ဖရန်ကင်စတိန် - Book Review
“ခင်ဗျားက ကျုပ်ကို ဖန်တီးတဲ့လူ၊ ရွံစရာ စက်ဆုပ်စရာဖြစ်အောင် ခင်ဗျား ဖန်တီးခဲ့တာပါ။ ဒီတော့ ကျုပ်နဲ့ ဘာမှ မပတ်သက်တဲ့ ခင်ဗျား အပေါင်းအသင်း တွေဆီက ကျုပ် ဘာမျှော်လင့်နိုင်မှာလဲ။”
ဖရန်ကင်စတိန်၊ကျော်လှိုင်ဦး
Mary Shelley အသက် ၁၉ နှစ်အရွယ်မှာ ရေးခဲ့တဲ့ Frankenstein က ဒီနေ့ထိ နှစ်၂၀၀ နီးပါးကြာခဲ့ပေမယ့် စာဖတ်သူတွေကို ဆွဲဆောင်ထားနိုင်နေဆဲ၊ဂန္တဝင်စာပေစင်မြင့်ထက်မှာလည်း တင့်တယ်စွာ ရပ်တည်ထားနိုင်ဆဲပါ။
ဇာတ်လမ်းက ဗစ်တာဖရန်ကင်စတိုင်းဆိုတဲ့ သိပ္ပံပညာရှင်လေးရဲ့ အိပ်မက်ကနေစတယ်။ သူ့အိပ်မက်က လူသားတွေကို မသေခင်ဘဝပေးချင်တာ။ သေပြီးသားကောင်တွေကို ပြန်အသက်ရှင်စေချင်တာ။ ဒီအိပ်မက်အတွက် အိပ်စက်ခြင်း၊ စားသောက်ခြင်း၊ မိသားစုရဲ့ချစ်ခင်ရင်းနှီးမှု အားလုံးကို စွန့်လွှတ်ပြီး ဓာတ်ခွဲခန်းထဲမှာပဲ နေနေတယ်။
သူ့ရဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒ၊ဝီရိယ၊ ပင်ကိုယ်အရည်အချင်းတွေနဲ့ ကံတရား ပေါင်းစပ်လိုက်တဲ့အခါမှာ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်သွားခဲ့တယ်။ ေtသပြီးသားအရာတွေကို ပေါင်းစပ်ပြီး အသက်ရှင်နိုင်တဲ့ သတ္တဝါတစ်ကောင် ဖန်ဆင်းနိုင်သွားတယ်။
ဒါပေမယ့် သူ့ဖန်ဆင်းမှုက အကျည်းတန်လွန်းတာကြောင့် ဗစ်တာကိုယ်တိုင် ကြောက်ရွံ့သွားတယ်။ အဲဒီညမှာပဲ သူ့ဖန်ဆင်းထားတဲ့ သတ္တဝါကို ပစ်ထားခဲ့ပြီး ပြေးထွက်သွားတယ်။ သူဖန်ဆင်းလိုက်တဲ့အရာက လူလား၊ သတ္တဝါလား။ သူ့မှာ ခံစားချက်ရှိလား၊ စိတ်ရှိလား။ ဒီလိုမျိုး မေးခွန်းတွေကို အဖြေမရခင်မှာ သူရှောင်ပြေးသွားခဲ့တာဖြစ်ပါတယ်။ ဖန်ဆင်းရှင်တစ်ယောက် အနေနဲ့က သူ့ဖန်ဆင်းမှုကို ပြုစုပျိုးထောင်ဖို့၊ လမ်းပြဖို့၊ လူ့လောကထဲမှာ နေရာရှိအောင်လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် ဗစ်တာက ဒီတာဝန်တွေကနေ ရှောင်တိမ်းခဲ့တယ်။ အဲဒီတာဝန်မဲ့မှုကြောင့် နောက်မှာဖြစ်လာတဲ့ အကျိုးဆက်တွေ အားလုံးအပေါ်မှာ သူတာဝန်ရှိတာအမှန်ပါပဲ။
စာအုပ်ရဲ့ အထူးခြားဆုံးအချက်က သတ္တဝါကြီးရဲ့ရှုထောင့်ကနေ ပြန်ပြောပြတာပါ။ သူက ကိုယ့်ဘာသာကိုယ် အလိုအလျောက် ဖြစ်လာတာမဟုတ်ဘူး။ ဖန်ဆင်းရှင်က သူ့ကိုဖန်ဆင်းခဲ့တာ။ ဒါပေမယ့် ဖန်ဆင်းပြီးတာနဲ့ ပစ်ပယ်ခံခဲ့ရတယ်။ အပြင်မှာလိုပေါ့ ဒုက္ခတွေခံစားလာရတဲ့အခါ ဖန်ဆင်းရှင်ကို ငြူစူလာကြတယ်။ မေးခွန်းတွေ ထုတ်လာကြတယ်။ တေ့တေ့ဆိုင်ဆိုင် ဆုံတွေ့ချင်လာတယ်။
စမ်းသပ်ချက်တွေအပြီး သတ္တဝါကြီးရှင်သန်နိုးထလာတဲ့အခါ ဒီလောကကြီးထဲမှာ သူ့မျိုးစိတ်ဟာ တစ်ယောက်တည်းပဲ ဆိုတဲ့အဖြစ်ကို သူမသိဘူး။ ဘယ်သူမှ သူ့ကို မသင်ပြပေးဘူး။ ကိုယ့်ဘာသာကိုယ် စာဖတ်တတ်အောင် လုပ်ရတယ်၊ စကားပြောတတ်အောင်လုပ်ရတယ်၊ လူ့လောကကို နားလည်အောင်လုပ်ရတယ်။ သူ့ရဲ့မြင်ဆရာတွေလို့ဆိုရမယ့် မိသားစုအိမ်ကလေးတစ်လုံးကနေ သူလက်တွေ့သိလိုက်ရတာက မေတ္တာတို့ အကြင်နာတို့ဆိုတာဟာ လူတွေကြားမှာပဲ ရှိနေတာလားဆိုတဲ့ သံသယပါဘဲ။ သူ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ကောင်းတယ်ဆိုတာတွေ လုပ်ပေးခဲ့ပေမယ့် ပြန်ရတာကတော့ ရန်လိုမှုတွေ၊ရွံရှာကြောက်ရွံမှုတွေသာ။
ခါးသီးတဲ့ အမှန်တရားတစ်ခုက ပုံပျက်နေတဲ့သူ့ခန္ဓာကိုယ်ကြီးနဲ့ လူမပီပြင်ဘဲအလောင်းကောင်သာသာ သူ့အတွက် ဒီလူမှုပတ်ဝန်းကျင်မှာနေရာမရှိတာပါပဲ။ သူလူတွေနဲ့ ပေါင်းသင်းချင်ပေမယ့် သူ့ရုပ်ဆိုးကြောင့် လူတိုင်း ကြောက်ရွံ့ပြေးကြတယ်။ သူက ချစ်ခြင်းကိုတောင့်တတယ်၊ လူ့အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်ချင်တယ်။ သူဟာ တကယ်တော့ အထီးကျန်နေတာပါ။
သူ့ဖန်ဆင်းရှင်ကိုပဲ ပြန်ရှာတွေ့တဲ့အခါ ငါ့ကို ဘာကြောင့်ဖန်ဆင်းခဲ့တာလဲ။ ငါ့ကို ဘာကြောင့်ပစ်ပယ်ခဲ့တာလဲ။ ငါလည်း ချစ်ခြင်းမေတ္တာလိုတယ်လေ လို့ တောင်းဆိုတော့ ဗစ်တာက ငြင်းပယ်ပစ်တယ်။ဒီနေရာကစပြီး သတ္တဝါကြီးက လူ့လောကကို မုန်းတီးသွားပြီး လက်စားချေဖို့စတယ်။ သူမလိုလားတဲ့ဘဝကို ပေးခဲ့သူကို ပြန်အပြစ်ပေးချင်တော့တာပဲ။ ဗစ်တာအနေနဲ့ကလည်း ဖန်ဆင်းရှင်အလုပ်ကို လုပ်ခဲ့တဲ့အတွက် ဒဏ်ခတ်ခံရတယ်ပေါ့။သူဖန်ဆင်းခဲ့တဲ့ သတ္တဝါကြီးဟာ ပုံပျက်ပန်းပျက်ဖြစ်နေပေမယ့် လူသားတွေထက် အဆင့်မြင့်တဲ့ သတ္တဝါတစ်ကောင်ဖြစ်နေတယ်။ ရလဒ်ကတော့ သူဟာ ဖန်ဆင်းရှင် သခင်နေရာမှာနေရမယ့်အစား တန်ခိုးဩဇာမရှိတဲ့အတွက် ကျွန်သဘောမျိုးသက်ရောက်သွားပြီး မသေမျိုးသတ္တဝါကြီးရဲ့ အတင်းအကျပ် ခိုင်းစေမှုတွေ တောင်းဆိုမှုတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့တယ်။
ဒီစာအုပ်က ၁၈၁၈ ခုနှစ်က ရေးခဲ့တာပါ။ ဒါပေမယ့် ယနေ့ခေတ် AI နည်းပညာတွေ၊ မျိုးဗီဇအင်ဂျင်နီယာတွေ၊ နည်းပညာတွေ တဟုန်ထိုးတိုးတက်လာတဲ့ခေတ်မှာ ပိုပြီးတော့ သက်ဆိုင်လာပါတယ်။ "With great power comes great responsibility” ဩဇာအာဏာရဲ့နောက်မှာ ကြီးမားတဲ့တာဝန်ယူမှုက ကပ်လိုက်လာတာက သဘာဝပါပဲ။ ကျွန်တော်တို့ ဘယ်လိုမျိုးတွေ ဘယ်လောက်ထိ ဘယ်လိုဖန်တီးကြဦးမလဲ။ Homo Sapiensကနေ Homo Deus လို့တောင်တင်စားရတဲ့ နတ်ဘုရားလူသားတွေ တချိန်ချိန် ဖန်ဆင်းရှင်တွေနေရာရောက်လာကြမယ့်အချိန် ကျွန်တော်တို့ကြုံတွေ့ရမှာတွေကဘာတွေဖြစ်နိုင်မလဲ။ ကိုယ်ဖန်တီးမယ့်အရာက ကိုယ့်ထက် မယှဉ်သာလောက်အောင် သာလွန်နေမယ့်အခါ ကျွန်တော်တို့တတွေ ဗစ်တာလိုပဲ ချစ်ရသူတွေ သေကြေပျက်စီးတာမျိုး ဒုက္ခတွင်းဆုံးကျကြရမှာလား။ ဘယ်လိုကိုင်တွယ်သင့်ကြလဲ ဒီပုစ္ဆာအတွက်ရော ကောင်းမွန်တဲ့အဖြေဟာရှိနိုင်ပါ့မလား။
“I remembered Adam’s supplication to his Creator. But where was mine? He had abandoned me, and in the bitterness of my heart I cursed him”
~Frankenstein,Mary Shelley
“အာဒမ်မှာက သူ့အပေါ် ကြင်နာသနားတဲ့ ဖန်ဆင်းရှင် ရှိတယ်။ ကျုပ်ကို ကြင်နာ သနားမယ့် ဖန်ဆင်းရှင်က ဘယ်မှာလဲ။ ကျုပ်ရဲ့ ဖန်ဆင်းရှင်ကတော့ ကျုပ်ကို ပစ်ပယ်ထားတယ်။ ကျုပ်ရဲ့ ဘဝကို ခါးခါးသီးသီး ဖြစ်အောင် လုပ်ထားတယ်၊ ကျုပ် သူ့ကို ကျိန်စာ တိုက်လိုက်ပါရဲ့။”
ဖရန်ကင်စတိန်၊ကျော်လှိုင်ဦး
(ဖတ်ရင်းနဲ့ တချို့နေရာတွေမှာ စနေဂြိုလ် အစား မူရင်းSatanကို နတ်ဆိုးလို့ ပြန်ဆိုရင် ပို ဆီလျော်ပေါ်လွင်မယ်ထင်မိပါတယ်🙏🏻)
#bookreview #Youths_book_reflections #ကျော်လှိုင်ဦး #ဖရန်ကင်စတိန်း #Frankenstein #MaryShelley

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။