ဘဝထဲက မိန်းမများ - ကြည်အေးချမ်း
ဘဝထဲက မိန်းမများ - ကြည်အေးချမ်း
(Roar-Cecelia Ahern)
“ကိုယ်တို့ရဲ့ ဘဝတွေထဲမှာ မိန်းမတွေ အမျိုးမျိုး ရှိတတ် ကြပါတယ်။ အဘွားတွေ၊ မိခင်တွေ၊ အစ်မတွေ၊ အဒေါ်တွေ၊ အိမ်နီးနားချင်း အန်တီကြီးတွေ၊ နောက် အရွယ်ရောက်လာတော့ ကျောင်းမှာ၊ အလုပ်မှာ သိလာ ခင်လာပြီး ထဲထဲဝင်ဝင် ပေါင်း သင်းဖြစ်တဲ့ သူငယ်ချင်းတွေ .. စသည် စသည်ဖြင့်ပေါ့လေ။
သေချာတာကတော့ မိန်းမတွေဟာ ဘဝထဲမှာ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နေ ကြရင်းက သူတို့ အနီးနားဝန်းကျင်က လူတွေကို ပေးဆပ်ရင်း၊ အနစ်နာခံရင်း၊ အနိုင်ယူရင်း၊ ရှုံးနိမ့်ရင်း၊ ယှဉ်ပြိုင်ရင်း၊ တိုက်ပွဲဝင်ရင်း ဘဝကို သူ့နည်းသူ့ဟန်နဲ့ ရုန်းကန်နေကြသူတွေချည်းပါပဲ။
ကိုယ်တို့နိုင်ငံမှာလည်း ဘဝကို ကြံ့ကြံ့ခံရင်း အားမာန် မလျှော့ တိုက်ပွဲဝင်သွားကြတဲ့၊ လက်ရှိမှာလည်း ဝင်နေကြတဲ့၊ နောင်မှာလည်း ဆက်လက် တိုက်ပွဲဝင်ကြဦးမယ့် မိန်းမတွေ အများကြီး ရှိခဲ့၊ ရှိနေ၊ ရှိလာဦးမှာပါပဲ။”
ဘဝထဲကမိန်းမများ၊ဘာသာပြန်သူရဲ့အမှာစာမှ
အခုခြောက်ပုဒ်ဖတ်ပြီး ဆွဲဆောင်ခံလိုက်ရတာနဲ့ မူရင်းရှာကြည့်လိုက်တော့ မူရင်းမှာက 30 women, 30 stories ပါပါတယ်။ဒီထဲက ဘာသာပြန်သူက မြန်မာ့ရေမြေကိုက်တဲ့ ခြောက်ပုဒ်ကိုသာ ရွေးပြန်ခဲ့တယ်လို့ ဆိုတယ်။(ဖြစ်နိုင်ရင်တော့ ကျန်တဲ့၂၄ပုဒ်ကိုလည်း ဆက်ဖတ်ချင်မိပါတယ်။) ပထမဆုံးတစ်ပုဒ်နဲ့တင် နောက်အပုဒ်တွေကို ဆက်ဖတ်ချင်သွားလိမ့်မယ်ဆိုတာ အာမခံပါတယ်။ ပိုပိုသာသာပြောရရင်တော့ တစ်ခေါက်ဖတ်ပြီး နှစ်နဲ့ချီစွဲနေမယ့် ဝတ္ထုတိုတွေပါ။
ပထမဆုံးအပုဒ်က ‘နာမည်မေ့သွားတဲ့မိန်းမ’၊ ဇာတ်ကောင်အမျိုးသမီးက သူမရဲ့ဘဝဟာ ကိုယ့်ကိုယ်ပိုင်ရယ်လို့ မဟုတ်ဘဲ အခြားသူတွေအတွက်သာ ကုန်ဆုံးနေရတယ်။ သူ့ကလေးတွေ၊ ကလေးတွေရဲ့သူငယ်ချင်းတွေ၊ ကလေးအမေတွေ၊ သူ့ခင်ပွန်း၊သူ့အလုပ်ရှင် စတာတွေနဲ့ပဲ တစ်နေ့တစ်နေ့လုံး ပမ်းနေရသူဖြစ်တယ်။
ဒီလို လုံးချာလည်လိုက်နေတဲ့ နေ့တွေမှာ ညစာချိန်းထားတာ တစ်ခုရှိနေတယ်။ အဲ့ဒါက ပြဿနာမဟုတ်ဘဲ တကယ့်ပြဿနာက သူ့နာမည်ကို သူမမှတ်မိနေဘူး။ သူမှတ်မိတာက ညစာစားဖို့ ချိန်းထားတာ ရှိတယ်ဆိုတာပဲ။ သူချိန်းထားတဲ့အချိန်နဲ့တိုက်တဲ့ ဝိုင်းကသုံးဝိုင်း။ ဘယ်သူနဲ့တွေ့ရမယ် ဆိုတာရော၊ စာရင်းပေးထားတဲ့ ကိုယ့်နာမည်ကိုရောမေ့နေတယ်။ ကောင်တာက လူကလည်း ကူညီမယ့်အစား ဝိုင်းတွေလိုက်ထိုင်ကြည့်၊ ဒါဆို နာမည်ကို ပြန်သိချင်သိရမှာပေါ့ဆိုပြီးသူ့ကိုပါပြန်ကြပ်ပေးလိုက်သေးတယ်။
သူ ဆုံခဲ့ရတဲ့ဝိုင်းတွေမှာ ရေမွှေးထုတ်လုပ်တဲ့ ပညာရှင်ပါတယ်၊ dateလုပ်ဖို့လာတဲ့ အမျိုးသားတစ်ယောက်ရော။ အထူးအဆန်းမဟုတ်ဘဲ သူနိစ္စဓူဝ ကျင့်သားရထားတဲ့အတိုင်း သူတို့နဲ့ ရေလိုက်ငါးလိုက် ပြောပေးရင်း သူချိန်းထားတဲ့သူတွေ မဟုတ်ကြောင်း သိလာရတယ်။ နောက်ဆုံးတစ်ဝိုင်းပဲ ကျန်တော့တယ်။ အဲ့ဒီဝိုင်းကိုတော့ ချိန်းထားတဲ့သူက ရောက်မလာသေးဘူး။ ဘာပဲဖြစ်ဖြစ် ထိုင်စောင့်နေ လိုက်တော့မယ်ဆိုပြီး တခုခုမှာပြီးထိုင်စောင့်နေလိုက်တယ်။
အချိန်အတော်လေးကြာတော့ ချိန်းထားတဲ့သူရောက်လာပါပြီ။ မျက်နှာကိုမြင်လိုက်တာနဲ့ သူမ အသည်းအသန် မှတ်မိဖို့ကြိုးစားနေတဲ့ နာမည်ကို တမဟုတ်ချင်း ပြန်မှတ်မိသွားပါပြီ။ အဲ့ဒီသူက ဘယ်သူဖြစ်လိမ့်မလဲ။ စာဖတ်သူတွေအတွက် ဒီနေရာမှာ တစ်ကွက်ချန်ထားလိုက်ပါတော့မယ်။
ဒီစာအုပ်ကိုဖတ်တဲ့အခါမှာ ဘာသာပြန်သူ အကြံပြုထားတဲ့ ဖတ်နည်းရှိပါတယ်။ နှစ်ဆင့်နဲ့ ပြောပြထားတယ်။ ပထမတစ်ခုက literal reading… ရေးတာကိုရေးတဲ့အတိုင်းဖတ်တာနဲ့ နောက်တစ်ခုက read between the lines စာကြောင်းတွေကြားထဲက ဝှက်ထားတာတွေ ဖော်ပြီးဖတ်တာမျိုးပါ။ ဒီလိုဖတ်ရင် မူရင်းစာရေးဆရာပေးချင်တဲ့ရသကို သေချာခံစားနိုင်မှာပါ။ တစ်ပုဒ်စီတိုင်းရဲ့ အတွေးတွေ၊ရသတွေနဲ့ ပေးချင်တဲ့messageကို သေချာဖမ်းဆုပ်ကြည့်ကြည့်ပါ။
မူရင်းစာရေးဆရာမရဲ့ အာဘော်ကိုလည်း ခဏနားထောင်ကြည့်ရအောင်..။
“ကျွန်မရဲ့ ဖန်တီးမှုတွေမှာ လူ့ဘဝရဲ့ စပ်ကူးမပ်ကူး ကာလတွေရဲ့ အဖြစ်အပျက်တွေကို ထိထိမိမိ ဖမ်းဆုပ်ပုံဖော်ဖို့ ကြိုးစား ရက်ဖောက်ထားပါတယ်။ ဘဝရဲ့ ဆုံးရှုံးမှုတွေ၊ ကျဆုံး ခြင်းတွေကို ခြယ်မှုန်းရေးသားရတာ ကျွန်မ ပိုသဘောတွေ့ တယ်။ ဇာတ်ကောင်တွေရဲ့ ကျရှုံးမှုတွေ၊ ဘဝနဲ့ ပတ် သက်တဲ့ သူတို့ရဲ့ ‘နိုင် စွမ်း”နဲ့ “အားအင်မဲ့မှု”တွေ မျိုးပေါ့။ ပြီးတော့ ဘဝရဲ့ အမှောင်မိုက်ဆုံးနဲ့ ကူ ကယ်ရာ အမဲ့ဆုံးလို့ ခံစား နေရတဲ့ အခြေအနေမျိုးမှာတောင် သည်လို စိန်ခေါ်မှုတွေကို ထွင်းဖောက် ရင်ဆိုင်ဖို့ ကျွန်မတို့မှာ ရဲစွမ်းသတ္တိတွေ၊ ခွန်အားနဲ့ ရဲရင့်ခြင်းတွေ ပြည့် နှက်နေတဲ့ လူသားတွေရဲ့ စိတ်ဝိညာဉ်ဟာ ကျွန်မကို စွဲမက်စေ သလို ရေးခြယ်ဖို့ကိုလည်း ဆွဲဆောင်လွန်းလှတယ်။
ကျွန်မတို့ တစ်ဦးချင်းစီရဲ့ ဘဝပုံပြင်တွေတိုင်းမှာ ကျွန်မတို့တစ်တွေဟာ မဟာသူရဲကောင်းကြီးတွေပါပဲ။ ကျွန်မရဲ့ ဇာတ်ကောင်တွေကို သူတို့ ပြုတ်ကျတဲ့အခါ ကျွန်မ လှမ်းဖမ်းထားပေးချင်တယ်၊ အနိမ့်ကနေ အမြင့်ကို ပြန်တင်ပေးချင် တယ်။ ကျွန်မ ဇာတ်ကောင်တွေဟာ သူတို့နည်း သူတို့ဟန်နဲ့ပဲ ဘဝကိုလည်း ရင်ဆိုင်မယ်၊ ဖောက်ထွက်မယ်၊ အင်း ... အဆုံးသတ်မှာတော့ သူတို့တစ်တွေဟာ ဆင့်ကဲ ပြောင်းလဲလာမယ်၊ ပိုပြီး သန်မာလာမယ်၊ ဘဝရဲ့ နောင် ကြုံတွေ့လာရမယ့် ပိုမို ကြီးမားတဲ့ စိန်ခေါ်မှုတွေအတွက်လည်း အသင့် ဖြစ်စေတာပေါ့။
ကျွန်မက အဲဒီလိုမျိုးပေါ့ ...
အလင်းနဲ့ အမှောင်၊ အငို နဲ့ အပျော်တွေကို ထွေးရော ယှက်ခြယ်ချင်တယ်။ ပြီးတော့ မျှတစေမယ်ပေါ့။ ပြီးရင် အဆုံးမှာတော့ ‘မျှော်လင့်ချက်’ ကလေးနဲ့ သိမ်းသတ်လိုက်ချင်တာ”
‘ဘဝထဲကမိန်းမများ’စာအုပ်မှ
[မူရင်း>https://www.cecelia-ahern.com/about]
အခုစာအုပ်က လူ့အဖွဲ့အစည်းအတွင်းက မိန်းမသားတွေရဲ့ ဘဝကို စိတ်ကူးဉာဏ် ထက်ထက်နဲ့ symbolic writing ပုံစံရေးသားထားတယ်။ ဝတ္ထုထဲမှာ မိန်းမသားတွေရဲ့ ဒုက္ခတွေ၊တရားမျှတမှုကင်းပြီး မျက်နှာသာမပေး၊ဘက်လိုက်ခံရတာတွေ၊ ရုန်းကန်ရတာတွေ၊ ထိုးနှက်ချက်တွေ၊စိန်ခေါ်မှုတွေနဲ့အတူ တချို့သူတွေ မထုတ်ပြချင်ကြတဲ့၊ တချို့ကျအများသိအောင် ထုတ်ဖော်ဖို့ကြိုးပမ်းနေကြတဲ့ သူတို့ရဲ့ ဘဝတိုက်ပွဲတွေကို ခဏစာနာကြည့်လိုက်ကြရအောင်လားခင်ဗျာ။
#bookreview #Youths_book_reflections #ဘဝထဲကမိန်းမများ #ကြည်အေးချမ်း #ROAR #Cecelia_ahern #စာအုပ်အညွှန်း
Download Epub Kfx


Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။