The Mist - မြူ - လင်းခန့်
မိတ်ဆက်
ယခုဝတ္ထုကို ၁၉၈၀ တွင် ထုတ်ဝေခဲ့သော Dark Forces အမည်ရှိ စာရေးဆရာ ၂၅ ယောက် ပါဝင်ရေးသားခဲ့သည့် ဝတ္ထုတိုစာအုပ်တွင် ပထမဆုံး ဖော်ပြခဲ့သည်။ ထို့နောက် စတီဖင်ကင်း၏ Skeleton Crew အမည်ရှိ ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွင် ထပ်မံဖော်ပြခဲ့သည်။
ထိုစာအုပ်ရှိ မှတ်စုထဲတွင် သည် ဇာတ်လမ်းအား သူ၏ ကိုယ်တွေ့ ကို အခြေတည်၍ ရေးသားခဲ့သည် ဟု ဆိုသည်။ ဇာတ်လမ်းအစတွင် ပါရှိသည့် မုန်တိုင်းထန်သော အဖြစ်အပျက်အား ထိုစဉ်က သူကိုယ်တိုင် ကြုံခဲ့ပြီး နောက်တစ်နေ့၌ မြို့ထဲရှိ စူပါမားကတ် တစ်ခုကို သားငယ်နှင့် အတူ သွားခဲ့သည်။ ဆိုင်ထဲတွင် မုန့်ဝယ်နေရင်း ဇာတ်လမ်းထဲတွင် ပါဝင်သည့် သတ္တဝါများကို စိတ်ကူးကြည့်နေရာ ငွေရှင်းရန် တန်းစီသော အချိန်၌ ဇာတ်လမ်း ကျောရိုးကို ရရှိသွားလေသည်။ ဇာတ်လမ်းထဲရှိ အချို့ သော ဇာတ်ကောင်များမှာ ၁၈၈၈ ခုနှစ် မတ်လ ၁၁ ရက်မှ ၁၄ ရက်နေ့ အတွင်း အမေရိကန်ပြည်နယ် မြောက်ပိုင်း၌ အမှန်တကယ် ဖြစ်ပွားခဲ့သော နှင်းမုန်တိုင်းကြီး ကို ကြုံခဲ့ရသည့် လူများ ၏ အဖြစ်အပျက်ကို အခြေခံကာ ရေးဖွဲ့ခဲ့သည်။
၂၀ဝ၇ ခုနှစ်တွင် ၎င်းမူရင်းအမည်နှင့်ပင် ရုပ်ရှင်ရိုက်သောအခါ ဒါရိုက်တာ ဖရန့်ခ်ဒါရာဘုန့် က ဇာတ်သိမ်းခန်းကို အသစ်ထပ်မံ ထည့်သွင်းခဲ့သည်။ စတီဖင်းကင်းမှာ ထိုဇာတ်သိမ်းခန်းကို သဘောကျသဖြင့် ခွင့်ပြုပေးလိုက်သော်လည်း ဝတ္ထုကိုတော့ မူရင်းအတိုင်း မပြောင်းလဲဘဲ ထိုနှစ် အောက်တိုဘာလတွင် သီးသန့် လုံးချင်းဝတ္ထု အနေဖြင့် ထုတ်ဝေခဲ့သည်။
အဓိက အချက်မှာ ရုပ်ရှင်သည် ဝတ္ထုကို အကျယ်ချဲ့၍ ဖြုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်ထားသည့် အတွက် နှစ်ခုလုံးကို အရသာ တစ်မျိုးစီ ခံစားလို့ ရပါကြောင်း ပြောလိုရင်း ဖြစ်ပါသည်။ စတီဖင်ကင်း၏ ကိုယ်ရေးအကျဉ်းကိုတော့ “ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ” စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။
စတီဖင်ကင်းကို ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ မိန်းပြည်နယ် ပေါ့တ်လန်းမြို့တွင် မွေးသည်။ ရစ်ချတ်ဘာ့ခ်မန်း ဟူသော ကလောင်ခွဲနှင့် လည်း ဝတ္ထုများ ရေးသည်။ သူသည် သည်း ထိတ်ရင်ဖိုနှင့် လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းများ ရေးသားရာ၌ အလွန် နာမည်ကြီးသဖြင့် "သည်းထိတ်ရင်ဖို ဘုရင်" ဟု ပင် တင်စားကြသည်။ ကမ္ဘာတစ်ဝှမ်း၌ သူ့စာအုပ်များကို ကော်ပီပေါင်း သန်း ၃၅၀ ကျော် ရောင်းချခဲ့ရသလို သူ့ဝတ္ထုတို၊ ဝတ္ထုရှည် အများအပြားကို ရုပ်ရှင်များ၊ တီဗွီဇာတ်လမ်းများ၊ ရုပ်ပြများ အဖြစ် အသက်သွင်းခဲ့ကြပြီး ဖြစ်သည်။
နှစ်နှစ်သား အရွယ်တွင် သူ့အဖေသည် စီးကရက်ဘူး သွားဝယ်မည် ဆိုကာ အိမ်မှ ထွက်သွားရာမှ ပြန်မလာတော့ဘဲ မိသားစုကို စွန့်ပစ်ခဲ့သည်။ မိခင်ဖြစ်သူက သူနှင့် သူ့အစ်ကို ဒေးဗစ်ကို ငွေကြေး ကျပ်တည်းစွာဖြင့် ပြုစုပျိုးထောင်ခဲ့ရပြီး ဝစ္စကိုဆင်၊ အင်ဒီယားနား၊ ကွန်နတီကတ် အစရှိသော မြို့များ သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။
ငယ်စဉ်က စာရေးဆရာကြီး အိတ်ချ်ပီလပ်ဖ်ခရက် ၏ The Lurkers in the Shadows အမည်ရှိ ဝတ္ထုတိုပေါင်းချုပ်ကို ဖတ်မိရာမှ သည်းထိတ်ရင်ဖိုဇာတ်လမ်းများကို ဖန်တီးရန် စိတ်ကူးရခဲ့သည် ဟု အင်တာဗျူး တစ်ခုတွင် ဖြေခဲ့သည်။ ဇာတ်လမ်း အများစုကို သူ၏ မွေးရပ်မြေ မိန်းပြည်နယ်တွင် အခြေခံ ရေးသားလေ့ရှိသည်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။