ငယ်ချစ်ဦး - သက်ပိုင်
Book Review
"ငယ်ချစ်ဦး" ဟာ အိမ်နီးချင်း ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရေးထားတာပါ။
ဒါပေမဲ့ တကယ်တမ်း ဖတ်ကြည့်တဲ့အခါမှာတော့ ဒီစာအုပ်က ပုံမှန် မြန်မာစာဖတ်ပရိသတ်တွေ ရင်းနှီးတဲ့ အချစ်ဝတ္ထုတွေထက် အများကြီး ပိုပါတယ်။ ငယ်ဘဝကနေ ဆယ်ကျော်သက်ဘဝကို ကူးပြောင်းချိန်မှာ လူတစ်ယောက်ချင်းစီရဲ့ အတွင်းစိတ်နဲ့ လောကအမြင်တွေ ဘယ်လို "ပြောင်းပြန်လှန်" (Flipped) သွားလဲဆိုတာကို ရသမြောက်စွာ ပုံဖော်ထားပါတယ်။
ဒါဟာ ပုံမှန် အချစ်ဝတ္ထုတွေနဲ့ မတူဘဲ သူတို့နှစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုတည်းကိုပဲ ဂျူလီ ဘယ်လိုခံစားခဲ့ရတယ်၊ ဘရိုက်စ်က ဘာတွေတွေးပြီး ဘယ်လိုရှောင်လွှဲခဲ့တယ် ဆိုတာကို တစ်ပြိုင်နက် သိခွင့်ရပါတယ်။ ဥပမာ- ဘရိုက်စ်က စိတ်ပျက်လို့ ရိုင်းစိုင်းတဲ့ စကားပြောလိုက်တာကို ဂျူလီ့အခန်းမှာ ပြန်ဖတ်တဲ့အခါ သူ ဘယ်လိုထင်ပြီး ပျော်သွားသလဲဆိုတာကို မြင်ရတဲ့အခါ ကျွန်တော်တို့ (စာဖတ်သူ) ကိုယ်တိုင် ပြုံးမိ၊ သနားမိ၊ စိတ်တိုမိရပါတယ်။
“ငယ်ချစ်ဦး" ဟာ အချစ်ဇာတ်လမ်းထက် ပိုတယ်လို့ ပြောရခြင်း အကြောင်းရင်းကတော့ ဂျူလီ့ဖခင်ရဲ့ သွန်သင်ဆုံးမမှုပဲ ဖြစ်ပါတယ်။ "လူတစ်ယောက်ကို အပေါ်ယံ အင်္ဂါရပ်တွေနဲ့ မဆုံးဖြတ်ဘဲ၊ သူ့ရဲ့ တစ်ကိုယ်လုံး၊ တစ်ခုလုံးကို မြင်တတ်ဖို့ အရေးကြီးတယ်" ဆိုတဲ့ အတွေးအခေါ်က ဝတ္ထုရဲ့ အဓိက သော့ချက်ပါ။
ဂျူလီ ဘိတ်ကာ ဟာ ပုံမှန်ကောင်မလေးမဟုတ်ပါဘူး။ သူမမှာ ကိုယ်ပိုင်ကမ္ဘာ၊ ကိုယ်ပိုင်အတွေးအခေါ်ရှိပါတယ်။ သူမဟာ အိမ်ရှေ့က "သဖန်းပင်ကြီး" (Sycamore Tree) ပေါ်တက်ပြီး ကမ္ဘာကြီးရဲ့ မြင်ကွင်းကို ရှုစားတတ်တယ်။ အဲဒီကနေ မြင်ရတဲ့ ရှုခင်းဟာ အစိတ်အပိုင်းတွေကို စုပေါင်းထားတာထက် ပိုတယ်လို့ ခံစားရတယ်။ သူမရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ သတ္တိရှိမှု၊ မိသားစုအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေက "ခိုင်မာတဲ့ အမျိုးသမီး ဇာတ်ဆောင်" (a strong female protagonist) အဖြစ် ပေါ်လွင်စေပါတယ်။
ဘရိုက်စ် လိုစကီ ကတော့ အစပိုင်းမှာ ရုပ်ရည်ချောမောပြီး နူးညံ့ဟန်ရှိပေမယ့် တကယ်တမ်းမှာ သူတစ်ပါး အမြင်ကိုသာ ကြည့်ပြီး ကိုယ့်ခံစားချက်ကို ဖုံးကွယ်ထားတတ်သူပါ။ သူဟာ ဂျူလီကို ရှောင်လွှဲရတာ ပင်ပန်းနေပေမယ့် နောက်ပိုင်းမှာ အဘိုးဖြစ်သူနဲ့ ဂျူလီ့မိသားစုရဲ့ ရိုးသားတဲ့ဘဝကို မြင်တွေ့ရတဲ့အခါမှ သူ့ရဲ့ အတွေးတွေ ပြောင်းလဲလာပါတယ်။ သူဟာ အစပိုင်းမှာ "ကလေးဆန်တဲ့ လူမိုက်တစ်ယောက် လို ဖြစ်ခဲ့ပေမယ့် ဝတ္ထုတစ်လျှောက်လုံးမှာ ရင့်ကျက်ပြောင်းလဲလာမှုဟာ သဘာဝကျပါတယ်။
ဝတ္ထုရဲ့ အဓိက ဆောင်ပုဒ်ကတော့ "လူတစ်ယောက်ရဲ့ အပြင်ပန်းကို မကြည့်ဘဲ၊ သူ့ရဲ့ တစ်ကိုယ်လုံးကို ကြည့်တတ်ဖို့" ပါပဲ။ ဘရိုက်စ်ဟာ ဂျူလီရဲ့ စိတ်ဓာတ်ကို မြင်လာတဲ့အခါမှ ချစ်တတ်လာသလို၊ ဂျူလီဟာလည်း ဘရိုက်စ်ရဲ့ အပေါ်ယံ အပြုံးအောက်က အတ္တတွေကို မြင်လာတဲ့အခါ စိတ်ကုန်သွားပါတယ်။
"ငယ်ချစ်ဦး" လို စာအုပ်မျိုးဟာ ကိုယ့်ရဲ့ ကျောင်းနေဘက် သူငယ်ချင်း၊ ဘေးအိမ်က ကောင်လေး၊ ကောင်မလေးကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ဖူးတဲ့ ခံစားချက်မျိုးကို ပြန်လည် အမှတ်ရစေပါတယ်။
မိသားစု နှစ်ခုကြားက ခြားနားချက် (ဂျူလီ့မိသားစု နဲ့ ဘရိုက်စ် မိသားစု) ကို နှိုင်းယှဉ်ပြထားတာကလည်း လူမှုရေးရှုထောင့်ကနေ စဉ်းစားစရာတွေ ပေးပါတယ်။
"ငယ်ချစ်ဦး" ဟာ ရယ်မောခြင်း၊ နွေးထွေးခြင်း၊ အနည်းငယ် စိတ်မကောင်းခြင်း စတဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ပေါ့ပေါ့ပါးပါး ဖတ်ရပေမယ့် အတွေးအခေါ်ပိုင်းအရ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါဝင်ပါတယ်။ "အရမ်း ချစ်စရာကောင်းပြီး၊ ရိုးရှင်းပေမယ့် နက်နဲတဲ့ ဇာတ်လမ်းကောင်း" တစ်ပုဒ်ဖြစ်တဲ့အတွက် ဆယ်ကျော်သက်ရော၊ လူကြီးတွေပါ ဖတ်ရှုသင့်ကြောင်း အကြံပြုလိုပါတယ်။
ဆရာ သက်ပိုင် blog link
ငယ်ချစ်ဦး
သက်ပိုင် (မြန်မာပြန်သည်။)
Flipped by
Wendelin Van Draanen
Ebook မှတ်တမ်း
ယခုစာအုပ်အား ဆရာသက်ပိုင် ၏ ခွင့်ပြုချက်ဖြင့် Whisper Of Words မှ
Ebook ပြုလုပ်ပါသည်။
(စာရေးသူခွင့်ပြုချက်မရှိပဲ - ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ သွယ်ဝိုက်အကျိုးစီးပွား အတွက် အသုံးပြုခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများ မပြုလုပ်ရ)
အခန်း(၁)
ဘရိုက်စ်
အိမ်အသစ်
ကျွန်တော် အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကိုပြောပါဆိုရင် ဂျူလီဘိတ်ကာ ဆိုတဲ့ကောင်မလေးနဲ့ ဝေးဝေးမှာ နေရပါစေဆိုတာပါပဲ။ သူက သိပ်ကို တွယ်ကပ်လွန်းတဲ့ ကောင်မလေးလေ။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို တစ်ယောက်ထဲနေချင်တဲ့ အချိန်တွေရှိတာပဲဗျ။
ဒီကိစ္စတွေ အားလုံးက ကျွန်တော် ဒုတိယတန်းမတက်ခင် နွေရာသီမှာ ဂျူလီဘိတ်ကာ ဆိုတဲ့ ကောင်မလေးနေတဲ့ ရက်ကွက်ထဲကို အိမ်ပြောင်းလာရတာကနေ အစပြုခဲ့တာပါ။ အဲ့ဒီအချိန်ကနေစပြီး သူနဲ့ စတွေ့လာခဲ့ရတာ အခုဆို ကျွန်တော်တောင် အဌမတန်း ပြီးတော့မယ်ဆိုတော့ ဆယ်စုနှစ်တစ်ခုနီးပါးလောက်ကို ဒီကောင်မလေးနဲ့ထိပ်တိုက်မတွေ့အောင် ရှောင်ကွင်းနေရတဲ့ ကျွန်တော်လည်း ကျင့်သားရလာတာပေါ့။
သူက ကျွန်တော့်ဘ၀ထဲကို ဝင်ရောက်စွက်ဖက်လို့မရအောင် ကျွန်တော် ဘယ်လောက်ပဲ တားဆီးနေပါစေ သူကတော့ လုံး၀ ဇွဲ့မလျှော့ခဲ့ဘူးလေ။ ဒီကောင်မလေးက ကျွန်တော်တို့ အိမ်ပြောင်းတဲ့ ဗန်ကားကြီး ရောက်လာကတည်းကိုက ဘယ်သူမှ မဖိတ်ရဘဲ သူ့သဘောနဲ့သူ ကားပေါ်ကို တက်လာခဲ့တာပါ။ အဲ့ဒီကတည်းက ကျွန်တော် သိလိုက်တယ်။ သူ့ကို ဘယ်သူကမှ တားဆီးလို့ရမှာ မဟုတ်ဘူးဆိုတာကိုလေ။
ကျွန်တော့်အဖေကတော့ သူ့ကို အချိန်မှီတားလိုက်ပါသေးတယ်။
"ဟေး"ဆိုပြီး အဖေက သူ ကားနောက်ခန်းပေါ် ပြေးတက်လာတော့ အလန့်တကြား လှမ်းအော်လိုက်တယ်လေ။
"ကလေးမ...မင်းဘာလုပ်နေတာလဲ။ မင်း ဖိနပ်က ရွှံ့တွေ ပေပွကုန်ပြီကွ" လို့ အဖေ ပြောလိုက်တာပေါ့။ ဟုတ်လည်း ဟုတ်ပါတယ်။ သူ့ရဲ့ ရှူးဖိနပ်တွေက ရွှံ့တွေပေနေတာ တော်တော်လေးကို အကြည့်ရဆိုးတာ အမှန်ပါပဲ။
သူကတော့ ပြန်မဆင်းသွားပါဘူး။ ပြန်ဆင်းသွားရမဲ့အစား သူက အရှေ့မှာရှိတဲ့ စက္ကူပုံးကြီးတွေကို ခြေထောက်နဲ့ ကန်လို့မေးလိုက်တယ်။
"သမီး အကူအညီမလိုဘူးလား" တဲ့။ ပြီးတော့ သူက ကျွန်တော့်ဘက်ကို လှည့်ပြီး ပြောလိုက်ပါသေးတယ်။
"နင့်ကြည့်ရတာ အကူအညီ လိုနေပုံပါပဲ" တဲ့လေ။
သူ ဒီလို ပြောတာကို ကျွန်တော် လုံး၀မကြိုက်ပါဘူး။ အဖေ့ကို ကျွန်တော် တချက်ကြည့်လိုက်တော့ အဖေကလည်း ကျွန်တော့်ကို မျက်စပစ်ပြနေတာကိုကြည့်ရတာ အဖေလည်း ဒီကောင်မလေးကို သဘောမကျဘူးဆိုတာ ကျွန်တော် သဘောပေါက်တာပေါ့။
"ဟေး...အဲ့ဒီလို မလုပ်လည်း ရပါတယ်" လို့ အဖေက သူ့ကို တော်ရိလျော်ရိပဲ လှမ်းတားလိုက်ပါတယ်။
"အဲ့ဒီ အထဲမှာ တန်ဘိုးကြီးတဲ့ ပစ္စည်းတွေ ပါတယ်ကွဲ့"
"အိုး...ကောင်းပြီလေ။ ဒါဆို ဒီ တစ်ခုကရော..."
သူက ဘေးမှာရှိတဲ့ 'လီနော့က်စ်' လို့ တံဆိပ်တပ်ထားတဲ့ စက္ကူပုံးကို အပြေးအလွှား လှမ်းကိုင်ပြီး ကျွန်တော့်ကို ကြည့်လိုက်တယ်လေ။
"ငါတို့ အတူတူ ဒီပုံး သယ်လို့ရပါတယ်"
"အိုး...မဟုတ်သေးဘူးကွဲ့" ဆိုပြီး အဖေက ထိတ်ထိတ်လန့်လန့် တားလိုက်ကာ သူ့ရဲ့ လက်ကို ဖျတ်ခနဲ လှမ်းဆွဲထားလိုက်တာပေါ့။ ပြီးတော့ အဖေက
"သမီး အိမ်ထဲမှာ သွားကူပေးလိုက်ပါဦးလားကွယ်။ သမီးအမေများ တစ်ယောက်ထဲ သမီးကို ရှာနေသလား မသိဘူးနော်" လို့ အရိပ်အခြည်ပြပြီး ပြောလိုက်ပါတယ်။
အဲ့ဒီအချိန်မှာ ဒီကောင်မလေးဟာ ဘယ်လိုမှ အလိုက်ကန်းဆိုးမသိတတ်တဲ့ ကောင်မလေးဆိုတာ ကျွန်တော် သဘောပေါက်လိုက်တာပေါ့။ တခြားကလေးတွေလို အရိပ်အကဲနားလည်ပြီး အိမ်ပြန်ဖို့ ဝေလာဝေး သူက အဖေ့ကို
"အိုး... သမီးအမေက သမီးဘယ်မှာ ရှိလဲ သိပါတယ်ရှင်။ အမေက သမီးကို သွားဆော့လို့ရတယ်တဲ့" ဆိုပြီး ကျွန်တော်တို့အိမ်ရှေ့က အိမ်ကို လက်ညှိုးထိုးပြလိုက်ပါတယ်။
"သမီးတို့က ဟိုအိမ်မှာနေတာပါ" တဲ့လေ။
အဖေလည်း သူ လက်ညှိုးထိုးပြတဲ့ နေရာလေးကို ကြည့်ပြီး
"အောင်မလေးဗျာ" လို့ တရတဲ့ အထိပါပဲ။ ပြီးတော့ အဖေက ကျွန်တော့်ကို ကြည့်ပြီး မျက်စိတစ်ဖက်မှိတ်လို့ ပြောလိုက်တယ်။
"ဘရိုက်စ် ...သား အခု မင်း အမေ့ကို သွားကူပေးရမဲ့ အချိန်မဟုတ်ဘူးလား"
ကျွန်တော်ကတော့ အရိပ်အပါးနားလည်တဲ့သူမို့ အဖေ ဘာပြောချင်သလဲဆိုတာ ချက်ချင်း နားလည်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ရုတ်တရက်တော့ အဖေ ဘာလုပ်စေချင်တာလဲဆိုတာ သေသေချာချာလေး စဉ်းစားလိုက်ရတာ အမှန်ပါပဲ။ ကျွန်တော်က အဖေနဲ့ဆို ဘယ်တုန်းကမှ ဒီလိုမျိုး ကလေးတစ်ယောက်ဆီကနေ ထွက်ပြေးဖို့ မျက်နှာရိပ်မျက်နှာကဲ ပြပြီး မပြောဖူးဘူး မဟုတ်ပါလား။ နောက်ပြီး ဒီလိုမျိုး ကလေးတစ်ယောက်နဲ့ အပေါင်းအသင်းမလုပ်ဖို့ သင်ကြားတာမျိုး ကျွန်တော့်ကို ဘယ်တုန်းကမှ အဖေ ရော အမေပါ မပြောဖူးဘူးလေ။ ဘယ်လောက်ပဲဆိုးရွားနေတဲ့ ကလေးတွေ ဖြစ်နေပါစေ မိဘတွေတာ၀န်ဆိုတာ ကိုယ့်သားသမီးကို မျက်နှာရှေ့မှာတော့ သင့်သင့်မြတ်မြတ် ပေါင်းသင်းကြဖို့ပဲ ဆုံးမတတ်ကြတာကိုး။
အဖေ ရုတ်တရက် အဲ့ဒီစကားပြောရင်း ကျွန်တော့်ကို ကြည့်လိုက်တဲ့ အကြည့်ကြောင့် အဖေနောက်ထပ် မျက်လုံးမှိတ်မပြခင်မှာပဲ ကျွန်တော်လည်း ချက်ချင်း ပြန်ပြုံးပြပြီး ပြောလိုက်ပါတယ်။
"ဒါပေါ့ အဖေရာ" ဆိုပြီး ကျွန်တော် ဗန်ကားအဆင့်လေးပေါ်က ခုန်ချလို့ အိမ်အသစ်လေးရဲ့ ရှေ့တံခါးဆီပြေးသွားတာပေါ့။
ကျွန်တော့်နောက်က ဒီကောင်မလေး လိုက်လာသလားမသိပါဘူး။ နားထဲမှာတော့ ကျွန်တော့် အနောက်ကနေ လူတစ်ယောက် ပြေးလိုက်လာသလိုပါပဲ။ ဒါမှမဟုတ် သူလက်လျှော့ပြီး အိမ်ပြန်ပြေးသွားတာပဲ ဖြစ်ရပါမယ်။ ဒါပေမယ့် ကျွန်တော် သိချင်ဇောနဲ့ နောက်တောင် လှည့်ကြည့်ချိန်မရလိုက်ပါဘူး။ သူက ကျွန်တော့်နောက်ကနေ လက်ကို အမောတကော လှမ်းဆွဲကာ ဆွဲဆောင့်လိုက်ပါတော့တယ်။ ဒါက တော်တော့်ကို လွန်သွားပြီလေ။ ကျွန်တော်လည်း ဒီကောင်မလေးကို ဒီကနေ ထွက်သွားဖို့ လှမ်းပြောဖို့ ရပ်လိုက်တဲ့ အချိန်မှာပဲ မထင်ထားတဲ့ အဖြစ်အပျက်တစ်ခုက ရုတ်တရက် ဖြစ်ပျက်သွားခဲ့တာပေါ့။ ကျွန်တော့်လက်မောင်းကို ဆွဲထားတဲ့ သူ့လက်ထဲက ပြန်ရုန်းရင်း မတော်တဆ ကျွန်တော်လက်ဝါးနဲ့ သူ့လက်ဝါးချင်း ဆုပ်ကိုင်မိသွားခဲ့တာပါ။ ကျွန်တော် လုံး၀ မယုံကြည်နိုင်တာ အမှန်ပါပဲ။ အခုတော့ ကျွန်တော်က ဒီ ရွှံ့တွေပေရေနေတဲ့ မျောက်မလေးလက်ကို ဆွဲကိုင်ထားရပြီလေ။
ကျွန်တော် သူ့လက်ထဲက ထပ်ရုန်းပေမဲ့ သူကတော့ ကျွန်တော့်လက်ကို ဆွဲဆောင့်ရင်း
"လာပါဟာ" လို့ ပြောနေလေရဲ့။
အဲ့ဒီမှာ အမေက အိမ်ထဲကနေ ထွက်လာတော့ သူ့ရဲ့ တောက်ပနေတဲ့ မျက်နှာလေးကို မြင်လိုက်တော့တာပေါ့။
"အိုး...မင်္ဂလာပါကွယ်" လို့ အမေက ဂျူလီ့ကိုနှုတ်ဆက်လိုက်ပါတယ်။
"ဟုတ်ကဲ့"
ကျွန်တော်ကတော့ သူဆုပ်ကိုင်ထားတဲ့ ကျွန်တော့်လက်ကို မရရအောင် ဆွဲထုတ်နေဆဲပါ။ အမေကလည်း ကျွန်တော်တို့နှစ်ယောက် လက်တွဲထားတဲ့ပုံနဲ့ နီမြန်းနေတဲ့ ကျွန်တော့်မျက်နှာကို ပြုံးဖြီးဖြီးနဲ့ ကြည့်နေလေရဲ့။
"ဒါနဲ့ သမီးနာမည်က ဘယ်သူလဲကွဲ့"
"ဂျူလီယာနာ ဘိတ်ကာ ပါရှင့်။ သမီးက ဟော ဟိုက အိမ်မှာ နေတာလေ" ဆိုပြီး ဂျူလီက အားနေတဲ့ လက်တစ်ဖက်နဲ့ အမေ့ကို ညွှန်ပြလိုက်ပါတယ်။
"ဪ...အေးကွဲ့။ ဒါဆို သမီးက အဒေါ့်သားနဲ့တော့ တွေ့ပြီးပြီးပေါ့နော်"
အမေ ပြုံးလို့ ဆက်ပြောလိုက်တော့ ဂျူလီက
"ဟုတ်ကဲ့ပါ" တဲ့လေ။
နောက်ဆုံးတော့ ကျွန်တော်လည်း ဂျူလီ့ရဲ့ မြဲမြံစွာဆုပ်ကိုင်ထားတဲ့ လက်ထဲကနေ အလွတ်ရုန်းပြီး ခုနှစ်နှစ်သား တစ်ယောက်အတွက် အရဲရင့်ဆုံးလုပ်ရပ်တစ်ခုကို လုပ်လိုက်ပါတော့တယ်။
ကျွန်တော် အမေ့နောက်မှာ ပြေးပုန်းနေလိုက်ပါတာပါ။
အမေက ကျွန်တော့်ကို ဖက်ပြီး
"ဘရိုက်စ်...သားရယ်။ ဂျူလီယာနာ့ကို အိမ်လေးဘာလေး လျှောက်ပြလိုက်ပါဦးလားကွယ်" လို့ ပြောပါတော့တယ်။ ကျွန်တော့် အမေ့ကို အနောက်ကနေ ဒီကောင်မလေးနဲ့ အတူ မလွှတ်လိုက်ဖို့ တိုးတိုးတိတ်တိတ် မျပ်ခြေပြနေတာတောင် အမေက မသိကျိုးကျွံပြုနေခဲ့တာပေါ့။ ပြီးတော့ အမေက ကျွန်တော့်ကို ရှေ့ထုတ်ပြီး
"ကဲ...အတူသွားကြလေ" လို့ ပြော လိုက်ပါတယ်။
အမေသာ ဂျူလီ့ရဲ့ ရွှံ့ပေနေတဲ့ ဖိနပ်တွေကို သတိမထားလိုက်မိဘူးဆိုရင် ဂျူလီတစ်ယောက် ကျွန်တော်တို့အိမ်ထဲကို တချိုးတည်းပြေး၀င်သွားမှာ အမှန်ပါ။ သူ ဖိနပ်တွေချွတ်လိုက်တော့ ဖိနပ်ထဲက ခြေအိတ်တွေကလည်း ညစ်ပတ်နေတော့ အမေ့ခမျာ သူ့ကို ခြေအိတ်ပါ တခါထဲ ချွတ်ခဲ့ဖို့ ပြောရတော့တာပေါ့။ ဂျူလီကတော့ ဘယ်လိုပြောပြောကို မနာတဲ့ မိန်းကလေးပါပဲဗျာ။ သူက ချက်ချင်းပဲ ဖိနပ်ရော ခြေအိတ်ရောကို ဆင်၀င်အောက်မှာ ပုံထားခဲ့ပြီး အိမ်ထဲ ပြေး၀င်သွားတယ်လေ။
ကျွန်တော် သူ့ကို အိမ်ထဲနှံ့အောင်တော့ သေသေချာချာ မပြပေးဖြစ်ခဲ့ပါဘူး။ ကျွန်တော် သူ့ကို လိုက်ပြနေရမဲ့အစား ရေချိုးခန်းထဲမှာ သော့ပိတ်ပြီး နေလိုက်တယ်လေ။ ဂျူလီ ကျွန်တော့်ကို အပြင်ကနေ လှမ်းခေါ်တော့ ကျွန်တော်လည်း ထွက်လာလို့မရသေးဘူးလို့ အကြောင်းပြပြီး ရေချိုးခန်းထဲ တိတ်တိတ်လေး ဆယ်မိနစ်လောက်ထိုင် နေရင်း ဧည့်ခန်းထဲက အသံတွေကို နားစွင့်နေ လိုက်ပါတော့တယ်။ နောက်ထပ် ဆယ်မိနစ်လောက်ကြာတော့ ဧည့်ခန်းထဲက အသံတွေ ငြိမ်သွားတာမို့ ကျွန်တော် ရေချိုးခန်းထဲက ထွက်လာခဲ့တာပေါ့။
ဂျူလီ မရှိတော့ဘူးလေ။
ကျွန်တော် ဧည့်ခန်းဘက်ကို တစ်ချက် အရိပ်အယောင် လှမ်းကြည့်လိုက်ပါသေးတယ်။ ဟုတ်တယ်။ သူ ပြန်သွားပါပြီ။
သူငယ်ချင်းမဖြစ်ချင်လို့ ရှောင်ပြေးတာ တော်တော်လေး အရုပ်ဆိုးသွားခဲ့ရတာပေါ့။ ဒါပေမယ့် ကျွန်တော်က ခုနှစ်နှစ်သားပဲရှိပါသေးတယ်လေ။
ကျွန်တော့် ဒုက္ခတွေက ဒီလောက်နဲ့ ပြီးဆုံးသွားခဲ့တာ မဟုတ်ပါဘူး။ ဂျူလီက အဲ့ဒီနေ့ကစပြီး နေ့စဉ်နေ့တိုင်းကို ကျွန်တော်တို့အိမ် ချောင်းပေါက်အောင် ရောက်လာခဲ့ပါတော့တယ်။
"ဘရိုက်စ် အပြင်ထွက်ဆော့လို့ရလားဟင်"
သူ မေးနေတဲ့ အသံကို ကျွန်တော် ထိုင်ခုံရှည်နောက်မှာ ပုန်းနေရင်းက ကြားလိုက်ရပါတယ်။
"သူ အဆင်သင့် ဖြစ်ပြီလားဟင်" တဲ့လေ။ တစ်ခါများတော့ သူက ခြံထဲကနေ ဖြတ်လာပြီး ကျွန်တော့် ပြတင်းပေါက်ကိုတောင် လာချောင်းကြည့်နေသေးတာပါ။ ကျွန်တော်လည်း သူ့ကို မြင်မြင်ချင်း ခုတင်အောက်ပြေးပြီး ပုန်းနေခဲ့တာပေါ့။ ဒီလိုနဲ့ ကျွန်တော်လည်း ဂျူလီ ဘိတ်ကာဆိုတဲ့ ကောင်မလေးကို တစွန်းတစ သိခဲ့ရပါတော့တယ်။ သူ့စိတ်ထဲမှာ တပါးသူကို အားနာတတ်တဲ့စိတ် မရှိဘူးလေ။ ကိုယ်ပိုင် အေးချမ်းတဲ့ အချိန်လေးဆိုတဲ့ ဝေါဟာရလည်း သူ့ခေါင်းထဲမှာ မရှိဘူးထင်ပါ့။ သူ့စိတ်ထဲ မြင်မြင်သမျှကို မကြောက်မရွံ့လုပ်တတ်တဲ့ ဂျူလီရယ်ပါ။
ကျွန်တော့်အတွက် ကံကောင်းတာတစ်ခုကတော့ အဖေက အပြေးအားကစား လုပ်တတ်တာပါပဲ။ အဖေက နေ့စဉ်နဲ့အမျှ ရက်ကွက်ထဲမှာ ဟိုဟိုဒီဒီ ပြေးလွှားရင်း အားကစားလုပ်တုန်း ဂျူလီ့ကိုတွေ့ရင် ကျွန်တော် အိပ်နေကြောင်း၊ အလုပ်ရှုပ်နေကြောင်း ဒါမှမဟုတ် တနေရာရာ ထွက်သွားကြောင်း ပြောပြီး ဂျူလီ့ကို အိမ်မလာအောင် တားဆီးနိုင်ခဲ့တာ ကျွန်တော့်အတွက် အသက်ရှူပေါက်လေးရတာပေါ့ဗျာ။
ဒါပေမယ့် ကျွန်တော့် အစ်မကတော့ ကျွန်တော် အေးချမ်းနေတာကို ဘယ်လိုမှ ကြည့်လို့မရတဲ့သူပါ။ ကျွန်တော့် အစ်မ လင်နတ်တာ က ကျွန်တော့်ထက် လေးနှစ်ကြီးတယ်ဆိုပေမဲ့ အိမ်မှာတော့ တကျက်ကျက်ပါပဲ။ ကျွန်တော်ကတော့ ါကြောင်းကိစ္စမရှိဘဲ သူ့ကို စေ့စေ့တောင် မကြည့်ဖြစ်ဘူးလေ။ သူကလည်း ကျွန်တော် သူ့ကို လျှာမထုတ်ဘဲ၊ ပြောင်စပ်စပ် မလုပ်ဘဲ ဒီအတိုင်းလေး ကြည့်ရင်တောင် ရန်စချင်တဲ့သူပါ။
ကျွန်တော်ကတော့ အစ်မဖြစ်သူနဲ့ တကျက်ကျက်ကို ရန်ဖြစ်ခဲ့ဘူးတာပေါ့။ ဒါပေမယ့် သူနဲ့ ရန်ဖြစ်တိုင်း ကျွန်တော် ရှုံးရတာချည်းပဲလေ။ မိန်းကလေးတွေက မျှမျှတတ ရန်မဖြစ်တတ်ကြဘူးဗျ။ အစ်မက ကျွန်တော်နဲ့ရန်ဖြစ်တိုင်း ဆံပင်ကိုဆောင့်ဆွဲလိုက်၊ ခေါင်းခေါက်လိုက်၊ ဆိတ်ဆွဲလိုက်လုပ်ပြီး ကျွန်တော်က သူ့ကို လက်သီးနဲ့ ရွယ်ပြီဆိုတာနဲ့ အမေ့ကို ပြေးတိုင်တော့တာပဲလေ။ နောက်ဆုံးတော့ ကျွန်တော်ပဲ လူဆိုးကြီး ဖြစ်ရတော့တာပေါ့။ အခုတော့ ကျွန်တော်လည်း သူချကျွေးတဲ့ ငါးစားကို မဟပ်ဘဲ သူ့ကို ဘယ်လိုပြန်ပြီး တိုက်ခိုက်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကိုသိသွားပါပြီ။ အစ်မ ကျွန်တော့်ကို ရန်လာစတိုင်း ကျွန်တော်က မသိကျိုးကျွံပြုလို့ ရယ်ရယ်မောမောနဲ့ မေ့ပစ်လိုက်တော့ သူလည်း ကျွန်တော့်ကို ဒုက္ခပေးရမဲ့အစား တခြားလူတစ်ယောက်ကို လိုက်ရှာရတော့တယ် မဟုတ်ပါလား။
ဒီနည်းက ကျွန်တော့်အစ်မ လင်နတ်တာနဲ့ ထိပ်တိုက် ရန်မဖြစ်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ သူ့လို အစ်မမျိုးကို ရှောင်ကွင်းရင်း ဒီလို လစ်လျူရှုတဲ့ နည်းလမ်းဟာ လူတိုင်းအပေါ်မှာ အသုံးချလို့ရမှန်း ကျွန်တော်လည်း သဘောပေါက်လာရပါတော့တယ်။ ဆရာ၊ဆရာမတွေ၊ ကျောင်းက အနိုင်ကျင့်တတ်တဲ့ ကလေးတွေနဲ့ အဖေနဲ့ အမေပါ အပါအ၀င်ပေါ့။ တကယ်ပါ။ ဘယ်ကလေးကမှ မိဘတွေနဲ့ ပြိုင်ပြီး စကားပြောတိုင်း နိုင်တယ်ကိုမရှိဘူးလေ။ အဲ့ဒီတော့ ဘာလို့များ ဒုက္ခခံပြီး ပြိုင်ပြောနေဦးမှာလဲ။ အဖေနဲ့ အမေ့ကို မနိုင်နိုင်ဘဲ ပြိုင်ငြင်းနေမဲ့အစား လစ်လျူရှူထားလိုက်တာက ပိုပြီး နားငြီး သက်သာသေးတယ် မဟုတ်ပါလား။
ရယ်စရာကောင်းတာ တစ်ခုကတော့ လင်နတ်တာက အခုထိ အဖေနဲ့ အမေကို မနိုင်မှန်းသိရက်နဲ့ ပြိုင်ပြောနေတုန်း ဆိုတာပါပဲ။ သူ့ဘက်က အားရပါးရနဲ့ စကားထိုးစစ်ဆင်တိုင်း အဖေနဲ့အမေက ပြန်ပြောတဲ့အခါ သူ့ခမျာ အသက်တောင် ၀၀ မရှူနိုင်ဘဲ နားထောင်နေရတာကို ကြည့်ရတာ ကျွန်တော်ဖြင့် သနားလိုက်တာ။
ဒါနဲ့များ သူက ကျွန်တော့်ကိုဆို ငတုံးလေးလို့ ထင်နေသေးတယ်လေ။
အဲ့ဒီတော့ ကျွန်တော်တို့ အိမ်အသစ်ကိုပြောင်းလာပြီး ရက်ပေါင်းတော်တော်ကြာတဲ့အထိ လင်နက်တာက ဂျူလီနဲ့ပေါင်းပြီး ကျွန်တော့်ကို ရန်စတော့တာပေါ့။ သူက အဖေမသိအောင်တောင် ဂျူလီ့ကို တိုးတိုးလေး အိမ်ထဲ ခေါ်သွင်းပြီး ကျွန်တော့်ကို စိတ်ဒုက္ခပေးသေးတာပါ။ ကျွန်တော်ကလည်း ဘယ်ရမလဲ။ အခန်းထဲမှာရှိတဲ့ ဗီရိုအပေါ်ထပ်ကို မရရအောင် ကျုံ့၀င်ပြီး ပုန်းနေခဲ့တယ်လေ။ သူတို့နှစ်ယောက်လုံး အပေါ် မော့မကြည့်ကြလို့သာ တော်ပါသေးတယ်။ ခဏနေတော့ အဖေက ဂျူလီ့ကို ပရိဘောဂတွေတင်ထားတဲ့ စင်ပေါ်ကနေ ဆင်းလာဖို့ အော်သံကို ကျွန်တော် ကြားလိုက်ရပါတော့တယ်။ကဲ...ကောင်းရော။ မှတ်ပလား...ဒီလောက်တောင် ငါ့ကို ဒုက္ခပေးချင်တဲ့ ကောင်မလေး။
ကျွန်တော် အိမ်အသစ်ကို ရောက်ရောက်ချင်း တစ်ပတ်လောက် အထိ အပြင်မထွက်ဖြစ်ပဲ အိမ်ထဲမှာပဲ ပစ္စည်းတွေ နေရာချလိုက်၊ တီဗွီကြည့်လိုက် နဲ့ပဲ အလုပ်ရှုပ်နေခဲ့ပါတယ်။ အဖေနဲ့ အမေကတော့ ပရိဘောဂတွေ ခင်းကျင်းဖို့နေရာရွေးတာ၊ ဆက်တီခုံတွေနဲ့ ပြင်သစ် စားပွဲကြီး ကို ဘယ်မှာထားရမလဲဆိုတာ ငြင်းခုံနေကြတာနဲ့ပဲ အချိန်ကုန်နေကြတာပေါ့။
အဲ့ဒီတော့ ကျွန်တော်လည်း တဖြည်းဖြည်း ပျင်းလာပြီး အပြင်ကို သေမလောက်အောင် ထွက်ချင်လာပါတော့တယ်။ ဒါပေမယ့် ကျွန်တော် အမြဲတမ်း ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တိုင်း ဂျူလီက သူတို့ အိမ်ရှေ့က ခြံထဲမှာ ရှိနေတာ တွေ့တော့ ကျွန်တော်လည်း အပြင်ထွက်ဖို့ကို တော်တော်လေး စဉ်းစားယူနေရတာပေါ့။ သူ့ကို ဘောလုံးတစ်လုံး ကန်နေတာ၊ တခါတလေ သူတို့အိမ်ရှေ့က ကားအ၀င်လမ်းမှာ တစ်ယောက်ထဲ ဘောလုံး ပုတ်နေတာနဲ့ အမြဲတွေ့ရတယ်လေ။ အဲ့ဒီလို တစ်ခုမှမလုပ်ချင်တော့ဘူးဆိုရင်တော့ ဘောလုံးကို ခြေထောက်နှစ်ချောင်းကြား ညှပ်လို့ သူတို့အိမ်က အုတ်ခုံမှာ ထိုင်ရင်း ကျွန်တော်တို့အိမ်ကို လှမ်းကြည့်နေတတ်ပါတော့တယ်။
အမေကတော့ ဂျူလီ့ကို ချစ်စရာကောင်းတဲ့ ကောင်မလေးနဲ့ လက်ချင်းတွဲရတာ ကျွန်တော် ဘာလို့မကြိုက်ရမှန်း နားမလည်ဘူးလို့ ပြောပါတယ်။ သူက ကျွန်တော်ကို ဂျူလီနဲ့ သူငယ်ချင်းလုပ်စေချင်နေတာလေ။
"သားလည်း ဘောလုံးကန်ရတာ ကြိုက်တယ်မဟုတ်လားကွယ်။ ဟိုးမှာ ဂျူလီလေး တစ်ယောက်ထဲ ပျင်းနေရှာရော့မယ်။ သားလည်း အတူတူ သွားမဆော့ချင်ဘူးလားဟင်"
ကျွန်တော်ကတော့ ဂျူလီနဲ့သာဆို ဘောလုံးလည်း လုံး၀ မကန်ချင်တာ အမှန်ပါ။ ကျွန်တော့် အသက်က ခုနှစ်နှစ်ခွဲပဲရှိသေးတယ် ဆိုပေမဲ့ ဂျူလီ ဘိတ်ကာဆိုတဲ့ ကောင်မလေးကတော့ တော်တော်ကြောက်စရာကောင်းတယ်ဆိုတဲ့ အသိက ကျွန်တော့်ကို စိုးမိုးခဲ့ပါတော့တယ်။
နောက်ဆုံးတော့ အရာရာက ပိုလို့ကို ဆိုးလာခဲ့တော့တာပေါ့။ ကျွန်တော် မစ္စ ရယ်ဆန် ရဲ့ ဒုတိယတန်း စာသင်ခန်းထဲကို ခြေချလိုက်တဲ့ အခိုက်အတန့်မှာပဲ ကျွန်တော့်ဘ၀ကြီးက ဒီထက်ပိုဆိုးဖို့ပဲ ရှိတယ်ဆိုတာ သိလိုက်ရပါတော့တယ်။
"ဘရိုက်စ်" ဆိုတဲ့ ဂျူလီ့ရဲ့ အသံကို စူးစူးဝါးဝါး ကျွန်တော် ကြားလိုက်ရတယ်လေ။
"နင်လည်း ဒီမှာ ကျောင်းတက်မှာလား" တဲ့လေ။ ပြီးတော့ ဂျူလီက အတန်းရှေ့ကို ပြေးထွက်လာပြီး ကျွန်တော့်ကို လူကြားထဲမှာ ပြေးဖက်ထားလိုက်ပါတော့တယ်။
မစ္စ ရယ်ဆန် ကတော့ ဂျူလီ ကျွန်တော့်ကို ပြေးဖက်တာကို 'နွေးထွေးတဲ့ ကြိုဆိုမှု' ဆိုပြီး ခေါင်းစဉ်တပ်လို့ ကျေနပ်နေလေရဲ့။ ဒါပေမယ့် ကျွန်တော်ကတော့ ကြိုဆိုမှု ဆိုတာထက် တိုက်ခိုက်မှုလို့ပဲ မြင်ပါတယ်လေ။ ကျွန်တော် သူ့ကို ချက်ချင်းပဲ ဖယ်ထုတ်လိုက်ပေမဲ့ အရာရာက သိပ်ကို နောက်ကျသွားခဲ့ပါပြီ။ ကျွန်တော့် တစ်ဘ၀ လုံးအတွက် ဂျူလီဆိုတဲ့ အရိပ်က ကပ်ပါလာခဲ့ပြီ မဟုတ်ပါလား။ အတန်းထဲက ကလေးတွေ အားလုံးက ကျွန်တော်နဲ့ ဂျူလီ့ကို လှောင်ကြတော့တာပေါ့။
"ဟေး ဘရိုက်စ်....မင်းကောင်မလေး ဘယ်ရောက်နေလဲကွ"
"မင်းတို့က လက်ထပ်လိုက်ပြီးလား ဟင် ဘရိုက်စ်" ဆိုတဲ့ စကားတွေက ကျွန်တော့်အတွက် ဆိုးလှပါပြီ ဆိုတဲ့ အချိန်မှာ ဂျူလီက တစ်နေ့ ကျွန်တော့်ကို နားနေခန်းထဲအထိ ပြေးလိုက်ရင်း နမ်းဖို့ ကြိုးစားတော့ တစ်ကျောင်းလုံးက ကလေးတွေကပါ အခုဆို ကျွန်တော်နဲ့ ဂျူလီကို သီချင်းလုပ်ဆိုနေကြပြီလေ။
"ဘရိုက်စ်နဲ့ ဂျူလီက သစ်ပင်ပေါ်မှာထိုင်ပြီး အကြင်နာများ ပေးကြလေသတည်း" တဲ့လေ။
ကျွန်တော့် အတွက် ဒီမြို့လေးကို ပြောင်းလာရတဲ့ ပထမဆုံး နှစ်ကတော့ တကယ့်ကို ဆိုးရွားလွန်းလှပါတယ်။
တတိယတန်း ရောက်လာတော့လည်း ထူးမခြားနားပါပဲ။ ကျွန်တော် နောက်လှည့်ကြည့်လိုက်တိုင်း ဂျူလီက ကျွန်တော့်အနောက်မှာ ရှိနေတတ်တယ်လေ။ စတုတ္ထတန်းမှာလည်း အတူတူပါပဲလေ။ ဒီလိုနဲ့ ပဉ္စမတန်းရောက်လာတော့ ကျွန်တော်လည်း စတင်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားလာရပါတော့တယ်။
ကျွန်တော် တဖြည်းဖြည်းချင်း အတွေးတွေလွန်လာခဲ့တာပေါ့။ ခေါင်းထဲမှာ အချိန်တိုင်းဆိုသလို ဘယ်လို နည်းလမ်းနဲ့ ဂျူလီ့ကို ဝေးဝေးကရှောင်ရမလဲ၊ "ဂျူလီ...နင်က ငါသဘောကျတဲ့ပုံ မဟုတ်ဘူး" ဆိုတာ ဘယ်လို အကောင်းဆုံး ပြောရမလဲဆိုတာပဲ ကျွန်တော် တွေးနေမိပါတော့တယ်။
နောက်ဆုံးတော့ ကျွန်တော်လည်း အကောင်းဆုံး အစီအစဉ်တစ်ခု ရလိုက်တော့တာပေါ့။
ကျွန်တော် ရှယ်လီ စတော့စ် ကို စပြီး တွဲခဲ့တယ်လေ။
ရှယ်လီ စတော့စ်ဆိုတာ ဂျူလီ သိပ်မုန်းတဲ့ ကောင်မလေးဖြစ်တယ်ဆိုတာ ကျွန်တော် သိနေခဲ့တာကိုး။ သူက ရှယ်လီ့ကို သိပ်မုန်းတာမို့ ကျွန်တော်တောင် နားမလည်ရတာ အမှန်ပါ။ ရှယ်လီက သဘောကောင်းပြီး ဖော်ဖော်ရွေရွေလည်း ရှိတဲ့ အပြင် ဆံပင် အထူကြီးနဲ့လည်း ကြည့်လို့လှတယ် မဟုတ်ပါလား။ ဒီလို မိန်းကလေးမျိုးကို ဘာကြောင့်များ သူ သဘောမကျရတာပါလိမ့်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပြဿနာတွေ ဖြေရှင်းဖို့ အကောင်းဆုံး အဖြေ တစ်ခု ရသွားတဲ့အတွက် ကျွန်တော် ၀မ်းသာမိပါတယ်။
ကျွန်တော် တွေးထားတာကတော့ ရှယ်လီက ကျွန်တော်နဲ့အတူ နေ့လည်စာစားပြီး လျှောက်လမ်းထဲမှာလည်း အတူတူ လမ်းလျှောက်ဖြစ်မယ် ဆိုတာပါပဲ။ ဒါဆို လမ်းမှာ ဂျူလီ့ကိုတွေ့ရင် ကျွန်တော်က ရှယ်လီ့ဘက် ပိုတိုးပြီး လမ်းလျှောက်မယ်ဆို အရာရာက သူ့ဘာသာသူ အဆင်ပြေသွားမယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် မထင်ထားခဲ့တာ တစ်ခုကတော့ ရှယ်လီတစ်ယောက် အတည်တကျကြီး ကျွန်တော့်ကို သဘောကျလာတာပါပဲ။ ရှယ်လီက ကျောင်းက ဂျူလီအပါအ၀င် ကလေးတွေ အားလုံးကို ကျွန်တော်တို့ နှစ်ယောက်က ချစ်နေကြတာပါလို့ ပတ်ပြောနေပါရောလား။
မကြာခင်မှာပဲ ဂျူလီနဲ့ ရှယ်လီတို့နှစ်ယောက်ကြားမှာ ပဋိပက္ခလေးတွေ ဖြစ်လာကုန်ကြတာပေါ့။ တစ်နေ့တော့ ရှယ်လီ့ကို ကျွန်တော့်ရဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ သူငယ်ချင်းကောင်းကြီး ဂဲရက်တ်က ကျွန်တော် ရှယ်လီနဲ့ တွဲရတဲ့ အကြောင်းအရင်း အမှန်ကို သွားပြောပြ
လေတော့ ကျွန်တော့်အကြံအစည်တွေ အားလုံး သဲထဲရေသွန် ဖြစ်ကုန်ပါတော့တယ်။ ဂဲရက်တ်က သူ မပြောပါဘူးလို့ ကျွန်တော့်ကို ငြင်းပေမဲ့ သူဟာ သူ့ရှေ့မှာ မိန်းကလေးတွေ ငိုယိုပြီး တောင်းဆိုရင် ဘယ်လိုမှ လျှို့ဝှက်ချက်ကို ထိန်းသိမ်းမထားနိုင်ဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်လေ။
အဲ့ဒီနေ့လည်က ရှယ်လီ ကျွန်တော့်ကို မေးခွန်းတွေ စစ်စစ်ပေါက်ပေါက်မေးပြီး အကြပ်ရိုက်အောင်လုပ်တော့တာပေါ့။ ဒါပေမယ့် ကျွန်တော် ဂျူလီနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းမှ မဟခဲ့ပဲ ရှယ်လီ့ကို သာ တောင်းပန်ခဲ့ပါတယ်။ နောက်ဆုံးတော့ ရှယ်လီလည်း ကျွန်တော့်ကို သွားခွင့်ပြုခဲ့ရပါတော့တယ်။
ဒါနဲ့တင် မပြီးသေးပါဘူး။ ရှယ်လီက အဲ့ဒီနေ့ကစလို့ ရက်ပေါင်းများစွာကြာတဲ့အထိ တငိုငိုတရယ်ရယ်နဲ့ လုပ်နေပြီး ကျွန်တော့်အကြောင်းကို တစ်ကျောင်းလုံး လိုက်ပြောလေတော့ ကျွန်တော်လည်း တစ်ကျောင်းလုံး အမြင်မှာ လူဆိုးကြီးကို ဖြစ်ရတော့တာပေါ့။ ဒီလို အမြင်ခံရတာက ဂျူလီ့ကို ရှောင်ပြေးနေရတာထက်တောင် ပိုဆိုးတာ အသေအချာပါပဲ။
ဒီလိုနဲ့ ရက်သတ္တပတ် တစ်ပတ် ပြည့်တော့ ရှယ်လီလည်း ကျွန်တော့်ကို လူသိရှင်ကြား ဖြတ်ပြီး ကိုင်းရ် လာဆန် ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ တွဲသွားပါတော့တယ်။ ကဲ...အဲ့ဒီမှာပဲ ဂျူလီက ကျွန်တော်နောက်ကို အရင်ကလို တကောက်ကောက် ပြန်လိုက်တော့တာပေါ့။ ကျွန်တော့်ဘ၀လည်း အစကို ပြန်ရောက်သွားရပါတော့တယ်။
အခု ဆဌမတန်းရောက်တော့ ပိုကောင်းလားသလား၊ ဆိုးလာသလား မသိပေမဲ့ အရာတချို့ ပြောင်းလဲလာတာတော့ ကျွန်တော် သတိထားမိပါတယ်။ ဂျူလီက ကျွန်တော့်နောက် တကောက်ကောက် လျှောက်မလိုက်တော့ပေမဲ့ အခု သူက ကျွန်တော့်ကို အနံ့လိုက်ခံနေတယ်လေ။
ဟုတ်ပါတယ်။ တကယ့်ကို သူက အနံ့လိုက်ခံနေတာပါဗျာ။
ကျွန်တော်ကတော့ ဒီကိစ္စတွေအတွက် ဆရာ မစ္စတာ မာတင်စ် ကိုပဲ အပြစ်တင်ချင် ပါတော့တယ်။ သူက ကျွန်တော်နဲ့ ဂျူလီကို ကော်နဲ့ကပ်သလို ထိုင်ခိုင်းထားတယ်လေ။ မစ္စတာ မာတင်စ်က ကျောင်းသားတွေကို နေရာချတဲ့နေရာမှာ အမြဲတမ်း သေသေချာချာ လေ့လာ သုံးသပ်ပြီးတော့မှ နေရာချတတ်တဲ့သူပါ။ သူက ဂျူလီ့ကို ကျွန်တော့်ဘေး ကပ်ရပ်က ခုံမှာ ထိုင်ဖို့ နေရာချပေးလိုက်တယ်လေ။
ဂျူလီ ဘိတ်ကာဆိုတဲ့ကောင်မလေးဟာ အမြဲတမ်း သူကချည်း အတော်ဆုံးဆိုတာကို စိတ်ညစ်စရာကောင်းလောက်အောက်ကို သက်သေပြတတ်တဲ့ကောင်မလေးပါ။ ဘယ်အချိန်ပဲ စာမေးမေး သူ့လက်က ပထမဆုံးထောင်လာတတ်သလို သူ့အဖြေတွေကလည်း တိကျပြတ်သားပြီး မှန်ကန်တတ်ပါတယ်။ သူ့ရဲ့ ပရောဂျက်တွေကလည်း အစောဆုံး ပြီးတတ်လေတော့ တစ်တန်းလုံးနဲ့ တစ်ယောက် ဖြစ်နေရတာပေါ့။ ဆရာ၊ဆရာမ တွေက အမြဲတမ်း ဂျူလီ့ရဲ့ ပရောဂျက်ကို လက်ညှိုးထိုးပြီး
"ကဲ ကြည့်စမ်း။ ဒီလို ပရောဂျက်မျိုးက ဆရာမ လိုချင်တဲ့ အဖြေပဲကွဲ့။ ဂျူလီ့ရဲ့ အလုပ်ကြိုးစားမှုကတော့ A + အဆင့်ပေးရမယ်ကွယ်" လို့ ပြောလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဂျူလီ့အတွက်ဆို ဆရာတိုင်းက အမှတ်ပိုပေးတတ်တာမို့ ဘာသာရပ်တိုင်းမှာ ဂျူလီက အမြဲတမ်း ၁၂၀ ရာခိုင်နှုန်းလောက် အမှတ်ရမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။
ဂျူလီ့ကို မစ္စတာ မာတင်စ် ကျွန်တော့်ဘေးနားမှာ နေရာချပြီးတဲ့နောက်မှာတော့ သူ့ရဲ့ စိတ်ညစ်စရာကောင်းတဲ့ အဖြေတွေက ကျွန်တော့်အတွက် ပိုလို့တောင် အဆင်ပြေလာတာ ကျွန်တော် သတိထားမိပါတယ်။ ဂျူလီ့ရဲ့ အဖြေတွေရေထားတဲ့ လက်ရေးက ကျွန်တော်ထိုင်နေတဲ့ နေရာကဆို မျက်စောင်းထိုးရုံနဲ့ မြင်နေရတာမို့ ကျွန်တော်လည်း စာမေးပွဲဖြေတိုင်း သူ့ဆီက ခိုးကြည့်တော့တာပေါ့။ ဒီလိုနဲ့ ကျွန်တော်တောင် ဘာသာရပ်တချို့မှာ A အဆင့်၊ B အဆင့်တွေ ရလာတာမို့ ဂျူလီ ကျွန်တော့်ဘေးမှာ ထိုင်တာ သိပ်တော့လည်း မဆိုးလှပါဘူးလေ။
ဒါပေမယ့် မစ္စတာ မာတင်စ်က နေရာချတဲ့ အစီအစဉ်ကို ထပ်ပြီး ပြောင်းလိုက်ပါသေးတယ်။ သူက နေရာချတဲ့ အစီအစဉ်ကို လတ္တီကျု၊ လောင်ဂျီကျုတွေ ချပြီး ပြန်ပြောင်းလိုက်လေတော့ ဂျူလီက ကျွန်တော့်နောက် တည့်တည့်ကို ရောက် လာတော့တာပေါ့။
အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ အနံ့ခံတတ်တဲ့ အကျင့် စလာတော့တာပါပဲ။ အဲ့ဒီ အရူးမလေးက ကျွန်တော့်နောက်ကနေ ကုန်းပြီး ကျွန်တော် ဆံပင်ကို အနံ့ခံတတ်တယ်လေ။ သူက ကျွန်တော် ခေါင်းနားကို နှာခေါင်းတိုးပြီး အနားမှာ အသက်ပြင်းပြင်း ရှူနေတဲ့ အသံတောင် ကျွန်တော် ကြားလိုက်ရပါသေးတယ်။
ကျွန်တော် သူ့ကို တံတောင်နဲ့ တွက်တာ၊ နောက်ခြေထောက်နဲ့ ကန်တာ လုပ်ပါသေးတယ်။နောက်ပြီး ကျွန်တော် ထိုင်ခုံကို နေရာရွှေ့တာ၊ ကျွန်တော်နဲ့ ထိုင်ခုံကြားမှာ ကျောပိုးအိတ်ခံပြီး ထိုင်တာတောင် ဘယ်လိုအရာကမှ ဂျူလီ့ကို မတားနိုင်ဘူးလေ။ ကျွန်တော် ထိုင်ခုံနေရာရွှေ့ရင် သူကလည်း လိုက်ရွှေ့ပြီး ကျောပိုးအိတ်ခံနေပြန်ရင်လည်း အရင်ကထက်ကို ပိုကုန်းပြီး အနံ့ခံနေပြန်တော့ ကျွန်တော်လည်း ဒီ့ထက်ပိုပြီး မတတ်နိုင်တော့တာ အမှန်ပါ။
ကျွန်တော် နောက်ဆုံး မစ္စတာ မာတင့်စ်ကို ကျွန်တော့်အတွက် နေရာပြောင်းပေးဖို့ ပြောခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း သူက မပြောင်းပေးခဲ့ဘူးလေ။ သူ ဘာပြောလဲ ကျွန်တော် နားမလည်ပေမဲ့ စာသင်ခန်းရဲ့ သင်ကြားမှုစွမ်းရည် မျှခြေကို မဖျက်ဆီးချင်ဘူးဆိုလားပဲ ကျွန်တော် မှတ်မိပါတော့တယ်။
ဒီလိုနဲ့ ကျွန်တော်လည်း ဂျူလီ့ အနံ့ခံတာကိုပဲ သည်းခံနေရတော့တာပေါ့။ နောက်ပြီး အခုတော့ ဂျူလီ့ရဲ့ အဖြေတွေကို မမြင်ရလေတော့ ကျွန်တော့် စာမေးပွဲအဆင့်တွေလည်း ပြန်ထိုးကျသွားပါတော့တယ်။ အထူးသဖြင့် စာလုံးပေါင်း စာမေးပွဲမှာပေါ့။
တစ်ခါမှာပေါ့။ စာမေးပွဲဖြေနေတုန်း ဂျူလီ ကျွန်တော့် ဆံပင်ကို အနံ့ခံဖို့ ကုန်းထလိုက်တော့ ကျွန်တော် စာလုံးပေါင်းမှားရေးထားတာကို သူ သတိထားမိသွားပါတယ်။ တကယ်တော့ ကျွန်တော် ရေးထားတဲ့ စာလုံးပေါင်း တော်တော်များများက မှားနေတာပါ။ သူက ချက်ချင်းပဲ ကျွန်တော့်ဆံပင်ကို အနံ့ခံနေတာ ရပ်ပြီး ကျွန်တော့်ကို တီးတိုးလေး စကားစပြောလာတယ်လေ။ ပထမတုန်းကတော့ ကျွန်တော်ကြောင်သွားတာပေါ့။ ဂျူလီ ဘိတ်ကာက စာမေးပွဲထဲမှာ ကလိမ်ကျပြီး ကျွန်တော့်ကို အဖြေတွေ ပြောပြနေတာ မဟုတ်ပါလား။ ဒါပေမယ့်လည်း သူ လုပ်တာက ကျွန်တော့်ကို အဖြေမှန်တွေ နားနားကပ်ပြီး ပြောပြနေတာဖြစ်ပြန်တော့ ကျွန်တော်လည်း အထွန့်မတက်ရဲ ခဲ့ဘူးလေ။
ဂျူလီဟာ အရင်ကတည်းက ကျွန်တော့်ဆံပင် အနံ့ခံတာကို လူမသိအောင် တိတ်တခိုးလုပ်တတ်တဲ့သူပါ။ ကျွန်တော်လည်း သူလုပ်နေတာကို ဘယ်သူမှ မသိကြ၊ မမြင်ကြတဲ့အတွက် တော်တော် စိတ်တို ခဲ့ရပေမဲ့ အခုလို ဂျူလီ ကျွန်တော့်ကို လူမသိအောင် အဖြေတွေ ပြောပြတာကိုတော့ ကျွန်တော် သဘောကျမိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆိုးတဲ့ တစ်ချက်ကတော့ ကျွန်တော်က စာမေးပွဲတိုင်း နားနားကပ်ပြောတတ်တဲ့ သူ့ရဲ့ စာလုံးပေါင်း တွေ အပေါ်အားကိုးမိလာတာပါပဲ။ အခုလို အမြဲတမ်း အဖြေတွေသိနေမှတော့ ဘယ်သူက အပင်ပန်းခံပြီး စာလေ့လာချင်တော့မှာလဲဗျာ...ဟုတ်တယ်မဟုတ်လား။ ဒါပေမယ့် ဂျူလီပြောပြတဲ့ အဖြေတွေကို ကျွန်တော် ကျေကျေနပ်နပ်ကြီး ယူပြီးတဲ့ နောက်မှာတော့ သူ့အပေါ် အကြွေးတင်နေတယ်လို့ ကျွန်တော် ခံစားမိလာရပါတော့တယ်။ အဲ့ဒီလို အကြွေးတင်နေတယ်ဆိုတဲ့ ခံစားချက်နဲ့ ကျွန်တော်က သူ့ကို ဘယ်လိုလုပ် ဝေးဝေးသွားဖို့ ဒါမှမဟုတ် အနံ့ခံနေတာ ရပ်လိုက်ဖို့ ပြောရက်မှာလဲဗျာ။ ဒါက ကျွန်တော့်ကို မှားယွင်းတယ်လို့ ခံစားရစေတယ်လေ။
အဲ့ဒီတော့ ကျွန်တော်လည်း ဆဌမတန်း တစ်နှစ်လုံး အောင့်သီးအောင့်သက်နဲ့ သာ ဖြတ်သန်းခဲ့ရပါတော့တယ်။ ဒါပေမယ့် ကျွန်တော် နောက်နှစ်ကိုတော့ ကြိုပြီး တွေးမိပါတယ်။ နောက်နှစ်ဆို အရာ အားလုံးက ပြောင်းလဲတော့မှာလေ။ ကျွန်တော် ကျောင်းအသစ်မှာ အလယ်တန်းကို စတက်ရတော့မယ် မဟုတ်ပါလား။ အဲ့ဒီ ကျောင်း ကြီးကို ပြောင်းရင်တော့ ဂျူလီနဲ့ ထိပ်တိုက်တွေ့ရဲ့ ဒုက္ခကနေ ကျွန်တော့်ကို ကျွန်တော် ကယ်တင်နိုင်မှာ အမှန်ပါ။
ဒီဒုက္ခကြီးက နောက်ဆုံးတော့....နောက်ဆုံးတော့ ပြီးဆုံးတော့မှာပါလား။
အခန်း(၂)
ဂျူလီ
အချစ်ရူး
ဘရိုက်စ် လော့စကီဆိုတဲ့ကောင်လေးကို ပထမဆုံးတွေ့လိုက်ရတဲ့ အခိုက်အတန့်လေးမှာပဲ ကျွန်မ တစ်ဘ၀လုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ရပါတယ်။ အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင်တော့ ကျွန်မ သူ့အကြည့်တစ်ချက်နဲ့တင် ရူးမတတ်ဖြစ်သွားခဲ့ရတာလေ။ သူ့မျက်လုံးတွေပေါ့။ သူ့ရဲ့ မျက်လုံး ပြာပြာတွေထဲမှာ ကျွန်မ မဖော်ပြတတ်တဲ့ အရာတစ်ခုရှိနေသလို ကော့စင်းနေတဲ့ အနက်ရောင် မျက်တောင်တွေနဲ့ ပနံရနေလိုက်ပုံက ကျွန်မအတွက် သိပ်ကို အံ့ဩမင်သက်ဖွယ် ဖြစ်သွားစေခဲ့ရပါတယ်။
အခုတော့ သူနဲ့ တွေ့ရတာ ခြောက်နှစ်တောင်ကျော်ခဲ့ပြီမို့ ကျွန်မလည်း သူနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို မြိုသိပ်တတ်ဖို့ သင်ယူခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မ သူ့ကို ပထမဆုံး စတွေ့တဲ့နေ့၊ သူနဲ့ စသိကျွမ်းခဲ့ရတဲ့ ပထမဆုံးနှစ်တွေကတော့ ကျွန်မအတွက် သိပ်ကို စိတ်ကူးယဉ်ဆန်စရာပါရှင်။ ကျွန်မ သူ့အနား နေရဖို့ အသေအလဲကို မျှော်လင့်ခဲ့ရတာပေါ့။
ကျွန်မ ဒုတိယတန်း မတက်ခင် နှစ်ရက်လောက် အလိုမှာပေါ့။ အမေက ကျွန်မတို့ အိမ်ရှေ့ကို ပြောင်းလာမဲ့ မိသားစုမှာ ကျွန်မ အရွယ်ကောင်လေးတစ်ယောက် ပါတယ်ဆိုတာ ပြောပြီး ကတည်းက ကျွန်မက သူနဲ့ တွေ့ဖို့ စောင့်နေခဲ့ရတာပါ။
ဘောလုံး စခန်းသွင်းလေ့ကျင့်ရေးကလည်း ပြီးဆုံးသွားတဲ့အပြင် ရက်ကွက်ထဲမှာ ကျွန်မနဲ့ ရွယ်တူ သူငယ်ချင်းတစ်ယောက်ဆို တစ်ယောက်မှ မရှိတာမို့ ကျွန်မအတွက် နွေရာသီဆိုတာဟာ သိပ်ကိုပျင်းဖို့ကောင်းခဲ့တာ အမှန်ပါပဲ။ အိုး...တကယ်တော့ ကလေးတချို့တော့ ရက်ကွက်ထဲ ရှိပါတယ်လေ။ ဒါပေမယ့် သူတို့အားလုံးက ကျွန်မ ထက် အသက်ကြီးကြတာကိုး။ ကျွန်မ အစ်ကိုတွေအတွက် ပေါင်းသင်းဖို့ ရွယ်တူ သူငယ်ချင်းတွေပေါလှပေမဲ့ ကျွန်မမှာတော့ တစ်ယောက်ထဲ အိမ်မှာပဲ နေခဲ့ရတာပေါ့။
အမေကတော့ ကျွန်မနဲ့အတူ အိမ်မှာရှိနေတတ်ပါတယ်။ ဒါပေမယ့် သူ့ခမျာလည်း ကျွန်မနဲ့အတူ ဘောလုံးလျှောက်ကန်နေမဲ့အစား ပိုအရေးကြီးတဲ့ အိမ်အလုပ်တွေ လုပ်ရသေးတယ် မဟုတ်ပါလား။ အမေကတော့ အဲ့ဒီလိုပဲ ပြောတာပါပဲလေ။ အဲ့ဒီအချိန်တုန်းကတော့ ကျွန်မစိတ်ထဲမှာ ဘောလုံးကန်ရတာထက် ဘယ်အရာကမှ ပိုကောင်းလိမ့်မယ်လို့ လုံး၀မထင်ခဲ့ဘူးလေ။ ကျွန်မအမေကတော့ ကျွန်မနဲ့ လုံး၀ သဘောမတူဘူးဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ သူက အမြဲတမ်းကို အ၀တ်တွေလျှော်လိုက်၊ ပန်းကန်တွေဆေးလိုက်၊ ဖုန်စုပ်စက်တစ်လုံးနဲ့ အလုပ်ရှုပ်နေလိုက်နဲ့ပဲ နေ့စဉ်နဲ့အမျှ အချိန်ကုန်နေခဲ့တာပေါ့။ အမေနဲ့ အိမ်မှာ အတူတူကျန်ခဲ့ရတဲ့ ကျွန်မကိုပါ အမေက သူနဲ့အတူ အ၀တ်လျှော်၊ ဖုန်သုတ်တာတွေ လုပ်ဖို့ အကူအညီ တောင်းတတ်တဲ့အပြင် ကျွန်မ အလုပ်လုပ်တိုင်း ဘေးနားမှာ တဘုတ်ဘုတ်နဲ့ ခုန်နေတတ်တဲ့ ဘောလုံးသံကိုလည်း အမေက သည်းမခံနိုင်ဘူးလေ။
အဲ့ဒီတော့ ကျွန်မလည်း အန္တရာယ်ကင်းအောင် အပြင်ထွက်ပြီးတော့ပဲ အိမ်ရှင်အသစ်တွေများ စောစောပြောင်းလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် စောင့်နေခဲ့ရတာပေါ့။ ကျွန်မ စောင့်ခဲ့ရတဲ့ အချိန်တွေက တကယ့်ကို ရက်သတ္တပတ်ပေါင်းများစွာ ကြာခဲ့ပါတယ်လေ။ ဒီကြားထဲမှာ ကျွန်မက ကျွန်မရဲ့ အိမ်မွေးခွေးကလေး ချမ့် နဲ့ ဘောလုံးကစားနေခဲ့ ရတာပါ။ ဒါပေမယ့် ချမ့်က ခွေးဆိုတော့ လူတစ်ယောက်လောက်တော့ ဘောလုံး ဘယ်ကန်နိုင်ပါ့မလဲ။ သူက ဘောလုံးကို အနံ့ခံပြီး တခါတလေတော့ နှုတ်သီးလေးနဲ့ ဘောလုံးပုတ်တတ်ပါတယ်။ ဘောလုံး အနံ့ကပဲ သူ့ကို သွားရည်ကျစေတယ်ထင်ပါတယ်။ ချမ့်က ဘောလုံးကို ပုတ်တာထက် ကိုက်ဝါးဖို့ကိုပဲ ပိုပြီး စိတ်အားထက်သန်တတ်တာကိုး။
လော့စကီ မိသားစုအိမ်ပြောင်းလာတဲ့ ဗန် ကားကြီး နောက်ဆုံးရောက်လာတော့ ကျွန်မ မိသားစုတစ်ခုလုံးက ' ဂျူလီယာနာလေးတော့ သူငယ်ချင်း ရတော့မယ်' ဆိုပြီး ပျော်နေကြတာပေါ့။
အရိပ်သုံးပါးနားလည်ပြီး အင်မတန် အားနာတတ်တဲ့ ကျွန်မအမေကတော့ ဗန်ကားကြီးစိုက်ပြီး တစ်နာရီလောက်ကြာမှာ ကျွန်မကို အိမ်ရှင်အသစ်တွေဆီ သွားလည်ဖို့ လွှတ်ခဲ့တာပါ။
"သူတို့ နေရာအသစ်မှာ လျှောက်ကြည့်ပါစေဦး ဂျူလီယာနာရယ်" လို့ အမေက ပြောပါတယ်။
"သူတို့အတွက် နေသားကျဖို့ အချိန် တစ်ခုလောက်တော့ လိုအပ်မှာ အမှန်ပဲ" တဲ့လေ။ အမေက ကျွန်မကို အိမ်ရှေ့ ခြံ၀န်းထဲကနေတောင် လှမ်းမကြည့်ခိုင်းခဲ့ပါဘူး။
"သမီးအကြောင်း အမေသိပါတယ်ကွယ်။ မကြာခင်မှာပဲ သမီးဘောလုံးလေး သူတို့ခြံထဲ ၀င်သွားရင်း သမီး သွားပြန်ကောက်ရင်း မိတ်ဆွေဖွဲ့လို့ ရတာပဲမဟုတ်လား"
အဲ့ဒီတော့ ကျွန်မလည်း အိမ်ထဲက ပြတင်းပေါက်ကနေ အိမ်ရှင်အသစ်တွေကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့ပါတော့တယ်။ မိနစ်ပိုင်းကြာတိုင်း ကျွန်မ အမေ့ကို
"သမီး သွားလို့ရပြီလားဟင်" လို့ မေးတိုင်း အမေက
"သူတို့ကို အချိန်ပေးလိုက်ပါဦးကွယ်" လို့ ဖြောင့်ဖြတယ်လေ။
ခဏနေတော့ တယ်လီဖုန်းက အသံမြည်လာပါတော့တယ်။ အမေ တစ်ယောက် တယ်လီဖုန်းဖြေရင်း အလုပ်ရှုပ်နေတုန်း ကျွန်မ သူ့ အင်္ကျီလက်ရှည်ကို ဆွဲရင်း ထပ်မေးလိုက်သေးတယ်။
"သမီး သွားလို့ရပြီလားဟင် အမေ"
အမေလည်း ခေါင်းငြိမ့်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်ပါတယ်။
"ဟုတ်ပါပြီကွယ်။ ဒါပေမယ့် သမီး ချိုချိုသာသာ ဆက်ဆံရမယ်နော်။ အမေ ခဏနေ လိုက်လာခဲ့မယ်"
ကျွန်မမှာ လမ်းဖြတ်ကူးလာဖို့တောင် စိတ်လှုပ်ရှားနေခဲ့တာ အမှန်ပါ။ ဒီလိုနဲ့ ကျွန်မ အိမ်ပြောင်းလာတဲ့ ဗန်ကားကြီးဆီရောက်တော့ အတတ်နိုင်ဆုံး အယဉ်ကျေးဆုံး ပုံစံပေါက်အောင် ဆက်ဆံခဲ့တယ်လေ။ ကျွန်မ ဗင်ကားနောက်ခန်းထဲကို ရပ်ပြီး ဘယ်လောက်ကြာမှန်း မသိအောင် သူ့ကို စိုက်ကြည့်နေမိပါတယ်။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ဖို့ လက်တစ်ကမ်းပဲလိုတော့တဲ့ ဘရိုက်စ် လော့စကီ ဆိုတဲ့ကောင်လေးကိုပေါ့။
ဘရိုက်စ်က ဘာမှတော့ အထွေအထူးလုပ်နေခဲ့တာ မဟုတ်ပါဘူး။ သူက ဗင်ကားနံရံကို မှီပြီး သူ့အဖေ အထုပ်အပိုးတွေ သယ်ချနေတာကို ကြည့်နေတယ်လေ။ မစ္စတာ လော့စကီ့ကို ကြည့်ရတာလည်း အဲ့ဒီ အထုပ်အပိုးတွေကို မ,ရင်း ပင်ပန်းနေပုံပေါက်တာ ကျွန်မ သတိထားမိ လိုက်ပါတယ်။ ဘရိုက်စ်ကတော့ သူ့အဖေနဲ့အတူတူ စိမ်းပြာရောင် ပိုလို ရှပ်အင်္ကျီလေး၀တ်ထားတာ သိပ်ကို ချစ်ဖို့ကောင်းနေတာပေါ့။ သူ့ကြည့်ရတာ ခင်တတ်မဲ့ ပုံပါပဲ။
ကျွန်မလည်း ဒီ့ထက်ပိုပြီး ထပ်မစောင့်နိုင်တော့ ‘ဟိုင်း' လို့ ဗင်ကားထဲက သူတို့နှစ်ယောက်ကို လှမ်းနှုတ်ဆက်လိုက်ပါတော့တယ်။ ဘရိုက်စ်ကတော့ ကျွန်မ အသံကို ရုတ်တရက် ကြားလိုက်ရတော့ ရှက်ရမ်းရမ်းပြီး ပုရစ်ကလေးကို ဟိုခုန် ဒီခုန်နဲ့ သူ့အဖေနည်းတူ အထုပ်အပိုးတွေ မ,ချနေတော့တာပေါ့။
ဘရိုက်စ်ကိုကြည့်ရတာ ကျွန်မလို မိန်းကလေးတစ်ယောက်က သူ ဘာမှမလုပ်ဘဲ နေတာကို မြင်နေရတဲ့အတွက် ရှက်နေတဲ့ပုံပါ။ တချိန်ထဲမှာပဲ ဒီလောက် အထုပ်အပိုးတွေ အများကြီး ထပ်ချရဦးမှာကို စိတ်ပျက်နေပုံပဲဆိုတာ ကျွန်မ သတိထားမိလိုက်တယ်လေ။ သူလည်း ဒီအထုပ်အပိုးတွေ အားလုံးကို ရွှေ့ရပြောင်းရလွန်းလို့ ပင်ပန်းနေရောပေါ့။ သူသာ ခဏလောက် နားပြီး ဖျော်ရည်အေးအေးလေး သောက်လိုက်ရရင် အားလုံးက အဆင်ပြေသွားမှာပါ။
မစ္စတာ လော့စကီကို ကြည့်ရတာတော့ သူ့သားကို အနားပေးမဲ့ပုံ မပေါ်ပါဘူး။ သူက ဘရိုက်စ် လဲကျသွားတဲ့အထိကို ဆက်ခိုင်းနေမဲ့ အတိုင်းပဲ မသိချင်ယောင်ဆောင်လို့ အလုပ်လုပ်နေဆဲပဲလေ။ ဒီလောက်များတဲ့ အထုပ်တွေ ပြီးအောင် သယ်ရမယ်ဆိုရင်တော့ ဘရိုက်စ်တစ်ယောက် သေသွားနိုင်ပါတယ်။ ဟုတ်တယ်။ အိမ်သစ်ကို မပြောင်းရခင် ဘရိုက်စ် အရင်သေသွားနိုင်တာ အမှန်ပါပဲ။
သူ့ရဲ့ သနားစရာပုံလေးကို ကြည့်ပြီး ကျွန်မ ရုတ်တရက် ဗန်ကားထဲကို ပြေး၀င်သွားမိပါတော့တယ်။ ကျွန်မ သူ့ကို ကူညီရမယ်လေ။ ကျွန်မရဲ့ သူငယ်ချင်း အသစ်လေးကို ကယ်တင်ရမယ် မဟုတ်ပါလား။
ကျွန်မ သူ့ဘေးမှာရပ်ပြီး သေတ္တာတစ်လုံးကို အောက်ကို ထိုးချပေးဖို့လုပ်တော့ သနားစရာ ဘရိုက်စ်က ကျွန်မ အတွက် လက်ရှောင်ပေးရှာပါတယ်။ မစ္စတာ လော့စကီကတော့ သဘောကျပုံ မရဘူးလေ။ အနည်းဆုံးတော့ ကျွန်မ ဘရိုက်စ်ကို ကယ်တင်လိုက်နိုင်တယ် မဟုတ်ပါလား။ ကျွန်မ ဗန်ကားထဲမှာ ပစ္စည်းတွေ ရွှေ့ပေးနေတာ သုံးမိနစ်ပဲရှိပါသေးတယ်။ မစ္စတာ လော့စကီက သူ့သားကို အိမ်ထဲမှာ ပစ္စည်းတွေ နေရာချပေးဖို့ ပြောလိုက်ပါတော့တယ်။
ကျွန်မ ဘရိုက်စ် နောက်ကို အိမ်တံခါးသွားတဲ့လမ်းအထိ ပြေးလိုက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်လေးမှာပဲ အရာအားလုံးက ပြောင်းလဲသွားခဲ့တာပေါ့။ ကျွန်မက သူ့ရဲ့ လက်မောင်းကို ဆွဲပြီး ရပ်ခိုင်းဖို့ကြိုးစားလိုက်ပါတယ်။ ဒါမှလည်း သူ အိမ်ထဲမှာ ခြေချုပ်မမိခင် ကျွန်မနဲ့အတူ ဆော့လို့ရမယ် မဟုတ်ပါလား။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းတော့ ကျွန်မ သတိမထားမိလိုက်ခင်မှာပဲ ကျွန်မတို့ နှစ်ယောက် ရုန်းရင်း ကန်ရင်း ဘရိုက်စ်က ကျွန်မ လက်ကို ဆွဲကိုင်ပြီး ကျွန်မ မျက်လုံးတွေကို စိုက်ကြည့်နေတာကို ကျွန်မတွေ့လိုက်ရပါတော့တယ်။
ကျွန်မ နှလုံးသားတွေ ရပ်တန့်သွားခဲ့ပါတယ်။ တကယ့်ကို နှလုံးသားလေး ရုတ်တရက် ရပ်တန့်သွားသလို ခံစားမိလိုက်ရတာ အမှန်ပါ။ နောက်ပြီး ကျွန်မ ဘ၀မှာ ပထမဆုံးအနေနဲ့ ခံစား ချက်လေးတစ်ခုကို ခံစားမိလိုက်ရပါသေးတယ်။ ကမ္ဘာမြေကြီးတစ်ခုလုံးက ကျွန်မ ဘေးမှာ ချာချာလည်ပြီး ကျွန်မ ခြေထောက်စုံချရပ်နေတဲ့ မြေကြီးတွေပါ ပွင့်အက်ကွဲထွက်ပြီး ကျွန်မ လေထဲမှာ မျောပါနေသလို ခံစားနေခဲ့ရတာ အမှန်ပါပဲ။ အဲ့ဒီအချိန်မှာ ကျွန်မကို လေထဲ လွင့်မျောမသွားအောင် ဆွဲထားနိုင်တဲ့ အရာတစ်ခုက သူ့ရဲ့ မျက်လုံးတွေထဲက အကြည့်ပဲလေ။ သူ့ရဲ့ တောက်ပတဲ့ အကြည့်တွေက ကျွန်မကို မရှင်းပြတတ် လောက်အောင် ကြီးမားတဲ့ အားအင်တွေနဲ့ မျောပါမသွားအောင် ချုပ်နှောင်ထားလိုက်နိုင်တာ အမှန်ပါပဲရှင်။
အဲ့ဒီနေ့က ကျွန်မ ဘ၀ရဲ့ ပထမဆုံးသော အကြင်နာ အနမ်းလေးတောင် ရလုရခင် ဖြစ်သွားတယ်လို့ ပြောရပါမယ်။ ဒါပေမယ့် သူ့အမေက ရုတ်တရက် အိမ်ထဲကနေ ထွက်လာတော့ ဘရိုက်စ်ရဲ့ မျက်နှာလေး နီမြန်းပြီး ကျွန်မနဲ့ မတွေ့ရလေအောင် သူက ရေချိုးခန်းထဲ ၀င်ပုန်းနေတော့တာပေါ့။
ကျွန်မလည်း ဘရိုက်စ် ပြန်ထွက်လာတဲ့ အထိစောင့်နေရင်း သူ့အစ်မ လင်နက်တာနဲ့ တွေ့ခဲ့ပါတော့တယ်။သူက ကျွန်မထက် အသက်လည်း ပိုကြီးပြီး ရင့်ကျက်တဲ့ပုံလည်းပေါက်တော့ ကျွန်မလည်း သူမေးသမျှ တခွန်းမကျန် ပြန်ဖြေပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ သူ့ကို ဘာမှမပြောခဲ့ရင်ကောင်းမှာပဲလို့ တွေးမိသား။ သူက ကျွန်မ စကားဆုံးတော့ ရေချိုးခန်းတံခါးကို မနားတမ်းခေါက်ပြီး ဘရိုက်စ်ကို မြင်မကောင်းအောင် စနောက်နေတယ်လေ။
"ဟေး...မောင်လေးရေ" လို့ လင်နက်တာက တံခါးနားကပ်ပြီး အော်လိုက်ပါတယ်။
"ဒီမှာ ဆော်အလန်းလေးတစ်ပွေက နင့်ကို စောင့်နေတယ်ဟ။ ဘာလို့ ပုန်းနေတာတုန်း။ သူ့မှာ သန်းတွေ ရှိမှာ ကြောက်လို့လားဟင်"
သူပြောနေတာတွေက သိပ်ကို ရှက်ဖို့ကောင်းတာ အမှန်ပါပဲ။ ကျွန်မလည်း သူ့လက်ကိုဆွဲပြီး တော်လိုက်ဖို့ပြောတာတောင် သူက လုံး၀ ဂရုမစိုက်ခဲ့ဘူးလေ။ အဲ့ဒီတော့ ကျွန်မလည်း အိမ်ပဲပြန်လာခဲ့လိုက်ပါတော့တယ်။
ကျွန်မ အမေကတော့ အပြင်မှာ မစ္စ လော့စကီနဲ့ စကားပြောနေခဲ့ပါတယ်။ အမေက ကျွန်မတို့ ညစာ အချိုပွဲအတွက် ပြင်ထားတဲ့ သံပုရာအနံ့သင်း ကိတ် လေးကို တောင် သူ့ကို ပေးနေသေးတာပါ။ ကိတ်မုန့်ကလေးပေါ်မှာဖြူးထားတဲ့ သကြားမှုန့်ကလေးတွေက နုညက်ပြီး ဖြူဖွေးနေတဲ့ အပြင် အခုမှ ဖိုထဲက ထုတ်လာတဲ့ ပူပူနွေးနွေးကိတ်လေးရဲ့ အနံ့ကလည်း လေထဲမှာ မွှေးပျံ့နေတော့တာပေါ့။
ကျွန်မဖြင့် ကိတ်မုန့်လေးကို ကြည့်နေရင်းနဲ့တောင် သွားရည်ကျမိပါတယ်။ ဒါပေမယ့် ကိတ်မုန့်ကတော့ မစ္စ လော့စကီရဲ့ လက်ထဲရောက်နေပြီလေ။ အဲ့ဒီတော့ စားရမဲ့ အခွင့်အလမ်းက မြောင်းထဲရောက်သွားပြီဆိုတာ ကျွန်မ သိလိုက်တာပေါ့။ ကျွန်မ တတ်နိုင်တာတစ်ခုကတော့ အမေနဲ့ မစ္စလော့စကီတို့ နှစ်ယောက် မတ်တပ်ရပ်ရင်း ဟင်းသီးဟင်းရွက်ဆိုင်တွေ၊ ရာသီဥတုအကြောင်းတွေ ပြောနေတုန်း ကိတ်မုန့်အနံ့လေးကို ရနိုင်သမျှ အနံ့ခံပြီး ကျေနပ်လိုက်ရုံပါပဲ။
ပြီးတော့ အမေနဲ့ ကျွန်မလည်း အိမ်ပြန်လာခဲ့ကြပါတော့တယ်။ ဒါက သိပ်ထူးဆန်းတယ်လေ။ ကျွန်မဖြင့် ဘရိုက်စ်နဲ့ တစ်မိနစ်လေးတောင် မဆော့လိုက်ရဘူး မဟုတ်ပါလား။ သူနဲ့ ပတ်သက်ပြီး ကျွန်မသိလိုက်ရတဲ့ အရာအားလုံးက သူ့မှာ အရောင်တဖျက်ဖျက် လက်နေတဲ့ မျက်လုံးပြာပြာလေးတွေ ရှိတယ်ဆိုတာရယ်၊ သူ့မှာ မယုံကြည်ရမဲ့ အစ်မဆိုးဆိုးတစ်ယောက် ရှိတယ်ဆိုတာနဲ့ အရေးကြီးဆုံးကတော့ သူ ကျွန်မကို အကြင်နာ အနမ်းလေးပေးမိတော့မလို ဖြစ်သွားခဲ့တယ် ဆိုတာပါပဲ။
ကျွန်မ အဲ့ဒီညတုန်းက ရလုရခင်ဖြစ်သွားတဲ့ ကျွန်မရဲ့ ပထမဆုံး အနမ်းလေးအကြောင်း တွေးမိပါသေးတယ်။ ဒါပေမယ့် အကြင်နာ အနမ်းလေးက ဘယ်လို ခံစားချက်မျိုး ပေးစွမ်းနိုင်သလဲဆိုတာတော့ ကျွန်မ မသိခဲ့ပါဘူး။ သေချာတာ တစ်ခုကတော့ အဲ့ဒီ အနမ်းက အဖေနဲ့ အမေ ကျွန်မကို ညအိပ်ရာ၀င်တိုင်း ပေးတတ်တဲ့ အနမ်းနဲ့ လုံး၀မတူနိုင်ဘူးဆိုတာပါပဲ။ အနမ်းချင်း တူပေမဲ့ ခံစားချက်ကွဲတဲ့ အရာမျိုးလေ။ ဥပမာ ဝံပုလွေနဲ့ ၀စ်ပစ်ခွေးလိုမျိုးပေါ့။ သိပ္ပံနည်းကျသာ မဟုတ်ရင် သူတို့နှစ်ကောင်လုံးကို အတူတူပဲလို့ ထင်မိကြမဲ့ အရာမျိုးပါ။
ဒါကြောင့်လည်း ကျွန်မက ဒုတိယတန်း ကတည်းက အကြင်နာအနမ်းဆိုတဲ့ အရာကို သိပ္ပံနည်းကျ စူးစမ်းပြီး ခွဲခြားလေ့လာချင်ခဲ့တာပါ။ ဒါပေမယ့် အမှန်တိုင်း ၀န်ခံရမယ်ဆိုရင်တော့ မျက်လုံပြာပြာတွေကြောင့်လည်း ပါတာပေါ့လေ။ ဒုတိယတန်းရော၊ တတိယတန်း နှစ်တွေမှာပါ ကျွန်မ သူ့အနားကို တကောက်ကောက် လိုက်နေခဲ့မိပါတယ်။ ကျွန်မက အချိန်တိုင်း သူ့အနားမှာပဲ နေချင်မိခဲ့တာပေါ့။
စတုတ္ထတန်းရောက်လာတော့ ကျွန်မ ကိုယ့်ကိုယ်ကို ထိန်းချုပ်လာနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ သူ့ပုံရိပ်တွေ၊ သူ့အကြောင်းတွေကတော့ ကျွန်မ ရင်ထဲ ရှိနေတုန်းပဲဆိုပေမဲ့ ကျွန်မ ခြေထောက်တွေကတော့ သူ့အနောက်ကို အရင်ကလို တကောက်ကောက် လျှောက်လိုက် မနေမိတော့ပါဘူး။ ကျွန်မ သူ့ကို တနေရာရာကနေပဲ ကြည့်ပြီး တစ်ယောက်ထဲ အတွေးကမ္ဘာထဲမှာ ပျော်နေမိတယ်လေ။
ဒီလိုနဲ့ ပဉ္စမတန်းရောက်လာတော့ ရှယ်လီ စတောစ် ဆိုတဲ့ ကောင်မလေးက ကျွန်မနဲ့ သူ့ရဲ့ ကြားကို မရရအောင် တိုး၀င်လာခဲ့တော့တာပေါ့။ ရှယ်လီ စတောစ်ဆိုတဲ့ ကောင်မလေးက တုံးအတဲ့အပြင် အသံသေး အသံကြောင်နဲ့ ပြောတတ်ပြီး မိန်းကလေးသူငယ်ချင်းတွေကြားမှာလည်း စကားလို လုံးလည်ချာလည်လိုက်အောင် အတင်းပြောကာ ရန်တိုက်ပေးတတ်တဲ့ ကောင်မလေးပါ။ အခု ကျွန်မတို့က အလယ်တန်း ရောက်လာပြီဆိုတော့ ရှယ်လီက မိန်းကလေးတွေကြားထဲမှာ သိပ်ကို ရေပန်းစားတဲ့ သူဖြစ်လာတယ်လေ။ တကယ်တမ်းပြောရမယ်ဆို သူက ဟိုး မူလတန်း ကျောင်းကတည်းကကို နေရာတကာ နာမည်ကောင်း ယူချင်တဲ့သူပဲ မဟုတ်ပါလား။ အထူးသဖြင့် ကိုယ်ကာယ လေ့ကျင့်ရေးအချိန်တွေမှာဆို ကျွန်မနဲ့ တခြားကလေးတွေက ဆရာညွှန်ကြားတဲ့ အတိုင်း ဖနောင့်နဲ့ တင်ပါး တသားတည်းကြအောင် ပြေးလို့ အားကစားလုပ်နေရင် ရှယ်လီက သူ့ခြေထောက်ကလေး ဆန့်ရင်ပဲ လဲကျသေဆုံးသွားတော့မတတ်ကို ဟန်ဆောင်ပြီး အချောင်ခိုတတ်တယ်လေ။
သူ့ သရုပ်ဆောင်ချက်ကလည်း နှစ်တိုင်းကို အလုပ်ဖြစ်ပါတယ်။ သူက စာသင်နှစ်စပြီဆိုတာနဲ့ ကိုယ်ကာယဆရာဆီကို ဘယ်ကမှန်းမသိတဲ့ မှတ်စုစာရွက်လေးပြပြီး တခါတလေ မူးမေ့လဲပြလိုက်တာနဲ့ အဲ့ဒီတစ်နှစ်လုံး သူက ကိုယ်ကာယအချိန်တွေဆို ပင်ပင်ပန်းပန်း မလုပ်ရတော့ပဲ နေခွင့်ရသွားတာပေါ့။ အမှန်တိုင်း ပြောရမယ်ဆို ရှယ်လီက ကျောင်းနောက်ဆုံးနေ့ ရောက်တာတောင် သူထိုင်တဲ့ ထိုင်ခိုင်ကို ပြန်မသိမ်းပေးတတ်ဘူးလေ။ ကျောင်းမှာ သူ အားကစားလုပ်တတ်တဲ့ တစ်ခုတည်းသော ကြွက်သားတွေကတော့ သူ့ပါးစပ်နဲ့ တရစပ် ပေါက်ပေါက်ဖောက်သလို အတင်းပြောတာပါပဲ။ တကယ်လို့များ အိုလံပစ်ကစားပွဲတွေထဲမှာ စကားပြောတမ်းသာ ပါခဲ့မယ်ဆို ရှယ်လီ စတောစ်ပဲ ရွှေတံဆိပ်ဆုရော ငွေတံဆိပ်ဆုပါ အနိုင်ရမှာ သေချာပါတယ်။
ဒါပေမယ့် ကိုယ်ကာယအဖွဲ့မှာ သူ့ကို အလိုရှိတိုင်း မပါ၀င်တာကြောင့်တော့ ကျွန်မ သူ့ကို မမုန်းပါဘူးလေ။ သူ့ရဲ့ ပန်းနာရင်ကျပ်ရောဂါ၊ သေးသေးသွယ်သွယ် ခြေထောက်တွေနဲ့ တမင်ဟန်ဆောင်တတ်လွန်းတဲ့ သရုပ်ဆောင်ချက်တွေလည်း မဟုတ်ဘဲ ကျွန်မအတွက် သူနဲ့ပတ်သက်ပြီး စိတ် အနှောင့်အယှက် အဖြစ်ရဆုံးကတော့ သူ့ရဲ့ ဆံပင် ထူထူကြီးပါပဲ။ သူက အဲ့ဒီဆံပင်ထူထူကြီးတွေကို တွန့်လိမ်အောင်လုပ်လိုက်၊ ကလစ်နဲ့ ညှပ်လိုက်လုပ်နေတာ သိပ် အမြင်ကပ်ဖို့ကောင်းပါတယ်။ တခါတလေများ သူ ဆံပင်ကို ခေါင်းအလည်မှာ တည့်တည့်စုပြီး စည်းထားရင် တကယ့် မြင်းမြှီးအတိုင်းကို အကြည့်ရဆိုးလွန်းတယ်လေ။ နောက်ပြီး သူ အဲ့ဒီဆံပင်ထူထူကြီးကို ချထားတဲ့နေ့များဆိုရင်တော့ ဆံပင်ကြီးက သူ့မျက်နှာသေးသေးလေးကို စောင်တစ်ထည်လို ဖုံးနေလိုက်တာ ရုတ်တရက်လှမ်းကြည့်ရင် သူ့နှာခေါင်းကိုပဲ မြင်ရတတ်ပါတယ်။ အဲ့ဒီ ဆံပင် ကို့ရို့ကားယားနဲ့ များ ပြေးပြေးလွှားလွှားဆော့နေလိုက်ချင်သေးတယ်လို့ ကျွန်မလည်း စိတ်ထဲကနေ ကောက်ချက်ချမိလိုက်တာပေါ့။
ရှယ်လီ့ရဲ့ စိတ်ညစ်စရာ ဆံပင်ကြီးကို မေ့ထားလိုက်တာက ကျွန်မကို ပဉ္စမတန်း နှစ်၀င်လောက်ထိ အဆင်ပြေနေစေခဲ့ပေမဲ့ ရုတ်တရက် တနေ့တော့ ရှယ်လီက ဘရိုက်စ်နဲ့ လက်ချင်းတွဲပြီး လမ်းလျှောက်သွားတာကို ကျွန်မ မြင်လိုက်တော့ အရာရာက ပြောင်းပြန် လှန်သွားပြန်ပါရောလား။
ကျွန်မရဲ့ ဘရိုက်စ်လေး။ ဒုတိယတန်းမတက်ခင် နှစ်ရက်အလိုကတည်းက ကျွန်မရဲ့လက်ကို ဆွဲကိုင်ခဲ့ပြီး ကျွန်မကို အခုထိ 'ဟဲလို' ဆိုတဲ့ စကားအပြင် တခြားအ ပိုပြောဖို့ ရှက်နေခဲ့တဲ့ ဘရိုက်စ်၊ ကျွန်မရဲ့ ပထမဆုံး အနမ်းပေးခဲ့တဲ့ ဘရိုက်စ်နဲ့ ရှယ်လီက ဘာကြောင့်များ လက်တွဲသွားရတာပါလိမ့် နော်။ ဒီ ဟန်ဆောင်ကောင်းတဲ့ မင်းသမီးက အခု ဘာများ ကြံစည်နေပါလိမ့်။
ဘရိုက်စ်က ရှယ်လီနဲ့ တွဲသွားတိုင်း သူ့ပုခုံးပေါ်ကနေကျော်လို့ ကျွန်မကို ကြည့်နေတတ်ပါတယ်။ အစကတေ့ ကျွန်မလည်း သူ ရှယ်လီနဲ့ တွဲသွားရတဲ့ အတွက် ကျွန်မကို တောင်းပန်ချင်နေတာကို ထင်ခဲ့တာပေါ့။ ဒါပေမယ့် အချိန်ကြာလာတော့ သူ ဘာကို ဆိုလိုချင်သလဲ ဆိုတာ ကျွန်မ သဘောပေါက်လာရပါတယ်။ သူက ကျွန်မအကူအညီ လိုအပ်နေတာလေ။ ဒါပဲ ဖြစ်ရမှာ ကျိန်းသေပါတယ်။ ရှယ်လီ စတောစ်ဆိုတဲ့ ကောင်မလေးက ယတိပြတ်ဖြတ်ချရင်လည်း ကပ်တွယ်ပြီး မပြောပြန်ရင်လည်း ရောင့်တက်လို့ အနိုင်ယူတတ်တဲ့ ကောင်မလေး မဟုတ်ပါလား။ သူသာ ရှယ်လီ့ကို ဒီလိုလုပ်လိုက်ရင် ရှယ်လီက တစ်ကျောင်းလုံးကို ပတ်လို့ ဘရိုက်စ်မကောင်းကြောင်း ငိုယိုပြီး အတင်းတုပိတော့မှာ သေချာပါတယ်။ ဟုတ်တယ်။ ဒီလို ကိစ္စဆိုတာ ယောက်ျားလေးတစ်ယောက်အတွက် ဘယ်လိုမှ ကိုင်တွယ်နိုင်မဲ့ ပြဿနာမဟုတ်ပါဘူး။ ဒါက မိန်းကလေးတစ်ယောက်က ဖြေရှင်းပေးရမဲ့ ကိစ္စပါ။
ကျွန်မ ဘာမှ စဉ်းစားမနေတော့ဘဲ ချက်ချင်းဆိုသလို ရှယ်လီ့လက်ထဲက ဘရိုက်စ်ကို ဆွဲထုတ်လိုက်တယ်လေ။ ဘရိုက်စ်ခမျာ ရှယ်လီ့လက်ကလွတ်သွားတာနဲ့ တပြိုင်နက် တချိုးတည်းကိုလပြေးသွားရှာတာပါ။ ရှယ်လီကတော့ သူ့ကို ဆောင့်တွန်းရမလားဆိုပြီး သူ့လက်ထဲ မှီမှီသမျှ ဆွဲပြီး ကျွန်မကို ပြန် နပမ်းလုံးပါတော့တယ်။ ပါးစပ်ကလည်း ဘရိုက်စ်က သူ့အတွက်ပဲလို့ တတွင်တွင် အော်နေလေရဲ့။
ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းတဲ့ မြင်ကွင်းလဲ စဉ်းစားသာကြည့်ပါတော့။
ကျွန်မကတော့ ဆရာမတွေ အခန်းထဲ ၀င်လာပြီး မင်းသမီးအရေခြုံထားတဲ့ ရှယ်လီ့ရဲ့ ရုပ်သွင်အမှန်ကို မြင်နိုင်ပါစေလို့ ဆုတောင်းနေခဲ့တာပါ။ ဒါပေမယ့် ဆရာမတွေ ရောက်လာတော့ အားလုံးက ပြီးဆုံးနေခဲ့ပါပြီ။ ဆရာမ ရောက်လာတော့ ကျွန်မက ရှယ်လီ့လက်နှစ်ဖက်ကို နောက်ပြန်ချုပ်ထားပြီး ကျန်တဲ့တဖက်ကလည်း သူ့ခေါင်းကို ညှပ်ချုပ်ထားရက်သားဖြစ်နေတာပေါ့။ ရှယ်လီကတော့ အကူအညီမဲ့နေတဲ့ ကောင်မလေးလို သနားစရာကောင်းအောင် စူးစူးဝါးဝါး အော်ဟစ်နေတယ်လေ။
နောက်ဆုံးမှာတော့ ရှယ်လီလည်း ဆံပင်စုတ်ဖွားဖွားနဲ့ အိမ်ကို စောစောပြန်သွားပြီး ကျွန်မကတော့ ကျောင်းအုပ်ကြီးကို ဖြစ်ကြောင်းကုန်စင် ပြောပြနေရင်း ကျန်ခဲ့ပါတော့တယ်။ မစ္စ ရှော့ဇ်ဟာ သန်သန်မာမာ ရှိတဲ့ မိန်းကလေးတွေကို သဘောကျတာမို့ ကျွန်မရဲ့ ရှယ်လီ့အပေါ် ကိုင်တွယ်ပုံကို သဘောကျခဲ့ပါတယ်။ဒါပေမယ့် သူက ကျွန်မကို နောက်တစ်ခါ သူများကိစ္စတွေကို ကြားထဲက ၀င်မဖြေရှင်းပေးဖို့ မှာခဲ့တယ်လေ။ မစ္စ ရှော့ဇ်က ကျွန်မ ရှယ်လီ့ရဲ့ ဆံပင်ကြီးကို ရှုပ်ပွရုံလောက်လေးပဲ ပညာပေးခဲ့တာကို ကြိတ်ပြီး ၀မ်းသာနေတာ ကျွန်မ ခန့်မှန်းမိပါတယ်။
နောက်တစ်နေ့ရောက်တော့ ရှယ်လီက တစ်ခေါင်းလုံး ကျစ်ဆံမြှီးတွေကျစ်ပြီး ရောက်လာခဲ့တာပေါ့။ ပြီးတော့ သူက သေချာပေါက်ပဲ ကျွန်မ အကြောင်းကို တစ်ကျောင်းလုံး သိအောင်လိုက်ပြောခဲ့ပါသေးတယ်။ ကျွန်မလည်း သူတို့ ကျွန်မကို ကြည့်ပြီး တီးတိုးပြောနေကြတာကို လစ်လျူရှူလိုက်တယ်လေ။ အမှန်တရားက တချိန်တော့ သူ့အလိုလို ပေါ်လာမှာပဲ မဟုတ်လား။ ဘရိုက်စ် အဲ့ဒီ တစ်နှစ်လုံး ဆုံးတဲ့အထိ ရှယ်လီ အနားကို ထပ်မသွားတော့တာ ကျွန်မ ၀မ်းသာလိုက်တာ ပြောမနေပါနဲ့တော့ရှင်။
ဘရိုက်စ်က ကျွန်မ လက်ကို တွဲပြီးသွားရလောက်တဲ့အထိ ဖြစ်မလာသေးပေမဲ့ ကျွန်မအပေါ် အရင်ကထက်ပိုပြီး ရင်းနှီးဖော်ရွေလာတာ ကျွန်မ သတိထားမိပါတယ်။ အထူးသဖြင့် ဆဌမတန်းရောက်လို့ မစ္စတာ မာတင်စ်က သူနဲ့ ကျွန်မကို တတိယတန်းမှာ ဘေးချင်းယှဉ်ပြီး ထိုင်ခိုင်းခဲ့တဲ့ အချိန်မှာပေါ့။
ဘရိုက်စ်ရဲ့ ဘေးမှာ ထိုင်ရတာ ကျွန်မ သိပ်ပျော်မိပါတယ်။ သူကိုက သိပ်ကို ဖော်ရွေတတ်တဲ့သူပဲ မဟုတ်ပါလား။ သူက ကျွန်မကို မနက်တိုင်း 'ဟိုင်း...ဂျူလီ' လို့ နှုတ်ဆက်တတ်တယ်လေ။ နောက်ပြီး တခါတလေလည်း သူ ကျွန်မဘက် ခိုးခိုးကြည့်နေတာ ကျွန်မ တွေ့သေးတယ်။ ကျွန်မ သူခိုးကြည့်နေတာတွေ့တိုင်း ဘရိုက်စ် မျက်နှာကြီး နီရဲသွားတာမြင်တော့ ကျွန်မလည်း ပြုံးမိတော့တာပေါ့။ သူက ရှက်တတ်တာလေးက သိပ်ကို ချစ်ဖို့ကောင်းလွန်းတာပါပဲ။
မစ္စတာ မာတင်စ်က ကျွန်မကို ဘရိုက်စ် နောက်မှာထိုင်ဖို့ ပို့လိုက်တော့ ကျွန်မတို့နှစ်ယောက် ပိုပြီး စကားပြောဖြစ်ခဲ့တာပေါ့။ နောက်ပြီး မစ္စတာ မာတင်စ်က စာလုံးပေါင်းအမှားနဲ့ ပတ်သက်ပြီး အပြစ်ပေးတတ်တာ ပြောရပါဦးမယ်။ တကယ်လို့ ကျောင်းသားတစ်ယောက်ယောက်သာ သူပေးထားတဲ့ စာလုံးပေါင်း ၂၅ လုံးထဲက ၇ လုံးထက် ပိုမှားနေပြီဆိုတာနဲ့ အဲ့ဒီ ကျောင်းသားဟာ နေ့လည်စာ စားချိန်မှာပါ အတန်းထဲမှာထိုင်ပြီး အဲ့ဒီစာလုံးပေါင်း အမှားကို ထပ်ကာ ထပ်ကာ ရေးလို့ အပြစ်ပေးခံရတတ်တယ်လေ။
အပြစ်ပေးခံရတော့မယ်ဆိုတဲ့ အသိက ဘရိုက်စ်ကို ပိုပြီး ဖိအားပေးနေခဲ့တယ်ထင်ပါတယ်။ အခုလို လုပ်တာက ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရပေမဲ့ ကျွန်မ သူ့အတွက် ရှေ့ကို ခါးကိုင်းလို့ အဖြေတွေ ပြောပြပေးခဲ့ပါတယ်။ ဒါမှ ကျွန်မလည်း သူနဲ့အတူတူ နေ့လည်စာ စားလို့ရမှာပေါ့။ သူ့ဆံပင်လေးက ဖရဲသီးအနံ့လေးရတဲ့အပြင် သူ့နားပန်ကလေးမှာလည်း ရွှေရောင် အမွှေးလေးတွေ ပေါက်နေတာ ကျွန်မ သတိထားမိပါတယ်။ နူးညံ့တဲ့ အမွှေးလေးတွေလေ။ ကျွန်မလည်း စိတ်၀င်စားသွားတာပေါ့။ ဘရိုက်စ်လို အနက်မှောင်တဲ့ ဆံပင်ရောင်ရှိတဲ့ကောင်လေးက ဘယ့်နှယ့်ကြောင့် နားမှာ ရွှေရောင်အမွှေးလေးတွေ ပေါက်နေရပါလိမ့်။ နောက်ပြီး အဲ့ဒီ နားပန်သီး နေရာလေးမှာ ဘာလို့များ အမွှေးပေါက်နေရသလဲဆိုတာ ကျွန်မ သိပ်သိချင်ခဲ့ပါတယ်။ ကျွန်မရဲ့ နားပန် နေရာလေးကို စမ်းကြည့်တေယ့ သူ့လောက် အမွှေးလေးတွေ ရှိမနေဘူးလေ။ နောက်ပြီး တခြား ကလေးတွေရဲ့ နားပန်မှာလည်း ဘရိုက်စ်လို အမွှေးတွေ ရှိနေတာ မတွေ့ခဲ့ရတာ အမှန်ပါ။
ကျွန်မ တို့အတန်းထဲမှာ သိပ္ပံအချိန်ရောက်တုန်း ကျွန်မလည်း မစ္စတာ မာတင်စ်ကို ဘာလို့များ နားပန်သီးလေးနားမှာ အမွှေးတွေပေါက်ရသလဲဆိုတာ မေးဖို့ စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် ကျွန်မ မေးတော့ မမေးဖြစ်ခဲ့ပါဘူးလေ။ ကျွန်မလည်း တစ်နှစ်လုံး ဘရိုက်စ် နားထဲကို စာလုံးပေါင်းလေးတွေ ပေါင်းပြလိုက်၊ သူ့ဆံပင်လေးက ဖရဲသီးနံ့လေးကို အနံ့ခံလိုက် နောက်ပြီး ဘယ်တော့များမှ သူ ကျွန်မကို အနမ်းလေးပေးမလဲဆိုတာ စဉ်းစားရင်း ကုန်ဆုံးခဲ့ပါတော့တယ်။
အခန်း (၃)
ဘရိုက်စ်
မျောက်လွှဲကျော်
သတ္တမတန်းရောက်လာတော့ တချို့သော ပြောင်းလဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းမှာတော့ မဟုတ်ဘူးလေ။ ကျွန်တော့်အိမ်မှာ ပြောင်းလဲမှု တစ်ခု ဖြစ်သွားခဲ့တာပါ။ ကျွန်တော့် အဘိုး ဒန်ကန်က ကျွန်တော်တို့ မိသားစုနဲ့အတူ လာနေခဲ့ပါတော့တယ်။
ပထမဆုံး အဘိုးကိုတွေ့တော့ ကျွန်တော်တော်တော် ကြောင်သွားတာ အမှန်ပါပဲ။ အဘိုးကို အမေကလွဲပြီး ကျန်တဲ့ မိသားစုတွေက သိပ်ပြီး မရင်းနှီးကြဘူးလေ။ အမေကတော့ တစ်နှစ်ပတ်လုံးကို အဘိုးက ပေါင်းရသင်းရ လွယ်ကွယ်တဲ့သူပါလို့ ကျွန်တော်တို့ကို ဖာထေးလို့ပြောခဲ့ပေမဲ့ ကျွန်တော်တွေ့ရသလောက်တော့ အဘိုးက အမြဲတမ်း အိမ်ရှေ့ခန်း ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေတတ်ပါတယ်။ အဲ့ဒီ အိမ်ရှေ့ခန်းကနေလှမ်းကြည့်ရင် ဘိတ်ကာမိသားစုရဲ့ အိမ်ရှေ့ကိုပဲ မြင်ရပေမဲ့ အဘိုးကတော့ တစိုက်မတ်မတ်ကို သူ ကျွန်တော်တို့အိမ်ကို ပြောင်းလာတော့ တခါတည်း ပါလာတဲ့ ပက်လက်ကုလားထိုင်လေးပေါ်မှာ ထိုင်လို့ ငေးနေတာချည်းပါပဲ။
အဘိုးက တွမ် ကလန်ဆီရဲ့ ၀တ္ထုတွေ၊ သတင်းစာတွေ ဖတ်တတ်ပြီး သတင်းစာထဲက ပဟေဠိစာလုံးဆက် ကစားနည်းလေးတွေဆော့လိုက်၊ စတော့ရှယ်ယာဈေးကွက်ကို စစ်လိုက် လုပ်တတ်ပေမဲ့ သူလည်း အချိန်ကို တနည်းနည်းနဲ့ ဖြုန်းနေရတာ ကျွန်တော် နားလည်ပါတယ်။ ဘယ်သူမှလည်း အထွေအထူး ပြောမနေဘူးဆိုတော့ အဘိုးက အိမ်ရှေ့ခန်း ပြတင်းပေါက်ကနေပဲ ညအိပ်ရာမ၀င်ခင်အထိကို ငေးကြည့်နေတော့တာပေါ့။ သူ ဒီလိုကြည့်တာ ဘာမှတော့ ပြဿနာ မရှိပေမဲ့ ကျွန်တော်ကတော့ သူ့ကို ကြည့်ပြီး သိပ်ကို ပျင်းမိတာ အမှန်ပါပဲ။
အမေကတော့ အဘိုးက အဘွားကို သတိရနေလို့ အခုလို တစ်ယောက်ထဲ ငိုင်နေတာလို့ ပြောဖူးပါတယ်။ ဒါပေမယ့် အဘိုးကတော့ ကျွန်တော့်ကို အဲ့ဒီလို မပြောဖူးပါဘူးလေ။ တကယ်တမ်းပြောရမယ်ဆို အဘိုးက ကျွန်တော်နဲ့ဆို ဘာစကားမှ တခုတ်တရ မပြောဖူးတာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ လအနည်းငယ်က အဘိုး သတင်းစာထဲမှာ ဂျူလီ့အကြောင်း ဖတ်ပြီးတဲ့နောက်မှာတော့ ကျံန်တော့်ကို စကားစပြောလာခဲ့ပါတော့တယ်။
ဂျူလီ ဘိတ်ကာ မေဖီးလ် တိုင်းမ်စ် သတင်းစာထဲမှာ ပါလာရတဲ့ အကြောင်းအရင်းကတော့ အိုင်းစတိုင်းလို ထူးချွန်တဲ့ ရှစ်တန်းကျောင်းသူလေးဆိုတဲ့ အကြောင်းလို့တော့ မထင်လိုက်နဲ့ဗျ။ သူက သဖန်းပင်ကြီးပေါ်ကနေ ပြန်ကိုဆင်းမလာတော့လို့ သတင်းစာထဲမှာပါ အထူးသတင်းအနေနဲ့ ပါလာခဲ့တာပါ။
ကျွန်တော်ကတော့ ဒီအပင်ကြီးကို မေပယ်ပင်လား၊ ဘုဇပတ်ပင်လားတောင် ထင်နေခဲ့သေးပေမဲ့ အရာရာသိဂျူလီက သူ့၀သီအတိုင်း အနားကလူမှန်သမျှကို လိုက်ပြောနေတတ်လို့သာ ကျွန်တော်လည်း ဒါက သဖန်းပင်ဆိုတာ သိလာခဲ့တာပါ။
ဆိုတော့ကာ...အဲ့ဒီ သဖန်းပင်ကြီးက ကိုလီယာလမ်းပေါ်က တောင်ကုန်းမြေလွတ်ပေါ်မှာ ပေါက်နေခဲ့တာပေါ့။ အပင်ကြီးက ပင်စည်ကြီးကလည်း ကြီးမားလွန်းလှတဲ့အပြင် တွန့်လိမ်ကောက်ကွေးနေတဲ့ အကိုင်းအခက် တုတ်တုတ်ကြီးတွေ ပြန့်ကားနေတာက သိပ်ကို အရုပ်ဆိုးလှပါတယ်။ ကျွန်တော်ကတော့ လေပြင်းတိုက်သတဲ့ အခါတိုင်း အဲ့ဒီအပင်ကြီးပါ အမြစ်ကနေ ကျွတ်ထွက်သွားပါစေလို့ မျှော်လင့်နေခဲ့မိတော့တာပါပဲ။
ပြီးခဲ့တဲ့နှစ်က တစ်ရက်မှာပေါ့။ ဂျူလီ အမွှန်းတင်နေလွန်းတဲ့ အဲ့ဒီ သဖန်းပင်ကြီး အကြောင်းကို ကြားရပါများတော့ ကျွန်တော်လည်း သူ့ကို အဲ့ဒီ သဖန်းပင်ကြီးက သူပြောသလောက်လည်း မလှပတဲ့အပြင် လူသားတွေအတွက် ရုပ်အဆိုးဆုံး သစ်ပင်ပဲလို့ ပြောလိုက်ပါတော့တယ်။ အဲ့ဒီတော့ သူက ဘာပြန်ပြောတယ်ထင်လဲ။ သူက ကျွန်တော့်ကို အလှအပကို မခံစားတတ်ဘဲ အမြင်မရှိတဲ့သူလို့ ပြောတယ်လေ။ အမြင်မရှိတဲ့သူဆိုပါလား။ တစ်ရက်ကွက်လုံးထဲမှာ အမြင်ဆိုးရလောက်အောင်ကို အိမ်ရှေ့ခြံကွက်တစ်ခုလုံးကို ညစ်ပတ်အောင် ထားတတ်တဲ့ အိမ်က ကောင်မလေးဆီက ဒီလို စကားထွက်လာတာ ကျွန်တော် အံ့ဩမိပါတယ်။ အမှန်တိုင်းပြောရမယ်ဆို ဂျူလီတို့ အိမ်မှာ ပြတင်းပေါက်တွေမှာတောင် ချုံပုတ်တွေပေါက်နေပြီး အုတ်ကျိုအုတ်ကြားကနေလည်း မြက်ပင်တွေက ပေါက်နေသေးတဲ့ အပြင် အင်မတန်ဆိုးရွားတဲ့ တိရစ္ဆာန်တွေကလည်း ရှိပါသေးတယ်။ သူတို့အိမ်က ခွေးတွေ၊ ကြောင်တွေ၊ ကြက်တွေ မွေးထားတဲ့အပြင် မြွေကပါ ပါလိုက်သေးတယ်လေ။ သူ့ရဲ့ အစ်ကိုနှစ်ယောက်ဆိုရင် သူတို့အခန်းထဲမှာ စပါးကြီးမြွေတောင် မွေးထားသေးတာပါ။ ကျွန်တော် ဆယ်နှစ်သား အရွယ်လောက်တုန်းက ဂျူလီ့အစ်ကိုတွေက ကျွန်တော့်ကို အခန်းထဲ ဆွဲခေါ်သွားပြီး သူတို့မွေးထားတဲ့ မြွေက ကြွက်တစ်ကောင်ကို အစာစားတာနေတာကို ကြည့်ခိုင်းတာ ကျွန်တော် မှတ်မိပါသေးတယ်။ မျက်လုံးလေး ကလယ် ကလယ်နဲ့ ကြွက်အရှင်လေးကို သူတို့က အမြှီးကနေကိုင်ပြီး ချပေးတော့ မြွေက တခါထဲ မျိုချလိုက်တယ်လေ။ အဲ့ဒီမြွေ အစားစာတာကို မြင်ပြီး ကျွန်တော် အိပ်မက်ဆိုးတွေတောင် မက်ခဲ့ရပါသေးတယ်။
ပုံမှန်ဆိုရင်တော့ ကျွန်တော်ဟာ အိမ်နီးနားချင်းတွေရဲ့ ခြံအကြောင်းကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘိတ်ကာ မိသားစုရဲ့ ခြံကို ပစ်စလတ်ခတ် ထားတဲ့ပုံကို မြင်တော့ အဖေ့ခမျာ စိတ်ထဲ အောက်သီးအောက်သက်ကို ဖြစ်လွန်းလို့ဆိုပြီး ကျွန်တော်တို့ ခြံကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဖို့ ကြိုးစားလာတော့တာပေါ့။ အဖေ့စကားအရဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အိမ်နီးနားချင်းတွေကို အိမ်ရှေ့ခြံကို ဘယ်လို လှလှပပ ပြင်ဆင်ရမယ်ဆိုတာ ပြသသင့်တယ်တဲ့လေ။ အဲ့ဒီတော့ ဂျူလီ့ရဲ့ အစ်ကိုနှစ်ယောက်ဖြစ်တဲ့ မိုက်ခ်နဲ့ မတ်ထ် တို့က သူတို့မွေးထားတဲ့ စပါးကြီးမြွေပေါက်နဲ့ အလုပ်ရှုပ်နေတုန်း ကျွန်တော်ကတော့ မြက်တွေရိတ်လိုက်၊ ခြံကို လှလှပပ ဖြစ်အောင် ခတ်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့ပါတော့တယ်။ နောက်ပြီး ကားအ၀င်လမ်းကိုလည်း သန့်ရှင်းနေအောင် ထားရသေးတဲ့အပြင် ရေတံလျှောက်ပါ ဖောက်လိုက်သေးတာပါ။ သူများတွေအမြင်မှာတော့ နည်းနည်းတော့ အပိုလုပ်တယ်လို့ ထင်ကောင်း ထင်သွားနိုင်ပါတယ်။
ဂျူလီ့ရဲ့ အဖေက ခန္ဓာကိုယ်ကြီးကြီးမားမားရှိလှတဲ့ ပန်းရံသမားမို့ သူတို့ရဲ့ အိမ်ကို အကောင်းဆုံး ပြင်ပေးမယ်ထင်လား။ ဘယ့်နှယ်ဗျာ...ဝေလားဝေးသေး။ အမေ့စကားအရဆိုရင် ဂျူလီ့အဖေက အလုပ်အားတိုင်း ပန်းချီဆွဲပြီးတော့ အချိန်ဖြုန်းနေတယ်တဲ့လေ။ သူ့ရဲ့ ရှုခင်းပုံတွေကလည်း ကျွန်တော့်အတွက်တော့ ဘာမှ ထူထူးခြားခြား မရှိတာ အမှန်ပါ။ ဒါပေမယ့် သူသ တ်မှတ်ထားတဲ့ ဈေးတွေအရတော့ ဂျူလီ့အဖေက သူ့ပန်းချီတွေကို တော်တော် တန်ဘိုးထားတယ်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ နှစ်စဉ်နှစ်တိုင်း မေဖီးလ်စီရင်စု ပွဲတော်လုပ်တိုင်း ဂျူလီ့အဖေ့က သူ့ပန်းချီကားတွေ ရောင်းချတာ တွေ့ရတိုင်း အဖေနဲ့ အမေကတော့
"သူသာ အိမ်ရှေ့ခြံကို ပြင်ဆင်ဖို့ စိတ်ကူးရှိမယ်ဆို ကမ္ဘာကြီးက ပိုလှသွားမှာပဲ" လို့ ငြီးငြူတတ်ကြတယ်လေ။
အမေနဲ့ ဂျူလီ့အနေကတော့ စကားစမြည်ပြောနေတတ်တာ ကျွန်တော် တွေ့ဖူးပါတယ်။ ကြည့်ရတာ အမေက မစ္စဘိတ်ကာကို စိတ်ကူးယဉ်ဆန်တဲ့ သူတစ်ယောက်နဲ့ အိမ်ထောင်ပြုရတဲ့ အတွက် စိတ်မကောင်းဖြစ်နေပုံရပါတယ်။ အမေက ဘိတ်ကာ ဇနီးမောင်နှံထဲက တစ်ယောက်ယောက် ကတော့ အမြဲ စိတ်ဆင်းရဲနေရမှာပဲလို့ ပြောတတ်တယ်လေ။
ဒါကြောင့် ဂျူလီ့မှာ အလှအပကို ခံစားဖို့ အမြင်မရှိတတ်တာ သူ့အဖေကြောင့်ပဲလို့ ယူဆပြီး မှတ်ထားလိုက်လို့ရပေမဲ့ ဂျူလီကတော့ ဟို သဖန်းပင်ကြီးဟာ စကြာ၀ဠာကြီးထဲက ကျွန်တော်တို့ နေထိုင်ရာအရပ်ကလေးအတွက် ဘုရားသခင်ရဲ့ လက်ဆောင်ပဲလို့ တွေးနေတတ်တာ စိတ်အနှောင့်အယှက် ဖြစ်စရာပါ။
ဂျူလီ ၃ တန်း၊ ၄ တန်း အရွယ်တုန်းကတော့ သူက သူ့အစ်ကိုနှစ်ယောက်နဲ့အတူ အဲ့ဒီ သဖန်းပင်ကြီးပေါ်မှာ တက်ထိုင်တာ၊ သစ်ကိုင်းကြီးကို တွဲလဲခိုလို့ လျှောဆင်းတာတွေလုပ်ပြီး မျောက်ရှုံးအောင် ဆော့ဖူးပါတယ်။ အမေနဲ့ ကျွန်တော် ကားစီးပြီး အပြင်ထွက်တိုင်း ဂျူလီတို့ မောင်နှမ သုံးယောက်ကို အမြဲတမ်း သဖန်းပင်ကြီးပေါ်မှာ တွဲလဲခိုနေတာချည်းပဲ ကျွန်တော် မြင်နေခဲ့ရတာ အမှန်ပါ။ ဂျူလီက သစ်ကိုင်းကွေးကွေးကြီးကို ဆွဲလို့ ဟိုဘက် ဒီဘက် လွှဲနေလိုက်တာ သူ့ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေ ကျိုးကြေသွားမှာကိုတောင် ဂရုမစိုက်တဲ့ ပုံပဲလေ။ ကျွန်တော်တို့ ကားပေါ်မှာ မီးပွိုင့်ကို စောင့်နေတဲ့အချိန် သဖန်းပင်ပေါ် တက်ဆော့နေတဲ့ ဂျူလီ့ကို မြင်တိုင်း အမေက ခေါင်းလေးခါလို့
"ဘရိုက်စ်ရေ...သားတော့ အဲ့ဒီသစ်ပင်ပေါ်ကို ဘယ်တော့မှ တက်မဆော့ပါနဲ့ကွယ်။ အမေကတော့ မင်းအဲ့ဒီလို တွဲလဲခိုနေတာ မြင်ရမှာ ဘယ်တော့မှ မမြင်ချင်တာ အမှန်ပဲ။ သမီး ရောပဲနော် လင်နတ်တာ။ ကြည့်စမ်းပါဦး အန္တရာယ်က်ို အကြောက်အလန့်မရှိ ဆော့နေလိုက်ကြတာ..." ဆိုပြီး ပြောနေကြပါ။
အဲ့ဒီလို အမေပြောတိုင်း အစ်မက မျက်စောင်းထိုးလို့ "ဆုတောင်းလေ" လို့ ပြောတတ်ပေမဲ့ ကျွန်တော့်ကတော့ ကားတံခါးအောက်နားရောက်အောင် ခေါင်းငုံ့ပြီး မီးပွိုင့်မြန်မြန် အရောင်ပြောင်းပါစေလို့ပဲ ဆုတောင်းနေခဲ့ရပါတယ်။ နို့မို့ဆို ဂျူလီက ကျွန်တော့် နာမည်ကို တစ်ကမ္ဘာလုံး ကြားအောင် သစ်ပင်ပေါ်က အော်ခေါ်တဲ့ အသံကို ကြားနေရဦးမယ် မဟုတ်ပါလား။
ကျွန်တော် ၅ တန်းလောက်တုန်းကတော့ အဲ့ဒီသစ်ပင်ကြီးပေါ်ကို တစ်ခါ တက်ဖူးပါသေးတယ်။ အဲ့ဒီနေ့က ဂျူလီ ကျွန်တော့်စွန်လေး သဖန်းပင်ပေါ်မှာ ညှပ်နေတာကို သွားတက်ဖြုတ်ပေးတဲ့ နောက်တစ်နေ့ပေါ့။ သူက ကျွန်တော့် စွန်ကို ဖြုတ်ဖို့ ဟိုးအဝေးကြီးအထိကို တက်သွားပြီး အသာအယာလေးပဲ ပြန်ဆင်းလာကာ ကျွန်တော့်ကို စွန်ပြန်ပေးခဲ့ပါတယ်။ ကျွန်တော်က သူ စွန်ကိုကိုင်လို့ လျှာထုတ်ပြီး ကျွန်တော့်ကို စနေဦးမယ်ထင်နေခဲ့ပေမဲ့ ဂျူလီက ကျွန်တော့်ကို အေးအေးဆေးဆေးပဲ စွန်ကမ်းပေးပြီး ထွက်သွားခဲ့ပါတယ်။
ကျွန်တော် စိတ်အေးသွားရပေမဲ့ တချိန်ထဲမှာပဲ အရှုံးသမားတစ်ယောက်လို ခံစားသွားရတယ်လေ။ ကျွန်တော်က သစ်ပင်အောက်ကနေ စွန်ညှပ်နေတဲ့ အကိုင်းဆီ လှမ်းကြည့်လိုက်တော့ ဒီတစ်သက် စွန်လေးတော့ ဆုံးပါပြီဆိုပြီး စိတ်ပူနေခဲ့တာပါ။ အဲ့ဒီအချိန်မှာ ဂျူလီက ချက်ချင်းပဲ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြေးတက်သွားပြီး စွန်ကို တက်ဖြုတ်လိုက်တာများ ကျွန်တော်တောင် ကိုယ့်ကိုယ်ကို ရှက်သွားရတဲ့ အထိပါပဲ။
အဲ့ဒီတော့ ကျွန်တော်လည်း မကြောက်တတ်တဲ့သူဆိုတာပြမယ်ဆိုပြီး တေးထားခဲ့တာပေါ့။ နောက်နေ့တော့ ကျွန်တော်လည်း ဂျူလီ့ထက် သာအောင် နှစ်ကိုင်းလောက် ပိုမြင့်တဲ့အထိ တက်ပြဦးမယ်လို့ ဆုံးဖြတ်ချက်ချပြီး ပင်စည်ခွကြီးနဲ့ အဖုအထစ်တွေကို ကျော်ရုံလေးအရောက်မှာ အောက်ကို တစ်ချက်ငုံ့ကြည့်လိုက်တယ်လေ။
မှားပါပြီဗျာ။ ကျွန်တော်ကတော့ ဟိုး ကောင်းကင် အမြင့်က နေခုန်ချရမဲ့ အားကစားကို ကြိုးမပါ၊ လေထီးမပါနဲ့ ခုန်ချရတော့မဲ့ အတိုင်းကို ခံစားနေရတော့တာပါ။ ဒီလိုပုံစံအတိုင်းဆိုရင်တော့ ကျွန်တော် ဂျူလီ့ကို ကျော်ဖို့မပြောနဲ့ စွန် ညှပ်နေခဲ့တဲ့ အကိုင်းနားထိတောင် မရောက်နိုင်မှာ သေချာပါတယ်။ ကျွန်တော်က တကယ့်ကို သစ်ပင်တက်တဲ့နေရာမှာ အရှုံးသမားပါပဲ။
အဲ့ဒီနောက် ကျွန်တော် အလယ်တန်းကျောင်းကိုပြောင်းတက်ရတော့ ဂျူလီ့ကို ရှောင်ရမဲ့ အခွင့်အရေးတွေ နည်းသွားတော့တာပေါ့။ ဘာဖြစ်လို့ဆို အခု ကျွန်တောိက အလယ်တန်းကျောင်းကို ဂျူလီနဲ့အတူ ကျောင်းကားစီးပြီး သွားနေရတာကိုး။ ကျွန်တော်တို့ ကျောင်းကား စောင့်စီးတဲ့နေရာမှာ ကျောင်းသားလေးတွေ ရှစ်ယောက်လောက် စောင့်တတ်ကြပါတယ်။ အဲ့ဒီအချိန်ရောက်တိုင်း ဂျူလီက ကျွန်တော့်ဘေးမှာ ရပ်ပြီး ကျွန်တော့်ကို စကားတွေပြောလိုက် ဒါမှမဟုတ် တခြားကလေးတွေရှေ့မှာ ရှက်စရာကောင်းအောင်လုပ်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်လေ။
နောက်တော့ သူ သစ်ပင်ပေါ် တက်တတ်တဲ့ အကျင့်ကပါ ပိုလာတော့တာပေါ့။ ၇ တန်းရောက်နေတဲ့ ကောင်မလေးက သစ်ပင်ပေါ်တက်နေတယ်တဲ့လား။ တက်တာတောင် ဟိုး အဝေးကြီးအထိကို တက်တက်တာနော်။ သူ ဘာလို့များ သစ်ပင်ပေါ်တက်တယ်ထင်လဲ။ သူက သစ်ပင်ပေါ်တက်ပြီး ဟိုးအပေါ်ကနေ ကျောင်းကားကို လာနေတာကို လှမ်းကြည့်ပြီး
"၅ ဘလော့ကိုရောက်ပြီ ဟေ့၊ ၄ ဘလော့ကို ရောက်ပြီဟေ့" ဆိုပြီး အောက်က စောင့်နေတဲ့ ကလေးတွေကို အော်လို့ သတိပေးတတ်ပါတယ်။ အဲ့ဒါကြောင့် ကားဂိတ်မှာ ကားလာစောင့်စီးကြတဲ့ ကျောင်းသားတွေလည်း မနက်တိုင်း ဂျူလီ့အသံကို စိတ်ပျက်အောင် ကြားနေကြရတော့တာပေါ့။
သူက ကျွန်တော့်ကိုတောင် သူနဲ့အတူ သစ်ပင်ပေါ်တက်ဖို့ ခေါ်နေသေးတာပါ။
"ဘရိုက်စ် လာစမ်းပါဆို။ နင် ဒီက မြင်ရတဲ့ အရောင်တွေကို ယုံနိုင်မှာတောင် မဟုတ်ဘူးဟ။ ဒီကနေ မြင်ရတာတွေက သိပ်လှတယ်လေ။ ဘရိုက်စ် အပေါ်တက်လာခဲ့ပါလားဟာ"
သူအဲ့ဒီလို တစ်ခွန်းပြောလိုက်တိုင်း ကျွန်တော့်နားထဲမှာ မူလတန်းတုန်းက ကလေးတွေ ဆိုကြတဲ့…
"ဘရိုက်စ်နဲ့ ဂျူလီ သစ်ပင်ပေါ်မှာ ထိုင်ကြသည်...." ဆိုတဲ့ သီချင်းကို ပြန်လို့ ကြားယောင်လာတော့တာ အမှန်ပါပဲ။ ဒီအခြေအနေတောင် ရောက်နေမှတော့ အဲ့ဒီလို ဘယ်တော့မှ အစမခံရအောင် နေဖို့ ကျွန်တော့်မှာ တာ၀န်ရှိတယ်လေ။
တစ်မနက်ခင်းတုန်းကပေါ့ဗျာ။ ကျွန်တော်လည်း သစ်ပင်ပေါ် သူမရှိလောက်ဘူးထင်ပြီး အောက်မှာ ကားရပ်စောင့်နေတုန်း ဂျူလီက အသံမပေးဘာမပေးနဲ့ သစ်ကိုင်းကိုခိုပြီး ခုန်ဆင်းလာလိုက်တာ ကျွန်တော်ဖြင့် ရင်တွေ ပန်းတွေတောင် တုန်သွားတာပါပဲ။ ကျွန်တော့် လက်ထဲကကျောပိုးအိတ်တောင် ပြုတ်ကျသွားပြီး ခြေထောက်လည်း ခေါက်သွားသေးတယ်လေ။ အဲ့ဒီကနေစပြီးတော့ ကျွန်တော်လည်း ဒီအရူးမလေးနဲ့ အတူ သစ်ပင်အောက်မှာ ကားအတူမစောင့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကျွန်တော်က အိမ်ကနေ ကျောင်းကားရောက်လောက်မဲ့ အချိန်ကို ချိန်ကိုက်ပြီးတော့မှ ထွက်လာတတ်သလို ကျွန်တော် ကားစောင့်ဖို့ နေရာလေးပါ သီးသီးသန့်သန့် သတ်မှတ်ထားခဲ့တာပေါ့။ ဒီလိုနဲ့ ကားရပ်ပြီဆိုတာနဲ့ ကျွန်တော်လည်း သူများတွေနဲ့အတူ အပြေးကလေး ပြေးတက်လိုက်ရုံနဲ့ အဆင်ပြေနေခဲ့ပါတယ်။
ဂျူလီနဲ့ ဝေးလေ၊ ကျွန်တော့် အတွက်တော့ ပြဿနာကင်းလေပါပဲ။
အဲ့ဒီနည်းက ကျွန်တော့်ကို ၇ တန်း တစ်နှစ်လုံးအတွက် အဆင်ပြေနေခဲ့တာပေါ့။ အမှန်တိုင်း ပြောရရင် ၈ တန်း နှစ်ကုန်ခါနီးတဲ့အထိလည်း ကျွန်တော် ဒီနည်းနဲ့ အဆင်ပြေနေခဲ့ပါသေးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက တစ်ရက်မှာပေါ့။ ကျွန်တော် ကားစောင့်ဖို့လာတုန်း ကျွန်တော်တို့စောင့်နေကြနေရာ ကိုလီယာ လမ်းမရဲ့ ဘေးမှာ ကုန်တင်ကားကြီး တစ်စီးရပ်လို့ ဆူဆူညံညံအော်ဟစ်နေကြတာကို ကျွန်တော် ကြားလိုက်ရပါတော့တယ်။ သစ်ပင်အောက်မှာ လူကြီးတချို့က သစ်ပင်ပေါ်မှာ ငါးထပ်အိမ်အမြင့်လောက်အထိ တက်ထိုင်နေတဲ့ ဂျူလီ့ကို လှမ်းအော်နေကြတယ်လေ။
နောက်ပြီး တခြားကျောင်းသားလေးတွေကလည်း သစ်ပင်အောက်မှာ စုလို့ ဂျူလီ့ကို အောက်ဆင်းလာဖို့ အော်နေကြပါတယ်။ ဂျူလီ့အသံကို ကြားရတာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အောက်ကလူတွေက ဘာလို့များ သူ့ကို အောက်ဆင်းလာဖို့ ပြောနေကြလဲတော့ ကျွန်တော်လည်း မစဉ်းစားတတ်တော့ပါဘူး။
ကျွန်တော်လည်း တောင်ကုန်းလေးနား တဖြည်းဖြည်း ပိုနီးကပ်လာတော့ အောက်ကနေ အော်နေကြတဲ့ လူကြီးတွေ လက်ထဲက ပစ္စည်းကို တွေ့လိုက်ရပါတော့တယ်။ ဒါကြောင့်လည်း ဂျူလီက အောက်ဆင်းဖို့ ငြင်းနေတာ ဖြစ်ရပါမယ်။
အဲ့ဒီလူကြီးတွေ ကိုင်ထားတာက သံကြိုးလွှကြီးတွေပါ။ ဒီသစ်ပင်ကြီးကိုကလည်း တွန့်လိမ်ကောက်ကွေးတဲ့ အကိုင်းအခက်တွေနဲ့ ရုပ်ဆိုးလှတာမို့ ခုတ်ပစ်ချင်စရာမဟုတ်ပါလား။ ဒီလူကြီးတွေ နဲ့ပြိုင်ပြီး ငြင်းနေတာကလည်း ကမ္ဘာပေါ်မှာ ဒုက္ခအပေးတတ်ဆုံး၊နေရာတကာ ဆရာကြီး အလုပ်တတ်ဆုံး ဂျူလီလေ။ ဒါပေမယ့် ရုတ်တရက် ကျွန်တော့် ရင်ထဲမှာ စိတ်မကောင်းတဲ့ ခံစားချက်လေး ပေါက်ဖွားလာခဲ့ပါတယ်။ ဘယ်လောက်ပဲ တုံးအတယ်လို့ ကျွန်တော်ထင်နေပါစေ... ဂျူလီက အဲ့ဒီ သဖန်းပင်ကြီးကို တကယ် သံယောဇဉ်တွယ်နေခဲ့တာမို့ ကျွန်တော် စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါပဲ။ သဖန်းပင်ကြီးကိုသာ ခုတ်ပစ်မယ်ဆို ဂျူလီလည်း ရင်ကွဲမှာ သေချာပါတယ်။
ကျွန်တော် အပါအ၀င် ကျောင်းသားလေးတွေအားလုံး ဂျူလီ့ကို အောက်ဆင်းလာဖို့ ဖြောင့်ဖြပေးခဲ့ကြပါတယ်။ သူကတော့ အောက်ကို ဆင်းဖို့ လုံး၀မစဉ်းစားတဲ့အပြင် ကျွန်တော့်ကိုတောင် သူနဲ့အတူ သစ်ပင်ပေါ် မှာ လာထိုင်နေဖို့ ပြောလိုက်သေးတယ်လေ။
"ဘရိုက်စ်ရယ်...ကျေးဇူးပြုပြီး ငါနဲ့အတူ ဒီပေါ်မှာ လာထိုင်ပါလားဟင်။ ငါတို့ အားလုံး ဒီမှာ ထိုင်နေတယ်ဆို သူတို့လည်း ခုတ်လို့ရမှာ မဟုတ်တော့ဘူးလေ"
ကျွန်တော် သူ့စကားက ဟုတ်သလိုလိုရှိတာပဲလို့တောင် တွေးမိလိုက်ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ ကျောင်းကားက ရောက်ချလာတော့ ကျွန်တော်လည်း ဆုံးဖြတ်ချက် မြန်မြန်ချလိုက်တယ်လေ။ ဒီသဖန်းပင်ကြီးက ကျွန်တော့်သစ်ပင်လည်း မဟုတ်သလို ဂျူလီ ဘယ်လောက်ပဲ သဘောကျနေပါစေ သူ့သစ်ပင်လည်း မဟုတ်ပါဘူး။
ကျွန်တော်တို့ ကျောင်းကားပေါ် ပြေးတက်သွားပြီး ဂျူလီ့ကို မစောင့်ဘဲ ထွက်ခွာသွားခဲ့ကြပါတော့တယ်။ ဒါပေမယ့် ကျောင်းရောက်တော့ ကျွန်တော် ဘာစာမှ အာရုံမစိုက်နိုင်ဘဲ ဂျူလီ့အကြောင်းသာ တွေးနေမိတယ်လေ။ သူ အခုထိများ သစ်ပင်ပေါ်မှာ ရှိနေသေးလား။ ဒါမှမဟုတ် သူ့ကိုများ ၀တ္တရားနှောင့်ယှက်မှုနဲ့ ဖမ်းသွားကြပြီးများလားဗျာ။
ကျွန်တော်တို့ ကျောင်းကားနဲ့ အိမ်ပြန်လာတော့ ဂျူလီလည်း မနက်ကနေရာမှာ မရှိတော့သလို သဖန်းပင်ကြီးလည်း ငုတ်တိုချောင်းကြီးသာသာပဲ ကျန်ပါတော့တယ်။ ကျွန်တော့်စွန်လေး ညှပ်ဖူးတဲ့ ဟိုးက မိုးမျှော်နေတဲ့ အကိုင်းအခက်ကြီးတွေ၊ ဂျူလီ အကြိုက်ဆုံး သစ်ပင်ခွကြားကြီးတွေလည်း တမုဟုတ်ချင်းကို မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားကြပါပြီ။
ကျွန်တော်နဲ့ တခြားကျောင်းသားလေးတွေလည်း အနားမှာရပ်လို့ သစ်ခုတ်သမားကြီးတွေရဲ့ ဆူညံနေတဲ့ လွှကြီးနဲ့ သဖန်းပင်ကြီးကို တိုက်ဖြတ်နေတာကို ကြည့်နေခဲ့မိပါတယ်။ သံကြိုးလွှကြီးကလည်း မီးခိုးတအူအူထွက်ရင်း တဖြည်းဖြည်းချင်းစီ သဖန်းပင်ကြီးကို တိုက်ဖြတ်နေတယ်လေ။ သစ်ခုတ်သမားကြီးတွေရဲ့ မညီမညာ ခုတ်ဖြတ်မှုကြောင့် သဖန်းပင်ကြီးခမျာ မလှမပနဲ့ ဖြစ်နေရတာကြောင့် ကျွန်တော်လည်း ဆက်မကြည့်နိုင်တော့ဘဲ ထွက်လာခဲ့ပါတော့တယ်။ သဖန်းပင်ကြီးကို ခုတ်နေတာကြည့်ရတာ လူတစ်ယောက်ကို ကိုယ်လက်အင်္ဂါတွေ ခုတ်ဖြတ်တာကို ကြည့်နေရတဲ့ အတိုင်းပဲလေ။ ကျွန်တော်လည်း စိတ်ထဲမှာ ငိုချင်စိတ်တွေတောင် ပေါက်လာရတာ အမှန်ပါပဲ။ ကျွန်တော် အမြဲတမ်း မုန်းနေခဲ့တဲ့ သစ်ပင်ကြီးအတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုတာ ထူးတော့ ထူးဆန်းသား။
ကျွန်တော်လည်း အိမ်ပြန်ပြီး ဒီ ခံစားချက်တွေကို မေ့ဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ တွေးနေမိပါတယ်။ ဂျူလီ့စကားအတိုင်း ကျွန်တော် သစ်ပင်ပေါ် တက်ခဲ့လိုက်သင့်သလား.... ကျွန်တော်သာ အဲ့ဒီလို လုပ်လိုက်မယ်ဆိုရင်ရော တခုခု ပြောင်းလဲသွားမှာလား လို့ပေါ့။
ကျွန်တော် ဂျူလီ့ကို သစ်ပင်ကြီး ခုတ်လှဲခံရတဲ့အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဖုန်းဆက်ပြောဖို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် မလုပ်ခဲ့ပါဘူးလေ။ ဒါမှမဟုတ် ကျွန်တော် သူ့ကို ဖုန်းခေါ်ပေးခဲ့သင့်သလား။ ဒီအတွေးတွေက ကျွန်တော့်ကို ခြောက်လှန့်နေခဲ့ပါပြီ။
နောက်တစ်နေ့ မနက် ကားစောင့်တဲ့ နားမှ ဂျူလီ့ကို ကျွန်တော် မတွေ့ခဲ့သလို ညနေပြန်တော့လည်း ဂျူလီ ကျွန်တော်တို့နဲ့ အတူ ကားစီးပြီး မလိုက်ခဲ့ပါဘူး။
အဲ့ဒီနေ့ညနေပဲ ညစာ မစားခင်လေး အဘိုးက ကျွန်တော့်ကို ပထမဆုံး စကားစပြောလာပါတော့တယ်။ အဘိုးက ကျွန်တော့်ကို တိုက်ရိုက် စကားပြောတာတော့ မဟုတ်ပါဘူး။ သူက ကျွန်တော့်ကို အမေကနေတဆင့် လှမ်းခေါ်ခိုင်းလိုက်တာပါ။
"အမေလည်း မသိပါဘူးကွယ်။ အဘိုးက သားနဲ့ ရင်းနှီးချင်လို့ ခေါ်တာ နေမပေါ့" လို့ပဲ အမေက ဆိုတယ်လေ။
ရယ်ဖို့တော့ကောင်းသား။ အဘိုးက ကျွန်တော့်ကို တစ်နှစ်ခွဲနီးပါး နေ့စဉ်နဲ့အမျှ မြင်နေရတာတောင် အခုမှ ရင်းနှီးချင်နေတယ်တဲ့လား။ ဒါပေမယ့်လည်း ကျွန်တော် သူ့အပေါ် မငြင်းရက်ခဲ့ပါဘူး။
ကျွန်တော့်ရဲ့ အဘိုးဟာ နှာယောင်ပွပွ၊ အဆီတပြင်ပြင် အသားအရေရှိပြီး ဆံပင်တွေကလည်း အရောင်အဆင်း လွင့်စင်ကွယ်ပျောက်နေတဲ့ အရွယ်တောင် ရောက်နေခဲ့ပါပြီ။ သူ့ရဲ့မျက်နှာပေါ်မှာ ဘယ်တော့မှ နှုတ်ခမ်းမွှေးလည်း မရှိဘူးလေ။ အဘိုးက သူ့နှုတ်ခမ်းမွှေးကို တစ်နေ့ ၃ ကြိမ်လောက် ရိတ်နေရတာနဲ့တင် အလုပ်ရှုပ်နေတာပါကလား။ သူ့မလည်း တခြား ဘာမှ လုပ်စရာမရှိတာကိုး။
သူ့ရဲ့ နှာယောင်ပွပွတွေအပြင် အဘိုးမှာ တုတ်တုတ်ခိုင်ခိုင် လက်ချောင်းတွေလည်း ရှိတာကို ကျွန်တော် သတိထားမိပါတယ်။ လက်ထပ် လက်စွပ်လေးစွပ်ထားတဲ့ လက်ချောင်းက ကျန်တဲ့ လက်ချောင်းတွေထက်ပိုပြီး ဖောင်းပွနေတာပါပဲ။ အဘိုး အဲ့ဒီလက်စွပ်ကို ချွတ်တာ ကျွန်တော် တခါမှ မတွေ့ဖူးပါဘူး။ အမေကတော့ လက်ထပ်လက်စွပ်ဆိုတာ ချွတ်စရာမဟုတ်ဘူးဆိုပေမဲ့ အဘိုးသာ ဒီ့ထက်ပိုပြီး ကိုယ်အလေးချိန် နည်းနည်း တက်လာမယ်ဆို လက်စွက်၀တ်ထားတဲ့ လက်ချောင်းကြီး ပြတ်ထွက်သွားမှာကိုတောင် ကျွန်တော် စိုးရိမ်မိပါသေးတယ်။
ကျွန်တော် သူ့ကို သွားတွေ့တော့ အဘိုးရဲ့ တုတ်တုတ်ခိုင်ခိုင် လက်ချောင်းတွေက သတင်းစာကိုင်ထားရင်း ပေါင်ပေါ်တင်ထားတာ တွေ့လိုက်ရတာပေ့ါ။ ကျွန်တော် ကပဲ စကားစလိုက်ပါတယ်။
"အဘိုး...အဘိုး ကျွန်တော့်ကို တွေ့ချင်တယ်ဆို..."
"အေးကွ။ ဒီမှာ လာထိုင်ပါဦး ငါ့မြေးရ"
'ငါ့မြေး' ဆိုပါလား။ ကျွန်တော့်ကို စကားတောင် တစ်ခွန်းဖြောင့်ဖြောင့် မပြောဘူးတဲ့ အဘိုးက အခုတော့ ရင်းရင်းနှီးနှီး 'ငါ့မြေး' လို့တောင် ခေါ်နေပါရောလား။ ကျွန်တော်လည်း အဘိုးရှေ့က ထိုင်ခုံပေါ်မှာထိုင်ရင် သူ့စကားကိုစောင့်နေလိုက်ပါတော့တယ်။
"အဘိုးကို မင်းသူငယ်ချင်း ဂျူလီ ဘိတ်ကာ အကြောင်း ပြောပြစမ်းပါဦးကွ"
"ဂျူလီလား... သူက ကျွန်တော်ရဲ့ သူငယ်ချင်း ရယ်လို့လည်း မဟုတ်ပါဘူးဗျာ"
"ဘာလို့များပါလိမ့်" လို့ အဘိုးက တအံ့တဩပြန်မေးတာပေါ့။
ကျွန်တော်လည်း ဂျူလီ့အကြောင်း ပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ ရုတ်တရက် ကိုယ့်ကိုယ်ကို ထိန်းလို့ ပြန်မေးလိုက်တယ်လေ။
"အဘိုးက ဘာလို့ သိချင်ရတာလဲ"
အဲ့ဒီတော့မှ အဘိုးက သတင်းစာကို ဖွင့်ပြီး ခေါက်ရိုးချိုးထားတဲ့ စာမျက်နှာလေးကို ပြလိုက်တော့မှပဲ ကျွန်တော်လည်း ဂျူလီ ဘိတ်ကာတစ်ယောက် မေဖီးလ် တိုင်းမ်စ် သတင်းစာရဲ့ ပထမဆုံး စာမျက်နှာမှာ ပါလာတာကို သိလိုက်ရပါတော့တယ်။ သတင်းစာထဲမှာ သူ့ပုံကြီးနဲ့ ဘေးနားမှာ မီးသတ်တပ်ဖွဲ့၀င်တွေ၊ ရဲသားတွေ စုဝေးနေတဲ့ ပုံကြီးပါလာတယ်လေ။ ဘေးနားမှာလည်း တခြား ပုံသေးသေးလေးတွေ ပါလာပါသေးတယ်။
"ကျွန်တော် ဖတ်ကြည့်လို့ရမလား"
အဘိုးက သတင်းစာကို ခေါက်ပြီး ပြန်သိမ်းလိုက်ပါတယ်။ ကျွန်တော့်ကို သူက အရင် မေးခွန်း မေးလိုက်တယ်လေ။
"သူနဲ့ ငါ့မြေးက ဘာကြောင့် သူငယ်ချင်းမဟုတ်ရတာလဲဟေ ဘရိုက်စ်"
"ဘာဖြစ်လို့လဲဆိုတော့ သူက...." ကျွန်တော်ခေါင်းခါပြီး ရှင်းရှင်းပဲ ပြန်ဖြေလိုက်ပါတယ်။
"အဘိုး ဂျူလီနဲ့ တွေ့မှ သိလိမ့်မယ်"
"အဘိုးကတော့ တွေ့ချင်ပါတယ်လေ"
"ဟင်...ဘာလို့များလဲ အဘိုး"
"ဘာလို့ဆို ဒီကလေးမက ခေါင်းမာမဲ့ ပုံလေးမို့ပေါ့။ မင်းပဲ သူ့ကို တခါတလေ အိမ်အလည် ခေါ်ခဲ့ပေါ့ကွာ"
"ခေါင်းမာမဲ့ပုံ ဟုတ်လား။ အဘိုး မသိသေးပါဘူး။ သူက တကယ့်ကို စိတ်ပျက်စရာကောင်မလေးလေ။ နေရာတကာလည်း သူဘယ်လောက်တော်ကြောင်း ပြချင်သလို လူတိုင်းကိုလည်း ဆရာကလုပ်ချင်သေးတာဗျ"
"ဟေ...ဟုတ်လားကွ"
"သေချာတာပေါ့ဗျာ။ သူက ကျွန်တော် ၂ တန်းလောက်ကတည်းက နောက်ကနေ တကောက်ကောက် လိုက်နေကြလေ"
အဘိုးက မျက်မှောင်ကြုတ်လိုက်ပြီး ဂျူလီတို့ အိမ်ဘက် လှမ်းကြည့်လိုက်တာပေါ့။
" သူတို့က အဲ့ဒီလောက် ကြာကတည်းက နေနေကြတာလား"
" သူတို့က ဒီမှာပဲမွေး၊ ဒီမှာပဲ ကြီးကြတာထင်တယ်ဗျ"
" ကံကောင်းတာပေါ့ကွယ်"
ပြီးတော့ အဘိုးက ကျွန်တော့်ကို စေ့စေ့ကြည့်နေခဲ့ပါတော့တယ်။ ကျွန်တော်က အဘိုးကို ဘာလို့များကြည့်နေလဲလို့မေးလည်း အဘိုးကတော့ စကားတစ်ခွန်းမှ မပြောဘဲ ကြည့်နေဆဲပဲလေ။ အဲ့ဒီတော့ ကျွန်တော်လည်း မျက်နှာလွှဲထားလိုက်ပါတော့တယ်။
အဲ့ဒါက အဘိုးနဲ့ ကျွန်တော်ရဲ့ ပထမဆုံးသော ပြောဖြစ်တဲ့ စကားပါပဲ။ ဒါက ထမင်းဝိုင်းမှာ ဆားပုလင်းတောင်းဖို့ ပါးစပ်ဟတာပဲ မဟုတ်တဲ့ အဘိုးရဲ့ ပထမဆုံး စကားတွေလေ။ ဒါပေမယ့် အဘိုး ကျွန်တော့်ကို ပထမဆုံး ပြောတဲ့စကားတွေက ဂျူလီ့အကြောင်း သိချင်ရတာတဲ့လားဗျာ။
ကျွန်တော်လည်း ဆက်ပြီး သည်းမခံနိုင်တော့တာနဲ့ အဘိုးရှေ့ကနေ ထထွက်ချင် လာခဲ့ပါတော့တယ်။ တကယ်လည်း ကျွန်တော် ဆက်ထိုင်မနေချင်တော့ဘူးလေ။ အဘိုးကလည်း ကျွန်တော့်ကို ဘာစကားမှ ဆက်ပြောမနေတော့ဘူးဆိုတော့ ကျွန်တော့်ဘက်ကပဲ အလိုက်တသိ ထွက်သွားသင့်တယ်မဟုတ်ပါလား။ ကျွန်တော် ရုတ်တရက်တော့ အဘိုးရှေ့ထိုင်နေရင်း ကိုယ့်ကိုယ့်ကို အတွေးပေါင်းစုံနဲ့ နှိပ်စက်နေမိပါသေူတယ်။ အဘိုး ကျွန်တော့်ကိုများ စိတ်ဆိုးနေသလား။ ဒါပေမယ့်လည်း ကျွန်တော့်ဘက်က ဘာအမှားမှ မလုပ်ထားတာတော့ သေချာပါတယ်။
ကျွန်တော် အဘိုး ထလာလို့ မော့်ကြည့်လိုက်တော့ အဘိုးက ကျွန်တော့်ဆီ သတင်းစာကို လှမ်းလိုက်တာပေါ့။
"စိတ်ရှင်းရှင်းထားပြီး ဒါလေး ဖတ်ကြည့်လိုက်ဦး" လို့ သူကပြောပါတယ်။
ကျွန်တော် အဘိုးလက်ထဲက သတင်းစာလေးကို လှမ်းယူလိုက်တော့ အဘိုးလည်း ကျွန်တော့်ကို မျက်နှာလွှဲလို့ ထုံးစံအတိုင်း ဂျူလီတို့ အိမ်ဘက်ကို ဆက်ကြည့်နေခဲ့ပါတော့တယ်။ အဲ့ဒီတော့မှ ကျွန်တော်လည်း ထွက်လာခဲ့တော့တယ်လေ။
ကျွန်တော် အခန်းထဲပြန်ရောက်တော့ စိတ်ထဲမှာ ဒေါသဖြစ်မိပါသေးတယ်။ ကျွန်တော် အိပ်ခန်းတံခါးကို ဆောင့်ပိတ်ပြီး အိပ်ရာပေါ် တုံးခနဲ လှဲချကာ အဘိုးအကြောင်းတွေးပြီး ဒေါသထွက်နေခဲ့တာပါ။ ခဏနေတော့ ကျွန်တော်လည်း သတင်းစာကို ကျွန်တော့်အခန်းထဲက ဗီရိုအံဆွဲထဲ ပစ်ထည့်လိုက်တာပေါ့။ ကျွန်တော့် အနေနဲ့ ဂျူလီ ဘိတ်ကာအကြောင်း ဒီ့ထက်ပိုပြီး သိဖို့ ဖတ်နေစရာမှ မလိုတော့တာ။
ညစာစားဝိုင်းမှာ ကျွန်တော့်မျက်နှာ သုန်မှုန်နေတော့ အမေကတောင် ကျွန်တော့်ကိုလှန်းမေးယူရပါသေးတယ်။ ပြီးတော့ အမေက ကျွန်တော်နဲ့ အဘိုးမျက်နှာကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး အကဲခတ်နေလေရဲ့။ ဒီညတော့ အဘိုးတစ်ယောက် ဆားတောင် မလိုတော့ဘူးထင်ပါတယ်။ ဒါလည်း ကောင်းတာပါပဲ။ နို့မို့ဆို ကျွန်တော် စိတ်တွေ လွတ်ပြီး အဘိုးကို ဆားဗူးလေးနဲ့ ပေါက်မိမလားတောင် မပြောနိုင်ဘူး မဟုတ်ပါလား။
အဖေနဲ့ အစ်မကတော့ အရင်လိုပဲ ပြောချင်ရာတွေ ပြောနေကြဆဲပါ။ လင်နတ်တာက သူ့ရဲ့ မုန်လာဥနီသုတ်ထဲက စပျစ်သီးခြောက်ကို ရွေးစားရင်း တစ်ဖက်ကလည်း ကြက်တောင်ပံကို အရိုးနဲ့ အသားသေချာခွာပြီး အရိုးနုလေးတွေကို ဝါးစားနေတယ်လေ။ အဖေကတော့ ထမင်းစားဝိုင်းထိပ်ကနေ သူ့ရဲ့ရုံးမှာ ဘယ်လို စည်းကမ်းတွေ လိုအပ်နေကြောင်း၊ အထက် အရာရှိလူကြီးတွေက အုပ်ချုပ်ပုံနည်းစနစ်ပြောင်းဖို့ လိုနေကြောင်း ကရားရေလွှတ်သလို တတွတ်တွတ်ပြောနေလေရဲ့။ ဘယ်သူမှတော့ သူ့စကားကို နားမထောင်နေတာ သေချာပါတယ်။ တကယ်လည်း အဖေ သူ့အလုပ်နဲ့ ပတ်သက်ပြီး ဘယ်လောက် ခက်ခဲကြောင်းပြောတိုင်း ဘယ်သူမှကို စိတ်မ၀င်စားကြတာ အမှန်ပါ။ အမေဆို အဖေ့စကားကို နားထောင်နေချင်ယောင်တောင် မဆောင်နိုင်တော့သလို လင်နတ်တာ ထမင်းစား၀င်အောင် ဖွယ်ဖွယ်ရာရာလေးတွေ ချက်ထားကြောင်း ပြောမနေတော့ဘူးလေ။ အမေက ကျွန်တော်နဲ့ အဘိုးကို တလှည့်စီကြည့်ရင်း ဘာကြောင့်များ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းမဆိုင်ကြသလဲဆိုတာ အကဲခတ်နေခဲ့တာပေါ့။
တကယ်တမ်း စဉ်းစားကြည့်မယ်ဆို အဘိုးမှာ ကျွန်တော့်ကို မျက်နှာချင်း မဆိုင်ချင်လောက်အောင် စိတ်ဆိုးစရာ အကြောင်းအရင်း မရှိပါဘူးလေ။ ကျွန်တော့်အနေနဲ့လည်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ဘာမှ မလုပ်ထားဘူး မဟုတ်ပါလား။ ဒါပေမယ့် အဘိုးကတော့ ကျွန်တော့်ကို စိတ်ဆိုးနေတယ်ဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်။ ကျွန်တော်လည်း အဘိုးကို ထမင်းစားနေစဉ် တချိန်လုံး စေ့စေ့မကြည့်ဘဲ အမေ့နည်းတူ ခိုးကြည့်ပြီး အကဲခတ်နေခဲ့တာပေါ့။ အဘိုးကလည်း ကျွန်တော့်ကို မသိမသာ မျက်လုံးလှန်လို့ ခိုးခိုးကြည့်နေတာ ကျွန်တော် သတိထားမိပါတယ်။ သူ့အကြည့်က ဘာကို ဆိုလိုလဲ ကျွန်တော် နားမလည်ပေမဲ့ အဘိုးရဲ့ အကြည့်တွေက ကောင်းတဲ့ သဘောမဆောင်နေတာတော့ ကျွန်တော် သဘောပေါက်ပါတယ်လေ။ အဘိုး ဘာကြောင့်များ ကျွန်တော့် အပေါ် ထူးထူးဆန်းဆန်း ပြုမူနေရတာပါလိမ့်။
အဲ့ဒီတော့ ကျွန်တော်လည်း အမေ့ကိုရော၊ အဘိုးကိုရောပါ ဆက်ကြည့်မနေတော့ဘဲ ညစာဆက်စားရင်း အဖေပြောတာကိုပဲ နားထောင်နေလိုက်ပါတော့တယ်။ ပြီးတော့ စားပြီးပြီးချင်း ကျွန်တော်လည်း အကြောင်းပြပြီး အခန်းထဲမှာပဲ နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်က ထူးထူးဆန်းဆန်း ခံစားရရင် လုပ်နေကျအတိုင်း ကျွန်တော့် သူငယ်ချင်း ဂဲရတ်ကို ဖုန်းခေါ်ဖို့ ကြိုးစားလိုက်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် ဖုန်းနံပါတ် နှိပ်ပြီးတော့ မဟုတ်သေးပါဘူးလေ ဆိုပြီး ချက်ချင်း ဖုန်းပြန်ချလိုက်တာပေါ့။ နောက်ပြီး ခဏနေ အမေ ကျွန်တော့် အခန်းထဲ၀င်လာတော့ ကျွန်တော်လည်း အိပ်ချင်ယောင် ဆောင်နေလိုက်ပါတော့တယ်။ ကျွန်တော် အမေ့ကို စကားမပြောရအောင် အိပ်ချင်ယောင်ဆောင်နေတာမျိုး မလုပ်ခဲ့တာတောင် တော်တော်ကြာခဲ့ပါပြီ။ အဲ့ဒီ တစ်ညလုံး ကျွန်တော်လည်း ထူးဆန်းတဲ့ အတွေးတွေတွေးရင်း ခေါင်းရှုပ်နေခဲ့ရပါတယ်။
နောက်တစ်နေ့မနက်လည်း ဂျူလီ ကျောင်းကားမစီးခဲ့ပါဘူး။ သောကြာနေ့ မနက်ပိုင်း တုန်းကလည်း မစီးခဲ့ဘူးလေ။ ဂျူလီ့ကိုကျောင်းမှာတွေ့တော့လည်း သူ့ကို ကြည့်ရတာ အရင်နဲ့ လုံး၀မတူတော့တာ အမှန်ပါ။ အတန်းထဲမှာ စာသင်နေရင်းတောင် ဂျူလီက အရင်လို မေးခွန်းမေးတိုင်း လုယက်ပြီး ဖြေမနေတော့ဘူးလေ။ ဂျူလီက စာရိတ္တချိန်တုန်းက ဆရာမသင်နေတဲ့ အကြောင်းတွေကို ဆရာကြီး၀င်လုပ်ပြီး ပြောမနေတတ်တော့သလို နို့ဗူးဖောက်တာမှားတဲ့ ကျောင်းသားလေးကို တွေ့တော့လည်း မသိချင်ယောင်ဆောင်ကာ ငြိမ်ငြိမ်လေး ထိုင်လို့သာ နေပါတော့တယ်။
ကျွန်တော်လည်း ဒီလို အခြေအနေတွေဖြစ်လာတာ ၀မ်းသာစရာကောင်းတာပဲလို့ ကိုယ့်ကိုယ်ကို သတိပေးနေမိပါတယ်။ ဂျူလီဒီလို တိတ်ဆိတ်ငြိမ်သက်နေတာက ကျွန်တော် အမြဲတမ်း တောင့်တနေခဲ့တဲ့ အချိန်ပဲမဟုတ်ပါလား။ ဒါပေမယ့် ကျွန်တော် သူ့အတွက် စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါ။ အခုတော့ သူအကြိုက်ဆုံး သစ်ပင်ကြီး ခုတ်လှဲခံလိုက်ရတာတွေ၊ နေ့လည်စာစားချိန်တိုင်း လူတွေနဲ့ ဝေးဝေး ထောင့်မှာ တစ်ယောက်ထဲ စားနေတဲ့ပုံတွေနဲ့ မျက်လုံးထောင့်တွေ နီရဲနေဆဲ သူ့ပုံရိပ်တွေကိုကြည့်ပြီး ကျွန်တော် သနားမိနေပါတယ်။ ကျွန်တော် သူ့အနားသွားပြီး သစ်ပင်ကြီး အတွက် စိတ်မကောင်းပါဘူးလို့ ပြောလိုက်ချင်ပေမဲ့ ကျွန်တော့်ပါးစပ်က ဘယ်လိုမှ မထွက်ခဲ့ဘူးလေ။
နောက်တစ်ပတ် အလည်လောက်ရောက်တော့ သဖန်းပင်ကြီးလည်း နေရာကနေ ထင်းခနဲပျောက်ကွယ်သွားပါတော့တယ်။ သစ်ခုတ်သမားကြီးတွေက သဖန်းပင်တစ်ပင်လုံးကို ရှင်းနေအောင် ကတုံးတုံးပြီး ပင်စည်ကြီးကို အလုံးအရင်းအတိုင်း လှဲဖို့ကြိုးစားတာတောင် တော်တော်နဲ့မရလို့ အပင်ကြီးကို စက်နဲ့ ခက်ခက်ခဲခဲ ဖြတ်ထုတ်ခဲ့ရတာပါ။
ဂျူလီကတော့ အခုထိ ကျောင်းကားပြန်မစီးခဲ့သေးပါဘူး။ အဲ့ဒီအပတ်ကုန်ခါနီးလောက် ရောက်တော့ ဂဲရတ်ရဲ့ စကားအရ ဂျူလီတစ်ယောက် စက်ဘီးနဲ့ ကျောင်းလာနေတယ်ဆိုတာ ကျွန်တော် သိခဲ့ရပါတော့တယ်။ ဂဲရတ်က သူ ဂျူလီ့ကို ဒီအပတ်ထဲမှာ ၂ ခါလောက် လမ်းဘေူမှာရပ်ရင်း သံချေးတက်စက်ဘီးရဲ့ ချိန်းကြိုးတပ်နေတာကို တွေ့ခဲ့ရတယ်တဲ့လေ။
အဲ့ဒီတော့ ကြည့်ရတာ မကြာခင် ဂျူလီ ကျောင်းကားပဲ ပြန်စီးရမဲ့ပုံပါ။ မေဖီးလ် အထက်တန်းကျောင်းကလည်း ကျွန်တော်တို့ နေတဲ့ နေရာနဲ့ဆို အတန်ငယ် လှမ်းတဲ့ နေရာ မဟုတ်ပါလား။ ဂျူလီသာ ဟို သဖန်းပင်ကြီးနဲ့ ပတ်သက်ပြီး စိတ်ပြေသွားပြီဆို အရင်လိုပဲ ပြန်ဖြစ်လာမှာပါလေ။ ဂျူလီများ ကျောင်းကားပြန်စီးပြီလား ရှာနေမိလို့ ကျွန်တော့်ကိုယ် ကျွန်တော်တောင် အံ့အားသင့်မိပါတယ်။
အဲ့ဒီနောက် တစ်နေ့ ကျောင်းသွားချိန်ကြီး မိုးတွေ ရွာပါလေရော။ ကျွန်တော်လည်း ဒီနေ့တော့ ဂျူလီ ကျောင်းကားပြန်စီးရတော့မှာပဲလို့ ထင်နေခဲ့ပေမဲ့ သူကတော့ လုံး၀ကို ပေါ်မလာခဲ့ပါဘူး။ ဂဲရတ်ကတော့ သူ လမ်းမှာ ဂျူလီ့ကို မိုးကာအဝါလေး ၀တ်ပြီး စက်ဘီးစီးနေတာကို တွေ့ခဲ့တယ်ဆိုပြောပါတယ်။ အဲ့ဒီနေ့က သင်္ချာချိန်မှာ ကျွန်တော့် ဂျူလီ့ ရဲ့ဒူးအောက်ပိုင်းတွေ စိုရွှဲနေတာကို သတိပြုမိပါသေးတယ်။
သင်္ချာချိန်ပြီးသွားတော့ ကျွန်တော်လည်း ဂျူလီ့ကို ကျောင်းကားပြန်စီးဖို့ ဖြောင့်ဖြမယ်လို့ ကြံနေခဲ့ပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ထိန်းထားလိုက်ပါတယ်လေ။ ကျွန်တော် ဘာတွေများ တွေးနေမိပါလိမ့်။ ကျွန်တော်က သူ့ကို အဲ့ဒီလို သူငယ်ချင်းတစ်ယောက်အနေနဲ့ ဂရုစိုက်နေရင် ဂျူလီက တစ်မျိုးတွေးမှာ သေချာတယ် မဟုတ်ပါလား။ မဖြစ်သေးပါဘူးလေ။ ဒီအတိုင်းလေးပဲ ကောင်းပါတယ်။
နောက်ဆုံးတော့ ကျွန်တော်လည်း ဂျူလီ ဘိတ်ကာကို လွမ်းနေမိတယ်ဆိုတာ ဘယ်တော့မှ ဖွင့်မပြောဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
အခန်း (၄)
ဂျူလီ
သဖန်းပင်ကြီး
ကျွန်မက အဖေ ပန်းချီဆွဲနေတာလေးကို ထိုင်ကြည့်ရတာ သဘောကျပါတယ်။ တကယ်တော့ အဖေ ပန်းချီဆွဲနေတုန်း ဘေးနားမှာထိုင်ပြီးစကားပြောရတာကို ကျွန်မ သဘောကျတာပါ။ အဲ့ဒီအချိန် လေးက စိတ်အားငယ်တာတွေ၊ စိုးရိမ်တာတွေမခံစားရဘဲ သိပ်ကို ငြိမ်းချမ်းတယ်လေ။
ကျွန်မ အဖေမှာ စတူဒီယိုခန်းလည်း မရှိတဲ့ အပြင် ဂိုဒေါင်ထဲမှာလည်း တိုလီမုတ်စ ပစ္စည်းတွေက ကြပ်ညှပ်နေတာမို့ သူက အပြင်မှာပဲ ပန်းချီဆွဲတတ်ပါတယ်။ နောက်ပြီး အကောင်းဆုံး ရှုခင်းတွေကိုလည်း အပြင်ကနေ မြင်နိုင်တယ် မဟုတ်ပါလား။ အဲ့ဒီတော့ အဖေက သူ့ထရပ်ကားထဲမှာ ကင်မရာလေးထည့်ပြီး သွားလေရာနေရာရောက်တိုင်း နေထွက်ချိန်လေးတွေ၊ နေ၀င်ချိန်လေးတွေ ဒါမှမဟုတ် သိုးတွေ၊ နွားတွေ ကျက်စားနေတဲ့ လယ်ကွင်းပြင်ပုံလေးတွေကို စိတ်ထဲပေါက်ရင် ပေါက်သလို ဓါတ်ပုံရိုက်တတ်ပါတယ်။ ပြီးတော့ သူက အဲ့ဒီပုံလေးတွေကို ပြန်ကြည့်ပြီး အားတာနဲ့ ပန်းချီဆွဲတော့တာပဲလေ။
အဖေ့ပန်းချီတွေက သိပ်တော့မဆိုးလှပါဘူး။ ဒါပေမယ့် အဖေတစ်ယောက် ကျွန်မတို့အိမ်ရဲ့ နောက်ဖေး ညစ်ညစ်ပတ်ပတ်တွေထဲမှာ အခုလို ပန်းချီလှလှပပလေးတွေ ဆွဲဖို့ ကြိုးစားနေရတာကိုတော့ ကျွန်မ တွေးတွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မတို့ ခြံလေးက နဂိုကတည်းက ရှုပ်ပွနေတဲ့ အပြင် ကျွန်မကလည်း ကြက်ကလေးတွေ ကောက်မွေးလိုက်တော့ ပိုလို့တောင် ဆိုးလာတော့တာပေါ့။
အဖေကတော့ ပန်းချီဆွဲပြီဆိုတာနဲ့ ခြံရဲ့ အခြေအနေရော၊ ကြက်တွေကိုရော အာရုံမစိုက်နိုင်တော့ပဲ သူ့ရဲ့ ပန်းချီကားစင်လေးရယ် ဓါတ်ပုံလေးရယ်ကိုပဲ မျက်လုံးထဲမှာ မြင်ကာ အလုပ်လုပ်တတ်ပါတယ်။ အဲ့ဒီအချိန်လေးမှာ တွေ့ရတဲ့ အဖေ့မျက်လုံးထဲက အကြည့်တွေဟာ အရာအားလုံးကို မေ့လျော့သွားတဲ့ပုံပါ။ သူ့ရဲ့ ကြီးမားပြီး အသားမာတက်နေတဲ့ လက်က စုတ်တံလေးကိုင်လို့ ပန်းချီကားစပေါ်မှာ ရေးခြယ်နေလိုက်ပုံက အဖေ့ကို ငြိမ်းချမ်းတဲ့ ဝိဉာဉ်တော်တွေ ပူးကပ်သွားတဲ့ အတိုင်းပါပဲ။
ကျွန်မ ငယ်ငယ်လေးကတည်းက အဖေ အိမ်ရှေ့လေးမှာ ပန်းချီထိုင်ဆွဲတိုင်း ကျွန်မကို ဘေးမှာ စကားမများဘဲ ငြိမ်ငြိမ်ကလေး ထိုင်ကြည့်ဖို့ပြောတတ်တယ်လေ။ ကျွန်မကလည်း အဖေပုံဆွဲ နေတာ လေး ကြည့်ရဖို့ အနားမှာ သည်းခံပြီး တိတ်တိတ်ကလေး နေခဲ့တာပေါ့။ ဒါပေမယ့် ငါးမိနစ်၊ ဆယ်မိနစ်လောက် ကြာပြီဆိုတာနဲ့ အဖေက ကျွန်မကို အရင်စကားစပြောလာပါတော့တယ်။ ဒီလိုနည်းနဲ့ပဲ အဖေ့ဆီက ကျွန်မ အတွေးအခေါ်တွေ အများကြီး သင်ယူခဲ့တာပေါ့။ အဖေက သူ ကျွန်မ အရွယ်လောက်တုန်းက လုပ်တဲ့ကိစ္စတွေ၊ သူ မြက်စည်းလိုက်ပို့တဲ့ အလုပ်လုပ်တုန်းက အကြောင်းတွေ၊ သူ ကောလိပ်ကို ပြီးတောင် တက်ချင်ခဲ့တဲ့ အကြောင်းတွေ စုံလို့ပါပဲ။ ကျွန်မ အရွယ်လေးရောက်လာတာတောင် အဖေကတော့ သူ ငယ်ငယ်တုန်းက အကြောင်းတွေကို ပြောမြဲ ပြောဆဲပဲလေ။ ဒါပေမယ့် အခုတော့ အဖေက ကျွန်မအကြောင်းကိုလည်း စိတ်၀င်တစားနဲ့ မေးခွန်းလေးတွေ မေးတတ်လာပါတယ်။ ကျွန်မ ကျောင်းမှာ သင်နေရတဲ့ စာတွေအကြောင်း၊ ကျွန်မ လောလောဆယ် ဖတ်နေတဲ့ စာအုပ်အကြောင်း စတာတွေပေါ့။
ဒီလိုနဲ့ တနေ့တော့ အဖေက ကျွန်မကို ဘရိုက်စ်အကြောင်း အဆက်အစပ်မရှိ မေးလိုက်ပါတယ်။ ဘာလို့ ကျွန်မက ဘရိုက်စ်နဲ့ ပတ်သက်ပြီး သိပ်ရူးသွပ်နေရသလဲတဲ့လေ။
ကျွန်မလည်း အဖေ့ကို သူ့ရဲ့ မျက်လုံးလေးတွေ၊ သူရှက်သွားတိုင်း နီမြန်းသွားတတ်တဲ့ ပါးလေးတွေအကြောင်း ပြောပြခဲ့တာပေါ့။ ဒါပေမယ့် ကြည့်ရတာ ကျွန်မ အဖေ့ကို ကောင်းကောင်း မရှင်းပြနိုင်ခဲ့ဘူးထင်ပါတယ်။ ကျွန်မ စကားဆုံးဆုံးချင်း အဖေက ပန်းချီဆွဲနေတာရပ်ပြီး ကျွန်မကို ညင်ညင်သာသာနဲ့ ထူးထူးဆန်းဆန်း စကား တွေစပြောလာတာမို့ ကျွန်မလည်း အဖေ ဘာပြောချင်သလဲဆိုတာကို နားလည်အောင် အာရုံစိုက်နေလိုက်ပါတော့တယ်။
အဖေ ဘာပြောချင်သလဲဆိုတာ ကျွန်မ လုံး၀ နားမလည်ခဲ့တာ အမှန်ပါ။ ဒါပေမယ့်လည်း ဘရိုက်စ်နဲ့ ပတ်သက်လာရင် ကျွန်မက အဖေ့ထက်ပိုပြီး နားလည်တဲ့သူဆိုတော့ နားမလည်တဲ့ အဖေနဲ့ ပြိုင်ငြင်းနေလို့လည်း ထူးမှာ မဟုတ်ပါဘူးလေ။ ခဏနေတော့ အဖေက ကျွန်မ နဖူးလေးကိုနမ်းရင်း ဆက်ပြောတယ်။
" တော်ရုံသင့်ရုံ အရောင်ဆိုးတာပဲ ကောင်းပါတယ် ဂျူလီယာနာရယ်" တဲ့လေ။
တော်ရုံသင့်ရုံပဲ အရောင်ဆိုးရမယ်တဲ့လား။ အဖေ ဘာကိုဆိုလိုချင်လဲဆိုတာ ကျွန်မလုံး၀ နားမလည်ခဲ့ပါဘူးလေ။ ကျွန်မ အဖေ့ကို ပြန်မေးလိုက်ရင်လည်း အဖေ့စိတ်ထဲ ကျွန်မက ဒီစကားကို နားလည်ဖို့လောက်ထိ မရင့်ကျက်သေးဘူးထင်မှာစိုးတာကြောင့် ကျွန်မ နားလည်ချင်ယောင်ဆောင်လို့သာ အဖေ့အနားဆက်ထိုင်နေခဲ့လိုက်ပါတော့တယ်။
အဲ့ဒီနောက်ပိုင်းကနေစလို့ အဖေ ကျွန်မကို အရင်လို သူ ငယ်ငယ်တုန်းက အကြောင်းတွေ ဆက်မပြောပြဖြစ်တော့ပါဘူး။ ကျွန်မ အရွယ်လေးရောက်လာတာနဲ့အမျှ အဖေနဲ့ ကျွန်မလည်း တွေးခေါ်စရာတွေ ပိုပိုပြီး ပြောဖြစ်လာပါတော့တယ်။ အဖေက ကျွန်မလို ဆယ်ကျော်သက် ကလေးတစ်ယောက် အတွက် အတွေးအခေါ် ကောင်းကောင်းတွေးတတ်ဖို့ လိုအပ်တယ်လို့ ထင်ထားပုံပါပဲ။
အဖေပြောတဲ့ စကားတွေအားလုံးကို ကျွန်မ နားမလည်နိုင်ပေမဲ့ တခါတလေ အဖေပြောတဲ့ အရာလေးတွေက တကယ်ဖြစ်လာတတ်တော့ ကျွန်မလည်း အဲ့ဒီတော့မှ 'အဖေဆိုလိုတာ ဒါပါလား' လို့ ဖြစ်ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။
"ပန်းချီကားတစ်ချပ်ဆိုတာ ဆေးရောင်ခြယ်တာထက်ပိုပါတယ်" လို့ အဖေက ကျွန်မကို ပြောဖူးပါတယ်။ နွားတစ်ကောင်ရဲ့ ပုံတူဆိုတာလည်း သိပ်ပြီးမထူးခြားလှသလို မြက်ခင်းပြင် စိမ်းစိမ်းဆိုတာလည်း မြက်ခင်းပုံလေးနဲ့ ပန်းကလေးတွေညှပ်ပြီး ဆွဲလိုက်ရုံပါပဲ။ နောက်ပြီး နေထွက်လာတယ်ဆိုတာ ပြဖို့ အလင်းတန်းလေးတွေပဲ ဆွဲဖို့ လိုအပ်ပေမဲ့ အဲ့ဒီအရာတွေ တစ်ခုချင်းကို ပေါင်းစပ်ပြီး ရေးခြယ်လိုက်တဲ့ အခါမှာတော့ မှော်ဆန်တဲ့ ပန်းချီကားတစ်ချပ်ဖြစ်ပေါ်လာတာပေါ့လို့ အဖေက ကျွန်မကို ရှင်းပြတတ်ပါတယ်။ ကျွန်မ အဖေ ပြောတာကို သူဆွဲနေတဲ့ ပန်းချီလေးကြည့်ပြီး နားလည်ပေမဲ့ အဖေပြောတဲ့ ခံစားချက်ကိုတော့ တစ်နေ့ သဖန်းပင်ကြီးပေါ်တက်တဲ့ အချိန်ရောက်မှပဲ သေချာ နားလည်လိုက်ပါတော့တယ်။
ဒီ သဖန်းပင်ကြီးက ကျွန်မ လူမှန်းသိတတ်စ အရွယ်ကတည်းက အဲ့ဒီတောင်ကုန်းလေးပေါ်မှာ ရှိနေခဲ့တာလေ။ ပင်စည်ကြီးကလည်း ကြီးမားတဲ့အပြင် နွေရာသီမှာလည်း အရိပ်အာဝါသပေးစွမ်းနိုင်သလို နွေဦးရောက်ပြန်တော့ ငှက်ကလေးတွေအတွက် အသိုက်ဆောက်ဖို့ ကောင်းလှတဲ့ နေရာရယ်ပါ။ နောက်ပြီး သစ်ပင်ကြီးက ကျွန်မတို့အတွက်လည်း နေရာကောင်းတစ်ခုပေးစွမ်းနိုင်ပါသေးတယ်။ သဖန်းပင်ကြီးရဲ့ အကိုင်းအခက်တွေ စက်ဝိုင်းသဏ္ဍာန် ကွေ့ပတ်နေတာက ကျွန်မအတွက် လျှောစီးပြီး ဆော့ဖို့ သိပ်ကို ကောင်းတဲ့ နေရာလေးပေါ့။ အမေကလည်း ဒီသဖန်းပင်ကြီးက ဟိုးပင်ပျိုဘ၀ထဲက တော်တော်လေး ထိခိုက်ခဲ့တယ်လို့ကြားဖူးတာမို့ အားလုံးက အပင်ကြီး တနေ့တော့သေသွားမှာပဲလို့ ထင်ခဲ့ကြပေမဲ့ နှစ်ပေါင်း တစ်ရာနီးပါးကြာတဲ့ အခုထိကို အသက်ရှင်နေဆဲပဲလို့ ပြောပါတယ်။ ဒီအပင်ကြီးက အမေ့ဘ၀တလျှောက်လုံးမှာ အကြီးဆုံး သစ်ပင်ကြီးပါပဲ။ အမေက ဒီသစ်ပင်ကြီးရဲ့ ဖြစ်တည်မှုကို 'သည်းခံနိုင်စွမ်းရဲ့ ပြယုဂ်' ပဲလို့ ပြောတတ်တာပေါ့။
ကျွန်မက အဲ့ဒီ သစ်ပင်ကြီးပေါ်မှာ ကလေးဘ၀တည်းက အမြဲတမ်း တက်ဆော့နေကြဆိုပေမဲ့ ၅ တန်းနှစ်ရောက်မှပဲ သစ်ပင်ကြီးရဲ့ ထိပ်ဖျားထိ တက်ဖူးပါတော့တယ်။ ကျွန်မ ပထမဆုံး တက်ဖူးရတာက သစ်ပင်ရဲ့ထိပ်ဖျားမှာ ညှပ်နေတဲ့ စွန်လေးကို တက်ယူပေးတုန်းကလေ။ ကျွန်မ အဲ့ဒီနေ့က စွန်လေးတစ်ခု ကြိုးပြတ်ပြီး လေထဲမှာ ပျံဝဲရင်း သဖန်းပင်ကြီးထဲကို ပြေး၀င်ပြီး ပြန်မထွက်လာတော့တာကို တွေ့လိုက်ရပါတယ်။ ကျွန်မ အရင်တုန်းကလည်း စွန်တွေ လွှတ်လို့ကစားဖူးပါတယ်။ တခါတလေ စွန်ကြိုးပြတ်သွားပြီဆို ဒီတသက် ဘယ်တော့မှ ပြန်မရနိုင်တော့သလို တခါတလေကျပြန်တော့လည်း အချိန်မီလေး ပြန်ရနိုင်အောင် စွမ်းဆောင်ပြန်နိုင်တဲ့အရာပဲ မဟုတ်ပါလား။ တချို့ စွန်တွေက ကံကောင်းစေတတ်သလို တချို့ကျပြန်တော့လည်း ကံဆိုးစေတတ်ပြန်ပါသေးတယ်။ ကျွန်မမှာတော့ အဲ့ဒီလို စွန် နှစ်မျိုးနှစ်စားလုံး ပိုင်ဆိုင်ထားတယ်လေ။ အခု စွန်လေးကလည်း ကံကောင်းစေတဲ့ စွန်လေးပဲဖြစ်ရမယ်လို့ ယူဆတာမို့ ကျွန်မ သူ့နောက်ကို ပြေးလိုက်ဖို့ ၀န်မလေးခဲ့ပါဘူး။ ဒီစွန်လေးက သာမန် အပြာရောင် စက္ကူစလေးမှာ စိန်တုံး သဏ္ဍာန်လေးတွေခြယ်လို့ အဝါစင်းလေးတွေနဲ့ အလှဆင်ထားပေမဲ့ ကံကောင်းစေတဲ့ စွန်လေးဖြစ်မယ်ဆိုတာ ကျွန်မ ယုံကြည်ခဲ့ပါတယ်။ အဲ့ဒီစွန်ကလေး လေထဲမှာ ပျံဝဲနေပုံလေးကလည်း သဘောကျချင်စရာလေးရယ်ပါ။ အဲ့ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို စွန်က လေထဲကနေ ထိုးကျလာပါတော့တယ်။ ကံဆိုးစေတဲ့ စွန်တွေကလည်း အဲ့ဒီလို ရုတ်တရက် လေထဲကနေ ထိုးကျတတ်တယ်ဆိုပေမဲ့ ကျွန်မ ဒီတစ်ခုကတော့ ကံကောင်းစေမဲ့ အရာလေးပဲဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။
အဲ့ဒီတော့ ကျွန်မနဲ့ ခွေးကလေး ချမ့်ပ်တို့လည်း စွန်ကို မျက်ခြေမပြတ်အောင် ပြေးလိုက်ရင်း ကိုလီယာ လမ်းပေါ်မှာ ပြေးနေမိပါတော့တယ်။ နောက်တော့ ချမ့်ပ်က သဖန်းပင်အောက်မှာ ရပ်လို့ အပေါ်ကို မော့ကြည့်ပြီး ဟောင်နေတော့ ကျွန်မလည်း သစ်ပင်ကြားကို တချက် ကြည့်လိုက်မိတယ်လေ။ စွန်လေးကတော့ သစ်ကိုင်းတွေကြားထဲမှာ ပြာလွင်လွင် အရောင်လက်လို့ ကပ်ညှိနေတာပေါ့။
စွန်ကလေး ညှပ်နေတဲ့ နေရာက တော်တော်လေး မြင့်တယ်ဆိုပေမဲ့ ကျွန်မလည်း ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပင်စည်နားကို ကိုင်းကျနေတဲ့ သဖန်းပင်ကိုင်းကြီးကို ဖက်တွယ်လို့ တဖြည်းဖြည်းနဲ့ ကျွန်မ သစ်ပင်ပေါ်ကို တက်သွားခဲ့ပါတော့တယ်။ ချမ့်ပ်ကတော့ ကျွန်မ လုပ်နေတာကို မမှိတ်မသုန်ကြည့်ပြီး အောက်ကနေ မနားတမ်း ဟောင်လို့ အားပေးနေလေရဲ့ ။ မကြာခင်မှာပဲ ကျွန်မလည်း မြေပြင်ကနေ အတော်မြင့်မြင့် နေရာတစ်ခုအထိ ရောက်လာခဲ့တယ်လေ။ ဒါပေမဲ့ စွန်လေးကတော့ ဟိုးအဝေးမှာ ရှိနေဆဲပါပဲ။
နောက်ပြီး ကျွန်မ အောက်ကို တချက် ငုံ့ကြည့်လိုက်တော့ သစ်ပင်ကြီးအောက်မှာ ဘရိုက်စ် ကိုတွေ့လိုက်ရပါတယ်။ ဘရိုက်စ်တစ်ယောက် အခုလို မော့ကြည့် မော့ကြည့်နဲ့ လုပ်နေပုံထောက်ရင် ဒီစွန်က သူ့စွန်ပဲဖြစ်ရပါမယ်။ အိုး...ဒီစွန်က ကျွန်မ အတွက် အင်မတန့်ကို ကံကောင်းစေမဲ့ စွန်ဆိုတာ ကျိန်းသေနေပါပြီလေ။
" နင် အဲ့ဒီလောက် အမြင့်ကြီး တက်ရဲလို့လား" လို့ သူက ကျွန်မကို အော်မေးလိုက်ပါတယ်။
" ဒါပေါ့" လို့ ပြန်ဖြေရင်း ကျွန်မလည်း တရွေ့ရွေ့နဲ့ အပေါ်ကို ဆက်တက်သွားခဲ့တာပေါ့။
သစ်ကိုင်းတွေကလည်း အင်မတန် ခိုင်မာတာမို့ ကျွန်မအတွက် သစ်ပင်တက်ရတာ လွယ်ကူနေခဲ့ပါတယ်။ နောက်ပြီး ကျွန်မ အပေါ်ကို ရောက်လေ ကျွန်မမြင်ကွင်းထဲရောက်လာတဲ့ မြင်ကွင်းကြောင့် အံ့အားသင့်မိရတာ အမှန်ပါပဲ။ ကျွန်မ ဒီလို မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးဘူးလေ။ အခု မြင်နေရတဲ့ ပုံစံက ကျွန်မပဲ လေယာဥ်စီး နေသလို ခေါင်မိုးတွေ နဲ့ တခြား သစ်ပင်တွေရဲ့ အပေါ်စီး မြင်ကွင်းကို ရှုမြင်နေရတာပါ။ ကမ္ဘာကြီးရဲ့ အပေါ်ကို ကျွန်မရောက်နေပါပြီ။
နောက် ကျွန်မ အောက်ကို တစ်ခါ ပြန်ကြည့်လိုက်တော့ ဘရိုက်စ်ကို လှမ်းမြင်လိုက်ရပါတယ်။ ရုတ်တရက် ကျွန်မခေါင်းထဲ ခေါင်းမူးသလိုလိုဖြစ်ပြီး ခြေထောက်တွေ မခိုင်နိုင်အောင် ခံစားလိုက်ရပါတယ်။ ကျွန်မက မြေပြင်ကနေ တော်တော်လေး ကွာဝေးနေပြီ မဟုတ်ပါလား။ အဲ့ဒီမှာ ဘရိုက်စ်က ကျွန်မကို လှမ်းမေးလိုက်သေးတယ်။
"နင် ယူလို့ရလား" တဲ့လေ။ ကျွန်မလည်း အသက်၀၀ရှုပြီး
"ရပါတယ်" လို့ စကားပြန်လိုက်ပါတယ်။ ပြီးတော့ ကျွန်မ မျက်စိတွေကို ဟိုး ခပ်လှမ်းလှမ်းက ပြာလွင်လွင် စွန်ကလေးပေါ်ကိုပဲ အာရုံစိုက်ပြီး ဆက်တက်သွားပါတော့တယ်။ နောက်ဆုံး ကျွန်မ စွန်ကလေးနား ရောက်တော့ ကျွန်မလက်နဲ့ပဲ ဖြတ်ခနဲ ဆွဲယူလိုက်တာပေါ့။ ဒါပေမယ့် ကြိုးတန်းလန်းနဲ့ စွန်က သစ်ကိုင်းတွေနဲ့ ငြိနေတာမို့ အလွယ်တကူ ပြန်ပါ မလာခဲ့ပါဘူး။
"ကြိုးကို ဖြတ်လိုက်လေ" ဆိုတဲ့ ဘရိုက်စ်အသံကြားတော့ ကျွန်မလည်း ခပ်မြန်မြန်ပဲ ကြိုးကိုဖြတ်လိုက်ပါတယ်။
ကျွန်မလက်ထဲ စွန်လေးရောက်လာတော့မှပဲ ကျွန်မလည်း အောက်ပြန်မဆင်းခင် ခဏလောက် နားလိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာ အောက်ကို ငုံ့ကြည့်ပြီး စိတ်ပူနေရမဲ့အစား ကျွန်မ ပင်စည်ကြီးကို ဖက်တွယ်လို့ လောကကြီးကို သစ်ပင်ထိပ်ဖျားကနေ ကြည့်လိုက်တယ်လေ။ သစ်ပင်ထိပ်ဖျားကနေ မြင်လိုက်ရတဲ့ ရှုခင်းကြောင့် ကျွန်မရဲ့ ကြောက်စိတ်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားရတာ အမှန်ပါ။ ကျွန်မ မြေပြင်ပေါ်ကနေ တိမ်တိုက်တွေကြားထဲကို ပျံတက်ပြီး စီးမျောနေသလို ခံစားရတယ်လေ။ ပြီးတော့ ကျွန်မကိုဖြတ်တိုက်လာတဲ့ လေပြည်ရဲ့ လတ်ဆတ်တဲ့ အနံ့လေးကို ရှုရှိုက်လိုက်တော့ ဒီအနံ့က နေရောင်ခြည်ကို အနံ့ခံလိုက်ရသလိုပါပဲ။ လေပြည်လေးရဲ့ အနံ့က မိုးရေဖြန်းထားတဲ့ မြက်ခင်းလေးပေါ်ကနေ ဖြတ်တိုက်လာတဲ့အတိုင်း အေးမြစိုစွတ်ပြီး လန်းဆန်းနေတော့ ကျွန်မလည်း အဆုတ်ထဲထိရောက်အောင် အသက်၀၀ ရှူလိုက်ပါတော့တယ်။
ဘရိုက်စ်ကတော့ အောက်က နေ ကျွန်မကို လှမ်းခေါ်တာပေါ့။
"နင် ပြန်မဆင်းတတ်တော့ဘူးလားဟင် ဂျူလီ"
အဲ့ဒီတော့မှ ကျွန်မလည်း အောက်ပြန်ဆင်းဖို့ သတိရပြီး သူရဲကောင်းတစ်ယောက်လို စွန်ကြိုးကို လက်တစ်ဖက်ကကိုင်လို့ ကျွန်မ တဖြည်းဖြည်းချင်း အောက်ကို ပြန်ဆင်းလာခဲ့တယ်လေ။ ဘရိုက်စ်ကတော့ ကျွန်မ တခုခုဖြစ်မှာ စိုးရိမ်ပြီး သစ်ပင်ကို ပတ်ပတ်လည်ပြေးလို့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတာပေါ့။
ကျွန်မ သစ်ပင်ကြီးရဲ့ အောက်ကိုရောက်တော့ ရုတ်တရက် ဒီအခိုက်အတန့်လေးမှာ ဘရိုက်စ်နဲ့ ကျွန်မ နှစ်ယောက်ထဲ ရှိနေတာကို သတိထားမိလိုက်ပါတယ်။ ကျွန်မ သူ့လက်ထဲကို စွန်လေး ကမ်းပေးလိုက်တော့ ကျွန်မရင်တွေ ဗြောင်းဆန်နေခဲ့တာ အမှန်ပါ။ ဒါပေမယ့် ဘရိုက်စ် ကျွန်မ လက်ထဲက စွန် လှမ်းမယူခင် ချမ့်ပ်က ကျွန်မခြေထောက်ကို အေးစက်နေတဲ့ သူ့နှုတ်သီးနဲ့ လာထိုးတယ်လေ။ ကျွန်မ အဲ့ဒီနေ့က ဂျင်းဘောင်းဘီ၀တ်ထားတာမို့ ဘယ့်နှယ့်ကြောင့် ချမ့်ပ် နှုတ်သီးက ကျွန်မအသားကိုထိနေရသလဲ ငုံ့ကြည့်လိုက်တော့ ကျွန်မရဲ့ ဘောင်းဘီက အနည်းငယ် ပြဲနေတာ တွေ့လိုက်ရပါတော့တယ်။ ဘရိုက်စ်ကလည်း ပြုံးစေ့စေ့လုပ်နေတော့ ကျွန်မ ဘောင်းဘီပြဲသွားတာ သူလည်း သိပုံရပါတယ်။ ကျွန်မကတော့ ရှက်လို့ မျက်နှာကြီး နီမြန်းလာတာပေါ့။ ဘရိုက်စ်ကတော့ ကျွန်မလက်ထဲက စွန်လေးယူလို့ ထွက်သွားပါတယ်။ ကျွန်မလည်း ဂျင်းဘောင်းဘီ အပြဲလေးကို စစ်ရင်း ကျန်နေခဲ့ပါတော့တာပေါ့ရှင်။
ဂျင်းဘောင်းဘီလေး ပြဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျွန်မ မေ့လိုက်နိုင်ပေမဲ့ သစ်ပင်ပေါ်ကနေ တွေ့လိုက်ရတဲ့ မြင်ကွင်းကိုတော့ ကျွန်မ လုံး၀မေ့လို့မရခဲ့ပါဘူး။ ကျွန်မ အဲ့ဒီ သစ်ပင်ကြီးပေါ်ကို တက်ပြီး အဲ့ဒီ ရှုခင်းလေးကို နောက်တခါ ပြန်ပြီး ခံစားချင်မိခဲ့ပါတယ်။ အဲ့ဒီကနေစပြီးတော့ သဖန်းပင်ကြီးဟာ ကျွန်မအတွက် နေရာကောင်းလေးတစ်ခုဖြစ်လာခဲ့တော့တာပေါ့။ ကျွန်မ အဲ့ဒီသစ်ပင်ကြီးပေါ်မှာ နာရီပေါင်းများစွာ ကြာအောင်ထိုင်ပြီး လောကကြီးကို ကြည့်ရတာ သဘောကျပါတယ်။ ညနေဆည်းဆာချိန်လေးကို သစ်ပင်ပေါ်က ကြည့်ရတဲ့ မြင်ကွင်းက ဘာနဲ့မှ မလဲနိုင်ဘူးလေ။ တခါတလေ ကောင်းကင်ကြီးက ခရမ်းရောင်နဲ့ ပန်းရောင် သမ်းနေတတ်သလို တခါတလေများတော့လည်း လိမ္မော်ရောင်တောက်တောက် သမ်းနေလိုက်ပုံက မိုးကုပ်စက်ဝိုင်းကြီး တစ်ခုလုံး မီးတောက်နေတဲ့ အတိုင်းပါပဲ။
ဒါက ကျွန်မအဖေ ပြောပြောနေတဲ့ အစိတ်အပိုင်းကလေးတွေကို ပေါင်းစပ်ပြီးရလာတဲ့ အနုပညာပဲလေ။ ဒီ မြင်ကွင်းလေးကလည်း ကျွန်မ ရင်ထဲမှာ အမြဲ မှတ်မိနေမှာ အမှန်ပါ။ သဖန်းပင်ပေါ်ကနေ ရှုမြင်ရတဲ့ မြင်ကွင်းဟာ ကျွန်မ အတွက်တော့ အိမ်ခေါင်မိုးတွေချည်းဆိုတာ၊ တိမ်တွေချည်းဆိုတာထက် ပိုပါတယ်။ ဒါက ကျွန်မအတွက်တော့ မှော်ပညာတစ်ခုပါပဲ။
ကျွန်မကိုယ် ကျွန်မလည်း ဒီရှုခင်းကို မြင်လိုက်ရတိုင်း စိတ်တွေအေးချမ်းပြီး ထူးခြားဆန်းကြယ်နေသလို ခံစားရပါတယ်။ မြင်ကွင်း လေးတစ်ခုက ကျွန်မရင်ထဲကို ငြိမ်းချမ်းမှုနဲ့ အံ့အား၀မ်းသာမှုတွေ ပြည့်နှက်စေတယ်ဆိုတာ ဘယ့်နှယ့်လုပ် ဖြစ်နိုင်ပါမလဲနော်။ ဒီလောက် ရိုးရှင်းလှတဲ့ သစ်ပင်တစ်ပင်က ကျွန်မအတွက်တော့ ထူးခြားဆန်းကြယ်တဲ့ လက်ဆောင်တစ်ခုလိုကို ခံစားခဲ့ရပါတော့တယ်။
ကျွန်မလည်း အမြဲတမ်း အခွင့်အရေး ရတာနဲ့ သဖန်းပင်ကြီးပေါ်မှာသာ ထိုင်လို့နေခဲ့ပါတော့တယ်။ နောက်ပြီး ကျွန်မတို့ အလယ်တန်း ကျောင်းက်ို နေ့စဉ် သွားဖို့ စီးရတဲ့ ကျောင်းကားကလည်း ကိုလီယာလမ်းပေါ်က အဲ့ဒီ သဖန်းပင်ကြီးရှေ့ တည့်တည့်ဆိုတော့ ကျွန်မအတွက် ရေကန်အသင့် ကြာအသင့်ကို ဖြစ်နေတော့တာပေါ့။
ပထမတုန်းကတော့ ကျောင်းကားလာမကြိုခင်လေး အချိန်မှာ ကျွန်မ သစ်ပင်ကြီးပေါ်ကို ဘယ်လောက်ထိ မြင့်မြင့်တက်နိုင်မလဲဆိုတာလောက်ပဲ သိချင်ခဲ့တာပါ။ ဒါပေမယ့် မကြာခင်မှာပဲ ကျွန်မက ကျောင်းသွားဖို့ အိမ်ကနေစောစောထွက်လို့ သစ်ပင်ကြီးပေါ်မှာသာ တက်နေတတ်ပါတော့တယ်။ အဲ့ဒီတော့ မနက်ခင်းတိုင်း အရှေ့အရပ်က ထွက်လာတဲ့ နေမင်းကြီးကိုရော၊ အိပ်တန်းတက်ငှက်ကလေးတွေ နိုးထလာတာကိုပါ ကျွန်မတွေ့ရတဲ့အပြင် တခြားကလေးတွေ သစ်ပင်အောက်ကို တဖွဲဖွဲရောက်လာပြီး ကျောင်းကားစောင့်ကြတာကိုပါ ကျွန်မ က အစောဆုံး မြင်ခဲ့ရတာပေါ့။
ကျွန်မ ကားဂိတ်မှာ လာစောင့်တဲ့ ကလေးတချို့ကိုတောင် ကျွန်မနဲ့အတူ သစ်ပင်ပေါ်တက်လာဖို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့အားလုံးက ကျောင်းမရောက်ခင် ညစ်ပတ်သွားမှာကို သိပ်ကြောက်ပြီး ငြင်းကြတာချည်းပါပဲ။ ဒီလောက် ထူးခြားဆန်းကြယ်တဲ့ မြင်ကွင်းကိုကြည့်ဖို့ နည်းနည်းလေး ညစ်ပတ်သွားမှာကိုတောင် ကြောက်နေကြတယ်တဲ့လေ။ ကျွန်မကတော့ သူတို့အစား စိတ်မကောင်း ဖြစ်မိပါတယ်။
ကျွန်မ အဲ့ဒီလို သစ်ပင်ပေါ် တက်တတ်တာကိုတော့ အမေ့ကို ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ပါဘူး။ ကျွန်မကို သိပ်ချစ်တဲ့ အမေသာ သိသွားရင်း ကျွန်မကို သစ်ပင်တက်တာဟာ သိပ် အန္တရာယ်များတဲ့ အလုပ်ပဲလို့ ပြောမှာသေချာပါတယ်။ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ ကျွန်မအစ်ကို နှစ်ယောက် ကျပြန်တော့လည်း ကျွန်မ ဘယ် သစ်ပင်တက်တက် စိတ်ကို မ၀င်စားတာပါ။ အဖေကတော့ ကျွန်မကို နားလည်ပေးမယ်ဆိုတာ ကျွန်မယုံကြည်ပေမဲ့ တကယ်တမ်းမှာတော့ ကျွန်မ အဖေ့ကို ဒီအကြောင်း ဖွင့်ပြောရမှာ ကြောက်နေခဲ့တာ အမှန်ပါပဲ။ အဖေသာသိရင် သူကနေတဆင့် အမေ သိမှာပဲလေ။ ဒါဆို မကြာခင် ကျွန်မလည်း သစ်ပင်တက်ခွင့်ကို လုံး၀ဥဿုံအပိတ်ပင်ခံရတော့မှာပေါ့။ အဲ့ဒီတော့ ကျွန်မလည်း ဘယ်သူ့ကိုမှ အသိမပေးဘဲ တစ်ယောက်ထဲ လောကကြီးရဲ့ အလှအပတွေကို အထီးကျန်စွာ ခံစားနေခဲ့ပါတော့တယ်။
အဲ့ဒီနောက် လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကထင်တယ်။ ကျွန်မမှာ အထီးကျန်လွန်းလို့ သစ်ပင်ကြီးနဲ့တောင် စကားပြောဖြစ်ခဲ့တယ်လေ။ တကယ့်ကို ကျွန်မ သဖန်းပင်ကြီနဲ့ စကားပြောခဲ့တာပါ။ သစ်ပင်ကြီးပေါ်က ပြန်ဆင်းတော့လည်း ကျွန်မ ကိုယ့်အဖြစ်ကို ပြန်တွေးပြီး ငိုမိပါသေးတယ်။ ဘာလို့ ကျွန်မမှာ စကား ဖော် သူငယ်ချင်းတောင် မရှိရတာလဲ။ သူများတွေလို ကျွန်မမှာရော ဘာလို့ အချစ်ဆုံး သူငယ်ချင်းဆိုတဲ့ အရုတွေ မရှိရတာလဲ ကျွန်မ မသိပါဘူး။ ကျောင်းမှာတော့ ကျွန်မနဲ့ မေးထူးခေါ်ပြောလုပ်တဲ့ ကလေးတချို့ ရှိပေမဲ့ သူတို့က ကျွန်မအတွက် သူငယ်ချင်းမှ မဟုတ်တာ။ သူတို့မှာ သစ်ပင်တက်ဖို့နဲ့ နေရောင်ခြည်လေးရဲ့ အနံ့ကို လေပြည်လေညင်းကနေ ရှုရှိုက်ဖို့ စိတ်ကူးရှိဖို့ဆိုတာ ဝေလာဝေးပဲလေ။
တစ်ညပေါ့။ အဖေက ညစာစားပြီးတော့ ပန်းချီဆွဲဖို့ အပြင်ထွက်သွားခဲ့ပါတယ်။ အဖေက ညအေးအေးကြီးထဲမှာ အိမ်ရှေ့ဆင်၀င်အောက်က အလင်းရောင်လေးကို အားပြုလို့ သူ အပြီးသတ်နေတဲ့ နေရောင်ခြည် ပန်းချီကားလေးကို အပြီးသတ်နေခဲ့တယ်လေ။ ကျွန်မလည်း ဂျက်ကတ်လေး၀တ်ပြီး အဖေ့နားမှာ ငြိမ်ငြိမ်ကလေး ၀င်ထိုင်လိုက်တယ်။ ခဏနေတော့ အဖေက စကားစလာတာပေါ့။
"သမီး ဘာတွေများ တွေးနေတာလဲကွယ်"
ကျွန်မ အဖေနဲ့ အမြဲတမ်း အခုလို အတူတူ ထိုင်ဖူးပေမဲ့ ဒီမေးခွန်းအမေးခံရတာကတော့ ဒါ ပထမဦးဆုံး အကြိမ်ပါ။ ကျွန်မလည်း ချက်ချင်း အဖြေပြန်မပေးနိုင်ဘဲ အဖေ့ကိုသာ စိုက်ကြည့်နေလိုက်ပါတော့တယ်။ အဖေက လိမ္မော်ရောင် ဆေးခွက်နှစ်ခုကို ရောဖျော်နေရင်းက ဆက်ပြောလိုက်ပါတယ်။
"အဖေ့ကို ပြောလို့ရပါတယ် သမီးရယ်" တဲ့လေ။
ကျွန်မလည်း ရုတ်တရက် စိတ်လွတ်ပြီး သက်ပြင်းကြီးချမိသွားတာမို့ ကိုယ့်ကိုယ်ကိုတောင် အံ့ဩသွားရပါသေးတယ်။
"အဖေ ဒီနေရာလေးမှာ ထွက်ပြီး ပန်းချီဆွဲရတဲ့ အကြောင်းအရင်းကို သမီး သိသွားပါပြီရှင်" လို့ ကျွန်မကပြောတော့ အဖေက…
"ဒါဖြင့်လည်း သမီးအမေ့ကို အဖေ့အစား ကူပြောပေးစမ်းပါဦးကွယ်" ဆိုပြီးတောင် နောက်နေလိုက်ပါတယ်။
"သမီး တကယ်ပြောတာ အဖေ။ အခု သမီး အဖေပြောတဲ့ အစိတ်အပိုင်းလေးတွေနဲ့ တည်ဆောက်ရတဲ့ အနုပညာဆိုတာ နားလည်သွားပါပြီ"
အဲ့ဒီတော့မှ အဖေက ဆေးစပ်နေတာရပ်လို့
"ဟေ ဟုတ်လား။ ဘာဖြစ်လို့လဲ သမီးရ။ အဖေ့ကို ပြောပြစမ်းပါဦး" တဲ့လေ။ ကျွန်မလည်း အဖေ့ကို သဖန်းပင်ကြီး အကြောင်း ပြောပြဖြစ်ခဲ့ပါတော့တယ်။ ရှုခင်းတွေ၊ အသံတွေ ၊ အရောင်တွေနဲ့ လေပြည် လေညင်းတွေအပြင် ကျွန်မ လွင့်မျောသလို ခံစားနေရတဲ့ ခံစားချက်လေး အကြောင်းကိုရောပေါ့။
အဖေက ကျွန်မ စကားကို တစ်ခွန်းမှ ၀င်ထောက်တာမျိုး မရှိပါဘူး။ ကျွန်မလည်း အဖေ့ကို ဖြစ်ကြောင်းကုန်စင် အကုန်၀န်ခံပြီးတော့မှာ တိုးတိုးလေး ကပ်မေးလိုက်တယ်။
"အဖေ သမီးနဲ့ အတူတူ သစ်ပင်တက်ပါလားဟင်"
အဖေက ကျွန်မမေးခွန်းကို ဖြေဖို့ တော်တော်လေး အချိန်ယူစဉ်းစားလိုက်ရပါတယ်။ ပြီးတော့မှ သူက ပြုံးပြီး ပြန်ဖြေတယ်လေ။
"အဖေက သမီးလို သစ်ပင်အတက် မကျွမ်းတော့ဘူးကွဲ့.... ဂျူလီယာနာရဲ့။ ဒါပေမယ့် အဖေ တစ်ခေါက်လောက်တော့ ကြိုးစားကြည့်ချင်ပါသေးတယ်။ ဒီတစ်ပတ် ပိတ်ရက် အဖေတို့ သမီးပြောတဲ့ သစ်ပင်ကြီးကို တက်ကြည့်ကြတာပေါ့ကွယ်"
"အိုး....သိပ်ကောင်းတာပေါ့ အဖေရယ်"
အဲ့ဒီနေ့ညက ကျွန်မ အရမ်း စိတ်လှုပ်ရှားနေလို့ တစ်ညလုံး ငါးမိနစ်ထက် ပိုပြီး မအိပ်နိုင်ခဲ့ပါဘူး။ မကြာခင် စနေနေ့ ရောက်လာတော့မယ်ဆိုပေမဲ့ ကျွန်မ ထပ်ပြီး စောင့်မနေနိုင်တော့ဘူးလေ။
နောက်တစ်နေ့မနက်ရောက်တော့ ကျွန်မ အရင်ကအတိုင်းပဲ ကားဂိတ်လေးဆီ စောစောသွားလို့ သစ်ပင်ကြီးပေါ်တက်ရင်း ကားစောင့်နေခဲ့ပါတော့တယ်။ ကျွန်မ အဲ့ဒီနေ့မနက်က တိမ်တွေကြားကနေ နေမင်းကြီးက အရောင်ဖြာထွက်လာတဲ့မြင်ကွင်းကိုပါ မြင်လိုက်ရပါသေးတယ်။ ကျွန်မလည်း အဖေ့ကို ပြချင်တဲ့ ရှုခင်းတွေ အကြောင်း စိတ်ထဲမှာ တေးမှတ်နေတုန်း အောက်ကနေ အသံဗလံတွေ ထွက်လာတာကို ကျွန်မ ကြားလိုက်ရပါတော့တယ်။
ကျွန်မ အောက်ကို ငုံ့ကြည့်လိုက်တော့ သစ်ပင်အောက်မှာ ထရပ်ကားကြီး နှစ်စီး စိုက်နေတာတွေ့လိုက်ရတာပေါ့။ ကားကြီး တစ်စီးမှာ သံကြိုးကြီးတွေပါပြီး ကျန်တဲ့ တစ်စီးမှာတော့ ခုတ်ထွင်ရှင်းလင်း ရေးမှာ သုံးတဲ့ ပစ္စည်းတွေကို ကျွန်မတွေ့လိုက်ရတယ်လေ။ အဲ့ဒီပစ္စည်းတွေနဲ့ ဓါတ်တိုင်တွေ၊ တယ်လီဖုန်းတိုင်တွေ ထူတဲ့၊ လှဲတဲ့နေရာမှာ အသုံးပြုတာကို ကျွန်မတွေ့ဖူးပါတယ်။
သစ်ပင်အောက်မှာ လူကြီး လေးယောက်က မတ်တပ်ရပ်လို့ ဓါတ်ဗူးထဲက အငွေ့တလူလူ အရည်တွေသောက်ရင်း စကားပြောနေကြတော့ ကျွန်မလည်း
"ဦးတို့ ဒီမှာ ကားပါကင်ထိုးလို့ မရဘူးရှင့်။ ဒါက ကားဂိတ်ပါ" လို့ပြောမလို့ ပြင်တုန်းရှိသေး သူတို့ထဲက တစ်ယောက်က ကားတစ်စီးရဲ့ နောက်ခန်းဖွင့်ပြီး ပစ္စည်းကိရိယာတွေ ချနေပါရောလား။ လက်အိတ်တွေ၊ ကြိုးတွေ၊ နားကာတွေနဲ့ လွှစက်ကြီးကလည်း သုံးလုံးတောင်ရယ်ပါ။ ကျွန်မ အဲ့ဒီအချိန်အထိ သူတို့ ဘာလုပ်နေကြလဲ သဘောမပေါက်ခဲ့သေးပါဘူး။ ကျွန်မ သစ်ပင်ပေါ်ကနေ ဒီလူကြီးတွေ ဒီအနီးအနားမှာ ဘာများ ခုတ်လှဲစရာရှိလဲဆိုပြီး တွေးနေမိပါသေးတယ်။ ခဏနေ ကျွန်မနဲ့အတူ ကျောင်းကားစီးတဲ့ ကလေးတစ်ယောက်ရောက်လာတော့မှ သူက လူကြီးတွေနဲ့ စကားပြောပြီး ကျွန်မရှ်ိရာ နေရာကို လက်ညှိုးထိုးပြလိုက်တယ်လေ။ အဲ့ဒီတော့မှ လူကြီးတစ်ယောက်က
"ဟေး..ကောင်မလေး အောက်ကို အခုချက်ချင်း ဆင်းခဲ့ရမယ်။ ငါတို့ ဒီသစ်ပင်ကြီးကို ခုတ်ပစ်တော့မှာကွ" လို့ အော်ပြောလိုက်ပါတော့တယ်။
ကျွန်မ ချက်ချင်းပဲ သစ်ပင်ပေါ်ကနေ ပြုတ်ကျမလိုကို ခံစားလိုက်ရတာမို့ အကိုင်းကြီးကို အားပြုထားလိုက်ရတာပေါ့။ ကျွန်မ သူ့ကို ကြောက်ကြောက်နဲ့ ပြန်မေးလိုက်ပါသေးတယ်။
"ဒီ....ဒီ သစ်ပင်ကိုလား ဟင်"
"အင်း...ကဲ အခု ဆင်းလာခဲ့ပါလား ကလေးမ"
"ဒါပေမယ့် ဘယ်သူက ဦးတို့ကို ခုတ်ခိုင်းတာလဲ"
"ပိုင်ရှင်ကပေါ့ကွ" လို့ သူက အော်ပြောလိုက်တာပေါ့။
"ဘာလို့များလဲရှင်"
မြေပြင်ပေါ်က လူကြီးက ကျွန်မနဲ့ ပေးလေးဆယ်လောက် ကွာတယ်ဆိုပေမဲ့ သူ့ရဲ့ စိတ်မရှည်ဘဲ ရှုံ့မဲ့နေတဲ့ မျက်နှာကြီးကို ကျွန်မ လှမ်းမြင်နေရပါတယ်။
"ဘာလို့ဆို ပိုင်ရှင်က သူ့အတွက် အိမ်အသစ်ဆောက်မဲ့နေရာမှာ ဒီအပင်ကြီးက ရှုပ်နေလို့ပေါ့။ ကဲ... ကလေးမ မင်း အခုချက်ချင်း မြန်မြန် ဆင်းလာစမ်း။ ငါတို့မှာလည်း အလုပ်ရှ်ိသေးတယ်ကွ"
အဲ့ဒီအချိန်မှာ ကျောင်းသားတော်တော်များများလည်း ကားဂိတ်ဆီ ရောက်လာကုန်ကြပါပြီ။ သူတို့ကတော့ ဘာမှ ၀င်ပြောမနေပေမဲ့ ကျွန်မကို မော့ကြည့်လိုက် ၊ သူတို့ အချင်းချင်း တီးတိုး စကားပြောလိုက်နဲ့ အလုပ်ရှုပ်နေကြတာပေါ့။ အဲ့ဒီနောက် ဘရိုက်စ်ပါရောက်လာတော့ ကျွန်မလည်း မကြာခင် ကျောင်းကားရောက်လာတော့မယ်ဆိုတာ သိလိုက်ရပါတော့တယ်။ ကျွန်မ သစ်ပင်ပေါ်ကနေ တချက်လှမ်းကြည့်လိုက်တော့ ကျောင်းကားကြီးက ဟိုး မလှမ်းမကမ်းကနေ မောင်းလာတာကို တွေ့လိုက်ရပါတယ်။ ကျွန်မ တစ်ယောက်ထဲ အပင်ပေါ်မှာ ဆောက်တည်ရာမရဖြစ်နေခဲ့ရတာပေါ့။ ဘာဆက်လုပ်ရမလဲတောင် ကျွန်မ မသိတော့ပါဘူး။ သူတို့ ဒီသစ်ပင်ကြီးကို ခုတ်ပစ်မှာကို ကျွန်မ လုံး၀ လက်မခံနိုင်ဘူးလေ။
"ဦးတို့ ဒီသစ်ပင်ကို ခုတ်လို့မရဘူး။ ခုတ်လို့ မရဘူးရှင့်" လို့သာ ကျွန်မ အော်နေမိပါတော့တယ်။
အောက်က လူတွေထဲက တစ်ယောက်က ခေါင်းကို တွင်တွင်ခါလို့
"ဟေ့ ဒီမှာ ကလေးမ မင်းက ပိုင်နက်ကျူးလွန်နေတဲ့အပြင် လုပ်ငန်းဆောင်ရွက်ရေးကိုပါ နှောင့်ယှက်နေတာပဲကွ။ ငါတို့ ရဲခေါ်ပြီး မင်းကို ဖမ်းခိုင်းလို့ ရတယ်နော်။ အခုချက်ချင်း မင်း အောက်ဆင်းမလာဘူးဆိုရင် ငါတို့ကတော့ မင်းနဲ့အတူ သစ်ပင်ကြီးကိုပါ ခုတ်ချပစ်လိုက်တော့မှာပဲ ကြားလား"
ကျောင်းကား ရောက်ဖို့ကလည်း သုံးလမ်းလောက်ပဲ ကွာပါတော့တယ်။ ကျွန်မက အရင်ကဆို နေမကောင်းအသည်းအသန်ဖြစ်တာကလွဲလို့ ကျောင်းတစ်ခါမှ မပျက်ဘူးပေမဲ့ ဒီအခြေအနေအရတော့ ကျွန်မ ဒီနေ့ ကျောင်း ပျက်မှ ဖြစ်ပါတော့မယ်။
"ဒါဖြင့်လည်း ဦးတို့ ခုတ်ချင်ခုတ်ပေါ့။ သမီးကတော့ လုံး၀မဆင်းဘူး" ဆိုပြီး ကျွန်မ အော်ပြောလိုက်ပါတယ်။ ပြီးတော့ ရုတ်တရက် ကျွန်မခေါင်းထဲ အတွေးတစ်ခု ရလိုက်ပါတယ်။ ကျွန်မတို့ အားလုံးသာ သစ်ပင်ပေါ်တက်နေကြမယ်ဆို သူတို့ ဒီသစ်ပင်ကြီးကို ခုတ်လို့ရမှာ မဟုတ်ဘူးလေ။
"ဟေး...သူငယ်ချင်းတို့ရေ " လို့ ကျွန်မ အတန်းထဲက ကျောင်းသားတချို့ကို လှမ်းအော်လိုက်တာပေါ့။
"ငါနဲ့အတူ သစ်ပင်ပေါ် တက်လာခဲ့ပါလားဟင်။ ငါတို့ အားလုံး ဒီမှာ ရှိနေမယ်ဆို သူတို့ ခုတ်လို့ရမှာ မဟုတ်ဘူး လေ။ မာစီယာ၊ တိုနီ၊ ဘရိုက်စ်...နင်တို့ တက်လာခဲ့ပါဟာ။ သူတို့က ဒီသစ်ပင်ကြီးကို ခုတ်ပစ်တော့မှာဟ"
သူတို့ အားလုံးကတော့ ကျွန်မကို စိုင်စိုင်ကြီး ရပ်လို့ ကြည့်နေခဲ့ကြပါတယ်။ ကျောင်းကားကလည်း ဒီကို ရောက်လာဖို့ တစ်လမ်းကျော်ပဲ လိုတော့တယ်လေ။
"လာခဲ့ကြစမ်းပါဟာ။ နင်တို့ အမြင့်ကြီး တက်စရာမလိုပါဘူးဟ။ ကျေးဇူးပြုပြီး နင်တို့ တက်လာခဲ့ကြပါဟာ နော်"
ဒီလိုနဲ့ ကျောင်းကားကြီးက ထရပ်ကားဘေးမှာ ရပ်လိုက်ကာ တံခါးကို ဖွင့်လိုက်တော့ သူတို့အား လုံး ကျွန်မကို လျစ်လျူရှုပြီး ကားပေါ် တက်သွားကြပါတော့တယ်။
အဲ့ဒီနောက် ဘာတွေ ဆက်ဖြစ်သလဲဆိုတာတော့ ကျွန်မလည်း သိပ်မမှတ်မိတော့ပါဘူးလေ။ အိမ်နီးနားချင်းတွေလည်း သစ်ပင်အောက်မှာ စုရုံးစုရုံးလုပ်လာသလို ရဲတွေကလည်း အော်လံကြီးနဲ့ ကျွန်မကို အောက်ဆင်းလာဖို့ အော်နေကြတာတော့ ကျွန်မ မှတ်မိပါတယ်။ နောက်ပြီး မီးသတ် တပ်ဖွဲ့၀င်တွေလည်း ရောက်လာသလို လူတစ်ယောက်က လည်း ဒီအပင်ကြီးဟာ သူ့အပင်ဖြစ်ကြောင်း၊ ကျွန်မကိုလည်း ကိုယ့်ကိစ္စမဟုတ်ပဲ ၀င်မရှုပ်သင့်ကြောင်း အော်နေပါသေးတယ်။
နောက်ပြီး တယောက်ယောက်က ကျွန်မအမေကို သွားခေါ်လာတယ် ထင်ပါတယ်။ အမေ့ခမျာ မျက်ရည် လည်ရွဲနဲ့ ကျွန်မကို အောက်ဆင်းလာဖို့ ပြောရှာတယ်လေ။ ဒါပေမယ့် ကျွန်မ မဆင်းခဲ့ပါဘူး။ ကျွန်မ လုံး၀ မဆင်းဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ တော်တော်လေး ကြာတော့ ကျွန်မ အဖေလည်း သုတ်သီးသုတ်ပြာနဲ့ ကျွန်မရှိရာဆီ ရောက်လာပါတော့တယ်။ အဖေက သူ့ရဲ့ ထရပ်ကားလေးထဲကနေ ထွက်လို့ အမေနဲ့ စကားပြောနေတာ ကျွန်မ တွေ့လိုက်ရပါတယ်။ နောက်တော့ အဖေက ထရပ်ကားသမားကြီး ကို အကူအညီတောင်းလို့ လှေကားထောင်ပြီး ကျွန်မရှိရာ အကိုင်းဆီ တက်လာပါရောလား။ အဲ့ဒီတော့မှ ကျွန်မလည်း စိတ်အေးရပါတော့တယ်။ ကျွန်မ အောက်က ပြောနေတဲ့ စကားတွေကို မေ့ပြီး အဖေ့ကို ဒီသစ်ကိုင်းကနေ လှမ်းမြင်ရတဲ့ ရှူခင်းလေးကို ကြည့်ဖို့ပြောတော့ အဖေက ငြင်းတယ်လေ။ ဘယ်လိုရှုခင်းမျိုးကမှ ကျွန်မရဲ့ အသက်အန္တရာယ်လောက် အရေးမကြီးဘူးလို့လည်း အဖေက ပြောပါသေးတယ်။ အဖေပဲ ကျွန်မကို သစ်ပင်ပေါ်ကနေ ချီပြီး အိမ်ကို ခေါ်သွားခဲ့ပါတော့တယ်။ ဒါပေမယ့် ဟိုးအဝေးက သစ်ပင်ကြီးကို ခုတ်ထစ်နေကြတဲ့ လွှစက်သံကြီးကြောင့် ကျွန်မ အိမ်ထဲမှာလည်း နေမထိ ထိုင်မသာဖြစ်နေခဲ့ရတာ အမှန်ပါ။
အဲ့ဒီတော့ အဖေက ကျွန်မကို သူ့အလုပ်ထဲ ခေါ်သွားတော့တာပေါ့။ အဖေ သူ့အလုပ်ရှင်အိမ်မှာ နံရံကပ်နေတုန်း ကျွန်မလည်း အဖေ့ကားလေးထဲမှာ ထိုင်ပြီး ငိုနေမိပါတော့တယ်။ အမှန်တော့ ကျွန်မ နှစ်ပတ်ဆက်တိုက် ငိုခဲ့မိတယ်ထင်ပါတယ်။ ကျွန်မကျောင်းကိုတော့ ပုံမှန်အတိုင်းပဲ ပြန်တက်ခဲ့ပေမဲ့ ကျောင်းကားစောင့်တဲ့ နေရာလေးကိုတော့ ကျွန်မ မသွားဖြစ်ခဲ့တော့ပါဘူး။ ကျွန်မလည်း စက်ဘီးအစုတ်လေးစီးလို့ ကိုလီယာလမ်းကို ပတ်ပြီး နင်းရင်း ကျောင်းကို နေ့တိုင်း သွားခဲ့ပါတော့တယ်။ ကမ္ဘာမြေကြီးပေါ်က ထူးခြားဆန်းကြယ်လှတယ်လို့ ကျွန်မ မှတ်ယူထားတဲ့ သဖန်းပင်ကြီး နေရာမှာတော့ လွှစာမှုန့်ပုံကြီးသာ ကျန်ခဲ့တော့တာပေါ့။
တစ်ညနေခင်းမှာပေါ့။ ကျွန်မ အခန်းလေးထဲမှာ တစ်ယောက်ထဲ ထိုင်နေတုန်း အဖေက လက်ထဲမှာ ပစ္စည်းတစ်ခုကို ပုဝါနဲ့အုပ်ကိုင်ရင်း အခန်းထဲ ၀င်လာခဲ့ပါတယ်။ အဖေ ယူလာတဲ့အရာက ပန်းချီကားဖြစ်မယ်ဆိုတာ ကျွန်မသိပါတယ်။ အဖေက သူရောင်းချမဲ့ ပန်းချီကားတွေကို အခုလိုပဲ ယုယုယယ သယ်ဆောင်တတ်တယ် မဟုတ်ပါလား။ သူက ပန်းချီကားကို ရှေ့ချလို့ ထိုင်ချလိုက်ပြီး ကျွန်မကို စကားစပြောခဲ့ပါတယ်။
"သမီးရဲ့ သစ်ပင်ကို အဖေ အမြဲတမ်း သဘောကျခဲ့ပါတယ်ကွယ်။ တကယ်တော့ အဖေက သမီးမပြောခင် ကတည်းက သိနေခဲ့တာကွ"
"အိုး...အဖေရယ်။ ရပါတယ်။ သမီး မကြာခင် သစ်ပင်ကြီးကို မေ့သွားမှာပါ"
"မဟုတ်သေးဘူး ဂျူလီယာနာ။ သမီး မေ့မပစ်ရဘူး"
"ဒါက သစ်ပင်တစ်ပင် သက်သက်ပါပဲရှင်"
ကျွန်မ အသံထဲမှာ ငိုသံတွေ ရောယှက်လာတာ ကျွန်မ ပြန်ကြားမိလိုက်တာပေါ့။
"သမီးကို အဖေ ဒါဟာ သစ်ပင်ကြီးသက်သက်ပဲလို့ မတွေးစေချင်ပါဘူးကွယ်။ သမီးရော အဖေပါ ဒီသစ်ပင်ကြီးက တို့အတွက် အရေးပါတယ်ဆိုတာ သိကြတာပဲ မဟုတ်လား"
"ဒါပေမယ့် အဖေရယ်...."
"အဖေပြောတာ အရင်နားထောင်ပါဦး သမီးရယ်" ဆိုပြီး အဖေက အသက်၀၀ ရှူလိုက်ပါတယ်။
"အဖေကတော့ သစ်ပင်ကြီးရဲ့ ဝိဉာဉ်ကို သမီးနဲ့ အမြဲ အတူရှိနေစေချင်တယ်။ သမီး သစ်ပင်ကြီးပေါ်တက်လိုက်တိုင်း ခံစားရတဲ့ ခံစားချက်ကို အမြဲ သတိရစေချင်တယ်လေ"
ပြီးတော့ အဖေက တဒင်္ဂလောက် ရပ်လိုက်ပြီးမှ ကျွန်မလက်ထဲကို ပန်းချီကား ထိုးအပ်လိုက်ပါတော့တယ်။
"ဒါကြောင့် အဖေက သမီးအတွက် ဒီပန်းချီကားလေး ဆွဲပေးခဲ့တာပေါ့"
ကျွန်မလည်း ပန်းချီကားပေါ်က အ၀တ်စလေးကို ဆွဲလှန်လိုက်တော့ ကျွန်မချစ်ရတဲ့ သစ်ပင်ကြီးကို တွေ့လိုက်ရတယ်လေ။ ဒါက ကျွန်မ မြတ်နိုးရတဲ့ ၊မှော်ဆန်လှတဲ့ သဖန်းပင်ကြီးတဲ့ ပုံတူပါပဲ။ အပင်ကြီးရဲ့ အကိုင်းအခက်တွေကြားကနေ တိုးထွက်နေတဲ့ ညနေဆည်းဆာချိန် နေရောင်လေကြောင့် ကျွန်မ အပင်ကြီးပေါ်က လေထု ကြီးကိုတောင် ပြန်ပြီး ခံစားလိုက်ရသလိုပါပဲ။ အပင်ကြီးရဲ့ ဟိုးထိပ်ပေါ်မှာတော့ ကောင်မလေးတစ်ယောက်က အဝေးကို လှမ်းမျှော်ကြည့်နေတဲ့ ပုံလေးလည်း ပါ,ပါသေးတယ်။ ကောင်မလေးရဲ့ ပါးပြင်လေးတွေကလည်း အဝေးကတိုက်ခတ်လာတဲ့ လေပြည်လေးကြောင့် နီမြန်းနေတာပေါ့။ ဒီပန်းချီကားလေးက ကျွန်မအတွက်တော့ ပျော်ရွှင်မှုရဲ့ ပြယုဂ်ပါပဲ။
"မငိုပါနဲ့ ဂျူလီယာနာ ရယ်။ အဖေက ဒီပန်းချီကားလေးနဲ့ သမီးကို ကူညီချင်တာလေ။ ဒီ့ထက်ပိုပြီး နာကျင်ခံစား မနေပါနဲ့တော့ သမီးရယ်"
ကျွန်မလည်း မျက်ရည်စတွေ သုတ်လို့ နှပ်ရှုံ့လိက်ပြီး အဖေ့ကို ပြန်ပြောလိုက်ပါတယ်။
"ကျေးဇူးတင်ပါတယ် အဖေ။ ကျေးဇူးတင်ပါတယ်"
နောက်ပြီး ကျွန်မ ပန်းချီကားလေးကို အိပ်ရာခြေရင်းက နံရံမှာ ချိတ်ဆွဲထားလိုက်ပါတော့တယ်။ ဒါဆို ကျွန်မ အိပ်ရာန်ိုးတိုင်း ဒီပန်းချီကားလေးကို ပထမဆုံးမြင်နိုင်သလို အိပ်ရာ၀င်တိုင်းလည်း ဒီပန်းချီကားလေးကို မြင်နိုင်မယ် မဟုတ်ပါလား။ အခုတော့ ကျွန်မ မငိုကြွေးဘဲ သစ်ပင်ကြီးကို ကြည့်နိုင်ခဲ့ပါပြီ။ ဒီပန်းချီကားထဲက သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေဟာ ကျွန်မအတွက်တော့ သာမန်ဆိုတဲ့ ခံစားချက်တွေ ပိုခဲ့ပါတယ်။
ကျွန်မ ပတ်၀န်းကျင်က အရာအားလုံးကိုလည်း ကျွန်မ အမြင်တစ်မျိုးနဲ့ ရှုမြင်လာတတ်ခဲ့ တော့တာပေါ့။
အခန်း (၅)
ဘရိုက်စ်
အစာအဆိပ်သင့်ပိုး
ကြက်ဥတွေကို ကျွန်တော် ကြောက်တယ်ဗျ။ ကြက်တွေလည်း ပါတာပေါ့လေ။ ဟုတ်တယ်။ ဒီစကားကြားရတာ ရယ်ချင်စရာကောင်းတယ်ဆိုပေမဲ့ ကျွန်တော်ကတော့ အတည်ကိုပြောနေတာပါ။ ဒီ ကြက်ဥတွေနဲ့ ပတ်သက်တဲ့ အကြောက်တရားကြီး ကျွန်တော့်ကို လွှမ်းမိုးလာတာကတော့ ခြောက်တန်းလောက်တုန်းကထင်ပါတယ်။ တရားခံကတော့ ဂျူလီ ဘိတ်ကာရဲ့ အစ်ကို နှစ်ယောက်ကြောင့်လိုပဲ ပြောလိုက်ချင်ပါတယ်ဗျာ။
ဂျူလီ့ရဲ့ ရဲ့ အစ်ကို နှစ်ယောက် ဖြစ်တဲ့ မတ်ထ် နဲ့ မိုက်ခ်တို့ကို ဘယ်သူက ဘယ်သူဖြစ်တယ်ဆိုတာ အခုထိကို ကျွန်တော် ကွဲကွဲပြားပြား မပြောနိုင်သေးပါဘူး။ သူတို့နှစ်ယောက်ကလည်း အချိန်တိုင်းကို တပူးပူးတတွဲတွဲပဲလေ။ သူတို့ ညီအစ်ကို နှစ်ယောက်က အမွှာတွေတော့ မဟုတ်ပေမဲ့ မတ်ထ်နဲ့ မိုက်ခ်တို့က ရုပ်လည်း ဆင်တူသလို အသံကလည်း မကွဲကြပါဘူးလေ။ သူတို့ နှစ်ယောက်က ကျောင်းမှာတော့ ကျွန်တော့်အစ်မ လင်နတ်တာနဲ့ တစ်တန်းထဲတက်ကြတာပါ။ ကြည့်ရတာ သူတို့ထဲက တစ်ယောက်က ကျောင်းတစ်နှစ်ကျဖူးတယ် ထင်ပါတယ်။ ဒီလို မျောက်ရှုံးအောင် ဆော့တတ်တဲ့ ညီအစ်ကို နှစ်ယောက်ကို တချိန်ထဲ ထိန်းရမဲ့ ဆရာ၊ ဆရာမတွေကိုတော့ ကျွန်တော် သနားမိတာ အမှန်ပါပဲ။
နောက်ပြီးတော့ သူတို့ ညီအစ်ကို နှစ်ယောက်က ကျွန်တော့်ကို မြွေတွေဟာ ဥတွေကိုလည်း စားတတ်တယ်ဆိုတာ သင်ပေးခဲ့တဲ့သူတွေဆိုလည်း ဟုတ်ပါတယ်။ တကယ့်ကို မြွေတွေက ဥတွေကို စားနိုင်ကြတာ အံ့ဩဖို့တော့လည်း ကောင်းပါတယ်လေ။
ကျွန်တော့် အစ်မ လင်နတ်တာကြောင့်သာမဟုတ်ရင် ဒီ တွားသွားသတ္တဝါကောင်ရဲ့ ညစ်ပတ်တဲ့ စားသောက်ပုံကြီးကို မသိရဘဲ ကျွန်တော် ဘ၀ကို ကောင်းကောင်းကြီး ဖြတ်သန်းနိုင်ခဲ့မှာ အမှန်ပါ။ လင်နတ်တာက ကျွန်တော်တို့ အိမ်ကနေ သုံးလမ်းအကျော်လောက်မှာ နေတဲ့ စကိုင်လာဘရောင်းဆိုတဲ့ ကောင်လေးကို ကြိတ်ပြီးသဘောကျနေတော့ အခွင့်အရေးပေးတိုင်း သူက အဲ့ဒီ စကိုင်လာ ဘရောင်း တယောက် ဒရမ်တီးလေ့ကျင့်တာကို သွားကြည့်တတ်တယ်လေ။ ဒရမ်ကို တဒုန်းဒုန်း တဒိုင်းဒိုင်း တီးတာလောက်တော့ ကျွန်တော့်အတွက် စိတ်၀င်စားစရာ မရှိပါဘူး။ ဒါပေမယ့် မကြာခင်မှာပဲ စကိုင်လာ ဘရောင်းက ဘိတ်ကာ ညီအစ်ကိုနှစ်ယောက်နဲ့ ပွဲကျပြီး မစ်ထရီ ပစ်ဆာ (အမည်မသိ သေးပေါက်သူ) ဆိုတဲ့ တီးဝိုင်း ထထောင်ပါရောလား။
ကျွန်တော့်အမေတောင် ဒီအကြောင်းကြားတော့ ခေါင်းနပမ်းကို ကြီးသွားရသေးတာပါ။
"ဘယ့်နှယ့်တော်...ဘယ်လို မိဘကများ ကိုယ့်သားသမီးက မစ်ထရီ ပစ်ဆာဆိုတဲ့ နာမည်သုံးတာ ခွင့်ပြုသလဲ သိပေါင်။ ကြား...ကြားဖူးပေါင်အေ"
"အဲ့ဒီလို မကြားဖူးလို့လဲ သူတို့က ဒီ နာမည်ပေးထားတာပေါ့...." ဆိုပြီး လင်နတ်တာက သူ့ စိတ်ကူးယဉ် ကောင်လေး ဘက်က ၀င်နာနေပါသေးတယ်။
"နာမည်က သူတို့ တီးခတ်ပုံနဲ့ ဘာမှမဆိုင်ပေမဲ့ ဒီ နာမည်ကြောင့် လူတိုင်းက သူတို့ကို သတိထားနေမိတော့မှာပေါ့"
"ဟေး...ညည်းက ကျုပ်ကို အိုပြီလို့ ဆိုလိုတာလား ဟင်။ငါကတော့ နင့် စကားပြောပုံ ဆိုပုံတွေကို အခုထဲက သတိထားမိနေပြီ လင်နတ်တာရေ့..."
လင်နတ်တာကတော့ 'ထင်ချင်သလိုသာ ထင်တော့' ဆိုတဲ့ ပုံစံနဲ့ ပုခုံးတွန့်ပြလိုက် ပါတော့တယ်။
"ကဲ...ကဲ....နင့် အခန်းကိုသာ ပြန်ပေတော့" လို့ အမေက ပြောလိုက်တာပေါ့။
"ဘာလို့လဲ... သမီးမှ ဘာမှ အမှားပြောမနေတာပဲကို"
လင်နတ်တာကတော့ ပြန်ခံပက်ဆဲပဲလေ။
" နင့် လုပ်ရပ် နင်သိပါတယ်အေ။ သွား ကိုယ့်အခန်းကိုယ်ပြန်ပြီး အမှားကို ပြန်စဉ်းစားချေ... မိအကုန်သိကြီးရေ"
အဲ့ဒီတော့ လင်နတ်တာ လည်း မှတ်သွားတာပေါ့။ အဲ့ဒီနေ့ကနေ စပြီး လင်နတ်တာ တစ်ယောက် ညနေတိုင်းဆိုသလို ညစာစားဖို့ နောက်ကျနေတတ်ပါတော့တယ်။ သူ အဲ့ဒီလို နောက်ကျပြီဆိုရင် အမေက ကျွန်တော့်ကို စကိုင်လာတို့အိမ် လိုက်ပြီး ခေါ်ခိုင်းတတ်ပါတယ်။ လင်နတ်တာ အတွက်တော့ အိမ်ကနေတောင် လိုက်ခေါ်ရတာ ရှက်စရာကောင်းမယ်ဆိုပေမဲ့ ကျွန်တော့်အတွက်က ပိုလို့တောင် ဆိုးတာ အသေအချာပါပဲ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်က မူလတန်းကျောင်းသားအရွယ်ပဲ ရှိသေးတာလေ။ လင်နတ်တာနဲ့ မစ်ထရီ ပစ်ဆာ အဖွဲ့သားတွေကတော့ အထက်တန်းကျောင်းသားကြီးတွေပေါ့။ သူတို့ ၀တ်ပုံစားပုံတွေက သိပ်ကို အပျံစား၊ အလန်စားတွေ ဆိုပေမဲ့ ကျွန်တော်ကတော့တနင်္ဂနွေ ဘုရားကျောင်းကပြန်လာသလိုကို အမြဲတမ်း သပ်ရပ်လို့ နေပါတော့တယ်။
စကိုင်လာတို့ အိမ်ကိုသွားပြီး အထက်တန်းကျောင်းသားကြီးတွေ ရှေ့မှာ လင်နတ်တာကို ညစာစားဖို့ လာပြောရတာဟာ ကျွန်တော့်လို ငချွတ်လေး အတွက်တော့ သိပ်ကို ကြောက်ရွံ့စရာကောင်းခဲ့ပါတယ်။ ကျွန်တော့်ခမျာ အသံတွေတောင် တုန်နေခဲ့တာပါ။ မကြာခင်မှာပဲ သူတို့အဖွဲ့လည်း မစ်ထရီဆိုတဲ့ စကားလုံးဖြုတ်လို့ ပစ်ဆာ ဆိုပြီးခေါ်ဝေါ်လာခဲ့ကြသလို ကျွန်တော့်ကိုလည်း ခဏခဏ လာရလွန်းလို့ သိကျွမ်းလာခဲ့တော့တာပေါ့။ အရင်လို ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်မနေကြတော့ဘဲ သူတို့က ကျွန်တော့်ကို
"ဟေး ဘရိုက်စီ... ညီလေး လာခဲ့လေ"
တို့ "ဘရိုက်စီ... ချာတိတ် မင်းရော ဒရမ်တီးချင်လား" တို့ ပြောပြီး နှုတ်ဆက် တတ်ကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း အထက်တန်း ကျောင်းသားကြီးတွေနဲ့ တွဲလို့ စကိုင်လာ ဘရောင်းတို့ အိမ်က ဂိုဒေါင်ထဲမှာ စပါးကြီးမြွေ ကြက်ဥ မျိုချတာကို ကြည့်ရတဲ့အထိ ရင်းနှီးလာခဲ့ပါတော့တယ်။ ကျွန်တော်က ဘိတ်ကာ ညီအစ်ကိုတို့ အိပ်ခန်းထဲမှာ မြွေက ကြွက်ကို စားတာ မြင်ပြီးပြီဆိုတော့ သူတို့ထင်သလောက် မကြောက်ခဲ့ဘူးလေ။ နောက်ပြီး သူတို့က ကျွန်တော့်ကို စချင်ရုံ သက်သက်ကြောင့် ဒါကို ပြတာမို့ ကျွန်တော်လည်း သူတို့ ဝိုင်းစမှာ စိုးတာကြောင့် ဟန်ဆောင်နေခဲ့ပါတယ်။
မြွေတစ်ကောင်က ဥတွေကို မြိုချတာကို ကြည့်ရတာ တကယ်တော့ ထင်ထားတာထက် သိပ်ကို ကြောက်ဖို့ကောင်းပါတယ်။ စပါးကြီးမြွေက ပါးစပ်ကြီးကို နှစ်ဆလောက်ပြဲအောင်ဖြဲလို့ ဥကို ပါးစပ်ထဲ 'ဂလုခနဲ' မြည်အောင် မျိုချတဲ့ အသံကြီးက အင်မတန့်ကို ကြက်သီးထစရာပါ။ ဥကြီး သူ့လည်ချောင်းတလျှောက် လျှောကျသွားတာကိုတောင် ကျွန်တော် မြင်လိုက်ရပါသေးတယ်။ ဒါပေမယ့် အဲ့ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ မြွေက ဥ သုံးလုံးလောက်အထိ မျိုချပြီးတော့ မက်ထ်လား မိုက်ခ်လားတော့ မသိပါဘူး...တယောက်ယောက်က ကျွန်တော့်ကို လာမေးတယ်လေ။
" ဟေး..ဘရိုက်စီ ချာတိတ်...သူ ဘယ်လို အစာခြေမလဲ မင်းသိလား"
ကျွန်တော်လည်း ပုခုံးတွန့်လို့ အသံမတုန်မိအောင် သတိထားပြီး ပြန်ဖြေလိုက်တာပေါ့။
" မသိဘူးလေ။ အစာအိမ် အက်စက်နဲ့များလား"
သူက ခေါင်းခါပြီး
" မြွေက သစ်ပင်တစ်ပင်ဖြစ်ဖြစ် ခြေထောက်တစ်ချောင်းပင်ပင် ထပ်မျိုမှ ရမှာကွ" လို့ဆိုကာ ပြုံးလို့ ဆက်မေးလိုက်ပါသေးတယ်။
" မင်းခြေထောက်လေး မပေးချင်ဘူးလား ဟင် ချာတိတ်"
ကျွန်တော် ရုတ်တရက် နောက်ဆုတ်မိသွားပါတယ်။ ဒီ ဥမျိုချထားတဲ့ မကောင်းဆိုးဝါးကြီးက ကျွန်တော့်ခြေထောက်ကိုပါ မျိုခြင်သေးသတဲ့လား။
" မ..မလုပ်ပါနဲ့ဗျာ"
အဲ့ဒီတော့မှ သူက အော်ရယ်လိုက်တော့ မြွေကလည်း လန့်ပြီး အခန်းထောင့်ကို ပြေးကပ်သွားပါတယ်။
" အိုး...စိတ်မကောင်းလိုက်တာကွာ။ သူက မင်းခြေထောက်ကို မမျိုဘဲ စန္ဒရားကြီးကို မျိုချင်နေတယ် ထင်ပါရဲ့ကွာ"
စန္ဒရားကြီးတောင် မျိုချင်တဲ့ မြွေက ဘယ်လို သတ္တဝါပါလိမ့်နော်။ အစ်မ ဘာလို့များ ဒီလို ရူးသွပ်ချင်စရာကောင်းတဲ့ သတ္တဝါတွေနဲ့ အမြဲတမ်း လာနေနေပါလိမ့်။ ကျွန်တော် သူ့ကို လှမ်းကြည့်လိုက်ပါတယ်။ လင်နတ်တာလည်း သူမြင်နေရတဲ့ အဖြစ်ကို မကြောက်ချင်ယောင် ဆောင်နေပေမဲ့ သူလည်း သိပ်ကို ကြောက်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။
မြွေကြီးကတော့ စန္ဒရားကို ရစ်ပတ်ပြီး သုံးကြိမ်လောက် ဖျစ်ညှစ်လိုက်ပါ သေးတယ်။ ပြီးတော့ မိုက်ခ်လား မတ်ထ်လားမသိ...တယောက်ယောက်က
" ရှူး...တိုးတိုး။ အားလုံး တိုးတိုးနေကြစမ်း။ စိတ်၀င်စားစရာ ကောင်းတာ မင်းတို့အားလုံး မြင်ရတော့မှာကွ" လို့ ထပြောလိုက်တယ်လေ။
မြွေကြီးက လှုပ်ရှားနေတာကို ရပ်လိုက်ပြီး ခန္ဓာကိုယ်ကြီးကို အရှည်အတိုင်း ဆန့်ထုတ်လိုက်ပါတယ်။ သူ့ ခန္ဓာကိုယ်ကြီးကို ဆန့်ထုတ်လိုက်တော့ သူမျိုထားတဲ့ ဥတွေ အထဲမှာ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သွားတာတောင် ကျွန်တော် ကြားလိုက်ရပါသေးတယ်။
"အိုး...ရွံစရာ ကောင်းလိုက်တာ" လို့ ကောင်မလေးတချို့က ထအော်ပါတော့တယ်။
"ဝိုး...ငါ့ကောင်ရေ" ဆိုပြီး ကောင်လေးတချို့ကလည်း ထယောက်ကြတာပေါ့။ မိုက်ခ်နဲ့ မတ်ထ်ကတော့ တယောက်ကိုတယောက် ကြည့်လို့ ပြုံးရင်း…
"ကဲ... ညစာတော့ ရပါပြီဗျာ" လို့ ပြောင်စပ်စပ်နဲ့ ပြောလိုက်ပါတော့တယ်။
ကျွန်တော် ဒီမြင်ကွင်းကို အစအဆုံး မြင်ပြီး မကြောက်ချင်ယောင် ဆောင်နိုင်ခဲ့ပေမဲ့ တကယ်တော့ ကျွန်တော် အိပ်မက်ထဲမှာပါ မြွေကြီး ဥတွေမျိုချနေတာကို မက်နေမိပါသေးတယ်။ ဥတွေတင် မကသေးပါဘူး။ ကျွန်တော့်အိပ်မက်ထဲမှာ သူက ကြွက်တွေ၊ ကြောင်တွေကိုရော မျိုသေးတဲ့အပြင် ကြောက်စရာအကောင်းဆုံးကတော့ ကျွန်တော့်ကိုပါ မျိုချလိုက်တယ်ဆိုတာပါပဲ။ ဒီ အိပ်မက်ဆိုးကြီးတွေက ကျွန်တော့်ကို ရက်ပေါင်းများစွာ နှိပ်စက်နေပါတော့တယ်။
စကိုင်လာတို့ ဂိုဒေါင်ထဲက မြွေကြီးကို မြင်ပြီးနောက် နှစ်ပတ်အကြာ တစ်မနက်ခင်းမှာပေါ့။ ဂျူလီက ကျွန်တော်တို့ အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပါတယ်။ သူ့လက်ထဲမှာရော ဘာတွေ ကိုင်ထားတယ်ထင်လဲ။ သူက လက်ထဲမှာ ကြက်ဥတွေ အကပ်လိုက်ကြီးကို ခရစ္စမတ်ပွဲတော် ကျင်းပနေသလိုကို လှုပ်ကာလှုပ်ကာ ကိုင်လာခဲ့တာပါ။ ပြီးတော့ သူက ပြောလိုက်သေးတယ်။
" ဟေး...ဘရိုက်စ်...နင် အက်ဘီ၊ ဘော်နီ၊ ကလိုဒ်၊ ဒက်စတာ၊ ယူနစ်နဲ့ ဖလောရင့် တို့ကို မှတ်မိသေးတယ် မဟုတ်လား" တဲ့လေ။ ကျွန်တော်လည်း ရုတ်တရက် သူရွတ်ပြတဲ့ နာမည်တွေကို ခရစ္စမတ် ဘိုးဘိုးကြီးရဲ့ စွတ်ဖားဆွဲတဲ့ သမင်တွေများလားဆိုပြီး စဉ်းစားနေလိုက်ပါတယ်။
"နင် သိတယ်မဟုတ်လား....ငါ့ ကြက်ကလေးတွေလေ။ ပြီးခဲ့တဲ့ နှစ် သိပ္ပံပြပွဲတုန်းက အကောင်ပေါက်လာတဲ့ ကြက်ကလေးတွေပေါ့"
"ဪ...ဟုတ်သားပဲ။ ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ"
"သူတို့က ဥတောင် ဥနေကြပြီဟ" ဆိုပြီး သူက ကျွန်တော်လက်ထဲကို ဥအကပ်လိုက်ကြီး ထိုးထည့်လိုက်ပါတော့တယ်။
"ဒီမှာရော့။ ဒီ ကြက်ဥတွေက နင်နဲ့ နင့်မိသားစု အတူတူ စားဖို့ လတ်လတ်ဆတ်ဆတ် ကလေးတွေ ငါယူလာတာ"
"ဟင် ဟုတ်လား။ ကျေးဇူးပါ ဂျူလီရေ" လို့ ပြောပြီး ကျွန်တော်လည်း တံခါးပြန်ပိတ်လိုက်တယ်လေ။
ကျွန်တော် အရင်တုန်းကတော့ ကြက်ဥကို သိပ်ကြိုက်ဖူးပါတယ်။ အမဲသားခြောက်ကလေး ဒါမှမဟုတ် ၀က်အူချောင်းလေးနဲ့ ကြက်ဥကို မွှေကြော် ကြော်တာ ကျွန်တော့် အကြိုက်ဆုံး ဟင်းလျာတွေထဲက တစ်ခုပေါ့။ ဟို မြွေကိစ္စနဲ့ မဆိုင်ဘူးဆိုရင်တောင် ဒီကြက်ဥတွေက ကျွန်တော့်အတွက်တော့ စားဖို့ ၀န်လေးစရာကောင်းတဲ့ အရာတွေပါ။ ဒီကြက်ဥတွေက ကျွန်တော်တို့ ငါးတန်းနှစ်တုန်းက သိပ္ပံပြပွဲလုပ်တုန်း ဂျူလီကိုယ်တိုင် ဥဖောက်ခဲ့တဲ့ ဥတွေကနေ ပေါက်လာတဲ့ ကြက်တွေကနေ ပြန်ဥတဲ့ ကြက်ဥတွေပဲ မဟုတ်ပါလား။
ဂျူလီက လူတိုင်းရဲ့ စိတ်၀င်စားမှု ရအောင်ယူတတ်တာတော့ ကျွန်တော့်အတွက် ပုံမှန်ပါပဲ။ အခုလည်း ကြည့်ပါလား။ ဒီ သိပ္ပံပြပွဲမှာ သူရဲ့ ပရောဂျက်က ကြက်ဥတွေ ဥပေါက်လာတာကို ထိုင်ကြည့်နေတာတဲ့လေ။ အဲ့ဒီတော့ သူ့ပရောဂျက်က ကြက်ဥတွေ ဥပေါက်လာတာ ထိုင်ကြည့်နေရုံကလွဲပြီး ဘာမှ လှုပ်လှုပ်ရှားရှားမရှိဘဲ ပျင်းဖို့ ကောင်းလွန်းတာ အမှန်ပါ။ သူ့ပရောဂျက်က အလင်းရောင်ရဖို့ မီးသီးရယ်၊ ခွက်ကလေးရယ်၊ သတင်းစာ အပုံလေးရယ်ပဲ လိုအပ်တယ်လေ။
ဒါပေမယ့် သူများထက် ထူးလိုက်ရမှ ကျေနပ်တဲ့ ဂျူလီကတော့ တစ်လက်မစာ ရီပို့လေးရေးလို့ အောက်မှာလည်း ပုံတွေ၊ ဇယားတွေနဲ့ သူ့ရဲ့ ကြက်ဥတွေ တိုးတက်လာတဲ့ အဆင့်ကို ပုံဆွဲပြီး ရှင်းလင်းလိုက်ပါသေးတယ်။ သူက အချိန်ကိုပါ တွက်ထားတာမို့ သူ့ ရီပို့အရဆိုရင်တော့ ဒီ ကြက်ဥလေးတွေက ပွဲတော်ကျင်းပတဲ့ ညရောက်မှ အကောင်ပေါက်လာမှာပါ။ ကျွန်တော်တော့ သူ ဘာလို့ ဒီဟာကို သိပ္ပံပြပွဲမှာ ပြဖို့ ရွေးချယ်လဲ နားကိုမလည်နိုင်တော့ပါဘူး။ ကျွန်တော်ကတော့ မီးတောင်ငယ်ပုံစံကို သေသေချာချာ ပြင်ဆင်လို့ ပြခဲ့ပေမဲ့ ပြပွဲလာတဲ့ ပရိတ်သတ်တွေကတော့ ဂျူလီရဲ့ ကြက်တွေ ဘယ်အချိန် ဥခွံခွဲပြီး ထွက်လာကြမလဲဆိုတာကိုပဲ စိတ်၀င်စားခဲ့ကြတာပေါ့။ နောက်ဆုံးတော့ ကျွန်တော်ကိုယ်တိုင်တောင် ဂျူလီ့နား မယောင်မလည်သွားလို့ သူ့ပရောဂျက်ကို ကြည့်လိုက်ပါသေးတယ် ။ ဟုတ်တယ်။ ဒါက သိပ်ကို ပျင်းဖို့ကောင်းလွန်းတဲ့ သရုပ်ဖော်ချက်ပါပဲ။ ကြက်ပေါက်လေးတွေက ငါးစက္ကန့်လောက် နှုတ်သီးနဲ့ ဆိတ်ပြီး ထွက်လာတာနဲ့ နောက်ထပ် ငါးမိနစ်လောက် တုပ်တုပ်မလှုပ်ပဲ ငြိမ်နေကြတာချည်းပဲလေ။
ဂျူလီတစ်ယောက် အကဲဖြတ်ဒိုင်တွေကို ကျွက်ကျွက်ညံအောင် ရှင်းပြနေတာကိုလည်း ကျွန်တော် ကြားလိုက်ရပါတယ်။ သူ့လက်ထဲကိုင်ထားတာက ခဲတံတောင် မဟုတ်ဘဲ အတိုအရှည် ဆွဲထုတ်လို့ရတဲ့ ထောက်တံလေးနဲ့လေ။ သူက ထောက်တံလေးနဲ့ ဟိုနားက ဇယားလေးကို ထောက်လိုက်၊ ဒီနားက ပုံလေးကို ထောက်လိုက်နဲ့ နှစ်ဆယ့်တစ်ရက်သား သူ့ကြက်ဥလေးတွေ ဘယ်လောက်တိုးတက်လာသလဲဆိုတာ စာစာ စာစာ နဲ့ စိတ်၀င်စားစရာကောင်းအောင် ရှင်းပြနေလေရဲ့။ ဒီ့ထက်ပိုပြီး သူအပိုလုပ်ချင်ရင်တော့ သူ ကြက်ကလေး၀တ်စုံ၀တ်လာဖို့ပဲ ရှိပါတော့တယ်။ သူသာ ကျွန်တော့်လို တွေးမိတယ်ဆို တကယ့်ကို ကြက်ကလေး၀တ်စုံ ၀တ်လာမှာ သေချာပါတယ်။
ဒါက ဂျူလီ့ကိစ္စပဲမို့ ကျွန်တော့်အပူ တပြားသားမှ မပါပေမဲ့ နောက်ထပ် တစ်နှစ်လောက်လည်းကြာရော အခု ကျွန်တော့်မှာ အိမ်ကြက်ဥတွေ တစ်ကပ်လိုက်ကြီး ကိုင်ပြီး ရပ်နေရပြီလေ။ ကျွန်တော်လည်း ဂျူလီ့ရဲ့ စိတ်ရှုပ်စရာ ပရောဂျက်အကြောင်း ထပ်မတွေးဖို့ ကြိုးစားနေတုန်းမှာပဲ အမေက အိမ်ထဲကနေ ထွက်လာပြီး မေးလိုက်တာပေါ့။
"ဘယ်သူလာသွားတာလဲ သား။ သားလက်ထဲက ဘာတွေ ကိုင်ထားတာလဲ။ ကြက်ဥတွေလား"
အမေ့မျက်နှာကို ကြည့်ရုံနဲ့ အခုချက်ချင်း ကြက်ဥမွှေကြော်လုပ်ပေးဖို့ အမေ တော်တော် ပင်ပန်းနေတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။
"ဟုတ်တယ် အမေ" လို့ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။
"ဒါပေမယ့် သား ဒီမနက် ကွေကာအုပ်ပဲ ဖျော်စားသွားပါတော့မယ်"
အမေက ကျွန်တော့်လက်ထဲက ကြက်ဥတွေကို ဖွင့်ကြည့်ပြီး ပြုံးလို့ ပြန်ပိတ်လိုက်တာပေါ့။
"ကောင်းလိုက်တာကွယ်။ ဘယ်သူ လာပို့သွားတာလဲကွဲ့"
"ဂျူလီ ဥထားတာလေ"
"ဟင် ဂျူလီ ဥတာ ဟုတ်လား"
"ဟို... သူ့ကြက်တွေ အိမ်မှာ ဥတာလို့ ပြောတာပါ"
"အိုး..."
ကျွန်တော့်စကားကြားတော့ အမေ မျက်နှာက အပြုံးတွေ ရုတ်တရက် ပျောက်သွားတာ တွေ့လိုက်ပါတယ်။
"ဒီလိုလား။ ဂျူလီ့မှာ...ကြက်တွေမွေးထားတာ အမေတောင် မသိလိုက်ပါဘူးကွယ်"
"အမေ မှတ်မိသေးတယ် မဟုတ်လား။ အမေနဲ့ အဖေ အတူတူ ပြီးခဲ့တဲ့ နှစ်တုန်းက သိပ္ပံပြပွဲမှာ တစ်နာရီလောက် ဒီဥဥမဲ့ ကြက်ဥလေးတွေ အကောင်ဖောက်တာကို ကြည့်နေခဲ့ကြ တာလေ"
"ဟင်...ဒါဆို...ဒါဆို ဒီ ဥတွေထဲမှာ ကြက်ကလေးတွေ မပါဘူးဆိုတာ အမေတို့ ဘယ်လိုလုပ်သိမှာလဲကွယ်"
ကျွန်တော်လည်း ပုခုံးပဲ ပြန်တွန့်ပြလိုက်ပါတယ်။
" ဒါကြောင့် ကျွန်တော်လည်း ကွေကာအုပ်ပဲ စားတော့မယ် ပြောတာပေါ့"
ကျွန်တော်တို့ အားလုံး အဲ့ဒီနေ့က မနက်စာကို ကွေကာအုတ်ပဲ စားခဲ့ကြတယ်ဆိုပေမဲ့ တချိန်လုံး ကြက်ဥတွေအကြောင်းပဲ ပြောဖြစ်ခဲ့ကြပါတယ်။ အဖေကတော့ သူငယ်ငယ်တုန်းက ခြံထွက် ကြက်ဥ လေးတွေကို စားရတာ အရသာရှိတာမို့ ဒီကြက်ဥလေးတွေကို ပြဿနာမရှိလောက်ပါဘူးလို့ ဆိုပေမဲ့ အမေကတော့ သူသာ ကြက်ဥတွေကို ခွဲလိုက်ရင် အထဲမှာ ကြက်သေလေးများ တွေ့ရမလား စိုးရိမ်နေခဲ့ပါတယ်။ မကြာခင်မှာပဲ စကားဝိုင်းကလည်း ကြက်ဖတွေအကြောင်း ရောက်သွားတာပေါ့။ ကျွန်တော်ကတော့ သူတို့ ဒီအကြောင်း ဆက်မပြောကြရင် ကောင်းမှာပဲလို့ တွေးနေခဲ့တာပါ။
နောက်ဆုံးတော့ လင်နတ်တာက ထပြောပါတော့တယ်။
"သူတို့မှာ ကြက်ဖမွေးထားတယ်ဆို သမီးတို့ရော အိမ်နီးနားချင်းတွေပါ သိပြီးလောက်ပြီပေါ့"
နောက်တော့ အမေက ထပ်ပြောလိုက်ပါသေးတယ်။
"ဒါမှမဟုတ် သူတို့တွေ ကြက်ဖမွေးပြီး အသံကြိုးဖြတ်ထားသလားမှ မသိတာ။ ဟို...ခွေးတွေ ဟောင်လွန်းရင် အသံကြိုးသွားဖြတ်သလိုပေါ့ရှင်"
"ကြက်ဖကို အသံကြိုးဖြတ်ရမတဲ့လားကွာ....ငါ့နှယ်" လို့ အဖေက အမေ့စကားကို သူ့ဘ၀မှာ ရယ်စရာအကောင်းဆုံး ကြားလိုက်ရသလိုကို ပြောနေတော့ အမေက သူ့ကို စိုက်ကြည့်နေတယ်လေ။ အဲ့ဒီတော့ အဖေလည်း ချက်ချင်း မျက်နှာပိုးသတ်ပြီး မနက်စာကို ခေါင်းငုံ့ပြီး စားနေတော့တာပေါ့။
"အင်း...ဒါမျိုးတော့ မကြားဖူးပေမဲ့ ဖြစ်နိုင်ပါတယ်လေ" ဆိုပြီး အဖေက အမေ့ကို ပြန်ဖားလိုက်ပါသေးတယ်။
လင်နတ်တာက အမေ့ကို ပုခုံးတွန့်လို့
"အမေ အဲ့လောက် စိတ်ပူနေလည်း မစ္စ ဘိတ်ကာကို ဖုန်းဆက်ပြီး မေးကြည့်ပါလား" လို့ အကြံပေးလိုက်ပါတယ်။
"အိုး.... လက်ဆောင်ပေးတာကို အရိုးများသလေး၊ ချေးခါးသလေးတော့ မပြောနိုင်ပါဘူးအေ။ နောက်ပြီး လူမှုရေးကလည်း ရှိသေးတယ်မဟုတ်လား"
အမေ့ကို သနားလို့ ကျွန်တော်လည်း လင်နတ်တာကို
"မိုက်ခ်ဖြစ်ဖြစ်၊ မတ်ထ်ဖြစ်ဖြစ် တယောက်ယောက်ကို နင် သွားမေးကြည့်ပါလား" လို့ ပြောလိုက်တာပေါ့။
"ဘာရယ်...ငါက ဘာကိစ္စ သွားမေးရမှာလဲဟဲ့။ ငါ သူတို့အိမ်တောင် မသွားတာကြာပြီလေ... အရူးလေးရဲ့"
"ဟေ့... လင်နတ်တာ"
အမေကတော့ လင်နတ်တာ ကျွန်တော့်ကို ဒီလိုခေါ်တာ ပထမဆုံး ကြားဖူးသလို လှမ်းပြီးမာန်လိုက်တယ်လေ။
"ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ သားလည်း သိသင့်တာပဲကို။ ဒါနဲ့ သမီး ဘာလို့ သူတို့အိမ် မသွားတော့တာလဲဟင်။ တခုခုများ ဖြစ်ခဲ့လို့လား"
လင်နတ်တာက ထမင်းဝိုင်းကနေ ထလို့ လက်အိတ်၀တ်ရင်း
"သမီးပြောတော့ရော အမေက ဂရုစိုက်မှာ ကျနေတာပဲ" လို့ ပြန်ပက်ရင်း သူ့အခန်းထဲကို ၀င်သွားပါတော့တယ်။
"စပြန်ပြီဟေ့" လို့ အဖေက မျက်ခုံးပင့်ရင်းပြောတော့ အမေက ချက်ချင်းပဲ
"ခွင့်ပြုပါဦးရှင်" ဆိုပြီး လင်နတ်တာ နောက်ကို ပြေးလိုက်သွားတာပေါ့။
အမေ အစ်မနောက် လိုက်သွားတော့ အဖေက ကျွန်တော့်ဘက် မြှားဦးလှည့်လာပြန်ပါတယ်။
"ဒါဆို သားရေ...မင်းပဲ ဂျူလီ့ကို မေးကြည့်လိုက်ပေါ့ကွာ"
"ဟာ အဖေကလည်းဗျာ...."
"ဒါလေးမေးတာပဲကိုကွာ မင်းကလည်း.... ဒုက္ခကြီးမနေ စမ်းပါနဲ့"
"အဖေ မသိဘူးနော်။ သူ့ကို စကားသွားစရင် အနည်းဆုံးကတော့ နာရီ၀က်လောက်ကို ကြာမှာ သေချာတယ်ဗျ"
အဖေက ကျွန်တော့်ကို စေ့စေ့ တချက်ကြည့်လိုက်ပါသေးတယ်။ ပြီးတော့မှ ဆက်ပြောတယ်။
"မိန်းကလေးတစ်ယောက်ကို ဒီလောက် ကြောက်နေစရာ မလိုပါဘူးကွာ" တဲ့လေ။
"ကျွန်တော်က သူ့ကို ကြောက်နေတာ မဟုတ်ပါဘူးဗျာ"
"အဖေကတော့ မထင်ပေါင်"
"ဟာ အဖေကတော့ လုပ်ပြီဗျာ"
"တကယ်ပြောတာ သား.... မင်းကို အဖေ သွားမေးစေချင်တယ်။ သားလည်း သူ့ကိုကြောက်မနေဘဲ ရဲရဲတင်းတင်း သွားမေးလိုက်စမ်းပါကွာ"
"ဘာလဲ...သူတို့အိမ်မှာ ကြက်ဖ ရှိမရှိကိုလား အဖေ"
"ဒါပေါ့"
အဖေက သူ့မနက်စာပန်းကန်ကို အဆုံးသတ်ရင်း ကျွန်တော့်ကို
"ကဲ.... အဖေ အလုပ်သွားရတော့မယ်။ မင်းလည်း ကျောင်းသွားရမယ် မဟုတ်လား။ ညကျရင် အဖေ မင်းဆီက အဖြေလိုချင်တယ်နော််" ဆိုပြီး အလုပ်ကို ထွက်သွားပါတော့တယ်။
ကောင်းရောဗျာ.... ကောင်းရော။ ဒီနေ့ကတော့ မိုးမလင်းခင်ကတည်းက ကံဆိုးမိုးမှောင် ကျပြီလေ။ အဲ့ဒီနေ့ ကျောင်းရောက်လို့ ဂဲရတ်ထ် ကို ကျွန်တော် အကြောင်းစုံပြောပြတော့ သူက လုံး၀ အရေးမကြီးတဲ့ ပုံနဲ့ ပုခုံးလေးတွန့်လို့ ပြန်မေးပါတယ်။
"ဂျူလီက မင်းတို့ အိမ်ရှေ့တည့်တည့်က အိမ်မှာ နေတာ မဟုတ်လားကွ"
"ဟုတ်တယ်လေ...ဘာလို့လဲ"
"ဒါဆို မင်း ကိုယ့်ဘာသာကို သူတို့ခြံထဲ သွားကြည့်လို့ရတာပေါ့"
"ဟင်...ငါက သွားချောင်းကြည့်ရမယ်လို့ ဆိုတာလား"
"ဒါပေါ့ကွ"
"ဒါပေမယ့်... ဘယ်ကြက်က ကြက်ထီးလဲ ငါက ဘယ်နှယ့်လုပ် သိမလဲကွ"
"ဟိုဟာကွာ...ကြက်ဖတွေကလေ....ဘယ်လိုပြောရမလဲ။ အကောင်ပိုကြီးတယ်ကွ။ သူတို့ အမွှေးတွေက ပိုပွတယ်လေ"
"အမွှေးတွေဟုတ်လား။ ငါက အမွှေးဘယ်နှမွှေးရှိလဲ သွားရေနေရမှာလားကွ"
"မဟုတ်ဘူးလေ... အရူးလေးကလည်း...ကြက်ဖတွေက ပိုပြီး အရောင်အသွေးစုံတယ်လို့ ငါ့အမေ ပြောဖူးတယ်ကွ" ဆိုပြီး ဂဲရတ်ထ်က ရယ်လိုက်ပါသေးတယ်။
"မင်း ကြက်ဖကတော့ အရောင်တောက်မတောက် ငါလည်း မသိဘူးပေါ့ကွာ"
"ကျေးဇူးပဲကွာ။ မင်း ကယ်ပေလို့သာပဲ"
"နားထောင်ဦး။ ကြက်ဖဆိုတော့ တခြားကြက်တွေထက် အကောင်ပိုကြီးပြီး အရောင်အသွေးလည်း စုံရမယ်ကွ။ မင်း သိတယ်မဟုတ်လား... သူ့တို့ ကျောပေါ်က အမွှေးတွေလေ။ သူတို့ အရောင်က အနီဖြစ်ဖြစ် အနက်ဖြစ်ဖြစ် တောက်ပနေရမယ်ကွာ။ နောက်ပြီး ကြက်ဖတွေ ခေါင်းပေါ်မှာ ရာဘာဖတ်လေးလို အနီလေးပါသေးတယ်။ တချို့အကောင်တွေဆို လည်ပင်းမှာလည်း ပါတတ်တယ်လေ။ ဟုတ်တယ်။ ကြက်ဖတွေ မျက်နှာ တပြင်လုံးက အဲ့ဒီ ရာဘာလို အနီရောင် အဖတ်လေးတွေနဲ့ ပြည့်နေတာပဲကွ"
"ဒါဆို ငါက ခြံထဲသွားပြီး အမွှေးပွပွနဲ့ ရာဘာလို အနီရောင်အဖတ်လေးတွေ ပါတဲ့ ကြက်ပါ၊ မပါ သွားစစ်ရမှာပေါ့ ဟုတ်လား"
"ခဏလေး...အခုမှ စဉ်းစားမိတယ်။ ကြက်တွေမှာလည်း အဲ့ဒီ အနီရောင် ရာဘာဖတ်လို အရာလေး ပါတာပဲကွ။ ကြက်ဖလောက်တော့ မများဘူးပေါ့လေ"
ကျွန်တော်လည်း ဂဲရတ်ထ်ကိုကြည့်ပြီး 'နေပါတော့ကွာ။ ဂျူလီ့ကိုပဲ မေးလိုက်ပါတော့မယ်' လို့ ပြောဖို့ စဉ်းစားရုံရှိသေး ဂဲရတ်ထ်က ရုတ်တရက် ထပြီး
"ငါလည်း မင်းနဲ့အတူတူ လိုက်ကြည့်ပေးမယ်လေ" လို့ ပြောလာပါတော့တယ်။
"တကယ်လား"
"ဒါပေါ့ကွ။ တကယ် လိုက်ခဲ့မယ်"
ဒီလိုနဲ့ပဲ ကျွန်တော်နဲ့ ဂဲရတ်ထ် အန်ဒါဆန်တို့နှစ်ယောက်လည်း နေ့လည်ခင်း သုံးနာရီခွဲလောက် အချိန်ကြီးကို ဂျူလီတို့ နောက်ဖေးက ခြံထဲကို သွားချောင်းဖြစ်ခဲ့ကြပါတော့တယ်။ ကျွန်တော့်အနေနဲ့တော့ အဲ့ဒီခြံဘက် လုံး၀ မသွားချင်ပေမဲ့ ညကျရင် အဖေ့ကို အဖြေပြန်ပေးရဦးမယ် မဟုတ်ပါလား။
ကျွန်တော်တို့လည်း ကျောင်းခေါင်းလောင်း ထိုးပြီဆိုကတည်းကိုက ကျောင်းထဲကနေ အိမ်ကို တချိုးတည်း ပြေးလာကြတော့တာပေါ့။ ကျွန်တော်တို့သာ အိမ်ကို မြန်မြန်ရောက်မယ်ဆို ဂျူလီ ပြန်မလာခင် ခြံကို သွားကြည့်လို့ရမယ်လို့ ကျွန်တော် တွက်မိပါတယ်။ ကျွန်တော်တို့တွေ ကျောပိုးအိတ်တောင် မချွတ်ဘဲ လမ်ကြားထဲကို ၀င်လို့ ကြက်ခြံကို သွားချောင်းဖြစ်ခဲ့တာပေါ့။
ဘိတ်ကာမိသားစုရဲ့ ခြံကိုတော့ မျှော်ကြည့်စရာတောင်မလိုပါဘူး။ ခြံစည်းရိုးလေးက သိပ်မမြင့်တာမို့ မတ်တပ်ရပ်ပြီးကြည့်ရင်တောင် အကုန် မြင်နေရတယ်လေ။ ဒါပေမယ့် ဂဲရတ်ထ်ကတော့ ခြံစည်းရိုးနားကပ်ပြီး ကုန်းကုန်းကွကွလုပ်နေတော့ ကျွန်တော်လည်း သူ့အတိုင်း လိုက်လုပ်မိနေပါတော့တယ်။ နောက်ဆုံးတော့လည်း ကျွန်တော်က ဒီရက်ကွက်မှာနေတဲ့သူဆိုတော့ ဂဲရတ်ထ်ထက် ပိုပြီး အကြောင်းသိတာ မဆန်းပါဘူးလေ။
နောက်ဖေးခြံကြီးကတော့ တကယ့်ကို ရှုပ်ပွစုတ်ပြတ်နေတဲ့ နေရာကြီးပါ။ ချုံပုတ်တွေကလည်း တောထူနေပြီး သစ်သားချောင်းတွေ ဝိုင်ယာကြိုးတွေကလည်း ဗြုတ်စဗျင်းတောင်း ပစ်ထားတာတွေ့ရတော့ ကျွန်တော် အံ့ဩသွားရပါသေးတယ်။ ခြံတဖက်ခြမ်းမှာတော့ လှောင်အိမ်လေး လုပ်ထားပြီး ခြံ တပြင်လုံးကတော့ မြက်ရိုင်းတွေက ရွှံ့ဗွက်တွေကြားထဲ ပေါက်နေလိုက်တာ သိပ်ကို ရွံစရာကောင်းတဲ့ မြင်ကွင်းကြီးရယ်ပါ။
ဂဲရတ်ထ်က ဂျူလီ့ခွေးကို လှမ်းမြင်လိုက်ပါတယ်။ ခွေးကတော့ အိမ်အမိုးစွန်းထုတ်ထားတဲ့ တန်းလျားပေါ်က စုတ်စုတ်ပြတ်ပြတ် ထိုင်ခုံ နှစ်လုံးကြားမှာ ထိုင်နေလေရဲ့။ ဂဲရတ်ထ်က ခွေးကို လက်ညှိုးထိုးပြပြီး ပြောတယ်။
"ဒီခွေးက ငါတို့ကို လိုက်ဆွဲမလား မသိဘူးနော်" တဲ့လေ။
"ငါတို့ကို ခွေးမြင်တဲ့အထိ ကြာမှာမဟုတ်ပါဘူးကွာ။ ဟို ကြက်တွေကရော ဘယ်ရောက်နေ ပါလိမ့်"
"လှောင်အိမ်ထဲမှာ နေမပေါ့" ဆိုပြီး ဂဲရတ်ထ်က ကျောက်တုံး တစ်တုံးကောက်လို့ အထပ်သားပြားတွေနဲ့ လုပ်ထားတဲ့ လှောင်အိမ်ပုံစံ သစ်သားပုံစီ ပစ်လိုက်ပါတယ်။
ပထမတော့ အထဲကနေ အတောင်တဖျတ်ဖျတ် ခတ်သံတွေကို ကျွန်တော်တို့ ကြားလိုက်ရတာပေါ့။ ပြီးတော့မှ ကြက်တစ်ကောင်က အထဲကနေ အတောင်ပံ တဖျတ်ဖျတ်ခတ်ပြီး ပျံထွက်လာတယ်လေ။ သိပ်တော့ အဝေးကြီး ပျံသွားတာ မဟုတ်ပေမဲ့ အဲ့ဒီကြက်မှာ အမွှေးထူထူနဲ့ အနီရောင် ရော်ဘာလိုလို အဖတ်လေး ပါတာကိုတော့ တွေ့လိုက်ရပါတယ်။
"ကဲ... ဘယ်လိုလဲ။ ကြက်ဖလို့ မင်းထင်လား" ဆိုတော့ ဂဲရတ်ထ်က ပုခုံးတွန့်လို့
"ကြည့်ရတာတော့ ကြက်တစ်ကောင်ပါပဲ" တဲ့လေ။
"မင်းက ဘယ်လိုလုပ်သိလဲ"
သူက နောက်တခါ ပုခုံးထပ်တွန့်ရင်း ပြောလိုက်တယ်။
"ဒီလိုပဲ သိတာပေါ့"
ကျွန်တော်တို့လည်း အဲ့ဒီကြက် အညစ်အပတ်တွေထဲ နှုတ်သီးနဲ့ ဆိတ်လို့ ထိုးဆွနေတာကို ကြည့်နေလိုက်ကြပါတယ်။ ပြီးတော့မှ ကျွန်တော်က ဂဲရတ်ထ်ကို မေးလိုက်တယ်။
"ဒါနဲ့ ကြက်မဆိုတာ ဘာလဲကွ"
"ကြက်မ ဟုတ်လား"
"အင်းလေ။ ကြက်ဖရယ်၊ ကြက်ရယ်၊ ကြက်မရယ်ဆိုပြီး သုံးမျိုး ရှ်ိတာ မဟုတ်လား။ အဲ့ဒီတော့ ကြက်မက ဘာကြီးလဲကွ"
"ကြက်မဆိုတာ အဲ့ဒီကြက်တွေထဲက တစ်ကောင်ပေါ့ကွ" ဆိုပြီး ဂဲရတ်ထ်က ဘိတ်ကာမိသားစု ခြံထဲက ကြက်တွေကို လက်ညှိုးထိုးပြီး ပြောလိုက်တာပေါ့။
"ဒါဖြင့် ကြက်ကရော ဘယ်အကောင်လဲ"
သူက ကျွန်တော့်ကို ကြောင်ပြီး ကြည့်နေတယ်လေ။
"မင်း ဘာတွေ မေးနေတာလဲ ဘရိုက်စ်"
" ကြက်လေ၊ ကြက်ဆိုတာ ဘယ်အကောင်လဲလို့ မေးတာ"
ဂဲရတ်ထ်တယောက် နောက်ကို ခြေတစ်လှမ်းဆုတ်ကာ
"ဘရိုက်စီ ချာတိတ်...မင်းကတော့ မျက်စိလည်နေပြီကွ။ ကြက်ဆိုတာ အဲ့ဒီအကောင်တွေကို ပြောတာလေ" လို့ ပြောပြီး နောက်ထပ် ကျောက်တုံးတစ်တုံးကောက်ပြီး ပစ်ဖို့ ပြင်နေတုန်းမှာဘဲ အိမ်မကြီး နောက်ဖေး က မှန်တံခါး ကိုဖွင့်ပြီး ဂျူလီ က အထဲကနေ ထွက်လာတာ တွေ့လိုက်ရပါတော့တယ်။
ကျွန်တော်တို့ နှစ်ယောက်လည်း ငုံ့ပြီး ပုန်းနေလိုက်တာပေါ့။ ပြီးတော့ ခြံစည်းရိုး အပေါက်လေးကနေ ဂျူလီ့ကို ချောင်းကြည့်နေရင်း
"ဂျူလီ ဘယ်တုန်းက အိမ်ပြန်ရောက်လာပါလိမ့်" လို့ ရေရွတ်လိုက်တော့ အနားက ဂဲရတ်ထ်က
"မင်း ဟိုကြက်တွေ အကြောင်း မျက်စိ လည်နေတုန်းက ဖြစ်မှာပေါ့" ဆိုပြီး စကားနာထိုးတယ်လေ။ ပြီးတော့ သူက တီးတိုးပြောလိုက်သေးတယ်။
"ဒါပေမယ့် အခုမှ ပိုကောင်းသွားတာကွ။ သူ့လက်ထဲမှာ ခြင်းတောင်း ကိုင်ထားတာ တွေ့လား။ ကြည့်ရတာ သူ ကြက်ဥလာကောက်တာပဲ ဖြစ်ရမယ်"
ဂျူလီက ပထမတော့ အမွှေးစုတ်ဖွားနဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ သူ့ခွေးကို အမွှေးသပ်ရင်း သေသေချာချာ ယုယလို့ ကြက်တွေ စောင့်ပေးထားတာကို ချီးကျူးနေလိုက်ပါသေးတယ်။ ပြီးတော့ သူက ခွေးကို ပြန်အိပ်ခိုင်းပြီး ဂဲရတ်ထ် ခုနက ခဲထဲထုထားတဲ့ လှောင်အိမ်နားကို လျှောက်လာပြီး ကြက်တွေကို တကွပ်ကွပ်နဲ့ အသံပေးနေတော့တာပေါ့။ ပြီးတော့ သူက အသံစာစာ စာစာ နဲ့ သီချင်းကလည်း ဆိုလိုက်ပါသေးတယ်။
'တိမ်ထူတဲ့နေ့လေးမှာလည်း ကိုယ့်အတွက်တော့ နေသာပါတယ်ကွယ် အပြင်လောက၀ယ် ဘာတွေများ ရှိသလဲကွယ် သိချင်စမ်းပါတယ်။ မေလရောက်တဲ့ အခါများကွယ် မင်းလာပြောမယ် ကိုယ်သိချင်သေးတယ် အို... မိန်းမငယ်... အို...မိန်းမငယ်....'
ပြီးတော့မှ ဂျူလီက လှောင်အိမ်ထဲကို အသံပြုလိုက်တာပေါ့။
"ဟယ်လို ဖလို၊ ကောင်းသောနေ့လည်ခင်းပါကွယ် ဘွန်နီလေးရေ၊ ဟောဟိုက ပန်ကင်လေးလည်း ထွက်လာပါဦး"
လှောင်အိမ်က သူ့ခန္ဓာကိုယ်တစ်ခုလုံး လွတ်လွတ်လပ်လပ် ၀င်ပြီး လမ်းလျှောက် သွားလောက်ရတဲ့ အနေအထားမဟုတ်ပါဘူး။ အဲ့ဒီ သစ်သားလှောင်အိမ်ကို ကြည့်ရတာ ခွေးတစ်ကောင်တောင် ၀င်ဖို့ ခက်တဲ့ ပုံပါ။ ဒါပေမယ့် ဂျုလီ ဘိတ်ကာကို ဒါက ရပ်တန့်သွားစေမယ်များ ထင်လား။ သူက မြေကြီးပေါ်ကို လေးဘက်ထောက်ပြီးတော့တောင် လှောင်အိမ်ထဲကို မရမက တိုး၀င်သွားတော့ ကြက်တွေကလည်း အသံတစီစီနဲ့အော်ရင်း အတောင်ပံတွေ ခတ်လို့ ၀ရုန်းသုန်းကားတွေ ဖြစ်ကုန်ကြတော့တာပေါ့။ ခဏနေတော့ ကြက်တွေ အားလုံးလည်း လှောင်အိမ်ထဲကနေ ထွက်ပြီး ခြံထဲမှာ ဟိုဟိုဒီဒီ ထိုးဆိတ် နေကြသလို ဂျူလီ ဘိတ်ကာကိုတော့ ကြက်ချေးပေးနေတဲ့ ဘွတ်ဖိနပ်က အပြင်ထွက်လို့ လှောင်အိမ်ထဲမှာ ကိုယ်တပိုင်း၀င်ပြီး တကုပ်ကုပ်နဲ့ သီချင်းဆိုနေတာ ကြားလိုက်ရပါတော့တယ်။
'ကိုယ့်အတွက် ပိုက်ဆံမလိုပါဘူးကွယ် ကံကောင်းခြင်းနေတဲ့ ပြည့်စုံနေတဲ့ ကိုယ့်ဘ၀လေးကို အရာအားလုံးထက် ကျေနပ်ပါတယ် မင်းလေးကိုယ့်ကို မေးပြန်ရင်လည်း ကိုယ်အကောင်းဆုံး ဖြေပြလိုက်မယ်၊ အို မိန်းမငယ်....'
အဲ့ဒီအချိန်မှာ ကျွန်တော် ကြက်တွေရဲ့ အမွှေးတွေရော၊ အနီရောင် ရာဘာဖတ်လို အရာတွေကိုရော သတိမရတော့ဘဲ ဂျူလီ့ရဲ့ ဘွတ်ဖိနပ်ကိုပဲ စိုက်ကြည့်နေမိတယ်လေ။ စိတ်ထဲကလည်း ဒီလောက် ပျက်ဆီးယိုယွင်းနေတဲ့ လှောင်အိမ်ထဲမှာ ကြက်ချေးတွေ အပေခံပြီး အလုပ်လုပ်နေတဲ့ ဂျူလီတယောက် ဘာလို့များ အခုလို ပျော်နေနိုင်သလဲဆိုတာ စဉ်းစားနေမိတာပေါ့။
ဂဲရတ်ထ်က ကျွန်တော့်ကို လှမ်းသတိပေးလိုက်ပါတယ်။
" သူတို့တွေ အားလုံးက ကြက်တွေချည်းပဲကွ။ ကြည့်ကြည့်စမ်း"
ကျွန်တော်လည်း ဂျူလီ့ ဘွတ်ဖိနပ်ကနေ မျက်စိလွှဲပြီး ကြက်တွေကို တခါ ပြန်စစ်ဆေးနေလိုက်ပါတယ်။ ကျွန်တော်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ ကြက်တွေကို ရေနေခဲ့တာပေါ့။ ဟုတ်တယ်။ ကြက်တွေကတော့ ဂျူလီသိပ္ပံပြပွဲတုန်းက အကောင်ဖောက်ခဲ့တဲ့ အတိုင်း ခြောက်ကောင် အတိပါပဲ။ ဘယ်သူမှလဲ သူ့ရဲ့ ကြက်တွေကို မေ့နိင်မယ်လို့ မထင်ပါဘူး။ တကယ်တမ်းဆို အဲ့ဒီနေ့က ကျွန်တော်တို့ နေထိုင်တဲ့ စီရင်စုက လူကြီးတွေတောင် ဂျူလီ့ကြက်သတင်းကို ကြားလိုက်ရသေးတယ် မဟုတ်ပါလား။
ဒါပေမယ့် ကျွန်တော် ဂဲရတ်ထ်ပြောတဲ့ စကားကိုတော့ အခုထိ မရှင်းသေးတာ အမှန်ပါ။ သူတို့တွေ အားလုံးက ကြက်တွေဆိုတာက ဘာကို ဆိုလိုတာပါလိမ့်။ ကျွန်တော် သူ့ကို ထပ်မေးဦးမယ်ဆိုရင်လည်း ဂဲရတ်ထ်က ကျွန်တော့်ကို အ,ရန်ကော ဆိုတဲ့ အကြည့်နဲ့ ကြည့်နေဦးမှာလေ။ မနေနိုင်တဲ့ အဆုံးတော့ ကျွန်တော်လည်း အရဲစွန့်ပြီး သူ့ကို ထုတ်မေးလိုက်ပါတော့တယ်။
"ဒါဆို ဒီထဲမှာ ကြက်ဖတွေ မပါဘူးပေါ့ ဟုတ်လား"
"သွေးထွက်အောင် မှန်တာပေါ့ကွာ"
"မင်းက ဘယ်လိုလုပ်သိတုန်း"
သူက ပုခုံးတွန့်ပြလို့ ပြန်ဖြေလိုက်တယ်။
"ကြက်ဖတွေက ဟန်ရေးပြတတ်တယ်လေ"
"ဟန်ရေးပြတယ် ဟုတ်လား"
"အင်း ဟုတ်တယ်။ ကြည့်ကြည့်စမ်း...သူတို့အားလုံးမှာ အမွှေးရှည်ကြီးတွေ မရှိဘူး တွေ့လား။ နောက်ပြီးတော့ ဟို အနီရောင် ရာဘာလို အဖတ်ကြီးလည်း မဆိုစလောက်ကလေးပဲ ပါကြတာလေ"
ဂဲရတ်ထ်က ပြောပြောဆိုဆိုနဲ့ ခေါင်းငြိတ်လိုက်ပါသေးတယ်။
"ကဲ သူငယ်ချင်းရေ။ သူတို့က ကြက်တွေချည်းပဲဆိုတာ သေချာတယ်ကွ"
အဲ့ဒီညရောက်တော့ အဖေက ကျွန်တော့်ကို တွေ့တွေ့ချင်း သူခိုင်းထားတဲ့ ကိစ္စကို တန်းမေးတော့တာပါပဲ။
"သား...ဘယ်လိုလဲ။ အဖြေသိရပြီလား" ဆိုပြီး အဖေက ပါစတာ ခေါက်ဆွဲကို ခက်ရင်းနဲ့ ဆွဲမွှေရင်းက မေးလိုက်တယ်လေ။
ကျွန်တော်လည်း ပန်းကန်ထဲက ခေါက်ဆွဲကို အဖေ့နည်းတူ ဆွဲယူလိုက်ပြီး ပြုံးပြလိုက်ပါတယ်။
"ဟုတ်ကဲ့ အဖေ"
ပြီးတော့ ကျွန်တော်က အောင်နိုင်သူကြီး တစ်ယောက်လို ခါးကော့လို့ အဖြေပေးလိုက်တာပေါ့။
"သူတို့ အားလုံးက ကြက်တွေချည်းပါပဲ အဖေ"
အဖေ့ရဲ့ ခေါက်ဆွဲကို မွှေနေတဲ့ လက်က ရုတ်တရက် ရပ်သွားပြီး ကျွန်တော့်ကို ဆက်မေးလိုက်ပါတယ်။
"ပြီးတော့ရော..."
အဖေ့ မေးခွန်းကိုကြည့်ရတာ တခုခုတော့ မှားနေပုံပါပဲ။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ အပြုံးမျက်နှာသာ တပ်လို့ အဖေ့ကို မေးခွန်းပြန်ထုတ်လိုက်တာပေါ့။
"ပြီးတော့ ဘာဖြစ်ရမလဲ အဖေရ"
အဲ့ဒီတော့ အဖေလည်း ကိုင်ထားတဲ့ ခက်ရင်းကိုချပြီး ကျွန်တော့်ကို စိုက်ကြည့်နေတော့တာပေါ့။
"သူက အဲ့ဒီလိုပဲ ပြောလိုက်သလား။ သူမွေးထားတာ ကြက်တွေချည်းပါပဲလို့လေ...ဟင်"
"အင်း...အတိအကျတော့ မဟုတ်ဘူးပေါ့"
"ဒါဖြင့် သူက မင်းကို အတိအကျ ဘာပြောလိုက်တာလဲကွ"
"ဟို... ဟို.... သူက သားကို ဘာမှ မပြောခဲ့ပါဘူး အဖေ"
"ဆိုလိုတာက...."
"ကျွန်တော် သူတို့ခြံထဲသွားပြီး ကိုယ်တိုင် သွာူကြည့်လာခဲ့တာပါ" ဆိုပြီး ကျွန်တော်က ကိစ္စကြီး တစ်ခု ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သလို ပြောလိုက်ပေမဲ့ အဖေကတော့ ကျွန်တော်မျှော်လင့်ထားသလို မတုံ့ပြန်ခဲ့ဘူးလေ။
" ဒါဆို မင်း သူ့ကို မမေးခဲ့ဘူးပေါ့"
"ကျွန်တော် မေးစရာမှ မလိုတာ။ ဂဲရတ်ထ်က ကြက်တွေနဲ့ ပတ်သက်ရင် နှံ့နှံ့စပ်စပ်သိတာ်လေ။ ကျွန်တော်တို့ နှစ်ယောက် အဲ့ဒီကိုသွားပြီး ကိုယ့်ဘာသာကို အဖြေရှာခဲ့ကြတာဗျ"
လင်နတ်တာက သူ့ပန်းကန်ထဲက ခေါက်ဆွဲ ခုနှစ်မျှင်၊ ရှစ်မျှင်လောက်ကို ဆော့စ် ဆမ်းပြီး ကျွန်တော့်ကို ကျော်လို့ ဆားဗူးလှမ်းယူရင်းက မျက်နှာပြောင်စပ်စပ်နဲ့ ကျွန်တော့်ကို စလိုက်ပါသေးတယ်။
"နင်ကတော့ ကြက်ကလေးဖြစ်တော့မှာပဲ"
"လင်နတ်တာ.... ကောင်းကောင်း နေစမ်း" လို့ အမေက သူ့ကို ဟန့်လိုက်ပါတယ်။
အဲ့ဒီတော့ လင်နတ်တာက ဆားဗူးကို လှုတ်ခတ်နေတာကို ရပ်ပြီး အမေ့ကို ပြန်ပြောပါလေရော။
"အမေ... သူက သူများခြံကိုသွားပြီး ချောင်းကြည့်လာတာနော်။ အမေက သူ ဒီလိုလုပ်တာကို ဘာမှ မပြောတော့ဘူးလား"
အမေက ကျွန်တော့်ဘက် လှည့်ပြီး မေးပါတော့တယ်။
"ဘရိုက်စ်...သူပြောတာ ဟုတ်လား သား"
စားပွဲမှာ ထိုင်နေကြတဲ့ သူတွေ အားလုံးကလည်း ကျွန်တော့်ကို စိုက်ကြည့်နေကြတော့ ကျွန်တော်လည်း ဟန်ကိုယ်ဖို့ ဆိုသလို မျက်နှာထားတင်းတင်းနဲ့ ပြန်ပြောလိုက်တာပေါ့။
"ဘာဖြစ်လို့လဲ အဖေ။ အဖေမှာထားတဲ့ အတိုင်း ကျွန်တော် ဂျူလီ့ကြက်တွေအကြောင်း သွားကြည့်တော့ သူ့ရဲ့ ကြက်တွေကို တွေ့ခဲ့တာပဲကို "
"ကတော်.... ကတော်... ကတော်...." လင်နတ်တာက အနားကနေ အသံပြုလို့ နောက်နေပါတယ်။
အဖေက အခုထိ ခေါက်ဆွဲဆက်မစားသေးဘူးလေ။
"မင်းတွေ့ခဲ့တာက သူတို့အားလုံးက....ကြက်တွေချည်းပဲပေါ့လေ....ဟုတ်လား" ဆိုပြီး အဖေက တစ်လုံးချင်းစီ မယုံကြည်နိုင်တဲ့ လေသံနဲ့ မေးလိုက်တာပေါ့။
" ဟုတ်ကဲ့ အဖေ"
အဖေ ဘာမှ ဆက်မပြောတော့ဘဲ သက်ပြင်းကြီးချလို့ ခေါက်ဆွဲတစ်လုပ်ကို အကြာကြီး ဝါးနေလိုက်ပါတော့တယ်။ ကျွန်တော်လည်း ဘာဆက်လုပ်ရမလဲ မသိတော့ ပြောမိပြောရာ ဆက်ပြောလိုက်တာပေါ့။
"အမေတို့ အဲ့ဒီ ကြက်ဥတွေ စားချင်တယ်ဆိုရင်လည်း စားကြပေါ့။ သားကတော့ အဲ့ဒီကြက်ဥတွေကို စားဖို့ဝေလာဝေး ထိတောင်မထိချင်ဘူးနော်"
အမေကတော့ အဖေနဲ့ ကျွန်တော့်ကို တလှည့်ဆီကြည့်လို့ အရွက်သုပ်ဆက်စားနေတာပေါ့။ ကြည့်ရတာ အမေက ကျွန်တော် သူများခြံကို သွားချောင်းတာနဲ့ ပက်သတ်ပြီး အဖေ ဆုံးမမဲ့အချိန်ကို စောင့်နေတဲ့ပုံပါ။ အဖေကတော့ ပါစတာ ပန်းကန်ကနေ မျက်နှာမခွာလေတော့ အမေကပဲ လည်ချောင်းရှင်းလို့ စကားစလိုက်ပါတယ်။
"ဘာလို့ သားက ထိတောင် မထိချင်ရတာလဲကွဲ့"
"ဘာလို့ဆို အဲ့ဒီမှာ....ဟိုလေ...ကျွန်တော် ဘယ်လိုပြောပြရမယ်မှန်းတောင် မသိပါဘူးဗျာ"
"မြန်မြန်သာ ပြောလိုက်စမ်းပါကွာ" လို့ အဖေက ကြားထဲက စိတ်မရှည်တဲ့ အသံနဲ့ ၀င်ပြောလိုက်ပါတယ်။
"အဲ့ဒီ ခြံထဲမှာလေ.... ဟို...ဟို... မစင်တွေက နေရာ အနှံ့ပဲဗျ"
"အိုး...ရွံစရာကောင်းလိုက်တာဟယ်" ဆိုပြီး အစ်မက ပန်းကန်ထဲကို ခက်ရင်း ပစ်ချလို့ မြည်တမ်းလိုက်ပါတယ်။
"သားပြောတာ ကြက်ရဲ့ မစင်တွေကို ပြောတာလား" အမေက မေးတယ်လေ။
"ဟုတ်တယ်။ ခြံထဲမှာ မြက်ခင်းတောင်မရှိဘဲ ကြက်ချေးတွေ ပြဲပြဲစင်နေတာပဲလေ။ ကြက်တွေကလည်း အဲ့ဒီ ကြားထဲမှာပဲ နှုတ်သီး တထိုးထိုးနဲ့ ထိုးပြီး စားနေလိုက်ကြတာ......"
"အမလေး...တော်ပါတော့" လို့ လင်နတ်တာက ငိုမတတ် ထအော်ပါတော့တယ်။
"ဒါပေမယ့် ငါက အမှန်အတိုင်း ပြောနေတာပဲလေ"
လင်နတ်တာလည်း မတ်တပ်ရပ်ပြီး
"နင်က ဒီလိုတွေ ပြောပြီးမှတော့ ငါတို့က ဘယ့်နှယ့်လုပ် စိတ်သန့်သန့်နဲ့ စား၀င်တော့မလဲ ဟဲ့" ဆိုပြီး ထမင်းစားခန်းထဲကနေ ဆောင့်အောင့်လို့ ထွက်သွားတာပေါ့။
"လင်နတ်တာ...သမီး.... နင် တခုခု တော့ စားရမယ်လေ" လို့ အမေက အော်တော့ အစ်မကလည်း အပြင်ကနေ
"မစားချင်တော့ပါဘူးဆိုမှ" ဆိုပြီး ပြန်အော်တယ်လေ။ ခဏကြာတော့ သူက ထမင်းစားခန်းထဲကို အပေါက်၀ကနေ ခေါင်းပြူလို့ ထပ်ပြောပါသေးတယ်။
"ပြီးတော့ သမီးကို ဟိုကြက်ဥတွေ ကျွေးဖို့ မစဉ်းစားနဲ့နော် အမေ။ အစာအဆိပ်သင့်ပိုးတွေက ဥတွေကို ကူးတတ်တယ်ဆိုတာ အမေသိတယ် မဟုတ်လား"
အစ်မ ပြန်ထွက်သွားတော့မှ အမေက
"အစာ အဆိပ်သင့်ပိုးတဲ့လား" လို့ ရေရွတ်ပြီး အဖေ့ကို လှည့်မေးလိုက်တာပေါ့။
"ရှင်ရော ကြက်ဥတွေထဲမှာ အစာအဆိပ်သင့်ပိုးတွေ ပါမယ် ထင်လားဟင်"
"ငါမသိဘူး ပက်ဆီရေ။ ငါကတော့ ငါတို့သား တယောက် သူရဲဘောကြောင် ဖြစ်နေတာကိုပဲ ပိုစိုးရိမ်တယ်ဟေ့"
"သူရဲဘောကြောင်တယ်တဲ့လားရှင်။ ရစ်ခ်ရယ်... ဒီလိုစကားမျိုးတွေ မပြောစမ်းပါနဲ့။ သားလေးက အင်မတန် ထူးခြားတဲ့ ကလေးတယောက်ဖြစ်တဲ့ အပြင်...."
"မိန်းကလေး တယောက်ကိုတောင် ကြောက်တဲ့ ကလေးလေ"
"ကျွန်တော် ဂျူလီ့ကို မကြောက်ပါဘူးဗျာ။ သူ့ကို အပေါင်းအသင်း လုပ်ရမှာ နောက်တွန့်နေတာပါ"
"ဘာလို့လဲကွ"
"ဘာလို့လဲ အဖေသိပါတယ်။ အဖေလည်း အဲ့ဒီကောင်မလေးကို သဘောမကျဘူးလေ။ သူက နေရာတကာ ဆရာလုပ်တတ်တယ် မဟုတ်ဘူးလား"
"ဘရိုက်စ် အဖေက မင်းကို အကြောက်တရားတွေ ပျောက်အောင် ကြိုးစားခိုင်းတာ မင်းက အခုတော့ လက်လျှော့လာတယ်လေ။ မင်းက အဲ့ဒီကောင်မလေးကို ကြိုက်နေတယ်ဆိုရင်လည်း ထားဦးတော့။ ချစ်တယ်ဆိုတာကလည်း ကြောက်ဖို့တော့ ကောင်းတာပဲ။ ဒါပေမယ့် အခုဟာက ရှက်ဖို့ကောင်းတယ်ကွ။ သူက အရမ်း စကားများတယ်ပဲ ထားပါတော့။ သူက ကိစ္စတိုင်းကို အမြဲတမ်း ပွစိပွစိပြောတတ်လည်း ဘာဖြစ်လဲ။ မင်းလုပ်ရမှာက သူ့ဆီသွား မေးစရာရှိတာမေး၊ ပြီးရင် ပြန်ထွက်လာခဲ့....ဒါပဲလေကွာ"
"ရစ်ခ်ရယ်...." လို့ အမေက အနားကနေ ပြောနေပါတယ်။
"ရစ်ခ်...ရှင် စိတ်လျှော့စမ်းပါ။ သားက ရှင်ခိုင်းတာ လုပ်ခဲ့သားပဲကို ရှင်"
"မဟုတ်ဘူးကွ။ သူ မလုပ်နိုင်ခဲ့ဘူး"
"ရှင် ဘာတွေပြောနေတာလဲ"
"သူက ဂျူလီ့အိမ်မှာမွေးထားတာ ကြက်တွေချည်းပဲလို့ ပြောတယ်လေ။ ဘယ့်နှယ့် အဲ့ဒီသတ္တဝါတွေက ကြက်မဟုတ်လို့ ဘာဖြစ်ရဦးမှာလဲကွ။ ငါမေးတာက ကြက်မ ဘယ်နှကောင်ရှိလဲ၊ ကြက်ထီး ဘယ်နှကောင် ရှိလဲ မေးတာလေ"
အဖေ့စကားကြားလိုက်တာ ကျွန်တော့် ဦးနှောက်ထဲ အသံတောင် မြည်ဟည်းသွားမတတ်ပါပဲ။ အခုမှ ကျွန်တော် ဘယ်လောက် တုံးလဲ သိတော့တယ်လေ။ အဖေ စိတ်တိုရင်လည်း တိုလောက်ပါတယ်။ ကျွန်တော့်ကိုက ဉာဏ်နည်းတာကိုး။ ဒါပေါ့... ဂျူလီကြက်ခြံထဲက ခြောက်ကောင်စလုံးက ကြက်တွေချည်းပဲပေါ့။ ဟိုကောင် ဂဲရတ်ထ်က သူ့ကိုယ်သူ ကြက်သုတေသန ဆရာကြီးလို သရုပ်ဆောင်ပြီး ကျွန်တော့်ကို နှပ်ချသွားတာလေ။ သူက ကြက်တွေနဲ့ ပတ်သက်ရင် တလုံးတောင် သိတာမှ မဟုတ်တာသေချာနေပါပြီ။ ကျွန်တော် ဘာလို့ သူ့စကားကို နားထောင်မိပါလိမ့်နော်။
ဒါပေမယ့် အရာရာက နောက်ကျသွားပါပြီ။ အဖေက ကျွန်တော့်ကို သူရဲဘောကြောင်တဲ့သူလို့ ထင်သွားပြီလေ။ ကျွန်တော့်က သူရဲဘောကြောင်တဲ့သူ မဟုတ်မှန်း သက်သေပြဖို့ အဖေမှာတဲ့အတိုင်း ကြက်ဥကပ်ကို ဂျူလီ့ဆီ ပြန်ယူသွားပြီး၊ ကျွန်တော်တို့ အိမ်က လူတွေ ကြက်ဥမစားကြဘူးလို့ သွားပြောရပါဦးမယ်။ ဒါမှမဟုတ် ကျွန်တော်တို့က ကြက်ဥနဲ့ မတည့်ဘူးဆိုတာဖြစ်ဖြစ် တခုခု ကြည့်ပြောရတော့မှာပေါ့။
အဖေ့စကားတွေ ကြားတော့ အမေက ၀င်ပြောပါတော့တယ်။
"ရှင် ကလေးကို ဘာတွေ သင်ပေးနေတာလဲ ရစ်ခ်။ ရှင်က ကလေးကို လိမ်ခိုင်းနေတာလား။ တကယ်လို့ သူ့ကို သွားပြန်ပို့ခိုင်းမယ်ဆိုရင်လည်း အမှန်အတိုင်းတော့ ပြောသင့်တာပေါ့ရှင်"
"ဘာပြောရမှာလဲ။ မင်းက အစာအဆိပ်သင့်ပိုးပါမှာ ကြောက်လို့ မစားရဲဘဲ ပြန်ပို့ခိုင်းလိုက်ပါတယ်လို့လား ....ဟင်"
"ကျွန်မတယောက်ထဲက စိတ်ပူတာလား... ရှင်လည်း နည်းနည်းတော့ စိတ်ပူနေတာပဲ မဟုတ်ဘူးလား...ကဲ"
"ပက်စီ ....ငါပြောချင်တာ ဒါမဟုတ်ဘူးလေ။ ငါပြောနေတာက ငါတို့ သားကို သူရဲဘောကြောင်တဲ့သူ မဖြစ်စေချင်လို့ကွ"
"အဲ့ဒါနဲ့ပဲ ရှင်က သူ့ကို လိမ်ခိုင်းတယ်ပေါ့လေ"
"ကောင်းပြီလေ....ဒါဖြင့်လည်း ကြက်ဥတွေကို လွှင့်ပစ်လိုက်ပေါ့။ ဒါပေမယ့် သား...အခုအချိန်ကစပြီး ဟို ကောင်မလေးကို တွေ့ရင် မျက်နှာချင်းဆိုင်ပြီး ပြတ်ပြတ်သားသား ပြောရမယ် ကြားလား"
"ဟုတ်ကဲ့ အဖေ"
"အေး ....ကောင်းတယ်"
ကျွန်တော်လည်း နောက်ထက် တစ်ပတ် နှစ်ပတ်လောက်အထိ အဖေနဲ့ ထိပ်တိုက်မတွေ့ဘဲ အေးအေးဆေးဆေး နေဖို့ စိတ်ကူးနေခဲ့ပေမဲ့ အဲ့ဒီညကစပြီး ခုနှစ်ရက်မြောက်နေ့ မနက်ရောက်တော့ ဂျူလီက ကျွန်တော်တို့ အိမ်ရှေ့မှာ ထပ်ပေါ်လာပါရောလား။ အရင်ကလို လက်ထဲကလည်း ကြက်ဥကပ်ကြီး ကိုင်လို့ မြူးမြူးကြွကြွနဲ့ပါ။
"ဟိုင်း...ဘရိုက်စ်။ ဒီမှာ နင့်အတွက် ငါယူလာပေးတာ"
ကျွန်တော် အဖေ့စကားအတိုင်း ဂျူလီ့မျက်လုံးတွေကို စိုက်ကြည့်ပြီး ပြတ်ပြတ်သားသား ပြောဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ ပျော်ရွှင်ပုံလေးကို ကြည့်ပြီး ပြောမထွက်ခဲ့ဘူးလေ။ ကျွန်တော် ဒီကောင်မလေးကို မတွန်းလှန်နိုင်ခဲ့ပါဘူး။ ဂျူလီ ကျွန်တော့်လက်ထဲ ကြက်ဥကပ်ထည့်ပေးပြီး ထွက်သွားတော့ ကျွန်တော်လည်း အဖေ မနက်စာစားဖို့ မဆင်းလာခင် မီးဖိုချောင်ကို မြန်မြန်ပြေးလို့ အမှိုက်ပုံးထဲ သွားသွန်လိုက်ပါတော့တယ်။ ပြဿနာက ဒီမှာတင် မပြီးသွားဘူးဗျ။ ဂျူလီ လာပေးသမျှ ကြက်ဥတွေကို မီးဖိုချောင်ထဲ သွားသွားပစ်ရတာ နှစ်နှစ်တောင် ရှိသွားတယ်လေ။ တကယ့်ကို နှစ်နှစ်ကြီးဗျ။ နောက်ပြီး ဒါက ကျွန်တော့်ရဲ့ မနက်ပိုင်း လှုပ်ရှားမှုတစ်ခုလိုက်ု ဖြစ်လာခဲ့တော့တာပေါ့။ ဂျူလီ ကြက်ဥလာပေးမဲ့နေ့တိုင်း ကျွန်တော်က သူ ကျွန်တော်တို့ အိမ်တံခါး မခေါက်နိုင်ခင်၊ လူခေါ်ခေါင်းလောင်း မတီးနိုင်ခင် တံခါးအသင့်ဖွင့်လို့စောင့်နေပြီး သူပြန်သွားတာနဲ့ အဖေ မနက်စာ လာမစားခင် မီးဖိုချောင်ထဲက အမှိုက်ပုံးဆီ သွားသွား ပစ်နေရတော့တာပေါ့။
နောက်တော့ ဒီဒုက္ခကြီး အဆုံးသတ်မဲ့ နေ့ကို ရောက်လာပါတော့တယ်။ အဲ့ဒီအချိန်က သဖန်းပင်ကြီး အခုတ်ခံလိုက်ရလို့ ဂျူလီ့ကို ကျွန်တော် သိပ် မတွေ့ရတဲ့ အချိန်ပေါ့။ ဒါပေမယ့် တနေ့တော့ ရုတ်တရက်ဆိုသလို ဂျူလီတယောက် ကျွန်တော်တို့ အိမ်တံခါး ဆင်၀င်အောက်ကို ရောက်ချလာပြီး ကြက်ဥလာပေးပြန်တယ်လေ။ ကျွန်တော်လည်း အရင်အတိုင်း မြန်မြန်ယူလို့ သွားပစ်ဖို့ ယူသွားပါတော့တယ်။ အဲ့ဒီနေ့က မီးဖိုချောင် အမှိုက်ပုံးကလည်း ပြည့်နေတာမို့ ကျွန်တော်လည်း ကြက်ဥကပ်ကို အပေါ်ဆုံးမှာ တင်လို့ အမှိုက်ပုံးကိုမပြီး အိမ်ရှေ့က အမှိုက်ပုံကြီးထဲကို ပစ်ဖို့ သယ်လာပါတော့တယ်။
အိမ်ရှေ့မှာ ရုပ်တုကြီးကို ဘယ်သူက စိုင်စိုင်ကြီး ရပ်စောင့်နေလဲ သိလား။ တခြားလူမဟုတ်ပါဘူး။ ဟို ကြက်ဥ မယ်တော် ပါပဲ။
ကျွန်တော်က အမှိုက်ပုံထဲ ထည့်ခါနီးဆဲဆဲ သူ့ကို တွေ့လိုက်တော့
"နင် ဒီမှာ ဘာလုပ်နေတာလဲ" လို့ မေးလိုက်တယ်လေ။
"ငါ...ငါလည်း မသိဘူးလေ။ ဒီအတိုင်းပဲ စဉ်းစားနေတာ" လို့ သူက ပြန်ဖြေပါတယ်။
"ဘာတွေများ တွေးနေတာလဲ" ဆိုပြီး ကျွန်တော် စိတ်ထဲက မပါဘဲ ဆက်မေးလိုက်ပါသေးတယ်။ ကျွန်တော်မထားတဲ့ အမှိုက်ပုံးအပေါ်ဆုံးက ကြက်ဥကပ်ကို သူမမြင်အောင် အာရုံလွှဲဖို့ လိုတယ်မဟုတ်ပါလား။
ဂျူလီကတော့ ကျွန်တော် ပြန်မေးတာကို မဖြေပဲ ရှက်ပြီး မျက်နှာလွှဲသွားတယ်လေ။ ဂျူလီ ဘိတ်ကာက ရှက်တတ်တယ်လား။ ကျွန်တော် ရုတ်တရက် မယုံနိုင်အောင်တောင် ဖြစ်သွားရသေးတာ အမှန်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် ကြက်ဥကပ်ကို မဂ္ဂဇင်းစာအုပ်နဲ့ အုပ်လိုက်ဖို့ အခွင့်အရေးရလိုက်တာပေါ့။ နောက်ပြီး ကျွန်တော် အိမ်ဘေးက အမှိုက်ပုံးကြီးဆီ ခပ်သုတ်သုတ် ထွက်သွားတော့ ရုတ်တရက် ဂျူလီက ကျွန်တော့်ကို သူ့ခန္ဓာကိုယ်နဲ့ ပိတ်ပြီး လက်ထဲက အမှိုက်ပုံးကို ကြည့်လိုက်တယ်လေ။ တကယ့်ကို ဂျူလီက ကျွန်တော်သွားနေတဲ့ လမ်းကို ပိတ်လို့ လက်နှစ်ဖက် ဆန့်တန်းပြီး ကျွန်တော့် လက်ထဲက အမှိုက်ပုံးကို လိုက်ကြည့်နေခဲ့တာပါ။
"ဘာဖြစ်သွားလို့လဲ။ နင် လုပ်လို့ ကွဲသွားတာလားဟင်" လို့ ဂျူလီက ကြက်ဥကပ်ကိုတွေ့တော့ မေးလိုက်တာပေါ့။ ဟုတ်သားပဲ။ ဒါက အကောင်းဆုံး အဖြေပဲလေ။ ကျွန်တော် ဘာလို့ စောစောကတည်းက မတွေးမိပါလိမ့်။
"ဟုတ်တယ် ဂျူလီ။ ငါ တကယ်တောင်းပန်ပါတယ်" လို့ ပြန်ဖြေလိုက်ပါတယ်။ ကျွန်တော်စိတ်ထဲမှာတော့ ဘုရားသခင်ကို ' ကျွန်တော်မျိုးကြီးကို အမှိုက်ပုံးဆီ မြန်မြန်ရောက်အောင် သွားခွင့်ပြုပါဘုရား' လို့ ဆုတောင်းနေခဲ့မိတာ အမှန်ပါပဲ။
ဘုရားသခင်က အိပ်ပျော်နေတယ် ထင်ပါတယ်။ ဂျူလီက မဂ္ဂဇင်းစာအုပ်ကို လှန်ပြီး သူ့ရဲ့ မြတ်နိုးရပါသော ကြက်ဥကပ်ကို ဆွဲထုတ်လိုက်တယ်လေ။ ကြက်ဥကပ်က ဖွင့်ကြည့်စရာ မလိုလောက်အောင်ကို သန့်ရှင်းနေခဲ့တာပေါ့။ တကယ်လည်း ကြက်ဥတွေက အက်ရာလေးတောင် မထင်ခဲ့ဘူး မဟုတ်ပါလား။
ဂျူလီဘိတ်ကာ ကြက်ဥကပ်ကိုင်ပြီး ကျောက်ရုပ်တစ်ရုပ်လို မတ်တပ်ရပ်နေတုန်း ကျွန်တော်လည်း ကျန်တဲ့ အမှိုက်တွေကို သွားပစ်လိုက်ပါတော့တယ်။ ပြီးတော့ သူက
"နင် ဘာလို့ ကြက်ဥတွေကို လွှင့်ပစ်ရတာလဲ" လို့ မေးတော့တာပေါ့။ ဂျူလီ့အသံက အရင်လိုတောင် စူးစူးမဟုတ်ဘဲ တုန်ရီနေတာ ကျွန်တော် သတိထားမိပါသေးတယ်။ အဲ့ဒီတော့ ကျွန်တော်လည်း ဂျူလီ့ကို သူ့ရဲ့ခြံဟာ ညစ်ပတ်တာကြောင့် ကျွန်တော်တို့က သူ့ကြက်ဥတွေမှာ အစာအဆိပ်သင့်မဲ့ ပိုးတွေ ပါလာမှာ စိုးရိမ်ခဲ့ကြောင်း၊ သူ့ ခံစားချက်ကိုလည်း မနာကျင်စေချင်လို့ နှုတ်ဆိတ်နေခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ ကျွန်တော် ပြောနေတဲ့ ပုံက ကျွန်တော်တို့ကပဲ မှန်ပြီး ဂျူလီက မှားနေတယ်လို့ ပြောတဲ့ပုံ ပေါက်နေပေမဲ့ စိတ်ထဲမှာတော့ ကျွန်တော်ဟာ အင်မတန် ဆိုးယုတ်တဲ့ လူယုတ်မာကြီး တစ်ယောက်လို ခံစားနေရတာ အမှန်ပါ။
ဂျူလီက ကျွန်တော့်ကို အိမ်နီးနားချင်း တချို့ဆိုရင် သူ့ဆီကတောင် ကြက်ဥ ၀ယ်စားနေကြတယ်လို့ ပြောတယ်လေ။ ၀ယ်တောင် ၀ယ်စားနေကြတယ်ဆိုပါလား။ ဂျူလီ့ဆီက သတင်းကို ကျွန်တော် ယုံကြည်ဖို့ ခက်နေတုန်း သူကတော့ စိတ်တွက်နဲ့ ခပ်မြန်မြန်တွက်လို့ ကျွန်တော့်ကို
"ငါ ဒီ နှစ်နှစ်လုံး နင့်ကို ကြက်ဥတွေ ပေးနေတာ ဒေါ်လာ တရာဖိုးလောက်ရှိတယ်ဆိုတာ နင်သိလား" ဆိုပြီး စိတ်ဆိုး မာန်ဆိုးနဲ့ ပြောရင်း မျက်ရည်တွေကျကာ ထွက်ပြေးသွားပါတော့တယ်။
ကျွန်တော်လည်း ကျွန်တော်ဟာ ဂျူလီ့ကို ဘယ်တုန်းကမှ ကြက်ဥတွေပေးဖို့ မတောင်းဆိုဖူးဘူးဆိုတဲ့ အတွေးနဲ့ပဲ ကိုယ့်ကိုယ်ကို အပြစ်မရှိကြောင်း တွေးနေမိခဲ့ပါတယ်။ တကယ်လည်း ကျွန်တော် ဂျူလီ့ကို ကြက်ဥတွေ လိုချင်ကြောင်း၊ ကြက်ဥစားရတာ သဘောကျကြောင်း မပြောမိခဲ့တာ အမှန်ပါ။ ကျွန်တော် အံ့ဩနေရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော် ဂျူလီ ငိုတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတာကိုတာပါပဲ။ ဂျူလီက ကိုယ်ကာယအတန်းမှာ သူ့လက်ကျိုးတုန်းကတောင် မျက်ရည်ကျတာ ကျွန်တော် မတွေ့ဖူးဘူးလေ။ နောက်ပြီး သူ့ကို ကျောင်းမှာ ဝိုင်းစကြတိုင်း၊ သူ့အစ်ကိုနှစ်ယောက် ဝိုင်းစတိုင်းလည်း သူက ကြံ့ကြံ့ခံနေခဲ့တာပါ။ ဟိုတခါ သစ်ပင်ကြီး ခုတ်ခံတုန်းကတောင် ကျွန်တော် ဂျူလီ ငိုတာ မတွေ့ဖူးပါဘူး။ ( သူ ကွယ်ရာမှာ ကြိတ်ငိုနေခဲ့မှာတော့ သေချာပါတယ်လေ။) အဲ့ဒီတော့ ကျွန်တော့် အတွက် ဂျူလီ ဘိတ်ကာဆိုတာ အငိုမတတ်တဲ့ ငါးဖယ်မလေးလို ဖြစ်နေခဲ့တာပေါ့။
ကျွန်တော်လည်း အခန်းထဲ ပြန်ပြီး ကျောင်းသွားဖို့ ပစ္စည်းတွေ ထုပ်ပိုးနေခဲ့ပေမဲ့ စိတ်ထဲမှာတော့ ဒီကမ္ဘာမြေပေါ်က အဆိုးယုတ်ဆုံး လူယုတ်မာကြီး တစ်ယောက်လို ခံစားနေခဲ့ရပါတယ်။ သေချာ ပြန်စဉ်းစားကြည့်တော့ ကျွန်တော်က ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး ကြက်ဥတွေ ခိုးပစ်လိုက်၊ ဂျူလီ့ကို ရှောင်လိုက်၊ အဖေ့ကို ရှောင်လိုက်နဲ့ ခိုးကြောင် ခိုးဝှက်နေလာခဲ့ရတာလေ။ ဒါတွေက ကျွန်တော့်ကို ဘာတွေများ ပြောင်းလဲသွားစေခဲ့ပါသလဲ။ ဘာလို့များ ကျွန်တော် ဂျူလီ့ကို ' ဟင့်အင်း တော်ပြီ။ ငါတို့ မလိုအပ်ဘူး။ ငါတို့ မကြိုက်ဘူး။ ငါတို့ကို ပေးနေမဲ့အစား မြွေကိုသွားကျွေးနေလိုက်ပါလား' လို့ ပြောလိုက်ဖို့ သတ္တိမရှိခဲ့ရတာပါလဲ။
ကျွန်တော် တကယ်ပဲ ဂျူလီ့ကို မနာကျင်စေချင်ခဲ့တာလား။ ဒါမှမဟုတ် ကျွန်တော် သူ့ကိုပဲ ကြောက်ရွံ့နေခဲ့တာများလား။
အခန်း (၆)
ဂျူလီ
ကြက်ဥ
ကျွန်မ ချစ်ရတဲ့ သစ်ပင်ကြီး ခုတ်လှဲခံရပြီးတဲ့နောက် အရာရာက ကျွန်မအတွက်တော့ အဆိုးဆုံး အခြေအနေတွေချည်းပဲ ဖြစ်လာခဲ့ပါတယ်။ ကျွန်မရဲ့ ခွေးလေး ချမ့်ပ်လည်း သေသွားသလို နောက်တော့ ကျွန်မရဲ့ ကြက်ကလေးတွေက ဥဥ လာကြတယ်လေ။ ချမ့်ပ်ကို ကျွန်မ လွမ်းမိပေမဲ့ တချိန်ချိန်မှာတော့ အရာအားလုံးကို စွန့်လွှတ်ကြရစမြဲပဲ မဟုတ်ပါလား။ အဲ့ဒီတော့ ကျွန်မလည်း စိတ်မကောင်းစရာ ချမ့်ပ်အကြောင်းကို မေ့လို့ ကြက်ဥလေးတွေအကြောင်းပဲ စိတ်ထဲ တွေးနေခဲ့ပါတော့တယ်။
ကြက်ဥနဲ့ ကြက်မ ဘယ်ဟာကအရင်စဖြစ်ကြသလဲဆိုတဲ့ မေးခွန်းက ကမ္ဘာပေါ်က လူတွေကို အခုထိခေါင်းစားနေဆဲ ဆိုပေမဲ့ ကျွန်မဘ၀ထဲကိုတော့ ကြက်ကလေးတွေက အရင် ရောက်လာခဲ့တာပါ။ ချမ့်ပ်ကတော့ သူတို့နှစ်ယောက်လုံးထက် အရင် ရောက်လာခဲ့တာလေ။ ကျွန်မ အသက်ခြောက်နှစ်လောက်တုန်းကထင်တယ်။ တစ်ညမှာ အဖေက သူ့ရဲ့ ထရပ်ကားလေးထဲမှာ အရွယ်ရောက်နေတဲ့ ခွေးကလေးတစ်ကောင်ကို ကြိုးနဲ့ချည်လို့ သယ်လာတာပေါ့။ တယောက်ယောက်က ဒီခွေးကို လမ်းဆုံမှာ ကားနဲ့ တိုက်မိပြီး ထွက်ပြေးသွားပုံရပါတယ်။ အဖေက နာကျင်နေရှာတဲ့ ခွေးလေးကို ကြည့်လိုက်တော့ ပိန်လိုက်တာကလည်း အရိုးပေါ် အရေတင်ဆိုသလို ရှိတဲ့အပြင် လည်ပင်းမှာလည်း ပိုင်ရှင် နာမည် မပါတာနဲ့ အဖေလည်း ခွေးကို တခါထဲ အိမ်ခေါ်လာခဲ့ပါတော့တယ်။
"ခွေးလေးက လမ်းပေါ်မှာ ဆာလောင်ပြီး တကိုယ်လုံးလည်း နာကျင်နေခဲ့ရပုံပဲကွ။ ငါဖြင့် သူ့ပိုင်ရှင်တွေ ခွေးကို အခုလို စွန့်ပစ်သွားတာကို မယုံနိုင်ပါဘူးကွာ" လို့ အဖေက အမေ့ကို ပြောလိုက်ပါတယ်။
ကျွန်မတို့ တစ်မိသားစုလုံး အိမ်ရှေ့ ဆင်၀င်အောက်မှာ ဆုံလို့ ခွေးလေးကို စေ့စေ့စပ်စပ် ကြည့်နေခဲ့ကြပါတယ်။ ကျွန်မကတော့ ပျော်လွန်းလို့ ဆွေ့ဆွေ့ကို ခုန်နေခဲ့ရတာပေါ့။ အင်မတန်း ထူးခြားပြီး ပျော်ရွှင်တတ်တဲ့ ခွေးလေးတစ်ကောင် ကျွန်မရ တော့မှာလေ။ ချမ့်ပ်ကို ကြည့်ရတာ လူသဘောကျစရာ အဆင်းမရှိလှပေမဲ့ ကျွန်မလို ခြောက်နှစ်သမီးအရွယ် ကလေးတစ်ယောက် အတွက်တော့ သူက ဘယ်လောက်ပဲ ဝဲထူပြီး ညစ်ပေနေတဲ့ ခွေးဖြစ်နေပါစေ ချစ်စရာ အကောင်းဆုံးခွေးကလေးလို့ပဲ မှတ်ယူခဲ့ပါတော့တယ်။
ကျွန်မ အစ်ကိုတွေကလည်း ခွေးလေးကို သဘောကျခဲ့ကြပါတယ်။ ဒါပေမယ့် အမေ့မျက်နှာ ရှုံ့သွားတာ ကျွန်မမြင်လိုက်တော့ အမေ ဒီခွေးလေးကို စွန့်ပစ်ဖို့ စဉ်းစားနေမယ်ဆိုတာ ကျွန်မ သိလိုက်တာပေါ့။ ဟုတ်ပါတယ်။ အမေ လက်ခံမှာ မဟုတ်ပါဘူး။ အမေကတော့ ရိုးရိုးလေး
"ဒီအိမ်မှာ သူ့အတွက် နေရာမရှိဘူး ထင်ပါတယ်ရှင်" လို့သာ ပြောခဲ့တယ် လေ။
"ဪ ထရီနာရယ်..." ဆိုပြီး အဖေက အမေ့ကို စကားစလိုက်ပါတယ်။
"အဓိက က ခွေးလေးကို ပိုင်ချင်တာ မပိုင်ချင်တာထက် မေတ္တာတရားရှိဖို့ပဲ လိုတာပါကွာ"
"ဟင်....ရှင်က ကျွန်မကို ဒီ တိရိစ္ဆာန်အပေါ် တောင် မေတ္တာမထားနိုင်ဘူးလို့ ပြောလိုက်တာပေါ့လေ"
"ဘယ်ကသာ ကိုယ်ပြောတာ အဲ့ဒီ အဓိပ္ပါယ် မဟုတ်ပါဘူးလေ"
"ဒါဖြင့် ရှင်က ဘာကို ဆိုလိုသလဲ ပြောစမ်းပါဦး"
"အရင်ဆုံး သူ့ကို အစာလေးကောင်းကောင်းကျွေးပြီး ရေချိုးပေးမယ်လေ။ ပြီးရင်တော့ ...ကိုယ်တို့ ကြော်ငြာလေးကပ်ပေးမယ်ဆို သူ့အတွက် အိမ် ရှာကောင်းရှာတွေ့ မှာပါ"
အမေက တံစက်မြိတ်အောက်ကနေ မတ်ဆပ်ရပ်လို့ အဖေ့ကို စိုက်ကြည့်လိုက်ပါတယ်။
"လုပ်ကောင်း လုပ်ရမယ် ပြောမနေနဲ့။ လုပ်ကို လုပ်ရမှာရှင့်"
"ဒါဆို သားတို့ ခွေးလေး မွေးလို့ မရတော့ဘူးလား အမေ" လို့ အစ်ကိုတွေက မေးတော့ အမေက
"အေး" ဆိုပြီး ခပ်ပြတ်ပြတ် ပြန်ဖြေတယ်လေ။
"ဟာ အမေကလည်း...." ဆိုပြီး သူတို့က ဂဂျီဂဂျောင်ကြနေလိုက်ပါသေးတယ်။
"ဟေး...ဒီကိစ္စမှာ ဝေးဝေးမှာ နေကြစမ်း။ ဒီခွေးကို ရေချိုးပေးမယ်၊ အစားကောင်းကောင်းကျွေးမယ်။ ပြီးရင် သူ့ကို သတင်းစာထဲ ကြော်ငြာထည့်ပေးရမယ် ဒါပဲ"
အဖေကတော့ သူ့သားနှစ်ယောက်ရဲ့ ပုခုံးပေါ် လက်တင်လို့
"တနေ့နေ့တော့ ငါ့သားတွေလည်း ခွေးလေးတစ်ကောင် မွေးရမှာပါကွာ" လို့ နှစ်သိမ့်ပေးရှာပါတယ်။
အမေကတော့ အိမ်ထဲ ပြန်၀င်သွားရင်းကနေ နောက်မှာ ကျန်တဲ့ခဲ့ သူ တွေကို
"မင်းတို့ ကိုယ့်အခန်းတောင် ကိုယ်မသိမ်းနိုင်ခင်တော့ လုံး၀ ခွေးမမွေးရဘူးဟေ့" လို့ အော်လိုက်ပါသေးတယ်။
ဒါပေမယ့်လည်း အဲ့ဒီအပတ်အဆုံးမှာ ခွေးလေးကို ချမ့်ပ်လို့ နာမည်ပေးခဲ့ကြပြီး နောက်တစ်ပတ် အဆုံးမှာတော့ ချမ့်ပ်က အိမ်နောက်ဖေးခြံထဲကနေ မီးဖိုထဲကိုတောင် ၀င်လာတတ်နေပါပြီ။ အဲ့ဒီကနေ မကြာခင်အချိန်အတွင်းမှာပဲ ချမ့်ပ်လည်း ကျွန်မတို့နဲ့ အတူ အိမ်ပေါ်မှာ လာနေတော့တာပေါ့။ သတင်းစာထဲကနေ ဘယ်သူမှ မဆက်သွယ်လာပုံပေါက်ရင်တော့ ဘယ်သူမှ အရွယ်ရောက်ပြီးသား ခွေးကို မမွေးချင်ကြဘူး ထင်ပါတယ်။ ဘိတ်ကာ မိသားစုထဲမှာတော့ ငါးပုံပုံရင် လေးပုံက ချမ့်ပ်ကို မွေးစားဖို့ သဘောတူညီခဲ့ကြပါတယ်။
ဒီလိုနဲ့ တနေ့တော့ အမေက ထူးဆန်းတဲ့ အနံ့ကို စပြီး ရလာခဲ့တော့တာပေါ့။ ဘယ်က ထွကလာမှန်း မခန့်မှန်းနိုင်တဲ့ ထူးဆန်းတဲ့ အနံ့ကို ကျွန်မတို့ အားလုံးလည်း အမေ့နည်းတူ အနံ့ရခဲ့ကြပါတယ်။ အမေကတော့ ဒါက ချမ့်ပ် လက်ချက်ပဲလို့ ဆိုပေမဲ့ ကျွန်မတို့ အမေ့စကားကို သဘောမတူခဲ့ကြပါဘူး။ အမေက ချမ့်ပ်ကို ရေချိုးပေးဖို့ ကျွန်မကို ခဏခဏ ခိုင်းနေကြဆိုတော့ ဒါက ချမ့်ပ် လက်ချက်မဟုတ်တာသေချာတယ်လေ။ ကျွန်မတို့ ချမ့်ပ်ကို တောင် အနံ့ခံကြည့်တော့ ချမ့်ပ် ဆီက အနံ့က နှင်းဆီနံ့လေးကို မွှေးလို့ပါ။
ကျွန်မအထင်တော့ မတ်ထ်နဲ့ မိုက်ခ်တို့ထဲက တစ်ယောက်ပဲ ရေမချိုးလို့ နံနေတာ ဖြစ်ရပါမယ်။ ဒါပေမယ့် ကျွန်မ သူတို့နားတော့ သွားပြီး အနံ့မခံခဲ့ပါဘူး။ အဲ့ဒီတော့ ကျွန်မတို့ မိသားစုလည်း ဘယ်သူ့ကြောင့် ဒီအနံ့နံနေရသလဲဆိုတာ အဖြေထုတ်ဖို့ ကြိုးစားနေကြပါတော့တယ်။ ညစာစားတဲ့တချိန်လုံးလည်း ဒီအနံ့အကြောင်းပဲ ဆွေးနွေးနေခဲ့ကြတာပေါ့။ ကျွန်မ အစ်ကိုနှစ်ယောက်က အူမြူးနေသလောက် အမေကတော့ တော်တော်လေး စိတ်တိုနေခဲ့တာ အမှန်ပါ။
ဒီလိုနဲ့ တနေ့ အမေလည်း တရားခံကို ရှာတွေ့သွားပါလေရော။ အမေ့ခမျာ ဒေါသတွေထွက်လွန်းလို့ အ ဖေသာ အချိန်မီ မရောက်လာဘူးဆို ချမ့်ပ်လည်း အသက်နဲ့ ခန္ဓာ အိုးစားကွဲသွားမှာ သေချာပါတယ်။ အမေက သူမှန်တာသိတော့ စိတ်ဆိုးမာန်ဆိုး ပြောတော့တာပေါ့။
"ကျွန်မရှင့်ကို ဒီခွေးအနံ့လို့ပြောသားပဲ။ လတ်စသတ်တော့ အမည်မသိတဲ့ ဒီအနံ့က လူမသိသူမသိ သေးပေါက်တတ်တဲ့ အမည်မသိ သေးပေါက်သူ(မစ်ထရီ ပစ်ဆာ) ဒီခွေးဆီက ဖြစ်နေတာကိုး။ ရှင်တွေ့လား။ သူက ကျွန်မ စားပွဲခုံပေါ်တက်ပြီး သေးပန်းသွားတာရှင့်"
ကျွန်မအဖေလည်း ချမ့်ပ်သေးပေါက်ခဲ့တဲ့ ဆိုတဲ့ နေရာကို တစ်သျှူးလိပ်ကိုင်လို့ ပြေးရင်း
"ဘာမှာလဲ ကဲ။ ဘယ်နေရာမှာ သေးပေါက်သွားတာလဲ ပြောစမ်းပါ" လို့ အမေ့ကို မေးလိုက်ပါတော့တယ်။
စားပွဲခုံအစွန်းမှာတော့ ရေစက်ကလေးတွေ သုံးလေးစက် စိုနေတာ ကျွန်မတွေ့လိုက်ပါတယ်။
"အဲ့ဒီမှာလေ...အဲ့ဒီမှာ"
အမေက ချမ့်ပ် သေးပေါက်သွားတဲ့ စားပွဲခုံကို ကြောက်လန့်တကြား အသံနဲ့ တုန်ရီစွာ လက်ညှိုးထိုးပြလိုက်တယ်လေ။ အဖေက စားပွဲခုံပေါ်က အရည်တွေကို သုတ်ပြီးတော့ အောက်က ကော်ဇောကို စစ်လိုက်ပါသေးတယ်။
"အရည်လေး တစ်စက် နှစ်စက်ပါကွာ"
"အရည် တစ်စက် နှစ်စက်ကလည်း ခွေးသေးပဲရှင့်" ဆိုပြီး အမေက ခါးထောက်လို့ ပြောတော့တာပေါ့။
"အဲ့ဒါကြောင့်လည်း ကျွန်မ ဒီအနံ့ ဘယ်ကလာသလဲ ရှာမတွေ့တာပေါ့။ ဒီနေ့ကစပြီး အဲ့ဒီခွေးကို အိမ်ထဲ သွင်းလာဖို့ မစဉ်းစားနဲ့တော့ ....ကြားလား ဟိုကလေးတွေ။ ခွေးကို အိမ်ထဲခေါ်သွင်းတဲ့သူတွေ ငါနဲ့တွေ့မယ်"
"ဒါဆို ဂိုထောင်ထဲမှာရော...ချမ့်ပ်ကို ဂိုဒေါင်ထဲမှာ သိပ်လို့ ရလားဟင်" လို့ ကျွန်မမေးလိုက်ပါတယ်။
"ငါက သူ့ကို ဂိုဒေါင်ထဲထိ ပစ္စည်းတွေ သွားသိမ်းနေရဦးမှာလား...မရဘူးဟေ့"
မတ်ထ်နဲ့ မိုက်ခ်တို့ကတော့ တယောက်နဲ့တယောက် ပြုံးလို့ကြည့်ရင်း
"မစ်ထရီ ပစ်ဆာ (အမည်မသိ သေးပေါက်သူ) ဆိုပါလား။ ငါတို့ တီးဝိုင်းကို ဒီနာမည်ပေးရမယ်ကွ။ ဟုတ်တယ်...မိုက်တယ်ဟေ့" လို့ ပြောလိုက်ပါတော့တယ်။
"တီးဝိုင်း ဟုတ်လား" အမေက မေးလိုက်ပါတယ်။
"နေစမ်းပါဦး...ဘယ် တီးဝိုင်းတုန်း" လို့ အမေ ဆက်မေးနေပေမဲ့ သူတို့နှစ်ယောက်ကတော့ ပုခုံးချင်းဖက်လို့ အော်ဟစ်ရယ်မောရင်း သူတို့အခန်းထဲ ပြေးသွားလေရဲ့။
အဖေနဲ့ ကျွန်မလည်း အဲ့ဒီနေ့ တစ်နေ့လုံး တစ်အိမ်လုံးက နေရာတိုင်းကို အနံ့လိုက်ခံလို့ ချမ့်ပ်ရဲ့ ပြဿနာတွေ လိုက်ရှင်းနေခဲ့ပါတော့တယ်။ အဖေက အမိုးနီးယား ဖျန်းဆေးကိုင်ပြီး ကျွန်မကလည်း လိုင်ဆော အနံ့ပျောက်ဆေးကိုင်ကာ အလုပ်ရှုပ်နေခဲ့ကြတာပေါ့။ ကျွန်မတို့ သားအဖလည်း မတ်ထ်နဲ့ မိုက်ခ်တို့ကိုပါ ကျွန်မတို့နဲ့ အတူတူ ဆေးလိုက်ဖြန်းပေးဖို့ အကူအညီတောင်းတော့ သူတို့နှစ်ယောက်က အချင်းချင်း ဆေးနဲ့ဖြန်းပြီး ဆော့နေတော့ အလုပ်က ထင်သ လောက်မတွင်ခဲ့ဘူးလေ။ အဲ့ဒီတော့ အဖေလည်း စိတ်တိုတိုနဲ့ သူတို့နှစ်ယောက်ကို အခန်းထဲ ထည့်ပိတ်ထားလိုက်ပါတော့တယ်။ သူတို့ကတော့ ဘယ်လို ထားထား အပိုးကို မကျိုးကြတာပါ။
ဒီလိုနဲ့ ချမ့်ပ် တကောင်လည်း အိမ်ထဲ ၀င်ခွင့်မရှိတော့ပါဘူး။ ကျွန်မသာ ငါးတန်းနှစ်တုန်းက သိပ္ပံပြပွဲမှာ ၀င်မပြိုင်ခဲ့ဘူးဆိုရင် ချမ့်ပ်က ကျွန်မရဲ့ တစ်ကောင်တည်းသော အိမ်မွေးတိရိစ္ဆာန် ဖြစ်နေခဲ့မှာ အမှန်ပါ။
ကျွန်မတို့ အတန်းထဲက လူတွေ အားလုံးက ပြိုင်ပွဲအတွက် အကြံကောင်းကောင်း ရှိကြပေမဲ့ ကျွန်မကနေ အနားနီးတဲ့အထိကို ဘာလုပ်ရမယ်မှန်း မတွေးတတ်ခဲ့ပါဘူး။ ပြီးတော့ ကျွန်မရဲ့ ဆရာမ မစ္စ ဘရူဘက်က ကျွန်မ ဘာလုပ်ရမှန်းမသိသေးတာကြားတော့ သူ့သူငယ်ချင်းမှာ ကြက်ကလေးတွေ ရှိကြောင်း၊ ကျွန်မသာ စိတ်၀င်စားမယ်ဆို ကြက်ဥလေးတွေကို ဥဖောက်ပေးတဲ့ ပရောဂျက် လုပ်လို့ရကြောင်း အကြံပေးခဲ့တယ်လေ။
"ဒါပေမယ့် သမီးက ကြက်ဥ အကောင်ဖောက်တာကို လုပ်မှမလုပ်တတ်တာရှင်" လို့ ကျွန်မ သူ့ကို ပြောလိုက်ပါတယ်။
မစ္စ ဘရူဘက်က ပြုံးပြီး ကျွန်မပုခုံးကို ကိုင်ကာ အားပေးလိုက်တယ်။
"သမီးရယ်...ကိစ္စတစ်ခုကို ဆောင်ရွက်ဖို့ သမီးပ အမြဲတမ်း သိနေဖို့ မလိုပါဘူးကွယ်။ ဆရာမတို့ တွေးစေချင်တာက သိပြီးသားကို ပြတာမဟုတ်ဘဲ မသိသေးတဲ့ အသစ် အသစ်တွေကို သင်ယူစေချင်တာကွဲ့"
"သမီးလုပ်လိုက်လို့ ကြက်ကလေးတွေ သေသွားရင် ဘယ်လို လုပ်မလဲ"
"အဲ့ဒီတော့ သေတယ်လို့ ရီပို့ရေးပေးရမှာပေါ့။ သမီးရဲ့ ပရောဂျက်ကို သိပ္ပံနည်းကျကျ လုပ်ဆောင်မယ်ဆို သမီးလည်း အဆင့် A ရနိုင်ပါသေးတယ်ကွယ်"
ကြက်ကလေးကို သေအောင်လုပ်ပြီး အဆင့် A ယူရမတဲ့လား။ ကျွန်မ ဒီလိုလုပ်ဖို့ သတ္တိမရှိခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်မလည်း မီးတောင်ပုံစံငယ်ပဲလုပ်ရမလား၊ ဓါတုသားရေပဲ စပ်ပြရမလား ဒါမှမဟုတ် စက်လည်အား သီအိုရီပဲ သက်သေပြရမလား နဲ့ ဗျာများနေခဲ့တာပေါ့။ သိပ္ပံပြပွဲကလည်း တော့်တော့်ကို အချိန်နီးကပ်နေပါပြီမို့ မစ္စ ဘရူဘက်ကပဲ သူ့စာအုပ်စင်ထဲက ' ကြက်မွေးမြူရေး လက်စွဲ' စာအုပ်ကိုထုတ်ပြီး ကျွန်မကို လှမ်းပေးရင်းက ပြောလိုက်ပါတော့တယ်။
"ကဲ...ဒီစာအုပ်ထဲက သဘာ၀နည်းအတိုင်းမဟုတ်သော ကြက်ဥအကောင်ဖောက်နည်းများ ခေါင်းစဉ်ကို သမီး ဒီညရွေးဖတ်ထားလိုက်။ မနက်ဖြန်ကျရင် ဆရာမက ကြက်ဥတွေ သမီးအတွက် ယူလာပေးမယ် ဟုတ်ပြီလား"
"ဒါပေမယ့် ဆရာမ...."
"စိတ်မပူပါနဲ့ ဂျူလီရယ်။ ဆရာမတို့ ဒီပရောဂျက်ကို နှစ်တိုင်း လုပ်နေကြကွဲ့။ နောက်ပြီး ဒီပရောဂျက်က နှစ်တိုင်းလည်း အကောင်းဆုံး ပြကွက်အဖြစ် အမှတ်ပေးခံရတယ်လေ"
ကျွန်မ အထွန့်တက်ဖို့ စဉ်းစားလိုက်သေးပေမဲ့ မစ္စ ဘရူဘက်ကတော့ နေရာကနေ ထထွက်သွားပါတော့တယ်။ သူက အရင်ကတည်းက ရည်ရွယ်ချက် မပြတ်သားတဲ့ ကျောင်းသားတွေကို အကောင်းဆုံး အကြံပေးတတ်တဲ့ သူပဲ မဟုတ်ပါလား။
အဲ့ဒီညက ကျွန်မ တော်တော်လေးကို စိုးရိမ်နေခဲ့မိပါတယ်။ ကျွန်မ ကြက်ဥအကောင်ဖောက်ခြင်း အခန်းကို လေးခါလောက်ဖတ်ပြီးတာတောင်မှ တကယ်တမ်း ဘယ်နားက စလုပ်ရမလဲဆိုတာကို စိုးရိမ်နေဆဲပဲလေ။ ကျွန်မမှာ ဖန်လှောင်အိမ်လည်းမရှိသလို ဥဖောက်ဖို့ အနွေးဓါတ်ပေးတဲ့ အခါ တိုင်းတာဖို့ သာမိုမီတာလည်း မရှိခဲ့ပါဘူး။ နောက်ပြီး အိမ်မှာရှိတဲ့ ဒယ်အိုးကရော အလုပ်ဖြစ်ပါ့မလား။
စာအုပ်ထဲက အတိုင်းဆို ကျွန်မက ကြက်ဥရဲ့ အစိုဓါတ်ကို အသင့်တော်အနေအထား ရောက်အောင် ထိန်းညှိပေးရမယ်တဲ့။ တကယ်လို့ ကျွန်မ အရမ်းခြောက်သွေးအောင် အပူပေးလိုက်ရင်လည်း ကြက်ကလေးက ဥကို ခွဲပြီး ထွက်လာနိုင်မှာ မဟုတ်သလို အရမ်းစိုစွတ်အောင် ထားပြန်ရင်လည်း အမြှုပ်တွေနဲ့ လုံးထွေးပြီး ကြက်ကလေး သေသွားနိုင်တယ် ဆိုပါလား။
ကျွန်မအမေက ကျွန်မကို ဒီ ကြက်ဥသားဖောက်တဲ့ ပရောဂျက်မလုပ်ဖူးလို့ မစ္စ ဘရူဘက်ကို ပြန်ပြောဖို့ မှာတယ်လေ။
"ကြက်ဥသားဖောက်မဲ့အစား ပဲပင်စိုက်တာပဲ လုပ်ကြည့်ပါလား သမီးရယ်" လို့ အမေက အကြံပေးပါတယ်။
အဖေကတော့ ကျောင်းသားဆိုတာ ဆရာမခိုင်းတဲ့အလုပ်ကို ငြင်းလို့မရမှန်း သဘောပေါက်လေတော့ ကျွန်မကို ကူညီဖို့ သဘောတူခဲ့တာပေါ့။
"ဥဖောက်စက်လေးက လုပ်ဖို့ မခက်ပါဘူးကွယ်။ အဖေတို့ ညစာစားပြီးရင် အတူတူ လုပ်ကြည့်ကြတာပေါ့"
ကျွန်မတို့ ဂိုဒေါင်ထဲက ရှုပ်ပွနေတဲ့ တိုလီမုတ်စတွေ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ အဖေ အကုန် မှတ်မိနိုင်တာ အံ့ဩစရာပါ။ နောက်ပြီး အဖေက ဥဖောက်စက်ကလေးကိုလည်း ဘယ်လို ဆောက်ရမလဲဆိုတာ သိတယ်လေ။ နောက်ပြီး အဖေက ဖန်ကြည် ရောင် ပလပ်စတစ်ပြားလေးကို အပေါက်ဖောက်နေရင်းက ပြောလိုက်သေးတယ်။
"အဖေ လည်း အထက်တန်းကျောင်းတုန်းက ဘဲလေး တစ်ကောင်ကို အကောင်ဖောက်ပေးဖူးတယ် သမီးရဲ့" ဆိုပြီး အဖေက ကျွန်မကို ပြုံးပြလိုက်ပါတယ်။
"ဘဲလေး တစ်ကောင်ဟုတ်လား"
"အင်းပေါ့။ လုပ်နည်းကတော့ ဘယ်လို ဥဥတဲ့ သတ္တဝါဖြစ်ဖြစ် တူတူပါပဲလေ။ အဓိကကတော့ အပူချိန်ကို တူညီအောင် ထိန်းညှိပြီး အစိုဓါတ် အသင့်အတင့်ပေးဖို့ပဲလေ။ ပြီးရင် ဥလေးကို မကြာခဏ မျှတအောင် နေရာလှည့်နိုင်တယ်ဆို ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ အကောင်ပေါက်လာရောပေါ့"
အဖေက ကျွန်မကို မီးသီးတစ်လုံးရယ်၊ မီးကြိုးရှည်နဲ့ တွဲထားတဲ့ မီးအားထိန်းညှိစက် တစ်လုံးရယ် လှမ်းပေးလိုက်ပါတယ်။
"ဒီမီးကြိုးကို ပလပ်စတစ်ပြားက အပေါက်ထဲ ထည့်ပြီး ချည်လိုက် သမီး။ အဖေ သာမိုမီတာ ချောင်း နည်းနည်းလောက် သွားရှာလိုက်ဦးမယ်"
"နည်းနည်းလောက် ဟုတ်လား။ သမီးတို့ အများကြီး လိုမှာမို့လို့လား အဖေ"
"အဖေက သမီးကို ဟိုက်ဂရိုမီတာ ( စိုစွတ်နှုန်း တိုင်းတာသော ကိရိယာ) လုပ်ပေးမလို့ကွဲ့"
"ဟိုက်ဂရိုမီတာ ဟုတ်လား အဖေ"
"ဟုတ်တယ်။ သမီးရဲ့ ဥဖောက်စက်ထဲမှာ စိုစွတ်မှုနှုန်း ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာဖို့လေ။ ဟိုက်ဂရိုမီတာဆိုတာ သာမိုမီတာကို ပိတ်စလေးရေစွတ်လို့ ကပ်ပြီး မီးသီးနားကနေ တိုင်းရတာပေါ့ကွယ်"
ကျွန်မ ပြုံးလိုက်ပါတယ်။
"ဒါဆို ကြက်ကလေး အစိုဓါတ်များလို့ မသေတော့ဘူးပေါ့နော်"
အဖေကလည်း ပြုံးလိုက်ပြန်ဖြေလိုက်တယ်လေ။
"ဒါပေါ့ကွယ်"
နောက်တစ်နေ့ နေ့လည် ရောက်တော့ ကျွန်မကို အပူချိန် တစ်ရာ့နှစ် ဒီဂရီ ဖာရင်ဟိုက် နဲ့ အကောက်ဖောက်လက်စ ကြက်ဥ ခြောက်လုံး မစ္စ ဘရူဘက်က လာပေးသွားပါတယ်။
"သူတို့ အားလုံးတော့ အကောင်ပေါက်နိုင်မှာ မဟုတ်ဘူး ဂျူလီ" လို့ မစ္စ ဘရူဘက်က ကျွန်မကို ပြောတယ်လေ။
"တစ်လုံးလောက်တော့ ပေါက်ကောင်းပါရဲ့။ မှတ်တမ်းထဲမှာတော့ သုံးလုံးကို အောင်အောင်မြင်မြင် ဥဖောက်ဖူးတယ်ရေးထားတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကိုတော့ ဒီမှတ်တမ်းထဲမှာ ဖတ်ကြည့်လိုက်တော့။ သိပ္ပံပညာရှင်ဆန်ဆန်တွေးပါ ဂျူလီ။ ကံကောင်းပါစေကွယ်" ဆိုပြီး စကားကို ခပ်မြန်မြန်ပြောရင်း မစ္စ ဘရူဘက်က ထွက်သွားပါတော့တယ်။
မှတ်တမ်းတောင် ရှိသေးတယ်ဆိုပါလား။ ကြက်ဥကို တစ်နေ့ သုံးကြိမ်လှည့်ပေးပြီး အပူချိန်ထိန်းပေးတာကလွဲရင် ဘာမှ လုပ်စရာ ထွေထွေထူးထူး မရှိတာကို မှတ်တမ်း လုပ်ပေးဖို့ လိုသေးသတဲ့လား။
အဲ့ဒီနေ့ညက အဖေက ကျွန်မဆီကို ကတ်ထူစက္ကူ အလိပ်လေးနဲ့ ဓါတ်မီးလေးကိုင်လို့ ရောက်လာခဲ့ပါတယ်။ အဖေက ဓါတ်မီးကို စက္ကူလိပ်ကြားထဲ ထည့်ပတ်ထားတော့ မီးဖွင့်လိုက်ရင် အလင်းရောင်က စက္ကူလိပ်ကြားကနေ ဖြာထွက်လာတော့တာပေါ့။
"ကဲ သမီးကို အဖေက ကြက်ဥလေးကို ဘယ်လို မီးထွန်းပြီး ကြည့်ရမလဲ ပြမယ် ဂျူလီ" ဆိုပြီး ဂိုဒေါင်မီးကို ပိတ်လိုက်တယ်လေ။ ကျွန်မ မစ္စ ဘရူဘက်ပေးတဲ့ စာအုပ်ထဲမှာ ကြက်ဥကို မီးထွန်းကြည့်တဲ့ အကြောင်း ခေါင်းစဉ်ပါပေမဲ့ မဖတ်ကြည့်ရသေးပါဘူး။ အဲ့ဒီတော့ ကျွန်မ အဖေ့ကိုပဲ မေးလိုက်ပါတော့တယ်။
"ဘာလို့ ကြက်ဥကို မီးထွန်းကြည့်ရတယ်လို့ ခေါ်တာလဲ ဟင် အဖေ။ ပြီးတော့ ဘာလို့ အဲ့ဒီလို ကြည့်ဖို့ လိုအပ်တာလဲ"
"လူတွေက သူတို့မှာ ဓါတ်မီးဆိုတဲ့ အရာမရှိတုန်းက ဖယောင်းတိုင်နဲ့ မီးထွန်းကြည့်ခဲ့ရလို့ ဒီလိုခေါ်တာပေါ့ သမီးရဲ့" ဆိုပြီး အဖေက စက္ကူလိပ်ထိပ်၀ပေါ် ကြက်ဥတစ်လုံးကို တင်လိုက်ပါတယ်။
"မီးရောင်က အခွံကိုဖြတ်ပြီးထွက်လာတဲ့အခါ အထဲက သန္ဓေလောင်းလေးကို သမီး မြင်နိုင်တာပေါ့ကွယ်။ အဲ့ဒီတော့မှ သမီးလည်း အားနည်းနေတဲ့ အကောင်လေးတွေကို လိုအပ်ရင် သုတ်သင်လို့ရတာပေါ့"
"သူတို့ကို သတ်ပစ်ရတာလား"
"ဖယ်ထုတ်ရတာပါကွယ်။ တခြားဥတွေလောက် မဖွံ့ဖြိုးတဲ့ ဥတွေကို သမီး က ဖယ်ထုတ်ပစ်ရတာပေါ့"
"ဒါပေမယ့်...အဲ့ဒီလို ဖယ်ထုတ်ရင် သူတို့သေသွားတာပဲ မဟုတ်ဘူးလား"
အဖေက ကျွန်မကို တချက်ကြည့်လိုက်ပါတယ်။
"သမီးက အဲ့ဒီလို ဥလေးတွေကို မဖယ်ပစ်ဘူးဆို တခြား ကျန်းမာတဲ့ ဥလေးတွေကိုပါ ဒုက္ခရောက်စေလိမ့်မယ်ကွဲ့"
"ဘာလို့လဲ။ သူတို့ကရော အကောင်မပေါက်လာတော့ဘူးလား"
အဖေက ခုနက ကြက်ဥကလေးကို တင်ပြီး ဓါတ်မီး အလင်းကို ဖွင့်ရင်းက ပြောလိုက်တယ်လေ။
"သမီး မဖယ်ပစ်တဲ့ ဥလေးက ပေါက်ကွဲပြီး တခြား ဥတွေကိုပါ ဘက်တီးရီးယားပိုးတွေ ပေါက်စေတတ်တယ် သမီးရဲ့"
ပေါက်ကွဲဦးမယ်တဲ့လား။ အမြှုပ်ပွပြီးသေတာတွေ၊ ပေါက်ကွဲပြီးသေတာတွေ အပြင် မဖွံ့ဖြိုးတဲ့ ဥတွေပါ ဂရုစိုက် ဖယ်ပေးရဦးမယ်ဆိုတော့ ဒီ သားဖောက်တဲ့ ပရောဂျက်က ထင်ထားတာထက် ပိုလို့ကို ဆိုးနေပါတော့တယ်။ ခဏနေတော့ အဖေက ကျွန်မကို ခေါ်လိုက်တာပေါ့။
"သမီး...ဂျူလီယာနာ....ဒီမှာလာကြည့်စမ်း။ သမီး ဒီဥထဲက သန္ဓေလောင်းလေးကို မြင်ရတယ် မဟုတ်လား" ဆိုပြီး အဖေက ဓါတ်မီးနဲ့ ကြက်ဥကို ကိုင်ရင်းကနေ ကျွန်မကို လှမ်းပြလိုက်တာပေါ့။ ကျွန်မလည်း အထူးအဆန်းသေချာကြည့်နေတုန်း အဖေက ဆက်ပြောပြပါသေးတယ်။
"ဟောဟိုက အနက်ရောက် အစက်လေးကို တွေ့လား။ အလယ်ကလေ။ သွေးကြောတွေနဲ့ ဆက်ထားတဲ့ နေရာလေး သမီးတွေ့လား ဟင်"
"ဟို အလယ်က ပဲစေ့လို အရာလေးကို ပြောတာလား အဖေ"
"ဒါပေါ့...အဲ့ဒါ သန္ဓေလောင်းလေးပဲ သမီး"
ရုတ်တရက် ကျွန်မရဲ့ ကြက်ဥလေးထဲက သန္ဓေလောင်းလေး အသက်ရှင်နေတာကို ခံစားမိလိုက်ရပါတယ်။ ကျွန်မလည်း အဖေ ပြတဲ့ နည်းအတိုင်း ကျန်တဲ့ ငါးလုံးကို ဆက်ပြီး စစ်ကြည့်လိုက်တော့ ဥတွေအားလုံးထဲမှာ ပဲစေ့လို အရာလေး ရှိနေတယ်လေ။ သူတို့ အားလုံး မျိုးအောင်ကြပါတယ်။ သူတို့ အားလုံး အသက်ရှင်ကြမှာ သေချာပါတယ်။
"အဖေ....သမီး ဒီ ဥဖောက်စက်လေးကို အထဲယူသွားလို့ ရလားဟင်။ ဒီမှာ ညဘက်ထားတာ အေးနေမလားလို့ပါ"
"အဖေလည်း အဲ့ဒီလို ပြောမလို့ပဲကွဲ့။ သမီး အရှေ့က သွားပြီး တံခါးသွားဖွင့်ပါလား။ အဖေ သယ်လာပေးခဲ့မယ်လေ"
နောက်ထပ် နှစ်ပတ် ကြာတဲ့အထိ ကျွန်မလည်းရကြက်ဥလေးတွေထဲမှာ ကြက်ကလေးတွေ အကောင်ဖြစ်လာဖို့ကိုပဲ ဂရုစိုက်ရင်း အချိန်ကုန်ခဲ့ပါတော့တယ်။ အစကတော့ ကျွန်မ သူတို့ကို အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ် ရယ်လို့ တံဆိပ်တပ်ထားပေမဲ့ မကြာခင်မှာပဲ သူတို့လေးတွေဟာ အက်ဘီ၊ ဘွန်နီ၊ ကလိုဒ်၊ ဒက်စတာ၊ ယူနစ် နဲ့ ဖလောရင့် ဆိုပြီး ဖြစ်လာပါတော့တယ်။ နေ့စဉ်နေ့တိုင်းလည်း ကျွန်မ သူတို့ကို အလေးချိန်ချိန်ပေးသလို မီးလေးလည်း ထွန်းကြည့်ပေးတဲ့ အပြင် ဥကို နေရာနှံ့အောင်လည်း လှည့်လှည့်ပေးခဲ့ရတာပေါ့။ ကျွန်မ သူတို့လေးတွေ ကြက်မတော်သံကြားရင် ပိုကောင်းမလားလို့တောင် တွေးပြီး သူတို့ အနားရောက်တိုင်း တောင် ရက်ပိုင်းလောက် ကြက်မကြီးလို လည်ချောင်းထဲက တော်သံ ပြုလိုက်ပါသေးတယ်။ ဒါပေမယ့် ကြက်မလို တော်ရတာက သိပ်ကို ပင်ပန်းတဲ့ အလုပ်ပဲလေ။ သူတို့ကို သီချင်းလေး ညည်းပြတာက ပိုပြီး သက်သာတာမို့ ကျွန်မလည်း သူတို့နားရောက်တိုင်း သီချင်းလေး ညည်းနေခဲ့ပါတော့တယ်။ နောက်တော့ ကျွန်မလည်း ကြက်ဥတွေနားသွားတိုင်း သီချင်းညည်းတာ အကျင့်ပါသွားတာပေါ့။ ဘာလို့ဆို ကြက်ဥတွေနား ရောက်ရင် ကျွန်မလည်း ပျော်တယ်လေ။
ကျွန်မ 'ကြက်မွေးမြူရေး လက်စွဲ' စာအုပ်ကို အစအဆုံး နှစ်ခေါက်လောက် ဖတ်ဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ ပရောဂျက်အတွက်လည်း ကျွန်မ သန္ဓေလောင်းလေးတွေရဲ့ တိုးတက်မှုကို အဆင့်အလိုက်ပြကာ ရှင်းလင်းတဲ့ ဇယားဆွဲပြီး ကြက်မကြီးပုံနဲ့ ပိုစတာတောင် လုပ်လိုက်ပါသေးတယ်။ နောက်ပြီး နေ့စဉ်နဲ့အမျှ အပူချိန်၊ စိုစွတ်မှုကို တိုင်းတာလို့ သေသေချာချာ အညွှန်းကိန်းတွေ ရေးဆွဲကာ ဥလေးတွေရဲ့ အလေးချိန်ကိုလည်း ဂရုစိုက်ခဲ့တာပေါ့။ ကြက်ဥလေးတွေက အပြင်ပန်းကြည့်ရင် ပျင်းစရာကြီးဆိုပေမဲ့ သူတို့အထဲမှာ ဘာတွေဖြစ်နေသလဲ ဆိုတာ ကောင်းကောင်းကြီး နားလည်နေတဲ့ ကျွန်မအတွက်တော့ သိပ်ကို ထူးခြားအံ့ဩဖွယ်ရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတော့တယ်။
အဲ့ဒီနောက် သိပ္ပံပြပွဲမတိုင်ခင် နှစ်ရက်လောက်အလို ကျွန်မ ဘွန်နီဆိုတဲ့ ဥလေးကို မီးထွန်းကြည့်နေတုန်း ရုတ်တရက် ကျွန်မ တခုခုကို ခံစားလိုက်ရတာပေါ့။ ကျွန်မ အဖေ့ကို အော်ခေါ်လိုက်ပါတယ်။
"အဖေ...အဖေ။ ကြည့်စမ်းပါဦး။ ဒီမှာ ကြက်ဥလေးက နှလုံးခုန်နေတာလား မသိဘူး"
အဖေက ဘွန်နီဥလေးကို သေသေချာချာ ကြည့်ပြီးတော့ ပြုံးလိုက်ပါတယ်။
"အဖေ သမီး အမေကို သွားခေါ်လိုက်ဦးမယ်"
ခဏနေတော့ ကျွန်မတို့ သားအမိ သားအဖ သုံးယောက်စလုံး ဘွန်နီလေး နှလုံးခုန်နေတာကို အတူ နားထောင်နေခဲ့ကြတာပေါ့။ နောက်ဆုံးတော့ အမေတောင် ကျွန်မရဲ့ ပရောဂျက်က သိပ်ကို အံ့ဩဖွယ်ရာပါပဲလို့ ချီးကျူးရတဲ့ အထိပါ။
ကလိုဒ်က ပထမဆုံး အကောင်ပေါက်တဲ့ဥကလေးပါ။ သူက ကျွန်မ ကျောင်းမသွားခင်လေးမှာ ပေါက်လာတာလေ။ ကျွန်မ အသက်ရှူမှားအောင် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်နေတုန်းမှာပဲ ကလိုဒ်က သူ့နှုတ်သီး သေးသေးလေးနဲ့ တိုးထွက်ပြီး တို့လို့တန်းလန်းနဲ့ နားနေခဲ့တာပေါ့။ ခဏနေတော့ သူက နောက်တခါ ဥခွံထဲက ထပ်တိုးထွက်ပြီး နားနေပြန်ပါတော့တယ်။ သူ့ကို ဒီလို ထားခဲ့ပြီး ကျွန်မ ဘယ်လိုလုပ် ကျောင်းကို စိတ်ဖြောင့်ဖြောင့်နဲ့ သွားလို့ရပါဦးမလဲရှင်။ သူ ကျွန်မအကူအညီလိုအပ်နေတယ်ဆို ဘယ်လိုလုပ်မလဲ။ အဲ့ဒီတော့ ကျွန်မလည်း ကျောင်းသွားဖို့ အချိန်ကပ်နေတာတောင် အိမ်ထဲမှာ ပေကပ်ပေကပ် လုပ်နေခဲ့တာပေါ့။
အဖေကတော့ ဥပေါက်တဲ့အချိန်ဟာ အတော် အတန် အချိန်ယူရတာမို့ ကျွန်မ ကျောင်းက ပြန်လာလည်း ကလိုဒ်အပြင်ကို ရောက်လာတာ ကြိုးစားနေတဲ့ ပုံကို မီ ဦးမှာပါလို့ ဖြောင့်ဖျရှာပါတယ်။ ဒါပေမယ့် သူတို့ အကုန်လုံး ကျွန်မ မရှိခင် ထွက်လာကြရင် ဘယ်လိုလုပ်မလဲ။ အက်ဘီ၊ ဘွန်နီ ၊ ကလိုဒ်၊ ဒက်စတာ၊ ယူနစ် နဲ့ ဖလောရင့် ကို အားလုံး ဒီကမ္ဘာကြီးထဲကို တိုးထွက်လာကြတာကို ကျွန်မ သိပ်ကို ကြည့်ချင်ခဲ့တာပေါ့။
"သမီး ဥပေါက်တာ ကြည့်ချင်တယ် အဖေ" လို့ ကျွန်မ အဖေ့ကို ပြောလိုက်တော့ အဖေက
"သမီး ကျောင်း သွားကို သွားရမယ်" တဲ့လေ။
အမေကတော့
"ဒီလောက်တောင် ရှိလှတာ ကျောင်းပါ ကြက်ဥတွေထည့်သွားပေါ့အေ။ ဘာပဲဖြစ်ဖြစ် ဒီကြက်ဥတွေကလည်း သမီး ဆရာမ မစ္စ ဘရူဘက် ပေးထားတာတွေပဲ မဟုတ်လား" လို့ စိတ်မရှည်တဲ့ လေသံနဲ့ ၀င်ပြောလိုက်တာပေါ့။
တခါတလေတော့လည်း အမေ့လို လူမျိုးကို အမေတော်ထားရတာ ကျွန်မ သိပ်၀မ်းသာမိပါတယ်။ ကျွန်မ သူများတွေထက်အရင် သိပ္ပံပြပွဲအတွက် ကြိုပြင်လိုက်ရုံပဲပေါ့။ ကျွန်မလည်း ပိုစတာတွေ၊ ဇယားတွေ၊ ပစ္စည်းကိရိယာတွေ အစုံအလင် ထုပ်ပိုးပြီး အမေ့ကို ကားနဲ့ ကျောင်းလိုက်ပို့ခိုင်းလိုက်ပါတော့တယ်။
မစ္စ ဘရူဘက်ကတော့ ကျွန်မ ကြက်ဥတွေ ကျောင်းယူလာတာနဲ့ ပတ်သက်ပြီး ဘာမှ မပြောခဲ့ပါဘူး။ သူက တခြား ကလေးတွေရဲ့ ပရောဂျက်အတွက် ကူညီပေးနေရတာနဲ့ အလုပ်ရှုပ်နေတော့ ကျွန်မလည်း တစ်နေ့လုံး ကြက်ဥလေးတွေ ပေါက်တာကို စောင့်ကြည့်ရင်းနဲ့ အချိန်ကုန်ခဲ့တာပေါ့။
ပထမဦးဆုံး ကလိုဒ်နဲ့ ဘွန်နီတို့က စပြီး အကောင်ပေါက်လာခဲ့ပါတယ်။ သူတို့ ထွက်ထွက်လာချင်း တကိုယ်လုံး စိုစွတ်ပြီး လေးကန်ထိုင်းမှိုင်းနေတော့ ကျွန်မ စိတ်ပူလိုက်ရပါသေးတယ်။ ဒါပေမယ့် ဒက်စတာနဲ့ အက်ဘီတို့ အကောင်ပေါက်လာတဲ့ အချိန်ရောက်တော့ အရင်ပေါက်တဲ့ သူတို့နှစ်ကောင်က အမွှေးတခါခါနဲ့ လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေခဲ့ကြပါပြီ။
နောက်ဆုံး နှစ်ဥကတော့ အကောင်ပေါက်ဖို့ တော်တော်လေး ကြာခဲ့ပါတယ်။ ဒါပေမယ့် မစ္စ ဘရူဘက်ကတော့ ကျွန်မကို စိတ်မပူဖို့နဲ့ ပွဲညရောက်ရင်တော့ သူတို့လည်း အကောင်ပေါက်လာမှာပါလို့ ပြောပေးရှာပါတယ်။ ပြပွဲနေ့ရောက်တော့ ကျွန်မတို့ တစ်မိသားစုလုံး ရောက်လာခဲ့ကြတာပေါ့။ မိုက်ခ်နဲ့ မတ်ထ်က ကျွန်မရဲ့ မပေါက်သေးတဲ့ ကြက်ဥလေးတွေကို နှစ်မိနစ်လောက်ကြည့်ပြီး တခြားသူတွေရဲ့ ပစ္စည်းတွေကို လိုက်ကြည့်နေခဲ့ကြပေမဲ့ အဖေနဲ့ အမေကတော့ ကျွန်မ အနားမှာ ကျန်တဲ့ နှစ်ကောင် ပေါက်တဲ့ အထိ စောင့်နေပေးကြတယ်လေ။ အမေဆို ဘွန်နီလေးကိုတောင် နှုတ်သီးကို သပ်လို့ ကျီစယ်နေလိုက်သေးတာပါ။
အဲ့ဒီနေ့ ညနေ ပွဲပြီးလို့ ကျွန်မလည်း အိမ်ပြန်ဖို့ ပစ္စည်းတွေ ထုပ်ပိုးနေတုန်း အမေက လာမေးတာပေါ့။
"ကဲ...အခု ဒီဟာတွေကို မစ္စ ဘရူဘက်ကို ပြန်ပေးရမှာ မဟုတ်လား"
"ဘယ်ဟာတွေကို မစ္စဘရူဘက်ဆီ ပြန်ပေးရမှာလား မေးနေတာလဲ အမေ" လို့ ကျွန်မ ပြန်မေးလိုက်ပါတယ်။
"ကြက်တွေလေ...ဂျူလီ။ သမီး ဒီကြက်တွေကို မွေးဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်"
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ကျွန်မ ဥဖောက်တာကလွဲပြီး ကျန်တာတွေ မစဉ်းစားမိခဲ့ပါဘူး။ ကျွန်မ သူတို့ကို ဒီကမ္ဘာကြီးထဲ အန္တရာယ်ကင်းကင်းနဲ့ ခေါ်ဆောင်လာဖို့ပဲ စိတ်နှစ်ထားခဲ့တာလေ။ ဒါပေမယ့် အမေပြောတာလည်း မှန်ပါတယ်။ ကျွန်မရှေ့မှာတော့ ကျွန်မကိုယ်တိုင် တယုတယအမည်တောင်ပေးလို့ မွေးထားရတဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ အမွှေးပွပွ ကြက်ကလေး ခြောက်ကောင်က လှုပ်လှုပ် လှုပ်လှုပ်နဲ့ ရှိနေကြပါတယ်။
"သမီး...သမီလည်း မသိသေးဘူး အမေ" လို့သာ ကျွန်မ စကား အ,ထစ် အ,ထစ်နဲ့ အမေ့ကို ပြန်ဖြေလိုက်ပါတယ်။
"သမီး မစ္စဘရူဘက်ကို မေးပါရစေဦး"
ကျွန်မ မစ္စ ဘရူဘက်ကို လိုက်ရှာနေမိတာပေါ့။ စိတ်ထဲမှာတော့ သူ ဒီကြက်ကလေးတွေကို ပြန်မတောင်းဖို့ မျှော်လင့်နေခဲ့တာပါ။ နောက်ဆုံးတော့ ကျွန်မပဲ အပင်ပန်းခံပြီး ဒီကြက်ကလေးတွေကို အသက်ရှင်အောင် မွေးခဲ့ရတာ မဟုတ်ပါလား။ ကျွန်မ ကိုယ်တိုင်ပဲ အမည်ပေးခဲ့ရတာလေ။ ကျွန်မပဲ သူတို့ကို ဘေးမသီ ရန်မခအောင် စောင့်ရှောက်ခဲ့ရတာမို့ ကျွန်မ ဒီ ကြက်ကလေးတွေကို အပိုင်မွေးချင်ခဲ့ပါတယ်။
နောက်ဆုံးတော့ မစ္စဘရူဘက်က ကျွန်မကို ကြက်ကလေးတွေ ဆက်မွေးဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ အမေကတော့ ဘယ်ပြောဦးမလဲ ကျွန်မ ခေါင်းကျိန်းလိုက်တာနော်။ ကျွန်မလည်း အိတ်ကို သေချာ ပြန်သိမ်းပြီးတော့ ဘေးနားက ကျွန်မ အတန်းဖော် ဟေဒီရဲ့ ဘာနောလီ သီအိုရီ သက်သေပြတဲ့ စက်ကြီးကို ဖြုတ်သိမ်းပေးနေလိုက်ပါသေးတယ်။
အမေကတော့ အိမ်အပြန်ခရီး တလျှောက်လုံး ငြိမ်လို့ကို နေတာပေါ့။ အမေ့ပုံကို ကြည့်ရတာ ကြက်မွေးနေမဲ့အစား ထွန်စက်တစ်လုံးနဲ့ လယ်တောင်ထွန်စားလိုက်ချင်ပုံပါ။
"အမေရယ် ကျေးဇူးပြုပြီး ခွင့်ပြုပေးပါနော်" လို့ ကားထိုးရပ်တုန်း ကျွန်မ အမေ့ကို ထုတ်ပြောတာတော့ အမေက ခေါင်းကိုက်နေဟန်လုပ်လို့
"ဂျူလီရယ်...အမေတို့ ကြက်တွေကို ထားဖို့ ဘယ်မှာ နေရာရှိလို့လဲ" ဆိုပြီး မေးလာတာပေါ့။
"နောက်ဖေး ခြံထဲမှာပေါ့" လို့ ကျွန်မလည်း ခပ်လွယ်လွယ် ပြန်ဖြေလိုက်ပါတယ်။
"ဒါဖြင့် ချမ့်ပ်ကရော"
"သူတို့ အချင်းချင်း အဆင်ပြေသွားမှာပါ။ သမီး သူ့ကို သင်ပေးလိုက်ပါ့မယ်နော် အမေ"
အဖေကတော့ တိုးတိုးလေးပဲ
"သူတို့က အရိုင်း အစိုင်းကြီးတွေ မဟုတ်ပါဘူး ထရီနာရယ်" လို့ ကျွန်မဘက်က ဝိုင်းပြောပေးရှာပါတယ်။
ဒါပေမယ့် ကျွန်မ အစ်ကိုတွေက ထုံးစံ အတိုင်း တစ်ယောက် တစ်ပေါက် ပြောရင်း ၀င်ရှုပ်ကြပါလေရော။
"ချမ့်ပ် ကတော့ ကြက်တွေကို သေအောင် သေးနဲ့ ပန်းမှာပဲ အမေရေ" လို့ တစ်ယောက်က စလိုက်တော့ နောက်တစ်ယောက်ကလည်း
"ဟုတ်တယ်။ ဒါပေမယ့် မင်း သတိထားမိမှာတောင် မဟုတ်ဘူးကွ သူတို့က နဂိုထဲက ဝါပြီးသားတွေလေ" ဆိုပြီး ပြောမဆုံးပေါင် တောသုံးတောင် ဇာတ်လမ်းက စလာပြန်တာပေါ့။
"'နဂိုထဲက ဝါပြီးသား' ဟုတ်လား ။ ဒီနာမည် မဆိုးဘူးကွ"
"အေး ဟုတ်တယ်ကွ။ ဒါပေမယ့် လူတွေက ငါတို့ ဗိုက် ဝါနေတယ် ထင်သွားဦးမယ်"
"ဪ ဟုတ်သားပဲ။ မေ့လိုက်တော့ ဒီနာမည်က မကောင်းဘူးကွ"
"အေး...ချန့်ပ် ကြက်တွေကို ဆော်တာကိုပဲ ကြည့်ကြသေးတာပေါ့"
ရုတ်တရက် ကျွန်မအစ်ကို နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး သံပြိုင်ရွတ်လိုက်ကြပါတော့တယ်။
"'ကြက်တွေကို ဆော်မဲ့ကောင်' တဲ့။ ဒါပဲလေ"
"ဒါဆို ငါတို့ အဖွဲ့နာမည်က 'ကြက်တွေကို ဆော်မဲ့ကောင်' ဖြစ်သွားပြီလား။ ငါတို့ တကယ်ကြက်တွေကို လိုက်သတ်ကြမှာလားကွ"
ကြာတော့ အဖေလည်း နားငြီးလာလို့ သူတို့နှစိယောက်ကို လှည့်ပြီးပြောလိုက်ပါတော့တယ်။
"ကဲ...မင်းတို့ နှစ်ကောင်လည်း ကားထဲကထွက်တော့။ ဝေးဝေးမှာ မင်းတို့ရဲ့ တီးဝိုင်း နာမည် သွားစဉ်းစားကြစမ်းကွာ"
ဒီလိုနဲ့ ကားထဲမှာ အဖေရယ်၊ အမေရယ်၊ ကျွန်မရယ် သုံးယောက်ပဲ ကျန်ခဲ့တာပေါ့။ ကျွန်မ လက်ထဲက သေတ္တာထဲမှာတော့ ကြက်ပေါက်လေးတွေက ပိကျိ ပိကျိနဲ့ အော်နေကြတယ်လေ။ နောက်ဆုံးတော့ အမေကပဲ သက်ပြင်းရှည်ကြီးချလို့ စကားစခဲ့ပါတယ်။
"ကြက်တွေ မွေးရတာ ကုန်ကျစရိတ် သိပ်မကုန်လောက်ဘူး မဟုတ်လား"
အဖေက ချက်ချင်းပဲ ၀င်ထောက်ခံလိုက်တာပေါ့။
"ကြက်တွေက ပိုးကောင်တွေပဲ အများဆုံး စားတာလေ ထရီနာရေ။ ကိုယ်တို့က ကြက်စာလေး နည်းနည်းလောက် ကျွေးနိုင်ရင် ရပါပြီ။ သူတို့ကိုမွေးရတာ သိပ် မပင်ပန်းဘူးလေ"
"ပိုးကောင်ဟုတ်လား။ ဘယ်လို ပိုးကောင်မျိုးလဲ ဟင်"
"မြှီးညှပ်ကောင်၊ တီကောင်၊ ပိုးတုံးလုံးတွေပေါ့ကွ။ သူတို့သာ ဖမ်းမိမယ်ဆို ပင့်ကူတွေတောင် စားကြသေးတယ် လေ။ နောက်ပြီး ကြက်တွေက ခရုတွေလည်း ကြိုက်မှကြိုက်ပဲ"
"ဟင်....တကယ်လားတော့" ဆိုပြီး အမေ့မျက်နှာ ပေါ်မှာ ပြုံးယောင်သမ်းလာတော့တာပေါ့။
"ကဲပါလေ...ဒါဆိုရင်လည်း...."
"ဟေး...ကျေးဇူးတင်ပါတယ် အမေ" ဆိုပြီး အမေ့စကားတောင် မဆုံးသေးဘဲ ကျွန်မ ဖြတ်ပြောလိုက်ပါတော့တယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း ကြက်မွေးဖြစ်သွားတာပေါ့။ ကြက်ခြောက်ကောင်မွေးလိုက်လို့ အိမ်ထဲက ပိုးမွှားတွေ ရှင်းသွားမယ်လို့ မျှော်လင့်နေခဲ့ပေမဲ့ ကြက်တွေကြောင့် ခြံတပြင်လုံးလည်း စိမ်းစိမ်းစိုစို မြက်တစ်ပင်မှကို မကျန်တော့ဘူးလေ။ ခြောက်လအတွင်းမှာပဲ ကျွန်မတို့ နောက်ဖေးခြံထဲမှာ ဘာဆို ဘာမှကို မကျန်ခဲ့တော့တာပါ။ ကြက်စာတွေကို ကြွက်ကလည်း လာလာ စားတတ်သလို ကြွက်လာတော့ နောက်ကနေ ကြောင်ကလည်း ပါလာပြန်တာပေါ့။ ကြောင်ကိုမှ တကယ့် တောကြောင်ရိုင်းကြီးတွေရယ်ပါ။ ချမ့်ပ်ကတော့ ခြံထဲကို ကြောင်တွေမ၀င်နိုင်အောင် စောင့်တဲ့ နေရာမှာ အားကိုးရပါတယ်။ ဒါပေမယ့် ကြောင်တွေကလည်း ချမ့်ပ် အိပ်တဲ့ အချိန်ထိကို အိမ်ရှေ့ကနေချောင်းလိုက်၊ အိမ်ဘေးကနေ ချောင်းလိုက်လုပ်ရင်း ကြက်စာ လာခိုးစားတဲ့ ကြွက်တွေကို စားဖို့ စောင့်နေခဲ့ကြပါတော့တယ်။
အဲ့ဒီနောက် ကျွန်မအစ်ကိုတွေက ခြံထဲလာတဲ့ ကြွက်တွေကို ထောင်ချောက်နဲ့ ထောင်ဖမ်းကြတာပေါ့။ အစကတော့ ကျွန်မလည်း သူတို့ ကျွန်မကို ဝိုင်းပြီး ကူညီနေကြတာပဲလို့ ထင်နေခဲ့တာပါ။ တစ်နေ့တော့ အမေ သူတို့အခန်းထဲ ၀င်ရှင်းရင်း ကြောက်လန့်တကြား အော်သံကြီးကြားလိုက်တော့မှပဲ ကျွန်မအစ်ကိုနှစ်ယောက်ရဲ့ အကြံကို ရိပ်မိပါတော့တယ်။ သူတို့က သူတို့ညီအစ်ကို နှစ်ယောက်ရဲ့ အခန်းထဲမှာ စပါးကြီးမြွေ ခိုးမွေးထားကြတာကိုး။
အမေကတော့ ဒေါသတကြီးနဲ့ကို သူတို့အခန်းထဲက ထွက်လာခဲ့တာပေါ့။ ကျွန်မလည်း အခြေအနေမကောင်းမှန်းသိတော့ နောက်ဖေးက ကြက်ခြံထဲ ဆင်းနေရင်း မမျှော်လင့်ထားတဲ့ ရှာဖွေတွေ့ရှိမှုကြီး တစ်ခုကို တွေ့လိုက်ရပါတော့တယ်။ ကျွန်မ ကြက်ကလေးတွေ ဥဥနေကြပြီလေ။ အင်မတန့်ကို ဖြူဖွေးပြီး တောက်ပနေတဲ့ ကြက်ဥကလေးတွေပေါ့။ ကျွန်မ ဘွန်နီ့ရဲ့အောက်မှာ ကြက်ဥတစ်လုံး အရင်တွေ့လိုက်ပါတယ်။ ပြီးတော့ ကလိုဒ်ရဲ့ အောက်မှာ နောက်တစ်လုံး ထပ်တွေ့လိုက်ရတော့ ကျွန်မလည်း သူ့ကို ကလိုဒ်ကနေ ကလိုက်ဒတ် လို့ နာမည်ပြောင်းပေးလိုက် ရတော့တာပေါ့။ ကျွန်မက သူ့ကို အထီးလေးလို့ ထင်ထားခဲ့တာကိုး။ နောက်ပြီး ဖလောရင့် ရဲ့ အောက်မှာလည်း နောက်တစ်လုံး ထပ်တွေ့လိုက်ရပါသေးတယ်။
ကျွန်မ အိမ်ထဲကို အပြေးကလေး ၀င်လို့ အမေ့ကို အော်ခေါ်တော့ အမေက ကျွန်မ အစ်ကို နှစ်ယောက်ကို ဆူပြီး ထိုင်ခုံမှာ ခြေကုန်လက်ပမ်း ကျနေရင်းကနေ
"တော်ပါတော့ ဂျူလီရေ...ကြက်တွေ အကြောင်း မကြားချင်သေးဘူး" ဆိုပြီး ငြည်းတွားနေလေရဲ့။
"ဒါက ကြက်တွေ မဟုတ်တော့ဘူး အမေရေ...ကြက်ဥတွေ ဖြစ်ကုန်ပြီ"
အမေက နားမလည်နိုင်တဲ့ အကြည့်နဲ့ လှမ်းကြည့်နေတော့ ကျွန်မလည်း အမေ့ဘေး၀င်ထိုင်ပြီး ကြက်ဥလေးတွေ ပြလိုက်ပါတော့တယ်။
"သမီးတို့ဆီမှာ ကြက်ဖလည်း မရှိပါဘူးနော် အမေ "
အမေကတော့ ရုတ်တရက် အံ့အားသင့်ပြီး ခုနက ဖြူဖပ်ဖြူလျော်ဖြစ်နေတဲ့မျက်နှာလေး သွေးရောင် ပြန်လွမ်းလာကာ ကျွန်မလက်ထဲက ကြက်ဥတွေကို ကြည့်နေပါတော့တယ်။
"ဟုတ်လား သမီး။ အမေလည်း သတိမထားမိပါဘူးကွယ်"
"သမီးကတော့ 'အောက် အီး အီး အွတ်' ရယ်လို့ သမီးရဲ့ကြက်ဖ အော်သံမှ မကြားဖူးတာ။ အမေရော ကြားမိသေးလားဟင်"
အမေကတော့ ရယ်နေတာပေါ့။
"အမေလည်း သတိမထားမိပါဘူးကွယ်" ဆိုပြီး အမေက ကျွန်မလက်ထဲက ကြက်ဥတစ်လုံးယူပြီး မေးလိုက်တယ်လေ။
"သမီး ကြက်မလေးတွေက ဥဘယ်လောက် ဥမယ် ထင်လဲ သမီး"
"မသိပါဘူး အမေရယ်"
ဖြစ်ချင်တော့ ကျွန်မရဲ့ ကြက်ကလေးတွေက ကျွန်မတို့ မိသားစုတစ်စုလုံး စားလို့ မကုန်နိုင်အောင်အထိကို ဥတွေ ဥလာကြပါတယ်။ ကျွန်မတို့လည်း အစကတော့ ကြက်ဥကို ပြုတ်စားလိုက်၊ အချဉ်ထည့်စားလိုက်၊ ဟင်းချက်စားလိုက်နဲ့ အ၀အောင်စားနေခဲ့ကြပေမဲ့ ကြာတော့ အမေက ဒီကြက်ဥတွေနဲ့ ချည်း ဟင်းအရံ လိုက်အောင်ချက်နေရတာ ပိုက်ဆံပိုကုန်တယ်ဆိုပြီး ငြည်းပါလေရော။
နောက်တော့ တစ်နေ့ ကျွန်မ ခြံထဲဆင်းလို့ ကြက်ဥကောက်နေတုန်း ကျွန်မတို့ အိမ်နီးနားချင်း မစ္စစတူဘီက ခြံဘက်ကို လှမ်းကြည့်လို့ ပြောလိုက်ပါတယ်။
"သမီးရေ...သမီးတို့ ခြံထဲက ကြက်ဥတွေ ပိုတယ်ဆို အဒေါ့်ကိုလည်း ရောင်းပါလားကွယ်" တဲ့လေ။
"ရှင်.... အဒေါ် တကယ်ပြောတာလား" လို့ ကျွန်မ အံ့အားသင့်စွာ မေးလိုက်တာပေ့ါ။
"ဒါပေါ့ကွယ်။ အိမ်မွေးကြက်ဥတွေဆိုတာ စားလို့ သိပ်ကောင်းတာလေ။ တစ်ဒါဇင်ကို နှစ်ဒေါ်လာပေးမယ်ဆို သမီး ရောင်းမယ်မလား"
တစ်ဒါဇင်ကို နှစ်ဒေါ်လာတောင် ရမှာ ဆိုပါလား။ ကျွန်မ ရယ်တောင် ရယ်ချင်မိသွားပါတယ်။
"ဟုတ်ကဲ့ သေချာတာပေါ့ရှင်"
"ကောင်းပြီလေ။ ဒါဖြင့် သမီးတို့ အိမ်မှာ ပိုတဲ့အခါ အဒေါ့်ဆီ ယူလာခဲ့ပေါ့။ မစ္စဟမ်းစ်နဲ့ အဒေါ် ညက ကြက်ဥတွေအကြောင်း ဖုန်းကနေ ပြောကြသေးတယ်ကွဲ့။ အဒေါ်က သမီး ရောင်းမှ ရောင်းချင်ပါ့မလားလို့ အရင်လာမေးထားတာပါကွယ်။ သမီး အဆင်ပြေတယ်မဟုတ်လား ဂျူလီ"
"ဟုတ်ကဲ့။ ပြေပါတယ် မစ္စ စတူဘီ"
မစ္စဟမ်စ်နဲ့ သုံးအိမ်ကျော်က မစ္စဟမ်းစ်တို့ကို ကြက်ဥရောင်းရင်း ကျွန်မတို့ရဲ့ ကြက်ဥတွေ ပိုလျှံတဲ့ ပြဿနာလည်း ဖြေရှင်းပြီးသွားဖြစ်သွားတော့တာပေါ့။ ကြက်ဥရောင်းရတဲ့ ပိုက်ဆံကို ကျွန်မ အမေ့ကို နောက်ဖေးခြံပျက်ဆီးအောင် လုပ်ခဲ့တဲ့ အတွက် ပြန်ဆပ်ဖို့ ပေးခဲ့ပေမဲ့ အမေကတော့
"မဟုတ်တာကွယ်။ ဒါက သမီး ကိုယ်ပိုင် ပိုက်ဆံပဲ" လို့ဆိုလာတော့ ကျွန်မလည်း ပိုက်ဆံတွေ စုလာမိပါတော့တယ်။
တစ်နေ့ ကျွန်မ မစ္စဟမ်းစ်တို့အိမ်ကို ကြက်ဥတွေကိုင်လို့ လျှောက်သွားတုန်း မစ္စလော်စကီ ကားလေးနဲ့ အပြင်ထွက်လာတာကို တွေ့လိုက်ရတယ်လေ။ သူက မစ္စ ဟမ်းစ်ကို ကားထဲက လက်ပြပြီး နှုတ်ဆက်တာ တွေ့လိုက်ရတော့ ကျွန်မက အိမ်နီးနားချင်းကောင်း တစ်ယောက်အ နေနဲ့ သူတို့မိသားစုဆီ ကြက်ဥတွေ လက်ဆောင်မပေးမိတာကို အပြစ်ရှိသလို ခံစားလိုက်မိပါတယ်။ မစ္စဟမ်းစ်နဲ့ မစ္စစတူဘီတို့က ကျွန်မဆီက ပိုက်ဆံပေးပြီး ကြက်ဥ၀ယ်ကြတယ်ဆိုတာ မစ္စ လော်စကီမှ မသိတာပဲ။ သူ့အမြင်မှာတော့ ကျွန်မက အိမ်နီးနားချင်းတွေကို ကြက်ဥလက်ဆောင် လိုက်ပေးနေတယ်လို့ ထင်ကောင်း ထင်သွားနိုင်ပါတယ်။
ကျွန်မလည်း ဖြစ်နိုင်ရင် အိမ်နီးနားချင်းတွေကို ကြက်ဥတွေ အလကားပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မမှာ အခုလို ပုံမှန် ၀င်ငွေမှ မရှိဘူးတာ။ အိမ်ကပေးတဲ့ မုန့်ဖိုးဆိုတာကလည်း ပေးတစ်ခါ၊ မပေးတစ်ခါလေ။ မပေးဖြစ်တာကတော့ များပါတယ်။ အဲ့ဒီတော့ ကျွန်မအတွက် ကြက်ဥလေးတွေက ပိုက်ဆံရှာပေးနေတာ ကျွန်မကြိတ်ပြီး ပျော်ရွှင်ရတာပေါ့။ ပိုက်ဆံကပဲ ကျွန်မရဲ့ ကြင်နာမှုတွေကို ဖုံးလွှမ်းသွားပြီထင်ပါတယ်။
တွေးကြည့်တော့လည်း ကျွန်မအနေနဲ့ မစ္စ လော့စကီကို ကြက်ဥတွေ အလကားပေးသင့်တာကို စဉ်းစားမိပါတယ်။ သူက ကျွန်မတို့ အတွက် အိမ်နီးချင်းကောင်းတစ် ယောက်အနေနဲ့ ကျွန်မတို့ အိမ်က တခုခုလိုတိုင်း ငှားရမ်းတတ်သလို အိမ်ကကားပျက်နေတဲ့ အခါလည်း အမေ့ကို ကားနဲ့ လမ်းကြုံခေါ်သွားတတ်တယ် မဟုတ်ပါလား။ အဲ့ဒီတော့ ကြက်ဥလေး လက်ဆောင်ပေးတာက သူတို့ကိုလည်း ကျေးဇူးတုံ့ပြန်ရာရောက်တာပေ့ါ။
နောက်ပြီး သူတို့ အိမ်ကို ကြက်ဥသွားပေးရင် ဘရိုက်စ်နဲ့လည်း မတော်တဆ တွေ့နိုင်သေးတယ် မဟုတ်ပါလား။ ဘရိုက်စ်ရဲ့ မျက်လုံးတွေကလည်း နေ့စဉ်နဲ့ အမျှကို ပိုပိုလို့ ပြာလာသလိုပါပဲ။ သူ ကျွန်မကို ခိုးကြည့်တဲ့ အကြည့်တွေ၊ အပြုံးတွေ၊ ရှက်ပြီး နီမြန်းသွားပုံလေးတွေကို ကျွန်မ ကြည့်ချင်ပါသေးတယ်။ ကျောင်းမှာဆို ဘရိုက်စ်က သိပ်ကို လူအကပ်ခံတဲ့သူ မဟုတ်တော့ ဒီလို အရာတွေ တွေ့ဖို့ မဖြစ်နိုင်ဘူးလေ။
ကျွန်မ လော့စကီ မိသားစုဆီ ကြက်ဥ သုံးခါလောက် ပို့တဲ့အခေါက်ရောက်တော့ ဘရိုက်စ်က ထူးထူးခြားခြား ကျွန်မကို စောင့်နေတာကို တြွေလိုက်ရပါတော့တယ်။ သူက ကျွန်မ အရိပ်အယောင်တွေ့လိုက်တာနဲ့ တံခါးတောင် ခေါက်စရာမလိုအောင် ဆွဲဖွင့်လို့
"ကျေးဇူးပါ ဂျူလီ။ ကျောင်းမှာ တွေ့ကြမယ်နော်" လို့ ပြောတတ်ပါတယ်။ အဲ့ဒီတော့ သူတို့ကို ကြက်ဥအလကားပေးရတာ တကယ့်ကို တန်တယ်လို့ပြောရပါမယ်။ မစ္စ ဟမ်းစ်နဲ့ မစ္စ စတူဘီတို့ ကျွန်မကို ကြက်ဥတစ်ဒါဇင်တိုင်း ပိုက်ဆံတိုးပေးတာတောင် ကျွန်မကတော့ ဘရိုက်စ်ဆီ ပို့လို့ ပိုမှ ရောင်းဖြစ်ခဲ့တာပေါ့။ ခြောက်တန်း ကုန်ခါနီးအချိန်ကနေ စလို့ ခုနှစ်တန်း တစ်နှစ်လုံးနဲ့ ရှစ်တန်း ကုန်ခါနီးအထိကို ကျွန်မ လော့စကီတို့ဆီ ကြက်ဥတွေ ပို့နေမြဲပါ။ ခြံထဲကထွက်တဲ့ အတောက်ပဆုံး၊ အကောင်းဆုံး ကြက်ဥတွေက လော့စကီ မိသားစုဆီ ရောက်တာပါပဲ။ ကျွန်မကတော့ ကြက်ဥတစ်ခေါက်သွားပို့တိုင်း ကမ္ဘာပေါ်မှာ အတောက်ပဆုံး မျက်၀န်းလေးတွေနဲ့ ခဏလောက် အကြည့်ချင်းဆုံခဲ့ရတာပေါ့။ ဒါက ကျွန်မအတွက်တော့ အကောင်းဆုံး အပေးအယူပဲလေ။
အဲ့ဒီနောက် ကျွန်မရဲ့ သဖန်းပင်ကြီး အခုတ်ခံရပြီး နောက်ထပ် နှစ်ပတ် အကြာမှာ ကျွန်မခွေးလေး ချမ့်ပ်လည်း သေဆုံးသွားပါတော့တယ်။ သူက မသေခင်လေးမှာပဲ အချိန်တိုင်းနှုံးချိပြီး အိပ်နေခဲ့တာလေ။ သူ့အသက် ဘယ်လောက်ရှိပြီဆိုတာလဲ ဘယ်သူမှ မသိခဲ့ပါဘူး။ တစ်ညတော့ အဖေ သူ့ကို အစာကျွေးဖို့ အပြင်ထွက်သွားတုန်း သူသေနေတာသိလိုက်ရတာပေါ့။ ကျွန်မတို့လည်း သူ့ကို နောက်ဖေးခြံထဲမှာပဲ မြေမြှုပ် သင်္ဂြိုလ်ပေးခဲ့ကြပါတယ်။ ကျွန်မ အစ်ကိုတွေက သူ့ရဲ့ မြေပုံလေးပေါ်မှာ လက်ဝါးကပ်တိုင်စိုက်ပြီး
'ဤနေရာတွင် အမည်မသိသေးပေါက်သူ (မစ်ထရီ ပစ်ဆာ) လဲလျောင်းကာ အနားယူလေသည်' လို့တောင် ရေးပေးခဲ့ပါသေးတယ်။
ကျွန်မ အချိန်တော်တော်ကြာတဲ့အထိ စိတ်တွေ လေလွင့်သလို ဖြစ်နေခဲ့တယ်လေ။ ကျွန်မ ကျောင်းကိုလည်း ကားမစီးတော့ဘဲ မိုးရွာနေတာတောင် စက်ဘီးလေးနင်းလို့ ကျောင်းသွားခဲ့ပါတယ်။ ကျောင်းကနေ ပြန်ရောက်တိုင်းလည်း ကျွန်မ အခန်းထဲမှာ တံခါးပိတ်လို့ ၀တ္ထုတစ်အုပ်ကိုင်ရင်း ကုပ်ကုပ်လေးပဲ နေခဲ့ပါတော့တယ်။ ကျွန်မမှာ စိတ်ပျက်လွန်းလို့ ကြက်ဥတောင် ဆင်းမကောက်မိတာ အမှန်ပါ။
မစ္စ စတူဘီကြောင့်ပဲ ကျွန်မ အလုပ်တွေ ပြန်လုပ်ဖြစ်ခဲ့တာပါ။ သူက ကျွန်မဆီ ဖုန်းဆက်ပြီး သတင်းစာထဲမှာ သစ်ပင်ကြီး အကြောင်းဖတ်ရလို့ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကျွန်မကြက်တွေ ဥရပ်သွားမှာ စိုးရိမ်ကြောင်း သတင်းလှမ်းမေးပါသေးတယ်။
"စိတ်ဖိစီးမှုများရင်လည်း ကြက်တွေက မွှေးကျွတ်နာ ဖြစ်တတ်တယ်ကွဲ့။ အဲ့ဒီအခါ သမီး ကြက်ခြံထဲ အမွှေးတွေပွပြီး ကြက်ဥတွေ ထပ်တွေ့ရမှာ မဟုတ်တော့ဘူးလေ။ အဒေါ်ကလည်း အဲ့ဒီ ကြက်မွှေးတွေနဲ့ မတည့်လို့သာပေါ့။ တည့်များတည့်ရင် ကိုယ်တိုင်တောင် ကြက်တစ်အုပ်လောက် မွေးထားလိုက်ချင်သေးတာ။ ဘာပဲဖြစ်ဖြစ် သမီး စိတ်ပြန်ကြည်လာတဲ့အခါ အဒေါ့်ဆီ ကြက်ဥတွေ ပြန်ပို့ပေးပေါ့ကွယ်။ အဒေါ်က သမီး အဆင်ပြေလားဆိုတာနဲ့ သစ်ပင်ကြီး အကြောင်း စိတ်မကောင်းဖြစ်လို့ ဆက်လိုက်တာပါ။ နောက်ပြီး သမီးရဲ့ ခွေးလေး အတွက်ရောပေါ့။ ဟိုတနေ့က သမီး အမေ အဒေါ့်ကို ခွေးလေး ဆုံးသွားတဲ့ သတင်းပြောတယ်လေ"
ဒီလိုနဲ့ ကျွန်မလည်း ကြက်ဥပြန် ကောက်ဖြစ်ခဲ့ပါတယ်။ ကျွန်မ လျစ်လျူရှူထားတဲ့ ကြက်ဥကလေးတွေ ပြန်ကောက်ရင်း ကြက်ခြံကို သန့်ရှင်းရေး ပြန်လုပ်ဖြစ်ခဲ့တာပေါ့။ ကျွန်မလက်ထဲ ကြက်ဥတွေ အလုံအလောက်ရတော့ ကျွန်မလည်း မစ္စစတူဘီ၊ မစ္စ ဟမ်းစ်နဲ့ နောက်ဆုံးတော့ လော့စကီတို့အိမ်ကို သွားပို့ခဲ့ပါတယ်။ ကျွန်မ လော့စကီတို့အိမ်ရှေ့ တံစက်မြိတ်နား မတ်တပ်ရပ်နေတုန်း ကျွန်မ ဘရိုက်စ်ကို မတွေ့ရတာတောင် တော်တော်ကြာပြီဆိုတာ သတိထားမိလိုက်တာပေါ့။ ကျွန်မတို့ ကျောင်းမှာ ဆုံကြတာ မှန်ပေမဲ့ ကျွန်မက ကျောင်းမှာ တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမို့ သူ့ကို ကောင်းကောင်း မတွေ့ခဲ့ရဘူးလေ။
သူတို့အိမ်တံခါးနားရောက်လာလေ ကျွန်မ ရင်တွေ ပိုပြီး ခုန်လာလေပါပဲ။ ဒီလိုနဲ့ ကျွန်မ တံခါးမခေါက်ခင်မှာပဲ ဘရိုက်စ်က တံခါးဖွင့်ပြီး မျက်လုံးပြာပြာလေးတွေနဲ့ ကျွန်မကို စိုက်ကြည့်နေလိုက်တော့ ကျွန်မမှာ
"ဒီမှာ ကြက်ဥ" ဆိုတဲ့ စကားအပြင် တခြားပြောစရာ မရှိခဲ့ဘူးလေ။ သူက ကြက်ဥကပ်ကိုယူပြီး ပြောတယ်။
"ဂျူလီ...နင် ငါတို့ကို ဒီကြက်ဥတွေ မပေးလည်းရ ....."
"ငါသိပါတယ်"
ကျွန်မ ခေါင်းငုံ့နေရင်းက သူ့စကားကို ဖြတ်ပြောလိုက်ပါတယ်။
ကျွန်မတို့ နှစ်ယောက်လည်း ပြောစရာစကား အစရှာမရဘဲ ငြိမ်နေခဲ့ကြတာပေါ့။ နောက်ဆုံးတော့ ဘရိုက်စ်က
"ကဲ....အဲ့ဒီတော့ နင် ကျောင်းကား ပြန်စီးတော့မှာလား" တဲ့လေ။
ကျွန်မ သူ့ကို မော့ကြည့်ပြီး ပုခုံးလေးတွန့်လို့ ပြန်ဖြေလိုက်ပါတယ်။
"မပြောတတ်ပါဘူးဟာ။ ငါ အဲ့ဒီနေရာကို မလာတာ ဟို ကိစ္စ....နင်သိပါတယ်"
"သစ်ပင်ကြီးလည်း သိပ်ပြီး ရုပ်မဆိုးတော့ပါဘူးဟ။ သူတို့က အကုန် ခုတ်ပစ်လိုက်ကြပြီလေ။ မကြာခင် အဲ့ဒီမှာ အုတ်ခင်းတော့မယ် ထင်တယ်"
ဒီစကားကြားရတာ ကျွန်မ အတွက်တော့ တော်တော့်ကို ဆိုးပါတယ်။
"ကောင်းပြီလေ...ဒါဖြင့် ငါလည်း ကျောင်းသွားဖို့ ပြင်လိုက်ဦးမယ်။ အဲ့ဒီမှာ တွေ့မယ်နော်" ဆိုပြီး ဘရိုက်စ်က ပြုံးလို့ အိမ်ထဲ ၀င်သွားပါတော့တယ်။
ကျွန်မလည်း ဘာရယ်မဟုတ် သူတို့အိမ်ရှေ့မှာ ဆက်ရပ်နေမိပါတယ်။ ကျွန်မ စိတ်ထဲမှာ ပတ်၀န်းကျင်က အရာအားလုံးနဲ့ အဆက်အသွယ်ပြတ်နေသလို ခံစားရတယ်လေ။ ကျွန်မ ဒီတစ်သက် ကိုလီယာ လမ်းကို ပြန်သွားဖြစ်ပါဦးမလား။ အမေကတော့ ကျွန်မကို ကျောင်းကားပြန်စီးခိုင်းနေတာ ကြာပါပြီ။ ဒါမှမဟုတ် ကျွန်မကပဲ ကိစ္စတိုင်းမှာ ခေါင်းမျာနခဲ့တာလား မသိတော့တာ အမှန်ပါ။
ရုတ်တရက် အိမ်ရှေ့တံခါးဖွင့်ပြီး ဘရိုက်စ်က ပြန်ထွက်လာခဲ့ပါတယ်။ လက်ထဲမှာလည်း မီးဖိုချောင် အမှိုက်ပုံးသယ်လို့ပေါ့။
"ဟင်...ဂျူလီ..." လို့ သူက အလန့်တကြား ရေရွတ်လိုက်တယ်လေ။
"နင် ဒီမှာ ဘာလုပ်နေတာလဲ"
သူ့မေးခွန်းက ကျွန်မကိုလည်း ကြောင်သွားစေတာတော့ အမှန်ပါ။ ကျွန်မလည်း ဘာပြန်ဖြေရမလဲ မသိခဲ့ဘူးလေ။ ဘရိုက်စ်သာ အမှိုက်ပုံးကို အမှိုက်တွေ ထွက်ကျမတတ် မကိုင်ထားဘူးဆို ကျွန်မလည်း ပြာယာခတ်ပြီး အိမ်ဘက် ပြန်ပြေးသွားမိမှာပါပဲ။ ကျွန်မ သူ့အနားသွားပြီး မေးလိုက်တယ်လေ။
"နင် အကူအညီလိုသေးလား"
သူ့ကို ကြည့်ရတာ တကယ့်ကို အကူအညီလိုနေတဲ့ပုံပါ။ ကျွန်မ အကြည့်တွေ အမှိုက်ပုံးဆီရောက်သွားတော့ ကြက်ဥကပ်အစွန်းလေးကို တွေ့လိုက်ရတာပေါ့။ ဒါက တခြား ကြက်ဥကပ်မဟုတ်ဘဲ အခုလေးတင် ကျွန်မပေးလိုက်တဲ့ ကြက်ဥကပ်လေးလေ။ အပြာရောင် ကတ်ထူအဖုံးလေးအောက်မှာ ကြက်ဥတွေ အစီအရီ ရှ်ိနေတာကိုတောင် ကျွန်မ တွေ့လိုက်ရပါသေးတယ်။
ကျွန်မ ဘရိုက်စ်ဆီကနေ အကြည့်လွှဲလို့ ကြက်ဥတွေကို ကြည့်ပြီး ဆက်မေးလိုက်ပါတယ်။
" ဘာဖြစ်သွားတာလဲ ။ နင့်ကြောင့် ကြက်ဥတွေ ကွဲသွားတာလားဟင်"
"ဟုတ်တယ်" လို့ပဲ သူ ခပ်မြန်မြန် ပြန်ဖြေလိုက်တယ်လေ။
"ဟုတ်တယ်။ ငါ တောင်းပန်ပါတယ် ဂျူလီ"
သူ ကျွန်မကို တားနေတဲ့ ကြားထဲက ကျွန်မ အမှိုက်ပုံးထဲက ကြက်ဥကပ်ကို ရအောင် ဆွဲထုတ်လိုက်တာပေါ့။ ပါးစပ်ကလည်း
"အားလုံး ကွဲသွားတာလားဟင်" လို့ မေးနေခဲ့တာပါ။ ကျွန်မလည်း ရင်တထိတ်ထိတ်နဲ့ ကြက်ဥကပ်ကို လှန်ကြည့်လိုက်တော့ အထဲမှာ စင်းလုံးချော ကြက်ဥ ခြောက်လုံးကို တွေ့လိုက်ဂပါတော့တယ်။
"နင် ဘာလို့ ကြက်ဥတွေကို လွှင့်ပစ်နေရတာလဲ ဘရိုက်စ်"
သူ ကျွန်မကို တွန်းပြီး အိမ်ဘေးက အမှိုက်ပုံးကြီးဆီ ဆက်လျှောက်သွားပါတယ်။ ကျွန်မကတော့ ဘေးကနေ သူ့ဆီက အဖြေတစ်ခုရဖို့ မျှော်လင့်ချက်နဲ့ ကပ်လိုက်လာခဲ့တာပေါ့။ သူက အမှိုက်ပုံးလေးထဲက အမှိုက်တွေကို အမှိုက်ပုံးကြီးထဲ သွန်ထည့်ပြီးတော့မှ ကျွန်မဘက် လှည့်လာပါတော့တယ်။
"နင် အစာအဆိပ်သင့်တဲ့ ပိုးဆိုတာ ကြားဖူးလား ဂျူလီ"
"အစာအဆိပ်သင့်တဲ့ပိုး ဟုတ်လား။ ဒါပေမယ့်...."
"ငါ့အမေက ဒီကြက်ဥတွေကို စားဖို့ စိတ်ထဲ မရဲဘူး ဖြစ်နေတယ်လေ"
ဘရိုက်စ်က ပြောပြောဆိုဆို လမ်းလျှောက်သွားတော့ ကျွန်မ သူ့နောက်ကနေ ထပ်ကြပ်မကွာ ဆက်လိုက်လာ ခဲ့တာပေ့ါ။
"နင်ဆိုလိုချင်တာက နင့်အမေက ဒီကြက်ဥတွေကို မစားရဲရတာဟာ...."
"ဟုတ်တယ်။ သူက အစာအဆိပ်သင့်မှာ ကြောက်လို့လေ"
"အဆိပ်သင့်ရမယ်တဲ့လား။ ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့ဆို နင်တို့အိမ်နောက်ဖေးက ခြံကြီးကြောင့်ပေါ့။ အဲ့ဒီနေရာကြီးက ကြက်မစင်တွေနဲ့ ပြည့်နေတာပဲလေ။ နင့်ခြံကြီးကိုလည်း ပြန်ကြည့်စမ်းပါဦး ဂျူလီ" ဆိုပြီး ဘရိုက်စ်က ကျွန်မတို့အိမ်ကို လက်ညှိုးတထိုးထိုးနဲ့ ပျြောနတော့တာပေါ့။
"အပြင်ပန်းကနေ ကြည့်ရတာတောင် ညစ်ပတ်မနေလွန်းဘူးလား ကဲ"
"ဘာမှ မညစ်ပတ်ဘူး" လို့ ကျွန်မ သူ့ကို ပြန်အော်ပြောလိုက်ပါတယ်။ ဒါပေမယ့် ရှောင်လွှဲလို့ မရတဲ့ အမှန်တရားက ကျွန်မ မျက်စိရှေ့မှာ ထင်းလို့ပါ။ ကျွန်မ လည်ချောင်းထဲ တစ်ဆို့ တစ်ဆို့ကြီး ခံစားရကာ ရုတ်တရက် စကားတောင် မပြောနိုင်တော့ဘူးလေ။
"နင်...နင်...သူတို့တွေ အားလုံးကို အမြဲတမ်းလလွှင့်ပစ်တာပဲလား"
ဘရိုက်စ်က ပုခုံးတွန့်လို့ ခေါင်းအောက်စိုက်ချနေရင်းက ပြန်ဖြေပါတယ်။
"ဂျူလီ...ငါတို့က နင် ခံစားရမှာ မကြည့်ရက်လို့ပါ"
"ငါ့ခံစားချက်တဲ့လား။ မစ္စ စတူဘီနဲ့ မစ္စ ဟမ်းစ်တို့ဆိုရင် ငါ့ဆီက ကြက်ဥတွေကို ပိုက်ဆံနဲ့ ပေး၀ယ်တာ နင် သိလို့လား"
"နင် နောက်နေတာလား"
"မဟုတ်ဘူး။ သူတို့က ငါ့ကို တစ်ဒါဇင်ဆို နှစ်ဒေါ်လာတောင် ပေး၀ယ်တာလေ"
"ဟင်...မဖြစ်နိုင်လိုက်တာ"
"ဟုတ်တယ်။ ဒါက အမှန်ပဲ။ နင့်ကို ငါလာလာပေးနေတဲ့ ကြက်ဥတွေကို မစ္စစတူဘီနဲ့ မစ္စ ဟမ်းစ်တို့ကို တောင် မရောင်းဘဲ သပ်သပ်ဖယ်ထားပြီး ငါက တကူးတက လာပေး နေခဲ့တာပါ"
"အိုး"
ဘရိုက်စ် မျက်နှာလွှဲသွားပါ တော့တယ်။ ပြီးမှ သူက ကျွန်မကို မျက်လုံးချင်း စိုက်ကြည့်ပြီး ဆက်ပြောတာပေါ့။
"ဒါဆို နင် ငါတို့ကို ဘာလို့ အလကားပေးတာလဲ" တဲ့လေ။
ကျွန်မ မျက်ရည်မကျမိအောင် ကြိုးစားနေတော့ အသံက တိမ်၀င်သွားပါတော့တယ်။
"ငါက နင်တို့ကို အိမ်နီးနားချင်းကောင်း တစ်ယောက် အဖြစ်...."
သူက လက်ထဲက အမှိုက်ပုံးကို ချပြီး ကျွန်မ ဦးနှောက်တစ်ခုလုံး အေးခဲသွားစေမဲ့ အမူအရာတစ်ခုလုပ်လိုက်တာပေါ့။ သူက ကျွန်မ ပုခုံး နှစ်ဘက်ကို ဆုပ်ကိုင်ပြီး ကျွန်မ မျက်လုံးတွေကို စိုက်ကြည့်နေခဲ့တယ်လေ။
"မစ္စ စတူဘီနဲ့ မစ္စ ဟမ်းစ်တို့ကလည်း နင့်ရဲ့ အိမ်နီးနားချင်းပဲ မဟုတ်လား။ နင် သူတို့ကိုရော ငါတို့အပေါ် ဆက်ဆံသလိုပဲ အိမ်နီးနားချင်းကောင်းတစ်ယောက်လို ဘာလို့ မဆက်ဆံတာလဲ ဂျူလီ"
သူဘာကို ပြောချင်တာလဲ ကျွန်မ နားမလည်တာ အမှန်ပါ။ ကျွန်မ သူနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားချက်ရှိတယ်ဆိုတာ သူမသိဘူးလား။ တကယ်လို့ သိခဲ့တယ်ဆိုရင်တော့ သူဘာလို့ ဒီလို အကြင်နာကင်းမဲ့စွာ ဒီလို ကျွန်မ ကြက်ဥတွေကို တစ်ပတ်ပြီး တစ်ပတ်၊ တစ်နှစ်ပြီး တစ်နှစ် ဆက်တိုက် လွှင့်ပစ်နေခဲ့ရတာပါလဲ။
ကျွန်မ ဘာမှ ဆက်မပြောနိုင်တော့လို့ သူ့ရဲ့ တေုက်ပနေတဲ့ မျက်လုံး ပြာပြာတွေကိုပဲ စိုက်ကြည့်နေလိုက်ပါတော့တယ်။ သူကတော့
"ငါတောင်းပန်ပါတယ် ဂျူလီရယ်" တဲ့လေ။
ကျွန်မလည်း ရှက်ရှက်နဲ့ စိတ်ထဲမှာလည်း အတွေးတွေ ပေါင်းစုံနဲ့အတူ အိမ်ကို ပြန်ပြေးလာခဲ့ပါတော့တယ်။ ကျွန်မရဲ့ နှလုံးသား လေးလည်း တစစီကွဲကြေခဲ့ရပါပြီလေ။
အခန်း (၇)
ဘရိုက်စ်
အချစ်ဆိုတဲ့ ခံစားချက်
ဂျူလီနဲ့ ပတ်သက်တဲ့ ပြဿနာဟောင်းတွေကို မေ့ပစ်မလို့ကြံရုံရှိသေး ကျွန်တော်က နောက်ထပ် ပြဿနာအသစ် ထပ်ရှာမိလိုက်ပြီဆိုတာကို ကျွန်တော် နားလည်လာပါတယ်။ ဂျူလီ ကျွန်တော့်ကို ဘယ်လောက် ဒေါသထွက်နေတယ်ဆိုတာ ဟိုးတစ်မိုင်လောက် အကွာအဝေး ကနေတောင် ခံစားမိတယ်လေ။
ဂျူလီအရင်က ကျွန်တော့်ကို လိုက်နှောင့်ယှက်နေတာက အခုလို မုန်းနေတာထက်စာရင် ပိုပြီးကောင်းတယ်လို့တောင် တွေးမိပါသေးတယ်။ ကျွန်တော်ကလည်း အမှား လုပ်မိတာကိုး။ ကျွန်တော်က သူ့ရဲ့ ကြက်ဥတွေကို စေတနာကို မထောက်ဘဲ စွန့်ပစ်ပြီးတော့ သူ့ခြံကိုပါ အပြစ်ပုံချလိုက်သေးတယ်ဆိုတော့ ကျွန်တော့်ကို သူ မုန်းလည်း မုန်းသင့်ပါတယ်လေ။ ဂျူလီ ကျွန်တော့်ကို လျစ်လျူရှုလိုက်တဲ့အချိန်တိုင်း၊ ကျွန်တော့်ကို ရှောင်ကွင်းသွားတဲ့အချိန်တိုင်း ကျွန်တော့်ကို ကျွန်တော် လူယုတ်မာကြီး တစ်ယောက်လို ခံစားနေခဲ့ရပါတော့တယ်။
ဒီလိုနဲ့ တစ်နေ့ ကျွန်တော် ဂဲရတ်ထ်နဲ့အတူ ကျောင်းကပြန်လာတုန်း ဂျူလီတယောက် သူ့အိမ်ရှေ့က ခြံထဲမှာ ချုံပင်တွေကို ခုတ်ထွင်နေတာကို ကျွန်တော် တွေ့လိုက်ရတာပေါ့။ သူက အားနဲ့ မာန်နဲ့ အတင်းတိုးပြီးခုတ်နေတော့ အကိုင်းတွေကလည်း သူ့ပုခုံးပေါ်မှာ တွဲကျလို့ပါ။ သူစိတ်တိုတိုနဲ့ မာန်ဖီနေတဲ့အသံကလည်း လမ်းတစ်ဖက်ခြမ်းက ကျွန်တော်တောင် ကြားရလောက်တဲ့ အထိ ကျယ်နေတာကိုး။
"အိုး...သေစမ်း....နင်တို့ကို ငါ အပြတ်ရှင်းပစ်မယ်... ငါ နင်တို့ကို ရှင်းသွားအောင်ကို ခုတ်ပစ်ဦးမှာ"
သူ ဒီလို တစ်ယောက်ထဲ လုပ်နေရတော့လည်း ကျွန်တော် စိတ်မကောင်းမိပါဘူးလေ။ သူတို့ခြံကြီးက ရှုပ်ပွနေတာ အမှန်ပဲဆိုပေမဲ့ တကယ်ဆို သူ့အဖေက ဦးစီးဦး ဆောင်နဲ့ လုပ်ပေးသင့်တာ မဟုတ်လားလို့ ကျွန်တော် တွေးမိလိုက်ပါတယ်။ ဒါမှမဟုတ် သူ့အစ်ကို နှစ်ယောက် မိုက်ခ်နဲ့ မတ်ထ်ကရော သူ့ကို လာမကူကြဘူးလား။ ဘာဖြစ်လို့ ဂျူလီတစ်ယောက်ထဲ လုပ်နေရပါလိမ့်။ အဲ့ဒီမှာပဲ ကျွန်တော်တစ်ခု စဉ်းစားမိလိုက်ပါတယ်။ သူက ကျွန်တော့်စကားကြောင့် ရှက်သွားတာကိုး။ သူ အလုပ်လုပ်နေတာ မြင်လေ ကျွန်တော် ကိုယ့်ကိုယ်ကို ပိုပြီး မုန်းတီးမိလေ ဖြစ်နေပါတော့တယ်။
ကျွန်တော်လည်း အခန်းထဲ၀င်ပြီး တခြားကိစ္စကို အာရုံစိုက်ဖို့ ကြိုးစားပြန်ပေမဲ့လည်း ကျွန်တော့်စာရေးစားပွဲရှေ့က မှန်ပြတင်းပေါက်ကနေ လမ်း တစ်ဖက်ခြမ်းက သူတို့အိမ်နံရံကို ကပ်တွယ် ပေါက်ရောက်နေတဲ့ ချုံတွေကို ဂျူလီရှင်းနေတာ မြင်ရပြန်ပါရောလား။ အဲ့ဒီတော့ ကျွန်တော်လည်း ဘယ့်နှယ့်လုပ် စာထဲ အာရုံစိုက်နိုင်ပါတော့မလဲ။ အိမ်စာတွေလုပ်ဖို့လည်း စိတ်မပါတော့ပါဘူးလေ။
နောက်တစ်နေ့ကျောင်းရောက်တော့ ကျွန်တော် ဂျူလီ့ဆီ သွားပြီး စကားပြောဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် သူက တော့ ကျွန်တော့်ကို သိသိသာသာ ရှောင်နေတာမို့ ကျွန်တော် လုံး၀ စကားပြောဖို့ အခွင့်အရေးမရခဲ့ပါဘူး။
ကျွန်တော်လည်း အိမ်အပြန်လမ်းမှာ အတွေးတစ်ခု ရသွားပါတော့တယ်။ ဒီအတွေးက အစကတော့ ကျွန်တော့်ကိုယ် ကျွန်တော်တောင် ပြန်ကြောက်သွားစရာကောင်းလောက်တဲ့အထိ ထိတ်လန့်သွားစရာကောင်းပေမဲ့ ကျွန်တော် ပိုပြီး စဉ်းစားလေလေ ဒီနည်းကပဲ အသင့်တော်ဆုံးလို့ ထင်တာကြောင့် ကျွန်တော်လည်း ဂျူလီ့အပေါ် ဆက်ဆံခဲ့တာကို ခွင့်လွှတ်ပေးဖို့ သူ့ကို ကူညီပြီး ခြံရှင်းပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။ စိတ်ထဲမှာတော့ ဂျူလီ ကျွန်တော့်ကို ဆရာလုပ်တာတွေ၊ အနားကနေ တချိန်လုံး အနေခက်အောင် စိုက်ကြည့်နေတာတွေ မလုပ်ပါစေနဲ့လို့ ဆုတောင်းနေခဲ့တာပေါ့။ ဟုတ်တယ်။ ကျွန်တော် သူ့ဆီသွားပြီး သူ့အပေါ် ပြောဆိုခဲ့တာတွေ တောင်းပန်ပြီးတော့ ချုံပုတ်ကူရှင်းပေးပါရစေလို့ ပြောလိုက်တာပဲ ကောင်းပါတယ်။ နောက်ပြီး သူက ကျွန်တော့်ကို ထပ်စိတ်ဆိုးနေဦးမယ် ဆိုရင်လည်း မတတ်နိုင်ဘူးလေ။ အနည်းဆုံးတော့ ကျွန်တော် စိတ်သက်စာရာရ သွားမယ် မဟုတ်ပါလား။
ပြဿနာကတော့ ကျွန်တော် အဲ့ဒီလို လုပ်ဖို့ အခွင့်အရေးတောင် မရလိုက်တာပါပဲ။ ကျွန်တော် ကျောင်းကားပေါ်ကနေဆင်းပြီး အိမ်ဘက်လျှောက်လာတော့ ကျွန်တော့် အဘိုးက ဂျူလီနဲ့အတူ အလုပ်လုပ်ပေးနေတာကို တွေ့လိုက်ရတယ်လေ။
ကျွန်တော် တော်တော်လေး အံ့အားသင့်သွားတာ အမှန်ပါ။ ကျွန်တော် သိရသလောက်ဆိုရင်တော့ အဘိုးက ခြံအလုပ်တွေ ဝါသနာပါတဲ့သူ မဟုတ်ခဲ့ပါဘူး။ နောက်ပြီး ကျွန်တော့်ကိုဆိုလည်း တစ်ခါမှ ကူညီပေးခဲ့ဖူးတယ်ရယ်လို့လည်း မရှိဘူးလေ။ နောက်ပြီး အိမ်မှာဆို ညှပ်ဖိနပ် အပါးလေးပဲ စီးတတ်တဲ့အဘိုးက ဘယ်ကနေ ဘယ်လို အဲ့ဒီ ဘွတ်ဖိနပ်ကြီးတွေ ရလာပါလိမ့်။ နောက်ပြီး ဂျင်းဘောင်းဘီတွေ၊ ဖလန်ထည် အင်္ကျီတွေ ၀တ်ထားတဲ့ အဘိုးပုံက တကယ့် ခြံအလုပ်သမားကြီး အတိုင်းရယ်ပါ။
ကျွန်တော် အိမ်ထဲမ၀င်သေးဘဲ အနားက အိမ်တစ်အိမ်ရဲ့ ခြံစည်းရိုးနား ကွယ်လို့ သူတို့နှစ်ယောက် အလုပ်လုပ်နေတာကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် ကြည့်နေခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် ပိုပြီး စောင့်ကြည့်လေလေ၊ ပိုပြီး ဒေါသထွက်မိလေပါပဲ။ ကျွန်တော့်အဘိုးက ကျွန်တော်တို့ အိမ်မှာ တစ်နှစ်ခွဲလောက်နေစဉ်ကာလအတွင်း ကျွန်တော့်ကို ပြောဖူးတဲ့စကားတွေက ဂျူလီ့ကိုပြောနေသလောက်တောင် ရှိမယ် မထင်ပါဘူး။ သူက ဂျူလီဘိတ်ကာနဲ့ ဘယ်လိုများ ပတ်သက်နေပါလိမ့်။
ကျွန်တော်လည်း အိမ်ကို ဒေါနဲ့မောနဲ့ ဆက်လျှောက်ခဲ့ပါတော့တယ်။ ကျွန်တော် စိတ်တိုလွန်းလို့ အိမ်နီးနားချင်းအိမ် တွေရဲ့ ခြံစည်းရိုးကို ကျော်တက်ပြီး သူတို့ရဲ့ တယ်ရီရာ ခွေးပုလေးကိုတောင် ဆောင့်ကန်လိုက်ပါသေးတယ်။ ဒါပေမယ့် ဟိုလမ်းတစ်ဖက်ခြမ်းက ဥယျာဉ်ခြံစိုက်ပျိုးရေး ပါတီ လုပ်နေတဲ့ နှစ်ယောက်ကတော့ ကျွန်တော့်ကို သတိတောင် မထားမိခဲ့ပါဘူး။
အိမ်ရောက်တော့လည်း ကျွန်တော် အိမ်စာမလုပ်နိုင်ခဲ့ပါဘူး။ စာရေးစားပွဲကနေ အပြင်ကိုလှမ်းကြည့်မိတိုင်း ကျွန်တော် ဒေါသတွေ အလိပ်လိုက်ကို ထွက်နေမိခဲ့တာပေါ့။ ကျွန်တော်က ဒီမှာ ဂျူလီ့အတွက် လူယုတ်မာကြီးဖြစ်နေတုန်းမှာ ဟိုးမှာ ဂျူလီကတော့ အဘိုးနဲ့ ရယ်ရယ်မောမော ရှိနေတယ်လေ။ ကျွန်တော်ဆို ဒီအိမ်မှာ အဘိုး နှစ်နှစ်ကာကာ ပြုံးတာ တစ်ခါမှ မတွေ့ဖူးတာ အမှန်ပါပဲ။ အခုတော့ သူက ဂျူလီနဲ့တော့ အူလှိုက်သည်းလှ်ိုက်ကို ပျော်ရွှင်နေပါရောလား။
အဲ့ဒီနေ့ ညစာစားချိန်ရောက်တော့ အဘိုးက အိမ်မှာ ရေချိုးပြီး အရင်ကလို ကြည့်လိုက်တာနဲ့ ပျင်းစရာကောင်းတဲ့ အင်္ကျီအ၀တ်အစား၀တ်ပြီး ညှပ်ဖိနပ်၀တ်လို့ စားပွဲဆီ ရောက်လာပါတော့တယ်။ ဒါပေမယ့် အရင်ကထက် အဘိုး မျက်နှာလန်းနေတာတော့ ကျွန်တော် သတိထားမိပါတယ်။ သူ့ကိုကြည့်ရတာ တစုံတယောက်က စိတ်ပျော်ရွှင်တဲ့ ခလုတ်လာနှိပ်ပေးလိုက် သလိုပါပဲ။
"ကောင်းသော ညနေခင်းပါကွယ်" ဆိုပြီး အဘိုးက စားပွဲမှာ ကျွန်တော်တို့နဲ့ အတူ ၀င်ထိုင်လိုက်ပါတယ်။
"အိုး...သမီး...ပက်စီရေ။ သမီးချက်ထားတာ အရသာရှိမဲ့ ပုံပဲနော်"
"ဪ အဖေကတော့ ပြောရော့မယ်" လို့ အမေက ရယ်သွမ်းသွေးပြီး ပြန်ဖြေလိုက်တယ်လေ။
"အဖေ ဒီနေ့ ဟိုဘက်ခြမ်းက ခြံကိုသွားပြင်ပေးတာ စိတ်ပျော် နေပုံပဲနော်"
"ဟုတ်မှာပေါ့"
အဖေက သူတို့စကားစကို ဖြတ်ပြောလိုက်ပါတယ်။
"အဖေ ဟိုဘက်ခြမ်းမှာ တနေကုန် အလုပ်ရှုပ်နေတာလို့ ပက်စီက ကျွန်တော့်ကို ပြောတယ်လေ။ အဖေက အိမ်ပြင်တာ စိတ်၀င်စားနေတယ်ဆိုလည်း ကျွန်တော်တို့ကို ပြောရောပေါ့ဗျာ"
အဖေက အဘိုးကို ခနဲ့သလိုလိုနဲ့ စလိုက်တာဆိုပေမဲ့ အဘိုးကြည့်ရတာ သဘောကျပုံမရပါဘူး။ သူက ချိစ်အဆာသွတ် အာလူးပန်းကန်လှမ်းယူရင်း ကျွန်တော့်ကို
"ဆားဗူးလေး လှမ်းစမ်းပါဦး ဘရိုက်စ်ရေ" လို့ ပြောတယ်လေ။
အဲ့ဒီတော့ အဖေနဲ့ သူ့ယောက္ခထီး၊ ကျွန်တော့်အဘိုး ကြားမှာ အဖုအထစ်လေး ရှိသွားတာပေါ့။ အဖေသာ ပြောပြောဆိုဆိုနဲ့ မေ့လိုက်ရင် ပြဿနာက ပြီးသွားမှာပဲလို့ ကျွန်တော်ထင်မိပါတယ်။ ဒါပေမယ့် အဖေကတော့ ဆက်ပြေနေသေးတယ်လေ။
"အဲ့ဒီတော့ အဲ့ဒီအိမ်က ကောင်မလေးက ဘာလို့ တစ်ယောက်ထဲ ချုံတွေရှင်းနေရတာတဲ့လဲ"
အဘိုးက အာလူးကို သေသေချာချာ ဆားဖြူးလိုက်ပြီးမှ သူ့ရှေ့က ကျွန်တော့်မျက်နှာကို ကြည့်လိုက်တာပေါ့။ ကျွန်တော်ကတော့ သွားပြီးလို့ကို ထင်နေခဲ့တာပါ။ နှစ်နှစ်ကြာတဲ့အထိ အမှိုက်ပုံးထဲ ပစ်ခဲ့ရတဲ့ကြက်ဥတွေ၊ ဂျူလီနဲ့ သူ့ကြက်ဥတွေအကြောင်း ၀င်မပြောမိအောင် ရှောင်ခဲ့ရတာတွေ၊ မနက်မိုးလင်းတိုင်း ဂျူလီ့ကို စောင့်ပြီး တံခါးဖွင့်ပေးခဲ့ရတာတွေက အခုတော့ ကျွန်တော့်ကို ဒုက္ခတွင်းထဲ အရောက်ပို့တော့မယ် မဟုတ်ပါလား။ အဘိုး အားလုံးသိနေတာ ကျွန်တော်ရိပ်မိပါတယ်။ သူသာ ထုတ်ပြောလိုက်ပြီဆိုတာနဲ့ အဖေကတော့ ကျွန်တော့်ကို လှော်တော့မှာပါပဲ။
ဒါပေမယ့် အံ့ဩစရာ ဖြစ်ရပ်ဆန်း တစ်ခုဖြစ်သွားခဲ့ပါတယ်။ အဘိုးက ကျွန်တော့်ကို ရှက်သွားအောင် တစ်မိနစ်လောက် စိုက်ကြည့်ပြီးတော့မှ အဖေ့ကို အဖြေပြန်ပေးလိုက်ပါတယ်။
"သူ့ဘာသူ လုပ်ချင်လို့တဲ့ လေ.....ဒါပါပဲ"
ကျွန်တော့်မှာ ချွေးတွေက နားသယ်စပ်ကနေ ဒလဟောကို စီးကျနေတော့တာပါ။ အဖေကတော့
"လုပ်ပါတယ်လေ။ အနည်းဆုံး တစ်ယောက်ကတော့ အဲ့ဒီခြံကြီးကို ရှင်းသင့်နေတာ ကြာပါပြီ" လို့ ပြောနေလိုက်ပါတော့တယ်။ အဘိုးကတော့ ကျွန်တော့်ကို ကြည့်နေတာပေါ့။ အဘိုး ကျွန်တော့်ကို ဂျူလီ့အပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ခွင့်မလွှတ်မှာ သေချာပါတယ်။ ကျွန်တော်တို့လည်း ညစာစားဝိုင်းမှာ ဟိုဟိုဒီဒီ စကားတွေ ပြောဖြစ်ခဲ့ကြပါသေးတယ်။ ဒီတစ်ခါတော့ ကျွန်တော်လည်း အဘိုးကို မျက်နှာချင်းမဆိုင်ချင် လို့ အဖေ့ စကားကို တစ်လုံးမကျန် နားထောင်နေခဲ့တော့တာပေါ့။
နောက်ဆုံး ပန်းကန်တွေ ဆေးကြောပြီးတော့မှပဲ ကျွန်တော်လည်း အခန်းထဲကို ခြေကုန်သုတ်လို့ ပြေးရပါတော့တယ်။ ဒါပေမယ့် ဘယ်အချိန်ထဲကမှန်းမသိ စောင့်နေတဲ့ အဘိုးက ကျွန်တော့်အခန်းထဲကို တန်းတန်းမတ်မတ်ကြီး ၀င်လာခဲ့တာပေါ့။ သူက အိပ်ခန်းတံခါးကို ပြန်ပိတ်ပြီး ကျွန်တော့် ခုတင်စွန်းမှာ ထိုင်ချလိုက်တယ်လေ။ သူ အခုလိုလုပ်နေတာက အသံတစ်သံတောင် မထွက်တာ ကျွန်တော် အံ့ဩမိပါတယ်။ အခန်းတံခါးကိုလည်း ကျွီခနဲမြည်အောင် မပိတ်သလို၊ တံခါးချက်ကျသံနဲ့ ယုတ်စွအဆုံး ဖိနပ်ရှပ်တိုက်သံတောင် မကြားရအောင် အဘိုးက လမ်းလျှောက်တတ်ပါသေးတယ်။ သူ့ကို ကြည့်ရတာ တစ္တေတစ်ကောင် လှုပ်ရှားနေတဲ့ အတိုင်းပါ။
ကျွန်တော်ကတော့ သူ၀င်လာတာမြင်ပြီး ဒူးတွေတောင် တုန်နေခဲ့တာ အမှန်ပါ။ စားပွဲခုံပေါ်က ခဲတံကိုတောင် တိုက်ချမိလိုက်လို့ ဂျယ်လီဗူးထဲ ကးပြုတ်ကျသွားပါသေးတယ်။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံး ဟန်ဆောင်ရင်း အဘိုးကို နှုတ်ဆက်လိုက်ပါတယ်။
"အဘိုး... ဘာလဲဗျ။ ဟိုဘက်ခြမ်းက ခြံအခြေအနေကို လာကြည့်တာလား"
အဘိုးကတော့ နှုတ်ခမ်းကို တင်းတင်းစေ့လို့ ကျွန်တော့်ကို ကြည့်နေခဲ့ပါတယ်။ ကျွန်တော်လည်း နောက်ဆုံးတော့ စိတ်မထိန်းနိုင်ဘဲ ထုတ်ပြောမိတော့တာပေါ့။
"ဒီမှာ အဘိုး...ကျွန်တော် အမှားလုပ်မိမှန်း နားလည်ပါတယ်။ ကျွန်တော် သူ့ကို အမှန်အတိုင်းပြောလိုက်သင့်တာဆိုပေမဲ့ ကျွန်တော်လပြောမထွက်ခဲ့ဘူးလေ။ ကျွန်တော်က သူဒီလို လုပ်နေတာတွေ ရပ်သွားလိမ့်မယ်လို့ပဲ ထင်နေခဲ့တာပါ။ အဘိုးပဲ စဉ်းစားကြည့်လေ။ ကြက်တစ်ကောင်က ဘယ်လောက်ကြာကြာ ဥဥနိုင်မှာလဲလို့။ အဲ့ဒီ ကြက်တွေကိုလည်း လွန်ခဲ့တဲ့ သုံးနှစ် ငါးတန်းကျောင်းသားဘ၀ထဲက ဂျူလီ အကောင်ဖောက်ထားတာလေ။ အဲ့ဒီတော့ မကြာခင် ဂျူလီ သူ့ကြက်တွေ ဥမဥတော့တဲ့အခါ မလာတော့ဘူး ထင်နေခဲ့တာပေါ့။ ကျွန်တော်ကရော သူ့ကို ဘာလိုသွားပြောရမှာလဲ။ အမေက အစာအဆိပ်သင့်မှာကြောက်လို့ မစားရဲဘူးတို့၊ အဖေက ကျွန်တော်တို့ မိသားစုကြက်ဥနဲ့ မတည့်ဘူးတို့ဆိုတဲ့ ဆင်ခြေတွေ သွားပြောလို့ရော ရမှာတဲ့လားဗျာ။ ဘယ်လိုလူက ဒီဆင်ခြေတွေကို ယုံမှာလဲဗျ။ အဲ့ဒီတော့ ကျွန်တော်လည်း ပေူသမျှ ကြက်ဥတွေကို သွန်ပစ်ဖို့အပြင် မရှိတော့ဘူးပေါ့။ သူ အဲ့ဒီကြက်ဥတွေကို ရောင်းနေတယ်ဆိုတာ ကျွန်တော် မသိခဲ့တာ အမှန်ပါ။ ကျွန်တော်က သူ့မှာ ပိုလို့ လာပေးနေတယ်ပဲ ထင်တာ"
အဘိုးကတော့ ခေါင်းတငြိတ်ငြိတ်နဲ့ လုပ်နေခဲ့ပါတယ်။ ကျွန်တော်လည်း သက်ပြင်းကြီးချလို့ ဆက်ပြောတော့တာပေါ့။
"ညစာစားတုန်းက ဘာမှ မပြောခဲ့တာ ကျေးဇူးတင်ပါတယ် အဘိုး။ ကျွန်တော် အဘိုးအပေါ် ကျေးဇူးကြွေးတင်သွားပါပြီ"
အဘိုးက မှန်တံခါးကို ကာထားတဲ့ လိုက်ကာ ကို လှန်ပြီး ဂျူလီတို့အိမ်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။
"အကျင့်စရိုက်ဆိုတာ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးရတဲ့ အရာပဲ ငါ့မြေးရဲ့။ မင်းရွေးချယ်တဲ့ ရွေးချယ်မှုတွေက မင်းရဲ့ ဘ၀ကိုသက်ရောက်စေမှာပဲလေ" ဆိုပြီး အဘိုးက ငြိမ်နေပြန်တာပေါ့။ ပြီးတော့ လိုက်ကာကို ပြန်ပိတ်ပြီး ဆက်ပြောပါသေးတယ်။
"မင်း မလုပ်တတ်မကိုင်တတ်နဲ့ အပ်နဲ့ထွင်းရမဲ့ ကိစ္စကို ပုဆိန်နဲ့ ပေါက်ရအောင်လုပ်ပြီး ဒုက္ခရောက်နေတာကို ကြည့်ရတာ အဘိုး သဘောမကျဘူးကွာ"
"ဟုတ်ကဲ့ပါ ဆရာ"
အဘိုးက ကျွန်တော့်ကို မျက်မှောင်ကြုတ်ကြည့်ပြီး
"ဟုတ်ကဲ့ပါ ဆရာ လုပ်မနေနဲ့ ဘရိုက်စ်" လို့ ပြောလိုက်တယ်လေ။
"အဘိုးပြောခဲ့တဲ့ စကားကိုပဲ မင်း သေချာ စဉ်းစားကြည့်ပါ ငါ့မြေးရာ။ နောက်တစ်ခါ မင်း ရွေးချယ်ရတော့မယ်ဆိုရင် အမှန်ကန်ဆုံး အရာကိုပဲ ရွေးချယ်ရအောင် ကြိုးစားပေါ့။ အဲ့ဒီအရာက အချိန်ကြာလာရင်တောင် လူတွေကို သောကရောက်ရတဲ့ ဝေဒနာကနေ ကင်းပါစေလိမ့်မယ်ကွာ" ဆိုပြီး အဘိုးက အခန်းထဲကနေ ထွက်သွားပါတော့တယ်။
ကျွန်တော် နောက်တစ်နေ့ ကျောင်းကပြန်လာတော့ ဂဲရတ်ထ်တို့ အိမ်မှာ သွားဆော့ခဲ့ပါသေးတယ်။ သူ့အမေက ကျွန်တော့်ကို ကားနဲ့ အိမ်ပြန်လိုက်ပို့ပေးတော့ ကျွန်တော် အဘိုးကို လှမ်းတွေ့လိုက်တာပေါ့။ သူက ဂျူလီတို့ အိမ်ရှေ့ခြံထဲမှာ လက်သမားကြီး လုပ်နေလေရဲ့။
ကျွန်တော် အခန်းထဲ မ၀င်သေးဘဲ မနက်စာတင်စားတဲ့ စင်နား အိမ်စာထိုင်လုပ်နေတုန်း အမေက အလုပ်ကနေ ပြန်ရောက်လာပြီး ပွစိပွစိတွေ ပြောပါလေရော။ ခဏနေ လင်နတ်တာ သူ့အခန်းထဲက ဆင်းလာတော့ မြှားဦးက သူ့ဘက်လှည့်သွားတာပေါ့။ အမေက လင်နတ်တာ မိတ်ကပ်လူးထားတာဟာ ဒဏ်ရာရထားတဲ့ ရက်ကွန်း၀က်ဝံရုပ်ပေါက်နေကြောင်း ပြောနေခဲ့တာပါ။ လင်နတ်တာကတော့....ဘယ်တော့မှ အမှတ်ရှိမှာ မဟုတ်ပါဘူးလေ။
ကျွန်တော်လည်း ပစ္စည်းတွေ မြန်မြန်သိမ်းပြီး အခန်းထဲ ပြေး၀င်သွားတော့တာပေါ့။ အခန်းထဲရောက်တော့လည်း အိမ်စာမလုပ်ဖြစ်ပါဘူးလေ။ အဘိုးနဲ့ ဂျူလီက တော့ ဟိုဘက်ခြမ်းမှာ လွှတစ်ချောင်းနဲ့ ဟိုဘက်ဒီဘက်ကိုင်ပြီး ဆွဲနေကြတာပေါ့။ နောက်ပြီး ခဏနေတော့ တူထုသံ 'တဒုန်းဒုန်း' ကိုလည်း ကျွန်တော် ကြားလိုက်ရပါသေးတယ်။ ကျွန်တော်လည်း ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ဂျူလီက သံချောင်း သုံး၊ လေးချောင်းကို ပါးစပ်မှာကိုက်လို့ သံရိုက်နေတယ်လေ။ သူ သံချောင်းတွေကို ပါးစပ်မှာ ကိုက်ထားလိုက်ပုံက အဝေးကကြည့်ရင် စီးကရက်သောက်နေတဲ့ အတိုင်းပါ။ နောက်ပြီး သူက လက်ထဲက တူကိုလည်း မြင့်မြင့်မြှောက်လို့ ခြံစည်းရိုးတိုင်ကို မြေကြီးထဲ တစိမ့်စိမ့် စိုက်၀င်သွား အောင် ထုနေသေးတယ်လေ။ ကျွန်တော့် စိတ်ထဲမှာ ဂျူလီ တူနဲ့ထုနေတဲ့ တိုင်ထိပ်မှာ ကျွန်တော့်ခေါင်းကိုတင်လို့ ဟမ်ပတီ ဒမ်ပတီ ကြက်ဥကို ထုချလိုက်သလို ထုလိုက်တယ်လို့တောင် မြင်လိုက်မိပါတယ်။ ကျွန်တော်လည်း ပုခုံးတွန့်လို့ လိုက်ကာပြန်ချပြီး အိမ်စာ စာအုပ်ကိုပိတ်ကာ တီဗွီကြည့်ဖို့ ထွက်သွားပါတော့တယ်။
အဲ့ဒီ တစ်ပတ်လုံး ဂျူလီနဲ့ အဘိုးတို့ လက်သမားလုပ်နေခဲ့ကြပါတယ်။ နောက်ပြီး ညတိုင်းလည်း အဘိုးက ညစာလာစားတိုင်း မျက်နှာက သွေးရောင်လွှမ်းလို့ အစားလည်းကောင်းကောင်း စား၀င်ပြီး အမေ့ကို ဟင်းချက်ကောင်းကြောင်း ချီးကျူးတတ်တယ်လေ။ ဒီလိုနဲ့ စနေနေ့အထိ ရောက်လာပါတော့တယ်။ ကျွန်တော် မလုပ်ချင်ဆုံး ကိစ္စကတော့ အဘိုးနဲ့အတူ ခြံရှင်းပြီး ဂျူလီ့အတွက် အပင်ကူစိုက်ပေးရမှာကိုပါပဲ။ အမေက ကျွန်တော့်ကိုတောင် အိမ်က ခြံကို သန့်ရှင်းရေးလုပ်ဖို့ ခိုင်းနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်က ဒီဘက်မှာ အဘိုးနဲ့အတူ ခြံထဲက မြက်ကလေး ရှင်းပြနေရင် ဟိုဘက်မှာ ခြံကြီးတစ်ခုလုံးကို ပြောင်းလဲအောင်လုပ်နေတဲ့ ဂျူလီ့အတွက်ရယ်စရာကြီး ဖြစ်နေမှာ မဟုတ်ပါလား။
ကျွန်တော်လည်း အခန်းထဲ ၀င်နေပြီး ဂဲရတ်ထ်ဆီ ဖုန်းခေါ်လိုက်ပါတော့တယ်။ သူကတော့ အိမ်မှာ မရှိပါဘူး။ ကျွန်တော်ဖုန်းခေါ်တဲ့ လူတိုင်းလိုလိုကလည်း အိမ်မှာ လုပ်စရာ အလုပ်ရှိ နေကြတယ်တဲ့လေ။ အမေနဲ့ အဖေ့ကို ရုပ်ရှင်ဖြစ်ဖြစ် ဈေး၀ယ်စင်တာပဲ ဖြစ်ဖြစ် လိုက်ပို့ခိုင်းရင်လည်း သူတို့က ကျွန်တော့်ကို ခြံရှင်းခိုင်းနေဦးမှာပါ။ ပြောရမယ်ဆို ကျွန်တော်လည်း အိမ်ထဲမှာ နေရင်းက အသက်ရှူကြပ်နေခဲ့တော့တာပေါ့။ အဲ့ဒီတော့ ကျွန်တော်လည်း အဘိုးနဲ့ ဂျူလီ့ကို အိပ်ခန်းထဲက ပြတင်းပေါက်ကနေ ချောင်းကြည့်မိနေပါတော့တယ်။ သူတို့ကို ချောင်းကြည့်ရတာ ရှက်စရာဆိုပေမဲ့ ကျွန်တော့်မှာ ဘာမှ လုပ်စရာမှ မရှိတာကိုး။
ကျွန်တော်က အေးအေးဆေးဆေး ချောင်းကြည့်နေခဲ့ပေမဲ့ အဘိုးက ကျွန်တော့်ကိုမြင်တော့ ဂျူလီ့ကို လှမ်းပြောတယ်လေ။ ကျွန်တော့် ခမျာ ဂျူလီ့ထက် နှစ်လက်မလောက် ပိုသေးသွားသလိုကို သိမ်ငယ်သွားရတာ အမှန်ပါ။ ကျွန်တော်လည်း လိုက်ကာကို အသည်းအသန်ချလို့ အိမ်နောက်ဖေးတံခါးကနေ နောက်ဖေးခြံထဲ ဆင်းသွားခဲ့ပါတော့တယ်။ ကျွန်တော် ဒီနားကနေ ထွက်သွားချင်ခဲ့တာကိုး။
ကျွန်တော့် အဲ့ဒီနေ့က ဆယ်မိုင်လောက်တောင် လမ်းလျှောက်ဖြစ်ခဲ့တယ် ထင်ပါတယ်။ ကျွန်တော် အခုတော့ ကိုယ့်ကိုယ်ကိုပဲ စိတ်ဆိုးနေသလား၊ အဘိုးကို ဒါမှမဟုတ် ဂျူလီ့ကိုပဲ စိတ်ဆိုးနေမိသလားတောင် ဝေခွဲမရတော့ဘူးလေ။ ကျွန်တော် ဘာတွေ ဖြစ်နေပါလိမ့်။ ကျွန်တော်သာ ဂျူလီ့ကို တောင်းပန်ချင်တယ်ဆို ဂျူလီ့ကို သွားပြီး ကူညီပေးလိုက်ရုံပဲဆိုပေမဲ့ တစုံတခုက ကျွန်တော့်ကို သူ့ဆီမသွားရအောင် တားဆီးနေခဲ့ပါတယ်။
ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ ဂဲရတ်ထ်တို့အိမ်သွားခဲ့ပါတယ်။ ကျွန်တော့်ဘ၀မှာ စကားပြောဖို့ လူတစ်ယောက်ကို တွေ့ရတာ ဒီလောက်မပျော်ဖူးပါဘူး။ ဂဲရတ်ထ်နဲ့ဆို ကျွန်တော့်စိတ်ထဲ ရှိသမျှ အရေးကြီးတဲ့ ကိစ္စတွေကို တိုင်ပင်လို့ရတယ်လေ။ ဂဲရတ်ထ်ကလည်း နေရာတကာ သူမသိတာကို မရှိသလောက်ပါ။ ကျွန်တော်တို့ နှစ်ယောက်လည်း အပြင်သွားပြီးဘောလုံးပုတ်ရင်းနဲ့ နောက်နွေရာသီရောက်ရင် ရေလျှောသွားစီးကြဖို့ တိုင်ပင်ခဲ့ကြပါသေးတယ်။
နောက်ပြီး ကျွန်တော် အိမ်ပြန်လာတော့ ဂျူလီက အိမ်ရှေ့ခြံထဲမှာ ရေလောင်းနေတာကို တွေ့လိုက်ရတယ်လေ။ သူက ကျွန်တော့်ကို တွေ့တာတောင် ပြုံးပြတာ၊ လက်ပြတာ မလုပ်ဘဲ မျက်နှာလွှဲနေခဲ့ပါတယ်။ ပုံမှန်အတိုင်း ဆိုရင်တော့ ကျွန်တော်လည်း သူ့ကို မမြင်ချင်ယောင်ဆောင်တာ ဒါမှမဟုတ် လက်တစ်ချက်ပြပြီး အိမ်ထဲ ပြေး၀င်သွားတာ လုပ်မိမှာပါ။ ဒါပေမယ့် အခုကျတော့ သူက ကျွန်တော့်ကို မုန်းနေခဲ့တာ မဟုတ်ပါလား။ ဟိုတစ်ခါ ကြက်ဥလာပေးတဲ့ မနက်ကနေ စပြီး သူ ကျွန်တော့်ကို စကားမပြောတာ တော်တော်ကြာခဲ့ပါပြီ။ ဟိုတစ်နေ့က သင်္ချာအတန်းထဲမှာတွေ့တော့ ကျွန်တော် သူ့ကို လှမ်းခေါ်ဖို့ မလုပ်ခင် ဂျူလီက ရှောင်ပြေးသွားသေးတယ်လေ။ ကျွန်တော်က သူ့ကို တောင်းပန်ကြောင်းပြောဖို့ ကြိုးစားနေခဲ့ပေမဲ့ ဂျူလီကတော့ ရောက်လေရာအရပ်ကနေ ကျွန်တော့်ကို မြင်တာနဲ့ ပြေးတော့တာပါပဲ။
ကျွန်တော်လည်း တစ်ခါတော့ ဂျူလီ့ကို ခြံအကြောင်း ပြောမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့ပြောဖို့ သူ့ကို အတန်းရှေ့တံခါးပေါက်ကနေ စောင့်နေခဲ့ပါသေးတယ်။ ဒါပေမယ့် သူက တခြားအပေါက်ကနေ ထွက်သွားတယ်လေ။ ဘယ်လိုပဲ ကျွန်တော် သူ့နားရောက်အောင် ကြိုးစားကြိုးစား ဂျူလီကတော့ ကျွန်တော့်ကို မနားကို အကပ်မခံတော့တာပါ။
အခုတော့ သူက ခြံထဲမှာ ရေလောင်းရင်း အေးဆေးနေလေရဲ့။ ကျွန်တော့်မှာတော့ ဒီမှာ လူယုတ်မာကြီးလို ဖြစ်လို့ပါ။ ကျွန်တော်လည်း သူ့နောက်လိုက်နေရတာ မောလှပါပြီ။ နောက်ဆုံးတော့ ကျွန်တော့် သူ့ခြံဘက်ဆီ လမ်းကူးသွားလိုက်ပါတော့တယ်။
"ခြံလေးက ကြည့်ကောင်းသွားပြီနော်။ နင် ပြင်ထားတာ ကောင်းပါတယ် ဂျူလီ"
"ကျေးဇူးပဲ" လို့ သူက ပြန်ပြောပါတယ်။ "ချက်ပဲ အများဆုံး ကူညီပေးခဲ့တာပါ" တဲ့လေ။
ချက် တဲ့လား။ ချက် ဆိုတာ ဘယ်သူပါလိမ့်။ ဒါမှမဟုတ် သူက ကျွန်တော့် အဘိုးနာမည်ကို ချစ်စနိုးနဲ့ အဖျားဆွတ်ခေါ်နေတာများလား။
"ဂျူလီ...။ ငါလုပ်ခဲ့တာတွေ အတွက် တောင်းပန်ပါတယ်" လို့ ကျွန်တော်လည်း အချိန်ဖြုန်းမနေဘဲ ကျွန်တော် လာခဲ့တဲ့ ကိစ္စအတွက် ဒဲ့ဒိုးပြောချလိုက်ပါတော့တယ်။
သူက ကျွန်တော့်ကို တစ်ချက်လောက် စိုက်ကြည့်လိုက်ပါတယ်။ ပြီးမှ သူက ဖုန်တွေရှိတဲ့ဘက် ရေဆက်လောင်းရင်း ပြောလိုက်တာပေါ့။
"ငါ အခုထိ နားမလည်သေးဘူး ဘရိုက်စ်။ နင် ဘာလို့ ငါ့ကို အမှန်တိုင်း မပြောခဲ့တာလဲ"
"ငါ...ငါလည်း မသိပါဘူး။ ငါ ကိုက တုံးတာပါဟာ။ ငါ နင့်ကို ပြောခဲ့သင့်ပါတယ်။ နောက်ပြီး ငါ ခြံနဲ့ပတ်သက်ပြီး မပြောခဲ့သင့်ပါဘူး။ ငါ စည်းကျော်သလိုဖြစ်သွားပါတယ် ဂျူလီ"
သူ့ကို ဖွင့်ပြောလိုက် ကတည်းက ကျွန်တော့်စိတ်ထဲ ပေါ့သွားခဲ့ပါတယ်။ ပြီးတော့မှ ဂျူလီက ဆက်ပြောတယ်။
"ရပါတယ်။ နင် ပြောလိုက်တာလည်း ကောင်းပါတယ်လေ" ဆိုပြီး ဂျူလီက ခြေဖျားထောက်လို့ ခုန်ဆွ ခုန်ဆွလုပ်ရင်း သူ့အရင်ပုံစံလို ပြုမူကာ ရေဆက်လောင်းနေပါတော့တယ်။
"နင်ကြည့်ကြည့်စမ်း ဘရိုက်စ်။ ငါတို့ခြံလေး မလှသွားဘူးလား" ချက် ဆီက ငါ အများကြီးလသင်ယူလိုက်ရပါတယ်။ နင်က သိပ်ကံကောင်းတယ်ဆိုတာ နင်သိလား။ ငါ့မှာဆို အဘိုး၊အဘွားတွေ မရှိတော့ဘူးလေ"
"ဪ ဟုတ်လား" အပြင် ကျွန်တော် ဘာဆက်ပြောရမလဲ မသိခဲ့ပါဘူး။
"ငါ သူ့အတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်လေ။ သူက နင့်အဘွားကို လွမ်းနေတာဟ"
ဂျူလီက ပြောရင်း ဆိုရင်းက ရယ်လိုက်ပါသေးတယ်။
"နောက်ပြီး သူကပြောသေးတယ်။ ငါက နင့်အဘွားနဲ့ တူတယ်တဲ့လေ"
"ဟင်...ဘယ်လို"
"ဟုတ်တယ်"
ဂျူလီက ရယ်ရယ်မောမောနဲ့ ဖြေလိုက်တာပေါ့။
"သူပြောတာပဲလေ။ သူပြောချင်တာက အကောင်းဘက်က ပြောတာပါ"
ကျွန်တော် ဂျူလီ့ကို ကြည့်ပြီး အဘွားရဲ့ ရှစ်တန်းကျောင်းသူဘ၀ ပုံကို ဖော်ကြည့်မိပါတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုမှ ဆက်စပ်လို့ မရခဲ့ပါဘူး။ ဂျူလီ့က အညိုရောင်ဆံပင်ရှည် ဖို့ရို့ဖားယားကြီးနဲ့ နှာခေါင်းမှာလည်း မှဲ့ခြောက်တွေနဲ့ပါ။ ကျွန်တော့် အဘွားကတော့ ရွှေရောင်ဆံပင်တွေရှိခဲ့တာလေ။ နောက်ပြီး ကျွန်တော့် အဘွားက ဖြူဖွေးနေတဲ့ ပေါင်ဒါညက်ညက်ကို သုံးရတာ သိပ်ကြိုက်တယ်ဗျ။ သူက နှာခေါင်းတွေ၊ ဆံပင်တွေ၊ ဖိနပ်တွေနဲ့ ရင်ဘတ်တွေ ကုန်ကုန်ပြောရင် သူသုံးသမျှ အသုံးအဆောင်တွေ အားလုံးကို ပေါင်ဒါလေး တို့ပြီးမှ သုံးတတ်တဲ့သူလေ။
ဂျူလီ့ကတော့ ရေမွှေးပေါင်ဒါသုံးမဲ့အစား ယမ်းမှုန့်တွေနဲ့ ဆော့လိုက်မယ်ဆိုတဲ့ ကောင်မလေးပါ။ ကျွန်တော်တောင် သတိမထားမိဘဲ ဂျူလီ့ကို စိုက်ကြည့်နေမိတယ်ထင်ပါတယ်။ ဂျူလီက အနေခက်တဲ့မျက်နှာပေးနဲ့ ကျွန်တော့်ကို ပြောလိုက်တယ်လေ။
"ထားပါတော့။ ဒါက နင့်အဘိုး ပြောခဲ့တာပါလေ။ ငါကတော့ သူ သဘောရိုးနဲ့ ပြောတယ်ထင်တာပဲ"
"အင်းပါ....ထားလိုက်ပါတော့။ နင့် မြက်ခင်းအသစ်လည်း ပုံစံကောင်းကောင်းလေး ထွက်လာပါစေလို့ ဆုတောင်းပေးပါတယ် ဂျူလီ"
ပြီးတော့ နောက်ထပ် မမျှော်လင့်ထားတဲ့ စကားတစ်ခွန်း ကျွန်တော် ထပ်ပြောလိုက်ပါသေးတယ်။
"နင့်လက်ထဲရောက်ရင် သူတို့အားလုံး အကောင်ပေါက်လာမှာ သေချာပါတယ်" တဲ့လေ။ ကျွန်တော် ဒီစကားကို တကယ် ရင်ထဲကလာတဲ့အတိုင်း ပြောလိုက်တာပါ။ အဲ့ဒီတော့ ဂျူလီက ထရယ်တော့တာပေါ့။ ကျွန်တော်လည်း ရယ်မိပါတယ်။ ပြီးတော့ ဂျူလီ သူ့ရဲ့ မြက်ပင်ပေါက်ကလေးတွေကို ရေဆက်လောင်းနေတုန်း ကျွန်တော်လည်း အိမ်ပြန်လာခဲ့ပါတော့တယ်။
ကျွန်တော် အခုလို စိတ်ထဲပေါ့ပါးမနေခဲ့တာ ကြာပါပြီ။ နောက်ဆုံးတော့ ကြက်ဥ ပြဿနာကနေ ကျွန်တော် လွတ်မြောက်သွားပြီလေ။ ကျွန်တော်လည်း ပျော်ရွှင်ပြီး ပေါ့ပါးသွက်လက်နေပါတော့တယ်။ အဲ့ဒီနေ့ညနေက ညစာ စားပွဲမှာ ကျွန်တော် တစ်ယောက်ပဲ အစောဆုံးရောက်နေတာကို သတိထားမိပါသေးတယ်။ လင်နတ်တာက တော့ အမေနဲ့ စိတ်ကောက်နေလို့ ညနေစာ စားနေတဲ့ တချိန်လုံး ဆူပုတ်လို့ပေါ့။ အဖေကလည်း ကျွန်တော့်ကို တွေ့တော့ ခြံရှင်းပြီးပြီလား မေးစမ်းချင်တဲ့ အသံနဲ့ စကားပြောတော့ ကျွန်တော်လည်း အလိုက်တသိနဲ့
"မနက်ဖြန် လုပ်လိုက်ပါ့မယ်" လို့ပဲ ပြန်ဖြေလိုက်ပါတယ်။ အဖေကတော့ မျက်နှာကြီး သုန်မှုန်လို့ ပြန်ကြည့်နေခဲ့တာပေါ့။ ပြီးတော့ အမေက အဘိုးကို လှမ်းမေးတယ်လေ။
"အဖေ ဒီည ပင်ပန်းနေတာလားဟင်" ဆိုတဲ့ အမေအသံကြားတော့မှ ကျွန်တော်လည်း အဘိုးလည်း ညစာ ထိုင်စားနေတာ သတိရမိပါတော့တယ်။ သူက ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ထိုင်နေတာကိုး။
"ဟုတ်တယ်ဗျ...." လို့ အဖေက ခေါင်းငုံ့စားနေရင်းက ၀င်ပြောလိုက်တာပေါ့။
"ဟို ကောင်မလေးက အဖေ့ကို အလုပ်တွေ မတရား ခိုင်းနေတာလား":
အဘိုးက ခက်ရင်းကို လက်သုတ်ပုဝါပေါ်ချလိုက်ပါတယ်။ ပြီးတော့မှ အဖေ့ကို
"ဟို ကောင်မလေးဆိုတာက ဂျူလီတဲ့ကွ။ ပြီးတော့ သူက ငါ့ကို မတရားခိုင်းနေတာ မဟုတ်ပါဘူး။ မင်း အဲ့ဒီလို အကြင်နာတရားကင်းကင်းနဲ့ မပြောစမ်းပါနဲ့ကွာ"
"အကြင်နာတရားကင်းမဲ့တယ်ဟုတ်လား။ ကျွန်တော်ကလေ...." ဆိုပြီး အဖေက ရယ်ပြီး မေးလိုက်တာပေါ့။
"အဖေက အဲ့ဒီကောင်မလေးကို အတော်သဘောကျတာပဲ ဟုတ်တယ်မဟုတ်လား"
သူတို့နှစ်ယောက် စကားတွေ အချေအတင်ပြောနေကြတော့ လင်နတ်တာ တစ်ယောက်တောင် ဆူပုတ်နေတဲ့ မျက်နှာကို ချက်ချင်းပြင်လိုက်ရပါသေးတယ်။ အမေက ပြေရာပြေကြောင်း အဖေ့ကို ဟင်းပန်းကန်လှမ်းရင်း တံတောင်နဲ့တွက်တော့ ပိုတောင် ဆိုးသွားသေးတာပေါ့။
"မဟုတ်သေးဘူး ပက်စီ။ ငါက မင်းအဖေ ဘာလို့ ဟို သူစိမ်းကောင်မလေးကိုတော့ မိတ်ဆွေဖွဲ့ဖို့ အားအားယားယား အချိန်တွေ ပိုနေပြီး သူ့မြေးအရင်းနဲ့တော့ ဘေ့စ်ဘောလေး ရိုက်ပေးဖို့တောင် အချိန်မရှိရတာလဲ သိချင်တယ်ကွ"
အဖေပြောတာက ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ရုတ်တရက် အဘိုး ကျွန်တော့်ကို ကြက်ဥပြဿနာနဲ့ ပတ်သက်ပြီး ကူညီပေးထားတာကို သတိရလိုက်တာပေါ့။ ကျွန်တော်လည်း အဘိုးကို ပြန်ကူညီမယ်လို့ စဉ်းစားရင်း
"ထားလိုက်ပါတော့ အဖေရယ်။ ဂျူလီက အဘွားနဲ့ တူလို့ အဘိုးက ကူညီပေးနေတာပါ" လို့ လွှတ်ခနဲ့ ထွက်သွားပါတော့တယ်။ အဲ့ဒီတော့ စားပွဲမှာ ထိုင်နေတဲ့ လူတွေအားလုံး ကျွန်တော့်ကို စိုက်ကြည့်နေခဲ့ကြတာပေါ့။ ကျွန်တော်လည်း အဘိုးကို ပြန်ကြည့်ပြီး စစ်ကူတောင်းလိုက်ပါတယ်။
"ဟုတ်တယ် မဟုတ်လား အဘိုး"
အဘိုးက ခေါင်းတငြိမ့်ငြိမ့်နဲ့ ခက်ရင်းကို ပြန်ပြင်နေလိုက်ပါသေးတယ်။
"ဒီကောင်မလေးက ရီနေးနဲ့ တူတယ်တဲ့လား" လို့ အဖေက အမေ့ကို တလှည့် အဘိုးကို တစ်ခါ ကြည့်နေလိုက်တယ်လေ။
"မဖြစ်နိုင်ပါဘူးကွာ"
အဘိုးက မျက်လုံးတွေ စုံမှ်ိတ်လို့ တစ်ခွန်းချင်း ပြောလိုက်ပါတယ်။
"သူ့ရဲ့ စိတ်ထားက ရီနေးကို သတိရစေတယ်ကွ"
"သူရဲ့ စိတ်ထား ဟုတ်လား" အဖေက သူငယ်တန်း ကလေးကို စစ်မေးနေသလိုကို ရယ်ချင်ဆက်လက်နဲ့ ပြောလိုက်ပါသေးတယ်။
"ဟုတ်တယ်.... သူ့စိတ်ထားလေးက ရီနေးနဲ့ သိပ်တူတယ်" လို့ပဲ အဘိုးက အေးအေးသက်သာ ပြန်ဖြေတာပေါ့။ နောက်ပြီး ခဏလောက် ငြိမ်နေပြီးတော့မှ အဘိုးက အဖေ့ကို ဆက်ပြောပါတယ်။
"ဘိတ်ကာမိသားစုက ဘာလို့ သူတို့ ခြံကို မရှင်းရတာလဲ မင်း သိလား"
"ဘာလို့လဲ။ ဒါပေါ့...သိပ်သိတာပေါ့ဗျ။ အဲ့ဒီခြံထဲမှာ အမှိုက်တွေချည်းပဲလေ။ သူတို့အိမ်ကြီးကလည်း စုတ်ပြတ်သလို ကားနှစ်စီးကလည်း စုတ်၊ ခြံကလည်း ညစ်ပတ်နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာလေ"
"သူတို့က ညစ်ပတ်တဲ့သူတွေ မဟုတ်ပါဘူး ရစ်ခ် ရေ...သူတို့က ရိုးသားပြီး အလုပ်ကြိုးစားတဲ့ လူတွေပါကွာ"
"နောက်ပြီးတော့ သူတို့က တလောကလုံး သူတို့ကို ဘယ်လိုထင်နေထင်နေ ဂရုမစိုက်တတ်ကြဘူးလေ။ ကျွန်တော်တို့မိသားစု သူတို့နဲ့ မျက်နှာချင်းဆိုင် နေလာကြတာ ခြောက်နှစ် တောင်ရှိနေပြီလေ။ သူတို့ ကိုက ညစ်ညစ်ပတ်ပတ် နေတတ်တာပါဗျာ"
"မဟုတ်သေးဘူး ရစ်ခ်..."
အဘိုးက စကားဆက်ပြောဖို့ ခဏလောက် စဉ်းစားနေလိုက်ပါသေးတယ်။ ပြီးတော့မှ သူက
"ရစ်ခ် မင်းပဲပြောကြည့်ပါဦး။ တကယ်လို့ မင်းမှာသာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ ညီအစ်ကိုဖြစ်ဖြစ်၊ မောင်နှမဖြစ်ဖြစ် သားသမီးဖြစ်ဖြစ် ရှိနေခဲ့မယ်ဆို မင်း ဘာလုပ်မှာလဲ... ဟေ"
အဘိုး ပြောနေတဲ့ ပုံကိုကြည့်ရတာ ဘုရားကျောင်းမှာ တရားဟောနေတဲ့ အတိုင်းပါ။ ကျွန်တော့် အဖေ မျက်နှာကတော့ ဖြူဖပ်ဖြူလျော်နဲ့ ဖြစ်နေတာပေါ့။ အဖေက ခေါင်းကို တွင်တွင်ခါရင်း
"ချက်...ဒီကိစ္စနဲ့ ဘာဆိုင်လို့ ပြောနေရတာလဲဗျာ" ဆိုပြီး မေးလိုက်ပါတော့တယ်။
အဘိုးက အဖေ့ကို မေးတတ်ရန်ကော ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တာပေါ့။
"ဂျူလီ့ အဖေမှာ ဉာဏ်ရည်မမီတဲ့ ညီလေးတစ်ယောက် ရှိတယ်ကွ။ ပြီးတော့....."
အဖေကတော့ အဘိုးစကားတောင် ဆုံးတဲ့အထိ စောင့်မနေတော့ပါဘူး။ သူက ရယ်ရင်း
"အိုး... အခုမှပဲ ရှင်းသွားတော့တယ်...ဟုတ်တယ် မဟုတ်လား" ဆိုပြီး ဖြတ်ပြောလိုက်ပါတယ်။
"ဘာကို ရှင်း သွားတာလဲ" လို့ အဘိုးက ပြန်မေးတယ်လေ။
"ဒီလူတွေ ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲဆိုတာကိုပေါ့ဗျာ..."
အဖေက ကျွန်တော်တို့ဘက် တချက်လှည့်ပြီး ပြုံးပြလိုက်ပါသေးတယ်။
"ကြည့်ရတာ ဉာဏ်မမီတာ တစ်မိသားစုလုံး ဖြစ်နေတာပဲ ဖြစ်ရမယ်"
ရုတ်တရက် ညစာစားဝိုင်းက လူတွေ အားလုံး တိတ်ဆိတ်ပြီး အဖေ့ကို ကြောင်ကြည့်နေခဲ့ကြပါတော့တယ်။ လင်နတ်တာ တောင် ပါးစပ်ကြီးဟလို့ ဘာပြန်ပြောရမလဲ မသိဖြစ်နေခဲ့တာပါ။ အမေကတော့
"ရစ်ခ်ရယ်..." လို့ အားနာတဲ့ လေသံနဲ့ တားရှာပါတယ်။ အဖေကတော့ ရယ်သွမ်းသွေးပြီး
"ကိုယ်က စတာပါကွာ။ ဒါပေမယ့် ဒီလူတွေ တခုခု မှားနေတာ့တော့ အမှန်ပဲ မဟုတ်လားကွ။ အိုး တောင်းပန်ပါတယ် ချက်ရေ။ ခင်ဗျားက ဟိုကောင်မလေးကို ရီနေးနဲ့တူတယ်လို့ ထင်နေတာ မဟုတ်လား"ခနဲ့လိုက်ပါသေးတယ်။
"ရစ်ခ်...."
အမေ ထပ်အော်လိုက်ပါတယ်။ ဒီတစ်ခါတော့ အမေ့အသံက ဒေါသထွက်နေပုံပါပဲ။
"ဪ ပက်စီရယ်။ မင်းအဖေက သိပ် စိတ်ကူးယဉ်ပြီး အိမ်နီးနားချင်းတွေကို ကဲ့ရဲ့တဲ့ ငါ့ကို ရှက်အောင် လုပ်နေတာလေ။ သူတို့မှာ ဉာဏ်စဉ်မမီတဲ့ ဆွေမျိုးသားချင်းရှိတော့ရော ဘာထူးလို့လဲ။ တခြားလူတွေမှာလည်း ကိုယ့်ပြဿနာနဲ့ကိုယ် ပဲကွ။ ဒါပေမယ့် သူတို့က ကိုယ့်အိမ်ကိုယ့်ခြံကိုတော့ သန့်ရှင်းအောင် ထားတတ်ကြတယ်လေ။ ကိုယ်ကတော့ ဒီလူတွေ သူတို့ကိုယ်သူတို့ နည်းနည်းလောက် တန်ဘိုးထားသင့်တယ် ထင်တာပဲ"
အဘိုးက ဒေါသကြောင့် မျက်နှာနီမြန်းလာပေမဲ့ သူက အသံတည်တည်ကြည်ကြည်နဲ့ပဲ အဖေ့ကို ဆက် ရှင်းပြလိုက်ပါတယ်။ "သူတို့က အိမ်ရှင်တွေ မဟုတ်ဘူးကွ။ သူတို့အိမ်ရှင်က အိမ်ကိုမပြင်ပေးဘဲ နေခဲ့တာလေ။ နောက်ပြီး ဂျူလီ့အဖေကလည်း သူ့ညီလေးအတွက် တာ၀န်ယူထားရတာဆိုတော့ သူတို့မှာ ပိုလျှံသမျှလေးတွေကို သူ့ညီလေးကို စောင့်ရှောက်ဖို့ သုံးရတာပေါ့။ ဉာဏ်မမီတဲ့ လူတစ်ယောက်ကို ပြုစုဖို့ စရိတ်က ဘယ်လောက် ရှိမယ်ဆိုတာ မင်း သိဖို့ကောင်းပါတယ်"
အဲ့ဒီတော့ အမေက အဘိုးကို တီးတိုးလေးမေးရှာပါတယ်။ "အဲ့ဒီလို လူနာတွေအတွက် အစိုးရကထောက်ပံ့ပေးတဲ့ အစီအစဉ်တွေ ရှိတယ် မဟုတ်လား အဖေ"
"အဖေလည်း အသေးစိတ်တော့ မသိပါဘူး ပက်စီရယ်။ ဒီ စီရင်စုထဲမှာ အဲ့ဒီလို အစိုးရအထောက်အပံ့တွေ မရှိတာနေမပေါ့ကွယ်။ ဒါမှမဟုတ်လည်း သီးသန့်စောင့်ရှောက်တာက လူနာအတွက် ပိုပြီး ကောင်းမယ်ထင်လို့လည်း ဖြစ်နိုင်တာပဲလေ"
"ဘာပဲဖြစ်ဖြစ်ပါ"
အဖေ ၀င်ပြောလိုက်ပြန်ပါသေးတယ်။ "အစိုးရ အထောက်အပံ့လည်း ရနိုင်ရဲ့သားနဲ့ သူတို့က တခြားလမ်းကို ရွေးချယ်တာတော့ သူတို့ အကြောင်းနဲ့ သူတို့ ရှိပါစေပေါ့။ သူတို့ မိသားစုထဲမှာ ပုံမှန်မဟုတ်တဲ့ ဗီဇပါလာတာ ကျွန်တော်တို့ မိသားစုအပြစ်မှ မဟုတ်တာ။ ကျွန်တော်ကတော့ ဒီကိစ္စအတွက် ကျွန်တော့်မှာ အပြစ်မရှိ...."
အဖေ့စကားတောင် မဆုံးလိုက်နိုင်ပါဘူး။ အဘိုးက စားပွဲကို ဘုန်းခနဲ လက်နဲ့ရိုက်လို့ မတ်တပ်ထရပ်လိုက်တယ်လေ။
"ဒီရောဂါက ဗီဇနဲ့ မဆိုင်ဘူး ရစ်ခ်။ ဒါက ကလေးမီးဖွားနေတုန်း အောက်စီဂျင် ပြတ်လပ်သွားလို့ ဦးနှောက်ကို ထိခိုက်သွားရတာပါ"
အဘိုးက အသံကိုနှိမ့်ပြီး ဆက်ပြောတယ်ဆိုပေမဲ့ သူ့စကားလုံးတွေက ဒေါသစွက်နေတယ်ဆိုတာ ကျွန်တော် ခံစားမိတာ အသေအချာပါပဲ။
"ဂျူလီ့ ဦးလေးက သူ့ကိုမွေးတုန်း ချက်ကြိုးကို လည်ပတ်မှာ ပတ်လျှက်သား ထွက်လာခဲ့တာလေ။ ဆရာ၀န်တွေက သူ့ကို နှစ်ကြိမ်ခွဲပြီးတောင် ဖြည်ပေးခဲ့ရတာကွ ။ ပထမတစ်ကြိမ်တုန်းကတော့ သူက မင်းသားလေး ဘရိုက်စ်လို ပြီးပြည့်စုံတဲ့ လူကောင်းလေးဆိုပေမဲ့ နောက်တစ်ကြိမ်မှာတော့ သူ့ရဲ့တစ်ဘ၀လုံး ဘယ်တော့မှ ပြန်မကောင်းနိုင်မဲ့ ရောဂါရသွားခဲ့တာလေ"
အမေကတော့ နေရာမှာတင်ပဲ ဆောက်တည်ရာမရကို ဖြစ်နေတော့တာပါ။ ခဏနေတော့ အမေက အော်ပြီးငိုနေတော့တာပါပဲ။ အဖေက အမေ့ကို စိတ်ငြိမ်ငြိမ်ထားဖို့ ဖြောင့်ဖျနေပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူးလေ။ အမေ လည်း စိတ်လွတ်ကိုယ်လွတ်ကို ငိုနေတော့တာပါ။
လင်နတ်တာက ပုဝါကို စားပွဲပေါ်ပစ်တင်ပြီး
"ဒီမိသားစုကတော့ ဟာသပဲ" လို့ ခနဲ့ကာ ထွက်သွားပါတော့တယ်။ ပြီးတော့ အမေက မျက်ရည်တွေကို လက်နဲ့သုတ်ရင်း အခန်းထဲက ပြေးထွက်သွားတော့ အဖေကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားခဲ့တာပေါ့။ အဖေ အဘိုးကို ကြည့်သွားတဲ့ အကြည့်ကတော့ ကျွန်တော့် ဘ၀မှာ တစ်ခါမှ မမြင်ဘူးတဲ့ အဖေ့ရဲ့ ကြောက်စရာအ ကောင်းဆုံး အကြည့်ပါပဲ။ နောက်ဆုံးတော့ ဟင်းခွက်တွေ ပက်လက်ကျန်ခဲ့တဲ့ စားပွဲမှာ ကျွန်တော်နဲ့ အဘိုးပဲ ကျန်ခဲ့ပါတော့တယ်။
"ကျွန်တော်ကတော့ ဘာတွေဖြစ်ကုန်မှန်း နားမလည်တော့ပါဘူးဗျာ" လို့ ပဲ ရေရွတ်နေလိုက်ပါတယ်။
အဘိုးကတော့
"ငါ့မြေး အကြောင်းစုံ မသိရသေးလို့ပါကွာ" တဲ့လေ။
"အဘိုး ဘာကိုဆိုလိုချင်တာလဲ"
အဘိုးက အဲ့ဒီနေရာမှာပဲ ကျောက်ရုပ်လို တစ်မိနစ်လောက် ငြိမ်သက်နေပြီးတော့မှ ကျွန်တော် ထိုင်နေတဲ့ နေရာဆီ ကိုယ်ကိုကိုင်းပြီး ပြောလိုက်တယ်။
"ခုနက ကိစ္စက ဘာလို့ မင်း အမေကို ၀မ်းနည်းသွားစေလဲ သိလား"
"မ...မသိဘူးလေ"
ပြီးတော့ ကျွန်တော် အဘိုးကို ပြုံးပြရင်း ကြောင်တောင်တောင် ဆက်ပြောလိုက်ပါသေးတယ်။
"အမေက မိန်းမသားမို့ ၀မ်းနည်းသွားတာများလား"
အဘိုးက ပြုံးလိုက်တယ်လေ။ "မဟုတ်ဘူး ငါ့မြေးရ။ မင်းအမေက မစ္စတာ ဘိတ်ကာ နေရာကနေ ကိုယ်ချင်းစာမိသွားလို့ပါ"
ကျွန်တော်လည်း ခဏလောက်တော့ တွေးနေလိုက်ပါသေးတယ်။ပြီးတော့မှ အဘိုးကို ပြန်မေးလိုက်တာပေါ့။
"အမေ့ရဲ့ မောင်ကရော မွေးတုန်းက ချက်ကြိုး လည်ပင်းမှာ ပတ်နေခဲ့လို့လားဟင် အဘိုး"
အဘိုးက ခေါင်းကို ခါလိုက်ပါတယ်။
"ဒါဆို ဘယ်သူများလဲ" ဆိုတော့မှ အဘိုးက ကျွန်တော့်နားကပ်လို့ တိုးတိုးလေး ပြောလိုက်တယ်။
"မင်း ဖြစ်ခဲ့တာကွ" တဲ့လေ။
"ဗျာ...ကျွန်တော် ဖြစ်ခဲ့တာ ဟုတ်လား"
အဘိုးကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ပါ။
"ဟုတ်တယ်။ မင်းကို နှစ်ခါတောင် ချက်ကြိုးဖြည်ပေးခဲ့ရတာကွ"
"ဒါပေမယ့်....."
"မင်းကို မွေးပေးတဲ့ ဆရာ၀န်က သိပ်ကို တော်တဲ့ သူပေါ့ကွာ။ နောက်ပြီး ချက်ကြိုးကလည်း သိပ်ပြီး တင်းနေတာမဟုတ်တော့ သူက မင်းအသက်ရှူလို့ရအောင် အရဲစွန့်ပြီး ဖြည်ပေးလိုက်တော့မှပဲ မင်း ထွက်လာခဲ့ရတော့တာပေါ့။ မင်းက ဒီလောကကြီးထဲကို ရောက်လာကတည်းက သိပ်ချို့တဲ့ခဲ့တာ မြေးရေ။ နို့မဟုတ်ရင် မင်းဟာလည်း ဂျူလီ့ရဲ့ ဦးလေးနေရာကို ရောက်သွားနိုင်တယ်ကွ"
တကယ်လို့သာ ကျွန်တော်ဟာ မွေးကတည်းက ဒီလို အခြေအနေတွေနဲ့ ကြုံခဲ့ရတယ်ဆိုတာကို စောစောကတည်းက ပြောပြခဲ့ကြမယ်ဆိုရင် အခုလို အခြေအနေမျိုးမှာ ကျွန်တော်လည်း စိတ်ကိုငြိမ်ငြိမ်ထားပြီး စနောက်နေနိုင်ခဲ့မှာ အမှန်ပါပဲ။ ဒါပေမယ့် အခုဖြစ်သွားတဲ့ ကိစ္စတွေကို မြင်လိုက်ပြီးတဲ့နောက်မှာတော့ ကျွန်တော် တော်တော်လေးကို ကြောက်ရွံ့နေခဲ့မိပါတယ်။ ကျွန်တော့်ခေါင်းထဲမှာလည်း တကယ်လို့များသာ အရာရာက ပြောင်းလဲသွားခဲ့ရင်ရော ဆိုတဲ့ အတွေးတွေက အဆက်မပြတ် ရိုက်ခတ်နေခဲ့တာပေါ့။ သူတို့တွေ ကျွန်တော့်ကို ဘယ်လို ဆက်ဆံကြမှာလဲ။ အဖေပြောနေတဲ့ စကားအသွားအလာအရဆိုရင်တော့ ကျွန်တော်သာ ဉာဏ်စဉ်မမီတဲ့သူဖြစ်ခဲ့ရင် အဖေ ကျွန်တော့်ကို လှည့်ကိုမကြည့်တော့ဘဲ အရူးထောင်မှာ ပစ်ထားပြီး မေ့ပစ်လိုက်မှာပဲလို့ ကျွန်တော် စဉ်းစားမိပါတယ်။ ဒါပေမယ့် ကျွန်တော် အကောင်းဘက်က ပြန်တွေးမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သားအရင်းကိုတော့ အဖေ ဒီလို မလုပ်ရက်လောက်ဘူး မဟုတ်ပါလား။
ကျွန်တော် ဘေးနားမှာရှိနေတဲ့ အဖြူရောင် ကော်ဇော၊ ရှေးဟောင်းပစ္စည်းတွေနဲ့ အနုပညာပစ္စည်းတွေကို တချက်ကြည့်မိပါတယ်။ တကယ်လို့များ ကျွန်တော်သာ ဉာဏ်စဉ်မမီတဲ့ ကလေးဖြစ်ခဲ့ရင် သူတို့တွေ ဒီပိုင်ဆိုင်မှုတွေကို အသုံးပြုပြီး ကျွန်တော့်အတွက် ပုံအပ်နိုင်ကြပါ့မလား လို့ ကျွန်တော် သံသယ၀င်မိပါတယ်။ ကျွန်တော်က သူတို့အတွက် မေ့ပစ်ချင်စရာ ရှက်စရာကိစ္စကြီးဖြစ်နေခဲ့မှာလေ။ ကျွန်တော့်မိဘတွေဟာ အထူးသဖြင့် အဖေဟာ အပြင်ပန်း ပစ္စည်းဥစ္စာတွေကို အင်မတန် ဂရုစိုက်တတ်တဲ့သူတွေပဲကိုး။
အဘိုးကတော့ နှစ်သိမ့်ပေးရှာပါတယ်။
"မဖြစ်ခဲ့တဲ့ ကိစ္စကို တွေးပြီး ၀မ်းနည်းနေဖို့တော့ မလိုဘူး ငါ့မြေး"
နောက်ပြီး အဘိုးက ကျွန်တော့် စိတ်ကို ဖတ်နေတဲ့အလား ဆက်ပြောလိုက်ပါသေးတယ်။
"မင်းအဖေ မလုပ်ခဲ့တဲ့ ကိစ္စတွေအတွက် မင်း သူ့ကို တွေးပြီး အပြစ်တင်လို့နော် မရဘူးနော်" တဲ့လေ။
ကျွန်တော်လည်း ခေါင်းငြိမ့်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ပုံကတော့ ထင်သလောက် စိတ်ငြိမ်နေတဲ့ပုံ မပေါက်မှာ သေချာပါတယ်။ နောက်တော့ အဘိုးက
"ဒါနဲ့ မင်းပြောသွားတဲ့ စကားလေး အဘိုး သဘောကျပါတယ်" လို့ ပြောလာတော့တာပေါ့။
"ဗျာ...."
ကျွန်တော် ပြန်မေးလိုက်ပါတယ်။ တစ်ခွန်းထဲပြောရတဲ့ စကားတောင် လည်ချောင်းထဲ တစ်ဆို့ တစ်ဆို့ကြီးကို ဖြစ်နေခဲ့တာပါ။
"မင်း အဘွားအကြောင်းလေ။ မင်း ဘယ်လိုသိတာလဲကွ"
ကျွန်တော်လည်း ခေါင်းခါလို့သာ ပြန်ဖြေလိုက်ပါတယ်။
"ဂျူလီပြောပြတာပါ"
"အိုး ဒါဖြင့် မင်း သူနဲ့ စကားပြောဖြစ်ခဲ့တာပေါ့"
"ဟုတ်ကဲ့။ တကယ်တော့ ကျွန်တော် သူ့ကို သွားတောင်းပန်တာပါ"
"အဲ့ဒီတော့...."
"အဲ့ဒီတော့ အခု ကျွန်တော် ဖြစ်ခဲ့သမျှအရာ အားလုံးနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်သက်သာရာရသွားပါတယ်။ ဒါပေမယ့်...ဒါပေမယ့် အခုတော့ဗျာ....အခုတော့ ကျွန်တော့်ကိုယ် ကျွန်တော် ငတုံးတစ်ယောက်လို ပြန်ခံစားနေရပြန်တယ်လေ"
"မခံစားပါနဲ့ကွ ငါ့မြေးရ။ မင်း တောင်းပန်သင့်သလောက် တောင်းပန်ပြီးပြီပဲ။ ဒါဆို ရပြီပေါ့"
အဘိုးက နေရာကထလို့
"ကဲ...အဘိုးကတော့ လမ်းလေး ခဏလောက်ထွက်လျှောက်လိုက်ဦးမယ်။ မင်းရော လိုက်ဦးမလား ဟင် ဘရိုက်စ်"
လမ်းလျှောက်ထွက်ရဦးမယ်တဲ့လား။ ကျွန်တော် အခုချိန်မှာ အလုပ်ချင်ဆုံး တစ်ခုက အခန်းထဲပြန်ပြီး သော့ပိတ်လို့ တစ်ယောက်ထဲ နေချင်မိတာပါပဲ။
"အဘိုးကတော့ လမ်းလျှောက်လိုက်ရင် စိတ်ရှုပ်နေတာတွေ ပျောက်သွားတာပဲကွဲ့" လို့ အဘိုးက ပြောတယ်လေ။ အဲ့ဒီမှာ ကျွန်တော် အဘိုး ဘာကို ဆိုလိုသလဲဆိုတာ ရိပ်မိလိုက်ပါတော့တယ်။ ဒါက လမ်းလျှောက်ရုံသက်သက် မဟုတ်ဘူးလေ။ အဘိုးက ကျွန်တော့်နဲ့အတူ တခုခု လုပ်ဖို့ ဖိတ်ခေါ်နေတဲ့ပုံပါ။ကျွန်တော်လည်း မတ်တပ်ရပ်ပြီး ပြန်ဖြေလိုက်တာပေါ့။
"ဟုတ်ကဲ့ အဘိုး။ ကျွန်တော်တို့ ဒီကနေ ထွက်သွားကြရအောင်"
ဒီလိုနဲ့ ကျွန်တော်လည်း 'ဆားဗူးလေး လှမ်းစမ်းပါဦးကွယ်' လောက်ပဲ ပြောတတ်တဲ့ အဘိုးဟာ တကယ်တော့ ပြောစရာတွေ အများကြီးကို မြိုသိပ်ထားတဲ့သူဆိုတာ သိလိုက်ရပါတော့တယ်။ ကျွန်တော်တို့ မြေးအဘိုး နှစ်ယောက်လည်း တစ်အိမ်ရှေ့ပြီး၊ တစ်အိမ်ရှေ့ လမ်းလျှောက်နေတုန်း အဘိုးကတော့ စကားတွေ တသီတတန်းကြီး ပြောနေတော့တာပေါ့။ အဘိုးက ရယ်စရာလည်း ပြောတတ်မှန်း အခုမှပဲ ကျွန်တော်သိလိုက်ရပါတယ်။ သူစကားပြောတဲ့ ဟန်က သိမ်သိမ်မွေ့မွေ့နဲ့ ခြောက်ကပ်ကပ် ပြောတယ်ဆိုပေမဲ့ ကျွန်တော့်စိတ်ထဲ သဘောကျမိတယ်လေ။
ကျွန်တော်တို့လည်း လမ်းလျှောက်ပြီး အိမ်ဘက်ပြန်လှည့်လာတော့ လမ်းပေါ်က သဖန်းပင်ကြီး နေရာမှာ အိမ်အသစ်လေးတစ်လုံး ဆောက်ထားတာ တွေ့လိုက်ရတာပေါ့။ အဘိုးက ရုတ်တရက် လမ်းလျှောက်တာရပ်ပြီး ကောင်းကင်ကို မော်ကြည့်လိုက်ပါတယ်။
"ဒီကနေ မြင်ရတဲ့ မြင်ကွင်းက သိပ်ကို ထူးခြားဆန်းကျယ်ခဲ့မှာ အသေအချာပဲကွ"
ကျွန်တော်လည်း အဘိုးနည်းတူ မော်ကြည့်လိုက်တာပေါ့။ အဲ့ဒီမှာ ပထမဦးဆုံး ကျွန်တော် ကြယ်တွေကို သတိထားမိလိုက်ပါတော့တယ်။
"အဘိုး ဂျူလီ့ကို ဒီနားက သစ်ပင်ပေါ် တက်တာတွေ့ဖူးလို့လား" လို့ ကျွန်တော် သူ့ကို မေးလိုက်ပါတယ်။
"မင်းအမေနဲ့ အဘိုးတို့ တစ်ခါ ကားမောင်းသွားတုန်း သူက ဂျူလီ့ကို လက်ညှိုးထိုးလို့ ပြဖူးတယ်လေ။ ဂျူလီ အဲ့ဒီသစ်ပင် အမြင့်ကြီးပေါ်ကို တက်နေတာ အဘိုးတောင် စိုးရိမ်မိပါသေးတယ်။ ဒါပေမယ့် အဘိုး သတင်းစာက ဆောင်းပါးလေးကို ဖတ်ပြီးတော့မှပဲ သူဘာလို့ ဒီလိုလုပ်ရသလဲဆိုတာ နားလည်ခဲ့တာပဲကွ" ဆိုပြီး အဘိုးက ခေါင်းခါနေလိုက်ပါတယ်။
"သစ်ပင်ကြီးကတော့ အခုတ်ခံလိုက်ရပေမဲ့ ဂျူလီ့ဆီမှာတော့ သစ်ပင်ကြီးဆီက ရလိုက်တဲ့ တောက်ပမှုတွေ ရှိနေတုန်းပဲကွ။ အဘိုး ပြောတာ မင်း နားလည်တယ် မဟုတ်လား"
ကျွန်တော့်ကို အဘိုးက တကယ်ကြီး မေးနေတာမဟုတ်လို့ တော်ပါသေးတယ်။ သူက ပြုံးပြီး ဆက်ပြောတာပေါ့။
"လူတချို့က ရိုးရှင်းကြတယ်ကွ။ တချို့ကြတော့လည်း သိမ်မွေ့နူးညံ့ကြတယ်။ တချို့ကတော့ တောက်ပလင်းလက်ကြတာပေါ့"
အဘိုး ကျွန်တော့်ဘက် လှည့်ကြည့်လိုက်ပါတယ်။
"ဒါပေမယ့် မင်းရဲ့ ဘ၀မှာတော့ အင်မတန် ပြိုးပြက်လင်းလက်တဲ့ အရောင်တွေ ထွက်နေတဲ့ လူကို တစ်ခါပဲ တွေ့နိုင်တယ်ကွ။ အဲ့ဒီလို လူနဲ့တွေ့တဲ့အခါ ဘယ်အရာကမှ ယှဉ်ရက်စရာ မရှိတော့ဘူးလေ"
ပြီးတော့ ကျွန်တော်တို့လည်း အိမ်ဘက် ဆက်လျှောက်လာရင်း အိမ်ရှေ့ဆင်၀င်နား ရောက်တော့ အဘိုးက ကျွန်တော့်ပုခုံးပေါ် လက်တစ်ဖက်တင်လိုက်ပြီး
"ငါ့မြေးနဲ့ လမ်းလျှောက်ရတာ ကောင်းသားပဲကွ။ အဘိုးလည်း သဘောကျပါတယ် ဘရိုက်စ်ရေ" လို့ပြောတော့ ကျွန်တော်လည်း
"ကျွန်တော်လည်း သဘောကျပါတယ်" လို့သာ ပြန်ဖြေလိုက်ပြီး အိမ်ထဲ ၀င်လာခဲ့ပါတော့တယ်။
အိမ်ထဲမှာတော့ စစ်မြေပြင်လိုကို ဖြစ်နေမှာ သေချာပါတယ်။ ဘယ်သူမှ တယောက်နဲ့ တယောက် အော်ဟစ်မနေကြပေမဲ့ အဖေနဲ့ အမေ့မျက်နှာက အကြည့်တွေက ကျွန်တော်နဲ့ အဘိုး အပြင်ထွက်နေတုန်း သူတို့ ပွဲကြမ်းခဲ့ကြပုံပေါက်နေတယ်လေ။
အဘိုးက ကျွန်တော့်နားကပ်ပြီး "ကဲ...ငါကတော့ နောက်တစ်ပူ သွားဖြေရှင်းပေးလိုက်ဦးမယ် ဟေ့" လို့ ပြောရင်း ထမင်းစားခန်းထဲက အဖေနဲ့ အမေ့ကို စကားပြောဖို့ ၀င်သွားပါတော့တယ်။
ကျွန်တော်လည်း သူတို့နှစ်ယောက်ကြားမှာ ဘာမှ ၀င်မပါချင်တာကြောင့် အခန်းထဲကိုပဲ တန်းသွားပြီး တံခါးပိတ်လို့ အိပ်ရာပေါ်မှာ လှဲနေခဲ့ပါတော့တယ်။ ကျွန်တော် အိပ်ရာပေါ်မှာ လှဲနေတုန်း ညစာ စားတုန်းက အကြောင်းတွေ တွေးမိပါသေးတယ်။ ကျွန်တော့်စိတ်ထဲ အတွေးတွေ အားလုံး ရှင်းသွားတော့မှ ကျွန်တော်လည်း အိပ်ရာပေါ်ကထပြီး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တာပေါ့။ လမ်းမီးအလင်းရောင် ဝါကျင့်ကျင့်အောက်ကနေ ဘိတ်ကာမိသားစုရဲ့ အိမ်ထဲက အလင်းရောင်လေးကို ကျွန်တော် လှမ်းမြင်လိုက်ပါသေးတယ်။ ကျန်တဲ့ နေရာတွေမှာတော့ ညအမှောင်ကြီးက မှောင်သထက်ကို မှောင်နေတော့တာပါ။ ကျွန်တော် ပြတင်းပေါက်နားကိုကပ်ပြီး ကောင်းကင်ကြီးကို လှမ်းကြည့်မိလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီကနေတော့ ကြယ်တွေကို ကောင်းကောင်း မမြင်ခဲ့ရပါဘူး။ ကျွန်တော် ဂျူလီတစ်ယောက် သဖန်းပင်ကြီး ပေါ်ကို ညဘက်တွေရော တက်ဖူးသေးလားလို့ တွေးမိပါတယ်။ ဒီကြယ်တွေရဲ့ ကြားထဲမှာပေါ့။
ကျွန်တော် အဘိုးပြောတဲ့ ရိုးရှင်းတာ၊ တောက်ပတာ၊ ပြိုးပြက်တာ ဆိုတဲ့ စကားတွေကို ပြန်တွေးမိပြီး ခေါင်းခါလိုက်ပါတယ်။ အဘိုး ဘာတွေများ ပြောခဲ့တာပါလိမ့်။ ဂျူလီဘိတ်ကာဆိုတာ ကျွန်တော့်အတွက်တော့ ဖုန်မှုန့်တွေလို ရိုးစင်းနေတဲ့ သူအပြင် မပိုခဲ့ဘူး မဟုတ်ပါလား။ ကျွန်တော် စာကြည့်စားပွဲပေါ်က မီးအိမ်ကို ယူပြီး ဂျူလီ့အကြောင်းပါတဲ့ သတင်းစာထဲကို အံဆွဲထဲကနေ လိုက်ရှာနေလိုက်ပါတယ်။ သတင်းစာက ဒီနားက တနေရာရာမှာပဲ ရှိရမှာ သေချာပါတယ်လေ။
သတင်းစာထဲမှာတော့ ကျွန်တော် ထင်ထားတဲ့ အတိုင်းပါပဲ။ သူတို့က ဂျူလီ့အကြောင်းကို ဂျူလီက ရက်ရှ်မော တောင်ကြီးကိုပဲ စောင့်ရှောက်နေသလို ပုံစံပေါက်အောင် ချဲ့ကားပြီး ရေးထားကြတာပါ။ သူတို့က ဂျူလီ့ကို ' မြို့ပြရဲ့ သဘာ၀' တို့၊ ' တိတ်ဆိတ်အေးချမ်းနေတဲ့ လူမှုအဖွဲ့အစည်းကို မီးမောင်းထိုးပြနေတဲ့ မီးပြတိုက်လေး' တို့ စတဲ့ စကားတွေသုံးပြီး ချဲ့ကားထားကြတာလေ။ သေသာ သေလိုက်ချင်ပါတော့တယ်ဗျာ။ အိမ်ပိုင်ရှင်က အိမ်ဆောက်ဖို့ သစ်ပင်ခုတ်တာလေးကိုပဲ ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေကြပါလိမ့်။ သူ့မြေ၊ သူ့သစ်ပင်ပဲကို သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်တာ မှန်တာပဲ မဟုတ်ပါလား။ ဒီ ဆောင်းပါးကို ဖတ်ရတာ ကျွန်တော် အန်တောင် အန်ချင်သွားခဲ့ပါတော့တယ်။
ဒါပေမယ့်...ဒါပေမယ့် သူတို့ ဂျူလီ့ကို အင်တာဗျူးတဲ့ နေရာရောက်တော့ ဂျူလီ့ရဲ့စကားက သတင်းစာဆရာရဲ့ စကားလို မဟုတ်တာ ကျွန်တော် သတိထားမိလိုက်ပါတယ်။ ဂျူလီ ပြောထားတဲ့ စကားတွေက ကြွားကြွားဝါဝါမရှိဘဲ လေးနက်နေတယ်လို့ ကျွန်တော် ခံစားမိတယ်လေ။ အဲ့ဒီ သစ်ပင်ပေါ် ထိုင်နေရတာကိုက သူ့အတွက် အတွေးတွေ ပျံ့လွင့်ဖို့ အကောင်းဆုံးနေရာဖြစ်ခဲ့တာ မဟုတ်ပါလား။
ဒါပေမယ့် ဒီထဲက တစ်ချက်ကိုတော့ ကျွန်တော် နားမလည်ခဲ့ပါဘူး။ သူက သစ်ပင်ပေါ်ထိုင်ရတဲ့ အရသာဟာ ထူးကဲသာလွန်တဲ့ တခြား ကမ္ဘာလေးကို ရောက်သွားတယ်လို့ ပြောထားပါတယ်။
"ဒါက ကမ္ဘာမြေကြီးရဲ့အပေါ်ကိုတက်ပြီး လေညင်းရဲ့ထိတွေ့မှုကို ခံစားရသလိုပါပဲရှင်။ အဲ့ဒီခံစားချက်ကတော့ ကျွန်မရဲ့ နှလုံးသားလေးကို အလှတရားဆိုတဲ့ အရာက နမ်းရှုံ့တာ ခံလိုက်ရသလိုပါပဲ" တဲ့လေ။ ဘယ်လို ဂျူနီယာကျောင်းသားတစ်ယောက်က ဒီလိုမျိုး စာကို ရေးတတ်တာပါလိမ့်။ ကျွန်တော့် သူငယ်ချင်းတွေထဲမှာတော့ ဒီလောက် စာကို လှလှပပရေးတတ်တဲ့သူ မရှိတာ အမှန်ပါ။
နောက်ပြီး သူက တစိတ်တပိုင်းပဲ ရှိတဲ့ အရာတွေကို ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လောက်ထိ လှပတဲ့အရာဖြစ်လာသလဲဆိုတာ ပြောထားတာလည်း ပါ,ပါသေးတယ်။ လူတွေက သူတို့ရဲ့ နေ့စဉ်ဘ၀မှာ ကြုံးတွေသမျှ အရာတွေကို ဘယ်လို ကျေးဇူးတင်သင့်တယ် ဆိုတာတွေရောပေါ့။
ကျွန်တော် ဂျူလီပြောထားတဲ့ အပိုင်းကို သုံး၊လေးခေါက်လောက် ပြန်ဖတ်လိုက်ရပါသေးတယ်။ စိတ်ထဲမှာတော့ ဂျူလီ ဒီလိုတွေ ဘယ်ကြောင့်များ တွေးတတ်ပါလိမ့်လို့ တွေးနေခဲ့တာပါ။ ဂျူလီဘိတ်ကာက စာတော်တဲ့ သူဆိုတာ ကျွန်တော် သိပေမဲ့ ဒီဆောင်းပါးထဲက အပြောအဆိုကတော့ တကယ့်ကို စံပြပါပဲလေ။
လွန်ခဲ့တဲ့ တစ်လကတည်းကသာ ဒီဆောင်းပါးကို ဖတ်ခဲ့မိမယ်ဆိုရင် ကျွန်တော် သူတို့ ခြံကြီး အမှိုက်ပုံလုံးလုံးဖြစ်နေရင်တောင် လျစ်လျူရှုခဲ့မိမှာပါ။ သူ့စကားတွေနဲ့ သူ့နေပုံထိုင်ပုံတွေက အခုမှပဲ ကျွန်တော့်အတွက် အဓိပ္ပါယ်ရှိပါတော့တယ်။ နောက်ပြီး လွန်ခဲ့တဲ့ တစ်လက ကျွန်တော် သတင်းစာထဲက ဂျူလီ့ရဲ့ပုံကို သတိမထားမိခဲ့ပဲ အခုမှပဲ သေချာကြည့် နေမိပါတော့တယ်။ ဟိုး အပေါ်က ဂျူလီ့ကို သစ်ပင်ပေါ်ကနေ လှေကားထောင်ပြီး ချပေးနေတဲ့ ပုံကိုတော့ မဟုတ်ပါဘူး။ ဆောင်းပါးရဲ့ အလယ်က သူ့ရဲ့ပုံကလေးကိုပေါ့။ ဒီပုံရိုက်တဲ့ သူက တကယ့်ကို ကင်မရာကောင်းကောင်းရှိတဲ့သူ ဖြစ်ရပါမယ်။ အဲ့ဒီပုံထဲက ဂျူလီက သစ်ပင်ပေါ်မှာရှိနေတာကို မြင်နိုင်ပေမဲ့ ဟိုးအပေါ်စီးက ရိုက်ထားတာမို့ သူက ကောင်းကင်ကြီးဆီ လှမ်းမျှော်ကြည့်နေတဲ့ ပုံပေါက်နေတယ်လေ။ လေတိုက်ခတ်လို့ ပျံ့လွင့်နေတဲ့ ဆံပင်တွေကြောင့် သူ့ကိုကြည့်ရတာဟာ သဖန်းပင်ကြီးကို သင်္ဘောလုပ်စီးပြီး နေမင်းကြီးရှိရာဆီ ကူးခတ်သွားနေတဲ့ အတိုင်းပါပဲ။
ကျွန်တော်က ဂျူလီ့ကို ရှောင်ကွင်းဖို့ နှစ်ပေါင်းများစွာ ကတည်းက ကြိုးစားနေခဲ့တာကြောင့် ဒီအကြည့်လေးကို တွေ့ခွင့်မရခဲ့ဘူးလေ။ အခုတော့ ကျွန်တော် ကြည့်လို့မ၀ကို ဖြစ်နေပါတော့တယ်။ ကျွန်တော့် ရင်ထဲမှာ ထူးထူးဆန်းဆန်း ခံစားချက်ကြီး ခံစားလိုက်ရပါတယ်။ ဒီခံစားချက်ကိုတော့ ကျွန်တော် သဘောလုံး၀မကျတာ အမှန်ပါ။
ကျွန်တော် သတင်းစာကို ခေါင်းအုံးအောက်ထိုးထည့်ရင်း ဂျူလီဘိတ်ကာဆိုတာ ဘယ်လောက်တောင် ဒုက္ခပေးတတ်တဲ့ ကောင်မလေးလဲဆိုတာ တွေးနေခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော့်စိတ်တွေက တခြား အရာတွေ တွေးနေမိတယ်လေ။ မကြာပါဘူး...ကျွန်တော် အဲ့ဒီ သတင်းစာကို ခေါင်းအုံးအောက်က ပြန်ထုတ်ပြီး ဖတ်နေမိပြန်ပါတော့တယ်။ ဒါက သိပ်ကို ရူးချင်စရာကောင်းပါတယ်။ ကျွန်တော် ဘာတွေများ တွေးနေမိပါလိမ့်။
နောက်ဆုံးတော့ ကျွန်တော်လည်း အိပ်ခန်းမီးပိတ်ပြီး အိပ်ရာ၀င်ဖို့သာ ကြိုးစားလိုက်ပါတော့တယ်။ ကျွန်တော် တခုခုတော့ ဖြစ်နေတာ သေချာပါပြီ။ ဒီတစ်ခါတော့ ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ဖို့ ကြိုးစားရပါမယ်။
အခန်း (၈)
ဂျူလီ
အိမ်ရှေ့ခြံ
ကျွန်မဟာ ကျွန်မတို့နေတဲ့ အိမ်နဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ရှက်တဲ့စိတ်မဖြစ်ခဲ့ဖူးပါဘူး။ ကျွန်မအတွက်တော့ အိမ်တွေ၊ လမ်းတွေဆိုတာ သိပ်ပြီး အရေးပါလှတာ မဟုတ်ဘူးလေ။ ဒါပေမယ့် ကျွန်မတို့ အိမ်နားမှာ အသစ်ဆောက်လာကြတဲ့ အိမ်သစ် လေးတွေကိုတော့ ကျွန်မ အားကျမိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်လေးဟာ ကျွန်မမွေးဖွားကြီးပြင်းလာခဲ့တဲ့ ကျွန်မရဲ့ မွေးဖွားရာ ဇာတိပဲ မဟုတ်ပါလား။
ကျွန်မတို့ ခြံကိုတော့ ကျွန်မ သတိထားမိနေတာ ကြာပါပြီ။ အမေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောနေတာ ကြာလှပေါ့။ ဒါပေမယ့် အမေက နဂိုကတည်းက တခုတ်တရ ပူညံပူညံမလုပ်တတ်သူဆိုတော့ ကျွန်မလည်း သေချာ ဂရုမစိုက်မိခဲ့ဘူး လေ။ အိမ်အတွင်းဘက်မှာသာ သန့်ရှင်းနေရင် လုံလောက်ပြီလို့ ကျွန်မ တွေးခဲ့တာပေါ့။ တကယ်လည်း ကျွန်မတို့အိမ်က အတွင်းဘက်မှာကို ဖုန်တစ်စက်မှမရှိရလေအောင် သန့်ရှင်းတဲ့ အိမ်လေးပါ။ ကျွန်မ အစ်ကိုတွေ အခန်းက လွဲလို့ပေါ့။ အမေက သူတို့ အခန်းထဲမှာ မြွေမွေးထားတာကို သိပြီးကတည်းက သူတို့ နှစ်ယောက် အခန်းထဲ ကပ်ကို မကပ်တော့တာပါ။ အမေက ကျွန်မအစ်ကို နှစ်ယောက်ကို နင်တို့က မြွေတစ်ကောင်တောင် မွေးတတ်လောက်အောင် ရင့်ကျက်နေပြီဆို ကိုယ့်အခန်းကို ရှင်းတတ်အောင် ကြိုးစားပေတော့ဆိုပြီး ပြောထားတယ်လေ။ မတ်ထ်နဲ့ မိုက်ခ်ကတော့ နားအေးရင်ပြီးရောဆိုပြီး သူတို့အခန်းကို အမြဲ တံခါးပိတ်ထားလို့သာ နေပါတော့တယ်။
ခြံကိစ္စအပြင် ကျွန်မ စိုးရိမ်မိတာ နောက်တစ်ခုကတော့ ကျွန်မတို့ မိသားစုရဲ့ ဝင်ငွေပါပဲ။ ကျွန်မတို့ မိသားစုက ငွေကြေး မချမ်းသာဘူးဆိုပေမဲ့ ငွေရေးကြေးရေးကြောင့် ကျွန်မအတွက် အနစ်နာခံလိုက်ရတဲ့ ကိစ္စမျိုး အခုထိ မရှိသေးတာ အမှန်ပါ။ ကျွန်မ လိုချင်တာ၊ ၀ယ်ချင်တာ မှန်သမျှက တစ်နည်းနည်းနဲ့ ကျွန်မလက်ထဲရောက်လာတာချည်းပါပဲ။
မတ်ထ်နဲ့ မိုက်ခ်တို့ကတော့ အတော်လေး အသုံးအဖြုန်းကြီးကြပါတယ်။ အမေကတော့ သူတို့ ငွေပိုတောင်းတဲ့ အခါတိုင်း
"မဟုတ်သေးပါဘူးကွယ်။ အမေတို့မှာ ငွေအများကြီး မရှိတာ မင်းတို့လည်း သိသားပဲ" လို့ ပြောနေပေမဲ့ ကျွန်မ စိတ်ထဲမှာတော့ အမေ့စကားတွေက
"ဟင့်အင်း။ သားတို့ ဒီပစ္စည်းတွေ တကယ်တမ်း မလိုပဲ မဖြုန်းချင်စမ်းပါနဲ့" လို့သာ သဘောပေါက်မိပါတယ်။ ဒါပေမယ့် ဘရိုက်စ်က ကျွန်မတို့အိမ်ကို စုတ်ပြတ်နုံချာတဲ့ နေရာကြီးလို့ ခေါ်လိုက်ပြီးတဲ့ နောက်မှပဲ ကျွန်မလည်း ကျွန်မ ပတ်၀န်းကျင်က အရာတွေကို အမြင်သစ်တစ်မျိုးနဲ့ မြင်တတ်လာတော့တာပေါ့။
တကယ်တော့ ကျွန်မတို့ ခြံတင်မက၊ အဖေ့ရဲ့ ထရပ်ကား၊ အမေ့ရဲ့ ကားစုတ်လေးနဲ့ ကျွန်မရဲ့ စက်ဘီးစုတ်ကလေးကပါ သံချေးတက်ပြီး စုတ်ပြတ်နေတာကို ကျွန်မ သတိထားမိလိုက်တာပါ။ နောက်ပြီး အမေနဲ့ အဖေတို့ ပစ္စည်း ပစ္စယ အသစ်တွေ ၀ယ်လာတိုင်း အဲ့ဒီပစ္စည်းတွေက အသစ်ကြပ်ချွတ်မဟုတ်ဘဲ တစ်ပတ်ရစ်ဆိုင်က ၀ယ်လာတဲ့ပုံ ပေါက်နေတာကိုရောပေါ့။ နောက်ထပ် တစ်ချက်ကတော့ ကျွန်မတို့ မိသားစုက ဘယ်တုန်းကမှ အပန်းဖြေခရီး မထွက်ဖူးဘူးဆိုတာပါပဲ။
ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်နေခဲ့ရတာပါလိမ့်။ ကျွန်မ အဖေဟာ ဒီကမ္ဘာပေါ်မှာ အလုပ်အကြိုးစားဆုံးသူပါ။ ကျွန်မ အမေကလည်း အိမ်အလုပ်တွေလုပ်ရင်းက အချိန်ပိုင်း အတွင်းရေးမှူး အလုပ်လေးတွေကို ရရင်ရသလို လုပ်တတ်တဲ့သူလေ။ ဒါပေမယ့် အခုတော့ ကျွန်မလည်း အကြောင်းစုံသိရအောင် အဖေနဲ့ အမေ့ကို ထုတ်မေးရမဲ့ အချိန်ရောက်လာပြီလို့ ထင်မိပါတယ်။ ကျွန်မဟာ နေ့စဉ်နေ့တိုင်းလိုလို ကျောင်းကနေ ပြန်လာတိုင်း သံချေးတက်နေတဲ့ စက်ဘီးလေးစီးပြီး အိမ်ရောက်ရင် ကျိုးပဲ့နေတဲ့ ခြံစည်းရိုးလေးမှာ မှီလို့ ဟိုတစ်ကွက် ဒီတစ်ကွက် မြက်တွေ အစီအစဉ်မကျ ပေါက်နေတဲ့ ခြံ၀င်းကို မသိကျိုးကျွံပြုကာ ဖြတ်လို့ အိမ်ထဲ ၀င်နေကြမဟုတ်ပါလား။ ဒီညတော့ ကျွန်မ အဖေနဲ့ အမေ့ကို ထုတ်မေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဒါပေမယ့်လည်း ကျွန်မ မမေးဖြစ်ခဲ့ပါဘူးလေ။ ကျွန်မဖြင့် ဘယ်လို စကားစရမယ်တောင် မသိတော့တာပါ။
ဒီလိုနဲ့ တစ်နေ့တော့ ကျွန်မလည်း ခြံ၀င်းကြီးအကြောင်းပြောဖို့ အကြံတစ်ခုရလာတာပေါ့။ ကျွန်မသာ သူတို့ကို ကူညီပေးဖို့ အကြံပေးတဲ့ အနေနဲ့ စကားစမယ်ဆို အဖေနဲ့ အမေလည်း သဘောကျမှာ ကျိန်းသေပါတယ်။ နောက်ပြီး အဲ့ဒီနေ့ညက ကျွန်မအစ်ကိုတွေက သီချင်းခွေဆိုင်မှာ အလုပ်လုပ်နေကြတာဆိုတော့ ညစာစားဝိုင်းမှာ အဖေ ရယ်၊ အမေရယ် ၊ ကျွန်မရယ် သုံး ယောက်ပဲ ရှိနေခဲ့ပါတယ်။ ကျွန်မလည်း အသက်ပြင်းပြင်း တစ်ချက်အရင်ရှူပြီး စကားစလိုက်တော့တာပေါ့။
"ဟိုဟာလေ...သမီး စဉ်းစားနေတာ တစ်ခုရှိတယ် သိလား။ သမီးသာ တူနဲ့ သံယူပြီး နည်းနည်းလောက် ရိုက်လိုက်မယ်ဆို အိမ်ရှေ့ခြံစည်းရိုးကို ပြင်ပြန်လို့ ရမလားလို့ပါ။ ပြီးရင် ဆေးလေးပါ သုတ်လိုက်မယ်ဆို မကောင်းဘူးလားဟင်။ နောက်ပြီး မြက်ခင်း မျိုးစေ့ကလည်း ဈေးသိပ်မကြီးဘူး မဟုတ်လားဟင် အဖေ။ သမီး ခြံထဲမှာ မြက်ခင်းလေးစိုက်ပြီး ပန်းပင်နည်းနည်းလောက်ပါ အလှစိုက်ရင် ကောင်းမလား တွေးမိလို့ပါ"
ကျွန်မ စကားဆုံးဆုံးခြင်း အဖေရော အမေပါ ညစာစားတာရပ်လို့ ကျွန်မကို ကြည့်လိုက်ကြပါတော့တယ်။
"သမီးက လွှတွေနဲ့ တူတွေလည်း ကောင်းကောင်း သုံးတတ်ပါတယ် အဖေ။ သမီးလည်း အိမ်ရှေ့ခြံကွက်လေးကို ပရောဂျက်တစ်ခုအနေနဲ့ အကောင်အထည်ဖော်လို့ရတာပေါ့" လို့ ကျွန်မ ဆက်ပြောလိုက်တော့ အမေက ကျွန်မဆီက အကြည့်လွှဲပြီး အဖေ့ကို ဆက်ကြည့်နေလိုက်ပါတယ်။
အဲ့ဒီတော့ အဖေလည်း သက်ပြင်းချပြီး ကျွန်မကို ပြန်ပြောတယ်လေ။
"ခြံ၀င်းကို ပြင်ဖို့ဆိုတာ အဖေတို့ တာ၀န်မဟုတ်ဘူး ဂျူလီယာနာ ရဲ့"
"ဟင်...သမီးတို့ တာ၀န် မဟုတ်ဘူး ဟုတ်လား အဖေ"
အဖေက ခေါင်းခါပြီး ဆက်ပြောလိုက်ပါတယ်။
"ဟုတ်တယ်။ ခြံဝင်းကိုပြင်ပေးရမှာက မစ္စတာ ဖင်နီဂန်ရဲ့ တာ၀န်ကွဲ့"
"မစ္စတာ ဖင်နီဂန်က ဘယ်သူလဲ အဖေ"
"သူက အဖေတို့နေတဲ့ အိမ်ကို ပိုင်တဲ့ အိမ်ရှင်ပေါ့"
ကျွန်မဖြင့် ကြားလိုက်ရတဲ့ နားကိုတောင် မယုံနိုင်တာ အမှန်ပါ။
"ဘယ်...ဘယ်လို အဖေ" လို့ ကျွန်မ မယုံကြည်ခြင်းများစွာနဲ့ မေးလိုက်တော့ အဖေက လည်ချောင်းရှင်းလိုက်ပါတော့တယ်။
"ဟုတ်တယ် သမီး။ သူက အိမ်ပိုင်ရှင်ပဲ"
"ဒါဆို သမီးတို့ အခု နေတာက အိမ်ပိုင် မဟုတ်ဘူးပေါ့နော် အဖေ"
အဖေနဲ့ အမေလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လို့ ကျွန်မနားမလည်နိုင်တဲ့ အမူအရာတွေနဲ့ မျက်နှာရိပ်မျက်နှာကဲ ပြလိုက်ကြတယ်လေ။ ပြီးတော့မှ အဖေက ပြောတယ်။
"ဟုတ်တယ် သမီးရဲ့။ အဖေက သမီး ဒီကိစ္စကို သိတယ်လို့ပဲ ထင်နေတာပါ"
"ဒါပေမယ့်လည်း ဒါက ဘယ်လိုလုပ် အဓိပ္ပါယ် ရှိမှာလဲ အဖေရယ်။ သူက အိမ်ရှင်သာဆို ဘာလို့ သမီးတို့ အိမ်ကို လာမပြင်ပေးရတာလဲဟင်။ ခေါင်းမိုးပေါက်တာတွေ၊ ရေမြောင်း ဆို့တာတွေက ပုံမှန်ဆို အိမ်ရှင်တွေကပဲ ပြင်ပေးရတာ မဟုတ်ဘူးလား။ အခုတော့ အဖေကချည်းပဲ လုပ်နေတာကို သမီးတွေ့ဖူးတာလေ။ အဖေက သူ့ကို မပြောဘဲ ဘာလို့ ကိုယ့်ဘာသာလုပ်ရတာလဲ အဖေ"
"ဘာလို့လဲဆိုတော့ သမီးရယ်..."
အဖေက ကျွန်မကို ရှင်းပြလို့ စကားရှာနေရင်းက သက်ပြင်းချလိုက်ပါသေးတယ်။
"ဘာလို့လဲဆိုတော့ သူ့ကို တောင်းဆိုနေမဲ့အစား ကိုယ့်ဘာသာလုပ်ရတာက ပိုပြီး အဆင်ပြေလို့ပေါ့ကွယ်"
"ဟင်...ဘယ်လို အဖေ..."
"ကိုယ့်ဘာသာလုပ်တော့ သူလည်း အဖေတို့ဆီက အိမ်လခ တိုးမတောင်းတော့ဘူးပေါ့ ဂျူလီယာနာရဲ့"
"ဒါပေမယ့်...."
ကျွန်မ ဆက်မပြောနိုင်ခင်မှာပဲ အမေက ကျွန်မလက်ကိုဆုပ်ကိုင်ထားလိုက်ပါတော့တယ်။
"သမီး သိပ်အံ့ဩသွားရင် အမေပဲ တောင်းပန်ပါတယ် သမီးရယ်။ အမေက သမီးလည်း အမေတို့က အိမ်ငှားနေရတာကို သိတယ်လို့ပဲ ထင်ထားတာပါ"
အဖေကတော့ မျက်မှောင်ကြုတ်လို့
"အဖေတို့ အိမ်ငှားစာချုပ် ချုပ်တုန်းကတော့ သူက ခြံစည်းရိုးတွေ၊ အိမ်ရှေ့ခြံ၀င်းထဲမှာ အပင်စိုက်တာတွေပါ သူလုပ်ပေးပါ့မယ်လို့ ပြောပါတယ်ကွယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူးလေ" လို့ပြောပြီး ခေါင်းခါလိုက်ပါတော့တယ်။
"ဒါက အိမ်ရှင်ဘက်က လုပ်ပေးရမဲ့ ကိစ္စတွေကွဲ့။ နောက်ပြီး အဖေတို့ ကိုယ်တိုင်လုပ်ရအောင်လည်း ခြံစည်းရိုးပြင်တယ်ဆိုတာ စရိတ်စက နည်းတာမှ မဟုတ်တာ။ အဖေကတော့ ကိုယ်ပိုင်အိမ်မဟုတ်တဲ့ ဒီအိမ်အတွက် ကိုယ့်အိတ်ထဲက ပိုက်ဆံစိုက်ပြီး ပြင်ဆင်ဖို့ ဆန္ဒမရှိဘူး သမီးရယ်။ နောက်ပြီး ဒါတွေ မရှိလည်း အဖေတို့ နေနိုင်တာပဲကို"
"ဒါပေမယ့် သမီးတို့က ဒီအိမ်မှာနေတဲ့သူတွေလေ...အဖေရယ်" လို့ ကျွန်မ တီးတိုးလေးရေရွတ်လိုက်ပါသေးတယ်။
"နောက်ပြီး သမီးတို့အိမ်ကို ကြည့်ရတာ သိပ်ကို စုတ်ပြတ်နေတာပဲ"
အဖေက ကျွန်မကို အကဲခတ်နေလိုက်ပါတယ်။
"ဂျူလီယာနာ...သမီး ဒီနေ့ ဘာဖြစ်နေတာလဲ"
"ဘာမှ မဖြစ်ပါဘူး အဖေ" လို့ ကျွန်မ ပြန်ဖြေလိုက်ပါတယ်။ ဒါပေမယ့် အဖေကတော့ ကျွန်မ လိမ်နေမှန်း ရိပ်မိတဲ့ပုံပါပဲ။
"သြော် သမီးရယ်...အဖေတို့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ"
ကျွန်မပြောလိုက်ရင် အဖေ ဘာပြန်ပြောမလဲဆိုတာ ကျွန်မ ရိပ်မိပါတယ်လေ။ အဲ့ဒါကြောင့်လည်း ကျွန်မ ပြောမထွက်တာပါ။ ဒါပေမယ့် ကျွန်မလည်း အသက်ပြင်းပြင်း တစ်ချက်ရှူပြီးပြောလိုက်ပါတော့တယ်။
"သမီးတို့ခြံက ညစ်ပတ်နေတာမို့ အစာအဆိပ်သင့်မှာစိုးလို့ လော့စကီ မိသားစုက သမီးပေးတဲ့ ကြက်ဥတွေကို လွှင့်ပစ်နေကြတယ်တဲ့ အဖေ" လို့ ကျွန်မလည်း အရဲစွန့်ပြီး ပြောလိုက်တော့ အဖေက
"အိုး...ဘယ့်နှယ့်ကွာ" ဆိုပြီး တအံ့တဩနဲ့ ယောင်ပြီး ပြောထွက်သွားတော့တာပေါ့။ အမေကတော့ ပါးစပ်အဟောင်းသားနဲ့ကို ဖြစ်နေရင်းက ကျွန်မကို မေးလိုက်ပါသေးတယ်။
"ဘယ်လို....ပက်ဆီက သမီးကို အဲ့ဒီလိုပဲပြောလားဟင်"
ကျွန်မ ခေါင်းငုံ့နေလိုက်ပါတော့တယ်။
"မဟုတ်ဘူး အမေ။ ဘရိုက်စ်က ပြောတာပါ" လို့ ကျွန်မ ပြန်ပြောလိုက်တော့ အမေက
"ဒါပေမယ့် ဒီစကားက သူတို့မိသားစုကနေ ထွက်လာတာပဲ ဖြစ်ရမယ်။ သူ့လိုကလေးက ဒီလိုစကားမျိုး ဘယ်လိုလုပ်ပြောတတ်မှာလဲကွယ်" ဆိုပြီး အမေ့ခမျာ တော်တော်လေး ခံစားသွားရရှာပါတယ်။ ပြီးတော့ အမေက မျက်နှာကို လက်နဲ့ အုပ်လို့ အဖေ့ကို ပြောတော့တာပေါ့။
"ကျွန်မ ဒီလိုဆက်မနေနိုင်တော့ဘူးရှင်။ ကျွန်မတို့ ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီ ရောဘတ်။ ကျွန်မ ဒီလို မျိုးနေရတာ စိတ်ကုန်လာပါပြီရှင်"
"ထရီနာ....ကိုယ်က အကောင်းဆုံးကြိုးစားနေတယ်ဆိုတာ မင်းလည်း သိတာပဲ။ ခြံကိစ္စတွေနဲ့ တခြားကိစ္စတွေအတွက်လည်း ကိုယ် မင်းကို တောင်းပန်ပါတယ်ကွာ။ ကိုယ်လည်း ကိုယ့်မိသားစုကို ဒီလိုမျိုး ရှင်သန်လာဖို့ ဘယ်တုန်းကမှ မျှော်မှန်းခဲ့တာ မဟုတ်ပါဘူးလေ။ ဒါပေမယ့် တခါတလေတော့ ကိုယ်တို့တွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ အတွက် အနစ်နာခံကြရတယ်ကွ"
အမေက သူ့မျက်နှာကို အုပ်ထားတဲ့ လက်ကို ချလိုက်တာပေါ့။
"ဒါက ကျွန်မတို့ မိသားစုအတွက်တော့ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးရှင့်။ ကျွန်မတို့ ခြံကို မပြုပြင်တဲ့အတွက် သမီးလေး အခုလို အပြောအဆိုခံရတာကို ရှင် ကိုယ်ချင်းစာသင့်ပါတယ်ရှင်"
"ဒါက ကိုယ်တို့ အပိုင် အိမ်နဲ့ခြံမှ မဟုတ်တာကွာ"
"ရှင် ဘယ်လိုလုပ် ဒီလိုပြောရက်ရတာလဲဟင်...ရောဘတ်။ ရှင့်မျက်လုံးတွေလည်း ဖွင့်ကြည့်ဖို့ ကြိုးစားကြည့်စမ်းပါဦး။ ကျွန်မတို့ ဒီနေရာမှာ နေလာတာ ခဏလေးမဟုတ်ဘဲ ၁၂ နှစ်တောင်ရှိပြီရှင့်။ ကျွန်မတို့ အိမ်လေးကို ကောင်းကောင်းမွန်မွန် ပြုပြင်ချင်တယ်ဆိုရင်... ကျွန်မတို့ ကလေးတွေကို ကောလိပ်ပို့ပြီး သူတို့လေးရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ရှင် ဆန္ဒရှ်ိသေးတယ်ဆိုရင်... ကျွန်မတို့ သူ့ကို အစိုးရအထောက်အပံ့ ဂေဟာ ဆီ ပို့ရလိမ့်မယ်ရှင့်"
အဲ့ဒီတော့ အဖေကလည်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ပါတော့တယ်။
"ထရီနာရာ...ကိုယ်တို့ ဒီကိစ္စကို အကြိမ်ကြိမ်အခါခါ ဆွေးနွေးပြီးပြီလေကွာ။မင်းလည်း သူ့ကို ဟရင်းဟေးဗန်း စောင့်ရှောက်ရေးဂေဟာမှာပဲဆက်ထားဖို့ သဘောတူခဲ့တာပဲ မဟုတ်လား"
အဖေနဲ့ အမေ ဘယ်ကို စကားရောက်သွားတာလဲဆိုတာ ကျွန်မလည်း နားမလည်နိုင်တော့ပါဘူး။ သူတို့ ဘာတွေပြောနေကြပါလိမ့်။ သူတို့ ဘယ်သူ့အကြောင်းကို ပြောနေကြပါလိမ့်နော်။ ဒါပေမယ့် အဖေနဲ့ အမေက တစ်ယောက် တစ်ခွန်းဆီ အော်ဟစ်နေလေတော့ ကျွန်မလည်း စကားဖြတ်ပြီး ၀င်မပြောရဲခဲ့ပါဘူး။ သူတို့က ကျွန်မပြောတဲ့ ကိစ္စကို မေ့လို့ လူတစ်ယောက်အကြောင်းကို အချီအချ အော်ဟစ် ဆွေးနွေးနေပါတော့တယ်။ ကျွန်မလည်း တွေးရင်း တွေးရင်းနဲ့ ခဏလောက်နေတော့မှပဲ စိတ်ထဲ ဖျတ်ခနဲ အတွေးပေါက်သွားတယ်လေ။ သူတို့ပြောနေကြတာ ကျွန်မ အဖေရဲ့ ညီ၊ ကျွန်မ ဦးလေး ဒေးဗစ်အကြောင်းပဲ ဖြစ်ရပါမယ်။
ကျွန်မအတွက်တော့ ဦလေး ဒေးဗစ်ဆိုတာ နာမည်ပဲ ကြားဖူးတဲ့သူပါ။ အဖေနဲ့ အမေက ကျွန်မကို သူ့အကြောင်းပြောပြဖူးပေမဲ့ အပြင်မှာတော့ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူးလေ။ နောက်ပြီး အဖေက သူ့ညီလေးဆီ သွားလည်တဲ့အခါတွေရှိပေမဲ့လည်း သူ ဘယ်အချိန်သွားလိုက်သလဲတော့ ကျွန်မ မသိတာ အမှန်ပါပဲ။ အဖေကလည်း ကျွန်မတို့ကို မပြောဘဲ တစ်ယောက်ထဲသွားတတ်တာကိုး။
အဖေက ဦးလေး ဒေးဗစ်ဟာ ဉာဏ်စဉ်မမီတဲ့သူဖြစ်ကြောင်းဆိုတာကို ဘယ်သူ့ကိုမှလည်း မပြောတတ်ပါဘူးလေ။
"လူတွေက အမြဲတမ်း အဆုံးထိကိုတွေးတတ်ကြတယ် သမီးရဲ့" လို့ အဖေက ကျွန်မကိုပြောဖူးပါတယ်။
"သူတို့က ဒီလိုမိသားစုမျိုးရိုးထဲက ဆင်းသက်လာတဲ့ သမီးကိုလည်း ဦးနှောက်များ ချို့ယွင်းနေသလားလို့ မေးတတ်ကြတယ်ကွဲ့"
အဲ့ဒါကြောင့်လည်း ကျွန်မတို့ ဦလေး ဒေးဗစ်အကြောင်းကို အိမ်မှာရော မိတ်ဆွေ သူငယ်ချင်းတွေနဲ့ပါ လုံး၀ မပြောဖြစ်တာပါ။ ကျွန်မအတွက်တော့ ဦးလေး ဒေးဗစ်ဆိုတာဟာ စိတ်ကူးထဲကသူငယ်ချင်းတစ်ယောက်လိုပါပဲ။
အခုတော့ သူတို့ပြောနေတဲ့ စကားအရ ဦးလေးဒေးဗစ်ကြောင့် ကျွန်မတို့ ကိုယ်ပိုင်အိမ်မ၀ယ်နိုင်သေးမှန်း ကျွန်မ သိလိုက်ရပါပြီ။ ဒါ့အပြင် ကျွန်မတို့အိမ်မှာ ကားကောင်းကောင်း၊ ပရိဘောဂပစ္စည်းကောင်းကောင်းတွေ မရှိရတာနဲ့ အမေနဲ့ အဖေ့ရဲ့ မျက်နှာမှာ အမြဲတမ်း တခုခုကို စိုးရိမ်နေရတဲ့ အရိပ်အယောင်လေးတွေ တွဲလဲခိုနေရတာဟာလည်း သူကြောင့်ပါပဲ။
အစကတည်းက ဘာလို့များ ကျွန်မ ခြံကိစ္စကို ထုတ်ပြောပြီး အခုလို ရန်ပွဲတွေဖြစ်လာအောင် ဖန်တီးခဲ့ရပါလိမ့်နော်။ ကျွန်မတစ်သက်လုံးမှာ အဖေနဲ့အမေတို့ အခုလို ရန်ဖြစ်တာ ပထမဆုံးတွေ့ဖူးတာပါပဲ။ ကျွန်မလည်း သူတို့ကို ၀င်ဆွဲပြီး
'တော်ကြပါတော့ အဖေနဲ့ အမေတို့ရယ်။ အဖေတို့က တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်မဟုတ်လားဟင်။ ရန်မဖြစ်ကြပါနဲ့နော်' လို့သာ ပြောလိုက်ချင်ပါတော့တယ်။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်မက ဘာမှ မပြောဘဲ ညစာစားဝိုင်းကထိုင်ခုံမှာ မျက်ရည်တွေ စီးကျပြီး ထိုင်နေခဲ့တယ်လေ။
အမေက ကျွန်မ ငိုနေတာမြင်တော့ အဖေ့ကို တွတ်ထိုးလိုက်ပါတယ်။
"ကျွန်မတို့ သမီးလေးရှေ့မှာ ဒီလိုမျိုးတွေ မလုပ်သင့်ဘူးနော် ရောဘတ်"
"အဖေ တောင်းပန်ပါတယ် ဂျူလီယာနာရယ်" လို့ အဖေက ကျွန်မကို ပြောလိုက်တယ်လေ။ ပြီးတော့ အဖေက ကျွန်မ လက်မောင်းကို ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးလိုက်ပါသေးတယ်။
"မငိုပါနဲ့ကွယ်။ ဒါတွေက သမီး အမှားမှ မဟုတ်တာ။ အဖေတို့ တစ်နည်းနည်းနဲ့ ကြည့်စီစဉ်လိုက်ပါ့မယ်ကွယ်။ အဖေ သမီးကို ကတိပေးပါတယ်"
အမေကတော့ မျက်ရည်စတွေကြားထဲကနေ ကျွန်မကို အားပေးရှာပါတယ်။
"အမေတို့ အမြဲတမ်း ဒီလိုကြုံတွေခဲ့ရတာပဲကွယ်။ အမေတို့ ဒီတစ်ခါလည်း ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း တွေ့လာမှာပါကွယ်" တဲ့လေ။
အဲ့ဒီညက ကျွန်မအခန်းထဲကို အဖေရော အမေပါ တစ်လှည့်စီလာပြီး စကားပြောခဲ့ကြပါသေးတယ်။ အဖေက သူ့ရဲ့ညီလေးအကြောင်း၊ သူ့ကို ဘယ်လောက်ချစ်ကြောင်းနဲ့ အဖေက သူ့က်ို စောင့်ရှောက်ပေးဖို့ မိဘတွေကို ကတိပေးခဲ့ကြောင်း ကျွန်မကို ရှင်းပြခဲ့ပါတယ်။ အမေကလည်း သူဟာ အဖေရဲ့ စိတ်ဓါတ်၊ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ အိမ်မက်တွေကို လေးစားအားကျကြောင်း ကျွန်မကို ပြောခဲ့တာပေါ့။ အမေ့စကားအရဆို ကျွန်မဟာ အခုလက်ရှိရရှိနေတဲ့ အရာတွေကိုသာ ကံကောင်းခြင်းအဖြစ် မှတ်ယူသင့်တယ်တဲ့လေ။ အမေက ကျွန်မအခန်းထဲက ထွက်ခါနီး အိပ်ရာ၀င် အနမ်းလေးပေးလို့ သူ့ရဲ့ ကံကောင်းခြင်းလေးတွေအကြောင်းကို ကျွန်မ နား,နားကပ်ပြီး ပြောသွားတော့ ကျွန်မ ငိုမိပါတယ်။ ကျွန်မက သူ့ဘ၀အတွက် အကောင်းမွန်ဆုံး ဆုလာဒ်ပဲတဲ့လေ။
ကျွန်မ အဖေ့အတွက်ရော အမေ့အတွက်ပါ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။ တစ်ချိန်ထဲမှာပဲ ဒီလို အဖေနဲ့ အမေမျိုး ပိုင်ဆိုင်ထားရတဲ့ အတွက်လည်း ကျွန်မ ၀မ်းသာမိပါသေးတယ်။
နောက်တစ်နေ့ မနက်ရောက်တော့ ကျွန်မလည်း သံချေးတက်နေတဲ့ စက်ဘီးစုတ်လေးစီးပြီး ကျောင်းကိုသွားနေတဲ့လမ်းမှာပဲ ကျွန်မ ဒီနေ့ အိမ်ပြန်ရောက်တဲ့အခါ ကျွန်မတို့ ခြံလေးကို ပြုပြင်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ အိမ်ငှားဖြစ်ဖြစ်၊ အိမ်ပိုင်ဖြစ်ဖြစ် ဒါဟာ ကျွန်မတို့နေတဲ့ အိမ်ကလေးပဲ မဟုတ်ပါလား။ ကျွန်မတို့ ဒီအိမ်မှာ နေနေသမျှကာလထဲမှာတော့ ဒီနေရာလေးကို အလှပဆုံး ကျွန်မ ပြင်ဆင်ပေးချင်မိပါတယ်။
ဒါပေမယ့် ဖြစ်ချင်တော့ ခြံပြင်ဖို့ဆိုတာ တကယ် မလွယ်ကူတဲ့ မဟုတ်မှန်း ကျွန်မ သိလာခဲ့ရပါတော့တယ်။ ကျွန်မဖြင့် ဂိုဒေါင်ထဲ၀င်ပြီး တူတစ်ချောင်းရယ်၊ သံဗူးရယ်၊ လွှတစ်ချောင်းရယ်နဲ့ ပလာယာတစ်ချောင်း ရှာရတာနဲ့တင် နာရီ၀က်လောက် အချိန်ကုန်သွားပါရောလား။ နောက်ပြီး ခြံရှေ့မတ်တပ်ရပ်လို့ ဘယ်နားက စလုပ်ရင်ကောင်းမလဲ စဉ်းစားတာက နောက်ထပ် နာရီ၀က် ထပ်ကြာသွားပါသေးတယ်။ ခြံ၀င်းထဲမှာကတော့ ပေါင်းပင်တွေနဲ့ ခြံစည်းရိုးချုံပင်တွေက ရောထွေးလို့ နေတော့တာပေါ့။ ကျွန်မကတော့ ဒီပေါင်းပင်ရှည်ကြီးတွေကို အမြှစ်ကပဲ နှုတ်ရမလား၊ မြက်ခင်းလေးတွေ ဖြစ်တဲ့အထိ ရိတ်ပစ်လိုက်ရမလား စဉ်းစားရကျပ်နေပါတော့တယ်။ ခြံစည်းရိုးချုံပင်တွေကိုရော အမြစ်ဖြတ်ပစ်ရမှာလား။ ခြံစည်းရိုးကိုရော ဘယ်လိုလုပ်ရပါ့မလဲ။ ခြံစည်းရိုးကို အကုန်လုံးပဲ ဖျက်ပစ်လိုက်ရမလား...ဒါမှမဟုတ် လိုအပ်တဲ့နေရာလေးတွေမှာပဲ ထည့်ဖြည့်ပြီး သံရိုက်ရင် ကောင်းမလား မစဉ်းစားတတ်တော့ပါဘူးလေ။ ဒါမှမဟုတ် ကျွန်မ အိမ်ရှေ့ဘက်ခြမ်းက ခြံစည်းရိုးတွေကို ဖြုတ်ချပြီး ဘေးဘက်က ခြံစည်းရိုးမှာ သစ်သားတွေ ဖြည့်ရိုက်မယ်ဆိုလည်း မဆိုးလှပါဘူး။
ကျွန်မ ခေါင်းတွေပူအောင် တွေးပြီး အိမ်ကို လှည့်ပတ်ကြည့်လေ၊ နဂိုတွေးထားတဲ့ အကြံပျောက်လေ ဖြစ်နေရပါတော့တယ်။ ဒါမှမဟုတ် ကျွန်မ ဘာမှ မလုပ်ပဲနေရင်ရော။ ပြောရမယ်ဆို ဒါက ကျွန်မ တာ၀န်မှ မဟုတ်တာ။ မစ္စတာ ဖင်နီဂန်ကပဲ သူ့အိမ်အတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ပေးရမှာပဲလေ။
ဒါပေမယ့် အမေ မနေ့ညကပြောခဲ့တဲ့ စကားတွေကို ကျွန်မ သတိရလိုက်ပါတယ်။ အမေပြောတာလည်း ဟုတ်ပါတယ်။ ဆွေးမြေ့နေတဲ့ သစ်သားအပိုင်း အစ တွေနဲ့ ချုံပုတ်တွေက လူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းနဲ့ ကံကောင်းခြင်းကို အဆုံးအဖြတ် မပေးနိုင်ပါဘူးလေ။ဒီလိုနဲ့ပဲ ကျွန်မလည်း ကတ်ကြေးတစ်လက်ဆွဲလို့ အလုပ်စခဲ့တော့တာပေါ့။
ချုံပုတ်ပင်တွေကို ကတ်ကြေးတစ်လက်နဲ့ နာရီ၀က်လောက်ကြာအောင် ညှိနေရင်း သိလိုက်ရတာ တစ်ခုကတော့ ချုံပုတ်ပင်တွေဆိုတာ အကိုင်းအခက်တွေကလည်း များလွန်းပြီး ကတ်ကြေးနဲ့ ညှပ်ပြီး ပုံသွင်းလေလေ၊ ပိုပြီး အကိုင်းအခက်တွေက သန်လာလေလေ ဆိုတာပါပဲ။ ဒါဆို ဒီ ချုံပုတ်ပင်တွေက ထွက်လာမဲ့ အကိုင်းအခက်တွေကိုရော ဘယ်မှာ သွားပစ်ရပါ့မလဲ။ ဒီအတိုင်း ဆက်သွားနေရင်တော့ အချိန်ကုန်ပြီး လူပင်ပန်းဖို့သာ ရှိပါတော့တယ်။
အမေက အိမ်ပြန်ရောက်လာတော့ ကျွန်မကို ဆက်ပြီး အပင်ပန်းခံမနေဖို့ နားချပါသေးတယ်။ ပြောရမယ်ဆို ကျွန်မလည်း အခုအချိန် အထိလုပ်နေတာတောင် ချုံပုတ်နှစ်ခုလောက်ကိုပဲ ပုံသွင်းထားရသေးတယ်လေ။ ဒါပေမယ့် မကြာခင်မှာပဲ ဒီခြံလေးက အင်မတန် လှပတဲ့ နေရာလေးဖြစ်သွားအောင် ပြုပြင်ဖို့တော့ ကျွန်မ စိတ်အားထက်သန်နေခဲ့တာ အမှန်ပါ။
"ဒီလို ခေါင်းမာတာကတော့ သမီး အဖေရဲ့ ဗီဇပဲဟေ့" လို့ ပြောပြီး အမေလည်း အိမ်ထဲ၀င်သွားပါတော့တယ်။ ဒါပေမယ့် သူက ဖျော်ရည်တစ်ခွက်ဖျော်လို့ ကျွန်မဆီ ယူလာပေးခဲ့ပါတယ်။ ကျွန်မပါးလေးကို အမေနမ်းလိုက်တာနဲ့တင် ကျွန်မ အမောတွေ ပြေရပါပြီလေ။
ပထမဆုံး အလုပ်စလုပ်တဲ့နေ့လည်းကုန်ရော ကျွန်မရဲ့ ကောင်းမှုကြောင့် ခြံထဲမှာ အမှိုက်ပုံကြီးဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။ ဒါပေမယ့် အခုလိုရှုပ်ပွနေတာကိုက ဒီ့ထက်ပိုပြီးကြီးမားတဲ့ အရာတစ်ခုခုကို တည်ဆောက်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းသာဆိုရင် ကျွန်မကတော့ လမ်းမှန်ပေါ်ရောက်နေတာ သေချာပါတယ်။ ကျွန်မလည်း ညဘက် ပင်ပန်းပြီး အိပ်ရာပေါ်မှာ အနားယူတုန်း ဒီလိုလေး ကိုယ့်ကိုယ်ကို အကောင်းဘက်က ဖြည့်တွေးရင်း ဖြေသာခဲ့ရတာပေါ့။
နောက်တစ်နေ့ နေ့လည်ခင်း ကျွန်မ အိမ်ရှေ့ခြံထဲမှာ မနေ့က ရှုပ်ထားတဲ့ အမှိုက်ပုံကြီးကို ဒီ့ထက်ပိုကြီးအောင် အလုပ်တွေရှုပ်နေတုန်း ကျွန်မအနောက်ဘက်ကနေ အသံဩဩကြီးတစ်ခုကို ကြားလိုက်ရပါတော့တယ်။
"ဪ...တော်တော်လည်း အလုပ်ဖြစ်နေပါ့လား ကလေးမလေးရဲ့..."
ကျွန်မအနောက်မှာ ရပ်နေတာက ဘရိုက်စ်ရဲ့ အဘိုးရယ်ပါ။ သူ့ကို ဘရိုက်စ်ရဲ့ အဘိုးဆိုတာလောက်ပဲ ကျွန်မသိပါတယ်လေ။ ကျွန်မက သူ့ကို အပြင်မှာ တစ်ခါလောက်ပဲ တွေ့ဖူးပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ သူ့ကို ပြတင်းပေါက်မှန်တွေနောက်မှာပဲ ထိုင်နေတာကို ကျွန်မ မြင်ဖူးတယ်လေ။ တခါတလေတော့ သူက ဧည့်ခန်းထဲမှာ ထိုင်နေတတ်သလို ကားထဲမှာ ထိုင်ပြီးလိုက်သွားတာလည်း ကျွန်မ မြင်ဖူးတာပေါ့။ အဲ့ဒီတော့ ဘရိုက်စ်ရဲ့ အဘိုးဟာ ကျွန်မအတွက်တော့ ပြတင်းပေါက်မှန်နောက်မှာ ထိုင်နေတတ်တဲ့ ဆံပင်နက်နက်နဲ့လူကြီး တစ်ယောက်ထက် မပိုခဲ့ပါဘူး။ အခုလို သူက ကျွန်မတို့ အိမ်ရှေ့အထိရောက်လာပြီး စကားပြောနေတော့ ကျွန်မခမျာ တီဗွီထဲမှာ မြင်နေကြလူကြီးက အပြင်ထွက်လာပြီး စကားပြောနေသလိုတောင် ခံစားမိနေပါတော့တယ်။
"အဘိုးတို့ တစ်ယောက်နဲ့ တစ်ယောက်တော့ မျက်မှန်းတန်းနေမိကြတာ ကြာပြီ မဟုတ်လားကွဲ့" လို့ သူကလည်း ကျွန်မ သူ့ကို လှမ်းကြည့်နေတာကို သိကြောင်း ပြောပြပါတယ်။
"တစ်နှစ်ကျော်တောင် ကြာပြီးတော့မှ အခုလို လူချင်းလာနှုတ်ဆက်လာရတာ အဘိုးကပဲ အားနာပါတယ်ကွယ်။ အဘိုးနာမည်က ချက်စတာ ဒန်ကန်တဲ့။ ဘရိုက်စ်ရဲ့ အဘိုးပေါ့။ သမီးကတော့ ဂျူလီယာနာ ဘိတ်ကာဆိုတဲ့ ကလေးမ မဟုတ်လားကွဲ့"
သူက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကိုဆန့်ထုတ်လိုက်တော့ ကျွန်မလည်း အလုပ်လုပ်တုန်း၀တ်ထားတဲ့ လက်အိတ်ရှည်ကြီးကို ချွတ်ပြီး သူ့ကို လက်ဆွဲကာ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်မလက်သေးသေးကလေးကို မစ္စတာ ဒန်ကန်ရဲ့ လက်ကြီးတွေနဲ့ ဆုပ်ကိုင်လိုက်တော့ ကျွန်မလက်တွေတောင် ပျောက်ကွယ်သွားပါတော့တယ်။
"တွေ့ရတာ ၀မ်းသာပါတယ် မစ္စတာ ဒန်ကန် ရှင့်" လို့ ကျွန်မလည်း ပြန်နှုတ်ဆက်လိုက်တာပေါ့။ စိတ်ထဲမှာတော့ သူ့ကို မှန်နောက်မှာ ထိုင်နေတာကို တွေ့ရတာထက် အခုလို လူချင်းတွေ့တော့ အတော်လေး လူကောင်ကြီးသားလို့ တွေးမိနေတယ်လေ။
အဲ့ဒီနောက် ဆက်ဖြစ်သွားတဲ့ ကိစ္စကတော့ အတော်လေး ထူးဆန်းတယ်လို့ ပြောရပါမယ်။ မစ္စတာ ဒန်ကန်က သူ့အိတ်ကပ်ထဲကနေ လက်အိတ်ရှည်နဲ့ ဘောင်းဘီနောက်အိတ်ထဲက ကတ်ကြေးတစ်လက်ကို ရုတ်တရက်ဆိုသလို ဆွဲထုတ်လိုက်တယ်လေ။ သူက ကျွန်မကို မေးသေးတယ်။
"သမီးက အဲ့ဒီချုံပင်တွေကို အရွယ်တူဖြစ်အောင် ညှိနေတာလား" တဲ့။
"ဟင်....အိုး...ဟုတ်ပါတယ်ရှင်။ သမီးလည်း အဲ့ဒီလို လုပ်ဖို့ တွေးထားတာပါ။ ဒါပေမယ့် အခုတော့ သမီး ဒီအပင်တွေကို အမြစ်ကနေပဲ ဆွဲနှုတ်ရမလား၊ ဆက်ညှိရမလား မသိတော့ပါဘူးရှင်"
သူကတော့ ခေါင်းလေးခါလို့ ပြောတယ်လေ။
"ဒီအပင်တွေကို ဩစတေးလျ လက်ဖက် ချုံပင်လို့ခေါ်တယ်ကွဲ့။ သူတို့ကိုသာ မှန်မှန်ကန်ကန် ညှိပေးတတ်မယ်လို့ ကြည့်ရ သိပ်လှတာပေါ့"
ပထမတော့ ကျွန်မလည်း သူ့ကို ဘာပြန်ပြောရမလဲ စဉ်းစားမရခဲ့ပါဘူး။ သူ့ဆီက အကူအညီယူရမှာ ကျွန်မ အတွက် သိပ်ထူးဆန်းလွန်းတယ်လေ။ ဒါပေမယ့် သူကတော့ ကျွန်မကိုတောင် မေးမနေတော့ဘဲ လက်ထဲက ကတ်ကြေးကြီးနဲ့ အပင်တွေကို တရွှပ်ရွှပ်နဲ့ ညှပ်နေပါတော့တယ်။ သူ့ကို ကြည့်ရတာ ဒီလိုလုပ်နေရတာကိုပဲ ပျော်နေတဲ့ ပုံပါပဲ။
နောက်တော့ ကျွန်မ ဘရိုက်စ် ကျွန်မတို့ ခြံနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့ စကားတွေကို သတိရလိုက်တာပေါ့။မစ္စတာ ဒန်ကန် ဒီကိုရောက်လာရတာဟာလည်း ဒီစကားတွေကြောင့်ပဲ ဖြစ်ရပါမယ်။
"ဘာဖြစ်လို့လဲ သမီးရဲ့" ဆိုပြီး သူက ကတ်ကြေးကိုက်စတွေကို ပုံနေရင်းက ကျွန်မကို ကြည့်ပြီး မေးလိုက်ပါတယ်။
"အဘိုး ကတ်ကြေးကိုက်တာ သိပ်များသွားသလားကွဲ့"
"မ....မဟုတ်ပါဘူးရှင်"
"ဒါဖြင့် ဘာလို့ ကြောင်ကြည့်နေတာတုံး" လို့ သူက ပြန်မေးလိုက်တာပေါ့။
"အဘိုးက သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့လာတာ မဟုတ်ပါဘူးကွယ်။ သမီး အကူအညီ လိုအပ်နေမယ် ထင်လို့ပါ"
"မဟုတ်တာရှင်။ သမီး စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ သမီး ကိုယ့်ဘာသာ လုပ်လိုက်လည်း ရပါတယ် အဘိုး" လို့ ကျွန်မ ပြန်ပြောတော့ သူက ရယ်တယ်လေ။
"ဒါပေါ့...ဒါပေါ့။ သမီးက တစ်ယောက်ထဲလည်း လုပ်နိုင်မယ်ဆိုတာ အဘိုးယုံပါတယ်လေ" ဆိုပြီး သူက နောက်လှည့်လို့ အပင်တွေကို ဆက်ညှပ်နေလိုက်ပါတော့တယ်။
"သမီး သိလား...ဂျူလီယာနာ။ အဘိုးက သမီးအကြောင်း သတင်းစာထဲမှာ ဖတ်လိုက်ရသေးတယ်ကွဲ့။ နောက်ပြီး သမီးတို့ အိမ်ရှေ့အိမ်မှာ အဘိုးနေလာတာကလည်း တစ်နှစ်တောင်ကျော်ခဲ့ပြီလေ။ အဲ့ဒီတော့ သမီးက ကိုယ့်ကိုယ်ကို အားကိုးတတ်ပြီး အလုပ်ကြိုးစားတဲ့ ကလေးဆိုတာ အဘိုးသိပြီးသားပါကွယ်"
ကျွန်မတို့လည်း တစ်မိနစ်လောက်တော့ စကားဆက်မပြောဘဲ အလုပ်ဆက်လုပ်နေလိုက်ကြ ပါသေးတယ်။ ဒါပေမယ့် ကျွန်မကတော့ ချုံပင်တွေကို ကတ်ကြေးနဲ့ စိတ်ရှိ လက်ရှိ ညှပ်နေမိတယ်လေ။ တဖြည်းဖြည်းနဲ့ ကျွန်မလည်း သူနဲ့ အလုပ်အတူတူ လုပ်နေရတာကို တွေးတွေးပြီး သည်းမခံနိုင် ဖြစ်လာရတော့တာပေါ့။ နောက်ဆုံးတော့ ကျွန်မ သူ့ဘက်ကိုလှည့်ပြီး မေးလိုက်ပါတော့တယ်။
"အဘိုးက ဟိုကြက်ဥတွေကိစ္စကြောင့် အားနာလို့ ဒီလိုလုပ်ပေးနေတာ မဟုတ်လားဟင်။ သမီးတို့ ကြက်ဥတွေက စင်းလုံးချောတွေရှင့်။ သမီးတို့ တစ်မိသားစုလုံး စားလာတာ သုံးနှစ်လောက်ရှိပြီ။ တစ်ယောက်မှ အစာအဆိပ်သင့်တာ မဖြစ်ဖူးဘူးရှင့်။ နောက်ပြီး သမီးရဲ့ ကြက်ဥတွေ ၀ယ်စားနေကြ မစ္စ စတူဘီနဲ့ မစ္စ ဟမ်းစ်တို့လည်း ကျန်းကျန်းမာမာပဲလေ။ အဘိုးတို့သာ သမီးကြက်ဥတွေ မလိုချင်ဘူးဆိုရင် သမီးကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်ရှင်"
မစ္စတာ ဒန်ကန်က ကျွန်မကို တအံ့တဩနဲ့ ပြန်ကြည့်ပြီး ခေါင်းခါလိုက်တာပေါ့။
"ကြက်ဥတွေ... အစာအဆိပ်သင့်တာတွေ ဟုတ်လား။ ဂျူလီယာနာရေ... သမီး ဘာပြောနေလဲဆိုတာ အဘိုးတော့ နားမလည်တော့ပါဘူးကွယ်"
ကျွန်မရင်ထဲမှာတော့ စေတနာကို အသိအမှတ်မပြုတဲ့အတွက် ရှက်ပြီး နာကျင်နေခဲ့ရတာ အမှန်ပါပဲ။ ကျွန်မ ကိုယ့်စိတ်တောင် ကိုယ် မထိန်းချုပ်လိုက်နိုင်ဘူးလေ။
"သမီးပြောနေတာက အဘိုးတို့အိမ်ကို နှစ်နှစ်ကျော်ကြာတဲ့အထိ ပို့ပေးခဲ့တဲ့ ကြက်ဥတွေအကြောင်းကို ပြောနေတာရှင့်။ သမီးကြက်ကလေးတွေ ကိုယ်တိုင် ဥခဲ့တဲ့...သမီး ရောင်းလိုက်လို့ရတဲ့ ကြက်ဥတွေအကြောင်းပေါ့။ အဘိုးတို့မိသားစုက အဲ့ဒီကြက်ဥတွေကို လွှင့်ပစ်ကြတယ်လေ" ဆိုပြီး ကျွန်မ သူ့ကို အော်လိုက်မိပါတော့တယ်။ ဒါက ကျွန်မဘ၀မှာ လူတစ်ယောက်ကို ပထမဆုံး အကြိမ် အော်ဟစ်ပြောဆိုဖူးတာပါပဲ။
သူကတော့ အခုထိကို တည်တည်ငြိမ်ငြိမ်နဲ့ပါ။
"အဘိုးတောင်းပန်ပါတယ်ကွယ်။ အဲ့ဒီကြက်ဥတွေအကြောင်း အဘိုး မသိတာ တကယ်ပါ။ သမီးက ဘယ်သူ့ကို ကြက်ဥတွေပေးခဲ့တာလဲကွဲ့"
"ဘရိုက်စ်...."
ကျွန်မ သူ့နာမည်ကို ပြောရင်းနဲ့ ၀မ်းနည်းပြီး ဆို့တက်လာတယ်လေ။
"ဘရိုက်စ် ကိုပါရှင်"
မစ္စတာ ဒန်ကန်က ခေါင်းတဆတ်ဆတ်ငြိတ်လို့ ကျွန်မကို ပြန်ပြောတာပေါ့။
"ဪ...ဒီလိုလား။ အခုမှပဲ သဘောပေါက်ပါတော့တယ်ကွယ်" ဆိုပြီး သူက ဟိုဘက်လှည့်လို့ ချုံပင်တွေကို ဆက်ရှင်းနေလိုက်ပါတော့တယ်။
"အဘိုးပြောတာက ဘာကိုဆိုလိုတာလဲ" လို့ ကျွန်မမေးလိုက်တော့ သူက သက်ပြင်းချလိုက်တယ်လေ။
"အဘိုးမြေးက အလိုလိုက်ခံထားရလို့ပါကွယ်"
ကျွန်မလည်း သူပြောလိုက်တဲ့ စကားကို မယုံနိုင်လို့ သူ့ကို ပြန်ကြည့်နေလိုက်ပါတယ်။
"ကောင်လေးက လူချောလေးပါကွဲ့" ဆိုပြီး သူက မျက်မှောင်ကြုတ်လို့ ချုံပုတ်ပင်ရဲ့ အကိုင်းတစ်ခက်ကိုတောင် ချိုးလိုက်ပါသေးတယ်။
"ဒါပေမယ့် သူက သူ့အဖေနဲ့ စရိုက်ချင်းတူတယ်လို့ပဲ ဆိုရမှာပေါ့ကွယ်"
ကျွန်မ မစ္စတာ ဒန်ကန့်က်ို နားမလည်နိုင်တော့တာမို့ ခေါင်းကို တွင်တွင်ခါလိုက်ပါတော့တယ်။
"ကျွန်မက အကူအညီမလိုအပ်တာလည်း နားလည်သလို၊ ကြက်ဥတွေနဲ့ပတ်သက်ပြီးလည်း မသိခဲ့ဘူးဆိုရင် အဘိုးက ဒီကို ဘာလို့ရောက်နေရတာလဲရှင့်။ အဘိုးက သမီးကို ဘာလို့များ လာကူညီချင်နေရတာလဲရှင်"
"အမှန်အတိုင်းပြောရမယ်ဆိုရင်တော့...." ဆိုပြီး သူက စကားကို ရပ်လိုက်ပါတယ်။ ကျွန်မလည်း သူ့ကို မျက်လုံးချင်းဆုံအောင် ကြည့်လို့ နားထောင်နေလိုက်တာပေါ့။
သူက ခေါင်းလေး ငြိတ်လို့ ဆက်ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ သမီးကို ကြည့်နေရတာ အဘိုးရဲ့ မိန်းမကို သတိရမိလို့ကွဲ့"
"အဘိုးရဲ့ မိန်းမ ဟုတ်လား"
"အင်း ဟုတ်တယ်" ဆိုပြီး သူက ကျွန်မကို ပြုံးပြလိုက်ပါတယ်။
"အဘိုး မိန်းမ ရီနေး သာဆို သမီးနဲ့အတူ သစ်ပင်ပေါ် လိုက်တက်ထိုင်နေမှာပဲသိလား။ သူသာဆို တစ်ညလုံးတောင် ထိုင်နေလိုက်ဦးမှာ"
ကျွန်မလည်း သစ်ပင်ကြီးအကြောင်းကြားလိုက်တော့ စောစောကဖြစ်နေတဲ့ ဒေါသစိတ်တွေကိုတောင် မေ့သွားရပါတော့တယ်။
"တကယ်ပဲလားဟင် အဘိုး"
"တကယ်ပေါ့ကွယ်"
"သူ...သူက ဆုံးသွားပြီလားဟင်" လို့ ကျွန်မ မဝံ့မရဲနဲ့ မေးလိုက်တော့ သူက ခေါင်းငြိတ်ပြပါတယ်။
"အဘိုးလည်း သူ့ကို သိပ်လွမ်းမိပါတယ်လေ" ဆိုပြီး သူက လက်ထဲက သစ်ကိုင်းအစတွေကို ဘေးက လွှင့်ပစ်မဲ့ အပုံထဲ လှမ်းပစ်လိုက်ပါတယ်။
"ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ မိန်းမတွေက ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြတယ်ကွဲ့" လို့ သူက ခေါင်းလေး တငြိတ်ငြိတ်နဲ့ ဆက်ပြောလိုက်ပါသေးတယ်။
ဘရိုက်စ်ရဲ့ အဘိုးနဲ့ မိတ်ဆွေဖြစ်လာဖို့ဆိုတာ ကျွန်မ ဘယ်တုန်းကမှ စိတ်မကူးထားတဲ့ ကိစ္စပါ။ ဒါပေမယ့် ညနေစာစားချိန်လောက်ရောက်တော့ သူ့အကြောင်း၊ သူ့မိန်းမ အကြောင်းနဲ့ သူတို့အတူ လုပ်ကိုင်ခဲ့ကြတဲ့ စွန့်စားခန်းအကြောင်းတွေကို ကျွန်မ စုံစုံလင်လင် သိလိုက်ရတယ်လေ။ ကျွန်မဖြင့် မစ္စတာ ဒန်ကန့်ကို ဟိုးအရင်ကတည်းက ရင်းနှီးလာတဲ့ မိတ်ဆွေဟောင်းကြီး တစ်ယောက်လို ခံစားနေမိပါတော့တယ်။ နောက်ပြီး သူ့စကားနားထောင်ကာ အလုပ်လုပ်နေရတာကလည်း ပိုပြီး အလုပ်တွင်ခဲ့တာ အမှန်ပါပဲ။ ညနေရောက်လို့ ကျွန်မ အိမ်ထဲ၀င်သွားတော့ အိမ်ရှေ့က ချုံပုတ်တွေလည်း အတော်လေး ကြည့်ကောင်းသွားပါပြီ။ ခြံလယ်ခေါင်မှာတော့ ကျွန်မတို့ လွှင့်ပစ်ဖို့ ပုံထားတဲ့ သစ်ကိုင်းအခက်အလက်တွေက တောင်လိုပုံနေတော့တာပေါ့။ မကြာခင်မှာပဲ ကျွန်မတို့ ခြံလေး ကြည့်ပျော် ရှုပျော် မြင်ကွင်းလေးဖြစ်လာတော့မှာကို တွေးကြည့်ရင်း ကျွန်မ ၀မ်းသာမိ နေပါ တော့တယ်။
နောက်တစ်နေ့လည်း မစ္စတာ ဒန်ကန်ရောက်လာပြန်ပါတယ်။ ကျွန်မက သူ့ကို ပြုံးပြပြီး
"ဟယ်လို မစ္စတာ ဒန်ကန်ရှင့်"လို့ နှုတ်ဆက်တော့ သူကလည်း ပြုံးရင်း ကျွန်မကို
"အဘိုးကို ရင်းရင်းနှီးနှီး 'ချက်' လို့ပဲ ခေါ်ပါ သမီးရယ်" လို့ပြောလိုက်တာပေါ့။ နောက်ပြီး သူက ကျွန်မလက်ထဲက တူကိုကြည့်ပြီး မေးလိုက်ပါသေးတယ်။
"ကဲ ကြည့်ရတာ ဒီနေ့တော့ ခြံစည်းရိုး စပြင်တော့မယ် မဟုတ်လား" တဲ့လေ။
ချက်က ကျွန်မကို ခြံစည်ရိုးတိုက်စိုက်တဲ့ နည်း သင်ပေးခဲ့ပါတယ်။ ခြံစည်းရိုးတိုင်ကို မြေကြီးထဲ မြဲမြဲမြံမြံ နစ်၀င်သွားအောင် တူနဲ့ ဘယ်လို ရိုက်သွင်းရမယ်၊ တိုင်တစ်တိုင်နဲ့ တစ်တိုင် ညီမျှအောင် ဘယ်လို စိုက်ရမယ်နဲ့ မြေကြီးထဲ တည့်တည့်မတ်မတ် ဘယ်လို ရိုက်သွင်းရမလဲဆိုတာတွေရော စုံနေတာပါပဲ။ ကျွန်မတို့လည်း ခြံစည်းရိုးတိုင်ရိုက်တာ ရက်အတော်လေး ကြာသွားခဲ့တာပေါ့။ နောက်ပြီး အလုပ်လုပ်နေတဲ့အချိန်တွေမှာလည်း ကျွန်မတို့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ သူပြောတဲ့ အကြောင်းတွေက သူ့မိန်းမ အကြောင်းတွေချည်းပဲ မဟုတ်ခဲ့ပါဘူးလေ။ သူက ကျွန်မကို သဖန်းပင်ကြီးအကြောင်းလည်း တခုတ်တရမေးခဲ့သလို ကျွန်မပြောတဲ့ 'အစိတ်အပိုင်းလေးတွေကို စုစည်းလိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အရာက ပိုကြီး ကြီးကျယ်ခမ်းနားပါတယ်' ဆိုတဲ့ စကားကိုလည်း ချက်က နားလည်ပါသေးတယ်။
"လူတွေအတွက်လည်း ဒီလိုပဲကွဲ့" လို့ သူကပြောတယ်လေ။
"ဒါပေမယ့် လူတွေအတွက်ကြတော့ တခါတလေမှာ သူတို့ရဲ့ ဖြစ်တည်မှုကြီးတစ်ခုလုံးထက် အစိတ်အပိုင်းလေးတွေက ပိုပြီး တန်ဘိုးရှိတတ်တယ်ကွဲ့"
သူပြောတဲ့ စကားက စိတ်၀င်စားဖို့တော့ အကောင်းသား။ ဒီလိုနဲ့ ကျွန်မလည်း နောက်နေ့ ကျောင်းရောက်တော့ ကျွန်မနဲ့ သူငယ်တန်းကတည်းက အတူတက်လာခဲ့ကြတဲ့ လူတချို့ကို လိုက်ကြည့်ပြီး သူတို့က ချက် ပြောသလိုများ ဖြစ်နေမလားလို့ စဉ်းစားနေမိပါတော့တယ်။
ပထမဆုံး ကျွန်မ ကြည့်မိတဲ့ သူကတော့ ရှယ်လီ စတောစ်ပေါ့။ ရုတ်တရက် ခြုံကြည့်မယ်ဆို ရှယ်လီက ပြီးပြည့်စုံတဲ့ ကောင်မလေးပဲလို့ ထင်ရပေမယ့် တကယ်တမ်းပြောရမယ်ဆိုရင်တော့ သူဟာ ခေါင်းပေါ်က ဧ၀ရတ်တောင်လောက် ထူပိန်းနေတဲ့ ဆံပင်အုံကြီးအောက်မှာ ဘယ်လိုမှ အနှစ်သာရမရှိတဲ့ ကောင်မလေးပဲဆိုတာကို ကျွန်မ တွေးကြည့်မိပါတယ်။ ရှယ်လီက သူငယ်ချင်းတွေကြားထဲမှာတော့ သိပ်ကို ပေါ်ပြူလာဖြစ်ပြီး လူချစ်လူခင်များတတ်တယ်လေ။ ဒါပေမယ့် သူနဲ့ ပေါင်းတဲ့လူတွေလည်း မကြာခင်မှာပဲ ရှယ်လီ့ကိုပေါင်းရတာဟာ တောမီးလောင်သလို နားပူခံရတာကို သဘောပေါက်သွားကြတာချည်းပါ။
ကျွန်မအတန်းထဲက လူတွေ အားလုံးထဲမှာ ကျွန်မ တွေးကြည့်လို့မရတာကတော့ ဘရိုက်စ် ပါပဲ။ မကြာသေးခင်အထိ သူဟာ ကျွန်မအတွက်တော့ အစိတ်အပိုင်းလေးတွေထက် ဖြစ်တည်မှုတစ်ခုလုံးက တန်ဘိုးကြီးတယ်လို့ ယူဆထားရတဲ့ သူပေါ့။ ကျွန်မနှလုံးသားလေးထဲမှာ သူ့ကြောင့်ခံစားရတဲ့ ခံစားချက်က သိပ်ကို မှော်ဆန်လွန်းတာမို့ ကျွန်မလည်း မရှင်းပြတတ်တော့ပါဘူးရှင်။
ဒါပေမယ့် သူ့ကို ကျွန်မ သင်္ချာစာမေးပွဲဖြေနေတုန်း ခိုးကြည့်မိတော့ ကျွန်မ ကြက်ဥလေးတွေကို လွှင့်ပစ်ခဲ့တဲ့ သူ့လုပ်ရပ်တွေက ကျွန်မရင်ထဲ ဆူပွက်လာရပါတော့တယ်။ ဘယ်လို နှလုံးသားကင်းမဲ့သူက ဒီလိုလုပ်ရက်မှာလဲရှင်။
ပြီးတော့ သူက ကျွန်မဘက်ကို ပြုံးကြည့်လိုက်တာနဲ့ တပြိုင်နက် ကျွန်မလည်း ထိန်းမနိုင်သိမ်းမရ ရင်ဖိုသွားရတော့တာပေါ့။ ဒါပေမယ့် ဒီလိုခံစားရတဲ့အတွက်လည်း ကျွန်မကိုယ် ကျွန်မ မုန်းမိပါတယ်ရှင်။ သူ ဒီလောက် ကျွန်မ အပေါ် လုပ်ရက်ခဲ့တာတောင် ဘယ့်နှယ့်ကြောင့်များ သူ့အပေါ် စိတ်၀င်စားနေမိပါလိမ့်နော်။
ကျွန်မ တစ်နေ့လုံး သူနဲ့ မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေလိုက်ပါတော့တယ်။ ဒါပေမယ့် ကျောင်းဆင်းချိန်ရောက်တော့ ကျွန်မရင်ထဲ စောစောက ဒေါသတွေက ပြန်ပြီး ပေါက်ကွဲထွက်လာတော့တာပေါ့။ ကျွန်မလည်း စက်ဘီးလေးပေါ် တက်ပြီး အိမ်ကို အရှိန်ပြင်းပြင်းနဲ့ နင်းလာခဲ့ပါတယ်။ ကျွန်မ ခြေနင်းကြမ်းလွန်းလို့ ညာဘက် ခြေနင်းခုံလက်တံတောင် ချိန်ကြိုးနဲ့တိုက်ပြီး တကျွိကျွိ မြည်လာပြီး စက်ဘီးတစ်စီးလုံးပါ ယိုင်လဲမတတ်နဲ့ အသံပေါင်းစုံ ထွက်လာပါရောလား။ ကြည့်ရတာ စက်ဘီးလေးလည်း သက်ဆိုးမရှည်နိုင်တော့ဘူး ထင်ပါတယ်လေ။
အိမ်ရဲ့ ဆင်၀င်အောက် ရောက်တဲ့အထိ ကျွန်မ ရင်ထဲက ဒေါသတွေကတော့ ဆူပွက်နေဆဲပါပဲ။ အဲ့ဒီတော့ ကျွန်မလည်း စက်ဘီးလေးကို ချပြီး ဆေးသုတ်တာကို အာရုံစိုက်ဖို့ ကြိုးစားလိုက်ပါတယ်။ အဲ့ဒီတော့ ကျွန်မလည်း အဖေ ၀ယ်လာတဲ့ အဖြူရောင်စပ်စပ် ခရင်မ်ကာလာ ဂါလံဆေးဘူးကြီးကို အဖုံးဖွင့်ပြီး ဆေးစသုတ်တော့တာပေါ့။
နောက်ထပ် ဆယ်မိနစ်လောက်ကြာတော့ ချက် ရောက်လာခဲ့ပါတယ်။
"အိုး...ဘုရားသခင်..." လို့သူက ကျွန်မ အားရပါးရ ဆေးသုတ်နေတာမြင်တော့ ရေရွတ်လိုက်တယ်လေ။
"သမီးကို ဒီနေ့ ကြည့်ရတာ အလုပ်လုပ်ဖို့ အတော်လေး စိတ်ထားထက်သန်နေတဲ့ပုံပဲနော်"
"မဟုတ်ပါဘူး" လို့ပဲ ကျွန်မ မျက်နှာရှေ့ဝဲကျနေတဲ့ ဆံပင်ကို နောက်ကိုပြန်သိမ်းရင်း သူ့ကိုဖြေလိုက်ပါတယ်။
"သမီး စိတ်ဆိုးနေလို့ပါ ရှင်" ဆိုပြီး ကျွန်မကပြောတော့ ချက်က သူယူလာထဲ ကော်ဖီခွက်အလွတ်လေးနဲ့ ဆေးသုတ်တဲ့ ဘရှက်ရှ်ကို ကိုင်ရင်းက
"ဘယ်သူ့ကိုများလဲကွ" လို့ မေးလိုက်တာပေါ့။
"ဘယ်သူ့ကိုမှ မဟုတ်ပါဘူး။ သမီးကို သမီး စိတ်ဆိုးနေတာပါ"
"အိုး...ဒါကတော့ ခေါင်းရှုပ်စရာပဲကွဲ့။ သမီး စာမေးပွဲ မဖြေနိုင်ခဲ့လို့များလား"
"မဟုတ်ပါဘူးရှင်။ သမီးက...."
ကျွန်မလည်း ချက်ကို ဘယ်လို ရှင်းပြရမှန်း မသိတာမို့ မျက်နှာပဲလွှဲလိုက်ပါတော့တယ်။
"အဘိုးက အဘိုးရဲ့ မိန်းမနဲ့ ဘယ်လို ချစ်မိသွားတာလဲဟင်"
ချက်က အိမ်သုတ်ဆေးတွေကို သူ့ကော်ဖီခွက်လေးထဲ ထည့်ကာ ပြုံးနေပါတော့တယ်။
"ဪ...ဒါဖြင့် သမီး စိတ်ဆိုးနေတာ ယောက်ျားလေး ပြဿနာပေါ့လေ"
"သမီးမှာ ယောင်္ကျားလေး ပြဿနာ မရှိပါဘူးရှင်" လို့ ကျွန်မ ပြန်ဖြေလိုက်တော့ သူလည်း ဆက်မပြောတော့ ပါဘူးလေ။
ခဏနေတော့မှ သူက
"အဘိုးက သူနဲ့ မတော်တဆ ချစ်မိသွားတာကွဲ့"
"မတော်တဆ ဟုတ်လား။ အဲ့ဒါ ဘာကို ဆိုလိုတာလဲဟင် အဘိုး"
"အဘိုးက သူနဲ့ ချစ်မိသွားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလေ။ အဲ့ဒီအချိန်တုန်းက အဘိုးဟာ တခြားမိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ထားတာကွဲ့။ ဒါပေမယ့် ကံကောင်းတာက အဘိုးက ဘ၀အတွက် ဆုံးဖြတ်ချက်ကြီး မချခင်မှာပဲ အဘိုး ဘယ်လောက် မျက်ကန်းဖြစ်နေခဲ့တယ်ဆိုတာကို သိလိုက်ရတာပါပဲကွယ်"
"မျက်ကန်းဖြစ်နေခဲ့တယ် ဟုတ်လား"
"ဟုတ်တယ်ကွဲ့။ အဘိုးနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက သိပ်လှတဲ့သူပါ။ သူက ညိုမှောင်ပြီးဆွဲဆောင်မှုရှိတဲ့ မျက်၀န်းတစ်စုံကိုပိုင်ဆိုင်ထားတဲ့အပြင် သူ့အသားအရည်လေးကလည်း နတ်သမီးလေးလိုပါပဲကွယ်။ အဘိုးလည်း သူ့ရဲ့ အလှအပတွေကို သိပ်ပြီး သဘောကျမိခဲ့တာပေါ့။ ဒါပေမယ့်လည်းကွယ်.... အဘိုး ရီနေးကိုတွေ့ပြီးတဲ့အခါမှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်လေ" ဆိုပြီး မစ္စတာ ဒန်ကန်က ဘရက်ရှ်ကို ဆေးခွက်ထဲနှစ်ကာ ခြံစည်းရိုးတိုင်ကို ဆေးသုတ်လိုက်ပါတော့တယ်။
"အဘိုးလို အတွေ့အကြုံရင့်တဲ့လူတွေ အတွက်ကတော့ အတိတ်ကို ပြန်တွေးကြည့်ပြီး အကြံကောင်းတွေ ပေးနိုင်တယ်ဆိုပေမဲ့ ၀မ်းနည်းစရာ အမှန်တရားကတော့ လူတော်တော်များများဟာ အတွင်းစိတ်ကို သိပ်ပြီး အလေးမထားကြဘူး ဆိုတာပဲကွဲ့"
ကျွန်မတို့ ခဏလောက် ငြိမ်နေလိုက်ကြပါတယ်။ ဒါပေမယ့် ချက်ကတော့ တွေးနေဆဲပဲလေ။ သူ့ရဲ့ မျက်ခုံးထူထူအောက်က အကြည့်တစ်စုံအရ ကျွန်မ ပြဿနာနဲ့ ပတ်သက်ပြီး တွေးနေတာ မဟုတ်မှန်းတော့ ကျွန်မ ခန့်မှန်းမိပါတယ်။
"အဘိုးရဲ့ မိန်းမအကြောင်း မေးလိုက်တာ သမီး တောင်းပန်ပါတယ် အဘိုး" လို့ ကျွန်မ အားနာနာနဲ့ တောင်းပန်လိုက်တာပေါ့။
"အိုး...မဟုတ်တာကွယ်။ အဘိုး ဘာမှ မဖြစ်ပါဘူး" ဆိုပြီး သူက ခေါင်းခါရင်း အားတင်းလို့ ပြုံးပြလိုက်တယ်လေ။
"အဘိုး ရီနေးအကြောင်း တွေးနေတာ မဟုတ်ပါဘူးကွယ်။ အဘိုးက တခြားတစ်ယောက်အကြောင်းတွေးနေတာကွဲ့။ လူတွေရဲ့ အတွင်းစိတ်ကို ဘယ်တုန်းကမှ ထိုး ဖောက်ပြီး မကြည့်ဖူးသေးတဲ့ လူတစ်ယောက်ကိုပေါ့။ ဒါပေမယ့် အခုတော့ အဘိုးလည်း သူ့ကို အဲ့ဒီလို ထိုးဖောက် မကြည့်စေချင်မိတော့ပါဘူးလေ"
သူ ဘယ်သူ့ အကြောင်း ပြောနေလဲဆိုတာကို ကျွန်မ နားမလည်နိုင်တော့တာ အမှန်ပါ။ ကျွန်မ သူပြောတဲ့ လူအကြောင်းကို သိချင်ပေမဲ့ အလိုက်ကမ်းဆိုးမသိဖြစ်သွားမှာ စိုးတာကြောင့် ကျွန်မလည်း ဆိတ်ဆိတ်နေလို့သာ ဆေးဆက်သုတ်နေလိုက်ပါတော့တယ်။ နောက်ဆုံးတော့ သူကပဲ ကျွန်မဘက် လှည့်လာပြီး ပြောတော့တာပေါ့။
"သမီးအနေနဲ့ သူ့ရဲ့ မျက်လုံးတွေ၊ အပြုံးတွေနဲ့ တောက်ပတဲ့ ဆံသားတွေထက် သု့အတွင်းစိတ်ကို တိတိကျကျ မြင်နိုင်အောင် ကြိုးစားသင့်တယ်ကွဲ့"
သူပြောလိုက်တဲ့ စကားကြောင့် ကျွန်မ ရုတ်တရက်တောင် ကျောချမ်းသွားရတာ အမှန်ပါပဲ။ သူက ကျွန်မ အကြောင်းကို အားလုံးသိနေတဲ့အတိုင်း ပြောနေတာ မဟုတ်ပါလား။ ချက်က သူ့ရဲ့မြေးဟာ ကျွန်မအတွက် သင့်တော်တဲ့သူမဟုတ်ဘူးလို့ ပြောနေတာများလား။ ကျွန်မ သူ့ကို နားလည်နိုင်တော့ပါဘူးလေ။
ညစာ စားဖို့အချိန်ရောက်တဲ့ အထိ ဒီအတွေးတွေက ကျွန်မစိတ်ထဲမှာ ခိုးလိုခုလုဖြစ်နေဆဲပါ။ ဒါပေမယ့် ကျွန်မ နေ့လည်တုန်းက ခံစားနေရတဲ့ ဒေါသတွေတော့ ပျောက်ကွယ် ကုန်ပါပြီ။ အမေကတော့ ဒီနေ့ အဖေတစ်ယောက် ညအထိ အလုပ်လုပ်နေရမှာမို့ အိမ်ပြန်မရောက်သေးဘူးလို့ ပြောပါတယ်။ နောက်ပြီး ကျွန်မ အစ်ကိုတွေကလည်း သူငယ်ချင်းတွေနဲ့ အပြင်သွားနေကြတာ ဆိုတော့ ညစာ စားပွဲဝိုင်းမှာ အမေနဲ့ ကျွန်မ နှစ်ယောက်ထဲ ရှိနေခဲ့တာပေါ့။ နောက်ပြီး အမေက သူရော အဖေပါ မစ္စတာ ဒန်ကန် အခုလို လာကူညီပေးနေတာကို အားနာမိတယ်လို့ ကျွန်မကို ပြောပါသေးတယ်။ အမေကတော့ မစ္စတာဒန်ကန့်ကို အခုလို ကူညီပေးတဲ့အတွက် ပိုက်ဆံပေးရရင် ကောင်းမလားဆိုပြီး ပြောနေလေရဲ့။
ကျွန်မလည်း အမေ့ကို အဲ့ဒီလိုသာလုပ်ရင် ချက်က စိတ်မကောင်းဖြစ်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျွန်မ ဘယ်လောက်ပြောပြော အမေကတော့ နောက်တစ်နေ့မနက် ချက်ကို ပြောဖြစ်အောင် သွားပြောလိုက်ပါသေးတယ်။ ချက်ကလည်း အမေ့ကို ပြန်ပြောတော့တာပေါ့။
"မလုပ်ပါနဲ့ မစ္စ ဘိတ်ကာရယ်။ ခင်ဗျား သမီးရဲ့ ပရောဂျက်လေး အောင်မြင်အောင် ကူညီရတာကိုပဲ ကျုပ် ၀မ်းသာပါတယ်ဗျာ"
ဒီလိုနဲ့ တစ်ပတ်ပြည့်လို့ စနေနေ့မနက်ရောက်တော့ အဖေလည်း ခြံထဲက သစ်ကိုင်းအပိုင်းအစ တွေ ကို ထရပ်ကားပေါ်တင်လို့ အလုပ်ကို ထွက်သွားရပါတော့တယ်။ နောက်တော့ ချက်နဲ့ ကျွန်မလည်း ပြောင်ရှင်းသွားတဲ့ ခြံထဲမှာ ပေါက်တူးလေးနဲ့ ပေါင်းမြက်တွေကို တူးဆွရင်း အပင်စိုက်ဖို့ မြေဖွနေခဲ့ကြတာပေါ့။ အဲ့ဒီနေ့မှာပဲ ချက်က ကျွန်မကို ခြံနဲ့ပတ်သက်ပြီး မေးလာတယ်လေ။
"သမီးတို့ မိသားစုက ဒီကနေ ပြောင်းဖို့ ပြင်နေတာတော့ မဟုတ်ပါဘူးနော် ဂျူလီယာနာ"
"ပြောင်းရမယ်ဟုတ်လား။ အဘိုးက ဘာလို့ ဒီလိုထင် ရတာလဲ"
"အဘိုးရဲ့ သမီးက မနေ့ညက ညစာစားရင်း မေးလို့ပါကွယ်။ သူက သမီးတို့ အိမ်တွေ ခြံတွေပြင်နေတာ အိမ်ကိုရောင်းပြီး ဒီကနေ ထွက်သွားဖို့ ပြင်နေတာများလားလို့ ထင်နေတာကွဲ့"
ချက်နဲ့ ကျွန်မက ရက်ပေါင်းများစွာ အလုပ်အတူလုပ်ရင်း စကားတွေအများကြီး ပြောဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျွန်မက သူ့ကို မစ္စတာ ဖင်နီဂန်အကြောင်း၊ ဦးလေး ဒေးဗစ်အကြောင်းနဲ့ ခြံက ဘာလို့ အခုလို စုတ်ပြတ်နေခဲ့ရလဲဆိုတာကိုတော့ မပြောဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အခုလို သူက မေးလာတော့လည်း ကျွန်မ သူ့ကို အားလုံး ပြောပြမိတော့တာပေါ့။ သူ့ကို ဒီအကြောင်းတွေ ရင်ဖွင့်လိုက်ရတာ ကျွန်မလည်း ကျေနပ်မိပါတယ်လေ။ အထူးသဖြင့် ဦးလေးဒေးဗစ်အကြောင်း ပြောရတာကိုပေါ့။ အခုတော့ ကျွန်မလည်း ဒန်ဒီလီယွန်ပန်းကလေးကို လေထဲမှုတ်လိုက်ပြီး ကြွေလွင့်သွားတဲ့ ၀တ်မှုန်ကလေးတွေကို ကြည့်နေလိုက်ရသလို ပေါ့ပါးသွားတာ အမှန်ပါပဲ။ ကျွန်မရဲ့ မိဘတွေကို ကျွန်မ ဂုဏ်ယူမိသလို ကျွန်မကိုယ်ကျွန်မလည်း ဂုဏ်ယူမိပါတယ်။ ကျွန်မတို့ အိမ်ရှေ့က မြေကွက်လပ်ကလေးကလည်း ကျွန်မအတွက် ဂုဏ်ယူစရာ ကိစ္စ တစ်ခုတိုးလာတော့တာပေါ့။ ဒါတွေအားလုံးပြီးရင်တော့ ကျွန်မ နောက်ဖေးခြံကိုလည်း ပြင်ဖြစ်အောင် ကြိုးစားပါဦးမယ်။ နောက်ထပ် အချိန်ရဦးမယ်ဆို အိမ်ကလေးကိုလည်း ဆေးသုတ်ရဦးမှာပေါ့။ ဟုတ်ပါတယ်။ ကျွန်မသာ စိတ်ဆုံးဖြတ်လိုက်ရင် လုပ်နိုင်တယ်ဆိုတာ ကျွန်မ သိလိုက်ရပါပြီလေ။
ကျွန်မ သူ့ကို အကြောင်းစုံရှင်းပြလိုက်တော့ ချက်လည်း ခဏလောက် တိတ်ဆိတ်သွားပါတယ်။ ခဏနေ အမေက အိမ်ထဲကနေ အဆာပြေ ဆန်းဒွစ်ခ်ျတွေယူလာတော့ ကျွန်မနဲ့ ချက်လည်း အိမ်ရှေ့က ဆင်၀င်အရိပ်လေးမှာ လမ်းမကို မျက်နှာမူပြီး ထိုင်စားနေခဲ့ကြတာပေါ့။ နောက်တော့ ချက်က ခေါင်းလေးငြိတ်ပြီး စကားစလိုက်ပါတော့တယ်။
"အဘိုးကတော့ သူဘာလို့ အခုအချိန်ထိ ထွက်လာပြီး နှုတ်မဆက်သေးတာလဲဆိုတာ မသိတော့ပါဘူးကွယ်"
"ဘယ်သူလဲဟင် အဘိုး" ဆိုပြီး ကျွန်မလည်း သူကြည့်နေတဲ့ နေရာဆီ လှမ်းကြည့်ပြီး မေးလိုက်တော့တာပေါ့။ ကျွန်မ လှမ်းကြည့်လိုက်တော့ ဘရိုက်စ်ရဲ့ အခန်းက ကန့်လန့်ကာလေး ရုတ်ခနဲ ကျသွားတာကို ကျွန်မတွေ့လိုက်ရပါတယ်။ ကျွန်မလည်း စိတ်ထဲ မအောင့်နိုင်တာနဲ့ ချက်ကို မေးလိုက်တယ်လေ။
"အဘိုးပြောတာ ဘရိုက်စ်ကိုလားဟင်"
"ဟုတ်တယ်ကွဲ့။ အခုလေးတင်ပဲ သူချောင်းကြည့်နေတာကို အဘိုးတွေ့တာ သုံးခါတောင် ရှိပြီလေ"
"ဟင်....အဲ့ဒါ တကယ်ပဲလားဟင်"
ကျွန်မ နှလုံးသားလည်း လေပြင်းတိုက်ခတ်သွားသလို ရင်တလှပ်လှပ်နဲ့ ဖြစ်သွားရပါတော့တယ်။
ချက်ကတော့ မျက်မှောင်ကြုတ်လို့
"ကဲ.... အဘိုးတို့လည်း အချိန်ရှိတုန်းလေး မြက်ခင်းမျိုးစေ့လေးတွေ ကြဲလိုက်ကြတာပေါ့ကွယ်။ အခုလုပ်ထားမှ သမီးရဲ့ မျိုးစေ့တွေလည်း မြေဓါတ်လေးနဲ့ နွေးနွေးလေးဖြစ်ပြီး မြန်မြန်ပေါက်လာမှာပေါ့"
ကျွန်မလည်း နောက်ဆုံးတော့ ခြံလေးမှာ အပင်စိုက်လို့ရပြီမို့ ပျော်ရွှင်နေခဲ့ပေမဲ့ စိတ်ထဲမှာတော့ ဘရိုက်စ်ရဲ့ ပြတင်းပေါက်ကိုပဲ အာရုံရောက်နေမိပါတော့တယ်။ သူ ကျွန်မကိုများ စောင့်ကြည့်နေမလား။ အဲ့ဒီတစ်နေ့လည်ခင်းလုံး အလုပ်လုပ်နေရင်းနဲ့ ကျွန်မ သူ့ပြတင်းပေါက်လေး ဆီကို ခဏခဏ လှမ်းကြည့်မိတာ အကြိမ်ပေါင်းတောင် မရေမတွက်နိုင်အောင်ပါပဲ။ ချက်လည်း ကျွန်မ လှမ်းကြည့်တာကို သိနေတယ် ထင်ပါတယ်လေ။ ကျွန်မတို့ မျိုးစေ့လေးတွေ အားလုံးကျဲပြီးလို့ အလုပ်ပြီးတော့မှပဲ ချက် က ကျွန်မကို ချီးကျူးရင်း ပြောတော့တာပေါ့။
"ကောင်လေးက အခု သူရဲဘောကြောင်သလို လုပ်နေပေမဲ့ အဘိုးကတော့ သူ တစ်နေ့တော့ ပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်ကွယ်"
သူရဲဘောကြောင်တယ်တဲ့လား ။ ကျွန်မလည်း သူ့ကို ဘာမှ ပြန်မပြောတတ်တော့ပါဘူးလေ။ ကျွန်မခမျာ လက်တစ်ဖက်က ရေပိုက်ခေါင်းကိုင်ရင်း တစ်ဖက်က ရေစည်အဆို့ကိုင်လို့ မတ်တပ်ရပ်နေခဲ့ပါတော့တယ်။ ချက်ကတော့ ကျွန်မကို လက်ပြနှုတ်ဆက်ရင်း လက်ဖြတ်ကူးလို့ ပြန်သွားပါတော့တယ်။
နောက်ထပ် မိနစ်အနည်းငယ်လောက်ကြာတော့ ဘရိုက်စ် တစ်ယောက် ကျွန်မရှိရာဘက်ဆီ လမ်းလျှောက်လာတာကို ကျွန်မတွေ့လိုက်ရပါတယ်။ ကျွန်မဖြင့် ကိုယ့်မျက်စိတွေတောင် ကိုယ် မယုံနိုင်လို့ နှစ်ခါပြန်တောင် ကြည့်လိုက်ရပါသေးတယ်။ သူက ကျွန်မကို တချိန်လုံး အိမ်ထဲကနေ စောင့်ကြည့်နေတာကို ကျွန်မ သိပေမဲ့ အခုလို ကျွန်မဆီ တန်းတန်းမတ်မတ် လျှောက်လာပြန်တော့ ကျွန်မ ရင်ဖိုရပြန်ပါရောလား။
ကျွန်မ သူ့ကို ကျောပေးပြီး ခြံထဲမှာ ရေဆက်လောင်းနေလိုက်ပါတယ်။ ကျွန်မက တော်တော် ရူးကြောင်ကြောင်နိုင်တာပဲနော်။ ကျွန်မ ကိုယ့်ကိုယ်ကို တစ်ယောက်ထဲ အပြစ်တွေ တင်နေတုန်းမှာပဲ ကျွန်နောက်ကနေ သူ့အသံကို ကြားလိုက်ရပါတော့တယ်။
"ခြံလေးက လှတယ်နော် ဂျူလီ။ နင် လုပ်ထားတာ တော်သားပဲ"
ဘရိုက်စ် အသံကြားလိုက်တော့ ကျွန်မရဲ့ ကိုယ့်ကိုယ်ကို စိတ်တိုနေတဲ့ ဒေါသတွေက သူ့ဆီ တိုက်ရိုက် ကူးပြောင်းသွားတော့တာပေါ့။ သူက ဘာလို့များ ဆရာကြီးတစ်ယောက်လို ကျွန်မရဲ့ လုပ်ရပ်ကို လာပြီး အကဲဖြတ် ပေးနေရတာပါလိမ့်။ သူ လုပ်ခဲ့တဲ့ ပြောခဲ့တဲ့ စကားတွေကိုသာ အမှတ်ရနေဦးမယ်ဆိုရင် သူ ဒီလို မပြောသင့်တာ သဘောပေါက်သင့်တယ် မဟုတ်ပါလား။
ကျွန်မလည်း သူ့ကို ပြောဆိုပစ်မယ်ဆိုတဲ့ စိတ်နဲ့ ရေပိုက်ကို ငိုက်စိုက်ချလို့ သူ့ကို ကြည့်လိုက်တုန်း ဘရိုက်စ်က ထပ်ပြောလိုက်ပါသေးတယ်။
"ငါ လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် ဂျူလီ။ ငါ မှားသွားပါတယ်ဟာ" တဲ့လေ။
ကျွန်မ သူ့ရဲ့ မျက်လုံးပြာပြာလေးတွေကို စိုက်ကြည့်လိုက်တယ်လေ။ နောက်ပြီး ကျွန်မ ချက်ပြောတဲ့ အတိုင်း သူ့ရဲ့ မျက်လုံးတွေအပြင် အတွင်းစိတ်ကို ထိုးဖောက်မြင်နိုင်အောင် ကြိုးစားကြည့်လိုက်ပါတယ်။ အဲ့ဒီ မျက်လုံးပြာပြာတွေနောက်မှာ ဘာတွေများရှိနေမလဲ။ သူ ဘာတွေများ တွေးနေမလဲ။ သူ တကယ်ပဲ ကျွန်မအတွက် စိတ်မကောင်း ဖြစ်နေတာပဲလား။ ဒါမှမဟုတ် သူလုပ်ခဲ့တာတွေအတွက်ပဲ စိတ်သက်သာရာရအောင် ပြောနေတာများလား။ ကျွန်မ ဝေခွဲလို့မရတော့ပါဘူးလေ။
တောက်ပတဲ့ သူ့မျက်လုံးတွေကို စိုက်ကြည့်နေရတာ နေမင်းကြီးကို မော်ကြည့်နေမိသလို ကျွန်မ ခံစားလိုက်ရပါတယ်။ ကျွန်မလည်း သူ့အကြည့်တွေဆီက နေမျက်နှာလွှဲလိုက်ရတော့တာပေါ့။
နောက်ပြီး သူဘာတွေ ဆက်ပြောသလဲဆိုတာတော့ ကျွန်မ အားလုံး မမှတ်မိတော့ပါဘူးလေ။ ကျွန်မ မှတ်မိသလောက်ကတော့ ဘရိုက်စ် အဲ့ဒီနေ့က ကျွန်မအပေါ် သိပ်သဘောကောင်းနေတယ် ဆိုတာပါပဲ။ ကျွန်မဖြင့် သူ့ကြောင့် ရယ်မိပါသေးတယ်။ ပြီးတော့ သူ ပြန်သွားတော့ ကျွန်မလည်း ရေပိုက်ခေါင်းကို ပိတ်ပြီး အိမ်ထဲ ပြန်၀င်လာခဲ့ပါတော့တယ်။ ကျွန်မ ရင်ထဲမှာတော့ ထူးထူးဆန်းဆန်းကြီး ခံစားနေရတာ အမှန်ပါ။
အဲ့ဒီတစ်ညနေလုံး ကျွန်မ စိတ်ထဲ မအီမသာကြီး ဖြစ်နေမိပါတော့တယ်။ ပိုဆိုးတာကတော့ ကိုယ့်ကိုယ်ကို ဘာခံစားနေရလဲဆိုတာတောင် ကျွန်မ မခွဲခြားတတ်တော့တာပါပဲ။ ဘရိုက်စ်က ကျွန်မ အပေါ် ရက်ရက်စက်စက် လုပ်ခဲ့တာတောင်မှ ကျွန်မ သူ့ကို ဘာလို့များ စိတ်မဆိုးတော့တာပါလိမ့်။ တချိန်ထဲမှာပဲ ကျွန်မ ပျော်လည်း မပျော်ရွှင်မိပါဘူးလေ။ သူက ကျွန်မတို့ အိမ်ရှေ့ထိရောက်လာပြီး ကျွန်မကို ကောင်းကောင်းမွန်မွန်စကားပြောခဲ့တာပဲ။ ကျွန်မတို့ အတူတူတောင် ရယ်ခဲ့ကြသေးတာပဲ မဟုတ်ပါလား။
သေချာတာကတော့ ကျွန်မ စိတ်လည်းမဆိုးတော့သလို ပျော်လည်း မပျော်ရွှင်မိဘူးဆိုတာပါပဲ။ ကျွန်မ အိပ်ရာထဲမှာ လှဲရင်း စာအုပ်ဖတ်ဖို့ ကြိုးစားနေတုန်း ကျွန်မစိတ်ထဲ တစ်ယောက်ယောက်က ကျွန်မကို စောင့်ကြည့်နေတယ်လို့ ခံစားလိုက်ရပါတော့တယ်။ ကျွန်မ ကျောချမ်းသလို ဖြစ်နေတာမို့ ပြတင်းပေါက်ကိုရော၊ ကုတင်အောက်ကိုရော စစ်ဆေးကြည့်မိ ပါသေးတယ်။ ဒါပေမယ့် ဒီခံစားချက်ကြီးကို ကျွန်မ ခံစားနေရဆဲပါပဲ။
ဒီလိုနဲ့ ညသန်းခေါင်းယံရောက်တော့မှပဲ ကျွန်မကို ဘယ်သူ စောင့်ကြည့်နေသလဲဆိုတာ ကျွန်မ သဘောပေါက်ရပါတော့တယ်။ ကျွန်မကို စောင့်ကြည့်နေတဲ့သူဟာ တခြား ဘယ်သူမှ မဟုတ်ဘဲ ကျွန်မကိုယ်တိုင်ပါပဲလေ။
အခန်း (၉)
ဘရိုက်စ်
လျှို့ဝှက်ချက်
တနင်္ဂနွေနေ့ မနက်ရောက်တော့ ကျွန်တော် တုပ်ကွေးမိသလို စိတ်ထဲမအီမသာနဲ့ နိုးထလာခဲ့ပါတယ်။ ဒါမှမဟုတ် ကျွန်တော် မနေ့ညက အိပ်တုန်း ရှုပ်ထွေးလွန်းလှတဲ့ အိပ်မက်ဆိုးတွေ မက်ခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လေ။
ဒီလို ရှုပ်ထွေးပွေလီလှတဲ့ အိမ်မက်ဆိုးတွေနဲ့ ပတ်သက်လာရင် ကျွန်တော်လုပ်နေကြ အရာတစ်ခုကတော့ မေ့ပစ်လိုက်တာပါပဲ။ အဲ့ဒါက အကောင်းဆုံး နည်းလမ်းပဲလို့ ကျွန်တော်ထင်မိပါတယ်။
ဒီတော့ ကျွန်တော်လည်း အိပ်မက်ဆိုးကြီးကို ထုံးစံအတိုင်း မေ့ပစ်လိုက်တာပေါ့။ ပြီးတော့ ကျွန်တော် အိပ်ရာထဲကနေ စောစောထွက်လာခဲ့ပါတယ်။ ကျွန်တော် မနေ့ညက ဘာမှ ထိထိရောရောက်မစားဘဲ အိပ်ရာ၀င်ခဲ့တာမို့ အခုတော့ ဆာလောင်နေရပြီ မဟုတ်ပါလား။ ဒါပေမယ့် ကျွန်တော် မီးဖိုချောင်ခန်းထဲကိုသွားရင်းကနေ ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်တော့ ကျွန်တော့်အဖေက ဆိုဖာခုံပေါ်မှာ ကို့ရို့ကားယားအိပ်နေတာကို တွေ့လိုက်ရပါတော့တယ်။ ဒါက နိမိတ်ကောင်းတော့ မဟုတ်ပါဘူး။ ဒါဟာ အဖေနဲ့ အမေတို့ ရန်ပွဲ မပြီး ပြတ်သေးဘူးဆိုတဲ့ နိမိတ်ပါ။ ကျွန်တော်လည်း အနေအစား ဆင်ခြင်ပြီး နေမှဘဲ တော်ကာကျပါတော့မယ်လေ။
အဖေက ဆိုဖာခုံရှည်ပေါ်မှာ အိပ်နေရင်းကနေ သူ့ခြုံထားတဲ့ စောင်ပါးလေးအောက်ကို ပိုလို့ကွေး၀င်ကာ အသက်ပြင်းပြင်းရှူရင်း အဓိပ္ပါယ်ဖော်လို့မရတဲ့ ကယောင်ကတမ်း အသံပြုလိုက်တာကို ကျွန်တော် ကြားလိုက်ရတာပေါ့။
ကျွန်တော်လည်း မီးဖိုချောင်ထဲပြေးပြီး ပြောင်းဖူး ကွေကာဖတ်တွေကို ပန်းကန်လုံးထဲ အပြည့်ထည့်လိုက်ပါတော့တယ်။ ပြီးတော့ ကျွန်တော် ပန်းကန်ထဲကို နို့ထပ်ထည့်နေတုန်း အမေက မီးဖိုချောင်ထဲကို ဟန်ပါပါနဲ့ ၀င်လာတော့တာပေါ့။
"ဟေး....မင်းလည်း မနက်စာစားဖို့ စောင့်ရမယ်သား။ ဒီအိမ်မှာ တနင်္ဂနွေ မနက်တိုင်း မိသားစုစုံညီ မနက်စာစားရမယ်လို့ အမေပြောထားတယ်လေ"
"ဟာဗျာ....သားက ဗိုက်ဆာနေပါပြီဆို"
"ကျန်တဲ့ လူတွေလည်း ဆာတာပဲကွဲ့။ ကဲ...အခု အပေါ်တက်ပြီး ရေအရင်ချိုးလိုက် ဟုတ်ပြီလား။ အမေ သားအတွက် ပန်ကိတ်ဖုတ်ထားပေးမယ်လေ" ဆိုပြီး အမေက ရေချိုးတာကပဲ ဗိုက်ဆာတာပျောက်သွားအောင် ဖြည့်ဆည်းပေးနိုင်သလို ပြောလိုက်ပါတော့တယ်။
ကျွန်တော်လည်း ရေချိုးခန်းထဲသွားတုန်း ဧည့်ခန်းထဲ တစ်ချက်လှမ်းကြည့်လိုက်တော့ အဖေ မရှိတော့ပါဘူး။ စောင်ကိုလည်း သေချာခေါက်ပြီး ပက်လက်ကုလားထိုင်ရဲ့ လက်ရန်းမှာ တင်ထားကာ ခေါင်းအုံးကလည်း မရှိတော့ဘူးလေ။ ကျွန်တော်သာ စောစောက အဖေအိပ်နေတာ မတွေ့ခဲ့ဘူးဆိုရင် ဧည့်ခန်းထဲမှာ အဖေ မနေ့ညက အိပ်ခဲ့တယ်ဆိုတာကို ယုံနိုင်စရာ လက်စ လက်နကိုမကျန်တော့တာပါ။
မနက်စာ စားပွဲဝိုင်းရောက်တော့ အဖေက ပုံမှန်အတိုင်းလိုပဲ ဟန်ဆောင်နေခဲ့တာပေါ့။ အဖေ့မျက်လုံးတွေက မနေ့ညက အိပ်ရေးပျက်ခဲ့တဲ့ပုံပေါက်မနေသလို၊ မုတ်ဆိတ်မွှေးတွေလည်း သေသေချာချာ ရိတ်သင်ထားတဲ့အပြင် တင်းနစ်ဘောင်းဘီတိုနဲ့ ခရမ်းပြာနုရောင် ပိုလိုရှပ်အင်္ကျီ၀တ်လို့ သွက်လက်နေတာပါပဲ။ နောက်ပြီး အဖေ ခေါင်းလည်း လျှော်ထားတယ် ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ အဖေ့ရှပ်အင်္ကျီက မိန်းမဆန်တယ်လို့ ထင်ရပေမဲ့ အမေက အဖေ့ကို
"ရှင် ဒီနေ့မနက် သိပ် ကြည့်ကောင်းနေတယ်နော် ရစ်ခ်" လို့ နှုတ်ဆက်လိုက်ပါတယ်။
အဲ့ဒီတော့ အဖေက အမေ့ကို သံသယ မျက်လုံးတွေနဲ့ ကြည့်လိုက်တော့တာပေါ့။ ခဏနေတော့ အဘိုးလည်း မီးဖိုးချောင်ထဲကို ရောက်လာပါတော့တယ်။
"အိုး...သမီး။ ပက်ဆီရေ... တစ်အိမ်လုံးလည်း မွှေးနေတာပဲကွ။ ကောင်းသောမနက်ခင်းပါ ရစ်ခ်ရေ...ဘရိုက်စ်...ငါ့မြေးရောပဲကွ" ဆိုပြီး အဘိုးက သွက်သွက်လက်လက်နဲ့ နှုတ်ဆက်ကာ ကျွန့်တော့်ကို မျက်စိတစ်ဖက် မှိတ်ပြလို့ ထိုင်ခုံမှာ နေရာယူလိုက်ပါတယ်။
"လင်နတ်တာ.....။ မနက်စာ စားမယ်လေ" လို့ အမေက အားလုံးဆုံတော့ အစ်မကို လှမ်းခေါ်လိုက်တော့တာပေါ့။
ကျွန်တော့် အစ်မကတော့ XXX သုံးလုံး တံဆိပ်ရိုက်ထားတဲ့ စကပ်တိုနဲ့ တစ်ပေလောက် မြင့်မလားမပြောတတ်တဲ့ ဒေါက်ဖိနပ်အမြင့်ကို စီးပြီး မျက်လုံး နှစ်ဖက်ကိုလည်း ရက်ကွန်း၀က်ဝံလို မဲနက်နေအောင် ခြယ်ကာ ရောက်ချလာပါတော့တယ်။ အမေကတော့ သူ့ကို မြင်မြင်ချင်း အသက်ရှူတောင် ရပ်သွားမလို ဖြစ်သွားရသေးတာပါ။ ပြီးတော့မှ အမေက အသက်ကို ၀၀ရှူလို့
"ကောင်းသော မနက်ခင်းပါ သမီးရေ။ သမီးကို ဒီမနက် ကြည့်ရတာ.....။ ထားပါတော့....ဒါနဲ့ သမီးပဲ ဒီမနက် သူငယ်ချင်းတွေနဲ့ ဘုရားကျောင်းသွားမလို့ဆို"
"ဟုတ်တယ်လေ" ဆိုပြီး လင်နတ်တာက အမေ့ကို ပြန်ဖြေလို့ ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပါတော့တယ်။
အမေက ပန်ကိတ်ရယ်၊ ကြက်ဥကြော်ရယ်နဲ့ အာလူး ကတ်တလိတ်ကြော်ရယ်ကို စားပွဲပေါ်မှာ ပြင်ပေးလိုက်ပါတယ်။ အဖေကတော့ အမေ လုပ်သမျှကို ကျောက်ရုပ်တစ်ရုပ်လို ထိုင်ကြည့်နေလိုက်တယ်လေ။ အမေ ဟင်းပွဲတွေ အကုန်ချပြီးတော့မှပဲ အဖေက လက်ကိုင်ပုဝါကို ကော်လာအောက်မှာ ထိုးပြီး မနက်စာ စားဖို့ပြင်လိုက်တော့တာပေါ့။
အမေက သူလည်း ထိုင်ခုံမှာ နေရာထိုင်ချလိုက်ရင်းက စကားစလိုက်ပါတော့တယ်။
"ကဲ.... ကျွန်မတို့ကတော့ ဒီအခြေအနေတွေ အားလုံးကို ဖြေရှင်းဖို့အတွက် အဖြေတစ်ခုတွေးထားတယ်ရှင့်" လို့ ပြောလိုက်တော့ အဖေက
"ကဲ...လာပြန်ပြီဟေ့" ဆိုပြီး ရေရွတ်လိုက်တာပေါ့။ ဒါပေမယ့် အမေ့ အကြည့်တစ်ချက်ကြောင့် အဖေလည်း ပါးစပ်ပိတ်နေလိုက်ပါတော့တယ်။
"ကျွန်မ စဉ်းစားထားတဲ့ အဖြေက...."
အမေက သူ့ပန်းကန်ထဲကို ပန်ကိတ်တစ်ချပ်ထည့်ယူရင်းပြောလိုက်ပါတယ်။
"...ကျွန်မတို့ ဘိတ်ကာ မိသားစုကို ညစာဖိတ်ကျွေးမလို့ရှင့်"
"ဘာ...." လို့သာ အဖေ ယောင်ပြီး ထွက်သွားလိုက်နိုင်ပါတယ်။
"တစ်မိသားစုလုံးကိုလား အမေ" လို့ လင်နတ်တာက မေးလိုက်တယ်လေ။ ကျွန်တော်လည်း အမေ့ကို
"အမေ တကယ်ကြီးပြောနေတာလား" လို့တောင် ၀င်မေးလိုက်ပါသေးတယ်။ အဘိုးကတော့ ကြက်ဥ ကြော် စားနေရင်းက
"ကောင်းတာပေါ့ ပက်ဆီရယ်။ သိပ်ကောင်းတဲ့ အကြံပဲ" လို့ ထောက်ခံလိုက်ပါတော့တယ်။
"ကျေးဇူးပါ အဖေ" လို့ အမေက အဘိုးကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ ပြီးတော့မှ အမေက ကျွန်တော်နဲ့ အစ်မဘက်ကို လှည့်ပြီး
"ဟုတ်တယ်။ အမေ အတည်ပြောတာ...သား။ နောက်ပြီးတော့ ဘိတ်ကာတစ်မိသားစုလုံး ဆိုမှတော့ ဂျူလီနဲ့ သူ့အစ်ကို နှစ်ယောက်လုံးလည်းပါတာပေါ့" လို့ ပြန်ဖြေလိုက်ပါတယ်။
အစ်မကတော့ ထရယ်တော့တာပေါ့။
"အမေ ဘာပြောနေလဲဆိုတာ နားရော လည်ရဲ့လား ရှင်" လို့ အစ်မကပြောတော့ အမေက လက်သုတ်ပုဝါကို ပေါင်ပေါ်ဖြန့်ခင်းရင်းကနေ
"ဒါပေါ့" တဲ့လေ။
လင်နတ်တာက ကျွန်တော့်ဘက်လှည့်ပြီး
"အမေကတော့ ဗရုတ်သုတ်ခတွေ လုပ်တော့မယ်ဟေ့။ ငါကတော့ ဒါမျိုးလေးတွေ ကြုံလိုက်ချင်စမ်းပါရဲ့" လို့ ပြောလိုက်ပါတယ်။
အဖေကတော့ ခေါင်းခါပြီး ငြင်းတော့တာပေါ့။
"ပက်ဆီ...မင်း ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရတာလဲကွာ။ မနေ့ညက ကိစ္စအတွက် မင်း ငါ့ကို စိတ်ခုနေတုန်းပဲလား"
"ဒါက ကျွန်မတို့ ဟိုးအရင်ကတည်းက လုပ်ခဲ့သင့်တဲ့အရာပဲရှင့်"
"ပက်ဆီရယ်။ ကိုယ်တောင်းပန်ပါတယ်ကွာ။ မင်းကိုလည်း ကိုယ်နားလည်ပါတယ်။ ဒါပေမယ့် ဧည့်သည်တွေကို ညစာပါတီအထိဖိတ်ပြီး အားလုံး စိတ်လက်မအီမသာကြီး ဖြစ်နေရမှာကို မင်းမတွေးမိဘူးလားကွ"
အမေက ဆော့စ်ဗူးဖွင့်လို့ သူ့ပန်ကိတ်ပေါ်ကို ဖြန်းလိုက်ပြီး လက်မှာပေနေတဲ့ ယိုတွေကို လျှာနဲ့သပ်စားလိုက်ကာ အဖေ့ကို တစ်ချက် ပြန်ကြည့်လိုက်ပါတယ်။
"ရစ်ခ်....ကျွန်မတို့ ဘိတ်ကာ မိသားစုနဲ့အတူ ညစာ စားပွဲကျင်းပကြမယ်လို့ ကျွန်မ ဆုံးဖြတ်ပြီးပြီနော် ဟုတ်ပြီလား"
အမေက တော်ရုံတန်ရုံ ပြိုင်မငြင်းတတ်ပေမဲ့ သူပြောလာရင်လည်း အမြဲတမ်း အရှုံးမရှိဘူးလေ။ အဲ့ဒီတော့ အဖေလည်း ဘာမှ အထွန့်တက်မနေတော့ပါဘူး။ သူက အသက်ပြင်းပြင်းရှူလို့ သက်ပြင်းချရင်း လက်လျှော့တဲ့အသံလေးနဲ့ ပြောလိုက်ပါတယ်။
"ဟုတ်ပါပြီလေ။ မင်း ကြိုက်သလိုသာ လုပ်ပါတော့ ပက်ဆီ။ နောက်မှ ငါ မင်းကို သတိမပေးဘူးလို့ မပြောနဲ့နော်" ဆိုပြီး အဖေက အာလူးမုန့်ကို အားရပါးရ ဝါးစားလိုက်ပါတော့တယ်။
"ဒါဆို မင်းက ဧည့်သည်တွေကို ဘာဘီကျူး လုပ်ကျွေးမှာလား ပက်ဆီ"
"မဟုတ်ဘူးရှင့်။ ကျွန်မက သူတို့ကို ညစာချက်ပြုတ်ပြီး ကျကျနနကို ပြင်ဆင်ကျွေးမွေးဖို့ စဉ်းစားထားတာ။ ရှင့် အလုပ်က လူတွေလာလည်တဲ့အခါ လုပ်ပေးသလိုပေါ့ရှင်"
အဖေလည်း အမေ့ကို တအံ့တဩနဲ့ ပြန်မေးတော့တာပေါ့။
"ဘာလဲ...ဒါဆို ကိုယ်တို့က ၀တ်ကောင်းစားလှတွေ ၀တ်ပြီး ကြိုဆိုရဦးမှာပေါ့ ဟုတ်လား"
အမေက သူ့ကို ပြန်စိုက်ကြည့်လိုက်ပါတယ်။
"ကျွန်မကတော့ ရှင် ဧည့်သည်တွေရှေ့ရောက်တဲ့အခါ ကျွန်မ မျှော်လင့်ထားသလိုပဲ ဂုဏ်ယူရတဲ့ လူကြီးလူကောင်းတစ်ယောက်လို ပြုမူမယ်လို့ ယုံကြည်ပါတယ် ရစ်ခ်" လို့ ပြောလိုက်တာနဲ့ တပြိုင်နက် အဖေလည်း သူ့ပန်းကန်ထဲက အာလူးမုန့်ကိုသာ ကြည့်နေလိုက်ပါတော့တယ်။ အမေနဲ့ ငြင်းခုံနေရင် ဘယ်ဘူတာ ဆိုက်ဦးမလဲဆိုတာ အဖေ ကောင်းကောင်းကြီး သိတာပေါ့။
လင်နတ်တာကတော့ ကြက်ဥကြော်တစ်ခုနဲ့ ပန်ကိတ်ကို ကုန်အောင် စားခဲ့ပါတယ်။ သူက စားရင်းသောက်ရင်းကနေ အဖေ့ကို တစ်လှည့်၊ အမေ့ကို တစ်လှည့်ကြည့်ရင်း အူလှိုက် သည်းလှိုက်ရယ်နေပုံထောက်ရင်တော့ လင်နတ်တာက ဒီမနက် စိတ်ထဲ အတော် အူမြူးနေတဲ့ပုံပါ။
အဘိုးကို ကြည့်ရတာလည်း အတော်လေး စား၀င်တဲ့ပုံပါပဲ။ သူ ဘာတွေတွေးနေသလဲတော့ ကျွန်တော်လည်း မသိပါဘူးလေ။ အခု အိမ်ရှေ့အိမ်ဘက်သွားပြီး ခြံပြင်ပေးဖို့လည်း မရှိတော့ဘူးဆိုတော့ သူ့ကို ကြည့်ရတာ အရင်ကလို ညို့မှိုင်းမှိုင်းနဲ့ရယ်ပါ။ ကျွန်တော့်အတွက်တော့ ဒီ ညစာစားပွဲက စိတ်မအီမသာ ဖြစ်စရာ တစ်ခုဆိုတာထက် ဒုက္ခရောက်မယ့် အရာလို့ တွေးနေမိပါတော့တယ်။ ဟိုကြက်ဥတွေကိစ္စက အခုတော့ ကျွန်တော့် ခေါင်းထဲမှာ မတွေးဘဲကို မနေနိုင်တော့တာပါ။
အဘိုးကလွဲပြီး မိသားစုထဲမှာ ကြက်ဥတွေအကြောင်းကို မသိကြသေးဘူးမဟုတ်ပါလား။ မတော်လို့ ညစာစားရင်း ဒီအကြောင်း ပြောထွက်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ။ ဒီလိုသာ ဖြစ်ခဲ့မယ်ဆို ကျွန်တော်ကတော့ ဧည့်သည်တွေပြန်တာနဲ့ သေလောက်အောင် အဆူခံထိတော့မှာ အမှန်ပါ။
မနက်စာ စားပြီး သွားတိုက်နေရင်းနဲ့ ကျွန်တော် ကျောင်းရောက်ရင် ဂျူလီ့ကို လာဘ်ထိုးပြီး နှုတ်ပိတ်ရင်ကောင်းမလားလို့တောင် တွေးလိုက်မိပါသေးတယ်။ သူ့ကိုသာ ကျွန်တော် ရအောင်ပြောနိုင်မယ်ဆို သူက ညစာစားပွဲမှာ ကြက်ဥတွေအကြောင်း ပြောတော့မှာ မဟုတ်ဘူးလေ။ ဒါမှမဟုတ် ကျွန်တော် ကိုယ်တိုင်ပဲ ညစာ စားကြမယ့် အစီအစဉ်ကို တစ်နည်းနည်းနဲ့ ပျက်အောင် ဖျက်နိုင်ရင်လည်း မဆိုးလှပါဘူး။ ကျွန်တော် လျှောက်တွေးနေရင်းက မှန်ထဲက ကျွန်တော့်ပုံရိပ်ကို ပြန်ကြည့်မိလိုက်ပါတယ်။ ကျွန်တော် ဘယ်အချိန်ကတည်းက ဒီလို အရာရာကို ကြောက်တတ်တဲ့ ငကြောက်တစ်ကောင် ဖြစ်သွားရပါလိမ့်နော်။ ကျွန်တော်လည်း ပလုပ်ကျင်းပြီး အမေရှိရာ မီးဖိုချောင်ဆီ သွားလိုက်ပါတော့တယ်။
"ဘာဖြစ်လို့လဲသား" လို့ အမေက ဒယ်ပြားအိုးကို အ၀တ်နဲ့ သုတ်နေရင်းက ကျွန်တော့်ကို မေးလိုက်ပါတယ်။
"သားကို ကြည့်ရတာ တခုခုကို စိုးရိမ်နေသလိုပဲဘရိုက်စ်"
ကျွန်တော်လည်း အမေ့ကို ဘာမှ ပြန်မဖြေခင် မီးဖိုချောင် အခန်းအပေါက်၀နားမှာ အဖေနဲ့ လင်နတ်တာ ရှိမရှိ သေချာ ကြည့်လိုက်ပါသေးတယ်။ ပြီးတော့မှ ကျွန်တော် အမေ့နားကပ်ပြီး တိုးတိုးလေး ပြောလိုက်တော့တာပေါ့။
"အမေ သားပြောမဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးနိုင်မလားဟင်"
အမေက ကျွန်တော် သူ့ကို နောက်ပြောင်နေတယ်အမှတ်နဲ့ ရယ်ကာ
"မပြောတတ်ဘူးလေ" လို့ ပြန်ဖြေတော့ ကျွန်တော်လည်း သူ့ကို ဒီအတိုင်းပဲ ရပ်ကြည့်နေလိုက်ပါတော့တယ်။
"သားရဲ့ လျှို့ဝှက်ချက်က ဘာတွေမို့လို့များ....." ဆိုပြီး အမေက ပြောရင်း ဆိုရင်း ပန်းကန်တွေကို အ၀တ်နဲ့ သုတ်ရင်းက ကျွန်တော့်မျက်နှာကို မြင်တော့ ချက်ချင်းပဲ လုပ်လက်စ အလုပ်တွေကို ရပ်လိုက်တယ်လေ။
"အိုး...သားကို ကြည့်ရတာ သိပ်အရေးကြီးတဲ့ပုံပဲ။ ဘာများလဲ သားရယ်။ သား အမေ့ကို ဘာပြောချင်လို့လဲဟင်"
အမေ့ကို အခုလို ကျွန်တော် အရေးကြီးကိစ္စ တစုံတရာဆို ပြေးပြောတဲ့အကျင့်ကို ဖျောက်နေခဲ့တာ ကြာပါပြီ။ ကျွန်တော့်အရွယ်က သာမန် ကိစ္စတွေလောက်ဆို အမေ့ကို ပြောစရာမလိုတော့ဘူးလို့ ထင်ခဲ့တာလေ။ ဒီ ပြဿနာက လွဲလို့ပေါ့လေ။
အမေက ကျွန်တော့်လက်မောင်းကို ဆွဲကိုင်လို့ ဆက်မေးလိုက်ပါတယ်။
"သား...ဘရိုက်စ်...ပြောလေ။ သား အမေ့ကို ဘာပြောချင်လဲဆိုတာ..."
ကျွန်တော်လည်း မီးဖိုချောင်ကောင်တာနားမှာ ထိုင်ခုံတစ်လုံးယူထိုင်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ပါတော့တယ်။
"သားပြောချင်တာက ဂျူလီ့ရဲ့ ကြက်ဥတွေ ကိစ္စပါ အမေ"
"ဟို ကလေးမ ကြက်ဥတွေအကြောင်း ဟုတ်လား ကွဲ့"
"ဟုတ်တယ် အမေ။ အမေ သားတို့ ဟိုတစ်ခါ ပြောခဲ့ကြတဲ့ ကြက်တွေကနေ အစာအဆိပ်သင့်တတ်တယ်ဆိုတဲ့ ကိစ္စကြီးကို မှတ်မိသေးလားဟင်"
"အဲ့ဒါက နှစ်တွေတောင် ကြာခဲ့ပြီပဲကွယ်။ ဒါပေမယ့် အမေ မှတ်မိပါတယ်လေ"
"ဂျူလီက အဲ့ဒီတစ်ခါပဲ ကြက်ဥတွေ လာပို့ခဲ့တာ မဟုတ်ဘူး အမေ။ သူက ကြက်ဥတွေ ကပ်လိုက်ကို အပတ်တိုင်း၊ အပတ်တိုင်းကို ယူလာပေးတာဗျ"
"ဟင် ဟုတ်လား။ အမေ ဘာလို့ ဒီကိစ္စကို မသိရတာပါလိမ့်"
"ဟိုဟာလေ...သားက အဖေ သားကို မှာထားတဲ့အတိုင်း ဂျူလီ့ကို ကြက်ဥ တွေမလိုချင်တဲ့အကြောင်း မပြောလိုက်တာမို့ အဖေ ဆူမှာကြောက်ပြီး ကြားထဲကနေ အစဖျောက်လိုက်တာပါ အမေ။ သူ သားတို့အိမ်ကိုလာပြီး ခေါင်းခေါင်းလောင်းမတီးနိုင်ခင် သားကိုယ်တိုင်ပဲ အိမ်ရှေ့ထွက်ပြီး ဂျူလီ့ဆီက ကြက်ဥတွေယူခဲ့တာလေ။ ပြီးတော့ သားလည်း အိမ်သားတွေ မတွေ့ခင် သူ့ကြက်ဥတွေကို အမှိုက်ပုံးထဲ ပစ်လိုက်တာပေါ့"
"အိုး....သားရယ်"
"သားလည်း သူမကြာခင် ရပ်သွားလိမ့်မယ်လို့ပဲ ထင်တာပေါ့ အမေရ။ သူ့ရဲ့ ကြက်တွေကရော ဘယ်လောက် ဥနိုင်မှာ မို့လို့လဲ"
"ဒါဆို ကောင်မလေးက နောက်ထပ် ကြက်ဥတွေ ထပ်လာမပေးတော့ဘူးပေါ့ မဟုတ်လား ဘရိုက်စ်"
"ဟုတ်တယ်။ ဒါပေမယ့် သူနောက်ဆုံးတစ်ခေါက်လာပို့တုန်းကတော့ သား သူ့ကြက်ဥတွေကို အမှိုက်ပုံးထဲ ပစ်လိုက်တာကို ဂျုလီတွေ့သွားတယ် အမေ"
"အိုး...ဘုရားသခင်"
"ဟုတ်တယ် အမေရေ..."
"ဒါဖြင့် သား သူ့ကို ဘာပြန်ပြောလိုက်လဲ"
ကျွန်တော် အမေ့မျက်နှာကိုလွှဲပြီး ခေါင်းငိုက်စိုက်ချလို့ အမှန်အတိုင်း ပြောလိုက်ပါတော့တယ်။
"သားက ဂျူလီ့ကို သူ့တို့ခြံကြီးက စုတ်ပြတ်နေတာမို့ သူ့ကြက်ဥတွေစားပြီး အစာအဆိပ်သင့်မှာကြောက်လို့ လွှင့်ပစ်တာပါလို့ ပြောလိုက်တယ် အမေ။ သူလည်း အိမ်ကို ငိုပြီးပြန်ပြေးသွားတယ် ။ နောက်တော့ သူက အဲ့ဒီခြံကို စပြင်နေတော့တာပဲလေ"
"အမလေး...သားရယ်"
"ဟုတ်တယ် အမေ"
အမေလည်း တဒင်္ဂလောက်တော့ တိတ်ဆိတ်သွားပါတော့တယ်။ ပြီးတော့မှ အမေက ဆက်ပြောတာပေါ့။
"အမေ့ကို အခုလို ပွင့်ပွင့်လင်းလင်း ပြောပြတာ အမေ ၀မ်းသာတယ် သား။ အခုမှပဲ အမေလည်း ဆက်စပ်ပြီး တွေးမိတော့တယ်" ဆိုပြီး အမေက ခေါင်းကို ခါယမ်းလိုက်ပါတယ်။
"ဘိတ်ကာမိသားစုတော့ အမေတို့ကို အထင်တွေ လွဲနေတော့မှာပဲနော်"
အမေက ဒယ်ပြားကို အ၀တ်နဲ့ ဆက်သုတ်နေလိုက်ပါတယ်။
"ကဲ အခုတော့ အမေတို့ ဘိတ်ကာမိသားစုကို ဘာလို့ ညစာဖိတ်ကျွေးသင့်လဲဆိုတာ သားလည်း နားလည်လောက်ပြီပေါ့"
"ဒါပေမယ့် အမေ ဒီကြက်ဥတွေ ကိစ္စကို ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်။ ဂျူလီက အဘိုးကိုပြောလိုက်လို့ အဘိုး လည်းသိသွားပြီ ဆိုပေမဲ့ အဖေ့ကိုတော့ ဒီသတင်း မကြားစေချင်ဘူး အမေ" လို့ ကျွန်တော် စိုးရိမ်တကြီးနဲ့ ပြောတော့ အမေက ကျွန်တော့်ကို စိုက် ကြည့်လိုက်တာပေါ့။
"ဒါဖြင့် သား အခု သင်ခန်းစာရပြီလား ပြော"
"ရပါပြီ အမေ"
"ကောင်းပြီလေ။ ဒါဆို အမေကလည်း သားတောင်းဆိုတဲ့အတိုင်း လုပ်ပေးရမှာပေါ့"
အဲ့ဒီတော့မှပဲ ကျွန်တော်လည်း ရင်ထဲမှာ ဆို့နင့်နေတဲ့ သက်ပြင်း လုံးကြီး ကို ချလိုက်နိုင်ပါတော့တယ်။
"ကျေးဇူးတင်ပါတယ် အမေ"
"ဪ ဒါနဲ့ သားရေ...."
"ဟုတ်ကဲ့ အမေ"
"အမေ့ကို အခုလို ပြောပြတဲ့ အတွက် အမေ သိပ် ၀မ်းသာတယ် သိလား" ဆိုပြီး အမေက ကျွန်တော့် ပါးကိုအနမ်းလေးပေးလိုက်ပါတယ်။
"ဒါနဲ့ သား ဒီနေ့ အိမ်ရှေ့က မြက်ခင်းရိတ်ပေးမယ်လို့ အမေ့ကို ပြောထားတယ် မဟုတ်လား"
"ဟုတ်ကဲ့ပါ အမေ" လို့ ပြန်ဖြေပြီး ကျွန်တော်လည်း မြက်ရိတ်ဖို့ အိမ်ရှေ့ကို ထွက်လာခဲ့ပါတော့တယ်။
အဲ့ဒီ ညနေရောက်တော့ အမေက လာမဲ့ သောကြာနေ့ ညနေ ခြောက်နာရီထိုးရင် ဘိတ်ကာ မိသားစု ညစာစားပွဲကို လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီး အဲ့ဒီနေ့အတွက် အထူးဟင်းလျာတွေက ဆယ်လ်မွန်ငါးပေါင်းရယ်၊ ဂဏန်းထမင်းရယ်နဲ့ အသီးအရွက် အစုံသုတ်ရယ်တဲ့လေ။ အမေ့ဘက်က ကြိုတင်ကြေငြာပြီးပြီဆိုတော့ ကျွန်တော်တို့လည်း ဟင်းနဲ့ ပတ်သက်ပြီး အထွန့်တက်လို့ မရတော့ဘူးပေါ့။ အဖေကတော့ အမေ့ကို ခြံထဲဆင်းပြီးတော့ပဲ ဘာဘီကျူးကင် လုပ်စားကြရင် မကောင်းဘူးလားလို့ အထွန့်တက်လိုက်ပါသေးတယ်။ အကင်လုပ်စားကြမယ်ဆို အနည်းဆုံးတော့ အဖေက တခုခု လုပ်နေပြီး အာရုံလွှဲထားလို့ရမယ် မဟုတ်ပါလား။ ဒါပေမယ့် အမေ့ အကြည့်တစ်ချက်နဲ့ပဲ အဖေလည်း တိတ်သွားရပါတော့တယ်။
အဲ့ဒီတော့ ဘိတ်ကာမိသားစု ကျွန်တော်တို့အိမ်ကို လာတော့မှာ ကျိန်းသေသွားပြီပေါ့။ ဒီအတွေးတွေကြောင့်ပဲ ကျောင်းမှာ ဂျူလီ့ကိုတွေ့ရတာတောင် ပိုပြီး စိတ်မသက်မသာ ဖြစ်ရတာ အမှန်ပါပဲ။ နောက်ပြီး သူကလည်း ကျွန်တော့်ကို အရင်ကလို ပြုံးပြလိုက်၊ လက်ပြလိုက် လုပ်မနေတော့ဘဲ ရှောင်နေတယ်လေ။ ကျွန်တော်တို့ ကျောင်းက လျှောက်လမ်းမှာ ထိပ်တိုက်တွေ့လို့ မတတ်သာဘဲ "ဟိုင်း"တစ်ခွန်းပြောတာကလွဲရင် သူ့ကိုကြည့်ရတာ ကျွန်တော့်ကို သိသိသာသာကြီး ရှောင်နေသလိုပါ။ အရင်ကလို ကျွန်တော် သူ့ဘက်ကြည့်လိုက်တိုင်း ဂျူလီက ကျွန်တော့်ကို ကြည့်မနေတော့သလို ကျောင်းဆင်းတိုင်းလည်း နောက်ပေါက်ကနေ ခပ်သုတ်သုတ်ထွက်ပြီး ကျွန်တော်နဲ့ မတိုးအောင် ကျောင်းကိုပတ်ပြီးမှ အိမ်ပြန်နေတယ်လေ။ သူ့ကို ကြည့်ရတာ ကျွန်တော့်ကို ကြောက်နေသလိုပါပဲ။
အဲ့ဒီတော့ ကျွန်တော်ကပဲ သူ့ကို အတန်းထဲမှာ ပြန်ကြည့်နေမိတော့တာပေါ့။ အတန်းရှေ့မှာ ဆရာမက စာသင်နေလို့ ကျောင်းသားတွေအားလုံရဲ့ အကြည့်တွေက အရှေ့ကို အာရုံရောက်နေကြပေမဲ့ ကျွန်တော့် အကြည့်တွေကတော့ ဂျူလီ့ဆီကို ရောက်နေခဲ့တာပေါ့။ ဒါက တော်တော်ထူးဆန်းတယ်ဗျ။ အခုလေးတင်ပဲ ဆရာမ စာသင်တဲ့ဆီ အာရုံရောက်နေရင်း ကျွန်တော်မသိလိုက်ခင်ပဲ မျက်လုံးတွေက သူ့ဆီ ရောက်ရောက်သွားတော့တာပဲလေ။
ဒီလိုနဲ့ ဗုဒ္ဓဟူးနေ့ သင်္ချာစာမေးပွဲ ဖြေတော့မှပဲ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို သတိထားမိပါတော့တယ်။ ဆံပင်ကိုနောက်ချပြီး ခေါင်းလေးတိမ်းလို့ စာမေးပွဲဖြေနေတဲ့ ဂျူလီ့ကို ကြည့်ရတာ ဟိုတစ်ခါ ကျွန်တော်တွေ့လိုက်ရတဲ့ သတင်းစာထဲက အတိုင်းပါပဲ။ သတင်းစာထဲကပုံလို တစ်ထေရာထဲမဟုတ်ဘဲ သူ့ဆံပင်ကို လေတိုက်မနေပေမဲ့ သူ့ကို ကြည့်ရတာ သတင်းစာထဲက ပုံလေးနဲ့ သိပ်ကို တူလွန်းနေပါတော့တယ်။ ကျွန်တော်လည်း စာမေးပွဲ ဖြေနေတဲ့ ဂျူလီ့ပုံနဲ့ သတင်းစာထဲက ပုံကို စိတ်ကူးနဲ့ တိုက်ကြည့်နေရင်း ကျောရိုးထဲ စိမ့်ခနဲနေသွားအောင် ချမ်းသွားပါသေးတယ်။ ကျွန်တော် တွေးနေမိတာကတော့...ဂျူလီ ဘာတွေများတွေးနေတာပါလိမ့်၊ သူ တကယ်ပဲ အဖြေလွှာထဲက ကိန်းရင်းရှာတဲ့ ပုစ္ဆာအကြောင်းတွေးနေတာရော ဟုတ်ရဲ့လား ဆိုတာပါပဲ။
ကျွန်တော် ဂျူလီ့ကို ငေးမောကြည့်နေတာကို အနားက ဒါလာ ထရက်စလာဆိုတဲ့ ကောင်မလေးက တွေ့တော့ သူက ကျွန်တော့်ကို ကမ္ဘာပေါ်မှာ အမြင်ကပ်ချင်စရာအကောင်းဆုံး ပြောင်စပ်စပ်အကြည့်နဲ့ ပြုံးပြတယ်လေ။ ကျွန်တော်သာ သူ့ကို ခပ်မြန်မြန် မရှင်းပြနိုင်ရင် ဒီသတင်းက တောမီးလိုပဲ တမုဟုတ်ချင်း ပြန့်သွားတော့မှာ အမှန်ပါ။ အဲ့ဒီတော့ ကျွန်တော်လည်း သူ့ဘက်ကို လှည့်ပြီး တီးတိုးလေး ရှင်းပြလိုက်ရတော့တာပေါ့။
"ဂျူလီ့ ဆံပင်ထဲမှာ ပျားတစ်ကောင်၀င်နေတယ်ဟ တော်တော် ရယ်စရာကောင်းတယ်နော်" ဆိုပြီး ကျွန်တော် လေထဲကို လက်ညှိုး ထိုးပြလိုက်ပါတယ်။
"ဒီမှာလေ တွေ့လား....ဟော ဟိုဘက်ပြေးသွားပြီ"
ဒါလာကတော့ လည်ပင်းဆန့်လို့ ကျွန်တော် ပြတဲ့နေရာကို လိုက်ကြည့်နေတော့တာပေါ့။ ကျွန်တော်လည်း အဲ့ဒီအချိန်ကစလို့ ကျောင်းဆင်းတဲ့အထိ ခပ်တည်တည်ပဲနေလိုက်ပါတော့တယ်။ ဒါလာ ထရက်စလာ သာ တခုခုသိလိုက်လို့ကတော့ တစ်ကျောင်းလုံး ပုန်းစရာနေရာရှိတော့မှာ မဟုတ်ဘူး မဟုတ်ပါလား။
အဲ့ဒီညက ကျွန်တော် အိမ်စာလုပ်နေတုန်း ကျွန်တော်လည်း ဂျူလီနဲ့ ပတ်သက်ပြီး ကျွန်တော့် ခံစားချက်က အစစ်အမှန်မဟုတ်ဘူးဆိုတာ သက်သေပြဖို့ အမှိုက်ပုံးထဲက သတင်းစာကို ဆွဲထုတ်လိုက်ပါတယ်။ ကျွန်တော် သူ့ပုံပါတဲ့ စာမျက်နှာဆီ တစ်ရွက်ချင်းလှန်နေတုန်း စိတ်ထဲကနေ ဒါဟာ ကျွန်တော့် စိတ်ကူးသက်သက်ပဲဖြစ်ကြောင်း၊ ဂျူလီဟာ သတင်းစာထဲက ပုံနဲ့ တထေရာထဲ တူနေတာ မဖြစ်နိုင်ကြောင်း ကိုယ့်ကိုယ်ကို သတိပေးနေလိုက်တာပေါ့။ ဒါပေမယ့် ကျွန်တော် သတင်းစာထဲက သူ့ပုံဆီရောက်တော့ သစ်ပင်ပေါ်မှာထိုင်နေတဲ့ ဂျူလီဟာ ဒီနေ့ ကျွန်တော့်ရှေ့ နှစ်ခုံကျော်မှာထိုင်ပြီး သင်္ချာကုန်းဖြေနေတဲ့ အတိုင်းပဲဆိုတာ ကျွန်တော် တအံ့တဩနဲ့ တွေ့လိုက်ရတယ်လေ။
အဲ့ဒီမှာ ကျွန်တော့် အစ်မ လင်နတ်တာက အခန်းထဲကို ရုတ်တရက် ၀င်လာပါတော့တယ်။
"ဘရိုက်စ်...ငါ့ကို ခဲတံချွန်စက် ခဏငှားစမ်းပါ" လို့ သူက အခန်းထဲ၀င်လာရင်းက ကျွန်တော့်ကို ပြောလိုက်ပါတယ်။
ကျွန်တော်လည်း သတင်းစာကို ဖိုင်တွဲအလွတ်ထဲ ခပ်သွက်သွက် ညှပ်လိုက်ပြီး သူ့ကို ပြန်အော်လိုက်ရတော့တာပေါ့။
"နင့်ကို ငါ့အခန်းထဲ၀င်ရင် တံခါးခေါက်ပါလို့ ပြောထားတယ် မဟုတ်ဘူးလား"
လင်နတ်တာကတော့ ကျွန်တော့်လက်အောက်က တပိုင်းတစထွက်နေတဲ့ သတင်းစာရွက်ကို လှမ်းကြည့်နေတော့ ကျွန်တော်လည်း ဖိုင်တွဲကို ကျောပိုးအိတ်ထဲ ခပ်မြန်မြန် ထိုးထည့်လိုက်ပါတော့တယ်။
"ဘာတွေများ ဝှက်ဖို့ ကြိုးစားနေတာလဲ မောင်လေးရေ" ဆိုပြီး လင်နတ်တာက ကျွန်တော့်ကို ပြောင်စပ်စပ် အသံနဲ့ စလိုက်ပါသေးတယ်။
"ဘာမှမဟုတ်ဘူး။ နောက်ပြီး ငါ့ကို အဲ့ဒီလိုကြီး ထပ်မခေါ်နဲ့နော်။ ငါ့အခန်းထဲကိုလည်း အသံမပေး ဘာမပေးနဲ့ ၀င်မလာပါနဲဆို"
"အေးပါ။ ငါ့ကို နင့် ခဲတံချွန်စက်သာ ပေးစမ်းပါဟဲ့" ဆိုပြီး သူက လက်ဖြန့်ပြီးပြောလိုက်တော့ ကျွန်တော်လည်း အံဆွဲထဲကနေ ခဲတံချွန်စက်ကို ဆွဲထုတ်ကာ သူ့လက်ထဲ လှမ်းပစ်ပေးလိုက်တယ်လေ။ လင်နတ်တာလည်း သူလိုချင်တာ ရတော့ အခန်းထဲကနေ ထွက်သွားပါတော့တယ်။
နှစ်စက္ကန့်လောက် ကြာတော့ အမေက ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါသေးတယ်။ နောက်တော့ ကျွန်တော်လည်း ကျောပိုးအိတ်ထဲမှာ သတင်းစာဖိုင်တွဲထည့်ထားသွားကို လုံး၀ မေ့သွားတော့တာပေါ့။
ဒီလိုနဲ့ ကျွန်တော် နောက်တစ်နေ့မနက်ခင်း ကျောင်းပထမဆုံးချိန်ရောက်လို့ ကျောပိုးအိတ်ဖွင့်တော့မှပဲ အိတ်ထဲမှာ သတင်းစာပါလာမှန်း သိလိုက်ရပါတော့တယ်။ အခုချက်ချင်း ထပြီး အမှိုက်ပုံးထဲ သွားပစ်လို့ ရတာလည်း မဟုတ်တော့ ကျွန်တော်လည်း တစ်ယောက်ထဲ ဇောချွေးတွေ ပြန်နေတော့တာပေါ့။ ကျွန်တော့် ဘေးနားမှာ ဂဲရတ်လည်းထိုင်နေသလို ဒါလာ ထရက်စလာကလည်း ကျွန်တော်နဲ့ ပထမဆုံးအချိန်တွေမှာ တစ်ခန်းထဲ အတူတူ သင်ရတာ မဟုတ်ပါလား။ နောက်ပြီး သူက ကျွန်တော့်ကို မျက်လုံးဒေါက်ထောက်ကြည့်နေမယ်ဆိုတာလည်း ကျွန်တော်ပြောရဲပါတယ်။ သူသာ ကျွန်တော့်လက်ထဲက သတင်းစာကို တွေ့သွားမယ်ဆိုရင် ကျွန်တော်ကတော့ ကျဉ်းထဲ ကြပ်ထဲရောက်ရမှာ ကျိန်းသေနေပါပြီ။
ခဏနေတော့ ဂဲရတ်က တစ်နေ့ကို အကြိမ်ပေါင်းသောင်းခြောက်ထောင်လောက် ကျွန်တော့်ဆီက စာရွက်ငှားသုံးတတ်တဲ့ သူ့၀သီအတိုင်း ကျွန်တော့်ခုံဘက် လက်လှမ်းလိုက်တော့ ကျွန်တော်လည်း ကြောက်အားလန့်အားနဲ့ သူ့လက်ကို ရိုက်ချလိုက်တော့တာပေါ့။
"ဟေ့ကောင် သားကြီး....ဘာဖြစ်တာလဲ" လို့ သူက ကျွန်တော့်ကို ပြောလိုက်ပါတယ်။
"ဆောရီးကွာ" လို့ပဲ ကျွန်တော်လည်း ပြန်ပြောလိုက်တယ်လေ။ ဂဲရတ် လက်လှမ်းလိုက်တာကလည်း သတင်းစာဆီမဟုတ်ဘဲ နှစ်ကြောင်းမျဉ်းစာရွက်ဆီရယ်ပါ။
"သားကြီး...မင်းကို ကြည့်ရတာ အခုတလော စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူးနော်။ မင်း ကိုယ့်ကိုယ်ကိုရော သတိထားမိရဲ့လား" လို့ သူက ကျွန်တော့်ကို ထပ်မေးလိုက်ပါသေးတယ်။ ဒီလိုနဲ့ ဂဲရတ်က ကျွန်တော် ဖိုင်တွဲထဲက နှစ်ကြောင်းမျဉ်းစာရွက် ဖြဲယူရင်း အစွန်းထွက်နေတဲ့ သတင်းစာကို သတိထားမိသွားတော့တာပေါ့။ သူက ကျွန်တော့်ကို ကြည့်လိုက်ပါတယ်။ ကျွန်တော် သူ့ကို မတားလိုက်နိုင်ခင်မှာပဲ ဂဲရတ်က သတင်းစာရွက်ကို ဖျတ်ခနဲ ဆွဲထုတ်လိုက်ပါတော့တယ်။
ကျွန်တော်လည်း မတ်တပ်ထရပ်ပြီး ဂဲရတ်လက်ထဲက သတင်းစာရွက်ကို ပြန်လုရတော့တာပေါ့။ ဒါပေမယ့် ကျွန်တော် သိပ်နောက်ကျသွားပါပြီလေ။ ဂဲရတ်က သတင်းစာထဲက ပုံကို မြင်သွားခဲ့ပါပြီ။
အဲ့ဒီတော့ ဂဲရတ်တစ်ယောက် ဘာတစ်ခွန်းမှ မဟနိုင်ခင်မှာပဲ ကျွန်တော် သူ့ကို မျက်နှာချင်းဆိုင်ပြီး သတိပေးလိုက်ရတော့တာပေါ့။
"မင်း...ဘာမှမပြောနဲ့နော် ဂဲရတ်။ ငါပြောတာ နားလည်လား။ ဒီကိစ္စက မင်းထင်သလို မဟုတ်ဘူး"
"ဟုတ်ပါပြီ...နောက်ဆုတ် စမ်းပါဦးကွ။ ငါကလည်း ဘာမှ တွေးနေတာ မဟုတ်ပါဘူး ဘရိုက်စ်ရာ" လို့ ဂဲရတ် ပြန်ဖြေပေမဲ့ သူ့ဦးနှောက်ထဲကသံပတ်ကလေးက တောက် တောက် တောက် နဲ့လည်ပတ်ပြီး ဒီကိစ္စတွေအားလုံးကို ဇာတ်လမ်းတွေထွင်နေတော့မှာကို ကျွန်တော် ခံစားမိပါတယ်။ ပြီးတော့ သူက ကျွန်တော့်ကို မချိုမချဥ်နဲ့ လှောင်ပြုံးပြုံးလို့ ပြောလိုက်ပါသေးတယ်။
"ကဲ....ဘရိုက်စ်။ ငါကတော့ မင်းဘာလို့ ဂျူလီ ဘိတ်ကာ ရဲ့ ပုံကို ကျောပိုးအိတ်ထဲ ထည့်ပြီး လျှောက်သွားနေရလဲဆိုတဲ့ အကြောင်းပြချက်ကောင်းကောင်း ရှိပါစေလို့ မျှော်လင့်ပါတယ်ကွာ" တဲ့လေ။
သူပြောလိုက်တဲ့ ပုံကြောင့် ကျွန်တော် အတော်လေး လန့်သွားရတာ အမှန်ပါပဲ။ ဂဲရတ်ကို ကြည့်ရတာ သူက ကျွန်တော့် လျှို့ဝှက်ချက်တွေကို တစ်တန်းလုံးသိအောင် ပြောလိုက်တော့မဲ့ အတိုင်းပဲလေ။ ကျွန်တော် သူ့ခုံဘက်ကို ကပ်ပြီး သတိပေးလိုက်ပါတယ်။
"ဟေ့ကောင်...ဂဲရတ်။ မင်း ငြိမ်ငြိမ်နေနော်"
ကျွန်တော်တို့နှစ်ယောက် အတန်းထဲမှာ ပွစိပွစိလုပ်နေလို့ အတန်းရှေ့က ဆရာမကတောင် လှမ်းပြီး သတိပေးလိုက်ပါသေးတယ်။ ဒါပေမယ့် ဂဲရတ်ကတော့ ကျွန်တော့် လက်ထဲက ဖိုင်တွဲကို ကြည့်ပြီး ကျွန်တော့်ကို ပြောင်စပ်စပ်လုပ်ပြနေဆဲပဲလေ။ အတန်းပြီးတော့ ဒါလာ က သူတစ်ယောက်ထဲ အလုပ်များနေချင်ယောင်ဆောင်နေပေမဲ့ သူက ကျွန်တော့်ဘက်ကို နားစွင့်နေတယ်ဆိုတာ ကျွန်တော် ခံစားမိပါတယ်။ တကယ်တမ်းပြောရရင် ဒါလာက တစ်နေ့လုံး ကျွန်တော့်ကို အရိပ်တကြည့်ကြည့်နဲ့ကို စောင့်ကြည့်နေတော့တာပါ။ အဲ့ဒီတော့ ကျွန်တော်လည်း ဂဲရတ်နဲ့ လွတ်လွတ်လပ်လပ် စကားပြောရမဲ့ အခွင့်အရေးကို မရှိတော့ဘူးပေါ့။
ဒါပေမယ့် အခွင့်အရေးရခဲ့ရင်ရော ကျွန်တော်က ဂဲရတ်ကို ဘာပြောရမှာပါလဲ။ ဒါမှမဟုတ် ကျွန်တော့် အစ်မဆီကနေ ဝှက်ရင်း သတင်းစာက ကျွန်တော့်ကျောပိုးအိတ်ထဲရောက်နေတယ်လို့ ပြောရင်ရော သူ ယုံပါ့မလား။ ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပေါ့လေ။
တကယ်တော့ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂဲရတ်ကို မလိမ်ချင်ခဲ့ပါဘူး။ ဂဲရတ်က ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ။ လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအားလုံးကိုလည်း ကျွန်တော် သူ့ကို ဖုံးကွယ်ထားရတာ ပင်ပန်းနေပါပြီ။ သူ့ကိုသာ အမှန်အတိုင်းပြောလိုက်မယ်ဆိုရင် ဂဲရတ်က ကျွန်တော့် ပြဿနာတွေကို ကူညီပြီး ဖြေရှင်းကောင်း ဖြေရှင်းပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်လေ။ ဟုတ်တယ်။ ကျွန်တော် သူ့ကို အမှန်အတိုင်းပြောရပါမယ်။ ဂဲရတ်က အကြံပေးတဲ့နေရာမှာတော့ သိပ်တော်တဲ့ သူ မဟုတ်ပါလား။
ကံကောင်းချင်တော့ ကျွန်တော်တို့ လူမှုရေးအတန်းချိန်မှာ သမိုင်း၀င် ကျော်ကြားသူများအကြောင်း ရီပို့ရေးဖို့အတွက် စာကြည့်တိုက် ၀င်ချိန်ရလိုက်ပါတယ်။ ဒါလာနဲ့ ဂျူလီတို့ကလည်း လူမှုရေးအတန်းချိန်မှာတော့ ကျွန်တော်နဲ့ တစ်တန်းထဲ တက်ရတယ်လေ။ ဒါပေမယ့် ကျွန်တော် ဂဲရတ်ကို သူတို့နှစ်ယောက်လုံး မသိအောင် တိတ်တိတ်ကလေး စာအုပ်တန်းတွေရဲ့ အနောက်ဆုံးထောင့်ဆီ ခေါ်သွားနိုင်ခဲ့တာပေါ့။ ကျွန်တော်တို့ နှစ်ယောက်ထဲရှိနေတဲ့ အချိန်ရောက်တော့မှပဲ ကျွန်တော်လည်း ဂဲရတ်ကို ကြက်ဥကိစ္စကနေ စလို့ အစအဆုံး ရှင်းပြဖြစ်ပါတော့တယ်။
သူက ခေါင်းခါပြီး ကျွန်တော့်ကို ပြန်ပြောတာပေါ့။
"ဘရိုက်စ်....မင်း ဘာတွေ ပြောနေတာလဲကွ"
"ဟိုတခါ မင်းနဲ့ ငါနဲ့ ဂျူလီတို့ အိမ်နောက်ဖေးကနေ သူတို့ခြံထဲ သွားချောင်းကြည့်တာ မင်းမှတ်မိသေးတယ်မဟုတ်လား ဂဲရတ်"
"ဟိုး...ခြောက်တန်းတုန်းက ကိစ္စလား"
"အင်းလေ။ မင်းပဲ ငါ့ကို ကြက်ဖနဲ့ ကြက်မအကြောင်း ခွဲတတ်တယ်ဆိုပြီး လျှောက်ပြောတုန်းကလေ" လို့ ကျွန်တော် ပြောလိုက်တော့ ဂဲရတ်က မျက်လုံးစွေလို့
"ဪ....ဒီကိစ္စလား..." တဲ့လေ။
"အဲ့ဒီတုန်းက မင်း ကြက်တွေနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူးမဟုတ်လား။ ငါ့မှာဖြင့် မင်းကိုဆရာတင်တော့မှပဲ ရှေ့နေငှားမှ ထောင်လုံးလုံးကျ ဖြစ်တော့တာပဲကွာ"
ဒီလိုနဲ့ ကျွန်တော် ဂဲရတ်ကို ကျွန်တော့်အဖေအကြောင်း၊ ကြက်ဥတွေအကြောင်း၊ အစာအဆိပ်သင့်တဲ့ အကြောင်းနဲ့ ကျွန်တော် နှစ်နှစ်နီးပါးလောက် ဂျူလီ့ကြက်ဥတွေကို လွှင့်ပစ်နေခဲ့ရတဲ့ အကြောင်း တန်းစီလို့ ပြောလိုက်ပါတော့တယ်။
သူကတော့ ပုခုံးတွန်ပြီး
"အေး အဲ့ဒီတော့ ဘာဖြစ်လဲကွ" လို့ ပြန်မေးလိုက်တာပေါ့။
"ဒါပေမယ့် သူက ငါ့ကို မိသွားတယ်ကွ"
"ဘယ်သူလဲ"
"ဂျူလီလေ"
"အိုး....သားကြီးရေ..."
ကျွန်တော် ဂျူလီ့ကို ဘာပြန်ပြောလိုက်တဲ့အကြောင်းနဲ့ မကြာခင်မှာပဲ ဂျူလီက အနှစ်နှစ်အလလက ပစ်ထားတဲ့ သူတို့ခြံကို သန့်ရှင်းရေးတွေ ထလုပ်နေတဲ့အကြောင်း ဂဲရတ်ကို ထပ်ပြောပြလိုက်ပါသေးတယ်။
"ဒါဖြင့် ဒီကိစ္စက မင်းအပြစ်မှ မဟုတ်တာ။ သူတို့ခြံကိုက ညစ်ပတ်နေတာပဲကို"
"ဒါပေမယ့် နောက်တော့ ဂျူလီတို့နေတဲ့ အိမ်က သူတို့ အိမ်ပိုင်မဟုတ်ဘူးဆိုတာ ငါသိလိုက်ရတယ်ကွ။ သူတို့ ဆင်းဆင်းရဲရဲနေရတာက သူ့အဖေရဲ့ ဉာဏ်စဉ်မမှီတဲ့ ညီလေးကို စောင့်ရှောက်ခ ပေးနေရလို့တဲ့လေ"
အဲ့ဒီတော့မှ ဂဲရတ်က ကျွန်တော့်ကို အဆက်အစပ်မရှိ လာပြုံးပြနေပါတော့တယ်။
"ဉာဏ်စဉ်မမှီဘူး ဟုတ်လား။ ကဲ....အခုမှပဲ သူ့အကြောင်းကို သဘောပေါက်တော့တယ်ကွာ" တဲ့လေ။
သူပြောတဲ့ စကားကို ကျွန်တော်လည်း နားမလည်တာ အမှန်ပါ။
"မင်းက ဘာကို ဆိုလိုချင်တာလဲ ဂဲရတ်"
"မင်းလည်း သိပါတယ်။ ဂျူလီ့ကို ပြောတာလေ..." ဆိုပြီး သူက ပြုံးစေ့စေ့နဲ့ ပြန်ဖြေလိုက်တာပေါ့။
ကျွန်တော် ရုတ်တရက် ဒေါသတွေ အလိပ်လိပ်တက်လာပြီး လက်သီးကိုတောင် ကျစ်ကျစ်ပါအောင် ဆုပ်မိသွားပါတော့တယ်။ ကျွန်တော် အဲ့ဒီနေရာမှာပဲ ဂဲရတ်ကို အလဲထိုးပစ်လိုက်ချင်တာ အမှန်ပါပဲ။
ဒါပေမယ့် ကျွန်တော်တို့က စာကြည့်တိုက်ထဲမှာ ရောက်နေတာရယ်၊ ကျွန်တော်သာ သူ့ကို အခုလို စိတ်လိုက်မာန်ပါ ထိုးကြိတ်လိုက်ရင် ဂဲရတ်က တစ်တန်းလုံးကို ကျွန်တော်ဟာ ဂျူလီ့ကို ကြိတ်ကြိုက်နေပါတယ်ဆိုပြီး လျှောက်ပြောမှာ စိုးတာကြောင့် ကျွန်တော် စိတ်လျှော့လိုက်ရတာပေါ့။ ကျွန်တော်လည်း အလိုက်အထိုက် ရယ်လို့ ဂဲရတ်ကို ပြန်ပြောလိုက်ပါတယ်။
"ဪ အေး...ဟုတ်သားပဲကွ"
အဲ့ဒီနောက်တော့ ကျွန်တော် ဂဲရတ်နားကနေ ဝေးဝေးမှာ သွားထိုင်နေလိုက်ပါတော့တယ်။ ကျောင်းဆင်းတော့ ဂဲရတ်က ကျွန်တော့်ကို သူ့အိမ်မှာ လိုက်ဆော့ဖို့ ခေါ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် စိတ်ထဲမှာ တွေးနေမိတာကတော့ သူ့ကို ဘယ်လို စိတ်ရှိလက်ရှိ ထိုးကြိတ်ပစ်လိုက်ရမလဲဆိုတာပါပဲ။
ကျွန်တော် ကိုယ့်ကိုယ်ကို စိတ်ထိန်းဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ဒေါသတွေကတော့ ဂဲရတ်အပေါ် အတော် ကြီးစိုးနေခဲ့တာအမှန်ပါပဲ။ ဂဲရတ် ဒီတစ်ခါ ပြောလိုက်တာက အတော်လေး လွန်လွန်းတယ် မဟုတ်ပါလား။
နောက်ပြီး ဒီ့ထက်ပိုဆိုးတာကတော့ ဂဲရတ်တင်မဟုတ်ဘဲ ကျွန်တော့် အဖေ ကိုယ်တိုင်ကပါ ဂျူလီ့ကို ဉာဏ်စဉ်မမှီဘဲ ထူးထူးဆန်းဆန်းတွေ လျှောက် လုပ်တတ်တဲ့ သူတစ်ယောက်လို မြင်နေတာပါပဲ။
အခန်း (၁၀)
ဂျူလီ
ဦးလေး ဒေးဗစ်
တနင်္ဂနွေနေ့မနက်ခင်းတိုင်းဟာ ကျွန်မတို့အိမ်အတွက်တော့ အသာယာဆုံးအချိန်တွေပါ။ ကျွန်မအဖေက မနက်မိုးစင်စင်လင်းတဲ့အထိ အေးအေးဆေးဆေး အိပ်နေတတ်သလို အမေကလည်း မနက်စာမပြင်ဘဲ အေးအေးသက်သာနေတတ်တယ်လေ။ ကျွန်မ အစ်ကိုတွေကလည်း အိမ်မှာနေရင်တောင် နေ့လည်လောက်မှ အိပ်ရာထကျတဲ့သူတွေဆိုတော့ အခုလို အပြင်သွားနေတဲ့အခါ လူရိပ်လူယောင်တောင် မမြက်ရတော့ဘူးပေါ့။
ပုံမှန်ဆိုရင်တော့ အခုလို အားလုံးအိပ်နေကြတဲ့အချိန်ဆို ကျွန်မက ကြက်ခြံထဲဆင်းပြီး ကြက်ဥကောက်နေကြပါ။ ပြီးရင်တော့ ကျွန်မလည်း မနက်စာ စီရီယယ်မုန့်ကို ပန်းကန်လုံးတစ်လုံးနဲ့ထည့်ပြီး အိပ်ရာထဲပြန်လို့ စာဖတ်ရင်း စားတတ်တာပေါ့။
ဒါပေမယ့် အဲ့ဒီတနင်္ဂနွေနေ့ မနက်ကတော့ ကျွန်မ စိတ်ထဲ မအီမသာနဲ့ နိုးလာပြီးနောက်မှာ ကျွန်မလည်း စိတ်ပြေလက်ပျောက် ကိုယ်လက်လေ့ကျင့်ခန်းလေးလုပ်ဦးမှပါလို့ ဆုံးဖြတ်ချက် ချလိုက်တယ်လေ။ အနည်းဆုံးတော့ အခုလို လျှောက်တွေးမနေမိတော့ဘူး မဟုတ်ပါလား။
ကျွန်မ တကယ်တမ်း လုပ်ချင်မိတာကတော့ သဖန်းပင်ကြီးပေါ်ကို ပြေးတက်လိုက်ချင်မိတာပါပဲ။ ဒါပေမယ့် ကျွန်မ အိမ်ရှေ့ကခြံလေးကို သာ ရေလောင်းကာ ဟိုဟိုဒီဒီ တွေးတောနေမိပါတော့တယ်။ ကျွန်မ သစ်သားရေစည်အ၀ကို ပိုက်စွပ်ပြီး ခြံထဲက မြေကြီးတွေကို ရေဖြန်းရင်း ရေစိုစွတ်လေ မြေကြီးရဲ့ အရောင်အသွေးက ပိုပြီး နက်မှောင်လာလေပဲဆိုတာ သတိထားမိလိုက်တာပေါ့။ ပြီးတော့ ကျွန်မ ပျိုးထားတဲ့ အလှပန်းပင်ပေါက်လေးတွေကို နေရောင်ခြည်နုနုနဲ့ ထိတွေ့အောင် မြေကြီးကိုတောင် ပြုပြင်ပေးလိုက်ပါသေးတယ်။ ခဏနေ ကျွန်မ အဖေ အိမ်ထဲက ထွက်လာတော့ သူ့ဆံပင်တွေက ခေါင်းလျှော်ထားတာမို့ စိုစွတ်နေဆဲပါ။ နောက်ပြီး သူ့လက်ထဲမှာလည်း အိတ်လေးတစ်လုံးကိုင်ထားတယ်လေ။
"အဖေ သမီးကြောင့် အဖေနိုးသွားရင် တောင်းပန်ပါတယ်"
"သမီးကြောင့် နိုးတာမဟုတ်ပါဘူးကွယ်။ အဖေ နိုးနေတာ ကြာပါပြီ"
"အဖေက တနင်္ဂနွေနေ့ကြီး အလုပ်လုပ်မလို့လား"
"မဟုတ်ပါဘူး ။အဖေက...." ဆိုပြီး အဖေက ကျွန်မကို ပြောသင့်မပြောသင့် စဉ်းစားနေလိုက်တာပေါ့။
"အဖေက ဒေးဗစ်ဆီ သွားလည်မလို့ပါ"
"ဦးလေး ဒေးဗစ်ကို ပြောတာလား အဖေ"
အဖေက သူ့ကားဆီလျှောက်သွားလိုက်ပါတယ်။
"ဟုတ်တယ် သမီး။ အဖေက နေ့လည်လောက် အိမ်ပြန်ရောက်မယ် ထင်တယ်"
"အဖေကလည်း ဘာလို့ ဒီနေ့မှသွားရတာလဲ။ ဒီနေ့က တနင်္ဂနွေနေ့ပဲကို"
"ဟုတ်ပါတယ်ကွယ်။ ဒါပေမယ့် ဒီတနင်္ဂနွေက ထူးခြားတယ်ကွဲ့"
ကျွန်မလည်း ရေပိုက်ခေါင်းကို ပိတ်လိုက်တာပေါ့။
"ဘာလို့လဲ အဖေ"
"ဒီနေ့က ဒေးဗစ်ရဲ့ အသက် လေးဆယ်ပြည့်မွေးနေ့လေ။ အဖေက သူ့ကို မွေးနေ့လက်ဆောင်လေး ပေးချင်လို့ပါ သမီးရယ်" ဆိုပြီး အဖေက သူ့လက်ထဲက အထုပ်လေးကို လှုပ်ပြလိုက်ပါတယ်။
"ဒါပေမယ့် သမီး မပူပါနဲ့။ အဖေ ပြန်လာရင် နေ့လည်စာအတွက် ပန်ကိတ် လုပ်ကျွေးမယ်နော်"
"သမီးလည်း လိုက်ချင်တယ် အဖေ" လို့ ရေပိုက်ခေါင်းကို ပစ်ချရင်း ကျွန်မ ပြောလိုက်တာပေါ့။ ကျွန်မက လှလှပပတော့ ၀တ်စားထားတာ မဟုတ်ပါဘူးလေ။ အနွေးထည်အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီ၀တ်ထားတဲ့ ကျွန်မမှာ ခြေအိတ်တောင်မှ ၀တ်မထားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ အဖေနဲ့အတူတူ ဦးလေး ဒေးဗစ်ဆီ လိုက်သွားချင်ခဲ့ပါတယ်။
"သမီး အိမ်မှာပဲ နေခဲ့ပြီး သမီး အမေနဲ့အတူတူ တခုခု ပျော်စရာလုပ်နေပါလား ဂျူလီရယ်။ သမီး အမေက သမီးကို..."
အဖေ့စကားတောင် မဆုံးလိုက်ပါဘူး။ ကျွန်မ အဖေ့ ထရပ်ကားလေးဆီ လမ်းလျှောက်သွားကာ
"သမီးလည်း လိုက်မယ် အဖေ" လို့ပြောပြီး ကားထဲ ၀င်ထိုင်နေလိုက်ပါတော့တယ်။
အဖေကတော့ မောင်းသူထိုင်ခုံ အပေါက်ကနေ
"သမီးကလည်း ကွယ်..." ဆိုပြီး ပြောနေပါသေးတယ်။
"သမီး လိုက်ချင်လို့ပါ အဖေရယ်"
အဲ့ဒီတော့မှ အဖေက ကျွန်မကို သေချာကြည့်ပြီး
"ကောင်းပြီလေ ။ ဒါဆို အဖေ သမီးအမေ သိရအောင် စာလေးရေးပေးခဲ့လိုက်ဦးမယ်" လို့ဆိုကာ သူ့လက်ထဲက အထုတ်ကို ကားထဲထည့်ပြီး အိမ်ထဲ ပြန်၀င်သွားပါတော့တယ်။
အဖေ အိမ်ထဲ ပြန်၀င်သွားတော့ ကျွန်မ ထိုင်ခုံပေါ်မှာ ခါးပတ်ပတ်လိုက်ပြီး ဒါဟာ ကောင်းတဲ့ ကိစ္စပဲလို့ ကိုယ့်ကိုယ်ကို သတိပေးလိုက်တယ်လေ။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွန်မ လုပ်ခဲ့သင့်တဲ့ ကိစ္စပါ။ ဦးလေး ဒေးဗစ်ဟာ ကျွန်မတို့ မိသားစု၀င်ဖြစ်သလို အဖေ့ရဲ့ တစိတ်တပိုင်းဖြစ်တဲ့အပြင် ကျွန်မရဲ့ တစိတ်တပိုင်းဆိုလည်း မှန်တယ် မဟုတ်ပါလား။ အခုတော့ ကျွန်မ သူ့ကို တွေ့ခွင့်ရခဲ့ပါပြီ။
ကျွန်မ အဖေ ပစ်ထည့်သွားတဲ့ စက္ကဘူးလေးကို ကြည့်လိုက်ပါတယ်။ အဖေက သူညီလေးအတွက် မွေးနေ့လက်ဆောင် ဘာများ ထည့်ထားတာ ပါလိမ့်နော် ။ကျွန်မ လက်ဆောင်ထုပ်ကိုကောက်ကိုင်လိုက်တော့ အတော်လေး ပေါ့ပါးနေတာကြောင့် ဒါက ပန်းချီကားတစ်ချပ်တော့ မဟုတ်တာ ကျိန်းသေပါတယ်။ နောက်ပြီး ကျွန်မ အထုပ်ကို လှုပ်ခါလိုက်တော့လည်း အထဲက အပိုင်းအစလေးတွေရဲ့ လှုပ်ခတ်သံကို ကြားလိုက်ရတယ်လေ။ ဒီတော့ ကျွန်မ လက်ဆောင်ထုပ်လေးရဲ့ အစလေးကို အနည်း ဖြည်လို့ အထဲက ဘာထည့်ထားတာလဲဆိုတာ ချောင်းကြည့်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာပဲ အဖေက ကားဆီလျှောက်လာတာမို့ ကျွန်မလည်း လက်ဆောင်ထုပ်ကို ချလိုက်ပါတော့တယ်။အဖေ ကားထဲရောက်လာတော့ ကျွန်မ သူ့ကို မေးလိုက်ပါတယ်။
"သမီး လိုက်လာခဲ့လို့ ရတယ် မဟုတ်လားဟင် အဖေ"
အဖေကတော့ ကျွန်မကို ကြည့်ပြီး ကားစက်နှိုးနေတော့တာပေါ့။
"သမီး...သမီးကြောင့် အဖေ စိတ်အနှောင့်အယှက်ဖြစ်သွားဖို့ မရည်ရွယ်ပါဘူး အဖေရယ်။ သမီးက..." လို့ ကျွန်မ တစ်ယောက်ထဲ ဆက်ပြောနေတော့ အဖေက
"မဟုတ်ပါဘူး သမီးရယ်။ သမီး လိုက်လာတာ အဖေလည်း ၀မ်းသာပါတယ်" လို့ ပြန်ပြောတယ်လေ။
ကျွန်မတို့ ဂရင်းဟေးဗန်း စောင့်ရှောက်ရေးဂေဟာကို သွားတဲ့လမ်းတလျှောက် စကားသိပ်မပြောဖြစ်ခဲ့ကြပါဘူး။ အဖေ့ကို ကြည့်ရတာ ကားလမ်းတလျှောက်က ရှူခင်းတွေကို သိပ်သဘောကျတဲ့ပုံပါပဲ။ ကျွန်မမှာတော့ ထုတ်မမေးချင်တဲ့ မေးခွန်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်လေ။ အဖေနဲ့ ကားလျှောက်စီးရတာကတော့ အတော်လေး ပျော်ဖို့ကောင်းတာ အသေအချာပါပဲ။ အခုလို စကားမပြောဘဲ နေတာကိုက အဖေနဲ့ ပိုပြီး ရင်းနှီးသလို ကျွန်မ ခံစားခဲ့ရပါတယ်။
ကျွန်မတို့ ဂရင်းဟေးဗန်းဂေဟာကိုရောက်တော့ အဖေက ထရပ်ကားကို ပါကင်ထိုးလိုက်တာပေါ့။ ဒါပေမယ့် ကျွန်မတို့ ကားထဲကနေ ချက်ချင်းတော့ မထွက်ဖြစ်ခဲ့ပါဘူး။
"သမီး...ဂျူလီယာနာ။ သမီး ဒီကလူတွေနဲ့ ရင်းနှီးဖို့ကိုတော့ အတော်လေး ကြိုးစားပြီး အချိန်ယူရမယ်ကွဲ့။ သူတို့က ခင်တတ်ပါတယ်ကွယ်။ နောက်ပြီး သူတို့တွေက သဘောထားလည်း ပြည့်၀ကြတဲ့သူတွေပါ" လို့ အဖေက စကားစလာတော့ ကျွန်မလည်း ဘုမသိ ဘမသိနဲ့ ခေါင်းငြိတ်လိုက်တာပေါ့။
ဒီလိုနဲ့ပဲ အဖေက
"ကဲ....ဒါဖြင့် အထဲ၀င်ကြရအောင်" ဆိုပြီး ကားအပြင်ဘက်ကို ထွက်သွားပါတော့တယ်။
ဂရင်းဟေးဗန်းဂေဟာက ကျွန်မအတွက်တော့ ဆေးရုံတစ်ခု အနေနဲ့ရော အိမ်တစ်လုံးအနေနဲ့ပါ လုံး၀ မတူခဲ့တာ အမှန်ပါ။ အဆောက်အဦးကြီးကို ဆောက်ထားပုံကိုက ထောင့်မှန်စတုဂံရှည်ကြီးကို မြေကြီးပေါ်ချထားတဲ့ အတိုင်းပဲလေ။
လျှောက်လမ်း တလျှောက်မှာတော့ အစိမ်းရောင်ဖျော့ဖျော့ မိုးကာတွေကာရံထားပြီး တစ်ဖမ်းခြမ်းမှာတော့ ပေါင်ဒါပန်းပင် ရင့်ရင့်တွေကို စွေစောင်းစောင်းနဲ့ အတန်းလိုက် စိုက်ထားတယ်လေ။ မြက်ခင်းတွေကိုလည်း အကွက်လိုက်၊ အကွက်လိုက် ဆိုသလို ခင်းထားပြီး အဆောက်အဦးနားမှာတောင် မြေကြီးပေါ်မှာ အပေါက်သုံးပေါက် ဖောက်ထားတာကို တွေ့လိုက်ရပါသေးတယ်။
"ဒီမှာနေတဲ့သူတွေက မြေကြီးကို အပေါက်ဖောက်ထားကြတာလေ" လို့ အဖေက ကျွန်မကို ရှင်းပြပါတယ်။
"အပင်စိုက်ပျိုးတာက သူတို့အတွက် ကုသရေး အစီအစဉ်တစ်ခုပဲကွဲ့။ အဲ့ဒီအပေါက်လေးတွေမှာ သူတို့က သစ်တော်သီးတို့၊ မက်မန်းသီးတို့ ဒါမှမဟုတ် မက်မွန်းသီးတို့ စိုက်ကြမှာလေ"
"အသီး သီးမဲ့ အပင်တွေပေါ့နော် အဖေ"
"ဟုတ်တယ်။ ဒီအပင်တွေ စိုက်ဖို့ ဆုံးဖြတ်တုန်းကတောင် သူတို့ တော်တော်လေး ဆူဆူညံညံ ဖြစ်သွားကြသေးတယ်"
"ဒီမှာ နေတဲ့ လူတွေကို ပြောတာလား အဖေ"
"ဒါပေါ့" ဆိုပြီး အဖေက မှန်တံခါးကို ဖွင့်ပြီး ကျွန်မရှေ့ကနေ အဆောက်အဦးထဲကို ၀င်သွားပါတော့တယ်။
"လာလေ သမီး"
အဆောက်အဦးထဲမှာတော့ အတော်လေး အေးစက်နေတာပါပဲ။ နောက်ပြီး အထဲရောက်တော့ ထင်းရှူးနံ့နဲ့ အရောင်ချွတ်ဆေး အနံ့ပေါင်းစပ်ထားသလို အနံ့ကိုလည်း စူးစူးဝါးဝါး ရလိုက်ပါသေးတယ်။
အထဲမှာ ဧည့်ကောင်တာတွေ၊ ထိုင်စောင့်ဖို့နေရာတွေလည်း မရှိပါဘူး။ အဖြူရောင်ဆေးသုတ်ထားတဲ့ နံရံရှည်ကြီးကို အခန်းငယ်လေးတွေအဖြစ် အကန့်ကန့်ထားတာနဲ့ သစ်သားထိုင်ခုံရှည်လေးတွေ ချထားတာကိုပဲ ကျွန်မတွေ့လိုက်ရတယ်လေ။ ကျွန်မတို့ ဘယ်ဘက်ခြမ်းက အခန်းကျယ်ကြီးထဲမှာတော့ တီဗွီတစ်လုံးနဲ့ ပလတ်စတစ်ခုံလေးတွေ ခင်းထားကာ ညာဘက်ခြမ်းမှာတော့ ရုံခန်းတံခါးလေးတွေနဲ့ ထင်းရှူးသား ဗီရိုကြီး နှစ်လုံး ရှိနေပါတယ်။ ပွင့်နေတဲ့ ဗီရိုထဲမှာတော့ ဆွယ်တာအင်္ကျီတွေ အတော်များများကို သပ်သပ်ရပ်ရပ် ချိတ်နဲ့ ချိတ်ထားတာကို ကျွန်မတွေ့လိုက်ရတာပေါ့။
"မင်္ဂလာပါ ရောဘတ်ရေ" ဆိုပြီး ရုံခန်းတံခါးနောက်က အမျိုးသမီးတစ်ယောက်က အဖေ့ကို လှမ်းနှုတ်ဆက်လိုက်ပါတယ်။
"မင်္ဂလာပါ ဂျိုစီ" ဆိုပြီး အဖေက ပြန်နှုတ်ဆက်လိုက်တာပေါ့။
အဲ့ဒီတော့မှ အမျိုးသမီးကြီးက အခန်းထဲက ထွက်လာရင်း
"ဒေးဗစ်ကတော့ အဆင်သင့်ပဲရှင့်။ သူက မနက်ခြောက်နာရီလောက် ကတည်းကကို ရှင့်ကို စောင့်နေတာလေ။ မေဗယ်ကလည်း ဒီနေ့က သူ့မွေးနေ့ကို ကျွန်မကို ပြောပါတယ်ရှင်"
"ဒါဖြင့် မေဗယ်က ဒီတစ်ခါလည်း မှန်သွားပြန်ပြီပေါ့ဗျာ" လို့ အဖေက ပြုံးလို့ ပြန်ဖြေရင်း ကျွန်မဘက် လှည့်လာပါတော့တယ်။
"ဂျိုစီ...ဒါက ကျွန်တော့် သမီး ဂျူလီယာနာတဲ့။ ဂျူလီယာနာရေ...ဒါက ဂျိုစီ ဂယူရန်မက်ကာတဲ့"
"တွေ့ရတာ ၀မ်းသာပါတယ် သမီးရယ်" လို့ ဂျိုစီက ကျွန်မလက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်တယ်လေ။
"အဒေါ် သမီးကို ဒေးဗစ်ရဲ့ ဓါတ်ပုံ အယ်လ်ဘမ်ထဲမှာ မြင်ဖူးပါတယ်။ သမီးက အခု အထက်တန်းကျောင်းရောက်နေပြီ မဟုတ်လားကွဲ့"
ကျွန်မ သူ့ကို ကြည့်နေရင်းကနေ ဘာပြန်ဖြေရမှန်းမသိတာမို့ အဖေ့ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ ကျွန်မလည်း အားနာနာနဲ့ ဂျိုဆီ့ကို
"ဟုတ်...ဟုတ်ပါတယ်ရှင်" လို့သာ ပြီးပြီးရော ပြန်ဖြေပေးလိုက်တာပေါ့။
"ဂျိုစီက ဒီဂေဟာမှာ ကြီးကြပ်သူပေါ့ သမီးရဲ့" လို့ အဲ့ဒီတော့ မှ အဖေက ပြောပြတယ်လေ။
ဂျိုစီကတော့ ရယ်ကာမောကာနဲ့
"နောက်ပြီး အဒေါ်ကတော့ သမီးလို အထက်တန်းတောင် ပြီးအောက်တက်ခဲ့တာ မဟုတ်ဘူးကွဲ့။ အဒေါ်က ဒီဂေဟာလေးမှာပဲ အလုပ်မြဲနေတာ ၁၇ နှစ်တောင် ရှိရောပေါ့ကွယ်" လို့ ပြောနေစဉ်မှာပဲ ရုံးခန်းလေးထဲက ဖုန်းသံမြည်လာတော့ ဂျိုစီလည်း သုတ်သီးသုတ်ပြာနဲ့
"ရောဘတ်ရေ...ကျွန်မ အဲ့ဒီဖုန်း ကိုင်မှဖြစ်မယ်ရှင့်။ ကျွန်မ ရှင့်ကို ခဏနေကြရင် ပြန်တွေ့တာပေါ့။ ရှင် ဒေးဗစ်ကို တွေ့ချင်ရင် နားနေခန်းထဲမှာအရင် ရှာကြည့်လိုက်ပါ။ အဲ့ဒီမှာ မတွေ့ရင်တော့ သူ့အခန်းထဲမှာ ရှိပါလိမ့်မယ်" ဆိုပြီး ရုံးခန်းထဲ ပြေး၀င်သွားပါတော့တယ်။
အဖေလည်း ကျွန်မကိုခေါ်ပြီး လျှောက်လမ်းအတိုင်း ဆက်လျှောက်သွားတော့တာပေါ့။ ကျွန်မတို့ အဆောက်အဦးထဲကို ပို၀င်လာလေ၊ အနံ့အသက်တွေက ပိုပြင်းလာလေပါပဲ။ ကျွန်မသာ ဒီအနံ့ကို မသိခဲ့ဘူးဆိုရင် လူတွေများ အဆောက်အဦးထဲမှာ အပေါ့သွားကြသလားတောင် ထင်မိမှာ အမှန်ပါ။
လျှောက်လမ်းလေး တစ်နေရာရောက်တော့ ကျွန်မတို့နဲ့ မျက်နှာချင်းဆိုင် မလှမ်းမကမ်းနားမှာ ခန္ဓာကိုယ်သေးသေးလေးနဲ့ လူတစ်ယောက်က ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေတာ ကျွန်မတွေ့လိုက်ရပါတယ်။ ပထမတော့ ကျွန်မလည်း ကုလားထိုင်ပေါ်မှာ ထိုင်နေတာ ကလေးတစ်ယောက်ပဲလို့ ထင်နေခဲ့ပေမဲ့ ကျွန်မတို့ သူနဲ့ တဖြည်းဖြည်း နီးကပ်လာတော့မှ ထိုင်ခုံပေါ်မှာ ထိုင်နေတာဟာ အမျိုးသမီးတစ်ယောက်ဆိုတာကို တွေ့လိုက်ရပါတော့တယ်။အဲ့ဒီ အမျိုးသမီးက ခေါင်းတုံးပြောင်အောင် တုံးထားတဲ့အပြင် သူ ကျွန်မ အဖေကို ပြုံးပြလိုက်တော့ သူ့မှာ သွားတွေပါမရှိတာကို ကျွန်မ မြင်လိုက်ရတာပေါ့။
ကျွန်မလည်း သူစကားပြောတဲ့ အသံကို ကြားပြီး ရင်ထဲ တမျိုးကြီး ခံစားသွားရပါတယ်။ သူ့အသံသေးသေးလေးက လည်ချောင်းထဲကနေ မပီမသ ထွက်လာနေတယ်ဆိုပေမဲ့ အဖေ့ကို ကြည့်နေတဲ့ သူ့အကြည့်တွေအရ အမျိုးသမီးဟာ အဖေ့ကို အားရ၀မ်းသာစကားပြောတယ်ဆိုတာကို ကျွန်မ ခံစားမိပါတယ်။ အဖေ့ကိုလည်း ကြည့်ရတာ သူပြောသမျှ မပီမသ စကားတွေအားလုံးကို နားလည်တဲ့အတိုင်းပါပဲ။
အဖေက တကယ်ပဲ အဲ့ဒီ အမျိုးသမီးပြောတဲ့ စကားကို နားလည်တော့ ကျွန်မ ပိုလို့တောင် အံ့ဩသွားရတာပေါ့။
"ဟုတ်တယ် မေဗယ် ခင်ဗျားမှန်တယ်ဗျ။ အဲ့ဒါက ဒီနေ့ပဲလေ။ ဒါကြောင့်လည်း ကျွန်တော် ဒီကိုရောက်နေတာပေါ့ဗျာ" ဆိုပြီး အဖေက လက်ထဲက အထုပ်ကိုမြှောက်ပြလိုက်ပါတယ်။
"ဒီမှာလေ ကျုပ်က သူ့အတွက် လက်ဆောင် ၀ယ်လာတာ"
"နင် ဘယ်လိုသိတာလဲ" လို့ သူက အသံကို ပီပီသသထွက်နိုင်အောင် ခပ်ကျယ်ကျယ်နဲ့ ဝူးဝူးဝါးဝါးအသံစွက်လို့ အဖေ့ကို မေးလိုက်တာပေါ့။ အဖေက သူ့လက်ကို ပွတ်သပ်ပြီး
"ကျုပ်လည်း ဉာဏ်ကောင်းပါသေးတယ် မေဗယ်ရဲ့။ ဒေးဗစ်လည်း ကျုပ်၀ယ်လာတဲ့ လက်ဆောင်ကို ကြိုက်မှာပါ..." လို့ ပြောနေရင်း အမျိုးသမီးရဲ့ အကြည့်တွေက ကျွန်မဆီရောက်လာပါတော့တယ်။
"ဟေး....ဟူး....ဟား...." ဆိုပြီး သူက ကျွန်မကို မေးငေါ့လို့ အသံပြုလိုက်ပါသေးတယ်။
"ဪ...ဒါက ကျုပ်သမီးလေး ဂျူလီယာနာလေ။ သမီးရေ ဒါကတော့ သိပ်ဉာဏ်ကောင်းတဲ့ မစ္စမေဗယ်တဲ့။ သူက လူတိုင်းရဲ့ မွေးနေ့ကို မှတ်မိတယ်လေ။ ပြီးတော့ သူက စတော်ဘယ်ရီ မစ်ရှိတ်ခ်ကိုလည်း သိပ်ကြိုက်တာ"
ကျွန်မ မေဗယ့်ကို ပြုံးပြပြီး
"တွေ့ရတာ ၀မ်းသာပါတယ်ရှင်" လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် သူ ပြန်ပြောတဲ့ ဝူးဝူးဝါးဝါးတွေကိုတော့ ကျွန်မ နားမလည်လိုက်ပါဘူးလေ။
"ကဲ...ဒါဖြင့် ကျုပ်တို့ ဒေးဗစ်ဆီ သွားလိုက်ဦးမယ် မေဗယ်ရေ" ဆိုပြီး အဖေက လက်ထဲက အထုပ်လေးကို လှုပ်လို့ ပြောလိုက်ပါတယ်။
"ဒေးဗစ်ကို တွေ့ရင် ကျုပ်တို့လာတယ်ဆိုတာ မပြောလိုက်နဲ့ဦးနော် မေဗယ်"
ကျွန်မလည်း အဖေ့နောက် ဆက်လိုက်သွားခဲ့ပါတယ်။ အဖေက အိပ်ခန်းတစ်ခန်းရှေ့ရောက်တော့ အခန်းရှေ့ရပ်ပြီး အော်ခေါ်လိုက်တော့တာပေါ့။
"ဒေးဗစ်ရေ...ဒေးဗစ်။ ငါပါ...ရောဘတ်လေ"
ခဏနေတော့ အမျိုးသားတစ်ယောက်က တံခါး၀မှာပေါ်လာပါတော့တယ်။ သူဟာ ကျွန်မ ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးတဲ့ ကျွန်မ အဖေရဲ့ ညီလေး ဒေးဗစ်ပါပဲ။ သူက ၀၀ဖိုင့်ဖိုင့်ခန္ဓာကိုယ် ရှ်ိပြီး အညိုရောင် မျက်မှန်ထူထူကြီး တပ်ထားတဲ့ သူ့မျက်နှာက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ဖြူဖျော့နေတယ်လေ။ ဒါပေမယ့် သူက အဖေ့ကို တွေ့တွေ့ချင်း ပြေးဖက်လို့
"ဝေး....ရောဘတ်...ရောဘတ်" ဆိုပြီး မပီမသနဲ့ ၀မ်းသာအားရ အော်နေတော့တာပေါ့။
"ဟုတ်တယ်။ ငါပါ...ညီလေးရေ"
သူတို့နှစ်ယောက် နောက်ကနေ ကျွန်မလည်း အခန်းထဲ လိုက်၀င်သွားတော့ အခန်းနံရံတွေအကုန်လုံးကို ပဟေဠိအရုပ်ဆက်တဲ့ ကားချပ်လေးတွေနဲ့ ကပ်ထားတာကို တွေ့လိုက်ရပါတယ်။ အရုပ်ဆက်ကားချပ်တွေကို နံရံပေါ်တင်မက မျက်နှာကျက်မှာပါ ကော်နဲ့ အသေအချာကို ကပ်ထားတာပါ။ သူ့အခန်းလေးက နွေးနွေးထွေးထွေးရှိပြီး သက်သောင့်သက်သာ ရှိလှတယ်လေ။ ကျွန်မအတွက်တော့ ဒီအခန်းထဲ၀င်လာရတာ ထူးထူးဆန်းဆန်းဂူထဲ ၀င်လာရသလိုပါပဲ။
အဖေက သူ့ညီရဲ့လက်ကိုကိုင်ပြီး ပြောလိုက်ပါတယ်။
"ဒီမှာကြည့်စမ်း။ ဘယ်သူပါလာသလဲလို့"
ဒေးဗစ်က အဲ့ဒီတော့မှ ကျွန်မကို သေချာ မျက်လုံးပြူးလို့ ကြည့်နေတော့ အဖေက
"အဲ့ဒါ ငါ့သမီးအငယ်လေးလေ။ ဂျူလီယာနာတဲ့ ဒေးဗစ်ရ"
ဒေးဗစ်က အဲ့ဒီတော့မှ ပြုံးဖြီးဖြီးလုပ်ကာ
"ဂျူ...ဝီ...ယာ...နာ" ဆိုပြီး ကျွန်မကို ပြေးဖက်လိုက်ပါတော့တယ်။ သူက ကျွန်မကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး ဟိုဘက် ဒီဘက် လွှဲနေတော့ ကျွန်မဖြင့် အသက်ရှူတောင် ကြပ်သွားရပါသေးတယ်။ ခဏနေတော့မှ သူက ခိုးခိုးခစ်ခစ်ရယ်ပြီး ကျွန်မကို လက်လွှတ်ပြီး ထိုင်ခုံမှာ ထိုင်လိုက်တယ်လေ။
"ဒီနေ့က နာ့ မွေးနေ့ယေ"
"ဟုတ်ကဲ့။ သမီး သိပါတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေနော် ဦးလေး ဒေးဗစ်" လို့ ကျွန်မ ပြောတော့ သူက တခစ်ခစ်နဲ့ ရယ်ပြန်ပါသေးတယ်။
"ကျေး...ရူး...နော်"
"ဒေးဗစ်...မင်းအတွက် ငါတို့ လက်ဆောင် ယူလာတယ်ကွ" ဆိုပြီး အဖေက လက်ထဲက လက်ဆောင်အိတ်လေးကို ဖွင့်လိုက်တာပေါ့။
အဖေ လက်ဆောင်အိတ်လေးထဲက ပစ္စည်းကို မထုတ်လိုက်ခင်မှာပဲ အဖေ ဒေးဗစ်အတွက် ဘာလက်ဆောင်ယူလာလဲဆိုတာ ကျွန်မ စဉ်းစားမိလိုက်ပါတယ်။ အဖေက သူ့ညီလေးအတွက် အရုပ်ဆက်တမ်း ပဟေဠိကစားနည်းကတ် ယူလာခဲ့တာလေ။
ဦလေး ဒေးဗစ်ကလည်း သူ့အစ်ကိုကို မေးလိုက်ပါတယ်။
"ပဟေယိ လားဟင်"
"ပဟေဠိတင် မဟုတ်သေးဘူး ဒေးဗစ်ရဲ့"
အဖေက အိတ်ထဲက လက်ဆောင် ဗူးလေးကိုလဆွဲထုတ်လိုက်ပါတယ်။
"ပဟေဠိရယ်၊ လေမှုတ် ပန်ကာလေးရယ် ပါလားတယ် တွေ့လား"
အဖေက အပြာရောင် လက်ဆောင်ဗူးရဲ့ မျက်နှာမှာ အနီနဲ့အဝါရောင် စပ်ထားတဲ့ လေမှုတ်ပန်ကာလေးကို တိပ်နဲ့ကပ်ထားတယ်လေ။ ဦလေး ဒေးဗစ်ကတော့ ပန်ကာလေးကို ဆတ်ခနဲ ဆွဲဖြုတ်ပြီး လေမှုတ်လို့ ဆော့နေတော့တာပေါ့။ ပထမကတော့ သူက ဖြည်းဖြည်းသက်သာ လေနဲ့မှုတ်နေပေမဲ့ တဖြည်းဖြည်းနဲ့ အားရပါးရ မှုတ်လိုက်တာ တံတွေးတွေတောင် ထွက်လာတဲ့ အထိပါပဲ။
"လိန်နော်ရောင်ယေး...လိန်နော်ရောင်ယေး" လို့လည်း သူက အော်နေလိုက်ပါသေးတယ်။
အဖေက သူ့ညီလေးလက်ထဲက ပန်ကာကို ယူလိုက်တာပေါ့။
"ဟုတ်တယ် ဒေးဗစ်။ အနီနဲ့ အဝါနဲ့ စပ်ရင် လိမ္မော်ရောင် ရတယ်နော် ဟုတ်တယ် မဟုတ်လား"
ဒေးဗစ်က အဖေ့လက်ထဲက ပန်ကာလေးကို လိုက်လုနေပေမဲ့ အဖေက သူ့ကို
"ကဲပါ ဒေးဗစ်ရယ်။ ငါတို့ ခဏနေ အပြင်သွားရင် ဒီပန်ကာလေးပါ ယူသွားမယ်လေနော်။ အပြင်ရောက်ရင် လေက သူ့ဘာသာသူတိုက်နေလိမ့်မယ် ကြားလား" ဆိုပြီး သူ့လက်ထဲကို ပဟေဠိအရုပ်ဆက်တဲ့ ကစားနည်းဗူးလေးကို ထိုးထည့်ပေးလိုက်ပါတော့တယ်။
ဒေးဗစ်က အရုပ်ကတ်လေးတွေကို စားပွဲပေါ်ဖြည်ချလိုက်တော့ ကျွန်မလည်း အဖေ သူ့ညီလေးအတွက် ဘာအရုပ်များယူလာသလဲ လည်ပင်းဆန့်ကြည့်လိုက်ရင်း ရုတ်တရက် ကြောင်သွားတယ်လေ။ အဖေယူလာတဲ့ အရုပ်ကတ်လေးတွေပေါင်း သုံးထောင်ရဲ့ မူရင်းပုံက တိမ်ဖြူဖြူလေးတွေပါတဲ့ ကောင်းကင်ပြာကြီးရယ်ပါ။ ဘာအရောင်မှလည်း မပါသလို သစ်ပင်လေးတစ်ပင်တောင် မပါခဲ့ဘူးလေ။
အဖေက မျက်နှာကျက်က နေရာလွတ်ဆီ လက်ညှိုးထိုးပြလိုက်ပါတယ်။
"ဒီအရုပ်လေးတွေကို မင်းဆက်ပြီးရင် ဟော ဟိုနားမှာ ကပ်လို့ရတယ် မဟုတ်လား ဒေးဗစ်"
ဦးလေးဒေးဗစ်လည်း မျက်နှာကျက်ဆီမော့ကြည့်ပြီး အဖေ့ကို ခေါင်းငြိတ်ပြလိုက်တယ်လေ။ ပြီးတော့ သူက ပန်ကာလေးကို ကောက်ပြီး အဖေ့ကို
"အပြင် တွားရအောင်နော်" လို့ ပြောလိုက်ပါတယ်။
"ကောင်းပြီလေ။ ငါတို့ အပြင်ကို လမ်းလျှောက်ထွက်ကြတာပေါ့။ မင်းကို ငါ မက်ခ် အီးလီ
ယော့ ဆိုင်မှာ မွေးနေ့အထိမ်းအမှတ် ရေခဲမုန့် ၀ယ်ကျွေးမယ်နော် ဒေးဗစ်" လို့ အဖေကပြောတော့ ဦးလေး ဒေးဗစ်လည်း ခေါင်းကို တဆတ်ဆတ် ငြိတ်နေလိုက်ပါတော့တယ်။
"အင်း....တွားမယ်။ အခု တွားမယ်"
ကျွန်မတို့ ဂေဟာထဲကနေ အပြင်မထွက်ခင် ဂျိုစီ့ကို အရင် အသိပေးခဲ့ရပါတယ်။ ပြီးတော့မှ ကျွန်မတို့အားလုံး လမ်းလျှောက်ထွက်လာခဲ့ကြတာပေါ့။ ဒေးဗစ်က သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို မထိန်းနိုင်တော့ လမ်းလျှောက်ဖို့ကို အဖေ့ကို မှီပြီးတစ်လှမ်းချင်း သွားနေရတယ်လေ။ သူ့ရဲ့ ခြေထောက်သေးသေးလေးတွေကို အားပြုပြီး ခန္ဓာကိုယ်ကြီးကို သယ်နေရတော့ ဒေးဗစ်ခမျာ ခါးကိုင်းနေရရှာတာပေါ့။
ဒါပေမယ့် သူက လက်ထဲက ပန်ကာလေးကို ကြည့်ပြီး လေတိုက်လို့ လည်သွားတိုင်း
"လိန်နော်ရောင်ယေး...လိန်နော်ရောင်ယေး" လို့ အားရ၀မ်းသာအော်နေပါတော့တယ်။
အဖေ ကျွန်မတို့ကို ပြောတဲ့ မက်ခ် အီးလီယော့ ရေခဲမုန့်ဆိုင်ဟာ ဆေးဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ဆိုင်လေးပါ။ ရေခဲမုန့်ဆိုင်ထဲမှာ ကောင်တာမှာ အနီရောင်နဲ့ အဖြူရောင် ပိတ်အစင်းလေးချထားပြီး စားပွဲဖြူဖြူလေးတွေ နောက်မှာလည်း အနီရောင်နဲ့ အဖြူရောင်စပ်လို့ နံရံကပ် စက္ကူတွေ ကပ်ထားတာပေါ့။ ရေခဲမုန့်ဆိုင်လေးက ဆေးဆိုင်အထဲမှာ တွဲဖွင့်ထားတာမို့ အတော်လေး ထူးခြားပါတယ်။
အဖေက ကျွန်မတို့အားလုံးအတွက် ရေခဲမုန့်တစ်ခုစီ ၀ယ်ပေးလိုက်ပါတယ်။ ကျွန်မတို့ ထိုင်ခုံမှာထိုင်ချလိုက်ပြီးတဲ့နောက်မှာတော့ အဖေက ဦးလေးဒေးဗစ်နဲ့ စကားတွေ တသီကြီးပြောနေတော့တာပေါ့။ ဒေးဗစ်ကတော့ သူ့လက်ထဲက ချောကလက် ရေခဲမုန့်ကိုသာ လှည့်ပတ်လို့ လျှာနဲ့ယက်ရင်း အလုပ်များနေပါတော့တယ်။ အဖေက ကျွန်မကို တစ်ချက် တစ်ချက် လှမ်းပြုံးပြပေမဲ့လို့ ကျွန်မကတော့ အဖေနဲ့ အဆက်အသွယ်ပြတ်နေသလို ခံစားမိရတာ အမှန်ပါပဲ။ သူတို့ညီအစ်ကို နှစ်ယောက် ဒီရေခဲမုန့်ဆိုင်လေးဆီ ဘယ်နှစ်ခေါက်လောက် အရင်က ရောက်ဖူးပါသလဲ။ သူ့ညီလေးအတွက်ရော ဒီလိုမျိုး မွေးနေ့ကျင်းပနေခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပါပြီလဲ။ ဂရင်းဟေးဗန်းက ဂျိုစီတို့၊ မေဗယ်တို့နဲ့ ကျန်တဲ့လူတွေကို သိနေခဲ့တာရော ဘယ်လောက်ကြာနေခဲ့ပါပြီလဲ။ ကျွန်မကရော ဒီလောက် နှစ်တွေအကြာကြီးထိအောင် ဦးလေးဒေးဗစ်နဲ့ တစ်ခါမှ မတွေ့ဖူးရတာပါလဲ။ အဖေ့ကို ကြည့်ရတာ သူ့မှာ ကျွန်မ မသိသေးတဲ့ လျှို့ဝှက်ထားတဲ့ ဘ၀လေးရှိနေသလိုပါပဲ။ ကျွန်မတို့နဲ့ ဝေးရာဆီမှာ သူ့အတွက် မိသားစုတစ်ခု ရှိနေတဲ့အတိုင်းပဲလေ။
ကျွန်မ ဒီလိုဖြစ်နေခဲ့ရတာကို မကြိုက်ပါဘူး။ ကျွန်မလည်း ရေခဲမုန့်ကိုင်ရင်း ဟိုတွေး ဒီတွေး လျှောက်တွေးနေတုန်း ဒေးဗစ်လက်ထဲက ရေခဲမုန့်တချို့က စားပွဲခုံပေါ် မှောက်ကျသွားပါတော့တယ်။ အဖေ သူ့ကို မတားလိုက်နိုင်ခင်မှာပဲ ဒေးဗစ်က စားပွဲပေါ် ပြုတ်ကျသွားတဲ့ ရေခဲမုန့်တုံးကို လက်နဲ့ကောက်ကိုင်ပြီး ရေခဲမုန့်ခွက်ထဲ ပြန်ထည့်နေတော့တာပေါ့။ ဒါပေမယ့်လည်း ဖြစ်ချင်တော့ တုန်တုန်ချိချိနဲ့ သူ့လက်ထဲက ရေခဲမုန့်ခွက်က နောက်တစ်ခါ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပါရောလား။
အဖေက သူ့ကို
"ဒေးဗစ်...ဒေးဗစ်။ ငါ မင်းကို အသစ် တစ်ခု ၀ယ်ပေးမယ်နော်" လို့ ပြောနေတာတောင် ဒေးဗစ်ကို ကြည့်ရတာ အဖေ့စကား နားဝင်ပုံမပေါ်ပါဘူး။ သူက ထိုင်ခုံပေါ်ကနေ ကြမ်းပြင်ပေါ် လျှောချပြီး ပြုတ်ကျနေတဲ့ ရေခဲမုန့်တွေကို လက်နဲ့ လိုက်ဖမ်းနေပါတော့တယ်။
"မလုပ်နဲ့ ဒေးဗစ်။ ငါ မင်းကို အသစ်တစ်ခု ပြန်၀ယ်ပေးပါ့မယ်ကွာ" ဆိုပြီး အဖေက သူ့လက်မောင်းကို ဆွဲလိုက်ပါတယ်။ ဒေးဗစ်ကတော့ လှုပ်တောင် မလှုပ်ဘူးလေ။ သူက ကြမ်းပြင်ပေါ်ကျနေတဲ့ ရေခဲမုန့်တွေကို ကောက်ပြီး သူ့ရေခဲမုန့်ခွက်ထဲ ပြန်ထည့်နေပါတော့တယ်။ နောက်တော့ လက်ထဲမှာကိုင်ထားတဲ့ ဝေဖာ ရေခဲမုန့်ခွက်ကပါ ကျွံကျသွားတော့ သူက ကြမ်းပြင်ပေါ် ထိုင်နေရင်းက အော်ငိုလိုက်တော့တာပေါ့။
ဒီမြင်ကွင်းကို ကြည့်ရတာ တကယ့်ကို ဆိုးရွားလွန်းပါတယ်။ ဒေးဗစ်ဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ခြေချင်းပွတ်လို့ အော်ငိုနေတဲ့ ပေါင်နှစ်ရာလောက်ရှိတဲ့ ကလေးကြီး အတိုင်းပါပဲ။ သူက ကျွန်မ နားမလည်နိုင်တဲ့ စကားတွေနဲ့ ဝူးဝူးဝါးဝါး အော်ဟစ်နေပါတော့တယ်။ အဖေလည်း သူ့ကို စိတ်ပြေသွားအောင် နားချနေတဲ့ကြားကနေ ကျွန်မကို
"ဂျူလီယာနာ...သမီးရယ်။ သမီး ဦးလေးအတွက် ရေခဲမုန့်တစ်ခု မြန်မြန်သွား၀ယ်လိုက်ပါလားကွယ်" လို့ အော်ပြောလိုက်ပါတယ်။
ရေခဲမုန့်ကောင်တာက လူကြီးလည်း ကျွန်မပြေးလာတာကို မြင်မြင်ချင်း ဇိုးဇိုးဇတ်ဇတ်နဲ့ ရေခဲမုန့်တစ်ခွက်ကို အလျင်စလိုခပ်ထည့်နေလိုက်ပါတော့တယ်။ ကျွန်မနောက်က ဒေးဗစ်ကတော့ ထိုင်ခုံနှစ်လုံးကို ဝုန်းခနဲ ဆွဲမှောက်လိုက်ပြီး ချောကလက် ရေခဲမုန့်တွေကိုလည်း ကြမ်းပြင်ပေါ်မှာ ပွပလဲနေအောင် လက်နဲ့ သပ်နေတော့တာပေါ့။ ဘေးဝိုင်းက ရေခဲမုန့်စားနေကြတဲ့သူတွေရော ကောင်တာမှာ တန်းစီနေကြတဲ့သူတွေပါ သူ့အဖြစ်ကို မြင်ပြီး ကြက်သေသေသွားကြတာ အမှန်ပါ။ သူတို့က ကျွန်မဦးလေး ဒေးဗစ်ကို ကမ္ဘာကြီးကို ဖျက်ဆီးမဲ့ မကောင်းဆိုးဝါးတစ်ကောင်လို ဝိုင်းကြည့်နေကြပါတော့တယ်။
ကျွန်မလည်း ရေခဲမုန့်ရတော့ အဖေ့ကို လှမ်းပေးလိုက်ပါတယ်။ အဖေကနေ တဆင့် ရေခဲမုန့်လည်း ကြမ်းပြင်ပေါ်မှာ သောင်းကျန်းနေတဲ့ ဒေးဗစ်ဆီ ရောက်သွားတော့တာပေါ့။ ဒေးဗစ် ထိုင်ခုံပေါ်မှာ ထိုင်ပြီး ရေခဲမုန့်ပြန်စားနေတုန်း အဖေနဲ့ ကျွန်မလည်း အနားမှာ ပြိုလဲကျနေတဲ့ ပစ္စည်းပစ္စယတွေကို ရှင်းလင်းကာ ကြမ်းပြင်ပေါ်က ရေခဲမုန့်တွေကို သန့်ရှင်းပေးလိုက်ရတော့တာပေါ့။
ဒီလိုနဲ့ ကျွန်မတို့ ဂရင်းဟေးဗန်း ဂေဟာဆီ အပြန်လမ်းရောက်တော့ ဒေးဗစ်က ဘာမှ မဖြစ်ခဲ့သလို ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူက ပန်ကာကို လေနဲ့ မှုတ်ပြီး
"လိန်နော်ရောင်ယေး" ဆိုပြီး အော်လာလိုက်တာ ဂေဟာဆီပြန်ရောက်လို့ သူ့အခန်းထဲ ၀င်တဲ့အထိပါပဲ။ သူ့ကိုကြည့်ရတာလည်း ဒီနေ့ လမ်းလျှောက်လိုက်ရလို့ အတော်လေး ပင်ပန်းနေတဲ့ပုံပါ။
အဖေက သူ့အခန်းထဲရောက်တော့ ပန်ကာလေးကို သူ့အိပ်ရာဘေးမှာချပြီး ပဟေဠိအရုပ်ဆက်ဗူးလေးကို ကောက်ကိုင်လိုက်ပါတယ်။
"ဒေးဗစ်...မင်း အရုပ်ဆက်တိုင်း မဆော့ခင် ခဏလောက် အနားယူလိုက်ပါဦးလား" လို့ အဖေကမေးတော့ ဒေးဗစ်က ခေါင်းခါတယ်လေ။
"ဟင့်အင်း...ဟင့်အင်း...နားချင်ဘူး ရောဘတ်"
"ကောင်းပြီလေ။ ဒါဖြင့် မင်းအရုပ်ဆက်လို့ရအောင် ငါပြင်ပေးမယ်နော်" ဆိုပြီး အဖေက ကုတင်အောက်က အရုပ်ဆက်ခုံလေးကို ဆွဲထုတ်ပြီး ခေါက်ထားတဲ့ ခြေထောက်လေးဖက်ကို ထောက်လိုက်ပါတော့တယ်။ ပြီးတော့ အဖေက ခုံလေးကို နံရံနားကပ်ပြီး ဒေးဗစ်အတွက် ထိုင်ခုံပုလေးနဲ့ ထားပေးလိုက်တယ်လေ။
"ကဲ...ရပြီ ဒေးဗစ်ရေ။ မင်း စိတ်ကြိုက်သာ အရုပ်ဆက်ပေတော့"
ဒေးဗစ်လည်း အရုပ်ဆက်ဗူးလေးကို ခုံပေါ် ဖြန့်ခင်းရင်း ပျော်လွန်းလို့ထင်ပါတယ်။ ပါးစပ်ကနေ ဝူးဝူးဝါးဝါးနဲ့ သီချင်းတွေ အော်ဆိုနေလေရဲ့။
"အင်း...မင်း ကြိုက်လို့ ငါလည်း ၀မ်းသာပါတယ်ကွာ။ ဗုဒ္ဓဟူးနေ့လောက်ဆို မင်းလည်း အရုပ်ဆက်လို့ ပြီးလောက်ရောပေါ့ ဟုတ်တယ် မဟုတ်လား ဒေးဗစ်။ အဲ့ဒီနေ့ကျရင် ငါ ပြန်လာပြီး မင်းဆက်ထားတဲ့ အရုပ်ကတ်လေးကို မျက်နှာကျက်မှာ ကော်နဲ့ ကပ်ပေးမယ်လေ ဟုတ်ပြီလား" လို့ အဖေက ပြောတော့ ဒေးဗစ်က ခေါင်းတဆတ်ဆတ်နဲ့ ငြိတ်ပြလိုက်တာပေါ့။ ဒါပေမယ့် သူ့ကို ကြည့်ရတာ စားပွဲခုံပုလေးပေါ်က အရုပ်ပြားလေးတွေကို တော်တော်လေး စိတ်၀င်စားနေတဲ့ပုံပါ။ အဖေလည်း သူ့ပုခုံးကိုဖက်ပြီး နှုတ်ဆက်လိုက်ပါတယ်။
"ဒါဖြင့် ငါ မင်းကို ဗုဒ္ဓဟူးနေ့မှ လာတွေ့မယ်နော်"
သူက ထပ်ပြီး ခေါင်းငြိတ်လိုက်ပြန်ပါတယ်။
"ဒေးဗစ်....မင်း ဂျူလီယာနာ့ကိုရော နှုတ်မဆက်တော့ဘူးလား" လို့ အဖေကမေးတော့ သူက အရုပ်တွေကို ကြည့်နေရင်းကနေ
"ဘိုင့်ဘိုင်" ဆိုပြီး ကျွန်မကို ပြောလိုက်တယ်လေ။
"ဟုတ်ကဲ့။ နောက်မှတွေ့မယ်နော် ဦးလေး ဒေးဗစ်ရေ" လို့ ကျွန်မလည်း အားတင်းပြီး ပြန်ဖြေလိုက်ရပါတယ်။ ကျွန်မ စိတ်ထဲမှာတော့ ဒီကနေ ထွက်ပြေးသွားချင်တာ အမှန်ပါ။
ကျွန်မတို့ ထရပ်ကားဆီ ပြန်ရောက်တော့ အဖေက ခါးပတ်ပတ်နေရင်းက ကျွန်မကို စကားစပြောတော့တာပေါ့။
"ကဲ...သမီးလည်း အဖေ့လို ပင်ပန်းသွားပြီ ထင်တယ်" တဲ့လေ။
ကျွန်မ အဖေ့ကို ခေါင်းငြိတ်ပြလိုက်ပါတယ်။
"အားလုံးက အဆင်ပြေပါတယ်။ ဟို...ရေခဲမုန့်ကိစ္စက လွဲလို့ပေါ့"
အဲ့ဒီတော့ အဖေကရယ်မောလို့
"ဟုတ်တယ်။ ရေခဲမုန့်ကိစ္စက ပြဿနာပဲကွဲ့" ဆိုပြီး ကျွန်မစကားကို ထောက်ခံလိုက်ပါသေးတယ်။ ပြီးတော့မှ အဖေက မျက်နှာတည်တည်နဲ့ ဆက်ပြောတယ်လေ။
"အဓိကက တော့ ဒေးဗစ်နဲ့ ပတ်သက်လာရင် ဘယ်ကိစ္စက ပြဿနာဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းလို့မရတာပဲ သမီးရဲ့။ တခါတလေ အခန်းထဲမှာ ပျံနေတဲ့ ယင်ကောင်တစ်ကောင်ကလည်း သူ့အတွက် ပြဿနာဖြစ်သွားနိုင်သလို တခါတလေ သူ၀တ်နေကြ ခြေအိတ်ကလည်း သူ့အတွက် ပြဿနာ ဖြစ်သွားတတ်တယ် ကွဲ့။ အဲ့ဒီတော့ သူ့အတွက် အဆင်ပြေအောင် ဖြည့်ဆည့်ပေးရတာက သိပ်ခက်ခဲခဲ့တာပေါ့ကွယ်။ အခု သမီးတွေ့ခဲ့ရတဲ့ ရေခဲမုန့်ပြဿနာက တော်ပါသေးတယ်လေ"
အဖေက ခေါင်းလေးကိုခါလို့ မျက်လုံးမှိတ်ပြီး တခုခုကို တွေးနေလိုက်ပါတယ်။ ပြီးတော့ သူက ကားစက်နှိုးရင်း ကျွန်မကို ဒေးဗစ်အကြောင်း ဆက်ပြောပြပါသေးတယ်။
"ဒေးဗစ်က သမီးတို့ သုံးယောက် မမွေးခင်တုန်းက အဖေတို့နဲ့အတူ နေခဲ့သေးတယ်ကွဲ့။ အဖေတို့လည်း သူ့ကို ဂေဟာမှာထားတာထက် မိသဪနဲ့အတူ ထားတာက ပိုပြီးကောင်းမယ်လို့ ထင်ခဲ့တာလေ။ ဒါပေမယ့် အဖေတို့ မှားသွားတာပေါ့ကွယ်။ ဒီနေ့ သမီးလိုက်လာတဲ့နေ့မှာ သူဒီလောက်ပဲ ဖြစ်တာ အဖေ စိတ်အေးရတာ အမှန်ပဲ သမီး"
အဖေက ပြောရင်းဆိုရင်းက ဂီယာထိုးလိုက်တာပေါ့။
"ဒေးဗစ်က ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ လိုအပ်ချက်တွေ အများကြီး ရှိတယ်ကွဲ့။ သမီးအမေနဲ့ အဖေလည်း သူ့အတွက် ပြည့်စုံအောင် မဖြည့်ဆည်းတတ်ခဲ့ကြဘူးလေ။ သူ ဒီဂေဟာမှာ နေရတာကို ပျော်ရွှင်နေတာမို့ တော်ပါသေးတယ်။ ဂေဟာက သူ့ကို ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့၊ အ၀တ်အစား၀တ်တတ်ဖို့၊ သွားတိုက်တတ်ဖို့၊ တကိုယ်ရေ သန့်ရှင်းရေး လုပ်တတ်ဖို့တွေအပြင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ပါ သင်ပေးခဲ့တာပေါ့။ သူတို့တွေက အပြင်လည်း အတူတူထွက်တတ်ကြတယ်ကွဲ့။ နောက်ပြီး ဒေးဗစ်မှာ ဆရာ၀န် ရုံးခန်းအတွက် စာအိတ်လေးတွေ စီပေးရတဲ့ အလုပ်တောင် ရှိသေးတယ်လေ"
"ဦးလေး ဒေးဗစ်မှာ အလုပ်တောင် ရှိတယ် ဟုတ်လား အဖေ"
"ဟုတ်တယ်။ သူက မနက်တိုင်းဆိုသလို ရုံးခန်းထဲမှာ ဖိုင်တွဲတွေ၊ စာအိတ်လေးတွေကို သပ်သပ်ရပ်ရပ် စီပေးတတ်တယ်လေ။ ဂရင်းဟေးဗန်း ဂေဟာက သူ့အပေါ် သိပ်ကောင်းရှာပါတယ်ကွယ်။ ဒီမှာဆို ဒေးဗစ်အတွက် ကိုယ်ပိုင် အိပ်ခန်းလည်း ရှိသလို၊ သူငယ်ချင်းတွေလည်း ရှိတယ်ကွဲ့။ ဒေးဗစ်ရဲ့ဘ၀လေး သာယာအောင် ဂေဟာ စောင့်ရှောက်ပေးထားတာလို့ ပြောရမယ် ဂျူလီယာနာရဲ့"
ကျွန်မလည်း ခဏလောက် ဆိတ်ဆိတ်နေလိုက်ပါတယ်။ နောက်တော့မှ
"ဒါပေမယ့် သူကလည်း သမီးတို့ မိသားစု၀င်ပဲ မဟုတ်လား အဖေ။ သူ့ကို အိမ်လာလည်ဖို့ တစ်ခါမှ မဖိတ်တာ သမီးကတော့ မှန်တယ်လို့ မထင်ဘူး။ ဦးလေး ဒေးဗစ်က ခရစ္စမတ်နေ့တွေနဲ့ ကျေးဇူးတော်နေ့တွေမှာတောင် အိမ်ကို တစ်ခါမှ မလာဖူးဘူးလေ"
"တကယ်တော့ ဒေးဗစ်ကိုက မလာချင်တာ သမီူရဲ့။ တစ်နှစ်တုန်းက အဖေနဲ့ အမေတို့ သူ့ကို အိမ်မှာ ကျေးဇူးတော်နေ့ အတူတူ ကျင်းပဖို့ ခေါ်ဖူးတယ်လေ။ အဲ့ဒီနေ့က သူ့ဘ၀မှာ အဆိုးဆုံးနေ့လို့ပဲ ပြောရမလားတောင် မသိပါဘူးကွယ်။ ဒေးဗစ်က စိတ်တွေဆိုးပြီး ကားမှန်ကိုတောင် ရိုက်ခွဲပစ်လိုက်တယ်ကွဲ့"
"ဒါပေမယ့်.... သမီးတို့ကရော သူ့ဆီ ဘာလို့ သွားမလည်ခဲ့ကြတာလဲ။ အဖေက ဘာလို့ တစ်ယောက်ထဲ ဒီကိုလာရတာလဲဟင်"
"ပြောရမယ်ဆို သမီးအမေက ဒီလို နေရာတွေဟာ ကလေးတွေအတွက် မကြာခဏလာဖို့ သင့်တော်တဲ့နေရာမဟုတ်ဘူးလို့ ထင်နေတာလေ။ အဖေလည်း သူ့ခံစားချက်ကို နားလည်ပါတယ်။ အဲ့ဒီတော့ အဖေလည်း သမီးနဲ့ သမီး အစ်ကိုတွေကို ဒီကိုလာတိုင်း မခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့" ဆိုပြီး ကျွန်မတို့ ထရပ်ကားလေးလည်း အဝေးပြေးလမ်းမကြီးပေါ်ကို မောင်းထွက်လာပါတော့တယ်။
နောက်ထပ် ခဏနေတော့မှ အဖေက ထပ်ပြောပါသေးတယ်။
"အချိန်တွေ ကုန်တာမြန်တယ် ဂျူလီယာနာရဲ့။ အဖေဖြင့် သမီးကို အဖေ့လက်ထဲမှာ ပွေ့ထားရတာကို မနေ့ကလိုပဲ စိတ်ထဲမှာ ထင်နေသေးတာ။ ငါ့သမီးကတော့ အပျိုကြီး ဖားဖားတောင် ဖြစ်နေပြီကိုး" ဆိုပြီး အဖေက စိတ်မကောင်းတဲ့ အကြည့်နဲ့ ကျွန်မကို ပြုံးပြလိုက်တယ်လေ။
"အဖေလည်း ဒေးဗစ်ကို ညီလေးတစ်ယောက်လို ချစ်ပါတယ်။ ဒါပေမယ့် သူက မိသားစုအတွက်တော့ ၀န်ထုပ်၀န်ပိုးတစ်ခုပဲဆိုတာ ငြင်းလို့တော့ မရဘူးကွဲ့။ နောက်ပြီး အဖေလည်း သမီးကို သူ့ရဲ့ အရိပ်တွေ လွှမ်းမိုးမှာ ကြောက်နေခဲ့တာလေ။ အခုတော့ ဒီကိစ္စတွေကြောင့်ပဲ အဖေတို့ အိမ်ကိုရော၊ သမီးကိုပါ လူတွေက လက်ညှိုးထိုးစရာတွေ ဖြစ်ကုန်ပြီ ထင်ပါတယ်ကွယ်"
"ဪ....အဖေရယ်။ အဲ့ဒါက..."
"ဂျူလီယာနာ.... အဖေ သမီးကို ပြောချင်တာ တစ်ခုကတော့ ကိစ္စအားလုံးအတွက် အဖေ တောင်းပန်ပါတယ်လို့ပါပဲကွယ်။ အဖေ့မှာ သမီးကို ဖြည့်ဆည်းပေးချင်တဲ့အရာတွေ သိပ်များလွန်းပေမဲ့ တကယ်တမ်း တွေးကြည့်တော့ အဖေတို့ သမီးကို အခုထိ ထင်သလောက် မဖြည့်ဆည်းပေးနိုင်ခဲ့သေးဘူးလေ"
"အဲ့ဒီလို မပြောပါနဲ့ အဖေရယ်"
"မိသားစုကို ချစ်တတ်တဲ့ နှလုံးသားနဲ့တိုင်းတာမယ်ဆိုရင်တော့ အဖေက သိပ်ကိုအချစ်ကြီးတဲ့ သူပါပဲကွယ်။ ဒါပေမယ့် သမီးရယ်... လက်တွေ့ ဘ၀မှာဆိုရင်တော့ မစ္စတာ လော့စကီလို လူက အဖေထက်ပိုပြီး ယောက်ျားကောင်း၊ အဖေကောင်း တစ်ယောက်ဖြစ်နိုင်မယ်လို့ အဖေ ထင်မိပါတယ်။ သူက မိသားစုနဲ့ အချိန်ပေးပြီး၊ မိသားစုရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်တယ်လေ။ သူ့ကိုကြည့်ရတာလည်း မိသားစုထဲမှာ ပျော်ပျော်နေတတ်တဲ့ပုံပါပဲ"
ကျွန်မ အဖေဟာ ချီးမွမ်းတာ၊ အသိအမှတ်ပြုတာတွေကို သိပ်ပြီး ဂရုစိုက်တတ်တဲ့သူမဟုတ်ပေမဲ့ အခုလို အဖေ ထုတ်ပြောလာတော့ ကျွန်မ အံ့ဩရတာ အမှန်ပါ။
"အဖေရယ်....သမီးကတော့ ဘယ်သူတွေ ဘယ်လောက်ပဲ ကောင်းတယ်လို့ ချီးကျူးခံနေရပါစေ၊ အဖေ တစ်ယောက်ထဲကသာ သမီးအတွက် အကောင်းဆုံးအဖေလို့ ယုံကြည်ပါတယ်ရှင်။ နောက်ပြီး တစ်နေ့ သမီး လက်ထပ်မဲ့သူကလည်း မစ္စတာ လော့စကီလို လူမျိုးမဟုတ်ဘဲ အဖေ့လို လူမျိုးပဲ ဖြစ်ပါစေလို့ ဆုတောင်းတယ် သိလား" လို့ ကျွန်မကပြောတော့ အဖေကလည်း အင်မတန် အံ့အားသင့်သွားတဲ့ မျက်နှာပေးနဲ့
"သမီး တကယ်ပြောတာလား" လို့ ပြန်မေးလိုက်ပါတော့တယ်။
"ကောင်းပြီလေ။ ဒါဖြင့် အဲ့ဒီနေ့လေးကို အဖေလည်း စောင့်ကြည့်ရသေးတာပေါ့"
အဲ့ဒီအချိန်ကနေ စပြီးတော့ ကျွန်မတို့ရဲ့ အပြန်ခရီးလည်း ရယ်ရယ်မောမောနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်ခဲ့ရပါတော့တယ်။ ဒါပေမယ့် ကျွန်မတို့ အိမ်နားနီးလာတော့ အဖေရော ကျွန်မပါ ပြောမိတဲ့အကြောင်းကတော့ အိမ် ရောက်ရင်ပန်ကိတ်လေးတွေ လုပ်စားမဲ့ အကြောင်းပဲပေါ့။
အမေကို ကြည့်ရတာတော့ တခြားကိစ္စ တစုံတရာ ရှိနေတဲ့ပုံပါပဲ။ သူက ပန်ကိတ်လုပ်တဲ့ဆီ မရောက်တော့ပဲ တစ်မနက်လုံး ကြမ်းတွေချည်းဖိတိုက်နေပါတော့တယ်။
"ဒီနေ့တော့ ကျွန်မ ရှင်တို့သားအဖတွေကို ကြက်သွန်ကွင်းချိစ့်ကြော်ပဲ လုပ်ကျွေးတော့မယ်ရှင်။ ကျွန်မ ပန်ကိတ်လုပ်ဖို့လောက်အထိ စိတ်မပါသေးဘူး"
"ကြမ်းတွေ တိုက်လို့ပါလားကွ" လို့ အဖေက ရေရွတ်လိုက်တာပေါ့။
"ဒီနေ့က တနင်္ဂနွေနေ့လေ ထရီနာရာ။ ဘာလို့ အပင်ပန်းခံနေရတာတုံးကွ"
"ကျွန်မ စိတ်ထဲ စိုးရိမ်နေမိလို့ပါတော် " ဆိုပြီး အမေက ကျွန်မကို ကြည့်လိုက်ပါတယ်။
"သမီး ဂေဟာကိုလိုက်သွားတာ ဘယ်နှယ့်လဲ ဟင်"
"ကောင်းပါတယ်။ သမီး လိုက်သွားမိတာ သိပ် ၀မ်းသာတာပဲ"
အဲ့ဒီတော့မှ အမေက အဖေ့ဘက် ပြန်လှည့်ပြီး
"တော်သေးတာပေါ့ရှင်" လို့ဆိုကာ သက်ပြင်းချလိုက်ပါတော့တယ်။
"ကျွန်မ ဒီနေ့ ကြမ်းတွေတိုက်နေရတာ ပက်ဆီ့ဆီက ဖုန်းလာလို့ရှင့်"
"လော့စကီ မိသားစုဆီကလာ။ ဘာများ ဖြစ်လို့ပါလိမ့်" လို့ အဖေက ပြန်မေးတော့ အမေက ဆံပင်ကို နားနောက်သိမ်းတင်လိုက်ရင်း ပြန်ဖြေလိုက်ပါတယ်။
"မဟုတ်ဘူးရှင့်။ သူက ကျွန်မတို့ မိသားစုကို လာမဲ့ သောကြာနေ့ ညစာဖိတ်ကျွေးချင်လို့ပါဆိုပြီး ပြောတယ်"
ကျွန်မတို့လည်း အမေ့စကားကြောင့် အတော် အံ့အားသင့်သွားတာပေါ့။ ခဏနေတော့မှ ကျွန်မကစလို့ မေးလိုက်ပါတယ်။
"သမီးတို့ အားလုံးကို ဖိတ်တာလား"
"ဟုတ်တယ် သမီး"
အဖေကတော့ ဒီလောက်နှစ်တွေကြာတဲ့အထိ မျက်နှာချင်းဆိုင် နေလာခဲ့ပြီးမှ ဘာလို့များ အခုမှ ညစာဖိတ်ကျွေးနေရသလဲလို့ တွေးနေမယ်ဆိုတာကို ကျွန်မ ခန့်မှန်းမိပါတယ်။ အမေလည်း ကျွန်မနည်းတူ ရိပ်မိတဲ့ ပုံပါပဲ။
"ရောဘတ်....ကျွန်မလည်း သေချာတော့ မသိပါဘူးရှင့်။ ဒါပေမယ့် ပက်ဆီက ကျွန်မကို သေချာကို ဖိတ်လိုက်တာရှင့်။ သူက ဖုန်းထဲမှာ ကျွန်မတို့ကို စောစောစီးစီး မဖိတ်လိုက်ရတဲ့အတွက် တောင်းပန်တဲ့အကြောင်း ခခယယကိုပြောနေတော့တာပါပဲရှင်"
"မင်းရော ဘာပြန်ပြောလိုက်လဲ"
"သူ့ဘက်က ဒီလောက် တောင်းဆိုနေမှတော့ ကျွန်မလည်း မလာဘူးလို့ ပြောဖို့ အားနာရတော့တာပေါ့။ နောက်ပြီး ချက် ကလည်း ကျွန်မတို့ ခြံပြင်ဖို့ကို ဒီလောက်ထိ အင်တိုက် အားတိုက် ကူညီပေးခဲ့တာကိုလည်း ထောက်ရသေးတယ်ရှင့်...." ဆိုပြီး အမေက ပုခုံးလေးတွန့်လို့ မျက်နှာ မအီမသာနဲ့ ပြန်ဖြေလိုက်ပါတယ်။
"ကျွန်မလည်း အဲ့ဒီတော့ လာခဲ့ပါ့မယ်လို့ ဖြေလြိက်တယ်။ ညစာစားပွဲက သောကြာနေ့ညနေ ခြောက်နာရီတဲ့လေ"
"တကယ်လား အမေရယ်" လို့တောင် ကျွန်မ ထပ်မေးလိုက်ပါသေးတယ်။
အမေက ပုခုံးပဲပြန်တွန့်ပြတယ်လေ။
"အမေ့အထင်တော့ ဒါက အားလုံးအတွက် ကောင်းမှာပါကွယ်။ နည်းနည်း ထူးဆန်းနေတယ်ဆိုပေမဲ့ အမေတို့ အဆင်ပြေသွားမှာပါ"
"ဒါဖြင့်လည်း ဟုတ်ပြီလေ။ ကိုယ် သောကြာနေ့ ညဘက်အလုပ်မဆင်းဖို့ ပြောထားလိုက်မယ်။ ဒါနဲ့ မင်း သား နှစ်ကောင်ကရော"
"သူတို့လည်း အဲ့ဒီနေ့ ဘာပွဲမှ မရှိတဲ့ပုံပဲရှင့်။ နောက်ပြီး သူတို့နှစ်ယောက်က သောကြာနေ့ဆို ထွေထွေးထူးထူး လုပ်စရာမှမရှိတာ။ ဒါပေမယ့် ကျွန်မ သူတို့ကို ပြီးရင် ပြောလိုက်ပါ့မယ်လေ"
"လော့စကီ မိသားစုက ကိုယ်တို့ အားလုံးကို ဖိတ်တာ သေချာပါတယ်နော်" လို့ အဖေက အမေ့ကို ပြန်မေးလိုက်ပါသေးတယ်။
အမေက ခေါင်းပဲ ပြန်ငြိတ်ပြလိုက်ပါတော့တယ်။
"အသေအချာပဲပေါ့ရှင်"
လော့စကီအိမ်မှာ ညစာသွားစားရမယ်ဆိုတဲ့ အကြောင်းအရင်းက အဖေ့ကို သက်သောင့်သက်သာမဖြစ်စေဘူးဆိုတာ ကျွန်မသဘော ပေါက်ပါတယ်။ ဒါပေမယ့် အမေ့ကို ကြည့်ရတာ အတော်လေး စိတ်လှုပ်ရှားနေတာမို့ ကျွန်မတို့လည်း တစုံတရာ ကွန့်ပြီး ပြောမနေတော့ပါဘူးလေ။ အဖေကလည်း
"ကောင်းပြီလေ" ဆိုပြီး ချိစ့်နဲ့ ကြက်သွန်တွေကို အနေတော်အရွယ်ကလေးတွေ သွားလှီးနေပါတော့တယ်။
အဲ့ဒီနေ့ တစ်နေ့လည်ခင်းလုံး ကျွန်မလည်း အခန်းထဲမှာ အောင်းရင်း စာဖတ်လိုက်၊ ဟိုဟိုဒီဒီ လျှောက်တွေးလိုက် လုပ်နေခဲ့တော့တာပေါ့။ တနင်္လာနေ့ကျောင်းရောက်တော့လည်း ကျွန်မ စာထဲကို အာရုံစိုက်လို့ မရခဲ့ပြန်ပါဘူး။ ကျွန်မရဲ့ အတွေးတွေက ဒေးဗစ်ဆီပဲ ပြန်ရောက်တော့ပါတော့တယ်။ ကျွန်မရဲ့ အဘိုးအဘွားတွေ အနေနဲ့ ဒေးဗစ်လို သားတစ်ယောက်ကို ဘယ်လို ခက်ခက်ခဲခဲနဲ့ ပြုစုပေးခဲ့ရမလဲဆိုတာ ကျွန်မ တွေးနေမိတယ်လေ။
ကျွန်မ သဖန်းပင်ကြီးအကြောင်းလည်း တွေးမိပါသေးတယ်။ ကျွန်မ အစကတော့ သစ်ပင်ကြီးအကြောင်းကိုတွေးမိတာ ကျွန်မ စိတ်မကောင်းဖြစ်နေလို့ပဲလို့ထင်ခဲ့ပေမဲ့ နောက်တော့ အမေပြောဖူးတဲ့ သစ်ပင်ကြီးရဲ့ အကြောင်းကို သွားသတိရလိုက်တယ်လေ။ဒီသစ်ပင်ကြီးဟာ အပင်ပေါက်အရွယ်ကတည်းက ဘယ်သူကမှ ရှင်သန်မယ်လို့ မထင်ထားတဲ့ အပင်ပါ။ ဒါပေမယ့် သစ်ပင်ကြီးကတော့ ရှင်သန်နိုင်ခဲ့ပါတယ်။ တချို့လူတွေက အဲ့ဒီသဖန်းပင်ကြီးကို သိပ်အရုပ်ဆိုးတာပဲလို့ ဝေဖန်ကြပေမဲ့ ကျွန်မအတွက်တော့ ဒီသစ်ပင်ကြီးဟာ အင်မတန် လှပတဲ့ ခံနိုင်ရည်စွမ်းအင်ရဲ့ ပြယုဂ်ဖြစ်ခဲ့ရတာပေါ့။
ဒါမှမဟုတ် ကျွန်မနဲ့ တခြားလူတွေရဲ့ ရှုမြင်ပုံခြင်း မတူကြလို့လည်း ဖြစ်နိုင်ပါတယ်လေ။ ကျွန်မအနေနဲ့ အရုပ်ဆိုးတယ်လို့ ထင်ထားတဲ့အရာတွေက တချို့လူတွေအတွက် လှပနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဥပမာ ရှယ်လီ စတောစ်လို ကောင်မလေးပေါ့။ ကျွန်မအတွက် သူက ဘာမှ အရေးမပါလှတဲ့ သူဆိုပေမဲ့ ကျောင်းကလူတွေ ကြားထဲမှာတော့ ရှယ်လီ စတောစ်ဆိုတာ ဖူးဖူးမှုတ်ထားချင်စရာကောင်းတဲ့ ရတနာလေးပါပဲ။
ကျွန်မလည်း အဲ့ဒီ တစ်ပတ်လုံး အတွေးပေါင်းစုံနဲ့ပဲ လုံးလည်ချာလည် လိုက်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကြာဿပတေးနေ့ရောက်တော့ ကျွန်မတို့ လူမှုရေးအချိန်မှာ စာကြည့်တိုက်ထဲ၀င်ပြီး သမိုင်း၀င်ကျော်ကြားသူများအကြောင်း ရီပို့ရေးဖို့ စာအုပ်တွေ ရှာဖတ်ခဲ့ရပါတော့တယ်။ ကျွန်မက ကျွန်မရဲ့ ရီပို့အတွက် ဆူဆန်ဘီ အန်သိုနီရဲ့ အမျိုးသမီးများ မဲပေးခွင့်ရှိရေး လှုပ်ရှားမှု အကြောင်းရေးဖို့ ဆုံးဖြတ်ခဲ့တယ်လေ။ ကျွန်မလည်း စာကြည့်တိုက်ထဲမှာ စာအုပ်တချို့လိုက်ရှာနေတုန်း ဒါလာ ထရက်စလာက စာကြည့်တိုက် ထောင့်နားကနေ ကျွန်မကို လက်ယပ်ခေါ်နေတာကို တွေ့လိုက်ရပါတော့တယ်။
ဒါလာဟာ ကျွန်မနဲ့ အတန်းချိန် အချို့ အတူတက်ရတဲ့သူဆိုပေမဲ့ သူ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်ရလောက်အောင်အထိတော့ မရင်းနှီးပါဘူး။အဲ့ဒီတော့ ကျွန်မလည်း သူ ကျွန်နောက်က လူတစ်ယောက်ယောက်ကိုများ ခေါ်နေသလားဆိုပြီး အနောက်ကို လှည့်ကြည့်လိုက်ပါသေးတယ်။
"ဒီကိုလာခဲ့စမ်းပါ" ဆိုပြီး ဒါလာက ကျွန်မကို အသံမထွက်ဘဲ ပါးစပ်ဟန်နဲ့ လုပ်ပြရင်း အရေးတကြီး လက်ယပ်ခေါ်လိုက်ပါတယ်။ အဲ့ဒီတော့ ကျွန်မလည်း သူ့ဆီ ခပ်သုတ်သုတ်သွားလိုက်တာပေါ့။ သူက ကျွန်မတို့နဲ့ အကွယ်က စာအုပ်စင်ကို လက်ညှိုးထိုးပြပြီး
"နားထောင်ကြည့်စမ်း" လို့ တီးတိုးလေးပြောလိုက်တယ်လေ။
ဟိုဘက် အကွယ်မှာ စကားပြောနေကြတာက ဂဲရတ်ရယ်ပါ။ ပြီးတော့ ဘရိုက်စ်လည်း ရှိနေပါတယ်။ သူတို့က ကျွန်မအကြောင်း၊ ကျွန်မရဲ့ ကြက်တွေအကြောင်း၊ အစာအဆိပ်သင့်တဲ့အကြောင်းကို တီးတိုးတီးတိုးနဲ့ ပြောနေကြတယ်လေ။ နောက်ပြီး ဘရိုက်စ်က ကျွန်မ ကြက်ဥတွေ လွှင့်ပစ်တဲ့အကြောင်းနဲ့ ကျွန်မ ခြံပြင်တဲ့ အကြောင်းလည်း ပါ,ပါသေးတယ်။
ဘရိုက်စ်အသံကို ကြားရတာတော့ သူတကယ့်ကို စိတ်မကောင်းဖြစ်နေတဲ့ ပုံပါပဲ။ ဒါပေမယ့် ကျွန်မ သူဆက်ပြောတဲ့အကြောင်းကို ကြားပြီး ချက်ချင်း သွေးတွေ အေးခဲသွားသလို ခံစားလိုက်ရပါတော့တယ်။ သူက ကျွန်မဦးလေး ဒေးဗစ်အကြောင်းကိုပြောနေတာလေ။
နောက်တော့ ဂဲရတ်က ရယ်ပြီး သူ့ကိုပြန်ပြောလိုက်တာပေါ့။
"ဘာ...ဉာဏ်စဉ်မမှီဘူး ဟုတ်လား။ ကဲ....အခုမှပဲ သူ့အကြောင်းကို သဘောပေါက် တော့တယ်ကွာ။ မင်းလည်း သိပါတယ်။ ဂျူလီ့ကို ပြောတာလေ..." ဆိုပဲ။
တဒင်္ဂလောက်တော့ သူတို့ စကားပြောတာ ရပ်သွားပါသေးတယ်။ ကျွန်မဖြင့် ရင်တွေတုန်ပြီးရင် တုန်နေမိတော့တာပါပဲ။ ပြီးတော့မှ ဘရိုက်စ်ကပါ ရယ်ပြီး
"ဪ အေး....ဟုတ်သားပဲ" တဲ့လေ။
သူ့စကားကိုကြားပြီး ကျွန်မ ကြမ်းပြင်ပေါ်ကိုသာ ပစ်လှဲချပစ်ချင်လိုက်ပါတော့တယ်။ နောက်တော့ သူတို့လည်း တခြားအပေါက်ကနေ ထွက်သွားတော့တာပေါ့။ ဒါလာက အကွယ်ဘက်ဆီ သွားကြည့်လိုက်ပြီးတော့မှ ကျွန်မကို နှစ်သိမ့်ပေးပါတယ်။
"အိုး..ဂျူလီရယ်... နင် အခုလို ကြားသွားရတဲ့အတွက် ငါ စိတ်မကောင်းပါဘူးဟာ။ ငါက သူ နင့်ကို ကြိတ်သဘောကျနေတဲ့အကြောင်း ၀န်ခံမယ် ထင်နေတာဟ"
"ဟင်...ဘယ်လို...ဘရိုက်စ်က ငါ့ကို ကြိတ်သဘောကျနေတာ မဟုတ်ပါဘူး ဒါလာရဲ့"
"အမလေး...မသိချင်ယောင် ဆောင်မနေစမ်းပါနဲ့။ သူ နင့်ကို အတန်းထဲမှာ အမြဲတမ်းငေးကြည့်နေတာကို နင်မသိဘူး မဟုတ်လား။ ဘရိုက်စ်ဆိုတဲ့ ကောင်လေးကတော့ အချစ်ကျွန်းပေါ်မှာ သောင်တင်နေပြီဟေ့"
"မဖြစ်နိုင်ပါဘူးဟာ။ အခုလေးတင် သူ ငါ့အကြောင်းပြောသွားတာ နင်လည်း ကြားရဲ့သားနဲ့ဟယ်"
"အေး အဲ့ဒါတော့ ဟုတ်တယ်ဟ။ ဒါပေမယ့် မနေ့ကလေ သူ နင့်ကို အတန်းထဲမှာ စိုက်ကြည့်နေတာ ငါတွေ့လိုက်တယ်ဟ။ သူက ငါ့ကို နင့်ဆံပင်ထဲမှာ ပျား ကပ်နေတာ တွေ့လို့ ကြည့်နေတာဆိုပြီး ရှက်ကိုးရှက်ကန်းနဲ့ ဆင်ခြေတွေ လာပေးနေသေးတယ်။ ပျားကပ်နေတယ်တဲ့ဟယ်။ လိမ်ဆင်ဆိုတာ အသိသာကြီးပဲကို"
"ဪ ဒါလာရယ်။ ဒါမှမဟုတ် သူပြောသလို ငါ့ဆံပင်မှာ တကယ်ပဲ ပျားစွဲနေတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့ဟယ်"
"အမယ်....ပြောချင်တာက နင့်ကိုယ်က သိပ်ကိုချိုမွေးလွန်းလို့ ပျားတွေကတောင် လာစွဲရတယ်ပေါ့လေ။ ဒီနားမှာ နင့်နားစွဲချင်နေတဲ့ ပျားကြီးကတော့ ' ဘီ-အာ-ဝိုင်-စီ-အီး' ဘရိုက်စ်ဆိုတဲ့ ပျားပဲရှိတယ်ဟေ့။ သူ့ကို ကြည့်ရတာ ချစ်ဖို့တော့ အကောင်းသား။ ဒါပေမယ့် အခုလို ကြားလိုက်ရတဲ့အတွက် ငါဆိုရင်တော့ ဝေးဝေးက ရှောင်မှာပဲ ဂျူလီရေ" ဆိုပြီး ဒါလာက လှည့်ထွက်သွားပါတော့တယ်။ သူက ကျွန်မကို
"နင် စိတ်မပူပါနဲ့ ဂျူလီ။ ငါ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး" လို့တောင် ကတိပေးသွားပါသေးတယ်။
အမှန်တော့ ကျွန်မ စိတ်ထဲ စနိုးစနောင့်ဖြစ်တာက ဒါလာကြောင့်မဟုတ်ဘဲ ဂဲရတ်နဲ့ ဘရိုက်စ်တို့ပြောတဲ့ စကားကြောင့်ရယ်ပါ။ သူတို့တွေ ဘာလို့များ အခုလောက်ထိ ရက်ရက်စက်စက် ပြောရက်ကြပါသလဲနော်။ နောက်ပြီး အတော်လည်း တုံးအလွန်းတယ်။ ကျွန်မအဖေလည်း ငယ်ငယ်တုန်းက သူတို့တွေလို တုံးတုံးအအနဲ့ ကြီးပြင်းလာသလားလို့တောင် ကျွန်မ တွေးမိလိုက်ပါသေးတယ်။
သူတို့နှစ်ယောက်အကြောင်းတွေးလေ၊ ကျွန်မပိုပြီး စိတ်တိုမိလေပါပဲ။ ဘရိုက်စ်မှာ ကျွန်မ ဦးလေးရဲ့ အခြေအနေကို လှောင်ပြောင်စရာ အကြောင်းမရှ်ိပါဘူး။ သူ သိပ်ကို အတင့်ရဲ လွန်းနေပါပြီ။
ကျွန်မ ဒေါသကြောင့် ပါးပြင်နှစ်ဖက် ပူနွေးနီမြန်းပြီး ရင်ဘတ်ထဲတောင် အောင့်သလို ခံစားလိုက်ရပါတယ်။ အဲ့ဒီ အချိန်အတွင်းမှာပဲ ကျွန်မ ဘရိုက်စ် လော့စကီ အပေါ် စိတ်ကုန်သွားပြီဆိုတာကို နားလည်လိုက်ရတော့တာပေါ့။ သူ့ရဲ့ ပြာနှမ်းနှမ်း မျက်လုံးလေးတွေရယ်၊ ချစ်စရာ ကောင်းတဲ့ အပြုံးတွေရယ်၊ ကျွန်မရဲ့ ပထမဆုံး အနမ်းလေးရယ်ကို ကျွန်မ မေ့ပစ်လိုက်ပါတော့မယ်။ ဟုတ်တယ်။ ကျွန်မ သူ့ကို နောက်ထပ် ဘယ်တော့မှ စကားမပြောဖြစ်တော့အောင် ကြိုးစားရပါမယ်။
ကျွန်မလည်း ဆူဆန်ဘီ အန်သိုနီနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဆက်ရှာလိုက်တော့ ကျွန်မ ရီပို့အတွက် အဆင်ပြေလောက်မဲ့ စာအုပ်နှစ်အုပ်ကိုတွေ့လိုက်ရပါတယ်။ ဒါပေမယ့် ကျွန်မ အဲ့ဒီစာအုပ်နှစ်အုပ်ကို ငှားဖို့ စာကြည့်တိုက် ကောင်တာဆီ သွားနေတုန်းမှာပဲ တစုံတခုကို သွားသတိရလိုက်ပါတော့တယ်။ မနက်ဖြန်ဆို သူတို့အိမ်မှာ ကျွန်မတို့က ညစာသွားစားရတော့မယ် မဟုတ်ပါလား။
ကျွန်မလည်း စာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်ပြီး လွယ်လို့ အိမ်ကို တချိုးတည်းပြေးသွားပါတော့တယ်။ ဒီလိုကိစ္စတွေဖြစ်ပြီးမှတော့ ဘာမှ မဖြစ်တဲ့စိတ်နဲ့ သူတို့အိမ်ကို ကျွန်မ မသွားနိုင်တော့ဘူး မဟုတ်ပါလား။ ကျွန်မ အမေ့ကို ညစာ သွားစားဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ဖို့ ကြိုးစားရပါတော့မယ်။
အခန်း (၁၁)
ဘရိုက်စ်
အဖေ
ဂဲရတ်နည်းတူ ကျွန်တော့် အဖေကလည်း ဘိတ်ကာမိသားစုကို လှောင်ပြောင်တတ်တဲ့ စိတ်ရှိတယ်ကို သိလိုက်ရတာက ကျွန်တော့်အတွက် ပိုပြီး စိတ်မသက်မသာဖြစ်စေခဲ့ရတာ အမှန်ပါပဲ။ ကျွန်တော်ဖြင့် အဖေ့ကို စကားလက်ဆုံပြောဖို့အသာထားဦး.... မျက်နှာချင်းဆိုင်ကြည့်ဖို့ကိုတောင် အတော်လေး ကြိုးစားယူခဲ့ရပါတော့တယ်။ ဒါပေမယ့် သောကြာနေ့ ညနေငါးနာရီလောက်မှာတော့ ဘာဘီကျူးကင်စားတာက အခုလို ညစာတည်ခင်းကျွေးမွေးတာထက် ပိုပြီး ကောင်းမယ်ဆိုတဲ့ အဖေ့အကြံကို ကျွန်တော် ထောက်ခံမိတယ်လေ။ ဘာဘီကျူးက ပိုပြီးတော့ ရိုးရှင်းပြီး အာလုံးလည်း သက်သောင့်သက်သာ ရှိစေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခုတော့ အမေ့ခမျာ မီးဖိုချောင်ထဲမှာ ကြော်လိုက်၊ချက်လိုက်၊ ပြုတ်လိုက်၊ သုပ်လိုက်နဲ့ ဇယ်ဆက်အောင် လုပ်နေရတယ်လေ။ သူက ဘိတ်ကာမိသားစုလာမှာကို အမေရိကန်သမ္မတကြီး ကြွချီလာတော့မဲ့ အတိုင်း ပြီးပြည့်စုံအောင် ပြင်ဆင်နေရင်းက ကျွန်တော်တို့ သားအဖကိုလည်း မီးဖိုထဲကနေ အော်ဟစ်ပြီး အဆက်မပြတ် ခိုင်းနေတော့တာပါပဲ။
ကျွန်တော်တို့လည်း တစ်အိမ်လုံးကို တံမြက်စည်းလှဲကျင်းပြီး စားပွဲခုံကိုလည်း အကျယ်ဖြန့်ခင်းကာ ထိုင်ခုံအပို ငါးလုံးပါထည့်လို့ ညစာစားပွဲခင်းလိုက်ကြပါတော့တယ်။ ကျွန်တော်တို့ ပြင်ထားက အမေ့အတွက်တော့ စိတ်တိုင်းကျစရာကို မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ မီးဖိုချောင်ထဲက ထွက်သွားတော့ အမေက သူ့စိတ်တိုင်းကျ ခုံတွေကို ပြင်လိုက်သေးတယ်လေ။ ကျွန်တော့် အမြင်မှာတော့ အမေ ပြန်ပြင်တဲ့ပုံကလည်း ကျွန်တော်တို့ ခင်းခဲ့တဲ့ ပုံစံနဲ့ သိပ်လည်း မကွာလှပါဘူး။ ဒါပေမယ့်လည်း အမေ့လို အိမ်ရှင်မကြီးနဲ့ သွားငြင်းနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူးလေ။
အမေက ဖယောင်းတိုင်တွေပါ ထုတ်လာပြီး
"ရစ်ခ်....ရှင် ပန်းကန်လေးတွေကို စားပွဲမှာ အသင့်ခင်းထားပေးပါလားရှင်။ ကျွန်မလည်း ဧည့်သည်တွေမလာခင် ကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်ချင်လို့ပါ။ ကျွန်မ ပြန်ဆင်းလာရင် ရှင်လည်း အ၀တ်အစား လဲတော့ပေါ့ ဟုတ်ပြီလား။ ပြီးတော့ ဘရိုက်စ်...သားရော ဘာအင်္ကျီ ၀တ်မှာလဲ"
"အမေကလည်းဗျာ။ ဘိတ်ကာ မိသားစုလာမှာကို ဒီလောက်တောင် ပြင်နေရလားဗျ။ တော်ကြာ အမေ့ကြောင့် သူတို့ ပိုပြီး သိမ်ငယ်နေပါဦးမယ်ဗျာ"
"ထရီနာနဲ့ အမေက ဒီနေ့ ညစာစားပွဲမှာ ၀တ်စုံပြည့်၀တ်ဖို့ သဘောတူထားတယ် သား"
"ဒါပေမယ့်...လိုလို့လားဗျာ" လို့ ကျွန်တော်က အထွန့်တက်လိုက်တော့ အဖေက ကျွန်တော့်ပုခုံးပေါ် လက်တင်လို့ အမေ့ကိုရွဲ့ပြီး ပြောလိုက်တာပေါ့။
"ဒီလို၀တ်ထားစားထားတော့ ဘိတ်ကာတင်မက အဖေတို့ပါ စိတ်မသက်မသာ ဖြစ်ရတာပေါ့ကွာ"
ကျွန်တော်လည်း အမေ့ကို ပြန်ကြည့်လိုက်ပါတယ်။
"ဒါဆို သားက နက်တိုင်နဲ့ ကျကျနန၀တ်ရမှာလား အမေ"
"မဟုတ်ပါဘူးကွယ်။ ဒါပေမယ့် တီရှပ်မဟုတ်တဲ့ ကြယ်သီး ကောင်းကောင်းနဲ့ ရှပ်အင်္ကျီ သားသားနားနားလေး၀တ်ရင်ရပါပြီ"
အဲ့ဒီတော့ ကျွန်တော် အခန်းကိုပြန်ပြီး ကြယ်သီးကောင်းကောင်းပါတဲ့ ရှပ်အင်္ကျီကို ပြေးရှာရတော့တာပေါ့။ ကျွန်တော့် အ၀တ်ဗီရိုထဲမှာတော့ ကြည့်လိုက်တာနဲ့ လူလိမ္မာလေးကို ခန့်မှန်းလို့ရလောက်တဲ့ ရှပ်အင်္ကျီသပ်သပ်ရပ်ရပ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်လည်း အမေ ၀တ်ခိုင်းတဲ့ အ၀တ်အစား ပုံစံကို အရွဲ့တိုက်ပြီး တီရှပ်ပဲ ၀တ်သွားဖို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့်လည်း ကျွန်တော် ရှပ်အင်္ကျီတွေကိုပဲ တစ်ထည်ပြီး တစ်ထည် ၀တ်ကြည့်နေမိပါတော့တယ်။
နောက်ထပ် မိနစ်နှစ်ဆယ် ကြာတဲ့အထိကျွန်တော့် စိတ်တိုင်းကျ အင်္ကျီကို ရှာလို့မရသေးပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်တောင် အခုလို ကြေးများလွန်းတာကို အံ့ဩမိတာ အမှနိပါပဲ။ ဒီ ညစာ စားပွဲမှာ ဘာလို့များ ကျွန်တော်က ကြည့်ကောင်းနေချင်ရတာပါလဲ။ ကျွန်တော့်ကို ကျွန်တော် မိန်းကလေးတစ်ယောက်လို ပြင်လွန်းဆင်လွန်းနေတာကို သတိထားမိလိုက်တယ်လေ။
ခဏနေတော့ ကျွန်တော့် အိပ်ခန်းထဲက လိုက်ကာကြားကနေ ဘိတ်ကာမိသားစု သူတို့အိမ်ထဲက ထွက်လာတာကို တွေ့လိုက်ရပါတော့တယ်။ သူတို့ အိမ်ရှေ့ဆင်၀င်အောက်မှာ လူစုပြီး ကျွန်တော်တို့ အိမ်ဘက်ကို လျှောက်လာတဲ့ ဘိတ်ကာမိသားစုကို ကြည့်နေရတာ ထူးဆန်းတဲ့ အိပ်မက် မက်နေတဲ့ အတိုင်းပါပဲ။သူတို့ကို ကြာ့်ရတာ ကျွန်တော်တို့ အိမ်ဘက်ကို လေနဲ့အတူ မျောလာတဲ့ အတိုင်းပဲလေ။
ကျွန်တော်လည်း အိပ်ရာပေါ်က အနီးစပ်ဆုံး ရှပ်အင်္ကျီ တစ်ထည်ကိုဆွဲယူပြီး သေချာ ကြယ်သီးတပ်ကာ ၀တ်လိုက်ပါတော့တယ်။ နောက်ထပ် နှစ်စက္ကန့်လောက်နေတော့ အိမ်ရှေ့က လူခေါ် ခေါင်းလောင်းသံလေးကို ကျွန်တော် ကြားလိုက်ရတာပေါ့။ အမေက အော်ထပ်ကနေ အော်လိုက်ပါတယ်။
"ဘရိုက်စ်...သားရေ တံခါးသွားဖွင့်ပေးလိုက်ပါဦးကွယ်"
ကံကောင်းချင်တော့ အဘိုးက သုတ်သုတ် သုတ်သုတ်နဲ့ ထပြီး ကျွန်တော့် အစား တံခါးသွားဖွင့်ပေးလိုက်တယ်လေ။ အဘိုးက ဘိတ်ကာမိသားစုကို နှုတ်ဆက်နေလိုက်တာ မသိရင် နှစ်ရှည်လများ ကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းကြီးတွေနဲ့ ပြန်တွေ့လိုက်ရတဲ့ အတိုင်းပါပဲ။ ဒီနေ့တော့ သူတို့ သားအကြီးနှစ်ကောင်ကို ကြည့်ရတာ ဘယ်သူက မတ်ထ်၊ ဘယ်သူက မိုက်ခ်ဆိုတာ ခွဲခွဲခြားခြား သိလိုက်ရတယ်လေ။ သူတို့နှစ်ယောက်က တစ်ယောက်က ခရမ်းရောင်ရှပ်အင်္ကျီ၀တ်ထားပြီး ကျန်တဲ့ တစ်ယောက်က အစိမ်းရောင် ၀တ်ထားတယ် မဟုတ်ပါလား။ ဒါပေမယ့် သူတို့နှစ်ယောက်က ကျွန်တော့်ကိုတွေ့တော့ ကျွန်တော့်ပါးကို ခပ်ဖွဖွစိတ်ပြီး
"ဟေး...ညီလေး...နေကောင်းတယ်နော်" လို့ ပြောလိုကတော့ ကျွန်တော်လည်း သူတို့ကို စိတ်တိုလို့ ခေါင်းရှုပ်ပြီး ဘယ်သူက ဘယ်သူဆိုတာ ပြန်မေ့သွားပါတော့တယ်။
အမေကတော့ မီးဖိုချောင်ထဲက ပြေးထွက်လာပြီး
"၀င်ကြပါရှင်။ ကြိုဆိုပါတယ်။ ရှင်တို့ အားလုံးလာကြတာ ကျွန်မ သိပ်၀မ်းသာတာပဲ" လို့ လောက၀တ်ပြုလိုက်တာပေါ့။ ပြီးတော့ အမေက အစ်မနဲ့ အဖေ့ကို လှမ်းခေါ်လိုက်ပါသေးတယ်။
"လင်နတ်တာ...။ ရစ်ခ်.....။ ဧည့်သည်တွေရောက်နေပြီနော်"
နောက်ပြီး မစ္စ ဘိတ်ကာနဲ့ ဂျူလီ့ကိုတွေ့တော့လည်း အမေက
"အိုး...ဒါက ဘာများပါလိမ့်ရှင်။ ကိုယ်တိုင်လုပ်ထားတဲ့ ပိုင်မုန့်များလား" လို့မေးလိုက်တော့ မစ္စဘိတ်ကာက
"ဟုတ်ပါ့ရှင်။ ဘလက်ဘယ်ရီ ချိစ်ကိတ်မုန့်ကို ပီကန်သစ်စေ့ဖြူးထားတာလေ" လို့ ပြန်ဖြေလိုက်ပါတယ်။
"မုန့်လေးကြည့်ရတာ သိပ်စားကောင်းမဲ့ ပုံပဲနော်။ အင်မတန့်ကို မွှေးကြိုင်နေတာပါပဲရှင်" ဆိုပြီး အမေက လိုတာထက်ကို ပိုလို့ ပြောနေတော့ ကျွန်တော်တောင် ခေါင်းထောင်ပြီး အမေ့ကို ကြည့်လိုက်ပါသေးတယ်။ အမေက ဂျူလီ့လက်ထဲက ပိုင်မုန့်ကို ယူသွားတော့ မစ္စဘိတ်ကာကလည်း အမေနဲ့အတူ မီးဖိုချောင်ထဲ လိုက်သွားပါတော့တယ်။
လင်နတ်တာကလည်း အခန်းထောင့်တစ်နေရာကနေ ပေါ်လာတော့ မတ်ထ်ရော မိုက်ခ်ကပါ ပြုံးလို့
"ဟေး...လင်....ကြည့်ကောင်းနေတယ်နော်" ဆိုပြီး ပြောလိုက်ပါတယ်။ လင်နတ်တာက အနက်ရောင် စကတ်၀တ်ထားပြီး လက်သည်းဆိုးဆေး အနက်ဆိုးလို့ မျက်လုံးကိုပါ မဲနက်နေအောင် ခြယ်ထားတာမို့ သူ့ကိုကြည့်ရတာ ရှဉ့်တစ်ကောင်လိုလို၊ ရက်ကွန်း ၀က်ဝံလိုလို ဖြစ်နေတာတော့ အမှန်ပါ။ သူဟာနဲ့သူတော့ ကြည့်လို့ကောင်းပါတယ်လေ။
ခဏနေတော့ ဂျူလီ့အစ်ကိုနှစ်ယောက်လည်း လင်နတ်တာ့အခန်းထဲကို လိုက်သွားပါတော့တယ်။ ကျွန်တော် ဧည့်ခန်းဘက်လှည့်ကြည့်လိုက်တော့ မစ္စတာ ဘိတ်ကာက အဘိုးနဲ့ စကားပြောနေတာမို့ အိမ်ရှေ့တံခါးနားမှာ ကျွန်တော်နဲ့ ဂျူလီ နှစ်ယောက်ထဲ ကျန်ခဲ့တော့တာပေါ့။
သူကတော့ ကျွန်တော့်ကို မျက်နှာလွှဲလို့ အိမ်ထဲက ပစ္စည်းတွေကို လိုက်ကြည့်နေပါတော့တယ်။ ကျွန်တော်လည်း သူ့နောက်မှာ ရှပ်အင်္ကျီ သားသားနားနားနဲ့ မတ်တပ်ရပ်ပြီး ဘာစကားပြောရမယ်မသိဘဲ အရူးတစ်ယောက်လို ခံစားနေရတော့တာပေါ့။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့် နှလုံးခုန်သံတွေကလည်း အပြေးပြိုင်ပွဲ၀င်နေရသလို အသက်ရှူကြပ်လောက်အောင် ခုန်နေမိတယ်လေ။
နောက်ထပ် ထူးဆန်းတဲ့တစ်ချက်ကတော့ ဂျူလီ့ကို ကြည့်ရတာ ဟို သတင်းစာထဲက ပုံနဲ့ တစ်ထပ်တည်းကျနေတာပါပဲ။ သူ့ကို ကြည့်ရတာ ကျွန်တော်တို့အိမ်လာဖို့ သေချာ ပြင်ဆင်ထားပုံလည်း မပေါ်ပါဘူး။ သူက ပုံမှန်အ၀တ်အစား၀တ်ကာ ပုံမှန် ရှူးဖိနပ်စီးထားတာပါ။ ဒါပေမယ့် သူ့ခေါင်းပေါ်က ဆံပင်တွေကတော့ ပုံမှန်ထက်ပိုပြီး သပ်သပ်ရပ်ရပ် ဖြီးသင်ထားပါတယ်။ ကျွန်တော့်ကို မကြည့်ဘဲ တခြားအရာတွေကို လိုက်ကြည့်နေတဲ့ သူ့အနေအထားကြောင့် သတင်းစာထဲကနဲ့ သွားတူနေတာ ဖြစ်နိုင်ပါတယ်လေ။
ကျွန်တော်တို့နှစ်ယောက် လျှောက်လမ်းမှာ စကားမပြောဘဲနေတာ ငါးစက္ကန့်လောက်သာ ကြာတယ်ဆိုပေမဲ့ ကျွန်တော့်အတွက်တော့ တစ်နှစ်လောက်တောင် ကြာသွားတယ်လို့ ထင်မိနေပါတော့တယ်။ နောက်တော့မှ ကျွန်တော်လည်း စကားစလိုက်တော့တာပေါ့။
"ဟိုင်း...ဂျူလီ"
သူ့အကြည့်တွေက ဖြတ်ခနဲဆိုသလို ကျွန်တော့်ဆီရောက်လာပါတော့တယ်။ ကျွန်တော်လည်း သူ့မျက်နှာကို တွေ့တွေ့ချင်း သူ စိတ်ဆိုးနေတယ်ဆိုတာ သဘောပေါက်မိ သွားတာပေါ့။ သူက ကျွန်တော့်ကို တီးတိုးလေးပြန်ပြောပါတယ်။
"နင်နဲ့ ဂဲရတ်တို့ စာကြည့်တိုက်ထဲမှာ ငါ့ဦးလေး အကြောင်းပြောပြီး လှောင်နေကြတာ ငါကြားလိုက်တယ် ဘရိုက်စ်။ အဲ့ဒါကြောင့် ငါ နင့်ကို စကားမပြောချင်ဘူး။ နင် နားလည်တယ်မဟုတ်လား။ ငါ နင့်ကို ဘယ်တော့မှ စကားထပ်မပြောချင်ဘူး ဘရိုက်စ်"
သူ့စကားကြားပြီး ကျွန်တော့် စိတ်ထဲမှာ အတွေးပေါင်းစုံ ရောက်လာရပါတော့တယ်။ သူ ဘယ်နားကနေ ကျွန်တော်နဲ့ ဂဲရတ်စကားပြောတာကို ကြားသွားတာပါလိမ့်။ ကျွန်တော် သူ့ကို စာကြည့်တိုက်ထဲမှာ မတွေ့မိခဲ့တာတော့ အမှန်ပါ။ နောက်ပြီး သူ တကယ်ပဲ ကြားသွားတာလား။ ဒါမှမဟုတ် တယောက်ယောက်ဆီက တဆင့် ပြန်ကြားလိုက်ရတာများလား။
ကျွန်တော်လည်း ဂျူလီ့ကို ဒါက ဂဲရတ်ရဲ့ စကားသီးသန့်ပါလို့ ရှင်းပြဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို သူပြောချင်ရာစွတ်ပြောပြီး ဧည့်ခန်းထဲ ၀င်သွားတယ်လေ။ အဲ့ဒီတော့ ကျွန်တော့်ခမျာ လျှောက်လမ်းမှာ မတ်တပ်ရပ်ရင်း စာကြည့်တိုက်ထဲမှာ ကတည်းက ဂဲရတ်ကို ပြန်ထိုးလိုက်ရင် ကောင်းသားလို့ တွေးနေမိပါတော့တယ်။ အခုတော့ ဂျူလီက ကျွန်တော်ဟာ ဉာဏ်စဉ်မမှီတဲ့သူတွေကို လှောင်ရယ်တတ်တဲ့သူလို့ ထင်နေပြီ မဟုတ်ပါလား။ ခဏနေတော့ အဖေက ကျွန်တော့်ပုခုံးကို ကိုင်လို့ စကားလာပြောတော့တာပေါ့။
"ကဲ....သား။ ပါတီပွဲမှာ ပျော်ရဲ့လား" တဲ့လေ။ အမှန်တိုင်းပြောရမယ်ဆို ကျွန်တော့် ပုခုံးပေါ် တင်ထားတဲ့ အဖေ့လက်ကိုလည်း ကျွန်တော် ပုတ်ချပစ်လိုက်ချင်တာ အမှန်ပါ။အဖေက ဧည့်ခန်းထဲကို မျှော်ကြည့်လို့ ပြောလိုက်ပါသေးတယ်။
"ဘိတ်ကာ အဖေကြီးက ဒီနေ့တော့ သန့်ပြန့်နေပါလားကွ ဟေ"
ကျွန်တော်လည်း အဖေ့လက်ထဲကနေ ထွက်လိုက်ပါတယ်။
"မစ္စတာ ဘိတ်ကာရဲ့ နာမည်က ရောဘတ်ပါ အဖေ"
"အေးလေ...အဖေလည်း သိပါတယ်" ဆိုပြီး အဖေက လက်နှစ်ဖက်ကို ပွတ်လို့
"ကဲ...အဖေကတော့ အထဲ၀င်ပြီး နှုတ်ဆက်လိုက်ဦးမယ်။ သားရော လိုက်ဦးမှာလား" လို့ ကျွန်တော့်ကို မေးလိုက်ပါတယ်။
"မလိုက်တော့ပါဘူး။ အမေ့ကို သား သွားကူပေးလိုက်ဦးမယ် အဖေ"
အဖေ ဧည့်ခန်းထဲ၀င်သွားပြီး မစ္စတာဘိတ်ကာနဲ့ လက်ဆွဲနှုတ်ဆက်ပြီး စကားစမြည်ပြောနေတာကို ကျွန်တော်လျှောက်လမ်းကနေ ကြည့်နေရင်း ထူးဆန်းတဲ့ အတွေးတွေ ပြန်၀င်လာပါတော့တယ်။ ဒီတစ်ခါကတော့ ဂျူလီ့အကြောင်းမဟုတ်ဘဲ ကျွန်တော့် အဖေအကြောင်းပါ။ မစ္စတာဘိတ်ကာဘေးမှာ ရပ်နေတဲ့ အဖေ့ကို ကြည့်ရတာ လူကောင်သေးလွန်းတယ်လို့ ကျွန်တော် ခံစားမိတယ်လေ။ အဖေက လူကောင်သေးရုံမျှမက မစ္စတာဘိတ်ကာ့လို မေးရိုးကားကားနဲ့ မဟုတ်ဘဲ သေးသေးသွယ်သွယ် ရှိလှပါတယ်။
ကျွန်တော် ငယ်ငယ်တုန်းကဆို အဖေဟာ ကမ္ဘာပေါ်က ဘယ်လိုလူမျိုးကိုမဆို အနိုင်ယူနိုင်မဲ့လူလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် အခု မစ္စတာဘိတ်ကာဘေးမှာ ရပ်နေတဲ့ အဖေ့ပုံအရတော့ မစ္စတာဘိတ်ကာက အဖေ့ကို လက်ဝါးလေးနဲ့တင် ဖိချေလိုက်နိုင်မှာပဲလို့ ကျွန်တော် ထင်နေမိပါတော့တယ်။
အဆိုးဆုံးကတော့ အဖေ့ရဲ့ အပြုအမူတွေပါ။ မစ္စတာ ဘိတ်ကာ့ကို သူငယ်ချင်း အရင်းကြီးလို ပြောဆိုနေတဲ့ အဖေ့ပုံစံက ကျွန်တော့်အတွက်တော့ လိမ်ညာနေတဲ့ လူတစ်ယောက်လိုပါပဲ။ အဖေက မစ္စတာဘိတ်ကာကိုသာမကပဲ ဂျူလီ့ကိုရော အဘိုးကိုပါ အပါအ၀င် လူတိုင်းကို လိမ်နေတယ်လို့ ကျွန်တော် တွေးမိပါတယ်။ အဖေ ဘာလို့များ အခုလို လုပ်နေရတာပါလိမ့်။ အဖေ့ ဘာလို့များ ရိုးရိုးသားသားပဲ မဆက်ဆံတာပါလိမ့်။ အဖေ့ရဲ့ ရင်းနှီးလွန်းနေတဲ့ အမူအရာတွေက အမေ့ကို ရွဲ့နေတယ်ဆိုတာ သိသာလွန်းပါတယ်။
လူတွေက ကျွန်တော်ဟာ အဖေနဲ့ သိပ်တူတယ်လို့ပြောဖူးပါတယ်။ အဲ့ဒီစကားကြားတိုင်း ကျွန်တော် ဘယ်လိုမှ မခံစားရပေမဲ့ အခုလို အဖေ့ကို မြင်နေရတော့ ကျွန်တော့် ဗိုက်ထဲမှာ မပြောပြတတ်တဲ့ ဝေဒနာတစ်မျိုးကို ခံစားလိုက်ရပါတော့တယ်။ ခဏနေတော့ အမေက ညစာ ခေါင်းလောင်းလေးကို တီးလို့ ပြောလိုက်တာပေါ့။
"ကဲ...အမြည်း ဟင်းလျာလေးတွေကတော့ အဆင်သင့်ပါပဲရှင်"
ပြီးတော့ အမေက ကျွန်တော် လျှောက်လှမ်းနားမှာ မတ်တပ်ရပ်နေဆဲဆိုတာ တွေ့တော့
"သား...ဘရိုက်စ်။ သားအစ်မနဲ့ ကောင်လေးတွေကို တွေ့မိသေးလားကွဲ့" ဆိုပြီး မေးလိုက်ပါတယ်။
ကျွန်တော်လည်း အမေ့ကို ပုခုံးတွန့်ပြလိုက်တယ်လေ။
"သူ့အခန်းထဲမှာ နေမှာပေါ့"
"ဒါဖြင့် သားပဲ သူတို့ကို သွားခေါ်လိုက်ပါလားကွယ်။ ပြီးရင် သားလည်း အမြည်း ဟင်းပွဲလေးတွေ လာစားဦးနော်"
"ဟုတ်ကဲ့ အမေ" လို့ သာ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။ ကျွန်တော် အခုနေ ဘာမှ စားလို့ ခံတွင်းတွေ့မှာမဟုတ်ပါဘူးလေ။
လင်နတ်တာ့ အခန်းတံခါးကတော့ ပိတ်ထားပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်က တံခါးခေါက်ပြီး သူ့ကို 'အမေ ခေါ်နေတယ်' ဒါမှမဟုတ် ' ညစာ စားချိန်ရောက်ပြီ' လို့ ခေါ်တတ်ပေမဲ့ အခုတော့ ကျွန်တော်လည်း ဘာဖြစ်တယ်ရယ် မသိပါဘူး။ လင်နတ်တာ့ကို တမင်တကာ ရွဲ့ပြီး ကျွန်တော် တံခါးမခေါက်ဘဲ အခန်းထဲကို ပြေး၀င်သွားလိုက်ပါတော့တယ်။
ကျွန်တော့် စိတ်ထဲမှာတော့ လင်နတ်တာတစ်ယောက် ကြောက်လန့်ပြီး ကျွန်တော့်ကို အခန်းထဲက ထွက်သွားဖို့ အော်မယ် ထင်နေခဲ့တာပေါ့။ တကယ်တမ်းကျတော့ သူက ကျွန်တော့်ကို မော့တောင်မကြည့်ခဲ့ပါဘူး။ မတ်ထ်နဲ့ မိုက်ခ်က ကျွန်တော့်ကို မြင်တော့ ခေါင်းငြိတ်ပြလိုက်ပါတယ်။ လင်နတ်တာကတော့ နားကြပ်ထိုးပြီး စီဒီပလေယာလေးနဲ့ သီချင်းနားထောင်ရင်း ယိမ်းထိုးနေလေရဲ့။
မတ်ထ်လား မိုက်ခ်လား မပြောတတ်တဲ့ တစ်ယောက်က ကျွန်တော့်ကို တီးတိုးလေးပြောလိုက်ပါတယ်။
"နားထောင်လို့ ပြီးတော့မယ်သိလား။ အစ်ကိုတို့ ခဏနေ ဆင်းလာခဲ့မယ်" တဲ့လေ။ သူတို့ကို ကြည့်ရတာ ကျွန်တော် ဘာပြောမယ်ဆိုတာ ကြိုသိနေတဲ့ အတိုင်းပါပဲ။ ဟုတ်လည်း ဟုတ်ပါတယ်လေ။ ဒီကိစ္စကလွဲပြီး ကျွန်တော်က ဘာကိစ္စ လင်နတ်တာ့ အခန်းထဲရောက်လာမစရာမှ မရှိတာ။
ဒါပေမယ့် သူတို့အပြုအမူကြောင့် ကျွန်တော့်စိတ်ထဲ တစ်ယောက်ထဲ ပစ်ပယ်ခံထားရသလို ခံစားလိုက်ရတာတော့ အမှန်ပါပဲ။ သူတို့အတွက်တော့ ကျွန်တော်ဟာ သူငယ်ချင်းတစ်ယောက် တောင်မဟုတ်ဘူးလေ။ ကျွန်တော်က သူတို့အတွက် မမြင်ရလေကောင်းလေဆိုတဲ့ ညီလေးတစ်ယောက်၊ မောင်လေးတစ်ယောက်ပဲ မဟုတ်ပါလား။
ကျွန်တော့်အတွက် အဆန်းတကြယ်တော့ မဟုတ်ပေမဲ့ ဒီအခိုက်အတန့်လေးမှာတော့ အတော်လေး စိတ် ထိခိုက်သွားရပါတယ်။ ရုတ်တရက်ကြီး ကျွန်တော်က ဘယ်နေရာမှာမှ ၀င်မဆံ့တော့တဲ့ အတိုင်းပဲလေ။ ကျောင်းမှာရော...အိမ်မှာပါ ကျွန်တော့်အတွက် နေရာမရှိ တော့သလ်ို ခံစားရတဲ့အပြင် ကျွန်တော်နဲ့ ရင်းနှီးကျွမ်း၀င်ခဲ့တဲ့လူတွေကလည်း အခုတော့ သူစိမ်းတွေလို ဖြစ်နေခဲ့ပါပြီ။ အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်တော့်ကိုယ် ကျွန်တော်တောင် သူစိမ်းတစ်ယောက်လို ခံစားနေရတာပါ။
ဧည့်ခန်းထဲမှာ မိုးတိုးမတ်တပ်နဲ့ မတ်တပ်ရပ်နေရင်း ချိ့စ်ခရင်မ်နဲ့ ငါးဥသုတ်ထားတဲ့ မုန့်ကြွပ်ပြားလေးတွေကို ညစာမတိုင်ခင် အမြည်းအဖြစ် စားနေရတာကလည်း ကျွန်တော့်စိတ်အတွက် အထောက်အကူ မဖြစ်ခဲ့ပါဘူး။ အမေကတော့ ပျားအုံထဲက ပျားတွေကို ရွပ်ရွပ်ချွံချွံနဲ့ကို အလုပ်ရှုပ်နေဆဲပါ။ အမေ့ကို မီးဖိုချောင်ထဲရော မီးဖိုချောင်အပြင်မှာပါ ယမကာလေးနဲ့ ဧည့်ခံလိုက်၊ လက်သုတ်ပုဝါလေးကမ်းလိုက်နဲ့ လုပ်နေတာကို ကျွန်တော် တွေ့နေရတယ်လေ။ ဧည့်သည်တွေကိုလည်း သူက အမြည်းမုန့်အကြောင်း ရှင်းပြလိုက်ပါသေးတယ်။
လင်နတ်တာကတော့ အမေ ဘယ်လောက်ရှင်းပြနေပါစေ...အမေရဲ့ အမြည်း ဟင်းလျာမုန့်ကို စေ့စေ့ ပေါက်ပေါက် ဝေဖန်နေဆဲပါပဲ။ သူက ငါးဥတွေ၊ ချိ့စ်တွေနဲ့ မုန့်ကြွပ်ပြားဟာ ဘယ်လိုမှ မလိုက်ဖက်ကြောင်း၊ ရွံစရာကောင်းကြောင်း ပြောနေတော့တာပေါ့။ ဒါပေမယ့် သူ့အနားမှာ ထိုင်နေတဲ့ ဘိတ်ကာ ညီနောင်ကတော့ လင်နတ်တာ ဘယ်လောက်ပြောပြော အစားကို မပျက်ပါဘူးလေ။ ကျွန်တော်ကတော့ ဒီ ညစာစားပွဲကို မြန်မြန်သာ ပြီးစေချင်နေမိပါတော့တယ်။
ဂျူလီရယ် သူ့အဖေရယ် အဘိုးရယ်ကတော့ ဧည့်ခန်းထဲမှာ စုထိုင်ပြီး တစုံတခုကို ရေပက်မ၀င်အောင်ကို ပြောနေကြပါတယ်။ အဖေနဲ့ မစ္စ ဘိတ်ကာ ခမျာတော့ ဒီဘက်အစွန်းလေးမှာ ကျွန်တော့်နည်းတူ မျက်လုံးလေး ကလယ် ကလယ်နဲ့ ထိုင်နေခဲ့ကြတာပေါ့။ အမေက ကျွန်တော့် အနားလာပြီး သတင်းမေးရှာပါတယ်။
"သား...အဆင်ပြေရဲ့လားဟင်"
"ဟုတ်ကဲ့ အမေ" လို့ပဲ ကျွန်တော် အမေ့ကို ပြန်ဖြေလိုက်ပါတယ်။ အဲ့ဒီတော့ အမေက ကျွန်တော့်ကို အဘိုးနားသွားဖို့ ပြောတော့တာပေါ့။
"သွားလေ သား....အဘိုးနား သွားနေလေ" လို့ကို အမေက အနာနား ကပ်ပြောနေတော့တာပါ။
"ညစာကတော့ မကြာခင် အဆင်သင့်ဖြစ်ပါတော့မယ်ရှင်"
ခဏနေတော့ ကျွန်တော်လည်း အဘိုးတို့ လူစုနား သွားရပ်နေလိုက်ပါတော့တယ်။ ဒါပေမယ့် ကျွန်တော် သူတို့ စကားဝိုင်းထဲ ဘာတစ်ခုမှတော့ ၀င်မပြောဖြစ်ပါဘူးလေ။ သူတို့ကတော့ ပြင်ပစွမ်းအင်သက်ရောက်စရာမလိုဘဲ အလိုလို လည်ပတ်နိုင်မဲ့ စက်ယန္တရားစွမ်းအား အကြောင်း ကို အချီအချ ဆွေးနွေးနေကြလေရဲ့။
ကျွန်တော်ကတော့ သူတို့ပြောနေတဲ့ အကြောင်းအရာကို ကြားတောင် မကြားဖူးတာ အမှန်ပါ။ သူတို့က အပိတ်ဆားကစ်ပတ်လမ်းတွေ၊ အဖွင့်ဆားကစ် ပတ်လမ်းတွေ၊ လျှပ်စစ်ခုခံတုံးလေးတွေ၊ စွမ်းအင် ပင်ရင်းတွေနဲ့ သံလိုက်စွမ်းအားစတဲ့ ကိစ္စတွေကို ပြောနေကြတာပေါ့။ ကျွန်တော့်အတွက်တော့ ဒီအကြောင်းအရာတွေဟာ နိုင်ငံခြားဘာသာစကား တစ်ခုလို ဘာကိုမှ နားမလည်နိုင်တော့ပါဘူးလေ။ ဒါပေမယ့် ဂျူလီကတော့ သိတယ်ဗျ။ သူက အဘိုးတို့နဲ့အတူ ၀င်လို့တောင် ဆွေးနွေးလိုက်ပါသေးတယ်။
"ဒါဆို သမီးတို့ သံလိုက်နှစ်တုံးကို ပြောင်းပြန်ပြန်ထားပြီး အားတွေကို ဆန့်ကျင့်ဘက်ဆီ တွန်းခိုင်းလိုက်ရင်ရော" ဆိုပြီး ဂျူလီက သူပြောနေတဲ့ ကိစ္စကို အမှန်တကယ် သိနေတဲ့အတိုင်းကို မေးလိုက်တယ်လေ။ နောက်တော့ အဘိုးနဲ့ မစ္စတာ ဘိတ်ကာက ဂျူလီ့ကို သူထင်တဲ့အတွေးက လက်တွေ့မှာ အလုပ်မလုပ်ကြောင်း ပြန်ရှင်းပြကြတော့တာပေါ့။ ဒါပေမယ့် ဘယ်လောက်ပဲ ရှင်းပြနေပါစေ...ဂျူလီ့အတွက်ကတော့ မေးခွန်းတွေ ကုန်သွားတယ်လို့ကို မရှိခဲ့ပါဘူး။
ကျွန်တော်ကတော့ သူတို့အနားကိုရောက်မှ ပိုပြီး တော့ကို စိတ်ညစ်သွားရပါတယ်။ သူတို့ပြောသမျှကို လိုက်နားထောင်နေသယောင် ဟန်ဆောင်နေခဲ့ပေမဲ့ ကျွန်တော် တကယ်တမ်းလုပ်နေခဲ့တာကတော့ ဂျူလီနဲ့ မျက်နှာချင်း မဆိုင်မိအောင် ကြိုးစားနေခဲ့တာပါပဲ။
အမေ မီးဖိုချောင်ထဲကို အားလုံးကို ခေါ်လိုက်တော့ ကျွန်တော် ဂျူလီ့အနားကပ်ပြီး သူ့ကို တောင်းပန်ဖို့ ကြိုးစားလိုက်ပါသေးတယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို မသိချင်ယောင် ဆောင်နေခဲ့ပါတယ်။ ကျွန်တော်လည်း သူ့ကို အပြစ်တင်လို့မရပါဘူးလေ။
ဒီလိုနဲ့ ညစာစားပွဲမှာ ကျွန်တော် ဂျူလီ့ရှေ့တည့်တည့်မှာထိုင်ရင်း ခေါင်းငုံ့နေခဲ့ ရပါတော့တယ်။ ကျွန်တော် ဘာလို့ စာကြည့်တိုက်မှာကတည်းက ဂဲရတ်ကို တခုခု ပြန်မပြောခဲ့တာပါလိမ့်။ ကျွန်တော် သူ့ကို ကိုယ်ထိလက်ရောက် မလုပ်ဘဲ သူ့စကားတွေက ဘောင်ကျော်နေပြီဆိုတာလေးကိုပဲ ပြောလိုက်သင့်ပါတယ်။
အမေက ဧည့်သည်တွေအားလုံးကို စားကောင်းသောက်ဖွယ်တွေ တည်ခင်းပြီး ထိုင်လိုက်တော့ အဖေက အိမ်ရှင်ပီပီ စကားစလိုက်ပြန်ပါတယ်။
"ဒါနဲ့...မိုက်ခ်နဲ့ မတ်ထ်...မင်းတို့က ဒီနှစ် အထက်တန်း စီနီယာကျောင်းသားတွေပေါ့ ဟုတ်လား"
"ဟုတ်တယ်ဗျ။ ဆုတောင်းတွေ ပြည့်တော့မှာလေ" ဆိုပြီး သူတို့ညီအစ်ကို နှစ်ယောက်က သံပြိုင် ပြန်ဖြေလိုက်ကြတာပေါ့။
"ဟင် ဆုတောင်းပြည့်တော့မယ် ဟုတ်လား။ ဒါဆို မင်းတို့က အထက်တန်းပြီးတော့မှာကို ပျော်နေကြတာလား"
"ဒါပေါ့ဗျ"
အဖေလည်း လက်ထဲက ခရင်းကို ထောင်လို့
"ဘာလို့ မင်းတို့က အထက်တန်းပြီးမှာ ပျော်နေကြတာလဲကွ" ဆိုပြီးမေးတော့ မတ်ထ်နဲ့ မိုက်ခ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတော့တယ်။ပြီးတော့မှ သူတို့က အဖေ့ဘက်လှည့်ပြီး
"ကျွန်တော်တို့က ကြက်တူရွေးနှုတ်တိုက် ပညာရေးကို သဘောကျတာ မဟုတ်ဘူးဗျ" လို့ ပြောလိုက်တာပေါ့။
"ဟေ...ရယ်စရာတော့ အကောင်းသားကွ" ဆိုပြီး အဖေက ညစာ စားပွဲက လူတွေဆီကြည့်လို့ ပြောလိုက်ပါသေးတယ်။
"ကျွန်တော့်အတွက်တော့ အထက်တန်းကျောင်း ဆိုတာ သိပ်ပျော်ဖို့ကောင်းတဲ့တာဗျ"
မတ်ထ်လား မိုက်ခ်လား ခွဲမရတဲ့ တစ်ယောက်က
"ဟုတ်လို့လားဗျာ။ ဦးကတော့ နောက်ပြီ" ဆိုပြီး ပြောချလိုက်တော့ မစ္စဘိတ်ကာက သူ့သားကို မျက်နှာရိပ် မျက်နှာကဲပြလိုက်ရတော့တာပေါ့။ သူကတော့ အရိပ်အကဲမသိ ဆက်ပြောလိုက်ပါတယ်။
"ဟုတ်တယ် အမေရ။ ပညာရေးစနစ်ကြီးကိုက စက်ရုပ်ကြီးအတိုင်းပဲလေ။ အမြဲတမ်း ကျောင်းသားတွေကို အကန့်အသတ်နဲ့ ပိုင်းခြားထိန်းချုပ်ပြီး ပုစ္ဆာတိုင်းကို မှန်မမှန်ဘဲ သက်သေပြခိုင်းနေကြတာချည်းပဲကို။ ကျွန်တော်ကတော့ အဲ့ဒီလို စနစ်ထဲမှာ ဆက် လေ့လာနေဖို့ စိတ်မပါတော့ဘူးဗျ"
အဲ့ဒီတော့ အဖေက 'ငါမပြောဘူးလား' ဆိုတဲ့ အကြည့်နဲ့ အမေ့ကို လှမ်းကြည့်ပြီး ပြုံးပြလိုက်ပါတယ်။ ပြီးတော့ သူက မက်ထ်တို့ ညီအစ်ကို နှစ်ယောက်ကို မေးလိုက်ပါသေးတယ်။
"ဒါဆို မင်းတို့က ကောလိပ် ဆက်မတက်တော့ဘူးပေါ့ ဟုတ်လား"
အဖေ ဒီညဘာတွေဖြစ်နေပါလိမ့်။ ကျွန်တော်လည်း ခက်ရင်းနဲ့ဓါးကို ကျစ်ကျစ်ဆုပ်ကိုင်လို့ ကျွန်တော့်ကို ညီလေးလို့ မထိခလုတ် ထိခလုတ်စသွားတဲ့ ညီအစ်ကို နှစ်ယောက်အစား အဖေ့ကို စိတ်တိုမိနေပါတော့တယ်။ ဒါပေမယ့် ကျွန်တော် အသက်ပြင်းပြင်းရှူပြီး စိတ်ထိန်းလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော့်ကိစ္စ မဟုတ်ဘူး မဟုတ်ပါလား။နောက်ပြီး မတ်ထ်တို့ ညီအစ်ကိုကလည်း အဖေ့စကားကို အကျအန ကောက်မနေကြလို့ တော်ပါသေးတယ်။
"အိုး...မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ ကောလိပ် ကျိန်းသေပေါက်တက်ကြမှာပါ"
"ဟုတ်တယ်ဗျ။ ကျွန်တော်တို့ကိုလည်း ကောလိပ် တော်တော်များများက လက်ခံကြောင်း စာတွေ ပြန်ပို့ထားတယ်လေ။ ဒါပေမယ့် ကျွန်တော်တို့က ဂီတဘက်ကို အရင် ကြိုးစားကြည့်ကြဦးမယ်လို့ တွေးထားတာပါ"
"ဪ....ဂီတ ဘက်တဲ့လား" လို့ အဖေက ရေရွတ်လိုက်တော့ မတ်ထ်တို့ ညီအစ်ကိုက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပုခုံးတွန့်လို့ ညစာ ဆက်စားနေပါတော့တယ်။ ဒါပေမယ့် လင်နတ်တာက အဖေ့ကို ကြည့်ပြီး တစ်စခန်း ထပြန်ပါလေရော။
"အဖေ့ ထေ့လုံးတွေကို ဘယ်သူမှ မကြိုက်ဘူးနော် အဖေ" လို့ လင်နတ်တာက ပြောတော့ မတ်ထ်နဲ့ မိုက်ခ်ကပါ အားနာနာနဲ့ ၀င်ပြောရတော့တာပေါ့။
"ဟေး....လင်...ရပါတယ်ကွာ။ လူတိုင်းက ဒီကိစ္စနဲ့ ပတ်သက်လာရင် ဒီအတိုင်းပါပဲ။ ဂီတပိုင်း ကို လိုက်စားတာကလည်း လက်ဆုပ်လက်ကိုင် မပြနိုင်မချင်း အထင်ကြီးစရာမရှိတဲ့ အသက်မွေး၀မ်းကျောင်းမဟုတ်လား"
"ဪ....အင်း....ဟုတ်သားပဲ။ နင်တို့ ပြောတာ မှန်တယ် " ဆိုပြီး လင်နတ်တာက ညစာ စားနေရင်းက မပြောမဆိုနဲ့ ထထွက်သွားပါတော့တယ်။
အမေ့ခမျာ အစ်မ့ရဲ့ အပြုအမူကြောင့် မျက်လုံးကို ပြူးနေရတော့တာပေါ့။ အရိပ်အကဲနားလည်တဲ့ မစ္စဘိတ်ကာကတော့ အမေ အနေမခက်အောင် ပြောပေးရှာပါတယ်။
"ညစာက သိပ်ကို အရသာရှိလိုက်တာနော် ပက်ဆီ"
"ကျေးဇူးပါ ထရီနာရယ်။ ရှင်တို့အားလုံးကို အခုလို ဖိတ်ကျွေးရတာလည်း သိပ် ၀မ်းသာမိပါတယ်"
ခဏနေတော့ လင်နတ်တာက ထမင်းစားခန်းထဲကို ပြန်၀င်လာပြီး ကျွန်တော်တို့ အားလုံးရှေ့မှာ စီဒီပလေယာစက် ကလေးထဲကို အခွေထိုးလိုက်ပါတော့တယ်။
"မလုပ်ပါနဲ့ လင်နတ်တာရယ်" လို့ မတ်ထ် ညီနောင်က တားလိုက်ပါသေးတယ်။
"ဟုတ်တယ်... လင်... ရာ။ဒီ သီချင်းက ညစာ စားရင်း နားထောင်လို့ ကောင်းတဲ့ အမျိုးအစားမှ မဟုတ်တာ"
"ဒါဖြင့် ကျယ်ကျယ်လေး ဖွင့်ရမှာပေါ့" ဆိုပြီး လင်နတ်တာက ပိုလိုတောင် အသံချဲ့လိုက်တော့တာပေါ့။
စီဒီပလေယာထဲကနေ တဒုန်းဒုန်း တဒိုင်းဒိုင်း ထွက်လာတဲ့ အသံပေါင်းစုံက ထမင်းစားခန်းထဲမှာ ဆူညံပွက်လော ရိုက်သွားပါတော့တယ်။ ဖယောင်းတိုင်တင်ထွန်းထားတဲ့ ခွက်ကလေးတွေတောင် အသံကြောင့် တုန်ရီနေခဲ့ပါတယ်။ မတ်ထ်နဲ့ မိုက်ခ်ကတော့ တစ်ယောက်ကို တစ်ယောက် ပြုံးပြီး အဖေ့ကို ကြည့်လိုက်ကြတာပေါ့။
"ဘယ်လိုလဲ....မိုက်တယ် မဟုတ်လား မစ္စတာ လော့စကီ"
စားပွဲက လူကြီးတွေအားလုံး ချက်ချင်းထပြီး အဲ့ဒီ ဆူညံပွက်လောရိုက်နေတဲ့ စီဒီပလေယာကို ပိတ်ပစ်လိုက် ချင်နေမယ်ဆိုတာ ကျွန်တော် ခန့်မှန်းမိပါတယ်။ ဒါပေမယ့် လင်နတ်တာကတော့ ပလေယာဘေးမှာ မတ်တပ်ရပ်ပြီး သူတို့ကို ကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေတယ်လေ။ ဒီလိုနဲ့ သီချင်းဆုံးတော့မှပဲ သူက စီဒီပလေယာထဲက အခွေကို ပြန်ထုတ်လိုက်ပြီး မတ်ထ် ညီအစ်ကို ကို ပြုံးပြကာ ပြောလိုက်ပါတယ်။
"ဒီသီချင်းကတော့ ငါ နားထောင်ဖူးသမျှထဲမှာ အကြမ်းဆုံးပဲ။ ငါကတော့ နားထောင်ပြီးရင်းကို နားထောင်ချင်တာပဲ သိလား" တဲ့လေ။
မတ်ထ် ညီအစ်ကိုက အဖေ့ဘက် ပြန်လှည့်လာပြန်ပါတယ်။
"ဦး ဒီသီချင်းကိုတော့ မကြိုက်လောက်ဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒီလို သီချင်းမျိုးဆို အသည်းစွဲပဲလေ"
"ဒီသီချင်းက မင်းတို့ ရေးထားတာလား"
"ဟုတ်တယ်ဗျ"
အဖေက လင်နတ်တာ့ကို အခွေလှမ်းပေးဖို့ လက်ဟန်ခြေဟန်နဲ့ ပြလိုက်ပါတယ်။
"တစ်ပုဒ်ထဲလား" လို့ သူကမေးတော့ မတ်ထ် ညီအစ်ကိုက ရယ်တော့တာပေါ့။
"ဘယ်ကသာဗျာ။ ကျွန်တော်တို့မှာ သီချင်းတွေ အပုဒ်တစ်ထောင်လောက်ရှိတယ်ဗျ။ ဒါပေမယ့် အခွေကြမ်းကိုတော့ သုံးပုဒ်ပဲ သွင်းနိုင်ပါသေးတယ်"
အဖေက စီဒီအခွေပြားကို ကိုင်ကြည့်လိုက်တာပေါ့။
"ဪ ....ဒါက အခွေကြမ်းလား"
"ဟုတ်တယ် ဦး"
အဖေက အခွေကို စေ့စေ့စပ်စပ် ကြည့်နေလိုက်ပါသေးတယ်။
"ဒါနဲ့ မင်းတို့က ဆင်းရဲတယ်လည်းပြောသေးတယ်။ ဒီလို အခွေသွင်းဖို့ငွေရော ဘယ်က ရတာလဲကွ" လို့ အဖေကပြောချလိုက်တော့ လင်နတ်တာလည်း မျက်လုံးပြူး မျက်ဆံပြူးနဲ့
"အဖေ....." လို့ ပြန်အော်လိုက်တော့တာပေါ့။
"ရပါတယ်...လင်... ။ ဦးက နောက်နေတာ နေမှာပါ။ ဟုတ်တယ်မဟုတ်လား မစ္စတာ လော့စကီ"
အဖေက ချော်လဲရောထိုင် မျက်နှာပေးနဲ့ ရယ်လိုက်ပါတယ်။
"အေးကွ...ဒါပေမယ့် ငါလည်း သိချင်မိတာတော့ အမှန်ပဲကွ။ ဒီအခွေက အိမ်မှာသွင်းတဲ့ အခွေကြမ်းလည်း မဟုတ်ဘူးလေ။ နောက်ပြီး စတူဒီယိုမှာ အခွေသွင်းမယ်ဆိုလည်း ဂီတအဖွဲ့တော်တော်များများအတွက် အတော်လေး ပိုက်ဆံ ကုန်ကျတယ် မဟုတ်လား..."
မတ်ထ်ညီအစ်ကိုကတော့ သူတို့ အခွေအတွက် ဂုဏ်ယူလွန်းလို့ လက်ဝါးချင်း ရိုက်လိုက်ပါသေးတယ်။ ကျွန်တော်လည်း အဖေ သူတို့ကို ငွေရေးကြေးရေး အကြောင်းတွေ မေးနေလို့ စိတ်မသက်မသာနဲ့ ကျောဆန့်ပြီး ဆက်စားနေတုန်း အမေက ခြေမကိုင်မိ လက်မကိုင်မိနဲ့ အဖေ့ စကားကို ဖုံးမိဖိမိအောင် ကြိုးစားနေရတာပေါ့။
"ရစ်ခ်နဲ့ ကျွန်မတို့ စတွေ့တုန်းက သူက ဂီတအဖွဲ့တစ်ခုမှာ တူရိယာ တီးတဲ့သူပေါ့ရှင်..."
အမေ့စကားကြားပြီး ကျွန်တော့် လည်ချောင်းမှာတောင် ဆယ်လ်မွန်ငါးက ဆို့နင့်သွားပါတော့တယ်။ လင်နတ်တာကတော့ သူ့ရဲ့ ကာချယ် နက်နက် ဆိုးထားတဲ့ မျက်လုံးကို ပြူးနေတော့တာပေါ့။
"အဖေက...ဂီတအဖွဲ့ထဲမှာ တူရိယာတီးတယ်ဟုတ်လား။ ဘာလဲ...ကလာရီနက် ( လေမှုတ် တူရိယာ) တီးတာများလား"
"မဟုတ်ဘူး သမီးရဲ့" လို့ အမေက သူ့ကို ပြောလိုက်ပါတယ်။
"သမီး အဖေက ဂစ်တာတီးတာကွဲ့"
"ဂစ်တာ ဟုတ်လား"
"မိုက်တာပေါ့ဗျ"ဆိုပြီး မတ်ထ် ညီအစ်ကိုက ပြောလိုက်တယ်လေ။
"ဦးက ဘာဂီတ တီးတာလဲဗျ။ ရော့ခ်လား...ကန်းထရီးလား။ ဒါမှမဟုတ် ဂျက်ဇ်များလားဗျာ"
"ကန်းထရီးပေါ့ကွာ။ မင်းတို့ လူငယ်တွေထက် ပိုပြီး ဂန္ထ၀င်ဆန်တဲ့ ဂီတပေါ့"
"ကျွန်တော်တို့လည်း သိပါတယ်ဗျာ။ ဦးကို ကျွန်တော်တို့ လေးစားသွားပြီဗျ"
"နောက်ပြီး ငါတို့ အဖွဲ့ အခွေ ကြမ်းသွင်းတုန်းကဆို ဈေးတွေက ခေါင်ခိုက်နေခဲ့တာလေ။ မြို့ကြီး ပြကြီးမှာဆိုတော့ ပိုက်ဆံရှိတဲ့ အဖွဲ့လောက်ကပဲ တခြား အဖွဲ့တွေကို ကျောပြီး အခွေသွင်းနိုင်တာကွ။ မင်းတို့ခေတ်ရောက်မှ အခုလို ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာထင်တယ်" လို့ အဖေက ဆက်ပြောတော့ သူတို့နှစ်ယောက်က ပြုံးစေ့စေ့လုပ်နေရင်းကနေ
"အခုလည်း အဲ့ဒီလို အဖွဲ့အစည်းတွေ မရှိသေးပါဘူးဗျာ" ဆိုပြီး ပြန်ပြောလိုက်ကြပါတယ်။
"ဒါဖြင့် မင်းတို့ ဘယ်လိုလုပ် အခွေသွင်းတာလဲကွ။ မင်းတို့ ဘယ်လိုလုပ် အခွေသွင်းဖို့ ငွေတတ်နိုင်တာလဲ"
အမေလည်း အဖေ့ကို မသိမသာ စားပွဲခုံအောက်ကနေ ခြေထောက်နဲ့ တို့လိုက်ပါတယ်။ အဲ့ဒီတော့ အဖေက အမေ့ဘက်လှည့်လို့
"ကိုယ်က သိချင်လို့ပါ ပက်ဆီရယ်" လို့ ပြန်ပြောလိုက်တယ်လေ။
မတ်ထ် ညီအစ်ကိုကတော့
"ကျွန်တော်တို့ ကိုယ့်ဘာသာ ရအောင်လုပ်လာကြတာပါ" ဆိုပြီး သံပြိုင်နီးပါးကို ပြန်ဖြေလိုက်ကြပါတယ်။
"ဒီအခွေကို ဒီမှာ ကိုယ့်ဘာသာကို လုပ်တယ် ဟုတ်လား။ မဖြစ်နိုင်လိုက်တာကွာ"
အဖေ့ကို ကြည့်ရတာ အတော်လေး မယုံနိုင်ဖြစ်နေတဲ့ ပုံပါ။
"ဒါဖြင့် မင်းတို့ အသံသွင်းဖို့ စက်ပစ္စည်း ကိရိယာတွေရော ဘယ်လိုရကြလဲ"
အမေက အဖေ့ကို စားပွဲခုံအောက်ကနေ နောက်တစ်ခါ ကန်လိုက်ပြန်ပါတယ်။ ဒီတစ်ခါတော့ အဖေလည်း သည်းမခံနိုင်တော့ဘူးလေ။
"ငြိမ်ငြိမ်နေစမ်းပါ ပက်ဆီ။ ကိုယ်က သိချင်ရုံသက်သက်ပါဆိုမှကွာ"
"ရပါတယ် မစ္စ လော့စကီ" ဆိုပြီး မတ်ထ် ညီအစ်ကိုက အမေ့ကို ပြုံးလို့ အားနာနာနဲ့ ပြောလိုက်တာပေါ့။
"ကျွန်တော်တို့က အင်တာနက်ပေါ်ကနေ ပစ္စည်းဟောင်းလေးတွေ ရောင်းတာ၊ ၀ယ်တာ လုပ်ကြတာဗျ။ အင်တာနက်ပေါ်မှာဆို လူတွေက ဒီဂျစ်တယ် အသံဖမ်းစက်တွေနဲ့ အန်လာလော့ဂ်အသံဖမ်းစက်တွေကို အလျဉ်းသင့်သလို ရောင်း၊၀ယ်၊လဲ၊ထပ် လုပ်နေကြ ပေါ့ဗျာ။ ဒီဂျစ်တယ်စက်နဲ့ အသံဖမ်းရတာက ကျွန်တော်တို့အတွက်တော့ သိပ်မကောင်းဘူးဗျ။ အဲ့ဒီစက်နဲ့ အသံဖမ်းတဲ့အခါ လှိုင်းတချို့ကို သေချာ မဖမ်းယူနိုင်ဘူးလေ။ အဲ့ဒီတော့ ကျွန်တော်တို့လည်း အန်နာလော့ဂ်စက်ဟောင်းလေးနဲ့ အသံဖမ်းရတာပေါ့"
နောက်ဆုံးတော့ အဘိုးကပါ စိတ်၀င်တစားနဲ့ စကားစလာပါတော့တယ်။
"ဒါပေမယ့် မင်းတို့ရဲ့ စီဒီကတော့ ဒီဂျစ်တယ်နည်းပညာမဟုတ်ဘူးလားကွ"
"ဟုတ်တယ်ဗျ။ အဲ့ဒါက ကျွန်တော်တို့ရဲ့ အချောသတ်ပြီးသား ဟာတွေကိုပဲ သီးသန့်ထုတ်ထားတာလေ။ ဒီဂီတလောကထဲ၀င်မယ်ဆိုရင်တော့ ဒီဂျစ်တယ်နည်းပညာနဲ့ ထုတ်ထားတဲ့ စီဒီကမှ ရောင်းတန်း၀င်တာဗျ။ ဒါပေမယ့် ကျန်တဲ့ သီချင်းအပုဒ်တွေအားလုံးကတော့ အခုထိ အန်နာလော့ဂ် စက်ထဲမှာပါပဲ။ နောက်ပြီး ကျွန်တော်တို့ကလည်း ဆယ့်နှစ်နှစ်သားအရွယ်ကတည်းက စုလာတဲ့ ပိုက်ဆံလေးတွေနဲ့ အန်နာလော့ဂ်စက်အဟောင်းလေး စု၀ယ်ထားတာမို့ အခုလို တတ်နိုင်တာပါ မစ္စတာ လော့စကီ"
သူတို့ ညီအစ်ကို နှစ်ယောက်က အဖေ့ကို ပြုံးပြလိုက်ပါတယ်။
"ဒါနဲ့ ဦးက အခုထိရော ဂစ်တာတီးတုန်းပဲလား။ ဦးလည်း အသံဖမ်းချင်ရင် ကျွန်တော်တို့ ကူညီပေးလို့ရတယ်နော်"
တဒင်္ဂလောက်တော့ အဖေ့မျက်နှာ အောက်စိုက်သွားပါတော့တယ်။ ကျွန်တော်ကတော့ အဖေ ငိုပဲငိုချလိုက်တော့မလား၊ စိတ်ဆိုးပြီး ထပဲသောင်းကျန်းတော့မလား ရင်တုန်နေခဲ့ရတာပေါ့။ နောက်တော့ အဖေက အသက်ပြင်းပြင်းရှူလို့ ပြန်ဖြေလိုက်ပါတယ်။
"ကျေးဇူးပါကွာ။ ဒါပေမယ့် ဦးလည်း အဲ့ဒီလိုလူ မဟုတ်တော့ပါဘူးလေ"
ဒီညတစ်ညလုံး အဖေ ပြောနေတဲ့ စကားတွေထဲမှာ အဲ့ဒီစကားတစ်ခွန်းကပဲ အမှန်ဆုံးဖြစ်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ နောက်တော့ အဖေလည်း တိတ်သွားတော့တာပါပဲ။ အဖေက ကျန်တဲ့လူတွေနဲ့ ပြုံးလို့ရွှင်လို့ ဆက်ပြီး စကားစမြည်ပြောနေပေမဲ့ အဖေ့စိတ်တွေကတော့ တခြားရောက်နေတယ်ဆိုတာ ကျွန်တော် ခန့်မှန်းမိတာပေါ့။ အဖေ သူငယ်ငယ်တုန်းက ဂစ်တာတီးခဲ့တဲ့ အကြောင်းတွေကို ပြန်စဉ်းစားနေတာများလား။ ကျွန်တော်လည်း အဖေတစ်ယောက် ကောင်းဘွိုင် ၀တ်စုံ၀တ်ပြီး ဂစ်တာကြီးလွယ်လို့ ဝီလီနယ်လ်ဆန်ရဲ့ ကန်းထရီ သီချင်းတွေကို ဖျော်ဖြေနေမဲ့ပုံကို မြင်ယောင်ကြည့်လိုက်မိပါသေးတယ်။
အဖေပြောတာမှန်ပါတယ်။ သူနဲ့ ဒီအရာက လုံး၀မလိုက်ဖက်ခဲ့ပါဘူး။
အဖေ့ရဲ့ ငယ်ဘ၀အကြောင်း တစွန်းတစသိလိုက်ရတာက ကျွန်တော့်ကို ဒီမိသားစုနဲ့ ပိုပြီး သူစိမ်းဆန်သွားသလို ခံစားသွားစေခဲ့ရတာ အမှန်ပါပဲ။ ညစာ စားပွဲလည်း အောင်အောင်မြင်မြင် ပြီးမြောက်သွားတဲ့ အခါမှာတော့ ကျွန်တော်တို့အားလုံး ဘိတ်ကာ မိသားစုကို တံခါး၀အထိ လိုက်ပို့ရင်း နှုတ်ဆက်နေတုန်း ထူးထူးဆန်းဆန်း ကိစ္စတစ်ခု ဖြစ်သွားပါတော့တယ်။ ဂျူလီက ရုတ်တရက် ဆိုသလို ကျွန်တော့် လက်မောင်းကို လာကိုင်လိုက်တယ်လေ။ နောက်ပြီး သူက ဒီညနေ တစ်ချိန်လုံးမှာ ပထမဆုံးအကြိမ် ကျွန်တော့်ကို မျက်နှာချင်းဆိုင်ကြည့်ပြီး စကားစပြောလိုက်တာပေါ့။ ထူးဆန်းတာက သူ့ရဲ့ အကြည့်တွေဟာ သတင်းစာထဲက ပုံနဲ့ တထပ်တည်း ကျနေခဲ့တာပါပဲ။
"ငါတို့ ပထမဆုံး လာတုန်းက နင့်ကို စိတ်ဆိုးနေခဲ့မိတာ ငါတောင်းပန်ပါတယ် ဘရိုက်စ်။ လူတိုင်းလည်း ပျော်ခဲ့ကြတာပဲ။ နင့်အမေကိုလည်း ငါတို့ အားလုံးကို ညစာ ဖိတ်ကြွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"
ဂျူလီ့ အသံကြားပြီး ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိတော့ဘဲ ငတုံးတစ်ယောက်လို ငိုင်ငိုင်ကြီး ရပ်နေမိခဲ့ပါတယ်။
"ဟဲ့...ဘရိုက်စ်" လို့ သူက ကျွန်တော့်လက်မောင်းကို လှုပ်ပြီး ထပ်ပြောလိုက်ပါသေးတယ်။
"ငါပြောတာကြားလား။ ငါ ခုနက နင့်ကို စိတ်ဆိုးနေခဲ့တာ တောင်းပန်ပါတယ်လို့....." ဆိုတော့မှ ကျွန်တော် ပြာပြာသလဲနဲ့ ခေါင်းငြိတ်ပြလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်လက်မောင်းတစ်ခုလုံး ယားကျိကျိနဲ့ ခံစားနေရပြီး ရင်ဘတ်တစ်ခုလုံးလည်း တုန်ချိနေခဲ့တယ်လေ။ ကျွန်တော် သူ့အနား ကပ်သွားလိုက်တုန်းမှာပဲ ဂျူလီက နောက်လှည့်ပြီး ပြန်သွားပါတော့တယ်။ ဒီလိုနဲ့ ဘိတ်ကာမိသားစုလည်း ကားလမ်းကူးလို့ အိမ်ရှေ့အိမ်ဆီ တရွေ့ရွေ့နဲ့ သွားနေကြတုန်းမှာပဲ ကျွန်တော်လည်း အသက်ကို အားရပါးရ ရှူလိုက်မိပါတော့တယ်။ ကျွန်တော် ဘာတွေများ ဖြစ်နေပါလိမ့်နော်။
အမေက နောက်တော့ တံခါးပိတ်လိုက်ပါတယ်။
"ကဲ...ကြည့်စမ်း။ သူတို့မိသားစုက သိပ်ကိုပျော်တတ်တဲ့လူတွေပဲနော်။ သားလေးနှစ်ယောက်ကလည်း ရည်ရည်မွန်မွန်လေးတွေပဲရှင့်။ လင်နတ်တာ... သမီးရယ်... စောစောစီးစီးကတည်းက အမေတို့ကို အခုလို ညစာဖိတ်ကျွေးဖို့ ပြောရောပေါ့ကွယ်"
"အဲ့ဒီကောင်လေးတွေက မူးယစ်ဆေးဝါးရောင်းတဲ့ကလေးတွေပဲ ဖြစ်ရမယ်ကွ" ဆိုတဲ့ အဖေ့ဆီက အဆက်အစပ်မရှိစကားကြောင့် ကျွန်တော်တို့ တစ်မိသားစုလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရပါတော့တယ်။
"ဘယ်လို...."
"ဟုတ်တယ်။ ဒီကောင်လေးတွေအတွက် အသံဖမ်းစက်ကိရိယာတွေ ၀ယ်နိုင်ဖို့ဆိုတာ တခြားနည်း မရှိနိုင်ဘူးလေ" ဆိုပြီး အဖေက လင်နတ်တာ့ကို 'သူပြောတာ ဟုတ်တယ်မဟုတ်လား' ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တာပေါ့။
အစ်မရဲ့ မျက်လုံးတွေကတော့ အနက်ရောက် ကာချယ်တွေ အောက်ကနေ ပြူးထွက်လာမတတ်ကို ဖြစ်နေပါတော့တယ်။
"ရစ်ခ်ရယ်...ရှင် သူများတွေကို အခုလို စွပ်စွဲနေလို့မရဘူးလေ" လို့ အမေက အဖေ့ကို ၀င်ပြောလိုက်ပါသေးတယ်။
"ဒါက သူတို့ ငွေဘယ်ကရလဲဆိုတဲ့မေးခွန်းရဲ့ တစ်ခုတည်းသော အဖြေပဲကွ။ ငါ့ကို ယုံလိုကိစမ်းပါ ပက်ဆီရာ။ ဂီတသမားတွေက ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ငါ အသိဆုံးပါ"
အစ်မကတော့ အဖေ့ကို တစ်ခွန်းမကျန် ပြန်ပက်တော့တာပေါ့။
"သူတို့နှစ်ယောက်ကို မူးယစ်ဆေး သုံးလည်းမသုံးသလို၊ ရောင်း၀ယ်နေကြတာလည်း မဟုတ်ပါဘူး အဖေ။ အဖေ ဘာလို့များ သူများ သားသမီးကို အဲ့ဒီလို စွပ်စွဲရက်ရတာလဲဟင်။ အဖေကလေ....အဖေက သူများကိုဆို သိပ်ကို အထင်သေးပြီး စိတ်ဓါတ် အောက်ကျလွန်းတယ် သိလား"
လင်နတ်တာ့ စကားအဆုံးမှာပဲ အဖေ့ရဲ့လက်က သူ့ပါးပေါ်ကို ဖြန်းခနဲ ကျသွားပါတော့တယ်။ အဖေ အစ်မကို တကယ်ပဲ ပါးရိုက်လိုက်တယ်လေ။
အဲ့ဒီတော့ အမေလည်း အဖေ့ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ဒေါသမျက်နှာနဲ့ ကြည့်လိုက်တော့တာပေါ့။ လင်နတ်တာကလည်း ပါးစပ်ထဲရှိသမျှကို အော်ဟစ်ပြီး ဆဲဆိုကာ သူ့အခန်းထဲကို ပြေးသွားပါတော့တယ်။
ကျွန်တော်လည်း ရင်တွေ တဒိတ်ဒိတ်နဲ့ကို ခုန်နေခဲ့ရတာပါပဲ။ အဖေနဲ့ ပတ်သက်ပြီး အစ်မပြောတာ မှန်ပါတယ်။ အဘိုးသာ အချိန်မီ လာမဆွဲဘူးဆိုရင် ကျွန်တော်ပါ အဖေ့ကို အမေနဲ့အတူ ၀င်ပြီး ရင်ဆိုင်မိမှာ အသေအချာပါ။ အဘိုးက ကျွန်တော့်လက်ဆွဲပြီး အခန်းထောင့်ကို ခေါ်သွားပါတော့တယ်။ ကျွန်တော့်အခန်းကို ပြန်ရင်းနဲ့ လင်နတ်တာ့ အခန်းရှေ့ကဖြတ်သွားတုန်း သူ့ကို ၀င်ပြီး စကားပြောရင် ကောင်းမလားလို့ ကျွန်တော်တွေးလိုက်ပါသေးတယ်။ အဖေ့စကားတွေက ဘောင်ကျော်နေခဲ့တယ်ဆိုတာ ကျွန်တော် သူ့ကို ပြောပြလိုက်ချင်မိပါတယ်။ ဒါပေမယ့် လင်နတ်တာကတော့ အခန်းထဲမှာ အော်ငိုရင်းကနေ အော်ဟစ်နေတော့တာပေါ့။ အမေကလည်း သူ့ အနားမှာနေပြီး လင်နတ်တာ့ကို ဖြောင့်ဖြပါသေးတယ်။နောက်တော့ လင်နတ်တာလည်း အိမ်ထဲကနေ ဆောင့်အောင့်ပြီး ထွက်သွားပါတော့တယ်။ အဲ့ဒီတော့မှ အမေနဲ့ အဖေက ပြန်ပြီး ရန်ဆက်ဖြစ်ကြတော့တာပေါ့။
ကျွန်တော်လည်း အခန်းထဲမှာပဲ ငြိမ်နေခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ည ဆယ့်တစ်နာရီထိုးလို့ အရာရာက တိတ်ဆိတ်နေတာတောင် အခန်းအပြင်ဘက်မှာ ဒေါသတွေ ပြိုင်နေကြတာကိုကျွန်တော် ခံစားမိတယ်လေ။ ကျွန်တော် အိပ်ရာပေါ်မှာ လှဲနေရင်း အပြင်ဘက်က ကောင်းကင်ကြီးကို ကြည့်နေမိတာပေါ့။ အဖေဟာ ဘိတ်ကာမိသားစုတွေအပေါ်ကို သိပ်ပြီး အထင်အမြင်သေးခဲ့ပါတယ်။ သူတို့မိသားစုရဲ့ အိမ်၊ ခြံနဲ့ ကားတွေက အစ အဖေ လှောင်ရယ်ခဲ့ဖူးတယ်လေ။နောက်ပြီး အဖေက မစ္စတာ ဘိတ်ကာရဲ့ ပန်းချီကားတွေကို အမှိုက်သာသာပါလို့ ကဲ့ရဲ့ဖူးတာကို ကျွန်တော် ပြန်တွေးနေမိလိုက်ပါတော့တယ်။
နောက်တော့ ကျွန်တော်လည်း ဂျူလီတို့် မိသားစုက သိပ်ပြီး အေးချမ်းတာကို သဘောပေါက်လာမိတာပေါ့။ သူတို့အားလုံးက ကျွန်တော်တို့ မိသားစုထက်စာရင် ပိုပြီး....စစ်မှန်ကြတယ်လို့ ကျွန်တော် ထင်မိပါတယ်။ ဒါဆို ကျွန်တော်တို့တွေကရော ဘယ်သူတွေပါလဲ။ ဒီအိမ်မှာ တခုခုတော့ မှားနေတာ သေချာပါပြီ။ ဘိတ်ကာမိသားစုကို ကြည့်ပြီးနောက်ပိုင်း ကျွန်တော် နားလည်လိုက်ရတဲ့ တစ်ချက်ကတော့ ကျွန်တော်တို့ မိသားစုဟာ ထင်ထားသလောက် မအေးချမ်းလှဘူး ဆိုတာပါပဲ။
ကျွန်တော်တို့ ဘယ်အချိန်ကတည်းက ဒီလိုဖြစ်နေခဲ့တာပါလဲ။ ကျွန်တော်ကရော ဘာလို့ အရင်ကတည်းက သဘောမပေါက်ခဲ့ရတာပါလဲ။
အခန်း (၁၂)
ဂျူလီ
ညစာ စားပွဲ
ကျွန်မ အိမ်ပြန်မရောက်ခင်မှာပဲ လော့စကီတို့အိမ်မှာ ညစာသွားစားမဲ့ အကြံကို ဆန့်ကျင်မယ်ဆိုတာဟာ သိပ်ကို တစ်ကိုယ်ကောင်းဆန်တဲ့ အကြံပဲလို့ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ အမေက သောကြာနေ့မတိုင်ခင်ကတည်းက သူတို့အိမ်ကို အလည်သွားတဲ့အခါ ပိုင်မုန့်လုပ်သွားဖို့ ပြင်ဆင်နေတဲ့အပြင် အင်္ကျီ အ၀တ်အစား ကောင်းကောင်းမွန်မွန်လေးကိုပါ ရွေးနေခဲ့တာ မဟုတ်ပါလား။ အမေက အဖေ့အတွက်တောင် ရှပ်အင်္ကျီ အသစ်တစ်ထည် ၀ယ်ပေးခဲ့တဲ့အပြင် ကျွန်မ အစ်ကိုတွေကိုလည်း သပ်သပ်ရပ်ရပ် ၀တ်စားဖို့ ကြိုပြောထားပါသေးတယ်။ ကျွန်မ နားမလည်နိုင်ခဲ့ပေမဲ့ အမေကတော့ ဒီ ညစာစားပွဲကို သွားဖို့ သိပ်မျှော်လင့်နေတယ်ဆိုတာကို ကျွန်မ တပ်အပ်ပြောနိုင်ပါတယ်။ ဒါကြောင့် ကျွန်မ ဘရိုက်စ်ကို ဘယ်လောက် မုန်းနေပါစေ အမေ့အပျော်လေးတွေကိုတော့ ကျွန်မ ဖျက်မဆီးရက်ခဲ့ပါဘူး။
နောက်ပြီး အဖေဆိုရင်လည်း ဒေးဗစ်နဲ့ ပတ်သက်ပြီး စိတ်ပင်ပန်းနေခဲ့ရတယ် မဟုတ်လား။ ကျွန်မသာ သူ့ကို စိတ်ချမ်းသာစေချင်တယ်ဆိုရင် အဖေ့ကိုပျော်ရွှင်စေနိုင်မဲ့ ကိစ္စတွေပဲ ရွေးလုပ်သင့်တယ်လို့ ကျွန်မ ယုံကြည်ခဲ့ပါတယ်။
ဒီလိုနဲ့ အဲ့ဒီနေ့ညကို ကျွန်မလည်း အမေနဲ့အတူ ပိုင်မုန့်ကောင်းကောင်းလေး ဖုတ်မဲ့ ကိစ္စတိုင်ပင်ရင်း ကုန်ဆုံးခဲ့ပါတော့တယ်။ ကျွန်မ အခု လုပ်နေတာက အကောင်းဆုံးပဲလို့ ကျွန်မ ယုံကြည်ပါတယ်။ ညစာ တစ်နပ်က လူတစ်ယောက်ရဲ့ ဘ၀ကိုပါ ပြောင်းလဲသွားစေနိုင်တာမှ မဟုတ်တာ။ ကျွန်မ အမေ့ဆန္ဒအတိုင်းပဲ မျက်စိမှိတ်ပြီးလိုက်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သောကြာနေ့မနက် ကျောင်းရောက်တော့ ကျွန်မ အဲ့ဒီ မျက်လုံးပြာပြာနဲ့ ကောင်စုတ်လေး ဘရိုက်စ်ကို အတတ်နိုင်ဆုံးရှောင်နေခဲ့ပါတယ်။ ဒါပေမယ့် ညနေရောက်လို့ ကျွန်မလည်း အ၀တ်အစားလှလှလေး ရွေး၀တ်နေတုန်း ကျွန်မအခန်းထဲက အဖေဆွဲပေးထားတဲ့ သဖန်းပင်ကြီးရဲ့ ပုံကို မြင် တော့ ကျွန်မ ဘရိုက်စ်ကို ပြန်ပြီး စိတ်ဆိုးမိတယ်လေ။ ဘရိုက်စ်ဟာ ကျွန်မအပေါ်ကို ဘယ်တုန်းကမှ သူငယ်ချင်းကောင်းတစ်ယောက်လို မဆက်ဆံဖူးပါဘူး။ သူက သစ်ပင်ကြီး ခုတ်ခံရတဲ့ ကိစ္စတုန်းက ကျွန်မဘက်မှာ ရပ်တည်မပေးတဲ့ အပြင် ကျွန်မရဲ့ ကြက်ဥတွေကိုလည်း လွှင့်ပစ်ခဲ့ပါတယ်။ နောက်ပြီး သူက ကျွန်မ ဦးလေးရဲ့ အခြေအနေကိုလည်း လှောင်လိုက်သေးတယ်လေ။ ဒါဖြင့် ကျွန်မကရော သူ့ကို ဘာလို့ သူငယ်ချင်းကောင်းတစ်ယောက်လို၊ အိမ်နီးနားချင်းကောင်း တစ်ယောက်လို ဟန်ဆောင်နေရမှာပါလဲ။
အမေ ကျွန်မတို့ကို သွားကြရအောင်ဟေ့လို့ အော်ခေါ်လိုက်တော့ ကျွန်မလည်း အမေ့ကို လော့စကီအိမ်ကို လုံး၀မသွားချင်တော့ဘူးဆိုတဲ့ အကြောင်း ပြတ်ပြတ်သားသားပြောဖို့ အခန်းထဲက ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အ၀တ်အစား သပ်သပ်ရပ်ရပ်လေးနဲ့ လှပနေတဲ့ အမေ့မျက်နှာကို မြင်လိုက်ရတော့ ကျွန်မ ဘာစကားမှ ပြောမထွက်တော့ပါဘူးလေ။ နောက်ဆုံးတော့ ကျွန်မလည်း အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပိုင်မုန့်ဗန်းကောက်ကိုင်ကာ ကျွန်မမိသားစုနဲ့အတူ လော့စကီ မိသားစုတို့အိမ်ဆီ တရွေ့ရွေ့ထွက်ခွာလာခဲ့ကြပါတော့တယ်။
ဟိုကိုရောက်တော့ ချက်က တံခါးလာဖွင့်ပေးတယ်လေ။ အမှန်ဆို ကျွန်မ ဦးလေးအကြောင်း ကို သူ့မိသားစုတွေသိအောင် ပြန်ပြောတဲ့ ချက်ကိုလည်း ကျွန်မ စိတ်ဆိုးသင့်ပါတယ်။ ဒါပေမယ့် ကျွန်မ သူ့ကို စိတ်မဆိုးရက်ပါဘူးလေ။ ကျွန်မက သူ့ကို ပြန်မပြောဖို့ ကတိမတောင်းခဲ့သလို ကျွန်မဦးလေးကို လှောင်ရယ်နေတာကလည်း ဘရိုက်စ် တစ်ယောက်ထဲ မဟုတ်ပါလား။
ခဏနေတော့ ချက်နောက်ကနေ မစ္စလော့စကီရောက်လာပါတော့တယ်။ သူက ကျွန်မတို့ကို စကားစမြည်ပြောပြီး ရင်းရင်းနှီးနှီး ကြိုဆိုခဲ့ပါတယ်။ မစ္စလော့စကီက မိတ်ကပ်ကို လှလှပပ လိမ်းခြယ်ထားပေမဲ့ သူ့မျက်နှာပေါ်က စိုးရိမ်နေတဲ့ အရိပ်အယောင်တွေကိုတော့ ကျွန်မ သတိထားမိလိုက်တယ်လေ။ အဲ့ဒီနောက်တော့ အမေက ကျွန်မလက်ထဲက ပိုင်မုန့်ကိုယူပြီး မစ္စလော့စကီနဲ့အတူ မီးဖိုချောင်ထဲကို လိုက်သွားတော့တာပေါ့။ ကျွန်မ အစ်ကိုတွေကလည်း လင်နတ်တာနဲ့အတူ အခန်းထဲလိုက်သွားသလို အဖေကလည်း ချက်နဲ့အတူ ဧည့်ခန်းထဲ လိုက်၀င်သွားပါတော့တယ်။ အဲ့ဒီတော့ ကျွန်မက ဘရိုက်စ်နဲ့အတူ လျှောက်လမ်းထဲမှာ ကျန်ခဲ့တော့တာပေါ့။
သူက ကျွန်မကို 'ဟိုင်း' လို့ စနှုတ်ဆက်လိုက်တော့ ကျွန်မ ဒေါသက ထောင်းခနဲ ထွက်သွားမိတယ်လေ။ ကျွန်မ သူ့ဘက်လှည့်ပြီး
"နင် ငါ့ကို စကားလာမပြောနဲ့ ဘရိုက်စ်။ ငါ နင်နဲ့ ဂဲရတ်တို့ စာကြည့်တိုက်ထဲမှာပြောနေတာကို အကုန်ကြားပြီးပြီ။ ပြီးတော့ ငါလည်း နင့်ကို ဘယ်တော့မှ စကားမပြောချင်တော့ဘူး သိလား" လို့ တတွတ်တွတ်နဲ့ အပြစ်တင်လိုက်ပါတော့တယ်။ ကျွန်မ ဧည့်ခန်းဘက်ထွက်သွားဖို့ လှည့်လိုက်တော့ သူက ကျွန်မကို တားပြီး ရှင်းပြပါသေးတယ်။
"ဂျူလီ...ဂျူလီ...ခဏစောင့်ပါဦးဟာ။နင့်အကြောင်းကို မကောင်းပြောတာ ငါမှ မဟုတ်တာ။ အဲ့ဒါ ဂဲရတ်လေ။ ဂဲရတ်ကပဲ အားလုံးပြောသွားတာ နင်ကြားမှာပေါ့" လို့ သူကဆိုတော့ ကျွန်မလည်း သူ့ကို ပြန်ကြည့်လိုက်တော့တာပေါ့။
"ငါ ဘာကြားခဲ့သလဲဆိုတာ ငါ နားလည်တယ် ဘရိုက်စ်"
"မဟုတ်ဘူး...နင်နားမလည်ဘူး ဂျူလီ။ ငါက...ငါက ကြက်ဥတွေအကြောင်းရော၊ နင့်ခြံအကြောင်း မကောင်းပြောမိတာကိုရော အားလုံးအတွက် တကယ့်ကို စိတ်မကောင်းဖြစ်နေခဲ့တာပါ။ ငါ နင့်ဦးလေးအကြောင်းကိုရော၊ နင်တို့ မိသားစုရဲ့ အခြေအနေကိုပါ ရည်ရွယ်ပြီး ပြောခဲ့တာ မဟုတ်တာကို နင်သိသင့်တယ်။ ငါက ဒီအတိုင်းပဲ တယောက်ယောက်ကို ရင်ဖွင့်ချင်ခဲ့ရုံပါ"
ကျွန်မလည်း ဘရိုက်စ်နဲ့ တစ်ခဏလောက်တော့ အကြည့်ချင်းဆုံမိသွားပါသေးတယ်။ ဒီတစ်ခါတော့ သူ့မျက်လုံးပြာတွေက ကျွန်မကို ရူးသွားအောင် မဆွဲဆောင်နိုင်တော့ဘူးလေ။
"နင် ရယ်တာ ငါကြားသားပဲ ဘရိုက်စ်။ သူက ငါ့ကို ဉာဏ်စဉ်မမှီတဲ့လူဆိုပြီး ဟာသလုပ်တော့ နင်က ရယ်လိုက်တယ်လေ..."
"ဂျူလီ...နင်မှားနေပြီနော်။ ငါက သူ့ကို ဆွဲထိုးလိုက်ချင်ခဲ့တာပါ။ တကယ်ပါဟာ...ဒါပေမယ့် ငါတို့က စာကြည့်တိုက်ထဲမှာ ရောက်နေတာဆိုတော့...."
"အဲ့ဒီတော့ နင်က သူနဲ့အတူလိုက်ရယ်လိုက်တာပေါ့လေ"
ဘရိုက်စ်က ပုခုံးတွန့်ပြီး သနားစရာ သိုးလေးလို မျက်နှာငယ်လေးနဲ့ ပြောလိုက်ပါသေးတယ်။
"တောင်းပန်ပါတယ်ဟာ" တဲ့လေ။
ကျွန်မ သူ့ကို ထားခဲ့ပြီး ဧည့်ခန်းထဲပြေး၀င်ခဲ့ပါတယ်။ တကယ်လို့ သူသာ ဟန်ဆောင်ပြီး ပြောနေတာသာဆိုရင် ဘရိုက်စ်ဟာ အင်မတန့်ကို ဟန်ဆောင်ကောင်းတဲ့သူပါပဲ။ ဒါပေမယ့် သူသာ အမှန်အတိုင်းပြောနေတာဆိုရင်တော့ ဘရိုက်စ်က ချက်ပြောတဲ့အတိုင်း သိပ်ကို သူရဲဘောကြောင်တဲ့သူဆိုတာ မှန်နေပြီပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အနားမှာ ဆက်မနေတာပဲ ကောင်းပါတယ်လေ။
ကျွန်မလည်း ဧည့်ခန်းထဲရောက်တော့ အဖေနဲ့ ချက် တို့အနားမှာ ရပ်ပြီး သူတို့ ဆွေးနွေးနေတဲ့ အကြောင်းကို နားထောင်နေလိုက်ပါတယ်။ အဖေက ချက်ကို
"ဒါပေမယ့် သူ ပြောထားတဲ့ စက်ကိုအားပေးဖို့အတွက် ကျွန်တော်တို့က လူအားမလိုဘဲ အလိုလိုလည်ပတ်နေတဲ့ စက်နဲ့ မောင်းရမှာဗျ။ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လို့ပြောတော့ ချက်ကလည်း
"ဒါမှမဟုတ် သိပ္ပံပညာနဲ့ အဲ့ဒီလိုစက်ကို ထွင်လို့ရရင်လည်း ရလာမှာပေါ့ကွာ။ အဲ့ဒီလိုသာဆိုရင် မဖြစ်နိုင်ဘူးလို့ တပ်အပ်ပြောလို့ မရတော့ဘူးပေါ့" ဆိုပြီး ပြန်ဆွေးနွေးလိုက်ပါတယ်။
အဲ့ဒီအချိန်တုန်းက ကျွန်မစိတ်ထဲ အဖေတို့ဆွေးနွေးနေတဲ့ သိပ္ပံပညာရပ်အကြောင်း စိတ်ကို မ၀င်စားခဲ့တာ အမှန်ပါ။ ဒါပေမယ့် ကျွန်မလည်း အနားမှာလာရပ်နေတဲ့ ဘရိုက်စ်ကို လျစ်လျူရှုထားချင်တာနဲ့ အဖေ့ကို မေးခွန်း၀င်မေးလိုက်တယ်လေ။
"အလိုအလျောက်လည်တဲ့ စက်ဆိုတာ ဘာလဲဟင် အဖေ"
ကျွန်မမေးခွန်းကြောင့် အဖေနဲ့ ချက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရယ်လိုက်ပါတယ်။ ပြီးတော့မှ အဖေက ကျွန်မဘက် လှည့်လာပြီး ရှင်းပြတော့တာပေါ့။
"အလိုအလျောက်လည်ပတ်တဲ့ စက်ဆိုတာ အဖေတို့ လူအားစိုက်ထုတ်စရာမလိုဘဲ လည်ပတ်နိုင်မဲ့ စက်မျိုးပေါ့ သမီးရဲ့"
ချက်ကလည်း အဖေ့ အဖြေကို အားဖြည့်ပေးလိုက်ပါသေးတယ်။
"လျှပ်စစ်စွမ်းအင်မလို၊ လောင်စာမလို၊ ရေအားလည်းမလိုတဲ့ စက်ပေါ့ကွယ်။ အဲ့ဒီလို စက်မျိုးက ဖြစ်လာနိုင်တယ်လို့ သမီးရော ထင်လား"
ဘရိုက်စ်ကတော့ ဧည့်ခန်းအ၀င်ပေါက်မှာ မိုးတိုးမတ်တပ်ရပ်နေတုန်းပဲလေ။ ဘာလို့များ သူ ဝေးဝေးမှာ သွားမနေရပါလိမ့်နော်။ ကျွန်မ အဖေတို့ စကားဝိုင်းထဲမှာပဲ အာရုံစိုက်ထားလိုက်ပါတော့တယ်။
"သမီးအနေနဲ့ ဒီစက်က ဖြစ်လာ နိုင်သလားဆိုတာတော့ မပြောတတ်ပါဘူးရှင်။ စက်တိုင်းက အနည်းနဲ့အများတော့ စွမ်းအင်သုံးရတာပဲမဟုတ်လား။ ရာနှုန်းပြည့် လည်ပတ်နိုင်တဲ့ စက်တွေတောင် တနည်းနည်းနဲ့ စွမ်းအင်ကို သုံးရသေးတာပဲလေ....."
"ဒါဖြင့် သူလည်ပတ်ဖို့ လိုအပ်တဲ့ စွမ်းအင်ကို ကိုယ်တိုင်ပြန်ထုတ်ပေးမဲ့ စက်ကို တီထွင်နိုင်မယ်ဆိုရင်ရောကွဲ့...." လို့ ချက်က ကျွန်မကို မေးခွန်းထုတ်လိုက်ပါသေးတယ်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲရှင်"
ပြောသာ ပြောလိုက်ရတယ်။ ကျွန်မ မျက်လုံးတစ်ဖက်ကတော့ ဘရိုက်စ် ရပ်နေတဲ့ အပေါက်၀ဆီမှာပါ။ ခဏနေ မစ္စတာ လော့စကီ အခန်းထဲ၀င်လာတော့ အဖေက လက်ဆွဲပြီး နှုတ်ဆက်လိုက်တော့တာပေါ့။
"ကောင်းသော ညနေခင်းပါ ရစ်ခ်။ ကျုပ်တို့ကို အခုလို တကူးတက ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"
မစ္စတာလော့စကီလည်း အဖေနဲ့ လက်ဆွဲနှုတ်ဆက်ပြီးတော့ ကျွန်မတို့ စကားဝိုင်းထဲ ၀င်လာပါတော့တယ်။ သူက ရာသီဥတုအကြောင်းကို အရင် စကားစမြည်ပြောလိုက်ပါသေးတယ်။
"ဪ ဒါနဲ့ ခင်ဗျားတို့ အိမ်ရှေ့က ခြံလေးက သိပ်လှလာတယ်နော်။ ကျုပ်တောင် ဒီမှာ ချက်ကိုပြောနေသေးတာဗျ။ ကျုပ်တို့ ခြံလေးပြင်ရင်လည်း ခင်ဗျားကို အကူအညီတောင်းရင် ကောင်းမလားလို့လေ..." ဆိုပြီး မစ္စတာ လော့စကီက ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်လေ။ ကျွန်မကတော့ သူနောက်နေတာပဲဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်။ နို့မဟုတ်ရင် နောက်ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ ကျွန်မလည်း မခန့်မှန်းတတ်တော့ဘူး မဟုတ်ပါလား။ ဒါပေမယ့် အဲ့ဒီလို အားလုံး ဘာဆက်ပြောရမှန်းမသိတဲ့ အချိန်လေးမှာပဲ မစ္စ လော့စကီက လူခေါ်ခေါင်းလောင်းလေးတီးလို့
"ကဲ...အမြည်းဟင်းပွဲလေးတွေ ရပါပြီရှင်" ဆိုပြီး ပြောတဲ့အသံကို ကြားလိုက်ရလို့ တော်ပါသေးတယ်။
မစ္စ လော့စကီရဲ့ အမြည်းမုန့်က အတော်လေး အရသာရှိပါတယ်။ အဖေက ကျွန်မအနားကပ်ပြီး မုန့်ကြွပ်ကလေးတွေအပေါ်က မဲမဲ အစေ့ကလေးတွေက ဘလက်ဘယ်ရီသီးမဟုတ်ဘဲ ငါးဥဆားနယ်တွေလို့ တိုးတိုးလေး သတိပေးတော့ ကျွန်မလည်း တစ်ကိုက်ကိုက်ပြီး ချက်ချင်းရပ်ပစ်လိုက်ရတော့တာပေါ့။ ငါးဥတွေကို စားတယ်တဲ့လား။ ရွံစရာကောင်းလိုက်တာနော်။
အဖေက ကျွန်မကို ကြက်ဥကျတော့ စွဲစွဲမြဲမြဲစားပြီး ငါးဥကျမှ ဘာလို့ သိပ်အကဲပိုနေရလဲမေးတော့ ကျွန်မလည်း မစ္စလော့စကီကို အားနာနာနဲ့ မုန့်ကြွပ်တစ်ချပ်တော့ အောင့်အီးပြီး ပါးစပ်ထဲ ထိုးသွင်းလိုက်ရပါတော့တယ်။ ဘရိုက်စ်ကတော့ အပေါက်၀မှာ ရပ်နေတုန်းပါပဲ။ ကျွန်မ သူ့ဘက်ကို ကြည့်လိုက်တိုင်း သူနဲ့ အကြည့်ချင်းဆုံဖြစ်ပါတယ်။ သူက ကျွန်မကို တချိန်လုံး စိုက်ကြည့်နေခဲ့တာလေ။
နောက်ဆုံးတော့ ကျွန်မလည်း သူ့ကို ကျောပေးပြီး အဖေ့ကို ခုနက သိပ္ပံပညာအကြောင်း ဆက်မေးလိုက်တော့တာပေါ့။
"ဒါနဲ့ ခုနက အဖေပြောတဲ့ အလိုအလျောက်လည်ပတ်တဲ့ စက်ကို ဘယ်သူတွေကများ တီထွင်နေကြလို့လဲ အဖေ"
အဖေကရယ်တယ်လေ။
"ကမ္ဘာအနှံ့အပြားမှာရှိတဲ့ သိပ္ပံပညာကို ရူးသွပ်ကြတဲ့လူတွေ ပေါ့ကွယ်"
"တကယ်လားဟင်"
"ဒါပေါ့။ သူတို့ အဲ့ဒီလို ကြိုးစားနေကြတာ နှစ်ပေါင်း ရာနဲ့ချီနေပြီကွဲ့"
"ဒါဖြင့် သူတို့က ဘယ်လိုလုပ်တာလဲဟင်။ သူတို့ တီထွင်နေတဲ့ စက်ကရော ဘာနဲ့တူလဲ"
မကြာခင်မှာပဲ ကျွန်မတို့ စကားဝိုင်းထဲကို ချက်က ပြန်ရောက်လာခဲ့တာပေါ့။ နောက်တော့ ကျွန်မ လည်း သူတို့ပြောနေတဲ့ သံလိုက်စွမ်းအင်၊ ဂိုင်ရိုစကုပ်ပစ် အမှုန်တွေနဲ့ စွမ်းအင်မဲ့ အမှတ်တွေ အကြောင်းဆက်နားထောင်နေတုန်းမှာပဲ ကျွန်မ အနောက်မှာ တစ်ယောက်ယောက် လာရပ်နေတယ်လို့ ခံစားလိုက်ရပါတော့တယ်။
အဲ့ဒါက ဘယ်သူရှိရမလဲ။ ဘရိုက်စ်ပဲပေါ့။ ကျွန်မ ပါးနှစ်ဖက်လည်း ဒေါသကြောင့် ပူနွေးပြီး နီးမြန်းလာရတယ်လေ။ ကျွန်မ တစ်ယောက်ထဲ နေချင်နေမယ်ဆိုတာကို သူဘာလို့ နားမလည်ရတာပါလဲ။ ကျွန်မ သူနဲ့ ဝေးအောင် အဖေ့နား ပြေးကပ်လိုက်တော့ ဘရိုက်စ်က ကျွန်မတို့ စကားဝိုင်းထဲကို ၀င်တိုးလာပါတော့တယ်။
ဘရိုက်စ် ကျွန်မတို့ စကားဝိုင်းထဲကို တိုး၀င်လာတာ အဖေပြောနေတဲ့ အလိုအလျောက်လည်ပတ်တဲ့ စက်အကြောင်း စိတ်၀င်စားဖို့တော့ ဟုတ်မယ်မထင်ပါဘူး။ ကျွန်မကိုယ်တိုင်တောင် စိတ်ထဲပါလှတာ မဟုတ်ဘူးလေ။ အဲ့ဒီတော့ ကျွန်မလည်း သူ စိတ်ညစ်ပြီး ပြန်ထွက်သွားအောင် အဖေ့ကို သိပ္ပံပညာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေချည်း လှိမ့်မေးခဲ့ပါတော့တယ်။ စင်နဲ့ ပတ်သက်ပြီး ကြံကြံဖန်ဖန် မေးတဲ့ ကျွန်မကိုအဖေနဲ့ ချက်တို့က ဒိုင်ခံဖြေပေးကြရှာပါတယ်။ ဘရိုက်စ်ကတော့ အခုထိကို မထွက်သွားခဲ့ပါဘူး။ သူက တခွန်းတလေလည်း ၀င်မပြောတဲ့အပြင်ဒီအတိုင်း စိုင်စိုင်ကြီး ရပ်နေခဲ့တာပါ။ ခဏနေတော့ မစ္စ လော့စကီက ညစာ အဆင်သင့်ဖြစ်ပြီဆိုတဲ့အကြောင်း အားလုံးကို ပြောလိုက်ပါတော့တယ်။ အဲ့ဒီတော့မှ ဘရိုက်စ်က ကျွန်မ လက်မောင်းကို ဆွဲပြီး ပြောတယ်လေ။
"ဂျူလီ...ငါတောင်းပန်ပါတယ်။ ဒီကိစ္စအတွက် ငါ အရမ်း စိတ်မကောင်းဖြစ်ရပါတယ်ဟာ။ နင်ပြောတာမှန်တယ်။ ငါက မကောင်းတဲ့သူပါဟာ"
ကျွန်မလည်း သူဆုပ်ကိုင်ထားတဲ့ ကျွန်မလက်မောင်းကို ဆွဲခါပြီး ရုန်းလိုက်တာပေါ့။
"နင့်ကိုကြည့်ရတာ လုပ်ချင်ရာလုပ်ပြီးမှ တောင်းပန်နေတာချည်းပဲနော်" လို့ပြောပြီး ကျွန်မလည်း သူ့ကို ထားခဲ့ပြီး ညစာ စားဝိုင်းဆီသွားလိုက်ပါတော့တယ်။
ခဏနေတော့ ကျွန်မရဲ့ အပြုအမူက ရိုင်းပြသွားမှန်း ကျွန်မလည်း သဘောပေါက်မိလာခဲ့တော့တာပေါ့။ ကျွန်မ သူ့တောင်းပန်စကားလေးကိုတော့ ဆုံးအောင် ပြောခွင့်ပေးလိုက်သင့်ပါတယ်။ ဒါပေမယ့် ကျွန်မက သူ့ စကားကို ဖြတ်ပြောပြီး ပြန်တောင် ပက်လိုက်သေးတာဆိုတော့ ကျွန်မကပဲ လူရိုင်းကြီး ဖြစ်ရပြီလေ။
ကျွန်မ ဘရိုက်စ်ကို ညစာစားရင်း ခိုးကြည့်လိုက်တော့ သူက သူ့အဖေ့ကို ကြည့်နေတာကို တွေ့လိုက်ရပါတယ်။ မစ္စတာ လော့စကီကတော့ ကျွန်မအစ်ကိုတွေကို အထက်တန်းအောင်တဲ့ အကြောင်းတွေနဲ့ ကောလိပ်ဆက်တက်ဖို့အကြောင်း မေးနေခဲ့တယ်လေ။
မစ္စတာလော့စကီကို အဝေးကနေတော့ ကျွန်မ မြင်ဖူးခဲ့တာ ကြာပါပြီ။ အခုလို အနီးကပ် ကြည့်မိတော့ မစ္စတာလော့စကီရဲ့ မျက်လုံးတွေကလည်း ပြာလွင်နေတာပါပဲ။ သူ့မျက်လုံးတွေက ဘရိုက်စ်ရဲ့ မျက်လုံးတွေ အတိုင်းကို တောက်ပနေပါတယ်။ ဒါပေမယ့် သူ့ကိုကြည့်ရတာတော့ တခုခုကို လျှို့ဝှက်ထားသလို စိတ်တွေက ဂယောင်ဂယက်ဖြစ်နေတဲ့အတိုင်းပဲလို့ ကျွန်မ ခံစားမိတယ်လေ။ နောက်ပြီး မစ္စတာ လော့စကီက ဘရိုက်စ်အတိုင်း နက်မှောင်တဲ့ ဆံပင်တွေ ရှိတဲ့အပြင် ဖြူဖွေးနေတဲ့ သွားကလည်း ဖြောင့်စင်းလို့ကို နေတော့တာပါပဲ။
ချက်က ဘရိုက်စ်ဟာ သူ့အဖေနဲ့ တစ်ပုံစံတည်းတူတယ်လို့ပြောဖူးခဲ့ပေမဲ့ သူတို့သားအဖ နှစ်ယောက် ဒီလောက်ထိ တူလိမ့်မယ်လို့တော့ ကျွန်မ မထင်ထားတာ အမှန်ပါ။ အခု ညစာ စား၀ိုင်းမှာတော့ မစ္စတာလော့စကီကို ကြည့်ရတာ ကိုယ့်ကိုယ်ကို ဘ၀င်ခိုက်နေတဲ့ပုံကို ပေါက်နေပါတော့တယ်။ ဘရိုက်စ်ကတော့....အင်း...ဘရိုက်စ်ကတော့ ဒေါသထွက်နေတဲ့ပုံပါပဲ။
ခဏနေတော့ စားပွဲခုံအစွန်းနားက အသံတစ်သံကို ကျွန်မ ကြားလိုက်ရပါတယ်။
"အဖေ့ ထေ့လုံးတွေကို ဘယ်သူမှ မကြိုက်ဖူးနော် အဖေ" ဆိုတဲ့ အသံကြောင့် မစ္စတာလော့စကီတစ်ယောက် ရုတ်တရက် ကြောင်သွားသလို အားလုံးရဲ့ အကြည့်က လင်နတ်တာ့ဆီကို စုပြုံကြသွားတော့တာပေါ့။
"ဘာလို့လဲ...မှန်တာပြောတာပဲ ဥစ္စာ..."
လော့စကီ မိသားစု ကျွန်မတို့ ရက်ကွက်ထဲကို ပြောင်းလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမဲ့ လင်နတ်တာကိုတော့ ကျွန်မ စကားဆယ်ခွန်းပြည့်အောင် မပြောဖူးပါဘူး။ သူကလည်း ကျွန်မကို မေးထူးခေါ်ပြောလောက်ပဲ လုပ်ဖူးပါတယ်လေ။ အဲ့ဒီတော့ ဘရိုက်စ်ရဲ့ အစ်မက ကျွန်မအတွက်တော့ အတန်ငယ် ကြောက်စရာကောင်းနေတော့တာပေါ့။ အဲ့ဒီတော့ သူက မစ္စလော့စကီကို စားပွဲတစ်ဖက်ခြမ်းကနေ စိမ်းစိမ်းဝါးဝါး ပြန်ကြည့်နေတာ မထူးဆန်းဘူးဆိုပေမဲ့ ကျွန်မ အတွက်တော့ အနေခက်မိတာ အမှန်ပါ။ မစ္စလော့စကီကတော့ အပြုံးမပျက်ပေမဲ့ မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လို့ သမီးကိုတစ်လှည့်၊ ယောက်ျားကို တစ်လှည့် ကြည့်ပြီး အရိပ်အကဲပြနေပါတော့တယ်။ ကျွန်မလည်း စားပွဲခုံမှာ ထိုင်နေကြတဲ့ သူတို့ မိသားစုဝင် တစ်ယောက်ချင်းဆီကို လိုက်ကြည့်မိလိုက်ပါတယ်။ လော့စကီ မိသားစုရဲ့ ညစာ စားဝိုင်းက အခုလိုပဲ အမြဲတမ်း အထေ့အငေါ့လေးတွေနဲ့မှ ပြီးပြည့်စုံတာလားဆိုတာတော့ မသိတော့ပါဘူးလေ။
လင်နတ်တာက စားပွဲကနေ လှစ်ခနဲ ထပြီး အပြင်ထွက်သွားပါတယ်။ ခဏနေတော့ သူက စီဒီပလေယာစက်နဲ့ ပြန်ရောက်ချလာတယ်လေ။ သူ့လက်ထဲက အခွေကို စက်ထဲထည့်ပြီး ဖွင့်လိုက်တော့ အသံချဲ့စက်ထဲက ထွက်လာတဲ့ သီချင်းက ကျွန်မ အစ်ကိုတွေရဲ့ သီချင်းဖြစ်မယ်လို့တော့ ကျွန်မ ခန့်မှန်းမိလိုက်ပါတယ်။ အိမ်မှာဆိုရင်တော့ ဒီ Candle Ice ဆိုတဲ့ သီချင်းကို ကျွန်မအစ်ကိုတွေရဲ့ အိပ်ခန်းထဲကနေ ကြားရတာ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ ဒါပေမယ့် ဂစ်တာကို ကြိုးပြတ်ထွက်မတတ် ဖြစ်ညှစ်ပြီးတီးခတ်နေတဲ့အသံနဲ့ ရယ်စရာ သီချင်းစာသားတွေကြောင့် အမေများ ရှက်သွားမလားဆိုပြီး ကျွန်မ လှမ်းကြည့်လိုက်တယ်လေ။ ဒီသီချင်းက ညစာ စားပွဲနဲ့ လုံး၀ မအပ်စပ်တဲ့ သီချင်းပဲ မဟုတ်ပါလား။
အမေ့ကို ကြည့်ရတာတော့ စိတ်ညစ်နေတဲ့ပုံမပေါက်ဘဲ ပျော်နေသလားလို့တောင် ထင်ရပါတယ်။ အမေက အဖေနဲ့ တိုးတိုးတိတ်တိတ်လေး ကြိတ်ပြုံးနေသလို ကျွန်မ အမေ ခိုးရယ်လိုက်တာကိုတောင် တွေ့လိုက်ရပါသေးတယ်။ အဖေကလည်း လူကြီးတွေရှေ့မှာမို့ ဘာမှတော့ မပြောပေမဲ့ သူ့ကို ကြည့်ရတာ ၀မ်းသာနေတဲ့ပုံပါပဲ။ သီချင်းပြီးတော့မှ ကျွန်မ သဘောပေါက်လိုက်ရတာကတော့ အဖေက သူ့သားတွေဆီက ဆူဆူညံညံ သီချင်းသံကို သိပ်ဂုဏ်ယူနေတယ်ဆိုတာပါပဲ။
ကျွန်မ အတော်လေး အံ့အားသင့်သွားရပါတယ်။ အဖေက ကျွန်မ အစ်ကိုတွေရဲ့ သီချင်းကို ဘယ်တုန်းကမှ ကောင်းတယ် ဆိုးတယ်ရယ် မပြောဘဲ လျစ်လျူရှူထားခဲ့တဲ့သူ မဟုတ်ပါလား။ ပြီးတော့ မစ္စတာလော့စကီက ကျွန်မအစ်ကိုနှစ်ယောက်ကို သူတို့ အခွေသွင်းဖို့ ဘယ်လို တတ်နိုင်လည်းဆိုတဲ့အကြောင်းကို ဖိမေးနေတော့ သူတို့ကလည်း အလုပ်လုပ်ပြီး ပိုက်ဆံစုခဲ့တဲ့အကြောင်းတွေ၊ အင်တာနက်ကနေ ပစ္စည်း ဟောင်းတွေ ရောင်း၀ယ် လုပ်ခဲ့ပြီး အသံဖမ်းစက် ၀ယ်တဲ့အကြောင်းတွေ ပြောလို့ ပြန်ရှင်းပြပါတော့တယ်။ အဲ့ဒီတော့မှပဲ ကျွန်မလည်း သဘောပေါက်ပါတော့တယ်။ အဖေက ကိုယ့်အားကိုယ်ကိုးတဲ့ သူ့သားတွေအတွက် ဂုဏ်ယူနေခဲ့တာကိုး။
ကျွန်မအစ်ကိုတွေကလည်း သူတို့သီချင်း နားထောင်ပြီး အူမြူးနေခဲ့တော့တာပေါ့။ လင်နတ်တာကလည်း သူတို့အခွေကိုနားထောင်ပြီး ချီးကျူးလိုက် တော့ ကျွန်မလည်း လင်နတ်တြာ သိပ်အဆိုးကြီးလည်း မဟုတ်ဘူးဆ်ိုတာ လက်ခံလိုက်ရပါတော့တယ်။ ကျွန်မလည်း စားပွဲကလးတွေကို အကဲခတ်ကြည့်ရင်း ကျွန်မဟာ သူစိမ်းတွေနဲ့ ညစာ ထိုင်စားနေရတာပဲဆိုတာကို သဘောပေါက်လိုက်ပါတော့တယ်။ ကျွန်မတို့က သူတို့မိသားစုနဲ့ မျက်နှာချင်းဆိုင်း နှစ်ပေါင်းများစွာ နေလာခဲ့တယ်ဆိုပေမဲ့ သူတို့ကို ကျွန်မ လုံး၀မသိခဲ့ဘူးလေ။ လင်နတ်တာကလည်း တခါတခါတော့ ပြုံးတတ်ပါတယ်။ မစ္စတာလော့စကီကတော့ အပြင်ပန်းက သန့်ရှင်း သပ်ရပ်တဲ့သူဆိုပေမဲ့ အတွင်းစိတ်ထဲမှာတော့ တခုခုက လှိုက်စားပြီး ပုပ်သိုးနေတယ်ဆိုတာ ကျွန်မ ရိပ်မိတာပေါ့။ သိပ်ကို အိမ်ထောင်ရှင်မ ပီသတဲ့ မစ္စလော့စကီကလည်း ဒီညတော့ ပြာယာခတ်နေတာပဲလေ။ ကြည့်ရတာ သူက ကျွန်မတို့ကို ညစာကျွေးဖို့ အတော်လေး စိတ်လှုပ်ရှားနေတဲ့ပုံပါပဲ။
အားလုံးထဲမှာ အဆိုးဆုံးကတော့ ဘရိုက်စ်ပါ။ ကျွန်မလည်း သူနဲ့ ပတ်သက်ပြီး ဘာဆိုဘာကိုမှ ရေရေရာရာ မသိခဲ့ပါဘူး။ နောက်ပြီး သူနဲ့ ပတ်သက်ပြီး သိလိုက်ရတဲ့ ကိစ္စတချို့ကလည်း ကျွန်မကို သူနဲ့ ခပ်ဝေးဝေးမှာနေဖို့ သတိပေးနေပါတော့တယ်။ ကျွန်မရှေ့မှာထိုင်နေတဲ့ သူ့ကိုကြည့်ပြီး ကျွန်မ ဘာဆိုဘာမှကို မခံစားရတော့ဘူးလေ။ သူနဲ့ ပတ်သက်ပြီး ကျွန်မ ခံစားဖူးတဲ့ ရင်ခုန်သံတွေရော၊ ဒေါသတွေပါ အားလုံး ပျောက်ဆုံးသွားရပါပြီ။
ကျွန်မတို့ အချိုပွဲစားပြီးတော့ အိမ်ပြန်ဖို့ အချိန်ကိုရောက်လာတော့တာပေါ့။ ကျွန်မ ဘရိုက်စ်ဆီကို လျှောက်သွားပြီး ကျွန်မရဲ့ အပြုအမူတွေအတွက် တောင်းပန်လိုက်ပါတယ်။
"နင် တောင်းပန်တာကို ငါ စကားဖြတ်ပြောလိုက်တာ တောင်းပန်ပါတယ် ဘရိုက်စ်။ ငါတို့ မိသားစုကို အခုလို ညစာဖိတ်ကျွေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ နင်တို့ အတော်လေး အလုပ်ရှုပ်သွားမှာပဲနော်။ ငါ့ အမေလည်း ဒီညနေ သိပ်ပျော်နေတယ် ထင်တယ်။ ငါ့အတွက်တော့ အမေ့ပျော်ရွှင်မှုကပဲ အရေးကြီးပါတယ်လေ" ဆိုပြီး ကျွန်မတို့ နောက်တစ်ခါ အကြည့်ချင်း ထပ်ဆုံသွားပါသေးတယ်။ ဒါပေမယ့် ဘရိုက်စ်ကိုကြည့်ရတာ စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နေတဲ့ပုံပါပဲ။
"ဘရိုက်စ်...ငါပြောတာကြားလား။ ငါတောင်းပန်ပါတယ်လို့...." ဆိုတော့မှ သူက ခေါင်းပြန်ငြိတ်ပြတယ်လေ။ ခဏနေတော့ ကျွန်မတို့လည်း နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့ ကြပါတော့တယ်။ ကျွန်မက အမေ့နောက်ကနေလိုက်လာခဲ့တာပေါ့။ အမေကတော့ အဖေ့ကိုလက်တွဲထားတယ်လေ။ ဘေးမှာတော့ ကျွန်မ အစ်ကိုနှစ်ယောက်က ပိုနေတဲ့ ပိုင်မုန့်တွေကို ကိုင်ပြီး လမ်းလျှောက်လာခဲ့ကြပါတယ်။ အိမ်ရောက်တော့ ကျွန်မတို့အားလုံး မီးဖိုချောင်ထဲ တန်း၀င်ကြတော့တာပေါ့။ပြီးတော့ မတ်ထ်က နွားနို့တစ်ခွက် ငှဲ့ထည့်လိုက်ရင်းက မိုက်ခ်ကို စကားလှမ်းပြောလိုက်ပါတယ်။
"ဒီည မစ္စတာ လော့စကီကြီးက ငါတို့ကို စေ့စေ့ပေါက်ပေါက် အပြစ်ရှာချင်နေတဲ့ ပုံပဲနော်ကွ"
"အေးလေးကွာ။ ငါတို့က သူ့သမီးကို ကြိတ်ပိုးနေတယ်လို့ ထင်နေတာ နေမှာပေါ့"
"ငါကတော့ မကြိုက်ဘူးနော် ဟေ့ကောင်။ မင်းရော..."
မိုက်ခ်ကပါ နွားနို့တစ်ခွက် ငှဲ့လိုက်ပါသေးတယ်။
"ငါကတော့ လော့စကီတွေဆို ဝေးဝေးကရှောင်ချင်သွားပြီကွ။ ဒါပေမယ့် လင်နတ်တာက ဒီည ငါ့တို့အပေါ် တော်တော်ကောင်းပါတယ်လေ။ သူ့အဖေနဲ့တောင် အတိုက်အခံ လုပ်လိုက်သေးတာ မဟုတ်လား"
အဖေက စက္ကူပန်းကန်ပြားတစ်ချပ်ယူပြီး ပိုင်မုန့်ကို လှီးလိုက်ပါတော့တယ်။
"သားတို့ ဒီည ကိုယ့်ကိုယ်ကို အတော်လေး ထိန်းထိန်းသိမ်းသိမ်း နေခဲ့ကြတာပဲကွ။ အဖေဆို အဲ့ဒီလို နေနိုင်မယ် မထင်ဘူး" လို့ အဖေကပြောတော့ မတ်ထ်က
"ရပါတယ် အဖေရာ...ဒီလူကြီးက သူ့ကိုယ်သူ ဘ၀င်လေဟပ်နေတာပါ။ ဒီလိုလူမျိုးတွေကို ချက်ကျလက်ကျ ရှင်းပြမှ ရတာဗျ။ ကျွန်တော်ကတော့ ဒီလိုလူကြီးကို အဖေမတော်ထားရတာ ကံကောင်းတာပေါ့ဗျာ" ဆိုပြီး ပြောလိုက်တာပေါ့။
အဲ့ဒီတော့ မိုက်ခ်ခမျာ ရယ်ချင်လွန်းလို့ နွားနို့ခွက်တောင် မှောက်ကျမတတ်ကို ဖြစ်သွားရပါတယ်။
"ဟုတ်တယ်ကွ။ ငါတို့ အဖေ့လို အဖေမျိုးရထားတာ သိပ်ကံကောင်းတယ်"
ပြီးတော့ မတ်ထ်က အဖေ့ကျောကို အသာအယာပုတ်လို့ ပြောလိုက်ပါသေးတယ်။
"ငါကတော့ ဒီက ဆရာကြီးကို ပဲ သဘောကျတယ်ဟေ့" တဲ့လေ။ အမေကလည်း မီးဖိုချောင်ထောင့်ကနေ ပြုံးလို့နေရင်းကပြောလိုက်ပါတယ်။
"အမေရောပါပဲကွယ်"
ကျွန်မ အဖေငိုတာကို တစ်ခါမှ မမြင်ဖူးပါဘူး။ အဖေက အာပြဲကြီးနဲ့ ထိုင်ငိုနေတာမဟုတ်ပေမဲ့ သူ့မျက်လုံးထဲမှာတော့ မျက်ရည်စတွေနဲ့ ပြည့်နှက်နေတယ်လေ။ အဖေလည်း မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောလိုက်ပါတယ်။
"ကဲ...သားတို့ရော...နွားနို့နဲ့စားဖို့ ပိုင်မုန့်ယူဦးမလား"
မတ်ထ်က ထိုင်ခုံပေါ်မှာ ခွထိုင်ပြီး
"ဒါပေါ့ အဖေရ...ကျွန်တော်လည်း အဲ့ဒီလို တွေးနေတာ" လို့ပြောတော့ မိုက်ခ်ကလည်း
"ဟုတ်တယ် အဖေ။ ကျွန်တော်လည်း ဗိုက်ဆာနေသေးတယ်" ဆိုပြီး ထောက်ခံလိုက်ပါတော့တယ်။ မိုက်ခ် ဗီရိုဆီသွားပြီး ပန်းကန်သွားထုတ်နေတုန်း ကျွန်မလည်း လှမ်းအော်လိုက်ပါတယ်။
"သမီးအတွက်လည်း တစ်ပန်းကန် ယူခဲ့နော်"
အမေကတော့
"ကျွန်မတို့ အခုလေးတင်ပဲ ညစာစားလာခဲ့ကြတာ မဟုတ်ဘူးလာရှင်" လို့ ပြောနေပါတော့တယ်။
"လာစမ်းပါ ထရီနာရာ။ မင်းရဲ့ ပိုင်မုန့်က သိပ် အရသာ ရှိတယ်ကွ"
အဲ့ဒီညက ကျွန်မ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်လက်ပေါ့ပါးစွာ အိပ်ရာ၀င်နိုင်ခဲ့ပါတယ်။ ကျွန်မ အိပ်ရာထဲမှာ လှဲနေရင်း တစ်နေကုန် ဘယ်လောက်ပဲ ခံစားချက်တွေများနေပါစေ၊ အခုလို အားလုံးကို လွှတ်ချပြီး မေ့ပစ်လိုက်တာက သိပ်ကို နေလို့ကောင်းတယ်ဆိုတာကို တွေးနေမိပါတော့တယ်။
******
နောက်တစ်နေ့ မနက်ရောက်တော့လည်း ကျွန်မ စိတ်ထဲ နေလို့ကောင်းနေပါသေးတယ်။ ကျွန်မလည်း အပြင်ထွက်ပြီး ခြံထဲမှာ ရေလောင်းနေလိုက်တာပေါ့။ စိတ်ထဲမှာလည်း ကျွန်မရဲ့ မြက်ပင်ပေါက်ကလေးတွေ ဘယ်တော့များမှ မြေပြင်ပေါ် ထိုးထွက်လာမလဲဆိုတာ တွေးနေမိတယ်လေ။
ပြီးတော့ ကျွန်မ နောက်ဖေးကို သွားပြီး ကြက်ခြံလေးကို သန့်ရှင်းရေး လုပ်ပေးလိုက်ပါသေးတယ်။ နောက်တော့ နောက်ဖေးခြံထဲက ချုံပုတ်ပင် အရုပ်ဆိုးဆိုးတွေကို နှုတ်နေလိုက်တာပေါ့။ ကျွန်မ အပင်တွေနှုတ်ပြီး အမှိုက်ခြင်းထဲထည့်နေတုန်း မစ္စ စတူဘီက ကျွန်မတို့ခြံဘက်ကို လှမ်းကြည့်ပြီး မေးလိုက်ပါတယ်။
"သမီး...ဂျူလီယာနာ နေကောင်းတယ်နော်။ ကြက်ဖ ထည့်ပေးဖို့ နေရာလုပ်နေတာများလားကွဲ့"
"ကြက်ဖ ဟုတ်လား"
"ဟုတ်တယ်လေ။ ကြက်မတွေအတွက် ဥထပ်ဥဖို့ အားရှိအောင် ကြက်ဖ ထည့်ပေးရတယ်ကွဲ့"
သူပြောတာမှန်ပါတယ်။ ဘွန်နီနဲ့ ကလိုက်ဒက်တို့ဆို အရင်က ဥနေကြရဲ့ တစ်၀က်လောက်ပဲ ဥကြတော့တယ်လေ။ ဒါပေမယ့် ကြက်ဖ ထည့်ပေးရတယ်တဲ့လား။
"သမီးတို့ ကြက်ဖထည့်ထားရင် အိမ်နီးနားချင်းတွေက ပြောနေကြမှာပေါ့ မစ္စစတူဘီရဲ့။ နောက်ပြီး ကြက်ကလေးတွေပေါက်လာရင် သမီးတို့ခြံကလေးနဲ့ ဘယ်လိုလုပ် ဆန့်မှာလဲရှင်"
"အို မဟုတ်တာကွယ်။ သမီးက ဒီကြက်ကလေးခြောက်ကောင်ကို ခြံအကျယ်ကြီး ပေးထားတာကိုကမှားတာကွဲ့။ နောက်ထပ် ကြက်တွေထပ်ထည့်လည်း သမီးခြံက ဆန့်ပါသေးတယ်ကွယ်။ ဒီလိုမလုပ်ဘူးဆို သမီးရဲ့ စီးပွားရေးက ဘယ်လိုလုပ် ရှေ့ဆက်လို့ရမှာလဲ။ မကြာခင် သမီးကြက်တွေက ဆက်မဥတော့ဘဲ နေမယ်ကွဲ့"
"ဟင်...သူတို့က ဆက်မဥကြတော့ဘူးလား"
"မဥကြတော့တာတော့ မဟုတ်ပါဘူးလေ။ ဒါပေမယ့် ထင်သလောက် ဥကြမှာ မဟုတ်တော့ဘူးကွဲ့"
ကျွန်မလည်း ခေါင်းခါလိုက်ပါတယ်။
"ဒါက ကြက်မရဲ့ ကြက်ဥလေးတွေက အကောင်ပေါက်လာပြီး ကြက်ဥပြန်ဥကြရုံပါရှင်။ ကျွန်မက သူတို့ကို ကျွန်မရဲ့ စီးပွားရေးရယ်လို့ မသတ်မှတ်ထားပါဘူး"
"ဪ...အေးပါကွယ်။ အဒေါ်က သမီးအတွက် စဉ်းစားပြီးပြောရင်း စကားမှားသွားတာပါ။အဒေါ် ကြက်ဥဖိုးတွေ ဒီတစ်ပတ်ထဲ သမီးကို ရှင်းပေးမယ်နော် ဂျူလီယာနာ။ သမီးလည်း အဲ့ဒီပိုက်ဆံထဲက ကြက်ဖလေးတစ်ကောင်လောက် ၀ယ်ဖို့ စဉ်းစားကြည့်ပေါ့ကွယ်။ နယူးကုမ့် လမ်းမှာနေတဲ့ အဒေါ့်သူငယ်ချင်းဆို အဒေါ့်ရဲ့ ကြက်ဥဟင်းကို သိပ်ကြိုက်တာကွဲ့။ အဒေါ်လည်း သူ့ကို ဟင်းချက်နည်းပေးလိုက်ပေမဲ့ သူဘယ်လိုချက်ချက် အရသာက မတူဘူးတဲ့လေ" ဆိုပြီး သူက ကျွန်မကို မျက်စိမှိတ်ပြလိုက်ပါသေးတယ်။
"အဒေါ်သာ လျှို့ဝှက်ချက်က ဘာလဲဆိုတာ ပြောပြလိုက်မယ်ဆို သူက ဈေးကောင်းကောင်းပေး၀ယ်မှာ ကျိန်းသေတယ်ကွဲ့။ ဪ ဒါနဲ့ ဂျူလီယာနာရေ...သမီး အိမ်ရှေ့ခြံပြင်ထားတာ သိပ် အထင်ကြီးဖို့ကောင်းတာပဲကွယ်"
"ကျေးဇူးတင်ပါတယ် မစ္စ စတူဘီ" လို့ ကျွန်မလည်း သူ့ကို ပြန်ပြောလိုက်ပါတယ်။
"ကျေးဇူးအများကြီး တင်ပါတယ်ရှင်"
ကျွန်မလည်း ချုံပင်တွေနှုတ်ပြီးတော့ မစ္စစတူဘီပြောတဲ့စကားကို ပြန်စဉ်းစားမိပါတယ်။ ကျွန်မ တကယ်ဘဲ ကြက်ဖတစ်ကောင်လောက် ၀ယ်သင့်ပါသလား။ ကြက်ဖတစ်ကောင်လောက် ခြံထဲမှာ ရှိနေမယ်ဆို ကြက်တွေ အတော်လေး ဥတယ်လို့လည်း ကျွန်မ ကြားဖူးတယ်လေ။ ကြက်ဖသာရောက်လာမယ်ဆို ထပ်ပေါက်လာမဲ့ ကြက်ကလေးတွေအတွက် အိမ်အသစ် ထပ်လုပ်ပေးရပါဦးမယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်ရော ဒီလို အစကနေ ထပ်ပြီး လုပ်ချင်ပါ့ဦးမလား။
ဟုတ်တယ်။ ကျွန်မ ဒီကိစ္စတွေအားလုံးကို ဆက်ပြီး သည်းခံနိုင်မယ် မထင်ပါဘူး။ကျွန်မရဲ့ ကြက်ကလေးတွေ ဆက်မဥတော့ရင်လည်း ကျွန်မအတွက်တော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားမှာ မဟုတ်ပါဘူးလေ။ ကျွန်မလည်း ငန်းပြားကိုဘေးချပြီး ကြက်ကလေးတ ွေတစ်ကောင်ချင်းစီကို နမ်းပြီး အထဲ၀င်သွားပါတော့တယ်။ ကျွန်မကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချရတာဟာ သိပ်ပြီး ခံစားလို့ကောင်းပါတယ်။ ကျွန်မ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်လို့ ခံစားမိတယ်လေ။
ကျွန်မ သတိမထားမိခဲ့တဲ့တစ်ချက်ကတော့ နောက်ထပ်ရက်အနည်းငယ်အတွင်းမှာပဲ ကျောင်းက ကိစ္စတစ်ခုကြောင့် အရာရာက ပြောင်းလဲသွားတော့မယ် ဆိုတာပါပဲ။
အခန်း (၁၃)
ဘရိုက်စ်
အချစ်ရူး
ညစာ စားပြီးတဲ့နောက်ပိုင်း ဂျူလီက ကျွန်တော့်ကို ကျောင်းမှာတွေ့တော့ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။အဲ့ဒီတော့ ကျွန်တော်လည်း သူ့ကို ဘယ်လိုပြန်ဆက်ဆံရမယ်ဆိုတာ မသိတော့ဘူးလေ။ အမှန်တော့ သူ ကျွန်တော့်ကို စိတ်ဆိုးနေတာကမှ ပိုပြီး စိတ်ထဲ သက်သောင့် သက်သာရှိပါဦးမယ်။ အခုတော့ သူက ကျွန်တော့်အတွက် သူစိမ်းတစ်ယောက်လိုပဲ ထူးဆန်းနေပါတော့တယ်။
အဲ့ဒီနောက် မီးလောင်ရာလေပင့်ဆိုသလို ကျောင်းမှာ လေလံပွဲကျင်းပဖို့ ဖြစ်လာတော့တာပေါ့။ လေလံပွဲဟာ ကျောင်းရဲ့ ရန်ပုံငွေအတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုပါ။ သူတို့က ဒီလေလံပွဲမှာ ပါ၀င်ရတာဟာ ဂုဏ်ယူစရာလို့ဆိုပေမဲ့ တကယ်တမ်းတော့ ရှက်ဖို့သိပ်ကောင်းလွန်းပါတယ်။ အဓိကကတော့ လေလံပွဲအတွက် အရွေးခံရတဲ့ ယောက်ျားလေး အယောက်နှစ်ဆယ်က လူကြားထဲမှာ အရှက်ကွဲတော့မှာလေ။ အရွေးခံရတဲ့သူတွေက အိမ်ကနေ ပျော်ပွဲစားခြင်းလေးနဲ့ နေ့လည်စာ ဖွယ်ဖွယ်ရာရာလေး ထည့်လာပြီး ပရိတ်သတ်တွေကြားထဲမှာ ကိုယ်ဟန်ပြရမှာပါ။ အဲ့ဒီအခါကျရင် မိန်းကလေးတွေက သူတို့ကို လေလံပစ်ကြမှာတဲ့လေ။ ဒီနှစ်တော့ ဘယ်သူတွေကများ အဲ့ဒီအယောက် နှစ်ဆယ် စာရင်းထဲပါသွားတယ်ထင်လဲ။
အမေကတော့ သူ့သားကို လူကြားထဲမှာ ပိုက်ဆံနဲ့ဈေးဖြတ်ဖို့ ကိုယ်ဟန်ပြရတာဟာ ဘယ်လိုမှ မသင့်တော်ဘူးဆိုပြီး ပြောနေမှာပဲလို့ ကျွန်တော် ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ အမေက ကျွန်တော် အခုလို 'လေလံမောင်' အဖြစ်ရွေးချယ်ခံရတာကိုတောင် ဂုဏ်ယူနေလိုက်ပါသေးတယ်။
နောက်ပြီး မိဘဆရာအသင်း အစည်းအဝေးပွဲမှာတောင် သူတို့ကပြောလိုက်သေးတယ်လေ။
"ဒီနှစ် လေလံပွဲအတွက် ရွေးချယ်ထားတဲ့ လေလံမောင်လေးတွေ ဒီနေ့ နေ့လည်ခင်းမှာ MPR ရုံးခန်းကို လာကြရမယ်နော်။ 'လေလံမောင်' တွေ အားလုံး မပျက်မကွက် တက်ရောက်ရမယ်ကွဲ့"
မကြာခင်မှာပဲ ကျွန်တော်တို့အားလုံးလည်း နာမည်ရင်းပျောက်ပြီး ကျောင်းသားတွေ ကြားထဲမှာ 'လေလံမောင်' ရယ်လို့ တွင်လာပါတော့တယ်။
ကျွန်တော့်အမေကတော့ ကျွန်တော့်အတွက် ဘာနေ့လည်စာပြင်ပေးရမလဲဆိုပြီး အတော်လေးကို စိတ်လှုပ်ရှားနေခဲ့တာပါ။ နေ့လည်စာကောင်းကောင်းထည့်ပေးလေ လေလံကြေးများများရလေ မဟုတ်ပါလား။ ကျွန်တော်လည်း အမေ့ကို မေဖီးလ် ဂျူနီယာ အထက်တန်းကျောင်းမှာ လေလံမောင်မလုပ်ချင်ဘူးလို့ ပြောပါသေးတယ်။ နောက်ပြီး ကောင်မလေးတွေကလည်း နေ့လည်စာ ကို ကြည့်ပြီး လေလံဆွဲကြတာမဟုတ်ဘဲ သူတို့ကြိုက်တဲ့ ကောင်လေးတွေနဲ့ နေ့လည်စာအတူစားရအောင် ဈေးတွေ အပြိုင်ပစ်ကြတာ သိပ်ရှက်ဖို့ကောင်းတယ် မဟုတ်ပါလား။
"သားရယ်...နေ့လည်စာလေး အတူတူစားရတာပဲကို။ သားထင်သလောက်လည်း ဆိုးမှာ မဟုတ်ပါဘူးကွယ်။ အခုလို ရွေးခံရတာ ဂုဏ်တောင် ယူဖို့ကောင်းသေးတယ်။ သားလည်း သားကို လေလံဆွဲမဲ့ ကောင်မလေး တစ်ယောက်ယောက်နဲ့ သူငယ်ချင်းတွေ ဖြစ်သွားတော့ မကောင်းဘူးလား"
အမေ့ကိုတော့ ကျွန်တော်လည်း လက်လန်ပါတယ်လေ။
နောက်တော့ ဂဲရတ်က ရှယ်လီ စတောစ် တစ်ယောက် မစ်ခ်ျ မိုက်ကယ်ဆန် နဲ့ ပြတ်သွားတဲ့အကြောင်း ကျွန်တော့်ကို လာပြောတော့တာပေါ့။ ရှယ်လီရယ် မီရန်ဒါ ဟျူးမ်စ် ရယ်နဲ့ ဂျန်နီ အက်ကင်ဆန် တို့ သုံးယောက်က ကျွန်တော့်ကို လေလံဆွဲဖို့ ရန်တွေ ဖြစ်နေကြတယ်တဲ့လေ။
"ဟေ့ကောင်ရေ....တစ်ကျောင်းလုံးမှာ အလှဆုံးကောင်မလေးနှစ်ယောက်က မင်းကို ကြိုက်နေတာဟ။ ပြီးတော့ ရှယ်လီက မစ်ခ်ျကို ဖြတ်လိုက်တာ မင်းကြောင့်တဲ့ကွ ဘရိုက်စ်ရ။ ငါလည်း ဒီသတင်းကို ရှက်ဂရီရာဆီက ကြားခဲ့တာလေ။ မင်းလည်း သိတယ်မဟုတ်လား။ ရှက်ဂရီလာဆိုတာ ဒီကျောင်းရဲ့ ပြန်ကြားရေးလို့တောင် တင်စားထားရတဲ့သူကွ" ဆိုပြီး ဂဲရတ်က ကျွန်တော့်ကို ပြောင်စပ်စပ်နဲ့ ပြုံးပြနေပါတော့တယ်။
"ဒါပေမယ့် ငါ့အထင်တော့ ဘုတ်ဆုံမ ဂျန်နီပဲ မင်းကို လေလံနိုင်မယ်ထင်တယ်ကွ။ မင်းကတော့ ဒီနှစ်ရဲ့ 'လေလံမောင်' လေးဖြစ်ရချည်းသေးရဲ့ကွာ"
ကျွန်တော်လည်း ဂဲရတ်ကို ပါးစပ်ပိတ်ထားဖို့ပြောလိုက်တာပေါ့။ ဒါပေမယ့် သူပြောတာလည်း မှန်ပါတယ်။ ဒီအတိုင်းသာဆို ဘုတ်ဆုံမ ဂျန်နီနဲ့ ကျွန်တော် နေ့လည်စာအတူစားရနိုင်တယ်လေ။ အရပ် ခြောက်ပေ ကလန်ကလားကြီးနဲ့ ဂျန်နီတစ်ယောက် ကျွန်တော့်ကို ကျွန်တော့်နောက်ကို တကောက်ကောက် လျှောက်လိုက်နေမှာ မြင်ယောင်ပါသေးတယ်။
ဂျန်နီဟာ ဒီကျောင်းမှာ ကျွန်တော်တို့ ကစားနေကြ ဘတ်စကတ်ဘောဂိုးတိုင်ကိုတောင် မှီတဲ့ တစ်ဦးတည်းသော ကျောင်းသူပါ။ ခန္ဓာကိုယ်ကြီးကလည်း တုတ်တုတ်ခိုင်ခိုင်ရှိလှတာမို့ ကျွန်တော်တို့အားလုံး သူလာတာနဲ့ ကြောက်နေရတာပေါ့။ နောက်ပြီး သူ့ကို ကြည့်ရတာလည်း မိန်းကလေးတစ်ယောက်လို့ ကျိန်ပြောရင်တောင် ယုံရခက်တာမို့ သူ့ကိုသာ ယောက်ျားကေညှပ်ပြီး NBA ဘတ်စကတ်ဘောအသင်းထဲ ထည့်ကစားခိုင်းမယ်ဆိုရင်တောင် ဘယ်သူမှ သံသယမ၀င်မှာ သေချာပါတယ်။
ဂျန်နီ့မိဘတွေကလည်း သူ့ကိုဆို လိုလေသေး မရှိရလေအောင် ဖြည့်ဆည်းပေးနေကြလေ။ ကျောင်းထဲမှာ သတင်းတွေထွက်နေတာတော့ ဂျန်နီ့မိဘတွေက သူတို့အိမ်က ကားဂိုဒေါင်ကြီးကိုဖျက်ပြီး ဂျန်နီ့အတွက် သီးသန့် ဘတ်စကတ်ဘော ကွင်းတောင် လုပ်ပေးထားသေးတယ်ဆိုပဲ။ ဂျန်နီနဲ့ နေ့လည်စာ အတူမစားချင်ရင်တော့ မီရန်ဒါနဲ့ ရှယ်လီစတောစ်တို့ထဲ တစ်ယောက်က သူ့ထက်ပိုပြီး လေလံကြေးပေးနိုင်မှ ဖြစ်မှာပါ။ ဒါဖြင့် သူတို့ ကျွန်တော့်ကို အပြိုင်လေလံဆွဲလာအောင်ရော ဘယ်လိုလုပ်ရပါမလဲ။ ကျွန်တော်လည်း တချိန်လုံး သူတို့နှစ်ယောက် ကျွန်တော့်ကို လေလံပွဲနေ့မှာ အပြိုင်အဆိုင်လေလံဆွဲလာဖို့ အကြံထုတ်နေခဲ့ပါတော့တယ်။
ဒီလိုနဲ့ နောက်ဆုံးတော့ အကောင်းဆုံး အကြံတစ်ခုကိုရလိုက်တာပေါ့။ ကျွန်တော် သူတို့ နှစ်ယောက်လုံးကို အချိုသပ်ထားရပါမယ်။
ကျွန်တော့်အကြံကို အကောင်အထည်ဖော်တဲ့ ပထမဆုံးနေ့မှာပဲ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို လူယုတ်မာကြီးတစ်ယောက်လိုကို ခံစားလိုက်ရပါတော့တယ်။ ကျွန်တော်က သူတို့နှစ်ယောက်ကြားထဲမှာ အပိုတွေလုပ်ပြနေခဲ့တာမဟုတ်ပေမဲ့ ရုတ်တရက်ကြီး သူတို့အပေါ် သူငယ်ချင်းဆန်လာတာက သိပ်တော့ ယုံချင်စရာမကောင်းလှဘူး မဟုတ်ပါလား။ ရှယ်လီနဲ့ မီရန်ဒါကတော့ ကျွန်တော့်ကို သံသယမ၀င်ကြပေမဲ့ ဂဲရတ်ကတော့ ရိပ်မိတယ်လေ။
"ဟေ့ကောင်...ဘရိုက်စ်" ဆိုပြီး သူက ကြဿပတေးနေ့ရောက်တော့ ကျွန်တော့်ကို ပြောလာပါတော့တယ်။
"မင်း ဘာအကွက်တွေ့ ရွှေ့နေလဲဆိုတာ ငါရိပ်မိတယ်နော်"
"မင်း ဘာတွေပြောနေတာလဲ ဂဲရတ်"
"ငြင်းမနေနဲ့ သားကြီး။ မင်း သူတို့နှစ်ယောက်လုံးကို ကြံနေတာမဟုတ်လား" ဆိုပြီး သူက ကျွန်တော့်နားကပ်လို့ ပြောလိုက်ပါသေးတယ်။
"မင်းဟာမင်း 'လေလံမောင်' မို့လို့ မျက်နှာပွင့်တယ်ပြောပြော၊ ငါကတော့ လေးစားသွားပြီဟေ့"
"တော်စမ်းပါကွာ"
"တကယ်ပြောတာကွ။ ဟို ပြန်ကြားရေး ရှက်ဂရီရာ စကားအရ ရှယ်လီနဲ့ မီရန်ဒါတို့ နှစ်ယောက် ကာယအချိန်မှာ အချင်းချင်း ရန်စောင်နေကြတယ်ဆိုပဲ"
"တကယ်လားကွ။ ဒါနဲ့ ဟို ဘုတ်ဆုံမ ဂျန်နီကရော"
"သူ့ကိုတော့ ငါလည်း မသိဘူးကွ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ပဲ မင်း သိလာရတော့မှာပဲကွာ မဟုတ်ဘူးလား"
သောကြာနေ့မနက်ရောက်တော့ အမေက ပျော်ပွဲစားခြင်းကြီးကို ကားပေါ်တင်လို့ ကျွန်တော့်ကို ကျောင်းလိုက်ပို့ပေးခဲ့ပါတယ်။ 'လေလံမောင်' တွေအားလုံးက အ၀တ်အစား အပြည့်အစုံ၀တ်ကြရမယ်ဆိုတော့ ကျွန်တော်လည်း နက်တိုင်ကို ကြပ်ကြပ်စည်းပြီး ကို့ရို့ကားယားနဲ့ကို ဖြစ်နေတော့တာပေါ့။ ဖိနပ်ကလည်း ပြောင်လက်နက်မှောင်နေတဲ့ ရှူးဖိနပ်နဲ့လေ။
ကျောင်းထဲရောက်တော့ တခြားကျောင်းသားတွေကလည်း
"အိုး...ကလေးရယ်" ဆိုပြီး ဝိုင်းစကြပါသေးတယ်။ ကျွန်တော် လျှောက်လမ်းကနေ လမ်းလျှောက်သွားရင်း ခေါင်းထောင်ကြည့်လိုက်တော့ ဘုတ်ဆုံမ ဂျန်နီက ကျွန်တော့် ခြေလှမ်းသုံးလှမ်းကို သူ့ခြေထောက်ရှည်ကြီးတွေနဲ့ တစ်လှမ်းစီလှမ်းရင်း ကျွန်တော့်ကို လှမ်းပြောလိုက်တယ်လေ။
"ဝိုး...ဘရိုက်စ်...နင့်ကို ကြည့်ရတာ....အရသာရှိမဲ့ပုံပဲနော်"
ကျွန်တော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ လေလံမောင်စုဝေးရာအခန်းဆီကို ပြေးသွားပါတော့တယ်။ အခန်းထဲရောက်ပြီး ကျွန်တော့်နည်းတူ ၀တ်စားထားကြတဲ့ တခြား လေလံမောင်တွေကို တွေ့မှ ကျွန်တော်လည်း အသက်၀၀ရှူနိုင်တော့တာပေါ့။ သူတို့ကိုကြည့်ရတာတော့ လေလံမောင်ဖြစ်ရတာကို အတော်ပျော်နေကြပုံပါပဲ။ သူတို့က ကျွန်တော့်ကို မြင်တော့ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြတယ်လေ။
"ဟေး...လော့စကီ"
"ဟေး သားကြီး"
"မင်း ကြက်ဥတွေများ ထည့်လာတာလားကွ"
"ဘတ်စ်ကားစီးပြီးပဲ လိုက်လာခဲ့ရောပေါ့ကွာ"
ခဏနေတော့ ကျွန်တော်တို့ကို အခုလို လူရယ်စရာဖြစ်အောင် အားပေးတဲ့ လေလံပွဲစီစဉ်သူ မစ္စ မက်လူးဝါးက အခန်းထဲရောက်လာပါလေရော။
"အိုး....ဘုရားသခင်။ သားတို့ အားလုံး သိပ်ကြည့်ကောင်းကြတယ်ကွယ်" ဆိုပြီး ကျွန်တော်တို့အားလုံးကို ခေါင်းအစခြေအဆုံးကြည့်လို့ သူက ရေရွတ်လိုက်တယ်လေ။ သူက ကျွန်တော်တို့ သယ်လာတဲ့ ဆွဲခြင်းတောင်းထဲမှာ ဘာပါသလဲဆိုတာကို စိတ်တောင်မ၀င်စားတဲ့ပုံပါ။ ကျွန်တော် ထင်တဲ့အတိုင်းပါပဲ။ မိန်းကလေးတွေက သူတို့မျက်စိထဲ သဘောအကျဆုံး ကောင်လေးတွေကို လေလံအပြိုင်အဆိုင်ဆွဲကြတော့မှာလေ။
"စိတ်မလှုပ်ရှားကြပါနဲ့ သားတို့ရေ။ မင်းတို့ကတော့ ဒီနေ့ ပျော်စရာနေ့လေး ပိုင်ဆိုင်ရမှာပါ" ဆိုပြီး သူက နာမည်စာရင်းစာရွက်လေးကို ဆွဲထုတ်လို့ ကျွန်တော်တို့ကို တန်းစီခိုင်းလိုက်ပါတော့တယ်။ သူက ကျွန်တော်တို့ကိုရော ဆွဲခြင်းတောင်းတွေကိုပါ နံပါတ်တပ်ပေးလိုက်တယ်လေ။ ပြီးတော့ ကျွန်တော်တို့ သူပေးတဲ့ ဖောင်ထဲမှာ နေ့လည်စာ အကြောင်းနဲ့ ဝါသနာတွေအကြောင်း ဖြည့်ပေးလိုက်ရပါသေးတယ်။ အဲ့ဒီနောက် မစ္စ မက်လူးဝါးက ကျွန်တော်တို့ကို လုပ်ရမှာတွေ၊ မလုပ်ရမှာတွေ ရှင်းပြနေရင်းနဲ့ ကျွန်တော်တို့အားလုံးလည်း ပထမဆုံးအတန်းချိန်ကိုလွတ်ပြီး ဒုတိယအတန်းချိန်ထဲ ရောက်လာတော့တာပေါ့။
"ကဲ...လေလံမောင်လေးတို့ရေ...သားတို့ ရဲ့ဆွဲခြင်းတောင်းလေးတွေကို ဒီမှာပဲ ထားခဲ့ပြီး အတန်းထဲကို ပြန်...နေစမ်းပါဦး အချိန်က ဘယ်လောက်တောင် ရှိနေပြီလဲ" ဆိုပြီး မစ္စမက်လူးဝါးက လက်ကနာရီကို ကြည့်လိုက်ပါတယ်။
"ဪ...အခုမှ ဒုတိယအတန်းချိန်ပဲ ရှိသေးတာကိုး"
"ဒါနဲ့ လွတ်သွားတဲ့ အချိန်က ဆရာမကိုရော ဘာပြန်ပြောရမှာလဲဗျ" လို့ လေလံမောင်တစ်ယောက်က မေးလိုက်တယ်လေ။
"သားတို့ဆရာမဆီမှာ လေလံမောင်လုပ်မဲ့ လူစာရင်းရှိတယ်ကွဲ့။ ဒါပေမယ့် သူတို့ မေးလာရင်တော့ ဆရာမက ဒီနေ့ နက်တိုင်စည်းထားတဲ့ လူတွေကို ကျောင်းခေါ်ချိန် ဖြည့်ပေးမယ်လို့ပြောထားတယ်လို့ပဲ ပြောလိုက်ပါကွယ်။ လေလံပွဲစပြီးဆိုတာနဲ့ သားတို့က ဆရာမကို ဒီနေရာမှာ ပြန်လာတွေ့ရမယ်နော် ကြားလား။ သိပ်အချိန်ဆွဲမနေနဲ့"
ဒီလိုနဲ့ လေလံမောင် အယောက် နှစ်ဆယ်လည်း ပွစိပွစိပြောပြီး ခေါင်းငြိတ်လို့ အတန်းဆီ အသီးသီး ပြန်သွားကြပါတော့တယ်။ သေချာတာကတော့ အဲ့ဒီ လေလံမောင် အယောက်နှစ်ဆယ်လုံး မနက်ပိုင်းအတန်းချိန်တွေမှာ အာရုံမစိုက်နိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။ တစ်တန်းလုံးက ဝိုင်းကြည့်ပြီး မထိခလုတ် ထိခလုတ် ပြောနေကြတဲ့အထဲမှာ ဘယ်သူက စာထဲ အာရုံစိုက်နိုင်ပါ့မလဲလေ။ ကျွန်တော်ကတော့ ဒီလို ခပ်ကြောင်ကြောင် ရိုးရာလုပ်ခဲ့တဲ့ လူကိုပဲ ဆွဲခြင်းထဲထည့်ပြီး ရေထဲမျှောချပစ်လိုက်ချင်ပါတော့တယ်။
*****
ကျွန်တော့်ရဲ့ လေလံမောင်စာရင်း နံပါတ်က (၉)တဲ့လေ။ ဒါဆို ကျွန်တော်ကတော့ အလှည့်ကျဖို့အတွက် စင်ပေါ်မှာ လေလံမောင်တစ်၀က်လောက် ရောင်းကုန်သွားတဲ့ အထိ မိုးတိုးမတ်တပ် ရပ်နေရဦးမှာပေါ့။ လေလံဈေးအနည်းဆုံးကတော့ ဆယ်ဒေါ်လာပါ။ တကယ်လို့ ဘယ်သူမှ လေလံမောင်တွေကို ဈေးပေးမဲ့သူမရှိဘူးဆိုရင်တော့ ဆရာမတွေက ၀င်ပြီး ဈေးပေးကြဖို့လည်း တိုင်ပင်ထားကြပါသေးတယ်။ ကိုယ့်အလှည့်မှ ဘယ်သူမှ မ၀ယ်ဘဲ ဆရာမတွေဆီက ဈေးပေးတာ ခံရမယ်ဆိုရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့ဗျာ။
တချို့ကျောင်းသားအမေတွေကလည်း တစ်ကိုယ်ရေသုံး ကင်မရာလေးနဲ့ချိန်လို့ ပရိတ်သတ်တွေကြားထဲကနေ လေလံမောင် အယောက်နှစ်ဆယ်ထဲက သူတို့ သားတွေကို လက်ပြနေကြပါသေးတယ်။ သူတို့ကို ကြည့်ရတာ ကျွန်တော်တို့ အယောက်နှစ်ဆယ်လို ထူးမခြားနား ရူးနေကြတဲ့အတိုင်းပဲလေ။ ကျွန်တော် ထင်မထားတာက ကျွန်တော့်အမေ ကိုယ်တိုင်ကပါ ဒီလေလံပွဲကိုကြည့်ဖို့ အလုပ်ကနေ တစ်နာရီစာ ခွင့်ယူထားတယ်ဆိုတာပါပဲ။
တင်မ် ပယ်လိုကတော့ လေလံမောင် နံပါတ် (၅) ပါ။ သူ့အလှည့်ရောက်တော့ သူ့အမေကတောင် သူ့ကို လေလံပြန်ဆွဲလိုက်ပါသေးတယ်။ တကယ့်ကို ရှက်ဖို့ကောင်းလွန်းတာပါ။ သူ့အမေက ပရိတ်သတ်တွေထဲကနေ မတ်တပ်ရပ်လို့
"ဒေါ်လာ နှစ်ဆယ်။ ကျွန်မ ဒေါ်လာနှစ်ဆယ် ပေးပါမယ်ရှင်" ဆိုပြီးတော့ကို ထပြောတာလေ။ တင်မ့်ဘ၀ကတော့ မတွေးဝံ့စရာပါ။ ကံကောင်းချင်တော့ ကယ်လီထရော့က သူ့အတွက် နှစ်ဆယ့်နှစ်ဒေါ်လာ၊ ငါးဆယ် ဆင့်နဲ့ လေလံဈေးပေးလိုက်လို့တော်ပါသေးတယ်။ အနည်းဆုံးတော့ တင်မ်လည်း မေမေ့ချစ်သားလေးဆိုတဲ့ နာမည်ပြောင် ကြီးရန်က လွတ်သွားတော့တာပေါ့။
ပြီးတော့ ကေးလပ်ဘ် ဟျူးစ်အလှည့်ရောက်တော့ ဆယ့်တစ်ဒေါ်လာ ငါးဆယ်ဆင့်နဲ့ ရောင်းထွက်သွားပြန်ပါတယ်။ သူ့နောက်က ချက်ဒ် အော်မွန်း ဆိုရင် မစ္စ မက်လူဝါး သူ့နာမည်ကို ခေါ်လိုက်တဲ့ အသံကိုကြားကတည်းက သေးပေါက်ချမတတ်ကို စိတ်လှုပ်ရှားနေခဲ့တာပေါ့။ မစ္စ မက်လူးဝါးက သူ့ရဲ့ ပါးလေးကို ချစ်စနိုးနဲ့ လိမ်ဆွဲလို့ သူ့ရဲ့ နေ့လည်စာခြင်းလေးအကြောင်း ကြေငြာအပြီးမှာတော့ ဆယ့်တစ်ဒေါ်လာနဲ့ ရောင်းထွက်သွားပါတော့တယ်။
ဒီလိုနဲ့ ဂျွန် ထရူးလော့ခ် အလှည့်ရောက်လာပါတော့တယ်။ ပြီးရင်တော့ ကျွန်တော့်အလှည့်ရောက်ပါပြီ။ ကျွန်တော်လည်း ဂျွန် ထရူးလော့ခ်ရဲ့ ဝါသနာတွေ၊ နေ့လည်စာအတွက် ဘာယူလာတယ်ဆိုတာတွေကို နားထောင်မနေနိုင်တော့ဘဲ ပရိတ်သတ်ထဲမှာ ဘုတ်ဆုံမ ဂျန်နီများရှိနေသလားဆိုတာကိုသာ ဇောချွေးပြန်လို့ ရှာနေမိတယ်လေ။
မစ္စ မက်လူးဝါးက မိုက်ကရိုဖုန်းနားကပ်လို့ ပရိတ်သတ်တွေဆီ လှမ်းမေးလိုက်ပါတယ်။
"ဆယ်ဒေါ်လာပေးမဲ့သူ ရှိပါသလားကွယ်"
နောက်ထပ် တစ်မိနစ်သာကြာသွားပါတယ်။ ပရိတ်သတ်တွေထဲက ဘာသံမှကို မကြားလိုက်ပါဘူး။
"ကဲပါ....စိတ်ကူးမမှားနဲ့နော်။ ဂျွန် ထရူးလော့ခ်ရဲ့ နေ့လည်စာ စတော်လယ်ရီမုန့်က...." ဆိုပြီးတော့ မစ္စမက်လူးဝါးလည်း သူ့လက်ထဲက စာရွက်ထဲကို ကြည့်လို့ ပရိတ်သတ်ကို နောက်တစ်ခေါက် ဖတ်ပြနေပါတော့တယ်။
ဒါက မေမေ့ချစ်သားလေးလို့ ခေါင်းစဉ်တပ်ခံရတာထက် ပိုဆိုးပါတယ်။ ဘယ်သူမှ လေလံဈေးမပေးကြတာထက်စာရင် ဘုတ်ဆုံမ ဂျန်နီနဲ့အတူ နေ့လည်စာ စားရတာက ပိုကောင်းပါသေးတယ်လေ။ ဂျွန် ထရူးလော့ခ်နဲ့ ဘယ်သူကမှ နေ့လည်စာမစားချင်ဘူးဆိုရင် ဘယ်သူကများ သူ့ကို လေလံမောင် ဖြစ်လာဖို့ မဲပေးလိုက်ပါလိမ့်နော်။
ခဏနေတော့ ပရိတ်သတ်ထဲက အသံတစ်ခုကြားလိုက်ရတာပေါ့။
"ဆယ်ဒေါ်လာ ပေးပါမယ်"
"ဆယ်ဒေါ်လာ ဟုတ်လား။ ဆယ်ဒေါ်လာလို့ ကြားလိုက်ရပါသလားကွယ်" ဆိုပြီး အဲ့ဒီတော့မှပဲ မစ္စ မက်လူးဝါးလည်း ပြုံးနိုင်ပါတော့တယ်။
"ဆယ့်နှစ်ဒေါ်လာ ပေးပါမယ်"
နောက်ထပ် တစ်သံထပ်ထွက်လာတယ်လေ။ အဲ့ဒီတော့ ပထမ အသံရှင်က ထပ်ပြောလိုက်ပါသေးတယ်။
"ဆယ့်ငါးဒေါ်လာ ပေးပါ့မယ်ရှင်"
ဒီတစ်ခါတော့ ကျွန်တော်လည်း အသံပိုင်ရှင်ကို မှတ်မိသွားပါတယ်။ ဒီအသံက ဂျူလီ ဘိတ်ကာပဲ ဖြစ်ရပါမယ်။ ကျွန်တော် ပရိတ်သတ်တွေကြားထဲမှာ သူ့ကို ရှာကြည့်လိုက်တော့ ဂျူလီက ပရိတ်သတ်လယ်ခေါင်မှာ လက်မြှောက်လို့ လေလံပေးနေတာကို တွေ့လိုက်ရတာပေါ့။
"ဆယ့်ခြောက်ဒေါ်လာ ပေးပါမယ်" လို့ နောက်ထပ် တစ်သံထွက်ပါသေးတယ်။ ခဏလောက်တော့ ငြိမ်သွားတာပေါ့။ ဒါပေမယ့် ဂျူလီက ဆက်ပြီး လေလံပစ်လိုက်တယ်လေ။
"ဆယ့်ရှစ်ဒေါ်လာ ပေးပါမယ်ရှင်"
"ဟုတ်ပါပြီ။ ဆယ့်ရှစ်ဒေါ်လာအထိ ရနေပါပြီ" ဆိုပြီး မစ္စမက်လူးဝါးလည်း 'တော်သေးတာပေါ့' ဆိုတဲ့ အကြည့်နဲ့ ကြေငြာလိုက်ပါတယ်။
"ဆယ့်ရှစ်ဒေါ်လာ တစ်ကြိမ်....ဆယ့်ရှစ်ဒေါ်လာ နှစ်ကြိမ်...ဆယ့်ရှစ်ဒေါ်လာ သုံးကြိမ်။ ကဲ...ဂျွန် ထရူးလော့ခ်ရဲ့ နေ့လည်စာကို ဆယ့်ရှစ်ဒေါ်လာနဲ့ ရောင်းလိုက်ပါပြီကွယ်"
ဂျူလီက လေလံပွဲမှာ ဈေးပေးနေတယ် ဟုတ်လား။ ကျွန်တော်ဖြင့် သူက ဘယ်သူ့ရဲ့ နေ့လည်စာကိုမှ လေလံဆွဲလိမ့်မယ်လို့ မထင်ထားတာ အမှန်ပါ။
ဂျွန်က နေရာဖယ်ပေးလိုက်တော့ ကျွန်တော့်အလှည့်ရောက်လာတာပေါ့။ ဒါပေမယ့် ကျွန်တော့် ခြေထောက်တွေ လှုပ်လို့မရခဲ့ဘူးလေ။ ကျွန်တော့် ဗိုက်ထဲမှာ အမျိုးအမည် မသိတဲ့ ဝေဒနာတစ်မျိုးကို ခံစားလိုက်ရပါတယ်။ ဂျူလီက ဂျွန့်ကိုများ ချစ်နေတာ များလား။ ဒါကြောင့်များ သူက အခုတလော ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာများလား။ သူ ကျွန်တော်နဲ့ ပတ်သက်ပြီး စိတ်မ၀င်စားတော့ဘူးထင်ပါတယ်။ ကျွန်တော့် တစ်ဘ၀လုံး ဂျူလီ့ကို ရှောင်နေခဲ့ရပြီးတော့မှ....အခုကျတော့....အခုကျတော့ ဂျူလီက ကျွန်တော့်ကို လုံး၀ ဂရုမစိုက်သလို နေနိုင်ခဲ့ပါပြီလေ။
"ဘရိုက်စ်...သား....လာလေ။ မရှက်ပါနဲ့ကွယ်" လို့ မစ္စ မက်လူးဝါးကလည်း ခေါ်နေသလို ကျွန်တော့်နောက်က မိုက်ခ် အက်ဘနီဒိုကလည်း တွန်းလိုက်တော့မှပဲ ကျွန်တော်လည်း သတိရပါတော့တယ်။
"ကဲ...မင်းအတွက် အရှက်ခွဲခံရဖို့ အလှည့်ရောက်ပြီကွ။ မြန်မြန်သွားလေ"
ကျွန်တော်လည်း ပျဉ်ပြားချပ်ပေါ်မှာ လမ်းလျှောက်နေရသလိုကို ခံစားနေရပါတယ်။ မစ္စ မက်လူးဝါးက ကျွန်တော့် ဝါသနာတွေနဲ့ နေ့လည်စာအကြောင်း ဖတ်ပြတာကို ချွေးပြန်ပြန်နဲ့ နားထောင်နေတုန်း ရှယ်လီက ပြီးအောင်တောင် မစောင့်ပဲ လေလံစပစ်ပါတော့တယ်။
"ဆယ်ဒေါ်လာ ပေးပါတယ်ရှင်"
"ဘာပြောလိုက်တာလဲကွဲ့" လို့ မစ္စမက်လူးဝါးက ပြန်မေးလိုက်တာပေါ့။
"ဆယ်ဒေါ်လာ ပေးမယ်လို့ ပြောတာပါရှင်"
"အိုး..." ဆိုပြီး သူက ရယ်လို့ လက်ထဲက ကတ်ကို ချလိုက်ပါတော့တယ်။
"ကောင်းပြီလေ...ဆယ်ဒေါ်လာရပါပြီရှင်"
"ဒေါ်လာ နှစ်ဆယ် ပေးပါတယ်ရှင်" လို့ မီရန်ဒါက လှမ်းအော်လိုက်တော့ ရှယ်လီက ချက်ချင်း ဈေးမြှင့်လိုက်တယ်လေ။
"နှစ်ဆယ့်ငါး ဒေါ်လာ ပေးပါတယ်ရှင်"
ဒီလိုနဲ့ မီရန်ဒါနဲ့ ရှယ်လီတို့ ငါးဒေါ်လာဆီ မြှင့်ပြီး ဈေးဆက်ခေါ်နေတုန်း ကျွန်တော်လည်း ဘုတ်ဆုံမ ဂျန်နီတစ်ယောက် အိန်ပြန်သွားပါစေလို့ပဲ ဆုတောင်းရင်းက သူ့အရိပ်အယောင်ကို လည်တဆန့်ဆန့်နဲ့ လိုက်ရှာကြည့်နေမိပါတော့တယ်။
"ဒေါ်လာ သုံးဆယ် ပေးပါတယ်ရှင်"
"သုံးဆယ့်ငါး ဒေါ်လာပါရှင်"
"ဒေါ်လာ လေးဆယ်ပါရှင်"
ကျွန်တော် ဂျန်နီ့ကို ရှာရင်း ရှာရင်းနဲ့ နောက်ဆုံးတော့ သူက မီရန်ဒါ့အနောက် ပေနှစ်ဆယ်အကွာလောက်မှာ လက်သည်းကို သွားနဲ့ကိုက်ပြီး ထိုင်နေတာကို တွေ့လိုက်ရပါတယ်။
"လေးဆယ့်ငါး ဒေါ်လာပါရှင်"
"ဒေါ်လာ ငါးဆယ်ပါရှင်"
"ငါးဆယ့် နှစ်ဒေါ်လာပါရှင်"
"ငါးဆယ့်နှစ် ဒေါ်လာဟုတ်လား" လို့ မစ္စ မက်လူးဝါးက ရေရွတ်လိုက်တယ်လေ။
"ဒီလေလံပွဲက ပိုပြီး စိတ်၀င်စားစရာ ကောင်းလာပါပြီကွယ်။ နောက်ပြီး ဘရိုက်စ် လော့စကီရဲ့ နေ့လည်စာခြင်းတောင်းလေးကလည်း မြင်ရုံနဲ့ကို ....."
"ဒေါ်လာ ခြောက်ဆယ် ပေးပါတယ်ရှင်" ဆိုပြီး သူ့စကားမဆုံးခင် ရှယ်လီက ဈေးထပ်အော်လိုက်ပါတော့တယ်။ မီရန်ဒါလည်း သူ့ ဘေးက သူငယ်ချင်းဆီကနေ ပိုက်ဆံကို လက်ဝါးဖြန့်ပြီးတောင်းနေတုန်း မစ္စ မက်လူးဝါးက ဈေးထပ်ခေါ်နေတော့တာပေါ့။
"ဒေါ်လာ ခြောက်ဆယ် တစ်ကြိမ်..."
အဲ့ဒီအချိန်မှာပဲ ကျွန်တော့်အိပ်မက်ဆိုးကြီးက ဖြစ်လာပါတော့တယ်။ ဂျန်နီက ရုတ်တရက် မတ်တပ်ထရပ်ပြီး
"ဒေါ်လာ တစ်ရာပေးပါတယ်ရှင်" လို့ ထပြောလိုက်တယ်လေ။ ဒေါ်လာတစ်ရာတဲ့လား။ ကျောင်းသားအားလုံးလည်း တအံ့တဩနဲ့ ဂျန့်နီ့ကို လှည့်ကြည့်လိုက်ကြပါတယ်။
မစ္စမက်လူးဝါးကတော့ ရယ်လျက်ပါ။
"ကဲ...ဒေါ်လာ တစ်ရာတောင် ရနေပြီနော်။ ကျွန်မတို့ အတွက် ပထမဆုံးသော စံချိန်တင် ဈေးနှုန်းပါပဲရှင်"
ကျွန်တော်ကတော့ သူ့ကို အခုချက်ချင်းပဲ စင်ပေါ်ကနေ တွန်းချပစ်လိုက်ချင်ပါတော့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း စင်ပေါ်ကနေ ထွက်ပြေးသွားလိုက်ချင်တာပါပဲ။ ပရိတ်သတ်တွေကလည်း ဆူညံပွက်လောရိုက်နေကြတာပေါ့။ ရုတ်တရက်ဆိုသလိုပဲ ရှယ်လီနဲ့ မီရန်ဒါက လက်ချင်းတွဲကာ မတ်တပ်ထရပ်ပြီး အော်လိုက်ကြပါတော့တယ်။
"တစ်ရာနှစ်ဆယ့်နှစ် ဒေါ်လာနဲ့ ငါးဆယ်ဆင့် ပေးပါတယ်ရှင်"
"တစ်ရာ နှစ်ဆယ့်နှစ်ဒေါ်လာနဲ့ ငါးဆယ်ဆင့်ဟုတ်လား။ သမီးတို့ နှစ်ယောက်က ဘရိုက်စ်ရဲ့ နေ့လည်စာခြင်းအတွက် အတူတူ ပူးပေါင်းလိုက်ကြတာလား" ဆိုပြီး မစ္စ မက်လူးဝါးက ပြုံးစေ့စေ့နဲ့ ပြန်မေးလိုက်ပါတယ်။
"ဟုတ်ပါတယ်ရှင်"
အဲ့ဒီတော့ အားလုံးရဲ့ အကြည့်က ဂျန်နီ့ဆီ ရောင်သွားတော့တာပေါ့။ ဂျန်နီကတော့ ဘာမှဆက်မပြောတော့ဘဲ နေရာမှာ ပြန်ထိုင်လို့ လက်သည်းကို ဆက်ကိုက်နေပါတော့တယ်။
"ဒါဖြင့်... တစ်ရာနှစ်ဆယ့်နှစ်ဒေါ်လာနဲ့ ငါးဆယ်ဆင့် တစ်ကြိမ်...
တစ်ရာနှစ်ဆယ့်နှစ်ဒေါ်လာနဲ့ ငါးဆယ်ဆင့် နှစ်ကြိမ်...
တစ်ရာနှစ်ဆယ့်နှစ်ဒေါ်လာနဲ့ ငါးဆယ်ဆင့် သုံးကြိမ်။
ကဲ....လေလံပွဲရဲ့ စံချိန်တင်ဈေးနှုန်းနဲ့ ဘရိုက်စ်လော့စကီရဲ့ နေ့လည်စာခြင်းလေးကို ရောင်းချလိုက်ပါတယ်ရှင်"
"မင်းကတော့ ကောင်းလိုက်တာကွာ..." ဆိုပြီး ကျွန်တော့်နောက်က တစ်ယောက်က တီးတိုးလေးကပ်ပြောလိုက်ပါတယ်။
"ရှယ်လီနဲ့ မီရန်ဒါ နှစ်ယောက်လုံးနဲ့ နေ့လည်စာ စားရမှာတဲ့လား။ မင်းကို ငါတို့ လိုက်တောင်မှီပါတော့မလားကွာ"
တကယ်လည်း သူ ကျွန်တော့်လေလံဈေးနားကိုတောင် မမှီခဲ့ပါဘူး။ သူ့ကို တယ်ရီ နောရစ်ဆိုတဲ့ကောင်မလေးက ဆယ့်ခြောက်ဒေါ်လာနဲ့ လေလံဆွဲခဲ့တယ်လေ။ နောက်ပြီး ကျန်တဲ့လေလံမောင်တွေအားလုံးလည်း ဒေါ်လာ လေးဆယ် ၀န်းကျင်ဈေးတွေနဲ့ချည်းပဲ ဈေးဦးပေါက်သွားကြပါတော့တယ်။ လေလံပွဲကြီးပြီးသွားတော့ တခြား လေလံမောင်တွေက ကျွန်တော့်နားကပ်ပြီး
"မင်းကတော့ စံပဲ ဘရိုက်စ်ရေ" လို့ တီးတိုးစကားနဲ့ ချီကျူးသွားကြပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်တော့ စံပြလို့ မခံစားခဲ့ရတာ အမှန်ပါပဲ။
လေလံပွဲပြီးတော့ အမေက ကျွန်တော့်ဆီလျှောက်လာပြီး ကျွန်တော်က ရွှေတံဆိပ်ဆုရတဲ့သူအတိုင်းကို ဂုဏ်ယူ၀င့်ကြွားစွာနဲ့ ဖက်နမ်းလိုက်ပါတော့တယ်။
"ဒါမှ အမေ့သား" လို့ပြောပြီး အမေလည်း ဒေါက်ဖိနပ်လေးကို တဒေါက်ဒေါက်မြည်အောင် လျှောက်လို့ အလုပ်ကို ခပ်သုတ်သုတ်နဲ့ ပြန်သွားတော့တာပေါ့။
ကျွန်တော်ကတော့ စိတ်ညစ်ပြီး ကျန်ခဲ့တာပါပဲ။ နောက်တော့ ရှယ်လီနဲ့ မီရန်ဒါတို့က သူတ်ို့ လေခံအောင်ထားတဲ့ ကျွန်တော့်ကို နေ့လည်စာ အတူစားဖို့ ဟောခန်းကျယ်ကြီးထဲ ဆွဲခေါ်သွားခဲ့ကြပါတော့တယ်။
မစ္စ မက်လူးဝါးက လေလံမောင်တွေနဲ့ အတူ နေ့လည်စာစားဖို့ ဟောခန်းကျယ်ကြီးထဲက စားပွဲခုံလေးတွေကို အရောင်စုံခြယ်ထားတဲ့ ပိုစတာတွေ၊ ပူဖောင်းတွေ နဲ့ကို ပြင်ဆင်ထားတာပေါ့။ ၀တ်စုံပြည့်၀တ်ပြီး ဆွဲခြင်းတောင်းဆွဲနေရတဲ့ ကျွန်တော်ကတော့ အီစတာ ယုန် ရုပ်ကိုပေါက်နေပါတော့တယ်။ ရှယ်လီနဲ့ မီရန်ဒါတို့ကလည်း ကျွန်တော့်လက်မောင်းကို တစ်ယောက်တစ်ဖက်ဆွဲပြီး လိုက်လာခဲ့ကြပါတယ်။
ကျွန်တော်တို့က သုံးယောက်ဆိုတော့ ဟောခန်းထဲမှာ အကျယ်ဆုံးနေရာကို ရလိုက်ကြတာပေါ့။
"ကဲ....သားတို့...သမီးတို့ရေ...မင်းတို့အတွက်တော့ နေ့လည်ပိုင်းအတန်းတွေ မတက်လည်း ရတယ်ဆိုတဲ့ သတင်းကောင်းလေးပြောချင်ပါတယ်ကွယ်။အဲ့ဒီတော့ နေ့လည်စာကို အရသာရှိရှိသုံးဆောင်ပြီး သူငယ်ချင်း မိတ်ဆွေ အသစ်တွေလည်း ရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွယ်။ နောက်ပြီး အခုလို လေလံပွဲမှာ ပါ၀င်ပြီး ကျောင်းရန်ပုံငွေကို ကူညီပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ကလေးတို့ရယ်" လို့ပြောပြီး မစ္စ မက်လူးဝါးက အခန်းထဲကနေ ထွက်သွားပါတော့တယ်။ ကျွန်တော်က ကျောင်းထဲမှာ နာမည်အကြီးဆုံးမိန်းကလေးနှစ်ယောက်နဲ့ တွဲထိုင်နေခဲ့ရတာပေါ့။ တခြားလေလံမောင်တွေအတွက် ကျွန်တော်က စံတင်ရလောက်တဲ့သူဆိုပေမဲ့ ကျွန်တော် မပျော်မိပါဘူးလေ။
ရှယ်လီရော မီရန်ဒါကပါ ချောမောလှပတဲ့သူတွေဖြစ်ကြပေမဲ့ ဘုတ်ဆုံမ ဂျန်နီ့အကြောင်း အတင်းပြောတဲ့ သူတို့စကားတွေကတော့ အင်မတန့်ကို အရုပ်ဆိုးလှပါတယ်။
"အဲ့ဒီ ဘုတ်ဆုံမ ဂျန်နီက သိပ်ရဲတင်းတာပဲနော်။ မသိရင် နင်ကပဲ သူနဲ့အတူ နေ့လည်စာစားချင်မှာကြနေတာပဲ....ဟုတ်တယ် မဟုတ်လား ဘရိုက်စ်" လို့ မီရန်ဒါက ပြောလိုက်တာပေါ့။ သူပြောတာလည်း အမှားကြီးတော့ မဟုတ်ပါဘူးလေ။ ဒါပေမယ့် ဘယ်လိုပဲပြောပြော လူတစ်ယောက်ကိုတော့ အခုလောက်ထိ ချိုးနှိမ်ပြီးပြောတာ မဖြစ်သင့်ဘူး မဟုတ်ပါလား။
"ငါတို့ တခြားအကြောင်းပြောလို့ရမလား" ဆိုပြီးတော့သာ ကျွန်တော် စကားလွှဲလိုက်ပါတော့တယ်။
"ကောင်းပြီလေ...နင် ဘာအကြောင်းပြောချင်လဲ ဘရိုက်စ်"
"မသိဘူးလေ။ ဘာပဲဖြစ်ဖြစ်ပေါ့။ နင်တို့ လာမဲ့ နွေရာသီ ခရီးထွက်ကြမှာလား"
အဲ့ဒီတော့ မီရန်ဒါက စပြီး ကြွားလုံးထုတ်တော့တာပေါ့။
"အင်း ဟုတ်တယ်။ ငါတို့က နွေရာသီရောက်ရင် မက္ကဆီကန်ကမ်းခြေဘက် အပျော်စီးသင်္ဘောနဲ့ အပန်းဖြေခရီးထွက်မှာလေ။ အဲ့ဒီကို သွားတဲ့လမ်းတလျှောက်မှာရှိတဲ့ ကမ်းခြေတွေက ဆိုင်တွေမှာလည်း ပစ္စည်းကောင်းလေးတွေ ၀င်၀ယ်ဦးမှာပေါ့ဟာ" ဆိုပြီး သူက ကျွန်တော့်ကို ရွှန်းရွှန်းစားစား ကြည့်လိုက်ပါတယ်။
"နောက်ပြီး ငါပြန်လာရင်လည်း နင့်အတွက် အမှတ်တရ လက်ဆောင်၀ယ်လာခဲ့ဦးမှာဟ သိလား"
ရှယ်လီကလည်း စကားမပြောခင် သူ့ဆံပင်ကို သပ်လိုက်ပါသေးတယ်။
"ငါတို့ကတော့ ရေကန်ကြီးဆီ သွားကြမှာဟ။ အဲ့ဒီမှာ ငါ့အဖေရဲ့ ကိုယ်ပိုင် အပန်းဖြေအိမ်လေးရှိတယ်လေ။ နောက်ပြီး အဲ့ဒီကိုသွားရင် အသားညိုညိုလေးလည်း ဖြစ်လာဦးမှာဟ သိလား ဘရိုက်စ်။ ဒီနှစ်ကျောင်းဖွင့်ဖွင့်ချင်းတုန်းက ငါ့အသားလေးတွေ ညိုနေတာ နင်မှတ်မိသေးတယ် မဟုတ်လား။ အဲ့ဒီလိုဖြစ်အောင် ဒီနှစ် ငါက ထပ်လုပ်ဦးမလို့လေ။ ဒီတခါတော့ ငါက တကိုယ်လုံးကို ညိုပြာညက်သွားအောင် နေလောင်ခံလိုက်မှာဟ" လို့ဆိုပြီး ရှယ်လီက သူ့စကားသူ သဘောကျလို့ တခစ်ခစ်နဲ့ ရယ်လိုက်တာပေါ့။
"ငါ့အမေကိုတော့ နင်သွားမပြောနဲ့ဦးနော်။ တော်ကြာ သူသိသွားရင် လန့်နေဦးမယ်"
အဲ့ဒီမှာပဲ ရှယ်လီနဲ့ မီရန်ဒါတို့ တစ်ယောက်တစ်ခွန်း ထပြောကြတော့တာပါပဲ။ မီရန်ဒါက သူဟာ ကျောင်းစဖွင့်တုန်းက ရှယ်လီ့အသားညိုတယ်ဆိုတာကို သတိတောင် မထားမိကြောင်း၊ နွေရာသီမှာ အပျော်စီးသင်္ဘောစီးတာကသာ အကောင်းဆုံးဖြစ်ကြောင်း ပြောပြီး ခနဲ့တော့တာပေါ့။ ရှယ်လီကလည်း မီရန်ဒါ့မှာ မှဲ့ခြောက်တွေပေါက်နေတာမြင်တော့ မှဲ့ခြောက်ရှိတဲ့ သူတွေအတွက် နေလောင်ပြီး အသားညိုဖို့ဆိုတာမဖြစ်နိုင်ကြောင်း၊ နောက်ပြီး အပျော်စီးသင်္ဘောဟာ ပိုက်ဆံဖြုန်းတာ သက်သက်ပဲဖြစ်ကြောင်း ပြန်ပက်တယ်လေ။ ကျွန်တော်လည်း သူတို့ပြောနေတာကို လျစ်လျုရှူပြီး နေ့လည်စာကို မျိုကျအောင် မျိုချလို့ ဘေးဘီကို လိုက်ကြည့်နေမိပါတော့တယ်။
အဲ့ဒီတော့ စားပွဲခုံ နှစ်လုံးလောက်အကွာမှာ ကျွန်တော့်ဘက်က်ို မျက်နှာမူလို့ ထိုင်နေတဲ့ ဂျူလီ့ကို ကျွန်တော် တွေ့လိုက်ရပါတော့တယ်။ သူကတော့ ကျွန်တော့်ကို ကြည့်မနေဘူးလေ။ ဂျူလီက တောက်ပတဲ့ မျက်လုံးတွေနဲ့ ပြုံးလို့ရယ်လို့ ဂျွန့်ကို ကြည့်နေခဲ့ပါတယ်။ ကျွန်တော် တမျိုးကြီး ခံစားလိုက်ရတာ အမှန်ပါပဲ။ သူဘာတွေများပြောပြီး ရယ်နေတာပါလိမ့်။ သူတို့ ဘာအကြောင်းတွေများ ပြောနေတာပါလိမ့်။ သူကရော အခုလို...အခုလို ထိုင်နေရုံလေးနဲ့ ဘာလို့ ဒီလောက် လှနေရတာပါလိမ့်နော်။
ကျွန်တော်လည်း သူတို့ဘက်ခြမ်းကို ငေးမောပြီး စိတ်တွေ ပျံ့လွင့်နေခဲ့ပါတော့တယ်။ ဒါက သိပ်ထူးဆန်းတယ်လေ။ ကျွန်တော့်ခန္ဓာကိုယ်ကိုတောင် မခံစားမိတော့ဘဲ ပျံ့လွင့်နေသလို ခံစားခဲ့ရပါတယ်။ ဂျွန်က ကျွန်တော်နဲ့ ဘာရန်ငြှိုးရန်စမှ ရှ်ိတဲ့သူမဟုတ်ပေမဲ့ အခု လောလောဆယ် ခံစားချက်အတိုင်းသာဆို ကျွန်တော်ဖြင့် သူ့ကို အခန်းထောင့်ကို ဆွဲပြီး လွှင့်ပစ်ချင်လိုက်မိတော့တာပါပဲ။
ရှယ်လီက ကျွန်တော့် လက်မောင်းကို ဆွဲလိုက်တယ်လေ။
"ဘရိုက်စ်...နင် ဘာဖြစ်နေတာလဲ။ နင့်ကိုကြည့်ရတာ စိတ်နဲ့ ကိုယ်နဲ့ ကပ်မနေ သလိုပဲနော်"
"ဟင်..." ဆိုပြီး ကျွန်တော်လည်း အသိစိတ်ပြန်၀င်သွားပါတော့တယ်။
"နင် ဘာတွေကြည့်နေတာလဲ" လို့ မီရန်ဒါက ထပ်မေးလိုက်တယ်လေ။ သူတို့နှစ်ယောက်က ကျွန်တော် ဘာကြည့်နေသလဲ သိရအောင် ဘေးဘီကိုတောင် ကြည့်လိုက်ကြပါသေးတယ်။
ဒါပေမယ့် မကြာခင်မှာပဲ ကျွန်တော် ဂျူလီ့ဘက်ကို ပြန်ကြည့်နေမိတယ်လေ။ ကျွန်တော့်စိတ်ထဲမှာလည်း အဘိုးပြောဖူးတဲ့ စကားတွေက ပဲ့တင့်သံထပ်နေတော့တာပေါ့။
"အခုနေ မင်းလုပ်လိုက်တဲ့ အရာတွေ အားလုံးက တစ်နေ့မှာ မင်းရဲ့ ဘ၀ကို ပြန်ပြီး သက်ရောက်လာမှာပဲ ဘရိုက်စ်ရ။ အဲ့ဒီတော့ မင်း မှန်ရာကိုပဲ ရွေးလုပ်ပါကွာ....."
မှန်ရာကိုပဲ ရွေးလုပ်ရမယ်ဟုတ်လား။ ကျွန်တော် အဘိုးရဲ့စကားကို တွေးနေတုန်းမှာပဲ မီရန်ဒါက ကျွန်တော့်လက်မောင်းကို ဆွဲပြီး မေးလိုက်ပါတယ်။
"ဘရိုက်စ်... နင် ငါပြောတာ ကြားရော ကြားသေးရဲ့လား။ နင်ရော ဒီနှစ်နွေရာသီ ဘာလုပ်မှာလဲလို့..."
"ငါ...ငါလည်း မသိသေးပါဘူး" လို့ပဲ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။
"ဟယ်...ဒါဆို နင် ငါနဲ့အတူ ရေကန်ဆီ လိုက်လည်ပါလား ဘရိုက်စ်" ဆိုပြီး ရှယ်လီက ပြောလိုက်ပါသေးတယ်။ သူတို့စကားနားထောင်နေရတာ ကျွန်တော့်အတွက်တော့ နားဒုက္ခခံနေရ သလိုပါပဲ။ ကျွန်တော် သူတို့ နှစ်ယောက်ကို ပါးစပ်ပိတ်ထားလို့ အော်လိုက်ချင်ပါတယ်။ နောက်ပြီး ကျွန်တော်လည်း ဒီနေရာကနေ ဟိုး အဝေးဆုံးကို ပြေးထွက်လိုက်ချင်မိတယ်လေ။ ကျွန်တော့် စိတ်တွေ လွတ်ထွက်သွားတဲ့အထိ ပြေးသွားလိုက်ချင်မိတာ အမှန်ပါပဲ။
"နေ့လည်စာလေးက စားကောင်းတယ်နော် ဘရိုက်စ်" ဆိုတဲ့ မီရန်ဒါ့စကားကြောင့် ကျွန်တော် အသိပြန်၀င်လာရတာပေါ့။
"ဘရိုက်စ်...ငါပြောနေတာကြားလား။ နင့်ရဲ့ နေ့လည်စာက သိပ်စားကောင်းတယ်လို့...."
ကျွန်တော် သူ့ကို 'ကျေးဇူးတင်ပါတယ်' လို့ ပြောဖို့ ပါးစပ်ဟလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့် ပါးစပ်ထဲက ထွက်လာတဲ့ စကားကတော့ တမျိုးဖြစ်နေခဲ့တယ်လေ။
"ငါတို့ အစားအသောက်တွေ၊ အသားညိုတာတွေ၊ ဆံပင်တွေ အကြောင်း မပြောလို့ရမလားဟာ" လို့ ကျွန်တော်ပြောလိုက်တော့ မီရန်ဒါက ရွဲ့စောင်းစောင်းနဲ့ ပြန်ပြုံးပြတာပေါ့။
"ဒါဖြင့် နင်က ဘာအကြောင်းပြောချင်လို့လဲ ဘရိုက်စ်"
ကျွန်တော် သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပါတယ်။
"နင်တို့ အလိုအလျောက်လည်ပတ်နိုင်တဲ့ စက်စွမ်းအားဆိုတာသိလား။ နင်တို့ အဲ့ဒီအကြောင်း ကြားဖူးလား"
"ဘယ်လို...အလိုအလျောက် ဘာဖြစ်တယ်" ဆိုပြီး မီရန်ဒါက ထရယ်ပါတော့တယ်။
"ဘာလို့လဲ။ ဘာက ရယ်စရာကောင်းနေလို့လဲ မီရန်ဒါ" လို့ ကျွန်တော်က မေးတော့ သူက ကြိတ်ရယ်တယ်လေ။
"ငါက နင့်ကို အဲ့ဒီလောက် ဆရာကြီး ဂိုက်ဖမ်းမဲ့သူလို့ ထင်မထားခဲ့လို့ပါဟ"
"ဟေး...ငါလည်း ဗဟုသုတ ရှိပါတယ်ဟ"
"ဆိုပါတော့လေ" ဆိုပြီး မီရန်ဒါက တခစ်ခစ်နဲ့ ကျွန်တော့်ကို ရယ်လိုက်ပါတယ်။
"ဒါနဲ့ နင် 'ဆရာကြီး' ဆိုတဲ့ စကားလုံးကို ပေါင်းရော ပေါင်းတတ်ရဲ့လား ဘရိုက်စ်ရယ်" လို့ မီရန်ဒါက ကျွန်တော့်ကို လှောင်တော့ ရှယ်လီက ကျွန်တော့်ဘက်က ၀င်ပြောပေးပါတယ်။
"ဟဲ့...ဘရိုက်စ်က နင့်ထက်ပိုပြီး ဉာဏ်ကောင်းတယ် မီရန်ဒါ"
"တော်စမ်းပါ ရှယ်လီရယ်။ ဘာလဲ...နင်က သူ ဉာဏ်ကောင်းလို့ လေလံဆွဲခဲ့တယ်လို့ ပြောချင်တာပေါ့ ဟုတ်လား။ နင် အခုလို သူ့ရှေ့မှာ ခခယယလုပ်နေတာ မြင်ရတာ သိပ်ရွံဖို့ကောင်းတယ် သိလား ရှယ်လီ"
"ငါကပဲ ခခယယ လုပ်ရတယ် ဟုတ်လား။ နင် ဘာတွေ လာပြောနေတာလဲ မီရန်ဒါ"
"ကြားတဲ့အတိုင်းပဲလေ။ ဘရိုက်စ်က နင့်ကို ကျောင်းကပွဲလည်း ခေါ်သွားမှာမှ မဟုတ်တာ။ အဲ့ဒီတော့ နင် သူ့ကို ဖားနေတာ ရပ်တန်းက ရပ်လိုက်တော့ပေါ့ ဟာ"
နောက်ထပ် တစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော့် နေ့လည်စာခြင်းထဲက ပန်းသီးမုန့်တွေလည်း မီရန်ဒါ့ ခေါင်းပေါ်ရောက်သွားပါတော့တယ်။ မီရန်ဒါကလည်း ရှယ်လီ့ခေါင်းကို စားပွဲပေါ်က တွေ့ကရာ မုန့်တွေနဲ့ ကောက်ပေါက်တော့တာပေါ့။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့နှစ်ယောက်က ကြမ်းပြင်ပေါ်မှာ လူးလှိမ့်လို့ အော်ဟစ်ကာ မိတ်ကပ်တွေပျက်တဲ့အထိကို ရိုက်ပုတ်နေကြ ပါတော့တယ်။
ကျွန်တော်လည်း အခွင့်အရေးကို အသုံးချပြီး ဂျူလီ့ စားပွဲခုံဆီ လျှောက်သွားလိုက် ပါတော့တယ်။ ကျွန်တော် ဂျူလီ့လက်ကို ဆွဲပြီး ပြောလိုက်တယ်လေ။
"ငါ နင့်ကို ပြောစရာရှိတယ် ဂျူလီ"
ဂျူလီကတော့ ထိုင်ရာက ထလိုက်တော့တာပေါ့။
"ဘာလဲ ဘရိုက်စ်၊ ဘာတွေဖြစ်နေကြတာလဲ။ သူတို့ ဘာလို့ ရန်တွေဖြစ်နေကြတာလဲဟင်"
"ဂျွန် ငါတို့ကို ခဏလောက် ခွင့်ပြုပေးနော်" ဆိုပြီး ကျွန်တော် သူ့ကို စားပွဲခုံဆီကနေ အပြင်ကိုဆွဲထုတ်လိုက်ပါတယ်။ ဒါပေမယ့် အခန်းထဲမှာ တခြားနေရာလွတ်လည်း မရှိပါဘူးလေ။ ကျွန်တော် ဂျူလီ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ခန်းမလယ်ခေါင်မှာ ရပ်နေမိပါတော့တယ်။ ကျွန်တော် ဘာဆို ဘာမှလည်း တွေးလို့မရတော့ပါဘူး။ ကျွန်တော့်ကို ကြည့်နေတဲ့ ဂျူလီ့မျက်နှာက ပါးဖောင်းဖောင်းလေးတွေဟာ ဘယ်လို အထိအတွေ့ရှိသလဲလို့ ကျွန်တော် ခံစားချင်မိခဲ့ပါတယ်။ သူ့ရဲ့ဆံနွယ်တွေကလည်း ထင်မထားလောက်အောင် ပျော့ပျောင်းနူးညံ့နေပါတော့တယ်။
"ဘရိုက်စ်... နင်ဘာဖြစ်နေတာလဲ"
ကျွန်တော် အသက်ရှူမှားနေရင်းက သူ့ကို ပြန်မေးလိုက်ပါတယ်။
"နင် သူ့ကို သဘောကျလား ဂျူလီ"
"ဘယ်သူ့ကိုလဲ...ဂျွန့်ကိုလား"
"ဟုတ်တယ်"
"အင်း ပြောရမယ်ဆိုရင်တော့ ဂျွန်က သဘောလည်းကောင်းတယ်လေ။ နောက်ပြီး..."
"မဟုတ်ဘူး ဂျူလီ။ ငါမေးတာက နင် သူ့ကိုကြိုက်နေတာလားလို့ မေးတာ" ဆိုပြီး ကျွန်တော်လည်း သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ရင်တလှပ်လှပ်နဲ့ ထပ်မေးလိုက်ပါသေးတယ်။
"အဲ့ဒီလိုဆိုရင်တော့ မဟုတ်ပါဘူး။ ငါက ဂျွန့်ကို သူငယ်ချင်းလိုပဲ......"
သူ ဘာဆက်ပြောလိုက်သလဲ ကျွန်တော် မကြားလိုက်တော့ပါဘူး။ ဂျူလီက ဂျွန့်ကို ကြိုက်နေတာမဟုတ်ဘူးဆိုတဲ့ စကားကပဲ ကျွန်တော့်နားထဲမှာ ပဲ့တင့်ထပ်နေပါတော့တယ်။ ကျွန်တော် ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာ ဂရုမစိုက်နိုင်တော့ဘူးလေ။ ကျွန်တော် သူ့ကို နမ်းလိုက်ချင်မိပါတယ်။ အဲ့ဒီတော့ ကျွန်တော်လည်း ကိုယ်ကိုကိုင်းပြီး မျက်စိမှိတ်ကာ ဂျူလီ့ပါးပြင်ဆီ တဖြည်းဖြည်း တိုးကပ်သွားလိုက်ပါတော့တယ်။
ဂျူလီ...ဂျူလီကတော့ ကျွန်တော့်ကို တွန်းပြီး ထွက်ပြေးသွားတယ်လေ။
ရုတ်တရက် ဟောခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားပါတော့တယ်။ ကြမ်းပြင်ပေါ်မှာ လုံးထွေးနေတဲ့ မီရန်ဒါနဲ့ ရှယ်လီကလည်း ကျွန်တော့်ကို ဆံပင် ဖို့ရို့ဖားယားနဲ့ ကြည့်နေကြတာပေါ့။ ကျန်တဲ့ စားပွဲတွေကလည်း ကျွန်တော့်ကို မျောက်တစ်ကောင်လို ဝိုင်းကြည့်နေကြပါတယ်။ ကျွန်တော်ကတော့ အခန်းလယ်ခေါင်မှာ နှုတ်ခမ်းသိမ်းပြီး စိုင်စိုင်ကြီး ရပ်နေမိပါတော့တယ်။
မစ္စ မက်လူးဝါးက အူလျားဖားလျားနဲ့ ပြေးလာပြီး ကျွန်တော့်ပုခုံးကို ကိုင်ကာ အနားက ထိုင်ခုံတစ်ခုဆီ ခေါ်သွားပါတော့တယ်။
"သား ဒီမှာ ထိုင်ဦးနော်" လို့ ပြောပြီး မစ္စ မက်လူးဝါးက မီရန်ဒါနဲ့ ရှယ်လီ့ကို အခန်းအပြင်ဘက် ဆွဲထုတ်သွားကာ သူတို့နှစ်ယောက်ကို သန့်စင်ခန်းသွားပြီး ကိုယ့်ကိုယ်ကို သန့်ရှင်းကြဖို့ ပြောလိုက်ပါတယ်။ သူကတော့ ရှယ်လီတို့ နပမ်းလုံးထားတဲ့နေရာက အညစ်အပတ်တွေကို ရှင်းဖို့ ကျောင်းသန့်ရှင်းရေးဆီ ပြေးရတော့တာပေါ့။
ကျွန်တော်လည်း ထိုင်ခုံမှာထိုင်ပြီး ကြောင်နေခဲ့ပါတော့တယ်။ ကျွန်တော် ဂျူလီ့ကို ထပ်တွေ့ချင်ပါသေးတယ်။ ကျွန်တော် သူ့လက်ကို ဆုပ်ကိုင်ထားပြီး စကားတွေ အများကြီး ပြောချင်မိတယ်လေ။ ကျွန်တော် သူ့ကို နမ်းချင်မိပါတယ်။
ကျောင်းမဆင်းခင်အထိ ကျွန်တော် ဂျူလီ့ကို စကားပြောဖို့ ကြိုးစားလိုက်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် သူ့အနားကပ်သွားတိုင်း ဂျူလီက အဝေးကို ထွက်ပြေးသွားတယ်လေ။ ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ တပြိုင်နက် ဂျူလီလည်း ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ကြည့်ရတာ သူ အိမ်ပြန်သွားပြီ ထင်ပါတယ်။
ဂဲရတ်ကတော့ ကျွန်တော့်နောက်ကို လိုက်လာတော့တာပေါ့။
"ဘရိုက်စ်...မင်း ဘယ်လိုတွေ လုပ်လိုက်တာလဲကွ"
ကျွန်တော် သူ့ကို ပြန်ဖြေဖို့ မစဉ်းစားနေတော့ဘဲ စက်ဘီးထားတဲ့ နေရာဆီပြေးပြီး ဂျူလီ့ကို တွေ့လိုတွေ့ငြား အရင် ရှာလိုက်ပါတယ်။
"ဒါမှမဟုတ် မင်းတကယ်ကြီးပဲ သူ့ကို ကြိုက်နေတာလားကွ"
"အေးဆေးနေစမ်းပါ ဂဲရတ်ရာ"
"တစ်ကျောင်းလုံးမှာ ရေပန်းအစားဆုံး မိန်းကလေးနှစ်ယောက်နဲ့ တွဲခွင့်ရတာတောင် မင်းက ဂျူလီ့ကို ရွေးတယ် ဟုတ်လား ဘရိုက်စ်"
"မင်း နားမလည်ပါဘူး ဂဲရတ်ရာ"
"ဟုတ်တယ်ကွ။ ငါ မင်းကိုလုံး၀ နားမလည်ဘူး။ မင်းတကယ်ပဲ သူ့ကို သွားနမ်းဖို့ ကြိုးစားလိုက်တာလား။ ငါဖြင့် ယုံတောင် မယုံနိုင်ဘူးကွာ။ သူက ဂျူလီဘိတ်ကာကွ။ မင်းပဲ ဝေးဝေးမှာနေချင်ပါတယ်ဆိုတဲ့ ဟို ခြံစုတ်ကြီးမှာနေတဲ့ ဂျူလီဘိတ်ကာ လေကွာ"
ကျွန်တော် ဂဲရတ်ဘက်လှည့်ပြီး သူ့ကို ဆောင့်တွန်းလိုက်ပါတယ်။
"အဲ့ဒါတွေက ကြာခဲ့ပြီကွ။ မင်း ဘာလို့ အခုမှ လာပြောနေတာလဲ"
အဲ့ဒီတော့ ဂဲရတ်ကလည်း ကျွန်တော့်ကို ပြန်ပြောတော့တာပေါ့။
"ဘရိုက်စ် မင်းရူးနေပြီကွ။ အဲ့ဒါ မင်းသိလား"
"မင်း ပါးစပ် ပိတ်ထားစမ်းပါကွာ" လို့ ပြောပြီး ကျွန်တော်ပြန်လှည့်ထွက်လာတာတောင် ဂဲရတ်က ကျွန်တော့်ရှေ့မှာ လာပိတ်နေပါသေးတယ်။
"ငါ မင်းကို မယုံနိုင်တော့ဘူးကွာ။ လွန်ခဲ့တဲ့ နှစ်နာရီလောက်တုန်းက မင်းကို တစ်ကျောင်းလုံး ဝိုင်းပြီး အားကျနေခဲ့ရတဲ့ စံပြကြီးပဲကွ။ အခုတော့ မင်းကိုမင်း ပြန်ကြည့်စမ်းပါဦး။ မင်းက ဂျူလီ့လိုပဲ အပေါင်းအသင်းမဆန့်တဲ့ အူကြောင်ကြောင်ဖြစ်လာပြီဆိုတာ မင်းနားလည်လား ဘရိုက်စ်"
ဂဲရတ်က ကျွန်တော့်ကို ကြည့်ပြီး လှောင်သလိုပြောလိုက်ပါတော့တယ်။
"အေး...မင်းသာ ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ငါတို့ ဆက်မပေါင်းတာပဲ ပ်ိုကောင်းမယ်ကွ" တဲ့လေ။ ကျွန်တော်လည်း သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြတ်ပြတ်သားသား ပြန်ပြောလိုက်ပါတယ်။
"ကောင်းတယ်။ ငါလည်း မင်းနဲ့ သိပ်ပေါင်းချင်တော့တာ မဟုတ်ဘူးကွ" ဆိုပြီး သူ့ကို တွန်းထုတ်ကာ ကျွန်တော် ပြေးထွက်လာခဲ့ပါတော့တယ်။
***
ကျွန်တော် အိမ်ကို လမ်းလျှောက်ပြီး ပြန်လာခဲ့ပါတယ်။ ကျွန်တော့် ရှူးဖိနပ်တွေကလည်း ညစ်ပတ်နေသလို လက်ထဲက ဆွဲခြင်းတောင်းကလည်း မှောက်ကျထားတဲ့ နေ့လည်စာ အကျန်တွေကြောင့် အနံ့ပေါင်းမျိုးစုံထွက်နေတော့တာပေါ့။ နောက်ပြီး ကျွန်တော့် ခေါင်းထဲမှာလည်း စစ်ပွဲနွှဲနေရသလိုကို ခံစားနေရပါတော့တယ်။ ကျွန်တော် အရင်တုန်းကလိုပဲ ဂဲရတ်အိမ်သွားပြီး ဂိမ်းဆော့ရင်း ဂျူလီဘိတ်ကာကို ဘယ်လောက်မုန်းတယ်ဆိုတဲ့အကြောင်း ပြောလိုက်ချင်ပါတယ်။ ကျွန်တော် သူတို့ အားကျရတဲ့ စံပြဆိုတာကြီး ပြန်ဖြစ်ချင်တယ်လေ။
ဒါပေမယ့် ကျွန်တော့် ရင်ထဲမှာတော့ အရင်က ဘရိုက်စ်စိတ်တွေ မရှိတော့ဘူးဆိုတာကို သိနေခဲ့ပါတယ်။ ကျွန်တော် ဘယ်လိုမှလည်း ပြန်ပြီး အရင်က ဘရိုက်စ်ဖြစ်လို့ရမှာ မဟုတ်တော့ပါဘူး။ ဂဲရတ်၊ ရှယ်လီနဲ့ မီရန်ဒါတို့လည်း ကျွန်တော့်စိတ်ကို နားလည်ကြမှာ မဟုတ်ပါဘူး။ ဂျူလီက ထူးခြားပါတယ်။ အခုတော့ ဂျူလီ့အကြောင်းတွေးရတာက ကျွန်တော့်အတွက် စိတ်ဒုက္ခရောက်စရာအကြောင်း မဟုတ်တော့ဘူးလေ။ ကျွန်တော် သူ့အကြောင်းတွေးရတာ သဘောကျနေမိပါပြီ။ အမှန်တော့ သူ့ကို ကျွန်တော် သဘောကျနေမိပြီ ထင်ပါတယ်လေ။
သူ့ကို တွေ့မိတိုင်းလည်း ဂျူလီက ပိုပိုလို့ကို လှလာတာ အမှန်ပါပဲ။ သူ့ကိုကြည့်ရတာလည်း သိပ်ပြီး ရွှန်းစိုလာတယ်လို့ ကျွန်တော်ထင်မိပါတယ်။ သူ့ဆီကနေ နွေးထွေးတဲ့ ခံစားချက်ကို ကျွန်တော် ခံစားမိလိုက်တယ်လေ။ မဟုတ်မှလွဲရော ဟို သစ်ပင်ကြီးပေါ်တက်လို့ သူဒီလိုဖြစ်လာတာများလား။ သူက ကြက်ခြံထဲက ကြက်တွေကို သီချင်းဆိုပြလို့ ဒီလို ဖြစ်လာတာများလား။ဒါမှမဟုတ် အလိုအလျောက်လည်ပတ်တတ်တဲ့ စက်အကြောင်းကို ချက်ကျလက်ကျမေးတတ်တဲ့အတွက်ကြောင့်ပဲ သူ အခုလို ပြောင်းလဲလာရတာလား ကျွန်တော် မပြောတတ်တော့ပါဘူး။ ကျွန်တော် ပြောနိုင်တာတစ်ခုကတော့ ရှယ်လီနဲ့ မီရန်ဒါတို့ဟာ ဂျူလီနဲ့ ယှဉ်ရင် သိပ်ပြီး မထူးခြားတဲ့ ကောင်မလေးတွေပဲဖြစ်တယ် ဆိုတာပါပဲ။
ကျွန်တော့် ဘ၀မှာ အခုလို တစ်ခါမှ မခံစားဖူးပါဘူး။ နောက်ပြီး ကိုယ့်ကိုယ်ကို မဖုံးကွယ်ဘဲ ထုတ်ဖော်ပြသလိုက်ရတာကလည်း ကျွန်တော့်ကို ပိုပြီး ပျော်ရွှင်စေပါတယ်။ ကျွန်တော် ရှူးဖိနပ်ကိုရော ခြေအိတ်ကိုပါချွတ်ပြီး ဆွဲခြင်းတောင်းထဲထည့်ကာ အိမ်ကို ခြေဗလာနဲ့ ပြေးလာခဲ့ပါတော့တယ်။ ဂဲရတ်ပြောတာ တစ်ခုတော့ မှန်ပါတယ်။ ကျွန်တော် ရူးနေပြီလေ။ ကျွန်တော် လုံး၀ ရူးသွားပါပြီ။
ကျွန်တော်တို့အိမ်နားရောက်တော့ ဂျူလီတို့အိမ်ရှေ့မှာ စက်ဘီးလေးလဲနေတာကို တွေ့လိုက်ရတာပေါ့။ ဂျူလီ အိမ်ပြန်ရောက်နေပြီလေ။ ကျွန်တော် သူတို့အိမ်ကို တန်းသွားပြီး လူခေါ်ခေါင်းလောင်းကို အားရပါးရတီးကာ ခေါ်နေလိုက်ပါတော့တယ်။ ဘယ်သူမှတော့ ပြန်မဖြေခဲ့ပါဘူး။ အဲ့ဒီတော့ ကျွန်တော်လည်း သူတို့ အိမ်တံခါးကို ထုပြီးခေါ်တော့တာပေါ့။ ဒါပေမယ့်လည်း ဘယ်သူမှ ပြန်မဖြေခဲ့ကြပါဘူးလေ။
ကျွန်တော် အိမ်ကိုပြန်ပြီး သူတို့အိမ်ကို ဖုန်းခေါ်လိုက်ပါတယ်။ နောက်ဆုံးတော့ မစ္စဘိတ်ကာလည်း ဖုန်းလာကိုင်တော့တာပေါ့။
"ဟယ်လို ဘရိုက်စ်လား။ အဒေါ် စိတ်မကောင်းပါဘူးကွယ်။ သူက သားကို စကားမပြောချင်ဘူးတဲ့" လို့ သူက ပြန်ဖြေတယ်လေ။ ပြီးတော့ မစ္စဘိတ်ကာက ကျွန်တော့်ကို တိုးတိုးလေးပြောလိုက်ပါသေးတယ်။
"ဂျူလီ့ကို အချိန်နည်းနည်း ပေးလိုက်ပါဦးကွယ်"
အဲ့ဒီတော့ ကျွန်တော်လည်း နောက်ထပ်တစ်နာရီလောက် ထပ်စောင့်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော် မနေနိုင်မထိုင်နိုင် သူတို့ခြံဘက် ပြေးရတော့တာပေါ့။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို သူနဲ့ တွေ့ခွင့်ပေးပါလား မစ္စဘိတ်ကာ ခင်ဗျာ။ ကျွန်တော် သူ့ကို ပြောစရာရှိလို့ပါ"
"ဂျူလီက သူ့အခန်းထဲမှာ တံခါးပိတ်ပြီးတော့ကို နေနေတာကွဲ့။ သား မနက်ဖြန်လောက်မှ ဖုန်းဆက်ကြည့်ပါလားကွယ်"
မနက်ဖြန်ဟုတ်လား။ ကျွန်တော် ဒီလိုစိတ်နဲ့ ဘယ်လိုလုပ် မနက်ဖြန်အထိ စောင့်နိုင်ပါ့မလဲ။ ကျွန်တော် သူတို့ခြံကိုပတ်ပြီး ခြံစည်းရိုးပေါ်တက်လို့ ဂျူလီ့အခန်းက ပြတင်းပေါက်ကို တံခါးသွားခေါက်လိုက်ပါတယ်။
"ဂျူလီ...ဂျူလီ။ ကျေးဇူးပြုပြီး ငါ့ကို စကားပြန်ပြောပါလားဟာ။ ငါ နင့်ကို ပြောစရာရှိတယ်ဟ"
သူ့အခန်းထဲက လိုက်ကာတွေကတော့ ချထားဆဲပါပဲ။ ခဏနေတော့ မစ္စ ဘိတ်ကာက နောက်တံခါးကနေ ထွက်လာပြီးတော့ ကျွန်တော့်ကို အိမ်ပြန်ခိုင်းလိုက်ပါတော့တယ်။ ကျွန်တော် အိမ်ရောက်တော့ အဘိုးက အိမ်ရှေ့ပေါက်ကနေ ဆီးမေးတော့တာပေါ့။
"ဘရိုက်စ်...မင်း ဘာတွေဖြစ်နေတာလဲကွ။ မင်း ဘိတ်ကာမိသားစုအိမ်ရှေ့ပြေးလိုက်၊ ခြံစည်းရိုးပေါ်ပြေးတက်လိုက်နဲ့ ဘာတွေ လုပ်နေတာတုံး... မင်းကိုကြည့်ရတာ ဂဏှာကို မငြိမ်ပါဘူးကွာ"
ကျွန်တော်လည်း အဲ့ဒီတော့မှပဲ ရင်ထဲက စကားတွေ ဖွင့်ပြောမိပါတော့တယ်။
"ကျွန်တော် မယုံနိုင်ဘူးဗျာ။ သူက ကျွန်တော့်ကို စကားတောင် ပြန်မပြောတော့ဘူးဗျ" လို့ ကျွန်တော်ကပြောတော့ အဘိုးက ကျွန်တော့်ကို ဧည့်ခန်းထဲခေါ်သွားတယ်လေ။
"မင်းကို ဘယ်သူက စကားပြန်မပြောတော့တာလဲ ငါ့မြေးရ"
"ဂျူလီပေါ့ဗျာ"
"ကလေးမက မင်းကို စိတ်ဆိုးနေလို့များလား"
"ကျွန်တော်လည်း မသိပါဘူးဗျာ"
"သူ့မှာရော မင်းကို စိတ်ဆိုးဖို့ အကြောင်းပြချက်ရှိလို့လား"
"ကျွန်တော်လည်း မပြောတတ်တော့ပါဘူးဗျာ"
"ဒါဖြင့် ဘာဖြစ်ခဲ့တာလဲကွ"
"ကျွန်တော်...ကျွန်တော် သူ့ကို ဒီနေ့နေ့လည်တုန်းက လူကြားထဲမှာ နမ်းဖို့ကြိုးစားမိလိုက်တယ် အဘိုး။ အဲ့ဒီအချိန်တုန်းက ကျွန်တော်က ရှယ်လီနဲ့ မီရန်ဒါတို့နဲ့အတူ လေလံပွဲကျင်းပပြီးလို့ နေ့လည်စာစားဖို့ လုပ်နေတာလေ။ ကျွန်တော် ဂျူလီ့ကို နမ်းဖို့ ကြိုးစားမိလိုက်တယ်ဗျာ"
အဘိုးက ပြုံးစေ့စေ့လုပ်လာပါတော့တယ်။
"ဟေ...ဟုတ်လားကွ"
"ကျွန်တော်လည်း တခုခု ပူးကပ်သွားသလိုပါပဲဗျာ။ ကျွန်တော် ကိုယ့်ကိုယ်ကိုတောင် မထိန်းချုပ်နိုင်တော့ဘူးလေ။ ဒါပေမယ့် ဂျူလီက ကျွန်တော့်ကို တွန်းထုတ်ပြီး ထွက်ပြေးသွားတယ်ဗျ....." ဆိုပြီး ကျွန်တော် သူတို့ အိမ်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။
"အခုတော့ သူက ကျွန်တော့်ကိုတောင် စကားမပြောတော့ ဘူးဗျ"
အဘိုးက ပြန်ပြောပါတယ်။
"ကလေးမလေးခမျာ မင်း ရုတ်တရက် လုပ်လိုက်တာကို လန့်သွားလို့နေမှာပေါ့ကွ"
"ရုတ်တရက်တော့ မဟုတ်ပါဘူးဗျာ"
"ဟုတ်လား"
"မပြောတတ်တော့ပါဘူးဗျာ။ ဟို သတင်းစာထဲက သူ့ပုံကို မြင်ပြီးကတည်းက ကျွန်တော် ကိုယ့်ကိုယ်ကို အူကြောင်ကြောင်နိုင်သလို ခံစားလာရတော့တာပါပဲ။ သူ့ကို ကြည့်ရတာ အရင်နဲ့ လုံး၀မတူတော့ဘူးလေ။ သူ့အသံကလည်း ပြောင်းလဲသွားသလို သူ့က အရင်က ဂျူလီတောင် မဟုတ်တော့ သလို ပါပဲဗျာ။ ဂျူလီက...ဂျူလီက ပြောင်းလဲသွားပြီဗျ" လို့ ကျွန်တော်က အဘိုးကို ရှင်းပြလိုက် ဘိတ်ကာအိမ်ဆီ လှမ်းကြည့်လိုက်နဲ့လုပ်နေတော့ အဘိုးကလည်း ကျွန်တော်နဲ့အတူ အပြင်ကို လှမ်းကြည့်လိုက်ပါတော့တယ်။
"မဟုတ်သေးဘူး ဘရိုက်စ်။ ဂျူလီက ဂျူလီပါပဲကွာ။ ပြောင်းလဲသွားတာက မင်းပဲကွ" ဆိုပြီး အဘိုးက ကျွန်တော့် ပုခုံးကို ပုတ်လိုက်တာပေါ့။
" ပြီးတော့ ငါ့မြေးရေ...မင်းရဲ့ ဘ၀ကတော့ ဒီနေ့ကစပြီး ပြောင်းလဲသွားတော့မှာပဲကွ"
****
အဘိုးကိုကြည့်ရတာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောကျနေတဲ့ပုံပါပဲ။ ကျွန်တော်ကတော့ စိတ်ညစ်နေခဲ့ရတယ်လေ။ ကျွန်တော် စားလို့လည်းမ၀င်တော့သလို၊ တီဗွီ ရှေ့မှာ အချိန်ဖြုန်းဖို့လည်း စိတ်မ၀င်စားတော့ပါဘူးလေ။ တကယ်တမ်းဆို ကျွန်တော် ဘာဆို ဘာကိုမှ မလုပ်ချင်တော့တာပါ။
ကျွန်တော် အိပ်ရာစောစော၀င်သွားခဲ့ပေမဲ့ အိပ်လို့တော့ မရခဲ့ပါဘူးလေ။ ကျွန်တော့်အခန်းထဲက ပြတင်းပေါက်ကနေ ဂျူလီတို့အိမ်ကို ကြည့်လိုက် ကောင်းကင်ကြီးကို ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့ပါတော့တယ်။ ကျွန်တော် အိပ်ပျော်အောင်လို့ သိုးတွေကို ရေကြည့်တာတောင် မျက်စိကြောင်နေတုန်းပါပဲ။ ဒီနှစ်တွေထဲမှာ ကျွန်တော်က ငတုံးတစ်ယောက်လို ပြုမူနေခဲ့တယ်ဆိုတာကို ကျွန်တော် ပြန်တွေးနေမိပါတယ်။
အခုတော့ ဂျူလီ ကျွန်တော့်ကို ပြန် နားထောင်လာအောင် ဘယ်လို လုပ်ရပါ့မလဲ။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် ဟိုအရုပ်ဆိုးဆိုး သဖန်းပင်ကြီးထိပ်ဖျားထိတက်ပြီး ဂျူလီ့ရဲ့နာမည်ကို တစ်ကမ္ဘာလုံးကြားအောင် အော်ခေါ်လိုက်ချင်မိပါတယ်။
ကျွန်တော်က သစ်ပင်တက်တာနဲ့ပတ်သက်ရင် သေလောက်အောင်ကြောက်တဲ့သူဆိုတော့ ကျွန်တော်သာ အခုလို လုပ်ပြမယ်ဆိုရင် သူလည်း ကျွန်တော် ဘယ်လောက်တောင် သူ့ကို စကားပြောချင်နေတယ်ဆိုတာ နားလည်နိုင်မှာပါ။ သူသာ စကားပြန်ပြောမယ်ဆိုရင် ကျွန်တော် သူ့ရဲ့ ကြက်ချေးထူတဲ့ ကြက်ခြံထဲ ဒိုင်ဗင်ထိုးဖို့လည်း ၀န်မလေးတော့ပါဘူးလေ။ သူနဲ့သာ အရင်လို ပြန်ရင်းနှီးရမယ်ဆို ကျွန်တော် သံချေးတက်နေတဲ့ စက်ဘီးနဲ့ ကျောင်းကို နေ့တိုင်းသွားရမယ်ဆိုလည်း သွားလိုက်မှာပါပဲ။
ကျွန်တော် ပြောင်းလဲသွားပြီဆိုတာ သူ့ကို သက်သေပြဖို့အတွက် ကျွန်တော် တစ်ခုခုတော့ လုပ်ပြရပါမယ်။ သူ့ကို နားလည်သွားပြီဆိုတာ ကျွန်တော် သက်သေပြရမယ်လေ။
ဒါပေမယ့် ကျွန်တော် ဘယ်လိုလုပ်ရပါမလဲ။ ကျွန်တော်ဟာ အရင်က ဘရိုက်စ်မဟုတ်တော့ဘူးဆိုတာ ဂျူလီနားလည်အောင် ကျွန်တော် ဘယ်လို သက်သေပြရပါမလဲ။ ကျွန်တော် သူ့အပေါ်လုပ်ခဲ့သမျှ ကိစ္စတွေအားလုံးကို မေ့ပစ်ပြီး အစကနေ ပြန်စဖို့ ဘယ်လို ကြိုးစားရပါမလဲ။
ကျွန်တော် သူ့ကို သက်သေပြဖို့ မတတ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်လေ။ ဒါပေမယ့် ဂျူလီ့ဆီက ခွင့်လွှတ်မှုကို လိုချင်တယ်ဆိုရင်တော့ ကျွန်တော် စိတ်ရော ကိုယ်ပါနှစ်ပြီး သူ့ကို တောင်းပန်ရပါမယ်။
ဘာပဲဖြစ်ဖြစ် အဘိုးပြောတဲ့အထဲမှာ တစ်ခုတော့ မှန်ပါတယ်။ဒီအချိန်ကစပြီး ကျွန်တော့်ဘ၀က ပြောင်းလဲသွားခဲ့ပြီလေ။
အခန်း(၁၄)
ဂျူလီ
လေလံပွဲ
လော့စကီအိမ်မှာ ညစာသွားစားပြီးတဲ့နောက်ပိုင်း တနင်္လာနေ့ ကျောင်းပြန်တက်တော့ ဒါလာက ကျွန်မကို ဘရိုက်စ် လော့စကီအကြောင်း တွေးမိအောင် အနားမှာ ပူညံပူညံလုပ်နေပါတော့တယ်။
"ဟဲ့...ဂျူလီ။ အမလေး...စောင့်ပါဦးဟဲ့။ နင် နေကောင်းတယ်နော်"
"ကောင်းပါတယ်။ နင်ရော...ဒါလာ"
"ဂျူလီ ငါအကောင်းမေးနေတာပါ..." ဆိုပြီး သူက တီးတိုးလေး ကျွန်မကို မေးလိုက်ပါတယ်။
"နင် တကယ်ရော အဆင်ပြေရဲ့လား"
ဒါလာက ကျောပိုးအိတ်ကို ပြင်လွယ်ပြီး ဘေးဘီကို တစ်ချက် ကျီးကန်းတောင်းမှောက် အကြညါ့နဲ့ ကြည့်လိုက်ပါသေးတယ်။
"ဟိုတစ်နေ့က ဘရိုက်စ်ပြောတဲ့ စကားက ဘယ်လောက် သွေးအေးပြီး ရက်စက်လွန်းလည်းဆိုတာ ငါလည်း ပြန်တွေးမိနေတာဟ။ နင်ကလည်း သူ့အပေါ် ခံစားချက်ရှိနေတော့ ပိုဆိုးတာပေါ့ဟယ်"
"ငါက သူ့ကို ကြိုက်နေတယ်လို့ နင့်ကို ဘယ်သူပြောလဲ"
"အမယ်...ငါ့မှာလည်း မျက်စိပါ,ပါတယ်နော်။ ဒီလောက် သိသာနေတာများ ဘယ်သူပြောလဲမေးနေသေးတယ်ဟယ်။ အဲ့ဒါကြောင့်လည်း ငါက နင့်ကို စိတ်ပူလို့မေးတာပေါ့။ နင် တကယ် အဆင်ပြေရဲ့လား ဂျူလီ"
"ငါ တကယ် အဆင်ပြေပါတယ် ဒါလာရယ်။ အခုလို ပူပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်" လို့ ကျွန်မ သူ့ကို ပြန်ပြောလိုက်တာပေါ့။
"ဒါပေမယ့် ဒါလာရေ.... ငါ သူ့ကို ဒီထက်ပိုပြီး ထပ်မကြိုက်တော့ဘူးဟ"
အဲ့ဒီတော့ သူကရယ်တယ်လေ။
"ဟုတ်လို့လားဟယ်.... မကြာခင် နင်က သူ့ကို ပြန်ကြည့်နေဦးမဲ့ ဟာပဲကို"
"မဟုတ်ပါဘူး။ ငါ တကယ့်ကို သူ့ကို မကြိုက်တော့တာဟ" ဆိုတော့ သူက ကျွန်မကို မယုံသင်္ကာမျက်လုံးနဲ့ ကြည့်လိုက်ပါတယ်။
"ဒါဖြင့် တကယ်ကြီးပေါ့"
"ဟုတ်တယ် ဒါလာ။ ဒါပေမယ့် ငါ့အတွက် တွေးပေးတာ နင့်ကိုကျေးဇူးတင်ပါတယ်ဟာ"
ပထမဆုံး အတန်းချိန်တွေမှာတော့ ကျွန်မလည်း ဒါလာကို ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသားနဲ့ ရှ်ိနေခဲ့ပါတယ်။ ဒါပေမယ့် မစ္စ ဆိုင်းမွန်းစ်က ဆယ့်ငါးမိနစ်လောက် ကြိုပြီး စာသင်ချိန်ကို ရပ်လိုက်ပြီး တစ်တန်းလုံးကို
"ကဲ...အားလုံးပဲ ဘောပင် သို့မဟုတ် ခဲတံပဲ ခုံပေါ်မှာတင်ပြီး စာရွက်တွေအားလုံးကို သိမ်းလိုက်ကြပါ" ဆိုပြီး ကြေငြာလိုက်တယ်လေ။
ရုတ်တရက်ဆိုတော့ တစ်တန်းလုံးလည်း ရှောင်တခင် စာမေးပွဲများလားဆိုပြီး စိတ်ပျက်တဲ့အသံတွေ ထွက်လာကြတော့တာပေါ့။ အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်မကိုယ်တိုင်လည်း သူတို့နည်းတူ ခံစားလိုက်ရတာ အမှန်ပါ။
"မြန်မြန်လုပ်ကြနော်....အားလုံးပဲ အချိန်မဖြုန်းကြပါနဲ့"
တစ်ခန်းလုံးက ကျောင်းသားတွေလည်း စာရွက်တွေအားလုံးကို ဖိုင်တွဲထဲထည့်လို့ စားပွဲပေါ်က ဖယ်ပြီးရော မစ္စဆိုင်းမွန်းစ်က သွားကြီးဖြဲလို့ သူ့စားပွဲပေါ်က အဝါရောင်တောက်တောက် စာရွက်ကလေးတွေကို ယူပြီး ကျွန်မတို့အားလုံးကို ဝေပေးလိုက်ပါတော့တယ်။
' ကဲ...အခုအချိန်ကတော့ လေလံမောင် စာရင်းအတွက် မဲပေးရမဲ့ အချိန်ပဲကွဲ့"
အဲ့ဒီတော့မှပဲ ကျောင်းသားတွေလည်း သက်ပြင်းရှည်ကြီး ချလိုက်နိုင်တယ်လေ။
"လေလံမောင် ရွေးချယ်ဖို့လား။ ဉာဏ်စမ်းစာမေးပွဲမဟုတ်လို့တော်သေးတာပေါ့"
မစ္စဆိုင်းမွန်းစ်က သူ့လက်ထဲက လျှို့ဝှက်မဲပေးဖို့ စာရွက်အထပ်ကို ရေနေရင်းက
"ပြောရမယ်ဆိုရင် ဒါကလည်း ဉာဏ်စမ်းလိုပဲကွဲ့။ မင်းတို့ အချင်းချင်း နာမည်တွေ ပြန်မထည့်ကြဖို့ ဆရာမ ပြောချင်ပါတယ်။ နောက်ပြီး မင်းတို့ကို စာမေးပွဲဖြေသလိုပဲ အချိန်သတ်မှတ်ပေးထားမှာနော်" ဆိုပြီး လက်ထဲက စာရွက် တစ်ထပ်ကို ပထမဆုံး အတန်းဆီချပြီး လက်ဆင့်ကမ်းဝေခိုင်းလိုက်ပါတယ်။ နောက်တော့ သူက ဒုတိယအတန်းဆီရောက်လာတယ်လေ။
"အားလုံးပဲ အတန်းအချိန်ဆင်း ခေါင်းလောင်းထိုးပြီဆိုတာနဲ့ မင်းတို့တစ်ယောက်ချင်းဆီက ဆရာမ မဲစာရွက်လေးတွေ လိုက်သိမ်းမယ်နော်။ မင်းတို့ကို ပေးထားတဲ့ မဲစာရွက်ထဲက ယောက်ျားလေး ငါးယောက်ရဲ့ နာမည်ကိုပဲရွေးကြပါ။ ကိုယ့်နာမည်လည်း ကိုယ်ပြန်မရွေးကြနဲ့ဦးနော်။ ဘယ်သူ့ကိုရွေးမယ်ဆိုတာလည်း သူငယ်ချင်းနဲ့ မဆွေးနွေးကြပါနဲ့ကွယ်" ဆိုပြီး ပြောရင်းကနေ သူက တဖြည်းဖြည်းနဲ့ စတုတ္ထအတန်းထိတောင် ရောက်လာပါတော့တယ်။
"မင်းတို့ စိတ်ကြိုက်မဲပေးပြီးသွားပြီဆိုရင်တော့ မဲစာရွက်လေးကို အုပ်ထားလိုက်ပါ။ ဆရာမထပ်ပြောဦးမယ်နော်။ မဲစာရွက်တွေကို လုံး၀(လုံး၀) မခေါက်လိုက်ကြပါနဲ့"
အဲ့ဒီတော့ ရော်ဘီ ကတ်စ်တီနင် က လက်မြှောက်ပြီး ဆရာမကို ပြန်မေးလိုက်ပါတယ်။
"ယောက်ျားလေးတွေကရော အချင်းချင်း ဘာလို့ မဲပေးရမှာလဲဗျ။ ယောက်ျားလေးတွေက မဲပြန်ပေးရင် မတရားတော့ဘူး မဟုတ်လား"
"ကဲ...ရော်ဘီ...တိတ်တိတ်နေစမ်းပါကွယ်" လို့ မစ္စ ဆိုင်းမွန်းစ်က သူ့ကို သတိပေးလိုက်ပါတယ်။
"တကယ်ပြောတာဗျ။ ဆရာမပဲ စဉ်းစားကြည့်ဗျာ။ ကျွန်တော်တို့က ကျွန်တော်တို့ သူငယ်ချင်းတွေကိုပဲ မဲပြန်ထည့်ရမှာလား၊ မကျေနပ်တဲ့သူတွေကိုပဲ ချောက်ချရမှာလား မသိတော့ဘူးလေ"
အတန်းထဲကလူတွေက သူ့စကားကြောင့် တခွီးခွီးနဲ့ ထရယ်တော့ မစ္စ ဆိုင်းမွန်းစ်လည်း မျက်မှောင်ကြုတ်ပြီး သူတို့ကို ကြည့်လိုက်တော့တာပေါ့။ ရော်ဘီ ပြောတာလည်း မှန်ပါတယ်လေ။ ရှစ်တန်း ကျောင်းသား အယောက်နှစ်ဆယ်ကို ပျော်ပွဲစားနေ့လည်စာခြင်းတွေနဲ့ စင်ပေါ်မှာ ရှိုးလျှောက်ပြီး လေလံအဆွဲခံရမှာက တော်ရုံတန်ရုံ လူတွေအတွက် သိပ်ရှက်စရာကြီးပဲ မဟုတ်ပါလား။
"လေလံမောင် အဖြစ် ရွေးချယ်ခံရတယ်ဆိုတာ ဂုဏ်ယူစရာ...."
မစ္စဆိုင်းမွန်းစ်ရဲ့ စကားတောင် မဆုံးလိုက်ပါဘူး။ ရော်ဘီက သူ့ကို စကားဖြတ်ပြီး ဟာသလုပ်လိုက်ပါတော့တယ်။
"လေလံမောင်ဖြစ်ရတာ ရှက်စရာကြီးဗျ။ လူတိုင်းက ဝိုင်းရယ်တာလည်း ခံရဦးမယ်။ ဘယ်သူကများ လေလံမောင် ဖြစ်ချင်မှာလဲဗျာ"
ရောဘီ့ဘေးက ကောင်လေးတစ်သိုက်ကတော့ ခေါင်းတွေ တဆတ်ဆတ်ခါလို့ပါ။ မစ္စဆိုင်းမွန်းစ်လည်း လည်ချောင်းရှင်းပြီး ဆက်ရှင်းပြတော့တာပေါ့။
"မင်းလည်း လေလံမောင်ဖြစ်ရတာကို ဂုဏ်ယူသင့်တယ် ရော်ဘီ။ ဒီရိုးရာပွဲက ဒီကျောင်းကို စတင်တည်ထောင်ကတည်းက ကျောင်းရဲ့ရန်ပုံငွေတွေကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးခဲ့တာကွဲ့။ မင်းတို့ရှေ့က စီနီယာ လေလံမောင်တွေ ရှာပေးခဲ့တဲ့ ရန်ပုံငွေကြောင့် ဒီနေ့ ကျောင်းတော်ကြီးထဲမှာ ပန်းခြံနဲ့ သစ်ပင်တွေနဲ့ ပန်းသီးပင် အုပ်ကလေးလည်း ပေါ်ပေါက်လာရတာပေါ့။ မင်းတို့လည်း တို့ကျောင်းလေးက တခြားကျောင်းတွေထက် စာရင် ပြည့်ပြည့်စုံစုံ ရှိနေတာကို သိကြတာပဲကွယ်"
"ဒါဆို ဒီကျောင်းကြီးက လေလံမောင်တွေရဲ့ သွေးတွေ၊ချွေးတွေနဲ့ တည်ဆောက်ထားတာပေါ့နော်"
မစ္စ ဆိုင်းမွန်းစ်လည်း သက်ပြင်းချလိုက်ပါတော့တယ်။
"ရော်ဘီ...မင်းလည်း တစ်နေ့ ကလေးတွေရလို့ ဒီကျောင်းကို ပြန်လာတက်ရတဲ့အခါ ဆရာမပြောတာကို နားလည်လာပါလိမ့်မယ်ကွယ်။ အခုတော့ အားလုံးပဲ လေလံကြေး အများဆုံးရအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ထင်တဲ့ လေလံမောင်လေးတွေကို မဲပေးကြရအောင်နော်။
ကဲ... အချိန်က ကိုးမိနစ်ပဲကျန်ပါတော့တယ်။ ခပ်သွက်သွက်လေးရွေးလိုက်ကြရအောင်ပါ"
ဒီလိုနဲ့ တစ်ခန်းလုံးလည်း ငြိမ်လို့ မဲပေးနေကြပါတော့တယ်။ ကျွန်မလည်း မဲစာရွက်ပေါ်က ရှစ်တန်းကျောင်းသား အယောက် တစ်ရာ့ငါးဆယ်ရဲ့ နာမည်ကို ကြည့်ရင်း သဘောပေါက်လိုက်တာ တစ်ခုကတော့ ကျွန်မဟာ ဘရိုက်စ်ကလွဲရင် ဘယ်သူ့ကိုမှ မသိခဲ့ဘူးဆိုတာပါပဲ။ ကျွန်မအတွက်တော့ ဘရိုက်စ်ကပဲ အကောင်းဆုံး လေလံမောင် ဖြစ်မယ်ဆိုတာ သေချာပါတယ်။
ကျွန်မ သူ့ကို မဲမပေးခဲ့ပါဘူးလေ။ သူနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ခံစားချက်တွေကို ကျွန်မ ထိန်းချုပ်ထားရပါမယ်။ ဒါပေမယ့်လည်း ကျွန်မ ဘယ်သူ့ကို မဲပေးရမယ်ဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။ ကျွန်မ မစ္စဆိုင်းမွန်းစ်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ သူကတော့ အတန်းရှေ့ကနေ နာရီကိုကြည့်လိုက်၊ ကျောင်းသားတွေကိုကြည့်လိုက်နဲ့ လုပ်နေတော့တာပေါ့။ တကယ်လို့ ကျွန်မက ဘယ်သူ့ကိုမှ မရွေးခဲ့ဘူးဆိုရင်ရော...ကျွန်မ မဲစာရွက်ကို မစ္စဆိုင်းမွန်းစ်ဆီ ဒီအတိုင်း ပြန်ပေးလိုက်ရင်ရော....
သေချာတာကတော့ မစ္စဆိုင်းမွန်းစ်က ကျွန်မကို အပြစ်ပေးမှာပါပဲ။ အဲ့ဒီတော့ ကျွန်မလည်း နှစ်မိနစ်လောက် အလိုမှာ ကျွန်မစိတ်ထဲ သိပ်ပြီး မဆိုးလောက်ဘူးထင်တဲ့ နာမည်လေးတွေကို အရင်ရွေးကြည့်လိုက်ပါတယ်။ ပြန်ကြည့်ကြည့်တော့ ကျွန်မ ရွေးထားတာ ဆယ်ယောက်တောင် ဖြစ်နေပြီလေ။အဲ့ဒီထဲကမှ ရိုင်ရန် နိုးလ်၊ ဗင့်စ် အော်ဆန်၊ အေဒရီရန် အင်ဂလယ်စီးရက်စ်၊ အီရန် လင်း နဲ့ ဂျွန် ထရူးလော့ခ်တို့ကို ကျွန်မ မဲပေးလိုက်ပါတော့တယ်။ သူတို့ကိုလည်း လေလံမောင်အဖြစ် ဘယ်သူမှ ရွေးကြမှာ မဟုတ်ပါဘူးလေ။ ဒါဆို ကျွန်မလည်း သူတို့အတွက် စိတ်ပူနေစရာမလိုတော့ဘူးပေါ့။ အတန်းချိန်ပြီးတဲ့ ခေါင်းလောင်းထိုးတော့ ကျွန်မရဲ့ မဲစာရွက်ကို မစ္စ ဆိုင်းမွန်းစ်ဆီအပ်ပြီး ကျွန်မလည်း လေလံပွဲကိစ္စကို မေ့ထားလိုက်ပါတော့တယ်။
နောက်တစ်နေ့ နေ့လည်စာစားချိန်ရောက်တော့ ပြဿနာက စလာပါလေရော။ ကျွန်မ စာကြည့်တိုက်ကို သွားနေတုန်း ဒါလာက လမ်းမှာ အတင်းဆွဲလို့ ကျွန်မကို မေးတော့တာပေါ့။
"ဟဲ့...ဂျူလီ။ နင် စာရင်းကြည့်ပြီးပြီလား"
"ဘာစာရင်းလဲဟ"
"လေလံမောင် စာရင်းလေ" ဆိုပြီး သူက ယောက်ျားလေးအယောက်နှစ်ဆယ်ရဲ့ နာမည်ပါတဲ့ တွန့်ကြေနေတဲ့ စာရွက်လေးကို ထုတ်ပြလိုက်ပါတယ်။
"နင့်အတွက် အရသာ ရှိရှိ နေ့လည်စာလေးလည်း ပါတယ်နော်ဟဲ့" လို့သူက ပြောင်စပ်စက်ပြောလို့ ကျွန်မလည်း စာရွက်ကို ကြည့်လိုက်တော့ အပေါ်ဆုံးကနေ ငါးယောက်မြောက်မှာ ဘရိုက်စ် လော့စကီဆိုတဲ့ နာမည်ကို တွေ့လိုက်ရတယ်လေ။
သူ့နာမည်ပါလာမယ်ဆိုတာ ကျွန်မ ကြိုသိထားပေမဲ့ အခုလို တကယ်တမ်းပါလာပြန်တော့ ကျွန်မ မနာလိုဖြစ်မိပါတယ်။ ဘယ်သူကများ သူ့ကို လေလံမောင်ဖြစ်ဖို့ မဲပေးလိုက်လည်း မသိပါဘူးနော်။ ယောက်ျားလေး အယောက် တစ်ရာ့ငါးဆယ်ထဲကနေ အရွေးခံရတာဆိုတော့ ဘရိုက်စ်ကို မဲပေးတဲ့သူတွေက အတော်များလောက်ပါတယ်။ ရုတ်တရက် ကျွန်မလည်း ဘရိုက်စ်ကို ကောင်မလေးတွေက ပိုက်ဆံနဲ့ ပစ်ပေါက်ပြီး လေလံကြေးအပြိုင်ပေးနေမှာကို တွေးလိုက်မိတာပေါ့။
ကျွန်မ စာရင်းစာရွက်ကို ဒါလာ့ကို ပြန်ပေးလိုက်ပါတယ်။
"သူ့ကို ငါစိတ်မ၀င်စားပါဘူး ဆိုဟာ။ အမှန်တိုင်းပြောရမယ်ဆို ငါ သူ့ကို မဲတောင်ပေးခဲ့တာ မဟုတ်ဘူးဟ"
"အမယ်...နင်က အခုထိ စိတ်ဆိုးနေတုန်းပဲပေါ့လေ"
"စိတ်ဆိုးနေတာ မဟုတ်ဘူးဟ...ငါ...ငါ သူ့ကို တကယ် စိတ်မ၀င်စားတော့တာပါ... ဟုတ်ပြီလား"
"ဒါလည်း ကောင်းတာပဲ။ ဒါပေမယ့် အတန်းထဲမှာ ဟို ပါလေရာ ရှယ်လီမက ဘရိုက်စ်ကို လေလံပစ်မယ်လို့ ကြားနေရတယ်နော်"
"ရှယ်လီ ဟုတ်လား။ ရှယ်လီ စတောစ်ကို ပြောတာလား" ဆိုပြီး ကျွန်မ ပါးနှစ်ဖက်တောင် နီမြန်းလာရတယ်လေ။
"ဒါပေါ့ဟ" ဆိုပြီး ဒါလာက သူ့သူငယ်ချင်းတွေဘက်လှည့်လို့ စာရင်းစာရွက်ကို လှမ်းပြလိုက်ပါတော့တယ်။
"ဟေး...လစ်ဇ်၊ မေစီရေ...ဒီမှာကြည့်စမ်း။ ငါ့မှာ စာရင်းစာရွက်ရှိတယ် သိလား"
ဒါလာ့ သူငယ်ချင်းတွေလည်း အူလျားဖားလျားပြေးလာပြီး သူ့လက်ထဲက စာရွက်ကို ရတနာမြေပုံကြည့်သလိုကို ဖြဲရဲကြည့်လိုက်ကြတာပေါ့။ မေစီက ပြောလိုက်ပါတယ်။
"အမလေး...ချက်ဒ် အော်မွန်းဒ် ကလည်း စာရင်းထဲမှာ ပါတယ်ဟဲ့။ သူက သိပ်ကို ချစ်ဖို့ကောင်းတာဟ သိလား။ ငါကတော့ သူ့ကို ဆယ်ဒေါ်လာနဲ့ လေလံဆွဲလိုက်ဦးမယ်"
"နောက်ပြီး ဒန်နီလည်း ပါသေးတယ်ဟ" ဆိုပြီး လစ်ဇ်က အသံသေးအသံကြောင်နဲ့ ပြောလိုက်ပါသေးတယ်။
"အဲ့ကောင်လေးကလေ...သိပ်ကို ....ဟဲဟဲ...သိပ်ကို ချောတာပဲဟဲ့"
မေစီက နှုတ်ခမ်းကိုကိုက်လို့ ကျန်တဲ့ စာရင်းတွေကို ဆက်ကြည့်လိုက်ပါသေးတယ်။
"ဟဲ့ ကြည့်စမ်းပါဦး။ ဂျွန် ထရူးလော့ခ်လည်း ပါတယ်ဟ။ သူ့ကို ဘယ်သူကများ လေလံမောင်ဖြစ်အောင် မဲပေးလိုက်ပါလိမ့်ဟယ်"
ကျွန်မလည်း ရုတ်တရက် ကိုယ့်နားကိုတောင် မယုံနိုင်ပဲ ဖြစ်သွားရပါတယ်။ ကျွန်မ သူ့လက်ထဲက စာရွက်ကိုယူပြီး သေချာဖတ်ကြည့်လိုက်ရတော့တာပေါ့။
"ဟုတ်လို့လားဟယ်"
"ဪ ဟုတ်ပါတယ်ဆို....ဒီမှာတွေ့လား" ဆိုပြီး မေစီက ကျွန်မကို သေချာ လက်ညှိုးနဲ့ ထောက်လို့ ပြလိုက်တယ်လေ။
"သူ့လိုလူကို ဘယ်သူကများ စနောက်ပြီး မဲပေးလိုက်ကြလဲ မသိဘူးနော်"
"ဟိုးနောက်က ကောင်မလေးတွေ အုပ်စုပဲနေမှာပေါ့" လို့ ဒါလာကပြောလိုက်ပါတယ်။
"ငါကတော့ မိုက်ခ် အက်ဘနီဒိုကိုပဲ လေလံဆွဲမှာ...နင်တို့တွေ စိတ်တောင် မကူးနဲ့နော်" လို့ ဒါလာက ဆိုတော့ မေစီက ရယ်လိုက်ပါတယ်။
"အေးပါ...ဒါဆိုလည်း ပြီးရော"
"ဟုတ်တယ်။ ငါတို့လည်း နောက်တစ်ယောက်ကို လေလံဆွဲကြတာပေါ့"
"ဒါနဲ့ ...ဂျူလီ။ နင်ရော...သောကြာနေ့အတွက် ပိုက်ဆံစုပြီးပြီလား" ဆိုပြီး ဒါလာက ကျွန်မဘက် လှည့်လာပါသေးတယ်။
"မစုပါဘူး"
"ဟဲ့...နင် လေလံပွဲမှာ ပါရင် ကျောင်းကို နေ့တစ်၀က်ပဲ တက်ရမှာနော်"
"သိသားပဲ။ ငါကတော့ ဘယ်သူ့ကိုမှ လေလံမဆွဲပါဘူးဟာ။ စိတ်လည်း မ၀င်စားဘူး"
အဲ့ဒီတော့ သူက ရယ်တယ်လေ။
"ကောင်းပြီလေ...နင့်သဘောပဲပေါ့ဟယ်"
အဲ့ဒီနေ့ ကျောင်းဆင်းတော့ ကျွန်မ စက်ဘီးလေးစီးပြီး အိမ်ကိုပြန်လာရင်း ဘရိုက်စ်တစ်ယောက် လေလံမောင်ဖြစ်တော့မှာပါလားဆိုတာကိုပဲ တွေးနေမိပါတယ်။ ကျွန်မရဲ့ ဘရိုက်စ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေ ပြန်ပြီး နိုးထလာပြီဆိုတာ ခံစားမိတာပေါ့။ ဒါပေမယ့် ရှယ်လီက သူ့ကို ကြိုက်တာ ကျွန်မရဲ့ ကိစ္စမှမဟုတ်တာပဲ။ ကျွန်မ ဘရိုက်စ်အကြောင်း တွေးမနေသင့်ပါဘူးလေ။ ကျွန်မ အတွေးတွေထဲက ဘရိုက်စ်ကိုဖျောက်လိုက်တော့ ဂျွန် ထရူးလော့ခ်အကြောင်းက ခေါင်းထဲရောက်လာပါတော့တယ်။ သူဟာ အတန်းထဲမှာဆို သိပ်ကို အနေအေးတဲ့သူပါ။ သူ အခုလို ကျောင်းသားတွေ အားလုံးရှေ့မှာ နေ့လည်စာခြင်းတောင်းဆွဲပြီး လေလံဆွဲတာခံရမှာကို ကျွန်မ သနားမိပါတယ်။ ကျွန်မ သူ့ကို ဘာတွေများ လုပ်လိုက်မိပါလိမ့်နော်။
ကျွန်မ အိမ်ကိုရောက်တော့ ခြံထဲမှာ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မ သိပ်ကို အံ့ဩသွားရပါတယ်။ ဟုတ်ပါတယ်။ ကျွန်မ မြင်နေရတဲ့ အစိမ်းရောင်လေးတွေက ကျွန်မစိုက်ထားတဲ့ မြက်ပင်ပေါက်ကလေးတွေ အစို့ ထွက်လာတာပါပဲ။ အောက်ခြေ မြေကြီးနဲ့ ယှဉ်ရင် သိပ်ပြီး မသိသာသေးပေမဲ့ ကျွန်မ သူတို့လေးတွေကို မြင်ရတာ ပြောမပြတတ်အောင် ၀မ်းသားမိတယ်လေ။ မြက်ပင်ပေါက်ကလေးတွေကတော့ နေ့လည်ခင်းရဲ့ နေရောင်ခြည်အောက်မှာ ဖြာဝေလို့ နေပါတော့တယ်။
ကျွန်မ အိမ်ထဲကို ၀ရုန်းသုန်းကားနဲ့ ပြေး၀င်သွားတော့တာပေါ့။
"အမေ ရေ....အမေ... သမီးမြက်ခင်းလေး အပင်ပေါက်တွေ ထွက်နေပြီရှင်"
အမေကလည်း အိမ်ထဲကမှာ သန့်ရှင်းရေးလုပ်နေရင်းကနေ လက်အိတ်စွပ်ပြီ ဘာလီပုံးကြီးဆွဲလို့ ထွက်လာတယ်လေ။
"တကယ်ပဲလားကွယ်။ အမေက သမီးရဲ့ မြက်ခင်းလေး မြေကြီးတွေကြောင့် မွန်းပြီး မထွက်တော့ဘူး ထင်နေတာကွဲ့"
"အခုတော့ အပင်ပေါက်လေးတွေ ထွက်နေပြီ အမေရဲ့။ လာကြည့်စမ်းပါဦးရှင်"
အမေ့ကို ကြည့်ရတာ အပင်ပေါက်လေးတွေကို သိပ်မထူးခြားသလို ကြည့်နေတာမို့ ကျွန်မလည်း အမေ့ကို ခြံထဲမှာ သေချာထိုင်ခိုင်းပြီး ကျွန်မ ကြိုးစားမှုရဲ့ အသီးအပွင့်လေးတွေကို သေချာမြင်တတ်အောင် ပြလိုက်ပါတော့တယ်။ အဲ့ဒီတော့မှ အမေလည်း ပြုံးလာတယ်လေ။
"အပင်ပေါက်လေးတွေက သိပ် လှတာပဲ သမီးရယ်..."
"ဟုတ်တယ် အမေ...သူတို့ကို ကြည့်ရတာ သမ်းဝေနေသလိုပဲနော်"
အမေက မြက်ပင်လေးတွေကို သေချာ ကုန်းလို့ ကြည့်လိုက်ပါသေးတယ်။
"ဘယ်လို သမီး..."
"ဒီလိုလေ။ မြက်ပင်လေးတွေက မြေပြင်ပေါ်ကို အစို့လေးနှစ်ဖက်ထောင်ပြီးထွက်နေတာကို ကြည့်ရတာ သူတို့က မြေပြင်ပေါ်ကနေ အိပ်ရာကထလာပြီး လောကကြီးကို အကြော့ဆန့်လို့ နှုတ်ဆက်နေတဲ့ အတိုင်းပဲလေ"
"ဪ...သမီးက တွေးတတ်သားပဲ"
ကျွန်မလည်း မြေကြီးပေါ်ကနေ ထရပ်ပြီး ရေပိုက်ခေါင်းကို ပြေးဆွဲလိုက်တာပေါ့။
"ဒါဖြင့် သူတို့အတွက် သမီး ရေလေးလောင်းလေးလိုက်ဦးမယ်နော် အမေ" လို့ ဆိုတော့ အမေက ခေါင်းငြိတ်လို့ အိမ်ထဲ ပြန်၀င်သွားပါတော့တယ်။ ဒီလိုနဲ့ ကျွန်မလည်း ခြံထဲမှာ ရေလောင်းပြီ သီချင်းဆိုနေရင်းက ကျန်ခဲ့တော့တာပေါ့။ ကျွန်မ ခြံထဲမှာ တစ်ယောက်ထဲ သီချင်းဆိုပြီး ဈာန်၀င်နေတုန်း ဟိုဘက်လမ်းမှာ ကျောင်းကားဆိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။
ဒါဆို ဘရိုက်စ်လည်း အိမ်ပြန်ရောက်လာတော့မှာပေါ့။ သူ့အကြောင်းတွေးလိုက်တာနဲ့ ကျွန်မ စိတ်ထဲ သူနဲ့ ရင်မဆိုင်ရဲသလို ဖြစ်လာတာမို့ ကျွန်မလည်း ရေပိုက်ခေါင်းကို ပစ်ချပြီး အိမ်ထဲကို ပြေး၀င်သွားပါတော့တယ်။ ကျွန်မ အခန်းထဲမှာပဲ အောင်းပြီး အိမ်စာလုပ်ဖို့ ကြိုးစားလိုက်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မ ဘာကိုမှ ထိထိရောက်ရောက် မလုပ်ဖြစ်ခဲ့ပါဘူးလေ။ ကျွန်မရဲ့ စိတ်တွေ ဂဏာမငြိမ်နိုင်အောင် ဖြစ်နေခဲ့ရပါပြီ။ ရှယ်လီစတောစ်က ဘရိုက်စ်ကို ပြန်ကြိုက်လိုက်တာက ကျွန်မကိစ္စမဟုတ်ဘူးဆိုပေမဲ့ ကျွန်မ ဘာလို့များအခုလို ခံစားနေရသေးတာပါလဲ။ ကျွန်မ ဘရိုက်စ်ရော၊ ရှယ်လီ့ကိုပါ မေ့ပစ်ရပါမယ်။ ပြောရမယ်ဆိုရင် သူတို့နှစ်ယောက်က လိုက်ဖက်ညီကြတာပဲ မဟုတ်ပါလား။
ကျွန်မရင်ထဲမှာတော့ ခြံထဲက မြက်ပင်ပေါက်လေးတွေလိုပဲ အားငယ်နေမိပါတော့တယ်။ ကျွန်မ ဘရိုက်စ်ကို လုံး၀မေ့ပစ်လိုက်ဖို့အထိ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။ သူ့ကို မမေ့နိုင်ခင်အထိ ကျွန်မ လုပ်နိုင်တာ တစ်ခုကတော့ ဘရိုက်စ်နဲ့ ဝေးဝေးမှာ နေဖို့ပါပဲ။ သူ့ကို ကျွန်မ ဘ၀ထဲကနေ တဖြည်းဖြည်း ဆွဲထုတ်ပစ်ရပါမယ်။
ကျွန်မလည်း အဲ့ဒီကစလို လေလံပွဲအကြောင်းကို မေ့ထားလိုက်ကာ ဘရိုက်စ်ကိုလည်း ကျောင်းမှာ ဝေးဝေးကရှောင်နေခဲ့ပါတော့တယ်။ နောက်ပြီး သူနဲ့ ထိပ်တိုက်တွေ့ခဲ့ရင်လည်း ကျွန်မ သူ့ကို ရိုးရိုးရှင်းရှင်းပဲ 'ဟယ်လို' တစ်ခွန်းလောက်နဲ့သာ စကားဖြတ်ခဲ့တာပေါ့။ ကျွန်မ ရည်ရွယ်ချက်က အောင်မြင်တယ်ပဲပြောရပါမယ်။ ကျွန်မကိုယ်ကျွန်မ ပိုပြီး စိတ်ဓါတ်ခိုင်မာလာတယ်လို့ ခံစားရတယ်လေ။ ဘယ်သူကရော အဲ့ဒီ ခပ်ကြောင်ကြောင် လေလံပွဲအကြောင်း စိတ်၀င်တစားရှိမှာ မို့လို့ပါလဲ။ ကျွန်မကတော့ လုံး၀ စိတ်မ၀င်စားတ သေချာပါတယ်။
သောကြာနေ့ မနက် ကျွန်မ အိပ်ရာကထတော့ ကျောင်းမသွားခင် ကြက်ခြံထဲဆင်းပြီး ကြက်ဥလေးတွေကောက်ပြီး ခြံထဲလည်း ရေဆင်းလောင်းလိုက်ပါသေးတယ်။ ကျွန်မရဲ့ မြက်ခင်းလေးလည်း စိမ်းစိုနေတာပါပဲ။ နောက်တော့ ကျွန်မ မနက်စာ စားပြီး ကျောင်းသွားဖို့ ပြင်ဆင်ခဲ့ပါတော့တယ်။ ဒါပေမယ့် ကျွန်မ ကျောင်းမသွားခင် ခေါင်းဖြီးနေတုန်း ရှယ်လီ စတောစ်အကြောင်းတွေးလိုက်မိပါတယ်။ ဒီနေ့က လေလံပွဲကျင်းပမဲ့နေ့လေ။ သူကတော့ ဒီနေ့မနက် ငါးနာရီလောက်ကတည်းကထပြီး အမြင်ကပ်စရာ သူ့ဆံပင် အုံထူထူကြီးကို ဖြီးနေမှာ မြင်ယောင်ပါသေးတယ်။
အို...သူ့ဘာသူ ခေါင်းဖြီးတာ ကျွန်မနဲ့ ဘာဆိုင်လို့ပါလဲ။ နောက်ပြီး ကျွန်မလည်း အပေါ် အင်္ကျီ ထပ်၀တ်နေရင်းကနေ ပိုက်ဆံထည့်ထားတဲ့ သံဗူးလေးကို မျက်စောင်းထိုးမိလိုက်တယ်လေ။ ဒါမှမဟုတ် ကျွန်မ ဒီပိုက်ဆံတွေကို ယူပြီး.... အို...မဖြစ်သေးပါဘူးလေ။ ကျွန်မ ဒီလို စိတ်ကို အလိုလိုက်လို့ မဖြစ်ပါဘူး။
ကျွန်မ ဂိုဒေါင်ထဲပြေးလို့ စက်ဘီးလေးထုတ်ပြီး အိမ်ရှေ့ထွက်လာတုန်း မစ္စ စတူဘီက ကျွန်မဆီရောက်လာတော့တာပေါ့။
"ဂျူလီယာနာ..." ဆိုပြီး သူက ကျွန်မကို လက်ပြလို့ အော်ခေါ်လိုက်ပါတယ်။
"ဒီမှာ သမီး။ ဒီပိုက်ဆံလေး ယူလိုက်ဦး။ အဒေါ် အခုလို နောက်ကျမှ ပိုက်ဆံရှင်းပေးရတာ တောင်းပန်ပါတယ်ကွယ်။ အဒေါ်လည်း သမီးကို ဒီမနက်တော့ သေချာ ပေးဖြစ်အောင် ပေးမယ်ဆိုပြီး ကြိုစောင့်နေတာကွဲ့"
ကျွန်မဖြင့် သူ့ဆီက ကြက်ဥဖိုး ဘယ်လောက်ရမယ်ဆိုတာ တွက်တောင် မတွက်ထားမိခဲ့ပါဘူး။ ကျွန်မ ဂရုလည်း မစိုက်မိပါဘူးလေ။ သူ့လက်ထဲမှာ ကိုင်ထားတာကတော့ ဆယ်ဒေါ်လာလောက်ရှိမယ်ထင်ပါတယ်။ ကျွန်မ အားနာနာနဲ့ သူ့ကို ပြန်ပြောလိုက်တာပေါ့။
"မစ္စစတူဘီ...သမီး ပိုက်ဆံမလိုချင်ပါဘူးရှင်။ ကျွန်မကို ပိုက်ဆံပေးမနေပါနဲ့"
"အို...မဟုတ်တာ သမီးရယ်။ သမီးရဲ့ ကြက်ဥဖိုးလေးတွေ ယူရမှာပေါ့ကွယ်။ ကဲ ယူပါ" ဆိုပြီး သူက ကျွန်မ လက်ထဲ အတင်းထိုးပေးနေတော့တာပါ။
"ရပါတယ်ရှင်။ သမီး...သမီး တကယ်မလိုလို့ပါ" လို့ပြောတာတောင် သူက ကျွန်မ အိတ်ကပ်ထဲကို မရရအောင် ထည့်ပေးလိုက်ပါတော့တယ်။
"ယူပါ သမီးရယ်။ ကဲ သွားတော့။ သမီး ကြက်ခြံလေးအတွက် ကြက်ဖတစ်ကောင်လည်း ၀ယ်ဖြစအောင် ၀ယ်ဦးနော်" ဆိုပြီး သူက အိမ်ထဲ ပြန်၀င်သွားတော့တာပေါ့။
"မစ္စ စတူဘီ....မစ္စစတူဘီ။ သမီး ကြက်ဖမ၀ယ်တော့ဘူးရှင့်"
မစ္စစတူဘီကတော့ ကျွန်မ စကားကို မကြားတော့ဘဲ အိမ်ထဲကိုတောင် ရောက်သွားပါပြီ။
ကျောင်းကို သွားတဲ့ တစ်လမ်းလုံး ကျွန်မ စဉ်းစားနေမိတာကတော့ မစ္စစတူဘီပေးလိုက်တဲ့ ပိုက်ဆံတွေကိုပါပဲ။ သူ ကျွန်မကို ဘယ်လောက်တောင် ပေးလိုက်လဲ မသိတော့ပါဘူး။ ကျွန်မ ကျောင်းရောက်တော့ စက်ဘီးကို ပါကင်ထိုးပြီး အိတ်ကပ်ထဲမှာ ဖောင်းပွနေတဲ့ ပိုက်ဆံတွေကို ရေလိုက်ပါတော့တယ်။
တစ်ဆယ်...ဆယ်ငါး...ဆယ့်ခြောက်...ဆယ့်ခုနှစ်....ဆယ့်ရှစ် ဒေါ်လာတောင်ပါလား။
ကျွန်မ ပိုက်ဆံတွေကို သေချာပြန်စီပြီး အိတ်ကပ်ထဲပြန်ထည့်လိုက်တာပေါ့။ ကျွန်မရဲ့ ပိုက်ဆံတွေက ရှယ်လီ့ထက်ပိုများနိုင်ပါ့မလား။
အခန်းထဲရောက်တော့ ပထမဆုံးအတန်းချိန်မှာ ကျွန်မ လေလံပွဲအကြောင်းပဲ စိတ်ရောက်နေတော့ ကိုယ့်ကိုယ်ကိုတောင် စိတ်ဆိုးမိပါသေးတယ်။ နောက်ပြီး ဒုတိယအတန်းချိန်မှာ ဘရိုက်စ် အခန်းထဲပြန်ရောက်လာတော့ ကျွန်မ သူ့ကို စိုက်မကြည့်မိအောင် ခက်ခက်ခဲခဲနဲ့ကို ထိန်းလိုက်ရတာပေါ့။ ကျွန်မ သူ့ကို အခုလို နက်တိုင်စည်းနဲ့ ရှပ်အင်္ကျီလက်ရှည်နဲ့ တွဲ၀တ်ထားတာကို မတွေ့ဖူးတာ အမှန်ပါ။
အတန်းချိန်ပြီးလို့ ကျွန်မ ဗီရိုနားမှာ စာအုပ်ထည့်နေတုန်း ကျွန်မနောက်ကနေ ရှယ်လီစတောစ်က ဘယ်ကမှန်းမသိ ပေါ်လာတော့တာပေါ့။ သူက ကျွန်မကို ကြည့်လို့
"နင်က ဘရိုက်စ်ကို လေလံဆွဲမယ်လို့ ငါကြားထားတယ်နော်" ဆိုပြီး အဆက်အစပ်မရှိ လာပြောနေပါတော့တယ်။
"ဘယ်လို... နင့်ကို ဘယ်သူကပြောလဲ။ ငါက ဘယ်သူ့ကိုမှ လေလံမဆွဲပါဘူး"
"ငါ့သူငယ်ချင်းတချို့က နင် ဒီနေ့မနက် ငွေတွေ အလိပ်လိုက် ကိုင်ထားတာတွေ့လိုက်တယ်တဲ့။ နင့်မှာ ပိုက်ဆံ ဘယ်လောက်ပါလို့လဲ"
"ငါ့မှာ ဘယ်လောက်ပါပါ နင့်အပူမဟုတ်ပါဘူး။ နောက်ပြီး ငါလည်း ဘယ်သူ့ကိုမှ လေလံမဆွဲဘူး ဟုတ်ပြီလား။ ငါ သူ့ကို မကြိုက်တော့တာဖြင့် ကြာလှပြီ"
ရှယ်လီက ရယ်တယ်လေ။
"ဒါဆိုလည်း ပြီးတာပဲ"
"ငါတကယ်ပြောနေတာ ရှယ်လီ" လို့ဆိုပြီး ကျွန်မ ဗီရိုတံခါးကို ဆောင့်ပိတ်လိုက်ပါတယ်။
"နင့်ဘာသာ နင့်ပိုက်ဆံတွေကို ကြိုက်သလောက်သွားဖြုန်းချေ။ ငါကတော့ စိတ်ကို မ၀င်စားဘူး" ဆိုပြီး ကျွန်မ သူ့ထက်အရင်ပြောပြီး ထွက်လာခဲ့ပါတော့တယ်။ ရှယ်လီ့ကို ရူးကြောင်ကြောင် ကောင်မလေးနဲ့ ပြိုင်ငြင်းနေရမှာထက်စာရင် အခုလို ထွက်လာတာက ပိုကောင်းတယ်လေ။
ဒီလိုနဲ့ နေ့လည် ဆယ့်တစ်နာရီထိုးလာတော့တာပေါ့။ ကျောင်းသားတွေအားလုံးလည်း လေလံပွဲကျင်းပမဲ့ အားကစားခန်းမထဲမှာ နေရာယူထားလိုက်ကြပါတော့တယ်။ ကျွန်မကတော့ အခုအချိန်ထိ ဘရိုက်စ် လော့စကီ ကို လေလံမဆွဲဖို့ ဆုံးဖြတ်ထားဆဲပါ။ နောက်တော့ လေလံမောင်လေးတွေလည်း စင်ပေါ်တက်လာကြတယ်လေ။ ဘရိုက်စ်က အနီရောင်နဲ့ အဖြူရောင်စပ်ထားတဲ့ ပု၀ါစ လေးချထားတဲ့ ပျော်ပွဲစားခြင်းတောင်းလေးဆွဲပြီး စင်ပေါ်တက်လာတာ သိပ်ကို ချစ်ဖို့ကောင်းနေတာတော့ အမှန်ပါ။ နောက်ပြီး ရှယ်လီက သူ့ခြင်းတောင်းထဲက ပုဝါကိုယူပြီး သူနဲ့အတူ နေ့လည်စာ စားနေတော့မှာပဲ ဆိုတဲ့အသိက ကျွန်မ အိတ်ကပ်ထဲက ပိုက်ဆံတွေခုန်ထွက်လာမတတ်ကို ဒေါသထွက်နေမိပါတော့တယ်။
ဒါလာက ကျွန်မ နောက်ကိုရောက်လာပြီး တီးတိုးလေးမေးလိုက်တော့တာပေါ့။
"ကဲ...ဂျူလီ နင် ဒီနေ့ကျောင်းကို ပိုက်ဆံတွေ ပါလာတယ်လို့ ငါကြားတယ်နော်။ အဲ့ဒါ တကယ်လား"
"ဘယ်လို...မဟုတ်ပါဘူးဟာ။ ဒါပေမယ့် ပိုက်ဆံပါလာတာတော့ ဟုတ်ပါတယ်။ အဲ့ဒါက လေလံဆွဲဖို့ မဟုတ်ဘူးဟ"
"အမယ်...ဟုတ်လို့လားဟယ်။ နင့်ကိုနင်လည်း ကြည့်စမ်းပါဦး။ နင် အဆင်ရောပြေရဲ့လား"
တကယ်တော့ ကျွန်မ ဗိုက်ထဲမှာ မအီမသာကြီးခံစားနေရပြီး ဒူးတွေပါ တုန်နေခဲ့တာပါ။
"ငါ...ငါ အဆင်ပြေပါတယ်" လို့ ကျွန်မပြောတော့ ဒါလာက စင်ပေါ်ကိုတစ်လှည့် ကျွန်မကို တစ်လှည့်ကြည့်လိုက်ပါသေးတယ်။
"နင်သာ သူ့ကို လေလံဆွဲမယ်ဆိုရင်တော့ နင့်ကို သူက ဒီထက်ပိုပြီး လေးစားတော့မှာ မဟုတ်ဘူးနော် ဂျူလီ"
"တော်စမ်းပါ ဒါလာရယ်" လို့ ကျွန်မလည်း သူ့ကို စိတ်ပျက်ပျက်နဲ့ ပြန်ပြောလိုက်ပါတယ်။ ကျွန်မကိုယ် ကျွန်မလည်း တုန်လှုပ်နေမိတယ်လေ။ ကျွန်မ အသက်တောင် ရှူမ၀တော့ဘဲ တစ်ကိုယ်လုံး လေထဲမှာ ပျံ့လွင့်နေသလို ခံစားနေရပါတော့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကို ထိန်းချုပ်လို့မရတော့ဘူးလေ။
"ဂျူလီ နင် ဒီမှာ ထိုင်လိုက်ပါလား"
"ငါ အဆင်ပြေပါတယ် ဒါလာ။ ငါ အဆင်ပြေပါတယ်"
ဒါလာက ကျွန်မကို မျက်မှောင်ကြုတ်လို့ ကြည့်လိုက်တာပေါ့။
"အေးပါ။ ငါလည်း နင့်အနားမှာပဲ ထိုင်လိုက်တော့မယ် ဟုတ်ပြီလား"
စင်ပေါ်မှာတော့ မစ္စ မက်လူးဝါးက လေလံမောင်တွေကို သေချာကြည့်ရှူစစ်ဆေးပြီး နက်တိုင်ဆတွကိုတောင် သေချာ တည့်မတ်ပေးနေလိုက်ပါသေးတယ်။ ခဏနေတော့ သူက လေလံတူလေးနဲ့ တဒေါက်ဒေါက်ထုလို့ မိုက်ကရိုဖုန်းနဲ့ စကားစလိုက်ပါတော့တယ်။
"အားလုံးပဲ နေရာယူပေးကြပါကွယ်။ လေလံပွဲကြီးလည်း မကြာခင် စတင်ပါတော့မယ်"
ကျောင်းသူ ကျောင်းသား ပရိတ်သတ်ပေါင်း ခြောက်ရာက တိတ်ဆိတ်သွားကြတော့မှ မစ္စ မက်လူးဝါးက ပြုံးလို့ ဆက်ပြောတယ်လေ။
"ကျေးဇူးတင်ပါတယ်ကွယ်။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။ အခုတော့ ဆရာမတို့ကျောင်းရဲ့ နှစ်စဉ် ရန်ပုံငွေပွဲအတွက် လေလံမောင်လေးတွေကို ကြိုဆိုလိုက်ကြပါဦးကွယ်။ သားတို့ သမီးတို့ အားလုံးလည်း ကိုယ်စီ ကိုယ်စီရဲ့ အတန်းတွေမှာ ဆရာ၊ ဆရာမတွေဆီက ကြားပြီးလောက်ပြီ ဆိုပေမဲ့ ဆရာမက ပွဲမစခင် သတိပေးစရာလေးတွေ ရှိပါတယ်။ ဒီ ရန်ပုံငွေပွဲလေးထဲမှာ ပါ၀င်မဲ့ကျောင်းသူ ကျောင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် စနောက်တာ၊ အသံသေး အသံကြောင်နဲ့ လှောင်ပြောင်တာ နဲ့ အခြားသော နည်းလမ်းများနဲ့ မနှောင့်ယှက်ရပါဘူးနော်။ လေလံဈေးပေးချင်တဲ့ သူများဟာ လက်မြှောက်ပြီး ဈေးကို ကြေငြာရပါမယ်။ လက်မမြှောက်ဘဲ ပြောတဲ့ ဈေးကိုတော့ ထည့်တွက်မှာမဟုတ်ပါဘူးကွယ်။ နောက်ပြီး ပွဲလေးကို နှောင့်ယှက်တဲ့ သူတွေကိုလည်း အပြစ်ပေးသွားမှာဖြစ်ပါတယ်။ ကဲ...ဆရာမပြောချင်တာကတော့ ဒီလောက်ပါပဲ။ ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးလည်း နားလည်ကြမယ်ထင်ပါတယ်ကွယ်" ဆိုပြီး မစ္စ မက်လူးဝါးက အားကစားရုံကြီးရဲ့ အပေါက်တွေဆီကို လှမ်းကြည့်လိုက်ပါတော့တယ်။
"ကဲ...ဆရာ၊ဆရာမတို့လည်း အဆင်သင့်ပဲ ထင်တယ်နော်" လို့ သူကပြောလိုက်တော့ ကျောင်းသားတွေ အားလုံးလည်း သူကြည့်တဲ့နေရာကို လှမ်းကြည့်လိုက်ကြတာပေါ့။ အပေါက်၀မှာတော့ ကျောင်းသားတွေကို စောင့်ကြည့်ဖို့ ဆရာ၊ ဆရာမတွေက စောင့်ကြပ်လို့နေပါတော့တယ်။
"အမလေးဟဲ့..." လို့ ဒါလာက ရေရွတ်လိုက်တာပေါ့။
"ပျော်ပွဲရွှင်ပွဲလေးတောင် စိတ်လွတ်ကိုယ်လွတ်ပျော်လို့မရပါလားဟယ်"
မစ္စ မက်လူးဝါးက မှာလိုက်ပါသေးတယ်။
"လေလံကြေး အနည်းဆုံးကတော့ ဆယ်ဒေါ်လာပါပဲကွယ်။ အမြင့်ဆုံးကတော့ သတ်မှတ်မထားပါဘူးလေ။ လေလံအောင်သွားတဲ့သူတွေကတော့ မြောက်ဘက်ခြမ်းက တံခါးကနေ ဟောခန်းဆီကိုသွားပြီး လေလံမောင်များနဲ့အတူ နေ့လည်စာ အတူစားခွင့်ရမှာဖြစ်ပါတယ်။ နောက်ပြီး လေလံမောင်များနဲ့ လေလံအောင်သူများအားလုံးဟာ နေ့လည်ပိုင်းကျောင်းချိန်တွေလည်း တရား၀င်ပျက်ခွင့်ရှိပြီးတော့ ဒီနေ့ ပေးလိုက်တဲ့ အိမ်စာတွေကနေလည်း ကင်းလွတ်သက်သာခွင့် ရဦးမှာပါကွယ်" ဆိုပြီး မစ္စ မက်လူးဝါးက တံခါးမှာစောင့်နေတဲ့ ဆရာမတွေဆီကို ပြုံးပြလိုက်တယ်လေ။
"ဒီ ရန်ပုံငွေပွဲလေး ဖြစ်မြောက်အောင် ကူညီပေးကြတဲ့ ဆရာ၊ ဆရာမတွေအားလုံးကိုလည်း ကျွန်မက ကျေးဇူးအထူးတင်ပါတယ်ရှင်"
"ကဲ...ဒါဆိုရင် ရန်ပုံငွေပွဲလေးကို စတင်လိုက်ကြရအောင်ပါကွယ်" ဆိုပြီး မစ္စ မက်လူးဝါးက မျက်မှန်တပ်လို့ သူ့လက်ထဲက စာရင်းစာရွက်လေးကို ဖတ်လိုက်ပါတော့တယ်။
"ဆရာမတို့ ရန်ပုံငွေ လေလံပွဲလေးရဲ့ ပထမဆုံး လေလံမောင်ကတော့ ဂျက်ဖရီ ဘစ်ရှို ပဲဖြစ်ပါတယ်။ လာပါ...စင်ပေါ်တက်လာခဲ့လေ သား...ဂျက်ဖရီ။ ရှက်မနေပါနဲ့ကွယ်"
ဂျက်ဖရီလည်း မစ္စမက်လူးဝါးက ခေါ်နေတော့ မချင့်မရဲနဲ့ စင်ရှေ့ကို ထွက်လာတော့တာပေါ့။
"ဂျက်ဖရီရဲ့ နေ့လည်စာခြင်းလေးကို လေလံဆွဲကြမယ်ဆိုရင်တော့ ကြက်သားသုတ် အသားညှပ်ပေါင်မုန့်နဲ့ ခေါက်ဆွဲသုတ်ကို အရသာရှိရှိ စားရမှာဖြစ်ပြီး အချိုပွဲအနေနဲ့ စပျစ်သီး၊ လက်ဘက်ရည်အေးနဲ့ ကွတ်ကီးတို့ကိုပါ တ၀ကြီး သုံးဆောင်ရမှာ ဖြစ်ပါတယ်"
မစ္စ မက်လူးဝါးက ဂျက်ဖရီ့ကို ပြုံးပြလိုက်ပါသေးတယ်။ ပြီးမှ သူက ပရိတ်သတ်ဘက်လှည့်ပြီး ဆက်ပြောတယ်လေ။
"သိပ်ကို အရသာရှ်ိမဲ့ ပုံပဲ မဟုတ်လားကွဲ့။ နောင်ပြီး ဂျက်ဖရီ ကိုယ်တိုင်ကလည်း စကိတ်စီးတာ၊ နှင်းလျှောစီးတာနဲ့ ရေကူးတာကို သဘောကျပြီး အားလပ်ရက်တွေမှာတော့ ပန်းခြံမှာ အချိန်ဖြုန်းရတာကို နှစ်သက်ကာ မင်းသားကြီး ဟမ်းဖရေး ဘိုဂတ်ကတော့ သူ့အကြိုက်ဆုံးပါတဲ့ကွယ်"
ဂျက်ဖရီ့ခမျာ သေချင်စော်ကို နံနေမှာ မြင်ယောင်မိပါတယ်။
"ဒါဖြင့်ရင် ဟောဒီက ဂျက်ဖရီ့ရဲ့ နေ့လည်စာခြင်းကို လေလံဈေးလေး စပေးကြရအောင်လေ...ဆယ်ဒေါ်လာ ပေးမဲ့သူ ရှိပါသလားကွယ်"
တကယ်တော့ မစ္စ မက်လူးဝါးဈေးစခေါ်တဲ့ ဆယ်ဒေါ်လာတင်မကပါဘူး။ ပရိတ်သတ်ထဲက ဟိုတစ်ပေါက် ဒီတစ်ပေါက်နဲ့ဆိုသလို လေလံဈေးက နှစ်ဆယ့်ငါးဒေါ်လာအထိ မြင့်တက်သွားပါတော့တယ်။
"ဟုတ်ပါပြီ။ နှစ်ဆယ့်ငါးဒေါ်လာနဲ့ လေလံကို အနိုင်ရသွားတဲ့သူကတော့ ခရမ်းရောင်အပေါ်၀တ် အင်္ကျီနဲ့ သမီးလေးပဲ ဖြစ်ပါတယ်"
"ဘယ်သူများပါလိမ့်" လို့ ကျွန်မ ဒါလာ့ကို မေးလိုက်ပါတယ်။
ဒါလာက
"သူ့နာမည်က တစ်ဖနီထင်တယ်။ ခုနှစ်တန်းက ကောင်မလေးလေ" လို့ ပြန်ဖြေတော့ ကျွန်မက တအံ့တဩနဲ့
"ဟင် တကယ်လား။ ငါဆို မနှစ်က တစ်ခါမှ လေလံမဆွဲခဲ့ဖူးဘူးလေ။ နောက်ပြီး မနှစ်က ဒီလောက်ထိလည်း ဈေးမရဖူးပါဘူး" ဆိုပြီး ပြောလိုက်ပါတော့တယ်။
"ဘာလဲ...ဒါဆို နင်က ဒီနှစ်တော့ လေလံပစ်တော့မယ်ပေါ့ ဟုတ်လား ဂျူလီ။ ဒါနဲ့ နင် ပိုက်ဆံ ဘယ်လောက်ပါလာတာလဲ ဟင်"
ကျွန်မလည်း ဒါလာ့ကို စိတ်မရှည်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
"ဒါလာ....ငါ ပိုက်ဆံတွေကို တမင်တကာ ယူလာတာမဟုတ်ဘူးလို့ ပြောပြထားတယ် မဟုတ်ဘူးလားဟာ။ ငါ့အိမ်နားက အဒေါ်ကြီးက ငါ့ကို ကျောင်းသွားတဲ့လမ်းမှာတွေ့တုန်း ပေးလိုက်တာပါ။ ငါက သူ့ကို ကြက်ဥတွေရောင်းထားတာလေ...."
"နင်က ကြက်ဥရောင်းတယ် ဟုတ်လား။ ဒါဆို ဟိုတစ်ခါ ဘရိုက်စ်တို့ စာကြည့်တိုက်ထဲမှာ ပြောနေကြတာ အမှန်တွေချည်းပဲပေါ့"
"ဟုတ်တယ်လေ" ဆိုပြီး ကျွန်မ ပြန်ဖြေလိုက်တော့ ဒါလာက အံ့အားသင့်သွားတော့တာပေါ့။
"ဂျူလီရယ်...နင့်ကို ဒီလောက်တောင် ပြောရက်တဲ့ ကောင်လေးကို နင် လေလံဆွဲဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်"
"ငါလည်း သူ့ကို လေလံမဆွဲချင်ပါဘူးဟ။ ဒါပေမယ့် ငါ သူ့ကို ကြိုက်လာခဲ့တာ ကြာလှပြီလေဟာ။ မှတ်မှတ်ရရဆို ငါ့အသက် ခုနှစ်နှစ်လောက်ထဲက ထင်တယ်။ နောက်ပြီး သူက ငါ့အပေါ် မကောင်းပြောပြီး သူရဲဘောကြောင်တာမို့ ငါလည်း သူ့ကို ထပ်ပြီး စကားမပြောတော့ဖို့ သံန္ဒိဌာန်ချထားပေမဲ့ ပြောသလောက် မလွယ်ဘူးဟ။ အခုလို ရှယ်လီက သူ့ကို မျက်စိကျနေတယ်ဆိုတော့ ပိုဆိုးတာပေါ့ဟာ။ အခုတော့ ငါလည်း ရှိသမျှ ပိုက်ဆံအကုန်ပေးပြီး ဘရိုက်စ်ကို လေလံဆွဲချင်တာ သေတော့မယ်ဟ"
"အင်း...ရှယ်လီ နဲ့ ပတ်သက်ရင်တော့ နင်ဘယ်လို ခံစားနေရမလဲဆိုတာ ငါ နားလည်ပါတယ်လေ။ ဒါပေမယ့် ဘရိုက်စ်က နင့်အတွက်ဆို စားပြီးတော့မှ နောင်တရ,ရမယ့် ချိ့စ်ကိတ်လို လူစားမျိုးဟ။ အဲ့ဒီတော့ နင် သူ့ကို လုံး၀ လေလံမဆွဲတာပဲ ကောင်းတယ် သိလား" ဆိုပြီး ဒါလာက လက်ဖြန့်လိုက်တာပေါ့။
"နင့် ပိုက်ဆံတွေ ငါ့ကိုပေးထား။နင် သူ့ကို လေလံမဆွဲမိအောင် ငါကိုင်ထားပေးမယ်"
"ဟင့်အင်း...ဒါလား"
"အမယ်...ဟင့်အင်းဆိုပါလား။ ဆိုလိုတာက..."
"ငါပြောချင်တာက...ငါ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တယ်ဆိုတာပါဟာ။ ငါ ဒါကို ကျော်ဖြတ်နိုင်ပါတယ်"
"ကောင်းပြီလေ။ နင့်ကိုယ်နင် နိုင်တယ်ဆိုလည်း ပြီးတာပဲ"
ကျွန်မ စင်ဘက်ကို ပြန်လှည့်ကြည့်လိုက်တော့ သုံး၊ လေးယောက်လောက်တောင် ပြီးသွားပြီ ထင်ပါတယ်။ မကြာခင် ဘရိုက်စ်အလှည့်ကို ရောက်လာပါတော့မယ်။ တခြားလေလံမောင်တွေကို ကျောင်းသူတွေက လေလံအပြိုင်အဆိုင် ဆွဲနေကြတုန်း ကျွန်မ ခေါင်းခြောက်နေမိတာ အမှန်ပါပဲ။ ဘရိုက်စ် အလှည့်ရောက်လာတဲ့အခါ ကျွန်မ ဘယ်လိုလုပ်ရပါမလဲ။
နောက်တော့ ရုတ်တရက်ဆိုသလို ခန်းမတစ်ခုလုံး အပ်ကျသံပါ ကြားရလောက်အောင် ငြိမ်ကျသွားပါတော့တယ်။စင်ပေါ်က မစ္စ မက်လူးဝါးရဲ့ ဘေးမှာတော့ ဂျွန် ထရူးလော့ခ်က အရှက်တကွဲနဲ့ ရပ်နေရတာပေါ့။ မစ္စ မက်လူးဝါးလည်း ပရိတ်သတ်ထဲက ဘယ်သူတွေများ လေလံဆွဲမလဲလို့ မျက်မှန်ကြီးနဲ့ ပိုက်စိပ်တိုက်လို့ မအီမသာ လိုက်ကြည့်နေတယ်လေ။
"ဘာဖြစ်သွားတာလဲဟ" လို့ ကျွန်မ ဒါလာ့ကို မေးလိုက်ပါတယ်။
"ဘယ်သူမှ သူ့ကို လေလံမဆွဲကြဘူးဟ" လို့ ဒါလာက ပြန်ပြောတာပေါ့။
"ကဲ...ဆယ်ဒေါ်လာ ပေးမဲ့သူ ရှိပါသလား။ ဂျွန် ထရူးလော့ခ်ရဲ့ နေ့လည်စာကလည်း စတော်ဘယ်ရီမုန့်ရယ်၊ အမဲသားကင်ရယ်နဲ့ ချိ့စ် အသားညှပ်ပေါင်မုန့်ရယ်ဆိုတော့ စိတ်ကူးမမှားကြပါနဲ့နော်" ဆိုပြီး မစ္စ မက်လူးဝါးက ပရိတ်သတ်တွေဆီ ဖတ်ပြတာတောင် ဘာသံမှ မကြားရသေး ဘူးလေ။
"ဟယ်...ဒုက္ခပါပဲ။ ငါ့ကြောင့် သူ ဒုက္ခရောက်တော့မယ်ထင်တယ်" လို့ ကျွန်မ ဒါလာ့ကို ထပ်ပြောလိုက်ပါတယ်။
"နင့်ကြောင့် ဟုတ်လား။ နင်က သူ့ကို ဘာသွားလုပ်ထားလို့လဲဟ"
"ငါ သူ့ကို လေလံမောင်စာရင်းထဲမှာ ပါဖို့ မဲပေးလိုက်တယ်လေ"
"ဪ...ဘာပဲဖြစ်ဖြစ် နင့်တစ်ယောက်ထဲရဲ့ မဲကြောင့် သူ့ကိုရွေးလိုက်တာမှ မဟုတ်တာပဲဟာ..."
"ဒါပေမယ့် ဘာလို့ တစ်ယောက်မှ သူ့ကို လေလံဈေးမပေးကြတာလဲ မသိဘူးနော်။ သူက..သူက လူကောင်းလေးပဲဟာကို"
ဒါလာက ခေါင်းငြိတ်လိုက်တယ်လေ။
"ဟုတ်တယ်ဟ သနားပါတယ်"
အဲ့ဒီမှာပဲ ကျွန်မ ဘာလုပ်သင့်တယ်ဆိုတာကို ရုတ်ခြည်းဆိုသလို ကျွန်မ သဘောပေါက်သွားပါတော့တယ်။ ကျွန်မ လက်ထဲလေထဲမြှောက်ပြီး အော်လိုက်တော့တာပေါ့။
"ဆယ်ဒေါ်လာ ပေးပါတယ်ရှင်"
"ဆယ်ဒေါ်လာတဲ့လား" ဆိုပြီး မစ္စမက်လူးဝါးက စကားပြန်လိုက်တာပေါ့။
"ကဲ...ဆယ်ဒေါ်လာ ပေးပါတယ်တဲ့နော်"
ကျွန်မ လက်ကို မြှောက်ထားရင်းက ဒါလာ့ကို အကူအညီတောင်းလိုက်တာပေါ့။
"ဟဲ့...နင် ဆယ့်နှစ်ဒေါ်လာလို့ အော်လိုက်ပါလား"
"ဘယ်လို..."
"ဆယ့်နှစ်ဒေါ်လာလို့ အော်လိုက်စမ်းပါ။ ငါ နင့် ဈေး ကို လေလံလိုက်ဆွဲပါ့မယ်"
"ဟာ...မလုပ်ချင်ပါဘူးဟာ"
"ဒါလာရယ်...သူ့ကို ဆယ်ဒေါ်လာနဲ့ ဈေးဖြတ်လိုက်ရင် သနားစရာကောင်းပါတယ်ဟယ်။ လုပ်လိုက်စမ်းပါ"
"ဆယ့်နှစ်ဒေါ်လာ ပေးပါတယ်ရှင်" လို့ ဒါလာက လက်မြှောက်ပြီး အော်လိုက်ပါတော့တယ်။
"ဆယ့်ငါးဒေါ်လာ ပေးပါတယ်ရှင်" လို့ ကျွန်မလည်း သူ့ဈေးကို ကျော်ပြီး ဆက်အော်တော့ ဒါလာက ပြုံးလို့ ကျွန်မကို ကြည့်ရင်း
"ဆယ့်ခြောက် ဒေါ်လာ ပေးပါတယ်ရှင်" ဆိုပြီး ဆက်အော်တော့တာပေါ့။
ကျွန်မ ဒါလာ့ကို တီးတိုးလေးပြောလိုက်ပါတယ်။
"ဟဲ့....ငါ့မှာ ပါတာ ဆယ့်ငါးဒေါ်လာ ထဲနော်"
ဒါလာတစ်ယောက် ကျွန်မစကားကြားပြီး မျက်လုံးပြူးသွားပါတော့တယ်။ အဲ့ဒီတော့မှ ကျွန်မလည်း သူ့ကို ရယ်ပြပြီး အော်လိုက်ပါတယ်။
"ဆယ့်ရှစ်ဒေါ်လာ ပေးပါတယ်ရှင်"
ပြီးတော့မှ လက်ပြန်ချပြီး ကျွန်မ ဒါလာ့ကို ပြောင်စပ်စပ်နဲ့ ပြောလိုက်တာပေါ့။
"အခုမှပဲ ငါ့မှာပါတာတွေလည်း ကုန်ပြီဟ"
ခဏလောက် အသံတွေရပ်သွားတော့ မစ္စ မက်လူးဝါးက ဈေးဖြတ်လိုက်ပါတော့တယ်။
"ဆယ့်ရှစ်ဒေါ်လာ တစ်ကြိမ်၊ ဆယ့်ရှစ်ဒေါ်လာ နှစ်ကြိမ်၊ ဆယ့်ရှစ်ဒေါ်လာ သုံးကြိမ်...ကဲ... ဂျွန် ထရူးလော့ခ်ရဲ့ နေ့လည်စာခြင်းလေး ကို ဆယ့်ရှစ်ဒေါ်လာနဲ့ ဈေးဖြတ်လိုက်ပါပြီကွယ်"
ဒါလာကလည်း အခုမှ သက်ပြင်းချနိုင်ပါတော့တယ်။
"နင်ကတော့ နောက်တယ်ဟာ။ ပျော်စရာတော့ ကောင်းသားဟ"
"အင်း ဟုတ်တယ်နော်"
"နင် အခုလို လုပ်လိုက်တာကောင်းပါတယ် ဂျူလီရယ်။ ဂျွန် ထရူးလော့ခ်ရဲ့ နေ့လည်စာက ပိုပြီး အရသာ ရှိမှာသေချာပါတယ်" ဆိုပြီး ဒါလာက ကျွန်မကို စင်ပေါ်ကို မေးငေ့ါပြလိုက်တာပေါ့။
"ဒါနဲ့ နင်က ဂျွန်နဲ့ နေ့လည်စာအတူစားဖို့ သွားမှာလား။ ဟောဟိုက ငယ်ချစ်ဦးကြီးကို အကဲခတ်ဖို့ သွားမှာလား ဂျူလီ"
ကျွန်မ ပြန်ဖြေဖို့တောင် အချိန်မရလိုက်ပါဘူး မစ္စ မက်လူးဝါးက ဘရိုက်စ်ရဲ့ နေ့လည်စာအကြောင်း ဖတ်ပြလို့ မဆုံးခင်မှာတင် ရှယ်လီက ဈေးကပေးပါလေရော။
"ဆယ်ဒေါ်လာ ပေးပါတယ်ရှင်"
ရှယ်လီနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ မီရန်ဒါက လက်ကို ဆန့်တန်းနေအောင်မြှောက်လို့ လေလံဆွဲလိုက်ပါတော့တယ်။
"ဒေါ်လာ နှစ်ဆယ်ပေးပါတယ်ရှင်"
အဲ့ဒီကနေ စပြီးတော့ သူတို့နှစ်ယောက်ချည်းပဲ တစ်ယောက်တစ်ခွန်း အော်နေကြရာကနေ နောက်ဆုံးတော့ ရှယ်လီ့ဆီက
"ခြောက်ဆယ့်နှစ် ဒေါ်လာ ပေးပါတယ်ရှင်" ဆိုတဲ့ အသံကို ကြားလိုက်ရတာပေါ့။
"ငါ ယုံတောင်မယုံနိုင်ဘူးဟာ..." လို့ ကျွန်မ ဒါလာ့ကို ကပ်ပြောလိုက်ပါသေးတယ်။
"ခြောက်ဆယ့်နှစ် ဒေါ်လာ တောင်တဲ့လား။ လုပ်လိုက်စမ်းပါ မီရန်ဒါရယ်...ရှယ်လီ့ကို ကျော်အောင် ဈေးဆက်ခေါ်လိုက်စမ်းပါ" လို့ ကျွန်မရေရွတ်နေတော့ ဒါလာက
"ငါ့အထင်တော့ မီရန်ဒါ ပိုက်ဆံ ကုန်သွားပြီထင်တယ်ဟ။ ရှယ်လီ နိုင်သွားတာပဲ ဖြစ်ရမယ်" ဆိုပြီး ကျွန်မကို ပြန်ပြောလိုက်ပါတယ်။
"ခြောက်ဆယ့်နှစ်ဒေါ်လာ တစ်ကြိမ်..." လို့ မစ္စ မက်လူးဝါးက ဈေးဖြတ်ဖို့ စကားစလိုက်ပါတယ်။ သူ နောက်တစ်ခွန်း မအော်နိုင်ခင်မှာပဲ ကျွန်မတို့ အားလုံးရဲ့ အနောက်က အသံတစ်ခု ထွက်လာတော့တာပေါ့။
"ဒေါ်လာ တစ်ရာ ပေးပါတယ်"
ကျောင်းသားတွေရော....ဆရာမတွေပါ ခေါင်းတွေ ပတ်ချာလှည့်လို့ အသံပိုင်ရှင်ဆီ ကြည့်လိုက်ကြပါတော့တယ်။
"ဟဲ့...အဲ့ဒါ ဂျန်နီဟ" လို့ ဒါလာကရေရွတ်လိုက်တော့ ကျွန်မလည်း သူ့ကို ပြန်မေးလိုက်ပါတယ်။
"ဟင်...ဟို အက်ကင်ဆန် ကောင်မလေးလား"
"အေးလေ။ ဟိုးမှာ ထိုင်နေတယ်တွေ့လား"
တကယ်တော့ အားလုံးထဲမှာ ဂျန်နီက အရပ်အရှည်ဆုံးနဲ့ လူကောင်အထွားဆုံးဖြစ်တဲ့ အပြင် နံပါတ် (၇) လို့ပါတဲ့ ဘတ်စကတ်ဘော အင်္ကျီကို ၀တ်ထားတာမို့ ထင်းနေတော့တာပေါ့။
"ငါဖြင့် ထင်တောင် မထင်ထားဘူးဟယ်" လို့သာ ကျွန်မ ရေရွတ်လိုက်နိုင်ပါတော့တယ်။
"ဒါမှမဟုတ် သူက နင့်အစား ဘရိုက်စ်ကို ကောင်းကောင်း ပညာပေးလို့ရရင် ရမှာပေါ့ဟ" လို့ ဒါလာက ပြုံးစေ့စေ့နဲ့ ပြောတော့ ကျွန်မလည်း တခစ်ခစ်ရယ်လို့ ပြန်ပြောလိုက်ပါတယ်။
"ဘယ်သူက ဂရုစိုက်နေတာကြလို့ဟယ်။ သူက ရှယ်လီ့ကို နိုင်တော့မှာပဲဟ"
မစ္စ မက်လူးဝါးကတော့ စံချိန်တင်လေလံဈေးကြောင့် မိုက်ကရိုဖုန်းနားကပ်ပြီး ၀မ်းသားအားရကို အော်နေတော့တာပါ။ ကျွန်မ ပရိတ်သတ်ရှေ့တန်းမှာထိုင်နေတဲ့ ရှယ်လီ့ဆံပင်အုံကြီးကိုတွေ့ လိုက်ရပါတယ်။ မီရန်ဒါကလည်း သူ့ကိုကြည့်နေတယ်လေ။ အဲ့ဒီတော့ ကျွန်မလည်း သူတို့နှစ်ယောက် ရန်များထဖြစ်ကြတော့မှာလားလို့ ထင်နေခဲ့ပေမဲ့ သူတို့နှစ်ယောက်က မစ္စမက်လူးဝါးဘက် မျက်နှာမူပြီး သံပြိုင်အော်လိုက်ကြပါတော့တယ်။
"တစ်ရာ နှစ်ဆယ့်နှစ် ဒေါ်လာနဲ့ ငါးဆယ်ဆင့် ပေးပါတယ်ရှင်" တဲ့လေ။
ကျွန်မဖြင့် တံတွေးတောင် သီးသွားရပါသေးတယ်။
"ဘယ်လို..."
"သူတို့နှစ်ယောက်က ပူးပေါင်းလိုက်ပြီဟဲ့" လို့ ဒါလာက တီးတိုးလေး ပြောလိုက်ပါတယ်။
"အိုး....မဖြစ်သေးပါဘူး" ဆိုပြီး ကျွန်မ ဂျန်နီ့ဘက်ကို လှမ်းကြည့်လိုက်တာပေါ့။
"လုပ်လိုက်စမ်းပါ။ သူတို့ကို အနိုင်ယူလိုက်စမ်းပါ ဂျန်နီရယ်"
ဒါလာက ခေါင်းခါလိုက်ပါတယ်။
"သူ့မှာပိုက်ဆံကုန်သွားပြီ ထင်တယ်ဟ"
ဒီလိုနဲ့ပဲ ဘရိုက်စ်ရဲ့ နေ့လည်စာခြင်းလည်း တစ်ရာနှစ်ဆယ့်နှစ် ဒေါ်လာ ငါးဆယ် ဆင့်နဲ့ အတူ ရှယ်လီနဲ့ မီရန်ဒါတို့ဆီရောက်သွားကြပါတော့တယ်။
***
လေလံပွဲပြီးလို့ ဂျွန်နဲ့အတူ နေ့လည်စာစားဖို့ ဟောခန်းကြီးထဲသွားရတာက အတန်ငယ်တော့ ထူးဆန်းပါတယ်။ ဒါပေမယ့် သူက သိပ်ကို သဘော ကောင်းတဲ့သူမို့ တော်ပါသေးတယ်။ သူ့ကိုကြည့်ရတာ ကျွန်မက သူ့ကို လေလံဆွဲခဲ့တဲ့အတွက် ကျေးဇူးတင်နေတဲ့ပုံပါပဲ။ ကျွန်မတို့လည်း နေ့လည်စာ စားဖို့ စားပွဲမှာ ထိုင်လိုက်ကြတော့မှ စကားတွေ ဖောင်ဖွဲ့ပြီး ပြောနေမိပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဒါက နေ့လည်စာ တစ်ခု သက်သက် ပါပဲလေ။
ဘရိုက်စ်ရဲ့လက်ကို တစ်ဖက်တစ်ချက်ဆီက ချိတ်ပြီးဝင်လာတဲ့ ရှယ်လီနဲ့ မီရန်ဒါကို မတွေ့ခင်အချိန်အထိတော့ အရာရာက အဆင်ပြေနေခဲ့တယ်လို့ ပြောရပါမယ်။ ဒါပေမယ့် ကျွန်မ သူတို့ကို အကောင်းဆုံး လျစ်လျူရှူထားနိုင်ခဲ့ပါတယ်လေ။ ဂျွန် ကျွန်မကို သူနဲ့ သူ့အဖေတို့ တီထွင်ထားတဲ့ ရီမုတ်ကွန်ထရိုး လေယာဉ်ပျံလေးအကြောင်း ပြောပြပါတယ်။ သူတို့သားအဖတွေက အဲ့ဒီ ပရောဂျက်ကို လုပ်နေတာ သုံးလတောင် ကြာခဲ့ပြီတဲ့လေ။ နောက်ပြီး ဒီတစ်ပတ်ပိတ်ရက်ရောက်ရင် သူတို့ရဲ့ လေယာဉ်ပျံလေးကို ပထမဆုံး စမ်းမောင်းကြည့်တော့မယ် ဆိုပဲ။ ဂျွန်က သူ ဝိုင်ယာကြိုးကို မှားပြီး ဂဟေဆော်မိလို့ သူတို့ မြေအောက်ခန်းတောင် မီးလောင်သွားတယ်ဆိုလို့ ကျွန်မ ရယ်လိုက်ပါသေးတယ်။ ကျွန်မ သူ့ရဲ့ ရေဒီယိုကွန်ထရိုး လေယာဉ်ပျံက ဘယ်လို အလုပ်လုပ်လဲမေးတော့ သူက စီကာပတ်ကုံးရှင်းပြတယ်လေ။ ကျွန်မလည်း အားလုံးကိုတော့ နားမလည်ခဲ့ပါဘူး။
ဂျွန်နဲ့နေ့လည်စာ စားရတာက ထင်ထားသလောက် မဆိုးတဲ့အပြင် ပျော်စရာကောင်းနေတာမို့ ကျွန်မ ၀မ်းသာရပါတယ်။ကျွန်မ ဘရိုက်စ်ကို လေလံမဆွဲဖြစ်ခဲ့တာ တော်သေးတာပေါ့။ ကျွန်မသာ အဲ့ဒီလိုလုပ်ခဲ့မယ်ဆို ရှယ်လီနဲ့ မီရန်ဒါတို့ရဲ့ အထင်သေးတဲ့ အကြည့်တွေကို ခံစားရဦးမှာလေ။ နောက်ပြီး သူတို့နှစ်ယောက် ဘရိုက်စ်နားကပ်လို့ တွတ်တီးတွတ်တာ ပြောနေတာကလည်း ကျွန်မ ထင်ထားသလောက် မျက်စိစပါးမွှေးစူးစရာ မဖြစ်ခဲ့ပါဘူးလေ။ သူတို့ကိုကြည့်ရတာ ရယ်ဖို့တောင် ကောင်းနေပါသေးတယ်။
ဂျွန်က ကျွန်မရဲ့ မိသားစုအကြောင်း မေးခဲ့ပါတယ်။ အဲ့ဒီတော့ ကျွန်မလည်း သူ့ကို ကျွန်မအစ်ကိုတွေနဲ့ သူတို့ရဲ့ ဂီတအကြောင်း ပြောနေတုန်း ဘရိုက်စ်တို့စားပွဲမှာ ဝုန်းဒိုင်းဆိုပြီး အသံဗလံတွေ ထွက်လာပါရောလား။ ရုတ်တရက်ဆိုသလိုပဲ မီရန်ဒါနဲ့ ရှယ်လီတို့က တစ်ယောက်နဲ့ တစ်ယောက် အစားအသောက်တွေနဲ့ ကောက်ပေါက်ပြီး ကြမ်းပြင်ပေါ်မှာ လူးနေကြပါတော့တယ်။ သူတို့ကို ကြည့်ရတာ ဆံပင်ထွေးကြီးလနှစ်ထွေးက လိမ့်နေတဲ့ အတိုင်းပါပဲ။
နောက်ပြီး ဘရိုက်စ်ကလည်း ကျွန်မရဲ့ စားပွဲဆီ ရောက်လာတယ်လေ။ သူက ကျွန်မလက်ကိုဆွဲကိုင်ပြီး ကျွန်မကို စားပွဲကနေ အပြင်ကို ဆွဲထုတ်လိုက်ပါတယ်။ ပြီးတော့ သူက အဆက်အစပ်မရှိ ကျွန်မကို မေးပါလေရော။
"နင် သူ့ကို သဘောကျ နေတာလား"
"ဘယ်သူ့ကိုလဲ...ဂျွန့်ကိုလား"
"ဟုတ်တယ်"
ကျွန်မ သူ့ကို ဘာပြန်ပြောခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဘရိုက်စ်က ကျွန်မလက်ကို ဆုပ်ကိုင်ပြီး ကျွန်မ မျက်လုံးတွေကို စိုက်ကြည့်နေတယ်လေ။ ပြီးတော့ သူက ကျွန်မကို့ သူ့ဆီ တဖြည်းဖြည်းနဲ့ ဆွဲကပ်လာပါတော့တယ်။ ကျွန်မ နှလုံးသားကတော့ တဒိတ်ဒိတ်နဲ့ကို ခုန်နေတော့တာပေါ့။ လေလံမောင်တွေနဲ့ ကျောင်းသူတွေရှေ့မှာပဲ ဘရိုက်စ်က သူ့မျက်လုံးမှိတ်ပြီး ကျွန်မ မျက်နှာနားကို ကပ်လာတော့ ကျွန်မ သဘောပေါက်လိုက်ပါတယ်။ သူ...သူ ကျွန်မကို နမ်းတော့မှာလေ။
ကျွန်မ လန့်သွားပါတယ်။ ကျွန်မ ဘ၀တလျှောက်လုံး ဒီအခိုက်အတန့်လေးကို စောင့်စားနေခဲ့ရတာဆိုပေမဲ့ အခုလို ထိပ်တိုက်ကြုံလာတော့ ကျွန်မ ကြောက်မိပါတယ်။ အဲ့ဒီတော့ ကျွန်မ သူ့ကို ဆောင့်တွန်းပြီး ဂျွန်ရှိရာ စားပွဲဆီပြန်ပြေးထိုင်နေလိုက်ပါတော့တယ်။ ဂျွန်က ကျွန်မကို မေးပါလေရော။
"ဘရိုက်စ်က နင့်ကို နမ်းဖို့ ကြိုးစားလိုက်တာလား ဂျူလီ"
ကျွန်မလည်း ဘရိုက်စ်ကို ကျောပေးထိုင်ပြီး ဂျွန့်ကို ပြန်ပြောလိုက်ပါတယ်။
"ငါတို့ တခြားအကြောင်းပြောလို့ ရမလားဟာ။ ဘာပဲဖြစ်ဖြစ်ရပါတယ်"
တခြားစားပွဲက လူတွေကတော့ ကျွန်မကိုကြည့်နေကြပါတယ်။ ရှယ်လီစတောစ်က သန့်စင်ခန်းမှာ သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီး အခန်းထဲ ပြန်၀င်လာတော့ တစ်ခန်းလုံးလည်း ငြိမ်ကျသွားတော့တာပေါ့။ သူ့ဆံပင်ကတော့ ကြည့်ရတာ အတော်လေး ရုပ်ဆိုးနေတုန်းပါပဲ။ ဘရိုက်စ်နေ့လည်စာ ခြင်းထဲက မုန့်တချို့က သူ့ဆံပင်မှာ ကပ်နေတုန်းပဲလေ။ သူက ကျွန်မကို စိမ်းစိမ်းဝါးဝါး ကြည့်နေလိုက်တာများ သူ့မျက်လုံးထဲက လေဆာရောင်ခြည်တွေ ထွက်လာတော့မဲ့ အတိုင်းပါပဲ။
လူတချို့က ရှယ်လီ့ကို သူ့စားပွဲမှာ ပြန်ထိုင်ဖို့ ခေါ်သွားကြပါတယ်။ လူတွေကလည်း တီးတိုး တီးတိုးနဲ့ ပြောနေကြတော့တာပေါ့။ ဘရိုက်စ်ကို ကြည့်ရတာလည်း စိတ်နဲ့ ကိုယ်နဲ့ မကပ်နေသလိုပါပဲ။ သူက ခဏခဏဆိုသလို ကျွန်မဆီကို လမ်းလျှောက်လာပြီး စကားပြောဖို့ ကြိုးစားနေခဲ့ပါတယ်။ ဒါပေမယ့် သူထလာတိုင်း ကျွန်မက အဝေးကိုရှောင်သွားတတ်သလို၊ ဆရာမ တစ်ယောက်ယောက်ကလည်း သူ့ကို ဆွဲထားတာမို့ တော်ပါသေးတယ်။
ဒီလိုနဲ့ နေ့လည်ခင်း ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ကျွန်မ ဂျွန့်ကို ခပ်သုတ်သုတ်နဲ့ နှုတ်ဆက်ပြီး တံခါးဆီကို သုတ်ခြေတင်ပါတော့တယ်။ ပြီးတော့ ကျွန်မ စက်ဘီးထားတဲ့ နေရာဆီပြေးပြီး အိမ်ဘက်ဆီကို အားကုန်စိုက်လို့ နင်းကာ ပြန်သွားတော့တာပေါ့။ ကျွန်မဖြင့် အသက်ရှူဖို့ မေ့နေလို့ အဆုတ်တွေတောင် ဆောင့်နေမိပါသေးတယ်။
မစ္စစတူဘီက သူတို့အိမ်ရှေ့က ပန်းခင်းကိုရေလောင်းနေရင်းက ကျွန်မကို တွေ့တော့ တခုခု ပြောဖို့ ကြိုးစားလိုက်တယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အိမ်ရောက်ရောက်ချင်း ခြံထဲမှာ စက်ဘီးကိုလှဲပြီး အိမ်ထဲကိုသာ ပြေး၀င်သွားခဲ့ပါတယ်။ ကျွန်မ ဒီလို စိတ်အခြေအနေနဲ့ ကြက်ဖ ၀ယ်၊ မ၀ယ် ဆိုတဲ့ ကိစ္စကို သူနဲ့ မဆွေးနွေးချင်ဘူးလေ။
ကျွန်မ အိမ်တံခါးဆောင့်ပိတ်သံကြားတော့ အမေက ကျွန်မအခန်းထဲကို လာကြည့်ပါတယ်။
"ဂျူလီယာနာ...ဘာဖြစ်လို့လဲ သမီး"
ကျွန်မလည်း အမေ့ကို ကြည့်ပြီး ငိုလိုက်မိတယ်လေ။
"သမီး စိတ်တွေအရမ်းရှုပ်နေလို့ပါ အမေ။ သမီး ဘာလုပ်ရမယ်၊ ဘယ်လို ခံစားရမယ်၊ ဘယ်လို တွေးရမယ်ဆိုတာတောင် မသိတော့ပါဘူးရှင်" လို့ ကျွန်မက ပြောတော့ အမေက ကျွန်မ ဘေးမှာ၀င်ထိုင်လို့ ကျွန်မ ဆံပင်လေးတွေကို သပ်ပေးနေပါတော့တယ်။
"သမီး ဘာဖြစ်ခဲ့တယ်ဆိုတာ အမေ့ကို ပြောပြမှပေါ့ကွယ်"
ကျွန်မ တဒင်္ဂလောက်တော့ တွန့်ဆုတ်သွားပါတယ်။ ပြီးတော့မှ ကျွန်မလည်း ဆုံးဖြတ်ချက်ချပြီး အမေ့ကို ပြောလိုက်ပါတော့တယ်။
"သူ သမီးကို နမ်းဖို့ ကြိုးစားတယ် အမေ"
အမေက မျက်နှာပျက်မသွားအောင် ကြိုးစားနေပေမဲ့ အမေ့မျက်နှာက ကျွန်မ စကားကြောင့် အတန်ငယ် ပြုံးစေ့စေ့ ဖြစ်သွားကို ကျွန်မ မြင်လိုက်ရပါတယ်။ သူက ကျွန်မနားကပ်လို့ ထပ်မေးတာပေါ့။
"ဘယ်သူက လုပ်တာလဲကွဲ့"'
"ဘရိုက်စ်လေ"
"ဒါပေမယ့် သမီး သူ့ကို အမြဲတမ်း သဘောကျခဲ့တာပဲ မဟုတ်လား"
အဲ့ဒီအချိန်မှာပဲ အိမ်ရှေ့ကနေ လူခေါ်ခေါင်းလောင်းက မြည်လာပါတော့တယ်။ အမေက အိမ်ရှေ့သွားဖို့ထလိုက်တော့ ကျွန်မ အမေ့လက်ကို ဆွဲလိုက်တာပေါ့။
"မလုပ်ပါနဲ့ အမေ။ သွားမဖွင့်ပေးပါနဲ့"
လူခေါ်ခေါင်းလောင်းကတော့ သုံး၊ လေးချက်လောက် ဆက်မြည်နေခဲ့ပါတယ်။ နောက်ပြီး တံခါးကို တဘုန်းဘုန်းနဲ့ ထုပါလေရော။
"အမေ...သွားမဖွင့်ပေးနဲ့နော်။ အဲ့ဒါ သူပဲနေမယ်"
"ဒါပေမယ့် သမီးရယ်..."
"သမီး သူ့ကို စိတ်ကုန်သွားပါပြီ အမေရယ်။ တကယ်ပြောတာပါ"
"ဟုတ်လား။ ဘယ်တုန်းကတည်းကလဲ..."
"ပြီးခဲ့တဲ့ သောကြာနေ့ကတည်းကလေ။ ညစာ သွားစားတဲ့ညကတည်းကပေါ့။ လော့စကီ အိမ်မှာ ညစာစားပြီးကတည်းက သမီး သူ့အကြောင်းကို ဂရုမစိုက်ခဲ့တာ ကြာလှပြီ"
"ဘာလို့လဲ သမီးရဲ့။ ညစာ စားတုန်းက အမေတို့ မသိတာ တခုခုများ ဖြစ်သွားလို့လား"
ကျွန်မလည်း ခေါင်းအုံးပေါ်ကို မျက်နှာအပ်ပြီး အမေ့ကို ပြန်ဖြေလိုက်ပါတယ်။
"အဲ့ဒါက...အဲ့ဒါက သိပ်ရှုပ်ထွေးတယ် အမေ။ သမီး မပြောပြချင်သေးဘူး"
"အိုး...ဘုရားသခင်" လို့ အမေက စိတ်မရှည်တဲ့ လေသံနဲ့ ရေရွတ်လိုက်တယ်လေ။
"သမီးတို့ ကိစ္စကလည်း အရှုပ်သားနော်"
"သမီးတောင်းပန်ပါတယ်" လို့သာ ကျွန်မ ရေရွတ်လိုက်ပါတယ်။ ကျွန်မကြောင့် အမေလည်း စိတ်ညစ်နေရပြီလေ။ နောက်တော့ ကျွန်မ ထထိုင်ပြီး ပြောလိုက်တော့တာပေါ့။
"ဒီလိုလေ...သမီးက သူ့ကို ဒီနှစ်တွေထဲမှာ သဘောကျနေခဲ့မိတယ် ဆိုပေမဲ့ သူနဲ့ ပတ်သက်လာရင် သမီးက တကယ့်ကို မသိခဲ့တာတွေ အများကြီးပဲ အမေရဲ့။ သမီးသိတာဆိုလို့ သူ့မှာ အတောက်ပဆုံး မျက်လုံးပြာလေးတွေရှိတယ်ဆိုတာနဲ့ သူ့ အပြုံးလေးတွေက သိပ်ချစ်ဖို့ကောင်းတယ် ဆိုတာပဲလေ။ ဒါပေမယ့် အခုတော့ သူက အတွင်းစိတ်မှာဆို သူရဲဘောကြောင်ပြီး ကလိမ်ကကျစ်ကျတယ်ဆိုတာ သမီး သိလိုက်ရပြီ အမေ။ အဲ့ဒီတော့ အပြင်ပန်းပဲလှတဲ့ သူ့ကို သမီး စိတ်ကုန်သွားတာပါ" လို့ ကျွန်မက ဆိုတော့ အမေက လက်ပိုက်လို့ ကျွန်မကို ကြည့်နေပါတော့တယ်။
"သမီး အခုလို ခံစားနေရတာက ခံစားချက် အစစ်အမှန်ရော ဟုတ်ရဲ့လား"
"အမေက ဘာကို ဆိုလိုချင်တာလဲ"
အမေလည်း ဘာပြန်ပြောရမှန်း မသိတဲ့ပုံနဲ့ ပါးစောင်ကို ကိုက်နေလိုက်ပါတယ်။
"ထားပါတော့လေ။ အမေလည်း သမီးကို ဘယ်လိုပြောပြရမလဲ မသိတော့ပါဘူး"
"ဘာလို့လဲ အမေရဲ့"
"ဘာလို့ဆို ဒါက အမေ ၀င်မပြောသင့်တဲ့ ကိစ္စမို့လို့ပေါ့ကွဲ့။ နောက်ပြီး သမီးလည်း အမေ့ကို မပြောချင်တဲ့ ကိစ္စတွေရှိနေမှာပဲလေ...."
အဲ့ဒီတော့ အမေနဲ့ ကျွန်မလည်း စကားဆက်မပြောဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိတော့တာပေါ့။ နောက်တော့မှ ကျွန်မလည်း အမေ့ကို မျက်နှာလွှဲလို့ တိုးတိုးလေး ၀န်ခံလိုက်ပါတော့တယ်။
"ဟိုတစ်ခါ သမီးနဲ့ ချက်တို့ အိမ်ရှေ့ခြံကို ပြင်နေတုန်းက သမီး သူ့ကို ဒါအိမ်က သမီးတို့ အိမ်ပိုင်မဟုတ်တဲ့အကြောင်းနဲ့ ဦးလေး ဒေးဗစ်အကြောင်း ပြောလိုက်မိတယ် အမေ။ သူက လော့စကီမိသားစုကို ပြန်ပြောလိုက်တယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လော့စကီအိမ်မှာ ညစာ သွားမစားခင်တစ်ရက်က ဘရိုက်စ်တစ်ယောက် ကျောင်းမှာ သူ့သူငယ်ချင်းနဲ့ ဦးလေးဒေးဗစ် အကြောင်းပြောပြီး ရယ်နေတာကို သမီး ကြားလိုက်ရတယ်လေ။ သမီးလည်း စိတ်တိုသွားတော့တာပေါ့။ ဒါပေမယ့် သူတို့က သမီးတို့ကို သနားပြီး ညစာဖိတ်ကျွေးတယ်ဆိုတာ အမေ့ကို သမီး မသိစေချင်ခဲ့ဘူးလေ" ဆိုပြီး ပြောရင်းက ကျွန်မ အမေ့ကို တစ်ချက်ကြည့်လိုက်ပါသေးတယ်။
"အမေကလည်း ညစာစားဖို့ အဖိတ်ခံရလို့ သိပ်ပျော်နေခဲ့တာ မဟုတ်လား။ နောက်ပြီး အမေ့ကို ကြည့်ရတာလည်း အဲ့ဒီနေ့ညကတည်းက ပိုပြီး ပျော်နေသလိုပဲနော်"
အမေက ကျွန်မလက်ကို ကိုင်ပြီး ပြုံးလိုက်ပါတယ်။
"အမေ့မှာ ပျော်စရာ ကိစ္စတွေ အများကြီး ရှိပါတယ်ကွယ်"
ပြီးတော့ အမေက သက်ပြင်းချလိုက်တယ်လေ။
"နောက်ပြီး သူတို့ သမီးဦးလေး ဒေးဗစ်အကြောင်းသိကြတာ အမေလည်း သိပါတယ်။ သမီးအနေနဲ့ သူ့အကြောင်းပြောတာလည်း ဘာမှ မဖြစ်ပါဘူးကွယ်။ ဒေးဗစ်က အမေတို့အတွက် လျှို့ဝှက်ချက်မှ မဟုတ်တာပဲကွယ်" ဆိုတဲ့ စကားကြားတော့ ကျွန်မလည်း အံ့အားသင့်ပြီး ထထိုင်လိုက်တော့တာပေါ့။
"ဒါနဲ့...အမေက ဒါတွေ ဘယ်လိုလုပ်သိတာလဲဟင်"
"ပက်ဆီက အမေ့ကို ပြောပြတာကွဲ့"
ကျွန်မလည်း မျက်လုံးပြူးသွားတယ်လေ။
"ဟုတ်လား။ သူက အမေ့ကို ညစာ မစားခင်ကတည်းက ပြောပြတာလား အမေ"
"မဟုတ်ပါဘူးကွယ်။ ညစာ စားပြီး နောက်နေ့မှပါ။ ပက်ဆီက ဒီအပတ်ထဲ အမေ့ဆီ ခဏခဏ လာလည်နေကြကွဲ့။ သူ့ခမျာ စိတ်ဒုက္ခရောက်နေတယ် ထင်ပါတယ်ကွယ်"
"ဘာဖြစ်လို့လဲ အမေ"
အမေက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပါတယ်။
"ကောင်းပြီလေ။ သမီးက သိချင်တယ်ဆိုတော့လည်း ပြောပြရမှာပေါ့။ ဒါပေမယ့် ဒီကိစ္စကို အမေ ပြောပြတယ်ဆိုတာ သမီးက လျှို့ဝှက်ချက်ကို ထိန်းသိမ်းတတ်တဲ့ အရွယ်ရောက်ပြီလို့ အမေထင်တာမို့ ပြောပြတာနော်။ နောက်ပြီး ဒီကိစ္စက သမီးအတွက်လည်း အထောက်အကူ ဖြစ်မယ် ထင်လို့ပါ"
ကျွန်မလည်း အမေ့ စကား ပလ္လင်ကြောင့် ပိုပြီး စိတ်၀င်စားသွားရပါတော့တယ်။
"ပက်ဆီ နဲ့ ရစ်ခ်က အခုနောက်ပိုင်း အတော်လေး အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေတယ်ကွဲ့"
"မစ္စတာနဲ့ မစ္စ လော့စကီကလား။ ဘာဖြစ်လို့လဲ ဟင် အမေ" လို့ ကျွန်မ ပြန်မေးတော့ အမေက သက်ပြင်းချတယ်လေ။
"ကြည့်ရတာတော့ ကိစ္စတိုင်းလိုလိုပါပဲကွယ်"
"သမီး နားမလည်တော့ဘူး အမေ"
အဲ့ဒီတော့ အမေက အသံငြှင်းငြှင်းနဲ့ ဆက်ပြောတော့တာပေါ့။
"ပက်ဆီက သူ့ဘ၀မှာ ပထမဆုံးအနေနဲ့ သူ့ယောက်ျားက ဘယ်လိုလူဖြစ်တယ်ဆိုတာ သဘောပေါက်လာတယ်နဲ့ တူပါတယ်ကွယ်။ သူတို့ လက်ထပ်ထားတာ နှစ်ပေါင်းနှစ်ဆယ်ရှိပြီး ကလေးတောင် နှစ်ယောက်ရနေတော့မှ သူက တဖြည်းဖြည်းနဲ့ သူ့ယောက်ျားအကြောင်း သိလာတယ်လေ။ ပက်ဆီက သမီးလိုပဲ ခံစားနေရတာကွဲ့"
အဲ့ဒီအချိန်မှာပဲ ဖုန်းသံမြည်လာတော့တာပေါ့။
"ကဲ...ဒီ ဖုန်းကိုတော့ အမေ ကိုင်မှရမယ်ကွဲ့။ သမီးအဖေက သူ ညဘက် အလုပ်ဆက်လုပ်ရမယ်ဆို ဖုန်းဆက်မယ်လို့ ပြောထားတယ်။ အခု သူဆက်တာများလား မသိဘူး" ဆိုပြီး အမေ ဖုန်းသွားကိုင်နေတော့မှ ကျွန်မလည်း ချက် ပြောဖူးတဲ့ 'သူသိတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ လူတွေရဲ့ အတွင်းစိတ်ကို သိဖို့မကြိုးစားခဲ့ဘူး' ဆိုတဲ့ စကားကို အမှတ်ရမိလိုက်ပါတော့တယ်။ သူက သူ့ရဲ့သမီးအကြောင်းပြောနေတာများလား။ နောက်ပြီး မစ္စလော့စကီကရော လက်ထပ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကြာတော့မှ ဘယ်လိုလုပ်ပြီး အခုလို ခံစားနေရတာပါလဲ။
အမေ အခန်းထဲ ပြန်လာတော့ ကျွန်မ ဆီးမေးလိုက်ပါတယ်။
"အဖေက ဒီည နောက်ကျတဲ့အထိ အလုပ်လုပ်ရမှာတဲ့လား အမေ"
"အဲ့ဒါ သမီးအဖေ မဟုတ်ဘူးကွဲ့။ ဘရိုက်စ်ပါကွယ်"
"အခုတော့ သူက ဖုန်းတောင် ခေါ်တတ်နေပြီပေါ့လေ။ သမီးတို့ သူတို့နဲ့ ခြောက်နှစ်ကြာအောင် မျက်နှာချင်းဆိုင်နေခဲ့တုန်းကတော့ တစ်ခါမှ ဖုန်းမခေါ်ပဲနဲ့ အခုမှ သမီး သူများနဲ့ အတူထိုင်တာကို တွေ့တော့ မနာလိုလို့ လုပ်နေတာလေ"
"မနာလိုတယ် ဟုတ်လား။ သမီး ဘယ်သူ့ကို ပြောနေတာလဲကွဲ့"
ကျွန်မလည်း အမေ့ကို မစ္စ စတူဘီကိစ္စကနေစလို့ ဒါလာ့အကြောင်း၊ ရန်ပုံငွေ လေလံပွဲအကြောင်း၊ ဟို ဆံပင်ထွေးနှစ်ထွေး သတ်ကြတဲ့အကြောင်းနဲ့ ဘရိုက်စ်က ကျွန်မကို လူကြားထဲမှာ နမ်းဖို့ ကြိုးစားတဲ့အကြောင်း အကုန်အစင်ပြောပြလိုက်ပါတော့တယ်။ အမေကတော့ လက်ခုပ်တီးလို့ တခစ်ခစ်နဲ့ ရယ်နေတော့တာပေါ့။
"အမေကလည်း...ရယ်စရာ မဟုတ်တဲ့ဟာကို"
"ဟုတ်ပါတယ်ကွယ်...ဟုတ်ပါတယ်" ဆိုပြီး အမေက မျက်နှာပိုးသတ်လိုက်ပါတယ်။
"သမီးကတော့ မစ္စလော့စကီလိုမျိုး မဖြစ်ချင်ဘူး အမေရယ်"
"ဪ သမီးရယ်။ သမီးကလည်း ကောင်လေးကို လက်ထပ်ဖို့ မလိုပါဘူးလေ။ သူ ဘာပြောချင်လဲဆိုတာကိုပဲ သမီး နားထောင်ပေးဖို့ ကြိုးစားကြည့်ပါလား။ သူ့ကိုကြည့်ရတာ သမီးကို တခုခုပြောဖို့ ရှိနေတဲ့ ပုံပဲကွဲ့"
"သူကရော ဘာများ ပြောစရာရှိမှာမို့လိုလဲ အမေရယ်။ သူက ဦးလေး ဒေးဗစ် အကြောင်း ပြောတဲ့ ကိစ္စကိုလည်း ဂဲရတ်ကို အပြစ်လွှဲချသေးတယ်လေ။ သမီးကတော့ မယုံပါဘူး။ သူက သမီးကိုလည်း လိမ်တယ်။ သမီးဘက်ကလည်း ဘယ်တုန်းကမှ မရပ်တည်ပေးခဲ့ဘူး။ သူက...သူက သမီး ထင်ထားတဲ့ လူမဟုတ်ခဲ့ဘူး အမေ။ သမီးလည်း သူ့ကို လုံး၀ မေ့ပစ်နိုင်ဖို့ အချိန် လိုအပ်ပါတယ်လေ"
အမေလည်း ဘာပြောရမှန်းမသိဘဲ ထိုင်နေပါတော့တယ်။ ပြီးတော့မှ အမေက ချင့်ချင့်ချိန်ချိန်နဲ့ ဆက်ပြောတယ်လေ။
"လူတွေဆိုတာ ပြောင်းလဲတတ်ကြတယ် ဂျူလီယာနာရဲ့။ ဘရိုက်စ်လည်း အခုမှ သူပြောင်းလဲသွားပြီ ဆိုတာ သမီးကို ပြောချင်နေတာ နေမှာပေါ့ကွယ်။ နောက်ပြီး လူတွေကြားထဲမှာတောင် နမ်းဖို့ ကြိုးစားတယ်ဆိုတော့ သူက သမီးထင်သလောက် သူရဲဘောကြောင်တာတော့ မဟုတ်လောက်ပါဘူးလေ" ဆိုပြီး အမေက ကျွန်မ ဆံပင်ကို ပွတ်သပ်လိုက်ပါတယ်။
"ဘရိုက်စ် လော့စကီဆိုတာ သမီး ထင်ထားတဲ့ လူတစ်ယောက်ထက် ပိုမှာ သေချာပါတယ် ဂျူလီယာနာရယ်"
နောက်တော့ အမေ အခန်းထဲက ပြန်ထွက်သွားတော့ ကျွန်မ တစ်ယောက်ထဲ အတွေးတွေနဲ့ နပမ်းလုံးကာ ကျန်ခဲ့ရပါတော့တယ်။
****
အမေက ကျွန်မအတွက် အေးအေးဆေးဆေး စဉ်းစားဖို့ အချိန်လိုအပ်တယ်ဆိုတာ နားလည်ပေမဲ့ ဘရိုက်စ်ကတော့ ကျွန်မကို လိုက်နှောင့်ယှက်နေဆဲပါ။ သူက ဖုန်းတွေခေါ်လိုက် အိမ်တံခါး လာခေါက်လိုက်နဲ့ အလုပ်ရှုပ်နေပါတော့တယ်။ သူက ကျွန်မတို့ ခြံဘေးကိုတောင် ပတ်လာပြီး ခြံစည်းရိုးပေါ်ကနေ ကျွန်မ ပြတင်းပေါက်ကို လာခေါက်ပါသေးတယ်။ ကျွန်မ အခန်းထဲက လုံး၀မထွက်တာတောင် သူက ကျွန်မကို လာပြီး အပူကပ်နေတာပေါ့။
ကျွန်မလည်း ခြံထဲမှာ အေးအေးဆေးဆေး ကျွန်မရဲ့ မြက်ခင်းလေးကို ရေလောင်းချင်မိပါတယ်။ ကျွန်မ ကျောင်းမှာ သူ့ကို ရှောင်ကွင်းပြီးသွားနေရတာကို မလိုချင်တော့သလို ဒါလာရဲ့ စကားနှိုက်တဲ့ မေးခွန်းတွေကို ဆက်မဖြေချင်တော့ပါဘူး။ ကျွန်မ သူပြောမဲ့စကားတွေကို နားမထောင်ချင်ဘူးဆိုတာ သူဘာကြောင့်များ နားမလည်ရတာပါလဲ။ သူကရော ကျွန်မကို ဘာများ အရေးတကြီး ပြောစရာရှိနေလို့ပါလဲ။ ကျွန်မ တစ်ယောက်ထဲ နေချင်တာကရော သိပ်ပြီး တစ်ကိုယ်ကောင်း ဆန်လွန်းသွားပါသလား။
ကျွန်မ သူ့ကို တစ်ပတ်လုံး ရှောင်နေရင်းကနေ တစ်နေ့လည်ခင်းမှာတော့ လိုက်ကာတွေချပြီး ဧည့်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေခဲ့ပါတယ်။ စာဖတ်နေရင်းကနေ ရုတ်တရက် ခြံထဲက အသံကြားလိုက်တော့ ကျွန်မ လိုက်ကာနောက်ကနေ အပြင်ကိုချောင်းကြည့်လိုက်တာပေါ့။ ခြံထဲမှာတော့ ဘရိုက်စ်က ငန်းပြားကြီးဆွဲလို့ ကျွန်မ စိုက်ထားတဲ့ မြက်ခင်းတွေကို ဆောင့်အောင့်နင်းနေတာကို တွေ့လိုက်ရပါတော့တယ်။ အဲ့ဒီ ငန်းပြားနဲ့ သူဘာများ လုပ်ဦးမလို့ပါလိမ့်နော်။
ကျွန်မ ထိုင်ခုံကနေ ထပြီး အဖေ့ဆီ ပြေးသွားပါတယ်။
"အဖေ...အဖေ...သူ့ကို သွားတားပါဦးရှင်"
"စိတ်လျှော့ပါဦး ဂျူလီယာနာရယ်" ဆိုပြီး အဖေက ကျွန်မကို ပြန်ပြောတယ်လေ။
"သူ့ကို အဖေကိုယ်တိုင် ခွင့်ပြုထားတာပါ"
"ခွင့်ပြုတယ်ဟုတ်လား။ ဘာလုပ်ဖို့ ခွင့်ပြုထားတာလဲ အဖေ" ဆိုပြီး ကျွန်မ ပြတင်းပေါက်ဆီ အူလျားဖားလျား ပြန်ပြေးကြည့်လိုက်ပါတော့တယ်။
"သူက သမီးတို့ ခြံထဲမှာ ကျင်းတူးနေတယ် အဖေရဲ့"
"ဟုတ်တယ်လေ။ အဖေပဲ သူ့ကို လုပ်ပါလို့ ပြောထားတာ"
"ဘာလို့လဲ အဖေ"
"သူ့မှာ အကြံကောင်းရှိမယ်လို့ အဖေ ထင်တယ်ကွဲ့။ အဲ့ဒါကြောင့် အဖေ သူ့ကို လုပ်ခွင့်ပေးထားတာပေါ့"
"ဒါပေမယ့်..."
"သူ သမီးရဲ့ မြက်ခင်းတွေကို ဖျက်ဆီးမှာ မဟုတ်ပါဘူး ဂျူလီယာနာရယ်။ သူ ဘာလုပ်မလဲဆိုတာသာ သမီး စောင့်ကြည့်လိုက်စမ်းပါ"
"ဟာ...သူဘာတွေများ လုပ်မလို့ ပါလဲနော်"
"စောင့်ကြည့်လေ သမီးရဲ့။ သမီး သိလာမှာပါ"
သူ ကျွန်မခြံထဲမှာ ကျင်းတူးနေတာကို ကြည့်ရတာ ကျွန်မအတွက်တော့ ငရဲပါပဲ။ သူတူးနေတဲ့ ကျင်းကလည်း အတော်လေး ကြီးတာကိုး။ အဖေက ဘာလို့များ သူ့ကို အခုလိုလုပ်ဖို့ ခွင့်ပေးလိုက်ပါလိမ့်နော်"
ကျွန်မ ကြည့်နေတယ်ဆိုတာကို သူလည်း သိပါတယ်။ သူက ကျွန်မရပ်နေတဲ့ ပြတင်းပေါက်ဆီ လှမ်းကြည့်ပြီး ခေါင်းတစ်ချက် ငြိတ်ပြလိုက်တယ်လေ။ သူက မြေစာခဲတွေကို ငန်းပြားနဲ့ တူးထုတ်ပြီး အိတ်ထဲက မြေဆွေးတွေကို ကျင်းထဲ ပြန်ဖို့လိုက်တာပေါ့။ ပြီးတော့ သူ ကျွန်မ မြင်ကွင်းထဲက ပျောက်သွားပါတော့တယ်။ သူ ပြန်ရောက်လာတော့ သူ့လက်ထဲမှာ လူတစ်ရပ်သာသာရှိတဲ့ အမြစ်တဖွားဖွားနဲ့ အပင်ကြီးကို မနိုင့်တနိုင် မ လာတာကို ကျွန်မတွေ့လိုက်ရတာပေါ့။ အပင်ထိပ်ဖျားက အရွက်တွေကလည်း လှုတ်ခတ်နေပါတော့တယ်။
ခဏနေတော့ အဖေလည်း ကျွန်မနဲ့အတူ ပြတင်းပေါက်ကနေ လာကြည့်တော့တာပေါ့။
"သစ်ပင်လား...ဘရိုက်စ်က သမီးတို့ခြံထဲမှာ သစ်ပင်လာစိုက်နေတာလား အဖေ"
"အဖေလည်း သူ့ကို ကူညီပေးဖို့ ပြောပါသေးတယ်။ သူကတော့ ဒီကိစ္စကို သူကိုယ်တိုင်ပဲ လုပ်ရမယ်တဲ့လေ"
"ဒီ...ဒီအပင်က...."
ကျွန်မ စကားတွေတောင် ဆက်မပြောနိုင်တော့ပါဘူး။ တကယ်တော့ ကျွန်မ ဆက်ပြောစရာလည်း မလိုတော့ပါဘူးလေ။ သစ်ပင်ရဲ့ သဏ္ဍာနဲ့ အရောင်အဆင်းကို ကြည့်ကတည်းက ကျွန်မသိလိုက်ပြီးသားပါ။ ဒါက သဖန်းပင်ငယ်ပါပဲ။
ကျွန်မ ရင်တလှပ်လှပ်နဲ့ ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်ရပါတော့တယ်။ ဘရိုက်စ်က ကျွန်မအတွက် သဖန်းပင်ကြီး လာစိုက်ပေးနေတာတဲ့လား။ ဘရိုက်စ်ကတော့ သစ်ပင်စိုက်ကာ ရေလောင်းပြီး သူလုပ်ထားတဲ့ အမှိုက်တွေ အကုန်ရှင်းပြီးတော့ အိမ်ပြန်သွားပါတော့တယ်။ ကျွန်မခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ တစ်ယောက်ထဲကျန်နေခဲ့ရတာပေါ့။
ကျွန်မ ပြတင်းပေါက်ကနေ သဖန်းပင်ငယ်ကို ကြည့် ပြီး ကြက်သေသေနေခဲ့မိပါတယ်။ သဖန်းပင်လေးက အခုတော့ သိပ်ပြီး မကြီးသေးဘူးဆိုပေမဲ့ နေ့စဉ်နဲ့အမျှ ကြီးပြင်းလာမှာပဲလေ။ ဒီနေ့ကစလို့ နှစ်တစ်ရာတိုင်တဲ့အခါ ဒီသဖန်းပင်ဟာ ကျွန်မတို့ အိမ်ခေါင်မိုးထိရောက်တဲ့အထိတောင် မိုးကောင်းကင်ကြီးဆီကို ထိုးထွက်လို့ ကြီးပြင်း နေတော့မှာပါ။ အခုကတည်းက ဒီအပင်ကြီးရဲ့ သဏ္ဍာန်က ဘယ်လောက်တောင် ခန့်ငြားနေမလဲဆိုတာ ကျွန်မ ခန့်မှန်းမိပါတယ်။
နောက်ထပ် နှစ်တစ်ရာတိုင်တဲ့အခါမှာရော ကျွန်မလို ကောင်မလေးတစ်ယောက်က ကျွန်မကိုလီယာ လမ်းပေါ်က သဖန်းပင်ပေါ် တက်ခဲ့သလိုပဲ ဒီသဖန်းပင်ကြီးပေါ် တက်ဦးမှာပါလား။ သူကရော ကျွန်မမြင်ခဲ့တဲ့ မြင်ကွင်းတွေကို မြင်ဦးမှာပါလား။ သူ ကျွန်မလိုပဲ ခံစားရမှာလားဆိုတာကို ကျွန်မ ထပ်ခါ ထပ်ခါ တွေးတောနေမိပါတယ်။
ဒီသဖန်းပင်ကရော သူ့ရဲ့ ဘ၀ကို ပြောင်းလဲသွားအောင် ခံစားစေရမလားဆိုတာ ကျွန်မ မပြောတတ်တော့ပါဘူးလေ။
ကျွန်မ ဘရိုက်စ်အကြောင်းကိုလည်း တွေးနေမိပါသေးတယ်။ သူကရော ကျွန်မကို ဘာစကားပြောဖို့ ကြိုးစားနေတာပါလဲ။ သူ ဘာတေံများတွေးနေပါလိမ့်နော်။
ဘရိုက်စ်က သူ့အိမ်ဘက်က မှန်ပြတင်းပေါက်ဆီကနေ ကျွန်မကို လှမ်းပြီး လက်ပြနေပါတော့တယ်။ ကျွန်မလည်း သူ့ကို လက်ပြန်မပြဘဲ မနေနိုင်ခဲ့တော့ပါဘူးလေ။ အဲ့ဒီတော့ ကျွန်မ သူ့ကို ခပ်ရှက်ရှက်နဲ့ လက်လှမ်းပြလိုက်တော့တာပေါ့။
ကျွန်မ သူ့ဆီသွားပြီး သစ်ပင်လေးအတွက် ကျေးဇူးတင်စကားပြောသင့်ပါတယ်။ ကျွန်မတို့ နှစ်ယောက် ဆင်၀င်အောက်လေးမှာ ထိုင်ပြီး စကားပြောသင့်တယ်လေ။ ပြီးတော့ ကျွန်မတို့ အခုလို နှစ်ပေါင်းများစွာကြာတဲ့အထိ မျက်နှာချင်းဆိုင် နေလာတာတောင် မလုပ်ဖူးတာ တစ်ခုရှိသေးတယ်ဆိုတာ ကျွန်မ သတိရလိုက်တာပေါ့။ အဲ့ဒါကတော့ ကျွန်မနဲ့ ဘရိုက်စ်က ဘယ်တုန်းကမှ စကား အတည်တကျ မပြောဖူးတာပါပဲ။
အမေပြောတာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဘရိုက်စ် လော့စကီဆိုတာ ကျွန်မ ထင်ထားတာထက် ပိုတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်လေ။
အခုအချိန်ဟာ ကျွန်မအတွက် ဘရိုက်စ် လော့စကီက ဘယ်လိုလူဖြစ်တယ်ဆိုတာကို အဖြေရှာရမဲ့ အချိန်ပဲဖြစ်ရပါမယ်။
ပြီးပါပြီ။
တစိတ်တပိုင်းတည်းထက် ဖြစ်တည်မှုတစ်ခုလုံးကို ရှုမြင်နိုင်ကြပါစေ။ ။
သက်ပိုင် (မြန်မာပြန်သည်)
၁၀,၁၀,၂၀၂၀

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။