံနိုင်ကြတော့ဘဲ လူကောင်းများက မြေရှင်တို့ ကို ခုခံတိုက်ခိုက်ပုံ၊ မြေရှင်တို့၏ မတရားမှုများ၊ သွေးစုပ်မှုများကို ဆန့်ကျင်ကြပုံတို့ကို ဖော်ပြထားသော ဇာတ်လမ်း ဖြစ်သည်။ ထိုဇာတ်လမ်းတွင် ဇာတ်ဆောင်တို့ များပြားလှသည့်တိုင် ဇာတ်ဆောင်တဦးစီတို့၏ လူ့စရိုက် အဖွဲ့သည် ထင်ရှား ပီပြင်လှသဖြင့် လူကြိုက်များခြင်း ဖြစ်သည်ဟုလည်း အဆိုရှိသည်။


Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review