Pet Sematary - ဇော -လင်းခန့်

 

စတီဖင်ကင်း၏ မိတ်ဆက်စကား

ကျွန်တော် ရေးခဲ့တဲ့ စာအုပ်တွေထဲမှာ ဘယ်ဟာက ကြောက်ဖို့ အကောင်း ဆုံးလဲလို့ (မကြာခဏ ဆိုသလို) အမေးခံရတယ်။ ဒီအတွက်တော့ တုံ့ဆိုင်း နှောင့်နှေးခြင်း မရှိဘဲ အလွယ်ကလေး ဖြေနိုင်ပါတယ်၊ Pet Sematary ပါ ပဲ။ စာဖတ်ပရိသတ် အတွက်တော့ Pet Sematary က ကြောက်ဖို့ အကောင်းဆုံး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကျွန်တော့်ဆီ ပို့ကြတဲ့ စာတွေအရ ဆို သူတို့အတွက် ကြောက်ဖို့ အကောင်းဆုံးက The Shining ဖြစ်လိမ့်မယ် ထင်တယ်။ လူအမျိုးမျိုး၊ စိတ်အထွေထွေ ဆိုသလိုပဲ ကြောက်စိတ် ဆိုတာ ကလည်း တယောက်နဲ့ တယောက် ဘယ်တူနိုင်ပါ့ မလဲနော်။

ကျွန်တော် မှတ်မိသလောက် ကတော့ Pet Sematary ကို ရေးပြီးတဲ့ နောက် ဖတ်မကြည့်တော့ဘူး ကွာ ဆိုပြီး အံဆွဲထဲ ထည့်ပိတ် ထားလိုက်မိတာပဲ။ နောက်ပိုင်း ပရိသတ်က လက်ခံလာတဲ့ အထိတောင် ကျွန်တော် ကတော့ ကိုယ့်ခံစားချက်နဲ့ကိုယ် လက်မခံနိုင်သေးဘူး။ ရှင်းရှင်း ပြောရရင် ကျွန်တော် ရေးခဲ့တာကို ဇာတ်သိမ်းကအစ ကိုယ့်ဘာသာ ပြန်ကြောက် နေ မိတယ်။ အရင်ကဆို စာအုပ် တအုပ်ကို ဘယ်လိုကြောင့် ရေးဖြစ်ပါတယ် ဘာညာ ပြောခဲ့ဖူးတယ်။ အခုလည်း ထပ်ပြော ရဦးတော့မှာပေါ့။ ကိုယ် စိုက်ပျိုးသမျှ ကိုယ်ပဲ ပြန်ရိတ်သိမ်း ရမှာကိုး။

၁၉၇၀ နှောင်းပိုင်းတုန်းကပေါ့။ ဟိုးအရင်က တက်ခဲ့ဖူးတဲ့ မိန်း တက္ကသိုလ်မှာ တနှစ်လောက် စာလာသင်ပေးဖို့ ကျွန်တော် ဖိတ်ကြားခံရတယ်။ မွေးရပ်မြေက စာရေးဆရာ တယောက် အနေနဲ့ ထူးခြားဆန်းကြယ် စာပေဘာသာရပ် အတွက် အတန်းချိန်တခု ယူပြီး သင်ပေးရတယ်။ (အဲဒီ သင်တန်းရဲ့ လက်ချာ မှတ်စုတွေကနေ Danse Macabre ဝတ္ထု အတွက် ဇာတ်လမ်း ကျောရိုး ရလာခဲ့ပြီး နောက်တနှစ်၊ နှစ်နှစ်လောက် ကြာတော့ စာအုပ် ထုတ်ဖြစ်ခဲ့တယ်။) ကျွန်တော်တို့ လင်မယားက တက္ကသိုလ် ပရဝုဏ်နဲ့ ဆယ့်နှစ်မိုင် အကွာမှာရှိတဲ့ အော်ရင်တန်မြို့က အိမ် တလုံးမှာ ငှားနေတယ်။ မိန်းပြည်နယ်ထဲက အဲဒီ မြို့ကလေးဟာ တော ဆန်ပေမဲ့ နေလို့ထိုင်လို့ အတော် ကောင်းသလို အိမ်ကလည်း ခြံနဲ့ဝင်းနဲ့ အင်မတန် ကောင်းတယ်။ ပြဿနာက ကျွန်တော်တို့ အိမ်ရှေ့ဟာ ကား လမ်းမကြီး ဖြစ်နေတာပဲ။ ကားကတော့ အတော်ရှုပ်တယ်၊ ဓာတုဗေဒ စက်ရုံက ဆီကားကြီးတွေလည်း ပါတယ်။

လမ်းတဖက်မှာ စတိုးဆိုင် တဆိုင် ရှိတယ်။ ဆိုင်ပိုင်ရှင်က ဂျူလီယိုဆန်းတစ်တဲ့။ သူက ကျွန်တော်တို့ လင်မယားကို ကလေးတွေကို ဂရုတစိုက် ကြည့်နေဖို့၊ ကလေးတွေ မွေးထားတဲ့ တိရစ္ဆာန်လေးတွေ ရှိရင်လည်း လက်လွတ်စပယ် လွှတ်မထားဖို့ မှာတယ်။ “ဒီလမ်းက တိရစ္ဆာန် သိပ်စား တာလို့ ဂျူလီယိုက ပြောတယ်။ အဲဒီ စကားကို ဇာတ်လမ်းထဲမှာလည်း သက်ဆိုင်ရာမှာ နေသားတကျ ထည့်ထားတယ်။ ကျွန်တော်တို့ ငှားနေတဲ့ အိမ်အနောက်ဘက်မှာ တောအုပ်တခု ရှိတယ်။ တိရစ္ဆာန်တွေ ဘယ်လောက်တောင် အစားခံရတယ် ဆိုတဲ့ သက်သေက အဲဒီမှာပဲ။ တော ထဲမှာ သင်္ချိုင်းကလေး တခု ရှိတယ်။ အနီးအနားက ကွင်းပြင်တွေ ဘာတွေကနေ ဖြတ်ပြီး အဲဒီနေရာဆီ သွားတဲ့ လမ်းကျဉ်းကလေး တခုလည်း ရှိတယ်။ ယာယီ သဘောနဲ့ အဖြစ် လုပ်ထားတဲ့ ချစ်စရာ အဲဒီသင်္ချိုင်း ကလေး အပြင်ဘက်က သစ်ပင်မှာ Pet Sematary လို့ ရေးထားတဲ့ ဆိုင်းဘုတ်လေး တခု ချိတ်ထားတယ်။ ဒီစာသားက စာအုပ်ထဲမှာတင်မဟုတ်ဘဲ စာအုပ်ခေါင်းစဉ်ပါ ဖြစ်လာတယ်။ အဲဒီ သင်္ချိုင်းကလေးထဲမှာ ခွေးတွေ၊ ကြောင်တွေကို မြှုပ်ထားတယ်။ ငှက်ကလေးတွေ ဘာတွေလည်း ရှိတယ်။ ဆိတ်တောင် ရှိတယ်။

အဲဒီ အချိန်တုန်းက သမီးကလေးက အသက်ရှစ်နှစ်။ သူ့မှာ စမက်ကီဆိုတဲ့ ကြောင်တကောင် ရှိတယ်။ အော်ရင်တန်က အဲဒီအိမ်ကို ပြောင်းလာပြီး မကြာဘူး။ အိမ်ရှေ့အိမ်က ခြံထဲမှာ စမက်ကီ သေနေတာကို တွေ့တယ်။ အဲဒီအမှတ် ၅ လမ်းမကြီးက ကျွန်တော့် သမီးလေး သိပ်ချစ်တဲ့၊ ခုမှ ရောက်လာတဲ့ တိရစ္ဆာန် အသစ်စက်စက် ကလေးကို စားပစ်လိုက်တာပဲ ဖြစ်ရမယ်။ စမက်ကိ်ုကို ကျွန်တော်တို့ Pet Sematary မှာ မြေမြုပ် သင်္ဂြိုဟ် ပေးလိုက်တယ်။

သမီးက ကမ္ပည်းတိုင်မှာ “အမိန့် နာခံတတ်သော စမက်ကီလို့ ရေးတယ်။ (တကယ်တော့ ဘာအမိန့်မှလည်း နာခံတတ်တာ မဟုတ်ပါဘူး၊ ကြောင်ပဲ ဟာ)

ညရောက်လာတဲ့ အထိ အားလုံး ပုံမှန်လိုပဲ။ နောက်တော့ ကားရုံထဲကနေ တခုခုကို ထုရိုက်နေသံ ကြားရတယ်။ မီးပန်းလေးတွေ ဖောက်နေသလို တဖောက်ဖောက်နဲ့ နောက်တော့ ငိုယိုနေတဲ့ အသံပါ ပါလာတယ်။ ကျွန်တော်က ဘာများလဲလို့ သွားစပ်စု ကြည့်တော့ ဒေါသတဝက်၊ သောကတဝက်နဲ့ ဗျာများနေတဲ့ သမီးလေး ဖြစ်နေတယ်။ သူက အဲဒီလို အချိန်မှာတောင် လှရက်တာဗျား။ သင်္ဘောပေါ် ကုန်တင်ရင် တခါတလေ ကွဲမှာစိုးလို့ ပလတ်စတစ် အဖုလေးတွေ ခံပြီး ထုပ်ပိုးတဲ့ ပါကင်ပစ္စည်းတွေ ကို ဘယ်က ဘယ်လို ရှာတွေ့တယ် မသိဘူး။ သူက အဲဒီအဖုပါတဲ့ ပလတ်စတစ်စတွေပေါ် တက်ခုန်ပြီး အော်ဟစ် သောင်းကျန်းနေတာ။ ပါးစပ်ကလည်း “သူက သမီးရဲ့ကြောင်။ ဘုရားသခင် ကြောင်လိုချင်ရင် သူ့ဟာသူ မွေးပေါ့။ စမက်ကီက သမီးရဲ့ကြောင်လို့ ရွတ်နေတယ်။ ဒီစကား ဟာ ဝမ်းနည်း ပူဆွေးရာကနေ ဒေါသအလျောက် ပေါက်ကွဲ ထွက်လာတဲ့ လူသား တယောက်မှာ ရှိနေနိုင်တဲ့ စိတ်ကူး အစစ်ပဲလို့ ထင်မိတယ်။ “ဘုရားသခင် ကြောင်လိုချင်ရင် သူ့ဟာသူ မွေးပေါ့လို့ စိတ်ထဲရှိရာ ပြောင်ပြောင်တင်းတင်း အာခံ အော်ဟစ်ရဲတဲ့ အတွက် သမီးကိုလည်း ချစ်တယ်။ ဆက်လုပ်ပါ၊ အချောလေးရေ။ အဖေ အားပေးတယ်။

အဲဒီတုန်းက အငယ်ဆုံး သားလေးက နှစ်နှစ်တောင် မပြည့်တတ်သေးဘူး။ သူက လမ်းစမ်း လျှောက်နေသလို ပြေးဖို့တောင် လေ့ကျင့်နေလေရဲ့။ စမက်ကီသေပြီး သိပ်မကြာခင် တနေ့၊ ကျွန်တော်တို့ မိသားစု အိမ်နောက် ဘက် ခြံဝင်းထဲမှာ စွန်လွှတ်တမ်း ကစားကြတယ်။ တကြိမ်မှာ သားတော် မောင်က စွန်ကို ခေါင်းပေါ်ရွက်ပြီး လမ်းမပေါ် ပြေးချသွားတယ်။ စီယန်ဘ ရို ကုန်တင်ကားကြီးတွေ မောင်းလာတာ ကြားလို့ ကျွန်တော်က သူ့နောက် ပြေးလိုက်ပြီး ဖမ်းမိပေလို့၊ မဟုတ်ရင် ပွဲသိမ်းပဲ (ဝတ္ထုထဲမှာတော့ အော်ရင် ကို ကုန်တင်ကားပေါ့)။ အကယ်၍များ ကျွန်တော်သာ သူ့ကို ဖမ်းဆွဲ မထား လိုက်နိုင်ရင်၊ ဒါမှမဟုတ် သူ့ဘာသာ ဆက်ပြေးသွားမိရင် ဘာတွေ ဖြစ်ကုန်မလဲ မသိဘူး။ တကယ်တမ်း အကြောက်တရားနဲ့ ရင်ဆိုင်ရတဲ့အခါ ခေါင်း ထဲမှာ ဘာမှ မရှိတော့ဘူး။ သေချာတာ ကတော့ အခုထိ သူဟာ ကောင်းကောင်း မွန်မွန် ကျန်းကျန်းမာမာနဲ့ လူငယ်ကလေး တယောက် ဖြစ်နေတုန်းပဲ။

ဒါပေမဲ့ ကျွန်တော့်ရဲ့စိတ် တစိတ်တပိုင်းဟာ “အကယ်၍များ” ဆိုတဲ့ ထိတ်လန့် ချောက်ချားစရာ အတွေးနွံထဲကနေ ဘယ်တော့မှ လွတ်မြောက် မသွားဘူး။ ကျွန်တော် သူ့ကို ဖမ်းမမိလိုက်ဘူး ဆိုပါစို့၊ ဒါမှမဟုတ် သူက လမ်းအစွန်းမှာ မဟုတ်ဘဲ လမ်းအလယ်ကောင်မှာ ချော်လဲသွားတယ် ဆိုပါစို့။

သောကမီး လောင်မြိုက် ခံရတာကို ဖော်ပြချင်လို့ စာအုပ်ထဲမှာ ဒါတွေ ဖြစ်ခိုင်းရတာကို သိမယ် ထင်ပါတယ်။ ကျွန်တော်က လက်ရှိ ဖြစ်ပျက်ခဲ့တာ တွေကို “အကယ်၍များဆိုတဲ့ ကြောက်မက်ဖွယ်ရာ ခေါင်းစဉ်အောက်မှာ ရိုးရိုးကလေး ထည့်လိုက်တယ်။ တနည်း ပြောရရင် မတွေးဝံ့စရာတွေကို ကိုယ့်ဘာသာ တယောက်တည်း လျှောက်တွေး မနေတော့ဘဲ ချရေး လိုက် တာပါပဲ။

အော်ရင်တန်က အိမ်မှာ စာရေးဖို့ နေရာလွတ် မရှိပေမဲ့ ဂျူလီယို့ဆိုင်မှာ အခန်းလွတ် တခန်း ရှိတယ်။ Pet Sematary ကို အဲဒီ အခန်းထဲမှာ ရေးတာ။ ရေးရင်းနဲ့ တရက်ပြီး တရက် သဘောကျ လာမိတယ်။ သိပ်မိုက်တဲ့ ဇာတ်လမ်း တပုဒ်မို့ ကျွန်တော်လည်း ရေးရတာ ဈာန်ဝင်သလို စာ ဖတ်သူတွေလည်း နှစ်ခြိုက်လိမ့်မယ်လို့ သိနေတယ်။ တနေ့ကို နည်းနည်းချင်းစီ ရေးတော့ အများကြီး ရေးလိုက်ရတယ် လို့လည်း မခံစား ရတော့ဘူး။ လက်စသတ်ပြီးတဲ့ အခါမှာတော့ ခြောက်ပတ်လောက် နား လိုက်တယ်။ ကျွန်တော့်ရဲ့ စာရေးနည်းက အဲဒီလို။ ပြီးတော့မှ ပြန်ဖတ်ကြည့်တယ်။ အဲဒီအခါ ကျွန်တော့်ဘာသာတောင် အင်မတန် ထိတ်လန့် ကြောက်ရွံ့မိတဲ့ အတွက် ဘယ်တော့မှ မထုတ်တော့ဘူး ဆိုပြီး အံဆွဲထဲ ထည့်သိမ်း ထားလိုက်တော့တယ်။ အနည်းဆုံး ကျွန်တော် သက်ရှိထင်ရှား ရှိ နေသရွေ့ ပေါ့လေ။

ဒါပေမဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် ထုတ်ခဲ့ရတယ်။ ကျွန်တော်နဲ့ စာချုပ် ချုပ်ထားတဲ့ အစောပိုင်းက Doubleday စာအုပ်တိုက်နဲ့ စာရင်း ရှင်းအပြီးမှာ နောက်ဆုံး တအုပ် အနေနဲ့ သူ့ကို ပေးစရာ ကျန်နေတယ်။ သူ့ကို တခါမှ ဖွင့်မပြောဖူးတဲ့ Pet Sematary ကလည်း လက်ထဲမှာရှိနေတယ်။ ဘာဆက်လုပ်ရမှန်း မသိတာနဲ့ ကျွန်တော့်ရဲ့ အကောင်းဆုံး အကြံပေးဖြစ်တဲ့ ဇနီးသည်ကို ဖွင့်ဟ တိုင်ပင်ကြည့်တော့ သူက ပေးလိုက်ချေ၊ ထုတ်ပါစေလို့ ပြောတယ်။ သူကတော့ စာအုပ်က သိပ်ကောင်းတာပဲလို့ ထင်သတဲ့။ ကောင်းတာပေါ့၊ ကောင်းလွန်းလို့ကို မဖတ်ရဲတာ။

အဲဒီတုန်းက ကျွန်တော့်ရဲ့ အစောပိုင်း အယ်ဒီတာ ဘေလ်သွန်ပ်ဆင်က Doubleday စာအုပ်တိုက်ကို ရောက်နေပြီ။ (နောက်တော့ ဘေလ်က Everest House စာအုပ်တိုက်ကို အကြောင်းကြောင်းကြောင့် ပြောင်းသွားတယ်။ Danse Macabre ကို စာအုပ်ထုတ်ဖို့ အကြံပေးတာလည်း သူပဲ။ ပြီးတော့ သူပဲ တည်းဖြတ် ထုတ်ဝေခဲ့တယ်။) ဒီတော့ ကျွန်တော်က စာအုပ်ကို အယ်ဒီတာတွေထဲမှာ အကောင်အကြီးဆုံး ဖြစ်တဲ့ ဆမ်ဗောန်းဆီ ပို့လိုက်တယ်။ ဆမ်က ဒီစာအုပ်ကို သူ ကိုင်မယ်လို့ အပြီးသတ် ဆုံးဖြတ် လိုက်တယ်။ နိဂုံးကို သူ့နည်းသူ့ဟန်နဲ့ ပြင်ဆင် တည်းဖြတ် လိုက်တဲ့ အခါ စာအုပ် က ကောင်းတဲ့ အဆင့်ကနေ ပိုကောင်းတဲ့အဆင့် ရောက်သွားရော။ ဒီအတွက် သူ့ကို အမြဲတမ်း ကျေးဇူးတင်တယ်။ စာအုပ်ကို ပြန်ဖတ်တိုင်းမှာ အခုချိန်ထိ တနည်းတဖုံ သောကရောက်ရဆဲ ဖြစ်ပေမဲ့လည်း ဒီစာအုပ် ကို ရေးမိလို့ ကျွန်တော် လုံးဝ နောင်တ မရပါဘူး။

လူးဝစ်ခရိဒ်ရဲ့ အိမ်နီးနားချင်း အဘိုးကြီး ဂျထ် ပြောခဲ့တဲ့ စာအုပ်ရဲ့ ပဲ့တင်ထပ်ဆုံး စာကြောင်း “တခါတလေ သေသွားတာ ပိုကောင်းတယ် လူးဝစ်” ဆိုတဲ့ စကားကို ကျွန်တော် လွယ်လင့်တကူ ရေးနိုင်ခဲ့တာ မဟုတ် ပါဘူး။ ဒီစာသားက အမှန်တရား ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပြောခဲ့တာပါ။ ဒါကြောင့်လည်း Pet Sematary ထဲက စာသားတွေက ခြောက်အိပ်မက် မက်လောက်အောင် ခံစားရစေတာ ဖြစ်မယ်။ နောင်ကျရင်တော့ အဆင်ပြေချင် ပြေသွားမှာပေါ့လေ။ ပလတ်စတစတွေပေါ် တက်ခုန်ပြီး “ဘုရားသခင် ကြောင် (ဒါမှ မဟုတ် ကလေး) လိုချင်ရင် သူ့ဟာသူ မွေးပေါ့။ ကျွန်တော်တို့ဆီကတော့ လာမယူပါနဲ့လို့ ပြောမယ့်အစား “တခါတလေ သေသွားတာ ပိုကောင်းတယ်” ဆိုတဲ့ စကားက သောကငြိမ်းစေတဲ့ ဖြေဆည်ရာ သင်ခန်းစာတခု ဖြစ်ချင် ဖြစ်မှာပါ။ အဆုံးသတ် ပြောချင်တာကတော့ ကံစီမံရာကို လက်ခံမှ သာ စိတ်အေးချမ်းမှုကို မိမိကိုယ်မှာ ရှာတွေ့နိုင်ကြမှာ ဖြစ်ပါကြောင်း။ ဒီလို ပြောလိုက်ရင် ဒါများ ဘာထူးဆန်းလို့လဲ ဆိုတာမျိုး ပြန်စောဒကတက်ချင် တက်မှာပဲ။ ကျွန်တော်တို့လို သေမျိုး သာမန်လူတွေ အဖို့တော့ သေခြင်း တရား ဆိုတာ အလွယ်တကူ ဖြေဆည်လို့ ရတာမျိုးမှ မဟုတ်ဘဲ။ ကျွန်တော်ကတော့ မရဏ အမှောင်လောက နယ်ပယ်ကို နောက်တမျိုး လှည့်တွေးပြီး ခြေလှမ်း ကြည့်တာပါပဲ။

စက်တင်ဘာလ ၂၀ ရက်၊ ၂၀ဝ၀ ခုနှစ်

***

တချို့ လူတွေဟာ သူတို့ လုပ်ဆောင်ခဲ့တဲ့ အရာတွေ၊ လုပ်ခဲ့ရတဲ့ အကြောင်းရင်းတွေကို စာတစောင် ပေတဖွဲ့ ရေးသားမှတ်တမ်းတင် ကြတာ ရှိတယ်။ ဥပမာ ဂျွန်ဒင်း၊ ဟင်နရီကစ်ဆင်န်ဂျာ၊ အဒေါ့ဖ်ဟစ်တလာ၊ ကာရေချက်စ်မန်း၊ ဂျက်ဘ်မဂ္ဂရူဒါ၊ နပိုလျံ၊ တယ်လေရန်းဒ်၊ ဒစ္စရေးလီ၊ ဘော့ဘ်ဒေလန်လို့ နာမည်ကျော်တဲ့ ရောဘတ်ဇင်မာမန်း၊ လော့က်၊ ချာလ်တန်ဟတ်စ်တန်၊ အာရိုဖလင်း၊ ဂန္ဒီ၊ ချားလ်အော့လ်ဆွန် စသဖြင့်။

ဘုရားသခင်ဟာလည်း သူလုပ်ခဲ့တဲ့ အရာတွေ၊ လုပ်ခဲ့ရတဲ့ အကြောင်းရင်းတွေကို စာတအုပ်၊ ဒါမှမဟုတ် စာအုပ်တွေ ရေးခဲ့တယ်လို့ လူအများစုက ယုံကြည်ကြတယ်။ လူသားတွေကို ဘုရားသခင်က ဖန်ဆင်း ပေးခဲ့တယ်လို့ ယုံကြသူတွေကလည်း ဒီလိုလူတွေ အများစုပါပဲ။ ဒါဆိုဘုရားသခင်ကို လူပုဂ္ဂိုလ် ဒါမှမဟုတ် ပုဂ္ဂိုလ်ထူး တပါးပါးလို့ ယူဆနိုင် မယ် ထင်တယ်။

တချို့ လူတွေကျတော့ သူတို့ လုပ်ခဲ့တဲ့ အရာတွေ၊ လုပ်ရတဲ့ အကြောင်းရင်းတွေ၊ ပြီးတော့ သူတို့ မြင်ခဲ့ရတာတွေကို စာနဲ့ ရေးမထားခဲ့ ကြဘူး။ ဥပမာ ဖာရိုဘုရင်ကို မံမီလုပ်ပေးခဲ့ ရတဲ့လူ၊ မဟာအလက်ဇန္ဒား အလောင်းကို ပုံမပျက်အောင် ရွှေပြား ကပ်ပေးခဲ့ရတဲ့လူ၊ ဟစ်တလာကို မြေမြှုပ် ပေးခဲ့ရတဲ့လူ၊ ဂျွန်ဝစ်ဘုသ်ကို ရင်ခွဲရတဲ့သူ၊ ဝီလျံဟိုးလ်ဒင်းကို မီးသင်္ဂြိုဟ် ပေးခဲ့ရတဲ့လူ၊ အဲလ်ဗစ်ပရက်စလေတို့၊ ပုပ်ရဟန်းမင်းကြီး ဂျွ န်(၂၃)တို့ရဲ့ အလောင်းတွေကို မပုပ်မသိုးအောင် ပြုပြင်ပေးခဲ့ရတဲ့ လူတွေ စ သဖြင့်။

သေခြင်းတရား ဆိုတာ လျှို့ဝှက် ဆန်းကြယ်တယ်၊ မြေမြှုပ် သင်္ဂြိုဟ်တာ ကတော့ လျှို့ဝှက်ချက် တခုပါပဲ။

စတီဖင်ကင်း


Download Epub Kfx 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review