မိစ္ဆာဝင်္ကပါ - တင်မောင်မြင့်
ရာပြည့်စာအုပ် ၄၀၀
(မြန်မာပြန်)
မိစ္ဆာဝင်္ကပါ
LES MISÉRABLES
Victor Hugo
ရာပြည့်စာအုပ်တိုက်
အမှတ် ၄၅၊ ၁ဝ၉ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့ ။
ဖုန်း။ ၀၁- ၃၇၅၉၅၂၊ ၁၉၇၃ ၂၄၅ ၂၈၉ (ဆိုင်)၊ ဝ၁ - ၂၄၃ ၃၅၁ (နယ်/ ဖြန့်ချိရေး)
ရာပြည့်စာအုပ်တိုက်
၁၉ နှစ်မြောက် နှစ်လည် အမှတ်တရနှင့်
ရာပြည့်စာအုပ် ၄ဝဝ ပြည့် အထိမ်းအမှတ်
လောကတွင် ဥပဒေနှင့် ပြဋ္ဌာန်း၍ဖြစ်စေ၊ မိရိုးဖလာ ဓလေ့ထုံးစံအရဖြစ်စေ လူမှုရေး မညီမျှမှုများ၊ ဖိနှိပ်မှုများ ရှိနေသမျှ ကမ္ဘာမြေပေါ်တွင် ငရဲခန်းများ ရှိနေမည်သာ ဖြစ်သည်။ လူသားတို့ နှလုံးသားများ ဒဏ်ရာ အနာတရ ရှိနေကြမည်သာ ဖြစ်သည်။ ထိုအခါ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်သည် ညှိုးနွမ်းနေပေလိမ့်မည်။ ထိုအခါ လူသား၏ ဂုဏ်သိက္ခာ သုံးမျိုးသည်လည်း မွန်းကျပ်နေပေလိမ့်မည်။ ယင်းတို့မှာ တစ်၊ ဆင်းရဲမွဲတေခြင်း၊ နှစ်၊ ငတ်မွတ်ခြင်းကြောင့် ဘဝပျက်နေကြသည့် အမျိုးသမီးများနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ၊ သုံး၊ ညအမှောင်ထဲတွင် နစ်မွန်းနေသည့် ကလေးသူငယ်များ အရေးတို့ ဖြစ်သည်။
သည်ထက်ဆိုရလျှင် ကမ္ဘာမြေပေါ်တွင် မသိနားမလည်ငြင်း၊ သုတ ခေါင်းပါးခြင်းနှင့် လူသား၏ ဝိညာဉ် ညစ်နွမ်းနေခြင်းများ ရှိနေသမျှ ကာလပတ်လုံး သည်စာအုပ်မျိုးသည် အလဟဿ မဖြစ်တန်ရာ။
- ကျမ်းဦးစကား... မှ။
သူ ထောင်ကျခံရသည့် ပြစ်မှုမှာ ပေါင်မုန့်တလုံး ခိုးယူမှု ဖြစ်သည်။ အစ်မလုပ်သူ၏ ငတ်နေသည့် ကလေးခုနစ်ယောက်ကို ကျွေးဖို့ သည်ပြစ်မှုကို သူ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ဆယ့်ကိုးနှစ်ကြာ လှေကျွန်ဘဝမှ လွတ်လာသည့်အခါ သူ့မှတ်ပုံတင်မှာ အဝါရောင် ဖြစ်သွားသည်။ ခံဝန်ဖြင့် လွတ်လာသည့် ထောင်ထွက်မှတ်ပုံတင်။ ထိုအခါ သူ့ကို ဘယ်သူမှ လက်မခံကြတော့။ ဘယ်အိမ်တံခါးမှ သူ့အတွက် ပွင့်မလာတော့ပေ။
☛
သူ့တွင် ထူးခြားမှုတခု ရှိသည်။ သူသည် ကျောပိုးအိတ်နှစ်လုံး လွယ်ထားသူနှင့် တူ၏။ တလုံးထဲတွင် သူတော်စင်တပါး၏ အတွေးအမြင်များ အပြည့်ရှိသည်။ နောက်တလုံးထဲတွင် ထောင်ထွက်တယောက်၏ သတ္တိနှင့် အံ့သြလောက်သည့် တီထွင်ကြံဆမှု ပါရမီမျိုး။ သည်နှစ်မျိုးကို သူက လိုသလို သုံးတတ်သည်။
☛
“အသက်ရှင်ဖို့အတွက် တခါတုန်းက ပေါင်မုန့်တလုံး ခိုးခဲ့ရတယ်။ ခုအချိန်မှာ အသက်ရှင်ဖို့ အတွက် နာမည်တလုံးကို မခိုးတော့ပါဘူး မောင်ရာ”
☛
တင်မောင်မြင့်
ဧရာဝတီတိုင်း ဟင်္သာတခရိုင် စစ်ကျွန်းရွာတွင် အဖ ဦးမောင်ဒွေး၊ အမိ ဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားသည်။
ရန်ကုန်မြို့ ရေကျော်ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းမှ အလယ်တန်းအောင်ပြီး၊ တောင်ကြီးမြို့ အစိုးရအထက်တန်းကျောင်း (ယခု အ.ထ.က ၁) မှ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်သည်။ ရန်ကုန် သက်ကြီးတက္ကသိုလ်တွင် ဆက်တက်သည်။ ဘွဲ့မရခဲ့။ မော်ချီးမိုင်း၊ တောင်ကြီးမြို့ ပြည်သူ့ထောက်ပံ့ရေးဌာန၊ ရှမ်းပြည်နယ် ပညာမင်းကြီးရုံးများတွင် စာရင်းကိုင်စာရေး အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE) တွင် အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ်နှင့် အငြိမ်းစားယူသည်။
၁၉၈၅ ခုနှစ်တွင် သည်းဦးပန်း မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်တွင် အထောက်တော်လှအောင်၏ သတင်းမဂ္ဂဇင်းတွင် ဒုတိယ အယ်ဒီတာချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် နာမည်ရင်းဖြင့် ငွေကျွန် (World Rapers by Jonathan Black) ကို မြတ်ငြိမ်းနှင့် တွဲပြီး ဘာသာပြန်ခဲ့သည်။ ယနေ့အထိ သံယောဇဉ်ကမ်းခြေ (၁၉၈၃) (Man on Fire by A.J. Quinnell)၊ အချစ်၏ အခြားသော မျက်နှာစာ (၁၉၈၄) (Rendezvons by Evelyne Anthony)၊ သံမဏိလိပ်ပြာ (၁၉၈၇) (Philadelphian by Richard Powell)၊ အရိပ်မဲ့ ရုပ်ပုံလွှာ (၁၉၈၅) (Snap Shot by A.J. Quinnell)၊ မဟာရံတံတိုင်းကို ဖြတ်ကျော်ခြင်း (၁၉၈၅) (This Side of Glory by Gwen Bristow)၊ အချစ်များစွာနဲ့ပါ ဆရာ (၁၉၈၇) (To Sir, With Love by E.R. Braithwaite)၊ မေတ္တာရှာပုံတော် (၁၉၈၅) (Where Love has Gone by Herold Robin)၊ တမ်းတတတ်သည် (၁၉၈၅) (Rememberance by Dannielle Steel)၊ မာနမီးလျှံ (၁၉၉၉) (Body of Love by Charles Kcats)၊ ဒိန်ခဲ (၂၀၀၁) (Who Moved My Cheese by Dr. Spencer Johnson)၊ မဒမ်ကျူရီ (၂၀၀၁) (Madame Curie by Eve Curie)၊ လေရဟတ်နီ (၂၀၀၄) (Moulin Rouge by Pierre la Mure)၊ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် (၂၀၀၄) (To Kill a Mocking Bird by Harpar Lee)၊ စကားလက် (သို့မဟုတ်) လေရူးသုန်သုန်အဆက် (၂၀၀၆) (Scarlett: The Sequel to Margaret Mitchell's Gone With The Wind by Alexandra Ripley)၊ မြကတ္တီပါလမ်း (၂၀၀၇) (The Handsome Road by Gwen Bristow)၊ အင်နာကာရနီနာ (Anna Karenina by Leo Tolstoy)၊ ပြစ်မှုနှင့် ပြစ်ဒဏ် (Crime and Punishment by Fyodor Dostoevsky)၊ နိဂုံး၏အဓိပ္ပာယ် (The Sense ofAn Ending by Julian Barnes)၊ တမိုးအောက် တယောက် (Man of Montmartre by Stephen and Ethel Longstreet) အပါအဝင် ဘာသာပြန် စာအုပ်ပေါင်း ၇ဝ ခန့် ရေးသားခဲ့သည်။ ၂၀၀၁ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတ) ကို မဒမ်ကျူရီ၊ အမျိုးသားစာပေဆု (ဘာသာပြန်၊ ရသ) များကို ၂ဝဝ၄ တွင် တောင်ပံမဲ့ သင်းကွဲတေးဆို ငှက်၊ ၂၀၀၇ တွင် အနက်ရောင်အိပ်မက် စိမ်းမြမေတ္တာ၊ ၂၀၁၁ တွင် မျှော်၊ ၂၀၁၂ တွင် ပြစ်မှုနှင့် ပြစ်ဒဏ် တို့ဖြင့် ရရှိသည်။
❑
ပုံနှိပ်ခြင်း
ပထမအကြိမ်
(ဇူလိုင် ၂၀၁၄)
အုပ်ရေ (၈၀၀)
ထုတ်ဝေသူ
ဒေါ်ခင်အေးမြင့်၊ ရာပြည့်စာပေ [၀၃၈၀၁]
၂ဝ၆၊ ဗိုလ်တထောင်ဘုရားလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ပုံနှိပ်သူ
ဒေါ်ကြည်ပြာသွယ်၊ ဝင်းတိုးအောင်အော့ဖ်ဆက် [ဝ၉၁၇၂]
၁၈၁၊ လမ်း ၅ဝ၊ ၁၀ ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
အတွင်းဖလင်
အေဇက်
မျက်နှာဖုံး ပန်းချီ
ဇော်မောင်
တန်ဖိုး
၅ဝဝဝ ကျပ်
Les Misérable နှင့် စပ်လျဉ်း၍
ရာပြည့်က ကျွန်တော့်အား Victor Hugo ၏ Les Miserable ဟူသော ပြင်သစ်ဝတ္ထုကြီးကို ဘာသာပြန်ဖို့ ပြောသောအခါ “ဟင်း... နောက်တခါ လာပြန်ချည်သေး” ဟု ကျွန်တော့်စိတ်ထဲမှ ကျိတ်ပြောလိုက်မိသည်။ Crime and Punishment ကို ကျွန်တော် ဘာသာပြန်ဖို့ လက်တွန့်နေစဉ် ရာပြည့်နှင့် ကျွန်တော်တို့ ပြောဖြစ်ကြသည်။ လေးလွန်းသဖြင့် ‘ရသ’ ထုံထိုင်းနေသော ကာလဒေသ ပယောဂကြီးတွင် ဖတ်ကြပါ့မလားဟု ကျွန်တော်က သံသယ ရှိနေသည်။ ရာပြည့်က မြန်မာစာပေလောကတွင် ရှိသင့်သည့်စာအုပ်များ ထုတ်ချင်သည်။ ထို့ကြောင့် တော်လ်စတွိုင်း၏ အင်နာကာရနီနာကို ကျွန်တော် ဘာသာပြန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ (သူငယ်ချင်း မောင်ပေါ်ထွန်းနှင့် ဥတ္တရလမင်း ဦးသန်းဆွေတို့ မြှောက်ပေးတာကြောင့်လည်း ဖြစ်နိုင်ပါသည်။)
တိုင်းပြည်သည်လည်းကောင်း၊ စာဖတ်ပရိသတ်သည်လည်းကောင်း ဆရာမြ၏ “စစ်နှင့် ငြိမ်းချမ်းရေး” ခေတ်နှင့် ဝေးကွာခြားနားခဲ့ပြီ ဖြစ်သောကြောင့် ပြစ်မှုနှင့်ပြစ်ဒဏ်ကို ကိုင်ဖို့ ကျွန်တော် လက်ရွံ့နေခဲ့ခြင်း ဖြစ်ပါသည်။ နောက်တချက်မှာ ယင်းပြစ်မှုနှင့်ပြစ်ဒဏ် အမှာစာတွင် ကျွန်တော် ရေးခဲ့ဖူးသည့်အတိုင်း ဒေါ်စတာယက်စကီကို နားလည်ဖို့ တပင်တပန်း အားထုတ်ရမှာကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့သော် စာအုပ်ထွက်သွားသောအခါ ဝယ်ဖတ်သူများ ရှိနေသေးကြောင်း ကြားရသဖြင့် ဝမ်းသာရပါသည်။ သို့သော် ခင်မင်နေသော စာရေးဆရာမကလေး တယောက်က အားပေးသည်။ သူ ဖတ်ပြီးပါပြီတဲ့။ ကျွန်တော်က ဒီစာအုပ်ကြီးနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း နှိပ်စက်၊ သူများတွေကိုလည်း စိတ်မချမ်းသာအောင် လုပ်တာပဲတဲ့။ နောက် ဒီစာအုပ်မျိုး မလုပ်ပါနဲ့တော့တဲ့။ ကျွန်တော်က ဘာမှ ရှင်းပြမနေတော့ဘဲ “အေးပါဟာ၊ နောက်ဆယ်နှစ်လောက်ကြာရင် ညည်း ပြန်ဖတ်ကြည့်ပါဦး” လို့သာ ပြောလိုက်ရသည်။
နောက် သူငယ်ချင်းတယောက်၏အမြင်က တမျိုး။ သူက စာဖတ်နာသူ။ သူကိုယ်တိုင် စိတ်ပါသည့်အခါ စာရေးတတ်သူ။ “ကျွန်တော် သုံးလေးခန်း ဖတ်ပြီး ဆက်မဖတ်တော့ဘူး။ လူသတ်ချင်စိတ် ပေါက်လာလို့” တဲ့။
သည်လို စာအုပ်ကြီးတွေ၏ ရိုက်ချက်ပြင်းပုံကို ပြနေတာပဲဟု ကျွန်တော် တွေးမိပါသည်။ ထို့ကြောင့်ပင် နှစ်ပေါင်း ၁၅၀ နီးပါး ကြာသည့်တိုင် ကမ္ဘာ့သဘာသာမျိုးစုံဖြင့် နိုင်ငံတကာ စာအုပ်တိုက်ပေါင်းစုံမှ ယနေ့ထိ အကြိမ်တွေ မရေမတွက်နိုင်အောင် ပြန်ရိုက်နေရသည် မဟုတ်ပါလား။ ကမ္ဘာ့ဂန္ထဝင်စင်မြင့်တွင် ယနေ့တိုင် တင့်တင့်တယ်တယ် တွင်ကျယ်နေဆဲ မဟုတ်ပါလား။ ကျွန်တော် အပင်ပန်းခံရကျိုး နပ်ပါသည်။ ၂၀၁၂ ခုနှစ်အတွက် ပြစ်မှုနှင့်ပြစ်ဒဏ်ကို အမျိုးသားစာပေဆု၊ ဘာသာပြန် (ရသ) အဖြစ် ရွေးချယ် ချီးမြှင့်ခံလိုက်ရသောကြောင့် ဖြစ်ပါသည်။
သည့်နောက်တွင် ကျွန်တော်သည် အတန်ပေါ့ပါးသော Life of Magret Mitchael နှင့် In Cold Blood ဟူသော အမေရိကန် စာအုပ်ကြီး နှစ်အုပ်ကို ဘာသာပြန်ဖြစ်ခဲ့ပါသည်။ (New Journalism ရေးဟန်ဖြင့် နာမည်ကျော်ခဲ့သော Truman Capote ၏ In Cold Blood။ သွေးအေးအေးဖြင့် အမည်ဖြင့် ရာပြည့်မှ ထွက်သွားပြီး Life of Magret Mitchael က မဟေသီမဂ္ဂဇင်းတွင် အခန်းဆက် ထည့်နေပါသည်။ ပြီးလျှင် ဥတ္တရလမင်းက ထွက်ဖို့ ရှိပါသည်။)
အသက်အရွယ် ထောက်လာပြီး ကျန်းမာရေးကလည်း သိပ် မကောင်းသဖြင့် နားမည် စိတ်ကူးနေတုန်း ရာပြည့်ဆရာက Les Misérable ကို လုပ်ဖို့ တိုက်တွန်းလာပြန်ခြင်း ဖြစ်ပါသည်။
မိစ္ဆာဝင်္ကပါဟု ကျွန်တော်တို့ နာမည်ပေးလိုက်သော Victor Hugo ၏ Les Miserable ဟူသည့် စာအုပ်အကြောင်း ကြားလိုက်သည်နှင့် ကျွန်တော် လန့်ဖျပ်သွားသည်။ မလန့်ခံနိုင်ရိုးလားဗျာ။ သည်စာအုပ်ကြီး၏သမိုင်းက ကြီးကျယ်လွန်းသည် မဟုတ်လား။ ပြင်သစ် တော်လှန်ရေးကြီးကို ပေါက်ကွဲစေခဲ့သော စနက်တံ၊ ပြင်သစ် ဘုရင်ခံစနစ်ကို ဗုန်းဗုန်းလဲစေခဲ့ပြီး ပြည်သူ့အာဏာ တည်ဆောက်၍ သမ္မတနိုင်ငံ ထူထောင်ရာတွင် အဓိကတွန်းအား စသဖြင့် စသဖြင့် ရာဇဝင် စာတင်ခံခဲ့ရသည့် စာအုပ်ကြီးပေပဲ။ မူရင်းကို အပြည့်အစုံ ဘာသာပြန်လျှင် စစ်နှင့် ငြိမ်းချမ်းရေးထက် ရှည်သွားနိုင်သည်ဟု အဆိုရှိသည်။ ဒါကြောင့် ကျွန်တော် လန့်ဖျပ်သွားမိခြင်း ဖြစ်ပါသည်။ တော်ပါသေးရဲ့။ ရာပြည့်က ကျွန်တော့်ကိုပြသည့်စာအုပ်မှာ Condenced။ အကျဉ်း။ ဒါတောင် စာမျက်နှာ (၃၃၄) ရှိသည်။ Fawcett တိုက်ထုတ် ၁၆ ချိုး။
ပြင်သစ်မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူ စင်စင်နက်တီတက္ကသိုလ်မှ ဂျိမ်း(စ်) ရော်ဘင်ဆင်က သူ့အမှာစာတွင် ရေးသွားသလို၊ စာအုပ်ကြီးမှာ ရှည်လျား ထွေပြားလှသည်။
“Les Misérable ကို အကျဉ်းချုံးရသဖြင့် မလွဲမသွေ မူရင်းနှင့် အတန်ငယ် ကွဲလွဲနေပါလိမ့်မည်။ ရှည်လျားလွန်းသော အဖွဲ့အနွဲ့များ၊ ဇာတ်လမ်းအတွက် လေးပင်လွန်းသည့် အခန်းများကို ဖြုတ်လိုက်သည့်အခါ ဇာတ်မှာ ပိုကြွလာ၊ ပိုသွက်လာပြီး ပို၍ အသက်ဝင်လာသည်။ ဥပမာ ဖန်ချက်စက်ရုံ၏ လုပ်ငန်းခွင် အသေးစိတ် မြင်ကွင်းများ၊ ဝါတာလူးစစ်ပွဲ အနိဋ္ဌာရုံများ၊ ရေဆိုးမြောင်းထဲက မစင်မှ ဓာတ်မြေသြဇာ ထုတ်လုပ်ပုံများ၊ ၁၈၃၂ ခုနှစ် လူထုအုံကြွမှုနှင့် တော်လှန်ရေးဒဿနများ... စသည် စသည် တို့မှာ အလွန်တန်ဖိုး ရှိသော်လည်း ပြင်သစ်ဘန်းစကားများနှင့် ပြွမ်းကာ ပင်မဇာတ်လမ်းနှင့် ဝေးနေသဖြင့် နှမြောစရာ ကောင်းသော်လည်း ဖြုတ်ခဲ့ရ၊ ချုံ့ခဲ့ရပါသည်။”
ဗစ်တာဟူးဂိုး
ဟူးဂိုး၏ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်ပေါင်း မြောက်မြားစွာအနက် အကျော်ကြားဆုံးမှာ Notre Dame of Paris (ဆရာတက်တိုး ဘာသာပြန် ခါးကုန်းကြီး) နှင့် Les Misërable ဝတ္ထုရှည်ကြီးနှစ်ပုဒ် ဖြစ်သည်။ Les Miserable ကို ကျွန်တော်တို့၏ ဆရာ့၊ ဆရာများ ဘာသာပြန်ဖို့ ကြိုးစားခဲ့ဖူးကြကြောင်း၊ ထွက်မည်ဟု အကြိမ်ကြိမ် ကြော်ငြာခဲ့ဖူးကြောင်း ကျွန်တော်တို့ ကြားဖူးခဲ့ပါသည်။ ထွက်လာသည်ဟူ၍ကား မကြားမိပါ။ (ကျွန်တော် မကြားမိ၊ မဖတ်မိတာလည်း ဖြစ်နိုင်ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက အမြိုက်တရားဟူသည့် အမည်ဖြင့် မြန်မာ့အလင်း သတင်းစာတွင် ဆရာရဲထွတ်ကလည်းကောင်း၊ တက္ကသိုလ်ဆုမြိုင်က ထောင်ထွက်ကြီး (၁၉၃၉) ဟူသော အမည်ဖြင့်လည်းကောင်း မှီငြမ်း ရေးခဲ့ဖူးသည်ဟု ကြားဖူးပါသည်။)
အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ဆရာများ မပြန်ဖြစ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။
100 Greatest Novels စာအုပ်တွင် စစ်နှင့်ငြိမ်းချမ်းရေးနှင့် Les Miserable "Les Miserable Like Totstoy's War and Peace which resembles, defies any conventional novel category" ဟု နှိုင်းယှဉ်သွားသည်။
ပြင်သစ်စာပေသည် ရုရှားတို့အပေါ် အရိပ်ထိုးခဲ့သည်ဟု ကျွန်တော် ခံစားမိပါသည်။ ဟူဂိုးက တော်လ်စတွိုင်းထက် ၂၆ နှစ် ကြီးသည်။ ထိုခေတ်က ရုရှားအထက်တန်းလွှာ မင်းစိုးရာဇာတို့သည် အလွန် ပြင်သစ် ဆန်ချင်ကြသည်။ သည်အကြောင်း တော်လ်စတွိုင်းက စစ်နှင့်ငြိမ်းချမ်းရေး ဇာတ်ဝင်ခန်းတခန်းတွင် ထည့်သရော်သွားသည်ကို မှတ်မိကြပါလိမ့်မည်။ ရွှေရောင် တိုက်ခန်း လင်းနေသည့် ဧရာမခန်းမဆောင် ညစာ စားပွဲကြီးများတွင် ပြင်သစ်စကားပဲ ပြောရမည်၊ ရုရှားလိုပြောလျှင် တခွန်း ဘယ်ရွေ့ဘယ်မျှ ဒဏ်ရိုက်မည် ဟူ၍။
ဟူဂိုးက ဒေါ်စတာယက်စကီထက် ၁၉ နှစ် ကြီးသည်။ Les Miserable တွင် White Night ဟူသည့် အခန်းတခန်း ပါသည်။ ဒေါ်စတာယက်စကီက White Night အမည်ဖြင့်ပင် ဝတ္ထုလတ် တပုဒ် ရေးခဲ့သည်။ (ဆရာနတ်နွယ်၏ မိုးညဖြူဖြူ)၊ (ဆရာနိုင်ဦး၏ ညဖြူဖြူ)၊ အန်တွန်ချက်ကော့ (၁၈၆ဝ-၁၉ဝ၅) သည် ရုရှား၏ ဝတ္ထုတိုဘုရင်တဆူ ဖြစ်သည်။ သူက မော်ပါဆွန်း (၁၈၅ဝ-၁၈၉၃) ကို ဆရာတင်သည်ဟု ဖတ်ဖူးမှတ်ဖူးပါသည်။
ပြစ်မှုနှင့် ပြစ်ဒဏ်တွင် ရပ်စ်ကိုလ်နီကော့ဗ် စိတ်လှုပ်ရှားလျှင် တယောက်တည်း စကားပြောလေ့ ရှိပုံမှာလည်း LesMisérable မှ မာရီးယားနှင့် သွားတူနေသည်။
Les Misérable တွင် ယန်းဗေလ်ယန်းနောက်ကို ရဲစုံထောက် ယဗက်က သဲသဲမဲမဲ လိုက်ပုံနှင့် ပြစ်မှုနှင့် ပြစ်ဒဏ်တွင် ရဲမှူး ပေါ်ဖီရီ ပီထရိုဗစ်ချ်က ရပ်စ်ကိုလ်နီကော့ဗ်နောက်ကို လိုက်ပုံမှာလည်း အတူတူလိုပင်။
ဟူးဂိုးနှင့် ပြင်သစ်တော်လှန်ရေး
ဟူးဂိုးသည် ဘုရင်စနစ်ဆန့်ကျင်ရေး။ ပဒေသရာဇ်စနစ် ဖြုတ်ချရေးတွင် စာပေစစ်မျက်နှာ၏ ရှေ့ဆုံးမှ ပါဝင်ခဲ့သည်။ ပြည်နှင်ဒဏ် ခံခဲ့ရသည်။ သို့သော် သူသည် မင်းစိုးရာဇာအသိုင်းအဝိုင်းတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ အဖေက နပိုလီယံ၏ ဗိုလ်ချုပ်ကြီးတဦးဖြစ်ပြီး အမေက ဘုရင့် သစ္စာတော်ခံ မှူးမျိုးမတ်နွယ်။ ဘုရင့်အစိုးရ ဆန့်ကျင်ရေးသမား ဖြစ်လာပြီး တကျွန်းစံဘဝဖြင့် ရေးသည့် ဝတ္ထုတိုရှည်ပေါင်း များစွာထဲတွင် Notre Dame of Paris နှင့် Les Misérable မှာ ကမ္ဘာကျော်သွားသည်။ ပြင်သစ်တော်လှန်ရေးကြီးသည် အနိုင်နိုင်ငံ တော်လှန်ရေးတို့၏ မီးရှူးတန်ဆောင် ဖြစ်သွားသည်။
Les Miserable မှ ထောင်ထွက်ကြီး ယန်းဗေလ်ယန်းနှင့် ကော့ဆက်ကလေးတို့၏ ဖြူစင်မေတ္တာဘွဲ့သည်လည်းကောင်း၊ Notre Dame မှ ဘုရားကျောင်း ခေါင်းလောင်းထိုးသမား ခါးကုန်းကြီး ကွာစီမိုဒိုနှင့် ဂျစ်ပစီ ကချေသည်မကလေး အက်စ်မာရယ်လ်ဒါတို့၏ မေတ္တာအသင်္ချေ ဇာတ်လမ်းသည်လည်းကောင်း စာဖတ် ပြည်သူတို့၏ နှလုံးသားတွင် စွဲထင်လျက် ရှိနေဆဲ ဖြစ်လေသည်။
Les Misérable ၏ လွှမ်းမိုးမှုခံရသည့်အထဲတွင် ကျွန်တော်တို့၏ ပြည်သူချစ်သော ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း အပါအဝင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ၂၅-၃-၂၀၁၃ နေ့ထုတ် ဒီလှိုင်းဂျာနယ်မှ ‘ဒီစကား’ ကဏ္ဍတွင် –
“ကျွန်မ အနှစ်သက်ဆုံး စာအုပ်တအုပ်ကတော့ ပြင်သစ် စာရေးဆရာကြီး Victor Hugo ရဲ့ Les Miserable ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဘုရင်ကို နန်းချ၊ သေဒဏ်ပေးခဲ့တဲ့ ၁၇၈၉ ခုနှစ် တော်လှန်ရေးကြီးနောက်ပိုင်း (၁၉) ရာစုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူမှုရေး၊ နိုင်ငံရေး မငြိမ်သက်မှုများကို နောက်ကားခံပြီး ခင်းကျင်း ရေးသားထားတဲ့ ဝတ္ထုကြီးပါ။ တော်လှန်ရေးဝတ္ထုကြီးလို့ သတ်မှတ်နိုင်ပါတယ်။ ဒီအထဲမှာ လေးစားကြည်ညိုဖွယ်ရာ တော်လှန်ရေးသမားနှစ်ဦးကို သရုပ်ဖော်ထား ပါတယ်။ တဦးကတော့ နိုင်ငံရေး လူမှုရေး တော်လှန်ရေးသမား၊ ဒဏ္ဍာရီထဲက သူရဲကောင်းများလို ချောလှ တင့်တယ် ထက်မြက် ရဲရင့်တည်ကြည်သူ၊ သူရဲကောင်း များရဲ့ ကျဆုံးမှုမျိုးနဲ့ ဘဝကို နိဂုံးချုပ်ခဲ့သူ။ နောက်တဦးကတော့ မိမိရဲ့ ကြမ်းတမ်းလှတဲ့ ဘဝနဲ့ စရိုက်ကို အနိုင်ယူပြီး မေတ္တာ ကရုဏာ သည်းခံ ခွင့်လွှတ်စိတ်တွေနဲ့ ကျေကျေနပ်နပ်ကြီး ဘဝနိဂုံးကို ရင်ဆိုင်သွားနိုင်ခဲ့သူ၊ တကယ့် အနှိုင်းမဲ့ တော်လှန်ရေးသမားကြီးပါပဲ”
ဟု ရေးခဲ့ပါသည်။
ပင်ပန်းလှပါပြီ ‘မိစ္ဆာဝင်္ကပါ’
စာအုပ်ကြီးကို ကျွန်တော် ၃-၈-၁၃ တွင် စကိုင်ခဲ့ပြီး ၁၄-၂-၁၄ တွင် ပြီးစီးခဲ့ပါသည်။ ပြန်ဖတ်ကြည့်တော့ စိတ်ထဲ သိပ်အားမရသလို မတင်မကျကြီး ဖြစ်နေသည်။ သည်တော့မှ စစ်နှင့် ငြိမ်းချမ်းရေးတုန်းက ဆရာမြ စာအုပ်ရွေးခဲ့ပုံကို သွားသတိရသည်။ သူက မူရင်းစာအုပ်တိုက် အမျိုးမျိုးမှ ထွက်သည့် အင်္ဂလိပ်ဘာသာပြန် လေးမျိုး ဖတ်ပြီးမှ အိုင်လ်မာမော့ဒ်လင်မယား ဘာသာပြန်သည့် အောက်စဖို့ဒ်တက္ကသိုလ်တိုက်ထုတ် စာအုပ်ကို ရွေးပြန်ခဲ့ကြောင်း ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူးထားသည်။ အချို့မှာ အတော်ညံ့ကြောင်း ဆရာက အတွဲ ၁၂ နောက်ဆက်တွဲတွင် ရှင်းပြထားသည်။
ကျွန်တော်ရသည့်စာအုပ်မှာ Condence လုပ်ပုံ သိပ်ဟန်မကျကြောင်း ကျွန်တော် သဘောပေါက်သွားပြီ။ အချို့ အခန်းကူး အခန်းပြောင်းများတွင် သိပ်ချိတ်ဆက်မမိချင်။ ရာပြည့်ကို အကျိုးအကြောင်း ပြောပြပြီး မူရင်း ဖတ်ချင်ကြောင်းပြောတော့ သူက Wordsworth Classic တိုက်ထုတ် မူရင်း ရှာပေးသည်။ သို့သော် ဒုတိယတွဲသာ ရှာရသဖြင့် စင်ကာပူမှ ကျွန်တော့် မြေးကလေး စုလတ်နိုင်ဆီ ပထမတွဲ လှမ်းမှာရသည်။ စာအုပ်ကြီးနှစ်အုပ်ကို ချကြည့်လိုက်သည်။ အမယ်လေး၊ ပွိုင့်သေးသေးကလေးတွေနှင့် ဆယ်ချိုး ဆိုက်ကြီး။ နှစ်အုပ်ပေါင်း စာမျက်နှာ ၉၈၁။ ကျွန်တော် နုံးခွေသွားသည်။ မတတ်နိုင်တော့။ ဖတ်ရပြီ။ အခန်းတွေ ထပ်ဖြည့်၊ အပိုဒ်တွေ ထပ်ဖြည့်၊ စာကြောင်းတွေ ထပ်ထည့်နှင့် နောက်တလ ကြာသွားသည်။
မည်သို့ရှိစေ Les Misérable ၏ အဓိကဇာတ်လမ်းကို စာဖတ်သူများ ငုံမိမည်ဆိုလျှင် ထူးထွေဆန်းပြားလှသော ချစ်သူတို့၏ မေတ္တာဘွဲ့၊ အဖေနှင့် သမီး၏ သံယောဇဉ်နှောင်ကြိုး စသည်တို့ကို မျှဝေခံစားနိုင်မည်ဆိုလျှင်၊ အကျဉ်းသားများအပေါ် ရက်စက်ရိုင်းစိုင်းစွာ လူမဆန်စွာ သခင်အားရ ကျွန်ဒဏ်ဝ လုပ်တတ်သော လူလွန်မသားများအား စက်ဆုပ် ရွံရှာစိတ်များ ဝင်လာမည် ဆိုလျှင်၊ ယဗက်လို ထောက်လှမ်းရေးမျိုးကို အော့နှလုံး နာပြီး သူတော်စင် ထောင်ထွက်ကြီး ယန်းဗေလ်ယန်း၏ ဖြူစင်မေတ္တာကို သာဓုခေါ်မည်ဆိုလျှင်၊ ၁၈၃ဝ ပြည့်လွန် ဖိနှိပ်ခံ ပြင်သစ် ဆင်းရဲသား ပြည်သူများဘက်မှ ဝင်ရပ်ပြီး မင်းဆိုးမင်းညစ်နှင့် ဘုရင်စနစ်ကို အမြစ်မကျန် နုတ်ပစ်ဖို့ တတပ်တအား ပါဝင်ချင်စိတ် ပေါ်လာမည်ဆိုလျှင် ကျွန်တော် ဘာသာပြန်ရကျိုး၊ အပင်ပန်းခံရကျိုး နပ်ပြီဟု ယူဆပါမည်။
သည်စာအုပ်နှင့် ဆက်နွှယ်ပြီး ကျေးဇူးစကား ဆိုအပ်သူများ ရှိပါသည်။ အသံထွက်ဖို့ ပါးစပ် ဘယ်လို ဟရမှန်း မသိသော ပြင်သစ် စကားလုံးများ၏ ပြဿနာကို ကူညီဖြေရှင်းပေးသည့် ဦးကျော်ဦး (ပါရမီ)၊ စာမူကြီးကို ကူညီဖတ်ရှု သန့်စင်ပေးသော သမီးကြီး မရွှေထား၊ စာစီစာရိုက်များ လက်လန်သော ကျွန်တော့်လက်ရေးကို ကွန်ပျူတာရိုက်ပေးသော သမီးလတ် မတိုး (ရွှေနဒီကွန်ပျူတာ) နှင့် ဟဲဗီးကြီးတွေနှင့် နှိပ်စက်တတ်သည့် ဦးစိုးညွန့် (ရာပြည့်) တို့ ဖြစ်ပါသည်။
တင်မောင်မြင့်
၁-၃-၁၄
❑
အဓိကဇာတ်ဆောင်များ
၁။ ယန်းဗေလ်ယန်း
၂။ မက်ဒလင်း
၃။ ဖိုရှယ်လ်ဗွန်း
၄။ ကော့ဆက်
၅။ မာရီးယား
၆။ အေပိုနင်း
၇။ ခင်ကြီးဗီယန်ဘင်ညူး
၈။ ဗိုလ်မှူးကြီးပွန့်မက်စီ
၉။ ယဗက်
၁၀။ ဂီးလ်နော်မွန်
၁၁။ ရွှန်းမာထီယူး
၁၂။ ကူဖေးရ
၁၃။ တူစန်း
၁၄။ ဂါ့ဗ်ရော့ရှ်
၁၅။ ဖွန်တင်း
၁၆။ နီကိုလက်
၁၇။ ထေနာဒီယေး
၁၈။ ထေအိုဒျူးလ်
၁၉။ လတ်ဇင်ဘတ်
၂၀။ မဂ္ဂလွား
၂၁။ ဘာ့ဘ်တစ်တီး
၂၂။ ပတီးရက်ဗက်
၂၃။ မွန့်ဖက်မီး
၂၄။ လာဖိ(တ်)
၂၅။ ဗက်နွန်
နိဒါန်း
Les Miserables ကို ရေးသည့် စာရေးဆရာ ဗစ်တာဟူးဂိုးအား ၁၈ဝ၂ ခုနှစ်တွင် မွေးဖွားသည်။ အသက်သုံးဆယ်အရွယ်တွင် နာမည်ကျော် စာရေးဆရာ ဖြစ်နေပြီ။ သူသည် ဝတ္ထုသာမက ကဗျာလည်း ရေးသည်။ ပြဇာတ်လည်း ရေးသည်။ နိုင်ငံရေးတွင်လည်း တက်ကြွ လှုပ်ရှားသည်။ ၁၈၅၁ ခုနှစ်တွင် လူဝီနပိုလီယံအာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ပြည်နှင်ဒဏ် ခံရသည်။ ဂါး(န်)စေးကျွန်းတွင် တကျွန်းစံဘဝဖြင့် နေရစဉ် ဝတ္ထုပေါင်း များစွာ ရေးဖြစ်သည်။ ယင်းအထဲတွင် Les Miserables (၁၈၆၂)သည် အထင်ရှားဆုံး ဝတ္ထုကြီးဖြစ်သည်။ ၁၈၈၅ ခုနှစ်တွင် သူ ကွယ်လွန်သည့်အခါ ပြင်သစ်နိုင်ငံတော် အာဇာနည်ဗိမာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။
Les Miserables ဝတ္ထုကြီးသည် ဟူးဂိုး၏ အကောင်းဆုံးနှင့် နာမည်အကြီးဆုံးလက်ရာ ဖြစ်သည်။ ဇာတ်လမ်းမှာ ‘ယန်းဗေလ်ယန်း’ ၏ဘဝ ဖြစ်သည်။ ယန်းဗေလ်ယန်းသည် ဟူးဂိုးကို စီးထားသော ဇာတ်ကောင်ဖြစ်သည်။ ဇာတ်လမ်းကို ယန်းဗေလ်ယန်း ထောင်က လွတ်သည့်နေ့မှ စထားသည်။ သူ အကျဉ်းကျခံရသည့်ထောင်မှာ ရိုးရိုးထောင် မဟုတ်။ ဘုရင့်ရေတပ်မှ ဧရာမ ဝမ်းဗိုက်ပြား လှေကြီးများကို လှော်ခတ်ရသည့် ‘တက်ကိုင်’ ကျွန်ဘဝမျိုး ဖြစ်သည်။
သူ ထောင်ကျခံရသည့် ပြစ်မှုမှာ ပေါင်မုန့်တလုံး ခိုးယူမှုဖြစ်သည်။ အစ်မလုပ်သူ၏ ငတ်နေသည့် ကလေးခုနစ်ယောက်ကို ကျွေးဖို့ သည်ပြစ်မှုကို သူ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ဆယ့်ကိုးနှစ်ကြာ လှေကျွန်ဘဝမှ လွတ်လာသည့်အခါ သူ့မှတ်ပုံတင်မှာ အဝါရောင် ဖြစ်သွားသည်။ ခံဝန်ဖြင့် လွတ်လာသည့် ထောင်ထွက်မှတ်ပုံတင်။ ထိုအခါ သူ့ကို ဘယ်သူမှ လက်မခံကြတော့။ ဘယ်အိမ်တံခါးမှ သူ့အတွက် ပွင့်မလာတော့ပေ။ သို့သော် ကံကောင်းထောက်မစွာ အိမ်တအိမ်က သူ့ကို တံခါးဖွင့်ပေးသည်။ “ဒီ” ဆိုသော မြို့ကလေးမှ ခင်ကြီးတပါး၏ နေအိမ်။ သူ့ဘဝကို တဆစ်ချိုး ပြောင်းလဲစေလိုက်သည့် ခင်ကြီး ဖြစ်သည်။ ထောင်ထွက်ကြီး ယန်းသည် “အမ်ဆာအမ်” မြို့ကလေးတွင် စက်မှုလက်မှု လုပ်ငန်းရှင်တယောက်အဖြစ် ချမ်းသာလာသည်။ ယင်းမြို့ကလေး၏ မြို့တော်ဝန် ဖြစ်လာသည်။ သို့သော် သူ ဇာတ်မြှုပ်ထားသည့် ဇာစ်မြစ်ကို တူးဖော်ဖို့ ဇွဲနပဲ ကြီးကြီးဖြင့် လိုက်နေသော၊ သူ့ကို သံသယရှိနေသော ရဲစုံထောက် အရာရှိ “ယဗက်” ဆိုသူတဦး ရှိနေသည်။
သူ ကျူးလွန်ခဲ့သည့် ပြစ်မှုတခုအတွက် ပြစ်ဒဏ်ကျခံနေရသူ အခြားတယောက် လွတ်မြောက်ရန် ယန်းက လိပ်ပြာသန့်သန့်ဖြင့် အဖြစ်မှန်ကို ဖော်ထုတ် ဝန်ခံလိုက်သည်။
ဝတ္ထု၏ ကျန်လေးပိုင်းမှာ လှေကျွန် အကျဉ်းသားဘဝမှ လွတ်မြောက်လာပြီးနောက် နာမည်အမျိုးမျိုးဖြင့် ပါရီတွင် သောင်တင်နေစဉ်ဘဝ၊ ဖွန်တင်းဆိုသော အမျိုးသမီးတယောက်အား မသေမီ ကတိပေးခဲ့သည့်အတိုင်း သူ့သမီးကလေး “ကော့ဆက်” ကို အရွယ်ရောက်သည်အထိ မြေတောင်မြှောက်ပေးခဲ့ပုံ၊ ယဗက်က သူ့နောက်မှ သဲကြီးမဲကြီး လိုက်နေပုံ၊ စွန့်စားခန်းများစွာဖြင့် ယန်း လွတ်မြောက်ခဲ့ပုံများ ဖြစ်သည်။
ကော့ဆက်သည် မိန်းမချောကလေးတယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။ မာရီးယား ဆိုသည့် တက်ကြွလှုပ်ရှားသူ လူငယ်နိုင်ငံရေးသမား ကလေးတယောက်နှင့် မေတ္တာသက်ဝင် ကြသည်။ ယန်း၏ဘဝတွင် တခုတည်းသော တွယ်တာရာ၊ သမီးရင်းတမျှ ချစ်ခဲ့ရသည့် ကော့ဆက်ကလေးကို လက်လွှတ်ရတော့မည်။ ထိုသူငယ်ကို သူ မည်သို့မျှ မကြည်ဖြူနိုင်။ သို့သော် ပြင်သစ် ပစ္စည်းမဲ့တော်လှန်ရေး လူထုအုံကြွမှု လှိုင်းလုံးကြီးထဲတွင် မာရီးယား ပါလာပြီး သေလုမျောပါး ဒဏ်ရာရလာသည့်အခါ ယန်းက သက်စွန့်ကြိုးပမ်း ကယ်ဆယ်ခဲ့သည်။ ထိုသူငယ်၏ အသက်ကို လုပြီး စက်ဆုပ်ရွံရှာဖွယ် ရေဆိုးမြောင်းကြီးကို ဖြတ်သန်း၍ လွတ်မြောက်စေခဲ့ကာ ချစ်သူနှစ်ဦးအား လက်ထပ်ပေးခဲ့သည်။ နောက်ဆုံး ဘဝနိဂုံး ချုပ်ခါနီးဆဲဆဲတွင်မှ ရင်နင့် ကြေကွဲဖွယ်ရာ သူ့ဘဝမှန်ကို မာရီးယားနှင့် ကော့ဆက်အား ဖွင့်ပြောသွားခဲ့သည်။
သည်ဝတ္ထုမှာ သာမန်ကြည့်လျှင် လူတယောက်၏ စွန့်လွှတ် အနစ်နာခံမှုကို အခြေပြုသည့် စွန့်စားခန်းဝတ္ထုတပုဒ်ဟု ယူသော် ရသည်။ သို့သော် သေသေချာချာ လေ့လာလျှင် အပုံကြီး ပိုလေးနက်ကြောင်း၊ အလွန်အမင်း လူသားဆန်သည့် ဝတ္ထုဖြစ်ကြောင်း တွေ့ရှိကြရမည် ဖြစ်ပါသည်။ လူတို့သည် ကိုယ်ကျိုးစွန့်ခြင်း၊ အတ္တကို ပယ်ခြင်းဖြင့် လောကကောင်းကျိုးကို သယ်ပိုးနိုင်ကြောင်း အလေးအနက် ပြဆိုသည့် ဝတ္ထုကြီး ဖြစ်သည်။
ဝတ္ထုနောက်ခံပြုသည့်ခေတ်မှာ ပြင်သစ်နိုင်ငံ၏ နပိုလီယံခေတ်လွန် ကာလဖြစ်သည်။ အကျဉ်းသားများ၊ ထောင်ထွက်များကို လူမဆန်စွာ ရက်စက်နှိပ်ကွပ်သောကာလ ဖြစ်သည်။ ပါရီမြို့ကြီးတွင် အပြင်းထန်ဆုံး ပေါက်ကွဲသည့် လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့သောအချိန်လည်း ဖြစ်သည်။ ဟူးဂိုးက တကယ်သက်ရှိလူများကိုကြည့်ပြီး ဇာတ်ကောင် ဖန်တီးခဲ့ခြင်းဖြစ်၍ သူ့ဇာတ်ရုပ်များမှာ ယနေ့တိုင် အသက်ရှင်နေသည့် ပုံရိပ်များ ဖြစ်နေခြင်းပင်။ “ဒီ” မြို့ကလေးမှ ရာဇဝတ်သား ယန်းဗေလ်ယန်းကို ကယ်တင်လိုက်သည့် ခင်ကြီးမှာ တကယ်သက်ရှိ ဘုန်းတော်ကြီး ဒီညေး ဖြစ်သည်။ မြို့တော်ဝန်မှာ စာရေးဆရာ၏အဖေ ဗိုလ်ချုပ်ကြီးဟူးဂိုး ဖြစ် သည်။ လူငယ် နိုင်ငံရေးသမားကလေး မာရီးယားမှာ စာရေးဆရာကိုယ်တိုင်ဖြစ်ပြီး ကော့ဆက်မှာ နောင် မဒမ်ဟူးဂိုး ဖြစ်လာမည့် အာဒဲလ်ဖူရှေး ဖြစ်သည်။
Les Miserables ဝတ္ထုကြီး ထွက်ထွက်ချင်း ပွက်လောရိုက်သွားလေသည်။ ပြင်သစ်တွင် ရောင်းကောင်းလိုက်ပုံမှာလည်း ဗစ်တာဟူးဂိုးတယောက် တသက် စားမကုန်အောင် ချမ်းသာ သွားလေတော့သည်။ အမေရိကန်တွင် ပြည်တွင်းစစ်ကာလဖြစ်၍ စစ်သားတိုင်း၏ လက်စွဲစာအုပ် ဖြစ်သွားသည်။ အင်္ဂလိပ် ဝေဖန်ရေးဆရာအချို့က စိတ်ကူးယဉ်စာပေအဖြစ် အဆိုးမြင်ဘက်မှ ဝေဖန်သော်လည်း ကမ္ဘာ့စာဖတ်ပရိသတ်အပေါ် မလွှမ်းမိုးနိုင်ခဲ့ပေ။ ပြင်သစ်လူမျိုး ဂိုတီယေး1 က စာအုပ်၏ အပြင်းစားအင်အားကို ရင်သပ်ရှုမော ဖြစ်ရကြောင်း အလေးအနက် ရေးသည်။
“ဒီစာအုပ်ဟာ စာရေးဆရာတယောက်က လက်နဲ့ ရေးတာ မဟုတ်ဘူး။ မယုံနိုင်စရာ အဖြစ်တခု အလိုအလျောက် ပေါက်ကွဲထွက်လာတာ” ဟု ဖွင့်ဆိုသည်။ သည်စာအုပ်ကို ကြိုက်သည့် အထဲတွင် အင်္ဂလိပ်လူမျိုး တင်နစ်ဆင်2 လည်း ပါသည်။ သူက “ယန်း” သေဆုံးခန်းကို ဖတ်ပြီး ‘ဟူးဂိုးဟာ မျက်ရည်တို့ရဲ့အရှင်သခင်’ ဟု မှတ်ချက်ချသည်။ မီယာဒစ်3 ကမူ Les Miserables သည် ရာစုနှစ်၏ အကောင်းဆုံးဝတ္ထုကြီး ဖြစ်သည်ဟု ဝိဂြိုဟ်ပြုသည်။ ပေတာ4 ကလည်း “ဒန်တီ၏ Divine Comedy နှင့် မီလ်တန်၏ Paradise Lost အပြင် သမ္မာကျမ်းစာနှင့်ပါ တတန်းတည်း ထားသင့်သည်” ဟု ညွှန်းဆိုခဲ့သည်။
Les Miserables ထွက်ပြီး ရာစုနှစ်တခု ကြာသည့်တိုင် စာအုပ်ထွက်သည့် နှစ်များကကဲ့သို့ မုန်တိုင်းတိုက်သလို သိမ့်သိမ့်တုန်မနေစေခါမူ ယင်း၏ ဇာတ်ကောင်များ၊ ဆယ့်ကိုးရာစုနှစ်၏ အဖြစ်ဆိုးများ၊ ယုံကြည်မှုနှင့် မေတ္တာတရား၏ ခွန်အားများသည်ကား ကမ္ဘာ့စာဖတ် ပြည်သူများ၏ နှလုံးသားထဲတွင် စွဲထင်ရှင်ကျန်နေဆဲ ဖြစ်သည်။
“ဒီ” မြို့ကလေးမှ ခင်ကြီး၊ ယန်းဗေလ်ယန်း၊ ယဗက်၊ ကော့ဆက်နှင့် မာရီးယားတို့သည် မေ့ပျောက်၍ ရနိုင်မည့် ဇာတ်ကောင်များ မဟုတ်ပေ။ ထောင်ထွက်ကြီး ယန်းဗေလ်ယန်းသည် ဖလော်ဘဲ၏ မဒမ်ဘိုဗရီလို၊ ဟာမင်မဲလ်ဗီး၏ မိုဘီဒစ်မှ ကပ္ပတိန်အဟတ်လို၊ ဒစ်ကင်၏ အေဘယ် မက်ဂွစ်ချ်လို မေ့မရနိုင်သည့် ဇာတ်ကောင်များ ဖြစ်သည်။ ဟူးဂိုး၏ ဇာတ်ကောင်များ စွန့်စားပုံမှာ ကြက်သီးမွေးညင်း ထချင်စရာတွေချည်းဖြစ်သည်။ ဇာတ်နှင့် အံဝင်ခွင်ကျသည်။ ဝတ္ထုမဆုံးမချင်း စာဖတ်သူအား ညှို့ယူ ဖမ်းစားထားနိုင်စွမ်းသည်။
Les Miserables ကို အကျဉ်းချုံးရသဖြင့် မလွဲမသွေ မူရင်းနှင့် အတန်ငယ် ကွဲလွဲနေပါလိမ့်မည်။ ရှည်လျားလွန်းသော အဖွဲ့အနွဲ့များ၊ ဇာတ်လမ်းအတွက် လေးပင်လွန်းနေသည့် အခန်းများကို ဖြုတ်လိုက်သည့်အခါ ဇာတ်မှာ ပိုကြွလာ၊ ပိုသွက်လာပြီး ပို၍ အသက်ဝင်လာသည်။ ဥပမာ ဖန်ချက်စက်ရုံ၏ အသေးစိတ်လုပ်ငန်းခွင် မြင်ကွင်းများ၊ ဝါတာလူး စစ်ပွဲ အနိဋ္ဌာရုံများ၊ ရေဆိုးမြောင်းထဲက မစင်မှ ဓာတ်မြေသြဇာ ထုတ်လုပ်ပုံများ၊ ၁၈၃၂ ခုနှစ် လူထုအုံကြွမှုနှင့် တော်လှန်ရေး ဒဿနများမှာ အလွန်တန်ဖိုးရှိသော်လည်း ပြင်သစ် ဘန်းစကားများ ပြွမ်းကာ ပင်မဇာတ်လမ်းနှင့် ဝေးနေသဖြင့် နှမြောစရာ ကောင်းသော်လည်း ဖြုတ်ခဲ့ရ၊ ချုံ့ခဲ့ရပါသည်။ ထိုအခါ အလွန်ရိုးသားသော နှလုံးသားပိုင်ရှင်တဦး၏ဘဝမှ လူစွန့်စားတယောက် ဖြစ်လာပုံ၊ သူရဲကောင်း တယောက် ဖြစ်လာပုံသည် ပို၍ ရုပ်လုံးကြွလာလေတော့သည်။ ရုပ်ပုံလွှာ အဖွဲ့အနွဲ့သည် ပို၍ ပီပြင် ထင်လင်းလာလေတော့သည်။
ဂျိမ်း(စ်)ကေ၊ ရော်ဘင်ဆင်
(ပြင်သစ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူ)
စင်စင်နက်တီတက္ကသိုလ်
❑
စာရေးဆရာ၏ ကျမ်းဦးစကား
လောကတွင် ဥပဒေနှင့် ပြဋ္ဌာန်း၍ဖြစ်စေ၊ မိရိုးဖလာ ဓလေ့ထုံးစံအရဖြစ်စေ လူမှုရေး မညီမျှမှုများ၊ ဖိနှိပ်မှုများ ရှိနေသမျှ ကမ္ဘာမြေပေါ်တွင် ငရဲခန်းများ ရှိနေမည်သာ ဖြစ်သည်။ လူသားတို့ နှလုံးသားများ ဒဏ်ရာ အနာတရ ရှိနေကြမည်သာ ဖြစ်သည်။ ထိုအခါ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်သည် ညှိုးနွမ်းနေပေလိမ့်မည်။ ထိုအခါ လူသား၏ ဂုဏ်သိက္ခာ သုံးမျိုးသည်လည်း မွန်းကျပ်နေပေလိမ့်မည်။ ယင်းတို့မှာ တစ်၊ ဆင်းရဲ မွဲတေခြင်း၊ နှစ်၊ ငတ်မွတ်ခြင်းကြောင့် ဘဝပျက်နေကြသည့် အမျိုးသမီးများနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ၊ သုံး၊ ညအမှောင်ထဲတွင် နစ်မွန်းနေသည့် ကလေးသူငယ်များ အရေးတို့ ဖြစ်သည်။
သည်ထက်ဆိုရလျှင် ကမ္ဘာမြေပေါ်တွင် မသိနားမလည်ခြင်း၊ သုတ ခေါင်းပါးခြင်းနှင့် လူသား၏ ဝိညာဉ် ညစ်နွမ်းနေခြင်းများ ရှိနေသမျှ ကာလပတ်လုံး သည်စာအုပ်မျိုးသည် အလဟဿ မဖြစ်တန်ရာ။
ဟော့ဗီးလ်ရိပ်သာ
(၁၈၆၂)
❑
ဖွန်တင်း
အီဒင်ဥယျာဉ်မှ ထွက်ခွာရခြင်း
တေလေတယောက်၏ ကမ္ဘာမှ ပထမည
၁၈၁၅ ခုနှစ် အောက်တိုဘာလ ပထမပတ်၏ ညနေဆည်းဆာချိန်။ ခြေကျင်ခရီးသည် တယောက်သည် “ဒီ” မြို့ကလေးထဲသို့ ဝင်လာခဲ့သည်။ ထိုအချိန်တွင် အပြင်သို့ လှမ်းကြည့်နေသည့် လူဟူ၍ သိပ်မရှိသလောက်ပင်။ ပြတင်းပေါက်မှ အပြင်သို့ ငေးနေသူ အနည်းငယ်သာ ရှိသည်။ ခြေကျင်ခရီးသည်အား မယုံသင်္ကာ မျက်လုံးများဖြင့် လှမ်းကြည့်နေကြသည်။ သည်လောက် စုတ်ပြတ်နေသည့် အဝတ်အစားနှင့် မြို့ထဲဝင်လာသူကို သူတို့ မမြင်ဖူးကြ၍ သံသယ ဖြစ်နေကြသည်။
သူက သက်လတ်ပိုင်း လူတယောက်။ ခန္ဓာကိုယ်ကမူ ကြံ့ခိုင် သန်စွမ်းပုံရသည်။ အသက်အားဖြင့် လေးဆယ့်ခြောက်၊ လေးဆယ့်ခုနစ်လောက်ဟု ခန့်မှန်းရသည်။ အနားကျယ်ကျယ် ဦးထုပ်ပျော့ကို ခပ်ငိုက်ငိုက် ဆောင်းထားသဖြင့် သူ့မျက်နှာကို တဝက်တပျက်သာ မြင်ရသည်။ သူ့အသားအရေမှာ နေဒဏ်လေဒဏ်ကြောင့် ကြေးညိုရောင် ပေါက်နေသည်။ တကိုယ်လုံး ချွေးစက်စက် နစ်နေ၏။ အဝါရောင် ချည်ကြမ်းအင်္ကျီက ရင်ဘတ် ဟပြဲ။ အမွေးအမှင် ထူထပ်သော ရင်အုပ်ကြီးက အထင်းသား။ အင်္ကျီလည်ပင်းမှာ ငွေရောင် ကျောက်ဆူး ဆွဲကြိုးကလေး တန်းလန်းဖြင့်။ လည်စီးက ကြိုးတချောင်းလို လိမ်တွန့်နေ၏။ အပြာရောင် ဘောင်းဘီကြမ်း ကလည်း အရောင်လွင့်ပြယ်နေပြီ။ တဖက် ဒူးဆစ်တဝိုက်က ဖြူနေပြီး အခြားတဖက်က ပေါက်ပြဲနေပြီ။ မီးခိုးရောင် အင်္ကျီပွပွကြီးက အဖာတရာနှင့်။
ကျောပိုးအိတ်ကတော့ အသစ်ဖြစ်သည်။ ပစ္စည်းတွေနှင့် ဖောင်းကားနေပြီး ခါးပတ်ကွင်း တွေကို သေသေချာချာ ပတ်ထားသည်။ အဆစ်တွေ၊ ကျီးပေါင်းတွေနှင့် တွန့်လိမ် ကောက်ကွေး နေသည့် တုတ်ကြီးတချောင်းကို လက်က ကိုင်ထားသည်။ သံခွာတွေ ရိုက်ထားသည့် သားရေရှူးဖိနပ် စီးထားသည်။ ခြေအိတ်မပါ။ ဆံပင်တိုတို ညှပ်ထား၏။ မုတ်ဆိတ်မွေးတွေကတော့ ရှည်လျားနေပြီ။
စုတ်စုတ်ပြတ်ပြတ် သူ့ခန္ဓာကိုယ်သည် ဖုန်အလိမ်းလိမ်းနှင့် ချွေးတွေ ရွှဲကာ မသတီစရာအတိ ဖြစ်နေ၏။ ဆံပင်ညှပ်ထားသည်မှာ သိပ်ကြာသေးဟန် မတူ။ သည်မြို့တွင် သူ့ကို သိသူ မရှိ။ သူသည် ခြေသလုံးအိမ်တိုင် လူစားမျိုး ဖြစ်ဟန်တူသည်။ ဘယ်အရပ်မှ သူ ရောက်လာတာလဲ၊ တောင်ပိုင်းကလား၊ မြောက်ပိုင်းကလား၊ ပင်လယ်ဘက်ကလား။ မြို့ထဲသို့ သူ ဝင်လာသည့် လမ်းမှာ လွန်ခဲ့သည့် ခုနစ်လက နပိုလီယံ ပါရီသို့ ချီသည့်လမ်း ဖြစ်သည်။ သူ့ကြည့်ရသည်မှာ တနေကုန် တနေခန်း လျှောက်လာခဲ့ပုံ ရသည်။ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံ။ မြို့ဟောင်းပိုင်းမှ သူ့ကို လှမ်းမြင်သူ အမျိုးသမီးအချို့က အကဲခတ်နေကြသည်။ သူသည် ရံခါတွင် ရပ်၍ လမ်းဘေး ရေပန်းများတွင် ရေသောက်သည်။ သစ်ပင်ရိပ်တွေ့လျှင် ဝင်နားသည်။ တချိန်လုံး ရေငတ်နေပုံ။ ကလေးတသိုက် သူ့နောက်လိုက်ပြီး ဝိုင်းကြည့်ကြသည်။ ဈေးနားမှ ရေပန်းတွင် ရေဝင်သောက်ပြန် သည်။ ပွာရှဗတ် လမ်းထောင့်ရောက်တော့ မြို့တော်ဝန်ရုံးရှိရာ ဘယ်ဘက်သို့ သူ ချိုးကွေ့သွားသည်။
ရုံးထဲသို့ သူ ဝင်သွားသည်။ ဆယ့်ငါးမိနစ်ခန့်ကြာတော့ ပြန်ထွက်လာသည်။ အပြင်ရောက်တော့ ကျောက်တုံးတတုံးပေါ်တွင် ဝင်ထိုင်သည်။ ထိုနေရာမှာ မတ်လ ၄ ရက်နေ့က ဗိုလ်ချုပ်ကြီး ဒရိုဂိုးက အထိတ်တလန့် ဖြစ်နေကြသော မြို့သူမြို့သားများအား “ဂျူအန် အပန်းဖြေ ဆိပ်ကမ်း” ကြေညာစာတမ်း ဖတ်ပြသွားသည့်နေရာ ဖြစ်သည်။
သူက အစောင့်ရဲကို အလေးပြုပြီးမှ ဝင်ထိုင်ခြင်း ဖြစ်သည်။ ရဲသားက သူ အလေးပြုတာကို အရေးမထားဘဲ ခပ်လှမ်းလှမ်းမှ စိုက်ကြည့်နေသည်။ ပြီးတော့ ရုံးဘက်သို့ လျှောက်သွားသည်။
မလှမ်းမကမ်းတွင် “လခွားဒကိုဘား” ဟူသည့် တည်းခိုခန်း သန့်သန့်ကလေးတခု ရှိသည်။ ပိုင်ရှင်နာမည်က ဂျက်ကင်းလာဘား။ သူနှင့် နာမည်တူ အခြား တည်းခိုခန်း ပိုင်ရှင်တဦး ရှိသဖြင့် သူက ဧည့်သည်များကို ဂရုစိုက်သည်။ ဖော်ရွေသည်။ သူ့ဆိုင်သို့ ကျွန်ုပ်တို့၏ ခရီးသည် ရောက်ခဲ့ပြီး ဖြစ်သည်။
ဘေးလမ်းကြားအပေါက်မှ မီးဖိုဆောင်ဘက်သို့ သူ ဝင်သွားတော့ ဆိုင်ရှင်က မေးသည်။
“ဘာသုံးဆောင်မှာပါလဲ မွန်စီယာ”
“စားဖို့နဲ့ အိပ်ဖို့ရရင် တော်ပါပြီဗျာ”
“အင်း... ကြည့်သေးတာပေါ့ဗျာ”
ပိုင်ရှင်က သူ့ကို သေသေချာချာ အကဲခတ်ပြီး မေးသည်။
“ခင်ဗျားမှာ ပိုက်ဆံပါတယ်နော်”
ခရီးသည်က အိတ်ထဲမှ သားရေအိတ်တလုံး ဆွဲယူလိုက်ပြီး -
“ကျွန်တော့်မှာ ပိုက်ဆံ ပါပါတယ်”
“ဟုတ်ကဲ့၊ ဒါဆို အဆင်ပြေမှာပါ။ ကျွန်တော် စီစဉ်ပေးပါ့မယ်”
ခရီးသည်က ပိုက်ဆံအိတ်ကို ပြန်ထည့်ပြီး ကျောပိုးအိတ်ကို ပစ်ချကာ လမ်းလျှောက်တုတ်ကို အားပြုလျက် တံခါးနားမှ မီးလင်းဖိုနံဘေး ခုံနိမ့်တလုံးပေါ်တွင် ထိုင်ချလိုက်သည်။ မြို့ကလေးမှာ တောင်ပေါ်ဒေသဖြစ်သည့်အလျောက် အောက်တိုဘာ ညချမ်းသည် အေးစပြုနေပြီ။
တည်းခိုခန်းပိုင်ရှင်သည် ဧည့်သည်အတွက် ပြင်ဆင်ရမည့်အစား အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီး လူစိမ်းကို အကဲခတ်နေသည်။
“ညစာ အဆင်သင့် ဖြစ်ပါပြီလား ခင်ဗျာ”
ဧည့်သည်က မေးသည်။
“ဟာ... အဆင်သင့်ပါပဲ ခင်ဗျာ”
ဆိုင်ရှင်က ဖြေရင်း အိတ်ထဲမှ စာရွက်ကလေးတရွက်ကို ထုတ်၍ ခဲတံဖြင့် တစုံတရာ ရေးခြစ်ပြီး စာရွက်ခေါက်ကလေးကို ချာတိတ်ကလေး တယောက်၏ လက်ထဲသို့ ထည့်ပေးလိုက် သည်။ ဆိုင်က ပန်းကန်ဆေးသည့်ချာတိတ် ဖြစ်ဟန်တူသည်။ ပြီးတော့ ကောင်လေးကို နားနားကပ်ပြီး တိုးတိုးပြောလိုက်သေးသည်။ ချာတိတ်က မြို့တော်ဝန်ရုံးဘက် တန်းပြေးသွားသည်။
ဧည့်သည်က ဘာကိုမျှ သတိမထားမိပေ။
ဧည့်သည် ထပ်မေးသည်။
“စားလို့ရပြီလား ခင်ဗျာ”
“ခဏလေး စောင့်ပါနော်။ ရခါနီးပါပြီ”
စောစောက ချာတိတ်ကလေး အပြေးပြန်ရောက်လာသည်။ လက်ထဲတွင် စာရွက်ခေါက် ကလေး ကိုင်လျက်။ ဆိုင်ရှင်က အလောတကြီး ဖတ်သည်။ ပြီးတော့ ဧည့်သည်ကို အဖြေပေးသည်။
“ဒီမယ် မွန်စီယာ၊ ခင်ဗျားကို ကျွန်တော် လက်ခံလို့ မဖြစ်ဘူး ခင်ဗျ”
ဧည့်သည်က ဝုန်းခနဲ ထရပ်ပြီး -
“ဘာပြုလို့။ ကျုပ်က ခင်ဗျားကို ပိုက်ဆံ မပေးနိုင်ဘူး ထင်လို့လား။ ကျုပ်မှာ ပိုက်ဆံ ပါတယ်လို့ ပြောပြီးပြီလေ။ ခင်ဗျားကို ကြိုတင် ပေးထားဆို ပေးမယ်ဗျာ”
“ဟုတ်ကဲ့ပါ ခင်ဗျာ၊ ပြဿနာက အဲဒါ မဟုတ်ဘူးဗျ”
“ဒါဖြင့် ဘာလဲ”
“ခင်ဗျားမှာ ပိုက်ဆံပါတယ်နော်”
“ဟုတ်တယ်လေ”
“ဒါပေမဲ့ ကျွန်တော့်မှာ အခန်းမရှိတော့ဘူးဗျ”
ဧည့်သည်က လေအေးကလေးဖြင့် အောက်ကျို့ခံပြောသည်။
“ဟုတ်ကဲ့ဗျာ၊ ဒါဆို ကျုပ် မြင်းဇောင်းထဲမှာ အိပ်ပါရစေလား”
“အဲဒါ မဖြစ်နိုင်ပါဘူး ခင်ဗျာ”
“ဘာဖြစ်လို့”
“မြင်းဇောင်းထဲမှာ မြင်းတွေနဲ့ ပြည့်နေလို့ပါ”
“ကဲ... ဒါဆိုလည်း ညစာ စားမယ်ဗျာ။ ပြီးမှ ကောက်ရိုးပုံပေါ်မှာ အိပ်တာပေါ့”
“ညစာလည်း ကျွေးစရာ မရှိတော့ဘူး ခင်ဗျ”
ဆိုင်ရှင့်လေသံက ခပ်ပြတ်ပြတ်။ ဧည့်သည် ဝုန်းခနဲ ထ ရပ်လိုက်သည်။
“ကျုပ် အရမ်း ဆာနေလို့ပါဗျာ။ မနက် မိုးလင်းကတည်းက လမ်းလျှောက်လာခဲ့ရတာပါ။ ကျုပ် လျှောက်လာတာ သုံးဆယ့်ငါးမိုင် ကျော်ခဲ့ပါပြီ။ ကျသလောက် ပေးပါ့မယ်ဗျာ။ ညစာ တနပ်တော့ ကျွေးပါ။ ဆာလွန်းလို့ပါဗျာ”
“အားလုံး ကုန်ပြီ။ ဘာမှ မကျန်တော့ဘူး”
ဧည့်သည်က ရယ်ချလိုက်သည်။
“ဘာမှ မကျန်တော့ဘူး၊ ဟုတ်လား”
“ပြောပြီးပြီပဲဗျ”
“ဘယ်ရောက်ကုန်တာလဲ”
“လှည်းသမားတွေကို ချကျွေးလိုက်လို့ အားလုံး ပြောင်ပြီ”
“ဪ... သူတို့အားလုံး ဘယ်နှယောက်လဲ”
‘ဆယ့်နှစ်ယောက်”
“ဆယ်နှစ်ယောက်စာ ရှိပြီးသားပေါ့၊ ဟုတ်လား”
“ဟုတ်တယ်၊ သူတို့က ငွေကြိုပေးတဲ့ ဖောက်သည်တွေ”
ဧည့်သည်က ပြန်ထိုင်ချလိုက်သည်။ ခေါင်းထောင်မကြည့်ဘဲ ဆက်ပြောသည်။ သူ့အသံက တိုးတိုးလေး။
“ကျုပ် အရမ်း ဆာနေပြီဗျာ။ ဒါက တည်းခိုခန်းလေ။ ကျုပ် စားရမှဖြစ်မယ်၊ အိပ်ရမှဖြစ်မယ်”
ဆိုင်ရှင်က ငုံ့ပြီး အမိန့်ပေးသံဖြင့် ပြောတော့ ဧည့်သည် ဆတ်ဆတ် တုန်သွား၏။
“ခင်ဗျား ထွက်သွား”
သူက သံချောင်းဖြင့် မီးကျီးခဲတွေကို မီးလင်းဖိုထဲတွင် ဆွနေချိန်။ ဆိုင်ရှင်ဘက်ကို ပါးစပ်အဟောင်းသားနှင့် ဆတ်ခနဲ သူ လှည့်ကြည့်လိုက်သည်။ တခုခုပြောဖို့ ဟန်ပြင်လိုက်သည်။ ဆိုင်ရှင်က လေသံမာမာဖြင့် ဆက်ပြောသည်။
“ခင်ဗျား ဘာမှ မပြောနဲ့။ ခင်ဗျားနာမည်ကို ကျွန်တော် ပြောရမလား၊ မြို့တော်ဝန်ရုံးမှာ ကျွန်တော် အားလုံး စုံစမ်းပြီးပြီ။ ခင်ဗျားနာမည် ယန်းဗေလ်ယန်း၊ ကျွန်တော် ဆက်ပြောရမလား၊ ခင်ဗျား စာဖတ်တတ်တယ် မဟုတ်လား”
ပြောပြီး သူက စာရွက်ပိုင်းကလေးတခု ထိုးပေးလိုက်သည်။
“ကျွန်တော်ဟာ ယဉ်ကျေးတဲ့ လူတယောက်ပါ။ လူသိရှင်ကြား မဖြစ်ချင်ပါဘူး။ ဒါကြောင့် ခင်ဗျား ထွက်သွားပါ”
ဧည့်သည်က ဆိုင်ရှင်ကို ဦးညွှတ်လိုက်သည်။ ပြီးတော့ သူ့ကျောပိုးအိတ်ကို ကောက်ယူပြီး ထွက်သွားလေတော့သည်။
လမ်းထိပ်တွင် မီးလင်းနေသော အလားတူ ဆိုင်တဆိုင်ကို ခရီးသည် လှမ်းမြင်သည်။ ဆိုင်ရှေ့တွင် ထင်းရှူးကိုင်းတကိုင်း ငိုက်ယွန်းလျက်။ သူ လျှောက်သွားသည်။ ခပ်သေးသေး ထမင်းဆိုင်တဆိုင် ဖြစ်သည်။ တံခါးကို အသာ တွန်းဖွင့်ပြီး ဝင်သွားသည်။
“ဘယ်သူလဲ”
အတွင်းဘက်မှ ဆိုင်ရှင်၏ မေးသံ။
“ထမင်းစားဖို့နဲ့ အိပ်ဖို့ ကျောတနေရာစာ လိုချင်လို့ပါ ခင်ဗျာ”
“စားဖို့နဲ့ အိပ်ဖို့ ဟုတ်လား၊ ရတာပေါ့ဗျာ”
ဧည့်သည်က မီးဖိုနားမှ ခုံတွင် ဝင်ထိုင်ပြီး ခြေထောက်တွေကို မီးကင်လိုက်သည်။
သူ ပင်ပန်းလှပြီ။ ဆိုင်ထဲတွင် ဟင်းနံ့က မွှေးပျံ့နေ၏။ သူ သွားရည်ယိုလာပြီ။ သူ ကျေနပ်နေသည်။
ဆိုင်ထဲ ရောက်နှင့်နေသူ ရေလုပ်သားတယောက်က စောစောက ဒကိုဘားဆိုင်တွင် သူ့ကို မြင်သွားသည်။ ထိုဆိုင်နောက်ဖေး မြင်းဇောင်းတွင် မြင်း ဝင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်က သူ့ကို မှတ်မိနေသည်။ သည်နေ့ စောစောပိုင်းက သူ့ကို မြို့အဝင်လမ်းတွင် တွေ့ခဲ့သေးသည်။ အလွန် ပင်ပန်းနေပုံနှင့် စုတ်စုတ်ပြတ်ပြတ် ခရီးသွားပုဂ္ဂိုလ်က သူ့ကို မြင်းနှင့် တင်ခေါ်ဖို့ တောင်းတောင်းပန်ပန် ပြောသည်။ သူ့ပုံပန်းကိုကြည့်ပြီး ရေလုပ်သားက မြင်းကို တအား အသော့နှင် ထွက်သွားခဲ့သည်။ နောက်တစ်နာရီအကြာ “လခွားဒကိုဘား” တည်းခိုခန်းတွင် သူနှင့် ပြန်ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်က ဆိုင်ရှင်အား လက်ယပ်ခေါ်ပြီး ခပ်တိုးတိုး ကပ်ပြောလိုက်သည်။
ဤတွင် ဆိုင်ရှင်က သူ့ကို ချက်ချင်း မောင်းထုတ်လေတော့သည်။ လူစိမ်းဧည့်သည်က ခပ်တိုးတိုး ပြန်မေးသည်။
“အင်း... ခင်ဗျားလည်း သိသွားပြီပေါ့၊ ဟုတ်လား”
“ဟုတ်တယ်”
“ဟိုဘက်ဆိုင်ကလည်း ကျုပ်ကို မောင်းထုတ်တယ်ဗျာ”
“ကျွန်တော်ကလည်း အဲဒီအတိုင်း လုပ်ရလိမ့်မယ်”
“ကျုပ် ဘယ်သွားရမလဲဗျာ”
“ခင်ဗျား ကြိုက်တဲ့နေရာ သွားပေါ့”
ကျောပိုးအိတ်ကို ကောက်ပြီး ထွက်ခဲ့ရပြန်သည်။ အပြင်ရောက်တော့ ကလေးတွေက သူ့ကို ခဲနှင့် ပေါက်ကြသည်။ သူက တုတ်နှင့် ဒေါသတကြီး လိုက်ရိုက်မည် ပြုတော့မှ ခိုတအုပ်လို ထွက်ပြေးသွားကြသည်။
လျှောက်ရင်း၊ လျှောက်ရင်း အကျဉ်းထောင်တခု၏ ဘူးဝသို့ ရောက်သွားသည်။ ဘူးဝမှ တံခါးမကြီးတွင် တွဲလောင်းကျနေသော ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။ ဧရာမသံတံခါးကြီး ပွင့်လာ၏။ ဦးထုပ်ချွတ်ပြီး သူ တောင်းတောင်းပန်ပန် ပြောသည်။
“ထောင်မှူးကြီးခင်ဗျား၊ ကျွန်တော့်ကို တညလောက် အိပ်ခွင့်ပြုပါ ခင်ဗျာ”
“ဒါ ထောင်ကွ၊ တည်းခိုခန်း မဟုတ်ဘူး။ မင်း အဖမ်းခံရမှ ဒီအထဲ ဝင်ခွင့်ရမှာ”
ပြောပြီး တံခါးကြီး ဝုန်းခနဲ ပြန်ပိတ်သွားသည်။
ပန်းခြံကလေးများ စီရရီနှင့် လမ်းကလေးထဲသို့ သူ ဝင်လာခဲ့သည်။ အိမ်တိုင်းလိုလို ပန်းခြံရှိသည်။ ဝင်းတံခါး မရှိ၊ ဝင်းခြံ မရှိ၊ ချုံနွယ်စည်းရိုးကလေးများဖြင့်သာ ကာရံထားသဖြင့် လမ်းကလေးမှာ သေသပ်လှပနေလေသည်။ တထပ်တိုက်ဖြူကလေး တလုံးမှ ပြတင်းပေါက်များ မီးလင်းနေသည်။ ပွင့်ရိုက်ချည်ထည် ခန်းဆီးများ ချထား၏။
အခန်းထဲသို့ သူ ချောင်းကြည့်လိုက်သည်။ အခန်းထောင့်တွင် ပုခက်တခု ဆင်ထားသည်။ သစ်သားပရိဘောဂများနှင့် နံရံတွင် နှစ်လုံးပြူး သေနတ်တလက် ထောင်ထားသည်ကိုလည်း တွေ့ရ၏။ အခန်းလယ်တွင် စားပွဲတလုံးရှိ၏။ ခပ်ကြမ်းကြမ်း စားပွဲခင်း ခင်းထားသည်။
ကြေးဝါ မီးအိမ်တလုံး ထွန်းထားသည်။ ငွေခွက်ထဲတွင် ထည့်ထားသည့်ဝိုင်က မီးရောင်တွင် တလက်လက်။ အညိုရောင် စွပ်ပြုတ်ပန်းကန်ကြီးက အငွေ့ တထောင်းထောင်း။ စားပွဲတွင် အသက် လေးဆယ်ရွယ် လူတယောက် ထိုင်နေသည်။ သဘောကောင်းသည့်ပုံ၊ မျက်နှာမှာ ရွှင်နေသည်။ သူ့ပေါင်ပေါ်တွင် ကလေးတယောက် ထိုင်နေသည်။ သူ့နံဘေးတွင် ပေါက်စကလေးတယောက်ကို နို့တိုက်နေသည့် အမျိုးသမီးငယ်တယောက်။ သားအဖနှစ်ယောက်က ရယ်ရယ်မောမော။ အမျိုးသမီးက ပြုံးနေသည်။
သူက ပြတင်းပေါက်ကို အသာ ခေါက်လိုက်သည်။
သူတို့ မကြား။
ဒုတိယအကြိမ် ခပ်ဖွဖွကလေး ထပ်ခေါက်သည်။
အမျိုးသမီးက ကြားသွားပြီး ပြောသည်။
“ယောက်ျားရေ၊ ဘယ်သူလဲ မသိဘူး”
ယောက်ျားလုပ်သူက အပြင်ကို နားစွင့်ပြီး -
“ဘယ်သူမှ မဟုတ်ပါဘူးကွာ”
သူ တတိယအကြိမ် ထပ်ခေါက်သည်။ သည်တော့မှ ယောက်ျားလုပ်သူက မီးခွက်ကိုင်ပြီး တံခါး လာဖွင့်ကြည့်သည်။
လူစိမ်းဧည့်သည်က စကား စ သည်။
“မွန်စီယာ၊ တဆိတ်ခင်ဗျာ၊ စွပ်ပြုတ်ကလေး တခွက်လောက် သောက်ပါရစေ။ ပြီးတော့ အပြင်မှာ တညလောက် အိပ်ခွင့်ပြုပါ။ ကျုပ် ပိုက်ဆံပေးပါ့မယ်”
“ခင်ဗျား ဘယ်သူလဲ”
အိမ်ရှင်ယောက်ျားက မေးသည်။
“ကျုပ် ပီးမာစွန်က လာခဲ့တာပါ။ တနေကုန် လမ်းလျှောက်လာလို့ ဆာလှပါပြီခင်ဗျာ။ ခွင့်ပြုပါ ခင်ဗျာ။ ကျုပ်မှာ ပိုက်ဆံပါပါတယ်”
“လူကောင်း သူကောင်းဆိုရင် ကျုပ်က ခွင့်ပြုဖို့ ဝန်မလေးပါဘူး။ နေပါဦး၊ ခင်ဗျား ဘာလို့ တည်းခိုခန်း မသွားတာလဲ”
“သွားပါတယ်ဗျာ။ အခန်းလွတ် မရှိတော့လို့ပါ”
“ဟာ... မဖြစ်နိုင်ပါဘူး။ ဈေးနေ့လည်း မဟုတ်၊ ပွဲတော်ရက်လည်း မဟုတ်ဘဲနဲ့၊ ဒကိုဘားဆီ ရောက်ပြီးပြီလား”
“ဟုတ်ကဲ့၊ ရောက်ပြီးပါပြီ”
“အဲဒီတော့”
လူစိမ်းက ခပ်ဆိုင်းဆိုင်း ပြန်ဖြေသည်။
“ဘာကြောင့်မှန်း မသိဘူး ခင်ဗျ။ ကျုပ်ကို လက်မခံဘူး”
“လမ်းထိပ်မှာ တဆိုင် ရှိသေးတယ်၊ အဲဒီကိုကော ရောက်ပြီးပြီလား”
ခရီးသည်လူစိမ်း အနေခက်သွားသည်။
“သူကလည်း လက်မခံဘူး ခင်ဗျ”
အိမ်ရှင် ပို၍ မယုံသင်္ကာ ဖြစ်သွားသည်။ မီးအိမ်မြှောက်ပြီး ထိုသူကို ခြေဆုံးခေါင်းဆုံး ကြည့်သည်။ ဣန္ဒြေတချက် ပျက်သွားပြီး -
“ခင်ဗျား... ခင်ဗျား... ဒီနေ့ ရောက်လာတဲ့လူလား”
အိမ်ရှင်က နောက်ဆုတ်လိုက်သည်။ မှန်အိမ်ကို စားပွဲပေါ် ပြန်တင်ပြီး သေနတ်ကို လှမ်းယူလိုက်သည်။
“ဒီနေ့ ရောက်လာတဲ့ လူလား” ဟု ယောက်ျားမေးသံကို ကြားတော့ အမျိုးသမီးက ကလေး နှစ်ယောက်ကို ဆွဲဖက်လိုက်ပြီး လူစိမ်းကို အထိတ်တလန့် မျက်လုံးများဖြင့် လှမ်းကြည့်သည်။
ယောက်ျားလုပ်သူက ပေါက်တော့မည့် မြွေပွေးတကောင်လို လူစိမ်းအနား ရောက်သွားသည်။ သေနတ်ကို ပိုက်လျက်။
“ခု ထွက်သွား”
“ဟာ ဒုက္ခပါပဲ၊ ရေလေးတခွက်တော့ တိုက်ပါဗျာ”
“ရေတော့ မရဘူး၊ ကျည်ဆန်ပဲ ရမယ်”
ပြောပြီး တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်သည်။ ပြီးတော့ ပြတင်းပေါက်တွေ၊ တရုတ်ကတ်တွေပါ လိုက်ပိတ်သည်။
ညရောက်လာပြီ ဆိုသည်နှင့် အယ်လ်ပိုင်းတောင်တန်းမှ တိုက်ခတ်လာသည့် လေက အရိုးကွဲအောင် အေးတော့မည်။ သူ ကံကောင်းပါသည်။ ဆက်လျှောက်လာတော့ လမ်းဘေးတွင် တဲအိမ်ငယ်ကလေးတလုံး သွားတွေ့သည်။ မြက်ခြောက်များနှင့် တည်ဆောက်ထားသည့် ကလေးကစားစရာ တဲကလေးမျိုး။ နိမ့်နိမ့်ကျဉ်းကျဉ်းကလေး။ သူ ငုံ့ဝင်လိုက်သည်။ ကောက်ရိုး အခင်းပေါ်တွင် ခွေခွေခေါက်ခေါက် လှဲချလိုက်သည်။ လုံးဝ မလှုပ်နိုင်တော့။ ကျောအောက်က ခိုးလိုးခုလု ဖြစ်နေသည့် အိတ်ကို ဆွဲဖြုတ်ပြီး ခေါင်းအုံး လုပ်လိုက်သည်။ အဟောသုခံ ချမ်းသာစွ။
ဤတွင် ကြောက်မက်ဖွယ် ဟိန်းသံကြီးတခု ထွက်လာသည်။ ဟိုက်... ဧရာမ ခွေးကြီးတကောင်။ သွားတွေဖြဲလျက် ကျူးကျော်သူကို တိုက်ခိုက်ဖို့ အသင့်အနေအထားဖြင့်။
ကြည့်စမ်း၊ လက်စသတ်တော့ သူ ရောက်နေတာ ခွေးလှောင်အိမ်တခုပါလား။ တုတ်ကို ကောက်ကိုင်ကာ ကျောပိုးအိတ်ကို မျက်နှာနားကပ်၍ အကာအကွယ်ယူပြီး တဲထဲမှ အပြေးအလွှား ထွက်ခဲ့ရသည်။ ကံကောင်းထောက်မ၍ လူကို အကိုက်မခံလိုက်ရ။ စုတ်ပြဲနေပြီးသား အင်္ကျီဖားဖားကြီးတော့ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။
ခြံစည်းရိုးပင်တန်းကို အပြေးအလွှား ကျော်ပြီး လမ်းပေါ်သို့ ပြန်ရောက်ခဲ့ပြန်သည်။ အမိုးအကာနှင့် ခိုကိုးစရာနေရာ မတွေ့။ နောက်ဆုံး ခွေးလှောင်အိမ်မှာတောင် ကြာကြာ ကျောဆန့်ခွင့် မရ။ လမ်းဘေး ကျောက်တုံးတတုံးပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။
“အင်း... ခွေးတကောင်လောက်တောင် တန်ဖိုးမရှိတော့တဲ့ ဘဝပါလား” ဟု တယောက်တည်း ညည်းတွားလိုက်မိသည်။ ပြီးတော့ ထလျှောက်ပြန်သည်။ ခေါင်းငိုက်စိုက်ချလျက် ဆက်လျှောက်လာရာ မြို့ပြင်သို့ ရောက်လာခဲ့သည်။ ခိုစရာ သစ်ပင်မတွေ့၊ လဲလျောင်းစရာ ကောက်ရိုးပုံ မတွေ့။ စိတ်ထဲတွင် ကမ္ဘာ့အပြင်ဘက်သို့ ရောက်လာပြီ ထင်လိုက်၏။ ခေါင်းမော့ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ကွင်းပြင်ကျယ်ကြီးထဲ ရောက်နေပါပြီကော။ ရှေ့တွင် တောင်ကုန်းပြေပြေကလေး။ ရိတ်သိမ်းပြီးစ ဂျုံရိုးပြတ်တွေ ဖုံးလွှမ်းထားသည့် တောင်ကတုံး၊ မင်္ဂလာမရှိသော မြင်ကွင်း၊ ဟိုးအဝေးတွင် မိုးကုပ်စက်ဝိုင်းက မပီဝိုးဝါး။ လွင်တီးခေါင်တွင် အထီးတည်း ရပ်နေသည့် သစ်ပင်ကြီးတပင်သာ ရှိသည်။ အပင်ကြီး ခက်လက်ဝေဖြာနေပုံကိုက အချိုးမကျ၊ ကျက်သရေ မရှိ၊ သူ ဆက်လျှောက်ပြန်သည်။ မြို့ဝင်ဂိတ်တခုဆီ ပြန်ရောက်သွားသည်။ မြို့ဝင်တံခါးတွေ ပိတ်ထားသည်။ ဘာသာရေး စစ်ပွဲကာလတွင် မြို့ကို ရန်သူတွေ အဝိုင်းခံထားစဉ်က အတိုင်းပင်။ ၁၈၁၅ ခုနှစ်ကအတိုင်း မြို့ရိုးတွေ၊ ကင်းမျှော်စင်တွေ၊ အပြိုအပျက်တွေ ယနေ့တိုင် ရှိနေသေးသည်။
ည ရှစ်နာရီခန့် ရှိပြီ။ သူ ဘာဆက်လုပ်ရမှန်း မသိ။ ပြိုကျနေသည့်အုတ်ရိုးကို ဖြတ်၍ ဆက်လျှောက်ပြန်သည်။ ဘုရားရှိခိုးကျောင်း ဝင်းတခုရှေ့သို့ ရောက်လာခဲ့သည်။ ဘုရားကျောင်းကြီး ကို လှမ်းကြည့်ပြီး သူ လက်သီးဆုပ်ပြလိုက်သည်။ ကျောင်းပရိဝုဏ်၏ ထောင့်တွင် ပုံနှိပ်စက် ထားသည့် ရုံးခန်းတခန်း ရှိသည်။ သည်ရုံးခန်းထဲတွင် အယ်လ်ဘာကျွန်းမှ ယူလာသည့် နပိုလီယံ၏ ကြေညာစာတမ်းကို ပုံနှိပ်ခဲ့ခြင်း ဖြစ်သည်။
ခြေတွေ၊ လက်တွေကို မသယ်ချင်တော့ပေ။ မျှော်လင့်စရာ ဘာမျှ မရှိတော့သဖြင့် ကျောက်တန်းလျား တခုပေါ်တွင် လှဲချလိုက်သည်။
ဘုရားကျောင်းထဲမှ အဘွားကြီးတယောက် ထွက်လာသည်။ အမှောင်ထဲတွင် လူတယောက် လဲလျောင်းနေသည့် သဏ္ဌာန်ကို အဘွား မြင်သွားသည်။
“ဟဲ့...သူငယ်၊ မင်း ဒီမှာ ဘာလုပ်နေတာတုံး”
ဒေါသသံစွက်ပြီး သူ ဖြေသည်။
“မြင်တဲ့အတိုင်းပဲ၊ ကျွန်တော် ဒီမှာ အိပ်မလို့”
အမျိုးသမီးကြီး၏ နာမည်မှာ မဒမ်မားကွစ် ဖြစ်သည်။ အဘွားက စိုးရိမ်တကြီး မေးသည်။
“ဒီနေရာမှာ အိပ်မယ်၊ ဟုတ်လား”
“သစ်သားခင်းပေါ် ကျုပ် အိပ်လာတာ ဆယ့်ကိုးနှစ် ရှိပြီ။ ဒီညတော့ ကျောက်ဖြာထက်ပေါ် စက်တော်ခေါ်ရတော့မှာပေါ့”
“မင်းက စစ်သားလား”
“ဟုတ်ပါတယ်၊ စစ်သားပါ'
“ဘာပြုလို့ တည်းခိုခန်းမှာ သွားမတည်းတာလဲ”
“ပိုက်ဆံမရှိလို့”
“ဪ... ဒုက္ခပါပဲ”
အဘွားကြီးက စိတ်ပျက်လက်ပျက် ညည်းတွားပြီး ပိုက်ဆံအိတ်ကို နှိုက်သည်။
“အဒေါ့်မှာ လေးပြားပဲ ပါတယ်ကွယ်”
“ဟုတ်ကဲ့၊ ရပါတယ်”
အဘွားကြီးပေးသည့် ပိုက်ဆံအကြွေကို သူ လှမ်းယူသည်။ အဘွားကြီး စကားဆက်သည်။
“ဒီပိုက်ဆံလောက်နဲ့ မင်း တည်းခိုခန်းဖိုး ဘယ်ပြည့်မလဲ၊ အေးလေ.. ကြိုးစားကြည့်ပေါ့။ ဒီမှာတော့ မအိပ်ပါနဲ့ကွယ်၊ ဒါလောက် အေးတာ၊ ဘယ်ဖြစ်မလဲ။ သူတို့ သနားရင် မင်းကို နေရာပေးမှာပါ”
“ကျွန်တော် တံခါးတွေ လျှောက်ခေါက်ကြည့်ပြီးပါပြီ”
“အဲဒီတော့...”
“အားလုံးက မောင်းထုတ်ပါတယ်”
အဘွားကြီးက သူ့လက်မောင်းကို ပုတ်သည်။ ပြီးတော့ ကျောင်းဝင်း တဖက်ခြမ်းမှ အမိုးနိမ့်နိမ့် တိုက်ကလေးတလုံးကို ညွှန်ပြပြီး -
“အိမ်တံခါးတွေ လျှောက်ခေါက်ခဲ့ပြီးပြီ၊ ဟုတ်လား”
“ဟုတ်ကဲ့”
“အဲဒီတံခါးကိုကော ခေါက်ကြည့်ပြီးပြီလား”
“ဟင့်အင်း”
“သွားခေါက်ကြည့်ပါ”

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။