ဖရန်ကင်စတိန် - ကျော်လှိုင်ဦး
ကံ့ကော်ဝတ်ရည်စာပေ
အမှတ်-၅၁(ပထပ်/ဝဲ)၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉ ၂၅၀၀၁၂၃၄၈ ၊ ၀၉ ၄၄ ၃၀ ၄၁၁၃၇
email: kantkawwutyee@gmail.com
www.facebook.com/KantKawWut m/KantKawWutYeePublishing YeePublishing တို့တွင် ဝင်ရောက်ကြည့်ရှု မှာယူနိုင်ပါသည်။
ပုံနှိပ်မှတ်တမ်း
ထုတ်ဝေသူ - ဦးကျော်ဇင်၊ ကံ့ကော်ဝတ်ရည်စာပေ(၀၀၄၅၄) ၅၁၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ပထမအကြိမ် ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ၊ ဘဝတက္ကသိုလ်။
ဒုတိယအကြိမ် - အောက်တိုဘာလ၊ ၂ဝ၂၅ ခုနှစ်၊ ကံ့ကော်ဝတ်ရည်စာပေ။
အုပ်ရေ - ၁၀၀၀
မျက်နှာဖုံးပုံနှိပ် - ဦးကျော်ဌေးမင်း(ဝဝ၃၉၈)၊ အောင်သိန်းသန်း ပုံနှိပ်တိုက် (၂)၊ အမှတ် (၁၃၈)၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
အတွင်းပုံနှိပ် - ဦးလပြည့်ဝေး၊ လပြည့်လင်းပုံနှိပ်တိုက်(ဝဝ၃၆၉) အမှတ်-၁၁(H)၊ ၅၅-လမ်း(လယ်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
မျက်နှာဖုံးသရုပ်ဖော်- ဖိုးနိုင်လင်း
တန်ဖိုး - ၁၄၂ဝဝ ကျပ်
Whisper Of Words Ebooks
ဖရန်ကင်စတိန်
ကျော်လှိုင်ဦး
(မြန်မာပြန်)
ဘာသာပြန်သူ၏ စကားဦး
၁။
ကျွန်တော်သည် ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ရန်ကုန်သို့ ရောက်လာပါသည်။
ထိုကာလကား ဒုတိယကမ္ဘာစစ်ကြီးပြီးစ ဂျပန်နိုင်ငံသည် အဏုမြူဗုံး ဒဏ် ခံပြီးစ၊ ဂျပန်တို့၏ စစ်ဝါဒ ကျဆုံးပြီးစ အချိန်ဖြစ်သည်။ သို့သော် ကမ္ဘာကြီးကို အဏုမြူလက်နက်များက ဆက်လက် ခြိမ်းခြောက်ဆဲ၊ စစ်အန္တရာယ်ကလည်း ဆက်လက်ခြိမ်းခြောက်ဆဲ ကာလလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကား ပြည်တွင်း စစ်မီး အရှိန်မသေသေးပါ။ တစ်ဖက်ကလည်း ကျူးကျော်စစ်ကို ခံစားနေရသော ကာလ ဖြစ်ပါသည်။ ထိုအခါ ကမ္ဘာနှင့်အဝန်း ငြိမ်းချမ်းရေးလှုပ်ရှားမှု အရှိန်အဟုန် ကြီးမြင့်နေပါ၏။ မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေးလှုပ်ရှားမှု အရှိန်အဟုန် ကြီးမားလာနေပါ၏။
ကျွန်တော်သည် စစ်ကို မကြိုက်ပါ။ ဆန့်ကျင်ပါသည်။ ငြိမ်းချမ်းရေးကို ကျွန်တော် လိုလားပါသည်။
ထိုအခြေအနေမျိုးတွင် ကျွန်တော် ရန်ကုန်မြို့၌ ဖရန်ကင်စတိန် ရုပ်ရှင် ကားကို စတင်ကြည့်ဖူးခြင်း ဖြစ်ပါသည်။ ထိုရုပ်ရှင်ကားကို ကြည့်သောအခါ သိပ္ပံ ပညာသည် လူသားတို့ အကျိုးပြုသည်ကား မှန်ပါ၏။ သို့သော်လည်း လူသားတို့ကို ရန်ပြုသော လက်နက်များကိုလည်း ထိုသိပ္ပံပညာနှင့် နည်းပညာတို့ ကပင် ဖန်တီးသည် ဟူသော သဘောကိုလည်း ကျွန်တော် နားလည်ထားပြီး ဖြစ်သည်။ အဏုမြူဗုံးသည် သိပ္ပံပညာနှင့် နည်းပညာက ပေါက်ဖွားလာသော လက်နက် ဖြစ် သည်။ ထိုလက်နက်ဖြင့် ဒုတိယကမ္ဘာစစ်ကို ပြီးဆုံးစေခဲ့သည်မှာလည်း မှန်ပါ၏။ တစ်ဖက်တွင်လည်း ဂျပန်ပြည်သူအများသည် ထိုအဏုမြူဗုံးဒဏ်ကြောင့် အသက်ဆုံရှုံးခဲ့ရသည်ဟု နားလည်ရပါသည်။ ယခုလည်း စစ်ပွဲကို ဖန်တီးနိုင်သည့် လက်နက် များကို တိုးချဲ့ထုတ်လုပ်နေကြ၏။ အဏုမြူသည် ကမ္ဘာနှင့်အဝန်း ပျံ့နှံ့လာပြီး အင်အားကြီးနိုင်ငံများသည် အဏုမြူလက်နက်များကို တိုးချဲ့ထုတ်လုပ်နေကြပါ၏။ ဖရန်ကင်စတိန် ရုပ်ရှင်ကားကို ကြည့်သောအခါ ထိုဇာတ်ကားကို စစ် လက်နက် ထုတ်လုပ်ရေးကို ရှေးရှုသော သိပ္ပံပညာကို ဆန့်ကျင်ဦးတည်သည့် ရုပ်ရှင်ကား တစ်ကားဟု သဘောပေါက်လာရပါသည်။ ရုပ်ရှင်ကားပါ သိပ္ပံပညာ နည်းအရ အသက်သွင်းထားသော သတ္တဝါကြီး၏ အဖျက်လုပ်ငန်းကို ကြောက်ရွံ့ လာပါသည်။
ဤသို့ဖြင့် ဖရန်ကင်စတိန်ကို စစ်ဆန့်ကျင်ရေးရုပ်ရှင်ကား တစ်ကား အဖြစ် မြင်လာခဲ့ပါသည်။ သဘောလည်း ကျခဲ့ပါ၏။ သို့သော် ထိုအချိန်က ဖရန်ကင်စတိန် ရုပ်ရှင်ကား၏ မူလဝတ္ထု ရှိ၊ မရှိကို မသိခဲ့သေးပါ။ ထိုဝတ္ထု ရှိလျှင်လည်း မဖတ်တတ်သေးပါ။ ထိုဝတ္ထုကို မည်သူ ရေးမှန်းလည်း မသိခဲ့သေးပါ။
၂။
ထိုကာလ နောက်ပိုင်းမှာပင် ဖရန်ကင်စတိန် ဇာတ်လမ်းကို ကာတွန်း ရုပ်ရှင်ကား အဖြစ်လည်း အကြိမ်ကြိမ် အမျိုးမျိုး ကြည့်လာရသည်။ ထိုအခါ ဖရန်ကင်စတိန် ဆိုသည်မှာ မိမိကိုယ်တိုင်က မနှိမ်နင်းနိုင်၊ မိမိနှင့်တကွသော လူများကိုပင် ထို သတ္တဝါကြီးက ရန်ပြုတတ်ပါတကားဟု နားလည်လာရသည်။
ဖရန်ကင်စတိန်သည် မြန်မာတို့ အယူအဆတွင် သရဲမွေးသည် ဟူသော စကားနှင့် ကိုက်ညီလှသည် ဟု သဘောရလာပြန်၏။ သရဲမွေးသူသည် သရဲ၏ ပြန်လည်အန္တရာယ်ပြုခြင်းကို ခံရတတ်မြဲ ဟူသော စကားကိုလည်း သတိရလာ သည်။
ထို့ကြောင့် ထိုအချိန်က စာပေနယ်သို့ ခြေချစ ပြုလာပြီဖြစ်သော ကျွန်တော်သည် ဖရန်ကင်စတိန်ကို စွဲလမ်းလာခဲ့ပါ၏။
၃။
၁၉၆၀ ပြည့်လွန် ကာလများတွင် ကျွန်တော် အင်္ဂလိပ်စာကို စဖတ်လာပါသည်။ ထိုအတွင်း ဖရန်ကင်စတိန်ဇာတ်ကား နောက်ထပ်ရိုက် ရုပ်ရှင်ကားများကို ကြည့်လာရပါသည်။ ဖရန်ကင်စတိန်နှင့် ပတ်သက်၍ ခံစားချက်များ၊ အတွေးများသည် လည်း ပွားလာပါသည်။
ထိုအတွင်းမှာပင် ဖရန်ကင်စတိန် မူရင်းဝတ္ထုကို တွေ့လာရပါသည်။ ဖတ်ကြည့်ပါသည်။ မူလသဘောကျပြီး ဇာတ်ကို ပိုပြီး သဘောကျလာသည်။ မူရင်းစာရေးဆရာ၏ ဤဝတ္ထုနှင့် ပတ်သက်သော သဘောထားကိုလည်း နားလည် လာရပါသည်။
၁၉၆၅ တွင် ကျွန်တော်သည် ဘာသာပြန်လုပ်ငန်းကို အစပြုလာသောအခါ ကျွန်တော် ဘာသာပြန်ရန် ရည်ရွယ်ထားသည့် စာအုပ်များတွင် ဖရန်ကင်စတိန် ဝတ္ထုသည်လည်း တစ်အုပ်အပါအဝင် ဖြစ်လာခဲ့သည်။ သို့သော် ထိုဝတ္ထုကို ရုတ်တရက်ချက်ချင်း မပြန်ဖြစ်သေးဘဲ ထိုစဉ်က ရည်ရွယ်ချက်အတိုင်း ကမ္ဘာ့ ပြဇာတ်များနှင့် မြန်မာစာဖတ်ပရိသတ် တွေ့ထိပေးလိုသော ဆန္ဒနှင့်အညီ နိုင်ငံ ခြား ပြဇာတ်များကိုသာ ဘာသာပြန်ခဲ့ပါ၏။
ထို့နောက် ဝတ္ထုများကို ဘာသာပြန်လာသော အခါတွင်ကား ကျွန်တော် သည် ဖရန်ကင်စတိန် ဝတ္ထုကို ဘာသာပြန်ရန် ရည်ရွယ်ခဲ့ပါလေတော့သည်။ ထို့ကြောင့် ၁၉၇၀ နှစ်ဦးပိုင်းခန့်တွင် ကျွန်တော့်ညီ၏ လုပ်ငန်းဖြစ်သော ပုဂံ စာအုပ် တိုက်၏ ကြော်ငြာများတွင် ဖရန်ကင်စတိန် ဝတ္ထုသည်လည်း မထင်မရှား ပါလာခဲ့ ဖူးပါသည်။
သို့သော် ကျွန်တော့်ညီ၏ မိတ်ဆွေတစ်ဦး ဖြစ်သော စာရေးဆရာ တစ်ယောက်က သူ့တွင် ဖရန်ကင်စတိန် ဝတ္ထုမူရင်း ဘာသာပြန်ပြီးမူ ရှိသဖြင့် ကျွန်တော်၏ ဖရန်ကင်စတိန် ဝတ္ထု ဘာသာပြန်လုပ်ငန်း ကို ဖြစ်နိုင်ပါက ရပ်ဆိုင်း ပေးရန် ကျွန်တော့်ညီမှ တစ်ဆင့် အမှာစကား ပါးလာပါလေသည်။
ထိုအချိန်က ကျွန်တော်သည် ဖရန်ကင်စတိန် ဘာသာပြန်လုပ်ငန်းကို မစရသေးပါ။ ကျွန်တော့်ညီ၏ မိတ်ဆွေမှာကား ဘာသာပြန်ပြီးဟု ဆိုသည်။
ထို့ကြောင့် ကျွန်တော်ကပဲ နောက်ဆုတ်ပေးလိုက်ပါသည်။
သို့သော် နောက်များမကြာမီပင် ထိုစာရေးဆရာ ကွယ်လွန်သွားခဲ့ပါ၏။ ယခုအခါ ထိုစာရေးဆရာ ကွယ်လွန်ခဲ့သည်မှာပင် အနှစ်နှစ်ဆယ်ကာလသို့ ချဉ်းကပ် လာပါပြီ။
ထိုကာလအတွင်း ဖရန်ကင်စတိန် ရုပ်ရှင်ကားသည် ပုံစံအမျိုးမျိုးဖြင့် ရောက်လာပါ၏။ ထိုစာရေးဆရာ၏ ဘာသာပြန်ဝတ္ထုကား ထွက်မလာပါ။ သို့သော်လည်း အခြားစာရေးဆရာ နှစ်ဦး၏ ဘာသာပြန်မူများကား ထွက်လာပါ၏။ ထို ဘာသာပြန် ဝတ္ထုများသည် ရုပ်ရှင်ကားကိုပင် ဘာသာပြန်သော ဝတ္ထုများပေ လော ကျွန်တော် သတိမမူမိခဲ့ပါ။
ယခုအခါတွင်မူ ကျွန်တော်သည် မူလ ဖရန်ကင်စတိန် ဝတ္ထုကို ထပ်ပြီး ဖတ်ဖြစ်ပြန်ပါသည်။ ဝတ္ထုကို ပိုပြီးလည်း စိတ်ဝင်စားလာပါသည်။ ထို့ကြောင့် ဖရန်ကင်စတိန် ဝတ္ထုမူရင်းကို ဘာသာပြန်လိုသည့်ဆန္ဒ ပြင်းပြလာသည့်အလျောက် ဘာသာပြန်ဖြစ်ပါလေတော့သည်။
၄။
ဖရန်ကင်စတိန် ဝတ္ထုမူရင်းစာရေးဆရာမှာ အင်္ဂလိပ်စာရေးဆရာမ မေရီဝိုစတုန်း ကရတ် ဂိုဒွင်ရှယ်လီ Mary Wollstonecraft (Godwin) Shelly ဖြစ်သည်။ သူ့ကို အင်္ဂလိပ်စာပေ စွယ်စုံကျမ်းများက ဝတ္ထုရေးဆရာမနှင့် စာမျိုးစုံ ရေးသားသူအဖြစ် ဖော်ပြကြသည်။ သူသည် နာမည်ကျော် အင်္ဂလိပ်ကဗျာဆရာ ပါစီဗစ်ရှီ ရှယ်လီ (၁၇၉၂-၁၈၂၂) (Percy Bysshe Shelly) ၏ ဒုတိယဇနီးလည်း ဖြစ်သည်။
သူ့ကို လန်ဒန်မြို့တွင် ၁၇၉၇ ၌ မွေးသည်။ သူ့ဖခင်သည် ဝီလျံဂိုဒွင် (William Godwin) (၁၇၅၆-၁၈၃၆) ဖြစ်ပြီး မိခင်မှာ မေရီဝိုစတုန်းကရတ် ဂိုဒွင် (Mary Wollstonecraft Godwin) (၁၇၅၉-၉၇) ဖြစ်၏။ ဖခင်သည် ဒဿနပညာ ရှင်နှင့် ဝတ္ထုရေးဆရာ ဖြစ်သည်။ မိခင်သည် ပညာရေးသမားတစ်ယောက် ဖြစ် သည့်အပြင် စာမျိုးစုံကိုလည်း ရေးခဲ့သည်။
မေရီကို မွေးဖွားပြီးစက မိခင် ကွယ်လွန်ခဲ့သဖြင့် ဖခင်ဖြစ်သူကပင် တစ်ဦးတည်း သမီးကို ပြုစုစောင့်ရှောက်လာခဲ့ရသည်။ ဖခင် နောက်အိမ်ထောင် ပြုလိုက်သော အချိန်လောက်မှာပင် မေရီသည် ကဗျာဆရာ ရှယ်လီနှင့် ကျွမ်းဝင် လာခဲ့သည်။ ရှယ်လီနှင့်အတူ ဥရောပတိုက်ဘက်သို့ ရောက်ခဲ့၏။ ရှယ်လီ၏ ပထမဇနီး ကွယ်လွန်ကြောင်း ကြားရပြီးနောက် မကြာမီပင် မေရီသည် ရှယ်လီ နှင့် လက်ထပ်ခဲ့လေသည်။ ထိုအချိန်မှစ၍ မေရီသည် စာပေလုပ်ငန်းကို အားစိုက် လေ့လာခဲ့သည်။
၁၈၁၆ တွင် ရှယ်လီတို့ ဇနီးမောင်နှံသည် ကဗျာဆရာ လော့ဒ်ဗိုင်ရွန် (Lord George Gordon Byron) (၁၇၈၈-၁၈၂၄) နှင့်အတူ ဆွစ်ဇာလန်၌ နေထိုင်စဉ် လော့ဒ်ဗိုင်ရွန်၏ တိုက်တွန်းချက်အရ ဝတ္ထုရေးခဲ့ရာ ဖရန်ကင်စတိန် (Fran-kenstein) ဝတ္ထုကို စတင်ရေးဖြစ်သည်။
၁၈၂၂ ရှယ်လီ ကွယ်လွန်ပြီးနောက်တွင် မေရီသည် အီတလီ၌ ဆက်လက် နေထိုင်လာခဲ့သည်။ ၁၈၂၃ တွင် မေရီသည် အင်္ဂလန်သို့ ပြန်လာခဲ့၏။
မေရီသည် ဖရန်ကင်စတိန် ဝတ္ထုအပြင် နောက်ဆုံးလူ (The Last Man-1826) သုံးတွဲ၊ လိုဒိုး (Lodore - 1835)၊ ဖတ်ကနာ (Falkner) တို့ကိုလည်း ရေးခဲ့ သည်။ စာနယ်ဇင်းများတွင်လည်း ဆောင်းပါးအများ ရေးခဲ့သည်။ ရှယ်လီ ကွယ်လွန် ပြီး နောက်တွင် ရှယ်လီ၏ ကဗျာအချို့ကို စုစည်းပုံနှိပ် ထုတ်ဝေခဲ့သည်။
မေရီသည် ၁၈၅၁ တွင် ကွယ်လွန်ခဲ့ရှာလေသည်။
၅။
ဖရန်ကင်စတိန် ဝတ္ထုသည် မေရီရှယ်လီ ရေးသမျှသော ဝတ္ထုများတွင် အထင်ရှား ဆုံး ဖြစ်သည်။ ၁၈၁၆ တွင် စတင် ရေးသားခဲ့သော ထိုဝတ္ထုကို ၁၈၁၈ တွင် ပထမ အကြိမ် ပုံနှိပ်ထုတ်ဝေခဲ့၏။ ဝတ္ထု ထုတ်ဝေသော ၁၉ ရာစု အတွင်းတွင် ၁၈၁၈ ပုံနှိပ်မူ အပါအဝင် သုံးကြိမ်တိတိ ပုံနှိပ်ထုတ်ဝေခဲ့ရ၏။ နောက်ပိုင်းတွင် ရုပ်ရှင်ကား အဖြစ် ရိုက်ကူးခဲ့သည်။ ရုပ်ရှင်ပရိသတ်က အထူးနှစ်သက်သော ဇာတ်လမ်း ဖြစ် သောကြောင့် ရုပ်ရှင်ကားအဖြစ်လည်း အကြိမ်ကြိမ် ရိုက်ကူးခဲ့ရ၏။
ဝတ္ထုမှာ အဓိကအားဖြင့် ထိုခေတ် ထိုအခါက သိပ္ပံပညာ ထွန်းကားစ ပြုလာပြီ ဖြစ်သည့်အလျောက် သိပ္ပံပညာဆိုင်ရာ နောက်ဆုံးတွေ့ရှိချက်ကို အခြေခံ ၍ ရေးဖွဲ့ထားသော ဝတ္ထု ဖြစ်သည်။ ထိုအချိန်လောက်က အီတလီသမားတော် လွဲဂျီဂါလဗာနီ (Luigi Galvani) (၁၇၃၇-၉၈) သည် ဖားတစ်ကောင်၏ ခြေထောက် ကြွက်သားကို ဖြတ်ထုတ်၍ မျိုးမတူ သတ္တုနှစ်ခုပေါ်တွင် တင်ကြည့်ခြင်းဖြင့် လျှပ်စီး ဖြစ်ပေါ်သည်ကို တွေ့ရသောကြောင့် လျှပ်စီး၏ အရင်းခံသည် သတ္တဝါတို့၏ ကြွက်သား ဖြစ်သည် ဟူသော အယူအဆ တစ်ရပ် ပေါ်ခဲ့ပါသည်။ အလက်ဆန်ဒရို ကွန်တီဗိုလတာ (Alessandro Conte Volta) (၁၇၄၅-၁၈၂၇) ကမူ လျှပ်စီး ဖြစ် ပေါ်ခြင်းသည် ကြွက်သားက အရင်းခံ မဟုတ်ဘဲ သတ္တုနှစ်မျိုးကသာ အရင်းခံဖြစ် ကြောင်း ရှင်းပြခဲ့ပါသေး၏။ မေရီသည် ဖရန်ကင်စတိန် ဝတ္ထုကို ဖန်တီးရာတွင် သက်မဲ့ သတ္တဝါကြီးကို ဖန်တီးရာ၌ လျှပ်စီးမီးပွင့်ကို အခြေခံ၍ ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ ဝတ္ထု၏ အဓိကအကြောင်းရပ်မှာလည်း သတ္တဝါကြီးတစ်ကောင်ကို ဖန်တီးခြင်းမှ အစပြုသော ဇာတ်လမ်းဖြစ်သဖြင့် ထိုဝတ္ထုကို သိပ္ပံဝတ္ထု တစ်ပုဒ် အဖြစ်လည်း သတ်မှတ်ကြပါသည်။
မေရီရှယ်လီ ကိုယ်တိုင်က ဤဝတ္ထု ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ဖော်ပြရာတွင်လည်း ရှေးဦးစွာ သူ့အကြောင်းကို အမြွက်မျှ ဖော်ပြပြီး ဤသို့ ရေးခဲ့ ဖူးပါ၏။
'ကျွန်မသည် အဓိကအားဖြင့် စကော့တလန်၌ ကျေးတောသူမလေး အဖြစ် ကာလအတန်အတင့် နေထိုင်ခဲ့ပါသည်။ ရံခါတွင်မူ ကျွန်မသည် သာယာ လှပသော ရှုခင်းများ ရှိရာ နေရာများသို့ ရောက်ခဲ့ပါ၏။ သို့သော်လည်း ကျွန်မ အနေ များသော ဒေသမှာ ခြောက်သွေ့ပြီး လွင်တီးခေါင်လို ဖြစ်နေတတ်သည့် နေရာမျိုး ဖြစ်ပါ၏။ ကျွန်မတို့အိမ်သည် သစ်ပင်တွေ အောက်တွင် ရှိပါသည်။ ထိုနေရာသည် ကျွန်မစိတ်ကူး ကစားချင်တိုင်း ကစား၍ ကောင်းသော နေရာမျိုး ဖြစ်ပါသည်။ ကျွန်မသည် ဝတ္ထုအတွက် ဇာတ်ဆောင် ရွေးချယ်ရာတွင် ကျွန်မကိုယ်ကျွန်မ မရွေးချယ်ခဲ့ပါ။ ကျွန်မ ကျင်လည်ခဲ့သော ပတ်ဝန်းကျင်အရလည်း ကျွန်မအဖို့ နောက်ခံသည် အများနှင့်ဆက်စပ်သော ပတ်ဝန်းကျင်မျိုးသာ ဖြစ်ရပါမည်။ ပူပန် သောကတွေကို ဇာတ်လမ်းဖွဲ့၊ ထူးဆန်းသော အဖြစ်တွေကို ဇာတ်အိမ်ဆင်ပြီး ရေးဖို့ကလည်း မဖြစ်နိုင်ပါ။ လူတွေကသာ ကျွန်မ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါ ၏။ ထိုသို့သော ကာလ နောက်ပိုင်းတွင် ကျွန်မသည် အလုပ်များလာပါ၏။ ထိုအချိန် ရောက်မှပဲ ကျွန်မသည် ဝတ္ထုကို အမှန်တကယ် ဖန်တီးဖြစ်မည့် အခြေအနေသို့ ဆိုက်ရောက်လာပါသည်'
ထို့နောက် ဝတ္ထုရေးဖို့အကြောင်း ဖန်လာပုံနှင့် ဝတ္ထုရေးဖို့ ဆုံးဖြတ်ပုံကို လည်း ဤသို့ ဆက်လက်ဖော်ပြပါသည်။
‘ကျွန်မသည် ခရီးသွားလိုက်၊ အိမ်ထောင် ထိန်းသိမ်းလိုက်ဖြင့် အလုပ် တွေ များလာပါသည်။ သည်ကြားကပင် စာပေကိုလည်း လေ့လာပါ၏။ စာတွေ ဖတ်လာခဲ့ပါသည်။ မိတ်ဆွေ အပေါင်းအသင်းများကို အကြောင်းပြု၍ အတွေး အခေါ်တို့သည်လည်း မြင့်တက်လာခဲ့ပါသည်။ ၁၈၁၆ နွေရာသီတွင် ကျွန်မတို့သည် ဆွစ်ဇာလန်သို့ ရောက်လာပြီး လော့ဒ်ဗိုင်ရွန်၏ အိမ်နားတွင် နေထိုင်ကြပါသည်။ ပထမပိုင်းတွင် ကျွန်မတို့သည် ရေကန် ကမ်းဘေးမှာ လှည့်ပတ်သွားလာရင်း အချိန်တို့ကို ကုန်ဆုံးစေခဲ့ပါသည်။ သို့သော် ထိုနှစ် နွေရာသီကား အခြေအနေ မကောင်းလှပါ။ စိုစွတ်ထိုင်းမှိုင်းပြီး အပေါင်းအသင်းတွေနှင့်အတူ အချိန်ဖြုန်းဖို့ မကောင်းလှပါ။ မိုး အဆက်မပြတ် ရွာနေသဖြင့် ကျွန်မတို့ အိမ်ထဲမှာသာ နေကြ ရပါ၏။ ဂျာမန်နှင့် ပြင်သစ်ဘာသာတို့မှ ဘာသာပြန်ထားသော သရဲတစ္ဆေ ဝတ္ထု တွေနှင့်သာ နေနေရပါလေ၏။ မတည်တံ့သော ချစ်သူ၏ သမိုင်း (History of the Inconstant Lover) ဝတ္ထုတွင် ဇာတ်ဆောင် အမျိုးသားက သူ လက်ထပ်မည်ဟု ကတိပေးပြီးသား သတို့သမီးကလေးကို ပွေ့ဖက်လိုက်မည် စိတ်ကူးဖြင့် ပွေ့ဖက် လိုက်ရာ ထိုမိန်းကလေးမှာ သူ စွန့်ပစ်ခဲ့သည့် မိန်းကလေး ဖြစ်သည့်အလျောက် သူ့လက်တွင်း၌ ဖြူရော်ရော် တစ္ဆေတစ်ကောင် ဖြစ်လာပုံကို ဖတ်ရပါသည်။ ဝတ္ထု တစ်ခုတွင်လည်း အချစ်အပေါ် မကောင်းကြံခဲ့သဖြင့် နောက်ထပ် မွေးလာသော သားများပါ ဒုက္ခခံရပုံအကြောင်း ပါပါသည်။ သူ့ ရုပ်သွင်သဏ္ဌာန်ကို ဖော်ပြရာတွင် လည်း ခန္ဓာကိုယ်သည် ဧရာမကိုယ်ထည်ကြီး ဖြစ်နေပြီး ရှိတ်စပီးယား၏ ဟင်းမလက် (Hamlet) ကဲ့သို့ပင် သံချပ်ကာ ဝတ်စုံကို ဝတ်လျက် တစ္ဆေအသွင်ဖြင့် လရောင်အောက် မှုန်ဝါးဝါး လမ်းအတိုင်း လာပုံကို ဖတ်ရပါ၏။ ထိုပုံသဏ္ဌာန်သည် ရဲတိုက်နံရံများ အရိပ်အောက်တွင် ပျောက်သွားပြီး ရဲတိုက်တံခါးသည် ဝုန်းခနဲ ပွင့်လာ၍ ခြေသံတစ်ခု ကြားလိုက်ရပါသည်။ အတွင်းခန်းမတံခါး ပွင့်လာပြီး နောက် သူသည် ထိုအခန်းထဲသို့ ဝင်လာခဲ့ရာ ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်း အိပ်ပျော်နေသော လူငယ်ကလေးများကို တွေ့ရသောကြောင့် လူငယ်ကလေး အပေါ် ခေါင်းငုံ့ နမ်းရှုပ်လိုက်လေလျှင် လူငယ်အားလုံးသည် အပင်က ကြွေလာ သော ပန်းကလေးများနှယ် နွမ်းကြွေသွားကုန်ကြပါလေ၏။ ကျွန်မသည် ထိုဝတ္ထု စာအုပ်များကို နောက်ထပ် မတွေ့ရတော့ပါ။ သို့သော်လည်း ဝတ္ထုပါ ဖြစ်ရပ်များက ကျွန်မစိတ်တွင် မနေ့ကမှ ဖတ်ခဲ့ရသော ဝတ္ထုများကဲ့သို့ပင် စွဲထင်နေကြပါကုန်၏။
တစ်ကြိမ်တွင် လော့ဒ်ဗိုင်ရွန်က တို့များ သရဲတစ္ဆေ ဝတ္ထု တစ်ပုဒ်စီ ရေး ကြရအောင်လားဟု အဆိုပြုလိုက်ရာ အားလုံးက သဘောတူ လက်ခံလိုက်ကြ ပါသည်။ ထိုအချိန်က ကျွန်မတို့ စကားဝိုင်းတွင် လေးယောက် ရှိပါသည်။ သူက သူ့ကဗျာတစ်ပုဒ် အဆုံး၌ ထည့်သွင်းမည့် ဝတ္ထုကို စနေပါပြီ။ ရှယ်လီမှာလည်း သူ့ဘဝ အစပိုင်းက အဖြစ်အပျက်ကို အစပြုမည့် ဇာတ်လမ်းအတွက် စိတ်ကူးရော၊ ဇာတ်လမ်းပါ အသင့် ရှိပြီးပါပြီ။ အခြား မိတ်ဆွေတစ်ဦး ဖြစ်သော ပိုလီဒိုး မှာလည်း ဦးခေါင်းပိုင်း အရိုးခွံနှင့် မိန်းကလေးတစ်ယောက် ဇာတ်လမ်း ရှိပါသည်။ ထိုမိန်းမမှာ သော့ပေါက်က ချောင်းကြည့်လေ့ ရှိသဖြင့် ပြစ်ဒဏ်ခံနေရသူ ဖြစ်၏။ ထို့ထက်ပို၍ ကျွန်မ ဘာမျှ မမှတ်မိတော့ပါ။
ကျွန်မသည် ကျွန်မဝတ္ထုအတွက် အလုပ်များရပါတော့သည်။ ထိတ်လန့် တုန်လှုပ်ဖွယ် ဝတ္ထုတစ်ခုအတွက် စဉ်းစားရပါ၏။ သို့သော် အလွယ်နှင့် မရပါ။ အရာတိုင်းတွင် အစရှိစမြဲ ဆိုကြပါ၏။ ထိုအစသည်ပင် အဆက်အစပ်တို့ဖြင့် အလယ်၊ အဆုံးတို့နှင့် ဆက်စပ်မြဲ ဖြစ်၏။
ရှယ်လီနှင့် ဗိုင်ရွန်တို့သည် အကြိမ်ကြိမ်ပင် စကားစပ်မိကြပါသည်။ သူတို့ပြောစကားတွေကို ကျွန်မ ငြိမ်ပြီး စိတ်ဝင်စားခဲ့ပါ၏။ သူတို့ စကားတွေထဲမှာ ဒဿနဗေဒ အကြောင်းလည်း ပါသည်။ ဘဝ၏ သဘာဝ အဓိကအချက်အလက် များလည်း ပါ၏။ ဒါဝင်၏ စမ်းသပ်မှုများ အကြောင်းကိုလည်း သူတို့ ပြောကြ၏။
ဤသို့ဖြင့် ညသည် ကုန်ဆုံးလာ၏။ ကျွန်မသည် ခေါင်းအုံးပေါ်တွင် ခေါင်းတင်ခဲ့သည်အထိ အိပ်မပျော်ပါ။ တွေးနေသည်ဟုပဲ ဆိုရပါမည်။'
နောက်ဆုံးတွင် မေရီရှယ်လီအတွက် ဝတ္ထုဇာတ်လမ်းသည် အကောင် အထည် ပေါ်လာခဲ့ပါသည်။
ဥရောပသမိုင်းတွင် အလယ်ခေတ်လောက်က ဗိသုကာ လက်ရာ၌ ခုံးနှင့် လူကူးလမ်းတို့သည် ချွန်လျက် မျှော်စင်တို့သည် သေးသွယ်နေတတ်၏။ ၁၈ ရာစု ပိုင်းတွင် ထိုဗိသုကာလက်ရာကို ပြန်လည် အသုံးပြုလာသောအခါ ဂိုးသစ် (Gothic) လက်ရာဟု ခေါ်ကြပါသည်။
ယခုလည်း ၁၈ ရာစုအတွင်းတွင် ဆင်ခြင်မှုအပိုင်း အားနည်းလာသော အခါ လူတို့သည် သာမန်လူ့ဘဝကိုထက် နာနာဘာဝတို့အကြောင်းကို စိတ်ဝင်စားလာကြသည်။ ထိုသို့ နာနာဘာဝတို့ အကြောင်း ဖွဲ့သော သရဲတစ္ဆေများ အကြောင်း ဝတ္ထုတို့ကိုလည်း ဂိုးသစ်ဝတ္ထုဟု ခေါ်လာကြပါသည်။ ဂိုးသစ်ဝတ္ထု များတွင် ပါဝင်သော မြန်မာစာဖတ်ပရိသတ်နှင့် နီးစပ်ပြီး ဝတ္ထုတစ်ပုဒ်မှာ ကိုကို၏ ခရုအိမ် (၁၉၆၄) [ထိုဝတ္ထုသည် အင်္ဂလိပ်စာရေးဆရာ ဝီလကီကောလင်း (Wilkie Collins) (၁၈၂၄-၈၉) The Woman in White ကို မှီးရေးသော ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုကိုပင် ရွှေဥဒေါင်းက 'ခင်စက်မေ' ဟူ၍ လည်းကောင်း၊ ဓူဝံက ‘ခင်နှင်းဖြူ’ ဟူ၍ လည်းကောင်း မှီး၍ ရေးဖူးကြသည်] ဝတ္ထု ဖြစ်သည်။ ဖရန်ကင်စတိန် ဝတ္ထုကို လည်း ဂိုးသစ်ဝတ္ထုအဖြစ် သတ်မှတ်ကြ၏။ ထို့ကြောင့် ဖရန်ကင်စတိန်သည် ဂိုးသစ်ဝတ္ထုအဖွဲ့ ပုံစံမျိုး ဖြစ်၏။
ဥရောပစာပေကို စာပေပုံစံ အရေးအဖွဲ့အရ ကာလပိုင်းခြား သတ်မှတ် ရာတွင် ဖရန်ကင်စတိန် ဝတ္ထု၊ ပေါ်ပေါက်သော ကာလကို ရိုမန်းတစ်ခေတ်ပေါ် (Romantic Period) ဝတ္ထု ဖြစ်သဖြင့် ရိုမန့်စ် (romance) အဖွဲ့ပုံစံမျိုးဟုလည်း သတ်မှတ်ကြပါသည်။ ရိုမန့်အဖွဲ့ပုံစံသည် သူ့ရှေ့က ပေါ်ပေါက်ခဲ့သော ဂန္ထဝင် ခေတ် (Neoclassic Period) နောက်တွင် ပေါ်ပေါက်လာသော စာပေအဖွဲ့ပုံစံ ဖြစ် သည်။ ရိုမန့်ဝတ္ထုနှင့် ဂန္ထဝင်ဝတ္ထုတို့ ခြားနားချက်မှာ ရိုမန့်သည် ဂန္ထဝင်ထက် အဖွဲ့ပုံစံ ပိုမိုလွတ်လပ်သည်။ အကြောင်းအရာအားဖြင့် စိတ်ကူးစိတ်သန်း ချဲ့ထွင် နိုင်သလောက် ရေးနိုင်သော ဝတ္ထုပုံစံမျိုး ဖြစ်၏။
ထို့ကြောင့် ဖရန်ကင်စတိန်သည် သိပ္ပံဝတ္ထုလည်း ဖြစ်၏။ ရိုမန့် အရေး အသား ပုံစံမျိုး ဝတ္ထုလည်း ဖြစ်လေသည်။
၆။
ဖရန်ကင်စတိန် ဝတ္ထု၏ မူလအမည် အပြည့်အစုံမှာ ဖရန်ကင်စတိန် (သို့မဟုတ်) ခေတ်သစ်ပရိုမီးသီးယတ်စ် (Frankenstein or the Modern Prometheus) ဟူ၍ ဖြစ်ပါသည်။ ပရိုမီးသီးယတ်စ် ဆိုသူမှာ ရှေးခေတ် ခေါမတို့၏ နတ်ဘုရားဖြစ်သည်။ နတ်ဘုရားဘုရင်မှာ ဇု ဖြစ်၏။ ပရိုမီးသီးယတ်စ်သည် လူတို့ကို ချစ်မြတ်နိုးသော ကြောင့် လူတို့အတွက် မီးကို ပေး၏။ ထိုသို့ လူတို့အား မီးပေးသည့်အတွက် နတ် ဘုရားဘုရင် ဇုက မနှစ်သက်။ ပရိုမီးသီးယတ်စ်အား တားမြစ်၏။ ပရိုမီးသီးယတ်စ် ကို ပင်လယ်ဘေး ကျောက်ဆောင်၌ နှောင်တည်းထား၏။ နေ့အခါတွင် ပရိုမီး သီးယတ်စ်၏ နှလုံးသားကို လင်းယုန်ငှက်တို့က ဖောက်ယူစားကြသည်။ သို့သော် ည၌ ပရိုမီးသီးယတ်စ်၏ နှလုံးသားသည် ပြန်လည် ဖြစ်ထွန်း၏။ ပရိုမီးသီးယတ်စ် သည် ဒုက္ခအဖုံဖုံကို ခံစားရ၏။ သို့သော်လည်း ပရိုမီးသီးယတ်စ်သည် ဂျူပီတာ နတ်မင်း၏ အကူအညီအရ လွတ်မြောက်ခဲ့လေသည်။
ထို ပရိုမီးသီးယတ်စ်သည် ခေါမတို့၏ ရှေးဟောင်းပုံပြင်မှ ထင်ရှားသော ဇာတ်ဆောင်တစ်ဦး ဖြစ်သည်။ ထို ပရိုမီးသီးယတ်စ်ကိုပင် အခြေခံ ဇာတ်ဆောင်ပြု၍ ကဗျာဆရာ ရှယ်လီက ပရိုမီးသီးယတ်စ်အား လူတန်းစားတိုက်ပွဲတစ်ခု၏ ခေါင်းဆောင်အဖြစ် ထားကာ ပရိုမီးသီးယတ်စ် လွတ်မြောက်ခြင်း (၁၈၂၀) (Prometheus) ဟူသော ကဗျာပြဇာတ် တစ်ပုဒ်ကို ရေးခဲ့ဖူးပါသည်။ ဤသို့လျှင် ခင်ပွန်းဖြစ်သူက ဂရိရှေးဟောင်းပုံပြင်လာ ဇာတ်ဆောင်ကို ခေတ်သစ်သူရဲကောင်းကြီးအဖြစ် ကဗျာ ပြဇာတ် ဖွဲ့သကဲ့သို့ပင် ဇနီးသည် မေရီရှယ်လီကလည်း သူ၏ ဖရန်ကင်စတိန် ဝတ္ထု ကို ခေတ်သစ် ပရိုမီးသီးယတ်စ်အဖြစ် ဖော်ပြလိုဟန် ရှိပါသည်။
ဖရန်ကင်စတိန် ဆိုသည်မှာ ဝတ္ထုပါ အဓိကဇာတ်ဆောင် သိပ္ပံပညာရှင် လူငယ်၏ အမည် ဖြစ်သည်။ ထိုလူငယ်သည် အမည်မရှိ သက်ရှိ သတ္တဝါကြီး တစ်ကောင်ကို ဖန်တီးလိုက်ခြင်းဖြင့် ထိုသတ္တဝါကြီး၏ အဖျက်လုပ်ငန်းများကြောင့် ညီ၊ အိမ်ဖော်မိန်းကလေး၊ ချစ်သူနှင့် သူငယ်ချင်းတို့ အသက်ဆုံးရှုံးကြရသည့် အပြင် မိမိကိုယ်တိုင်လည်း ဒုက္ခမျိုးစုံကို ရင်ဆိုင်ရပါလေတော့သည်။ နောက်ဆုံး၌ ထိုဇာတ်ဆောင်သည် မိမိ ဖန်တီးခဲ့မိသော သတ္တဝါကြီးကို ချေမှုန်းရန် လိုက်လံ ရှာဖွေရင်း အသက်ဆုံးခဲ့ရပါလေ၏။ ဤသည်ကို အကြောင်းပြု၍ အဓိက ဇာတ်ဆောင်၏ အမည်ကိုပင် ဝတ္ထုအမည် ပေးခဲ့ခြင်း ဖြစ်၏။
အမည်ကွဲ ခေတ်သစ်ပရိုမီးသီးယတ်စ်ဟု အမည်ပေး သုံးစွဲခြင်းမှာ အမည်မဲ့ သတ္တဝါကြီးအတွက် စာရေးဆရာက တင်စားအမည်ပေးထားခြင်း ဖြစ်ပါသည်။ ဝတ္ထုပါ သတ္တဝါကြီးကို အများအားဖြင့် ဇာတ်ဆောင်သဘောအရ စာဖတ်သူများက လူဆိုးအဖြစ် မှတ်ယူခဲ့ကြပါသည်။ စာရေးဆရာကိုယ်တိုင် ကလည်း ထို သတ္တဝါကြီးအတွက် မိစ္ဆာကောင်၊ အယုတ်တမာကောင် စသည်ဖြင့် နာမ်စား သုံးနှုန်း ထားသည်ကို တွေ့ကြရပါမည်။ ထို့ကြောင့်လည်း ထိုဇာတ်ဆောင်ကို ‘အဆိုး’၊ “အယုတ်’ စရိုက်ကို ဆောင်သော ဇာတ်ဆောင်ဟုပင် စွဲမြဲထားကြမည် ဖြစ်ပါ သည်။
သို့သော်လည်း စာရေးဆရာက ထိုဇာတ်ဆောင်ကို ဖွဲ့ရာတွင် မေတ္တာ တရား၊ စေတနာတရား၊ ကရုဏာတရားတို့ကို ရှာဖွေနေသော စရိုက်ကောင်း ဇာတ်ဆောင်အဖြစ် ဖွဲ့ထားသည်ကို တွေ့ရပါသည်။ အထူးသဖြင့် မျက်မမြင် အဘိုးကြီး မိသားစုနှင့် တွေ့ရသော အခန်းနှင့် ဝတ္ထုနောက်ဆုံးပိုင်း ဇာတ်ဆောင် ၏ စကားတို့ကို ချင့်၍ သိနိုင်ပါလေသည်။ ထို့ကြောင့်ပင် စာရေးဆရာသည် သူဖန်တီးသော ‘အဆိုး’ ဇာတ်ဆောင်ကို စာဖတ်သူတို့ ‘အကောင်း” မြင်စေလိုသဖြင့် ရှေးပုံပြင်လာ ပရိုမီးသီးယတ်စ်နှင့် ခိုင်းနှိုင်း တင်စား၍ ခေတ်သစ်ပရိုမီးသီးယတ်စ် ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
မည်သို့ဖြစ်စေ ဖရန်ကင်စတိန်ကို ဝတ္ထုအဖြစ် ဖတ်ကြရသူ၊ ရုပ်ရှင် အဖြစ် ကြည့်ကြရသူ အများစုကမူ ဖရန်ကင်စတိန်သည် ကိုယ်တိုင် သိစိတ်၊ ဆင်ခြင်စိတ် မရှိဘဲ အဖျက်သမားတစ်ကောင်ကို ဖန်တီးလိုက်ခြင်း၊ အဖျက်သမား၏ အတောမသတ်နိုင်သော အဖျက်လုပ်ငန်းသည် ဖန်တီးသူ၏ ပတ်ဝန်းကျင်ပါ ဒုက္ခရောက်ရကြောင်း၊ ဖန်တီးသူကိုယ်တိုင်လည်း ဒုက္ခရောက်ရကြောင်း နားလည် လက်ခံထားကြ ပါလေသည်။
ဤနည်းဖြင့် ဖရန်ကင်စတိန်သည် သိပ္ပံပညာ၏ အဖျက်လုပ်ငန်း၊ အထူးသဖြင့် စစ်လက်နက် ဖန်တီးမှု လုပ်ငန်း၏ အန္တရာယ် ကြီးလှကြောင်း၊ ထိုမှတစ်ဆင့် တက်၍ ဖရန်ကင်စတိန်ကို အခြေခံပြီး လူ၏ ရည်မှန်းချက် ကြီးမား မှုသည် မည်သည့်လောက၌မဆို အထိန်းအချုပ်၊ အဆင်အခြင် မဲ့လာပါက အန္တရာယ် ကြီးမားတတ်ပါတကား ဟုလည်း ဆင်ခြင်လာကြရပါသည်။ ထိုအဆင့်မှတစ်ဆင့် လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအာဏာ ဟူသည်မှာလည်း ဖရန်ကင်စတိန် ကဲ့သို့ပင် မိမိ ဖန်တီးလိုက်သော တန်ခိုးအာဏာကပင် မိမိကိုယ်ကို ပြန်လည် ဖျက်ဆီး တတ်သော သဘောမျိုး ရှိပါတကားဟု ဆင်ခြင်သူတို့လည်း ရှိပါသည်။
တစ်ချိန်တည်းမှာပင် အပြစ်မဲ့သော ဂျက်စတင်း အမည်ရှိ မိန်းကလေး သေဒဏ်အပေးခံရသည့် အဖြစ်ကို ပြ၍ ထိုခေတ် လူယဉ်ကျေး ဆိုသူတို့၏ အားနည်း ပျော့ညံ့သော တရားဥပဒေသဘောကိုလည်း ထောက်ပြပါ၏။ ရေနစ် သော ကလေးကို ကယ်ဆယ်ခဲ့သည့် သတ္တဝါကြီးအား လူအများက ရိုက်နှက် ပြစ်ဒဏ်ပေးလိုက်သော အဖြစ်ကို ပြ၍လည်း လူတို့၏ အားနည်းပျော့ညံ့သည့် စိတ်နေသဘောထားကိုလည်း ထောက်ပြထားပါလေသည်။
၇။
ဘာသာပြန်သူသည် မူရင်းစာရေးဆရာ၏ အားထုတ်မှု စေတနာကို လေးစား မြတ်နိုးသည့်အလျောက် ယခုဝတ္ထုကို အတတ်နိုင်ဆုံး ကြိုးစားအားထုတ် ဘာသာ ပြန်ပါ၏။ သို့သော်လည်း ကြိုးစားအားထုတ်မှုတို့ မည်သည် မည်သည့်အခါမျှ ပြီးပြည့်စုံခြင်း မရှိတတ်သည့် သဘောအရ ဘာသာပြန်သူ၏ ကြိုးစားအားထုတ် မှု၌လည်း အပြစ်ဆိုဖွယ် ကင်းလိမ့်မည်ဟု အာမဝန်တာ မခံရဲပါ။ သို့ဖြစ်သည့် အားလျော်စွာ ပြီးပြည့်စုံခြင်း မရှိသော ဘာသာပြန်သူ၏ အားထုတ်ကြိုးစားမှုနှင့် ပတ်သက်၍ ဝေဖန် ထောက်ပြလာပါက ဝမ်းပန်းတသာ ကြိုဆိုပါကြောင်း အသိပေး အပ်ပါသတည်း။
ကျော်လှိုင်ဦး
၂၀-၁၁-၈၈
စကားချီး
ဤဝတ္ထုပါ အဖြစ်အပျက်သည် ဒေါက်တာဒါဝင်နှင့် အခြားသော ဂျာမန်လူမျိုး ဇီဝကမ္မဗေဒ ပညာရှင်တို့၏ အယူအဆအပေါ်တွင် အခြေတည်သည်ဟု ဆိုနိုင် ပါသည်။ ထိုဖြစ်ရပ်သည် မဖြစ်နိုင်သော ဖြစ်ရပ်မျိုးဟု မယူဆနိုင်ပါ။ ကျွန်မ ကိုယ်တိုင်ပင်လျှင် ဤဝတ္ထုအတွက် စိတ်ကူး၌ အလေးအနက် သက်ဝင်ယုံကြည် လာသဖြင့် ဤဝတ္ထုကို စိတ်ကူးသက်သက်မျှဟုလည်း မဆိုနိုင်ပါ။ စိတ်ကူး အဆန်းတကြယ် ဝတ္ထုမျိုး သက်ရောက်သော်လည်း ကျွန်မကိုယ်တိုင်ကမူ သဘာဝ လွန် ချောက်ချားဖွယ်ဖြစ်ရပ်များကို ရက်ရှယ်ထားခြင်း ဟုလည်း သဘောမထား ပါ။ ဝတ္ထုပါ ဖြစ်ရပ်သည် သရဲတစ္ဆေအဖြစ်မျိုးသာ ဟူသော အကျိုးမဲ့ အမြင်မျိုး ဖြင့်လည်း မမြင်အပ်ပါ။ ရုပ်ဝတ္ထုအားဖြင့် အမှန်တကယ် မဖြစ်နိုင်ငြား တကယ့် ဖြစ်ရပ်တွင် ကြုံတွေ့ရမြဲဖြစ်ရပ်မျိုးထက် သူ၏တပ်ငြိစိတ်ကို သရုပ်ဖော်ထားသည့် ဝတ္ထုတစ်ပုဒ်အဖြစ် သဘောထားမိပါသည်။
ကျွန်မသည် လူ့ဘဝကို ဖော်ကျူးရာတွင် သံသယ မရှိသည် ဖြစ်သော ကြောင့် လူ့သဘာဝ၏ အခြေခံတရားများကို ဖော်ထုတ်ရန် ကြိုးစား အားထုတ် ခြင်း ဖြစ်ပါသည်။ ဂရိတို့၏ ‘အိလိယက်’ အမည်ရှိ အလွမ်းကဗျာသည် လည်းကောင်း၊ ရှိတ်စပီးယား၏ ‘နွေလယ်ညအိပ်မက် နှင့် မိုးသက်မုန်တိုင်း' တို့သည် လည်းကောင်း၊ အထူးသဖြင့် မီလတန်၏ ‘သုခဘုံ ပျောက်ဆုံးခြင်း” တို့သည် လည်းကောင်း ဤသို့ သော လူ့ဘဝ အစဉ်အလာကို ဖော်ကျူးခဲ့ကြခြင်း ဖြစ်ပါသည်။ ဝတ္ထုရေးဆရာတို့၏ အားထုတ်မှုတွင် စကားပြေဝတ္ထု၏ ခွင့်ပြုနိုင်မှု၊ သို့မဟုတ် စည်းကမ်း နည်းလမ်းကို အထောက်အထား မပြုနိုင်စေကာမူ လူ့ခံစားမှု၏ ပေါင်းစည်း ဖော်ထုတ်မှုသည် ကဗျာတို့၌လည်း အကျိုးသက်ရောက်စေမြဲ ဖြစ်ပါ၏။
ကျွန်မ ဇာတ်လမ်းသည် သာမန် အာလာပသလ္လာပ စကားပေါ်တွင် အခြေခံထားပါသည်။ နှစ်သက်ဖွယ် အစပျိုးပြီး လူ့စိတ်၏ သဘာဝကို ဖော်ထုတ်ရန် ကြိုးစားထားပါသည်။ အခြားသော စိတ်လှုပ်ရှားမှုများကို ရက်ဖောက်ထား ပါသည်။ ဝတ္ထုပါ ဇာတ်ဆောင်နှင့် ဇာတ်ဆောင်တို့၏ အာရုံလှုပ်ရှားမှုသည် တည်ဆဲ အကျင့်စာရိတ္တပိုင်းအားဖြင့် မည်သို့ လက်ခံထားသည် ဟူသော အချက်က စာဖတ် သူအား စိတ်ထိခိုက်နိုင်စေကာမူ ကျွန်မသည် ထိုအချက်ကို လျစ်လျူရှုထားလိုက် ပါသည်။ သို့သော်လည်း ယနေ့ခေတ် ဝတ္ထုများနှင့် စပ်လျဉ်း၍ သတိပြုဖွယ်များ ကိုကား ကျွန်မ ပစ်ပယ်မထားပါ။ ကျွန်မ၏ ဝတ္ထုပါဇာတ်ဆောင်တို့ သရုပ်ကိုမူ ကျွန်မ ခံယူထားသည့် အတိုင်းသာ ဖော်ပြပါသည်။
စာရေးသူအဖို့ အခြား စိတ်ဝင်စားဖွယ် တစ်ချက်မှာ ဇာတ်လမ်းတည်သော နောက်ခံ၏ ခန့်ထည်သော အပိုင်းဖြစ်ပါသည်။ ကျွန်မသည် ၁၈၁၆ ဂျီနီဗာ နွေရက်များကို ဖြတ်သန်းခဲ့ရပါ၏။ ထိုရာသီကား အေးလည်း အေးပါသည်။ မိုး လည်း ရွာပါသည်။ ညချမ်းအချိန်များတွင် ကျွန်မတို့သည် အလျှံညီးညီး တောက် သော မီးဖိုဘေး၌ စုဝေးကြကာ ရောက်တတ်ရာရာများကို ပြောရင်း ဂျာမန်တစ္ဆေ ပုံပြင်များကို ပြောရာမှ ကျွန်မအဖို့ ရေးစရာ ရလာပါသည်။ ထိုပုံပြင်များကို အခြေခံ၍ ဤဝတ္ထုကို ရေးလိုလာပါသည်။ အခြားမိတ်ဆွေ နှစ်ယောက်နှင့် ကျွန်မတို့သည် ပြောခဲ့ကြသော သဘာဝလွန် ဖြစ်ရပ်များကို အခြေခံ၍ ဝတ္ထုတစ်ပုဒ်စီ ရေးရန် သဘောတူခဲ့ကြပါသည်။
ရာသီဥတုသည် ရုတ်ခြည်းပင် ပြောင်းလဲ ကြည်လင်လာပါသည်။ ကျွန်မ၏ မိတ်ဆွေနှစ်ဦးသည် အဲ့တောင်များကြား သူတို့ပြောသော ပုံပြင်များထဲက ချောက်ချားဖွယ် ခရီးအတိုင်း ဆက်လက် ထွက်ခွာ သွားကြပါသည်။ ကျွန်မသာ လျှင် ကျန်ခဲ့သည်။ ထိုအခါ ယခုဝတ္ထုကို ဆုံးခန်းတိုင် ရေးဖြစ်ခဲ့ပါလေသတည်း။
မာလို
စက်တင်ဘာ၊ ၁၈၁၇
ဇာတ်လမ်းအစ
စိန့်ပီတာစဗတ်၊ ဒီဇင်ဘာ ၁၁
လမ်းမှာ ဘေးမသီရန်မခ လာခဲ့ရတဲ့ သတင်းကို ကြားရရင် မင်း ဝမ်းသာ မှာပါပဲ။ ကိုယ်လည်း မနေ့ကပဲ ဒီကို ရောက်တယ်။ ပထမဆုံး ကိုယ် ကောင်းကောင်းမွန်မွန် ရောက်ကြောင်းနဲ့ ကိုယ့်လုပ်ငန်း အောင်မြင်ရမယ် ဆိုတဲ့ ယုံကြည်ချက်တွေ တိုးလာကြောင်း ကိုယ့်ညီမဆီ စာရေးဖို့က အဓိကပဲ။
ခုဆိုရင် လန်ဒန်မြို့ရဲ့ မြောက်ဘက်ခပ်လှမ်းလှမ်း ရောက်နေပြီ။ ပီတာစဗတ်က လမ်းတွေပေါ် လျှောက်ရင်း ကိုယ့်ပါးပြင်ပေါ်က ဖြတ်သန်း သွားပြီး ကိုယ့်သွေးကြောတွေကို ပိုက်ထွေးလိုက်တဲ့ မြောက်ဘက် လေညင်း ရဲ့ အအေးဓာတ်ကို ခံစားနေရတယ်။ သဘောလည်း ကျပါရဲ့။ ကိုယ် ဘယ်လို ခံစားရတယ်ဆိုတာ မင်း နားလည်ရဲ့လား။ အဲဒီ လေပြည်လေညင်း ဟာကိုယ် ရှေးရှုသွားနေတဲ့ ရေခဲလို အေးမြတဲ့ ဒေသဆီက ဖြတ်သန်း တိုက်ခတ်လာတဲ့ လေပြည်လေညင်းမျိုးပဲ။ တဖြည်းဖြည်းတော့ နွေးထွေး ကြည်လင်လာမယ်လို့ ထင်ရတာပဲ။ ဝင်ရိုးစွန်းပိုင်းဟာ ဝေးသီပြီး ရေခဲတုံး ပြင်ကြီး ဆိုတာကို အကျိုးမဲ့ တွေးနေမိတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်။ ကိုယ့် စိတ်ကူးထဲကတော့ လှပနှစ်လိုဖွယ် နယ်မြေတစ်ခုလို့ မှတ်ယူလိုက်ပါတယ်။
မာဂရက်ရေ... ဒီမှာ နေကိုတော့ အမြဲမြင်ရတယ်။ နေလုံး အပြန့် ကြီးဟာ မိုးကုပ်စက်ဝိုင်းဆီမှာ ဖြန့်ကြက်နေတယ်။ နေလုံးကြီးဟာ အမြဲ တမ်းလိုပဲ ခန့်ခန့်ညားညားကြီး တည်နေတယ်။ ကိုယ်ကတော့ မင်းအလို အတိုင်းပဲ နှင်းပွင့် နှင်းခဲတွေ ကင်းစင်ပြီး တည်ငြိမ်တဲ့ ပင်လယ်လမ်းအတိုင်း ခရီးဆက်ခဲ့ရင် လူသူမရှိတဲ့ ကမ္ဘာပြင်ကို ရောက်ရမှာပဲလို့ ထင်တယ်။ အဲဒီ နယ်မြေဟာ တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသေးတဲ့ ကောင်းကင်ဘုံလို နေရာ မျိုး ဖြစ်မှာပဲ။ အဲဒီနေရာနဲ့ ခိုင်းနှိုင်းစရာမျိုးလည်း ရှိမှာမဟုတ်ဘူး။ ဒီကမ္ဘာ မြေမှာ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်တဲ့ နေရာမျိုးပေါ့။ အဲဒီနေရာမှာ ကိုယ် အံ့ဖွယ်အစွမ်းကိုလည်း တွေ့ရမယ်။ တစ်ကြိမ်တစ်ခါဖူးမျှ လူသူမရောက် သေးတဲ့ ဒေသတစ်ခုကို အံ့ဖွယ်ဒေသအဖြစ် တွေ့လိုက်ရလို့ ကိုယ် အားရ ကျေနပ်မိမှာပဲ။ ကလေးငယ် တစ်ယောက်ဟာ ကျောင်းပိတ်ရက်မှာ သူ့ သူငယ်ချင်းတွေနဲ့အတူ သူတို့ အိမ်နားက မြစ်ရိုးအတိုင်း ဆန်တက်သွားတဲ့ အခါမျိုးမှာ အပျော်ကြီး ပျော်နေသလိုပဲ ကိုယ်လည်း ဘေးဒုက္ခတွေ၊ ယုတ်စွ အဆုံး သေခြင်းကိုတောင် မေ့လျော့ပြီး အပျော်ကြီး ပျော်နေတယ်။ ကဲ... အဲဒီအထင်တွေကို အမှားတွေလို့ပဲ ယူဆလိုက်ပါဦး။ ကိုယ်ဟာ လပေါင်း မကြာမီမှာပဲ ဝင်ရိုးစွန်းဘက်က နိုင်ငံတွေကို ရောက်ပြီး အဲဒီကလူတွေနဲ့ ဆွေးနွေးရတော့မယ်။ ကိုယ်ဟာ ဝင်ရိုးစွန်းဆွဲငင်အားရဲ့ လျှို့ဝှက်ချက်ကို သိရတော့မယ်လို့ တွေးကြည့်စမ်းပါ။
ဒီခရီးဟာ ကိုယ့်အတွက် ကိုယ့်ဘဝ အစောပိုင်းရဲ့ စွဲမက်ဖွယ် အိပ်မက်ပဲ။ ကိုယ်ဟာ ဝင်ရိုးစွန်းပတ်လည်က မြောက်ပိုင်း ပစိဖိတ်သမုဒ္ဒရာ ထဲက ပင်လယ်တွေကို ဖြတ်ပြီး သွားလာရတဲ့ ခရီးတွေအကြောင်း ဖတ်ဖူး ပါတယ်။ တို့ဦးလေး သောမတ်ရဲ့ စာကြည့်တိုက်ထဲက တစ်စုံတစ်ခုကို တွေ့ရှိဖို့ ခရီးထွက်ခဲ့ကြတဲ့အကြောင်း စာအုပ်တွေကို မင်း မှတ်မိမှာပါ။ တကယ်တော့ ကိုယ့်ပညာရေးက မကောင်းလှပါဘူး။ ဒါပေမဲ့ ကိုယ် စာဖတ် ဖို့တော့ ဝါသနာပါတယ်။ အဲဒီဦးလေး စာကြည့်တိုက်ထဲက စာအုပ်တွေကို ကိုယ် နေ့ရော ညပါ ဖတ်ခဲ့ပါရဲ့။ ကိုယ်ဟာ စာအုပ်ပါ အကြောင်းအရာတွေနဲ့ ရင်းနှီးလာတယ်။ ဒါပေမဲ့ ကိုယ့်အဖေဟာ သူ သေခါနီးတော့ ဦးလေးကို ကိုယ် ပင်လယ်ခရီး မသွားဖို့ တားမြစ်ခဲ့တယ်။ ဒါကြောင့် ကိုယ် စိတ် မကောင်း ဖြစ်ခဲ့ရတယ်။
အဲဒီလိုနဲ့ ကိုယ်ဟာ အဖေ့ဆန္ဒအတိုင်း နေလာခဲ့ပြီးတဲ့နောက်မှာ ခြောက်နှစ်လောက် ကြာလာခဲ့တယ်။ အဲဒီတုန်းက ကိုယ့်အခြေအနေကို ကိုယ် မှတ်မိသေးတယ်။ ဒီနောက်တော့ ခုလုပ်ငန်းနဲ့ ပတ်သက်ပြီး အလုပ် ကြမ်း လုပ်ရင်း အစပြုလာတယ်။ မြောက်ဘက် ပင်လယ်ကို ထွက်တဲ့ ဝေလငါးဖမ်း သင်္ဘောတွေနဲ့ ကိုယ် လိုက်ခဲ့တယ်။ ကိုယ်ဟာ အိပ်ပျက်တဲ့ ဒဏ်၊ ရေငတ်တဲ့ ဒဏ်၊ အစာချို့တဲ့တဲ့ ဒဏ်၊ အအေးဒဏ်တွေ ခံခဲ့ရတယ်။ နေ့ဘက်တွေမှာ ဆိုရင် ကိုယ်ဟာ သာမန်သင်္ဘောသား တစ်ယောက်ထက် တောင် ပိုပြီး အပင်ပန်းခံခဲ့တယ်။ ညဘက်တွေမှာဆိုရင် ကိုယ်ဟာ သင်္ချာ၊ ဆေးပညာဆိုင်ရာ သဘောတရား၊ ရုပ်ပိုင်းဆိုင်ရာ သိပ္ပံပညာရပ်တွေထဲက အထူးသဖြင့် လက်တွေ့ ရေကြောင်းသွားလာမှု ပညာကို လက်တွေ့သင်ယူ လာခဲ့ရတယ်။ နှစ်ကြိမ်လောက်တော့ ဂရင်းလန်က ဝေလငါးဖမ်းသမား တွေဆီမှာ အလုပ် လုပ်ခဲ့ဖူးသေးတယ်။
မာဂရက်ရေ.. ခုတော့ ကိုယ့်လုပ်ငန်း အထမြောက်ပြီ မဟုတ်လား။ ကိုယ့်ဘဝဟာလည်း သက်သောင့်သက်သာ ဇိမ်ကျကျ နေလာရပါပြီ။ ကိုယ်ဟာ ချမ်းသာကြွယ်ဝမှု လမ်းကြောင်းထက် ဂုဏ်သိက္ခာရှိရှိ နေရ တာကို ပိုပြီး ကြိုက်တယ်။ ကိုယ့် ဆုံးဖြတ်ချက်ဟာ ခိုင်မာနေပါပြီ။ ကိုယ့် သတ္တိနဲ့ ဆုံးဖြတ်ချက်တွေလည်း ခိုင်မာနေပါပြီ။ ဒါပေမဲ့ ကိုယ့်မျှော်လင့် ချက်တွေက ထွေပြားပြီး ကိုယ့်စိတ်ဓာတ်ကလည်း ခဏခဏ ကျချင်တယ်။ ခုကိုယ်ပိုပြီး ခက်ခဲရှည်လျားတဲ့ ခရီးကို ထွက်ရတော့မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း ခိုင်မာလာပါပြီ။ ကိုယ်ဟာ တခြားလူတွေရဲ့ စိတ်ဓာတ် ကို မြှင့်တင်ပေးရုံ မဟုတ်တော့ပါဘူး။ တစ်ခါတစ်ခါ ကျချင်တဲ့ ကိုယ့် စိတ် ဓာတ်ကိုတောင် မြှင့်တင်လာတတ်ပြီ။
ဒီ နှစ်ပတ်၊ ဒါမှမဟုတ် သုံးပတ်အတွင်းမှာပဲ ကိုယ် အာချန်ဂျယ် ကို ခရီးထွက်မယ်။ အဲဒီကျရင် ကိုယ် သင်္ဘောတစ်စီး ငှားမယ်။ သင်္ဘောရှင် ကို အာမခံကုမ္ပဏီက အလွယ်တကူပေးနိုင်မယ့် ငွေနဲ့ ငှားမယ်။ ပြီးရင် ဝေလငါးဖမ်းလုပ်ငန်းနဲ့ အကျွမ်းတဝင်ရှိမယ့် သင်္ဘောသားတွေကို ငှား မယ်။ ဇွန်လထဲအထိတော့ ကိုယ် သွားဖြစ်ဦးမယ် မထင်ပါဘူး။ ကိုယ် ဘယ် တော့ ပြန်လာရမလဲ။ ဒီမေးခွန်းကို ကိုယ် ဘယ်လိုဖြေနိုင်မှာလဲ ညီမရယ်။
မင်းနဲ့ ကိုယ် ပြန်မတွေ့ရခင် လပေါင်းများစွာလည်း ကြာချင်ကြာမယ်။ နှစ် ကာလအထိ ကြာချင်လည်း ကြာမယ်။ ကိုယ် တစ်ခုခုဖြစ်ရင် မင်း ကိုယ့်ကို အတော်ကြီး ကြာပြီးမှ တွေ့ချင်လည်း တွေ့မယ်။ ဘယ်တော့မှ မတွေ့ဘဲ နေချင်လည်း နေမယ်။
နှုတ်ဆက်ခဲ့ပါတယ် ချစ်စွာသော မာဂရက်။ ကောင်းကင်ဘုံက မင်းအပေါ်မှာ ဆုမွန်ကောင်းတွေ သွန်းလောင်းပါစေ။ ကိုယ့်ကိုလည်း မင်းရဲ့ မေတ္တာ ကရုဏာတွေကို တုံ့ပြန်နိုင်အောင် မင်းနဲ့ ပြန်တွေ့ရဖို့ ကူညီစောင်မ ပါစေ။
မင်းရဲ့ ချစ်လှစွာသော အစ်ကို
အာ၊ ဝေါ်လတန်
အာချန်ဂျယ်၊ မတ် ၂၈
နှင်းပွင့်တွေ၊ နှင်းခဲတွေ ကြားထဲမှာ အချိန်တွေကလည်း ကုန်ခဲလိုက်တာ ကွယ်။ ဒီကြားကပဲ ကိုယ့်လုပ်ငန်းအတွက် ဒုတိယခြေလှမ်းကိုတော့ လှမ်း လိုက်ပြီ။ သင်္ဘောတစ်စီးကိုလည်း ငှားပြီးပြီ။ သင်္ဘောသားတွေလည်း အသင့်ဖြစ်ပြီ။ ကိုယ်ကိုယ်တိုင်ကလည်း အားလုံးရဲ့ အားထားလောက်တဲ့ သတ္တိပိုင်ရှင်အလား အသင့်ဖြစ်နေပြီ။
ဒါပေမဲ့ ကိုယ့်အဖို့တော့ ခုနေအခါမှာ ပိုပြီး ခံစားနေရတဲ့ လိုအပ် ချက်တစ်ခု ရှိနေတယ်။ အဲဒီလိုအပ်ချက် မပြည့်ဝတဲ့ အတွက်လည်း မကျေ နပ်ဖြစ်နေရတယ်။ ကိုယ့်မှာ မိတ်ဆွေမရှိဘူး မာဂရက်။ ကိုယ့်ရဲ့ တက်ကြွ တဲ့ အောင်မြင်မှုကြောင့် ကိုယ် ပျော်နေရပေမဲ့လည်း ကိုယ့်ပျော်ရွှင်မှုကို မျှခံမယ့်လူ တစ်ယောက်မှ မရှိဘူး။ ကိုယ် စိတ်ပျက်နေရင်လည်း ဘယ်သူ ကမှ မျှမခံကြဘူး။ ဒီတော့ ကိုယ် ကိုယ့်စိတ်ကူးတွေကို စာရွက်ပေါ်မှာ ချရေးဖြစ်တော့တယ်။ ဒါပေမဲ့ ခံစားမှုနဲ့ ပတ်သက်လို့ စာရေးဖော်ပြရတယ် ဆိုတာလည်း တကယ်တော့ အားရစရာ မဟုတ်ဘူးကွဲ့။ ဒါ့ကြောင့်လည်း ကိုယ့်ကို ကရုဏာသက်နိုင်မယ့် လူ၊ ကိုယ့်ဝေဒနာကို မျက်လုံးနဲ့ တုံ့ပြန်နိုင် မယ့် အဖော်တစ်ယောက် ကိုယ် လိုချင်တယ်။ မင်းကတော့ ကိုယ် စိတ်ကစားနေတာပဲလို့ တွက်ချင်တွက်မယ် ချစ်လှစွာသော ညီမ။ ကိုယ့်မှာက တော့ မိတ်ဆွေတစ်ယောက် ရလိုစိတ်က အပြင်းအထန်ပဲ။ ကိုယ့်အနားမှာ သိမ်မွေ့ပြီး သတ္တိရှိတဲ့၊ စိတ်သဘောထားကြီးပြီး ယဉ်ကျေးတဲ့၊ ကိုယ့် အစီ အစဉ်တွေကို ထောက်ခံတဲ့၊ ကိုယ်နဲ့ထပ်တူ ခံစားနိုင်တဲ့ လူမျိုး တစ်ယောက် မျှ မရှိဘူး။ မင်းအစ်ကိုမှာ ဒီလိုလူမျိုး တစ်ယောက်လောက် ရအောင် ဘယ်လို ဖန်တီးရမှာလဲ။ ကိုယ် တော်တော်ခံပြင်းနေပြီ ညီမ။ ကိုယ်ကိုယ် တိုင် ကိုယ့်ဘာသာ ပညာရှာခဲ့ရတဲ့ ကိုယ့်ရဲ့ ဆယ့်လေးနှစ်ဘဝကလည်း ကိုယ့်အဖို့ မကောင်းဆိုးဝါး တစ်ခုလို ဖြစ်နေတယ်။ အဲဒီတုန်းက ကိုယ်က တေပေနေခဲ့တယ်။ ကိုယ့်ဦးလေး စာကြည့်တိုက်ထဲက ခရီးသွားစာအုပ် တွေကိုပဲ ဖတ်နေခဲ့တယ်။ ကိုယ့်လူမျိုး ကဗျာဆရာတွေထဲက ထင်ရှားတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေကို ဖတ်လာရတော့မှ ကိုယ့်လူမျိုးဘာသာ စကားအပြင် တခြား ဘာသာစကားတွေကို တတ်ဖို့ လိုလာမှန်း သိလာ တယ်။ ခုဆိုရင် ကိုယ် နှစ်ဆယ့်ရှစ်နှစ် ရှိပြီ၊ ဒါပေမဲ့ ကိုယ်ဟာ ဆယ့်ငါးနှစ် အရွယ် ကျောင်းသားတစ်ယောက်လောက် စာမတတ်သေးဘူး။ ကိုယ် ဒီထက် တွေးရမယ်။ ကိုယ့်စိတ်ကူးကို ပုံဖော်ရမယ်။ ဒီတော့ ကိုယ့်ကို စိတ်ကူး လွင့်နေတယ်လို့ မရှုတ်ချဘဲ ကိုယ့်စိတ်ကို ပုံမှန်အတိုင်း လည်ပတ်ရေး အတွက် ကူညီမယ့် မိတ်ဆွေတစ်ယောက် လိုအပ်နေတာတော့ အမှန်ပဲ။
အင်း.. တကယ်တော့လည်း ဒါတွေဟာ အကျိုးမဲ့ ညည်းတွား နေတာပဲ။ အပြောကျယ်တဲ့ ပင်လယ်ထဲမှာ၊ ကုန်ကုန်ပြောရရင် အာချန်ဂျယ် လို နေရာမျိုး ကုန်သည်တွေ၊ သင်္ဘောသားတွေ ကြားမှာ ဘယ်ကလာပြီး မိတ်ဆွေကောင်း ရမှာလဲ။
ကိုယ် ညည်းတွားနေတယ်လို့ မင်း မထင်စေချင်ဘူး။ ဒါမှမဟုတ် လည်း ကိုယ့်အဆုံးအဖြတ်တွေနဲ့ ပတ်သက်ပြီး တွေဝေနေရတာကို ကိုယ် ကိုယ်တိုင် မသိဘဲ ဖုံးအုပ်ပြောနေတာမျိုးလို့လည်း မထင်စေချင်ဘူး။ ကံ အတိုင်းပဲလို့ သဘောထားလိုက်ပါတယ်။ ကိုယ့်သင်္ဘောလည်း လောလော ဆယ်တော့ မထွက်နိုင်သေးဘူး။ သင်္ဘောထွက်ခွာနိုင်အောင် ရာသီဥတု အခြေအနေပေးလာတဲ့အထိ ကိုယ် စောင့်ဆိုင်းရမှာပဲ။ ဆောင်းဥတုအခြေ အနေကတော့ ကြောက်စရာပဲ။ နွေဥတု ဝင်လာရင်တော့ အခြေအနေ ကောင်းမှာပါ။ ဒီတော့... ကိုယ်လည်း မျှော်လင့်ထားတာထက် အချိန်စော ပြီး ထွက်ဖြစ်ချင် ထွက်ဖြစ်မှာပါ။ ကိုယ် အလောတဆယ်တော့ မလုပ်သင့် ပါဘူး။ အားလုံး ဘေးအန္တရာယ်ကင်းရှင်းရေးဟာ ကိုယ့်အပေါ်မှာ တည်နေ တာ ဆိုတော့ ကိုယ် စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် လုပ်မှာပဲ ဆိုတာကို လည်း မင်း သဘောပေါက်ပြီး ဖြစ်မှာပါ။
ကိုယ့် အလားအလာနဲ့ ပတ်သက်လို့ကတော့ ကိုယ် ဘာမှ မဖော် ပြနိုင်သေးဘူး။ ခရီးသွားဖို့ ပြင်ဆင်နေရတာ ဆိုတော့ ပျော်တစ်ဝက်၊ စိုးရိမ် တစ်ဝက် စိတ်လှုပ်ရှားရတဲ့ အခြေအနေကိုလည်း မင်းဆီကို ကိုယ် ဆက် သွယ် မပြောနိုင်သေးဘူး။ ကိုယ်ဟာ နှင်းပွင့်၊ နှင်းခဲတွေ ဖုံးနေတဲ့ လူသူ မရောက်တဲ့ ဒေသတစ်ခုကို သွားတော့မှာပါ။ ကိုယ်က ပင်လယ်စင်ရော်ကြီး တွေကိုလည်း သတ်မှာ မဟုတ်လေတော့ ကိုယ့် ဘေးအန္တရာယ်အတွက် မင်း မစိုးရိမ်ပါနဲ့။ ‘ရှေးခေတ် သင်္ဘောသားကြီး” ကဗျာထဲက သင်္ဘောသား ကြီးလို ဒုက္ခသုက္ခတွေနဲ့ ပြန်လာရမှာပဲလို့လည်း တွေးပြီး ပူမနေပါနဲ့။ ကိုယ့် စိတ်ကူးတွေကို မင်း ပြုံးရမှာပါ။ ကိုယ်ကလည်း စိတ်ကူးလျှို့ဝှက်ချက် တွေကို ဖွင့်ဟမှာပါပဲ။ ခေတ်သစ် ကဗျာဆရာတွေအတွက် ပင်လယ်ပြင်ရဲ့ လျှို့ဝှက်အန္တရာယ်တွေကို ကိုယ် ဖွင့်ဟဝန်ခံဖို့ ဝန်မလေးပါဘူး။ ကိုယ့် စိတ်ကူးက လုပ်ဆောင်နေတာတွေကိုတော့ ကိုယ် နားမလည်သေးဘူး။ တစ်ခုခုတော့ တစ်ခုခုကို လုပ်ဆောင်နေတာပဲ။ ကိုယ်ဟာ အလုပ်ကို လက်တွေ့ကျကျ ကြိုးစားအားထုတ်တဲ့ လူပါ။ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် လုံ့လဝီရိယ စိုက်ထုတ်ပြီး လုပ်တတ်တဲ့ လူပါ။ အဲဒီအပြင်လည်း ကိုယ်ဟာ ထူးဆန်းအံ့ဖွယ် အဖြစ်အပျက်တွေကို သဘောလည်း ကျတယ်၊ ယုံလည်း ယုံတယ်။ ဒါ့ကြောင့်လည်း တခြားလူတွေ သွားရိုးသွားစဉ် လမ်းကြောင်း မဟုတ်တဲ့၊ လူသူမရောက်ဖူးတဲ့ ဒေသကို ပင်လယ်ကြမ်းကို ဖြတ်ပြီး ကိုယ် ရှာဖွေမှာပဲ။ ဒါပေမဲ့ အပြန်ခရီးက ပိုပြီးတောင် စဉ်းစားရခက်သေးတယ်။ ကိုယ်ဟာ အာဖရိက၊ ဒါမှမဟုတ် အမေရိကရဲ့ တောင်ဘက်အငူစွန်းတွေ ကနေပြီး ပင်လယ်ကြမ်းကို ဖြတ်လာခဲ့ရမလား မသိဘူး။ အပြန်ခရီးကို အဆိုးဘက်က မတွေးပေမဲ့ အောင်မြင်မှာပဲလို့လည်း တထစ်ချ မမှတ်ယူ ရဲဘူး။ ကိုယ့်ဆီ စာရေးနိုင်အောင်တော့ ကြိုးစားပါ။ မင်းစာတွေ ဖတ်ရရင်ကိုယ် အားတက်လွန်းလို့ပါ။ ကိုယ် မင်းကို နှစ်နှစ်ကာကာ ချစ်ပါတယ်။ ကိုယ့်ကိုလည်း အမြဲသတိရပါ။
မင်းရဲ့ ချစ်လှစွာသော အစ်ကို ရောဘတ် ဝေါ်လတန်
ချစ်လှစွာသော ညီမ…
ကိုယ် ဘေးကင်းရန်ကင်း ရှိနေပြီး ခရီးထွက်ဖို့ လုပ်ငန်းတွေ လည်း တိုးတက်နေပြီ ဆိုတာ ပြောချင်လို့ စာကို ခပ်တိုတိုပဲ အမြန်ရေး လိုက်တယ်။ ဒီစာဟာ ကိုယ့် ဇာတိမြေကို မမြင်ရတာ နှစ်ကာလ ကြာလှ ပြီဖြစ်တဲ့ ကိုယ့်ထက် အကျိုးပေးသာလို့ အင်္ဂလန်ကို ပြန်ရတော့မယ့် ကုန်သည်တစ်ယောက်နဲ့ ကြုံတာနဲ့ ရေးပေးလိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ စိတ်အားတက်ကြွဆဲပဲ။ ကိုယ့်လူတွေရဲ့ အန္တရာယ်လို့ ဆိုရ မယ့် ရေခဲတုံးကြီးတွေ ဖြတ်လာပေမဲ့လည်း ကိုယ့်လူတွေ စိတ်မပျက်ကြ ဘူး။ ခုဆိုရင် ကိုယ်တို့ဟာ လတ္တီတွတ်မျဉ်း အမြင့်ဆုံးအပိုင်းကို ရောက်နေ ကြပြီ။ နွေတော့လည်း ရောက်နေပြီ။ အင်္ဂလန် နွေဥတုလောက်တော့လည်း မနွေးသေးဘူး။ တောင်ဘက်က လေပြင်းတွေ တိုက်လာပြီ။
စာထဲ ထည့်ရေးရလောက်အောင်တော့လည်း လေပြင်းဒဏ် ကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိသေးဘူး။ နွေဦးလေပြင်း ဆိုးဆိုးရွားရွား နှစ်ကြိမ် ကြုံလိုက်ရတယ်။ အတွေ့အကြုံလို့ပဲ သဘောထားလိုက်ကြပါတယ်။ ခရီး ထွက်ကြလို့ ကြုံကြရဦးတော့ ဒီထက်ဆိုးစရာ အကြောင်းမရှိတော့ဘူးလို့ပဲ သဘောထားလိုက်တယ်။
နှုတ်ဆက်လိုက်ပါတယ် မာဂရက်ရယ်။ ကိုယ့်အတွက်ရော မင်း အတွက်ပါ ကိုယ် ဘာမှ အလောတဆယ် မလုပ်ပါဘူး။ စိတ်အေးအေး၊ ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်မှာပါ။
ကြိုးစားမှုသရဖူကို မလွဲမသွေ ဆောင်းရမှာပါ မာဂရက်ရယ်။ ဘာလို့ အောင်ပွဲမခံရမှာလဲ။ လမ်းမရှိတဲ့ ပင်လယ်ပြင်ခရီးမှာ ဖြတ်သန်းလာ လေ ကိုယ့်အောင်မြင်မှုကို ကြယ်ပွင့်ကလေးတွေက သက်သေထူကြမှာပါ။ ခိုင်မာတဲ့ အဆုံးအဖြတ်ဟာ လူတစ်ယောက်ရဲ့ လိုအင်ပဲ မဟုတ်လား။
ကိုယ့်နှလုံးသားမှာ အဲဒီ ယုံကြည်ချက်တွေ ပြည့်နေတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ် အောင်ပွဲခံရမယ်။ ကိုယ့်ညီမကို ကောင်းကင်ဘုံက ဆုမွန် ကောင်း ချီးမြှင့်ပါစေကွယ်။
အာရ်၊ ဒဗလျူ
ဩဂုတ် ၅
မရေးဘဲ မနေနိုင်တဲ့ အဖြစ်ဆန်းတစ်ခုကြောင့် ရေးလိုက်ရတာပဲ။ ဒီစာ မင်း လက်ထဲ မရောက်ခင်ကဘဲ ကိုယ် ခုလို အဖြစ်ဆန်းနဲ့ ကြုံရတာကို မင်း သိကောင်း သိမလားပဲ။
လွန်ခဲ့တဲ့ တနင်္လာ (ဇူလိုင် ၃၁) ကပေါ့။ ကိုယ်တို့သင်္ဘော ပတ်ပတ် လည်မှာ ရေခဲတွေ ဝိုင်းနေတယ်။ အန္တရာယ်ဖြစ်တော့မယ့် အခြေအနေ မျိုးပဲ။ အထူးသဖြင့် ဧရာမရေခဲတုံးကြီး တစ်တုံးကလည်း ပါသေးတယ်။ ကိုယ်တို့အဖို့ ပတ်ဝန်းကျင်အခြေအနေနဲ့ ရာသီဥတု ပြောင်းလဲသွားမယ့် အခြေအနေကိုပဲ မျှော်လင့်နေရတယ်။
နှစ်နာရီထိုးလောက်ကျတော့ မြူတွေ ကင်းသွားတယ်။ ကိုယ်တို့ တူရူကို မြင်ရပြီ။ အဆုံးမသတ်နိုင်တဲ့ ဧရာမရေခဲပြင်ကြီးကို မြင်ရတယ်။ ကိုယ့်ရဲဘော် တချို့ကလည်း ညည်းညူလာကြပြီ။ ကိုယ့်စိတ်ထဲကလည်း တထိတ်ထိတ်ဖြစ်လာပြီး စိုးရိမ်ပူပန်တဲ့ စိတ်နဲ့ စောင့်ကြည့်နေလိုက်မိတယ်။ အဲဒီတုန်းမှာပဲ ကိုယ့်အာရုံကို တစ်ခုခုက ဆွဲယူလိုက်သလို ဖြစ်သွားပြီး ကိုယ့်အမြင်အာရုံဟာ ရေခဲပြင်ပေါ်အတိုင်း မြောက်ဘက်တူရူကို ဒုန်းစိုင်း သွားနေတဲ့၊ ခွေးတွေ ဆွဲတဲ့ စွပ်ဖားလှည်း တစ်စီးဆီကို ရောက်သွားတယ်။ စွပ်ဖားလှည်းဟာ ကိုယ့်တို့နဲ့ မိုင်ဝက်လောက် ဝေးမယ်။ အဲဒီ စွပ်ဖားပေါ်မှာ လူတစ်ယောက်ပုံပန်းသဏ္ဌာန်မျိုး ဖြစ်ပေမဲ့ ကိုယ်ထည် ခပ်ကြီးကြီး တစ် ယောက် ထိုင်လိုက်ပြီး ခွေးတွေကို မောင်းသွားတယ်။ စွပ်ဖားက မြန်လွန်း တော့ ကိုယ်တို့လည်း အဝေးကြည့်မှန်ပြောင်းနဲ့ လှမ်းကြည့်နေတုန်းမှာပဲ အဲဒီ စွပ်ဖားဟာ မြင်ကွင်းက ပျောက်သွားတယ်။
အဲဒီ မြင်ကွင်းကို မြင်လိုက်ရတော့ ကိုယ်တို့လည်း အတော်ကြီး အံ့ဩသွားတယ်။ ဟုတ်မှဟုတ်ပါ့မလား လို့တောင် ထင်လာတယ်။ ဖြစ်တာ ကတော့ တကယ်အစစ်အမှန်ပါ။ ကိုယ်တို့က နေရာက မြင်နေရပေမဲ့ သူ့ နောက်ကို လိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စမျိုးပဲ။
အဲဒီနောက် နှစ်နာရီလောက် ကြာတော့ ပင်လယ်ဟိန်းသလို အသံမျိုး ကြားလာရတယ်။ ညဘက်မရောက်မီမှာပဲ ရေခဲတွေ ပြိုကျကုန် တယ်။ တို့သင်္ဘောကလည်း ရေခဲတွေ ဝိုင်းဝိုင်းလည်နေတဲ့ ကြားက လွတ် သွားတယ်။ ဒါပေမဲ့ အဲဒီတစ်ညလုံးပဲ တို့ ဘာမှ မလူးသာ မလွန့်သာဘဲ ရေခဲတွေ ကွဲပြိုနေတာကိုပဲ သတိထားနေရတယ်။ ကိုယ့်အဖို့ နားချိန်ရ တယ်လို့ပဲ သဘောထားလိုက်တယ်။
မနက်လင်းလို့ အလင်းရောင်ပေါ်လာတာနဲ့ ကိုယ် သင်္ဘောကုန်း ပတ်ပေါ် တက်လာတယ်။ သင်္ဘောသားတွေဟာ သင်္ဘောတစ်ဖက် ပင်လယ်ပြင်ထဲက လူတစ်ယောက်နဲ့ လှမ်းပြောနေကြရင်း အလုပ်များနေ ကြတယ်။ တကယ်ပဲဟေ့။ မနေ့က ကိုယ်တို့ မြင်လိုက်ရတဲ့အတိုင်း စွပ်ဖား လှည်း တစ်စီးဟာ ရေခဲတုံးတစ်တုံးပေါ် တစ်ညလုံး မောင်းလာရင်း ကိုယ် တို့ သင်္ဘောနား ရောက်လာတာပဲ။ စွပ်ဖားဆွဲတဲ့ ခွေးတွေထဲက တစ်ကောင်ပဲ အသက်ရှင် ကျန်တော့တယ်။ စွပ်ဖားထဲမှာက လူတစ်ယောက် ပါလာ တယ်။ အဲဒီလူကိုပဲ သင်္ဘောသားတွေက သင်္ဘောပေါ်တက်ဖို့ ခေါ်နေတာ။ အဲဒီလူကို တခြားလူတွေက လူသူ မရောက်မပေါက်တဲ့ ဒေသက အရိုင်း အစိုင်း တစ်ယောက်လို့ ထင်ချင်ထင်ကြပေမဲ့ အဲဒီလူဟာ ဥရောပတိုက်သား တစ်ယောက် ဖြစ်နေတယ်။ ကိုယ် ကုန်းပတ်ပေါ် ရောက်လာတာနဲ့ မာလိန်မှူးက ‘ဟောဒါ ကျုပ်တို့ရဲ့ သင်္ဘောပိုင်ရှင်ပဲ၊ သူက ခင်ဗျားကို ပင်လယ်ထဲမှာ ဒုက္ခရောက်ခံစေမှာ မဟုတ်ဘူး' လို့ ပြောလိုက်တယ်။
အဲဒီလူဟာ ကိုယ့်ကို လှမ်းကြည့်ပြီး နိုင်ငံခြားသားလေသံနဲ့ ကိုယ့်ကို အင်္ဂလိပ်လို ပြောလိုက်ပါတယ်။
‘ကျွန်တော် သင်္ဘောပေါ်မတက်မီ ခင်ဗျားတို့သင်္ဘော ဘယ်သွား မယ် ဆိုတာ သိပါရစေ’
စွပ်ဖားလှည်းပျက်ပေါ်က လှမ်းပြောလိုက်တဲ့ လူရဲ့ စကားကို ကြားလိုက်ရတော့ ကိုယ် အတော်အံ့ဩသွားတယ်။ ကိုယ်လည်း ကိုယ်တို့ သင်္ဘောဟာ မြောက်ဝင်ရိုးစွန်းဘက် ရှာဖွေရေးထွက်လာတဲ့ သင်္ဘော ဖြစ် ကြောင်း ပြောလိုက်ပါတယ်။
ကိုယ့်စကား ကြားလိုက်ရတော့ သူ ကျေနပ်သွားပုံ ရတယ်။ သူ ကိုယ်တို့ သင်္ဘောပေါ် တက်လာဖို့ သဘောတူလိုက်တယ်။ သူဟာ သူ့ အန္တရာယ်ကို သူ ကာကွယ်နိုင်တဲ့အနေနဲ့ သင်္ဘောပေါ် တက်လာတယ်။ သူ့ကို မင်းများ မြင်လိုက်ရရင် အတော်အံ့ဩသွားမှာပဲ။ သူ့လက်ချောင်း၊ ခြေချောင်းတွေဟာ ခဲတော့မတတ်ပဲ။ သူ့ခန္ဓာကိုယ်ကလည်း ပင်ပန်း နွမ်းလျပြီး ဒယီးဒယိုင် ဖြစ်နေတယ်။ ကိုယ်ဖြင့် သူ့လောက် ပင်ပန်းတကြီး ဒုက္ခဆင်းရဲ ခံလာရတဲ့ လူမျိုးကို မတွေ့ဖူးပါဘူး။ ဒါနဲ့ ကိုယ်တို့လည်း သူ့ကို အခန်းထဲ သယ်သွားဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အပြင်လေသန့် မရ တယ် ဆိုရင်ပဲ သူဟာ တစ်ခါတည်း သတိလစ်သွားတယ်။ ဒါနဲ့ပဲ ကိုယ်တို့ လည်း သူ့ကို ကုန်းပတ်ပေါ် ပြန်ခေါ်လာပြီး သူ ပြန်သတိရလာအောင် ဘရန်ဒီနဲ့ ပွတ်ပေး၊ ဘရန်ဒီတချို့ကိုလည်း ဇွတ်တိုက်ပေးလိုက်တယ်။သူ သတိလည်လာတာနဲ့ သူ့ကို စောင်တွေနဲ့ပတ်ပြီး မီးဖိုနားမှာ ထားပေးရ တယ်။ တဖြည်းဖြည်းနဲ့ သူ အတော်ကြီး သတိရလာပုံ ရတယ်။ ကျန်းကျန်း မာမာ ဖြစ်လာတယ်။
အဲဒီလိုနဲ့ နှစ်ရက်လောက် ကြာပြီးတဲ့နောက်မှာ သူ စကားပြော လာနိုင်တယ်။ ဒါပေမဲ့ ပင်ပန်းကြီးစွာ ခံစားလာရတဲ့ လူဆိုတော့ သူ့အခြေ အနေကို သူ နားမလည်မှာ စိုးရိမ်တယ်။ သူ အတော်ကလေး ထူနိုင် ထောင်နိုင် ဖြစ်လာတော့ ကိုယ် သူ့ကို ကိုယ့်အခန်း ရွှေ့ယူလာခဲ့တယ်။ ကိုယ် သူ့ကို တတ်နိုင်သမျှ ပြုစုစောင့်ရှောက်ခဲ့တယ်။ သူ့လောက် စိတ်ဝင် စားစရာကောင်းတဲ့ သတ္တဝါမျိုးကို ကိုယ် မတွေ့ခဲ့ဖူးဘူး။ သူ့ မျက်လုံးတွေ က ရိုင်းပျ ရူးသွပ်တဲ့ အသွင်ကို ဆောင်နေတယ်။ သူ့ကို တစ်ယောက် ယောက်ကများ ဂရုစိုက်ပြုစုရင် သူ့မျက်လုံးတွေ အရောင်လက်လာတာ မျိုးကို ကိုယ် တခြားလူတွေဆီမှာ တွေ့ရခဲပါတယ်။ သူဟာ အများအားဖြင့် စိတ်ပျက် တွေငိုင်နေတတ်တယ်။ တစ်ခါတစ်ခါတော့လည်း သူ အဖိနှိပ်ခံရ တာကို မခံရပ်နိုင်သလို အံကြိတ်နေတတ်ပြန်ရော။
သူ အတော်ကလေး အားရှိလာတော့ သူ့ကို ဟိုမေးဒီမေး မေးချင်တဲ့ လူတွေနဲ့ ဝေးနေအောင် ကိုယ် မနည်းကြီး အလုပ်ရှုပ်ရတယ်။ စပ်စပ်စုစု စကားတွေကြောင့် သူ စိတ်မဆင်းရဲစေချင်ဘူး။ တစ်ခါမှာတော့ သင်္ဘော လက်ထောက်က သူဟာ ဒီစွပ်ဖားလှည်းနဲ့ ရေခဲပြင်ပေါ် ဘယ်လိုရောက် လာသလဲ၊ ဘယ်လောက်ကြာအောင် လာခဲ့ရသလဲလို့ မေးပါလေရော။
သူဟာ စိတ်ရှုပ်တွေဝေတဲ့ မျက်နှာထားနဲ့ “ထွက်ပြေးတဲ့ လူ တစ်ယောက်ကို လိုက်ရှာတာပါ' လို့ ဖြေလိုက်တယ်။
‘အဲဒီ လူဟာလဲ ခင်ဗျားအတိုင်းပဲ စွပ်ဖားနဲ့ ထွက်ပြေးတာလား’ ဆိုတော့ သူက ‘ဟုတ်တယ်' လို့ ဖြေတယ်။
“ခင်ဗျားနဲ့ မတွေ့ရခင် တစ်ရက်ကပဲ ခွေးတွေ ဆွဲလာတဲ့ စွပ်ဖား လှည်းနဲ့ ရေခဲပြင်ပေါ် ဖြတ်မောင်းသွားတဲ့ လူကို တွေ့လိုက်ရတော့ ကျွန်တော်တို့အဖို့ ဆန်းနေတယ်’
အဲဒီမှာတွင် ဟိုလူစိမ်းဟာ ထက်ထက်သန်သန်ဖြစ်သွားပြီး သူ့ စကားအတိုင်း အဲဒီမိစ္ဆာကောင် ဘယ်လမ်းအတိုင်း သွားသလဲ ဆိုတဲ့ မေးခွန်းပေါင်းစုံ မေးတော့တာပဲ။ အဲဒီနောက် သူနဲ့ကိုယ် နှစ်ယောက်တည်း ရှိကြတော့ သူက ‘ခင်ဗျားတို့ စပ်စပ်စုစုနိုင်တာ ကျုပ် ဘာမှ သံသယမရှိပါ ဘူး၊ ခင်ဗျားလူတွေကိုလဲ သံသယမရှိပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့က တယ်ပြီး အမေးအမြန်း ထူတယ်ဗျာ' လို့ ပြောပါတယ်။
“ဟုတ်ပါတယ်၊ ဒီလောက် စပ်စပ်စုစုနိုင်ဖို့ မသင့်ဘူး ဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်’
“ခင်ဗျားတို့က ကျုပ်ကို အခက်အခဲ ဒုက္ခတွေကြားက ကယ်တင် ခဲ့တဲ့ အပြင် ကျုပ်အသက်ကိုလဲ ကယ်ခဲ့ကြတာပဲ”
သူက အဲဒီလိုပြောပြီး ‘ဟိုစွပ်ဖားလှည်းပေါ်က လူဟာကော ရေခဲ တုံးတွေ ကွဲတဲ့အထဲ ပါမသွားနိုင်ဘူးလား' လို့ ကိုယ့်ထင်ကြေးကို မေး တယ်။ ကိုယ်ကတော့ အသေအချာ မဖြေနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီနေ့က ရေခဲတွေ ကွဲတာက သန်းခေါင်နီးမှ ကွဲတာ ဆိုတော့ ဟိုလူဟာ အဲဒီအချိန် မတိုင်မီမှာပဲ သူလိုရာကို ရောက်သွားနိုင်တယ် မဟုတ်လား။
အဲဒီနောက်တော့ အဲဒီလူဟာ အားပြန်တက်လာဟန်နဲ့ သူ့ရှေ့က ပျောက်သွားတဲ့ စွပ်ဖားလှည်းကို မြင်ရနိုးနဲ့ ကြည့်နေသေးတယ်။ ဒါပေမဲ့ သူ့အခြေအနေက သိပ်ကောင်းသေးတာ မဟုတ်တော့ သူ့ကို အခန်းထဲ မှာပဲ နေစေခဲ့ရတယ်။ သူ့ကိုလည်း တစ်ခုခုမြင်ရရင် အသိပေးပါ့မယ်လို့ ကတိပေးရတယ်။
နောက်ဆုံးနေ့အထိ ကြုံရတဲ့ အဖြစ်ကတော့ အဲဒါပဲ မာဂရက်။ လူစိမ်းဟာလည်း တဖြည်းဖြည်းနဲ့ ပိုပြီး ကျန်းမာလာတယ်။ ငြိမ်တော့ နေတယ်။ ဒါပေမဲ့ အခန်းထဲကို တခြားတစ်ယောက်ယောက် ဝင်လာရင်ပဲ သူ မနေတတ် မထိုင်တတ် ဖြစ်ရတယ်။ သင်္ဘောသားတွေက သူနဲ့ ဆက်ဆံ ချင်ပေမဲ့ သိပ်ပြီး မဆက်ဆံဖြစ်ကြပါဘူး။ ကိုယ့်အနေနဲ့ကတော့ ကိုယ် သူ့ကို ညီရင်းအစ်ကိုတစ်ယောက်လို ခင်လာတယ်။ သူ့ရဲ့ ကြေကွဲပူဆွေး ဟန်က ကိုယ် သူ့အပေါ် ကရုဏာ၊ မေတ္တာ ပွားစေတယ်။ ခုအတိုင်းက သူ စုတ်စုတ်ပြတ်ပြတ် နွမ်းနွမ်းနယ်နယ်ဖြစ်နေဟန် ရှိပေမဲ့ တစ်ချိန်ကတော့ သူဟာ မှူးမျိုးမတ်နွယ်ထဲက ပုံစံမျိုးပဲ။
ဒီမယ် မာဂရက်၊ ကိုယ် တစ်ခါက မင်းဆီကို စာရေးဖူးတယ် မဟုတ်လား။ ကိုယ်ဟာ အပြောကျယ်လှတဲ့ ပင်လယ်ပြင်မှာ မိတ်ဆွေ တစ်ယောက်မှ ရှာမတွေ့တဲ့ အကြောင်း။ တွေ့မယ့်တွေ့တော့လည်း စိတ် ပျက်လက်ပျက် ဒုက္ခရောက်နေတဲ့ သူ့ကို တွေ့လိုက်ရတော့ ကိုယ့် ညီရင်း အစ်ကို တစ်ယောက်ကို တွေ့လိုက်ရသလို ခံစားလိုက်ရတယ်။
အဲဒီလူစိမ်းနဲ့ ပတ်သက်လို့ မှတ်တမ်းတင်စရာကလေးတွေ ကြုံရတဲ့အခါ ကိုယ် ခရီးသွားမှတ်တမ်း ကလေးကို ရေးသွားပါမယ် မာဂရက်။
ဩဂုတ် ၁၃
ကိုယ် သူ့အပေါ် ခင်မင်တွယ်တာမှုဟာ နေ့စဉ်နဲ့အမျှ တိုးလာတယ်။ တစ်ခါ မှာတော့ သူ့ကို သနားလည်း သနား၊ ချီးကျူးလည်း ချီးကျူးမိကြောင်း ပြောမိတော့ သူ ထိတ်ထိတ်ပျာပျာ ဖြစ်သွားတယ်။ ဒုက္ခသုက္ခတွေ ကြားမှာ ဘာမှ မခံစားရသလို ပင်ပန်းနွမ်းနယ်နေတဲ့ မှူးမျိုးမတ်နွယ် တစ်ယောက် ကို ကိုယ် ဘယ်လို ရှုဆိတ်မှာလဲ။ သူဟာ ဉာဏ်ပညာ အမြော်အမြင် ရှိပုံ လည်း ရတယ်။ သိမ်လည်း သိမ်မွေ့တယ်။ သူ့စိတ်ဓာတ်ကလည်း ယဉ်ယဉ်ကျေးကျေး ရှိတယ်။ သူ စကားပြောရင် စကားလုံး ရွေးပြောပုံရှိပေမဲ့ စကား ပြောပုံ သွက်လက်ချက်ချာပြီး သူမတူအောင်လည်း ပြေပြေပြစ်ပြစ် ရှိတယ်။
သူဟာ အတော်ကလေး နေကောင်းလာပါပြီ။ ကုန်းပတ်ပေါ်မှာ ပဲ နေပြီး သူ့ရှေ့က သွားနှင့်တဲ့ စွပ်ဖားလှည်းကိုပဲ မပြတ် လှမ်းကြည့်နေ တတ်တယ်။ ပျော်ရွှင်ပုံမရပေမဲ့ သူ့စိတ်ဒုက္ခကို သူ ခံစားမနေဘဲ သူများတွေ အလုပ်မှာပဲ စိတ်ဝင်စားနေပုံလည်း ရတယ်။ တစ်ခါတစ်ခါတော့လည်း ကိုယ်နဲ့ စကားစမြည် ပြောပါရဲ့။ ကိုယ်ကလည်း သူ့ကို အရိုးခံအတိုင်းပဲ ပြောတာကိုး။ သူကလည်း ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်လို့ အားပေးစကား ပြောတယ်။ ကိုယ့်မှာကလည်း ကိုယ့်လုပ်ငန်း၊ ကိုယ့်မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး အားပေးစကား လိုနေတာ ဆိုတော့ သူ့စကားတွေဟာ ကိုယ့်အဖို့ အားတက်စရာတွေ ဖြစ်ခဲ့တယ်။ ကိုယ့်မျှော်လင့်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းအတွက် နွေးထွေးတဲ့ စကားတွေ ဖြစ်ခဲ့တယ်။ လူတစ်ယောက်ရဲ့ သေရေးရှင်ရေး ဆိုတာဟာလည်း ကိုယ့်လိုလူအဖို့ ရှာဖွေနေတဲ့ ဗဟုသုတ အတွက် ပေးရတဲ့ တန်ဖိုးပဲလို့ သဘောထားလိုက်တယ်။ ကိုယ်က ကိုယ့် ခံယူချက်ကို ပြောပြတဲ့အချိန်မှာ အမှောင်ထုက သူ့မျက်နှာထားကို လွှမ်းဖုံး ထားခဲ့တယ်။ သူဟာ သူကိုယ်တိုင် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားပုံ ရပါ တယ်။ သူ့မျက်လုံးပေါ်မှာ လက်ဝါးကို အုပ်ထားတယ်။ သူ့ လက်ချောင်း တွေ ကြားက ယိုစီးလာတဲ့ မျက်ရည်တွေကို မြင်လိုက်ရတော့ ကိုယ် အသံ တွေ တုန်လာပြီး စကားစ ပြတ်သွားတယ်။ သူ့ရင်ထဲက လှိုက်လှဲတဲ့ သက်ပြင်းချသံကိုလည်း ကြားလိုက်ရတယ်။ ကိုယ် စကားကို ရပ်လိုက် တယ်။ သူက ကတုန်ကယင် ပြောလာပါတယ်။
‘စိတ်မချမ်းသာရတဲ့ လူ... ဟုတ်လား။ ကျွန်တော် စိတ်လိုက် မာန်ပါ ဖြစ်ခဲ့တာကို ခင်ဗျား နားလည်နိုင်သလား။ ခင်ဗျား ယစ်ရွှေရည်ကို သောက်သုံးနေပြီလား။ နားထောင်စမ်းပါဗျာ။ ကျွန်တော် ကျွန်တော့် အကြောင်းကို ပြောပြပါမယ်။ အဲဒီကျရင် ခင်ဗျား ယစ်ရွှေရည်ခွက်ကို ပါးစပ်ဖျားမှာတွင် တန့်သွားစေမှာပါ'
မင်း စဉ်းစားကြည့်ပါ မာဂရက်။ ဒီစကားတွေက ကိုယ့်ကို တုန်လှုပ်သွားစေတာ အမှန်ပဲ။ ကိုယ့်စကားတွေက သူ့ဝေဒနာတွေကို လွှမ်းမိုးသွားဟန် ရှိတယ်။ သူကိုယ်တိုင် ခံစားလာရပုံ ရတယ်။ စကားစ ပြတ်သွားတယ်။
သူဟာ စိတ်အဟုန်ရဲ့ ကျေးကျွန်ဘဝ ခံစားနေရတဲ့ ပြင်းထန်တဲ့ ခံစားမှုကို အနိုင်ရလိုက်ပုံ ပေါ်တယ်။ စိတ်ပျက်ဖွယ် အမှောင်ထုကိုလည်း ဖယ်ရှားလိုက်ပုံ ရတယ်။ သူကပဲ ကိုယ့်စကားကို ဆက်ပြောဖို့ ဦးဆောင် တယ်။ ကိုယ့်ရဲ့ အစောပိုင်းကာလ အခြေအနေကို မေးတယ်။ ကိုယ်က လည်း ခပ်မြန်မြန်ပဲ ပြောပြလိုက်တယ်။ အတိတ်ဇာတ်ကြောင်းတွေဟာ ဖျတ်ခနဲ ဖျတ်ခနဲ ထင်ဟပ်လာတယ်။ ကိုယ်က ကိုယ့်အပေါ်မှာ အကြင်နာ ထားနိုင်တဲ့ မိတ်ဆွေကောင်းတစ်ယောက် တောင့်တနေမိကြောင်းလည်း ထည့်ပြောလိုက်တယ်။
အဲဒီတော့ သူက..
“ခင်ဗျား ပြောတာကို ကျွန်တော် သဘောတူပါတယ်။ ကျွန်တော် တို့တစ်တွေက လူတစ်မျိုးတွေပဲ။ ကိုယ့်ဘာသာ လုပ်ကြံဖန်တီးထားတာ တွေနဲ့ ဖြစ်ပေါ်လာကြပုံ ရတယ်။ ကျွန်တော်တို့ထက် ဉာဏ်ပညာလဲ ရှိတယ်၊ ကောင်းလဲ ကောင်းတယ်၊ ခင်မိဖို့လဲ ကောင်းတဲ့ လူ၊ ကျွန်တော်တို့ ပေါင်းသင်းသင့်တဲ့ လူမျိုးဆီကတောင် ကျွန်တော်တို့ရဲ့ အမှား၊ ကျွန်တော် တို့ရဲ့ အားနည်းချက်အတွက် အကူအညီ မတောင်းခံချင်ကြဘူး။ တစ်ခါ တုန်းက ကျွန်တော့်မှာ အလွန်မြင့်မြတ်တဲ့ မိတ်ဆွေတစ်ယောက် ရှိခဲ့တယ်။ သူနဲ့ ဘယ်လို ချစ်ခင်ပေါင်းသင်းရမယ် ဆိုတာလဲ ကျွန်တော် ဆုံးဖြတ်နိုင် ခဲ့တယ်။ ဒါဆိုရင်ပဲ ခင်ဗျားအနေနဲ့ အဲဒီမိတ်ဆွေနဲ့ ပတ်သက်လို့ စိတ်ပျက် စရာ ကြုံရမှာပဲလို့ တွေးမိမှာ မဟုတ်ဘူး။ အဲ... ဒါပေမဲ့ ကျွန်တော့်မှာတော့ အားလုံး ဆုံးရှုံးခဲ့ရတယ်။ ဘယ်လိုမှ ဘဝအသစ် ပြန်မစနိုင်တဲ့ အဖြစ်မျိုး ကြုံခဲ့ရတယ်' လို့ ပြောပါတယ်။
သူက အဲဒီလိုပြောရင်း ကြေကွဲဝမ်းနည်း စိတ်တည်ငြိမ်လေဟန် သူ့မျက်နှာထားက ကိုယ့်နှလုံးသားကို လာပြီး ထိခိုက်စေပါတယ်။ ဒါပေမဲ့ သူ ငြိမ်သွားတယ်။ မကြာပါဘူး။ အခန်းထဲ ဝင်ပြီး သူ နားနေလိုက်ပါတော့ တယ်။
သူ့လိုပဲ စိတ်ပျက်သွားတဲ့တိုင်အောင် သဘာဝအလှအပတွေမှာ သူ ခံစားနေရပုံထက်တော့ ဘယ်သူမှ ပိုခံစားနိုင်မှာ မဟုတ်ပါဘူး။ သဘာဝ အလှဆိုတာ ကြယ်တွေ ပြိုးပြက်တဲ့ ကောင်းကင်၊ ပင်လယ် သမုဒ္ဒရာနဲ့ တကွ အဲဒီဒေသရဲ့ သဘာဝအလှအပ အားလုံးက မြေအပြင်က သူ့ဝိညာဉ် ကို မြှင့်တင်ပေးလိုက်သလို ရှိနေပါတယ်။ သူ့လို လူမျိုးမှာကတော့လည်း စိတ်ပျက်စရာ၊ စိတ်သောကရောက်တာတွေ ခံစားနေရတာနဲ့ တစ်ပြိုင်နက် တစ်ဖက်မှာကတော့လည်း ကြည်နူးအားရစရာတွေကို ခံစားနေတတ်လို့ပါပဲ။
ကိုယ်က အဲဒီလူအကြောင်း ရေးပြနေတော့ မင်း ပြုံးမိလေမလား မသိဘူး။ မင်းကိုယ်တိုင် သူ့ကို မမြင်ရဘဲနဲ့တော့ မပြုံးနဲ့ မာဂရက်။ မင်း ကိုယ်တိုင် စာအုပ်တွေ အများကြီးဖတ်ပြီး ကမ္ဘာကြီးနဲ့ ကင်းကွာ အနားယူ နေတဲ့ အခါမျိုးမှာ တစ်ခုခုကို မကြိုက်၊ မနှစ်သက်သလို ဖြစ်သွားတတ် တယ် မဟုတ်လား။ အဲဒီအခါမျိုးမှာ မင်း အဲဒီလိုလူမျိုးကို တွေ့ရရင် စိတ် သက်သာရာ ရသွားမှာပါပဲ။ တစ်ခါတစ်ခါတော့ ကိုယ်ဟာ ကိုယ်သိသမျှ လူတိုင်းထက် အတိုင်းအဆမရှိ သာတဲ့ အရည်အချင်းမျိုးကို သူ့ဆီမှာ ရှာ ကြည့်မိတယ်။ ကိုယ် သူ့ကို နားလည်သလိုလို ရှိတယ်။
ဩဂုတ် ၁၉
မနေ့ကတော့ သူက ကိုယ့်ကို ပြောတယ်။
“ကျွန်တော် ဘယ်လို ကံဆိုးမိုးမှောင်ကျပြီး ဘယ်လို ခံစားနေရ တယ် ဆိုတာ ခင်ဗျား နားလည်မှာပါ ကပ္ပတိန် ဝေါ်လတန်။ တစ်ခါကတော့လဲ အဲဒီအဖြစ်ဆိုးတွေနဲ့ ပတ်သက်သမျှတွေဟာ ကျွန်တော် သေမှပဲ ဆုံးခန်း တိုင်မယ်လို့ အောက်မေ့ခဲ့တယ်။ ဒီအယူအဆကို ခင်ဗျားက ပြောင်းလဲပစ် အောင် လုပ်လိုက်တာပဲ။ ခင်ဗျားဟာ တစ်ချိန်က ကျွန်တော့်လိုပဲ ဉာဏ်ပညာ နဲ့ အသိကို ရှာခဲ့တယ်။ ကျွန်တော် ဖြစ်ခဲ့သလို မြွေပွေး ခါးပိုက်ပိုက် အဖြစ်မျိုး မဖြစ်ပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် ကြုံခဲ့ရတဲ့ ဒုက္ခ တွေဟာ ခင်ဗျားအဖို့ အသုံးတည့်မလားတော့ မပြောတတ်ဘူး။ ဘာပဲ ဖြစ်ဖြစ်လေ ကျွန်တော့်အဖြစ်ကို ကြားရရင် ခင်ဗျားအဖို့ သင်ခန်းစာတစ်ခုခု ရတာပေါ့ဗျာ။ ခင်ဗျားအဖို့ အောင်မြင်မှုရရင်လဲ ခင်ဗျားကိုယ်ကို နားလည်စေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်သလို ခင်ဗျားအဖို့ ဆုံးရှုံးရရင်လဲ ဖြေသိမ့်စရာ ရတာပေါ့ဗျာ။ ဒီတော့ ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက်ကို နားထောင်ဖို့သာ ပြင်ပေတော့။ သဘာဝရဲ့ ပြုပြင်ထိန်းသိမ်းမှု ကြားမှာ ဒီလို အဖြစ်အပျက်မျိုးကို ကြားရလို့ ခင်ဗျား မယုံမှာပဲ ကျွန်တော် စိုးပါတယ်။ ခင်ဗျားက ရယ်ချင် ရယ်မယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ်ဖြစ်ခဲ့တာပါ'
သူ ခုလိုပြောလာတာ ကိုယ် သဘောကျမယ်လို့ မင်း အလွယ် တွေးမိမှာပဲ။ ဒါပေမဲ့ အဟောင်းတွေ အသစ်ဖြစ်လာပြီး သူ ပြန်ခံစားရမှာ မျိုးတော့ မဖြစ်စေချင်ပါဘူး။ တစ်ဖက်ကကျတော့လည်း အထူးအဆန်း သိချင်တာက တစ်ပိုင်း၊ သူ့အကြောင်းကို သိချင်တာက တစ်ပိုင်းကြောင့် သူပြောမယ့် အကြောင်းကို နားထောင်ချင်ကြောင်း ပေါ်လွင်အောင် ပြန် ကြားလိုက်ပါတယ်။
ဒီတော့ သူက ဟောဒီလို ဆက်ပြောတယ်။
“ကျွန်တော့်အပေါ်မှာ စာနာဖော်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ။ ဒါပေမဲ့ အဲဒီစာနာမှုဟာလဲ အလဟဿဖြစ်ရတယ် ခင်ဗျာ့။ အကြောင်းက တော့ ကျွန်တော့်အဖြစ်ကလဲ ဆုံးခန်းတိုင်လုနီးပါပြီ။ ကျွန်တော် အဖြစ် တစ်ခုကိုပဲ စောင့်နေတာပါ။ အဲဒီနောက်တော့လဲ ကျွန်တော်ဟာ ငြိမ်းချမ်း စွာ အနားယူရတော့မှာပါ။ ခင်ဗျား ဘယ်လိုခံစားနေရတယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်'
ကိုယ် စကားဖြတ်ပြောမယ် ဆိုတာ သူ ရိပ်မိတာနဲ့ သူ့စကားကို မဖြတ်ဘဲ ဆက်ပြောလိုက်ပါတယ်။
'ဒီမယ် မိတ်ဆွေ၊ ကျွန်တော်ကတော့ ပြောမယ် ဆိုတဲ့အတိုင်း ပြောရမှာပဲ။ ကျွန်တော့်အကြောင်း ပြောမယ် ဆိုတဲ့အတိုင်း ပြောဖြစ်တယ် ဆိုတာ နောက်တော့ ခင်ဗျား သဘောပေါက်လာမှာပါ'
အဲဒီ နောက်တစ်နေ့မှာတော့ ကိုယ် အားနေတုန်းမှာ သူ့ကတိအတိုင်း သူ့ဇာတ်လမ်းကို စပါတော့တယ်။ နေ့စဉ် သူပြောပြတဲ့ သူ့ ဇာတ် လမ်းကို ညတိုင်း အားလပ်တဲ့ အခါတိုင်းမှာ သူပြောတဲ့ စကားအတိုင်း ကိုယ် မှတ်တမ်းတင်ခဲ့ပါတယ်။ အလုပ်မအားတဲ့ ညတွေမှာတောင်မှ သူ ပြောသမျှကို ကိုယ် မှတ်စုထုတ်ခဲ့ပါတယ်။ သူ့အကြောင်း လက်ရေးမူတွေဟာ မင်းအဖို့ ဖတ်ရတာ နှစ်သက်ဖွယ် ဖြစ်လိမ့်မယ် ထင်ပါတယ်။ သူ့နှုတ်ဖျား က ပြောသမျှကို ကိုယ်တိုင်ကြားရတဲ့ ကိုယ့်လို လူတစ်ယောက်အဖို့ ကာလ အတန်ကြာပြီးမှ သူ့အကြောင်းကို ပြန်ဖတ်ရရင် ဘယ်လောက် စိတ်ဝင်စား ပြီး သူ့အပေါ်မှာ ဘယ်လောက် ကရုဏာပွားရမလဲ ဆိုတာ တွေးသာကြည့် ပါတော့။ ခုပဲ ကိုယ့်ရဲ့ ဒီလုပ်ငန်းကို စရင်း သူ့စကားသံကို နားထဲမှာ ကြား လာတယ်။ လင်းလက်နေတဲ့ သူ့မျက်လုံးတွေကိုလည်း မြင်ယောင်လာ တယ်။ သူ့ရဲ့ လက်တံသေးသေးတွေ လှုပ်ရှားဟန်ကိုလည်း မြင်လာတယ်။ ဇာတ်လမ်းကတော့ ဆန်းလည်း ဆန်း၊ ကြေကွဲဖွယ်လည်း ကောင်းပါ တယ်။ သင်္ဘောဟာ ပင်လယ်ခရီးကို ဖြတ်သန်းရင်း ကြောက်ဖွယ် မုန်တိုင်း တွေကို ကျော်ဖြတ်လာခဲ့ပါတယ်။ သူ့အဖြစ်ကလည်း ဒီလိုပါပဲ။
※
အခန်း - ၁
ကျွန်တော်သည် ဂျီနီဗာမြို့ ဇာတိဖြစ်ပြီး ကျွန်တော့်မိသားစုသည် ဆွစ်ဇာလန် သမ္မတနိုင်ငံ၌ ထင်ရှားကျော်စောသော မိသားစုတစ်ခု ဖြစ်ပါသည်။ ကျွန်တော်၏ မိဘ၊ ဘိုးဘွား အဆက်ဆက်တို့သည် နှစ်ပေါင်းကြာမြင့်စွာကပင် အတိုင်ပင်ခံ အရာရှိများ၊ တရားသူကြီးများအဖြစ် တာဝန်ယူခဲ့ကြပြီး ကျွန်တော့်အဖေသည် ဂုဏ်သရေရှိ ပြည်သူ့ဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။ အဖေသည် သူ၏ ရိုးသားမှု၊ ပြည်သူ့လုပ်ငန်းပိုင်းတွင် မပြတ်အာရုံပြုမှုတို့ကြောင့် အဖေ့ကို သိကြသူတိုင်းကပင် အဖေ့ကို လေးလေးစားစား ရှိခဲ့ကြပါသည်။ ငယ်စဉ်ကတည်းကပင် အဖေသည် တိုင်းရေးပြည်ရေး၌ စိတ်ဝင်စားခဲ့သူ ဖြစ်သည်။ အဖေသည် တိုင်းရေးပြည်ရေး၌ စိတ်ဝင်စားခဲ့သဖြင့် အိမ်ထောင်စောစော မပြုဖြစ်ခဲ့ပါ။ သို့သော်လည်း အရွယ် မဟိုင်းခင်ပင် အဖေသည် သားတစ်ယောက်အဖေ အိမ်ထောင်ဦးစီး ဖြစ်လာခဲ့ပါ သည်။
အဖေ့လက်ထပ်မှု အခြေအနေက အဖေ့စရိုက်ကို ဖော်ဆောင်နေသဖြင့် သူတို့ လက်ထပ်ရေးနှင့် ပတ်သက်၍ ကျွန်တော် ဖော်ပြရပါလိမ့်မည်။ အဖေ့ မိတ်ဆွေတစ်ယောက်မှာ လုပ်ငန်းကိုင်ငန်း ဖွံ့ဖြိုးသော နယ်တစ်နယ်က ကုန်သည် တစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ကံမကောင်း အကြောင်းမလှသဖြင့် ဆင်းရဲသွား သူ တစ်ဦး ဖြစ်၏။ သူ့နာမည်သည် ဗိုးဖော့ ဖြစ်ပါသည်။ သူသည် မာနထားတတ် သလောက် သူ့အခြေအနေ ယိမ်းယိုင်လာသောအခါ တစ်ချိန်က သူ ထင်ရှား ကြီးကျယ်ခဲ့သော မြို့ပေါ်တွင် ဆင်းဆင်းရဲရဲ မနေနိုင်လောက်အောင် အခြေအနေ ဆိုက် ရောက်လာပါသည်။ ဤသို့ဖြင့် သူလည်း ပေးစရာရှိသည့် ကြွေးများကို ဂုဏ်ရှိရှိပေးဆပ်ခဲ့ပြီး သမီးနှင့်အတူ လူစန်း အမည်ရှိ မြို့ကလေး တစ်မြို့သို့ ပြောင်း၍ ဆင်းဆင်းရဲရဲ ဇာတ်မြှုပ်နေလိုက်ပါလေသည်။ ကျွန်တော့်အဖေသည် ဗိုးဖော့ကို မိတ်ဆွေစစ် မေတ္တာမျိုးနှင့် ခင်မင်သည့်အလျောက် သူ ဤကဲ့သို့ ဖြစ်ရသည်ကို စိတ်မကောင်းခဲ့ပါ။ ထို့ကြောင့်လည်း အဖေသည် သူ့မိတ်ဆွေ၏ဘဝ ပြန်လည် ရှင်သန်နိုင်ရေးအတွက် သူ့ကို ရှာဖွေ စုံစမ်းခဲ့ပါသေးသည်။
ဗိုးဖော့သည် အတော်ပင် ဇာတ်မြှုပ်နေနိုင်ခဲ့ပါ၏။ ဆယ်လလောက် ကြာမှပင် သူနေသော အရပ်ကို အဖေ စုံစမ်းသိရှိရပါလေတော့သည်။ အဖေလည်း သူ့အကြောင်းကို စုံစမ်းသိရသည်နှင့် အပျော်ကြီးပျော်ကာ သူ နေထိုင်သော လမ်းအိုလမ်းပျက် တစ်နေရာကို လိုက်သွားခဲ့ပါသည်။ အဖေ့ကို စိတ်ပျက်ဖွယ်၊ စိတ်ဆင်းရဲဖွယ် အခြေအနေများက ကြိုဆိုပါလေ၏။ ထိုအချိန်တွင် ဗိုးဖော့မှာ လပေါင်းအနည်းငယ်အတွက် အသင့်အတင့် သုံးနိုင်လောက်သော ငွေကြေး လက်ကျန်သာ ရှိပါတော့သည်။ ထိုငွေ ကုန်သွားလျှင် ကုန်သည်တစ်ဦးထံ၌ အလုပ် လုပ်ရန် စိတ်ကူးထားသော အခြေအနေ ဖြစ်သည်။ ထိုကာလအတွင်းတွင်ကား သူ ဘာမျှ မလုပ်ပါ။ အလုပ်အကိုင် မရှိ၊ အတိတ်ဖြစ်ရပ်များကိုသာ ပြန်လည် တမ်းတရင်း သုံးလလောက် အကြာတွင် သူ အိပ်ရာပေါ်၌ ဗုန်းဗုန်းလဲပါတော့ သည်။
သူ အိပ်ရာတွင် လဲနေစဉ် သူ့သမီးက သူ့ကို ဂရုတစိုက် ပြုစုခဲ့ပါ၏။ သို့သော်လည်း အခြေအနေတိုးတက်ရန် အလားအလာမရှိဘဲ ရှိသမျှ ပစ္စည်းများ သာ လုံးပါး ပါးလာသောကြောင့် သမီး ကာရိုလင်းဗိုးဖော့သည် စိတ်ပျက်လာပါ ၏။ ကာရိုလင်း စိတ်ဓာတ်ကလည်း လူသာမန် စိတ်ဓာတ်မျိုး မဟုတ်ပေ။ ဆင်းရဲ နွမ်းပါး ဒုက္ခရောက်နေသည့် ကြားကပင် အားမာန်ကို တင်းထားသည်။ ကောက်ရိုး မျှင်များကို လွန်းတင်ကြိုးကျစ်သည့် လုပ်ငန်းဖြင့် ဝင်ငွေကလေး မလောက်မငကို ရှာခဲ့သည်။
ဤသို့ဖြင့် ဗိုးဖော့တို့ သားအဖသည် လပေါင်းအတန်ကြာ ရုန်းကန်လာ ရင်း ဗိုးဖော့၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားလာခဲ့သည်။ ကာရိုလင်းအဖို့ တော့လည်း အဖေကို ပြုစုရင်း အချိန်ကုန်လာသည်။ ဝင်ငွေသည်လည်း ကျဆင်း လာသည်။ ဤသို့ဖြင့် ဆယ်လအကြာတွင် ဗိုးဖော့သည် သမီးလက်တွင်း၌ အသက်ထွက်ခဲ့ရလေသည်။ ကာရိုလင်းမှာ သူတောင်းစား တစ်ကောင်ကြွက် အဖြစ် ကျန်ရစ်ခဲ့ပါလေတော့သည်။ ကာရိုလင်းအဖို့ ဘဝ၏ နောက်ဆုံး ထိုးနှက်ချက်ကို သူ့အဖေ အလောင်းဘေးတွင် ဒူးထောက်ရင်း ခံစားရရှာပါလေ၏။ ကျွန်တော့်အဖေ ထိုအခန်းသို့ ဝင်ခဲ့သောအချိန်တွင် ကာရိုလင်းသည် သူ့အဖေ အလောင်းဘေး၌ သည်းသည်းထန်ထန် ငိုကြွေးနေပါလေ၏။ အဖေသည် သနားစရာ မိန်းကလေး အတွက် အားထားဖွယ်ရာ ဖြစ်လာပါ၏။ အဖေကလည်း ကာရိုလင်းကို ကူညီစောင့်ရှောက်ပြီး သူ့သူငယ်ချင်း အလောင်းကို မြှုပ်နှံ၍ ကာရိုလင်းကို ဂျီနီဗာသို့ ခေါ်လာခဲ့ပါသည်။ ဂျီနီဗာတွင် ဆွေမျိုးတစ်ယောက်ထံ၌ အပ်နှံထားခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် အဖေသည် ကာရိုလင်းကို လက်ထပ် ခဲ့ပါလေတော့သည်။
ကျွန်တော့်မိဘများမှာ အသက်ချင်း ကွာကြသော်လည်း တစ်ဦးကို တစ်ဦး အလွန် ချစ်ကြင်နာကြပါသည်။ အဖေကလည်း သူ့ဇနီးကို အလွန် မြတ်နိုး ကြောင်း ဖော်ပြခြင်းဖြင့် ဇနီးအလိုက်ကို အကြိုက်ဆောင်ခဲ့ပါသည်။ အသက် အရွယ်အားဖြင့် ကွာခြားသော်လည်း အဖေသည် သူ့ဇနီးအလိုကို လိုက်လျောမြဲ ဖြစ်ပါသည်။ ဇနီး၏ စိတ်မချမ်းမြေ့ဖွယ် အဖြစ်ကိုလည်း အတတ်နိုင်ဆုံး ဖြေသိမ့် ခဲ့ပါ၏။ ဇနီးအလိုကိုလည်း အဘက်ဘက်မှ လိုက်လျောခဲ့ပါ၏။ လက်ထပ်ခဲ့သော ပထမနှစ်နှစ်ပိုင်းတွင် အဖေသည် လူမှုပွဲလမ်းသဘင်များကိုပင် ရှောင်တိမ်းကာ ဇနီးသည်အလိုကိုသာ လိုက်လျော ဆောင်ရွက်ခဲ့ပါ၏။ ထို့နောက်တွင်ကား အဖေ တို့ လင်မယားသည် ရာသီဥတု သာယာသော အီတလီသို့ ခရီးထွက်ခဲ့ကြပါ၏။ အီတလီတွင်လည်း အဖေသည် အမေ စိတ်ချမ်းသာဖွယ်ရာ နေရာဒေသများသို့ လိုက်ပါ ပို့ဆောင်ခဲ့ပါ၏။
ထို့နောက်ပိုင်းတွင်လည်း အဖေသည် အမေနှင့်အတူ ဂျာမနီနှင့် ပြင်သစ် သို့ ခရီးဆက်ခဲ့ပါ၏။ သူတို့၏ အကြီးဆုံးကလေးဖြစ်သော ကျွန်တော့်ကို နေပဲလ် တွင် မွေးဖွားခဲ့ပါသည်။ ကျွန်တော်သည် လူမမည်အရွယ်မှာပင် အဖေ၊ အမေတို့ သွားလေရာသို့ လိုက်ပါခဲ့ရပါ၏။ ကျွန်တော်သည် ကာလအတန် ကြာသည်အထိအဖေနှင့် အမေတို့၏ တစ်ဦးတည်းသော တွယ်တာစရာအဖြစ် ကြီးပြင်းလာခဲ့ရ ပါသည်။ အဖေနှင့် အမေတို့သည် တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်တွယ်တာ သလို ကျွန်တော့်ကိုလည်း အထူးမြတ်နိုးကြပါ၏။ ကျွန်တော့်ဘဝတွင် ပထမဦး ဆုံးသော သတိရဖွယ် ဖြစ်ရပ်များကား အမေ၏ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုနှင့် အဖေ၏ နှစ်လိုဖွယ်အပြုံးများ ဖြစ်ပါ၏။ ကျွန်တော်ကား အဖေ၊ အမေတို့၏ မြတ်နိုးတွယ်တာစရာ ဖြစ်ခဲ့ရပါ၏။ ကျွန်တော်၏ ငယ်ဘဝကား ပကတိ သာယာ ကြည်နူးဖွယ် ဖြစ်ခဲ့ပါ၏။
ကျွန်တော်သည် ကာလအတန်ကြာသည်အထိ မိဘနှစ်ပါး၏ ဂရုပြု စရာ ဖြစ်ခဲ့ရပါ၏။ အမေသည် သမီးတစ်ယောက် ထပ်လိုချင်ခဲ့ပါသည်။ သို့သော် ကျွန်တော်သည် ကာလအတန်ကြာသည်အထိ မိဘနှစ်ပါး၏ တစ်ဦးတည်းသော သား ဖြစ်ခဲ့ပါ၏။ ကျွန်တော် ငါးနှစ်အရွယ်သို့ ရောက်သောအခါ အဖေနှင့် အမေတို့ သည် အီတလီ နယ်စပ်ကို လှည့်လည်သွားလာရင်း ကိုမိုရေအိုင်ဘေး ကမ်းခြေ၌ ရက်သတ္တ တစ်ပတ်ကြာ နေခဲ့ကြပါ၏။ တစ်ခါတစ်ခါတော့လည်း အဖေနှင့် အမေ တို့သည် ဆင်းရဲသော တဲအိမ်ကလေးများသို့ ဝင်ရောက်တတ်ပါ၏။ အမေ၏ ဆင်းဆင်းရဲရဲဘဝကို ပြန်လည်သတိရပြီး အဖေ့အကာအကွယ် အောက်၌ အမေ သက်သောင့်သက်သာ နေရသော အဖြစ်ကို ဆင်ခြင်နိုင်မိစေရန် ဖြစ်ပါသည်။ တစ်နေ့တွင် အဖေသည် မီလန်သို့ တစ်ကိုယ်တည်း ထွက်သွားစဉ် အမေနှင့် ကျွန်တော်တို့သည် လယ်သမားလင်မယားအိမ် တစ်အိမ်သို့ လာခဲ့ကြပါ၏။ ထိုအိမ်ကလေးတွင် လယ်သမားလင်မယားသည် သူတို့၏ ကလေးငါးယောက် ဝမ်းရေးအတွက် အပန်းတကြီး လုပ်ကိုင်နေကြရသည်ကို တွေ့ရပါ၏။ ကလေး ငါးယောက်တွင် အမေသည် ကလေးတစ်ယောက်ကို အခြားကလေးများထက် စိတ်ဝင်စားပါလေတော့သည်။ ထိုကလေးမှာ မိန်းကလေး ဖြစ်ပါသည်။ ထိုကလေး သည် အခြားကလေး လေးယောက်နှင့် မတူပါ။ ကျန်ကလေး လေးယောက်မှာ မျက်လုံးမည်းပြီး ထိုကလေးထက် အကြမ်းပတမ်း အဆင်းရဲခံနိုင်ပုံ ရပါသည်။ ထိုကလေးမှာ ပိန်လည်း ပိန်ပါသည်။ ကြည့်ပျော်ရှုပျော်လည်း ရှိပါသည်။ ထို မိန်းကလေး၏ အဝတ်အစားများသည် ဆင်းရဲနွမ်းပါးသော အသွင်ကို ဆောင် သော်လည်း သူ၏ ရွှေရောင်ဆံစကလေးများသည်လည်း ထူးခြားနေပါ၏။ သူ့ နဖူးပြင်သည် ရှင်းသန့် ကျယ်ပြန့်နေပါ၏။ မျက်လုံးပြာများကလည်း ရွှန်းလဲ့နေ ပါ၏။ နှုတ်ခမ်းအစုံနှင့် မျက်နှာပုံပန်းသဏ္ဌာန်မှာ နှစ်လိုဖွယ် ကောင်းလှပါသည်။ အခြားကလေးများနှင့်စာလျှင် တစ်မူထူးခြားသဖြင့် ကောင်းကင်ဘုံက သီးခြား ပို့ဆောင်ပေးလိုက်သော ကလေးလားဟုပင် ထင်ရပါသည်။
အမေသည် ထိုကလေးကို အာရုံစူးစိုက်လွန်းသည်ကို သတိထားမိသော လယ်သမားမယားသည် ကလေးအကြောင်းကို စိတ်ပါလက်ပါ ပြောပြလေတော့သည်။ ထိုမိန်းကလေးသည် သူ့ကလေး မဟုတ်ပါ။ မီလန်မြို့သား မှူးမျိုး မတ်နွယ်တစ်ဦး၏ သမီး ဖြစ်ပါသည်။ သူ့အမေသည် ဂျာမန်အမျိုးသမီးတစ်ဦး ဖြစ်ပြီး ထိုကလေးမကို မွေးပြီး ကွယ်လွန်သွားခဲ့ပါသည်။ ထိုအခါမှစ၍ ထို ကလေးမကို ယခု လယ်သမားလင်မယားက ပြုစုစောင့်ရှောက်ခဲ့ရခြင်း ဖြစ်ပါသည်။ ကလေးမ၏ မိဘရင်းများမှာလည်း လက်မထပ်ရသေးသောကြောင့် ကလေးမကို လယ်သမားလင်မယား လက်သို့ အပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ကလေး အဖေ၏ အကြောင်းကိုကား သေသည်၊ ရှင်သည် မသိရပါ။ သူ့ပစ္စည်း တွေ အသိမ်းခံလိုက်ရသည် ဟုသာ သိရပါသည်။ ထိုအခါမှစ၍ ကလေးမသည် တစ်ကောင်ကြွက် သူတောင်းစားအသွင် ဖြစ်လာခဲ့ရပါ၏။ ဤသို့လျှင် ကလေးမ သည် မွေးစားမိဘများလက်၌ ချုံတွေကြားက နှင်းဆီပွင့်ကလေးနှယ် ကြီးပြင်း လာခဲ့ရခြင်း ဖြစ်ပါသည်။
နောက် မကြာပါချေ။ အဖေသည် မီလန်မြို့မှ ပြန်လာပြီးနောက် အိမ်ထဲ တွင် မိန်းကလေးနှင့် ကျွန်တော် ကစားနေစဉ် အရုပ်ကားချပ်ထဲက အပြစ်မဲ့ ကလေးထက် လှပနှစ်လိုဖွယ်ရှိပြီး တောင်ဆိတ်ထက် သွက်လက်သည့် လှုပ်ရှားမှု ရှိသော ကလေးမကလေးကို အဖေ တွေ့လိုက်ရပါသည်။ အကျိုးအကြောင်းကို ရှင်းပြပြီးနောက် အမေသည် ထိုကလေးမကို ထိန်းကျောင်းခွင့် ရသွားပါ၏။ အဖေ နှင့် အမေတို့သည် ကလေးမကလေးကို အထူး ချစ်မြတ်နိုးကြပါသည်။ သူ ရှိနေ သည့် အတွက်လည်း အိမ်ကလေးမှာ ပိုပြီး စိုစိုပြည်ပြည် ဖြစ်လာပါသည်။ အဖေ နှင့် အမေတို့သည် ရွာဘုန်းကြီးနှင့် တိုင်ပင်ကြပြီးနောက် အဲလိဇဗက်လာဗင်ဇာ သည် ကျွန်တော်တို့ အိမ်သားတစ်ယောက် ဖြစ်လာပါသည်။ ကျွန်တော်လည်း သူ့ကို အစ်မတစ်ယောက်ထက်ပင် ချစ်ခင်ပါသည်။
လူတိုင်းက အဲလိဇဗက်ကို ချစ်ကြသည်။ ချစ်ခင်မြတ်နိုး သံယောဇဉ် လည်း တွယ်လာကြပါသည်။ သူ ရောက်မလာခင် တစ်ညနေတွင် အမေက ‘ဗစ်တာ့ ကို လက်ဆောင်ကောင်းကောင်း ပေးရဦးမယ်၊ မနက်ဖြန်ကျရင် သူ ရမှာပါ” ဟု ကျီစယ်သလို ပြောခဲ့ပါ၏။ နောက်တစ်နေ့တွင် အမေသည် ကတိအတိုင်း အဲလိဇဗက် ကို ခေါ်လာပါသည်။ ကျွန်တော်သည် အဲလိဇဗက်ကို ကျွန်တော်၏ အစ်မအဖြစ် ချစ်မြတ်နိုးခဲ့ပါသည်။ ကျွန်တော်တို့သည် မောင်နှမဝမ်းကွဲများအလား ဆက်ဆံ လာခဲ့ကြပါ၏။ ကျွန်တော်ကမူ သူ့ကို အစ်မရင်းထက်ပင် ချစ်မြတ်နိုးပါ၏။
※
အခန်း - ၂
ကျွန်တော်တို့သည် အတူတကွ ကြီးပြင်းလာခဲ့ကြပါသည်။ ကျွန်တော်တို့နှစ်ယောက် အသက်မှာ တစ်နှစ်မျှပင် ကွာခြားခြင်း မရှိပါ။ ကျွန်တော်တို့သည် သွေးသားမစပ် ကြောင်း ပြောစရာမလိုပါ။ သို့သော်လည်း ကျွန်တော်တို့သည် ပေါင်းသင်းလာရင်း စိတ်သဘောချင်း တူမျှလာပါသည်။ စိတ်သဘော မတိုက်ဆိုင်ခြင်းမျိုး မရှိပါ။ အဲလိဇဗက်သည် ဆွစ်ဇာလန်နိုင်ငံ၏ ရေမြေသဘာဝကို စိတ်ဝင်စားပါသည်။ တောတောင်ရေမြေ သဘာဝကို အာရုံစိုက်ပါသည်။ အရာရာကို သိချင်၊ စူးစမ်းချင် စိတ်လည်း ကြီးမားပါသည်။
ကျွန်တော် ခုနစ်နှစ်သားတွင် အမေသည် ဒုတိယသားကို မွေးပါသည်။ ထိုအခါ မိဘနှစ်ပါးသည် လှည့်လည်သွားလာ လည်ပတ်နေသော အခြေအနေကို စွန့်ပြီး သူတို့ဇာတိ၌ပင် အခြေစိုက်လိုက်ကြပါသည်။ ကျွန်တော်တို့ပိုင် အိမ်သည် ရေကန်၏ အရှေ့ဘက်တွင် ရှိသည်။ မြို့နှင့် သုံးမိုင်သာသာ ဝေးပါသည်။ ထိုအိမ် သည် ကျွန်တော်တို့ မိဘဘိုးဘွား အဆက်ဆက်တို့ အေးအေးချမ်းချမ်း နေလာ ခဲ့ကြသော အိမ် ဖြစ်ပါသည်။ ကျွန်တော့်စိတ်ကလည်း လူသူကင်းကင်းဝေးဝေး၌ တစ်ကိုယ်တည်း နေချင်ပါသည်။ ကျွန်တော်သည် ကျောင်းမှာလည်း တစ်ဦးတည်း ဘာသိဘာသာ နေခဲ့သည့်အလျောက် အပေါင်းအသင်းဆို၍ တစ်ယောက်တည်းသာ ရှိခဲ့လေသည်။ ထိုသူငယ်ချင်းမှာ ဟင်နရီကလာဗ် ဖြစ်သည်။ သူသည် ဂျီနီဗာက ကုန်သည်တစ်ဦး၏ သားဖြစ်သည်။ သူသည် လူတော်တစ်ယောက် ဖြစ်သည်။ ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း အလုပ်များကိုလည်း သဘောကျတတ်သည်။ သူသည် မြင်းစီးသူရဲကောင်းများ အကြောင်း ရေးသော စာအုပ်များကိုလည်း ဖတ် လေ့ ရှိသည်။ သူရဲကောင်းသီချင်းများကို ရေးစပ်လေ့ ရှိပြီး သူရဲကောင်းတို့၏ စွန့်စားခန်းအကြောင်း ပုံပြင်များကိုလည်း ရေးလေ့ရှိသည်။ ကျွန်တော်တို့ ပါဝင် ကပြရန် ရှေးခေတ်သူရဲကောင်းများအကြောင်း ပြဇာတ်ကို ရေးပြီး ထိုပြဇာတ်တွင် ကျွန်တော်တို့အား ပါဝင်ကပြစေပါ၏။
ကျွန်တော်၏ ငယ်ဘဝသည် ပျော်စရာအတိ ဖြစ်ခဲ့ပါ၏။ ကျွန်တော့် မိဘများသည် စိတ်ရင်းစေတနာလည်း ရှိ၊ အကြင်နာတရားလည်း ပွားကြပါ၏။ တခြားမိသားစုများနှင့် သိကျွမ်းရတိုင်း ကျွန်တော့်မိဘများ၏ ကျွန်တော့်အပေါ် ထားသော အချစ်ကို ပိုမိုနားလည် သဘောပေါက်ရပါ၏။
ရံဖန်ရံခါ ကျွန်တော်သည် စိတ်ပြင်းတတ်ပြီး အစွဲအလမ်းလည်း ကြီး တတ်ပါသည်။ အရွယ်ကလေး ရလာသောအခါ ကလေးစိတ်အစွဲအလမ်းထက် တစ်စုံတစ်ခုကို သင်ယူလေ့လာလိုသော အစွဲအလမ်းက ကြီးလာပါသည်။ ကျွန်တော့် အစွဲအလမ်းတွင် ဝါကျဖွဲ့ထုံးများ အကြောင်းကိုလည်း မလေ့လာချင်ပါ။ အစိုးရ၏ တရားဥပဒေကိုလည်း မလေ့လာချင်ပါ။ နိုင်ငံရေးကို လေ့လာလိုသော စိတ်မျိုး လည်း မရှိပါ။ ကျွန်တော် လေ့လာလိုသော အကြောင်းအရာကား ကောင်းကင်နှင့် မြေလွှာအကြားက လျှို့ဝှက်ချက်များသာလျှင် ဖြစ်ပါသည်။ ကျွန်တော် သင်ယူ လေ့လာလိုသော အကြောင်းအရာသည် ပြင်ပလောကတွင် ရှိသော အကြောင်း အရာမျိုးလည်း ဖြစ်နိုင်ပါသည်။ ကျွန်တော်ကိုယ်တိုင် ဆက်လက်လေ့လာလိုဆဲ ဖြစ်သည့် သဘာဝလွန် တရားမျိုးလည်း ဖြစ်နိုင်ပါသည်။ ကျွန်တော်ကိုယ်တိုင် ဆက်လက်လေ့လာလိုဆဲ ဖြစ်သည့် သဘာဝလွန် တရားမျိုးဖြစ်သော ကမ္ဘာ လောက၏ ရုပ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်ဟုလည်း ဆိုနိုင်သော လူ့အတွင်းစိတ်၏ ဆန်းကြယ်မှုသည်လည်း ဖြစ်နိုင်ပါ၏။
မကြာမီအတွင်းမှာပင် ကလာဗ်သည် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ကိစ္စများဖြင့် အလုပ်များလာပါသည်။ အထူးသဖြင့် လူတို့၏ လှုပ်ရှားမှုများနှင့် လူစွမ်းကောင်းတို့၏ ကောင်းမြတ်သော အရည်အသွေးတို့ကို စူးစမ်းနိုင်ရေးသည် သူ၏ အဓိကဦးတည်ချက် ဖြစ်ပါသည်။ သူ့မျှော်လင့်ချက်နှင့် စိတ်ကူးမှာ လူသား တို့၏ အကျိုးဆောင်အဖြစ် ထိုပုဂ္ဂိုလ်မျိုးကို မှတ်တမ်းတင်နိုင်ရန် ဖြစ်ပါသည်။
ကျွန်တော်တို့၏ အေးချမ်းသာယာသော အိမ်ကလေးတွင် အဲလိဇဗက် ၏ ရုပ်သွင်သည် ရောင်ခြည်ဖြာ မီးအိမ်ကလေးသဖွယ် လင်းလက်လာပါ၏။ သူ့ အပြုံး၊ သူ၏ ညင်သာသော အသံ၊ သူ့မျက်လုံးအစုံမှ သူ၏ ချိုမြိန်သော အကြည့် တို့သည် ကျွန်တော်တို့အတွက် ဆုမွန်ကောင်း တောင်းပေးနေသည့်နှယ် ရှိကြပါ ၏။ သူသည် အချစ်ကို သယ်ဆောင်လာသည့် ဝိညာဉ်သဖွယ် ဖြစ်ပါ၏။ ကျွန်တော် ကား စိတ်ပါဝင်စားစွာ လေ့လာတတ်သည့်အတိုင်း အာရုံကို စာအုပ်မှာ စိုက်ထား လိုက်ပါ၏။ အဲလိဇဗက်ကမူ ကျွန်တော့်အား သူကဲ့သို့ သိမ်မွေ့လာအောင် ဆွဲဆောင်နေဘိသကဲ့သို့ ရှိပါသည်။ ကလာဗ်ကမူ သူ၏စိတ်ရင်းအတိုင်း စိတ် ကောင်း၊ စေတနာကောင်း ထားကြသော လူစွမ်းကောင်းများ၌သာ စိတ်ဝင်စား နေသဖြင့် အဲလိဇဗက်သည် ကလာဗ်ကို ဆွဲဆောင်ရန် မကြိုးပမ်းဟန် ရှိပါလေ သည်။ ကျွန်တော်သည် ကြမ္မာဆိုးက အမှောင်လွှမ်းခဲ့ပြီး အမှောင်တွင်း၌ ကျင့်သား မရမီ ငယ်ဘဝ၏ ပျော်ရွှင်မှုများကို ပြန်လည်တမ်းတနေမိပါ၏။ ထိုကာလများကို တမ်းတရင်းပင် အမှောင်ကာလသို့ ဆိုက်ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ကျွန်တော်၏ အစွဲအလမ်းသည် တောင်ကျရေနှယ် အဆီးအတားမရှိ ကျဆင်း လာပါလေတော့သည်။ ပျော်ရွှင်မှုအပေါင်းနှင့် မျှော်လင့်ချက်တို့သည် တောင်ကျ ရေတွင် မျောပါသွားကြကုန်ပါ၏။
သဘာဝလောက အမြင်သည် ကျွန်တော့်ဘဝကို တည့်မတ်ပေး၏။ ထို့ကြောင့်လည်း ယခု ဇာတ်ကြောင်းပြန်တွင် ကျွန်တော်သည် သိပ္ပံပညာ၌ စိတ်ပါလာသော အကြောင်းကို ဖော်ပြရပါလိမ့်မည်။ ကျွန်တော် ဆယ့်သုံးနှစ် အရွယ်တွင် ကျွန်တော်တို့သည် အပျော်ရေကစား ထွက်ခဲ့ကြပါ၏။ ရာသီဥတု မကောင်းလှသောကြောင့် အိမ်ကလေးတစ်အိမ်တွင် နားနေစဉ် ကိုနဲလိယတ် အဂရစ်ပါ၏ စာအုပ်များကို ဖတ်ခွင့်ရခဲ့ပါ၏။ ကျွန်တော်သည် ထိုစာအုပ်များကို စိတ်မပါဘဲ ဖတ်နေမိပါသည်။ သို့သော် သူ ရှင်းပြနေသော သဘောတရားများ၊ သူ ဖော်ပြနေသော အချက်အလက်များက ကျွန်တော်၏ စိတ်အား ထက်သန်မှု ဘက်သို့ ပြောင်းပို့လိုက်ပါသည်။ အရုဏ်တွင် အလင်းရောင်ကို မြင်လာရသည့် နှယ် ပျော်လာပါသည်။ အဖေကမူ စာအုပ်အမည်ကို ကြည့်လိုက်ပြီး ‘အလို၊ ကိုနဲလိယတ် အဂရစ်ပါရဲ့ စာအုပ်ကိုး၊ ဒီစာအုပ်နဲ့ အချိန်ဖြုန်း မနေစမ်းပါနဲ့ ဗစ်တာရယ်၊ စိတ်ပျက်စရာကြီးပါကွယ်” ဟု ဆိုခဲ့ပါသေးသည်။
အကယ်၍ ထိုအချိန်က အဖေသည် အဂရစ်ပါ၏ စာအုပ်နှင့် ပတ်သက် ပြီး ပစ်ပစ်ခါခါ မပြောဘဲ အဂရစ်ပါ၏ အယူအဆသည် ရှေးခေတ် သိပ္ပံထက် ပိုမိုလက်တွေ့ကျ၊ အမှန်တရားဆန်သောဘက်သို့ ရှေးရှုကြောင်း ရှင်းပြလိုက်ပါက ကျွန်တော်သည် ထိုစာအုပ်များကို ဘေးဘက်သို့ ဖယ်ချလိုက်ပြီး အခြားသော စိတ်ဝင်စားဖွယ်ရာများကို ဆက်လက် လေ့လာသွားဖွယ်ရာ ရှိပါသည်။ ထို့ပြင်လည်း ကျွန်တော့်ဘဝ ပျက်စီးရာသို့လည်း ရှေးရှုပေလိမ့်မည် မဟုတ်ပေ။ ယခုကား ဤစာအုပ်များကို ကျွန်တော် အငမ်းမရ ဖတ်မိပါလေတော့သည်။
ကျွန်တော်သည် အိမ်ပြန်ရောက်သောအခါ ထိုစာရေးဆရာ၏ အခြား စာအုပ်များကိုလည်း ရှာဖတ်ပါသည်။ အလားတူ ပါရာဆဲလတ်နှင့် အယ်လဗတ် မက်ဂနတ်တို့၏ စာအုပ်များကိုလည်း ဖတ်လာခဲ့ပါ၏။ ထိုစာရေးဆရာများ၏ စိတ်ကူးအဆန်းတကြယ်တို့ကို နှစ်နှစ်ကာကာ ဖတ်လာခဲ့ပါ၏။ ထိုအခါ မိမိကိုယ် ကိုထက် ပိုပြီး သိလာသယောင်လည်း ထင်လာပါသည်။ ကျွန်တော်သည် သဘာဝ ၏ လျှို့ဝှက်ချက်များကို ပိုမို စူးစမ်းလာပါသည်။ ခေတ်သစ် ဒဿနဆရာတို့၏ အမြင်၊ တွေ့ရှိချက်များကို အားမရ၊ မရောင့်ရဲနိုင်ဘဲ ဖြစ်လာပါ၏။ ဆာ အိုင်ဆက် နယူတန်လို ပုဂ္ဂိုလ်ကိုပင် အပြောကျယ်လှစွာသော သစ္စာတရား ပင်လယ်ကမ်းခြေ ဘေး၌ ခရုခွံ ကောက်နေသည့် ကလေးငယ်တစ်ယောက်နှယ် ထင်လာပါသည်။ သူ့နောက်လိုက် ပညာရှင်များကိုလည်း အလားတူ ကလေးငယ်များအသွင် မြင်လာ ခဲ့ပါ၏။
ပညာမရှိသော လယ်သမားတို့သည် သူတို့ပတ်ဝန်းကျင်က ဒြပ်စင်များ ကို တွေ့ခဲ့ကြ၏။ ထိုဒြပ်စင်များနှင့် ရင်းနှီးလာပြီး လက်တွေ့ အသုံးချခဲ့ကြ၏။ များစွာသော ပညာရှင်များက ထိုဒြပ်စင်တို့ အကြောင်းကို အနည်းအကျဉ်းမျှသာ သိခဲ့ကြ၏။ သူတို့သည် ဒြပ်စင်တို့အကြောင်း ဖော်ထုတ်ခဲ့စေကာမူ ထိုဒြပ်စင်တို့၏ လျှို့ဝှက်နက်နဲမှုကို အကုန်အစင် မဖော်ထုတ်နိုင်သေးပါပေ။ သူတို့သည် ဒြပ်စင် တို့ကို ခွဲခြမ်းစိတ်ဖြာ၍ အမည်ပေးနိုင်ကြသော်လည်း ထိုဒြပ်စင်တို့နှင့် ပတ်သက် သည့် အဆုံးစွန်သော အသိကိုကား မရခဲ့ကြသေးပေ။ ကျွန်တော်သည် လူသူ မဝင်ရောက်နိုင်စိမ့်သောငှာ ဆီးတား ပိတ်ကာထားသော နေရာသို့ တိုးဝင်ခဲ့မိလေပြီ။
စာအုပ်တွေနှင့် စာအုပ်များကို ရေးသားကြသော လူတွေက ကျွန်တော့် အာရုံသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်လာကြသည်။ ကျွန်တော်လည်း ပိုသိလာပါသည်။ စာအုပ်တွေထဲက အဆိုအမိန့်တွေကို လက်ခံလာရင်း ကျွန်တော် သည် စာအုပ်ရေးသူများ၏ တပည့် ဖြစ်လာသည်။ ၁၈ ရာစု ကာလအတွင်းက ဤသို့သော အဖြစ်မျိုးသည် ဆန်းတော့လည်း ဆန်းပါသည်။ ကျွန်တော်သည် ဘွဲ့တစ်ခုအတွက် ဂျီနီဗာတွင် ပညာသင်ရင်း စာဖတ်သန်သူ တစ်ယောက် အနေဖြင့် ကိုယ်ထူးကိုယ်ချွန် ဖြစ်လာပါသည်။ ကျွန်တော့်အဖေသည် သိပ္ပံပညာရှင် တစ်ယောက် မဟုတ်စေကာမူ ကျွန်တော်သည် ကလေးတစ်ယောက် အဖြစ် မျက်ကန်းဘဝ ရောက်ရမည့် အခြေအနေမှ ရုန်းထွက်ရင်း အသိပညာ မွတ်သိပ် သော ကျောင်းသား ဖြစ်လာပါလေသည်။ ကျွန်တော်သည် ကျွန်တော်၏ စာတွေ့ ဆရာများ၏ လမ်းညွှန်မှုအရ ပြဒါးရှင်နှင့် ဘဝအနှစ်သာရ ရှာဖွေရေးအတွက် စိတ်ထက်သန်လာပါ၏။ သို့သော် နောက်ပိုင်းတွင်ကား စိတ်ဒွိဟ ဖြစ်လာပါသည်။ စည်းစိမ်ချမ်းသာမှု ဟူသည်ကို အသေးအဖွဲ့မျှ သဘောထားလာပြီး လူ၏ သာမန် ရောဂါမျိုးကို ဖယ်ရှားနိုင်လျှင် ဒဏ်ရာအနာတရတို့ကို ဖယ်ရှားနိုင်ပါက သေစရာ ကြုံရစေဦး ရုတ်ခနဲ သေရဖို့ အရေးကိုသာ အရေးထားလာပါ၏။
ကျွန်တော်၏ အာရုံများသည် ဤမျှသာ မဟုတ်သေးပါ။ ကျွန်တော် စွဲစွဲလမ်းလမ်း ဖတ်နေသော စာအုပ်များထဲမှ သရဲတစ္ဆေများ၊ နာနာဘာဝများ၏ ဘဝကိုပင် မြှင့်တင်ပေးလာရလိမ့်မည်ဟု ယုံကြည်လာပါသည်။ ကျွန်တော်၏ စိတ်ကူးတို့ မအောင်မြင်ခဲ့လျှင်လည်း ကျွန်တော့် ကြိုးစားမှုနှင့် အတွေ့အကြုံ မှားယွင်းမှုထက် ကျွန်တော့်ဆရာများ၏ ညွှန်ပြချက်ကို ကျွန်တော် အပြည့်အဝ အကောင်အထည် မဖော်နိုင်၍သာဟု သဘောထားရပါမည်။ ကျွန်တော်သည် ဤသို့အားဖြင့် ကလေးတစ်ယောက်၏ စိတ်ကူးမျိုးနှင့် ဆန့်ကျင်ဘက်ဖြစ်သော သဘောတရားများကို ရှုပ်ထွေးစွာ ဆုပ်ကိုင်ရင်း ကျွန်တော့် စိတ်ကူးများသည် လည်း ပြောင်းလဲလာခဲ့ပါ၏။
ကျွန်တော် ၁၅ နှစ်သားလောက်တွင် ကျွန်တော်တို့ မိသားစုသည် အိမ်ပြောင်းလာခဲ့ကြပါသည်။ ထိုနေရာသစ်အိမ်တွင် နေထိုင်ရင်း ကျွန်တော်တို့ သည် ပြင်းထန်ကြောက်မက်ဖွယ်သော မိုးသက်မုန်တိုင်းကို ကြုံကြရပါ၏။ ထို မိုးသက်မုန်တိုင်းသည် တောင်တစ်ဖက်က လာပုံရသည်။ မိုးကြိုးလျှပ်စစ်သည် ကောင်းကင်ဘုံ နေရာအနှံ့က လွင့်ပျံလာသည့်အလား ကြောက်ဖွယ် အသံကြီးဖြင့် ရုတ်တရက် ထစ်ချုန်းလိုက်ပါ၏။ ကျွန်တော်သည် ထိုအခြင်းအရာကို မုန်တိုင်း ငြိမ်သွားသည်အထိ အားပါးတရ နှစ်နှစ်ကာကာ စိုက်ကြည့်နေမိပါသည်။ ကျွန်တော် သည် တံခါးဝတွင် ရပ်လျက်သား စိုက်ကြည့်နေမိစဉ်မှာပင် ကျွန်တော့်အိမ်မှ ကိုက် နှစ်ဆယ်အကွာရှိ ဝက်သစ်ချပင်ကြီးဆီမှ မီးလျှံတန်းကြီး ထွက်လာပါသည်။ ဝက်သစ်ချပင်ကြီးသည် ပေါက်ကွဲ ပြိုလဲသွားပါ၏။ တစ်ပင်လုံး ပျောက်သွားပါသည်။ အောက်ပိုင်း အနည်းငယ်သာ ကျန်ခဲ့ပါ၏။ နောက်နေ့မနက်တွင် ကျွန်တော် တို့ သွားကြည့်သောအခါ လဲကျနေသော ပင်စည်သည် အမြွှာမြွှာဖြစ်နေပါသည်။ သစ်သားစများသည် ကြိုးပြားငယ်များနှယ် ဖြစ်နေပါ၏။ ဤသို့သော အဖြစ်မျိုး ကို ကျွန်တော် မကြုံဖူးပါ။
ကျွန်တော်သည် လျှပ်စစ်ဥပဒေသသဘောကို ယခင်က များများစားစား မသိပါ။ ထိုအချိန်က သဘာဝတရားကို စူးစိုက်လေ့လာနေသော ကျွန်တော့် ဆရာ တစ်ဦးလည်း ပါပါသည်။ သူသည်လည်း အပျက်အစီးကို အံ့သြတကြီး ဖြစ်သွား ပြီး ဤသည်မှာ လျှပ်စစ်နှင့် လျှပ်စီးကြောင်းတို့၏ အရှိန်အဟုန် ပြင်းထန်မှု ဖြစ် ကြောင်း၊ သူ့အဖို့ အသစ်တွေအဖြစ် အံ့သြရကြောင်း၊ ဤသည်တို့မှာ ကျွန်တော် စွဲစွဲလမ်းလမ်း ဖတ်ခဲ့သော သိပ္ပံဆရာတို့၏ အယူအဆပင် ဖြစ်ကြောင်း ရှင်းပြပါ သည်။ ဒါတွေကို ကျွန်တော် တကယ်မသိသေးဟု ထင်ပါ၏။ ကျွန်တော်သည် ဤ ဖြစ်ရပ်ကို မြင်လိုက်ရသဖြင့် အတော်ကလေး စက်ဆုပ်သွားပါသည်။ ကျွန်တော်သည် ကျွန်တော် လေ့လာနေသော သိပ္ပံပညာရပ်ကိုပင် လက်လျှော့ရတော့မလို ဖြစ်သွားပါ၏။ ထို့ကြောင့် ကျွန်တော်သည် သိပ္ပံပညာနှင့် စပ်ဆိုင်သော ဘာသာ ရပ်နှင့် သင်္ချာဘာသာရပ် လေ့လာခြင်းကို စဉ်းစားစရာအဖြစ် မြင်လာပါသည်။
ကျွန်တော်တို့၏ ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းပိုင်း အဆက်ရွတ်များ ပျက်သုဉ်းခြင်း၊ သို့မဟုတ် ကြီးပွားဖြစ်ထွန်းခြင်းဖြင့် ထူးထူးဆန်းဆန်း တည် ဆောက်ထားပုံ ရပါသည်။ တွေ့ခဲ့ရသော လျှပ်စီး၏ အစွမ်းသည် သဘာဝ ပညာရပ် ကို လေ့လာရန် လက်လျှော့လိုက်ရမည်ကဲ့သို့ ဖြစ်နေပါ၏။ ဤသည်မှာ အကောင်း ဘက်က ကိုယ်စောင့်နတ်၏ အထူးစေ့ဆော်မှု ဖြစ်ပါသည်။ သို့သော် မထိရောက် လှပါ။ မူလရည်မှန်းချက်သည် အစွမ်းထက်လှစွာ၏။ မပြောင်းလဲသော သဘောထားက ကျွန်တော်၏ ခါးသီးလှစွာသော ကြောက်ဖွယ် အဖျက်လုပ်ငန်းအတွက် အမိန့်ချလိုက် ပါလေတော့သည်။
※
အခန်း - ၃
ကျွန်တော် အသက် ၁၇ နှစ် ရောက်သောအခါ ကျွန်တော့်မိဘများက ကျွန်တော့် အား အင်ဂိုစတက်တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားရမည်ဟု ဆုံးဖြတ်ပါ သည်။ ဤသို့ဖြင့် ကျွန်တော်သည် ကျွန်တော့်ဇာတိမြေမှာထက် ပိုမိုသိနားလည် သင့်သော အလေ့အကျင့်များနှင့် ကျွမ်းဝင်စေရန်နှင့် အထက်တန်းပညာ ဆုံးခန်း တိုင်စေရန် ဂျီနီဗာရှိ ကျောင်းများ၌ ဆက်လက် ပညာသင်သင့်သည်ဟု ကျွန်တော့် အဖေက ယူဆခဲ့သည့်အလျောက် ပညာဆက်လက် သင်ကြားရေးအတွက် နေအိမ် မှ အစောဆုံးထွက်ခွာရန် ရက်သတ်မှတ်ထားပါ၏။ သို့သော်လည်း ကျွန်တော် ပညာသင်သွားမည့် ရက် မတိုင်မီမှာပင် ကံဆိုးကို ကြုံရပါလေတော့သည်။ ဤ သည်ပင် ကျွန်တော့် ရှေ့ရေးအတွက် နိမိတ်ဆိုးဖြစ်ဟန် ရှိလေသည်။
အဲလိဇဗက်သည် ငန်းဖျား ဖျားပါလေတော့သည်။ သူ့ အဖျားရောဂါ သည် ပြင်းထန်လှပါ၏။ အန္တရာယ်လည်း ကြီးလှပါသည်။ အဖေသည် အဲလိဇဗက် အနားက မခွာတော့ပါ။ မူလက ကျွန်တော်တို့ စိုးရိမ်မှုကို မယုံလှသော်လည်း နောက်ဆုံးတွင် အမေသည် သူ့(မွေးစား)သမီးအတွက် စိုးရိမ်ပူပန်စိတ်ကို မထိန်း နိုင်တော့ပါ။ ထို့ကြောင့် သမီး အဲလိဇဗက်ကို အိပ်ရာဘေးမှ မခွာဘဲ ဂရုစိုက်ပါလေ တော့သည်။ အဲလိဇဗက်ကား ကျန်းမာလာပါ၏။ အမေသာ လူနာကို ပြုစုရင်း အပန်းတကြီး ဖြစ်လာသည်။ သုံးရက်မြောက်သော နေ့တွင် အမေသည် နေမကောင်း ဖြစ်လာပါ၏။ အမေ့ အဖျားနှင့်အတူ စိုးရိမ်ဖွယ် ရောဂါလက္ခဏာများ ပါလာပါ၏။ ဆရာဝန်ကိုယ်တိုင်က အမေ့အခြေအနေ ဆိုးလာသည်ဟု ပြောပါသည်။ အမေ သည် သေလုမြောပါး ဖြစ်လာပါ၏။ ထိုအခါ အမေသည် ကျွန်တော်နှင့် အဲလိဇဗက် တို့၏ လက်များကို ဆုပ်ကိုင်ရင်း ‘မင်းတို့နှစ်ယောက် မခွဲမခွာတမ်း ရှိကြမယ်လို့ အမေ မျှော်လင့်ပါတယ်။ ဒီမျှော်လင့်ချက်ဟာ သားတို့၊ သမီးတို့ ဖေဖေ့အတွက်လဲ နှစ်သိမ့်မှု ဖြစ်ပါလိမ့်မယ်။ မေမေ့အချစ်ကလေး အဲလိဇဗက်ရယ်၊ သမီးရဲ့ မောင် ကလေးတွေကို အမေ့ကိုယ်စား တာဝန်ယူ ပြုစုပါကွယ်။ သားတို့၊ သမီးတို့ မကွဲမကွာ ရှိကြရင်ပဲ အမေ သေပျော်ပါပြီ။ နောင်ဘဝမှာ သားတို့၊ သမီးတို့နဲ့ ဆုံစည်းကြရပါ စေကွယ်' ဟု ပြောပါ၏။
အမေသည် သေသည့်တိုင်အောင် သူ့အစွဲအလမ်းကို ယုံကြည်သွား သည့်နှယ် အေးအေးသက်သာ ကွယ်လွန်သွားခဲ့ပါ၏။ အမေ့အတွက် မိသားစု မည်မျှ ကြေကွဲဝမ်းနည်း ကြရသည်ကိုကား ကျွန်တော် အထူးဖော်ပြရန် မလိုပါ။ ကျွန်တော်တို့ နေ့စဉ်တွေ့နေကျ ရွှန်းလဲ့ချစ်မြတ်နိုးဖွယ် မျက်လုံးတစ်စုံ၊ ကြားနေ ကျ ချိုသာသော အမေ့အသံတို့ကို မမြင်ရ၊ မကြားရတော့ပါ။ သို့သော်လည်း အမေ ကွယ်လွန်ပြီးစ ပထမရက်များတွင် အမေ့မျက်နှာကို မြင်ယောင်နေခဲ့ပါ၏။ အမေ့ အသံကိုလည်း ကြားယောင်နေခဲ့ပါ၏။ ဒါတွေကို ဖော်ပြနေ၍လည်း စိတ်ဆင်းရဲ ကြေကွဲကြရရုံသာ ရှိပါသည်။ အမေကား ကွယ်လွန်လေပြီ။ သို့သော် ကျွန်တော် တို့သည် မိမိတို့တာဝန် အသီးသီးကို ဆက်လက် ထမ်းရွက်ကြရပါဦးမည်။
ဖော်ပြပါဖြစ်ရပ်များကြောင့် ကျွန်တော် အင်ဂိုစတက် တက္ကသိုလ်သို့ သွားရမည့် ရက်သည် နှောင့်နှေးသွားခဲ့သော်လည်း ယခုကား သွားရေးအတွက် ဆုံးဖြတ်ရပါတော့မည်။ အဖေကလည်း ကျွန်တော် တက္ကသိုလ်သွားရေးကို ပြောလာပါ၏။ ကျွန်တော်သည် အိမ်တွင်းမှာ ကြေကွဲဖွယ်အဖြစ်များကို ငိုညည်းတမ်းတ နေ၍ မဖြစ်တော့ပါ။ တကယ့်ဘဝတွင်းသို့ ကျွန်တော် တိုးဝင်ရပါတော့မည်။ မည်သို့ ဖြစ်စေ ကြေကွဲဖွယ် အဖြစ်များကို ကျွန်တော် မစွန့်လွှတ်ချင်ပါ။ အဲလိဇဗက်ကို မြင်နေရသေးသည့် အတွက်ကား ကျွန်တော် နှစ်သိမ့်နိုင်ပါ၏။
အဲလိဇဗက်သည် သူ့ကြေကွဲမှုကို မဖုံးနိုင်သည့်ကြားကပင် ကျွန်တော် တို့ အားလုံးကို နှစ်သိမ့်မှု ပေးပါသည်။ သူသည် ဘဝကို ပုံမှန်အတိုင်း သွားနိုင်သူဟု ဆိုရပါမည်။ သူလုပ်ရမည့် ကိစ္စရပ်တိုင်းကို ထက်ထက်သန်သန် လုပ်ကိုင်သွားနိုင် ပါ၏။ ဆွေမျိုးသားချင်း၊ ညီအစ်ကို မောင်နှမတွေကိုလည်း သွေးရင်း သားရင်းများ လိုပင် ချစ်ခင်မြတ်နိုးပါ၏။ သူ့မျက်နှာပေါ်တွင် လက်ပလာသော သူ့အပြုံးများ သည်ပင် ကျွန်တော်တို့၏ သောကများကို ပျောက်လွင့်သွားစေပါ၏။ သူသည် ကျွန်တော်တို့၏ ကြေကွဲမှုများကို မေ့ပျောက်သွားအောင် ဖန်တီးရင်း သူ့ကြေကွဲမှု များကိုပင် မေ့လျော့နေပုံ ရပါသည်။
ကျွန်တော် အင်ဂိုစတက်တက္ကသိုလ်သို့ သွားရမည့်ရက် ရောက်လာပါ ၏။ ကလာဗ်သည် မသွားခင် ထိုညချမ်းမှာ ကျွန်တော်နှင့် အဖော်ရအောင် တက္ကသိုလ်တွင် ပညာဆက်သင်ခွင့် ရရေးအတွက် သူ့အဖေဆီမှာ အကြီးအကျယ် ခွင့်တောင်းပါသေး၏။ သူ့အဖေကား အမြင်ကျဉ်းသော ကုန်သည်တစ်ယောက် ဖြစ်သည့်အားလျော်စွာ သူ့သား၏ မျှော်မှန်းချက်နှင့် စိတ်တက်ကြွမှုကို အလကား ပဲဟု သဘောထားပုံ ရပါသည်။ ထို့ကြောင့်လည်း ကလာဗ်သည် သူ့ပညာရေးတွင် အဟန့်အတား ဖြစ်ရသည့်အတွက် အထူး စိတ်မကောင်း ဖြစ်ရပါ၏။ သူသည် စကားပြော နည်းပါသည်။ သို့သော်လည်း သူ့မျက်နှာထားမှာ သူစက်ဆုပ်သော ကုန်သွယ်လုပ်ငန်းကိုကား မဆက်မိအောင် ကြံစည်မည်ဟု ဆုံးဖြတ်ထားပုံ ရပါ သည်။
ထိုညက ကျွန်တော်တို့ အတော် ညဉ့်နက်ပါသည်။ ခွဲခွာကြရမည့် အတွက် အတော်ပင် ဝန်လေးနေခဲ့ကြပါသည်။ နှုတ်ဆက်စကားကိုပင် မနည်းကြီး ပြောကြရပါ၏။ မနက် အရုဏ်လာသော အချိန် ကျွန်တော် မြင်းလှည်းပေါ်သို့ တက်သောအခါတွင်ကား အားလုံး ရောက်လာကြပါသည်။ အဖေက ကျွန်တော့် အတွက် ဆုမွန်ကောင်း တောင်းပါ၏။ ကလာဗ်က ကျွန်တော့်လက်ကို ကျစ်ကျစ် ပါအောင် ဆုပ်၍ လက်ဆွဲနှုတ်ဆက်ပါသည်။ အဲလိဇဗက်ကမူ စာ မကြာမကြာ ရေးဖို့ တဖွဖွမှာပါသည်။
ကျွန်တော်သည် လှည်းတွင်း၌ ဝင်ထိုင်လိုက်ပါသည်။ ကျွန်တော်သည် စိတ်လက် မကြည်သာတော့ပါ။ တစ်ချိန်က နားလည်မှုကြီးစွာ ပေါင်းသင်းလာ ခဲ့သော ငယ်ပေါင်းကြီးဖော်တွေနှင့် ခွဲလာရသောကြောင့် တစ်ကိုယ်တည်း အဖြစ် ကို ကြုံရပါလေတော့သည်။ ကျွန်တော် သွားနေမည့် တက္ကသိုလ်တွင် ကျွန်တော့် မှာ မိတ်ဆွေတွေနှင့်လည်း ဝေးရပေမည်။ အားထားရသူတွေနှင့်လည်း ဝေးရပေမည်။ ကျွန်တော်အဖို့ မျက်နှာသစ်များနှင့် ရင်ဆိုင်ရပေတော့မည်။ ကျွန်တော် သည် ကျွန်တော့်ညီ၊ အဲလိဇဗက်နှင့် ကလာဗ်တို့ကို ချစ်ပါသည်။ သူတို့ကား ကျွန်တော့်အဖို့ မျက်နှာဟောင်းများ ဖြစ်ကြ၏။ သို့သော် ကျွန်တော်သည် သူစိမ်း တစ်ရံဆံများနှင့် အလွယ်တကူ အကျွမ်းတဝင် ဖြစ်နိုင်ဖို့ မလွယ်မှန်း ကျွန်တော် သိပါ၏။ ခရီးဆက်လာခဲ့ရင်း ကျွန်တော်သည် ယခင်က အပေါင်းအသင်းတွေကို မြင်ယောင်လာပါသည်။ သို့သော် ကျွန်တော့် မျှော်လင့်ချက်များနှင့် စိတ်ထက်သန် မှုများကား ပေါ်ပေါက်နေဆဲ ဖြစ်ပါ၏။ ကျွန်တော်သည် အသိသစ်၊ ပညာသစ်များ ရရှိရေးအတွက် စိတ်အားတက်ကြွနေပါ၏။ ကျွန်တော်သည် ယခင်က အိမ်မှာ သာ အနေများခဲ့ပါသည်။ ကျွန်တော့်ငယ်ဘဝသည် တစ်နေရာတည်း၌သာ စွဲမြဲ နေသကဲ့သို့ ဖြစ်ပါသည်။ တခြားလူတွေနည်းတူ ကျွန်တော် လောကကြီးထဲသို့ ဝင်ချင်စိတ် ပြင်းပြခဲ့ပါ၏။ ယခုကား ကျွန်တော်၏ စိတ်ကူးဆန္ဒများ ပြည့်ဝပါ တော့မည်။ အတိတ်ကို တမ်းတနေ၍ အချည်းနှီးသာတည်း။
ကျွန်တော်သည် အင်ဂိုစတက်တက္ကသိုလ်သို့ လာရင်း အတိတ်ဖြစ်ရပ် များကို သတိရ ရသည်ကိုပင် ခရီးလမ်း နွမ်းနယ်မှုကို ဖြေဖျောက်စရာအဖြစ် သဘော ထားလိုက်ပါသည်။ အဆုံးတွင် မြို့၏ ဘုရားရှိခိုးကျောင်း မျှော်စင်ဖြူဖြူကြီးကို မြင်လိုက်ရပါသည်။ ကျွန်တော် မြင်းလှည်းပေါ်က ဆင်းခဲ့ပြီးနောက် ကျွန်တော့် အတွက် သီးသန့်အခန်းထဲသို့ ဝင်လိုက်ပါလေသည်။
နောက်မနက်တွင် ကျွန်တော်သည် မိတ်ဆက်စာများကို ယူလာပြီး ပါမောက္ခများထံသို့ လာခဲ့ပါ၏။ ကျွန်တော့်အဖို့ကား အဖြစ်ဆိုး အဖျက်သမား လွှမ်းမိုးခြင်းကို ခံရရန် ရောက်လာလေသလော မဆိုနိုင်ပါ။ ကျွန်တော်သည် သဘာဝဒဿန ပါမောက္ခ ကရင့်ထံသို့ ရောက်လာပါ၏။ သူသည် ခပ်ရိုင်းရိုင်း အသွင်မျိုး ရှိသည်။ သူ့သိပ္ပံပညာကို လျှို့ဝှက်ထားဟန်လည်း ရှိပါသည်။ သူက သဘာဝဒဿနနှင့် ဆက်နွှယ်သော သိပ္ပံပညာရပ်အသီးသီး အကြောင်းကို ကျွန်တော့်အား မေးသည်။ ကျွန်တော်က ခပ်ပေါ့ပေါ့ပဲ ဖြေပါသည်။ သူက ကျွန်တော့်ကို စိုက်ကြည့်ပြီး...
“မင်းဟာ အဲဒီလို အဓိပ္ပာယ်မဲ့ စာအုပ်တွေ ဖတ်ပြီး အချိန်ဖြုန်းခဲ့သလား’ ဟု မေးသည်။
ကျွန်တော်ကလည်း ဟုတ်ကြောင်း ဖြေပါသည်။
ပါမောက္ခ ကရင့်သည် ဆက်ပြောနေပြန်ပါလေ၏။
“အဲဒီ စာအုပ်တွေ ဖတ်နေတာ ဆိုရင်တော့ မင်းဟာ အချိန်ရှိသမျှ အလဟဿ ဖြုန်းတီးပစ်လိုက်တာပဲ။ မင်းဟာ ဒီအဓိပ္ပာယ်မဲ့ စာရေးဆရာတွေရဲ့ နာမည်တွေနဲ့ တစ်ချိန်မှာ ပေါက်ကွဲလာမယ့် ဝန်ထုပ်ကြီးကို သယ်ပိုးနေတာပဲ။ တကယ်တော့ မင်းဟာ သဲကန္တာရထဲ နေခဲ့တာပဲ။ အဲဒီနေရာမျိုးမှာ မင်းကို အသိပေးနိုင်မယ့် လူလဲ မရှိဘူး။ မင်း သိတာကလဲ ခုနစ်ဆွေး ရှစ်ဆွေး၊ ရှေးဟောင်း အကြောင်းအရာတွေပဲ။ ဒီလို ပညာအလင်းရောင် ထွန်းကားတဲ့ ကာလမျိုးမှာ အဲလဗတ်မက်ဂနတ်တို့၊ ပါရာဆဲလတ်တို့လို လူတွေရဲ့ တပည့်တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ ငါ မထင်ဘူး။ ဘာပဲဖြစ်ဖြစ်လေ၊ မင်းဟာ အကြောင်းအရာသစ် တွေကို လုံးလုံးလျားလျား စသင်ရတော့မှာပဲ”
သူသည် စကားပြောရင်း ဘေးဘက်သို့ ရောက်သွားပြီး ကျွန်တော့်အား သူ ဖတ်စေချင်သော စာအုပ်စာရင်း တစ်ခုကို ရေးပေးပါသည်။ ထို့နောက် နောက် တစ်ပတ်တွင် သဘာဝဒဿနအမြင်နှင့် စပ်လျဉ်းသော သိပ္ပံပညာရပ်များကို စတင် သင်ပြပို့ချမည့် အကြောင်းနှင့် သူ၏ လက်ထောက်ပါမောက္ခ ဝေါ့မင်းက ဓာတု ဗေဒဘာသာရပ်ကို တစ်ရက်ခြား ပို့ချမည့်အကြောင်း ပြောပြီး ကျွန်တော့်အား ပြန်လွှတ်ပါသည်။
ကျွန်တော်သည် ကျွန်တော့်အခန်းသို့ ပြန်လာပါသည်။ ပါမောက္ခ ပြော လိုက်သော တစ်ချိန်က ကျွန်တော် စွဲလမ်းတကြီး ဖတ်ခဲ့သည့် စာအုပ်တွေနှင့် ပတ်သက်၍ ထိုစာရေးဆရာများကို ကျွန်တော်ကိုယ်တိုင် အသုံးမကျမှန်း သိလာ သဖြင့် ကျွန်တော် ထူးပြီး စိတ်မပျက်တော့ပါ။ ကျွန်တော်ကိုယ်၌ကလည်း ထို ဘာသာရပ်၌ လုံးလုံးကြီး စိတ်ညွှတ်နေတာလည်း မဟုတ်။ ဆရာကရင့်သည် အရပ်ပုပု၊ ဂင်တိုတို ရှိပြီး လေသံကလည်း ကြွပ်ဆတ်ဆတ် နိုင်ပါသည်။ မျက်နှာ ပုံပန်းကလည်း စက်ဆုပ်စရာ ကောင်းလှပါသည်။ ထို့ကြောင့်လည်း ဆရာသည် ကျွန်တော့်ကို သူ့အလိုကျ ဆွဲဆောင်နိုင်မည် မထင်ပါ။ ကျွန်တော်ကိုယ်တိုင်က လည်း ဖတ်ခဲ့သော စာအုပ်တွေနှင့် ပတ်သက်ပြီး ပဲ့ပြင်သွန်သင်ပေးနိုင်မည့် ဆရာ မျိုးကိုသာ အလိုရှိနေခြင်း ဖြစ်ပါသည်။ ယခုကား သိပ္ပံပညာသည် ကျွန်တော့်တွင် အခြေချမိပါပြီ။ ကျွန်တော်သည် အဖိုးတန် စစ်မှန်သော အမြင်ရရှိရေးအတွက် ရောက်လာခြင်းသာ ဖြစ်ပါသည်။
ဤသို့ဖြင့် ကျွန်တော်သည် အင်ဂိုစတက်သို့ ရောက်ပြီး နှစ်ရက်၊ သုံးရက် မှာပင် နယ်မြေသစ်နှင့်လည်း ကျွမ်းလာပါ၏။ အဖော်တွေနှင့်လည်း သိကျွမ်းလာ ပါ၏။ ဆရာကရင့် ပို့ချသော သင်ခန်းစာတွေနှင့်လည်း ရင်းလာပါ၏။ ဆရာကရင့် ပြောသော မစ္စတာဝေါ့မင်းကိုကား ကျွန်တော် မတွေ့ရသေးပါ။
တစ်နေ့တွင် ကျွန်တော်သည် ခပ်ပျင်းပျင်းနှင့်ပင် အသစ်အဆန်း သိရ နိုးဖြင့် စာသင်ခန်းထဲသို့ ဝင်ခဲ့ပါ၏။ မကြာပါချေ။ မစ္စတာဝေါ့မင်း ရောက်လာပါ သည်။ ဝေါ့မင်းသည် ကရင့်နှင့် မတူပါ။ ဝေါ့မင်းသည် အသက် ငါးဆယ်ခန့် ရှိပါဦး မည်။ စိတ်ကောင်း၊ စေတနာကောင်း ရှိပုံလည်း ရပါသည်။ နားသယ်ပိုင်းတွင် ဆံဖြူစများ လွှမ်းနေသော်လည်း ဦးခေါင်းနောက်ပိုင်း ဆံစများကား နက်နေပါ၏။ အရပ်ပုသော်လည်း ကိုယ်ကို မတ်နေတတ်သည်။ အသံသည် ချိုသာလှပါ၏။ သူက စစချင်း ဓာတုဗေဒသမိုင်း၏ အရေးပါသော အချက်အလက်များကို ပို့ချ သည်။ တစ်ဆက်တည်းပင် ပညာရှင်များ၏ ကြိုးပမ်းမှုအရ အသစ်တွေ့ရှိလာ သော အချက်များကိုလည်း ရှင်းပြပါ၏။ ထို့နောက် ဆရာဝေါ့မင်းက လက်ရှိ သိပ္ပံ ပညာ၏ အခြေအနေကို အချုပ်သဘော ပြောပါသည်။ အခြေခံဝေါဟာရတို့၏ အဓိပ္ပာယ်များကိုလည်း ရှင်းပြပါသည်။ လက်တွေ့စမ်းသပ်ချက် အချို့ကို ပြပြီး နောက် ခေတ်သစ်ဓာတုဗေဒပညာရပ်ကို ချီးကျူးတင်ပြရင်း နိဂုံးချုပ်လိုက်လေ သည်။
‘ဒီသိပ္ပံပညာရပ်ရဲ့ ရှေးဆရာတွေက မဖြစ်နိုင်တာတွေကို ဖြစ်လာမယောင် ပြောပြီး ဘာကိုမှလဲ လုပ်ဆောင်မပြခဲ့ကြဘူး။ ခေတ်သစ်ဆရာတွေကတော့ ဘာ ဖြစ်လာမယ် ဆိုတာမျိုးကို သိပ်မပြောကြဘူး။ သူတို့ဟာ သတ္တုတွေရဲ့ နဂိုသတ္တိကို မပြောင်းနိုင်ဘူး ဆိုတာ သိကြတယ်။ လူတွေကိုတော့ ပြောင်းလဲနိုင်တယ်လို့ ဆိုရ မယ်။ အဲဒီလို ပညာရှင်တွေဟာ အညစ်အကြေးထဲမှာ လက်တွေကို နှိုက်မွှေတတ် တယ်။ အဏုကြည့်မှန်ဘီလူးအောက်နဲ့ ဓာတ်ခွဲခန်းထဲမှာ မျက်လုံးကို စူးစမ်းပြီး တကယ့်အံ့ဖွယ်တွေကို ဖန်တီးတတ်ကြတယ်။ သူတို့က သဘာဝနောက်ကွယ်က ဖြစ်ရပ်တွေကို ထိုးဖောက် ရှာဖွေတတ်ကြတယ်။ သူတို့ကိုယ်တိုင်ကလဲ ကောင်း ကင်ဘုံက ဆင်းလာသူတွေလို ဖြစ်တတ်တယ်။ သူတို့ဟာ သွေးလှည့်ပတ်မှုနဲ့ အသက်ရှူတဲ့ လေကို ရှာဖွေတွေ့ကြသူတွေပဲ။ သည်တော့ သူတို့ဟာ မိုးကြိုး လျှပ်စစ်ကိုလဲ အမိန့်ပေးနိုင်တယ်။ ငလျင်ကိုလဲ အတုလုပ်နိုင်တယ်။ မမြင်ရတဲ့ ကမ္ဘာကြီးကိုတောင် အရိပ်တွေနဲ့ ဖန်တီးနိုင်ကြတယ်’
ပါမောက္ခ ပြောသော စကားတွေမှာ ထိုသဘောပင် ဖြစ်ပါသည်။ ဤသို့ ဖြင့် ပါမောက္ခ စကားတွေက ကျွန်တော့် ကံကြမ္မာကို ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်ပါသည်။ ပါမောက္ခက ဆက်ပြောပါသည်။ ကျွန်တော်သည် သူ့စကားကို နားစိုက်ရင်း မမြင်ရသော ရန်သူကို ဆုပ်ကိုင်နေဘိသကဲ့သို့ ရှိပါ၏။ ကျွန်တော် သည် စိတ်ကူးကို ပုံဖော်နေပါသည်။ ကျွန်တော့် စိတ်ကူးပုံရိပ်သည် ပေါ်လာပါ၏။ ကျွန်တော့် ခံယူချက်၊ ရည်မှန်းချက် ပို၍ပို၍ ခိုင်မာလာပါ၏။ ကျွန်တော် တည်ဆောက်လိုသော ဝိညာဉ်သည် ပို၍ပို၍ ပေါ်လွင်လာနေချေပြီတကား။ ကျွန်တော် သည် စွမ်းအားသစ်ကမ္ဘာ၏ နက်ရှိုင်းသော လျှို့ဝှက်ချက်တို့ကို ဦးစွာရှာဖွေ တွေ့ရှိသူ ဖြစ်လာတော့မှာပါ တကား။
ထိုညက ကျွန်တော် အိပ်မရပါ။ ကျွန်တော့် အတွင်းဝိညာဉ်သည် ပြန် လည် ရှင်သန်ပြီး ဒုက္ခပေးပါလေတော့သည်။ ထိုအတွင်းဝိညာဉ်သည် ပို၍ပို၍ ထကြွလာနေပါ၏။ ကျွန်တော် ချိုးနှိမ်နိုင်ခြင်းငှာ မစွမ်းတော့ပါ။ အရုဏ်လာမှပင် ကျွန်တော် အိပ်ပျော်သွားပါလေတော့သည်။ ကျွန်တော် အိပ်ရာမှ နိုးလာသောအခါ လွန်ခဲ့သော အတွေးများသည် အိပ်မက်သဖွယ် ထင်၍ ကျန်ခဲ့ပါ၏။ ကျွန်တော် သည် ဖတ်ခဲ့သော ရှေးက စာအုပ်တွေကို ပြန်ဖတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျွန်တော့် တွင် ရှိပြီး သဘာဝလေ့လာမှု အစွမ်းကို အရင်းတည်၍ ကျွန်တော် ငယ်စဉ်က လေ့လာခဲ့သော သိပ္ပံပညာကို ပြန်လည်လေ့လာရန် ပိုင်းဖြတ်လိုက်ပါသည်။
ထိုနေ့မှာပင် ကျွန်တော် ဆရာဝေါ့မင်းထံသို့ ရောက်သွားပါ၏။ သူသည် အတန်းထဲတွင် တွေ့နေကျထက်ပိုပြီး သိမ်မွေ့နေပါသည်။ နှစ်သက်ဖွယ်လည်း ပိုကောင်းနေပါသည်။ ကျွန်တော်သည် ဆရာ့အား ပါမောက္ခကရင့်နှင့် တွေ့စဉ်က အတိုင်း ပြောပါသည်။ ကျွန်တော် ယခင်က လေ့လာခဲ့သော သိပ္ပံစာအုပ်တွေကို ပြောပြသောအခါ သူ ပိုပြီး အာရုံစိုက်လာပါသည်။ သူသည် ကိုနဲလိယတ်အဂရစ်ပါ နှင့် ပါရာဆဲလတ်တို့၏ အမည်ကို ကြားရသောအခါ ဆရာကရင့်နှင့် မတူဘဲ ‘အဲဒီပုဂ္ဂိုလ်တွေဟာ မျက်မှောက်ခေတ် ဆရာတွေအတွက် သဘာဝဒဿနကို အုတ်မြစ်ချခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲကွဲ့၊ သူတို့ကြောင့်လဲပဲ အမြင်သစ်တွေ ရလာခဲ့ တာပေါ့၊ လူသားအားလုံး တိုးတက်ရေးအတွက် သူတို့ လုပ်ဆောင်ခဲ့ကြတာပဲ’ သူက မဆိုင်းမတွ ပြောသည်ကို ကျွန်တော် သဘောကျလာပြီး ဆရာ့အား ကျွန်တော် ဖတ်ရမည့် စာအုပ်စာရင်းကို တောင်းပါသည်။
ထိုအခါ ဆရာဝေါ့မင်းက ‘တပည့်ကောင်းတစ်ယောက် ရလို့ ငါ ဝမ်းသာ ပါတယ်၊ မင်း လျှောက်ထားတဲ့ ဘာသာရပ်ဟာ မင်း အရည်အချင်းနဲ့ ထပ်တူဖြစ် လို့ မင်း အောင်မြင်မှာပဲလို့ ငါ တထစ်ချ ယုံကြည်တယ်၊ ဓာတုဗေဒ ဆိုတာဟာ တကယ်တော့ သဘာဝဒဿနပညာရဲ့ အခက်အလက် တစ်ခုပဲကွဲ့၊ သဘာဝ ဒဿနပညာကို အထူးတိုးတက်စေမယ့် ဘာသာရပ်တစ်ခုလဲ ဖြစ်တယ်၊ ငါ ကိုယ်တိုင် ဒီဘာသာရပ်ကို လေ့လာနေသလို တခြား သိပ္ပံဘာသာရပ်တွေကိုလဲ လေ့လာနေတာပဲ၊ ဒီတော့ မင်းဟာ တကယ့် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ချင်ရင် စမ်းသပ်မှု သက်သက်လောက်နဲ့ ရောင့်ရဲမနေနဲ့၊ သဘာဝဒဿနကို လေ့လာ ရင် သူ့ရဲ့ အခက်အလက် ဘာသာရပ် အားလုံးကို လေ့လာရမယ်၊ သင်္ချာဘာသာ ရပ်ကိုလဲ လေ့လာရမယ်' ပြောပြီး ကျွန်တော့်အား သူ၏ ဓာတ်ခွဲခန်းထဲသို့ ခေါ် သွားပါသည်။ ဓာတ်ခွဲခန်းတွင်းရှိ ပစ္စည်းများ အသုံးချနည်းကို ရှင်းပြပြီး ကျွန်တော် ဆက်လက် ဆောင်ရွက်သင့်သည် တို့ကိုလည်း ညွှန်ကြားပါသည်။ ကျွန်တော် တောင်းဆိုထားသည့်အတိုင်း ဖတ်သင့်၊ လေ့လာသင့်သော စာအုပ်စာရင်းကို လည်း ပေးပါ၏။
ကျွန်တော့်အဖို့ အမှတ်တရဖြစ်ဖွယ် နေ့ရက်သည် ဤသို့လျှင် ကုန်ဆုံး သွားခဲ့ပါ၏။ ဤသည်ပင် ကျွန်တော်၏ အနာဂတ်ရေး ပန်းတိုင်အတွက် အဆုံး အဖြတ် ပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။
※
အခန်း - ၄
ထိုအချိန်မှစ၍ သဘာဝဒဿန၊ အထူးသဖြင့်ဓာတုဗေဒ ဘာသာရပ်သည် ကျွန်တော့် အဖို့ နားလည်အလွယ်ဆုံး ဘာသာရပ် ဖြစ်လာခဲ့သည်။ အထူးသဖြင့် ကျွန်တော်၏ တစ်ခုတည်းသော လုပ်ငန်းတစ်ခုလုံးကို နားလည်လာသည်။ ကျွန်တော်သည် ခေတ်သစ် တွေ့ရှိချက်များကို အထူးသဖြင့် ဖော်ပြထားသော ဓာတုဗေဒစာအုပ် များကို အထူးစိတ်ပါဝင်စားစွာ ဖတ်လာခဲ့ပါသည်။ တက္ကသိုလ်က သိပ္ပံဆရာတို့၏ သင်တန်းများကို မှန်မှန်တက်ပြီး သင်ပြပို့ချချက်များကိုလည်း ပိုမိုသိနားလည် အောင် ကြိုးစားလာခဲ့ပါ၏။ ပါမောက္ခ ကရင့်၏ ပို့ချချက်များသည်ပင်လျှင် သူ့ ရုပ်သွင် မျက်နှာထားအရ နှစ်သက်ဖွယ် မရှိသော်လည်း ကျွန်တော် ဂရုစိုက်လာ ပါ၏။ ပါမောက္ခဝေါ့မင်းကိုကား ကျွန်တော့် ဆရာကောင်း၊ မိတ်ဆွေကောင်းအဖြစ် ကျွန်တော် သဘောထားလိုက်ပါသည်။ သူ၏ သိမ်မွေ့ နူးညံ့မှုသည် သူ သင်ပြပို့ချ သော စာအုပ်ကြီးက အကြောင်းအရာ၊ တရားသေ သဘောတရားများကို ပေါ့လျော့ မသွားစေပါ။ သူ့ သင်ပြပို့ချချက်များကို ကျွန်တော် ပို၍ သဘောပေါက်လာသည်။ ကျွန်တော် မည်သည့်ဘာသာကို အထူးပြုလေ့လာရမည်နှင့် ပတ်သက်၍ အစပိုင်း တွင် တွေဝေနေသေးသော်လည်း သူနှင့် တွေ့ရသောအခါ နံနက်မိုးသောက် အလင်းအောက်တွင် ကြယ်ပွင့်များ ပျောက်ကွယ်သွားရသကဲ့သို့ ကျွန်တော်၏ တွေဝေမှု အပိုင်းသည်လည်း လွင့်ပြယ်သွားပါသည်။
ကျွန်တော်သည် သင်ယူနေသော ပညာရပ်များကို ဂရုတစိုက် လေ့လာ သဖြင့် ကျွန်တော်၏ တိုးတက်မှုသည် လွယ်ကူ လျင်မြန်လာခဲ့လေသည်။ ကျောင်းသားများ အကြားတွင် ကျွန်တော်သည် အံ့ဖွယ်ရာ ဖြစ်လာခဲ့၏။ ပါမောက္ခ ကရင့်က ကျွန်တော် လေ့လာခဲ့သော ကိုနဲလိယတ်အဂရစ်ပါ၏ အယူအဆကို ပြက်ရယ်ပြုသည့် အပြုံးဖြင့် ကျွန်တော့်အား မကြာမကြာ မေးတတ်ပါသည်။ ပါမောက္ခဝေါ့မင်းက ကျွန်တော့် တိုးတက်မှုကို သည်းလှိုက် အူလှိုက် အားပေး တတ်လေသည်။ ဤသို့ဖြင့် ကျွန်တော်သည် ကျွန်တော် မျှော်လင့်သည့်အတိုင်း တွေ့ရှိချက်များ၌ ကိုယ်ရော စိတ်ပါ မြှုပ်နှံထားသဖြင့် ဂျီနီဗာကိုပင် ပြန်မရောက် ဘဲ နှစ်နှစ်ကာလသည် ကုန်ဆုံးသွားခဲ့ပါ၏။ သိပ္ပံ၌ စိတ်ဝင်စားပြီ ဆိုတော့လည်း အသစ်တွေ့ရှိချက်တွေက များလာသည်။ ထပ်မံ စူးစမ်း ရှာဖွေစရာတွေကလည်း တိုးလာသည်။ နှစ်နှစ်ကုန်ဆုံးသော ကာလတွင် ကျွန်တော်သည် ဓာတုပစ္စည်း များနှင့်ပတ်သက်၍ အသစ်တွေ့ရှိချက်များကို ဖန်တီးလာနိုင်သည်။ တက္ကသိုလ် တစ်ခုလုံးက ကျွန်တော့်ကို ချီးကျူးအံ့ဩကြသည်။ ကျွန်တော်သည် သဘာဝ ဒဿန၏ သဘောတရားပိုင်းရော လက်တွေ့ပိုင်းကိုပါ အတော်အတန် ပြီးပြည့်စုံ လာသဖြင့် ကျွန်တော့် ငယ်ပေါင်းများ ရှိရာ ဂျီနီဗာသို့ ပြန်အံ့ပြုသော ကာလမှာပင် ကျွန်တော့် အပြန်ခရီးကို နှောင့်နှေးစေမည့် အဖြစ်ကို ကြုံလာရပါ၏။
လူ၏ခန္ဓာကိုယ် တည်ဆောက်မှု၌ ကျွန်တော် အထူး စိတ်ဝင်စားလာ ခြင်းသည် ဖြစ်ရပ်တစ်ခု ဖြစ်လာပါသည်။ ကျွန်တော်သည် ကျွန်တော့်ကိုယ်ကို ဘဝ၏ အဓိကအကြောင်းသည် အဘယ်နည်း ဟူသော မေးခွန်းကို ထပ်ကာ တလဲလဲ မေးနေမိလေသည်။ ထိုမေးခွန်းသည် ရဲရင့်သည့်မေးခွန်း ဖြစ်သလို နက်နဲ လျှို့ဝှက်ချက်ကိုလည်း စဉ်းစားလာရလေသည်။ ထိုအခါ ကျွန်တော်တို့အဖို့ သိစရာတွေ အများကြီးပါကလား ဟု သဘောပေါက်လာရသည်။ သူရဲဘောကြောင်သူမျိုး နှင့် မည်သည့်အရာကိုမျှ အရေးမထားသူတွေ အဖို့တော့လည်း ကျွန်တော်တို့၏ စူးစမ်းမှုများကို အာရုံရောက်ကြမည် မဟုတ်ပေ။ ထို့ကြောင့်လည်း ထိုသို့သော အခြေအနေများက ကျွန်တော် စိတ်ဝင်စားသော သဘာဝဒဿနပညာ၏ အခက် အလက်တစ်ခု ဖြစ်သည့် ဇီဝကမ္မဗေဒသဘောကို ကျွန်တော် အထူးပြု စိတ်ဝင် စားလာရပါ၏။ ကျွန်တော့်အနေနှင့် သဘာဝလွန် စိတ်ထက်သန်မှုမျိုးနှင့် အသက် ပြန်သွင်းတာမျိုး မဖြစ်ဘူး ဆိုလျှင် ဤလုပ်ငန်းသည် အကျိုးမဲ့သာ ဖြစ်ပါသည်။
ဘဝဖြစ်စဉ်ကို လေ့လာရာတွင် ကျွန်တော်သည် သေခြင်းကို ဦးစွာလေ့လာရပါ မည်။ ပထမဆုံး ကျွန်တော်သည် ခန္ဓာဗေဒသိပ္ပံနှင့် ကျွမ်းဝင်ဖို့ လိုပါသည်။ သို့သော်လည်း ဤကဏ္ဍတွင် မပြည့်စုံသေးပါ။ တစ်ချိန်တည်းမှာပင် လူ့ခန္ဓာကိုယ် ပုပ်ဆွေး ပျက်စီးသွားရပုံကို ဂရုပြုရပါမည်။ ကျွန်တော့် ပညာရေးအရ ကျွန်တော့် အဖေ၏ အဟန့်အတားအချို့ ရှိပါသည်။ အထူးသဖြင့် နာနာဘာဝများနှင့် ပတ် သက်၍ ဖြစ်သည်။ သို့သော်လည်း ကျွန်တော်သည် အယူသီး တစ္ဆေပုံပြင်များ ကြောင့် တုန်လှုပ်ရခြင်းမျိုးကား မဖြစ်ဖူးပါ။ ကျွန်တော်သည် အမှောင်ကိုလည်း မကြောက်ခဲ့ဖူးပါ။ သင်္ချိုင်းဂူများကိုလည်း တီကောင်တို့၏ အစာများဟုသာ ယူဆ ခဲ့ပါ၏။ ယခုကား ကျွန်တော်သည် လူသေကောင်များ ပျက်စီး ဆွေးမြည့်ရသည် ကို သင်္ချိုင်းမြေပုံများ၊ ဂူများတွင် နေ့ရော ညပါ လေ့လာနေရပေပြီ။ ကျွန်တော် လူ၏ ရုပ်သွင် ပျက်ပြားရပုံများကို တွေ့ရလေပြီ။ လူ၏ အသက်ရှင်ဘဝမှ သေရ သည့် အဖြစ်၊ သေရသည့်အဖြစ်မှ အသက်ရှင်ဘဝ ရောက်ရပုံများကို လေ့လာရ လေပြီ။
ကျွန်တော်သည် လူရူးတစ်ယောက်၏ စိတ်ကူးကို မှတ်တမ်းတင်နေ ခြင်း မဟုတ်ပါ။ နေရောင်သည် ကောင်းကင်ဘုံ တစ်ခုတည်း၌သာ လင်းလက် သည်မျိုး မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်၏ ယုံကြည်ချက်များသည်လည်း အမှန် ဖြစ်၏။ ရှာဖွေတွေ့ရှိချက်များသည် ထူးခြားပြီး ဖြစ်တန်ရာများ ဖြစ်လာနိုင်ပေ သည်။ ကျွန်တော်သည် နေ့ညမဟူ အပန်းတကြီး လုပ်ဆောင်ရင်း မျိုးဆက်နှင့် ဘဝရှာဖွေရေးကို အောင်အောင်မြင်မြင် ထမြောက်လာပါသည်။ ထိုမျှသာ မကပါ။ ကျွန်တော်သည် သက်မဲ့အရာကိုပင် အသက်သွင်းလာနိုင်ပါသည်။
ကျွန်တော်သည် စမ်းသပ်ရှာဖွေရင်း လုပ်ငန်းတွင် ထူးထူးခြားခြား ပျော်ပိုက်လာပါ၏။ ပင်ပန်းတကြီး လုပ်ကိုင်ရှာဖွေရာမှ ကျွန်တော့်ဆန္ဒ၏ အထွတ် အထိပ်ပိုင်းသို့ ရောက်လာပါသည်။ အကျိုးသက်ရောက်မှု ကိုပင် မြင်လာရသည်။ ကျွန်တော်သည် လျှို့ဝှက်ချက်ကို သိလာ၏။ မဖြစ်နိုင်သော လျှို့ဝှက်ချက်တည်း။ ကျွန်တော်သည် ခန္ဓာကိုယ် ရုပ်သွင်ကိုသာ ဖန်တီးဖို့ လိုတော့သည်။ အသက် ဝိညာဉ်ကိုကား ဖန်တီးနိုင်လေပြီ။
ကျွန်တော်သည် ကျွန်တော်နှင့် အလားတူ ရုပ်ဝတ္ထုကို ဖန်တီးအံ့လော၊ တိရစ္ဆာန်တစ်ကောင်ကိုပင် အသက်သွင်းရအံ့လော ဝေခွဲမရ ဖြစ်မိသေး၏။
ကျွန်တော်သည် နေ့စဉ် ကြိုးပမ်းအားထုတ်ချက်အရ သိပ္ပံနှင့် နည်းပညာပိုင်းတွင် တစ်စတစ်စ တိုးတက်လာခဲ့ပါသည်။ ကျွန်တော်သည် အနာဂတ် အောင်မြင်မှု အတွက် အခြေခံကို ချနိုင်ခဲ့ပေပြီ။ ထို့ကြောင့် ကျွန်တော်သည် လူသားတစ်ယောက်ကို ဖန်တီးရပေမည်ဟု ခံစားလာရပါသည်။ ဧရာမ လူသားတစ်ယောက် ၏ ရုပ်သွင်ကို ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။ ဆိုလိုသည်မှာ အရပ်ရှစ်ပေ ရှိသော ပုံပန်း ကျကျ လူတစ်ယောက်ကို ဖန်တီးရန် ဖြစ်သည်။ သို့ဖြင့် လပေါင်းအတန်ကြာ ကာလအတွင်းမှာပင် လိုအပ်သော ပစ္စည်းကိရိယာများကို စတင် စုဆောင်းပါလေ သည်။
ကျွန်တော်၏ စိတ်လှုပ်ရှားမှုမျိုးကို မည်သူ တစ်ဦးတစ်ယောက်မျှ ခံစား ရမည် မဟုတ်ပါ။ သေရေးရှင်ရေး ဖြစ်ရပ်ကို ကျွန်တော် ချုပ်ကိုင်နိုင်ပါပြီ။ ရုပ်ဝတ္ထု ကြီးကိုပင် ဖန်တီးလာနိုင်ပေပြီ။ ကျွန်တော့်အဖို့ ထိုက်တန်သော ဆုလာဘ်ပါပေ။ မည်သည့် ဖခင်သည်မျှ သူ၏ သားတစ်ယောက်က ဤသို့သော ဖန်တီးနိုင်ခြင်းကို ဂုဏ်ယူကောင်းမှ ဂုဏ်ယူပေမည်။
လေ့လာရင်း၊ ရှာဖွေရင်း၊ ဖန်တီးရင်း ကျွန်တော့် ပါးပြင်တို့သည် ဖြူရော် ရော် ဖြစ်လာသည်။ ခန္ဓာကိုယ်သည်လည်း ပိန်ချုံးလာပါ၏။ နောက်တစ်နေ့၊ နောက် တစ်ချိန်တွင် အကောင်အထည်ပေါ်အံ့ဟု မျှော်လင့်ချက်ထားပြီး ဆောင်ရွက်ရင်း လုပ်ငန်းသည် အကောင်အထည် မပေါ်ဘဲ ဖြစ်နေ၏။ လမင်းသည်သာ ကျွန်တော် ၏ အားထုတ်မှုကို ငေးစိုက်ကြည့်နေပုံ ရလေသည်။ ခြေ၊ လက်တွေသည် ကတုန် ကယင် ဖြစ်လာ၏။ မျက်လုံးတွေသည် ရီဝေလာ၏။ သို့သော် အားတက်သရော ကြိုးစားမှု အရှိန်သည် တန့်မသွား။ အသက်ဝိညာဉ် ရပ်သွားတော့မတတ် ဖြစ် လာသော်လည်း စိတ်သည် မလျှော့။ ကျွန်တော်သည် သင်္ချိုင်းက အရိုးတွေကို ကောက်လာသည်။ အိမ်အပေါ်ထပ် သီးသန့်အခန်းကလေးသည် ကျွန်တော်၏ သီးခြား ဓာတ်ခွဲခန်းကလေး ဖြစ်လာ၏။ ကျွန်တော်သည် လူ့ခန္ဓာကိုယ် ရုပ်ဝတ္ထု ကို အဆက်မပြတ် တည်ဆောက်နေပါ၏။ ကျွန်တော့်လုပ်ငန်းသည် အပြီးတိုင်လု ပေပြီ။
အာရုံစူးစိုက်မှု တစ်ခုတည်းဖြင့် လုပ်ကိုင်လာရင်း နွေရာသီသည် ကုန် ဆုံးလာခဲ့ပါ၏။ ရာသီဥတုသည် သာယာလာပေပြီ။ ကျွန်တော်သည် ပတ်ဝန်း ကျင်ကို မေ့လျော့နေ၏။ သူငယ်ချင်းတွေကိုလည်း မေ့လျော့နေ၏။ ကျွန်တော့်အဖေ ပြောခဲ့သော ‘မင်းအလုပ်နဲ့ မင်း ဘယ်လောက်ပဲ နစ်နေ နစ်နေ တို့ကိုတော့ မမေ့ပါနဲ့၊ တို့ကလဲ မင်းကို သတိရနေမှာပါ၊ မင်းအလုပ်ကို ငါ့စာတွေက အနှောင့် အယှက်ပေးတယ် ဆိုဦးတော့ ငါ့ကိုတော့ ခွင့်လွှတ်ပါ' ဆိုသည့် စကားကို ကျွန်တော် သတိရပါ၏။
အဖေ့ သဘောထားကို ကျွန်တော် နားလည်ပါသည်။ သို့သော်လည်း ကျွန်တော်သည် ကျွန်တော့်စိတ်ကူးကိုသာ အဓိက အကောင်အထည် ဖော်နေမိပါ၏။ ကျွန်တော့်အဖြစ်ကို ကျွန်တော် မြင်ပါသည်။ လူတိုင်းသည် ကိုယ့်စိတ်ကူးကိုကိုယ် အကောင်အထည်ဖော်မြဲ ဖြစ်လေသည်။ သို့မဟုတ်လျှင်လည်း အမေရိက တိုက်ကို ရှာဖွေတွေ့ရဖို့ အကြောင်းမရှိပေ။ မက်ဆီကိုနှင့် ပီရူးနိုင်ငံတော်ကြီးများ သည်လည်း ပျက်သွားစရာ အကြောင်း မရှိပေ။
အဖေ့ဆီက စာများ မရသည်မှာ ကြာလေပြီ။ အလုပ်ကို ဖိလုပ်ရင်း ဆောင်း၊ နွေဦးနှင့် နွေရာသီတို့သည် ကုန်ဆုံးသွားခဲ့ကြ၏။ ကျွန်တော်သည် နွေဦး ပန်းပွင့်ကလေးများကိုပင် အမှုမထားဖြစ်တော့။ ကျွန်တော်သည် စိတ်ထက်သန်မှု ကို စိုးရိမ်တကြီး ဂရုထားလာ၏။ ယခုအခါ ညတိုင်းလို အဖျားရှိလာသည်။ လူက လည်း ကတုန်ကယင် ဖြစ်လာ၏။ သစ်ရွက်ကလေး တစ်ရွက် ကြွေလာသည်ကို ပင် အပြစ်ကို ကျူးလွန်မိသူ တစ်ယောက်အလား ထိတ်ထိတ်လန့်လန့် ဖြစ်လာသည်။ တစ်ခါတစ်ခါတော့လည်း ကိုယ့်ဘာသာကိုယ်ပဲ ကြောက်ရွံ့လာပါသည်။ ခွန်အားဟူသမျှကို ရည်မှန်းချက်တွေကသာ သုံးစွဲပစ်နေပါ၏။ လုပ်ငန်းအရပ်ရပ်သည် မကြာမီ ဆုံးခန်းတိုင်ပေတော့အံ့။ ထိုအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမှုက ရောဂါအလုံးစုံကို ဖယ်ရှားပေအံ့။ ကျွန်တော်သည် ထိုယုံကြည်ချက်အတိုင်း မိမိကိုယ်ကို အားပေးထားလိုက်ပါသည်။
※
အခန်း - ၅
ပျင်းရိ စိတ်မချမ်းမြေ့ဖွယ်သော ဆောင်းည ဖြစ်သည်။ ကျွန်တော့်လုပ်ငန်း အားလုံး သည် ပြီးပြည့်စုံလေပြီ။ ကျွန်တော်သည် စိတ်ပျက်လက်ပျက် စိုးရိမ်ခြင်းကြီးစွာဖြင့် ကျွန်တော့် ပတ်ပတ်လည်ရှိ ပစ္စည်းအပိုင်းအစများကို စုဆောင်းနေရင်း ခြေထောက်နားရှိ သက်မဲ့ဝတ္ထုတစ်ခုသည် အသက်ဝင်လာ သယောင် တွေ့လိုက်ရ၏။ မိုးပေါက် များသည် ပြတင်းမှန်ပေါ်သို့ စိတ်ပျက်လောက်ဖွယ် ကျဆင်းနေ၏။ ဖယောင်းတိုင် ကုန်လုပေပြီ။ မီးရောင်သည် ခပ်ယဲ့ယဲ့သာ ရှိတော့၏။ ကျွန်တော် တည်ဆောက် ထားသော အကောင်ကြီးဆီမှ ဝါဖျော့ဖျော့ မျက်လုံးလှုပ်ရှားဟန်ကို မြင်လိုက်ရ သည်။ ခက်ခက်ခဲခဲ အသက်ရှူဟန်ဖြင့် ခြေ၊ လက်တို့သည် လှုပ်ရှားလာ၏။
ထိုဖြစ်ရပ်အတွက် ကျွန်တော်၏ စိတ်လှုပ်ရှားမှုကို ကျွန်တော် အဘယ်ပုံ ဖော်ပြနိုင်ပါအံ့နည်း။ ကျွန်တော် ပင်ပန်းကြီးစွာ ပုံဖော်ခဲ့ရသော ဘေးဒုက္ခအတွက် ကော အဘယ်ပုံ အကြမ်းဖျင်း ဖော်ပြနိုင်အံ့နည်း။ ထိုသတ္တဝါကောင်၏ ခြေ၊ လက် တို့သည် အချိုးအစား ကျလှပါ၏။ ကျွန်တော်သည် လှပသော ပုံသဏ္ဌာန်ကို ရွေးချယ်ဖန်တီးလိုက်ခြင်း ဖြစ်ပါ၏။ လှပလှပေစွ။ ထိုသတ္တဝါကောင်၏ ဝါသော အရေပြားသည် ကြွက်သားများပေါ်၌ ထင်းနေ၏။ ထိုအရေပြားအောက်တွင်ကား သွေးကြောများတည်း။ ဆံပင်များသည် နက်ပြောင် ချောမွေ့နေ၏။ သွားများကား ပုလဲလုံးများပမာတည်း။ အရည်တောက်နေသော မျက်လုံးများနှင့် တုန်ယင်နေ သည့် ဖြောင့်တန်း မည်းနက်သော နှုတ်ခမ်းများကား လှပသော ရုပ်သွင်နှင့် ဆန့်ကျင် ဘက် ဖြစ်ကာ ကြောက်ဖွယ်အသွင်ကို ဆောင်နေ၏။
ကျွန်တော်သည် ရုပ်ခန္ဓာကို ဖန်တီးပြီး အသက်သွင်းနိုင်ရန် နှစ်နှစ် ကာလ ကြိုးပမ်းခဲ့လေပြီ။ သည့်အတွက် ကျွန်တော်၏ အနားယူမှုနှင့် ကျန်းမာ ရေးကိုလည်း အသုံးချခဲ့ရပြီ။ ကျွန်တော်သည် ကျွန်တော့်ဆန္ဒအတိုင်း အလွန်အကျွံ ကြိုးစားခဲ့ပါပြီ။ ယခု ကျွန်တော့်လုပ်ငန်းသည် ပြီးပြည့်စုံပါပြီ။ ထိုအခါ လှပသော အိပ်မက်သည် ကွယ်လေပြီ။ နှလုံးသားတွင် ကြောက်ရွံ့ စက်ဆုပ်ခြင်းသည်သာ ပြည့်နှက်နေ၏။ ကျွန်တော်သည် ကျွန်တော် ဖန်တီးလိုက်သော သက်ရှိကောင်ကို ကြည့်မနေနိုင်တော့ဘဲ တစ်ခဏမျှ မေ့စေဦးဟု သဘောထားကာ အိပ်ရာပေါ်တွင် ဝတ်လျက်သား အဝတ်တွေနှင့် ပြန်လှဲချလိုက်ပါသည်။ သို့သော် အချည်းနှီးသာ တည်း။ ကျွန်တော် အိပ်ပျော်အောင် ကြိုးစားပါ၏။ အိပ်မက်ရိုင်းများသာလျှင် ဝင်ရောက် နှောင့်ယှက်ပါသည်။ ကျွန်တော်သည် အဲလိဇဗက်ကို တွေ့ရသည်ဟု ထင်ပါ၏။ အဲလိဇဗက်သည် လှလှပပ လန်းလန်းဆန်းဆန်း အသွင်ဖြင့် အင်ဂိုစတက် လမ်းမများအတိုင်း လျှောက်လာပါသည်။ ကျွန်တော် သူ့ကို မြင်လိုက်ရသောအခါ အံ့ဩလည်း သွားသည်။ ပျော်လည်း သွားသည်။ ကျွန်တော် သူ့ကို ဖက်လိုက်ပြီး ပထမအကြိမ် သူ့နှုတ်ခမ်းကို နမ်းလိုက်ပါသည်။ ရုတ်ခြည်းပင် သူ အသက်ပျောက် သွားသည် ထင်ပါ၏။ ကျွန်တော်နှင့် ရင်ချင်းအပ်ထားသော ခန္ဓာကိုယ်မှာ ကျွန်တော့် အမေ၏ ရုပ်အလောင်း ဖြစ်နေပါလေပြီ။ ကျွန်တော်က အမေ့ ဖလန်နယ်အင်္ကျီ ကြားမှ တီကောင်တွေ ထွက်လာသည်ကို မြင်ရ၏။ ကျွန်တော်သည် အိပ်ပျော် သွားရာမှ ကြောက်လန့်တကြား လန့်နိုးလာသည်။ နဖူးပြင်တွင် အေးစက်သော နှင်းတွေဖြင့် စိုထိုင်းနေ၏။ သွားချင်းရိုက်ပြီး ခိုက်ခိုက်တုန်နေသည်။ ခြေ၊ လက်တွေ မှာလည်း တုန်နေ၏။ မှုန်လဲ့သော လမင်း အလင်းရောင်သည် ပြတင်းတရုတ်ကတ် ကြားမှ ထိုးဝင်လာသည်။ ကျွန်တော်သည် ကျွန်တော် ဖန်တီးခဲ့သော ကြောက်ဖွယ် အကောင်ကြီးကို မြင်လိုက်သည်။ ထိုအကောင်သည် ကိုယ်ပေါ်တွင် လွှမ်းထားသော အဝတ်ကို ဖယ်ပြီး မျက်လုံးကို လှန်ကြည့်သည်။ ပါးစပ်သည် လှုပ်လာပြီး မပီမသ အသံဖြင့် ညည်းပါသည်။ ပါးရေများ တွန့်သွားသည်။ သူ တစ်ခုခုကို ပြောချင်ဟန်ရှိသည်။ ဘာကိုမျှ သဲသဲကွဲကွဲ မကြားရ။ လက်တစ်ဖက်က ကျွန်တော့် တူရူသို့ ဆန့်ထွက်လာသည်။ ကျွန်တော်သည် အခန်းထဲမှ အတင်းထွက်ပြီး လှေကား အတိုင်း ဆင်းလာသည်။ ကျွန်တော် နေသော အိမ်၏ ခြံဝင်းထဲသို့ ထွက်လာခဲ့ သည်။ ည၏ ကျန်သော အချိန်ပိုင်းကို အနားယူလိုက်ချင်ပါ၏။ ဟိုသည် လျှောက် ရင်း အသံဗလံကို ကြားလာရသည်။ ကျွန်တော် အသက်သွင်းလိုက်သော မကောင်း ဆိုးဝါးကောင်သည် ကျွန်တော့်ကို ခြောက်လှန့်ဆဲ ဖြစ်၏။
ထိုအကောင်ကား တကယ့် ကြောက်ဖွယ်ရာပါတကား။ အသေကောင် ပြန်ရှင်လာလျှင်ပင် ဤမျှ ကြောက်မိလိမ့်မည် မထင်။
ညခင်းသည် ချောက်ချားတုန်လှုပ်ဖွယ် ကုန်ဆုံးသွားခဲ့ပါ၏။ သွေးခုန်သံ သည် မြန်လှစွာ၏။ ကျွန်တော့် ခန္ဓာကိုယ်သည်ပင် ပင်ပန်း ချည့်နဲ့မှုဖြင့် မြေကြီး တွင်းသို့ စိမ့်ဝင်နေသကဲ့သို့ ခံစားရသည်။ ကြောက်လန့်မှု အထွေထွေဖြင့် ရောထွေး ကာ ကျွန်တော် စိတ်ပျက်လာပါသည်။ ယခင်က အိပ်မက်များသည် ကျွန်တော့် အဖို့ အစာနှင့် သာယာသော နားနေမှု ဖြစ်ခဲ့သော်လည်း ယခုကား ငရဲတမျှ ကြုံရ လေပြီ။ အပြောင်းအလဲသည် မြန်လှစွာ၏။ ယခင် ခံစားမှုမျိုးကို ဖယ်ပစ်လိုက် လေပြီ။
စိတ်ပျက်စရာကောင်းအောင် စိုထိုင်းသော အရုဏ်သည် ရှည်လျားလှ၏။ ထို့နောက်မှပင် နံနက်ခင်းသည် ရောက်လာ၏။ ညက ကောင်းစွာ မအိပ်ရ သဖြင့် ဖန်စပ်နေသော မျက်လုံးတို့သည် အင်ဂိုစတက်၏ ဘုရားရှိခိုးကျောင်းဆီ သို့ ရောက်သွား၏။ ဖြူဖွေးမြင့်မားသော နာရီစင်ထက်က နာရီသည် ခြောက်နာရီ ထိုးနေလေပြီ။ ကျောင်းစောင့်သည့် ဝင်းတံခါးကို ဖွင့်လိုက်သည်။ ကျွန်တော်သည် အပြင်ဘက်လမ်းအတိုင်း ထွက်လာသည်။ ကျွန်တော်သည် ယခုတိုင် မြင်ယောင်ဆဲ သတ္တဝါကောင်မှ လွတ်ရာလွတ်ကြောင်း သဘောဖြင့် ခြေလှမ်းကို သွက်သွက် လှမ်းလာသည်။ ကျွန်တော် စွန့်ခွာခဲ့သော အခန်းကို ကျွန်တော် မပြန်ရဲပါ။ ခပ်သွက်သွက် လှမ်းလာသည်။ မည်းမှောင်သော ကောင်းကင်မှ မိုးပေါက်များ သွန်ချနေ၏။
ကျွန်တော်သည် ဆက်လျှောက်လာရင်း စိတ်တွင် လေးလံနေသော ဝန်ထုပ်ဝန်ပိုးကို ပေါ့သွားလေယောင် ထင်လာ၏။ ကျွန်တော် ဘာလုပ်နေသည်၊ ဘယ်ရောက်နေသည် အသိမပါဘဲ လမ်းကို ဖြတ်ကူးလိုက်သည်။ ကြောက်စိတ်ဖြင့် နှလုံးသားသည် ခုန်နေ၏။ ကျွန်တော်သည် မိမိကိုယ်ကို ပြန်မကြည့်ရဲလောက် အောင်ပင် တက်သုတ်နှင်လာသည်။
အထီးကျန် လမ်းပေါ်တွင်
ထိတ်ထိတ်ပျာပျာ ကြောက်ကြောက်လန့်လန့်နှင့်
လမ်းကို တစ်ချက်ပဲ ငဲ့စောင်းကြည့်ပြီး
လှမ်းလာခဲ့ရတဲ့ လူလိုပါပဲ။
နောက်တော့လည်း ငဲ့စောင်းလို့တောင်
မကြည့်ရဲဘူး။ နောက်က မကောင်းဆိုးဝါးကောင်
လိုက်လာသလို အဖြစ်မျိုးနဲ့။
(ကိုလာရစ်၏ သင်္ဘောသား အိုကြီး)
ဤသို့ဖြင့် ဆက်လျှောက်လာရင်း လမ်းတစ်ဖက်က မြင်းလှည်းများ ရပ်နေကျ စားသောက်ဆိုင် ဘက်သို့ ကူးလာခဲ့သည်။ ဘာကြောင့်မှန်း မသိ၊ အလိုလို ရပ်သွားသည်။ လမ်းဆုံးတစ်ဖက်ဆီမှ နေပြီး ကျွန်တော့်တူရူသို့ လာနေသော လှည်းတစ်စီးကို စိုက်ကြည့်နေမိ၏။ လှည်းသည် ကျွန်တော့် နားသို့ ရောက်လာ ပြီး ကျွန်တော်နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သည်။ လှည်းတံခါး ပွင့်လာပြီး လှည်းပေါ်မှ ဟင်နရီကလာဗ် ဆင်းလာသည်။ သူက ကျွန်တော့်ကို လှည့်ကြည့် ရင်း “ဟေ့ သူငယ်ချင်း၊ ဖရန်ကင်စတိန်” ဟူသော နှုတ်ဆက်သံနှင့်အတူ “ငါ လှည်းပေါ်က အဆင်း မင်းကို တွေ့ရတာ ဝမ်းသာလိုက်တာကွာ” ဟု ဆက်ပြော သည်ကို ကြားလိုက်ရ၏။
ကလာဗ်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာရခြင်းမှာ နှိုင်းဖွယ်မရှိပါ။ သူ ရောက်လာသဖြင့် အဖေ၊ အဲလိဇဗက်နှင့် အိမ်တွင်းက လူအားလုံးနှင့် ပတ်သက်၍ သတိရလာပါသည်။ ကျွန်တော်သည် ကလာဗ် လက်ကို တင်းတင်းဆုပ်ထားစဉ် ကျွန်တော်၏ ကြောက်မက်ဖွယ် ဖြစ်ရပ်အားလုံးကို မေ့သွားပါသည်။ လပေါင်း များစွာအတွင်း ထူးခြား စိတ်ချမ်းမြေ့ဖွယ်သော ကြည်နူးမှုကို ခံစားလိုက်ရခြင်း ဖြစ်၏။ ကျွန်တော်သည် သူ့ကို ဟိတ်ဟန် မပါသော နှုတ်ဆက်မှုမျိုးဖြင့် နှုတ်ဆက်ကြိုဆိုပြီး ကျွန်တော်တို့ ကျောင်းဘက်သို့ ခေါ်လာခဲ့ပါသည်။ ကလာဗ်က ကျွန်တော်တို့ သူငယ်ချင်းဘဝကို ပြန်ပြောင်းပြောရင်း သူ အင်ဂိုစတက်သို့ ရောက်လာဖို့ အခွင့်ကြုံသည်ကိုလည်း ရှင်းပြပါသည်။
“ကိုယ့်အဖေ သဘောထားကို မင်းလဲ အသိသားပဲ၊ အဖေက ကိုယ့်ကို ပညာသင်တာ အလကား ထင်နေတာ၊ ဂရိစာ မတတ်ဘဲ ဝင်ငွေမှန်တဲ့ လူ တစ်ယောက်ကို ကိုးကားပြောလေ့ ရှိတယ်ကွ၊ အဖေက ကိုယ့်ကို ပညာသင်စေ ချင်တာ မဟုတ်ဘူး၊ နောက်ဆုံးမှပဲ အဖေက ကိုယ့်ကို ပညာဆက်သင်ခွင့် ပေး လိုက်တာ"
“ကိုယ်တော့ မင်းကို တွေ့ရတာ အကြီးအကျယ် ဝမ်းသာရတယ်ဟေ့၊ နေစမ်းပါဦး... အဖေတို့၊ ကိုယ့်ညီလေးတို့၊ အဲလိဇဗက်တို့ကော ဘယ်လို နေကြလဲ ကွ"
“အားလုံး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ပါပဲ၊ မင်းဆီက စာအလာ ကျဲတာကိုပဲ သူတို့ စိတ်မကောင်းကြဘူးပေါ့ကွာ။ ဒါထက် သူတို့ အကြောင်းကို ကိုယ်သိသမျှ ပြောရတာပဲ၊ ဒီမှာ သူငယ်ချင်း ဖရန်ကင်စတိန်”
သူသည် စကားရပ်သွားပြီး ကျွန်တော့်ကို စိုက်ကြည့်ပြန်ပါသည်။
“မင်း ကြည့်ရတာကလဲ မကျန်းမာနေပုံပဲ၊ ပိန်ကလဲ ပိန်၊ အသားအရေ တွေကလဲ ဖြူဖပ်ဖြူရော်နဲ့၊ မင်း အိပ်မှ အိပ်ရဲ့လားကွာ"
“မင်း ထင်တာလဲ ဟုတ်ပါတယ်၊ ကိုယ်ကလဲ ကိုယ့်အလုပ်နဲ့ ကိုယ် နားရတယ်ကို မရှိပါဘူးကွာ၊ ဒါပေမဲ့ ကိုယ် မျှော်လင့်တယ်၊ ကိုယ် ရိုးရိုးသားသား မျှော်လင့်တာပါ၊ ခုတော့ ကိုယ့်အလုပ်တွေ အားလုံးလဲ ပြီးပါပြီ၊ အဲဒီတော့ နားချိန် လဲ ရပြီပေါ့ကွာ”
ကျွန်တော်သည် ကျွန်တော့် အလုပ်အကြောင်းကို ပြောရင်း တုန်လှုပ် လာပါသည်။ ကျွန်တော်သည် ကျောင်းဘက်သို့ ခပ်သွက်သွက် လျှောက်လာရင်း မကြာမီပင် ကျောင်းသို့ ရောက်လာပါ၏။ ကျွန်တော်သည် ကျွန်တော့်အဖြစ်ကို သတိရလာပြန်ပါ၏။ ထိုအခါ လူသည် ကတုန်ကယင် ဖြစ်လာသည်။ ကျွန်တော် ဖန်တီးပြီး အသက်သွင်းထားခဲ့သော အကောင်သည် ကျွန်တော် ထားခဲ့သော အခန်းထဲ၌ အသက်ဝင် လှုပ်ရှားပြီး လမ်းသလားနေလေမည်လား။ ထိုအတွေးကြောင့် ထိုသတ္တဝါကောင်ကို ကျွန်တော့်သူငယ်ချင်း မြင်သွားမည့်အတွက် ကြောက်ရွံ့ တုန်လှုပ်လာပါသည်။ ထို့ကြောင့် လှေကားခြေရင်းတွင် ခဏမျှ တုံ့နေပြီး ကလာဗ်ကို လှေကားမှာ ထား၍ အပေါ်သို့ ရုတ်ခနဲ တက်လာခဲ့သည်။ တံခါးရှေ့တွင် သော့ ကို ဖွင့်အံ့သောအခါ ကတုန်ကယင် ဖြစ်နေသေး၏။ တံခါးကို ဖြုန်းခနဲ ဖွင့်လိုက် သည်။ အခန်းထဲတွင် ဘာကိုမျှ မတွေ့ရ။ ကျွန်တော်သည် ကြောက်ကြောက် လန့်လန့်ဖြင့် အခန်းတွင်းသို့ ဝင်ခဲ့သည်။ မည်သူမျှ မရှိ။ ကျွန်တော့် အကောင်ကြီး ထွက်ပြေးသွားမှန်း သေချာသောအခါ ကျွန်တော်သည် လက်ခုပ်ကို ဝမ်းပန်းတသာ တီးပြီး ကလာဗ် ရှိရာ လှေကားရင်းသို့ ပြန်ဆင်းလာခဲ့သည်။
ကျွန်တော်သည် ကလာဗ်ကို ခေါ်၍ အပေါ်သို့ တက်လာသည်။ မကြာမီ ပင် အခန်းစေက နံနက်စာကို ပြင်ယူလာသည်။ သို့သော် ကျွန်တော် မစားနိုင်ပါ။ နှလုံးသားသည် တဒုတ်ဒုတ် ခုန်နေ၏။ ကျွန်တော်သည် ကျွန်တော့် အခန်းတွင်း က ဖြစ်ရပ်ကို မေ့ပျောက်၍ မရပါ။ ကျွန်တော်သည် ထိုင်ရာမှ ခုန်ထလိုက်ပြီး လက်ခုပ်လက်ဝါးတီး၍ ကျယ်ကျယ်ကြီး ရယ်ချလိုက်မိပါသည်။ ကလာဗ်သည် ကျွန်တော့်ကို ကြည့်ပြီး ဝေခွဲမရနိုင်အောင် အံ့ဩသွားပါ၏။
“သူငယ်ချင်း ဗစ်တာ၊ ဘယ်လို ဖြစ်တာလဲကွ၊ အဲဒီလို မရယ်စမ်းပါနဲ့၊ မင်း နေမကောင်းဘူးလား၊ မင်း ဘာဖြစ်နေတာလဲ”
“မေးမနေနဲ့ကွာ”
အခန်းတွင်းသို့ မကောင်းဆိုးဝါးကောင် ဝင်လာသည် အထင်ဖြင့် ကျွန်တော် သည် မျက်လုံးကို လက်ဝါးဖြင့် အုပ်ပြီး ပြောလိုက်ပါသည်။
“သူ ပြောလိမ့်မယ်၊ အမယ်လေး... ကိုယ့်ကို ကယ်စမ်းပါ၊ ကယ်စမ်းပါ”
သတ္တဝါကောင်သည် ကျွန်တော့်ကို လက်ရဖမ်းပြီဟု အောက်မေ့ပါ သည်။ ကျွန်တော်သည် အဖမ်းခံရသူ ရုန်းထွက်သည့်ပမာ ရုန်းထွက်ရင်း လဲကျ သွားပါလေတော့သည်။
ကလာဗ်ကား သနားစရာပါတကား။ သူ ဘယ်လိုများ အောက်မေ့မှာပါ လိမ့်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် တွေ့ဆုံရခြင်းသည် ပျော်ဖွယ်အဖြစ်မှ ရုတ်ခြည်းပင် စက်ဆုပ်ဖွယ်အသွင် ပြောင်းရလေပြီ။ သူ အဘယ်မျှ ဝမ်းနည်း တုန်လှုပ်ရမည်ကို ကျွန်တော် မသိနိုင်တော့ပါ။ ကျွန်တော်သည် အသေကောင် တစ်ကောင်လို သတိလစ်ဟင်း သွားပါလေတော့သည်။
ကျွန်တော်သည် ကာလအတန်ကြာ အကျဉ်းချထား ခံခဲ့ရသည့်အလား ယခုကား အာရုံကြောများ ချည့်နဲ့ကြရလေပြီ။ ဟင်နရီကလာဗ်သည် သူနာပြုအဖြစ် ကျွန်တော့်ကို ပြုစုရလေ၏။ နောက်မှ ကျွန်တော် သိရသည်မှာ အဖေသည် အသက် ကြီးလာပြီဖြစ်၍ ကျွန်တော့်ထံသို့ မလာနိုင် ဟူသော အကြောင်းဖြစ်၏။ ဟင်နရီ က အခြေအနေကို အိမ်သို့ စာရေး အကြောင်းကြားပါ၏။ အဲလိဇဗက်ခမျာလည်း ကျွန်တော့်အတွက် စိတ်မချမ်းမြေ့ရ ရှာတော့ပါ။ ဟင်နရီဘက်က ကျတော့လည်း သူမှအပ ကျွန်တော့်ကို ပြုစုမည့်သူ မရှိသဖြင့် သူသာလျှင် ကျွန်တော့်ကို ဂရုတစိုက် ပြုစုခဲ့ပါ၏။
ကျွန်တော် တကယ်ပဲ မမာမကျန်း ဖြစ်ရပါလေ၏။ စိတ်တွေလည်း ကယောက်ကယက် ဖြစ်ရပါ၏။ တစ်ချိန်လုံးပင် သူငယ်ချင်းကသာ ကျွန်တော့်ကို ဂရုစိုက်ပြုစုခဲ့ပါ၏။ ကျွန်တော် ဖန်တီး အသက်သွင်းခဲ့သော အကောင်ကြီးသည် ကား ကျွန်တော့် မျက်စိမှ မပျောက်နိုင်ပါ။ သို့သော် ထိုသဘောကို ဟင်နရီ မသိနိုင်။ ထို့ကြောင့်လည်း ကျွန်တော့် စကားတွေကို အံ့သြနေခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် တဖြည်းဖြည်းတွင်ကား သူငယ်ချင်းသည်လည်း ဘုမသိ ဘမသိကြောက်လန့်လာပုံ ရပါသည်။ ကျွန်တော် သတိပြန်လည်လာပါပြီ။ ကျွန်တော် သည် ပတ်ဝန်းကျင်က ပုံမှန်အရာဝတ္ထုများကို အမှန်အတိုင်း သတိပြုလာနိုင် သည်။ ဆောင်းရွက်ကြွေအဖြစ်သည် ကွယ်ပျောက်သွားလေပြီ။ ပန်းဖူးများ စတင် ဝေဆာလာသော အဖြစ်ကို ပြတင်းပေါက်မှ လှမ်းမြင်ရလေပြီ။ နွေဦးပေါက်တော့ မှာပါတကား။ ပြောင်းလဲလာသော ရာသီဥတု အတွင်းမှာပင် ကျွန်တော့် ကျန်းမာ ရေးသည်လည်း ပြန်ကောင်းလာ၏။ ကျွန်တော်သည် လန်းလန်းဆတ်ဆတ် ဖြစ် လာသည်။
“သူငယ်ချင်း ကလာဗ်၊ မင်းဟာ ကိုယ့်အပေါ်မှာ တယ်ကောင်းပါလား၊ မင်း ပညာသင်ဖို့ ရောက်လာတာတောင် မင်း ပစ်ထားပြီး ကိုယ့်အခန်းထဲမှာ တစ်ဆောင်းတွင်းလုံး မင်း ကိုယ့်ကို ပြုစုခဲ့ရတာပဲ၊ မင်းကို ကိုယ် ဘယ်လို ကျေးဇူး ဆပ်ရမှာလဲ သူငယ်ချင်းရယ်”
ကျွန်တော်က ပြောလိုက်ပါသည်။
“မင်းကိုယ် မင်းသာ သတိကောင်းကောင်းထားပါ သူငယ်ချင်းရယ်၊ ဒါဆိုရင်ပဲ မင်း ကိုယ့်ကို ကျေးဇူးဆပ်ရာ ရောက်ပါပြီ၊ ခုလို မင်း စိတ်ကောင်း ဝင်လာတုန်း ကိုယ် တစ်ခုတော့ ပြောချင်တယ်၊ ပြောရမလား”
ကျွန်တော် ရုတ်ခနဲ တုန်လှုပ်သွားမိသေး၏။ သူ ဆိုချင်သော တစ်ခုဟူသည် အဘယ်အကြောင်းအရာ နည်း။ ကျွန်တော် မတွေးချင်သော အကြောင်း ကိုပင် သူ ပြောလာအံ့လော။
“မင်းစိတ်ကို မင်း ထိန်းပါ”
ပြောရင်းပင် ကလာဗ်သည် ကျွန်တော့် မျက်နှာရိပ် မျက်နှာကဲကို အကဲ ခတ်နေပုံ ရပါသည်။
“ကိုယ်၊ မင်း စိတ်အနှောင့်အယှက် ဖြစ်မှာမျိုးကိုတော့လဲ မပြောချင်ပါ ဘူး၊ မင်းလက်ရေးနဲ့ မင်းဆီက စာမျိုးကို ရကြရင်တော့ မင်းအဖေရော၊ အဲလိဇဗက် ရော တော်တော်ပျော်သွားကြမှာ အမှန်ပဲ၊ မင်း ဘယ်လောက်အထိ ဘယ်လို ဘယ်ပုံမျိုး မကျန်းမမာ ဖြစ်တယ်ဆိုတာ သူတို့ နားလည်ကြမှာ မဟုတ်ဘူး၊ မင်းစာကို မရလို့ သူတို့ စိတ်ကသိကအောက် ဖြစ်နေကြမှာတော့ အမှန်ပဲ”
“ဒါပဲလား ဟင်နရီရယ်၊ ကိုယ်လဲ မင်း ပြောသလိုပဲ စိတ်ကူးရှိတယ်၊ ကိုယ့် မိသားစုဟာ ကိုယ့်အပေါ်မှာ သံယောဇဉ်ရှိပါတယ်”
“မင်းမှာ အဲဒီလို ခံစားမှုမျိုး ရှိတယ် ဆိုရင်တော့ မင်းအတွက် ကိုယ့် ဆီကို လွန်ခဲ့တဲ့ရက်တွေတုန်းက ရထားတဲ့ စာကို မြင်ရရင် မင်း ဝမ်းသာမှာပဲ၊ မင်းရဲ့ အဲလိဇဗက်ဆီကလေ”
※
.jpg)







Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။