နှင်းရိပ်ပြာမှောင် - မောင်ရှင်စော
နှင်းရိပ်ပြာမှောင် - မောင်ရှင်စော
မောင်ရှင်စောရဲ့ ‘နှင်းရိပ်ပြာမှောင်’ကို ဖတ်ရတယ်။ ကဗျာဆရာရေးတဲ့ စကားပြေဖြစ်လို့ မွှေးမြလတ်ဆတ်တယ်။ ဇာတ်အိမ်တည်ဆောက်မှုကလည်း သမရိုးကျ ကာလပေါ် အပေါစား ဝတ္ထုတွေနဲ့ ခြားနားတယ်။ တစ်ခါလာ မဲပြာပုဆိုးနဲ့ ဆီသည်မလက်သုပ်ပုဝါ မဟုတ်ဘူး။ အဟောင်းထဲက ခွဲထွက်လာတဲ့ အစစ်ဖြစ်တယ်။ ခေတ်ပြိုင်ခံစားမှုနဲ့ သမိုင်းနောက်ခံ ပုံရိပ်တွေကို နှင်းရိပ်ပြာမှောင်ထဲမှာ လှလှပပ တွေ့ရတယ်။
အင်္ဂလိပ်လက်အောက်က ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုမှာ လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေး ရပြီး ၁၄ နှစ်အကြာ ၁၉၆၂ မှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြောက်ခဲ့တဲ့ ဦးနု (ပထစ) အစိုးရကို ဖြုတ်ချပြီး ဗိုလ်နေဝင်းက စစ်အာဏာသိမ်းခဲ့တယ်။ ၁၉၆၂ ခုက စပြီး ကျွန်တော်တို့ တစ်အမျိုးသားလုံးဟာ ဂျပန်ခေတ်က ပေါ်ခဲ့တဲ့ မျောက်သုံးကောင်မီးခြစ် Trademark ဒီဇိုင်း ဖြစ်သွားပါတော့တယ်။ နားပိတ်၊ မျက်စိပိတ် ပါးစပ်ပိတ်ခံထားရတဲ့ ပြည်သူတွေရဲ့ ဘဝငြိမ်ဝပ်ပိပြား… တုံးအောက်က ဖားတွေလို…
ဗိုလ်နေဝင်းရဲ့ အမှောင်ခေတ်ကြမ်းထဲမှာ တစ်မျိုးသားလုံး ၂၆ နှစ်ကြာ နစ်မြောနေခဲ့ရပြီ။ ၁၉၈၈ မှာ သမိုင်းအလှည့်အပြောင်း အချိုးအကွေ့တစ်ကွေ့နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ၁၉၈၈ မတ်လထဲမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေ မိမိတို့ရဲ့ ကျောင်းနယ်မြေမှာ ဆန္ဒပြခဲ့ကြတယ်။ ဗိုလ်နေဝင်းအစိုးရက ဆန္ဒပြကျောင်းသားထုကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တယ်။ ဗိုလ်နေဝင်းရဲ့ သမိုင်းမိန့်ခွန်းကတော့…
“ကျုပ်တို့ စစ်တပ်ဟာ ဘယ်တော့မှ မိုးပေါ်ကို ထောင်မပစ်ဘူး။ ပစ်ရင် တည့်တည့်ပစ်တယ်”
ဟုတ်တယ် တည့်တည့်မှန်အောင် ပစ်တယ်။ တည့်တည့်ပစ်လို့ စက်မှုတက္ကသိုလ် ကျောင်းသား ဘုန်းမော် သေနတ်မှန်ပြီး ကျရှုံးသွားရတာ မဟုတ်လား။ ၁၉၆၂ ဇူလိုင်မှာလည်း ကျောင်းသားထုကို ဗိုလ်နေဝင်းပဲ ပစ်သတ်ခဲ့တာပါပဲ။ ၈၈ အရေးတော်ပုံ အစ စက်မှုတက္ကသိုလ်က… လို့ပဲ ဆိုရပါလိမ့်မယ်။ သမိုင်းခေတ် အဆက်ဆက်မှာ မီးသွေးခဲမို့ မည်းသကိုး… တို့ကျောင်းသားမို့ ရဲသကိုး… ဆိုတဲ့ ဆောင်ပုဒ်ဟာ ဝင်းလက်တောက်ပ နေနေတုန်းပါပဲ။ ဘုန်းမော်ရဲ့ သွေးဟာ မီးတောက်မီးလျှံ ဖြစ်သွားပြီး မြန်မာနိုင်ငံ တနှံ့တလျားကို ကူးစက်သွားတယ်။
ဗိုလ်နေဝင်းဟာ ရာဇပလ္လင်ပေါ်က ဂျာအေးကဗျာထဲက မျောက်ကလေးလို ဆင်းပြေးခဲ့ရတယ်… မင်းဘူးဦးသြဘာသရဲ့ ဝေသန္တရာဇာတ်ထဲက စကားလုံးကို ကျွန်တော် ပြေးပြီး အမှတ်ရမိတယ်။
ပြည်သူတင်းရင် မင်းမခံသာ… ပါတဲ့။
စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုထဲမှာ မောင်ရှင်စောကိုယ်တိုင် ထဲထဲဝင်ဝင် ရှေးတန်းက ပါဝင်ခဲ့သူဖြစ်တယ်။ ၈၈ အရေးတော်ပုံခြေရာတွေကို နင်းရိပ်ပြာမှောင်ထဲမှာ တွေ့ရပါလိမ့်မယ်။ ဆရာဦးသိန်းဖေမြင့်ရဲ့ (အရှေ့က နေဝန်းထွက်သည့်ပမာ) ဝတ္ထုကြီးဟာ သမိုင်းနောက်ခံ ဝတ္ထုဖြစ်တယ်။ ဗြိတိသျှနယ်ချဲ့ အင်္ဂလိပ်ခေတ်က ကျောင်းသားလှုပ်ရှားမှုနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကို အရှေ့က နေဝန်းထွက်သည့်ပမာ ဝတ္ထုထဲမှာ တွေ့ရတယ်။ နှစ် (၅၀) နီးပါး အမှောင်ခေတ်ထဲမှာ နေခဲ့ကြရတဲ့ ကျွန်တော်တို့နိုင်ငံမှာ အနုပညာအမှောင်ကျခဲ့ရတာ ဆန်းတော့ မဆန်းပါဘူး။ သမိုင်းနောက်ခံဝတ္ထုတွေ လိုအပ်နေတာကြာပြီ။ ပွင့်လင်းမှု အရိပ်အရောင် သန်းစပြုလာပြီလို့ ဆိုသူ ဆိုနေကြတယ်။ ဟုတ်ကောင်း ဟုတ်နိုင်ပါလိမ့်မယ်။ လမ်းဆုံးရင် ရွာတွေ့မှာ သေချာပေမယ့်။ လမ်းဆုံးကို မရောက်သေးပါ။ လမ်းတစ်ဝက်လောက်ပဲ ရောက်နေသေးတာ ဆက်လှမ်းရဦးမှာပါ…။
၈၈မျိုးဆက် ကျောင်းသားတွေလည်း ဝတ္ထုတွေ ရေးကြတယ်။ မင်းကိုနိုင်၊ မြအေး၊ ဂျင်မီတို့ရဲ့ ဝတ္ထုတွေ ထွက်လာကြတယ်။ သူတို့ရဲ့ဝတ္ထုတွေကို ရုပ်ရှင်ရိုက်ကူးဖို့ ဝယ်ကြတယ်လို့ သိရတယ်။ ဝမ်းသာရပါတယ်။ မောင်ရှင်စောလည်း ၈၈ မျိုးဆက် ကျောင်းသားတစ်ဦး ဖြစ်တယ်။ သူ့ရဲ့ နှင်းရိပ်ပြာမှောင်…

ရှားပါးတဲ့စာအုပ်တွေ၊ဝယ်ဖို့မတတ်နိုင်တဲ့စာအုပ်တွေကို အဆင်ပြေပြေ အေးအေးဆေးဆေး ဖတ်ရလို့ WOW အက်ဒမင်အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ပါတယ်။
ReplyDelete💕💕💕
Delete