မျောက်မင်း စွင်းဝုခုန်း (အနောက်သို့ ခရီးသွား မှတ်တမ်း) - ကြည်ကြည်မာ (တရုတ်ဘာသာမှ ပြန်ဆိုသည်)
စာရေးသူ၏အမှာစာ
ထန်ဘုန်းကြီး၊ ရှီးယိုကျိနဲ့ ဝူချင်အင်း
“ရှီးယိုကျိ” ခေါ် အနောက် ခရီးသွားမှတ်တမ်း ဝတ္ထုကြီးဟာ ၁၆ ရာစုနှစ် ၇ဝ စုနှစ်ပိုင်း တရုတ်ပြည် မင်မင်းဆက် အလယ်ခေတ်မှာ စာအုပ် ဖြစ်လာတယ်။ ရှီးယိုကျိ ဝတ္ထုကြီးဟာ ၎င်းရှေ့က ပေါ်ထွက်ခဲ့တဲ့ (စန်းကိုရင်ရိ) ခေါ် သုံးပြည်ထောင် ဝတ္ထုကြီး (ဆွေဟူကြွမ့်) ခေါ် ဆွေဟူ အတ္ထုပ္ပတ္တိ ဝတ္ထုကြီး၊ နောင်တွင် ပေါ်ပေါက်လာတဲ့ (လူလင်ဝိုက်စီ) ခေါ် ပညာရှိများ သမိုင်းဝတ္ထုကြီး နဲ့ (ဟုန်လိုမုန့်) ခေါ် အဆောင်နီ အိပ်မက် ဝတ္ထုကြီးတွေလိုပဲ တရုတ်ပြည် မင် မင်းဆက်၊ မန်ချူး မင်းဆက် ခေတ်ကာလက စံနမူနာ အပြုနိုင်ဆုံး၊ နာမည်အကြီးဆုံး ဝတ္ထုရှည်ကြီးများ ဖြစ်ပါတယ်။
ထန်ဘုန်းကြီး ပိဋကတ်ကျမ်း ပင့်တဲ့ကိစ္စဟာ သမိုင်း အဖြစ်အပျက်မှန်တစ်ခု ဖြစ်ပါတယ်။ ထန်နိုင်ငံမင်း ထန်ထိုက်ကျုံး (လီစစ်မင်) ကျင်းကွမ်းနှစ်များ အတွင်း (ခရစ်သက္ကရာဇ် ၆၂၇ မှ ၆၄၉ နှစ်) လူငယ်ဘုန်းကြီး ချင်ရွှင်ကျန့်ဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံသဘောတရားကို သိလိုတာကြောင့် ထင်းကျူ (အိန္ဒိယ) နိုင်ငံကို တစ်ကိုယ်တည်းသွားပြီး ကျမ်းဂန်ပင့်တယ်။ သူဟာ ဒုက္ခဆင်းရဲ အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီး စုစုပေါင်း အချိန်အားဖြင့် ၁၇ နှစ်ကြာခဲ့တယ်။ အသွားအပြန် လီ သောင်းအချို့ လျှောက်ခဲ့ရတယ်။ နောက်ဆုံးမှာ ပါဠိဘာသာ ဘုရားကျမ်းတော် ၆၅၇ စောင် တရုတ်ပြည်သို့ ပြန်ယူလာနိုင်ခဲ့တယ်။
မိမိနိုင်ငံပြန်ရောက်လာပြီး သူဟာ မင်းအမိန့်အရ ဘုရားကျမ်းဂန်များကို တရုတ်ဘာသာသို့ ဘာသာ ပြန်ဆိုတဲ့ လုပ်ငန်းကို တာဝန်ယူဆောင်ရွက်ခဲ့ရတယ်။ ဒီပြင် အနောက်ဘက်သွား ခရီးလမ်းတွင် သိမြင် ကြုံတွေ့ခဲ့ရတာများကို နှုတ်မှ ချပေးပြီး တပည့်များကို မှတ်တမ်းတင်စေခဲ့တယ်။ ၎င်းရဲ့ တပည့်များက အဲဒါကို အခြေခံပြီး (တာ့ ထန် ရှီး ယွိ ကျိ) ထန်မင်းဆက် အနောက်ဘက်နယ်ပယ် မှတ်တမ်းကို ပြုစုခဲ့တယ်။ အနောက်ဘက် နယ်ပယ်များရှိ ဗုဒ္ဓဘာသာအဆောက်အအုံ အမှတ်အသားများနဲ့ ဒေသန္တရထွက်ကုန်၊ အကျင့်ဓလေ့ထုံးစံ စသည်တို့ကို မှတ်တမ်းတင်ထားတယ်။ နောင်မှာ ၎င်းရဲ့တပည့် ဝှေ့လီနဲ့ ယင်ကျုံးတို့ဟာ (ထန်မင်းဆက် တာ့ကြည်အင်း စစ်ကျောင်းတော် ဆရာတော်ကြီး စန်းကျန့် အတ္ထုပ္ပတ္တိ) ကို ရေးခဲ့တယ်။
၎င်း အနောက်ဘက်သွား ကျမ်းပင့်တဲ့ခရီးမှာ ကြုံတွေ့ရတာတွေကို အသေးစိတ် မှတ်တမ်းတင် ထားတယ်။ ဒီစာအုပ် နှစ်အုပ်စလုံးဟာ လူမှန်၊ အဖြစ်အပျက်မှန်ကို ရေးထားပါတယ်။ ပထမတစ်အုပ်က ဗုဒ္ဓဘာသာ ပေါ်ပေါက်ရာ ဒေသရဲ့ အတွေ့အကြုံ အကြားအမြင်ကို ရေးတယ်။ နောက်တစ်အုပ်က ဗုဒ္ဓဘာသာဝင် ရဲ့ ဖြစ်စဉ်မှတ်တမ်းကို ရေးတဲ့အတွက် ဒီစာအုပ် နှစ်အုပ်စလုံးဟာ ဆန်းကြယ်အံ့ဘနန်းဖြစ်တယ်။ (ရှီးယိုကျိ) ထဲမှာ ဘာသာရေးသတင်းတွေ၊ တစ်ဆင့်ကြား ဘာသာရေးအကြောင်းအရာတွေ၊ ဗုဒ္ဓဘာသာကျမ်းဂန်ထဲက ပုံပြင် အများအပြား ရေးမှတ်ထားတယ်။
ထိုစဉ်က လမ်းပန်းဆက်သွယ်ရေး အလွန့်အလွန် ခက်ခဲတဲ့ အခြေအနေမှာ ထန်ဘုန်းကြီးဟာ တစ်ပါးတည်း အနောက်ခရီးကို သွားခဲ့တယ်။ ဝေးလံသီခေါင်တဲ့ တောတောင်တွေကိုဖြတ်ပြီး တိုင်းတစ်ပါးကို သွားခဲ့တဲ့အပြင် နောက်ဆုံးမှာ ကျမ်းများရရှိပြီး အရှေ့ဘက်တိုင်းနိုင်ငံကို ရောက်အောင် ပြန်လည် ယူဆောင်နိုင်ခဲ့တဲ့ အတွက် ဒီကိစ္စကိုယ်နှိုက်ဟာ ထူးဆန်းအံ့ဘနန်း အဖြစ်အပျက်တစ်ခု ဖြစ်နေတယ်။ ဒီလိုနဲ့ ထန်ဘုန်းကြီး ကျမ်းပင့်တဲ့ အဖြစ်အပျက်ဟာ လူထုကြားထဲမှာ ပြောစမှတ်ပြုလာကြတယ်။ တဖြည်းဖြည်းနဲ့ သမိုင်း အဖြစ်အပျက် ကို ခွဲခွာပြီး ဒဏ္ဍာရီဆန်တဲ့ အတွင်းသဘောတွေ ဖြစ်လာတယ်။
စုန့်မင်းဆက်ရောက်တော့ ကျမ်းပင့်တဲ့ပုံပြင်များဟာ လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီ။ စာဟောဆရာတွေဟာ ယင်းကို အထူးဟောပြောလာကြတယ်။ အဲဒီအထဲမှာ ထန်ဘုန်းကြီးကို စောင့်ရှောက်တဲ့ မျောက်ရှင်ကျေဆိုတာ ပါလာပြီ။ တစ်လမ်းလုံး မကောင်းဆိုးဝါး နှိမ်နင်းတဲ့ပုံပြင်တွေ ဟောပြောကြပြီ။ နောင်မှာ ပုံပြင်၊ မှတ်တမ်း၊ ပန်းချီ၊ စာဟောစာအုပ် စသဖြင့် သဏ္ဌာန်အမျိုးမျိုးနဲ့ ပျံ့နှံ့လာခဲ့တယ်။ ယွမ်မင်းဆက်အကုန် မင်မင်းဆက်အစမှာ ပြဇာတ်ပုံစံနဲ့ ထန်ဘုန်းကြီး ကျမ်းပင့်တဲ့ပုံပြင်ကို ကဇာတ် ဇာတ်ခုံပေါ် တင်လာခဲ့ကြတယ်။
ဝူချင်အင်းဟာ သူ့ရှေ့အဆက်ဆက် ခေတ်များက ပျံ့နှံ့ခဲ့တဲ့ သဏ္ဌာန်မျိုးစုံကို အခြေခံပြီး လက်တွေ့ဘဝ အတွင်းသဘောတွေ ထည့်ပြီး ၎င်းအနုပညာစာပေ ဖွဲ့စည်းမှုကို ပြီးမြောက်အောင်မြင်ခဲ့တာဖြစ်တယ်။ သူ့ရှေ့က ပေါ်ပေါက်ခဲ့တဲ့ စာအုပ်များနဲ့ မနှိုင်းသာအောင် အနုပညာလက်ရာမြောက်ခဲ့ပါတယ်။
ရှီးယိုကျိဝတ္ထုကြီးကိုရေးတဲ့ စာရေးဆရာကြီး ဝူချင်အင်းဟာ တရုတ်ပြည် ယခု ကျန်းစူးပြည်နယ် ဝိုင်အန်းခရိုင်သား ဖြစ်ပါတယ်။ သူဟာ မင်မင်းဆက် အလယ်လောက်မှာ နေထိုင်ခဲ့တယ်။ ခရစ်သက္ကရာဇ် ၁၅ဝဝ ပြည့်နှစ်မှ ၁၅၈၂ ခုနှစ် ကာလအတွင်းမှာ နေထိုင်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ ရုံးဝန်ထမ်း အရာရှိလေးကနေ ကုန်သည်လေး ဖြစ်လာတဲ့ မိဘက ဖွားမြင်တယ်။ သူ့ဖခင်ဟာ အရောင်းအဝယ်မှာ ညံ့ပေမဲ့ စာဖတ် အလွန် ဝါသနာပါတယ်။
ဝူချင်အင်းဟာ ငယ်စဉ်ကတည်းက ဉာဏ်ကောင်းပြီး စာအုပ်အများပြားကို နှံ့စပ်စွာ ဖတ်ရှုခဲ့တယ်။ ကဗျာတို့၊ စာတို့ကို ချက်ချင်းရေးနိုင်တယ်။ သရော်ဇာတ်လည်း ရေးတယ်။ မှတ်စုစာတမ်းများ ရေးခဲ့ရာ အထူး နာမည်ကြီးခဲ့တယ်။ ငယ်စဉ်ကတည်းက ဝှိုင်အန်းတစ်ဝိုက်မှာ နာမည်ကျော်ခဲ့တယ်။ သူဟာ မင်းစစ် ရာထူးရ စာမေးပွဲတွေမှာ မအောင်မြင်ခဲ့ဘူး။ အသက် ၄ဝ ကျမှ “ဆွေကုန်စင်း” ဆိုတဲ့ ဘွဲ့တစ်ခုပဲ ရတယ်။ သူဟာ ဆက်ဆံရေးမှာ မျက်နှာလို မျက်နှာရ မလုပ်ဘူး။ မင်းအမှုထမ်း လုပ်ခဲ့ပေမဲ့ ကာလတိုအတွင်းမှာ ထွက်လိုက်တယ်။
ဝူချင်အင်း ရေးသားပြုစုခဲ့တဲ့ စာပေအများအပြား ရှိတယ်။ သို့သော်လည်း ဆင်းရဲခြင်း၊ အိုခြင်းနဲ့ သားသမီး မရှိခြင်းတို့ကြောင့် အများအပြား ပျောက်ဆုံးခဲ့ရတယ်။ ယခု ကျန်ရှိနေသေးတဲ့ စာပေမှာ (ရှီးယိုကျိ) အပြင် နောင်တွင် လူများ ရှာဖွေစုစည်းထားတဲ့ (ဆရာ ရဲ့ယန် ရဲ့ လက်ရေးမူ) လေးတွဲပဲ ကျန်ရှိနေတယ်။
ကြည်ကြည်မာ
၁-၅-၉၅

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။