ပင်လယ်ဝံပုလွေ - ညွန့်ကြူး
ပင်လယ်ဝံပုလွေ - ညွန့်ကြူး
ဒီနေ့တော့ ရင်ထဲထိတဲ့ ဝတ္ထုကောင်းလေး ညွှန်းချင်ပါတယ်။ Jack London ရဲ့ Sea Wolf ကို စာရေးဆရာ ညွ့န်ကြူး ဘာသာပြန်ထားတဲ့ ပင်လယ်ဝံပုလွေ ဆိုတဲ့ စာအုပ်ပါ။
Jack London ဆိုရင် သူ့စာအုပ်တွေကို ဆရာပေါင်းများစွာက ဘာသာပြန်ထားခဲ့ပြီး ဖြစ်လို့ မြန်မာပြည်က စာဖတ်သူတွေအတွက် စိမ်းမယ်မထင်ပါဘူး။ ဒီစာအုပ်ဟာ စွန့်စားခန်းဝတ္ထုထက် ပိုပါတယ်။ မုန်တိုင်းဒဏ်ကို အလူးအလဲခံရတဲ့ သင်္ဘော၊ ဖျံဖမ်းတဲ့ သင်္ဘောသားတွေ အကြောင်းထက် ပိုပါတယ်။ တွေးရင်တွေးသလောက် ဆက်ချဲ့လို့ရတဲ့ စာအုပ်ပါ၊ လက်တွေ့နဲ့စိတ်ကူးယဉ် တစ်နည်းအားဖြင့် materialism နဲ့ idealism အားပြိုင်ကြတဲ့ ဝတ္ထုလို့လည်းဆိုနိုင်ပါတယ်။
ဇာတ်လမ်းလေးကတော့ ဗင်ဝေဒင်ဆိုတဲ့ စာပေဝေဖန်ရေးသမား တစ်ယောက် သူ့သူငယ်ချင်း တစ်ယောက်ဆီ အလည်သွားရာက စတာပါပဲ။ စာသမား ဗင်ဝေဒင်ခမျာ ကံဆိုးချင်တော့ သင်္ဘော မတော်တဆမှု ကြုံခဲ့ရပြီး ရေစီးကြောင်းတစ်လျှောက် မျောပါသွားရင်းက တစ္ဆေသင်္ဘောကြီးနှင့် ရေစက်ဆုံဖို့ အကြောင်း ဖြစ်လာပါတယ်။ ရွှေဇွန်းကိုက်မွေးလာတဲ့ ဗင်ဝေဒင်ဟာ ငယ်စဉ်ကတည်းက စာပေနှင့် အထိတွေ့များပြီး လူကုံထံအသိုင်းအဝိုင်း နေရသူမလို့ အလုပ်ကြမ်း လုပ်နိုင်ကိုင်နိုင်စွမ်းမရှိ။ ဒီတော့ သင်္ဘောပေါ်မှာ သူ့ရဲ့ကိုယ်ကာယဟာ သူ့အသက်ကိုမှ မကာကွယ်နိုင်ဘူး။
အဓိက ဇာတ်ကောင်က ဗင်ဝေဒင် ဆိုပေမယ့်လို့ ကျနော်ကတော့ လာဆင်ကိုပိုစွဲမိတယ်။ ရုပ်ဝါဒီသမား လာဆင်က ဒီဇာတ်လမ်းမှာ ဖျံဖမ်းတဲ့တစ္ဆေသင်္ဘောရဲ့ ကပ္ပတိန်ပါ။ တစ္ဆေသင်္ဘောဆိုတဲ့ ကြောက်စရာ နာမည်ဆိုးနဲ့ လိုက်ဖက်တဲ့ လာဆင်က ကိုယ့်ကိုယ်ခန္ဓာ ကိုယ့်ခွန်အားကို ယုံကြည်သူ ဖြစ်တယ်။ ဒါ့အပြင် လာဆင်ဟာ ပုံစံနှစ်မျိုးကို ဆုပ်ကိုင်ထားသူလည်း ဖြစ်ပါတယ်။ လာဆင်ရဲ့ အခန်းထဲမှာဆိုရင် လောကီ အတတ်ပညာ တွေကို အပတ်တကုတ် ဆည်းပူးနေတဲ့ စာကြမ်းပိုးလာဆင်ကို မြင်နိုင်မှာ ဖြစ်သလို အခန်းအပြင်ကို ထွက်လိုက်တာနဲ့ လူဆိုးလူမိုက်၊ လူ့တိရစ္ဆာန်တွေကို ပိပြားနေအောင် အုပ်ချုပ်တတ်တဲ့ ပင်လယ်ဝံပုလွေတစ်ကောင်နဲ့ မခြားတဲ့ လာဆင်ကို မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို သင်္ဘောသားတွေ ဖျံဖမ်းသမားတွေ ရောက ဝံပုလွေလာဆင်လို့ နာမည်ပြောင် ပေးထားကြပါတယ်။
ဝံပုလွေလာဆင်ဟာ သူ့လူတွေအပေါ်ကို အကြောက်တရားနှင့် အုပ်ချုပ်တယ်။ သူ့လက်အောက်က သင်္ဘောသား ဖျံဖမ်းသမားတွေကို ကြောက်စိတ် မောင်းသွင်းပြီး တိရစ္ဆာန်တွေသဖွယ် သဘောထားတယ်။ ဒီတော့ရလဒ်က သူ့အသက်ခန္ဓာ တည်မြဲရေးကို အမြဲတစေ ရန်ရှာခံရတာပါပဲ။ တဒင်္ဂတော့ စိတ်ကျေနပ်မှု ရတယ်။ ရေရှည်မှာတော့ ဒီအရာကပဲ သူ့ဘဝကိုပျက်စေတယ်။
တစ်ဖက်မှာ ဗင်ဝေဒင်ကတော့ ဝိဉာဉ်ကိုယုံကြည်သလို ကိုယ်ချင်းစာတရား၊ မေတ္တာတရား စတာတွေကို တန်ဖိုးထားတယ်။ ရန်ကိုရန်ချင်း မတုံ့ပြန်တဲ့အပြင် မတရားမှုကို လက်မခံဘူး။ သူကတော့ လာဆင်နဲ့ပြောင်းပြန် စိတ်ဓာတ်ခွန်အားကို ယုံကြည်သူဖြစ်တယ်။ သူတို့နှစ်ယောက်ရဲ့ ခံယူချက်ချင်း အားပြိုင်မှုကို အရသာခံဖတ်ရမှာပါ။
မိန်းမတွေသာမရှိလျှင် ဘယ်လိုဖြစ်မလဲ ဆိုတာကို ဖျံဖမ်းသမားတစ်စုနှင့် တစ္ဆေသင်္ဘောကြီးက သက်သေပြနေတယ်လို့ ထင်မိတယ်။ ရက်စက် ခက်ထန်မှုတွေကို အလှနှင့် ကရုဏာတရားက ပျက်ပြယ်စေနိုင် သလို၊ ထိုအလှ ကပင် သူရဲဘောကြောင်သူ တို့ကို ရဲရင့်စေတတ်၊ အားကောင်း မောင်းသန် လူ့ဘီလူးကြီး တွေရဲ့ အသက်တွေကိုလည်း ခြွေပစ်တတ်ပါတယ်။ သဘာဝတရားကြီး ဟန်ချက်ညီဖို့ မိန်းမတွေ လိုအပ်တယ်ဆိုရင် မှားမယ် မထင်ပါဘူး။ စစ်ပွဲတွေ၊ သွေးထွက်သံယိုတွေကို မိန်းမတွေက တားဆီးနိုင်ပါတယ်။
အမှန်တရားဟာ ငုပ်လျှိုးပျောက်ကွယ်ရိုး ထုံးစံမရှိဆိုတဲ့သဘောကို တင်ပြထားတာ တွေ့ရတယ်။ လက်တွေ့ကြုံရတာမျိုး ကိုပဲ ယုံကြည်တတ်တဲ့ လာဆင်က သူ့ခံယူချက်အတိုင်း မမြင်ရတဲ့ ဆက်နွယ်မှုတွေ ဥပမာ ယုံကြည်မှုတို့ မေတ္တာတရားတို့ ကိုယ်ကျင့်တရားတို့ ဆိုတာတွေကို အယုံအကြည်မရှိဘူး။ ဗင်ဝေဟင် ကတော့ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ လူတွေအပေါ် မေတ္တာတရားထားပြီး စောင့်ရှောက် ကြင်နာရမယ်လို့ ခံယူသူ။ လာဆင်က မရှိတဲ့အရာတွေဆိုပြီး ဗင်ဝေဒင်ကို သူ့နယ်မှာ လက်တွေ့ ပြသလေတော့ ဗင်ဝေဒင်ဟာ သူ့စိတ်ဓာတ်နဲ့ ခံယူချက်တွေ အတော်လေး ယိမ်းယိုင်သွားခဲ့ရတယ်။
အလှည့်အပြောင်းတွေ မျိုးစုံ ကြုံခဲ့သော်လည်း ဗင်ဝေဒင်က ကိုယ်ကျင့်တရားကို အသက်ထက် မြတ်နိုးပြီး အမှန်တရားဘက် ကြိုးစားရပ်တည်သွားတာကို တွေ့ရပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စာပေ လိုက်စားခြင်းဟာ ကောင်းတဲ့လုပ်ရပ်၊ အကျိုးပြုတဲ့လုပ်ရပ်ဖြစ်ကြောင်း၊ အတွေ့အကြုံရော အတွေးအကြံရော မျှတဖို့လိုတယ်လို့ မြင်မိတယ်။ ဗင်ဝေဒင်က ဒီအသိကို တစ်ပါးကျွန်ဘဝရောက်မှ ဆင်ခြင်မိသွားတယ်။ ဒါ့အပြင် ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်ရင်း သူ့ခြေထောက်ပေါ်လည်း သူရပ်တည်နိုင်သွားတယ်။
အသက်ရှင်ခြင်းတန်ဖိုးက ဘာကြောင့်ဆိုတဲ့ reasonကောင်းတစ်ခု လိုအပ်ပါလား ဆိုတာကိုလည်း တွေးမိပါတယ်။ ဘာကြောင့်ဆိုတဲ့ အကြောင်းရင်း သေချာရေရေရာရာ မရှိတဲ့အခါ ရှင်နေလျက်နဲ့ ဘဝဟာ သေနေသလိုပါပဲ။ ဒီစာအုပ်ဟာ စာရေးဆရာ Jack London ရဲ့ ဒဿနတွေနဲ့ ရသ အပြည့်အဝ ခံစားရမယ့် ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။