ဖယောင်းတိုင်ည - ဝင်းဖေ
ဖယောင်းတိုင်ည - ဝင်းဖေ
စွမ်းအင် ပြတ်တောက်သွားလို့ အလုပ် ရပ်ထား ကြရတယ်။ ပန်ကာတွေ ရပ်၊ လေအေးစက်တွေလည်း ရပ်၊ ခဏနေတော့ အခန်းထဲမှာ သိပ်ပူအိုက် လာတယ်။ အဲသည်တော့ တံခါးတွေ အကုန်ဖွင့်ရပြီ။ မှောင်စပျိုးပြီ။
အခန်းထဲမှာ သည်အတိုင်း ဆက်ထိုင် နေကြလို့ မဖြစ်တော့ဘူး။ ဖယောင်းတိုင်တွေ ထွန်းကြရတယ်။
အပြင်က ခြင်တွေ ဝင်လာတယ်။
တံခါးတွေ ပိတ်တော့ လေမဝင်။
လေဝင်အောင် တံခါးတွေ ဖွင့်တော့ လေဝင်တာက တော်တော်ရယ်။ ခြင်တွေ ဝင်လာတာက ပိုများတယ်။
များတော့ ဘာဖြစ်လဲ၊ တဖျပ်ဖျပ်နဲ့ ရိုက်ကြပေါ့။ ဒါ လုပ်နေကျပဲ။
ပူအိုက်ပြီး ခြင်ကိုက်နေတဲ့ အချိန်မှာ အပျင်းပြေ ထွေရာလေးပါး လျှောက်ပြော ကြဖို့တောင် တော်တော် ခက်တယ်။ ဒါပေမဲ့ တခြား လုပ်စရာမှ မရှိဘဲ။ တယောက် တပေါက် လျှောက်ပြော ကြတာပါပဲ။
အဆိုတော် ညီအစ်မ နှစ်ယောက်က လွဲလို့ အခန်းထဲမှာ အားလုံး ယောက်ျားချည်းပဲ။ မိန်းကလေးတွေ ရှေ့မှာ ယောက်ျားတွေဟာ အနည်းအများ ရယ်စရာ ကောင်းတယ်။ တခုတော့ ရှိတယ်၊ မိန်းကလေး အုပ်စုထဲမှာ ယောက်ျား တယောက် နှစ်ယောက် (ဆွေမတော် မျိုးမစပ်) ရှိနေရင်လည်း သည်လိုပါပဲ။
“ကော်ဖီမစ်(က)(စ) တွေတော့ ပါတယ်၊ သောက်ကြမလား”
အဆိုတော် ညီအစ်မက မိန်းမသားများပီပီ ကျွေးချင် မွေးချင်ကြတယ်။
“ဟာ ... သိပ်ကောင်းတာပေါ့ဗျာ၊ ထမင်းကား ကလည်း တော်တော်နဲ့ လာပုံ မပေါ်ဘူး”
အားလုံး ကန့်ကွက်သူ မရှိ၊ ထောက်ခံ ကြတာပါပဲ။
ဒါပေမဲ့ ရေနွေးတည်ဖို့ မီးမလာ။
ဟုတ်သားပဲ၊ မီးမလာလို့ ထိုင်နေ ကြရတဲ့ဟာကို။
စတူဒီယို ပိုင်ရှင် ကိုတော်မီတို့ အိမ်က ကပ်လျက်ပဲ။ ရေနွေး သွားတောင်းရင်တော့ ရနိုင်ပါရဲ့။ ဒါပေမဲ့ အားနာစရာကြီး၊ နေပါစေတော့။
ကိုတော်မှီ ချစ်ချစ် မတုတ်တုတ် ကလည်း အပြင်သွားနေတယ် မဟုတ်လား။
ခဏနေတော့ ရေချိုးခန်းထဲက ကိုသန်းခင် အူကြောင်ကြောင်နဲ့ ထွက်လာတယ်။
“ရေချိုး နေတာဗျာ၊ ဆပ်ပြာလည်း တိုက်ပြီးရော ရေတိုင်ကီ ထဲမှာ ရေကုန်သွားလို့၊ ဒုက္ခပါပဲ”
“ဟာ ... တိုင်ကီထဲမှာ ရေကုန်သွားရင် ရေတင် လိုက်လေဗျာ၊ ရေချိုးခန်း အပေါက်ရဲ့ ဘယ်ဘက်ဘေးက ခလုတ်က မော်တာခလုတ်ပဲ”
“ခင်ဗျားကလဲ၊ မီးမလာပါဘူးဆို”
“ဪ ... ဟုတ်သားပဲ၊ မေ့လို့ မေ့လို့”
လူတွေဟာ လျှပ်စစ်နဲ့ တော်တော်ကြီးကို နက်နက်ရှိုင်းရှိုင်း ပတ်သက် နေကြပြီကိုး။ ဟိုး ရှေးရှေးကများ သီချင်းဆိုချင် ဆိုလိုက်ရုံပဲ။ နားထောင် ချင်ရင်လည်း ဆိုတတ်တဲ့လူ ဆိုခိုင်းလိုက်။ ပွဲလမ်းသဘင် တွေလည်း သည်လိုပါပဲ။ လျှပ်စစ်တွေ ဘာတွေ မရှိခင်က ပြောပါတယ်။
ခုလည်း ဖြစ်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ မဖြစ်တော့ဘူး။
အသံသွင်းဟယ်၊ အသံထုတ်ဟယ်၊ အသံဖွင့်ဟယ် စသဖြင့်ပေါ့လေ၊ လျှပ်စစ်ကိစ္စနဲ့ လုပ်ကြရတယ်။
ဟော ... လျှပ်စစ် မရှိတဲ့ အခါမှာ လူတွေဟာ လေဖြတ် သွားတာလိုလို၊ သွက်ချာပါဒ ဖမ်းသွားတာလိုလို ခံစားကြရတယ်။
တခုတော့ ရှိတယ်။ လောလောဆယ် ရှည်ရှည်ဝေးဝေး သိပ်ခေါင်းရှုပ်ခံ မနေနဲ့။ စောင့် ... ဒါပဲ။
မီးလာတဲ့အခါ လုပ်စရာရှိတာ ထလုပ်၊ စားစရာရှိတာ ထစား၊ ဒါပဲ။ ပျင်းရင် စကားမရှိ စကားရှာ ပြောကြ။ မပြောချင်လည်း စာအုပ် ကလေး ဘာလေး ဖတ်နေပေါ့။
ဪ ... မေ့လို့၊ မီးမှ မရှိဘဲ။ လူတွေဟာ ဖယောင်းတိုင်မီးနဲ့ စာမဖတ်တတ် ကြတော့ဘူး။
မဖတ်မဖြစ် ဖတ်ရမယ် ဆိုမှ မီးရောင်နား တအားကပ်ပြီး ကြိုးစား ဖတ်ကြမယ်၊ ဒါပဲ။
ဟာ ... ခြင်တွေကလည်း ပေါလိုက်တာ။
“ကိုဇက် ... ဘယ်နှစ်နာရီလောက် ရှိပြီလဲ”
အခန်းထဲမှာ လူတွေ အတော်များပေမယ့် ကိုဇက် တယောက်ပဲ လက်ပတ်နာရီ ပါတာ တွေ့ကြရတယ်။
ကိုဇက်က သူ့ လက်ပတ်နာရီကို စတိုင်နဲ့ မြှောက်ကြည့် လိုက်တယ်။
“ခုနစ်နာရီ ခွဲပြီးလို့ နှစ်မိနစ် ... နေဦး”
ကိုဇက်က ဖယောင်းတိုင်မီးနဲ့ ကပ်ပြီး ကြည့်တယ်။
“ဟုတ်တယ်၊ ခုနစ်နာရီ ခွဲပြီးလို့ နှစ်မိနစ် ရှိပြီ”
“ဟုတ်ရဲ့လားဗျာ”
“ဟာ ... ခင်ဗျား တော်တော် ခွကျတဲ့လူပဲ၊ ကျုပ်နာရီက အိုမီဂါဗျ၊ နှယ်နှယ်ရရ မဟုတ်ဘူး”
ကိုဇက် တော်တော် ဂြိုဟ်ကျသွားတယ်။ ပြီးတော့ သူ့နာရီ ဘယ်လောက် ကောင်းကြောင်း၊ လေယာဉ်မောင်းတဲ့ ပိုင်းလော့တွေမှ သုံးတဲ့ အမျိုးအစား ဖြစ်ကြောင်း၊ သူ ဘယ်လို ဘယ်လို ရအောင် ဝယ်ခဲ့ရတာ၊ ဘာညာနဲ့ အကြီးအကျယ် ပြောပြတယ်။
သိတယ် မဟုတ်လား၊ ဟို အဆိုတော် ညီအစ်မ ကလည်း ရှိနေတယ် ဆိုတော့။
ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး နာရီတွေထဲမှာ အိုမီဂါလည်း ထိပ်တန်းက ပါတာပဲ။ အိုမီဂါ ကြော်ငြာတွေဆို အမြဲတမ်း တခမ်းတနားပဲဟာ။
တကယ့် ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေ ထဲက အိုမီဂါကိုမှ ရွေးချယ် အသုံးပြု နေကြတာတွေ ကလည်း နည်းတာမှ မဟုတ်တာ။ ကိုဇက် နာရီဆို ဈေးမသေးဘူး။ သူ ပြောတာ မှန်တယ်။ လေယာဉ်မောင်းတဲ့ ပိုင်းလော့တွေ သုံးတဲ့ အမျိုးအစားပဲ။ ဒီဇိုင်းကို မြင်ရုံနဲ့ သိသာပါတယ်။ ဘယ်လောက် ကောင်းအောင် လုပ်ထားတယ် ဆိုတာ။
ကိုဇက် ဘဝမှာ ချစ်သူနဲ့ လက်ထပ်မလား၊ သည်နာရီကို ဝယ်မလား ဆိုတဲ့ လမ်းဆုံ လမ်းခွကို ရောက်ခဲ့ဖူးတယ်။
ဒါလည်း အမှန်ပဲ။ အားလုံး တစွန်းတစတော့ ကြားဖူးကြတာပဲ။
ချစ်သူကိုလည်း မစွန့်ရအောင်၊ နာရီလည်း ဝယ်လို့ရအောင် သူ ဘယ်လို အကြံအဖန်တွေ လုပ်ခဲ့ရတယ် ဆိုတာကို ပြောပြတယ်။ တဝါးဝါးနဲ့ ရယ်နေ ကြရတယ်။ ချစ်သူနဲ့ လက်ထပ်ဖို့ ငွေလိုတယ်။ အိုမီဂါ ဝယ်ဖို့ ငွေလိုတယ်။
လက်ထပ်လိုက်ရင် အိုမီဂါ မဝယ်နိုင်ဘူး။ အိုမီဂါ ဝယ်လိုက်ရင် ချစ်သူနဲ့ လက်ထပ်ဖို့ ငွေမရှိတော့ဘူး၊ ဒါပါပဲ။ ပြဿနာက ရှင်းရှင်းလေးပါ။
သည်တော့ သူ ဘယ်လို လုပ်ရမလဲ။ သူ စဉ်းစား တွေးခေါ်ပုံတွေ ကိုက သိပ်ရယ်ရတယ်။
ဘာပဲပြောပြော နောက်ဆုံးတော့ အိုမီဂါကို အလျင် ဝယ်ချလိုက်တယ်။
နောက်တော့ သူ ဘယ်လို လက်ထပ်ဖို့ ကြိုးစားခဲ့ရသလဲ။
အဲသည် အချိန်မှာ မီးပြန်လာတယ်။
အားလုံး ကလေးတွေလိုပဲ “ဟေး” လို့ အော်မိကြတယ်။
တခန်းလုံးလည်း လင်းကျင်းသွားတယ်။
ဖယောင်းတိုင် မီးတွေကို မှုတ်ပစ်ကြ၊ တံခါးတွေ ပြန်ပိတ်ကြ၊ လေအေးစက်ကို ပြန်ဖွင့်ဖို့ လုပ်ကြနဲ့ ပျာယာခတ် သွားတယ်။
မြူဇစ်ရှင်တွေလည်း အလုပ် ပြန်စ ကြတော့မယ်။ အသံဖမ်း တာဝန်ခံလည်း သူ့အခန်းထဲ သူ ပြန်ဝင်သွားပြီ။
ဖျတ်ခနဲ မီးပြန်ပျက်။
အားလုံး တပြိုင်နက် မကျေနပ်သံတွေ ထွက်လာကြပြန်တယ်။
ဖယောင်းတိုင်တွေ ပြန်ထွန်း။
တံခါးတွေ ပြန်ဖွင့်။
ကိုယ့်နေရာ ကိုယ်ပြန်ထိုင်ကြ။
ကိုဇက်ရဲ့ အိုမီဂါ အကြောင်း ပြန်စဖို့ ကြိုးစား နေကြတုန်း မန္တလေးက အဆိုတော် ကိုဖြိုးကြီး ရောက်လာတယ်။ ဟန်ကျတာပဲ။ ကိုဖြိုးကြီး ကလည်း နာရီ အကောင်းစားတွေ အကြောင်း ကောင်းကောင်းသိတဲ့ ပုဂ္ဂိုလ်ပဲ။
ကိုဖြိုးကြီးက ကိုဇက်ရဲ့ အိုမီဂါကို အစကတည်းက သတိပြုမိ နေပြီးသား ပါတဲ့။ ကိုဇက် ပြောတာတွေ အကုန်မှန်ကြောင်း ထောက်ခံပါတယ်။
သည်တော့ ကိုဖြိုးကြီးရဲ့ လက်က နာရီကို သတိပြုမိ ကြတယ်။
ကိုဖြိုးကြီးက သူ့နာရီ အကြောင်းကို မပြောချင် ပြောချင်နဲ့ ဖြည်းဖြည်းချင်း ပြောပြတယ်။
သူ့နာရီကို ထုတ်လုပ်တဲ့ ကုမ္ပဏီ နာမည်က တော်တော် အမှတ်ရ အသားရ ခက်တယ်။ ဆွစ်ဇာလန်က လုပ်တာပဲ။ အဲသည် ကုမ္ပဏီက အစဉ်အလာ အတော်ကြီးတာပဲ။
နာရီတန်ဖိုး မေးလိုက်တော့ ကိုဖြိုးကြီးက ချက်ချင်း မဖြေဘူး၊ သူ့အနေနဲ့ အချောင် ရလိုက်တာ ဖြစ်ကြောင်း ပြောပြတယ်။
တနေ့ သူက နာရီဆိုင်တွေ တတန်းကြီး ရှိတဲ့ အနော်ရထာ လမ်းမှာ လျှောက်ကြည့်နေတုန်း လူတယောက်က အဲသည် နာရီကို နာရီဆိုင် တဆိုင်မှာ ရောင်းဖို့ ကြိုးစားနေတာ တွေ့ရသတဲ့။ နာရီဆိုင်ကလူတွေ အဲသည် နာရီကို သေသေချာချာ အပြန်ပြန် အလှန်လှန် စစ်ဆေးကြည့်ရှု ကြသတဲ့။ ကိုဖြိုးကြီး ကလည်း နာရီ ကျွမ်းကျင်သူပဲ ဆိုတော့ စိတ်ဝင်စား လွန်းလို့ ရပ်ပြီး ကြည့်နေသတဲ့။ နောက်တော့ နာရီဆရာတွေက လာရောင်းတဲ့ အဲသည်လူကို ဘယ်လောက် ရချင်သလဲလို့ မေးကြသတဲ့။ ဟိုလူက သူ လိုချင်တဲ့ဈေး ပြောတော့ နာရီဆိုင်က ဆရာတွေက မတန်တဆ ဆစ်ကြတယ်တဲ့။ ထုံးစံအတိုင်း အပြစ်အနာအဆာ တွေလည်း ထုတ်ပြီး ပြောကြသတဲ့။
ကိုဖြိုးကြီး ကတော့ ဘာမှ မပြောဘဲ အသာရပ်ကြည့် နေရတာပေါ့။ နောက်ဆုံးတော့ ခပ်တိုတိုပဲ ပြောကြပါစို့။ ဈေးမတည့်ကြဘဲ အဲသည်လူက ထွက်သွားသတဲ့။ အဲဒီအခါမှ ကိုဖြိုးကြီးက အဲသည်လူ နောက်ကို အသာ လိုက်သွားပြီး စောစောက လူတွေထက် ဈေးပိုပေးပြီး ဝယ်လိုက်တာတဲ့။ ကိုဖြိုးကြီးလည်း ဝယ်ပြီးရော စောစောက နာရီဆရာတွေ လိုက်လာကြ သတဲ့။ ဒါပေမဲ့ အရောင်းအဝယ်က ပြီးသွားပြီ ဆိုတော့ သူတို့လည်း စိတ်ပျက် လက်ပျက်နဲ့ ကိုဖြိုးကြီးကိုတောင် သူတို့ အရောင်းအဝယ်ထဲ ဝင်ရှုပ် သလိုလို ပြောကြသေးတာတဲ့။ ကိုဖြိုးကြီးက ခပ်မာမာ ပြန်ဟောက် လိုက်တော့မှ လစ်သွားကြတာတဲ့။
ဒါနဲ့ အဲသည်တုန်းက ဘယ်လောက်နဲ့ ရလိုက်တာလဲလို့ ဝိုင်းမေး ကြတော့ .. လေးသောင်းနှစ်ထောင် ပေးခဲ့ရသတဲ့။
အားလုံး ဟာခနဲ ဖြစ်သွားကြတယ်။ ကိုဖြိုးကြီး ပြောပြလို့ ထပ်ပြီး သိကြရတာက သူ့အနေနဲ့ အနည်းဆုံး တသိန်း မရရင် မရောင်းဘူးတဲ့။ အခန်းထဲက လူတွေအားလုံး ကိုဖြိုးကြီးရဲ့ နာရီကို ဝိုင်းကြည့်ကြတယ်။
ပုံက အတော်ကို ရိုးတယ်။ နာရီဒိုင်ခွက်ရဲ့ ဒီဇိုင်းကလည်း သိပ်ရိုးတာပါ။ ဒါပေမဲ့ ဒီဇိုင်းက မှင်မောင်း သိပ်ကောင်းတယ်။ အဆင့်အတန်း သိက္ခာ ဣန္ဒြေ ရှိတယ်။ အဲဒါကတော့ သိသိသာသာကြီးပဲ။
ဒါပေမဲ့ အားလုံး ခွကျ ကုန်တာက ဘာလဲ ဆိုတော့ ကိုဇက်ရဲ့ အလွန် ကောင်းပါတယ် ဆိုတဲ့ အိုမီဂါကြီးနဲ့ ကိုဖြိုးကြီးရဲ့ တသိန်းလောက် တန်တဲ့ နာရီကြီးဟာ အချိန် မတူကြဘူး။ နှစ်မိနစ် ကွာနေတယ်။
အဲဒီမှာ ပြဿနာ၊ မြန်မာ စံတော်ချိန်နဲ့ တိုက်ထားသလားလို့ မေးတော့ နှစ်ယောက်စလုံးက မြန်မာ စံတော်ချိန်နဲ့ သေသေချာချာ ဂရုတစိုက် တိုက်ထားကြတာ ဖြစ်ကြောင်း ပြောကြတယ်။
တကယ်တမ်း ကျတော့ နှစ်မိနစ် ဆိုတာ သိပ်မများပါဘူး။ ဒါပေမဲ့ ဒီနာရီ အကောင်းစားကြီးတွေ အတွက်တော့ နှစ်မိနစ်ဟာ လုံးဝ ခွင့်မလွှတ်နိုင် စရာပဲ။
ကိုဇက်ရော၊ ကိုဖြိုးကြီးရော မအီမလည် ဖြစ်နေ ကြတာတော့ အမှန်ပဲ။ သူ့နာရီ မှန်တယ်၊ ကိုယ့်နာရီ မှန်တယ် ဆိုပြီး ထုတ်ငြင်းဖို့ကလည်း မကောင်းဘူး မဟုတ်လား။ ဒါပေမဲ့ ဘေးက လူတွေကတော့ ကာယကံရှင်တွေ မဟုတ်ကြတော့ ဝိုင်းပြီး လောင်ကြတယ်၊ နည်းနည်းလည်း ဟားကြတယ်။
အဲသည် အချိန်မှာ စတူဒီယို ပိုင်ရှင် ကိုတော်မီကို သတိရကြတယ်။ ကိုတော်မီမှာလည်း ရိုးလက်(စ)ပါပက်ကျူရယ် အကောင်းစား တလုံး ရှိတယ်လေ။ တယောဆရာကြီး ရဟူဒီမနူဟင် ပတ်တဲ့ နာရီမျိုးပဲ။
ကိုတော်မီက နောက်ဖေးအိမ်မှာ ရှိနေတယ်။
ခေါ်... ခေါ်၊ ကိုတော်မီ့ နာရီကလည်း ခေတဲ့ နာရီမှ မဟုတ်ဘဲ။
အကျိုးအကြောင်း ပြောပြီး ကိုတော်မီကို သွားခေါ်တော့ ကိုတော်မီ ကလည်း သူ့နာရီနဲ့ ပတ်သက်လာရင် အလွန် ဂုဏ်ယူ နေခဲ့တဲ့သူ မဟုတ်လား၊ ရိုးလက်(စ)ကြီးကို ကိုင်ပြီး ချက်ချင်း ထလိုက် လာတာပဲ။
အဲဗျ ... ဒုက္ခပဲ။ သူ ရောက်လာမှ ပိုဆိုးကုန်ပြီ။ သူ့နာရီက ကိုဖြိုးကြီး နာရီနဲ့ သုံးမိနစ်တောင် ကွာနေတယ်။ ကိုဇက် နာရီနဲ့ဆို ငါးမိနစ်တောင် ကွာနေတယ်။
နာရီ အကောင်းစားတွေ အကြောင်းကို ကောင်းကောင်း သိကြတဲ့ ကိုဖြိုးကြီးရယ်၊ ကိုဇက်ရယ်၊ ကိုတော်မီရယ် သုံးယောက်စလုံးက ခုလို ဖြစ်ရတာ လုံးဝ အဓိပ္ပါယ် မရှိကြောင်း ပြောကြတယ်။ အဲဒီမှာ တဝါးဝါး ဖြစ်ကြရ ပြန်တယ်။
ကိုဖြိုးကြီး ကတော့ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ ဖြစ်တဲ့အကြောင်း၊ လောကမှာ အရာရာဟာ ဖောက်ပြန်တဲ့ သဘော ရှိကြောင်း၊ ပစ္စည်း အကောင်းစားတွေ မှန်ပေမယ့် ဖောက်ပြန်နိုင်၊ မှားနိုင်၊ ယွင်းနိုင် ကြတာပဲလို့ ပြောပါတယ်။
ဒါပေမဲ့ သူ့တလုံးပဲ မှန်ပြီး ကျန်နှစ်လုံးက သင်္ခါရ နေကြတဲ့ သဘော လေသံတော့ ပါသလိုပဲ။
အဲသည်မှာ တဝါးဝါး ဖြစ်ကြရ ပြန်တယ်။ ကိုတော်မီ ကလည်း သူ့နာရီကို မြန်မာ စံတော်ချိန်နဲ့ သေသေချာချာ တိုက်ထားတာ ပါပဲတဲ့။ ကဲ ... ခက်ကုန်ပြီ။
အဲသည် အချိန်မှာ မီးပြန်လာတယ်။
နာရီတွေ အကြောင်း ပြန်ရပ်ကြ။ ဖယောင်းတိုင်တွေ အကုန်ပြန်ငြိမ်း။ တံခါးတွေ ပြန်ပိတ်။ လေအေးစက် ပြန်ဖွင့်။
အလုပ် ပြန်စကြဖို့ လုပ်ကြပြန်တယ်။
ထမင်းကားနဲ့ ထွက်သွားတဲ့ ကိုဝင်းလည်း ပြန်လာပြီ။ သည်လိုဆိုရင် ခဏနေကြဦး၊ မထူးတော့ဘူး။ ထမင်းစားပြီးမှ အလုပ် တခါတည်း ဆက်ကြရင် ကောင်းမယ်။
ဟုတ်တယ်၊ အဲဒါ ကောင်းတယ်။
ထမင်းပြင်။ ထမင်းပြင်။
အဲသည် အချိန်မှာ တယောက်က စဖောက် လာပြန်တယ်။
ကိုဝင်း လက်မှာလည်း နာရီတလုံး ပတ်ထားတာပဲ။ နာရီကတော့ အဝေးက မြင်ရင်ကို သိသာပါတယ်။ တော်တော်ချာတဲ့ နာရီပါ။ ရှေးနာရီ အဟောင်း အညံ့စားပါ။ အချိန် မေးကြည့်တော့ ဝါးခနဲ ရယ်ကြရ ပြန်တယ်။ သူ့နာရီက ကိုတော်မီ့ နာရီထက် ငါးမိနစ် နောက်ကျတယ်။ ကိုဖြိုးကြီး နာရီနဲ့ ရှစ်မိနစ် ကွာတယ်။ ကိုဇက် နာရီနဲ့ ဆယ်မိနစ် ကွာနေတယ်။ ဒါပေမဲ့ ကိုဝင်းကလည်း တပြားမှ မလျှော့နိုင်ဘူးတဲ့။ သူ့နာရီ အလွန်မှန်တဲ့ အကြောင်း၊ မြန်မာ စံတော်ချိန်နဲ့ သေသေချာချာ တိုက်ထားတာ ဖြစ်ကြောင်း၊ အမြဲ ဂရုစိုက် စစ်ဆေးတဲ့ အခါမှာလည်း အလွန် မှန်နေတာ တွေ့ရကြောင်း ယုံယုံကြည်ကြည်ကြီး ပြောနေ ပြန်ပါတယ်။
ကဲ ... ဘယ့်နှယ်လုပ်ကြမလဲ။
အလွန် တန်ဖိုးကြီးတဲ့ အမျိုးအစား သိပ်ကောင်းတဲ့ နာရီသုံးလုံး ကြားမှာ အလကား ပေးရင်တောင် ယူမယ့်လူ မရှိလောက်တဲ့ ဒီနာရီစုတ်က ဇွတ်စိန်ခေါ် နေပြီလေ။
ကိုဝင်းက သူ့နာရီက အုန်းပင်တံဆိပ် ဖြစ်ကြောင်း၊ ဝယ်တဲ့ အချိန်က စတွက်ရင် သူ့နာရီဟာ နှစ်ပေါင်းလေးဆယ် ကျော်လာပြီ ဖြစ်တဲ့အကြောင်း၊ သူ့အဘိုးဆီက အမွေရတာ ဖြစ်ကြောင်း၊ သူ့အဘိုး လက်ထက် ကတည်းက အလွန် အချိန်မှန်ခဲ့တဲ့ အကြောင်း၊ တနှစ်တခါ ကြေးဆေး ပြုပြင်တဲ့အတွက် ယခုထက်တိုင် ဒေါင်ဒေါင်မြည် နေတာ ဖြစ်ကြောင်း၊ သူ့နာရီကို အလကားပေးရင် ယူမယ့်လူမရှိ ဆိုတာကို သူ သဘောတူကြောင်း၊ ဒါပေမဲ့ ခု သူ့ကို တထောင် လာပေးလည်း မရောင်းနိုင်ကြောင်း၊ သူ့နာရီမှာ ဖောက်ပြန်တဲ့ အစိတ်အပိုင်း ဆိုလို့ နာရီကြိုးပဲ ရှိကြောင်း၊ ခဏခဏ ပြတ်ပြတ်သွားလို့ အသစ်လဲရကြောင်း၊ အဲဒါကလည်း နာရီရဲ့ အရည်အသွေးနဲ့ မပတ်သက်ကြောင်း ဘာညာနဲ့ ခုခံ ငြင်းဆိုပါတယ်။
နာရီ လေးလုံးမှာ တလုံးမှ မတူကြဘူး။
ဖြစ်နိုင်ခြေက မှန်စရာရှိရင် တလုံးပဲ မှန်မယ်၊ ကျန် သုံးလုံးက မှားမယ်၊ လွဲမယ်။ ဒါမှမဟုတ် တလုံးမှ မမှန်ဘူး ဆိုတာလည်း ဖြစ်နိုင်တယ်၊ ဒါပဲ။
အဲသည်တော့ ဘာမှ စကားများမနေကြနဲ့၊ ညပိုင်း သတင်းလည်း လာတော့မယ်၊ ကက်ဆက် ရေဒီယိုလည်း ရှိနေတာပဲ၊ ရေဒီယို ဖွင့်လိုက်လေ။
ဟုတ်တာပေါ့၊ လုပ် ... လုပ်၊ ဘယ်မလဲ ကက်ဆက်၊ ဟုတ်ပြီ သည်ယူခဲ့ သည်ယူခဲ့။ ဓာတ်ခဲ ရှိလား၊ ဘာ ... ဓာတ်ခဲ ကုန်နေတယ်။ ဟုတ်လား။ ကိစ္စ မရှိဘူးလေ၊ လာ ... လာ၊ သည်မှာ ပလပ်နဲ့ ဂျွိုင်းလိုက်၊ ဟုတ်ပြီ။ ကဲ ... ရေဒီယိုဖွင့်။
ထမင်းသည်က ထမင်းစားချင်ကြရင် အဆင်သင့် ဖြစ်ပြီလို့ လာပြောတယ်။
ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ရေဒီယို ဖွင့်မယ့် နေရာမှာ ဝိုင်းနေကြတယ်။
ခဏနေရင် အဖြေက ပေါ်တော့မယ်။
ဘယ်နာရီ မှန်တာလဲ။
ဘယ်နာရီတွေက မှားတာလဲ။
ဒါမှမဟုတ် လေးလုံးစလုံး လွဲနေသလား။
အကုန် လွဲနေသည့် တိုင်အောင် ဘယ်နာရီက အနီးစပ်ဆုံးလဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် တမျိုးမဟုတ် တမျိုး ဟာသ ဖြစ်မှာတော့ သေချာနေပြီ။
အကောင်းစား နာရီကြီးတွေ ထဲက မှန်နေရင်တောင် အကောင်းစား နှစ်လုံးကတော့ ဟာသ ဖြစ်နေဦးမှာပဲ။ အဆိုးဆုံးက ကိုဝင်း နာရီက မှန်နေရင် ဒုက္ခပဲ။
အကောင်းစား နာရီကြီးတွေ အတွက် မတွေးဝံ့စရာပဲ။
ကိုဖြိုးကြီးတို့ သုံးယောက်ကတော့ ကိုဝင်းရဲ့ နာရီကို စာရင်းထဲ ထည့်တွက်ကြပုံ မရဘူး။ ဒါပေမဲ့ ကိုဝင်းကတော့ သူ့နာရီကို ယုံကြည်မှု အပြည့်နဲ့ ခပ်တည်တည်ပဲ။
ကဲ ... ဖွင့်တော့လေ။
နေပါဦး၊ အချိန် နည်းနည်း လိုပါသေးတယ်။ ကိုဇက် နာရီနဲ့တောင် လိုနေသေးတာပဲ ဥစ္စာ။
မဟုတ်ပါဘူး၊ ကြိုဖွင့်ထားတော့ ဘာဖြစ်လဲ။
အဲသည်မှာတင် ကိုဝင်းက တစခန်း ထတော့တာပဲ။
သူက သူ့နာရီကို သူ သိပ်ယုံနေသတဲ့။ အဲသည်တော့ အပျော် သဘောနဲ့ ငွေတရာကြေး လောင်းမယ်တဲ့။ သူ့အနေနဲ့ တစက္ကန့်ပဲ လွဲမယ်။ မိနစ် အတိအကျ မှန်ရမယ်လို့ ရဲရဲကြီး ပြောလာတယ်။
ကိုတော်မီက ကိုဖြိုးကြီးကို ကြည့်တယ်။ ကိုဇက်ကလည်း သူတို့ကို ပြန်ကြည့်တယ်။
ရေဒီယိုကတော့ မဖွင့်ရသေးဘူး။ ဘေးကလူတွေ ကတော့ ငိုစား ရယ်စားပဲ။ နိုင်တဲ့လူက ငွေသုံးရာ ရမယ်။ အဲဒီငွေကို အားလုံး စားပစ် ကြမယ်လို့ ဝိုင်းပြောကြတယ်။
ကိုဝင်းက သူ မယူပါဘူး၊ အားလုံးကို ကျွေးပစ် လိုက်မှာပါပဲတဲ့။
ကိုဇက်တို့ သုံးယောက်က ကိုဝင်းကို ပြုံးပြီး ကြည့်ကြတယ်။
ကိုဝင်းကလည်း အဲလို အကြည့်ခံ ရတာကိုပဲ မခံနိုင်ဘူး။ သူ့ဘက်က နှစ်ရာ ထည့်မယ်ထိ ဖြစ်လာတယ်။
ကိုဖြိုးကြီးတို့ ဆိုတာ ငွေတရာ နှစ်ရာလောက်ကို ဂရုစိုက် နေကြတဲ့ လူတွေမှ မဟုတ်ဘဲ။ ကိုတော်မီက တကယ်လို့ ကိုဝင်း နာရီသာ မှန်နေရင် သူက သတ်သတ် ကိုဝင်းကို ငါးရာ ဆုချမယ်လို့ ပြောတယ်။ အားလုံးက ဝိုင်းပြီး လက်ခုပ်တီး ကြတယ်။ ကိုဝင်းပြောတဲ့ အလောင်းအစား ကိုလည်း သဘောတူ လိုက်ကြတယ်။ ဥပဒေက အတိအကျ မမှန်ရင်တောင် အနီးစပ်ဆုံး မှန်တဲ့သူ အနိုင်။
အဲသည်မှာ ပြဿနာ တခု ပေါ်လာတယ်။ နာရီ နှစ်လုံးအကြား တဝက်စီ ရောက်နေရင် ဘယ့်နှယ် လုပ်မလဲ။
အိုကေ ... အဲလိုဆိုရင် နှစ်လုံး မှန်လို့ပဲ သဘောထားမယ်။ ကဲ ... ဟုတ်ပြီ၊ ပြတ်ပြီ။
ကဲ ... အိုကေပဲ၊ ရေဒီယိုဖွင့်။
ချောက် ...
ကက်ဆက် ခလုတ်ကို နှိပ်လိုက်တဲ့ အခါမှာ မိန်းခလုတ်ကြီးကို ပိတ်လိုက်တာ ကျနေတာပဲ၊ အားလုံး မှောင်ကျသွားတယ်။
မီးပျက် သွားပြန်ပြီ။
အဲသည်နေ့ ညက ဖယောင်းတိုင်တွေနဲ့ ထမင်းစား ကြရတယ်။
.jpg)
.jpg)
Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။