အဆိပ် - ထင်လင်း

 


“ဆရာဝန်ဆိုတာ လူတွေကို ဆေးကုဖို့ အများအကျိုး ဆောင်ရွက်ဖို့။

ဆရာဝန် အတတ်သင်ပြီးမှ လူအများရဲ့အကျိုး မဆောင်ရွက်ဘဲ စီးပွားရှာနေရင် ဘယ်လိုဖြစ်တတ်သလဲ။

ငွေဟာအဆိပ်၊ ဂုဏ်ဟာအဆိပ်၊ လူ့စည်းစိမ်ချမ်းသာဆိုတာ အဆိပ်၊ အဆိပ်သင့်တဲ့အခါမှာ ဖြေဆေးဟာ သစ္စာတရား၊ သစ္စာပျက်ယွင်းသူတို့မှာ ကုရာနတ္ထိ ဆေးမရှိ။”

“အဆိပ်”စာအုပ်မှ

 

အေဂျေခရိုနင်လို့ ဆိုလိုက်ရင် “ရဲတိုက်၊ နှစ်လောက၊ အနန္တမေတ္တာ၊ အစိမ်းရောင်နှစ်များ” စသဖြင့် စာပေကဏ္ဍမှာ ဆရာဝန်လောကနဲ့ပတ်သက်ပြီး အပိုင်နိုင်ဆုံး အရေးအသားတွေနဲ့ စာဖတ်သူတွေကို ချပြတတ်တဲ့ စာရေးဆရာအဖြစ် သိကြမှာပါ။ ဆရာဝန် စာရေးဆရာတစ်ယောက်ရဲ့ စိတ်စေတနာ ဘယ်လိုရှိမယ်ဆိုတာ သူ့လက်ရာတွေက တဆင့် အကြမ်းဖျင်း မှန်းဆလို့ရတယ်။ လူသားချင်း စာနာထောက်ထားတဲ့စိတ်၊ ငြိမ်းချမ်းမှုလိုလားတဲ့စိတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံလိုစိတ် တွေနဲ့ ပြည့်နှက်နေမယ်။ တစ်ဖက်မှာလည်း လောဘဝိသမသမားတွေ၊ မကောင်းမှုကို မြိန်ရေယှက်ရေ အရသာခံကြသူတွေ၊ အာဏာရှင်တွေကို စက်ဆုပ်မုန်းတီးနေမယ်။ ဒါက သူ့စာပေထဲက သူ့စိတ်သွင်။

အခု အဆိပ်လို့ ဆရာထင်လင်း ဘာသာပြန်သော Judas Treeထဲကရော ဘယ်လိုဇာတ်ကောင်တွေနဲ့ ဘယ်လိုစရိုက်တွေတွေ့ရမလဲ။

ဇာတ်ကောင် မိုရေးနေရာကနေ အေဂျေခရိုနင်က ဖော်ကျူးတယ်ဆိုပေမယ့် မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ ခံစားချက်မျိုးရတယ်။ ချီးကျူးရမယ့်၊ သနားရမယ့်နေရာမျိုးမှာ တော်ရုံသင့်ရုံချီးကျူးပြီး ထိုးနှက်ရမယ့်ချိန်မှာ အားရပါးရကို ထိုးနှက်ပစ်တာ။ ဘာသာပြန်ကြောင့်လား၊ မူရင်းကကိုလားတော့ မပြောတတ်ဘူး။

မိုရေးဟာ ဆရာဝန်အလုပ်နဲ့ အသက်မွေးတာဆိုပေမယ့် သူ့အလုပ်က အသပြာဆရာဝန်။ ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနိုင်မှုမရှိတဲ့ ပျော့ညံ့တဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်း။ မိုရေးရဲ့ငယ်ဘဝက အောက်ခြေကနေ ခက်ခက်ခဲခဲ ဘဝကို ရုန်းကန်ခဲ့ရသူပါ။ ငယ်စဉ်ကတည်းက ပြည့်ပြည့်စုံစုံမနေရတာတွေက သူ့ကို အခုလိုမျိုး စွဲဆောင်မှုတွေအောက်မှာ အခြေယိုင်စေခဲ့တာများလားလို့ တွေးစရာပါ။ သူ့အချိန်တွေကို ဆေးကုခြင်း၊ ဆေးပညာသင်ယူခြင်း အလုပ်တွေမှာ နှစ်မြှုပ်ထားရင်း ဘဝတကွေ့မှာတော့ မေရီဒေါက်ကလပ် ဆိုတဲ့ မိန်းမလှလေးနဲ့ ဆုံစည်းခွင့်ရခဲ့တယ်။

သို့ပေမယ့် မိန်းမလှလေးက ဆိုင်သူ ရှိနှင့်နေပြီးသားပါ။ ကိုယ့်ဖို့ကိုယ်သာ ကြည့်တတ်ပြီး စိတ်ပျော့ညံ့တဲ့ မိုရေးတစ်ယေယာက်ကတော့ သူ့ကိုယ်သူကယ်တင်ရှင်ကြီးအထာနဲ့ အမှတ်တွေဝင်ယူပြီး ပြိုင်ဖက်ရဲ့ အလစ်အငိုက် တွေကို ချောင်းမြောင်းနေခဲ့တယ်။ ခိုးစားတဲ့အရသာကို စွဲမက်သွားတဲ့ မိုရေးတစ်ယောက် နောက်ဆက်တွဲ ဖြစ်ရပ်တွေမှာလည်း သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံသူကြီး အနေနဲ့သော်လည်းကောင်း၊ ကိုယ်ကျိုးစွန့် အများအကျိုးဆောင်တဲ့ လူကြီးလူကောင်းအနေနဲ့ သော် လည်းကောင်း ကိုယ့်ကိုယ်ကို လိမ်ညာပြီး ခံယူချက်တွေထား၊ဆုံးဖြတ်မှုတွေချခဲ့တယ်။

ဘဝမှာ သူစိမ်းတရံဆံဆီကရတဲ့ အချစ်စစ်အချစ်မှန်ဆိုတာမျိုးဟာ ရှားပါးတဲ့ရတနာပါ။ မိုရေးဘဝမှာ ရခဲ့ဖူးပါတယ်။ သို့သော်လည်း မိုရေးနဲ့မတန်ဘူးလို့ပဲမြင်တယ်။ လူတစ်ယောက်က ဘဝမှာ တစ်ခါလောက်တော့ မှားခွင့်ရှိပါတယ်။ အမှားပြန်ပြင်ဆင်ခွင့်ရော ရှိကောင်းရှိပါဦးမယ်။ မိုရေးလို လူစားမျိုးအတွက်တော့ ဒီအခွင့်အရေးတွေဆိုတာ သူ့အတွက် လှည့်ပတ်သုံးစရာ ဖဲချပ်တွေသာဖြစ်ခဲ့တယ်။ အဆုံးစွန်သည့်တိုင် သူ့အတ္တ၊ သူ့ကိုယ်ကျိုးအတွက် ရသလောက် ကိုယ်လွတ်ရုန်းသွားခဲ့သေးတယ်။

ဒီစာအုပ်ဖတ်ရင်းမှ ကျွန်တော့်အဖေ ပြောဖူးတဲ့စကားတစ်ခွန်း သွားအမှတ်ရမိတယ်။ “ဆိုက်ကားသမား ဆိုက်ကားမနင်းလို့ ဘာမှမဖြစ်ဘူး။ ဆရာဝန် ဆေးမကုရင်တော့ ဒီကောင်လူယုတ်မာပဲ”တဲ့။ ဒီစာအုပ်ကတော့ ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာ(ethics)ထက် လူသားတစ်ယောက်ရဲ့ကိုယ်ကျင့်သီလ(morality)ကို ရည်ညွှန်းတယ်ဆိုရင် ပိုမှန်မယ်ထင်တယ်။

ဆရာသော်တာဆွေ အမှာစာက စာလေးပြန်သုံးရရင် စာအုပ်ကောင်းဆိုတာ တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၊ ဘာသာတစ်ရပ် အတွက်မဟုတ်ဘဲ လူတိုင်းအတွက် ဖြစ်ပါတယ်။ ပြီးတော့လည်း Poetic Justice နဲ့ စာရေးဆရာအေဂျေခရိုနင်တစ်ယောက် ဇာတ်ကောင်ကို ဘယ်လိုစီရင်ချက်ချမလဲ ဆိုတာ စာဖတ်သူတွေ ကိုယ်တိုင်judge လုပ်ကြည့်ကြပါဦး။ ထိုက်တန်မှုရှိရဲ့လားလို့ပေါ့လေ…

#စာအုပ်အညွှန်း #ဘာသာပြန် #ထင်လင်း #အဆိပ် #AJCronin #Judas_Tree #Youths_book_reflections

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review